( ၁၁ )
သည် ရက်တွေ ထဲ မှာ စံလှဘော် က ကောက်ဆွ ကို နေ့တိုင်း ရေမိုး ချိုးပေးတယ် ။ ရေတွင်း က ရေ ကို ကိုယ်တိုင် ငင် ပြီး ခေါင်း က နေ ရေ လောင်း ချ ၊ ပြီးမှ ဆပ်ပြာကြမ်း နဲ့ ခေါင်း က နေ ခြေ အထိ ပွတ်တိုက် ပေးတယ် ။ နှံ့ပြီ ဆိုတော့ မှ ရေ ငင်ပြီး လောင်းချ ပြန်ရော ။ ကောက်ဆွ အသက် ဆယ်နှစ်သား အထိ ရေ ဘယ်နှစ်ခါ ချိုး ခဲ့ သလဲ မသိပေမယ့် သည် ကျောင်း ရောက် လာ မှ ကြေး ရှစ်သစ် တက် နေ့တိုင်း ချွတ်ပေး ရ တော့တာပဲ ။ ကျောင်း ထဲ ရှိ သမျှ ကိုရင်ကျောင်းသား တိုင်း ကို စံလှဘော် က ရေခပ်ကြရင်း သည်လို ပဲ ရေငင် ချိုးပေး နေကျ ပါ ။ ဒါပေမယ့် ကောက်ဆွ ကို တော့ သူ ကိုယ်တိုင် ဆပ်ပြာ နဲ့ ပွတ်တိုက်ပြီး ဖအေ တစ်ယောက် လို ရေချိုး ပေး တယ် ။ ဖအေ ဆိုတဲ့ မေတ္တာ ငတ်ရှာသူကလေး ကို သည် မေတ္တာဓာတ်ကလေး ရအောင် လုပ် ယူတာ လည်း ပါ ပါတယ် ။ ကောက်ဆွ ကိုယ်တိုင် ကတော့ ထူးထူးခြားခြား ပြောင်းလဲ သွားပြီ လို့ တော့ မရှိပါဘူး ။ ဒါပေမယ့် စံလှဘော် ကို ခင်လာတာ ၊ အားကိုးလာတာ ၊ ပြောရဲဆိုရဲ ရှိလာတာ ၊ သွားကြီးတွေ အပြားလိုက် ပေါ် အောင် ရယ်တာမျိုးတွေ တော့ ရှိလာပြီ ။ စံလှဘော် က သူ့ ကို အဖေ လို့ ခေါ်ဖို့ ပြောတော့ အဖေ မှ မဟုတ်တာ တဲ့ ။ စံလှဘော် က ကောက်ဆွ သည်လို ဖြေမယ် ဆိုတာ သိသားပဲ ။
“ မင်း မှာ အဖေ မရှိတော့ဘူး လေကွာ ၊ မင်း အမေ ကို မင်း စိတ် နာ နေသာ ဆိုတော့ မင်း အဖေ ကို မင်း မချစ်ဘူးလား ။ မင်း ကို သွားလေရာ ခေါ်သယ် ဆို ၊ မင်း ပြောရင် ရ ဆို ၊ မင်း ကို တစ်ခါ မှ မရိုက်ဘူး ဆို ၊ မင်း ပြောသာပဲ ”
“ အဲဒါနဲ့ ဘာ ဆိုင်လဲဗျ ၊ အဖေ ဖြစ်ရရောလား ”
စံလှဘော် က ရယ်တယ် ။ စံလှဘော် က သူ ရေချိုး ပေးတဲ့ အကြောင်း ၊ ခေါင်း က ဆံပင်ရှည် လာရင် သင်တုန်းဓား နဲ့ တိ ပေးတဲ့ အကြောင်း ၊ အင်္ကျီတွေ ပုဆိုး တွေ တောင်း ပေးတဲ့ အကြောင်း ၊ ပန်းကပ် ၊ ရေချမ်းကပ် ၊ ဆီမီးထွန်း ပူဇော်တာ က အစ သင်ပေးကြောင်း ကနေ ညဘက် သူ နဲ့ အတူ သိပ်တာရော ၊ တခြား ကလေး တွေ နဲ့ ရန် မဖြစ်အောင် စောင့်ရှောက် ပေးတာရော ၊ ကလေးတွေ အများကြီး ထဲ က ကောက်ဆွ ကို မုန့်ပဲသရေစာ ကျွေးတဲ့ အကြောင်းတွေ ပါ ပြောပြတယ် ။
“ ကိုင်း ၊ မင်း အဖေ အရင်း တောင် အဲသလို လုပ်ပေး ဖူးလို့လား ”
“ ဟင့်အင်း ”
“ ငါ က မင်း အဖေ ထက် တောင် ကောင်း သေးသယ် ။ ငါ မင်း အဖေ ဖြစ် ချင်သာ မင်း အမေ ကို လိုချင်လို့ မှ မဟုတ်ဘဲကွ ၊ မင်း မခေါ်ချင်တဲ့ ပထွေး ကို တောင် အဖေ ခေါ်ရသေးသာ ၊ ငါ့ ကို မင်း မခေါ်ချင်ဘူးလား ”
ကောက်ဆွ တွေ သွားတယ် ။ ကပ္ပိယကြီး ပြောတာ မှန်သားပဲ ၊ သည်ကျောင်း မှာ ဆရာတော်ကြီး က အစ ကိုရင်တွေ ကျောင်းသားတွေ က လည်း ချစ်ကြတယ် ။ ညှာကြတယ် ။ အတူ ကစားကြတယ် ။ ဒါလည်း ဟုတ်နေသားပဲ ။ သူ့ ဘဝ မှာ ဦးဘော် လောက် သူ့ အပေါ် ကောင်းခဲ့တာမျိုး လည်း မကြုံခဲ့ဘူးဖူး ။ ဒါပေမယ့် အဖေ လို့ ခေါ် ရမှာ တော့ လည်း ကောက်ဆွ က ရှက်ပုံပါ ။ စံလှဘော် က သိပြီ ။
“ ကောက်ဆွ ”
“ အဖေ ”
စံလှဘော် မျက်ရည်တွေ နဲ့ ကောက်ဆွ ကို ထ ဖက်တယ် ။ သူ သည်လို ပင် အခေါ် ခံချင်တာ သံယောဇဉ် ရှိ အောင်လို့ ကလွဲရင် တခြား မရှိဘူး ။ မေတ္တာဓာတ် ဆိုတာ အေးမြတယ် ဆိုတာက လွဲရင် တခြား မရှိဘူး ။ သည် ကလေး နဲ့ သူ ဘဝပေး အား အကျိုး ပေးချင်း တူတယ် ။ တစ်ယောက် က အဖေ ၊ တစ်ယောက် က သား လို့ နှစ်ဦး ကြား မှာ တစ်စုံတစ်ရာ ချစ်ခင်မှု ရဖို့ က လွဲလို့ တခြား မရှိဘူး ။ ရောက်စ က ငဘော် လို့ ခေါ်တဲ့ ကလေး က တစ်နှစ် တောင် မရှိသေးဘူး အဖေ လို့ ခေါ်တယ် ဆို တာ လိမ္မာရေးခြား ရှိ လာတာပဲ မဟုတ်လား ။ နူးညံ လာတာပဲ မဟုတ်လား ။ သည် ကတည်း က ကောက်ဆွ က အဖေ လို့ ခေါ်တယ် ။ စံလှဘော် က ငါ့ သား လို့ ထူးတယ် ။ ဆရာတော်ကြီး က တောင် ဝမ်းမြောက်ဝမ်းသာ ရှိ ရှာတယ် ။
“ ကောက်ဆွ အဖေ ပြောမယ် ၊ ကျောင်းသားချင်း ရန် မဖြစ်ရဘူး ။ အနိုင် မကျင့်ရဘူး ။ ဘုန်းကြီးကျောင်း မှာ ဆဲသံ ဆိုသံ မရှိရဘူး ။ စာ တတ်အောင် သင် ၊ ဘုရားစာ ၊ တရားစာ ၊ ရသလောက် ကျက်မှတ် ၊ မင်း ရော မရှိတော့တဲ့ မင်း မိဘ တွေပါ ကုသိုလ် ရသယ် ။ မင်း ကြီးရင် အဖေ့ လို ပဲ ကျောင်း မှာ ကပ္ပိယကြီး လုပ် ရုံ ပေါ့ကွ ။ ကပ္ပိယ ဆိုသာ သူတော်ကောင်း အလုပ် ၊ ကြားလား ငါ့ သား ”
“ အင်းပါ အဖေ ရ ”
“ ဟုတ်ကဲ့ အဖေ လို့ ပြောကွ ”
“ ပြောတတ်ပေါင်ဗျာ ”
အဲသည်နေ့ က စံလှဘော် ထမင်း စားပြီး ကတည်း က အိပ်ပျော် သွားတယ် ။ မွန်းတိမ်းတော့ မှ ဖျပ်ခနဲ နိုးတယ် ။ ဆရာတော် က ငဘော် ကွမ်းရွက် ယူခဲ့စမ်း လို့ လှမ်းညမိန့် လို့ ရေအိုးစင် ပေါ် က ကွမ်းရွက် တစ်ရွက် တစ်ထပ် ယူပြီး ဆရာတော့် သွားကပ်တယ် ။ ကျောင်းပေါ် က ဆင်းလာတော့ ကောက်ဆွ ကို ရေချိုး ပေးရဦး မှာ သတိ ရ လို့ ချွေးခြောက် ခံပြီး ရေငင်ချိုးပေးတယ် ။ သည် အချိန် မှာ ကျောင်း ပေါ် ရဲတွေ တက်သွားတာပါ ။ ကောက်ဆွ ရေ ချိုးပြီးတော့ သင်္ကန်းဟောင်း နဲ့ ခေါင်းတွေ ပွတ်ပေး နေ တုန်း ကိုရင် က ဆရာတော်ကြီး က ကျောင်းပေါ် တက် ခဲ့ဖို့ မှာတယ် လို့ လာမိန့်တယ် ။ ကောက်ဆွ ကို ထား ခဲ့ပြီး ကျောင်း လှေကား က တက်မယ် ပြင် တော့ ရဲဖိနပ်သုံးလေးရံ တွေ့ လိုက်ရတယ် ။ ဘာများပါလိမ့် ။ ကျောင်းပေါ်ရောက် တော့ ဆရာတော် ကို ဝတ် ဖြည့်ပြီး ပုဆစ်တုပ် ထိုင်တယ် ။ ဆရာတော် က မျက်နှာ မကောင်းဘူး ။
“ ငဘော် မင်း ကို ရဲတွေ က တိုက်နယ်ဂတ် ကို ခေါ်ချင်လို့ လာ လျှောက် ကြသယ် ၊ မင်း ဘာ လုပ်ခဲ့သလဲ ၊ မနက်က မင်းဘယ် သွားသေးသလဲ ၊ မှန်မှန် ဖြေ ”
“ မနက် က မနက် က ၊ ကောက်ဆွတို့ ကလေးတွေ ပျောက် သွားလို့ လိုက် ရှာသာပဲ ဘုရား ”
“ ဘယ်ဘက် သွား ရှာသာတုန်း ”
“ တောင်ဆူးတံခါး အပြင် လောက် ပါ ပဲ ဘုရား ၊ ဘာဖြစ်လို့လဲ ဘုရား ”
“ ပဲပွဲစား မောင်ရင်လေး အရိုက် ခံရသယ် ၊ ဒဏ်ရာ က ကြီးသယ် ၊ အခု လှည်း နဲ့ တိုက်နယ်ဆေးခန်း ရောက် သွားပါပြီ ။ ခမျာ တို့ ရွာ အားကိုး လို့ လာ ရှာသာ ၊ ဒုက္ခ တွေ့ရရှာသယ် ”
“ အော် .…. သနားပါ့ ၊ တပည့်တော် ဘာ လုပ်ပေးရမှာလဲ ဘုရား ၊ သွား စောင့် ပေးရမှာလား ဘုရား ”
ဆရာတော် က ငြိမ်သွားလေရဲ့ ၊ ရဲတွေ က တော့ စံလှဘော် ကို ကျောင်း ပေါ် တက်လာ ကတည်း က စူးစူးစိုက်စိုက် ကြည့် ကြတယ် ။ ရဲ တစ်ယောက် က သတင်းစာ စက္ကူ နဲ့ ခေါက် ထားတဲ့ မာဖလာ ကို ပြတယ် ။ သွေးတွေ က လည်း စွန်းလို့ ။ စံလှဘော် က သူ့ မာဖလာ မှန်း သိ လိုက်ပြီ ။ သည် မာဖလာ မနေ့ ည က ဇရပ် ရှေ့ ဝါးလုံးတန်း ရှေ့ မှာ လှန်း ခဲ့တာ သူ မှတ်မိတယ် ။ အခု ဘယ့်နှယ် ရဲတွေ လက် ရောက် နေရတာလဲ ။ ဘယ့်နှယ် သွေးစွန်း ရတာလဲ ။
“ ဒါ မင်း မာဖလာ လား ”
“ ဟုတ်ပါ့ဗျား ”
“ အရိုက် ခံရသူ နား မှာ တွေ့ခဲ့တာပဲ ၊ မင်း ကို မေးစရာ ဖြစ်နေပြီ ။ ဂါတ် ကို ခဏ လိုက်ခဲ့ကွာ ”
ရဲကြီး က သူ့ တပည့် ရဲကို လှမ်းကြည့် တော့ ရဲလေးက စံလှဘော် ကို လက်ထိပ် ခတ်လိုက်တယ် ။ စံလှဘော် တစ်ကိုယ်လုံး ကျင်ခနဲ ဖြစ်သွားရာ က ဆရာတော် ကို အားကိုးတကြီး လှမ်း ကြည့်တယ် ။ စံလှဘော် က အသံတုန်တုန် နဲ့ အော်ပါ လေရော ။
“ တပည့်တော် ကို ကယ်ပါဦး ဘုရား ၊ တပည့်တော် ဘာမှ မသိပါဘူး ဘုရား ၊ တပည့်တော် ဘယ်သူ့ မှ လည်း မရိုက်ရပါဘူးဘုရား ”
ဆရာတော် က တစ်ခွန်း ပဲ မိန့်တယ် ။
“ ငဘော် တရား ကို နတ် စောင့်သယ် ။ မင်း လိုက် သွားပါ ။ သူတို့ မေးလို့ မဟုတ်တော့ ပြန်ခဲ့ပေါ့ကွယ် ။ ကိုင်း ခေါ်သွားကြ ”
စံလှဘော် က လက်ထိပ် တန်းလန်း နဲ့ ကျောင်း လှေကားကြီး က ဆင်း လာ တော့ ကျောင်းဝ မှာ ရွာသူရွာသားတွေ ပြည့် နေပြီ ။ စံလှဘော် က လူ နှစ်ယောက် ကို လူကြား ထဲ မှာ လိုက် ရှာတယ် ။ တစ်ယောက် က မြချစ် ၊ တစ်ယောက် က ကောက်ဆွ ။ မြချစ် က လူတွေ ကြား မှာ မီးဝင်းဝင်းတောက် နေ တဲ့ မျက်လုံးတွေ နဲ့ စံလှဘော် ကို ကြည့် နေတာ တွေ့ ရပြီ ။ ကောက်ဆွ က ကော ။ ရဲတွေ က စံလှဘော် ကို ကျော ကနေ ဖက် ခေါ် သွားကြတယ် ။ သည်မှာတင် ကောက်ဆွ ပြေးလာတယ် ။
“ အဖေ ဘယ်တုန်း ၊ ဘယ်သွား မလို့တုန်း ၊ လက် က ဘာကြီးတုန်း ”
“ အဖေ ပြန်လာမယ် ၊ ကျောင်း က မပြေး နဲ့ ၊ ရန် မဖြစ် နဲ့ ၊ အနိုင် မကျင့် နဲ့ ၊ အဖေ့ လို ကပ္ပိယ လုပ်နှင့် ၊ ဆရာတော်ကြီး အနား မှာ နေ ၊ ခိုင်းသာ လုပ်ပေး ”
“ အင်းပါ ”
ကောက်ဆွ က စံလှဘော် ကို ငေးရင်း ကျန်ရစ်ခဲ့တယ် ။ ရွာသူရွာသား တွေ ကြားထဲ က ပဲ စံလှဘော် ကို ခေါ် သွား ကြလေရဲ့ ။ ဆရာတော်ကြီး က ကျောင်း ပေါ် က နေ လှမ်း ကြည့်ရင်း မျက်နှာ မကောင်းရှာဘူး ။ ရွာသူ ရွာသားတွေ က ချက်ချင်း မပြန်ကြသေးဘူး ။ စံလှဘော် လူရိုက်လို့ တဲ့ ဆိုတဲ့ သတင်း အပေါ် မှာ အမျိုးမျိုး ပြော နေ ကြတာ က လွဲရင် မဆုံးဖြတ် နိုင်ကြဘူး ။ ညနေကြီးစောင်း တော့ မှ ကျောင်း က လူတွေ တဖြည်းဖြည်း ကျဲ သွားတော့တယ် ။
ကောက်ဆွ က တော့ ကျောင်းလှေကား မှောင်မှောင် မှာ ငို လို့ ။ ကိုရင် နဲ့ ကျောင်းသား သုံးလေးယောက် က ဝိုင်း လို့ ။
◾ခင်ခင်ထူး
📖 ကပ်ပိယ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment