❝ အရက်ဆိုင် ❞
( မောင်သင်းဝေ )
ပြင်ဦးလွင်မြို့ ပဒေသာမြို့သစ်ကလေးက တော်တော် နေလို့ ထိုင်လို့ ကောင်းသည်။ ကိုလူအေး တစ်ယောက် ခုလို အသက်ကြီးပိုင်းတွင် တောင်ပေါ်မြို့ ကလေးတစ်မြို့မှာ အခြေချ နေထိုင်ခွင့် ရသဖြင့် ကျေနပ်နေမိသည်။ တကယ်တော့ ကိုလူအေး အဖို့ ခုလို တောင်ပေါ်မြို့ကလေးမှာ ပြောင်းရွှေ့ နေထိုင်ရလိမ့်မည်ဟု တစ်ခါမှ မစဉ်းစားမိဖူးပါ။ ဖြစ်ချင်တော့ သားအငယ်က အိမ်ထောင်ကျပြီး ပြင်ဦးလွင်မြို့သို့ အလုပ်တာဝန်ဖြင့် ပြောင်းရွှေ့သွားသည်။ သားကို သတိရသဖြင့် သွားရောက် လည်ပတ်ရင်း ပြင်ဦးလွင်မှာ နေရတာကို အရသာ တွေ့သွားသည်။ မန္တလေး နွေနှင့် မတည့်သော မိမိ၏ အာရုံကြောရောဂါနှင့် ပန်းနာရင်ကျပ်ရောဂါကလည်း ပြင်ဦးလွင် ရောက်တော့ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားသည်။
သည်လိုနှင့် ပဒေသာမြို့သစ်က မိတ်ဆွေများထံ အလည်အပတ် သွားရင်း ပြင်ဦးလွင်မှာ ပြောင်းရွှေ့နေထိုင်ဖို့ ဖြစ်လာသည်။ ပြင်ဦးလွင် လမ်းကလေးတွေက အဆင်း၊ အတက်၊ အနိမ့်၊ အမြင့်၊ အကွေ့အကောက်ကလေးများဖြင့် ကဗျာဆန်သည်။ ဒီလမ်းကလေးတွေ ပေါ်မှာ စက်ဘီးစီးလိုက်၊ လမ်းလျှောက်လိုက်ဖြင့် ကျန်းမာရေးက ကောင်းမွန်လာသည်။ ပျင်းသည့်အခါ ကျွန်းတောထဲ ဝင်ပြီး ထင်းခုတ်ကြသည်။ ဖက်ဆွတ်ကန် သွားပြီး ရေကူးကြသည်။ သားအကြီးကောင်တို့ လင်မယားက ရေချမ်းအိုးမှာ ကြက်မွေးမြူရေးခြံလုပ်တော့ အဲဒီ ရွာကလေး သွားလည်ရတာကလည်း သဘောကျဖို့ ကောင်းသည်။ ရွာကလေးမှာက ဗမာရှိသည်၊ ရှမ်းရှိသည်၊ ဂေါ်ရခါးရှိသည်။ ဂေါ်ရခါး လူမျိုးစု၏ ဘုရားကျောင်းများက စိတ်ဝင်စားစရာ။ ကိုလူအေးက အမည်နှင့် လိုက်အောင် အေးလွန်းသည်။ အလုပ် တော်တော်များများ လုပ်ဖူးပြီ။ ရှင်ကြီး ဝမ်းလည်း ဝင်ခဲ့ပြီ၊ ရှင်ငယ် ဝမ်းလည်း ဝင်ခဲ့ပြီ။ စာရေးတာ၊ ကဗျာရေးတာ ဝါသနာပါသည်။ ဒါပေသိ ဘဝက ရုန်းကန်ရတာ များလွန်းတော့ ဝါသနာကို အချိန်ပြည့် မလုပ်နိုင်။ သို့တိုင် ဝါသနာကို မစွန့်လွှတ်နိုင်သည့်အဆုံး အသက်လေးဆယ် ပြည့်လျှင် စာရေးဆရာ လုပ်မည်၊ ငတ်ချင်လည်း ငတ်ပါစေတော့ဟု စိတ်နှလုံး တုံးတုံးချကာ ကျန်အလုပ် အားလုံးကို စွန့်လွှတ်လိုက်တော့သည်။
ကိုလူအေး ကံကောင်းသည်ဟု ဆိုရမလား မပြောတတ်။ သူ စာရေးဆရာလုပ်ဖို့ ဆုံးဖြတ်လိုက်ချိန်တွင် စာပေလောကမှာ မဂ္ဂဇင်း အသစ်တွေ အလျှိုအလျှို ထွက်ပေါ်လာသည်။ ပြည် မြန်မာ၊ သတင်းလွှာ စသည့် ဂျာနယ်တွေလည်း ထွက်လာ သည်။ ကိုလူအေး ကလောင် အမည် သုံး,လေးမျိုးဖြင့် မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ ဖြန့်ရေးသည်။ အကျိုးပေး သည်ဟု ဆိုရမလား မသိ။ ရေးသမျှ စာမူများ အသုံးပြု ခံရသည်။ စာမူခလေးတွေ လှိုင်လှိုင်ဝင်သည်။ အင်း ... အစကတည်းက ဒီလိုမှန်း သိရင် အသက် နှစ်ဆယ်ကျော် သုံးဆယ် ကတည်းက ဒီလမ်းကို ရဲရဲရွေးခဲ့ရင် ခုနေ အငြိမ်ပဲဟု စဉ်းစားမိသည်။
ကိုလူအေး ပြင်ဦးလွင် ကိုရောက်တော့ သူ့ကလောင် က တော်တော် အရှိန်ရနေပြီ။ ပြင်ဦးလွင်မှာ နေရပေမဲ့ မန္တလေးကို လတိုင်း ဆင်းရသည်။ တစ်ခါတစ်ခါ တစ်လ နှစ်ခေါက်လောက် ဆင်းရသည်။ တစ်ခါ ဆင်းလျှင် မန္တလေးမှာ လေး,ငါးရက် နေသည်။ ကိုလူအေး ပြင်ဦးလွင် ပြောင်းသွားပြီ ဆိုပေမဲ့ တချို့က မယုံ။ မန္တလေး မှာချည်း အမြဲလိုလို တွေ့နေသဖြင့် တချို့လည်း ပြောင်းလို့ ပြောင်းသွားမှန်း မသိကြ။ မန္တလေး မဆင်း၍ ကလည်း မဖြစ်ပေ။ အလုပ်က မန္တလေးမှာ မဟုတ်လား။စာမူခ တော်တော်များများကို ထွန်းဦး စာပေကပဲ တစ်ဆင့် ထုတ်ယူရသည်လေ။
အဆင်ပြေချင်တော့ ဒီတစ်ခေါက် မန္တလေး အဆင်းမှာ သူ့စာမူ လုံးချင်းသုံးအုပ် စာလောက် စွံသွားသည်။ ငွေလေး မြက်မြက်ရတုန်း မိသားစု လုပ်ငန်းလေး တစ်ခုလောက် လုပ်ရင် ကောင်းမှာပဲဟု စဉ်းစားသည်။ ကုန်စုံဆိုင် ဖွင့်ရမလား၊ လက်ဖက်ရည် ဆိုင်ဖွင့်ရမလား၊ စားသောက်ဆိုင်ဖွင့်ရမလား တိုင်ပင်ကြည့်သည်။ ကုန်စုံဆိုင်ဖွင့်ဖို့ မိသားစုက စိတ်မဝင်စား။ လက်ဖက်ရည်ဆိုင်ဆိုပြန် တော့လည်း အရင်းအနှီးက များလွန်းသည်။ အဖျော်ဆရာ၊ မုန့်ဆရာတွေ ရှာရဦးမည်။ ဒီမှာ သူ့အသိုင်း အဝိုင်း ကဗျာဆရာ၊ စာရေး ဆရာတချို့က အရက်ဆိုင် ဖွင့်ဖို့ အကြံပေးကြသည်။ အရက်စပ်နည်း ပြောသူက ပြောပြသည်။
တကယ်တော့ ကိုလူအေး ကိုယ်တိုင်က အရက်ကြိုက်သူတော့ မဟုတ်ပေ။ လူမှုရေးအရဖြစ်စေ၊ လုပ်ငန်းသဘောအရဖြစ်စေ ၊ အပေါင်းအသင်း ကောင်း လျှင်ဖြစ်စေ ရံဖန်ရံခါ မရှောင်သာမှသာ သောက်တတ်သူ ဖြစ်သည်။ မြို့သစ်မှာက အလုပ်ကြမ်းသမားတွေ များသည်။ ပန်းရန်၊ လက်သမား၊ သံချည်သံကွေး၊ ရေတွင်းခွေ၊ သစ်ခုတ်သမား စတာတွေ များသည်။ လက်ဖက်ရည်သမား နည်းသည်။ အရက်ဆိုင်က လက်ဖက်ရည်ဆိုင် လို ဇယားမရှုပ်။ လူငှားစရာ မလို၊ အိမ်ရှိ မိသားစုနှင့်ပင် ပြီးသည်။ စားပွဲကုလားထိုင်လည်း လက်ဖက်ရည်ဆိုင်လောက် များစရာ မလို၊ ဆယ်ဝိုင်းစာလောက် ရှိလျှင် ပြည့်စုံပြီ။ ပြီးတော့ အရက်ဆိုင် ဆိုသည်က ညနေပိုင်း၊ ညပိုင်းမှာသာ လူစည်သည်ဖြစ်ရာ မနက်ပိုင်း ဈေးသွား၊ နေ့လယ်ပိုင်း အေးအေးဆေးဆေး စာရေးနိုင်သည်။ သို့ဖြင့် ပဒေသာ ဆိုသော တောင်ပေါ်မြို့၏ မြို့သစ်ကလေးမှာ စာရေးဆရာ ကိုလူအေး ‘ ရွှေတောင်တန်း ’ စားသောက်ဆိုင် အမည်ဖြင့် ဆိုင်ကလေး တစ်ဆိုင် ဖွင့်လိုက်သည်။
ဆိုင်မဖွင့်မီ ကတည်းက ကြိုတင်အသိပေး ကြေညာ ထားသဖြင့် ဆိုင်စ,ဖွင့်သည့် နေ့မှပင် စတင်၍ စည်စည် ကားကားရှိသည်။ ပြင်ဦးလွင် ရာသီဥတုနှင့် လိုက်ဖက် လျော်ညီစေရန် စွန်ထန်ချဉ်စပ် ဟင်းရည်ပူပူလေးကို အခမဲ့ ပေးသည်။ ထမင်းကြော်၊ ကြက်ဥကြော်၊ ဝက်အူချောင်းကြော်၊ ငါးဖောင်ရိုးကြော်၊ အာလူးကြော်နှင့် ကြက်သားကြော်၊ ကြက်ကုလားပဲဟင်းရည်တို့ကိုလည်း ပူပူနွေးနွေး ရောင်းပေးသည်။ အထူးသဖြင့် အခမဲ့ ချပေးသော စွန်ထန် ချဉ်စပ်ဟင်းရည်ကြောင့် ပို၍ လူသိများလာသည်။
ကိုလူအေး မနက်တိုင်း ဈေးသွားသည်။ ဆိုင်အဖွင့် တစ်ပတ်လောက် ကတည်း က ကြိုတင်၍ စဉ့်အိုးကြီး လေး,ငါးလုံးဖြင့် အရက်စပ် ပြီး နှပ်ထားသည်။ အရက် ဆိုသည်က ကြာကြာနှပ်ထားနိုင်လေ ကောင်းလေ ဖြစ်သည်။ အနည်းဆုံး ခုနစ်ဆယ့်နှစ်နာရီ စပ်ရ၊ နှပ်ရသည်။ နေ့စဉ် ဈေးသွား၍ တစ်နေ့တာ ရောင်းရသမျှကို အလျဉ်မီအောင် ဖြည့်ရစပ်ရသည်။ နေ့လယ်ပိုင်းမှာတော့ လူက တဖြောက်ဖြောက်ပါပဲ။ အရက်ကလေး ရောင်းလိုက်၊ စကားလေး ပြောလိုက်၊ စာဖတ်လိုက်၊ စာရေးလိုက်ဖြင့် ကိုလူအေး ဟန်ကျနေသည်။
ကိုလူအေး အရက် ရောင်းပေမဲ့ မနက်တိုင်း ဘုရားရှိခိုးသည်၊ ပုတီးစိပ်သည်၊ မေတ္တာပို့သည်။ အိမ်နားနီးချင်းဖြစ်သော ဘကြီးညိုက “အရက် ရောင်းတာက အရက် သောက်တာထက် ပို အပြစ်ကြီးတယ်ကွယ့်၊ ဘုရား မကြိုက်တဲ့ အသက်မွေးဝမ်းကျောင်းမှုထဲမှာ ပါတယ်” ဟူ၍ ဆုံးမသည်။ ကိုလူအေး ဒါကို သိပါ၏။ သို့သော် ဘာ စီးပွားရေးမှ မလုပ်တတ် သဖြင့် အရင်းမရှုံးနိုင်သော အလုပ်ကို ရွေးမိခဲ့ခြင်းဖြစ် သည်။ စမိပြီ ဆိုတော့လည်း ချက်ချင်းကြီး ရပ်တန့်လိုက်ဖို့က မလွယ်ပါ။ ဒီတော့လည်း တည်မိသည့် ဘုရား လင်းတနားနား ဆိုပြီး ကြိတ်မှိတ်လုပ်နေရသည်။
အရက်ဆိုင် ဆိုတော့လည်း လူမျိုးတစ်ရာ့တစ်ပါးနှင့် ဆက်ဆံရသည်။ လူမိုက်လည်း လာသည်၊ လူဆိုးလည်း လာသည်၊ အလုပ် သမားလည်း လာသည်၊ အလုပ်ရှင်လည်း လာသည်၊ နိုင်ငံရေးသမားလည်း လာ သည်။
ဆိုင်စ,ဖွင့်သည့် နေ့က မနက် စောစောစီးစီး လူသုံးယောက် ရောက်လာသည်။ သူတို့ ပခုံးပေါ်မှာ ထင်းရှူးတောထဲက ခုတ်လာသည့် ထင်းတွေ ပါသည်။ ထင်းတွေက အလုံးကြီးကြီး၊ အလျားရှည်ရှည် ထင်းတုံးကြီးတွေ ဖြစ်သည်။ ခါးကြားမှာ ဓားမတိုတွေ ထိုးထားသည်။ ဆိုင်ရှေ့မှာ ထင်းတုံးကြီးတွေကို ဝုန်းခနဲ၊ ဒိုင်းခနဲ ပစ်ချပြီး ဆောင့်ကြွားကြွားဖြင့် ဆိုင်ထဲ ဝင်လာသည်။ တစ်ယောက်က ပါးပေါ်မှာ ကန့်လန့်ဖြတ် ဓားဒဏ်ရာ၊ တစ်ယောက်က နဖူးမှာ အမာရွတ်ကြီးနှင့်။ ကိုလူအေး သိပ်မကြိုက်ချင်။ သူတို့ မြင်တော့ ကိုလူအေး စာရေးရာမှ ထ,လာပြီး မေး သည်။
“ဘာလုပ်ချင်လို့လဲဗျ”
“ကျုပ်တို့ အရက်သောက်ချင်လို့”
“ဟုတ်ကဲ့ ရပါတယ်၊ ထိုင်ပါ။ ဒါပေမဲ့ ကျွန်တော် ကြိုပြောထားပါရစေ၊ အကြွေး တော့ မရောင်းဘူးနော်၊ စိတ် တော့ မရှိနဲ့”
“ဘာဗျ”
“ဟုတ်တယ် အကြွေး မရောင်းဘူးလို့ ပြောတာ။ သောက်ပြီးမှ ဆိုရင် အဆင် မပြေမှာ စိုးလို့ ကြိုတင်ပြော ထားတာ”
ပါးပေါ်မှာ ဓားဒဏ်ရာ ကန့်လန့်ဖြတ်နှင့် လူက ဂျိုကြည့် ကြည့်သည်။ အရပ်က ရှည်ရှည်၊ အသားက နီစပ် စပ်။ တကယ့် လူမိုက်ပုံပါပဲ။
“ဒီနယ်မှာ ကျုပ်တို့ကို မသိတဲ့လူ မရှိဘူး။ ကျုပ်တို့ ဘယ်ဆိုင် သွားသွား အကြွေး သောက်လို့ရတယ်။ ခင်ဗျား ဆိုင်က ဆိုင်သစ်မို့ အားပေး ချင်လို့ လာတာ။ ကျုပ်တို့မှာ ပိုက်ဆံ မပါဘူး၊ ကျုပ်တို့ဆို ရင် ဘယ်ဆိုင်ကမှ အကြွေး မရောင်းပါဘူးလို့ မငြင်းရဲဘူး”
ကိုလူအေး သူ့မျက်လုံးကို သေချာကြည့်လိုက်သည်။ စူးစူးရဲရဲကြည့်သည်။
“ကောင်းပြီလေ၊ ဒါဆိုလည်း အဲဒီ မငြင်းတဲ့ ဆိုင်ကို သွားသောက်ပါ။ တကယ် အားပေးချင်ရင်တော့ ပိုက်ဆံပါမှ လာခဲ့ပါ။ အရက်ရောင်းတယ်ဆိုကတည်းက မကြောက်တတ်လို့ ရောင်းတာ။ အရက်ရောင်းတာ သူတော်ကောင်းလုပ်ဖို့ မဟုတ်ဘူးဆိုတာ ကျုပ် သိသားပဲ၊ ကြောက်တတ်ရင် အရက်မရောင်းဘူး”
ဒီတော့ တစ်ဖက်လူ၏ မျက်နှာ ပျော့ပျောင်းသွား သည်။ လေသံလည်း ပြောင်းသွားသည်။
“ကျုပ်ကလည်း အကြွေး ရောင်းရမယ်လို့ ဇွတ် မပြောပါဘူး။ ကျုပ်မှာ ပိုက်ဆံ မပါဘူး။ ဒါပေမဲ့ အရက် သောက်ချင်နေတာ၊ အရက်ဖိုး မရှိလို့ ထင်းရှူးတောက ထင်းခုတ်ယူလာတာ၊ ခင်ဗျား ပေးချင်သလောက် ပေးပါ။ ကျုပ်တို့ အရက်သောက်ရရင် တော်ပြီ”
ဒီလိုတော့လည်း ဘယ်ဆိုးလို့တုံးဟု ကိုလူအေး တွေးမိသည်။ တကယ်တော့ လူတစ်ယောက် အပေါ် ကိုလူအေး ဒီလိုမျိုး တစ်ခါမျှ မဆက်ဆံဖူးပါ။ ရန်လည်း မဖြစ်ဖူးပါ။ ရန်ဖြစ်ရမှာလည်း ကြောက်ပါသည်။ သို့ သော် ဒီလိုအခြေအနေမှာ ဒီလို မလုပ်လျှင် မရသဖြင့် ဒီလိုပဲ လုပ်လိုက်ရခြင်း ဖြစ်သည်။ သို့သော် အံ့ဩစရာ ကောင်းသည်မှာ ဒီထင်းခုတ်သမား သုံးယောက်က ကိုလူ အေး၏ ပင်တိုင်ဖောက်သည် ဖြစ်လာသည်။ ပိုက်ဆံပေး၍ အားပေးသည်၊ ပိုက်ဆံ မပါလျှင် ထင်းယူလာပေးသည်။ ခြံစည်းရိုးခတ်ဖို့ တိုင် လိုလျှင်လည်း သူတို့ပဲ အားကိုးရသည်။ ဒီအကြောင်းကို ဘကြီးညို ပြောပြတော့ ဘကြီးညိုက-
"အေး.. အဲဒါ ကောင်းတယ်ကွ။ ဒီကောင်တွေက ဇ,မရှိပါဘူးကွာ၊ လူမိုက်ယောင် ဆောင်နေကြတာပါ။ လူတွေကို ရန်စ,တယ်၊ ရန်ဖြစ်ပြီဆိုရင် သူတို့ပဲ ခံရတာ။ အဲဒီတော့မှ သူတို့က ဟိုတိုင်မယ်၊ ဒီတိုင်မယ် ဆိုပြီး အလျော် တောင်းနေကျကွ။ သူတို့ကတော့ မင်းကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး။ အေး မင်းကတော့ သွားမလုပ်မိစေနဲ့၊ သူတို့က အလျော် လိုချင်လို့ လုပ်နေတာ” ဟု ပြောပြသည်။
ပန်းရန်အုပ်စု တစ်စုကတော့ အရက်ဆိုင်ကလေး ဖွင့်ပါပြီ ဆိုကတည်းက ညတိုင်း လာသည်။ သူတို့အုပ်စုက ငါးယောက်၊ ခြောက်ယောက်လောက်ရှိသည်။ ပထမနေ့ကတော့ အဆင်ပြေပြေ ကျသလောက် ရှင်းသွားသည်။ အဖွဲ့ခေါင်းဆောင် ဖြစ်သူကပဲ ရှင်းသည်။ ပြီးတော့ သူက ပြောသွားသေးသည်။
“ဦးလေးတို့ဆိုင်က အရက်က တကယ် ကောင်းတာပဲဗျာ။ အရင် သောက်နေကျ ဆိုင်က အရက်စပ်တာ မကောင်းဘူး။ ခုစပ်ခုရောင်းတာ ဆိုတော့ ပါးစပ်တွေကို စပ်နေတာပဲ။ ပြီးတော့ ဒီက စွန်ထန်ဟင်းရည်ကလည်း ကောင်းမှ ကောင်းဗျာ။ ကျွန်တော်တို့ ဦးလေးဆိုင်မှာပဲ အားပေးချင်တယ်။ ဒီနေ့က အဖိတ်နေ့လေ၊ ကျွန်တော်တို့ အလုပ်ရှင်က တစ်ပတ်တစ်ခါ ငွေရှင်းတာ။ နောက်ရက်ဆို ကုန်ရော။ ဒီတော့ ကျွန်တော်တို့ကို ခုလို လုပ်ပေးပါလား။ ကျွန်တော်တို့ ပန်းရန်အဖွဲ့ နေ့တိုင်း ဒီမှာ သောက်ချင်တယ်။ အရက်ဖိုးကိုတော့ တစ်ပတ်တစ်ခါ အဖိတ်နေ့မှ ပေးလို့ မရဘူးလား”
ဒီတော့ စာရေးဆရာ ကိုလူအေး ခေါင်းညိတ်လိုက်ရသည်။ စာရေးဆရာပီပီ အခြေခံအလုပ်သမား လူတန်းစားများကို စာနာတတ်သည်။ သူတို့နှင့် စကားပြောချင်သည်။ သူတို့ဘဝ အတွေ့အကြုံတွေကို မေးမြန်းချင်သည်။ သူက အလုပ်သမား၊လက်လုပ်လက်စား လူတန်းစားတွေ အပေါ်မှာ ယုံကြည်မှု ရှိသည်လေ။
ဒါပေသည့် ကိုလူအေး အတွက် မှားသွားသည်။ ထိုပန်းရန်အုပ်စုသည် တစ်ပတ်လောက် အကြွေးယူ သောက်စား သွားကြသည်။ တစ်ပတ်ပြည့်သည့် ရက်ကစ၍ ကိုလူအေးဆိုင် ရောက်မလာတော့ဘဲ ဆိုင်ပြောင်း သောက်ကြတော့သည်။
ကိုလူအေး၏ ဖောက်သည်တွေထဲမှာ ဂျေပီတာ ဆိုသည့် ကချင်ကြီးတစ်ယောက်လည်း ပါသည်။ သူကတော့ နေ့လယ်နေ့ခင်းဘက်တွေမှာ လာတတ်သည်။ ကိုလူအေး စာရေးဆရာမှန်း သိတော့ သူ့ အကြောင်းတွေ ပြောချင်တာလည်း ပါသည်။ သူက ချယ်ရီလမ်း အနီးမှာ မြေတစ်ကွက် ရထားသည်။ အဲဒီမှာ တိုက်တစ်လုံး ဆောက်ထားပြီး မိသားစုနှင့် နေသည်ဟု သိရသည်။ သူ့မိသားစုအကြောင်းတော့ သူက ပြောမပြ။ ကိုလူအေးကလည်း စပ်စပ်စုစုလုပ်ပြီး မမေးပါ။
“ကျွန်တော်က နိုင်ငံရေး သမား ကျောင်းသားခေါင်း ဆောင်တစ်ယောက်ဗျ”
ဟု သူက ပြောသည်။ ဘယ်လိုလုပ်ပြီး နိုင်ငံရေး လောကထဲ ရောက်တာလဲဟု မေးတော့ မန္တလေးတက္ကသိုလ် ကျောင်းသားဘဝမှာ ရှစ်ဆယ့်ရှစ်အရေးတော်ပုံထဲ ပါတာဟု ပြောသည်။ အယူအဆရေးရာနှင့် ပတ်သက်၍ တော့ ဘာမျှ မေးမြန်းဆွေး နွေး၍ မရ။ ကျွန်မြူနစ် မသိ၊ ဆိုရှစ်လစ် မသိ၊ ဒီမိုကရေစီစနစ် မသိ၊ ပါလီမန် မသိ၊ ဖက်ဒရယ် မသိ။ လူထုအရေးတော်ပုံ ရေစီးကြောင်းကြီးထဲမှာ အလိုလို မျောပါလာပုံရသည်။ အရေးအခင်းမှာ စစ်တပ်က အာဏာသိမ်းချိန် ကြောက်ကြောက်လန့်လန့်ဖြင့် တောခိုသည့်အထဲ ပါသွားသည်။ ပြီးတော့ တစ်နှစ်မျှ မကြာလိုက်၊ ငြိမ်းချမ်းရေးတပ်ဖွဲ့နှင့် အတူ ပါလာပြီး အခွင့်ထူးတွေ ရလာသည်။ သူက အနွေးထည်ထဲ ဝှက်ယူလာသော သေနတ်ကို ထုတ်ပြသည်။ ငြိမ်းချမ်းရေး တပ်ဖွဲ့ကမို့ သေနတ်ကိုင်ခွင့်ရသည်ဟု ပြောသေးသည်။ သူက အရက်ကလေး နည်းနည်း ဝင်လျှင် စကားတွေ အများကြီး ပြောသည်။ တစ်ယောက်တည်း လာပြီး တခြား ထိုင်ခုံတွေမှာ ဝင်ရောတတ်သည်။
ဒီထဲမှာ စိတ်အညစ်ရဆုံးကတော့ ကြီးကြီးတို့ အုပ်စုဖြစ်သည်။ သူတို့အုပ်စုကလည်း ခြောက်ယောက်၊ ခုနစ်ယောက်လောက် ရှိသည်။ ဆိုင်ကို ညနေတိုင်း လာပြီး အားပေးသည်။ သောက်ကြသည်၊ စားကြသည်၊ ငြင်းကြသည်၊ ခုံကြသည် ။ အရက်ဖိုးကိုတော့ အပြည့်ပေးသည်။ စနေ၊ တနင်္ဂနွေ၊ ရက်မျိုးမှာဆို လျှင်တော့ မနက်လင်းကတည်းက ရောက်ရှိလာကြသည်။ အရပ်ထဲက သက်ကယ်မိုး ထရံကာ ကာရာအိုကေဆိုင်မှာ နှစ်ရာဖိုး သုံးပုဒ်ဖြင့် သီချင်းတွေ ဆိုကြသည်။ သီချင်း တစ်ခါဆိုဖို့ လူနှစ်ဆယ်လောက်ကို အလှည့်ကျ စောင့်ကြရသည်။ အခန့် မသင့်လျှင် သူ့အလှည့်၊ ငါ့အလှည့် ငြင်းခုံရင်း ရန်ဖြစ်ကြသည်။ ပဒေသာမြို့သစ်ကလေးမှာ စီခနဲ ရန်ဖြစ်ပြီဆိုလျှင် ကြီးကြီးတို့ အုပ်စုပါစမြဲ။ မကြာခဏလည်း သူတို့ အုပ်စုထဲက လူတွေ ရန်ဖြစ်၍ ကွဲကြပြဲကြ၊ သွေးသံရဲရဲ ဖြစ်ကြ။ ရဲက ဖမ်းလျှင်လည်း ရဲလက်ထဲက ရုန်းကန်၍ တောထဲ ထွက်ပြေးကြသည်။ နောက်နေ့မှာတော့ အရင်နေ့တွေလိုပါပဲ။ သီချင်းဆိုမြဲ၊ ရန်ဖြစ်မြဲ၊ အရက်သောက်မြဲ။
သီချင်းဆို အားရတော့ ကိုလူအေးအရက်ဆိုင် ရောက် လာကြသည်။ ကိုလူအေး သားအငယ်ကောင်ကလည်း သီချင်းဆို ဝါသနာပါသူ ဖြစ်၍ ကြီးကြီးတို့နှင့် အဖွဲ့ကျနေသည်။ တစ်နေ့တော့ ကိုလူအေးသားက ပြော၍လား မသိ၊ ကြီးကြီးတို့အဖွဲ့ ကိုလူအေးဆိုင် ရောက်လာပြီး ကိုလူအေးကို ထိုင်ကန်တော့သည်။ ကိုလူအေးခမျာ ဘုမသိ ဘမသိနှင့်မို့ အံ့အားသင့်ပြီး ဘာလုပ်တာလဲ၊ မလုပ်ကြပါနဲ့ဟု တားသည်။ ဒီတော့ ကြီးကြီးက ခေါင်းဆောင်ပြီး ပြောသည်။
“ဦးက စာရေးဆရာဆိုလို့ ကျွန်တော်တို့ လာကန်တော့တာပါ။ ကျွန်တော်တို့ မှားတာရှိရင်လည်း ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ ဦး စာရေးချင်ရင် ရေးနိုင်အောင် ကျွန်တော်တို့ အကြောင်းလေးတွေလည်း ပြောပြပါရစေ”
ကိုလူအေး အံ့အားသင့်နေမိသည်။
“မင်းတို့ အရက်သောက်ဖို့လာတာ မဟုတ်လား၊ ထိုင်ကြလေကွာ။ ဦး အရက်ချ ပေးပါမယ်”
“ဟင့်အင်း…. ကျွန် တော်တို့ အရက်သောက်ဖို့ လာတာ မဟုတ်ဘူး။ ဦးနဲ့ စကားပြောချင်လို့ပါ”
နောက်တော့ သူတို့ တစ် ယောက်ချင်းစီ၏ အကြောင်းကို ပြောပြသည်။ ကြီးကြီးမှာ မိဘများ မရှိကြတော့။ မိဘတွေ ဆုံးတော့ ကျောင်းတစ်ဝက်တစ်ပျက်နှင့် ထွက်ခဲ့ရသည်။ ကြီးဒေါ်က သူ့ကို ခေါ်ထားသည်။ သို့သော် ဒါကို ကြီးဒေါ်ရဲ့ ယောက်ျား ဖြစ်သူက မကြည်ဖြူ။ အမြဲတမ်း နှိမ့်ချဆက်ဆံသည်။ မသထာရေစာ ကျွေးသည်။ မိဘတွေကိုပါ ထိခိုက် ပြောဆိုသည်။ ဒီဒဏ်တွေကို မခံနိုင်သည့်အဆုံး ကြီးကြီးအိမ်က ထွက်ပြေးပြီး စစ်ထဲဝင် သည်။ စစ်သင်တန်းတက် သည်။ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ သည်မှာ လာပြီး ကိုယ်စိတ် အပန်းဖြေကာ လွတ်လပ်မှု ရှာကြခြင်းဖြစ်သည်။
သူတို့အားလုံး၏ ဘဝလေးတွေက သံတူကြောင်းကွဲ၊ ကြောင်းတူသံကွဲလေးတွေ ချည်းဖြစ်သည်။ အဖေဆုံး၍ နောက်အိမ်ထောင်ပြုသည်၊ ပထွေးနှိပ်စက်တာ မခံနိုင်၍ အိမ်က ပြေးလာသည်။ မအေ ဆုံး၍ ဖအေက နောက်အိမ်ထောင်ပြုသည်၊ မိထွေး နှိပ်စက်သည်ကို မခံနိုင်၍ အိမ်က ပြေးသည်။ အဖေက မှော်ထဲ သွားပြီး ပြန်မလာ၊ စာမလာ၊ သတင်းမကြား။ မိခင်ဖြစ်သူက နောက်လင်နောက် လိုက်သွား၍ ခိုကိုးရာမဲ့ ဖြစ်၍ တပ်မတော်ထဲကို ဝင်သည်။ အဖေရော အမေပါ နောက်အိမ်ထောင် ပြုကြပြီး ပစ်ထားသဖြင့် အဘွားနှင့် နေလိုက်၊ ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေးနှင့် နေလိုက် ။ နောက်ဆုံး ဘယ်မှာမှ အဆင်မပြေသဖြင့် တပ်ထဲ ရောက်ခဲ့ရသည်။
ကိုလူအေး ရင်ထဲမှာ တော်တော်လေး လှုပ်ခတ် သွားသည်။ “ ဘာပဲဖြစ်ဖြစ် ပျက်စီးခြင်းဟာ ဖျက်ဆီးခံရခြင်းပဲ” ဆိုသော နိုင်ငံရပ်ခြား စကားပုံလေး တစ်ခုကို သတိရမိသည်။ ကြီးကြီးတို့လို လူငယ်လေးများ၏ ဘဝကို ကိုလူအေး စာနာတတ်သွားသည်။ ကိုလူအေး စိတ်ထဲမှာ စွဲနေသည့် လူဆိုးကလေးတွေ ဆိုသည့် အစွဲ ကျွတ်သွားသည်။ တကယ်တော့ ကြီးကြီးတို့ လူငယ်လေးတွေက ဆိုးနေသည် မဟုတ်။ ဒီလို လူငယ်လေးတွေကို ဒီလို ဘဝမျိုးထဲ သက်ရောက်သွားအောင် လူမှုပတ်ဝန်းကျင်နှင့် ခေတ်စနစ်ကသာ ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ဒီနေ့က စပြီး ကိုလူအေးနှင့် ကြီးကြီးတို့အဖွဲ့ ပို၍ပို၍ ချစ်ခင် ရင်းနှီးသွားသည်။ သူတို့က ကိုလူအေး အပေါ် တလေးတစား ဆက်ဆံသလို၊ ကိုလူအေး ကလည်း သူတို့ကို လမ်းလွဲ မလိုက်မိရန် ဆုံးမသွန်သင်သည်။ စာဖတ်ဖို့ တိုက်တွန်းသည်။ အရက်ကိုလည်း အတိုင်းအဆဖြင့်သာ သောက်စေပြီး အမြည်းဖိုး မယူဘဲ မကြာခဏ ချကျွေးသည်။
တစ်ခုသော မနက်ခင်းမှာတော့ မမျှော်လင့်သည့် သတင်းတစ်ပုဒ် ကြားရသည်။
ဂျေပီတာ တစ်ယောက် လူ တချို့က ဝိုင်းရိုက်လိုက်၍ လမ်းဘေးမှာ သတိမေ့ လဲကျနေသည် ဆိုသည့် သတင်းပင် ဖြစ်သည်။ ကိုလူအေး စိုးရိမ်သွားသည်။ ဂျေပီတာ တစ်ယောက် မသေကောင်း၊ မပျောက်ကောင်း ဘာမှမဖြစ်ပါစေနှင့်ဟု ဆုတောင်းရင်း သူ့ကို ဘယ်သူတွေကများ ရိုက်ခဲ့ကြပါလိမ့်။ ဖွဟဲ့.. လွဲပါစေ၊ ဖယ်ပါစေ ကြီးကြီးတို့ အုပ်စု မဖြစ်ပါစေနှင့်ဟု ဆုတောင်းရင်း ဘယ်သူတွေ လုပ်တာလဲ၊ ဂျေပီတာ အခု ဘယ်မှာလဲ၊ သတိကော ရရဲ့လားဟု မေးလိုက်သည်။ ဒီတော့ သတင်းသယ်လာ သည့်သူက-
“တစ်နေ့ အရက်ဆိုင် တစ်ဆိုင်မှာ အဲဒီ လူကြီးက လူတချို့နဲ့ စကားများတယ်။ သူကလည်း သေနတ်နဲ့ ခြိမ်းခြောက်တယ်လို့ ပြောတယ်။ ခု အဲဒီ အမူးသမားတွေက လုပ်သွားတာ နေမှာပေါ့ ။ သေနတ်ကလည်း ခါးကြားက မချဘူး။ ဒါပေမဲ့ တော်ပါသေးရဲ့၊ သေတော့ မသေဘူး။ ကြီးကြီးတို့အဖွဲ့က တွေ့လို့ ထော်လာဂျီနဲ့ ဆေးရုံ ကို လိုက်ပို့ပေးလိုက်တယ်လို့ ပြောတယ်။ သတိလည်း ရနေပါပြီတဲ့”
ခုမှပဲ ကိုလူအေး ရင်ထဲက အလုံးကြီး ကျသွားသည်။ ကြီးကြီးတို့ လူငယ်တစ်စုကိုလည်း ကျေးဇူးတင်နေမိသည်။ ဘာပဲပြောပြော ညနေပိုင်း ကြီးကြီးတို့အဖွဲ့ လာလျှင်တော့ ကောင်းကောင်း ဂုဏ်ပြုရဦးမှာပေါ့လေ။
▢ မောင်သင်းဝေ
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
စက်တင်ဘာ၊ ၂၀၂၀
