Friday, July 21, 2023

တို့ ရွာ က မဏိစန္ဒာ

❝  တို့ ရွာ က မဏိစန္ဒာ ❞

အခု တလော မှာ ဟို က လည်း မဏိစန္ဒာ ၊ ဒီ က လည်း မဏိစန္ဒာ ၊ လက်ဖက်ရည်ဆိုင် က လည်း မဏိစန္ဒာ ၊ ကာရာအိုကေ က လည်း မဏိစန္ဒာ ဖြစ် နေတော့ ဟို လွန်ခဲ့သည့် နှစ်ပေါင်း ငါးဆယ် ကျွန်တော် ဆယ်နှစ်သား အရွယ် လောက် မှာ ဖြစ်ပျက် ခဲ့သည့် ကျွန်တော့် အစ်မ မခင်အေး နှင့် ယောက်ဖကြီး ကိုလှဖေ တို့ ကို ပြန်လည် အမှတ်ရ လာသည် ။

ယောက်ဖကြီး ကိုလှဖေ နှင့် ကျွန်တော့် အစ်မ တစ်ဝမ်းကွဲ မခင်အေး တို့ ကို လူကြီးချင်း ဘဘော တူ ပြီး လက်ထပ် ပေးစား လိုက် သည် ။ မခင်အေး က တစ်ခုလပ် တစ်လင်ကွာ ဖြစ်သည် ။ ကိုလှဖေ က ရဟန်း ငါးဝါ ရ လူပျံတော် လူပျိုကြီး ဖြစ်သည် ။ ရဟန်း လူထွက် ပီပီ ရိုးသည် ။ သဘော ကောင်းသည် ။ တစ်ခုလပ် မခင်အေး ကို မြတ်မြတ်နိုးနိုး ပေါင်းသည် ။ မခင်အေး က လည်း ပထမ အိမ်ထောင် နဲ့ ကလေး မရခဲ့သည့် အတွက် အချိုး အဆစ် ပြေပြစ်သည် ။

ဖုဖုထစ်ထစ်တွေ က နဂို အတိုင်း ကျန် နေ သေးသည့် ညိုချော ဖြစ်သည် ။ ကိုလှဖေ က သူ့ မယား ကို အလွန် ချစ် သည် ဟု ပြောကြသည် ။ 

မခင်အေး သည် ကိန္ဒရီချောင်းရွာ မှာ ကွမ်းတောင်ကိုင် အဆင့်ဝင် အပျို ဖြစ်ခဲ့သည် ။ ကိန္နရီချောင်းရွာ မှာ မခင်အေး စူပါ ဖြစ် နေစဉ် မြို့ က ရောက် လာသော ကျောင်းဆရာ ယောင်ယောင် ၊ ဒေါက်တာရမ်းကု ယောင်ယောင် ကျော်လွင် ဆိုသူ နှင့် လိုက်ပြေး ခဲ့သည် ။ မြို့သား ကျော်လွင် ရဲ့ နောက် ကို လိုက်ပြေး ပြီး သုံးလ လောက် အကြာ မှာ ရွာ ကို ပြန် ရောက် လာသည် ။ ကျော်လွင် မပါဘဲ သူ တစ်ယောက် တည်း ပြန် ရောက် လာခြင်း ဖြစ်သည် ။ ကျော်လွင် ရဲ့ မယားကြီး နဲ့ သတ်ပုတ်ကြပြီး ကျော်လွင် ရဲ့ ဆွေမျိုးတွေ က ဝိုင်း ရိုက်မယ် လုပ်လို့ ပြန် ပြေး လာခြင်း ဖြစ်သည် ။ ရွာ ပြန် ရောက်ပြီး ခြောက်လ လောက် အကြာ မှာ သဖန်းကုန်းရွာ က ကိုလှဖေ နဲ့ လက်သိပ်ထိုး ပေးစား လိုက်ရခြင်း ဖြစ်သည် ။ ရဟန်းလူထွက် လူရိုးကြီး ကိုလှဖေ က အပျို မဟုတ်ဘူး ဆိုတာ သိလျက် နဲ့ ချစ်လို့ ယူတာ ဆိုပြီး လက်ထပ် ခဲ့ခြင်း ဖြစ်သည် ။

ကိုလှဖေ ရဲ့ မိဘတွေ က သဖန်းကုန်းရွာ မှာ စပါး ငါးရာ ထွက် လယ် နဲ့ ဆေးရွက်ကြီး အပါအဝင် သီးနှံစုံ စိုက်လို့ ရသည့် ကိုင်း တွေ ပိုင်ဆိုင်သည့် မြေပိုင်ရှင် သူဌေးတွေ ဖြစ်သည် ။ ရွှေ နဲ့ ငွေ နဲ့ လှည်း ၊ ကျွဲနွား နဲ့ ဆိုတော့ မခင်အေး တို့ ထက် အဘက်ဘက် က သာသည် ။ လှဖေ သည် တစ်ဦးတည်း သော သားကြီး ဖြစ်သည် ။ ကိုလှဖေ အောက် က ညီမတွေ က လည်း ကိုလှဖေ ကို အလွန် ချစ်ကြသည် ။

လှဖေ အိမ်ထောင် ကျ တော့ ယောင်းမ တော် လာသည့် မခင်အေး ကို လည်း သဖန်းကုန်းရွာ မှာ ပျော်အောင် အလို လိုက် ကြသည် ။ မိသားစုပိုင် ရွှေတွေ ကို သူတို့ တောင် မဝတ်ရက် လို့ သိမ်းထား ရာ မှ မခင်အေး ကို ပေး ဝတ် စေသည် ။

ကိုလှဖေ က မယား ကို ချစ်လွန်း လို့ ဝအောင် ကျွေးသည် ။ လှအောင် ဆင်သည် ။ သူ ကိုယ်တိုင် က တော့ အင်္ကျီ ကိုယ်ကျွတ် ဖြင့် ဆေးတံကြီး ခဲပြီး လုံချည် ကို တိုတို ဝတ်သည် ။ မိုး မလင်းခင် လယ် ထဲ ဆင်းသည် ။ ကျွဲတွေ နွားတွေ နှင့် အတူ ကုန်းရုန်း ပြီး လယ် ထွန်သည် ။ ကိုင်း ထွန်သည် ။ ညနေ မိုးချုပ်တော့ မှ နွားစာမြက်ထုပ်ကြီး ကို ရွက် ပြီး ဆေးတံကြီး ခဲကာ ပြန် ရောက် လာသည် ။ နေပူ မရှောင် ၊ မိုးရွာ မရှောင် တစ်နေကုန် ရွံ့နွံ ထဲ မှာ အလုပ် လုပ် သူ မို့ သူ့ ကိုယ် က နေလောင်စော် ၊ ရွှံ့နွံစော် နံ နေသည် ။ ဆေးတံ သောက် သည့် အတွက် ပါးစပ် က လည်း ဆေးဆီ အနံ့ နံသည် ။ မခင်အေး က အမွှေးအကြိုင် ကြိုက်သူ ဖြစ်လို့ ကိုလှဖေ ရဲ့ အနံ့တွေ ကို မခံနိုင် ဖြစ် နေသည် ။

မခင်အေး က တော့ မနက် အိပ်ရာ က ထ တာ နဲ့ သနပ်ခါး ကို ခြေဆုံး ခေါင်းဆုံး လိမ်းသည် ။ သင်းကြူကြူ မျက်နှာချေ ပေါင်ဒါ ကို ဖွေး နေအောင် လိမ်းသည် ။ နှုတ်ခမ်းနီ ရဲ နေအောင် ဆိုးသည် ။ ကိုလှဖေ က လည်း သူ့ မယား ကို အဲဒီလို မြင် ရမှ သဘော ကျသည် ။ လယ်ထဲ ကိုင်းထဲ က မောမော နဲ့ ပြန်လာ
ချိန် မှာ သူ့ မိန်းမ ကို မြင်လိုက် ရ လျှင် အမော ပြေသွားသည် ဟု ဆိုသည် ။ ကိုလှဖေ ရဲ့ နှမတွေ က လည်း မခင်အေး ကို ခြေမွေး မီးမလောင် လက်မွေး မီးမလောင် ရ အောင် မီးဖိုချောင် မဝင်စေ ရ ဘဲ အလှ ကြည့် ထားကြသည် ။ သူတို့ အစ်ကိုကြီး ကိုလှဖေ ကို ချစ် လို့ ဖြစ်သည် ။

ကိုလှဖေ နဲ့ ညားပြီး တစ်နှစ် လောက် အကြာ မှာ မခင်အေး ဗွေ ဖောက် လာတော့သည် ။

ကိုလှဖေ ကို မပေါင်းချင်တော့ဘူး ဆိုပြီး ကိန္နရီချောင်းရွာ ကို ပြန် ပြေး လာသည် ။ ဘာဖြစ်လို့ မပေါင်းချင် တော့ တာလဲ လို့ မေးတော့ လည်း အဖြေ မပေး ၊ မပေါင်းချင်တော့ ဘူး လို့ သာ ဖြေသည် ။ အကျင့်စာရိတ္တ ရိုးသားပြီး အလုပ် ကြိုးစားသည့် လင်သား ကို အကြောင်းပြချက် တစ်စုံ တစ်ရာ မရှိဘဲ မပေါင်းချင်တော့ဘူး ဆိုရုံ မျှဖြင့် လက်ခံ ထားရမှာ ခက် နေသည့် မိဘတွေ က ကိုလှဖေ ကို လာ ခေါ်ပါရန် အကြောင်း ကြား လိုက်သည် ။

မခင်အေး ရဲ့ မိဘတွေ မှာ မျက်နှာ ပူစရာ ကိစ္စ လည်း ရှိနေသည် ။ စပါး တစ်ရာ ထွက် လယ်ကလေး တစ်ကွက် ကို ဝယ်ဖို့ ပိုက်ဆံ မရှိလို့ ကိုလှဖေ ရဲ့ မိဘတွေ ဆီ က ပိုက်ဆံ ချေးပြီး ဝယ်ထား တာ ပြန် မဆပ်ရသေးသည့် ကိစ္စ က ရှိနေသည် ။ ဒီလို အခြေအနေ မှာ မခင်အေး က ကိုလှဖေ ကို ပြန်ပြီး မပေါင်းနိုင်တော့ပါ ဆိုလျှင် ဒုက္ခ ဖြစ်တော့မည် ။ တစ်ဘက် က ပိုက်ဆံ ပြန် ရလိုမှု ဖြင့် တိုင်လား တောလား လုပ်လာပါ က ကျေးရွာ အုပ်ချုပ်ရေး ကွန်မြူနစ် သာထွန်းဦး နဲ့ ရင်ဆိုင် ရ မှာ ကျောချမ်းစရာ ကောင်း လှသည် ။ ငါးသည်မ ဆီက အကြွေး ဝယ်ပြီး ပိုက်ဆံ တစ်ကျပ်ခွဲ ကို မပေးဘဲ ထား သည့် ဒေါ်လုံးတင် ကို အုန်းပင် မှာ ကြိုး ချည်ပြီး ကြိမ် ရိုက်တာ ကို မှတ်မိ နေ ကြသည် ။

“ သူများ အကြွေး ယူပြီး ပြန် မဆပ်ရင် ဒီလို အရိုက်ခံရမယ် ဆိုတာ မှတ်ထား ”

လုံချည် တိုတို ဝတ်ပြီး ခြောက်လုံးပြူးသေနတ် ကို ခါးပါတ် မှာ တွဲလောင်း ချိတ်ထားသည့် သာထွန်းဦး က လျှာတစ်စောင်း ကိုက် ပြီး ဒေါ်လုံးတင် ကို ကြိမ် ဖြင့် သုံးချက် ရိုက်သည် ။ ဒေါ်လုံးတင် အတော် အီ သွားသည် ။ သုံးချက်တည်း ဆိုတော့ တစ်ကျပ်ခွဲ မပေးရ တော့ တာ တန်တယ်လို့ တောင် တစ်ချို့ က ပြော ကြသည် ။

မခင်အေး ရဲ့ မိဘတွေ က တော့ သာထွန်းဦး ကို ကြောက် နေ ကြသည် ။

မခင်အေး ကို လာ ခေါ်ပါရန် အကြောင်းကြားချက် ရသည့် ကိုလှဖေ က ရှက် နေသည့် မျက်နှာ ဖြင့် ကိန္ဒရီချောင်းရွာ ကို ရောက် လာပြီး မခင်အေး ကို လာ ခေါ် ရှာ ပါသည် ။ မခင်အေး က လည်း ရှက် လို့ ဆိုပြီး အိပ်ခန်း ထဲ က ထွက် မလာဘဲ နေသည် ။ ကိုလှဖေ ကို ထွက် တွေ့ရန် ပြောသော အခါ မတွေ့ချင် ဟု ဆိုသည် ။ မခင်အေး ၏ မိဘတွေ အတော် စိုးရိမ် သွားကြသည် ။ ကိုလှဖေ လာ ခေါ်တာ ကို လိုက် သွားရန် မေတ္တာရပ်ခံ တာ ကို ငြင်း သည် ။ ကိုလှဖေ ကို မျက်နှာ ပြ ရမှာ ရှက် သည် ၊ အားနာသည် ဟု ဆိုသည် ။

ရှက်စရာ လည်း မလို ၊ အားနာစရာ လည်း မလို ။ ကိုယ့်လင် က လာ ခေါ်တာပဲ လိုက်သွားပါ ဟု တိုက်တွန်းကြသော အခါ လိုက်မည် ဟု ကတိ ပေးသည် ။ သို့သော် ကိုလှဖေ ကိုယ်တိုင် လာ မခေါ် ဘဲ အခြားသူ တစ်ယောက် လာ ခေါ် မှ လိုက်မည် ဟု ဆိုသည် ။

ကိုလှဖေ က လိုက်လျော သဘောတူ ပြီး ရွာ ပြန်တော့မည် ဆိုသော အခါ အိပ်ခန်း ထဲ ကနေပြီး အရေး ဆို ပြန်သည် ။ သူ့ ကို နွားလှည်း ဖြင့် လာ ခေါ်ရမည် ၊ ည မိုးချုပ် မှ သဖန်းကုန်းရွာ ထဲ ကို ဝင် လိုပါသည် ဟု ဆိုသည် ။ ဒါကိုလည်း ကိုလှဖေ က လိုက်လျော သဘော တူ ပါသည် ။ အကောင်းဆုံး ဖြစ်အောင် စီစဉ်လိုက်ပါမည် ဟု ပြောပြီး ရွာ ပြန် သွားသည် ။

နောက် နေ့ နံနက်မှာ ကိုလှဖေ ၏ တူ မောင်လှမြင့် မောင်း နှင် လာသည့် အထူး လှည်း ရောက် လာသည် ။ ကကြိုးတန်ဆာ ဆင် ထားသည့် နွားချောကြီး နှစ်ကောင်ဆွဲ လှည်းယာဉ်ကြော့ ဖြစ်သည် ။ ကိုလှဖေ ၏ အဘိုးအဘွားများ လက်ထက် က စပြီး မိဘများ လက် ထက်တိုင်အောင် ပွဲတက် သုံး ခဲ့သော အထူးယာဉ် ဖြစ်သည် ။ နွားထမ်းပိုး နှင့် ဘီးဒေါက်တွေ က စပြီး ပွတ်လုံး ၊ ပွတ်တိုင်တွေ ဖြင့် အလှအပ ပြုလုပ် ထားသည် ။ ကော့ပျံ နေသည့် လှည်းအိမ် လက်ရမ်း တွေမှာ ယိုဒယားပန်း ကနုတ်ပန်း နှင့် ရုပ်ကြွရုပ်လုံးတွေ ထုဆစ် ထားသည် ။ ကြမ်းခင်း မှာ မွေးပွ ကော်ဇော ထူထူ ခင်း ထားသည် ။ နေ ပူ လျှင် စီး လိုက်သူ ကို နေပူ မခ အရိပ် ရ အောင် စောင်ထူထူ ကို အမိုးကိုင်း ပြုလုပ် ပြီး မိုး ပေး ထားသေးသည် ။

ဒီလောက် တောင် အစစ အဆင် ပြေအောင် လုပ်ပေး လိုက်တာ ကို မခင်အေး က မကျေနပ်နိုင်သေး ဘဲ လှည်းအိမ် ဘေးဝဲယာ ကို လုံအောင် စောင်တွေ ဖြင့် ပါတ်ကာ ခိုင်း လိုက်သေးသည် ။ သူ ပြန် လိုက်ပါ သွားတာ ကို ကိန္နရီချောင်း ရွာသူရွာသားတွေ မမြင်စေ လို ၍ ဟုဆိုသည် ။ လိုက်ပါ သွား လျှင် ပြီးရော ဆိုသည့် သဘော ဖြင့် သူ့ မိသားစု က သူ လိုချင်သည့် ပုံစံအတိုင်း လုပ်ပေး လိုက်ကြသည် ။ ညနေ ( ၃ ) နာရီ လောက် မှာ မခင်အေး ကို တင်ဆောင် သွားသည့် အထူး လှည်းယာဉ် ကိန္နရီချောင်းရွာ က ထွက်ခွာ သွားသည် ။ ဒီတော့ ခုပဲ မခင်အေး ရဲ့ မိဘတွေ သက်မကြီး ချ နိုင် ကြတော့သည် ။

နောက်နေ့ နံနက် နေ မွန်းမတိမ်းမီ အချိန်လောက် မှာ သဖန်းကုန်းရွာ က ကိုလှဖေ နှင့် အပေါင်းပါ တစ်စု တို့ ကိန္နရီချောင်း ရွာ ကို စိုးရိမ်သည့် မျက်နှာ တွေ ဖြင့် ရောက်လာကြသည် ။ ကိုလှဖေ တို့ လူစု သည် မခင်အေး တို့ အိမ်ခြံဝင်း ထဲ ကို အားကျိုး အားနာ မျက်နှာ တွေ ဖြင့် မဝံ့မရဲ ဝင် လာ ကြသည် ။ မခင်အေး နဲ့ ပတ်သက်သည့် အခြေအနေ မှန် ကို အတိအကျ မသိရသေး လို့ စူးစမ်းသည့် အနေ နှင့် မဝံ့မရဲ ပင်မေး သည် ။

“ မနေ့က မခင်အေး မသွားဖြစ်ဘူး ထင်တယ် ”

“ ဟဲ့ မနေ့က ညနေ သုံးနာရီ လောက် မှာ ထွက်သွား တယ်လေ ၊ မရောက်ဘူးလား ”

“ မရောက်ဘူး ၊ ဒီနေ့ မနက် အထိ ရောက်မလာသေး ကျွန်တော် တို့ လိုက် လာတာ ”

“ ဟာ ဒုက္ခပါပဲ ၊ ဒီ ကလေးမ ဘယ်လို လုပ်တာလဲ ”

“ မနေ့က ည ( ၈ ) နာရီ လောက် မှာ သဖန်းကုန်းရွာ ကို ရောက်ရမည့် မခင်အေး သည် ဒီနေ့ နံနက် ( ၉ ) နာရီ လောက် အထိ ရောက် မလာသေး ဆိုသည့် အတွက် မခင်အေး ၏ မိသားစု သာ မက ကိန္နရီချောင်း တရွာလုံး တုန်လှုပ် သွား ကြသည် ။ ဒီ ကိစ္စ ကို အချိန်ဆွဲ လို့ မဖြစ်ဘူး ဆိုပြီး လှည်းဘီး ခြေရာခံ လိုက်ကြရတော့သည် ။

မနေ့ က ညနေ ( ၆ ) နာရီ လောက် မှ မခင်အေး ကို တင်ဆောင် လာသည့် နွားလှည်း သည် လမ်းမကြီး မှ ဖဲ့ဆင်း ပြီး လယ်ကွင်း ကို ဖြတ်၍ ဆူးပုတ်ကုန်းရွာ ဘက် ကို ဦးတည် သွားတာ ကို မြင်လိုက် သူ က သတင်း ပို့ သည် ။ ဖိုးလောင်ကွင်း ကို ဖြတ်၍ ဆူးပုတ်ကုန်း ဘက် ကို လိုက်ကြပြန်သည် ။ နှစ်ဘက်ဆွေ မျိုးတွေ ဖြန့် ခွဲပြီး ဖြစ်နိုင် ရှိသည့် ရွာတွေ ကို လိုက်ကြသည် ။

ဖိုးလောင်ကွင်း ကို ဖြတ်မောင်း သွားသည့် လှည်းဘီး ရာ ပြတ်တောင်း ပြတ်တောင်း ကို တွေ့သည် ။ ကိုလှဖေ က သူတို့ လှည်းဘီး ဖြစ်သည် ဟု အတိအကျ ဆိုသည် ။ သို့သော် လှည်းဘီးရာ သ ည် သွားရိုးသွားစဉ် လမ်းကြောင်း မှ သွေဖီပြီး မြက်ကုန်း တစ်ခု ကို ဖြတ်ကာ တောစပ် တစ်ခု သို့ ဝင်ရောက် သွားသည့် လက္ခဏာ တွေ့ ရသည် ။

မြက်ခင်း ပေါ် မှာ လှည်းဘီး ရာ ပျောက် နေ၍ ဘယ်ဘက် ကို သွားတယ် ဆိုတာ မသိနိုင် ဖြစ်နေသည် ။ နေဝင်မိုးချုပ် သွား လို့ ဒီနေ့ အဖို့ ရှာဖွေသည့် အလုပ် ကို ရပ်လိုက် ကြရသည် ။

မခင်အေး ပျောက် နေတာ ( ၂ ) ည ၊ ( ၁ ) ရက် နှင့် နေ့ တစ်ဝက် ရှိသွားပြီ ဖြစ်သည် ။ သတင်း အစအန မရနိုင်သေး ဖြစ်နေသည် ။ ဒီ အခြေအနေ ဖြစ်လာသော အခါ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဗိုလ်သာထွန်းဦး ကို တိုင်ရ တော့သည် ။ ရောင်စုံ သူပုန်တွေ ကြီးစိုး သည့်ခေတ် ဖြစ်လို့ သူတို့ အသက် နဲ့ သူတို့ လိုက်လံ စုံစမ်းကြသော အခါ တောလမ်း တစ်နေရာ မှာ မြို့ ဘက် ကို ခရီး ဆက် မောင်းနှင် သည့် မခင်အေး တို့ လှည်း ကို ဖမ်းမိ လိုက် တော့သည် ။ ဖမ်း မိသည့် အချိန် အထိ ဆိုလျင် မခင်အေး ပျောက် နေတာ (၅) ရက် ရှိပြီ ဖြစ်သည် ။

ကျေးရွာအုပ်ချုပ်ရေး က လည်း ယာဉ်မောင်း မောင်လှမြင့် ကို စစ်ဆေး မေးမြန်းသည် ။ မောင်လှမြင့် သည် ကြောက်ပြီး တုန်တုန်ယင်ယင် ဖြစ်နေသည် ။ ကိုလှဖေ ၏ တူအရင်း ဖြစ်သည် ။ မြို့ကျောင်း မှာ တက် နေသည့် ဆယ်တန်းကျောင်းသား ဖြစ်သည် ။ မခင်အေး နှင့် ရင်းနှီးပြီး သူ ဖြစ်သည် ။ ကျောင်း ပိတ် လို့ ရွာ ကို ခဏ ပြန်လာ စဉ် ဦးလေး ကိုလှဖေ က မခင်အေး ကို သွား ခေါ်ရန် တာဝန် ပေးလို့ သွား ခေါ်ရာမှ အခုလို အမှု ဖြစ်ရခြင်း ဖြစ်သည် ။

မခင်အေး ကို ကိန္နရီချောင်းရွာ မှ လှည်း ဖြင့် တင်ခေါ် လာပြီး သဖန်းကုန်း ကို ဦးတည်သွား နေစဉ် ဦးတည် မောင်းနေစဉ် ခင်အေးသည် သဖန်းကုန်း ကို မသွားချင်ကြောင်း တတွတ်တွတ် ပြော လာသည် ဟု ဆိုသည် ။ ဖိုးလောင်းကွင်းစပ် အရောက် မှာ တွေ့ရသည့် လှည်းလမ်းကြောင်း အတိုင်း လယ်ကွင်း ကို ဖြတ်မောင်း ခိုင်းပြီး ဆူးပုတ်ကုန်းရွာ ဘက် သို့ သွားရန် အမိန့် ပေးသည် ဆို ပါသည် ။

“ ဒီနေ့ ည သဖန်းကုန်း ကို မသွားချင်သေးဘူး ဆူးပုတ်ကုန်း က ငါ့ အဒေါ် အိမ် မှာ တစ်ညအိပ် ပြီး မှ သွားမယ် ဆူးပုတ်ကုန်း ကို မောင်း ”

“ ကောင်းပါ့ မလား ဒေါ်လေး ရယ် ၊ ဦးလေးလှဖေ နဲ့ မိသားစု က သဖန်းကုန်း ရွာထိပ် မှာ စောင့်ကြို နေကြတယ် ။ မိုး ချုပ် လို့ ရောက် မလာရင် စိတ်ပူ နေကြလိမ့်မယ် ။ ”

“  ငါ မသွားချင်သေးဘူး ဟယ် ။ မောင်း မှာ သာ မောင်း စမ်းပါ ”

တစ်နှစ် ခန့် အတူ နေခဲ့ဖူးသည့် ငယ်နိုင် နှင့် ငယ်ကြောက် ဖြစ်လို့ ပြန် မလှန်ရဲတော့ဘဲ သူ ခိုင်းသည့် အတိုင်း လုပ်ခဲ့ ရသည် ။ ဆူးပုတ်ကုန်း ရောက်ခါနီး ကျပြန် တော့ လည်း ရွာ ထဲ ကို မဝင်ဘဲ မြက်ကုန်း တစ်ခု ကို ဖြတ် တက်ပြီး တော ထဲ ကို မောင်းဝင်း ခိုင်း သည် ။ တော ထဲ မောင်းဝင်ပြီး သူ ရပ် ခိုင်းသည့် နေရာ မှာ ရပ် လိုက်တော့ နေဝင် မိုးချုပ် သွားပြီ ဖြစ်သည် ။

သူ့ အိမ် က ထည့်ပေး လိုက်သည့် ထမင်းချိုင့် ကို နှစ်ယောက် အတူ ဖွင့်စား ကြပြီး လှည်းပေါ် မှာ ငုတ်တုတ် ထိုင် နေကြသည် ။ နွားတွေ လည်း လှည်း မှာ ကပ်လျက် မအိပ် ရ ဘဲ ရပ်နေ ကြသည် ။

“ နင့် အသက် ဘယ်လောက် ရှိပြီလဲ ”

“ ၂၀ ရှိပြီ ”

“ ငါ့ ထက် ရှစ်နှစ် ပဲ ငယ်တယ် ၊ ငါ့ မောင် အငယ်ကောင် နဲ့ ရွယ်တူပဲ ”

ဦးလေး ရဲ့ ဇနီး မို့ ဒေါ်လေး လို့ ခေါ် ပေမယ့် အသက် အရွယ် အရ မမ လို့ ခေါ် လျှင် ရတယ် ဆိုသည့် အဓိပ္ပာယ် ဖြစ်သည် ။ မောင်လှမြင့် က အသက် ငယ် သော်လည်း အရွယ် က ကြီး နေတော့ မခင်အေး ထက် တောင် အရပ် မြင့် နေသည် ။ တစ်အိမ် တည်း အတူ နေခဲ့ကြ သော်လည်း ဦးလေး ရဲ့ ဇနီး ဖြစ် လို့ နီးနီးကပ်ကပ် မကြည့် မိ ခဲ့ ၊ အခုလို တော ထဲ က လေးပေပါတ်လည် မျှ သာ ကျယ်သည့် နွားလှည်း ပေါ် မှာ အသားချင်း ထိ မျှ ပူးပူးကပ်ကပ် နေ ရ တော့ မှ ဒေါ်လေး ရဲ့ အလှ ကို သတိထား မိသည် ။ အသားအရေ က နုညက် နေသည် ။ အချိုးအဆစ် ပြေပြစ်ပြီး ညိုချော ချောသူဖြစ်သည် ။ အကြည့်ချင်း ဆုံတိုင်း ရင်ခုန် နေတော့သည် ။

“ အိပ် ချင် ရင် ခွေ အိပ်ပါလား ၊ ကျွန်တော် မအိပ်ဘူး ၊ ထိုင် နေမယ် ”

မမ လို့ မခေါ်ရဲသေး သည့် အတွက် ဒေါ်လေး လို့ လည်း မခေါ်ပဲ စကားချည်း သက်သက် စမ်း ပြော ကြည့်သည် ။ သူ  ကလည်း ဒါကို ရိပ် မိပြီး သဘောကျ သည့် လက္ခဏာ ပြသည် ။

“ မအိပ်ချင်သေးပါဘူး ၊ နင့် ဦးလေး ကို ငါ ပြန် မပေါင်းချင်ဘူး ”

“ ဒါဆိုရင် ဘယ်လို လုပ်ကြမလဲ ”

ဦးလေးလှဖေ နဲ့ ပြန် မပေါင်းချင်တော့ဘူး လို့ ပြောလိုက် တာ ကို ပင် သဘော ကျပြီး ရင် ခုန် သွားပြန်သည် ။ တကယ် ဆို လျင် မသင့်ဘူး ၊ မတော်ဘူး လို့ ပြောပြီး ဦးလေး ဘက် က ရပ်တည်ရမည် ဖြစ်သည် ။ အခုတော့ အားပေး အားမြှောက် သဘော ဖြင့် ဘယ်လို လုပ်မလဲ ဟု မေး မိသည် ။

“ မြို့ကို ရောက်အောင် သွား ချင်တယ် ။ မြို့ ကို ရောက် မှ အခြေအနေ ကြည့် လုပ်မယ် ”

မိမိ နှင့် အတူ မြို့ ကို ထွက်ပြေးကြမယ် လို့ သွယ်ဝိုက်ပြီး တိုင်ပင်ခြင်း ဖြစ်သည် ။ ဘာကြောင့်မှန်း မသိ ။ သူ ပြောသမျှ သဘောတူ နေ မိသည် ။ ဦးလေးလှဖေ ကို ဘယ်လို အကြောင်း ကြောင့် မှ ပြန် မပေါင်းနိုင်ကြောင်း ၊ တစ်နေ့ တစ်ခြား စိတ် ကုန် လာကြောင်း ၊ သူ နဲ့ ပြန်ပေါင်း နေရတာ ဆန္ဒ မပါသည့် အတွက် ငရဲခံ နေရသလို ဖြစ်နေကြောင်း ၊ ကိုယ် ချစ်တဲ့ သူ နဲ့ သာ အတူ နေ လိုကြောင်း ၊ ပိုက်ဆံ မချမ်းသာချင် နေပါစေ ၊ ချစ်တဲ့သူ နဲ့ အတူ နေပြီး စိတ်ချမ်းသာ ချင်ကြောင်း ၊ ပြောပြပြီး မသိမသာ ရှိုက်ငို မိ ပါသည် ။

“ သူတို့ လိုက် လာကြပြီး အတင်းအဓမ္မ ပြန် ခေါ်ရင် ဘယ်လို လုပ်မလဲ ”

“ ရမလား ၊ မလိုက်ဘူး ၊ ရှင့် ကို မကြိုက်ဘူး ၊ မပေါင်းနိုင်ဘူး လို့ ပြောမှာပေါ့ ”

မောင်လှမြင့် အားတက် လာသည် ။ သတ္တိတွေ ရှိလာသည် ။ တရားဝင် ဇနီး ပင် ဖြစ်သော်လဲ အမျိုးသမီး က မပေါင်းလိုတော့ပါ ဟု အကြောက်အကန် ပြောလာပါ က ယောက်ျား က ဘာမျှ ပြောပိုင်ခွင့် မရှိဘဲ လက်လွတ် လိုက်ရသည့် သာဓက တွေ ရှိခဲ့တာ ကို သိနေခြင်း ကြောင့် ဖြစ်သည် ။

“ ကျွန်တော့် ကို အမှု လုပ် နေကြပါဦးမယ် ”

“ စိတ်ချ ၊ ဘာမှ မဖြစ်စေရဘူး ၊ အာမခံတယ် ”

မခင်အေး သည် အတွေ့အကြုံ ရှိသူ ဖြစ်သည် ။

ဒီ ကိစ္စ မျိုး နဲ့ ပတ်သက်လျှင် ဥပဒေ ကျွမ်းကျင်တယ် လို့ တောင်ပြောလို့ ရသည် ။မ ခင်အေး က အာမခံတယ် ဆိုတော့ မောင်လှမြင့် စိတ်အေး သွားသည် ။ ညည့်နက် လာ လို့ တစ်ယောက် မျက်နှာ ကို တစ်ယောက် က မထင်မရှား သာ မြင်ရ တော့သည် ။ ခြင် မကိုက် အောင် ကာ ကား သည့် စောင်တွေ ကို လုံအောင် ပိတ် လိုက်တော့ ပို မှောင် သွားသည် ။

မခင်အေး က အိပ်ချင်လို့ ဝါးကနဲ သမ်း ဝေသည် ။ မောင်လှမြင့် က အိပ်ချင်ရင် လှဲအိပ်ချပါလား လို့ ပြောပြီး လှည်းအိမ်ကျဉ်းကျဉ်းလေး ထဲ မှာ နေရာ ရွှေ့ ပေးသည် ။ မခင်အေး က ခွေခွေကလေး လှဲ အိပ် ချပြီး မောင်လှမြင့် ရဲ့ ပေါင် ပေါ် မှာ ခေါင်း အုံး လိုက်သည် ။ မောင်လှမြင့် ရဲ့ ရင် တအား ခုန်ပြီး သွေး ပူ သွားသည် ။

မောင်လှမြင့် က မခင်အေး ကို ခြင် ကိုက် မှာ စိုးလို့ ယပ်ခပ် ပြီး ခြင်မောင်း ပေးသည် ။ အေး မှာ စိုးလို့ ပါ လာသည့် တဘက် ဖြင့် လွှမ်းခြုံ ပေးသည် ။ မလုံလို့ ပေါ် နေသည့် လက်မောင်း နှင့် မျက်နှာ ကို နွေး သွားအောင် ရင်ဘတ် ဖြင့် ခပ်ရွရွလေး ဖိ ပေးထားသည် ။

မခင်အေး က မောင်လှမြင့် အိပ်ချင် လျှင် သူ့ ကိုယ် ပေါ် ဖိချ ပြီး အိပ် ဆိုသည့် သဘော ဖြင့် မောင်လှမြင့် ရဲ့ ကိုယ် ကို ဆွဲယူပြီး သူ့ ကိုယ် ပေါ် ကို အသာ ဆွဲ လှဲ လိုက်သည် ။ အိပ်ငိုက် နေပြီ ဖြစ်သည့် မောင်လှမြင့် က လည်း ခွင့်ပြုချက် ရသည် နှင့် တပြိုင်နက် မခင်အေး ရဲ့ ကိုယ်ပေါ် ကို အသာ လှဲချပြီး မှေး လိုက်သည် ။ မှေး လိုက်တော့ မခင်အေး ဆီ က မွှေး တဲ့ အနံ့ ကြောင့် ရင် ထဲ မှာ နွေးကနဲ ဖြစ် သွား သည် ။ လေးပေ ပတ်လည် မျှ သာ ကျယ်သည့် လှည်းအိမ်လေး ထဲ မှာ  ပူးပူးကပ်ကပ် ၊ ပွေ့ပွေ့ဖက်ဖက် နေကြရတော့ လှည်း က လှုပ်လွန်း သည် ။ လှည်း လှုပ်တာတွေ များလာတော့ ထမ်းပိုး က မဖြုတ်ရသေး တဲ့ နွား နှစ်ကောင် က သွားခိုင်းတယ် ထင်လို့ လန့်ပြီး ဆွဲ ပြေးသည် ။ ဒီတော့ မှ ကုန်း ထ ကြပြီး နွားတွေ ကို ရပ်ခိုင်း ရသည် ။ လှည်းထမ်းပိုး က ဖြုတ်ပြီး အိပ်စက် အနားယူ ခိုင်း လိုက်ရသည် ။

သာထွန်းဦး စစ်ဆေး မေးမြန်းတာ ကို မောင်လှမြင့် က အမှန်အတိုင်း ဖွင့်ချ ဝန်ခံသည် ။ ( ၂ ) ရက် နှင့် ( ၂ ) ည လှည်းအိမ် ကျဉ်းကျဉ်းလေး ထဲ မှာ အတူ အိပ်ခဲ့ကြကြောင်း ဖြောင့်ချက် ပေး သည် ။

မခင်အေး က လည်း မငြင်း ။ မိမိ သည် ကိုလှဖေ ကို ပြန် ပေါင်း လိုသည့် ဆန္ဒ မရှိတော့ပါ ဟု ဆိုသည် ။ မောင်လှမြင့် နှင့် မိမိတို့ မြို့ ကို သွားပြီး တရားရုံး မှာ လက်ထပ်ကြရန် တောလမ်း သွား နေစဉ် အဖမ်း ခံလိုက်ရတာ ဟု ဆိုသည် ။

ဒီ အခြေအနေ ဖြစ်နေပြီ ဆိုတော့ ဘာ ဥပဒေ မှ မရှိသည့် ကွန်မြူနစ်တရားရုံး က မခင်အေးနှင့် မောင်လှမြင့် တို့ ကို တရားသေ လွှတ် လိုက်သည် ။ ကျွန်တော့် ယောက်ဖ လူရိုးကြီး ကိုလှဖေ မှာ သာ နာမည် တစ်လုံး အဖတ်တင် ကျန်ခဲ့သည် ( မင်းကျန်ရစ် တဲ့ ) ။

ပုဂံ ရာဇဝင် ကို သေသေချာချာ မလေ့လာဘဲ နဲ့ ရမ်းသမ်း ပြီး နာမည် ပေး တတ်ကြတဲ့ ကျွန်တော်တို့ ရွာ က လူတွေ မကောင်း တာ ပြောပါတယ် ။

◾ အဏ္ဏဝါစိုးမိုး

📖  သောကြာ စာစောင်
     ၂၀၀၄ ခု ၊ မတ်လ

#ကိုအောင်နိုင်ဦး

.

 

No comments:

Post a Comment