❝ သူ့အရပ် နဲ့ သူ့ဇာတ် ❞
( မီမိုး )
အရီ အခန်းထဲကို ဝင်လာချိန် အဘွားညွန့်က ဧည့်ခန်းမှာ ထိုင်ကာ ငါးဘဲများကို ကျကျနန ကိုင်နေလေသည် ။ အဝင်အထွက်တံခါးက စေ့ထားသည်မို့ အသာလေး တွန်းဖွင့်ဝင်လာပြီး အရီ သာ ဧည့်ခန်းထဲ ရောက်လာသည် ။ အဘွားညွန့် ကတော့ သူ့အိမ်ထဲ ဧည့်သည် တစ်ယောက်ရောက်လာသည်ကို နည်းနည်းမှ အသိအမှတ် မပြုပေ ။ အန္တရာယ်များလိုက်သည့်ဖြစ်ခြင်း ၊ တကယ်ဆို သက်ကြီးရွယ်အို အဘွားကြီး တစ်ဦးတည်း အိမ်မှာ ရှိနေချိန် ဒီလို တံခါးစေ့ထားခြင်းဟာ အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းပေပေါ့ ။ တစ်လောကလေးတင် တစ်ရပ်ကွက်ခြားမှာ လူသ,တ်မှု ဖြစ်သွားခဲ့သေးတာရော ၊ အရီတို့ ဒီမှာ နေလာသည်မှာ နှစ်လေးဆယ် ရှိပြီ ။ လူသ,တ်မှုဆိုတာ တစ်ခါလေးမှ မကြားဖူးခဲ့ ။ အခုတော့ ပစ္စည်းလိုချင်လို့ကို မြေးအဘွားနှစ်ယောက်လုံးကို ရက်ရက်စက်စက် သ,တ်သွားခြင်းတဲ့လေ ။ တရားခံ ကလည်း သိပ်မကြာခင်မှာပဲ မိခဲ့တာပင် ။ တရားခံကို သူ ဘယ်လို အမှုကျူးလွန်ခဲ့သည်ဆိုတာ အမှုဖြစ်သည့် နေရာမှာ ပြန်သရုပ်ပြခိုင်းလေတော့ အရီတို့ ရပ်ကွက်က ရပ်ကွက်လုံးကျွတ်နီးပါး သွားကြည့်ခဲ့ကြသေးသည် ။ စိတ်ထဲထင်သည်က တရားခံလည်း လုပ်တုန်း ကသာ လုပ်ခဲ့တာ ခုချိန်ဆို သွေးပျက်နေလောက်ပြီ ထင်ထားသော်ငြား လားလား မျက်နှာကြောမာမာနှင့် သူ့လုပ်ရပ်သူ နောင်တ မရသည့်ပုံ ။ အရီ ကတော့ ကြည့်လိုက်မြင်လိုက်မိတာနှင့်ပင် ကြက်သီးဖြန်းဖြန်း ထကာ တစ်ချိုးတည်း ပြန်ပြေးခဲ့သည်မို့ အစအဆုံးပင် မမြင်ခဲ့တော့ ။ မျက်စိထဲမှာလည်း ဒီတရားခံရုပ်ကိုသာ ဖျောက်မရ ၊ ဖျက်မရ ကြောက်မိနေသည်က နှစ်ရက် သုံးလောက် အထိ ။ ကိုယ့်စိတ်ထဲမှာ စားသတိ ၊ သွားသတိတွေ ဖြစ်လိုက်တာမှ ကိုယ့်အခန်း အဝင်အထွက် တံခါးကို သေချာ ပိတ်ပြီးပေမယ့်လည်း စိတ်မချနိုင်ဘဲ ထထ ကြည့်ရတာ အကြိမ်ကြိမ် ၊ ဆွေမျိုးတွေ တံခါး လာခေါက်တာတောင် ချောင်းကြည့်ပေါက်က မြင်နေလျက်နှင့် ဘယ်သူလဲ မေးပြီး ရုပ်နှင့် အသံပါတွဲစစ် လိုက်သေးတာ ။ အကြောက်ကြီးမိပုံများ ပြောပါရဲ့ ။ ကြောက်တတ်တော့လည်း အန္တရာယ် ကင်းသည်ပေါ့ ။ အခုတော့ အဘွားညွန့် လုပ်ပုံက ကြောက်ပဲ မကြောက်တတ်တာလား ။ ကြောက်ဖို့ပဲ မေ့နေတာလား မသိပါ ။ တံခါးကို ဒုတ်ဒုတ်ချ ဖွင့်ပြီး လူတစ်ယောက်လုံး သူ့ အနား ရောက်တာတောင် မသိတာမို့ အေးရောပေါ့ ။
“ အဘွား ၊ ငါးဘဲရိုး စူးဦးမယ် ။ ကျွန်မ လုပ်ပေးရမလား ”
“ အမယ်လေး ၊ အရီ ညည်းလေးကလည်း အသံမပေး ဘာမပေး ”
“ အဘွားက ဘာလို့ တံခါးကြီး ဖွင့်ထားသေးလဲ ။ ပိတ်ထားမှပေါ့ ။ ပေး ကျွန်မ ဆက်ကိုင်လိုက်မယ် ။ အဘွား လက်သွားဆေးလိုက်တော့ ”
“ နေ နေ ပြီးတော့မှာ ၊ မောင်ပု စားချင်တယ်ဆိုလို့ လုပ်နေတာလေ ”
ဒီ ဦးပုကလည်း တော်တော်ခက်သည်ပဲ ။ အသက်ရှစ်ဆယ်ကျော် အမေကို ငါးဘဲစားချင်တယ်များ ပြောရက်ပါ့ ။ တကယ်ဆို အာသီသရှိတယ်ထား ဦး ၊ တော်ရာ ဝယ်စားရင် ဝယ်စား ၊ မစားလည်း ကိုယ့် ဘာသာ စီစဉ်သင့်သည်ပေါ့ ။ သားယောက်ျားလေးတွေများ အသက် ဘယ်လောက်ကြီးကြီး မိဘအပေါ် သိတတ်တယ် ဆိုတာကို မရှိပေ ။ ဒါကြောင့်လည်း အန်တီနှစ် နှင့် ဦးပု မောင်နှမ မတည့်ခြင်းနေမှာ ။
“ ငါးဘဲအိုးကပ်လေး ချက်ပြီး ငါးပိရည်အတို့ အမြှုပ်လေးနဲ့ဆို မောင်ပုက ခေါင်းမဖော်တော့ဘူး ၊ သိပ်ကြိုက်တာ ”
ပြောလည်းပြော လက်ကလည်း ဆိုးဆတ် နှင့် ခေါင်းဖြုတ်လိုက် ၊ ချေးထုတ်လိုက် လုပ်နေတာများ အဘွားညွန့်တို့ အသက်နှင့်တောင် မလိုက်ပေ ။ ဘယ်သူကများ သူ့ကို အသက်ရှစ်ဆယ် ထင်ပါ့မည်လဲ ။ မျက်နှာမှာ အခုအချိန်ထိ ပရိုမီနာ ရေးရေးခံတုန်း ။ ပွဲလမ်းသဘင် ရှိလျှင် နှုတ်ခမ်းနီပါးပါးဆိုးကာ မဆိုးသယောင် တစ်ရှူးနဲ့ ပြန်ဖျက်ပြီး နဂိုနေ နှုတ်ခမ်းသား ဖြစ်အောင် လုပ်တတ်တုန်း ။ အပေါ်အောက် လိုက်ဖက် တာလေးတွေ ဝတ်တတ်လိုက်တာမှ ဘယ်သူ့အကူ အညီမှကို မလို ။ ပိုက်ဆံလေး လက်ထဲ ပိုပိုလျှံလျှံရှိပြီဆို သူ့ သွားတုတွေ ပြန်လုပ်ဖို့ ၊ အမေရိကန်ဗွီးရှင်း သွားကာ မျက်မှန်ကိုင်း လဲဖို့ လုံးဝ မမေ့မလျော့ ၊ သူ့ တစ်ကိုယ်ရေ တင့်တယ်ဖို့များ ပြေလည်အောင် သိပ်စီစဉ်တတ်သူ ဖြစ်လေသည် ။ အခုလည်း ကြည့် ၊ အိမ်မှာ နေရင်းတောင် အပေါ်က နံ့သာရောင် အောက်က အညိုပွင့်ပါတိတ်နဲ့ အိမ်နေရင်း လှအောင်ဆင်ထား သေး၏ ။ အဘွားညွန့် ကို ကြည့်ကာ အရီ စိတ်ထဲက ချစ်စနိုး ဖြစ်လာသည်မို့ ရုတ်တရက် စလိုက်မိသည် ။
“ အဘွား ၊ အဘွား အဲလို အကုန် လိုက်လုပ်ပေးနေနော် ။ ဦးပုကြီး မိန်းမ မယူဘဲ နေလိမ့်မယ် ။ နေရာတကာ လိုက်လုပ်မပေးနဲ့လေ ”
“ ဒီအရွယ်ကြီးမှ ယူမလားအေ ။ ပေါက်ကရ ”
အဘွားညွန့်မှ ခပ်ပြုံးပြုံးလေး ပြန်ပြောရင်း မျက်နှာက ရုတ်ခြည်း ပျက်သွားကာ အရီ့ ကို တစ်စုံ တစ်ခု ပြောချင်ဟန်ဖြင့် ငေးကြည့်လာသည် ။ တွဲကျနေသော အောက်နှုတ်ခမ်းသားများဟာ စကားလုံးတွေ ထွက်အန်ကျလုမတတ် တလှုပ်လှုပ် ။ အရီမှာ အဘွား ဘာပြောလာမလဲ စောင့်စားနေမိသော်လည်း အဘွားညွန့်က စကားသံ ထွက်မလာသေးဘဲ ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြန်လေ၏ ။ ပြီး ထိန်းချုပ်လိုက်ဟန်ဖြင့် ဘာ စကားမှ မပြောလာတော့ပြန် ။ အရီ မနေသာတော့ဘဲ
“ အဘွား ဘာပြောချင်လို့လဲ ”
အဘွားညွန့် ခေါင်းထောင် ကြည့်လာကာ မပြောသာပြောသာ ခပ်လေးလေးကြီး ပြောချလာ၏ ။
“ မောင်ပုကို ဟိုကောင် ဖျက်ဆီးနေတာဟေ့ ။ စိတ်ညစ်ပါတယ် ”
“ ဖျက်ဆီးနေတယ် ။ ဟိုကောင် ဆိုတာ ဘယ်သူလဲ အဘွားရဲ့ ”
“ ဘယ်သူ ရှိမတုံး ။ စံအောင်လေ ။ စံအောင် ဆိုတဲ့ အကောင်ကို ပြောနေတာပေါ့ ။ သေချင်ပါတယ်အေ ”
အဘွားညွန့်၏ လေသံမှာ ကြားသာရုံ တိုးတိုးလေးပေမယ့် အရီ ကတော့ အနီးကပ် ထိုင်နေသည်မို့ သေချာစွာ ကြားလိုက်ရပါသည် ။ သို့သော် ကိုယ့် နားကိုယ် မယုံ၍ နားကြားများ မှားလေသလား ဖြစ်မိသွား၏ ။ စဉ်းစားကြည့် ၊ အရီ ဆိုတာက ဒီအိမ်နဲ့ အမြဲ အဝင်အထွက် ရှိနေသည့်သူ ။ ဆွေမျိုး မဟုတ်သော်ငြား ဆွေမျိုးအရင်းတွေ ထက်ပင် ပိုခင်မင်နေခဲ့သူလေ ။ မရောက်ဘူးဆို တစ်လကို အနည်းဆုံး သုံးလေး ခေါက်လောက်တော့ ရောက်ဖြစ်ခဲ့မြဲချည်းသာ ။ အဲ တစ်ခုတော့ ရှိသည် ။ ပြီးခဲ့သည့် လကတော့ အရီ ကိုယ်တိုင် ရာသီဥတု အပြောင်းအလဲမှာ ခြေညောင်းလက်သေတွေ ဖြစ်ကာ အဘွားဆီ မရောက်ဖြစ်ခဲ့ ။ သို့သော်ငြား အဘွားရဲ့သမီးကြီး အန်တီနှစ် နှင့်တော့ ဖုန်း အဆက်အသွယ် မပြတ်ခဲ့ပါ ။ သတင်းဦး သတင်းထူး ဆိုလျှင် အရီ ရသင့်သည်ပေါ့ ။ အဘွားပြောသော စံအောင် ဆိုတာ အန်တီ့ နှုတ်ဖျားက ယောင်လို့မှ မပြောခဲ့ချေ ။ တစ်ခုခုတော့ လွဲနေပြီ ထင်ပါရဲ့ ။ အရီတို့ နှစ်ဦးနှစ်ဖက်မှာ ခင်လာခဲ့တာ သက်တမ်းက ကြာပြီ ။ တကယ်ဆို ဟိုးအရင် ကာလများဆီက အရီတို့ ၊ အဘွား ၊ အန်တီနှစ် ၊ ဦးပုတို့ ဆိုတာ အခန်းချင်းကပ် နေလာခဲ့ကြတာ ။ နောက်တော့ သူတို့ မိသားစုတွေမှာ အန်တီနှစ်တို့က တစ်ဖွဲ့ ၊ လူပျိုကြီးဦးပုနဲ့ အဘွားက တစ်ဖက် သတ်သတ်စီ အိမ်ခွဲသွားကြပြီး ပြောင်းရွှေ့ သွားကြလို့သာ နည်းနည်း ဝေးသွားခဲ့ကြတာ ဖြစ်သည် ။ ဘယ်လောက်ဝေးဝေး ဒီရပ်ကွက်ထဲမှာပဲ ဆိုတော့ အခင်မင် မပျက် အသွားအလာ မပျက်ခဲ့ကြ ။ အထူးသဖြင့် လူငယ်ဖြစ်တဲ့ အရီ ကပင် အန်တီတို့ ဆီ သွားလိုက် ၊ အဘွားတို့ ဆီ သွားလိုက် လုပ်ဖြစ်မြဲပါ ။ ကိုယ့်စိတ်ထဲမလည်း သူတို့ မိသားစုတွေ နှစ်ဖွဲ့ကွဲသွားတာကို လည်စရာအိမ် တိုးတယ်လို့တောင် သတ်မှတ်ဖြစ်သေးရဲ့ ။ ဒီလိုမျိုး ခင်မင်မှုကြားမှာ မသိဘူးဆို လိုက်သောကိစ္စ ရှိကို မရှိခဲ့ဘူး ။ ဒီစံအောင် ကိစ္စကျမှ အရီ မသိဘူး ဖြစ်သွားရသည်ကို စိတ်ထဲ နည်းနည်းတော့ နေမထိ ထိုင်မသာ ဖြစ်သွားသလို ခံစားလိုက်ရသည် ။
“ အဘွား နေပါဦး ၊ အရီကို ပြောစမ်းပါဦး ။ စံအောင် ဆိုတာက ဘယ်သူလဲ ၊ အရီလည်း မသိရပါလား ”
“ စံအောင်လေအေ ။ အခု အိမ်မှာ ရှိနေတဲ့ ကောင်ပေါ့ ။ လူမိုက် လူမိုက် ”
အဘွားက သိသိသာသာ တိုးချလိုက်တဲ့ အသံနဲ့ အခိုင်အမာ ပြောလာပါသည် ။ အရီ့ မှာ အံ့သြပြီးရင်း အံ့သြရင်း ။ အဘွား ပြောပုံအရ ဆိုရင် စံအောင် ဆိုသည့် လူဟာ ယခုတောင် ရှိနေသည့်ပုံမို့ မျက်လုံးကို ကျီးကန်းတောင်းမှောက် ကြည့်လိုက်မိသည် ။ အရီ ပဲ မျက်စိချော်လေသလား ။ မြင်သမျှတော့ သာမန် အရင် မြင်နေကျ အဘွားနှင့် ဦးပု၏ အသုံးအဆောင်များသာ တွေ့ နေရသည်ပင် ။ အတပ်တော့ မပြောနိုင်ပါ ။ အဘွားတို့ အခန်းက အိပ်ခန်းနှစ်ခန်းပါ အခန်းမို့ ဟိုးအနောက်ခန်းမှာ ဧည့်သည်က ရှိချင် ရှိနေနိုင်သည်ပဲ ။ အရီလည်း အဘွားလေသံ လိုက်နင်းကာ ခပ်တိုးတိုး ပြန်မေးဖြစ်တော့၏ ။
“ အခု ဧည့်သည်ရှိနေလား ”
အဘွားက နှုတ်ခမ်းတစ်ချက် မဲ့ကာ ခေါင်းခါပြပြီး အခန်းထောင့်ကို မေးငေါ့ပြလျက် “ ဟိုမယ်လေ သူ့အိတ် ၊ အိတ်ထဲ မလည်း အိမ်က ပစ္စည်းတွေ ဘယ်လောက် တိုလျှိုထားလဲ မသိဘူး ။ သူ့အလစ်မှ စစ်ရဦးမယ် ” ဟု ဆိုလာသည် ။ အရီ ပါးစပ် အဟောင်းသား ဖြစ်သွားကာ အဘွား ပြရာ ကြည့်လိုက်ချိန် တကယ်ပဲ ဖောင်းကားနေသော ကျောပိုးအိတ် တစ်ခုက နံရံမှာ ကပ်လျက်သားလေး ။ အရီ့ စိုးရိမ်စိတ်များ ငယ်ထိပ်ထိ တက်ဆောင့်လေသည် ။ အဘွားညွန့်တို့ အိမ်မှာ ဘာတွေများ ဖြစ်ကုန်ပြီလဲ ။ ဒီအကြောင်းများကို အန်တီနှစ် က ဘာကြောင့် မသိရတာလဲ ။ အဘွား ကရော ဒီလောက် စိတ်မချရတဲ့သူ တစ်ယောက်ကို ဘာကြောင့်များ အိမ်ပေါ် ခေါ်တင်ထားရတာလဲ ။ အဘွားညွန့်ဟာ ဦးပု အပေါ်မှာ ချစ်သော်လည်း သူ့သြဇာကတော့ အခုထိ ညောင်းတုန်းဆိုတာ အရီတို့ သိနေသည့်ဟာ ။ ဘာတွေ ဖြစ်ကုန်လို့ပါလိမ့် ။ အရီ အတွေးများ ရှုပ်ထွေးစွာနဲ့ပဲ အဘွားရဲ့ ငါးဘဲ ကိုင်နေတဲ့ လက်ကို ဆွဲရပ်ရင်း အသိချင်ဆုံး မွေးခွန်းကို မေးလိုက်မိတော့သည် ။
“ အဘွားတို့က အဲ့လောက် စိတ်မချရတဲ့သူကို ဘာလို့ အိမ်ပေါ် ခေါ်တင်ထားရတာလဲ ။ အန်တီနှစ် ရော ဒီအကြောင်း သိလား ”
“ ရှူး ”
အရီ့ကို ဖြေအံ့ဆဲ အဘွားမှာ အိမ်ပေါက်ဝမှ အသံတစ်ခုကို အကြားမှာတော့ တိတ်တိတ်နေရန် အသံပေး အမူအရာ ပြကာ ကိုင်လက်စ ငါးခွက်ကို ကမန်းကတန်း သိမ်းလျက် နောက်ဖေးကို ထွက်သွားလေတော့သည် ။ အရီ ကတော့ အရေးကောင်း ဒိန်းဒေါင်းဖျက်သူကို လှည့်ကြည့်လိုက်ချိန် အိမ်ထဲဝင်လာသူက အပြင်မှ မောကြီးပန်းကြီးဟန်နှင့် ပြန်လာသူ ဦးပု ။
“ ဟဲ့ ညည်း ဘယ်တုန်းက ရောက် ၊ ညည်း ခုတစ်လော ပျောက်နေသလားလို့ ငါနဲ့ အမေတောင် မနေ့က ပြောဖြစ်သေးတယ် ”
“ ဟုတ် ၊ အရီ ခုတစ်လော ချူချာပူနာ ဖြစ်နေလို့ ”
“ ဟားဟား ညည်းအရွယ်က ပြောနေတယ် ။ ငါတို့ ၊ အမေတို့ ပြောဖို့များ ထားပါဦးဟာ ”
ဦးပုက အရီစကားကို ရယ်ရယ်မောမော တုံ့ပြန်ကာ ထိုင်ခုံပေါ် ထိုင်ရင်း မျက်နှာပေါ် သီးထနေသော ချွေးများကို ဘယ်ပြန်ညာပြန် သုတ်နေလေ၏ ။ ဦးပု အသံကို နောက်ဖေး မီးဖိုချောင်မှ ကြားသွားပုံရသော အဘွားညွန့် ကတော့ ကပျာကယာလေး ထွက်လာကာ လက်ထဲမှာလည်း မျက်နှာသုတ်ပဝါလေး ကိုင်လို့ရယ် ။ ပါးစပ်ကလည်း သုတ်လိုက်ဦး ၊ သုတ်လိုက်ဦးနှင့် ရင်ခွင်ပိုက်သားလေး ချွေးအအေးပတ်မှာ စိုးရိမ်ကာ ပြောနေသည့် အတိုင်း ၊ အရီမှာ ရှစ်ဆယ်ကျော် အမေနှင့် ခြောက်ဆယ်ကျော် သားတို့၏ မေတ္တာတရားကို ကြည့်ကာ မျက်ရည်တောင် လည်ချင်ချင် ရယ်ပါ ။ သူများတွေများ ဒီအရွယ် ဒီအသက်ထိ ဂရုစိုက်မည့် အမေ ရှိတုန်း ။ အရီ မှာတော့ ပြေးကြည့်စရာ အမေ မရှိတော့တာ သုံးနှစ်စွန်းခဲ့ပြီ ။ အမေ ရှိတုန်းကဆို အဘွားညွန့်နှင့် အမေက အလွန်ချစ်ခင်ခဲ့သူများ ဖြစ် ကြသည် ။ အန်တီညွန့်ရယ် ၊ လွင်လွင်ရယ်နှင့် ဘော်ဒါ အရင်းကြီးတွေ ၊ အဘွားညွန့်က သူ့လို အလှကြိုက်သော အရီတို့ အမေနှင့် ပလဲနံပရှိလှတာ ဆန်းတော့ မဆန်းလှပေ ။ အဘွားညွန့်က သူ့သား ချွေးသုတ်ပြီး ပြန်ပေးသော လက်ကိုင်ပဝါလေး ကိုင်ကာ အထဲပြန် ဝင်သွားချိန်မတော့ အရီလည်း အတွေးစ ဖြတ်ကာ ဦးပု ကို သိချင်တာများ မေးဖို့ ပါးစပ်အဟမှာတင် ...
“ ဟေ့ကောင် အဆင်သင့် ဖြစ်ပြီလား ။ သွားကြမယ်လေကွာ ”
“ သွားမယ် ၊ ငါက အားလုံးရယ်ဒီပဲ ။ မင်း စောင့်နေတာ ”
“ အောင်မာ လခွီး ။ ငါကပဲ နောက်ကျတဲ့ အချိုး ။ လုပ်လုပ် ဟိုကောင်မတွေ တမျှော်မျှော် လုပ်နေမယ် ။ သွားမယ်လာ ။ သူတို့က စောင့်နေရရင် အချိုးက မပြေချင်ဘူး ”
အရီ့မှာ အာကျယ်ပါကျယ် အသံနှင့် ရောက်ရှိလာသော ချစ်ခင်နှစ်သက်ဖွယ် မရှိသည့် ဦးပုတို့ အရွယ်ရှိ ထိုယောက်ျားကြီးကို မနှစ်မြို့စွာ ကြည့်နေမိတော့သည် ။ ဘယ်သူလဲ ဆိုသော အတွေးနှင့် အကဲခတ် နေဆဲမှာပင် ထိုလူကြီးက အခန်းထောင့်ကို ဆိုးဆတ်ဖြင့် သွားကာ ကျောပိုးအိတ်ကို ယူလျက် လွယ်လိုက်ချိန် အရီ့ စိတ်တွေ ထိတ်ခနဲ ။ ကြည့်စမ်း ။ ဒါ အဘွား ပြောသော စံအောင် ဆိုသည့် လူကြီးများလား ။ ထိုလူကြီးက ကျောပိုးအိတ် လွယ်ကာ ပေါ့ပါးသွက်လက်စွာ ရှေ့က ထွက်သွားချိန် ဦးပု တစ်ယောက်ကတော့ အရီ ကိုတောင် နှုတ်မဆက်နိုင်ဘဲ အူယားဖားယား ပါသွားလေတော့သည် ။ ကျောပိုးအိတ်ကြီး ပါသွားပြီ ဆိုသော အသိနှင့်အတူ အရီ့ မှာ အဘွားကို အကျိုးအကြောင်း ပြောဖို့ ထလိုက်ချိန် အဘွားညွန့် ကလည်း သူ့အလုပ်တွေ ပြီးသွားပုံနှင့် ဧည့်ခန်းကို ပြန်ထွက်လာလေသည် ။ သူ့လက်ကို ငါးညှီနံ့တွေ နံမှာ စိုး၍ထင့် လက်ကို ပေါင်ဒါလေး တပွတ်ပွတ် လုပ်ကာ ပြန်နမ်းလို့ ကြည့်နေသေးသည် ။
“ အဘွား ၊ အဘွားသားတော့ ပါသွားပြီ ”
“ ဟုတ်လား ”
“ ကျောပိုးအိတ်လည်း ပါသွားပြီ အဘွားရေ ၊ အရီလည်း အဘွားကို အသံပြုဦးမလို့ မမီတော့ဘူး ”
“ ဩော် အေးအေး ”
“ အဘွား ဒီကိစ္စတွေ အန်တီနှစ် သိလား ။ တကယ်ဆို အန်တီနှစ် ဖြေရှင်းပေးရမှာ ”
“ ငါးဘဲကျတော့မယ် ။ တစ်ခါတည်း စားသွားပါလား ။ မောင်ပု မရှိတော့ တစ်ယောက်တည်း စားရမှာ ပျင်းစရာကြီးဟဲ့ ။ နေပါဦး ဘယ်နှစ်နာရီလဲ ။ ဟော တော့ ဆယ့်တစ်နာရီခွဲနေပြီပဲ ။ အဲဒါကြောင့် ဆာတာတာ ဖြစ်နေတာ ။ သွားပြင်လိုက်ဦးမယ် ။ ခဏလေး ခဏ ခဏ ”
