Thursday, August 7, 2025

သွားတက်ကလေးနဲ့


 

❝ သွားတက်ကလေးနဲ့ ❞
     ( မင်းတင်ထွဏ်း )

တော်တော် မုန်းစရာကောင်းတဲ့ လူကြီး ... နာမည်က ကိုဘဒင် ပါ ။ ဒါပေမဲ့ .... ကိုင်းတန်းဈေး ပျံကျ ဈေးသည်တွေကတော့ ... သူ့ ကွယ်ရာမှာ ‘ ဦးစည်းကမ်း ’ လို့ ခေါ်ကြတယ် ။

သူက ကျွန်မတို့ ပျံကျဈေးသည်တွေ ထွက်တဲ့ အပိုင်းမှာ တာဝန်ကျတဲ့ စည်ပင်သာယာ ဝန်ထမ်းလေ ။ လေးငါးယောက် ရှိတဲ့ အထဲမှာ သူက အငယ်ဆုံး ၊ အစွာဆုံး ၊ အာဏာ တစ်ပဲခြောက်ပြားလေးနဲ့ ဟိုနေရာ ဈေးမထွက်ရဘူး ။ ဒီနေရာ ဈေးမခင်းရဘူး ၊ သတ်မှတ်ထားတဲ့ မျဉ်း ကို ကျော်ပြီးတော့လည်း မရောင်းရဘူးနဲ့ စည်းကမ်းကြီးနေတဲ့သူ ။

လူက ထောင်ထောင်မောင်းမောင်း ၊ အသားက ညိုညို ၊ မျက်နှာက ခပ်တည်တည်နဲ့ ။ သူ့ ယူနီဖောင်းက အပြာရောင် ၊ ဒါကြောင့် ကျွန်မက သူ့ ကို ‘ ဘီလူး ’  လို့ နာမည်ပြောင် ပေးထားတယ် ။ သူ့ မြင်ရင် ‘ ဟေ့ ... ဘီလူးလာပြီ .. စည်းမကျော်နဲ့ ’ လို့ အချင်းချင်း လှမ်းပြီး သတိပေးတတ်တယ် ။

ဈေးဗန်းတွေ နောက်ဆုတ်ကြပေါ့ ။ မဆုတ်မိတဲ့ ဈေးဗန်း ဆိုရင် အတင်းမျဉ်းထဲ ဆွဲသွင်းတာ ။ ပါးစပ်ကလည်း ‘ စည်းကမ်းမရှိကြဘူး ’ နဲ့ အော်ဟစ်နေတာ ။

ကျွန်မကတော့ သူ့အသံ ကြားရင် ကျောစိမ့်သွားပေမယ့် မကြောက်ပေါင် ။ သူ့ ကွယ်ရာဆိုရင် ဈေးတောင်းကို နည်းနည်း ရှေ့တိုးလိုက်တာပဲ ။ ဟုတ်တယ်လေ ၊ ဈေးရောင်းတယ်ဆိုတာ သူများထက် ရှေ့တိုး ရောင်းမှ ရောင်းကောင်းတာကိုး ။ လူကြီး ဘာမှသိတာ မဟုတ်ဘူး ။ မရှိတဲ့ အစွယ်ကို ထုတ်ပြချင်နေတာလောက်သာ နားလည်တာ ။ တခြားသူတွေလို အစ်ကို ခေါ်လို့လည်း မရ ။ ဦးလေး ခေါ်လို့လည်း မရ ။ လက်ဖက်ရည် သောက်မလား ဆိုတော့ မျက်နှာထားကြီးနဲ့ အချို မရ ၊ အချဉ် မရတဲ့ တကယ့် လူ့ခွစာကြီး ။

oooooooooooooo

ကျွန်မကို ပျံကျဈေးသည် ဆိုပြီးတော့ ပေါ့သေးသေး မထင်ပါနဲ့ ။ အိမ်တော်ရာ မြောက်ပေါက်မှာ မွေးတဲ့ မန္တလေးသူ စစ်စစ်ပါ ။ အိမ်တော်ရာ ၊ ဈေးချို နဲ့ ကိုင်းတန်းဈေး ဆိုတာ ကျွန်မရဲ့ ကစားကွင်းပေါ့ ။ အဘွားက ကိုင်းတန်းဈေးမှာ ကုန်စိမ်း ရောင်းတယ်လေ ။ အဘွားမှာ သမီး ( ၃ ) ယောက် ရှိတယ် ။

အဘွား ဆုံးတော့ အိမ် ကို ရောင်းပြီး အမွေခွဲကြတယ် ။ ဆိုင် ကိုတော့ အမေက အမ်း ယူလိုက်တယ် ။ အမေ က ကိုင်းတန်းဈေးမှာ ကုန်စိမ်း ဆက်ထွက်တယ် ။ အမွေ ခွဲပြီးတော့ အမေက အရှေ့ပြင်မင်္ဂလာရပ် ၊ ဒေါ်လေးသီ က မြောက်ပြင် ၊ ဒေါ်လေးကြည် က ပိုက်ကျုံးဘက်ဆီတွေမှာ မြေ နဲ့ အိမ် ဝယ်ပြီး နေကြတယ် ။

အမေက ဈေးသည်ပီပီ လက်ဖွာတယ် ။ အကောင်းစားတယ် ။ အကောင်းဝတ်တယ် ။ ဈေးရောင်းရင် ပါတိတ်ဝမ်းဆက် လောက် ဝတ်တယ် ။ လက်နှစ်ဖက်မှာလည်း ရွှေလက်ကောက် တချွင်ချွင်နဲ့ ၊ လည်ပင်းမှာလည်း ရွှေဆွဲကြိုးကြီး တစ်ယမ်းယမ်း နဲ့ ပေါ့ ။ အဘွားတို့ ခေတ်က ဆိုရင် ဈေးချိုသူတွေက ရွှေခြေကျင်း ဝတ်ပြီးတောင် ဈေး ရောင်းတာတဲ့ ။

ဒါပေမဲ့ အမေ့လက်ထက် ကျတော့ ရွှေအစစ်တွေ က တဖြည်းဖြည်း မရှိတော့ဘူး ။ အဖေ ဖြုန်းတာနဲ့ ကုန်တာ ။ အမေ အပြုံး မပျက်ခဲ့ပါဘူး ။ ရွှေရည်စိမ်တွေ ဝတ်ပြီး ဈေးရောင်းခဲ့တယ်လေ ။ ဟုတ်ပ ... ဘယ်သူသိတာ မှတ်လို့ နော့ ။ အများလည်း လုပ်နေကြတဲ့ ကိစ္စလေ ။

အဖေကတော့ အိမ် မှာ မင်းသားပဲ ။ အဲ ... တကယ်လည်း အဖေက ဇာတ်မင်းသားပါ ။ ပန်တျာဇော်ဝင်း ဇာတ် မှာ လက်ထောက်မင်းသား လေ ။ ပန်တျာဇော်ဝင်းဇာတ် က အိမ်တော်ရာဘုရား မှာ နှစ်တိုင်း ကတယ် ။ အမေက ပွဲကြိုက်ခင် ။ ပန်းကြဲစင် က ကြည့်တာ ။ အမေက ပန်းကုံး တက် စွပ်ရင်း အဖေက “ မမ လှတယ်ဗျာ ” လို့ ညုတုတု ပြောလိုက်တာနဲ့ ကြိုက်သွားကြရောတဲ့ ။ အမေ နဲ့ ညားတော့ အဖေ့ ကို ဇာတ်က မခိုင်းတော့ဘူးတဲ့ ။

“ ဈေးဝယ်ကို အဆစ်သာ ပိုပိုသာသာ ပေးနိုင်တယ် ... အချစ်ကို ဘယ်သူမှ မျက်စောင်းထိုး မခံဘူး ” တဲ့ ။ ဒါက အမေ့ရဲ့ စကားလေ ။

ကျွန်မ မှတ်မိသရွေ့တော့ အဖေက ဘာအလုပ်မှ လုပ်တာ မဟုတ်ဘူး ။ ဒိုဘီကျလေး ဝတ်ပြီး မနက် လက်ဖက်ရည်ဆိုင် ၊ ည အရက်ဆိုင်မှာ အချိန်ကုန်ခဲ့တာ များတယ် ။ အဖေက အမေ့ဆီ လက်ဖြန့် တောင်းစရာမ လိုဘူး ။ အမေက အဖေ ဝတ်မယ့် အင်္ကျီအိတ်ထဲမှာ ငွေအသင့် ထည့်ပေးထားတာ ။
မင်္ဂလာရပ်ကွက် ရောက်တော့ အဖေက ဦးပေသီး ဆိုတဲ့ သူနဲ့ ပေါင်းပြီး ဖဲရိုက်တတ် လာတယ် ။ ဂျင်ထိုးတတ် လာတယ် ။ ရှုံးတော့ အမေ့ဆီ ငွေခဏခဏ တောင်းတယ် ။ အမေက အစတော့ ပေးနိုင်ပေမယ့် ကြာလာတော့ မပေးနိုင်တော့ဘူး ။ ဒီတော့ စကား များရတယ် ။ အဖေက ထွက်သွားတော့ အမေ က လိုက်ချော့ခေါ်တယ် ။ ရွှေတွေ ရောင်းပြီး ပေးရပြန်တယ် ။ ဒီကြားထဲ အဖေက လေဖြတ် ပြန်ရော ၊ အဖေ့ကို ဆေးကုဖို့ ဈေးဆိုင်ခန်း ရောင်း ရပြန်တယ် ။ မသက်သာပါဘူး ။

အဖေ ဆုံးတော့ အမေ့ မှာ မျက်ရည် နဲ့ မျက်ခွက် ။ ထမင်းလည်း မှန်မှန် မစားနိုင်တော့ဘူး ။ ဈေးလည်း မရောင်းနိုင်တော့ဘူး ။ ကျွန်မ အပြင် ညီမလေး မချူး နဲ့ မောင်လေး မောင်တူး လည်း ရှိသေးတော့ ကျွန်မက ( ၉ ) တန်း နဲ့ ကျောင်းထွက်ပြီး ပျံကျဈေး ရောင်းရတာပေါ့ ။ အခုဆို ပျံကျဈေးသည် လုပ်သက် ( ၃ ) နှစ် ရှိပြီလေ ။

“ လုပ်ကြပါဦး.. ဈေးဝယ်ခြင်းထဲက ပိုက်ဆံအိတ် အလစ်သုတ်သွားလို့ ”

ခရမ်းချဉ်သီးသည် မထားမေရဲ့ အော်သံကြောင့် ကျွန်မ မော့ ကြည့်လိုက်တယ် ။ လူတစ်ယောက် လူအုပ် ကို တိုးပြီး ပြေးထွက်သွားတယ် ။ အားလုံး ကြောင်ပြီး ကြည့်နေကြတယ် ။

မကြာဘူး ။ အပြာရောင် ယူနီဖောင်းဝတ်သူ ( ၃ ) ယောက် ထိုလူ့နောက်ကို ပြေးလိုက်သွားတယ် ။ ဝေးဝေး မရောက်ခင် အလစ်သုတ်ကို မိပြီး ခေါ်လာတယ် ။ ကျွန်မ မုန်းတဲ့ ‘ ဘီလူး ’ က ထိုသူ့လက်ကို ချုပ်ထားပြီး မေးတယ် ။

“ ဒီလူလား ... ”

“ ဟုတ် ... ဟုတ်ပါတယ် ”

မထားမေ က ဖြေတယ် ။

“ ဒီပိုက်ဆံအိတ် လား ... ”

“ ဟုတ်ပါတယ်ရှင်.. ကျေးဇူးပါ ငါ့မောင်ရယ် ”

ဈေးဝယ် က တုန်တုန်ယင်ယင် ဖြေတယ် ။ ဒီတော့ ကိုရွှေဘီလူး က “ ခင်ဗျားတို့ ဈေးဝယ် တချို့က တော်တော်လေး ပေါ့တီးပေါ့ဆနိုင်ကြတယ် .... ပိုက်ဆံအိတ်က ခြင်းထဲ မှာ အလွယ်တကူ ထားတော့ အချောင်သမားတွေ အကြိုက်ပေါ့ .. နောင် ဆင်ခြင်ပါ ” လို့ ပြောတယ် ။ သူ့ အပူလား ၊ နောက် မထားမေ ဘက် လှည့်ပြီး ...

“ ခင်ဗျားတို့ ဈေးသည်တွေ ကလည်း ဈေးရောင်းဖို့ပဲ အာရုံစိုက် မနေ နဲ့ .. အလစ်သမားတို့ ၊ ခါးပိုက်နှိုက်တို့ ကို ဒီအနီးအနားမှာ တွေ့ရင် ပြောလို့ မှာထားတာ ... ဘယ်နှခါ လာ ပြောဖူးကြလဲ .. ဒီဈေးမှာ ခိုးဆိုးနှိုက် ကင်းမှ ခင်ဗျားတို့ ဈေးကောင်းကောင်း ရောင်းရတော့မှာပေါ့ ... ဝယ်တဲ့သူ ကလည်း အေးအေးချမ်းချမ်း ဝယ်နိုင်မှာပေါ့ ”

“ ဟုတ်တာပေါ့ ... ကိုဘဒင် ရယ် ”

မထားမေ က မျက်နှာချို လေသံပျော့နဲ့ ထောက်ခံတယ် ။

“ အစ်မကြီးလည်း ဈေးရုံးကို လိုက်ခဲ့ပါ ... ဟိုကျမှ လူကြီးတွေက ဆောင်ရွက်ပေးပါလိမ့်မယ် ”

ဈေးဝယ်ကိုပါ ခေါ်ပြီး အပြာရောင်ဘီလူးကြီး က အလစ်သုတ်သမားကို ခေါ်သွားတယ် ။

“ တော်တော်မုန်းစရာ ကောင်းတဲ့ လူကြီး .. သူ့ အစွယ် မန်ကျည်းစေ့ လောက်ကို တစ်တောင်လောက် မှတ်လို့ ထုတ်ပြနေတယ် ”

သူတို့ ထွက်သွားတော့ ကျွန်မက မျက်စောင်း ထိုးပြီး ပြောလိုက်တယ် ။ သူ့ လုပ်ရပ်ကို ချီးကျူးပေမယ့် ကျွန်မတို့ ပျံကျဈေးသည်တွေကို မဆီမဆိုင် ငေါက်တာကို တော့ မကျေနပ်ပေါင် ။ ဒင်းကို ကြည့်မရတာတွေ အများကြီး ။ ဆိုင်ကို ကိုယ် ထွက်ချင်သလို မထွက်ရဘူး ။

“ ဟေ့ ....မိတူး .... နင့် ဆိုင်နားမှာ အမှိုက်တွေ ရှုပ်ပွနေတာပဲ ...မရှက်ဘူးလား ... အိမ်မှာ လည်း ဒီလိုနေတာ ထင်တယ် ... သွားကောက်ပြီး အမှိုက်ကန်ထဲထည့် ” ဆိုပြီး အာဏာသံနဲ့လ ည်း ခိုင်းသေး ။ ဒါ ဒင်းလုပ်ရမှာ မဟုတ်လား ။ ကျုပ်တို့ က ဈေးကောက် ပေးထားရတာလေ ။ ကျွန်မ က ပေကတ်ကတ် လုပ်တော့ သူ စိတ်ရှည်ပုံ မပေါ်ဘူး ။ သူ့ ဘာသာ အမှိုက်တွေ ကောက်ပြီး အမှိုက်ကန်ထဲ သွားထည့်တယ် ။ ထည့်ပေါ့ ။ ကျွန်မမှာ ကျေနပ်လိုက်တာ ။

ကျွန်မတို့ ပျံကျဈေးသည်ထဲမှာ သူ့ကို အကောင်းပြောတာဆိုလို့ အပျိုကြီး မထားမေ ပဲရှိတယ် ။

“ ညည်းတို့ကလည်း အေ ... ကိုဘဒင် ကို မကောင်း မမြင်ကြပါ ... သူက စည်းကမ်းရှိတဲ့ ဝန်ထမ်းကောင်းပဲ ... သူ က စည်းကမ်းနဲ့ ပြောတာကို ငါတို့က မလိုက်နာနိုင်ကြတာပဲ ၊ ကဲ ... သူက ညည်းတို့ ၊ ငါတို့ အပေါ်ကို ညှဉ်းဖူးသလား ၊ ညစ်ဖူးသလား ၊ အခွင့်အရေး ယူဖူးသလား ... နေပူလို့ ရေပေးတာတောင် မသောက်တဲ့သူပါ အေ .. သူက ဈေးကို စနစ်တကျ ထွက်အောင် ၊ သန့်ရှင်းအောင် အာ အညောင်းခံပြီး ပြောနေတာပါ ... ကဲ ... အရင်ကဆိုရင် လမ်းလယ်ခေါင်ထိ ဈေးကို တက်ရောင်းကြတော့ ချယ်ကာလီ က ချိတ် ၊ ကား က တက်နင်းတော့ ရန်ဖြစ်နေကြရတာ မဟုတ်လား ...နောက်ပြီး ကိုယ့် ပစ္စည်းပဲ ပျက်စီးခဲ့ကြတာလေ ... အခုလို ကျယ်ကျယ်လွင့်လွင့် ရောင်းရတော့ စိတ်အေးကြရတယ် မဟုတ်လား ”

မထားမေ ကတော့ ကိုဘဒင် အကြောင်း ပြောရရင် ဟို .. ဈေးဝယ် ခဏစောင့်ဦးပဲ ... ။

ဒါကြောင့် ကျွန်မတို့ ပျံကျဈေးသည် တစ်စုက မထားမေ ကို ကိုဘဒင်နဲ့ ပေးစားကြတယ် ။ မထားမေ က စိတ်မဆိုးတဲ့ အပြင် ကျွန်မတို့ အားလုံးကို လက်ဖက်ရည် တောင် ဝယ်တိုက်သေးတယ် ။

oooooooooooo

အမေ ဆေးရုံ တင်ထားရလို့ ဈေးမထွက်နိုင်တာ ( ၂ ) ရက်ရှိပြီ ။

ငွေလိုလို့ မြောက်ပြင်မှာ နေတဲ့ ဒေါ်လေးသီ ဆီ အမေ ဆေးရုံတက်တာလည်း အကြောင်းကြားရင်း ငွေ သွားချေးတယ် ။ မချေးပါဘူး ။ ရှိသမျှ ငွေလေး ထုတ်ပေး လိုက်တာပါ ။

“ မိတူး ဘာမှ အားမငယ်နဲ့ ... ဒေါ်လေးတို့ ရှိတယ် ... ဆေးရုံ ပြန်နှင့် ၊ မကြည် ကို သွားခေါ်ပြီး ဆေးရုံ လိုက်ခဲ့မယ် ”

ဒေါ်လေးသီ က အားပေးစကား ပြောရှာတယ် ။

ဒေါ်လေးသီ ပေးတဲ့ ငွေကို ပိုက်ဆံအိတ်ထဲ ထည့်ပြီး လက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကာ အနောက်ဘက် ကျုံးဘေး ကနေ ဆေးရုံကြီးဆီကို ပြန်ခဲ့တယ် ။ အသွား တုန်းက လိုင်းကား ရှိနေပေမယ့် အပြန်ကျ မိုးချုပ်နေလို့ လိုင်းကား မရှိတော့ဘူး ။

ခပ်သွက်သွက် လျှောက်ခဲ့တယ် ။ နောက်က ခြေသံ ကြားလို့ လှည့်ကြည့် လိုက်တော့ လူနှစ်ယောက် နောက်က ကပ်ပါလာတယ် ။ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားတယ် ။ ခြေလှမ်းကို ပိုသွက်လိုက်တယ် ။ နောက်က ခြေသံပြင်းပြင်း ကြားရတယ် ။ လူတစ်ယောက်က ကျွန်မ လက်ထဲက ပိုက်ဆံအိတ်ကို ဆွဲလုတယ် ။ တစ်ယောက်က ကျွန်မ ကို ကိုယ်နဲ့ ဝင်တိုက်သွားတယ် ။ ကျွန်မ ပိုက်ဆံအိတ်ပါသွားတယ် ။ လူလဲကျ သွားတယ် ။

“ ကယ်ကြပါဦးရှင် .. ကျွန်မ ပိုက်ဆံအိတ် လုသွားလို့ပါ ”

ကျွန်မက အော်လည်း အော် ထပြီးလည်း ပြေးလိုက်သွားတယ် ။

ဒီအချိန် စက်ဘီး စီးလာသူ တစ်ယောက်က စက်ဘီးကို ရပ်ပြီး အလစ်သုတ်သူတွေ နောက် ပြေးလိုက်တယ် ။ မိတော့ တစ်ယောက် နဲ့ နှစ်ယောက် ထိုးကြိတ်ကြတယ် ။ အလစ်သုတ်သမား ဓားချက်က စက်ဘီးစီးသူ လက်မောင်းအိုးကို ထိသွားတယ် ။

“ လာကြပါဦးရှင် ... ”

ကျွန်မက ပြေးရင်း အော်တယ် ။ လမ်းလယ်ကျွန်းမှာ အလုပ် လုပ်နေကြတဲ့ စည်ပင်ဝန်ထမ်းတွေ ပြေးလာကြတယ် ။ ယောက်ျားရော ၊ မိန်းမရော ၊ အလစ်သုတ်သမား နှစ်ယောက်ကို ဝိုင်းဖမ်းကြတယ် ။ ရဲစခန်း ပို့လိုက်ကြတယ် ။ စက်ဘီးသမား လက်မောင်းရင်းမှာ သွေးတွေ ရဲလို့ .. ။

“ ဟင် ... ကိုဘဒင် ... ”

ဘုရား .. ဘုရား ... ကျွန်မ ကို ဝင်ကူညီသူက ကိုဘဒင် ပါလား ။

“ ဟာ .. မိတူး ... ”

ကိုဘဒင် ကလည်း ကျွန်မကို အံ့သြစွာ ကြည့်နေတယ် ။

ကိုဘဒင်ကို  စည်ပင်ကား နဲ့ ဆေးရုံ ပို့ကြတယ် ။ ကျွန်မ လည်း ကိုဘဒင် ဘေးနားက လိုက်သွားတယ် ။ ဝေဒနာကို ကြိတ်မှိတ်ခံစားနေတဲ့ သူ့ မျက်နှာကို မြင်တော့ သနားလိုက်တာ ။

oooooooooooo

သားလေး ရက် ( ၁၀၀ ) ပြည့်တော့ မွေးနေ့ပွဲ ကျင်းပတယ် ။ အစ်ကိုကြီးက လုပ်ပေးချင်တာ မဟုတ်ဘူး ။ စည်ကမ်းသမား ၊ စားရင်းဇယားသမား ဆိုတော့ ငွေကုန်မှာ စိုးတာပေါ့ ။ ကျွန်မကတော့ သားဦးမို့ သူများ နည်းတူ မင်္ဂလာ တစ်ခုတော့ လုပ်ပေးချင်တယ်လေ ။ လုပ်မပေးရဘူး ဆိုတော့ ကျွဲမြီးတိုတာပေါ့ ။ စကား သုံးရက် လောက် သူ့ ကို မပြောဘဲနေတော့ ‘ မိတူး ’ သဘောတဲ့ ။

ကျွန်မက အရင်လောက် လက်မဖွာတော့ပါဘူး ။ ငွေတန်ဖိုး နားလည်နေပါပြီ ။ အသုံး နဲ့ အဖြုန်း ၊ ပကာသန နဲ့ သဘာဝ ၊ အတု နဲ့ အစစ် စတာတွေကို အစ်ကိုကြီး ပြောပြလို့ နားရည်ဝ နေပါပြီ ။ ဘုန်းကြီး ( ၅ ) ပါးကို ဆွမ်း နဲ့ ဝတ္ထုကပ်ပြီး ဧည့်သည်တွေကို  ကြာဆံဟင်းနဲ့ ဧည့်ခံမှာပါ ။ အစ်ကိုကြီးက သူ့ရုံးက ရင်းနှီးသူ လောက်သာ ဖိတ်တယ် ။ ကျွန်မကလည်း ရပ်ကွက် ထဲက လူကြီးတွေရယ် ၊ အိမ်နီးနားချင်းတွေရယ် ၊ ဒေါ်လေးတို့ရယ် ၊ လုပ်ဖော်ကိုင်ဖက် ပျံကျဈေးသည်တွေ လောက်သာ ဖိတ်တာပါ ။

ဟင်း .. ဟင်း .. မထားမေ တို့နဲ့ ပျံကျ ဈေးသည်မတွေ လာရင် ကျွန်မ နဲ့ အစ်ကိုကြီး ကို စကြနောက်ကြမှာ သေချာတယ် ။ အခု အစ်ကိုကြီးက ရုံးသွားပြီ ဆိုတော့ ကျွန်မကတော့ လှိမ့်ခံနေရတော့မှာပေါ့ ။

အစ်ကိုကြီး ဆိုတာက ... ၊ ဟင်း .. ဟင်း ... ကျွန်မ မုန်းတယ်လို့ ပြောပြောနေတဲ့ အပြာရောင်ဘီလူးကြီး လေ .. ၊ ကိုဘဒင် ပေါ့ ။

ရေစက်များ ဆန်းကြယ်ပုံ က ကျွန်မကြောင့် သူ ဆေးရုံ ရောက်တော့ ခွဲစိတ်ခန်း တန်း ဝင်ရတယ်လေ ။ ခွဲစိတ်မှုက အောင်မြင်ပါတယ် ။ ဆေးရုံမှာ ( ၂ ) ပတ်လောက် တက်လိုက်ရတယ် ။ သူက အမေအိုကြီးနဲ့ နေတာ ။ အမေက ကျန်းမာရေး ကောင်းတာမဟုတ်ဘူး ။ သူ့ကို မစောင့်နိုင်ဘူး ။ ဆွေမျိုးရင်းချာတွေလည်း မန္တလေးမှာ မရှိဘူး ။ ဒီတော့ သူ့ကို စောင့်မယ့်သူ မရှိဘူး ။ ညဆိုရင် အရေးမကြီးဘူး ။ သူတို့ စည်ပင်က ဝန်ထမ်းတွေ တစ်ယောက် တစ်လှည့် လာစောင့်ပေးကြတယ် ။

ကိုဘဒင် ကို ဒေါ်လေးသီ က သိတယ် ။ ဒေါ်လေးသီ တို့ အိမ်နားမှာ အိမ်ငှား နေကြတာတဲ့ ။

“ မောင်ဘဒင် တို့က စဉ့်ကူးနယ် ဘက်က ၊ မောင်ဘဒင် က ပညာတော်တယ် ၊ ဆယ်တန်းကို ( ၃ ) ဘာသာဂုဏ်ထူးနဲ့ အောင်တယ် ၊ ကွန်ပျူတာတက္ကသိုလ် တက်ခွင့် ရတော့ မိသားစုလိုက် ပြောင်းလာပြီး အိမ်ငှား နေကြတယ် ။ မိသားစုက ( ၃ ) ယောက် တည်းပါ ။ သား ပညာရေးအတွက် မြို့ တက်လာကြတာ ။ မောင်ဘဒင် အဖေ ဦးဘရင် က ထောင်ထောင်မောင်းမောင်း သန်သန်မာမာ ရယ် ။ ပွဲရုံမှာ ကုန်ထမ်းတယ် ။ သူ့အမေ ဒေါ်မြအေး ကတော့ ပန်းနာရင်ကျပ်သည်ပါ ။ မိသားစုလိုက် အေးပြီး ရိုးကြပါတယ် ။ အဲ ... ဖြစ်ချင်တော့ အသောက်အစား ကင်းတဲ့ ဦးဘရင် က အသည်းကင်ဆာ နဲ့ ဆုံးသွားရှာတယ် ။ မောင်ဘဒင် ခမျာ လှေလှော်ရင်း တက်ကျိုးသွားတာပေါ့ ၊ တက္ကသိုလ်က ထွက်ပြီး စည်ပင်သာယာမှာ အလုပ် ဝင်လုပ်နေရတယ် ။ ကျန်းမာရေး မကောင်းတဲ့ မိခင်ကြီး ကို လုပ်ကျွေး ပြုစုနေရှာတာပေါ့ ။ မောင်ဘဒင် က အသောက်အစား အပျော်အပါး ကင်းပြီး တကယ့် ဘဝ နာတဲ့ ကလေး ... ရပ်ရွာရေးကိစ္စလည်း တက်ကြွစွာ ဝင်ကူသလို ရည်မှန်းချက်လည်း အပျောက် မခံတဲ့သူ ၊ စာပေးစာယူနဲ့ မနှစ်က ဘွဲ့တောင် ယူပြီးပြီလေ ... ”

ဒေါ်လေးသီ စကားကြောင့် ကျွန်မ ထင်ထားတဲ့ အစွယ်ပြူးပြူး နဲ့ ဘီလူးကြီး က မင်းသားလေး ဖြစ်သွားတော့တာပေါ့ ။

“ ဟုတ်ရဲ့လား ... ဒေါ်လေး ရယ် ”

ကျွန်မက မယုံသလို မေး လိုက်တယ် ။

“ ရွှေမန်းတင်မောင် လေသံနဲ့ ပြောရရင် ဒါ့ထက်တောင် ပိုသေး ၊ ကဲ ... ကြည့်ပါလား ၊ ညည်းကို ဘုမသိဘမ သိနဲ့ ကူညီခဲ့တာ မဟုတ်လား ... မောင်ဘဒင်က ညည်းကျေးဇူးရှင် ၊ သူ့ ကို နေ့စောင့်မယ့် သူ မရှိရင် ညည်းစောင့်ပေး ”

“ အို ... ဒေါ်လေးသီ ကလည်း အမေ့ကို ဘယ်သူ စောင့်ပေးမှာလဲ ”

“ မပူနဲ့ မချူး နဲ့ အတူး လည်း ရှိတယ် ၊ ငါ နဲ့ မကြည် လည်း ရှိတယ် ”

ဒေါ်လေးသီ စကားကြောင့် ရယ် ၊ ကျွန်မ ကိုယ်တိုင်က လည်း စောင့်ပေးချင်တာရယ်ကြောင့် နေ့ပိုင်းကို သွား စောင့်ပေးမိတယ် ။

ဟွန်း ... တော်တော် မုန်းစရာကောင်းတဲ့ လူကြီး ။ သူ့ကိုလည်း သနားလို့ စေတနာနဲ့ စောင့်ပေးရသေး ။ ရည်းစားစကားလည်း အပြော ခံရသေးတယ် ။ အဲဒီကျတော့ လေသံက နုလို့ ၊ မျက်နှာက ချိုလို့ ။ အဖြေ မရမချင်း နှစ်ကိုယ်ကြား တတွတ်တွတ် ရည်းစားစကားကို ဂါထာရွတ် သလို ပြောနေတာ ၊ ကြာတော့ အမြင်ကတ် လို့ “ အင်းပါ ” လို့ ပြောလိုက်ရတယ်လေ ။ ဒါကိုပဲ လူကြီးက ပျော်လို့ ။

ဆေးရုံက ဆင်းတော့ အမေ့ကို ခွင့်တောင်းပြီး လက်ထပ်ကြတယ်လေ ။ သူတို့ သားအမိ နှစ်ယောက် ကျွန်မတို့ အိမ် ရောက်လာတယ် ။ ကျွန်မကို ပျံကျဈေး မရောင်းခိုင်းတော့ဘူး ။ အိမ်မှာ အိမ်ဆိုင်လေး ဖွင့်ပေးတယ် ။ ကျွန်မက ဈေးရောင်းတယ် ။ အစ်ကိုကြီးက စာရင်းဇယား ကိုင်တယ် ။ ဈေးဝယ်ပေးတယ် ။ အခုတော့ အိမ်ဆိုင်ကြီး ဖြစ်နေပါပြီ ။

အစ်ကိုကြီးလည်း ရာထူး တက်တယ် ။ သားလေး လည်း ရတယ် ။ အမေတို့ နှစ်ယောက် ကလည်း တရားစခန်းမှာ ၊ မိချူး နဲ့ မောင်တူး ကလည်း တက္ကသိုလ်မှာ ၊ ကျွန်မတို့ မိသားစုရိပ်မြုံ က ပျော်စရာပါ ။

ထင်တဲ့ အတိုင်း မထားမေတို့ တစ်သိုက် ( ၁၂ ) နာရီ ထိုးမှ ရောက်လာကြတယ် ။ ကြာဆံဟင်း ရော ၊ ဘုန်းကြီးပွဲကျ ထမင်းရော ကျွေးလိုက်တယ် ။

သူတို့ ရောက်လာတော့ လက်ပံပင် ဆက်ရက် ကျသလို ဆူညံသွားတာပဲ ။ ကျွန်မကို စကြ ၊ ပြောင်ကြ ၊ နောက်ကြပေါ့ ။ ပြန်ခါနီးကျ မထားမေ က ..

“ မိထူး ... ကိုဘဒင် မှာ အစွယ် ရှိတယ်ဆို ... မန်ကျည်းစေ့ လောက်လား ... တစ်တောင် လောက်လား ... ”

ကျွန်မက ပြုံးပြီး ...

“ မထားမေ ကလည်း အစ်ကိုကြီးမှာ အစွယ် မရှိပါဘူး ” လို့ ပြောလိုက်တယ် ။

“ ဒါဆိုရင် ဘာရှိတာလဲ ”

တစ်ယောက်က စတယ် ။

“ အဟိ ... သွားတက်ကလေးပါ ”

“ ဟား ... ဟား ... ဟား ... ဟား ”

“ ဟီး ... ဟီး ... ဟီး ... ဟီး ... ဟီး ”

ကျွန်မ စကားကြောင့် အားလုံး ရယ်မောကြတယ် ။ အုန်းအုန်းကို ထလို့ ။

⎕ မင်းတင်ထွဏ်း

📖မန္တလေးမြို့ ၊ စည်ပင်သာယာနှစ်ပတ်လည်မဂ္ဂဇင်း
     ဒီဇင်ဘာလ ၂ဝ၁ဝ

Wednesday, August 6, 2025

သူ ကျွန်မသိသော


 

❝ သူ ကျွန်မသိသော ❞
        ( မြူမြူ )

ကျွန်မ နှစ်သက်လွန်းလို့ ခဏခဏ ပြန်ဖတ်မိတဲ့ ဘာသာပြန် ဝတ္ထုတိုလေး တစ်ပုဒ်ရှိရဲ့ ။ ပထမတော့ ဖတ်တဲ့ အခေါက်ရေကို ကျွန်မ မှတ်မထားမိလိုက်ပါဘူး ။ ဒါပေမဲ့ နောက်နှစ်ခေါက် ၊ သုံးခေါက် ပြန်ဖတ်မိလိုက်တဲ့အခါ အခေါက်ရေကို ကျွန်မ စမှတ်ထားလိုက်တော့တယ် ။ ဝတ္ထုတိုလေး ပေါ်မှာ ကျွန်မ စွဲလမ်းမှု အတိမ်အနက်ကို သိချင်လို့ပါပဲ ။ အခေါက် ၂ဝ ဖတ်ပြီးတဲ့ နောက်မှာ ကျွန်မ ဝတ္ထုတိုလေးကို ဖတ်ပြီးတာ ဘယ် နှစ်ခေါက်ရှိပြီလဲ ဆိုတာကို မမှတ်မိတော့ပြန်ဘူး ။ ဘာလို့လဲ ဆိုတော့ ကျွန်မက အားရင် ဒီဝတ္ထုတိုလေးကို ကောက်ကောက် ဖတ်မိနေလို့ပါပဲ ။ တခြား စာအုပ်တွေ ၊ မဂ္ဂဇင်းတွေ ဖတ်ပြီးလည်း နောက်ဆုံးပိတ် အနေနဲ့ ဒီဝတ္ထုလေးကို ဖတ်တတ်တယ် ။ နောက်ဆုံး ဒီဝတ္ထုတိုလေးကို ကျွန်မ ဖတ်ပြီးသွားတာ အကြိမ် တစ်ရာမြောက်လား ၊ အကြိမ် တစ်ထောင်မြောက်လားတောင် သဲသဲကွဲကွဲ စဉ်းစားလို့ မရတော့ပြန်ဘူး ။ ဆိုလိုတာက ကျွန်မ ဒီဝတ္ထုလေးပေါ် ဘယ်လောက် စွဲလမ်းတယ်ဆိုတာကို ပြောချင်တာပါ ။

တကယ်တော့ ဒီဝတ္ထုလေးဟာ သာမန် ဝတ္ထုတို လေးပါပဲ ။ ဘဝသရုပ်ဖော်လည်း မဟုတ်ဘူး ။ ဘဝဒဿနဆိုင်ရာ ဝတ္ထုမျိုးတွေ ထဲမှာလည်း မပါဘူး ။ နောက်ပြီး နိုင်ငံရေးနဲ့ နွယ်တဲ့ ဝတ္ထုမျိုးလည်း မဟုတ်ပြန်ဘူး ။ ရိုးရှင်းတဲ့ အချစ်ဝတ္ထုလေး တစ်ပုဒ် ။ သိပ်ကို ရိုးရှင်းတဲ့ အချစ်ဝတ္ထုလေး တစ်ပုဒ်ပါပဲလေ ။

ဒါပေမဲ့ စာရေးဆရာ ရေးထားတာကို ဖတ်လိုက်ရတဲ့အခါမှာ အဲဒီ အချစ်ဟာ ကျွန်မ အဖို့ သိပ်ကို ကြည်နူးသွားတယ် ။ သိပ်ကို လွမ်းမောသွားတယ် ။ သိပ်ကို ရင်ခုန်သွားတယ် ။ ဝတ္ထု ပြီးသွားတော့ ပင့်သက် ရှည်ရှည်ကြီးကို အကြာကြီး ချမိသွားတယ် ။ အတွေးတွေလည်း ရှည်နေမိတယ် ။

အင်း ... အင်း ... ထားပါတော့ ။ အခု ကျွန်မ ပြောမယ့် အကြောင်းအရာလေးက ဒီလို အချစ်ဝတ္ထုမျိုး တော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ အကြောင်းအရာပေါ်မှာ ခံစားပုံချင်း တူလိမ့်မယ် ထင်တယ် ။ ကာယကံရှင်အတွက် သိပ်ကို အရေးပါ ၊ သိပ်ကို ကြီးကျယ်နေတဲ့ ခံစားမှုမျိုးက ဆင်လိမ့်မယ်ထင်ပါရဲ့ ။ ကျွန်မ ပြောပြမယ့် ဝတ္ထုလေးကို ဖတ်ပြီးမှပဲ ရှင်းလင်းသွားလိမ့်မယ်ထင်ပါရဲ့ ။

ဟိုး တမြန်နေ့ကပေါ့ ။ တစ်နှစ်တစ်ခါ ပုံမှန် စစ်ဆေးနေကျ ဆေးစစ်ချက် အဖြေကို ဓာတ်ခွဲခန်းမှာ သွားယူတယ် ။ ဆရာဝန်ကို ပြလိုက်တော့ မျက်မှောင် ကျုံ့သွားတယ် ။ မကြာမီမှာပဲ ကျွန်မ ခန္ဓာကိုယ်ထဲမှာ အကျိတ်အဖု တစ်ခု ရှိနေတယ်ဆိုတာကို ဘွားဘွားကြီး သိလိုက်ရတော့တာပါပဲ ။

ဆေးခန်းက ပြန်လာတဲ့ ကျွန်မ ခြေထောက်တွေဟာ ထုထည်ကြီးမားတဲ့ သံတုံးကြီး ဆွဲထားသလို လေးလံနေတယ် ။ ကျွန်မ ခန္ဓာကိုယ်ဟာ အလိုလို မောပန်းလာနေပြီး ရုတ်ခြည်း အားကုန်ခန်းနေတယ် ။ ဆေးခန်းနှင့် ခပ်လှမ်းလှမ်း ရောက်လာလို့သာ ကျွန်မ ခြေလှမ်း လှမ်းနေတယ်ဆိုတာ သိပေမယ့် ကျွန်မရဲ့ ခန္ဓာကိုယ်ဟာ နောက်က တိုက်လိုက်တဲ့ လေတိုက်နှုန်း အရှိန်ကြောင့် ရှေ့ကို လွင့်ထွက်လာတယ်လို့ပဲ ထင်နေတယ် ။

အလာတုန်းက ကျွန်မ သွားရာ လမ်းတစ်လျှောက် သိပ်ကို လှပနေတယ်လို့ ခံစားကြည်နူးခဲ့တာ ၊ မိုးရေစက်တွေ တင်နေတဲ့ သစ်ပင် ၊ သစ်ရွက်တွေဟာ အစိမ်းရောင် ပိုတောက်တဲ့ မိုးသားကင်းစင်သွားတဲ့ ကောင်းကင်ကျယ်က ပြာလွင်လို့ ၊ အညစ်အကြေးတွေကို ဆေးကြော ချထားလို့ အိမ်တွေကလည်း သန့်ရှင်းစင်ကြယ်လို့ ။

အခုတော့ သစ်ပင်တွေက စိမ်းပုပ်ပုပ်ကြီးတွေ ၊ ပင်စည်နှင့် ကိုင်းဖျားကိုင်းနားတွေကလည်း မီးလောင်ထားတဲ့ သစ်ကိုင်းခြောက်ကြီးတွေ ကျနေတာပဲ ။ သစ်ရွက်တွေပေါ် တင်နေတဲ့ မိုးရေစက်တွေဟာ စိန်ပွင့် တွေကနေ တစ်မုဟုတ်ချင်းကိုပဲ အဆိပ်ရည်တွေ ဖြစ် သွားတယ် ။

ရေညှိစိမ်း တက်နေတဲ့ အုတ်ခင်းလမ်းရှည် မျောမျောပေါ်မှာ လျှောက်လာတဲ့ ကျွန်မဟာ စပါးအုံးမြွေကြီးတစ်ကောင်ရဲ့ အာခံတွင်းဝ ထဲကို လျှောက်နေတယ်လို့ ထင်နေမိတယ် ။ ကျွန်မ မြင်နေကျအရာ တွေဟာ အရင် ကျွန်မ မြင်တွေ့ နေရတဲ့ ပုံစံတွေနဲ့ မတူဘဲ လုံးဝ ခြားနားကုန်တယ် ။ ဆေးသုတ်သမားတစ်ယောက် ဟာ ချက်ချင်းပဲ ကျွန်မရှေ့မှာ အမည်းရောင်သုတ်ဆေးကြီးကို သုတ်ချ လိုက်သလို အားလုံးဟာ မှောင်ပိန်းပိန်းကြီး ဖြစ်သွားတယ် ။

နောက်တစ်ရက်မှာ ကျွန်မဟာ အထူးကု ဆရာဝန်ကြီး တစ်ယောက်ရဲ့ ဆေးခန်းဝမှာ နာရီ တော်တော်ကြာ ရပ်စောင့်နေတယ် ။ ကျွန်မ ရောဂါနဲ့ ပတ်သက်ပြီး တိုင်ပင် ဆွေးနွေးဖို့ အဲဒီ ဆရာဝန်ကြီး ထံက အကြံဉာဏ် ရယူဖို့ ၊ နောက်ပြီး ကျွန်မ ဘာဆက်လုပ်သင့် ၊ မသင့် ဆုံးဖြတ်နိုင်ဖို့ ၊ အဲဒီ အထူးကုကြီးရဲ့ ဆေးခန်းရှေ့မှာ ကျွန်မ ရောက်နေတယ် ။

ကျွန်မ ရှေ့ကနေ တစ်ယောက်ပြီး တစ်ယောက် ဝင်သွားတယ် ။ တစ်ယောက်ပြီး တစ်ယောက် ထွက်လာတယ် ။ သူတို့ မျက်နှာတွေကို သေချာစွာ လိုက်ကြည့်တယ် ။ ခက်တာက အားလုံးဟာ ဝင်သွားတုန်းကလိုပဲ ပြန်ထွက်လာတော့လည်း သူတို့မျက်နှာတွေဟာ ပြောင်းလဲ မသွားကြဘူး ။ ကျွန်မ ဆိုလိုချင်တာက အနည်းငယ် တုန်လှုပ် နေတာပဲဖြစ်ဖြစ် ၊ ပြုံးယောင်သန်းလိုက် တာမျိုးဖြစ်ဖြစ် သူတို့မျက်နှာပေါ်မှာ ပေါ်လာမလားလို့ ကျွန်မ လိုက်ကြည့်နေမိတာ ။ ဟင့်အင်း ... ဘာမှ မပြောင်း လဲဘူး ။

အဲဒီအချိန်မှာ အပြာဝတ်လေးက ကျွန်မနာမည်ကို ခေါ်လိုက်တယ် ။ ကျွန်မ စိတ်တွေ လှုပ်ရှားစွာနှင့် ဆင်နားရွက် တံခါးတစ်ဖက်ကို အသာတွန်းပြီး ဝင်သွားတယ် ။ ဝင်လိုက်တာနဲ့ အထူးကုကြီးရဲ့ စားပွဲရှေ့ကို ရောက်တော့တာပါပဲ ။ အခန်းက ကျဉ်းကျဉ်းလေးရယ် ။ ဆရာဝန်ကြီး ရှေ့မှာ လူနာထိုင်ဖို့ ခုံတစ်လုံး ချထားတယ် ။ လူနာရဲ့အဖော်က ဘေးက မတ်တတ်ရပ် ။ ကျွန်မ ခုံမှာတောင် ဝင်မထိုင်ရသေးဘူး ။ ကဲ ... ပြော ၊ ဘာလုပ်ချင် တာလဲဆိုပြီး တန်း မေးတော့တာပါပဲ ။ ကျွန်မလည်း အံ့သြလွန်းလို့ နေရာမှာတင် ကြက်သေသေနေမိတယ် ။

အခု ကျွန်မမှာ ဖြစ်နေတဲ့ ရောဂါကိုတောင် စကားဟဟ မပြောရသေးဘူး ။ ဘာလုပ်ချင်လဲ တန်းမေးလိုက်တော့ ကျွန်မ လန့်သွားတာပေါ့ ။ ကျွန်မက ကုလားထိုင်မှာ ဝင် ထိုင်လိုက်ပြီး အထူးကုဆရာဝန်ကြီးကို ကျန်းမာရေး စစ်ချက်တွေ လက်နှစ်ဖက်နှင့် တရိုတသေ လှမ်းပေးလိုက်တယ် ။ သူက ကျွန်မ လက်ထဲက စာရွက်တွေကို တစ်ချက် ကြည့်ရုံပဲ ကြည့်တယ် ။ လှမ်း တောင် မယူပါဘူး ။ ကျွန်မလည်း စာရွက်တွေ ကိုင်ပြီး ကြောင်နေတုန်း ၊ အပြာဝတ်ကလေးက ကျွန်မ လက်ထဲက စာရွက်ကို ယူလိုက်ပြီး ဆရာကြီး လက်ထဲကို ထည့်ပေး မှပဲ ဆရာကြီးက ယူပြီး ဖတ်ကြည့်တော့တယ် ။ ကျွန်မ လက်ထဲက နေယူရင် ရွှေဖြစ်သွားမှာ စိုးရိမ်လို့နေမှာ ပဲလို့ ခပ်ကြောင်ကြောင် ကျွန်မ တွေးမိလိုက်သေးတယ် ။

ဆရာကြီးက လူနာ လုပ်ချင်တာကို သူက လုပ်ပေးမှာ ဖြစ်ကြောင်း ၊ လူနာက ဘာလုပ်ချင်မှန်း မသိဘဲ သူ့ ဆီရောက်လာတာကို သူ့ အနေဖြင့် ဘာမှမလုပ်တတ် ကြောင်း ကျွန်မကို ပြောပါရော ။ အကျိတ်အဖု ဆိုတာ ဆေးသောက်လို့ ပျောက်ကင်းမှဖြင့် သူ့အနေနှင့် အချိန်ကုန်ခံပြီး ဒီစားပွဲမှာ လာထိုင်မှာ မဟုတ်ကြောင်း ၊ သူ့မှာ လည်း သူသူငါငါလို ကိစ္စဝိစ္စတွေ ရှိကြောင်း လက်ဟန် ခြေဟန်နှင့် အော်ကျယ်အော်ကျယ် ပြောချပါလေရော ။

ကျွန်မ ဆိုတာ ချက်ချင်းပဲ လိပ်ပြာလေး တစ်ကောင် ဖြစ်သွားပြီး ဒီနေရာကနေ ပျံသန်းချင်စိတ် ပေါ်လာတယ် ။ နောက်ပြီး သူ့ဆီလာတဲ့ လူနာတွေ အကြောင်းကိုလည်း ကျွန်မကို ပြောနေသေးလေရဲ့ ။ လူနာတွေဟာ ခွဲဖို့လိုရင် ခွဲပါဆရာလို့ ပြောသေးတယ်တဲ့ ။ နောက်ပြီး သူတို့ ခွဲစိတ်ခံရမှာကို မကြောက်ကြကြောင်းလည်း ပြောသေးပြန်တယ် ။ ကျွန်မကိုလည်း ခွဲစိတ်ခံရမှာ ကြောက် ၊ မကြောက် မှန်မှန် ပြောလို့လည်း နှစ်ခေါက် လောက် မေးပြန်သေးတယ် ။ နောက်ပြီး ကျွန်မ ကြည့်ရတာ သိပ်ကြောက်နေပုံ ပေါက်တယ်လို့လည်း ပြောသေးတယ် ။ နောက်ပြီး သူ့လေသံ ကလည်း ဒေါကြီးမောကြီးနှင့် ။ ကျွန်မ ကြောက်လာပြီရယ် ။

မှန်ပါတယ် ။ သူအပြောနှင့်တင် ကျွန်မ အတော် ကြောက်လန့် နေမိပါပြီ ။ တော်တော်လည်း စိတ်ကုန်နေ မိပါပြီ ။ ကျွန်မရဲ့ သေသေချာချာ မသိရသေးတဲ့ ရောဂါကြောင့်လည်း ကျွန်မ အတော်စိတ်ဓာတ် ကျနေပါပြီ ။ နောက်ဆုံးမှာတော့ ဆရာဝန်ကြီး ရှေ့ကနေ ခပ်ယို့ယို့လေး ထပြီး ဆေးခန်းထဲကနေ ပြန်လာခဲ့တယ် ။ ကျွန်မရဲ့ ကျန်းမာရေး ကိစ္စကို တစ်လုံးတစ်ပါဒမျှ မပြောလိုက်တဲ့ အထူးကုကြီးရဲ့ရှေ့ကနေ ကျွန်မ ခေါင်းငုံ့ပြီး လှည့်ပြန်ခဲ့တယ် ။

အဲဒီတုန်းကများဆို ကျွန်မ လျှောက်နေတဲ့ ပေတရာလမ်းမကြီးဟာ ကျွန်မ ခေါင်းပေါ်မှာ ရောက်နေတယ်လို့ ထင်နေရတယ် ။ လူတွေကိုလည်း ပြောင်းပြန် မြင်နေရတယ် ။ သူတို့ဟာ ကျွန်မ ခေါင်းပေါ်ကနေ ဇောက်ထိုးမိုးမျှော် လျှောက်ပြီး ရယ်ရယ်မောမောနှင့် ဖြတ်သွားကြတယ် ။ ကားတန်းကြီးကလည်း ကျောင်း လွှတ်ချိန်နှင့် တိုက်နေတာမို့ တအိအိနှင့် ပက်ကျိသွား သလို ကျွန်မ ခေါင်းပေါ်က ဖြတ်မောင်းသွားကြတယ် ။ ကျွန်မဆို ဦးနှောက်တွေ ပွင့်ထွက်ကုန်ပြီး စိစိညက်ညက် ကြေသွားပြီလားလို့ ထင်မှတ်ပြီး ကိုယ့် ခေါင်းကိုယ်ကို ရစ်ပတ်ပြီး ဝင်မွှေသွားသလို ကျွန်မ ခန္ဓာကိုယ်ဟာ ချာလပတ် ယမ်းနေခဲ့တယ် ။

အဲဒီနေ့က တက္ကစီကား ငှားစီးပြီး အိမ်ကို ပြန်လာခဲ့လား ။ ဒါမှမဟုတ် လူတွေ တိုးကျပ်ညပ်သိပ်နေတဲ့ ဘတ်စ်ကားကြီးထဲမှာပဲ မျောပါလာခဲ့လားဆိုတာ ခု ကျွန်မ ပြန်စဉ်းစား ကြည့်ရင် ဝေဝေဝါးဝါး ချည်းပဲ ။ စိတ်နှင့်ကိုယ် လမိုင်း မကပ်ခဲ့တာကို ကျွန်မ ပြောတာပါ ။

အိမ်လည်း ရောက်ရော အိပ်ရာပေါ်မှာ ကျွန်မ ခွေနေတော့တာပါပဲ ။ ကျွန်မ စိတ်ထဲမှာ နောက်သုံးလ ၊ ဒါမှမဟုတ် နောက်ခြောက်လ ၊ ဒါမှမဟုတ် နောက် တစ်နှစ်နေရင် ကျွန်မ သေရတော့မှာပါလားဆိုတဲ့ တကယ်လည်း ဖြစ်နိုင်တဲ့ ၊ တကယ်လည်း မဖြစ်သေးတဲ့ ကြောင်တောင်တောင် အတွေးတွေက ပေါ့ သံစဉ်လို ဆူညံ နေတယ် ။ ဟစ်ဟော့ သံစဉ်လို ပေါက်ကွဲနေတယ် ။ နောက်ပြီး ဝေဒနာကို မခံချိမခံသာ ခံစားနေရတဲ့ ကျွန်မရဲ့ပုံကို မြင်ကြည့်ပြီး ကျွန်မကို တစ္ဆေလာလာ ခြောက်ပြနေလေရဲ့ ။

ဒါပေမဲ့ ကျွန်မရဲ့ မျက်ဝန်းထဲမှာ မြင်နေရတဲ့ ရုပ်ပုံကို ကျွန်မပုံ လို့သာ ပြောနေရတယ် ။ ကျွန်မရဲ့ ပုံလည်း မဟုတ်ဘူး ။ ကျွန်မနှင့် သိတဲ့ လူတွေရဲ့ပုံလား ။ ဒါလည်း မဟုတ်ပြန်ဘူး ။ ကျွန်မနှင့် မသိတဲ့ လူတွေရဲ့ ပုံလား ။ မဟုတ်ပြန်ဘူး ။ ကျွန်မ မျက်စိထဲမှာ ကျွန်မရဲ့ ပုံသဏ္ဌာန်ကို ပြတ်ပြတ်ထင်ထင် မြင်ရအောင် မြင်ကြည့်တယ် ။ သေသေချာချာ မြင်ကြည့်လေလေ ကျွန်မ သူရဲ့ ပုံပန်းသဏ္ဌာန်က ဝေဝါးလာလေလေ ။ ဒါပေမဲ့ အဲဒီ ရုပ်လုံး မပေါ်တဲ့ ကျွန်မရဲ့ ပုံက နာရီ ၊ မိနစ် ၊ စက္ကန့် မလပ် ကျွန်မကို လာခြောက်ပြနေလေရဲ့ ။

အဲဒီတော့မှ ကျွန်မ မသေချင်သေးပါလား ။ လောကကြီးမှာ နေချင်သေးပါလား ဆိုတာ ထင်ထင်ရှားရှား သိလာရတော့တယ် ။

တဟားဟား အော်ရယ်လိုက်တဲ့ အသံကို ကြားလိုက်မိရင် ၊ ဗလစ်ဗလစ်နှင့် ပြောနေတဲ့ စကားသံကို ကြားလိုက်မိရင် အချိန်နှင့်တွက်ပြီး တက်သုတ်ရိုက် ပိုက်ဆံ ရှာနေတဲ့ သူတွေကို တွေ့ လိုက်ရင် ၊ သူတို့တွေရဲ့ အသံ ၊ သူတို့တွေရဲ့ ခန္ဓာကိုယ် နောက်ကို လိုက်ပါသွားပြီး တော်တော် ကံကောင်းကြပါလားလို့ တွေးမိတယ် ။ သူတို့ ကျန်းမာလို့သာ ဒီလို ရယ်နိုင် ၊ ပြောနိုင် ၊ ရှာဖွေနိုင်တာပါလားလို့ တွေးမိပြီး သူတို့ကို အားကျနေမိတယ် ။

ဒီတော့မှ ကျန်းမာရေး ချွတ်ခြုံနေသူရဲ့ အားကျခြင်းဟာ ကျန်းမာခြင်းပဲ ဆိုတာ ကျွန်မ သဘောပေါက်မိတော့တယ် ။

••••• ••••• •••••

နောက်တစ်နေ့လည်းကျရော ကျွန်မဟာ အထူးကု နောက်တစ်ယောက်ရဲ့ အခန်းရှေ့က ခုံတစ်ခုံပေါ်မှာ ရောက်နေတယ် ။ အထူးကုဆရာဝန်ရဲ့ နာမည်ကို မြင်လိုက်တာနှင့် ကျွန်မစိတ်တွေ လှုပ်ရှားနေတယ် ။ တမြန်နေ့ အထူးကု အခန်းဝရှေ့မှာ ရပ်ပြီး စိတ်လှုပ်ရှားနေပုံချင်းနဲ့ မတူပြန်ဘူး ဆိုတာ ကျွန်မ သိနေတယ် ။

သစ်သားပြားပေါ်က နာမည်သုံးလုံးကို ကျွန်မ အဖန်ဖန် အလဲလဲ ရွတ်နေမိတယ် ။ သူ့ရဲ့ စိတ်သဘောထားကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်ကအတိုင်းပဲလားလို့ အကြိမ်ပေါင်း များစွာ တွေးမိနေတယ် ။

ကျွန်မရဲ့ ကျန်းမာရေး အပေါ်မှာဖြစ်နေတဲ့ အီမိုးရှင်း ၊ နောက် နာရီဝက်အတွင်းမှာ သူ့ကို မြင်ရတော့မယ့် ကျွန်မရဲ့ အီမိုးရှင်း ။ အဲဒီ အီမိုးရှင်းတွေဟာ ကျွန်မ သွေးထဲမှာ ဒီရေ တက်လာသလို တဝေါဝေါနှင့် ဖြစ်နေတယ် ။ အီမိုးရှင်းလှိုင်းတွေဟာ ဝေါဝေါဝုန်းဝုန်းနှင့် ။ ကျွန်မ ခန္ဓာကိုယ်ထဲမှာ ဗြောင်းဆန်အောင် ရိုက်ခတ်နေတဲ့ လှိုင်းသံကြီးကို ကျွန်မ အတိုင်းသား ကြားနေရတယ် ။

နောက်နာရီဝက် အကြာမှာ ကျွန်မ ခုံရှေ့က ဖြတ်လျှောက် သွားတဲ့ သူ့ကို မြင်လိုက်ရတော့တာပါပဲ ။ အခု ရှိမယ့် သူ့ ပုံပန်းကို လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က ပုံပန်းနှင့်မှန်းပြီး ပြီးခဲ့တဲ့ နာရီဝက်က ကျွန်မ စိတ်ကူးထဲမှာ ရေးဆွဲထားပြီးသား ။ အဲဒီအတိုင်းပဲ ။ ဘာမှ မပြောင်းလဲဘူး ။ မျက်နှာကြက်မှာ မြှုပ်ထားတဲ့ မီးချောင်း အောက်က သူ ဖြတ်သွားတော့ ၊ သူ့ပါးပြင်ပေါ်က အမည်းစက်လေးတွေကို ကျွန်မ သတိထားလိုက်မိတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်တုန်းကလည်း သူ့ပါးပြင်ပေါ်မှ အမည်းစက်ကလေးတွေ ရှိတာပဲ ။ ဒါပေမဲ့ အခု ပိုများလာသလားလို့ ကျွန်မ တွေးမိ လိုက်တယ် ။ သမားတော် ဆိုတဲ့ ဂုဏ်ဒြပ် အဆင့်အတန်း ပေါ်မှာ သူ့ စိတ်သဘောထားတွေ ပြောင်းကုန်ပြီလား  ။ ကျွန်မ သိချင်လိုက်တာလေ ။

တစ်အောင့်ကြာတော့ ကျွန်မဟာ သူ့ ညာဘက်မှာ ချထားတဲ့ ကုလားထိုင်ပေါ် ရောက်နေတယ် ။ ပထမတော့ လူနာတစ်ယောက်ကို ကြည့်လိုက်တဲ့ အကြည့်နှင့် ကျွန်မကို တစ်ချက် ကြည့်တယ် ။ ကြည့်ပြီးတဲ့နောက် ကျွန်မကို စူးစူးစိုက်စိုက် ပြန်ကြည့်တယ် ။ နောက်တော့ သာမန်ပဲ ကြည့်တယ် ။

သူ ကျွန်မကို လုံးဝ မမှတ်မိဘူးလို့ ထင်လိုက်တယ် ။ နောက် သူ မမှတ်ချင်ယောင် ဆောင်နေတယ်လို့ ထင်လိုက်ပြန်ရော ။ လိပ်ခဲတည်းလည်းတွေ ဖြစ်နေတယ် ။ ကျွန်မရဲ့ အဖြေတွေကလည်း သူ ကျွန်မကို မှတ်မိတယ် ။ ဟင့်အင်း ၊ မမှတ်မိချင်ယောင် ဆောင် နေတာ ။ မဟုတ်ဘူး ။ သူ ကျွန်မကို တကယ် မသိဘူး ။ တစ်လှည့်စီနှင့် တွေးရစ်လို့ ။

အနားကပ်ပြီး မြင်ရတဲ့ သူ့မျက်နှာပေါ်မှာ ကျွန်မကို အထက်တန်းကျောင်းသားဘဝတုန်းက မြင်ရတဲ့ ပုံရိပ်တွေကသာ ဓာတ်ပုံရိုက်နေသလို တဖျပ်ဖျပ် ပေါ်လာတယ် ။ လွယ်အိတ်ကြီး တကားကားနှင့် ခြေလှမ်း ကျဲကျဲ ငိုက်ငိုက်စိုက်စိုက် သွားတတ်တဲ့ သူ့ပုံရိပ် ၊ စာအုပ်ကို လွတ်ထွက် သွားမတတ် ငုံ့ဖတ်နေတဲ့ သူ့ ပုံရိပ် ၊ ပြုံးလိုက်တဲ့ သူ့ပုံရိပ် ၊ လေးနက်တည်ကြည်နေတဲ့ သူ့ပုံရိပ် ၊ အို .. ပုံရိပ်ပေါင်း များစွာက ဖျတ်ခနဲ ဖျတ်ခနဲ ။

သူဟာ ကျောင်းစာတွေကို ဖတ်နေရရင် ဖြစ်ဖြစ် ၊ သူနှစ်သက်တဲ့ စာအုပ်စာပေတွေကို ဖတ်နေရင် ဖြစ်ဖြစ် ၊ သူ့ heart beat က တအား ခုန်နေတယ် ဆိုတာကို ကျွန်မ ပကတိ စိတ်က အလိုလို သိနေတတ်တယ် ။ သူ့မျက်နှာ ပေါ်က အာရုံစူးစိုက်မှု ၊ စိတ်အားထက်သန်မှုနှင့် စိတ်ကြည်လင်အေးချမ်းမှုတွေကို ကျွန်မ မြင်ရလို့ပါပဲ ။ ကျွန်မကတော့ ကျောင်းစာများ ဖတ်ရရင် heart beat က တအား နှေးနှေးသွားလို့ ကိုယ့်ကိုယ်ကိုယ် သေသွားပြီလားလို့ ထင်ယောင်ပြီး အသက်ပြင်းပြင်း ခဏခဏ ပြန်ရှူနေရတဲ့ အဖြစ် ။

သူ့ရဲ့ ကောင်းသတင်းတွေက တစ်ဆင့်စကား တစ်ဆင့်နားနှင့် ကျွန်မဆီ ရောက်လာတတ်တယ် ။ ကျွန်မဟာ သူ့ကို စိတ်ထဲမှာ ရင်းရင်းနှီးနှီး အကျွမ်းတဝင်တွေ ဖြစ်နေတယ် ။

သူငယ်ချင်းတွေ ကြားက ရှည်ရှည်ကိုင်းကိုင်း သူ့အရပ်က ကျွန်မ စက်ကွင်းထဲမှာ ထင်းခနဲပဲ ။ သူ့ကို မြင်လိုက်ရင် ကျွန်မရဲ့ ကျောင်းသားစိတ်ဟာ နိုးကြားလာတတ်တယ် ။ အနည်းဆုံးတော့ စာကျက် မပျင်းရဘူးတို့ ၊ ဘာတို့ပေါ့ ။ ကျွန်မတို့ မြီးကောင်ပေါက် အရွယ်မှာ တွေ့ ရတတ်တဲ့ လောင်တတ် ၊ ပြောင်တတ်တဲ့ လူငယ်အကျင့်တွေက သူ့မှာ အားနည်းနေတာကို ကျွန်မ သတိထားမိတယ် ။

သူက တည်တယ် ။ ဒါပေမဲ့ မျက်နှာကြော တင်းတာလည်း မဟုတ်ဘူး ။ သူ ပြုံးလိုက်ရင် နှစ်လို ဖွယ်ကောင်းတယ် ။ တစ်မျိုးပဲလေ ။ ဒါပေမဲ့ သူက ရုပ်အဆင်း လှတဲ့သူတွေ ထဲမှာ မပါဘူး ။ မျက်နှာမှာ ယင်ချေးဥတွေတောင် ရှိလိုက်သေး ။ ဟင့်အင်း သူ ရုပ်မဆိုးပါဘူး ။ ကျွန်မ သိပ်မပြောတတ်တော့ဘူးရယ် ။

အဲဒီတုန်းက “ နှလုံးလှ ဆရာဝန် ” ထဲက ဒေါက်တာ နော်မန်ဗက်သွန်း တို့ “ သူ ” ဝတ္ထုကြီးထဲက ဆရာဝန် ကိုမြင့်မောင် တို့ကို ကျွန်မက ကျိတ်အားကျ နေခဲ့တာလေ ။ ၁၅ ၊ ၁၆ နှစ်အရွယ်ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေ ထဲမှာ အဲဒီ ဇာတ်ကောင်တွေရဲ့ စရိုက်တွေက အတော် လွှမ်းမိုးနေခဲ့တယ် ။

တစ်ခါတစ်ခါ လူတွေ ကြားထဲမှာ ကွင်းခနဲ ၊ ကွက်ခနဲ မြင်လိုက်ရတဲ့ အခါ ကျွန်မ စိတ်အတွင်းက သူ့နာမည်ကို ကျိတ်ရွတ်နေရင်း သူ့လို တော်အောင် ၊ နာမည်ကောင်းရှိနေအောင် ဘယ်လို ကိုယ့်ကို ထိန်း ကျောင်းပြုပြင်နေရမလဲဆိုတာကို အတွေးနှင့် စူးစမ်းနေမိတယ် ။

ဒါပေမဲ့ ကျွန်မနဲ့ သူက တစ်ရပ်ကွက်တည်း နေပေမယ့် လုံးဝ မသိခဲ့တဲ့ သူနှစ်ယောက် ။ မျက်နှာချင်း ရင်ဆိုင် တိုးခဲ့ရင်တောင် အကြိမ်ကို မှတ်ထားနိုင်တဲ့ အနေအထားမှာ ရှိတယ် ။ ကျွန်မနဲ့ သူက ကျောင်းချင်းလည်း မတူသလို ၊ ကျူရှင်ချိန်တွေလည်း တခြားစီ ။ အဝေးကနေ သူ့ကို ရိပ်ခနဲ မြင်လိုက်ရတာမျိုး ။ သူများ ဦးခေါင်းထက် ထိုးထွင်းနေတဲ့ သူ့ ဦးခေါင်းထိပ်ပိုင်းကို တစ်စိတ်တစ်ပိုင်း မြင်လိုက်ရတာမျိုး ။ ဒါလောက်ပဲရှိမယ် ထင်တယ် ။

တစ်ခါမှာတော့ လမ်းလျှောက်ရင်း စာရှင်းပြသွားတဲ့ သူ့အသံကို ကျွန်မ ကံကောင်းထောက်မစွာ ကြားလိုက်ရတယ် ။ သူ့အသံက တိုးတိုးညင်းညင်းလေး ရယ် ။ ဒါပေမဲ့ ကျွန်မ နားက ပါးတော့ သူပြောပြနေတာတွေကို ဖမ်းမိတယ် ။ ဖားပြုတ်ရဲ့ အစာလမ်းကြောင်းကို လမ်းသွားရင်း သူ ရှင်းပြသွားတာရယ် ။ သူ့အသံက နူးညံ့တယ် ။ ဒါပေမဲ့ ခွန်အားရှိတယ် ။ ပျော့ပျောင်းတယ် ။ ဒါပေမဲ့ လေးနက်တယ် ။ သိမ်မွေ့တယ် ။ ဒါပေမဲ့ တည်ကြည်တယ် ။

“ ဘာလုပ်လဲ ”

ရုတ်တရက် ကြားလိုက်တဲ့ အသံကြောင့် ကျွန်မ ခန္ဓာကိုယ် ဆတ်ခနဲ ဖြစ်သွားတယ် ။ သူ မေးလိုက်တဲ့အသံက တိုးတိုးဖွဖွရယ် ။ ညင်ညင်သာသာလေးရယ် ။ သူ့ အသံ တောင့်မနေဘူး ။ ဆောင့်မနေဘူး ။ ကျွန်မ ကိုယ်တိုင် လှမ်းပေးလိုက်တဲ့ ဓာတ်ခွဲခန်း စစ်ချက်တွေကို ဖတ်ကြည့်ပြီး ကျွန်မရဲ့ ဆေးမှတ်တမ်းစာအုပ်ကို စဖွင့်လိုက်ချိန်မှာ သူ့ထံက စကားသံ ပေါ်ထွက်လာတယ် ။ သူ ကျွန်မကို မှတ်မိနေသလား ။ သူ ခေါင်းကို ငုံ့ထားတဲ့ အတွက် သူ့ မျက်ဝန်းကို ကျွန်မ ဂဃနဏ ဖတ်လို့မရပြန်ဘူး ။ သူမေးလိုက်တဲ့ မေးခွန်းပေါ်မှာပဲ သူ ကျွန်မကို မှတ်မိတယ် ဆိုတာ သေချာစေပြန်တယ် ။ ဒါပေမဲ့ ရောဂါဇာစ်မြစ်ကို ရှာဖို့လိုအပ်လို့ သူမေးတာလည်း ဖြစ်နိုင်တယ် ဆိုတဲ့ အတွေးလည်း ဝင်လာရော သူ ကျွန်မကို လုံးဝ မမှတ်မိပါလားလို့ ထင်လိုက်ပြန် ရော ။

သူက ကျွန်မကို မေးခွန်း နှစ်ခု ၊ သုံးခုလောက်လည်း မေးပြီးရော သူ့ထံက လုံးဝ မျှော်လင့်မထားတဲ့ စကားတစ်ခွန်း ထွက်လာတယ် ။ ကျွန်မ လုံးဝမျှော်လင့် မထားခဲ့တဲ့ စကားပါ ။

“ စာရေးဆရာတွေက ဆရာဝန်တွေ မကောင်းချည်းပဲ ရေးနေကြတယ် ။ ကောင်းတာလေးတွေလည်း ရေးပေးပါဦး ”

စာရွက်ပေါ် ငေးစိုက်ကြည့်ရင်း သူ့နှုတ်ခမ်းက ထွက်လာတဲ့ အသံဟာ နူးညံ့ပျော့ပျောင်းနေတယ် ။ မေတ္တာရပ်ခံသံရယ် ၊ အံ့သြမှင်တက်ရင်း သူ့အသံ အောက်မှာ ကျွန်မ နှုတ်ဆိတ် ပြုံးနေမိတယ် ။ တစ်ဆက် တည်း တမြန်နေ့က ကျွန်မ တွေ့ လိုက်ရတဲ့ အထူးကုကြီး ကိုလည်း ကျွန်မ မြင်ယောင် မိနေလေရဲ့ ။ နောက်ပြီး ကလောင်တစ်ချောင်းကိုင်ထားပြီး ကိုယ်နှင့် စိတ်မတွေ့တိုင်း ရေးနေကြမယ်ဆိုရင်တော့ ဒါဟာ အတော်စိတ်မကောင်းစရာပဲလို့လည်း ကျွန်မ ဆက်တွေးနေမိသေးတယ် ။

နောက်ပြီး ကျွန်မ ဖတ်ဖူးတဲ့ “ အဖြူရောင် သစ္စာပန်း တစ်ပွင့် ” ဘာသာပြန် ဝတ္ထုကြီးထဲက ဒေါက်တာခရစ်ရဲ့ စကားတွေကိုလည်း ပြန်ကြားယောင်နေမိလေရဲ့ ။ ဆရာဝန်တွေဟာ ခြောက်လှန့်တတ်သူတွေ မဟုတ်ဘူး ။ ခြောက်လှန့်တတ်သူတွေဟာလည်း ဆရာဝန် မဖြစ်နိုင်ဘူး ဆိုတဲ့ စကားက ကျွန်မနားထဲ ပဲ့တင်ရိုက်နေတယ် ။

နောက်ပြီး ဆေးပညာကို နားမလည်တဲ့ လူတွေက ဘယ်လောက်ပဲ အသိဉာဏ်ရှိတယ် ပြောပြော ၊ ဘယ် လောက်ပဲ ရှင်းပြရှင်းပြ နောက်ဆုံးကျတော့ တလွဲတချော်ကို အဓိပ္ပာယ် ကောက်ယူတတ်တယ် ဆိုတဲ့ ဒေါက်တာခရစ်ရဲ့ သဘောထားကိုလည်း ကျွန်မ တွေးနေမိလေရဲ့ ။ ဆရာဝန်နဲ့ လူနာကြားက အဖုအထစ် ကလေးတွေကို ကျွန်မနည်းနှင့် ကျွန်မ ရှာကြည့်တယ် ။ ဆန်းစစ်ကြည့်တယ် ။ မြင်ကြည့်တယ် ။

ထားပါတော့လေ ။ ကျွန်မ ပြောမယ့် ဇာတ်လမ်းကို ဆက်လိုက်ပါဦးမယ် ။

“ စိတ်တိုတတ်လား ”

တိုးတိုးဖွဖွ သူ့မေးခွန်း အောက်မှာ ကျွန်မ ဒေါက်တာနော်မန်ကို သတိရသွားတယ် ။ ဆရာဝန် ကိုမြင့်မောင် ကို တမ်းတမိတယ် ။ တစ်ချိန်တုန်းက ကျွန်မ ရဲ့ ideal တွေကို ကျွန်မ သတိရလိုက်တယ် ။ တစ်ချိန်က သူ့ ရဲ့ အနေအထိုင်တွေ ၊ သူရဲ့ ပြောပုံဆိုပုံတွေ ၊ သူရဲ့ ပြုမူပုံတွေက ကျွန်မရဲ့ မျက်လုံးတွေကို သူ့ဆီ တွန်းပို့စေခဲ့တယ် ။ မြင်လိုက်တာနှင့် သူ့ကို စောင့်ကြည့်စေခဲ့တယ် ။

“ သာမန်ထက် ပိုစိတ်တိုတတ်လား ”

ကျွန်မထံမှ ဘာတစ်ခွန်းမှ ထွက်မလာတော့ သူက လေသံ အနည်းငယ်မြှင့်ပြီး မေးလိုက်တယ် ။ အဲဒီတော့မှ ကျွန်မဟာ သမားတော် တစ်ယောက်ရဲ့ရှေ့မှာ ထိုင်နေမှန်း သတိပြန်ဝင်လာတော့တယ် ။

ကျွန်မရဲ့ ပင်ကိုရေး ဝတ္ထုရှည် A4 နှင့် ၁၇ မျက်နှာ ရေးထားတဲ့ ဝတ္ထုတစ်ပုဒ်ကို မဂ္ဂဇင်း တစ်စောင်က ဝတ္ထုတိုအနေဖြင့် ထည့်ပြီး စာမူခငွေ အရွက်ကြီး အစိမ်းသုံးရွက် ပေးခဲ့တုန်းကတောင် ကျွန်မ စိတ်မတိုခဲ့တာ ။ စာဖတ်ပရိသတ်တွေက ရှည်ရင် သိပ်မဖတ် ကြဘူးတဲ့ ။ အတိုခေတ်တဲ့ ။ ကျွန်မကို ပြောလိုက်တဲ့ စာပေလောကသားတစ်ယောက်ရဲ့ စကားကို ပြန်ကြားယောင်တိုင်း ကျွန်မမှာ ရှည်သွားတဲ့ စာရွက်တွေကို ဆုတ်ဆုတ်ဖြဲ နေရပေမယ့် ကျွန်မ စိတ်မတိုပေါင် ။

နောက်ပြီး ဧည့်ခံပွဲ တစ်ခုမှာ အခုခေတ် ရေးကြတဲ့ ဝတ္ထုတွေက တိုတိုလေးတွေတဲ့ ။ နှစ်မျက်နှာ အထက်ဆို ဝတ္ထုတစ်ပုဒ် ပြီးသွားရောတဲ့ ။ ဇာတ်လမ်းတွေကလည်း ထပ်နေပါပြီတဲ့လို့ ကျွန်မကို ပြောလိုက်တဲ့ အင်တာဗျူးဆရာမလေးရဲ့ စကားကို ကြားတုန်းကလည်း ကျွန်မ စိတ်မတိုခဲ့ဘူးလေး ။

အဲဒီတော့ ကျွန်မ ခေါင်းခါယမ်းရင်း “ ဟင့်အင်း ” လို့ သူ့ကို အဖြေပေးလိုက်တယ် ။ သူက တစ်ချက် ရယ်လိုက်ရင်း “ ဒေါသကြီးသလား ” လို့ မေးပြန်တယ် ။

တချို့ တိုက်တွေကဆို ကျွန်မရဲ့ အရေးအသားတွေဟာ ရိုးလွန်းတယ် ဆိုပြီးပယ် ။ ဆန်းပြားထွေလာ မဟုတ်လို့ပယ် ။ အကြောင်းအရာ ပါးတယ်ဆိုပြီး ပယ် ။ နေ့စဉ် ပြောနေကျ သမားရိုးကျ အသုံးအနှုန်းတွေ ဆိုပြီး ပယ်ပယ် ... ပယ် ။ အဲဒီလိုမျိုး ကြုံခဲ့ရတာတောင် ကျွန်မ ဒေါသမထွက်ဘူးလေ ။

“ ဟင့်အင်း ” လို့ ကျွန်မ ဖြေလိုက်တယ် ။

“ အလိုလိုနေရင်း မောနေတတ်လား ”

ကျွန်မဆို မဂ္ဂဇင်းတိုက်တွေကို တစ်တိုက်ဝင် ၊ တစ်တိုက်ထွက်နှင့် ကျွန်မ စာမူတွေ မပါမချင်း သွားပို့နေကျလေ ။ ခြေလှမ်းပေါင်း ထောင်ချီ ၊ သောင်းချီ လျှောက် ၊ လှေကားထစ်ပေါင်း ထောင်ချီ ၊ သောင်းချီ အတက်အဆင်း လုပ်နေတာတောင် ကျွန်မ မမောဘူး ။ ကျွန်မတို့လို အတောင်အလက် ထွက်ပြူလာခါစ စာရေးသူတွေအဖို့ တစ်နှစ်လုံးမှာ ဝတ္ထုပုဒ်ရေ သုံးလေး ငါးပုဒ် ပါလာရင်ပဲ ဝမ်းသာစရာ ကောင်းလှတယ်ဆိုတဲ့ စကား ကြားတုန်းကတောင် ကျွန်မ မမောသွားဘူး ဆိုတော့ အလိုလိုနေရင်း မမောတာ သေချာပြီပေါ့ ။

အဲဒီတော့ ကျွန်မ မချိပြုံးနှင့် “ ဟင့်အင်း ” လို့ ပြောလိုက်တယ် ။ သူက ကျွန်မရဲ့ ဆေးမှတ်တမ်း စာအုပ်ထဲက အင်္ဂလိပ်လို အတိုကောက်ရေးထားတဲ့ စာလုံးတွေရဲ့ ဘေးနားမှာ အနုတ်လက္ခဏာတွေ ရေးခြစ်လိုက်တယ် ။

“ အင်း ... ထူးတော့ ထူးဆန်းနေပြီ ” လို့ သူပြောတယ် ။ သူ့ အသံက ရယ်သံစွက်နေတယ် ။

အဲဒီအချိန်မှာ ကျွန်မဟာ “ အောင်စာဖတ်ခန်း ” လေးကို ချက်ချင်း သတိရလိုက်တယ် ။ အဲဒီတုန်းက ကျွန်မတို့ ရပ်ကွက် ထဲက ဦးလေးအောင် ဟာ သူအိမ်ရဲ့ ကားဂိုဒေါင်ဟောင်းလေးထဲမှာ စာဖတ်ခန်းလေး တစ်ခု လုပ်ပေးထားတယ် ။ သူက လူငယ်တွေ စာလာဖတ်ရင် သိပ်ကျေနပ်တာ ။ ပြုံးနေတာပဲ ။ စာအုပ်ငှားပြီး ပြန်လာ မပေးရင်လည်း ပြုံးပြုံးပဲ ။ စာအုပ် ငှားသွားတယ် ဆိုကတည်းက စာဖတ်ချင်လို့ပဲတဲ့ ။ အဲဒီလို စာဖတ်ချင်တာလေး ရှိတာကိုပဲ စာဖတ်ခန်းလေး ဖွင့်ရကျိုး နပ်တယ်တဲ့ ။ ဦးလေးအောင် အဲဒီလို ပြောတတ်တယ် ။ စာဖတ်ခန်းထဲက စာအုပ်တွေကို ဦးလေးအောင်နှင့် အတူ မျက်စိဖွင့်ပေး ကုသိုလ်ပြုနေတာက သူ ဆိုတာကို ကျွန်မ သိလိုက်ရတော့ အတော်အံ့အားသင့်သွားတယ် ။ ၁၅ ၊ ၁၆ နှစ် ကောင်လေး တစ်ယောက်ရဲ့ ရင်ခုန်သံတွေကို အောင်စာဖတ်ခန်းထဲမှာ ကျွန်မ ကြားခဲ့ရတယ် ။

တစ်နေ့မှာပေါ့ ...

“ ရော့ … ဦးလေးအောင် ၊ စာအုပ်တွေ ကျွန်တော် ထပ်ဝယ်ခဲ့တယ် ။ အရင် စာအုပ်တွေက ကိုင်ဖန်များလို့ စာရွက်တွေ ပြုတ်ထွက်နေပြီ”

“ ဟား ... ဒါပါနဲ့ဆို ဒီဖတ်ခန်းလေး အတွက် ကိုရင် ဝယ်ပေးတာ ငါးအုပ်ရှိနေပြီ ။ မုန့်ဖိုးတွေ အတော်ပွန်းကုန်ပြီနဲ့ တူတယ် ”

စာအုပ်ရွေးနေတဲ့ ကျွန်မ ဘေးနားက ပေါ်ထွက်လာတဲ့ တိုးတိုးညင်းညင်းအသံကြောင့် ကျွန်မ ဖျတ်ခနဲလှည့်ကြည့်လိုက်တယ် ။ ဦးလေးအောင်ကို စာအုပ်လှမ်းပေးရင်း ကျွန်မကို တစ်ချက် လှမ်းကြည့်လိုက်တဲ့ သူဟာ ကျွန်မ လက်ထဲ ကိုင်ထားတဲ့ စာအုပ်နှစ်အုပ် အနက်မှ တစ်အုပ်အပေါ်မှာ အကြည့်တန့်သွားတယ် ။ နောက် အဲဒီစာအုပ်ကို လက်ညှိုးထိုးပြရင်း “ ဒီစာအုပ် တော်တော် ကောင်းတယ် ဖတ် ” လို့ ကျွန်မကို တိုတိုနဲ့ တိုးတိုးပြောတယ် ။ “ နှလုံးလှ ဆရာဝန်ကို ကျွန်မ နောက်တစ်ခေါက် ထပ်ဖတ်မလို့ ” ပြောလိုက်တော့ သူ ပြုံးပြီး ကျွန်မကို စိုက်ကြည့်နေတယ် ။ နှစ်လိုဖွယ် အပြုံးမျိုး ။ သူ့အကြည့်က တစ်မျိုးပဲ ။ အသိရခက်တဲ့ အကြည့်လို့ ကျွန်မ ထင်တယ် ။

အဲဒါ သူနှင့် ကျွန်မ ပထမဦးဆုံး စကားပြောဖူးလိုက်တာပဲ ။ ပြီးတော့ နောက်ဆုံး အကြိမ်လည်း ဖြစ်ခဲ့တယ် ။ ဦးလေးအောင်ရဲ့ စာဖတ်ခန်းလေးဟာ လူငယ်တွေ များလာတယ် ။ မကြာပါဘူး ။ အောင်စာဖတ်ခန်းလေး ပိတ်သွားရတယ် ။ အခု ပြန်တွေးကြည့် အဲဒီ စာဖတ်ခန်းလေးကို ကျွန်မ လွမ်းနေတုန်း ၊ အောင်စာဖတ်ခန်းမှာ မျက်နှာချင်းဆိုင် တစ်ကြိမ်တည်း သူနှင့် စကားပြောခဲ့ရတာလည်း ကျွန်မအဖို့ ထူးဆန်း နေတာပေါ့နော် ။

“ ဟုတ်တယ် ၊ ထူးဆန်းနေတယ် ”

ကျွန်မနှုတ်က လွှတ်ခနဲ ထွက်သွားတဲ့ စကားကြောင့် စတဲ့ သိုစကုပ်နှင့် ကျွန်မ နှလုံးခုန်သံကို နားထောင်တော့မယ့်သူဟာ မျက်မှောင် အနည်းငယ် တွန့်ပြီး ခါးမတ်သွားတယ် ။ နောက်တော့ တဖြည်းဖြည်း ပြုံးယောင်သန်းသွားတယ် ။ မဟုတ်ဘူး ။ သူ ပြုံးလိုက်တာပဲ ။ နှစ်လိုဖွယ် အပြုံးမျိုး ။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က အောင်စာဖတ်ခန်းထဲမှာ ပြုံးတဲ့အပြုံးမျိုးနဲ့ ကျွန်မကို ငေးကြည့်နေတယ် ။

အဲဒီ အတောအတွင်းမှာ ကျွန်မဘာသာ သတိမထားမိလိုက်တဲ့ စကားတစ်ခွန်း လွှတ်ခနဲ ထွက်သွားတယ် ။

“ ဪ …. ဒေါက်တာနော်မန်ကို သတိရလိုက်လို့ပါ ” လို့ ကျွန်မက လေသံကို နှိမ့်ပြီး ပြောလိုက်တော့ သူ့ မျက်ခုံး အနည်းငယ် ပင့်သွားတယ် ။ နောက်တော့ သူ နှစ်နှစ်ကာကာကြီး ပြုံးနေတယ် ။ ကျွန်မ မှန်းဆရခက်တဲ့ အကြည့်နဲ့ ကျွန်မကို မိန့်မိန့်ကြီး ပြုံးပြီး ကြည့်နေလေရဲ့ ။

တစ်စက္ကန့်မျှ ကြာတော့ ကျွန်မ လုံးဝ မျှော်လင့်မထားတဲ့ စကားတစ်ခွန်း သူ့ထံက ထွက်ပေါ်လာတယ် ။ စကားတစ်လုံးချင်း အသံခပ်တိုးတိုးဖြင့် ပြောလိုက်တဲ့ အသံက လေးနက်နေတယ် ။ နူးညံ့နေတယ် ။

“ ဒေါက်တာနော်မန်က ကျွန်တော့်ရဲ့ ဆရာဝန် စိတ်ဓာတ်ကို အုတ်မြစ်ချ ပေးခဲ့တာပဲဗျာ ။ အောင်စာဖတ်ခန်း ထဲမှာပေါ့ ”

ကျွန်မလေ ကိုယ့်နား ကိုယ်ဟောင် ကိုယ်မယုံနိုင်ဘူး ။ သူ ကျွန်မကို မှတ်မိတယ် ဆိုတာ ကျိန်းသေသွားပြီလေ ။ သူလည်း တိတ်နေတယ် ။ အောင်စာဖတ်ခန်းထဲ လွင့်မျောသွားနေလား ။ ကျွန်မလည်း တိတ်နေတယ် ။ လေအေးစက်က ခပ်တိုးတိုး ထွက်ပေါ်နေတဲ့ တဒီဒီ အသံက ကျွန်မတို့ နှစ်ယောက်ရဲ့ တိတ်ဆိတ်မှု အောက်ကနေ ဟိန်းထွက်နေတယ် ။

ကျွန်မ ငယ်စဉ်က ideal က ပဲ့ထွက်မသွားပါလားလို့ ရင်ထဲမှာ ကြည်နူးပီတိ ဖြစ်မှုတွေ တဖွားဖွား ဖြစ်လာတယ် ။

တချို့က ဒါလေးပြရုံဖြင့် ကျွန်မရဲ့ ideal က မပီပြင်ဘူးလို့ အပြစ်ဆိုကောင်း ဆိုလိမ့်မယ် ။ ဒါပေမဲ့ သူနဲ့ ပြောရင်းဆိုရင်း သိလာရတဲ့ အချက်ကလေးတွေကို ဟိုတစ်စ ၊ သည်တစ်စ ကားချပ်ဆက်သလို ဆက်ကြည့်တော့ သူ့ ရုပ်လုံးက တဖြည်းဖြည်း ကြွလာတယ်လေ ။

ငွေကြေးအတွက် အထူးကု ဆေးခန်းမှာ ထိုင်နေပေမယ့် တစ်ဖက်ကလည်း ပရဟိတ လုပ်ငန်းတွေမှာ ငွေကြေးအားဖြင့်ရော ၊ ပညာအား ၊ လူအားဖြင့်ပါ ပါဝင်နေတဲ့ သူ့ ရဲ့လုပ်ဆောင်ချက် အစအပိုင်းလေးတွေကို ကျွန်မ ဆက်စပ်ကြည့်ပြီး မြင်ခဲ့ရတယ် ။

အဲဒီနေ့က အပြန်လမ်းမှာ ကျွန်မ ခြေထောက်တွေ ပေါ့ပါးသွက်လက်နေတယ် ။ ကျွန်မခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ရောဂါတစ်ဝက်ဟာ သူနှင့် တွေ့လိုက်လို့ ယူပစ်လိုက်သလို ပျောက်သွားတယ်လို့တောင် ထင်နေမိလေရဲ့ ။

ဝင်းလဲ့တောက်ပတဲ့ နေခြည်အောက်မှာ ငှက်ကလေးတွေ တွန်ကျူးနေတာမျိုး ၊ ပန်းပွင့်လေးတွေပေါ် ရောင်စုံလိပ်ပြာလေးတွေ မြူးနေတာမျိုး ၊ သစ်ရွက်ပေါ်က ရွက်ကြောမျှင်ကလေးတွေပေါ် နေရောင်အထိ လူးခနဲ ဖြစ်သွားတာမျိုးလိုပဲ သူနှင့် တွေ့လိုက်ရတဲ့ ကျွန်မ တစ်ကိုယ်လုံးလည်း ကြည်နူးပီတိတွေက ဖျန်းဖျန်း ထနေခဲ့တယ် ။

မိုးရေစက်တွေ တဗြန်းဗြန်း ရွာချနေတဲ့ ထီးအမိုးအောက်က လှမ်းနေတဲ့ ကျွန်မရဲ့ ခြေလှမ်းတွေထဲကို စိတ်ညစ်ညူးမှုတွေ ၊ လူမသိ သူမသိ ခိုဝင်လို့ မရအောင် အဲဒီနေ့က ကျွန်မရဲ့ အိမ်အပြန် ခြေလှမ်းတွေက ပေါ့ပါး ခိုင်မြဲနေခဲ့တယ် ။

ကျွန်မရဲ့ ကျန်းမာရေးနဲ့ အတူ ယှဉ်တွဲဖြစ်ပေါ် လာတဲ့ စိတ်ညစ်ညူး နောက်ကျိမှုတွေဟာ မိုးရေစက်တွေနဲ့ အတူ ကျွန်မ ခန္ဓာကိုယ်ထဲကနေ ဆင်းသွားနေလေရဲ့ ။

⎕ မြူမြူ
📖မြန်မာသစ်မဂ္ဂဇင်း
     ၂၀၁၀ ၊ ဇန်နဝါရီလ

Tuesday, August 5, 2025

မနုဿဗေဒပါမောက္ခ


 ❝ မနုဿဗေဒပါမောက္ခ ❞


မန္တလေးတောင်ခြေ ၊ သီတဂူ ဗုဒ္ဓတက္ကသိုလ်ဝင်း ထဲက ကျောင်းဆောင်လေး တစ်ခုထဲမှာ Dr. Ward Keeler နဲ့ တွေ့တယ် ။ သူက အမေရိကန် ပြည်ထောင်စု ၊ အော်စတင်မြို့ တက္ကဆက် တက္ကသိုလ်က မနုဿဗေဒဌာန တွဲဖက်ပါမောက္ခ ။ သူ့မှာ မြန်မာအမည် ရှိတယ် ။ ဦးသူရ ။


သူက မြန်မာ ဘာသာစကားနဲ့ ဗုဒ္ဓဘာသာကို လေ့လာဖို့ မြန်မာနိုင်ငံကို ရောက်နေတာ ။ သီတဂူ ဗုဒ္ဓတက္ကသိုလ်မှာ ခေတ္တတည်းနေတာ ။


သူက မြန်မာနိုင်ငံကို သွားချည်ပြန်လှည့် လုပ်တယ် ။ ကျွန်တော်နဲ့ သူနဲ့ ရင်းနှီးနေခဲ့တာ ကြာပြီ ။


တစ်ညနေခင်းမှာ သူ ခေတ္တ တည်းနေတဲ့ ကျောင်းကို ကျွန်တော် သွားလည်တယ် ။ သူ တည်းနေတဲ့ အခန်းလေးထဲမှာ ခုတင် တစ်လုံး ရှိတယ် ။ မွေ့ရာ မရှိဘူး ။ သင်ဖျာ ခင်းထားတယ် ။ ခုတင် အောက်မှာတော့ ထန်းခေါက်ဖာ နှစ်လုံး ။ ကိုသူရ က မြန်မာမှုကို နှစ်သက်ပုံရတယ် ။


ပြတင်းပေါက် အနီး မှာတော့ စာရေးစားပွဲ တစ်လုံး ။ စားပွဲပေါ်မှာ စာအုပ်တချို့နဲ့ သူ့သမီး နှစ်ယောက်ရဲ့ ဓာတ်ပုံကို ဘောင်သွင်းပြီး ထောင်ထားတာ ရှိတယ် ။ ပိတ်ထားတဲ့ ပြတင်းပေါက် ဘောင်ပေါ်မှာတော့ စာအုပ်တချို့ စီပြီး တင်ထားတယ် ။


အခန်းလယ် မှာတော့ ပလတ်စတစ်ကုလားထိုင် သုံးလုံး ချထားပါတယ် ။ သူတစ်လုံး ၊ ကျွန်တော် တစ်လုံး ထိုင်ကြတယ် ။ ကျန်ကုလားထိုင် တစ်လုံးပေါ်မှာ တော့ လင်ပန်းနဲ့ ရေနွေးကြမ်း ဓာတ်ဘူး ။


 ရေနွေးကြမ်း သောက်ရင်း ကျွန်တော်တို့ နှစ်ယောက် ရောက်တတ်ရာရာ စကားစမြည် ပြောကြတယ် ။ ကိုသူရ က ထိုင်နေရာက ထသွားပြီး ဒီဗီဒီတစ်ချပ်ကို ယူလာ ပြတယ် ။ မန္တလေး အနုပညာပုံရိပ်ပွဲတော် ဒီဗီဒီ ။


“ ခင်ဝင်းနွယ်အက သိပ်ကောင်းပါတယ် ” လို့ သူက ပြောတယ် ။


မန္တလေးမြို့တည်နန်းတည် နှစ် ၁၅ဝ ပြည့်ပွဲတော်မှာ တင်ဆက် ကပြခဲ့တာတွေကို စုပေါင်းထားတဲ့ ဒီဗီဒီချပ်ပါ ။ မင်းသမီး ခင်ဝင်းနွယ် က ကဗျာလွတ် ကထားတယ် ။


“ ဗုံလေးလုံး သံစဉ် ဂန္ထဝင် အကပဒေသာ ဒီဗီဒီ ကြည့်ပြီးပြီလား ”


ကျွန်တော်က သူ့ကို မေးတယ် ။ မကြည့်ရသေးဘူးတဲ့ ။ အဲဒီအချပ်မှာ ခင်ဝင်းနွယ်ရဲ့ အကတွေ ပြည့်ပြည့်စုံစုံ ပါတဲ့အကြောင်း ကျွန်တော် ပြောပြတယ် ။


“ ကျွန်တော် စဉ်းစားနေတယ် ။ အဲဒီ ရှေးဟောင်းအက ဆက်မသင်ကြတော့ဘူး ဆိုရင် လူတွေအတွက် အရှုံးသိပ်များတယ် ” လို့ သူက ပြောပြီး ခပ်ငေးငေး တွေးနေတယ် ။ ပြီးတော့ စကားကို တစ်လုံးချင်း ခပ်လေးလေး သူ ပြောတယ် ။


“ ရှေးဟောင်းဟန်က နှေးတယ် ။ သူများတွေ မကြိုက်ဘူး ၊ ကျွန်တော် ကြိုက်တယ် ။ ခေတ်အကတွေ သိပ်မြန်တယ် ။ မြန်ရင် သိပ်မကောင်းဘူး ။ ကျွန်တော် မကြိုက်ဘူး ”


ကိုသူရက သူ့အမြင်ကို ပြောပါတယ် ။ သူ အသက်ကြီး သွားလို့ ခေတ်အကတွေ မကြိုက်နိုင်တာလားလို့ ကျွန်တော် တွေးတယ် ။ ဒါကြောင့် သူ့အသက် ဘယ် လောက်လဲ မေးတော့ ၆၁ နှစ်တဲ့ ။


“ အသက်ကြီးသွားလို့ ရှေးကျတဲ့ အကတွေ ပိုကြိုက်တာလား ” ဆိုပြီး ကျွန်တော် ထုတ် မေးလိုက်တယ် ။


“ အထက်တန်းကျောင်းသားတုန်းက အနောက်နိုင်ငံ အော်ပရာတွေ ကျွန်တော် ကြိုက်တယ် ” လို့ သူက ပြောတယ် ။


ကျွန်တော့် အတွေးထဲမှာ အင်္ဂလန် ၊ အမေရိကန်ကို ရောက်တုန်းက ကြည့်ဖူးခဲ့တဲ့ အော်ပရာတွေကို မျက်စိထဲ ပြန် မြင်လာတယ် ။ သရုပ်ဆောင်တာကလည်း လေးလေးပင်ပင် ၊ သီဆိုတဲ့ သီချင်းသံကလည်း ဆွဲဆွဲငင်ငင် ။ တကယ့်ဂန္ထဝင် ။ လူကြီး ကြိုက်တွေပါ ။


“ ကိုသူရ ဘယ်မှာ မွေးသလဲ ” 


“ မွေးတာ အမေရိကန် ပြည်ထောင်စု ၊ နယူးယောက်မြို့ အရှေ့မြောက်ဘက် ၊ နယူးယောက်ပြည်နယ် Bronxuille မြို့မှာ မွေးတယ် ၊ အမေရဲ့ အဖေအမေက Bronxuille မှာနေတယ် ။ ကျွန်တော့် အဖေရဲ့ အမေအဖေက Connecticut ပြည်နယ် မှာနေတယ် ။ မဝေးပါဘူး ။ ကျွန်တော် ကလေးဘဝမှာ Connecticut မှာ ကြီးပြင်းတယ် ။ တက္ကသိုလ် တက်တော့ ကောနဲလ်တက္ကသိုလ်မှာ ၊ အဖေလည်း ကောနဲလ်မှာ တက်တယ် ”


ကိုသူရက ကျွန်တော့်ထက် အသက် သုံးနှစ်လောက် ကြီးတယ် ။ ကျွန်တော်တို့ လူလားမြောက်စ အချိန်တွေက ဗီယက်နမ်စစ် ဖြစ်တဲ့ကာလ ။ သူ တက္ကသိုလ် တက်နေချိန်က ဗီယက်နမ်စစ်ပွဲ အရှိန်ကောင်းနေချိန် ။ တိုးတက်တဲ့ အမြင် ရှိသူတွေက စစ်ဆန့်ကျင်ရေး ပြင်းထန်နေချိန် ။ ကျွန်တော် အဲဒီအကြောင်းကို မေးတယ် ။


“ ကျွန်တော် တက္ကသိုလ်တက်တုန်းက စစ်ဆန့်ကျင်ရေးမှာ ပါတယ် ။ ကောနဲလ်မှာ အာရှက ဆရာတွေ များတယ် ။ အာရှအကြောင်း ၊ ဗီယက်နမ်စစ် မကောင်းကြောင်း တော်တော် သိတယ် ။ ကျွန်တော်လည်း လိုက်ပြီး ဆန္ဒပြတယ် ။ သပိတ်မှောက်တယ် ”


“ အမေရိကန်မှာ စစ်မှုမထမ်း မနေရ ရှိတယ် မဟုတ်လား ”


“ ၁၈ နှစ်ပြည့်ပြီးရင် စစ်မှုထမ်းရမယ် ၊ စစ်တိုက်ရမယ် ။ ကျွန်တော် စစ်သားလုံးဝ မဖြစ်ချင်ဘူး ။ ဒါကြောင့် စစ်ထဲ မဝင်ဘူး ။ များသောအားဖြင့် ဒါကို အစိုးရက လက်မခံဘူး ၊ ဒါပေမဲ့ ကျွန်တော် ကံကောင်းတော့ ရတယ် ။ စစ်သားဖြစ်ဖို့ မလိုဘူး ။ လုပ်အားပေး အလုပ် တစ်ခု လုပ်ရမယ် ။ ကျွန်တော် ဂျာဗားကျွန်းမှာ မနုဿဗေဒ ပြတဲ့ အလုပ်လုပ်မယ် ဆိုတော့ အစိုးရက လက်ခံတယ် ။ စစ်သားလုပ်သက် နှစ်နှစ် နေရမှာကို ဂျာဗားမှာ နှစ်နှစ် တာဝန် သွားထမ်းဆောင်တယ် ”


“ ဂျာဗားကျွန်း အတွေ့အကြုံတွေ ပြောပြပါဦး ”


“ ၁၉၇၁ - ၇၂ - ၇၃ မှာတုန်းက အင်ဒိုနီးရှားမှာ ကျွန်တော် နေတယ် ။ ရုတ်ရာကာတ ( Yogyakarta ) ဆိုတဲ့မြို့ ။ မန္တလေးနဲ့ တအား တူတယ် ။ အကတွေ ၊ ဇာတ်တွေ ၊ ဂီတတွေ တအား ထွက်တဲ့မြို့ ။ အဲဒီမှာ နေတယ် ။ မြို့ပေါ်မှာ ကျွန်တော် မနေပါဘူး ။ တောရွာမှာ နေတယ် ။ လူတွေ စက်ဘီးစီးတယ် ။ အဲဒီ ရွာမှာ ရေဒီယိုနှစ်လုံး ၊ သုံးလုံးပဲ ရှိတယ် ။ ကျွန်တော့်မှာ တစ်လုံးရှိတယ် ။ ကျွန်တော် အင်ဒိုနီးရှား ရောက်တော့ ဂျာဗား လူမျိုးနဲ့ အိမ်ထောင်ကျတဲ့ အမေရိကန်အမျိုးသမီးက ပြောတယ် ။ ပါတဲ့ပိုက်ဆံ ဘဏ်ထဲထား ၊ အတိုးရမယ် ။ ရတဲ့ အတိုးက စားလောက်တယ်တဲ့ ။ ကျွန်တော် တစ်လ ဒေါ်လာ ၂၀ ရတယ် ၊ အဲဒီ ဒေါ်လာ ၂၀ နဲ့ လုံလောက်တယ် ။ ရေဒီယိုအတွက် လတိုင်း ဓာတ်ခဲဝယ်ရတယ် ။ ဒါပေမဲ့ လုံလောက်တယ် ။ ကျွန်တော် စက်ဘီးပဲ စီးတယ် ။ သုံးစရာ သိပ်မရှိပါဘူး ”


“ ကိုသူရ ဂျာဗားကျွန်းကို ရောက်တဲ့ အရွယ်က လူငယ် ၊ ဂျာဗားကျွန်းသူနဲ့ အိမ်ထောင်ပြုချင်စိတ် မဖြစ်ဘူးလား ”


သူက ရယ်ပါတယ် ။


“ အဲဒီတုန်းက ကျွန်တော် စဉ်းစားတယ်နော် ။ ဂျာဗားမှာပဲ အခြေချမလား ၊ ဒါပေမဲ့ ကျွန်တော် သိတယ် ။ ဂျာဗားကျွန်းသူနဲ့ အိမ်ထောင်ကျရင် အမေရိကန်ကို ပြန်ကြတဲ့အခါ သူ့အတွက် အဆင်မပြေဘူး ။ သူ့မိသားစု အားလုံးနဲ့ ဝေးမယ် ။ ကိုယ်ကလည်း အင်ဒိုနီးရှားမှာ အမြဲနေနိုင်မှာ မဟုတ်ဘူး ။ အင်ဒိုနီးရှားမှာ ကျွန်တော် တစ်သက်လုံး မနေနိုင်ဘူး ။ အဆင်ပြေတယ် ။ ကြိုက်တော့ ကြိုက်တယ် ။ ဒါပေမဲ့ နိုင်ငံခြားသား အနေနဲ့ အမြဲနေဖို့ အဆင်မပြေဘူး ”


ဓာတ်ဘူး ထဲက ရေနွေးကြမ်းကို ပန်းကန်ထဲ သူက ငှဲ့ပေးတယ် ။ ရေနွေး သောက်ပါလို့ သူက ပြောတယ် ။ အဲဒီအချိန်မှာ ခြင်ဆေးဖျန်းတဲ့ သူတွေ ကျောင်းဝိုင်းထဲ ရောက်လာတယ် ။ သူတို့ ဆေးဖျန်းတဲ့ ကိရိယာက အသံ သိပ်ဆူတယ် ။ မီးခိုးလို အငွေ့တွေ ကလည်း နှင်းထုကြီးကျသလို ပတ်ဝန်းကျင် တစ်ခုလုံး ပိန်းပိတ်သွားတာ ။ ဆေးငွေ့တွေ ကျွန်တော်တို့ သောက်မယ့် ရေနွေးထဲ ဝင်မှာလား ။ ကျွန်တော်က ကိုသူရကို အားနာသလိုလို ဖြစ်မိတယ် ။


တက္ကသိုလ်ပညာ သင်ယူတဲ့ အပိုင်းကို ကျွန်တော် မေးပါတယ် ။


“ ဝိဇ္ဇာဘွဲ့ရပြီး အင်ဒိုနီးရှားကို ကျွန်တော် သွားတယ် ။ အင်ဒိုနီးရှားမှာ သုံးနှစ်ခွဲ နေတယ် ။ အမေရိကန် ပြန်ရောက်တော့ တက္ကသိုလ် ပြန်တက်တယ် ။ မဟာဝိဇ္ဇာဘွဲ့ ကို ရှီကာဂို တက္ကသိုလ်မှာ တက်တယ် ”


“ ရှီကာဂိုက ကိုသူရရဲ့ ဇာတိမြို့နဲ့ အဝေးကြီးပဲ ။ ဘာကြောင့် ရှီကာဂို တက္ကသိုလ်ကို သွားတက်တာလဲ ”


“ အမေရိကန် တက္ကသိုလ်တွေမှာ အဆင့် သတ်မှတ်ချက် ရှိတယ် ။ အဆင့်မြင့်တဲ့ တက္ကသိုလ်ကို လိုက်တက်တဲ့ သဘောပေါ့ ။ တက္ကသိုလ်တွေ လိုက်ပြီး ဘာသာရပ် အလိုက် နာမည်ကြီးတာ ရှိတယ် ။ ဥပမာဆိုပါတော့ ၊ တရုတ်သမိုင်းဆိုရင် နယူးယောက်မြို့က ကိုလံဘီယာတက္ကသိုလ်က သိပ်နာမည်ကြီးတယ် ။ ပါမောက္ခတွေ ၊ ပညာရှင်တွေ နာမည်ကြီးတယ် ။ ဒါပေမဲ့ ပြင်သစ်စာပေ ဆိုရင် ကိုလံဘီယာမှာ မကောင်းဘူး ။ ရှီကာဂိုက မနုဿဗေဒ နာမည်ကြီးတယ် ”


ခြင်ဆေးဖျန်းသမားတွေ ကျွန်တော်တို့နဲ့ ဝေးရာကို သွားကြပါပြီ ။ 


“ မဟာဘွဲ့ရပြီး သုတေသန လုပ်ဖို့ ဂျာဗားကို ထပ်သွားတယ် ။ အရိပ်ရုပ်သေး လေ့လာတယ် ။ ပါရဂူကျမ်း ရေးတယ် ။ ဂျာဗားစကားနဲ့ ပတ်သက်တဲ့ စာအုပ်တစ် အုပ်ရေးတယ် ။ ၁၉၈၂ ခုနှစ်က ပါရဂူဘွဲ့ရတယ် ”


ကျွန်တော်က ရေနွေးကြမ်း သောက်ရင်း သူ ပြောတာကို နားထောင် နေပါတယ် ။


“ ၁၉၈၄ ခုနှစ်က မစ်ရှီကန်တက္ကသိုလ်မှာ ကျွန်တော် ဂျာဗားစကား သင်ပေးတယ် ။ နှစ်တိုင်း နွေရာသီမှာ အရှေ့တောင်အာရှက ဘာသာစကားတွေ သင်တဲ့ ကျောင်းတွေ ရှိတယ် ။ မစ်ရှီကန်မှာ ဂျူးဒစ်ဘက်ကပ် နဲ့ တွေ့တယ် ။ သူ့ယောက်ျားက မြန်မာဂီတကို သုတေသန လုပ်တယ် ။ တိုက်တိုက်ဆိုင်ဆိုင် သူနဲ့ တွေ့တော့ ဖူးဘရိုက် ပညာသင်ဆု အနေနဲ့ အမေရိကန်တွေ မြန်မာပြည်မှာ သုတေသန လုပ်ရင် ရတယ်တဲ့ ၊ ကျွန်တော် စိတ်တအားလှုပ်ရှားတယ် ။ မြန်မာပြည်မှာ သုတေသန လုပ်ရရင် ကောင်း မယ် ။ ဂျူးဒစ် က ပြောတယ် ။ နေခွင့်ရနိုင်မယ် ထင်တယ်တဲ့ ”


ဂျူးဒစ် တို့က စောင်းဆရာကြီးဦးမြင့်မောင် ဆီမှာ စောင်းပညာ သင်ယူသွားတဲ့ အကြောင်းကို ကျွန်တော်တို့ ပြောဖြစ်ကြတယ် ။ ပြီးတော့မှ ကိုသူရ မြန်မာစကား သင်ယူတဲ့ အပိုင်း ဆက်ပြောဖြစ်တယ် ။


“ အမေရိကန် မနုဿဗေဒပညာရှင် F.K.Lehman ( မြန်မာအမည် ဦးချစ်လှိုင် ) က ချင်းတောင်မှာ သုတေသန လုပ်ဖူးတယ် ။ မစ်ရှီကန်မှာ ဦးချစ်လှိုင်နဲ့ တွေ့တယ် ။ John Okell က မစ်ရှီကန်မှာ မြန်မာစကား လာသင်တယ် ၊ ကျွန်တော်က မနက်ပိုင်း သုံးနာရီလောက် ဂျာဗားစကား သင်ပေးတယ် ။ ပြီးရင် ချက်ချင်း အခန်းကူးပြီး John Okell သင်တဲ့ မြန်မာစကားသင်တန်း တက်တယ် ၊ သင်ပေးတဲ့ နေရာ တအား ကောင်းတယ် ”


“ ကိုသူရ မြန်မာပြည်ကို စရောက်လာခဲ့တာက ”


“ ၁၉၈၅ ခုနှစ်က မြန်မာစကား သင်တယ် ။ တက္ကသိုလ်မှာ အလုပ်လုပ်တယ် ။ နှစ်တိုင်း ဖူးဘရိုက် လျှောက်လွှာတင်တယ် ။ အမေရိကန်အစိုးရက သုံးကြိမ် ခွင့်ပေးတယ် ။ မြန်မာအစိုးရက နေခွင့် မပေးဘူး ” 


သူ ပြောရင်း ရယ်တယ် ။


“ တတိယအကြိမ် ထပ်လျှောက်တယ် ။ မြန်မာနိုင်ငံမှာ နေခွင့်ရတယ် ။ ၁၉၈၇ ခု ၊ စက်တင်ဘာလမှာ မြန်မာနိုင်ငံကို ရောက်တယ် ။ ရန်ကုန်မှာ နှစ်လ နေပြီးတော့ မန္တလေးကို ပြောင်းနေတယ် ။ ရောက်စက မြင်းဝန်တိုက်မှာ နေတယ် ။ ကျွန်တော့်မိန်းမ လိုက်လာပြီး ယာဉ်ပျံ ( ရပ်ကွက် ) မှာ အိမ်သေးသေးလေး ငှားနေကြတယ် ” 


“ အခုကော ယာဉ်ပျံဘက် သွားကြည့်သေးလား ” 


သူ ရယ်တယ် ။


“ အခုတော့ အားလုံး ပြောင်းသွားပြီ ။ အိမ်လေးလည်း မရှိတော့ဘူး ။ ၁၉၈၈ တုန်းက မန္တလေးမှာ ကျွန်တော်နေလို့ထိုင်လို့ အဆင်ပြေတယ် ။ ဒါပေမဲ့ ဒါပြောင်းလဲမှာတော့ သိတယ် ။ ငြိမ်သက်မှာ မဟုတ်တော့ဘူး ”


“ အဲဒီတုန်းက အခက်အခဲရှိတာက ဘာလဲ ”


“ ဘယ်သွားသွား ကျွန်တော် စက်ဘီး စီးတယ် ။ သိပ်ကောင်းပါတယ် ။ ဒါပေမဲ့ ယာဉ်ပျံ လက်ဖက်ရည်ဆိုင် ကျော် သွားရင် လူငယ်တွေက ဟေ့ယူးလို့ လှမ်းအော်တယ် ။ စိတ်ညစ်ဖို့ ကောင်းပါတယ် ”


သူက ရယ်ပါတယ် ။


“ တိုးရစ် ထင်လို့ လိုက်ပြောတာ ဖြစ်မယ် ”


“ ၁၉၉၅ ခုနှစ်မှာ ကျွန်တော် နောက်တစ်ခေါက် ပြန်လာတော့ ၊ အဲဒါ မဖြစ်တော့ဘူး ။ နိုင်ငံခြားသား နည်းနည်းပေါလာလို့ ကိစ္စမရှိတော့ဘူး ”


“ မြန်မာစကား သင်ရတာကော ”


“ ၁၉၈၇ - ၈၈ ခုနှစ်က ကျွန်တော် မြန်မာစကား ကြိုးစားသင်တယ် ။ တအား ခက်တယ် ။ ဘာကြောင့်လဲဆိုရင် အဲဒီတုန်းက ဦးလှသိန်း ( John Okell ) ရေးတဲ့ စာအုပ်တွေ မထွက်သေးဘူး ။ အဘိဓာန် ကလည်း ယုဒဿန် ပဲရှိတယ် ။ အဲဒါက နှစ်ပေါင်း တစ်ရာကျော်သွားပြီ ။ ခေတ်မမီတော့ဘူး ကိုသူရ ရယ်တယ် ။


“ ကျွန်တော် ဗမာစကား ကောင်းကောင်းတတ်ချင်တယ် ။ ကောင်းကောင်းတတ်မှ လေ့လာနိုင်မယ် ။ ဗမာစကားကို အခုအထိ သွက်သွက်လက်လက် မပြော နိုင်ဘူး ။ စိတ်ညစ်စရာကြီး ။ ကျွန်တော် လူတွေနဲ့ တွေ့လို့ မေးခွန်းမေးရင် သူတို့ ဘာဖြေတာလဲ နားလည်ချင်တယ် ”


ကိုသူရ နဲ့ ကျွန်တော်နဲ့ မြန်မာဘာသာစကားနဲ့ ပြောနေကြတာမို့ သူပြောတာ ကောင်းတယ်လို့ ကျွန်တော် အားပေးတယ် ။


“ မနုဿဗေဒပညာရှင် အနေနဲ့ အထူးသဖြင့် လူမှုဆက်ဆံမှု ( Social relation ) ကျွန်တော် လေ့လာတယ် ၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး လေ့လာတယ် ” 


“ အင်ဒိုနီးရှားနဲ့ မြန်မာ ကွာခြားသလား ”


“ သိပ်မကွာပါဘူး ၊ အဲဒါဘာဖြစ်လို့လဲ ကျွန်တော်မပြောတတ်ဘူး ။ မြန်မာ ကနေ အိန္ဒိယ သွားရင် သိပ်ကွာခြားတယ် ။ သိပ်စိတ်ဝင်စားဖို့ ကောင်းတယ် ၊ ဘာလီကျွန်းမှာ ၊ ဂျာဗားကျွန်းမှာ ဗုဒ္ဓဘာသာဝင် မရှိတော့သလောက်ပဲ ၊ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ကိုးကွယ်တဲ့ ဘာသာစကား ခြားနားပေမယ့် လူတွေရဲ့ ဆက်ဆံရေး တူတယ် ။ မြန်မာ့ယဉ်ကျေးမှု ဆွေးနွေးရင် ဗုဒ္ဓဘာသာကို အခြေခံ စဉ်းစားတယ် ။ ကျွန်တော် သဘောမတူဘူး ”


ကိုသူရရဲ့ စာရေးစားပွဲပေါ်မှာ သူ့သမီးတွေရဲ့ ဓာတ်ပုံကြီးတွေ ဘောင်သွင်းပြီး တင်ထားတာတွေ့တယ် ။ မြန်မာပြည်ကို သူ့သမီး ခေါ်လာဖူးတယ် ။ သူတို့ရဲ့ မိသားစု ဆက်ဆံရေးကို ကျွန်တော် မေးမိပါတယ် ။


“ တက္ကသိုလ်မှာ ကျွန်တော် အလုပ်ကြိုးစားတယ် ။ ကျွန်တော့်မိန်းမက အဲဒါမကြိုက်ဘူး ။ ကလေးတွေနဲ့ အချိန်ပေးပြီး နေစေချင်တယ် ၊ ခုတော့ ကျွန်တော့်မိန်းမကို ကျေးဇူးတင်ပါတယ် ။ အလုပ်လုပ်ဖို့ အချိန်ဆိုတာ အများကြီး ကျန်သေးတယ် ။ ကလေးတွေက ကြီးလာပြီ ။ သမီးကြီးက ဘွဲ့ရသွားပြီ ။ သမီးငယ်က တက္ကသိုလ် တက်နေပြီ ။ ကျွန်တော် ကလေးတွေ ငယ်တုန်းက သူတို့နဲ့ အချိန်များများ မနေခဲ့ဘူးဆိုရင် အရှုံးအများကြီးပဲ ”


 ⎕ ကျော်ရင်မြင့်

📖ဘဝကြေးမုံ အဖြစ်စုံ

ရိုးချောင်းဘေးက ကြာ


 ❝ ရိုးချောင်းဘေးက ကြာ ❞

        ( နှင်းပန်းအိမ် )


“ မျိုးမျိုးကို အလုပ်မှာ ပိုက်ဆံ လိုက်ယူခိုင်းလိုက် ” 


အဖေ ညက သောက်လာတာ များတဲ့အတွက် အမေ့ကို ဈေးဖိုး မပေးနိုင်ဘူး ။ အရက်ခိုးတွေ ဝေနေတဲ့ အဖေ့ကို အမေက လှမ်းအော်လိုက်တယ် ။


“ မနေ့က လုပ်ခကို ပြောနေတာ ။ ဒီနေ့ လိုက်ယူတော့ မနက်ဖြန် ဘယ်လိုစားမလဲ ”


အမေ့ အော်သံကြောင့် မျိုးမျိုးတို့ အိမ်ရှေ့က အမြီးနှစ်ခွက်နဲ့ ငှက်တော်လေး နှစ်ကောင် ကုက္ကိုပင်ပေါ် ကနေ လန့်ပျံသွားတယ် ။


အဖေနဲ့ အမေက မိုးလင်းတာနဲ့ ဒီလိုပဲ အပြန်အလှန် အော်နေကျလေ ။ မျိုးမျိုးကတော့ ပါးသွားပြီ ။ အဖေနဲ့ အမေ ကြားထဲ ဘယ်တော့မှ ဝင်မပါဘူး ။


အိမ်ရှေ့ရေမြောင်းလေးကနေ မျက်နှာသစ်ရင်းနဲ့ လှမ်းကြည့်နေလိုက်တယ် ။


အမေက “ မျိုးမျိုး လာစမ်း ” ဆိုတာနဲ့ အသင့် ဖြစ်နေဖို့ပါ ။ တော်ကြာ အမေက အဖေ့ကို မကျေနပ်တာတွေ စုပုံပြီး မျိုးမျိုး ခေါင်းကို လက်နဲ့ တအား ခေါက်လိုက်တာများ မြင်တဲ့သူတွေက အိုးဝယ်ခါနီး အိုးစမ်းတဲ့ အတိုင်းပဲတဲ့ ။ အိုးတော့ မသိဘူး ။ မျိုးမျိုး ခေါင်းတွေမူးပြီး နာလိုက်တာ အရမ်းပဲ ။ ထွက်လာတဲ့ မျက်ရည်ကို အမေ မမြင်အောင် မျက်စိထဲ အမြန် သွင်းပစ်ရတယ် ။ အမေ မြင်ရင် ထပ်ခေါက်ဦးမှာ ။


အဖေ့ မျက်နှာပေါ်က ရေတွေကို ပုဆိုးခါးပုံစနဲ့ သုတ်ရင်း အလုပ်ကို ထွက်သွားတယ် ။ အဖေ ဘာမှ စားမသွားရသလို မျိုးမျိုး တို့လည်း မစားရပါဘူး ။ အမေ့အရင် အိမ်ထောင်နဲ့ ရတဲ့ အစ်ကို နှစ်ယောက်က အဖေနဲ့ အမေ အော်ဟစ် နေကြတာကို နားထောင်ရင်း သူတို့ ဝင်ပြောချင်လို့ ပါးစပ်တပြင်ပြင် ဖြစ်နေကြတယ် ။ အမေက မျက်စောင်းနဲ့ လှမ်းကြည့်ရင်း “ နင်တို့ ဝင်မပါ နဲ့ ” လို့ အသံတိတ် ပြထားလို့သာ ။ အဖေနဲ့ ရတဲ့ ကလေးက မျိုးမျိုးနဲ့  ညီမလေး တိုးတိုးပါ ။ မျိုးမျိုး က ရှစ်နှစ် ၊ ညီမလေးက လေးနှစ် ။ ဒီတော့ အမေ ခိုင်းချင်တာ မှန်သမျှ မျိုးမျိုးက လုပ်ပေးရတယ် ။ တွေ့တဲ့ သူတိုင်းက မျိုးမျိုးကို လူကြီးလေး ကျနေတာပဲတဲ့ ။ ခုလည်း အဖေ့ နောက်ကို လိုက်ဖို့ မျိုးမျိုး ကိုပဲ အမေခိုင်းတယ် ။


“ မျိုးမျိုး နင့်အဖေနောက် လိုက်သွား ။ ရလာတဲ့ ပိုက်ဆံနဲ့ ဈေးဝယ်ခဲ့ ကြားလား ”


“ ဟုတ်ကဲ့ အမေ ”


မျိုးမျိုး ပြောပြောဆိုဆို အဖေ့နောက် ပြေးလိုက်ခဲ့တယ် ။ အဖေက ကုန်းပေါ် ရောက်သွားပြီ ။ မျိုးမျိုးကို မစောင့်ဘဲ ခပ်သုတ်သုတ်နဲ့ လျှောက်သွားတယ် ။ မျိုးမျိုးတို့က မြို့သစ်မှာ နေတာပါ ။ မျိုးမျိုးတို့ ရတဲ့ မြေက စနယ်မြေတွေရဲ့ ရိုးချောင်းဘေးမှာ နေရာရတယ် ။ ရိုးချောင်းက မိုးတွင်းဆို ရေပြည့်နေတယ် ။ နွေဆိုလည်း ပဲခူးမြစ်က မြစ်ရေတွေ ချောင်းထဲကို ဝင်လာတယ် ။ အဲဒီတော့ ရိုးချောင်းထဲမှာ ရေမပြတ်ဘူး ။ ရိုးထဲက ကြာပွင့်တွေက များမှများ ။ ကြာဖူးလေးတွေ ၊ ကြာပွင့်လေးတွေက သိပ်လှတာပဲ ။ ကြာရိုးတွေ ချိုးပြီး ညီမလေးနဲ့ မျိုးမျိုး ဆွဲကြိုးလုပ်ပြီး ဝတ်တယ် ။ ကြာခွက်ထဲက ကြာစေ့လေးတွေကိုလည်း ဗိုက်ဆာရင် သွားခူးစားတယ် ။


ရိုးချောင်းရဲ့ ပြွန်ပေါက်ထိပ်မှာ ငါးဖမ်းတဲ့သူ ၊ ကွန်ပစ်တဲ့သူတွေမှ အများကြီး ။ အဲဒီကရတဲ့ ငါးတွေကို ဈေးကြီးတွေမှာ ရောင်းကြတယ် ။ ငါးတွေက လတ်မှ လတ် ။ တစ်ခါတစ်ရံ သေပြီထင်လို့ ကိုင်လိုက်မှ ထခုန် တတ်တယ် ။ ငါးဘတ်တွေဆို ဝင်းဝါလို့ ။ ဒါကြောင့် “ တောသည် တောသည် ” ဆိုပြီး သိပ်ရောင်းရတာပဲ ။ အမေ နေကောင်းတုန်းက ရောင်းသေးတယ် ။


ပြွန်ထိပ်က ငါးဖမ်းနေတဲ့ ဦးတို့က မျိုးမျိုး ပြန်လာရင် ဆေးလိပ် ၊ ကွမ်းယာ ဝယ်ခဲ့ဖို့ မှာနေတယ် ။ ပိုတာ ယူတဲ့ ။ မျိုးမျိုး ပျော်သွားတယ် ။ ပိုတဲ့ပိုက်ဆံနဲ့ အမေ့အတွက် ဘိန်းမုန့် ဝယ်သွားလို့ရတယ် ။


ရိုးချောင်းကို ပတ်ပြီး ကုန်းပေါ်ကို မျိုးမျိုး နေ့တိုင်း ဈေးဝယ်ရတယ် ။ ဈေးက တော်တော် ဝေးတယ် ။ အဖေ အလုပ်လုပ်တဲ့ နေရာနဲ့တော့ နီးတယ် ။ အဖေ့ဆီက ပိုက်ဆံ ရတာနဲ့ ဈေးဝယ်ရုံပဲ ။ နေ့စဉ် လျှောက်နေကျ ဆိုတော့ ဝေးတယ်လို့ မထင်တော့ဘူး ။


မျိုးမျိုး အဖေ့ဆီ ရောက်တော့ အလုပ်ရှင်က အဖေ့ ကို မာန်နေပြီ ။


“ မင်းတို့က ဘယ်တော့မှ စောစော မလာဘူး ။ နားမပါဘူး ထင်တယ် ဟုတ်လား ။ နေ့တိုင်း ပြောနေရတာပဲ ။ အရက်ကျတော့ နေ့တိုင်းသောက်တယ် ။ အလုပ်ကျတော့ မှန်မှန် မဆင်းချင်ဘူး ”


အလုပ်ရှင် ပြောတာကို အဖေက ဘာမှ ပြန်မပြောဘူး ။ အိမ်မှာ အမေ့ကို ပြောတဲ့ မျက်နှာမျိုးလည်း မဟုတ်ဘူး ။ အအကြီးလို ဖြစ်နေပြီ ။ အဲဒီလို မြင်ရတော့ မျိုးမျိုး အဖေ့ကို သနားတယ် ။ အဖေက ဒီနေ့ လုပ်အားခ ထဲက ငွေတစ်ထောင် ကြိုယူပြီး မျိုးမျိုးကို ပေးလိုက်တယ် ။ အဖေက ကားဘော်ဒီရုံမှာ ဆေးမှုတ်တယ် ။ တစ်နေ့ ထောင့်ငါးရာရတယ် ။ ခု အဖေ ပေးလိုက်တဲ့ ပိုက်ဆံနဲ့ ဆန်တစ်ပြည် ၊ ဆီနှစ်ကျပ်ခွဲသား ၊ ငါးပိ ၊ ငရုတ်သီး အကျက်မှုန့် ၊ သခွားသီးတစ်လုံး ဝယ်ခဲ့တယ် ။ အိမ် ရောက်တော့ အမေက ပစ္စည်း စုံ ၊ မစုံ စစ်တယ် ။ ဘယ်ဆိုင်က ဝယ်လာတာလဲလို့ မေးသေးတယ် ။


“ ထက်ထက်မိုးဦးဆိုင်က ဝယ်တယ် ။ ဆန်က ဆရာမဆိုင်က ဝယ်တယ် ။ ငရုတ်သီးနဲ့ ငါးပိက မြောက်ဥက္ကလာ အဒေါ်ကြီး ဆီက ဝယ်တယ် ”


ထက်ထက်မိုးဦးလို့ မျိုးမျိုးတို့ ခေါ်တဲ့ အစ်မကြီးက ဆံပင်ကို အရှေ့က ဆံမြိတ် ချထားလို့ ခေါ်တာ ။ ဆရာမက မူလတန်းကျောင်းမှာ လုပ်အားပေးဆရာမ လုပ်ဖူးလို့ ခေါ်တာ ။ မြောက်ဥက္ကလာ အဒေါ်ကြီးက မျိုးမျိုးတို့ ရပ်ကွက်ကို မြောက်ဥက္ကလာက ပြောင်းလာလို့ ခေါ်တာ ။ အဲဒီဆိုင်တွေက မျိုးမျိုးတို့ကို သိတော့ ပိုထည့် ပေးတတ်တယ် ။ ဒါကြောင့် အမေက အဲဒီဆိုင်က လွဲလို့ ဘယ်မှ မဝယ်ရဘူးတဲ့ ။


“ မျိုးမျိုး ဘိစပ်ရွက် သွားခူး ”


မျိုးမျိုး မနားရသေးဘူး ။ ခြေထောက်တွေ ညောင်းလှပြီ ။ အမေ့ကို မငြင်းရဲတော့ အမေ ပေးတဲ့ ဆွဲခြင်းယူပြီး ဘိစပ်ရွက် ခူးဖို့ မျိုးမျိုး ထွက်ခဲ့တယ် ။ 


လေထဲက ကြာပွင့်ရဲ့ ရနံ့ ရတော့ မျိုးမျိုး အမော ပြေသွားတယ် ။ ကြာဖြူ ၊ ကြာနီတွေကို တစ်ပွင့် ၊ နှစ်ပွင့် ရေပြီး မျိုးမျိုး ကျွဲတဲဘက်ကို ထွက်ခဲ့တယ် ။ ဘိစပ်ရွက်က ကျွဲတဲဘက်မှာ ခူးရတာ ။ အရွက်စိမ်းစိမ်းလေးမှာ အဖူးက ဝါဝါလေး ။ ဘိစပ်ရွက်က နွေဆို ရင့်တယ် ။ မိုးတွင်း ဆိုရင်တော့ ဖြာနေတာပဲ ။ ခုလိုရက်ဆို ဘိစပ်ရွက်ကို အမေ အမြဲချက်တယ် ။ ပူရှိန်းရှိန်းလေးနဲ့ စားကောင်းတယ် ။ ကြက်မအုပ်ရွက်တော့ မျိုးမျိုး မကြိုက်ဘူး ။ ကြက်မအုပ်ရွက်က ပိုးအိစံတို့ အိမ်ဘေးမှာ ခူးရတာ ။ မျိုးမျိုး မခူးချင်ပါဘူး ။ မျိုးမျိုး ကြက်မအုပ်ရွက်ခူးနေတဲ့ အချိန်ဆို ပိုးအိစံက ကျောင်းသွားဖို့ ပြင်နေပြီ ။ မျိုးမျိုးကို တွေ့ရင် ကျောင်းမသွားဘူးလားလို့ အမြဲမေးတယ် ။ မေးစရာလား ။ မျိုးမျိုးက အဲဒီလိုဆို မသိချင်ယောင် ဆောင်နေလိုက်တယ် ။


ခုလည်း ဘိစပ်ရွက် ခူးရင်း ပိုးအိစံကို မျိုးမျိုး လှမ်းမြင်တယ် ။ သူ့အမေက သူ့ကို ကျောင်းလိုက်ပို့တာလေ ။ သူ့ စားစရာခြင်းနဲ့ လွယ်အိတ်ကို သူ့ အမေက ယူခဲ့ရတယ် ။ သူက ရှေ့ကနေ ကော့ကော့ ကော့ကော့နဲ့ လျှောက်သွားနေတာ ။ ကောင်မ အမေကို ဝိုင်းကူမလုပ်ဘူး ။ မျိုးမျိုး ပိုးအိစံကို မျက်စောင်းလှမ်းထိုးလိုက်တယ် ။ မျိုးမျိုးသာ ကျောင်းတက်ရရင် ကိုယ့်လွယ်အိတ် ကိုယ် လွယ်မှာပဲ ။ ကိုယ့်စားစရာခြင်း ကိုယ်ဆွဲမှာပဲ ။ အမေ့ကို မလွယ်ခိုင်း ၊ မဆွဲခိုင်းပါဘူး ။ အမေက ပိန်ချိချိလေးနဲ့ အိပ်ရာထဲ အမြဲ လှဲနေရတာ သနားပါတယ် ။


အမေက လူသာပိန်တာ အသံကတော့ ကျယ်တယ် ။ အမေ့ကို ဆေးခန်းပြပါလားလို့ ပြောလာရင် အမေ ပြန်ပြောတဲ့စကား မျိုးမျိုး မှတ်မိတယ် ။ 


“ သေတော့ ဝဋ်ကျွတ်တာပေါ့ ” တဲ့ ။


အမေ့ရောဂါ မျိုးမျိုး မသိပေမယ့် အမေ ခံစား နေရတာတော့ မျိုးမျိုး သိတယ် ။ အမေက ညညဆို မအိပ်နိုင်ဘဲ ကျိတ် ညည်းနေတတ်တယ် ။ “ ဆေးရုံ ပြကြည့်ပါလား ” “ ဗမာဆရာနဲ့  ပြကြည့်ပါလား ” လို့ ပတ်ဝန်းကျင်က ပြောရင်လည်း လက်မခံဘဲ ထူးဆန်းတဲ့ မျက်နှာနဲ့ ခေါင်းခါပြတယ် ။ အမေများ တစ်ခုခု ဖြစ်ရင် ဒုက္ခပဲလို့ မျိုးမျိုး တွေးမိတယ် ။ အမေ ဘယ်လောက် ငေါက်ငန်း ၊ ဘယ်လောက် ခေါက်ခေါက် မျိုးမျိုး ကတော့ ချစ်တယ် ။ အမေ့ကို ချစ်သလို အဖေ့ကိုလည်း ချစ်တယ် ။


ကြာပင်တွေထဲမှာ ပန်းရောင်ကြာလေးတွေကို တွေ့ရင် မျိုးမျိုးနဲ့ ညီမလေးက “ ဟိုအပွင့်က အမေ ဟိုအပွင့်က အဖေ ” လို့ ပြောတတ်တယ် ။ အရမ်းလှတဲ့ ကြာပွင့် ကိုတော့ “ မျိုးမျိုး ” “ တိုးတိုး ” လို့ အပြိုင်ပြောကြတယ် ။ ညီမလေးက သူပြောတာ နောက်ကျရင် တကျီကျီနဲ့ ငိုတော့တောပဲ ။ အဲဒီတော့ မျိုးမျိုးက ချော့ရပြန်ရော ။ 


“ အေးပါ ၊ လှတဲ့ကြာလေး နာမည်က တိုးတိုး ၊ ဘေးက မျိုးမျိုးနော် တိတ်တိတ် ”


ဒီတော့မှ ညီမလေး အငိုတိတ်တယ် ။


“ မျိုးမျိုး မြန်မြန်ပြန်ခဲ့ ၊ ဟင်းချက်ရအောင် ”


အမေ့အသံ ပြန်ကြားတော့ ဘိစပ်ရွက်တွေ အမြန် ခူးလိုက်တယ် ။ ဘိစပ်ရွက်တွေ မျိုးမျိုး ခြင်းတောင်းထဲ ပြည့်နေမှ ။ နို့မို့ဆို အမေ ခေါက်နေဦးမယ် ။


••••• ••••• •••••


အမေ ခုတလော နေမကောင်းဘူး ။ အဖေ့ကို အရင်လို ရန်မတွေ့နိုင်ဘူး ။ အမေက မျိုးမျိုးကို ထမင်းချက် သင်ပေးတယ် ။ အိပ်ရာထဲက နေပြီး သင်ပေးတာ ။ ထမင်း အပျော့အမာကို မျိုးမျိုး မကြည့်တတ်တော့ အမေ့ အိပ်ရာထဲ ယူပြရတယ် ။ အမေက “ အနေတော်ပြီ ချ ” ဆို မျိုးမျိုး ချလိုက်တယ် ။ နောက်နေ့တွေလည်း အမေချ ခိုင်းတဲ့ အနေအထား ကြည့်ပြီး ချက်တော့ အဆင်ပြေတယ် ။ ထမင်းချက် ပြီးရင် မျိုးမျိုးက ပြွန်ထိပ်မှာ အိတ်လျှော် နေတဲ့ ဦးခါးကုန်းတို့ဆီ ပြေးသွားတယ် ။


ဦးခါးကုန်းနဲ့ သူ့သားလေး ပီနံအိတ် လျှော်နေကြတယ် ။ ရိုးချောင်းထဲက ရေနဲ့ လျှော်ရတာလေ ။ ဦးခါးကုန်းက သူများတွေလို မမြန်ဘူး ။ ခါးက ကုန်းနေတော့ အရှိန်ယူပြီး အိတ်ကို ခါနေရတာကိုး ။ အိတ်တွေက ကြက်အစာ ထည့်တဲ့ အိတ်တွေ ဆိုတော့ ညစ်ပတ် နေတာပဲ ။ အကြာကြီး လျှော်ရတယ် ။ လျှော်ပြီးတဲ့ အိတ်တွေကို နေလှန်းရတယ် ။ အထူအပါး ခွဲရတယ် ။ မျိုးမျိုး က ဝင် ကူလုပ်ပေးရင် မျိုးမျိုးကို မုန့်ဖိုးပေးတယ် ။ ညစ်ပတ်နေတဲ့ အိတ်ကို နေပူထဲမှာ လျှော်ရပေမယ့် တစ်အိတ်မှ နှစ်ကျပ်ပဲ ရတယ် ။ အိတ်က မျိုးမျိုး အရပ်ထက် ရှည်တော့ ခြေဖျားထောက် လက်ဆန့်ပြီး အိတ်ကို မြေကြီးပေါ် လျှောက်လှမ်းရတယ် ။


ညနေ ပိုက်ဆံရှင်းရင် ဦးခါးကုန်းက မျိုးမျိုးကို တစ်ရာပေးတယ် ။ တစ်ခါတလေ ဗွီဒီယို လိုက်ပြတယ် ။ ဗွီဒီယိုတော့ မျိုးမျိုး ကြိုက်တယ် ။ နေ့ခင်းက နေ ဘယ်လောက်ပူပူ ဗွီဒီယိုရုံထဲ ကျရင် နေ့ခင်းက အပူကို မျိုးမျိုး မေ့သွားတယ် ။ ဗွီဒီယိုကားထဲက သူဌေးခန်းတွေက သိပ်အားကျဖို့ ကောင်းတာပဲလို့ ဦးခါးကုန်း မိန်းမက ပြောတယ် ။ မျိုးမျိုး ကတော့ ကြော်ငြာထဲက စုမေလို အင်္ကျီလှလှလေး ဝတ်ပြီး ကစားချင်တယ် ။ ဟိုက်တီး ကြော်ငြာထဲမှာ စုမေ ကစားရင်း ဝတ်တဲ့ အင်္ကျီလေးက သိပ်လှတာပဲ ။ စုမေက သူ့ အမေ မှာတဲ့ ဟိုက်တီးကို မေ့နေသေးတယ် ။ မျိုးမျိုး အမေလိုသာ အမယ်စုံ မှာရင် ဘယ်လိုနေမယ် မသိဘူး ။ မျိုးမျိုးကို အမေ မှာတာများ စုံလို့ ။ မေ့ရင် အမေက ခေါက်တာ ။ မျိုးမျိုး ကလည်း မမေ့ပါဘူး ။ ဘယ်သူမှာမှာ အကိုက် ဖြစ်အောင် ဝယ်ခဲ့တာပဲ ။ စုမေသာဆို ဝယ်တတ်ပါ့မလား မသိဘူး ။ ပါးစပ်က “ ဟိုက်တီး ... ဟိုက်တီး ” ဆို သွားရသေးတာ မို့လား ။


အဲဒီညက မျိုးမျိုး အိပ်မက်ထဲမှာ စုမေ ဝတ်တဲ့ အင်္ကျီလေး ဝတ်ပြီး ဘိစပ်ရွက်တွေ လိုက်ခူးနေတာ ။ ဘိစပ်ရွက်အဖူးဝါဝါကလေးတွေက မျိုးမျိုး အင်္ကျီလေးမှာ ကပ်နေတာများ စုမေ အင်္ကျီထက် ပိုလှတယ် ။


••••• ••••• •••••


အဖေ တစ်ညလုံး ငိုထားလို့ မျက်ခွံတွေ ရောင်နေတယ် ။ နှာခေါင်းတွေလည်း နီရဲလို့ ။


“ မခင်မေရယ် သမီးနှစ်ယောက်နဲ့ ငါ့ကို ထားသွားပြီပေါ့ ” 


မျိုးမျိုး နဲ့ ညီမလေးကို အဖေ ဖက်ပြီး ငိုတော့ မျိုးမျိုးတို့ ညီအစ်မလည်း ငိုတာပေါ့ ။ အမေကတော့ အိပ်ရာပေါ်မှာ ။ အဖေ အလုပ် သွားခါနီး အော်နေကျ အမေ မအော်တော့ဘူး ။ မျိုးမျိုးက သေတယ် ဆိုတာ သိပေမယ့် ညီမလေးက မသိဘူး ။ အဖေငိုလို့ လိုက်ငိုတာ ။ အဖေ ကတော့ အမေ့အမျိုးတွေ ရှေ့မှာ မျက်နှာငယ်လေးနဲ့ ။ အမေ့ညီမက အမေ သေရတာ အဖေ့ ကြောင့်လို့ အပြစ်ပြောကြတယ် ။ အဖေ့ကို ဝိုင်းပြောကြတော့ မျိုးမျိုး အဖေ့ကို သနားလိုက်တာ ။ အစ်ကိုတို့က အမေ့ကို နေ့ချင်း သင်္ဂြိုဟ်ဖို့ နာရေးကူညီမှုအသင်းကို သွားပြီး အကြောင်းကြား နေတယ် ။ အမေ့ အမျိုးတွေ ရှေ့မှာ မျိုးမျိုးတို့ သားအဖ ဟိုကြည့်ဒီကြည့်နဲ့ မငိုရဲတော့ဘူး ။ ဦးခါးကုန်းမိန်းမက အဖေ့ကို ပြောတယ် ။


“ ကိုစိုး မခင်မေ အတွက် သက်ပျောက်ဆွမ်းနဲ့ မြေဆင်းသပိတ် လုပ်ရမယ်လေ ”


“ ငါ့မှာ တစ်ထောင်တော့ ရှိတယ် ဖြစ်မလား ” 


“ ဖြစ်ပါတယ် အဖေရဲ့ ”


မျိုးမျိုး စကား ကြားတော့ အမေ့ အမျိုးတွေက မျိုးမျိုးကို လှမ်းကြည့်တယ် ။ အိမ်ပေါ်မှာ မနေဘဲ သစ်ပင်အောက်မှာ စုပြီး အဖေ့အတင်း ပြောနေကြတာလေ ။ အမေ့အတွက် ဘာလုပ်ရမယ်လို့ သူတို့ မပြောဘူး ။ မျိုးမျိုး လက်ထဲ ငွေတစ်ထောင် ရရင် မျိုးမျိုး ဘာဝယ်လို့ ပြောမယ့် အမေ မရှိပေမယ့် မျိုးမျိုး မှတ်မိနေတာပဲ ။ အမေ ကြိုသိနေလို့များ မျိုးမျိုးကိုပဲ ခိုင်းခဲ့တာလား ။


မျိုးမျိုး ဈေးထဲ ရောက်တော့ မျိုးမျိုးကို ဈေးသည်တွေက ခါတိုင်းထက် ပိုထည့် ပေးကြတယ် ။ ဈေးက အပြန် ဘိစပ်ရွက်တွေ အများကြီးရအောင် မျိုးမျိုး ခူးတယ် ။ ဘိစပ်ရွက် အပွင့်များများနဲ့ အပင်ကို မျိုးမျိုး နုတ်ခဲ့တယ် ။


အိမ်ရောက်တော့ ဦးခါးကုန်းမိန်းမက ချက်တယ် ။ ဆွမ်းကို သပိတ်ထဲထည့် ဘိစပ်ရွက်ဟင်းရယ် ၊ ဘဲဥကြော်ရယ် ချိုင့်ထဲ ထည့်ပြီး အမေ့အတွက် တရားနာကြတယ် ။ အဖေက အမျှ ... အမျှ ... အမျှ .... လို့ ကျယ်ကျယ်တောင် မအော်နိုင်ဘူး ။ အမေ့ကို ကားထဲ သွင်းခါနီးမှာ မျိုးမျိုးတို့ကို အဖေက ကန်တော့ခိုင်းတယ် ။ မျိုးမျိုးနဲ့ ညီမလေး ကန်တော့ပြီး မျိုးမျိုး မီးဖိုချောင်ထဲ ဝင်လိုက်တယ် ။


အမေ အမြဲခူးခိုင်းတဲ့ ဘိစပ်ရွက်အပင်ကို မျိုးမျိုး အမေ့လက်ထဲ ထည့်ပေးလိုက်တယ် ။ အမေ့အမျိုးတွေက “ ဟဲ့... ဘာလုပ်တာလဲ ” တဲ့ ။ အဖေက အံ့အားသင့်ပြီး မျိုးမျိုးကို လှမ်းပြောတယ် ။


“ မျိုးမျိုး ဘာလို့ ဘိစပ်ရွက်ပင်ကို ထည့်ရတာလဲ ” 


“ အမေက ကြိုက်တယ် အဖေရဲ့ ။ နေ့တိုင်း မျိုးမျိုး ကို ခူးခိုင်းတာ ”


“ သမီးရယ် … ”


ဘာဖြစ်လို့လဲ မသိဘူး ။ အဖေရယ် မျိုးမျိုးကို ဖက်ပြီး ငိုလိုက်တာလေ ။ ကုက္ကိုပင်ပေါ်က ငှက်တော်လေးတွေ လန့်ပျံသွားတယ် ။  


 ⎕ နှင်းပန်းအိမ်

📖ချယ်ရီမဂ္ဂဇင်း

     ၂၀၀၇ ၊ အောက်တိုဘာလ

Monday, August 4, 2025

ဇာတ်လမ်း မရေးခင် ဇာတ်ကွက်ကို ကြိုတင် ရေးသင့်ပါသလား


 

❝ ဇာတ်လမ်း မရေးခင် ဇာတ်ကွက်ကို ကြိုတင် ရေးသင့်ပါသလား ❞

စာရေးဆရာ အများစုက ဝတ္ထုတစ်ပုဒ်ကို မရေးခင် ပါဝင်မယ့် ဇာတ်ကွက်များကို ကြိုတင် ချရေး ထားတတ်ကြတယ်လို့ ကျွန်တော် သိထားပေမယ့် ကျွန်တော် ကတော့ အဲဒီလို မရေးပါဘူး ။ စိတ်ကူးတစ်ခု ပေါ်လာပြီ ဆိုရင် စရေးတော့တာပဲ ။ အဲဒီလို စာရေးနည်းဟာ မှန်ကန်ပါသလား သိချင်ပါတယ် ။

စာရေးဖို့ ဝါသနာပါသူ တစ်ယောက်ရဲ့ အဲဒီ မေးခွန်းကို ဆရာမ Brandi Reissenweber က အောက်ပါအတိုင်း ဖြေကြားပေးပါတယ် ။ ဆရာမရဲ့ အဖြေကို ပြောမပြခင် ဆရာမအကြောင်းကို မိတ်ဆက် ပေးချင်ပါတယ် ။ ဆရာမ Brandi က ဂျာနယ်ပေါင်းများစွာမှာ စာရေးသားခြင်းဆိုင်ရာ ဆောင်းပါးများကို ရေးသားသူ ဖြစ်တဲ့ အပြင် အမေရိကန်ပြည်ထောင်စု ရဲ့ နာမည်ကြီး တက္ကသိုလ်ကြီးများမှာ စာရေးသားခြင်းအတတ်ပညာနဲ့ ပတ်သက်လို့ သင်ကြားပို့ချနေသူ တစ်ဦး ဖြစ်ပါတယ် ။ လောလောဆယ်မှာ အီလီနွိုက် တက္ကသိုလ် မှာ ဧည့်ပါမောက္ခ အဖြစ် ပို့ချပေးနေသူ ဖြစ်ပါတယ် ။

မေးခွန်းနဲ့ ပတ်သက်တဲ့ ဆရာမရဲ့ အဖြေကတော့ ...

••••• ••••• •••••

ဝတ္ထုတစ်ပုဒ် ရေးသားရာမှာ ဘယ်လို နည်းနဲ့ ရေးရမယ်ဆိုတဲ့ ပုံသေကားကျ နည်းရယ် လို့ မရှိပါဘူး ။ စာရေးဆရာ တစ်ယောက်ချင်းက သူတို့ စိတ်သန်သလို နည်းမျိုးစုံနဲ့ ရေးသား နေကြတာ ဖြစ်ပါတယ် ။ အရေးကြီးတာက ဘယ်နည်းနဲ့ ရေးဖြစ်သည် ဖြစ်စေ ဝတ္ထုတစ်ပုဒ် ဖြစ်သွားဖို့ သာ အဓိက ဖြစ် ပါတယ် ။ တချို့ စာရေးဆရာများက သူတို့ ရေးမယ့် ဝတ္ထုအကြောင်းကို ကြိုတင် သိရှိထားကြပြီး တချို့ကတော့ တစ်ပိုင်းတစ်စ ကိုသာ သိရှိကာ အစအဆုံး မသိတတ်ကြပါဘူး ။ ကျွန်မက Letterpress လို့ အမည်ပေးထားတဲ့ ကျွန်မ ဘလော့ဂ် အတွက် Stacey Richter ကို အင်တာဗျူး မေးပါတယ် ။ သူက Twin Study နဲ့ My Date with Satan ဆိုတဲ့ ဝတ္ထုတို ပေါင်းချုပ် ၂ အုပ် ထုတ်ဝေပေးသူ ဖြစ်ပါတယ် ။ Stacey က ကျွန်မ မေးခွန်းကို ဖြေကြားတဲ့နေရာမှာ သူ့ အနေနဲ့ ရေးစရာ အကြောင်းအရာကလေး တစ်ခု ရသွားရင် ဝတ္ထုတို တစ်ပုဒ်ကို စ ရေးတာပဲလို့ ဆိုတယ် ။ ဒီ ဝတ္ထုက ဘယ်လို အဆုံးသတ် သွားမယ် ဆိုတာကို သူကိုယ်တိုင် အစအဆုံး မသိဘူးလို့ ဖြေကြားခဲ့ပါတယ် ။

“ ကျွန်မ အနေနဲ့ ရေးနေတဲ့ ဝတ္ထုဟာ ဘယ်ကို ဦးတည်နေတယ် ဆိုတာ သိပါတယ် ။ ဒါပေမဲ့ ဘယ်မှာ အဆုံးသတ်မယ် ဆိုတာတော့ မသိပါဘူး ။ ကျွန်မက ဝတ္ထုရေးရင် ပဋိပက္ခကလေး တစ်ခုနဲ့ အစပြုတတ်ပါတယ် ။ စိတ်ထဲမှာ ပေါ်လာတဲ့ အဲဒီ ပဋိပက္ခကလေးက ဘယ်ကို ဦးတည်သွားရမယ် ဆိုတာ ကျွန်မကို လမ်းညွှန် ပေးတယ် ။ အလယ်ပိုင်းလောက် အထိပေါ့ ။ အဲဒီအထိ ရေးပြီးရင်တော့ ဘယ်လို အဆုံးသတ်ရမလဲ ဆိုတဲ့ အပိုင်းကို ကျွန်မ စဉ်းစားရ တာပေါ့ ။ ရံဖန်ရံခါ မှာတော့ ကျွန်မ က ကျွန်မ နှစ်သက်တဲ့ ဇာတ်ကောင်စရိုက် တစ်ခုနဲ့ စတတ်ပါတယ် ။ ဒါလည်း ဖြစ်တော့ ဖြစ်သွားတာပါပဲ ။ ဒါပေမဲ့ အများအားဖြင့် အဲဒီလို စဖြစ်တဲ့ ဝတ္ထုတွေဟာ ကျွန်မ စိတ်တိုင်းမကျ ဖြစ်ပြီး ချောင်ထိုး ထားခဲ့ရတာတွေ များပါတယ် ” လို့ ဖြေကြားခဲ့ပါတယ် ။

Writer မဂ္ဂဇင်းမှာ ဖော်ပြလေ့ရှိတဲ့ Writers' Workshop မှာ ဝတ္ထုတိုနဲ့ ပတ်သက်ပြီး Gotham နဲ့ Hannah Tinti တို့ ဆွေးနွေးခန်းကိုလည်း ဖတ်ဖူးပါတယ် ။ Hannah က Animal Crackers ခေါင်းစဉ်နဲ့ ဝတ္ထုတို ပေါင်းချုပ် တစ်အုပ် ထွက်ဖူးသလို The Good Thief လုံးချင်းဝတ္ထုလည်း ရေးခဲ့ဖူးသူ ဖြစ်ပါတယ် ။ Hannah က သူမအနေနဲ့ ဝတ္ထုရေးတဲ့ နေရာမှာ ဘယ်တော့မှ ကြိုတင်ပြီး ဇာတ်ကွက် ချလေ့ မရှိဘူးလို့ ဆိုခဲ့ပါတယ် ။

“ ကျွန်မ ဘယ်တော့မှ ဝတ္ထုတစ်ပုဒ် အတွက် ဇာတ်အကျဉ်း ရေးလေ့ မရှိပါဘူး ။ ဒါပေမဲ့ ချရေးတဲ့ နေရာမှာ ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်းနဲ့ စဉ်းစားရင်း ရေးသွားလေ့ ရှိပါတယ် ” လို့ ဆိုပါတယ် ။

သူမ ရေးသားခဲ့တဲ့ Home Sweet Home ဝတ္ထု မှာ ဆိုရင် လူ,သတ်မှုတစ်ခုနဲ့ ဝတ္ထုကို စ ဖွင့်ခဲ့ပါတယ် ။ ဒါနဲ့ ပတ်သက်လို့ သူ ပြောပြတာက ...

“ ကျွန်မ ဝတ္ထု စ ဖွင့်ဖွင့်ချင်းမှာ လူသ,တ်မှုနဲ့ စလိုက်တယ် ။ ဒီတော့ ဒီဝတ္ထု ဟာ ဇာတ်ကွက်နဲ့ စတဲ့ ဝတ္ထုလို့ ပြောရမှာပေါ့ ။ ဝတ္ထုမှာ Pat နဲ့ Clyde တို့ အသ,တ်ခံထားရတယ် ။ ဒါပေမဲ့ ဘယ်သူ သ,တ်သွားသလဲ ဆိုတာ ကျွန်မ ကိုယ်တိုင် စိတ်ကူး မရှိသေးဘူး ။ ဇာတ်ကောင်တွေ ရဲ့ စရိုက်ကို တဖြည်းဖြည်း ရေးသားရင်းကနေ အသေးစိတ်အချက်အလက်များက အသ,တ်ခံရခြင်းရဲ့ အကြောင်းရင်းများကို ပေါ်လာစေပါတယ် ။ အဲဒီ အကြောင်းတွေကို အခြေခံပြီး လူသ,တ်တရားခံဟာ ဘယ်သူလဲ ဆိုတာ ကျွန်မ ကိုယ်တိုင် စိတ်ကူးရလာ စေခဲ့ပါတယ် ။ လူသ,တ်မှုကို ဖြေရှင်းလိုက်တာနဲ့ တရားခံဟာ အလိုလို ပေါ်လာပါတယ် ။ သ,တ်ရခြင်း အကြောင်း ခိုင်လုံအောင် ကျွန်မ ဘက်က လိုအပ်တဲ့ အချက်အလက်တွေ ကိုတော့ ဖြည့်ဆည်းရတာပေါ့ ။

ဒါကလည်း သိပ်တော့ မခဲယဉ်းပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ ဝတ္ထုထဲမှာ ပါတဲ့ ဇာတ်ကောင်များရဲ့ စရိုက်အရ ပေါ်လွင် နေလို့ပါပဲ ။ ဒါကြောင့် ကျွန်မ အနေနဲ့ နောက်ထပ် ဇာတ်ကွက် ဖြည့်ဖို့တောင် မလိုအပ်တော့ပါဘူး ” လို့ ဖြေခဲ့ပါတယ် ။

တချို့ဆရာများက ဇာတ်ကွက်ကို ကြိုတင်ပြင်ဆင် ရေးသားထားတဲ့ အတွက် ရှေ့ ဖြစ်မယ့် ဇာတ်ကွက်ကို စဉ်းစားစရာ မလိုတော့ဘဲ ဇာတ်လမ်း ထဲမှာ ဇာတ်ကောင်များ ပြောကြားတဲ့ စကားများ ကိုသာ ထိရောက်တဲ့ စကားလုံး များဖြစ်အောင် စဉ်းစားဖို့ပဲ လိုပါတော့တယ် ။ စာရေးသူက ဇာတ်လမ်း ထဲမှာ စီးဝင် မျောပါသွားပြီး ဇာတ်ကောင် တစ်ယောက်ချင်းရဲ့ စရိုက်ပေါ်မှာ တိကျတဲ့ ဇာတ်ကွက်တွေနဲ့ ရေးသွားမယ်ဆိုရင် ကိုယ့် ဝတ္ထုရဲ့ ရည်မှန်းချက်ကို တိကျစွာ ရောက်ရှိ သွားအောင် ရေးနိုင်မှာ ဖြစ်ပါတယ် ။ ဝတ္ထု တစ်ပုဒ် ရေးသားတယ် ဆိုတာက ဝတ္ထုထဲမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကို ကိုယ်တိုင် ခံစားနိုင်ပြီး တချို့ အဖြစ်အပျက်များ မှာ ကိုယ်တိုင် မခံစားနိုင် ပေမယ့် စိတ်ကူးနဲ့ ခံစားသွား နိုင်ပါတယ် ။

ဇာတ်ကွက် ကြိုတင် ရေးတဲ့ ဆရာများအနေ နဲ့ ဇာတ်အဖွင့်မှာ ကိုယ် ကြိုတင် ကြံစည်ထားတဲ့ ဇာတ်ကွက်ထဲကို ဝင်သွားအောင် ပရိသတ် စိတ်ဝင်စားမယ့် အဖွင့်မျိုး ဖြစ်ဖို့ လိုပါတယ် ။ တစ်ခါတစ်ရံမှာ ကိုယ် စိတ်ကူးထားတာက တစ်မျိုး ၊ အဖွင့်မှာ ရေးလိုက်တာက တစ်မျိုး ဖြစ်နေရင် စောစောက ကြိုတင် ကြံစည်ထားတဲ့ ဇာတ်ကွက်ထဲကို စိတ်တိုင်းကျ ဝင်လာတော့မှာ မဟုတ်ပါဘူး ။ ဒါကြောင့် ဇာတ်ကွက် ကြိုတင် ရေးသူများ အနေနဲ့ ကိုယ့် ရည်မှန်းချက်ကို ပေါက်မြောက်အောင် ရေးနိုင်ဖို့ သတိထား သင့်ပါတယ် ။

ဒါကြောင့် စာရေး ဝါသနာပါသူများ အနေနဲ့ ဝတ္ထု ရေးတော့မယ် ဆိုရင် ဇာတ်ကွက်ကို အရင် ရေးရမှာလား ၊ မရေးရဘူးလား ဆိုတာ သံသယ ပွားများ မနေပါနဲ့ ။ ကိုယ် ရေးတတ်သလိုရေးပါ ။ ရေးပါ များသွားရင် ဘယ်နည်းက ကိုယ့် အတွက် ပို အဆင်ပြေတယ်ဆိုတာ ကိုယ့်ဘာသာ နားလည်လာပါလိမ့်မယ် ။ အရေးကြီးတဲ့အချက် ကတော့ ကိုယ် ရထားတဲ့ စိတ်ကူးလမ်းကြောင်း ကနေ သွေဖည် မသွားအောင် ကိုယ့် ကလောင်ကို ထိန်းနိုင်ဖို့ပဲ ဖြစ်ပါတယ် ။ သွေဖည် သွားပြီဆိုတာ သိတာနဲ့ တစ်ပြိုင်နက် ပြန် ထိန်းနိုင်ရပါမယ် ။

ဒါကြောင့် ဝတ္ထုတစ်ပုဒ် အတွက် ဇာတ်အကျဉ်း ၊ သို့မဟုတ် ဇာတ်ကွက် ရေးသားခြင်းဟာ ရည်မှန်းချက်ကို ပေါက်မြောက်အောင် မရေးနိုင်သေးသူများ အတွက်တော့ အထိန်းအကွပ် ဖြစ်စေနိုင်ပါတယ် ။ ကြိုတင် မရေးချင်သူများ အတွက်ကတော့ စိတ် ပေါက်မြောက်ရာ အတိုင်း ရေးလိုက်တဲ့ စာမူဟာ ပထမ စာမူကြမ်းသာ ဖြစ်သင့်ပါတယ် ။ ကိုယ်တိုင် ပြန်စိစစ်ပြီး ဖြုတ် သင့်တာ ဖြုတ် ၊ ဖြည့် သင့်တာ ဖြည့် လုပ်လိုက်မှသာ ဝတ္ထုကောင်း တစ်ပုဒ် ဖြစ်လာပါလိမ့်မယ် ။

နှစ်ကြောင်းရေး တစ်ကြောင်းခြစ် စနစ်ကို ကျင့်သုံးနိုင်တဲ့ ဝါသနာရှင်များ ဖြစ်နိုင်ကြပါစေ ။

▢ ဝင်းငြိမ်း
📖ရွှေအမြုတေ မဂ္ဂဇင်း
     ၂၀၁၁ ခုနှစ် ၊ ဇွန်လ

ညီအစ်ကို နှစ်ယောက်

 ❝ ညီအစ်ကို နှစ်ယောက် ❞

           ( ပုံပြင် )


ရှေးသရောအခါ တိုင်းပြည် တစ်ပြည်တွင် မောင်ရောင့်ရဲ နှင့် မောင်ကြံဆ အမည်တွင် သော ညီအစ်ကိုနှစ်ဦး ရှိကြ၍ မောင်ရောင့်ရဲ သည် အစ်ကို ဖြစ်၍ မောင်ကြံဆ မှာ ညီ ဖြစ်လေသည် ။


အစ်ကိုဖြစ်သူ မောင်ရောင့်ရဲ မှာ အစစအရာရာတွင် နာမည်နှင့် လိုက်အောင် တင်းတိမ်ခြိုးခြံ ၊ ရောင့်ရဲတတ်သော အလေ့အကျင့်နှင့် ပြည့်စုံသည့်သူ ဖြစ်သကဲ့သို့ ညီဖြစ်သူ မောင်ကြံဆ မှာလည်း နာမည်နှင့် လိုက်အောင်ပင် အစစအရာရာတွင် မရမက ကြံဆ လုပ်ကိုင်သော အလေ့အကျင့်နှင့် ပြည့်စုံသူ ဖြစ်လေသည် ။


တစ်နေ့သ၌ မောင်ရောင့်ရဲ နှင့် မောင်ကြံဆ တို့သည် ခရီးတစ်ခုသို့ အတူတကွ ထွက်ခွာသွားကြ၏ ။ နေ့လယ်မွန်းတည့်ပိုင်းသို့ရောက်လျှင် တောအုပ်တစ်အုပ် အတွင်းသို့ ရောက် ရှိသွားကြ၍ ပင်ပန်းနွမ်းနယ်ကြရကား နားနေအိပ်စက်ခြင်း ပြုကြလေ၏ ။ အိပ်ရာမှ နိုးကြလတ် သော် ညီအစ်ကိုနှစ်ဦး၏ ဘေးတွင် ကျောက်တုံးကြီး တစ်တုံးကို တွေ့မြင်ရ၍ ထိုကျောက်တုံး ပေါ်တွင် စာအချို့ရေးသားထားသည်ကို တွေ့မြင်ကြရ သဖြင့် ကြိုးစားပြီး ဖတ်ကြလေ၏ ။


ကျောက်တုံးပေါ်ရှိ စာတို့ကား “ ဤကျောက်တုံးကို တွေ့သောသူသည် နံနက် နေထွက်လျှင်ထွက်ချင်း သစ်တော အတွင်းသို့ တန်းတန်းမတ်မတ်ကြီး ဝင်ရောက်ခြင်းပြုပါ ။ သစ်တော အတွင်းတွင် ဥဒဟို စီးဆင်းနေသော မြစ်တစ်မြစ်ကို တွေ့ရလိမ့်မည် ။ ထိုမြစ်ကို တွေ့လျှင် တစ်ဖက်ကမ်းသို့ ကြိုးစားပြီး ရောက်အောင်ကူးပါ ။ တစ်ဖက်ကမ်းသို့ ရောက်လျှင် ဝက်ဝံမကြီးနှင့် ဝက်ဝံမကြီး မွေးထားသော ဝက်ဝံကလေးများကို တွေ့ရလိမ့်မည် ။ ထိုဝက်ဝံကလေးများကို ဆောင်ကြဉ်း၍ နောက်ကို ပြန်မကြည့်ဘဲ တောင်ထိပ်သို့ ရောက်အောင် ပြေးတက်ပါ ။ တောင်ထိပ်ပေါ်တွင် အိမ်တစ်လုံးကို တွေ့ရမည် ဖြစ်၍ ထိုသူသည် ထိုအိမ်တွင်း၌ ထာဝစဉ် ပျော်ရွှင်ပြီး နေထိုင်ရလိမ့်မည် ” ဟု အထက်ပါအတိုင်း ရေးထားလေသည် ။


ထိုစာတို့ကို ဖတ်ပြီးကြသည်နှင့် တစ်ပြိုင်နက် မောင်ကြံဆ က အားရဝမ်းသာနှင့် “ အစ်ကို ကျွန်ုပ်တို့ အတူတကွ သွားရောက်ကြပါစို့ ၊ ကျွန်ုပ်တို့သည် မြစ်ကို ဖြတ်ကူးပြီး ဝက်ဝံကလေးများကို သယ်ဆောင်၍ အိမ်ထဲသို့ ရောက်သွားလျှင် ကျွန်ုပ်တို့ညီအစ်ကို ပျော်ရွှင်စွာ နေထိုင်ရန်သာ ရှိပါတော့သည် ” ဟုပြောကြား၍ မောင်ရောင့်ရဲ ကို ခေါ်ငင်ခြင်းပြုလေ၏ ။


ထိုအခါ မောင်ရောင့်ရဲက “ ညီမောင် အစ်ကိုသည် တောတွင်းသို့လည်း မလိုက်လိုပါ ။ ဝက်ဝံကလေးများ ကိုလည်း မဖမ်းဆီးလိုပါ ။ ညီမောင် ကိုလည်း မသွားရန် အကြံပေးလိုပါသည် ။ ဦးစွာပထမ ဤကျောက်တုံးပေါ်တွင် ရေးထားသည့် စာတို့သည် မှန်မည် မမှန်မည် ကိုလည်း အစ်ကို စဉ်းစားကြည့်ပါသည် ။ ပြောင်လှောင်ရေးသားထားသော စာတို့သည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည် ။ သို့ရာတွင် ဤစာတို့သည် အမှန် ရေးထားသည့် စာများပင် ဖြစ်စေဦး ၊ ဤသို့ တောတွင်းသို့ သွားရောက်ခြင်းပြုကြကာ ညဉ့်အချိန် မတော် မှပင် ရောက်ကြရန်ရှိ၍ မြစ်ကို တွေ့အောင် ရှာရန်မှာလည်း လွယ်ကူမည် မဟုတ်ပါ ။ အကယ်၍ မြစ်ကို ရှာဖွေတွေ့ရှိ သည့်တိုင်အောင် မြစ်ကို ဖြတ်ကူးစဉ် ကျွန်ုပ်တို့ အသက်ဆုံးရှုံးခြင်းဖြစ်လိမ့်မည် ။ အဘယ်ကြောင့် ဆိုသော် မြစ်သည် အဘယ်မျှ ကျယ်ဝန်းကြောင်း မသိသဖြင့် ဖြတ်ကူးနိုင်မှ ဖြတ်ကူးနိုင် ကြလိမ့်မည် ။ မြစ်ကိုတွေ့ရှိ၍ ဖြတ်ကူးနိုင်သည် ထားဘိဦး ၊ အန္တရာယ် ကြီးလှသောဝက်ဝံမကြီး ထံမှ ဝက်ဝံကလေးများကို ယူဆောင်ရန် လွယ်ကူသည့် အလုပ် မဟုတ်ပါ ။ ဝက်ဝံမကြီး၏ လက်တွင်းသို့ ကျွန်ုပ်တို့ ရောက်ရှိသွားက အိမ်ကြီးသို့ ရောက်မှ တွေ့ရမည့်ပျော်ရွှင်ခြင်းကို မတွေ့ကြရမီ သေဆုံးကြရလိမ့်မည် ။ သို့ဖြစ်၍ ဤခရီးကို သွားသော်လည်း အချည်းနှီးတည်း ။ အကယ်၍ ဝက်ဝံမကြီး ထံမှ ဝက်ဝံကလေးများ ယူဆောင်၍ တောင်ပေါ်သို့ ပြေးတက်သွားသောအခါလည်း ကျွန်ုပ်တို့သည် တောင်၏ အမြင့် အဘယ်မျှ မြင့်သည်ကို မသိကြရသဖြင့် တောင်ထိပ်သို့ ရောက်ချင်မှ ရောက်ကြလိမ့်မည် ။ အကယ်၍ တောင်ထိပ်သို့ ရောက်၍ အိမ်ကြီးထဲသို့ ရောက်သွားကြသည့်တိုင်အောင် ထိုအိမ်ကြီးထဲမှ စောင့်စားနေသော ပျော်ရွှင်ခြင်း ဆိုသည်မှာ ကျွန်ုပ်တို့ နှစ်လိုသော ပျော်ရွှင်ခြင်းမျိုး ဖြစ်ချင်မှ ဖြစ်လိမ့်မည် ” ဟု ညီငယ် မောင်ကြံဆ အား ရှည်လျားစွာ ရှင်းလင်းပြလေ၏ ။


ထိုအခါ မောင်ကြံဆက “ အစ်ကို ၊ ကျွန်ုပ် စိတ်ထင် ပြောရလျှင် အစ်ကို မှားပြီဟု ထင်ပါသည် ။ ဤကျောက်တုံးပေါ်တွင် ရေးထားသောစာတို့မှာ လုံလောက်သောအကြောင်းများကို ဖော်ပြထားသည်ကား အထင်အရှားဖြစ်၏ ။ ကျွန်ုပ်တို့သည် မလျော့သောလုံ့လဖြင့် မြစ်ကို ဖြတ်ကူးကြလျှင် မြစ်၏ တစ်ဖက်ကမ်းသို့ မရောက်မနေ ရောက်ကြမည်သာဖြစ်တော့သည် ။ မြစ် တစ်ဖက်ကမ်းသို့ ရောက်၍ ဝက်ဝံမကြီး ထံမှ ဝက်ဝံငယ်ကလေးများကိုယူဆောင်ပြေးခြင်း ပြုက အိမ်ကြီးထဲတွင် ပျော်ရွှင်ဖွယ်ရာ တွေ့ရမည်ကား မချွတ်တည်း ။ ကျွန်ုပ်တို့သည် ကျောက်တုံးပေါ် က စာကို ဖတ်ရ ကတည်းက ပျော်ရွှင်ခြင်း ရရမည်မှာ မလွဲဧကန် အမှန်ဖြစ်သည် ။ သို့ရာတွင် မသွားဘဲနေပါမူ ထိုပျော်ရွှင်ခြင်းကို ရမည် မဟုတ်ပါ ။ လောကတွင် ကြိုးစားအားထုတ်ခြင်းမပြုဘဲ မည်သူသည် အလိုအလျောက် အောင်မြင်ခြင်းကို တွေ့ဖူးသနည်း ။ ကျွန်ုပ်သည် ထိုအိမ်ကြီး သို့အရောက် အားထုတ်ကြိုးစား၍ သွားရမည်ကို နည်းနည်းကလေးမျှ ကြောက်ရွံ့စိုးရိမ်ခြင်း မရှိပါ ။ အစ်ကို မလိုက်လျှင် ကျွန်ုပ် တစ်ယောက်တည်း သွားရောက်ခြင်း ပြုပါမည် ” ဟု ရဲရင့်စွာ ပြောကြားခြင်းပြု၏ ။


ထိုအခါ မောင်ရောင့်ရဲ က “ ညီမောင် ၊ လောကတွင် အလိုကြီးလျှင် အရနည်း ဟူသော စကားပုံရှိသည် မဟုတ်ပါလော ။ ကြောက်တတ်လျှင် ဝန်ကင်းသည် ဟူသော စကားပုံလည်း ရှိသည် မဟုတ်ပါလော ။ ညီမောင် ထိုစကားပုံတို့ကို စဉ်းစားဆင်ခြင်၍ သွားသင့်မသွား သင့်ဆုံးဖြတ်လော့ ” ဟု မောင်ကြံဆ အား ပြောကြားလေ၏ ။


“ အစ်ကို လောကတွင် ကြောက်လျှင် လွဲ ရဲ မင်းဖြစ် ဆိုသည့် စကားပုံကိုမူ အစ်ကို မေ့ ထားပြီလော ။ ကျွန်ုပ်သည် ထိုစကားပုံကို ယုံကြည်၍ အထူးတွေးခေါ်ဆင်ခြင်ရန် မလိုတော့ပါ ။ ကျွန်ုပ် မသွားဘဲမနေ သွားပါတော့မည် ” ဟု မောင်ကြံဆ က ဇွတ်အတင်း ပြောလျက် တောတွင်း သို့ ဝင်ရောက်သွားသောကြောင့် မောင်ရောင့်ရဲ မှာ နေရာတွင်ပင်ကျန်ရစ်လေ၏ ။


ထို့နောက် မောင်ကြံဆ သည် တောတွင်းသို့ ရောက်၍ မြစ်တစ်မြစ်ကို တွေ့ရပြီး ထိုမြစ်ကို ဖြတ်ကူး၏ ။ ထိုမြစ်၏ တစ်ဖက်ကမ်းသို့ ရောက်လျှင် အိပ်ပျော်နေသော ဝက်ဝံမကြီး၏ ကလေးတို့ကို တိတ်တဆိတ် ခိုး၍ နောက်သို့ လှည့်မကြည့်ဘဲ တောင်ပေါ်သို့ အပြေးအလွှား တက်လေ၏ ။ တောင်ထိပ်သို့ မောင်ကြံဆ ရောက်သွားသောအခါ တောင်ပေါ်၌ နေထိုင်ကြ သော တောင်ပေါ်သားတို့သည် တစ်ခဲနက် ကြိုဆိုခြင်းပြုလျက် အသင့်ဆိုက်ထားသော ရထား ပေါ်တွင် မောင်ကြံဆ အား တင်ဆောင်လျက်မြို့တော်ထဲသို့ ခေါ်ဆောင် သွားကြလေ၏ ။


မြို့တော်သို့ ရောက်လျှင် မောင်ကြံဆအား ဘုရင် အဖြစ် တင်မြှောက်ခြင်းပြုလေ၏ ။ မောင်ကြံဆ တိုင်းပြည်ကို အုပ်စိုး၍ ငါးနှစ်ကြာခြောက်နှစ်အတွင်းသို့ ရောက်သောအခါ သူ့ ထက် အင်အား ကြီးမားသော ဘုရင်တစ်ပါး၏ စစ်ပြုခြင်းကို ခံရလျက် မောင်ကြံဆ မှာ စစ်ရှုံး၍ သူ့တိုင်းပြည်မှ ထွက်ပြေးခဲ့ရလေ၏ ။


ထို့နောက် မောင်ကြံဆ သည် ဟိုရောက် သည်ရောက်နှင့် လူလေလူလွင့် ကဲ့သို့ သွားလာခဲ့ရာမှ သူ့အစ်ကို မောင်ရောင့်ရဲ အိမ်သို့ ရောက်ရှိသွားလေသည် ။ မောင်ရောင့်ရဲသည် အလွန်လည်း မချမ်းသာ ၊ အလွန်လည်း မဆင်းရဲဘဲ သင့်တင့်လျောက်ပတ်စွာ နေထိုင်စား သောက်ရသည်ကို မောင်ကြံဆ တွေ့ရလေသည် ။


မောင်ရောင့်ရဲ နှင့် မောင်ကြံဆ တို့မှာ အတန်ကြာ ကွဲကွာပြီးမှ ပြန်လည်တွေ့ဆုံရ သဖြင့် အလွန့်အလွန် ဝမ်းမြောက်ခြင်း ဖြစ်လျက် နောက်ကြောင်းများကို ပြောမဆုံးနိုင်အောင် ရှိကြလေ၏ ။


ထို့နောက် မောင်ရောင့်ရဲ က “ ညီမောင် ၊ သင်သည် ကြီးကျယ်သော ဘုရင်ကြီး အဖြစ်ကို ရခဲ့၍ ကြီးကျယ်သော ဒုက္ခကြီးကို ရင်ဆိုင်ရခြင်းမှာ အလိုကြီး၍ အရနည်းသည်နှင့် မတူပါ လော ။ ကျွန်ုပ်မှာမူကား သင့်ကဲ့သို့ အလိုမကြီး၍ ဒုက္ခလည်း မတွေ့ ၊ အေးချမ်းစွာ နေထိုင်ရ သည် ။ သင်မြင်ရပြီ မဟုတ်လော ” ဟုပြောကြားလေ၏ ။


“ မှန်ပါသည် ၊ သို့ရာတွင် ကျွန်ုပ်လည်း နောက်က ဖြစ်ပျက်ခဲ့သည်ကို မေ့ပျောက်လိုက်၍ အစ်ကိုနှင့် အတူ အေးချမ်းစွာ နေထိုင်ပါတော့မည် ။ အစ်ကိုမှာ ဘာမျှ တွေးတောစရာ မရှိသော်လည်း ကျွန်ုပ်မှာကား ကြီးကျယ်သော ဘုရင် အဖြစ်ကို ရဖူးသော အကြောင်းများအား တွေးတောစရာ ရှိပါသည် ” ဟု မောင်ကြံဆက ပြန်ပြောလေသည် ။


〇 ကိုကြီးမြင့်သိန်း

📖ရှုမဝ မဂ္ဂဇင်း

     ၁၉၆၇ ၊ စက်တင်ဘာ

ဖားလက်တက်လေးများ၏ ဒိုင်ယာရီ


 

❝ ဖားလက်တက်လေးများ၏ ဒိုင်ယာရီ ❞
( ဧချင်း - ဓာတုဗေဒ )

မိုးလေအေးက စိမ့်ခနဲ အေးစက်လာပြီမို့ တံခါးဝကို အသာ စေ့လိုက်တယ် ။ ဒီမိုးကြောင့်ပဲ ဒီနေ့ ကယ်ရီ မသွားဖြစ်ပြန်ဘူး ။ မီးငြိမ်းစ , ပြုနေပြီဖြစ်တဲ့ ဆေးလိပ်တိုကို အသာချထားလိုက်တယ် ။ မိုးရာသီတိုင်းလည်း ကျပ်တည်းတာ အမှန်ပဲ ။ ဒါကြောင့်ပဲ မိုးတွင်းစာကို ကြိုးစားရှာခဲ့တာ ။ မိုးလယ်လောက် ရောက်တော့လည်း ဒုံရင်းပါပဲ ။ အင်း ... ပြောရမယ်ဆိုရင်တော့ ဒါဟာ မိုးရာသီ အလုပ်ရှားတဲ့ အုတ်စက် အလုပ်သမားတွေရဲ့ ထုံးစံပဲပေါ့ဗျာ ။

••••• ••••• •••••

၁ ။

“ ကိုမြင့်ဇော်ရေ အုတ်စက်ပိုင်ရှင်က ကယ်ရီ သွားမယ်တဲ့ ”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ လာခဲ့မယ် ”

ကိုယ်က ဆိုင်ကယ်လေး ရှိတော့ အလုပ်ပါးတဲ့ အချိန်မှာ အပိုဝင်ငွေပေါ့ဗျာ ။ မိန်းမက ငါးပိရည်လေး ကျို ၊ ငရုတ်သီးမှုန့်လေး ကြက်သွန်ဖြူလေး ရောထည့်ပြီး ငါးဆယ်တန် အိတ်လေးတွေထဲ ထည့် ၊ ချဉ်ဖတ်စုံကို အစည်းလေးတွေ စည်းပြီး ညနေပေး လိုက်ရောင်းတယ်လေ ။ ညနေ အလုပ်သမားတွေ ပိုက်ဆံထုတ်ချိန်ဆို ငွေလိုက်သိမ်းရုံပဲ ။

အထင်တော့မသေးနဲ့ ဗျ ။ အလုပ်ရှားပါးတဲ့ အချိန်မှာ မိန်းမရဲ့ ဈေးတောင်းလေးက မိသားစုစားအိုးကို ထိန်းထားနိုင်တယ်လေ ။ ဒါကြောင့်ပဲ ဆိုင်ကယ်လေးတစ်စီး အဖတ်တင်တာပေါ့ဗျာ ။

ပိုပိုလျှံလျှံတော့ မရှိလှပါဘူး ။ ကလေးက သုံး ယောက်လေ ။ ဒါတောင် အုတ်စက်တဲတန်းကို အမြဲလာတဲ့ ကျန်းမာရေး ဆရာမလေး ကောင်းလို့ဗျာ ။ နို့မို့ဆိုရင် တော့ တစ်နှစ်တစ်သားပဲ ။

TV မှာ လာလာနေတဲ့ ကြော်ငြာလေးတွေလေ ။ လင်းဇာနည်ဇော်က ပဲပြုတ် ရောင်းပြီး ကလေးတွေက အများကြီးပဲ ။ အပြီးသတ် နေ ဆေးခန်းမှာ သားဆက်ခြားနိုင်ပါသည် ဆိုတာပေါ့ဗျာ ။ ဒီလို ကြော်ငြာပေးတာ ကောင်းတယ်ဗျ ။ ဒါမှ ကျုပ်တို့လို ဗဟုသုတ နည်းတဲ့သူတွေ နားလည်လာမှာကိုး ။ အခုတော့ ကလေး ၃ ယောက်ကိုပဲ ပြုစုပျိုးထောင်တော့မယ်ဗျာ ။

ဒါ့ကြောင့် ပြောပါတယ် မိုးရာသီ အလုပ်ပါးတဲ့ အခါ ခပ်ကျပ်ကျပ်ပါဆို ။

••••• ••••• •••••

၂ ။

“ မပေးနိုင်ဘူး ၊ မရှိဘူးလို့ ပြောလိုက်ပါလား ။ အခေါက်ခေါက် အခါခါတွေ ဘယ်လာ တတ်နိုင်တော့မှာလဲ ”

ကယ်ရီလေး နေ့ခင်းပိုင်း နားပြီး ထမင်းစား ပြန်လာတော့ အိမ်ခန်းထဲက မိန်းမအသံကို အတိုင်းသား ကြားလိုက်ရတယ် ။

အိမ်ပေါ်ကို လှမ်းတက်လိုက်တော့ ငိုမဲ့မဲ့ မျက်နှာနဲ့ သမီးကြီးကို တွေ့လိုက်ရတယ် ။

“ ဘာဖြစ်လို့လဲ သမီး ရယ် ၊ ဘာဖြစ်ပြန်ပြီလဲ ခင်မာ ဒီမှာ ကလေးငိုနေပြီ ”

အကြီးဆုံး သမီးလေး ကိုတော့ သူ အရမ်းချစ်တယ် ။ သိတတ် လိမ္မာလွန်းလို့လေ ။ အငယ်နှစ်ကောင်ကတော့ မျောက်ရှုံးတာပေါ့ ။

“ ကျူရှင်မှာ ဆရာကန်တော့ကြေး ထပ်ကောက်လို့တဲ့ ၊ ကျောင်းမှာ ကန်တော့ပြီးပြီပဲ တော်ပြီပေါ့ ။ မရှိရတဲ့ ကြားထဲ စိတ်ညစ်စရာတွေ ၊ ဒီလောက် ကန်တော့ချင်နေရင် လက်အုပ်ချီပြီးသာ ကန်တော့လိုက်တော့ ဟင်း ”

ပြောဆိုပြီး ခင်မာ အောက်ကို ဆင်းသွားတော့ သမီးမျက်နှာမှာ မျက်ရည်တွေ ဝဲနေပြီ လေ ။ လေးတန်းတောင် မအောင်ခဲ့ရှာတဲ့ ခင်မာ ကတော့ သားသမီး မျက်နှာငယ်မှာကို ဘယ်တွေးတတ်ပါ့မလဲ ။ ကိုယ်တောင် ၁ဝ တန်းထိ ပညာသင်ခဲ့ဖူးလို့ နည်းနည်း နားလည်နေတာ ။ သမီးကြီးတစ်ယောက်ပဲ ရှစ်တန်းမို့လို့ ကျူရှင်ထား အောင် မနည်း နားချထားခဲ့ရတာ ။

ခင်မာ့ခမျာ မိုးလင်း ငါးနာရီဆို ဈေးသွားရောင်း ၊ ပြန်လာရင် ချက်ပြုတ်လျှော်ဖွပ် ၊ ညနေရောက်ရင် ငါးပိ ရည်ကျို ၊ ဟင်းရွက်စည်း ဒါနဲ့ပဲ အချိန် ကုန်ရှာတယ်လေ ။

မိုးတွင်းအခါမှာ ဖားကြီးတွေက အစာ မရှားပါးပေမဲ့ ဖားလက်တက်လေးတွေက ဟစ်ရင်းအော်ရင်း အစာရှာ အသက်မွေးရသတဲ့လေ ။ ကိုယ်တွေလည်း ဖားလက် တက်လေးတွေလိုပါပဲ ။

“ မငိုပါနဲ့ သမီးရယ် ၊ မနက်ဖြန် ကယ်ရီဆွဲ ပြန်လာရင် အဖေ ပေးပါ့မယ် ၊ အမေ့ ကို ပြန်ပြောမနေနဲ့တော့ ”

“ ဟုတ်ကဲ့အဖေ ၊ ဒါဆို သမီး ထမင်းသွား ခူးလိုက်ဦးမယ်နော် ”

သမီးမျက်နှာ ပြုံးရွှင်သွားပြီး သူ့အတွက် ထမင်းခူး ပေးဖို့ နောက်ဖေးခန်းထဲကို ဝင်သွားပြီ ။

အင်း ... ခင်မာ့ဘက်က ကြည့်ပြန်တော့လည်း မရှိရှာတော့ ငြိုငြင်မှာပေါ့လေ ။ မျက်ရည်လေး စို့ပြီးမှ တောင်းလို့ရလာတဲ့ ကန်တော့ကြေးလေးကလည်း ... အင်း ၊ သမီးလေး မျက်နှာမငယ်ရင် ပြီးတာပါပဲ ။ သူများ ကန်တော့ပွဲ လုပ်ရင် သူ့ခမျာလည်း ပါဝင်ရှာမှာပေါ့ ။

တို့တောမှာတော့ ကျောင်းပိတ်ရက်ခါ နီးရင် ဆရာ ဆရာမတွေကို လက် အုပ်ချီပြီး ကန်တော့ကြတာပါပဲ ။

တူမှ မတူဘဲလေ ။

ကိုယ်က မြို့ကို ပြောင်းလာခဲ့တာကိုး ။

“ မောင်မြင့်ဇော်ရေ ငါ့ အမေအိမ်ကို ဝက်သားတွဲလေး ပို့ပေးပါဦးကွာ ”

“ ဟုတ်ကဲ့ ကျွန်တော် လာခဲ့ပါ့မယ် ”

အုတ်စက်ပိုင်ရှင် ပြန်ထွက်သွားတော့ အိမ်ဘက်ကို ဆိုင်ကယ်ယူဖို့ လျှောက်လာခဲ့တယ် ။ ပြောရရင် အုတ်စက်ပိုင်ရှင်ကတော်က နည်းနည်း ခက်ထန်တယ်ခင်ဗျ ။ ယောက္ခမနဲ့ အဆင်မပြေဘူး ပေါ့ဗျာ ။ ဒါပေမဲ့ ဆရာကြီးက အစားအသောက်လေးက အစ မိဘအိမ်ကို ပို့ပေးရှာပါတယ် ။

သူတို့ မိဘများက ပြေလည်ကြပါတယ် ။ ကိုယ်တွေမှာသာ ရွာမှာ ကျန်ခဲ့တဲ့ အမေအိုကြီး ကို မပြေလည်မှန်း သိပေမဲ့ လစဉ်တောင် မှန်မှန် မပေးနိုင်တဲ့ အဖြစ်လေ ။ နီးနီးနားနား နေစဉ်ကတော့ ခင်မာ ကလည်း သိတတ်ရှာပါတယ် ။ ဘာလေးပဲ ချက်ချက် ပို့ပေးရှာတယ် ။ ခြေဆုပ်လက်နယ် သွားပြီး ပြုစုပေးပါတယ် ။ ရွာမှာ အလုပ်အကိုင် မကောင်းလို့ မြို့တက်လာစဉ် ကတည်းက အမေ့ကို သတိပဲ ရနိုင်တော့တာလေ ။

ဟောဗျာ တွေးရင်း စီးလာလိုက်တာ အုတ်စက်ပိုင်ရှင် အိမ်ရှေ့တောင် ရောက်လာပြီ ။ ဝက်သားတွဲ ယူပြီး ပြည်တော်သာဘက် ပြန်ထွက်ဦးမှ ။

••••• ••••• •••••

၃ ။

“ ရေမိုးချိုးပြီး အေးအေးလူလူ ရှိရင် ထိုင်စမ်းပါဦး ၊ ရှင့်ကို ပြောစရာရှိလို့ ”

ရေမိုးချိုးပြီး အိမ်ရှေ့မှာ ခဏထိုင်တော့ ခင်မာက စကားစ , လာတယ် ။

“ ဘာများလဲ ခင်မာရယ် ”

“ ကျုပ်တို့လေ မိဘများ ဆီကို မရောက်တာလည်း ကြာလှပြီ ၊ ဒီနွေ ကလေးတွေ ကျောင်းပိတ်ရင် ရွာကို အလည် ပြန်ကြရအောင်တော် ”

ဟုတ်တော့လည်း ဟုတ်တာပဲလေ ။ ရွာမှာ ကျန်ခဲ့တဲ့ သူ့မိဘ ၊ ကိုယ့်အမေအိုကြီး ဆီကို မပြန်နိုင်တာ နှစ်နှစ်ကျော်ပြီလေ ။

“ ပြန်ချင်တာပေါ့ ခင်မာရယ် ၊ ဒါပေမဲ့ နင်လည်း သိနေတာပဲ ၊ တစ်နေ့နေ့ လုပ်လိုက်ရတာ ဒါပေမဲ့ လမ်းစရိတ်လေးတောင် ပိုလျှံတာမှ မဟုတ်ဘဲဟာ ”

ခင်မာက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ရင်းက -

“ သိပါတယ် ကိုမြင့်ဇော်ရယ် သိပ်သိတာပေါ့  ၊ ကျုပ်လေ အုတ်စက် မတင်ရီတို့ အဖွဲ့နဲ့ မဲစုထားတယ်တော့ ။ အဲဒါ ဒီလကုန်ရင် ကျုပ်အလှည့်ပဲ ၊ အဲဒါ မိဘတွေကို ကန်တော့ရင်း ရွာကို ပြန်ကြ တာပေါ့တော် ”

သူ့ရင်ထဲမှာ ဝမ်းသာဝမ်းနည်း ခံစားလိုက်ရတယ် ။ သိတတ်လိုက်တာ ခင်မာရယ် ။ ပညာနည်းပေမဲ့ စိတ်ကောင်း နှလုံးကောင်း အရမ်းရှိရှာတာ ။ ဘာရယ်မဟုတ် ခင်မာ့နဖူးက ဆံစလေးကို သပ်ပေးလိုက်မိရင်း ရင်ထဲမှာ ကျေးဇူးတွေ တင်နေမိတယ် ။

နေပူစပ်ခါး ဈေးရောင်း ထွက်ရတော့ ညိုမှောင်နေတဲ့ အသားအရေလေး ပေါ်မှာ ရှင်မတောင် သနပ်ခါးလေးက ထင်းထင်းကြီး မွှေးပျံ့နေ တယ်လေ ။ ရင်ထဲ မှာလည်း ကြည်နူး နေမိတော့ ခင်မာ့ အနားလေး အသာကပ်လိုက်ပြီး ပါးပြင်လေးကို မွှေးလိုက်မယ် ကြံလိုက်မိတော့ ... အဲလေ ခင်မာ့ နောက်ကျောက မြင်လိုက်ရတဲ့ မြင်ကွင်း ကြောင့် သူ အရှိန်နည်းနည်း လျှော့သွားတယ် ။ သားအငယ်ဆုံးလေးက ချိုးငှက် အသေလေးကို ကိုင်ပြီး အိမ်ပေါ်ကို တက်လာတာ ။ ဒီကောင် ကျောင်းပြေးပြီး ချိုးပစ်ပြန်ပြီထင်တယ် ။ သားကတော့ အဖေနဲ့အမေကို အသေအချာကြည့်ပြီး မျက်လုံးလေး အဝိုင်းသားနဲ့ ။

••••• ••••• •••••

၄ ။

“ တောင်း တောင်းပန်ပါ တယ် ခင်မာရယ် ၊ ငါလေ စားဖို့ထဲက ဖဲ့ပြီး ပြန်ဆပ်ပါ့မယ် ။ နင့်အစ်ကို လုပ်ခထဲကလည်း ငါဖဲ့ပြီး ပေးပါ့မယ် ။ နင်က နောက်ဆုံးမဲဆိုတော့ မနက် လာယူမှာ ဆိုပြီး ငါ အလွယ်ပဲ ထားမိတာ အဲဒါ ညက သူခိုးဝင်တော့ ... ”

ဒီနေ့ မဲထုတ်ရက် ဆိုပြီး လင်ကိုယ်မယား နှစ်ယောက် ဝမ်းသာအားရ မဲလာထုတ်ကြတာလေ ။ ဒီနေ့ ခင်မာတို့ ဈေးတောင် မရောင်းဘူးပေါ့ ။ အခုတော့ အုတ်စက်တဲတန်းကို ဝင်မွှေသွားတဲ့ သူခိုးက ခင်မာ့ငွေ လေးသောင်းကျော်ကို ရသွားပြီလေ ။ စိတ်ဆိုးရအောင်လည်း တစ်ဦးတည်း မဟုတ်ပြန်ဘူး ။ ရှိစုမဲ့စု ရေဒီယိုလေးပါသွားတဲ့သူနဲ့ ၊ အလုပ်သိမ်းတဲ့ ငွေလေး ပါသွားတဲ့သူနဲ့ ။ အင်း ..

“ ဓာတ်သိထဲကပဲ နေမှာပါ ခင်မာရယ် ၊ အားလုံးပဲ ရှာနေကြတယ် ”

ဘာပြောကောင်းမလဲဗျာ ၊ တစ်လမ်းလုံး ငိုလာတဲ့ ခင်မာ့ကို မနည်းချော့လာရတယ် ။ အိမ်ရောက်တယ် ဆိုရင်ပဲ ငါးပိရည်က မကျိုရသေးပေမဲ့ ချဉ်ဖတ်က စိမ်ပြီးသားဆိုတော့ ဈေးတောင်းလေးထဲ စုပြုံထည့်ပြီး ခင်မာ ဈေးရောင်းဖို့ ပြင်တော့တာပဲလေ ။

“ ဘာရှင့် ၊ ဒီနေ့ နားရင် နောက်နေ့ ငတ်မှာပေါ့ ။ လူနား ရင်ရတယ် ၊ မိုးလင်းရင် ဗိုက်တွေက မနားဘူး သိရဲ့လား ”

သူ့ဒေါသက ကိုယ့်အပေါ် ထွက်ပေါက်ရှာလိုက်တာမို့ ကိုယ်လည်း ခွင့်လွှတ် ပေးလိုက်ပါတယ် ။ ဒါနဲ့ပဲ ကိုယ်လည်း ဆိုင်ကယ်သော့လေး လှမ်းယူပြီး -

“ အေးပါဟာ ငါလည်း ကယ်ရီထွက်ဆွဲမှာပါ ”

ရှာရဦးမှာပေါ့ဗျာ ၊ ဖား လက်တက်လေးတွေလို ဟစ်ရင်းအော်ရင်းပဲ ။

မိုးတွင်းကျတော့ ကျပ်တည်းတာ အမှန်ပဲဗျာ ။

⎕ ဧချင်း  ၊ ဓာတုဗေဒ  ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဇူလိုင်  ၊ ၂၀၁၅

Sunday, August 3, 2025

တစ်ထစ်ချင်း တက်ခဲ့ရတဲ့ အောင်မြင်မှုများ


 

❝ တစ်ထစ်ချင်း တက်ခဲ့ရတဲ့ အောင်မြင်မှုများ ❞

၂၁ နှစ်ပြည့် ရွှေအမြုတေ “ နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ကဏ္ဍ ” မှာ စာရေးနည်းများကို အဆက်မပြတ် ဖော်ပြခဲ့တာ ဖြစ်ပေမယ့် ဒီလမှာတော့ အောင်မြင်မှုများကို လှေကားထစ် တစ်ထစ်ချင်း တက်ပြီး ရယူခဲ့တဲ့ စာရေးဆရာမ Laura Lippman နဲ့ တွေ့ဆုံခြင်း ဆောင်းပါး ကို ဖော်ပြပေးလိုက်ပါတယ် ။ ဆရာမက သည်းထိတ်ရင်ဖို ဝတ္ထုများကို ရေးသားသူ ဖြစ်ပြီး The Edgar , The Shamus , The Anthony , The Nero Wolfe , The Barry , The Gumshoe , The Quill , The Strand , The Macavity နဲ့ The Romantic Times ဆုများကို ရရှိထားသူ ဖြစ်ပါတယ် ။

ဆရာမ က အမေရိကန် ပြည်ထောင်စု ၊ Baltimore မှာ နေထိုင်ပါတယ် ။ ဆရာမ နေထိုင်တဲ့ တိုက်အိမ်ကလေးက ၁၈၈၈ ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ ဘုရားကျောင်းဝင်းအတွင်းမှာ ရှိပြီး စာရေးတဲ့ အခါမှာတော့ အိမ်နားက ကော်ဖီဆိုင် မှာ သွားရေးလေ့ ရှိပါတယ် ။ ခင်ပွန်းသည် ဖြစ်သူ David Simon မှာ လည်း HBO ရုပ်မြင်သံကြား အစီအစဉ်မှာ နာမည်ကြီး ဒရာမာ ဇာတ်လမ်း ဖြစ်တဲ့ The Wire အပါအဝင် လောလောဆယ်မှာ ပြသ နေတဲ့ Treme ဇာတ်လမ်းကို ရေးသား ရိုက်ကူးထုတ်လုပ်သူ အဖြစ် နာမည်ရသူ ဖြစ်ပါတယ် ။ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ ရိုက်ကူးသူ မဖြစ်လာမီက The Baltimore Sun သတင်းစာမှာ မှုခင်းသတင်းများကို ရေးသားခဲ့သူ ဖြစ်ပါတယ် ။

ဆရာမက သူ့ စိတ်ကြိုက် စာအုပ်များမှာ စာရေးဆရာများရဲ့ ဘဝအတွေ့အကြုံများကို ရေးသားတဲ့ ဘဝ မှတ်တမ်းစာအုပ်များ ဖြစ်ပြီး အစားအသောက်နဲ့ ပတ်သက်တဲ့ စာအုပ်များကိုလည်း နှစ်သက်တယ်လို့ ဆိုပါတယ် ။ ဘဝမှတ်တမ်း အတွေ့အကြုံများကို နှစ်သက်သူ ဆိုပေမယ့် အစ်မ ဖြစ်သူက ဆရာမကို ဘဝအတွေ့အကြုံ မှတ်တမ်းစာအုပ် ဘယ်တော့မှ မရေးပါဘူးဆိုတဲ့ ကတိရအောင် တောင်းခံထားတဲ့ အတွက် ဆရာမရဲ့ ဘဝအတွေ့အကြုံ မှတ်တမ်း စာအုပ်ကတော့ ထွက်လာစရာ မရှိဘူးလို့ ယူဆရပါတယ် ။

••••• ••••• •••••

စာရေးဆရာမ က Laura Lippman က အရပ်မြင့်မြင့် ၊ အညိုရောင် ဆံပင်များ ပိုင်ရှင် ဖြစ်ပြီး လမ်းလျှောက်တဲ့အခါ အားကစားသမား တစ်ယောက်လို ခပ်သွက်သွက် လျှောက်တတ်ရုံ သာ မက ဟာသဉာဏ် ရှိသူလည်း ဖြစ်ပါတယ် ။ ဆရာမ ပထမဆုံးရေးခဲ့တဲ့ စာအုပ်က ၁၉၉၇ ခုနှစ်မှာ Paperback စာအုပ်အဖြစ် ထုတ်ဝေခဲ့တဲ့ Baltimore Blues ဖြစ်ပါတယ် ။ ( စာအုပ်များကို ပထမအကြိမ် ထုတ်ဝေရာမှာ Hard Cover အဖြစ် ထုတ်ဝေလေ့ ရှိပေမယ့် နောက်ထပ် ပြန်ထုတ်တဲ့အခါမှာ Paperback အဖြစ် ထုတ်ကြပါတယ် ။ မျက်နှာသစ်များ ကတော့ Hard Cover နဲ့ ထုတ်လေ့ မရှိဘဲ Paperback နဲ့ သာ ထုတ်ဝေတတ်ကြပါတယ် ။ ) ဒီစာအုပ်ကို လူသိများခဲ့ ပေမယ့် အရောင်းရဆုံး စာအုပ်စာရင်းမှာတော့ တန်း မဝင်နိုင်ခဲ့သေးပါဘူး ။ ဒီဝတ္ထုမှာ အသက် ၂၉ နှစ် အရွယ်ရှိ Tess Monaghan ဆိုတဲ့ အလုပ်လက်မဲ့ သတင်းထောက်မလေး တစ်ဦးကို အဓိက ဇာတ်ကောင် အဖြစ် ဖန်တီးခဲ့ပါတယ် ။ ဒီ သတင်းထောက်မလေး က သူ့သူငယ်ချင်း တစ်ဦးကို အိမ်လခ ပေးနိုင်အောင် ကူညီပံ့ပိုး ပေးနေသူလည်း ဖြစ်ပါတယ် ။ ဒီနည်းနဲ့ သူ့ ဇာတ်ကောင်ဟာ သည်းထိတ်ရင်ဖိုဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင် ဖြစ်လာခဲ့ပါတယ် ။

Baltimore Blues စာအုပ်ကို ရေးသားချိန်မှာ ဆရာမ က Baltimore Sun သတင်းစာမှာ အချိန်ပြည့်ဝန်ထမ်း အဖြစ် တာဝန် ထမ်းဆောင်နေချိန် ဖြစ်ပါတယ် ။ ဝတ္ထုကိုတော့ အားလပ်တဲ့ ညအချိန်များနဲ့ ရုံးပိတ်ရက် များမှာ ရေးသားခဲ့တာပါ ။ ဒီဝတ္ထုက ဆရာမ ရဲ့ လုပ်ငန်းခွင် အတွေ့အကြုံများမှ ပေါက်ဖွားလာတဲ့ ဝတ္ထု ဖြစ်ကြောင်းကို သူ့ အင်တာဗျူးမှာ ပြောပြထားပါတယ် ။ လူတစ်ယောက်ကို သ,တ်ပစ်ချင်စိတ် ပေါ်ပေါက်လာရာကနေ ဖန်တီး ဖြစ်သွားတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ် ။

ဒုတိယစာအုပ် ကလည်း အဓိကဇာတ်ကောင်က သတင်းထောက်မလေး Tess ပဲ ဖြစ်ပါတယ် ။ စာအုပ်နာမည်က Charm City ဖြစ်ပါတယ် ။ ဒီ စာအုပ်က ပထမဆုံးဆု ဖြစ်တဲ့ Edgar ဆုကို ရစေခဲ့ပါတယ် ။ စတုတ္ထ စာအုပ်ကို ထုတ်ဝေချိန် မှာတော့ Harper Collins စာအုပ်တိုက်ကြီးက ဆရာမရဲ့ စာအုပ်ကို Hard Cover နဲ့ စတင် ထုတ်ဝေပေးခဲ့ပါတယ် ။

ဆရာမဟာ နယူးယောက်တိုင်းမ် သတင်းစာကြီးမှ အင်တာဗျူးဆရာမ ဖြစ်တဲ့ Nancy Drew စိတ်ဝင်စားတဲ့ သည်းထိတ်ရင်ဖို စာရေးဆရာများထဲမှ တစ်ဦးအပါအဝင် ဖြစ်ပါတယ် ။ Nancy က ဆရာမရဲ့ ဇာတ်ကောင် ဖြစ်တဲ့ Tess နဲ့ပတ်သက်ပြီး “ ဒီ မိန်းကလေးက အလုပ်လက်မဲ့ ၊ တစ်ယောက်တည်း နေသူ ၊ စိတ် ကလည်း ဆတ်ဆတ်ကြဲ ၊ အလုပ်ရှင် အပေါ်မှာ သစ္စာ စောင့်သိတယ် ၊ ပင်ကိုစရိုက် အားဖြင့် စွာတယ်လို့ ပြောနိုင်တယ် ” လို့ ဇာတ်ကောင်အပေါ် မှာ သုံးသပ်ပြပါတယ် ။

ဆရာမရဲ့ ၁၂ အုပ်မြောက်စာအုပ်ကစပြီး အရောင်းရဆုံး စာအုပ်စာရင်းမှာ ပါဝင်လာခဲ့ပါတယ် ။ စာအုပ်အမည်က What the Dead Know ဖြစ်ပါတယ် ။ ဒီဇာတ်လမ်းမှာတော့ အသက် ၁၅ နှစ် အရွယ် ရှိတဲ့ Sunny နဲ့ အသက် ၁၁ နှစ်သာ ရှိသေးတဲ့ Heather ဆိုတဲ့ ညီအစ်မ နှစ်ယောက် ရှော့ပင်းမောလ်ကြီး တစ်ခုထဲမှာ ပျောက်သွားခဲ့ပါတယ် ။ နောက် နှစ်ပေါင်း ၃ဝ ကြာတဲ့ အခါမှာ ကားတိုက်မှု တစ်ခု ဖြစ်ပွားပြီး Heather ကို ပြန်တွေ့ကြပါတယ် ။ ဒီဝတ္ထုနဲ့ ပတ်သက်ပြီး ဝေဖန်ရေးဆရာမ Janet Maslin က “ ဒီတစ်ခါတော့ Ms. Lippman က သွေးခပ်နွေးနွေး နဲ့ ရေးထားတာပါ ။ ဝတ္ထုဇာတ်ကြောင်းမှာ သတိထားပြီး ရေးတာကိုလည်း တွေ့ရပါတယ် ” လို့ သုံးသပ်ပါတယ် ။ နောက်ဆုံးထွက်လာတဲ့ ဝတ္ထုကတော့ လူတွေကို တစ်ယောက်ပြီး တစ်ယောက် လိုက်သ,တ်နေတဲ့သူ တစ်ယောက် အကြောင်းပါ ။ ဒါပေမဲ့ မသ,တ်ဖြစ်တဲ့ သူ တစ်ယောက်တော့ ရှိခဲ့ပါတယ် ။ ခေါင်းစဉ် က I'd Know You Any - where ဖြစ်ပါတယ် ။

The Writer မဂ္ဂဇင်းမှာ စာရေးဆရာမက အင်တာဗျူး ဖြေခဲ့ရာ အောက်ပါအတိုင်း ဖတ်ရပါတယ် ။

➽ ဆရာမက အမြဲတမ်း စာရေးချင်နေတာပဲလား ။

ကျွန်မက ဝတ္ထုတွေ အမြဲ ရေးချင်နေတာ ။ ဒါပေမဲ့ လက်တွေ့ကျကျ စဉ်းစားကြည့်တဲ့ အခါမှာတော့ စာရေးတဲ့ အလုပ်တစ်ခု ရမှသာ စားဝတ်နေရေးအတွက် ပြေလည်နိုင်မှာမို့ ကျွန်မ ဂျာနယ်လစ် တစ်ယောက် အဖြစ် စပြီး အလုပ်လုပ်ပါတယ် ။ နေ့စဉ်နဲ့ အမျှ သတင်းစာ အတွက် စာတွေရေးရင်းနဲ့ စာရေးဆရာတစ်ယောက် ဖြစ်လာဖို့ စာရေးတာကို လေ့ကျင့်ခဲ့ပါတယ် ။

➽ ဝတ္ထုရေးဖို့ အတွက် ဘာတွေများ ပြင်ဆင်ခဲ့ပါသလဲ ။

ကျွန်မ အားလပ်ချိန်တိုင်း ဝတ္ထု ရေးဖို့ ကြိုးစားပါတယ် ။ San Antonio မှာ နေတုန်းက သတင်းစာထဲမှာ ကြော်ငြာ တစ်ခု တွေ့တယ် ။ အဲဒီတုန်းက နာမည် မကျော်ကြားသေးတဲ့ စာရေးဆရာမ Sandra Cisneros ဆိုသူက Austin မှာ စာရေးနည်း ဆွေးနွေးပွဲကလေး အပတ်စဉ် ကျင်းပမယ်လို့ ကြော်ငြာထားတာပါ ။ ကျွန်မ အဲဒီကို အပတ်စဉ် သွားတက်တယ် ။ နောက်တော့ Sandra နဲ့ ကျွန်မက အင်မတန် ရင်းနှီးသွားပြီး သူက ကျွန်မကို အမြဲတမ်း ဝေဖန်ဆွေးနွေးပေးတဲ့ မိတ်ဆွေကောင်း တစ်ဦး ဖြစ်လာခဲ့ပါတယ် ။

➽ ဘာဖြစ်လို့ သည်းထိတ်ရင်ဖို ဝတ္ထုတွေကို ရေးချင်ရတာလဲ ။

ကျွန်မ စာရေးဆရာ ဖြစ်မလာခင်မှာ သတင်းစာတိုက်မှာ ဝင် အလုပ်လုပ်တော့ ရေးရတဲ့ သတင်းတွေက မှုခင်းသတင်းတွေချည်း ပါပဲ ။ ဒါကြောင့် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကို စိတ်ဝင်စားခဲ့ပါတယ် ။ ပထမ စာမျက်နှာ ၄ဝ လောက် ရေးပြီးချိန်မှာ ဘာ ဆက်ရေးရမှန်း မသိတော့ဘူး ။ သည်းထိတ်ရင်ဖို ဝတ္ထုမှာတော့ အဆုံးသတ် ဆိုတာရှိတယ် ။ ပုံစံတစ်ခု တိတိကျကျ ရှိနေတာကြောင့် ကျွန်မ သာမန် ဝတ္ထုရေးဖို့ ကြိုးစားရာကနေ သည်းထိတ်ရင်ဖိုဘက်ကို ရောက်ခဲ့ရတာပဲ ။

➽ ပထမဆုံး ရေးတဲ့ Baltimore Blues ရေးဖို့ အတွက် စိတ်ကူး စရတာ ဘယ်လို အကြောင်းပါလဲ ။

စိတ်ကူး စ ရတာကတော့ ၁၉၉ဝ ပြည့်နှစ် ၊ နိုဝင်ဘာလထဲ မှာပါ ။ ကျွန်မက သူငယ်ချင်း တစ်ယောက် ကျင်းပတဲ့ စာအုပ်ပွဲတော် တစ်ခုကို ရောက်နေပါတယ် ။ အချိန်ကာလအားဖြင့်လည်း ညအချိန်ပေါ့ ။ အဲဒီ စာအုပ်ပွဲမှာ ကျွန်မမိတ်ဆွေ အမျိုးသားတစ်ယောက်နဲ့ တွေ့ဖို့ ချိန်းထားပါတယ် ။ သူ က ရောက်မလာသေးတဲ့ အတွက် သူ့ရုံးကို ဖုန်းဆက် လိုက်တဲ့အခါ သူ့အလုပ်ရှင်က ဖုန်းကိုင်တယ် ။ ကျွန်မ မိတ်ဆွေ မရှိဘူး ၊ အပြင်သွားနေတယ်လို့ ပြောတာကြောင့် ကျွန်မ က ဒီလိုဆိုရင် သူ ပြန်လာရင် ပြောပေးဖို့များ ကျွန်မ မှာခဲ့လို့ ရမလားလို့ မေးတာပေါ့ ။ ဒီတော့ တစ်ဖက်က ဖုန်းကိုင်တဲ့ သူက “ ဟေ့ ... ဒီမှာ ၊ ဒီဥစ္စာ ရုံးကွ ၊ မင်း မှာချင်တိုင်း မှာလို့ မရဘူး ။ ငါ ကလည်း ပြန်ပြော မပေးနိုင်ဘူး ” လို့ အော်ပါလေရော ။

ကျွန်မ တော်တော် စိတ်တို သွားတယ် ။ ကျွန်မ သူငယ်ချင်း ရောက်လာတော့ သူက အမှုတစ်ခု နောက်ကို သတင်းလိုက်နေတာလို့ ဆိုပါတယ် ။ ဒါနဲ့ သူ့ ဘော့စ်ရဲ့ ဆက်ဆံရေးကျဲပုံကို ပြောပြလိုက်ပြီး “ အေး .. ဒီလိုသာ ဆက်ဆံ ရင်တော့ မကြာခင် သူ့ကို သ,တ်ပစ်ချင်တဲ့ သူတွေ အများကြီး ပေါ်လာမှာ သေချာတယ် ” လို့ ပြောဖြစ်ခဲ့ပါတယ် ။ ကျွန်မ သူငယ်ချင်း ပြောတာက မှုခင်းဇာတ်လမ်း တစ်ပုဒ် ဖြစ်ပေမယ့် ကျွန်မ အတွေးထဲမှာတော့ သူ့ ဘော့စ်ကို သ,တ်ချင်တဲ့ စိတ်က ပြင်းပြင်းပြပြ ပေါ်နေတာကြောင့် အဲဒါကို ဇာတ်လမ်းဆင် ဖြစ်ခဲ့တာပဲ ။ ကျွန်မ ဇာတ်လမ်းထဲမှာတော့ အဓိကဇာတ်ဆောင်က အမျိုးသမီး သတင်းထောက်ကလေးပေါ့ ။

➽ ဟုတ်ကဲ့ပါ ။ အဲဒီ စိတ်ကူးကနေ စာ စရေးဖြစ်ပြီပေါ့ ။

အဲဒီ စိတ်ကူးကနေ ဘယ်လို ဇာတ်အိမ် ဖန်တီးရမလဲဆိုတာကို အချက်အလက်တွေ ၊ ကျွန်မ ချရေးပါတယ် ။ ဒါပေမဲ့ ဝတ္ထုကိုတော့ စလို့ မရသေးပါဘူး ။ တစ်ရက်မှာတော့ Baltimore မှာ နှင်းမုန်တိုင်းတွေ ကျပါလေရော ။ အပြင်ကို လုံးဝထွက်လို့ မရဘူး ။ အိမ်ထဲမှာ ၆ နာရီလုံးလုံး ပိတ်မိနေတယ် ။ အဲဒီ အချိန်မှာ ကျွန်မ တောက်လျှောက် စာရေး ဖြစ်တာပဲ ။ စာရေးတဲ့အခါမှာ ကျွန်မအတွက် ကွန်ပျူတာနဲ့ စာရေးခြင်းက တော်တော့်ကို သွက်သွက်လက်လက် ရှိစေပါတယ် ။ ဒါပေမဲ့ အားလပ်တဲ့ အချိန်မှ ရေးရတာဆိုတော့ ပထမ အကြမ်းပြီးဖို့ရာ တစ်နှစ် ကြာပါတယ် ။ မှတ်မှတ်ရရ ၁၉၉၄ ခုနှစ်မှာ ကျရောက်တဲ့ ကျွန်မ ၃၅ နှစ်မြောက်မွေးနေ့ ညနေခင်း မှာ လက်စသတ်နိုင်ခဲ့ပါတယ် ။

➽ စာအုပ်ထွက်တာ ကတော့ နောက်တစ်နှစ် ကြာမှ ထွက်နိုင်တာပေါ့ ။

ကျွန်မက တစ်နှစ်ကို စာအုပ် တစ်အုပ် ထွက်ရမယ်လို့ ဆုံးဖြတ် ထားတယ် ။ တစ်စုံတစ်ခုကို လိုချင်တယ် ဆိုရင် ကိုယ့်ဘက်က ဘာပဲဖြစ်ဖြစ် ပြန်ပေးရမှာပဲ ။ ကျွန်မ Baltimore Sun မှာ အချိန်ပြည့် ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်နေစဉ်အတွင်း ဝတ္ထု ၇ အုပ် ရေးနိုင်ခဲ့တယ် ။ မနက် အိပ်ရာထပြီး ရုံး မသွားခင် ၂ နာရီ စာရေး နိုင်အောင် ကျွန်မ ကြိုးစားတယ် ။ ပြီးတော့ ရုံးပိတ်ရက်တွေမှာ စာရေးတယ် ။ ဒီ ကြားထဲမှာ ကျွန်မ အိမ်ထောင်နဲ့လည်း ကွဲသွားတယ် ။ ဒါကတော့ ပြဿနာ မဟုတ်ပါဘူး ။ ကိုယ့်စာ ကိုယ် ရေးနေတဲ့ အတွက် မိတ်ဆွေ တချို့နဲ့ တောင် အဆက်ပြတ်ရတဲ့ အထိ ဖြစ်ခဲ့ရတယ် ။ အဲဒီအချိန်တုန်းကတော့ ဝတ္ထုရေးတာက လွဲရင် ကျွန်မ ဘာကိုမှ ဂရုမစိုက်ဘူး ။ ရေးပြီးသား စာအုပ်တွေ ထုတ်ဝေနိုင်အောင် ကြိုးစားရတယ် ။ လျှို့ဝှက် ထားစရာမလိုတဲ့ ကျွန်မ ဆုံးဖြတ်ချက်ကတော့ ကျွန်မဟာ အချိန်ပြည့် စာရေးဆရာမ တစ်ယောက်ဖြစ်ချင်တယ် ။

➽ စာ စရေးစဉ်ကာလ တုန်းက ဆရာမအပေါ် မှာ သြဇာသက်ရောက်ခဲ့တဲ့ ဆရာ ၊ ဆရာမတွေများ ရှိပါသလား ။

အဲဒီ အချိန်တုန်းကတော့ ကျွန်မက Baltimore Blues ကို ရေးဖို့ စတည်နေပြီ ။ သူများ စာအုပ်တွေလည်း ဖတ်ဖို့ လိုတာပေါ့ ။ ဒါကြောင့် စာရေးဆရာ တချို့ရဲ့ ပထမဆုံး ထွက်ခဲ့တဲ့ စာအုပ်တွေကို ရှာဖတ်တယ် ။ ကျွန်မ ဆရာ ၃ ယောက် ရဲ့ ဝတ္ထု ၃ ပုဒ်ကို ဖတ်ခဲ့တာပါ ။ သူတို့ ၃ ယောက်စီကနေ မတူကွဲပြားတဲ့ အချက်အလက်တွေကို လေ့လာလို့ ရခဲ့ပါတယ် ။

ပထမဆုံး ဖတ်ဖြစ်တာက ဆရာမ Sarah Paretsky ရေးတဲ့ Indemnity Only ဆိုတဲ့ စာအုပ်ပါ ။ အဲဒီ စာအုပ် မဖတ်ခင်အထိ ကျွန်မ စိတ်ကူးမှာ ဇာတ်လမ်း ကို ထောက်လှမ်းမယ့် သူက မိန်းကလေး ဖြစ်မယ်လို့ စိတ်ကူး မရသေးပါဘူး ။ အဲဒါပြီးတော့ Walter Mosley ရဲ့ Devil in a Blue Dress စာအုပ်ကို ဖတ်တယ် ။ ဒီစာအုပ်က စီးရီးလိုက် ရေးတဲ့ စာအုပ်ပါ ။ စီးရီး စာအုပ်တွေမှာ အဓိကဇာတ်ကောင်ကို စာဖတ် ပရိသတ်နဲ့ ချက်ချင်း မိတ်ဆက် မပေးပေမယ့် ဒီ စာအုပ်မှာတော့ အဓိက ဇာတ်ကောင်ကို ပရိသတ်နဲ့ ချက်ချင်း တွေ့ပေးတယ် ။

နောက်ဆုံး တစ်အုပ်ကတော့ ကျွန်မ အားကစားလေ့ကျင့်တဲ့ နေရာမှာ တွေ့တဲ့ အမျိုးသမီး မိတ်ဆွေတစ်ဦးက တိုက်တွန်းလို့ ဖတ်ဖြစ်တဲ့ Carl Hiaasen ရဲ့ Tourist Season ဆိုတဲ့ စာအုပ်ပါ ။ ကျွန်မအနေနဲ့တော့ ဒီလို စာအုပ်မျိုး မရေးနိုင်ဘူးဆိုတာ ကျွန်မသိပါတယ် ။ ဒါပေမဲ့ သူ့လို ဟာသကလေးတွေ ဖောက်ရေးသင့်တယ် ဆိုတာကိုတော့ သဘောပေါက်ခဲ့ရပါတယ် ။

နောက်တော့ ကျွန်မ သည်းထိတ်ရင်ဖို ဝတ္ထုတွေ ရောင်းတဲ့ စာအုပ်ဆိုင်ကို ရောက်ခဲ့တယ် ။ ဒီဝတ္ထုတွေက ဒီနေ့ စာပေလောကမှာ အရောင်းသွက် စာရင်းဝင်တွေ ဖြစ်နေတာကို တွေ့ရပါတယ် ။

➽ ပထမဆုံးထွက်ရတဲ့ ဝတ္ထုက Paperback ဖြစ်နေတဲ့ အတွက် စိတ်ဓာတ်ကျမိသလား ။

ကျွန်မကတော့ စာအုပ် ဈေးကွက်မှာ Paperback တွေရဲ့ အခြေအနေကို သိပ်မသိပါဘူး ။ ကျွန်မ ပထမဦးဆုံး စာအုပ် ထုတ်မယ်ဆိုတော့ ကျွန်မ အေးဂျင့်ဖြစ်တဲ့ Vicki Bijur က ပြောတယ် ၊ ဒီလို Paperback နဲ့ စထွက်တာ က ကောင်းတယ်တဲ့ ။ Harlan Coben လည်း စ ထွက်တုန်းက ဒီလိုပဲ ထွက်ခဲ့တာပဲလို့ ပြောတယ် ။ ကျွန်မညီမ တစ်ယောက်က စာအုပ်ဆိုင်မှာ အလုပ် လုပ်တာဆိုတော့ စာအုပ် ဝယ်သူတစ်ယောက် အနေနဲ့ ဘယ်သူဘယ်ဝါ မှန်း မသိသေးတဲ့ စာရေးဆရာ အသစ် တစ်ယောက်ရဲ့စာအုပ် ကို ဒေါ်လာ ၂၀ ၊ ၂၅ ပေးဝယ်ဖို့ဆိုတာ စာဖတ်ပရိသတ် အတွက် ဝန်လေးတယ်လို့ ပြောပြပါတယ် ။ စာပေဆုရတဲ့ စာအုပ် အများစုဟာလည်း Paperback ထဲက ရကြတာလို့ ပြောပါတယ် ။

➽ အခု နောက်ဆုံး ထွက်လာတဲ့ I'd Know You Anywhere စာအုပ် နဲ့ပတ်သက်ပြီး နည်းနည်းပါးပါး ပြောပြပါလား ။

ဒီ ဇာတ်လမ်းက သမားရိုးကျ အမျိုးသမီး တစ်ယောက်ဖြစ်တဲ့ Eliza Benedict ဆိုတဲ့ အမျိုးသမီးတစ်ယောက် အကြောင်းပါ ။ ဒီမိန်းမက သူလိုငါလို သာမန် အိမ်နီးချင်း တစ်ယောက်လို ဖြစ်တဲ့အပြင် ကိုယ့်ကလေးနေတဲ့ ကျောင်းက တခြား ကလေးအမေ တစ်ယောက်လိုလည်း ဖြစ်ပါတယ် ။

ပြောရရင်တော့ ဘာမှ ထူးခြားမှု မရှိဘူးပေါ့ ။ ဒါပေမဲ့ ဒီမိန်းမက လူတွေကို လိုက်သ,တ်နေတဲ့ လူသ,တ်သမား တစ်ယောက်ရဲ့ သားကောင်ဖြစ်နေတယ် ။ လူသ,တ်သမားရဲ့ ထူးခြားချက်ကတော့ သူ မသတ်ခင်မှာ အသ,တ် ခံရမယ့် သူတွေဆီကို ကြိုတင် စာရေး အကြောင်းကြားထားတတ်တယ် ။ Eliza ကိုလည်း စာရေး အကြောင်းကြားထားပြီးပြီ ။ Eliza နဲ့ စာအသွားအလာတောင် ရှိနေတယ် ။ ဒါက ကျွန်မ စိတ်ကူးယဉ် ဆိုတာထက် အပြင်မှာ ဖြစ်ခဲ့တဲ့ လူသ,တ်မှုတစ်ခုကို အခြေခံထားပြီး ရေးခဲ့တာပါ ။

လူသ,တ်သမားက အဲဒီလို စာ အဆက်အသွယ် ရှိပြီးမှ Eliza ကို မသတ်တော့ဘဲ ချန်ထားခဲ့တယ် ။ ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းကို ပရိသတ် စိတ်ဝင်စားအောင် ဖမ်းစားပြီး ရေးထားတာပါ ။

➽ လူသ,တ်သမား တစ်ယောက်ရဲ့ နေရာကနေ ရေးရတဲ့အတွက် စိတ်မသက်မသာများ ဖြစ်မိသလား ။

ကိုယ့်ကိုယ်ကိုယ် သူ့ နေရာမှာ ထားပြီး ရေးရတာပေါ့ ။ အဲဒီအခါ သူ မြင်တဲ့ လောကကြီး အပေါ် အမြင်ကို ကိုယ်က မြင်ကြည့်ရတယ် ။ ဒီလိုလူမျိုးတွေက သာမန်အားဖြင့်ဆိုရင် အမျိုးသမီးတိုင်း ကျလောက်တဲ့ ရုပ်ရည် ရှိကြတယ် ။ ကျွန်မဇာတ်ကောင်ကလည်း အဲဒီလို ရုပ်ရည်မျိုး ရှိတဲ့သူပေါ့ ။ ဒါပေမဲ့ သူ့မှာ ချစ်ရမယ့် မိန်းကလေး မရှိဘူး ဖြစ်နေတယ် ။ သက်တူရွယ်တူမိန်းမတွေ က သူ့ ကို စိတ်မဝင်စားကြဘူး ။ အဲဒီအချက်ကို ကျွန်မ ကိုယ်တိုင်က စိတ်ဝင်စားသလို ဒီလူသ,တ်ကောင် ရဲ့ သားကောင်ဖြစ်မယ့် Eliza ကလည်း စိတ်ဝင်စားတယ် ။

ဒဏ္ဍာရီထဲမှာ ပါတဲ့ Beauty and the Beast ဆိုတာမျိုးကို ကျွန်မ စိတ်ဝင်စားတယ် ။ မိန်းမချောလေးတွေဟာ အများအားဖြင့် အရုပ်ဆိုးတဲ့ သူတွေနဲ့ ရတတ်ကြတယ် ။ ကျွန်မ ဇာတ်ကောင်ကလည်း အဲဒါမျိုးပါပဲ ။ သာမန်အားဖြင့်ဆိုရင် အရုပ်ဆိုးတဲ့ သူတွေမှာ နူးညံ့တဲ့ နှလုံးသား ရှိတတ်ကြပါတယ် ။

➽ ဆရာမအနေနဲ့ ဝတ္ထုတစ်ပုဒ် ရေးတော့မယ်ဆိုရင် ဒီဝတ္ထုအတွက် သုတေသနပြုတာမျိုး ၊ အချက်အလက် စုဆောင်းတာမျိုး ဘယ်လောက်အထိ လုပ်ပါသလဲ ။

ကျွန်မကတော့ ဝတ္ထုရေးတော့မယ်ဆိုရင် ဒီဝတ္ထုရဲ့ နောက်ခံကျောရိုး အတွက် လေ့လာသင့်တာတွေကို လေ့လာဖို့ အမှန်တကယ် လိုအပ်တယ်လို့ ထင်ပါတယ် ။ ဒါမှလည်း ဝတ္ထုထဲမှာ ပါတဲ့ အကြောင်းအရာ ၊ အချက်အလက်တွေဟာ အပြင်လောကနဲ့ ဟပ်မိမှာ ဖြစ်ပါတယ် ။ ကျွန်မက အချက်အလက်တွေကို စာကြည့်တိုက်မှာ ရှာဖွေတာ အပြင် အင်တာနက်မှာ ဝင်ရှာပြီး လေ့လာမှုလည်း လုပ်ပါတယ် ။ What the Dead Know ဆိုတဲ့ ဝတ္ထု ရေးတုန်းကဆိုရင် စာကြည့်တိုက်ကို သွားပြီး Seventeen မဂ္ဂဇင်း အဟောင်းတွေ ကို ရှာဖတ်တယ် ။ ဒါမှ အဲဒီခေတ်က ဆယ်ကျော်သက်တွေရဲ့ စိတ်နေသဘောထား ဘယ်လိုရှိတယ် ဆိုတာ သိနိုင်မှာမို့ပါ ။

➽ ဘယ်အချိန်တွေမှာ စာရေးလေ့ ရှိတယ်ဆိုတာ သိပါရစေ ။

ကျွန်မက မနက်စောစော အိပ်ရာက ထတတ်တာကြောင့် အလင်းရောင် စလာပြီဆိုရင် စာရေးစားပွဲကို ရောက်ပါပြီ ။ လက်ဖက်ရည်ကလေး သောက်လိုက် ၊ စာ ရေးလိုက် ၊ မုန့်လေး စားလိုက် ၊ စာရေးလိုက်နဲ့ တစ်နေကုန် ဖြတ်သန်းပါတယ် ။ အဝတ်အစား လဲပြီးရင် သတင်းစာတစ်စောင်ကို ဖတ်ပြီး ကျွန်မ ပတ်ဝန်းကျင်မှာ ရှိတဲ့ ကော်ဖီဆိုင်ကို သွားပါတယ် ။ အဲဒီမှာ ၃ နာရီလောက် ကြာအောင် ထိုင်ပြီး စာရေးလေ့ ရှိပါတယ် ။ အဲဒီလို အချိန်မျိုးမှာ ကျွန်မ အင်တာနက် မကြည့်ဖြစ်အောင်နဲ့ အီးမေးလ် မဖတ်ဖြစ်အောင် ကြိုးစားပြီး နေပါတယ် ။ တစ်နေ့ကို စာလုံးရေ ၁,၀၀၀ လောက်ပြီးအောင် ကြိုးစားပြီး ရေးပါတယ် ။

မနက် ၁၁ နာရီ ၊ ၁၂ နာရီ လောက်ထိအောင် စာရေးဖြစ်တယ် ။ ကျွန်မ အတွေ့အကြုံအရ ပြောရမယ်ဆိုရင် မွန်းတည့်ချိန်ကနေ ညနေ ၄ နာရီလောက်အထိ စာမရေးဘဲနေတာ ကောင်းပါတယ် ။ အဲဒီအချိန်မှာ ရေးဖြစ်တဲ့စာ တွေဟာ အရာ မရောက်တတ်ပါဘူး ။ ညနေ ၄ နာရီလောက်မှာ နောက်တစ်ကျော့ စာရေးစားပွဲမှာ ပြန် ထိုင်ပါတယ် ။ အထူးသဖြင့်တော့ ဇာတ်သိမ်းပိုင်း ရေးနေပြီဆိုရင် ကျွန်မ မထတမ်း ရေးတော့တာပဲ ။ စာရေးတယ် ဆိုပေမယ့် နေ့တိုင်း စာဖတ်ဖို့ အချိန်ကိုတော့ သီးခြား ပေးထားပါတယ် ။ စာ မဖတ်တဲ့ နေ့ရယ်လို့လည်း မရှိပါဘူး ။ အထူးသဖြင့် အဲဒီအချိန်မျိုးမှာ ပျော်စရာကောင်းတဲ့ စာတွေကို ဖတ်ပြီး ညနေစာ ချက်ရတော့မယ့် အချိန် မှ မီးဖိုခန်းကို ဝင်တာပါ ။

••••• ••••• •••••

ဆရာမရဲ့ အင်တာဗျူးဟာ စာရေးနည်းရယ်လို့ အတိအကျပြောတာ မဟုတ်ပေမယ့် စာရေးချိန် မရဘူးလို့ ညည်းတတ်သူများ ၊ ဘယ်က စရေးရမှန်း မသိဘူးလို့ ပြောကြသူများအတွက် နည်းလမ်း တစ်စုံတစ်ရာကိုတော့ ရစေမယ်လို့ ကျွန်တော် ယုံကြည် ပါတယ် ။

Ref: The Writers Magazine , August 2011.

☐ ဝင်းငြိမ်း
📖ရွှေအမြုတေ မဂ္ဂဇင်း
     ၂ဝ၁ဝ ပြည့်နှစ် ၊ နိုဝင်ဘာလ

မေတ္တာမိုးတွေ ရွာလို့နေ


 

❝ မေတ္တာမိုးတွေ ရွာလို့နေ ❞

ဖြူးမြို့နယ် ၊ ကညွတ်ကွင်းမြို့ကို ကျွန်တော်ရောက်တော့ ညနေစောင်းနေပြီ ။ တည်းရမှာက အငြိမ်းစား ကျောင်းဆရာကြီး ဦးတင်စိန်ရဲ့အိမ် ။ တည်းခိုမယ့် အိမ်ရှိရာ လမ်းထဲကို ကားချိုးကွေ့ပြီး ဝင်ခဲ့ပြီ ဖြစ်ပေမယ့် လမ်းထိပ် ရုံးခန်းဖွင့်ပွဲက ဖွင့်နေတဲ့သီချင်းသံတွေက ထက်ကြပ်မကွာ ပါလာဆဲ ။

သီချင်းက တက်ကြွတဲ့အားမာန်နဲ့ အခက်အခဲတွေထဲက ရုန်းထွက်ကြမယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တယ် ။

ဦးတင်စိန်ရဲ့ အိမ်က ပျဉ်ထောင်အိမ်ကြီးပါ ။ အိမ်အောက်ထပ်က စားပွဲမှာ ရေနွေးကြမ်းသောက်ရင်း ကျွန်တော်တို့ စကားစမြည် ပြောကြတယ် ။

အငြိမ်းစားကျောင်းဆရာဦးတင်စိန်က သူ ဆယ်တန်း အောင်ပြီးနောက် သဲကုန်း ဆရာအတတ်သင်ကျောင်း ၊ မော်လမြိုင် ဆရာအတတ်သင်ကျောင်းတွေ တက်ပုံ ၊ ပဲနွယ်ကုန်း ၊ တောကျွဲအင်း ၊ ကညွတ်ကွင်းတို့မှာ ၁၈ နှစ်လောက် ကျောင်းဆရာလုပ်ခဲ့ပြီး အငြိမ်းစားယူဖို့ ဆုံးဖြတ်ခဲ့ပုံကို ပြောပြတယ် ။

“ သားသမီးတွေက အရွယ် ရောက်လာပြီ ။ ရတဲ့ လခနဲ့က မလောက်ငဘူး ။ ကျွန်တော်တို့ အထက်က ဆရာကြီးတွေ ဆိုရင် သူတို့ သားသမီးတွေ အရေး နေ့တိုင်း နေ့တိုင်း သက်ပြင်းချ နေကြရတာ ။ သူတို့ ဖြစ်သလို ကိုယ်လည်း တစ်နေ့ ဒီလို ဖြစ်တော့မှာပဲလို့ ကြိုတွက်တယ် ။ တွက်လိုက်ပြီးတော့ အငြိမ်းစားယူမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ် ”

ကျွန်တော်က သူ့မိသားစုအကြောင်း မေးပါတယ် ။

“ ဇနီးကလည်း ကျောင်းဆရာမပါပဲ ၊ ဒေါ်ယဉ်မေ ”

“ ဆရာပင်စင်ယူတော့ သူက in service ( ကျောင်းဆရာမ အဖြစ် တာဝန်ထမ်းဆောင် ) နေခဲ့တာပဲလား ”

“ ၁၉၈၇ မှာ ပင်စင်ယူတော့ ဇနီးက ဝန်ထမ်းအဖြစ်နေခဲ့တာ ”

“ သားသမီး ဘယ်နှယောက် ရပြီလဲ ”

“ လေးယောက် ”

“ ပင်စင်ယူပြီးတော့ ဘာစီးပွားရေးလုပ်ငန်း လုပ်သလဲ ဆရာ ”

“ ဒီ ( ကညွတ်ကွင်းမြို့ ) မှာ စာအုပ်နဲ့ စာရေးကိရိယာဆိုင် မရှိသေးဘူး ။ ကိုယ်က ကျောင်းဆရာ ဖြစ်တော့ ဒီလိုင်းကို လုပ်ရင်ဖြစ်မယ် ။ ကျွန်တော့်ရဲ့ အလယ်တန်းပြဆရာ လခက လေးရာ့ငါးဆယ် ( ကျပ် ၄၅ဝ ) ရတယ် ။ ပင်စင် မယူခင် နွေကျောင်းနှစ်လ ပိတ်တုန်း ကျွန်တော် ဈေးထွက် ရောင်းကြည့်လိုက်တယ် ။ ဆိုင်တစ်ဆိုင် ငှားပြီး ဈေးရောင်း ကြည့်တော့ နံနက်ခင်းတင်ပဲ အမြတ် ခုနစ်ကျပ် ရတယ် ။ နေ့ခင်းလောက်ရောက်တော့ ဆယ့်ငါးကျပ် ကျော်သွားပြီ ။ တစ်နေကုန်ဆို နှစ်ဆယ် ( ကျပ် ၂၀ ) ကျော် ရတယ် ။ ဒါဆို ငါ ထွက်ပျော်ပြီလို့ ဆုံးဖြတ်လိုက်တယ် ”

ဆရာဦးတင်စိန်က ပြောရင်း ရယ်တယ် ။

“ ကျောင်းအုပ် ဆရာမကြီးဆီ ခွင့်တောင်းပြီး ၁၉၈၇ မှာ ကျွန်တော် ပင်စင်ယူလိုက်တယ် ။ နာမကျန်းပင်စင်ပေါ့ ”

“ အရင်းအနှီးက ဘယ်ကရလဲ ”

“ သိပ်များများ မရှိဘူး ၊ လစာထဲက စုဆောင်းထားတဲ့ ပိုက်ဆံလေးပဲ ရှိတာ ။ တစ်နည်းအားဖြင့် ပြောရရင် ခေါင်းရွက်ဗျပ်ထိုးသာသာနဲ့ စခဲ့ရတာပါ ။ နောက်ပိုင်း ပင်စင်ကရတဲ့ လုပ်သက်ဆုတွေ ဘာတွေနဲ့ ရင်းနှီးပြီး ဆက်လုပ်တာ ”

“ ဆိုင်နာမည် ကျတော့ကော ”

“ သင်္ဂဟစတိုး ၊ အဲဒီလို ဖွင့်ပြီး သားသမီးတွေကို ကျောင်းထားတယ် ။ အဲဒီမှာ ကျွန်တော် ဘာတွက်သလဲ ဆိုတော့ သားသမီးတွေကို ပြုစုပျိုးထောင်မှ ဖြစ်မယ် ။ ထူးချွန်မှ မျိုးဆက်ကောင်းရမယ်လို့ ကျွန်တော်တွေးပြီး မူလတန်းကနေ စပြီး ကျွန်တော်နဲ့ ကျွန်တော့်မိန်းမပါ သူတို့ကို အိမ်မှာ စာပြပေးကြတယ် ။ လိမ္မာအောင် သွန်သင်တယ် ။ ကျွန်တော့် သားကြီးဆိုရင် နှစ်တိုင်း ကိုးတန်းထိ ပထမချည်း ရတယ် ”

ညနေခင်း နေခြည်နုက အနောက်ဘက် ပြတင်းဝက အိမ်ထဲကို ဝင်လာတယ် ။ ဦးတင်စိန်ရဲ့မျက်နှာပေါ်မှာ နေရောင်ကျနေတယ် ။ သူ့မျက်နှာက နေရောင်မှာ ပီတိနဲ့ ကျေနပ်ပုံက သိသိသာသာ ပေါ်လွင်နေပါတယ် ။

“ သားကြီး ၊ သမီးကြီး ၊ သားငယ် ၊ သမီးငယ် ၊ သားနှစ်ယောက် သမီးနှစ်ယောက် ၊ သူတို့ကို ပျိုးထောင်တယ် ၊ သားကြီး ဆယ်တန်းရောက်တော့ ကျွန်တော်လေ့လာတယ် ၊ ပဲခူး အထက ၃ က စည်းကမ်းစနစ်ကောင်းတယ် ၊ သူ့ကို အမှတ် ၃ ကျောင်း ရွှေ့ထားတယ် ”

“ ကလေး နေတာထိုင်တာကော ”

“ ဘုန်းကြီးကျောင်း မှာပဲနေတာ ။ သူ ဆယ်တန်း အောင်တော့ အမှတ်ကောင်းတယ် ။ စက်မှု တက်ခိုင်းတယ် ။ ကလေးတွေက တစ်ယောက် ဆယ်တန်း အောင်တာနဲ့ နောက်တစ်ယောက်က ကိုးတန်း တက်လာရော ။ တစ်ယောက်ပြီး တစ်ယောက် ဆယ်တန်းကို ရောက်လာကြတော့ ကျွန်တော်စဉ်းစားရပြီ ”

ဦးတင်စိန်က ပြောလက်စ စကားကို ခဏရပ်တယ် ။ ကျွန်တော်က သူဝတ်စားဆင်ယင်ပုံကို အသေးစိတ် လေ့လာကြည့်မိတယ် ။ ဆင်စွယ်ရောင် ရှပ်အင်္ကျီလက်ရှည်ကို ဝတ်ထားတယ် ။ ရွှေဆွဲကြိုး ဆွဲထားတာ တစ်ပိုင်းတစ်စ မြင်ရတယ် ။ လက်နှစ်ဖက်လုံးက လက်သူကြွယ်မှာ လက်စွပ်တွေ ဝတ်ထားပါတယ် ။ ဦးတင်စိန်က စကားဆက်ပြောပါတယ် ။

“ အပင်တစ်ပင် ရှင်သန်ဖို့ မြေသြဇာ လိုတယ် ။ မြေသြဇာ ကောင်းကောင်း ကျွေးနိုင်ရင် အသီးကောင်း ၊ အပွင့်ကောင်း ရတာပဲ ။ ဒါကြောင့် အောင်မြင်လာတဲ့ စာရေးကိရိယာ အရောင်းဆိုင်ကြီးကို ရောင်းပစ်လိုက်ပြီး ကလေးတွေကို ရန်ကုန်ပို့ ၊ ကျောင်းထားတယ် ”

“ ဆရာ့ စီးပွားရေး ကျတော့ကော ”

“ ဆိုင်သေးသေး ထပ်လုပ်တယ် ၊ ဖောက်သည်တွေက ရှိနေပြီ ၊ ဆိုင်အကြီးကြီး မလိုတော့ဘူး ၊ သစ်သားထရံကာဆိုင်နဲ့လည်း လာမှာပဲ ၊ ဒါကြောင့် ဆိုင်ကြီး ရောင်းပြီး ကလေးတွေ ကျောင်းထားတာ ၊ ရန်ကုန်မှာ သူတို့ကို နေတတ်ထိုင်တတ်အောင် ရှစ်တန်းနှစ် ကတည်းက စပို့တာ ”

“ သူတို့နေတော့ .. ”

“ ဆွေမျိုးတွေဆီမှာ ထားတာ ၊ အဲဒီလို တစ်ယောက်ပြီး တစ်ယောက် ပို့ပေးတာ ၊ နောက်ဆုံးတော့ ကျွန်တော်တို့ လင်မယား နှစ်ယောက်ပဲ ကျန်ခဲ့တာပေါ့ ”

ဦးတင်စိန် ပြောရင်း ရယ်တယ် ။

“ ပြောရလို့ရှိရင် အားလုံး ဘွဲ့ရသွားပြီ ”

ဦးတင်စိန်က သူ့ သားသမီးတွေ ဘယ်သူက ဘယ်မှာ ဘာတွေလုပ်ကိုင်နေကြတယ် ဆိုတာ ပြောပြပါတယ် ။ ပြီးတော့ သူ ရန်ကုန်မှာ အိမ်ဝယ်ဖြစ်ပုံ ၊ ကလေးတွေကို ရန်ကုန်မှာ ထားပုံတွေ ဆက်ပြောတယ် ။

“ ကိုယ့်ဒေသ ဖွံ့ဖြိုးဖို့ အတွက် ပညာတတ်တွေများဖို့ လိုတယ်လို့ ကျွန်တော်တို့ မြင်လာတယ် ။ ဒါကြောင့် ကညွတ်ကွင်းမှာ ပထမဆုံး အနေနဲ့ အင်္ဂလိပ်စာသင်တန်း ဖွင့်တယ် ။ ရောင်နီဦးကုမ္ပဏီက ဦးအောင်ဝင်းရဲ့သူငယ်ချင်းက အိုင်အယ်လ်ဘီစီ ကျောင်းက ဦးတင်မောင်ဝင်း ၊ သူတို့ အကူအညီနဲ့ ၂၀၀၅ ခုနှစ်မှာ အင်္ဂလိပ်စာ သင်တန်းတွေ စဖွင့်ကြတယ် ”

ဦးတင်စိန်ရဲ့ ပုံစံက တက်တက်ကြွကြွ ရှိလှတယ် ။

“ ကျွန်တော်တို့ ဒေသက ကွန်ပျူတာတောင် ကောင်းကောင်း မြင်ဖူးကြတာ မဟုတ်ဘူး ။ ဒါနဲ့ ကိုအောင်ဝင်းက ကွန်ပျူတာ ဆယ်လုံးလောက် ရန်ကုန် ကနေ လှမ်းပို့ပေးတယ် ။ တတ်တဲ့ ဆရာတွေလည်း ပို့ပေးတယ် ။ ကျွန်တော်တို့ ဒေသမှာ ကျောင်းသားအားလုံး ၃ဝဝ လောက် အခြေခံကွန်ပျူတာ သင်ပေးနိုင်ခဲ့တယ် ။ ညပိုင်းဆိုရင် ကျောင်းဆရာ ဆရာမတွေကို အခမဲ့ သင်ပေးတယ် ။ ဘယ်သူမဆို အခမဲ့လာတက် ”

ဒေသတစ်ခုမှာ စိတ်ကောင်း ၊ စေတနာကောင်း ရှိသူတွေ လိုအပ်တာပဲလို့ သူပြောတာ နားထောင်ရင်း ကျွန်တော်က တွေးနေမိပါတယ် ။

“ ဘုန်းကြီးတွေလည်း ညပိုင်းမှာ တက်နိုင်တယ် ၊ ပညာရည်မြှင့်တင်မှု ကော်မတီကို ဖွဲ့ပြီး တက္ကသိုလ် မတက်နိုင်တဲ့ ကလေးတွေ ကျောင်းထား ပေးတာပါ ဆက်လုပ်ကြတယ် ”

“ ရန်ပုံငွေ ဘယ်ကရသလဲ ”

“ လှူကြတယ် ၊ ၂၀၀၅ ကစတာ တဖြည်းဖြည်း တိုးတိုးပြီး ရလာတယ် ၊ အဲဒီမှာ ဘာထပ် တွေ့သလဲဆိုတော့ တက္ကသိုလ် တက်တဲ့ ကလေးတွေထဲမှာ ဆရာဝန် ဆရာမ နည်းနေတယ် ၊ ကလေးတွေ အရည်အချင်းမြှင့်ပေးမှ ဖြစ်တော့မယ်ဆိုပြီး အောင်ချက်မြင့်မားအောင် သင်တန်းထပ်ဖွင့်တယ် ”

“ ဘယ်သူတွေက သင်သလဲ ”

“ အိုင်အယ်လ်ဘီစီ ဦးတင်မောင်ဝင်းရဲ့အကူအညီနဲ့ တက္ကသိုလ်က ပါမောက္ခ ဆရာကြီးတွေ ၊ ဆရာမကြီးတွေက စနေ ၊ တနင်္ဂနွေ လာသင်တာ ၊ ပထမနှစ်မှာပဲ ကျွန်တော်တို့ဆီက လေးဘာသာဂုဏ်ထူး ၊ ငါးဘာသာဂုဏ်ထူးတွေ ထွက်လာတာ ”

“ အားရစရာပဲ ”

“ အဲဒီမှာ ဆေးတက္ကသိုလ် တက်နိုင်တဲ့ ကျောင်းသား နှစ်ယောက် ပေါ် လာတယ် ၊ နောက်နှစ်မှာ ကိုးတန်းက စပြီး အဲဒီသင်တန်း ပေးတယ် ၊ အခြေခံရအောင်လို့ ။ နောက်နှစ်ကျ တစ်နှစ်တည်းနဲ့ ဆေးကျောင်း တက်နိုင်တဲ့သူ ငါးယောက်လောက် ထွက်လာရော ၊ သင်တန်းတွေ ဆက်ဆက် ပေးကြတယ် ၊ ဖြူး ၊ ဇေယျဝတီ လည်း သွားဖွင့်ပေးတော့ အောင်ချက်တွေ တိုးတက်လာတယ် ”

ဆရာဦးတင်စိန်က သူတို့အဖွဲ့ လုပ်ခဲ့ပုံ ဓာတ်ပုံမှတ်တမ်း စာအုပ်ပြတယ် ။ ကျေးလက်တောရွာတွေအထိ သူတို့ သွားပြီး လုပ်ကိုင်ပေးနေတဲ့ ပုံတွေ လည်း တွေ့တယ် ။ တစ်နေရာမှာတော့ မအူပင်မြို့နယ် ထနီးရွာမှာ စာသင်ကျောင်း ဆောက်ပေးနေတဲ့ပုံတွေ့လို့ ကျွန်တော် မေးမြန်းကြည့်တယ် ။

“ နာဂစ်ဖြစ်တော့ ဧရာဝတီတိုင်းဒေသကြီးကို ကျွန်တော် ဆင်းသွားတယ် ။ အဖွဲ့ကို ကိုယ်စားပြုပြီး သွားတာ မဟုတ်ဘူး ။ ကျွန်တော့်ဟာ ကျွန်တော်သွားတာ ။ အခြားသူတွေ အရောက်အပေါက် နည်းတဲ့ ရွာတွေဘက်ကို ကျွန်တော် သွားတယ် ။ ထနီးရွာ ဥက္ကဋ္ဌ ဆိုပါတော့ ။ သူက သူတို့ အခြေအနေ ပြောပြတယ် ။ မြစ်ကမ်းနားမှာ ကလေးတွေ ၂ဝဝ လောက်ရှိတယ် ။ အိမ်တွေပျက်ပြီး ကျောင်းမနေရဘူး ။ စာသင်ကျောင်းလည်း အမိုးတွေ လန်လို့ ”

နာဂစ်မုန်တိုင်း တိုက်ပြီးခါစက ကျွန်တော်ကိုယ်တိုင်လည်း ဧရာဝတီတိုင်း ဒေသကြီးကို ရောက်ခဲ့တာမို့ သူ ပြောပြတဲ့ မြင်ကွင်းမျိုးကို မျက်စိထဲမှာ ပြန်မြင်ပါတယ် ။ လူနေအိမ်တွေကလည်း ပြိုလဲပျက်စီးပြီး မြေပြင်မှာ ပြားပြားဝပ် ၊ စာသင်ကျောင်းတွေကလည်း လေမွှေလို့ အမိုးမရှိ ၊ အကာမရှိ ။

“ ဥက္ကဋ္ဌက ကျွန်တော့်ကို ကူညီနိုင်ရင် ကူညီပါလို့ ပြောတယ် ။ ကျွန်တော် ကလည်း ကူညီချင်လို့ လာတာပဲ ။ ဒါပေမဲ့ ဘယ်လို ကူညီရမလဲတော့ မသိသေးဘူး ။ ကျွန်တော် တစ်ညအိပ် လိုက်ပြီး စာရင်းတွေ ကောက်တယ် ။ စာရင်းဇယား အချက်အလက်တွေ ရန်ကုန်ယူသွားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို ဒီလူတွေဖြင့် ဒီလို ဒုက္ခရောက်နေပြီ ဆိုပြီး အစီရင်ခံစာ တင်ပေးလိုက်တယ် ”

အကူအညီ ရပါ့မလား ။ ကျွန်တော့် စိတ်မှာ ထိတ်နေမိတယ် ။

“ ကံကောင်းချင်တော့ အင်န်ဂျီအိုအဖွဲ့တွေ ဆင်းလာတာနဲ့ ချိတ်မိသွားတယ် ။ စင်ကာပူအဖွဲ့က ရွာက ကလေးတွေ အားလုံးကို ကျောင်းထားပေးတယ် ”

“ ဝန်ကြီးဌာနက တစ်ဆင့်လား ”

“ ဟုတ်တယ် ၊ ဒုတိယ အသုတ်ကလည်း လာပြန်ရော ၊ ကျောင်းဆောက်ဖို့ ကူတယ် ၊ အဲဒီသတင်းက တွံတေးဘက် ရောက်သွားပြီး ကျွန်တော့်ကို ဖိတ်ပြန်ရော ၊ ဒါနဲ့ ကျွန်တော်နဲ့ ကျွန်တော့် အမျိုးသမီးတို့ သွားကြပြန်ရော ၊ စာရင်းတွေ ကောက်ပြီး သူတို့ကို ကိုယ်တိုင်တက် ၊ ကိုယ်တိုင်ပြောလို့ လမ်းညွှန်ပေးလိုက်တယ် ”

“ အဆင်ပြေလား ”

“ ကံကောင်းပြန်ရော ၊ ဆွစ်ဇာလန်နိုင်ငံက အင်န်ဂျီအိုတစ်ဖွဲ့ ရောက်လာပြီး ကူညီကြပြန်ရော ၊ သူတို့က ကျွန်တော့်ကို စွမ်းတယ် ထင်နေတယ် ”

ဆရာဦးတင်စိန်က ရယ်တယ် ။

“ ဘာရွာလဲ ဆရာ ”

“ တွံတေးမြို့နယ် ၊ သဲကုန်း ၊ အဲဒီက စပြီးတော့ ကော့မှူးမြို့နယ် ထဲက နောင်လုံ ၊ ရေကျော် ၊ ကျုံဖာရွာတွေ အတွက်ကို ဆက်သွယ်ပေးလိုက်တယ် ”

“ ဆရာတို့ဒေသမှာ ပညာရည်မြှင့်တင်မှုကော်မတီ ဖွဲ့ပြီးလုပ်တာ ဘယ်လောက် အကျိုးများသလဲ ”

“ ၂၀၀၅ ခုနှစ်က ၂၀၀၉ ခုနှစ်အထိ ပညာရေး မြှင့်တင်မှုကော်မတီ ၊ ၂၀၀၉ ခုမှာ ကညွတ်ကွင်းဒေသ လူမှုဖွံ့ဖြိုးရေးအဖွဲ့ ဆိုပြီး ပြောင်းလဲဖွဲ့တယ် ၊ ယခုအထိ တက္ကသိုလ်ကျောင်း ထားပေးခဲ့တာ ကျောင်းသား ၅၀ ကျော်သွားပြီ ၊ ကျောင်းနေအရွယ်ကလေးတွေ ကျောင်းနေနိုင်ဖို့ ကျောင်းပေါင်း ၆ဝ ကျော်ကနေ ဆင်းရဲတဲ့ ကလေး ၅ဝဝ ကျော် ကျောင်းထား ပေးနိုင်ခဲ့ကြပြီ ”

“ ဆရာတို့ ရန်ကုန်ကို ဘယ်အချိန်မှာ ရွှေ့သလဲ ”

“ ၂၀၁၁ ခုထဲမှာ ကျွန်တော်တို့ ရန်ကုန်ကို ရွှေ့လိုက်တယ် ၊ ဒီကတာဝန်တွေ အားလုံး ကော်မတီကို လွှဲခဲ့တယ် ”

“ ရန်ကုန်မှာ စီးပွားရေးက ဘာလုပ်လဲ ဆရာ ”

“ ဆေးနဲ့ ဆေးပစ္စည်း ဆိုင်ရယ် ၊ ဖုန်းဆိုင်လေးရယ် ဖွင့်ထားတယ် ။ ပီစီအိုလို ဖုန်းဆိုင်ပေါ့ ၊ အဲဒါလေးနဲ့ ရပ်တည်နေတယ် ။ ဆေးဆိုင်လေးကို ဘာနာမည် ပေးလိုက် သလဲဆိုတော့ မေတ္တာမိုး ။ ရန်ကုန် မှာလည်း မေတ္တာမိုးမိသားစုဆိုပြီး လူမှုရေးလုပ်ငန်းတွေလုပ်တယ် ။ ဘာစလုပ်ပြီလဲဆိုတော့ ကညွတ်ကွင်း အနောက်ဘက်မှာ သာယာကုန်းရွာ ဆိုတာရှိတယ် ။ ရေကြီးလို့ ကုန်းပေါ် ရွှေ့သွားပြီး ရွာတည်နေတာ ။ ရွာမှာ ရှိရမယ့် ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်း ၊ နတ်စင်က အစ လိုအပ်တာတွေ ကျွန်တော်တို့ လုပ်ပေးနေပါတယ် ”

ဦးတင်စိန်ဟာ လူမှုရေးတွေ လုပ်နေရတာကို ကျေနပ်ဂုဏ်ယူတဲ့အသွင် သိသိသာသာ တွေ့မြင်နေရတယ် ။

⎕ ကျော်ရင်မြင့်
📖အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