Monday, May 1, 2023

ရွှေပြည်တော်သည် ( ၂၂ )


 🔳 မောင်ကြီး ဘယ်တော့ ပြန်လာမယ်


“ ဟေ့ ... ဘလှိုင်  ... မင်း မြင့်မြင့် ကို တောနက် ထဲ ခေါ်သွားပြီး တောင်းပန်ပုံ တောင်းပန်နည်း လေး တော့ - ငါ့ သင်ပေးလိုက်စမ်း ပါကွာ .. ကြုံတုန်း ကြုံခိုက် ”


အကြောင်း မှာ ဗိုလ်ဖုန်းလှိုင် သည် မြင့်မြင့် အား မြင်း ပေါ် တင် ၍ ခေါ်သွားသည် ။ နံနက်စာ စားချိန် ကျ မှ ပြန် ရောက်လာ ကြသည် ။ အားလုံး ညီအစ်ကို မောင်နှမ သားအမိတွေ ထမင်း စားပြီး လဘက်ရည်ကြမ်းဝိုင်း ထိုင် ကြသော အခါ၌ မြင့်မြင့် က ကိုထွန်းအောင် အား သူ နှင့် ဘလှိုင် ကို လက်ထပ်ခွင့် ပေး ပါ ။ သူ သည် မြို့ မှာ မပျော် တော မှာ ဘဲ ချစ်သူ နှင့် ပါတီ တာဝန် ကို ထမ်းဆောင် ရင်း ပျော်ရွှင်စွာ နေပါရစေတော့ ဟု ခွင့် တောင်း သောကြောင့် စောထွန်း နောက်ကွက် ရ သွားခြင်း ဖြစ်ပါ ၏ ။


ဆက်လက် ၍ 


“ ဘာလဲ .. မင့် ဟာ လက်ဝဲ ချော့နည်းလား ကွ ၊ လုပ်စမ်းပါကွာ ... တစ်ခါတစ်လေ ငါ့ မှာ လဲ အဲလို ချော့စရာ ကောင်မလေး တွေ တွေ့ တတ် လို့ ပါ သူငယ်ချင်း ရာ ”


စောထွန်း မှာ - ဝမ်းတွင်း ပါ ဝါသနာ မနေသာ ၍ သာ နောက် နေ ရသည် ။ စင်စစ် မြင့်မြင့် သည် မျောက်ဆိပ်ပင် အိမ်ကြီး မှာ တုန်း က ဗိုလ်ဖုန်းလှိုင် အား သေနတ် နှစ်လက် ကို အပ်၍ အိမ် ပေါ် က အဆင်း မှာ မြင့်မြင့် လက် ထဲ သားရေသေတ္တာ ကြီး ပါလာ ကတည်း က ကိစ္စများ ပြေလည်ပါ လျှင် မြင့်မြင့် သည် မြို့ သို့ မလာ တော မှာ ဘဲ ကျန်ခဲ့တော့မည် ကို စောထွန်း ရော သော်တာစိန် ပါ ရိပ်စာမိပြီး ဖြစ် ကြ၏ ။ သူငယ်ချင်း ဝါသနာ ကို သည်းညည်းခံ နေပြီးနောက် ... ဗိုလ်ဖုန်းလှိုင် က 


“ ကဲ ... စောထွန်း ... ဟောဟို ငါ့ အိပ်ခန်းဒေါင့် မှာ အရက်ပုလင်း ရှိတယ်ကွ .. မင်း အဲဒါ ယူ သွားပြီးတော့ ဟော့ဟိုး က သစ်ရာပင်ကြီး အောက်မှာ အစာပိတ်ကလေး နှိပ်နေပါလား ကွ ... သူငယ်ချင်း ” 


စောထွန်း နားလည်လေပြီ ။ သူ တို့ အရေး ကြီးသော ကိစ္စများ ဆွေးနွေးကြမည် ။ မိမိ ရှိ နေပါက မဖြစ် ၊ မိမိ ဝါသနာ မှာ လည်း သူများ စကား ကျ မှ ကောက်ပြီး မနောက် လိုက် ရ မနေနိုင် ။ ထိုကြောင့် -ထိုင်ရာမှထပြီး ...


“ ကျေးဇူးပါဘဲ သူငယ်ချင်း ရာ မင်း တို့ မှာ မနက် က ငါ့ ထိုးပေး တဲ့ အရက်မူး ပြေဆေး ရှိသေးရဲ့ မဟုတ်လား .. အဲဒါ ငါ မူး လို့ လဲ သွား ရင် ၊ ပြေဆေး ထပ် ထိုးပေး လိုက်ရင်း ၊ နောင်ထပ် အရက် ပုလင်း ထုတ်ပေး လိုက်ရင်း ၊ အဲ့လို လုပ်ပေး နေမယ် ဆိုရင် ... ငါ လဲ မြင့်မြင့် လို ဘဲ.. တောခို နေခဲ့မယ် သူငယ်ချင်း ” 


ဟု နောက်ဆုံး ပိတ် မှာ မနောက်သာ နောက်သာ နောက် သွား လိုက်သေး၏ ။


“ အော် ... စောထွန်း- စောထွန်း ” 


ဗိုလ်ဖုန်းလှိုင် က ခတ်ညည်းညည်း အသံ ဖြင့် 


“ အဲဒါ - ကျောင်းသား တုန်း ကတည်း က ဝါသနာဘဲ ကိုကို ရဲ့  ... ဘယ်တော့မှ ပျောက် မှာ မဟုတ်ဘူး ” 


“ အင်မတန် ဟာသညဏ် ရွှင်တဲ့ လူ ။ ဒီ လူမျိုး ရှားတယ် ” 


ဟု သော်တာစိန် က မှတ်ချက် ချ၏ ။


“ သူ နဲ့ နေရတာ ပျော်စရာတော့ အားကြီး ကောင်းတယ် ” 


ဟု မြင့်မြင့် က ဆို၏ ။


“ ဟဲ့ - ဒီကောင် က ဘ,မျိုးဘိုးတူ သူ့ အဖေ ရှိတုန်း လဲ အဲလိုဘဲ အင်မတန် အနောက်အစ သန်တယ် ” 


ဟု သူတို့ အမေ ဒေါ်အေးလှိုင် က လည်း ထောက်ခံ ပြောဆို၏ ။


ကိုထွန်းအောင် တစ်ယေက် ကား တုံနိဘာဝေ စဉ်းစား ၍ နေ၏ ။ ယခု ကိစ္စ မှာ မိမိ ဘက် က အရှုံး ပေါ်၍ နေချေပြီ ။ မြင့်မြင့် ကို ဘလှိုင် နှင့် သဘော တူသည် ကား မှန်၏ ။ သို့သော် ဤ တော ထဲ မှာ မဟုတ် မြို့ ပေါ် မှာ တင့်တောင်းတင့်တယ် ၊ ဖွယ်ဖွယ်ရာရာ အိမ် တစ်ဆောင် မီး တစ်ပြောင် နှင့် မောင်နှမတွေ ဥမကွဲ - သိုက်မပျက် နေ လို ၏ ။ ယခု ကား - မိမိ က အမိဘမ်း လိုက် ကာမှ လူ မှား ၍ ကိုယ့် နှမ ကိုယ် တော ထဲ လာ ၍ ဗိုလ်ဖုန်းလှိုင် ထံ အပ်နှံ လိုက်ရ သည် နှင့် တူ နေ ပေတော့၏ ။


တောက် - အဖြစ် ဆိုးလိုက်လေ ကွယ် ...


ကြည့်စမ်း ... မိမိ က သော်တာစိန် ခုတင် နှစ်လုံး တောင်းပြီး သော အခါ “ ငါ့ ညီမ လဲ ဆန္ဒ ရှိရင် ပြောအုန်း .. ” ဆို တော့ “ ကျွန်မ က တော့ ဗိုလ်ဖုန်းလှိုင် ကတော် မြန်မြန် ဖြစ်ချင်တာပါ ဘဲ.. ” တဲ့ ။


အော် .. သူတို့ က ဒီ အထိ အကွက် မြင်နေကြပြီ ကိုး ၊ အော် ... အမိုက်မ - အမိုက်မ ။


ဟို ယခင် အလင်း ပြန် ဝင်တာ လည်း မိခင် သံယောဇဉ် ကြောင့် ယခု မိခင် လဲ ဆုံးပြီ ဖြစ်လေတော့ အကို တွေ ကို တော့ သူ့ ရည်းစား ထက် ပိုပြီး ဘယ်မှာ တွယ်တာတော့ မှာ လဲ ... သူ့ မှာ နိုင်ငံရေး ယုံကြည်မှု လဲ ရှိလေတော့ ... ဘယ်နည်း နှင့် မှ တားလို့ လဲ ရမယ် မဟုတ် ၊ ဒီတော့ ဒင့် ထိုက် နဲ့ ဒင်း ကံ ပေလယျကံ ဝ , ကွက် ၍ ချန်ခဲ့ ရပေတော့မည် ဟု ဆုံးဖြတ်ချက် ချ လိုက် ပြီး နောက် ။


ဝါးကုလားထိုင် တန်းလျား နှစ်လုံး အလယ် ... ၊ လေးဒေါင့် စားပွဲရှည် တစ်လုံး ထားပြီး ၊ ကိုထွန်းအောင် နှင့် ဒေါ်အေးလှိုင် က တစ်ဘက် ၊ မြင့်မြင့် တို့ ၃ ယောက် က တစ်ဘက် ၊ မျက်နှာချင်း ဆိုင် ထိုင် နေကြသည် ကို ကိုထွန်းအောင် သည် ပထမ သော်တာစိန် ၏ မျက်နှာ ၊ ဒုတိယ ဗိုလ်ဖုန်းလှိုင် ကျ တော့ ခတ်ကြာကြာကလေး စိုက် ကြည့် ပြီးသည် ၏ နောက်ဆုံး ၌ ...


“ ကဲ - ပေး ငါ့ ညီမ လက် ၊ ဒေါ်အေးလှိုင် က ခင်ဗျာ့ သား လက် ယူ ဗျာ ”


လက်ထပ်ခြင်း အမှု သည် ခဏ အတွင်း ပြီးစီး သွား လေ၏ ။ မျှော်လင့်သည် ထက် မြန်ဆန်း လွန်း သဖြင့် မြင့်မြင့် မှာ ဝမ်းသာ လွန်းခြင်း နှင့် ယခင် က ခေါင်းမာခဲ့ လှသော အစ်ကို အတွက် ဝမ်း နည်း သယောင်ယောင် တို့ စုပေါင်း ကာ မျက်ရည်များ ပင် လယ် မိလေ၏ ။


ထိုအခိုက် - 


“ ဒီ တစ်ခါတော့ လူ မမှားတန် ကောင်းပါဘူး နော် ” 


ဟူသော မမျှော်လင့် သော စောထွန်း ၏ အသံ ကို ကြား လိုက်ရ ပြန် သဖြင့် အားလုံးပင် သူ့ ဘက် လှည့်ကြည့်လိုက်ကြ ကာ .... 


ဗိုလ်ဖုန်းလှိုင် က ..


“ ဟာ ... ဘယ့်နှယ် ... ဒီကောင် ပြန်လာပြန်လဲ ”


“ မြီး ဘို့ ဆတ်သားခြောက်ကလေး နဲနဲ ယူချင်လို့ ပါ ကွ ” 


“ နဲနဲ - မနေ နဲ့ - ရော .. ရော့ ပန်းကန် ပါ ယူသွားဟေ့ ” 


ဆိုပြီး လက်ဖက်ရည်ကြမ်းဝိုင်း မှ ဆတ်သားခြောက် ပန်းကန် ကို ယူ ပေး လိုက်လေ၏ ။


စောထွန်း သည် ဆတ်သားခြောက် ပန်းကန် ကို ကိုင် ၍ ချက်ခြင်း မသွားသေးဘဲ ခတ်တည်တည် မျက်နှာ နှင့် -


“ မင်း တို့ - ငါ့ ရုံး လာပြီး လက်ထပ်စာချုပ် လက်မှတ် ထိုး စရာ တော့ မလိုတော့ပါဘူး ကွာ ... အရင် စာချုပ် မှာ တုန်း က ဆရာ က ဘလှိုင် နာမည် နဲ့ လက်မှတ် ထိုး ထားတာဘဲ ... ကိစ္စ တစ်ခါထဲ ပြီးနေတာ ပေါ့ ”


“ သွားကွာ .. သွားကွာ ” 


ဟု ဘလှိုင် က ထ ၍ ချတော့မည့် ဟန် ပြုတော့ မှ စောထွန်း ထွက်ပြေး လေ၏ ။


စောထွန်း ပြောမှပင် ဤ စာချုပ် ကို ရုတ်တရက် မြင့်မြင့် သတိ ရ ၍ သူ အသင့် ယူလာခဲ့ သဖြင့် သူ့ အခန်း ထဲ သွားကာ သားရေ သေတ္တာ ထဲ ဖွင့်၍ ယူခဲ့ပြီး ၊ သူ့ ယခု လင်တော်မောင် အစစ် ကို ပြသ လေ၏ ။


ဗိုလ်ဖုန်းလှိုင် သည် ဝမ်းမြောက်စွာ ကြည့် ရင်း ..


“ ဟာ - ကိုကို လက်ရေး က ကျွန်တော့ လက်ရေး နဲ့ တယ် တူ တာဘဲဗျ ” 


ဆိုပြီး ၊ အနီးရှိ စာရွက် စ တစ်ခု ကို ဆွဲ၍ သော်တာစိန် အိတ် တွင် ရှိသော ဖေါင်တိန် ယူပြီး “ ဘလှိုင် ” ဟု ရေး လိုက်ရာ သော်တာစိန် ရေးထားသော လက်မှတ် နှင့် အလွန် ပင် တူပေ၏ ။ သူတို့ အမေ က ကြည့်ပြီး ၊


“ အင်း - ငါ့ သားတွေ က ရုပ် သာ မဟုတ် လက်ရေးတွေ ပါ တူကြ သကိုး ကွဲ့ ”


“ ဒါပေမဲ့လို့ စိတ်ကျတော့ ကွာလှပါကလား ဗျ ၊ တစ်ယောက် က ကလောင် ကိုင်တယ် ၊ တစ်ယောက် က သေနတ် ” 


ဟူ၍ ကိုထွန်းအောင် က မှတ်ချက် ချ ရာ ဗိုလ်ဖုန်းလှိုင် က 


“ ဒါပေမဲ့ ရည်ရွယ်ချက် ချင်း မတော့ အတူတူဘဲ အကိုကြီး ရဲ့ ” 


ဟု ပြောလေရာ  ၊ 


သော်တာစိန် က သူ့ စကား ကို ဖြတ်၍ 


“ ဟေ့ - ညီညီ ရ မင်း တို့ အညာဓလေ့ အတိုင်း မင်း က ယောက်ဖ ခေါ်တော့ ကွ ၊ ငါ လွှဲအပ် ပြီ ၊ ငါ က အစ်ကို ကြီး ဘဲ ခေါ် တော့မယ် ” 


ဟု နောက်တောက်တောက် လုပ် လေရာ ၊ ကိုထွန်းအောင် က ပြုံးတုံးတုံး ပြုပြီး သူ့ ယောက်ဖ အသစ် စက်စက်ကလေး အား -


“ ကဲ .. ဘယ်လို တူတာလဲ ကွာ ပြောစမ်းပါအုံး ” 


“ ကိုကို က တိုင်းပြည် အတွက် စာ ရေး နေတယ် ၊ ကျွန်တော် က တိုင်ပြည် အတွက် ဖဆပလ အစိုးရ ကို တိုက် နေတယ် ” 


ကိုထွန်းအောင် မည်သို့ နား မလည် နိုင်သော အမူအရာ ဖြင့် 


“ မင်း - ဖဆပလ အစိုးရ ကို တိုက်တာ တိုင်းပြည် အတွက် ဆိုတာ ရှင်းစမ်းပါအုံး ကွာ ” 


“ ဖဆပလ အစိုးရ ဟာ လုပ်သားပြည်သူလူထု တစ်သက်လုံး လူမွေး မပြောင်နိုင်မဲ့ အရင်းရှင်ဝါဒ ကို ကျင့်သုံးနေတယ် ”  


“ ဟ ... အရင်းရှင် ဝါဒ ဘာကြောင့် မကောင်းရ မှာတုန်း ” 


“ ယောက်ဖကြီး တို့လို ငွေရှင်ကြေးရှင် တွေ အဖို့ တော့ သိပ် ကောင်းတာပေါ့ ၊ သို့သော်လဲ ဘဲ ဒီလို လူချမ်းသာ တစ်ယောက် ဖြစ်ဘို့ ကို ဘယ်မျှသော လူတွေ က ဆင်းရဲ ခံပြီး ၊ လုပ်အားပေး နေရသလဲ ယောက်ဖကြီး ရဲ့ ။ သစ်စက် လုပ်ငန်း မှာ ဆိုရင် ဆင် ဦးစီးတွေ ၊ သစ်ဖေါင်သမားတွေ ၊ သစ်စက်လုပ်သားတွေ ၊ ဘယ်လောက် များသလဲ သူတို့ တွေ ဘယ်လောက် ဆင်းရဲကြသလဲ ” 


“ ဟ ... သူတို့ ဟာ သူတို့ ဆင်းရဲကြတာ - ငါ ဘာ တတ်နိုင် မလဲ ယောက်ဖလေး ရ ၊ ငါ က သူတို့လုပ်ငန်း နဲ့ တန်ရာတန်ရာ လခစားတွေ ၊ ဖေါင်စားတွေ ၊ နေ့စားတွေ ပေး ထားသားဘဲ ၊ မတရား ခိုင်းထားတာ မှ မဟုတ်ဘဲ ၊ အတင်း ခိုင်းတာလဲ မဟုတ် ၊ သူတို့ ဟာ သူတို့ လုပ်ချင် လို့ “ လုပ်ပါရစေ ” အလုပ် လျှောက်ပြီး လုပ်နေကြတာဘဲ ကွ ”


“ ဒါကတော့ အရင်ရှင်စံနစ် ရဲ့ အောက် မှာ တော့ ဒီအတိုင်း ဘဲ ဖြစ်ရမှာပေါ့ ယောက်ဖကြီး ရ ၊ အလုပ် မှန်သမျှ လုပ်ငန်း မှန် သမျှ က အရင်းရှင်တွေ ရဲ့ လက်ထဲ မှာ ဘဲ ကိုး ဗျ  ၊ ဒီ အလုပ် လေး မှ မရ သူတို့ ငတ် မှာ ကြောင့် “ ယောက်ျား ဖေါင်စီး - မိန်းမ မီးနေ ” ဆိုစကား အရ ၊ ထမင်း ငတ် မသေ ဘို့အတွက် အသက် စွန့် ပြီးတော့ သူတို့ လုပ်ရပါတယ် ခင်ဗျာ ၊ ယောက်ဖကြီး တို့ လုပ်ငန်း မှာ ဆိုရင် ယောက်ဖကြီး ဝင်ငွေ တစ်လ ထောင့် ငါးရာ နှစ်ထောင် မှာ ဘဲ ၊ ကဲ ... အလုပ်သမားတွေ ကျ တော့ ဘယ်မျှ စီ လောက် ရကြသလဲ ခင်ဗျာ ၊ တစ်ရာ ပြည့်အောင် ရတဲ့ လူ က ဘယ် နှစ်ယောက် ရှိလဲ ”


“ ဟ ... သူတို့ ရတာ နဲ့ ငါ့ ဝင်ငွေ နဲ့ နိုင်းယှဉ် လို့ တော့ ဘယ် ဖြစ်မလဲ ... ယောက်ဖလေး ရဲ့ ၊ ငါ့ မှာ က လူ အင်အား ရော ၊ ပစ္စည်း အင်အား ရော ၊ ဆင်တွေ သစ်စက်တွေ မ , တည်  ထားရတာတွေ က ရှိသေးတာကိုးကွ ”


“ အဲဒါဟာ အရင်းရှင်စနစ် ရဲ့ သွေးစုပ်ချယ်လှယ်မှု စက်ယန္တရား ခေါ် တာပေါ့ ယောက်ဖကြီး ရ ”


“ အောင်မယ်လေးကွာ ... ငါ့ ငွေပင်ငွေရင်း နဲ့ ငါ တရား သဖြင့် လုပ်နေတာဘဲ ”


“ အရင်းရှင် အမြင်နဲ့ ကြည့် တော့ တရားတယ် ထင်သပေါ့ ၊ သို့သော် အလုပ်သမား လူများစု ဘက် က ကြည့်တော့ မတရား ဘူးခင်ဗျ ၊ ဘာကြောင့်လဲ ဆိုရင် သူတို့ ဟာ နေ့စဉ် တတ်အား သမျှ သူတို့ လုပ်အားတွေ ပေး နေကြသော်လဲ သူတို့ ရဲ့ စားဝတ် , နေရေး မလုံလောက်ဘူး ၊ မပြည့်စုံဘူး ၊ လူတန်း မစေ့ဘူး  ၊ အဲဒီ ဟာ - ဟာ - ဘာကြောင့်လဲ ဆိုရင် သူတို့ ရဲ့ လုပ်အား နဲ့ ရသင့် ရထိုက် တာ ကို ယောက်ဖကြီး တို့ က အကုန် မပေးဘူး ၊ ခေါင်း ပုံ ဖြတ်ပြီး အမြတ် ထုတ်တယ် ၊ ဒါကြောင့် ယောက်ဖကြီး တို့ မှာ ဒီလောက် ချမ်းသာနေတာပေါ့ ”


“ ဟ ... ငါတို့ က ရင်းနှီး မ,တည် ထားရတာတွေ ကလဲ ရှိသေး တာကိုးကွ ၊ အဲဒီ အကျိုး တရားတော့ ခံစားရမှာပေါ့ ”


“ ဒါကြောင့် ငွေရှင်ကြေးရှင် ဖြစ်တဲ့ လူနည်းစု သာ ချမ်းသာပြီး လူများစု ဖြစ်တဲ့ လုပ်သားပြည်သူတွေ ဆင်းရဲရတဲ့ အတွက် ဒီ အရင်းရှင် စံနစ် မကောင်းဘူးလို့ ပြောတာပေါ့ ယောက်ဖကြီး ရ ၊ အရင်းရှင် စံနစ် လက်အောက် မှာ သိပ် ချမ်းသာတဲ့ လူတစ်ယောက် ရှိရင် ဆင်းရဲတဲ့ လူ များစွာ ရှိရမယ် ။ သိပ် ဆင်းရဲတဲ့ လူများစွာ ရှိရင် အဲဒီ ဆင်းရဲသား ထဲ က လူမိုက် တွေ ဖြစ်ပေါ်လာပြီး ခိုးမှု, တိုက်မှု, လုယက်မှုတွေ ဖြစ်ပေါ်လာ ရတယ် ။ အူမ တောင့် မှ သီလ စောင့်နိုင် တယ် ဆိုတဲ့ စကား ရှိသမို့လား ယောက်ဖကြီး ရ ”


ကိုထွန်းအောင် လို လူစားမျိုး သည် ဤ စကားမျိုး ကို လက်ခံ လိုလှသည် မဟုတ် သော်လည်း သူတို့ ပိုင်နက် တွင် ဖြစ် နေ၍ ဘာမျှ ညင်းချက် ထုတ် မနေတော့ ဘဲ -


“ ကဲ .. ထားပါတော့ကွာ ၊ ယောက်ဖလေး တို့ တည်ထောင် မယ် ကြွေးကြော် နေတဲ့ ဆိုရှယ်လစ် လူ့ဘောင်သစ် ဆိုတာ ကကောကွာ - ဘယ်လို ကောင်း မှာ လဲ ပြောစမ်းပါအုံး ”


“ ဒီမှာ ယောက်ဖကြီး ရ ၊ ဆိုရှယ်လစ်စံနစ် ဆိုတာက မြန်မာလို အဓိပ္ပါယ် ပြန်ရရင် မိသားစု စံနစ် ဘဲ ၊ တစ်ပြည်လုံး ဟာ တစ်အိမ် ထောင် ထဲ နဲ့ တူတယ် ၊ နိုင်ငံ ကို ခေါင်းဆောင် တဲ့ အစိုးရအဖွဲ့ ဟာ ထို အိမ်ထောင် က လူကြီးမိဘ နဲ့ တူတယ် ”


“ လူကြီးမိဘတွေ ဟာ မိမိ အိမ်ထောင် မှာ ရှိတဲ့ သားသမီးတွေ ၊ တူသားနောင်မယ်တွေ ရဲ့ စား,ဝတ်, နေရေး ကို စီမံ ပေးတယ် ၊ ကလေး - ကလေးနဲ့ တော်တဲ့ အဝတ် အနေအစား ၊ လူကြီး - လူကြီး နဲ့တော်တဲ့ အဝတ် အနေအစား ၊ လုပ်ငန်း အား ဖြင့်လဲ သားကြီး - သားကြီး နဲ့ တော်တဲ့ အလုပ် ၊ သမီး - သမီးနဲ့ တော်တဲ့ အလုပ် ၊ ကလေး လဲ ကလေး တတ်နိုင်တဲ့ အလုပ် ၊ စီမံခန့်ခွဲ ပေး ရတယ် ။ ပညာ ကို လဲ အချိန် အရွယ် အလျောက် မိဘ တတ် နိုင် သလောက် သင်ကြား ပေးတယ် ။ ကျောင်းထား ပေးတယ် မဟုတ်လား ”


“ ဆိုရှယ်လစ် အစိုးရ ဟာ လဲ ဒီလိုဘဲ လူတိုင်း ပညာသင်ကြား နိုင်အောင် စီမံဆောင်ရွက် ပေးတယ် ။ နောက်ပြီးတော့ အဲဒီ လူ ရဲ့ ပညာအရည်အချင်း စွမ်းရည် သတ္တိ လိုက် ပြီးတော့ အလုပ်အကိုင် စီမံခန့် ခွဲပေးတယ် ။ နို့ပြီးတော့ အတတ်ပညာ အရည်အချင်း အလျောက် အလုပ်အကိုင် အားဖြင့် အကြမ်းအနု ကွဲပြား သော်လဲ အချိုးခံစားမှု ကျတော့ ရင် သိပ်ပြီးတော့ အဆင့်အတန်း ချင်း မကွာဘူး ။ ဖြစ်နိုင်သလောက် နီးစပ်စေ ရမယ် ၊ နှလုံးရည် အလုပ်သမား - လက်ရုံးရည် အလုပ်သမားရယ် လို့ အလုပ်သမား တွေ တစ်တန်းတစ်စား ထဲ ထား ရတယ် ”


“ အဲသည်ဟာ ကျွန်တော် နားလည်တဲ့ ဆိုရှယ်လစ် သဘော တရား အတိုချုပ်ဘဲ ။ အောင်မြင်ရင် ဖြင့် ဘယ်လောက်များ ပြည်သူလူထု ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြမလဲ ... တိုင်းပြည်မှာ ရာဇဝတ်မှု ဒုစရိုက်တွေ နည်းပါးသွား မလဲ ဆိုတာ ပြော ရရင် မင်း စိတ်ကူးယဉ် လွန်းသကွာ လို့ ယောက်ဖကြီး က ပြောမှာ ဘဲ ၊ သို့သော်လဲ ကျွန်တော် တို့ ဒီ ဖဆပလ အစိုးရ ကို အပြုတ် တိုက်ပြီး ဆိုရှယ်လစ် လူ့ဘောင်သစ် တည်ထောင်တဲ့ အခါ ကျ တော့ ယောက်ဖကြီး ကြည့်ပေါ့ ခင်ဗျာ ” 


ဟု ဗိုလ်ဖုန်းလှိုင် က ရယ် မော ကာ ပြော လိုက်၏ ။


ဤတွင် ကိုထွန်းအောင် က -


“ အေးကွာ - ဒါပေမဲ့ မင်း တို့ ဒီ အစိုးရ တိုက် မချ နိုင်တာ က ခက် နေတယ် ”


“ စောင့်ကြည့်ပါအုံး ယောက်ဖကြီး ရာ ... အပြော နဲ့ အလုပ် ရှေ့နောက် မညီတဲ့ အစိုးရ ကျွန်တော် တို့ တိုက် လို့ မဟုတ်တောင် တစ်နေ့ ပြုတ်ကျ ရ မှာဘဲ ”


“ ဘယ်လို ရှေ့နောက် မညီတာလဲ ယောက်ဖလေး ရဲ့ ”


“ မူလ ကြွေးကြော်တုန်း က ဆိုရှယ်လစ် လေ ၊ နောက်တော့ လူတွေ က ဇိမ်တွေ အာဏာ ယစ်ပြီး အရင်းရှင်စနစ် ဖြစ်နေသလေ ၊ မူ မမှန်တဲ့ အတွက် တစ်နည်း နဲ့ မဟုတ် တစ်နည်း နဲ့ ပြုတ်ကျ ရမှာဘဲ ...”


“ ဒီ အစိုးရ ပြုတ်ကျ တော့ ယောက်ဖလေး တို့ က ဘာ လုပ် မလဲ ”


“ ဒီ အစိုးရ ပြုတ်ကျပြီး နောက် တက်လာတဲ့ အစိုးရ အဖွဲ့က အရင်းရှင်စနစ် ကို အမြစ် က ဖြုတ်ပြီး ၊ ဆိုရှယ်လစ် လူ့ ဘောင်သစ် တည်ဆောက်ဖို့ လက်တွေ့ ဆောင်ရွက်ပြတဲ့ အခါကျတော့ ကျွန်တော် တို့ က ဒီ တော ထဲ မှာ ဘာ နေဘို့ ရှိတော့သလဲ ။ အလင်း ဝင် ပြီးတော့ ကိုယ် တတ်နိုင်တဲ့ ဘက် က အစိုးရ နဲ့ လက်တွဲ ဆောင်ရွက်ဖို့ ရှိတော့ တာပေါ့ နောင်ကြီး ” 


ဟုဆို ပြီး သော်တာစိန် ဘက် လှည့် ၍ -


“ မဟုတ်ဘူးလား ... ကိုကို ”


“ ငါ့ ညီ ကို ဒီလိုဘဲ မျှော်လင့်တာပါ ဘဲ ”


◾သော်တာဆွေ


📖 ရွှေပြည်တော်သည်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment