❝ လှည်းကလေး နဲ့ ရိုတီ ❞
(၁၉၉၄)
ကျွန်တော့် ရဲ့ ရွှေရောင် တောက်ပသော ကာလများ လို့ ပြောရပါမယ် ။ ဘန်ကောက်မြို့ ထဲ ကို စင်ကြယ် ဖိနပ် နဲ့ ဝင်လာစဉ် ကြုံးဝါးခဲ့တာ ကို သတိရမိသေးသည် ။ ရိုတီသမား ဘဝ နဲ့ လေးလကျော် ဖြတ်သန်းပြီးတဲ့ အချိန် မှာ ကျွန်တော် ဟာ တပည့် တစ်ယောက် တောင် မွေးထားလိုက်ပြီးပြီ ။ လွယ်လွယ်နဲ့ ရခဲ့တာတော့ မဟုတ်ပေ ။
စ ရောင်းတဲ့ နေ့ က ဆို ဂျုံ နယ်ရသည် နှင့် ဖတ်ဖတ်ကို မောသွားသည် ။ မနက် ခုနစ်နာရီ လောက်မှ ဈေး သွားသည် ။ ဟင်းချက်စရာ ဝယ်တာ ဂျုံဝယ်တာ ကြက်ဥ ဝယ်တာ ရိုတီ ပစ္စည်း ဝယ်တာတွေ လေ့လာရသည် ။ ပြန်လာတော့ ကျွန်တော် ရောင်းမည့် သံဒယ်ပြား ကို တိုက်ချွတ် ဆေးကြော ရပါတယ် ။ ပြီးတာနဲ့ ရေစို အဝတ် တစ်ခု ယူပြီး ရိုတီအရိုက် ကျင့်ရတော့သည် ။ ဘယ် ပုံကျပါ့မလဲ ။ ပြီးတော့ ဂျုံ စပ်တာ သင်ရသည် ။ ကျွန်တော့် ကို အလုံး ရှစ်ဆယ် စ ထည့် ပေးလိုက်မယ် တဲ့ ။
ရိုးရိုး က သုံးဘတ် ၊ ကြက်ဥ ထည့်ရင် ငါးဘတ် ၊ စတော်ဘယ်ရီ တို့ ၊ နာနတ် တို့ နောက်မှ တွဲပြီး ရောင်းတဲ့ ။ လက်ဝင်တယ် တဲ့ ။
ဒီအကြောင်း မပြောခင် ကျွန်တော်တို့ နေတဲ့ ရပ်ကွက် အကြောင်း ပြောပြပါမယ် ။ မူဆလင် တစ်ဝက် ဗုဒ္ဓဘာသာ တစ်ဝက် နေကြတဲ့ ဆင်းရဲသားရပ်ကွက်လေးပါ ။ စုစုပေါင်း အိမ်ခြေ နှစ်ရာ လောက် သာ ရှိမည် ။ လမ်းက လေးပေ အကျယ် ကွန်ကရစ် ခင်းထား၏ ။ အားလုံး ခြေတံရှည် အိမ်တွေ ချည်းသာ ။ အောက် မှာ ရေတွေ ရှိသည် ။ ရေပုပ်တွေ ဖြစ်နေပါပြီ ။ မိန်းလမ်း က တစ်လမ်း တည်း ရှိ၏ ။ လက်ဖရောင်း ၁၂၂ လမ်း ထဲ ဝင် လာလိုက်တာနဲ့ ဓာတ်တိုင် သုံးတိုင် လောက် မှာ ရပ်ကွက် ထဲ ချိုးဝင်လို့ ရသည့် လမ်းသွယ်လေး ရှိသည် ။ နောက်ထပ် ဆက် သွား လျှင် ဈေး တွေ့မည် ။ လမ်းသွယ် တွေ့မည် ။ စုစုပေါင်း လမ်းသွယ် လေးသွယ်ရှိသည် ။ မြေပုံ အရ ဆိုရင်တော့ ဘန်ကောက်မြို့ ၊ လက်ဖရောင်း ( LATPHRAO ) ကားလမ်းကြီး ရဲ့ ၁၂၂ လမ်းသွယ် ထဲ က ရေပုပ်အိုင်ကြီး ပေါ်မှာ တည်ရှိတဲ့ ရပ်ကွက် သေးသေးလေးပါ ။
အဲဒီ ရပ်ကွက် ထဲ မှာ အိမ်ကြီးရှင်တွေ က အခန်းလေးတွေ ကန့်ကန့်ပြီး ငှား ထားကြပါတယ် ။ အလုပ်သမား မျိုးစုံ နေကြပါတယ် ။ ကျွန်တော်တို့ လို ဈေးသည် တွေ လည်း ရှိကြပါတယ် ။ တစ်ခု ကောင်းတာက ကျွန်တော်တို့ ကို ချစ်ကြခြင်းပင် ။ ဒါကို ဘယ်အချိန် သိရသလဲ ဆိုရင် ရဲတွေ ဘာတွေ လာတဲ့ အခါ သူတို့ ကိုယ်တိုင် အိမ် တံခါးတွေ လာ ပိတ်ပြီး အပြင်က သော့ခတ်ပေးတာ တို့ ၊ ပြေးခိုင်းတာ တို့ လုပ်တတ်ပါတယ် ။ တကယ်ဆို ကျွန်တော်တို့ မှာ အခန်း ငှားပြီး နေခွင့် မရှိပါ ။ ဒါ ဘယ်သူ့ အခန်းလဲ ဘာလဲ လာမေးရင် အိမ်နီးချင်းတွေ လူ မရှိလို့ ပိတ်ထားတယ် ၊ ခရီးသွား နေတယ် ဘာညာ လုပ်ပေးသည် ။ ဒါကြောင့် လည်း သက်ဆိုး ရှည်ကြသည် ။
ရိုတီ စရောင်းတဲ့ နေ့က လမ်း ၁၂၀ ကို အရင် သွားရောင်းသည် ။ နေ့ လည် နှစ်နာရီ ထွက်ခဲ့ပါတယ် ။ နေ က လည်း ပူလိုက်တာ အခိုးတောင် ထွက်သည် ။ ကျွန်တော်တို့ ရပ်ကွက်လေး ရဲ့ လမ်းသွယ် ထဲက ဖောက်ထွက် လာ လျှင် လမ်း ၁၂၀ ထဲ လည်း ရောက်တာကိုး ။ လူနေအိမ်ခြေ တော့ အတော် နည်း၏ ။ နည်းသည့် အပြင် တိတ်ဆိတ် ခြောက်သွေ့ နေ၏ ။ ကျွန်တော့် လှည်း မှာ ဟွန်းလေး ပါတာမို့ လူရိပ်လူယောင် မြင်ရင် ဟွန်းသံ ပေးရသည် ။ ဝယ် စားကြပါသည် ။ ကျွန်တော် လည်း မရိုက်တတ်ခင် ဆိုတော့ ဂျုံလုံး ကို လက် နဲ့ ပြားအောင် လုပ် ၊ ဆီပူပူ ထဲ ထည့် ကြော် ၊ ထောပတ် ထည့်ပြီးလျှင် သကြား နဲ့ နို့ဆီ ထည့်ပေး ၊ စက္ကူလေး ကို လိပ်လိုက်ရင် မုန့် ဖြစ်သွားရော ။ စားတဲ့ လူ က စက္ကူ ကို လိုသလောက် ခွာ စားပါတယ် ။ မုန့် ကုန်ရင် စက္ကူ လည်း ကုန်ပြီးသား ဖြစ်သွားသည် ။
လမ်း ၁၂၀ မှာ ညနေ ခြောက်နာရီ လောက် အထိ ရောင်းပြီးလျှင် လက်ဖရောင်းလမ်းမကြီး အတိုင်း လမ်း ပြောင်းပြန် တွန်းသွားလိုက် ၊ ပလက်ဖောင်း ပေါ် တင် တွန်းလိုက်ဖြင့် ဆွိုင်မဟာထိုင်လမ်း ထဲ မရောက်ခင် တစ်လမ်း အထိ တွန်းရပါတယ် ။
အလုပ်သမားတန်းလျား တွေ ၊ အလုပ်ရုံ တွေ ၊ ရုံးခန်း တွေ ၊ အဆင့်မြင့် လူနေတိုက်ခန်း တွေ များများ ရှိသည့် ဆွိုင်မဟာထိုင် တစ်ဝိုက် ရောက် တော့ ရောင်းလို့ ပိုကောင်းလာပါသည် ။ ဝယ်စားသူ တော်တော်များများ က ကျွန်တော့် ကို ထိုင်းလား ကု,လားလား လို့ မေးကြသည် ။ ဒါကို ဖြေရတာ အလုပ် တစ်ခု ။
ရောင်းလို့ တကယ် ကောင်းပြီ ဆိုရင် မီး က အားပျော့ သွားပါလေရော ။ အထာ မသိတော့ ဝယ်သူ ကျချိန်မှာ မီး ကို အားကောင်းကောင်း မလုပ် ထားမိပေ ။ နောက်တော့ စက္ကူ နှစ်ရွက်လောက် ယူပြီး ဆီ စိမ်သည် ။ ပြီး လျှင် မီးဖို ထဲ ထိုးထည့် လိုက်တော့မှ ဟန်ကျ သွားပါတယ် ။
နောက်ရက်တွေကျတော့ မုန့်ကို ကြို ရိုက် ထားလိုက်၏ ။ ပလတ်စတစ်အိတ် ထဲ ထည့်ပြီး သူ့ အပူ နဲ့ သူ နူး နေအောင် ထားလိုက်သည် ။ သုံးလေးခု ဝယ်သူ လာရင် အဲဒီ ထဲ က နှစ်ခု လောက် ထုတ် ၊ အသစ် နှစ်ခု လောက် ရိုက် လိုက်သည် ။ ဆီပူ နေတော့ အရသာ မကွဲပါ ။ ဂျုံ ကလည်း ကောင်းပြီးသား ကိုး ။ စပြီး ဂျုံနယ်စဉ် မှာ ဘာတွေ ထည့်ထားသလဲ ဆိုတော့ ဆား ၊ ရေ ၊ သကြား ၊ ပြီးရင် ထောပတ် နဲ့ နှပ်ပြီး လုံးထား သဖြ င့် အရသာ က ရှိပြီးသား ပင် ။ ဆီသန့်သန့် နဲ့ ကြော်ပြီး သကြား နဲ့ နို့ဆီ ရောလိုက်မှ တော့ မကောင်းဘဲ ဘယ် နေပါတော့မလဲ ။ ဝယ်စားတဲ့ လူ မဆိုထားနဲ့ ကျွန်တော် လည်း ဆာရင် ဒါပဲ စားသည် ။ တစ်ခါတလေ ‘ ကွေ့ တယို ’ ဆိုင် ရောက်လျှင် အရည် ဝယ်ပြီး ရိုတီ အလွတ်နဲ့ စား လိုက်ရင် အီ သွား၏ ။ အိမ် မှာ ပဲကုလားဟင်း ချက်သည့် နေ့ ဆို လှည်း လေးစီး က ပိုတဲ့ မုန့်တော့ ကုန်သွားတတ်သည် ။ အိမ်နီးနားချင်းတွေ ကလည်း အီစွတ်တို့ ပဲကုလားဟင်း ချက်သည့် နေ့ဆို လာကြပြီ ။ ကြိုက်လို့ ဟင်း လာ တောင်း တာပါ ။ အနံ့ ကိုက မွှေး နေတော့ ဘယ်သူမဆို စားချင်ကြသည် ။ အီစွတ် ကလည်း ဟင်း အချက်တော့ စူပါစတား ပင် ။ အမဲနှပ် တို့ ဘာ တို့ ချက် ရင် လည်း မချီးမွမ်းဘဲ မနေနိုင်ပါ ။
ထမင်း ကိုတော့ မနက် တစ်နပ် မှ သာ စုပြီး စားဖြစ်ကြပါတယ် ။ ညနေပိုင်း မှာ တော့ ကိုယ့် အစီအစဉ်နဲ့ ကိုယ် စားလာကြတာ မို့ ဈေးရောင်း မထွက်သည့် သူ ရှိမှ ဟင်းချက် ဖြစ်သည် ။ များသောအားဖြင့် တနင်္ဂနွေ နေ့မျိုး မှာ နားကြသည် ။ ထို နေ့မျိုး ဆိုရင် သန့်စင် တို့ ဆီ ကျွန်တော် သွားပြီ ။ ၈၅ လမ်းနှင့် ၁၂၂ လမ်း ကို ဖြတ် ဖောက်ထားသည့် လမ်း တစ်ခု ရှိသည် ။ ဆိုင်ကယ် စီး သွားလျှင် ဆယ့်ငါးဘတ် သာ ပေးရ၏ ။ သန့်စင် က ကျွန်တော် ရိုတီ ရောင်းတာ ကို အံ့ဩတုန်းပင် ။ သူ လည်း အိမ် လာ လည် ပါတယ် ။ ကျွန်တော် နဲ့ တွဲ မလုပ်ရမှ သူ လည်း ဘတ် နှစ်သောင်းလောက် စုမိ နေပြီ ။ ဖိနွန် က ပြောလို့ သိတာပါ ။
“ နင် သန့်စင် ကို မဖျက်ဆီး နဲ့တော့ ဒီကောင် လိမ္မာ နေပြီ ”
“ အစ်ကို က လည်း ဘာဆိုင်လို့ လဲ ”
“ ဆိုင်တာပေါ့ နင် ရှိနေရင် နှစ်ယောက်စလုံး ပိုက်ဆံ မစုမိဘူး ။ အခု ဒီကောင် ဘတ်နှစ်သောင်း လောက် ငါ့ မှာ စုထားပြီးပြီ ။ နင် ချေးဦးမလား ဟင် သန့်စင် ။ ပြောလိုက်လေ ”
“ သူ က အိမ်နဲ့ ရာနဲ့ ဖြစ်နေပြီ အစ်ကို ရ ။ အစ်ကို ဘာသိလို့ လဲ ”
“ တကယ်လား ဘဏ်ဓားပြတိုက်လိုက်လို့ လား ”
“ ရိုတီ ရိုတီ ”
ကျွန်တော် က လက်မ ထောင်ရင်း ပြောတော့ ဖိနွန် မယုံ ။ သူ့ ဆီမှာ လုပ်တုန်းက ဈေးဝယ် ခိုင်းရင်တောင် ရဲ ကြောက် နေသည့် ကျွန်တော့် ကို ဘ ယ်ယုံမှာလဲ ။ ဖိနွန် ရဲ့ မိန်းမ ကလည်း တအံ့တဩ ဝင်မေးပါတယ် ။
“ ထွေး တကယ်လား ”
“ ဟုတ်ပါတယ် ခင်ဗျ ”
“ အေ ငါ မယုံဘူးဟေ့ ”
“ မယုံလည်း သဘောပဲ ။ ရော့ ဒီမှာ ဖုန်းနံပါတ် ။ ကျွန်တော့် အိမ်ရှင် ကို မေးကြည့် ”
“ ထားပါ ထားပါ ယုံပါပြီ ။ ငါ က နင် မိန်းမ ရနေပြီ ထင်လို့ ”
လုပ်ရင်းကိုင်ရင်း နဲ့ ရိုတီပါး ဝလာတော့ ကျွန်တော် နယ်ချဲ့ ချင်လာပြီ ။ အီစွတ် ကို မေးဖြစ်သည် ။
“ အဘိုင်ကြီး ဆီ မှာ လှည်း နဲ့ လမ်း ပိုနေတယ်ဆို ”
“ ရှိတယ် လှည်း ကတော့ ဟောင်းနေပြီ ။ ဘာလုပ် မလို့ လဲ ”
“ ကျွန်တော် လူငှား ထားချင်လို့ ”
“ ဟာ တကယ်လား ”
ကျွန်တော် ပြောတာ ကို သူ မယုံချင် ။ အခုမှ သုံးလကျော် လောက် အတွေ့အကြုံ ရှိသေးသည့် လူ က တပည့် မွေးမယ် ဆိုတော့ အံ့ဩ နေသည် ။
“ ဝယ်တာတော့ ရပါတယ် ။ ဘယ်သူ့ ရောင်းခိုင်းမှာ လဲ ။ တော်ကြာ တို့ အကြောင်းတွေ အကုန် ဖော်ရင် မလွယ်ဘူး ”
“ မဖော်ပါဘူး ကျွန်တော် နဲ့ ခင်တယ် ။ အရင်က ပန်းရန် လုပ်နေတာ အခု အလုပ် မရှိဘူး ”
“ သန့်စင် လား ”
“ ပေါက်ကရဗျာ ဒီကောင်လား လုပ်မှာ ။ မွတ်စ် ထဲကပါ ။ မော်လမြိုင် ကပဲ ”
“ ခေါ်လာကြည့်လေ စကား ပြောကြည့်တာပေါ့ ”
သူ ပြောတာ မှန်ပါတယ် ။ ကိုယ့် လူ မဟုတ်ရင် ရဲ နဲ့ တွေ့တဲ့ အခါ အကုန်လုံး ဖော်ကောင် လုပ် သွားနိုင်တာ ကိုး ။ ကျွန်တော် ခေါ်လာတော့ သူ လက်ခံပါတယ် ။ နာမည် က ' အလီ ' လို့ ခေါ်သည် ။ မြဝတီနယ်စပ် မှာ တော်တော် ကြာကြာ နေဖူးတယ်လို့ ပြောပါတယ် ။
သူ က ကျွန်တော့်ကို သုံးလ ရောင်းပေးမည် ။ နေစားရိတ် ၊ စားစရိတ် အပြင် ရိုတီတစ်ရာလုံး ထက် ပို ရောင်းရလျှင် သူ့ ကို အပို ထဲက တစ်ဝက် ပေးရပါမည် ။ ပတ်စပို့ဒ် ကို လည်း သူ့ ဓာတ်ပုံ နဲ့ လုပ်ပေးပြီး မိတ္တူ ပဲ ပေး ထားမည် ။ ဖြစ်လာရင် ရဲစခန်း ကို လာ ရွေး ပေးမည် ။ နေတာ စားတာ အားလုံး ကျွန်တော်တို့ နဲ့ အတူ နေရပါမည် ။ သူ ကလည်း သဘော တူပါသည် ။
လှည်း နဲ့ လမ်း ကို အဘိုင်ကြီး ဆိုတဲ့ ဝါရင့် ရိုတီသမားကြီး ထံ က တစ်ဝက်ချေ စနစ် နဲ့ ကျွန်တော် ဝယ်လိုက်ပါတယ် ။ တစ်နေ့ ကို မုန့်အလုံး တစ်ရာကျော် ရောင်းရတဲ့ နေရာ ဆိုတာ ကျွန်တော် သိပြီးသားပါ ။ စက်ရုံ တွေ များသည် ။ စနေ ၊ တနင်္ဂနွေ မှာ သာ ညမိုးချုပ်တဲ့ အထိ ရောင်းရပါတယ် ။ တနင်္ဂနွေ က တော့ သူ ရောင်းတာ သူရပါတယ် ။ သူ ကလည်း မရောင်းဘူး ။ သုံးလပြည့် မှ အေးအေးဆေးဆေး ရောင်းမယ်လို့ ပြောပါ တယ် ။
ကျွန်တော့် လက် ထဲမှာ ငွေသား မရှိပေမယ့် ကျွန်တော် ရဲ့ ပိုင်ဆိုင်မှု က ဘတ်တစ်သောင်းကျော် ရင်းနှီးမြှုပ်နှံမှုရယ် နေ့စဉ် လေးရာကျော် အမြတ်ငွေ ရယ် ခန့်မှန်းနိုင်နေပါပြီ ။ အဖေ တို့ ကိုလည်း ဆက်သွယ် လိုက်ပါပြီ ၊ ကျွန်တော် ရဲ့ အောင်ပွဲတွေ ကို သိစေချင်ပြီလေ ။ ကျွန်တော့် ဆီ ကို အဖေ တို့ စာ ပြန်ထည့်လာပါတယ် ။ အဘိုင်ကြီး လိပ်စာ နဲ့ တစ်ဆင့် ဆက်သွယ် တာပါ ။ အဲဒီတုန်းမှာ အဘိုင်ကြီး က သွင်းကုန်ထုတ်ကုန် ကုမ္ပဏီ တစ်ခု စပြီးတည် ထောင်တော့မယ် လို့ ကြေညာပါတယ် ။ အီစွတ် က ဘတ်နှစ်သောင်း ရှယ်ယာ ထည့်တယ် ။ ကျွန်တော့် ကို တော့ အကြွေး ရှိနေတဲ့ လူမို့ မခေါ်သေးဘူး ။ ကျွန်တော် တော်တော် မကျေနပ်လို့ အဘိုင်ကြီးကုမ္ပဏီ ကို သွား ပြောပါတော့တယ် ။
“ အဘိုင်ကြီး လုပ်တာ မမိုက်ဘူးဗျာ ”
“ ငါ က မင်း ကို တမင် မခေါ်တာ မဟုတ်ပါဘူးကွာ ။ မင်း လုပ်ချင်မှန်း မသိဘူးလေ ”
“ ဟာ ဘယ်သူမှ မလုပ်ချင်ရမှာလဲ ။ ရန်ကုန် မှာ ကျွန်တော့် အစ်ကို တွေ ရှိတယ်ဗျ ။ အဘိုင်ကြီး ဝယ်မယ့် ပစ္စည်းတွေ ပို့လို့ ရတယ် ”
“ နေဦး ငါ အခု ကြက်သွန် အရင် သွင်းမယ် ။ ပြီးရင် မင်းတို့ ပါရမှာပါ ”
ရှိပါစေတော့ ။ သူ့ မိန်းမ က ထိုင်းလူမျိုး ဆိုတော့ ကုမ္ပဏီ ဖွင့်ရတာ လွယ်တာပေါ့ ။ သွင်းကုန်ထုတ်ကုန်လေး ပြပြီး အပွိုင့်မင့် ရောင်းစားမယ် ဆို တာ ကျွန်တော် သိပါတယ် ။ ရန်ကုန် မှာ အပွိုင့်မင့်ဈေး ကောင်းနေတာ ကိုး ။ အဖေ့ စာ ထဲမှာ အစ်ကို့ အတွက် အပွိုင့်မင့် ပို့နိုင် မလား ဆိုတာ မေးလာသည် ။ နေနှင့် ဦးပေါ့လေ ။ ဖြစ်အောင် တော့ ကြံရပါမည် ။
အမှန်အတိုင်း ပြောရလျှင် အောက်လမ်းသမား ဘဝ ကို ကျွန်တော် ကျွတ်ချင် နေပြီ ။
အောက်လမ်းသမား ဆိုတာ ကျွန်တော်တို့ လို တရားမဝင် ခိုးဝင်လာ ကြတဲ့ လက်လုပ်လက်စားတွေ ကို ပြောတာပါ ။ သင်္ဘောသား တို့ ၊ ရှိုးဂျော့ တို့ က အထက်လမ်းသမား တွေ ဖြစ်သည် ။ ဘန်ကောက် မှာ အခုတလော ‘ မလေးရှား ' သွားတဲ့ ကိစ္စကို တော်တော် ပြောနေကြပါသည် ။ ရန်ကုန် မှာ ပတ်စ်ပို့ဒ် လုပ်ပြီး မှ သွားလို့ ရတာတဲ့ ။ နှစ်ယောက်သုံးယောက် တော့ လက်တွေ့ မြင်ဖူး၏ ။ ကိုယ့် လူတွေ က နက်ကတိုင်တွေ ဘာတွေ ဝတ်လို့ ။ မသိရင် ကုမ္ပဏီဝန်ထမ်း လိုလို ဘာလိုလို နဲ့ ။ နက်ကတိုင် ကို တော့ ဘင်္ဂလားဒေ့ရှ် ပတ်စ်ပို့ဒ် လုပ်ဖို့ ဓာတ်ပုံဆိုင် မှာ တစ်ခါ ဝတ်ဖူးသည် ။ ဓာတ်ပုံ ထွက်လာတော့ ကြည့်မဝ ။ အိမ် ကို တောင် ပို့လိုက်သည် ။ မိဘတွေ က ပြပြပြီး ကြွားမှာ သေချာပါသည် ။ တကယ်တော့ ရိုတီသမား ဟာ ဘယ်နား မှာ နက်ကတိုင် သွား ဝတ်ရမှာလဲ ။ နေ့လည်နေ့ခင်း ဆို နေ က ပူ ၊ မီးသွေးမီးဖို က ပူ နဲ့ ၊ ချွေး ကို ရေချိုး နေသလား ထင်အောင် ကျပါသည် ။ နက်ကတိုင် မပြောနဲ့ အင်္ကျီလက်ရှည် တောင် ကြယ်သီးစေ့ မတပ်နိုင် ၊ ပူတာကိုး ။
ကျွန်တော် လည်း စဉ်းစားပြီ ။ သန့်စင် လည်း စဉ်းစားပြီ ။
“ ငါတို့ မလေးရှား ကို ခိုးဝင်မလား ”
“ လွယ်ပါ့မလားဗျ ”
“ လမ်းတော့ ရှိတယ် ပြောတာပဲ ။ ‘ ဟပ်ယိုင် ’ က သွားရတာတဲ့ ”
“ ဘယ်လောက် ကုန်လဲ ”
“ အစိမ်း လေးရွက် လို့ ပြောတယ် ။ အလုပ်တော့ မပါဘူး ”
“ သေချာရင်တော့ ချရတာပေါ့ ”
ဟုတ်တယ် ။ အဘိုင်ကြီးတို့ ကို တော့ တစ်ကွက်တော့ ကျောပြ ချင်သည် ။ မနေ့က ရုံးခန်း မှာ သူ့ ကို တွေ့ လိုက်ရတော့ ကိုယ့် ကိုယ် ကိုယ် မြေကြီး ထဲ ဝင်သွားမတတ် သိမ်ငယ် သွားပါတယ် ။ သူ က အဲယားကွန်းခန်း ထဲ မှာ ဆုံလည်ကုလားထိုင် နဲ့ စားပွဲပေါ် မှာ လည်း မန်နေဂျာ ဆိုတဲ့ စားလုံးကြီး ချထားသည် ။ သူ့ ရှေ့ ညာဘက် မှာ ထိုင်းမချောချောလေး လက်နှိပ်စက် ရိုက်နေ၏ ။ ဘယ်ဘက် က လူ က သူ ခေါ်ခိုင်းသည့် ဖုန်း ကို ခေါ်ပေးနေသည် ။
နောက်လ ဆိုရင် ‘ အီစွတ် ’ မြန်မာပြည် မှာ ပတ်စ်ပို့ဒ် ပြန် လုပ်တော့မည် ။ ဆွိုင်မဟာထိုင် မှာ ကိုယ် တစ်ယောက်တည်း ဖြစ်ရတော့မည် ။ မခံချင်စရာ အတိပင် ။ ကျွန်တော့် လို ပင် အခဲမကြေ ဖြစ်နေသည့် နောက် တစ်ယောက် က သန့်စင်ပါ ။
“ တို့ ကျတော့ လုပ်လိုက်ရတာ မောနေတာပဲ ။ ကု,လားတွေ ကျတော့ မြန်လိုက်တာ ရှက်စရာကောင်း လိုက်တာ ”
လူ ဟာ ကိုယ်ထက် သာရင် မနာလိုဘူး ဆိုတာ အမှန်ပင် ။ ကျွန်တော် တပည့် မွေးစဉ် က ‘ အီစွတ် ’ တို့ ၊ ‘ အဘိုင်ကြီး ’ တို့ ကသိကအောက် ဖြစ်ရ တာ ကျွန်တော် သိသည် ။ အရသာ ကို ရှိလို့ ။ ဟော အခု သူတို့ က ကိုယ့် ထက် သာတဲ့ အခါ ဆွေ့ဆွေ့ခုန် ပါတော့သည် ။ ရိုတီ ရောင်းရတာ ကို တောင် သူတို့ အကျန် ကို ကောက်စားရတာ လို့ မြင်နေပါတော့သည် ။
မကောင်းတာ ကြံ တော့ မကောင်းတာ ဖြစ်တယ် ဆိုတာ လာပါပြီ ။ ‘ အလီ ’ ကြောင့် ပင် ။ ကျွန်တော့် တပည့် လုပ်သည့် အလီ ပိုက်ဆံအိတ် ကောက်ရသည် ။ အိတ် ထဲမှာ ဘတ် နှစ်သောင်း ကျော် ပါလာသည် ။ ကိုယ့် လူ အိမ် ပြန်မှာ ပေါ့ ။ ဘာမှ မတတ်နိုင်ပါ ။ အောင့်သက်သက် ဖြင့် ခွင့် ပြုရသည် ။ ကိုယ် ဆိုလည်း ပြန်မှာပဲ မဟုတ်လား ။ သူ ပြန်တာ မှန်ပါတယ် ။ မမှန်တာ က ကျွန်တော့် ဝင်ငွေ ။ အကြွေး မှ ကြေပြီးခါစ ရှိသေးသည် ။ လှည်း နှစ်စီး နဲ့ ဘာမှ လုပ်လို့ မရတော့ပြီ ။ နောက် လူ လည်း မရှာ ချင်တော့သည့် အတွက် လှည်း ကို ဘတ်နှစ်ထောင် ဖြင့် ရောင်းလိုက်သည် ။ ပတ်စ်ပို့ဒ် ကို ဘတ်ငါးထောင် ဖြင့် ရောင်းလိုက်သည် ။ ဗီဇာသက်တမ်း က သိပ် မကျန်တော့ပြီ ကိုး ။ ရသည့် ပိုက်ဆံ ကို အဖေ တို့ ဆီ လွှဲ ပေးလိုက်သည် ။ လူ လည်း ငါးရက် လောက် ဈေး မရောင်းဖြစ်တော့ ။
စိတ်ဓာတ်ကျခြင်း ဖြစ်သည် ။ ဘတ် ငါးသောင်း လောက် ရချင်သည် ။ အိမ် ပြန်ချင်သည် ။ ပတ်စ်ပို့ဒ် လုပ်ပြီး အဘိုင်ကြီး ရှေ့ မှာ မလေးရှား သွားမယ့် အကြောင်း ဒူးနှန့်ပြီး ပြောချင်သည် ။
▣ မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်