❝ သူကြီးအို ❞
နေကလေး သည် အနောက် သို့ စောင်းလျက် ဝင်လုဆဲဆဲ ဖြစ်ပေ၏ ။ ကောက်သီး ကောက်နှံ တို့ဖြင့် ဝါဝင်းလျက် ရှိသော လယ်ပြင်ကွင်းကြီး ထဲ မှ တဖြူးဖြူး တသွေးသွေး တိုက်ခတ် လာသော လေပြည် လေအေးကလေး များ သည် မျက်နှာ ပေါ် သို့ ကျရောက် ထိခိုက် သော အခါ မှ သာ လျှင် အိမ်ရှေ့ ကြမ်းပြင် တွင် ပက်လက်ကု,လားထိုင် တစ်လုံး နှင့် ထိုင်လျက် ရှိသော သူကြီးအိုကြီး ဦးရွှေပိုက် မှာ တစ်နေ့လုံးလုံး ပင်ပန်း နွမ်းနယ် ခဲ့သမျှ ပြေပျောက်စ ပြုလေ၏ ။
အရှင် ဝိတိုရီ ဧကရီဘုရင်မကြီး ၏ အာဏာတော်ပွား လေးနိုင်ငံ မဟာဝန်ရှင်တော် မင်းကြီး နှင့် တကွ အရေးတော်ပိုင် စစ်ကဲ ၊ မြို့အုပ် မကျန် မင်း ပေါင်းစုံ တက်ရောက် ရသော ဒါဘာမင်းပွဲ သဘင်ကြီး ပြီးစီး လေပြီ ။ ဦးရွှေပိုက် မှာ အရှင် ဝိတိုရီဧကရီ ဘုရင်မကြီး ၏ အမှုတော် ကို သက်စွန့် ကြိုးပမ်း နှစ်ပေါင်း သုံးဆယ် တိုင်တိုင် ထမ်းရွက်ခဲ့ပြီး နောက် အသက်အရွယ် ကြီးရင့် အိုမင်း ရှိသဖြင့် အမှုတော် ကို ကျေပွန်အောင် မထမ်းမဆောင် နိုင်သော အခါ သို့ ရောက် သဖြင့် သူကြီး ရာထူး ကို သား အကြီး မောင်ဘိုးထင် အား လွှဲအပ် ပြီး လျှင် အငြိမ်း နေခဲ့သည် မှာ ငါးနှစ် ခန့် မျှ ရှိပြီ ဖြစ်ပေ၏ ။ ယခုကဲ့သို့ ထိုနယ် တွင် ရှေးဦး ပထမ ကျင်းပသော် လေးနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီး ဒါဘာမင်းပွဲ တွင် အရှင် ဝိတိုရီဘုရင်မကြီး ၏ အမှုတော် ကို နှစ်ကာလ ရှည်လျားစွာ ရိုးရိုးဖြောင့်ဖြောင့် သက်စွန့် ကြိုးပမ်း ထမ်းရွက်ခဲ့သည့် အတွက် သူကြီးဟောင်း ဦးရွှေပိုက် အား လည်း ဆုတော် ပေးသနားတော် မူမည် ဟူသော သတင်း ရောက်စဉ် ကပင် နယ်လှည့်၍ လာသော မြို့အုပ်မင်း ဦးဘိုးတုတ် က “ ဘယ့်နှယ့် သူကြီးမင်း ဆုတော် ခံရအောင် ဒါဘာပွဲကြီး ကို သွား နိုင်ပါ့မလား ၊ အိုမင်းမစွမ်း ဖြစ်လို့ မသွားနိုင် ရင်လည်း ခင်ဗျား သား မောင်ဘိုးထင် ကို ကိုယ်စား လွှတ် လိုက်ပါလား ၊ ကျုပ် စစ်ကဲမင်း ကို အကျိုး အကြောင်း ပြော ပြ လိုက်ပါ့မယ် ” ဟု ပြောဖူး၏ ။ ထိုအခါ ဦးရွှေပိုက် မှာ မြို့ တွင် ကျင်းပမည့် ခရီး အတန် ဝေးသော ဒါဘာပွဲ ကို မဆိုထားဘိ အိမ်အတွင်း တွင် တစ်နေရာ မှ တစ်နေရာ သို့ ရွှေ့ ရန်ပင် တစ်ခါတစ်ရံ သမီးအကြီး မယ်မှန် ကို ခေါ်၍ ကူညီစေရ သဖြင့် မသွားနိုင်သည် မှာ အမှန် ဖြစ် သော်လည်း အမှုတော်ကြီး ကို သက်စွန့် ကြိုးပမ်း နှစ်ကာလ ရှည်လျားစွာ ထမ်းရွက် လာခဲ့ပြီး နောက် ယခု ကဲ့သို့ ကျေးဇူးရှင် မင်းအစိုးရများ ကို မင်းပေါင်းစုံ အလယ် တွင် ဆုတော်လာဘ်တော်များ သနားတော် မူသည် ကို ကိုယ်တိုင် သွား၍ မယူနိုင်ပါ က တစ်သက်လုံး ကြိုးစား ထမ်းရွက်ခဲ့သမျှ အလဟဿ ဖြစ်ချေ တော့မည် ။ ဤအချက် မှ အချက်ကြီး ဖြစ်လေသည် ။ လမ်း တွင် ပင် သေလျှင် လည်း သေစေတော့ ။ ဒါဘာပွဲကြီး ကို အရောက် သွားမည် ဟု ကြိတ်ခဲလျက် ကျွန်တော် ကိုယ်တိုင် လာခဲ့ပါမည် ဟု မြို့အုပ်မင်း အား မှာ လိုက်ပေ၏ ။
သို့ မှာ လိုက်သည့် အတိုင်း ယနေ့ နံနက်စောစော ပင် သား အကြီး မောင်ဘိုးထင် ၊ သား အငယ် မောင်ဘိုးကြင် တို့ ကို ခေါ်၍ အဝတ်အစားများ ကောင်းစွာ ဝတ်ဆင် ပြီး လျှင် လှည်းယဉ်ကလေး ကို ပြင် စေ၍ ရွာ မှ ထွက်ခဲ့ပေ၏ ။ သူကြီး ခန့် စ က မိမိ အား မြို့အုပ်မင်း ကိုယ်တိုင် ပေး သွားသော အမှုထမ်း
ကောင်း လက်မှတ်ကြီး ကို ပင် အရေးအကြောင်း ရှိ က ထုတ် ပြရန် ရွာ နှင့် အတော်ဝေး ရောက် မှ သားအငယ် မောင်ဘိုးကြင် အား ပြန် ယူ စေ၍ အသင့် ဆောင်ယူ သွားပေ၏ ။
မြို့အလယ် ရုံးဝင်းကြီး အတွင်း ခင်းကျင်း ဆင်ယင် ထားသော ဒါဘာမဏ္ဍပ်ကြီး ကား ကြီးကျယ်ခမ်းနား လှပေ၏ ။ ထိုမျှလောက် ကြီးကျယ်လှသော မင်းပွဲကြီး တွင် ငါတို့ အား လက်ခံ မှ ခံပါ့မလား ဟု သား အငယ် မောင်ဘိုးကြင် မှာ စိတ် မလုံ၍ ဖခင် ဖြစ်သူ အား ဖွင့်ဟ ပြောကြားမိ ရာ ဦးရွှေပိုက် က “ ဟဲ့ လူကလေး ရဲ့ တို့ ကို လာ ပေးတဲ့ အမိန့်စာ ဟာ ဒါဘာပွဲ ကို သူကြီးမောင်ရွှေပိုက် ကိုယ်တိုင် လာရောက်ရမည် လို့ ပါတယ် မဟုတ်လား ။ အဲဒါ မင်းမိန့် ကွ ၊ ဘယ်လို လူမျိုး က တို့ ကို မလာနဲ့ တား ဝံ့ မှာလဲ ၊ ရုံးဝင်း ထဲ ရောက် အောင် သာ မောင်း ” ဟု ဆိုသောကြောင့် သားအကြီး မောင်ဘိုးထင် မှာ ရုံးဝင်းကြီး အတွင်း မောင်း ၍ ဝင် သွားရာ မဏ္ဍပ်ကြီး နှင့် အတောင် တစ်ရာ လောက် ကွာ သော နေရာ သို့ ရောက်သော အခါ ရာဇဝတ်အမှုထမ်း တစ်ယောက် တား ထား သောကြောင့် ရပ်တန့် ရလေ၏ ။ လမ်းမှား ဝင်ခဲ့ သဖြင့် ငါတို့ ကို များ ကြိမ်းလားမောင်းလား နှင့် ရာဇဝတ် ထားဦးမည် လား ဟု တွေးတော စိုးရိမ် နေခိုက်တွင် ပင် ကံကောင်း ဘုန်းကောင်း မြို့အုပ်မင်း ဦးဘိုးတုတ် ရောက် လာ၍ “ ဦးရွှေပိုက် ပါ ကလား ၊ ကိုယ်တိုင် ပဲ ရောက်အောင် လာခဲ့ သကို ။ အသင့်ပဲ ။ ဒါဘာပွဲ လည်း မကြာခင် ဖွင့် တော့မယ် ။ ကဲ ... ကဲ ဆင်း ပေတော့ ” ဟု ဆိုသဖြင့် ဦးရွှေပိုက် မှာ မြို့အုပ်မင်း ကိုယ်တိုင် အရေးတယူ ကြိုဆိုခြင်း ခံရလေပြီ ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ “ ကဲ ... ငါ့ သားကြီးများ အဖေ့ ကို တွဲကြပေရော့ ” ဟု ဆို၍ သား နှစ်ယောက် တွဲလျက် လှည်း ပေါ် မှ ဆင်းခဲ့ ၍ မြို့အုပ်မင်း နောက် မှ မဏ္ဍပ်ကြီး အလယ် သဲဖြူခင်း ရာဇမတ် ကာရံ ထားသော မင်းလမ်းမ ကို လျှောက်၍ ရှေ့ဆုံးကု,လားထိုင်တန်းကြီး သို့ ရောက်သော အခါ မြို့အုပ်မင်း က “ ကဲ ... သူကြီးမင်း ရှေ့ဆုံး က ပဲ ထိုင် ပေတော့ ။ မောင်ဘိုးထင် နဲ့ မောင်ဘိုးကြင် တို့ က မင်းတို့ အဖေ ဘေး နှစ်ဖက် က အသင့် စောင့်ပြီး ထိုင် နေ ပေတော့ ” ဟု ဆို၍ နေရာ ချပေး ၍ မဏ္ဍပ်စောင့် တစ်ယောက် အား ခေါ်၍ မှာကြား ထား ခဲ့လေ၏ ။
၎င်းနောက် မကြာမီပင် မဏ္ဍပ်ကြီး မှာ ဝတ်ကောင်းစားကောင်းများ ဝတ်ဆင်ထားသော မင်းအစိုးရများ ဝင်ရောက် လာ ကြ၍ ပြည့်နှက် သွားပေ၏ ။ အလွန် လှပဆန်းကြယ်စွာ ဆင်ယင်ထား ကြသော ကြောင့် ဦးရွှေပိုက် ၏ စိတ်တွင် လူ့ပြည် ဟု မထင်ရ ၊ နတ်သဘင် အစည်းအဝေးကြီး သို့ ရောက်နေသည် ဟု ထင် ရလေ၏ ။ ဘုန်းတော်ကြီး ဦးဝါသဝ မကြာမကြာ ဟောပြောသည့် ရေမြေ့ရှင် မင်းအစိုးရ ဆိုတာ သာမန် လူတွေ မဟုတ်ဘူး ။ လောက သမုတိနတ် ဖြစ်လို့ နတ်မျိုး အပါအဝင် ဖြစ်တယ် ဆိုတာ သည်ဟာတွေပဲ ထင်ပါရဲ့ ဟု တွေးမိလေ၏ ။
အတန် ကြာ လျှင် စည်တော်ကြီးများ ရွမ်းလျက် ၊ သက်တော်စောင့် ကိုယ်ရံတော် ရှေ့ဝင်း နောက်ဝင်းများ ခင်းကျင်းလျက် ဧကရီဘုရင်မကြီး ၏ အာဏာတော် လေးနိုင်ငံ ဝန်ရှင်တော်မင်းကြီး ကြွရောက် လာ သဖြင့် တစ်မဏ္ဍပ်လုံး ထိုင်ရာ မှ ထ၍ အရိုအသေ ပြုကြရပေ၏ ။ ဦးရွှေပိုက် လည်း သား နှစ်ယောက် ကို မှီတွဲလျက် ရပ်၍ အရိုအသေ ပြု ပေ၏ ။ နောက် ရွှေကု,လားထိုင်ကြီး ပေါ် တွင် ဝန်ရှင်တော်မင်းကြီး ထိုင် မှ ထိုင်ကြရလေ၏ ။
ထိုနောက် စစ်ကဲကြီးဦးကျော်ဇံ သည် စာရွက် တစ်ရွက် ကို ကိုင်လျက် ဝန်ရှင်တော်မင်းကြီး ဘေး နား က ထ ၍ ဖတ် ပြ၏ ။ သို့သော် အင်္ဂလိပ်စကား ဖြင့် ဖြစ် သောကြောင့် ဦးရွှေပိုက် တို့ သားအဖ မှာ နား မလည်ဘဲ အမိန့်တော်စာချွန် ပဲ ထင်ပါရဲ့ ဟု တွေး လိုက်ရလေ၏ ။ ထို့နောက် မဟာဝန်ရှင်တော် မင်းကြီး ကိုယ်တိုင် ရွှေကု,လားထိုင်ကြီး မှ ထ၍ စကား အနည်းငယ် ပြောပြီး လျှင် ပရိသတ် အတွင်း ရှိ မင်းအစိုးရများ အား တစ်ဦးစီ ခေါ်လျက် မဟာဝန်ရှင်တော်မင်းကြီး ကိုယ်တိုင် လက် ဖြင့် လှမ်း၍ ပေးအပ်တော် မူပေ၏ ။
ဦးရွှေပိုက် တို့ သားအဖ မှာ ခေါ်တော့မည့် လား ခေါ်တော့မည် လား ဟု လည် တမော့မော့ နှင့် နေ ရှာ၏ ။ နောက်ဆုံးတွင် စစ်ကဲကြီး က “ အရှင်အစိုးရမင်းတို့ ၏ အမှုတော် ကို နှစ်ပေါင်း သုံးဆယ် သက်စွန့် ကြိုးပမ်း ဖြောင့်ဖြောင့်ရိုးရိုး ထမ်းရွက်သည့် အတွက် သူကြီးဟောင်း ဦးရွှေပိုက် အား ငွေဓား တစ်စင်း အသနားတော်မြတ် ခံစေသည် ” ဟု ရွတ်ဖတ်၍ “ ဦးရွှေပိုက် ” ဟု လှမ်း၍ ခေါ်သဖြင့် ဦးရွှေပိုက် မှာ “ ဟဲ့ ... လူကလေး ငါ့ ကို တွဲ ဟ ” ဟု ဆိုကာ သားအကြီး မောင်ဘိုးထင် က လက်ယာ ၊
သားအငယ် မောင်ဘိုးကြင် က လက်ဝဲ ၊ သားနှစ်ယောက် တွဲလျက် လေးနိုင်ငံ မဟာဝန်ရှင်တော် မင်းကြီး ရှေ့တော် သို့ ဝင် ရလေ၏ ။
ဝန်ရှင်တော်မင်းကြီး ၏ ရှေ့တော် သို့ ရောက်လျှင် ဦးရွှေပိုက် သည် ဝန်ရှင်တော်မင်းကြီး အား လက်အုပ် ချီလျက် ဦးချ လေ၏ ။ လေးနိုင်ငံ ဝန်ရှင်တော်မင်းကြီး လည်း စစ်ကဲကြီး ဘက် သို့ လှည့်၍ မေး သဖြင့် စစ်ကဲကြီး က တစ်စုံတစ်ရာ ပြောပြရာ သဘောတော် နှစ်သက်ဟန် ဖြင့် ဦးရွှေပိုက် ၏ မျက်နှာ ကို ပြုံး ကြည့်ကာ ငွေဓားကြီး ကို ကိုယ်တိုင် လက်တော် ဖြင့် ကိုင်လျက် ဦးရွှေပိုက် ၏ ပခုံး တွင် သိုင်း ပေး၏ ။ ပြုံးပြုံး ပြုံးပြုံး ဖြင့် လက် ကို အသာအယာ ဆွဲ ၍ နှုတ်ဆက် ပေ၏ ။ ဤ တစ်ချက် တွင် ဦးရွှေပိုက် သည် နှစ်ပေါင်း သုံးဆယ် သက်စွန့်ကြိုးပမ်း အမှု ထမ်းခဲ့ရသော အကျိုး နပ်ပေ၏ ။ ဤသို့ မဟာဝန်ရှင်တော် မင်းကြီး ကိုယ်တိုင် ငွေဓားကြီး ကို လွယ် ပေး၍ လက်ဆွဲ နှုတ်ဆက် လိုက်သည် ကို တစ်သက် တွင် မေ့နိုင်တော့မည် မဟုတ် ။ သားစဉ်မြေးဆက် အမှတ်တရ ပြောကြားခဲ့ရမည့် အချက်ကြီး ဖြစ်လေ၏ ။ လေးနိုင်ငံ ဝန်ရှင်တော်မင်းကြီး ကိုယ်တိုင် လက်ဆွဲ နှုတ်ဆက်ခြင်း ခံရသော သူ ၏ သားမြေး အစဉ်အဆက် တို့ မှာ ပွဲလယ် တင့်လျက် တိမ်ကော နိုင်ကြတော့မည် မဟုတ် ဖြစ်ပေ၏ ။ ယခု တစ်ယောက်တည်း ထိုင် နေသည့် တိုင်အောင် မဟာဝန်ရှင်တော်မင်းကြီး က ပြုံးလျက် နှုတ်ဆက်ပုံများ ကို မြင်ယောင် မိ ပေသေး၏ ။
ထိုနောက်မူကား ဒါဘာပွဲကြီး အပြီး တွင် မင်းအစိုးရကြီး သုံးလေးယောက် မျှ မိမိ အား ဂရုတစိုက် လာရောက် နှုတ်ဆက်၍ ဆုတော် ရသည့် ဝမ်းသာ စကား ပြောကြား ကြပေ၏ ။ မြို့အုပ်ကြီး တစ်ဦး က မူကား လှည်း သို့ ရောက် အောင်ပင် လိုက်၍ ပို့လိုက်ပေ၏ ။ ထိုသို့ မိမိ အား ဝိုင်းဝန်း အလေး ဂရု ပြလိုက်ပုံများ ကို သတိ ရ သဖြင့် လမ်း တွင် “ ဟေ့ ... ငါ့ သားကြီး ဘိုးထင် ၊ မင်း မြင် ရဲ့ မဟုတ် လား ၊ အရှင် အစိုးရမင်းများ ဟာ အမှုတော် ကို ရိုးရိုးဖြောင့်ဖြောင့် သက်စွန့် ကြိုးပမ်း ထမ်းတဲ့ လူများ ကို ဘယ်လောက် လေးမြတ်ကြ သလဲ ။ လေးနိုင်ငံ ဝန်ရှင်တော်မင်းကြီး ဆို တာ လက်ဆွဲ နှုတ်ဆက်ဖို့
မဆိုထား နဲ့ လူတိုင်း မျက်နှာတောင် မော် ဖူးရတာ မဟုတ်ဘူး ” ဟု ပြောပြ မိပေ၏ ။ ထို့နောက် ရွာ သို့ ရောက်သော အခါ မူကား မိမိ အသနားတော်မြတ် ခံခဲ့ရသော ငွေဓားကြီး ကို ရွာခံသူများ သာမက ရွာနီးချုပ်စပ် က လူများ ပင် မြင်ဖူးအောင် လာရောက် ကြည့်ရှု အံ့သြ ကြရပေ၏ ။
ဦးရွှေပိုက် မှာ အိမ် သို့ ပြန် ရောက်သော အခါ အလွန် မောပန်းလှ သဖြင့် အသက်ရှူ များ မှား ကာ သေများ သေရတော့မည်လား ဟု တွေးတော စိုးရိမ် မိလေ၏ ။ သေသော် လည်း ဝမ်းမနည်း ၊ ယခုမှာ လေးနိုင်ငံ ဝန်ရှင်တော်မင်းကြီး နှင့် လက်ဆွဲ နှုတ်ဆက်ခဲ့ရ သဖြင့် သေပျော် ပေပြီ ။
ထိုသို့ ပက်လက်ကု,လားထိုင် ပေါ် တွင် တစ်ယောက် တည်း ထိုင်ရင်း ငွေဓားကြီး ကို မြင်စ က သမီး မယ်သိုက် က “ အဘ ရယ် အိုကြီး အို မှ ဓားကြီး ပေး လိုက်လို့ ဘာ လုပ်တော့မှာလဲ ၊ အဘ ကိုင်နိုင်တော့ တာ မှ မဟုတ်ဘဲ ၊ ငွေကလေး ဆု ပေး လိုက်ရင် မလှူရ မတန်းရပါ ကလား ” ဟု ပြောသော စကားများ ကို သွား၍ သတိရ မိပေ၏ ။ “ အေး ... ငါ့ သမီး ပြောတာ လည်း မှန် ရဲ့ ၊ အသက် ငယ်ငယ် ဓားပြ သူခိုးတွေ လိုက် ဖမ်းနေရစဉ် က ဒီလို ဓားကြီးမျိုး တစ်စင်း ပေးထားရင် မကောင်းပါပေလား ။ ထိုစဉ် တုန်းကတော့ မပေး ၊ အခု အသက်အရွယ် အိုမင်း ဒီ ဓားကြီး အသုံးချရမယ့် အချိန် မဟုတ် မှ သနားတော်မူ သည် မှာ အဟောသိကံ ဖြစ်လေစွ ။ မယ်သိုက် ပြောသလို ငွေတော်ကလေးများ သနားတာ ဖြင့် မြေးကလေး ဘိုးခွေး အား ရှင် မပြုရပါလာ ။ ငွေတော် မှ ပေးတော်မမူ လို့ တောင်ဝှေးကလေးများ ပေး ရင်လည်း အသုံး ကျ ပေသေးရဲ့ ” ဟု တွေးမိလေ၏ ။ သို့သော် ချက်ချင်းပင် သတိ ရ ပေ၏ ။
အေး ... အေး အရှင်သခင်များ ကို အပြစ် မတင်ကောင်း ၊ သဒ္ဒါတော် မူသမျှ ကျေးဇူး တင်ရမည် ။ ငါ ကဲ့သို့ သာမညောင်ည ကျေးတောရွာ သူကြီးကလေး ကို အလေးတမူ ဒါဘာမင်းစုံပွဲကြီး ၊ မင်းပရိသတ် အလယ် တွင် ထင်ထင်ရှားရှား ချီးမြှင့် မြှောက်စားတော် မူသည် ပင် ကျေးဇူးတော် ကြီး လှပေ၏ ။ ငါ သက်စွန့် ကြိုးပမ်း အမှုတော် ထမ်း သည် ကို သိတော် မူရှာပေသည် ။ တော်ပေ၏ ။ အရှင်ကောင်း သခင်ကောင်း မှန်ပေ၏ ။ ဘုန်တော် ကြီး ၍ သက်တော် ရှည်ပါစေသော် ဟု တွေးရင်း တွေးရင်း ဆုတောင်း မိပေ၏ ။ ဆုတောင်း ရင်း ပင် မျက်စိများ မှုန်လျက် အိပ်ပျော် သလို ဖြစ် သွားလေ၏ ။
နေကလေး ဝင် ၍ မှောင်စ ပြုပြီ ဖြစ်သောကြောင့် ဝါဝင်းသော လယ်ကွင်းကြီးများ ကို တဖြည်းဖြည်း အမှောင် အုပ်လျက် ရှိပေ၏ ။ အိမ်ခေါင်းရင်း ရှိ လက်ပံပင်ကြီး တွင် အိပ်တန်း တက်ကြ သော ကျေးညံ့ ၊ ငှက်သံကလေးများ ကို ကြား ရ၏ ။ ရွာတွင်း ရှိ သက်ငယ်မိုး အိမ်ကလေးများ မှ ဟို တစ်အိမ် ဤ တစ်အိမ် ရေနံဆီ မီးတိုင်ကလေးများ ကို ထွန်းညှိစ ပြုပေ၏ ။ ထိုအခါ မှ မယ်သိုက် သည် အိမ်တွင်း ကိစ္စ သိမ်းပြီးသည် နှင့် ဖခင်အိုကြီး ကို သတိ ရ၍ ထမင်း ဆာပြီလား ဟု မေးရန် ကြမ်းပြင် သို့ ထွက် လာ၍ ပက်လက်ကု,လားထိုင် အနီးသို့ ကပ် ကာ ' အဘ အဘ ' ဟု ခေါ်ရာ ဦးရွှေပိုက် သည် ဘေး သို့ ခေါင်း ငိုက်စိုက် ကျ လျက် အသက် မရှိတော့ပြီ ကို တွေ့ ရလေ၏ ။
◾ဇေယျ
( ၁၉၃၆ )
📖 ၂၀ ရာစု မြန်မာဝတ္ထုတို
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment