Sunday, May 21, 2023

မွေးစားသမီး ( ၁၃ ) ( ဇာတ်သိမ်း )


 “ ဟယ် .. ကောင်း .. ကောင်း .. နင် ကောင်းဇော် မဟုတ်လား ”


“ အာ .. ရင်ရင်သိန်း ၊ နင် က ဒီမှာ ဘယ်တုန်းက ဆိုင် ထွက် နေတာလဲ ”


“ ဟဲ့ .. ဒါ ငါ့ ဆိုင် မဟုတ်ဘူး ဟ ၊ ငါ့ ယောက်ျား ဆိုင် လေ ”


“ အောင်မာ .. ကိုယ့် ယောကျ်ားဆိုင် ကိုယ့် ဆိုင် ပေါ့ ဟ ”


ကောင်းဇော် နှင့် ရင်ရင်သိန်း တို့ အားရပါးရ ရယ်လိုက် ကြသည် ။ ဧကန္တ သူငယ်ချင်းတွေ ဖြစ်ပုံ ရသည် ။ ကေ တို့ ဆိုင် သည် အပြင်ဘက်ဆုံးတန်း ဖြစ်ပြီး ထောင့်ခန်း မို့ ဈေး အတွင်း ဝင် လာသော လမ်း က ကေ တို့ ညာဘက် တွင် ရှိသည် ။ ထို လမ်း ၏ နံဘေး ပထမဆိုင် က ရင်ရင်သိန်း တို့ ဆိုင် ဖြစ်သည် ။ ရင်ရင်သိန်း တို့ က ယိုမျိုးစုံ ၊ မှိုခြောက်ပန်းခြောက် နှင့် ပင်လယ်ထွက် ပစ္စည်း အနည်းငယ် ရောင်းသည် ။ သူ့ ယောက်ျား က မြိတ် ( ဘိတ် ) မှ ဖြစ်သည် ။


“ အေးပေါ့ဟ ၊ နင် က ကေသီတာ နဲ့ သိတာ ကြာပြီလား ”


“ သိပ် မကြာသေးပါဘူး ”


“ ကေသီတာရေ .. ဒါ ငါတို့ ကျောင်းတုန်းက စာဘက် မှာ ဆရာကြီးတွေ ပေါ့ ၊ ၁၀ တန်း ဖြေတော့ သူ က 3 ဒီ နဲ့ YIT ရ သွားတာလေ ၊ အဲဒီ ကတည်း က မတွေ့ရတော့ တာ ၊ နင် ဘာလုပ် လာတာလဲ ကောင်း .. ကေသီတာ့ ကို လာ ရစ်တာလား ”


“ ဟာ .. နင် က လည်း ဘာတွေ လျှောက်ပြောနေတာလဲ .. ငါ နင်တို့ ဈေး က ဝါယာကြိုးတွေ လာ ပြင်တာ ၊ နင် .. ကျောင်းတုန်း က အတိုင်းပဲ .. စကား ပြောရင် စွတ် စွတ် ပြောတယ် ”


“ ငါ့ အကျင့် က ဒီအတိုင်းပဲ လေ ဟာ .. ယောကျ်ား ရ သွားတော့ ပိုဆိုးလာတာပေါ့ .. ဟဲဟဲဟဲ ”


“ အေးပါဟာ .. သတိတော့ ထားပေါ့ ၊ ငယ် သူငယ်ချင်းတွေ ပြန် တွေ့ရတာ ဝမ်းသာပါတယ် ၊ ငါ အလုပ် ရှိ လို့ သွားဦးမယ် ၊ မကေသီတာ သွားပြီ ”


“ ဟုတ်ကဲ့ ရှင့် ”


ကောင်းဇော် ထွက် သွားတော့ ကေသီတာ ဖတ်လက်စ မဂ္ဂဇင်း ကို ပြန် ကောက် ကိုင် လိုက်သည် ။ သို့သော် မရပါ ။ လူမူရေး ကိစ္စ သည် အစ တစ်စ ထုတ်မိ လျှင် မဆုံးနိုင်တော့ သော ချည်မျှင်စ နှင့် တူသည် ။


“ မကေ .. ရင် ပြောတာ စိတ်ဆိုးသွား လား ”


“ မဆိုးပါဘူး မရင် ရယ် .. ဒီလိုပါပဲ ၊ အိမ်ထောင် က လည်း မရှိ ၊ အရွယ် က လည်း မအိုသေးတော့ အပြော ခံရတာပေါ့ ”


“ အိုး .. ကေ ပြောတဲ့ ပုံစံက တစ်ကယ့် ကို အပျိုကြီး လုပ်တော့မယ်ပေါ့လေ ၊ မလုပ်လေနဲ့ ကိုယ့်ဆရာ ၊ အရေး ရှိတော့ ကိုယ့် အတွက် လူရင်း တစ်ယောက် တော့ ရှိမှနော့ .. နို့မို့ဆို မလွယ်ဘူး ”


ရင်ရင့် စကား ကို ကေသီတာ ပြုံး နေ လိုက်သည် ။ ရင်ရင် သည် ကေသီတာ့ စေ့စပ်ပွဲ မှာ တုန်းက မဖိတ် ၍ မလာခဲ့ သော် လည်း ကေသီတာ စေ့စပ်ပွဲ ပျက်ခဲ့တာတွေ ကို တော့ လူရင်းတွေ မို့ နှစ်ခုစလုံး ကို သိ ထားသည် ။


“ ကောင်းဇော် က ကျောင်း မှာ တုန်း က တော်တော် ကို့ တော် တာ မကေ ၊ သူ့ အမေ ကလည်း ကျောင်းဆရာမ ပဲ လေ ၊ သူ က စာ တော်တော့ ကောင်မလေးတွေ ဆို သူ့ ကို တော်တော်လေး အထာ ပေး ကြတာ ၊ အဲဒီလို အထာပေး လည်း ကောင်းဇော် က တော့ တည်တည်ပဲ ၊ စာ မှ စာဆိုတဲ့ အကောင် ၊ ရင် က လည်း သူ့ ကို ကျောင်း ကတည်းက ဒီလိုပဲ စ လာတာ ၊ အခုလည်း ဒီကောင် ထိ သွားပုံရတယ် ၊ တစ်ခါတည်း ကို လစ်တာ ၊ တန်း နေတာပဲဟား .. ဟား .. ဟား ”


ရင်ရင် က အားရပါးရ ရယ်သည် ။ ရင်ရင်သိန်း သည် ပျော်ပျော် နေတတ် ၊ စကား ကို ပွင့်ပွင့် နဲ့ ဘွင်းဘွင်း ပြောရတာ ကို အားရသော မိန်းကလေး မျိုး ဖြစ်သည် ။ ကေ့ ကို နည်းနည်းပါးပါး လာရစ်သည့် ယောက်ျားလေးများ သည် ရင်ရင်သိန်း ၏ ပါးစပ် ကို ကြောက်ကြရသည် ။


ဒီ အကြောင်းတွေ ကို ပြန် ပြောပြတော့ ရီလေး က ရယ်သည် ။


“ အင်း .. ဝါယာတွေ က လည်း ပြင် ၊ သူငယ်ချင်း က လဲ ရှိ ဆိုတော့ ၊ မကေ တော့ ပြေး မလွတ် ဖြစ်တော့မယ် ထင်တယ် ”


“ ရီ ရယ် .. အဲဒီ ကိစ္စ နဲ့ ပတ်သက်ရင် ကိုယ် ဘယ်လောက် ရှောင်တယ် ဆိုတာ မသိဘူးလား ”


နောက် တစ်နေ့ ကေ ထမင်းချိုင့် နှင့် ဈေး ကို ရောက်လာတော့ ကေ့ ကို ရီလေး က ပုံစံ တစ်မျိုး နှင့် ကြည့် ၍ စပ်ဖြဲဖြဲ နှင့် ဆိုသည် ။


“ မကေ က အခုမှ လာတာ ၊ မမ အရင် ထမင်းချိုင့် က ရောက်နှင့် နေပြီ ”


“ ဘယ်က ထမင်းချိုင့် လဲ ”


ရီလေး က ပြုံးစစ နှင့် မေး ငေါ့ ပြတော့ လက်သုတ်ပုဝါလေး ချည်ထားသော သုံးဆင့် စတီးလ် ထမင်းချိုင့်လေး ကို တွေ့ရ လေသည် ။


“ ဘယ်သူ့ ချိုင့်လဲ ရီလေး ”


“ ကိုကောင်းဇော် ရဲ့ ချိုင့်ပါတဲ့ ရှင် ၊ ကျွန်တော် ထမင်းချိုင့်လေး ဒီမှာ ခဏ ထား သွားပါရစေတဲ့ ”


ကေ ဟိုဘက်ဆိုင် ကို လှမ်း ကြည့်မိတော့ ရင်ရင် မရှိ ၊ သူ့ ခယ်မကလေး သာ ရှိသည် ။


“ အလိုတော် .. သူက ဒီမှာ ထမင်း စားဦးမှာလား ”


“ အဲဒါတော့ မသိ .. ဟိ .. ဟိ ”


“ ရီလေး နော် .. မင်း ကို မမ ဘယ်နှစ်ခါ ပြောထားရ မလဲ ”


“ ရီလေး နဲ့ ဘာဆိုင်လဲ မမ ရဲ့ ၊ သူ က ခဏ ထားခဲ့ပါရစေ ဆိုတော့ မထားခဲ့နဲ့ လို့ ပြောလွှတ်ရမှာလား ”


ကေ့ မျက်စိထဲ မှာ တည်တည်ငြိမ်ငြိမ် နှင့် စကားပြော တတ်သော ကောင်းဇော် ၏ မျက်နှာ ကို ပြန် မြင်သည် ။ ကေ  .. သက်ပြင်း ကို သာ ချ မိသည် ။


“ ကဲ .. ဒါဆိုရင် .. ကေတို့ အရင် ထမင်း စား ထား လိုက်ကြရအောင် ”


ကံကြမ္မာ သည် ကေ့ ဘက် က မပါချေ ။ ကေ တို့ ထမင်း စားနေတုန်း တစ်ဝက် လောက် တွင် ကောင်းဇော် ရောက် လာသည် ။ အပေါ် မှာ က နေရာ သည် နှစ်ယောက် နှင့် ပင်နေရာ ပို မရှိ ၍ လာ ဝင်စားပါလား ဆို၍ ပင်မရ ။


“ ရပါတယ် မကေသီတာ ၊ ကျွန်တော့် ထမင်းချိုင့်ကလေး ပဲ ပေးပါ ခင်ဗျ ၊ အောက် မှာ ပဲ စားလိုက်တော့မယ် ”


“ အားနာလိုက်တာ ကိုကောင်းဇော် ရယ် ”


“ ရပါတယ် မကေ .. ကျွန်တော်တို့ အလုပ် က ဒါမျိုးတွေ ကြုံနေကျပါ ၊ တစ်ချို့ နေ့တွေ ဆို မတ်တပ် ရပ် ပြီးတောင် စားချင် စားရတာ ၊  အောက်မှာ ခုံ နှစ်ခုံ ရှိနေတာပဲ ရပါတယ် ”


ကောင်းဇော်က သူ့ ထမင်းချိုင့် ကို ယူ သွားသည် ။ အားနာတတ်သော ကေသီတာ သည် ထမင်း စား မဝင် တော့ချေ ။ ဟင်း တစ်ဝက် ကို ခွဲ ၊ ချိုင့် ထဲ ထည့် ၊ ရေနွေး တစ်ခွက် ကို ယူ ၊ အောက် ကို ဆင်း ရသည် ။ လူမူရေး သည် အတော် ကျယ်ဝန်းသည် ဟု ကေသီတာ တွေး မိသည် ။ တစ်ဘက်ဆိုင် မှာ ရောက် လာပြီ ဖြစ်သော မိရင်ရင် က ကောင်းဇော် ကို ကြည့်ပြီး ရယ်သည် ။ ဟိုတစ်နေ့ တုန်းက လို စတာတွေ ဘာတွေတော့ မရှိတော့ ။


“ ရပါတယ် မကေ ၊ မကေ ထမင်းစား ပျက်မှာပေါ့ ၊ သွားစားပါ ၊ ရေနွေး အတွက် ကျေးဇူး တင်ပါတယ် ၊ ကျွန်တော် ဒီလို စား တတ် ပါတယ် ”


ကောင်းဇော် သည် ဈေး တွင် အလုပ် ဝင် ရသည့် တစ်လလုံး နီးပါး ဒီလိုပင် ထမင်းချိုင့် ပေး ထားပြီး အောက် က ခုံ မှာ ပင် လာ စားသည် ။ ကေသီတာ က လည်း ဟင်းတစ်ခွက် ပို ချက်ထားပြီး ကောင်းဇော် ကို ပေး တတ်သည် ။ ကေ တို့ ဆိုင် ဝါယာကြိုးတွေ လဲတော့ ကောင်းဇော် လဲ ရောက် လာပြီး တာဝန်ကျသူတွေ ကို အသေအချာ ညွှန်ကြားသည် ။


တာဝန်ကျသူတွေ က လဲ ကောင်းဇော် ပြောတာကို လေးလေးစားစား နှင့် နားထောင်ကာ “ ဆရာကောင်း က သေချာ ပြောသွားနော် ၊ ဂရုစိုက်လုပ် ” ဟူသော စကား ကို လည်း ကြားလိုက်ရသည် ။


ကောင်းဇော် ကို လုပ်ငန်းခွင် ထဲ မှာ လေးစားကြဟန် တူသည် ။ တစ်လ နီးပါး ကောင်းဇော် သည် သူတို့ ဆိုင်မှာပဲ ထမင်း လာ ၍ စားသည် ။ နေ့စဉ် တွေ့ကြ သည် ။ ပထမ တော့ သူ့ အကြောင်း ကိုယ့် အကြောင်း  .. မိသားစု အကြောင်း ၊ ဘဝ အကြောင်း ၊ ရင်းနှီးမှု မှ သည် ခင်မင်မူ ၊ ခင်မင်မှု မှသည် သံယောဇဉ် စသည့် လူမူ တရားများ သည် အစဉ်လိုက် အတိုင်းပင် ထုံးစံ အတိုင်း ရောက်ရှိ ၍ လာသည် ။


ဈေးကြီး တစ်ဈေးလုံး နီးပါး လျှပ်စစ်ကြံ့ခိုင်ရေး ပြီးသွား သော်လည်း ကောင်းဇော် သည် ညနေ အလုပ် က အပြန်တွင် ကေသီတာ တို့ ဆိုင်သို့ ဝင်လာ တတ်သည် ။ တစ်ခါတစ်လေ နွေရာသီ မှာ ထိုင်ရာက မထ ဈေးရောင်း ရသော ညီအစ်မ နှစ်ယောက် အတွက် ဖာလူဒါ ၊ စတော်ဘယ်ရီ ဖျော်ရည် ၊ သီးစုံဖျော်ရည် စသည်ဖြင့် ဝယ်ဝယ်လာ တတ်သည် ။ ကေသီတာ က တား သော်လည်း ကောင်းဇော် က ပြုံး နေတတ်သည် ။


ဈေးသိမ်းချိန် ကျတော့ ပစ္စည်းတွေ ဝိုင်း ကူ သိမ်း ပေးသည် ။ ဆိုင် ကို စိတ်ချရ ၊ မရသေချာ စစ်ဆေးသည် ။သူ မလာဖြစ်သည့် နေ့တွင် အထူးတလည် မဟုတ်သော်လည်း စိတ် ထဲ ကတော့ မျှော် နေမိတာ မျှော်မိပြီး မှ ကေသီတာ သိရသည် ။ ကောင်းဇော် သည် နိုင်ဝင်းထွန်း လို တည်ငြိမ်ပြီး မိုးယံစိုး လို စကားပြော ကောင်းသူ တစ်ယောက် ဖြစ်သည် ။


သို့သော် မိုးယံစိုး က ရယ်စရာ ၊ ပျော်စရာ စကားများ ကို ဟုတ်တာရော ၊ မဟုတ်တာရော ရယ်ရလျှင် ပြီးရော ပြောတတ်သည့် လူမျိုး ဖြစ် သော်လည်း ကောင်းဇော် က တော့ ထိုကဲ့သို့ ပြောတတ်သည့် လူမျိုး မဟုတ်ချေ ။ ထို မှတ်ချက် သည် ကေသီတာ က ပေးသော မှတ်ချက် မဟုတ်ပဲ ရီလေး က ပေးသော မှတ်ချက် ဖြစ်လေသည် ။ ရီလေး က ..


“ မျက်လုံးတွေ မှာ လမ်းကြောင်း ရှိတယ်နော် .. မမ ၊ အဲဒီ မျက်လုံး လမ်းကြောင်း က လိုင်စင်မဲ့ကား လို မောင်း လို့ မရဘူး မဟုတ်လား ၊ မမကေ ” ဟု သူ့ ကို စတတ်သည် ။ ကောင်းဇော် ကို တော့ ကေသီတာ သည် မာယာ မပါသော ရိုးရိုးကြီး ပုံစံ နှင့် လည်း မဆက်ဆံ ၊ ကိုယ့် ဘက် က ဣန္ဒြေ မကျွံရအောင် ဆိုသော ပင်ပန်းသည့် စောင့်ထိန်းမူကြီး နှင့် လည်း မဆက်ဆံ ၊ လိုက်လျောညီထွေ နှင့် သတိ အမြဲ ရှိသော ဆက်ဆံရေးမျိုး ဖြင့်သာ ဆက်ဆံ ပါသည် ။


ထိုနေ့က ဥပုသ်နေ့ ဖြစ်သော ကြောင့် ကေသီတာ တို့ ညီအစ်မ နှစ်ယောက် အနားရ သဖြင့် မနက်စာ စားသောက် ပြီး တစ်ရေးတစ်မော အိပ်ကြသည် ။ အိပ်ပျော်ပြီး ကာစ လမ်း ထဲ ရပ်ကွက် ထဲ မှ လူတွေ အော်သံ ၊ ဆူသံ ၊ ပြေးလွှားသံ ၊ တစ်ယောက် နှင့် တစ်ယောက် ခေါ်သံ တို့ကြောင့် ကေသီတာ တို့ လန့်နိုး လာ ကြသည် ။


“ မီးဗျို့ .. မီး .. မီး .. မီးလောင် နေတယ် ၊ ရှေ့ဘက်ရပ်ကွက် မှာ မီးလောင် နေတယ်ဗျို့  .. မီး .. မီး ”


“ မီးတဲ့ ဟေ့ .. မီးချိတ် မီးကပ်တွေယူ ၊ မိန်းမတွေ ယူစရာရှိတာတွေ ယူ ပြီးကလေးတွေ ကို သတိထားကြ ”


“ ပစ္စည်းတွေ ယူ ပြီး ရင် အိမ်တွေ သော့ခတ်ထားကြ ၊ မီးနီးတယ် ”


“ မီးလောင် နေတယ်ဗျို့ .. မီးလောင်နေတယ် ”


တိတ်ဆိတ် နေသော နွေနေ့လည်ခင်း မှာ ကမ္ဘာပျက် သလို ဖြစ် သွားသည် ။ လူတွေ ပြေးလွှား နေကြသည် ။ ယောက်ျားတွေ က မီးချိတ် မီးကပ်တွေ ၊ ရေပုံးတွေ နှင့် ထွက်ကြသည် ။ ဝီစီသံတွေ ဆူညံလျှက် ၊ ကြောက်လန့် နေကြသော မိန်းမတွေ နှင့် ကလေးများ ၏ အော်သံ ခေါ်သံတွေ ဆူညံလျှက် ။


ကေတို့ ညီအစ်မ သည် ရုတ်ရက် ဘာလုပ်ရမှန်း မသိ ။ အိမ် ထဲ သို့ သာ စွတ်ပြီး ပြန်ဝ င်လာခဲ့ကြသည် ။


“ မမ လက်ဝတ်လက်စားတွေ ၊ ပြီးတော့ ပိုက်ဆံတွေ  .. ”


ဗီရို ကို ဖွင့်သော ကေသီတာ့ လက်တွေ တုန် နေသည် ။ အိတ်တစ်လုံး ကို လွယ် ၍ လက်ဝတ်လက်စားတွေ အရင် ထည့်သည် ။ ပြီးတော့ ငွေ .. ရီလေး က အိမ်ရှေ့ က တီဗွီ ကို အတင်းဖြုတ် မရွှေ့နေသည် ။ ကေသီတာသည် ပွင့် နေသော ဗီရို ထဲ က သူ နှစ်သက်သည် ဟု ထင်ရသော အင်္ကျီ ၊ ထမီတွေ ကို ဆွဲ ယူပြီး ပိုက် ထားသည် ။


“ မီး က နီးလာပြီ ဗျို့ ၊ အိမ် ထဲ က ယူစရာ ရှိတာတွေ ယူ ပြီး ရင် ထွက်ကြပါ ၊ ထွက်ကြပါဗျို့ .. ထွက်ကြပါ ”


လမ်း ပေါ်မှာ လူတွေ တစ်ဝေါဝေါ ပြေးလွှား နေကြသည် ။ ကေသီတာ သည် သူ့ လက်နှစ်ဖက် က ဘာမှ သုံးလို့ မရတော့မှန်း သိသဖြင့် အဝတ်စားတွေ ကို လွှတ်ချ လိုက်ပြီး အိတ် ကို လွယ် ၍ အောက် ကို ဆင်းတော့ ရီလေး က ဆာလာအိတ် နှင့် အိုးတွေခွက်တွေ ပန်းကန်တွေ ကို သိမ်း နေသည် ။


“ မမကြီး စောင် ကို ဖြန့် ၊ အဝတ်စားတွေ ထုတ်ပြီးရင် ထည့်ထား ၊ အိုးတွေခွက်တွေ ရီလေး တာဝန်ထား ၊ TV ရှေ့ မှာ ထုတ်ထားတယ် ”


“ ရတယ် .. ကေ  .. မကေ ဘာလုပ်ရမှာလဲ ဟင် ၊ ကေ ဘာတွေ ယူရမှာလဲ ”


“ စောင် ကို ဖြန့်ပြီး အဝတ်စားတွေ ထည့် လေ ”


ကေ အိမ် ပေါ် သို့ တစ်ခေါက် ပြန် ပြေး တက်ရပြန်သည် ။ အိပ်ယာ ထဲ က စောင် ကို ယူ ၍ ခုနက ချထားခဲ့သော အဝတ်စားများ ကို ကြုံး တစ်ခါ ပြန် ထည့်ပြန်သည် ။


ကေ့ လက်တွေ က တုန် နေပြီး ရင်တွေ တလှပ်လှပ် တုန်ကာ ကြောက်လှန်းသဖြင့် ပစ်လဲကျ သွားမလား ထင်ရသည် ။ ရင်တွေ တုန်လွန်း သဖြင့် မိုက်ကနဲ တစ်ချက် မူးသည် ။ သူတို့မှာ အားကိုးရာ မရှိတာ ကို ပထမဆုံး အကြိမ် အားငယ်စွာ ခံစား လိုက် ရသည် ။ ထိုအချိန်တွင် အပြင် က အသံတွေကလည်း ဆူညံ နေချေပြီ ။ ကေ အဝတ်ထုပ် ကို အား နှင့် ကျုံး မတော့ ထင်ရာတွေ စွတ်ထည့် ထားသဖြင့် မ၍ မရ ။ ကေ သာ လဲကျ သွားသည် ။


ထိုအချိန် မှာ ..


“ မကေ .. မကေ .. ကေသီတာ ”


ကောင်းဇော် .. ကေသီတာ အားရဝမ်းသာ လဲနေရာ မှ ထ ရပ်သည် ။ ကောင်း .. ကေ အပေါ် မှာ .. ဟု အော်သည် ။ အသံ က မထွက် ။ လှေကား ပေါ် ကို တစ်ဝုန်းဝုန်း နှင့် ပြေးတက် လာသော အသံ ကို ကြားရသည် ။ ကောင်းဇော် .. ကောင်းဇော် က လဲကျနေသော ကေသီတာ့ ကို ဆွဲထူသည် ။ ပြီးတော့ စောင်ထုပ် ကို ပြန်ဖြေ ၊ အဝတ်စား ငါးစုံ ခြောက်စုံ သာ ထည့် ပြီး ဆွဲသည် ။


“ ပစ္စည်းတွေ ယူပြီးပြီလား .. မကေ ”


“ ဟုတ် .. ဟုတ်ကဲ့ ”


“ ငွေ ရော .. ”


“ ဟုတ်ကဲ့ .. ဒီ အထဲ မှာ .. ”


“ မှတ်ပုံတင် .. သန်းခေါင်စာရင်း ၊ အိမ်အရောင်းဝယ် စာချူပ် တွေရော ယူပြီးပြီလား .. မယူရသေးရင် ဘယ်မှာ ထားလဲ ”


“ မ .. မယူရသေးဘူး .. ဗီရို ထဲ က အံဆွဲ ထဲ မှာ ”


“ သော့ ရော .. ”


“ သော့ .. သော့ .. ကေ  .. ဘယ်မှာ ထားလိုက်မိလဲ မသိဘူး ”


ကေသည် အဝတ် ပုံ ထဲ ပြန် မွှေသည် ။ သော့ ကို သူ ခုနက ကိုင်ပြီး ပစ္စည်းတွေ ယူသည် ။ ပြီးတော့ ကေ စဉ်းစားလို့ မရတော့ ။ ကောင်း ရောက်လာ သဖြင့် ကေ အရမ်း အားရှိ သွားသည် ။ ဗီရို က ပွင့် နေသည် ။ ဗီရိုထဲက အံဆွဲထဲ မှာ မို့ ဗီရိုသော့ နှင့် တွဲ ထားသော အံဆွဲသော့ ကို ဖွင့်ဖို့ ဗီရိုသော့ ရ မှ ဖြစ်မည် ။ ကောင်း က ပွင့် နေသော ဗီရိုတံခါး ကို ပိတ်လိုက် တော့ သော့ က ဗီရို မှာ တန်းလန်း မြင် ရသည် ။


“ ရပြီ .. ”


ကောင်း က သော့ ကို ရွေး ဖွင့်ပြီး လိုအပ်သော အရေးကြီး စာရွက်စာတမ်း ၊ မှတ်ပုံတင် ၊ ဆိုင်စာချူပ် စသည်တို့ ကို ယူသည် ။ ပြီးတော့ အဝတ်ထုတ် ကို တစ်ဖက် က ဆွဲ တစ်ဖက်က ကေသီတာ့ ကို ဆွဲကာ အောက် ကို ဆင်းသည် ။ အောက် မှာ ပန်းကန်တွေ ရော ၊ ရေနွေးအိုးတွေ ရော ၊ ထမင်းအုပ်တွေ ရော ဒယ်အိုး နှင့် ယောင်းမပါ မကျန် ကြုံးထည့် နေသည့် ရီလေး ကို ဆွဲမ ၍ ဒယ်အိုး ၂ လုံး ၊ အိုးကြီးသေး နှစ်လုံး ၊ ယောင်းမ သုံးလေးချောင်း နှင့် ဇွန်းများ ကို ပစ်ထည့်ပြီး ရီလေး ကို အထုပ်ပြန် ပေးသည် ။ နှုတ် မှ လည်း လိုအပ်တာပဲ ယူ ၊ လိုအပ်တာပဲ ယူတော့ ဟု အော် ရင်း ရီလေးကို ရော .. ကေသီတာ့ ကို ပါ ဆွဲ ၍ အိမ်ရှေ့ သို့ ထွက်သည် ။


“ ကိုကောင်းဇော် .. တီဗွီ ၊ အောက်စက် ”


“ ထားခဲ့ .. အိမ်သော့ပေး ”


ရီလေး သော့ ရှာ နေတုန်း ကောင်းဇော် က ကေ့ ဘွဲ့ရဓာတ်ပုံ ကို ဆွဲဖြုတ် လိုက်သည် ။ ပြီးတော့ အင်္ကျီ ထည့်သော အိတ် ထဲ သို့ ထည့်သည် ။ ထို့နောက် ကေ တို့ကို လက်ဆွဲ ၍ အိမ်ပြင် ထွက်တော့ ခြံ ထဲ သို့ ပြာတွေ ပင် ကျနေပြီ ဖြစ်သည် ။ ကောင်းဇော် က အိမ်တံခါး ကို သေသေချာချာ သော့ခတ်ပြီး သော့ ကို သူ့ ဘောင်းဘီ အိတ် ထဲ သို့ ထည့် ၍ လူအုပ် ထဲ မှ လူစု မကွဲစေရန် ကေ တို့ လက်ကောက်ဝတ် ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း အတင်း တိုးဝှေ့ ထွက်သည် ။ မီး နှင့် ဝေးရာ ၊ အိမ် နှင့် ဝေးရာ သို့  .. ။


ကံကောင်းထောက်မ သည့် အတွက် ရော ၊ မီးသတ်ရဲဘော်များ နှင့် ရပ်ကွက် ထဲ မှ တာဝန်ရှိသူတွေ ၊ ရပ်ကွက်သူ ၊ ရပ်ကွက်သားတွေ ကြိုးစားကြသည့် အတွက် ပါ နောက် တစ်နာရီ ခန့် တွင် မီးစွယ် ကျိုးကျ သွားသည့် အတွက် ကေ တို့ အဝေးမှ ဝမ်းသာ ရသည် ။ ထို့ထက် ပို ၍ ကံ ကောင်းသည် က ကေတို့ အိမ်ကလေး မီး ထဲ ပါ မသွားသည့် အတွက် ပင် ဖြစ်သည် ။


ရပ်ကွက်လူကြီး က မီး ထဲ မပါသော အိမ်ရှင်များ မိမိတို့ နေအိမ် အသီးသီးသို့ ပြန်ကြပါရန် ပါသူများ ရပ်ကွက်ရုံးခန်း ကို စာရင်း လာ ပေးကြပါရန် လိုက်လံ အော်တော့ မှ ကေသီတာ တို့ ပြန်ခဲ့ကြသည် ။ ကေသီတာ သည် အိမ် ကို ပြန် ရောက်ကာ မှ ပင် ကောင်းဇော် ၏ လက်မောင်း ကို လက် နှစ်ဖက်ဖြင့် ကိုင်ထားမိ မှန်း သတိရ တော့သည် ။ ရင်ရင်သိန်း ၏ “ အပျိုကြီး လုပ်တော့ မလို့လား ကေသီတာ ၊ အပျိုကြီး လုပ်ဖို့တော့ မစဉ်းစားလေ နဲ့ ၊ အရေးကြုံ လာတော့ ကိုယ့် အားကိုး စရာ က သံယောဇဉ် ရှိတဲ့ သူ နဲ့ မှ ဖြစ်တာ .. ” ဟူသော စကား ကို ပြန် ကြားမိသည် ။ အိမ် ထဲ မွ စာ ကြဲနေသော ပစ္စည်းတွေ ကို နေသားတကျ ပြန် ရွှေ့ကြ ရသည် ။ ရီလေး သည် မီးလောင်တုန်း က 24 ” sony TV ကြီး ကို  တစ်ယောက် တည်း မ ၍ အိမ်ရှေ့သို့ ရွှေ့နိုင်ခဲ့ သော်လည်း မီးအေး ပြန် မ တော့ ကြွပင် မကြွတော့ ။ ကြောက်စိတ် နှင့် လောဘ သည် လည်း လူ ကို အား တစ်မျိုး ပေး တတ်ကြောင်း ကောင်းဇော် က ပြောပြသည် ။


ကောင်းဇော် သည် ပစ္စည်းများ ကို စံနစ်တကျ ပြန် နေရာ ချထား မပေးခင် သူ့ မိခင် ကို ဖုန်း လှမ်းဆက်သည် ။ ကေ တို့ အိမ် မပါကြောင်း ၊ ထိတ်လန့် နေသော ကေ တို့ ညီအစ်မ နှင့် ဒီ ည သူ အတူ အိပ်ပေးမည် ဖြစ်ကြောင်း တို့ ဖြစ်သည် ။ ကေ သည် ကောင်းဇော် အိမ် မှာ အိပ်မည် ဆိုတာကို သူ့ ကို ခွင့် မတောင်းပဲ မိခင် အား ပြောနေခြင်း ကို စိတ်မဆိုးပဲ ဝမ်းတောင် သာ နေ မိသေးသည် ။ သူတို့ မွေးစား ညီအစ်မ သည် မေမေကြီး ကြောင့် မတောင့်မတ မကြောင့်မကျ နေ ရတာ မှန်သည် ။


သို့သော် .. သူတို့ မှာ အားကိုး လိုသည် ။


ထိုစဉ်မှာပင် အောင် နှင့် သူ့ခ င်ပွန်း တို့ ကား နှင့် ရောက်လာ ကြသည် ။


“ စိတ်ပူလိုက်ရတာ ဟယ် .. အောင်တော့ မကေ တို့ ပါပြီ ထင်ထားတာ ၊ တော်ပါသေးရဲ့ ”


“ ကိုကောင်းဇော် ရောက်လာ ပေလို့ ပဲ မမ ရေ .. နို့မို့ဆို မလွယ်ဘူး ”


“ ကျေးဇူးတင်ပါတယ် ကိုကောင်းဇော် ရယ် .. မိန်းကလေး နှစ်ယောက်တည်း မို့ ကျွန်မ အမြဲတမ်း သူတို့ အတွက် စိတ်ပူ နေရတာ ၊ ဒုက္ခ ရောက်ချိန်မှာ ခုလို ကူညီတာ ကျေးဇူးပါပဲ ရှင် ”


“ ဒီလိုပါပဲ .. အပြန်အလှန် ပေါ့ .. မခင်မေအောင် ရယ် ”


“ အေးဗျာ .. ဒီမှာ အောင် က မကေတို့ အိမ် ပါ ပါပါပြီ ဆိုပြီး ကားပေါ် မှာ ငိုနေတာ ၊ ကျွန်တော် က အိမ်ထက် လူတွေ ကို ပို စိတ်ပူတာ ၊ ကျွန်တော် တစ်ယောက် ထဲ လာဖို့ ကျတော့လည်း လမ်းကိုပိတ်ပြီး အပြင်လူတွေ ပေး မဝင်ကြတော့ ဝင်လို့ မရတော့ လို့ ပါ ”


“ ဟုတ်တယ် .. ကျွန်တော် တောင် ရောက်တာ မြန်လို့ ၊ နောက်ကျ ရင် ပေး မဝင်ကြတော့ဘူး ”


“ ဘာပဲဖြစ်ဖြစ် မိသားစုကို ကူညီတာ ကျေးဇူးပါ ”


အောင် က ပြုံးဖြဲဖြဲ စပ်ဖြီးဖြီး နှင့် ကေ့ ကို ကြည့်ရင်း မျက်ဝန်းချင်း ဆုံသောအခါ ပြုံး နေသော နှုတ်ခမ်းတွေ ကို အပျော် မဲ့ မဲ့ ၍ ခေါင်းကို သုံးလေးချက် ညိတ် လိုက်လေသည် ။


ငြိမ်နေသော လေ သည် အသာတကြည် ပင် ဟိုးအဝေး မှ ခပ်မှန်မှန် ကလေး တိုက်ခတ် လိုက် သဖြင့် ငြိမ် ၍ ရပ်စောင့် နေရသော ကန်တော်ကြီး ရေပြင်သည် သူ့ ကိုယ်ပေါ် မှလှိုင်းလုံးကလေးတွေကို ဖော်ယူ လိုက်သည် ။


ပြီးတော့ .. ထို လှိုင်းကလေးတွေ တစ်ခု နောက်သို့ နောက် တစ်ခု ကိုအပြေး လိုက် ခိုင်း၏ ။ လှိုင်း တို့ မည်သည် ကမ်းစပ်သို့ သာ ပြေးမြဲ ဖြစ်ရာ ရှေ့ မှ လှိုင်းကလေး က လည်း ကမ်းစပ် သို့ သာ ပြေး ပါသည် ။ နောက်က  မှီလု မှီခင် လှိုင်းကလေး က ကမ်းစပ်နား ရောက်သော အခါ .. ပျောက်သွားသော ရှေ့ က လှိုင်းကလေး ကို ရှာ နေတုန်း သူ့နောက်မှ လိုက်လာသော လှိုင်းကလေး က တွန်းလိုက် သဖြင့် သူ လည်း ကမ်းစပ် ထဲ သို့ ဝင်ရောက် ပျောက်ကွယ် သွား လေသည် ။ ရေပြင် ကို လှိုင်း လုပ် ပစ်ခဲ့သော လေပြေညှင်း သည် ကေ့ ဆံပင်တွေ ကို ခို စီးပြီး ဂျွှမ်းထိုး ၍ တစ်ခြား တစ်ဖက်သို့ ခုန်ထွက် သွားသည် ။


“ ကောင်း .. အခု မကေ ပြောတာတွေ ကို ကြားတော့ အံ့သြ သွား သလား ”


“ မအံ့သြပါဘူး ၊ ရင်ရင်သိန်း ပြောပြလို့ ဒီလို နှစ်ကြိမ် ဖြစ်ဖူးတယ် ဆိုတာကို တော့ အကြမ်းဖျင်း သိထားပါတယ် ၊ အခုလို တိတိကျကျ သိရတော့ ပို ကောင်းတာပေါ့ ၊ ကောင်း အတွက် ဒီလို သိလိုက် ရလို့ လည်း ပြောင်းလဲမှု မရှိပါဘူး ”


ကောင်း သည် မှန်သောစကား ကို ဆိုသည် ဟု ကေ ထင် ပါသည် ။ ကေ ပြောပြ နေသည့် တစ်လျှောက်လုံး ကောင်း မျက်နှာ တွင် မည်သည့် အပြောင်းလဲ ကို မှ မတွေ့ရပဲ ကေ ပြောသမျှ ကိုသာ စိတ်အား ထက်သန်စွာ စိတ်ဝင်စားစွာ နားထောင် နေတာပဲ ကေ တွေ့ခဲ့ ရသည် ။


“ ပြီးတော့ မကေ ကို အခုမှ ပိုပြီး ရင်းနှီး သွားသလို ခံစားရတယ် ၊ ကိုနိုင်ဝင်းထွန်း ကတော့ သိက္ခာ နှင့် ဣန္ဒြေ ကို ရှေ့တန်း တင်လွန်းတဲ့ အခြေနေ မှာ အစွန်းရောက် သွားသူပါ ၊ ကိုမိုးယံစိုး က တော့ အစ်မတွေ ရဲ့ အတ္တစိတ် နဲ့ မကေ မေမေကြီး ရဲ့ အမှန်တရား ကြား မှာ ဓားစာခံ ဖြစ်ရ ရှာတာ ၊ ကျွန်တော် သူတို့ ကို ကိုယ်ချင်းစာ နိုင်ပါတယ် ၊ မကေ ပြော သွားတဲ့ အဖြစ်ပျက် နှစ်ခု စလုံး မှာ စံနစ်တကျ ကံ မကောင်းဆုံး ကတော့ မကေ ပဲ ၊ ကျွန်တော် နဲ့ ကျရင် မကေ အဲဒီလို မဖြစ်စေရဘူးလို့ ကတိ ပေးတယ် ”


ကောင်း သည် ကေသီတာ့ မျက်နှာ ကို ကြည့်ပြီး လေးနက်စွာ ပြောခြင်း ဖြစ်သည် ။


“ ကောင်း ရဲ့ စကား ကို မကေ ယုံကြည်ပါတယ် ဆိုတာထ က် .. ယုံချင်ပါတယ် လို့ ပဲ ပြောချင်တယ် ”


“ ကျွန်တော် မကေ ကို ချစ်တယ် ဆိုတာ တစ်ကယ့် ကို ပိုင်ဆိုင်ချင်တာပါ ၊ တစ်ဘဝလုံး ပင်ပန်းခဲ့ရတဲ့ မကေ ကို ကျွန်တော့် ဆီ မှာ အေးအေးဆေးဆေး အနား ယူရင်း အချစ်ခံ စေ ချင်ပြီ ၊ ကျွန်တော့် ရှေ့ က မကေ ကို ချစ်ခဲ့တဲ့ လူတွေ ရဲ့ အချစ် ကို ကျွန်တော် လေးစားပါတယ် ၊ ကျွန်တော်လည်း သူတို့ လို ပဲ ဆန္ဒ ပြင်းပြင်း နဲ့ မကေ ကို ချစ် နေတာပါ ၊ ကျွန်တော် က တစ်ခု ပို ကံကောင်းတာ ကတော့ နောက်ဆုံး လူ ဖြစ် နေတာပါပဲ ”


မျှမျှတတ ပြောတတ်သည့် ကောင်း ကို ကေ သဘောကျ သွားသည် ။ သူ ပထမ ကောင်း ကို ချစ်၍မရတော့ ဟု သူ ထင်ခဲ့ မိသည် ။ သူ့ နှလုံးသား သည် မိုးယံ နှင့် အတူ သေဆုံး သွားခဲ့ပြီ ဟု ထင်ထား မိသည် ။ အခုကျတော့ လည်း သူ့ နှလုံးသား သည် အခြေအနေ သွင်ပြင် မတူသော အကြောင်းအရာ ခြားနားသော အဖြစ်ပျက်များ ပေါ်တွင် ပြန်လည် သာယာ ရှင်သန် လာ ပြန်သည် ။


ကိုနိုင်ဝင်းထွန်း ကို လေးစားပြီး သာယာ ခဲ့တာ တစ်မျိုး ၊ မိုးယံစိုး ကို ရင်ခုန်ပြီး တပ်မက် နှစ်လိုစွာ ချစ်ခဲ့တာ က တစ်မျိုး ၊ အခု ကောင်း ကို တည်ငြိမ်စွာ ဖြင့် အားကိုး ချစ် ချစ်ရတာ တစ်မျိုး ဟု ကေ က ဆိုချင်သည် ။ သူ့ နှလုံးသား သည် ဘယ် နှစ်မျိုး ချစ်တတ် ပါ သနည်း ။ အဲဒါတော့ သူ့ နှလုံးသား ပဲ သိလိမ့်မည် ထင်သည် ။


“ ကျွန်တော် မကေ ကို ချစ်တာ အစ်ကို တစ်ယောက် လို စောင့်ရှောက်ရမယ် ဆိုတဲ့ တည်ငြိမ်တဲ့ စိတ် နဲ့ လည်း ချစ်တယ် ၊ မောင် တစ်ယောက် လို နွဲ့ဆိုး ဆိုးမယ် ဆိုတဲ့ စိတ် နဲ့ လည်း ချစ်မယ် ၊ လိုအပ်တာ မှန်သမျှ အကူညီ ပေးမယ် ဆိုတဲ့ သူငယ်ချင်း စိတ် နဲ့ လည်း ချစ်မယ် ၊ ကျွန်တော် မကေ ကို အဲဒီလို နားလည်ပြီး ချစ်နေမိတာပါ ၊ ကေ .. ကျွန်တော့် ကို စကား ပြောပါဦး ၊ အဖြေ ပေးပါဦး ”


ကေက ခေါင်း ကို ငုံ့ချ ထားပြီး ငြိမ် နေ လိုက်သည် ။ ကေ ၏ ငုံ့ချ ထားသော ဦးခေါင်း မှ မျက်ဝန်းများ ကို မြင်ရ စေရန် ကောင်း က ကေ့ ထက် ခေါင်း ကို ငုံ့လိုက် သဖြင့် နဖူးချင်း ထိ သွားသည် ။ ကေ က ငုံ့ချ ထားသော ခေါင်း ကို ပြန် မော့ လိုက်ရင်း ပြောသည် ။


“ အဲဒီလိုတော့ မလုပ်နဲ့ ကွာ ”


“ မကေ က စကား လည်း မပြော .. မျက်လုံးတွေ ကို လည်း ဝှက်ထားတော့ အဖြေ လိုချင်တဲ့ လူ က သေပြီပေါ့ မကေ ရဲ့ ၊ စကားသံ မကြား ရ ရင် မျက်ဝန်းလေး ထဲ မှာ အဖြေ ရှာ ပြီးတော့ ရင်ခုန်ချင်တာပေါ့ ”


ကေ ရယ်မော လိုက်မိသည် ။


“ အဲဒါဆို ကေ ဘယ် နေတတ်တော့မှာလဲ ကောင်း ရဲ့ ”


“ မကေ က ဘာဖြစ်လို့ မနေတတ်တာလဲ ”


“ ရှက် လို့ ပေါ့ ”


“ ရှက်တယ် ဆိုတာ နှစ်မျိုး ရှိတယ် တဲ့ ၊ အသိတရား က ရှက် တာရယ် ၊ ဦးဏှောက် က ရှက်တာရယ် .. ကေ က ဘယ်က ရှက်တာလဲဟင် ”


ကေ ဘာမျှ ပြန်မဖြေပဲ ငြိမ် နေ လိုက်သည် ။


“ ကေ့ မှာ အဖော် လိုတယ် ”


“ ကျွန်တော် သိပါတယ် အားကိုပြီး ချစ်ရတဲ့ စစ်မှန်တဲ့ အဖော်မျိုး မဟုတ်လား ၊ အဲဒီ အဖော် ဟာ ကျွန်တော် ပဲ ဖြစ်ရမယ် ”


“ ဘာဖြစ်လို့လဲ ”


“ မကေ ကို အားလုံး ကိုယ်ချင်းစာ နားလည် ပေး နိုင်လို့ပေါ့ ”


“ တစ်ကယ် .. ”


“ တစ်ကယ်ပေါ့ .. မကေ ကျွန်တော့် အကြောင်း ကို တစ်ကယ် မသိသေးတာလား  ”


“ ဘာကို သိရမှာလဲ ”


ကောင်းဇော် က စကား ကို ရပ် ၍ ကေသီတာ့ ကို အပြုံး ဖြင့် ကြည့်သည် ။ ပြီးတော့မှ အေးဆေးတည်ငြိမ်စွာ ပြောသည် ။


“ မေမေ ဟာ အပျိုကြီး မကေ ရဲ့ ”


“ ဘယ်လို .. ”


ကေသီတာ လုံးဝ နားမလည်စွာ ဆိုသည် ။


“ ဟုတ်တယ် မကေ ၊ မေမေ က အပျိုကြီး ဆိုတာ က ကျွန်တော် လည်း မွေးစားသား မို့ လို့ ပါ ၊ ဒါ့ကြောင့်မို့ မကေ ကို အရာအားလုံး ခံစား နားလည်ပြီး ချစ်နိုင်တယ် လို့ ပြောတာပါ ”


ကေ ပါးစပ် အဟောင်းသား ဖြစ်ပြီး ကောင်းဇော် ကို ငေးကြည့် လိုက်သည် ။ ကောင်းဇော် က အံ့သြ နေသော ကေ့ လက်ကလေး ကို ကောက်ယူ ပြီး ကိုင်ထား လိုက်သည် ။ အံ့သြ နေသော ကေ့ ပခုံး ကို အသာဖေး ၍ အံ့သြ နေသော ကေ့ နှလုံးသား ကိုအသာ ဖေး ဖက် ထား လိုက်လေသည် ။


◾နီကိုရဲ


📖 မွေးစားသမီး


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment