❝ ပန်းပွင့် နှလုံးသား ❞
သူ က ထူးခြားတဲ့ လူ တစ်ယောက် ဆိုတာ မြင်သူ တိုင်း က အကဲဖြတ် မှာ သေချာတယ် ။ အသွင် သဏ္ဌာန် က သူများ နဲ့ ခြားနားတယ် ။ ဘုန်းကြီး ဆောင်း ထီး တစ်လက် ကို လက် တစ်ဖက် က ကိုင် ထားတယ် ။ အခြား လက် တစ်ဖက် မှာ တော့ ဘာတွေမှန်း မသိတာ တွေ ထည့် ထား လို့ ပြည့်ဖောင်း နေတဲ့ ကြွပ်ကြွပ်အိတ်ကြီး တစ်လုံး ကို ဆွဲ ထားလေ့ ရှိတယ် ။
အရပ် ရှည်ရှည် ၊ လူပုံ က နွဲ့နွဲ့ ၊ အသား က ဖြူဖြူ ၊ သူ အသား ဖြူပုံ က သလင်းကျောက် ဖြူ သလို ဖြူတာ ၊ သူ့ အသက် က ငါးဆယ် ကျော် ။ တစ်ခေါင်း လုံး က ဆံပင်တွေ ဆွတ်ဆွတ် ဖြူ နေပြီ ။ ဆံပင် က နည်းနည်း ရှည်ပြီး နွဲ့နွဲ့ပျောင်းပျောင်း မို့ ကြည့် လို့ ကောင်းတယ် ။ နှုတ်ခမ်းမွေး က လည်း ဆံပင် နဲ့ တစ်ရောင် တည်း တစ်ပုံစံ တည်း ။ သူ့ မျက်လုံး က လည်း အခြား သူတွေ လို အညိုရောင် ၊ အနက်ရောင် မဟုတ်ဘဲ မီးခိုးရောင် ၊ သူ့ မျက်ဝန်း ထဲ မှာ အဆွေးဓာတ် တွေ ပါ နေ သလိုပဲ ။
မန္တလေးမြို့ က အထင်ကရ ဘုရား တစ်ဆူ ဖြစ်တဲ့ ရွှေကျီးမြင့်ဘုရား တနင်္ဂနွေထောင့် အာရုံခံ ဇရပ် မှာ အမြဲ လိုလို သူ ရှိ နေတယ် ။ သူ့ နာမည် က ဦးတင်မြင့် ပါ ။
အာရုံခံဇရပ် ကြွေပြားအခင်း ပေါ် မှာ သူ့ လက်စွဲတော် ဘုန်းကြီးဆောင်း ထီးကြီး ချ ထားတယ် ။ သူ့ ဘေး ပတ်ပတ်လည် မှာ ပန်းခြောက်လေးတွေ ရှိတယ် ။ ပန်းကလေးတွေ ကို စက္ကူချပ် ပေါ် အဆင်ပြေပြေ ကပ်ရင်း ပန်းပန်းချီ သူ လုပ်နေတာ ကို ဝိုင်းအုံ ကြည့် နေသူတွေ လည်း ရှိသည် ။ ကြည့်သူတွေ ထဲ မှာ နိုင်ငံခြားသား ဧည့်သည်တွေ လည်း တစ်ခါတစ်ရံ ပါ တတ်တယ် ။ ရွှေကျီးမြင့်ဘုရား က မန္တလေး မြို့လယ် မှာ ရှိပြီး ဘုရား အနီးတစ်ဝိုက် မှာ နိုင်ငံခြားသား ဧည့်သည် တွေ တည်း လေ့ ရှိတဲ့ အီးတီ ၊ နိုင်လွန် ၊ ကလပ်စစ် စတဲ့ ဟိုတယ်တွေ လည်း ရှိလို့ သူတို့ က ဘုရား ထဲ ဝင် လာ တတ်တယ် ။ ဦးတင်မြင့် ရဲ့ ပန်း ပန်းချီကားတွေ ကို ဝယ် သွားလေ့ ရှိတယ် ။
ဦးတင်မြင့် က ပန်းပွင့်ခြောက်ကလေးတွေ အပြင် မြက်ရိုင်းပင် အမျိုးစုံ ၊ သစ်ရွက်စုံ ၊ လိပ်ပြာ ၊ ပုစဉ်းတွေ ပါ လိုက်ဖက် ညီ အောင် ဖွဲ့စည်းပြီး ပန်းချီကားချပ်ကလေးတွေ ဖန်တီး တာ ဖြစ်တယ် ။
အမှန်တကယ် က တော့ သူ က ချစ်ဦးသူ နဲ့ လွဲပြီး အသည်း ကွဲ ခဲ့ရ သူပါ ။ ဒါကို ဖြေသိမ့်မှု တစ်ခု အနေ နဲ့ ပန်းခြောက်ကလေးတွေ ကို ပန်းချီ လုပ် နေတာ ။
အသည်းကွဲ တိုးရစ်ဂိုက် တစ်ယောက် ရဲ့ဘဝ ကို ဦးတင်မြင့် က ယခု လို ပြောပြတယ် ။
••••• ••••• •••••
ပျဉ်းမနား မှာ ကျွန်တော် မွေး တယ် ။ ကျွန်တော် ခြောက်နှစ်သား မှာ အမေ ဆုံးတယ် ။ ကျွန်တော် ၁၈ နှစ် မှာ အဖေ ဆုံးတယ် ။ ကျွန်တော့် ဘဝ မှာ တစ်ယောက် တည်း နေ ခဲ့ရတာ များတယ် ။
အဖေ ဆုံး သွားတော့ ကျွန်တော် မန္တလေး ကို လာခဲ့တယ် ။ ဘက်ထရီ ဆိုင်လေး ဖွင့် တာပေါ့ ။ အသက် နှစ်ဆယ်ကျော် မှာ ချစ်ဦးသူ ကို ကျွန်တော် စ တွေ့ တာပဲ ။
သူ က ခေတ် ဆန်တယ် ။ ဂီတာ တီး တတ်တယ် ။ သူ့ သီချင်း စာအုပ်တွေ ကျွန်တော့် ကို ပြတယ် ။ သီချင်းစာသားလေးတွေ ဘေးမှာ ပန်းခြောက်ကလေးတွေ ကပ် ထားတယ် ။ ကျွန်တော် လည်း ပန်းကလေးတွေ ကို သဘောကျ တာ နဲ့ စာအုပ် ကြား မှာ ညှပ်ပြီး အခြောက်ခံ ထား ဖူးတယ် ။ ချစ်ဦးသူ ကိုယ်တိုင် လုပ် ထားတဲ့ ပန်းစာအုပ်လေး က တော့ သိပ် လှတာပဲ လို့ ကျွန်တော် ထင် တာပေါ့ ။
အချစ်စစ် အချစ်မှန် ဆိုတာ မဖြောင့်ဖြူးဘူး ဆိုတာ လိုပဲ သူ့ ကို ဆရာဝန် က အိမ်ထောင် မပြုသင့်ဘူး လို့ ပြောထား သတဲ့ ။ သူ့ ကို ကျွန်တော် စွဲစွဲနစ်နစ် ချစ် နေ တာ ။ တို့ အချင်းချင်း ပလာတိုးနစ်လဗ် ( platonic love တဏှာ ကင်းတဲ့ မေတ္တာ ) နဲ့ ချစ် နိုင်တာပဲ ။ မင့် ဆီ က မိခင် မေတ္တာမျိုး ကို ကိုယ် မျှော်မှန်းပြီး နေ နိုင်တာပဲ လို့ ပြောတဲ့ အခါ သူ က ကျွန်တော့် ကို နစ်မွန်း မှာ စိုးတယ် တဲ့ ။
ကျွန်တော့် မှာ မွေးချင်း လေးယောက် ရှိတယ် ။ သုံးယောက် က နိုင်ငံခြား မှာ ၊ ကျွန်တော်တို့ ခေတ် တုန်း က ခေတ်စား တာ ကနေဒါ ၊ ဩစတြေးလျ ၊ အမေရိကန် ကို သွား ကြတာ ။ ကျွန်တော့် ဘဝ တိုးတက်အောင် သွားပါ တဲ့ ။ ကျွန်တော် က လည်း နွေးထွေးတဲ့ ရင်ခွင် မှာ ပဲ ခိုလှုံ ချင်တယ် ဆိုတဲ့ လူ လေ ၊ မသွားဘူး ။
၁၉၈၃ ခု လောက် မှာ ကျွန်တော့် ညီ နိုင်ငံခြား သွား လို့ လေယာဉ်ကွင်း ကို လိုက် ပို့ရင်း ရန်ကုန် ရောက် သွားတယ် ။ ဆရာ လူထုဦးစိန်ဝင်း ဆီ မှာ အင်္ဂလိပ်စာ စကား သင်တယ် ။ ကျွန်တော့် ချစ်ဦးသူ က အင်္ဂလိပ်စာ ဝါသနာ ပါ တယ် လေ ။
တတ် ထားရင် ကောင်းတာပဲ ဆိုပြီး ဝင် သင်တာ ။ တကယ်လည်း ကောင်း ပါတယ် ။ ဒါကြောင့်လည်း နောင် မှာ ဟိုတယ်တွေ မှာ အလုပ် ရတာ ၊ တိုးရစ်ဂိုက် လုပ်နိုင်တာပါ ။
ဒါပေမယ့် ရန်ကုန် မှာ ကြာကြာ မနေနိုင်ဘူး ။ မန္တလေး ပဲ ပြန် ချင်တယ် ။ မန္တလေး ရောက် တော့ လည်း အသက် ဝမ်းကျောင်း ဖို့ အလုပ် လုပ်ဖို့ လို သေးတယ် ။ လားရှိုး မှာ အလုပ် ရ လို့ သွား လုပ်တယ် ။ မပျော်ပိုက်ဘူး ။ မန္တလေးပြန် ခဲ့တယ် ။ နောက် ကျောက်စိမ်းမှော် ထဲ လိုက် သွားတယ် ။ အခြား သူတွေ လို လည်း အပမ်း မခံနိုင် တော့ စားဖိုမှူး တာဝန် ပဲ ယူတယ် ။ ခြောက်လ လောက် ကြာတော့ မန္တလေး ပြန် ခဲ့ ပြန်တယ် ။
မန္တလေး ပြန်လာပြီး ဟိုတယ် လောက ဝင် လုပ်တယ် ။ အင်္ဂလိပ်စာ လည်း
မတောက်တခေါက် တတ် တာ ကိုး ။ နေချရယ် အင်း ၊ အေဒီဝမ်းဟိုတယ် ၊ တိမ်ဖြူ ဟိုတယ်တွေ မှာ ဝင် လုပ် ခဲ့တယ် ။ နောက် ဟိုတယ်ဝန်ထမ်း အလုပ် က ထွက် လိုက်ပြီး အပျော်တမ်း ဂိုက် လုပ်တယ် ။
တစ်နေ့တော့ ဆုတောင်းပြည့်ဘုရား ထဲ မှာ စာ သွား ဖတ်ပြီး ထွက် လာရင်း လမ်းဘေး ကို ဟိုကြည့် သည်ကြည့် ကြည့် လာ မိတယ် ။ ပန်းကလေး တစ်ပွင့် တွေ့တယ် ။ အဝါရောင်လေး တော်တော် လှပါလား ။ ဘာပင်ပါလိမ့် သွား ကြည့် တော့ ခဝဲပွင့် ။
ပန်း ဆိုတာ တန်းဖိုး ကြီး မှ ရယ် မဟုတ်ပါဘူး ။ ခဝဲပွင့်လေး ပေမယ့် လှူရင် ကုသိုလ် ရပါတယ် ဆိုတဲ့ မဟာစည်ဆရာတော်ကြီးဟောဖူး တဲ့ တရားစကား ကို အမှတ် ရ ပြီး ခဝဲပွင့်ကလေး ကို ခူးပြီး စာအုပ် ကြား မှာ ညှပ် ၊ အခြောက် ခံ လိုက်တယ် ။ ခဝဲပွင့်လေး က ခြောက် သွားမှ အဝါရောင် က ပို လွင်ပြီး လှ လာတယ် ။ ငုဝါ လည်း သည်လိုပဲ ၊ ခြောက် ရင် ပို လှတယ် ။ အကြောကလေးတွေ လည်း ပေါ် လာတယ် ။
ပန်းပွင့်လေးတွေ သူ့ သဘာဝ အတိုင်း ၊ ပွင့်ကြ ၊ ကြွေကြ ၊ အခြောက် ခံပြီး စာအုပ် ကြား ထဲ ညှပ်ထားပြန် ရင်လည်း သူ့ အလှ ကို ဘယ်သူ မှ မတွေ့ မမြင်ရဘဲ တိမ်မြုပ် ပျောက်ကွယ် သွားရတော့မှာပဲ ။ ဘယ်သူ မှ လည်း ခံစားရတော့ မှာ မဟုတ်ဘူး လို့ တွေးမိတယ် ။ ချစ်ဦးသူ ရဲ့ သီချင်းစာအုပ်ကလေး ထဲ မှာ ပန်းခြောက်ကလေးတွေ အလှ ဆင် ထားတာ ကို လည်း သတိရတယ် ။ ကျွန်တော် က တိုးရစ် လောက မှာ ကျင်လည် နေတဲ့ အချိန် ဆို တော့ ပန်းခြောက်ကလေးတွေ နဲ့ ပို့စကတ် လုပ်ပြီး နိုင်ငံခြားသားတွေ ကို ရောင်းဖို့ စိတ်ကူးတယ် ။ ရွှေကျီးမြင်ဘုရား အာရုံခံ ထဲ မှာ ငုဝါ ပန်းခြောက်ကလေးတွေ နဲ့ ပန်း ပန်းချီ ပို့စကတ် ထိုင်လုပ် နေတာ ဂျာမန် အမျိုးသမီး တစ်ယောက် က တွေ့ပြီး ဈေးဦး ပေါက် ဝယ် သွားတယ် ။ သူ ဂျာမနီ ပြန် ရောက်တော့ ကျွန်တော့် ဆီ ကို အမှတ်တရ ပို့စကတ် ပြန် ပို့ ပေးပါတယ် ။
ပန်းတွေ ကို လုံးဝ ခြောက် သွား အောင် လုပ် လိုက်ရင် အကြာကြီး ခံတယ် ။ မှို လည်း မတက်ဘူး ။ ( စက္ကူ မှာ ကပ် ထားတဲ့ ကံ့ကော်ပန်းခြောက်ကလေး တစ်ပွင့် ကို ပြရင်း ) ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ် လောက် က ပန်းပွင့်ကလေး ။ အခု အထိ လှ ဆဲ ပဲ ။
အချို့ ပန်းတွေ ကို အခြောက် ခံ လိုက် ရင် သဘာဝ မူလ အရောင် မဟုတ်ဘဲ ပြောင်းလဲ သွားတယ် ။ အချို့ ပန်းတွေ က ပို လှလာတယ် ။ ကျွန်တော် က တော့ ပန်းအမျိုးစုံ လုပ် နေတာပဲ ။ မြန်မာ့ ဆယ်နှစ်ရာသီပန်းတွေ လည်း လုပ်မယ် ။
ပန်းချီ ပုံဖော်ဖို့ အတွက် သစ်ရွက်တွေ လည်း အခြောက် ခံပြီး သုံးတယ် ။ ပုန်းညက်ရွက် က အရွယ် လည်း ကြီး ၊ အရောင် လည်း စုံတော့ အသုံး တည့်တယ် ။ မြက်ရိုင်းလေးတွေ ၊ လိပ်ပြာ ၊ ပုစဉ်းတွေ လည်း ရောစပ်ပြီး သုံးတယ် ။
ကတ် နောက်ကျော မှာ မြန်မာတိုင်းရင်းသား အမျိုးစုံ ရဲ့ စကားပုံ ရဲ့ အယူအဆတွေ ၊ ပန်းပွင့်ကလေးတွေ နဲ့ ဆိုင်တဲ့ အကြောင်းအရာတွေ လည်း ရေးထားတာ နိုင်ငံခြားသား တွေ က စိတ်ဝင်စားတယ် ။ ကျွန်တော် က အစ္စရေး ၊ အိန္ဒိယ ၊ တရုတ် ၊ ဂျပန်နိုင်ငံ ပေါင်းစုံ က ဧည့်သည်တွေ အကြိုက် တွေ့ နိုင်တဲ့ ပုံကလေးတွေ အမျိုးစုံ လုပ်ထားတယ် ။ ဘုရား ထဲ ဝင် လာရင်း ဝယ်ကြပါတယ် ။
ကျွန်တော့် အလုပ် မှာ ကျွန်တော် ဈာန် ဝင် နေတော့ ပျော် နေတာပါပဲ ။ ပန်း ပဲ ကပ် နေချင်တာ ။ ကျွန်တော့် မှာ အချစ် ခံစားမှု က လည်း ရှိ ခဲ့တော့ ပန်းကလေးတွေ ကို ချစ်တယ် ။ ခံစားမှု အတွက် ဖြေသိမ့်မှု အနေ နဲ့ ပန်းခြောက်ကလေးတွေ ကို ပန်းချီ လုပ် နေတာပါ ။
ကျွန်တော့် ချစ်ဦးသူ လည်း မန္တလေး မှာ ပဲ ရှိပါသေးတယ် ။ အိမ်ထောင် လည်း မပြုပါဘူး ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment