Wednesday, May 31, 2023

ကပ္ပိယ ( ၁၇ )


 ( ၁၇ ) 


“ ဖြစ်ပုံက ကျောင်း ရှေ့ က မိဝက် ယောက်ျား ငတင် က တစ်ည ညကြီး မိုးချုပ် သန်းခေါင် သန်းလွဲ ရောက်သာတောင် အိပ် မပျော်လို့ ငုတ်တုတ် ထိုင်ပြီး ဆေးလိပ် သောက် နေ သတဲ့ ။ ည သန်းခေါင်ကျော် လို့ လူသူရယ် လို့ လမ်း ပေါ် မှာ မရှိတဲ့အချိန် ၊ လူရိပ် တစ်ရိပ် ကျောင်းဝင်း ဘက် ဝင်သွားသယ် ထင်လို့ ဆေးလိပ်မီး ထိုးချေပြီး အသာ ကြည့် နေ သတဲ့ ။ လူ တစ်ယောက် ဝင်သွားသာတော့ သေချာသယ် ။ ကျောင်း ခွေးတွေ က လည်း မဟောင်တော့ ရွာသား ထဲ က နေမှာပဲလို့ တွက်ပြီး အသာ ငြိမ် နေ သတဲ့ ။ ခဏနေ တော့ လူ တစ်ယောက် သုတ်သုတ်ပါအောင် ပြန် ထွက်လာ သာ မြင်တော့ အသံပြုလိုက်ဦး မလို့ပေါ့လေ ။ နောက်တော့ သူ သိတဲ့ လူ ဖြစ်နေလို့ အသံ မပေးလိုက်တော့ဘူးပေါ့ကွာ ။ အဲသည် လူ က ဘယ်သူတုန်း ဆိုတော့ တို့ ရွာ က သူဌေးသား ငအုန်း ပဲ စံလှဘော် ။ ငအုန်း က ကျောင်းဝင်း ထဲ ညကြီး အချိန် မတော် ဘာ ဝင် လုပ်သလဲ ... ငတင် က စဉ်းစားမိပေမယ့် လို့ မင်း အမှု နဲ့ ပတ်သက် မယ် မထင်ခဲ့ဘူး တဲ့ ။ နောက်တော့ စံလှဘော် မာဖလာ ပဲပွဲစား အရိုက် ခံရတဲ့ နား က တွေ့တယ် ဆိုတော့ မှ ငအုန်း လက်ချက် ဆိုသာ သူ သိသွားသယ် ။ ဒါပေမယ့် ငတင် က ဘယ်သူ မှ မပြောဝံ့ဘူး ။ အမှုထဲ ပါ သွားမှာ စိုးသာရော ၊ ငအုန်း တို့ က ရွာ မှာ သြဇာ ရှိနေလေ တော့ အသာ ငြိမ်နေရသာ ပေါ့ကွာ ”


“ အော် ဖြစ်ရလေဗျာ ၊ တစ်ဖက် က ပိုက်ဆံချမ်းသာ တာ နဲ့ ပဲ လူတွေ က အမှန်တရား ကို ကြောက် နေရရောတဲ့လား ဗျာ ။ ဒါထက် ငအုန်း သေသာကကော ။ မှတ်ကြီး လက်ချက်ပဲဆို ”


“ ဟုတ်သယ် ၊ မှတ်ကြီး က လက်စွပ် ကို ပေါင်ပြီး ကြက်လောင်းသယ် ။ ကြက်ပွဲ ရှုံးတော့ လက်စွပ်လည်း ဆုံးသာပေါ့ ။ အဲသည် ငအုန်း လက်စွပ် ကို ငအုန်း မိဘများ က တွေ့သွားရာ က မီးခိုးကြွက်လျှောက် လိုက်တော့သာပေါ့ ။ ဒါကို ငအုန်း က အမှု ပေါ် မှာ စိုးတော့ မှတ်ကြီး ကို ပဲပွဲစား ရိုက်မှု မပွင့်အောင်လို့ မှတ်ကြီး ခိုးသာပါ လို့ အပြော ခိုင်း သတဲ့ ။ မှတ်ကြီး က လူသာ မိုက်သာ သူ့ ကို သူခိုးအလုပ် ခိုင်းသာတော့ မခံဘူး ။ တိုတို ပြောရရင်တော့ ထန်းတော ထဲ ငအုန်း နဲ့ မှတ်ကြီး စကားများ ရန်ဖြစ် ရာ က မှတ်ကြီး လက်ချက် နဲ့ ငအုန်း သေသာပဲ ။ မှတ်ကြီး က ဓား နဲ့ ထိုးပြီး ပြေးတော့သာ ။ ငအုန်းလည်း သွေးအလူးလူး နဲ့ မိုက် ဇာတ် သိမ်းရှာသယ် ။ အချင်းချင်း ဖော်ကြတော့ မှ ရွာ က လည်း အမှုကိစ္စ ရှင်းကြ တော့သာပေါ့ ကွာ ”


ပဲပွဲစား ရိုက်မှု မှာ ငအုန်း သေတော့ မှ တရားခံ အစစ် ဇာစ်မြစ် က ပေါ်တော့တာ ဆိုပေမယ့် ငအုန်း က လည်း မရှိတော့ဘူး ။ မှတ်ကြီး က လည်း ပြေးပြီ ။ သည်တော့မှ မောင်တင် က ဖော်ဝံ့တော့ သတဲ့ ။


“ ကျုပ် က ငအုန်း မာဖလာ ဝင်ခိုးသယ် ဘယ် စဉ်းစားမိ မှာတုန်း ။ နောက်မှ ကပ္ပိယ စံလှဘော်ကြီး ချောက်ချ ချင်လို့ လူရိုက်ပြီး မာဖလာ ထားခဲ့သာကိုးလို့ သိရသာ ။ တော်တော် ရက်စက်တဲ့ ကောင်တွေ ဗျာ ”


နောက်ဆုံးတော့ မှတ်ကြီး ကို ရဲ က ဖမ်းမိ သွားခဲ့တာပါပဲ ။ ပဲပွဲစား ရိုက်မှု ရှင်းသွားတဲ့ နောက် ကပ္ပိယ စံလှဘော် ရွာ က ပျောက်သွားတဲ့ ပြဿနာ က ပေါ်လာ ပြန်ရော ။ ရွာ လူကြီး ဦးကံ က ကွမ်းလေး တစ်ယာ ယာ ရင်း ဆက် ပြောတယ် ။


“ မင်း ပျောက်သွားတာ အကြောင်း မဟုတ်ပေမယ့် ကောက်ဆွ ပါ ပါသွား သာက အကြောင်း ကိုး စံလှဘော် ရ ။ ကောက်ဆွ ကို သူ့  ရွာ က ဆရာတော်ကြီး လက် အပ်သွား သာ ဆိုတော့ ဆရာတော်ကြီး အပေါ်  တာဝန် ကျ လာခဲ့သာပေါ့ ။ ဆရာတော်ကြီး ခမျာ ဆွမ်းကွမ်းကလေး တောင် ဖြောင့်ဖြောင့် ဘုဉ်းမပေး နိုင်ရှာဘူး စံလှဘော် ရေ ။ မင်း မရှိတဲ့ နောက် ကိုရင် ကျောင်းသားကလေးတွေ လည်း ညအိပ် ညဉ့်နေ ထိန်းသိမ်းရ ခက်တော့ နေ့ဘက် ကျောင်း မှာ ထားပြီး ညဘက် ကိုယ့် အိမ် ကိုယ် ပြန် အိပ်ကြပေါ့ ။ တို့ ရွာ က လည်း ကျောင်း ကို လူ လဲ နဲ့ လာ စောင့်ရှောက် ကြတယ် ဆိုပေသိ ဘယ် ထောင့်စေ့ပါ့ မလဲကွာ ။ မင်း နှယ် ကိုယ့် အမှုတန်းလန်း နဲ့ ကျောင်း က နေ တဖဝါး မှ မခွာပါနဲ့ ဆိုသာကို ”


ဦးကံ က အကျိုးသင့် အကြောင်းသင့် ရှင်းပြတော့ စံလှဘော် စိတ် မကောင်း ဖြစ်သွားရတယ် ။ မြချစ် တို့ သားအမိ ကျောင်း ကို ဝင်ကြ ထွက်ကြပါစေတော့ ဆိုတဲ့ အချက်ကလေး တစ်ချက်တည်း နဲ့ သူ ကျောင်း က ခွာခဲ့တာ မဟုတ်လား ။ ရွာ နဲ့  ဆရာတော် အပေါ်  မှာ သည်လောက် တာဝန်တွေ ပိသွား လိမ့်မယ်လို့ မထင်ခဲ့မိပဲ ကိုး ။ 


အခုတော့ ၊ မြချစ် က သူ့ ကို ဘယ်လို သဘော ထားမှာ ပါလိမ့် ။ မြချစ် ကို စံလှဘော် တွေ့ချင် လှပြီ ။ ဦးဘော် ရေ လို့ ခေါ်ဦး မှာ လား ... ကြားချင်လှပြီ ။


◾ခင်ခင်ထူး


📖 ကပ်ပိယ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment