( ၆ )
စိတ် အထင် ၁၉၆၅ - ၆၆ ခုနှစ် လောက် က ဖြစ်ပေမည် ။ အတိအကျ မမှတ်မိ ။ သို့သော် စာရွက် စာတမ်း များ ရှာ ကြည့်လျှင် သိနိုင်မည် ဖြစ် သော်လည်း မရှာချင် ။ အကြောင်း ကြီးကြီးကျယ်ကျယ် ထူး လှမည် မဟုတ်၍ ... ။
ထိုစဉ် က ရော ၊ ထိုနှစ် ထက် စောစောပိုင်း က ရော မည်သည့် ပုဂ္ဂိုလ် မည်သည့် အဖွဲ့အစည်း က မျှ စိတ်ကူး မိကြဟန် မတူသေးသည့် ရုပ်ရှင်သရုပ်ဆောင် သင်တန်း တစ်ခု သာဓု ဖွင့် လှစ်ခဲ့သည် ။ သင်ကြားလိုသူများ အလွန် အားတက်သရော ရှိခဲ့ကြသည် ။ လျှောက်လွှာ တင်သူပေါင်း ၂၀၀၀ ကျော် အနက် ဆန်ခါတင် စစ် ချ လိုက် သောအခါ ကျား - မ ၆၀၀ ကျော် ကျန် ခဲ့ချေသည် ။
ဤ၌ အဘယ်ကြောင့် သင်တန်း တက် လိုသူ ၁၂၀၀ ကျော် ပြုတ်သွား ရပါသနည်း ဟု တွေးစရာ မေးစရာ ပေါ်လာကောင်း ပေါ်လာမည် ။
မှန်၏ ။
ပြုတ် သွားသူ အတန်းအစား အများ ဆုံးမှာ ... မင်းသား ၊ မင်းသမီး မှ မလုပ်ရလျှင် တစ်ပြား မျှ မလျှော့ ဟူသော ဝါသနာရှင် တို့ ဖြစ်သည် ။
လူ ကိုယ်တိုင် ခေါ်တွေ့ပြီး မေးမြန်း ကတည်း က သူတို့ အဘယ် အခန်း မှ ပါ ချင်သည် ကို တီးခေါက် ကြည့် ရာတွင် အများ စု က မင်းသား မင်းသမီး သာ ဖြစ် ချင် ကြသည် ။ သာမန်မျှ မဟုတ် ။ ( စ, ကတည်း က ယဉ်သကို ဗျ ) ဟူ၏ သို့ သူတို့ သည် ခေါင်းဆောင်များ သာ ဖြစ် လိုကြ သည် ။
လူ့ သဘာဝ အတိုင်း အကောင်းဆုံး နှင့် အမြင့်ဆုံး အတန်း ကို မှန်း ပိုင်ခွင့် ရှိသည် မှန်သော် လည်း ( ငါ - ဘာ လဲ ) ဟု မိမိ တို့ ကိုယ် ကို သိ ထား သင့် ကြသည် ။ သို့သော် သူတို့ မသိ ။ နှာခေါင်း ပြားပြား နှင့် ပိန်ပါးပါး ကောင်မလေးတွေ ကလည်း ခေါင်းဆောင် မင်းသမီး သာ လုပ် ချင် သည် ။ မျက်နှာပြဲပြဲ သွားကျဲကျဲ နဲ့ တွေ က လည်း ခေါင်းဆောင် မင်းသား က တစ်ပြား မှ မလျှော့ချင် ။
ဤလို အနှီလို ဟာတွေ ကို သာဓု ပယ် ချလိုက်သည် ။
“ ဘယ်လို အခန်းမျိုး ဖြစ်ဖြစ်ပါ ဆရာ ၊ သင့်တော်မယ့် အခန်း က ပါ ရင် တော်ပါပြီ ”
“ ဆရာ ကြိုက်တဲ့ နေရာက ထား ပါ ။ တဖြည်းဖြည်း ချင်း တက်ရမှာ ပေါ့ ဆရာ ”
ဤလို အနှီလို ကောင်လေး ကောင်မလေးများ ကို သာ စစ်ထုတ် ရွေးချယ်ပြီး ပဏာမ သင်တန်း စခဲ့ သည် ။
ယခု ရုပ်ရှင်နယ် တွင် အလျောက် အထိုက် ကား ရိုက် နေရသော ဒေါ်မေကြည်သိန်း တို့ လည်း ပါသည် ။
တစ်နေ့ လျှင် သင်တန်းသူ သင်တန်းသား ၁၀၀ ခန့် စီ ခေါ်ယူ သင်ပြရာ၌ ( ပြဿနာ ရှုပ်လာ မည် ကို ကြိုတင် တွက်ထားသည့် အတိုင်း ) အမျိုးသား ချည့် သပ်သပ် နံနက်ပိုင်း ၊ ညနေပိုင်း တွင် အမျိုးသမီး စသည် ဖြင့် သီးခြား ထား ပါ လျက် ပြဿနာ သည် တက်ဖြစ် အောင် တက် လာ သေးသည် ။
ဥပမာ - ယနေ့ နံနက်ပိုင်း တွင် အမျိုးသားများ ကို သင်ပြကာ နေ့လယ် ၁၂ နာရီ တွင် ယင်း တို့ ပြန် ၊ နေ့လယ် ၁ နာရီ တွင် အမျိုးသမီးများ တက် ရမည် ရှိ ရာ၌ ကြိုကြိုတင်တင် သဘော ဖြင့် အမျိုးသမီး အချို့က ၁၁ နာရီ သာသာ တွင် ရောက် လာပြီး ခြံ ထဲ ရှိ ထိုထိုဤဤ သစ်ပင် အောက် များ တွင် စောင့် ကြသည် ။
ဤသည် ကို သင်တန်း ထဲ ရှိ ငနဲ တို့ က မြင် သောအခါ မည်သို့ လှုပ်ရွ ကြ မည်ကို ရေး ပြရန် လိုမည် မထင် ။
တစ်ဖန် အချို့သော သင်တန်းသား တို့သည် သင်တန်းသူများ ညနေ သင်တန်း ဆင်းမည့် အချိန် တွင် လာရောက် စောင့်ဆိုင်း ကာ ဘတ်စ်ကား တစ်စီး တည်း စီး၍ ပြန် ရင်း မည်သ ည့် စကားတွေ ပြောကြမည် ကို လည်း သာဓု ထောက်ပြရန် မလို ။
ဤသို့သော အားဖြင့် မအူပင် မှ ကောင်လေး နှင့် မေမြို့ မှ ကောင်မလေး တို့ ချစ်ကြိုက် သွားကြသည် ။ သူတို့ သင်ကြားလိုပါသည် ဆိုသော အနုပညာကား အဘယ် ထောင့် ရောက် သွားပြီ မသိ ။
နဖူးစာ ရွာ လည် တတ်သည် မှန်၏ ။ ကျိုက်ထီးရိုးဘုရား ဖူး သွား ရင်း မုံရွာ မှ ကောင်မလေး နှင့် ရခိုင်ပြည် မှ ကောင်လေး တို့ ကြိုက် လို သော် ကြိုက် ကြပေမည် ။
သာဓု သင်တန်းတွင် လည်း ဤ နည်း နှင်နှင် ဖြစ် သွားသော် ဘာမျှ မ ဆန်း ။ မည်သူမျှ မတားမြစ် စကောင်း စေကာမူ သာဓု သင်တန်း မှ အချို့ အချို့သော အတွဲ တို့ သည် မေတ္တာ နှင့် သစ္စာ ကို မူတည်သော အချစ် မဟုတ် တော့ဘဲ အပျော်ပွဲ လို နွှဲ လာကြ ချေတော့သည် ။
“ ဟယ်လို ... သာဓု ရုပ်ရှင် ခြံက လား ”
“ ဟုတ်ပါတယ် ၊ ခုပြောနေတာ သာဓု ပါ ၊ ဘာကိစ္စပါလိမ့် ”
“ ဪ ... ဆရာ ၊ ကျွန်မ သမီးလေး ကစ်တီမြ ဆိုတာ ဒီနေ့ သင်တန်း လာ ပါ သလား ”
သာဓု ကမန်းကတန်း စာရင်း လှန် ကြည့်ရသည် ။
“ ဟုတ်ကဲ့ ၊ ဒီနေ့ မလာဘူး ”
“ ဟော ... မနေ့ က ကော ရှင် ”
သာဓု စာအုပ် ပြန် လှန်ကြည့်ရ ပြန်သည် ။
“ အဲ ... မနေ့က ၁၂ နာရီ လာတယ် ။ ၃ နာရီ ပြန် သွားတယ် ”
“ အဲတော့ ... ”
ထိုမျှသာ ရေရွတ်ပြီး ဖုန်း ချသွား သည် ။ “ ကျေးဇူးပါပဲရှင် ... ” ဟူ၍ ပင် ပြောဖော် မရ ။ သို့သော် သာဓု ကျေနပ်ရမည် ။
လေသံ ရော အကြောင်းခြင်းရာ အရ ဖုန်း ဆက် သူ မှာ သမီး အတွက် လော ၊ တူမ အတွက် လော ( လော ) တစ်ခုခု တွင် သောက တက် နေ ဖွယ်ရာ ရှိသည် ။
ထင် ထားသည့် အတိုင်းပင် နောက် တစ်နေ့ ကစ်တီမြ နှင့် သူ့ မိခင်ကြီး တို့ ရောက် လာ ကြသည် ။ အကြောင်းစုံ မေးသည် ။ ကောင်မလေး က အလိမ် ပေါ် သွားသည် ။
ထို ကောင်မလေး သည် ပထမ သုံး လေးကြိမ် က သင်တန်း မှန်မှန် တက် ပြီး နောက်ပိုင်း တွင် လာလိုက် မလာ လိုက်ဖြင့် ကြားရက်များ ဖောက် ကာ ရောက်တတ်ရာရာ သွား နေတတ် ကြောင်း .. ။
သင်တန်း ထဲ မှာ ပင် ကောင်လေး တစ်ယောက် နှင့် တတွဲတွဲ နွှဲ နေတော့ကြောင်း အလိမ်များ ပေါ် လာချေ တော့၏ ။
သူ တစ်ယောက်တည်း ကား မဟုတ် ။ တစ်လ လောက် အတွင်း သင်တန်းကောင်လေး နှင့် သင်တန်း ကောင်မလေး တို့ လေး - ငါး တွဲ ချိတ် မိ သွား ကြသည် ။
အပျို လူပျို ၊ ဖိုမတို့ သဘာဝ တွေ့မြင် ချစ်ကြိုက်ကြသည် မှာ အကြောင်း မဟုတ် သော်လည်း နောက်ထပ် အတော်များများ ပြဿနာ ရှုပ် လာကြ သည် ။ မိသားဖသား ပီပီ ၊ အတည် လိုလို ၊ ရိုးသားစွာ လိုလို ဖြင့် အပျော် ဖြစ် ကုန်ကြသည် ။ ရွှင်သူ က ဆက်၍ ရွှင် နေ ကြပြီး ငိုသူ က ငို ၍ တိုင်ကြ တောကြ ဖြစ် လာသည် ။
သူတို့ ချင်း ကျေနပ်၍ ဖြစ် ချင်တိုင်း ဖြစ် ခဲ့ပြီး မှ သာဓု ကို လာ တိုင်၍ ဘာ တတ်နိုင်မှာ နည်း ။ သာဓု သည် သား နှင့် ချွေးမ ရန် ဖြစ်သည် ကို ပင် ဝင် ပြောလို သူ မဟုတ် ။ မည်သူ မှန် ၍ မည်သူ မှား မှား လင်မယား ကြား တွင် ကာဆီး ကာဆီး သာဓု မလုပ် တတ် ။ မလုပ် ချင် ။
အိမ်း ... ရုပ်ရှင်သင်တန်း လာ တက်သည် ။ ပညာ မရ မီ ၊ ဗိုက် ရသွား သည့် ပြဿနာ ကို သာဓု မရှင်းနိုင် ။ မူလ သင်တန်း ဖွင့် ကတည်း က မိဘ အုပ်ထိန်းသူ ထောက်ခံချက် ၊ ခွင့်ပြုချက် တောင်းရုံ မက လူ ကို ပါ ခေါ်၍ အဖော် နှင့် လွှတ် ရန် တိုက်တွန်းသည် ။ အဖော် ပါသည် လည်း ရှိ သည် ။ မပါသူတွေ လည်း ရှိသည် တို့ အနက် ပါလာသော အဖော် က ပါ အလိုတူ အလိုပါ ( ဝါ ) အင်္ကျီ တစ်စ ဝယ် ပေးလိုက်က နှုတ် လုံသွားသည် များ လည်း တွေ့ရသည် ။
အထူးသဖြင့် ...
