Showing posts with label လူခါး. Show all posts
Showing posts with label လူခါး. Show all posts

Friday, May 15, 2026

ဦးအောင်သင်းကို မော့ကြည့်ခြင်း


❝ ဦးအောင်သင်းကို မော့ကြည့်ခြင်း ❞
         ( လူခါး )

ကျွန်တော့် ကလောင်ကလေးနှင့်များ ဦးအောင်သင်း အကြောင်း ရေးချင်သေးသလားဟု မေးလာလျှင် ဟုတ်ကဲ့ ကျွန်တော့် ကလောင် နှင့်ပင် ဦးအောင်သင်း အကြောင်းကို ရေးချင်ပါသည်ဟု ဖြေပါရစေတော့ ။

••••• ••••• •••••

ဦးအောင်သင်း ဆိုသော နာမည်ကို စတင် ကြားဖူးခဲ့သော အချိန်မှာ ကျွန်တော်က ရှစ်တန်းကျောင်းသား အရွယ်မျှပင် ရှိပါသေး၏ ။ တကယ် တွေးကြည့်လျှင် ရှစ်တန်းကျောင်းသား အရွယ်သည် ဦးအောင်သင်း ကို လည်းကောင်း ၊ ဦးအောင်သင်း၏ စာများကို လည်းကောင်း အများကြီး မဟုတ်တောင် အတန်အသင့်တော့ သိနေသင့်ပြီဟု ကျွန်တော် ယူဆပါသည် ။

သို့သော် ကျွန်တော်၏ ရှစ်တန်းကျောင်းသားဘဝမှာ ဘောလုံး နှင့် ဗီဒီယို က လွဲ၍ အခြား ဘာမျှ မသိခဲ့ပါ ။ ထိုမျှဆိုလျှင် ကျွန်တော်၏ ငယ်ဘဝကို အနီးစပ်ဆုံး သုံးသပ်နိုင်ပြီဟု ထင်ပါသည် ။ စာမဖတ်ဘူးလား ဆိုတော့ ဖတ်နေပါပြီ ။သို့သော် ဦးအောင်သင်း၏ စာတွေကိုတော့ဖြင့် မဖတ်ဖူးသေးပါ ။

တစ်နေ့ ကျွန်တော်တို့ကျောင်း ( အထက ၂ ၊ တောင်တွင်းကြီး ) တွင် သတင်း တစ်ခု ကျယ်ကျယ်ပြန့်ပြန့် ပြောဆို နေကြပါသည် ။ ကျွန်တော်တို့ ကျောင်းသို့ “ တောင်တွင်းအောင်သင်း ” ဆိုသော စာရေးဆရာ တစ်ယောက် လာရောက် ဟောပြောလိမ့်မည် ။ ကျွန်တော်တို့က မဖြစ်မနေ နားထောင်ရမည်ဟုလည်း ပြောကြပါသည် ။ အချို့က စာမသင်ရသဖြင့် ပျော်ကြ၏ ။ အချို့က အတန်းထဲ စာသင်သကဲ့သို့ မလွတ်လပ်မှာကို တွေးပြီး စိတ်ညစ်ကြသည် ။ စိတ်ညစ်သည့် အထဲတွင် ကျွန်တော်သည်လည်း တစ်ယောက် အပါအဝင် ဖြစ်ခဲ့ပါ၏ ။ တကယ်လည်း နေ့လယ် တစ်နာရီ ထမင်းစားကျောင်း ပြန်တက်သည့် အခါမတော့ ကျောင်းခန်းမတွင် သွားရောက်၍ ငယ်စဉ်ကြီးလိုက် စီတန်းပြီး ထိုင်ရပါသည် ။ မူလတန်းများ မပါဝင်သဖြင့် ကျွန်တော်က ရှေ့ဆုံးမှ စ,ရေလျှင် သုံးတန်းမြောက်လောက်မှာ ထိုင်ရပါသည် ။ အကောင်ငယ်တာလည်း ပါ,ပါ လိမ့်မည် ။

နေ့ခင်းဘက်လည်း နေ့ခင်းဘက် ၊ နေပူပူမှလည်း ပြန်လာခါစ ဆိုတော့ အတော် ပူအိုက်ပြီး အားလုံး ချွေးတစေးစေးနှင့် ဖြစ်နေကြပါသည် ။ ဆရာဆရာမများက ဘေးမှ နေပြီး

“ ဟိုကလေး မထနဲ့ ၊ ဒီကလေး ငြိမ်ငြိမ်နေ ” ဟု ကြပ်မတ်လျက် ရှိကြသည် ။ သို့သော် မရပါ ။ တစ်ယောက်ယောက်က “ လာပြီ .. လာပြီ ” ဟု အော်လိုက်လျှင် ခေါင်းထောင် ကြည့်လိုက် “ လှုပ်လှုပ် ... လှုပ်လှုပ် ” ဖြစ်လိုက်နှင့် “ တောင်တွင်းအောင်သင်း ” ဆိုသော စာရေးဆရာကို မျှော်ရသည်မှာ အညာပွဲ တစ်ည၌ မင်းသား ထွက်အလာကို မျှော်ရသည်နှင့် တူလှပါ၏ ။

ကျွန်တော် ကတော့ ဘယ်အချိန် အတန်းပိုင်ဆရာမ လစ်မလဲ ဟုသာ အသံတိတ် ချောင်းနေမိခဲ့သည် ။ ထိုအချိန်မှာပင် “ ဦးအောင်သင်း လာပြီ ၊ သားတို့သမီးတို့ ငြိမ်ငြိမ်နေ ” ဟူသော ဆရာတစ်ယောက်၏ အသံထွက်လာလေ၏ ။ ဆရာက “ ငြိမ် ” ဟု အော်လိုက်မှ ကျောင်းသားများက ဆတ်ခနဲ ဒူးထောက်ကာ ထ ,ကြည့်ကြပါတော့သည် ။ ကျွန်တော် မည်မျှ လျင်သနည်း ကြည့်ပါလေ ။

ကျောင်းသားများ ကြားထဲမှ လေးဖက် ထောက်ကာ ထောက်ကာ ဖြင့် လှေကားနှင့် နီးသော အပေါက်ဝမှာ အသာ သွားကပ်နေလိုက်သည် ။ ဗြုန်းဆို လူအုပ်ကြီး တစ်အုပ် ကျောင်းပေါ် ရောက်လာသည်နှင့် လှေကားမှ ဒရောသောပါး ပြေးဆင်းလာခဲ့တော့၏ ။ “ တောင်တွင်းအောင်သင်း ” ဆိုတာ ဘာသားနှင့် ထုထားသည့် လူတစ်ယောက် ဆိုတာကိုပင် မသိခဲ့ ။ လှေကားထစ်များနှင့် ကျွန်တော့် ခြေထောက်တို့သည်ပင် ထိလေသည်လား ကျွန်တော် မပြောတတ်တော့ ။ သေချာသည်ကတော့ ထိုနေ့က “ တောင်တွင်း အောင်သင်း ” ဆိုသော စာရေးဆရာ၏ ရန်မှ လွတ်မြောက်အောင် ကြံစည်အားထုတ်နိုင်ခဲ့သည့်အတွက် ကျွန်တော့် ကိုယ် ကျွန်တော် အလွန်ဂုဏ်ယူနေမိတာတော့ သေချာပါသည် ။

••••• ••••• •••••

ကျွန်တော့်ဘဝ၏ နောင်တရစရာ နေ့ရက်များ ထဲတွင် ထိုနေ့သည်လည်း အပါအဝင် ဖြစ်ကြောင်း လူတောထဲ တိုးဝင်ခဲ့ရသည့် ကာလများ၌ ကျွန်တော် သိလာ ၊ နားလည်လာခဲ့ရပါသည် ။ ကျောင်းသားအရွယ်က တွေ့မြင်ရမည် ဖြစ်သော ဆရာ ဦးအောင်သင်း၏ ဖျတ်လတ်တက်ကြွမှုတို့ကို အခုချိန်မှာ ကျွန်တော် မြင်ချင်ကြားချင် နေမိသည် ။ ကလေးသာသာ ကျောင်းသားလေးများ ဖြစ်သော ကျွန်တော်တို့ကို ဆရာ ဦးအောင်သင်း ဘာတွေများ မျှဝေသွားခဲ့ပါသလဲ ၊ ဘာတွေ ဝေမျှချင်ခဲ့ပါ သလဲ ။ ကျွန်တော် အလွန် သိချင်နေသော်လည်း ပြန်မရနိုင်တော့ပါ ။ ကျွန်တော် စာတွေ ဖတ်ဖြစ်လာလေ ဆရာ ဦးအောင်သင်း နှင့် လွဲခဲ့ရလေအောင် အားထုတ်မိသည့် အတွက် ကိုယ့်ကိုယ်ကို အားမလို အားမရ ပြစ်တင် ဝေဖန်မိလေ ဖြစ်ဖြစ်နေခဲ့ရပါသည် ။ ကျွန်တော့် အဖြစ်က သိကြားမင်းက ရွှေထုပ်ကြီး ရှေ့တွင် ချပေးသည်ကို မော့ပြီး လမ်းလျှောက်လာသည့် လူနုံ လူအ , တစ်ယောက် အဖြစ်ပမာ ရင်နာစရာကြီးဖြစ်တော့၏ ။

သို့သော် ဆရာ ဦးအောင်သင်းနှင့် ပတ်သက်ပြီး ကံတရားကြီးက ကျွန်တော့် အတွက် နောက်ဆုံးနှင့် အရင်ဦးဆုံး အခွင့်အရေး တစ်ခုကိုတော့ ပေးခဲ့ပါသေးသည် ။ ထိုအခွင့်အရေးကိုတော့ဖြင့် ကျွန်တော်ကလည်း ကံကောင်းထောက်မစွာဖြင့် အမိအရ ယူနိုင်ခဲ့ပါ၏ ။

ထို့အတွက်ကိုတော့ဖြင့် ကျွန်တော် ဘယ်တော့မှ နောင်တရနေရလိမ့်မည် မဟုတ်ကြောင်း အခိုင်အမာ ပြောရဲပါသည် ။

••••• ••••• •••••

“ ဖျန်း ... ဖျန်း ... ဖျန်း ... ”

ကျွန်တော် သူ့အနား ကပ်လိုက်လျှင် ကပ်လိုက်ချင်း သူ၏ ညာဘက်လက်က လေထဲ မြောက်တက်သွားပြီး ကျွန်တော့် ဘယ်ဘက်ပါးပေါ် သုံးကြိမ် ဆက်တိုက် အရှိန်ပြင်းပြင်းနှင့် ကျလာခဲ့ပါသည် ။ ကျွန်တော့် ဘယ်ဘက်ပါးသည် ဖျဉ်းခနဲ ဖျဉ်းခနဲ ပူဆင်းသွားခဲ့ပါ၏ ။ ကျွန်တော့် ဘဝတွင် ကျွန်တော်နှင့်လည်း တစ်ခါမျှ မရင်းနှီး ၊ ကျွန်တော်ကလည်း ဘာအပြစ်မျှ လုပ်မထားပါဘဲ ကျွန်တော့်ကို စတွေ့တွေ့ချင်း ယခုကဲ့သို့ ပါးရိုက်မည်ဟု ဆိုလျှင် ထိုသူ့ကို ထိုနေရာတွင်ပင် အသက်ချင်း လဲပစ်လိုက်မိမည်မှာ အလွန့်အလွန်ကို သေချာပါသည် ။

သို့သော် ။ လက်တွေ့တွင် ကျွန်တော့် အနေဖြင့် အသက်ချင်း လဲဖို့ မဆိုထားနှင့် မော့၍ပင် မကြည့်ရဲခဲ့ပါ ။ အဘယ်ကြောင့်ဆိုသော် ထိုသူမှာ ဆရာကြီး ဦးအောင်သင်း ဖြစ်နေသောကြောင့် ဖြစ်ပါသည် ။

“ ငါ ... မင်းလို ပြန်ငယ်ချင်တယ်ကွာ ”

“ ငါ ... မင်းလို ပြန်ငယ်ချင်တယ်ကွာ ”

“ ငါ ... မင်းလို ပြန်ငယ်ချင်တယ်ကွာ ”

အသက် ရှစ်ဆယ့်ခြောက်နှစ် အရွယ် အဘိုးအိုက ထိုစကား တစ်ခွန်းတည်းကို အားမာန်အပြည့်နှင့် သုံးကြိမ် ဆက်တိုက် ပြောခဲ့ပါသည် ။ မလေးရှား နိုင်ငံသို့ စာပေဟောပြောရန် ရောက်လာခဲ့သော ဆရာကြီး ဦးအောင်သင်းနှင့် စာရေးဖို့က လွဲပြီး ဘာမျှ မသိသေးသည့် လူငယ်လေးတစ်ယောက်၏ ပထမဦးဆုံး တွေ့ဆုံပွဲ ဖြစ်ပါ၏ ။

နေရာက ကိုတာရာယာ ကုန်တိုက် အနီးမှ “ ဇေယျာ ” ဆိုသော မြန်မာဆိုင် တစ်ဆိုင်၏ စားသောက်ခန်းထဲတွင် ဖြစ်သည် ။ ဆရာကြီးဦးအောင်သင်းက ထောင့်အကျဆုံးသော စားပွဲ၏ ထိပ်တည့်တည့်တွင် နုံးခွေခွေလေး ထိုင်နေပြီး ဆရာမ နုနုရည် ( အင်းဝ ) ၊ ဆရာ ကျော်ဝင်း ၊ ဆရာ ကာတွန်းအော်ပီကျယ် တို့လည်း အတူ ရှိနေခဲ့ကြသည် ။

ဆရာကြီး ဦးအောင်သင်း အတွက် အစားအစာများကို သီးခြား စီစဉ်ပေးထားခဲ့သော်လည်း “ သိပ်မစားနိုင် ” ဟုဆိုကာ ဆရာကြီးက တို့ရုံသာ တို့ကြည့်လေသည် ။ ကျွန်တော်က ဆရာကြီး ဦးအောင်သင်း ထိုင်နေသော ခုံဘေးမှာ ဒူးထောက်လျက် ။ ကျွန်တော့် ပါးသည် ဆရာကြီး၏ လက်ဝါးရာတို့ဖြင့် နီစွေးလျက် ။

စားသောက်ပြီးကြတော့ ဆရာ ၊ ဆရာမတို့ကို တည်းခိုမည့် ဟိုတယ်ဆီသို့ လိုက်ပို့ကြရသည် ။ ဆရာကြီး ဦးအောင်သင်း က တစ်ခန်းလုံးတွင် တစ် ယောက်တည်း ။ အခန်းထဲ ရောက်တော့ အသက် ရှစ်ဆယ့်ခြောက်နှစ်အရွယ် ဆရာကြီး၏ တစ်ယောက်တည်း နေရမှုကို စိုးရိမ်မိသော်လည်း ဆရာက “ ငါ တစ်ယောက်တည်း နေချင်လို့ နေတာ ” ဟု ဆိုသဖြင့် အသာ နှုတ်ဆိတ်နေလိုက်ရတော့သည် ။

ဆရာကြီး အနားမှာ သိပ်ကြာကြာ နေခွင့် မရလိုက်ရပါ ။ ဆရာကြီးက “ နားချင်ပြီ ” ဟု ဆိုသဖြင့် မနက်ဖြန်မှ စောစောလာပါမည့်အကြောင်း ပြောကာ နှုတ်ဆက်ပြီး ပြန်ခဲ့ရတော့သည် ။

ထိုမနက်ဖြန်သည် ကျွန်တော့် အတွက် သိပ်ကို အရေးပါလွန်းခဲ့သည် ဆိုတာကိုမူ ထိုနေ့က ကျွန်တော်ကိုယ်တိုင်ပင်လျှင် မသိခဲ့ရိုး အမှန် ။

••••• ••••• •••••

နောက်တစ်နေ့၏ နံနက်ခင်းတွင်ကား ဆရာကြီးတို့၏ တည်းခိုရာသို့ သွားသည့်သူမှာ ကျွန်တော် တစ်ယောက်တည်း မဟုတ်တော့ပေ ။ ကျွန်တော်နှင့်အတူ စာဖတ်ဖော် သူငယ်ချင်းများ ဖြစ်သော လင်းလက်တာရာ ၊ ရာဇာမျိုး ( အင်းကုန်း ) တို့လည်း တစ်နေရာစီမှ လာကာ ချိန်းဆို သွားရောက်ခဲ့ကြသည် ။

ဆရာကြီးဦးအောင်သင်းသည် ဖြူလွှလွှ မွေ့ရာပေါ်တွင် ပက်လက်ကလေး လှဲနေလေ၏ ။ အနွေးထည် အညိုလေးကို ဝတ်ထားပြီး ဘယ်ဘက်ခြေ ထောက်ပေါ်သို့ ညာဘက်ခြေထောက်ကို တင်ထားကာ လက်တစ်ဖက်က စာအုပ်တစ်အုပ်ကို ကိုင်ထားလေသည် ။

ဆရာကြီး၏ ဘေးနားတွင် ကပ်လျက်ထိုင်မိကြသည်နှင့် ကျွန်တော်တို့က တစ်ယောက်ချင်းစီ ကိုယ်တိုင် ကိုယ်ကျ မိတ်ဆက်ပေးကြရသည် ။ ဆရာကြီးက “ အဟင်း .. အဟင်း ”နှင့် ချောင်းဟန့်ကာ ခေါင်းရင်းဘက်မှ ဖန်ခွက်ကလေးကို လှမ်းဆွဲသည်နှင့် ကျွန်တော်က အလိုက်တသိ ယူကာ ရေဖလားကို အဖုံး ဖွင့်လိုက်၏ ။

“ မဟုတ်ဘူး ... မဟုတ်ဘူး ... ”

ဆရာကြီးက အတင်း တားပြီး ခြေရင်းဘက်သို့ လက်ညှိုး ညွှန်သဖြင့် ကြည့်လိုက်တော့ အနီပုလင်း ။ သိပ်များများစားစားပင် မကျန်တော့ပေ ။ ကျွန်တော်လည်း အသာ ငှဲ့ပေးလိုက်ရသည် ။ ကျွန်တော်နှင့် အတူလာသူ နှစ်ယောက်ကို ကြည့်တော့ သူတို့ နှစ်ယောက်က ခေါင်းများကို အောက်ငုံ့ကာ ပြုံးနေကြလေသည် ။ ကျွန်တော်လည်း ပြုံးချင်သော်ငြား မပြုံးရဲပါပေ ။ မျက်နှာကို တည်ကာ အသာ ငြိမ်နေလိုက်ရ၏ ။

ဆရာကြီးက အနီကလေးကို အနည်းငယ်သာ အာဆွတ်ပြီး “ အဟမ်း .. အဟမ်း ” နှင့် ပြန်လုပ်လာတော့မှ ခွင့်တောင်းကာ ဖုန်းအသံသွင်း ခလုတ်ကို ဖွင့်ပြီး ဆရာကြီး ရင်ဘတ်ပေါ် အသာ တင်ထားလိုက်မိသည် ။

“ လောကကို မေတ္တာထားတဲ့ စာရေးဆရာဟာ ... ကြာရှည်ကို ခံတယ် ”

ဆရာကြီး ထံမှ ပထမဆုံး ကြားခွင့်ရသော စကားမှာ ထိုစကား ဖြစ်ပါသည် ။ ဆရာကြီး၏ အသံသည် ကြည်၏ ။ ဆရာကြီး မျက်လုံးတို့ကား အရောင်ဖိတ်ဖိတ်လက်နေကြလေ၏ ။

“ မင်းတို့ နောက်ကျနေတော့ တွေ့လာလိမ့်မယ် ။ လောကကို ... ပတ်ဝန်း ကျင်ကို မေတ္တာထားတဲ့ စာရေးဆရာတွေက ဘယ်လိုဟာမျိုးလဲ ဆိုတော့ ကိုယ် စောက်သုံးမကျတဲ့ ကိစ္စကို ပြန်ပြီးတော့ ကျွန်တော် ဒီလို စောက်သုံးမကျပါဘူးလို့ ဆိုတာ တိုက်ရိုက် မပြောရင်တောင်မှ အဲဒီ ဥစ္စာ ပြန်ဝန်ခံတယ် ။ ပြောချင်မှ ပြောမယ် ၊ တိုက်ရိုက် ပြောချင်မှ ပြောမယ် ။ ဒါပေမဲ့ ... ဒါ မကောင်းဘူး ၊ ဒါ ကောင်းတယ် ၊ အဲဒါ ပြောတတ်တယ် ။ အဲဒီစာပေ အားဖြင့် အကုန်လုံး ခြုံလိုက်လို့ ရှိရင် လောကကို မေတ္တာပွားတတ်တဲ့ စာရေးဆရာတွေဟာ ကြာရှည်ခံလေ့ ရှိတယ် ။ အဲဒီ လောကကိုလည်း မေတ္တာထားရမှန်း မသိ ၊ ဘာမှန်းလည်း မသိ ၊ ညာမှန်းလည်း မသိ ကယောက်ကတမ်းနဲ့ လျှောက်ရေးတဲ့ စာရေးဆရာတွေဟာ ဘယ်တော့မှ ကြာရှည် မခံဘူး ”

“ ငါ တကယ် တွေ့ခဲ့တာတွေပါ  ။ ဥပမာ ဆိုပါတော့ကွာ ၊ နမူနာတစ်ခုတင် ပြောမယ် ။ ဒါ နာမည်တွေတော့ မပြောတော့ပါဘူး ၊ ငါ မှတ်မိတယ် ။ ဘယ်သူလို့တော့ မပြောတော့ဘူး ။ ဥပမာ ဆိုပါတော့ ။ အမှောင်ခန်းတွေ ရေးကြတာ ၊ ကာမရာဂ ကိစ္စမျိုး ။ အဲဒါမျိုး ရေးတဲ့ စာရေးဆရာတွေက မရှိဘူးလား ဆိုတော့ ရှိတယ် ။ သူတို့ခေတ် သူတို့အခါလေး ထဲမှာ ခဏတစ်ဖြုတ် ရောင်းပန်းမပွင့်ဘူးလား ဆိုတော့ ပွင့်တယ် ။ နာမည်တော့ ဘာဖြစ်လဲ ။ နာမည်က ပျက်သွားတယ် ။ ကာမရာဂ အခန်း ဆိုတော့ ကောင်လေးတွေ ကြိုက်တာပေါ့ကွ ၊ ကာလသားတွေ ကြိုက်တာပေါ့ ။ အဲဒါကို အကြိုက် လိုက်ရေးတဲ့ စာရေးဆရာတွေ ငါ တော်တော်များများ ကြုံခဲ့ဖူးတယ် ။ ပြီးတော့ စာဖတ်တဲ့ လူက အစ ကောင်လေး ဖြစ်စေ ၊ ကောင်မလေး ဖြစ်စေ ဖတ်တော့ ဖတ်တယ် ၊ အငမ်းမရ ဖတ်တယ် ။ ဒါပေမဲ့ ဘယ်တော့မှ အထင်မကြီးဘူး ။ အဲဒီ ကောင်လေးတွေ ကိုယ်တိုင်ကကို အထင်မကြီးဘူး ။ အဲဒီလိုတွေနဲ့ ပျောက်သွားတဲ့ စာရေးဆရာတွေ ငါ ကြုံခဲ့ဖူးပြီ ။ တကယ့်ကို ပြောတာပါ ”

ဆရာကြီးက ပြောလက်စ စကား ကို ခဏရပ်ပြီး အနားမှ အနီခွက်ကလေး ဆီသို့ လက်လှမ်းလိုက်ပြန်သဖြင့် ကျွန်တော်က ခွက်ကလေးကို ယူကာ ဆရာကြီးထံ ကမ်းပေးလိုက်ရပြန်သည် ။ ဆရာကြီးက သိပ်အများကြီးတော့ မဟုတ် ။ နည်းနည်း မြုံ့လိုက်ပြန်၏ ။

“ စာရေးရာမှာ နှစ်မျိုး ရှိတယ် ။ တစ်မျိုးက ဘာလဲဆိုတော့ မင်းတို့ အင်္ဂလိပ်စာ တော်တော် ဖတ်နိုင်လား ၊ မဖတ်နိုင်လား ငါ မသိဘူး ။ ဖတ်နိုင်ရင် တော့ အကောင်းဆုံးပဲ ။ မဖတ်နိုင်လို့ ရှိရင် လွယ်တဲ့ နည်းက ငါ ပြောမလို့ ။ အဲဒီ ဘာသာပြန် ကောင်းကောင်းတွေကို မင်းတို့ ရှာဖတ်ကြ ။ အဲဒီလို ဖတ်ခြင်းအားဖြင့် မင်းတို့ ကမ္ဘာ့စာပေကို မင်းတို့ ကျွမ်းငြိလာလိမ့်မယ် ။ ဘာသာပြန်စာပေ မှာလည်း နှစ်မျိုး ရှိတယ် ။ တစ်မျိုးက ဘာလဲဆိုတော့ Creative Writing လို့ခေါ် တဲ့ ဝတ္ထုလို ဟာမျိုးတွေ ၊ နောက်တစ်မျိုး နိုင်ငံရေးလို ဟာမျိုးတွေ ။ မင်းတို့က စာရေးချင်တဲ့ကောင်တွေ ။ Creative Writing လို့ ခေါ်တဲ့ ကမ္ဘာ့စာပေထဲမှာ ပါတဲ့ ၊ ဂန္ထဝင်ပြောင်မြောက်ပါတယ် ဆိုတဲ့ ဝတ္ထုတွေကို မင်းတို့ ရှာဖတ်ကြ ။ နားလည်လား ”

“ အဲဒါ မင်းတို့ အတွက် သိပ် အထောက်အပံ့ ဖြစ်လိမ့်မယ် ။ ပြီးတော့မှ ဘယ်လို ရေးရမယ် ၊ သူ ဘယ်လို ရေးသွားတယ်ဆိုတာ ငါ ပြောလို့ မရဘူး ။ ဖတ်ရင်းဖတ်ရင်း မင်းတို့ သိသွားလိမ့်မယ် ”  

“ ငါ ကိုယ်တိုင်လည်းပဲ .. ။ ဒီလို ပြောရမယ် ဆိုလို့ရှိရင် ကမ္ဘာ့ဂန္ထဝင်ဝတ္ထု တွေကို သူများ ဘာသာပြန်တာတွေ ဖတ်ခဲ့တာပါ ။ ဒါပေမဲ့ နောက်ကျ တော့မှ ငါကိုယ်တိုင် အင်္ဂလိပ်စာ ဖတ်နိုင်လာတော့မှ ဖတ်ခဲ့တာ ။ ပြီးတော့မှ အဲဒါတင် မကဘဲနဲ့ အဲဒီ အင်္ဂလိပ်ဝတ္တုတွေကို ပြန်ပြီးတော့ သုံးသပ်ထားတဲ့ တခြား စာပေဝေဖန်ရေးဆရာတွေနဲ့ စာပေသဘောတရား သုံးသပ်တဲ့သူတွေ ရဲ့ စာအုပ်တွေကို ဖတ်ခဲ့တာ ။ အဲဒီမှာကျတော့ အင်္ဂလိပ်လိုချည်း ဖြစ်သွားပြီ ။ ငါ အဲဒီလိုနဲ့ပဲ အကြိုက်ဆုံး ဝတ္ထုတိုတို့ ဘာတို့ ဆိုတာတွေ ငါ ရေးခဲ့တာ ။ ရေးခဲ့တယ် ဆိုတာ ခုထက်ထိ ငါ့ကို ကျော်နိုင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး ။ ကြိုးစားပြီး သူတို့ ရေးကြပါတယ် ။ မရဘူး ၊ သူတို့ ငါ့ကို မကျော်နိုင်ဘူး ” 

“ ပြောချင်တဲ့ အဓိပ္ပာယ်က လုပ်ပြီ ဆိုလို့ရှိရင် အဲဒါကို သေချာ ကျကျနန ပြတ်ပြတ်သားသား လုပ်ရတယ် ။ ဒါပေမဲ့ မင်း လုပ်တဲ့ အတွက်ကြောင့် မင်း ကလောင်က အောင်မြင်ချင် အောင်မြင်မယ် ၊ မအောင်မြင်ချင် မအောင်မြင်ဘူး ။ ငါ မသိဘူး ၊ မပြောနိုင်ဘူး ။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ မင်း စာရိတ္တ မပျက်တော့ဘူး ။ မင်း စာရိတ္တ မပျက်တော့ဘူး ။ အဲဒါတော့ သေချာတယ် ” 

“ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံခြားမှာ ခုရောက်နေတာ စာရိတ္တပျက်ပျက် သွားတာတွေ တစ်ပုံကြီး ၊ ဘဝပျက်သွားတာတွေလည်း တစ်ပုံကြီးပဲ ။ သို့ပေမဲ့လို့ သူတို့က တို့ ကယ်လို့ ရတာ မဟုတ်ဘူး ။ ငါ ဟောပြောတယ် ။ ငါ I never expected too much ... ၊ အများကြီး ဘယ်တော့မှ မမျှော်လင့်ဘူး ။ ဟောပြောတဲ့ ပွဲတွေမှာ ၊ လာတဲ့ အထဲထဲမှာ တစ်ရာမှာ ဆယ်ယောက် ... များလွန်းတယ် ၊ ငါးယောက် ။ ဒါတောင် နည်းနည်း များလွန်းသေးတယ် ။ နှစ်ယောက် သုံးယောက် ၊ ဒီလောက်ပဲ မျှော်လင့်တယ် ။ ဘယ်တော့မှ အများကြီး မမျှော်လင့်နဲ့ ။ များသောအားဖြင့် လူတော်တော်များများဟာ ပျက်ဖို့ဘက်ကို ဦးတည်တဲ့ လူက များတယ် ။ လူငယ်တော်တော်များများဟာ အဲဒီအတိုင်းပဲ ။ ငါ ဒါကြောင့်မို့လို့ ဘယ်တော့မှ မမျှော်လင့်ဘူး ။ ဒါပေမဲ့ တစ်ရာမှာ နှစ်ယောက် ၊ သုံးယောက် ၊ လေးယောက် ။ အဲဒါဟာ အမြတ် အများဆုံး ။ တော်တော့်ကို အောင်မြင်တဲ့ပွဲ အောင်သင်းရဲ့ ပွဲထဲမှာ တော်တော် အောင်မြင်တဲ့ပွဲ ”

“ မင်းတို့ကို တစ်ခု ပြောချင်တာက ၊ မင်းတို့ကို ငါ ပြောလိုက်ချင်တဲ့ ဥစ္စာက မင်းတို့ အဲဒီ စာကောင်းပေမွန်လို့ ကမ္ဘာက သတ်မှတ်တဲ့ စာအုပ်တွေကို အစွမ်းကုန် ဖတ်ပါ ၊ နော် ... ပထမ တစ်ချက်က အဲဒါ ဖတ်ပါ ။ နောက်တစ်ခုက မင်းတို့ ကိုယ် မင်းတို့ ပြန်ရှာပါ ။ ငါ ဘယ်လို ခံခဲ့ရလဲ ၊ ငါ ဘယ်လို ဒုက္ခရောက်ခဲ့ရလဲ ။ ငါ ဘယ်လို စောက်သုံးမကျခဲ့သလဲ ။ အဲဒီ မှာ အရေးအကြီးဆုံးက ကိုယ် စောက်သုံးမကျခဲ့တဲ့ ကိုယ့်ဥစ္စာကို ပြန် တွေ့အောင် ရှာပါ ။ ရှာပြီးတော့ အဲဒီဥစ္စာကို ပြန်ပြီးတော့ မင်းတို့ ကြိုးစားပါ ။ ကိုယ် ညံ့ခဲ့တဲ့ ဥစ္စာကို ပြန်ရှာပါ ။ အဲဒါ ပြန်ပြီးတော့ ဘယ်လို ရေးမလဲဆိုတာ တင်ပြပုံ ၊ တင်ပြနည်းကျတော့ ငါ မပြောတတ်ဘူး ။ မင်း ဟာနဲ့ မင်း တွေ့လာလိမ့်မယ် ။ ဒါပေမဲ့ စေတနာကတော့ အဲဒီ အတိုင်းထား ။ စေတနာ အရေးကြီးတယ် ”

“ စာရေးတဲ့ အခါမှာ မင်း စာရေးချင် ပြီဆိုရင် အရေးအကြီးဆုံးက စေတနာ ပဲ ။ အဲဒီ စေတနာ ဆိုတာ ပြောလိုက်တော့ ဘာမှလည်း မခက်ဘူး ။ လွယ်လွယ် လေးရယ် ။ ဘယ်တော့မှ မမှားတဲ့ဟာ တစ်ခု ငါပြောပြမယ် ။ အဲဒါ ဘာလဲဆိုတော့ ဗမာလို ဆိုရင် ရိုးရိုးလေး ဖြစ်တယ် ။ မေတ္တာစိတ်ဓာတ် ၊ ကရုဏာစိတ်ဓာတ် ၊ မုဒိတာစိတ်ဓာတ် ။ အဲဒီဟာ အရေးကြီးဆုံးပဲ ။ အဲဒီကနေ ပွားပြီးတော့ မင်း ရေး ။ အဲဒါက မင်း စာရေးတဲ့ အခါမှာ သိပ်အောင်မြင်တဲ့ လက္ခဏာဟာ အဲဒါတွေပဲ ”

“ ပထမဆုံး အရေးကြီးဆုံး အချက်ကတော့ မင်းမှာ တစ်ခုခုပေါ့ ။ စိတ်ချမ်းသာမှု ဖြစ်တဲ့ ကိစ္စမှာ သို့မဟုတ်လို့ ရှိရင် စိတ်ဆင်းရဲခြင်း ဖြစ်တဲ့ ကိစ္စမှာ မျှဝေပါ ။ အဲဒါမျိုး မပါဘဲနဲ့ အတွေ့အကြုံတွေ ရေးတာကော မရဘူးလား ဆိုတော့ ရတယ် ။ သိပ္ပံမောင်ဝ မင်းတို့ ဖတ်ကြည့်ရမယ့် ကိစ္စက ... ။ စာရေးဆရာတွေ ထဲမှာ ငါ ပြောလိုက်မယ် ၊ အရေးအကြီးဆုံး ဖတ်စေချင်တဲ့ ကိစ္စက ဘယ်သူတွေလဲ ဆိုတော့ သိပ္ပံမောင်ဝ ၊ နောက်တစ်ယောက်က ဇေယျ ၊ နောက်တစ်ယောက်က ဆရာကြီးရွှေဥဒေါင်း ။ အဲဒီသုံးယောက်ကို သေချာဖတ်ပါ ”

“ အဲဒီထက် ပိုပြီးတော့ ရသစာပေရဲ့ သဘောကို သွားချင်လို့ ရှိရင် ဆရာ ဇော်ဂျီရယ် ၊ မင်းသုဝဏ်ရယ် အဲဒီ နှစ်ယောက်ကို ဖတ်ပါ ။ သေချာဖတ် ။ ပေါ့တိပေါ့ဆ မလုပ်နဲ့ ။ သေချာဖတ် ။ ဘာကြောင့်လဲ ဆိုတော့ ငါ မင်းတို့ကို နိုင်ငံခြားမှာ ရောက်နေတဲ့အတွက်ကြောင့် မင်းတို့ကို ကြီးပွားစေချင်လို့ ငါ ပြောတာ ”

“ ပထမ သိပ္ပံမောင်ဝ ၊ ဒုတိယ ဆရာဇေယျ ၊ နောက် တတိယ ဆရာကြီး ရွှေဥဒေါင်း ။ နောက်တစ်ခုက ရသစာပေ အဖွဲ့အနွဲ့အတွက်ကို မင်းသုဝဏ် ၊ ဇော်ဂျီ ငါးယောက်ကို သေချာဖတ် ။ မင်းသုဝဏ် ကဗျာတွေကို ငါပြောတာ မဟုတ်ဘူး ။ ဆောင်းပါးတွေကို ဖတ်ပါ ။ ဇော်ဂျီ ဆောင်းပါးတွေကို ဖတ်ပါ ။ သေချာဂရုစိုက် ဖတ် ။ ဖတ်လို့ ရှိရင် မင်းတို့ ကိုယ် မင်းတို့ ပြန်ပြီး စူးစမ်းတတ်လာလိမ့်မယ် ။ ဒါဟာ အရေးကြီးတယ် ”

“ ငါ မင်းတို့ကို လက်ချာပေးသလို ဖြစ်နေတယ်နော် ။ ဒါပေမဲ့ လက်ချာပဲ ။ မင်းတို့ကို တက္ကသိုလ်သင်နည်း သင်နေတာ ”

“ မင်း ရသစာပေကို ရေးချင်လား ၊ ဆောင်းပါး ရေးချင်လား ။ရေးချင်တာ ရေးပါ ။ အဲဒီ ပြောတဲ့ ငါးယောက်ကို လက်မလွှတ်ပါနဲ့ ။ မင်းကိုယ် မင်း တွေ့ လာလိမ့်မယ် ။ ငါ ဘာရေးချင်တယ် ဆိုတာ တွေ့လာလိမ့်မယ် ။ စာရေးတယ် ဆိုတာ ရုတ်တရက် ကြည့်လိုက်ရင် ပေါ့သေးသေး ထင်ရတယ် ။ ကိုယ့်ကိုယ်ကို တွေ့ရတယ် ။ You Must Try to Discovery of Source. မင်းကိုယ် မင်း တွေ့အောင်ရှာပါ ။ မရှာရင် ဘယ်တော့မှ စာကောင်း မထွက်ဘူး ။ အဆင့်မြင့်တဲ့ စာ မထွက်ဘူး ”

“ ဥပမာ မင်း ပီနန်မှာ သွားတဲ့ သင်္ဘောလေး တွေ့မယ် ။ ဘာလေး တွေ့ မယ် ၊ ညာလေး တွေ့မယ် ရေးပါ ။ ဒါပေမဲ့ အဲဒီအထဲမှာ မင်း ခံစားမှု ပါရမယ် ။ ဒီကနေ သွားတဲ့ ပီနန်သင်္ဘောလေးတွေ ။ ဥပမာ ဆိုပါတော့ ငါ လှမ်းမြင်ရတာလေးတွေ ၊ ငါ့ စိတ်ထဲမှာ လှမ်းပြီး တစ်ရပ်တစ်ရွာတွေ သွားကြ လာကြတာ ။ ငါ့ကိုယ် ငါ ပြန်ရှာတယ် ။ ငါ့ ခံစားမှုကို ပြန်ရှာတယ် ။ အဲဒီလို မရှာဘဲနဲ့ ပီနန် သွားတဲ့ သင်္ဘောပေါ့ကွ ။ ဘာအရေးကြီးလဲ ။ ထားပါ ၊ မင်း လိုက်ဖူးသလား ၊ မလိုက်ဖူးဘူး ။ ဒီကနေ လှမ်းမြင်ရတာလား ။ လှမ်းမြင်ရတယ် သွားပြီ ၊ မင်း ခံစားမှုကို ပြန်ရေး ။ အဲဒါ စာဖြစ်တယ် ”

“ ငါ ဆိုလို့ရှိရင် ခု ပြန်သွားလို့ ရှိရင် စာလေးတွေ ဘာလေးတွေ ၊ ဝတ္ထုလေးတွေ ဖြစ်တော့မှာ ။ ဖြစ်တော့မှာ ဘာကြောင့်လဲဆိုတော့ ငါ ဒီမှာ ရှိတဲ့ ကလေးတွေ ခံစားနေရတဲ့ ဥစ္စာကို လှမ်းခံစားမိတာကို ။ ငါ့ကို လာကန်တော့ကြတယ် ။ ငိုကြတယ် ။ သူတို့ အန်ပေါင်းပေးသလိုပေါ့ ၊ စာအိတ်ကလေးတွေနဲ့ ပေးကြတယ် ။ တချို့လည်း တစ်ကျပ် နှစ်ကျပ်ပါ ။ ရင်းဂစ် တစ်ကျပ် နှစ်ကျပ်ပါ ၊ မများပါဘူး ။ ဒါပေမဲ့ ငါ့စိတ်ထဲ ခံစားမိတဲ့ ဥစ္စာလေးက သူတို့က သူတို့ရဲ့ အဘိုး ၊ သူတို့ရဲ့ ဘကြီး ၊ ဘထွေး ဝေးနေတာ ။ ငါ့ကို အဲလို သဘောထားပြီး ကန်တော့တာ ။ အဲဒီလို စဉ်းစားလိုက်တဲ့ အခါကျတော့ သူတို့ ပေးတဲ့ တစ်ကျပ်ကလေးက ငါ့ရင်ထဲ ထိတယ် ။ သူက တစ်နေ့မှ ရင်းဂစ် ဘယ်လောက် ရမှန်းမှ မသိတာ ။ ကလေးမလေး တစ်ယောက်က လာပြီးတော့ ကြည့်လိုက်တော့ မျက်ရည်လေးလည်တော့ ဪ .. သမီးရယ် ၊ ကျေးဇူးတင်လိုက်တာလို့ ပြော တော့ ပခုံးပေါ်ခေါင်းတင်ပြီး ရှိုက်ပြီး ငိုတယ် ။ ဟာ ငါ အဲဒါ မခံစားနိုင်ဘဲ နေမလား ။ ဪ သူ့ အဘိုး အစား ၊ သူ့ ဘကြီး ဘထွေး အစား .. အစားထိုးပြီး တော့ ငါ့ကို ကန်တော့တာပါလား ဆိုတဲ့ အခါကျတော့ သူပေးထားခဲ့တာက တစ်ကျပ်တန်လေးတွေ ၊ နှစ်ကျပ်တန်လေးတွေလည်းပါရဲ့ ။ ဒါပေမဲ့ ငါ့ ရင်ထဲ ထိခိုက်တယ် ”

“ အဲဒါ ရေးမှာ ။ ရပ်ဝေးမြေခြား တိုင်းတစ်ပါးမှာ နေရသော်လည်းပဲ လွမ်းတယ် ။ ဟုတ်ဘူးလား ။ မလွမ်းရဘူးလား ။ လွမ်းတဲ့အခါ ကျတော့ ရောက်လာတဲ့အခါ ကြည့်လိုက်တော့ သူတို့ ဘကြီး ၊ ဘထွေးအရွယ် ငါ အောင်သင်း ရောက်လာတဲ့အခါကျတော့ ဟာ ငါ့စိတ်ထဲ ထိခိုက်တယ် ”

“ အရေးကြီးတာက မင်းစိတ်ထဲ ဘယ်လောက် ထိခိုက်လဲဆိုတာ အရေး ကြီးတယ် ၊ စာရေးတယ် ဆိုတာ အဲဒါပဲ ။ ငါ ရေးမှာ ။ တော်ပြီ ။ သူ ကန်တော့ခဲ့တဲ့ ပိုက်ဆံက တစ်ကျပ်ဖြစ်ဖြစ် နှစ်ကျပ် ဖြစ်ဖြစ် ၊ လက်ဖက်ရည်တစ်ခွက်ဖိုးလေးပဲ ဖြစ်ဖြစ် ငါ့စိတ် ထိခိုက်တယ် ။ ဟုတ်ဘူးလား ။ စာရေးတယ် ဆိုတာ မင်းတို့ အဲဒါပဲ ။ မင်း စိတ်ထဲ ထိခိုက်တဲ့ ဥစ္စာကို သေချာစဉ်းစား ၊ ပြန်သုံးသပ် ။ သုံးသပ်ပြီးတော့မှ တခြားသူ မျှဝေခံစားနိုင်အောင် မင်း ဝေဒနာ ၊ မင်း ဝမ်းနည်းတဲ့ ဝေဒနာ ၊ မင်း ဝမ်းသာတဲ့ ဝေဒနာ အဲဒီ ဥစ္စာ မျှဝေခံစားနိုင်အောင် ရေးလိုက်ရင် အဲဒါ စာပဲ ”

“ ဒါပေမဲ့ အဲဒီထဲမှာ ရသ သဘော ပါသွားတယ် ။ ရသ ဆိုတာ အဲဒါပဲ ။ ရသ ဆိုလိုက်တဲ့ ကိစ္စက မင်းဝေဒနာကို ခံစားမှု ရအောင် ပေးလိုက်တာ ”

“ သုတကျ တစ်မျိုး ဖြစ်သွားတယ် ။ မင်း ပီနန်သွားတဲ့ဥစ္စာ ဘယ်ကနေ သွားရတယ် ၊ ဘယ်လို သွားရတယ် ၊ ဘယ်လောက် ရောက်တယ် ။ ဒါကျတော့ သုတ ဖြစ်သွားပြီ ။ အဲဒီတော့ မင်းတို့က နိုင်ငံခြားမှာ ရောက်နေတဲ့ အခါကျတော့ မင်းတို့ အဲဒီ နှစ်မျိုးရှိတယ် ။ သုတ နဲ့ ရသ ။ သုတ ရေးမှာလား ၊ ရသ ရေးမှာလား ကိုယ့်ကိုယ်ကို စဉ်းစားကြ ။ ငါ မပြောတတ်ဘူး ။ နှစ်မျိုးလုံး ရေးလို့ရတယ် ။ စဉ်းစားကြပေါ့ ။ အဲဒါ ”

“ ငါက စိတ်ထဲမှာ အခုတွေ့တာက ကျတော့ ၊ ငါ့စိတ်ထဲမှာ ခံစားမိတဲ့ဥစ္စာ ကျတော့ မင်းတို့တစ်တွေရဲ့ ဘဝကို ငါ တော်တော့်ကို ခံစားမိတယ် ။ ဒါ ခုလာတဲ့ အလာမှာ ပြောတာ ။ မလွှဲသာလို့ ထွက်လာရတာကကိုး ။ ငါ အဲဒါတွေ ရေးမှာ ။ ခု ပြန်သွားလို့ရှိရင် အဲဒီဟာ အတွက်ကို ခေါင်းထဲမှာ ပြင်ဆင်နေပြီ ။ ဘာကို ပြင်ဆင်နေလဲ မင်းတို့ကို စာနာနားလည်သော စိတ်ဓာတ်မျိုး ။ ပီနန် ရောက်နေတဲ့ ကလေးတွေ ၊ ကွာလာလမ်ပူ ရောက်နေတဲ့ ကလေးတွေ ၊ မလေးရှားမှာ ရောက်နေတဲ့ ကလေးတွေ ။ အဲဒီ ကလေးတွေ အကြောင်းကို ငါ စာနာတဲ့ စိတ်နဲ့ ရေးတော့မှာ ။ ငါ မင်းတို့ ဘဝကို အကုန်လုံး မသိဘူး ။ မသိပေမဲ့လို့ သိတဲ့ ဥစ္စာ တစ်ချက်က ဘာလဲဆိုတော့ တစ်ချက်တည်းရယ် ။ ဒီလိုတော့ တိုက်ရိုက် မရေးဘူးပေါ့ ”

“ နိုင်ငံခြားမှာ မလွှဲသာလို့ လာပြီး ကျွန်ခံနေရတာ မဟုတ်ဘူးလား ။ မလွှဲသာလို့ ကျွန်ခံနေရတာ ။ ကိုယ့်ရပ် ကိုယ့်မြေမှာ နေချင်တာပေါ့ ။ ကိုယ့်အဖေ ၊ ကိုယ့်အမေနဲ့ နေချင်တာပေါ့ ။ နေလို့မှ မရဘဲနဲ့ ။ မောင်းထုတ်လိုက်သလို ထွက်ပြေးလာရတာ ။ မနေချင်သော်လည်း နေခဲ့ ၊ မသွားချင်သော်လည်း သွား ။ အဲလို လုပ်နေရတဲ့ ဘဝမျိုး မင်းတို့ ရောက်နေတာပါ ”

“ မျက်နှာငယ်တာပေါ့ ၊ မဟုတ်ဘူးလား ။ ငါ အဲဒါတွေ ခံစားမိတယ် ။ အကုန်တော့ ဟုတ်ချင်မှ ဟုတ်မယ် ။ ဒါပေမဲ့ များသောအားဖြင့်က အဲဒီ ပုံစံပဲ ။ မလုပ်ချင်ဘဲ လုပ် ၊ အိပ်ရာက မထ,ချင်သော်လည်း ထ ။ ကိုယ့်အိမ်မှာ ကိုယ် နေတုန်းကတော့ မိဘနဲ့ နေတဲ့ အခါတုန်းကတော့ အိပ်ရာက ထချင်မှ ထ,တာပေါ့ ။ မအေက ဆဲလားဆိုလား ပြောမှထ ၊ အိပ်ရာ ။ မင်းတို့ ရလို့လား ။ ရင်းဂစ် တစ်နေ့ ဘယ်လောက် ၊ ဒါ မောင်းထုတ်နေတာ ။ မဟုတ်ဘူးလား ။ မင်းတို့ ဘဝကို ငါ နားလည်တယ် ။ ငါရေးရင် အဲဒါမျိုးတွေ ပါသွားလိမ့်မယ် ။ စကားလုံးကတော့ ရင့်ရင့်သီးသီး သုံးချင်မှ သုံးမှာပေါ့ ။ ဒါပေမဲ့ ကောင်းတော့လည်း ကောင်းတယ်လို့ ။ ဘာကောင်းလဲ ဆိုတဲ့အခါကျတော့ မင်းကိုယ် မင်း ခိုင်းရကောင်းမှန်း သိလာတယ် ။ နည်းတဲ့တန်ဖိုး မဟုတ်ဘူးနော် ။ ရုတ်တရက် ကြည့်လိုက်ရင် မကောင်းဘူးလို့ ထင်ရတယ် ။ တကယ် ကောင်းတာ တစ်ချက်က ဘာလဲဆိုတော့ မင်းကိုယ် မင်း ခိုင်းရကောင်းမှန်း သိလာတယ် ။ အဲဒီ အမြတ်တွေ ထွက်တယ်နော် ”

ထိုအချိန်တွင် ဆရာကြီးအား လာကြိုသော ကားသည် ဟိုတယ်အောက်သို့ ရောက်နေပြီ ဖြစ်ကြောင်း သတင်းစကားက ဆရာကြီးနှင့် ကျွန်တော်တို့ သုံးယောက်၏ စကားဝိုင်းကလေးဆီသို့ အလျင်တဆော ရောက်လာခဲ့သည် ။ “ ဆရာကြီး အောက်မှာ ကားရောက်နေပါပြီ ” ဟု ကျွန်တော်က ပြောလိုက်ရတော့သည် ။ ဆရာကြီးက “ ဟုတ်လား ” ဟု ပြန်မေးရင်း “ ဘယ်သွားမှာလဲ ” ဟု ထပ်ဆင့် မေးပြန်သေး၏ ။

“ နှုတ်ဆက် ညစာစားပွဲကို သွားဖို့ အတွက်ပါ ” ဟု ဖြေလိုက်တော့ လှဲနေရာမှ အားယူထရင်း “ ကိုယ့်ကိုယ်ကို ခိုင်းရမယ် ။ မင်း အဲဒီပညာကို တန်ဖိုးထားနော် ။ တစ်သက်လုံး တန်ဖိုးထားနော် ” ဟု အားအင်အပြည့်နှင့် အော်လိုက်သော ဆရာကြီး အသံက ဟိုတယ်ခန်းထဲတွင် ဟိန်းဟိန်းညံသွားပြန်၏ ။ ဆရာကြီးသည် မောနေလေပြီ ။ သို့သော် စကားသံသည် တိတ်မသွား ။ ပို၍ပင် ကျယ်လောင်လာသေး၏ ။

“ သား တစ်သက်လုံး တန်ဖိုးထားနော် ။ ငါ့ကိုယ် ငါ ခိုင်းရမယ် ။ ငါ့ကိုယ် ငါ မခိုင်းရင် သူများ ခိုင်းတာ ခံရလိမ့်မယ် ”

ကျွန်တော်တို့က တစ်ဖက်တစ်ချက်စီမှ တွဲပေးရင်း ဆရာကြီးအား ခုတင်အောက်သို့ ဆင်းစေရန် ဖေးကူ လိုက်သောအခါ ဆရာကြီးသည် ခုတင် အောက်သို့ အလိုက်သင့် ဆင်းလာပြီးဖြစ်သည် ။ ဆရာကြီး၏ စကားသံက မရပ်သေး ။ ပြောမြဲရှိ၏ ။ အသံကား ပို၍ မာကျောလာသည် ။

“ လူလေး ယောက်ျားကွ ၊ ယောက်ျား ။ အားမာန် ထားရတယ် ။ မင်းကိုယ် မင်း ခိုင်းလိုက်စမ်းပါ ။ အောင်သင်းလည်း ငါ့ကိုယ်ငါ အများကြီး ခိုင်းခဲ့တာနော် ။ မင်းတို့ကို ကိုယ်ချင်းမစာလို့ ပြောနေတယ် မထင်နဲ့ ။ ငါလည်း ငါ့ကိုယ်ငါ အများကြီး ခိုင်းခဲ့တာ ။ ကြားလား ”

စကားတို့သည် မရပ် ။ ပြောရင်းအော်ရင်းနှင့် ဆရာကြီးသည် အခန်းတံခါးဝသို့ ရောက်ခဲ့ပြီ ။ ကျွန်တော်က ဆရာကြီး ခြေထောက်အား ဖိနပ်စီး ပေးလိုက်ရသည် ။ ဆရာကြီးသည် ပြောမြဲ အော်မြဲ ။

“ သားတို့ရေ ၊ လူလေးတို့ရေ မင်းတို့ကို ငါ မေ့ချင် မေ့သွားမှာနော် ။ ဒါပေမဲ့လို့ မင်းတို့ ငါ့ကို မမေ့နဲ့နော် ၊ မမေ့နဲ့ ။ အထူးသဖြင့် ငါ့ကို အောင်သင်း ဆိုတာကို မေ့ချင် မေ့ပစ်လိုက်စမ်း ။ ငါ ပြောလိုက်တဲ့ စကားလုံးတွေ မမေ့ပါနဲ့ ”

ထိုစကားသည် နောက်ဆုံးစကား ဖြစ်လေ၏ ။ လာကြိုသော ကားလေးပေါ်သို့ ဆရာကြီးအား တင်ပေးပြီး ကျွန်တော်တို့သည် ကိုယ့်အလုပ်ရှိရာ နေရာများဆီသို့ ပြန်ခဲ့ကြရလေသည် ။ ဆရာကြီးနှင့် ကျွန်တော်တို့၏ တစ်သက်လုံးအတွက် ပထမဦးဆုံးနှင့် နောက်ဆုံးနေ့ပါပေပဲ ။

အလွန် ကြာခဲ့ပါပြီ ။ ၂၀၁၁ ခုနှစ်က ဆိုတော့ ခြောက်နှစ်ကျော်ခဲ့ပြီပဲ ။ ထိုစဉ်က ဆရာကြီး ပြောခဲ့သော အသံဖိုင်မှာ သုံးဆယ့်ခုနစ်မိနစ်နှင့် တစ်စက္ကန့်တိတိ ကြာမြင့်၏ ။ ကျွန်တော်သည် ထိုအသံဖိုင်လေးအား အချိန်မရွေး နေရာမရွေး နားထောင်ဖြစ်ခဲ့သည် ။ ဖုန်းတွေ တစ်လုံးပြီး တစ်လုံး ပြောင်းသော်လည်း ထိုအသံဖိုင်လေးကိုတော့ဖြင့် ကျွန်တော် ဂရုတစိုက် ထိန်းသိမ်းထားနိုင်ခဲ့သည် ။ ကျွန်တော် စာရေး ပျင်းသည့်အခါ ၊ ကျွန်တော် ပျက်စီးခြင်း ဆီသို့ ဦးတည်နေပြီဟု ကိုယ့်ကိုယ်ကို သတိထားမိလာရသည့်အခါ ဆရာကြီး၏ ထိုအသံဖိုင်လေးကို နားထောင်ကာ အားမွေးရ ပြုပြင်ရပါသည် ။ အားမာန် အပြည့်နှင့် ဆရာကြီး၏ စကားသံသည် ကျွန်တော့်အား ယခုထိ စောင့်ရှောက်အားပေးနေခဲ့၏ ။ ဆရာကြီး၏ ထို သုံးဆယ့်ခုနစ်မိနစ်နှင့် တစ်စက္ကန့်တည်း ဟူသော စေတနာဗရပ္ပတို့ဖြင့် ချစ်မက်စွာ မှာကြား သွန်သင်ခဲ့လေသော အသံဖိုင်လေးသည် ကျွန်တော့် အတွက် လမ်းပြကြယ် ။

ဆရာကြီး မရှိသည်မှာလည်း ကြာခဲ့လေပြီ ။ ကျွန်တော်သည် ဆရာကြီးအား မမေ့သလို ဆရာကြီး၏ စကားတို့ အားလည်း မမေ့ခဲ့ပါလေ ။ တစ်သက်တွင် တစ်ကြိမ်သာ တွေ့ခွင့်ရခဲ့၏ ။ သို့သော် ထိုတစ်ကြိမ်သည်ကသာ ကျွန်တော့်အား တစ်သက်လုံး ထိန်းကျောင်း စောင့်ရှောက် လမ်းပြခဲ့ပါသည် ဆိုတာကို ဆရာကြီး သိခဲ့လျှင် ကောင်းကင် အထက် တစ်နေရာရာမှ ဆရာကြီး ကျေနပ်နေလိမ့်မည်ဟု ကျွန်တော် ယုံကြည်နေမိပါသည် ။

▢  လူခါး
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      နိုဝင်ဘာ ၂၀၁၇

Thursday, September 25, 2025

ဇာတ်လမ်း ဇာတ်ညွှန်း နှင့် ဒါရိုက်တာ

 

❝ ဇာတ်လမ်း ဇာတ်ညွှန်း နှင့် ဒါရိုက်တာ ❞

         ( လူခါး )


အိမ်မျက်နှာကြက်၏ အထက်တွင် ရှိနေသည့် ခြောက်ပေခန့် ရှည်လျားသော မိတ်အင်ချိုင်းနားတံဆိပ်ပါ ဖန်ချောင်းမှာ မီးအားကောင်းစွာဖြင့် လင်းထိန် တောက်ပလျက် ရှိနေခဲ့ပြီး ထိုဖန်ချောင်း အထက်မှ သစ်သားပြားတွင်ကား ဟိုမှ ဒီမှ ပျံသန်း လာကြကုန်သော အရွယ်အစားစုံ ၊ အရောင်အသွေးစုံ ပိုးဖလံ အမျိုးမျိုး တို့သည်က ကပ်ငြိတွယ်၍ ရှိနေခဲ့ကြပြီး ထိုထိုသော သေကိန်းကြုံမည်ကို မသိလေသော ပိုးဖလံမျိုးစုံတို့အား ဖန်ချောင်းအိမ်တွင် ချောင်းမြောင်း ကပ်ခိုနေသော အမည်းရောင် ရှိ၍ ဝ,တုတ်တုတ် ဖြစ်သည့် အိမ်မြှောင် အထီးတစ်ကောင်က အတင်းအဓမ္မ ဖမ်းယူပြီးနောက် အသနားညှာတာမဲ့စွာဖြင့် မြိန်ရေရှက်ရေ စားသုံးလျက် ရှိနေလေသည် ။ စာရေးဆရာသည် ခေါင်းစဉ် တပ်ထားသော စာရွက်လွတ် ပေါ်တွင် စာတစ်လုံး တစ်ပါဒမျှ မရေးရသေးပေ ။ ဖန်ချောင်းကို ကြည့်လိုက် ၊ ပြတင်းပေါက်မှ တစ်ဆင့် မြင်နေရသော မမှောင့်တမှောင် ပတ်ဝန်းကျင်အား ကြည့်လိုက် ၊ မျက်လုံးကို မျက်မှောင်ကုတ်လိုက် ၊ ပြူးလိုက် လုပ်ရင်း တွေးတော စဉ်းစားလျက်နေဆဲဖြစ်၏ ။ မည်သည့် အကြောင်းအရာကို ရေးမည်ဟု မူလက တွေးတော ထားခဲ့သော်လည်း တကယ် လက်တွေ့ ချရေးသည့်အခါ လက်က မရောက်နိုင်ဘဲ ဖြစ်နေလေသည် ။ အတွေးသည် မရပ် ။ တွေးမြဲ တွေးနေဆဲ ဖြစ်၏ ။ ထိုအတွေးကား ညနေကြီး တစ်ခုတွင် စာရေးဆရာထံ ရောက်လာခဲ့ခြင်း ဖြစ်သည် ။ ထိုနေ့ညနေ၏ ရန်ကုန်နှင့် သူတို့ရွာ ပြေးဆွဲနေသော လေအိတ်ကားကြီးဂိတ်သို့ စာရေးဆရာ ရောက်သွားစဉ်က ဖြစ်သည် ။


“ ဒီမှာ ... ဒီမှာ ” 


စာရေးဆရာ ကားဂိတ် ထဲသို့ ဝင်သွားသည်နှင့် အနားကပ်ပြီး ခေါ်လိုက်သော အသံတစ်ခုကြောင့် အမှတ်တမဲ့ နောက်သို ပြန်လှည့်ကြည့်လိုက်မိ၏ ။ သူတို့ ရွာ၏ ဂေါပကအဖွဲ့ဝင် ဦးသိန်းဝင်း ဆိုသူ ဖြစ်သည် ။ 


“ ဟုတ်ကဲ့ ၊ ပြောပါဦး ”


“ မင်းက စာရေးဆရာ ဆိုတော့ ငါ မေးစရာရှိလို့ကွ ”

 

စာရေးဆရာ ထိတ်ခနဲ ဖြစ်သွားမိ၏ ။ သူ့အား စာရေးဆရာဟု သိနေသော လူတစ်ယောက် သူ့ရွာကလေးမှာ ရှိနေသဖြင့်လည်း ဘဝင်က ငယ်ထိပ် တက်ဆောင့်လာသဖြင့် အလျင်အမြန် ထိန်းလိုက်ရ၏ ။


“ ငါ ရန်ကုန်မှာ ဘွန္တော ကြက်သူခိုး ဆိုတဲ့ ရုပ်ရှင်ကား ကြည့်ခဲ့ရတယ်ကွ ”


စာရေးဆရာ နားမလည်ပေ ။ ရုပ်ရှင်ဇာတ်ကား နှင့် သူနှင့် ဘာများ သက်ဆိုင် နေသနည်း ။ သို့သော် စာရေးဆရာသည် ဟန်ကိုယ့်ဖို့ လုပ်လိုက်ရသည် ။


“ ဟုတ်ကဲ့ ဦး ”


“ အဲဒီဇာတ်ကား တော်တော်ကောင်းတယ်ကွ ၊ ရယ်ရတယ် ။ အဲဒါ သော်တာဆွေ ဆိုတဲ့ စာရေးဆရာ ရေးသဟ ဆိုပဲ ၊ မင်းနဲ့ သော်တာဆွေနဲ့ ခင်လား ”


“ ဗျာ ... ”


စာရေးဆရာ၏ နှုတ်မှ အာမေဍိတ်သံက မိုးခြိမ်းသံ အလား အဆောတလျင် ပြေး ထွက်သွားခဲ့၏ ။


“ ပြီးတော့ အဲဒီ သော်တာဆွေက ဟားတစ်သိုက်အဖွဲ့က ဆိုတာ ဟုတ်လား ”


စာရေးဆရာ ကျွဲမြီးတို သွား၏ ။ လက်နှစ်ဖက်က အလိုအလျောက် ဆုပ်မိလာ ကြပြီး အသားများက တဆတ် ဆတ် တုန်လာကြ၏ ။


“ မဟုတ်ဘူးဗျ ၊ အဲဒီ သော်တာဆွေက အရင်က ကမ္ဘာပတ်ပြီး မြင်းပွဲလောင်း နေတဲ့ မြင်းသမား ၊ ခုမှ ဆင်း ရဲသွားလို့ စာစ,ရေးတာ ”


စိတ်ထဲမှ ကိုင်းမှတ်ပလားဟု တွေးရင်း စာရေးဆရာသည် ထိုလူ့ အနားမှ မြန်နိုင်သမျှ မြန်အောင် ခွာခဲ့တော့၏ ။ နောက်နောင်လည်း ထိုကဲ့သို့သော လူမျိုးနှင့် ဘယ် သောအခါမှ မတွေ့ပါစေနဲ့ ဟု ဆုတောင်းမိ၏ ။ သို့သော် ထိုနေ့မှ စပြီး စာရေးဆရာ၏ အတွေး ရေလျဉ်ကြောတွင် ထိုကိစ္စက ကြီးစိုးကာ တသောသော ဒုက္ခပေးလျက် လာခဲ့တော့ခြင်းဖြစ်၏ ။ 


စာရေးဆရာ သော်တာဆွေ ကို မသိ ၊ သူ၏ ဝတ္ထုကို ရုပ်ရှင်အဖြစ် ကြည့်ရမှသာ နာမည်ကို သိ၏ ။ မည်မျှ အသည်းနာဖို့ ကောင်းလိုက်သနည်း ။


တကယ်ဆို ဆရာသော်တာဆွေ မှာ စာရေးဆရာတို့ မမွေးခင် ကတည်းက စာပေ လက်ရာမွန်များစွာ ဖန်တီး ရေးသားခဲ့သော တကယ့် စာရေးဆရာ အဓိပတိကြီး ဖြစ်၏ ။ ဒါကို ဘုမသိ ဘမသိနှင့် ဟားတစ်သိုက်အဖွဲ့ ကလားဟု မေးလိုက်ခြင်းမှာ အတော် ကသိကအောက်နိုင် သော မေးခွန်းဖြစ်၏ ။ ဆရာ သော်တာဆွေ ကဲ့သို့ လူမရှိ တော့သော ကလောင်တစ် လက်ကို မဆိုထားနှင့် ၊ ယခု လက်ရှိ စာရေးနေသော စာရေးဆရာမ တစ်ယောက် ကိစ္စကိုလည်း စာရေးဆရာ ကြုံခဲ့ဖူးသေးသည် ။


တစ်ခါက စာရေးဆရာ သည် နိုင်ငံခြားမှ အလှူရှင်တစ်ယောက်၏ လှူဒါန်းသောငွေဖြင့် ရန်ကုန်မှ စာအုပ်များ မှာလိုက်၏ ။ ထို စာအုပ်များထဲတွင် စာရေးသက် နှစ်ပေါင်း သုံးဆယ်ခန့် ရှိသော ဆရာမ တစ်ယောက်၏ နာမည်ကျော် ၊ အတ္ထုပ္ပတ္တိ ဆန်ဆန် စာအုပ်တစ်အုပ်လည်း ပါလေသည် ။ စာကြည့်တိုက် ရောက်ပြီးသော ထိုစာအုပ်များကို စာဖတ်သူများက ငှားဖတ်ကြသည့်အချိန်တွင် ထိုဆရာမ၏ စာအုပ်ကိစ္စက ဖြစ်လာခဲ့ခြင်း ဖြစ်သည် ။


စာရေးဆရာသည် ထိုနေ့က စာကြည့်တိုက် စာအုပ် ငှားရမ်းရေး ဌာနတွင် ရှိနေခဲ့၏ ။


“ ငါ့အတွက် အသစ် ရောက်တဲ့ စာအုပ်အသစ် တစ်အုပ်လောက် ညွှန်းပါဦးကွ ”


အသံကြားသဖြင့် စာရေးဆရာ မော့ကြည့်လိုက်ရာ သူတို့၏ ငယ်ဆရာ အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးထွန်းရှိန် ဖြစ်နေ၏ ။ ဆရာ ကြီးသည် စာအလွန် ဖတ်သော စာဖတ်သက် ရင့်သန်လှသော စာကြမ်းပိုးကြီး တစ်ယောက် ဖြစ်၏ ။ ရွာ၏ သာရေးနာရေး ကိစ္စများတွင် လည်းကောင်း ၊ ကျောင်းဆုပေးပွဲ များတွင်လည်းကောင်း ဆရာကြီး၏ စာပေဗဟုသုတတို့ ထုံမွမ်းသော သြဝါဒများကို နာယူမှတ်သားရလေ့ရှိသည် ။


ယခုလည်း ဆရာကြီး က စာအုပ်တစ်အုပ် ညွှန်းဖို့ တောင်းဆိုသဖြင့် စာရေး ဆရာမှာ အပြေးအလွှား စဉ်း စားခန်းဖွင့်ရ၏ ။ သို့သော် သိပ်မစဉ်းစား လိုက်ရပေ ။ စာအုပ်များကို တန်းစီတင် ထားသော စင်ပေါ်မှ အသစ် လည်း ထွက်ထားသော ၊ စာ ဖတ်ပရိသတ်လည်း နှစ်ခြိုက် သော ဒုတိယအကြိမ် ထုတ် စာအုပ်တစ်အုပ်ကို အလျင်အမြန် သွားယူ ပေးလိုက်ရသည် ။


“ ဟင် ... ”


ဆရာကြီး၏ လက်ထဲသို့ စာအုပ်ထည့်ပေးလိုက် သည်နှင့် ဆရာကြီးက ဟင် ခနဲ တစ်ချက် အသံပြု၏ ။


“ တခြား စာအုပ်တွေ မရှိတော့ဘူးလားကွ ”


“ ဗျာ ... ရှိ ... ရှိပါတယ် ဆရာကြီး ”


“ အေး ... ရှိရင် တခြား စာအုပ်တစ်အုပ် ပေးပါကွ ၊ ကလောင်ဟောင်း ထဲကပေါ့ ” 


“ ဟုတ် ဟုတ်ကဲ့ပါ ဆရာကြီး ”


စာရေးဆရာလည်း ဆရာကြီး ဖတ်နေကျ လိုင်းထဲမှ စာအုပ် တစ်အုပ်ကို သွားယူပြီး ပေးလိုက်ရတော့သည် ။ ဆရာကြီးသည် ထိုအခါမှ ကျေနပ်သွားသည့် ဟန်ဖြင့် ခေါင်းတဆတ်ဆတ် လုပ်ရင်း စာကြည့်တိုက် ထဲမှ ပြန်ထွက် သွားလေတော့၏ ။ စာကြည့်တိုက်ထဲမှ ထွက်မသွားခင် “ ငါက ခုခေတ် ကလောင်သစ်တွေရဲ့ စာတွေ ဖတ်မရဘူးကွ ” ဟု သြဝါဒ တစ်ခု ခြွေသွားသေး၏ ။


စာရေးဆရာသည် ငယ်စဉ်ကတည်းက မော့၍ပင် မကြည့်ရဲခဲ့လေသော ဆရာ ကြီး၏ ကျောပြင်အား ကြည့်ပြီး ဆရာကြီး၏ အိပဲ့အိပဲ့ ခန္ဓာကိုယ်ကြီး မျက်စိအောက် က ပျောက်သွားတော့မှ သူ ပထမ ရွေးပေးခဲ့သော စာအုပ် ကို မူလနေရာသို့ ပြန်ထား လိုက်ရတော့သည် ။ ထိုစာ အုပ်မှာ ဆရာမ မသီတာ ( စမ်းချောင်း ) ၏ စမ်းချောင်း ... အင်းစိန် ... ဟားဗတ် ဆိုသည့် စာအုပ် ဖြစ်လေသည် ။ ထိုစာအုပ် ပေးသည်ကို “ ငါက ကလောင်သစ်တွေ ဖတ်မရဘူး ” ဟု ဆိုသွား၏ ။ မည်မျှ အသည်းနာဖို့ ကောင်းလိုက်ပါသနည်း ။


ထိုကဲ့သော မိုးကြိုးကြီး ဆယ်ခါပစ်ရစေ့ကိစ္စများနှင့် ကြုံရလေတိုင်း စာရေးဆရာသည် သူ့ကိုယ်သူ ပြန်လည် သုံးသပ်ရင်း အားငယ်စိတ် ဖြစ်ရ၏ ။ စာရေးသက် နုနယ်လှသေးသော သူ့ကလောင် သူ လူသိများအောင် ဘယ်လို လုပ်ရမလဲ ၊ စာဖတ်ပရိသတ် တစ်ပြုံတစ်မကြီး ရအောင် ဘယ်လို ရေးရမလဲ ဆိုသည်ကို အနေ့နေ့ အလီလီ တွေးရ ၏ ။ ဆရာ သော်တာဆွေလို ၊ ဆရာမ မသီတာ ( စမ်း ချောင်း ) လို တကယ့် အရင့်အမာကြီးများ ကိုတောင် မသိ သောသူက ထုနှင့်ဒေး မဟုတ်လား ။ သို့နှင့် စာပေလောက အတွင်းသို့ စိတ်ကူးနှင့် တိုင်းခန်းလှည့်လည် ကြည့်လိုက် ရာ ကလောင်သစ် ဘဝက တည်းကမှာပင် အောင်မြင် ထင်ပေါ်ခဲ့သော ကလောင်နှစ် ချောင်းကို စာရေးဆရာ သွား တွေ့၏ ။


တစ်ယောက်မှာ ရွှေမင်းသားလေး ဟု လူသိများ ၊ ပရိသတ် များသော ဆရာ မင်းဝေဟင် ဖြစ်၏ ။ ဆရာ မင်းဝေဟင် ၏ ပထမဆုံး စာပေလက်ရာကို သေချာစေ့ငု ကြည့်တော့ လျှို့ဝှက်ချက် တစ်ခုကို စာရေးဆရာ သွားတွေ့၏ ။ ဆရာ မင်းဝေဟင် ၏ ပထမဆုံးလက်ရာမှာ ဦးနှောက်ပုံမှန် မဟုတ်သော လူ တစ်ယောက်အကြောင်းကို ရေးထားသည့် ကိတ္တိမသား ဆိုသည့် ဝတ္ထုဖြစ်၏ ။ ထို ဝတ္ထုထဲမှ ကိုဆယ်ပြား ဆို သော ဇာတ်ကောင်မှာ သိပ် ကျပ်မပြည့်ပေ ။ သို့သော် ဆရာ မင်းဝေဟင် က ထို ဇာတ်ကောင်ကို စာဖတ်သူ သနားစဖွယ် ဖြစ်အောင် ဖန်တီးပြီး သူ ပြောလိုသော အကြောင်းအရာများကို ထို ဇာတ်ကောင် အား ပြောခိုင်းလိုက်ပြီး ဒိုင်ယာလော့ခ် ကောင်းကောင်းနှင့် အတွေး များ ရောယှက်၍ စာဖတ် ပရိသတ်ကို ချပြလိုက်ရာဆရာ မင်းဝေဟင် မှာ ရွှေမင်းသားလေး ၊ ရွှေမင်းသားလေး နှင့် ဖြစ်လာခဲ့ရတော့သည်  အထိ ဖြစ်လေ၏ ။ သို့နှင့် စာ ရေးဆရာလည်း ရွှေမင်းသား လေး၏ လိပ်စာကို မရအရ စုံစမ်းကာ ရန်ကုန်သို့ တက် သွားခဲ့တော့သည် ။ ရန်ကုန် ဘူတာကြီး အနီးမှ လပ်ကီး ဖလားဝါး လက်ဖက်ရည်ဆိုင် တွင် ရွှေမင်းသားလေး နှင့် တွေ့ကာ “ ဆရာ ... ကျွန်တော့် ဝတ္ထုတွေ ဘယ်လိုနေသလဲ ဗျ ... ” ဟု ဒဲ့ ( တဲ့ ) မေးပစ် လိုက်၏ ။


ရွှေမင်းသားလေးမှာ ပထမဆုံး သူ့ခေါင်းသူ လေးချက်လောက် မရပ်မနား ကုတ်ပစ်လိုက်ပြီးမှ “ ကောင်းတယ်ဗျ ... သိပ်ကောင်းပါတယ် ... ဟေး ... ဟေး ...” ဟု ဖြေ၏ ။


စာရေးဆရာမှာ ထိုမျှ နှင့်မရပ် ။ “ အဲဒီ ကောင်းတယ် ဆိုတဲ့ထဲက တစ်ပုဒ်လောက် နာမည်လေး သိပါရစေ ဆရာ ...” ဟု ထပ်ဆင့်ပြီး ညွန့်လိုက်သေးရာ ရွှေမင်း သားလေးက “ ဪ …. ဟုတ် ၊ ခဏဗျ ၊ နောက်ခဏ သွားလိုက်ဦးမယ် ” ဟု ဆိုပြီး စာရေးဆရာ အနီးမှ ဒရောသောပါး ပြေးထွက်သွား၏ ။ စာရေးဆရာလည်း ရွှေမင်းသားလေး တင်ထားသော စားပွဲပေါ်မှာ မှတ်စုစာအုပ်ကို ယူကြည့်လိုက်ရာ စာရေးဆရာ ရေးသော စာမူအမည်များ ဘေးတွင် “ ညံ့ ၊ အလွန်ညံ့ ၊ အလွန့်အလွန်ညံ့ ” ဟု စာမူအမည်နှင့် တကွ ရေးထားသည်ကို တွေ့ရလေ၏ ။ စာရေးဆရာ တင်းသွားရ၏ ။ အပြောနှင့် လက်တွေ့ ကွာနေသော ရွှေမင်းသားလေးအား တင်းသွားမိသဖြင့် စာမူများ ဘေးတွင် “ ကောင်း ၊ လွန်ကောင်း ၊ အလွန့်အလွန်ကောင်း ” ဟု ပြောင်းရေးခဲ့ကာ လက်ဖက်ရည်ဆိုင်ထဲမှ ထွက်လာခဲ့တော့သည် ။ လက်ဖက်ရည်ဖိုးကို မရှင်းခဲ့သည့်အပြင် ချိုပျစ်ခွေလဲ ဒိုင် ယာရီဆိုသော လက်ဖက်ရည် ပါဆယ် နှစ်ခွက်ပင် ဆွဲခဲ့လိုက်သေး၏ ။


ထိုမှ ဒုတိယမြောက် တွေ့ထားသည့် ကလောင် ဖြစ်သော မြောက်ဥက္ကလာပ တွင် နေထိုင်သည့် ဆရာ မောင်နှင်းပန်း ထံ ထွက်လာခဲ့ လိုက်၏ ။ ဆရာ မောင်နှင်းပန်း ဆိုသည်ကား စာမူတစ်ပုဒ် ရေးလိုက်လျှင် နောက်ကျောအား ဓားပြားနှင့် ချခံလိုက်ရ သကဲ့သို့ လန့်ဖျပ် သွားစေတတ်သော ဆရာ မောင်နှင်းပန်း ဖြစ်၏ ။ ဆရာ မောင်နှင်းပန်း၏ ကနဦး စာပေလက်ရာကို လေ့လာကြည့် တော့လည်း အောင်မြင်မှု၏ လျှို့ဝှက်ချက်ကို စာရေးဆရာ သွားတွေ့ပြန်၏ ။ ဆရာ မောင်နှင်းပန်း၏ လောင်းရိပ်မိ လွင်ပြင် ဟု ပြောလိုက်လျှင် စာဖတ်သူတိုင်းက လက်ဖျား ခါရသည် အထိ ဖြစ်လေသည် ။ ထို လောင်းရိပ်မိ လွင်ပြင် ထဲ တွင် ဆရာမောင်နှင်းပန်းသည် အရူးနှစ်ယောက် အကြောင်း ကို ဇာတ်လမ်းဇာတ်အိမ်ကျ ကျ ရေးဖွဲ့တင်ပြထား၏ ။ ထို ခေတ် ၊ ထိုအခြေအနေ၏ ခေတ်အခါကို ကွက်ကွက် ကွင်းကွင်း မဟုတ်ဘဲ အနုပညာမြောက်စွာ တစ်ဆင့်ချင်း တစ်ဆင့်ချင်း အတွေးတစ်စကို ပြကာပြကာဖြင့် ရေးဖွဲ့ထားခဲ့၏ ။ ထူးခြားသည်က အရူးကို ဇာတ်ကောင် အဖြစ် ထားကာ ရေးဖွဲ့ထားခြင်းဖြစ်၏ ။


ရွာမှ ထွက်လာ ကတည်းက ဆရာမောင်နှင်းပန်း ထံမှလည်း နည်းနိဿယများ ရယူမည်ဟု အားခဲထားခဲ့တာ ဖြစ်သည် ။


ဆရာ မောင်နှင်းပန်း အိမ်ရောက်တော့ ဆရာ မောင်နှင်းပန်း ကားမရှိ ။ ညနေခြောက်နာရီခန့်မှ ပြန် ရောက်လာလေသည် ။ စာ ရေးဆရာ လည်း မအောင့် အည်းနိုင်တော့သဖြင့် “ ဆရာ ကျွန်တော် နာမည်ကြီးချင်တယ် ၊ စာဘယ်လို ရေးရမလဲ ” ဟု ပွင့်ပွင့်လင်းလင်းပင် မေး ချလိုက်၏ ။


ဆရာ မောင်နှင်းပန်း ကလည်း မဆိုင်းမတွပင် ဖြေ ၏ ။


“ ငါ့လိုရေးကွ ”


“ ဆရာ့လို ... ဟုတ် ၊ ဘယ်လိုရေးရမလဲ ဆရာ ” 


စာရေးဆရာသည် ခုံပေါ်တွင် ထိုင်နေရာမှ ဆရာ မောင်နှင်းပန်း အနားသို့ ဖတ်ခနဲ ပြေးကပ်သွားရင်း မေး လိုက်၏ ။


“ စာမူတစ်ပုဒ်ကို သုံးနှစ် လောက် အချိန်ယူရေး ”


“ ဗျာ ... ”


“ မဗျာနဲ့ ၊ မင်းက စာမူ ကောင်းလိုချင် ၊ နာမည်ကြီးချင်တယ် မဟုတ်လား ”


စာရေးဆရာက ခေါင်းတစ်ချက်ကို မြန်မြန် ညိတ်ပြ လိုက်တော့မှ “ စာမူ တစ်ပုဒ်ကို သုံးနှစ်လောက် အချိန်ယူ ရေးကွ ၊ ရေးပြီး တစ်နှစ်လောက် ပစ်ထားလိုက် ၊ အားရင် ပြန် ဖတ်ပြီး ပြင် ၊ ငါးနှစ်လောက် အချိန် ပေးလိုက်တာနဲ့ မင်း ဝတ္ထုကောင်း တစ်ပုဒ် ရလာလိမ့်မယ် ။ ဒါဆို မင်းလည်း နာမည် ကြီးရောပေါ့ ” 


“ ဗျာ ... ”


“ အေး အဲဒီအတိုင်းလုပ် ၊ ငါ ရေချိုးလိုက်ဦးမယ် ”


စာရေးဆရာပင် ထပ် မမေးလိုက်ရတော့သည့် အချိန်အတွင်း ဆရာမောင်နှင်းပန်း သည် အိမ်ပေါ်သို့ တက်သွားလေ၏ ။ စာရေးဆရာ လည်း ခေါင်းကို ငိုက်စိုက်ချကာ ရွာပြန်လာခဲ့ရလေသည် ။ ဝတ္ထုတစ်ပုဒ်ကို သုံးနှစ်ရေး ၊ ပြန်ပြင် ၊ ငါးနှစ် အတွင်း ဝတ္ထု တစ်ပုဒ်ရ ။ စာရေးဆရာသည် ကားစီးရင်း ဆရာမောင်နှင်းပန်း ၏ စာရေးနည်းစံချိန်ကို တွက်ဆနေမိ၏ ။ ထိုကဲ့သို့ သာ ရေးရမည် ဆိုလျှင် စာရေး ဆရာ သေရော့မည်ပေါ့ ။ စာရေးဆရာကား စာမရေးရ မနေနိုင်သူ ဖြစ်၏ ။ တစ်လ အတွင်း အပုဒ် နှစ်ဆယ်ခန့်မှ မရေးရလျှင် နေမထိ , ထိုင်မသာ ဖြစ်နေလေ့ ရှိ၏ ။ ဆရာ မောင်နှင်းပန်း သင်ရိုးအတိုင်း ဆို စာရေးဆရာ ရောဂါရတော့မည် ဖြစ်၏ ။ သူတို့ နည်း မဟုတ်သော်မှ သူတို့ လိုတော့ အောင်မြင်မှ ရမည်ဟု တွေးရင်း သူတို့ ဝတ္ထုများထံ တစ်ဖန် စိတ်ပို့ရပြန်၏ ။


ပထမ တွေ့ရှိခဲ့သော ဆရာ မင်းဝေဟင် သည် စိတ်မနှံ့သူကို ဇာတ်ကောင်ထား ရေးဖွဲ့သည့် ဝတ္ထုဖြင့် အောင်မြင်လာခဲ့၏ ။ နောက်ထပ် ရှာဖွေ တွေ့ရှိခဲ့သော ဆရာ မောင်နှင်းပန်းသည်လည်း စိတ်ဝေဒနာရှင်ကို ဇာတ်ကောင် ထားကာ ရေးဖွဲ့သည့် ဝတ္ထုဖြင့်ပင် အောင်မြင်လာခဲ့ ပြန်၏ ။ သို့နှင့် စာရေးဆရာသည် ထိုကိစ္စကို ပစ်မှတ်ထားကာ ဝတ္ထု တစ်ပုဒ် ရေးဖို့ ဆုံးဖြတ်ပစ်လိုက်သည် ။ ထိုထက်ပို၍ စိတ်ကူးထဲ ဝင်လာခဲ့သည်မှာ အထက်ပါ ဆရာ နှစ်ယောက် ထက် သာစေရန် သူ့ ဇာတ်ထဲတွင် အရူး သို့ မဟုတ် စိတ်မနှံ့သူကို သုံးယောက် အထိ ထည့်သုံးပစ်မည်ဟု အားခဲထားခဲ့၏ ။ သို့ နှင့် စာရေးဆရာသည် သူ့ ပတ်ဝန်းကျင်တွင် အရူးတွေ့ လိုတွေ့ငြား လိုက်ရှာ၏ ။ အရူး ကား မတွေ့ပေ ။ ရွာနီးချုပ်စပ်တွင် မတွေ့သည့်အခါ မြို့သို့ တက်၍ မီးရထားဘူတာများ တွင် ရှာ၏ ။ မတွေ့ ။ သူတို့ မြို့ကလေးတွင် ယခင်က “ ငါးကျပ်လောက် ... ငါးကျပ်လောက် ” နှင့် လူတွေ့ တိုင်း လိုက်ပူဆာတတ်သော စိတ်ဝေဒနာရှင်တစ်ယောက် ရှိခဲ့ဖူးသည်ဟု သိရသော်လည်း ယခုကား မရှိတော့ ။ စိတ်ဝေဒနာရှင်ကား ရွှေ ကဲ့သို့ ရှားပါးလွန်းလှ၏ ။


ကြံရာမရသည့် အဆုံး သူ့မိန်းမ၏ အစ်ကိုဝမ်းကွဲ ဖြစ်သူ ၊ အနည်းငယ် ခပ်အေးအေး နေတတ်သော ကိုရှမ်းကြီး ဆိုသူအား ဇွတ်အတင်း လွှတ်ခိုင်းကာ ဇာတ်ကောင် အဖြစ်ထား၍ ရေးဖွဲ့ ပစ်လိုက်၏ ။ သို့သော် ထိုဝတ္ထုမှာ ဟို ဆရာနှစ်ယောက်၏ စိတ်ဝေဒနာရှင် ဝတ္ထုများကဲ့သို နာမည်ရဖို့ မဆိုထားနှင့် ၊ ထိုစာမူ ပါသော ရွှေအမြုတေမဂ္ဂဇင်းကို လက်ဆောင်ရသူတို့ကပင် ထိုဝတ္ထုကို နောက်ဆုံးပိတ် ပျင်းပျင်း ရှိသည့်အခါမှ ဖတ်သည်ဟု တစ်ဆင့် စကား ပြန်ကြားရ၏ ။ အမြတ် တစ်ခုတော့ ရလိုက်သေးသည်ဟု စာရေးဆရာ အစက ထင်ခဲ့မိ သေးသည် ။ သွားလေသူ ဆရာ ဒေါင်းနေမင်း မှ ဖုန်း ဆက်၍ ထိုဝတ္ထုနှင့် ပတ် သက်ပြီး ခရေစေ့တွင်းကျ ချီးမွမ်းခန်း ဖွင့်သွားခဲ့၏ ။ ယခုမှ ပြန်တွေး ကြည့်တော့ ဆရာ ဒေါင်းနေမင်း က အိပ်ချင်မူး မူးနှင့် ဖုန်းနံပါတ် မှားနှိပ်မိပြီး အားနာပါးနာ သူ့နား နီးသော စာအုပ်ထဲမှ တွေ့ရာဝတ္ထု ကောက် ပြောလိုက်ခြင်းလည်း ဖြစ်နိုင်၏ ။


သို့နှင့် စာရေးဆရာသည် အရူးဝတ္ထုကို လက်လျှော့ပြီး ကိုယ့်လမ်းကိုယ် ဖောက်ကာ အခြား ဝတ္ထုဖြင့် အောင်မြင်အောင် လုပ်တော့မည်ဟု ဆုံးဖြတ်၍ သူတို့ ရွာထိပ်ရှိ သစ်တောရုံးမှ ဝန်ထမ်းများ လာဘ်ယူလာဘ်စားမှုကို သေသေချာချာ လေ့လာပြီး တိတိကျကျ ကွက်ကွက်ကွင်းကွင်း ရေးကာ မဂ္ဂဇင်း တစ်စောင်သို့ ပို့လိုက်ရာ ထိုဝတ္ထုမှာ ပုံနှိပ်စာလုံးအဖြစ် ပါလာခဲ့လေ၏ ။


စာရေးဆရာသည် ထို မဂ္ဂဇင်းစာအုပ်အား သစ်တောရုံးအပေါက်ဝတွင် ညအချိန်တွင် သွားချထားလိုက်၏ ။ စာရေးဆရာ၏ အကြံကား သစ်တောရုံးမှ ဝန်ထမ်းများ က ထိုစာအုပ်ကို တွေ့ ၊ ဖတ် ။ သူတို့အကြောင်း ရေးထား တာ ဖတ်မိပြီး ရဲတိုင် ၊ ရဲက စာရေးဆရာကို လာဖမ်း ။ ဒါ ဆိုလျှင် စာရေးဆရာ နာမည် ကြီးပြီ ။ ထိုထိုသော မဟာ့ မဟာ ရည်ရွယ်ချက်ဖြင့် ရေး လိုက်ခြင်း ဖြစ်၏ ။


သို့သော် လက်တွေ့ တွင်ကား မနက်စောစော စားတော်ပဲပြုတ် ထ,ရောင်းလေ့ ရှိသော စာရေးဆရာ၏ အစ်မ ဝမ်းကွဲတစ်ယောက်က “ နင့်စာအုပ် သစ်တောရုံး အပေါက်က တွေ့လို့ ပြန်ယူ လာတာ ” ဟု ဆိုကာ လာပေးသဖြင့် စာရေးဆရာမှာ ကျေးဇူးတင်ကြောင်း ပြောပြီး အောင့်သက်သက်နှင့် ပြန်ယူ ထားလိုက်ရ၏ ။


သို့နှင့် ရသဝတ္ထု သက်သက်ကို ရေးဖို့ လက်လျှော့ လိုက်ပြီး ရုပ်ရှင်ဘက်သို့ ခြေစုံပစ်ဝင်ရန် စာရေးဆရာ ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည် ။


ချက်ချင်း ဆုံးဖြတ်လိုက်သည်ဟု ဆိုသော်လည်း ဦးစွာ ရုပ်ရှင်နယ်ဘက်သို့ လေ့လာခဲ့ရသေး၏ ။


ပထမဆုံး တစ်ယောက် မှာ အဦးဆုံး လုံးချင်းဖြစ်သော မြောက်ဖျားက အလွမ်းရာသီ ဝတ္ထုနှင့်ပင် အမျိုးသား စာပေဆုကို ဆွတ်ခူးရယူသွားသော ဆရာမ စံပယ်ဖြူနု ဖြစ်၏ ။ ဆရာမ စံပယ်ဖြူနု သည် တောင်ပေါ်သူ ဖြစ်သည်နှင့်အညီ လုံးချင်းဝတ္ထုများ ၊ ဝတ္ထုတိုများ ရေးသားရင်း ယခုတော့ စာရေးသည့် ဘက်မှ ရုပ်ရှင်ဘက်သို့ ခြေလှမ်းကာ ခေါင်ရည်တစ်ခွက်၏ ဒိုင်ယာရီ ဆိုသော ဇာတ်လမ်းတွဲ ထဲတွင် သရုပ်ဆောင်နေသည်ဟု သိရ၏ ။ ရုပ်ရှင်ဘက်တွင် စွံသည်နှင့် စာရေးခြင်းကို စွန့်လွှတ်မည်မှာ မုချဟု တွက်ရ၏ ။


နောက်တစ်ယောက် ကား ဆရာမ စံပယ်ဖြူနု ကဲ့သို့ပင် ပထမဆုံး ဝတ္ထုတို ပေါင်းချုပ်နှင့် အမျိုးသား စာပေဆု ရရှိခဲ့သော ဆရာမ ဝေ ( စီးပွားရေးတက္ကသိုလ် ) ဖြစ်၏ ။


ဆရာမ ဝေ သည်လည်း ယခုအခါ စာရေးခြင်း ထက် သရုပ်ဆောင် အနုပညာဘက် သို့ ခြေလှမ်းနေသည်ကို တွေ့ နေရ၏ ။ လူမှုကွန်ရက်စာ မျက်နှာများတွင် တက်လာ သော ဓာတ်ပုံများ ၊ လှုပ်ရှားမှ များကိုကြည့်ကာ အကဲခတ် လိုက်တော့ ဆရာမ ဝေ ( စီးပွားရေးတက္ကသိုလ် ) သည် မော်ဒယ်မိခင်ကြီး ဒေါ်တင်မိုးလွင် ကဲ့သို့ပင် “ ဝေအီကို ” ချန်နယ် ဖွင့်ကာ သရုပ်ဆောင် သင်တန်းတစ်ခုကို သေချာ ပေါက်ဖွင့်တော့မည်ဟု ခန့် မှန်းရ၏ ။


နောက်တစ်ယောက်ကား ရွှေအမြုတေမဂ္ဂဇင်းမှ ချီးမြှင့် သော ရွှေနှလုံးသားစာပေဆု ကို သုံးကြိမ်တိုင်တိုင် ဆွတ်ခူး ရယူထားသော ဆရာ ချမ်း ထက်ဟန် ဖြစ်၏ ။ ဆရာ ချမ်းထက်ဟန် သည်လည်း စာကို လုံးဝမှပင် မရေးတော့ ၊ လှည့်မကြည့်တော့ချေ ။ ရေးစရာ မလိုလောက်အောင်လည်း သရုပ်ဆောင်မှု နယ်ပယ်ဘက် တွင် အောင်မြင်နေသောသူ ဖြစ်သည်လေ ။ ရွှေအက်ဖ်အမ် ဆိုသော နာမည်ကြီး ရုပ်သံ လိုင်းတစ်ခုတွင် ပင်တိုင် သရုပ်ဆောင် ၊ ဒါရိုက်တာ ၊ ဇာတ်ညွှန်းရေးဆရာ ၊ အသံလွှင့်သူ အဖြစ် လုပ်ကိုင်အောင်မြင်လျက် ရှိ၏ ။ ထိုမျှ အောင်မြင်ရုံပင် မကပေ ။ မကြာသေးမီကမှ တက်သစ်စ နာမည်ကြီး မင်းသမီးတစ်လက်နှင့် လက်ထပ်ထိမ်းမြား၍ပင် သွားသေးတော့၏ ။ ချိုမြိန်ပေစွ ။


နောက်တစ်ယောက်မှာမူကား သဘာဝအုပ်စုဟု နာမည်ကြီးသော ဆရာ သာဓု မျိုးဆက်လည်း ဖြစ် ၊ ဆရာ မင်းလူ၏ သမီးလည်း ဖြစ်သော ဆရာမ ယုယ ဖြစ်၏ ။ ဆရာမ ယုယ သည် ယခင် ကမှ တစ်နှစ် တစ်ပုဒ်လောက် စာရေးသေး၏ ။ ယခု မရေး တော့ပေ ။ အစိုးရသစ် တက်လာပြီးသည့် နောက်ပိုင်း အားကစားဝန်ကြီးဌာနဘက် သို့ တာဝန် ထမ်းဆောင်နေပြီး မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအားကစားသမားများအား ကြီးကြပ်ထိန်းကွပ်နေ သည်ဟု သိရ၏ ။ ဆရာမ စံပယ်ဖြူနု သရုပ်ဆောင် နေသော ခေါင်ရည်တစ်ခွက်၏ ဒိုင်ယာရီမှာ ဆရာမ ယုယ၏ လက်ရာ ဖြစ်ပြီး ဒါရိုက်တာမှာ လည်း ဆရာမ ယုယ ပင်လျှင် ဖြစ်သည်ဟု သိရ၏ ။ စွယ်စုံရ ဆရာ သာဓု ကို မီအောင် လိုက်ရန် နယ်ပယ်အစုံ ရပ်တည် ကြိုးစားရင်း အောင်မြင် နေသော ဆရာမ ယုယ အား စာရေးဆရာ လေးစား၏ ။


စာရေးဆရာသည် ထိုသူများကို အားကျ၏ ။ ရသစာပေကိုသာ ရူးရူးမိုက်မိုက် ဖန်တီး နေတာထက် စာလျှင် ရုပ်ရှင်ဘက်ကမှ နာမည်ကျော် လူသိ များလိမ့်ဦးမည် ဟု တထစ်ချ တွေးမိ၏ ။ စာ ချည်းသက်သက် ရေးနေ၍ လူမသိ ၊ ထိုစာကို ရုပ်ရှင် အဖြစ် ကူးပြောင်းရိုက်ပြ တင်ဆက်နိုင်မှသာ အောင်မြင် ကျော်ကြားလိမ့်မည်ဟု တွေး ၏ ။


ထိုအတွေးကို ထပ်ဆင့် ထောက်ခံသော ဖြစ်ရပ်တစ်ခု ကလည်း ယခု ရက်ပိုင်း အတွင်းတွင်ပင် ဖြစ်ပျက်ခဲ့ သေးသည်လေ ။


ထိုနေ့က စာရေးဆရာ၏ အိမ်၌ ဇာတ်လမ်း တစ်ခုကို အသည်းအသန် ကြည့်နေကြသည့်နေ့ ဖြစ်သည် ။ ဇာတ်လမ်းက ဆရာမ မိချမ်းဝေ ၏ ယုဂန်ဗွေအစွန်းမှာ ဆိုသည့် ဝတ္ထုကို ကူဖော်လောင်ဖက် ဟု အမည်ပြောင်းပြီး ရိုက်ထားသည့် ဇာတ်လမ်း ဖြစ်သည် ။ စာရေးဆရာ လည်း ဝမ်းသာအားရနှင့် “ အဲဒါ ... အဲဒါဆရာမ မိချမ်းဝေ ရေးတဲ့ ဝတ္ထုကို ရိုက်ထားတာ ” ဟု ကြည့်နေသူများ မကြား ကြားအောင် အော်ပြောပစ်လိုက်၏ ။ “ ဟား ... ဟား .. ဟား ...” နှင့်ပင် မရယ်ချင်ဘဲ ဖျစ်ညှစ်ရယ် လိုက်သေး၏ ။ စိတ်ထဲမှ လည်း “ ကိုင်း ... မှတ်ပလား ” ရသစာပေကို အထင်သေး ၊ အမြင်သေးချင်တဲ့ လူတွေဟု ကျေနပ်အားရ အသံတိတ် ဟစ်ပစ်လိုက်၏ ။


စာရေးဆရာ ပြော၍မှ ဆုံးမဆုံးသေးခင် စကားတစ် ခွန်းကို ခြောက်ဘီးကားနှင့် ပြေးဆောင့်သလို ပြောတတ်သော စာရေးဆရာ မိန်းမ ဘက်က အပျိုကြီးတစ် ယောက်က “ ဘာလဲ မိချမ်းဝေ ဆိုတာ အဆိုတော် အေးချမ်းမေရဲ့ ကလောင်နာမည် မဟုတ်လား ” ဟု ပြောလိုက် သဖြင့် တီဗွီရှေ့မှ အမြန် ပြေးထွက်လာခဲ့ရတော့၏ ။ ထိုနေ့ မှစပြီး ရသ,ကလောင်ကို ချကာ ရုပ်ရှင်နယ်ဘက်သို့ ပြောင်းရန် လုံးဝ ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်လေ၏ ။


အချိန်ကား မှောင်သည်ထက် လွန်ကာ မှောင်လာခဲ့ပြီ ဖြစ်လေသည် ။ စာရေးဆရာ ရှေ့တွင် ချထားသော စာရွက် အလွတ်တွင်ကား မည်သည့် စာတစ်လုံးမျှ မရေးရသေးပေ ။


“ အင်း ... အညာမိသား စုတစ်စု ၊ ယောက်ျားက ထန်း တက် ၊ မိန်းမက ထန်းလျက် ချက် ၊ သားက ဆရာဝန် ၊ စာရေးဆရာ ၊ ဒါရိုက်တာ ၊ သရုပ်ဆောင်ဖြစ် ၊ မိန်းမ ရ ၊ မိန်းမနဲ့ မိဘတွေနဲ့ မတည့်လို့ မိဘနှစ်ပါးကို အမွေဖြတ် စွန့်လွှတ် ။ အဲဒီ ဝတ္ထုကို ရုပ်ရှင် ရိုက် ၊ အကယ်ဒမီ ရွေးချယ် ရေးအဖွဲ့မှာ ဆရာ ဦးဝင်းငြိမ်း လည်း ရှိနေတာပဲ ဆိုတော့ ဟင်း ... ဟင်း ... အကယ် ဒမီ ... လူခါး ... ၊ လူခါး ... အကယ်ဒမီ ...”


“ ဖေဖေ ... ဖေဖေ ... ” 


“ ဖေဖေ ... ဖေဖေ ... လို့ ”


စာရေးဆရာ တွေး၏ ။ ထိုသို့ တွေးနေသခိုက် စာရေး ဆရာ၏ အနီးတွင် ပုံဆွဲ လေ့ ကျင့်နေသော သမီး ဖြစ်သူက ခေါ်လိုက်သဖြင့် စာရေးဆရာ လန့်သွားရ၏ ။


“ ဟေ ... ဟေ ... သမီး ”


“ ဖေဖေကလည်း ဘာတွေ တွေးနေမှန်း မသိဘူး ၊ အောက်မှာ မေမေ ခေါ်နေတယ် ” 


ထိုအခါမှ စာရေးဆရာ လည်း ရုပ်ရှင် ဆယ်ကားလောက် တစ်ထိုင်တည်း ရိုက်နေသော သူ့လိပ်ပြာကို အတင်း ပြန်ဆွဲခေါ်လာရလေသည် ။ အတွေး ပျက်သွား သဖြင့်လည်း “ အေး ဘာလဲ ပြော ... ” ဟု အိမ်အောက်က ကြားသာအောင် အသံမာမာနှင့် လှမ်းအော်လိုက်၏ ။


“ .... ”


သူ့မိန်းမ၏ အသံကို ကြားကား ကြား၏ ။ မရှင်းပေ ။


“ ဟေ .. ဘာလဲ မရှင်းဘူး ”


“ ဒီမှာ တော့်စာမူကို ဗီဒီယို ရိုက်မယ့်လူ လာနေတယ်လို့ ”


“ ဟေ ...”


စာရေးဆရာ၏ ဆံပင်များက ချက်ချင်း ထောင်လာကြ၏ ။ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး မျက်လုံးများက ချက်ချင်း ပြူးကျယ် လာကြလေသည် ။


“ အေး ... အေး ... လာပြီ ”


စာရေးဆရာသည် ပြော ပြောဆိုဆို လှေကား ခုနစ်ထစ် ရှိသော သူ့အိမ် အောက်ထပ် သို့ ပြေးဆင်း၏ ။ ထိုခဏ အတွင်း ပုဒ်ရေ ငါးဆယ်ခန့် ရှိသည့် ရေးခဲ့ပြီးသော စာမူ များ၏ အမည်များက လေ တိုက်သဖြင့် လွင့်ပါသည့် တိမ်များကဲ့သို့ ဦးနှောက် ထဲတွင် တဖျပ်ဖျပ် လွင့်ပါပြေးလွှားလာကြ၏ ။


“ ဘယ်စာမူလဲ ၊ ဘယ်စာမူလဲ ” ဆိုသည့် အမေးက ခေါင်းကို မီးလောင်သလို ပူချစ်ပူလောင် ဖြစ်လာစေ တော့၏ ။


အိမ်အောက်သို့ စာရေးဆရာ ရောက်သွားသည့် အချိန်တွင်ကား အိမ်အောက်တွင် ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မတွေ့ရပေ ။


“ ဘယ်မှာလဲ ငါ့စာမူကို ဗီဒီယို ရိုက်မယ့်လူ ၊ ဘယ်မှာလဲ ”


စာရေးဆရာ၏ မိန်းမသည် မီးဖိုပေါ် တင်ထားသော ချဉ်ရည်ဟင်းအိုး ထဲမှ ချဉ်ရည်ဟင်းကို ဇွန်းနှင့် ခပ်မြည်း နေရာမှ ရုတ်တရက် တန့် သွား၏ ။


“ ဘာ ... ဘာရယ် ”


ချဉ်ရည်ဟင်းအိုး ထဲသို့ ဆားတစ်ဆုပ်ကို ဖတ်ခနဲ ပစ်ထည့်လိုက်ပြီး “ ဘာ ….. ဘာရယ် ” ဟု ပြန်အော်ရင်း စာရေးဆရာအား သူရဲတစ္ဆေတစ်ကောင်ကဲ့သို့ ကြည့်လေ၏ ။ 


“ ငါ့စာမူ ဗီဒီယို ရိုက်မယ့်လူ လာတယ်ဆို ”


“ ဘာတွေ လာ ပြောနေတာလဲ ၊ ဟိုမှာ တော့် စာအုပ်တွေ ထည့်ဖို့ မှာထားတဲ့ ဗီရို ရောက်ပြီလို့ ပြောတာ ၊ ဟော့ ဟိုမှာ ဆိုက်ကား ”


“ ဟင် ” ဟုမြည်ရင်း အိမ်ရှေ့ကို စာရေးဆရာ ကြည့်လိုက်တော့ အိမ်ရှေ့မီးရောင် မှိန်မှိန် အောက်တွင် ဆိုက်ကားသည် ရပ်နေလေ၏ ။ ဆိုက်ကား ပေါ်တွင်တော့ ဗီရိုအသစ် စက်စက်ကြီးသည် ရှိ၏ ။ စာရေးဆရာသည် သူ့မိန်းမ အား မရဲတရဲ တစ်ချက် ကြည့်ရင်း ဆိုက်ကားဆီသို့ ငိုက်စိုက်ငိုက်စိုက်နှင့် သွားရလေ၏ ။


ထိုအချိန်တွင် အိမ်ပေါ် စာရေးစားပွဲထက်ရှိ ဇာတ်လမ်း ဇာတ်ညွှန်းနှင့် ဒါရိုက်တာ ဟု ခေါင်းစီးတပ်ပြီး ဘာမှ မရေးရသေးသော စာရွက်လွတ် ပေါ်တွင် စာရေးဆရာ၏ သမီးဖြစ်သူက ဇာတ်လမ်းဇာတ်ညွှန်းနှင့် ဒါရိုက်တာ အကယ်ဒမီ ဖေဖေ လူခါး ဟု ရေးခြစ်လျက် ရှိနေလေတော့သည် ။


 ⎕ လူခါး

📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

     ၂၀၁၇ ဧပြီ

Saturday, August 9, 2025

တံဆိပ် ပျောက်ကြသူများ


 

❝ တံဆိပ် ပျောက်ကြသူများ ❞
          ( လူခါး )

၁ ။

မိုးကား သော့၍သော့၍ ရွာလျက်ရှိ၏ ။ လမ်းမပေါ်တွင် အရောင်အသွေးစုံ ကားများက အိတ်ထောင်ထဲမှ သွန်ချလိုက်သည့် ကော်ပတ်ရုပ်များပမာ ဒလဟော ထွက်ကျ အပြင်းနှင်နေကြသည် ။ တစ်စီးပြီးတစ်စီး လက်ပြ ခေါင်းခါသွားသော ကားများကို ပင့်သက်ကြီး ချရင်း လိုက်ကြည့်နေမိသည်မှအပ ကိုစံမင်း၏ အားထုတ်မှုတို့မှာ အချည်းနှီးသာ ဖြစ်နေရသည် ။

ဤနေရာ၌ ကိုစံမင်း ရပ်၍ Taxi တားနေသည်မှာ မိနစ်လေးဆယ်ခန့် ရှိပြီ ။ အချို့ ကားများကား ကိုစံမင်းကို လက်ခါ သွားကြသည် ။ အချို့ ကားများကား ခရီးသည်ပါပြီးသား ။ အချို့ကားများမှာမူ ကိုစံမင်းအား လှည့်၍ပင် ကြည့်မသွားကြချေ ။

ကားမရရင် ဟူသော အတွေးက ကိုစံမင်း ရင်ဝ လာဆောင့်သည် ။ ခန္ဓာကိုယ်မှ ဒီးတိုက် စီးကျနေသော အရည်များမှာ မိုးရေချည်း သက်သက် မဟုတ် ။ ချွေးများလည်း ပါသည် ။ ချွေးမှ ဇောချွေးများ ။ ကိုစံမင်း၏ ရင်သည် လောင်မြိုက်ပူလောင်လျက်ရှိ၏ ။

အသက်မှ ရှိပါဦးမလား ။ အလုပ်ခွင်ထဲ၌ တစ်ယောက်တည်း ထားပစ်ခဲ့ရသော သူငယ်ချင်း ဖြစ်သူ အောင်ထွန်း၏ အသွင် သဏ္ဌာန်က မျက်လုံးထဲ ဝင်လာပြန်သည် ။ အောင်ထွန်းကား သွေးအိုင်ထဲတွင် နစ်နေ၏ ။ ဆောက်တည်ရာမဲ့ မျက်လုံးများက မျက်တောင်မျှပင် မခတ် ချင်တော့ ။ ဒီတစ်စီး တားလို့မှ မရရင် ဖြစ်ချင်ရာဖြစ် ထမ်းပြေးတော့မည်ဟု ကိုစံမင်း စိတ်ပိုင်းဖြတ်လိုက်ကာ အဝေးဆီမှ မောင်းနှင်လာသော ကားအား ရှေ့တည့်တည့်မှ ပိတ်ရပ်ပစ်လိုက် တော့သည် ။ ကားက အငှားကား မဟုတ် ။ သို့သော် ကျွိခနဲ အသံပေးရင်း ရပ်သွားသည် ။

“ ဘာလဲ .. ၊ သေချင်လို့ လား  ၊ ...... ”

မလေးဘာသာဖြင့် ဆဲရေးတိုင်းထွာရင်း မေးလိုက်သော စကားက ကိုစံမင်းကို ဒေါသထွက်စေခြင်းငှာ မစွမ်းနိုင်တော့ ။ ဘယ်တုန်းကမှ မပြုံးခဲ့ဖူးသော အပြုံးဖြင့် အချိုသာဆုံး စကားလုံးများက ကြိုတင် ကြံစည်မထားပါဘဲ ကိုစံမင်း ပါးစပ်မှ ထွက်သွားကြသည် ။

“ ကျွန်တော့် သူငယ်ချင်း သေရေးရှင်ရေး ဖြစ်နေလို့ ကူညီပါဗျာ ”

ကားသမားက တစ်ချက် တွေခနဲ ဖြစ်သွား၏ ။

“ ဘာဖြစ်လို့လဲ မင်း သူငယ်ချင်းက ”

“ ဗိုက်ကို ဂလိုင်ဒါနဲ့ လှီးပစ်လို့ ။ လုပ်ပါဗျာ ၊ ကူညီပါ ”

ကားသမားက ကိုစံမင်းကို အကဲခတ်ပြီး တံခါးကို တွန်းဖွင့် ပေးလိုက်သည်နှင့် ကိုစံမင်း ကိုယ်လုံးကြီးက ကားထဲ ရောက်သွားသည် ။

“ ဘယ်ကို မောင်းရမလဲ ”

အောင်ထွန်းအား ထားပစ်ခဲ့ရသည့် နေရာကို ညွှန်ရင်း ကိုစံမင်း စိတ်ထဲမှလည်း ဘာမှ မဖြစ်ပါစေနဲ့ ဟု အကြိမ်ကြိမ် ဆုတောင်း နေမိသည် ။ ဖြစ်နိုင်လျှင် ကားကလေးကို နောက်မှပင် ဆင်း၍ တွန်းပစ်လိုက်ချင်သေးသည် ။

ကိုစံမင်းတို့ ရောက်သွားတော့ အောင်ထွန်းမှာ မေ့လုမေ့ခင်ဖြစ်နေပြီ ။ မျက်လုံးများက ဖွင့်၍ပင် မလာတော့ ။ မျက်လုံးတို့ကို အားနှင့် ဆွဲဖွင့်လိုက်သည့်အခါ အမည်းတို့ နေရာ၌ အဖြူတို့သာ လွှမ်းနေလေသည် ။ ကားသမားက ကြောင်ကြည့် နေစဉ်မှာပင် ကိုစံမင်းက အောင်ထွန်းကို ဆတ်ခနဲပွေ့ကာ ကားထဲ ထိုးသွင်းလိုက်သည် ။ ဒီတော့မှ အောင် ထွန်းက “ အင့် ” ခနဲ တစ်ချက် တွန့်သွားရှာသည် ။

သွေးများက ခဲပျစ်၍ စေးပိုင်နေသည် ။ တစ်ချက်တစ်ချက် “ ရှူး ... ရှူး … ” နှင့် မှုတ်ထုတ်နေသော အသက်ရှူသံ ပြင်းပြင်းများက ကိုစံမင်း ရင်ကို အပ်နှင့် ဆွသလို ခံစားရသည် ။ ကားသမားအား ဆေးရုံ မြန်မြန်ရောက်အောင် မောင်းပေးရန်ကိုသာ ကိုစံမင်း အလောတကြီး ပြောမိတော့သည် ။

အချိန်ကား မကြာသေး ။ အမှတ်မထင် အဖြစ်ဆိုးကြီးက ရုပ်ရှင်အနှေး ပြကွက်တစ်ခုလို ကိုစံမင်း မျက်လုံးထဲ ပြန်ဝင်လာသည် ။ ကိုစံမင်းတို့ နှစ်ယောက် ထိုအလုပ်ဆိုက်ထဲသို့ ရောက်နေသည်မှာ နှစ်ဝက်ခန့် ရှိပြီ ။ သူဌေးက စားနပ်ရိက္ခာအပြည့် ထားပေးပြီး နှစ်ပတ် တစ်ခါလောက်သာ လာကြည့်သည် ။

လုပ်ရသည့် အလုပ်က ဆောက်ပြီးစ ကွန်ဒိုတိုက်ခန်းများမှ မညီမညာ ဖြစ်နေသော ကျောက်စကျောက်နများကို ဂလိုင်ဒါ ဟု ခေါ်သည့် ကျောက် စက်နှင့် ညှိဖြတ် တိုက်စား ပစ်ရသည့် အလုပ် ။ သူဌေးတစ်ဦးတည်း ကန်ထရိုက်ယူထားသည့် အဆောက်အဦများ ဖြစ်သည့်အတွက် ဧက အကျယ်ကြီး ထဲမှာမှ အလုပ်သမားက ကိုစံမင်းတို့ နှစ်ယောက်တည်း ။

နံရံပေါ် တက်ရသည့် အခါ တက်ရသည် ။ မျက်နှာ ကြက်၌ ဟီးလေးခိုရသည့် အခါ ခိုရသည် ။ ယခုတော့ လက်ထဲမှ လွတ်ထွက် သွားသော အောင်ထွန်း၏ ကျောက်စက်က သူ့ဗိုက်ဆီ တည့်တည့် ပြန်ကျကာ “ ဗျီး ” ခနဲ ခွဲပစ်လိုက်သည် ။ သွေး တွေက ဖြာခနဲ ။ ကိုစံမင်း ကြောက်အားလန့်အား ပြေး သွားတော့ အောင်ထွန်းမှာ လူမှန်းပင် မသိတော့ ။

“ ကျွိ ”

ကိုစံမင်း၏ အတွေးများက “ ကျွိ ” ခနဲ ထိုးရပ်လိုက်သော ကားဘရိတ်သံကြောင့် တိခနဲ ပြတ်သွားတော့သည် ။

“ ဘာဖြစ်တာလဲ ဗျ ”

ပတ်ဝန်းကျင်ကို ကြည့်ရင်း ကိုစံမင်း ကမန်းကတန်း မေးလိုက်တော့ ကားသမားက ရှေ့ တူရူဆီသို့ မေးငေါ့ပြသည် ။ မီးပွိုင့် မဟုတ်သော လမ်းလေးခွတွင် တရုတ်လူ ရွယ်နှစ်ယောက်က လာသမျှ ကားတို့အား တရုတ်ရိုးရာ အသံဖြင့် တားနေကြခြင်း ဖြစ်သည် ။

“ ဘာလဲဗျာ ၊ မီးပွိုင့် မဟုတ် ဘာမဟုတ်နဲ့ ”

တောက်တစ်ချက်ကို ခပ်ပြင်းပြင်း ခေါက်လိုက်ကာ ကားသမားကို ကိုစံမင်း မေးလိုက်တော့ ကားသမားက လက်နှစ်ဖက်ကို ဖြန့်ပြီး ပခုံးတွန့်ပြသည် ။ သူလည်း ဘာမှ မတတ်နိုင်ဘူး ဆိုသည့် သဘော ။ ကိုစံမင်း အောင် ထွန်းကို တစ်ချက်ငုံ့ကြည့် လိုက်တော့ အောင်ထွန်းက ဘာမျှ မသိရှာပေ ။

“ အောင်ထွန်း ... အောင်ထွန်း ”

အသာလှုပ်ခေါ်ကြည့်လိုက်တော့ အောင်ထွန်းက တစ်ချက်သာ ညည်းပြသည် ။ ကိုစံမင်း ရှေ့လမ်းဆုံကို မျှော် ကြည့်လိုက်ပြန်တော့ လမ်းက မပွင့်သေး ။ လာလာသမျှ ကားများကို သူတို့အလံနှင့် တားထားကြတုန်းဖြစ်သည် ။

အသေအချာ ကြည့်လိုက်တော့ မြန်မာတို့ သဘောအရ ဆိုလျှင် ရှင်ပြုချိန် နတ်ပြ ထွက်သည့် အခိုက်မျိုးဖြစ် သည် ။ အလှူနှင့် ပတ်သက် သမျှ ယာဉ်များမှ လွဲ၍ ကျန် သည့်ယာဉ်များ ခေတ္တရပ် ပေး ။ မည်သည့် အကြောင်းကြောင်းနှင့်မှ ဖြတ်သန်းသွားလာခွင့် မရ ။

တရုတ်လူမျိုး အများစု နေထိုင်သော ဤမလေးရှားမှာ သာ၍ပင် ဆိုးသေးသည် ။ နိုင်ငံသားများ ဖြစ်ကြသော မလေးတို့၏ ကားများပင် အသာရပ်၍ ငေးနေကြသည် ။ လမ်းက တစ်လမ်းမောင်း ။ ပြန်လှည့်၍ မရတော့ ။ အချိန် ကား များစွာ အနှောင်းခံ၍ မဖြစ် ။ ဆယ့်ငါးမိနစ် ၊ မိနစ် နှစ်ဆယ် ၊ နှစ်ဆယ့် တစ် ... နှစ် ... ။

ကိုစံမင်းက ကားအောက် ဆင်းကာ အောင်ထွန်းကို အသာ မ,ထုတ်လိုက်သည် ။ ပြီးနောက် သူ၏ ညာဘက် ပခုံးပေါ်သို့ ပစ်တင်ပစ်လိုက်သည် ။ သူတို့၏ သာယာမိန်းမော နေမှုများကို ကိုယ့်နိုင်ငံသား တစ်ယောက်၏ အသက်အား အဆုံးရှုံးခံကာ ကိုစံမင်း ငေးမောတွေဝေမနေနိုင် ။

ကားသမားထံသို့ ရင်းဂစ် ငါးဆယ်တန်တစ်ရွက် ထိုးပေးလိုက်တော့ ကားသမားက မယူဘဲ ပြန်ပေးနေသေးသည် ။ နောက်ဆုံး ကိုစံမင်းမှာ ပိုက်ဆံကို ကားထဲသို့ ပစ်ချခဲ့ကာ ခြေလှမ်းကျဲကြီးများဖြင့် နီးစပ်ရာ လူနေရပ်ကွက်ထဲသို့ ပြေးဝင်လာခဲ့တော့သည် ။

လမ်းဘေး၌ အေးအေးလူလူ သွားလာနေကြသော လူအများက ကိုစံမင်းကို မြင် သည်နှင့် ဘေးသို့ ရှဲကုန်ကြ သည် ။ ကိုစံမင်းသည် အသေမှန်း အရှင်မှန်း မသိရသော လူတစ်ယောက်ကို ထမ်းပိုးထားသည့် နိုင်ငံခြားသား အလုပ်သမားတစ်ယောက်ဆိုသည်မှအပ ထိုသူတို့၏ စိတ်ထဲတွင် အခြား စိတ်ဝင်စားစရာ တစ်စက်မျှ မရှိ ။

ရပ်ကွက်ထဲမှ ဆေးခန်း ကလေးသို့ ကိုစံမင်း ရောက် သွားတော့ ပခုံးပေါ်မှ သူငယ် ချင်းဖြစ်သူ အောင်ထွန်းအား အလျင်စလို အောက်သို့ ချလိုက်သည် ။

သို့သော် အောင်ထွန်းမှာ အသက်မရှိတော့ ။

••••• ••••• •••••

၂ ။

ဒေါ်ဝင်းတင်ကို ပွေ့ပြီး ထော်လာဂျီပေါ် တင်ပြီးသည့် အချိန်တွင် နာရီက မွန်းလွဲနှစ်နာရီကိုကျော်ပြီးစ ပြုနေပြီ ။ “ ဘယ်သူ လိုက်မလဲ ” ဟု လောဆော်လိုက်တော့ ဘယ် သူကမှ အသံ ထွက်မလာ သည်နှင့် ကိုစံမင်း ကိုယ်တိုင် မောင်ဘယ်သူ ၊ မဘယ်သူလို့ နာမည်တပ်ပြီး ခေါ်လိုက်ရ သည် ။ အားလုံး အဆင်သင့် ဖြစ်သည်နှင့် သူကိုယ်တိုင်လည်း ထော်လာဂျီပေါ် တက်လိုက်သည် ။

တဒိုင်းဒိုင်း အော်နိုးလာသော ထော်လာဂျီစက်သံနှင့် ဆန့်ကျင်စွာ ဒေါ်ဝင်းတင်က မြော့မြော့လေးသာ လူးလွန့် ရှာသည် ။

“ ကလေးကံ လူကြီးကံပဲ ”

ရွာ၏ သားဖွားဆရာမလေးက အားလျော့စွာ စကားဆိုလာသည် ။

ကိုစံမင်းတို့ ကတော့ ဘာမျှ နားမလည် ။ ရွာအတွင်း တစ်တပ်တစ်အား ဖွဲ့ထားသော ပရဟိတအသင်း ကလေးသို့ လာရောက် အကူအညီ တောင်းခံသည်နှင့် လိုက် လာရခြင်းဖြစ်သည် ။

“ လူနာက ညှပ်ရိုးကျဉ်းနေတယ် ။ ဆေးရုံ အမြန်ရောက်မှဖြစ်မယ် ”

မြို့တို့နှင့် အလှမ်းဝေးသော ကိုစံမင်းတို့ ရွာကလေးတွင် အမြန်ဆုံးယာဉ်ဆို၍ ဆိုင်ကယ် လောက်သာရှိသည် ။ ကိုယ်ဝန်ဆောင် မိခင် နှင့် ဆိုင်ကယ်နှင့်က ဘယ်လိုမှ မဖြစ် ။ နီးစပ်ရာ ရွာတစ်ရွာမှ ထော်လာဂျီကို အခကြေးဖြင့် ခေါ်ယူခဲ့ရသည် ။ ထော်လာဂျီ ရွာသို့ ရောက်သော အချိန်နှင့် ရွာမှ ပြန်ထွက်သော အချိန်ကပင် တစ်နာရီလောက် ပေးလိုက်ရသည် ။

ကိုစံမင်းကား ဘာမျှ မလုပ်တတ်သည့်တိုင် အင်္ဂုလိမာလသုတ်ကို အငမ်းမရ ရွတ်နေခဲ့မိသည် ။ တိုက်နယ်ဆေးရုံသို့ ရောက်ဖို့က နောက်ထပ် တစ်နာရီခွဲလောက် မောင်းရဦးမည် မဟုတ်လား ။

“ ဆရာမ အချိန်တော့ မီတန်ကောင်းပါရဲ့နော် ”

ကိုစံမင်းက သူ ဖြစ်ချင်တာကို ဆွဲတွေးရင်း မေးလိုက်တော့ ဆရာမလေးက နာရီကို ကြည့်ရင်း လေးတွဲ့စွာ အဖြေပေးသည် ။

"ကျွန်မတို့ ကံကောင်းမယ် ထင်တာပဲရှင် ”

ဆရာမလေး၏ မျက်ဝန်းအိမ်တို့တွင် အရိပ်တချို့ကို ကိုစံမင်း မြင်လိုက်ရသည် ။ သို့သော် ရှင်းလင်းစွာ မဖတ်တတ် ။ ကိုစံမင်းနှင့် ပါလာကြသော ညီငယ် ညီမငယ်တို့မှာလည်း ပျိုရွယ်သူများ ဖြစ်ကြသည့်တိုင် ကိုယ်ချင်းစာတရားတို့ဖြင့် ပူပန်နေကြကြောင်း သိသာလှသည် ။ သူတို့လေးတွေလည်း တစ်ခုခု ဆုတောင်းနေကြလိမ့်မည်ကို ကိုစံမင်း ယုံကြည်သည် ။

ထော်လာဂျီက မညီညာသော ချိုင့်ခွက်ပေါင်း များစွာကို ခက်ခက်ခဲခဲ ဖြတ်ကျော်ကာ ခုန်ပေါက်လျက်ရှိ၏ ။ လမ်းခုလတ်တွင်များ မွေးပစ် လေမလားဟူသော အတွေး က ကိုစံမင်း၏ စိတ်ကို ပို၍ စောစေခဲ့သည် ။

လမ်းတွင်ပင် မွေးပစ်လိုက်လျှင်လည်း တစ်မျိုးတစ်ဖုံတော့ ကောင်းလာနိုင်စရာ ရှိသည်ပဲ ။ မွေးချင်လည်း မွေးပါစေဟု ဆုတောင်းရင်း လူမမာကိုသာ ဖိ၍ အားပေးနေမိတော့သည် ။

အင်္ဂုလိမာလသုတ်ကို အကြိမ်ပေါင်း တစ်ထောင်ခန့် ရွတ်ပြီးသည့် အချိန်လောက် တွင်မှ တိုက်နယ် မြို့ကလေးကို ရုပ်ရှင်ပိုစတာတစ်ခုလို လှမ်းမြင် ရတော့သည်  ။ မဝင်းတင်၏ နား , နားသို့ ကပ်ကာ မြို့ရောက်ပြီဟု ကိုစံမင်း ပြောလိုက်တော့ မဝင်းတင်၏ နှုတ်ခမ်းတို့က ဖျတ်ခနဲ အရောင်လဲ့သွားကြ သည် ။

ဪ ... လင်ယောက်ျာ ၏ လျစ်လျူရှုခြင်းကို ခံရသူ လင်ပစ်မ မဝင်းတင်သည် သားဦးရတနာလေးအား သတ္တိတွေ တစ်ပုံတစ်မနှင့် မွေးတော့မှာပါကလား ။ ရေနှင့်တွေ့သော ကြာကဲ့သို့ ကိုစံမင်း၏ နှလုံးတို့က တစ်မုဟုတ်ချင်း ကြည်လင် လန်းဆန်း လာခဲ့တော့သည် ။

ထော်လာဂျီကို မြို့တွင်း ကတ္တရာ လမ်းမပေါ်သို့ မြန်မြန်ရောက်နိုင်မည့် မြေသားလမ်း အတိုင်း မောင်းဝင်ခိုင်းလိုက်သည် ။

“ ရွှီ ... ရွှီ .... ရွှီ ... ” 

အမှတ်မထင် ကြားလိုက်ရသော ခရာမှုတ်သံများက ထော်လာဂျီသံကို ကျော်၍ ထွက်ပေါ်လာသည် ။ မြေသား လမ်းထဲမှ ပေတစ်ရာ ပေါ်သို့ မတက်မီ ကိုက်တစ်ရာ လောက် အလိုတွင် မြင်းလှည်း ၊ ကား ၊ ဆိုင်ကယ်တို့ နှင့် လမ်းသည် ဆို့ပိတ်လျက် ရှိသည် ။

“ ဟာ .. ”

ကိုစံမင်းတို့ အားလုံး တိုင်ပင် မထားကြဘဲ “ ဟာ ” ဖြစ်သွားကြရသည် ။ နောက်ဘက်မှလည်း အခြားယာဉ်များက မောင်းဝင် လာနေကြပြီ ။ ကိုစံမင်း ထော်လာဂျီပေါ်မှ အမြန် ဆင်းပြေးကာ လမ်းမပေါ်သို့ ပြေးတက်ရန် ကြိုးစားလိုက်သည် ။

“ လမ်းကြောင်း ရှိလို့တဲ့ ၊ လူကြီးလမ်းကြောင်း ”

မြင်းလှည်းတစ်စီး ပေါ် မှ လှမ်းပြောလိုက်သော စကားက ကိုစံမင်း ဦးခေါင်းကို မီးခဲနှင့် အုံးလိုက်သလို ရှိသည် ။ မဖြစ်ရဘူး ။ ဒါမျိုး မဖြစ်ရဘူး ။ လမ်းပေါ်မှ တရွှီရွှီနှင့် ကားတားနေသော ယာဉ်ထိန်းရဲ ဆီသို့ ခြေလှမ်းတွေကို ဦးတည်ပစ်လိုက်သည် ။

“ ရွှီ ... ရွှီ ... ” 

ယာဉ်ထိန်းရဲက ကိုစံမင်းကို မြင်ပြီး လမ်းမပေါ် မတက်ရန် ခရာကို အဆက်မပြတ် မှုတ်ပြီး တားနေသည် ။ ကိုစံမင်း ကလည်း မရပ် ။ ယာဉ်ထိန်းရဲ၏ အနားအထိ ရောက်သည် အထိ တိုးဝင်သွားမည် ပြုလိုက်သည် ။

“ ဟာ ... ဒီလူ ... သေတော့မှာပဲ ... ဟေ့လူ ”

ရုတ်တရက် ဖမ်းဆွဲ ခံလိုက်ရသောကြောင့် ကိုစံမင်း ခန္ဓာကိုယ်က လမ်းမပေါ် မရောက်ဘဲ တုံ့ခနဲ ရပ်သွား သည် ။ ကိုစံမင်း စိတ်ဆိုးမာန် ဆိုးဖြင့် လှည့်ကြည့်လိုက်တော့ ယာဉ်ထိန်းရဲတစ် ယောက် ။

“ ဟေ့လူ ခင်ဗျား နားမလည်ဘူးလား ၊ အကုန်လုံး ဒုက္ခ ရောက်ကုန်လိမ့်မယ် ”

ထိုယာဉ်ထိန်းရဲက ကိုစံမင်းကို ငေါက်နေလိုက်သေးသည် ။ ကိုစံမင်းကလည်း မခံ ။ ယာဉ်ထိန်းရဲကို ခပ်စောင်းစောင်းပင် ပြန်ကြည့် ပစ်လိုက်သည် ။

“ ဟိုမှာ အရေးကြီး နေလို့ဗျ ”

“ ခင်ဗျားဟာ ခင်ဗျား ဘယ်လောက် အရေးကြီးကြီး ၊ အခု လာမှာက ခင်ဗျားအဘ မဟုတ်ဘူး ၊ အဲဒါ ... ”

ကိုစံမင်း ဘာမျှ မတတ်နိုင်တော့ ။ ထော်လာဂျီဆီ ကိုသာ ခေါင်းငိုက်စိုက်ချကာ ပြန်ရောက်သွားတော့သည် ။ ကိုစံမင်း မျက်လုံးတို့က မျက်ရည်များပင် ကျနေသလား ကိုစံမင်း မသိတော့ ။ သေချာသည်ကတော့ နံရံကို ကွဲစိမ့်သောငှာ ခေါင်းနှင့် တိုက်၍ မရမှန်း ကိုစံမင်း အတပ်သိသွားခဲ့ပြီ ။

အားလုံးရှင်းလင်းပြီး ကိုစံမင်းတို့ ထော်လာဂျီ ဆေးရုံ ရောက်သွားတော့ ကလေး၏ အသက်သည် အပြင်သို့ ပါမလာတော့ ။ အချိန်သည် ကိုစံမင်းတို့ကဲ့သို့ မည်သူ၏ အတားအဆီးကိုမျှ စောင့်နေတတ်သူမျိုး မဟုတ်ပါပေ ။

“ ခင်ဗျားတို့ လူနာက ရေအိတ်ပေါက်ပြီး ကြာမှ ဆေးရုံ ရောက်လာတာ ဆိုတော့ ကလေးက ရေမွန်းပြီး ဆုံး သွားရတာပေါ့ ။ နောက်ဆို ဆေးရုံကို မြန်နိုင်သမျှ မြန်မြန် လာပါ ။ ဒီထက် ကြာသွားရင် မိခင်တောင် အန္တရာယ်ရှိတယ် ”

ကိုစံမင်း မည်သည့် စကားမျှ မဆိုမိတော့ ။ လူနာခန်းထဲမှ ထွက်ကာ တောက်တစ်ချက်ကိုသာ စိတ်ရှိလက်ရှိ ခေါက်ချ ပစ်လိုက်တော့သည် ။

ကုန်လွန်ခဲ့ပြီးသော နှစ်များ ကလည်း လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို ထိုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံရခြင်းကြောင့် ကိုစံမင်း ဆုံးရှုံးခဲ့ရဖူးသည် ။ ထိုတုန်းကတော့ ကိုစံမင်း က သူ့သူငယ်ချင်းကို ဖက်ကာ “ မင်းတို့ငါတို့က ကိုယ့်တိုင်းပြည်မှာ မနေနိုင်လို့ အခုလို ခွေးသေဝက်သေ သေရတာကွ ” ဟု မြည်တမ်း ငိုကြွေးမိခဲ့သည် ။

ယခုလည်း လူ့လောကထဲ ရောက်လုရောက်ခင် ကလေးတစ်ယောက် ထိုနည်းတူစွာ သေဆုံးသွားခဲ့ရပြန်ပြီ ။ သို့သော် ဒီတစ်ခါက သူများ တိုင်းပြည်မှာ မဟုတ် ၊ ကိုယ့် တိုင်း ကိုယ့်ပြည်မှာ ။ ကိုယ့် လူမျိုးတွေ နေတဲ့ ကိုယ့်နိုင်ငံ မှာ ။

ကိုစံမင်း မငိုကြွေးတော့ ။ ရှေ့နားတွင်ရှိသော ကျောက်ခဲတစ်လုံး ကိုသာ အားနှင့် ကျုံး၍ ကန်ပစ်လိုက်တော့သတည်း ။

⎕ လူခါး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း        
     ဇူလိုင် ၂၀၁၅

Friday, October 4, 2024

ဝါးဖောင် မျှောတဲ့ ည


 

❝ ဝါးဖောင် မျှောတဲ့ ည ❞ 
━━━━━━━━━━━━━━
              လူခါး
━━━━━━━━━━━━━━
ကြယ်တွေ လင်း လို့ ကညင်ဆည်ကြီး က အဆီ တစ်ထပ် ၊ အသား တစ်ထပ် စားထားတဲ့ လူဝကြီး တစ်ယောက် ဗိုက်ကြီး လှန်ပြီး အိပ် နေသလို ရေတွေ လျှံလို့ ။ ဒလဟော စီးကျ လာခဲ့တဲ့ တောင်ကျရေတွေ ဟာ ဆည်ထဲ ရောက် တော့ အရှိန် သေသွားပြီ ။ ဆည်ကြီး ရဲ့ အောက်ဘက် ရေလျှံချောင်း ထဲ မှာတော့ သစ်ရိပ်တောင်ရိပ်တွေ ကို အကာ အကွယ် ယူပြီး ဖောင် တစ်စီး မျှောလာ နေတယ် ။ ဖောင် ပေါ် မှာ က ဦးချက်ဆူ တစ်ယောက် တည်း ။

ဖောင် ဆိုလို့ တစ်ချီတည်း တိုက်ဆောက် ၊ ကားစီး လုပ်နိုင်မယ့် ဖောင်မျိုးတော့ မဟုတ်ဘူး ။ အတင်းကာရော ရေပါ မှ အလုံးငါးဆယ် လောက် ပါတဲ့ ဝါးဖောင်ကလေး ။ ဦးချက်ဆူ တစ်ယောက် တည်း ခုတ်ထစ် ဖြတ်တောက်ပြီး မျှော လာခဲ့တဲ့ တစ်ပိုင်တစ်နိုင် ဝါးဖောင်ကလေး ။

ဦးချက်ဆူ က ဒီလို ဖောင်မျိုး တစ်ခါမှ မျှောဖူးတာ မဟုတ်ဘူး ။ ဦးချက်ဆူ ရဲ့ အလုပ် က ဆည်ကြီး ရဲ့ အထက် တောတောင်တွေ ပေါ် မှာ လွှဆွဲခြင်း နဲ့ အသက်မွေးတဲ့ လွှသမား သက်သက် ၊ လူသက် ငါးဆယ်မှာ လွှသက် က လေးဆယ် လောက်ပါတယ် ။ ဘာအရာ ထင်ခဲ့သလဲ ဆို ရင် “ ဒီ တောင်ကတုံး တွေ ဟာ ကျုပ် လက်ရာပေါ့ဗျာ ” ဆို တာထက် ဘာမှ ပို ပြောစရာ မရှိဘူး ။ မတတ်သာလို့ ပြော ချင်ရင် အဖိုး ဘယ်လောက် တန်မှန်း မသိတဲ့ သစ်ဖောင် တစ်ခုစ ဆွဲပြီး တဲ့ အခါတိုင်း လွှခကလေး ရတာပဲရှိတယ် ။

ဒါကလည်း ဘာ များမှာတုံး ။ လွှဆိုင်း မပြီးခင် ပွဲစား ဆီ က ကြို ထုတ်ထားခဲ့တဲ့ ဆန်ဖိုး ဆီဖိုး ၊ ယမကာဖိုး နုတ်လိုက်ရင် အိတ်ကပ်ထဲ ခြင်္သေ့ ဆယ်ကောင် ထက် ပို မကျန်ဘူး ။ အဲဒါလေး ပိုက်ပြီး အဘွားကြီး ရှိတဲ့ ရွာကလေး ဆီ ပြန်ရတာပဲ ။

ဦးချက်ဆူ တို့ ရွာကလေး က ပုသိမ် ၊ မုံရွာကား လမ်းကြီးဘေး က တောင်စောင်း တစ်ခု ပေါ်မှာ ကပ်ပြီး တည်ထားတဲ့ ရွာကလေး ။ ရွာကလေး က ဘာထွက် သလဲ မေးရင် လွှသမားတွေ ထွက်တယ်ပဲ ပြောရမယ် ။ အိမ်တိုင်း အိမ်သာ မရှိရင် သာ နေမယ် ၊ လွှ ရှိတယ် ။ အသက် ဆယ်နှစ် ဝန်းကျင် ယောက်ျားလေး တိုင်း လွှ ဆွဲ တတ်တယ် ။ သစ် ဆိုတာ အဖိုးတန် သယံဇာတ ပစ္စည်း ဆိုပေမဲ့ ဦးချက်ဆူ တို့ ရွာသားတွေ ကတော့ ဘာ ဆိုလို မှန်း မသိကြဘူး ။ အဲဒီလို မသိအောင် လည်း လွှထောင် တွေ က လုပ်ထားကြတာကိုး ။

လွှထောင်တွေ က ဦးချက်ဆူ တို့ ရွာ က မဟုတ်ကြ ဘူး ။ ဟင်္သာတ တို့ ၊ ကြံခင်း တို့  ၊ မဲဇလီကုန်း တို့ လို မြို့ တွေ ဆီက ။ အဲဒီ မြို့တွေက ပိုက်ဆံ တတ်နိုင်ပြီး အကပ် အရပ် ကောင်းတဲ့ ပွဲစားတွေ က သည်ယုန် မြင်လို့ သည်ချုံ လာ ထွင်ကြတာ ၊ ခုတော့ ထွင်ရင်း ထွင်ရင်း နဲ့ တောင် တွေ လည်း ကတုံး ဖြစ်ကုန်ပြီ ။

ပွဲစားတွေ ကတော့ ပျော်ပျော်ပဲ ။ ဘောင်တွေ ကတုံး ဖြစ်လေ သူတို့ မယားတွေ မှာ ပဒေသာပင် သီးလေ မဟုတ် လား ။ ဘယ်က နေ ထွက်ပြီး ဘယ်ကမ်း ဆိုက်တယ် ဆိုတာ ဦးချက်ဆူ တို့ မသိရဘူး ။ သိခွင့်လည်း မရှိဘူး ။ ဦးချက်ဆူ တို့ သိခဲ့တာက ထမင်း တစ်နပ် ပဲ ။ လွှ တစ်စင်း ပဲ ။ စပ်ဘီအီး တစ်လုံး ပဲ ။

အခုတော့ ဦးချက်ဆူ  စိတ်ပြောင်း သွားပြီ ။ ဦးချက်ဆူ စိတ်ပြောင်း သွားတာထက် ဦးချက်ဆူ ကတော် ဒေါ်ပု က စိတ်ပြောင်း သွားတာ ။ ဦးချက်ဆူ ပြီးခဲ့တဲ့ အပတ် ရွာ ပြန်တုန်းက ဒေါ်ပု က ပြောတယ် ။ “ တော် မလည်း အသက် ကြီးပြီ ။ ဒီ သစ်ခုတ် ၊ လွှဆွဲ အလုပ် မလုပ်တော့ နဲ့ ” တဲ့ ။ ဦးချက်ဆူ က ဒီ အလုပ် က လွဲပြီး ဘာမှ လုပ်တတ် တာ မဟုတ်တော့ “ ဒါတွေ မလုပ်နဲ့ ဆိုတော့ ကျုပ် က ဘာ လုပ်ရမှာတုံး ဒေါ်ပု ရ ” လို့ ပြန်မေးတာပေါ့ ။ “ တော် လည်း ဖောင်မျှောပေါ့ ” တဲ့ ။ “ ခင်ဗျား ပြောတော့ လွယ် တယ် ၊ ဘယ်မှာလဲ လွှထောင် ဖို့ ငွေ ” ဆိုတော့ ဒေါ်ပု က “ အလကား ရတဲ့ ဝါး မျှောပေါ့ ” တဲ့ ။ “ အရှေ့ပိုင်း က သန်းရင် တို့တောင် ဒီလိုနဲ့ ရွှေတွေ သီး နေတာ ” တဲ့ ။

အဲဒီမှာ ဦးချက်ဆူ ခေါင်းထဲ လက် သွားတာပဲ ။ ဟုတ်သားပဲ ။ ဒီ အသက်အရွယ် အထိ အဲဒီလို အလုပ်မျိုး ငါ ဘာလို့ မတွေးခဲ့ဖူးတာလဲ ဆိုပြီး သူ့ ကိုယ် သူ တောင် အပြစ် မြင် နေမိသေးတယ် ။ စောစော က သာ ဒီလို အတွေးမျိုး ရှိရင် ဟိုကောင် ငဦး လည်း သေစရာ အကြောင်း မရှိဘူး လို့ တွေးမိတယ် ။

ငဦး ဆိုတာက ဦးချက်ဆူ နဲ့ ဒေါ်ပု ရဲ့ တစ်ဦးတည်း သော သား ။ ဆွဲတဲ့ ရုန်းတဲ့ နေရာမှာ ဆင် တစ်ကောင် လောက် နီးနီး အားကိုး ရတယ် ။ ငဦး က တောထဲ မှာ ပဲ သစ်ပိ ပြီး သေသွားတာ ။ တောထဲ တောင်ထဲ မှာ ဆိုတော့ လျော်ကြေးတို့ နစ်နာကြေး တို့ လည်း တောင်းရကောင်း မှန်း မသိကြဘူး ။ တောထွက်ကြီး တစ်ပါး ပင့်ပြီး သရဏဂုံ တင်ပစ်လိုက်ရတာပဲ ။ ဘယ်ဘဝ ရောက်မှန်းလည်း မသိဘူး ။ အဲဒီတုန်း က “ ငဦး ရေ ဒီ ရွာ မှာတော့ လူလာ မဖြစ်တော့နဲ့ဟ ” လို့ ဦးချက်ဆူ အမျှဝေ ပစ် လိုက်တယ် ။ အဲဒါကို တွေးမိတိုင်း ဖောင်မျှော ဖို့ အတွေး နောက်ကျရ ကောင်းလား ဆိုပြီး ဦးချက်ဆူ သူ့ ကိုယ် သူ ဒေါသ ဖြစ်ရတယ် ။ နောက်ဆုံးတော့ ဦးချက်ဆူ  တကယ်ပဲ ဖောင် မျှော ဖြစ်ခဲ့တယ် ။

ဖောင် မျှောတော့မယ် ဆိုတော့ ပထမဆုံး စဉ်းစား ရတာက ဖောင်ဖွဲ့ဖို့ ။ ဒါကလည်း ဦးချက်ဆူ က တော ထဲ မှာ ကြီးခဲ့တာ ဆိုတော့ သိပ်တော့ မခက်လှဘူး ။ ဝါး ကို သေသေချာချာ အရင်းအဖျား တိပြီး နှီးချက် နိုင်နိုင် တွဲလိုက်ရုံပဲ ။

ဖောင် ပြီးတော့ မျှောဖို့ လမ်းကြောင်း ၊ လမ်းကြောင်း ကလည်း ဆည်အောက်ဘက် ကနေ ရွာ အထိ ရေစုန် မျှောလို က်ရုံပဲ ။ ခက်တာက လမ်း မှာ ဖြတ်ရမယ့် ဂိတ်တွေပဲ ။

“ အနည်းဆုံး သုံးဂိတ် လောက်တော့ ဖြတ်ရတယ်ဗျ ။ ခင်ဗျား လွယ် မှတ်နေလား ”

ဦးချက်ဆူ က ဖောင်မျှော ဖူးတဲ့ လူ တစ်ယောက် ကို တိုင်ပင်တော့ ဖြတ်ရမယ့် ဂိတ်တွေ ၊ ပေးရမယ့် ပမာဏ တွေ ပြောတယ် ၊ ရွတ်ပြလိုက်တဲ့ အဖွဲ့အစည်းတွေ က လည်း စုံလို့ ။

“ ခင်ဗျား မျှောမယ့် ပစ္စည်း များရင် များသလို ပေး ရတာ ”

ဦးချက်ဆူ  အဲဒီ အကြောင်း ကို ဒေါ်ပု ကို ပြောပြ လိုက်တော့ ဒေါ်ပု က “ အိုတော် ... သူတို့ က ကြီးကြီးမားမားတွေ သာ စိတ်ဝင်စားတာ ၊ တော့် ဝါးကလေး မဖြစ်စလောက် တော့ အိပ်ပျက်ခံပြီး တောင်းနေမှာ မဟုတ်ပါဘူး ” တဲ့ ။

ဒေါ်ပု ပြောတော့လည်း ဟုတ်သလိုလို ရှိသားလို့ ဦးချက်ဆူ တွေး လိုက်ရင်း ဖောင် မျှောဖို့ စတင်တော့သည် ။

ခုဆို ဦးချက်ဆူ  ဖောင်မျှော လာတာ ခရီး တစ်ဝက် ကျိုးခဲ့ပြီ ။ တောင်ကျချောင်း ဆိုပေမဲ့ မိုးပြတ်ရက် ဆိုတော့ ရေစီး ညင်သာတယ် ။ ရှစ်တောင် လောက် ရှည်တဲ့ ထောက်ဝါး တစ်လုံး နဲ့ ဖောင် ကို ထိန်းလိုက်နေရုံပဲ ။ လင်း နေတဲ့ ကြယ်ရယ် ၊ တိုက် နေတဲ့ လေရယ် ၊ စီး နေတဲ့ ရေရယ် ဖောင်ကလေး မျှောလာနေပုံ က သာသာယာယာ ပဲ ။ ဝါးတစ်လုံး ကို တစ်ရာ နဲ့ တွက်ဦး ၊ ဝါး ငါးဆယ် ဆိုတော့ ငွေငါးထောင် ။ ဦးချက်ဆူ  မျက်လုံး ထဲ ပြုံးနေ တဲ့ အဘွားကြီး မျက်နှာ ကို မြင်ယောင် လာတယ် ။ ဒီ ငွေ ထဲ ကနေ အဘွားကြီး အတွက် ယောဂီထမီလေး တစ်ထည် ဝယ်ပေးရမယ် လို့ လည်း ဦးချက်ဆူ  စိတ်ကူး လိုက်တယ် ။

ကောင်းကင် မှာ ကြယ်တွေ က လှတုန်း ။ ထောက် ဝါး အသိမ်းအနုတ် လုပ်တဲ့ “ စွပ် .. စွပ် ” ဆိုတဲ့ ရေသံ က လွဲလို့ ပတ်ဝန်းကျင် က အငြိမ် ။ တစ်ချက် တစ်ချက် ထိုး ဟောင် လိုက်တဲ့ တောင်ပေါ် တဲကလေး ဆီ က ခွေး ဟောင်သံ က တော့ ည ရဲ့အဖော် ပေါ့ ။

“ ဟေ့ .... ရပ် ”

အော်လိုက်ရင်း မျက်နှာ ကို ဓာတ်မီး နဲ့ လှမ်း အထိုး ခံ လိုက်ရတော့ ဦးချက်ဆူ  ရုတ်တရက် လန့်သွားတယ် ။

“ ဘယ်သူလဲကွ ဖောင် မျှောလာတာ ”

အမှတ်တမဲ့ ဆိုတော့ ဦးချက်ဆူ ဘာ လုပ်လို့ ဘာ ကိုင်ရမှန်း မသိဘူး ။ လက် ထဲ က ထောက်ဝါး ကို ပဲ ကျစ်ကျစ်နေအောင် ဆုပ် ထားလိုက်တယ် ။

ဟိုဘက် က မေးနေတဲ့ အသံ ဟာ တစ်ယောက် တည်း မဟုတ်ဘူး ဆိုတာ ဦးချက်ဆူ  သိလိုက်တယ် ။ မတော် ... ဟို ... ကင်းအဖွဲ့တွေ များလား ။

“ ကျုပ် ပါ ...... ချက်ဆူ ပါ ”

"ဘယ်က ချက်ဆူ လဲ ၊ ဖောင် ကို ကမ်း ကပ်စမ်း ၊ အခု ကပ် ”

ကမ်းပေါ် က အသံ က ဒေါသသံ ပါလာတော့ ဦးချက်ဆူ ပို ကြောက် သွားတယ် ။ သူတို့ ပြောသလိုပဲ ဖောင် ကို မြန်နိုင်သမျှ မြန်အောင် ကပ် ပေးလိုက်တယ် ။ ကမ်းပေါ် က လူ က စုစုပေါင်း ဆယ်ယောက် လောက် ရှိတယ် ။ ယူနီဖောင်းတွေ လည်း ဝတ်လို့ ။

“ ဪ .. ”

ဦးချက်ဆူ  ကမ်းပေါ် ရောက်သွားတော့ မျက်နှာ ကို ဓာတ်မီး နဲ့ ထိုးကြည့်ပြီး “ ဪ ” လို့ တစ်ယောက် က ညည်းတယ် ။ ဖောင်သမား ဟာ လူအိုကြီး တစ်ယောက် ပါလား ဆိုတာကို သိလို့ ထွက်လာတဲ့ အသံမှန်း ဦးချက်ဆူ သိလိုက်တယ် ။

“ ခင်ဗျား တစ်ယောက်တည်း လား ”

“ ဟုတ်ကဲ့ ကျုပ် တစ်ယောက်တည်းပါ ”

ဦးချက်ဆူ ရဲ့ အသံ က ထစ် နေတဲ့ စီဒီပြား ကို အဝတ် စ နဲ့ ပွတ်ပြီး ပြန်ထည့် ဖွင့်ထားသလိုမျိုး ။ ဟိုဘက်က မေး နေတဲ့ အသံ ကတော့ အေးအေးဆေးဆေး ပဲ ။

“ သစ်တော ထွက် ပစ္စည်းတွေ ခိုးရင် ဘာဖြစ် သွားမယ် ဆိုတာ ခင်ဗျား မသိဘူးလား ”

“ သိပါတယ် ”

“ သိရဲ့သားနဲ့ ခိုးတာ ဥပဒေ ကို မကြောက်လို့ပေါ့ ဟုတ်လား ”

ဒီတစ်ခါ အမေးကိုတော့ ဦးချက်ဆူ မဖြေတော့ ဘူး ။ ဦးချက်ဆူ ဘယ် မကြောက်ဘဲ နေပါ့မလဲ ။ “ သူ များတွေ နတ်သုဒ္ဓါ ခိုးနေတဲ့ အချိန်အခါကြီး မှာ ကျုပ် ဝါး ခိုးရတာ ဝမ်းရေး အတွက်ပါဗျာ ” လို့ ဦးချက်ဆူ  မပြောဖြစ်ခဲ့ဘူး ။

“ ရော့ ဒီမှာ ခင်ဗျား ဖတ်ကြည့် ”

အဖွဲ့ခေါင်းဆောင် လို့ ထင်ရတဲ့ လူ က ဦးချက်ဆူ ကို ကဒ်ပြားလေး တစ်ခု ထိုး ပေးပြီး ဓာတ်မီး နဲ့ ထိုးပြ တယ် ။ ဦးချက်ဆူ လည်း မဖတ်တတ် ဖတ်တတ် နဲ့ ဖတ် ကြည့်လိုက်တယ် ။

ကျွန်း ၊ ပျဉ်းကတိုး စသည့် အဖိုးတန်ပစ္စည်းများ မှ အစ ဝါး ၊ သက်ငယ် ၊ အင်းဖက် အထိ ခိုးယူဖြုန်းတီး ပါ က တည်ဆဲဥပဒေ အရ ထိရောက်စွာ အရေးယူခြင်းခံ ရမည် ။

    ပုံ
    သစ်တောဦးစီးဌာန

“ တွေ့လား ”

ဦးချက်ဆူ  ဖတ်ပြီး သွားတော့ အဲဒီ လူ က ဦးချက်ဆူ ကို တွေ့လား ဆိုပြီး မေးတယ် ။ ဦးချက်ဆူ က တွေ့တယ် လည်း မဖြေဘူး ။ မတွေ့ဘူး လည်း မဖြေဘူး ။ ဦးချက်ဆူ က သူတို့ ရွာ ကို လွှစင် လာ ထောင်တဲ့ ပွဲစားတွေ ၊ သူတို့ ချောင်း ထဲ က သစ်ဖောင် မျှောတဲ့ လူတွေ ဟာ ဒီ အဖွဲ့ နဲ့ မတိုးအောင် ဘယ်လိုများ လှုပ်ရှားကြပါလိမ့်လို့ တွေးနေတယ် ။

“ ခင်ဗျား ကို သစ်တောထွက် ပစ္စည်း ခိုးမှုနဲ့ ဖမ်းလိုက်ပြီ ”

အဲဒီလို ပြောလိုက်တော့ ဦးချက်ဆူ ဒူးတွေ တုန် လာတယ် ။ မျက်လုံး ထဲ မှာ လည်း မအိပ်ဘဲ စောင့် နေမယ့် အဘွားကြီး ကို မြင်လာတယ် ။

အဲဒီ အချိန်မှာ ဒေါ်ပု က လည်း ဦးချက်ဆူ အကြောင်း ကို တွေး နေတယ် ။ အဘိုးကြီး ဝါး ရောင်းလို့ ရတဲ့ ငွေ နဲ့ ပုတီးလေး တစ်ကုံး လောက်တော့ ဝယ်ပေးရဦးမယ် လို့ ဒေါ်ပု က တွေးနေတယ် ။

▢ လူခါး

📖 Treasure Land မဂ္ဂဇင်း
     မေ ၊ ၂၀၁၄

#ကိုအောင်နိုင်ဦး

.