❝ တယ်လီဖုန်း ရသများ ❞
အသက် ကြီး လာချိန် တွင် သည်းခံစိတ် ပို၍ မွေးမြူ ရပါတော့သည် ။
“ အဘိုးရေ ... အားအားရှိ အဲဒီ ဖုန်းပဲ ပွတ် နေတာပါလား ၊ မီးဖိုချောင် မှာ လည်း နည်းနည်းပါးပါးကူကက်ပြီး လုပ်ပါဦးတော့ ။ ကျုပ် တစ်ယော က်တည်း တကုပ်ကုပ် ချက် နေရတာ ၊ တော့် အစေခံ ကျနေတာပဲ ”
ကျွန်တော် နိစ္စဓူဝ ကြားရသော စကား ဖြစ်ပါသည် ။ ဘယ်လို ပြောပြော ဖုန်း မပွတ်ဘဲ တော့ မနေနိုင်ပါ ။ တယ်လီဖုန်း ဆိုသည် မှာ အစ ပထမ က စကား ပြောရန် သက်သက်မျှ သုံးရသော ပစ္စည်း ဖြစ်ပါသည် ။ ယခုမူ တယ်လီဖုန်း သည် ဂိမ်း ဆော့ဖို့ ၊ ဓာတ်ပုံ ရိုက်ဖို့ ၊ ဖေ့စ်ဘွတ်ခ် ကြည့်ဖို့ ရုပ်ရှင် ၊ ကြည့်ဖို့ စသည် စသည် အများကြီးမှ တကယ့် အများကြီး သုံး နိုင်သော ပစ္စည်း ဖြစ် နေပါပြီ ။
ဟုတ်တာ မဟုတ်တာ အပ ထား ၊ လက် ထဲ မှာ ဖြူဖြူ ၊ မည်းမည်း လေးထောင့်တုံး ကလေး တစ်ခုတလေ ကိုမျှ မကိုင်နိုင် လျှင် မဖြစ်တော့ပါ ။ လူ ထူထူ မှာ စွပ်ကျယ် ချိုင်းပြတ် ဖြင့် နေ ရ သလို မလုံမခြုံ ရှိုးတိုးရှန့်တန့် ၊ ရှက်ကိုးရှက်ကန်း နှင့် အနေအထိုင် ခက် လှသည် ။ ထို့ကြောင့် လက် တစ်ဝါးစာ လေးထောင့်တုံး မည်းမည်းကလေး တစ်ခု ကို ဇွတ်မှိတ် ဖျစ်ညှစ်ပြီး ကိုင် လိုက် ရပါ သည် ။
ကိုယ့်ထက် အတိတ် ကံ ကောင်း ကြသူတွေ ကတော့ ကြွက် ကိုက်ထားသော ပန်းသီး အပဲ့ ကို ကိုင်ကြသည် ။ သူတို့ ကောင်းကင်လေ ပို မိ လေသလော မပြောတတ်ပါ ။
“ ဒီလို ပန်းသီး က ဘာမဆို အကုန် ခိုင်းလို့ ရတယ်ဗျ ”
ရွှေရောင်လေးထောင့်တုံး ကို မြှောက်ကာ ဝင့်ကာ နှင့် တစ်ယောက် က ဆိုပါသည် ။
“ တောက် ... ငါ က ထမင်းချက် ခိုင်းချင်တာကွာ ”
ခွ ပြောခြင်း မဟုတ်ပါ ။ ကျွန်ုပ်အဘိုးကြီး၏ အိမ်ရှင်မ “ မယ်ဂျီးအို ” ခမျာ ချက်ရ ပြုတ်ရ ဒုက္ခ များ လှပါသည် ။ ထို့ကြောင် ကြွက်ကိုက်ပန်းသီး အပဲ့ ကို ဘာမဆို ခိုင်းလို့ ရ လျှင် ထမင်းကလေး လောက် တော့ ချက် ခိုင်း ချင်ပါသည် ။ ထမင်းချက် သက်သက် မျှသာပါ ။
သို့သော် ပင်မြင့်သဇင် ဖြစ်သော ထို ပန်းသီး ကို တုံး ခု၍ မလှမ်းဝံ့ လေရကား ပေါပေါသောသော ပြောဖြစ်ရုံ မျှ ဝယ် ကိုင်ရပါသည် ။ ကျွန်တော်တို့ ငယ်ငယ် မဆလခေတ် တုန်းက ဒါမျိုးတွေ မရှိပါ ။ ရှားရှားပါးပါး ကြိုး ဖုန်းများ သာ ရှိသည် ။ စားပွဲတင် ဖုန်း များ သာ ရှိသည် ။ စကား ပြောရုံ သက်သက် အသုံး တည့် တာကလေး ကို စားပွဲ ပေါ်မှာ တရိုတသေ တင်ပြီး ပိတ်ဖြူ ပဝါကလေး အုပ် ထား ရသည် ။ စကား ပြော လိုလျှင် ဖုန်းခွက် လက်ကိုင် ကို မ, အပေါက် ကလေးတွေ ထဲ လက်ညှိုး ထိုးထည့်ပြီး လှည့်ရသည် ။
“ လက်ညှိုးကလေး ငါး ကြိမ် လှုပ် လျှင် အချစ် နှင့် စကား ပြောရ၏ ” ဟု ရေးခဲ့သည် ကို ဖတ်ဖူးပါသည် ။ ထိုစဉ် က တယ်လီဖုန်း က လည်း ရှားရှားပါးပါး အစိုးရ ရုံးဌာနတွေ စက်ရုံတွေ မှာ တောင်မှ တစ်လုံးတလေ သာ ရှိကြ သည် ။ တစ်ခါက အဖြစ် ကလေး မှတ်မိသေးတော့ သည် ။
ထိုနေ့ က ရုံးပိတ်ရက်ကြီး စက်ရုံ မှာ ကျွန်တော် တာဝန်မှူး ဂျူတီ ကျ ပါသည် ။ စက်ရုံ လုံခြုံရေး စောင့်ကြပ်ရ
သော တာဝန် ဖြစ်ပါသည် ။ စက်ရုံ ပိတ်ထား သဖြင့် မည်မည်ရရ အလုပ် မရှိပါ ။ ကျွန်တော် အေးအေးလူလူ ဝတ္ထုစာအုပ် တစ်အုပ် ဖတ် နေပါသည် ။ ထိုစဉ် အမျိုးသမီး ခပ်ရွယ်ရွယ် တစ်ယောက် ဂိတ်ပေါက်ဝ သို့ ရောက်လာသည် ။ အနီးအနား ရပ်ကွက် ထဲ မှ ဖြစ်ဟန် ရှိသည် ။ သပ်သပ်ရပ်ရပ် ဝတ်စားထားပါသည် ။
“ တယ်လီဖုန်း တစ်ခါ လောက် ဆက်ချင်လို့ပါ ”
ဂိတ်ဝ လုံခြုံရေးမှူး ကို ပြောသံ ကျွန်တော် ကြားရ၏ ။ သူ့ အသံ က မေတ္တာရပ်ခံသော လေသံ ဖြစ်သည် ။ ဤသို့ပင် အနီးအနား ရပ်ကွက်သားများ ကိစ္စကြီးငယ် ကို ဖုန်း လာ ဆက်လေ့ ရှိပါသည် ။ ရုံး ဖွင့်ရက်များ မှာ မလာကြပါ ။ ထိုစဉ် က တယ်လီဖုန်း အငှားဆိုင်များ မရှိသေးပါ ။ အမျိုးသမီး က စာရွက်အပိုင်းကလေး တစ်ခု မှာ ရေးထားသော ဖုန်းနံပါတ်
ကို လုံခြုံရေးမှူး အား ပြသည် ။ လုံခြုံရေးမှူး က နံပါတ် လှည့် ပြီး ခေါ်ပေးသည် ။
“ ကဲ ... ရပြီ ၊ ပြောပေ တော့ ... ”
အမျိုးသမီး လက်ထဲ ဖုန်းခွက် ထည့် ပေး လိုက်သည် ။
“ ဟုတ်ကဲ့ ... အမိန့် ရှိပါ ရှင် .. ”
အမျိုးသမီး က သူ့ အသံ ကလေး ကို လှပအောင် ပြုပြင်ပြီး ပြောလေ၏ ။
“ မဟုတ်ဘူးလေ ၊ ခင်ဗျား က ပြောရမှာ ... ”
လုံခြုံရေးမှူး က ဝင် ၍ ဖြောင့် ပေးသည် ။
“ ဟုတ်ကဲ့ ... အမိန့် ရှိပါရှင် ... ”
“ မဟုတ်ဘူး ... ခင်ဗျား နာမည် ပြော ၊ ပြီးရင် ပြောချင် တဲ့ ကိစ္စ ကို ပြောလေ ။ ခင်ဗျား က ဆက်တာလေဗျ ”
အမျိုးသမီးကား လျှာကလေး တစ်လစ် ထွက်သွား လေ၏ ။ ထိုစဉ်က အများသူ ငါ တယ်လီဖုန်း နှင့် ဤသို့ ဤနှယ် စိမ်း ခဲ့ကြပါသည် ။
တယ်လီဖုန်း ဆိုတာက လည်း အခက်သား ကလား ။ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ပြောရတာ မဟုတ်လေတော့ အလွဲလွဲ အချော်ချော် အများကြီး ဖြစ်လေ့ ရှိ ပါသည် ။ သူ ပြော လက်စ မဆုံးခင် ကိုယ် က ဝင် ပြောမိတာ ၊ ဘေးက တစ်ယောက် ကို ကြားဖောက်ပြီး ပြော လိုက်လို့ အကောက် အယူ လွဲတာ စသည်ဖြင့် လွဲ၍ မဆုံးနိုင်ကြပါ ။
လက်ကိုင်ဖုန်း ပေါ်ခါစ မှာ တော့ အလွဲ က တစ်မျိုး ဖြစ်လာ ချေ၏ ။ တစ်ခါက ရုံး တက်နေသော ကျွန်တော့် သူငယ်ချင်း ထံ သို့ သူ့ အမေ က ဖုန်း ဆက်သည် ။ ညနေရုံး ဆင်း လျှင် သူ့ အတွက် ငှက်ပျောသီး ဝယ် လာရန် မှာ လိုရင်း ဖြစ်ပါသည် ။ ဖုန်း လိုင်း က မိ တစ်ချက် မမိ တစ်ချက် ဖြစ်ရာက ပြတ် သွားသည် ။ အမေကြီး က ထပ် ခေါ်သည် ။ မရတော့ ။ ဆက်သွယ်မှု ဧရိယာ ပြင်ပ ဖြစ်သွားတော့သည် ။
သူငယ်ချင်း ကလည်း သူ့ အမေ ငှက်ပျောသီး မှာတာ သိပြီး ဖြစ်၍ ပြန် မဆက်တော့ ရုံး အဆင်းမှာ ငှက်ပျောသီး ဝယ်ပြီး ပြန် သွားသည် ။ ဖီးကြမ်းကောင်းပေ့ ဆိုတာ ဝယ် သွား သည် ။ အမေ ဝမ်းသာ သွားပေရော့ ။
သို့ သော် အမေကြီး ထင် သလောက် ဝမ်း မသာနိုင် ရှာ ။
“ ဟဲ့ နေပါဦး ၊ နေ့ခင်း က နင့် ဆီ ဖုန်းဆက်ရင်း ပြတ် သွားလို့ ပြန် ဆက်တော့ နင့် ဖုန်းမှာ ဘယ် က မိန်းမ က ဝင် ပြော ရတာလဲ ဟဲ့ ”
“ ဘာပြောလို့လဲ အမေ
”
“ ဆက်သွယ်မှုဧရိယာ ပြင်ပ ရောက်နေသတဲ့ တော် ဒါနဲ့ ငါ က နေပါဦး ၊ ငါ့ သား နဲ့ ငါ ခုလေးတင် ပြော နေသေးတာ ။ ညည်း က ဘာ ကိစ္စ ဝင် ရှုပ်ရတာလဲ ဆိုတော့
ကောင်းကောင်း ပြန် မပြောဘူး ။ ကု,လားမလား မဆိုနိုင်ဘူး ။ ကု,လား လို တွေလည်း ဗလစ်ဗလစ် ပြောတာပဲ ”
သူငယ်ချင်း ခမျာ အမေ လိပ်ပတ်လည်အောင် မနည်း ရှင်းပြလိုက်ရပါသည် ။
ယနေ့ခေတ် တယ်လီဖုန်း ကို အမြောက်အမြား သုံး နေကြသော အချိန်မှာ ကား အလွဲ များသည် တစ်နည်း တစ်ဖုံ ဆန်းသစ် လာကြ ပါတော့သည် ။
တစ်ရက် ကျွန်တော့် ဖုန်း မြည်၍ နားထောင် လိုက်ရာ
“ ဆရာ ၊ ကျွန်တော် ပါ ” ဟု ဆိုလေ၏ ။
အသံ မကျက်မိ သဖြင့် အဘယ် ကျွန်တော် မှန်း မသိပါ ။ ကိုယ်တိုင် က လည်း ကျောင်းဆရာ လုပ်ခဲ့ဖူး လေတော့ တပည့်အများ ထဲ က တစ်ယောက် ယောက် ဖြစ်ပါလိမ့်မည် ။
“ အေးကွာ ၊ ပြော”
“ ဆရာ ဆု ရတယ် ရော ၊ အခု တင်ပဲ အစည်း အဝေး ဆုံးဖြတ်တာ ၊ ကျွန်တော် ခု နေပြည်တော် က ဆက် နေတာပါ ဆရာ ”
“ ဟုတ်လား ၊ ခု ဆက်တာ ဘယ်သူပါလိမ့် ”
“ ဆရာ သူကြီးလေ ဆရာ ရဲ့ ၊ ဟား ဟား ၊ သူကြီး အသံ တောင် မမှတ်မိတော့လား ၊ ဟား ဟား ။ ဒီနှစ် ဆုတွေ က ထိုက်ထိုက်တန်တန် ပေးမှာ ဆရာ ရဲ့ ၊ ဆရာ တော့ ထောပြီ ၊ ဟားဟား ”
သူ က ပျော်ရွှင်စွာပင် ဆက် ပြော နေပါသည် ။ ကျွန်တော့် တပည့်များ တွင် သူကြီး မျှ မက မြို့ပိုင် လည်း မရှိ ။ ဆယ်အိမ်ခေါင်း ပင် မရှိပါ ။
“ ဒီမှာ ၊ ဖုန်း မှား နေပြီ ထင်တယ် ”
“ ဟဲဟဲ ၊ ဆရာ က ကျွေးရမှာ စိုးလို့လား ၊ ဆရာ ပြေး လို့ မလွတ်ပါဘူးဗျာ ။ ဆုငွေ က ကျွန်တော်တို့ ရုံး မှာ ထုတ်ရမှာ ။ မနက်ဖြန် သန်ဘက် ဆိုရင် ဆရာ့ ဆီ ကို တရားဝင် အကြောင်းကြားစာ ရောက် လာပါလိမ့်မယ် ၊ ဒါပဲနော် ဆရာ ။ ဒီမှာ ညွှန်ချုပ် ခေါ် နေလို့ ”
ဖုန်းချ သွားလေ၏ ။ ကျွန်တော့် မှာ မဆတ်တငံ့ ကျန်ရစ်ပါသည် ။ ဘာ ဆု ပါလိမ့် ။ အမျိုးသားစာပေဆု များလား ။ မဂ္ဂဇင်း ထဲ မှာ တောက်တီးတောက်တဲ့ ရေးတဲ့ သူ့ ကို တော့ အမျိုးသား စာပေဆု မပေးတန်ရာပါ ။ ထို ည က ကျွန်တော် အိပ် မပျော်ပါ ။ ကိုယ့် လုပ်ရပ် တွေ ထဲမှာ ဆု ရနိုင် လောက်တာ ဘာ ရှိပါလိမ့် ။ တော်လှန် ရေး တုန်း ကလည်း ကိုယ် မမွေးသေး ။ လှူတာ တန်းတာ လည်း မည်မည်ရရ မရှိ ။ ရေဘေး လည်း မလိုက်ဖြစ် ။ ဖျား နေလို့ပါ ။
မောင်မင်းကြီးသား သူ့ ပြန် ခေါ်ပြီး မေး ရမှာကလည်း သူ ဆက်သော ဖုန်း မှာ နေပြည်တော် ရုံးဖုန်း ဖြစ် နေသည် ။ ဝန်ကြီးရုံး ဖုန်း ကို ဆက်ပြီး “ သူကြီး ခေါ်ပေးပါ ” ဟု ပြော လို့လည်း မဆီလျော်ပါချေ ။ သို့နှင့် သူ ပြောသည့် တရားဝင် အကြောင်းကြားစာ ကို မျှော်ရင်း မျှော်ရင်း တစ်ပတ် ၊ ဆယ်ရက် ကြာ သွားပါသည် ။ ဘာမျှ မလာပါ ။ ထိုအခါ ကျမှ ဖုန်း မှား တာဖြစ်မှာပါ ဟု စိတ်တုံးတုံး ချလိုက်ရပါသည် ။
နောက် တစ်ကြိမ် မှာ တော့ ဖုန်း မှား ခေါ်သူ က အထက်စီး နှင့် ပြောပါသည် ။
“ တောင်ဘက် အိမ် က ငပြူး ခေါ် ပေးစမ်းပါ ”
ကျွန်တော့် တောင်ဘက် တွင် အိမ် မရှိပါ ။ ကလေးများ ဘောလုံး ကန်ကြသည့် ကွက် လပ် သာ ရှိသည် ။ ကွက်လပ် ၏ ဟိုဘက်မှာ က ဓမ္မာရုံ ။
“ တောင်ဘက် မှာ အိမ် လည်း မရှိ ၊ ငပြူး လည်း မရှိ ပါလား ။ မှား နေပြီ နဲ့ တူတယ် ”
“ သိတယ် ၊ သိတယ် ဒီလို အချိုးတွေ မျိုးကြီးတို့ က ပေါက်ပြီးသားနော် ။ အဲဒီ မအေ ... ငပြူး ကို ပြောလိုက် စမ်းပါ ၊ ဒီလို ရှောင် နေလို့ လွတ်ရိုးလား ကွာ ။ မျိုးကြီး တဲ့ အရေခွံ ဆုတ်ပစ်မယ် ”
ကိုယ် ကပင် ပြန် တောင်းပန် ရမည့် ကိန်း ဆိုက်သွား သည် ။
တစ်ခါ မှားသူ ကတော့ တစ်ဖက် လူ ထူးတာ ကိုပင် မစောင့် ။
“ ညီမလေး ရေ ၊ ပုသိမ် နောက်ဆုံးကား မှာ လက်မှတ် ကလေး နှစ်စောင်လောက် ဖြတ် ထားပေးပါလား ကွယ် ။ နေရာ ကောင်းကောင်းလေး နော် ၊ ညီမလေး က လိမ္မာပါတယ် ၊ မုန့် ဝယ်ခဲ့မယ်” တဲ့ ။
ကားဂိတ် မဟုတ်ကြောင်း ပြန် ပြော တော့ မှ ဆောရီး ဆောရီး တဲ့ ။
တယ်လီဖုန်း ၏ ရသများ ကို ကား ပြော၍ ကုန်နိုင် ဖွယ်ရာ မရှိပါ ။ ယခုတလော ဒုက္ခ ပေးသူများ မှာ နံပါတ်တူ ရောင်းသူများ ဖြစ်သည် ။
“ အစ်ကို အခု ကိုင်နေတဲ့ ဖုန်း နဲ့ နောက် ဂဏန်းတွေ တူတဲ့ အော်ရီဒူး ဖုန်းကတ် အသစ် ညီမတို့ လက်ထဲမှာ ရှိ နေပါတယ် ။ စိတ်ဝင်စားတယ် ဆိုရင် အိမ် အရောက် စရိတ်ငြိမ်း ပို့ပေးပါမယ် ။ ရောင်းဈေး က နှစ်သောင်း ပါ ”
အစချီ ၍ ဆက် လာ၏ ။ တစ်ကြိမ် တစ်ခါ မဟုတ် ။ အကြိမ်ကြိမ် ။ တစ်ခါတလေ နေ့လယ်နေ့ခင်း တစ်ရေး အိပ်
နေတုန်း ဖုန်းကတ် ရောင်း ချင်သူ က ဆက်၏ ။ အလွန် အင်မတန် စိတ်တိုစရာ ကောင်းပါ သည် ။ မိမိ နှုတ်မှ ဖရုသဝါစာ မထွက်ရဲ သောကြောင့် ထိုသူ များ အတင့်ရဲ သမျှ ငုံ့ ခံ နေရ သည် ။
ထို ဖုန်းကတ် ရောင်းသူများ မှာ တစ်ခါတစ်ခါ ယောက်ျားသံ ၊ တစ်ခါတစ်ခါ မိန်းမသံ ဖြစ်သည် ။ မဝယ်လိုပါ ၊ နောင်မှာ မဆက်ပါနှင့် ဟု တောင်းပန် ၍ လည်း မရချေ ။ တစ်ဖက်သား ကို အနှောင့် အယှက် ပေးရာ ရောက် မည်လား ဟု စဉ်းစားကြပုံ မပေါ် ပါ ။ ကိုယ် ရောင်းရဖို့ပဲ ကြည့် ကြသည် ။ ဪ ဒုက္ခ ဒုက္ခ ။
တယ်လီဖုန်း ၏ ဒုက္ခ သည် မွေးရာပါ ဖြစ်သည် ။ မွေး ဆို သိန်း နှစ်ဆယ် လောက် ကုန် ပြီးမှ လက်ထဲ ရောက်လာ ခြင်း ဖြစ်သည် ။ နောက်ဆက် ဒုက္ခ ကား ဟန်းဆက် ။ စစ ချင်း တုန်းက ခလုတ် နှိပ်တာ ကလေး ဖြစ်သည် ။ နောက်တော့ ပွတ် ရတာတွေ ပေါ် လာသည် ။ အများသူငါ ပွတ် နေကြချိန်မှာ ကိုယ် က နှိပ် နေရ သည်မှာ မဟန် ။ ထို့ကြောင့် ပွတ် လို့ ရတာ ကို ဝယ်ရပြန်သည် ။ အကောင်းစားကြီး မဟုတ်ပါ ။ တရုတ် ။ ပေါပေါ သောသော ။ ခပ်လှမ်းလှမ်း က ဆိုလျှင် ဘာ တံဆိပ်မှန်း မသိ နိုင်တာမျိုးပါ ။ လူချင်း တူပေ မဲ့ ကံ အကျိုးပေးချင်း မတူ တတ် သည်မှာ အမှန်ပင် ဖြစ် သည် ။ ကျွန်တော့် မှာ တရုတ် ခပ်ညံ့ညံ့ ကို ပွတ် နေရချိန်တွင် အိမ် က မယ်ဂျီးအို က တော့ ကြွက်ကိုက်ပန်းသီး ကိုင် ရလေ၏ ။ ရပ်ဝေးနေ သမီး က “ မေမေ့အတွက် ” ဟု ခေါင်း တပ်၍ ဝယ်ပေး လေသဖြင့် အကျွန်ုပ် နှင့် မဆိုင်ရေးချ မဆိုင်ပါချေ ။ မဆိုင်သမှ ဖုန်း ကို ဖွင့်၍ ပင် မရ ။ မယ်မင်း ကြီးမ လက်ဗွေ ပြ လိုက်မှ ဖုန်း က ပွင့် သည် ။ ထိုကြောင့် မလှမ်းမကမ်း မှ သာ ငေးနေရ သည် ။
“ ဟေ့ ဒီမယ် ၊ ကြား လား ကြားလား လုပ် မနေနဲ့ ငါ က ပန်းသီး “ ဆဲဗင်းပလပ် ” နဲ့ ပြော နေတာ ၊ နင့် ဘက် က လိုင်း မမိတာ ဖြစ်မယ် ၊ နေရာ ရွှေ့ ကြည့်ပါလား ”
ကောင်းကင်လေ သည် ပေပေါင်းနှစ်သောင်းငါးထောင် အထက် က ဖြစ် လေ၏ ။ တစ်ရက် ဖုန်း ဆိုင် မှာ ငွေဖြည့် ကတ် သွား သွင်းပြီး ပြန် အလာ မှာ တော့ မယ်ဂျီးအို ဖုန်း အသံ ပြောင်း လာ၏ ။ အရင်က ဖုန်း လာ လျှင် “ ဒုံ ချပ်ချပ် ၊ ဒုံ ချပ်ချပ် ” မြည်နေ ရာက ၊ အခု “ မြနန္ဒာ xxx နေ ညိုညို ရစ်ကာသန်းတော့ xxx ရွှေမန်းတောင်ရိပ် တူတူခို မယ် xxx ” ဖြစ်လာပါသည် ။ ဖုန်း လာလျှင် သင်္ကြန် အက ပဲ ထ , က ရ မလို ရိုးရိုးရွရွ ဖြစ်ရ ပြန်သည် ။ ဤလည်း တစ်ဒုက္ခ ပါ ။
ဒီ ရက်ပိုင်း မှာ နောက်ဆုံး ပေါ် ဒုက္ခ ရောက်ရှိ လာပြန် ပါသည် ။ တယ်လီဖုန်း သုံးစွဲ သူများ မှတ်ပုံတင် ရသော ကိစ္စ ဖြစ်သည် ။ ကျွန်တော်တို့ ဖုန်းကတ် တွေ က တစ်ဆင့် ဝယ် ထားရတာတွေ ဖြစ် လေတော့ ကိုယ့် အမည်ပေါက် မဟုတ် ပါ ။ လက်ဝယ် ရှိသူက မှတ်ပုံတင် ရမည် ဖြစ် သဖြင့် အမ်ပီတီရုံး သို့ သွားကြ ရ ပါသည် ။
အမ်ပီတီရုံး တွင် လူငယ် လူရွယ်များ အကြား အဘိုး နှင့် မယ်ဂျီးအို တို့ တိုးတိုးဝှေ့ဝှေ့ ဖြင့် ကိုယ့် အလှည့် ရောက်လာ ကြသည် ။ ဤနေရာ တွင် မယ်ဂျီးအို ကို ဦးစား ပေး၍ မဖြစ်ပါ ။ ရုံး လုပ်နည်းလုပ် ဟန်တွေ ဆိုတာ မသိလျှင် ခက်သည် ။ ထို့ကြောင့် မယ်ဂျီးအို နမူနာ ရစိမ့်သောငှာ ကျွန်တော် က ဦးဆောင်ပြီး ရှေ့ က ဝင် လုပ်ပါသည် ။ ကောင်တာ စာရေးမ ကို မှတ်ပုံတင် မိတ္တူ ပေး ရသည် ။ ဖုန်း နံပါတ် ပြော ရသည် ။ မှတ်ပုံတင် မိတ္တူ ပေါ် မှာ ဖုန်းနံပါတ် ကို ရေးမှတ်သည် ။ ထို့နောက် စာရေးမ က သူ့ စားပွဲ ပေါ် ရှိ ဟန်းဖုန်း ဖြင့် ကျွန်တော့် နံပါတ် ကို နှိပ်၍ ခေါ်သည် ။ မြည် လာသော အခါ “ မကိုင်နဲ့ ၊ မကိုင်နဲ့” ဟု ဆိုသည် ။ ထို့ နောက် “ အဲဒီ နံပါတ် ကို ပြန် ခေါ်လိုက်ပါ ” ဟု ဆို ပြန်သည် ။ ကျွန်တော့် ဖုန်း ကို ပွတ်၍ ခုန က ခေါ်သော ဖုန်း ကို ပြန် ခေါ် လိုက်ပါသည် ။ စားပွဲ ပေါ် က ဖုန်း မြည် လေ၏ ။ ဪ ဒီလို ကိုး ၊ အပြန်အလှန် စစ်ကြည့် သည့် သဘော ဟု ကျွန်တော် နားလည်လိုက်ပါသည် ။
“ ဖုန်း ချလိုက်ပါ ” ဟု စာရေးမ က ပြောသည် ။
ကျွန်တော် သည် လက်ထဲ က ဖုန်း ကို စာရေးမ ရှေ့ စားပွဲ ပေါ်သို့ ချပေး လိုက်ပါ သည် ။
အနီးရှိ မယ်ဂျီးအို က စ၍ ဝိုင်း နေသော မိန်းကလေး တစ်သိုက် ခိုးခိုးခစ်ခစ် ရယ် ကြလေ၏ ။ ကျွန်တော် ဘာ များ မှားပါသနည်း ။ စာရေးမ ၏ ဖုန်း ကား ဆက် မြည် နေဆဲပင် ။ သူ က ကျွန်တော့် ဖုန်း ကို လှမ်း ပွတ်ပြီး နှိပ် လိုက် တော့မှ အသံ တိတ်သွား သည် ။ သြ ... ပေါက်ပြီ ။ ဒါကြောင့် ကိုး ။ အမ်ပီတီရုံး တွင် ထိုမျှ နှင့် ကိစ္စ ပြတ်ခဲ့ သော်လည်း မယ်ဂျီးအို ကား တော်တော်နှင့် မပြီးပြတ် နိုင်ပါချေ ။ အပြန် လမ်း မှာလည်း ရယ်လို့ မပြီးနိုင် ၊ အိမ် ရောက် တော့ လည်း တွေးတွေးပြီး တခိခိ ရယ်တုန်း ။
“ ဟေ့ ငါ က ရိုးရိုး လေး တွေး တာကွ ၊ မြတ်စွာဘုရား ဟော ထားတာလေ ။ မေတ္တသုတ် မှာ “ ဥဇူစ ... ရိုးသား ဖြောင့်မတ်ရာ၏ ” တဲ့ ။ ရိုး လွန်းတော့ အ , ရာ ကျ သွား တာပေါ့ လေ ”
ကျွန်တော် အညံ့ မခံပါ ။ မေတ္တသုတ် ကိုပင် ကိုးကား လိုက်ပါသေးသည် ။
မယ်ဂျီးအို သည် ကိုယ်တိုင် ဟားရုံ နှင့် အားမရ ။ သမီး ထံ ဖုန်းဆက် ၍ အဖ ၏ ရိုးသားပုံ ကို အမွှမ်း တင်လျက် သားအမိ နှစ်ယောက် ဟားကြ သေးသည် ။ နေနှင့်ဦး မယ် မင်းကြီးမ ။
ကျွန်တော် ကြာကြာ မစောင့် လိုက်ရပါ ။ မကြာမီ သီတင်းကျွတ်လပြည့်နေ့ သို့ ရောက် လာပါသည် ။ အိမ် အနီးရှိ ဓမ္မာရုံ သည် နှစ်ရက် လောက် ကြိုပြီး အသံချဲ့စက် ဖြင့် ဆော်ဩပါသည် ။ သီတင်းကျွတ်လပြည့်နေ့ မြတ်စွာဘုရား တာဝတိံသာ ပြန် ကြွလာသောနေ့ ၊ အဘိဓမ္မာအခါတော်နေ့ ။ ဓမ္မာရုံ ၌ ဥပုသ်သီလ ဆောက်တည် ဖိတ်ကြား နှိုးဆော်ပါသည် ။
“ ကိုင်း ... အဘိုး ရေ ဥပုသ်စောင့် သွားကြစို့လား ”
မယ်ဂျီးအို က ဆုံးဖြတ် ထားပြီးသော လေသံ ဖြင့် ပြော၏ ။ မလိုက်လို့ မဖြစ်ပါ ။ သူ ဥပုသ် စောင့်ပြီး ထမင်း မချက် လျှင် အဘိုး ငတ်မည့် အတူတူ ဥပုသ်စောင့် လိုက်ပါ တော့မည် ။ တစ်ဖန် အိမ်နီးနားချင်း မှာ အဘိုးကြီး အမယ် ကြီးတွေ များသည် ။ ဖြတ်သွား ဖြတ်လာ တွေ့၍ ဥပုသ် ရသလား ၊ ဘာလား မေး လျှင် ဖြေရ ခက်သည် ။ မအားလို့ပါ ပြောရအောင် က လည်း မိမိ မှာ ဘာ အလုပ်မှ မရှိ ။ ထို့ကြောင့် ဥပုသ်စောင့် လိုက်ရန် သဘော တူ လိုက်ပါသည် ။
သီတင်းကျွတ်လပြည့် နေ့ နံနက်ခင်း တွင် ဓမ္မာရုံ က ကျွေးမွေးသော ကြာဆံဟင်း နှင့် ကော်ဖီ ၊ မုန့်ပဲသရေစာ ကို စားသုံးကြပြီး ဆရာတော်ဘုရား ကြွလာသော အခါ သီလ ယူ ကြပါသည် ။ အမျိုးသား တစ်ကန့် ၊ အမျိုးသမီး တစ်ကန့် နေရာ ခွဲ ထိုင်ကြ ရပါသည် ။ အမျိုးသား သိပ် မရှိပါ ။ ဆယ့်လေး
ငါးယောက် လောက်ပဲ ရှိမည် ။ အမျိုးသမီး အင်အား တော်တော် များ၏ ။ လေးဆယ် ကျော် ငါးဆယ် ရှိမည် ။ ဒါ ကြောင့် နတ်ပြည် မှာ နတ်သမီး များတာ ဖြစ်လေသလား တွေးမိသည် ။ နတ်သမီးလောင်းလျာများ သည် နောင် အခါ အထောက် အထား ပြနိုင် ရန် အလို့ငှာ လည်းကောင်း ၊ ယခု မျက်မှောက် ၌ မိမိ တို့၏ ပန်းသီးများ ၊ ကျောက်သင်ပုန်းများ ကို ထုတ်သုံးရန် အလို့ငှာ လည်းကောင်း တချပ်ချပ် ၊ တဖျပ်ဖျပ် ဓာတ်ပုံ ရိုက်ကြ ကုန်၏ ။ တချို့က ကိုင်းတံကြီးများ ထုတ်ပြီး ဆယ်ဖီ ၊ ဆယ့်ငါးဖီ ဆွဲကြ၏ ။ ထိုအထဲမှာ ကျွန်ုပ် ၏ မယ်ဂျီးအို လည်း ပါဝင် ဆင်နွှဲလေ၏ ။ ဆဲဗင်းပလပ် ဟန်းဆက် လက် နှင့် မကွာ ဆိုသလိုပင် ။ အများ “ သြကာသ ” ကြတော့မှ ဟန်းဆက် တွေ အိတ် ထဲ ပြန် ထည့်ကြသည် ။
သီလ ယူကြ၍ တစ်ဝက် တစ်ပျက် ၊ ဝိကာလ
ဘောဇနာ အပြီး နစ္စဂီတ စခါ နီး တွင် “ မြနန္ဒာ xx နေညိုညို ရစ်ကာသန်းတော့ ” စ၍ မြည် လေ၏ ။ ဥပုသ်သည်များ ခေါင်း ထောင် ကြလေ၏ ။ လှည့် ကြည့် လိုက်တော့ မယ်ဂျီးအို ပျာ နေသည် ။ လက်ကိုင် အိတ် ထဲ က ဖုန်း ကို ပင် မနည်း ထုတ် နေရသည် ။ ဖုန်းသံ က ပို ကျယ်လာသည် ။ မယ်ဂျီးအို ဖုန်း ကို ပွတ် သည် ။ သို့သော် မြနန္ဒာ က မရပ် ။ နောက် တစ်ကျော့ ပင် ကျော့ နေသည် ။ ဆရာတော် က ဝိကာလ မှာ ရပ်ထားသည် ။ ဖုန်း က မြည်ဆဲ ။
“ အဘိုး ရေ လုပ်ပါဦး ”
ကျွန်တော် ကလည်း နေရာ က ရုတ်တရက် ထ လို့ မရပါ ။ ဒူးတုပ် ထိုင် နေတာ ကြာတော့ အောက်ပိုင်း က ချုပ်ထား သလို ဖြစ်နေသည် ။ ထိုစဉ် ဓမ္မာရုံဂေါပက လူငယ် တစ်ယောက် ထ , သွားပြီး ပိတ် လိုက်တော့မှ မြနန္ဒာ ရပ် သွား လေသည် ။
ထိုအခါမှ ဆက်၍ သီလ ယူ ကြရ၏ ။
ကိုင်း မှတ်ကရော ။ ကျွန်တော့် ကို ဟား ခဲ့သော မယ်ဂျီးအို ခုတော့ မျက်နှာ ဆီးရွက် လောက်မျှ မကြီး တော့ ပါချေ ။ ထိုနေ့ က ဥပုသ်ကြီး နှင့် မို့ ကျွန်တော် မဟားခဲ့ရပါ ။ သမီး က လည်း သူ့ အမေ ဘက်သား ဖြစ်၍ ကျွန်တော် မပြောသာပါ ။ ယခုမှ အားရ ပါးရ ဖွင့်ချ လိုက်ပါသည် ။ မှတ်ပေကရော့ ပန်းသီး ဆဲဗင်းပလပ် ရေ့ ။ ဟွား ... ဟွား .. ဟွား ... ။
◾ ဖိုးလမင်း
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဖေဖော်ဝါရီလ ၊ ၂၀၁၇ ခုနှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment