Sunday, July 23, 2023

တယ်လီဖုန်း ရသများ


 

❝ တယ်လီဖုန်း ရသများ ❞

အသက် ကြီး လာချိန် တွင် သည်းခံစိတ် ပို၍ မွေးမြူ ရပါတော့သည် ။

“ အဘိုးရေ ... အားအားရှိ အဲဒီ ဖုန်းပဲ ပွတ် နေတာပါလား ၊ မီးဖိုချောင် မှာ လည်း နည်းနည်းပါးပါးကူကက်ပြီး လုပ်ပါဦးတော့ ။ ကျုပ် တစ်ယော က်တည်း တကုပ်ကုပ် ချက် နေရတာ ၊ တော့် အစေခံ ကျနေတာပဲ ”

ကျွန်တော် နိစ္စဓူဝ ကြားရသော စကား ဖြစ်ပါသည် ။ ဘယ်လို ပြောပြော ဖုန်း မပွတ်ဘဲ တော့ မနေနိုင်ပါ ။ တယ်လီဖုန်း ဆိုသည် မှာ အစ ပထမ က စကား ပြောရန် သက်သက်မျှ သုံးရသော ပစ္စည်း ဖြစ်ပါသည် ။ ယခုမူ တယ်လီဖုန်း သည် ဂိမ်း ဆော့ဖို့ ၊ ဓာတ်ပုံ ရိုက်ဖို့ ၊ ဖေ့စ်ဘွတ်ခ် ကြည့်ဖို့ ရုပ်ရှင် ၊ ကြည့်ဖို့ စသည် စသည် အများကြီးမှ တကယ့် အများကြီး သုံး နိုင်သော ပစ္စည်း ဖြစ် နေပါပြီ ။

ဟုတ်တာ မဟုတ်တာ အပ ထား ၊ လက် ထဲ မှာ ဖြူဖြူ ၊ မည်းမည်း လေးထောင့်တုံး ကလေး တစ်ခုတလေ ကိုမျှ မကိုင်နိုင် လျှင် မဖြစ်တော့ပါ ။ လူ ထူထူ မှာ စွပ်ကျယ် ချိုင်းပြတ် ဖြင့် နေ ရ သလို မလုံမခြုံ ရှိုးတိုးရှန့်တန့် ၊ ရှက်ကိုးရှက်ကန်း နှင့် အနေအထိုင် ခက် လှသည် ။ ထို့ကြောင့် လက် တစ်ဝါးစာ လေးထောင့်တုံး မည်းမည်းကလေး တစ်ခု ကို ဇွတ်မှိတ် ဖျစ်ညှစ်ပြီး ကိုင် လိုက် ရပါ သည် ။

ကိုယ့်ထက် အတိတ် ကံ ကောင်း ကြသူတွေ ကတော့ ကြွက် ကိုက်ထားသော ပန်းသီး အပဲ့ ကို ကိုင်ကြသည် ။ သူတို့ ကောင်းကင်လေ ပို မိ လေသလော မပြောတတ်ပါ ။

“ ဒီလို ပန်းသီး က ဘာမဆို အကုန် ခိုင်းလို့ ရတယ်ဗျ ”

ရွှေရောင်လေးထောင့်တုံး ကို မြှောက်ကာ ဝင့်ကာ နှင့် တစ်ယောက် က ဆိုပါသည် ။

“ တောက် ... ငါ က ထမင်းချက် ခိုင်းချင်တာကွာ ”

ခွ ပြောခြင်း မဟုတ်ပါ ။ ကျွန်ုပ်အဘိုးကြီး၏ အိမ်ရှင်မ “ မယ်ဂျီးအို ” ခမျာ ချက်ရ ပြုတ်ရ ဒုက္ခ များ လှပါသည် ။ ထို့ကြောင် ကြွက်ကိုက်ပန်းသီး အပဲ့ ကို ဘာမဆို ခိုင်းလို့ ရ လျှင် ထမင်းကလေး လောက် တော့ ချက် ခိုင်း ချင်ပါသည် ။ ထမင်းချက် သက်သက် မျှသာပါ ။

သို့သော် ပင်မြင့်သဇင် ဖြစ်သော ထို ပန်းသီး ကို တုံး ခု၍ မလှမ်းဝံ့ လေရကား ပေါပေါသောသော ပြောဖြစ်ရုံ မျှ ဝယ် ကိုင်ရပါသည် ။  ကျွန်တော်တို့ ငယ်ငယ် မဆလခေတ် တုန်းက ဒါမျိုးတွေ မရှိပါ ။ ရှားရှားပါးပါး ကြိုး ဖုန်းများ သာ ရှိသည် ။ စားပွဲတင် ဖုန်း များ သာ ရှိသည် ။ စကား ပြောရုံ သက်သက် အသုံး တည့် တာကလေး ကို စားပွဲ ပေါ်မှာ တရိုတသေ တင်ပြီး ပိတ်ဖြူ ပဝါကလေး အုပ် ထား ရသည် ။ စကား ပြော လိုလျှင် ဖုန်းခွက် လက်ကိုင် ကို မ, အပေါက် ကလေးတွေ ထဲ လက်ညှိုး ထိုးထည့်ပြီး လှည့်ရသည် ။

“ လက်ညှိုးကလေး ငါး ကြိမ် လှုပ် လျှင် အချစ် နှင့် စကား ပြောရ၏ ” ဟု ရေးခဲ့သည် ကို ဖတ်ဖူးပါသည် ။ ထိုစဉ် က တယ်လီဖုန်း က လည်း ရှားရှားပါးပါး အစိုးရ ရုံးဌာနတွေ စက်ရုံတွေ မှာ တောင်မှ တစ်လုံးတလေ သာ ရှိကြ သည် ။ တစ်ခါက အဖြစ် ကလေး မှတ်မိသေးတော့ သည် ။

ထိုနေ့ က ရုံးပိတ်ရက်ကြီး စက်ရုံ မှာ ကျွန်တော် တာဝန်မှူး ဂျူတီ ကျ ပါသည် ။ စက်ရုံ လုံခြုံရေး စောင့်ကြပ်ရ
သော တာဝန် ဖြစ်ပါသည် ။ စက်ရုံ ပိတ်ထား သဖြင့် မည်မည်ရရ အလုပ် မရှိပါ ။ ကျွန်တော် အေးအေးလူလူ ဝတ္ထုစာအုပ် တစ်အုပ် ဖတ် နေပါသည် ။ ထိုစဉ် အမျိုးသမီး ခပ်ရွယ်ရွယ် တစ်ယောက် ဂိတ်ပေါက်ဝ သို့ ရောက်လာသည် ။ အနီးအနား ရပ်ကွက် ထဲ မှ ဖြစ်ဟန် ရှိသည် ။ သပ်သပ်ရပ်ရပ် ဝတ်စားထားပါသည် ။

“ တယ်လီဖုန်း တစ်ခါ လောက် ဆက်ချင်လို့ပါ ”

ဂိတ်ဝ လုံခြုံရေးမှူး ကို ပြောသံ ကျွန်တော် ကြားရ၏ ။ သူ့ အသံ က မေတ္တာရပ်ခံသော လေသံ ဖြစ်သည် ။ ဤသို့ပင် အနီးအနား ရပ်ကွက်သားများ ကိစ္စကြီးငယ် ကို ဖုန်း လာ ဆက်လေ့ ရှိပါသည် ။ ရုံး ဖွင့်ရက်များ မှာ မလာကြပါ ။ ထိုစဉ် က တယ်လီဖုန်း အငှားဆိုင်များ မရှိသေးပါ ။ အမျိုးသမီး က စာရွက်အပိုင်းကလေး တစ်ခု မှာ ရေးထားသော ဖုန်းနံပါတ်
ကို လုံခြုံရေးမှူး အား ပြသည် ။ လုံခြုံရေးမှူး က နံပါတ် လှည့် ပြီး ခေါ်ပေးသည် ။

“ ကဲ ... ရပြီ ၊ ပြောပေ တော့ ... ”

အမျိုးသမီး လက်ထဲ ဖုန်းခွက် ထည့် ပေး လိုက်သည် ။

“ ဟုတ်ကဲ့ ... အမိန့် ရှိပါ ရှင် .. ”

အမျိုးသမီး က သူ့ အသံ ကလေး ကို လှပအောင် ပြုပြင်ပြီး ပြောလေ၏ ။

“ မဟုတ်ဘူးလေ ၊ ခင်ဗျား က ပြောရမှာ ... ”

လုံခြုံရေးမှူး က ဝင် ၍ ဖြောင့် ပေးသည် ။

“ ဟုတ်ကဲ့ ... အမိန့် ရှိပါရှင် ... ”

“ မဟုတ်ဘူး ... ခင်ဗျား နာမည် ပြော ၊ ပြီးရင် ပြောချင် တဲ့ ကိစ္စ ကို ပြောလေ ။ ခင်ဗျား က ဆက်တာလေဗျ ”

အမျိုးသမီးကား လျှာကလေး တစ်လစ် ထွက်သွား လေ၏ ။ ထိုစဉ်က အများသူ ငါ တယ်လီဖုန်း နှင့် ဤသို့ ဤနှယ် စိမ်း ခဲ့ကြပါသည် ။

တယ်လီဖုန်း ဆိုတာက လည်း အခက်သား ကလား ။ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ပြောရတာ မဟုတ်လေတော့ အလွဲလွဲ အချော်ချော် အများကြီး ဖြစ်လေ့ ရှိ ပါသည် ။ သူ ပြော လက်စ မဆုံးခင် ကိုယ် က ဝင် ပြောမိတာ ၊ ဘေးက တစ်ယောက် ကို ကြားဖောက်ပြီး ပြော လိုက်လို့ အကောက် အယူ လွဲတာ စသည်ဖြင့် လွဲ၍ မဆုံးနိုင်ကြပါ ။

လက်ကိုင်ဖုန်း ပေါ်ခါစ မှာ တော့ အလွဲ က တစ်မျိုး ဖြစ်လာ ချေ၏ ။ တစ်ခါက ရုံး တက်နေသော ကျွန်တော့် သူငယ်ချင်း ထံ သို့ သူ့ အမေ က ဖုန်း ဆက်သည် ။ ညနေရုံး ဆင်း လျှင် သူ့ အတွက် ငှက်ပျောသီး ဝယ် လာရန် မှာ လိုရင်း ဖြစ်ပါသည် ။ ဖုန်း လိုင်း က မိ တစ်ချက် မမိ တစ်ချက် ဖြစ်ရာက ပြတ် သွားသည် ။ အမေကြီး က ထပ် ခေါ်သည် ။ မရတော့ ။ ဆက်သွယ်မှု ဧရိယာ ပြင်ပ ဖြစ်သွားတော့သည် ။

သူငယ်ချင်း ကလည်း သူ့ အမေ ငှက်ပျောသီး မှာတာ သိပြီး ဖြစ်၍ ပြန် မဆက်တော့ ရုံး အဆင်းမှာ ငှက်ပျောသီး ဝယ်ပြီး ပြန် သွားသည် ။ ဖီးကြမ်းကောင်းပေ့ ဆိုတာ ဝယ် သွား သည် ။ အမေ ဝမ်းသာ သွားပေရော့ ။
သို့ သော် အမေကြီး ထင် သလောက် ဝမ်း မသာနိုင် ရှာ ။

“ ဟဲ့ နေပါဦး ၊ နေ့ခင်း က နင့် ဆီ ဖုန်းဆက်ရင်း ပြတ် သွားလို့ ပြန် ဆက်တော့ နင့် ဖုန်းမှာ ဘယ် က မိန်းမ က ဝင် ပြော ရတာလဲ ဟဲ့ ”

“ ဘာပြောလို့လဲ အမေ

“ ဆက်သွယ်မှုဧရိယာ ပြင်ပ ရောက်နေသတဲ့ တော် ဒါနဲ့ ငါ က နေပါဦး ၊ ငါ့ သား နဲ့ ငါ ခုလေးတင် ပြော နေသေးတာ ။ ညည်း က ဘာ ကိစ္စ ဝင် ရှုပ်ရတာလဲ ဆိုတော့
ကောင်းကောင်း ပြန် မပြောဘူး ။ ကု,လားမလား မဆိုနိုင်ဘူး ။ ကု,လား လို တွေလည်း ဗလစ်ဗလစ် ပြောတာပဲ ”

သူငယ်ချင်း ခမျာ အမေ လိပ်ပတ်လည်အောင် မနည်း ရှင်းပြလိုက်ရပါသည် ။

ယနေ့ခေတ် တယ်လီဖုန်း ကို အမြောက်အမြား သုံး နေကြသော အချိန်မှာ ကား အလွဲ များသည် တစ်နည်း တစ်ဖုံ ဆန်းသစ် လာကြ ပါတော့သည် ။

တစ်ရက် ကျွန်တော့် ဖုန်း မြည်၍ နားထောင် လိုက်ရာ

“ ဆရာ ၊ ကျွန်တော် ပါ ” ဟု ဆိုလေ၏ ။ 

အသံ မကျက်မိ သဖြင့် အဘယ် ကျွန်တော် မှန်း မသိပါ ။ ကိုယ်တိုင် က လည်း ကျောင်းဆရာ လုပ်ခဲ့ဖူး လေတော့ တပည့်အများ ထဲ က တစ်ယောက် ယောက် ဖြစ်ပါလိမ့်မည် ။

“ အေးကွာ ၊ ပြော”

“ ဆရာ ဆု ရတယ် ရော ၊ အခု တင်ပဲ အစည်း အဝေး ဆုံးဖြတ်တာ ၊ ကျွန်တော် ခု နေပြည်တော် က ဆက် နေတာပါ ဆရာ ”

“ ဟုတ်လား ၊ ခု ဆက်တာ ဘယ်သူပါလိမ့် ”

“ ဆရာ သူကြီးလေ ဆရာ ရဲ့ ၊ ဟား ဟား ၊ သူကြီး အသံ တောင် မမှတ်မိတော့လား ၊ ဟား ဟား ။ ဒီနှစ် ဆုတွေ က ထိုက်ထိုက်တန်တန် ပေးမှာ ဆရာ ရဲ့ ၊ ဆရာ တော့ ထောပြီ ၊ ဟားဟား ”

သူ က ပျော်ရွှင်စွာပင် ဆက် ပြော နေပါသည် ။ ကျွန်တော့် တပည့်များ တွင် သူကြီး မျှ မက မြို့ပိုင် လည်း မရှိ ။ ဆယ်အိမ်ခေါင်း ပင် မရှိပါ ။

“ ဒီမှာ ၊ ဖုန်း မှား နေပြီ ထင်တယ် ”

“ ဟဲဟဲ ၊ ဆရာ က ကျွေးရမှာ စိုးလို့လား ၊ ဆရာ ပြေး လို့ မလွတ်ပါဘူးဗျာ ။ ဆုငွေ က ကျွန်တော်တို့ ရုံး မှာ ထုတ်ရမှာ ။ မနက်ဖြန် သန်ဘက် ဆိုရင် ဆရာ့ ဆီ ကို တရားဝင် အကြောင်းကြားစာ ရောက် လာပါလိမ့်မယ် ၊ ဒါပဲနော် ဆရာ ။ ဒီမှာ ညွှန်ချုပ် ခေါ် နေလို့ ”

ဖုန်းချ သွားလေ၏ ။ ကျွန်တော့်  မှာ မဆတ်တငံ့ ကျန်ရစ်ပါသည် ။ ဘာ ဆု ပါလိမ့် ။ အမျိုးသားစာပေဆု များလား ။ မဂ္ဂဇင်း ထဲ မှာ တောက်တီးတောက်တဲ့ ရေးတဲ့ သူ့ ကို တော့ အမျိုးသား စာပေဆု မပေးတန်ရာပါ ။ ထို ည က ကျွန်တော် အိပ် မပျော်ပါ ။ ကိုယ့် လုပ်ရပ် တွေ ထဲမှာ ဆု ရနိုင် လောက်တာ ဘာ ရှိပါလိမ့် ။ တော်လှန် ရေး တုန်း ကလည်း ကိုယ် မမွေးသေး ။ လှူတာ တန်းတာ လည်း မည်မည်ရရ မရှိ ။ ရေဘေး လည်း မလိုက်ဖြစ် ။ ဖျား နေလို့ပါ ။

မောင်မင်းကြီးသား သူ့ ပြန် ခေါ်ပြီး မေး ရမှာကလည်း သူ ဆက်သော ဖုန်း မှာ နေပြည်တော် ရုံးဖုန်း ဖြစ် နေသည် ။ ဝန်ကြီးရုံး ဖုန်း ကို ဆက်ပြီး “ သူကြီး ခေါ်ပေးပါ ” ဟု ပြော လို့လည်း မဆီလျော်ပါချေ ။ သို့နှင့် သူ ပြောသည့် တရားဝင် အကြောင်းကြားစာ ကို မျှော်ရင်း မျှော်ရင်း တစ်ပတ် ၊ ဆယ်ရက် ကြာ သွားပါသည် ။ ဘာမျှ မလာပါ ။ ထိုအခါ ကျမှ ဖုန်း မှား တာဖြစ်မှာပါ ဟု စိတ်တုံးတုံး ချလိုက်ရပါသည် ။

နောက် တစ်ကြိမ် မှာ တော့ ဖုန်း မှား ခေါ်သူ က အထက်စီး နှင့် ပြောပါသည် ။

“ တောင်ဘက် အိမ် က ငပြူး ခေါ် ပေးစမ်းပါ ”

ကျွန်တော့် တောင်ဘက် တွင် အိမ် မရှိပါ ။ ကလေးများ ဘောလုံး ကန်ကြသည့် ကွက် လပ် သာ ရှိသည် ။ ကွက်လပ် ၏ ဟိုဘက်မှာ က ဓမ္မာရုံ ။

“ တောင်ဘက် မှာ အိမ် လည်း မရှိ ၊ ငပြူး လည်း မရှိ ပါလား ။ မှား နေပြီ နဲ့ တူတယ် ”

“ သိတယ် ၊ သိတယ် ဒီလို အချိုးတွေ မျိုးကြီးတို့ က ပေါက်ပြီးသားနော် ။ အဲဒီ မအေ ... ငပြူး ကို ပြောလိုက် စမ်းပါ ၊ ဒီလို ရှောင် နေလို့ လွတ်ရိုးလား ကွာ ။ မျိုးကြီး တဲ့ အရေခွံ ဆုတ်ပစ်မယ် ” 

ကိုယ် ကပင် ပြန် တောင်းပန် ရမည့် ကိန်း ဆိုက်သွား သည် ။

တစ်ခါ မှားသူ ကတော့ တစ်ဖက် လူ ထူးတာ ကိုပင် မစောင့် ။

“ ညီမလေး ရေ ၊ ပုသိမ် နောက်ဆုံးကား မှာ လက်မှတ် ကလေး နှစ်စောင်လောက် ဖြတ် ထားပေးပါလား ကွယ် ။ နေရာ ကောင်းကောင်းလေး နော် ၊ ညီမလေး က လိမ္မာပါတယ် ၊ မုန့် ဝယ်ခဲ့မယ်” တဲ့ ။

ကားဂိတ် မဟုတ်ကြောင်း ပြန် ပြော တော့ မှ ဆောရီး ဆောရီး တဲ့ ။

တယ်လီဖုန်း ၏ ရသများ ကို ကား ပြော၍ ကုန်နိုင် ဖွယ်ရာ မရှိပါ ။ ယခုတလော ဒုက္ခ ပေးသူများ မှာ နံပါတ်တူ ရောင်းသူများ ဖြစ်သည် ။

“ အစ်ကို အခု ကိုင်နေတဲ့ ဖုန်း နဲ့ နောက် ဂဏန်းတွေ တူတဲ့ အော်ရီဒူး ဖုန်းကတ် အသစ် ညီမတို့ လက်ထဲမှာ ရှိ နေပါတယ် ။ စိတ်ဝင်စားတယ် ဆိုရင် အိမ် အရောက် စရိတ်ငြိမ်း ပို့ပေးပါမယ် ။ ရောင်းဈေး က နှစ်သောင်း ပါ ” 

အစချီ ၍ ဆက် လာ၏ ။ တစ်ကြိမ် တစ်ခါ မဟုတ် ။ အကြိမ်ကြိမ် ။ တစ်ခါတလေ နေ့လယ်နေ့ခင်း တစ်ရေး အိပ်
နေတုန်း ဖုန်းကတ် ရောင်း ချင်သူ က ဆက်၏ ။ အလွန် အင်မတန် စိတ်တိုစရာ ကောင်းပါ သည် ။ မိမိ နှုတ်မှ ဖရုသဝါစာ မထွက်ရဲ သောကြောင့် ထိုသူ များ အတင့်ရဲ သမျှ ငုံ့ ခံ နေရ သည် ။

ထို ဖုန်းကတ် ရောင်းသူများ မှာ တစ်ခါတစ်ခါ ယောက်ျားသံ ၊ တစ်ခါတစ်ခါ မိန်းမသံ ဖြစ်သည် ။ မဝယ်လိုပါ ၊ နောင်မှာ မဆက်ပါနှင့် ဟု တောင်းပန် ၍ လည်း မရချေ ။ တစ်ဖက်သား ကို အနှောင့် အယှက် ပေးရာ ရောက် မည်လား ဟု စဉ်းစားကြပုံ မပေါ် ပါ ။ ကိုယ် ရောင်းရဖို့ပဲ ကြည့် ကြသည် ။ ဪ ဒုက္ခ ဒုက္ခ ။

တယ်လီဖုန်း ၏ ဒုက္ခ သည် မွေးရာပါ ဖြစ်သည် ။ မွေး ဆို သိန်း နှစ်ဆယ် လောက် ကုန် ပြီးမှ လက်ထဲ ရောက်လာ ခြင်း ဖြစ်သည် ။ နောက်ဆက် ဒုက္ခ ကား ဟန်းဆက် ။ စစ ချင်း တုန်းက ခလုတ် နှိပ်တာ ကလေး ဖြစ်သည် ။ နောက်တော့ ပွတ် ရတာတွေ ပေါ် လာသည် ။ အများသူငါ ပွတ် နေကြချိန်မှာ ကိုယ် က နှိပ် နေရ သည်မှာ မဟန် ။ ထို့ကြောင့် ပွတ် လို့ ရတာ ကို ဝယ်ရပြန်သည် ။ အကောင်းစားကြီး မဟုတ်ပါ ။ တရုတ် ။ ပေါပေါ သောသော ။ ခပ်လှမ်းလှမ်း က ဆိုလျှင် ဘာ တံဆိပ်မှန်း မသိ နိုင်တာမျိုးပါ ။ လူချင်း တူပေ မဲ့ ကံ အကျိုးပေးချင်း မတူ တတ် သည်မှာ အမှန်ပင် ဖြစ် သည် ။ ကျွန်တော့် မှာ တရုတ် ခပ်ညံ့ညံ့ ကို ပွတ် နေရချိန်တွင် အိမ် က မယ်ဂျီးအို က တော့ ကြွက်ကိုက်ပန်းသီး ကိုင် ရလေ၏ ။ ရပ်ဝေးနေ သမီး က “ မေမေ့အတွက် ” ဟု ခေါင်း တပ်၍ ဝယ်ပေး လေသဖြင့် အကျွန်ုပ် နှင့် မဆိုင်ရေးချ မဆိုင်ပါချေ ။ မဆိုင်သမှ ဖုန်း ကို ဖွင့်၍ ပင် မရ ။ မယ်မင်း ကြီးမ လက်ဗွေ ပြ လိုက်မှ ဖုန်း က ပွင့် သည် ။ ထိုကြောင့် မလှမ်းမကမ်း မှ သာ ငေးနေရ သည် ။

“ ဟေ့ ဒီမယ် ၊ ကြား လား ကြားလား လုပ် မနေနဲ့ ငါ က ပန်းသီး “ ဆဲဗင်းပလပ် ” နဲ့ ပြော နေတာ ၊ နင့် ဘက် က လိုင်း မမိတာ ဖြစ်မယ် ၊ နေရာ ရွှေ့ ကြည့်ပါလား ”

ကောင်းကင်လေ သည် ပေပေါင်းနှစ်သောင်းငါးထောင် အထက် က ဖြစ် လေ၏ ။ တစ်ရက် ဖုန်း ဆိုင် မှာ ငွေဖြည့် ကတ် သွား သွင်းပြီး ပြန် အလာ မှာ တော့ မယ်ဂျီးအို ဖုန်း အသံ ပြောင်း လာ၏ ။ အရင်က ဖုန်း လာ လျှင် “ ဒုံ ချပ်ချပ် ၊ ဒုံ ချပ်ချပ် ” မြည်နေ ရာက ၊ အခု “ မြနန္ဒာ xxx နေ ညိုညို ရစ်ကာသန်းတော့ xxx ရွှေမန်းတောင်ရိပ် တူတူခို မယ် xxx ” ဖြစ်လာပါသည် ။ ဖုန်း လာလျှင် သင်္ကြန် အက ပဲ ထ , က ရ မလို ရိုးရိုးရွရွ ဖြစ်ရ ပြန်သည် ။ ဤလည်း တစ်ဒုက္ခ ပါ ။

ဒီ ရက်ပိုင်း မှာ နောက်ဆုံး ပေါ်  ဒုက္ခ ရောက်ရှိ လာပြန် ပါသည် ။ တယ်လီဖုန်း သုံးစွဲ သူများ မှတ်ပုံတင် ရသော ကိစ္စ ဖြစ်သည် ။ ကျွန်တော်တို့ ဖုန်းကတ် တွေ က တစ်ဆင့် ဝယ် ထားရတာတွေ ဖြစ် လေတော့ ကိုယ့် အမည်ပေါက် မဟုတ် ပါ ။ လက်ဝယ် ရှိသူက မှတ်ပုံတင် ရမည် ဖြစ် သဖြင့် အမ်ပီတီရုံး သို့ သွားကြ ရ ပါသည် ။

အမ်ပီတီရုံး တွင် လူငယ် လူရွယ်များ အကြား အဘိုး နှင့် မယ်ဂျီးအို တို့ တိုးတိုးဝှေ့ဝှေ့ ဖြင့် ကိုယ့် အလှည့် ရောက်လာ ကြသည် ။ ဤနေရာ တွင် မယ်ဂျီးအို ကို ဦးစား ပေး၍ မဖြစ်ပါ ။ ရုံး လုပ်နည်းလုပ် ဟန်တွေ ဆိုတာ မသိလျှင် ခက်သည် ။ ထို့ကြောင့် မယ်ဂျီးအို နမူနာ ရစိမ့်သောငှာ  ကျွန်တော် က ဦးဆောင်ပြီး ရှေ့ က ဝင် လုပ်ပါသည် ။ ကောင်တာ စာရေးမ ကို မှတ်ပုံတင် မိတ္တူ ပေး ရသည် ။ ဖုန်း နံပါတ် ပြော ရသည် ။ မှတ်ပုံတင် မိတ္တူ ပေါ် မှာ ဖုန်းနံပါတ် ကို ရေးမှတ်သည် ။ ထို့နောက် စာရေးမ က သူ့ စားပွဲ ပေါ် ရှိ ဟန်းဖုန်း ဖြင့် ကျွန်တော့် နံပါတ် ကို နှိပ်၍ ခေါ်သည် ။ မြည် လာသော အခါ “ မကိုင်နဲ့ ၊ မကိုင်နဲ့” ဟု ဆိုသည် ။ ထို့ နောက် “ အဲဒီ နံပါတ် ကို ပြန် ခေါ်လိုက်ပါ ” ဟု ဆို ပြန်သည် ။ ကျွန်တော့် ဖုန်း ကို ပွတ်၍ ခုန က ခေါ်သော ဖုန်း ကို ပြန် ခေါ် လိုက်ပါသည် ။ စားပွဲ ပေါ် က ဖုန်း မြည် လေ၏ ။ ဪ ဒီလို ကိုး ၊ အပြန်အလှန် စစ်ကြည့် သည့် သဘော ဟု ကျွန်တော် နားလည်လိုက်ပါသည် ။

“ ဖုန်း ချလိုက်ပါ ” ဟု စာရေးမ က ပြောသည် ။

ကျွန်တော် သည် လက်ထဲ က ဖုန်း ကို စာရေးမ ရှေ့  စားပွဲ ပေါ်သို့ ချပေး လိုက်ပါ သည် ။

အနီးရှိ မယ်ဂျီးအို က စ၍ ဝိုင်း နေသော မိန်းကလေး တစ်သိုက် ခိုးခိုးခစ်ခစ် ရယ် ကြလေ၏ ။ ကျွန်တော် ဘာ များ မှားပါသနည်း ။ စာရေးမ ၏ ဖုန်း ကား ဆက် မြည် နေဆဲပင် ။ သူ က ကျွန်တော့် ဖုန်း ကို လှမ်း ပွတ်ပြီး နှိပ် လိုက် တော့မှ အသံ တိတ်သွား သည် ။ သြ ... ပေါက်ပြီ ။ ဒါကြောင့် ကိုး ။ အမ်ပီတီရုံး တွင် ထိုမျှ နှင့် ကိစ္စ ပြတ်ခဲ့ သော်လည်း မယ်ဂျီးအို ကား တော်တော်နှင့် မပြီးပြတ် နိုင်ပါချေ ။ အပြန် လမ်း မှာလည်း ရယ်လို့ မပြီးနိုင် ၊ အိမ် ရောက် တော့ လည်း တွေးတွေးပြီး တခိခိ ရယ်တုန်း ။ 

“ ဟေ့ ငါ က ရိုးရိုး လေး တွေး တာကွ ၊ မြတ်စွာဘုရား ဟော ထားတာလေ ။ မေတ္တသုတ် မှာ “ ဥဇူစ ... ရိုးသား ဖြောင့်မတ်ရာ၏ ” တဲ့ ။ ရိုး လွန်းတော့ အ , ရာ ကျ သွား တာပေါ့ လေ ”

ကျွန်တော် အညံ့ မခံပါ ။ မေတ္တသုတ် ကိုပင် ကိုးကား လိုက်ပါသေးသည် ။

မယ်ဂျီးအို သည် ကိုယ်တိုင် ဟားရုံ နှင့် အားမရ ။ သမီး ထံ ဖုန်းဆက် ၍ အဖ ၏ ရိုးသားပုံ ကို အမွှမ်း တင်လျက် သားအမိ နှစ်ယောက် ဟားကြ သေးသည် ။ နေနှင့်ဦး မယ် မင်းကြီးမ ။ 

ကျွန်တော် ကြာကြာ မစောင့် လိုက်ရပါ ။ မကြာမီ သီတင်းကျွတ်လပြည့်နေ့ သို့ ရောက် လာပါသည် ။ အိမ် အနီးရှိ ဓမ္မာရုံ သည် နှစ်ရက် လောက် ကြိုပြီး အသံချဲ့စက် ဖြင့် ဆော်ဩပါသည် ။ သီတင်းကျွတ်လပြည့်နေ့ မြတ်စွာဘုရား တာဝတိံသာ ပြန် ကြွလာသောနေ့ ၊ အဘိဓမ္မာအခါတော်နေ့ ။ ဓမ္မာရုံ ၌  ဥပုသ်သီလ ဆောက်တည် ဖိတ်ကြား နှိုးဆော်ပါသည် ။

“ ကိုင်း ... အဘိုး ရေ  ဥပုသ်စောင့် သွားကြစို့လား ”

မယ်ဂျီးအို က ဆုံးဖြတ် ထားပြီးသော လေသံ ဖြင့် ပြော၏ ။ မလိုက်လို့ မဖြစ်ပါ ။ သူ ဥပုသ် စောင့်ပြီး ထမင်း မချက် လျှင် အဘိုး ငတ်မည့် အတူတူ ဥပုသ်စောင့် လိုက်ပါ တော့မည် ။ တစ်ဖန် အိမ်နီးနားချင်း မှာ အဘိုးကြီး အမယ် ကြီးတွေ များသည် ။ ဖြတ်သွား ဖြတ်လာ တွေ့၍ ဥပုသ် ရသလား ၊ ဘာလား မေး လျှင် ဖြေရ ခက်သည် ။ မအားလို့ပါ ပြောရအောင် က လည်း မိမိ မှာ ဘာ အလုပ်မှ မရှိ ။ ထို့ကြောင့် ဥပုသ်စောင့် လိုက်ရန် သဘော တူ လိုက်ပါသည် ။ 

သီတင်းကျွတ်လပြည့် နေ့ နံနက်ခင်း တွင် ဓမ္မာရုံ က ကျွေးမွေးသော ကြာဆံဟင်း နှင့် ကော်ဖီ ၊ မုန့်ပဲသရေစာ ကို စားသုံးကြပြီး ဆရာတော်ဘုရား ကြွလာသော အခါ သီလ ယူ ကြပါသည် ။ အမျိုးသား တစ်ကန့် ၊ အမျိုးသမီး တစ်ကန့် နေရာ ခွဲ ထိုင်ကြ ရပါသည် ။ အမျိုးသား သိပ် မရှိပါ ။ ဆယ့်လေး
ငါးယောက် လောက်ပဲ ရှိမည် ။ အမျိုးသမီး အင်အား တော်တော် များ၏ ။ လေးဆယ် ကျော် ငါးဆယ် ရှိမည် ။ ဒါ ကြောင့် နတ်ပြည် မှာ နတ်သမီး များတာ ဖြစ်လေသလား တွေးမိသည် ။ နတ်သမီးလောင်းလျာများ သည် နောင် အခါ အထောက် အထား ပြနိုင် ရန် အလို့ငှာ လည်းကောင်း ၊ ယခု မျက်မှောက် ၌ မိမိ တို့၏ ပန်းသီးများ ၊ ကျောက်သင်ပုန်းများ ကို ထုတ်သုံးရန် အလို့ငှာ လည်းကောင်း တချပ်ချပ် ၊ တဖျပ်ဖျပ် ဓာတ်ပုံ ရိုက်ကြ ကုန်၏ ။ တချို့က ကိုင်းတံကြီးများ ထုတ်ပြီး ဆယ်ဖီ ၊ ဆယ့်ငါးဖီ ဆွဲကြ၏ ။ ထိုအထဲမှာ ကျွန်ုပ် ၏ မယ်ဂျီးအို လည်း ပါဝင် ဆင်နွှဲလေ၏ ။ ဆဲဗင်းပလပ် ဟန်းဆက် လက် နှင့် မကွာ ဆိုသလိုပင် ။ အများ “ သြကာသ ” ကြတော့မှ ဟန်းဆက် တွေ အိတ် ထဲ ပြန် ထည့်ကြသည် ။

သီလ ယူကြ၍ တစ်ဝက် တစ်ပျက် ၊ ဝိကာလ
ဘောဇနာ အပြီး နစ္စဂီတ စခါ နီး တွင် “ မြနန္ဒာ xx နေညိုညို ရစ်ကာသန်းတော့ ” စ၍ မြည် လေ၏ ။ ဥပုသ်သည်များ ခေါင်း ထောင် ကြလေ၏ ။ လှည့် ကြည့် လိုက်တော့ မယ်ဂျီးအို ပျာ နေသည် ။ လက်ကိုင် အိတ် ထဲ က ဖုန်း ကို ပင် မနည်း ထုတ် နေရသည် ။ ဖုန်းသံ က ပို ကျယ်လာသည် ။ မယ်ဂျီးအို ဖုန်း ကို ပွတ် သည် ။ သို့သော် မြနန္ဒာ က မရပ် ။ နောက် တစ်ကျော့ ပင် ကျော့ နေသည် ။ ဆရာတော် က ဝိကာလ မှာ ရပ်ထားသည် ။ ဖုန်း က မြည်ဆဲ ။

“ အဘိုး ရေ လုပ်ပါဦး ”

ကျွန်တော် ကလည်း နေရာ က ရုတ်တရက် ထ လို့ မရပါ ။ ဒူးတုပ် ထိုင် နေတာ ကြာတော့ အောက်ပိုင်း က ချုပ်ထား သလို ဖြစ်နေသည် ။ ထိုစဉ် ဓမ္မာရုံဂေါပက လူငယ် တစ်ယောက် ထ , သွားပြီး ပိတ် လိုက်တော့မှ မြနန္ဒာ ရပ် သွား လေသည် ။

ထိုအခါမှ ဆက်၍ သီလ ယူ ကြရ၏ ။

ကိုင်း မှတ်ကရော ။ ကျွန်တော့် ကို ဟား ခဲ့သော မယ်ဂျီးအို ခုတော့ မျက်နှာ ဆီးရွက် လောက်မျှ မကြီး တော့ ပါချေ ။ ထိုနေ့ က ဥပုသ်ကြီး နှင့် မို့ ကျွန်တော် မဟားခဲ့ရပါ ။ သမီး က လည်း သူ့ အမေ ဘက်သား ဖြစ်၍ ကျွန်တော် မပြောသာပါ ။ ယခုမှ အားရ ပါးရ ဖွင့်ချ လိုက်ပါသည် ။ မှတ်ပေကရော့ ပန်းသီး ဆဲဗင်းပလပ် ရေ့ ။ ဟွား ... ဟွား .. ဟွား ... ။

◾ ဖိုးလမင်း

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဖေဖော်ဝါရီလ ၊ ၂၀၁၇ ခုနှစ်

#ကိုအောင်နိုင်ဦး

.

Saturday, July 22, 2023

နင့် ကို ငါ ကြိုက်တယ် ၊ ငါ့ ကို နင် ကြိုက်မလား


 

❝  နင့် ကို ငါ ကြိုက်တယ် ၊ ငါ့ ကို နင် ကြိုက်မလား ❞ 

၂၀၀၂ ခုနှစ် ၊ ဩဂုတ်လ ၃၁ ရက်‌ နေ့ သရက်မြို့ အို‌ကေ မြေပဲဆား‌လှော် ကိုယ်စားလှယ် ‌ဒေါ်ကြည်‌လေး ထံ မှ ပြန် အလာ ပဲ့‌ထောင်လိုင်း‌ ပေါ် မှာ လူငယ် အတွဲ‌လေး ကို တွေ့ရတယ် ခင်ဗျာ့ ။ သူတို့ က ကျွန်‌တော့်‌ ရှေ့ တည့်တည့် က ခုံ‌ပေါ် မှာ လာ ထိုင် ကြတာ ။ ကောင်‌လေး က ‌ကောင်မ‌လေး ရဲ့ မရမ်း‌စေ့‌ရောင် လက်သည်းက‌လေးများ ကို  တယုတယ ရွရွ‌လေး ပွတ်သပ် ။ ‌ကောင်မ‌လေး က ‌ကောင်‌လေး ရဲ့ ရှပ်အင်္ကျီ ကြယ်သီးများ ကို ထိ‌တွေ့  ။ ကယုကယ ချစ်တုံ့တင် စကား‌လေး‌ တွေ  ဖလှယ် လို့ ။ လူငယ် ဘာဝ ။ အင်း မောင်ချမ်းသာ တို့ ကျင်လည် ကျက်စား‌ နေရသည့် ဘ ဝနှင့် ကွာ ဘိခြင်း ။

‌မောင်ချမ်းသာ တို့ ဘဝ က -

“ ဦးချမ်းသာ‌ ရေ လုပ်ကြည့်‌ နေတုန်းပဲ ဗျို့ ၊ အဆင်‌ ပြေမယ်လို့ ခန့်မှန်းရတာပဲ ”

‌မြေပဲလုံးဆန် ‌ဈေးနှုန်း နှစ်ဆ သုံးဆ ဖြစ် သွား‌တော့ ‌မြေပဲဆား‌လှော် ငါးကျပ်တန် ထုပ် မဖြစ် ၊ ၁ဝ ကျပ်တန် လုပ် မရ ။ ဆိုင်ရှင် ဒေါ်ကြည်‌လေး သား ကိုဦး နဲ့ စည်းဝါး ရိုက် ၊ ၂၅၄ ကျပ် တန်‌ အောက်ခံ ထုပ် ဖို့ ညှိ ။ အ‌ခေါက်‌ခေါက် အခါခါ လာ ။ အဖန်ဖန် အထပ်ထပ် ညှိ ၊ အရက် ကို အရောက် ပို့ရမယ့်‌ဈေး ၊ ကိုဦး တို့ က ပြန် ဖြန့်မည့်‌ ဈေး ၊ တဆင့်ခံ က ပြန်လွှတ် ရ မည့်‌ ဈေး ၊ လက်လီဆိုင် က ပြန်‌ ရောင်းရမည့်‌ ဈေး စသည် အားဖြင့် ။

‌လှော် လိုက်ပြီ ။ ထုပ် လိုက်ပြီ ၊ ရောင်းကြည့်‌ နေပြီ ။ ရောင်း‌ နေပြီ ။ အဝယ် လိုက်ရဲ့လား ၊ ဝယ်စားသူ ရဲ့ အမြင် က ဘယ်လိုလဲ ။ တွေးကြည့် မနေနိုင်ဘူး ခင်ဗျာ့ ၊ ပြေးကြည့် ရတယ် ။ ပြေးကြည့် ‌ပြေးကြည့် ၊ မြင်ပြီ မြင်ပြီ ၊ အကဲခပ် လို့ ရပြီ ။ သည်လိုမျိုး ခင်ဗျာ့ ။ အတွဲက‌လေးများ ကဲသို့ နုရွ မ‌နေနိုင်ဘူး ဗျို့ ။ ရေတံခွန်‌ ဇောက်ထိုး ကျ အတင်း ခုန်ချ ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဒုန်းတရကြမ်း ‌လှော်ခတ်ကြရ တာ ဗျို့ ။

“ ဘယ်လို သ‌ဘောရလဲ ကိုချမ်းသာ ကျွန်‌တော်‌ တော့ လွှတ်ချင် ပြီ ”

ဩဂုတ်လ လ ကုန်ပိုင်း ၊ ‌မြေပဲ‌တောင့် အသစ်‌ ပေါ်‌ တော့မည် ၊ ‌ငွေ က ခဏ အား‌နေ သဖြင့် ထည့် ထား‌သော ပဲတီစိမ်းက‌လေး များ ပြန် လွှတ်ရ‌ တော့မည် ။ မ‌အောင့်နိုင်ဘူး ဗျို့ ၊ ‌ငွေအတွက် ဗိုက် က နာ‌ နေပြီ ။

“ လွှတ် လိုက်‌တော့ ကိုစံအုန်း‌ ရေ ”

မတတ်နိုင်ဘူး ၊ နောင်ခါလာ‌ နောင်ခါ‌ဈေး ၊ ရှေ့ လုပ်ငန်းက ရှိ‌သေး ။ ၂၇ ရက်‌ နေ့ က ၆၉၀ဝ နဲ့ လွှတ်လိုက်တယ် ။ ၂၈ ရက်‌ နေ့ ၇၀၀၀ - ၇၂၀ဝ ဖြစ်သွားတယ် ။ ၂၉ ရက်‌ နေ့ ၇၅၀၀ ၊ ၃ဝ ရက်‌နေ့ ၇၆၀၀ ။ အင်း ... မထိုက်‌တော့ လည်း မရ‌ပေဘူး‌ပေါ့ ။

“ ဘယ်လိုလဲ ကိုချမ်းသာ ယူ မှာလား ၊ ခင်ဗျား မယူဘူး ဆို ကို‌မောင်‌မောင် ကို လှမ်း‌ ခေါ် လိုက်‌တော့မယ် ”

ပွဲစား ကိုချစ်ပိန် သည် သူ့ ပွဲရုံ‌ ရောက်လာ‌သော မြေပဲ‌တောင့်များ ကို ကျွန်‌တော့် ကို ရှေးဦး‌ ခေါ် ပြ၏ ။ ဦးစား‌ ပေးသည့် သ‌ဘော ။ ‌မြေပဲအိတ် ကို ပုတ်ကြည့် ၊ မြေပဲ‌တောင့် အနည်း ငယ် ထွင် ကြည့် ၊ ရက်‌စေ့ အသက်ပြည့် ပဲ လား ။ စားရမယ့် ပဲလား ။ အိတ် ထဲ က ပါ သွားမည့် ပဲလား ။

“ ဒီဘက် က ၁ဝ လုံး ကို‌ တော့ ကြိုက်တယ် ၊ ပဲသား ပြည့်တယ် ၊ ဟိုဘက် က ၁၅ လုံး ပုံ ကို‌ တော့ မကြိုက်ဘူး ဗျာ ၊ ၁ဝ ရက်‌ လောက်‌ စောပြီး နုတ် လာတဲ့ ပဲ ၊ အဆန် ထွက် ညံ့မယ် ဗျာ ၊ ပဲသား လည်း နု မယ်ဗျာ ”

ထိုအချိန် တွင် ပဲအဝယ်သမား ‌မောင်စိန်‌သောင်း ကလ ည်း ကျွန်‌တော့် လို ပဲ ပဲများ ကို ထွင်ကြည့်‌ နေပြီ ။ ဆ , ကြည့်‌ နေပြီ ၊ ဝယ်သင့် မဝယ်သင့် ။ သို့‌သော် သူ သည် အလိုက် သိ ပါ၏ ။ ကျွန်‌တော် နှင့် ဆိုင် ထား‌သော‌ကြောင့် ဘာမျှ မ‌ပြော ၊ ခဏ ‌ဘေး‌ရှောင် ထွက်သွား‌ လေ၏ ။ ကျွန်‌တော် နှင့် မတည့် လျှ င်‌တော့ သုတ်မည် ဆိုသည့် သ‌ဘော ။

“ ‌နေဦး ပွဲစား‌ ရေ စဉ်းစား ဦးမယ်ဗျာ ”

‌ရွှေမိုးလက်ဖက်ရည်ဆို င်ဘက် သို့ ထွက်ခဲ့၏ ။ လုပ်‌ဖော်ကိုင်ဖက် ကိုထူး ၊ ကိုဝင်း တို့ နဲ့ ဆုံ ။ ဈေး အ‌နေအထား ကို စဉ်းစား ၊ ပဲ အ‌နေအထား ကို စဉ်းစား ။ မိုး ရွာ မှာလား ၊ ‌နေ ပူ မှာလား ၊ မိုး ရွာ လျှင် ပဲ လှန်း လို့ မရ ၊ ‌နေ ပူ မှ ပဲ လှန်း လို့ ရမည် ။ နှမ်း‌ဈေး က‌ တော့ ဘယ်လိုလဲ ၊ ၄၈၀၀ဝ မှ ပြုတ်ကျ လာ ခဲ့‌သော နှမ်း သည် ‌ဈေး ၃၀၀၀ဝ ‌အောက် သို့ တစ်ရက် ဆင်းသွား ၊ ၃၃၀၀ဝ ပြန် ဖြစ် ၊ စားအုန်းဆီ က‌ ကော ဘယ်လို လဲ ၊ ‌ငွေ‌ ဈေးက‌ ကော ၊ ယ‌နေ့ လက်ရှိ‌ ပေါက်‌ဈေး ၊ နက်ဖြန် ဖြစ်နိုင်မည့် အလားအလာ နောက် တစ်ပတ်ကြာ ဖြစ် လာ နိုင်မည့် အ‌ခြေအ‌နေ ။ ပဲ နဲ့‌ ဈေး က‌ တော့ မဆိုးပါဘူး ၊ ဒါ‌ပေမယ့် ပဲသား က နု လှသဗျာ ။

“ ကဲပါဗျာ ၊ ဆွဲလိုက်ကြ တာ‌ပေါ့ ၊ ‌နောက်မှ ကြည့်ရှင်း ”

ဆုံးဖြတ်ချက် ချပြီး‌ နောက် ကိုချစ်ပိန် ပွဲရုံ ဘက် ပြန်လှည့် ၊ ဗာဒံပင်‌ အောက် တန်းလျား‌လေး မှာ ထိုင် ၊ အဖန်က‌လေး တစ်ကျိုက်‌ သောက် ။

“ ဘယ်လိုလဲ ပွဲစား‌ ဈေး မပြင်‌တော့ဘူးလား ”

“ ကိုချမ်းသာ‌ ရေ အဝယ်‌တော် ‌မောင်ရှူးရှား နဲ့ တည့် သွား တယ် ဗျို့ ၊ ဆိုတဲ့‌ ဈေး ပဲ ”

အဝယ်‌တော် မောင်ရှူးရှား ဆိုတာ ရှူးရှူးရှားရှား ဝူးဝူးဝါးဝါး နဲ့‌ဒေါသ အလွန် ကြီး တတ်လွန်း လို့ သူ့ ကို ‌မောင်ရှူးရှား လို့‌ ခေါ်‌နေကြတာ ။

“ သူ က မျိုး အတွက် ဝယ် တာတဲ့ ဗျို့ ၊ ‌ဈေး‌တောင် မဆစ်ဘူးဗျာ ”

ကဲ ‌ကောင်း‌ရော ၊ ကျွန်‌တော်တို့ က ချိန်ဆ စဉ်းစား‌ နေတုန်း ရှိ‌သေး ၊ သူ က သုတ် သွားပြီ ။ သည်‌နေ့ ကျွန်‌တော် တို့ အ‌ရောင်းအဝယ်‌ လောက မှာ ‌ရှေ့‌နောက် စဉ်းစားချိန် မရ ၊ အိမ်ပြန် မိန်းမ နဲ့ တိုင်ပင်ချိန် မရ ။ ‌ငွေ‌ဈေး ‌ရွှေ‌ဈေး စနည်းနာ‌ နေချိန် မရ ။ ဟန်‌ဆောင် မ‌နေနဲ့ မူ မ‌နေနဲ့ ။ ကြောင်က‌လေး ကဲ့သို့ ညှောင်‌ညှောင် လုပ် မ‌နေနဲ့ ၊ ‌ရောင်း ချင် တယ်‌နော် ဝယ် သူ ကို မလွတ်တမ်း ဖမ်း ၊ ကမန်း ကတမ်း‌ ရောင်းချ ၊ ‌ရောင်း ပြီး မှ တက် သွားလည်း  ခံ‌ပေ‌ ရော့ ။ ဝယ် ချင် တယ်‌နော် ၊ ‌တွေ့‌နေပြီ ၊ အောက်တန်း ကြိုက်တာ‌တွေ မကြိုက်တာ‌တွေ အသာ‌ ဘေးချိတ် ၊ သိမ်းကျုံး ဝယ် ပစ်လိုက် ။ ဝယ်ပြီး မှ ‌ဈေးထိုး ကျ သွား ။ မှား သွားပြီ ၊ သိတယ် ၊ ပြန် ပြင်လို့ မရ ။ အချိန် မရဘူး ဗျာ့ ၊ အချိန် ၊ အ‌ခြေအ‌နေ လု လုပ်ကြရတာ ။ ကျားများ ၊ ခြ‌င်္သေ့ များ‌ တွေ့ရာ သား‌ကောင် မလွတ်တမ်း ဖမ်းအုပ် ကြရ သလို ပါပဲ ဗျာ ။ လုဝယ် ၊ လု‌ရောင်း ၊ ဟန်တာ လည်း ရ ၊ မဟန်တာ လည်း ရ ၊ ဒါ သည်‌နေ့ မောင်ချမ်းသာ တို့ ကျင်လည်‌ နေကြရသည့် လက်‌တွေ့ ဘဝ ။

နင့် ကို ငါ ကြိုက်တယ် ၊
ငါ့ ကို နင် ကြိုက်မလား
ဟား ... ဟား ....
‌အောင့်နိုင်ဘူး
စောင့်နိုင်ဘူး
ဟူး ... ဟူး ... ‌မောပါ့ ။
လူ့ဘဝ
ဆုံလည်သည့် နွား မရပ်နား ။

◾မောင်ချမ်းသာ

📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း

#ကိုအောင်နိုင်ဦး

.

အနုဝင်္ကပါ ( ၆ )


 ( ၆ )


စိတ် အထင် ၁၉၆၅ - ၆၆ ခုနှစ် လောက် က ဖြစ်ပေမည် ။ အတိအကျ မမှတ်မိ ။ သို့သော် စာရွက် စာတမ်း များ ရှာ ကြည့်လျှင် သိနိုင်မည် ဖြစ် သော်လည်း မရှာချင် ။ အကြောင်း ကြီးကြီးကျယ်ကျယ် ထူး လှမည် မဟုတ်၍ ... ။


ထိုစဉ် က ရော ၊ ထိုနှစ် ထက် စောစောပိုင်း က ရော မည်သည့် ပုဂ္ဂိုလ် မည်သည့် အဖွဲ့အစည်း က မျှ စိတ်ကူး မိကြဟန် မတူသေးသည့် ရုပ်ရှင်သရုပ်ဆောင် သင်တန်း တစ်ခု သာဓု ဖွင့် လှစ်ခဲ့သည် ။ သင်ကြားလိုသူများ အလွန် အားတက်သရော ရှိခဲ့ကြသည် ။ လျှောက်လွှာ တင်သူပေါင်း ၂၀၀၀ ကျော် အနက် ဆန်ခါတင် စစ် ချ လိုက် သောအခါ ကျား - မ ၆၀၀ ကျော် ကျန် ခဲ့ချေသည် ။


ဤ၌ အဘယ်ကြောင့် သင်တန်း တက် လိုသူ ၁၂၀၀ ကျော် ပြုတ်သွား ရပါသနည်း ဟု တွေးစရာ မေးစရာ ပေါ်လာကောင်း ပေါ်လာမည် ။ 


မှန်၏ ။ 


ပြုတ် သွားသူ အတန်းအစား အများ ဆုံးမှာ ... မင်းသား ၊ မင်းသမီး မှ မလုပ်ရလျှင် တစ်ပြား မျှ မလျှော့ ဟူသော ဝါသနာရှင် တို့ ဖြစ်သည် ။ 


လူ ကိုယ်တိုင် ခေါ်တွေ့ပြီး မေးမြန်း ကတည်း က သူတို့ အဘယ် အခန်း မှ ပါ ချင်သည် ကို တီးခေါက် ကြည့် ရာတွင် အများ စု က မင်းသား မင်းသမီး သာ ဖြစ် ချင် ကြသည် ။ သာမန်မျှ မဟုတ် ။ ( စ, ကတည်း က ယဉ်သကို ဗျ ) ဟူ၏ သို့ သူတို့ သည် ခေါင်းဆောင်များ သာ ဖြစ် လိုကြ သည် ။ 


လူ့ သဘာဝ အတိုင်း အကောင်းဆုံး နှင့် အမြင့်ဆုံး အတန်း ကို မှန်း ပိုင်ခွင့် ရှိသည် မှန်သော် လည်း ( ငါ - ဘာ လဲ ) ဟု မိမိ တို့ ကိုယ် ကို သိ ထား သင့် ကြသည် ။ သို့သော် သူတို့ မသိ ။ နှာခေါင်း ပြားပြား နှင့် ပိန်ပါးပါး ကောင်မလေးတွေ ကလည်း ခေါင်းဆောင် မင်းသမီး သာ လုပ် ချင် သည် ။ မျက်နှာပြဲပြဲ သွားကျဲကျဲ နဲ့ တွေ က လည်း ခေါင်းဆောင် မင်းသား က တစ်ပြား မှ မလျှော့ချင် ။


ဤလို အနှီလို ဟာတွေ ကို သာဓု ပယ် ချလိုက်သည် ။


“ ဘယ်လို အခန်းမျိုး ဖြစ်ဖြစ်ပါ ဆရာ ၊ သင့်တော်မယ့် အခန်း က ပါ ရင် တော်ပါပြီ ” 


“ ဆရာ ကြိုက်တဲ့ နေရာက ထား ပါ ။ တဖြည်းဖြည်း ချင်း တက်ရမှာ ပေါ့ ဆရာ ”  


ဤလို အနှီလို ကောင်လေး ကောင်မလေးများ ကို သာ စစ်ထုတ် ရွေးချယ်ပြီး ပဏာမ သင်တန်း စခဲ့ သည် ။


ယခု ရုပ်ရှင်နယ် တွင် အလျောက် အထိုက် ကား ရိုက် နေရသော ဒေါ်မေကြည်သိန်း တို့ လည်း ပါသည် ။  


တစ်နေ့ လျှင် သင်တန်းသူ သင်တန်းသား ၁၀၀ ခန့် စီ ခေါ်ယူ သင်ပြရာ၌ ( ပြဿနာ ရှုပ်လာ မည် ကို ကြိုတင် တွက်ထားသည့် အတိုင်း ) အမျိုးသား ချည့် သပ်သပ် နံနက်ပိုင်း ၊ ညနေပိုင်း တွင် အမျိုးသမီး စသည် ဖြင့် သီးခြား ထား ပါ လျက် ပြဿနာ သည် တက်ဖြစ် အောင် တက် လာ သေးသည် ။


ဥပမာ - ယနေ့ နံနက်ပိုင်း တွင် အမျိုးသားများ ကို သင်ပြကာ နေ့လယ် ၁၂ နာရီ တွင် ယင်း တို့ ပြန် ၊ နေ့လယ် ၁ နာရီ တွင် အမျိုးသမီးများ တက် ရမည် ရှိ ရာ၌ ကြိုကြိုတင်တင် သဘော ဖြင့် အမျိုးသမီး အချို့က ၁၁ နာရီ သာသာ တွင် ရောက် လာပြီး ခြံ ထဲ ရှိ ထိုထိုဤဤ သစ်ပင် အောက် များ တွင် စောင့် ကြသည် ။  


ဤသည် ကို သင်တန်း ထဲ ရှိ ငနဲ တို့ က မြင် သောအခါ မည်သို့ လှုပ်ရွ ကြ မည်ကို ရေး ပြရန် လိုမည် မထင် ။


တစ်ဖန် အချို့သော သင်တန်းသား တို့သည် သင်တန်းသူများ ညနေ သင်တန်း ဆင်းမည့် အချိန် တွင် လာရောက် စောင့်ဆိုင်း ကာ ဘတ်စ်ကား တစ်စီး တည်း စီး၍ ပြန် ရင်း မည်သ ည့် စကားတွေ ပြောကြမည် ကို လည်း သာဓု ထောက်ပြရန် မလို ။  


ဤသို့သော အားဖြင့် မအူပင် မှ ကောင်လေး နှင့် မေမြို့ မှ ကောင်မလေး တို့ ချစ်ကြိုက် သွားကြသည် ။ သူတို့ သင်ကြားလိုပါသည် ဆိုသော အနုပညာကား အဘယ် ထောင့် ရောက် သွားပြီ မသိ ။ 


နဖူးစာ ရွာ လည် တတ်သည် မှန်၏ ။ ကျိုက်ထီးရိုးဘုရား ဖူး သွား ရင်း မုံရွာ မှ ကောင်မလေး နှင့် ရခိုင်ပြည် မှ ကောင်လေး တို့ ကြိုက် လို သော် ကြိုက် ကြပေမည် ။


သာဓု သင်တန်းတွင် လည်း ဤ နည်း နှင်နှင် ဖြစ် သွားသော် ဘာမျှ မ ဆန်း ။ မည်သူမျှ မတားမြစ် စကောင်း စေကာမူ သာဓု သင်တန်း မှ အချို့ အချို့သော အတွဲ တို့ သည် မေတ္တာ နှင့် သစ္စာ ကို မူတည်သော အချစ် မဟုတ် တော့ဘဲ အပျော်ပွဲ လို နွှဲ လာကြ ချေတော့သည် ။  


 “ ဟယ်လို ... သာဓု ရုပ်ရှင် ခြံက လား ”  


“ ဟုတ်ပါတယ် ၊ ခုပြောနေတာ သာဓု ပါ ၊ ဘာကိစ္စပါလိမ့် ”   


“ ဪ ... ဆရာ ၊ ကျွန်မ သမီးလေး ကစ်တီမြ ဆိုတာ ဒီနေ့ သင်တန်း လာ ပါ သလား ” 


သာဓု ကမန်းကတန်း စာရင်း လှန် ကြည့်ရသည်  ။ 


“ ဟုတ်ကဲ့ ၊ ဒီနေ့ မလာဘူး ” 


“ ဟော ... မနေ့ က ကော ရှင် ”  


သာဓု စာအုပ် ပြန် လှန်ကြည့်ရ ပြန်သည်  ။


“ အဲ ... မနေ့က ၁၂ နာရီ လာတယ် ။ ၃ နာရီ ပြန် သွားတယ် ”  


“ အဲတော့ ... ” 


ထိုမျှသာ ရေရွတ်ပြီး ဖုန်း ချသွား သည် ။ “ ကျေးဇူးပါပဲရှင် ... ” ဟူ၍ ပင် ပြောဖော် မရ ။ သို့သော် သာဓု ကျေနပ်ရမည် ။  


လေသံ ရော အကြောင်းခြင်းရာ အရ ဖုန်း ဆက် သူ မှာ သမီး အတွက် လော ၊ တူမ အတွက် လော ( လော ) တစ်ခုခု တွင် သောက တက် နေ ဖွယ်ရာ ရှိသည် ။ 


ထင် ထားသည့် အတိုင်းပင် နောက် တစ်နေ့ ကစ်တီမြ နှင့် သူ့ မိခင်ကြီး တို့ ရောက် လာ ကြသည် ။ အကြောင်းစုံ မေးသည် ။ ကောင်မလေး က အလိမ် ပေါ် သွားသည် ။


ထို ကောင်မလေး သည် ပထမ သုံး လေးကြိမ် က သင်တန်း မှန်မှန် တက် ပြီး နောက်ပိုင်း တွင် လာလိုက် မလာ လိုက်ဖြင့် ကြားရက်များ ဖောက် ကာ ရောက်တတ်ရာရာ သွား နေတတ် ကြောင်း .. ။ 


သင်တန်း ထဲ မှာ ပင် ကောင်လေး တစ်ယောက် နှင့် တတွဲတွဲ နွှဲ နေတော့ကြောင်း အလိမ်များ ပေါ် လာချေ တော့၏ ။


သူ တစ်ယောက်တည်း ကား မဟုတ် ။ တစ်လ လောက် အတွင်း သင်တန်းကောင်လေး နှင့် သင်တန်း ကောင်မလေး တို့ လေး - ငါး တွဲ ချိတ် မိ သွား ကြသည် ။


အပျို လူပျို ၊ ဖိုမတို့ သဘာဝ တွေ့မြင် ချစ်ကြိုက်ကြသည် မှာ အကြောင်း မဟုတ် သော်လည်း နောက်ထပ် အတော်များများ ပြဿနာ ရှုပ် လာကြ သည် ။ မိသားဖသား ပီပီ ၊ အတည် လိုလို ၊ ရိုးသားစွာ လိုလို ဖြင့် အပျော် ဖြစ် ကုန်ကြသည် ။ ရွှင်သူ က ဆက်၍ ရွှင် နေ ကြပြီး ငိုသူ က ငို ၍ တိုင်ကြ တောကြ ဖြစ် လာသည် ။ 


သူတို့ ချင်း ကျေနပ်၍ ဖြစ် ချင်တိုင်း ဖြစ် ခဲ့ပြီး မှ သာဓု ကို လာ တိုင်၍ ဘာ တတ်နိုင်မှာ နည်း ။ သာဓု သည် သား နှင့် ချွေးမ ရန် ဖြစ်သည် ကို ပင် ဝင် ပြောလို သူ မဟုတ် ။ မည်သူ မှန် ၍ မည်သူ မှား မှား လင်မယား ကြား တွင် ကာဆီး ကာဆီး သာဓု မလုပ် တတ် ။ မလုပ် ချင် ။


အိမ်း ... ရုပ်ရှင်သင်တန်း လာ တက်သည် ။ ပညာ မရ မီ ၊ ဗိုက် ရသွား သည့် ပြဿနာ ကို သာဓု မရှင်းနိုင် ။ မူလ သင်တန်း ဖွင့် ကတည်း က မိဘ အုပ်ထိန်းသူ ထောက်ခံချက် ၊ ခွင့်ပြုချက် တောင်းရုံ မက လူ ကို ပါ ခေါ်၍ အဖော် နှင့် လွှတ် ရန် တိုက်တွန်းသည် ။ အဖော် ပါသည် လည်း ရှိ သည် ။ မပါသူတွေ လည်း ရှိသည် တို့ အနက် ပါလာသော အဖော် က ပါ အလိုတူ အလိုပါ ( ဝါ ) အင်္ကျီ တစ်စ ဝယ် ပေးလိုက်က နှုတ် လုံသွားသည် များ လည်း တွေ့ရသည် ။ 


အထူးသဖြင့် ...  


“ သာဓု ရုပ်ရှင်သင်တန်း ” ဟူသော အမည် ကို ခုတုံး လုပ်၍ ဖိုမ ကိစ္စများ သောင်းကျန်း လာ သောကြောင့် တစ်ကြောင်း ... ။


အချစ်ဝေစု လု ကြရင်း ဓားဆွဲ တုတ်ကိုင် ဖြင့် ထိန်းမနိုင် သိမ်းမနိုင် ဖြစ်လာ သောကြောင့် တစ်ကြောင်း .. ။


အခြားသော ထိတ်လန့်စရာ အကောင်းဆုံးသော အကြောင်း တစ်ကြောင်း သည် ကား ဆိုလျှင်  ...  


တစ်နေ့သော် သာဓု ကား ပျက် နေ သည့် ရက် နံနက် ၉ နာရီ လောက် တွင် ( ထိုနေ့ က တနင်္ဂနွေနေ့  ဖြစ်၍ သင်တန်း မရှိ ) သာဓု ခြံဝ သို့ ထွက်၍ သုံးဘီးကား စောင့် နေစဉ် လေးဘီး ကား အသစ်ကလေး တစ်စီး နံပါတ် အမည်း သာဓု အနီး ရပ် လာပြီး ...  


“ မြို့ ထဲ လား ဦးလေး ”  


“ အေး ၊ ပန်းဆိုးတန်း ကားပစ္စည်း ဆိုင် ဘယ်လောက် ပေးရမလဲ ”  


“ လေးကျပ် ပေးပါ ” 


သာဓု တက် စီးခဲ့သည် ။ ထိုစဉ်က သင်္ဃန်းကျွန်း သာဓုခြံ နှင့် မြို့ထဲ ၃ - ၄ ကျပ် သာ ပေးရသည် ။ ယခု ၁၀ - ၁၂ ကျပ် ။


“ ဦးလေး က ဒီ သာဓုခြံ မှာ နေ သလား ”   


“ ဆိုပါတော့ ”   


“ ဘာ အလုပ် လုပ်သလဲ ”   


“ ကားမောင်းတယ် ၊ ခု ကား ပျက်လို့ ပစ္စည်း သွား ဝယ်မှာ ”  


“ ဪ ... ဪ အဲဒီ ခြံ မှာ ရုပ်ရှင် သင်တန်း ရှိတယ်နော် ”  


“ ဟုတ်တယ် ၊ ဦးလေး က တော့ သိပ် စိတ် မဝင်စားပါဘူး ကွာ ၊ ကား မောင်းရ ပြင်ရ နဲ့ အားလဲ မအားပါ ဘူး ”   


သူ - သာဓု ကို မသိ ။ စကား မရှိ စကား ရှာ လာမည် စိုး ၍ သာဓု က တုံးတိတိ ပြော လိုက်သည့် တိုင်အောင် ...  


“ ကျွန်တော် တောင် ကောင်မလေး နှစ်ယောက် နှစ်ခါ လာ ပို့ဖူးတယ် ”   


“ အေးပေါ့ကွာ ၊ မင်း က အငှား လိုက် နေတော့ လူစုံ ပို့ ဖူးမှာ ပေါ့ ”  


“ ဒါပေမဲ့ ဒီလိုဗျ ၊ ဒီ ကား ထောင် ထားတဲ့ ပိုင်ရှင် က ခေတ်ပညာတတ် ပဲ ၊ ကား လေးစီး ရှိ တယ် ၊ စိန်ဂျွန်းဈေး မှာ လဲ ပစ္စည်းစုံ ရောင်းတဲ့ ဆိုင် ရှိတယ် ၊ ပိုက်ဆံ ပေါ သလောက် မြာ မှု ကလဲ သိပ် ပွေတယ် ဦးလေး ရ ” 


“ အင်း ... မင်း တစ်နေ့ တစ်နေ့ မောင်း တာ ဘယ်လောက် ရသလဲ ၊ မင်း အတွက်လေ .. ”  


“ ၃၀ ကျပ် နဲ့ ၆၀ ကျပ် ကြား မှာ ရှိပါတယ် ၊ ဒါနဲ့ ပြောရဦးမယ် ” 


သာဓု စကား အတင်း ဖြတ်သည် ။ သူ က မပြတ် ။ 


“ ခုန ပြောတဲ့ ကျွန်တော့် ကားရှင် ပေါ့ ၊ အိမ် တစ်အိမ် က နေပြီး ကောင်မလေး တစ်ယောက် ကို သွား ပို့ လိုက်စမ်း တဲ့ ... ။ အဲဒီ ဦးလေး ကား မောင်းနေတဲ့ သာဓု ခြံ ကို ပေါ့ ” 


သာဓု ခေါင်း ထဲ ဒေါင်းခနဲ မြည် သွားသည် အထိ ကျဉ် လာသည် ။ 


“ အဲဒီ ကောင်မလေးက အဲဒီ လူ နဲ့ ဘာ တော်သလဲ ”  


“ ဪ .. ဦးလေး ကလဲ နား ဝေး လိုက်တာ ဒီ လူ က မြာ မှု ပွေပါတယ် ဆိုမှ ပဲ ၊ နောက် ဆယ်ရက် လောက် ကြာတော့ တစ်ခါ ပို့ပေးရသေးတယ် ” 


“ သူ့ ကို ပဲလား ”  


“ နောက်တစ်ယောက် အဲဒီ ခြံ ပဲ ပို့ ပေးရသေးတယ် ” 


ထိုနေ့ တစ်နေ့လုံး သာဓု အလုပ် လုပ် ၍ မရတော့ချေ ။ နောက် တစ်နေ့ ချိန်းထားသော သင်တန်း ကို “ နေမကောင်း ”  ဟု အကြောင်း ပြ ပြီး ပြန် လွှတ် လိုက်သည် ။ တစ်ဆက်တည်း ပင် ( နောက် တစ်ကြိမ် အတွက် စာ ရေး ခေါ် မှ လာ ကြရန် ) တိုက်ဝ တွင် စာ ကပ် ထား လိုက်သည်  ။


ထို့ နောက်ပိုင်း စစ်စစ်ပေါက်ပေါက် ထောက်လှမ်းရေး လုပ်သော အခါ ...  


အရွယ်လတ် ။ အသက်ကြီးကြီး ၊ အမျိုးသမီး ၊ အမျိုးသား ( ဖိုမ ) ပွဲစားတို့ လည်း သင်တန်း ထဲ ပါ နေသည် ဟု သိ ရသောအခါ ... 


မြတ်စွာဘုရား ...  


ထိုနေ့ ထိုအချိန် မှ စ၍ ယင်း သင်တန်း ကို စိတ် - တ - ညစ် - ညစ် - နှင့် - ပိတ် - ပစ် -လိုက် - ရ - လေ - တော့ - သတည်း ...  ။


သာဓု ... သာဓု ... သာဓု 


( ၄ - ၁ - ၈၅ ) 


◾သာဓု


📖 ချယ်ရီ မဂ္ဂဇင်း

      ဖေဖေါ်ဝါရီ ၊ ၁၉၈၅


📖 အနုဝင်္ကပါ


#ကိုအောင်နိုင်ဦး


.

သူကြီးအို


 ❝ သူကြီးအို ❞


နေကလေး သည် အနောက် သို့ စောင်းလျက် ဝင်လုဆဲဆဲ ဖြစ်ပေ၏ ။ ကောက်သီး ကောက်နှံ တို့ဖြင့် ဝါဝင်းလျက် ရှိသော လယ်ပြင်ကွင်းကြီး ထဲ မှ တဖြူးဖြူး တသွေးသွေး တိုက်ခတ် လာသော လေပြည် လေအေးကလေး များ သည် မျက်နှာ ပေါ်  သို့ ကျရောက် ထိခိုက် သော အခါ မှ သာ လျှင် အိမ်ရှေ့ ကြမ်းပြင် တွင် ပက်လက်ကု,လားထိုင် တစ်လုံး နှင့် ထိုင်လျက် ရှိသော သူကြီးအိုကြီး ဦးရွှေပိုက် မှာ တစ်နေ့လုံးလုံး ပင်ပန်း နွမ်းနယ် ခဲ့သမျှ ပြေပျောက်စ ပြုလေ၏ ။ 


အရှင် ဝိတိုရီ ဧကရီဘုရင်မကြီး ၏ အာဏာတော်ပွား လေးနိုင်ငံ မဟာဝန်ရှင်တော် မင်းကြီး နှင့် တကွ အရေးတော်ပိုင် စစ်ကဲ ၊ မြို့အုပ် မကျန် မင်း ပေါင်းစုံ တက်ရောက် ရသော ဒါဘာမင်းပွဲ သဘင်ကြီး ပြီးစီး လေပြီ ။ ဦးရွှေပိုက် မှာ အရှင် ဝိတိုရီဧကရီ ဘုရင်မကြီး ၏ အမှုတော် ကို သက်စွန့် ကြိုးပမ်း နှစ်ပေါင်း သုံးဆယ် တိုင်တိုင် ထမ်းရွက်ခဲ့ပြီး နောက် အသက်အရွယ် ကြီးရင့် အိုမင်း ရှိသဖြင့် အမှုတော် ကို ကျေပွန်အောင် မထမ်းမဆောင် နိုင်သော အခါ သို့ ရောက် သဖြင့် သူကြီး ရာထူး ကို သား အကြီး မောင်ဘိုးထင် အား လွှဲအပ် ပြီး လျှင် အငြိမ်း နေခဲ့သည် မှာ ငါးနှစ် ခန့် မျှ ရှိပြီ ဖြစ်ပေ၏ ။ ယခုကဲ့သို့ ထိုနယ် တွင် ရှေးဦး  ပထမ ကျင်းပသော် လေးနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီး ဒါဘာမင်းပွဲ တွင် အရှင် ဝိတိုရီဘုရင်မကြီး ၏ အမှုတော် ကို နှစ်ကာလ ရှည်လျားစွာ ရိုးရိုးဖြောင့်ဖြောင့် သက်စွန့် ကြိုးပမ်း ထမ်းရွက်ခဲ့သည့် အတွက် သူကြီးဟောင်း ဦးရွှေပိုက် အား လည်း ဆုတော် ပေးသနားတော် မူမည် ဟူသော သတင်း ရောက်စဉ် ကပင် နယ်လှည့်၍ လာသော မြို့အုပ်မင်း ဦးဘိုးတုတ် က “ ဘယ့်နှယ့် သူကြီးမင်း ဆုတော် ခံရအောင် ဒါဘာပွဲကြီး ကို သွား နိုင်ပါ့မလား ၊ အိုမင်းမစွမ်း ဖြစ်လို့ မသွားနိုင် ရင်လည်း ခင်ဗျား သား မောင်ဘိုးထင် ကို ကိုယ်စား လွှတ် လိုက်ပါလား ၊ ကျုပ် စစ်ကဲမင်း ကို အကျိုး အကြောင်း ပြော ပြ လိုက်ပါ့မယ် ” ဟု ပြောဖူး၏ ။ ထိုအခါ ဦးရွှေပိုက် မှာ မြို့ တွင် ကျင်းပမည့် ခရီး အတန် ဝေးသော ဒါဘာပွဲ ကို မဆိုထားဘိ အိမ်အတွင်း တွင် တစ်နေရာ မှ တစ်နေရာ သို့ ရွှေ့ ရန်ပင် တစ်ခါတစ်ရံ သမီးအကြီး မယ်မှန် ကို ခေါ်၍ ကူညီစေရ သဖြင့် မသွားနိုင်သည် မှာ အမှန် ဖြစ် သော်လည်း အမှုတော်ကြီး ကို သက်စွန့် ကြိုးပမ်း နှစ်ကာလ ရှည်လျားစွာ ထမ်းရွက် လာခဲ့ပြီး နောက် ယခု ကဲ့သို့ ကျေးဇူးရှင် မင်းအစိုးရများ ကို မင်းပေါင်းစုံ အလယ် တွင် ဆုတော်လာဘ်တော်များ သနားတော် မူသည် ကို ကိုယ်တိုင် သွား၍ မယူနိုင်ပါ က တစ်သက်လုံး ကြိုးစား ထမ်းရွက်ခဲ့သမျှ အလဟဿ ဖြစ်ချေ တော့မည် ။ ဤအချက် မှ အချက်ကြီး ဖြစ်လေသည် ။ လမ်း တွင် ပင် သေလျှင် လည်း သေစေတော့ ။ ဒါဘာပွဲကြီး ကို အရောက် သွားမည် ဟု ကြိတ်ခဲလျက် ကျွန်တော် ကိုယ်တိုင် လာခဲ့ပါမည် ဟု မြို့အုပ်မင်း အား မှာ လိုက်ပေ၏ ။ 


သို့ မှာ လိုက်သည့် အတိုင်း ယနေ့ နံနက်စောစော ပင် သား အကြီး မောင်ဘိုးထင် ၊ သား အငယ် မောင်ဘိုးကြင် တို့ ကို ခေါ်၍ အဝတ်အစားများ ကောင်းစွာ ဝတ်ဆင် ပြီး လျှင် လှည်းယဉ်ကလေး ကို ပြင် စေ၍ ရွာ မှ ထွက်ခဲ့ပေ၏ ။ သူကြီး ခန့် စ က မိမိ အား မြို့အုပ်မင်း ကိုယ်တိုင် ပေး သွားသော အမှုထမ်း

ကောင်း လက်မှတ်ကြီး ကို ပင် အရေးအကြောင်း ရှိ က ထုတ် ပြရန် ရွာ နှင့် အတော်ဝေး ရောက် မှ သားအငယ် မောင်ဘိုးကြင် အား ပြန် ယူ စေ၍ အသင့် ဆောင်ယူ သွားပေ၏ ။


မြို့အလယ် ရုံးဝင်းကြီး အတွင်း ခင်းကျင်း ဆင်ယင် ထားသော ဒါဘာမဏ္ဍပ်ကြီး ကား ကြီးကျယ်ခမ်းနား လှပေ၏ ။ ထိုမျှလောက် ကြီးကျယ်လှသော မင်းပွဲကြီး တွင် ငါတို့ အား လက်ခံ မှ ခံပါ့မလား ဟု သား အငယ် မောင်ဘိုးကြင် မှာ စိတ် မလုံ၍ ဖခင် ဖြစ်သူ အား ဖွင့်ဟ ပြောကြားမိ ရာ ဦးရွှေပိုက် က “ ဟဲ့ လူကလေး ရဲ့ တို့ ကို လာ ပေးတဲ့ အမိန့်စာ ဟာ ဒါဘာပွဲ ကို သူကြီးမောင်ရွှေပိုက် ကိုယ်တိုင် လာရောက်ရမည် လို့ ပါတယ် မဟုတ်လား ။ အဲဒါ မင်းမိန့် ကွ ၊ ဘယ်လို လူမျိုး က တို့ ကို မလာနဲ့ တား ဝံ့ မှာလဲ ၊ ရုံးဝင်း ထဲ ရောက် အောင် သာ မောင်း ” ဟု ဆိုသောကြောင့် သားအကြီး မောင်ဘိုးထင် မှာ ရုံးဝင်းကြီး အတွင်း မောင်း ၍ ဝင် သွားရာ မဏ္ဍပ်ကြီး နှင့် အတောင် တစ်ရာ လောက် ကွာ သော နေရာ သို့ ရောက်သော အခါ ရာဇဝတ်အမှုထမ်း တစ်ယောက် တား ထား သောကြောင့် ရပ်တန့် ရလေ၏ ။ လမ်းမှား ဝင်ခဲ့ သဖြင့် ငါတို့ ကို များ ကြိမ်းလားမောင်းလား နှင့် ရာဇဝတ် ထားဦးမည် လား ဟု တွေးတော စိုးရိမ် နေခိုက်တွင် ပင် ကံကောင်း ဘုန်းကောင်း မြို့အုပ်မင်း ဦးဘိုးတုတ် ရောက် လာ၍ “ ဦးရွှေပိုက် ပါ ကလား ၊ ကိုယ်တိုင် ပဲ ရောက်အောင် လာခဲ့ သကို ။ အသင့်ပဲ ။ ဒါဘာပွဲ လည်း မကြာခင် ဖွင့် တော့မယ် ။ ကဲ ... ကဲ ဆင်း ပေတော့ ” ဟု ဆိုသဖြင့် ဦးရွှေပိုက် မှာ မြို့အုပ်မင်း ကိုယ်တိုင် အရေးတယူ ကြိုဆိုခြင်း ခံရလေပြီ ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ “ ကဲ ... ငါ့ သားကြီးများ အဖေ့ ကို တွဲကြပေရော့ ” ဟု ဆို၍ သား နှစ်ယောက် တွဲလျက် လှည်း ပေါ် မှ ဆင်းခဲ့ ၍ မြို့အုပ်မင်း နောက် မှ မဏ္ဍပ်ကြီး အလယ် သဲဖြူခင်း ရာဇမတ် ကာရံ ထားသော မင်းလမ်းမ ကို လျှောက်၍ ရှေ့ဆုံးကု,လားထိုင်တန်းကြီး သို့ ရောက်သော အခါ မြို့အုပ်မင်း က “ ကဲ ... သူကြီးမင်း ရှေ့ဆုံး က ပဲ ထိုင် ပေတော့ ။ မောင်ဘိုးထင် နဲ့ မောင်ဘိုးကြင် တို့ က မင်းတို့ အဖေ ဘေး နှစ်ဖက် က အသင့် စောင့်ပြီး ထိုင် နေ ပေတော့ ” ဟု ဆို၍ နေရာ ချပေး ၍ မဏ္ဍပ်စောင့် တစ်ယောက် အား ခေါ်၍ မှာကြား ထား ခဲ့လေ၏ ။


၎င်းနောက် မကြာမီပင် မဏ္ဍပ်ကြီး မှာ ဝတ်ကောင်းစားကောင်းများ ဝတ်ဆင်ထားသော မင်းအစိုးရများ ဝင်ရောက် လာ ကြ၍ ပြည့်နှက် သွားပေ၏ ။ အလွန် လှပဆန်းကြယ်စွာ ဆင်ယင်ထား ကြသော ကြောင့် ဦးရွှေပိုက် ၏ စိတ်တွင် လူ့ပြည် ဟု မထင်ရ ၊ နတ်သဘင် အစည်းအဝေးကြီး သို့ ရောက်နေသည် ဟု ထင် ရလေ၏ ။ ဘုန်းတော်ကြီး ဦးဝါသဝ မကြာမကြာ ဟောပြောသည့်  ရေမြေ့ရှင် မင်းအစိုးရ ဆိုတာ သာမန် လူတွေ မဟုတ်ဘူး ။ လောက သမုတိနတ် ဖြစ်လို့ နတ်မျိုး အပါအဝင် ဖြစ်တယ် ဆိုတာ သည်ဟာတွေပဲ ထင်ပါရဲ့ ဟု တွေးမိလေ၏ ။ 


အတန် ကြာ လျှင် စည်တော်ကြီးများ ရွမ်းလျက် ၊ သက်တော်စောင့် ကိုယ်ရံတော် ရှေ့ဝင်း နောက်ဝင်းများ ခင်းကျင်းလျက် ဧကရီဘုရင်မကြီး ၏ အာဏာတော် လေးနိုင်ငံ ဝန်ရှင်တော်မင်းကြီး ကြွရောက် လာ သဖြင့် တစ်မဏ္ဍပ်လုံး ထိုင်ရာ မှ ထ၍ အရိုအသေ ပြုကြရပေ၏ ။ ဦးရွှေပိုက် လည်း သား နှစ်ယောက် ကို မှီတွဲလျက် ရပ်၍ အရိုအသေ ပြု ပေ၏ ။ နောက် ရွှေကု,လားထိုင်ကြီး ပေါ် တွင် ဝန်ရှင်တော်မင်းကြီး ထိုင် မှ ထိုင်ကြရလေ၏ ။


ထိုနောက် စစ်ကဲကြီးဦးကျော်ဇံ သည် စာရွက် တစ်ရွက် ကို ကိုင်လျက် ဝန်ရှင်တော်မင်းကြီး ဘေး နား က ထ ၍ ဖတ် ပြ၏ ။ သို့သော် အင်္ဂလိပ်စကား ဖြင့် ဖြစ် သောကြောင့် ဦးရွှေပိုက် တို့ သားအဖ မှာ နား မလည်ဘဲ အမိန့်တော်စာချွန် ပဲ ထင်ပါရဲ့ ဟု တွေး လိုက်ရလေ၏ ။ ထို့နောက် မဟာဝန်ရှင်တော် မင်းကြီး ကိုယ်တိုင် ရွှေကု,လားထိုင်ကြီး မှ ထ၍ စကား အနည်းငယ် ပြောပြီး လျှင် ပရိသတ် အတွင်း ရှိ မင်းအစိုးရများ အား တစ်ဦးစီ ခေါ်လျက် မဟာဝန်ရှင်တော်မင်းကြီး ကိုယ်တိုင် လက် ဖြင့် လှမ်း၍ ပေးအပ်တော် မူပေ၏ ။


ဦးရွှေပိုက် တို့ သားအဖ မှာ ခေါ်တော့မည့် လား ခေါ်တော့မည် လား ဟု လည် တမော့မော့ နှင့် နေ ရှာ၏ ။ နောက်ဆုံးတွင် စစ်ကဲကြီး က “ အရှင်အစိုးရမင်းတို့ ၏ အမှုတော် ကို နှစ်ပေါင်း သုံးဆယ် သက်စွန့် ကြိုးပမ်း ဖြောင့်ဖြောင့်ရိုးရိုး ထမ်းရွက်သည့် အတွက် သူကြီးဟောင်း ဦးရွှေပိုက် အား ငွေဓား တစ်စင်း အသနားတော်မြတ် ခံစေသည် ” ဟု ရွတ်ဖတ်၍ “ ဦးရွှေပိုက် ”  ဟု လှမ်း၍ ခေါ်သဖြင့် ဦးရွှေပိုက် မှာ “ ဟဲ့ ... လူကလေး ငါ့ ကို တွဲ ဟ ” ဟု ဆိုကာ သားအကြီး မောင်ဘိုးထင် က လက်ယာ ၊

သားအငယ် မောင်ဘိုးကြင် က လက်ဝဲ ၊ သားနှစ်ယောက် တွဲလျက် လေးနိုင်ငံ မဟာဝန်ရှင်တော် မင်းကြီး ရှေ့တော် သို့ ဝင် ရလေ၏ ။  


ဝန်ရှင်တော်မင်းကြီး ၏ ရှေ့တော် သို့ ရောက်လျှင် ဦးရွှေပိုက် သည် ဝန်ရှင်တော်မင်းကြီး အား လက်အုပ် ချီလျက် ဦးချ လေ၏ ။ လေးနိုင်ငံ ဝန်ရှင်တော်မင်းကြီး လည်း စစ်ကဲကြီး ဘက် သို့ လှည့်၍ မေး သဖြင့် စစ်ကဲကြီး က တစ်စုံတစ်ရာ ပြောပြရာ သဘောတော် နှစ်သက်ဟန် ဖြင့် ဦးရွှေပိုက် ၏ မျက်နှာ ကို ပြုံး ကြည့်ကာ ငွေဓားကြီး ကို ကိုယ်တိုင် လက်တော် ဖြင့် ကိုင်လျက် ဦးရွှေပိုက် ၏ ပခုံး တွင် သိုင်း ပေး၏ ။ ပြုံးပြုံး ပြုံးပြုံး ဖြင့် လက် ကို အသာအယာ ဆွဲ ၍ နှုတ်ဆက် ပေ၏ ။ ဤ တစ်ချက် တွင် ဦးရွှေပိုက် သည် နှစ်ပေါင်း သုံးဆယ် သက်စွန့်ကြိုးပမ်း အမှု ထမ်းခဲ့ရသော အကျိုး နပ်ပေ၏ ။ ဤသို့ မဟာဝန်ရှင်တော် မင်းကြီး ကိုယ်တိုင် ငွေဓားကြီး ကို လွယ် ပေး၍ လက်ဆွဲ နှုတ်ဆက် လိုက်သည် ကို တစ်သက် တွင် မေ့နိုင်တော့မည် မဟုတ် ။ သားစဉ်မြေးဆက် အမှတ်တရ ပြောကြားခဲ့ရမည့် အချက်ကြီး ဖြစ်လေ၏ ။ လေးနိုင်ငံ ဝန်ရှင်တော်မင်းကြီး ကိုယ်တိုင် လက်ဆွဲ နှုတ်ဆက်ခြင်း ခံရသော သူ ၏ သားမြေး အစဉ်အဆက် တို့ မှာ ပွဲလယ် တင့်လျက် တိမ်ကော နိုင်ကြတော့မည် မဟုတ် ဖြစ်ပေ၏ ။ ယခု တစ်ယောက်တည်း ထိုင် နေသည့် တိုင်အောင် မဟာဝန်ရှင်တော်မင်းကြီး က ပြုံးလျက် နှုတ်ဆက်ပုံများ ကို မြင်ယောင် မိ ပေသေး၏ ။


ထိုနောက်မူကား ဒါဘာပွဲကြီး အပြီး တွင် မင်းအစိုးရကြီး သုံးလေးယောက် မျှ မိမိ အား ဂရုတစိုက် လာရောက် နှုတ်ဆက်၍ ဆုတော် ရသည့် ဝမ်းသာ စကား ပြောကြား ကြပေ၏ ။ မြို့အုပ်ကြီး တစ်ဦး က မူကား လှည်း သို့ ရောက် အောင်ပင် လိုက်၍ ပို့လိုက်ပေ၏ ။ ထိုသို့ မိမိ အား ဝိုင်းဝန်း အလေး ဂရု ပြလိုက်ပုံများ ကို သတိ ရ သဖြင့် လမ်း တွင် “ ဟေ့ ... ငါ့ သားကြီး ဘိုးထင် ၊ မင်း မြင် ရဲ့ မဟုတ် လား ၊ အရှင် အစိုးရမင်းများ ဟာ အမှုတော် ကို ရိုးရိုးဖြောင့်ဖြောင့် သက်စွန့် ကြိုးပမ်း ထမ်းတဲ့ လူများ ကို ဘယ်လောက် လေးမြတ်ကြ သလဲ ။ လေးနိုင်ငံ ဝန်ရှင်တော်မင်းကြီး ဆို တာ လက်ဆွဲ နှုတ်ဆက်ဖို့

မဆိုထား နဲ့ လူတိုင်း မျက်နှာတောင် မော် ဖူးရတာ မဟုတ်ဘူး ” ဟု ပြောပြ မိပေ၏ ။ ထို့နောက် ရွာ သို့ ရောက်သော အခါ မူကား မိမိ အသနားတော်မြတ် ခံခဲ့ရသော ငွေဓားကြီး ကို ရွာခံသူများ သာမက ရွာနီးချုပ်စပ် က လူများ ပင် မြင်ဖူးအောင် လာရောက် ကြည့်ရှု အံ့သြ ကြရပေ၏ ။


ဦးရွှေပိုက် မှာ အိမ် သို့ ပြန် ရောက်သော အခါ အလွန် မောပန်းလှ သဖြင့် အသက်ရှူ များ မှား ကာ သေများ သေရတော့မည်လား ဟု တွေးတော စိုးရိမ် မိလေ၏ ။ သေသော် လည်း ဝမ်းမနည်း ၊ ယခုမှာ လေးနိုင်ငံ ဝန်ရှင်တော်မင်းကြီး နှင့် လက်ဆွဲ နှုတ်ဆက်ခဲ့ရ သဖြင့် သေပျော် ပေပြီ ။


ထိုသို့ ပက်လက်ကု,လားထိုင် ပေါ် တွင် တစ်ယောက် တည်း ထိုင်ရင်း ငွေဓားကြီး ကို မြင်စ က သမီး မယ်သိုက် က “ အဘ ရယ် အိုကြီး အို မှ ဓားကြီး ပေး လိုက်လို့ ဘာ လုပ်တော့မှာလဲ ၊ အဘ ကိုင်နိုင်တော့ တာ မှ မဟုတ်ဘဲ ၊ ငွေကလေး ဆု ပေး လိုက်ရင် မလှူရ မတန်းရပါ ကလား ”  ဟု ပြောသော စကားများ ကို သွား၍ သတိရ မိပေ၏ ။ “ အေး ... ငါ့ သမီး ပြောတာ လည်း မှန် ရဲ့ ၊ အသက် ငယ်ငယ် ဓားပြ သူခိုးတွေ လိုက် ဖမ်းနေရစဉ် က ဒီလို ဓားကြီးမျိုး တစ်စင်း ပေးထားရင် မကောင်းပါပေလား ။ ထိုစဉ် တုန်းကတော့ မပေး ၊ အခု အသက်အရွယ် အိုမင်း ဒီ ဓားကြီး အသုံးချရမယ့် အချိန် မဟုတ် မှ သနားတော်မူ သည် မှာ အဟောသိကံ ဖြစ်လေစွ ။ မယ်သိုက် ပြောသလို ငွေတော်ကလေးများ သနားတာ ဖြင့် မြေးကလေး ဘိုးခွေး အား ရှင် မပြုရပါလာ ။ ငွေတော် မှ ပေးတော်မမူ လို့ တောင်ဝှေးကလေးများ ပေး ရင်လည်း အသုံး ကျ ပေသေးရဲ့ ” ဟု တွေးမိလေ၏ ။ သို့သော် ချက်ချင်းပင် သတိ ရ ပေ၏ ။ 


အေး ... အေး အရှင်သခင်များ ကို အပြစ် မတင်ကောင်း ၊ သဒ္ဒါတော် မူသမျှ ကျေးဇူး တင်ရမည် ။ ငါ ကဲ့သို့ သာမညောင်ည  ကျေးတောရွာ သူကြီးကလေး ကို အလေးတမူ ဒါဘာမင်းစုံပွဲကြီး ၊ မင်းပရိသတ် အလယ် တွင် ထင်ထင်ရှားရှား ချီးမြှင့် မြှောက်စားတော် မူသည် ပင် ကျေးဇူးတော် ကြီး လှပေ၏ ။ ငါ သက်စွန့် ကြိုးပမ်း အမှုတော် ထမ်း သည် ကို သိတော် မူရှာပေသည် ။ တော်ပေ၏ ။ အရှင်ကောင်း သခင်ကောင်း မှန်ပေ၏ ။ ဘုန်တော် ကြီး ၍ သက်တော် ရှည်ပါစေသော် ဟု တွေးရင်း တွေးရင်း ဆုတောင်း မိပေ၏ ။ ဆုတောင်း ရင်း ပင် မျက်စိများ မှုန်လျက် အိပ်ပျော် သလို ဖြစ် သွားလေ၏ ။


နေကလေး ဝင် ၍ မှောင်စ ပြုပြီ ဖြစ်သောကြောင့် ဝါဝင်းသော လယ်ကွင်းကြီးများ ကို တဖြည်းဖြည်း အမှောင် အုပ်လျက် ရှိပေ၏ ။ အိမ်ခေါင်းရင်း ရှိ လက်ပံပင်ကြီး တွင် အိပ်တန်း တက်ကြ သော ကျေးညံ့ ၊ ငှက်သံကလေးများ ကို ကြား ရ၏  ။ ရွာတွင်း ရှိ သက်ငယ်မိုး အိမ်ကလေးများ မှ ဟို တစ်အိမ် ဤ တစ်အိမ် ရေနံဆီ မီးတိုင်ကလေးများ ကို ထွန်းညှိစ ပြုပေ၏ ။ ထိုအခါ မှ မယ်သိုက် သည် အိမ်တွင်း ကိစ္စ သိမ်းပြီးသည် နှင့် ဖခင်အိုကြီး ကို သတိ ရ၍ ထမင်း ဆာပြီလား ဟု မေးရန် ကြမ်းပြင် သို့ ထွက် လာ၍ ပက်လက်ကု,လားထိုင် အနီးသို့ ကပ် ကာ ' အဘ အဘ ' ဟု ခေါ်ရာ ဦးရွှေပိုက် သည် ဘေး သို့ ခေါင်း ငိုက်စိုက် ကျ လျက် အသက် မရှိတော့ပြီ ကို တွေ့ ရလေ၏ ။


◾ဇေယျ 

     ( ၁၉၃၆ )


📖 ၂၀ ရာစု မြန်မာဝတ္ထုတို


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.

ရှင်ဘုရင် ဗေဒင်ဆရာ


 ❝ ရှင်ဘုရင် ဗေဒင်ဆရာ ❞


ရှေးရှေးတုန်း က အလုပ်အကိုင် အတည်တကျ မရှိတဲ့ လူ တစ်ယောက် ဟာ မြို့ တစ်မြို့ က ဘုန်းကြီးကျောင်း တစ်ကျောင်း မှာ တည်းခို နေရတုန်း သူ့ လိုပဲ အလုပ်အကိုင် မရှိတဲ့ လူ တစ်ယောက် နဲ့ သွား တွေ့သတဲ့ ။


ဒီတွင် နှစ်ယောက်သား ပေါင်း မိပြီး အကြံ တစ်ခု ထုတ် ကြတယ် ။ ကြံ ပုံ က ဥပုသ် နေ့ တုန်း က ဥပုသ်သည် တွေ ပြော သွားတဲ့ စကား အရ ကျောင်း နဲ့ မနီးမဝေး က အိမ်ကြီး မှာ မုဆိုးမ တစ်ယောက် ရှိကြောင်း ၊ သူ့ မှာ အိမ်ထောင် ကျ ခါစ ကတည်း က မွေး ထားတဲ့ နွားမလေး တစ်ကောင် ရှိကြောင်း သိ ထားတာမို့ တစ်ယောက် က နွားမလေးကို ခိုး ပြီး မြို့ နဲ့ ၃ - မိုင် အကွာ လောက် က ရေကန် နား မှာ ပေါက် နေ တဲ့ ထနောင်းပင် ကို သွား ချည် ထားပြီး ကျန် တစ်ယောက် က မုဆိုးမကြီး ကို နွားပျောက် တွေ့ အောင် ဗေဒင် ဟောမယ် ဆိုတဲ့အကြံ ပဲ ။


အဲဒီ အကြံ အတိုင်း တစ်ယောက် က ည ကျ တော့ နွားမလေး ကို ခိုးပြေး သတဲ့ ။ တစ်ယောက် က လည်း မယောင်မလည် နဲ့ မုဆိုးမကြီး အိမ် သွားပြီး ရေ တောင်း သောက် ရင်း က “ အဒေါ်ကြီး ဘာ ဖြစ်လို့ မှိုင်နေတာလဲ ” လို့ မေး တော့ အဒေါ်ကြီး က နွား ပျောက်ကြောင်း ပြောပြီး တွေ့အောင် ရှာ ပေးနိုင်ရင် ငွေ ၂ဝ - ပေးပါ့မယ် လို့ တောင် ပြော သတဲ့ ။ ဒီတော့ ဗေဒင်ဆရာလိမ် က ကျွန်တော် ဗေဒင်ဆရာ ပါ ။ ဗေဒင် တွက် ပေးပါ့မယ် ဆိုပြီး တွက် ဟန် ဆောင်သတဲ့ ။ ပြီးတော့ သူတို့ စီစဉ်ထားတဲ့ အတိုင်း နွားမလေး ချည် ထားတဲ့ နေရာ ကို ဟောခဲ့ပြီး ကျောင်း ကို ပြန်သွား ပါရော ကွဲ့ ။ ဒါနဲ့ မုဆိုးမကြီးလည်း ဗေဒင်ဆရာလိမ် ပြောတဲ့နေရာ ကို သွား ကြည့်တော့ နွားမလေး ကို တွေ့တာ နဲ့ ဗေဒင်ဟောတဲ့ ဆရာကလေး ရှိတဲ့ ကျောင်း ကို လိုက် လာပြီး တစ်မြို့လုံး လည် ပြီးတော့ လည်း ဗေဒင်ဆရာလေး ဗေဒင် မှန်ကြောင်း လျှောက် ပြောသတဲ့ ။


အလုပ်အကိုင် မရှိတဲ့ လူ နှစ်ယောက် ဟာ ဒီနည်း နဲ့ ညာ စားလို့ ရမှန်း သိတော့ နောက်ထပ် အမျိုးမျိုး ကလိန်ကျ ပြီးညာ စား နေ သတဲ့ ။


တစ်နေ့တော့ အဲဒီ မြို့ မှာ စိုးစံ နေ တဲ့ ရှင်ဘုရင် ရဲ့ မြလက်စွပ် ပျောက် ပါရော တဲ့ ။ ဒီတင် ရှင်ဘုရင် အနား မှာ ခစား တဲ့ လူတွေ က ဗေဒင်ဆရာ ကောင်းကောင်း လိုက် ရှာတော့ ဘုန်းကြီးကျောင်း က ဗေဒင်ဆရာကလေး မှန်တယ် လို့ လူပြော များ တာနဲ့ ဘုန်းကြီးကျောင်း က လူညာ ဆီ ကို လာပြီး ခေါ်ကြ တော့တယ် ။ ဘုရင့် ဆီ ရောက်လို့ မြလက်စွပ် ပျောက် တာ ကို ဗေဒင် မေးကြောင်း လည်း သိ ရရော ဗေဒင်ဆရာလိမ် က ခပ်တည်တည် နဲ့ “ မနက်ဖြန် နေ့လယ် မွန်းတည့်ချိန် ခါ မှ အတိအကျ ဟောပါ့မယ် ဘုရား ” လို့ ရှင်ဘုရင် ကို လျှောက် ထားပြီး ဘုန်းကြီးကျောင်း ကို ပြန် လာ သတဲ့ ။


ဗေဒင်ဆရာလိမ် ခမျာ မှာ “ ဗေဒင် မတတ်ဘဲ လိမ် ခဲ့မိတာ ဒုက္ခပဲ ။ တကယ်လို့ ဗေဒင် မမှန်ရင် အသ,တ် ခံရတော့ မှာ ပဲ ။ ဘယ်လို ကြံရပါ့ ” လို့ အကြံ ထုတ် နေတုန်း မြလက်စွပ် ခိုးထားမိတဲ့ မင်းချင်း ၂ - ယောက် က လည်း “ ဗေဒင်ဆရာ ဘာတွေများ လုပ် နေပါလိမ့် ” လို့ မသင်္ကာတာ နဲ့ ကျောင်း အောက် လာပြီး ချောင်း နားထောင် နေ သတဲ့ ။ အဲဒီ အချိန် မှာ ကျန်တဲ့ လူလိမ် တစ်ယောက် က “ ဘယ့်နှယ်တုန်း ဗေဒင် ဆရာကြီး ဘုရင် ဆိုတာ သူတို့ မေးတာ မှန်အောင် ပြော နိုင်ရင် ပြော ၊ မပြော နိုင်ရင် သ,တ်လိမ့်မယ် ။ မိုး မလင်းခင် ပြေးကြစို့လား ။ မင်း ဒုက္ခ ရောက် မှာ ကို မင်း သိရဲ့လား ” လို့ မေး သတဲ့ ။


ဒီတင် ဗေဒင်ဆရာလိမ်က ” ဟေ့ ...ငါ သိတယ်ကွ ။ ဘာပဲ ဖြစ်ဖြစ် ငါ့ကံ နဲ့ ငါဘဲ ကွ ” လို့ စိတ်တိုတို နဲ့ အော် ပြော လိုက် သတဲ့ ။ဒါကို ကျောင်း အောက် က ချောင်း နေတဲ့ မင်းချင်း နှစ်ယောက် က လည်း ” ငကံ နဲ့ ငဘဲ ဆိုတာ ငါတို့ နာမည် တွေ ပါလား ။ တယ် တော်တဲ့ ဗေဒင်ဆရာ ပဲ ။ မြလက်စွပ် ခိုးတဲ့ လူ ရဲ့ နာမည် တောင် သိတာပါကလား ” ဆိုပြီး ဗေဒင်ဆရာ ကို ဒီအတိုင်း မဟော ဖို့ ကျောင်း ပေါ် တက်ပြီး အသနား ခံကြ သတဲ့ ။ နောက်ပြီး မြလက်စွပ် ဝှက်ထားတဲ့ နေရာ ကို လည်း အတိအကျ ပြောပြ သတဲ့ ။ ဗေဒင်ဆရာလိမ် က လည်း “ ကောင်းပြီ ... မင်းတို့ ပြောတဲ့ နေရာဟာ ငါ တွက်ထားတဲ့ နေရာပါ ။ ကဲ ... မင်းတို့ ကို ငါ မဖော်ဘူး ။ ငါ့ ကို တစ်ယောက် ငွေ တစ်ရာစီ နဲ့ ကန်တော့လို့ ” လို့ ပြောတာနဲ့ မင်းချင်း၂ - ယောက် လည်း ငွေတစ်ရာ စီ နဲ့ ကန်တော့ သတဲ့ ။


နောက် တစ်နေ့ နေ မွန်းတည့် ချိန် ကျတော့ ဗေဒင်ဆရာလိမ် ဟာ ဘုရင့် ရှေ့တော် ဝင်ပြီး ဟော သတဲ့ ။ သူ ဟောတဲ့ အတိုင်း လည်း မှန် နေတာနဲ့ ရှင်ဘုရင် က သူ့ ကို ဆု တွေ လာဘ် တွေ ပေး ပြီး ရှင်ဘုရင့် ဗေဒင်ဆရာ အဖြစ် ကိုးကွယ် ထားတော့ လူညာ ၂ ယောက် ကောင်းစား နေ တော့တာပေါ့ ။


ဒီလိုနဲ့ ဇိမ်ကျ နေရာ က တစ်နေ့ တော့ သီဟိုဠ်ကျွန်း က ကု,လားညီအစ်ကို ဟာ ကုန် လာ ရောင်းရင်း က ဗေဒင်ဆရာ တော်ကြောင်း ကြားရကြတာ နဲ့ ရှင်ဘုရင် ဆီ ကို လာပြီး ရှင်ဘုရင့် ဗေဒင်ဆရာ ကို ဗေဒင် မေး ချင်တဲ့ အကြောင်း ပြောကြ သတဲ့ ။ သူတို့ မေးတာ ကို ဖြေ နိုင်ရင် ရွှေ ၊ ငွေ ၊ ကျောက် ၊ ပတ္တမြား ၊ စိန် တွေ နဲ့ အထည်အလိပ် တွေ အပြည့် တင် ထားတဲ့ သူတို့ သင်္ဘော ကို ပေး မတဲ့ ။ မှန်အောင် မဖြေနိုင် ရင် ရှင်ဘုရင် ရဲ့ တိုင်းပြည် ကို အပ်ပါလို့ ပြော သတဲ့ ။


ရှင်ဘုရင် က လည်း သူ့ ဗေဒင်ဆရာ ကို ယုံကြည် အားကိုး တာ နဲ့ ဟောပါ့မယ် ။ မနက်ဖြန် ကျရင် လာခဲ့လို့ ပြော လိုက် သတဲ့ ။ အဲဒီ အကြောင်း ကို ဗေဒင်ဆရာလေး လည်း သိ ရော ။


“ ဒုက္ခပါဘဲ ... လိမ်စားရတဲ့ လူများ အေးအေးဆေးဆေး မနေရပါကလား ၊ လိမ်တယ် ဆိုတာ အလိမ် မပေါ် ခင် သာ ဟန်ကျပေမယ့် တယ်ပြီး စိုးရိမ် ပူပန်ရပါကလား ” လို့ နောင်တ ရ ပြီး “ မထူးတော့ဘူး ။ ငါ့ ဘဝ ဟာ သေတာပဲ အေးမယ် ။ နက်ဖြန်ကျ လို့ မှန်အောင် မဟော နိုင်ရင် ငါတို့ တိုင်းပြည် ကို ကု,လားတွေ သိမ်းသွား တော့မယ် ။ ငါ့ကြောင့် တိုင်းပြည် အဆုံး မခံဘူး ။ ငါ ပဲ သေတာ အေးတယ် ” ဆိုပြီး သူ့ တပည့် လုပ် တဲ့ လူကို သူ့ ပစ္စည်းတွေ ကို “ မင်းတစ်ဝက် ယူ ၊ တစ်ဝက် ကို ငါ့ သား ၊ မယား တွေ ဆီ ပို့ပါ ။ ငါတော့ လိမ်စား မိလို့ ဒုက္ခ ရောက်ပြီ ” လို့ ပြော သတဲ့ ။


ည လည်း ကျ ရော ရေဆိပ် သွားပြီး ရေ ထဲ ခုန်ချ လိုက် သတဲ့ ။ရေထဲ ကျ တော့ သတိ မေ့ ပြီးရေစီး ထဲ မျော သွား ရာ မှ သင်္ဘောကြီး တစ်ခု နဲ့ တိုက်မိတာ နဲ့ သတိရ လာ သတဲ့ ။ ဒီတင် သေရ မှာ ကြောက်ပြီး သင်္ဘောကြီး ကို ဖက်တွယ် တက် ပြီး သင်္ဘော ထဲ က အသံ ကို နားထောင် နေ မိ သတဲ့ ။


ကံ ကောင်းချင်တော့ သူ တက်မိတဲ့ သင်္ဘော က ကု,လားညီအစ်ကို ရဲ့ သင်္ဘော ဖြစ်နေ သတဲ့ ။ ဒီ အထဲ ကု,လားညီငယ် က “ အစ်ကို ရယ် သင်္ဘော ထဲ မှာ ကျွန်တော်တို့ ၂ - ယောက် ထဲ ရှိတုန်း မေးပါရစေ ။ မနက်ဖြန် မေးမယ့် ဗေဒင် က ဘာလဲဗျ” လို့ မေး နေ သတဲ့ ။ အစ်ကို လုပ်သူ က လည်း “ ငါ မေးမယ့် ဗေဒင် က ဘယ်သူမှ ဖြေနိုင် မှာ မဟုတ်ဘူး ။ ဒီ တိုင်းပြည် ကို ဒို့ ရ မှာ သေချာတယ် ကွ ။ ငါ မေး မှာ က ဟောဒီ ဘူးကြီး ထဲ မှာ ဘူးကလေး တစ်ခု ထည့် ထားမယ် ။ ဘူးကလေး ထဲ မှာ တစ်ခါ ရွှေမူးစေ့ ၊ ခုနစ်စေ့ ထည့် ထားမယ် ။ အဲသလို နှစ်ဆင့် သုံးဆင့် ထည့် ထား တာကို ဒီ ဘူးကြီး ထဲ မှာ ဘာ ရှိလဲ က စ ပြီး မေး သွား မယ်ကွာ ။ ဘယ် ဗေဒင်ဆရာ က ဘယ်လို တွက်ပြီး ဖြေနိုင်မှာလဲ ” လို့ပြောနေ သတဲ့ ။


ဗေဒင်ဆရာလိမ် ဟာ ဒီ စကား ကြား တာနဲ့ တစ်ပြိုင်နက် ထဲ ရေထဲ ပြန် လျှောချ ပြီး အိမ် ကို ပြန် ကူးလာ သတဲ့ ။ သူ့ တပည့် လုပ်တဲ့ လူ က သရဲချောက်တယ် ထင်ပြီး အမျှ ဝေ သေး သတဲ့ ။ သူ ဟာ ရေ ထဲ ခုန်ချ သွားတာ သေပြီ လို့ ထင် နေ တာကိုး ။ ဗေဒင်ဆရာလိမ် ဟာ သူ့ တပည့် လုပ်သူ ကို အကျိုးအကြောင်း ပြောပြပြီး နောက် တစ်နေ့ ကျ တော့ ဘုရင့်ရှေ့တော် ဝင်ပြီး ကု,လား ညီအစ်ကို မေးတာ ကို ဖြေတော့ သတဲ့ ။


ဘူးကြီးထဲ က ဘူးလေး ... ဘူးကလေး ထဲ က ရွှေမူးစေ့ ခုနစ်စေ့ ဆိုတာတွေ အားလုံး ကို တွက် သလိုလို နဲ့ ည က ကြား ထားတဲ့ အတိုင်း ဖြေတော့ မှန်နေ တာပေါ့ ။ ကု,လား ညီအစ်ကို လည်း သိပ် အံ့ဩစွာ နဲ့ သူတို့ ရဲ့ သင်္ဘော ကို ပေးခဲ့ရတာပေါ့ ။ ရှင်ဘုရင် လည်း ဝမ်းသာ အားရ ဖြစ်ပြီး သင်္ဘော ထဲ က ရတနာ တစ်ဝက် ဗေဒင်ဆရာ ကို ဆု အဖြစ် ပေး သတဲ့ ။ ကျန် တစ်ဝက် ကို ဘုရင့် ဘဏ္ဍာတော် အဖြစ် သိမ်း သတဲ့ ။ အထည်အလိပ်တွေ ကို တော့ တိုင်းသူပြည်သားတွေ ကို ဝေ ပေး သတဲ့ ။


ဗေဒင်ဆရာလိမ် နှစ်ယောက် ဟာ အိမ် လည်း ရောက်ရော “ ဒို့တော့ ဒီ အတိုင်း ညာစား နေလို့ မဖြစ်တော့ဘူး ။ လူညာ ဆိုတာ ကံ ကောင်း နေတုန်း သာ စား ရတာ တစ်နေ့ကျ အကြီးအကျယ် ဒုက္ခ ရောက် လိမ့်မယ် ။ ကောင်းကောင်းမွန်မွန် လုပ်ကိုင် စားကြစို့ ” လို့ တိုင်ပင်ကြ သတဲ့ ။


နောက်တော့ အိမ် မှာ ရှိတဲ့ အဖိုးတန်ပစ္စည်း မှန်သမျှ တစ်နေရာ မှာ ဝှက် ထားပြီး အိမ် ထဲ မှာ တော့ ထန်းရွက် ၊ ပေရွက် တွေ သာ ထည့် ထားပြီး အိမ် ကို မီးရှို့တော့ သတဲ့ ။နောက်ပြီး ရှင်ဘုရင် နဲ့ တစ်ကွ မြို့သူမြို့သားတွေ ကို လည်း သူတို့ ဗေဒင်ကျမ်းတွေ မီး ထဲ ပါ သွားကြလို့ ဗေဒင် ဟောစားလို့ မဖြစ်တော့ပါဘူး လို့ ပြောပြ ပြီး ... သူတို့ နေရင်း အရပ် ကို ပြန်ခဲ့ကြ သတဲ့ ။


အဲဒီ နောက်တော့ လိမ် ရမယ့် အလုပ် ကို မလုပ်ရဲတော့ ဘဲ ကောင်းကောင်းမွန်မွန် ရောင်းဝယ် စား ကြတော့ သတဲ့ ။ 


◾သန်းထွန်းလေး 


📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၅၆ ၊ အောက်တိုဘာ


#ကိုအောင်နိုင်ဦး


.

Friday, July 21, 2023

အနုဝင်္ကပါ ( ၅ )


 ( ၅ )


ယခင် ဆောင်းပါးတွင် ဆိုခဲ့သည့် အတိုင်း အများ စုသော ပြည်သူလူထု သည် အနုပညာရှင်များ အပေါ်တွင် ဤ၍ ဤမျှ မေတ္တာတရား ကြီးမားလှ ချေသည် ။ ချစ်ကြသည် ။ ခင်မင်ကြ သည် ။ အရွယ်ကို လိုက်၍ လေးစား ကြသည် ။ ထို့ထက် တစ်ဆင့်တက်၍ ဆိုရသော် အများ ပြည်သူတို့ သည် အနုပညာရှင် ဆိုလျှင် ( တ ဖူးဖူးမှုတ် ) ထားချင်ကြသည်  ။ 


အကြင် အနုပညာရှင် တစ်ဦးတလေ အိမ် လာ လည် လျှင် တွေ့သမျှ အသိ မိတ်ဆွေကို ပြောပြ ရင်း ဂုဏ်ယူကြသည် ။ 


“ ကျွန်မတို့ အိမ်တော့ ထမင်းတောင် စားသွားသေး ... ”  


အစရှိသည် ဖြင့် အားကျမခံ အနိုင် ယူ တတ်ကြ ပြန်သေးသည် ။


ထို့ ထက် အကွက် လည်အောင် ရေးပြရန် မလိုပါ ။ စာရှုသူ တလောကလုံး သိကြသည် ။ မိမိ တို့ အိမ် သို့ လာ လည်သည် ထမင်းစားသည် ကို မဆိုထားဘိ ။ ရုပ်ရှင်ရိုက် နေသည် ဟု သတင်း ကြား လျှင် ပင် လှုပ်လှုပ်ရွရွ အပြေးအလွှား သွား ကြည့်ကြသည် ။ သို့မဟုတ် ထိန်း၍ မ ရအောင် ဝိုင်းအုံ ကြည့်ရှုနေ သော လူ အုပ်ကြီး ကို မြင်ဖူးကြပေချိမ့်မည် ။


ဤလို ချစ်မြတ်နိုးမှု ကို ပြည်သူလူထု ထံ မှ ရရှိရန် လွယ်ကူသည် မဟုတ် ၊ အထက် ၌ ဥပမာ ယှဉ် ၍ ပင် ပြခဲ့ပြီးပြီ ။


သို့ပါလျက် အချို့သော ရုပ်ရှင်မင်းသား ၊ မင်းသမီး တို့ သည် ပြည်သူ့ မေတ္တာရိပ် ခိုလှုံ နေရာမှ ဘေး ပဲ့ ထွက် တတ်ကြသည် ။ နောင်တွင် ပြည်သူတို့ ၏ ချစ်မေတ္တာထီးရိပ် မှ ရှောင်ဖယ် မသွားမိအောင် သတိ ကျပ်ကျပ် ထားရန် လို လာပြီ ။ 


သိကြ ကြားကြ ပြီး ဖြစ်သော သရုပ်ဆောင် အထီး အမတို့ ၏ မရှင်း မရှင်း ပြဿနာများ ကြောင့် နှာခေါင်းရှုံ့ ခံ နေကြရသော အချို့ သရုပ်ဆောင်များ အား သာဓု သနား မိသည် ။ ရင်လည်း နာသည် ။ နှမြောတသ နှင့် ယူကျုံးမရ ရှိလှ သည် ။ သူတို့ တစ်တွေ နာမည် ပျက်ရသော ( ဝါ ) ပြည်သူ တို့ မေတ္တာ ကုန် ရသော အကြောင်းအရင်း မှာ သူတို့ မွှေး သော မီး က သူတို့ အား ပြန် လောင် သည့် ကိစ္စ ဖြစ်ချေသည် ။ ယင်း ကိစ္စ သည် သူတို့ ၏ ( ဖို + မ ) ပြဿနာ ။ 


နောင်တွင် တောက်ပလာမည့် အနုပညာ ကြယ်ကလေးများ အတွက် ပါ သတိတရား ရစေသော ငှာ ပွင့်ပွင့်လင်းလင်းပင် ဖော်ပြရ တော့မည် ။ 


ဆိုကြပါစို့ ...  


သရုပ်ဆောင် မင်းသား ဇနီးမောင်နှံ ။

သရုပ်ဆောင် မင်းသမီး ဇနီးမောင်နှံ ။

နှစ်ဦးစလုံး သရုပ်ဆောင် ဇနီးမောင်နှံ ။


သရုပ်ဆောင် မင်းသား ဇနီး မောင်နှံ ဆိုရာ ၌ ဇနီး သည် က သရုပ်ဆောင် မဟုတ် အရပ်သူ ။ ဤလို အတွဲများ အနက် အချို့သော မင်းသား တို့ သည် မနူးမနပ် မိန်းကလေးများ နှင့် ထွေးလုံးရစ်ပတ် ရှုပ်ယှက်ခတ် တတ် ကြသည် ။ 


ငယ်ရွယ်သူ မြီးကောင်ပေါက် ကလေးများ က ( စ ) လာသည့် တိုင် မိမိ တို့ က နှမသားချင်း သဖွယ် သဘောထား ရှောင်ရှားရမည် ။ ပညာ ပေး ဆုံးမစကား ပြောရမည် ။ ထိုထို ကောင်မလေးများ ၏ ဆက်ဆံ ပုံ မ ဟန်လျှင် ရပ်တန်း က ရပ် ပစ်ရန်သာ ရှိသည် ။ ကိုယ် က ပါ ရော ၍ ပလူးရန် မဟုတ် ။  


သဘင် ၊ ဂီတ ၊ ရုပ်ရှင်နယ် မှ ကျော်ကြားနေသူ အတော်များများ သော အနုပညာရှင် ( အထီး ) များ သည် မိမိ ကို လေးစား၍ သဘောကျ နှစ်ခြိုက်၍ ဓာတ်ပုံ တောင်း လျှင် စာ ရေး လျှင် တစ်ချိန်တည်း ရည်စား လုပ် ပစ်ချင်ကြသည် ။ ရိသဲ့သဲ့ စာပြန် လေချေ ၏ တကား ။ 


ယုတ်မာလှသည် ။ လူပျို လူလွတ် အနုပညာရှင်များ ပင်လျှင် စည်းစောင့်သင့်သော ကိစ္စ ဖြစ်ပါ လျှက် မယား လက်ရှိ နှင့် အနုပညာ ငနဲများ က ပို၍ နန့်ကြော ထ နေကြသည် ။ သူတို့ ထံ စာ မရေးနှင့် ။ ရေး မိသည် နှင့် ဂီတသမား က တီးဝိုင်း ၊ အဆိုဝိုင်း ရှိ ရာ ချိန်းသည် ။ ရုပ်ရှင်သမား က ကား ရိုက်ရာ သို့ ခေါ်သည် ။ ဇာတ်သဘင် ငနဲ တို့ ကလည်း ဇာတ်စင် ပေါ်ရှိ သီးသန့် အခန်း သို့ ဖိတ်မန္တက ပြုသည် ။ အသီးသီး ပြဿနာ လုပ်ကြတော့သည် ။


ကောင်မလေး တစ်ယောက် က ဆရာဝန် တစ်ဦး တစ်ယောက် ကို မေတ္တာ ရှိ သည် ထား ။ ဤသည် မှာ ဆရာဝန် ၏ ဆေးပညာ ၊ ရုပ်ရည် တစ်ခုခု နှင့် သက်ဆိုင်သည် ။ ညွှန်ကြားရေးမှူး တစ်ယောက် ကို ကြိုက်သည် ဆိုပါကလည်း ရာထူး ကိစ္စ သာ ဖြစ်ချေမည် ။ ( တစ် နည်း ) သူ ၏ ရုပ်သဏ္ဌာန် ခန့်ညား၍ သော်လည်း ဖြစ်နိုင်သည် ။ 


တစ်ဖန် ကောင်မလေး တစ်ဦး တစ်ယောက် သည် ကျောင်းနေဖက် ကျောင်းသား ကို လည်း ကောင်း ၊ ရယ်စရာ အပြော ကောင်းသော အရပ် ထဲ မှ ချာတိတ် ကို လည်းကောင်း ၊ တိုက်ပွဲပြန် စစ်ဗိုလ် တစ်ဦး ကို လည်းကောင်း ၊ ရာထူး ၊ ရုပ်ရည် ၊ အပြု အမူ အစရှိသည့် တစ်စုံတစ်ရာ ကို လည်းကောင်း စိတ် နှင့် တွေ့ ၍ မေတ္တာ ရှိမိသည်ထား ။ ကောင်မလေး ကိုယ် နှိုက် က စတင် အကြောင်း ဖန် ရန် လွယ်ကူ သည် မဟုတ် ။ 


အနုပညာ ငနဲများ ကို အစဖော်ရန် ကား အလွန် လွယ်လှသည် ။ အဆို ကောင်း ၍ အက ကောင်း ၍ သရုပ်ဆောင်မှု ပီပြင် ၍ စသဖြင့် အနုပညာ ကို ဦးတည်၍ ချီးကျူး စာ ရေး လိုက်လျှင် ကိစ္စ ပြီးသည် ။ အနုပညာရှင် ဆိုသူ ငနဲ တို့ ကလည်း ကိလေသာ မုဆိုး ကဲ့ သို့ မိတ်ဆက်စာ တစ်စောင် ရောက် လာ လျှင် သမင်မလေး တစ် ကောင် ဟူ၍ ရေတွက် နေ ကြသည် ။  


ကျီး အတောင်ပေါက်စ တစ်ကောင် ကဲ့သို့သော မြီးကောင်ပေါက်မကလေးများ က လည်း ( အနု ပညာ ) ကို အကြောင်း ပြု၍ ဂုဏ်ပြု စာ ရေးသည် ။ ထိုထို ဇာတ်သဘင် ၊ ဂီတ ၊ ရုပ်ရှင် သမားတွေ က လည်း ( အနုပညာ ) ကို အကြောင်းပြု စာပြန် ၊ ဟိုချိန်း ၊ သည် ချိန်း ၊ အနုပညာ ကို ခုတုံး လုပ်၍ ရှုပ် နေကြသည် ။ အနုပညာ၏ ဂုဏ်သိက္ခာမှေးမှ န်နေရသည် ။ သေးသိမ်နေရပြီ ။  


စာကြောင်းများ ပင် ထပ်နေပြီ လား မပြောတတ် ။ ယခုခေတ် ကောင်မလေးများ တော်တော် ခက် ကြသည် ။ ခက်သည် ဆိုရာတွင် သာဓု တို့ ဘက် မှ ( ဝါ ) မိဘများ ၊ အုပ်ထိန်းသူများ ဘက် မှ အထိန်း ရ ခက်သော အခက် ကို ဆို လိုပါသည် ။ 


သူတို့ ဘက်မှ မူ အလွန် လွယ်နေကြသည် ။ ကိုယ်တွေ့ တစ်ရပ် ပြောရ မည် ဆိုလျှင် ... 


တစ်ကြိမ်သော တစ်နှစ်သော အခါ က တောင်သူလယ်သမားနေ့ မြေပဒေသာကျွန်း ပျော်ပွဲ ရွှင်ပွဲ အတွက် ပြဇာတ် က ရန် စည်းဝေးကြစဉ် က သာဓု နားလေး သည် ကို အကြောင်းပြု ၍ ဦးရဲခေါင် က  ...  


“ ခင်ဗျား နဲ့ စကား ပြောရတာ တယ် မောတာပဲဗျာ ”  


“ အဲ ... နောက် မမောရအောင် နိုင်ငံခြား သွားရင် နားကြပ် တစ်ခု ဝယ် ခဲ့ပေါ့ဗျာ ” 


သာဓု ကလည်း ဤလို ပြန် ပြော လိုက်ပြီးနောက် ၅ ရက် လောက် အ ကြာ တွင် ဦးရဲခေါင် အမေရိကန် သွား သည့် ဓာတ်ပုံ သတင်းစာ တွင် တွေ့ရ သဖြင့် ( နားကြပ် ) နားကြားကိရိယာ ပါ လာလျှင် မည်မျှ ကောင်းလေမည် နည်း ဟု ရော်ရမ်း တမ်းတ မိ၏ ။ ထို့နောက် ၄ - ၅ ရက် ကြာ တွင် ပင် မြေပဒေသာ မှ ဦးရဲဆွေ ရောက် လာ ပြီး နားကြား ကိရိယာ တစ်ခု ပေး၏ ။ ဝန်ကြီးဦးရဲခေါင် ပေး ခိုင်းသည် ဟူ၏ ။


“ မောင်မင်းကြီးသား ကျန်းမာ ချမ်းသာပါစေ ” ဟု သာဓု က သာဓု ခေါ်ရင်း ဆုတောင်းမိ၏ ။  


ထိုအချိန်က သာဓု အစည်းအဝေး ပေါင်းစုံ တက် နေရသည် ဖြစ်ရာ နားကြပ် မပါဘဲ တက်ရ စဉ်က ယောင်နန ၊ မကြား ရ၍ အနီး မှ လူ အား မေးရသည် ။ အလွန် စိတ်မော ရသည် ။ နားကြပ် ရပြီး သောအခါ


“ ဗျို့ ... ဝန်ကြီး ၊ ရဲဘော်ကြီးသခင်ဖေသန်း ကို အတင်းပြောလို့ မရတော့ဘူး နော် ၊ ဒီမှာ နားကြပ် ရနေ ပြီ ” ဟူ ၍ ပင် လက်မ ထောင်၍ ဝန်ကြီး ကို အံတု နိုင် လာသည် ။ နားကြပ် တပ် ရသည့် အခါ တိုင်း သူ့ အား မေတ္တာ ပို့ နေ ရပါသည် ။  


နောက်မကြာမီ မြေပဒေသာကျွန်း အတွက် ဇာတ် တိုက်ကြကာ တစ်နေ့သော် ရုပ်ရှင် ကော်ပိုရေးရှင်း အစည်းအဝေး မှ အပြန် အောင်တေဇ ရုပ်ရှင်ထုတ်လုပ်ရေးတိုက် တွင် ခေတ္တ ဝင် အမော ဖြေ ၊ လက်ဖက်ရည် သောက်နေစဉ် လွယ်အိတ်ကလေး နှင့် ကျောင်းသူလေး တစ်ယောက် ဝင်လာ သည် ။ 


“ ဆရာ ၊ ဒီ ကောင်မလေး ကို သင့်တော်မယ့် အခန်း က ရုပ်ရှင် ရိုက်ပေး ပါလား ဆရာ ၊ သိပ် ဝါသနာပါတယ် ” 


ရုပ်ရှင်များ ထဲ တွင် ဆရာဝန် အခန်း မှ ပါလေ့ ရှိသူ မစ္စတာဆင်း က ပြော သဖြင့် ကလေးမ အား ဂရုစိုက် ကြည့် ရာ ၁၈ နှစ် ထက် ကျော်ပုံ မရ သေး ။ 


“ မြင်တဲ့ အတိုင်း ပဲ ဆရာ ရေ ၊ တစ်နေ့ တစ်နေ့ အဲလိုပဲ ရုပ်ရှင် ကုမ္ပဏီ တွေ လျှောက်သွားပြီး ၊ ရုပ်ရှင် ရိုက်ရနိုးနဲ့  ... ”  ဟု အောင်တေဇ ရုပ်ရှင်ပိုင်ရှင် မောင်တင်ကြီး က ဝင် ပြောပြန်သည် နှင့် သူ့ အား သာဓု က လှမ်း ခေါ်လိုက်ပြီး အဖော် ပါ မပါ မေး ရာ မောင်တင်ကြီး က ပင် ဆက်၍  ... 


“ ဘယ်တော့မှ မပါဘူး ဆရာရဲ့ ၊ အဲ ဒါကို ကျွန်တော် ကလဲ စိတ် ပူလို့ တစ်ယောက်တည်း လျှောက် မသွားဖို့ ပြောတာ မရဘူး ၊ ဝါသနာ က ကြီး လွန်း အားကြီးတယ် ဆရာ ” 


အသက် လည်း ငယ်သည်  ။ ရုပ်ရည် အားဖြင့် လည်း မျှော်လင့် ချက် ရှိသည် ။ အရပ်အမောင်း ကောင်းသည် ၊ ကြိုးစားလျှင် တောက်ပြောင် သော မင်းသမီး တစ်လက် ဖြစ်လာနိုင်သည့် လိုအပ်ချက် များ လည်း သူ့ တွင် ရှိသည် ။ 


စောစောက မောင်တင်ကြီး ပြော သည့် အတိုင်း ရုပ်ရှင်ဝါသနာ ပြင်းထန် လွန်း၍ တစ်ယောက် ထီး တည်း ရုပ်ရှင်ကုမ္ပဏီများ သို့ လျှောက် သွားနေသည် မှာ မကောင်း ၊ အလွန် အန္တရာယ် ကြီးလှသဖြင့်  ...  


“ ကဲ ၊ ညိုပြာ ခုလို လျှောက်သွား မ နေနဲ့ တော့ ။ သမီး နဲ့ လိုက်တဲ့ အခန်း ပေါ် ရင် ဆရာ ခေါ်မယ် ” ဟု နှစ်သိမ့် ပြီး ၊ လိပ်စာ ယူ ထား လိုက်သည် ၌ နောက် ၂ ရက်ခန့် အကြာ တွင် မှာ ပင် မြေပဒေသာ ၌ ကပြရန် အတွက် ညိုပြာ တို့ အရွယ် တစ်ယောက် လို လာ သဖြင့် ချက်ချင်း ကား လွှတ်၍ ညိုပြာ ကို အခေါ် ခိုင်း လိုက်သည် ။


ညိုပြာ သည် အမည် မှန် မဟုတ်ပါ ။ 


အတို ရုန်း ကြပါစို့ ။  


ဇာတ် တိုက်ကြသည် ။ ညိုပြာ မှာ ထင်ထားသည် ထက် ပို၍ သွက်လက် သောကြောင့် သူ့ တက်လမ်း အတွက် သာဓု ဝမ်းသာ ရ ချေသည် ။ 


ပထမ ပွဲဦးထွက် ည က ကပြပြီး ကြ ၍ ထမင်း စားကြမည် အပြု တွင် ညိုပြာ ပျောက် နေ သဖြင့် ပွဲခင်း ထဲ ရော ဇာတ်စင် ပေါ် မှာ အရှာ ခိုင်း လိုက်ဆဲ သူ ကမူ အပူအပင် မရှိ နာမည်ကြီး မင်းသား တစ်ယောက် နှင့် အတူ သာဓု တို့ ထမင်းပွဲ သို့ ရောက် လာသည် ။


“ ဘဘ ၊ ဒီ အစ်ကို ကလေ မော်လမြိုင် ကား ရိုက် သွားရင် လိုက်ခဲ့ပါ တဲ့ ခေါ် နေတယ် ” 


သာဓု ဒိုင်းခနဲ ဒေါသ ထွက် မိသည် နှင့် “ ဟေ့ကောင် ၊ မင်း ဟာ က ဘာ သဘောလဲ ၊ ဒီ ကောင်မလေး က ငါ့ ကွပ်ကဲမှု နဲ့ ငါ့ ဩဇာ အောက် မှာ ပညာ ယူရမယ် ကြံကာ ရှိသေးတယ် ။ မင်း က ”  


“ မဟုတ်ပါဘူး ဆရာ ၊ ဒီလို ... ”   


“ ဟုတ်ဟုတ် မဟုတ်ဟုတ် ၊ အမှန် အတိုင်း ဆိုရင် မင်း ငါ့ ကို လာ ပြောရ မယ် ၊ သူ့ မိဘ ဆီ မှာ ငါ တာဝန် ခံ ထား ရတာကွ ” 


သာဓု အော်ငေါက် လွှတ် လိုက်ပြီး ညိုပြာ ကို မေးသော အခါ မြုံစိစိ လုပ် နေသည် ။ စားသောက်ပြီး ကြသော် အားလုံးကို ကား ဖြင့် ပြန် လွှတ်ပြီး သာဓု က ဇာတ်စင် ပေါ် တွင် နေရစ်ခဲ့ ပြီး စုံစမ်းရာ လာ သမျှ မင်းသားများ ကို သူ က အတင်း လိုက် မိတ်ဖွဲ့သည် ဟု သိ ရ၍ သာဓု ခေါင်း ကြီး သွားသည် ။


ညိုပြာ နှင့် လိုက် လာသော မင်းသား သည် ကိလေသာ ဘက် တွင် နာမည် ကြီးသူ ။ မိန်းကလေး များ ကို ပူးကပ် ဆွယ်မြှူ ရတတ် သမျှ ချူ ရာ တွင် အရှက် မဲ့ သူ ဖြစ်၍ ဟိုးလေးတကျော် ဖြစ်ခဲ့ရပေါင်း များ ပြီ ။ သူ နှင့် အတူ သူ့ အစ်ကို သည် လည်း ဤမှာ ဘက် ၌ နာမည်ကြီး ။


သာဓု အလုပ် ရှုပ်ရတော့သည် ။ နောက် တစ်နေ့ ကပြ ရန် ညိုပြာ နေရာ တွင် အစားထိုးရေး အတွက် ကမန်းကတန်း ရှာ တက်သုတ်ရိုက် ဇာတ် တိုက် နေခိုက် ညိုပြာ မိဘ ထံ စာ တစ်စောင် ( အကြောင်းစုံ ဖော်ပြ၍ ) ရေးသား ပေးပို့ ကာ ထိုနေ့ မှ စ၍ ပယ် လိုက်ရ ချေသည် ။


တစ်လခန့် ကြာသော် သတင်း တစ်ခု ရောက်လာသည် ။ ညိုပြာ ကို ထို ညီအစ်ကို က မော်လမြိုင် သို့ ခေါ်သွား ပြီး သီချင်းဆို တီးဝိုင်း ( စတိတ် ရှိုး ) အခန်း အတွက် ၅ စက္ကန့်စာ လောက် ရုပ်ရှင် ရိုက်သည် ။ ညိုပြာ ပေး လိုက်ရသော တန်ဖိုး ကား တစ် ဘဝ စာ ။ 


အဆိုပါ မြေပဒေသာ ပြဇာတ် တွင် ယခု ချယ်ရီ အယ်ဒီတာ အောင်ပြည့် လည်း ပါသည် ။ ညိုပြာ ပြဿနာ လုပ်၍ ချက်ချင်း ဖြုတ် လိုက်ရစဉ် က အောင်ပြည့် ကပင် ကွယ် ရာ၌ သာဓု ကို ( ဦးဒေါသ ) ဟု အပြစ် တင် သံ ကြား ရသည် ။ နောက် မော်လမြိုင် ဇာတ်လမ်း ပြော ပြလိုက်ရင်း က .. 


“ ဘယ့်နှယ့်လဲကွ သားကြီး ၊ အောင်ပြည့် ဆရာဦးဒေါသ လား ” 


“ ဒီလိုလေးပါ ဆရာ ၊ ဆရာ က ကောင်မလေး ကို ချက်ချင်း ဖြုတ် နောက် တစ်ယောက် ချက်ချင်း ရှာ ချက်ချင်း သင်ပြီး ဇာတ်တိုက်ရ ၊ ဆရာ ပင်ပန်းတာ မကြည့်နိုင်လို့  ... ”   


“ အေး ။ ဆရာ က ဟင် ဆိုရင် မရ တော့ဘူး ၊ ပင်ပန်းလို့ လဲ သေပလေ့ စေ ဒါမျိုးတော့ သည်း မခံ နိုင်ဘူး ၊ မြွေ သေ ရင် သေ မသေရင် တုတ်ကျိုး ၊ ဒါပဲ ” 


ဤလို ကောင်မလေးမျိုး နှင့် အနှီ လို အကောင်မျိုး တွေ ကြောင့် အနုပညာ ဟူသော နာမဝိသေသန ညှိုး မှိန် နေရချေသည် ။ ဤ ဆောင်းပါး အစ တွင် တင်ပြခဲ့သည့် အတိုင်း အနုပညာရှင် ဆိုပါက မည်သူနှင့် မျှ မတူအောင် အရေး ပေး ကြသည် ။ ချစ်ကြ ခင်ကြသည် ။ သင်္ဘောဆိပ် အထိ ဆင်း ကြည့် ကြို ဆိုတတ်ကြသည် မှာ တပြုံးပြုံး တရွှင်ရွှင် နှင့် ၊ ဤလို အခွင့်အရေး နှင့် ဂုဏ်မျိုး လူတိုင်း မရနိုင် ။ ယင်း ကဲ့သို့သော မြတ်နိုးမှု သည် ( အနုပညာသည် ) များ အတွက် သီးသန့် ထား အပ်သော မြှောက်စားမှု တစ်ရပ် ဟု ဆိုချင်သည် ။


အများ လူထု က အနုပညာ ကို အခြေခံ၍ အနုပညာရှင်များ ကို ချစ် မေတ္တာ များကြသည် ။ အနုပညာရှင် အတော်များများ က မူ အနုပညာ ကို ခုတုံး လုပ်၍ ခလောက် ဆန်နေကြ သည် ။ 


အချို့သော အနုပညာရှင် ၊ အထူးသဖြင့် ရုပ်ရှင်သရုပ်ဆောင် အိမ်ထောင်သည် တို့ သည် လည်း ရှိရင်းစွဲ ကို ပြတ်စဲကာ ထည်လဲ နှင့် အပျော် တွဲ လမ်းတွင် စခန်း သွား နေ ကြသည် ။


ဖူးဖူးမှုတ် မျှ ချစ်မေတ္တာ ထားပြီး အားပေးနေကြသည့် အများ ပြည်သူ တို့ အား ကွယ်ရာ မှာ လှောင်ကြ ပြောင်ပြ နေသလို ဖြစ် နေချေပြီ ။


သွေး နှင့် ကိုယ် သား နှင့် ကိုယ် ဖြစ် ၍ ဖိုမကိစ္စ ရှိနေကြသည် ကို သာဓု မငြင်း ၊ မကန့်ကွက် ။  


အယ်လစ်စဘက်တေလာ ဆိုလျှင် စာရှုသူတိုင်း သိကြသည် ။ သူ သည် ကမ္ဘာကျော်ရုပ်ရှင် မင်းသမီး ကုဋေ ကြွယ် သူဌေးမ ၊ အနုပညာရှင် ။  


သူ့ တွင် လည်း ဖိုမပြဿနာ ရှိသည် သာ ဖြစ်စေကာမူ တိတ်တခိုး ကမြင်းသူ မဟုတ် ။ ယခု ထိ ရှစ်ကြိမ် မက အိမ်ထောင် ထည်လဲ ထူ ခဲ့ပြီးပြီ ။ အိမ်ထောင်သစ် ထူ တိုင်းလည်း တခမ်းတနား နှင့် လူသိရှင်ကြား လက်ထပ်သည် ။ ပြောင်ပြောင်ပင် ယူသည် ။ ကမ္ဘာ ကလည်း ကျေနပ်သည်  ။ ဆက်၍ ဆက်၍ အားပေးမြဲ ။ ချစ်ခင်မြဲ ။ 


မည်သည့် လူတန်းစား နှင့် မျှ မတူ ၊ အနုပညာသည် တို့ ခံယူရသော ( ရတောင့် ရခဲ လှသော ) ပရိသတ် လူထု ၏ မြတ်နိုးမြှောက်စား မေတ္တာ ထားမှု ကို ကျေးဇူးသိ သစ္စာ ရှိသော အားဖြင့် ... 


သာဓု ဖြစ်စေချင်သည် မှာ အထက် ပါ သဘောမျိုး ။


( ၅ - ၁၂ - ၈၄ ) 


◾သာဓု


📖 ချယ်ရီ မဂ္ဂဇင်း

      ဇန်နဝါရီ ၊ ၁၉၈၅ 

      

📖 အနုဝင်္ကပါ


#ကိုအောင်နိုင်ဦး


.

တို့ ရွာ က မဏိစန္ဒာ

❝  တို့ ရွာ က မဏိစန္ဒာ ❞

အခု တလော မှာ ဟို က လည်း မဏိစန္ဒာ ၊ ဒီ က လည်း မဏိစန္ဒာ ၊ လက်ဖက်ရည်ဆိုင် က လည်း မဏိစန္ဒာ ၊ ကာရာအိုကေ က လည်း မဏိစန္ဒာ ဖြစ် နေတော့ ဟို လွန်ခဲ့သည့် နှစ်ပေါင်း ငါးဆယ် ကျွန်တော် ဆယ်နှစ်သား အရွယ် လောက် မှာ ဖြစ်ပျက် ခဲ့သည့် ကျွန်တော့် အစ်မ မခင်အေး နှင့် ယောက်ဖကြီး ကိုလှဖေ တို့ ကို ပြန်လည် အမှတ်ရ လာသည် ။

ယောက်ဖကြီး ကိုလှဖေ နှင့် ကျွန်တော့် အစ်မ တစ်ဝမ်းကွဲ မခင်အေး တို့ ကို လူကြီးချင်း ဘဘော တူ ပြီး လက်ထပ် ပေးစား လိုက် သည် ။ မခင်အေး က တစ်ခုလပ် တစ်လင်ကွာ ဖြစ်သည် ။ ကိုလှဖေ က ရဟန်း ငါးဝါ ရ လူပျံတော် လူပျိုကြီး ဖြစ်သည် ။ ရဟန်း လူထွက် ပီပီ ရိုးသည် ။ သဘော ကောင်းသည် ။ တစ်ခုလပ် မခင်အေး ကို မြတ်မြတ်နိုးနိုး ပေါင်းသည် ။ မခင်အေး က လည်း ပထမ အိမ်ထောင် နဲ့ ကလေး မရခဲ့သည့် အတွက် အချိုး အဆစ် ပြေပြစ်သည် ။

ဖုဖုထစ်ထစ်တွေ က နဂို အတိုင်း ကျန် နေ သေးသည့် ညိုချော ဖြစ်သည် ။ ကိုလှဖေ က သူ့ မယား ကို အလွန် ချစ် သည် ဟု ပြောကြသည် ။ 

မခင်အေး သည် ကိန္ဒရီချောင်းရွာ မှာ ကွမ်းတောင်ကိုင် အဆင့်ဝင် အပျို ဖြစ်ခဲ့သည် ။ ကိန္နရီချောင်းရွာ မှာ မခင်အေး စူပါ ဖြစ် နေစဉ် မြို့ က ရောက် လာသော ကျောင်းဆရာ ယောင်ယောင် ၊ ဒေါက်တာရမ်းကု ယောင်ယောင် ကျော်လွင် ဆိုသူ နှင့် လိုက်ပြေး ခဲ့သည် ။ မြို့သား ကျော်လွင် ရဲ့ နောက် ကို လိုက်ပြေး ပြီး သုံးလ လောက် အကြာ မှာ ရွာ ကို ပြန် ရောက် လာသည် ။ ကျော်လွင် မပါဘဲ သူ တစ်ယောက် တည်း ပြန် ရောက် လာခြင်း ဖြစ်သည် ။ ကျော်လွင် ရဲ့ မယားကြီး နဲ့ သတ်ပုတ်ကြပြီး ကျော်လွင် ရဲ့ ဆွေမျိုးတွေ က ဝိုင်း ရိုက်မယ် လုပ်လို့ ပြန် ပြေး လာခြင်း ဖြစ်သည် ။ ရွာ ပြန် ရောက်ပြီး ခြောက်လ လောက် အကြာ မှာ သဖန်းကုန်းရွာ က ကိုလှဖေ နဲ့ လက်သိပ်ထိုး ပေးစား လိုက်ရခြင်း ဖြစ်သည် ။ ရဟန်းလူထွက် လူရိုးကြီး ကိုလှဖေ က အပျို မဟုတ်ဘူး ဆိုတာ သိလျက် နဲ့ ချစ်လို့ ယူတာ ဆိုပြီး လက်ထပ် ခဲ့ခြင်း ဖြစ်သည် ။

ကိုလှဖေ ရဲ့ မိဘတွေ က သဖန်းကုန်းရွာ မှာ စပါး ငါးရာ ထွက် လယ် နဲ့ ဆေးရွက်ကြီး အပါအဝင် သီးနှံစုံ စိုက်လို့ ရသည့် ကိုင်း တွေ ပိုင်ဆိုင်သည့် မြေပိုင်ရှင် သူဌေးတွေ ဖြစ်သည် ။ ရွှေ နဲ့ ငွေ နဲ့ လှည်း ၊ ကျွဲနွား နဲ့ ဆိုတော့ မခင်အေး တို့ ထက် အဘက်ဘက် က သာသည် ။ လှဖေ သည် တစ်ဦးတည်း သော သားကြီး ဖြစ်သည် ။ ကိုလှဖေ အောက် က ညီမတွေ က လည်း ကိုလှဖေ ကို အလွန် ချစ်ကြသည် ။

လှဖေ အိမ်ထောင် ကျ တော့ ယောင်းမ တော် လာသည့် မခင်အေး ကို လည်း သဖန်းကုန်းရွာ မှာ ပျော်အောင် အလို လိုက် ကြသည် ။ မိသားစုပိုင် ရွှေတွေ ကို သူတို့ တောင် မဝတ်ရက် လို့ သိမ်းထား ရာ မှ မခင်အေး ကို ပေး ဝတ် စေသည် ။

ကိုလှဖေ က မယား ကို ချစ်လွန်း လို့ ဝအောင် ကျွေးသည် ။ လှအောင် ဆင်သည် ။ သူ ကိုယ်တိုင် က တော့ အင်္ကျီ ကိုယ်ကျွတ် ဖြင့် ဆေးတံကြီး ခဲပြီး လုံချည် ကို တိုတို ဝတ်သည် ။ မိုး မလင်းခင် လယ် ထဲ ဆင်းသည် ။ ကျွဲတွေ နွားတွေ နှင့် အတူ ကုန်းရုန်း ပြီး လယ် ထွန်သည် ။ ကိုင်း ထွန်သည် ။ ညနေ မိုးချုပ်တော့ မှ နွားစာမြက်ထုပ်ကြီး ကို ရွက် ပြီး ဆေးတံကြီး ခဲကာ ပြန် ရောက် လာသည် ။ နေပူ မရှောင် ၊ မိုးရွာ မရှောင် တစ်နေကုန် ရွံ့နွံ ထဲ မှာ အလုပ် လုပ် သူ မို့ သူ့ ကိုယ် က နေလောင်စော် ၊ ရွှံ့နွံစော် နံ နေသည် ။ ဆေးတံ သောက် သည့် အတွက် ပါးစပ် က လည်း ဆေးဆီ အနံ့ နံသည် ။ မခင်အေး က အမွှေးအကြိုင် ကြိုက်သူ ဖြစ်လို့ ကိုလှဖေ ရဲ့ အနံ့တွေ ကို မခံနိုင် ဖြစ် နေသည် ။

မခင်အေး က တော့ မနက် အိပ်ရာ က ထ တာ နဲ့ သနပ်ခါး ကို ခြေဆုံး ခေါင်းဆုံး လိမ်းသည် ။ သင်းကြူကြူ မျက်နှာချေ ပေါင်ဒါ ကို ဖွေး နေအောင် လိမ်းသည် ။ နှုတ်ခမ်းနီ ရဲ နေအောင် ဆိုးသည် ။ ကိုလှဖေ က လည်း သူ့ မယား ကို အဲဒီလို မြင် ရမှ သဘော ကျသည် ။ လယ်ထဲ ကိုင်းထဲ က မောမော နဲ့ ပြန်လာ
ချိန် မှာ သူ့ မိန်းမ ကို မြင်လိုက် ရ လျှင် အမော ပြေသွားသည် ဟု ဆိုသည် ။ ကိုလှဖေ ရဲ့ နှမတွေ က လည်း မခင်အေး ကို ခြေမွေး မီးမလောင် လက်မွေး မီးမလောင် ရ အောင် မီးဖိုချောင် မဝင်စေ ရ ဘဲ အလှ ကြည့် ထားကြသည် ။ သူတို့ အစ်ကိုကြီး ကိုလှဖေ ကို ချစ် လို့ ဖြစ်သည် ။

ကိုလှဖေ နဲ့ ညားပြီး တစ်နှစ် လောက် အကြာ မှာ မခင်အေး ဗွေ ဖောက် လာတော့သည် ။

ကိုလှဖေ ကို မပေါင်းချင်တော့ဘူး ဆိုပြီး ကိန္နရီချောင်းရွာ ကို ပြန် ပြေး လာသည် ။ ဘာဖြစ်လို့ မပေါင်းချင် တော့ တာလဲ လို့ မေးတော့ လည်း အဖြေ မပေး ၊ မပေါင်းချင်တော့ ဘူး လို့ သာ ဖြေသည် ။ အကျင့်စာရိတ္တ ရိုးသားပြီး အလုပ် ကြိုးစားသည့် လင်သား ကို အကြောင်းပြချက် တစ်စုံ တစ်ရာ မရှိဘဲ မပေါင်းချင်တော့ဘူး ဆိုရုံ မျှဖြင့် လက်ခံ ထားရမှာ ခက် နေသည့် မိဘတွေ က ကိုလှဖေ ကို လာ ခေါ်ပါရန် အကြောင်း ကြား လိုက်သည် ။

မခင်အေး ရဲ့ မိဘတွေ မှာ မျက်နှာ ပူစရာ ကိစ္စ လည်း ရှိနေသည် ။ စပါး တစ်ရာ ထွက် လယ်ကလေး တစ်ကွက် ကို ဝယ်ဖို့ ပိုက်ဆံ မရှိလို့ ကိုလှဖေ ရဲ့ မိဘတွေ ဆီ က ပိုက်ဆံ ချေးပြီး ဝယ်ထား တာ ပြန် မဆပ်ရသေးသည့် ကိစ္စ က ရှိနေသည် ။ ဒီလို အခြေအနေ မှာ မခင်အေး က ကိုလှဖေ ကို ပြန်ပြီး မပေါင်းနိုင်တော့ပါ ဆိုလျှင် ဒုက္ခ ဖြစ်တော့မည် ။ တစ်ဘက် က ပိုက်ဆံ ပြန် ရလိုမှု ဖြင့် တိုင်လား တောလား လုပ်လာပါ က ကျေးရွာ အုပ်ချုပ်ရေး ကွန်မြူနစ် သာထွန်းဦး နဲ့ ရင်ဆိုင် ရ မှာ ကျောချမ်းစရာ ကောင်း လှသည် ။ ငါးသည်မ ဆီက အကြွေး ဝယ်ပြီး ပိုက်ဆံ တစ်ကျပ်ခွဲ ကို မပေးဘဲ ထား သည့် ဒေါ်လုံးတင် ကို အုန်းပင် မှာ ကြိုး ချည်ပြီး ကြိမ် ရိုက်တာ ကို မှတ်မိ နေ ကြသည် ။

“ သူများ အကြွေး ယူပြီး ပြန် မဆပ်ရင် ဒီလို အရိုက်ခံရမယ် ဆိုတာ မှတ်ထား ”

လုံချည် တိုတို ဝတ်ပြီး ခြောက်လုံးပြူးသေနတ် ကို ခါးပါတ် မှာ တွဲလောင်း ချိတ်ထားသည့် သာထွန်းဦး က လျှာတစ်စောင်း ကိုက် ပြီး ဒေါ်လုံးတင် ကို ကြိမ် ဖြင့် သုံးချက် ရိုက်သည် ။ ဒေါ်လုံးတင် အတော် အီ သွားသည် ။ သုံးချက်တည်း ဆိုတော့ တစ်ကျပ်ခွဲ မပေးရ တော့ တာ တန်တယ်လို့ တောင် တစ်ချို့ က ပြော ကြသည် ။

မခင်အေး ရဲ့ မိဘတွေ က တော့ သာထွန်းဦး ကို ကြောက် နေ ကြသည် ။

မခင်အေး ကို လာ ခေါ်ပါရန် အကြောင်းကြားချက် ရသည့် ကိုလှဖေ က ရှက် နေသည့် မျက်နှာ ဖြင့် ကိန္ဒရီချောင်းရွာ ကို ရောက် လာပြီး မခင်အေး ကို လာ ခေါ် ရှာ ပါသည် ။ မခင်အေး က လည်း ရှက် လို့ ဆိုပြီး အိပ်ခန်း ထဲ က ထွက် မလာဘဲ နေသည် ။ ကိုလှဖေ ကို ထွက် တွေ့ရန် ပြောသော အခါ မတွေ့ချင် ဟု ဆိုသည် ။ မခင်အေး ၏ မိဘတွေ အတော် စိုးရိမ် သွားကြသည် ။ ကိုလှဖေ လာ ခေါ်တာ ကို လိုက် သွားရန် မေတ္တာရပ်ခံ တာ ကို ငြင်း သည် ။ ကိုလှဖေ ကို မျက်နှာ ပြ ရမှာ ရှက် သည် ၊ အားနာသည် ဟု ဆိုသည် ။

ရှက်စရာ လည်း မလို ၊ အားနာစရာ လည်း မလို ။ ကိုယ့်လင် က လာ ခေါ်တာပဲ လိုက်သွားပါ ဟု တိုက်တွန်းကြသော အခါ လိုက်မည် ဟု ကတိ ပေးသည် ။ သို့သော် ကိုလှဖေ ကိုယ်တိုင် လာ မခေါ် ဘဲ အခြားသူ တစ်ယောက် လာ ခေါ် မှ လိုက်မည် ဟု ဆိုသည် ။

ကိုလှဖေ က လိုက်လျော သဘောတူ ပြီး ရွာ ပြန်တော့မည် ဆိုသော အခါ အိပ်ခန်း ထဲ ကနေပြီး အရေး ဆို ပြန်သည် ။ သူ့ ကို နွားလှည်း ဖြင့် လာ ခေါ်ရမည် ၊ ည မိုးချုပ် မှ သဖန်းကုန်းရွာ ထဲ ကို ဝင် လိုပါသည် ဟု ဆိုသည် ။ ဒါကိုလည်း ကိုလှဖေ က လိုက်လျော သဘော တူ ပါသည် ။ အကောင်းဆုံး ဖြစ်အောင် စီစဉ်လိုက်ပါမည် ဟု ပြောပြီး ရွာ ပြန် သွားသည် ။

နောက် နေ့ နံနက်မှာ ကိုလှဖေ ၏ တူ မောင်လှမြင့် မောင်း နှင် လာသည့် အထူး လှည်း ရောက် လာသည် ။ ကကြိုးတန်ဆာ ဆင် ထားသည့် နွားချောကြီး နှစ်ကောင်ဆွဲ လှည်းယာဉ်ကြော့ ဖြစ်သည် ။ ကိုလှဖေ ၏ အဘိုးအဘွားများ လက်ထက် က စပြီး မိဘများ လက် ထက်တိုင်အောင် ပွဲတက် သုံး ခဲ့သော အထူးယာဉ် ဖြစ်သည် ။ နွားထမ်းပိုး နှင့် ဘီးဒေါက်တွေ က စပြီး ပွတ်လုံး ၊ ပွတ်တိုင်တွေ ဖြင့် အလှအပ ပြုလုပ် ထားသည် ။ ကော့ပျံ နေသည့် လှည်းအိမ် လက်ရမ်း တွေမှာ ယိုဒယားပန်း ကနုတ်ပန်း နှင့် ရုပ်ကြွရုပ်လုံးတွေ ထုဆစ် ထားသည် ။ ကြမ်းခင်း မှာ မွေးပွ ကော်ဇော ထူထူ ခင်း ထားသည် ။ နေ ပူ လျှင် စီး လိုက်သူ ကို နေပူ မခ အရိပ် ရ အောင် စောင်ထူထူ ကို အမိုးကိုင်း ပြုလုပ် ပြီး မိုး ပေး ထားသေးသည် ။

ဒီလောက် တောင် အစစ အဆင် ပြေအောင် လုပ်ပေး လိုက်တာ ကို မခင်အေး က မကျေနပ်နိုင်သေး ဘဲ လှည်းအိမ် ဘေးဝဲယာ ကို လုံအောင် စောင်တွေ ဖြင့် ပါတ်ကာ ခိုင်း လိုက်သေးသည် ။ သူ ပြန် လိုက်ပါ သွားတာ ကို ကိန္နရီချောင်း ရွာသူရွာသားတွေ မမြင်စေ လို ၍ ဟုဆိုသည် ။ လိုက်ပါ သွား လျှင် ပြီးရော ဆိုသည့် သဘော ဖြင့် သူ့ မိသားစု က သူ လိုချင်သည့် ပုံစံအတိုင်း လုပ်ပေး လိုက်ကြသည် ။ ညနေ ( ၃ ) နာရီ လောက် မှာ မခင်အေး ကို တင်ဆောင် သွားသည့် အထူး လှည်းယာဉ် ကိန္နရီချောင်းရွာ က ထွက်ခွာ သွားသည် ။ ဒီတော့ ခုပဲ မခင်အေး ရဲ့ မိဘတွေ သက်မကြီး ချ နိုင် ကြတော့သည် ။

နောက်နေ့ နံနက် နေ မွန်းမတိမ်းမီ အချိန်လောက် မှာ သဖန်းကုန်းရွာ က ကိုလှဖေ နှင့် အပေါင်းပါ တစ်စု တို့ ကိန္နရီချောင်း ရွာ ကို စိုးရိမ်သည့် မျက်နှာ တွေ ဖြင့် ရောက်လာကြသည် ။ ကိုလှဖေ တို့ လူစု သည် မခင်အေး တို့ အိမ်ခြံဝင်း ထဲ ကို အားကျိုး အားနာ မျက်နှာ တွေ ဖြင့် မဝံ့မရဲ ဝင် လာ ကြသည် ။ မခင်အေး နဲ့ ပတ်သက်သည့် အခြေအနေ မှန် ကို အတိအကျ မသိရသေး လို့ စူးစမ်းသည့် အနေ နှင့် မဝံ့မရဲ ပင်မေး သည် ။

“ မနေ့က မခင်အေး မသွားဖြစ်ဘူး ထင်တယ် ”

“ ဟဲ့ မနေ့က ညနေ သုံးနာရီ လောက် မှာ ထွက်သွား တယ်လေ ၊ မရောက်ဘူးလား ”

“ မရောက်ဘူး ၊ ဒီနေ့ မနက် အထိ ရောက်မလာသေး ကျွန်တော် တို့ လိုက် လာတာ ”

“ ဟာ ဒုက္ခပါပဲ ၊ ဒီ ကလေးမ ဘယ်လို လုပ်တာလဲ ”

“ မနေ့က ည ( ၈ ) နာရီ လောက် မှာ သဖန်းကုန်းရွာ ကို ရောက်ရမည့် မခင်အေး သည် ဒီနေ့ နံနက် ( ၉ ) နာရီ လောက် အထိ ရောက် မလာသေး ဆိုသည့် အတွက် မခင်အေး ၏ မိသားစု သာ မက ကိန္နရီချောင်း တရွာလုံး တုန်လှုပ် သွား ကြသည် ။ ဒီ ကိစ္စ ကို အချိန်ဆွဲ လို့ မဖြစ်ဘူး ဆိုပြီး လှည်းဘီး ခြေရာခံ လိုက်ကြရတော့သည် ။

မနေ့ က ညနေ ( ၆ ) နာရီ လောက် မှ မခင်အေး ကို တင်ဆောင် လာသည့် နွားလှည်း သည် လမ်းမကြီး မှ ဖဲ့ဆင်း ပြီး လယ်ကွင်း ကို ဖြတ်၍ ဆူးပုတ်ကုန်းရွာ ဘက် ကို ဦးတည် သွားတာ ကို မြင်လိုက် သူ က သတင်း ပို့ သည် ။ ဖိုးလောင်ကွင်း ကို ဖြတ်၍ ဆူးပုတ်ကုန်း ဘက် ကို လိုက်ကြပြန်သည် ။ နှစ်ဘက်ဆွေ မျိုးတွေ ဖြန့် ခွဲပြီး ဖြစ်နိုင် ရှိသည့် ရွာတွေ ကို လိုက်ကြသည် ။

ဖိုးလောင်ကွင်း ကို ဖြတ်မောင်း သွားသည့် လှည်းဘီး ရာ ပြတ်တောင်း ပြတ်တောင်း ကို တွေ့သည် ။ ကိုလှဖေ က သူတို့ လှည်းဘီး ဖြစ်သည် ဟု အတိအကျ ဆိုသည် ။ သို့သော် လှည်းဘီးရာ သ ည် သွားရိုးသွားစဉ် လမ်းကြောင်း မှ သွေဖီပြီး မြက်ကုန်း တစ်ခု ကို ဖြတ်ကာ တောစပ် တစ်ခု သို့ ဝင်ရောက် သွားသည့် လက္ခဏာ တွေ့ ရသည် ။

မြက်ခင်း ပေါ် မှာ လှည်းဘီး ရာ ပျောက် နေ၍ ဘယ်ဘက် ကို သွားတယ် ဆိုတာ မသိနိုင် ဖြစ်နေသည် ။ နေဝင်မိုးချုပ် သွား လို့ ဒီနေ့ အဖို့ ရှာဖွေသည့် အလုပ် ကို ရပ်လိုက် ကြရသည် ။

မခင်အေး ပျောက် နေတာ ( ၂ ) ည ၊ ( ၁ ) ရက် နှင့် နေ့ တစ်ဝက် ရှိသွားပြီ ဖြစ်သည် ။ သတင်း အစအန မရနိုင်သေး ဖြစ်နေသည် ။ ဒီ အခြေအနေ ဖြစ်လာသော အခါ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဗိုလ်သာထွန်းဦး ကို တိုင်ရ တော့သည် ။ ရောင်စုံ သူပုန်တွေ ကြီးစိုး သည့်ခေတ် ဖြစ်လို့ သူတို့ အသက် နဲ့ သူတို့ လိုက်လံ စုံစမ်းကြသော အခါ တောလမ်း တစ်နေရာ မှာ မြို့ ဘက် ကို ခရီး ဆက် မောင်းနှင် သည့် မခင်အေး တို့ လှည်း ကို ဖမ်းမိ လိုက် တော့သည် ။ ဖမ်း မိသည့် အချိန် အထိ ဆိုလျင် မခင်အေး ပျောက် နေတာ (၅) ရက် ရှိပြီ ဖြစ်သည် ။

ကျေးရွာအုပ်ချုပ်ရေး က လည်း ယာဉ်မောင်း မောင်လှမြင့် ကို စစ်ဆေး မေးမြန်းသည် ။ မောင်လှမြင့် သည် ကြောက်ပြီး တုန်တုန်ယင်ယင် ဖြစ်နေသည် ။ ကိုလှဖေ ၏ တူအရင်း ဖြစ်သည် ။ မြို့ကျောင်း မှာ တက် နေသည့် ဆယ်တန်းကျောင်းသား ဖြစ်သည် ။ မခင်အေး နှင့် ရင်းနှီးပြီး သူ ဖြစ်သည် ။ ကျောင်း ပိတ် လို့ ရွာ ကို ခဏ ပြန်လာ စဉ် ဦးလေး ကိုလှဖေ က မခင်အေး ကို သွား ခေါ်ရန် တာဝန် ပေးလို့ သွား ခေါ်ရာမှ အခုလို အမှု ဖြစ်ရခြင်း ဖြစ်သည် ။

မခင်အေး ကို ကိန္နရီချောင်းရွာ မှ လှည်း ဖြင့် တင်ခေါ် လာပြီး သဖန်းကုန်း ကို ဦးတည်သွား နေစဉ် ဦးတည် မောင်းနေစဉ် ခင်အေးသည် သဖန်းကုန်း ကို မသွားချင်ကြောင်း တတွတ်တွတ် ပြော လာသည် ဟု ဆိုသည် ။ ဖိုးလောင်းကွင်းစပ် အရောက် မှာ တွေ့ရသည့် လှည်းလမ်းကြောင်း အတိုင်း လယ်ကွင်း ကို ဖြတ်မောင်း ခိုင်းပြီး ဆူးပုတ်ကုန်းရွာ ဘက် သို့ သွားရန် အမိန့် ပေးသည် ဆို ပါသည် ။

“ ဒီနေ့ ည သဖန်းကုန်း ကို မသွားချင်သေးဘူး ဆူးပုတ်ကုန်း က ငါ့ အဒေါ် အိမ် မှာ တစ်ညအိပ် ပြီး မှ သွားမယ် ဆူးပုတ်ကုန်း ကို မောင်း ”

“ ကောင်းပါ့ မလား ဒေါ်လေး ရယ် ၊ ဦးလေးလှဖေ နဲ့ မိသားစု က သဖန်းကုန်း ရွာထိပ် မှာ စောင့်ကြို နေကြတယ် ။ မိုး ချုပ် လို့ ရောက် မလာရင် စိတ်ပူ နေကြလိမ့်မယ် ။ ”

“  ငါ မသွားချင်သေးဘူး ဟယ် ။ မောင်း မှာ သာ မောင်း စမ်းပါ ”

တစ်နှစ် ခန့် အတူ နေခဲ့ဖူးသည့် ငယ်နိုင် နှင့် ငယ်ကြောက် ဖြစ်လို့ ပြန် မလှန်ရဲတော့ဘဲ သူ ခိုင်းသည့် အတိုင်း လုပ်ခဲ့ ရသည် ။ ဆူးပုတ်ကုန်း ရောက်ခါနီး ကျပြန် တော့ လည်း ရွာ ထဲ ကို မဝင်ဘဲ မြက်ကုန်း တစ်ခု ကို ဖြတ် တက်ပြီး တော ထဲ ကို မောင်းဝင်း ခိုင်း သည် ။ တော ထဲ မောင်းဝင်ပြီး သူ ရပ် ခိုင်းသည့် နေရာ မှာ ရပ် လိုက်တော့ နေဝင် မိုးချုပ် သွားပြီ ဖြစ်သည် ။

သူ့ အိမ် က ထည့်ပေး လိုက်သည့် ထမင်းချိုင့် ကို နှစ်ယောက် အတူ ဖွင့်စား ကြပြီး လှည်းပေါ် မှာ ငုတ်တုတ် ထိုင် နေကြသည် ။ နွားတွေ လည်း လှည်း မှာ ကပ်လျက် မအိပ် ရ ဘဲ ရပ်နေ ကြသည် ။

“ နင့် အသက် ဘယ်လောက် ရှိပြီလဲ ”

“ ၂၀ ရှိပြီ ”

“ ငါ့ ထက် ရှစ်နှစ် ပဲ ငယ်တယ် ၊ ငါ့ မောင် အငယ်ကောင် နဲ့ ရွယ်တူပဲ ”

ဦးလေး ရဲ့ ဇနီး မို့ ဒေါ်လေး လို့ ခေါ် ပေမယ့် အသက် အရွယ် အရ မမ လို့ ခေါ် လျှင် ရတယ် ဆိုသည့် အဓိပ္ပာယ် ဖြစ်သည် ။ မောင်လှမြင့် က အသက် ငယ် သော်လည်း အရွယ် က ကြီး နေတော့ မခင်အေး ထက် တောင် အရပ် မြင့် နေသည် ။ တစ်အိမ် တည်း အတူ နေခဲ့ကြ သော်လည်း ဦးလေး ရဲ့ ဇနီး ဖြစ် လို့ နီးနီးကပ်ကပ် မကြည့် မိ ခဲ့ ၊ အခုလို တော ထဲ က လေးပေပါတ်လည် မျှ သာ ကျယ်သည့် နွားလှည်း ပေါ် မှာ အသားချင်း ထိ မျှ ပူးပူးကပ်ကပ် နေ ရ တော့ မှ ဒေါ်လေး ရဲ့ အလှ ကို သတိထား မိသည် ။ အသားအရေ က နုညက် နေသည် ။ အချိုးအဆစ် ပြေပြစ်ပြီး ညိုချော ချောသူဖြစ်သည် ။ အကြည့်ချင်း ဆုံတိုင်း ရင်ခုန် နေတော့သည် ။

“ အိပ် ချင် ရင် ခွေ အိပ်ပါလား ၊ ကျွန်တော် မအိပ်ဘူး ၊ ထိုင် နေမယ် ”

မမ လို့ မခေါ်ရဲသေး သည့် အတွက် ဒေါ်လေး လို့ လည်း မခေါ်ပဲ စကားချည်း သက်သက် စမ်း ပြော ကြည့်သည် ။ သူ  ကလည်း ဒါကို ရိပ် မိပြီး သဘောကျ သည့် လက္ခဏာ ပြသည် ။

“ မအိပ်ချင်သေးပါဘူး ၊ နင့် ဦးလေး ကို ငါ ပြန် မပေါင်းချင်ဘူး ”

“ ဒါဆိုရင် ဘယ်လို လုပ်ကြမလဲ ”

ဦးလေးလှဖေ နဲ့ ပြန် မပေါင်းချင်တော့ဘူး လို့ ပြောလိုက် တာ ကို ပင် သဘော ကျပြီး ရင် ခုန် သွားပြန်သည် ။ တကယ် ဆို လျင် မသင့်ဘူး ၊ မတော်ဘူး လို့ ပြောပြီး ဦးလေး ဘက် က ရပ်တည်ရမည် ဖြစ်သည် ။ အခုတော့ အားပေး အားမြှောက် သဘော ဖြင့် ဘယ်လို လုပ်မလဲ ဟု မေး မိသည် ။

“ မြို့ကို ရောက်အောင် သွား ချင်တယ် ။ မြို့ ကို ရောက် မှ အခြေအနေ ကြည့် လုပ်မယ် ”

မိမိ နှင့် အတူ မြို့ ကို ထွက်ပြေးကြမယ် လို့ သွယ်ဝိုက်ပြီး တိုင်ပင်ခြင်း ဖြစ်သည် ။ ဘာကြောင့်မှန်း မသိ ။ သူ ပြောသမျှ သဘောတူ နေ မိသည် ။ ဦးလေးလှဖေ ကို ဘယ်လို အကြောင်း ကြောင့် မှ ပြန် မပေါင်းနိုင်ကြောင်း ၊ တစ်နေ့ တစ်ခြား စိတ် ကုန် လာကြောင်း ၊ သူ နဲ့ ပြန်ပေါင်း နေရတာ ဆန္ဒ မပါသည့် အတွက် ငရဲခံ နေရသလို ဖြစ်နေကြောင်း ၊ ကိုယ် ချစ်တဲ့ သူ နဲ့ သာ အတူ နေ လိုကြောင်း ၊ ပိုက်ဆံ မချမ်းသာချင် နေပါစေ ၊ ချစ်တဲ့သူ နဲ့ အတူ နေပြီး စိတ်ချမ်းသာ ချင်ကြောင်း ၊ ပြောပြပြီး မသိမသာ ရှိုက်ငို မိ ပါသည် ။

“ သူတို့ လိုက် လာကြပြီး အတင်းအဓမ္မ ပြန် ခေါ်ရင် ဘယ်လို လုပ်မလဲ ”

“ ရမလား ၊ မလိုက်ဘူး ၊ ရှင့် ကို မကြိုက်ဘူး ၊ မပေါင်းနိုင်ဘူး လို့ ပြောမှာပေါ့ ”

မောင်လှမြင့် အားတက် လာသည် ။ သတ္တိတွေ ရှိလာသည် ။ တရားဝင် ဇနီး ပင် ဖြစ်သော်လဲ အမျိုးသမီး က မပေါင်းလိုတော့ပါ ဟု အကြောက်အကန် ပြောလာပါ က ယောက်ျား က ဘာမျှ ပြောပိုင်ခွင့် မရှိဘဲ လက်လွတ် လိုက်ရသည့် သာဓက တွေ ရှိခဲ့တာ ကို သိနေခြင်း ကြောင့် ဖြစ်သည် ။

“ ကျွန်တော့် ကို အမှု လုပ် နေကြပါဦးမယ် ”

“ စိတ်ချ ၊ ဘာမှ မဖြစ်စေရဘူး ၊ အာမခံတယ် ”

မခင်အေး သည် အတွေ့အကြုံ ရှိသူ ဖြစ်သည် ။

ဒီ ကိစ္စ မျိုး နဲ့ ပတ်သက်လျှင် ဥပဒေ ကျွမ်းကျင်တယ် လို့ တောင်ပြောလို့ ရသည် ။မ ခင်အေး က အာမခံတယ် ဆိုတော့ မောင်လှမြင့် စိတ်အေး သွားသည် ။ ညည့်နက် လာ လို့ တစ်ယောက် မျက်နှာ ကို တစ်ယောက် က မထင်မရှား သာ မြင်ရ တော့သည် ။ ခြင် မကိုက် အောင် ကာ ကား သည့် စောင်တွေ ကို လုံအောင် ပိတ် လိုက်တော့ ပို မှောင် သွားသည် ။

မခင်အေး က အိပ်ချင်လို့ ဝါးကနဲ သမ်း ဝေသည် ။ မောင်လှမြင့် က အိပ်ချင်ရင် လှဲအိပ်ချပါလား လို့ ပြောပြီး လှည်းအိမ်ကျဉ်းကျဉ်းလေး ထဲ မှာ နေရာ ရွှေ့ ပေးသည် ။ မခင်အေး က ခွေခွေကလေး လှဲ အိပ် ချပြီး မောင်လှမြင့် ရဲ့ ပေါင် ပေါ် မှာ ခေါင်း အုံး လိုက်သည် ။ မောင်လှမြင့် ရဲ့ ရင် တအား ခုန်ပြီး သွေး ပူ သွားသည် ။

မောင်လှမြင့် က မခင်အေး ကို ခြင် ကိုက် မှာ စိုးလို့ ယပ်ခပ် ပြီး ခြင်မောင်း ပေးသည် ။ အေး မှာ စိုးလို့ ပါ လာသည့် တဘက် ဖြင့် လွှမ်းခြုံ ပေးသည် ။ မလုံလို့ ပေါ် နေသည့် လက်မောင်း နှင့် မျက်နှာ ကို နွေး သွားအောင် ရင်ဘတ် ဖြင့် ခပ်ရွရွလေး ဖိ ပေးထားသည် ။

မခင်အေး က မောင်လှမြင့် အိပ်ချင် လျှင် သူ့ ကိုယ် ပေါ် ဖိချ ပြီး အိပ် ဆိုသည့် သဘော ဖြင့် မောင်လှမြင့် ရဲ့ ကိုယ် ကို ဆွဲယူပြီး သူ့ ကိုယ် ပေါ် ကို အသာ ဆွဲ လှဲ လိုက်သည် ။ အိပ်ငိုက် နေပြီ ဖြစ်သည့် မောင်လှမြင့် က လည်း ခွင့်ပြုချက် ရသည် နှင့် တပြိုင်နက် မခင်အေး ရဲ့ ကိုယ်ပေါ် ကို အသာ လှဲချပြီး မှေး လိုက်သည် ။ မှေး လိုက်တော့ မခင်အေး ဆီ က မွှေး တဲ့ အနံ့ ကြောင့် ရင် ထဲ မှာ နွေးကနဲ ဖြစ် သွား သည် ။ လေးပေ ပတ်လည် မျှ သာ ကျယ်သည့် လှည်းအိမ်လေး ထဲ မှာ  ပူးပူးကပ်ကပ် ၊ ပွေ့ပွေ့ဖက်ဖက် နေကြရတော့ လှည်း က လှုပ်လွန်း သည် ။ လှည်း လှုပ်တာတွေ များလာတော့ ထမ်းပိုး က မဖြုတ်ရသေး တဲ့ နွား နှစ်ကောင် က သွားခိုင်းတယ် ထင်လို့ လန့်ပြီး ဆွဲ ပြေးသည် ။ ဒီတော့ မှ ကုန်း ထ ကြပြီး နွားတွေ ကို ရပ်ခိုင်း ရသည် ။ လှည်းထမ်းပိုး က ဖြုတ်ပြီး အိပ်စက် အနားယူ ခိုင်း လိုက်ရသည် ။

သာထွန်းဦး စစ်ဆေး မေးမြန်းတာ ကို မောင်လှမြင့် က အမှန်အတိုင်း ဖွင့်ချ ဝန်ခံသည် ။ ( ၂ ) ရက် နှင့် ( ၂ ) ည လှည်းအိမ် ကျဉ်းကျဉ်းလေး ထဲ မှာ အတူ အိပ်ခဲ့ကြကြောင်း ဖြောင့်ချက် ပေး သည် ။

မခင်အေး က လည်း မငြင်း ။ မိမိ သည် ကိုလှဖေ ကို ပြန် ပေါင်း လိုသည့် ဆန္ဒ မရှိတော့ပါ ဟု ဆိုသည် ။ မောင်လှမြင့် နှင့် မိမိတို့ မြို့ ကို သွားပြီး တရားရုံး မှာ လက်ထပ်ကြရန် တောလမ်း သွား နေစဉ် အဖမ်း ခံလိုက်ရတာ ဟု ဆိုသည် ။

ဒီ အခြေအနေ ဖြစ်နေပြီ ဆိုတော့ ဘာ ဥပဒေ မှ မရှိသည့် ကွန်မြူနစ်တရားရုံး က မခင်အေးနှင့် မောင်လှမြင့် တို့ ကို တရားသေ လွှတ် လိုက်သည် ။ ကျွန်တော့် ယောက်ဖ လူရိုးကြီး ကိုလှဖေ မှာ သာ နာမည် တစ်လုံး အဖတ်တင် ကျန်ခဲ့သည် ( မင်းကျန်ရစ် တဲ့ ) ။

ပုဂံ ရာဇဝင် ကို သေသေချာချာ မလေ့လာဘဲ နဲ့ ရမ်းသမ်း ပြီး နာမည် ပေး တတ်ကြတဲ့ ကျွန်တော်တို့ ရွာ က လူတွေ မကောင်း တာ ပြောပါတယ် ။

◾ အဏ္ဏဝါစိုးမိုး

📖  သောကြာ စာစောင်
     ၂၀၀၄ ခု ၊ မတ်လ

#ကိုအောင်နိုင်ဦး

.

 

Thursday, July 20, 2023

ပန်းပွင့် နှလုံးသား


 ❝ ပန်းပွင့် နှလုံးသား ❞


သူ က ထူးခြားတဲ့ လူ တစ်ယောက် ဆိုတာ မြင်သူ တိုင်း က အကဲဖြတ် မှာ သေချာတယ် ။ အသွင် သဏ္ဌာန် က သူများ နဲ့ ခြားနားတယ် ။ ဘုန်းကြီး ဆောင်း ထီး တစ်လက် ကို လက် တစ်ဖက် က ကိုင် ထားတယ် ။ အခြား လက် တစ်ဖက် မှာ တော့ ဘာတွေမှန်း မသိတာ တွေ ထည့် ထား လို့ ပြည့်ဖောင်း နေတဲ့ ကြွပ်ကြွပ်အိတ်ကြီး တစ်လုံး ကို ဆွဲ ထားလေ့ ရှိတယ် ။


အရပ် ရှည်ရှည် ၊ လူပုံ က နွဲ့နွဲ့ ၊ အသား က ဖြူဖြူ ၊ သူ အသား ဖြူပုံ က သလင်းကျောက် ဖြူ သလို ဖြူတာ ၊ သူ့ အသက် က ငါးဆယ် ကျော် ။ တစ်ခေါင်း လုံး က ဆံပင်တွေ ဆွတ်ဆွတ် ဖြူ နေပြီ ။ ဆံပင် က နည်းနည်း ရှည်ပြီး နွဲ့နွဲ့ပျောင်းပျောင်း မို့ ကြည့် လို့ ကောင်းတယ် ။ နှုတ်ခမ်းမွေး က လည်း ဆံပင် နဲ့ တစ်ရောင် တည်း တစ်ပုံစံ တည်း ။ သူ့ မျက်လုံး က လည်း အခြား သူတွေ လို အညိုရောင် ၊ အနက်ရောင် မဟုတ်ဘဲ မီးခိုးရောင် ၊ သူ့ မျက်ဝန်း ထဲ မှာ အဆွေးဓာတ် တွေ ပါ နေ သလိုပဲ ။


မန္တလေးမြို့ က အထင်ကရ ဘုရား တစ်ဆူ ဖြစ်တဲ့ ရွှေကျီးမြင့်ဘုရား တနင်္ဂနွေထောင့် အာရုံခံ ဇရပ် မှာ အမြဲ လိုလို သူ ရှိ နေတယ် ။ သူ့ နာမည် က ဦးတင်မြင့် ပါ ။


အာရုံခံဇရပ် ကြွေပြားအခင်း ပေါ် မှာ သူ့ လက်စွဲတော် ဘုန်းကြီးဆောင်း ထီးကြီး ချ ထားတယ် ။ သူ့ ဘေး ပတ်ပတ်လည် မှာ ပန်းခြောက်လေးတွေ ရှိတယ် ။ ပန်းကလေးတွေ ကို စက္ကူချပ် ပေါ်  အဆင်ပြေပြေ ကပ်ရင်း ပန်းပန်းချီ သူ လုပ်နေတာ ကို ဝိုင်းအုံ ကြည့် နေသူတွေ လည်း ရှိသည် ။ ကြည့်သူတွေ ထဲ မှာ နိုင်ငံခြားသား ဧည့်သည်တွေ လည်း တစ်ခါတစ်ရံ ပါ တတ်တယ် ။ ရွှေကျီးမြင့်ဘုရား က မန္တလေး မြို့လယ် မှာ ရှိပြီး ဘုရား အနီးတစ်ဝိုက် မှာ နိုင်ငံခြားသား ဧည့်သည် တွေ တည်း လေ့ ရှိတဲ့ အီးတီ ၊ နိုင်လွန် ၊ ကလပ်စစ် စတဲ့ ဟိုတယ်တွေ လည်း ရှိလို့ သူတို့ က ဘုရား ထဲ ဝင် လာ တတ်တယ် ။ ဦးတင်မြင့် ရဲ့ ပန်း ပန်းချီကားတွေ ကို ဝယ် သွားလေ့ ရှိတယ် ။


ဦးတင်မြင့် က ပန်းပွင့်ခြောက်ကလေးတွေ အပြင် မြက်ရိုင်းပင် အမျိုးစုံ ၊ သစ်ရွက်စုံ ၊ လိပ်ပြာ ၊ ပုစဉ်းတွေ ပါ လိုက်ဖက် ညီ အောင် ဖွဲ့စည်းပြီး ပန်းချီကားချပ်ကလေးတွေ ဖန်တီး တာ ဖြစ်တယ် ။


အမှန်တကယ် က တော့ သူ က ချစ်ဦးသူ နဲ့ လွဲပြီး အသည်း ကွဲ ခဲ့ရ သူပါ ။ ဒါကို ဖြေသိမ့်မှု တစ်ခု အနေ နဲ့ ပန်းခြောက်ကလေးတွေ ကို ပန်းချီ လုပ် နေတာ ။


အသည်းကွဲ တိုးရစ်ဂိုက် တစ်ယောက် ရဲ့ဘဝ ကို ဦးတင်မြင့် က ယခု လို ပြောပြတယ် ။


•••••   •••••   •••••


ပျဉ်းမနား မှာ ကျွန်တော် မွေး တယ် ။ ကျွန်တော် ခြောက်နှစ်သား မှာ အမေ ဆုံးတယ် ။ ကျွန်တော် ၁၈ နှစ် မှာ အဖေ ဆုံးတယ် ။ ကျွန်တော့် ဘဝ မှာ တစ်ယောက် တည်း နေ ခဲ့ရတာ များတယ် ။


အဖေ ဆုံး သွားတော့ ကျွန်တော် မန္တလေး ကို လာခဲ့တယ် ။ ဘက်ထရီ ဆိုင်လေး ဖွင့် တာပေါ့ ။ အသက် နှစ်ဆယ်ကျော် မှာ ချစ်ဦးသူ ကို ကျွန်တော် စ တွေ့ တာပဲ ။


သူ က ခေတ် ဆန်တယ် ။ ဂီတာ တီး တတ်တယ် ။ သူ့ သီချင်း စာအုပ်တွေ ကျွန်တော့် ကို ပြတယ် ။ သီချင်းစာသားလေးတွေ ဘေးမှာ ပန်းခြောက်ကလေးတွေ ကပ် ထားတယ် ။ ကျွန်တော် လည်း ပန်းကလေးတွေ ကို သဘောကျ တာ နဲ့ စာအုပ် ကြား မှာ ညှပ်ပြီး အခြောက်ခံ ထား ဖူးတယ် ။ ချစ်ဦးသူ ကိုယ်တိုင် လုပ် ထားတဲ့ ပန်းစာအုပ်လေး က တော့ သိပ် လှတာပဲ လို့ ကျွန်တော် ထင် တာပေါ့ ။


အချစ်စစ် အချစ်မှန် ဆိုတာ မဖြောင့်ဖြူးဘူး ဆိုတာ လိုပဲ သူ့ ကို ဆရာဝန် က အိမ်ထောင် မပြုသင့်ဘူး လို့ ပြောထား သတဲ့ ။ သူ့ ကို ကျွန်တော် စွဲစွဲနစ်နစ် ချစ် နေ တာ ။ တို့ အချင်းချင်း ပလာတိုးနစ်လဗ် ( platonic love တဏှာ ကင်းတဲ့ မေတ္တာ ) နဲ့ ချစ် နိုင်တာပဲ ။ မင့် ဆီ က မိခင် မေတ္တာမျိုး ကို ကိုယ် မျှော်မှန်းပြီး နေ နိုင်တာပဲ လို့ ပြောတဲ့ အခါ သူ က ကျွန်တော့် ကို နစ်မွန်း မှာ စိုးတယ် တဲ့ ။


ကျွန်တော့် မှာ မွေးချင်း လေးယောက် ရှိတယ် ။ သုံးယောက် က နိုင်ငံခြား မှာ ၊ ကျွန်တော်တို့ ခေတ် တုန်း က ခေတ်စား တာ ကနေဒါ ၊ ဩစတြေးလျ ၊ အမေရိကန် ကို သွား ကြတာ ။ ကျွန်တော့် ဘဝ တိုးတက်အောင် သွားပါ တဲ့ ။ ကျွန်တော် က လည်း နွေးထွေးတဲ့ ရင်ခွင် မှာ ပဲ ခိုလှုံ ချင်တယ် ဆိုတဲ့ လူ လေ ၊ မသွားဘူး ။


၁၉၈၃ ခု လောက် မှာ ကျွန်တော့် ညီ နိုင်ငံခြား သွား လို့ လေယာဉ်ကွင်း ကို လိုက် ပို့ရင်း ရန်ကုန် ရောက် သွားတယ် ။ ဆရာ လူထုဦးစိန်ဝင်း ဆီ မှာ အင်္ဂလိပ်စာ စကား သင်တယ် ။ ကျွန်တော့် ချစ်ဦးသူ က အင်္ဂလိပ်စာ ဝါသနာ ပါ တယ် လေ ။


တတ် ထားရင် ကောင်းတာပဲ ဆိုပြီး ဝင် သင်တာ ။ တကယ်လည်း ကောင်း ပါတယ် ။ ဒါကြောင့်လည်း နောင် မှာ ဟိုတယ်တွေ မှာ အလုပ် ရတာ ၊ တိုးရစ်ဂိုက် လုပ်နိုင်တာပါ ။


ဒါပေမယ့် ရန်ကုန် မှာ ကြာကြာ မနေနိုင်ဘူး ။ မန္တလေး ပဲ ပြန် ချင်တယ် ။ မန္တလေး ရောက် တော့ လည်း အသက် ဝမ်းကျောင်း ဖို့ အလုပ် လုပ်ဖို့ လို သေးတယ် ။ လားရှိုး မှာ အလုပ် ရ လို့ သွား လုပ်တယ် ။ မပျော်ပိုက်ဘူး ။ မန္တလေးပြန် ခဲ့တယ် ။ နောက် ကျောက်စိမ်းမှော် ထဲ လိုက် သွားတယ် ။ အခြား သူတွေ လို လည်း အပမ်း မခံနိုင် တော့ စားဖိုမှူး တာဝန် ပဲ ယူတယ် ။ ခြောက်လ လောက် ကြာတော့ မန္တလေး ပြန် ခဲ့ ပြန်တယ် ။


မန္တလေး ပြန်လာပြီး ဟိုတယ် လောက ဝင် လုပ်တယ် ။ အင်္ဂလိပ်စာ လည်း

မတောက်တခေါက် တတ် တာ ကိုး ။ နေချရယ် အင်း ၊ အေဒီဝမ်းဟိုတယ် ၊ တိမ်ဖြူ ဟိုတယ်တွေ မှာ ဝင် လုပ် ခဲ့တယ် ။ နောက် ဟိုတယ်ဝန်ထမ်း အလုပ် က ထွက် လိုက်ပြီး အပျော်တမ်း ဂိုက် လုပ်တယ် ။


တစ်နေ့တော့ ဆုတောင်းပြည့်ဘုရား ထဲ မှာ စာ သွား ဖတ်ပြီး ထွက် လာရင်း လမ်းဘေး ကို ဟိုကြည့် သည်ကြည့် ကြည့် လာ မိတယ် ။ ပန်းကလေး တစ်ပွင့် တွေ့တယ် ။ အဝါရောင်လေး တော်တော် လှပါလား ။ ဘာပင်ပါလိမ့် သွား ကြည့် တော့ ခဝဲပွင့် ။


ပန်း ဆိုတာ တန်းဖိုး ကြီး မှ ရယ် မဟုတ်ပါဘူး ။ ခဝဲပွင့်လေး ပေမယ့် လှူရင် ကုသိုလ် ရပါတယ် ဆိုတဲ့ မဟာစည်ဆရာတော်ကြီးဟောဖူး တဲ့ တရားစကား ကို အမှတ် ရ ပြီး ခဝဲပွင့်ကလေး ကို ခူးပြီး စာအုပ် ကြား မှာ ညှပ် ၊ အခြောက် ခံ လိုက်တယ် ။ ခဝဲပွင့်လေး က ခြောက် သွားမှ အဝါရောင် က ပို လွင်ပြီး လှ လာတယ် ။ ငုဝါ လည်း သည်လိုပဲ ၊ ခြောက် ရင် ပို လှတယ် ။ အကြောကလေးတွေ လည်း ပေါ် လာတယ် ။


ပန်းပွင့်လေးတွေ သူ့ သဘာဝ အတိုင်း ၊ ပွင့်ကြ ၊ ကြွေကြ ၊ အခြောက် ခံပြီး စာအုပ် ကြား ထဲ ညှပ်ထားပြန် ရင်လည်း သူ့ အလှ ကို ဘယ်သူ မှ မတွေ့ မမြင်ရဘဲ တိမ်မြုပ် ပျောက်ကွယ် သွားရတော့မှာပဲ ။ ဘယ်သူ မှ လည်း ခံစားရတော့ မှာ မဟုတ်ဘူး လို့ တွေးမိတယ် ။ ချစ်ဦးသူ ရဲ့ သီချင်းစာအုပ်ကလေး ထဲ မှာ ပန်းခြောက်ကလေးတွေ အလှ ဆင် ထားတာ ကို လည်း သတိရတယ် ။ ကျွန်တော် က တိုးရစ် လောက မှာ ကျင်လည် နေတဲ့ အချိန် ဆို တော့ ပန်းခြောက်ကလေးတွေ နဲ့ ပို့စကတ် လုပ်ပြီး နိုင်ငံခြားသားတွေ ကို ရောင်းဖို့ စိတ်ကူးတယ် ။ ရွှေကျီးမြင်ဘုရား အာရုံခံ ထဲ မှာ ငုဝါ ပန်းခြောက်ကလေးတွေ နဲ့ ပန်း ပန်းချီ ပို့စကတ် ထိုင်လုပ် နေတာ ဂျာမန် အမျိုးသမီး တစ်ယောက် က တွေ့ပြီး ဈေးဦး ပေါက် ဝယ် သွားတယ် ။ သူ ဂျာမနီ ပြန် ရောက်တော့ ကျွန်တော့် ဆီ ကို အမှတ်တရ ပို့စကတ် ပြန် ပို့ ပေးပါတယ် ။


ပန်းတွေ ကို လုံးဝ ခြောက် သွား အောင် လုပ် လိုက်ရင် အကြာကြီး ခံတယ် ။ မှို လည်း မတက်ဘူး ။ ( စက္ကူ မှာ ကပ် ထားတဲ့ ကံ့ကော်ပန်းခြောက်ကလေး တစ်ပွင့် ကို ပြရင်း ) ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ် လောက် က ပန်းပွင့်ကလေး ။ အခု အထိ လှ ဆဲ ပဲ ။


အချို့ ပန်းတွေ ကို အခြောက် ခံ လိုက် ရင် သဘာဝ မူလ အရောင် မဟုတ်ဘဲ ပြောင်းလဲ သွားတယ် ။ အချို့ ပန်းတွေ က ပို လှလာတယ် ။ ကျွန်တော် က တော့ ပန်းအမျိုးစုံ လုပ် နေတာပဲ ။ မြန်မာ့ ဆယ်နှစ်ရာသီပန်းတွေ လည်း လုပ်မယ် ။


ပန်းချီ ပုံဖော်ဖို့ အတွက် သစ်ရွက်တွေ လည်း အခြောက် ခံပြီး သုံးတယ် ။ ပုန်းညက်ရွက် က အရွယ် လည်း ကြီး ၊ အရောင် လည်း စုံတော့ အသုံး တည့်တယ် ။ မြက်ရိုင်းလေးတွေ ၊ လိပ်ပြာ ၊ ပုစဉ်းတွေ လည်း ရောစပ်ပြီး သုံးတယ် ။


ကတ် နောက်ကျော မှာ မြန်မာတိုင်းရင်းသား အမျိုးစုံ ရဲ့ စကားပုံ ရဲ့ အယူအဆတွေ ၊ ပန်းပွင့်ကလေးတွေ နဲ့ ဆိုင်တဲ့ အကြောင်းအရာတွေ လည်း ရေးထားတာ နိုင်ငံခြားသား တွေ က စိတ်ဝင်စားတယ် ။ ကျွန်တော် က အစ္စရေး ၊ အိန္ဒိယ ၊ တရုတ် ၊ ဂျပန်နိုင်ငံ ပေါင်းစုံ က ဧည့်သည်တွေ အကြိုက် တွေ့  နိုင်တဲ့ ပုံကလေးတွေ အမျိုးစုံ လုပ်ထားတယ် ။ ဘုရား ထဲ ဝင် လာရင်း ဝယ်ကြပါတယ် ။


ကျွန်တော့် အလုပ် မှာ ကျွန်တော် ဈာန် ဝင် နေတော့ ပျော် နေတာပါပဲ ။ ပန်း ပဲ ကပ် နေချင်တာ ။ ကျွန်တော့် မှာ အချစ် ခံစားမှု က လည်း ရှိ ခဲ့တော့ ပန်းကလေးတွေ ကို ချစ်တယ် ။ ခံစားမှု အတွက် ဖြေသိမ့်မှု အနေ နဲ့ ပန်းခြောက်ကလေးတွေ ကို ပန်းချီ လုပ် နေတာပါ ။


ကျွန်တော့် ချစ်ဦးသူ လည်း မန္တလေး မှာ ပဲ ရှိပါသေးတယ် ။ အိမ်ထောင် လည်း မပြုပါဘူး ။


◾ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ အဖုံဖုံ


#ကိုအောင်နိုင်ဦး


.

အနုဝင်္ကပါ ( ၄ )



 ( ၄ )


အောင်ပြည့် ကြောင့် သာဓု တွင် ပြဿနာ တစ်ရပ် နှင့် လက်ထပ်ရသ လို ဖြစ်နေ ချေပြီ ။  


အကြောင်းသည် ကား ...


သူ ( အောင်ပြည့် ) တာဝန် ယူ ထားရသော ချယ်ရီမဂ္ဂဇင်း အတွက် ပွဲဦး ထွက် အနေ ဖြင့် သာဓု ရေးနည်း ဟူသော “ အရှင်ကြီး ” ဝတ္ထု ရေး ပေး လိုက် အပြီး နောက် တစ်လ အတွက် ဝတ္ထု မရေးနိုင် ဖြစ် နေချိန် ...


“ ဆရာ ဝတ္ထု မရေးနိုင်လဲ တစ်မျက်နှာ ၊ နှစ်မျက်နှာ စာ လောက် ဖြစ်ဖြစ် ဆောင်းပါးလေး တော့ ရေးပေးပါ ဆရာ ၊ ဘာ အကြောင်းပဲ ဖြစ်ဖြစ်ပေါ့ ” 


သာဓု စဉ်းစား၏ ။ အဘယ်မည် သော အကြောင်းအရာ ကို ရေးလျှင် ကောင်းမည်နည်း ။ စီးကရက် သုံးလေး ဖွာ မျှ အကြာ တွင် ကောက်ကာ ငင်ကာ ...  


“ ရုပ်ရှင် အကြောင်းကော ဆရာ ”  


သာဓု အဖို့ လွယ် နေသော အကြောင်းအရာ ဖြစ်၍  ...  


“ အေး ... ကောင်းသားပဲ ”  


“ နာမည် ခေါင်းစီး ဘယ်လို တပ်မလဲ ဆရာ ၊ ကျွန်တော် ပန်းချီ အပ် လိုက်တော့မယ် ”   


“ မင်း ဟာ ကလဲ လောလှချေလားကွ ”   


“ မလောလို့ မရဘူးဆရာ ၊ ဆရာ လဲ မဂ္ဂဇင်း ထုတ်ခဲ့ဖူးတာ ၊ ဆရာသိသား နဲ့  ၊ ဩ ... ဆရာ  ...  “ အနုပညာ ဝင်္ကပါ မှာ ” ဆိုရင်ကော  ... ”   


သာဓု ကို ဗိုလ် ခန့်ပြီး သူ က ချည်း ရှေ့မှ ချီတက် နေ သဖြင့်  ...  


“ နေဦးကွာ ၊ ဆရာ စဉ်းစားဦး မယ် ... ”  


သူ ဆေးလိပ် တစ်လိပ် ထုတ်သည် ။ သာဓု က စီးကရက် ပေးသည် ကို မယူ ၊ သနပ်ဖက် ကို သာ သူ နှစ်သက်ပုံ ရသည် ။


“ ဟေ့  ... ဒီလို လုပ်ကွာ ၊ ( ပညာ ) တို့  ၊ ( မှာ ) တို့ ဖြုတ်လိုက် ၊ ( အနု ဝင်္ကပါ ) ပေါ့ ။ ဒါတောင် ဆရာ့ အာဘော် ၊ ဆရာ့ အရေးအသား နဲ့ ၊ ပျော့ သလိုလိုပဲ ... ” 


“ ဒီအတိုင်း ကောင်းပါတယ် ဆရာ ”   


“ အေးလေ ... ထားပေါ့ ” 


သို့နှင့် အနုဝင်္ကပါ ကို စ ရေးလိုက် မိရာ မှ လစဉ် လိုလို အပူ ကပ်လေ တော့၏ ။ လဆန်း ( ၁ ) ရက် ၊ ( ၂ ) ရက် လောက် ဆိုလျှင် ထွက်ပြီး စာအုပ် နှင့် စာမူခ ပို့ရင်း နောက်လ အတွက် ဆောင်းပါး တောင်း တော့၏ ။ 

အမှန်အားဖြင့် အနုဝင်္ကပါ ကို လစဉ် ပင်တိုင် ရေးရန် လုံးဝ စိတ် မကူး ခဲ့ ။ ရေးချင်ချင် ရှိလာက ၊ ရေးမည် ။ စိတ် မပါသော် မရေး ။  


ထို အတိုင်း ၊ သဘော ထားခဲ့ သော်လည်း နောက်ပိုင်းတွင် မူ အောင်ပြည့် တို့ နားပူနားဆာ လုပ် ကြသည် ထက် ၊ သာဓု ၏ စာရှု ပရိသတ် တို့ က စာ အားဖြင့် လည်းကောင်း ၊ ဖုန်း ဆက်၍ တစ်သွယ် ၊ အသံ ကျယ်ကျယ် တောင်းဆို လာကြသည် ကို လေးစားသော အား ဖြင့်  ... 

မရေးဘဲ မနေသာ သည့် ပြဿနာ တစ်ရပ် ဖြင့် လက်ထပ် လိုက်ရဘိသို့ နေ ကောင်းကောင်း ၊ မ

ကောင်းကောင်း ရေးရရန် သာ ရှိနေ ချေပြီ ။ 


ယခုလ တွင် လည်း .. 


“ ဆရာရေ .. လုပ်ပါဦး ၊ ဒီ နေ့ ( ၉ )ရက် ရှိနေပြီ  ... ”  ဟု ဖုန်း ဆက်၍ စာမူ ပူဆာသည် ။


“ အေး ... ဒီမှာ ငါ ဘာ ဖြစ် နေသလဲ ဆိုတာ မင်း မသိဘူး ။ နေ ကောင်းရဲ့ လား မမေးဘူး ၊ ဆောင်းပါး က အရင် တောင်း နေတယ် ”  


“ ဟာ ... ဆရာ ဘာဖြစ်လဲ ။ တစ်နေ့ကပဲ ဆရာ အကောင်း ” 


“ အေး ... မနေ့က မနက် အိပ်ရာ က နိုး တော့ ညာဘက် ခြေဖမိုး က ကျဉ် ပြီး ဘာဖြစ်တယ် မသိဘူး ၊ နာလိုက် တာ အပ် နဲ့ ထိုး သလိုပဲကွ ၊ ခြေမ တောင် လှုပ်လို့ မရဘူး ”   


“ ဟောဗျာ ...”  


“ အေး ... ဆရာလဲ တစ်ခါမှ ဒီလို မ ဖြစ်ဖူးဘူး ၊ အိမ်သာ တက် မလို့ လှေကား က ဆင်းတာ လေးထစ် လောက် နင်း ရသေးတယ် ။ မျက်ရည် လည် အောင် ကို နာ တယ် ”  


“ အဲ ... အဲဒါ ကျွန်တော် ဘာလုပ် ပေး ရမလဲ ဆရာ ၊ ဟို ... ဟို ... ဆေးခန်း တို့ ဘာတို့ ကော မပြဘူးလား ”  


“ တရုတ်ဆေးခန်း တစ်ခုတော့ သွား ပြတယ် ၊ သူပြောတော့ ( လေး ဘက်နာ ) ဖြစ်ချင်လို့ စ တာပဲတဲ့ ။ ဆေး စည်းပေး လိုက်လေရဲ့ ၊ အဲ  ...  ည က တော့ အိပ်လို့ ရပါတယ် ၊ ဒီနေ့ ထိတော့ ရှင်းရှင်း မသက်သာ သေးဘူး ” 


“ ကျွန်တော် လာခဲ့မယ်လေ ”   


“ မင်း လာတော့ မင်း က ဘာ နားလည်လို့ လဲ စာမူ ပဲ တောင်းတတ်တဲ့ အကောင်  ” 


 အောင်ပြည့် အသံ ငြိမ်နေ သဖြင့် ..


“ ဟေ့ နီးစပ်ရာ မေးကြည့် ဘာ ဆေး နဲ့ ဘယ်လို လုပ်ရင် ကောင်းမလဲ ပေါ့ ၊ ဟုတ်လား ၊ ပြီးရင် ဖုန်း ပြန် ဆက် ... ”  


ရယ်သံ သဲ့သဲ့ဖြင့် အောင်ပြည့် က အထွန့် တက် သေးသည် ။ 


“ စာမူ တော့ ရမယ်နော် ဆရာ ” 


“ ကာလနာလေး ၊ အေး စာရှုသူတွေ အတွက် တော့ အတတ်နိုင်ဆုံး ကြိုးစားမယ် ၊ ဖျားဖျား နာနာ ... အဲ ..တစ်ခုတော့ ရှိတယ် ။ စိတ် မပါရင် စာ မကောင်းဘူး ၊ စာကောင်း ပုံ မရရင် ဆရာ မရေးဘူး ” 


   •••••   •••••   •••••   •••••


ခြေနာကလေး သက်သာနေဆဲ တက်သုတ် ကြဲ ၍ ရေး လိုက် ပြန် ချေ၏ ။ 


အနုပညာသည် တစ်ယောက် ဟူ၍ ထွန်းထွန်းပေါက်ပေါက် ဖြစ်လာရန် အားကျုံး ရုန်းကန် ကြိုးစားနေကြသည့် တစ်သစ်စကလေးများ ၏ အရေး ဘေးဆီးရန်ကာ စာများ ရေး နေခဲ့ရာ မှ ယနေ့ သော် နိုင်ငံကျော် နေပြီဖြစ် သော အနုပညာရှင်တို့ ၏ ရင်ဆို့စရာများ တွေးမိ လာသည် ။


ကြားဖောက်၍ ထောက်ပြ ရပေဦး မည် ။


သာဓု တွင် ကြိုတင်၍ သိ နေသော အသိစိတ်ဓာတ်ကလေး တစ်ခု ရှိ နေသည် ။ ပါရမီလော စိတ်ပညာ ဓာတ်လော သာဓု အမည် မတပ် တတ် ။ အလေးအနက် လည်း ထားခဲ့ ခြင်း မရှိ ။


ယင်း ထူးခြားချက် မှာ ဆိုကြပါစို့ ။ အချိန်ကြာမြင့်စွာ ကင်းကွာနေခဲ့သူ မိတ်ဆွေ သို့မဟုတ် သားချင်း ထဲ မှ တစ်ဦးတစ်ယောက် ကို စိတ် မကူးပါ ဘဲ လျက် ဖျတ်ခနဲ သတိ ရလိုက်လျှင် မကြာမီ ( အလွန်ဆုံး တစ်ပတ် အတွင်း ) ထိုလူ ရောက် လာတတ်၏ ။


တစ်ဖန် သာဓု အပြင် သွားရန် အိမ် ပေါ် က ဆင်းသည် ။ မော်တော်ကားဘီး ကို လည်းကောင်း ၊ ကားမောင်းလိုင်စင် ကို လည်းကောင်း ၊ သတိ ရ လိုက်လျှင် ကားဘီးများ ကို စ၍ ငဲ့ စစ်ဆေးရတော့သည် ။ ချက်ချင်း အပြစ် တွေ့ တတ်သည် ။ အပိုဘီး လေ လျော့ နေသည် ။ ပေါက် နေသည် ကို တွေ့ရ ၏ ။


စပယ်ယာဘီး လေ လျော့၍ အရေး မကြီး ။ တပ်ထားသော ဘီးများ ကောင်း နေသည် ကို အားကိုး၍ မောင်း ထွက် သွားလျှင် ရသည့် တိုင် အပိုဘီး ကို လေထိုး အပေါက်ဖာ ကိစ္စ ပထမ လုပ်လျှင် လုပ် သို့မဟုတ် ဘီး ပေါက်မည် သေချာ၏ ။  


လိုင်စင်စာအုပ် သတိ ရ ပါလျက် ယူ မသွားလျှင် ယာဉ်ထိန်းရဲ က စစ် တော့၏ ။


သာဓု ကိုယ်ရေး သာ မဟုတ် ။ တပည့် သားသမီးများ ကိစ္စ လည်း အလိုလို ကြို သိနေတတ် သေးသည် ။ “ဟေ့ မင်းတို့ အင်္ကျီလုံချည် လှမ်း တာတွေက ဂရု စိုက်ကြကွာ ” ဟု သာဓု ပြောပါလျက် အမှတ် မထင် နေ လိုက်ကြသော် မကြာမီ လုံချည် လူ ရုပ် သွားသံ ကြား ရတော့၏ ။


မကြာသေးမီကပင် သုမောင် တို့ မိသားစု ည ၁၀ နာရီ ထိုး လုနီး မှ ကား ပေါ် တက်ကြသဖြင့် သာဓု က မေးရာ ကလေးများက ရေခဲမုန့် ပူဆာ ၍ ဟု အဖြေ ပေးသည်  ။ “ အေး ဖြည်းဖြည်းမောင်း ၊ ကလေး တွေကို ရင်ခွင်ထဲ ဖက်ထား ” နှစ်ယောက်စလုံး ကို လွှတ်ခနဲ မှာ လိုက်မိသည် ။ စိတ်ထဲ တွင် ထင့် သွား သည် ။ သူတို့ ပြန် မလာ မချင်း စောင့်နေရာ ၁၂ နာရီ လောက် တွင် မှ လေးဘီး အငှားကား နှင့် ပြန် လာကြသည် ။ 

ထိတ်လန့်တကြား သိ လိုက်ရသည် ကား ဦးဝိစာရလမ်း တွင် ဆိုက္ကား က ( မဝင်ရ ) လမ်း ဝင် လာ၍ အရှောင် လိုက် တွင် သုမောင် ကား တစ်ပတ် လိ မ့်သွားသည် ။ 


“ အဲဒါ အဖေရယ် အဖေ ပြော လိုက် တာ နဲ့ ကလေးတွေ ကို သမီး တအား ဖက် ထားတာ ။ သူ ကလဲ သိပ် မောင်း တယ် အဖေ ရဲ့ ။ သမီး တို့ ဆို တာ ကား ထဲ မှာ ဆီးဖြူသီး လိမ့် သလိုပဲ ။ ကံကောင်းချင်တော့ ကား က ဘေးစောင်း ထောင်လျက် ရပ် သွား တယ် ” 


တစ်ယောက် မျှ အထိအခိုက် မရှိ ။ သုမောင် သာ အနည်းငယ် ဒူး အောင့် သွားသည် ။


ဤမျှ ဆို က လုံလောက်ပါ ချေပြီ ။ ထို ( ဤမျှ ) ကဲ့သို့ပင်လော မပြော တတ် ။ ဤ ဆောင်းပါး ရေး နေခဲ့၍ ( ကြားဖောက် ထောက် ပြရပေဦး မည် ) မရောက်မီ တွင် တယ်လီဖုန်း လာ သည် ဆို၍ သွား ပြောသည် ။

တိုက်တိုက်ဆိုင်ဆိုင် ( အနု ဝင်္ကပါ ) ရေးနေဆဲ ၌  ...   


ရုပ်ရှင်လောက မှ နာမည် ရ လုလု မင်းသမီးကလေး တစ်ဦး မယားများ များ ဒါရိုက်တာ နှင့် လိုက် ပြေး

ကြောင်း သတင်း ပို့သည့် တယ်လီဖုန်း ဖြစ်ချေ၏ ။


သာဓု ရင် နာ သွားသည်  ။ 


အထူးသဖြင့် တစ်နေ့ နေ့ တွင် တောက်ပြောင် လာမည့် အနုပညာရှင်ကလေး ဖြစ်၍ သမီး တစ်ယောက် ဆုံးရှုံးဘိ သို့ ခံစား လိုက်ရသည် ။


ထိုနေ့ က ည ၉ နာရီ အထိ စာ မ ရေးနိုင် ။ 


ငယ်ရွယ်သူ မနူးမနပ် က ပူးကပ် လာသည့် တိုင် ကြီး သူ က ဆင်ခြင်ရမည် ။ အထူးအားဖြင့် သားကြီး မယားကြီး ရှိနေသူ က သစ္စာ ရှိရ ချိမ့် မည် ။


“ အနုပညာ ” ကို မျက်နှာ ထောက်သင့်သည် ။ မိမိတို့ ကိုယ်နှိုက် က အနုပညာရှင်များ ဖြစ် သောကြောင့် အနုပညာ သိက္ခာ ကို တန်ဖိုး ထားသင့်ကြ ပါ လျက် ။


   •••••   •••••   •••••   •••••


လွန်ခဲ့သော ဖဆပလ ခေတ် ၏ နှစ် တစ်နှစ် က ရုပ်ရှင် နှင့် ပတ်သက်ခြင်း မရှိသော ကိစ္စ တစ်ခု ဖြင့် သာဓု ပုသိမ် သို့ ရောက်ခဲ့ချေသည် ။ မသွားမီ ပုသိမ် မှ မိတ်ဆွေ တစ်ဦး ထံ သို့ ( အစိုးရဂေဟာ ) ဘန်ဂလို တွင် တည်းခိုခွင့် စီစဉ် ထားရန် အကြောင်း ကြားထား၏ ။ သာဓု တို့ အဖွဲ့ မှာ လေးယောက် ဖြစ်လျက် ပုသိမ်မြို့ သို့ သင်္ဘော ဆိုက် ရန် နီးကပ် လာသော အခါ မော်တော်ကလေး တစ်စင်း ကပ် လာပြီး သင်္ဘောမာလိန်မှူး ၊ စာရေး ကြီး စသူ တို့ နှင့် တစ်စုံတစ်ရာ ဆွေးနွေးကြ သည် ဟု သိရသည် ။


၄၅ မိနစ် ခန့် ကြာသော အခါ သင်္ဘော သည် ကပ်နေကျ ဗောတံတားဆိပ် တွင် မကပ်ဘဲ မလှမ်းမကမ်းရှိ တံတားဟောင်း တစ်ခု တွင် ကပ်မည် ဖြစ်ကြောင်း ခရီးသည် ချင်း ပြောနေကြ၏ ။


“ ဆရာ ၊ ကျွန်တော်တို့ တွေ ဟို ဘက်တံတား မှာ ဆင်း ရမယ် တဲ့ ”  


တပည့် တစ်ဦး က လာ ပြော သဖြင့် ...


“ အဲဒါ ဘာဖြစ်လဲ ၊ ကပ် တဲ့ နေရာ ဆင်း ရမှာ ပေါ့ ” 

 

“ ဒီလိုလေ ၊ ဦးသာဓု ရဲ့ ၊ ခါတိုင်း ကပ်တဲ့ ဗောတံတား မှာ ဝန်ကြီးချုပ် သင်္ဘော ဆိုက်မယ်ဆို လို့ ”  


“ သြ .. ”  


ဤတွင် မှ သာဓု မျက်လုံး ကစား လိုက် မိရာ အထက်ပါ မိတ်ဆွေက လက်ညှိုး ညွှန်ပြ ရင်း ...


“ ခါတိုင်း ဆိုက်တာ ဟိုဘက် တံတားလေ ... ”   


သာဓု လှမ်း ကြည့် လိုက်သောအခါ ...


ထို တံတား သို့ ဝန်ကြီးချုပ် သင်္ဘော ကပ်မည် ဆို၍ ထင်၏ ။ ရောင်စုံ ကြက်လျှာအလံကလေးများ ကြိုး နှင့် သီချုပ်ပြီး ဗောတံတား တစ်ခုလုံး ဝေ နေအောင် ချိတ် ဆွဲ သည် ။ နိုင်ငံတော်အလံများ လည်း တလူလူ လွင့် နေသည် ။ ကြိုဆိုရန် လာသည် ဟု ထင် ရသော ပရိသတ် လည်း ငါးရာခန့် ထက် မနည်း တလှုပ်လှုပ် တရွရွ ဖြစ် နေကြသည် ကို တွေ့ရ သည် ။ 


သာဓု တို့ သင်္ဘော ထို တံတား နှင့် နီး လာသောအခါ အဆိုပါ ပရိသတ် များ ပို၍ လှုပ်ရှား လာ သည် ။ အချို့ တို့ လည်း သင်္ဘော ကပ်မည့် ဆိပ်ခံ ဗော ဆီ သို့ ပြေး ဆင်းလာကြ သဖြင့် ရဲ များ က တား နေရ သည် ။ မနိုင်မနင်း ဖြစ် နေသည် ။


“ ကျွန်တော် တို့ သင်္ဘော မှာ ဝန်ကြီးချုပ် ပါတယ် ထင်လို့ များ လားမသိဘူး ”


သာဓု အဖော် ပုသိမ်သား က ပြုံး နေသည် ။ ဘာမျှ မဖြေ ။


နောက် သာဓု တို့ သင်္ဘော သည် ယင်း ဗောတံတား ကို ကျော်သွားပြီး အခြား တံတားအို ဆီ ကပ်မည် ပြုသောအခါ စောစော က တံတား မှ ပရိသတ်အုပ်ကြီး သည် တံတားအို ဘက် သို့ အလုအယက် ပြေး လာကြ

ပြန်သည် ။ သာဓု ခေါင်း ရှုပ်သွား၏ ။ ဘာမျှ ဆက် မတွေးတော့ဘဲ သင်္ဘော မှ ဆင်း ရန်သာ အသင့် ပြင်နေ လိုက်၏ ။ 


သင်္ဘော မှ ဆင်းလာကြသော အခါ ပရိသတ် သည် ၄၀၀ ခန့် ရှိလိမ့်မည် ဟု မှန်း၍ ရသည် ။ ဝန်ကြီးချုပ် ဗောတံတား တွင် ကား ခေါင်းပေါင်း စ ထောင်ထောင် ၂၀ ကျော် လောက် နှင့် ရိုးရိုးအရပ် သား ၅၀ ခန့်သာ ကျန်တော့သည် ကို လှမ်း မြင်ရ၏ ။


သာဓု မှာ နား လေးသူ ဖြစ်၍ “ ပါလဲ မပါဘူး ” ဟူသည် လောက် သာ သူ တို့ ပြောသံ ကြား ရလျက် ထိုထို ပရိသတ် တို့ သည် မကျေနပ်သေးသော အမူအရာ ဖြင့် သင်္ဘော မှ ဆင်းလာ သူ များ ကို တမျှော် မျှော် စောင့် ကြည့် နေကြသေးသည် ။  


လူတန်းစား ပေါင်းစုံ တရုတ် ကပြားများ လည်း ပါသည် ။ မြန်မာ မူစလင်ရော ကရင်အမျိုးသား အမျိုးသမီးတို့ လည်း ပါသည် ။ အရွယ် ကလည်း အရွယ် စုံ ။


သူတို့ သည် ဝန်ကြီးချုပ် ကို ကြိုရန် လာသူများ မဟုတ်တန်ရာ ။ မမြင်ဖူး၍  ၊ ကြည့် လို၍ လာ ကြဟန် တူသည် ။ 


သာဓု တို့ တည်းခို မည့် ဘန်ဂလို သို့ ရောက်သည် ဆို လျှင်ပင် အခန်း သော့ ကိုင်၍ စောင့် နေသူ ပုသိမ်မြို့ခံ မိတ်ဆွေ က စ,ကာ စကား ကို အဓိက ထား၍ စတင် လေချေတော့သည်  ။ 


“ အဲဒါ ထားပါဦး ။ ဝန်ကြီးချုပ် က ဘယ် အချိန် လာမှာ လဲ ၊ သီးသန့် သင်္ဘော နဲ့ လား ”   


“ ဟား ... ဟား .. ဆရာ လဲ ၊ အဲဒါ အသာ ထားပါဦး ၊ ဘယ့်နှယ် ဒီနေ့ သင်္ဘောဆိပ် မှာ အတော် ခေါင်း ရှုပ်ခဲ့ တယ် မဟုတ်လား ”


“ ခေါင်း ရှုပ်တယ်တော့ မဟုတ်ပါ ဘူးဗျာ ၊ နည်းနည်း ယောင်ချာချာ ပေါ့ ။ ပရိသတ် ကလဲ ကျွန်တော် တို့ သင်္ဘော မှာ ဝန်ကြီးချုပ် ပါတယ် ထင်ပြီး ဟိုဘက် တံတား ကနေ ပြေး လာ လိုက်တာ ” 


“ ဟဲ ... ဟဲ .. အဲဒီ ပရိသတ် က ဝန်ကြီးချုပ် လာ ကြိုတာ မဟုတ်ဘူး ဆရာ ရဲ့ ” 


ပြောရင်းက ဆက်ရယ်ကာ ...  


“ အဲ ... အဲ ... ဆရာ့ နား က ကိုဘရင် ပေါ့ ၊ ဆရာ တို့ ကြိုဖို့ သူ ရန်ကုန် ကို ထွက် အလာမှာ ပုသိမ် က

သတင်းထောက်တွေ ကို သတင်း လွှင့် ခဲ့တယ်လေ ၊ ဒီနေ့ ဒီရက် မှာ ဆရာ နဲ့ ရုပ်ရှင်မင်းသား ၊ မင်းသမီးတွေ ကား ရိုက် လာ ကြလိမ့်မယ် လို့  ”


ဤတွင် မှ သင်္ဘော ပေါ် ထိ ကိုဘရင် ပြုံး သည် ကို မြင်ယောင် လာသည်  ။ သူ့ ကို လှည့် အကြည့် တွင် ပြုံး ပြပြန် သေး၏ ။ 


“ အဲဒါကြောင့် လူတွေ က ခါတိုင်း နေရာမှာ ပဲ သင်္ဘော ဆိုက်မယ် ထင် ပြီး စောင့် နေကြတာ ” 


“ ခင်ဗျားက ဒီ ဘန်ဂလို ရောက် နေ ပြီး ဘယ်လိုလုပ် သိသလဲ ”  


“ ဪ ... ဆရာ့နှယ် ၊ ကျွန်တော် လဲ ဆရာတို့ မျှော်ရင်း သင်္ဘောဆိပ် ရောက်ခဲ့ သေးတာပဲဟာ ၊ ဆရာတို့ သင်္ဘော ကို အဝေး က မြင် မှ ကျွန်တော် ဘန်ဂလို မှာ လုပ်စရာ ၊ စီမံစရာတွေ လုပ် ဖို့ ထွက်လာ ခဲ့တာ

ပေါ့ ”  


သာဓု ကိုဘရင် ကို တစ်ချက် လှည့် ကြည့်လိုက်ရာ ယခု လည်း သူ အပြုံး မပျက်သေး ။ 


“ လူတွေ မောအောင် တော်တော် လုပ်တာကိုး ... ကိုဘရင် က ” 


“ ကျွန်တော် မလုပ်ပေါင်ပါဗျာ ၊ သတင်းထောက်တွေ ကို လက်ထောက် ချခဲ့တာ ၊ အဲ ... သူတို့ က တစ်ဆင့် သတင်း လွှင့် လို့  ”


“ ဒီလို ... ဒီလိုတော့ ဖြစ်မယ် ဆရာ ဆိုတာ ကိုဘရင် သိတယ် မဟုတ် လား ” 


သူ ပြုံးနေပြန်၏ ။ 


“ အဲဒါပဲ ဆရာ ရဲ့ ၊ ဆရာတို့ နဲ့ ရုပ်ရှင်မင်းသား မင်းသမီးတွေ ပါ မယ် ထင်လို့ ပရိသတ် က လာ ကြိုကြ တာ ” 


“ လာ ကြည့်ကြတာ ဆိုပါဗျာ ... ”  


“ နှစ်မျိုးစလုံး ပေါင်းလိုက်ရင် ကော ” 


ကိုဘရင် က ကြား ထောက်သည် ။ 


“ ရပါတယ်လေ ၊ ဖြစ်လဲ ဖြစ် နိုင်ပါ တယ် ”


( ၄ - ၁၁ - ၈၄ ) 


◾ သာဓု


📖 ချယ်ရီ မဂ္ဂဇင်း

      ဒီဇင်ဘာ ၈၄

      

📖 အနုဝင်္ကပါ


#ကိုအောင်နိုင်ဦး


.