Showing posts with label မိုင်ဆွန်ခ ( သီပေါ ). Show all posts
Showing posts with label မိုင်ဆွန်ခ ( သီပေါ ). Show all posts

Wednesday, August 5, 2026

လောကကြီးမှာဗျာ


❝ လောကကြီးမှာဗျာ ❞
▢  မိုင်ဆွန်ခ ( သီပေါ )

ရွှေအုန်းပင်ဆိုင်ရှေ့ကို ခပ်ချောချော ကောင်မလေးတစ်ယောက် စီးလာတဲ့ ဆိုင်ကယ်တစ်စီး ရုတ်တရက် ထိုးရပ် လာပါတယ် ။ ကြည့်ရတာ ဆီပြတ်သွားတဲ့ပုံပါပဲ ။ ဒါကို ဆိုင်ထဲမှာ ထိုင်နေတဲ့ နေ့ခင်းကြောင်တောင် ဆိုတဲ့လူ မြင်တော့ အံ့ဩသွားပြီး နီးစပ်ရာ ခုံအောက်ကို ချက်ချင်း ဝင်ပုန်းပါတော့တယ် ။ ဆိုင်ရှင်ကိုလည်း ပြောလိုက်တယ် ။

“ အစ်ကို … အစ်ကို အဲဒီကောင်မလေး ကျွန်တော့်ကိုမေးရင် ကနေ့ မလာဘူးလို့ ပြောပေးနော် ”

ဆိုင်ရှင် ဇဝေဇဝါဖြစ်သွားတယ် ။ ဘာကြောင့်ဆို ဒူးရင်းသီးကြွက်ကိုက်ထားသလို ဥပဓိရုပ်ပိုင်ရှင် နေ့ခင်းကြောင်တောင်နဲ့ ဒီကောင်မလေး ဘယ်လိုများ ပတ်သက်နေပါလိမ့်ဆိုတဲ့ အတွေးနဲ့ပေါ့ ။ ဆိုင်ရှင်နဲ့ နေ့ခင်းကြောင်တောင်တို့က ရင်းနှီးလာတာ ကြာပြီဆိုတော့ ပြောမနာ ဆိုမနာတွေလို့ ပြောရမှာပေါ့ ။ ဒါနဲ့ ဆိုင်ရှင်က ခုံအောက်က နေ့ခင်းကြောင်တောင်ကို “ ဟေ့ကောင် ... မင်းအကြောင်း ငါသိတယ် .. ဘေးလူ အထင်ကြီးအောင် ရှောက်လုပ်ပြမနေနဲ့ ... မင်းလို တွမ်တီးဖိုးအာဝါ အချိန်ပြည့် မူးနေတဲ့ကောင်ကို ဘယ်သူမှ လာမေးမှာ မဟုတ်ပါဘူး ၊ ဒီလိုကောင်မလေးဆို ပိုဝေးသေး .. ။ ပြန်ထွက်ခဲ့ ” လို့ အော်ပြောလိုက်တယ် ။

အဲဒီတော့မှ နေ့ခင်းကြောင်တောင်ဟာ ညောင်နာနာအသံလေးနဲ့ တိုးတိုးပြန်ပြောလိုက်ပါတယ် ။

“ အစ်ကို ဘာသိလို့တုန်း … ကောင်မလေးက မေးရုံတင်မကဘူး … ကျွန်တော့်ကို မြင်ရင် ဆိုင်ထဲတောင် တန်းဝင်လာမှာ .. သူက ကျွန်တော့်ရဲ့ကြွေးရှင်ဗျ ။

◾ဘိုင်တွန်သမျှ- မိုင်ဆွန်ခ ( သီပေါ )

📖 ရယ်စရာ မဂ္ဂဇင်း
      အောက်တိုဘာ ၊ ၂၀၁၅

Tuesday, June 30, 2026

ကိုမတ်စု မရှိဘူး


❝ ကိုမတ်စု မရှိဘူး ❞
▣ မိုင်ဆွန်ခ ( သီပေါ )

ကျွန်တော် “ အမှတ်တမ်း ကြွေထည် ၊ မြေထည် ” မှာ ကျောက်ပွဲစား လုပ်တုန်းက အဖြစ်အပျက်လေးပါ ။ ( အဟီး ကျောက်ပွဲစားဆိုလို့ အထင်မကြီးလိုက်နဲ့ဦး ။ လမ်းခင်းကျောက်တွေ ရထားတွဲပေါ် တင်ရတာကို ပြောတာပါ ) ။

တစ်နေ့ ... ကျောက်တင်တော့ တွဲနဲ့ ကျောက်ပုံက ဝေးနေတယ် ။ သယ်ရတာ အဆင်မပြေဘူး ။ ဒါကြောင့် လုပ်ဖေါ်ကိုင်ဖက်ဖိုးသားကို “ ဟေ့ကောင် ကိုမတ်စု သွားခေါ်ကွာ ။ သူ လာမှ အဆင်ပြေမှာ ” ဆိုပြီး အခေါ်လွှတ်ရပါတယ် ။

တအောင့်လောက် ကြာတော့ ဖိုးသား ချွေးသံတရွဲရွဲနဲ့ ရောက်လာပါတယ် ။

“ ဦးမိုင် မိုင်းထဲမှာ စက်ကြီးမောင်းတဲ့ ကိုလှအေးနဲ့ပဲ တွေ့ခဲ့တယ် ...  ။ ကိုမတ်စု ဆိုတဲ့ လူကိုတော့ မတွေ့ခဲ့ဘူး ” ဆိုတော့ ကျွန်တော် ကိုယ့်နဖူးကိုယ် ရိုက်မိပါတော့တယ် ။

“ ဖိုးသား ဒီလောက်တောင် တုံးရသလား ။ ငါပြောတဲ့ ကိုမတ်စု ဆိုတာ လူမဟုတ်ဘူးကွ ၊ ကျောက်ကော်တဲ့ ကိုမတ်စု ( komatsu ) စက်ကို ပြောတာ သွားပြန်ခေါ် ... တောက် ... ငါနော် ”

▢  မိုင်ဆွန်ခ ၊ သီပေါ ၊
📖 ရယ်စရာ မဂ္ဂဇင်း
      စက်တင်ဘာ ၊ ၂၀၁၅