❝ မောင့်မျက်နှာ တစ်ရွာထင် ❞
“ ဦး တို့ ငယ်ငယ်တုန်း က လည်း ခု မင်း တို့ အဖြစ် သည်း ခဲ့ကြ သလို တူနှစ်ကိုယ် တဲအိုပျက် မှာ နေရ ရွှေဘုံပေါ် မှာ စံရ ချစ်တာ ကြိုက်တာ ပဓာန ဆိုပြီး စိတ်ကူး ယဉ်ခဲ့ကြတယ် ။ ဒါပေမဲ့ တကယ် လက်တွေ့ ကျ တော့ ချစ်တာ ကြိုက်တာ ပဓာန ဖြစ်ဖို့ အရေး မှာ ရွှေဘုံကြီး မရှိ တောင် တဲအိုပျက်ကလေး တစ်လုံးတော့ လိုသေးတာပဲ မဟုတ်လား ”
အသက် ၅ဝ ကျော်ခန့် အရပ် ထောင်ထောင် မောင်းမောင်း အဝတ်အစား ကောင်းကောင်း နှင့် လူကြီး တစ်ယောက် သည် ရန်ကုန်မြို့စွန် တစ်ခု သော ဆင်းရဲသား ရပ်ကွက်ရှိ တဲအိမ်ကလေး တစ်လုံး ၏ တံစက်မြိတ် အောက် တွင် လက်ကိုင်တုတ် ကို တင်ပါး ဖြင့် မှေး၍ ထောက်ရင်း တဲကလေး တံခါးဝ တွင် ခပ် ကုပ်ကုပ်ကလေး ထိုင် နေသော အသက် ၁၉ နှစ် အရွယ် မိန်းကလေး တစ်ဦး ကို လေးလေး နှင့် မှန်မှန် ပြောပြ နေ၏ ။ ယခင်က သောက်ရှူးကြယ်ညီနောင် လို အရောင် တောက်ခဲ့မည် ဖြစ်သော မိန်းကလေး ၏ မျက်စိ အစုံ သည် ယခုမူ မြူမှောင်ရစ်သိုင်း မျက်ရည်ဥကလေးများ ဝိုင်း လျက်ရှိနေ၏ ။ သူ့ အနီး တွင် ကား အငွေ့စဲစ ပြုနေသော ပဲပြုတ် တစ်ပန်းကန် ကို မြင် ရလေသည် ။
လူကြီး က ဆက်ပြီး ...
“ နို့ပြီး ... ဦးတို့ ငယ်ငယ်တုန်း က ထမင်းရည် ကို အတူ လျက်ရစေတော့ ငွေ မမက်ပါဘူး ၊ တူ နှစ်ကိုယ် တဲအိုပျက်မှာ နွှဲလျက် ပျော်မယ် ဆိုပြီး ကိုယ် ချစ်တာ ကြိုက်တာကလေး ကို ပဲ အင်မတန် အရေးကြီးတဲ့ ကိစ္စ လုပ်ပြီး ပြော ခဲ့ကြတယ် ။ ဒါပေမဲ့ လက်တွေ့ ကျ ပြန်တော့ မွေး ကတည်း က ထမင်းရည် လျက်ပြီး မွေး လာတာ မဟုတ်တော့ ထမင်းရည် နဲ့ မတင်းတိမ် နိုင်ပြန်ဘူး ။ ဦး က ဒီလို ပြောလို့ ငွေ ပဲ မက်ရမယ် , ငွေ နောက် ကို ပဲ လိုက် ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး ။ အချစ်ရေး , အိမ်ထောင်ရေး ဆိုတာ မှာ တစ်ယောက် နဲ့ တစ်ယောက် မေတ္တာ ရှိရုံနဲ့ ကိစ္စ မပြီးနိုင်တာ ကိုပြောတာ ။ ယောက်ျားကလေး တစ်ယောက် နဲ့ မိန်းကလေး တစ်ယောက် ချစ်ကြပြီ ညားကြပြီ ဆိုတာ ဟာ ထမင်း မစားဘဲ ချစ်တာ ညားတာ မဟုတ်ဘူး ။ ဒီတော့ ဦး တူမကြီး က ဦး တူ ကို ချစ်လို့ ကြိုက်လို့ ယူလိုက်ပြီ ဆိုရင်ပဲ စားဖို့ သောက်ဖို့ နေဖို့ ထိုင်ဖို့ က အရေး ကြီးလာ တာ တွေ့ရပြီ မဟုတ်လား ။ ဒါပေမဲ့ ဦး တူ က လည်း မက်ထရစ် မှ မအောင်သေးတဲ့ အကောင် ၊ ဦး တူမ က လည်း ကျောင်း နေတုန်း အရွယ် နှစ်ဖက် မိဘ က လည်း နည်းနည်း မှ သဘော မတူ ဆိုတော့ ...”
လူကြီး သည် စကား ရပ် လိုက်ပြီး တဲအိမ် အတွင်း သို့ လှမ်း ကြည့်လိုက်၏ ။
ဝါးကြမ်း ပေါ် တွင် ခင်း ထားသော သင်ဖြူးဖျာ နှစ်ချပ် မှာ အနား များ စုတ်ပြတ် လျက် ၊ တဲအိမ်ရှင် ဇနီးမောင်နှံ နှစ်ဦး ၏ ငွေရေးကြေးရေး အခြေအနေ ဖြစ်ရပ် အမှန် ကို လှန်လှော ၍ ပြသ နေသလို ဖြစ် နေလေသည် ။ မိန်းကလေး သည် ဝိုင်း နေသော မျက်ရည် ကို အင်္ကျီ လက် နှင့် သုတ်လိုက် ပြီး ...
“ ကိုကိုခင် က သာ ဘေဘီ ကို အရင် က လို ဂရုတစိုက် လုပ် နေမယ် ဆိုရင် ဘယ်လောက် ဆင်းရဲ ဆင်းရဲ ဘေဘီ ခံနိုင်ရည် ရှိပါတယ် အန်ကယ် ရယ် ... ။ ဒါပေမဲ့ ခုတော့ ဘေဘီ ကို ”
ဟု ပြောရင်း ရှိုက်သံကလေး တစ်ချက် ထွက် လာ သော ကြောင့် ...
“ အင်း ... ယောက်ျား ဆိုတာ ဒါမျိုးတွေ များတာပဲ တူမကြီး ရဲ့ ၊ မရခင် က သာ ဘာဘာညာညာ နဲ့ ပလီပလာ ပြော တတ်ပြီး ရလည်း ရရော ဖုတ်လေတဲ့ ငပိ ရှိတယ်လို့ မှ မအောက်မေ့ တဲ့ လူမျိုးတွေ ပဲ Men are April when they woo, December when they wed. ဆိုတာ ဦးတို့ ကျောင်း တုန်းက ဖတ် ခဲ့ရတယ် ။ ယောက်ျားတွေ ဟာ ပိုးတုန်း ပန်းတုန်း က တော့ ဧပြီလ လို ပူပူနွေးနွေး ၊ ရလည်း ရရော ဒီဇင်ဘာလ လို အေးတိအေးစက် ဖြစ် လာ တတ်ကြတယ် တဲ့ ။ ဒီအထဲ အလုပ်အကိုင် က လည်း အပေါက်အလမ်း မတည့် ၊ အနေအထိုင် က လည်း ဆင်းရဲ ဆိုတော့ မယား နား ကပ်တယ် မရှိတော့ဘူး မဟုတ်လား ။ ဒါနဲ့ ခင်မောင်ရင် အိမ်ပြန် မရောက်တာ ဘယ် နှစ်ရက် ရှိ သွားပလဲ ...”
“ ဒီနေ့ ပါ နဲ့ ဆို ၃ ရက် တောင် ရှိသွားပြီ အန်ကယ် ၊ ပြော သွား တုန်း က တော့ ပဲခူး ကို သူငယ်ချင်းတွေ က ခေါ်လို့ တစ်ရက်တည်း ပါ ဆိုပြီး ပြော သွား တာ ”
“ နို့ ... သူ က ပဲခူး ကို ဘာသွား လုပ်တာတဲ့ လဲ ”
“ သူ့ သူငယ်ချင်း တစ်ယောက် မင်္ဂလာဆောင် တာ တီးဝိုင်း နဲ့ လိုက်ပြီး ကူပါဦး ဆိုလို့တဲ့ အန်ကယ် ”
“ အင်း ... ဒီကောင် က လည်း ဒါတွေကြောင့် ခက် နေတာ ၊ ဂီတ ဆိုရင် လည်း မတောက် တခေါက် ၊ နိုင်ငံရေး ဆိုရင်လည်း ချောက်ချက် နဲ့ ၊ စာ ကျပြန် လည်း ကောင်းကောင်း မသင်ချင် ၊ သူ့ အဖေ အလုပ် မှာ ဝင်ပြီး လုပ်ပြန်တော့လည်း ဟို လူ နဲ့ ရန်ဖြစ် ဒီ လူ နဲ့ ရန်ဖြစ် နဲ့ ခက်ပါတယ် ။ တကယ်လို့ ဂီတ ဘက် ဝါသနာ ပါတယ် ဆိုရင် ကိုယ် ဝါသနာ ပါတဲ့ ဟာကို ဖိဖိစီးစီး ကြိုးကြိုးကုတ်ကုတ် လေ့လာ ပါလား ။ ခုတော့ ဒီလိုလည်း မဟုတ် ၊ မယ်ဒလင်လေး တဒေါင်ဒေါင် ခေါက်တတ်ရင်ပဲ ရည်းစား ထား ဖို့ မိန်းမ ယူ ဖို့ လုပ် တော့တာပဲ ။ ဒါတွေကြောင့် ဦး နဲ့ မျက်နှာကြော မတည့်တာ ။ ဒီ ဂီတာကလေး မတောက် တခေါက် တီးရင်း နဲ့ တူမကြီး နဲ့ ရတာပဲ မဟုတ်လား ၊ တူမကြီး က လည်း သီချင်းကလေး ဘာကလေး ဆိုချင် ဆိုတော့ အင်း ... မတောက် တခေါက် နဲ့ မခေါက် တတောက် နေရာ ကျ သွား ကြတာပေါ့ ... ဟဲ ... ဟဲ ”
လူကြီး က ဘေဘီ ကို တစ်ချက် လှမ်း ကြည့်ရင်း ညည်းသလိုလို ညုသလိုလို နှင့် ပြောင်တောင်တောင် ပြော လိုက်၏ ။ ဘေဘီ က မျက်ရည်စ မခြောက် သေး သော မျက်နှာကလေး ကို ရှက်ပြုံး ပြုံး ရင်း ...
“ ဟုတ်ပါတယ် အန်ကယ် ၊ အဲ့ဒီတုန်း က တော့ ကိုကိုခင် နဲ့ လိုက်ပြီး သီချင်း ဆိုရတာ ကို သိပ် ပျော်မိတယ် ၊ သူ နဲ့ သာ အတူတူ နေရမယ် ဆိုရင်
ဘယ်လောက်များ ကောင်း လိုက်မလဲ ဆိုပြီး စိတ်ကူးယဉ် မိတယ် ၊ ခုတော့ ”
ဟု မပွင့်တပွင့် ပြောနေရာမှ စကား ကို ရပ် ထား လိုက်သောကြောင့် လူကြီး က ဆက် ကာ ...
“ ခုတော့ ... သီချင်း လိုက်ပြီး ဆိုရမယ့် အစား မျက်ရည် နဲ့ ဒူး နဲ့ သုတ်နေရတာပဲ မဟုတ်လား ။ တကယ်တော့ ငါ့ တူမကြီး တို့ အရွယ် ဟာ စိတ်ကူးယဉ် တဲ့ အရွယ်ပဲ ရှိ သေးတော့ စိတ်ကူး ယဉ် သင့် သလောက် ယဉ်ပါ ၊ ဒါပေမဲ့ အိမ်ထောင် ပြု ဖို့ ဆိုတော့ စိတ်ကူးယဉ် တဲ့ အထဲ မှာ ထည့်ဖို့ ကောင်းတဲ့ အရွယ် မဟုတ်ဘူး လို့ ဦး တစ်ထစ်ချ ဆိုချင်တယ် ။ ငါ့ တူမကြီး ကိုယ်တိုင် က လည်း ငါ့ တူမကြီး တို့ လို အသက်အရွယ် မှာ အိမ်ထောင် ပြုဖို့ မသင့်ဘူး လို့ ယူဆ လာပြီ မဟုတ်လား ၊ ဒီတော့ ကာ ...”
ကိုခင်မောင်ရင် ၏ ဦးလေး ဖြစ်သူ ဦးဘလတ် ၏ စကား ကို ခေါင်းငုံ့ ၍ နားထောင် နေရာမှ...
“ ဘေဘီတို့ အသက်အရွယ် မှာ အိမ်ထောင် မပြုသင့်ဘူးလို့ ဘေဘီ တော့ မယူဆပါဘူး အန်ကယ် ၊ စိတ်ကူးယဉ်တယ် ဆိုတာ ကတော့ ဘေဘီ တို့
အရွယ် မှာ တင် မဟုတ်ပါဘူး ၊ လူတိုင်း လည်း သူ့ ဟာ နဲ့ သူ စိတ်ကူး ယဉ်ကြမှာ ချည်းပါပဲ ။ နို့ပြီး ဘေဘီ ကိုကိုခင် နဲ့ ရတော့ အသက် ၁၈ - နှစ် တောင် ရှိနေပြီ မဟုတ်လား အန်ကယ် ၊ ၁၈ - နှစ် ဆိုတာ ...”
ဘေဘီ စကား မဆုံးသေးမီ လူကြီး က တဟဲဟဲ ရယ် လိုက်ပြီး ...
“ ၁၈ - နှစ် ဆိုတာ အိမ်ထောင် ပြုဖို့ မသင့်သေးတဲ့ အရွယ် ပေါ့ တူမကြီး ရဲ့ ။ လောက ရေး ရာ ဘာမှ နားလည် သေးတာ မှ မဟုတ်တာ ...”
“ ဘေဘီ တော့ နားလည် သင့်သလောက် တော့ နားလည်ပြီ လို့ ယူဆတယ် အန်ကယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အသက် ၁၈ - နှစ် ဆိုရင် မဲဆန္ဒ တောင် ပေး နိုင်တယ်လို့ ခွင့်ပြုထားတာ ၊ ဘာပြုလို့ အိမ်ထောင် မပြုနိုင် ရမှာလဲ အန်ကယ် ၊ ဒီတော့ အသက် ၁၈ - နှစ် ဟာ ...”
လူကြီး က လက်ကိုင်တုတ် ကို မှေး၍ ထိုင် နေရာမှ ထ , လိုက် ကာ ...
“ အသက် ၁၈ - နှစ်မှာ မဲဆန္ဒ ပေးနိုင်တယ်လို့ ခွင့်ပြုထား တာ မှန်တယ် ၊ ဒါပေမဲ့ အဲဒါက နိုင်ငံရေး မဟုတ်လား ။ အိမ်ထောင်ရေး က နိုင်ငံရေး ထက် ပိုပြီး ဖြေရှင်းရ ခက်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေး က လူထုနည်း နဲ့ ဖြေရှင်းလို့ ရနိုင်တဲ့ ဥစ္စာ ၊ အဲ ... အိမ်ထောင်ရေး ကျတော့ ကာယကံရှင် တစ်ဦး တည်း တစ်ယောက် တည်း ဒိုင်ခံပြီး တွေ့ရတဲ့ ပြဿနာ ။ ဒီတော့ ငါ့ တူမကြီး မယုံရင် နိုင်ငံရေး ပြဿနာ ကို ဖြေရှင်း ပေးနေတဲ့ နိုင်ငံရေး သမားကြီးတွေ , ပါရဂူကြီးတွေ ရဲ့ အိမ်ထောင် ကို သွားကြည့် ၊ သူတို့ ကိုယ်တိုင် မဖြေရှင်း နိုင်တဲ့ အိမ်ထောင်ရေး ကိစ္စတွေ အများကြီး တွေ့ရလိမ့်မယ် ။ ဒီတော့ ဦး သဘော က ငါ့ တူမကြီး ကို ရော ခင်မောင်ရင် ကို ပါ မိဘ အိမ် ကို အသီးသီး ပြန် သွားကြပြီး ပညာ ကို ဆက် သင်စေချင်တယ် ။ လူမှုရေး ကိစ္စတွေ ကို လေ့လာ စေချင်တယ် ။ ၂ - နှစ် , ၃ - နှစ် ကြာလို့ ပညာ လည်း စုံ ၊ အသက် လည်း တော်တော်
ရ လာမှ မိဘတွေ သဘော တူ ချင် တူ , မတူချင် နေ ၊ အဲ့ဒီတော့မှ ကိုယ့် သဘော နဲ့ ကိုယ် ကိုယ် ကြိုက် သလို လုပ်စေချင်တယ် ။ ဦး ပြောတာ ငါ့ တူမကြီး က ဘယ်လို သဘော ရသလဲ ”
ဘေဘီ က ဆိုးဆေးဖြင့် အတန်ကြာ ဝေးနေရပြီ ဖြစ်သော သူ့ လက်သည်းခွံ ထိပ်ဖျားကလေးများ ကို ငေးစိုက် ကြည့်ရှုရင်း ငိုင် နေလေသည် ။ လူကြီး က ဆက်ပြီး ...
“ ငါ့ တူမကြီး အထင် မမှားနဲ့နော် ... ၊ ဦး က ငါ့ တူမကြီး တို့ ချစ်ခြင်း ကို ခွဲ မှ ခွဲ ရစေဆိုပြီး ပြောနေတာ မဟုတ်ဘူး ၊ ဦး အကြောင်း ငါ့ တူမကြီး လည်း အသိသား ပဲ လေ ၊ ခင်မောင်ရင် မိဘတွေ ရော ငါ့ တူမကြီးမိဘတွေ ပါ သဘော မတူတဲ့ ကြားထဲက ဦး မင်း တို့ ဆီ ခဏခဏ ရောက် လာပြီး မင်းတို့ ကို ဘယ်လို အကူအညီ ပေးခဲ့တယ် ဆိုတာ ငါ့ တူမကြီး သိတယ် မဟုတ်လား ...”
ဘေဘီ ၏ မျက်လုံးအိမ် မှ မျက်ရည်ပေါက်များ သည် သူ့ လက်ဖမိုး ပေါ် သို့ တဖြောက်ဖြောက် ကျဆင်း လာလေသည် ။
“ ဒီ အခြေအနေ ရောက်နေ မှတော့ မိဘ အိမ် ပြန် မသွားချင်တော့ပါဘူး အန်ကယ် ရယ် ”
လူကြီး သည် လက်ကိုင်တုတ် ဖြင့် မြေကြီး ပေါ် တွင် ဟိုခြစ် သည်ခြစ် လုပ်ရင်း ...
“ မိဘ အိမ် ပြန် မသွားချင်ဘူး ဆိုရင် ငါ့တူမကြီး ခု တွေ့ နေရတဲ့ ဒုက္ခ ထက် ရှေ့ကို ပိုပြီး ဒုက္ခတွေ ရ ဖို့က ကသီလင်တ ဖြစ်ဖို့သာ ရှိမယ် ။ ဒီ ဒုက္ခတွေ ကို ငါ့ တူမကြီး ခံနိုင်စွမ်း ရှိပါ့မလား ၊ အဲ့ဒါလည်း စဉ်းစားဦး ၊ ခု အချိန်မှာ တစ်ယောက် နဲ့ တစ်ယောက် ကတောက်ကဆတ် ဖြစ်ပြီး စိတ်ဝမ်း မကွဲကြခင် ခွဲ နေလိုက်တာ က မှ နောင် အရှည် သဖြင့် တင့်တောင်းတင့်တယ် ချစ်ချစ်ခင်ခင် နေရဖို့ လမ်း ရှိသေးတယ် ။ တော်တော်ကလေး ကြာ လာလို့ တစ်ယောက် အပေါ် မှာ တစ်ယောက် သည်း မခံနိုင်တဲ့ အခြေ ရောက် လာရင် အကွဲကြီး ကွဲပြီး ရန်သူ လို ဖြစ်လာကြ လိမ့်မယ် ။ အဲ့ဒီ အချိန်လောက် ဆိုရင် ငါ့ တူမကြီး က လည်း သားတွေ , သမီးတွေ နဲ့ ဖြစ်လာမှာမို့ ပိုပြီး မိဘ အိမ် အတက် ရ ခက် နေဦးမယ် ။ ခု ဆိုရင်တော့ တစ်ကိုယ်ရေ တစ်ကာယ ဖြစ် နေသေးလို့ တော်ပါသေးရဲ့ ...”
ဘေဘီ သည် လေးလေး နှင့် မှန်မှန် ပြောနေသော ဦးဘလတ် ၏ စကား ကို တစ်ပုဒ်စီ တစ်ပုဒ်စီ ပြန်၍ စစ် ကြည့်၏ ။ အပုဒ်တိုင်း အပုဒ်တိုင်း မှန်နေသည် ကို တွေ့ ရ၏ ။ ကိုခင်မောင်ရင် က သူ့ အပေါ် တွင် ရ စ ကလို ကြင်ကြင်နာနာ မရှိတော့ပုံ ၊ ဂရုတစိုက် မရှိတော့ပုံ ကို မြင်နေ၏ ။ သို့သော် သူ့ အား တစ်ဦးတည်း သော သမီး ဖြစ်၍ အချစ်ကြီး ချစ်ကြသော မိဘနှစ်ပါး ကို ပုန်ကန်ကာ ကိုခင်မောင်ရင့် နောက်သို့ ကောက်ကောက် ပါ အောင် လိုက်လာမိပြီ ဖြစ် သောကြောင့် တည် မိသည့် ဘုရား ကို လင်းတ ပင် နားနား ဟူသော လူငယ်စိတ် ကလည်း တစ်ဖက် တွင် အလေး တင်း နေပြန်သည် ။ သူ၏ မိဘ နှစ်ပါး က လူချမ်းသာကြီးများ မဟုတ်ကြ စေကာမူ သမီး တစ်ယောက် ကို ဝဝ ကျွေး၍ လှလှ မွေးထား နိုင်သူများ ဖြစ်လျက် ကိုခင်မောင်ရင့် မိဘများ က မူ လူချမ်းသာ ပစ္စည်း , ဥစ္စာရှင်များ ဖြစ် ကြ၏ ။
သူ့ မိဘနှစ်ပါး က သူ့ ကို တစ်ဦး တည်း သမီး ဖြစ်၍ ဖူးဖူးမှုတ်ကာ အသက် ၁၈ နှစ် အရွယ် ကို ပင် ကလေးငယ် တစ်ယောက် လို သဘော ထားခဲ့ ကြ၏ ။ သမီး အလို သို့ လိုက်၍ အကြိုက် ကို ပေးခဲ့ကြသည် သာ ဖြစ်၏ ။ ဤကဲ့သို့ ဖူးဖူးမှုတ် ၍ ရွှေရုပ်လို တမြတ်တနိုး ထား ခဲ့သည့် ကြားထဲမှ သူ က
ပညာ တစ်ပိုင်းတစ်စ ၊ လူချမ်းသာ သားသမီး ဘဝ တွင် လောက အကြောင်း ကို နှာခေါင်းကျည်ပွေ့ မတွေ့ဖူးသေး သော ကိုခင်မောင်ရင် နှင့် ယောက်မ မြင်းစီး ၍ ခရီးပြင်း ထွက်ခဲ့ မိသော အခါ မိဘ နှစ်ပါး မှာ အချစ်ကြီး သလောက် အမျက်ကြီး ကာ စွန့်ပယ် ခဲ့ကြလေသည် ။ ထို့အတူ ကိုခင်မောင်ရင် ၏ မိဘ နှစ်ပါး က လည်း မိမိ တို့ သား ကို အခြား နေရာ တွင် အလို လိုက် နိုင်ခဲ့သော်လည်း အိမ်ထောင်ရေး ကိစ္စ တွင်မူ သူတို့ သဘော ကျသူ နှင့် သာ နေရာ ချထားချင်သူများ ဖြစ်သည့် အတိုင်း ဘေဘီ လို မိန်းကလေးမျိုး ကို သူတို့ သား က ခိုးပြေးသည် ဆိုသော အခါ သား အပေါ် တွင် စိတ် အနာကြီး နာ ခဲ့ကြလေသည် ။
သို့နှင့် ရ စ ၁ - လ , ၂ - လ တွင် အသိ မိတ်ဆွေများ ထံ မှ အကူအညီ ရသော ပိုက်ဆံ ကြေးငွေ ဖြင့် ပျော်ပျော်ပါးပါး နေနိုင်ခဲ့ကြ သလောက် ၃ - လ
မြောက် ၍ ၄ - လ အတွင်း သို့ ရောက်လာသော အခါတွင် ကား နေရေး ထိုင်ရေး ကျပ်တည်း ၊ စီးပွားဥစ္စာ ရှာဖွေရေး က လည်း ယခင်က မိဘ အိမ် တွင် နေထိုင် ခဲ့ ရသော အခြေအနေ နှင့် ကွာချင်တိုင်း ကွာကာ ဘာမျှ အောက်ကျ နောက်ကျ ခံ၍ လုပ်လိုစိတ် မရှိ သောကြောင့် နောက်ဆုံး တွင် တစ်လ - ၃ဝ ပေး ရသော ဤ ဆင်းရဲသား ရပ်ကွက် ၏ တဲငယ် သို့ ရုပ်ဖျက်၍ လာရောက် နေထိုင်ခဲ့ကြရလေသည် ။
“ ဘယ့်နှယ်လဲ တူမကြီး ဦး ပြောတာ ...”
ဘေဘီ သည် နောက်ကြောင်း ကို ပြန်ပြောင်း တွေးမိ နေရာမှ ငုံ့ နေသော ခေါင်း ကို မော့၍ လျော့ နေသော စိတ် ကို ပြန် တင်း ရ ပြန်လေသည် ။
“ အန်ကယ် ပြောသလို ဘယ်နည်းနဲ့ မှ မဖြစ်နိုင်ပါဘူး အန်ကယ် ရယ် ၊ လင်ရယ် မယား ရယ် လို့ ဖြစ်လာကြ ပြီးမှ ကိုကိုခင် က ဘေဘီ အပေါ် သည်းမခံ တောင် ဘေဘီ က ကြိုးစားပြီး သည်းခံ ရ တော့မှာပေါ့ ၊ ကိုကိုခင် ခုလို လုပ် နေတာလည်း ဘေဘီ ကို မချစ်တော့ လို့ မဟုတ်ပါဘူး အန်ကယ် ရယ် ၊ သူ့ မိဘ ဆီ မှာ နေခဲ့တုန်း က နဲ့ ခု နေရတာနဲ့ ဆိုတော့ သူ လည်း စိတ် ညစ်မှာပေါ့ အန်ကယ် ၊ သူ့ ကို စိတ် ချမ်းသာအောင် လုပ်ရမှာက ဘေဘီ့ တာဝန် ပါ ”
“ အင်း ... အင်း ၊ ဘေဘီ က သည်းညည်း ခံနိုင်တယ် ဆိုရင်လည်း ကောင်းပါရဲ့ ။ ကဲ ... ကဲ ဦး လည်း ပြန် လိုက်ဦးမယ် ၊ မနက်ကပဲ လမ်း
လျှောက် ထွက်လာတာ ၊ အိမ် က ကား တော့ လမ်းထိပ် က ကွမ်းယာဆိုင် နား မှာ လာ ကြိုဖို့ မှာ ထားခဲ့တယ် ။ ကဲ ... သွားဦးမယ် ၊ အကူအညီ လိုရင် စာ ရေးလိုက် - ဟုတ်လား ၊ ခင်မောင်ရင် ကို တော့ ဦး ဒီကို ခဏ ခဏ လာတာ မပြောနဲ့နော် ”
လူကြီး သည် လက်ပတ်နာရီ ကို မြှောက် ကြည့်လိုက်ပြီး ဘေဘီ ကို နှုတ်ဆက်ကာ လမ်းထိပ် ဆီ သို့ ထွက်ခွာသွား လေသည် ။ ကားပြာကြီး တစ်စင်း သည် လမ်းထိပ် ကွမ်းယာဆိုင် ရှေ့သို့ ဦးဘလတ် နှင့် မရှေးမနှောင်း ပင် ထိုး ၍ ရပ်လာ၏ ။
ဘေဘီ သည် ဝူးခနဲ ပြန်၍ ထွက်ခွာ သွားသော ကားပြာကြီး ကို ငေးမျှော် ကြည့်ရင်း သက်ပြင်း တစ်ချက် ချ လိုက်၏ ။ ဦးဘလတ် ပြောသွားသော စကားများ သည် တဲအိမ်ကလေး အတွင်း တွင် ဒီလှိုင်းပမာ လှုပ်ရှား ကျန်ရစ် ခဲ့လေသည် ။
••••• ••••• •••••
တဲ အိမ်တံခါး ကို တဝုန်းဝုန်း ထုရိုက် လိုက်သော အသံ ကြောင့် ခဏမျှ မှေးခနဲ အိပ်ပျော် သွားသော ဘေဘီ သည် လန့်၍ နိုး လာလေသည် ။ ပထမ တွင် တကြော်ကြော် ဟစ်၍ ခေါ် နေသော ကိုခင်မောင်ရင် ၏ အသံ ကို မကြားမိ ဘဲ အိမ်ရှေ့ တဲတံခါး ကို တဝုန်းဝုန်း ထုရိုက် နေသံ ကို သာ ကြား လိုက် ရ သဖြင့် အထီးထီး ရှိ နေသော မိမိ အဖြစ် ကို တွေး မိပြီး အကြောက်ကြီး ကြောက်၍ သွားမိသည် ။ သို့သော် တဝုန်းဝုန်း မြည်နေသော အသံ ကြား မှ ကိုခင်မောင်ရင် ၏ ခေါ်သံ ကို ကျက် မိ လိုက်သည့် အချိန်တွင် ကြောက်လန့် နေ မိသမျှ ပြေ သွားကာ တဲတံခါး ကို ဖွင့်ရန် အိပ်ရာ မှ လျင်မြန်စွာ ထ , လိုက် လေသည် ။
အိပ်ရာဘေး မှ မီးခြစ် ကို ယူ၍ အနီး ရှိ မီးခွက် ကို ထွန်းငြှိ ပြီး နောက် အိမ်ရှေ့ခန်း သို့ ထွက်လာ ခဲ့၏ ။ တံခါး ကို တဝုန်းဝုန်း ထု နေသော အသံ နှင့် တကြော်ကြော် ခေါ် နေသော ကိုခင်မောင်ရင် ၏ အသံ သည် အိမ်ထဲ မှ မီးရောင် ကို မြင်လိုက်ရ သောကြောင့် ရပ်တန့် သွားသဖြင့် ဘေဘီ သည် ဟင်းခနဲ သက်ပြင်း တစ်ချက် ချ မိပြီး ၃ - ရက် လုံးလုံး အိမ် သို့ ပြန် မရောက် လာသည့် လင် အတွက် စိတ် သက်သာရာ ရရှိ သွား လေသည် ။
မီးခွက် ကို တံခါး နှင့် တစ်တောင် ကျော် လောက် အကွာ တွင် ချကာ တံခါး မင်းတုပ် ကို ဖြုတ် လိုက်၏ ။ အိမ် အတွင်း ဘက် သို့ ပွင့်၍ ထွက် လာသော တံခါး နှင့် အတူ ကိုခင်မောင်ရင် နှင့် အဖော် နှစ်ယောက် တို့ ထံမှ မိဘ အိမ် တွင် နေစဉ် က တစ်ခါမျှ အနံ့ မခံဖူးသော အရက်နံ့ သည် ထောင်းခနဲ တိုးဝင် လာလေသည် ။
“ ကိုကိုခင် ဘေဘီ ကို နှိုး နေတာ တော်တော် ကြာ သွားပြီလား ဟင် ...”
ဘေဘီ သည် ငိုချင်စိတ် ကို ဖိနှိပ် မျိုသိပ်ကာ အသံချိုချို နှင့် လင်ဖုန်းမို ကိုခင်မောင်ရင် အား ဆီးကြို နှုတ်ဆက် လိုက်၏ ။ ကိုခင်မောင်ရင် နှင့် အဖော် နှစ်ယောက် ကား တစ်ယောက် လည်ပင်း ကို တစ်ယောက် ဖက် ကာ တံခါးဝ တွင် ဒရီးဒယိုင် ဖြစ်နေ ကြ လေသည် ။
“ အေး ... ကြာပြီ - ကြာပြီ ၊ ဒီလောက် သောက်အိပ်ကြီးတဲ့ မိန်းမ တွေ့ဖူးပါဘူးဗျာ ”
အဖော် နှစ်ယောက် ကြားတွင် လက် ကားရား , ခြေ ကားရား ဖြစ်နေသော ကိုခင်မောင်ရင် သည် မျက်စိကြီး လှန်ပြီး အာခေါင်သံလေးလေး နှင့် ပြန်၍ အဖြေ ပေးရင်း အိမ် ပေါ်သို့ တက် လာလေသည် ။
“ ဒီနေ့ မနက် ကိုကိုခင့် အန်ကယ် တောင် ရောက် လာ သေးတယ် ...”
ဘေဘီ က သူ့ လင်တော်မောင် အနီးတွင် ကပ် ၍ ထိုင် လိုက်ပြီး ခရီး ရောက်မဆိုက် သူ့ ကို ရန်ထောင်မည့် ဘေးကို ကြိုတင် ကာကွယ်နိုင် စေရန် လေသံ အေးအေးဖြင့် ခပ်ဖြည်းဖြည်း ပြောလိုက်၏ ။
“ အံမယ် လူကြီး က ဘာ လာ ရှုပ်ပြန်တာတဲ့ လဲ... ။ အိုင်ဆေး ... ဒီ လူကြီး က ကျုပ် အန်ကယ် သာ ဖြစ်တယ် ၊ ကျုပ် နဲ့ တော့ နည်းနည်းကလေး မှ မတည့်ဘူး ၊ ဟိုဟာ မလုပ်နဲ့ ဒီဟာ မကိုင်နဲ့ နေရာတကာ ကျုပ် အပေါ် ဗိုလ် ကျ ချင်တယ် ။ ကျုပ် ကလည်း သူ ဗိုလ်ကျတာ ဘာ ခံမလဲ ... ဟဲ ... ဟဲ ...”
ကိုခင်မောင်ရင် က သူ့ ကိုယ်ကြီး ကို ရှေ့ထိုး နောက်ငင် လုပ်ရင်း သူ့ အဖော် နှစ်ယောက် ဘက် သို့ လှည့် ပြော နေရာမှ ...
“ ကဲ ... ကဲ ထမင်းပွဲ ပြင်စမ်း ၊ ကျုပ်တို့ ထမင်း တောင် မစားခဲ့ရသေးဘူး ။ ဗျို့ ကိုသိန်းမောင် ခင်ဗျား လွယ်အိတ် ထဲ လက်ကျန်ကလေး ရှိသေးတယ် မဟုတ်လား ၊ ထုတ်လေဗျာ ... အိမ် က ကြက်မကြီး နှိုးရတာ နဲ့ အရှိန်တောင် တော်တော် ပြေ သွားပြီ ”
ကိုခင်မောင်ရင် ၏အဖော် ကိုသိန်းမောင် ဆိုသူ က သူ့ လွယ်အိတ် ထဲ မှ လက် ၃ လုံးခန့် ရှိ သေးသော အရက်ပုလင်း ကို ထုတ်၍ ကြမ်းပြင် ပေါ် တွင် ထောင် လိုက်၏ ။ ဘေဘီ သည် အလိုက်သိစွာ ပင် မီးဖိုချောင် မှ ဖန်ခွက် ကို ယူ ပေး လိုက်ရ လေသည် ။
ကိုခင်မောင်ရင် သည် ဘေဘီ လာ ချပေးသော တစ်လုံးတည်း သော ဖန်ခွက် ကို မျက်ထောင့်နီနီကြီး ဖြင့် တစ်ချက် စိုက် ကြည့်လိုက်ပြီး ...
“ တယ် ... ဒီ မိန်းမ ...ငါ ပြောလိုက်ရ ... ၊ လူ သုံးယောက် ရှိတာ ဖန်ခွက် ၃ လုံး ချပေး မှပေါ့ ၊ ဉာဏ် က ဒီလောက်ပဲ နည်းရသလာ ”
“ ဖန်ခွက်တွေ ကွဲကုန်လို့ပါ ကိုကိုခင် ”
ဘေဘီ က ကိုခင်မောင်ရင့် အဖော် နှစ်ယောက် ကို မျက်နှာ ခပ်ပျက်ပျက် နှင့် ကွက်ခနဲ လှမ်း ကြည့်ပြီး အသံ ကို တည်ငြိမ်နိုင် သမျှ တည်ငြိမ်အောင် သတိ ထား၍ ပြန် ပြော လိုက်ရလေသည် ။ ကိုခင်မောင်ရင် က မီးဖိုချောင် သို့ ခြေ လှမ်းရန် ပြင်နေသော ဘေဘီ ဘက် သို့ မျက်နှာ ရှူးသိုးသိုး နှင့် လှမ်း ကြည့် လိုက်ပြီး ...
“ ဟ ... ဖန်ခွက်တွေ ကွဲ ကုန်ရင် ထပ် ဝယ်ဖို့ မတတ်ဘူးလား ၊ အိမ်ရှင်မ လုပ်နေပြီး ဒါလောက်ကလေး မှ ဂရု မစိုက်တော့လည်း တယ်လေ ... မိန်းမ ကို က ... ပျံတံတံ ရှပ်တန့်တန့် နဲ ”
ဘေဘီ သည် မီးဖိုချောင် သို့ ဆက်၍ မသွားဝံ့သေးဘဲ ရောက် နေသည့် နေရာမှ ကိုခင်မောင်ရင် ဘက် သို့ လှည့်၍ ရပ်ကာ ကိုခင်မောင်ရင် ပြော သမျှ နားထောင် နေရ ပြန်သည် ။
“ ဖန်ခွက် က တစ်အိမ်လုံး မှ ဒီ တစ်ခု ပဲ ရှိတာ ... ဧည်သည်တွေ ရှိလို့ ရှင် ဣန္ဒြေ ရအောင် ပြော နေတာ သိလား ”
မိဘ အိမ် တွင် သာ ဆိုလျှင် ဤကဲ့သို့ ဇတ်ဇတ်ကြဲ ရဲရဲတောက် စကားမျိုး ကို ပြန် ပြောမိမည် ဖြစ်သော်လည်း ယခုမူ ပြောချင် သမျှကို ပြန်၍ မျိုသိပ် နေရ လေသည် ။ ကိုခင်မောင်ရင် သည် ယို့ယို့ကလေး ရပ် နေသော ဘေဘီ ကို လက် တရမ်းရမ်း နှင့် ...
“ ဟိတ် ... ဟိတ် ... အဲဒီလို မတ်တတ်ကြီး ရပ်ပြီး ကြည့် မနေနဲ့ ၊ ဒီနား လာပြီး အရက် ငှဲ့ ပေးလှည့် ”
ဟု လှမ်း ခေါ်လိုက် ပြန် သောကြောင့် ဘေဘီ သည် ကိုခင်မောင်ရင့် အနား သို့ သွားကာ အရက် ငှဲ့ ပေး ရပြန်သည် ။ သို့သော် ကိုခင်မောင်ရင် နှင့် ရ ကတည်း က ဤသို့ တစ်ခါ မျှ အရက် ငှဲ့ မပေးဖူး သောကြောင့် ပုလင်း ထဲ မှ အရက် ကို ဖန်ခွက် နှုတ်ခမ်း ရောက်အောင် အပြည့် လောင်း ထည့် လိုက်မိသည် ။ ကိုခင်မောင်ရင် က ရှူးရှူးရှားရှား ဖြစ် သွားပြီး ...'
“ ငါ့ခွေးမှပဲ ... အရက် ငှဲ့ ပေးပါ ဆို ဘုရားရေ ကပ်တာ ကျနေတာပဲ ”
ဟု ကြိမ်းမောင်း လိုက်ပြန် သောကြောင့် ဘေဘီ မှာ ခေါင်းကလေး ပု ဝင် သွားအောင် ကြောက်သွား ရ ရှာလေသည် ။
ကိုခင်မောင်ရင် က ဖန်ခွက် ထဲ မှ အရက် ကို လက် နှစ်လုံး လောက် မော့ သောက်ပြီး အနား ရှိ အဖော် တစ်ယောက် ကို လှမ်း ခေါ်ရင်း ဘေဘီ ဘက် သို့ လှည့်ကာ ...
“ ဟေ့ ... ထမင်းပွဲ ပြင်ပါဆို ဘာ ငုတ်တုတ်ကြီး ထိုင် နေတာလဲ ... သွား ... သွား ...”
ဟု ဟိန်းလိုက် ပြန် သောကြောင့် ဘေဘီ သည် ထိုင် နေရာ မှ ထ ကာ မီးဖိုချောင် သို့ လာခဲ့လေသည် ။ မီးဖိုချောင် သို့ ရောက် မှ ပင် ကိုခင်မောင်ရင် ရှေ့ ၌ ချုပ်တည်း ထားခဲ့ရသော မျက်ရည်များ သည် အသွယ်သွယ် ဖြာဆင်း၍
ကျလာ ကြလေသည် ။ သို့ ကျလာရင်း ' ကိုယ့် မိဘအိမ် ကိုယ် ပြန်သွားတာပဲ ကောင်းတယ် တူမကြီး ရဲ့' ဟူသော ဦးဘလတ် ၏ စကား ကို ကြားယောင် နေ မိသည် ။
ဘေဘီ သည် ယိုစီး ၍ ကျလာသော မျက်ရည်များ ကို လက်တစ်ဖက် ဖြင့် သုတ်ရင်း မီးဖိုပေါ်တွင် ထင်းစ နှင့် ဖိထားသော ဟင်းအိုး ကို ဖွင့်ကြည့် လိုက်၏ ။
အိုး ထဲ တွင်ကား ယနေ့ ညနေ က မိမိ မစားဘဲ ချစ်လင် ကိုခင်မောင်ရင် အတွက် ချန် ထားသော ငါး တစ်ဖဲ့ သာ အေးစက် မာကျော ဟင်းရည် ပေါလော နှင့် ရှိလေသည် ။
••••• ••••• •••••
“ တူမကြီး နေ မကောင်းဘူးလား ...”
ခြုံစောင် ခပ်နွမ်းနွမ်း ကို ကိုယ် ပေါ် တွင် လွှမ်းတင်ကာ တံခါးဘောင် ကို မှီ၍ အတွေး လွန်နေသော ဘေဘီ သည် အိမ်ရှေ့ တံစက်မြိတ် အောက် မှ လက်ကိုင်တုတ် ကို မှေး၍ ထိုင် လိုက်သော ဦးဘလတ် ၏ နှုတ်ဆက်သံ ကြောင့် ဆတ်ခနဲ ခေါင်းမော် လာ လေသည် ။
ဦးဘလတ် တစ်ယောက် လုံး မိမိ ရှေ့ တွင် ရောက် နေသည် ကို ပင် သတိ မပြုမိအောင် အတွေး လွန် နေသော မိမိ အဖြစ် ကို မချိပြုံးကလေး ဖြင့် ပြုံး ပြရင်း ဘေဘီ သည် ဦးဘလတ် ၏ အမေး ကို ခေါင်းညိတ် ပြ လိုက်၏ ။
ဦးဘလတ် က ရှေ့သို့ တိုး လာပြီး ...
“ လူ နေမကောင်းတာလား ၊ စိတ် နေမကောင်းတာလား ...”
“ လူရော , စိတ်ရော ဆိုပါတော့ အန်ကယ် ၊ ည ကလည်း တော်တော် နဲ့ မအိပ်ရ ၊ ခု မနက် ကျတော့လည်း ကိုကိုခင် က စောစော သွားစရာ ကိစ္စ ရှိတယ် ဆိုလို့ ထမင်း ကြော် ရအောင် ပဲပြုတ်သည် ထိုင် စောင့် နေရတယ် ”
“ ဒါဖြင့် ဟိုကောင် ပြန် ရောက်လာပြီပေါ့ ...”
“ ဟုတ်ကဲ့ ည ကပဲ ပြန် ရောက်တယ် ...”
“ ကောင်းကောင်းမွန်မွန်မှ ပြန်လာရဲ့လား ။ သူ့ အမေ က စိတ် မချလို့ ဦး ကို သွား ကြည့် ပေးပါဦး ဆိုလို့ လာခဲ့ရတာ ”
ဘေဘီ က မျက်လုံးအိမ် တွင် ဥ လာသော မျက်ရည်စ ကို ခြုံစောင် အဖျားစွန်း ဖြင့် သုတ် လိုက် ကာ ...
“ သုံးရက် လုံးလုံး ဘာမှ အကြောင်း မကြားဘဲ ပျောက် နေပြီး ပြန် လာ တော့လည်း မူးလို့ ရူးလို့ပဲ အန်ကယ် ၊ ဘေဘီ တော့ အန်ကယ် ပြောသလို ကိုယ့် မိဘ အိမ် ပဲ ကိုယ် ပြန် သွားရင် ကောင်း မလား လို့ စဉ်းစား မိတယ် ”
ဦးဘလတ် က ဘေဘီ မျက်နှာ ကို အကဲခတ် သလို တစ်ချက် မျှ စိုက် ကြည့် လိုက်ပြီး ...
“ အဲ့ဒီလို ပြန် သွားရင် အကောင်းဆုံး ပဲ လို့ ဦး ထင်တယ် ။ တကယ်တော့ ငါ့ တူမကြီး တို့ အရွယ် ဟာ ကျောင်း နေဖို့ ကောင်းတဲ့ အရွယ်, ပညာ ရှာဖို့ ကောင်း
တဲ့ အရွယ် ပဲ ။ အသက် ၁၈ နှစ် ၊ ၁၉ နှစ် အရွယ် ဆိုတာ စိတ်မြန်လက်မြန် နဲ့ ချင့်ချိန် စဉ်းစားမှု က လည်း နည်း သေး တာပဲကွယ် ။ မိဘ အိမ် မှာ ကိုယ် သဘော ကျ သလို နေခဲ့ ရတာတွေ မိဘ က အလို လိုက် ခဲ့တာတွေ ကို သာ တွေ့ခဲ့ ကြရပြီး လင်သား လက်ထဲ ရောက်လာတယ် ဆိုရင်ပဲ မိဘ အိမ် က အနေအထိုင်မျိုး , အပြုအမူမျိုး နဲ့ လုံးလုံး မတူတော့ ဘဲ နဲ့ ကိုယ့် ပတ်ဝန်းကျင် မှာ ရှိတာတွေ ဟာ ကိုယ် နဲ့ ဘာမှ မတော်တဲ့ သူစိမ်းတစ်ရံဆံတွေ , ကိုယ့် အပေါ် မှာ မိဘ လို အလို လိုက်မယ့် လူတွေ , သည်းခံမယ့် လူတွေ မဟုတ်တော့ အိမ်ထောင်ရှင်မ တစ်ယောက် ရဲ့ ဘဝ ဟာ အင်မတန် မှ အရေးကြီးတာ ကလားကွယ် ။ ဒီလို အရေးကြီး , တာဝန်ကြီး တဲ့ ကိစ္စကြီး ကို အလျင်စလို မလုပ်သင့်ဘူးလို့ ဦး ထင်တယ် ။ ဦး သဘော ဆို ရင် ...”
ဦးဘလတ် က အိမ်ထောင်ရေး သင်ခန်းစာ ကို စိတ်ပါလက်ပါ နှင့် ပြော ပြ နေစဉ် ပဲပြုတ်သည် အဒေါ်ကြီး တစ်ယောက် သူ့ အနီးသို့ ရှူးသိုးသိုး နှင့် ရောက်လာ သဖြင့် ပြော လက်စ စကား ကို ရပ်ထား လိုက်ရလေသည် ။
“ ညည်း ... ကျုပ် အကြွေး နှစ်ကျပ် ဒီနေ့ ဆပ်မယ် ဆို ”
ပဲပြုတ်သည် အဒေါ်ကြီး သည် ဘေဘီ ထိုင် နေသော တံခါးဝ တွင် ပဲပြုတ်တောင်း ကို ဆောင့်ကြီးအောင့်ကြီး နှင့် ချ လိုက်ပြီး အသံမာမာ နှင့် မေးလိုက်၏ ။ ဘေဘီ က ဦးဘလတ် ၏ ရှေ့တွင် အကြွေး တောင်း ခံလိုက်ရသော ကြောင့် မျက်နှာကလေး ရဲ သွားအောင် ရှက် လည်း ရှက် , ဒေါသ လည်း ထွက်သွား မိလေသည် ။
သို့သော် ပဲပြုတ်သည် အဒေါ်ကြီး ၏ ကြွေးနှစ်ကျပ် ကို လတ်တလော ဆပ် နိုင်အောင် မိမိ လက် ထဲ တွင် ပိုက်ဆံ ဆို ၍ နှစ်ပြား ပင် မရှိသည် က တစ်ကြောင်း ၊ နောက် ထပ်၍ လည်း ကိုခင်မောင်ရင် ထမင်း စား သွား နိုင် စေရန် ပဲပြုတ် ဝယ်ရဦးမည် ဖြစ်၍ တစ်ကြောင်း တို့ကြောင့် ဖြစ်ပေါ် လာသော ရှက်ဒေါသ ကို လည်ချောင်းဝ မှ ပြန်၍ မျိုသိပ် လိုက်ရကာ ...
“ ဒီနေ့ ဆပ်မယ်လို့ ပြော ထားတာ ဆပ် မှာပေါ့ ဒေါ်ဒေါ် ရယ် ။ ကျွန်မ ယောက်ျား အိပ်ရာ က မနိုးသေးလို့ပါ ”
ဟု မျက်နှာကလေး ငယ်ငယ် နှင့် ရန် အေးမှ အေးစေ တော့ ဟု ပြန်၍ ပြော လိုက်ရင်း ည က အရက်တွေ အလွန်အကျွံ သောက် လာသော ကိုခင်မောင်ရင့် အင်္ကျီ အိတ် ထဲ ၌ ပဲခူး တွင် တီးဝိုင်း လိုက် တီး၍ ရ ခဲ့သော ဝေစုကလေး ကျန် မှ ကျန်ပါသေးစ ဟု ရင်ဝ တွင် တဒိတ်ဒိတ် ခုန်ကာ စိုးရိမ် နေ မိ လေသည် ။ ပဲပြုတ်သည် အဒေါ်ကြီး က နှုတ်ခမ်း ကို မဲ့ရွဲ့ပြီး ...
“ တတ် လည်း တတ်နိုင် ပါပေရဲ့တော် ၊ ဒီ ငွေ နှစ်ကျပ် တစ်နေ့ ပေးမယ် , တစ်နေ့ ဆပ်မယ် နဲ့ နောက်ထပ် ညည်း ယူထားတာ နဲ့ ဆိုရင် နှစ်ကျပ်ခွဲ တောင် ရှိ နေပြီ ၊ ညည်း ရောင်း သလိုသာ ဒီ့ ပြင် လူသာ အကြွေး ရောင်း ရရင် ... ခုလည်း ကြည့်လေ ၊ သူ့ ယောက်ျား အိပ်ရာ က မနိုးသေးလို့ တဲ့ ။ ညည်း ယောက်ျား အိပ်ရာ က နိုးတဲ့ အချိန် မှ ကျုပ် က ပဲပြုတ် ရောင်း ထွက်ရတော့ မလိုလို ... ၊ ညည်း ယောက်ျား တစ်ညလုံး ဘယ် အလေလိုက် နေမှန်း မသိတာ ၊ ညည်း
ယောက်ျား နိုးတဲ့ အထိ ကျုပ် မစောင့်နိုင်ပေါင် ...”
ဟု ခုနစ်အိမ် ကြား ရှစ်အိမ် ကြား ပြော နေပြန် သောကြောင့် ဘေဘီ သည် ဦးဘလတ် ထံ သို့ အကူအညီ ရလို ရငြား လှမ်း ၍ ကြည့် လိုက် မိလေသည် ။
ဦးဘလတ် သည် အတွင်း အပြင် အင်္ကျီ အိတ်များ ကို ဟိုနှိုက် , သည်နှိုက် လုပ် နေရာမှ ...
“ အဲဒါမှ ဒုက္ခပဲ တူမကြီး ရေ ၊ ဦး လည်း ဒီနေ့ မှ ပိုက်ဆံ ထည့် မလာမိဘူး ”
ဟု ညည်းညည်းညူညူ ပြော နေစဉ် အိမ်ခန်း အတွင်း ဘက် ဆီ မှ
“ အဒေါ်ကြီး ... ဘာလဲ ... ဘာလဲ ”
ဟူသော အသံ ကို ကြား လိုက်ရသော ကြောင့် ဦးဘလတ် , ဘေဘီ နှင့် ပဲပြုတ်သည် အဒေါ်ကြီး တို့ ပါ ပြိုင်တူ လှမ်း၍
ကြည့်မိကြ လေသည် ။
ကိုခင်မောင်ရင် သည် ပဲပြုတ်သည် အဒေါ်ကြီး ၏ ခုနစ်အိမ် ကြား , ရှစ်အိမ် ကြား ရန်တွေ့သံ ကြောင့် အိပ်ရာ မှ နိုး လာဟန် တူ၏ ။ လူ က အိပ်ခန်း ထဲ မှ ထွက် မလာသေး သော်လည်း အသံ က အိမ်ရှေ့ သို့ ပျံ့ ၍ ရောက် လာလေသည် ။
ပဲပြုတ်သည် အဒေါ်ကြီး သည် အိပ်ခန်း တွင်း မှ ထွက် လာသော ကိုခင်မောင်ရင် ကို မြင် လိုက်လျှင် မြင်လိုက်ချင်း ဒေါင်းတင်၍ ထားသော မျက်နှာ ကို တစ်ပတ် လောက် လျှော့ လိုက်ပြီး ...
“ ဘာမှ မဟုတ်ပါဘူးတော် ... မောင်ရင့် မိန်းမ ဆီ က ကျုပ် အကြွေး နှစ်ကျပ် ရှိတာ ဒီနေ့ ပေးမယ် ဆို လို့ တောင်း နေတာ ...”
“ တောင်း ရင်လည်း အေးအေးသက်သာ တောင်းပါဗျ ၊ ခုတော့ ခင်ဗျား ဟာ က ခုနစ်အိမ် ကြား , ရှစ်အိမ် ကြား ၊ နောက် ဒီလို မလုပ်ပါနဲ့ ၊ ရော့ ... ဟောဒီ ငွေ ငါးကျပ် ယူထား ၊ ကျုပ် မိန်းမ ဆီ က ရစရာ ရှိတဲ့ အကြွေး နှိမ်ပြီး ကျန်တဲ့ ပိုက်ဆံ အတွက် နေ့တိုင်း ပဲပြုတ် ၁၅ ပြားဖိုး စီ မှန်မှန် ပို့ ဟုတ်လား ...”
ကိုခင်မောင်ရင် က ဆွယ်တာလက်ပြတ် ထပ် ၍ ဝတ် ထားသော အောက် ရှပ်အင်္ကျီ အိတ် ထဲ မှ ကြေမွှ ခေါက်တွန့် နေသည့် ငါးကျပ်တန် တစ်ရွက် ကို နှိုတ် ထုတ်ပြီး အဒေါ်ကြီး ၏ ပဲပြုတ် တောင်း ပေါ် သို့ ခပ်တည်တည် ပင် ချပေး လိုက်၏ ။
ဘေဘီ သည် ပဲပြုတ်သည် အဒေါ်ကြီး ၏ တံတွေးခွက် တွင် ပက်လက် မျော ရတော့မလို ဖြစ် နေရာမှ ရုတ်ခြည်း ကယ်တင်ရှင် နှင့် တွေ့ လိုက်ရသည့် အတွက် စောစောက ညှိုးညှိုးငယ်ငယ် ဖြစ်နေသော မျက်နှာကလေး ကို ရေ တွေ့သော ပန်းကလေး ကဲ့ သို့ လန်းလန်းရွှင်အောင် ပြုံး လိုက်ပြီး တံစက်မြိတ် အောက် တွင် ရှိနေပြီ ဖြစ်သော ဦးဘလတ် ဘက် သို့ လှည့် ကြည့် လိုက်၏ ။
သို့သော် ဦးဘလတ် က ထိုနေရာ တွင် မရှိတော့ချေ ။
ဘေဘီ သည် ဦးဘလတ် ကို မတွေ့တော့သည့် အတွက် ဆက်လက်၍ အံ့ဩခြင်း ဖြစ် မနေတော့ဘဲ မီးဖိုချောင် သို့ ပေါ့ပါးစွာ ထ၍ သွား ပြီးလျှင်
ပန်းကန်ပြား တစ်ချပ် ယူပြီး နောက် ပဲပြုတ်သည် အဒေါ်ကြီး အား ပဲပြုတ် ၁၅ ပြားဖိုး ထည့်ရန် ပြောပြီး လက် ပိုက်ကာ တည်တည်ကြီး ရပ် နေသော ကိုခင်မောင်ရင့် ဆီ သို့ မျက်လုံးကလေး ဝင့် ၍ ကြည့်လိုက်၏ ။
ထိုသို့ ကြည့် လိုက်သော အကြည့် ကား မောင့် မျက်နှာ ကို တစ်ရွာ ထင်သည့် အကြည့်မျိုး ပင် ဖြစ်လေသည် ။
◾တက္ကသိုလ် နန္ဒမိတ်
📖 မြဝတီမဂ္ဂဇင်း
အတွဲ-၆ ၊ အမှတ်-၅ ၊
၁၉၅၈ - ခုနှစ် ၊ မတ်လ ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment