❝ မြင့် နှင့် သွင် ငယ်စဉ် က ❞
မုံရွာမြို့ အမျိုးသား အထက်တန်းကျောင်း စာသင်ခန်းကလေး ဖြစ် လေသည် ။ စားပွဲခေါင်း ဆယ်ခု ၊ ခုံရှည် ဆယ်ခု ၊ ဆရာ ၏ စားပွဲ ၊ ဆရာ ၏ ကု,လားထိုင် ၊ ဟိုဘက် က ကျောက်သင်ပုန်းကြီး ၊ သည်ဘက် က ဗီရို ၊ ဟောဟိုနား မှာ ရေအိုးစင် နှင့် နှီးခွက် ၊ စားပွဲ စားပွဲခေါင်းများ သည် ရုပ်ဆင်း ပျက် နေကြ လေပြီ ။ ဓားခုတ်ရာများ သည် ထူထပ် နေပြီ ။ ခဲ ၊ မင် တို့ ဖြင့် ရေးထားသော စာများ လည်း ရွှေတိဂုံဘုရား ညောင်ရေအိုးခုံ ရှိ စာများ ထက် အရေအတွက် ပိုမို လေသည် ။ ခုံရှည်များ မှာ ထော့နဲ့ ထော့နဲ့ နှင့် ခြေကျိုး နေ ရှာပြီ ။ နောက်ဆုံး ခုံရှည် မှာ ခါးပင် ကျိုး နေ လေပြီ ။ မိန်းကလေး ငါးယောက် ရှိ လေရာ လေးယောက် သည် လက်ယာဘက် ရှိ ခုံ ၌ ထိုင်နေ ကြ၏ ။ တစ်ယောက် မှာ လက်ဝဲဘက် ရှေ့ဆုံး ခုံ ၌ ထိုင်နေ လေ၏ ။ တစ်ယောက် တည်း ထိုင် နေသူ မှာ လှမြင့် ဖြစ် လေသည် ။
ဆရာ ကိုတင်ညွန့် သည် အခန်း တွင်း သို့ ဝင်လာသည် နှင့် တစ်ပြိုင်နက် စာရင်းစာအုပ် ကို ဖွင့် ကြည့် နေ လေ၏ ။ နောက်ပိုင်း နား က ဖေသန်း တို့ လူစု သည် ထိုနေ့ ညနေ ကစားမည့် ဗုဒ္ဓဘာသာကျောင်း နှင့် ဝက်စလီယန်ကျောင်း ဘောကန်ပွဲ ကို ဗေဒင် ဟော နေကြ လေ၏ ။ သွားရောက် ကြည့်ရန် တိုင်ပင် ကြ လေ၏ ။ မြမောင် တို့ ခုံ မှ လူစု ကား မြေပဲလှော် နှင့် ကွာစိလှော် စား နေလေ၏ ။ မြမောင် သည် ကွာစိကြီး ကို ထောင် ကိုက် လိုက်ရာ ဒေါက် ဆိုသော အသံ သည် တစ်တန်းလုံး ကြား လောက် အောင် ပေါ်ထွက် လာ လေ၏ ။ မြမောင် သည် ရုတ်တရက် ပါးစပ် ပိတ် ပြီး မျက်နှာ ရှုတင်း ထားလိုက်၏ ။ ဆရာ သည် မျက်နှာ မော့ ကြည့်လေ၏ ။ မောင်လှ ၊ မောင်သိန်း ၊ အောင်ဖေ တို့ ကား ယမန်နေ့ ည က ကြည့် ခဲ့သော ရုပ်ရှင် အကြောင်း စားမြုံ့ပြန် နေကြ လေ၏ ။ ကြည်ကြည် ၊ သန်းတင် ၊ စိန်မြ ၊ ထွေးတင်တို့ သည် စာအုပ်များ ကို ပေါင်ပေါ် တင် လျက် ခေါင်း ငုံ ကာ ဆီးဖြူသီး ကို လျက်ဆား နှင့် တို့ စား နေကြ လေ၏ ။ လှမြင့် မှာ တစ်ယောက် တည်း မို့ စကား လည်း မပြောသာ ၊ စားစရာ လည်း မပါ သော ကြောင့် စာဖတ် ၍ သာ နေရ လေ၏ ။ တစ်ခါတစ်ရံ ကြည်ကြည် တို့ ခုံ သို့ လှမ်း ကြည့် လိုက်သော အခါ ကြည်ကြည် က မျက်နှာ ကို ရှုံ့ပြ ပြီး ပါးစပ် ဖွင့်ချီ ဟချီ ပြတ်ပြတ် နှင့် လှုပ်ပြ သည် ကို သာ တွေ့ ရလေ၏ ။ သန်းတင် က အိမ်မြှောင် အမြီးပြတ် သလို လက်ညှိုး လုပ်ပြသည် ကို သာ မြင်ရ လေ၏ ။ ထိုအခါ လှမြင့် တွင် ထူးဆန်းသော ခံစားမှု တစ်ခု ပေါ် လာလေ၏ ။ ထို ခံစားမှုကြောင့် ကြော စိမ့်သွား လေ၏ ။ ပင်လယ် ထဲ ၌ ရေ ငတ် သလို ကျောင်းသားတွေ ပေါများသော အခန်း ထဲ ၌ မချမ်း မြေ့ဖွယ် ဖြစ် နေလေ၏ ။
အတန် ကြာ လျှင် ဆရာ သည် သန်းတင် ၊ ကြည်ကြည် ၊ လှမြင့် ၊ စိန်မြ ၊ မောင်သိန်း စသည် ဖြင့် စာရင်း ခေါ် လေ၏ ။ အသီးသီး ရှိပါသည် ဟု ထူးကြ၏ ။ မောင်သွင် ဟု ခေါ်လိုက် လျှင် ပြန် ထူးသံ မပေါ်လာ သော ကြောင့် နောက်ထပ် မောင်သွင် ဟု ကျယ်ကျယ် ခေါ် လိုက် လေ၏ ။ ထိုအခါ အတန်း အပြင် ဘက် မှ ဖိနပ်သံ ဒေါက်ဒေါက် နှင့် တစ်စုံ တစ်ယောက် လာ နေသည် ကို သိရ လေ၏ ။ ဖိနပ်သံ သည် “ ရှိပါသည် ခင်ဗျား ” ဟု အော် ထူး လိုက် သည် ကို ကြားရ ပြန် လေ၏ ။ ဆရာ သည် ခေါင်းထောင် ၍ ကြည့်ပြီး “ လာခဲ့ မင်း တော့ သေရအောင် ပြင်ထား ” ဟု မောင်သွင် အား နှုတ်ဆက် လိုက်လေ၏ ။ မောင်သွင် သည် တံခါးပေါက် ၌ ရပ် နေလေ၏ ။ အခန်း တစ်ခန်းလုံး က ၎င်းအား ဂရုပြု ၍ ကြည့် နေကြလေ၏ ။ မောင်သွင် သည် အသားဖြူဖြူ ရုပ်လှလှ အသက် ဆယ့်နှစ်နှစ်သား အရွယ် မျှ သာ ဖြစ်၏ ။ သက္ကလတ်ဦးထုပ် ကို ဆောင်း ထား၏ ။ စင်းကြား အင်္ကျီ လက်တို ၊ ပန်းရောင်ပိုး နှင့် တိုက်ဖြူ တစ်ကွက်စီ ရက် ထားသော လုံကွင်း ၊ ရှေ့ထိုး ဖိနပ် တို့ ကို ဝတ်ဆင် ထား လေသည် ။ ဆရာ ကို ကြည့်ပြီး ပြုံး နေ လေ၏ ။
“ မင်း ဘာလို နောက်ကျသလဲ မှန်မှန်ပြော ” ဟု ဆရာ က မေး လေ၏ ။
“ ကျွန်တော်တို့ အိမ် က နာရီ ကိုက နောက်ကျလို့ ပါ ဆရာ ” ဟု ဆင်ခြေ ပေး၏ ။
“ မင်းတို့ နာရီ က ဘာလို့ နောက်ကျရသလဲ ” ဟု ဒေါသသံ နှင့် မေး ပြန်၏ ။
“ နာရီ က နှေး နေလို့ပါ ဆရာ ” ဟု အပြုံး မပျက်ဘဲ ပြောပြန် လေ၏ ။
နီမြန်းသော နှုတ်ခမ်းများ သည် ဖြူဖွေးသော သွားကလေးများ ကို ဖော်ပြ ထားလေ၏ ။ ဆရာ သည် ခဲတံ ဖြင့် စားပွဲ ကို ခေါက်ပြီး
“ တောက် .. မင့် နာရီ ဘာလို့ နှေးတာတုံး ၊ လာခဲ့ လာခဲ့ ”
“ နှေးတာက သံပတ် ကုန် နေလို့ပါ ဆရာ ”
ဆရာတင်ညွန့် သည် ကု,လားထိုင် ကို နောက် သို့ ဖင် နှင့် တွန်းပြီး ကြိမ် ကိုင်ကာ မောင်သွင် ထံ သို့ လာ လေ၏ ။ တစ်တန်းလုံး တထိတ်ထိတ် နှင့် နေကြလေ၏ ။ လှမြင့် သည် မကြည့်ဝံ့ လောက်အောင် ထိတ်လန့် နေ လေ၏ ။
“ လာခဲ့ လာခဲ့ ရှည် မနေနဲ့ ၊ မင်း ဆင်ခြေများတဲ့ ကောင် ” ဟု ကြိမ်းမောင်း ပြီး နားရွက် ကို ဆွဲယမ်း လေ၏ ။
“ ကျွန်တော့် အပြစ် မဟုတ်ပါဘူး ဆရာ ၊ နာရီ အပြစ် ပါ ဆရာ ” ဟု ပြော သော်လည်း နား ဆွဲ ခေါ်ခဲ့၏ ။ လှမြင့် ၏ နောက် ကပ် နေသော ခုံ တွင် နေရာချ ထား လိုက်၏ ။ မောင်သွင် သည် လှမြင့် ကို နောက် က ကြည့် ရင်း ဝမ်းသာ နေလေ၏ ။
လှမြင့် ၏ နက်ပြောင် သော သျှောင်ပေစူးကလေး ကို ပန်းဝတ်ရည် ပန်းဝတ်မှုန် ကို လှပဖြာစီ သော ရွက်ချပ်ကလေးများ ဝိုင်းအုံ နေသလို အဖျားကော့ နေသော ဆံရစ်ကလေး ဝိုင်းရစ် နေ လေသည် ။ ဆံရစ် တသီသီ ဝဲ နေ၍ အင်္ကျီကြား မှ ပေါ်ထွက် နေသော သွယ်တန်းသည့် ကုပ်ဆက်ကလေး သည် သစ်ရွက် ကြား မှ ငွားငွားပြူပြူ ထွက် နေသော စံကားဝါပွင့် ၏ ကျက်သရေ မျိုး ကို ဆောင် နေလေ၏ ။ ဖြူဆွတ် ညံ့နုသော ဂွမ်း ဖြင့် ရွှေစင် ကို အုပ်ထား သကဲ့သို့ ဖြူဆွတ်သော အင်္ကျီကလေး လွှမ်း ထားသော ကိုယ်ကလေး မှာ အလွန် တင့်တယ် လှပေ၏ ။ သေးသွယ်သော ခါးကလေး ဆီ ၌ အင်္ကျီအဖြူကလေး သည် ချိုင့် ၍ နေပေ၏ ။ ပိုးနီနီ နှင့် ရှန် တစ်ကွက် စီ ရက် ထားသော လုံချည်ကလေး နှင့် ဖြူဝင်းသော အသား သည် လွန်စွာ ပနံ စား နေ လေ၏ ။ လုံချည်ကြား မှ ထွက်၍ ခြေဖမိုး ပေါ် တွင် မေးတင် ၍ နေသော ရွှေခြေချင်းကလေး သည် စွန့်စွန့် လွှားလွှား ကြွားနေသည် နှင့် တူလေ၏ ။
နောက် ဆရာ က ဂဏန်း တစ်ပုဒ် ကျောက်သင်ပုန်း ပေါ် တွင် တင် ၍ တွက်ခိုင်း လေ၏ ။ မောင်သွင် သည် ဂဏန်း မတွက် ဘဲ ကျောင်း အလာ လမ်း ၌ ပေသီးကျင်း လိုက်တမ်း ကစား နေခဲ့ ကြောင်း ကို မောင်သိန်း အား အကျယ်တဝင့် ပြော နေ လေ၏ ။ ရှေ့ က လှမြင့် သည် မိမိ ပြော သမျှ ကို ဂရုစိုက်ပြီး နားထောင် ၍ တစ်ခါတစ်ခါ ပြန် လှည့် ကြည့် သဖြင့် လှမြင့် ပို ကြားအောင် ခပ်ကျယ်ကျယ် ပြော နေ လေ၏ ။ လှမြင့် ၏ မျက်နှာကလေး မှာ အလှတကာ တို့ ထက် လှ ၍ အကြည်တကာ တို့ထက် ကြည်လင် နေ လေ၏ ။ မောင်သွင် သည် လှမြင့် မျက်နှာကလေး ကို ကြည့် ရသည် မှာ ဝမ်းသာ သလိုလို ရှိနေ လေ၏ ။ ဆရာ က စကား မပြောကြ နှင့် ဟု အမိန့် ပေးပြီး စားပွဲ ကို ကြိမ် ဖြင့် ရိုက် လေ၏ ။ သို့သော် မောင်သွင် သည် ပေသီးကျင်း လိုက် ရာ၌ မိမိ နိုင်ခဲ့ သည် ကို မပြောရသေး သဖြင့် လှမြင့် အပေါ် ၌ ကြွားလို သောကြောင့် ခပ်ကျယ်ကျယ် မိမိ ဂုဏ် ကို ထုတ်၍ အသားယူ နေ လေ၏ ။ ဆရာ သည် နေရာ မှ ထ ပြီး မောင်သွင် အား ကြိမ်စာ တစ်လုတ် ကျွေးလိုက် လေ၏ ။ ၎င်းနောက် နားရွက် ဆွဲပြီး “ ယူခဲ့ စာအုပ်တွေ ” ဟု ပြောကာ မောင်သွင် ကို လှမြင့် ခုံ ၌ နေရာ ချထား ပြန် လေ၏ ။ လှမြင့် သည် ခုံ ၌ တစ်ယောက် တည်း ထိုင်နေသည် ကို မခံမရပ်နိုင်သည့် အတော အတွင်း မောင်သွင် ရောက် လာ သဖြင့် ဝမ်းမြောက် နေ လေ၏ ။ စကား မပြောရ သေးသည့် တိုင်အောင် အဖော်အလှော် အနား က ရှိသည့် အတွက် အား တက် လာ လေ၏ ။ သို့သော် မောင်သွင် ကို ဂရု မပြုလေ ဟန် ဖြင့် ဂဏန်း တွက် နေ လေ၏ ။ မောင်သွင် သည် ခေါင်း ကို ငုံ့ ကာ အောက် နှုတ်ခမ်း ကို ကိုက်လျက် ကျောက်သင်ပုန်း ကို တဒေါက်ဒေါက် တဂျစ်ဂျစ် နှင့် ဆွဲ နေ လေ၏ ။ လှမြင့် သည် မောင်သွင် စာ ရေး နေသည် ဟု သာ အောက်မေ့ မိ လေ၏ ။
လှမြင့် ၏ အတွက် သည် အဖြေ ထွက် လာလေ၏ ။ မောင်သွင် လည်း အရေး ရပ် ၍ ကျောက်သင်ပုန်း ကို ငုံ့ ကြည့်ပြီး ကျေနပ်သည့် ပုံ အသွင် ပေါ် နေ လေ၏ ။ လှမြင့် သည် မိမိ အဖြေ နှင့် မောင်သွင် အဖြေ တိုက် လို လေ၏ ။
“ အဖြေ ဘယ်လောက် ရ သလဲ ”
“ ငါးဆယ့်ရှစ်ကျပ်ခွဲ ” ဟု မော့ မကြည့်ဘဲ မောင်သွင် က ဖြေ လေ၏ ။
“ ဟင် … ကျွန်မ တော့ ခြောက်ဆယ် ရတယ် ”
“ မင်း မှားတာပေါ့ကွ ” ဟု မျက်နှာ စေ့စေ့ ကြည့်ပြီး ပြောလေ၏ ။
“ ဒါဖြင့် ပြစမ်းပါ ” ဟု ပြောပြောဆိုဆို လှမြင့် သည် မောင်သွင် အနီး သို့ ကပ်၏ ။
“ အောင်မာ ဘာလို့ ပြရမှာလဲ ” ဟု ဆိုကာ လှမြင့် အနီး သို့ တိုး သွား၏ ။
“ အို ... ကြည့်ချင်လို့ ပေါ့ ၊ တွက်နည်း ပြစမ်းပါ ” ဆိုကာ ကျောက်သင်ပုန်း ဆွဲ ယူလိုက် ရာ တွက်နည်း ကို မတွေ့ရဘဲ ခွေးရုပ် ၊ လူရုပ် ၊ ကျားရုပ် များ ကို သာ တွေ့ ရ သဖြင့် အံ့သြ သော မျက်စိ ဖြင့် ကြည့်ပြီး
“ ဟင် … အရုပ်တွေပါ ကလား ၊ ကိုသွင် အရုပ် ဆွဲ တတ် တယ်နော် ၊ ကောင်းသားပဲ ” ဟု ပြောလေ၏ ။ နောက် “ ဂဏန်း တွက်ဦးလေ ၊ ဆရာ ဆို နေလိမ့်မယ် ” ဟု ပြောကာ ကျောက်သင်ပုန်း ပြန် အပ် လိုက် လေ၏ ။ မောင်သွင် သည် ကျောက်သင်ပုန်း ပေါ် တံတွေး ထွေး ၍ ဖျက် လေ၏ ။ မောင်သွင် သည် အလုပ် ရှုပ် နေ ပြန် လေ၏ ။ ကိုယ် ကို ဟိုငဲ့ သည်ငဲ့ လှုပ်ပြီး ကျောက်တံ ကို တွင်တွင် မောင်း နေ လေ၏ ။ ရေးပြီး သမျှ ကို လက် ဖြင့် ဖုံးကွယ် ထားလေ၏ ။ လှမြင့် သည် “ ဘာမို့ သူ ဖုံးထားရတာပါ လိမ့်နော် ” ဟု စိတ် ထဲ ၌ မေးခွန်း ထုတ် နေလေ၏ ။ ကြည့်ချင် သော စိတ် သည် များပြား လာ လေ၏ ။
“ ကိုသွင် ကျွန်မ မသိရဘူးလား ၊ ရှင် ဘာတွေ ရေးနေတာလဲ ”
“ ငါ ဘာ ရေးရေး ၊ မင်း သိရမှာလားကွ ”
“ အို သိချင်တာပေါ့ ၊ ကဲ ….ဘာလဲ ပြစမ်းပါ ” ဟု စကားများ ထွက် သွား ပြီး နောက် သိလိုသော စိတ်တွေ တိုးဝင် လာလေ၏ ။ “ ဧကန္တ သူ အရုပ် ရေးတာပဲ ၊ ငါ့ သက်သက် အကြောင် တိုက်ပြီး မပြတာ ” ဟု သဘောရ ၍ “ ကိုင်းပါ ပြစမ်းပါနော် ” ဟု ဆိုပြီး တိုး ခစား လေ၏ ။
“ မပြနိုင်ဘူး အသာ နေ ၊ မညာ နဲ့ မပြဘူး ။ ငသွင် ဆို တာ ဘူးဆို ဖရုံ မသီးဘူး ” ဟု ကြိမ်းဝါးပြီး လက်နှစ်ဖက် နှင့် နာနာ ပါအောင် ဆုပ် ထား လေ၏ ။
လှမြင့် တွင် ကြည့်ချင် စိတ် အားကြီးလွန်း သဖြင့် မောင်သွင် ၏ လက်များ ကို အတင်း ဆွဲ ဖယ် လေ၏ ။ မောင်သွင် သည် စပ်ဖြီးဖြီး လုပ်ပြီး “ အောင်မာကွာ မကြည့်နဲ့ ” ဟု ပြောပြီး “ ဟင့်အင်း ဟင့်အင်း ” နှင့် ဆွဲ ရာ မရုန်းမကန် လိုက် တတ်သော အပျိုကညာ လို လှမြင့် လိုရာ သို့ လက် ဖယ်ပေး လေ၏ ။ လက် ရွေ့ သွားသော အခါ “ ကြက်တူရွေး ” ဟူသော စာလုံး ပေါ် လာ လေ၏ ။ နောက် “ ခွေးကိုက်တယ် ၊ လှမြင့်ကလေး ငါကြိုက်တယ် ” ဟု ပေါ်လာသည် နှင့် တစ်ပြိုင်နက် လှမြင့် သည် ရှက်သွေး မွှန် လာလေ၏ ။ တစ်ချိန်တည်း တွင် မောင်သွင် သည် ပါးနပ်ဉာဏ်များ သဖြင့် အူမြူးရွှင်ပျ ရလေ၏ ။ သို့သော် မိမိ ကို ပြောရမည် လော ဟု ဒေါသ ထွက် လာ ပြန်၏ ။ မောင်သွင် ၏ ကျော ကို အုန်းအုန်း နှင့် ဗျောတီး လိုက် လေ၏ ။
ဆရာ သည် ခေါင်း ငဲ့ ကြည့်ပြီး “ ဘာ လုပ်ကြတာလဲ ၊ မင်းတို့ တော့ အသေပဲကွာ ” ဟု မြည်တွန် ပြီး ကု,လားထိုင် ကို ဖင် နှင့် ပေါက် ၍ နောက် ဖယ်ပြီး မောင်သွင် ထံ သို သမင် အုပ်မည့် ကျားကြီး လို လာလေ၏ ။ တစ်တန်းလုံး အုန်းအုန်းကျွက်ကျွက် ရယ် နေကြလေ၏ ။ လူတိုင်း မောင်သွင် နှင့် လှမြင့် အား ကြည့် နေ ကြ လေ၏ ။ မောင်သွင် သည် ရေး ထားသော စာလုံးကြီးများ ကို ဆရာ မလာခင် ဖျက် လိုက် လေ၏ ။
“ မင်းတို့ ဘာ ဖြစ်ကြတာတုံး ဟင် ” ဟု မေး သော်လည်း လှမြင့် က လည်း အဖြေ မပေး ၊ မောင်သွင် က လည်း အဖြေ မပေး ဘဲ ထား လိုက်လေ၏ ။
“ ဟေ့ ... မောင်သွင် ဘာဖြစ်တာလဲ ပြောစမ်း ”
မောင်သွင် သည် လှမြင့် ကို ညှိုးငယ် စွာ ကြည့်ပြီး “ ဘာမျှ မဖြစ်ဘူး ဆရာ ” ဟု ဘူး တစ်လုံး ဆောင် နေလေ၏ ။
“ တောက် .... ဘာမှ မဖြစ်ဘူးလို့ ခွေးသားကလေး ၊ လှမြင့် ဘာဖြစ်တာလဲ ပြောစမ်း ” ဟု လှမြင့် ကို မေး လျှင် လှမြင့် သည် ခေါင်း ကို ငိုက်စိုက် ထားပြီး ကျောက်တံ ဖြင့် ကျောက်သင် ပုန်း ကို ခြစ် နေ လေ၏ ။ မိမိ က မောင်သွင် အား ထု လိုက်သည် ကို မောင်သွင် က မပြောဘဲ မျိုသိပ် ထားသည့် အတွက် မောင်သွင် သဘော ကြီးပေသည် ဟု ချီးမွမ်း နေလေ၏ ။
“ ကျွန်မတို့ ဘာမှ မဖြစ်ဘူး ဆရာ ” ဟု ပြော လိုက်လေ၏ ။
ဆရာ သည် အလွန် ဒေါသ ထွက် ပြီး လှမြင့် ကို ကြိမ်ဒဏ် တစ်ချက် ၊ မောင်သွင် ကို ကြိမ်ဒဏ် တစ်ချက် ပေးပြီး မောင်သွင် အား နောက်ဆုံး ခုံ သို့ သွား ထိုင် ရန် အမိန့် ပေး လိုက် လေ၏ ။
မောင်သွင် သည် ညှိုးငယ်သော မျက်နှာ ၊ အယူခံသော မျက်နှာ ဖြင့် လှမြင့် ကို ကြည့် ပြီး နောက်ခုံ သို့ သွား လေ၏ ။ နောက်ခုံ သို့ ရောက် လျှင် မစူးစမ်း မဆင်ခြင် သော ကြောင့် ခါး ကျိုး နေသော ခုံ ကို ထိုင်မိ သဖြင့် လက်ထောက် လျက် အုတ်သမံတလင်း ပေါ် တွင် လဲကျ သွား လေ၏ ။ တစ်ခန်းလုံး အုန်းခနဲ ပွဲကျ သွား လေ၏ ။ လှမြင့် မှာ မူ မရယ်ဘဲ အလွန် ရင်ဖို ဝမ်းနည်း သွားပြီး မငို မိရန် ကြိုးစား နေ ရှာလေ၏ ။ သနားစိတ် တဖွားဖွား ပေါ်နေ လေ၏ ။ မောင်သွင် သည် မငို မယို မညည်းညူ ဘဲ ပွန်းပဲ့သည် ကို လက်ကိုင်ပဝါ နှင့် စည်းထား လေ၏ ။ ဆရာ သည် လာ၍ ချော့မော့ ရ ပြန်လေ၏ ။ မောင်သွင် သည် နောက်ထပ် ဂဏန်းသစ် တစ်ပုဒ် ကို ဆရာ က မေးသော အခါ ဖျတ်လတ် သွက်လက်စွာ တွက်ပြီး ဆရာ ကို သွား ပြ လေ၏ ။ အဖြေ အမှန် ရ လေ၏ ။ လှမြင့် သည် လက်ကိုင်ပဝါ စည်းထားသော မောင်သွင် ၏ လက်ကလေး ကို ကြည့် ပြီး “ ငါ့ ကြောင့် သူ့ ခမျာ ဖြစ်ရှာတာပဲ ” ဟု သနား နေ လေ၏ ။
နေ့လယ် ကျောင်းဆင်း သော အခါ မောင်သွင် သည် အတန်းခန်း ပြင် ဘက် သို့ မထွက်ဘဲ ငြိမ်ငြိမ် ထိုင် နေ လေ၏ ။ လှမြင့် သည် မောင်သွင် ကို စောင့်ကြည့် ရင်း ကျန်ရစ် ခဲ့ လေ ၏ ။ လှမြင့် သည် မောင်သွင် ကို ခဏ ခဏ ကြည့် လေ၏ ။ တောင်းပန်ပါသည် ဆိုသော စကားများ သည် ၎င်း ၏ မျက်နှာ ပေါ် တွင် ရေးထား သကဲ့သို့ ရှိ လေ၏ ။ မောင်သွင် လည်း ပြန်လှန် ကြည့်ရှု လေ၏ ။ ကြည့်ပြီး တစ်ဖန် လှမြင့် က စူးစူးရှရှ ကြည့် နေသည် ကို တွေ့ သဖြင့် -
“ ဟေ့ .. ငါ့ မကြည့်နဲ့ ၊ မင်း ကြောင့် ငါ့ ဟောဒီမှာ ကြည့်စမ်း ၊ ဟေ့ ... မကြည့်နဲ့ ကွယ် ” ဟု မလိုချင်ဘူး ဆိုပြီး လက်ဝါးဖြန့် ခံ သလို လုပ်ပြ၏ ။
“ မတော်လို့ ဖြစ်တာပဲ ကိုသွင် ရယ် ၊ ကျွန်မ ဝမ်းနည်းပါတယ် ” ဟု တောင်းပန်ရင်း မိမိ ခုံ မှ မောင်သွင် ထံ သို့ လာလေ၏ ။
မောင်သွင် လည်း “ မတော်လို့ မှ မဟုတ်ဘဲ ၊ မင်း ငါ့ ကို မုန်း လို့ အုန်းခနဲ ကျော ထုတာ ။ သက်သက် ငါ့ မုန်းလို့ ” ဟု ချွဲ ပြီး ရှေ့သို့ တိုး ခဲ့ လေ၏ ။ တစ်ယောက် ကို တစ်ယောက် စိုက် ကြည့် နေ ကြ၏ ။ အတော်ကြာ စကား မပြောဘဲ နေ ကြ၏ ။ နောက် မောင်သွင် က ပြုံး လေ၏ ။ လှမြင့် က ပြုံး ပြန် လေ၏ ။
“ မင်း ငါ့ ကို ထုတာ သိပ် နာတာပဲ ကွာ ”
“ နောက်ကျ မထုတော့ဘူး နော် ။ စိတ် မဆိုး နဲ့ ပြစမ်းပါ ၊ လက် ဘယ်လောက်များ နာ သွား သလဲဟင် ၊ ဟင် ” ဟု ပြောကာ လက် ကို ဆွဲ ယူပြီး လက်ကိုင်ပဝါ ဖြေ ၍ အနာ ကို ကြည့် နေ လေ၏ ။ မျက်စကလေး ချီပြီး သနားစဖွယ် စစ်ဆေး နေ လေ၏ ။
“ ကျွတ် ကျွတ် ၊ တော်တော် ပဲ့သွားတာပဲနော် ၊ ကျွန်မ ကျပ်ပူ တိုက် ပေးမယ် ” ဟု ပြောပြီး လက်ကိုင်ပဝါ ကို အလုံးကြီး လုပ် ၍ အာငွေ့ ပေးပြီး “ ဥုံ ပျောက်စေ ” ဟု အပဲ့များ ကို လက်ကိုင်ပဝါ ဖြင့် ဖို့ ပေး လေ၏ ။ မောင်သွင် လည်း ပြုံးပြုံးကြီး အယုအယ ခံနေလေ သတည်း ။
◾သိန်းနေနွယ်
📖 ဒီးဒုတ်သတင်းစာ
အတွဲ - ၁၁ ၊ အမှတ် - ၄ဝ
၂ဝ ဇူလိုင် ၊ ၁၉၃၅ ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment