❝ ရှင်ဘုရင် ဗေဒင်ဆရာ ❞
ရှေးရှေးတုန်း က အလုပ်အကိုင် အတည်တကျ မရှိတဲ့ လူ တစ်ယောက် ဟာ မြို့ တစ်မြို့ က ဘုန်းကြီးကျောင်း တစ်ကျောင်း မှာ တည်းခို နေရတုန်း သူ့ လိုပဲ အလုပ်အကိုင် မရှိတဲ့ လူ တစ်ယောက် နဲ့ သွား တွေ့သတဲ့ ။
ဒီတွင် နှစ်ယောက်သား ပေါင်း မိပြီး အကြံ တစ်ခု ထုတ် ကြတယ် ။ ကြံ ပုံ က ဥပုသ် နေ့ တုန်း က ဥပုသ်သည် တွေ ပြော သွားတဲ့ စကား အရ ကျောင်း နဲ့ မနီးမဝေး က အိမ်ကြီး မှာ မုဆိုးမ တစ်ယောက် ရှိကြောင်း ၊ သူ့ မှာ အိမ်ထောင် ကျ ခါစ ကတည်း က မွေး ထားတဲ့ နွားမလေး တစ်ကောင် ရှိကြောင်း သိ ထားတာမို့ တစ်ယောက် က နွားမလေးကို ခိုး ပြီး မြို့ နဲ့ ၃ - မိုင် အကွာ လောက် က ရေကန် နား မှာ ပေါက် နေ တဲ့ ထနောင်းပင် ကို သွား ချည် ထားပြီး ကျန် တစ်ယောက် က မုဆိုးမကြီး ကို နွားပျောက် တွေ့ အောင် ဗေဒင် ဟောမယ် ဆိုတဲ့အကြံ ပဲ ။
အဲဒီ အကြံ အတိုင်း တစ်ယောက် က ည ကျ တော့ နွားမလေး ကို ခိုးပြေး သတဲ့ ။ တစ်ယောက် က လည်း မယောင်မလည် နဲ့ မုဆိုးမကြီး အိမ် သွားပြီး ရေ တောင်း သောက် ရင်း က “ အဒေါ်ကြီး ဘာ ဖြစ်လို့ မှိုင်နေတာလဲ ” လို့ မေး တော့ အဒေါ်ကြီး က နွား ပျောက်ကြောင်း ပြောပြီး တွေ့အောင် ရှာ ပေးနိုင်ရင် ငွေ ၂ဝ - ပေးပါ့မယ် လို့ တောင် ပြော သတဲ့ ။ ဒီတော့ ဗေဒင်ဆရာလိမ် က ကျွန်တော် ဗေဒင်ဆရာ ပါ ။ ဗေဒင် တွက် ပေးပါ့မယ် ဆိုပြီး တွက် ဟန် ဆောင်သတဲ့ ။ ပြီးတော့ သူတို့ စီစဉ်ထားတဲ့ အတိုင်း နွားမလေး ချည် ထားတဲ့ နေရာ ကို ဟောခဲ့ပြီး ကျောင်း ကို ပြန်သွား ပါရော ကွဲ့ ။ ဒါနဲ့ မုဆိုးမကြီးလည်း ဗေဒင်ဆရာလိမ် ပြောတဲ့နေရာ ကို သွား ကြည့်တော့ နွားမလေး ကို တွေ့တာ နဲ့ ဗေဒင်ဟောတဲ့ ဆရာကလေး ရှိတဲ့ ကျောင်း ကို လိုက် လာပြီး တစ်မြို့လုံး လည် ပြီးတော့ လည်း ဗေဒင်ဆရာလေး ဗေဒင် မှန်ကြောင်း လျှောက် ပြောသတဲ့ ။
အလုပ်အကိုင် မရှိတဲ့ လူ နှစ်ယောက် ဟာ ဒီနည်း နဲ့ ညာ စားလို့ ရမှန်း သိတော့ နောက်ထပ် အမျိုးမျိုး ကလိန်ကျ ပြီးညာ စား နေ သတဲ့ ။
တစ်နေ့တော့ အဲဒီ မြို့ မှာ စိုးစံ နေ တဲ့ ရှင်ဘုရင် ရဲ့ မြလက်စွပ် ပျောက် ပါရော တဲ့ ။ ဒီတင် ရှင်ဘုရင် အနား မှာ ခစား တဲ့ လူတွေ က ဗေဒင်ဆရာ ကောင်းကောင်း လိုက် ရှာတော့ ဘုန်းကြီးကျောင်း က ဗေဒင်ဆရာကလေး မှန်တယ် လို့ လူပြော များ တာနဲ့ ဘုန်းကြီးကျောင်း က လူညာ ဆီ ကို လာပြီး ခေါ်ကြ တော့တယ် ။ ဘုရင့် ဆီ ရောက်လို့ မြလက်စွပ် ပျောက် တာ ကို ဗေဒင် မေးကြောင်း လည်း သိ ရရော ဗေဒင်ဆရာလိမ် က ခပ်တည်တည် နဲ့ “ မနက်ဖြန် နေ့လယ် မွန်းတည့်ချိန် ခါ မှ အတိအကျ ဟောပါ့မယ် ဘုရား ” လို့ ရှင်ဘုရင် ကို လျှောက် ထားပြီး ဘုန်းကြီးကျောင်း ကို ပြန် လာ သတဲ့ ။
ဗေဒင်ဆရာလိမ် ခမျာ မှာ “ ဗေဒင် မတတ်ဘဲ လိမ် ခဲ့မိတာ ဒုက္ခပဲ ။ တကယ်လို့ ဗေဒင် မမှန်ရင် အသ,တ် ခံရတော့ မှာ ပဲ ။ ဘယ်လို ကြံရပါ့ ” လို့ အကြံ ထုတ် နေတုန်း မြလက်စွပ် ခိုးထားမိတဲ့ မင်းချင်း ၂ - ယောက် က လည်း “ ဗေဒင်ဆရာ ဘာတွေများ လုပ် နေပါလိမ့် ” လို့ မသင်္ကာတာ နဲ့ ကျောင်း အောက် လာပြီး ချောင်း နားထောင် နေ သတဲ့ ။ အဲဒီ အချိန် မှာ ကျန်တဲ့ လူလိမ် တစ်ယောက် က “ ဘယ့်နှယ်တုန်း ဗေဒင် ဆရာကြီး ဘုရင် ဆိုတာ သူတို့ မေးတာ မှန်အောင် ပြော နိုင်ရင် ပြော ၊ မပြော နိုင်ရင် သ,တ်လိမ့်မယ် ။ မိုး မလင်းခင် ပြေးကြစို့လား ။ မင်း ဒုက္ခ ရောက် မှာ ကို မင်း သိရဲ့လား ” လို့ မေး သတဲ့ ။
ဒီတင် ဗေဒင်ဆရာလိမ်က ” ဟေ့ ...ငါ သိတယ်ကွ ။ ဘာပဲ ဖြစ်ဖြစ် ငါ့ကံ နဲ့ ငါဘဲ ကွ ” လို့ စိတ်တိုတို နဲ့ အော် ပြော လိုက် သတဲ့ ။ဒါကို ကျောင်း အောက် က ချောင်း နေတဲ့ မင်းချင်း နှစ်ယောက် က လည်း ” ငကံ နဲ့ ငဘဲ ဆိုတာ ငါတို့ နာမည် တွေ ပါလား ။ တယ် တော်တဲ့ ဗေဒင်ဆရာ ပဲ ။ မြလက်စွပ် ခိုးတဲ့ လူ ရဲ့ နာမည် တောင် သိတာပါကလား ” ဆိုပြီး ဗေဒင်ဆရာ ကို ဒီအတိုင်း မဟော ဖို့ ကျောင်း ပေါ် တက်ပြီး အသနား ခံကြ သတဲ့ ။ နောက်ပြီး မြလက်စွပ် ဝှက်ထားတဲ့ နေရာ ကို လည်း အတိအကျ ပြောပြ သတဲ့ ။ ဗေဒင်ဆရာလိမ် က လည်း “ ကောင်းပြီ ... မင်းတို့ ပြောတဲ့ နေရာဟာ ငါ တွက်ထားတဲ့ နေရာပါ ။ ကဲ ... မင်းတို့ ကို ငါ မဖော်ဘူး ။ ငါ့ ကို တစ်ယောက် ငွေ တစ်ရာစီ နဲ့ ကန်တော့လို့ ” လို့ ပြောတာနဲ့ မင်းချင်း၂ - ယောက် လည်း ငွေတစ်ရာ စီ နဲ့ ကန်တော့ သတဲ့ ။
နောက် တစ်နေ့ နေ မွန်းတည့် ချိန် ကျတော့ ဗေဒင်ဆရာလိမ် ဟာ ဘုရင့် ရှေ့တော် ဝင်ပြီး ဟော သတဲ့ ။ သူ ဟောတဲ့ အတိုင်း လည်း မှန် နေတာနဲ့ ရှင်ဘုရင် က သူ့ ကို ဆု တွေ လာဘ် တွေ ပေး ပြီး ရှင်ဘုရင့် ဗေဒင်ဆရာ အဖြစ် ကိုးကွယ် ထားတော့ လူညာ ၂ ယောက် ကောင်းစား နေ တော့တာပေါ့ ။
ဒီလိုနဲ့ ဇိမ်ကျ နေရာ က တစ်နေ့ တော့ သီဟိုဠ်ကျွန်း က ကု,လားညီအစ်ကို ဟာ ကုန် လာ ရောင်းရင်း က ဗေဒင်ဆရာ တော်ကြောင်း ကြားရကြတာ နဲ့ ရှင်ဘုရင် ဆီ ကို လာပြီး ရှင်ဘုရင့် ဗေဒင်ဆရာ ကို ဗေဒင် မေး ချင်တဲ့ အကြောင်း ပြောကြ သတဲ့ ။ သူတို့ မေးတာ ကို ဖြေ နိုင်ရင် ရွှေ ၊ ငွေ ၊ ကျောက် ၊ ပတ္တမြား ၊ စိန် တွေ နဲ့ အထည်အလိပ် တွေ အပြည့် တင် ထားတဲ့ သူတို့ သင်္ဘော ကို ပေး မတဲ့ ။ မှန်အောင် မဖြေနိုင် ရင် ရှင်ဘုရင် ရဲ့ တိုင်းပြည် ကို အပ်ပါလို့ ပြော သတဲ့ ။
ရှင်ဘုရင် က လည်း သူ့ ဗေဒင်ဆရာ ကို ယုံကြည် အားကိုး တာ နဲ့ ဟောပါ့မယ် ။ မနက်ဖြန် ကျရင် လာခဲ့လို့ ပြော လိုက် သတဲ့ ။ အဲဒီ အကြောင်း ကို ဗေဒင်ဆရာလေး လည်း သိ ရော ။
“ ဒုက္ခပါဘဲ ... လိမ်စားရတဲ့ လူများ အေးအေးဆေးဆေး မနေရပါကလား ၊ လိမ်တယ် ဆိုတာ အလိမ် မပေါ် ခင် သာ ဟန်ကျပေမယ့် တယ်ပြီး စိုးရိမ် ပူပန်ရပါကလား ” လို့ နောင်တ ရ ပြီး “ မထူးတော့ဘူး ။ ငါ့ ဘဝ ဟာ သေတာပဲ အေးမယ် ။ နက်ဖြန်ကျ လို့ မှန်အောင် မဟော နိုင်ရင် ငါတို့ တိုင်းပြည် ကို ကု,လားတွေ သိမ်းသွား တော့မယ် ။ ငါ့ကြောင့် တိုင်းပြည် အဆုံး မခံဘူး ။ ငါ ပဲ သေတာ အေးတယ် ” ဆိုပြီး သူ့ တပည့် လုပ် တဲ့ လူကို သူ့ ပစ္စည်းတွေ ကို “ မင်းတစ်ဝက် ယူ ၊ တစ်ဝက် ကို ငါ့ သား ၊ မယား တွေ ဆီ ပို့ပါ ။ ငါတော့ လိမ်စား မိလို့ ဒုက္ခ ရောက်ပြီ ” လို့ ပြော သတဲ့ ။
ည လည်း ကျ ရော ရေဆိပ် သွားပြီး ရေ ထဲ ခုန်ချ လိုက် သတဲ့ ။ရေထဲ ကျ တော့ သတိ မေ့ ပြီးရေစီး ထဲ မျော သွား ရာ မှ သင်္ဘောကြီး တစ်ခု နဲ့ တိုက်မိတာ နဲ့ သတိရ လာ သတဲ့ ။ ဒီတင် သေရ မှာ ကြောက်ပြီး သင်္ဘောကြီး ကို ဖက်တွယ် တက် ပြီး သင်္ဘော ထဲ က အသံ ကို နားထောင် နေ မိ သတဲ့ ။
ကံ ကောင်းချင်တော့ သူ တက်မိတဲ့ သင်္ဘော က ကု,လားညီအစ်ကို ရဲ့ သင်္ဘော ဖြစ်နေ သတဲ့ ။ ဒီ အထဲ ကု,လားညီငယ် က “ အစ်ကို ရယ် သင်္ဘော ထဲ မှာ ကျွန်တော်တို့ ၂ - ယောက် ထဲ ရှိတုန်း မေးပါရစေ ။ မနက်ဖြန် မေးမယ့် ဗေဒင် က ဘာလဲဗျ” လို့ မေး နေ သတဲ့ ။ အစ်ကို လုပ်သူ က လည်း “ ငါ မေးမယ့် ဗေဒင် က ဘယ်သူမှ ဖြေနိုင် မှာ မဟုတ်ဘူး ။ ဒီ တိုင်းပြည် ကို ဒို့ ရ မှာ သေချာတယ် ကွ ။ ငါ မေး မှာ က ဟောဒီ ဘူးကြီး ထဲ မှာ ဘူးကလေး တစ်ခု ထည့် ထားမယ် ။ ဘူးကလေး ထဲ မှာ တစ်ခါ ရွှေမူးစေ့ ၊ ခုနစ်စေ့ ထည့် ထားမယ် ။ အဲသလို နှစ်ဆင့် သုံးဆင့် ထည့် ထား တာကို ဒီ ဘူးကြီး ထဲ မှာ ဘာ ရှိလဲ က စ ပြီး မေး သွား မယ်ကွာ ။ ဘယ် ဗေဒင်ဆရာ က ဘယ်လို တွက်ပြီး ဖြေနိုင်မှာလဲ ” လို့ပြောနေ သတဲ့ ။
ဗေဒင်ဆရာလိမ် ဟာ ဒီ စကား ကြား တာနဲ့ တစ်ပြိုင်နက် ထဲ ရေထဲ ပြန် လျှောချ ပြီး အိမ် ကို ပြန် ကူးလာ သတဲ့ ။ သူ့ တပည့် လုပ်တဲ့ လူ က သရဲချောက်တယ် ထင်ပြီး အမျှ ဝေ သေး သတဲ့ ။ သူ ဟာ ရေ ထဲ ခုန်ချ သွားတာ သေပြီ လို့ ထင် နေ တာကိုး ။ ဗေဒင်ဆရာလိမ် ဟာ သူ့ တပည့် လုပ်သူ ကို အကျိုးအကြောင်း ပြောပြပြီး နောက် တစ်နေ့ ကျ တော့ ဘုရင့်ရှေ့တော် ဝင်ပြီး ကု,လား ညီအစ်ကို မေးတာ ကို ဖြေတော့ သတဲ့ ။
ဘူးကြီးထဲ က ဘူးလေး ... ဘူးကလေး ထဲ က ရွှေမူးစေ့ ခုနစ်စေ့ ဆိုတာတွေ အားလုံး ကို တွက် သလိုလို နဲ့ ည က ကြား ထားတဲ့ အတိုင်း ဖြေတော့ မှန်နေ တာပေါ့ ။ ကု,လား ညီအစ်ကို လည်း သိပ် အံ့ဩစွာ နဲ့ သူတို့ ရဲ့ သင်္ဘော ကို ပေးခဲ့ရတာပေါ့ ။ ရှင်ဘုရင် လည်း ဝမ်းသာ အားရ ဖြစ်ပြီး သင်္ဘော ထဲ က ရတနာ တစ်ဝက် ဗေဒင်ဆရာ ကို ဆု အဖြစ် ပေး သတဲ့ ။ ကျန် တစ်ဝက် ကို ဘုရင့် ဘဏ္ဍာတော် အဖြစ် သိမ်း သတဲ့ ။ အထည်အလိပ်တွေ ကို တော့ တိုင်းသူပြည်သားတွေ ကို ဝေ ပေး သတဲ့ ။
ဗေဒင်ဆရာလိမ် နှစ်ယောက် ဟာ အိမ် လည်း ရောက်ရော “ ဒို့တော့ ဒီ အတိုင်း ညာစား နေလို့ မဖြစ်တော့ဘူး ။ လူညာ ဆိုတာ ကံ ကောင်း နေတုန်း သာ စား ရတာ တစ်နေ့ကျ အကြီးအကျယ် ဒုက္ခ ရောက် လိမ့်မယ် ။ ကောင်းကောင်းမွန်မွန် လုပ်ကိုင် စားကြစို့ ” လို့ တိုင်ပင်ကြ သတဲ့ ။
နောက်တော့ အိမ် မှာ ရှိတဲ့ အဖိုးတန်ပစ္စည်း မှန်သမျှ တစ်နေရာ မှာ ဝှက် ထားပြီး အိမ် ထဲ မှာ တော့ ထန်းရွက် ၊ ပေရွက် တွေ သာ ထည့် ထားပြီး အိမ် ကို မီးရှို့တော့ သတဲ့ ။နောက်ပြီး ရှင်ဘုရင် နဲ့ တစ်ကွ မြို့သူမြို့သားတွေ ကို လည်း သူတို့ ဗေဒင်ကျမ်းတွေ မီး ထဲ ပါ သွားကြလို့ ဗေဒင် ဟောစားလို့ မဖြစ်တော့ပါဘူး လို့ ပြောပြ ပြီး ... သူတို့ နေရင်း အရပ် ကို ပြန်ခဲ့ကြ သတဲ့ ။
အဲဒီ နောက်တော့ လိမ် ရမယ့် အလုပ် ကို မလုပ်ရဲတော့ ဘဲ ကောင်းကောင်းမွန်မွန် ရောင်းဝယ် စား ကြတော့ သတဲ့ ။
◾သန်းထွန်းလေး
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၆ ၊ အောက်တိုဘာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment