❝ အေးချမ်းမှုသုခ ကို ပေးချင်သူ ❞
( ပန်းချီ ကိုဇော်မင်း ၊ မင်းကွန်း )
[ မင်းကွန်း ရေဆိပ် က နေ ပုထိုးတော်ကြီး ဘက် ကို လျှောက်လှမ်း သွားမယ် ဆိုရင် လက်ပံပင် ၊ ပိတောက်ပင် ၊ ထနောင်းပင် အပင် မြင့်မြင့် အရိပ်ကောင်းကောင်း လမ်းကလေး အတိုင်း သွားနိုင်ပါတယ် ။ ပုံစံငယ် ဘုရား အနီး မှာ ပန်းချီကားကြီး တွေ ခင်းကျင်းထား တဲ့ ဝါးထရံကာ အဆောက်အအုံ နှစ်ခု ကို လမ်း ရဲ့ ဘယ်ဘက် ရော ညာဘက် မှာ ပါ တွေ့ နိုင်တယ် ။
အဆောက်အအုံ ရှေ့ မှာ ခေတ္တ ရပ်တန့် ပြီး ကြည့်မယ် ဆိုရင် ပန်းချီ ဆွဲ နေသူ လူငယ် စုံတွဲ ကို တွေ့ ကောင်း တွေ့ နိုင်ပါတယ် ။ မင်းကွန်း ကို လာ လည် တဲ့ နိုင်ငံခြားသား ဧည့်သည် အများ စု ဟာ ပန်းချီကိုဇော်မင်း နဲ့ မဌေးဌေးရီ မောင်နှံ ရဲ့ ပန်းချီ အရောင်းပြခန်း စတူဒီယို ရှေ့ ရောက် ရင် ခေတ္တ ရပ်တန့် ပြီး ကြည့် မိ တာ က များတယ် ။ ပန်းချီကားကြီးတွေက လေး ၊ ငါးပေ အရွယ်အစား ကြီးမားတဲ့ အတွက် လည်း စိတ်ဝင်စားဖို့ ဖြစ်တယ် ။ ပန်းချီကား ကို မြင် လိုက် မိရင် စိတ်နှလုံး အေးချမ်းတဲ့ ခံစားမှု ကို ရတယ် ။ ပန်းချီကားတွေ က ကျယ်ပြန့်တဲ့ မြင်ကွင်းမျိုး တွေ ကို ရေးဆွဲ ထားတာ များတဲ့ အတွက် ကြည့်မိ သူ စိတ် ထဲ မှာ လွတ်လပ်တဲ့ စိတ် ရဲ့ ထွက်ပေါက် တစ်ခု ကို ရသွားစေတယ် ။ ပန်းချီ ကိုဇော်မင်း ရဲ့ ပန်းချီကားတွေ ကို နိုင်ငံခြားသားတွေ က ဒေါ်လာ ရာ ဂဏန်း ပေးပြီး ဝယ်ယူကြတယ် ။ ကား တွေ အများကြီး ဆွဲ ပေးဖို့ အော်ဒါ ထပ် ပေး သူ က ပေးတယ် ။
သည် အခြေအနေ ကို ပန်းချီကိုဇော်မင်း ဘယ်လို အရောက် လှမ်းခဲ့ပါလိမ့် ။ ]
••••• ••••• •••••
ပန်းချီ ကို ကျွန်တော် ငယ်ငယ် ကတည်း က ဝါသနာ ပါတာ ။ ဝါသနာ အလျောက် စာအုပ် ထဲ က အရုပ်တွေ ကို ကူး ဆွဲတယ် ။ မိဘတွေ က ကျောက်စိမ်း အရောင်းအဝယ် လုပ်တာ ဆိုတော့ ပန်းချီဝါသနာ ပါတာ ကို အား မပေးဘူး ။
ကျွန်တော် က ဘကြီးသက် ( ပန်းချီပေါ်ဦးသက် တို့ ဆရာ ပန်းချီဆရာ ကြီး ဦးဘသက် ) နဲ့ အမျိုး မကင်းဘူး ။ ဘကြီးသက် က အဖေ ရဲ့ ဦးလေး ။ ကျွန်တော့် အနေ နဲ့ အဘိုး တော် မှာ ပေါ့ ။
ခြောက်တန်း အောင်ပြီးတော့ ပန်းချီ ဆရာ စစ်ငြိမ်းအေး ဆီ မှာ နွေရာသီ ပန်းချီ သင်တန်း သွား တက်တယ် ။ ကျွန်တော် ပန်းချီ သင်ချင်တာ ကို မိဘ တွေက သိပ် သဘော မထားဘူး ။ အစ်ကို တစ်ယောက် က ဆရာ့ ဆီ လိုက် အပ် ပေးတာ ။
ဆရာ့ ဆီ ကို စက်ဘီး နဲ့ သွား တဲ့ အခါ သွား ၊ ခြေကျင် သွား တဲ့ အခါ သွား ၊ မနက် တစ်ခေါက် ၊ ညနေ တစ်ခေါက် တစ်နေ့ နှစ်ခေါက် သွားတယ် ။ ဆရာ သင် ပေးတဲ့ ပန်းချီ ကို ဆရာ့ အိမ် အပေါ် ထပ် မှာ တစ်ယောက် တည်း ဆွဲ နေတာ ၊ စိတ် ပါတော့ မိုး ချုပ်လို့ ချုပ်မှန်း မသိဘူး ။ ဆရာ က တက် လာပြီး မပြန်သေးဘူး လား လာ ပေး ရတယ် ။
ခြောက်တန်း က နေ ဆယ်တန်း အထိ နွေရာသီတိုင်း ဆရာ့ ဆီ မှာ ပန်းချီ သင်တန်း တက် တယ် ။ ဆယ်တန်း ဖြေ ပြီးတော့ ကျောင်း က ထွက် ပစ်လိုက် ပြီး ပန်းချီ ကို တစိုက်မတ်မတ် သင် တော့ တာပဲ ။
မိဘ စီးပွားရေး အဆင် ပြေ တော့ ပန်းချီ ပဲ ဆွဲ နေတာ ပြဿနာ မရှိဘူး ။ ကျွန်တော် တို့ ငယ်စဉ် တုန်း က ပန်းချီ ကား အရောင်းအဝယ် ကိစ္စ က လည်း ခေတ် မစား သေးဘူး ။ ကျွန်တော် က ဆရာ့ ဆီ မှာ ပန်းချီ ပဲ သီးသန့် သင်တာ ၊ ဒါပေမဲ့ ဆိုင်းဘုတ်ပညာ လည်း ဝင် လုပ် ပေးရင်း သင်ယူတယ် ။
ကျွန်တော် အိမ်ထောင် ကျ တော့ အဖေ က ပန်းချီ မရေးစေ ချင်ဘူး ။ ဆိုင်းဘုတ် ကို အာရုံ စိုက်လုပ်စေ ချင်တယ် ။ ကျွန်တော် က ပန်းချီ ပဲ ရေးချင် တယ် ဆိုတော့ အဖေ က ဘကြီးသက် တို့ လည်း နာမည် ကြီး ပေမဲ့ ဆင်းဆင်းရဲရဲ နေခဲ့ရတာပဲ တဲ့ ။ ကျွန်တော် က ဆင်းရဲ ချင် ဆင်းရဲပါစေဗျာ ဆိုတော့ ဒါဆိုလည်း မင်း ကိုယ့် လမ်း ကိုယ် လျှောက် လို့ အဖေ က ပြောတယ် ။ မိဘ က တော့ ဒုက္ခ ရောက် မှာ စိုးလို့ စေတနာ နဲ့ ပြောခဲ့တာ ပေါ့လေ ။
အိမ်ထောင် ကျ တာ ၁၉၉၈ ခုပေါ့ ။ ကျွန်တော့် အမျိုးသမီး က မဌေးဌေးရီ တဲ့ ၊ သူ က လည်း ပန်းချီ ဝါသနာ အခံလေး ရှိတယ် ။
အိမ်ထောင် ကျ ခါစ မှာ စားဝတ်နေရေး အတွက် ဆိုင်းဘုတ် လည်း လုပ်တယ် ။ ပလတ်စတစ် ဆိုင်းဘုတ်တွေ ဘာတွေ ပေါ့ ။ ဆိုင်းဘုတ် လုပ် ရင်း တစ်ဘက် က ပန်းချီ လည်း ဆွဲတယ် ။ ဆိုင်းဘုတ် ရေးရင်း ရေးရင်း ငါ သည် လောက ထဲ အနစ် ခံ လို့ မဖြစ်ဘူး ။ ပန်းချီ ပဲ သီးသန့် ရေးမယ် လို့ ဆုံးဖြတ် တယ် ။ မန္တလေး မှာ အိမ်ငှား နဲ့ နေပြီး ပန်းချီ ပဲ ဆွဲတယ် ။ အဆင် မပြေဘူး ။ ဒါနဲ့ မင်းကွန်း ပြောင်း ခဲ့တယ် ။
မင်းကွန်း မှာ တော့ တိုးရစ် လာ တော့ ပန်းချီကား အရောင်း လမ်း ကြောင်း ပေါ် နေပြီ ။ တစ်နှစ် ဘယ်နှစ်ကား ရောင်း ရရင် ကိုယ် ရပ်တည်လို့ ရတယ်လို့ တွက်ပြီး မင်းကွန်း မှာ အခြေချ လိုက်တယ် ။
ရောက်ရောက်ချင်း တိုးရစ် ကြိုက်တဲ့ subject ( အကြောင်းအရာ ) လေးတွေ လုပ် ရတယ် ။ သူတို့ က မြန်မာဆန် တာ နဲ့ detail ( အသေးစိတ် ) လေးတွေ ကြိုက်တယ် ။ ပါးရည်တွေ တွန့် နေတဲ့ အဘွားအိုကြီး ဆေးလိပ် သောက်တာ မီးခိုး ငွေ့ကလေးတွေ လွင့် နေတာ မျိုး ဒီတေးကလေး တွေ ရေး ရောင်းတယ် ။
ကျွန်တော် က ပြောင်းလဲချင် နေတာ ၊ တိုးရစ် ကြိုက် ချည်း ဆွဲ မနေချင် ဘူး ။ ဖန်တီး ချင်တယ် ။ ဖန်တီး လို့ ငွေရေး ကြေးရေး အရောင်းအဝယ် က ဖြစ်ချင် မှ ဖြစ်မယ် ။ အမျိုးသမီး က အား ပေးတယ် ။ သူ အအေးဆိုင် ဖွင့် ရောင်းမယ် ။ ရေးချင် တာ သာ ရေး ၊ အအေးဆိုင် က ရ တဲ့ငွေ နဲ့ စားကြမယ် တဲ့ ။
တိုးရစ် က လည်း ဖောက်ထွက် ပြီး ရေးတဲ့ ကားလေး ကို ဈေး ပို ပေးတာ မျိုး ဖြစ် လာတယ် ။ ဒီတေးကား ဒေါ်လာ သုံးဆယ် ၊ လေးဆယ် ဆို စိတ်ကြိုက် ရေးတဲ့ ကား က ငါးဆယ် ၊ တစ်ရာ ရတယ် ။
ဒီတေး ရေး ရာ က မွန်းကြပ် လာတော့ အင်ပရက်ရှင် ရေး ဖြစ်တယ် ။ အိတ်စပရက်ရှင် ပြောင်း ရေး ဖြစ်တယ် ။ နောက် flat tone တွေ တစ်ကား နှစ်ကား ရေး ကြည့် ဖြစ်တယ် ။ ရေးရင်း အရသာ တွေ့ လာ တော့ ဒါ ချမယ်ပေါ့ ။
ဒါ တွေ့ပုံ ကလည်း ရိုးသားတယ် ဗျ ။ ဧရာဝတီ မြစ်ကမ်း ဘေး မှာ သွား ရင်း လာရင်း မြင်တဲ့ မြင်ကွင်းတွေ ကို အာရုံ ရ ပြီး စိတ်ကူး နဲ့ ကွန်ပိုဇေးရှင်း ပြန် ဖွဲ့ တာပေါ့ ။ ဖလက်တုန်း မှာ အလင်းအမှောင် ဒိုင်မေးရှင်း ကို ဦးစား မပေး တော့ဘူး ။ ကာလာ ဟာမိုနီ ကို လည်း အသေးစိတ် မလုပ်တော့ဘူး ။ ကိုယ် ပြချင် တာ ကို လောဘသတ် ပြီး အတိုချုံး ပြလိုက်တယ် ။
ကြည့်ရသူ စိတ် ထဲ မှာ မွန်းကြပ်မှုတွေ ပြေပျောက် ပြီး အေးချမ်းမှု ပေး ချင်တဲ့ စေတနာ နဲ့ အအေးရောင် တွေ ကို အဓိက ထား ရေးတယ် ။ အနိဋ္ဌာရုံတွေ ကို မဆွဲဖြစ်ဘူး ။ ပန်းချီ ဆို တာ လည်း စိတ် နဲ့ လုပ်တဲ့ အလုပ် မို့ ကိုယ့် စိတ် ထဲမှာ ဒေါသ ရှိ နေရင် ပန်းချီကား ထဲ မှာ ဒေါသတွေ ပါနေတယ် ။ ကျွန်တော် အင်မတန် ရုန်းရ ကန်ရ တုန်း က ဆွဲ တဲ့ ပန်းချီကား တွေ ဆို ရင် အပူရောင် တွေ ချည်းပဲ ။
အရင် က တော့ တိုးရစ် မြင် ရင် ပန်းချီ ရောင်းချင် နေ ခဲ့တယ် ။ နောက် တော့ ကိုယ် ဆွဲ တာ ထိမိ သွားတဲ့ ကား ဆိုရင် ဒီ ကား ငါးရာ ရ မှ ရောင်းမယ် လို့ ဆုံးဖြတ် တယ် ။ တိုးရစ် က ကြား ချပြီး သုံးရာ ပေးတယ် ။ ကိုယ် က မရောင်းဘူး ။ သုံးရာ နဲ့ ရောင်းမယ် ဆို ရင် ဖြစ်တော့ ဖြစ်တယ် ။ ဈေး က မနည်းပါဘူး ။ ဒါပေမဲ့ စိတ် ခိုင်ခိုင် ထားတော့ ငါးရာ ပေး ဝယ် သွားတယ် ။
ကျွန်တော် က တတ်နိုင် လို့ မာ တာ တော့ မဟုတ်ပါဘူး ။ ပန်းချီလောက တစ်ခုလုံး တန်းမြင့် လာ စေ ချင်လို့ပါ ။ ကျွန်တော် က ထိပ်ဆုံး ဆိုင် ၊ ကျွန်တော် က တင် ထားတော့ ကျန်တဲ့ ဆိုင်တွေ လည်း ဈေး ပို ရတယ် ။ ကျွန်တော် က တစ်ရာ တောင်း ထား တော့ သူများ က ငါးဆယ်ဆိုလည်း ဝယ်သူ က များတယ် မထင် တော့ဘူး ။ ကျွန်တော့် လိုင်း မှာ တော့ ကြိုက်တဲ့ လူ က ကြေး မမြင်တော့ဘူး ။
ကိုးရီးယား ဝယ်လက် တစ်ယောက် ဆိုရင် တော်တော်ကလေး အား ပေး တယ် ။ သူ လာ ခါ စ က ကျွန်တော် ရေး ထားတာ နှစ်ကား ပဲ ရှိသေးတယ် ။ သူ က နှစ်ကားလုံး ယူ သွားတယ် ။ သူ က ဆိုးလ် မှာ ဂယ်လာရီ ပိုင်ရှင် ။ သူ့ အတွက် လည်း အကျိုး ရှိ ပုံ ရတယ် ။ မကြာခင် တစ်ခေါက် ပြန် ရောက် လာပြီး ဆွဲပြီးသား တွေ ကျုံး ဝယ် သွားတယ် ။ နောက်ထပ် လည်း အော်ဒါ တွေ မှာ ပြီး ပြန် သွားတယ် ။
ပန်းချီ က ရုန်း တော့ ရုန်းကန် ရတယ် ၊ ကြိုးစား ရင် တော့ ဖြစ်ပါတယ် ။ အလုပ် တော့ တအား လုပ် ရ ပါတယ် ။ ကျွန်တော် က တော့ ကိုယ် လည်း ငြိမ်းချမ်း ၊ သူများ ကို လည်း ငြိမ်းချမ်းမှု ပေးချင် လာတယ် ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment