Showing posts with label မခင်စန်းမေ. Show all posts
Showing posts with label မခင်စန်းမေ. Show all posts

Thursday, May 15, 2025

သင့်သင့်မြတ်မြတ်

 

❝ သင့်သင့်မြတ်မြတ် ❞
          ( ပုံပြင် )

တစ်ရံရောအခါ က မြစ်ကမ်းနား တစ်ခု တွင် ငါးဖမ်း ရှာဖွေလုပ်ကိုင် စားသောက်သော တံငါရွာကလေး တစ်ရွာ တည်ရှိ၏ ။ ၎င်း တံငါရွာကလေး ကို ရွာသူကြီး တစ်ဦး က အုပ်ချုပ်လျက် ရှိရာ ရွာသူကြီး တွင် သား သုံးယောက် ရှိ၏ ။ ရွာသူကြီး ၏ သားသုံးယောက် သည် ဖခင်ကြီး နှင့် အတူတကွ ငါးဖမ်းရှာဖွေခြင်းလုပ်ငန်း ကို စည်းစည်းလုံးလုံး တစ်စုတည်း ပူးပေါင်း၍ လုပ်ကိုင် နေထိုင်ကြ၏ ။ ဖခင် ရွာသူကြီး ကို လည်း ရိုသေ ကိုင်းရှိုင်းကြ၏ ။ သို့ရာတွင် ညီအစ်ကို သုံးယောက်  သည် မည်သည့် အခါမျှ တစ်ဦး နှင့် တစ်ဦး သဘောချင်း မတိုက်ဆိုင်ကြဘဲ ကြိမ်ဖန် များစွာပင် စကားများ ၊ ခိုက်ရန်ဒေါသ ဖြစ်လေ့ ရှိကြ၏ ။ ဤသို့ သားများ အချင်းချင်း မသင့်မမြတ် မကြာခဏ ရန်ဖြစ်လေ့ ရှိကြသဖြင့် ဖခင် ရွာသူကြီး မှာလည်း စိတ်ချမ်းသာမှု မရရှိဘဲ သားများ ကို ဆုံးမ နေရရှာလေ၏ ။

တစ်နေ့သော် ရွာသူကြီး သည် ဖျား နေသောကြောင့် ငါးဖမ်း ထွက်ရန် မလိုက်နိုင်ဘဲ သားသုံးယောက် ကိုသာ ၎င်း ၏ ပိုက်ကွန် ပေး၍ လွှတ်လိုက်ရလေ၏ ။ သားများ ကို လည်း တစ်ဦး နှင့်တစ်ဦး သင့်သင့်မြတ်မြတ် စည်းစည်းလုံးလုံး ဖြင့် ငါးဖမ်းကြရန် ဆုံးမစကား ပြောကြား လိုက်၏ ။

ဤသို့ဖြင့် ညီအစ်ကို သုံးယောက် သည် ဖခင် ရွာသူကြီး ပေးလိုက်သော ပိုက်ကွန် ကို ယူ၍ ငါးဖမ်းရန် မြစ်ဆိပ်သို့ ထွက်ခွာ သွားကြ၏ ။ မြစ်ဆိပ် သို့ ရောက်သော် ညီအစ်ကို သုံးယောက်
သည် ဖခင်ကြီး မှာကြား လိုက်သည့် အတိုင်း သင့်မြတ်စွာပင် ငါးဖမ်း ရှာဖွေကြလေ၏ ။ အတန် ကြာသော် မောပန်း၍ ဆာလောင်လာကြ သဖြင့် ညီထွေးလေး အား သစ်သီးသစ်ဥများ ရှာဖွေ ရန်အတွက် လွှတ် လိုက်လေ၏ ။ ညီထွေးလေး သည် မြစ်တစ်ဖက်ကမ်း တွင် ရှိသော တော ထဲသို့ စားစရာများ ကို ရှာဖွေရန် ထွက်ခွာသွားလေတော့၏ ။ တောတွင်း သို့ ရောက်သော်လည်း စားစရာ သစ်သီးများ ကို မတွေ့ရှိရသဖြင့် ညီထွေးလေး သည် စိတ်ပျက်စွာ အစ်ကိုများ ရှိရာမြစ်ဆိပ် သို့ ပြန်လှည့် ခဲ့လေတော့၏ ။

ထိုသို့ တောတွင်း မှ ပြန်လှည့် လာစဉ် ၎င်း ၏ ခေါင်း ပေါ်မှ သိမ်းငှက် တစ်ကောင် သည် နှုတ်သီး တွင် တပြောင်ပြောင် တလက်လက် အရောင် တောက်ပလျက် ရှိသော အရာများ ကို ကိုက်ချီ လျက် ပျံသန်းသွားသည် ကို တွေ့ရှိရလေ၏ ။ ညီထွေးလေး လည်း အဆိုပါ ထူးဆန်း အံ့ဩဖွယ်ကောင်းသော သိမ်းငှက် ပျံသန်းရာ နောက်သို့ လိုက်ပါ သွားလေ၏ ။ အတန်ကြာ ပျံသန်း သွားပြီး နောက် သိမ်းငှက် သည် တစ်ခုသော ကျောက်ဆောင် ပေါ်သို့ သက်ဆင်း ပျံနား ၍ ခဏ အကြာတွင် ထ၍ တစ်ဖန် ပျံသွားပြန်သည် ကို တွေ့ရှိရလေ၏ ။ ထိုသို့ ပျံသန်းသွားစဉ်တွင် စ မြင်စဉ် ကဲ့သို့ နှုတ်သီး ၌ တောက်ပ ပြောင်လက်သော အရာဝတ္ထုများ မပါရှိ သဖြင့် ကျောက်ဆောင် ပေါ်ရှိ အသိုက်တွင်း ၌ တင်ထားပစ်ခဲ့သည် ကို ညီထွေးလေး မှန်းဆ သိရှိရလေ၏ ။ ထိုအခါ ညီထွေးလေး သည် ကျောက်ဆောင် ပေါ်သို့ တက်၍ သိမ်းငှက် ၏ အသိုက် ပေါ် သို့ တက်ရောက် ကြည့်ရှုရာ ၎င်း၏ အရပ် နှင့် မမှီ သဖြင့် ပြန် ဆင်းခဲ့ရလေ၏ ။

ထို့နောက် ညီထွေးလေး သည် အစ်ကိုများ ထံသို့ ပြန်ပြေးလာခဲ့ ပြီးနောက် သိမ်းငှက်ကြီး ၏ အသိုက် အတွင်း ၌ ရတနာများ ဖြစ်ဟန် တူသော တောက်ပ ပြောင်လက်သည့် အရာ ဝတ္ထုများ ရှိသည့် အကြောင်း ကို ပြန်လည် ရှင်းလင်း ပြောကြားရာ အစ်ကိုများ ကလည်း ရတနာများ ဖြစ်ပါက ချမ်းသာစွာ နေထိုင်ကြရမည် ဖြစ်သည် ဟု ပြောဆိုကြပြီး သိမ်းငှက်ကြီး အသိုက် ရှိရာသို့ အတူတကွ ထွက်လာခဲ့ကြ၏ ။ ကျောက်ဆောင် ပေါ်သို့ ရောက်သော် အစ်ကိုကြီး သည် ညီထွေးလေး ကို ၎င်း၏ ပခုံး ထက်ဝယ် တင်၍ ပင့်ပေးပြီး သိမ်းငှက် အသိုက် ကို နှိုက်စေရန် သိမ်းငှက် အသိုက် အတွင်း မှ ဘဲဥလုံးမျှ ပမာဏ ရှိသော စိန်တုံးကြီး ၇ - တုံး ကို တွေ့ရှိလေတော့ ၏ ။ ထိုသို့ စိန်တုံးများ ကို နှိုက်ယူ နေစဉ်မှာပင် သိမ်းငှက်ကြီး သည် အသိုက် ရှိရာသို့ ပျံသန်းလာရာ ညီအစ်ကို သုံးယောက် ကို တွေ့ရှိ သွားလေတော့၏ ။ ၎င်း၏ အသိုက် အတွင်းမှ ရတနာ များ ကို ခိုးယူနေကြသော ညီအစ်ကို သုံးယောက် ကို စိတ်ဆိုးစွာဖြင့် ထိပ်ဆုံးမှ ညီထွေးလေး ၏ မျက်နှာ ကို ခြေသည်းဖြင့် ကုတ်ခြစ်ပြီး နှုတ်သီး ဖြင့် ဆိတ်လေတော့၏ ။ ဤတွင် အစ်ကိုလတ် သည် အသင့် ပါလာသော ဓားဖြင့် သိမ်းငှက် ဦးခေါင်း ကို လှမ်းပေါက်ရာ ထိမှန်ပြီး ကျောက်ဆောင် အောက်သို့ ကျ၍ သေဆုံး သွားရှာလေ၏ ။ ညီထွေးလေး မှာ လည်း ကျောက်ဆောင် ပေါ် သို့ လိမ့်မကျဘဲ သိမ်းငှက်ကြီး ၏ ရတနာများ ဖြစ်သော စိန်တုံး ၇ - တုံး ကို နှိုက်ယူ ရရှိလေတော့၏ ။

ထို့နောက် ညီအစ်ကို ၃ - ယောက် သည် စိန်တုံး ( ၇ ) တုံး ကို ခွဲဝေကြရာ ညီထွေးလေး သည် အစ်ကိုကြီး နှင့် အစ်ကိုလတ် အား တစ်ဦးလျှင် စိန်တုံး ၂ - တုံးစီ ခွဲဝေ ပေး၏ ။ ကျန် စိန်တုံး သုံးတုံး ကိုမူ ၎င်း ပထမဆုံးမြင်၍ နှိုက်ယူ ရရှိသဖြင့် ယူထိုက်ကြောင်း ပြောဆိုလေ၏ ။ အဆိုပါ ညီထွေးလေး ၏ ဝေစု ခွဲပုံ ကို အစ်ကိုကြီး နှင့် အစ်ကိုလတ် တို့က မကျေနပ်ကြပေ ။ အစ်ကိုကြီး က လည်း ၎င်း က သာ ညီထွေးလေး ကို ပခုံး ထက် ပေါ်ပင့်တင် မပေးလျှင် စိန်တုံးများ ကို ရရှိမည် မဟုတ် ။ ထို့ကြောင့် ၎င်း သာ စိန်တုံး ( ၃ ) တုံး ရထိုက်ကြောင်း ပြောဆိုရာ ညီထွေးလေး နှင့် အစ်ကိုလတ် တို့ က လည်း မကျေနပ်ကြပေ ။ အစ်ကိုလတ် ကလည်း သိမ်းငှက်ကြီး ပျံလာပြီး ညီထွေးလေး ကို ကုတ်ခြစ်ထိုးဆိတ် နေစဉ် ဓားဖြင့် ပေါက်သ,တ်၍သာ ညီထွေးလေး ကျောက်ဆောင် ပေါ်မှ လိမ့်မကျဘဲ စိန်တုံးများ ကို နှိုက်ယူနိုင်ခြင်း ဖြစ်သည် ။ အကယ်၍ ၎င်းကသာ သိမ်းငှက်ကြီး ကို မသ,တ်ပါက သိမ်းငှက်ကြီး ၏ ကုတ်ခြစ် ထိုးဆွမှုကြောင့် ညီထွေးလေး သည် ကျောက်ဆောင် ပေါ်မှ ကျ၍ သေဆုံးပြီး စိန်တုံးများ ကို လည်း ရရှိမည် မဟုတ်ကြောင်း ။ ထို့ကြောင့် သူ သာလျှင် စိန်တုံး ၃ - တုံး ရထိုက်ကြောင်း ပြောဆို လေ၏ ။

ဤသို့ဖြင့် ညီအစ်ကို ၃ - ယောက် သည် ဝေစု မတည့် ဖြစ်ကာ တစ်ဦး နှင့် တစ်ဦး ရန်ဖြစ် ထိုးကြိတ်ကြ လေတော့၏ ။ ဤတွင် ၎င်းတို့အနီးသို့ ဖြတ်လျှောက်သွားသော တံငါသည် တစ်ဦး သည် ညီအစ်ကို သုံးယောက်  ထိုးကြိတ် နေကြသည် ကို လည်းကောင်း ၊ ၎င်းတို့နှင့် မနီးမဝေး ၌ ချထားသော စိန်တုံးများ ကို လည်းကောင်း တွေ့ရှိရ လေတော့၏ ။ ၎င်း တံငါသည် သည် ရန်ဖြစ် နေကြသော ညီအစ်ကို ၃ - ယောက် ကို ဖျန်ဖြေ၍ အကြောင်းစုံ ကို မေးမြန်း သိရှိရပြီး နောက် ၎င်း ၏ အဆုံးအဖြတ် ကို လိုက်နာကြရန် ပြောကြားရာ ညီအစ်ကို သုံးယောက် ကသဘောတူ ကြ လေ၏ ။

ဤသို့ဖြင့် ညီအစ်ကို သုံးယောက် သည် အပြေး ပြိုင်ကြရာ ညီအစ်ကို သုံးဦးစလုံး သည် တံငါသည် ညွှန်ပြရာ သစ်ပင်ကြီး ဆီ သို့ ရှေ့ရှု ပြေးကြလေတော့၏ ။ ထိုအခါ တံငါသည် သည် လည်း စိန်တုံးများ ကို အဝတ်စ တစ်ခုဖြင့် ထုပ်၍ ညီအစ်ကို သုံးယောက် နှင့် ဆန့်ကျင်ဘက် ကျောချင်း ဆိုင်၍ ထွက်ပြေး လေတော့၏ ။ ညီအစ်ကို သုံးယောက် သည် သစ်ပင်ကြီး ကို လက်ဖြင့် တို့ ထိ၍ တံငါသည် ရပ် နေရာ သို့ ပြန်လှည့် ပြေးခဲ့ကြလေ၏ ။ သို့ရာတွင် တံငါသည် က မူ မူလ နေရာတွင် မရှိတော့ပေ ။ ညီအစ်ကို သုံးယောက် လည်း တံငါသည် ကို မတွေ့ကြရ သဖြင့် ဆက်လက် မပြေးကြတော့ဘဲ တံငါသည် နှင့် စိန်တုံးများ ကို ရှာဖွေကြရလေတော့၏ ။ တံငါသည် ၏ အရိပ်အရောင် ကို မျှ မတွေ့ကြရတော့ဘဲ စိန်တုံးများ လည်း ဆုံးရှုံးကြရရှာလေတော့ သတည်း ။

ဤပုံဝတ္ထု ကို ဖတ်ရှုခြင်း အားဖြင့် ညီအစ်ကို သုံးဦး သည် တစ်ဦး နှင့် တစ်ဦး စည်းစည်းလုံးလုံး သင့်သင့်မြတ်မြတ် ဖြင့် မျှမျှတတ စိတ်ထား မရှိကြ သဖြင့် ရတနာများ ဆုံးရှုံးသွားရသည် ကို တွေ့ရှိရမည် ဖြစ်ရာ ညီငယ် ... ညီမငယ်တို့ သည်လည်း ဤ ပုံဝတ္ထု မှ သင်ခန်းစာ ယူနိုင်ကြပါ စေသတည်း ။

▢ မခင်စန်းမေ
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၄ ၊ နိုဝင်ဘာ

Monday, April 28, 2025

လယ်သမားကြီး နှင့် သားသုံးယောက်

 

❝ လယ်သမားကြီး နှင့် သားသုံးယောက် ❞
          ( ပုံပြင် )
       
ရှေး လွန်လေ ပြီးသော အခါ ရွာကလေး တစ်ရွာ တွင် လယ်သမားကြီး တစ်ဦး နေထိုင် လေ၏ ။ ၎င်း၏ ဇနီး သေဆုံး သွားခဲ့ သဖြင့် ကျန်ရစ်သော သား သုံးယောက် နှင့် အတူ နေထိုင်ကာ လယ်ထွန် စိုက်ပျိုးလုပ်ကိုင် စားသောက်၏ ။ လယ်သမားကြီး သည် သားများ ကို ချစ်လွန်း သဖြင့် နောက်ထပ် အိမ်ထောင် မပြုတော့ဘဲ သားများ ကို ဦးဆောင်ကာ လယ်ထွန်စိုက်ပျိုးနေလေ၏ ။

လပေါင်း အတော် ကြာသော အခါ လယ်သမားကြီး မှာ လည်း အသက်အရွယ် ကြီးရင့် လာပြီ ဖြစ်၍ အင်အား ချည့်နဲ့ လာကာ လယ်ထွန် စိုက်ပျိုးခြင်း ကို ဦးစီး လုပ်ကိုင်နိုင်ခြင်း မရှိတော့ သည့် အခြေအနေ သို့ ရောက်လေ၏ ။ တစ်နေ့တွင် သား သုံးယောက် ကို ခေါ်ယူ တွေ့ဆုံ၍ မိမိ မှာ အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်ရာ လယ်ထွန် စိုက်ပျိုးခြင်း မှ အနားယူတော့မည် ဖြစ်ကြောင်း ပြောကြားကာ သား သုံးယောက် အား ၎င်းပိုင် လယ်ကွက် ကို သုံးပိုင်း ပိုင်း၍ အမွေ ခွဲဝေ ပေး လိုက်တော့၏ ။ ထိုနေ့မှ စ၍ သားသုံးယောက် သည် လည်း ဖခင် လယ်သမားကြီး အမွေ ခွဲဝေ ပေးသော ၎င်းတို့ ပိုင်ဆိုင်သည့် မြေကွက်များ တွင် အသီးသီး ပြိုင်ဆိုင်၍ ထွန်ယက်စိုက်ပျိုး လုပ်ကိုင်ကြတော့၏ ။

ဤသို့ဖြင့် စပါးများ မှည့်ဝင်း၍ ရိတ်ချိန် ရောက်သော် အစ်ကို အကြီးဆုံး ၏ လယ် မှာ စပါး အထွက် ကောင်းမွန် သဖြင့် ငွေကြေး မြောက်မြားစွာ ရရှိလေ၏ ။ အစ်ကိုကြီး သည် စပါး ရောင်းရငွေဖြင့် ၎င်း လယ်မြေကွက် အနီး တွင် အိမ်ကြီး တစ်လုံး ဆောက်ကာ ဖခင်ကြီး နှင့် ညီများ ကို ခွဲခွာ၍ သွားရောက် နေထိုင်လေ၏ ။ မကြာမီ မှာပင် အမျိုးသမီး တစ်ဦး နှင့် လက်ထပ် လိုက် လေ၏ ။

နှစ် အနည်းငယ် ကြာသော် တစ်ခုသော စပါးရိတ်သိမ်းချိန် တွင် အစ်ကိုလတ် ၏ လယ်ကွင်း မှ စပါးများ အထွက် များ၍ ငွေကြေး မြောက်မြားစွာ ရရှိလေ၏ ။ အစ်ကိုလတ် သည် လည်း ကိုကြီး နည်းတူပင် အမျိုးသမီး နှင့် လက်ထပ်ကာ ၎င်းပိုင် မြေကွက် အနီးတွင် အိမ်ကြီး တစ်လုံး ဆောက်လုပ်၍ သွားရောက် နေထိုင်ကြလေ၏ ။ ဖခင်ကြီး မှာ မူ သားအငယ်ဆုံး နှင့်သာ ဆက်လက် နေထိုင်ကြရလေ၏ ။

မကြာမီမှာပင် သား အငယ်ဆုံး လယ်ကွက် မှာ လည်း စပါးအထွက် သန်၍ ငွေကြေး မြောက်မြားစွာ ရရှိလေ၏ ။ ထို ငွေဖြင့်ပင် ၎င်းပိုင် လယ်မြေကွက် အနီး တွင် အိမ်ကြီး တစ်လုံး ဆောက်၍ ၎င်း ချစ်သူ အမျိုးသမီး တစ်ဦး နှင့် လက်ထပ်ကာ နေထိုင်လေ၏ ။ ဖခင် လယ်သမား ကြီး ကို လည်း ၎င်းတို့ နှင့် အတူပင် ခေါ်၍ အတူတကွ နေထိုင်၏ ။

များမကြာမီ မှာပင် သား အငယ်ဆုံး ၏ ဇနီး တွင် သား တစ်ယောက် မွေးဖွား လေ၏ ။ သားအငယ် ၏ ဇနီး တွင် သားသမီး ရရှိလာပြီ ဖြစ်၍ ဖခင် လယ်သမားကြီး အား တာဝန် တစ်ရပ် အနေဖြင့် ပြုစုစောင့်ရှောက် ကျွေးမွေးခြင်း မပြုနိုင်တော့ကြောင်း ပြောကြားကာ သားကြီး နှင့် သားလတ် အိမ်များ တွင် တစ်လှည့်စီ နေထိုင်ရန် သားငယ် နှင့် ဇနီး တို့က ပြောကြားလေ၏ ။

တစ်နေ့တွင် လယ်သမားကြီး သည် သားအငယ်ဆုံး အိမ် မှ ဆင်း၍ သားအကြီးဆုံး အိမ် သို့ တစ်လှည့်စီ သွားရောက် နေထိုင်ရန် ထွက်ခွာခဲ့လေ၏ ။ သားအကြီးဆုံး အိမ်သို့ ရောက် သော် လယ်သမားကြီး သည် သားငယ် ၏ ဇနီးတွင် ကလေး မွေးဖွား နေ၍ မိမိ အတွက် တာဝန်ပို ပြုစု မပေးလိုကြောင်း ပြောသဖြင့် သားကြီး အိမ် သို့ ယခုကဲ့သို့ တစ်လှည့်စီ နေထိုင်ရန် လာ ရောက်ရခြင်း ဖြစ်ကြောင်း ကို ပြောပြလေ၏ ။

ထိုအခါ သားကြီး သည် ၎င်း တွင် လည်း ညီငယ် ထက်ပင် သားသမီးများ ပိုမို များပြား လှသဖြင့် ဖခင်ကြီး အား တာဝန်ပို ပြုစုစောင့်ရှောက် မကျွေးမွေးနိုင်ပါ ဟု ပြန်လည် ပြောကြား ကာ တံခါး ပိတ် ၍ နှင် လိုက်လေ၏ ။ လယ်သမားကြီး မှာ လည်း သားကြီး အိမ် မှ လက်မခံ၍
သားလတ် အိမ် သို့ တစ်ဖန် သွားရပြန်လေ၏ ။ သားလတ် အိမ် မှလည်း ၎င်းတွင် သားသမီးများ အပြင် ... ယောက္ခမ ၊ ခယ်မ စသည့် ဆွေမျိုးများ ကို အိမ်ပေါ် တင်၍ ကျွေးမွေး နေရသဖြင့် ဖခင်ကြီး အား လက်မခံ နိုင်ကြောင်း ပြောကြားကာ နှင်ချ လိုက်ပြန်၏ ။

လယ်သမားကြီး သည် သားများ ၏ အိမ် မှ ဝမ်းနည်းစွာ ဖြင့်ပင် ဆင်း၍ ရွာ မှ ထွက်ခွာ လာခဲ့လေတော့၏ ။ ဤသို့ဖြင့် ရွာ မှ ထွက်ခွာ လာခဲ့ရာ တစ်ခုသော တောအုပ်သို့ ရောက်၍ သစ်ပင်ကြီး တစ်ပင် အောက်၌ အပန်းဖြေ နေစဉ် ၊ ၎င်း အနီးမှ သော့တန်းလန်း ဖြင့် သံသေတ္တာကြီး တစ်လုံး ကို တွေ့မြင်ရလေ၏ ။ ထိုအခါ လယ်သမားကြီး သည် သေတ္တာကြီး ကို ဖွင့်လှစ် ကြည့်ရှု လေ၏ ။ လယ်သမားကြီး သည် သေတ္တာကြီး အတွင်းသို့ အတန်ကြာ အံ့အားသင့်စွာ စူးစိုက် ကြည့်ရှုနေ၏ ။

ခဏအကြာတွင် တစ်စုံတစ်ခု သော ဆုံးဖြတ်ချက် ကို ချဟန် ဖြင့် ခေါင်းတညိတ်ညိတ် ပြုလုပ်ကာ သေတ္တာကြီး ကို ပြန် ပိတ်လိုက်လေ၏ ။ ထို့နောက် ၎င်း သေတ္တာကြီး ကို ထမ်း၍ ရွာ ဘက်သို့ ပြန် ထွက်ခဲ့လေတော့၏ ။

လယ်သမားကြီး သည် သားအငယ်ဆုံး အိမ် သို့ ဦးစွာ သွား၍ မိမိ သည် တောအုပ်ကြီး တစ်ခု အတွင်း မှ ရွှေ ၊ ငွေ အပြည့် ပါသော သေတ္တာကြီး တစ်လုံး ကို ရခဲ့ရာ မိမိ အား ပြုစုစောင့်ရှောက် ကျွေးမွေးသူများ အား အမွေ ပေးခဲ့မည် ဖြစ်ကြောင်း ပြောပြလေ၏ ။ ၎င်း သတင်း ကို သားအငယ်ဆုံး မှ တစ်ဆင့် သားကြီး နှင့် သားလတ် တို့ပါ ကြားသိရလေရာ သားသုံးယောက် နှင့် ဇနီး များသည် လယ်သမားကြီး ၏ အမွေ ကို ရယူလိုကြ သဖြင့် မိမိတို့ အိမ် တွင် အရင်ဆုံး နေထိုင်ရန် အသီးသီး ပြောကြားကြ လေတော့၏ ။

နောက်ဆုံး၌ လယ်သမားကြီး သည် သားသုံးယောက် အိမ် ၌ တစ်လှည့်စီ နေထိုင်ရန် ဆုံးဖြတ်၍ ရှေးဦးစွာ သားကြီး အိမ်၌ နေထိုင် လေ၏ ။ သားကြီး နှင့် ဇနီး တို့သည် လယ်သမားကြီး အား အစွမ်းကုန် ပြုစု စောင့်ရှောက် ကျွေးမွေး လေတော့၏ ။ ထိုနည်း အတိုင်းပင် သားလတ် နှင့် သားငယ်တို့ အိမ် အသီးသီး တွင် တစ်လှည့်စီ သွားရောက် နေထိုင်ရင်း လယ်သမားကြီး သည် မကြာမီ မှာပင် သေဆုံး သွားလေတော့၏ ။

ထိုအခါ သား သုံးယောက် သည် ဖခင်ကြီး ၏ အမွေ ထားခဲ့သော ရွှေ ၊ ငွေ ပစ္စည်းများ ကို ပိုမို လိုချင်ကြ သဖြင့် ဖခင်ကြီး အား မည်သူ က မည်သူ့ ထက် ပို၍ ပြုစုသည် စသည်ဖြင့် ငြင်းခုံကြ လေတော့၏ ။ နောက်ဆုံးတွင် သုံးယောက် စလုံး အညီအမျှ ခွဲဝေယူရန် သဘောတူ ကြ သဖြင့် သေတ္တာကြီး ကို ၎င်းတို့ ရှေ့မှောက်တွင် ယူ၍ ဖွင့်ကြည့်ကြလေ၏ ။ ၎င်းတို့ မှာ စကား မပြောနိုင် လောက် အောင်ပင် မတုန်မလှုပ် ကျောက်ရုပ်ပမာ သေတ္တာကြီး အတွင်းသို့ စူးစိုက် ကြည့်ရှုနေ ကြလေတော့၏ ။ သေတ္တာကြီး အတွင်း၌ ရွှေ ၊ ငွေ အစအန ကိုမျှ မတွေ့ကြရဘဲ စာရွက် တစ်ခု ကိုသာ တွေ့ရှိရသောကြောင့်ပင် ဖြစ်၏ ။

သားသုံးယောက် သည် ၎င်းစာ ကို ယူ၍ ဖတ် ကြည့်ကြရာ ၎င်း စာတွင် ဖခင် ဖြစ်သူ သည် သားများ ၏ နှင်ထုတ်မှု ကြောင့် တောတွင်း သို့ ထွက်သွားရာ ရွှေ ၊ ငွေ အပြည့်ပါသော သေတ္တာကြီး တစ်လုံး ကို တွေ့ရှိခဲ့ပါသည် ။ဖခင် သည် ၎င်း သေတ္တာတွင်း မှ ရွှေ ၊ငွေများ ကိုရေကန် တစ်ခု အတွင်းသို့ ပစ်ချခဲ့သည် ။ ၎င်း ပစ္စည်းများ မှာ ကိုယ့် အကျိုး ကို သာ ကြည့် တတ်သော သားများ နှင့် လုံးဝ မထိုက်တန်၍ ဖြစ်ပါသည် ။ သို့ရာတွင် သားများ ကို ဖခင် ညီတူညီမျှ ချစ်ပါသည် ။ ချစ်၍ လည်း ရွှေ ၊ငွေ အမွေ အစား တခြား အမွေ ကို ပေးခဲ့ပါမည် ။

ဖခင် ပေးခဲ့မည့် အမွေ မှာ တစ်နေ့တွင် သားတို့ ၏ သားသမီးများ ကြီးပြင်း လာကြမည် ဖြစ်သည် ။ ထိုအခါ ဖခင် ငါ့ အား သင်တို့ ပြုမူ သကဲ့သို့ ၊ သားတို့ ၏ သားသမီးများ က မပြုမူနိုင်ရန် ဖခင်ကြီး ၏ ပုံပမာ ကို ယူ၍ စဉ်းစား ဆင်ခြင်နိုင်ပါစေ ဟူသော အမွေ ပင် ဖြစ်ပေသည် ဟူ၍ ရေးသားထားသည် ကိုသာ တွေ့ရှိရ လေတော့ သတည်း ။

▢  မခင်စန်းမေ
📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၄ ၊ စက်တင်ဘာ