“ သာဓု ရုပ်ရှင်သင်တန်း ” ဟူသော အမည် ကို ခုတုံး လုပ်၍ ဖိုမ ကိစ္စများ သောင်းကျန်း လာ သောကြောင့် တစ်ကြောင်း ... ။
အချစ်ဝေစု လု ကြရင်း ဓားဆွဲ တုတ်ကိုင် ဖြင့် ထိန်းမနိုင် သိမ်းမနိုင် ဖြစ်လာ သောကြောင့် တစ်ကြောင်း .. ။
အခြားသော ထိတ်လန့်စရာ အကောင်းဆုံးသော အကြောင်း တစ်ကြောင်း သည် ကား ဆိုလျှင် ...
တစ်နေ့သော် သာဓု ကား ပျက် နေ သည့် ရက် နံနက် ၉ နာရီ လောက် တွင် ( ထိုနေ့ က တနင်္ဂနွေနေ့ ဖြစ်၍ သင်တန်း မရှိ ) သာဓု ခြံဝ သို့ ထွက်၍ သုံးဘီးကား စောင့် နေစဉ် လေးဘီး ကား အသစ်ကလေး တစ်စီး နံပါတ် အမည်း သာဓု အနီး ရပ် လာပြီး ...
“ မြို့ ထဲ လား ဦးလေး ”
“ အေး ၊ ပန်းဆိုးတန်း ကားပစ္စည်း ဆိုင် ဘယ်လောက် ပေးရမလဲ ”
“ လေးကျပ် ပေးပါ ”
သာဓု တက် စီးခဲ့သည် ။ ထိုစဉ်က သင်္ဃန်းကျွန်း သာဓုခြံ နှင့် မြို့ထဲ ၃ - ၄ ကျပ် သာ ပေးရသည် ။ ယခု ၁၀ - ၁၂ ကျပ် ။
“ ဦးလေး က ဒီ သာဓုခြံ မှာ နေ သလား ”
“ ဆိုပါတော့ ”
“ ဘာ အလုပ် လုပ်သလဲ ”
“ ကားမောင်းတယ် ၊ ခု ကား ပျက်လို့ ပစ္စည်း သွား ဝယ်မှာ ”
“ ဪ ... ဪ အဲဒီ ခြံ မှာ ရုပ်ရှင် သင်တန်း ရှိတယ်နော် ”
“ ဟုတ်တယ် ၊ ဦးလေး က တော့ သိပ် စိတ် မဝင်စားပါဘူး ကွာ ၊ ကား မောင်းရ ပြင်ရ နဲ့ အားလဲ မအားပါ ဘူး ”
သူ - သာဓု ကို မသိ ။ စကား မရှိ စကား ရှာ လာမည် စိုး ၍ သာဓု က တုံးတိတိ ပြော လိုက်သည့် တိုင်အောင် ...
“ ကျွန်တော် တောင် ကောင်မလေး နှစ်ယောက် နှစ်ခါ လာ ပို့ဖူးတယ် ”
“ အေးပေါ့ကွာ ၊ မင်း က အငှား လိုက် နေတော့ လူစုံ ပို့ ဖူးမှာ ပေါ့ ”
“ ဒါပေမဲ့ ဒီလိုဗျ ၊ ဒီ ကား ထောင် ထားတဲ့ ပိုင်ရှင် က ခေတ်ပညာတတ် ပဲ ၊ ကား လေးစီး ရှိ တယ် ၊ စိန်ဂျွန်းဈေး မှာ လဲ ပစ္စည်းစုံ ရောင်းတဲ့ ဆိုင် ရှိတယ် ၊ ပိုက်ဆံ ပေါ သလောက် မြာ မှု ကလဲ သိပ် ပွေတယ် ဦးလေး ရ ”
“ အင်း ... မင်း တစ်နေ့ တစ်နေ့ မောင်း တာ ဘယ်လောက် ရသလဲ ၊ မင်း အတွက်လေ .. ”
“ ၃၀ ကျပ် နဲ့ ၆၀ ကျပ် ကြား မှာ ရှိပါတယ် ၊ ဒါနဲ့ ပြောရဦးမယ် ”
သာဓု စကား အတင်း ဖြတ်သည် ။ သူ က မပြတ် ။
“ ခုန ပြောတဲ့ ကျွန်တော့် ကားရှင် ပေါ့ ၊ အိမ် တစ်အိမ် က နေပြီး ကောင်မလေး တစ်ယောက် ကို သွား ပို့ လိုက်စမ်း တဲ့ ... ။ အဲဒီ ဦးလေး ကား မောင်းနေတဲ့ သာဓု ခြံ ကို ပေါ့ ”
သာဓု ခေါင်း ထဲ ဒေါင်းခနဲ မြည် သွားသည် အထိ ကျဉ် လာသည် ။
“ အဲဒီ ကောင်မလေးက အဲဒီ လူ နဲ့ ဘာ တော်သလဲ ”
“ ဪ .. ဦးလေး ကလဲ နား ဝေး လိုက်တာ ဒီ လူ က မြာ မှု ပွေပါတယ် ဆိုမှ ပဲ ၊ နောက် ဆယ်ရက် လောက် ကြာတော့ တစ်ခါ ပို့ပေးရသေးတယ် ”
“ သူ့ ကို ပဲလား ”
“ နောက်တစ်ယောက် အဲဒီ ခြံ ပဲ ပို့ ပေးရသေးတယ် ”
ထိုနေ့ တစ်နေ့လုံး သာဓု အလုပ် လုပ် ၍ မရတော့ချေ ။ နောက် တစ်နေ့ ချိန်းထားသော သင်တန်း ကို “ နေမကောင်း ” ဟု အကြောင်း ပြ ပြီး ပြန် လွှတ် လိုက်သည် ။ တစ်ဆက်တည်း ပင် ( နောက် တစ်ကြိမ် အတွက် စာ ရေး ခေါ် မှ လာ ကြရန် ) တိုက်ဝ တွင် စာ ကပ် ထား လိုက်သည် ။
ထို့ နောက်ပိုင်း စစ်စစ်ပေါက်ပေါက် ထောက်လှမ်းရေး လုပ်သော အခါ ...
အရွယ်လတ် ။ အသက်ကြီးကြီး ၊ အမျိုးသမီး ၊ အမျိုးသား ( ဖိုမ ) ပွဲစားတို့ လည်း သင်တန်း ထဲ ပါ နေသည် ဟု သိ ရသောအခါ ...
မြတ်စွာဘုရား ...
ထိုနေ့ ထိုအချိန် မှ စ၍ ယင်း သင်တန်း ကို စိတ် - တ - ညစ် - ညစ် - နှင့် - ပိတ် - ပစ် -လိုက် - ရ - လေ - တော့ - သတည်း ... ။
သာဓု ... သာဓု ... သာဓု
( ၄ - ၁ - ၈၅ )
◾သာဓု
📖 ချယ်ရီ မဂ္ဂဇင်း
ဖေဖေါ်ဝါရီ ၊ ၁၉၈၅
📖 အနုဝင်္ကပါ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment