❝ သူ စောင့်တဲ့ ဥပုသ် ❞
အမေ ပေး ထားသော သူ့ အမည်ရင်း က မလေးခင် ဖြစ်သည် ။ မြို့တော်ဈေး ထဲ က အကြော်စုံဆိုင်လေး ကို ဆိုင်းဘုတ် တင်မည် ဟု အမည် စဉ်းစားတော့ သူ က နည်းနည်းလေး ထပ် ဖြည့် လိုက်သည် ။ များများတော့ မဟုတ် ။ရရစ်ကလေး တစ်ခု တည်း သာ ဖြစ်သည် ။ ' မ ' အက္ခရာ ဘေးတွင် ရရစ်ကလေး ထည့် လိုက်တော့ ' မြလေးခင် ' ဟူသော အမည်လေး က ချစ်စရာ ဟုအထင် ရောက်သည် ။
သူ ၏ တူမလေး နှစ်ယောက် က “ အငြိမ့်အဖွဲ့ နာမည် နဲ့များ တူ နေမလား မသိဘူး ” ဟု စိုးရိမ် ကြသည် ။ “ အငြိမ့် လာ ငှား ရင်တော့ခေါင်းဆောင် မင်းသမီး က ဒေါ်လေး ပဲ နော် ” ဟု ရယ်သွမ်းသွေး ကြသည် ။
သို့သော် မြလေးခင် ဟူသော အမည် နှင့် သရက်လက်ဖက် ၊ အကြော်စုံ ကဘယ်ကနေ ဘယ်လို ဓာတ် တည့် သွားသည် လည်း မသိ ၊ တစ်နေ့ တစ်ခြား ဖောက်သည်တွေ များ ကာ ရောင်းအား ကောင်း လာသည် က တော့ အမှန်ပင် ။
နောက်ပြီး အမြတ် ထွက် လာသည် က သူ့ အမည်ရင်း မလေးခင်ပျောက်ကာ အားလုံး က မြလေးခင် ဟု ခေါ်လာ ကြခြင်းဖြစ်သည် ။ နောက်ပြီး ထပ်၍ ကောင်း ပြန်တာ က ' မြလေးခင် ' ဟူသော အမည် ၏ ရှေ့တွင်အသက်အရွယ် ကို ကိုယ်စား ပြုသော ' ဒေါ် ' ' မ ' ဆိုတာတွေ ဖြည့် မလာ ကြခြင်း ဖြစ်သည် ။ထို့ကြောင့် လူကြီး ၊ လူငယ် ၊ ကလေး အားလုံး က သူ့ ကို' မြလေးခင် ' ဟု ခေါ်ကြသည် ။ သူတို့ ကိုယ်တိုင် လည်း ဆိုင်နာမည် လား ၊ လူနာမည် လား ကွဲပြားပုံ မရ ။ ဆိုင် နှင့် တွဲ၍ မှတ်ထားကြပုံ ရ လေသည် ။
အခုတော့ တူမလေး နှစ်ယောက် လည်း အသီးသီး ဘွဲ့ ရကာ အသက်သုံးဆယ် နား နီး လာကြပြီဖြစ်သည် ။ သူ က ရော ... အင်း သူ ကလည်းလေးဆယ် မှ တော်တော် စွန်း ကာ ငါးဆယ် ထဲ ချဉ်းနင်း ဝင် နေပြီ ဖြစ်သည် ။
ဆံပင် ဖြူ လာ၍ ဆေးဆိုး နေ ရပြီ ဖြစ်သည် ။ မျက်စိတွေ မှုန်လာ ၍ မျက်မှန်လည်း တပ် နေရပြီ ဖြစ်သည် ။တူမ အပျို နှစ်ယောက် ၊ အဒေါ် အပျိုကြီး တစ်ယောက် သုံးယောက် ပေါင်းလုပ်အား နှင့် သူတို့ ၏ လက်ဖက်ဆိုင်လေး က တော့ ရောင်းအား ကောင်း နေဆဲပင် ။
“ အင်း ... ငါ့ မလဲ လက်ဖက် ၊ လက်ဖက် နဲ့ လက်ဖက်တော ထဲနစ်ပြီးလက်ဖက် ကို ပဲ ဘုရား ထင် ၊ လက်ဖက် ကို ပဲ တရား ထင် နေတာ .... ကြာလှပါ ပေါ့ လား ... ”
သတင်းစာ ထဲ ဖတ် လိုက်လျှင် ကိုယ့် ထက် ငယ်သူတွေ တန်းစီ နေတော့မြလေးခင် အတန်ငယ် တုန်လှုပ်မိ လေသည် ။ သူ ကသာ သေမင်း ကို မေ့ထား သော်လည်း သေမင်း က တော့ သူ့ ကို မေ့ထားလိမ့်မည် မဟုတ်သည် ကိုသတိ ရ သည် ။
“ ဘုရား .... ဘုရား ”
••••• ••••• •••••
“ နက်ဖြန်ခါ ဥပုသ် နေ့ ”
သူ က ပြောတော့ တူမ နှစ်ယောက် က ' ဈေး ပိတ်တယ် ' ဟု ထပ်၍ ဖြည့်စွက် ကြသည် ။ ဟုတ်သည် ။ သူတို့ ၏ ဈေးကြီး က ဥပုသ်နေ့ တိုင်း ပိတ်သည် မှာ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ် ခန့် သူ စ၍ ဈေးထွက် ကတည်း ကဖြစ် လေသည် ။ ဟိုး အရင်တုန်း က တော့ ဥပုဉ်နေ့ ဈေးပိတ် လျှင် သုံးယောက်သား ရုပ်ရှင်ရုံ ဆီ သို့ စိတ်တူ ကိုယ်တူ ပြေးလေ့ ရှိကြသည် ။ နောက်တော့ ဗီဒီယိုခွေ ငှား ကြည့်ကြသည် ။ ဗီဒီယို ကျတော့ မကြိုက်သော အခန်း ကို ကျော်ပိတ်လိုက် ၊ ကြိုက်သော အခန်း ကို ပြန် ရစ်လိုက် နှင့် စိတ်ကူး ပေါက်တိုင်းပေါက် သလို လုပ်၍ ရ သောကြောင့် ပို၍ နှစ်သက် ရ ပြန်သည် ။
“ ချစ်စံအိမ် ငှား ထားတယ် ၊ ရှစ်ခွေစာ တဲ့ ၊ တစ်နေကုန် ကြည့်ရမယ် ”
တူမကြီး က ပြောသည် ။ အငယ်မ က တော့ ' ယောင်ဂျေးလေး ကို လွမ်းနေတာ ကြာပြီ ' ဟု ပြောသည် ။ကိုရီးယားကား က ပြပြီး သွားပြီ ဖြစ်သော် လည်းသူတို့ ညီအစ်မ က တစ်ဆက်တည်း အပြတ် တောက် မရှိဘဲ ပြန်၍ ကြည့်ချင်သေးသည် တဲ့ ။ သူတို့ ညီအစ်မ တင် မကပါ သူ လည်းပါသည် ။ ဂျီအင်း ကိုလည်း ချစ်သည် ။ ယောင်ဂျေး ကို လည်း ကြိုက်သည် ။ ဒါပေမဲ့ အကြိုက်ဆုံးတော့ မဟုတ်ပါဘူး ။သူ့ အသည်းစွဲ က ' ရင်ဒါရိုက်တာ ' တစ်ဦးတည်း သာ ။
“ ဒေါ်လေး က နက်ဖြန်ခါ ဥပုသ် စောင့် မှာ ”
“ ဟင် ... တကယ် ”
တူမ နှစ်ယောက် အံ့ဩ သွား ကြသည် ။ အင်းလေ ... အံ့ဩကြပေမှာပေါ့ ။ သူ က ဘုရား မေ့ ၊ တရား မေ့ နေခဲ့တာ ကြာခဲ့ပြီဟာကိုး ။
“ ဟုတ်တယ် နောက် ဆို ရင်လည်း ဥပုသ်နေ့ တိုင်း ဥပုသ် စောင့်မယ် ”
ဥပုသ် စောင့်မယ် ဟု မိမိ ကိုယ်မိမိ ကတိပေး သလို ပြောရင်း ၊ ပထမဆုံး သတိတရ တွေးမိသည် က “ ဒီလိုဆို နက်ဖြန်ခါ ဘာဟင်း ချက်စားရပါ့မလဲ ”ဟူ၍ ဖြစ်သည် ။ ထမင်း နှစ်နပ်ကို တစ်နပ် လျှော့ရမည် ဆိုတော့ စားရမည့်တစ်နပ် က အရာသာ ရှိရှိလေး ဖြစ်ရန် အရေးကြီးသည် မဟုတ်ပါလား ။
“ မနက်စောစော က တော့ ခါတိုင်းလို ပဲ ။ မုန့်ဟင်းခါးလေး ဝယ်စားချင်စား ၊ ပဲထမင်းကြော်လေး စားချင် စား အရေး မကြီးပါဘူး ၊ ထမင်းကြီး ကျရင်တော့ ကြက်သား က လည်း ရိုးနေပြီ ။ ဝက်သား ကို ပုန်းရည်ကြီးနဲ့ ချက် စား ရရင် ကောင်း မလား ၊ ငါးပတ်မွှေရ ရင် ကောင်း မလား ၊ ငါးရံ့နဲ့ဘူးသီး နဲ့ ချက်ပြီး မရမ်းသီးလေး သုတ် ရ ရင်ကောင်း မလား ၊ ဒါမှမဟုတ်လည်း ခရမ်းသီးချိုချိုလေးနှပ် ၊ ချဉ်ပေါင်ဟင်း ပျစ်ပျစ်လေး ချက်ပြီး ငါးရံ့ခြောက်ဖုတ် စားရရင် လည်း မြိန် မှာပဲ ၊ ဟင်း ... တွေးရင်း တောရင်း ထမင်းတောင် ဆာ လာပြီ ”
မြလေးခင် က တံတွေး ကို ပင် မသိမသာ မြိုချ မိ သည် ။
“ ကိုသံပုရာ ကလိုင် ထိုးခါ နီးရင်တော့ သားဈေး ၊ ငါးဈေးလေး တစ်ပတ်ပြေး လိုက် ဦးမယ် ”
ကိုသံပုရာ ဟူသည် မှာ မျက်နှာပေါက် ဆိုး လှသော ဈေးစောင့်ကြီး ဖြစ်သည် ။ သူ့ ခမျာ မျက်နှာပေါက် ဆိုးရုံ သာ မက အပြော လည်း တစ်စက်ကလေး မှ မချိုတော့ သံပုရာ ဟူသော ဘွဲ့ထူး ကို ဈေးသူဈေးသား အားလုံး ကတညီတညွတ် တည်း ချီးမြှင့် ထားကြ လေသည် ။ ဈေး က ခြောက်နာရီ ပိတ်ရ သည် မို့ ငါးနာရီခွဲ လျှင် ကိုသံပုရာ က ကလိုင် ထိုး ရင်း ဈေး ပတ်ပြီ ဖြစ်လေသည် ။
ကိုသံပုရာ ဂလိုင် ထိုး လျှင် မြလေးခင် တို့ လို ကုန်ခြောက် ဆိုင် တွေက ဣန္ဒြေရရ ပစ္စည်း သိမ်းကြ ရ သော်လည်း သားတန်း ငါးတန်း က အမေပုတို့ ဒေါ်ဒေါ်အေး တို့ ဒေါ်တရုတ်မ တို့ ကတော့ ပျာယာခတ် ကုန်ကြသည် ။
နောက်တစ်နေ့ အတွက် သိမ်း ရလျှင် ရေခဲဖိုး ကုန်ရဦးမည် မို့ ဈေးခုံ ပေါ် တွင်ကျန်နေ သမျှ အသားငါး များ ကို လျှော့ပေါ့ ပေးပြီး တွန်းတွန်းထိုးထိုး လေးရောင်းကြရ ရှာသည် ။ မြလေးခင် တို့ ကလည်း ထို အချိန် ကို စောင့် နေကြခြင်း ဖြစ် လေသည် ။
“ ဟော ... မြလေးခင် လာပြီ ။ ကြက်နှစ်ခြမ်းလုံး ယူတော့မယ် မဟုတ်လား ”
ကြက်သားသည် က ဆီး၍ နှုတ်ဆက် သည် ။ အခါတိုင်းက တော့ ကြက်သား ကို ခုတ်ထစ်ပြီး ယူ သွားရုံပင် ။ အိမ် ကျတော့ ရေ နိုင်နိုင် ဆေးပြီး ပြုတ်ကြော် လုပ်ထားလိုက် ရုံပင် ။ လွယ်တော့ လည်း ကြက်သားပြုတ်ကြော် ချည်းနေ့တိုင်း စား နေ ရသည် မှာ ငြီးငွေ့စရာ ပင် ကောင်း နေပြီဖြစ် လေသည် ။
“ ဝက်သား ငါးဆယ်သား လောက်ပဲ ကျန်တော့တယ် ။ လျှော့ ပေးမယ် ”
“ ပုစွန်လေး နည်းနည် ကျန်တာ ၊ အကုန် ယူသွား တစ်ထောင့်နှစ်ရာ ပဲပေး ”
“ ငါးတန်ဗိုက်သား နော် ၊ ဝယ်သူ ရှိရင် ရောင်းမယ် ၊ ဝယ်သူ မရှိရင် အိမ်က ကလေးတွေ ကို အချဉ်ဆီပြန် ချက်ကျွေးမယ် ”
ကြက်တွေ ၊ ဝက်တွေ ၊ ပုစွန်တွေ ကို ကျော်ပြီး မြလေးခင် အာရုံ ကျ သွားသည် က ငါးခူ ဖြစ်သည် ။ ငါးခူ က စားရခဲသည် ။ အညှီ ၊ အညှီ ကို စင်အောင်မန်ကျည်းသီး နှင့် နာနာ တိုက်ဆေး ရသည့် အတွက် လက်ဝင် လှသည် မို့ မဝယ်ဖြစ် ၊ မစားဖြစ် သည် မှာ ကြာလှပေပြီ ။
“ ရွှေလက်ကောက်ကြီးတွေ တစ်ထောင်လောက် ဝတ်လို့ များများ ယူမယ် ထင်ပြီး ရိုက် လိုက်တာ များ သွားတယ် အစ်မရယ် ၊ ယူ သွားတော့ လေးကောင် ထဲ ၊ ဟောဒီ လေးကောင် က ကျန်ခဲ့ ရော .... ”
မြလေးခင် က ဦးခေါင်းတွေ မကြေ့တကြေ နှင့် ခပ်လှုပ်လှုပ် အကြောဆွဲ နေသော ငါးခူများ ကို ငုံ့ ကြည့်ရင်း “ အမူ မှာ ငါးခူက ရှုံး ရဲ့ ” ဟူသော စကား ကို သတိ ရသည် ။ ငါးခူ တို့ သည် ဘယ်အချိန် မှာ ဘယ်လိုများ မူကြပါလိမ့် ဟု ဖျတ်ခနဲစဉ်းစားမိရင်း “ ဟင် ... နင့် ဟာ ကလည်း အရှင်ကြီး တွေ ” ဟုပြောကာ မျက်နှာ ကို မသိမသာလွှဲ ထား လိုက်သည် ။ ဟိုဖက် ဆိုင်က မလတ်တလတ် ပုစွန်ဘောချိတ်လေးများ ကို လှမ်း ကြည့်ပြီး ခြေလှမ်းပြင် သည် ။
ထိုအချိန်တွင် ငါးသည် က သူ့ လက် ထဲ က ဓားမ ကို မြှောက် ကာဓားနှောင့် နှင့် တဂွတ်ဂွတ် ထုချ လိုက်သည် မှာ စက္ကန့်ပိုင်း မျှသာ ။ ထို့နောက်
“ မရှင်ပါဘူး အစ်မ ကလဲ ၊ ဟောဒီမှာ ” ဟု တဆက်တည်း ပြောသည် ။ စင်းစင်း သေသွားပြီ ဖြစ်သော ငါးများ ကို ဇိုးဇိုးဇတ်ဇတ် ကောက်ယူ ကာ ချိန်ခွင် ထဲ ပစ်ထည့် လိုက်သည် ။
“ ငါးဆယ့်ငါးကျပ်သား ၊ ငါးကျပ်သား ဖြုတ် ၊ ငါးဆယ်သားဖိုး ပဲ ပေး ၊နှစ်ထောင့်ခြောက်ရာဈေး နဲ့ ငါးဆယ်သား တစ်ထောင့်သုံးရာ ။တစ်ရာ လျှော့ ။ တစ်ထောင့်နှစ်ရာ ပဲ ပေး ” ဟု ခပ်သွက်သွက် ခပ်ကျယ်ကျယ် ပြောသည် ။ မြလေးခင် က “ ဟဲ့ နေပါဦး ၊ ဘယ်သူ က ယူမယ် ပြောလို့လဲ ၊ တကတည်း ဒီလောက် ဈေးကြီးနဲ့ များ ” ဟု ပြောကာ လှည့် ထွက်မည့် ဟန် ပြင်တော့ နောက်ထပ် နှစ်ရာ ထပ်ပြီး ပြုတ် ကျ သွားသည် ။ “ အင်း.... အမူ မှာ ငါးခူ က ရှုံးလောက် ရဲ့ဆိုတာ ငါး ကို ပြောတာ မဟုတ်ဘူး ။ဝယ်တဲ့ သူ ပြောတာ ထင်ပါရဲ့ ” ဟုစဉ်းစားရင်း မြလေးခင် က ပြုံးမိသည် ။
အလေး လည်း လျှော့ ၊ ဈေး လည်း လျှော့ ဆိုတော့ ဝယ်သူ ဘက် မှ တန်တာ က အတော်ပင် တန် နေပြီ ဖြစ်သည် ။
“ အင်း ... ငါးခူကြော်နှပ်လေး စား ရရင် ကောင်း မလား ၊ စင်းကောလေး လုပ်ရရင် ကောင်း မလား ၊ ဆီပြန် ချက်ပြီး ရဲယိုရွက်လေး အုပ် ရရင်ကောင်း မလား ၊ ငါးခူငါးဆုပ် မန်ကျည်းရေလေး နဲ့ ချက်ရ မလား ”
မြလေးခင် က စိတ်ကူး ထဲ တွင် ငါးခူ လေးကောင် ကို ကြော် ကြည့် လိုက်၊ အသားလွှာ ကြည့် လိုက် ၊ တောက်တောက်စင်း ပစ်လိုက် ၊ ငါးဆုပ်လုံး ကြည့်လိုက် နှင့် ရှုပ်ယှက်ခတ် သွားသည် ။ ဟင်းရွက်တန်း ထဲ တွင် ပုတတ်စာ နှင့် ကင်ပွန်းချဉ်ရွက် တို့ကို တွေ့တော့ မှ စင်းကော လုပ်ရန် အတည် ပြု လိုက်သည် ။ ချဉ်ရည် ချက်မည် ။ အသား ကို စဉ်းကော လုပ်ပြီး ရဲယိုရွက်ကလေးအုပ်မည် ။ အရိုး နှင့် ခေါင်းကိုတော့ ချဉ်ရည် ချက်မည် ။ ကင်ပွန်းချဉ်ရွက် နှင့် ပုတတ်စာ ကို ရောပြီး ချက်လျှင် အရသာ က ထူးကဲ လှသည် ။ ငါး ၏အချို ၊ ကင်ပွန်းချဉ် ၏ အချဉ် နှင့် ပုတတ်စာနံ့ မွှေးမွှေး သည် အချိုး ညီညီနှင့် သမမျှတ နေသည် ဟု သူ ထင်သည် ။
မြေကြီး ပေါ် တွင် ဗန်းကလေး ချကာ ရောင်း နေသော ကောင်မလေးဆီ က ဖရဲသီးနုနုလေး သုံးလုံးနှင့် ခရမ်း ကြွပ်သီး ငါးလုံး ဝယ်သည် ။
အသီး မအောင်သော ဖရဲသီးပေါက်စလေးများ ကို ပြုတ်ပြီး တို့စရာ လုပ်စား ရသည် မှာ ဗူးသီးပု ကလေးများ ထက်ပင် ချိုနေ သေး၍ သူတို့တူဝရီး သုံးယောက် လုံး အကြိုက် တွေ့ နေကြသည် ။
“ အင်း .... အရေးကြီးတာ တစ်ခု ကျန်နေသေးတယ် ရဲယိုရွက် ၊ အင်းရဲယိုရွက် မပါ ရင် မပြည့်စုံဘူး ”
ရဲယိုရွက် က ရှားပါး ပစ္စည်း ဖြစ်သည် ။ ဈေး တွင် ရောင်းသည် ကို တစ်ခါတလေ တွေ့ရ သော်လည်း အမြဲတမ်း တော့ တွေ့ရသည် မဟုတ်ချေ ။ မနုမရင့် အရွက် ပြန့်ပြန့်ကားကားကြီးတွေ ကို သာ ရ လျှင်တော့ သူ ၏ ငါးခူဟင်း အတွက် ပြီးပြည့်စုံပြီ ဖြစ်ပေသည် ။
ညနေ အိမ် ပြန် တော့ မြလေးခင် သည် ခါတိုင်း လို အိမ် အထိ ဆိုက်ကားမစီး ဘဲ လမ်းခုလတ် တွင် ဆင်းသည် ။ အံ့ဩ သလို ကြည့် နေသော တူမအငယ် ၏ လက်ထဲ သို့ ဈေးဝယ် လာသော ကြွပ်ကြွပ်အိတ် ကို ထည့်ကာ ' အိမ် ကျရင် ငါး ကိုင်ထား နှင့် နော် ဒေါ်လေး ဒီနား ခဏ ဝင်စရာ ရှိလို့ ' ဟုပြောသည် ။
လမ်းထိပ် ဂုတ်ခြံ က ဥိးလှမောင်ဝင်း ၏ ခြံ ဖြစ်သည် ။ သူ တမင် စိုက်ထား သည်တော့ ဟုတ်ပုံ မရ ။ ရဲယိုပင် ခွေးတောက်ပင် ၊ ဆူးပုတ်ပင် စသည် တို့ အလေ့ကျ ပေါက် နေသည် ။ သူ က မျက်စိ လည်း မှုန် ၊ နား လည်းလေး ပြီး အပြော က လည်း တော်တော် ဆိုးသည် ။ သူ့ ဆီ ခွေးတောက်ရွက်ကလေး တစ်ခါ တောင်း ဖူး သည် ။ ငါးရွက် ခန့် ခူး ပေးပြီး ' ကိုယ်တိုင် စိုက် ထားရင် တော့ တောင်းစရာ ဘယ် လိုပ့ါ မလဲဗျာ ' ဟု ပြောသည် ။ မြလေးခင် ကစိတ် ထဲ မှ နေပြီး ' ကိုယ်တိုင် လည်း မစိုက်ဘူး ။ တောင်း လည်း မတောင်းတော့ ပါဘူး တော် ' ဟု ခပ်စွာစွာ ပြန် ပြောခဲ့သည် ။
“ မတောင်းဘူး ဆိုတာ မယူဘူး လို့ ပြောတာမှ မဟုတ်ဘဲ ။ တစ်ယောက် တည်း နိုင်အောင် စား နိုင်တာ လည်း မဟုတ် ၊ ဒီ အရွက်တွေ ကို ဈေးတင် ရောင်း နေတာ လည်း မဟုတ် ၊ အလကား တိုတိုထွာထွာ လုပ် နေတာ ခြံအပြင် ကနေ လှမ်း ဆွဲပြီးခူးတော့ လည်း သိတာ တောင် မှ မဟုတ် ”
မြလေးခင် က ခြံ အပြင် ဘက်ယိုင် နေသော ရဲယိုရွက် ၊ ခွေးတောက်ရွက်များ ကို လှမ်း ဆွဲပြီး ခူးနေသည် မှာ သုံးလေးခါ ရှိပြီ ဖြစ်သည် ။ ယခုလည်း ရဲယိုရွက် နုနုပြန့်ပြန့်ကြီးတွေ တွေ့ ထားသည် ။ လှမ်း ဆွဲ လိုက်လျှင်မှီသည် ။သူ လည်း ခြံနား အရောက် အဘိုးကြီး လည်း အိမ် ထဲ ပြန် အဝင် မို့တော်တော်လေး အဆင်သင့် သွားသည် ။ ခြံ ဘေး နား မယောင်မလည် ကပ်သွားပြီး အားရှိ ပါးရှိ လှမ်း ဆွဲ လိုက်သည် မှာ ရဲယိုရွက် သာ မက အကိုင်း ပါကျိုးကျ လာသည် ။ ကိုင်း ကျိုးသော အသံ က အတော် ကျယ် လေသည် ။ ဦးလှဝင်းမောင် က နား လေး လို့ သာ တော် တော့သည် ။
“ အဲတော့ ... အသီးကင်းတွေ ပါ ကိုင်း ထဲ ပါ လာတာကိုး ၊ ဘယ်တတ်နိုင်မှာလဲ ဟယ် ၊ ငါ က ကျိုးစေချင်တဲ့ စေတနာ နဲ့ ခိုး တာမှမဟုတ် ... အဲ အဲ.. ခူး တာ မှ မဟုတ်တာ ”
မြလေးခင် က သူ့ ကိုယ် သူ ချက်ချင်း ခွင့်လွှတ် လိုက်သည် ။
ဟုတ်တယ်လေ ။ ကိုယ့် ကို ကိုယ် မှ ခွင့် မလွှတ်ရင် ဘယ်သူ က တကူးတကန့် လာပြီး ခွင့်လွှတ် ပ့ါ မလဲ ။ လိုချင်သော အရွက်နုများ ကို ခပ်သွက်သွက် ခြွေ ယူ လိုက်ပြီး အကိုင်းကြီး ကို မြောင်း ထဲ ပစ်ချ ပြီးလျှင် ဒီ အကြောင်းကို ထပ်မံ သတိရ စရာ မှ မလိုတော့တာပဲ ။
“ ဟော တော့ ၊ ရဲယိုရွက်တွေ သန့် မှ သန့် ကောင်း မှ ကောင်း ၊ ငါးခူလေးနဲ့ တော့ အဆင် ကို ပြေလို့ ၊ ဒေါ်လေး ဘယ်က ရ လာတာလဲ ”
“ လမ်းထိပ် မှာ အဆင်သင့် တွေ့ လို့လေ ၊ ငါးခူ ဝယ် ထားတာ လည်းသတိ ရ တာနဲ့ ”
မြလေးခင် က ခပ်အေးအေး ပြောသည် ။ လမ်းထိပ် မှာ အဆင်သင့် တွေ့သည် ကလည်း အမှန်ပင် ။ ငါးခူလေးတွေ ကို သတိရ သည် ကလည်း အမှန် မို့သူ့ စကား ထဲ တွင် အမှား တစ်ခွန်း မှ မပါ ကြောင်းတွေး ပြီး ကျေနပ်၍ ပင် နေမိသည် ။
“ နက်ဖြန်ခါ ကျရင်တော့ မနက် စောစောစီးစီး ရေမိုး ချိုး သနပ်ခါးလိမ်း ပြီး မှ သီလ ယူ ရမယ် ။ မျက်နှာ ပြောင်ပြောင်ကြီး နဲ့ က လည်း မနေတတ်သီလ ယူ ပြီးမှ လိမ်း နေ ပြန်ရင်လည်း မကောင်း ”
သူ က တော့ သနပ်ခါး လိမ်းရုံ သာ မက မျက်ခုံးမွှေး လည်း ဆွဲဖို့ လိုသည် ။ သူ့ မျက်ခုံး က ပါး လည်း ပါး ၊ ကျဲ လည်း ကျဲ ဆိုတော့ ဆေး လေး မှတင် မထား လျှင် ၊ ကူ မထားလျှင် မျက်ခုံးမွှေး မပါသော မျက်နှာ က ပြောင်ဖြဲဖြဲ ဖြစ်နေ တတ်သည် ဟု ထင်သည် ။
ဪ .... မျက်ခုံးမွှေး သာ မက နှုတ် ခမ်းနီလေး လည်း လိုသည် ။ကလေးတွေ လို အနီရင့်ရင့် အရောင်ရဲရဲမျိုး တွေ မသုံး သော်လည်း ပန်းရောင်ပြေပြေလေး လောက် တော့ ဆိုးထားနေကျ ဖြစ်သည် ။သူ့ နှုတ်ခမ်းရောင် က ခပ်ဖြူဖြူ ခပ်ဖျော့ဖျော့ နှင့် ဒီ နှုတ်ခမ်း ကို အရောင် တင် မထား လျှင် လူမမာ နှင့် တူ နေ တတ်သည်ဟု ထင် မိလေသည် ။
ထို့ကြောင့် နောက် တစ်နေ့ ကျတော့ သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်းကာ မျက်ခုံးမွှေး ပါးပါးဆွဲ ၊ နှုတ်ခမ်းနီ ပြေပြေ ဆိုး ထားသော မြလေးခင် သည်ယောဂီတဘက်ကလေး ကို ပခုံး ပေါ် တင်ရင်း ကျုံ့ကျုံ့ယုံ့ယုံ့ ထိုင်ကာသီလ ယူ လေသည် ။
သူတို့ တူဝရီး သုံးယောက် လုံး က ဈေးသမားတွေ ဆိုတော့ အိမ်မြဲကြသူများ မဟုတ် ။ အိမ် မှာ ဆွမ်းခံ ကိုယ်တော် လည်း မရှိ ။ ဒီတော့ လည်းဘုရားကျောင်းဆောင် ရှေ့ တွင် ကျုံ့ကျုံ့ ထိုင်ကာ ဘုရားရှင် ကိုယ်တော်တိုင် ၏ ရှေ့မှောက် တွင် သီလ ယူ နေသည် ဟု နှလုံးသွင်း ထား ရသည်မှာပို၍ပင် ကျေနပ်စရာ ကောင်း သေးသည် ။ သို့ပါသော်လည်း ရှစ်ပါးသီလကို အလွတ် မရ၍ စာအုပ် ကြည့် ရွတ်ရသည် ကိုတော့ ' သည်းခံ ခွင့်လွှတ်တော်မူပါ အရှင်မြတ်ဘုရား ' ဟု စိတ် ထဲ မှ တောင်းပန် ရသည် ။
တကယ့်တကယ် က တော့ သူ့ ကို ဒုက္ခ ပေးသည် မှာ ခုနစ်ပါးမြောက်သီလ ဖြစ်သည် ။
“ နစ္စ ၊ ဂီတ ၊ ဝါဒိတ ၊ ဝိသုက ၊ ဒဿန ၊ မာလာဂန္ဓ ၊ ဝိလေပန ၊ဓာရဏ ၊ မဏ္ဍာန ၊ ဝိဘူတနဌာနာ ၊ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ” ဟူသော အပိုဒ် ဖြစ်သည် ။ ထို သီလ ကို အစီအစဉ် တကျ မရွတ်တတ် ရုံမျှ မက မည်သည့် ပါဠိ စကားသည် မည်သည့် အဓိပ္ပါယ် ကို ရည်ညွှန်းကြောင်းကောင်းစွာ မသိ ။ အကြမ်းအားဖြင့်တော့ သနပ်ခါး မလိမ်း ၊ ပန်း မပန် ၊သီချင်း မဆို ၊ ရုပ်ရှင် မကြည့် ဟု သဘော ပေါက် ထားသည် ။
ရှစ်ပါးသီလ ယူ ပြီးတော့ မြလေးခင် သည် သူ့ ကိုယ် သူ သီလစောင်လုံလုံ ခြုံ ထား သလို လုံခြုံသွားသည် ဟု ခံစားရသည် ။
သီလ ယူ ပြီးတော့ မီးဖိုချောင် ဝင်သည် ။ ရေခဲသေတ္တာ ထဲ တွင် ဆား ၊နနွင်း နယ်ပြီး နှပ် ထားသော ငါး ကို ထုတ်ယူကာ သူ ကိုင်တိုင် ချက်သည် ။သူ့ တူမ နှစ်ယောက် က ကြက်သားပြုတ်ကြော် မှ လွဲ၍ သိပ်ပြီး စိတ်ချရသည် မဟုတ် ။
တူမ နှစ်ယောက် ကတော့ ကင်ပွန်းချဉ်ရွက် ချွေရင်း ရုပ်ရှင် မင်းသားမင်းသမီး တွေ အကြောင်း စုံအောင် ပြောကြသည် ။ မြန်မာပြည် က မင်းသား ၊မင်းသမီး တွေ အကြောင်းလည်း မကျန် ။ အခု လက်ရှိ သူတို့ အသည်းစွဲ နေသည် က ချစ်စံအိမ် ထဲ က မင်းသားလေး ' ယောင်ဂျေး ' ဖြစ်သည် ။ သူ့ အမည်ရင်း က ' ရိန်း ' ဆိုလား ။
“ ဟဲ့ သူ က သီချင်း ဆို လည်း အရမ်း ကောင်းတယ် တဲ့ ။ ငါ အခွေ ငှားထား သေးတယ် ”
“ အရပ် က လည်း အမြင့်ကြီး ပဲ နော် ”
“ ဘော်ဒီ က လည်း တောင့်တယ် ဟ ”
အင်း ' ရိန်း ' ဘယ်လောက် ကောင်းကောင်း ၊ မြလေးခင် က တော့ ' ရင်ဒါရိုက်တာ ပဲ ' ဟု တွေးရင်း မသိမသာ ပြုံး မိသည် ။ ချစ်ရ သူ ကို အလို လိုက်အကြိုက် သိပြီး ကြင်နာ နိုင် လွန်းသော ရင်ဒါရိုက်တာ ကို သူ အခု ထိ မမေ့ ။
“ ရင်ဒါရိုက်တာ က တော့ အကောင်းဆုံးပါပဲ ဟယ် ”
“ ယောင်ဂျေး လည်း ကောင်းပါတယ် ”
“ အေး ... ကောင်းပါတယ် ၊ ဒါပေမဲ့ ရင် က ပို ကောင်းတာ ကို ပြောတာပါ ”
“ ဒါကတော့ ဒေါ်လေး ရယ် ၊ ' ရင် ' က အသက် ပို ကြီးတာ ကိုး ၊ ယောင်ဂျေးလေး က မနူးမနပ်ကလေး ”
ထိုနေ့ က ထမင်း မြိန် လှသည် ။ ငါးအချိုရည် ဝင်ကာ နူးညံ့ပျော့အိ နေသော ရဲယိုရွက် က မခါးဘဲ အချိုဘက် လု နေသည် ။ ချဉ်ပြေပြေလေး နှင့်မွှေး နေသော ကင်ပွန်းရွက် ချဉ်ရည်ဟင်းလေး က သောက်၍ ပင် မဝ ။ ဖရဲသီးနုလေးတွေ က လည်း ချို ၊ ခရမ်းကြွပ်သီး က လည်း ကြွပ် ဆိုတော့ ခါတိုင်းထက် နှစ်ဆ လောက် ပိုပြီးစား ဝင် နေသည် ။
“ ဒေါ်လေး က ဥပုသ်သည် ဆိုတော့ ပေါင်မုန့်မီးကင် ထောပတ်သုတ်လေး တော့ စားဦး မှ ပေ့ါ ၊ ကော်ဖီ လေး လည်း သောက်ဦး မှ ဖြစ်မှာပေ့ါ ”
ဗိုက်အင့် နေပြီ ဖြစ်သော်လည်း တူမတွေ က ပေါင်မုန့်ကင် နေကြပြန်သည် မို့ စားရ ပြန်သည် ။ “ တော်ကြာ ညနေ ကျ မှ ဆာ နေရင် ခက်မယ် ” ဟုစိုးရိမ်စိတ် နှင့် ကော်ဖီ နှင့်ပေါင်မုန့် တို့ ကို သာ မက သီးမွှေး ငှက်ပျောသီး တစ်လုံး ကို ပါ အတင်း ဖိနှိပ်ပြီး ဗိုက်ထဲ သို့ သိပ်ထည့် လိုက်သည် ။ ဆယ့်နှစ်နာရီ ဒေါင်ဒေါင်ထိုးတော့ ဝမ်းဗိုက် တစ်ခုလုံးပြည့်တင်း ဖောင်းကား ပြီး မျက်တောင် တွေ စင်း နေပြီ ဖြစ်လေသည် ။
ဒီတော့ .... ။
အင်း ... ဒီတော့လည်း ဘာ လုပ်စရာ ရှိလို့လဲ ။ ဆယ့်နှစ်နာရီ လည်းထိုး သွား ပြီပဲဟာ ။ အိပ် ရုံပဲ ရှိတော့ တာပေ့ါ ။ဖျာချောလေး ခင်း ၊ ခေါင်းအုံးလေး ချပြီး အသာ လှဲ ချ လိုက်ရသည် မှာ အရသာ ရှိ လှသည် ။ လေကြောင်း ကျ နေ သဖြင့် လေကလေး က လည်း တဖြူးဖြူး နှင့် မို့ စင်းနေသော မျက်တောင် သည် ချက်ချင်း လိုလိုပင် မှိတ်ကျ သွားသည် ။
အိပ် ၍ ကောင်း လိုက်သည် မှာ နှစ်နှစ်ခြိုက်ခြိုက် ပင် ။ ညဘက် အိပ်ရ သလို အိပ်မက်တွေ ပင် မက် နေ သေးသည် ။ အိပ်မက် ထဲ တွင် ' ဆည်းဆာရင်ခုန်သံ ' ကိုရီးယားကား ကို ပြန် ကြည့် နေရသည် ။ တစ်ခုပဲပြောင်း သွားသည် ။ ဆန်းမီ နေရာ တွင် တော့ မြလေးခင်ဖြစ် နေသည် ။ ရင်ဒါရိုက်တာနေရာ က တော့ ဪ .... ရင်ဒါရိုက်တာ နေရာ က တော့ ဘယ် ပြောင်းပါ့မလဲ ၊ ရင်ဒါရိုက်တာ ပဲ ပေါ့ကွယ် ။
နည်းနည်း နိုး လာလိုက် ၊ မျက်တောင် ပြန် စင်းလိုက် ၊ အိပ်မက် ဆက်မက်လိုက် ၊ ပြန် နိုး လာလိုက် ၊ ပြန် အိပ် လိုက်နှင့် မြလေးခင် အသေအချာ နိုးလာ တော့ ညနေ သုံးနာရီ ကျော်ပြီ ဖြစ်သည် ။ တင်းကား နေသော ဗိုက် ကအတန်ငယ် လျော့သွား သော်လည်း ဆာတော့ မဆာသေးချေ ။
“ ဥပုသ်သည် ဆိုတာ တရား စာအုပ်လေး ဖတ်ရမှာပေ့ါလေ ”
မြလေးခင် က ဆရာတော် ဦးဇောတိက ၏ ' အရှုပ် ထဲ မှာ ရှင်းအောင်နေ ' ဟူသော စာအုပ် ကို ဖတ်သည် ။ ထို့နောက် မဟာစည် ဆရာတော်ဘုရားကြီး ၏ ' အရိယာဝါသတရားတော် ' ကို ဖတ်သည် ။ စာ ထဲ တွင် စိတ်နှစ်ထား ရန် ကြိုးစား သော်လည်း တီဗွီဖန်သားပြင် ထက် တွင် ဂျီအင်း က ' ဝက်ဝံလေးကောင် ' သီချင်း ဆို နေသည် ။ သူ့ အရွယ် သူ့ အရပ် သူ့ ရုပ်ရည်လေးနှင့် သီဆို နေပုံ မှာ ချစ်စရာ ကောင်းနေသည်မို့ တရားစကား တွေ ထဲမှ ရုန်းထွက် ကာ ဂျီအင်း တို့ ယောင်ဂျေး တို့ နောက်သို့ စီးမျောပြီး ရောပါ သွားလေသည် ။
ဘယ် အထိများ မျောပါ သွားသလဲ ဟု မေး လာလျှင် တော့ ရုပ်ရှင် ပြီးတဲ့အထိ ပါ သွားတာပါရှင် ဟု မရှက်တရှက် မပြုံးတပြုံး နှင့် ဖြေဖြစ် လိမ့်မည် ဟု ထင်ပါသည် ။ ' တမင်တကာ ရုံ မှာ သွား ကြည့်တာမှ မဟုတ်တာ ၊ ကိုယ့် အိမ်ကိုယ် နေရင်း မျက်စိရှေ့ ရောက် နေလို့ အလိုလို မြင် ရတာပဲဟာ ' ဟုလည်းမိမိ ကိုယ် မိမိ ဆင်ခြေ ကန် နေ မိသည် ။
“ ကြည့်ပြီး မှ တော့ မထူးပါဘူး ဟယ် ”
ညနေ ခုနစ်နာရီ ထိုးတော့ မြန်မာ့အသံ က ရော မြဝတီ က ပါ ကိုရီးယားကား တွေ ပြ လာ ပြန်သည် ။တူမ နှစ်ယောက် က ကြည့်တော့ သူ က လည်းမကြည့်ဘဲ မြင်နေ ရ ပြန်သည် ။
ရှစ်နာရီ သတင်း လာ တော့ ရေခဲသေတ္တာ ထဲ ထည့်ပြီး အအေးခံ ထားသော ထန်းလျက် နှင့် မန်ကျည်းဖျော်ရည် ကို သောက် သည် ။ ထို့နောက် ' အရိယာဝါသ ' စာအုပ် ဆက် ဖတ်သည် ။ သို့သော် တူမအကြီး က တူမအငယ်ကို မြို့ထဲ လမ်းမတော် မှ လူသတ်မှု အကြောင်း ပြောပြနေသည် ။ ဒီတော့ လည်း စိတ်ဝင်စားစရာ မို့ အရိယာဝါသ ကို ဘေးချ ထား ရပြန်သည် ။
“ မသိရင် ဘယ်သူ့ ကို မှ တံခါးဖွင့် မပေးနဲ့ ”
“ သိတော့ ရော ယုံရလို့လား ”
“ ဟုတ်တယ်လေ ... ဟို .. ယုဇနပလာဇာ နား က ဆိုင် ထွက်တဲ့ သူ ဆိုရင် သူ့ အသိတွေ က သ,တ်တာ ”
“ အဲဒါ အကုသိုလ် ကို မကြောက်တာပေ့ါ ”
သူ တစ်ခွန်း ငါ တစ်ခွန်း ပြောရင်း ရင်ထဲ ဟာ လာ ပြန် သောကြောင့် မန်ကျည်းဖျော်ရည် ကို ထပ်ပြီး သောက် ရ ပြန်သည် ။
ကိုးနာရိခွဲ လောက် ရှိတော့ တူမတွေ က တီဗွီ ဖွင့်ကြ ပြန်သည် ။ တရုတ်ကား ကြည့်ရဦးမယ် တဲ့ ။
“ တော်ပါပြီကွယ် ဒေါ်လေး တော့ ဘုရားရှစ်ခိုး တော့မယ် ”
သူ က ယောဂီ တဘက်ကလေး ပခုံး တင်ကာ ကျုံ့ကျုံ့လေး ထိုင်ပြီး ဘုရားရှစ်ခိုး သည် ။ စိတ်တွေ က ဟို ရောက်လိုက် ဒီ ရောက်လိုက် နှင့် ပျံ့လွင့် နေတော့ သံဗုဒ္ဓေ ကိုပင် အမြီးအမောက် မတည့်ချင် ။ နှစ်ခါ ပြန်ပြီး ဆိုရ လေသည် ။
“ ဒါပေမဲ့ ဘာဘဲ ဖြစ်ဖြစ် ၊ ဒီနေ့ တစ်ရက် တော့ ငါ ဥပုသ် ရ သွားပြီ ”
မြလေးခင် က ကျေနပ်ပီတိ စိတ် နှင့် သူ၏ ကုသိုလ်ကောင်းမှု အစုစု တို့ကို ၃၁ ဘုံသား တို့ အား အမျှဝေသည် ။
“ ယနေ့ ဆောက်တည် ခဲ့ ရသော ဥပုသ်သီလ ကုသိုလ် ” ဟု လည်း ရည်စူးကာ သီးခြား အမျှ ပေး ဝေသည် ။
“ အမျှ .... အမျှ .... အမျှ ... ယူတော် မူကြပါ ”
သူ က လေးနက်သော အသံ နှင့် အမျှ ဝေသည် ။ သူ ၏ တူမ နှစ်ယောက်က ရုပ်ရှင် ကြည့် ရင်း ရယ်နေ ကြသည် ။ ကြားပုံ မရ ။
“ သူတော်ကောင်း သူမြတ်လောင်းတွေ တော့ သာဓု ခေါ်မှာအမှန် ပါပဲ ”
သာဓု ခေါ်သံများ ကြား လိုက်ရလေမလား ဟု မြလေးခင် မသိမသာ နားစွင့် ထားမိသည် ။ ဘာသံမျှ မကြားရ ၊ ခဏ နေတော့ ဘုရား ကျောင်းဆောင်ထောင့် ကြား ထဲ တွင် ကပ် နေသော အိမ်မြှောင်လေး တစ်ကောင် က ' ကျွတ်... ကျွတ် .. ကျွတ် ' ဟု စုတ်သပ် .... အဲ စုတ်ထိုး လိုက် လေသည် ။
◾မစန္ဒာ
📖 ဝါးခယ်မ အထက - ၁ ရာပြည့်မဂ္ဂဇင်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment