Monday, May 15, 2023

ဖြစ်ရပ်မှန် စုံထောက် ဇာတ်လမ်း


 ❝  ဖြစ်ရပ်မှန် စုံထောက် ဇာတ်လမ်း ❞ 


သူ ပြန်လာတော့မည် ဆို သောအခါ ကျွန်မတို့ အားလုံး ရင်ခုန် စိတ်လှုပ်ရှား နေကြတာ တော့ အမှန်ပင် ။ ထိုနေ့ က ရင် တထိတ်ထိတ် နှင့် ပင် ဆေးရုံ ၏ ခွဲခန်း ပြင်ပ တွင် စု ထိုင် ရင်း ကလေး အဖေ ဖြစ်သူ ထက် ကျွန်မတို့ မိသားစု က ပို၍ သည်းသည်းလှုပ် ခဲ့၏ ။ အူဝဲ ဆိုသည့် ငိုသံကလေး က ပင် ကျွန်မတို့ မိသားစု ကမ္ဘာ ကို ကိုင် လှုပ် လိုက် သလိုလို ၊ ကျွန်မ တို့ မိသားစု တစ်ယောက် ချင်း စီ ၏ အမည်များ ကို ခေါ်နေ သလိုလို ထင်ယောင် ထင်မှား ဖြစ် မိသည် ။ 


ဆရာဝန်မကြီး နှင့် သူနာ ပြုဆရာမများ က နီနီရဲရဲ ကလေး ကို အနှီး ထုပ်ပြီး လာ ပြသည့် အချိန် တွင် ယောက်ျားလေး မှန်း သေချာ သွား ခဲ့လေ ပြီ ။ သူကလေး ယောက်ျားလေး ဖြစ်သည်မို့ ပျော်သည် ။ သို့သော် သူ သည် အသားဖြူ နေ သဖြင့် သံသယ နှင့် ပျော်နေရသည့် အနေအထား မျိုး ပင် ။ ထိုနေ့မှ စ၍ ကျွန်မတို့ မိသားစု အားလုံး သည် ကြိုတင် ခန့်မှန်း ထားသည့် အချက်လက်များ နှင့် မည်မျှ ကိုက်ညီသနည်း ဟု စုံထောက် သဖွယ် အသေး စိတ် စစ်ဆေး တော့သည် ။


   •••••   •••••   •••••


အနှီးကလေး နှင့် ခပ်ကျပ်ကျပ် ထုပ်ထားသော လသား နီတာရဲကလေး ရှူးရှူး ပေါက်မည့် အချိန် ကို အတော် မိုးချုပ်သည် အထိ ကျွန်မတို့ မိသားစု စောင့် နေ မိသည် ။ ကလေး က လည်း ထင်တာ ထက် ပို အိပ် နေ သောကြောင့် ကျွန်မ တို့ အကြံအစည် တော်တော် နှင့် မအောင်မြင်ပေ ။ ခဏ ကြာ တော့ ဝါးခနဲ အော်ငို လိုက်သည့် သူ့ အသံ ကြောင့် သူ့ အဖေ နှင့် အမေ က တကျွတ်ကျွတ် ချော့မြှူသည် ။ ကျွန်မ က ... 


“ ကလေး သေးပေါက် တာ ထင်တယ် ကြည့်ပါဦး ” ဆိုကာ အတင်းရောကာရော အနှီး ဖြေကြည့် ဖို့ အကြောင်း ပြသည် ။ သူ့ အမေ က နို့ ဆာ လို့ ငိုနေတာ ဟု ဆိုကာ နို့ တိုက်ပြန်သည် ။ ကျွန်မ အမေ က စကားရော ဖောရော နှင့် မပြန်ရအောင် စကားတွေ လျှောက် ပြောပြီး ကျွန်မ အစ်မ က ကလေး ကို မလွတ်တမ်း စောင့်ကြည့် နေ ခဲ့၏ ။ သိပ် မကြာခင် ကျွန်မ တို့ မျှော်လင့် နေသည့် ရှူးရှူး က ပေါက်တော် မူ လေသည် ။ 


“ အနှီး အမြန် လဲ ပေးလိုက် ၊ တော်ကြာ ကလေး အေး နေမယ် ”  


ကျွန်မ နှင့် ကျွန်မ အစ်မ ပြိုင်တူ ပြောမိ ကြ၏ ။ သူ့ အဖေ က အင်မတန် မှ ချစ်တတ်သူ မို့ ကလေးအနှီး လဲ တာ က အစ သူ့ ဘာသာ ပင် အနှီး လဲ ပေးသည် ။ ညင်ညင်သာသာလေး သား ဖြစ်သူ ကို အနှီး ဖြေပေး နေ ပုံ က စလိုးမိုးရှင်း ပြ နေသည့် ရုပ်ရှင်ပြကွက် တစ်ခု လို ပင် ။ ကျွန်မတို့ မိသားစု က သာ ထို ပြကွက် ကို ခပ်မြန်မြန် အခွေ ရစ် သလို ရစ်ကြည့် ချင် နေမိ၏ ။ သိပ်မကြာခင် ကျွန်မ တို့ မြင် ချင်သော သူ့ လက်မလေး ကို ရိပ်ခနဲ မြင်လိုက် ရသည် ။ လက်မကလေး က ပုံမှန် ပဲ မို့ ကျွန်မတို့ မျှော်လင့် သလို မဟုတ်ပေ ။ လက်မလေး နည်းနည်း နိမ့် နေတော့ ဘာဖြစ်မှာ ကျ နေတာပဲ  ဟု ကျွန်မ အမေ ရင်ထဲ တွေးနေ မှာ အသေချာပင် ။


ကျွန်မတို့ သားအမိ စောစော က လို မဟုတ်ဘဲ ပြောလက်စ စကား ကို ပင် ဖြတ်ပြီး အိမ် ပြန်ခဲ့သည် ။ အိမ် အပြန်လမ်း တွင် ကျွန်မတို့ သားအမိ တွေ စကား မပြော နိုင်အောင် တိတ်ဆိတ် နေလေ၏ ။ 

“ သိပ် ငယ်သေးလို့ပါ စောင့်ကြည့်ကြ တာပေါ့ ”  


အမေ က တစ်ခွန်း တည်း သော စကား ကို ဆိုသည် ။ 


   •••••   •••••   •••••


အမေတို့ သူငယ်ချင်း တစ်ယောက် အိမ် ရောက် လာ သည့် နေ့ က မျှော်လင့်ချက် အသစ် တစ်ဖန် ရှင်သန် ပြန်သည် ။


“ သူ တို့ နှ စ် ယောက် ဇာတာ က တစ်ပုံစံတည်း ပဲ ” 


ဗေဒင် အနည်းအကျဉ်း တွက် တတ် သည့် အမေ သူငယ်ချင်း ဦးမော် က အစ တစ်စ ဆွဲထုတ် ပြန်လေပြီ ။ အမေ့ မျက်နှာ တွင် အပြုံး တစ်စ တွဲခိုပြီး ကျွန်မ အမ သည် လည်း တခြား နည်းလမ်း နှင့် စမ်းသပ်ဦး မှ ဟူသော အတွေးများ ဖုံးလွှမ်း နေပုံရ၏ ။ 


“ ဟိုနေ့ က ငါ သွားတော့ လက်ဖက်ရည် သောက်မယ် ခေါ် တာ လိုက်သား ဟ သူ့ အဖေ အမေ တောင် ပြန် ခေါ်လို့ မရတော့ဘူး ” 


ပြန်ခါနီး ကျွန်မ တို့ သား အမိ ကို ထိုစကားများ နှင့် ဆွဲဆောင် သွား သေးသည် ။ အမေ က ဒီတိုင်း နေ လို့ မဖြစ် တော့ဘူး ၊ အကွက်ကျကျ စမ်းသပ် မှ ဖြစ်တော့မယ် ဟု စကား စ လာ၏ ။


“ အကြီးမ သမီး မက် တဲ့ အိပ်မက် ကို အစအဆုံး သေချာ ပြန် ပြောပြစမ်း ”  


ကျွန်မ အစ်မ က လည်း အမေ့ အမေး အတွက် လွန်ခဲ့သော လပေါင်း များစွာ က အိပ်မက် ကို တစ်ခု ချင်း ပုံဖော် ပြနေ လေပြီ ။ 


“ ပြန်လာတော့ မယ် တော့ နောက်ဆုံး ပြောသွား တာပဲ အမေ ရဲ့”  


ကျွန်မ အစ်မ ၏ အိပ်မက် ထဲ က ထို စကားသံများ သည် မကြာခဏ ကြား ရသည့် စကား ဖြစ် သော်လည်း အမေ့ ရင် ထဲ အမြဲတမ်း ချိုမြိန် နေတာတော့ အသေအချာ ပင် ဖြစ်သည် ။


   •••••   •••••   •••••


“ ဒီကောင် က ဟယ် အမေ ကို သိပ် ကပ် တာပဲ ။ ဂျစ်တာ ရစ်တာ လည်း မပြောနဲ့ ၊ အရွယ် နဲ့ စိတ် နဲ့ မလိုက်ပါဘူး ”  


သူ့ အမေ ၏ ညည်းညူ သံ က ကျွန်မ တို့ နား ထဲ တွင် အလွန်တရာ ကျေနပ်စရာ ကောင်း နေပြီး “ ဟုတ်လား ” ဟု အလိုက်သင့် ပြန် ပြော နေသည့် ကျွန်မ တို့ အသံ က ပျော်သံကြီး ပေါက် နေသည် ။ “ ဖြစ်ချင်တာ မဖြစ်ရင် ရော ဘယ်လောက် ကြာကြာ ဂျစ်တတ်လဲ ။ ဘယ်လို ပုံစံမျိုး တွေ ကို မကြိုက်လို့ ရစ်တာလဲ ။ ညဘက်တွေ ရော တော် တော် နဲ့ မအိပ်ဘူး မဟုတ်လား ။ နောက်နေ့ မှ အတိုးချ အိပ်တာ မဟုတ်လား ။ နောက်ပြီး မနက်စာ ကို ည ၊ ညစာ ကို မနက် ပြန် မစားဘူး မဟုတ်လား ”  


ကျွန်မ မေးသည့် မေးခွန်းများ အတွက် သူ့ အမေ ထံ မှ ကျွန်မ လိုချင်သည့် အဖြေ တချို့ ပါ သဖြင့် ကျွန်မ က ပြုံးပြုံးကြီး နားထောင်ပြီး သူ့ အမေ က တော့ စိတ်ပျက် လက်ပျက် နှင့် ဖြေ နေခြင်း ပင် ။


   •••••   •••••   •••••


သူ့ အမေ ဆီ ဖုန်း ဆက် တာမျိုး ၊ သူ့ ကို သွား ကြည့်ပြီး အမူအရာ အကဲခတ်တာ မျိုး လောက် နှင့် ကျွန်မ တို့ မတင်း တိမ်နိုင်တော့ပေ ။ 


“ အမေ့ ငါးသလောက်ပေါင်း ကျွေး ကြည့် ရင် ကောင်း မလား ။ ဒန့်ဒလွန်သီး ရော ကြိုက်တယ် နော် ၊ ဟုတ်တယ် မဟုတ်လား ။ ဟို ... ငါးချဉ်လေးသုပ် ကျွေး ကြည့် ရင်ရော ”  


ကျွန်မ ၏ သံယောဇဉ် ဇော ကို ကြည့် ပြီး အမေ တစ်ယောက် ကျွန်မ စကားတွေ ကို မရယ်ရက် ဘဲ ... 


“ ဩော် သမီး ရယ် ညည်း တူလေး က ငယ်ငယ်လေး ပဲ ရှိ သေးတယ် ၊ နောက်မှ စမ်းသပ်ပါဟယ် ” 

ဟု တား ယူရသည် အထိ ပင် ။ 


ကျွန်မတို့ သူ့ အပေါ် ထားသည့် မျှော်လင့်ချက် က သိပ် ကြီးလွန်း သဖြင့် ကျွန်မ တို့ ထင် သလောက် လက်တွေ့ မှာ တော့ ထပ်တူ မကျဘဲ ဖြစ် နေတတ်သည် ။ မည်သို့ပင် ဖြစ်စေ သူ့ ကို ဘဲဥ မကျွေးမိ စေရန် သူ့ အမေ ဆီ ဖုန်းဆက် မှာ ဖို့ရန် ဘေးနား ရှိ ဖုန်း ကို ကောက်ကိုင် လိုက်သည် ။ ထူးထူးဆန်းဆန်း ကျွန်မ ၏ ဖုန်း စကရင် ပေါ် တွင် မစ်စကော တွေ အများကြီး တွေ့ရ၏ ။ ထို ဖုန်း ကို ပြန် ဆက် ကြည့်တော့ တစ်ဖက် က စကားသံတိုတိုလေး ကို ကျွန်မ ဘက် က အကြီးအကျယ် ခံစားပြီး မျက်ရည် ဝဲ မိသည် ။


“ ငါတို့ ခေါ်တာ မဟုတ် ဘူး ၊ နင့် တူ ခေါ်ထားတာ ဖြစ်မယ် ” 


ထို စကားလေးများ နှင့် ကျွန်မ အရည်ပျော် ခဲ့ရပြီး သူ ချည်နှောင်သော သံယောဇဉ် ကြိုး တွင် ကျွန်မတို့ သားအမိ အထပ်ထပ် တုပ်နှောင် မိပြီး ဖြစ်သည် ။


   •••••   •••••   •••••


သူ့ အဖေ အမေ က ပန်းချီဆရာ တွေ မို့ သူ ကြီး လာ လျှင် ပန်းချီ ပဲ ဆွဲလေ မလား ။ စာလေး ဘာလေး ရော ရေးပါဦးမလား ဟု ကျွန်မတို့ အမြဲ တမ်း တွေး ပူ မိခဲ့သည် ။ တစ်ခါတစ်ရံ သူ ဘောပင် ကိုင်ပြီး ဆော့သည့် အခါ ကျွန်မတို့ ရင် ထဲ ကြည်နူး ကျေနပ် နေပြီး စုတ်တံတွေ ၊ ဆေးတွေ ကိုင် ဆော့ လျှင်တော့ ကျွန်မ ကိုယ်တိုင် စုတ်တံ အစား ဘောပင် ကို သူ့ လက်ထဲ အတင်း ထိုး ထည့် ပေးသည် အထိ သူ့ အပေါ် အတ္တ ကြီး ခဲ့မိသည် ။ 


“ နင်တို့ တူ က နင် တို့ ခဲအို ကြီး ဘက် နဲ့ တူ တာ ဟဲ့ ”  


ထို စကားသံလေး ကို တောင် ကျွန်မတို့ က ရန်စကား အလား ထင် မိပြီး မကြားချင် ယောင် ဆောင် ရင်း ဘယ်တော့ မှ မထောက်ခံခဲ့ပေ ။ သူ့ လက်ကလေးတွေ ၊ သူ့ နားရွက် လေးတွေ ၊ သူ့ ခေါင်းပုံစံ ၊ သူ့ နေပုံထိုင်ပုံတွေ က ကျွန်မတို့ အလွတ် မှတ်မိနေသည့် အရာ များ မို့ တခြား ဘယ်သူ နှင့် မျှ တူခွင့် မပြုနိုင်ပေ ။ 


“ ဟဲ့ နင့်တူ က တူတွေ ၊ ပလာယာတွေ ၊ လွှတွေ သိပ် ကြိုက်တာ ။ သူ့ အဖေ ဟာတွေ ယူယူ ကိုင်လို့ ဟယ် ” 

 

ထို စကား ကို ကြား ရ တော့ ကျွန်မ က ကောင်းတာပေါ့ ဟု ဝမ်းသာအားရ ဆို မိ သည် ။ သူ့ အမေ က ကျွန်မ ကို ကြောင် ကြည့်ပြီး သူ့ သားလေး ကလေး တန်မဲ့ ထို ပစ္စည်း တွေ နှင့် ဆော့နေသည် မှာ အန္တရာယ်များ ကြောင်း သိသိချည်း နှင့် ကောင်းတယ် ပြော သဖြင့် အံ့သြနေ၏ ။ ကျွန်မ က ကိုယ့် အတွေး နှင့် ကိုယ် ပျော် နေပြီး သိပ် မကြာခင် သူ့ ဆီ သို့ ကော်တူလေးတွေ ၊ ကော်လွှ လေးတွေ ၊ ကော်ပလာယာလေးတွေ အစုံ လိုက် ပို့ ဖြစ်ခဲ့သည် ။ ထိုအချက် အလက်များ ကို ဆန်းစစ် ကြည့်ခြင်း အားဖြင့် သူ သည် သူ သာ ဖြစ်ပေ လိမ့်မည် ။


တစ်ရက် က လည်း ကျွန်မ ဆီ သို့ ဖုန်း တစ်ကော ဝင် လာ သဖြင့် ကိုင် လိုက်သည့် အခါ ကျွန်မ နာမည် ကို အလှပ ဆုံး ၊ နားဝင် အချိုသာဆုံး ခေါ်သည့် အသံ တစ်သံ ကို ကြား ရ၏ ။ မပီကလာ ပီကလာ နှင့် ဝူးဝါး ဆိုသည့် သူ့ ခေါ်သံလေး က ကျွန်မ အတွက် ကြည်နူး ဝမ်းသာ မဆုံး ပေ ။ 


ထိုမျှ မကသေး စာပေ နယ် အသိုင်းအဝိုင်း က မိတ် ဆွေများ ၊ ပန်းချီအသိုင်းအဝိုင်း က မိတ်ဆွေများ နှင့် တွေ့ သည့် အခါ ဦးမျိုး ကို သိလား ၊ ဘယ်သူ့ ကို သိလား ဟု သူ့ ကို မေးလျှင် သိသည် ဟု ဖြေတတ် ပြီး အနှစ်နှစ် အလလ က သိခဲ့ သူတွေ လို ပင် ပြုံးပြ တတ်သေး သည် ။ သံယောဇဉ် ၊ ခင်မင်မှု ၊ မေတ္တာတရား တို့ သည် ဘဝ ဆက်တိုင်း ကူးလူး ရှင်သန် ကြသည်များလား မသိပေ ။


   •••••   •••••   •••••


တဖြည်းဖြည်း တစ်နှစ် က နေ နှစ်နှစ် သား ဖြစ်လာသည့် အခါ သူ့ အမူအရာ အကျင့်တွေ က အနည်းငယ် ပြောင်း လာသည် ။ ကျွန်မတို့ မျှော်လင့် ထား သလို မဟုတ်တော့ ဘဲ တခြား အမူအရာအကျင့် တွေ တွေ့ လာ ရ၏ ။ ထိုအခါ ဟုတ်လောက်ပါဘူး ဆိုသည့် အတွေး က သူ့ အလိုလို ဝင် လာ ပြီး စိတ်ဓာတ် ကျ ရ ပြန်သည် ။ ထို့အပြင် သူ့ အားနည်းချက် က ကျွန်မ အမေ ကို သိပ် မချစ် သိပ် မကပ်ခြင်း ပင် ။ မည်သို့ပင်ဆို စေကာ မူ ကျွန်မ အမေ က သူ့ ကို သိပ်ချစ်ရမည် ဟု တထစ် ချ တွက် ထားခဲ့ပြီး ဖြစ်သည် ။ သို့သော် ကျွန်မ နှင့် ကျွန်မ အမျိုးသား ကို ချစ် သလောက် ပင် အမေ့ ကို သူ မချစ်ပေ ။ အမေ သည် တဖြည်းဖြည်း သူ စသော ဇာတ်လမ်း တွင် လျော့ လာ လေပြီ ။ သူလေး လာ လျှင် အရင် လို နည်းမျိုးစုံ နှင့် မစမ်းသပ်တော့ပေ ။ သူ အိမ် လည် လာ လျှင် အမေ တစ်ယောက် မသိလိုက် မသိ ဘာသာ ရှောင် နေ တတ်သည် ။ ကျွန်မ ကိုယ်တိုင် လည်း အမေ့ ကို သူ သိပ် မချစ်သဖြင့် သံသယ ဝင် မိတာတော့ အမှန်ပင် ။ ကျွန်မတို့ အိမ် တွင် အမျှ အမျှ အမျှ ဟူသော အသံများ ပြန်လည် လွှင့်ပျံ နေပြီ ဖြစ်သည် ။


သို့သော် ကောက်ရိုးစလေး တစ်စ သည် ကား ကျွန်မ မျှော်လင့်ချက်တွေ ကို ခပ်လျော့လျော့ ချည်နှောင် ထား ဆဲ ပင် ။


   •••••   •••••   •••••


ထိုနေ့ က ကျွန်မ အိမ် သို့ သူ လာ လည်သည် ။ ကျွန်မတို့ တိုက်ခန်းကလေး တွင် ဟိုပြေး

ဒီပြေး သူ ဆော့ နေပြီး ကျွန်မ အမျိုးသား ခွံ့ ကျွေးသော ခေါက်ဆွဲ ကို စတိုင်ကျကျ စားသောက် နေလေ၏ ။ ကျွန်မ နှင့် သူ့ အမေ က ညီအစ်မတွေ ထုံးစံ အတိုင်း ဟို အကြောင်း ပြော ၊ ဒီ အကြောင်း ပြော ပြီး သူတို့ တူဝရီး ကို ဂရုစိုက် မအားပေ ။ ကျွန်မ က တော့ ထုံးစံ အတိုင်း လစ်ရင် လ စ်သလို သူ့ အမေ ဆီ က သူ့ အကြောင်း ကို မေးမြန်း ပြီး ဟိုဟာ တူလား ၊ ဒီဟာ တူ လား မေး တတ် တုန်းပင် ။ 


“ ဟေ့ကောင် ... အဲဒါ ဘာလဲ သိလား ”  


ကျွန်မ အမျိုးသား က သူ့ ကို ဆိုင်းမဆင့် ဗုံမဆင့် နံရံ မှာ ချိတ် ထားသည့် အရာ တစ်ခု ကို လှမ်း ပြပြီး ကောက်ကာ ငင်ကာ ထ , မေးသည့် အချိန် တွင် သူ့ အမေ ရော ကျွန်မ ပါ အံ့သြ ရသည့် အမူအရာ တစ်ခု ကို သူ လုပ်ပြသည် ။ သူ့ ရင်ဘတ်ကလေး ကို ပုတ်ပြ တာ အခါခါ ပင် ။ ကျွန်မတို့ မိသားစု သာ သိသည့် ထို ပစ္စည်း လေးကို ဒီ ကလေးလေး သိစရာ အကြောင်း မရှိပေ ။ သူ့ အဖေ အမေ လည်း မသိ ။ အခြား ညီအစ်ကို မောင်နှမ တွေ တောင် မသိသည့် ကျွန်မ တို့ မိသားစု ၏ အမှတ်တရ ပစ္စည်းလေး ကို သူ့ ဟာ ဟု ရင်ဘတ် ကို ပုတ်ပြ နေသည့် ထို လက် သေးသေးကလေးတွေ က မည်သည့် အကြောင်းအရာ ကို မျှ ထပ် မေးစရာ မလိုတော့ အောင် သက်သေ ခိုင်လုံခဲ့လေ ပြီ ။ သူ့ အမေ က ... 


“ အဲဒါ ဘာမို့ သူ က ရင် ဘတ် ပုတ်ပြတာလဲ ” ဟု မေး တော့ စကား ကောင်းကောင်း မပြောတတ်သေးသော သူ့ ကိုယ် စား ကျွန်မ ဖြေ မိသည် ။ ထို အဖြေ သည် ကျွန်မ တို့ တောက်လျှောက် စုံစမ်း ထောက်လှမ်း နေ သည့် စုံထောက် ဇာတ်လမ်း တွင် အရေးကြီးဆုံး သက်သေ ဖြစ်၏ ။


အဖေ ထောင် ထဲ တွင် ရှိစဉ် က ကျွန်မတို့ ညီအစ်မ နှစ်ယောက် ပုံ ကို ချည် နှင့် ထိုးပေးထား သည့် ချည်ထိုး လက်ကိုင်ပဝါလေး တစ်ထည် ရှိသည် ။ ထို လက်ကိုင်ပဝါလေး ကို အဖေ့ ကိုယ်စား အဖေ့ မေတ္တာတွေ လွှမ်းခြုံ နေစေရန် ကျွန်မတို့ အိမ် ၏ ဧည့်ခန်း တွင် ချိတ်ဆွဲ ထား ခဲ့သည် ။ လက်ကိုင်ပဝါလေး သည် တစ်ချိန် က အဖေ ထောင် ထဲ တွင် ရှိစဉ် သားအဖ များ၏ အလွမ်း ကို အကောင်း ဆုံး ဖော်ကျူး ပေးခဲ့ သလို ယခု အခါ တွင် တော့ ကျွန်မ အဖေ ဆိုသည့် သက်သေ တစ်ခု လည်း ဖြစ်ခဲ့ လေပြီ ။ မနက်ဖြန် အမေ့ ကို တွေ့ လျှင် လက်ကိုင်ပဝါလေး အကြောင်း ၊ ရင်ဘတ်ကလေး ပုတ်ပုတ် ပြတဲ့ လက်ကလေးတွေ အကြောင်း ပြောပြ ရ ပေ ဦးမည် ။ အဖေ သည်

ဒေဝတာမြို့တော် မှ သဘာဝ အုပ်စုလေး ဆီ သို့ ပြန်လာခဲ့ လေပြီ ဖြစ်သည် ။


◾ ယုယ


📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

      မေလ  ၊ ၂၀၁၇


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment