❝ အသည်းကျော်မကလေး အတွက် ❞
သောင်းကျန်းနေသော အချိန် ။ ပဲခူးခရိုင် ၊ ကွင်းရွာများ ဖြစ်သော မိုးခိုင်ကြီး ၊ မိုးခိုင်ကလေး စသည့် ရွာများ မီးရှို့ခံရသည့် ဒဏ်ကြောင့် ရှေ့လျှောက်ပြီး နေရင်း ဇာတိတွင် မနေရဲတော့ သဖြင့် ရန်ကုန် သို့ ရှိစုမဲ့စု ပစ္စည်းကလေးများ သယ်ပိုးပြီး ပြောင်းရွှေ့ နေထိုင် မှ ပင် အမှားကြီး မှားသည် ။
အစက သည်လို ဖြစ်လာလိမ့်မည် မထင် ။
ယခု ဖြစ်လာသည် ဟု ကြားရသောကြောင့် ရင်ခုန်လေသည် ။
တွေးလေလေ ဟုတ်မှာပဲဟု သံသယဖြစ်လေရှိခဲ့သည် ။ ဘုရားလောင်း က သူ့ တပည့်အား “ မိန်းမပညာ ” သင်ပေးလေရာ တွင် ဘုရားလောင်း ၏ မိခင် နှင့် တပည့် အား အလိုစမ်းစေခဲ့ပုံ ။ ဆိတ်ကွယ်ရာ၌ မိန်းမတို့ သည် ကာမဂုဏ် ၏ အလို ကို လိုက်တတ်၏ ဟူသော ပညာရှိ စကား ကို ကြားမှတ်ခဲ့ရပုံ ၊ သည့်နောက် မိန်းမ သည် လင်ယောက်ျား နှင့် ကင်းကွာက ဖောက်ပြန်တတ်ပုံ ၊ ဝတ္ထုနိပါတ် အသွယ်သွယ် စသည် တို့ကို အပြန်အလှန် တွေးတောလေသောအခါ သက်ပြင်းကြီး ကို ထုတ် ခဲ့ရ၏ ။
“ အေးမျှင် ရေ .. ဒီမှာ အလုပ် လုပ်ရတာကလည်း နေ့တွက် မကိုက်ဘူး ။ တော ပြန်ပြီး စပါးကလေး ၊ ငါးပိကလေးများ မိုးတွင်းအတွက် ရှာဦးမှထင်ရဲ့ ” ဟု ဇနီး ထံ ခွင့်ပန်စဉ်က ကြည်ကြည်လင်လင်နှင့် ခွင့်ပြုလိုက်ပုံမှာ “ ဒါကြောင့်ကိုး ” ဟု နားလည်လာပြန်၏ ။
အိပ်ရာပေါ် ပက်လက်လှန်ပြီး ခြင်ထောင်အမိုး ကို မမှိတ်မသုန် ကြည့်နေ၏ ။ ထို ခြင်ထောင် ၏ အမိုးတွင် ဇနီးသည် ၏ အရိပ် သည် ပေါ်၍ ပေါ်၍ နေလေသည် ။
လူမမည် ကလေးငယ်ကလေး တိုးလိုးတွဲလောင်း နှင့် အသက် ၄ဝ ခန့်ရှိ အသားဖြူဖြူ ၊ မျက်လုံးမျက်ဖန်ကောင်းကောင်း ကိုယ်လုံး ကိုယ်ပေါက် ထွားထွားကျိုင်းကျိုင်းရှိသော မုဆိုးမလေး မအေးမျှင် ဘဝ ၌ ရှိသေးသော ဇနီးသည် နှင့် စပါးပွဲစား မောင်အောင်ထွန်း တို့ ၏ နှောင်းကာလ အဖြစ်အပျက်များသည် ခြင်ထောင် ၏ အမိုးတွင် ထင်၍ ထင်၍ နေသည် ။
ထိုအခါ က မုဆိုးမလေး မအေးမျှင် မှာ လင်ကြီး ကွယ်လွန်ပြီး နောက် ကျန်ရစ်ခဲ့သော လယ် ၊ ကျွဲ ၊ နွားများဖြင့် မိုးခိုင်ကြီးရွာ တစ်ဝိုက် တွင် စန်းပွင့်နေရာ ပွဲစားကိုအောင်ထွန်း မှာ ထို ကျေးရွာများ တစ်ဝိုက် တွင် နာမည်ကြီး လူဆိုးဓားပြဗိုလ် ဖြစ်သော ကိုတင့် နှင့် အပြိုင်အဆိုင် အကြိတ်အနယ် ပင် ပိုးပန်းခဲ့ရ၏ ။ မအေးမျှင် ၏ တစ်ပတ်နွမ်း အချစ်ပန်း အာအာကလေး သည် ထိုစဉ်သမယ ၌ ကိုအောင်ထွန်း ထက် ရုပ်ရည်သာ သော ဓားပြဗိုလ် ကိုတင့် ကို ဝတ်ရည်များ ယိုစီး၍ ဝတ်မှုန်များ ပြန့်ကျဲသွား သယောင်ယောင် သတင်းများထွက်ပေါ်လာပြီး မှ ပွဲစား ကိုအောင်ထွန်း ထံ သို့ ကြွေကျ လာခဲ့၏ ။
အပြိုင်အဆိုင် ပိုးပန်းစဉ်က အတော်ကလေး အနှောင့်အယှက်ပေး သော ဓားပြဗိုလ် ကိုတင့် သည် မိုးခိုင်ကြီးရွာ နှင့် မလှမ်းမကမ်းတွင် ရှိသော ‘ အင်း’ ၏ နံဘေး တွင် စပါးအရောင်းအဝယ် မှ ပြန်လာသော ကိုအောင်ထွန်း ကို မအေးမျှင် နှင့် ပတ်သက်၍ သူ က မည်သို့မျှ ဆက်လက်ပြီး အနှောင့်အယှက်မပေးတော့ကြောင်း ဝန်ခံသွား၏ ။ ထိုနေ့မှ အစပြုပြီး ကိုတင့် သည် မိုးခိုင်ကြီးရွာမှ အစပျောက်သွားလေသည် ။ ထိုအကြောင်းနှင့် ပတ်သက်၍ အချို့ ရွာသူရွာသားများ က မအေးမျှင် သည် ဖောက်ပြန်တတ်သော အလေ့အကျင့်ရှိသဖြင့် ဓားပြဗိုလ်ကြီး က ပင် စွန့်ခွာသွားလေ သယောင်ယောင် ပြောဆိုကြ၏ ။ ကိုအောင်ထွန်း ကမူ သူ နှင့် မအေးမျှင် တို့၏ အချစ်ဇာတ်လမ်း တွင်
‘ အင်တီသတ္တဘာဂများ ’ ဟု ထို ရွာသားများ ကို တင်စားကာ ထိုစဉ်အခါက ထိုစကားများ ကို မယုံမကြည် ရှိလိုက်၏ ။ မအေးမျှင် ၏ အပြုံးကလေးများကြား ထဲ တွင် လေ ၏ အဖြတ်အသန်း ကိုပင် မခံခဲ့ချေ ။
ယခု ကား ကြား၏ ။ သတင်းပေး လာ၏ ။
ဒါကြောင့်မို့ မအေးမျှင် နှင့် သူ ပေါင်းသင်းလာသော နှစ်ကာလ များ အတွင်း ၏ မအေးမျှင် ကို သူ ပြန် တွေးလေသည် ။ ယခု ဒေါ်အေးမျှင် ဟူသော အသက် ၅၅ နှစ် ဘဝ သို့ တိုင်အောင် ကိုအောင်ထွန်း ( ဘကြီး အောင်ထွန်း ) က အပြစ် ဟူ၍ စွန်းစ မှ မတွေ့ ခဲ့ချေ ။ ခက်၏ ။ တိမ် မယောင် နှင့် နက်၏ ။ အသက်ပေးလျက် ချစ်ထားခဲ့ ပြီးသော ဇနီး က သည်ပုံ သည်လို ဟု သတင်း ကို တော မှ ကြားသောအခါ တော တွင် ဆက်လက်ပြီး နေထိုင်ရှာဖွေရန် ကိုအောင်ထွန်း မစဉ်းစားတော့ချေ ။
••••• ••••• •••••
မှောင်နေလေသည် ။
ဓာတ်မီးတိုင်များ မရှိသဖြင့် အမှောင်ပေါ် က အမည်း က လွှမ်းခြုံ နေ၏ ။ သည်မျှမက ကွက်သစ် ဖြစ်သဖြင့် လည်းကောင်း ၊ ည ၁၂ နာရီခန့် ရှိသဖြင့်လည်းကောင်း ၊ လဆုတ်ရက် ဖြစ်သဖြင့် လည်းကောင်း အမှောင် နှင့် အမည်း ကို နက်သည် ထက် နက်သည့် အနက်ရောင် က စိုးမိုး ထားလေရာ ရည်မှန်းချက် အောင်မြင်ရပေမည် ။
မိုးသက်လေကလေးများ က ဝှေ့ယမ်းနေရာ အခါကာလ အားလျော် စွာ အေးစိမ့်စိမ့် ရှိလှပေသည် ။
ချွေးစိမ့်စိမ့် ရှိသော နဖူးပြင် တစ်လျှောက်မှာ တွန့်လျက်အကြောင်း ကြီးများ ထင်နေ၏ ။ ခြေတစ်လှမ်း ၊ တစ်လှမ်း ၊ နောက်တစ်လှမ်း .. ။ သည်လိုနှင့် အိမ်နှင့် နီး၍ နီး၍ လာ၏ ။ ကပ်၍ ကပ်၍ လာ၏ ။ ရင် သည် တဒိတ်ဒိတ် ဖြစ်နေ၏ ။ သူတို့ ကြာခြည်သံ ပေးနေသည် ကို တွေ့လျှင် ဟု ဇော က စောနေ၏ ။
တဲအိမ် ၏ အတွင်းမှ ခိ - အိ - ဓိ နှင့် ရယ်သံများ ထွက်ပေါ်လာမည် လား ။
စက္ခုအာရုံ သည် တဲ ဆီသို့ ရောက်နေ သကဲ့သို့ သောတ အာရုံ သည် တဲ ဆီသို့ တစွင့်စွင့် ရှိနေသည် ။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း တွင် မြေကြီး ကို နင်းမိပါလေစဟု သံသယ ဖြစ်လောက်အောင် ပေါ့ပါး စွာ ဖော့ဖော့ကလေး နင်းလာသည် ။
အိုင် .. အိုင် ... ။
ဘကြီး ထွန်းအောင် သည် ကပျာကယာခုန်မိလေသည် ။ ရှေ့ လောကြီးသော ဇောကြောင့် အိပ်နေသော ခွေး ကိုပင် မမြင်မိ ။ ခွေး သည် လန့်ကာအော် ပြီးနောက် ခပ်လှမ်းလှမ်း မှ ဘကြီးအောင် ကို ကြည့်ကာ တဝုတ်ဝုတ် နှင့် ဟောင်၏ ။
ကျားဘို .. ကျားဘို .. ။
ဘကြီး သည် တိုးတိုးကလေး ခေါ်၏ ။ ထိုနောက် ကျွတ် .. ကျွတ် ဟု စုတ်သပ်၏ ။ ကျားဘို သည် ဘကြီး ကို ဘကြီး မှန်း သိသောအခါ သူ့ အိမ်သား ဟု နားလည်၍ အမြီးကလေး လှုပ်ရင်း ဘကြီး နား ကပ် လာလေသည် ။
ဘကြီး သည် တဒိတ်ဒိတ် ခုန်နေသော ရင်ကို ဖိထားသော လက် များနှင့် ကျားဘို ၏ ကျော ကို သပ်ပေး၏ ။ ထိုနောက် အိမ် ၏ ခေါင်းရင်း ဘက်ဆီသို့ကပ်လျက် ဝင်သွားပြီး နောက် မတ်မတ်ကြီး ရပ်ကာ နားစွင့် လေသည် ။
တိတ်ဆိတ်လှသော ညလယ် ၏ သဘာဝဝယ် အမှောင် ၏ အတွင်း မှ ဘကြီး သည် အိမ်ပေါ် မှ အိမ်မြှောင်စုတ်ထိုးသံ ကို ကျယ်ကျယ်ကြီး ကြားရ လေသည် ။ ဝါးကြမ်းခင်း မှ တကျွတ်ကျွတ် နှင့် မြည်သံကား တစ်ခါတစ်ရံ ပေါ်ပေါက်လာ၏ ။ လူ ၏ အသံဗလံ ကို ကား နည်းနည်းမျှ မကြား ။
ထို့ကြောင့် ဘကြီး မှာ အကြံရ ကျပ်နေလေသည် ။ လက်ဆုပ်လက် ကိုင် သိချင်တွေ့ချင်လှသဖြင့် ညနေ ကတည်းက ရန်ကုန် ရောက် လာ သော်လည်း အခြား အသိ အိမ် တွင် အချိန်ဖြုန်းကာ ယခုမှ တကူးတကန့် လာခဲ့၏ ။ လာခဲ့ကျိုး မနပ်သလိုဖြစ်တော့မည်လား ဟု တွေးလေသည် ။
ကျားဘို သည် ဘကြီးအောင် နားသို့ လာရပ်၏ ။ ဘကြီး ကို မော် ကြည့်၏ ။ ထိုနောက် အမြီးကလေး နှန့် ကာ အီ .. အီ .. အီ .. အီ .. နှင့် မျက်နှာချိုသွေးလာသည် ။ ဘကြီး သည် ကျားဘို ကို ကန်ပစ်လိုက်ချင်၏ ။ သည်အချိန် မှာ ဒေါ်အေးမျှင် နှင့် ကိုဖိုးထူး တို့ ကျားဘို ကြောင့် သူ လာမှန်း သိလျှင် ခွကျကုန်မည် ဟု တွေးလေသည် ။ ရေမြောင်းကလေး ကို အသာ ကျော် ကာ အိမ်ခေါင်းရင်း ထရံ အနီးမှ ခွာခဲ့၏ ။ ကျားဘို က သူ့ နောက်မှ လိုက်လာ၏ ။
ထိုအတွင်း ဂျွမ်း .. ဂလွမ်း ... နှင့် အိမ်ပေါ်မှ အသံ တစ်ခု ထွက်ပေါ် လာသည် ။ ထို အသံနောက် မရှေးမနှောင်းမှာ ပင် ရှဲခနဲ မီးခြစ် ခြစ်သံ ။ ဟဲ့ .. ပူစီ ဟူသော ဒေါ်အေးမျှင် အသံတို့ ကို ဆက်တိုက်ကြားရ၏ ။
ဒေါ်အေးမျှင် နိုးလေပြီ ။
အိမ်ပေါ်မှ မီးလင်းလာသည် နှင့် တစ်ပြိုင်နက် ကျားဘို သည် အိမ်ပေါ် သို့ အပြေးအလွှား တက်သွား၏ ။ တံခါး မပိတ်ဘဲ ဟာလာဟင်းလင်း ဖွင့်ထားသဖြင့် အိမ်ပေါ် မှ မီးရောင် သည် အိမ်ရှေ့ လမ်းမဆီသို့ ‘ ဟပ် ’ လာ လေသည် ။ ဘကြီး ကား သူ့ ကို ဒေါ်အေးမျှင် မမြင်စေရန် အနီးရှိ ရေတိုင်ကီ ပုံးကြီးဘေးတွင် ဆောင့်ကြောင့် ထိုင်ချလိုက်လေသည် ။
ဒေါ်အေးမျှင် သည် မီးခွက် ကို ကိုင်ကာ အိပ်ခန်းမှ ထွက်လာ၏ ။ သည့်နောက် အိမ်ရှေ့ဧည့်ခန်း တွင် စစ်ခြင်ထောင်ကလေး နှင့် အိပ်နေ သော ကိုဖိုးထူး ကို လှမ်း ကြည့်လေသည် ။ ပြီးသောအခါ နောက်ဖေး မီးဖိုချောင်ဘက် တွင် ပူစီလှန်လှော သွားသော အိုးခွက်ပန်းကန်များ ကို သိမ်းဆည်း လေသည် ။ သို့ သိမ်းဆည်းနေဆဲတွင် ကျားဘို သည် ဒေါ်အေးမျှင် အနီးသို့ လာရပ်၏ ။
အမြီးကလေး နှန့်ကာ အီ .. အီ .. နှင့် မြည်ကာ အိမ်၏ အောက် ဘက်သို့ ငုံ့၍ငုံ့၍ ကြည့်လေသည် ။
“ ဟဲ့ .. ကျားဘို ၊ နင် ဘာဖြစ်နေသလဲ ”
ကျားဘို ကို မြည်တွန်တောက်တီးပြီး နောက် ဒေါ်အေးမျှင် သည် အိမ်သာ သို့ဝင်ကာ အပေါ့ သွားလေသည် ။ ထိုအချိန်မှာ ပင် အိမ် အောက်ဘက် ဆီ မှ တစ်ခု နှင့် တစ်ခု ဆင့်ထားသော အမှိုက်ခြင်းတောင်းများ လဲကျသံကြားရသည် ။
အချိန်မဲ့ ၊ အခါမဲ့ ဖြစ်သဖြင့် ဒေါ်အေးမျှင် သည် သူခိုးများလား ဟု စိတ်ဇဝေဇဝါ ဖြစ်လေသည် ။ ကွက်သစ်တွင် နေ၍ မချမ်းသာသော သူတို့ လို အိမ်မျိုးများကို သူခိုး က ကပ်မည် မဟုတ်ဟု သံသယဒွိဟ ကို ဖြေဖျောက်၏ ။ မကြာသေးမီက ခေါင်းရင်းအိမ် မှ အိမ်အပြ င်တွင် လှမ်းထားသော ရေလဲထဘီ နှစ်ထည် ပျောက်သွားဖူးကြောင်း ကို သတိ ရလိုက်ရာတွင်ကား ဒွိဟစိတ် သည် ပြန်၍ပေါ်လာလေသည် ။
သို့အတွက် အဟမ်း .. အဟမ်း .. ဟု ချောင်းသံ ပေးလေသည် ။ ထိုနောက် ကျားဘို .. ကျားဘို ... ဟုခေါ်လေသည် ။ ကျားဘို ကား အိမ်အောက်မှ နေ၍ အီအီ .. အီအီ .. ဟု ညည်းတွားကား ဒေါ်အေးမျှင် ခေါ်လိုက်သံ ကို ပြန်လည်ခွန်းတုံ့၏ ။
ကျားဘို အိမ်အောက်တွင် ရှိသည့် အတွက် သူခိုး အတွက် ဘာမျှ စိတ်ပူစရာမလိုဟု ဒေါ်အေးမျှင် သည် တွေးကာ အိမ်ရှေ့ဘက် ဆီ သို့ အထွက် ရိပ်ခနဲဖြင့် လမ်းမဆီ မှ လူတစ်ယောက် လျှောက်သွားသလို တွေ့လေသည် ။ ရိုးရိုးလမ်းလျှောက်မည့် အချိန်အခါလည်း မဟုတ် သဖြင့် အသာ မျက်မှောင်ကြုတ်ကာ မီးခွက် ကို မြှောက်လျက် အပြင် ဘက် ဆီသို့ မျှော်၍ ကြည့်လေသည် ။
ဘာမျှ မတွေ့ ။
စိတ် ထင်လို့ ထင်ပါရဲ့လေ .. ဟုဒေါ်အေးမျှင် သည် တွေးကာ တံခါးဝ ဆီ မှလှည့်၍ အိပ်ခန်းတွင်း ဝင်မည် ပြုလေသည် ။ သို့ အိပ်ခန်း ဆီသို့ အဝင်တွင် ကိုဖိုးထူး နိုး လာလေသည် ။
“ ဘာလဲ .. ကြီးကြီး .. ”
“ ဘာမှ မဟုတ်ပါဘူးကွယ့် ။ အိမ်ရှေ့ မှာ လူရိပ်လိုလို တွေ့ လို့ ”
“ ဟာ .. မဟုတ်တာ .. ”
“ ဟုတ်တယ်ကွယ့် ။ ဒါထက် မောင်ဖိုးထူး ။ မော်တော်ကား ရောင်း ထားတဲ့ ငွေတွေ ဘယ်မှာထားသလဲ ”
“ ကျွန်တော် တခြားမှာ ထားတယ် ကြီးကြီး ။ ကျွန်တော့် ဆီ မှာ ၅ဝိ ပဲ ရှိတယ် ။ ကြီးကြီး ယူထားလေ ”
ဖိုးထူး သည် ခြင်ထောင် ကို မ,ပြီး အပြင်သို့ ထွက်လေသည် ။ ထို့နောက် ကြီးကြီးအေးမျှင် အား ငွေ ၅ဝိ ထုပ်ထားသော စက္ကူထုပ် ကို ပေးလေသည် ။ ကိုင်ထားသော မီးခွက် သည် ဖျတ်ခနဲ ငြိမ်းသွား ၏ ။ ကြီးကြီး က ၎င်း နေရာအခန်းတွင်း ဆီသို့ စမ်းပြီး ဝင်သွားရာ ဝါးကြမ်းပြင် တွင် ခြေနင်းသံ ကျိုးကျိုးကျိကျိသည် ပေါ်လာ၏ ။ ကိုဖိုးထူး က ချောင်းဟန့်၏ ။
သည်အဖြစ်များ ကို မူမှန်အတိုင်း မတွေ့ ရသော ဘကြီး အောင်ထွန်း သည် အမှောင် ထဲ ၌ မျက်မှောင် ကြုတ်နေ၏ ။ မတုန်မလှုပ် ရပ်နေ ၏ ။ ကိုဖိုးထူးသည် တောင်ငူ မှ ရေနံဆီဒီဇယ် ( မက် ) အမျိုးအစား ကုန်တင်ဆယ်ဘီးကားတစ်စီး နှင့် ရန်ကုန်တွင် သောင်တင် နေသူဖြစ် ၏ ။ သောင်းကျန်းမှုဒဏ်ကြောင့် အဆက်အသွယ် အားလုံးပြတ်ပြီး အဝေးပြေး ၊ အနီးပြေး ဘယ်လိုမှ မပြေးရသော ဘဝ တွင် မက်ဒီဇယ် ကားကြီး ကို လမ်းဘေး ဆိုက်ထားကာ ကားဘီးများ ကို ဖြုတ်ပြီး ရောင်း ချလျက် ထိုင်စားနေ၏ ။ ထိုမှ တစ်ဆင့် ကားကြီး ကို သုံးထောင်သော အသပြာ နှင့် အရှုံးခံ ရောင်းချလိုက်ကာ ဤကွက်သစ်ရှိ ဘကြီး အောင်ထွန်း နှင့် အကြီးအေးမျှင် တို့ထံ ထမင်းလခပေးစားရင်း ငြိမ်းချမ်းရေး ကို မျှော်လင့်နေသူဖြစ်သည် ။ သူ့ လက်ထဲ တွင် ငွေတွေရှိလေသည် ။ လူတို့ ၏ သည်းခြေကြိုက် အသပြာတွေ ရှိလေသည် ။
သည်အသပြာများ နှင့် သည် ကိုဖိုးထူး သည် ဘကြီး ၏ မိန်းမ အကြီး အေးမျှင် ကို ထဘီများ ဝယ်ပေးသည် ဟု ဘကြီး က ရွာမှ ကြားရလေ သည် ။ သည်မျှမက ဘကြီး ရွာ သို့ အရှာအဖွေ သွားချိန်တွင် တစ်လ ခန့် အကြီး ကို ကျွေးမွေးနေသည် ။ သည်လိုဆိုလျှင် သည် ကားသမား ဖိုးထူး သည် ကားသမားတို့ ထုံးစံအတိုင်း သစ္စာစောင့်သိနိုင်ပါမည်လော ။
ဘကြီး သည် အိမ်မှာ ရှိ ကတည်းက အကြီးအေးမျှင် သည် ကိုဖိုးထူး ကို အတော်ပဲ ဂရုစိုက်သည် ။ ဖော်ရွေသည် ကို ဘကြီး အသိ ။
ခု .. ဘကြီး မျက်မှောက်တွင် အကြီး ကို ကိုဖိုးထူး က သူပိုင် ငွေ များ အပ်နှင်းသည် ။ သည်အချိန်မှာ ပင် မီးခွက် က ငြိမ်းသွား၍ ကျိုးကျိုးကျွိကျွိ နှင့် ကြမ်းပြင် က မြည်ဟည်းသဟေ ။
မဖြစ်ချေပြီ ။
ဧကန်စင်စစ် မှန်ပြီ ။ မလွဲမသွေ ဟုတ်ပြီ ။
မဖောက်မပြန် ထင်ရှားပြီ ။
သို့ဖြစ်လျှင် ဘကြီး ဘာလုပ်ရမည်နည်း ။
ဘကြီး သည် အသာကလေး နှင့် အိမ် ဆီသို့ ကပ် ပြန်လေသည် ။ ကိုဖိုးထူး အိပ်နေသော နေရာခေါင်းရင်းဘက် ဆီတွင် ရပ်ရပြန်၏ ။ မယား ဟူသည် သေလွန်ပြီးသော အခါမှ အကောင်းအဆိုး ကို ဝေဖန်နိုင်စွမ်း ရှိ၏ ။ မသေလွန်မီ ကာလ၌ အကောင်း ကို လည်းကောင်း ၊ အဆိုး ကို လည်းကောင်း ကြိုတင်၍ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်ဟူသော စကား သည် မှန်လေ၏ တကား ဟု ဘကြီး အောင်ထွန်း သည် စဉ်းစားမိ၏ ။
“ ဟေ့ .. ဖိုးထူး ”
“ ဟေ့ .. ဖိုးထူး ”
“ ဟေ့ .. ဖိုးထူး
ဆက်ကာဆက်ကာ တိုးတိုး တိုးတိုး နှင့် ခေါ်၏ ။ ခေါ်၍ မရသောအခါ အသံသည် ကျယ်လျက် ကျယ်လျက် လာလေသည် ။
“ ဗျာ .. ဘယ်သူလဲ ”
“ ဟဲ့ .. ဖိုးထူး ။ ဘယ်သူလဲ ”
အသံ နှစ်ခုစလုံး ပေါ်လာ၏ ။ ဇောစော နေသဖြင့် အသံကျယ် သွားသည် ကို သတိ မပြုမိသော ဘကြီး အောင်ထွန်း သည် ရုတ်တရက် မျက်လုံး ပြူးသွားလေသည် ။ အေးမျှင် နိုးလာပြီ ။ သူ့ ကို ဘယ်လိုများ မျက်နှာချင်းဆိုင်ရပါ့ ဟု ဘကြီး တွေး၏ ။ မီးခြစ် ကို ရှဲခနဲ ခြစ်လိုက်သော ကိုဖိုးထူး က ဘကြီး ကို ထရံ မှ ကျော်၍ မြင်ရသောအခါ အံ့အားသင့်စွာ နှင့် “ ဟင် .. ဘကြီး ” ဟုမြည်တမ်းလိုက်၏ ။ မရှေးမနှောင်း ဆိုသလို “ အကြီး ရေ .. ဘကြီး ၊ ဘကြီး ” ဟု ကိုဖိုးထူးက အားရဝမ်းသာ ပြောလိုက်၏ ။ ဘကြီး မူလ က စီစဉ်ထားသည်မှာ သည် စီမံကိန်းမျိုးမဟုတ် ။ ကိုဖိုးထူး ကို တိုးတိုးကလေးနှင့် အကြီး မနိုးအောင်ခေါ်၍ “ မင်း နဲ့ ငါ့ မိန်းမ ကို ငါ မသင်္ကာဘူးကွ ” ဟု ပြောပြ လိုက်ရန်ဖြစ်၏ ။ ကိုဖိုးထူး က စောဒက တက်လျှင် စောစောက ရောက်ရှိကာ တွေ့မြင်ကြားသိရသမျှ ကို ဖွင့်ချမည် ဖြစ်လေသည် ။ ထိုအခါ ဘာမျှ ပြန်မပြောနိုင်တော့မည့် ငဖိုးထူး လူယုတ်မာ ကြာခိုငနဲ လောကကုမ္ဘီ ငရဲသွား ၊ မျောက်မသား ခွေးကောင် ရူးကြောင်ကြောင် မောင်တဏှာ ကို ပြောင်ပြောင်သာ ပါးချိတ်ရိုးမှာ ပိတ်ထိုးလိုက် မည်ဖြစ်၏ ။
ယခုကား အကြီး သည် အပြင်ခန်း ဘက် သို့ ထွက်လာသည် ။ “ ကိုအောင်ထွန်း အချိန်မတော်ကြီးမှ ရောက်လာသလားတော် .. ” ဟု ဘကြီး ကို မတွေ့ သေးဘဲ ပြောဆို အပြစ်တင်လေသည် ။
ဘကြီး က ဘာ ပြန်ပြောရမည် ရုတ်တရက် မသိ ။ အိမ်ရှေ့ ရေမြောင်း ကို ခွထားသော ရေတိုင်ကီ မှ ရေကို ခပ်ကာ ခြေထောက် ကို ဆေးသည် ။ အကြီး က တံခါးဝ မှာ ရပ်ပြီး တောမှ ဆွေမျိုးသားချင်းများ အကြောင်းကို မေးသည် ။ ရပ်ရွာ အခြေအနေကို မေးသည် ။ ဘကြီး က အလိုက်အထိုက် ဖြေ၏ ။ စိတ်မဝင်စား ။
ကိုဖိုးထူး က လည်း ဘကြီး ကို သတိရကြောင်း ။ အကြီး က ပင် ဘကြီး နောက် လိုက်တော့မည့် အကြောင်း ဟာသဆန်ဆန် ပြောပြ၏ ။ ဘကြီး ကား “ ခွေးမသား နင်တို့ အကြောင်းတွေ ငါ မသိဘူး မှတ်သလားကွ ” ဟု အစာအိမ် ထဲ မှ နေ၍ ကြိမ်းလေသည် ။
အိပ်ရာ ထဲ သို့ ရောက်သောအခါ မီးခွက်ရောင် ၏ အောက်၌ သနပ်ဖက်ဆေးပေါ့လိပ်ကြီး ကို ထိုင်ဖွာ နေသော အကြီးအေးမျှင် ၏ ခန္ဓာကိုယ် တစ်ခုလုံး ကို ဘကြီး က အကဲခတ် လေသည် ။ ရင့်ရော်ရာဘက် သို့ ယိမ်းယိုင်နေသော အကြီး ၏ ရူပါသည် သူဇာယောင် လွှမ်းလာသလိုလို ။
ရှေ့သွား နှစ်ချောင်း ကျိုးနေသော ပါးစပ်တွင်း မှ ဆေးငွေ့ များ ကို မှုတ်ထုတ်ပြီး အကြီး က ပက်လက်ဆန့် အိပ်နေသော ဘကြီး အား ...
“ ဘယ့်နှယ်လဲ ... တော က အလုပ်တွေ ” ဟု မေးသည်ကို ဘကြီး သည် ဘာမျှ ပြန်မဖြေဘဲ အကြီး ကို သာ တွေတွေကြီး စိုက်ကြည့်နေ လေသည် ။
ရယ်ရမှာ အခက် ။ ငိုရမှာ အခက် ။
ငိုအား ထက် ရယ်အား က ထွားကျိုင်း နေသဖြင့် စိတ်ရှိ လက်ရှိ အားရပါးရရယ်လိုက်ရလျှင် အဆင်ပြေမည်လား အောက်မေ့မိ၏ ။ ရစ်သိုင်း နေသော ဦးထွန်းအောင် ၏ လည်ပင်းမှ မျက်နှာသုတ်ပဝါ ကို ကြည့်ပြီး တစ်ဆို့နေသော အမည် မဖော်နိုင်သော အလုံးကြီး ကို ဂွိ ခနဲ နေအောင်ပင် မျိုချမိသည် ။
ပြီးတော့မှ တစ်ဖန် “ ကျွန်တော့် ကို ဦးလေးက ဒီလိုပဲထင်လို့ လား ” ဟု အသံတုန်တုန်နှင့် မေးလိုက်သည် ကို ဦးထွန်းအောင် က အတွင်းသို့ ဟောက်ပက်ကြီးဝင်နေသော မျက်လုံးပြူးကြီးများ နှင့် ပြူးတူးပြဲတဲ ကြည့်ကာ သူ ၏ ဆံပင်ဖြူငုတ်တိုကလေး တွေ ထောင် နေ သော ဦးပြည်း ကို အကြောပြိုင်းပြိုင်း ထနေသော လက်ချောင်းများ နှင့် ပွတ်သပ်လိုက်ပြီး နောက် ..
“ မင့် အမေ ... ဘာထင်လို့လားလဲ ။ ဘာထင်လို့လားလဲ ” ဟု တိုးတိုး ကလေး အော်လေသည် ။ ဖိုးထူး ကား ထိုအခါတွင် နှုတ်ပိတ် သွားပြီး တုဏှိဘာဝေ ဖြစ်သွားရလေသည် ။ မျက်လုံး အစုံတွင် မျက်ရည်များ ရစ် ဝဲလာကာ အဝေးသို့ ငေးလိုက်၏ ။ ဦးထွန်းအောင် ကား ဆန့်တငံ့ငံ့ နှင့် မျိုသိပ်ထားရသော ဇဝေဇဝါဒွိဟ ကို ဖွင့်ချလိုက်ရ သဖြင့် အနည်းငယ် ပေါ့သွားသလို မျက်မှောင်ကြီးကြုတ်ပြီး ထိုင်ရာ မှ ထသွားသည် ။
တစ်ယောက်တည်း ကျန်ရစ်ခဲ့သော ဖိုးထူး ကား တွေးနေလေသည် ။ ငေးနေလေသည် ။ ပတ်ဝန်းကျင် မှ အိမ်များ က ဤ ဦးထွန်းအောင် စွပ်စွဲသောအဖြစ်ကို သိလျှင် ( ဟုတ်ဟုတ် ၊ မဟုတ်ဟုတ် ) သူ့ ကို ကဲ့ရဲ့စကားတင်း ဆိုကြတော့မည် ။ ဟင် .. ဖြစ်ရလေ ဖိုးထူး ။ အပျိုကလေးတွေ ၊ ရွယ်တူတန်းတူတွေ ရှားသမို့လား ဟု နှာခေါင်းရှုံ့ ကြတော့မည် ။ ဘယ်နေရာ ၊ ဘယ်အချက်တွေများ မသင်္ကာစရာ ဖြစ်နေပါလိမ့် ။ မျက်တောင်ပင် မခတ်နိုင်အောင် ဦးနှောက် ကို အလုပ်ပေး သော်လည်း ရေးရေး မထင် ။
နောက်ဖေး မီးဖိုချောင်ဘက် မှ ထမင်းချက် နေရာ က ထွက်လာသော ဒေါ်အေးမျှင် သည် ဝါးထရံ တွင် တွယ်ချိတ် ထားသော လုံခြည်စုတ်သုတ်ပဝါ တွင် လက်နှစ်ဖက် ကို သုတ်ကာ ကိုဖိုးထူး ကို ကြည့်လေသည် ။
“ ဟဲ့ .. ဖိုးထူး ။ ထမင်း စားတော့မလား ။ အားလုံး ကျက်နေပြီ ”
ကိုဖိုးထူး သည် စကား မပြန်နိုင်ချေ ။
အမှတ်တမဲ့ ပင် မီးဖိုဘက် ပြန်ဝင်သွားပြီး မှ သတိရ သလို ကပျာကယာ ပြန်ထွက်လာသော ဒေါ်အေးမျှင် သည် ပါးစပ် တွင် ဝါးထားသော ကွမ်း ကို ထွေးထုတ်ပြီးနောက် ကိုဖိုးထူး နား တွင် ဆောင့်ကြောင့် သွားထိုင်၏ ။
“ နင့် ဦးလေး ဘယ်သွားသလဲ ”
“ မသိဘူး ဒေါ်ကြီး ၊ ခုပဲ အောက်ဆင်း သွားတယ် ”
ဒေါ်အေးမျှင် သည် ကိုဖိုးထူး ကို အကဲခတ်မိဟန် ရှိပေသည် ။ ပါးရေ တွန့်၍ အို၍ နေသော မျက်နှာ ပိုမို အိုသွားပြီးနောက် ...
“ ဟဲ့ .. ဖိုးထူး နင် ဘာဖြစ်နေတာလဲ ”
ကိုဖိုးထူး သည် ဒေါ်အေးမျှင် ၏ ထို အမေးကြောင့် အတော်စိတ် ထိခိုက်သွားသည်ထင်၏ ။ နဂိုက ရစ်ဝဲလု စ မျက်ရည်တို့ သည် နီထွေး နေသော မျက်လုံးအစုံ မှ နက်ကျောမည်းမှောင်သော အသားအရောင် ကို ဆောင်သည့် ပါးပြင် ပေါ် သို့ တလိမ့်လိမ့် ကျဆင်းလာ၏ ။ ယောက်ျား တန်မဲ့ ငို၏ ။
ထို ကိုဖိုးထူး ၏ မျက်ရည် ကို ဒေါ်အေးမျှင် သည် နားလည်သွား ပေပြီ ။ ချက်ချင်း ဆိုသလို “ ဒီ လူ့တိရစ္ဆာန်ကြီး ဘယ်သွားသလဲဟင် ။ ငါ့ ပြောစမ်း ၊ပြောစမ်း .. ” ဟု ခပ်ကျယ်ကျယ် ပြောလေသည် ။ ကိုဖိုးထူး သည် ရုတ်ခြည်းပင် ဒေါ်အေးမျှင် ကို လှည့်ကြည့်၏ ။ မျက်တောင် ကို တဖျတ်ဖျတ် ခတ်လိုက်ပြီးနောက်...
“ တိုးတိုး ပြောပါ ။ ဒေါ်ကြီး ရယ် ။ လူတွေ ကြားရင် ရှက်စရာကြီး ။ ဒေါ်ကြီး လည်း သိတဲ့အတိုင်းပဲ ။ ကျွန်တော် ဒေါ်ကြီး ကို မိဘ လို သဘောထားပြီး ကြည့်ရှုခဲ့တာ ဒေါ်ကြီး .. ၊ ခုတော့ ဦးလေး က .. ”
ကိုဖိုးထူး စကား ကို အဆုံး ထိ အောင် မပြောရဲသဖြင့် ရပ် နေလိုက် ရာ ကိုဖိုးထူး ၏ မပေါ်လာသေးသော စကားများ ကို ဒေါ်အေးမျှင် နားလည်သွားလေပြီ ။
“ နင် ဟာ ငါ့ သားကလေး လောက် ရှိပါသေးတယ် ဖိုးထူး ရယ် ။ ငါ့ သားကလေး လောက် ရှိပါသေးတယ် ။ တောက် .. ဒီကောင်ကြီး ဖြစ်ပုံကို ငါ တော့ မပြောချင်တော့ပါဘူးကွယ့် ၊ မပြောချင်တော့ဘူး ”
ဒေါ်အေးမျှင် သည် ရှက်သွေးဖြန်းကာ မျက်နှာသည် လည်း ထူအမ်းအမ်းဖြစ်နေ၏ ။ သွား မရှိတော့သော ပါးစပ် ကို တလှုပ်လှုပ် နှင့် ဖွင့်ပိတ် နေရသဖြင့် မော၏ ။ သည့်ထက် အသက်အရွယ် ကြီးရင့် သည့် အထဲ ဒေါသစိတ် ကို ချုပ်တည်း ထားရသဖြင့် ပိုပြီး အသက်ရှူ ကျပ်နေ၏ ။
“ ရှိကြီးခိုးပါရဲ့ ကိုအောင်ထွန်း ရယ် ... ။ ရှင် ဒီလို မပြောပါနဲ့ ။ ကောင်လေးတွေ ကြားသွားရင် စိတ်မကောင်း ဖြစ်နေဦးမယ် ။ ရှင့် မယားအေးမျှင် လို ရွတ်တွကြီး ကို ဒီကောင်လေး က ဒီလို လုပ်မလား ။ ရှင် စဉ်းစားနိုင်တယ် ။ ရှင် ပညာရှိတယ် မဟုတ်လား ။ ဘုန်းကြီး တောင် လုပ်ခဲ့သေးတယ် ဟင် ... ”
“ အေး .. ငါ ပညာရှိလို့ ခက်တာပေါ့ အေးမျှင် ရယ် ။ နင့် ကို ငါ ဘယ်လောက် ချစ်တယ် ဆိုတာ နင် သိတယ် မဟုတ်လား ။ ခု သူများ တွေ က ဒီလိုပြောနေတာ ငါ မကြားချင်ဘူး ။ မဟုတ်ရင် မကျော်ဘူး ကွယ့် ”
“ ဒီကောင် အိမ် ပေါ် မှာ နေတာ ငါ မကြည့်ချင်ဘူး ”
“ အို .. ဒါကတော့ မကြည့်ချင်ရင် ကောင်းအောင် ကြည့် ပြော လိုက် ။ ရှင့်ဟာ က အရှက်မရှိ အရှက် ရှာပြီး ပြောတော့ ကျုပ် မခံနိုင်ဘူး ”
“ မခံနိုင်တာ ဟုတ်လို့ပေါ့ကွယ် ”
“ ရှင် ... ဒီလို မပြောနဲ့နော် ”
ဒေါ်အေးမျှင် သည် ဦးထွန်းအောင် ၏ ရင်ခွင်ကို တဗုန်းဗုန်း ထုလေ သည် ။ ဦးထွန်းအောင် သည် ဒေါ်အေးမျှင် ၏ လက်နှစ်ဖက် ကို ဆွဲပြီး ရင်ခွင် တွင် သိမ်းပိုက် ထားရာက ပါးကလေး ချိုင့်ချိုင့် ၊ နားထင်ကလေး ကျကျ ။ ကေသာကလေး ဖြူဖြူ နှင့် ဒေါ်အေးမျှင် ကို စူးစိုက်ကြည့်ပြီး နောက် မချင့်မ ရဲဖြစ်နေ၏ ။
ကာမဂုဏ်စိတ် သည် ဖွဲတစ်ဆုပ် ကို မွမွကလေး ကိုင်နိုင်သည် အထိ ကျယ်ပြန့်သည်ဆိုရာ ရေတစ်ထမ်း ကို ပင် ကျကျနနကြီး ထမ်းပိုးနိုင်သေး သော အသက် ၆ဝ ကျော် ဦးထွန်းအောင် အဖို့ကား ပြောစရာ မရှိတော့ပေ ။ ဟုတ်ပေသည် ။ ယခု ဦးထွန်းအောင် သည် ကာမဂယက် ရိုက်နေပြီ ။
“ ဒီလိုပြောတာ ငါ တစ်ယောက်တည်း မှ မဟုတ်ဘဲ အေးမျှင် ရဲ့ ”
ဒေါ်အေးမျှင် သည် မျက်ရည်များ တွေတွေ ကျဆင်းနေရာ က မျက်နှာ ချင်းဆိုင် အိပ်နေသည် ကို အလိုမရှိ သလို ကျောခိုင်းလိုက်၏ ။ ထိုအခါ ဦးထွန်းအောင် သည် ဒေါ်အေးမျှင် ၏နောက်ကျောဆီ သို့ ကပ်သွားပြီး နောက် “ သူများတွေလည်း ပြောနေကြတယ် .. ” ဟု စကား ကို ဆက်ပြန်၏ ။
“ သူများတွေ ပြောတိုင်း တော် က ယုံရအောင် တော့် မှာ စဉ်းစားနိုင်တဲ့ စိတ်မရှိဘူးလား ။ တော်ရှင် .. တော် .. တော် .. ”
စိတ်ညစ်၏ ။ မဟုတ်ပါဟု ဘူးခံသော်လည်း မရ ။ ညဦး ၉ နာရီ အိပ်ရာဝင်ကတည်း က တတွတ်တွတ် နှင့် သည် ကိုဖိုးထူး နှင့် ရပ်ရွာ က သမုတ်လိုက်သော အကြောင်းများ ကို သာ ပြောပေသည် ။
အပြင် ဧည့်ခန်းတွင် အိပ်နေသော ကိုဖိုးထူး ကား အချိန်မတော် ပြန်ရောက်လာပြီး နောက် တစ်ည နောက် တစ်ညများ တွင် အိပ်ခန်း တွင်လည်းကောင်း ၊ အခြား မျက်ကွယ် တစ်နေရာတွင်လည်းကောင်း လင်မယား နှစ်ယောက် မျက်နှာချင်းဆိုင် လိုက်တိုင်း တတွတ်တွတ် ‘ ရိ ’ နေပုံကို တွေ့မြင်ရသောအခါ ဘကြီး နှင့်အကြီး တို့ ငယ်မူပြန်နေ ကြသလား ဟု ထင်လိုက်မိလေသည် ။ ဟုတ်ပေသည် ။ ဘကြီး နှင့် အကြီးတို့ သည် ရိုးရိုး ငယ်မူပြန်နေသည် မဟုတ်ဘဲ ကာမကိစ္စ နှင့် ငယ်မူပြန် နေသည် ကိုကား ကိုဖိုးထူး မသိ ။
အေးပါလေ ၊ ရိုးရိုး နှင့် အပြစ်ကင်းစွာ အကြီးအေးမျှင် ကို အမေ လိုသဘောထားကာ ဘကြီး ထွန်းအောင် မရှိစဉ် စောင့်ရှောက်ကျွေးမွေး ခဲ့သည်ကို ဖိုးထူး က အခြား ‘ နသားပါယား ’ သော အထင်များကို မထင် မြင်နိုင်ပါ ။
အကြီး သည် ညစဉ်ပင် ဖျောင်းဖျခဲ့ရပြီ ဖြစ်သဖြင့် အကျိုးအကြောင်း လိမ့်ပတ်လည်အောင် ပြောဆိုခဲ့ရပြီ ဖြစ်သဖြင့် သည့်ထက် ပိုပြီး မစွမ်း နိုင်တော့ပါ ။ ဘကြီး ကမူ အကြီး က ငြင်းကွယ်လေတိုင်း သံသယ ကြီးထွားပြီး ကိုဖိုးထူး အား မျက်မုန်းကျိုးလာသည် ။
သူ့ ဘာသာ သူ တွေးနေ ငေး နေသော ကိုဖိုးထူး ကို သူ က သူ့ ကို အန္တရာယ်ပြုဖို့ စဉ်းစားနေသည် ထင်မှတ်၏ ။ နောက် သာမန် ရယ်စရာ တစ်ခုကြောင့် ကိုဖိုးထူး နှင့် အကြီး တို့ ရယ်မောကြသည်ကိုပ င် ‘ သူ့ ရှေ့မှာတောင် မျက်နှာပြောင်တိုက်ကြသည် ’ ထင်၏ ။
ယနေ့တွင်ကား ဘကြီး ၏ ‘ အုံ့ပုန်းမျိုသိပ်မှု ’ ပေါက်ကွဲသော နေ့ ဖြစ်၏ ။ ဘကြီး က ကိုဖိုးထူး ကို ဒေါသသံကလေးပါပါ နှင့် ဖွင့်ပြော လိုက်ပြီဖြစ်ရာ ဘကြီး နှင့် အကြီး တို့ လွန်ခဲ့သည့် နှစ်ရက်က တိုးတိုး တိုးတိုးနှင့် ‘ ရိ ’ နေပုံကို ပြန်လည် ထင်ယောင်လာသည် ။
အကြီး သည် ကိုဖိုးထူး အနီးမှ ထ သွားပြီး အခန်းတွင်း သို့ဝင် လေသည် ။ တရှုံ့ရှုံ့ နှင့် ရှိုက်ကြီးတငင် ငိုကြွေးလေသည် ။ ဘုရားပေးပေး ကျမ်းပေးပေး ၊ မဟုတ်ပါ ဟု အကြိမ်ကြိမ် ရှိခိုးတောင်းပန်ကာ ကျေးဇူးရှင် ကို မပြစ်မှားပါနှင့် ဟု ပြောဆိုခဲ့သော်လည်း မရဘဲ အရှက်ကြီး ရှက်စရာ ဖြစ်အောင် လုပ်လိုက်သည်ဟု ညည်းတွားပြောဆိုကာ ငို နေလေသည် ။ ကိုဖိုးထူး သည် အိမ်ပေါ်မှ ဆင်းသွား၏ ။
ကိုဖိုးထူး ၏ အဖြစ်ကို ကြည့်ပြီး ကြီးဒေါ်အေးမျှင် က ရင်ထုမနာဖြစ်၏ ။ ဘကြီး ကို တမြုံ့မြို့ ဒေါပွ၏ ။ ကျိတ်မနိုင် ခဲမရဖြစ်၏ ။
သည်အချိန် တွင် ဘကြီး သည် ရွှေတိဂုံစေတီရင်ပြင် ချောင် ကျသော တစ်နေရာ တွင် ကုပ်ပြီး ထိုင်နေလေသည် ။ အိုနေသော မျက်နှာ နှင့် မမြင်ရ သေးသော အနာဂတ် ကို လှမ်းကြည့်နေလေသည် ။ ဘကြီး သည် ဘုန်းကြီးလူထွက် ဖြစ်၏ ။ ဓမ္မအကြောင်း သဘောသကန်များ ကို ဘကြီး သည် သရုပ်ပေါ်အောင် ဖော်ထုတ်လေတိုင်း အကြီး အေးမျှင် အပါအဝင် မိန်းမများ ကို အပြစ် ဖော်ထုတ်၏ ။ သစ္စာ မရှိသော ယောက်ျားများ နံပါတ် ကို စဉ်းစား၏ ။
ဘကြီး သည် သူ ၏ မဏ္ဍိုင်ဖြစ်သော ပညာစိတ် ကို တစ်ဖက်သို့ ယိမ်း နေသော သူ ၏ ကာမဂုဏ် စိတ် နှင့် ရောမွှေထားလေသည် ။ ဒါကြောင့် မို့ ဘကြီး သည် အတွေး ခေါင်နေခြင်းလည်းဖြစ်ပေသည် ။ “ လေးညှင်း ရှိ လျှင် ငါး ညှင်း ရှိရမည် ” ဟူသောအဖြစ်မျိုး ဖြစ်နေသည် ။ ဇာတိပ္ဖိုလ် ရှိ က ဇာတိပ္မ ရှိရမည်ဟု စွဲလမ်းနေသည် ။
ဘာကို ဘယ်လို တွေးတွေး ၊ အကြီးအေးမျှင် ဆီသာ သံသရာလည် လာသည် ။ သစ္စာ ရှိသော ဖိုးထူး ကိုသာ မြင်လာသည် ။ ကိုဖိုးထူး ကို စိတ်ထဲ ရှိသမျှ ဖွင့်ချခဲ့ပြီးနောက် အကြီးအေးမျှင် ကို မျက်နှာချင်း မဆိုင်ရဲ သဖြင့် ဘုရား ဆီသို့ ချဉ်းကပ်လာ မှ ဘကြီး အဖြစ် က ပိုဆိုးနေရာ ဘုရားကြီး ကို ကြည့်ပြီး ဘုရားဟော လိုက်သော ဘုရား ၏ တရားဓမ္မ ကို ဘကြီး သည် မေ့လျော့နေလေသည် ။
••••• ••••• •••••
ည ...
ဘကြီး သည် အိမ်ရှေ့ ဝါးတံခါးကလေး အနီးတွင် တစ်တီတူး ကဲ့သို့ ခြေနှစ်ချောင်း ထောင်ကာ အိပ်၏ ။ သက်ပြင်းရှည်ကြီး ကို မကြာခဏ မှုတ်ထုတ်၏ ။
လင်ငယ် နေသော အကြောင်းကို လင်ကြီး က သိလျှင် ထို မိန်းမ သည် လင်ငယ် နောက် သို့ လိုက်တတ်သည် ။ သို့တည်းမဟုတ် လင်ငယ် က လင်ကြီး ကို အန္တရာယ် ပြုတတ်သည် ။
ဒါကြောင့် ဘကြီး သည် အိမ် အတက်အဆင်း တံခါးဝ တွင် အိပ် နေခြင်းဖြစ်သည် ။ အကြီးအေးမျှင် ကို စိတ်မချ သဖြင့် ဘကြီး အိပ်မပျော် ။ ဒါတင်လားဆိုတော့ မဟုတ်သေး ။ လင်ငယ်ကောင်ဖိုးထူး က သူ အိပ်ပျော်နေဆဲ သူ့ ကို ဓား နှင့် လာခုတ်လျှင် သို့မဟုတ် တုတ် နှင့် လာ ရိုက်လျှင် သူ့ မှာ ခံရမည် ။ တောင်ငူသား မယားခိုး ဖိုးထူး ခိုးကြောင် ခိုးဝှက်နှင့်များ သည်ကို လာသော် ဓားမ နှင့် ပိုင်းလိုက်မည် ဟူသော စိတ်ကူး နှင့် ဘကြီး အနားတွင် ဓားမတိုကြီး တစ်ချောင်း ။
သည့်နောက် ပုဆိန် တစ်လက် ။
ပြီးတော့ ကု,လားထိုင် တစ်လုံးပေါ်သို့ ခြေထောက်များ ကို တစ်တီတူး လို တင်ထားရာမှ ရုပ်သိမ်းလိုက်ပြီးနောက် ဘကြီး သည် ဓားမတိုကို ကိုင်လေသည် ။ ထိုနောက် မီးဖိုဘက်သို့ ဝင်ပြီး တကျုတ်ကျုတ် နှင့် ထက် သည် ထက် ထက်အောင် သွေးနေသည် ။
တစ်နေ့လုံး ဘကြီး ၏ ပြဿနာ ကို ဖြေရှင်းနေရ သဖြင့် မှေးခနဲ အိပ်ပျော်သွားသော အကြီး သည် ဓားသွေးသံ ကြောင့် နိုး၏ ။ ညဉ့်နက် သန်းခေါင် ဓားသွေး နေပုံကို လန့်၏ ။ သူ့ ကို များ လာခုတ်လေမလား ။
မဆိုင်ဘူးလေ ။ ဘကြီး က ဒိန်းဒလိန်းနတ် ဖမ်းထားသူ မဟုတ်လော ။
အရောင် တလက်လက်ထွက်နေသော ဓားသွား ကို လက် နှင့် စမ်းပြီး ထိုင်ရာမှ ထ၏ ။ ထို့နောက် မီးခွက် ကို ကိုင်၏ ။ အကြီးအေးမျှင် အိပ်နေရာ သို့ သွား၏ ။ အကြီးအေးမျှင် က တထိတ်ထိတ် နှင့် မျက်စိမှိတ်ပြီး အိပ်နေဟန် ဆောင်ထားရ၏ ။ ဘကြီး က မီးခွက် ကို ကိုင်မြှောက် ပြီး အကြီး အေးမျှင် ကို ကြည့်၏ ။ နေ့ခင်းက တစ်နေ့လုံး ငိုယိုထား သဖြင့် အကြီး အေးမျှင် ၏ စက္ခုအစုံမှာ မို့မောက်နေရာ ကရုဏာ သက်စရာ ။
သည်လိုသည်ပုံကြောင့် ဘကြီး သည် တောင်ငူသား ဖိုးထူး ကို သတိရ၏ ။ ‘ တောက် ’ ခနဲ တောက် တစ်ချက် ခေါက်လိုက်၏ ။ အကြီး အေးမျှင် ကား မျက်စိကိုမှိတ်ထားသဖြင့် မမြင်ရသော ဘကြီး ကို မျှော် မှန်းကာ ...
“ သမ္ဗုဒ္ဓေ အဋ္ဌဝိသဉ္စ ဒွာဒသဉ္စ သဟဿကေ ” စသော အန္တရာယ် ကင်း သမ္ဗုဒ္ဓေဂါထာ ကို အသည်းနှလုံး ထဲ မှ ရွတ်နေလေသည် ။ ဘကြီး သည် အိပ်ရာ သို့ ပြန်လာပြီး ထိုင်၏ ။ အပြင်လောက ကို စူးစိုက်ပြီး ကြည့်၏ ။ ရွာမှ နေ၍ အကြီး နှင့် ကိုဖိုးထူး တို့ သတင်းကြား ရပုံ အတွက် တွေးပြန်၏ ။
ဖိုးထူး ဆိုသော လူ ၏ အိပ်ရာအဝတ်အစားများ ကို ဘကြီး သည် စုရုံးထုပ်စည်းလိုက်လေသည် ။ ကနေ့ က အစ မတွေ့ ၊ မမြင်ချင်တော့ ဟု စိတ်ကူးလေသည် ။ ဖိုးထူး ၏ အဝတ်ထုပ် ကို သယ်ယူပြီးနောက် အိမ်ရှေ့လမ်းမ သို့ ပစ်ချလိုက်၏ ။ ဖိုးထူး ကား ဘကြီး က စွပ်စွဲချက် ကြေညာပြီး ကတည်းက လစ်ထွက်သွားရာ မပေါ်လာတော့ချေ ။
သည်လိုနှင့် ပဲ မိုးစင်စင် လင်းခဲ့သည် ။
တစ်ဖန် နောက် တစ်နေ့ ည ။
ပြီးတော့ တစ်ဖန် နောက် တစ်ည ။
ဘကြီး ကို အကြီး က စကားမပြောရဲလောက်အောင် ဘကြီး က မှုန်တေနေသည် ။ အရိပ်အရောင် မှ မပေါ်လာသော ဖိုးထူး ကို မကျေ မနပ်ဖြစ်နေသော ဘကြီး က “ ဒီကောင် အကြံ တစ်ခု ခု ယူနေလို့ မလာ တာ ။ ကနေ့ ည သတိထားရမယ် ” ဟုတွေး၏ ။ ဖျတ်ခနဲ အသံ ကြား လျှင် ဘကြီး က ဓားကိုင်သည် ။ ရိပ်ခနဲ အရိပ်အရောင် တစ်ခုခု တွေ့လိုက်လျှင် ပုဆိန် ဆွဲသည် ။
အိမ်အောက် မှ ရှပ် .. ရှပ် .. နှင့် ခြေသံလိုလို ကြောင့် ဘကြီး က သံတူးရွင်း နှင့် ဆင်းကြည့်ရပြန်၏ ။
အကြီးကား သူ့ ကို စိတ်မချသဖြင့် မအိပ်နိုင် ဖြစ်နေသော ဘကြီး ကို သူကလည်း စိတ်မချသဖြင့် မအိပ်ရဲ ။ အကြီး သည် မီးခိုးကြွက်လျှောက် တွေး၏ ။
ရှေ့လျှောက်ပြီး သည်လို နေလို့ မဖြစ်တော့ဟု ဆုံးဖြတ်၏ ။
••••• ••••• •••••
“ အေးမျှင် ... အေးမျှင် ”
ဘကြီး သည် အော်ခေါ်လေသည် ။ အပြေးကလေး ခပ်သုတ် သုတ်လိုက်လေသည် ။ အကြီးအေးမျှင် သည် ဘကြီး လိုက်လာသည် ကို သိသောအခါ ခြေလှမ်း ကို ပိုပြီးသွက်လက်စေ၏ ။
“ အေးမျှင် .. ဟေ့ .. နေပါဦး ”
“ မနေဘူး ... တော် ကျုပ် နောက်မလိုက်နဲ့ ၊ တော့်ကို ကျုပ် မပေါင်း ရဲတော့ဘူး ”
ဘကြီး သည် ပြေး၏ ။ အကြီး သည် ပြေး၏ ။ အထုပ်ပိုက်ပြီး အဘွားကြီး တစ်ယောက် ရှေ့ က နေ ပြေး၍ နောက် က အဘိုးကြီး တစ်ယောက် ပြေးလိုက်နေသည် ကို တွေ့ ရသော ကန်တော်ကြီးစောင်း မှ လူအချို့ က ငေးကြည့်နေကြ၏ ။
အကြီး ကို ဘကြီး က မီလေသည် ။ လက် ကို ဖမ်းဆွဲပြီးနောက် ဘကြီး သည် မောနေသော အကြီးအေးမျှင် ကို ကြည့်ကာ ...
“ နင် ဒီလိုပဲ ရက်စက်တော့မလား အေးမျှင် ရဲ့ .... ” ဟု မေး၏ ။ အကြီး က ဘာမျှ ပြန်မပြောသေးဘဲ အမောဖြေ နေသည် ။ ထို့နောက် ..
“ မဖြစ်ဘူး ကိုအောင်ထွန်း ။ မဖြစ်ဘူး ။ ကျုပ်တို့ ဘာမှ မဖြစ်ပါဘူး ဆိုတာ ရှင် မှ မယုံဘဲ ။ ဘယ်လိုမှ ရှိခိုးတောင်းပန်ပြီး ပြောလို့ မှမရဘဲ ။ ကျုပ် နဲ့ ဖိုးထူး နဲ့ ဖြစ်တယ် ။ ဟုတ်တယ် .. ခု ကျုပ် ဖိုးထူး ဆီသွားမယ် ”
“ အာ .... ”
ဘကြီး သည် ဘာမှ မပြောဘဲနေရာမှ ‘ အာ ’ ဟု အသံ ထွက်၏ ။ ထို့နောက် ...
“ ဖိုးထူးမှ အိမ်မှာ မရှိတော့ဘဲ ၊ ငါ စိတ်ချပြီ ၊ လာ ပြန်မယ် ”
“ ဟင်အင်း .. နောက်ကို ရှင် ဒီလိုပဲ ဖြစ်လာဦးမယ် ”
“ မဖြစ်ပါဘူး ။ ငါ နင့် စကား ကို နားထောင်တော့မယ် ။ နင် က မဟုတ်ဘူးဆိုရင် ပြီးရော ... ”
“ မရဘူး မရဘူး ။ ရှင် နဲ့ လည်း မအိပ်ရဲဘူး ”
“ ငါ မကိုက်စားပါဘူး အေးမျှင် ရဲ့ ။ နင့် ကို ငါ ဘယ်လောက် ချစ်တယ် ဆိုတာ နင် လည်း အသိပါကွယ် ။ လာ .. လာ .. ”
“ ဟင့်အင်း .. ဟင့်အင်း .. ”
“ လာပါကွယ့် ။ လူတွေ ကြည့်နေတယ် ရှက်စရာ .. ”
“ မရှက်ပေါင်တော် ၊ ကျုပ်တို့ က ဘာမှ ‘ ငန်း ’ ဖမ်းနေတာမှ မဟုတ် တာပဲ ။ ကျုပ် သွားမယ် ”
“ မသွားရဘူး ”
“ သွားမယ် ”
“ ဟေ့ .. အေးမျှင် ၊ ငါ ပြောနေတာ မရဘူးလား ”
“ မရဘူး ”
“ အေး .. ငါ ကန်တော်ကြီး ထဲ ခုန်ချလိုက်မယ် ”
“ ခုန်ချ ၊ ခုန်ချ ၊ ရှင့် သဘော ”
အကြီး သည် အထုပ်ကလေး ပိုက်ပြီး ထွက်သွားဟန် ပြုလေရာ ဘကြီး သည် တွေပြီး ရပ်နေ၏ ။ ထို့နောက် ရှေ့နောက် လူတွေ ရှိ သလား ဟု လှည့်ကြည့်၏ ။
“ အေးမျှင် ... ဒီမှာ ကြည့်ကွ ” ဟု အော်ပြီး ကန်တော်ကြီး ထဲ သို့ ခုန်ချလေရာ ဝုန်းခနဲ မြည်ဟည်းသံ နှင့်အ တူ ရေပန်းများ ဖွာတက်လာသည် ။
အကြီးအေးမျှင် သည် မျက်လုံး ပြူးသွား၏ ။ ကပျာကယာ လှည့် ကြည့်ပြီး ကြက်သေသေသွား၏ ။
“ ထွန်းအောင် က တကယ် လုပ်လိုက်ပါကလား ... ” ဟု တွေး၏ ။ ဟယ် .. ဘာဖြစ်ဖြစ် ဟု စိတ် ကို တင်းကာ သုတ်ခြေတင်လေတော့၏ ။
ငါးမိနစ်ခန့် ငြိမ်သက် နေသော ရေပြင် အောက် မှ ဘကြီး သည် အသာ ကလေး ပေါ်လာသည် ။ သူ့ မအေးမျှင် ကို မျက်လုံးပြူးကြီး နှင့် ရှာဖွေသည် ။ သူ က ရေထဲ ခုန်ချလိုက်လျှင် အကြီးအေးမျှင် သည် ကမန်းကတန်း ပြေး လာကာ သူ့ ကို ဆယ်လိမ့်မည်ထင်၏ ။ ယခုတော့ အကြီးအေးမျှင် မှာ သူ့ ကို လှည့်၍ မျှ မကြည့် ၊ သွားမြဲတိုင်း သွားနေသည်ကို တွေ့ ရသော ကြောင့် ဘကြီး သည် ရေထဲ မှ အူယားဖားယား ပြေးတက် ကာ ခပ်လှမ်း လှမ်း သို့ ရောက်နေပြီ ဖြစ်သော အကြီးအေးမျှင် နောက် သို့ ဒုန်းပေါက် ပြေးလိုက်သွားလေ သတည်း ။
▢ ရွှေဓါး
📖 မြဝတီ မဂ္ဂဇင်း
အောက်တိုဘာ ၊ ၁၉၆ဝ
#ကိုအောင်နိုင်ဦး
.