စာပေ နဲ့ ဂီတ စွမ်းနိုင်သမျှတွေကို တင်ပြနေမည် ။ မြန်မာစာပေ မြန်မာဂီတ မြန်မာစကား မဝေဝါးအောင် ကြိုးစား စွမ်းဆောင်နေပါမည် ။
Saturday, February 28, 2026
တို့များလည်း အားကျပါရဲ့
❝ တို့များလည်း အားကျပါရဲ့ ❞ ( မင်းမြင့်ဇင် )
၁ ။
လှမောင်နဲ့ ခင်ဆင့်တို့ ညားခါစတော့ မောင်တစ်ထမ်း မယ်တစ်ရွက်စစ်စစ်ပါပဲ ။ လှမောင်က သံဖြူပုံးဝိုင်းနှစ်ပုံးကို ရှေ့တစ်ပုံး နောက်တစ်ပုံး ဆိုင်းထမ်းနဲ့ လျှိုထမ်း ၊ ခင်ဆင့်က ငါးဂါလန်ဝင် ပလတ်စတစ်ပုံးကို ခေါင်းခု မပါဘဲ လျှာထိုးဦးထုပ်ပေါ်မှာ တင်ပြီးရွက်နဲ့ပေါ့ ။ သည်မြို့ကလေးမှာ စည်ပင်ရေလိုင်းရှိတယ် ဆိုပေမဲ့ မော်တာလောင်လို့ ရေမလာတာ ၊ ပန့်ပျက်လို့ ရေမလွှတ်နိုင်တာ ၊ လျှပ်စစ်ဓာတ်အားကြောင့် ရေမပေးနိုင်တာ အစရှိသည် အစရှိသည်တို့က နွေမိုးဆောင်း ရာသီစက်ဝန်းလို ဖြစ်နေတော့ လှမောင်နဲ့ ခင်ဆင့်တို့ လင်ကိုယ်မယားအဖို့ နှစ်ဝမ်းနှစ်ခါး မပူရပါဘူး ။ အပွားအစီး သားသမီးရယ်လို့လည်း ရှိသေးတာ မဟုတ်တော့လေ ။ စားသောက်ဆိုင်တစ်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင် နှစ်ဆိုင်ကို ပုံမှန် ပို့ပေးနေရတယ် ၊ မိတ်ပျက်မှာ စိုးလို့ ဘောက်ခေါ်တဲ့ အိမ်တွေကို အားနာပါးနာနဲ့ ငြင်းခဲ့ရတာများလှချည့် ။
“ ကိုဘအေးကြီး တို့လို ရေစည်လှည်းရှိရင် ကောင်းမှာနော် ”
ခပ်ညည်းညည်းကလေး ပြောလာတဲ့ ခင်ဆင့် ကို “ အေးပေါ့ကွာ ” ဆိုတဲ့ စကားသုံးလုံးနဲ့ပဲ လှမောင်က စကားတုံ့ပြန်ခဲ့ပါတယ် ။ တကယ်တော့ လှမောင် စိတ်ထဲမှာ ခင်ဆင့်ကို ပြန်ပြောစရာ စကားတွေ အများရှိတာပ ။
“ ရေစည်လှည်းတစ်စီး ရှိဖို့ဆိုတာက လွယ်တဲ့ကိစ္စ မဟုတ်ဘူးကွ ။ သိန်းကပ်မယ့် ကိစ္စကြီးဆိုတာ မင်း မသိဘူးလား ။ တွန်းလှည်း ထားဦးတော့ ပီပါတစ်လုံးတင် နှစ်သောင်းကျော်သတဲ့ ။ ငါတို့ ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲ ။ အဲလေ ၊ ကပ်နိုင်မှာလဲ ။ နင်လေ တော်တော် မသိသား ဆိုးဝါးတဲ့ မိန်းမပါလား ” စသည်ဖြင့် .. စသည်ဖြင့် ... ။
တကယ်တော့ ခင်ဆင့် လည်း သိမှာပါ ။ သူချင်ခြင်း တပ်တာကို သူပြောတာပဲလေ ၊ လွတ်လပ်စွာပြောပါစေ ဆိုတဲ့သဘောနဲ့ “ အေးပေါ့ကွာ ” နဲ့ စကားဖြတ်လိုက်တာပါ ။ ထောက်ခံလိုက်တယ်ပဲ ဆိုပါတော့ ။ သည်တော့လည်း ကိစ္စပြတ်သွားတာပေါ့နော် ။ ဒါပေမဲ့ ခင်ဆင့် ရဲ့ဆန္ဒပြု စကားကြောင့် လှမောင့် စိတ်ထဲမှာ နည်းနည်း လေးသွားတော့ အမှန်ပဲ ။ အဲသဟာကြောင့် ထင်ရဲ့ ။ ပခုံးပေါ်က ဝန်ကလည်း ပိုပြီးလေးလာသလိုလိုရှိတာနဲ့ ဘယ်ဘက် ကနေ ညာဘက် ပြောင်းပြီး ထမ်းလိုက်ရတယ် ။
နည်းနည်းတော့ ပေါ့သွားသလိုလို ထင်ရရဲ့ ။ ဒါပေမဲ့ ဒီဝန်ကတော့ ဒီဝန်ပါ ပဲ ။ ထမ်းထားရတဲ့ ဆိုင်းထမ်းကို ပြောပါတယ် ။
••••• ••••• •••••
၂ ။
“ ကိုလှတို့များ အိပ်ရာပေါ်ရောက်တာနဲ့ ခေါက်ခနဲပဲ ” လို့ ခင်ဆင့်က ပြောယူရတဲ့အထိ အိပ်ပျော်လွယ်တဲ့ အထုံပါရမီရှင် လှမောင် တစ်ယောက် အဲသည့် ညက တော်တော်နဲ့ အိပ်မပျော်ဘူး ။ ရေစည်လှည်းက ခေါင်းထဲ ရောက်နေတယ် ။ ရင်ဘတ်ပေါ် ဖြတ်နင်းလား နင်းရဲ့ ။
ဟူးခနဲ သက်ပြန်မှုတ်ထုတ်လိုက်ပြီး နဖူးပေါ်တင်ထားတဲ့ လက်ကိုရုပ် ၊ ပက်လက်ကနေ တစောင်းလှည့် လိုက်တော့ ပိုးစုန်းကြူးကလေး နှစ်ကောင်ကို လှမောင် တွေ့ရတယ် ။ အစွပ်မပါတဲ့ ခေါင်း အုံးညစ်ထေးထေး မာတောက်တောက်ကလေးပေါ်မှာ လက်ဝါးကို ဖြန့်ခင်းပြီး ပါးတင်ထားတဲ့ ခင်ဆင့် ရဲ့ မျက်နှာက တစ်ထွာလောက် အကွာမှာ မျက်လုံး ဖွင့်လျက်သား ။ လမ်းတစ်ဖက် မျက်စောင်း ထိုးမှာ ရှိတဲ့ ဗီဒီယိုရုံ ဆိုင်းဘုတ်မီးရောင်ဟာ ကျီးယက် နဲ့ ကဲလားထောက် တံခါးကြားက ဝင်နေလေတော့ ပိုးစုန်းကြူးလေးနှစ်ကောင် ဖြစ်နေတာပေါ့ ။
“ ကိုလှ အိပ်မပျော်သေး ဘူးလား ” လို့ ခင်ဆင့်က မေးတော့ “ အေး ” လို့ အဖြေပေးလိုက်ပြီး “ နင်ရော ” လို့ တန်ပြန် မေးခွန်းဆင့်လိုက်တယ် ။
“ ကျုပ် စဉ်းစားနေတာတော့ ၊ ဟိုဒင်းလေ .. ”
ခင်ဆင့် စကားအဆုံးမသတ်ဘဲ ဝါကျပြတ် ဖြစ်သွားတယ် ။
“ နင့် ဟိုဒင်းဆိုတာကြီးက ဘာလဲဟ ” လို့ ပြုံးဖြီးဖြီး မေးရင်း လှမောင့်လက် က ခင်ဆင့် ပခုံးပေါ် တင်ဖက်ကလေး ဖက်လိုက်တယ် ။
“ နေစမ်းပါဦးတော် ၊ ကျုပ်က အကောင်းပြောမလို့ ” ဆိုပြီး ပုတ်ချလိုက်တာနဲ့ လှမောင့်လက်က ပခုံးပေါ်က ပြုတ်ကျပြီး ခါးကျဉ်ကျဉ်ကလေးပေါ် ရောက်သွားတယ် ။ အလုပ်ရှုပ်ခံပြီး ဖယ်မနေတော့ဘဲ ခင်ဆင့် က -
“ ကျုပ်တို့ ကွက်သစ် ၃ လမ်းက ဘကြီးစိန်သော်လေ ။ သူ့သား ကိုတင်ဟန် သေသွားတော့ သူ့ညီ ဘုန်းကြီးက တစ်ယောက်တည်း မနေနဲ့ဆိုပြီး ခေါ်ထားလို့ တိုက်သစ်ကျောင်း မှာပဲ ကပ္ပိယ လုပ်ရင်း ပြောင်းနေသတဲ့ ။ သူ့အိမ်ကလေးကို တောင်မှ နေမယ့်လူ ရှိရင် အငှားတင်မလို့ ဆိုပဲ ”
“ အဲဒီတော့ ... ”
လှမောင်က စိတ်မပါ့တပါ ထောက်ပေးလိုက်တယ် ။
“ အဲဒီတော့ ကိုတင်ဟန် တွန်းခဲ့တဲ့ ရေစည်လှည်းကလေးကို ဘကြီးစိန်သော် မသုံးတဲ့အတူတူ ကျုပ်တို့ ငှားပါလို့ သွားပြောရရင် ကောင်းမလားလို့ ”
ခင်ဆင့် စကားလည်း ဆုံးရော လှမောင်တစ်ယောက ငေါက်ခနဲ ထထိုင်ပြီး “ ရွေ့ ဟုတ်ပဟေ့ ” လို့ ဥဒါန်းကျူး လိုက်တော့တယ် ။
“ တကယ်ပဲ ခင်ဆင့် ရယ် ။ ငါ အဲဒါကို မတွေးမိဘူး ။ နင်တော်တော် တော်တဲ့ မိန်းမပဲဟာ ၊ ဒါကြောင့် ချစ်ရတာ ” လို့ ပြောရင်း ပက်ခနဲ လှဲချလိုက်ပြီး ခင်ဆင့်ကိုယ် လုံးကျစ်ကျစ်ကလေးကို တအားညှစ်လိုက်တယ် ။
“ အိုတော် ... ကိုလှကလဲ ... ”
••••• ••••• •••••
၃ ။
အချိုရည်နှစ်ဘူး ၊ လက်ဖက်ခြောက်တစ်ဆယ်သားထုပ်ကလေး တစ်ထုပ် ၊ သုခိတာဆေးလိပ် ငါးဆယ်စည်း တစ်စည်းနဲ့ တိုက်သစ်ကျောင်း ရောက်လာခဲ့တော့ အခန့်သင့် ပါပဲ ။ ဘကြီးစိန်သော် က ဆွမ်းစားကျောင်းရေစင်မှာ သပိတ် ၊ ချိုင့်နဲ့ ဆွမ်းဟင်းခွက်တွေ ဆေးကြောပြီးလို့ တိုင်မှာ တွဲလောင်းဆွဲချထားတဲ့ သင်္ကန်းစုတ်နဲ့ လက်သုတ်နေချိန် ဖြစ်ပါတယ် ။
“ လှမောင်တို့ပါလား ကွ ၊ ခင်ဆင့် လည်း ပါသကိုး ၊ လာလာ အပေါ်တက်ခဲ့ကြ ”
ဘကြီးစိန်သော် က ခေါ်တာနဲ့ ကျောင်းကလေးပေါ် တက်ခဲ့ကြတော့ “ မလာစဖူး ရောက်လာကြတာ ကိစ္စက ” လို့ မေးပါတယ် ။
ခင်ဆင့်က ကြိမ်လက် ဆွဲခြင်းကလေးထဲမှာ ပါလာတဲ့ ပစ္စည်းလေးတွေထုတ်ပြီး “ အချိုရည်ဘူးက ဘုန်းဘုန်း ကပ်ဖို့ ၊ လက်ဖက်ခြောက်က ဥပုသ်သည်တွေ ဧည့်ခံဖို့ ၊ ဟောဒါက ဘကြီးစိန်သော် သောက်ဖို့ ” လို့ ပြောပြီး အဘိုးကြီးလက်ထဲ အပ်ပါတယ် ။
“ ကိုကြီးတင်ဟန် ဆုံးတာ လေးလလောက်ရှိသွား ပြီနော် ” လို့ လှမောင်က မေးလိုက်တော့ ဦးစိန်သော် မျက်လုံးတွေ ငေးရီမှေးစင်း သွားပြီး -
“ သန်ဘက်ခါ ဆိုရင် ငါးလ တင်းတင်းပြည့်တော့မယ် ” လို့ ပြောရင်း တစ်ဖက်ကို မျက်နှာလွှဲသွားပါတယ် ။
“ ဘကြီး အခုလို ကျောင်းမှာ နေတာ ကောင်းပါတယ် ။ စားရေးသောက်ရေးလည်း မကြောင့်ကြရဘူး ။ နို့မို့ဆို အိမ်မှာတစ်ယောက်တည်း ငေါင်းစင်းစင်းနဲ့ ဒုက္ခများနေမှာ ။ ဒါ့ထက် ဘကြီး အိမ်ကလေး လူငှားတင်ဖို့ ရပလား ” လို့ ခင်ဆင့် က မေးတော့ ဦးစိန်သော် က -
“ ကုမ္ပဏီက ဆိုလား ၊ အထပ်သားစက်ရုံက ဆိုလား ၊ သူငယ်နှစ်ယောက်တော့ လာ ကြည့်ကြတယ် ။ ဒါပေမဲ့ မီး မရှိလို့ မနေဖြစ်ကြသေးဘူး ။ ပွင့်ကောက်ဆွဲလို့ ရ ၊ မရ စုံစမ်းကြည့်ဦးမယ်လို့ ပြောသွားကြတာပဲ ” လို့ ဖြေပါတယ် ။
“ အင်းပေါ့လေ ။ သူတို့က တီဗွီတို့ ၊ အောက်စက်တို့ ဖွင့်ချင်ကြမှာဆိုတော့ မီးရှိမှ အဆင်ပြေမယ်ထင်တယ် ဘကြီးရဲ့ ဒီခေတ်မှာက ... ”
လှမောင်ကို ခင်ဆင့် မျက်စောင်းတစ်ချက်ထိုးလိုက်တော့ စကားစပြတ်သွားတယ် ။ ဟုတ်တယ်လေ ၊ ဇာတ်တိုက်ထားတဲ့ စကားလမ်းကြောင်းက သွေဖည် သွားတာကိုး ။ သည်မှာတင် ခင်ဆင့် ကပဲ လမ်းကြောင်း တည့်သွားအောင်လို့ -
“ ဒါနဲ့ ၊ ကိုကြီးတင်ဟန် ရဲ့ ရေစည်လှည်းကလေးရော ရောင်းလိုက်ပြီလား ။ ဘကြီးလည်း သုံးနိုင်တာ မဟုတ်လို့လေ ”
“ မရောင်းရက်ပါဘူး ခင်ဆင့်ရယ် ။ နင့် အစ်ကိုက သူ့လှည်းကလေးကို သိပ်ခင်တွယ်တာကလား ။ ဘကြီး မသုံးတော့လည်း အိမ်နောက်ဖေးက အဖီဆွဲကလေးမှာ ထိုးထား အဲ သိမ်းထားတာပေါ့ဟယ် ”
“ ဟုတ်တာပေါ့လေ ” လှမောင်က ထောက်ခံစကား ပြောပြီး ဘာဆက်လို့ ဆက်ရမှန်း မသိတာနဲ့ စကားစပြတ်သွားပြန်တယ် ။ ဒီတော့ ခင့်ဆင့် ကပဲ -
“ ဒီလို လုပ်ပါလား ဘကြီး ၊ ကျွန်မတို့ ကိုကြီးတင်ဟန့်လှည်းကလေးကို တွန်းမယ်လေ ။ ရပ်ထားလို့ သံချေးတက်မယ့် အတူတူ ကျွန်မတို့ သုံးပါရစေလား ။ တစ်နေ့ချင်းအလိုက် ဘကြီးကို ကန်တော့ပါမယ် ။ ဘကြီး သင့်သလို ယူပါနော် ။ ကိုကြီး တင်ဟန်ကလည်း သူ့လှည်းကလေး လှိမ့်နေရင် သဘောကျမှာပါ ။ ပြီးတော့ ဘကြီးမှာ ဆေးဖိုး ၊ ကွမ်းဖိုးနဲ့ လှူဖို့ တန်းဖို့ ၊ သူ့လှည်းကလေးက ဝင်ငွေထောက်ပံ့နေတာကို ကိုကြီးတင်ဟန်က ဝမ်းသာနေမှာပါနော့ ဘကြီး ”
ခင်ဆင့်က စကားပြော နပ်တယ် ။ ဘကြီးစိန်သော် အလွန်ချစ်တဲ့ ၊ အလွန်အားကိုးတဲ့ တစ်ဦးတည်းသောသား ကိုတင်ဟန်ကို ညွှန်းညွှန်းပြီး ရွှန်းရွှန်းဝေအောင် မွမ်းလိုက်တာ ဘာပြောကောင်းမလဲ ။ ဘကြီးစိန်သော် အရည်ပျော် သွားတော့တာပါပဲ ။
••••• ••••• •••••
၄ ။
အခုတော့ မောင်တစ်ထမ်း ၊ မယ်တစ်ရွက် မဟုတ်ချေတော့ဘူး ။ မောင် မောင်လည်း တွန်း ၊ မယ်လည်း တွန်း ။ တွန်းတူပြိုင် မောင်နှံ နှစ်သွယ် ဖြစ်တော့ပြီ ။ လှမောင်က အားထည့်တွန်း ခင်ဆင့် က စကားတတွတ် တွတ်နဲ့ မှေးပြီးတွန်း ၊ ညနေတိုင်လို့ အလုပ်သိမ်းပြီဆိုရင်း ရလာတဲ့ ငွေစက္ကူတွေထဲက တိပ်ကပ်ထားတာ ဖာထေးထားတာ အနည်းဆုံး ၊ အလတ်ဆုံး နှစ်ရာတန် သန့်သန့်တစ်ရွက် ရွေးပြီး ဘကြီး စိန်သော် လက်ထဲထည့် ၊ သာဓု ခေါ်သံ နာယူ ၊ မီးလင်းဖို တင်းကုပ်နားမှာ ရေစည်လှည်းကလေး ထားခဲ့ ။ မနက်လင်းတော့ သွားယူနဲ့ အိုကေမှာ စိုပြည်တယ်ဆိုပါစို့ ။ အောင်မယ်တစ်ခါတစ်ရံများ ဘကြီးစိန်သော် ကျွေးတဲ့ အရုဏ် ဆွမ်းကျန်များတောင် စားခဲ့ရသေးသပ ။
တစ်ခုပဲ ပြောစရာ ရှိပါတယ် ။ လမ်းကိစ္စ ။ ဟုတ်တယ် ။ ကိုယ်က သူတို့လမ်းကို ကပ်မြှောင်ပြီး သုံးရတာဆိုတော့ လမ်းပိုင်ရှင်များကို ကြောက်ရွံ့ရိုသေရ ၊ အလေး ဂရုပြုရ ၊ ရိုကျိုးသမှုပြုရတဲ့ ကိစ္စပါပဲ ။ ကားလမ်းလေ ၊ သည်တော့ ဝေါခနဲ ၊ ဝီးခနဲ ပွတ်ကပ်ဖြတ်ကျော်သွားကြတဲ့ ကြီးကြီးငယ်ငယ် ၊ ရွယ်ရွယ်လတ်လတ် မှန်သမျှ ဂါရဝထားရတယ် ။ တဖုန်းဖုန်း ၊ တဗြဲဗြဲ အသံပေးပြီး လှစ်ခနဲ ရိပ်ခနဲ ဒုန်းစိုင်းသွားကြတဲ့ ကိုယ်တော်လေးများကိုလည်း ရိုသေရတယ် ။ ရေစည်ပီပါက လွဲရင် တာယာ ဘီးတပ်ယာဉ်ပေါ်မှာ ပါသူ မှန်သမျှ ရေးကြီးသုတ်ပျာချည်းပါပဲလားလို့တောင် လှမောင် တွေးမိပါရဲ့ ။
အန္တရာယ်ကင်းအောင် ဘေးရှင်းအောင် ကျီးကြည့် ကြောင်ကြည့်နဲ့ဘေးဘယ်ညာကို မျက်လုံးကစားရတော့ အခြားအခြားသော မြင်ကွင်း များက မကြည့်ချင်မြင်လျက်သားလေ ။ သည်ညနေ နောက်ဆုံးတစ်ခေါက်တွန်း လာခဲ့တော့ ဆေးရုံကွေ့ကုန်း အတက်မှာ ကားဖြူကလေး တစ်စီး ကျော်သွားတယ် ။ ထွားထွားခံ့ခံ့ လူကြီးက မောင်းလို့ ၊ သူ့ဘေးမှာ မတိမ်းမယိမ်းအရွယ် ဖြူဖြူသန့်သန့် အမျိုးသမီးကြီးက စကားတပြောပြောနဲ့ ။ မကြာ ပါဘူး ။ ကုန်းထိပ်ရောက်လုလုမှာ တရုတ်ဆိုင်ကယ်တစ်စီး ဝှီးခနဲ တက်သွားပြန်ရော ။ ခုံရှည်နောက်ပိုင်းမှာ တင်ပါးလွှဲထိုင်ပြီး လိုက်ပါလာတဲ့ လုံမလေး မောင်းနေသူရဲ့ ကျောပြင်ကို ရင်အပ်ပြီး ခါးကို ခပ်ကျပ်ကျပ်ကလေး ဖက်ထားပါတယ် ။ ကြောက်ရှာတယ် ထင်ပါ့ ။
ဝင်းသူဇာဆိုင် ရှေ့ အရောက်မှာ ပါဂျဲရိုးဆိုလား ကားတစ်စီးက ဟွန်းတစ် ချက် ပေးပြီး ဘေးက ဖြတ်သွားတယ် ။ နီညိုရောင်လား ၊ ဘာရောင်လဲ မသိတဲ့ မှန်တွေ တင်ထားတာမို့ ကားထဲ လူတွေကို မမြင်ရလေဘူး ။ ဆက်တိုက် ဆိုသလိုပဲ တော်တော်ကို လှတဲ့ ကားလေးတစ်စီး ကျော်သွားပြန်တယ် ။ လှမောင်တို့ အရွယ် အသက် သုံးဆယ်လောက် လူက မောင်းလို့ ဘေးမှာ ခင်ဆင့် လောက် မရှိတတ်သေးတဲ့ မိန်းမချောကလေး ။ မောင်းသူက ခွေကို လက်တစ်ဖက်နဲ့ ကိုင်ထိန်းပြီး တစ်ဖက်ကတော့ ခပ်ယို့ယိုကလေး မှီနွဲ့နေတဲ့ ကောင်မလေးကို ဖက်ထားလေရဲ့ ။
ဟော နောက်တစ်စီး ဒါက ဟွန်ဒါပဲ ။ ကယ်ရီယာ ပေါ်မှာ ထိုင်ပြီးလိုက်လာသူက ထဘီစိမ်းလေးဝတ်ထားတယ်ဆိုတော့ ကျောင်းဆရာမ လေးလား ၊ ဘဏ်ကလား တစ်ခုခုပဲ ။ သူက ခါးမတ်မတ်ထားပြီး လက်ဆွဲခြင်းကလေးကို ရင်မှာပွေ့ထားရင်း လက်တစ်ဖက်နဲ့ ရှေ့က ပခုံးကို ကိုင်ထားတယ် ။
ရေ ပို့ရမယ့် လက်ဖက်ရည်ဆိုင်နား ရောက်လုလုမှာ ဆိုင်ကယ်တစ်စီးဝေါခနဲ ကျော်တက်သွားလိုက်တာ လေရှိန်များတောင် ဟပ်သွား ခဲ့ ။ ဒီတီပဲ ။ ကြွားကြွားရွားရွားနဲ့ မြင့်မြင့်ကြီး ။ ကောက်ညှင်းဆိုင်း စည်းထားသလို ကျပ်ထုပ်နေတဲ့ ဂျင်းဘောင်းဘီနဲ့ ဆံပင်နီနီဆယ်ကျော် သက်ကောင်မလေးက ရှေ့က ကောင်လေးရဲ့ ချိုင်းအောက်ကနေ လက်ယှက်သိုင်းပြီး ရင်ဘတ်ကို ဖက်ထားလေရဲ့ ။
“ လွန် လွန်လွန်းတယ်တော် ” တဲ့ ။ ခင်ဆင့်ရဲ့ မအော့မလည် အသံနဲ့ မှတ်ချက်စကား မြားတစ်စင်းလို ထွက်လာတယ် ။ အရှိန်များတဲ့ ဆိုင် ကယ်ကိုလား ၊ ဖုထစ်လုံးကျစ် ကလေးမကိုလား ၊ ဆိုင်ကယ်နောက် ကပ် ပါသွားတဲ့ လှမောင် မျက်စိကိုလား မသိနိုင်ပါဘူး ။ လှမောင် ကတော့ ဇက်ပုသွားတယ် ။
••••• ••••• •••••
၅ ။
ရေစည်လှည်းအပ်ဖို့ ဘကြီးစိန်သော် ရှိရာ တိုက်သစ်ကျောင်းကိုအသွား အဝင် လမ်းခွဲကလေး ရောက်တော့ လမ်းထောင့်ဆုံ ဓာတ်တိုင်က မီးလုံးကလေးတောင် မှ ခရမ်းချည်သီးမှည့်တစ်လုံးလို နီနီကြင်ကြင်နဲ့ အသက်ဝင်နေတော့ပြီ ။ မင်းကုသ ကတ္တရာလမ်းက ဖဲကြဉ်ပြီး ကျောင်း တိုက်မုခ်ဦးဆီ ဦးတည်နေတဲ့ ဖြောင့်ဖြောင့်တန်းတန်း မြေနီလမ်းကလေးက ကျင်းမရှိ ၊ ချိုင့်မရှိ သိပ်သည်းမာကျောတာကြောင့် တစ်နေကုန် လှိမ့်ခဲ့သမျှ လမ်းတွေထဲမှာ စိတ် အချမ်းသာဆုံးလမ်း ဖြစ်ပါတယ် ။
ကိုယ့်အတွေးနဲ့ ကိုယ် စကား မဆိုမိကြဘဲ တွန်းလာခဲ့ကြရာက ကျောင်းလမ်းကလေးထဲ ချိုးကွေ့ပြီးဝင်ခဲ့လို့ နှစ်လိမ့်သုံးလိမ့် အရှိမှာ လှမောင်က လှည်းလက်တံတန်းကို ဆွဲပြီး တုံ့ခနဲ ရပ်လိုက်တယ် ။ ပြီးတော့ ပုဆိုးကို တိုတို ပြင်ဝတ်ပြီး -
“ ခင်ဆင့် လှည်းပေါ် တက် ” လို့ ပြောလိုက်တယ် ။
“ ဘာတော့် ကိုလှ ဘာ ပြောလိုက်တယ် ” လို့ နားမလည်နိုင်တဲ့ အသံနဲ့ ပြန် မေးပေမဲ့ လှမောင် က ဘာမပြော ညာမပြော ဖြုန်းဆို ခါးက ပွေ့မြှောက်ပြီး ရေစည်လှည်း ဘေးက တန်းပေါ် တင်လိုက်တယ် ။ ခင်ဆင့် လည်း ပီပါပေါ် ကိုယ်တစ်ခြမ်း ရောက်သွားပြီး ဘေးက တန်းပေါ်မှာ တင်ပါးလွှဲ ထိုင်သလို ဖြစ်သွားတဲ့အခါ လှမောင်က “ ကိုင်ထားနော် ၊ မကျစေနဲ့ ” လို့ ပြောပြီး လှည်း ကို အားသွန်လို့ တွန်းလေတော့တယ် ။
ခင်ဆင့် က ကြောင်စီစီကလေး ရေပုံးချိတ်တဲ့ တိုင်ငုတ်ကို ကိုင်လို့ ။ လှမောင် က ပြေးရင်းလွှားရင် ကပေါက်တိကပေါက်ချာ သီချင်း ဆိုလို့ ။
ဘီးကလေးကို တွန်း ××× ဘီးကလေးကို တွန်း ××× မောတော့ မောတာပေါ့ ××× ဒါပေမဲ့ ××× မမောဘူး ×××
▢ မင်းမြင့်ဇင်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဩဂုတ် ၂၀၁၃
Monday, August 11, 2025
ကျမ်းအဆူဆူ စူးရစေရဲ့
❝ ကျမ်းအဆူဆူ စူးရစေရဲ့ ❞
( မင်းမြင့်ဇင် )
“ ကန်တော့နော် ဆရာကြီး ဒီ လွှာချင်းစောင်ကလေး လွှမ်းလိုက်မယ်နော် ။ ဟုတ်ကဲ့ ရင်ဘတ် အထိပဲ ဆွဲတင်ထား ... ”
“ ........ ”
“ နင်းမှာ မဟုတ်ပါဘူး ဆရာကြီး အကြောဖြေပေးမှာပါ ။ ဟုတ်ကဲ့ ဖဝါးနဲ့ ဖမိုးက စကိုင်မယ်ခင်ဗျ ။ ခြေထောက် နည်းနည်း ချဲလိုက်ပါ ။ ဟုတ်ကဲ့ ဆရာကြီး အဲဒီအတိုင်းပဲ နေပါ ၊ ပထဝီကြောက အဓိကခင်ဗျ ၊ ဟောဒီ ခြေဖဝါး အလယ်ခွက် ကနေ စ ဖွင့်ထားမှ အထက်ကို ကိုင်တဲ့အခါ အခိုး အောက် လျှောက်ပြီး ထွက်နိုင်တယ် လို့ ကျုပ်ဆရာက သေသေချာချာ သင်ထားတာ ။ စပြီနော် ။ လျှော့ထားခင်ဗျ ၊ စိတ်ရော လူကိုယ်ရော လျှော့ထား ၊ သက်သောင့်သက်သာ နေပါ ဆရာကြီး ”
“ ဆရာကြီးတို့က ရန်ကုန်ကြီးများ ကတောင် တစ်ညလုံး ကားစီးလာရ ၊ မြို့ က တစ်ဆင့်လည်း ကျုပ်တို့ ခပေါင်းကိုင်းကြီး အထိ ဆိုင်ကယ်စီးပြီး လိုက်ခဲ့ရ ဆိုတော့ ပင်ပန်းတာပေါ့ ခင်ဗျာ ။ ကား စီးရလို့ ပေါင်ကြောနဲ့ ခြေသလုံးကြော ညောင်း ၊ ဆိုင်ကယ် နောက်က ခွပြီး လိုက်ခဲ့ရတော့ ခါးနဲ့ကျော တောင့် ၊ နှစ်ရပ်ပေါင်း ဆိုတော့ ... ”
“ ......... ”
“ အဲ ကန်တော့ ကန်တော့ ၊ ဒီခြေမျက်စိခွက်က အကြောစုံ ထုံကြော ဆိုတော့ ၊ ဒါကြောင့် နည်းနည်းကျဉ် သွားတာပါ ။ မနာစေရပါဘူး ဆရာကြီး စိတ်ချ ။ ကျုပ်က လက်ဆ ကောင်းပါတယ် ။ ဆရာကြီးတို့ ဟောပြောပွဲ စီစဉ်ပေးတဲ့ ဆရာတော်ဘုရားကြီး ဆိုရင် ကျုပ်က ဥပုသ် သီတင်းနေ့တိုင်း ခြေဆုပ်လက်နယ် ဝတ်ပြုနေကျ ခင်ဗျာ ”
“ ......... ”
“ ဟုတ်ကဲ့ ၊ နားထောင်တာပေါ့ ခင်ဗျာ ။ နေ့လယ်က ဆရာကြီးတို့ ဟောသွားလိုက်တာများ အနှစ်အသားပါလှ ချည့်ဗျာ ။ ကျုပ်ဖြင့် ပြီးသွား မှာကို သမြော နေတော့တာ ။ ရှေ့ဆုံးက ထွက်တဲ့ ဆရာက လည်း သီချင်းကလေး ဆိုဆိုပြီး ပြောနေတဲ့ အကြောင်းနဲ့ သီချင်းကို ဟပ်ဟပ် သွားတော့ ကောင်းလိုက်သမှ ဆရာကြီးရယ် ။ အသံလည်း ကောင်း ၊ အဆိုကလည်း ကျပါ့ ။ ဒါပေမဲ့ အစအဆုံး မဟုတ်တော့ ဖပ်တငံ့ငံ့ရယ် ။ ဆရာ ကြီး ဟောသွားတာ ကလည်း ကောင်းလိုက်သမှ ၊ လွှတ်အဖိုး တန်တာပဲ ။ ဘာတဲ့ ၊ ဆရာကြီး ပြောတာ အမိနို့ဖိုး ဆိုတာ အဖိုးအခ ပြောတာ မဟုတ်ဘူး ။ အမိမေတ္တာရဲ့ တန်ဖိုးကို ပြောတာဆိုတဲ့ စကားက ကျုပ် နားထဲကို စွဲသွားတာပဲခင်ဗျာ ”
“ အဲ နည်းနည်းကလေး ကွေးလိုက် ဆရာကြီး ၊ ဟုတ်ပြီ ဟုတ်ပြီ ။ ဒီလောက်ဆို ရပြီ ။ ဒီလိုမှ တံကောက်ကြောကို ထိထိမိမိ ကိုင်လို့ ရတာခင်ဗျ ။ ဟောဒီ ခြေသလုံးမယ် တရိုး ဘေးနား ကပ်မြှောင်နေတဲ့ အကြောက ဒူလာကြောဆရာရဲ့ ။ ယောက်ျားသားတွေ အတွက် အဓိက အကြောပေါ့ ။ တံကောက်ကြောတွေနဲ့ တစ်ပြိုင်တည်း ဖြေမှ စနစ်ကျတာလို့ ကျုပ်ဆရာက ပြောထားတယ် ။ အဲ ခုနစကား ဘယ်ရောက် သွားပါလိမ့် ။ ဩ ... နို့ဖိုးကိစ္စ ”
“ ဆရာကြီးပြောမှ နို့ ရည်ဆိုတာ မိခင်သွေးက ဖြစ်တာ ။ မိခင်မေတ္တာကြောင့် နီတဲ့ ၊ ညှီတဲ့သွေးက ဖြူဖွေး မွှေးကြိုင်လာတာလို့ သိရတော့ အမေ့ကျေးဇူးက ပိုပြီး ပေါ်လာတယ်ခင်ဗျ ။ အဲဒီ နို့အကြောင်း ဆရာ ပြောတော့လေ ၊ ကျုပ် ကိုယ်တွေ့နဲ့ ဒက်ထိကြီးကို တိုက်ဆိုင်ပြီး ကျုပ် မျက်စိထဲမှာ ဆရာကတော်ရဲ့ အဖြစ်ကို ပြေးပြီး မြင်ယောင်လာတော့ တယ် ခင် ဗျ ။ တကယ်ပါပဲ ဆရာကြီးရယ် ။ အခု ရှေ့မှာတင် လတ်လတ်ဆတ်ဆတ်ကြီး ကွက်ကွက်ကွင်းကွင်းကြီးကို မြင်မိတာ ခင်ဗျ ”
“ .......... ”
“ ဟုတ်ပါတယ် ဆရာကြီး ၊ ကျုပ် ကိုယ်တွေ့နဲ့ တိုက်ဆိုင်တယ် ဆိုတာက ၊ အင်း တော်တော် ထူးဆန်းတော့ လက်ငင်းမျက်မြင် မဟုတ်တဲ့ သူတွေက ယုံကြမှာ မှုတ်ဘူး ခင်ဗျ ။ ဆရာကြီးကို ပြောရင် လည်း ယုံချင်မှ ယုံမယ် ”
“ .......... ”
“ သြ ဟုတ်ကဲ့ ၊ နားထောင်ချင်သပ ဆိုလည်း ပြောပါမယ် ဆရာကြီး ။ ကျုပ်ကို ဒီ အကြောကိုင် အနှိပ်ပညာ သင်ပေးတဲ့ ဆရာက ဦးစိန်ခို တဲ့ ။ မန္တလေးမှာ ရဟန်းသုံးဝါရအောင် စာလိုက်ခဲ့ပြီး အကြီးတန်းအောင်လို့ ဓမ္မာစရိယတန်း တက်မယ့် ဆဲဆဲသားမှ သူ့ခမည်းတော်ကြီး ဆုံးသွားတော့ မအေ မုဆိုးမနဲ့ လူလား မမြောက်သေးတဲ့ နှမငယ်လေးရယ် မိန်းမသား နှစ်ယောက်တည်း ဆိုတော့ ဗျာများ နေလိမ့်မယ် ဆိုပြီး လူထွက် လာခဲ့တာပါ ။ ဆေးဝါးလည်း ဝါသနာပါလို့ မန္တလေးမှာ လိုက်စားခဲ့သ , ဆိုပဲ ။ ပြန်လာတော့ ဆေး ကျမ်းစာအုပ်တွေလည်း ပါ လာသ , ခင်ဗျ ”
“ .......... ”
“ မဟုတ်ဘူးဗျ ၊ ဆေးကုစားတာ မှုတ်ပါဘူး ။ တောလုပ် တောကိုင်ပေါ့ ဆရာကြီးရယ် ။ ကျုပ်တို့ ရွာက ဖျာ ၊ နှီး သက်ငယ် ၊ တောင်း ၊ ပလုံး အစလုပ်ကြတဲ့ ရွာဆိုတော့ ဆရာလည်း အဲသဟာပဲပေါ့ ။ ကျုပ်ဆရာက တောင်းရက်ပညာ လွှတ်တော်တာ ။ တင်းတောင်း ၊ ခွဲတောင်း ၊ စိတ်တောင်း ၊ ပြည်တောင်း များဆို စံကိုက်ခင်ဗျ ။ သမာဓိ နဲ့ ချင့်ကြည့်ဦး ။ တစ်စွန်းတစ် လက်ခုပ် မကွာစေရဘူး ။ တတ်တဲ့ ဗိန္ဒောပညာနဲ့လည်း စောင့်ရှောက်ပါတယ် ။ ဆရာ က လူပြန်တော်လည်း ဖြစ် ကာလသားဓလေ့နဲ့လည်း ကင်းလေတော့ အလွန် ဆေး လိုက်တယ်ခင်ဗျ ။ တောင်ပေါ်က သစ်တောရွာကလေး တွေနဲ့ ကျုပ်တို့ ခပေါင်းကိုင်းကြီး ရွာနီး ချုပ်စပ်အားလုံး သူ့ကိုပဲ အားကိုးကြရတာ ”
“ .......... ”
“ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ။ အဲဒီဆရာကတော် အကြောင်း ပြောမှာပါ ။ ဆရာက အသက် လေးဆယ်ကျော်တဲ့ အထိ အဲ သူ့နှမလေး အိမ်ထောင်ခွဲ သွားပြီး မယ်တော်ကြီး ဆုံးသွားတဲ့ အထိ လူပျိုကြီးခင်ဗျ ”
“ ကန်တော့ ကန်တော့ ဆရာကြီး ၊ ဟိုဘက်ခြေ ထောက်ကို ကိုင်မှာ ဆိုတော့ ကျော်သွားလိုက်မယ်နော် ။ အခု ကိုင်ထားတဲ့ ခြေထောက် ကို ကွေးထားချင်လည်း ရပါ တယ် ။ အကြောဖြေ ထားတာ ဆိုတော့ တရှိန်းရှိန်းနဲ့ အပူ ထွက်နေပါလိမ့်မယ် ။ အဲ ခုနင်က စကား ဘယ်နေရာ ပြတ်သွားပါလိမ့် ။ ဩ ဩ ကျုပ်ဆရာ မိန်းမရတဲ့ နေရာ ”
“ ကျုပ်ဆရာက လေးဆယ်ကျော်မှ လူပျိုကြီးဝဋ် ကျွတ်သွားတာဆို ၊ အကြော့ ကလည်း အပျိုကြီး ခင်ဗျ ။ ဆရာ့ထက် လေးနှစ်လောက် ငယ်သ , ဆိုတော့ လေးဆယ် မဲ့မဲ့ပေါ့ ”
“ .......... ”
“ ဟုတ်ကဲ့ ၊ နာမည်ရင်း က မလှကြော့တဲ့ ။ ဒါပေမဲ့ တစ်ရွာလုံးက အကြော့ပဲ ခေါ်ကြတယ် ။ သဘောကောင်း ၊ မနောကောင်းမို့ တစ်ရွာလုံးက ချစ်ခင်ကြလို့ အကြော့ ဖြစ်နေတာပါ ။ အဲ ဘယ်ရောက်သွားပါလိမ့် ”
“ .......... ”
“ ဩဩ ဟုတ်ပြီ ။ အကြော့က လေးဆယ်နား ကပ်လာတော့ သွေးဆုံးကိုင် သလိုလို ၊ မိန်းမရောဂါပေါ့ ဆရာကြီးရယ် ။ မမာမချာ ဖြစ်ပါလေရော ။ ကျုပ်ဆရာက ဆေးကုပေး ၊ နောက် ရောဂါ ပျောက် ။ အဲဒီနောက် မကြာတင်မှာ ယူဖြစ်ကြတာ ခင်ဗျ ။ ဖူးစာပေါ့ ဆရာကြီးရယ် ။ ကျုပ်တို့ တစ်ရွာလုံး ကလည်း ဝမ်းသာကြတယ် ။ လူပျိုကြီးလည်း ကံကောင်း ၊ အပျိုကြီးလည်း ကံကောင်းတာလို့ ပြောစမှတ် ပြုကြတဲ့ အထိပါ ”
“ ဒီလို လင်ကံ ၊ မယားကံ ကောင်းကြပေမဲ့ ရင်သွေးကံ ကျတော့ရင် မကောင်းကြရှာဘူး ဆရာကြီးရဲ့ ။ ကံဆိုးကြရှာတာပါခင်ဗျာ ”
“ .......... ”
“ မဟုတ်ဘူး ဆရာကြီး ၊ အိမ်ထောင်သက် သုံးနှစ်လောက် ကျတော့ ကလေးရကြတယ် ။ နတ်ပေးလို့ ရတာ ဆိုပြီး “ နတ်ပေး ” ၊ “ နတ်ပေး ” နဲ့ ။ ချစ်လိုက်ကြတာ လွန်ရော ။ အကြော့က ကန်တော့ပါရဲ့ ၊ သွေးဆုံးခါနီးမှာ မွေးတာဆို တော့ “ လူအို နောက်ကျသား ” ဆိုရ လောက်ပေမဲ့ တစ်တုံး တစ်ခဲနဲ့ လွှတ် သန်မာတဲ့ကလေး ”
“ .......... ”
“ ဟုတ်ပါ့ ဆရာကြီး ၊ ယောက်ျားလေးပါ ။ အဲဒီ နတ် ပေးလေးခမျာ ခုနစ်လသား ကျော်ကျော် “ သွားငုတ်တုတ် လူငုတ်တုတ် ” ဖြစ်ကာမှ အဖြစ်ဆိုးနဲ့ ဆုံးသွားရရှာ တယ် ”
“ .......... ”
“ အဖြစ်ဆိုး ဆိုတာက ဒီ လိုပါဆရာကြီး ။ မှတ်မှတ်ရရ တန်ဆောင်မုန်းလ မှာပေါ့ခင်ဗျာ ၊ ကျုပ်တို့ နှီးဝါးသမားတွေ အဖို့ တန်ဆောင်မုန်းဝါးက ပိုးလွတ်ပြီး နှီးထိုးလို့ အကောင်းဆုံး ဆိုတော့ သီတင်းကျွတ် ပြီးတာနဲ့ စားအိုးစားခွက် အစုံ အိမ်ရှိလူကုန် ဆိုသလို “ တောတက် ” ကြတယ် ။ “ ဝါးလောင်း ” ပေါက်ရအောင်ပေါ့ ခင်ဗျာ ။ တချို့တွေ ဆိုရင် “ အိမ်ကို ဆူးဆို့ ခွေးအို့အို့ ” နဲ့ သွားကြတာပ ။ ရိုးပေါ် ရောက်တဲ့အခါ တောင်ကြီးမြိတ် ဝါးတောမြိုင်တဲ့ နေရာမှာ တဲစုကလေးတွေနဲ့ သင့်ရာသင့်ရာ စခန်းဖွဲ့ နေကြတာလေ ။ ခဲကြီး ( ဂဲကြီး ) စခန်းတဲ့ ၊ ဒဟပ်ခုံ စခန်းတဲ့ ၊ သနတ်စမ်းစခန်းတဲ့ စသည်ဖြင့်ပေါ့ ။ ဒီတော့ရင် အကြော့ ၊ အဲလေ ဆရာကတော်က တဲတိုက်တွေကို ရက်ချန် တစ်ပတ် ဆိုသလို လိုက် ပြီး အခြောက်အခြမ်းလေးစ ၊ ငါးပိ ၊ ဆားပြားနဲ့ မုန့်ပဲသရေ စာအစ ဈေးရောင်းတယ်လေ ။ “ ကလေး ခါးထစ်ခွင် ခံတောင်း ခေါင်းတင် ” ပေါ့ ဆရာကြီး ”
“ .......... ”
“ ဒါပေါ့ ဆရာကြီးရဲ့ ၊ ကိုယ်ခွဲလက်ခွဲကလည်း မရှိ ၊ နို့ကလည်း မပြတ်သေး ဆိုတော့ ကလေးလည်း ခေါ် သွားရတာပ ခင်ဗျာ ။ ဖြစ်ချင်တော့ တစ်နေ့သား ဒဟပ်ခုံ တဲစုက မိညှက်တို့ တဲမှာ နားရင်း ကလေး အိပ်သခိုက် မကြာလောက်ပါဘူး ဆိုပြီး လျှိုတစ်မြောင် ခြားတဲ့ တဲစုကို ရစရာလေးတွေ တောင်းဖို့သွားသတဲ့ ။ လျှိုကအတက် တစ်ဖက် တဲဆီ မရောက်သေးဘူး ဒဟပ်ခုံဘက်က မီးခိုးတွေ တက်လာတာ မြင်သနဲ့ ပြန်ပြီး ပြေးတာပေါ့ ။ အကြော့ ရောက်တော့ မိညှက်တို့ တဲကို ဆရာကြီးရယ် မိညှက်တို့ တဲကို တောမီးက ဝါးနေပြီ ။ အဲဒီမှာတင် “နတ်ပေးရေ ၊ လူလေးရေ ၊ သားလေးရေနဲ့ အော်ရင်း မီးထဲကို ဝင်တာ ။ အနီးအနားက လူတွေ ကလည်း ရောက်သခိုက်နဲ့မို့ အတင်း ဆွဲထားလို့ မသေတာပါဗျာ ။ ဒါတောင် လက် မောင်းတစ်ဖက် ကိုယ်တစ်ခြမ်း မီးဟပ် ခံရသေးတယ် ”
“ .......... ”
“ ဟုတ်ကဲ့ ဆရာကြီး ကလေးက မီးထဲ ပါသွားရှာတယ် ။ တဲရှင်မိညှက် ကလည်း “ တောထိုင် ” သွားနေ သခိုက် ဝုန်းခနဲ ဖြစ်တာဆိုတော့ မတတ်နိုင်ခဲ့ဘူးခင်ဗျ ။ အကြော့ရယ်လေ မေ့မြောနေ ရာက သတိလည်း လည်လာ ရော စိတ်ဖောက် သွားရှာတယ် ။ သိပ်သနားဖို့ ကောင်းပါတယ်ဗျာ ”
“ .......... ”
“ မဟုတ်ဘူး ဆရာကြီး ၊ သွက်သွက်ခါလောက်တော့ မဆိုနိုင်လောက်ဘူး ။ ကြမ်း ကြမ်းတန်းတန်းမှ မဟုတ်ဘဲခင်ဗျာ ။ မျက်လုံးအကြောင် သားနဲ့ ငေးမိငေးရာ ငေးနေတာ ။ ဘယ်သူ့ကိုမှ မသိသလို မမှတ်မိသလိုကြီးနဲ့ စကား လုံးဝ မပြောတော့တာ ၊ ကလေးစုစု ရှိတဲ့ နေရာမှာ ငူငူငိုင်ငိုင်ကြီးနဲ့ ကျောက်ချပြီး ထိုင်နေတာ ဆရာကြီးရဲ့ ။ ကျုပ်ဆရာက ဒါမှမဟုတ် တစ်ယောက်ယောက်က အိမ် ပြန်ရအောင်ဆိုပြီး လက်ဆွဲ ခေါ်တော့လည်း မငြင်းမဆန် လိုက်လာပြန်ရော ။ တစ်ခု တော့ရှိတယ် ။ ကလေးနဲ့ ပတ်သက်လို့ ကတော့ အကြော့လို့ မထင်ရအောင်ကို ကြမ်းတော့ တာပဲခင်ဗျ ”
“ .......... ”
“ ဟုတ်ကဲ့ ၊ ကျုပ်အပြော လောသွားလို့ ဆရာကြီး မရှင်းဘဲ ဖြစ်သွားတာကိုး ။ အဲ ကန်တော့နော် ၊ ဘယ်ဘက် စောင်းလိုက်ပါ ဆရာကြီး ။ ညာဘက် ခြေထောက်က ဟို ဘက် ၊ ဟုတ်တယ် ဆရာကြီး အဲသလိုနေ ။ ဒါမှ ခါးကြောကို ကိုင်လို့ ကောင်းတာ ။ ပျောက်သွားမှာပါ ။ ဆရာကြီး ခါးနာနေတာ ယူပစ်သလို ဖြစ် သွားစေပါ့မယ် ။ ဘယ်ရောက် သွားပါလိမ့် ၊ ခုနင်ကပြောတာ ... အဲ ကျုပ် ပြောချင်တာက ဥပမာ ကလေး တစ်ယောက်ယောက် ငိုသံမကြားလိုက်နဲ့ လှစ်ခနဲဆို အကြော့က ရောက်သွားတော့တာ ၊ လဲလို့ပြိုလို့ ။ ထိမိခိုက်မိလို့ ငိုတာဆိုရင် ထူ ပွေ့ပွတ်သပ် ၊ ကြပ်ပူထိုး လုပ်ပေးတယ် ။ နှုတ်ကတော့ ချော့ခြင်း ၊ ပြုခြင်း မလုပ်ဘူး ပေါ့ ။ စကားမှ မပြောတော့တာကိုး ခင်ဗျ ။ ကလေးများ ကလည်း အကြော့မို့ ပွတ်သပ်ပေးရင် ချက်ချင်း အငိုတိတ် သဟာပဲ ။ အဲ ကလေးက နာနာကြည်းကြည်း အရိုက်ခံရလို့ ငိုတာ ဆိုရင်တော့ ပွဲကြမ်းပေါ့ခင်ဗျာ ။ သာဓက ပြောရရင် ကျုပ်တို့ သူကြီးသမီး အေးစိမ့် ဆိုတာ အလွန်စွာ ၊ အလွန်ထက် ၊ အလွန် လက်သွက်တဲ့ ဟာမ ၊ “ သူကြီး မကြောက်ရဘူး ၊ အေးစိမ့် ကြောက်ရတယ် ” လို့တောင် ပြောစမှတ် ပြုရတဲ့ အထိ ခင်ဗျ ။ အဲ တစ်နေ့သားမှာ ဘာ့ကြောင့်လဲ မသိပါဘူး ၊ အေးစိမ့်ရယ် သူ့သားကို ဝါးခြမ်းပြားနဲ့ တဖြန်းဖြန်း ရိုက်နေတာ ကလေးကလည်း အော် အော်ငို ၊ အေးစိမ့်က တိတ်စမ်း ၊ တိတ်စမ်း ဆိုပြီး ထပ်ရိုက် ၊ အဲဒီ အချိန်မှာ အကြော့ရယ် ဘယ်ကနေ ဘယ်လို ရောက်လာတယ် မသိ အေးစိမ့်ကို နောက်ကနေ ဆံပင်ဆွဲပြီး ပါးတွေနားတွေ ရိုက်လိုက်တာလေ ၊ “ နင့်သား မဟုတ်ဘူးလား ၊ နင်မွေးထားတာမဟုတ်ဘူးလား ” ဆိုဆို ပြီးတော့ ဆရာကြီးရဲ့ ။ နတ်ပေးလေး ဆုံးသွားပြီး နှစ်နှစ် ကျော်ကျော်လောက် အတွင်းမှာ အဲဒီတစ်ခါ သူစကားပြော တာ ကြားရတာ ခင်ဗျ ။ အဦးဆုံးပါပဲ ”
“ .......... ”
“ ကုတာပေါ့ ဆရာကြီးရယ် ၊ တခြားဒေသက ဆေးဆရာတွေလည်း ပင့်ပြီးကုတာပေါ့ ၊ ဒါပေမဲ့ မရပါဘူး ခင်ဗျာ ။ ကျုပ်ဆရာ ပြောတာကတော့ အပူလုံးက ရင်ကို တက်ပြီးဆောင့်လို့ နှလုံးသွေး နောက်သွားတာတဲ့ ။ ပြီးတော့ သည်းခြေလည်း ပျက်သွားတာတဲ့ ခင်ဗျ ”
“ .......... ”
“ နို့ကိစ္စ ၊ ဟုတ်ကဲ့ ဆရာကြီး ၊ ကျုပ် ပြောလိုရင်းက အဲဒီ နို့ကိစ္စပါဆရာကြီး ။ ဇာတ်ကြောင်း လည်အောင်လို့ ခုန ပြောခဲ့တဲ့ ကိစ္စကို ဇာတ် ကြောင်းခံတာပါ ။ ရောက်ပါ တော့မယ် ဆရာကြီး ။ အဲ နေ ပါဦး ၊ ကျုပ်က အခု ၆ဝ ထဲ မှာ အကြော့က ကျုပ်ထက် ၁ နှစ်ငယ်တော့ ခု ရှိနေရင် ၅၉ နှစ် ။ ဆုံးတာ ၃ နှစ်ရှိပြီ ဆိုတော့ ဆုံးချိန်မှာ ၅၆ နှစ် ၊ မဆုံးခင် ၁ နှစ်လောက်က ဖြစ်တာဆိုတော့ ၅၅ နှစ် အရွယ်မှာပေါ့ ။ ဟုတ်ပြီ ဆရာကြီး အကြော့ ၅၅ နှစ် လောက်မှာဖြစ်တာ ”
“ .......... ”
“ ဟုတ်ကဲ့ ၊ ဆုံးရှာပါပြီ ။ ဒါကို နောက်မှ ပြောမယ် ။ နို့ အကြောင်း အရင် ပြောပါ့မယ် ။ ဒီလိုခင်ဗျ ။ အကြော့တို့ အိမ်မှာ မွေးထားတဲ့ ခွေးမလေးရယ် ပိုးထိတာလား ၊ ပြောင်းပိုးတောက်တာလား မသိဘူး ။ တစ်ညနေချမ်းမှာ သေပါလေရော ။ ခွေးမက သားကျပြီးတာ မကြာသေးတော့ ခွေးပေါက်စလေး ၃ ကောင် ကျန်ခဲ့ပါတယ် ။ အဲဒီ ည ခွေးလေးတွေက နို့ဆာလို့ နေမှာပေါ့ ဆရာကြီးရယ် ၊ ညဦးပိုင်းမှာ တအီအီ ၊ တအိုင်အိုင်နဲ့ ရှိနေကြရာက သက်ကြီးခေါင်းချချိန်လောက်ကျတော့ ငြိမ်ကုန်သတဲ့ ။ ကျုပ် ဆရာက ခွေးလေးတွေ သေများကုန်ပြီလားလို့ သွားကြည့်လိုက်တော့ လားလား အကြော့ ရင်ခွင်ထဲမှာ အိပ်ကြလို့တဲ့ ။ အဲဒီတုန်းကတော့ ကျုပ်ဆရာက အကြောင်းရင်း မသိသေးဘူးလေ ။ မိုးလင်းခါမှ အကြောင်း သိရပြီး ဆရာလည်း တအံ့တသြ ဖြစ်ရတာပေါ့ ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲခင်ဗျာ ၊ ကျုပ်က အဲဒီမနက်စောမှ ကောက်ညှင်းပေါင်းတာနဲ့ ဆရာတို့ စားရအောင် သွားပို့လေတော့ ကျုပ်လည်း ဆရာနဲ့အတူ အံ့သြရတော့သပေါ့ ။ ကျုပ် မျက်စိ ကျုပ်တောင် မယုံပါဘူး ဆရာကြီးရယ် ။ ပြောရစေတော့ ကန်တော့နော် ။အသက် ၅၅ နှစ်အရွယ် ပိန်ပိန်ပါးပါး အကြော့ရဲ့ နို့ အုံကြီးတွေ အဲလေ ရင်သားးတွေက ဆရာကြီးရယ် ၂၀ ကျော်အစိတ် အရွယ်ကောင်းတဲ့ လုံးကြီးပေါက်လှ သားသည် မအေ အတိုင်းပဲ ခင်ဗျာ ။ ဖောင်းလို့ ၊ တင်းလို့ ၊ ကားလို့ ။ ခွေးပေါက်စ နှစ်ကောင်က နို့တစ်ဖက်စီကို တပြွတ်ပြွတ် စို့ကြလို့ ။ တစ်ကောင်က ပေါင်ခွင်ထဲမှာ အိပ်လို့ ဆရာကြီးရဲ့ ”
“ .......... ”
“ ကျမ်းအဆူဆူ စူးရစေရဲ့ ဆရာကြီးရယ် ။ ကျုပ် လည်း မျက်မြင်မို့လို့သာရယ် ၊ သို့မို့ဆို ယုံဖို့ဝေး ။ ကျုပ် ဆရာက ဘာပြောသလဲ သိလား ၊ “ မောင်ဖိုးဉာဏ် တဲ့ ။ အဲဒါ .. မိခင်စိတ်ကြောင့် ဖြစ်တာတဲ့ ။ မင်း ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့ ” တဲ့ ။ ကျုပ်လည်း ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး ။ နို့မို့ဆို တစ်ရွာလုံး တဝုန်းဝုန်းနဲ့ လာကြည့်ကြမှာ ။ အခု ဆရာကြီးကို ပြောတာ ပထမဆုံးပါ ”
“ .......... ”
“ ဟုတ်ကဲ့ ဆရာကြီး ၊ ခွေးကလေးသုံးကောင် စား ခွက်နှိုက်တတ်သည် အထိ အကြော့က အိမ်ဝန်းထဲက အိမ်ပြင် မထွက်ဘူး ။ လေးငါး ခြောက်လလောက် လူလားမြောက် ၊ အဲလေ ခွေးလားမြောက်တဲ့ အထိ တိုက်တာ ခင်ဗျ ။ ကျုပ်က ဆရာ့အိမ်ကို နေ့တိုင်းရောက်တာ ဆိုတော့ ကိုယ်တွေ့ မျက်မြင်ပါ ”
“ .......... ”
“ မှန်သပေါ့ ဆရာကြီးရယ် ။ ခွေးကလေးတွေလည်း နို့ပြတ်သွားရော အကြော့ လည်း ပုန်းမကြည်ရှင်မ ပြန်ဖြစ်သွားတာပေါ့ဗျာ ”
“ .......... ”
“ သြ ၊ ဆရာကြီးက ဒါကို မသိဘူးလား ။ “ ပုန်းမကြည်ရှင်မ ၊ နို့ပျဉ်း ၉ တောင်ကျ ” ဆိုတာလေ ဟဲ ဟဲ ဟဲ ”
“ .......... ”
“ ဟုတ်ကဲ့ဆရာကြီး ၊ အကြော့ ဆုံးသွားရှာတာ ၃ နှစ်ကျော်ပဲ ရှိပါသေးတယ် ။ ငှက်ဖျားလို့ပဲ ပြောရမှာပေါ့ ။ ကျုပ်တို့က တောင်ကြီးမြိတ် တောရိပ်ကြီးတဲ့ အရပ်မှာ နေကြရတာဆိုတော့ ဘယ်သူမှ ငှက်နဲ့ မကင်းကြပါဘူး ။ ကိုယ်ခံအား ကောင်းသူတွေ အဖို့တော့ အာဂန္တုဖျား သဘောမျိုး ဖြစ်ပေမဲ့ အကြော့က စိတ်ဝေဒနာသည် မဟုတ်လား ဆရာကြီးရယ် ။ အအိပ်မမှန် ၊ အစား မမှန်ရတဲ့ အထဲ ခွေးလေးတွေကို နို့တိုက်ရလို့ သွေးအားနည်းပြီး ကျုံကျုံလာနေသူ ဆိုတော့ ငှက်ဒဏ် မခံနိုင်ရှာဘူးလေ ။ ကျုပ်ဆရာက အရိပ် တကြည့်ကြည့်နဲ့ စောင့်ရှောက်ပါတယ် ။ ဝဋ်ကျွတ် ကံကုန်ချိန် ရောက်နေတော့ မရဘူးပေါ့ ဆရာကြီး ”
“ .......... ”
“ ဟုတ်ကဲ့ ၊ ရှိပါသေးတယ် ။ တောင်ပေါ်မှာပဲ နေတယ် ။ အကြော့ကို ရက်လည်ဆွမ်းလည်း ချပြီးရော သူ့ဝိုင်းရော ၊ အိမ်ရော ရွာ ဘုံဇရပ်အဖြစ် သုံးပါလို့ ခု ဆရာတော်ကြီးကို လှူလိုက်ပြီး သင်္ကန်းဟောင်း နှစ်စုံ စွန့်ပါလို့ လျှောက်တယ် ။ ပြီးတော့ နဝင်္ဂ သီလခံပြီး ရသေ့ဝတ်နဲ့ နေတော့တာပါပဲ ဆရာကြီး ”
“ .......... ”
“ ဟုတ်ကဲ့ ၊ ဒါ့ကြောင့် ကျုပ်စကားခံခဲ့ပါ သကော ဆရာကြီးရယ် ။ ပြောရင် ယုံမှာ မှုတ်ဘူးလို့လေ ။ ဆရာကြီးက ပြောပါ ဆိုသမို့သာ ပြောရတာပါ ။ နို့ပြီး ... ဆရာကြီးဟောတဲ့ အထဲက မိခင်စိတ်ကြောင့် နီတဲ့ ၊ ညှီတဲ့ သွေးက နေပြီး ဖြူဖွေးချိုမွှေးတဲ့ နို့ရည်ဖြစ်လာတယ် ဆိုတာက ကျုပ် ဆရာ ပြောတာနဲ့ တစ်ထပ်တည်း ကျနေသဟာရယ် ။ အကြော့ရဲ့ မိခင်စိတ်ကြီးပုံကို ပြန်ပြီး မြင်ယောင် နေတာရယ်ကြောင့် အခုလို ပြောပြတာပါခင်ဗျာ ။ တစ်လက်စတည်းပေါ့ ဆရာကြီးရယ် ။ ဒီအဖြစ်ကို ဆရာကြီး ယုံသော်ရှိ ၊ မယုံသော်ရှိ နောင်များ တစ်မြို့တစ်ရွာမှာ အခုလို အမေနေ့ ဟောပြောပွဲမျိုး ကြုံရင် ကျုပ် ဆရာကတော် အကြော့ ကို ဂုဏ်တင်တဲ့ အနေနဲ့ ထည့် ပြောစေချင်ပါတယ် ။ ဆရာကြီး ပြောတာ မယုံပါဘူး ၊ မဖြစ်နိုင်ပါဘူးလို့ ပြောတဲ့သူ ရှိရင် “ ခပေါင်းကိုင်းကြီး က သာဉာဏ် ကို သွားပြီး ကျမ်းတိုက်မေး ” ဆိုပြီး လွှတ်လိုက်စမ်းပါခင်ဗျာ ။ အခု တရားရုံးတော်တွေမှာ ရှိတဲ့ ကျမ်းထုပ်သာ မဟုတ်ပါဘူး ၊ ပုဂံညှပ်ကြီးဘုရားက ကျမ်းပဲဖြစ်ဖြစ် ၊ ဝါရီရူကျမ်းတို့ ၊ ရွှေသိမ်တော်ကျမ်းတို့ ဆိုသဟာပဲ ဖြစ်ဖြစ် ယူလာခဲ့စမ်းပါစေ ၊ ကျုပ် ဖိုးသာဉာဏ်က ကျမ်း အဖုံဖုံကို စုံကိုင်ပြီး ပြောလိုက်ပါ့မယ် ”
“ .......... ”
“ ကဲ ကဲ ဆရာကြီး ၊ ကျောမြောင်ကြောနဲ့ ခါးကြော ကိုင်ရအောင် ၊ အားလျား မှောက်လိုက်ပါ ဆရာကြီး ။ ကန်တော့ ကန်တော့ လက်ပြင်နဲ့ ဇက်ကြောကိုပါ ကိုင်မယ်နော် ”
⎕ မင်းမြင့်ဇင်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၄ ၊ မေ
Tuesday, April 30, 2024
အရင်းအနှီး
❝ အရင်းအနှီး ❞
ဒီနေ့ ဈေး ထဲ မှာ ကျွန် မနဲ့ အဆင်မပြေ ဖြစ်ခဲ့တဲ့ မိန်းမကြီး ကို ပြောရမှာ ဖြစ်ပေမယ့် ပြောချင်စိတ် ကို မရှိ လို့ မပြောလိုက်တဲ့ စကား ကို ပြော ပြပါမယ် ။ နည်းနည်း လေး သည်းညည်းခံပြီး နားထောင် ပေးပါနော် ။
အရင်ဆုံး မနက် က ဈေး ထဲ မှာ ဖြစ်တဲ့ ကိစ္စ ကို ပြော ပါမယ် ။ ကျွန်မ ခင်း ထားတဲ့ မန်ကျည်းရွက်ဗန်းကလေး ရှေ့ ကို ခွာမြင့်ယိုးဒယားဖိနပ် စီး ထားတဲ့ ခြေထောက် တစ်စုံ လာပြီး ရပ်ပါတယ် ။ သနပ်ခါးရေကြဲ လိမ်းပွတ် ထားတဲ့ ခြေဖမိုး က ခြေချောင်းဖြူဖြူကလေးတွေ မှာ မရမ်းရောင်စိုစို တောက် နေပါတယ် ။ “ ဝယ်မယ့် သူပဲ ” ဆိုတဲ့ အသိ နဲ့ မော့ ကြည့်ပြီး “ ဘယ်ပုံ ယူမလဲ အစ်မ ” လို့ ကျွန်မ မေး လိုက်ပါတယ် ။ တကယ်တော့ ကျွန်မ ဒွေးလေး အရွယ် အမေ အရွယ် ပါ ။ မိတ်ကပ်လိမ်း နှုတ်ခမ်းနီပါးပါး ဆိုးပြီး ငယ်ရုပ် ဆင် ထားတဲ့ အသွင်အပြင် ကို အားနာ လို့ “ အစ်မ ” ခေါ်လိုက်တာပါ ။
“ ငါးဆယ်ဖိုး ပေး ” တဲ့ ။
“ တစ်ပုံ ကို တစ်ရာ ပါ အစ်မ ၊ ငါးဆယ်ဖိုး ရောင်းလို့ မဖြစ်ပါဘူး ”
ကျွန်မ ဗန်း ထဲ မှာ မန်ကျည်းရွက် ငါးပုံ ပုံ ထားပါ တယ် ။ လယ်ကန်စွန်းရိုးနီကလေး တွေရယ် ၊ ဥသျှစ်ညွန့်ကလေး သုံးလေးခက် ရယ် အပေါ် မှာ တင် ထားပါ တယ် ။ အပုံ တစ်ပုံ ဟာ အိမ်သား ငါးယောက် လောက် ရှိတဲ့ အိမ် အတွက် ဟင်းရည်သောက် တစ်ခွက်စာ အလောတော် ပါ ။ သူများ တွေ လည်း ဒီလို ရောင်းကြတာပါပဲ ။
“ လမ်းဘေး မှာ သူ့ ဟာ သူ ပေါက် နေတဲ့ အပင်တွေ က ရတဲ့ မန်ကျည်းရွက် ကို ငါးဆယ်ဖိုး ရောင်း မဖြစ်ဘူး ဆို တော့ ရယ်စရာ ကောင်းလိုက်တာ ။ အရင်းအနှီး ကလည်း ကြီးတာကိုး ”
ဘယ်လိုမှ ထင် မထားဘဲ ကြား လိုက်ရတဲ့ စကား ကြောင့် မန်ကျည်းရွက် ထုတ် ပေးဖို့ ကတော့ ထိုး နေတဲ့ အင်ဖက် ဟာ ကျွန်မ လက် ထဲ က လွတ်ကျ သွားပါတယ် ။ ပါတိတ်ဝမ်းဆက် ရွှေလက်ကောက် တဝင်းဝင်း နဲ့ ရော ၊ အသက်အရွယ် ရုပ်ရည် နဲ့ ရော ဘယ်လိုမှ မလိုက်ဖက် တဲ့ ထေ့လုံး ငေါ့လုံး စကား ဖြစ်လို့ ကျွန်မ တကယ်ပဲ အံ့ဩ ရတယ် ။ နောက်ပြီး စိတ် ထဲ မှာ ခံပြင်းဒေါသ လည်း “ ဟုန်း ” ခနဲ ထ လာပါတယ် ။ ဒီတော့ ကျွန်မ က လည်း တင်ရီမ ပဲလေ ။ စနေသမီး နေတက်ရေတက် မှာ မွေးလာ တဲ့ ကောင်မ ။
“ အဒေါ်ကြီး တစ်ရာ မတတ်နိုင်ရင် လည်း အလကား ပဲ ယူသွား ၊ ငါးဆယ် လည်း ပေး မနေနဲ့ တော့ ” ပြောပြောဆိုဆို နဲ့ ကျွန်မက လွတ်ကျ သွားတဲ့ အင်ဖက် ကို ကောက် ကိုင်ပြီး မန်ကျည်းရွက်ပုံ ပေါ် ကို လက် လည်း ဝဲ လိုက်ရော မချောကြီး လေ ပါးစပ် အဟောင်း သား နဲ့ မျက်လုံးကြီး ပြူး ကြည့်ပြီး ချာခနဲ လှည့် ထွက်သွား ပါလေရော ။
ကျွန်မ အနေနဲ့ “ အရင်းအနှီး က လည်း ကြီးပေ သကိုး ” လို့ ငေါ့ထေ့ထေ့ ပြောတဲ့ အဲသည် မိန်းမကြီး ကို သူ ထင် သလို အလကား ရတာ မဟုတ်ဘူး ဆိုတာ သိ စေချင်တာ ။ ဒါပေမဲ့ စိတ်ပေါက် လွန်းလို့ မပြောနိုင်ခဲ့ဘူး ။ အခု ပြောပြပါမယ် ။
••••• ••••• •••••
ကျွန်မတို့ ရွာ မှာ နေစဉ်တုန်း က တော့ ဟုတ်ပါတယ် ။
ရွာနီးဝန်းကျင် က မန်ကျည်းပင် တွေ ရွက်နု ထိုးပြီ ဆိုရင် လွယ်အိတ်ကလေး လည်ပင်း စွပ်ပြီး လွှားလွှား လွှားလွှား နဲ့ တက် ခူး ။
သူ တကာ အိမ်ဝိုင်း ထဲ က မန်ကျည်းပင်တွေ ရွက်သစ် ဝေ လို့ ငထွေရီ ဖြစ်နေတာ မြင် ရင်လည်း “ ကြီးတော် ရေ အရီး ရေ တစ်ခါချက် ခူးမလို့နော် ” လို့ ပြော ပြီး စကား ဆုံး တာ နဲ့ ခွဆုံ ရောက် ။
အိမ်ရှင် က မတားပါဘူး ။ “ ခူး သာ ခူးဟဲ့ ၊ ဒါပေမဲ့ သတိ နဲ့ တက် ၊ ကိုင်းဖျား ကိုင်းနား သိပ် မသွားနဲ့ ၊ မန်ကျည်း တစ်ညို လူ တစ်ကိုယ် ဆိုပေမယ့် မသကာ လိမ့်ပြုကျ နေ ဦးမယ်နော် ” လို့ တောင် မှ သတိ ပေး ဖော် ရပါသေးတယ် ။ အပင် ပေါ် ကဆင်း လို့ တစ်ခါချက် ယူ ထားလိုက်ပါဦး ပေး တာ တောင် “ တို့ မလည်း ခြေ နဲ့ လက်နဲ့ပါအေ ။ ညည်း ဟာ ညည်း ယူသွား ” လို့ ငြင်း သေးတယ် ။
ကျွန်မတို့ က လယ်ခြေ ယာခြေ မရှိ လယ်ကူလီ ဘောက်သမား တွေ ဆိုတော့ ကြုံရာကျပန်း လုပ် စားမယ် ဆိုပြီး ဒီ မြို့ ကို ပြောင်း လာကြတာ ။ ရွာ မှာ လို ဘယ်ဟုတ် လို့လဲနော် ။ ကျွန်မတို့ မိသားစု ဒီကို ရောက်စ မှာ တော်တော် ကသီလင်တ နိုင်ပါတယ် ။ လိမ်ဖယ် လိမ်ဖယ် နဲ့ ပေါ့ ။ တစ်နှစ် လောက် နေလို့ ရှိကာ မှ အဖေ က သူ ကုန်ထမ်းတဲ့ ပွဲရုံ မှာ ညစောင့် အလု ပ်ပါ ရတာကြောင့် ရယ် ၊ ပွဲကတော် ထုတ် ပေးတဲ့ အရင်းအနှီးကလေး နဲ့ အမေ က ကုန်စိမ်းဒိုင် မှာ သင့်နိုးရာရာ အသီးအရွက်ကလေး တွေယူပြီး ရပ်ကွက် ထဲ လှည့်လို့ ဈေးတောင်း ခေါင်းတင် ရောင်း တာကြောင့် ရယ် နပ်မှန်လာခဲ့တာပါ ။
ကျွန်မ က လည်း ပန်းရံ ထဲ လိုက်ပြီး မဆလာ ရွက် ပါ သေးတယ် ။ ဒါပေမဲ့ အမေတို့ က “ ညည်းရုပ်ညည်းရေ နဲ့ စိတ် မချဘူး အေ ” ဆိုပြီး အလုပ် မဆင်းခိုင်းတော့တာ နဲ့ အမေ့ ကို ဈေးတောင်း ကူ ရွက်ရင်း အလုပ်သင် ဈေးသည် ဖြစ်ခဲ့ပါတော့တယ် ။
တစ်နေ့သား ဈေးရောင်း လည် ရင်း နဲ့ ကန်ပတ်လမ်း အရောက် မှာ ကန်ပေါင် ပေါ်ပေါက် နေတဲ့ မန်ကျည်းပင် တွေ က ရွှဲနေအောင် နု နေတာ မြင်တော့ ကျွန်မ လည်း စိတ်ကူး ပေါက်ပြီး “ အမေ ကျွန်မ ခူးချင်တယ် ။ ရောင်းရ မှာ သေချာတယ် ” လို့ အမေ့ ကို ပြောလိုက်ပါတယ် ။ ငယ်ငယ် ကတည်းက သရက်ပင် တက် မန်ကျည်းပင် တက် လုပ်ခဲ့တဲ့ ကျွန်မ အစွမ်း ကို အမေ သိပြီးသားမို့ “ ကောင်းသားပဲ ” ပေါ့ ။
ထင်တဲ့ အတိုင်းပါပဲ ။ ညသိပ် ရေစီ ထားတာ မဟုတ်တဲ့ လတ်လတ်ဆတ်ဆတ် ဆိုတော့ ခူး ရသမျှ ပြိုက်ခနဲ ကုန်ပါပဲ ။ တချို့အိမ်တွေ က ကြိုတောင် မှာကြသေးရဲ့ ။ ဒီလိုနဲ့ တစ်ရက် က နှစ်ရက် ၊ နှစ်ရက် က သုံးရက် လည်း ရှိရော ကန်ကြီး ဘေး မှာ ရှိတဲ့ ပန်းခြံ ထဲ က လူကြီး တစ်ယောက် ရောက် လာပြီး တက် မခူးဖို့ တား ပါတော့တယ် ။ ကျွန်မ က “ ဘာလို့လဲ ” မေးတော့ “ ဒီ အပင်တွေ ကို စည်ပင်သာယာ က ပိုင်တာတဲ့ ။ ခွင့် မပြုရင် ခူးခွင့် မရှိဘူး အပြစ် ရှိတယ် ” တဲ့ ။ ပြာခြောက်ခြောက် ယူနီဖောင်းကြီး နဲ့ ။ ဒါပေမဲ့ နောက်ရက်တွေ ကျတော့လည်း အဆင် ပြေ သွား ပါတယ် ။ ခူး ဖို့ လာတိုင်း ကျွန်မ က သူ့ ကို ကွမ်းယာ တစ်ထုပ် နဲ့ စီးကရက် နှစ်လိပ် ပေးရတာ ပေါ့ ။ နှစ်ရာဖိုး ။ ကဲ အဲဒါ အရင်းအနှီး မဟုတ်ဖူးလား ။
နောက်ပြီး အရင် က ကျွန်မ နဲ့ ဘေးချင်း ယှဉ်ပြီး ရောင်းတဲ့ မမစန်းဌေး အကြောင်း ပြောချင် သေးတယ် ။ သူ လည်း ကျွန်မ လို ပဲ ကိုယ်တိုင် ခူးပြီး ရောင်းတာ ။ သူ ခူး တဲ့ အပင်တွေ က အိမ်ဝိုင်း ထဲ က အပင်တွေ ။ ဖောက်သည် လုပ် ထားတာ သုံးလေးအိမ်ရှိတယ် ။ အဲသည် အပင်တွေ ကို တက်ခူးခွင့် က အလကား ရတာ မဟုတ်ဘူး ။ နာရီ ကြေး နဲ့ ။
ကျွန်မ ပြောတာက ဒီလို လေ ။ အပင်ရှင် တွေ က နာရီဝက် ခူးရင် သုံးရာ လို့ သတ်မှတ် ထားတယ် ။ ကျွန်မ လို အလေ့အကျင့် ရနေသူတွေ က နာရီဝက် လောက် ခူးရင် တစ်ထောင်ဖိုး လောက် ရတယ် ။ ဒီတော့ ကိုယ် ဖို့ ခုနစ်ရာ လောက် ကျန်တယ် ။ ကဲ .. အဲဒါ အရင်း မရှိဘူးလား ။
အဲသည့် မမစန်းဌေး ရယ် လေ ၊ မနှစ် က ဆုံးသွားရှာတယ် ရှင့် ။ မန်ကျည်းပင် ပေါ်က ကျတဲ့ ဒဏ် နဲ့ ပေါ့ ။ သူ့ ခမျာ ခူးခွင့် ရတဲ့ နာရီဝက် အတွင်းမှာ များများစားစား ရ ချင်တော့ ကိုင်းဖျား ၊ ကိုင်းနား အထိ တက် ခူးရင်း နဲ့ ခြေချော် ကျတာလေ ။ ခမျာ ဆေးရုံ မှာ သုံးရက်လောက် ဝေဒနာ ခံစား လိုက်ရ ရှာတယ် ။ ကဲ .. အဲဒါ အရင်းအနှီး မဟုတ်ဘူးလား ။ အသက် လေ ... အသက် ။
အံမယ် မမစန်းဌေး သေသွားပြီ လည်း ကြား ရော မန်ကျည်းပင် ပိုင်ရှင် အိမ် က ဘုန်းကြီး တွေ ပင့် ပရိတ်ရွတ် အန္တရာယ်ကင်း တရားနာ ကြ သတဲ့ ။ မမစန်းဌေး ကို အမျှ ဝေဖို့ မဟုတ်ပါဘူး ။ သူတို့ အပင် မှာ မမစန်းဌေး နေမှာ စိုးလို့ပါ ။ အဲသည်တုန်း က ကျွန်မ လေ သွား ပြီး ပြောလိုက်ချင်တာ ။
“ မမစန်းဌေး က ရှင်တို့ အပင် မှာ မနေနိုင်ပါဘူး ။ နာရီဝက် ကို သုံးရာ ပေးရတဲ့ အပင် မှာ နေဖို့ လ ခကို သူ ဘယ် တတ်နိုင်ပါ့မလဲ ” လို့ ။
အဲဒါပါပဲ ရှင် ။ ဈေးကောက် ဈေးခေါင်းတွေ အဆို မခံရ အောင် ကျီးကန်းတောင်းမှောက် ကြည့်ရင်း ဗန်းကလေး ချ ဖိနပ်မြီးပြတ် ဖင်ခု ထိုင်ပြီး ရောင်းတဲ့ ပစ္စည်း ကို ဘာ တစ်ခု မှ အရင်းအနှီး မလုပ်ဘဲ ရ တာ လို့ ထင် နေတဲ့ ဟို မိန်းမကြီး ကို ဒါတွေ ပြောပြ နေလို့လည်း စာနာနားလည် မှာ မဟုတ်ဘူး ။ အလကား ပဲ ဖြစ်မှာ ။ ဒါပေမဲ့ ကျွန်မ ရင် ထဲ မှာ ဖြစ် နေရတဲ့ ခံပြင်းစိတ် က တစ်ယောက် ယောက် ကို ရင်ဖွင့် လိုက် ရ မှ ပျောက်မှာ မို့ လို့ အခုလို ပြောပြတာပါ ။ နားထောင် ပေးတဲ့ အတွက် ကျေးဇူး ။ ။
◾ မင်းမြင့်ဇင်
📖 ပေဖူးလွှာ မဂ္ဂဇင်း
နိုဝင်ဘာလ ၊ ၂၀၁၃
#ကိုအောင်နိုင်ဦး
.