အဘွားညွန့်က ပြောချင်ရာ ပြောကာ ထွက်သွားပြန်လေသည် ။ လူကြီးကို ဇွတ်အတင်း သွားမေးနေလို့လည်း မတော်ဘူးထင်ပါရဲ့ ။ စားသောက်ပြီးခါမှ အခြေအနေ ကြည့်ကာ ထပ်မေးဖို့ စိတ်ထဲ ပြင်ဆင်ထားမိသည် ။ ကိုယ် သိထားတော့ အန်တီနှစ် ကို သူ မပြော ကိုယ် ပြောလို့ရသည်ပေါ့ ။ အရီ မှာ ကိုယ့်ဆုံးဖြတ်ချက်နှင့် ကိုယ် ဟုတ်နေပြီး အဘွားကို ထမင်းကူ ပြင်ပေးရန် ထိုင်လိုက်ချိန် ‘ အမေရေ ’ ဆိုသော အသံနှင့်အတူ အပေါက်ဝမှာ ရောက်ချလာသူက အန်တီနှစ် ။ နတ် သိကြားများ မလိုက်သလား ထင်ရအောင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာသည်မို့ အရီ ဝမ်းသာလိုက်သည် ဖြစ်ခြင်း ၊ အန်တီနှစ်ကို အမေရေ ထပ်မအော် ဖြစ်အောင် တားရင်း ထိုင်ခုံများဆီ ဆွဲခေါ်ကာ အရီ့မှာ ကိုယ်သိသမျှ ၊ အံ့အားသင့်သမျှ အခြေအနေများကို တတွတ်တွတ် တိုင်တန်းနေမိတော့သည် ။ အဘွား ပါးစပ်က စံအောင် ဆိုသော နာမည် ၊ အခန်းထောင့်က ကျောပိုးအိတ် ၊ အဘွားရဲ့ စိတ်ညစ်မှု ၊ ဦးပု ကို လာခေါ်တဲ့သူ စသဖြင့် စသဖြင့် .. ။
အန်တီနှစ် ကတော့ အရီ ပြောသမျှကို တငေးတမော နားထောင်နေလေသည် ။ သို့သော် ပြောနေသူ အရီ ကသာ မျက်နှာမှာ ရသကိုးပါးပေါ်အောင် ဖော်ကျူး ဖြစ်နေသော်လည်း အန်တီနှစ် ကတော့ တစ်သမတ်တည်းသော မျက်နှာသေလေးနှင့် နားထောင်နေတာမို့ အရီ မှာ ပြောနေရင်းက အားမလိုအားမရ ဖြစ်မိကာ ...
“ အန်တီနှစ် အရီ ပြောတာ ကြားရဲ့လား ”
“ ဟေ အေး ။ ကြားပါတယ် အရီရယ် ။ အန်တီနှစ် နားထောင်နေတာပဲ ။ အန်တီနှစ်လည်း ဒီအကြောင်း တွေသိပါတယ် ”
“ ဟမ် ၊ သိတယ် ၊ ဘယ်သူ ပြောပြတာလဲ ”
“ အမေလေ ”
“ ဒါတောင် အန်တီနှစ်က တစ်ခုခု လုပ်မပေးဘူးလား ။ စံအောင် ဆိုတဲ့လူက သားအမိနှစ်ယောက် စလုံးကို သ,တ်သွားမှ ဟုတ်ပေ့ဖြစ်နေမယ် ”
“ မဟုတ်တာ အရီရယ် ”
“ အမယ်လေး ၊ အန်တီနှစ်က လျှော့တွက်နေတယ် ။ ဒီလောက် အမှုအခင်းတွေ ပေါနေတဲ့ဟာ ၊ ပေါ့လိုက်တာ အန်တီနှစ်ရယ် ”
“ ဟင်း ဟင်း ဟင်း ”
“ အန်တီနှစ် ရယ်နေနော် ။ စံအောင် ဆိုတဲ့ လူကြီးက ကြောက်စရာကြီး ။ အရီဖြင့် သူ့ပုံ မြင်ရုံနဲ့ လန့်တယ် ”
“ စံအောင် ”
“ အင်းလေ ။ ခုနလေးတင် ဦးပုနဲ့ ထွက်သွားကြပြီလေ ။ အိမ်က ပစ္စည်းတွေလည်း သူ့အိတ်ထဲ ပါသွားတယ် ။ အဘွား ပြောတာပဲ ”
“ ဟောတော့ ။ အရီ မှားနေပြီ ။ အရီ မြင်လိုက်တာ ကိုပုနဲ့ အလုပ်အတူ တွဲလုပ်တဲ့လူ ။ အန်တီနှစ်နဲ့ တောင် အောက်မှာ ဆုံလိုက်သေးတယ် ။ ရုပ်ကြမ်းပေမဲ့ စိတ်ရင်း ကောင်းပါတယ်ဟယ် ”
ဒီတစ်ခါတော့ အရီ ပါးစပ်ပိတ်ရသည့် အလှည့်ပဲ ဖြစ်တော့သည် ။ အန်တီနှစ်က အခုတစ်လောမှာ ဖောက်ပြန်လာသည့် အဘွား၏ ကျန်းမာရေး အခြေအနေများကို ပြောပြနေလေသည် ။ စားစားသောက်သောက် သွားသွားလာလာ အပိုင်းတွေမှာ ပုံမှန်ရှိပါလျက် အဘွားက သူချစ်သောသား ဦးပု ကိုကျ နှစ်ကိုယ်ခွဲ ထင်မြင်နေကြောင်း ဘယ်လို အစွဲရယ်ကြောင့် စံအောင် ဟု နာမည်ပေးထားမှန်းလည်း မသိကြောင်း ၊ ဦးပုနဲ့ တည့်လျှင် သူ့သားကို ကိုပု မှန်း သိတတ်ပြီး သူ မကြိုက်တာတွေ ဦးပု လုပ်လျှင်တော့ စံအောင် ဟု စွပ်စွဲကာ သူခိုး ၊ ဓားပြ ဖြစ်အောင်ထိ ပုဒ်မ တပ်တတ်ကြောင်း ၊ အဘွား ပါးစပ်ထဲမှာ ဦးပု မှာ ကိုပု ဖြစ်လိုက် ၊ စံအောင် ဖြစ်လိုက် နာမ်စား ကွဲနေရကြောင်းများ ပြောပြနေသည် ။ အရီမှာ အန်တီနှစ် ပြောသမျှ တအံ့တသြ နားထောင်နေရင်း ...
“ ဖြစ်ရလေ အန်တီနှစ်ရယ် ။ နေပါဦး အဘွားက အဲဒီ စံအောင် ဆိုတာကြီး ဘာလို့ နာမည် တပ်ရတာတုံး ”
“ အေး ၊ အဲဒါကို ငါတို့လည်း အံ့သြတာ အရီ ရေ ။ မှန်းကြည့်တာတော့ သူ့စိတ်ထဲ မုန်းခဲ့တဲ့ လူတစ်ယောက်ယောက် နေမှာပေါ့ ”
“ ဘာပဲဖြစ်ဖြစ် အန်တီနှစ်တို့က အဘွားလွဲ နေတာကို သေချာရှင်းပြဖို့ ကောင်းတယ် ။ အဘွား အဲဒီလို ထင်ယောင်ထင်မှားနဲ့ စိတ်ဒုက္ခ ရောက်နေတာ သနားပါတယ် ။ သူစိတ် ပင်ပန်းနေမှာပေါ့ အန်တီနှစ်ရယ် ”
အရီ့ စကားအဆုံးမှာတော့ အန်တီနှစ်က ပြုံးပြုံးလေး ငေးကြည့်ရင်း ..
“ ဘာလုပ်မလဲ အရီရယ် ၊ သူ့အလွဲလေးနဲ့သူ အသားကျနေပြီးပဲဟာ ။ လွဲစရာ မရှိရင် အမေ ပျင်းတောင်နေဦးမှာ ” တဲ့လေ ။
အရီ ဘာစကားမှ ပြန်မပြောနိုင်အောင် အန်တီနှစ်ရဲ့ ဖီလော်ဆော်ဖီမှာ နစ်မျောသွားတော့သည် ။ ထိုအချိန်မှာပင် အဘွားညွန့် က နောက်ဖေးဆောင်က ထွက်လာပြီး ...
“ ဟဲ့ ဟိုနှစ်ယောက် ဘာတွေ တွတ်ထိုးနေလဲ ။ စံအောင် မရှိတုန်း ထမင်း အေးအေးဆေးဆေး စားရအောင် လာကြလေ ” တဲ့ ။
အန်တီနှစ်က “ ဟုတ်ကဲ့အမေ ” လို့ အသံပြန်ပြုရင်း အရီ့ကို ဘယ့်နှယ့်ရှိစ ဆိုတဲ့ပုံနဲ့ လှမ်းကြည့်နေလေရဲ့ ။ ကဲ ပျင်းမှာစိုးလို့ လွဲနေတာတောင် ပြန်မပြင်တဲ့ ဒီအရပ်မှာ အရီ ကရော ဝင်ပြင်ပေးလို့ ဖြစ်မတဲ့လား ။ လက်ဆေး ထမင်းစားပြီး နေသာသလို နေရုံသာ ရှိတော့သည်ပေါ့ ။ အဘွားက အသားကျ နေပြီလို့ အန်တီနှစ် က ပြောနေတာကိုး ။
▢ မီမိုး
📖 ရွှေအမြုတေ
၂၀၁၁ ၊ ဖေဖော်ဝါရီလ

No comments:
Post a Comment