Friday, December 6, 2024

ရန်ဖြစ်နေသော ခြေလှမ်းများ

 ရန်ဖြစ်နေသော ခြေလှမ်းများ

         ( မီမိုး )


ဒေါ်ရီရီ နောက်ဆုံး ဆုတောင်း တစ်ခု အာရုံပြု ဆုတောင်း ပြီးချိန် မှာ တော့ လက်အုပ် ချီလျက်သား မြတ်စွာဘုရား သခင် အား မော့ကြည့်မိ၏ ။ ပြုံးတော်မူ နေသော ရုပ်ပွားတော် ကို ဖူးမြော်လိုက်ရချိန် မိမိ ၏ အတ္တများ အတွက် ရှက်မိသလို လို ၊ မဆုံးနိုင်သော ဆုတောင်းများ ၊ မိမိ အတွက်တောင် တစ်ခုမှ မပါနိုင်ဘဲ ဒင်းအတွက် ချည်းသာ ဆုတောင်းတို့သည် ထပ်လျက် ၊ ဟိုနေ့ ကလည်း ဘုန်းဘုန်း ကတောင် ပြုံးပြုံးကြီး လုပ်၍ “ ဒကာမကြီး သေချာရဲ့လား ” တဲ့ ၊ “ သေချာပါတယ်ဘုရား သေချာပါတယ် ” ဟု တွင်တွင် ပြန် လျှောက်ခဲ့မိပေမယ့် ဘုန်းဘုန်း မျက်နှာကို ရဲရဲ မကြည့်ရဲခဲ့ပါ ၊ ရင်ထဲ က မျှော်လင့်ချက်တွေ က တော့ဖြင့် ရာနှုန်းပြည့် နီးပါးပင် ။


“ ဒေါက်ဒေါက် ”


“ ဗုဒ္ဓေါ ၊ မြတ်စွာ ”


ပါးစပ် က ရောင်ရမ်းတရင်း တံခါးပေါက် ရှိရာသို့ လှမ်း လာသော ခြေလှမ်းတို့ ယိုင်ချင် နေပြီ ၊ ရင်တွေ တလှပ်လှပ် တုန်လျက်နဲ့ပင် ချောင်းကြည့် ပေါက်မှ တစ်ဆင့် ကြည့် လိုက်မိတော့ မျက်စိတွေ ပြာကာ မိုက်ခနဲ ၊ သပိတ်ကို ကြည့်ကာ ငုံ့နေသော ဦးပြည်းစိမ်း က ထောင်မတ် လာချိန်မှာတော့ မြင်ကွင်းက အရှင်းသား ဖြစ်သွား၍ ရင်ထဲမှာ အလုံးကြီးသည် လည်း ဂလု ဟု မြည်တော့ မတတ် အပူလုံး ကျသွားခဲ့ကာ ခပ်မြန်မြန် တံခါး ဖွင့်ပေးလျက် နေရာ ပေးမိ၏ ။


ဪ ... ဆွမ်းခံ ကြွသော ကိုယ်တော် ကို တောင်မှ မမှတ်မိ နိုင်အောင် စိတ်မျက်စိမှာ ဒင်းရုပ်သွင် က စွဲထင် နေပါပေါ့လား ။


၂ ။


အိမ် ထဲရှိ ပက်လက်ကု,လားထိုင် တွင် ထိုင်၍ ပုတီးစိပ် နေရသည်မှာ အညောင်း မိလှသည်မို့ ဝရန်တာ ထွက် လမ်းလျှောက် စိပ် လိုက်ခြင်းမှာ မဟာ အကုသိုလ် ဝင်ခြင်းပင် ။ အာရုံတွေ ထွေထွေပြားပြား နှင့် အိမ်ဘက် ကို စောင်းငန်းငန်း ကြည့် နေသော မည်းမည်းပိန်ပိန်ကောင်ထံမှာသာ မျက်လုံးတွေ က မခွာနိုင် ၊ နမောတေ ဂါထာတော် ကို စိပ်နေသော ပုတီးလုံးများ သည် အခုန်ခုန် ကျော်ကျော် လွဲမှားလို့ရယ် ။


အစော ကတည်းက မြင် နေသည် ။ ပထမ လက်ဖျောက် တီးလို့ နောက် တော့ ပါးစပ်က တကျွတ်ကျွတ် အသံပေး ခေါ်လို့ ၊ နောက်တစ်ကြိမ် အလျှောက် မှာတော့ ဝီးဟို ၊ ဝီးဟို နဲ့ လေချွန်သံ ပေးတော့ သေချာပေါက် သိလိုက်ပြီ ။ ဖိုးချို ၊ ဖိုးချို ဟူသော အမည် ကို လေချွန်သံ ပေးခေါ်သည့် အကုသိုလ်တုံး သိကြ ပေရော့ ကြံလျက် ဒေါ်ရီရီ ပုတီး လွတ်ကာ လက်အစုံ က ခါးပေါ် ထောက်ပြီးသား ဖြစ်သွား၏ ။ အိမ်ရှေ့ တည့်တည့် ရောက်နေပြီ ဖြစ်သော ငမည်းကြုတ် ကို “ ဘာလဲ ” ဟူသော အမေး သဘောဖြင့် အသံတိတ် မေးဆတ် ပြလိုက်တော့ ၊ သူခိုး လူမိ သွားသလို မျက်နှာနှ င့် “ ဖိုးချို ရှိလား ” ဟု မရဲတရဲ လှမ်း မေးတော့သည် ။ ထောင်းခနဲ ထသွားသော ဒေါသစိတ် နှင့် အတူ ပက်ပက်စက်စက် ပြောလိုက်မည် ကြံရွယ် လိုက်ချိန်မတော့ ဘေးခန်း မှ အရိပ်တစ်ရိပ် ကို မျက်လုံး ထောင့်က မြင်ဖြစ်အောင် မြင်လိုက်မိ၏ ၊ ဣန္ဒြေ ပြန်ဆည်ကာ မျက်နှာ ခပ်တင်းတင်းဖြင့် ခေါင်းခါ ပြလိုက် အပြီး အိမ်ထဲ ပြန်လှည့် ဝင်ခဲ့မိသည် ။ ငမည်းကြုတ် ကတော့ ဘယ်လို ပုံစံ နှင့် ကျန်ခဲ့မည် မသိ ။


သွားပြီ ။ တစ်နေ့လုံး ယူခဲ့သော ဥပုသ် ၊ ထိန်းခဲ့သော သီလ တို့မှာ တထိတ်ထိတ် ခုန် နေသော သွေးလည်ပတ်နှုန်း နဲ့ အညီ တရိပ်ရိပ် ပျက်စီးတော့ တာပင် ။ “ ဘာဖြစ်လို့လဲ အမေ ” ဟု မေးနေသော သားကြီး ကို “ ယမမင်းတွေ ဟိုကောင်ကို လာခေါ်နေလို့ သားရေ ” ဟု ပြော၍ မျက်စိ မှိတ်ရန် ပြင်နေချိန် “ ငါ့သား ရေ ... ဒါလေး ဖေ့ကို လုပ်ပေးစမ်းပါကွာ ” ဟု စာရွက်လေး ကိုကိုင်ကာ အခန်း ထဲ မှ ထွက်လာသော သူ့ကို မြင်တော့ မျက်လုံး က အလိုလို ပြန်ပွင့်သွား၏ ။ ပန်းနုရောင်ရှပ်အစင်း နှင့် မြူးကြွသွက်လက် နေသော သူ့ ရုပ်သွင်က ဘာ ပရိဒေဝ သောက မှ မရှိ ။ ဪ ... တစ်ဝမ်း ထဲမှ ဆင်းသက်လာသော သွေးချင်း အတူတူ ငါ့သား ၊ မင်းသား ဟု ခွဲခြမ်းကာ မျက်နှာ လွှဲနေနိုင်ပြီ မို့ စိတ်ပျို ကာ ကိုယ်နု နေ သည်ပေါ့ ။ အပြစ် မရှိပါ ။ သူ လည်းပဲ မျက်ဝန်း ထဲမှ မျက်ရည်တွေ ကုန်ခန်းတော့ မတတ် ၊ ရင်ကွဲလု မတတ် ဆုံးမခဲ့ အသနားခံခဲ့ နည်းမျိုးစုံ သုံးပြီးမှ လက်ကုန် လက်လျှော့ သွားသော ဖခင် တစ်ယောက်ပဲ ။ ဖခင် တစ်ယောက်ရဲ့ တာဝန်ဟာ အတိုင်းအတာ တစ်ခု အထိပဲ ရှိနိုင်ပြီး မိခင် တစ်ယောက် ရဲ့ တာဝန် ဟာတော့ သူ့ ရဲ့သွေးတစ်စက် ကမ္ဘာမြေပြင် ကနေ ပျောက်ကွယ် မသွားမချင်း အဆုံးမဲ့ မေတ္တာ တွေနဲ့ မဆုံးသော သောကမြစ် ကို လက်ပစ်ကူးလို့ လူးကာလှိမ့်ကာ ရှိကြရမှာပေါ့ ။ ဒီသွေးက ချိုသည် ၊ ဟိုသွေးက ခါးသည် ဟု ရွေးချယ်ပိုင်ခွင့် ၊ ရွေးချယ်ကြရိုး ဘယ် မိခင်မှ ပြုလုပ်ကြမှာ မဟုတ်ပေ ။


ဒေါ်ရီရီ သက်ပြင်းချလျက် ပုတီး ကို ပြန်ကိုင်မိသည် ။ “ နမောတေ ” ဂါထာတော် ၊ အကျဉ်းအကျပ် မှ လွတ်သတဲ့လေ ၊ နှုတ်ဖျား မှ စတင်ရွတ်ကာ ပုတီးတစ်လုံး ချ၏ ၊ တစ်ပတ်...


နှစ်ပတ် ... 


သုံးပတ် ...


........


........


နှစ်ဆယ့်ငါးပတ် ... နှစ်ဆယ့်ငါးနှစ် တိုင်အောင် မိုက်လုံးကြီးနေသေး သော ခါးသည့်သွေး အတွက် ...


၃ ။


“ ဦးပဉ္စင်းရယ် ဘယ်လို လုပ်လာတာလဲ ”


“ ဒကာမကြီး ကလည်း ... ကျောင်း မှာ ဒီအသီးကြီးတွေ မြင်နေရတော့ ဒကာမကြီး ကြိုက်တာ သတိရပြီး လာ ပို့တာလေ ၊ ဘုန်းဘုန်း လည်း ခွင့်ပန် ပြီးပါပြီ ” 


“ ကြိုက်တယ်မလား ဒကာမကြီး ၊ စားနော် ၊ အိမ်နီးချင်းတွေလည်း ဝေပေါ့ ”


“ တင်ပါ ”


“ ဪ ... ဒါနဲ့ ဆိုက်ကားခ သွားပေးချည်ဦး ၊ ဦးပဉ္စင်း ဆိုက်ကား နဲ့ ကြွလာတာ ”


ပိုက်ဆံအိတ် ကို ခပ်သွက်သွက် ဆွဲယူ အပြီး ဆိုက်ကားခ သွားချေရ သေး၏ ၊ ပြန်လာတော့ မွှေးပွလက်ကိုင်ပဝါ နဲ့ မျက်နှာမှ ချွေးများကို သုတ်နေသော

ဦးပဉ္စင်း ကို မြင်ရကာ ရင်မှာ နင့်ခနဲ ၊ ချစ်ပါသည် ဟု ဆိုသော ခင်ပွန်း ၊ လိမ္မာပါ သည် ဆိုသော သားကြီး ဒီလို လုပ်ရပ်မျိုး ဘယ်နှစ်ခါ လုပ်ပြဖူးလဲ ဟုသာ သူတို့ကို ပြေး မေးကာ ကြွားလိုက်ချင်သေးတော့ ။


အောက်မှာ ခပ်ကျုံ့ကျုံ့လေး ထိုင်လျက် ကြည့်လို့ မဝနိုင် ။ အဲ .. ကြည်ညိုလို့ မဝနိုင် ။ မျက်ခုံးမည်းမည်းကြီးတွေ က ဉာဏ်အတွေးအခေါ် ထက် မြက်မှု ကို ပြမည့် ပုံရိပ် ။ မဖြစ်လို့သာ မဖြစ်ခဲ့တာ သူ ငယ်စဉ်က ဆိုရင် “ တို့ဗိုလ်က ဓားဆွဲလို့ ရှေ့က တိုက်ပါမယ် ” ဆိုတဲ့ သီချင်းကို ဆိုမှ အိပ်တော့တာ ၊ တွေးခဲ့တာ ပေါ့ ၊ မျှော်လင့်ခဲ့တာပေါ့လေ ၊ သူ့ အတိတ် နမိတ် ကို သူ ဆောင်တဲ့ ကလေးပဲလို့ ဒေါ်ရီရီ ကြုံးဝါးခဲ့ဖူးတာပေါ့ ။ ဒါပေမယ့် ကြီးလာတော့လည်း အင်း ... ကြည့်ပါဦး ။ မျက်လုံးတောက်တောက် ဝိုင်းဝိုင်းကြီးနဲ့ အသားအရေတွေ ကလည်း စိုပြည်လို့ပါလား ။ ဘုရားသားတော် အဖြစ် နဲ့သာ တစ်သက်လုံး ခံယူလိုက်ပါတော့ မေ့သားရယ် ။ ဒေါ်ရီရီ ဝဲတက် လာသော မျက်ရည်စများ ကို အသာ သိမ်းကာ 


“ ဦးပဉ္စင်း ၊ ဆွမ်း စားခဲ့ပြီးပြီလား ”


“ ပြီးပါပြီ မေ ၊ အဲ ... ဒကာမကြီး စားစေချင်လို့ လာပို့တာ ။ ဒါနဲ့ ဦးဉ္ဇင်း လှူဖို့ ပေးလိုက်ပါဦး ”


ရုတ်တရက် ဖြစ်ပေါ်လာသော စိုးရိမ်စိတ် ကို ကြည်နူးစိတ် ကြည်ညို စိတ်တို့က ဖုံးလွှမ်းကာ နှစ်ရာတန် တစ်ရွက် ကို ခပ်သွက်သွက် ပင် ထုတ်မိ၏ ။ 


“ ဦးဉ္ဇင်း ၊ လမ်းမကြီး က ပြန်ကြွနော် ၊ တပည့်တော် အိမ်ပေါ် ကနေ ကြည့်နေမယ် ၊ ဒီဘက် ဖြတ်လမ်း က ပြန်ရင် မကောင်းတဲ့ သူတွေ နဲ့ တွေ့နေမှာ စိုးလို့ ”


“ ဪ ... ဒကာမကြီး ကလည်း ဦးဉ္ဇင်း အတွက် ဘာမှ မပူပါနဲ့ ။ ဦးဉ္ဇင်း လိမ္မာ နေပါပြီ ။ တစ်သက်လုံး ဝတ်နိုင်အောင် တောင် ဦးဉ္ဇင်း က ကြိုးစားနေတာ ။ သိပ် အေးချမ်းတယ် ဒကာမကြီး ရဲ့ ”


ဒေါ်ရီရီ ဝမ်းသာလွန်းလို့ စကားတောင် မပြန်နိုင် ။ ခေါင်း တညိတ်ညိတ် သာ လုပ်ပြရင်း ဦးဉ္ဇင်း ပြန်ကြွရာ လမ်းတစ်လျှောက် ငေးမျှော် ကြည့်မိ၏ ။ ကြည့်နိုင်သရွေ့ အမြင်အာရုံ အတွင်းမှာ အဝါရောင်အစက်ကလေး ကွယ်ပျောက် သွားချိန်မှာ အိမ်ထဲ လှည့် ဝင်လိုက်တော့ ဧည့်ခန်း မှာ ပိန္နဲသီးကြီး နှစ်လုံး က ဆီးကြို လျက်သား ။ မှည့်တောင် နေပြီ ။ အိမ်နီးချင်း အရင် ဝေရလျှင် ကောင်း မည်လား ။ ဪ .... ငါ့နှယ် ဘုရား အရင် ကပ်မှပေါ့ ။ ဘုရား ကပ်ပြီးရင်တော့ စိတ်အေး ချမ်းသာစွာ နဲ့ ဘုရားရှိခိုး ပစ်လိုက်ဦးမယ် ။ ဘုရားရှိခိုး ပြီးရင်တော့ ... ပြီးရင်တော့ ထုံးစံအတိုင်း သားပဉ္ဇင်း အတွက် ဆုတောင်းရဦးမှာပေါ့ လေ ။


၄ ။


“ ဟဲ့ ... ညည်း ဆီလာတာ ဘယ်နေ့ကလဲ ” ဟု ဒေါ်ရီရီ ရင်ဘတ် ဖိကာ မေးမိ၏ ၊ သနားစဖွယ် မျက်နှာလေး ဖြင့် “ မနေ့ကပါ အမေ ” ဟု ပြန် ဖြေသံ အကြား ဒေါ်ရီရီ တကယ်ပင် မိုက်ခနဲ ဖြစ် သွားတော့သည် ။ “ သူ က ပြောတယ် ။ အမေ က ပြန်လာနေဖို့ ခေါ်တယ်လို့ ပြောလို့ သမီး အမေ့ဆီ လာတာပါ ” တဲ့ ။ “ ဟေ့အေး ငါ မပြောမိပေါင်အေ ။ ညည်းသာ ညည်းလင် စကား ကို သေအောင်ယုံ ” ဟု ဘယ်လို မျက်နှာထားမျိုး နှင့် ပြောထွက်ရက်ပါ့မလဲ ။ နေပူ ထဲမှ လာသူ ကိုလည်း ဆီးမကန် ရက်ပါ ၊ သူ က ယောက်ျားဝဋ် ခံနေရသူ ၊ ကိုယ်တိုင်က သားဝဋ် ခံနေရသူ ဟုသာ ဒေါ်ရီရီ ကြေကြေကွဲကွဲ တွေးမိတော့၏ ။


ဒေါ်ရီရီ မှာ သမီး မရှိပေမယ့် ရှိခဲ့ရင် ဟူသော အတွေးဖြင့် ကိုယ်ချင်း စာပါသည် ။ ဘာမှ မစဉ်းစား မဆင်ခြင်ဘဲ မိန်းကလေး ကလည်း ဒီလို လူမျိုးကို ယူခဲ့၏ ။ ပြီးတော့ ယောက်ျား ပီပီ လုပ်မကျွေးဘဲ အိမ်ပေါ် ခေါ်တင်လာကာ နောက်ဆုံး ဒင်း ဆိုးလွန်း၍ မိန်းကလေး ကို မိဘ အိမ် ပြန်နေပါတော့ဟု ဒေါ်ရီရီ မျက်စိမှိတ်ကာ ပြန် လွှတ်ခဲ့ရတာပင် ။ အခု တစ်ဖက်လှည့် ဖြင့် ဒေါ်ရီရီ က ပဲ အခေါ် လွှတ်သယောင်နှင့် လှည့်ဖြားခဲ့ပြန်ပြီ ။


ထားပါတော့ ၊ ဒီထက် အရေးကြီး တာက မိန်းကလေး ဆီ မနေ့က ရောက်လာတာ ဆိုတော့ အိမ် ကို ပိန္နဲသီး လာပေးတာက လွန်ခဲ့တဲ့ သုံးရက် က ။ ဘုရား ... ဘုရား ... ဘယ်အချိန်ကများ လူထွက် သွားလဲ ။ ဒါနဲ့များ တစ်သက်တာ ဝတ်ဦးမယ်တဲ့ ။ ဘုန်းဘုန်း ကို ဒေါ်ရီရီ ဘယ်လို မျက်နှာ ပြရပါ့မလဲ ။ ဒေါ်ရီရီ စိတ်တွေ ထုံပေပေ ဖြစ် နေလျက် ငူငူကြီး ထိုင် နေမိတော့၏ ။ စိတ်ထဲ မှာ နွေးခနဲ ဖြစ်သွားသလို ခံစားမှုကြောင့် ပါးပြင် ကို စမ်းကြည့်မိတော့မှ မိမိ ငိုနေမှန်း သိလိုက်ရတော့သည် ။


“ မကောင်းဘူး ဒကာမကြီး ရေ ၊ စိတ် နိုင်မှ သင်္ကန်း ဝတ်ခိုင်း ။ နို့မို့ဆို သူ ငရဲဖြစ်မယ် ။ ဘုန်းဘုန်း အကြံ ပေးချင်တာ ကတော့ တစ်ခု ကို စိတ်ပြတ် မှ တစ်ခု ကို လုပ်ခိုင်း ။ ဒါ အကောင်းဆုံးပဲ ။ ဒါကြောင့်လည်း ဘုန်းဘုန်း လူဝတ် လဲ ပေးလိုက်တာ ”


“ တင်ပါဘုရား ” ဟုသာ တွင်တွင် ဆိုလျက် ဒေါ်ရီရီ ခေါင်းပင် မဖော်ရဲ တော့ပါ ။ ဘုန်းဘုန်း စကား အဆုံးမှာ “ ပြန်ခွင့်ပြုပါဦး ဘုရား ” ဟု ခပ်သွက်သွက်

လျှောက်လျက် အမြန်ဆုံး ထွက်ခဲ့မိတော့၏ ။


ကျောင်းဝင်း အပြင်တွင် နေသည် ချစ်ချစ်တောက် ပူလျက် ။ ကိစ္စ မရှိပါ ။ လေ ကြောင့် မျက်နှာ ပူရသည် ထက် စာရင် နေကြောင့် တစ်ကိုယ်လုံး ပူလောင်ရ သည်က အနေရ သက်သာလိမ့်မည် ဟု ဒေါ်ရီရီ ထင်မိတော့သည် ။


၆ ။


မိနစ်နှစ်ဆယ် အကြာမှာ ဘိန်းဘုရင် အက် ( စ် ) ကိုဘာရဲ့ မိခင် က အခင်း ဖြစ်ပွားရာ ကို ရောက်လာပြီး အက် ( စ် ) ကိုဘာ ၏ ရုပ်အလောင်း ကို ကြည့်လျက် “ အင်းဘုရားရဲ့ ကျေးဇူးတော်ပါပဲ ။ အခုမှပဲ သားလေး အနား ရရှာတော့တယ် ” လို့ ပြောတယ် ။


ဒေါ်ရီရီ ဖတ်လက်စ မဂ္ဂဇင်း ကို ပစ်ချလိုက် အပြီး နာရီ ကို မော့ ကြည့် မိ၏ ။ လေးရက် ရှိပြီ ၊ ပြန် လာသင့်ပြီပေါ့ ။ ဒေါ်ရီရီ ပေးလိုက်သည့် ငွေနှစ်ရာ ရယ် သူ့ မိန်းမ ထံမှ ယူ သွားသော ငွေလေးတွေ ရယ် ဘယ်လောက် ခံမှာမို့လဲ ။ အင်း ... ညဆယ်နာရီ ထိုးနေပြီပဲ ။ ညအမှောင် က ရင် ကို ပို ပူစေတော့၏ ။


ဒေါ်ရီရီ ဘုရားစင် ရှေ့ ထိုင် မိသည် ။ မေတ္တသုတ် ရွတ်ဆိုလျှက် မေတ္တာ ပို့ကာ စိတ်ဖြင့် ခေါ်ယူ နေမိသည် ။ ဓာရဏ ပရိတ် ရွတ် ကာ အန္တရာယ် ကင်းအောင် ဆုတောင်း၏ ။ နာရီသံ က ဆယ့်တစ်နာရီ ရှိပြီ ဖြစ်ကြောင်း ပြောနေပြီ ။ စိတ်လျှော့ ကာ ခြေလှမ်းများ ကို အိပ်ခန်း ဆီသို့ လှမ်းလုဆဲမှာပဲ 


“ ဒေါက်ဒေါက် ”


ဟော .. တံခါးခေါက်သံ ၊ ဒေါ်ရီရီ ခြေလှမ်း တစ်လှမ်းက နောက်ကို ဆုတ်၏ ၊ တစ်လှမ်း က ရှေ့သို့ တိုး၏ ။ ရွေ့လျားမှုတို့ ချက်ချင်း ဖြစ်ပေါ် မလာခဲ့ပါ ။


မီမိုး

ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

အမှတ် ၆၀

အောက်တိုဘာလ ၊ ၁၉၉၄

No comments:

Post a Comment