Showing posts with label အနုဝင်္ကဘာ. Show all posts
Showing posts with label အနုဝင်္ကဘာ. Show all posts

Monday, August 14, 2023

အနုဝင်္ကပါ ( ၂၉ )


 ( ၂၉ )


နေ့ရက် ကို ကား မေ့နေပြီ ။ ပြန်ရှာရန် လဲ ပျင်းလှသည် ။ ဆိုကြပါစို့ ။ 


နန်းတော်ရှေ့ဆရာတင် ၏ သား ၊ ရွှေနန်းတင် ၏ သမီး နန်းခင်မွှေး တစ်ယောက် ရုပ်မြင်သံကြား တွင် ကပြ သော နေ့ က နန်းခင်မွှေး ၏ အဆို ရော ၊ အက အပြ ကို ပါ သာဓု ဂရုတစိုက် ကြည့်ခဲ့သည် ။


သို့ တလေ့တလာ နှင့် စူးစူးစိုက်စိုက် ကြည့်ရှုမိသည် ၏ အကြောင်းရင်း မှာ နန်းခင်မွှေး ၏ အဆို ၊ အက ၊ ဟန်ပန် တို့ သဘာဝကျလှ သောကြောင့် ဖြစ်ချေ၏ ။


သူ သည် လူရွှင်တော်များ နှင့် စကား ပြော ရာ တွင် လည်းကောင်း ၊ သီချင်း ဆိုရာ က,ရာ

တွင် လည်းကောင်း သူ လုပ်စရာ ရှိသည်များ ကို အပိုအလို မရှိ လုပ်ဆောင် သွားသည် ။ အမူအရာ ဟန်ပန် မပြ ။


အမူအရာ ဆိုသည် မှာ ရုပ်ရှင် ရိုက် ရာ တွင် မင်းသား ၊ မင်းသမီး ၊ ဇာတ်ရံ စသူ တို့ သည် သရုပ်ဆောင် ရာ ၌ များ သောအားဖြင့် အမူအရာ ( အိုက်တင် ) ဝါ ( အက် ) လုပ်တတ်ကြသည် ။


“ ကျွန်မ က တော့ လေ ” ဟူသော စကား ကို ပြော ရာတွင် ပင် သူတို့ ၏ ရင်ဘတ် ကို လက်ဝါး ဖြင့် ဖိ ပြ ပြီး အမူအရာ လုပ် တတ်ကြသည် ။ သာဓု နှင့် ကား ရိုက် လျှင် ဤလို အပြုအမူမျိုး ခွင့်မပြု ။ သဘာဝ မကျ ဟု သာဓု ယူဆသည် ။


တစ်ဖန် ရုပ်ရှင် ရိုက် ရာ တွင် အတော်များများ က မျက်နှာ ပေါ်ချင်ကြ သဖြင့် ကင်မရာ ဘက် ကို မျက်နှာ ပေး ၍ စကား ပြော တတ်ကြချေသည် ။ မိမိ စကား ပြော နေသူ က မျက်နှာချင်းဆိုင် တွင် ရှိ နေပြီး မိမိ မျက်နှာ က တခြား တစ်ဖက် သို့ လှည့် ၍ ပြော နေ သကဲ့သို့ အရုပ် ဆိုး လှချေသည် ။


ထို တစ်ည က နန်းခင်မွှေး သီဆို ကပြ သွားရာ ၌ တီဗွီကင်မရာ ကို လုံးဝ မကြည့်ဘဲ သရုပ်ဆောင် သွားသည် ကို သာဓု အလွန် အားရ လိုက်သည် ။


အထူးသဖြင့် သူ သီဆို သွားသော သီချင်းများ အနက် ( ကျွဲမ ) နှင့် ( ဆင်ကြီး ဂဠုန်ချီ ) သီချင်း နှစ်ပုဒ် ကို ပို ကြိုက်၏ ။ ဆင်ကြီးဂဠုန်ချီ သီချင်း မှ ( စဉ်းစားနားထောင်နော် ) ဟူသော စာပိုဒ် ကလေး ကို တေးသွား အရ တစ်မျိုး ဆို၍ တစ်ဦး တစ်ယောက် အား လက်ညှိုးကွေးကွေး ဖြင့် ပြကာ “ စဉ်းစား နားထောင်နော် ” ဟု စကား ပြောဟန် လေသံ ဖြင့် သီဆို သွားသည် မှာ အဓိပ္ပာယ် ပါ လှ သည် ။


လေယူလေသိမ်း ရော ၊ အသံ အနိမ့် အမြင့်ရော ပြောစရာ မရှိ ။ ပြည့်ဝ သော အနုပညာရှင် ကလေး အဖြစ် ပညာ ပြ သွားသည် ဟု ဆိုချင်သည် ။


ထို ည က ရုပ်မြင်သံကြား ပြီး သည် နှင့် နောက် သို့ လှည့်ကြည့် လိုက်ရာ တွင် ထိုင် နေကျ နေရာ ၌ သုမောင် ကို မတွေ့ရ ။ 


“ ဟေ့ မင်းသား ကော ” 


“ အထဲ ဝင်သွားပြီ အဖေ ” 


“ ခေါ်လိုက်စမ်း ” 


သုမောင် ထွက် လာသည်  ။


“ ခုန ဆို သွားတာ ကြားတယ် မဟုတ်လား ။ ဆင်ကြီးဂဠုန်ချီ ... ” 


“ ဟုတ်ကဲ့ ဖေဖေ ” 


“ အေး ... တချို့ နေရာတွေမှာ နည်း နည်းတော့ အသံ ဟာ နေ သလိုပဲ ၊ အားလုံး ကို ခြုံပြီး နားထောင် ရတာ ကတော့ အတော် ကောင်းတယ်နော် ” 


သုမောင် သည် ဤ သီချင်း နှင့် ပတ်သက်၍ သူ့ ကို သာဓု ဆဲတော့ မည် ကို ရိပ်မိဟန် ငုံ့ နေသည် ။ 


“ မင်း ... တိပ်ခွေ သွင်းတုန်း ကလဲ လျော့ နေတာ တွေ့ရတယ် ၊ အဲဒီတုန်း က မင်း အဖေ့ ကို မပြောဘူး ၊ ဟို ခေတ် က ဆိုပုံ ဆိုနည်း နဲ့ တီးဝိုင်း နဲ့ က တစ်မျိုး ၊ ခု ခေတ် မှာ မင်းတို့ ခေတ်ပေါ် တီးမှုတ် မှု တန်ဆာပလာ တွေ ( မလိုအပ်ဘဲ ) ပြွတ်သိပ် ထည့် တီး ကြတော့ သီချင်း ပျက် တာပေါ့ကွ ” 


သူ ငြိမ် နေသည် ။


“ ပြောမယ်ဆို အများကြီး ၊ အေး နောက် မှ ... ပြော တော့မယ် ။ ခု လောလောဆယ် အဖေ မေး ချင်တာ က အဲဒီ ဆင်ကြီး ဂဠုန်ချီ သီချင်း ဟာ ဘယ်လို ဘာကြောင့် ပေါ်လာသလဲ ။ သား ... သိလား ” 


သူ ခေါင်း ခါ ရင်း က ...


“ နန်းတော်ရှေ့ ဆရာတင် ရေးခဲ့ဖူး တဲ့ သီချင်း ဆိုတာ လောက်ပဲ သိပါတယ် ၊ ရာဇဝင် ဆို တော့ ” 


“ ရာဇဝင် ထိအောင် မရောက် သေးပါဘူး ကွာ ” 


သာဓု သို့ ပြောရင်း ၊ စိတ် ထဲ တွင် အားမလို အားမရကြီး ဖြစ်သွားသည် ။ မိတ်ဆွေ အတော်များများ ကို မေး ကြည့်သည် ။ မသိသူ က များ နေသည် ။


သာဓု တို့ ကျောင်းသား ဘဝ က ကျောင်းသူ ကျောင်းသားတိုင်း လို လို ပင် ကျောင်းသင်ခန်းစာ များ နှင့် ပတ်သက်၍ မရှင်း လျှင် သဘော မပေါက် လျှင် ဆရာ ဆရာမများ ကို မေးလေ့ ရှိတတ်ကြသည် ။ ကျောင်းသူ ကျောင်းသား တို့ က မ မေး လျှင် ပင် -


“ ကဲ ... မရှင်းတာ ရှိရင် မေးကြ ” ဟူ၍ ဆရာ ဆရာမ တို့ က နှိုးဆော် ကြသည် ။


အင်္ဂလိပ်ခေတ် အစိုးရ ဟိုက်စကူး ကျောင်း တွင် ဆရာဦးဘတင် ဆိုသူ ပထဝီ ဘာသာ သင်ပြ ရင်း က မြစ်ဝကျွန်းပေါ် အနေအထားများ ပြောင်းလဲ သွားတတ်ပုံ ကို သင်ပြ နေရာ မှ ပထဝီ သဘော အရ လွန်ခဲ့သော နှစ်ပေါင်း ထောင် သောင်း သိန်းသန်း လောက် က ( အတိအကျ သာဓု မမှတ်မိ ပါတော့ချေ ) ရန်ကုန်မြို့ ဟူသည် မှာ မရှိသေးကြောင်း ၊

ရန်ကုန်မြို့ နေရာမှာ ပင်လယ်ကမ်းခြေ မျှသာ ဖြစ်နိုင် ကြောင်း ဆရာ က ပြောပြ ရာ -


“ အဲဒါကို ဘယ်လို အထောက်အထား နဲ့ ကျွန်တော်တို့ သိနိုင်မလဲ ဆရာ ” ဟု ကျောင်းသား

တစ်ယောက် မေးသည် ကို ဆရာ က ပြုံးပြုံးရယ်ရယ် နှင့် ပင် ကျောက်သင်ပုန်းကြီး ၌ မြန်မာပြည် မြေပုံကြမ်း အဖြစ် မြေဖြူခဲ ဖြင့် ရေးဆွဲ ကာ -


“ ကဲ - ရန်ကုန် ၊ ပုသိမ် အစ ရှိတဲ့ မြို့ တွေ ရဲ့ မြစ် တစ်ဖက်တစ်ချက် စီ မှာ မြေအောက် ကို ခပ်နက်နက် တူးကြ ည့်ရင် ဘာတွေ ပေါ်လာမယ် ထင် သလဲ ၊ ပြောကြစမ်း တပည့် တို့  ” 


သာဓု အပါအဝင် အားလုံး ကြောင် စီစီ ဖြစ် ကုန် ကြသည် ။


“ ဥပမာ ပေါ့ ကွာ အီဂျစ် တို့ ၊ အာဖရိက တို့ ၊ ကမ္ဘောဒီယား တို့ မှာ မြို့ ပျက် ၊ မြို့ပျောက်တွေ ပြန် တူးဖော် သလို ဆိုပါတော့ ။ ရန်ကုန် ၊ ပုသိမ် အစရှိတဲ့ မြေအောက် ကို တူးဖော် ကြည့်ရင် မြို့ပျက် တော့ ရှိချင် မှ ရှိမယ် ၊ မူလ အစက ပင်လယ်ပြင် ကိုး ကွ ၊ ကဲ - မြို့ပျက် မြို့ပျောက်

မတွေ့ဘူးထား ဘာ ပစ္စည်းတွေ တွေ့ရမယ် ထင်သလဲ ” 


မည်သူမျှ မဖြေနိုင်ကြပါချေ ။ 


“ အေး - မှတ်ထားကြ ။ မူလ ပထမ က ပင်လယ်ပြင် ဖြစ်ခဲ့ပြီး အထက် က စီးဆင်း လာတဲ့ မြစ်ရေ ၊ ချောင်းရေ ၊ မိုးရေတွေ နဲ့ ရောပါ လာတဲ့ သဲ တို့ ၊ နုံးမြေ တို့ က တဖြည်းဖြည်း သောင်ထွန်း လာ ရာ က မြို့မြေတွေ ဖြစ်လာတဲ့ သဘော ပေါ့ ၊ အဲ - ခုန ဆရာ ပြောတယ် ၊ ဒီ ရန်ကုန် ပုသိမ် ဆိုတာတွေ ဟာ ပင်လယ်ပြင်ကြီး လို့ ၊ ကဲ - စိတ်ကူး နဲ့ တူး ကြည့်စမ်း ၊ ဘာ ပစ္စည်းတွေ ပေါ်လာ မလဲ ” 


အားလုံး ငြိမ်နေကြဆဲ ၊ တစ်ယောက် ကို တစ်ယောက် လှည့် ကြည့် နေကြဆဲ ...


“ မင်းတို့ အတော် ဉာဏ် ဝေးကြတာ ကိုး ၊ မူလ က ပင်လယ်ပြင် ဆိုရင် တံငါလှေ ၊ ရွက်လှေ ၊ တုံကင်း ၊ သမ္မန် ။ အဲ - နိုင်ငံခြားရွက်လွှင့် သင်္ဘောကြီးတွေ ရဲ့ အပျက်အစီးတွေ တွေ့ရမှာ ပေါ့ ကွ ၊ ယုတ်စွ အဆုံး သင်္ဘောသမ္မန်ကြီးတွေ နဲ့ ဆိုင်တဲ့ သံကျောက်ဆူး တို့ ၊ သံကြိုး တို့ အစရှိ တဲ့ ရုပ်ကြွင်းတွေ ၊ ရေယာဉ်သုံး ပစ္စည်းတွေ မြှုပ် တာ ၊ ပျက် တာ တွေ့ ရ ရင် ဒါ တစ်ကြိမ် က သို့မဟုတ် ရှေး ရှေးတုန်း က ပင်လယ်ပြင် ဖြစ်ခဲ့တယ် ဆိုတာ အထောက်အထားတွေ ပေါ့ တပည့်တို့ ရ ” 


သာဓု တို့ ကျောင်းသား ဘဝ က ဆရာ ဆရာမ တို့ ဤမျှ စိတ်ရှည် ကြ သည် ။ ဖတ်စာ အပြင် အပို ဗဟုသုတ ကလေးများ ပါ သင်ပြသည် ။ မသိ၍ မေးသည် ကို အလွန် သဘောကျ ကြသည် ။


ထို အကျင့်ကလေးများ ကျောင်းနေစဉ် က ကပ်ပါ လာသည့် အတိုင်း မည်သည့် ကိစ္စ တွင် ဖြစ်စေ သာ ဓုတို့ မသိ လျှင် မေးသည် ။ စုံစမ်းသည် ။


သာဓု ခေါက်မိ သလောက် ယခုခေတ် လူငယ်တို့ တွင် စူးစမ်းလို စိတ် နယ် ကျဉ်း နေကြသည် ။ အတွေးအခေါ် လည်း မှေးမှိန် နေ ကြ သလော မပြောတတ် ။ ( လူ ၅၀ လောက် ကို တစ်ယောက် တည်းက ) ကရာတေး ဂျူဒို တို့ ဖြင့် အနိုင် ရ သွား သည့် ရုပ်ရှင်များ ၌ ကြိတ်ကြိတ်တိုး နေ ကြသည်  ။


ဤသည် ကို ခေတ္တ ထား၍ ( ဆင် ကြီးဂဠုန်ချီ ) သီချင်း ကိစ္စ ဆက်ရေးရ သော် -


သီချင်း ရှိသောကြောင့် ဆိုလိုက် ကြ သည် ။ ဆိုသံ ကြား၍ နားထောင် လိုက် ကြသည် ။ ဆင်ကြီး ကို အဘယ်ကြောင့် ဂဠုန် က ချီသနည်း ။ ဂဠုန် သည် ဆင်သား စားသော သတ္တဝါ မဟုတ် ။ ဆင် သည် ဂဠုန် ၏ ရန်သူ လည်း မဟုတ် ။


ကျား ၊ ခြင်္သေ့ တို့ ၏ အစားအစာ သည် သမင် ၊ ဒရယ် ၊ ကျွဲ ၊ နွား စသည် တို့ ဖြစ်သကဲ့သို့ ရှေးပန်းချီ ပန်းပု တို့ မှ လေ့လာ၍ သိရသမျှ ဂဠုန် ၏ အစားအစာသည် နဂါး သာ ဖြစ်ချေသည် ။ နေ့နံ အားဖြင့် လည်း မတည့် ကြ ဟု အဆို ပြုကြကုန်သည် ။ စင်စစ် ဂဠုန် သဏ္ဌာန် ၊ နဂါး သဏ္ဌာန် သတ္တဝါ မျိုး ရှေးက ရှိ မရှိ ကို ပင် သာဓု ဒွိဟ ဖြစ်နေသည် ။ ထားတော့ ... ။


အထက်ပါ အတိုင်း နဂါး သည် သာ ဂဠုန် ၏ အစာ ဖြစ်လျက် ကိုက်နိုင် ၊ ချီနိုင် သော အလော တော် အရွယ် ဖြစ်၍ ယုတ္တိ တန်သည် ။


စောစောက ပြောသကဲ့သို့ ဆင် သည် ဂဠုန် အစာ မဟုတ် ၊ ရန်သူ လည်း မဟုတ်ပါဘဲ လျက် အဘယ့်ကြောင့် ချီရ သနည်း ။ မိမိ ထက် အဆပေါင်း များ စွာ ကြီးလေး လှသော ဆင်ကြီး ကို ချီနိုင် ၊ မ နိုင်ပါမည်လော ။ စား လို၍ ချီ သည် ပင် ဆိုစေ ရက်ပေါင်း အဘယ်မျှ ထား၍ စားမည် နည်း ။ ပုပ်သိုး ကုန်မည် ။ ကျား ၊ ခြင်္သေ့ တို့ သည် ပင် သမင် အုပ်လိုက် တွေ့စေကာ မူ တစ်နေ့ စာ မျှ တစ်ကောင် သာ ကိုက်သည် ။ တွေ့သမျှ ကို ကိုက်တတ်သည် ဟူ၍ မရှိ ။ 


သာဓု ဤမျှ လျှာ ရှည် နေသည် မှာ လက်ရှိ လူငယ် စာရှု ပရိသတ်တို့ ၊ တေးဂီတ ပရိသတ် တို့ မြင် သမျှ ၊ ကြား သမျှ ၊ ဖတ်မိကြ သမျှ ကို အကြွင်းမဲ့ ဟုတ်နိုးနိုး မယူဆ စေ လို၍ ( ဝါ ) ဖြစ်နိုင်၏ ။ မဖြစ်နိုင်၏ ။ “ တွေး ” ကြ စေချင်သော ကြောင့် ဤမျှ ရှည်ရှည် ရှင်းပြ နေခြင်း ဖြစ်ချေသည် ။


အတို ချုံး၍ အကျဉ်းရုံး ရ သော် -


ဂဠုန် သည် ဆင် ကို စားသောက် ရန် သော် လည်းကောင်း ၊ မည်သည့် အကြောင်း ကြောင့် မျှသော် လည်းကောင်း လုံးဝ မချီ ။ 


ထို မည်သော ( ဆင်ကြီး ဂဠုန်ချီ ) ဟူ သည့် သီချင်း ပေါ်လာ ရသည့် အကြောင်းရင်း သည် ဆရာစံ သူပုန် တွင် အခြေခံ ခဲ့ချေ၏ ။


ဆရာစံ သည် နယ်ချဲ့သမား ကို တော်လှန် ပုန်က န်ခဲ့ စဉ်က သူ့ ဘွဲ့နှင့် သူ့ အဖွဲ့ ကို ( သုပန္နက - ဂဠုနရာဇာ ) ဟူ၍ သတ်မှတ် ကြွေးကြော် ခဲ့သည် ။ သူ့ အလံ တွင် လည်း နဂါး ကို လည်မျို နှင့် အမြီး ညှစ် ဖမ်းထားသည့် ပုံ ရေးဆွဲ ထားသည် ။ 


ချက်ချင်း ဆိုသလိုပင် လက်မြန် ခြေမြန် သတင်းစာ ဆရာ တို့ က ဆရာစံ သူပုန်တပ် ကို ( ဂဠုန်တပ် ) ဟူ၍ တစ်မျိုး ၊ ဂဠုန်သူပုန် ဟူ၍ တစ်သွယ် အမည်မည် ခေါင်းစဉ် တပ်ကြချေ တော့သည် ။


ဤတွင် အမျိုးသားစိတ် ပြင်းထန်သူ အနုပညာရှင်များ အနက် နန်းတော်ရှေ့ ဆရာတင် က စတင် ၍ တေးသီချင်း ဖြင့် အင်္ဂလိပ်အစိုးရ ကို ကလိ လေ တော့သည် ။


“ ဆင်ကြီးဂဠုန်ချီ ” 


ကိုယ်ပိုင်ဉာဏ် ကိုယ့် အတွေးနဲ့ စာ ရေးလို့ ပြောပါမည် ။ နှုတ်ဝဇီ ဟုတ်သည် မဟုတ်သည် စဉ်းစား ကာ ယုံကြည်ကြပါတော့ ။ ကဗျာတေး ဖွဲ့ကာပင် ၊ စာရေးတဲ့ ဆရာတင် ... ဆရာတင် ရဲ့ ဆင်ကြီး ဂဠုန်ချီ စိန်ခြယ် ညီညီလင် စဉ်းစား နားထောင်နော် ဆိုပါမည် ။ ဆင်ကြီး

ဂဠုန်ချီ ။


ရှူပါ ။ သာဓု အထက် တွင် ရေးခဲ့ ချေ၏ ။ ဖြစ်နိုင် မဖြစ်နိုင် တွေးတော ပြီး မှ ယုံကြည်ရန် မသိလျှင် မေးရန် ။ စူးစမ်းရန် ။


ယခု ထပ်ဆင့် ၍ ရှုပါ ။ နန်းတော် ရှေ့ဆရာတင် က ( ဟုတ်သည် မဟုတ် သည် စဉ်းစားကာ ယုံကြည်ကြပါ တော့ ) ဟု ပဏာ ပျိုး ထားသည် ။ ဘယ်မျှ ဉာဏ် အညွန့် ကွန့်မြူးလှ ပါ

သနည်း ။ ကြိုတင် စဉ်းစားပြီး မှ ယုံသင့် မသင့် ချင့်ရန် ။ 


ဤသည် မှာ စင်စစ် စာပေ ပရိယာယ် ဖြစ်ချေသည် ။


ဆရာစံ သူပုန် ထစဉ် က သတင်းစာများ လွတ်လပ်စွာ မရေးကြရ ။ အင်္ဂလိပ် က ချုပ်ချယ် ထားသည် ။ အင်္ဂလိပ်စစ်ဗိုလ် ကွပ်ကဲ သော ဂေါ်ရခါး နှင့် ပန်ချာပီတပ်များ ဘက် မှ အကျအဆုံး နှင့် အရှုံး ကို မရေးရ ။


များ မကြာမီ မှာ ပင် ဆရာစံ ဂဠုန် တပ်တို့ က အစိုးရပိုင် သစ်တောသုံး ဆင်များ ကို ဖမ်းဆီး သွား ကြောင်း ပါးစပ် သတင်း ထွက် လာသည် ကို အကြောင်းပြု ကာ နန်းတော်ရှေ့ဆရာတင် က ထို မည်သော ( ဆင်ကြီးဂဠုန်ချီ  ) သီချင်း ကို ရေးစပ် လိုက်ရာ၌ သူ့ တွင် ရည်ရွယ်ချက် အပြည့် ရှိ ချေ၏ ။


အစိုးရ ဆင်များ ဂဠုန်တပ် က သိမ်း သွားသည် ဟူ၍ အတိအလင်း အားဖြင့် သတင်းစာများ တွင် ဖော်ပြ ဝံ့သူ ရှားပါး နေသည် နှင့် အမျှ အများ ပြည်သူတို့ လည်း နားစွန်နားဖျား ဖြင့်သာ မစို့ မပို့ ကြားသိ နေရ သဖြင့် ဆရာတင် က ထိုသို့ သီချင်း စပ် ကာ အငြိမ့်မင်းသမီး ကို ဆိုခိုင်း လေ တော့သည် ။


ရုတ်ခြည်း ဆိုသလိုပင် ထို သီချင်း သည် မြန်မာတစ်ပြည် လုံး ရှိ အငြိမ့် စင်များ ပေါ်သို့ ရောက် သွား ကာ လူထု က လည်း ထို သီချင်း ကို ပွဲ တောင်းလာ ကြသည် ။ အငြိမ့်ဇာတ် သဘင်တို့ က ပါ ဆိုပြ ပေးရသည် ။ လူကြီးရော ကလေးများ ပါးစပ်ဖျား တွင် ပါ ထိုသီချင်း ရေပန်း စား သွား ချေတော့ သည် ။ သီချင်း ၏ အဓိပ္ပာယ် အတိုချုပ် မှာ ( အစိုးရ ဆင် များ ဂဠုန်သူပုန် သုတ် သွားသည့် သဘော ကိုလည်း ) လက်ဆင့်ကမ်း သတင်းဖြင့် ပျံ့နှံ့ သွားစေသည် ။ အနုပညာရှင်ကြီး နန်းတော်ရှေ့ ဆရာတင် သည် အန္တရာယ် မကင်း သော သီချင်း ကို ရေးရာ ၌ ပညာ ကို အကွက်စေ့စေ့ သုံး သွားသည် ။


( စိန်ခြယ် ညီညီလင် ၊ စဉ်းစားနားထောင်နော် ဆိုပါမည် ၊ ဆင်ကြီးဂဠုန်ချီ ၊ သည် ဟာတော့လဲ တင်အောင်လေး ကို အရွဲ့တိုက် တယ်လို့ ထင်ပါသည် ။ စာစီ သမားရယ် လာ - ဒီ နားဝယ် ၊ မဟာဂီတ ထဲ တောင် မကြားဖူးတဲ့ သူပါ အတည် ။ )


ဆရာကြီး သည် ဆင် ကို ဂဠုန်ချီ ကြောင်း မှာ အဓိပ္ပာယ် မရှိ ၊ မဟာဂီတ တွင် လည်း အထောက် အထား မရှိ ကြောင်း ကို ဉာဏ်ကစား သွားသည် ။ တစ်ဖန် ဆက် ၍ -


( ထောင်ရောင်နေ ၊  မှောင်မှောင်ခြွေ ၊ နန်းအမရ ရွှေဘုံမြေ ၊ ဇေယျာ အောင်မြေ ၊ သေလာတောင် တောင် မြေ ၊ မကြားဖူးဘူး ဆင်ကြီး ဂဠုန်ချီ ။ 


မဲဇာတောင်ခြေ စီးတွေတွေ ရစ်သန်း သီတာရေ ပန်းမြိုင်လယ် တောမြှောင်စွယ် အပင်ကြီး တွေစုံသည့် အလွန်နက်တဲ့ တော ဆင်ကြီး ကို ဂဠုန် ချီ ညွှန်ချက်နဲ့ ပြော .. ပြောလို့ စာစီ မှန်းမျှော်၍ အဆန်းနော် တကွေ့ နန်းတော်ရှေ့ က ရေးလိုပါပေသည် ဆင်ကြီးဂဠုန်ချီ ။


တော်ပါ တန်ပါ ကျွန်မ ဘာသာဆို ပါမည် စည်စည်ကြံကြံ ကြံကြံစည်စည် မကြားဖူးဘူး ဆင်ကြီးဂဠုန်ချီ  ) 


ထို သီချင်း ကို ခြုံ၍  ၊ ငုံ၍ ကြည့် လျှင် သူ ဆိုလိုသည့် အဓိက အချက် မှာ အင်္ဂလိပ်နယ်ချဲ့သမား တို့ ၏ ဆင်များ အား ဂဠုန်တပ် က ဖမ်းဆီး သွားသည် ကို ရည်ညွှန်းခြင်း ဖြစ်သည် ကို ( ညွှန်ချက် နှင့် ပြော ) ဟူသော စာသား ဖြင့် ပြကာ ... ထို့နောက် မဟာဂီတ တွင် လည်း ပါရှိ ၊ မကြားဖူးပါ ပဲ လျက် ကြံကြံစည် စည် ရေးသည် စသည် ဖြင့် အဖျား ရှူး ပစ်လိုက် ချေသေးသည် ။ 


ဤ ဆောင်းပါး ကို ယခု ရေးနေသည့် အချိန်မှာ ည ၁၁ နာရီခွဲ ဖြစ်လျက် ထို သီချင်း သီဆိုသူ အမည် မတင်အောင် ကို မှတ်မိ သော် လည်း မပြည့် စုံသေး ဟု ထင် သဖြင့် မိုး ချုပ်ပြီ ဖြစ် သော်လည်း အား မနာနိုင် ။ ရေးဖော် ရောင်းရင်း ဖြစ်သူ ( ဗိုလ်ကလေးတင့်အောင် ) ထံ ဖုန်း ဆက် မေးရချေ၏ ။ 


“ ဟား - အစ်ကို သာဓုလား ” 


“ ဟုတ်တယ် ၊ အချိန်မရှိ အခါမရှိ ၊ အဲဒါ ရှေးအငြိမ့် မင်းသမီးတွေ နဲ့ ပတ်သက်တာကလေး သိ ချင်လို့ ညီလေး အချိန် ရပါ့မလား ” 


“ အမလေးဗျာ ၊ ကျွန်တော်တို့ က သဘင် ၊ တေးဂီတ ကိစ္စ ဆို ထမင်းမေ့ ဟင်းမေ့ ပြောချင်တာ ။ ကဲ ဘာ မေးမ လဲ ၊ မေး - ဆရာ ရေ ” 


“ ဆင်ကြီး ဂဠုန်ချီ ဆိုတဲ့ မတင်အောင် ရဲ့ ရှေ့ မှာ ဂုဏ်ပုဒ်ကလေးများ ပါသေး သလားလို့ ”  


“ ပါတယ်လေ ။ ပျော်တော်ဆက် မတင်အောင် ပေါ့ ။ အငြိမ့်မင်းသမီး ၊ ပြီးတော့ အဲဒီခေတ် ၁၂၈၂ က ၁၃၀၂ ခု နှစ်အထိ ကျော်ကြားခဲ့တဲ့ အငြိမ့်မင်းသမီးတွေ စာရင်း အကုန်ရှိတယ် ။ ခဏ နေဦး ကျွန်တော် ရှာပြီး ဖတ်ပြ မယ် ” 


မကြာမီ ဗိုလ်ကလေးတင့်အောင် ရွတ်ပြသော အမည်ပေါင်း မှာ ၁၀၀ ကျော် သဖြင့် ရေး ပြရန် စာမျက်နှာ မ ရပါတော့ချေ ။


ယင်း ပျော်တော်ဆက် မတင်အောင် နှင့် ခေတ်ပြိုင်များ မှာ လေပါတီမြရင် ၊ မြခြေကျင်း ငွေမြိုင် ၊ ယူနီဘာစီတီမြသန်းကြည် ၊ သြဘာသောင်း ၊ တလိုင်းမမြကျင် ၊ ပေါ်လင် တင် ( သူ ကား နန်းတော်ရှေ့ ၏ ချစ် ဇနီး ဖြစ်ချေ၏ ။ )


ဆိုခဲ့သည့် အတိုင်း ဂဠုန်သူပုန် က နယ်ချဲ့ ကို တိုက် နေစဉ် ဆင်ကြီးဂဠုန် ချီ သီချင်း ဟိုးလေး တကျော် ဖြစ် သွားသည် ။ ဆရာတင် လည်း ရင် တထိတ်ထိတ် ရှိနေခဲ့ စေကာမူ ဆိုင်ရာ က ထို သီချင်း မဆိုရန် တားမြစ်ပိတ် ပင်ခြင်းလည်း မရှိသောကြောင့် -


သားဓုတို့ လေးစား ကြည်ညိုရသော နန်းတော်ရှေ့ဆရာတင် တစ်ယောက် နောက် တစ်စခန်း ထ ပြန် ချေ တော့သည် ။ ဂဠုန်သူပုန် နှင့် ပတ်သက်သော သီချင်း တစ်ပုဒ် ရေး ပြန်ပါချေတော့သည် ။ တေးသွား များမှာ ထိုစဉ် က လူလတ် ၊ လူရွယ် ဆယ်ကျော် ရော ကလေးပါ မကျန် သီချင်း ဟူ၍ ဆိုရန် များများ စားစား မရှိ ။ အလွယ်ဆုံး နှင့် ခေတ်အစားဆုံး မှာ ( လာမယ် လာမယ် မကြည့်ရဲ့ တကယ် စောင့်တဲ့ အချိန် မလွယ်ပေါက် နဲ့ အိမ် ) ဟူသည့် အငြိမ့် သီချင်း ပင် ဖြစ်ရာ ဆရာနန်းတော်ရှေ့ က ထို တေးသွား ဖြင့် ပင် လွယ်လွယ် ဆိုနိုင်ကြရန်


( ဘာရယ် ညာရယ် စာစီမဖွဲ့နဲ့ တကယ်ပဲဟေ့ ဂဠုန် အနယ်နယ်ဖွဲ့ လို့ မကုန် ၊ နူးနပ်ပေရဲ့ ကြံပုံစည်ပုံ ယုံနိုင်တကယ်ငြင်းရှာကြ သူတို့ မလဲ အသင်းအပင်းနဲ့ တဲ့ အမင်းမင်းတွေ လဲ အစုံစုံ ၊ တချို့ကလဲ မယုံတယုံ ...


    ဟုတ်နိုင်ပါ့မလား အေ တို့ ရဲ့ ကြားသ၍ မလဲ နားအုံတုန်တုန် စက်သေနတ် တန်ခိုးရယ် ကြောင့် တောင်ကြားမတော့ ပျောက်လို့ ခုန် ။


    ရှမ်းဗေပေထုံထုံ ဖမ်းပစေ ဂဠုန် ဂဠုန် နန်းတော်ရှေ့တော့ ယနေ့က စ၍ မယုံ ... )


ရှုပါ အဘယ်ကလောက် ပညာ သား ပါ ပါသနည်း ။


ဆရာစံ တို့ ဂဠုန် ထပြီး အတန် ကြာ သောအခါ သတင်း အမျိုးမျိုး ထွက်လာသည် ။ ဂဠုန် တပ်သား တို့ နယ်ချဲ့ အား တိုက်နေသည် ကို ဇဝေဇဝါ မ ဖြစ်ကြနှင့် ( တကယ်ပဲ ကွယ့် ဂဠုန် ) ဟု ထောက်ခံ အတည်ပြု ပြီး မှ ( အနယ်နယ် မွဲလို့ ကုန် ) ဟု ရှုတ်ချ သယောင်ယောင် ကလောင် ကစား လိုက် ပြန်သည် ။


ထို့နောက် ( နူးနပ်ပေရဲ့ ကြံပုံ စည်ပုံ ) ဟူ၍ လည်းကောင်း ( သူတို့ မလဲ အသင်းအပင်း နဲ့ တဲ့ အမင်းမင်း တွေလဲ အစုံစုံ ) စသည် ဖြင့် နယ်ချဲ့ တော်လှန်ရေးတပ် ကို ခပ်ပင့်ပင့် ရေး လိုက်ပြီးမှ ( တချို့ ကလဲ မယုံတယုံ ) ဟု လျှောချ ပြန်ကာ -


( ဟုတ်နိုင်ပါ့မလား ၊ အေတို့ ရဲ့ ကြားသ၍ မလဲ နားအုံတုန်တုန် စက်သေနတ် တန်ခိုးရယ် ကြောင့် တောင်ကြားမတော့ ပျောက်လို့ ခုန် )


ဤသည် မှာ ဂဠုန်တပ်သားများ ထုံးမန်း စား ကား အင်းဆေး ထိုး ၊ လက်ဖွဲ့ ဆောင် ထားသဖြင့် -


စက်သေနတ် ပစ် သော်လည်း ခုန်ပေါက် ပြီး ပျောက် သွားကြောင်း ၊ သေနတ် ပြီးကြောင်း ၊ သတင်းများ ကို ဆရာကြီးတင် က ခပ်ပင့်ပင့် အတည်ပြု ရေးသား ပြီး မှ -


( နန်းတော်ရှေ့ တော့ ယနေ့ က စ၍ မယုံ )


သို့ကလို အဖွင့် တစ်မျိုး အပိတ် တစ်ဖုံ ဖြင့် လိမ္မာ ပါးနပ်စွာ ပညာ ပြ လိုက် ချေ၏ ။ ထို သီချင်း သည် လည်း သာဓုတို့ ပါစပ်ဖျား သို့ “ ဘွား ” ခနဲ ရောက် လာသည့် နည်းတူ မြန်မာ တစ်ပြည်လုံး သို့ ( အငြိမ့်စင် များ မှ တစ်ဆင့် ) သောက်သောက်လဲ ညံ သွားချေ လေတော့သည်  ။


သာဓု ဆိုလိုရင်း မှာ ကျောင်းစာ ဖြစ်စေ ၊ စာနယ်ဇင်းတို့ မှ ( စာ ) ဖြစ်စေ ဖတ်ပြီး အမှတ်မဲ့ မနေသင့် ။ ထို စာ ၏ ဆိုလိုရင်း နှင့် သဘော အဓိပ္ပာယ် အနက်အကျယ် ကို အကွက်လည် အောင် တွေးစေ ချင်သည့် ဆန္ဒ ၊ မသိ လျှင်လည်း မေးကြစေချင်သည့် ဆန္ဒ ။


ခေါင်းဆောင်ကြီးများ က တဖွဖွ ပြောနေကြသည် မဟုတ်ပါ လော ။


( အတွေးသစ် ၊ အမြင်သစ် နဲ့ ရင့် ကျက်ကြဖို့ လိုတယ် ၊ အတွေးအခေါ် မြင့်မား ထက်မြက်ဖို့ လိုတယ် ၊ ရှင်သန် နေဖို့ လိုတယ် ) ဟူ၍ -


( ၂၁ - ၆ - ၈၆ ) 


◾သာဓု


📖 ချယ်ရီ မဂ္ဂဇင်း

      စက်တင်ဘာ ၊ ၁၉၈၆


📖 အနုဝင်္ကပါ


#ကိုအောင်နိုင်ဦး


.

Sunday, August 13, 2023

အနုဝင်္ကပါ ( ၂၈ )


 

( ၂၈ )

သာဓု မှာ ရာသီဥတု ဖောက် လာ ရင် ဆိုသည် နှင့် အမျှ ရောဂါမျိုးစုံ ထ လာ ချေတော့သည် ။ တစ်မျိုး မဟုတ် တစ်မျိုး ၊ စိတ်ပျက်စရာ ကောင်း လှသည် ။

အပြည့်အစုံ ရေး ရသော် ရာသီဥတု သာမက အအေးဓာတ် လွှတ် ထားသော ရုံးခန်း ၊ ဟိုတယ် များ တွင် ကြာကြာ ထိုင် ၍ မရ ။ စိမ့် ပြီး ချမ်း လာ လျှင် ညဘက် ဆေး ထိုး ရတော့မည် မှာ သေချာ သလောက် ။

အထူးသဖြင့် လေအေး လွှတ် ထား သော ရုပ်ရှင်ရုံများ တွင် ၂ နာရီ သာသာ ထိုင် မကြည့်ရဲ တော့ သည် မှာ လေးငါးနှစ် မျှ ကြာ ချေပြီ ။

ပန်ကာရုံများ တွင် ကြည့်ပြန် ပါ က လည်း တစ်ခါ မက သုံးလေးကြိမ် မျှ စိတ်ညစ် ခဲ့ ရ ဖူးသည် ။ အထူးတန်း ( ၅ ) ကျပ်တန်း ဆိုသည် မှာ ပိုက်ဆံ ပေါ၍ ကြည့်ကြသည် ထက် စိတ်အေးလက်အေး ၊ တိတ်တိတ်ဆိတ်ဆိတ် ၊ လူသူရှင်းရှင်း ၊ အခင်းအကျင်း ကောင်းမွန် သန့်ရှင်းမှု ကို အဓိက ထား ကြည့်သူ က များ သည် ။

သို့သော် ထိုထို အထက်တန်း သို့ တက် သွားသည် နှင့် ဝင်ပေါက် မလှမ်းမကမ်း ခုံတန်းလျား တွင် လည်းကောင်း ၊ သမံတလင်း တွင် လည်းကောင်း ၊ အင်္ကျီဗလာ ဖြင့် အိပ် နေသူ အချို့ ကို တွေ့ရ သဖြင့် ရုပ်ရှင်ရုံ မဟုတ်ဘဲ သာလာယံ ဇရပ် ပေါ် ရောက် နေရ သလို ခံစား မိသည်  တစ်ခါတစ်ရံ စားပွဲတင် ဘော ရိုက်ခြင်း ဖြင့် လည်းကောင်း ၊ ကျားထိုးခြင်း ဖြင့် လည်းကောင်း ၊ ကိုယ်လက် လှုပ်ရှား နေကြသည် မှန်သော်လည်း အမြင် အားဖြင့် မတင့် တယ် ။ နေရာ အားဖြင့် မလျော်ကန် ။

ရုံ ထဲ ရောက်ပါပြီ ။ ကား စ ပြ ၍ စာတန်း ထိုး ပြီး သလောက် အချိန် တွင် လူ ပေါက်သောက် ဝင်လာ ကြသည် ။ သပ်ရပ်စွာ ဝတ်စား ထားကြသည် မဟုတ် ။ လက်မှတ် ဝယ် ကြည့်သူများ နှင့် လည်း မတူ ၊ ခြေကားရား လက် ကားရား ထိုင်ကြ ကာ ဇာတ်လမ်း ကို ကြိုတင် ၍ သူတို့ ချင်း ပြော နေကြ သည် ။ အရသာ ပျက် လှသည် ။ အဆိုးဆုံး ကား ရုံ ရှေ့ မှ ဈေးသည် သားသမီး နှင့် တူသော ကလေးများ ဝင် လာ ပြီး ထိုင် ကြည့် လိုက် ပြန် ထွက် သွား လိုက်ဖြင့် တံခါး ကန့်လန့် ကာ ပွင့် သွားတိုင်း အလင်းရောင် ဝင်လာ တတ်ပြီး ရုပ်ရှင်ပိတ်ကား ပါ မှောင်လိုက် လင်းလိုက် ဖြစ် နေသော ကြောင့် စိတ်ပျက်ရ ပြန်ချေသည် ။ ရံဖန်ရံခါ ဆိုသလို ထို ထို ကလေးများ သည် ၅ ကျပ်တန်း ထဲ ပြေးတမ်း လိုက်တမ်း ကစားကြ ၊ တူတူပုန်းကြ ဖြင့် ...

အိမ်း ... ဤ အဖြစ်မျိုး အချို့သော အအေးရုံများ တွင် လည်း ကြုံရဖူးသည် ။ သို့အလျောက် လည်း ရုပ်ရှင် ကို ကြည့်မည် စိတ်ကူး တိုင်း ယင်းဒုက္ခများ ကို တွေးမိ သဖြင့် မကြည့်ဘဲ နေ လိုက်သည် က များ ချေသည် ။

ယခင် တစ်လ နှစ်လ ကမူ အကယ်ဒမီကားများ ဆက်တိုက် ဆို သလို ရုပ်မြင်သံကြား မှ ပြ သဖြင့် ကျေးဇူး တင်စွာ ကြည့်လိုက် ရ၏ ။ စိတ် မချမ်းသာ လည်း ဖြစ်ရ၏ ။

စိတ် မချမ်းသာ ဖြစ်ရသည့် အကြောင်းရင်း က ထိုထို အကယ်ဒမီ ကားများ ရော ၊ အခြားအခြား သော မြန်မာကားများ တွင် ပါ ပါဝင် သရုပ်ဆောင် ကြသည့် အထူးသဖြင့် ( မင်းသား မင်းသမီး ) တို့ သရုပ်ဆောင်ချက် တို့ မှာ လုံးဝ တိုးတက် မလာ ရုံ မက ပုံပျက် ပန်းပျက် ဖြစ် နေသည် ကို တွေ့ ရသည်  ။ သာဓု စိတ် မချမ်းသာ ။

သူတို့ ၏ စကား ပြောခန်းများ တွင် လေယူ လေသိမ်း စကား ဝါကျ အဖြတ် အတောက် လေသံ အနိမ့် အမြင့် စသည် များ ပုံပျက် နေ ချေပြီ ။ ဇာတ်ပို့ ဇာတ်ရံ တို့ လည်း ထို့ အတူ ။ သို့သော် မင်းသား မင်းသမီး တို့ က ပို၍ စိတ်ပျက်စရာ ကောင်းနေသည် ကို တွေ့ ရသည် ။

အထူးသဖြင့် ခေါင်းဆောင် မင်းသား မင်းသမီး တို့ ပြောပုံ ဆိုပုံ ပြောသံ ဆိုသံ များ သဘာဝ ကို ကျော် ပြီး အတော်ကြီး အရုပ် ဆိုး နေသည် ။

ဘုရားဖူး သွားရင်း တွေ့ကြရာ တွင် လည်းကောင်း ၊ အအေးဆို င်တွင် ထိုင်၍ ချစ်စကားတွေ လှိုင်ကြ ရာတွင် လည်းကောင်း သူတို့ တစ်တွေ ရည်းစား စကား ပြောသည့် လေသံ မှာ ပေ ၅၀၀ ကျော် မြင့်သော တောင်ပေါ် တက် ရ သကဲ့သို့ မောဟိုက်သံ တွေ ပါ နေသည် ။

တစ်ခါတစ်ရံ ခပ်တိုးတိုး ပြော နေ ကြ စေကာမူ ထို စကား နောက် မှ ကပ်ပါ လာသည့် ( လေသံ ) က မူ စကားသံ ထက် ပို၍ ကျယ် နေတတ် ပြန်ချေ သည် ။ ထို လေသံ ကို အဘယ်ကြောင့် ဖန်တီး ညှစ်ထုတ် နေကြ သည် ကား မသိ ။ သူတို့ ပြောပုံ ကြည့် ရသည် မှာ သူတို့ ကိုယ် ၌ က ကြိုးစားပမ်းစား လုပ်ပြော နေရ သဖြင့် မော နေပုံ ရ သလောက် ကြည့်ရသူ သာဓု ပါ ရော၍ သူတို့ နှင့် ရောပြီး မောနေ မိ၏ ။

ရံဖန်ရံခါ လည်း သူတို့ စကားလုံး များ ကို ပျော်စရာ ရွှင်စရာ ( ဥပမာ )

“ ကိုကို့ ကို သိပ်ချစ်တာပဲလား ... ဟင် ”

“ သိပ်ချစ်တာပေါ့ ကိုကို ရယ် ... ချစ် သမှ သိပ်ချစ် ၊ အများကြီးချစ် ”  

ဤ စကားမျိုး ပြော ရာ ၌ လည်း ရှောရှောရှူရှူ မဟုတ်ဘဲ လည်ချောင်း အစ်သံ နှင့် ရော ထွက် လာ သောကြောင့် နားထောင် ရသည် မှာ ထော့နင်းထော့နင်း ဖြစ်နေ သည် ။ အရှင်းဆုံး ဥပမာ နှင့် ပြရသော် ပန်းပင် ရေ လောင်းသော ပလတ်စတစ် ပိုက် ဝ မှ ရေ ကို လွတ်လပ်စွာ လွှတ် မပေးဘဲ လက်ညှိုး ဖြင့် ပိတ် ထိန်း ထားသော အခါ ( ဗြစ် ဗလစ်ဗလစ် ) ဟု မြည်ကာ အထစ်ထစ် အငေါ့ငေါ့ ၊ ရေ ထွက် လည်း မမှန် ၊ ရေ သံ လည်း မပီသ သကဲ့သို့ ... ။

အခါခါ ဆိုသလို ရင် ကို ကျပ်ထား ပြီးမှ စကားလုံးများ ကို တစ်လုံးချင်း လွှတ်ပေးခြင်း ဖြင့် ပြော လေသော ကြောင့် စကား နှင့် အတူ အသက် ရှူ သံ ပါ တရှဲရှဲ ပါ လာ ပြန်သည် ။

ရုပ်မြင်သံကြား ကြည့် ပြီး ၍ အိမ် ပေါ် ရောက်သည် နှင့် ထိုထို မင်းသမီး မင်းသား တို့ ပြောပုံ ဆိုပုံ ရှိုက်သံငင်သံ လေ နှင့် စကားလုံး ဗလုံးဗထွေး ထွက်လာသံ များ နှင့် အတူ စကား ကို တုံ့ဆိုင်း တုံ့ဆိုင်းဖြင့် စမ်း ပြော ကြည့်၏ ။ မရ ။ အသက် မရှူဘဲ အောင့် ထားပြီး မော သလောက် ရှိ မှ စ ပြော ကြည့်သေး၏ ။ မအောင်မြင် ။

သူတို့ တစ်တွေ အဘယ် က အတု ရ ယူပြီး အဘယ်ပုံ လေ့ကျင့် ထားကြ သည် မသိ ။ သူတို့ ပြောသော စကားလုံးများ သည် လည်ချောင်း အတွင်း မှ ‘ လျှာခင် ’ ကို ခလုတ် တိုက် ထွက်လာ သကဲ့သို့ အာဂလောင်သံ များ လည်း ပါ နေတတ် ပြန် ချေသည် ။

သာဓု တစ်နာရီ နီးပါး ကြိုးစား ၍ သူတို့ ပုံစံမျိုး ပြော ကြည့်သည် ။ အမော သာ အဖတ် တင် ၊ သူတို့ ကဲ့သို့ ရှူသံ အက်သံ ထွက် မလာ ။

ရုပ်ရှင် ထဲ တွင် သရုပ်ဆောင် ရာ ၌ အဓိက အချက် သည် သဘာဝ ကျရန် ဖြစ်သည်  ။ အလွန် လွယ်သော ( ရယ်လိုက်ခြင်း ) ကိုပင် အချို့ သဘာဝ ကျ အောင် မရယ်တတ် ။ လူဆိုး ခေါင်းဆောင် က မင်းသား ကို ဖမ်းမိ သော အခါ ..

“ ကျုပ်တို့ ကို ဒီလို လှည့်လို့ ဘယ်ရ မလဲ ... ဟား .. ဟား .. ဟား ... ”

သို့ ပြောရင်း ရယ်ချ လိုက်သည် များ ကို တွေ့ကြရဖူးပါ လိမ့်မည် ။ သဘာဝ ကျပါ၏ လော ။

တစ်ဖန် ...

“ မင်း စိတ်ကူး မလွဲနဲ့ နော် ၊ ကောင်မလေး က မင်း ကို မျက်စိ ကျနေတာကွ ၊ ဟား .. . ဟား ... ”

ဤလို ပြောပြီး အကြောင်းမဲ့ ဤလို ရယ်ပြ နေသည် မှာ လည်း ကားတိုင်း လိုလို ဖြစ် နေသည် ။

သဘာဝ နှင့် ပတ်သက်၍ အထက် တွင် ဖော်ပြခဲ့ သည့် အတိုင်း အဓိက အားဖြင့် လုပ်ဟန် ၊ ပြောဟန် ၊ ငိုဟန် ၊ ရယ်ဟန် တို့ သာ မက လမ်းလျှောက် သည့် ဟန်များ ပင် သဘာဝ ကျရန် လိုအပ် ချေသည် ။

စောစောက ပြော သကဲ့သို့ စကားပြောခန်းများ တွင် အသံ ကို ဖျစ်ညှစ် ၍ လည်းကောင်း ၊ ဆိုင်းတွ ၍ လည်းကောင်း ၊ မောသံ ၊ ဟိုက်သံ စွက်၍ လည်းကောင်း လုပ်ပြော နေ ကြသည် ။ သို့ လုပ်ပြော ရသည် မှာ ပင်ပန်း သလောက် အကျိုး မရှိ ရုံ မက သရုပ်သကန် ပါ ပျက် သွားသည် ။

အလွန် လွယ်သော သရုပ်ဆောင် ချက် ကို မခက် ခက်အောင် ကိုယ့် ဒုက္ခ ကိုယ် ရှာ နေကြသည် ။

ပြင်ပ တွင် မည်သို့ ပြောကြ သနည်း ။ လေသံ အနိမ့်အမြင့် မည်သို့ ရှိသနည်း ။ စကား ဝါကျ မည် သည့် နေရာ တွင် ဖြတ်တောက် ကြ သနည်း ။ ဤ ပြင်ပ က အတိုင်း ပြော သွားလျှင် သဘာဝ ကျသော သရုပ်ဆောင်မှု ပင် ဖြစ်ချေမည် ။

ယခင် တစ်လ နှစ်လ အတွင်း သာဓု ကြည့် ခဲ့သော ဇာတ်ကားများ ထဲ မှ အောက်ပါ စတား တို့ ၊ စူပါ တို့ ( ဝါ ) နိုင်ငံကျော် တို့ ၊ မကျော့်တကျော် တို့ အား အတိအလင်း သတိပေး ရ သော် ..

( ဟေ့ ... နေအောင် တို့ ၊ အံ့ကျော် တို့ ၊ ခင်သန်းနုတို့ ၊ ခင်သီတာထွန်း တို့ ၊ ခိုင်ခင်ဦး တို့ မင်းတို့ တစ်တွေ စကား ပြောပုံ လေယူလေသိမ်း အသံ အနိမ့်အမြင့် အဖြတ်အတောက် ပြောဟန် ဆိုဟန်တွေ ပြင်ကြတော့ ၊ သဘာဝ လွတ် နေပြီ ၊ အပြင် မှာ ပြော သလို ပြော ကြည့်စမ်း မပင်ပန်းဘဲ နဲ့ သဘာဝ ကျတာ တွေ့ရလိမ့်မယ် ။ )

အချို့သော နောက်တိုး ဇာတ်ပို့ ကောင်လေး ကောင်မလေးများ ကလည်း ...

စူပါစတား တွေ ပြော သကဲ့သို့ လိုက်၍ တုပ ပြောဆို နေကြပြန်သည် ။

( မင်းတို့ လဲ သတိ ကျပ်ကျပ် ထား ၊  အနုပညာ မှာ သဘာဝ လွန် ရင် အားလုံး လွတ်ကုန်တတ် တယ် ။ )

အထက်တွင် လမ်းလျှောက်ခြင်း က အစ သဘာဝ မကျ ဖြစ်နေကြသည် ဟု သာဓု ဖော်ပြခဲ့ရာ တွင် အနည်းငယ် ရှင်းစရာ လိုလာချေသည် ။

မကြာမီ က မြန်မာ ကား တစ်ကား တွင် လူမမာ အသည်းအသန် ဖြစ် နေ၍ ဆရာဝန် လာ ခေါ်ရာ တွင် လူမမာ ရှိ ရာ ခြံ အတွင်း သို့ ဝင်လာ သော ဆရာဝန် ၏ လမ်းလျှောက်ပုံ မှာ မြေကြီး ပြိုကျတော့မည် ကဲ့သို့ ခြေလှမ်း စိပ်စိပ် နှင့် လေးလေးနှေးနှေး သွေးအေးအေး လျှောက် သွား၏ ။ မိနစ်ပိုင်း အတွင်း နှလုံးသွေး ရပ်၍ သေမည် ဆိုက ဆရာဝန် မလှုပ်တလှုပ် ကြောင့် ပင် သေသွား နိုင်စရာ ရှိ ချေသည် ။

ရုပ်ရှင် သရုပ်ဆောင် အမျိုးသား တစ်ဦး ကောလိပ်ဂျင်နေဝင်း ၊ မြတ်မွန် တို့ သုံးပွင့်ဆိုင် အချစ်ကား တစ်ကား ( အဖြေ  ) ရိုက်ရာ တွင် ရုပ်ရှင်သရုပ်ဆောင် အမျိုးသား တစ်ဦး နှင့် ကောလိပ်ဂျင်နေဝင်း တို့ က သူဌေးသား ညီအစ်ကို ၊ မြတ်မွန် က စက်ရုံ အလုပ်သမား သမီး ။ အချက် တချို့ ပြောရသော် ကောလိပ်ဂျင်နေဝင်း ကို မိဘများ က သူဌေးသမီး နှင့် နေရာ ချ ချင်သည် ။ ကောလိပ်ဂျင်နေဝင်းက မူ မြတ်မွန် ကို သာ မေတ္တာ ရှိသည် ။

ရုပ်ရှင်သရုပ်ဆောင် အမျိုးသား တစ်ဦး က လူပျိုကြီး ၊ ညီ ဖြစ်သူ ကိစ္စ တွင် မိဘများ မျက်နှာ မပျက် စေရန် ကောလိပ်ဂျင်နေဝင်း နှင့် မြတ်မွန် ကြား တွင် ဝင် ရှုပ်ကာ မြတ်မွန် ကို ကြိုက်ဟန် ဆောင် ပြသည် ။

ပထမ ကောလိပ်ဂျင်နေဝင်း သည် မြတ်မွန် ကို အမှန်တကယ် ချစ်မြတ်နိုး သည့် အတိုင်း သူ ပန်းခြံ ထဲ သတင်းစာ ဖတ် တိုင်း မြတ်မွန် က ပန်းကလေး တစ်ပွင့် ခူးလာပြီး ပေးသည် ကို ကောလိပ်ဂျင်နေဝင်း တယုတယ ယူ ပြီး နမ်းသည် ။

သို့သော် ရုပ်ရှင် သရုပ်ဆောင် အမျိုးသား တစ်ဦး က မြတ်မွန် ကို ချစ် ဟန်ဆောင်သည့် အမူအရာ တွေ့သည့် နေမှ စ၍ ကောလိပ်ဂျင်နေဝင်း က မြတ်မွန် ကို ရှောင်ဖယ်ဖယ် လုပ် နေပြီး တစ်နေ့ တွင် မြတ်မွန် က ပန်းတစ်ပွင့် ခူးပြီး လာ ပေးသည် ကို ကောလိပ်ဂျင်နေဝင်း က လှမ်း ယူပြီး ဘေး တွင် ချထား လိုက် သဖြင့် မြတ်မွန် ဝမ်းနည်း သွားဟန် အနီး ကပ် ရိုက် သည် ။

နောက် တစ်ကတ် တွင် မြတ်မွန် စိတ်မချမ်းမြေ့စွာ ဖြင့် လှည့်ထွက် သွားခန်း ကို ကိုယ်လုံး ပြည့် ရိုက် သော အခါ အစစ အဆင်ပြေ သော်လည်း လှည့်ထွက် လမ်းလျှောက် သွား ပုံ ကို မကြိုက် ၍ သာဓု က ( ရပ် ) ဟု အော်ပြီး ထို အခန်း ပြန် ရိုက်မည် ပြော ရာ ...

“ ကျွန်မ ဘာ မှားလို့ လဲ ဆရာ ”

မြတ်မွန် က ဝမ်းနည်းသံ နှင့် မေးသည် ။

“ အစအဆုံး အကုန် ကောင်းတယ် ၊ မျက်နှာကလေး ညှိုးပြီး ဝမ်းနည်းပုံ ဟာ အင်မတန် မိတယ် ၊ ဒါပေမယ့် ဟိုဘက် ကို လှည့်ပြီး ထွက် လျှောက် သွား ရာ မှာ နင့် ဖင် က ပျော်သွားတယ် ”

“ အို ... ”

“ အို မနေနဲ့  ၊ ဆရာ သေသေချာချာ ကြည့် နေတယ် ၊ မိန်းကလေး ဖြစ်ဖြစ် ၊ ယောက်ျားလေး ဖြစ်ဖြစ် လမ်းလျှောက် သွားရာ မှာ ပျော်သွား သလား ၊ ဝမ်းနည်းသွား သလား ဆိုတာ ခြေလှမ်း နဲ့ လှုပ်ရှားမှု ကို ကြည့်ပြီး ခွဲခြားလို့ ရတယ် ကွ ... ”

ဤတွင် မှ မြတ်မွန် ပြုံးဖြီးဖြီး လုပ် လာပြီး ..

“ ဒီလိုလေ ဆရာ ၊ တစ်နေ့လုံး ကား ရိုက် နေရတာ ဆံပင် က တင်း ၊ မိတ်ကပ်တွေ က ပူ ၊ အဝတ်အစား က ကျပ် နဲ့ စိတ်အိုက် နေတာ ၊ ဆရာ က ဒါ နောက်ဆုံး အခန်းပဲ ၊ ပြီးရင် ရေမိုးချိုး ၊ ရုပ်ရှင် လိုက် ပြမယ် ဆိုတာ နဲ့ ပျော်သွားတာ နဲ့ ... ”  

“ အေး ... အဲသလို ပျော်ပြီး လမ်းလျှောက် သွားတော့ ခြေလှမ်း လဲ ပျော် ဖင်လဲ လှုပ်အိ လှုပ်အဲ့ နဲ့ ပျော် သွားတာပေါ့ ၊ အဲဒါပဲ ပထမ ဝမ်းနည်းမှု ပါ ပျက်ကရော ၊ ကဲ ... ပြန်ရိုက်မယ် ၊ ဆရာ က ‘ ရပ် ’ လို့ မအော်မချင်း စိတ် ဆင်းရဲစွာ နဲ့ တစ်လှမ်းချင်း လျှောက် သွား ၊ ခုန လို ဖင်ပျော် မသွားနဲ့ ဦး ”

ဤမျှ ဆို လျှင် စူပါစတား တို့ သဘောပေါက် မိလောက် ပေပြီ ။ သာဓု နှင့် ကား ရိုက်ရန် ကြုံ လာ လျှင် လွယ်လိမ့်မည် မထင်လေ နှင့် ။ တံမြက်စည်း လှည်းခန်း ပင် လျှင် မိန်းမ လှည်းနည်း ယောက်ျားလှည်းနည်း စသဖြင့် ပုံစံ မကျလျှင် သာဓု လက်မခံ ။

မည်သို့ဖြစ်စေ သာဓု ကို ကြောက် ရန် မလိုသော နည်း တစ်ရပ် ပေးမည် ။ ရုပ်ရှင် ရိုက်ခြင်း မဟုတ်ဘဲ ပြင်ပ ပြောဆို ဆက်ဆံ သွား လာလေ့ ရှိသည့် အတိုင်း ပြောကြ ဆိုကြ လုပ်ကိုင် ကြ ရန်သာ ဖြစ်သည် ။ ဤသည် ပင် သဘာဝ ။ ဤ သဘာဝ သည် ပင်ပင်ပန်းပန်း လုပ် ယူရန် မလို ၊ အလွန် လွယ်သည် ။

သာဓု ကြည့်ခဲ့ရသည် ဆိုသည့် မြန်မာကား ၃ - ၄ ကား မှ အပြစ် တင် သင့်သူများ ကို တင်ပြီး ချေပြီ ။ ချီးမွမ်း သင့်သူများ ကို ချန်ထား ခဲ့လျှင် သာဓု တရားမည် မဟုတ်ရကား အပြောအဆို နှင့် ပတ်သက်၍ ရှိုက်သံ မောသံ မပါပဲ သရုပ်ဆောင် သွားကြသူ တို့ ကို ထောက်ပြ ရ သော် ...“  ထွန်းထွန်းနိုင် ၊ ကျော်သူ ၊ ဇော်ဝမ်း ”

ဇာတ်လမ်း အရ အစွမ်း ပြ ခွင့် မရ စေကာမူ စကား ပြော သဘာဝ ဖြင့် လှလှပပ ပေါ်လွင် တောက်ပြောင် လာသူ တစ်ယောက် ကို လည်း အကဲခတ် မိ ချေ၏ ။

သူ ကား ...

( ၉ - ၂ - ၈၇ )

◾ သာဓု

📖 ချယ်ရီ မဂ္ဂဇင်း
      မတ် ၊ ၁၉၈၇
     
📖 အနုဝင်္ကပါ

#ကိုအောင်နိုင်ဦး

.

Saturday, August 12, 2023

အနုဝင်္ကပါ ( ၂၇ )


 ( ၂၇ )


၁၉၈၇ - ဇန်နဝါရီလ ထုတ် ချယ်ရီ တွင် အနုဝင်္ကပါ မရေးလိုက် နိုင်၍ စိတ် မကောင်းပါ ။ စာရေး မေးမြန်း ကြသည် ။ ဖုန်း ဆက်ကြသည် ။ ( ဘာ ရောဂါလဲ ၊ ဘာဆေး လိုသလဲ ) ဟု မေးကြ မြန်းကြ ၊ ကူညီလိုသော ဆန္ဒ ပွား ကြ သဖြင့် ကျေးဇူး တင်လှသည် ။ သာဓု - သာဓု - သာဓု ။


ဖြစ်ပုံမှာ ယခု တလော အိမ် ပေါ် နှင့် အောက် ၁၄ ပေ မျှ သာ မြင့် သော်လည်း အိမ် ပေါ် မှ ဆင်း လျှင် မောသည် ။ အောက် မှ ပြန် တက်လျှင် ပို၍ မောသည် ။


အိမ်ပေါ် တွင် ထိုထို ဤဤ သွား ၍ စားပွဲ လှန် ၊ ဗီရို ဖွင့် ဖြင့် ပစ္စည်း ရှာ ရာ ၌ တစ်နာရီ ခန့် ကြာသည် ဖြစ်စေ ၊ မော ချင် မှ မောပြီး တစ်ခါတစ်ရံ ထိုင် ရာ မှ သုံးလေးလှမ်း မျှ လျှောက်သွား ပါ လျက် မောလာပြန်သည် လည်း ရှိသည် ။ ဒီဇင်ဘာလ အတွင်း က အစား မှား ချောင်းဆိုးပြီး အမော နှင့် တိုး ကာ အတော်ကလေး ခံ လိုက်ရချေသည် ။


ယော ... ဆေး ခြောက်လုံး ထိုး နှစ် ကြိမ် ဆေးသွင်း ပြီး သောအခါ သာဓု တစ်ယောက် ဒီဇင်ဘာ လ ကုန်ခါနီး က ဈေး နှစ်ဈေး ခန့် ဆေး လျှောက် ရှာ ခဲ့သည် ။ မမောပါ ၊ နည်းကောင်း တစ် ခုရထားသည် ။ ကိုယ့် စိတ်ကူး နှင့် ကိုယ် အမှား အမှန် မသိသေး ။ ထို နည်းကား နည်းနည်း မော လျှင် သွားရည်စာ တစ်ခုခု နည်းနည်း စား ပြီး များများ မော လျှင် များများ စား ပစ် လိုက်၏ ။ အဘယ်ကြောင့် မသိ အမော သက်သာ၏ ။


ပေးပို့ကြသော စာများ အနက် ကျောက်တန်း ၊ ခရမ်း ၊ သုံးခွ ဘက် မှ အမျိုးသမီး တစ်ဦး ၏ စာ တွင် ...


( ဆရာ ဟိုတလော က ရုပ်ရှင်ကူး ကလေးတွေ ငွေ အညှစ် ခံရတဲ့ အကြောင်းတွေ ရေး လိုက် လို့ မှ ပုံနှိပ် မင် မခြောက်သေးဘူး ၊ ခု ဗွီဒီယို က တစ်စခန်း ထ လာ ပြန်ပါပေါ့လား ဆရာ ။


အတိုချုပ် ကျွန်မ ပြောချင်တာ ကတော့ ကျွန်မ မောင်လေး လေ ၊ ရန်ကုန်ပန်းဆိုးတန်း က ဗွီဒီယို သင်တန်း ဆိုလားပဲ ၊ အဲဒီကို စာရေး ဆက်သွယ် လိုက်တာ ခု သူ့ ဆီ ကို စာ ပြန် လာပါတယ် ။


ဗွီဒီယို သရုပ်ဆောင် သင်တန်း တက်ဖို့ ရယ် ၊ ပြီးတော့ ကိုယ်ကာယ အလှ လေ့ကျင့်ဖို့ ရယ် တဲ့ , အဲဒါ ငွေ ( ၃၀၀၀ ) သုံးထောင် ထည့်ဝင်ရမယ် လို့ ဆို ထားပါတယ် ။ ကျွန်မ မောင်လေး လည်း အိမ် မှာ မရမက ငွေ ပူဆာ နေပါပြီ ။


အဲဒါ ဆရာ ကျွန်မ လည်း အမျိုး မျိုး ပြောပြီး ရုပ်ရှင်အမြုတေ ထဲ ပါတဲ့ ဗီဒီယို ကလိမ်ခြုံတွေ အကြောင်း ရေးထားတဲ့ ဆောင်းပါး ကို ဖတ်ခိုင်း တော့ ... နည်းနည်း ငြိမ်နေပါပြီ ။ ဒါပေမဲ့ စိတ်မချရ သေးပါဘူး ဆရာ ၊ အဲဒါကို ကျွန်မ ဘာ လုပ်သင့်ပါ သလဲ ... )


ထွေထွေထူးထူး တော့ လုပ်စရာ မ လိုပါဘူး ၊ အောက်ပါ မေးခွန်းတွေ သာ တစ်ခုချင်း မေးပြီး တစ်ခုချင်း ဖြေခိုင်းပါ ။


၁ ။ မောင်လေး မင့် ရုပ်ရည် , မင့် အရပ်အမောင်း နဲ့ ကိုယ်လုံးကိုယ်ပေါက် ကို အကြောင်းပြုပြီး မင့် ကို စိတ်ဝင်စား နေတဲ့ ရွယ်တူ အမျိုးသမီး ဘယ်နှ ယောက် ရှိမယ် ထင်သလဲ


၂ ။ မင်း က ဗီဒီယိုမင်းသား ရုပ်ရှင်မင်းသား ဖြစ်ချင်တယ် နော် ၊ အေး ၊ မင့် ရုပ်ရည် နဲ့ ကိုယ်ဟန် အနေအထား အရပ်အမော င်းဟာ လက်ရှိ သရုပ်ဆောင် ဖြစ်နေတဲ့ ( မင်း ကိုယ်တိုင် သိပ် မကြိုက်လှတဲ့ မင်းသား နဲ့ ယှဉ် ကြည့်စမ်း ၊ ဘယ်သူ က သာမယ် ထင် သလဲ )


၃ ။ ခုလို မမမောင်လေး မင်းသား လုပ်မယ် ဆိုတဲ့ အကြောင်း မင်း ရဲ့ အပေါင်းအသင်း တွေကော ပြောပြပြီးပလား ။


( က ) အမှန်အတိုင်း ထင်မြင်ချက် ပေးပြီး တားမြစ်တာ ဘယ်နှယောက် ရှိသလဲ ။

( ခ ) ပြက်ရယ်ပြုပြီး လှောင်တဲ့ သူငယ်ချင်း ဘယ်နှယောက်လဲ ။

( ဂ ) မြှောက်ပင့်ပြီး အားပေးတာ ဘယ်နှယောက်လဲ ။


အဲဒါတွေ တွက် ကြည့်စမ်း အဲ ... အဲ အပိုဒ် ( ခ ) ကို သတိထား စဉ်းစား ။ ( မ လုပ်ပါနဲ့ သူငယ်ချင်း ရာ ) ဆိုတာ ထက် ပို လေးနက်တယ် နော် ၊ တကယ် ဝင် လုပ်တဲ့ အခါ ခုလို အလှောင် ခံရဖို့ လမ်းများ ချင် များ နေ လိမ့်မယ် ။


၄ ။ ကဲ ... ကဲ ၊ ငွေ ၃၀၀၀ ပိုက်ပြီး ရန်ကုန် ကို သွားမယ် ၊ အဲဒီ ငွေ ကို သင်တန်း မှာ အပ်လိုက်ပြီ ထား ၊ မင်း ဘယ်မှာ တည်းခို ပြီး သင်တန်း တက် မလဲ ။ ဘယ်နှလ ကြာမလဲ ၊ ထမင်း ဘယ်သူ ကျွေးမလဲ ၊ ရန်ကုန် မှာ ထမင်း တစ်နပ် ကို ငါးကျပ် နဲ့ ခုနစ်ကျပ် ကြား မှာ ရှိတယ် ။ ည မနက် စရိတ် ၊ လက်ဖက်ရည် ၊ ဆေးလိပ် ၊ သင်တန်းဆရာသမား ကို နည်းနည်းပါးပါး တိုက် ဖို့ မျက်နှာ လုပ်ဖို့ အဲဒီ ကုန်ကျ စရိတ် ။


၅ ။ နောက်ဆုံး အနေ နဲ့ မမ တို့ က ငွေ ( ၅၀၀၀ ) ငါးထောင် လောက် ပေး လိုက်ပြီ ထား ၊ သင်တန်း တက်တာ ဆင်းတာ အစစ ပြေလည်တယ် ထား ။


( က ) အေး .. တကယ်တမ်း ဇာတ်ကား တစ်ထုပ် ရိုက်ကြတော့မယ့် အဆင့် လည်း ရောက် ရော မောင်လေး က အရင်းအနှီး ငွေ တစ်သောင်း ထည့်ပါ ဆိုရင် ဘယ်လိုလဲ ။

( ခ ) မောင်လေး က ဝါသနာ ကြီး လွန်းလို့ ငွေတစ်သောင်း ရှာ ပေးလိုက် ပြီ ဆိုပါတော့ ။ အဲဒီ ငွေ ကုန်သွားပြီ ဆို ပါတော့ ၊ ဇာတ်ထုပ် က လည်း မပြီး သေး ၊ တန်းလန်းကြီး ဖြစ်နေတာမို့ ငွေ ထပ် ထည့်ပေးပါဦး ဆိုရင် ဘယ်လိုလဲ ၊ ( ဒါတွေက ... မင့် ကို တကယ် မင်းသား တင် ရိုက်တော့မယ် အခြေ ကို ပြောတာနော် ) 

( ဂ ) အဲဒီ အထိ မရောက်ဘဲ တကယ်လို့ ရန်ကုန် တက် ငွေသုံး ထောင်ပေး ၊ ကိုယ်ကာယ လေ့ကျင့် သရုပ်ဆောင်မှု ပညာတွေ သင် ။

( ဃ ) တစ်လ ၊ နှစ်လ ၊ သုံးလ ကြာ တော့ အစမ်း ရိုက်မယ် ဆိုပြီး ဖလင် မပါပဲ ရိုက်မယ် ။ 


နောက်ဆုံး ...


မင်း သရုပ်ဆောင်နိုင်မှု ပါရမီ မရှိ ဘူး ဖြစ်နိုင်မှာ မဟုတ်ဘူး  ၊ ပြန် တော့ ဆိုရင် ငါ့ မောင်လေး ဘယ်လို လဲ ၊ ငွေ သုံးထောင် ဆုံးပြီ ။


တူမ ရေ ...


အဲဒီအတိုင်း ပြောပြလို့ မှ မရဘူး ဆိုရင် ။ သဘော မပေါက် ရင် သူ လုပ် ချင်ရာ လုပ်ပါစေတော့ ၊ ပိုက်ဆံ သာ တစ်ပြား မှ မပေးနဲ့ ။ ဒီ တစ်နည်းပဲ ရှိ တော့တယ် ။


   •••••   •••••   •••••


တစ်စောင်သော စာ မှာ ... 


ဆရာဦးသာဓု ခင်ဗျား ...


ဖြစ်နိုင်လျှင် ဆရာ့ အနုဝင်္ကပါ ထဲ မှာ နှိုးဆော်ပေး ပါဦး ။ အများ လူထု သိအောင် ပေါ့ ခင်ဗျာ ။


ဖြစ်ရပ်ကတော့ ဒီလိုပါ ...


ကျွန်တော်က ရန်ကုန် နဲ့ မိုင်တစ်ရာ ကျော် ဝေးတဲ့ ရေလမ်း မြို့ တစ်မြို့ က ပါ ။ သမဝါယမ မှာ အလုပ် လုပ် ပါ တယ် ၊ အခြေအနေ အရ လူပျိုကြီး ဘဝ နဲ့ တင်းတိမ် နေရ ပါတယ် ။ မိဘ မရှိတော့ပါ ။ ကြီးတော်ကြီး လက်ပေါ် ကြီးခဲ့ရ တာ မို့ အဲဒီ ကြီးတော်ကြီး ကို ပဲ ရှာကျွေး နေ ပါ တယ် ။ ကြီးတော်ကြီး က လည်း မုဆိုးမ ၊ သမီးကလေး တစ်ယောက် သာ ထွန်းကား ပါတယ် ။ 


တစ်နေ့သော အခါမှာ ကျွန်တော့် တူမလေး ပေါ့ ခင်ဗျာ ၊ ၁၁ နှစ် သမီး အရွယ် ပဲ ရှိပါသေးတယ် ။ မနက် အိပ်ရာ က ထ တော့ လည်ပင်း တစ်ဖက် စောင်း နေပြီး နာတယ် နာတယ် နဲ့ ငို နေလို့ ဆေးမြီးတို အမျိုး မျိုး နဲ့ လိမ်း ၊ ရပ်ရွာဆရာ နဲ့ ကု ၊ အဲဒါ မဟန်တာ နဲ့ ရန်ကုန် ခေါ် လာပြီး ကြော်ငြာ ကောင်းတဲ့ အကြောအရိုး ကု ဆေးတိုက် မှာ ပြ ကြည့် တော့ ငွေ ၃၅၀ အရင် တောင်း ပါတယ် ။


ငွေ လည်း ပေး ပြီးရော ဆေးတွေ လိမ်းပြီး ဟိုနှိပ် သည်နှိပ် နှိပ်တာပါပဲ ။

တတ် လို့ နှိပ် တာလား ဖြန်းတာလား တော့ မသိ ။ တူမလေး မှာ နာ လွန်းလို့ မျက်ရည် ပေါက်ပေါက်ကျ ခံစား နေရ ရှာ ပါတယ် ။ နာရီ ဝက် လောက် ကြာ တော့ ဆေးရည် ၊ ဆေးမှု န့် ၊ ဆေးလုံး စတဲ့ ပုလင်း လေးလုံး ပေးပြီး ( အဲဒါ တစ်လ စာ လိမ်းဆေး သောက်ဆေး အညွှန်း အတိုင်းသုံး တစ်လ ပြည့် တဲ့ နေ့ လာ ) ဆိုပြီး ပြန်လွှတ် ပါတယ် ။


တစ်လ ပြည့်တဲ့ နေ့ အထိ ဘာ တစ်ခု မှ မထူးခြားပါဘူး ၊ လည်ပင်း သာ ပို ပြီး ရောင် လာ ပါတယ် ။ သူတို့ မှာ တဲ့ အတိုင်း အကြောအရိုးကု ဆေးခန်း ကို ပြန် လာတော့ တူမ ကို ပေး ထားတဲ့ ဆေး လက်မှတ် ပြ တော့ နာ့စ်မ လိုလို တစ်ယောက် က အခန်း ထဲ ယူ သွား တယ် ။ ပြန် ထွက် လာတော့ ... 


“ ဒီ ကလေးမ ကို ကု တဲ့ ဆရာ ခရီး လွန် နေလို့ ၅ ရက် ကြာ မှ လာပါတဲ့ ” 


“ ဟာ ... ကျွန်တော် တို့ က အဝေးကြီး က လာ ရတာပါ ။ တစ်မြို့ တစ်ရွာ က ဆိုတော့ ပြန်ရ လာ ရ တဲ့ ကိစ္စ မလွယ်ပါဘူး ၊ အဲဒါ ” 


“ အဲဒါတော့ ... ကျွန်မလဲ ဘာမှ မတတ်နိုင်ဘူး ။ ပြန် ချင် ပြန် ။ ရန်ကုန် အသိ အိမ် မှာ ပဲ ဖြစ်ဖြစ် တည်းခို ပြီး စောင့် ပေါ့ ” 


ကျွန်တော် စိတ်ညစ်သွား ပါတယ် ။


“ ဒီပြင် ဆရာ ဆရာမ တစ်ယောက် ယောက် ကော မရှိဘူးလား ၊ ကလေး က မသက်သာဘူး ၊ နည်းနည်း ကြည့်ခိုင်းစေချင် လို့ ပါ ” 


“ ဒီလိုပါ ရှင့် ၊ ဒီ လူနာ ကို ကြည့်တဲ့ ကုတဲ့ ဆရာ ဆရာမ သာ ပြန်ကြည့် ကုသခွင့် ရှိပါတယ် ၊ ရောဂါ အခြေအနေ ကို ကြည့်ဖူး ကုဖူး သူ သာ သိတယ် မဟုတ်လား ” 


စသဖြင့်ပေါ့ ဆရာ ... ( ခေါင်းခါ ) တဲ့ စကားတွေ သာ ပြော နေလို့ ကျွန်တော် တို့ ထ ပြန်ပြီး မြောက်ဥက္ကလာ က ဘုန်းကြီးကျောင်း မှာ သွား တည်းရ ပါတယ် ။ သွားရ လာရ ၊ အတော် ဒုက္ခ ရောက် ပါတယ် ဆရာ ။ ၅ ရက် ပြည့် လို့ ပြန်လာ ပြန် တော့ လည်း အဲဒီ ဆရာ ပြန် မရောက်သေး ဘူး လုပ်ပြန်ပါ ရော ၊ ပြန်ကြရ ပြန်ပါရော ။


ကျွန်တော် လည်း မကျေနပ်တာ နှင့် နောက် ၂ ခါ လောက် စောင်းပါးရိပ်ခြည် လာ ချောင်း တော့ အဲဒီ ကု ပေးတဲ့ ဆရာ ရှိတယ် ။ ဒါနှင့် နောက် တစ်နေ့ လာ ကြတော့ ( ပြန် မ ရောက်သေးဘူး ) ပြောတာ နှင့် ကျွန်တော် လည်း ခပ်ကြမ်းကြမ်း ပြောဆို ပြီး ပြန်ခဲ့ကြ ပါတယ် ။ ခုတော့ ငါးထပ်ကြီးဘုရားနား က တိုင်းရင်း မြန်မာဆေးကုဌာန မှာ ကု နေ ရ ပါ တယ် ။ အတော်ကလေး ဟန်ကျ နေပါပြီ ။ ငွေ လည်း အလုံးလိုက် အခဲလိုက် မကုန်ပါဘူး ။ စေတနာ အပြည့် နှင့် ကုသပေးကြပါ

တယ် ဆရာ ။


ကျွန်တော် ပြောချင်တာ က တော့ အများ ပြည်သူတွေ ကို ကြော်ငြာ နှင့် လိမ် ခေါ်ပြီး ငွေညှစ် နေကြတာ ကို အများ သိအောင် တင်ပြ ပေးဖို့ နှင့် လူနာရှင်တွေ က လည်း ကြော်ငြာ ကောင်း တိုင်း မယုံကြဖို့ စုံစုံစမ်းစမ်း ဆေးကုခံ ကြဖို့ ပါပဲ ခင်ဗျား ။


   •••••   •••••   •••••


နောက် တစ်စောင် တွင် လည်း


ဦးလေးရှင့်


ဦးလေး ရေး ခဲ့တဲ့ ရုပ်ရှင် ဝါသနာအိုးများ ငွေ အလိမ် ခံရသည့် နည်းတူ ကျွန်မတို့ ဗေဒင် ဝါသနာအိုး တွေ လည်း အလှည့်အပတ် ခံနေ ကြရ ပြန်ပါသည် ။


လှလှပပ နှင့် အကျအန ကြော်ငြာ လေ့ ရှိသော လက္ခဏာ ဗေဒင်ဆရာ တစ်ဦး ဆီ ကျွန်မ သွား မေးပါသည် ။


ထိုင် လိုက်သည် နှင့် မူလ ဓာတ်ပုံရှင် ( ကြော်ငြာသူ ) မဟုတ်သော လူ တစ်ယောက် က အမျိုးစုံ မေးပါတော့သည် ။


ထို့နောက် မှ သူ သည် လက္ခဏာ ဆရာကြီး မဟုတ်သေး ။ မန်နေဂျာ မျှ သာ ဖြစ်ကြောင်း လက္ခဏာ လာ မေးသူ တိုင်း ကို ဆရာ က မဟော ။ ဟောထိုက်သူ မှ ဟော ကြောင်း ပြောကာ အတွင်း ခန်း ထဲ ဝင် သွား ပါသည် ။


မကြာမီ အတွင်းခန်း မှ ချောင်းမြောင်း နားထောင် နေ ဟန် တူသော လက္ခဏာ ဆရာ ထွက် လာ ပြီး


“ အင်း ညီမ ကို တော့ ဆရာ ဟော မယ် ။ ကဲ ကဲ ဉာဏ်ပူဇော်ခ ၅၄ ကျပ် တင်ပါ ” တဲ့ ။


ကျွန်မ လဲ လာ မိ မှ တော့ မထူးဘူး ဆိုပြီး ၅၄ ကျပ် ပသ လိုက် ရပါသည် ။ အမှန် က ၁၅ ကျပ်တန် နှုတ်ဟော လောက် သာ ရည်ရွယ် လာခဲ့ခြင်း ဖြစ် သော်လည်း ကျွန်မ တို့ မြန်မာများ အားနာ တတ်သည် ကို ခုတုံး လုပ်၍ လက္ခဏာ ဆရာ က လှီး ခြင်း ဖြစ်ပါတော့သည် ။ မည်သို့ ဖြစ်ပါစေ ဦးလေး ငွေ ၅၄ ကျပ် ယူပြီး ဟောပြောချက် ၊ ပညာထက်မြက် မှန်ကန် က အကြောင်း မဟုတ်ပါ ။ ကျွန်မ သွားမေးစဉ် က ဆရာ ဆိုသူ သည် ခပ်တည်တည် နှင့် ပင် ခုနှစ် သက္ကရာဇ် မွေးလ မွေးရက် လည်း မမေး လက္ခဏာ ကို လည်း မကြည့်ဘဲ ( မဂ္ဂဇင်း နှင့် ရုပ်ရှင်စာစောင် အချို့ တွင် ပါသော ( ၇ ) ရက် သားသမီးများ အတွက် ဟောစာတမ်း ) ကဲ့သို့ ရွတ်ဆို ပြပြီး ယတြာ ချေရန် လို ကြောင်း ချေလို က ငွေ ( ၈၁ ) ကျပ် တင်ရန် ပြောသည် နှင့် ငွေ မပါသေး ကြောင်း ပြောပြီး ပြန်လာခဲ့ပါသည် ဦးလေး ။


ကျွန်မ ကဲ့သို့ မေးဖူး သူ များ ငွေ အလိမ် ခံရသူများ အတွက် အကြောင်း မထူးတော့ သော်လည်း ပဲ လက္ခဏာဗေဒင် မေးမည် တကဲကဲ ပုဂ္ဂိုလ်များ အငိုက် မမိ စေရန် ဦးလေး က တင်ပြပေးပါ ရှင့် ။


P.S ( အားလုံး မကောင်းဘူး ဟု မဆိုလိုပါ နော် ။ ဦးလေး ရေး သလို အဲ ... အဲ သတင်း အစအန ကလေးများ စုံစမ်း ပြီး မှ “ အားမနာတမ်း ဘယ်လောက်တန် ဟောပါ ” ဟု ခပ် မာမာ အစချီမှ တန်ကာ ကျ မည် ဖြစ်ကြောင်းပါ ရှင့် )


   •••••   •••••   •••••


ယ ခုနှစ် သင်္ကြန် လည်း နီးလာ ချေ ပြီ ၊ မည်သူတွေ တာစားမည် ကား မ သိ ၊ တစ်လ ထဲ တွင် စု၍ ရောက် လာ သော စာများ တွင် အထက်ပါ ကိစ္စ မျိုး နှင့် အဆိုအတီး တေးဂီတ ဆိုင်ရာ များ တီဗွီကိစ္စ များက ရာခိုင်နှုန်း ( ၆၀ ) မျှ ပါ နေ ချေသည် ။


သာဓု အနေ ဖြင့် ဆောင်းပါး သဖွယ် တင်ပြ ရုံ သာ တတ် နိုင်သည် ။ သာဓု တို့ မြန်မာပြည် တွင် ယခုအခါ ( ကမ္ဘာ့ အဆင့်အတန်း မီ ရေး ) ဟူသော စကား ကို မကြာခဏ တဖွဖွ ပြော နေကြသည် ။ အဘယ် ကမ္ဘာ့ အဆင့်အတန်း ကို ဆိုလို သနည်း ၊ သာဓု မြင် သလောက် ပြောရ လျှင် အနောက်နိုင်ငံများ တွင် တိုးတက် နေသော အဆင့်အတန်း ကို ရည်ရွယ် ပြော နေကြသည် သာ ဖြစ်

ချိမ့်မည် ။ သို့ ဆိုလျှင် သာဓု တို့ က မည်သည့် အစိတ်အပိုင်း တွင် အဆင့်အတန်း မီ နေကြ ပြီနည်း ။


ဤ ဆောင်းပါး ပါ အကြောင်းအရာ နှင့် ပတ်သက်သည့် အဆင့်အတန်း မီ ရေး ကို သာ သုံးသပ်ရ မည် ဆို ပါက သူတို့ ဥရောပနိုင်ငံများ တွင် လူ့အခွင့်အရေး ကာကွယ် ပေးသည့် ဌာန ၊ အဖွဲ့အစည်း များစွာ အနက် စားသုံးသူ တို့ ကို အကာအကွယ် ပေးနေသော အဖွဲ့ တစ်ဖွဲ့ တောင့်တောင့် တင်းတင်း ရှိ နေသည်  ။


ဥပမာ အမေရိကန် တွင် ( ရဖ်နာဒါး ) ဆိုသူ ဦးဆောင်သော စားသုံးသူ အခွင့်အရေး ကာကွယ်ရေး အဖွဲ့ သည် အလွန် တိကျ ပြတ်သား၍ စီးပွားရေး လုပ်ငန်းရှင် တိုင်း အလေးထား လေးစား ရသော အဖွဲ့ ဖြစ် ချေသည် ။


ထို အဖွဲ့ သည် လေယာဉ်ပျံ စီး ခရီးသည် သက်သာချောင်ချိရေး မှ ကလေး ပေါင်ဒါ အထိ လူထု ကို လိမ်ညာ ကြော်ငြာ ရောင်း ချ၍ မရ ။ မလိမ့်တပတ် ကြော်ငြာသည် နှင့် ထို စီးပွားရေး လုပ်ငန်းရှင် ကို ရုံးတင် တရား စွဲ လေ တော့သည် ။ တရားရုံးများ က လည်း ( ဆိုကြပါစို့ ) ဝဲ ယားနာ ပျောက် ဆပ်ပြာ ကြော်ငြာ နှင့် ( ၁ ) လ အတွင်း ပျောက်စေရမည် ဟု အာမခံ သည် ။ သို့သော် ( ၂ ) လ ( ၃ ) လ ကြာသော် လည်း မပျောက်ခဲ့ သော် ရုံးတက် တရားစွဲ ကြသည် ။


ရုံးတော် က မမှန်မကန် လိမ်လည် ကြော်ငြာမှု ဖြင့် ဆပ်ပြာဖိုး သာ မက စိတ်နှလုံး ညှိုးနွမ်းရ

သည့် လျော်ကြေး အပြင် တရား စရိတ် ပါ လျော်ကြ ရ ချေသည် ။ ( မြတ်စွာဘုရား ) သူတို့ တရားစရိတ် ကား အနည်ဆုံး သိန်း ဂဏန်း ။


လွန်ခဲ့သော ( ၃ ၊ ၄ ) နှစ် က သတင်းစာများ တွင် သတိထား မိ သူများ မှတ်မိပါ ချိမ့်မည် ။


နိုင်ငံကျော် အဲ ကမ္ဘာကျော်ကြီး ( လက်တိုဂျင် ) နို့မှုန့် ဟာ မွေးကင်းစ ကလေးများ နှင့် မသင့်တော် တော့သ ည့် အတွက် ဆက်လက် ရောင်းချခြင်း မှ တားမြ စ်ပေးရန် ရုံး တွင် လည်း တရားစွဲ ၊ ဆန္ဒပြ ၍ လည်း သပိတ် ထား ခဲ့ သောကြောင့် ထုတ်လုပ်သည့် ကုမ္ပဏီ က လိုက်လျောခဲ့ရ ချေသည် ။


ယခုအခါ ထို နို့မှုန့် ( လက်တိုဂျင် ) ကို တတိယနိုင်ငံ ခေါ် အာဖရိက ၊ အိန္ဒိယ ၊ မြန်မာ ၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများ သို့ လှည့်ပို့ ရောင်းချ နေ သဖြင့် ပြဿနာ ထပ် တက် နေပြန်ချေသည် ။


သာဓု တို့ ငယ်စဉ် က အမဲသား သွား ဝယ်ရာ တွင် အလေး မပြည့် က ရဲဌာန သွား တိုင် လျှင် ရဲ က စံချိန်မီ အလေး နှင့် လိုက် လာပြီး ပြန် ချိန်သည် ။ လျော့ နေက ထပ်ဖြည့် ခိုင်းသည် ။ တစ်ကြိမ် က နှစ်ကြိမ် အလေး ခိုး လျှင် အဖမ်း ခံရသည် ။ အထည်လိမ် ရောင်းလျှင် ရဲ ကို တိုင် တန်ရာတန်ဖိုး ပြန် ရသည် ။


ယခု လည်း ဤ ဆောင်းပါး ပါ အကြောင်းအချက်များ နှင့် စပ်လျဉ်း သော အလိမ် ခံရချက်များ အတွက် သက်ဆိုင်ရာ မြို့နယ်ကောင်စီ တွင် တိုင်တမ်း အကူအညီ တောင်း ကြည့် ပါ ။ မုချမသွေ ကူညီကြပါချိမ့်မည် ။ 


◾ သာဓု


📖 ချယ်ရီ မဂ္ဂဇင်း

      ဖေဖော်ဝါရီ ၊ ၁၉၈၇

      

📖 အနုဝင်္ကပါ


#ကိုအောင်နိုင်ဦး


.

Friday, August 11, 2023

အနုဝင်္ကပါ ( ၂၆ )


 ( ၂၆ )


ယခုတလော သာဓု ရေး သော အနုဝင်္ကပါ နှင့် ပတ်သက်၍ ကြိုက်သည် ရော မကြိုက်သည် ရော အကြောင်းပြချက် အဖုံဖုံ ဖြင့် စာတွေ ပုံ ရောက် လာသည် ။ ဖုန်း ဖြင့် လည်း ပြောကြ ၊ မေးကြသည်  ။


“ အဖေ ဖုန်း လာတယ် ၊ ကိုလှကြည် တဲ့ ” 

 

“ ပေး .. ပေး ၊ ဟလို ”  


“ ကိုသာဓု လား ၊ ကျွန်တော် လှကြည် ပါ ” 


“ ဘယ်က လှကြည် လဲ ” 


“ ဟား .. ဟား ၊ မမှတ်မိတော့ဘူးလား ” 


“ နာမည် ကို မှတ်မိတယ် လေ ။ ကျွန်တော် သိတဲ့ လှကြည် တွေ က အများကြီး ” 


( တစ်ဖက် မှ ရယ်နေ သံ ။ )


ထို ရယ်သံ ကြောင့် တစ်ကြောင်း ၊ ‘ ကိုသာဓု ’ ဟု ရွယ်တူ လို ၊ သို့မဟုတ် သာဓု ထက် ကြီးပုံ ရသည် လို တရင်းတနှီး ခေါ်ပုံ ပြောပုံကြောင့်  ... 


“ ဒီမှာ ကျွန်တော် ပြောမယ် ၊ သာဓု သိတဲ့ လှကြည် တွေ ထဲမှာ တရားသူကြီး ရှိတယ် ၊ ရုပ်ရှင် ကန်ထရိုက် ရှိတယ် ၊ ဗိုလ်မှူးကြီး ရှိတယ် ၊ ဆိုက္ကားသမား လည်း ရှိ  ...” 


“ ဟား ... ဟား ၊ ဂျာနယ်ကျော် လှကြည် ပါ ” 


“ အဲဗျာ ... စ စချင်း ဒီလို ပြောရင် အချိန်ကုန် သက်သာမှာ ။ ခင်ဗျား နဲ့ ကျွန်တော် တို့ အဆက်ပြတ် နေကြ တာ ကြာပြီ မို့ ရုတ်တရက် သတိ မရဖြစ် ...” 


“ ဟုတ်မှာပေါ့ ၊ အဲ ... အတိုချုပ် ပြောချင်တာ က ခင်ဗျား ရေး လိုက်တဲ့ အနုဝင်္ကပါ ထဲ က

စာမျက်နှာ တွေ အဖြူချန် ပြီး စက္ကူ ဖြုန်းတီး နေတာ ကို ထောက်ပြ သွားတဲ့ အတွက် ကြိုက်

တယ်ဗျာ ၊ ဒီနေ့ပဲ စာပေသမားတွေ ဆုံမိကြလို့ ပြောမိကြ သေးတယ် ” 


“ ဟုတ်ကဲ့ ” 

( တစ်ဖက် မှ ချောင်းဆိုးသံ )


သူသည် ဂျာနယ်ကျော် တွင် အယ်ဒီတာ လုပ် ခဲ့ပြီး သတင်းစာ အတော် များများ တွင် လည်း အယ်ဒီတာ လုပ်ခဲ့ လျက် သာဓု တို့ ပဒေသာ ၊ သစ္စာ မဂ္ဂဇင်း စသည် တွင် လည်း ဆောင်းပါးဝတ္ထုများ ရေးခဲ့ ဖူး ရာ မှ အနှစ် ၂၀ မက ပျောက်ချက်သား ကောင်း နေ သူ ။


နောက် သုံးလေးကြိမ် ချောင်းဆိုး ပြီး ရပ် သွားရာ မှ  ... 


“ အဲဒါ ပြောချင်လို့ ဖုန်း ဆက်တာပါ ” 


“ ကျေးဇူးတင်ပါတယ် ” 


“ လောမကြီး နဲ့ ဦး ဗျ ၊ ကျေးဇူး ကို အသာ ထားဦး ၊ အဓိက ပြောချင်တာ က ခင်ဗျား အဲသလို ရေး လိုက်တဲ့ မဂ္ဂဇင်း မှာ လဲ စာမျက်နှာ စာဖြူတွေ ချန် ချန် ထားတာ တွေ့ နေလို့ ။ အဲဒါ ကျွန်တော် လို သတင်းစာဆရာ တစ်ယောက် အမြင် နဲ့ ပြော ရရင် စာမျက်နှာတွေ နှမြောလှတယ် ဗျာ ” 


“ ဟုတ်တယ် ကိုလှကြည် ရေ ၊ ကျွန်တော်လဲ သတိထား မိ ပါတယ် ၊ ဒီ နေရာ မှာ တစ်ခု ပြောချင်

တာ က တော့ ဆောင်းပါးဝတ္ထုတွေ သာ ရေးပြီး စာနယ်ဇင်းတိုက် တွေ ကို ပို့ နိုင်တယ် ၊ သူတို့ ရဲ့ အပြင်အဆင် ၊ အုပ်ချုပ်မှု ကိစ္စတွေ မှာ ဘယ်လို လုပ်ပါ လို့ ဝင် ပြောပိုင်ခွင့် မရှိဘူးဗျ ။ ကိုလှကြည် သိတဲ့ အတိုင်းပဲလေ ဟုတ်ဘူးလား ” 


“ အဲ ... ကိုသာဓု ပြောတာလဲ မှန်ပါ တယ် ၊ ဒါပေမဲ့ ...”   


“ သြ ..တစ်ခု ကျန်သေးတယ် ဗျို့ ကြောငြာ ၊ အဲ ... ဒီ ကြော်ငြာ နဲ့ ပတ်သက်လို့ ... ပွင့်ကောင်းငံပြာရည် ထင်ပါ ရဲ့ ၊ တစ်မျက်နှာလုံး မှာ မှ သုံးကြောင်း လောက် သာ ပါပြီး အားလုံး အဖြူ ချန် တာတို့ ၊ အင်း ...  တစ်ခါက ကျော်ဟိန်း လုပ် ဖူးတယ် ၊ တစ်မျက်နှာလုံး အဖြူ ချန် ပြီး ( မွန်းတည့်ချိန် မှာ နေဝင်သည် ) ဆိုတဲ့ ရုပ်ရှင်ကြော်ငြာ က ၃ လက်မ လောက် သာ ကြော်ငြာတာ တို့ ၊ အဲဒါ

တွေ က တော့ စာနယ်ဇင်း တိုက်တွေ မှာ တာဝန် မရှိသင့်ဘူး နော ၊ သူတို့ က ကြော်ငြာ သာ ပေးပြီး သူတို့ က သူ တို့ ကြိုက်သလို ကြော်ငြာပိုင်ခွင့် ရှိ တယ် မဟုတ်လား ” 


“ ခင်ဗျား က လည်း ဗျာ အကာအကွယ် တွေ လုပ် မနေစမ်းပါ နဲ့ ” 


“ ဟော ... ခင်ဗျား ဒီလို ပြောသလား ၊ ဒီမှာ ကျွန်တော် ထောက်ပြတဲ့ ကြော်ငြာမျိုး မြင်ကော မြင်ဖူးတယ် နော် ” 


“ အင်း ” 


“ ကိုင်း ... ကျွန်တော် ရှင်းပြတာ မှန်ပြီ လို့ ခင်ဗျား ဝန်ခံတဲ့ သဘောပဲပေါ့ ၊ အဲဒါ ...” 


“ ထားလိုက်ပါတော့လေ ၊ ဟဲ ... ဟဲ ... ဟဲ ” 


ဖုန်း ချသွားသည် ။


သာဓု သတိ တစ်ချက် လစ် သွား သည် မှာ သူ့ ဖုန်းနံပါတ် မမေးလိုက် မိခြင်း ဖြစ်ချေ၏ ။ သာဓု အား မရ ။ သူ့ စကား အဆုံးတွင် မကျေမနပ်သံ နှင့် နိဂုံး ချုပ် သွားသည် ကို ထပ် မေး ချင်သော်လည်း ဖုန်း မဆက်နိုင် ။


ဖုန်းသံ မြည် လာသည် ။ 


“ ဟလို ၊ ကိုသာဓု လား ” 


“ အဲ ... အတော်ပဲ ကိုလှကြည် ရေ ၊ ကျွန်တော် လဲ ပြန် ဆက် မလို့ လုပ် လုပ် စမ်းပါဦး ၊ ဖုန်းနံပါတ် အရင် ပြော စမ်းပါ ” 


သူ့ နံပါတ် ပေး သည် ။


“ ကဲ ... ခင်ဗျား က ဖုန်း စ, ဆက်တာ ၊ ခင်ဗျား မကျေနပ်တာ တစ်ခု ခု ရှိလို့ ဖြစ်လိမ့်မယ် ကဲ စ, ပြောပေတော့ ” 


“ ကျေနပ်တာ မကျေနပ်တာ အပ ထား လိုက်တော့ ၊ ကျွန်တော် တို့ ခင်ဗျား တို့ ပဒေသာ မဂ္ဂဇင်း မှာ လုပ်ခဲ့တာတွေ ချက်ခနဲ သတိ ရ လာလို့ ” 


“ ဘာပါလိမ့် ” 


“ အဲ ... ခုန ပြောတဲ့ အဖြူ ချန် ကိစ္စ လေ ၊ အဲဒီတုန်း က စာမျက်နှာ တစ်ခု မှာ ၃ လက်မ တစ်ကော်လံ ၊ ၄ လက်မ တစ်ကော်လံ စသည် ဖြင့် နည်းနည်းလေး တောင် အလေ မခံဘဲ တင့်တယ် က ( ဖြည့်စာ ) သဘောမျိုး စာ သုံး လေးကြောင်း ရေးလိုက် ၊ သော်တာဆွေ က ဖြည့်လိုက် ၊ ကျွန်တော် က စွက် လိုက် ၊ ခင်ဗျား က ဝင် ထောက် လိုက် နဲ့ ဘယ်လောက် ပျော်စရာ ကောင်းလဲ ” 


“ အေးဗျာ နော် ၊ စာရွက်ကလေး နည်းနည်းပါးပါး အဖြူသား ကျန် နေ ရင် ဥပမာ - ( ကျား နှင့် မ ) ခေါင်းစဉ် တပ် ပြီး

( ယောက်ျားများ သည် မိန်းမများ ကို ကြည့် လို၏ ။ မိန်းမများ က မူ ယောက်ျားများ အကြည့် ကို ခံလို၏ ) ” 


“ အဲဒါမျိုး မဟုတ်လား ” 


“ ဟုတ်ပါ့ ၊ ဟုတ်ပါ့ ၊ အဲ ... အောက် နား က ကလောင် နာမည် ထည့်လိုက် ဦးလေ ၊ ‘ ဘာဘူ ’ လို့ မေ့နေပြီလား ”  


“ မမေ့ပါဗျာ ၊ တက္ကသိုလ်စွပ်ပယား တို့  ၊ စိန်တစ်ပွင့် တို့ ၊ ကြည်လှ တို့  ၊ ကြင်ဆွေ တို့  ၊ အောင်မြင် ၊ အောင်ကျော် ၊ မြတ်သူ ၊ ပေါ်လွင် ၊ သုမောင် ၊ ( ဟိုတုန်းက ကလောင်အမည် မျိုးစုံ နဲ့ ) ဖြည့်စာတွေ ရေးခဲ့ကြတာ ခင်ဗျား လဲ ပါတာပဲ ဟာ ”  


“ အင်း ... တစ်ခါတလေ စာ ဆယ် ကြောင်းလောက် လို နေလို့ ဝိုင်းပြီး စဉ်းစားကြ ၊ ရေးကြည့်ကြ နဲ့ အတော် ပျော်သလောက် အတော်လည်း မောတယ်လေ နော် ”  


“  မော ဆို ထိပ် က ရေးထားထဲ့ ပင်မ ဆောင်းပါး ၊ ဝတ္ထုစာညွှန်း စသည်တို့ ရဲ့ အောက်မှာ ဖြည့် ရတာ လွယ် မှ မလွယ်ဘဲ ၊ သူ့ အခန်း နဲ့ သူ ဖြည့်စာ က ဆက်နွယ် ရမယ် ၊ အကျိုးပြုရမယ် ဆိုတာက ရှိသေးတာ ကိုး ၊ ဥပမာ  - ရှေ့ဆောင်းပါး က တော်လှန်ရေး ဆောင်းပါး ဆိုရင် ဖြည့်စာ က လဲ တော်လှန်ရေး နဲ့ ပတ်သက်တာ တို့ ၊ မျိုးချစ်စိတ် တို့ ဟာဗျာ ကျွန်တော် လဲ ခင်ဗျား သိပြီးသား တွေ ပြန် ပြော နေမိ ပြန်ပြီ ” 


“ ရပါတယ် ၊ ဒီ စကားမျိုး က ဘယ်တော့ ပြောပြော မရိုးပါဘူး ၊ ခက်နေတာ က ခု ခေတ် မှာ အဲသလို စာတို စာသန့် စာခန့် ကလေးတွေ နှင့် စက္ကူဖြူ ကွက်လပ်တွေ မှာ ဖြည့် တာ တယ် မတွေ့ရ တော့ဘူး လေ၊ အဖြူ အတိုင်း လွှတ် လိုက် ကြတာပဲ ၊ ကဲဗျာ ကြုံရင် ဝင်ခဲ့ပါဦး၊ ဆွေးနွေးကြရအောင် ” 


သို့ အဆုံးသ,တ် ရင်း လိပ်စာ ပေးပြီး ဖုန်းချ သွား ချေ၏ ။


   •••••   •••••   •••••


ရောက် လာသည့် စာများ အနက် တစ်စောင် တွင် သူ သည် ၁၉၅၂ - ၅၃ ခုနှစ် လောက် ကတည်း က ကဗျာ ရေး ခဲ့သည် ။ တင့်တယ် နှင့် အတူ သာဓု ထံ လိုက်လာဖူးသည် ။ ရေဒီယို ( မြန်မာ့အသံ ) မှ သီချင်း ရေးခဲ့ ... ဆိုခဲ့ ဖူးသည် ။ ယခု သူ့ နာမည် ကို မူရင်း အတိုင်း ယူငင် သုံးစွဲ သီချင်း ဆို နေ ကြသည် ဟု တိုင်ကြား သည် ။ 


အထူးသဖြင့် သူ ဖွဲ့ခဲ့သော တီးဝိုင်း အမည် ကို ပင် နာမည်ကြီး စန္ဒရားဆရာ တစ်ဦး က ယူ ပြီး တည်ထောင် နေ ပါသည် ။


မည်သို့ အရေးယူ ရပါမည်နည်း ဟု မေးသည် ။


ဤလို ကိစ္စမျိုး တွင် ချက်ချင်း သိ ၊ ချက်ချင်း အရေး ယူ ရပေမည် ။ 


အရေးယူ ဆိုသော်လည်း ကိုယ် က မိမိ သုံးသော အမည် တစ်ခု ခု ကို မှတ်ပုံတင် ထား မှ အရေးယူ ပိုင်ခွင့် ရှိ သည် ။ ဤသို့ မှတ်ပုံတင် မထား က အနုပညာကောင်စီ ကို တိုင်ကြား ဖျန်ဖြေ ခိုင်းရ ပေမည် ။


ဆိုင်ရာ သဘင်ဂီတ ကောင်စီ တို့ က လည်း သီချင်းရေးဆရာ အဆိုတော် စသည် ဖြင့် အဖွဲ့ဝင် များ ကို မူရင်းအမည် တေးဆို တေးရေး အနုပညာ ကလောင် အမည် စသည် ဖြင့် တိကျစွာ မှတ်ပုံတင် ထား ပြီး နောက် ကျ မှ ဝင် လာသူ တို့ အား တေးရေး တေးဆို အမည် ( မှည့်လိုသည် များ ကို မေး၍ ) ရှိပြီး အမည်နှင့် တူ နေ က ပြင်ခိုင်းသမှု ပြုခဲ့သော် အရှုပ်အရှင်း ပေါ်စရာ မရှိနိုင် တော့ ချေ ။ 


စင်စစ် ဤ ပြဿနာ မှာ မပေါ်သင့် ပါဘဲ ပေါ်နေ ၍ ခက်ရ ချေသည် ။ အကယ်တိ မိမိ နာမည် မောင်မောင်လတ် ဖြစ်စေ ကာ မူ အခြား အဆိုတော် တစ်ဦး က မောင်မောင်လတ် အဖြစ် ရှိပြီ ဆိုနေက မိမိ နာမည် ပြင် ပြောင်း မှည့် ရန်သာ လိုသည် ။ ( ဤသည် မှာ အနုပညာရှင် တို့ လိုက်နာ အပ်သော သိက္ခာ ) ဟု ရေးခဲ့ရပေါင်း လည်း များ လှပြီ ။ အနုပညာသည် ချင်း ကိုယ်ချင်းစာ တရား ထား လိုက်လျှင် ပြီးသည့် ကိစ္စ ၊ ကမ္ဘာ တစ်ဝန်းလုံး လည်း ဤ အတိုင်း ကျင့်သုံး နေသည် ဖြစ်ရာ အဘယ်ကြောင့် ဤ ကိစ္စ တွင် မှ ကမ္ဘာ နှင့် ရင်ပေါင် မတန်းနိုင် ရ မည်နည်း ။ မတန်းချင်ကြ သနည်း ။ 


ဤ ပြဿနာ ဤမှာ ပင် ရပ်တော့ မည် ။ မော၏ ။ 


   •••••   •••••   •••••


တယ်လီဖုန်း ဆက်သူ အချို့ နှင့် စာရေး ပို့သူ အချို့ တို့ တူညီ နေသော မေးခွန်း တစ်ရပ် မှာ .. ။


“  သီချင်း ဆိုရင်း ရယ်ပြ ပြုံးပြ ၊ သွားဖြဲပြ တာ ကို ဆရာကြီး က အပြစ် ပြော နေတော့ ခက်တာ ပေါ့ ၊ အဲဒီလို ပြောတော့ သီချင်း ဆိုတဲ့ အခါ မျက်နှာ မဲ့ပြီး ဆိုရ မလား ၊ ခပ်တည်တည် နှင့်

သုန်သုန်မှုန်မှုန် မျက်နှာ ထားပြီး ဆိုရမလား ...” 


ဤသည် မှာ အရွဲ့ တိုက် ၍ မေး သော ( မေးခွန်း ) ဖြစ် ချေသည် ။ မိမိ ဘာသာ အိမ် ထဲ တွင် ဖြစ်စေ ၊ လ သာ သာ ပန်းခြံ ထဲ တွင် ဖြစ်စေ ၊ သီချင်း ဆို သော အခါ မဲ့ ၍ သုန်မှုန် ၍  မျက်နှာ ရှုံ့ ၍ ဆိုပါ သလော ။ 


တစ်နည်းအားဖြင့် မြန်မာ့အသံ ရေဒီယို တွင် ဆိုသော အခါ အဘယ် အဆိုတော် တို့ သည် ရယ်လိုက် မဲ့ လိုက်၊ ဆတ်ခနဲ မျက်နှာတင်း သွား လိုက်၊ ဗြုန်းခနဲ ရယ်ပြ လိုက်၊ နဖူး ကြော တင်း လိုက်  ခေါင်း ဆတ် တောက် ညိတ် လိုက် နှင့် မည်သူတို့ ဤလို သီဆိုကြပါ သနည်း ။


အဘယ်သို့ အကြောင်းကြောင့် ရုပ်မြင်သံကြား တွင် သီဆို မှ မျက်နှာထားတွေ ( ခုနစ်ထွေ ) ဖြစ် ကုန်ကြ လေ သနည်း ။ ပုံစံ အမျိုးမျိုး လုပ်ပြ နေကြ သနည်း ။


အသံ သာ မဟုတ် အရုပ်ပါ မြင် ရ ၍ မျက်နှာထား အထွေထွေ ဖြင့် ဖြေဖျော်ရပါသည် ဆိုလျှင် သရုပ်ဖော်ရပါသည် ဆိုလျှင် လုပ်ကြပါ ။


သို့သော် အကြောင်းအကျိုး နှင့် ကိုယ် လုပ် လိုက်သော မျက်နှာထား သရုပ် တို့ ဆက်စပ်မှု ရှိရချေမည် ။


( ရွှေအိုးစည် မြည်သံရယ် ... မြည်သံရယ် ... မြည်သံရယ် ... မြည်သံရယ် ... ကြား ... ကြားရသူ ...အမျိုးမျိုး ပျော်ရွှင်စရာရယ် ... ရိုးတိုးရွတနှင့် ကွယ် ထလို့ ဖြင့် က လိုက်ချင်တယ် )


ဤလို အိုးစည်သံ သီဆို လျှင် ငြိမ် မနေပါနှင့် ။ တောင့်တောင့်ကြီး ရပ် မနေပါ နှင့် ၊ ဆို ကတည်း က ( ဝါး ) နှင့် လိုက်၍ လက်ခုပ် တီး ပါ ။ မျက်နှာ ကို အရွှင်ဆုံး ထားပြီး မြူး နေပါ က ၊ က , တတ် လျှင် ကွေး နေအောင် ‘ က ’ ရင်း ဆိုပါ။


သို့သော် ...


( မြေကြီး ဆိုတာ မညီညာဘူး ၊ အဲဒါ ကို လည်း စဉ်းစားထား ၊ နှစ်ယောက် ပေါင်း မှ ခုံဖိနပ် တစ်ရန် ခွပ်ခွပ်မြည် သံဟီး လှောင်ရယ်ကြမလား ၊ ဆင်းရဲ လို့ စိတ်မပျက် နှင့် တို့ နှစ်ယောက်

အောင်မြင်ကြီးပွား ၊ ရယ်တဲ့ လူတွေ ဂုဏ်ပြုလိမ့်မယ် ဟား ... ဟား ... ဒါပေမဲ့ နှစ်ယောက် ပေါင်း မှ ခုံဖိနပ် တစ်ရန် )


ယင်း အထက်ပါ စတီရီယိုတေး မျိုး ဆိုရင် မည်သည့် အက နှင့် သရုပ်ဖော် မည်နည်း ။ မည်သို့ လှုပ်ပြ မည်နည်း ။ သီချင်း အဓိပ္ပာယ် ကား အသို့နည်း ။


သွက်သွက် လည်အောင် ရူး နေ သော အရူး နှစ်ယောက် သည် ပင် ၊ ဖိနပ် တစ်ရံ တည်း နှစ်ယောက် စီးသည် ကို သာဓု မတွေ့စဖူး ။ 


အနောက်နိုင်ငံ၏ စတီရီယိုတေး ခေါ်ခေါ် ၊ ပေါပ့် ၊ ရှိတ် ၊ ရောခ့် ၊ ဒစ်စကို မည်သို့ ခေါ်ခေါ် သူတို့ သံစဉ် နှင့် သူ တို့ တေး တွင် အဓိပ္ပာယ် ရှိသည် ။ ဆက်စပ်မှု လည်း ရှိကြသည် ။ 


( လူသားတိုင်း ပဲ ပန်းကလေးများ ကို နှစ်သက်သည် ။ ကျွန်မ လည်း နှစ်သက်သည် ။


လူသားတိုင်း ပဲ သာယာသော ရှူမျှော်ခင်းကို သဘောကျကြသည် ။


ကျွန်မ လည်း သဘောကျသည် ။


လူသားတိုင်း ပဲ တေးသံသာ ကို သီဆိုကြသည် ။


ကျွန်မ လည်း သီဆိုသည် ။


လူသားတိုင်း ပဲ ကြောင်ကလေး ငှက်ကလေးများ ကို ချစ်ကြသည် ။


ကျွန်မ လည်း ချစ်ပါသည် ။


လူသားတိုင်း ပဲ အလှအပ ကို မက်မောကြသည် ။


ကျွန်မ လည်း မက်မောပါသည် ။ 


သို့သော် ...


သည် အခွင့်အရေးတွေ ကို ကျွန်မ ရဲရဲ မခံစားဝံ့ပါ ၊ သူတို့ က လည်း ကြည်နူးခွင့် မပေးချင်ကြပါ ။


အဘယ်ကြောင့် ဆိုသော် ...


ကျွန်မ သည် အသားမည်း,မလေး ဖြစ်သောကြောင့် ။ )


အထက်ပါ “ ပေါပ့်မြူးဇစ် ”  တေးသံရှင် ကပ္ပလီ ( နီဂရိုး)  မ လေး တစ်ဦး ၏ တေး ဖြစ်လျက် သူ သည် နာမည်ကျော် မဟုတ်သေး။ တရှိန်ရှိန် တက်စ ပြုနေသူ အသားမည်းမကလေး .. ။


ယခုခေတ် မြန်မာ အထီးအမ ကလေးတွေ ၏ စတီရီယိုတေးများ ထက် အဓိပ္ပာယ် ပါသည် ။ သာသည် ။


( မင်း ကို ငါ ချစ်တယ် ... ချစ်တယ် ... ငါ ကလည်း မင်း ကို ချစ်တယ် .... ချစ် တယ်။ ဟေ့ ... ဒါဆိုရင် လက်ထပ်ကြမလား။


ယူကြမလား ... စဉ်းစားရမယ်နော။


အချစ် ဆိုတာ၊ အချစ် ... အချစ် ... အဝတ်အစား မဟုတ်ဘူး ။


အချစ် ဆိုတာ၊ အချစ် ... အချစ် ... ထမင်းဟင်း မဟုတ်ဘူး အိ မ်လည်း မဟုတ် ဘူး...


အချစ် နဲ့ အတူ နေဖို့ အိမ် လို တယ် ၊ စားဖို့ ထမင်းလို တယ် ။ အတူတူ ဆင်ဖို့ အဝတ်အစား လိုတယ် ... 


အဲဒါတွေ ပြည့်စုံ ဖို့ အဓိက ငွေ လိုတယ် ... ဝယ်ဖို့ ငွေလိုတယ် ။ ငွေ ဝင်လမ်း သေချာမှ တို့ နှစ်ယောက် လက်ထပ်ကြမယ် )


သဘောအားဖြင့် အထက်ပါ ကဲ့သို့ ပညာပေး မျိုး ရေးကြ သီဆိုကြ လျှင် ( နိုင်ငံခြား သံစဉ်မျိုးပင် ထား တော့ ) နား ခံသာ ဦးမည် ။


ယခု မူ သီချင်းစာသား အဓိပ္ပာယ် လည်း မရှိ ၊ တောင်ရောက် မြောက်ရောက် ကဘောက်ကချာ စကားလုံး များ ဖြင့် ချစ်ခြင်း ၊ အသည်းကွဲခြင်း ၊ နှလုံးသားကြေမွခြင်း ၊ ချစ် လျှင် ပြီးသည် ဘာကို မျှ ဂရုစိုက်စရာ မလို စသည် ဖြင့် သာ သံသရာ လည် နေကြ ရုံမက ...


အဆိုရှင် ကလေးမလေး တစ်ယောက် စင်ပေါ် တက် စ က ဟုတ် မလိုလို ရှိ ခဲ့ပြီး မကြာမီ ပင် သူ့ တေးများ ပုံပျက် လာသည် ကို သတိထား မိ၏ ။


( မချစ်လို့ တော့ မဟုန်ပါဘူး ... ) 


ဤနေရာ တွင် သုံးလေးလုံး သာ ကွဲပြား ပြီး ကျန် စကားလုံးများ “ ဝါး ”  နေသည်  ။ “ ဘူး ”   ဟူသော စကားသည် ပင် ... ဘု လိုလို ... ဘွတ် လိုလို မှ နောက် အပိုဒ် တွင် ဘရူး ဖြစ်သွား ပြန်သည် ။


မချစ်လို့  ... ဤ “ လို့ ” မှာ လည်း မပီ ။ “ လို့ ”  သံ သရုပ် ပျောက် နေသည် ။


အကြောင်း မှာ အင်္ဂလိပ်သံစဉ် တွင် “ လို့ တို့ မြို့ ” စသည် လည်းကောင်း ၊ “ ဟေ့ , တွေ့ , ဝေ့ ”  စသည် လည်းကောင်း အောက်မြစ်သံ မရှိ ၊ “ နိုး , ဂိုး , စိုး , မိုး ” ဟူသည် ဝိသဇ္ဇနီသံ သာ အသုံးများ သည် ဖြစ်၍ ၊ မြန်မာစာ “ လို့ ” ကို ထည့် သုံး လိုက် သော အခါ ဝိသဇ္ဇနီ အသံထွက် နှင့် သံစဉ် တို့ ပြဿနာ ရှုပ် ကုန်ကြ တော့သည် ။


များ သောအားဖြင့် လဲ ထိုထို ပေါ့ပ် ၊ ဒစ်စကို အဆိုရှင် တို့ သည် အင်္ဂလိပ် သံစဉ် ကို တန်ဖိုး ထားပြီး မတူ တူ အောင် “ လုပ် ” ဆို နေကြ သဖြင့် မည်မည်ရရ ဘာမျှ မပီသ တော့ ဘဲ ဘာ သီချင်း ဟူ၍ ပင် မသိရ တော့သည့် အဖြစ်မျိုး ရောက်သွားချေတော့သည် ။


သီချင်း တို့ မည်သည် ဆိုလိုသော အကြောင်းအရာ အဆက်အစပ် နှင့် အဆင်ပြေ ချောမွေ့  မှ အကောင်း အဆိုး ခွဲခြား ၍ ရ နိုင်သည် ။


မိမိ တစ်ယောက်တည်း သာ သိ သော သီချင်း ကို သောတရှင်တို့ က မည်သို့ အရသာ ခံ မည် နည်း ။


များ မကြာမီက ကာတွန်းငွေကြည် က ရုပ်ပြောင် တစ်ခန်း ရေး ၍ ကလိခဲ့ ဖူးသည် ။


( စတီရီယိုတေး သီဆို နေသော စင် နား မှ ဖြတ် လာသော လူလတ်ပိုင်း နှစ်ယောက် အနက် တစ်ယောက် က သီဆိုနေသူ ကို လှည့်ကြည့် ကာ .. “ ပီလိုက်တဲ့ အသံ ” 


သို့ ပြောသည် နှင့် အခြား တစ်ယောက် က...


“  ဒါကြောင့် ဒီကောင် ငတ်တာ ...” ဟု ပြန် ပြော လိုက်ပုံ ရေးဆွဲ ထားသည် ။ )


ကာတွန်းဆရာ ပြောလို သည့် အဓိပ္ပာယ် မှာ စတီရီယိုတေး ဆို ရာ တွင် မြန်မာသံ မပီသ မှ အောင်မြင်သည် ။ ပီပီသသ ဆိုလျှင် စတိတ်ရှိုး ထောင် သူ တိတ်ခွေ သွင်း သူ တို့ က မကြိုက်၊ စားပေါက် ခန်း သည် ဟူသော သဘော ဖြစ်ချေ၏။ 


ဤ ဆောင်းပါး ကြောင့် သာဓု ကို “ ခု ” ကြမည် ဟု သာဓု တွက်ပြီး သား ။


မည်သို့ ရှိစေ သာဓု အမုန်း ခံမည် ။ မြန်မာ့ အနုပညာ တေးဂီတ နယ်ပယ် အတွင်း သို့ မပီမသ သံကြောင်များ ၊ တေးပျက်များ လွှမ်းမိုး ထားမည့် ဘေး ကို တားဆီး ရန် လိုအပ် လာ ချေပြီ ။


သာဓု တွင် ကလောင် သာ ရှိ၍ ကလောင် ဖြင့် သာ တား နိုင်သည် ။ ထို့ထက် ပို၍ ဘာမျှ မတတ်သာ ။ 


အိမ်း .. မည်သူ က မည်သို့ ကာကွယ်ထိန်းသိမ်း ၍ မည်သူတွေ က မည်သို့ ပြုပြင်ကြမည် ကို မူ စောင့်ကြည့်ရန် သာ ။


( ၃  - ၁၁ - ၈၆ ) 


◾သာဓု


📖 ချယ်ရီ မဂ္ဂဇင်း

      ဒီဇင်ဘာ ၊ ၁၉၈၆ 


📖 အနုဝင်္ကပါ


#ကိုအောင်နိုင်ဦး


.

Thursday, August 10, 2023

အနုဝင်္ကပါ ( ၂၅ )


 

( ၂၅ )

ရုပ်မြင်သံကြား နှင့် ပတ်သက်၍ ရုပ်မြင်သံကြား မှ လွှင့်ထုတ် ပြသခဲ့ သော နန်းတော်ရှေ့ ဆရာတင် ၏ မြေးမလေး နန်းခင်မွှေး ၏ ဆင်ကြီး ဂဠုန်ချီ သီချင်း ကို အကြောင်း ပြုပြီး သာဓု ယခင်လ က ရေးသား ခဲ့ရာမှ ယခုလည်း ဆက်လက် ၍ ပင် ရုပ်မြင်သံကြား မှ လွှင့်ထုတ် နေသော သီချင်းများ အဆိုကျော်များ မကျော် တကျော် အကြောင်း များ နှင့် တကွ တီဗွီ ရိုက် ရာ ၌ ပြင်ဆင် မွမ်းမံ ကြ သော အခမ်းအနား တို့ နှင့် ပတ်သက်သည် များ ကို ရေး ချင် လာ ချေသည် ။

စင်စစ် မရေးဘဲ နေ၍ မဖြစ်သော အကြောင်းချင်းများ မဟုတ် ဟု ဆိုလို က ဆို နိုင်သော်လည်း ဤအတိုင်း ကြည့် နေ ပါက အသေးအမွှား အကြောင်းတရားကလေးများ မှ တစ်ဆင့် တဖြည်းဖြည်း ရင့် ပြီး ပုံပျက် လာမည် ကို စိုးရိမ် မိ သဖြင့် လည်းကောင်း ၊ နောင် ထွက်ပေါ်လာ မည့် တက်လူငယ် ကလေးများ အရေး ယူ မမှားစေရန် လည်းကောင်း အိမ်း ရေးရ ချေ ဦးမည် ။

အနှီ မြန်မာ့ရုပ်မြင်သံကြား စတင် လွှင့် စဉ်က နှင့် ယခု လုံးလုံး မတူ တိုးတက် ကောင်းမွန် လာသည် များ ရှိသကဲ့ သို့ ဆုတ်ယုတ် ပုံ ပျက်သွား သည် များ လည်း ရှိခဲ့သည် ။

မြန်မာ့ရုပ်မြင်သံကြား အစီအစဉ် ၏ နောက်ခံ ပန်းချီကား များမှာ အလွန် အားရဖွယ် ကောင်းလှသည် ။ အထူးတလည် တိုးတက် လာသည် ။ အချို့သော တောတောင် ရေမြေ ရှူခင်း ပန်းချီတို့ သည် ပြင်ပ တွင် သွားရောက် ရိုက်ကူးခဲ့သည် နှင့် မခြား လက်ရာ ပြောင်မြောက်လှ သည် ကို တွေ့ရသည်  ။

ပန်းချီကား နောက်ခံ ရှူခင်း တစ်ခု တွင် မြက်ခင်းပြင် ပေါ် သို့ နေရောင် ထိုး နေသည် ကို ရေးဆွဲ ရာ၌ ပန်းချီဆရာ သည် အနုပညာ စွမ်း ပြ လိုက် သကဲ့သို့ အချို့ မြက်ခင်းပြင် တွင် မှောင်ညို့ညို့ ကလေးများ ကွက် ၍ ခြယ်မှုန်း ထားသည် အဓိပ္ပာယ် မှာ ကွင်းပြင်ကျယ်များ ပေါ်သို့ နေရောင် ထိုး သည့် အခါ တစ်ခါတစ်ရံ တစ်ကွင်းလုံး လင်း နေ သော်လည်း တစ်ခါတစ်ရံ တိမ်တိုက် များ ခံ နေ၍ နေရောင်သည် မြေပြင် သို့ တိုက်ရိုက် မထိုးနိုင် သဖြင့် ကွက်ကျား လင်း ကွက်ကျား မှောင် နေ တတ်သည့် သဘာဝ ကို ပန်းချီဆရာ က သတိ မလစ်ဘဲ တင်ပြ ထားချေ သည် ။ ကောင်းလေစွ ။

အခမ်းအနား အခင်းအကျင်း ( ဆက်တင် ) ဆိုင်ရာ ပညာရှင် တို့ လည်း တော်ကြပါပေသည် ။ တစ်နေ့ နှင့် တစ်နေ့ မတူ စေဘဲ အခမ်းအနား အပြင်အဆင် ရော အသွေးအရောင် ဟပ်စပ် ဖန်တီးပုံ ပါ အဆင်ပြေ လှသည် ။

သာဓု မကြိုက်သော အချက် အချို့ ကား ရှိ၏ ။ ထို အချက် တစ်ချက်မှာ တေးဆို သူ ကို လည်းကောင်း ၊ ကပြနေသူ ကို လည်းကောင်း အာရုံ စိုက် ၍ ကြည့် နေ ရသည့် အခန်းများ တွင် မီး ရောင်စုံ အသွယ်အတန်း တို့ အကန့် တို့ က ဖွင့်လိုက် ပိတ်လိုက် လုပ် ပြ နေသည် မှာ ကြည့်ရသူ များ အရသာ ပျက် လှသည် ။

ရံဖန်ရံခါ ဆိုသလို ထိုထို ရောင်စုံ မီးများ က ဒေါင်လိုက် လည်းကောင်း ၊ ကန့်လန့် လည်းကောင်း ၊
ပတ်ချာလည် ၍ လည်းကောင်း ၊ ( မီးပြေး ) အဖြစ် ခလုတ် ကစား ပြ နေတတ် ရာ ကြည့်သူ ပရိသတ် အနေဖြ င့် မီးကစား သည် ကို ဂရု စိုက် ရမည် လော ၊ သီဆို ကပြသူ ၏ သရုပ်ဆောင် ချက် ကို အရသာ ခံရမည် လော စသဖြင့် အာရုံ များ နေ ရသည် ။ ရှင်းရှင်း ဆိုရသော် ( မျက်စိ နောက် သည် )

ရုပ်မြင်သံကြား ရိုက်သော ကင်မရာမင်း ဓာတ်ပုံဆရာ တို့ နှင့် ပတ်သက်၍ လည်း ပြော စရာ ရှိလာသည် ။

တစ်ခါက မင်းသမီး တစ်ဦး ယိုးဒယား က က နေရာမှ တစ်ဖက် သို့ ကော့ ၍ နွဲ့ ၍ ကပြ နေစဉ် ကင်မရာဆရာ က ဓာတ်ပုံ ကစား သလို စောင်း ပြီး ရိုက် လိုက် သောကြောင့် ထို မင်းသမီး မှာ ပက်လက် လန် လဲကျ တော့မည် ကဲ့သို့ ဖြစ်သွား ချေသည် ။ ဤလို ကင်မရာ ကို ဝဲယာ စောင်း ကစား ပြီး ရိုက်ကူးခြင်း သည် ယိုးဒယား အကနှင့် ဖြောင့် ဖြောင့် ကြီး ဆန့်ကျင် နေသည် ယိုးဒယား အက ဆိုသည် မှာ အားလုံး သိကြသည့် အတိုင်း အလွန် ညင်သာသည် ။ ငြိမ့်ညောင်း သာယာစွာ ကကြ ( က ရ ) သည် ။

ပတ်ဝန်းကျင် တစ်ခုလုံး ပါ ငြိမ်သက် နေရန် လိုသည် ။ အထက် အောက် တန်း နေသည့် တိုင်များ နံရံ များ သော်မှ ဖြောင့်မတ် နေရ သည် ။ သို့မှ လည်း ယိုးဒယား အက ၏ ပညာသား ပါ မှု လက်ကွေး လက်မြှောက် တို့ ၏ အတိုင်းအတာ ပမာဏ ကို  အကဲခတ် ၍ ရသည် ။ ကင်မရာ က ယိုင် ၍ ရိုက် လိုက်သော ကိုယ်နေဟန် တစ်ခုလုံး ထောင့် မမှန်တော့ဘဲ ယိမ်းယိုင် သွားသည် ။ ကြည့် ၍ မ ကောင်း ။

ကင်မရာ ကစား ရာ တွင် အန္တရာယ် အကင်း ဆုံး မှာ (Zoom) ‘ ဇွမ်း ’ အနီး အဝေး ဆွဲ ပြ ခြင်း ဖြစ်၏ ။ အပေါ် မှ ဆီး ရိုက်ခြင်း ၊ အောက် မှ ပင့် ရိုက်ခြင်း များ သည် နေရာတိုင်း မကောင်း သည် ကို သတိ ပြု သင့်သည် ။

ကင်မရာဆရာ နှင့် ပတ်သက်၍ တစ်ဆက် တည်း ပြောလိုသည် မှာ တေး ဆိုသူများ ကို ရိုက်ကူး ရာ ၌ မညီမမျှ ဖြစ် နေသည် ကို တွေ့ ရသည် ။ တစ်နေ့ တည်း ပြသော အဆိုတော်  ၃, ၄ ဦး ကို ရိုက်ကူး ရာ တွင် တစ်ဦး နှင့် တစ်ဦး ကို ရိုက်ပုံချင်း မတူ ။ တစ်ဦး ကို အရုပ် ကြီးကြီး အနီးကပ် များများ မျက်နှာ အသား ပေး ရိုက်ကူး လျက် နောက် တစ်ဦး ကို မူ အဝေး မြင်ကွင်း အရုပ်သေးသေး က များ ပြီး မျက်နှာ အသားပေး အရုပ်ကြီး က နည်း နေ တတ်သည် ။ မမျှတ ။

တစ်ဖန် တစ်ယောက် ကို ရိုက်ကူး ရာ ၌ သီချင်း ဆို ပိုဒ် ရပ် ပြီး အတီး ပိုဒ် ရောက်သည့် တိုင် အောင် ထို အဆိုတော် ၏ မျက်နှာ ကို သာ ထောင့် အမျိုးမျိုး မှ အလှ ရိုက် တတ်ကြပြီး ။

အခြား တစ်ယောက် ကို မူ အဆို ပိုဒ် ပြီး သည် နှင့် အတီးပိုဒ် တွင် တီးဝိုင်း အဖွဲ့သားများ ကို ပြသည် ။ သို့ တီးဝိုင်းအဖွဲ့ ကို ရိုက် ပြရာ တွင် လည်း အချိန် ရ ပါလျက် လူစုံ မပြဘဲ လည်း ရှိတတ်သည် ။

အခါခါ ဆို သလို အမျိုးသမီး စန္ဒရား စောင်းကောက် စ သဖြင့် တီးခတ်သူများ ပါလာ တတ်ကြ သည် ဖြစ်ရာ သူကလေး တို့ အားကြိုး မာန်တက် ရှိ လာရန် အနီးကပ် တစ်ယောက် ချင်း ရိုက် ပြသင့် သည် ။

သူတို့ ကလေးမလေးများ ဝါသနာ ပါ လွန်း၍ စေတနာ့ဝန်ထမ်း သီဆို တီးခတ် ကြ ရာဝယ်
လွယ်လှသည် မဟုတ် ။ သီချင်း တစ်ပုဒ်စာ ၄ , ၅ မိနစ် ခန့် မျှ တီးခတ် သီဆို ရရန် အဝတ်အစားဖိုး နှင့် ပြင်ဆင်စရိတ် ၃၀၀ နှင့် ၆၀၀ ကြား တွင် ကုန်ကျ သည် ။ ကား ငှား ရ လျှင် နောက်ထပ် ငွေ ငါးဆယ် ။

သူတို့ လည်း လှလှပပကလေး ထင်ပေါ် ချင် ကြပေမည် ။ မျှမျှတတ ကလေး လုပ်ပေး စေချင် သည် ။

တစ်ခါတစ်ရံ လည်း သီ ဆိုသူ အရုပ် က နည်းပြီး တီးဝိုင်း ခေါင်းဆောင် ၏ မျက်နှာ နှင့် လက် တို့ က အပြ များ နေသည် ။ တစ်ခါတစ်ရံ အဆန်းပင် ထွင် ၍ တစ်ယောက် တည်း ကို မျက်နှာထား ၃ , ၄ မျိုး ရိုက်၍ ထပ်၍ ရော၍ မှောင်၍ လင်း၍ ပြ တတ်ကြသည် ။

ခြုံ၍ ရေး ရသော် ဆို သူရော တီး သူ တို့ ပါ ဝါသနာ ကြီး လွန်း ကြ၍ တစ်တပ် တစ်အား ကူညီ ဖြေဖျော် နေကြရင်း က ပင် ( မည်သို့ ဖြစ်စေ ) ပေါ်ပေါ်ထင်ထင်ကလေး ဖြစ် စေ လိုကြချေမည် ။

ထို့ကြောင့် မျှမျှတတ နှင့် တစ်ပြေးညီ ဖြစ်စေရန် သီချင်း တစ်ပုဒ် လျှင် အရုပ်ကြီး ၊ အရုပ်သေး ၊ သီဆိုသူ ၊ တီးဝိုင်း စသဖြင့် ကင်မရာ ရိုက်ကွက် ကို ရာခိုင်နှုန်း ဖြင့် သတ်မှတ် ပေး ထား လျှင် အားလုံး အဖို့ ကျေနပ် ဖွယ် ရာ ပင် ။

ကင်မရာဆရာ တို့ နှင့် ပတ်သက်၍ နောက်ဆုံး ရေး လိုသည် မှာ သီချင်းများ သီဆိုကြသည့် ကြား တွင် ရူမျှော်ခင်းများ ၊ တိမ်တိုက်များ ၊ ရေတံခွန်များ ၊ ပန်းမျိုးစုံ လှလှကလေးများ ညှပ်၍
ပြသွား တတ်သည် မှာ အလွန် အားရဖွယ် ကောင်းလှသည် ။ မှန်ကူကွက် သဏ္ဌာန် နှင့်
ရောင်စုံဖလ်လှိုင်းကလေးများ အရုပ်ချင်း ရော ၍ ရှုမျှော်ခင်း ချင်း မှန်း ၍ ရိုက်ပြသွား သည် ကို လည်း မချီးမွမ်းဘဲ မနေနိုင် ၊ သာဓု တို့ ရုပ်ရှင်ကင်မရာ ထက် အဆ များ စွာ သာ နေသည် ။

အဆို သမား တို့ နှင့် စပ်လျဉ်း၍ ရေးရချေ ဦးမည် ။ မြန်မာ့ ရုပ်မြင်သံကြား ၏ အစပိုင်း လောက် က အတော်ကလေး ဣန္ဒြေ ရ ခဲ့ပြီး တင်တင်မြ တို့ ၊ ချိုပြုံး တို့ ၊ မြင့်မြင့်ခင် တို့  ၊ ခင်ယုမေ တို့ စသဖြင့် သူတို့ လည်း တည်တည်ငြိမ်ငြိမ် တည်တည်တံ့တံ့ ဆို ခဲ့ကြသည် ။ နောက် ခေတ်ပေါ်တေး ဆိုသည် လော အဘယ်လော မသိ စတီရီယို တေးများ တီဗွီ အပေါ် လွှမ်းမိုး လာ သော အချိန်မှ စ၍ တဖြည်းဖြည်း ပုံ ပျက် လာချေတော့သည် ။

စတီရီယိုတေး ဟူသည် ရော့အင်ရိုးလ် ၊ ရှိတ် ၊ ဒစ်စကို စသည့် ဆတ် ကော့ လတ်ကော့ ( က ) မှ (က ) ၍ ရ သော သီချင်း ဖြစ်သည် ။ တေးသွား ဖြစ်သည် ။

ကြည့်ပါ ၊ ယခု သူတို့ ဆို နေသော စတီရီယို ။ ငြိမ်ငြိမ် ဆို သလော ။ လက် က မလှုပ် ခြေ က မလှုပ် ၊ တစ်ခါတစ်ရံ နှစ်မျိုး စလုံး လှုပ် ၊ ကိုယ် က လည်း ဝဲဘက် လိမ် လိုက် ၊ ယာ ဘက် တွန့် လိုက် ။

တေးသီချင်းများ ကို ရှု ပါဦး ...

( မင်းနှင့် တို့ နှင့် ချစ်နေတာ ရန်ကုန်တစ်မြို့လုံး သိကုန်ကြပြီ ကမ္ဘာ ပတ်ပြီး လျှောက်လည်ရ အောင် )

( ကမ္ဘာကြီး က အလုံးကြီး ၊ လကြီး က အဝိုင်းကြီး ပျော်လိုက်ကြပါ )

( သူ က ပြောတယ် - ဝေါ ၊ သူ က ပေးတယ် ... ဟေး သူ က ကဲတယ် ... ဗြဲ ... ပြန်ပေးပါတဲ့ ... ကဲ .... ရော့ ... ရော့ ... ဝေါ့ .. )

သာဓု တော့ အဓိပ္ပာယ် မဆက်စပ်တတ်ပါချေ ။

သီဆိုကြ ရာ တွင် လည်း ထို က လှုပ် ဤ က လှုပ် ဖြင့် နောက်ဆုံး လှုပ်စရာ တီးကွက် မပါသည့် နေရာ တွင် ပင် ကိုယ် အထက်ပိုင်း ကို ဝဲယာ ယိမ်းလှည့်ပြ နေကြသည် မှာ ကြည့် မကောင်းလှ ။

သီချင်း ဆိုသူ အချို့ က လည်း ခြေ လက် နှင့် ကိုယ် လှုပ်ရုံ သာ မက ပါးစပ် ပါ အမူအရာ လုပ်နေကြသည်  ။ မည်သည့် အကြောင်း ကြောင့် ဟူ၍ မသိ ။ ခေါင်း လှုပ် လိုက် ၊ မဲ့ လိုက် ရွဲ့လိုက် မေး ဆတ်လိုက် မျက်မှောက် ကြုတ် ပြ လိုက် ဆတ်ခနဲ ရယ် ပြ လိုက် ဖြင့် သီချင်း နှင့် ဆက်စပ်မှု မရှိဘဲ မျက်နှာထား ပုံစံ အမျိုးမျိုး လုပ်ပြ နေကြပြန်သည် ။ တီဗွီ ပရိသတ် ကို ပြောင် ပြသည် နှင့် တူ နေသည် ။

အချို့က သီချင်း ဆိုရင်း အကြောင်းမဲ့ ရယ်ပြ နေကြသည် ။ အချို့ ဝါ မရင့်သေးသော ကောင်မလေးများ ရယ်ပြ ရန် မေ့ နေ၍ လော မသိ ၊ သူတို့ နှင့် ပတ်သက်သူ တစ်ဦး တစ်ယောက် က ခပ်လှမ်းလှမ်း မှ ( ရယ် ရန် ) အရိပ် ပြ လိုက်သည့် အလား ဗြုန်းစားကြီး ရယ်ပြသည် ကို လည်း တွေ့နေရသည် ။ သရုပ် ပျက် လှသည် ။

အလွန် စိတ် မချမ်းသာဖွယ် ကား မြန်မာ သီချင်း ဆိုသူ အကျော်အမော် တို့ ပါ ထို ရောဂါ ကူးပြီး ယခု ပုံပျက်လာ လေသည်  ။

မြန်မာသံ မြန်မာ သီချင်းကြီး အဆိုတော် ထိတ်ထိတ်ကြဲ အချို့ သီချင်း ဆိုရင်း ရယ်ပြ နေကြ သည် ။ သီချင်း စာသား က လွမ်းစရာ ပင် ဖြစ်စေ ၊ သူတို့ မျက်နှာ  မမှိုင် ၊ မငိုင် ၊ ရယ် ၍ သာ ပြ နေချေသည် ။ ယခုတလော ရှေးသီချင်း ထိုင်ဆို ကလေးမ များ သာ တည်တည်ငြိမ်ငြိမ် ရှိကြ
သည် ။

ဖြစ်ရပလေ ၊ ယောက်ျား အဆိုကျော်တို့ လည်း  သွားဖြီး ပြနေပြန်သည် ။ သီချင်းသွား စာသား ဘာ နှင့် မျှ မဆိုင် ။ ဆိုင်ဆိုင် မဆိုင်ဆိုင် သွားဖြဲ ပြ နေသည် များ မှာ တေးဂီတ နှင့် ယှဉ်သော အနုပညာ မဟုတ်ပါချေ ။

ဥမာ နှိုင်း ရသော် မင်္ဂလာ အခမ်းအနား တွင် ပွဲထုတ် လာသော သတို့သား နှင့် သတို့သမီး တို့ က ပတ်ဝန်းကျင် မှ ပရိသတ် တွေ့တိုင်း ရယ်ပြ နေသည် နှင့် တူ နေ ချေသည် ။ ဣန္ဒြေ မရ ဟု ဆိုချင်သည် ။

မကြာသေး မီ က ( ပွင့်နိုင် ခဲပါဘိ တယ် ) ဟူသော သီချင်း ကို သီဆို သွား သည့် မန္တလေးသိန်းဇော် ကို ကြည့်လိုက်မိကြမည် ဆိုက အဘယ်မျှ ဣန္ဒြေ ရသည် ကို သတိထား မိ ကြပေ လိမ့်မည် ။ သူ ဆိုစရာ ရှိသော သီချင်း ကို ဆိုသည် ။ ပတ်ဝန်းကျင် ကို ခေါင်း ထဲ မထား ၊ သီချင်း စာသား
အလိုက် မျက်နှာ ပြောင်း သွားသည် ။ ပြုံး ၍ ပင် မပြ ။

တစ်ဖန် ကြာ ပြီ ဖြစ်သော တစ်ချိန် က ကိုင်ဇာ ၏ ချစ်ဇနီးသည် ကလေး က လွမ်းယောင်ယောင် သီချင်တစ်ပုဒ် သီဆို သွား ရာ၌ အသံ က လည်း လွမ်း ပြီး မျက်ရည်ကလေး တစမ်းစမ်း နှင့် သီဆို သွား သည် မှာ အဓိပ္ပာယ် ပါ လှသည် ။

မကြာသေးမီ က လည်း ( မိုင် ) ဟူသော အဆိုတော်ကလေး က မလွမ်းပို သီချင်း ကို ဝမ်းနည်း မျက်နှာ ဖြင့် သီဆို သွားရာ တေး နှင့် သရုပ် လိုက်ဖက် ညီ လှသည် ။

သူတို့ နှစ်ယောက် နှင့် မန္တလေး သိန်းဇော် တို့ သာ အများ နည်းတူ သွားဖြဲ ပြ ပြီး သီဆို ခဲ့သော် ... မျှော်လင့်တကြီး စောင့် နေသော အချစ်ပန်းကလေး ( ပွင့်နိုင်ခဲ့သည် ) ကို တဟားဟား သဘောကျ သလို ဖြစ် မသွားပါတုံလော ။

“ ဟေ့ - မြန်မာသံ မြန်မာသီချင်း အဆိုပဂေး သားတို့ သမီးတို့ ခေါင်း ဆတ်တောက်တွေ အပြုံးတွေ အရယ်တွေ တဖြည်းဖြည်း လျှော့ကြ ပြင်ကြ ဣန္ဒြေ ရကြတော့ကွာ ”

“ ကိုင်း ခွေ, း မသား သုမောင် မင်း လဲ ကျပ်ကျပ် သတိထား လက် နှစ်ဖက် ဆန့် ပြီး အချစ်တောင်း တာ တို့ ... အလကား နေရင်း ရယ် ပြတာ တို့ ပုံ ပျက် လာ ရင် ဒီမှာ လက်သီး ရော ... လက်ဝါး ရော ဝင်လာ ချိမ့်မယ် အိမ်း ... ”

◾သာဓု

📖 ချယ်ရီ မဂ္ဂဇင်း
      နိုဝင်ဘာ ၈၆
     
📖 အနုဝင်္ကပါ

#ကိုအောင်နိုင်ဦး

.

Wednesday, August 9, 2023

အနုဝင်္ကပါ ( ၂၄ )


 

( ၂၄ )

သူတစ်ထူး ၏ ( ကျော်ကြားပြီး ဖြစ် သော အမည်များ ) ကို တု၍ လည်းကောင်း ၊ လုံးလုံးလျား လျား ယူ၍ လည်းကောင်း ၊ တစ်စိတ်တစ်ဒေသ ဆွဲကာ အခြား စာလုံး စကားလုံးများ ဖြင့် ညှပ်၍ မှည့်ခေါ်ခြင်းများ သည် မလုပ်သင့် မလုပ်ထိုက် သော အပြုအမူများ အဖြစ် သာ သာဓု တင်ပြခဲ့ရာ၌  ...

ပြဿနာကလေးများ ညံညံစီ လာ ချေသည် ။

သာဓု ရေး သကဲ့သို့ ထိုမှ ဤမှ မည်ရ အမည်များ ကို ပုံတူ ယူထား သူ ဖြစ်လျှင် အမည် ပြန် ပြောင်းရမည် လော ။

ရှည်ရှည်လျားလျား ရှုပ်ရှုပ်ထွေး ထွေး အမည်များ ကို ပြန် ပြင် ရမည် လော ။

အမေ မွေး ကတည်း က ပေးထားသော အမည် ဖြစ်ပါ လျက် ( သူ - ကလေး ဘဝ လောက် တွင် ) တစ်ဦး တစ်ယောက် က ထို အမည် ဖြင့် စာရေးဆရာ လုပ် နေ လျှင် ဇာတာ အမည် ကို ပယ်ဖျက် ပစ်ရ တော့မည် လော ...

စသည် ဖြင့် စသည် ဖြင့် မေးခွန်း များ တသီတတန်း ဖြင့် လှမ်း မေးကြ လေ ကုန်၏ ။

ရှင်းပါသည် ၊ သာဓု ရေးချင်သည် တို့ မှာ တမလွန် ဘဝ က မှည့်ခဲ့သော အမည် ပင် ဖြစ်စေ ယခု ဘဝ ၌ တစ်ယောက် ယောက် သော အနုပညာရှင် က ထို အမည် ကို ဦး နေ လျှင် မိမိ က အခြား အမည် ပြောင်းရန် သာ ဖြစ်ချေ၏ ။ ဤသည် မှာ လည်း စာ ဖြင့် ရေးဆွဲ ထား အပ်သော ဥပဒေ မဟုတ် စေ ကာ မူ တိတိကျကျ လိုက်နာ အပ်သော အနုပညာ စည်းကမ်း ဖြစ် ချေသည် ။

အကယ်တိ မိမိ က ( ထိပ်ထား ) အမည် ဖြင့် သီချင်း ဆို နေသည် ။ အောင်လည်း အောင်မြင်
နေသည် ၊ ဆိုပါစို့ ။ ဤတွင် အခြား တစ်ဦး က ဖြတ်လမ်း လိုက်၍ ( တက္ကသိုလ်ထိပ်ထား ) လုပ်ပြီး အဆိုတော် ဝင် လုပ် လျှင် မည်သို့ ခံစားရ မည်နည်း ။ ထို သဘော သာ လျှင် သာဓု ၏ ဆိုလိုရင်း ဖြစ်ချေသည် ။ ပွင့်လင်းစွာ ပြော ရသော် မိမိ က နောက်ကျ လျှင် နောက်ဆုတ် ပေး ရန် သာ ရှိသည် ။

မည်သည့် အနုပညာပိုင်း ၌ ပင်ဖြစ် စေ နာမည် သည် အဓိက မဟုတ် ၊ တိုတိုရှင်းရှင်း နှင့် မှတ်မိလွယ် သော အမည် တပ် လိုက် လျှင် ပြီးသည် ။

အဆိုကျော် ဖြစ်လို မူ အသံ ကောင်း ၍ အဆို ပိုင် ရေး သာ အဓိက ။ ရုပ်ရှင် ၊ သဘင် ၊ အငြိမ့် စသည် တို့ တွင် ကပြ သရုပ်ဆောင်မှု အကွက် စေ့ရန် သဘာဝ ကျရန် သာ အဓိက ။

အလွန့်အလွန် လှပသော အမည်ကလေး မှည့်၍ သေမတတ် အော်ဟစ် သီဆို နေစေ ကာမူ အသံ မကောင်း ၊ အဆို မတတ် ၊ စည်းဝါး ပါ  မဟပ်မိ လျှင် အလိုအလျောက် မြုပ် သွားချေမည် ။

လက်တွေ့တစ်ရပ် ( ချပ် ) ခနဲ ချပြ လိုသည် မှာ  ... 

“ ဆိုးပေ မောင်မဲ ”

အဘယ်မှာ လှပပါ သနည်း ။ အသို့ လျှင် ချစ်စရာ ကောင်းပါသနည်း ။

ကျော်ဟိန်း ၊ ညွန့်ဝင်း ၊ သုမောင် ၊ ထွန်းထွန်းဝင်း စသူ တို့ ကြား တွင် ဘွားခနဲ ပေါ် လာသော ဆိုးပေ မောင်မဲ ။ ဆိုးပေ ဟူသည် ကလေးဆိုး လူပေလူတေ အမည် ၊ မောင်မဲ သည် တောသား ၊ နွားကျောင်းသား အမည် ။

သူတို့ နှစ်ယောက် တစ်ချိန် က ( ဟစ်တ် ) ဖြစ်ပြီး ခေတ် ထ လိုက်သေး သည် ။ ဆိုးပေ မောင်မဲ မှ ဆိုးပေ မောင်မဲ ဖြစ်ကာ သူတို့ ရုပ်ရှင်ကား များ ကြိတ်ကြိတ်တိုး စည်ကား ခဲ့ သည် ။ နာမည်ကလေး လှမှ ပမှ ပရိသတ် ကြိုက်ကြသည် ထင်သူများ က ဆိုးပေ မောင်မဲ တို့ ရုပ်ရှင် လူဝင်များ ခဲ့သည် ကို မည်သို့ သဘောရ သနည်း ။

စင်စစ် အမည် နှင့် မဆိုင် ။ သူတို့ ၏ ကြိုးစားမှု ၊ သရုပ်ဆောင်မှု အရည်အသွေး က စကား ပြော လာ ခြင်း ဖြစ်လျက် ထို အရည်အချင်းများ ထိုနေရာ တွင် ကျန် နေလျှင် သို့မဟုတ် ပုံစံ ထပ်နေ ခဲ့ လျှင် အခြေအနေ လည်း ပြောင်းလဲ သွား စရာ ရှိနေသည် ။ ( သတိဟေ့ )

နာမည် ရှုပ်ရှုပ် နှင့် ရှည်ရှည် မှည့် ထား သူများ ကို ကား ထွေထွေထူးထူး သာဓု မပြောလို ။ ( ဇာဖြူပွင့်ဝင်း ) ဟူ၍ လည်းကောင်း ၊ ( မောင်မြတ်ဇော်မျိုးထွန်း ) ဟူ၍ လည်းကောင်း ကိုယ်
ကြိုက် သလို ကိုယ့် ဘာသာ မှည့် ပိုင် ခွင့် ရှိသည် ။ တစ်ခု စဉ်းစားရန် ကား ထို အမည် ကြောင့် မိမိ တွင် ဘာတွေ ထူးခြား သွား သနည်း ။ ပို၍ လှလာ သလော ။ လူ အထင်ကြီး လာ သလော ။

သို့မဟုတ်

ခရီး သွား ရင်း တစ်ဦး တစ်ယောက် နှင့် မိတ်ဆွေ ဖြစ်သွားကြသည် ထား ။ သူ က အမည် မေး သဖြင့် ပြောပြလိုက် သည် ထား ...

“ လွန်ခဲ့တဲ့ ၄ လ လောက် က ဗျာ ။ ခင်ဗျား ကို မီးရထား အတက် မှာ လှမ်း မြင် လိုက်လို့ ခေါ်မယ်  လုပ် တော့ ခင်ဗျား နာမည် ရုတ်တရက် စဉ်းစား မရတာနဲ့ ”

ဤလို အဖြစ်မျိုး ကြုံရမည် မစိုးရိမ်သင့်ပါ သလော ။ ဤမျှ သာမန်ကာ လျှံကာ လောက် ဆိုလျှင် တော် သေး၏ ။ မတွေ့လိုက် စကားမပြော လိုက်ရရုံ သာ ရှိချေမည် ။

သာဓု တစ်ခု ပြော ချင်သည် ။

သာဓု ကိုယ်တိုင် တစ်ကြိမ် သော အခါက ရုပ်မြင်သံကြား ကြည့် စဉ် မိန်းကလေး တစ်ယောက် သီချင်း ဆိုသည် ကို ဂရုစိုက် မိသည် ။ အကြောင်း မှာ အသံ ရော ၊ လေယူလေသိမ်း ပါ အလွန် ကောင်း သောကြောင့် နောက်သို့ လှည့်ကြည့် ပြီး သုမောင် အား ...

“ ဟေ့ သား ၊ ဒီ ကလေးမလေး ရှေ့ လျှောက် တက်လိမ့်မယ်ကွ ။ သူ့ အသံ ကို သတိထား နားထောင်စမ်း ။ မဧမိ နဲ့ ဒေါ်ကြည်အောင် ပေါင်းစပ်ထား တဲ့ အသံမျိုးကွ ”

သို့ ဖွင့်ဟ ချီးကျူးခဲ့ ဖူးသည် ။

နောက်များ မကြာမီ ဗိုလ်ကလေးတင့်အောင် ၊ မောင်ကိုကို တို့ နှင့် စကား စပ်မိရာ မှ ထို မိန်းကလေး အဆို ကောင်းပုံ အသံ နိမ့်မြင့် ပြေပြစ် ပုံ ကို ပြော ပြရာ ဂီတလုလင် မောင်ကိုကို က ...

“ အဲဒါ ဘယ်သူလဲ ဆရာ ”

“ အေး သူ့ နာမည် က ရှည်ပြီး အခေါ်ရ ခက်လို့ မမှတ်မိတော့ဘူး ။ မေ့နေပြီ ”

ထိုမျှသာ ဖြေလိုက်နိုင် သဖြင့် ယင်း ကလေးမလေး တွင် ထို နာမည် ကြောင့် နစ်နာ သွားသည် မဟုတ်ပါ လော ...

မှတ်မိသလောက် သူ သည် တစ်ပုဒ်စ နှစ်ပုဒ်စ သာ ဆိုရ သေး သဖြင့် အမည် ပြောင်း လိုက်လျှင် ကောင်း မည် ။ အခေါ် ရ လွယ် မှတ်မိ လွယ် သော အမည်ရှင် တွင် ချီးမွမ်း လို က “ ဒက် ” ခနဲ အချီးကျူး ခံရ ချိမ့်မည် ။

လွန်ခဲ့သော အနှစ် ၂၀ ကျော် က ရေဒီယို သီချင်း တစ်ပုဒ် ဆိုသံ ကို နှစ်သက် မိ သဖြင့် ...

“ ဒါ ဘယ်သူလဲဟေ့ ”

“ တွံတေးသိန်းတန် ပါ ဆရာ ”

“ သြ ... ဩ ”

တစ်ကြိမ်တည်း ဖြင့် သာဓု မှတ်မိလိုက်ပြီး  ...

“ ဒီကောင်လေး တက် လိမ့်မယ် ။ အသံ အတော် အောင် တဲ့ ကောင် ”

ထို့နောက် မကြာမီ မင်းသား ဖြစ်၍ လာ တော့သည်  ။

“ ဟေ့ ... ဒီသီချင်း ဆိုတာ ဘယ်သူလဲ ”

“ ရီရီသန့် လေ ဗျာ ”

သုမောင် က ဖြေသည် ။ သူ့ အနေဖြင့် ဟုတ်တိပတ်တိ ဆိုခွင့် မရသေး သော အခါ သမယ ။

“ အေး ၊ ဒီကောင်မလေး မဆိုးဘူး ကွ ၊ မာမာအေး ကို အမီ လိုက်လိမ့်မယ် ”

သို့လျှင် သာဓု ဂုဏ်ပြု စကား ပြော ခဲ့ဖူးပြီး ရီရီသန့် အမည် ကို လည်း ချက်ချင်း ဆိုသလို မှတ်မိလိုက်သည် ။ သူ့ နာမည် ကို ထုတ်ဖော် ပြောဆို ချီးကျူး နိုင်ခဲ့သည် ။

ဤတွင် ဆိုးပေ ၊ မောင်မဲ နှင့် ရော ပြီး ရှုပ်ရှုပ်ထွေးထွေး မတွေးကြစေ ချင် ။ နာမည် သည် အဓိကမဟုတ် ။ အသံ သာ ပဓာန ဆိုသည် မှာ သူ့ အကြောင်းအရာ နှင့် သူ ဖြစ်လျက် နာမည် အခေါ်ရ ခက် ၍ ထိုက် သလောက် အချီးမွမ်း မခံရသည် မှာ တစ်ကဏ္ဍ ဖြစ်သည် ကို သတိ မလစ်စေချင် ။

ရေး ရင်း က ပင် ခေါင်း ထဲ သို့ အကြောင်း တစ်ရပ် ဝင်လာ ပြန်သည် ။

“ တွံတေးသိန်းတန် ”

သူ့ အမည် တွင် အဘယ်ကြောင့် ‘ တွံတေး ’ ကို ရှေ့ က တင် ၍ မှည့် သနည်း ။ ရှင်းသည် မှာ သူ သည် တွံတေး မှ ဖြစ်သော ကြောင့် ( ဝါ ) တွံတေးသား ဖြစ်သောကြောင့် သာ ဖြစ်ချိမ့်မည် ။

စင်စစ် ထိုစဉ်က ရေဒီယို အဆိုကျော် တို့ တွင် ( သိန်းတန် ) ဟူ၍ မရှိ သေး လျှင် သိန်းတန် ဟူ၍ ပင် မှည့်သင့်သည် ။ တွံတေး ထည့် ရန် မလို ဟု ထင်၏ ။ သို့ပါလျက် အဘယ်ကြောင့် ‘ တွံတေး ’ ကို ထိပ်တွင် တပ်ရသနည်း ။ အဖြေ မှာ  ...

သာမန် အား ဖြင့် ( သိန်းတန် ) ဟူ၍ သာ အမည် ဖော် ခဲ့လျှင် တွံတေး မှ ( သူ ) သိန်းတန် ဖြစ်ကြောင်း တွံတေးသူ တွံတေးသားများ ဇဝေဇဝါ ဖြစ် မည် စိုး၍ ( ဝါ ) တွံတေး မှ ( သူ ) မှန်း မသိကြမည် စိုး၍ ( တွံတေး ) ကို ထိပ် တွင် တင် ထားခြင်း သာ ဖြစ်ချိမ့်မည် ။

တွံတေးမြို့သူ မြို့သားများ သိရုံ မျှ လောက် အတွက် “ တွံတေး ” ကို သုံး ထားသည် မှာ မသင့်လျော် လှချေ ။ တစ်နေ့ မဟုတ် တစ်နေ့ ကျော်ကြားသည် နှင့် အမျှ တွံတေး မှ သိကြမည် သာ ဖြစ်လေရာ “ သိန်းတန် ” အမည် ဖြင့် သာ သီဆို ခဲ့သော် ထို နာမည် သည် ရှင်းလည်း ရှင်း ခေါ် ၍ လည်း ကောင်းပေမည် ။

အကယ်၍ သာ အခြားသော သိန်းတန် တစ်ယောက် ပေါ်လာမည် ။ အဆို လည်း ကောင်းမည် ။ သူ က လည်း တောနယ် တစ်နယ် ၊ ရွာကြီး တစ်ရွာ မှ အဆိုတော် ဖြစ်လျှင် ( ဝါးပလောက်သောက်သိန်းတန် ) ဟု အမည် မှည့် ချေ က အလိုလေး ... 

စာရေးဆရာများ တွင် လည်း ရှိ ကြသေးသည် ။ မိမိတို့ နေထိုင်ရာ ဇာတိမြို့အမည်များ ကို  ရှေ့မှ သော် လည်းကောင်း ၊ နောက်မှ သော် လည်းကောင်း ၊ ဖြည့် တပ်ပြီး ကလောင် အမည် ပေး တတ်ကြသည် ။ အချို့ က လည်း မိမိတို့ အလုပ်ဌာန အမည်များ ဖြင့် ယှဉ် ၍ ကလောင် အမည် တွင် ကြသည် ။

ရှိပြီး ရှိဆဲများ ကို သာဓု ဘာ တစ်ခု မျှ မပြောလို ၊ နောင်လာ နောက်သား ကလောင်သစ်များ ကို ကား သတိပေး လို ချေသည် ။

အကြင်သူ သည် မကွေးသား ဖြစ် အံ့ ။ ရွှေကွေးမြင့်သူ ဟူ၍ လည်းကောင်း ၊ မြင့်သူ ( မကွေး ) ဟူ၍ လည်းကောင်း မလုပ်ကြ စေချင် ။ မိမိ အမည် ( မြင့်သူ ) ဖြစ် လျှင် မြင့်သူ ဟု ပင် ထားစေချင်သည် ။ မိမိ အရည်အချင်း အလျောက် မကွေး တစ်မြို့လုံး က မြှောက်စား ကြမည် သာ ဖြစ်၏ ။ တစ်နိုင်ငံလုံး က လည်း အားပေးကြမည် မှာ လည်း သေချာသည် ။

ဥရောပနိုင်ငံ အသီးသီး တွင် မြန်မာပြည် ထက် စာရေးဆရာ အဆ တစ်ရာ မက များ ပြား လှ သော်လည်း ကလောင် အမည် ထပ် ရန် မဆိုထား ၊ ဆင်တူရိုးမှား ပင် မတွေ့မိစဖူးချေ ။ မိမိ အမည်ရင်း ဖြင့် စာရေးသူ က ရေး၍ အမည်ချင်း ဆင် တူ နေပါ က အခြား ကလောင်အမည် တစ်ခု ရွေးလိုက် ကြသည်  ။

သို့သော် သာဓုတို့ မြန်မာ စာရေးဆရာများ ကဲ့သို့ မိမိ တို့ မြို့ အမည် ၊ ဌာန အမည် တပ် ကာ ...

လန်ဒန် ဘားနပ်ရှော ၊ လီဗာပူဂျွန်ဖိုဒ့် ၊ ဒပ်ဗလင်နောရစ် စသည် ဖြင့် မှည့်ခေါ် ရိုး မရှိ ။

အမေရိကန် တွင် လည်း နယူးယောက်အော်ဝဲလ် ဟူ၍ လည်းကောင်း ၊ စန်ဖရန်စ္စကို ထရူးမင်း ကပိုးတီး ဟူသည် လည်း မ ရှိ ။ မေရီပါးလ်မား ( ချီကာဂို ) ဟူသည် ကား ဝေ လာ ဝေး ။

သာဓု တို့ မြန်မာ့ အနုပညာရှင် တို့ သာ ထူးခြားလှစွာ သော ကလောင် အမည် များ ထွင် နေကြ သည် ။

ရှိချေသေး၏ ။ မည်သူ ဟူ၍ မသိ သောကြောင့် အမည် ဖော် ရေး လည်း မည်သူ နာ မည် ရ မှန်း သိမည် မဟုတ် သောကြောင့် ...

“ ပုလိပ်အရာရှိ တစ်ဦး ”

ဤ ကလောင် အမည် ဖြင့် စာရေး သူ တစ်ဦး ပေါ်လာ ဖူးသည် ။ အဘယ် ရည်ရွယ်ချက် ဟူ၍ မသိ ။

လွတ်လပ်ရေး ရပြီး ခေတ် ရောက် သော် လာချေသေး၏ ။

“ ရဲအရာရှိဟောင်း တစ်ဦး ”

အတော်ကလေး ခွကျ လှသည် ။ အလွန် စာ ရေး ကောင်းသော ကလောင်ရှင် ဖြစ်လာသည့် တိုင် ဘယ် ရဲအရာရှိဟောင်း ကို ချီးကျူးရမည် မသိ ဖြစ်ရ ချေသည်  ။

တစ်ကြိမ် က ပြည်ထောင်စုပွဲ တွင် သာဓု တို့ ပဒေသာကပွဲ ကပြ ရာ ၌ တစ်ည သော် လူ ခန့်ခန့် တစ်ဦး ရောက် လာပြီး သာဓု ထံ မေတ္တာ ရပ်ခံသည် ။ သူ့ အိမ် မှ မိသားစု ပြဇာတ် ကြည့် လို ၍ ဟု ဆို ကာ ပြဇာတ် လက်မှတ် ဝယ် ပေးရန် အဆို ပြု သည် ။

“ ကျွန်တော် ရဲအရာရှိဟောင်း တစ်ဦး ဆိုတဲ့ စာရေးဆရာ ပါ ”

အမှန်အားဖြင့် သာဓု သူ့ ကို မသိ ။ သို့သော် လက်မှတ် ဝယ်  ပေး လိုက်၏ ။

နောက် ၅ ရက် ခန့် ကြာ သော် ရောက်လာ ပြန် ချေ၏ ။ စာရေးဆရာ ရဲအရာရှိဟောင်း တစ်ဦး
ဆိုသူ ၊ သာဓု ခေါင်းရှုပ် သွား၏ ။ ယခင် ရဲ အရာရှိဟောင်း နှင့် ယခု လူ မည်သူ အတု ဖြစ်နေသည် ကား မသိ ။

သူ က လည်း လက်မှတ် ဝယ် မရ၍ ကူညီပါ ဟု ဆိုသည် ။

မခက်ပါ သလော ။ ရဲအရာရှိဟောင်း တစ်ဦး ၊ စစ်မှုထမ်းဟောင်း တစ်ဦး ၊ အယ်ဒီတာ အဖွဲ့ဝင် တစ်ဦး စသည့် ဆရာတို့ ပြတ်ပြတ်သားသား နာမည် ထား ကြလျှင် ကောင်းမည် ထင်၏ ။ သို့မဟုတ် သူ လည်း ( ဟောင်း ) နိုင် ၊ ငါ လည်း ( ဟောင်း ) နိုင် သော အမည် ကို အဘယ်ကြောင့် တန်ဖိုးထား ရွေးချယ်ရသည် ကို ရှင်းရှင်းကလေး တင်ပြထားသည့် ဆောင်းပါး တစ်ပုဒ် လောက် ဤ ချယ်ရီ မှ တစ်ဆင့် စာရှုသူ ပရိသတ်  သို့ တင်ပြမည် ဆိုပါ က သာဓု တို့ လည်း ဗဟုသုတ ရဖွယ်ရာ ရှိပါချေမည် ဟု လို .. ။

( ၁၀ - ၉ - ၈၆ )

◾သာဓု

📖 ချယ်ရီ မဂ္ဂဇင်း
      အောက်တိုဘာ ၊ ၁၉၈၆

📖 အနုဝင်္ကပါ

#ကိုအောင်နိုင်ဦး

.

Tuesday, August 8, 2023

အနုဝင်္ကပါ ( ၂၃ )


 ( ၂၃ )


၁ ။ ရုပ်ရှင်သရုပ်ဆောင် မင်းသား မင်းသမီး အသစ်များ ၏ ပွဲဦးထွက် ပထမ ကား ဒုတိယ ကားများ ပရိသတ် အကြည့် နည်းရုံ မျှ ဖြင့် အောင်မြင် ဟု ဆိုနိုင်ပါ သလော ။ ဆက်၍ မရိုက်သင့် တော့ပြီလော ။


၂ ။ ကျော်ကြားမှု ရ နေသည့် အနုပညာရှင် တို့ ၏ အမည်များ ကို ဆင်တူရိုးမှား ဆွဲယူ မှည့်ခေါ် နေကြ သူ ပေါ် လာလျှင် မည်သို့ အရေးယူ သင့်ပါသနည်း ။


၃ ။ ခေတ်ပေါ် စတီရီယို အဆိုရှင် အချို့က နာမည်ကြီး စာရေးဆရာ နှင့် အခြားအနုပညာရှင် များ ၏ အမည် ကို တိုက်ရိုက် ယူ မှည့်ထားသည် ကို မည်သို့ သဘော ထားပါသနည်း ။


အထက်ပါ မေးခွန်း သုံးရပ် နှင့် အခြား တိုတိုထွာထွာ သိလိုချက်များ ထွက်လာ ချေသည် ။


ပထမ အချက် ကို ရှင်း ရသော် မူလ ရေးစဉ် က အတော်ကလေး ပြည့်ပြည့်စုံစုံ ရေးလိုပါ သော် လည်း ကျန်းမာရေး အခြေအနေ က မဖြူး ။ မူးနောက်နောက် ရှိနေခဲ့ သဖြင့် အပြည့်အစုံ ပါမသွားခြင်း ဖြစ်ချေ၏ ။ 


သို့သော် တွေး ယူလျှင် ဆိုလိုရင်း အဖြေ ပေါ် လာ နိုင်ပါ၏ ။ ရှင်း သွား အောင် လင်း ရသော် သာဓု ဆိုလိုသည့် ပွဲဦးထွက် ကား တွင် မင်းသား က လည်း အသစ် ဖြစ်မည် ။ သရုပ်ဆောင်မှု က လည်း အံ မဝင်လျှင် ( ဝါ ) မလုပ်တတ် ၊ မကိုင်တတ် ဖြစ် နေ လျှင် တစ်နည်းဖြင့် “ ကြောင် ” နေ လျှင် ပရိသတ် က လက်ခံတော့မည် မဟုတ် ဟူသော သဘော ဖြစ်ချေ၏ ။


ကြုံဖူး ၊ ကြည့်ဖူးကြပါ ချိမ့်မည် ။


ကောင်မလေး နှင့် ချစ်စကား ပြော လည်း “ သည် မျက်နှာ ထား ”  ၊ အဖေ အမေ နှင့် စကား ပြော လည်း “ သည် မျက်နှာထား ” ၊ ချစ်သူ နှင့် ကွဲကွာ ရ၍ လွမ်း လျှင် လည်း “ သည် မျက်နှာထား ” ၊ အမေ သေ လျှင်လည်း “ သည် မျက်နှာထား ” ဖြစ် နေ လျှင် သူ ၏ သရုပ်ဆောင်မှု ပညာ အဘယ် မှာ ရှာရ မည်နည်း ။


ဤလို မင်းသားသစ်မျိုး ကို တစ်ကား တည်း နှင့် ပရိသတ် စိတ်ပျက် သွား တတ်သည် ။


ယခု ပင် လျှင် သရုပ်ဆောင်မှု ပုံစံ ထပ် နေသော ကြောင့် ၄ - ၅ ကား ရိုက်ပြီး သည့် တိုင်အောင် တိုးတက် မလာ သဖြင့် ကားရိုက် တန့် သွားရသည် များ ရှိ နေသည် ။ စာရှုသူ တို့ ကိုယ်တိုင် လက်ချိုး ရေတွက်နိုင်ပါ ချေသည် ။ ( မင်းသမီးများ အပါအဝင် )


သာဓု မျက်စိ ထဲ တွင် မြင် နေ သေး သည် ။ ( စိတ် ဆိုး လျှင် လဲ သေကြပေ ရော့ ) သာဓု ပြောမည် ၊ ရေးမည် ။ 


လောလောဆယ် ၌ “ ရုပ်ရည်ကလေး ” ကယ် သဖြင့် အသင့်အတင့် တွင် ကျယ် နေသော သရုပ်ဆောင် မင်းသမီး ရော ၊ အထီး ရော များ မကြာမီ ပရိသတ် က ကျောခိုင်းတော့ မည် ကို မြင်ယောင်နေသည် ။ သတိ သာ ထားကြပေတော့ ။


ထားရမည့် သတိ မှာ ရုပ်ရှင် ထဲ က လှုပ်ရှားဟန် ။ ပြောဟန်များ ထပ် နေသည် ။ လှချင် ပချင် သည် က များ နေသည် ။


ဆန်ရင်း နာနာဖွပ် ဆို သကဲ့သို့ မောင်ဝဏ္ဏ ပျော့ညံ့ ပုံ ပြောရ ဦးမည် ။ မကြာသေးမီ က ရုပ်မြင် သံကြား ဇာတ်လမ်း တစ်ခု မောင်ဝဏ္ဏ ဒါရိုက်တာ လုပ်သည် ။  ထို ဇာတ်လမ်း ထဲ တွင် ရုပ်ရှင်မင်းသမီး တစ်ဦး က ခေါင်းဆောင် မင်းသမီး ၊ စိန်မြင့် က သူ နှင့် လင်မယား ၊ စိန်မြင့် က ဆိုက္ကား နင်းသည် ။ သူ့ဇနီး က ဟင်းရွက် လည် ရောင်းသည် ။ 


တစ်ဇာတ်လုံး စ - ဆုံး ထိ မင်းသမီး သည် တက္ကသိုလ်ကျောင်းသူ လို အဝတ်အစား ဖောချင်း သောချင်း ဝတ်၍ သရုပ်ဆောင် သည် သာ မက ပြောပုံ ဆိုပုံ သွားပုံ လာပုံ များ ပါ ခေတ် ပညာတတ် စာရေးဆရာမ နှင့် တူ နေသည် ။ စိန်မြင့် သာ လျှင် ဆိုက္ကားသမား ပီသစွာ အဝတ်အစား နွမ်းနွမ်း ၊ ဆံပင် ဖရိုဖရဲ နှင့် သဘာဝ ကျ နေသည် ။ 


ဤ၌ မင်းသမီး သည် ဒီ ဇာတ်လမ်း ထဲ မှာ ( ငါ ဘာလဲ ) ဟု ဈာန်ဝင် မထား ဘဲ “ ငါ ရုပ်ရှင် မင်းသမီး ” ဟူသော အစွဲ က တစ်ပြားသား မှ မလျှော့ ၊ လှချင် ပချင် ၊ စကား ပြော အထက်တန်း ကျချင် နေသည် ။ 


ရုပ်ရှင် ပရိသတ် သည် ရုပ်ရှင် ကြည့် ရာ ၌ သဘာဝ ကို ဂရုစိုက် လာကြပြီ ကို မမေ့သင့်ကြ ။ သတိ မလစ်သင့် ကြ ။ သူ့ နေရာ နှင့် သူ ၊ မျက်တောင် မ ခတ်တတ် သည် ကိုပင် ပရိသတ် နှာခေါင်း ရှုံ့ လာ ချေပြီ ။ အကြောင်းမဲ့ မျက်တောင် တဖျပ်ဖျပ် ခတ် နေသည် ကို လည်း ကြိုက်ကြသည် မဟုတ် ။ အချို့ ရှိ သေးသည် ။ စကား ပြော လျှင် မေး ဆတ်တောက် ၊ ဦးခေါင်း ဆတ်တောက် လုပ်တတ် ကြသည် အလွန် အကြည့် ရ ဆိုး၏ ။


အကျဉ်းရုံး သော် သရုပ်ဆောင် သစ် သည် ဖြစ်စေ ၊ ဟောင်းသည် ဖြစ် စေ ၊ သူ့ နေရာ နှင့် သူ ခွင်ကျ အောင် သရုပ်ဆောင် နိုင်ရန် လိုသည် ။ ဝတ်စား ဆင်ယဉ်မှု သူ့ အခန်း နှင့် သူ အံကိုက်အောင် ဝတ်ဆင် တတ်ရန် လိုသည် ။


စောစောက ရေး ခဲ့သော ဟင်းသီးဟင်းရွက်သည် ( ဆိုက္ကားသမား ဇနီး ) က ကြော့ နေအောင် ဝတ်ဆင် ရာ ၌ ဒါရိုက်တာ က ...


“ ဟေး ... မင်းသမီး ၊ ဟင်းရွက်သည် က အဝတ်အစား ၊ ဝတ်ဆင်ထားပုံ ၊ မင်္ဂလာဆောင် သွား တာနဲ့ တူ နေတယ် ၊ ပြန် ပြင်ပါ ” 


သို့လျှင် မောင်ဝဏ္ဏ က ပြောရမည် ။ ထိန်းရမည် ။ ပြော မရ လျှင် မ ရိုက်ဘဲ နေရုံ သာ ရှိသည် ။ ဤ၌ မောင်ဝဏ္ဏ ပျော့လွန်း အားနာလွန်း သွားပုံ ရသည် ။ ( သာဓု သား လုပ် နေပြီး ခွေ း,တိရစ္ဆာန်လေး )


စတင် ရိုက်သည့် ပထမ ကား ပင် ဖြစ်စေ သရုပ်ဆောင်သစ် သည် ရုပ်ရည်ကလေး ကြည့်ပျော် ပြီး ကျရာ အခန်း နှင့် အံဝင်အောင် သရုပ် ဆောင် နိုင် လျှင် ဘာမျှ စိုးရိမ် စရာ မလို ။ ရှေ့ တစ်လှမ်း တက်ရန် သာ ။


သို့သော် ... ဤလို စွမ်းဆောင်နိုင် ရန် မှာ လည်း ဝါသနာ ကြီးရုံ မျှ ဖြင့် မ ပြီး ၊ ပါရမီ က လိုသေးသည် ။


စာရှုသူ တစ်ဦး က မေး သေးသည် ။ ငွေထုပ် နှင့် လာသူ ကို သာဓု က ( ရုပ်ရှင်သရုပ်ဆောင် ) တင် မပေးဘဲ ပြန် လွှတ်သည် ဆို က လက်ချည်း သက်သက် လာလျှင် ကော ဟု  -


သာဓု ( အငိုလွယ်သည် ) ရိုက်စဉ် က မင်းသား မရွေးသေး ပဲ မင်းသမီး အခန်း များ သာ ရိုက်ခဲ့ ကြောင်း ၊ နောက် ဝင်းဦး အား နှုတ်ခမ်းမွေး ရိတ် မလား ဟု မေးခဲ့ကြောင်း ရေးခဲ့ ပြီး ချေပြီ ။


ထို ( အငိုလွယ်သည် ) စ ရိုက်စဉ် က ပင် ကျောင်းသားခန်းများ ရိုက်ရန် လူငယ် ၆ ယောက် အမြဲ ခေါ် ထားခဲ့ သည် ။ သူတို့ ကို မှန်ထိုး ခိုင်း ၊ ပစ္စည်း ရွှေ့ ခိုင်း ၊ လက်ဖက်ရည် ဝယ်ခိုင်း ဖြင့် ဝိုင်းကူ စေ သည် ။


ထိုအတွင်း ထို လူငယ်များ ကို သာဓု အကဲ ခတ် နေခဲ့သည် ဖြစ်ရာ နောက်ဆုံး ရုပ်ရှင်မင်းသားကြီး ဦးတင်ဖေ ၏ သား ( တင်နီ ) ခေါ် အပါနီ ။ သူ ကို မင်းသား တင်ရန် ရွေး လိုက်သည် ။


ထိုအချိန် က တင်နီ မှာ ရှပ်အင်္ကျီ ပင် ထည်လဲ ဝတ်စရာ မရှိ ၊ ဆင်းရဲ လှသည် ။ သို့သော် အနုပညာ ပါရမီ ရှိသူ ဖြစ်၍ သာဓု က ပင် အဝတ်အစား ဝယ်ပေးပြီး “ ပေါ်လွင် ” ဟူသော အမည် ဖြင့် ခေါင်းဆောင်မင်းသား တင် ခဲ့ရာ အောင်မြင်မှု ရ ခဲ့ သော်လည်း ( ဒီကောင် ) စိတ် မငြိမ် ၊ ခြံ ကို မှန်မှန် မလာ ၊ သီချင်း လိုက် ဆို ရင်း တစ်မြို့ တစ်နယ် ရောက်နေ တတ် သဖြင့် ဆက် မသုံးဘဲ ထား လိုက်ရသည် ။


ထို့ကြောင့် အနုပညာ တွင် ငွေ မ လို ။ ပါရမီ နှင့် ဗီဇ ဝါသနာ သည် သာ အဓိက ။


အထက်ပါ ပေါ် လာသော မေးခွန်း စောဒက ( ၂ ) နှင့် ( ၃ ) ကို ပေါင်း ၍ ရှင်းလင်း ရ ပေမည် ။

အကြောင်းအရာ သဘောတရား ချင်း ဆက်စပ် နေသည် ဖြစ်၍ ... နာမည် ရပြီး ဖြစ်သော အနုပညာရှင် တို့ ၏ အမည် ကို ( ယခင် ဖော်ပြခဲ့ဖူး သကဲ့သို့ ) ရှေ့ မှ တစ်လုံး တိုး ၊ နောက် မှ တစ်လုံး ဖြည့် ဖြင့် ဆွဲယူ အသုံး ပြု နေသည် ကို ကြုံ ရလျှင် -


ဥပမာ - ကျော်ဟိန်း ထိတ်ထိတ်ကြဲ နိုင်ငံ ကျော် နေသည် ကို အကြောင်း ပြု၍ တက္ကသိုလ် ကျော်

ဟိန်း အမည် ဖြင့် ဝတ္ထု ရေး လျှင် သီချင်း ဆို လျှင် ၊ ပြဇာတ် က လျှင် ရုပ်ရှင်ကောင်စီ သို့ တိုင်၍ သက်ဆိုင်ရာ အဖွဲ့အစည်းချင်း ညှိနှိုင်း  ပေးရန် လိုသည် ။


တက္ကသိုလ်မို့မို့မြင့်အောင် ဟု ဝတ္ထု ရေးသူ ပေါ် လာ လျှင် ရုပ်ရှင်ကောင်စီ ကို တိုင် ရုပ်ရှင် ကောင်စီ က စာပေလုပ်သားအဖွဲ့ နှင့် ညှိပြီး ကာယကံရှင်များ ကို ပါ ခေါ်၍ ပညာ ပေး ပြီး သိက္ခာ ထိန်း ရန် နှင့် အမည် ပြောင်း ရန် တိုက်တွန်း ရ ချေမည် ။


( သာဓု သဘော အရ ဆိုမူ ပြော မရ က ဆိုင်ရာ အဖွဲ့အစည်းဝင် အဖြစ် မှ ပယ်ပစ်သည် အထိ အရေး ယူ စေချင်သည် ။ )


ဤလို မသမာမှုကား တရားလွန် လှချေသည် ။ ဖြတ်လမ်းလိုက် အချောင်သမား ဆန်လှ ချေ သည် ။ သူတစ်ထူး ၊ နှာခေါင်း ဖြင့် အသက်ရှူ ချင်သူ သာ ဖြစ်ချေသည် ။


သဘာဝအုပ်စု သာဓု တို့ အနုပညာ မျိုးဆက်မှ အမည် များ ကို ( ထိပါး ) မည် မကြံကြလေ နှင့် ...


အကြောင်း အခွင်သင့်၍ တင်ပြရ ချေဦးမည် ။


လွန်ခဲ့သော ( ၄ ) နှစ် လောက် က အနော်ရထာလမ်း ၊ စတီရီယို တိတ်ခွေ တေးသံသွင်း ဆိုင် တစ်ဆိုင် ရှေ့ တွင် -


အဆိုတော် သာဓု ၏ တစ်ကိုယ်တော် စီးရီး မကြာမီ ထွက်မည် ။


ဤလို ရေး ထားသော ဆေးရောင်စုံ ဆိုင်းဘုတ် တစ်ခု  ဆိုင် ရှေ့ တွင် ချိတ်ဆွဲ ထားကြောင်း နှင့် သာဓု ၏ သားတပည့် လို ဖြစ်နေသော ( ခွာနီး ) က ဖုန်း လှမ်း ဆက် ၍ သတင်း ပေးသည် ။


“ ဖုန်း ခဏ ကိုင်ထားဦး ” 


သာဓု ဘာ လုပ်ရမည်နည်း ဟု စဉ်းစားပြီး နောက် ..


“ ကဲ ... ခွာနီး ရေ ၊ မင့် ဆီ မှာ ကင်မရာပါလား ” 


“ မပါဘူး ဆရာ ” 


“အေး .. နီးရာ ဓာတ်ပုံဆိုင် မှာ ပြော ၊ ဆရာ က လို့  ၊ ကင်မရာ တစ်လုံး ခဏ ငှားပြီး အဲဒီ ခုန မင်း ပြောတဲ့ ဆိုင်းဘုတ် ကို ဓာတ်ပုံ သွားရိုက် ” 


“ ဟုတ်ကဲ့ ဆရာ ” 


“ ပြီးရင် ချက်ချင်းဆေး ၊ ၃  - ၄ ပုံ လောက် ကူး ပြီး ဆရာ့ ဆီ ယူခဲ့ ” 


သို့ ပြောနေစဉ် ၌ ပင် သာဓု အသား များ တဆတ်ဆတ် တုန်နေသည် ( စော်ကားလွန်းလှ သည် ဟူ၍ ) 


မိနစ် ၄၀ ခန့် အကြာ တွင် ဖုန်းသံ မြည် လာသည် ။ 


“ ခွာနီး လား ဟေ့ ” 


“ ဟုတ်ကဲ့ ဆရာ ” 


“ ဓာတ်ပုံ ရိုက်ပြီးပလား ” 


“ ရိုက်တယ် ဆရာ ၊ တစ်ပုံ ပဲ ရိုက်ရ သေးတယ် ၊ ဆိုင် ထဲ က လူငယ် နှစ်ယောက် ထွက် လာပြီး မေးတယ် ၊ ဘာဖြစ်လို့ ရိုက်တာလဲ တဲ့ ” 


“ မင်း ဘယ်လို ပြော လိုက်သလဲ ”  


“ ဆရာ ရိုက်ခိုင်းတာ ဆိုတော့ သူ တို့ မျက်လုံး ပြူးသွားတယ် ။ ပြီးတော့ မေးတယ် ၊ ဘာလုပ်ဖို့ လဲတဲ့ ” 


“ အဲဒီတော့ ...” 


“ ကျွန်တော် က ပြော လိုက်တယ် ၊ ဆရာ့ နာမည် တပ် ထားလို့ ရိုက်တာ ၊ ဆရာ လဲ သီချင်း ဆိုတာ မဟုတ်ဘဲ ဘာလို့ လုပ်တာလဲ ဆိုတော့ သူတို့ က တောင်းပန်တယ် ၊ ဆရာကြီး ပြောပြ ပါ ၊ မလုပ်တော့ပါဘူး ၊ ဆိုင်းဘုတ် လဲ သိမ်းလိုက်ပါ့မယ် ၊ ဆိုပြီး ဆိုင် ထဲ ဖြုတ်ယူ သွားတယ် ဆရာ ” 


“အေး ... ဘာပဲ ဖြစ်ဖြစ် ဓာတ်ပုံ ကူး စရာ ဆက်လုပ် ၊ နောက် တစ်ခါ ပြန် လှည့် ပြီး ကြည့် ... ဆိုင်းဘုတ် ပြန် ထုတ်ထားသလား ဆိုတာ ” 


သာဓု ဒေါသ မပြေသေး ။ အနုပညာ အလုပ် လုပ်ပြီး ဤမျှ မိုက်မဲ ရ သလော ဟူသည့် ဒေါသ ။


နောက်နေ့ နံနက် ၁၁ နာရီ ခန့် အိပ်ရာ မှ နိုးသော သာဓု ၏ လှုပ်ရှားသံများ ကြား သဖြင့် သုမောင် တက် လာသည် ။ အပေါ် ထပ် သို့ -


“ ဖေဖေ ဟို .... ဖေဖေ ဓာတ်ပုံ ရိုက် ခိုင်းတဲ့ ... တေးသံသွင်း ကောင်လေး တွေ လာ သွားတယ် ၊ ကျွန်တော့် ကို တောင်းပန် သွားတယ် ။ ဖေဖေ့ ကို တောင်းပန်ဖို့ လာတာပါ တဲ့  ၊ ဖေဖေ အိပ် နေ လို့ လေ ” 


“ သား က ဘာ ပြော လိုက်သေးလဲ ” 


“ နောက် တစ်ခေါက် လှည့်ပြီး ကိုယ်တိုင် တွေ့ ပြောပြပါလား ဆို တော့ ... ကြောက်တယ်တဲ့  ၊ ခု လာရ တာလဲ ခပ်ကြောက်ကြောက် ပဲ တဲ့ ဗျ ” 


“ ဒီလို ဆိုလဲ ပြီးတာပါပဲ ကွာ ၊ နောက်ထပ် လုပ်ရင်တော့ ...” 


“ ဟာ .. စိတ်ချ ဖေဖေ ၊ ခု ကြည့်ရ တာ ကို တော်တော် ကြောက် နေပြီ ၊ ဆရာကြီး ကို ပြောပါတဲ့ ၊ ဘာမှ အရေးမယူပါ နဲ့ ၊ မလုပ်တော့ပါဘူး ” တဲ့ ။


အကယ်၍ သာ ပေကတ်ကတ် လုပ်နေခဲ့ လျှင် သာဓု တရား စွဲမည် ။ သာဓု သည် သာဓု မြတ်နိုးသော ( သာဓု ) အမည် ကို ရုံးတော် တွင် မှတ်ပုံတင် ထားသည်  ။ အနုပညာ နှင့် ပတ်သက် သမျှ ရော ၊ စီးပွားရေး ကိစ္စများ တွင် ပါ ( သာဓု ) အမည် ကို သာဓု မှ လွဲ၍ မည်သူမျှ သုံးပိုင်ခွင့် မရှိ ။


တက္ကသိုလ်သာဓု ဟူ၍ လည်းကောင်း ၊ သာဓုမောင် ဟူ၍ လည်း ရှေ့ တစ်လုံး ဖြည့် ၊ နောက် တစ်လုံး တိုး ၍ (သာဓု ) လျှင် လည်း ပြဿနာ ကြီးကြီး တက် လိမ့်မည် ။ မိမိတို့ ၏ အနုပညာ အမည် သင်္ကေတ ကို မြတ်နိုးသူ အပေါင်း တို့ သည် ဆိုခဲ့သော ဖြတ်လမ်းသမား ၊ မသမာသူ တို့ ဘေးမှ ကာကွယ်ရန် သာဓု ကဲ့သို့ ပင် မှတ်ပုံတင် ထားကြ စေချင်သည် ။ သဘောတရား မသိ လျှင် လာပါ ။ သာဓု နည်းလမ်း ပြ ပေးမည် ။


နာမည် နှင့် ပတ်သက်၍ ရေးချင် နေသေး သည် များ ရှိ၏ ။ ယခု ခေတ် တွင် နာမည် ပေးပုံများ စိတ်ပျက် စရာ ကောင်း လာသည် ။ စိတ်ပျက်စရာ ကောင်းနေသည် မှာ ကြာပြီ ဟု ဆို၍ ပို၍ မှန်ပေ လိမ့်မည် ။


လွန်ခဲ့သော ၆ နှစ် လောက် က ထင်၏ ။ လူရွယ် တစ်ယောက် သာဓု ထံ ပေါက် လာသည် ။ သူ လာသည် မှာ သာဓု နှင့် တွေ့ရန် မဟုတ် ။ သုမောင် နှင့် ဝတ္ထု ထုတ်ရန် တိုင်ပင် လို၍ ဟု ဆိုသည် ။


သုမောင် မရှိ ။ တိပ်ခွေ သွား သွင်း နေကြောင်း ပြောပြီး မှာ စရာ ရှိသည် ကို မှာ သွားရန် နှင့် တကွ ၊ သူ့ နာမည် ကို မေးထား လိုက်သည် ။ နာမည် မှာ ခပ်ခက်ခက် ခပ်ရှုပ်ရှုပ် ဖြစ် နေ၍ စာ နှင့် ရေး ပေးခဲ့ ရန် ပြောရာ သူ က ရေး ပေး ခဲ့သည် ။

 

ထို စာရွက် ကို သုမောင် စားပွဲ ပေါ် တင် ၍ ဆေးလိပ်ပြာခွက် နှင့် ဖိ ထား လိုက်၏ ။ ထို ည က သုမောင် အတော် ညဉ့် နက် မှ ပြန် လာသည် ။ သာဓု အိပ်နေ ချေပြီ ။ နောက် တစ်နေ့ မိုးလင်း ၍ စာ တင် ထားသည့် အကြောင်း ပြောရာ စာကို သူ မတွေ့ ဟု ဆို၏ ။


ဆေးလိပ်ပြာခွက် ကို ရွှေ့ရင်း ပြောင်းချ ထားရင်း ဖြင့် လေ လွင့် သွား သည် လော မှ မပြောတတ် ။ ပါးစပ် နှင့် ရှင်းပြရန် ဟန်ပြင် သော်လည်း စာအုပ် ထုတ်ဝေသူ အမည် ကို မေ့ နေ၏ ။ သုမောင် က လည်း သူ နှင့် စာအုပ် ထုတ်ရန် စီစဉ်ထားသူ သုံးလေးဦး ရှိနေသည် ဆို ကာ ...


“ လာတဲ့ လူ ပုံပန်းသဏ္ဌာန် က ဘယ်လိုလဲ ဖေဖေ ” 


“ ကိုယ်လုံးကိုယ်ပေါက် က တို့ ရုပ်ရှင်ကောင်စီ က စိုးရွှေကြီး ဆိုက်မျိုး ၊ အဲ ... အဲ သူ့ လိုပဲ ကွမ်းစား လာတယ် ” 


“ ဟား ... သိပြီ ဦး ... လှ ...” 


ရင်းနှီး နေပြီ ထင် ရသော သုမောင် ပင် အတော် စဉ်းစား နေရ သေး ပြီး ...


“ အဲ ... အဲ ဦးလှညွန့်မျိုး ” 


“ အေး ... ဖေဖေ တော့ နာမည် ကြား ကတည်း က စိတ်မော လို့ မှတ် မထားဘူး ” 


သုမောင် က ရယ်သည်  ။


“ ဒီ လူ က ဘာ လူမျိုးလဲ ၊ ကရင် လား ၊ ကချင် လား ၊ ချင်း လား ” 


“ ဗမာ ပါ အဖေ ရ ” 


“ ခက်ပါ့ကွာ ၊ ဘာလို့ များ ခုလို နာမည် ခက်ခက် မှ ည့်ထားတဲ့ လဲ ၊ ဦးလှညွန့် ဆို ချက်ခနဲ သိမယ် ။ ဦးမျိုးညွန့် ဆိုလဲ မှတ်မိ လွယ်တယ် ။ ဦးညွန့် လို့ သုံးလုံးတည်း မှည့်တောင် နည်းနည်း ရှုပ် သွားပြီ ၊ မှတ်ရ မလွယ်တော့ဘူး ” 


သုမောင် ဘာမျှ ပြန် မပြောဘဲ ပြုံး တွေတွေ နေသည် ။ နောက်မှ ... 


“ ဟုတ်တယ် ဖေဖေ ၊ ပထမ တော့ ကျွန်တော် တောင် စာ ကျက် သလို လေ့လာ ယူ ရတယ် ၊ ဒါတောင် တစ်ခါ တစ်ခါ မေ့တယ် ဗျ ” 


တစ်ခါ က လည်း ကျောင်းသူ တစ်ဦး မြန်မာစာ ကိစ္စ နှင့် ပတ်သက်၍ မေးမြန်းစာ တစ်စောင် ပို့ လာသည်  ။ ( တပ်ထဲက မြတ်ကိုကို ) ဝတ္ထု ထဲ မှ အကြောင်းအရာ တစ်ရပ် ။


သာဓု လည်း ချက်ချင်းပင် မြတ်ကိုကို စာအုပ် ထ ရှာသည် ။ မတွေ့ ။ မင်းလူ တို့ ထံ လှမ်း မေးသည်  ။ မရှိ ။ သို့နှင့် မြို့ထဲ အနှံ့ လိုက် ရှာသည် မရ ။ နောက်ဆုံး စာအုပ် အငှားဆိုင် တစ်ဆိုင် တွင် သွား တွေ့သည် ။ သာဓု ယခင် က တစ်အုပ် နှစ်ကျပ် နှင့် ရောင်းခဲ့သော စာအုပ် ၊ ငှားခ တစ်နေ့ နှစ်ကျပ် ဟု ဈေး ခေါ်သည်  ။ 


“ ပေးမယ်လေ ၊ ရော့ ငွေ လေးကျပ် ယူထား ၊ နှစ်ရက် ကြာမယ် ” ဟု ငွေ ထုတ်ပေးသည် တွင် ...


“ ဦးလေး ကို ကျွန်မတို့ မသိဘူး ။ အဲဒီတော့ စဘော်ငွေ ၂၅ ကျပ် တင်ရ ပါမယ် ” 


သာဓု ပေးခဲ့ ရ၏ ။ စုစုပေါင်း ၂၉ ကျပ် ။ စာ ကို ပြန် ဖတ်ပြီး ကျောင်းသူမလေး သိလို သမျှ ရေးပြီး စာအိတ် တွင် ပိတ်၍ လိပ်စာ ရေးရန် သူ့ စာ ကို ရှာသော် ရုတ်တရက် မတွေ့ ။ နေရပ် ကိုကား ( လွယ်ကူ၍ ) မှတ်မိ နေသည် ။


အမှတ် ၁ ၊ A 

ကမ်းနားလမ်း ၊ 

ဘိုးကလေးမြို့ ။


အမည် ကို မေ့ နေ၏ ။ နာမည် ခက်ခက် ဖြစ်သော ကြောင့် ထို စာ ကို ထို နေ့ က မထည့်ဖြစ် ။ အခြား ကိစ္စများ လည်း ရှုပ်နေ၍ သူ့ လိပ်စာ မရှာအား ။ လဝက် ခန့် ကြာ မှ အခြား စာရွက်စာတမ်းများ ရှာစဉ် ထို စာ ထွက် လာသည် ။ သူ့ နာမည် ကား -


“ ခင်ဝင့်မြဇေ ” 


မြတ်စွာဘုရား ... မည်သို့ မည်ပုံ အဓိပ္ပာယ် ဆက်စပ် ရမည်ပင် မသိသော အမည် ။


သာဓု ငုံမိ သလောက် ( ဝင့် ) သည် ဝင့်ဝါခြင်း ၊ ဝင့်ကြွားခြင်း ၊ အခြား အဓိပ္ပာယ် သာဓု မသိ ။ ( မြ) ကို ကား ထားတော့ ၊ အားလုံး နားလည်ကြသည်  ။


( ဇေ ) က အဘယ်နည်း ။ ဇေ - တစ်လုံး တည်း ဖြင့် ဘာမျှ အဓိပ္ပာယ် မဆောင် ။ ဇေတဝန်ကျောင်း ၊ ဇေဌနက္ခတ် ၊ ဇေယျ ၊ ဤလိုသော စာများ တွင် တွေ့ဖူးရာ အဆိုပါ ကျောင်းသူ က ဘာ စိတ်ကူး ရ၍ ခင်ဝင့်မြဇေ သည် မသိ ။


ယခု နောက်ပိုင်း တွင် ပို၍ ရှည် လာ သည်  ။ ထွေလာသည်  ။  (ဇာ ) တွေ ၊ ( ဇေ ) တွေ ၊ ( ကေ ) တွေ ၊  (လွမ်း ) တွေ ဖြ င့် အခေါ် ရ ခက်ရ သည့် အထဲ တွင် ၄ လုံး ၊ ၅ လုံး ဆင့် လိုက်ကြပြန်သေးသည်  ။


လက္ခဏာဆရာ လော ၊ ကျောင်းဆရာ လော မမှတ်မိ ။ ( ဦးမျင့်ဇွဲလွမ်းဝေ ) ဟူ၍ ဆိုင်းဘုတ် ချိတ်ထားသည် ။ ဇွဲ နှင့် လွမ်း မှာ ဆန့်ကျင် နေသည် ။ မျင့် က လည်း ရရစ် မဟုတ် ၌ သရုပ်ပျက် နေသည် ။ သတ်ပုံကျမ်း တွင် လည်း မပါ ။ ဘာ ရည်ရွယ်ချက် နှင့် ယူ သုံးကြသနည်း ။


ဖက်ရှင် ထွင် သည် လော ၊ အဆန်း ဖန်တီးသလော ၊ ( ဦး ) ကို ပင့် အချို့က ( ဥုး ) ထားသည် ကို တွေ့ရ ဖူးသည် ။


လွန်ခဲ့သော နှစ်နှစ် ခန့် က သာဓု ၏ သား တပည့် ဖြစ်သော ဒါရိုက်တာ သက်နောင် ရိုက်ကူးသည့် ( အချစ် မျှားလေး ချာချာလည် ) ဇာတ်ကား ဆင်ဆာ တင်သော အခါ စာပေစိစစ်ရေး က ရော ၊ ရုပ်ရှင်ဆင်ဆာအဖွဲ့ က ပါ ( မျှား ) ကို ( မြား ) ဟု စာလုံး ပေါင်း ပြင် ရန် ညွှန်ကြား သဖြင့် ( အချစ်မြား လေး ချာချာလည် ) ဟု ပြင်ပေး လိုက် ရကြောင်း သက်နောင် ပြောပြ ၍ သိလိုက်ရသည်  ။


“ ပုဝါ ” ဟူသည် များ ကို လည်း ( ပဝါ ) ဟု ပြင် ရသည် ။ ( မျင့် ) ကို အဘယ်ကြောင့် ပြင် မခိုင်းကြ သေး သည် မသိ ။ မကြာသေးမီ က လည်း ( မောင်သဏ်းသစ်ဆွေ ) ဟူသော အမည် ဖြင့် စာ တစ်စောင် ရောက် လာ သေးသည်  ။ “ သန်း ” ကို ( ဏ ) နှင့် သန်း ထား သည် ။ ဤလို ပြောင်းရခြင်း အကြောင်း က အဘယ်ကြောင့် နည်း ။ ဘာမျှ ထူးခြားလာခြင်း မရှိရုံ မက မျက်စိ နောက်ပြီး အခြောက်တိုက် နှလုံး နာ ခံ ရ ဖွယ် သာ ရှိသည် ။ မည်သူ က မျှ လည်း အထင် ကြီး လိမ့်မည် မဟုတ် ။


ခေတ်ကြီးသည် အလွယ်ဆုံး နှင့် အရှင်းဆုံး ၊ အတိုဆုံးနည်း ကို အသုံးပြု နေကြသည် ။ အင်္ဂလိပ်စာစကားများ လည်း အတိုချုပ် ၍ လွယ်လွယ် သိအောင် ဖန်တီး တီထွင် နေကြသည် ။ GIRL ကို ( GAL ) ၊ COLOUR ကို ( COLOR ) THROUGH ( THRU ) , DISCOTHEQUE ကို ( DISCO ) စသည် ဖြင့် ပိုလွယ် ပိုရှင်း အောင် သုံးနှုန်း နေ ကြသည် တွင် တို့ မြန်မာများ က ရှုပ် သထက် ရှုပ် အောင် ဦး ကို ( ဥူး ) ချင် နေကြသည် ။


မျိုးတင့် ဟူသော အလွန် အဓိပ္ပာယ် လှပသည့် အမည် ကို ( မြိုး ) နှင့် တင့် လိုက်သောကြောင့် အားလုံး ပျက်စီး ကုန်သည် ။


သို့ နာမည် အဆန်း ထွင် မှည့်သူ တို့ က ( ပေါ ) ကြသည် ကို လိုက်၍ စာရေးဆရာ အချို့က ( ကြောင် ) ပြီး ကောင်လေး နာမည် ကို ဇေဇေ ဟု တပ်ပြီး ကောင်မလေး အမည် ကား စိုးဆင့်ဆင့်ဆန်း ဖြစ် နေ လေ ရာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ ကို ထိန်းသိမ်း ရမည့် စာရေးဆရာ အနုပညာရှင် တို့ က ပါ ရော ၍ နောက်ယောင်ခံ မလိုက်သင့် ဟု သဘော ရသည် ။ မရေမတွက် နိုင် အောင် ရှိလှသော သာဓု ဝတ္ထုများ တွင် မည်သည့် အခါ က မျှ နာမည် ရှုပ်ရှုပ်ထွေးထွေး ဇာတ်ဆောင်များ ကို အမည် မပေး ခဲ့စဖူး ။ ( လူငယ်များ အတု ယူ မှားမည် စိုး၍ ။ )


အိမ်း ... သာဓု ၏ သား တပည့် တစ်ဦး ဖြစ်သူ မော်လမြိုင်ရုပ်ရှင် မှ ဒါရိုက်တာ တင်အောင်မြင့်  ( အမည်ရင်း အေးသိန်း ) သည် ထို အမည် ဖြင့် ပြေလည် ရာ မှ ( တင်အောင်မြင့်ဦး ) နောက် ( ဝိုင်းတင်အောင်မြင့်ဦး ) စသည် ဖြင့် အမျိုးမျိုး ပြောင်း နေ သောကြောင့် ...


“ ဟေ့ကောင် ၊ မင်း ဘာ ကြောင် တာလဲ ၊ တင်အောင်မြင့် နာမည် ကောင်းသား နဲ့ ” 


“ ဟုတ်ပါဘူး အဖေ ရ ၊ ဟဲ .. ဗေဒင် က ဟော လို့ ပါ ” 


“ ဩ ... ဗေဒင်က အမည် ပြင်ခိုင်း လို့ ပြင်ပြောင်း လိုက် တိုင်း ကျော်ကြား အောင်မြင်မယ် ဆိုရင် မြန်မာပြည် ရှိ သမျှ ဒါရိုက်တာတွေ အားလုံး ထိတ်ထိတ်ကြဲ ချည့် ဖြစ် နေမှာ ပေါ့ ကွ ” 


သို့ ပြောရင်း ဟောက်လိုက် ငေါက် လိုက် ရသည် ။ သို့သော် နောင် ရိုက်မည့် ကားတွင် ( ဝိုင်းတင်အောင်မြင့်ဦး လွဏ်း ) ဖြစ်နေဦး မည် လော မပြောတတ် တော့ ပါချေ ။


( ၇ - ၆ - ၈၆ )


◾သာဓု


📖 ချယ်ရီ မဂ္ဂဇင်း

      သြဂုတ် ၊ ၁၉၈၆


📖 အနုဝင်္ကပါ


#ကိုအောင်နိုင်ဦး


.