Showing posts with label ရွှေဥဒေါင်း. Show all posts
Showing posts with label ရွှေဥဒေါင်း. Show all posts

Saturday, April 5, 2025

ပဲခူး မြေငလျင်ကြီး


 

❝ ပဲခူး မြေငလျင်ကြီး ❞
       ( ရွှေဥဒေါင်း )

ကျွန်ုပ်တို့ သည် ပဲခူးမြို့ သို့ မတ်လ ၄ ရက် နေ့ တွင် ပြောင်းရွှေ့လာကြ၍ မေလ ၅ ရက် နေ့ တွင် မြန်မာပြည် ၌ အကြီးဆုံး ငလျင်ကြီး ဟု အသိအမှတ် ပြုကြရသည့် ပဲခူးငလျင်ကြီး လှုပ်ခြင်း ကို ကြုံရ၏ ။ မန်ကျည်းတုံရွာ မှ ဆွေမျိုးများ နှင့် မိခင် သည် ကျွန်ုပ် ရှိနေသော ပဲခူးမြို့ သို့ လာရောက်ကြ၍ ဘုရားပုထိုး ဖူးမြော်ပြီး နောက် ဆွေမျိုးများ ပြန်သွားကြ သော်လည်း မိခင် မှာ ကျွန်ုပ်တို့ နှင့် အတူ နေရစ်သေးသည် ဖြစ်၍ ဆွေမျိုးများ က “ အမေကြီး ” ကား သေချင်၍ ချန်နေရစ်ခဲသည် ဟု နောင်တွင် ပြောကြသေးသည် ။ ထို ညဉ့် ၌ မိခင် နှင့် မစိုး တို့ သည် လမ်းလျှောက် ထွက်သွားရာ မှ ပြန်ရောက် လာကြ၍ အိမ်ရှေ့တွင် ထိုင် နေကြစဉ် ကျွန်ုပ် မှာ တနေ့လုံး အလွန် ပူလောင်ခဲ့ရာ မှ အလွန် အိုက်သော ည ဖြစ်လာသည် နှင့် မှန်အိမ် ကို ဆွဲလျက် ရေချိုးခန်း ထဲ သို့ ရေချိုးရန် ဝင်သွား၏ ။ မှန်အိမ် ကို သံချောင်း တွင် ချိတ်၍ ရေခွက် ကို လှမ်း ကိုင် လိုက်သည်နှင့် တပြိုင်နက် သံချောင်း တွင် ချိတ်ထားသည့် မှန်အိမ် မှာ ယိမ်းထိုး လာ၍ ကျွန်ုပ် ကိုယ်တိုင် လည်း မိုက်ကနဲ ဖြစ်သွားသည် ထင်လိုက်၏ ။ ဤ အတောအတွင်း တအိမ်လုံး မှာ ဂျိုးဂျိုးဂျုံးဂျုံး မြည်လျက် အိမ် အပေါ် ထက်၌ နေသော ကု,လားမဆရာကတော် ၏ အလန့်တကြား အော်ဟစ်သော အသံကို ကြားလိုက်ရ၏ ။ ထိုအခါတွင် ကျွန်ုပ် မှာ မြေငလျင် လှုပ်ခြင်းဖြစ်သည် ဟု ရုတ်တရက် မတွေးမိသေးပဲ ထူးဆန်းလှပါတကား ဟု သာ အောက်မေ့၍ အိမ်ရှေ့ သို့ ကတိုက်ကရိုက် ထွက်လာရာ အိမ်သူအိမ်သားများ လည်း ပြူးတူးပျာတာ ဖြစ်နေကြသည် ကို တွေ့ရ၏ ။ ကျွန်ုပ်တို့ နေအိမ် ၌ မိခင် နှင့် ဇနီး အပြင် ယောက်ဖ အောင်မြ နှင့် တပည့် မောင်စံလှိုင် တို့ ရှိကြလေသည် ။

“ ငလျင် လှုပ်တာဟဲ့ ငလျင် ငလျင် ” ဟူသော အသံများ သည် တရပ်လုံး ဆူညံလျက် ရှိရာ အိမ်ရှေ့ သို့ ကျွန်ုပ် ထွက်လာသော အခါ၌ ဇနီး သည် မိခင် ကို ဆွဲလျက် အိမ်ရှေ့ လှေကား မှ ဆင်းနေကြလေပြီ ။ ယောက်ဖကလေး က မူကား ဝရန်တာ ကို ခွလျက် ကြောင်တောင်ကြီး ငေးကြည့်နေရာ “ ဟဲ့ ကောင်လေး ဆင်းလေ ” ဟု ကျွန်ုပ် က ပြောလိုက်မှ အိမ်ရှေ့ဘက် သို့ ဖုတ်ကနဲ ခုန်ချလိုက်သည် ။ မိခင် နှင့် ဇနီး မှာ အိမ်ရှေ့သို့ ရောက်နေကြပြီ ဖြစ်၍ ကျွန်ုပ် သည် လှေကား မှ ဆင်းပြေး ရာ လှေကား မှာ သုံးထစ် မျှ သာ ရှိသော်လည်း ချောမောစွာ မဆင်းနိုင်ပဲ အလယ်ထစ် သို့ ရောက်သည်နှင့် တပြိုင်နက် ‘ ဟပ်ထိုး ’ ကြီး လွင့်သွား၍ အိမ်ရှေ့ တွင် လေးဘက် ထောက်လျက်သား ပုံလဲ နေတော့သည် ။ ထိုအချိန်၌ မူ မည်သူ့ ကို မျှ သတိ မရနိုင်တော့ပဲ ထို နေရာသည် အိမ်ဥပစာ အတွင်း ရှိသေး၍ မတော်တဆ အိမ် ပြိုခဲ့လျှင် ပိနိုင်သည် ဟူ၍ သာ သတိရသည် နှင့် လမ်း ပေါ်သို့ ဝမ်းလျားထိုး တွားသွားရတော့သည် ။ မြေကြီး ပေါ်၌ မတ်တတ် လျှောက်သွားရန် မူကား လုံးဝ မဖြစ်တော့ချေ ။

လမ်းပေါ်သို့ ရောက်၍ တောင်မျက်နှာ သို့ လှည့်ကာ လေးဘက်ထောက် လျက် ငေးကြည့် နေစဉ် ကောင်းကင်ယံ တခုလုံး မည်းမှောင်၍ မြူမှုန်များ လွင့်တက် နေသလို မြင်ရ၏ ။

ထိုအခါ၌ ကျွန်ုပ် အဖို့ မှာ မြေကြီး ပေါ်တွင် လေးဘက်ထောက် နေရန် ပင် မဖြစ်နိုင်တော့ပဲ ယိုင်လဲမည် စိုးသည် နှင့် ဝမ်းဗိုက် ကို မြေသို့ ကပ်၍ အလျား မှောက် နေလိုက်ရတော့သည် ။ တောင်မျက်နှာ ၌ ကား မြူမှုန်များ သည် မှောင်ကြီး မည်းမည်း ထဲ၌ အလိပ်လိပ် တက် နေကြ၍ မြေမျက်နှာပြင်သည် လည်း လေထန်သော ရေပြင် သဖွယ် လှိုင်းကြီးများ တအိအိ ထကြွလျက် ရှိတော့သည် ။ မျက်နှာ နှင့်မြေကြီး နီးကပ်စွာ ရှိနေသောကြောင့်ပေလော မဆိုနိုင် ၊ မြေပြင် သည် ရေပြင်ပမာ လှိုင်းထ နေသည် ကို မြင်ရခြင်းကား အမှန် ဖြစ်တော့သည် ။ ထိုအချိန်ကာလ၌ ရင် ထဲ တွင် စိတ်အား ငယ်လိုက်ပုံကား ပြောဖွယ်ရာ မရှိတော့ချေ ။ အားငယ်ခြင်း သည် ဦးနှောက် ထဲ မှ မဟုတ် ၊ ရင်ပတ် ထဲ ၌ ဖြစ်သည် ဟု ကျွန်ုပ် အမှန် ပြောနိုင်၏ ။ အားမငယ်ပဲ နေချေမည်လော ။ သတ္တဝါ သည် မြေကြီး ကို အခိုင်အမာ ထား၍ အခါခပ်သိမ်း အားကိုး အားထား ပြုနေရသည် ဖြစ်ရာ မိမိ က အခိုင်အမာ ထားသော မြေကြီး ကိုယ်တိုင် က ဤကဲ့သို့ အပြင်းအထန် လှုပ်ခါနေခြင်း ကို လက်တွေ့ ခံစားရသော အခါ၌ အားကိုးရာမဲ့ ဖြစ်၍ အသည်းနှလုံး နှင့် အူထဲ မကျန် လွှတ်ကန်ပြီး အားငယ်မိသည် မှာ အထူးအဆန်း မဟုတ်ချေ ။

ကျွန်ုပ် သည် မြေကြီး နှင့် ဝမ်းဗိုက် ကပ်လျက် အလျားမှောက် ကာ မြေကြီးလှိုင်းများ ထကြွ နေခြင်း ကို ကြည့်နေစဉ် ကမ္ဘာပျက်သည် ဆိုခြင်း မှာ ဤ အခြင်းအရာပင် ဖြစ်သည် ဟု စဉ်းစားမိသည် ။ သို့သော် ထိတ်လန့်တုန်လှုပ်သည် ဟူ၍ကား မဆိုနိုင် ၊ စိတ်အား ငယ်ခြင်းကြီး မက ငယ်လှ၍ အူတူတူ ယောင်ချာချာ ဖြစ်နေသည် ဟူ၍ သာ ဆိုချင်ပေသည် ။ ထို အခိုက်အတန့် ၌ အတိတ် အနာဂတ် ကို လည်းကောင်း ၊ မည်သူမည်ဝါ ကို လည်းကောင်း ဘာကိုမျှ သတိ မရ ၊ ကမ္ဘာ ပျက်ခြင်း ဖြစ်သည် ဟူသော အမှတ်သညာ တခု သာလျှင် စွဲကပ်လျက် ရှိပါတော့သည် ။

လမ်း ပေါ်၌ မှောက် နေရသော အချိန်ကာလ အပိုင်းအခြား မှာ မည်မျှလောက် ကြာရှည်သည် မပြောတတ် ၊ ကျွန်ုပ် ၏ စိတ်ထဲ ၌ကား နာရီဝက် ထက် မနည်း ရှိလိမ့်မည် ထင်မိသည် ။

လှုပ်ရှားခါစ ၌ လူသံများ ဆူညံ သော်လည်း အပြင်းအထန် လှုပ်ရှားခိုက် တွင် ဝေးလံသော အရပ် မှ တဝီဝီ မြည်သော အသံများ မှ တပါး အနီးအပါး တွင် တိတ်ဆိတ်လျက် ရှိ၏ ။ ထို့နောက် ငလျင် ရပ်စဲခြင်း နှင့် အတူ ဘယ်သူရေ ၊ ဘယ်ဝါရေ စသော အသံများ လည်း ပေါ်ထွက်လာပေရာ ကျွန်ုပ် သည် အလျား မှောက် ရာမှ ထ၍ အိမ်သူအိမ်သား အခြေအနေ ကို စစ်ဆေးတော့သည် ။ တစုံတရာ အထိအခိုက် အပျက်အစီး မရှိခြင်း ကို သိရသည် နှင့် တပြိုင်နက် ကျွန်ုပ် သည် ယောက်ဖကလေး ကို အိမ်စောင့်ရန် ထားခဲ့၍ မောင်စံလှိုင် နှင့် အတူ မြို့ ကို လှည့်လည် ကြည့်ရှုကြလေသည် ။

ဈေးကြီး ဘက် မှ မီး အကြီးအကျယ် လောင်လျက် ရှိသော်လည်း ကျွန်ုပ်တို့ ၏ နေအိမ် မှာ ချောင်း တခုလုံး ခြားနေသည် နှင့် စိတ်ချရသည် ဆိုကာ မြို့ထဲ သို့ အနှံ့အပြား လှည့်လည်ကြသည် ။ မီး နှင့် နီးကပ်သောအိမ်များ တွင် ပစ္စည်းများ သိမ်းကြ ရွှေ့ကြသော အသံများ၏ ဆူညံခြင်း ထက် နှလုံး မသာမယာဖွယ်သော အသံများ ပေါ်ထွက်လာသည် မှာ ကား တိုက် ပြို၍ ပိပြားသေဆုံးကြရသော နေရာများ မှ ကျန်ရစ်သူ ဒုက္ခသည်များ ၏ ငိုကြွေး မြည်တမ်းကြသော အသံများ ပင် ဖြစ်သည် ။ ထို အသံများ မှာ ကျွန်ုပ် တို့ ရောက်လေရာ နေရာ အနှံ့ အပြား ၌ ကြားရ၍ လူစုစု မြင်တိုင်း ဝင် ကြည့်ရာတွင် အချို့မှာ ဖော်ထုတ်ပြီးခါစ အလောင်းများ ကို လည်းကောင်း ၊ အချို့မှာ ဖော်တုန်းဖော်ဆဲ ရှိနေကြခြင်း ကို လည်းကောင်း ၊ အချို့မှာ ဖော်ထုတ်ရန်ပင် မတတ်နိုင်သေးပဲ လက်မှိုင်ချကာ ဟစ်အော် တမ်းတနေခြင်း ကို လည်းကောင်း တွေ့ကြရသည် ။ ကျွန်ုပ် ၏ တသက်တာ တွင် ဤမျှလောက် ဒုက္ခ မီးပူလောင်ခြင်း အမြောက်အမြား ကို စုပြုံ မြင်ရသည့် အချိန် တနာရီ ဆို၍ မကြုံခဲ့ရဘူးအောင် ရှိပါတော့သည် ။

နေအိမ် သို့ ပြန်ရောက်၍ အိမ်နီးနားချင်းများ နှင့် စကားပြော နေကြ သဖြင့် သန်းခေါင်ကျော် မှ အိပ်ရာ သို့ ဝင်ကြရ သော်လည်း အိပ်ရေး ဝအောင် အိပ်ရ တော့မည် မဟုတ်ချေ ။ တနာရီခန့် မျှ အိပ်ရသေးသည် မထင်မီ “ ဆရာတို့ ထကြလေ ၊ မီးတွေ လောင်ကုန်ပြီ ” ဟု တစုံတယောက် က အိမ်ရှေ့ မှ နှိုးပြောသည် နှင့် ကတိုက်ကရိုက် ထ ကြည့်လိုက်ရာ တွင် ကျွန်ုပ်တို့ ၏ အိမ် နှင့် ကိုက် ၁ဝဝ ခန့် သာ ဝေးသော သုံးထပ်တိုက်ကြီး အမိုး ပေါ် မှ မီးခိုးများ အူထွက် နေသည် ကို မြင်ရတော့သည် ။ ယမန်ည က စိတ် ပင်ပန်းရုံ သာ ရှိ၍ လူ မမောရ သော်လည်း ယခု မှာ အိမ်ချင်း နီးကပ်သော မီး ဖြစ်၍ ပစ္စည်းများ သယ်ထုတ် ရသည် နှင့် တအိမ်သားလုံး ဖတ်ဖတ်မော ကြရသည် ။ ပစ္စည်းများ ကို အိမ် မြောက်ဘက် ရှိ မြောင်းကြီးတံတားဦး တွင် စုပုံ ထားရာ တရပ်လုံး မှာ လည်း ဤ ပတ်ဝန်းကျင် တဝိုက်၌ ပင် ပစ္စည်းတွေ စုပုံ၍ စောင့်နေကြရ သဖြင့် ရွာကလေး သဖွယ် ဖြစ်နေတော့သည် ။ မီး မှာ တိုက်ကြီး ကို ကျွမ်းအောင် မလောင်ရမီ ငြိမ်းသတ်နိုင် ကြ သော်လည်း ပဲခူး တမြို့လုံး မှာ မီး အတွက်ကြောင့် စိုးရိမ် ပူပန်လျက်ရှိ ကြသည် နှင့် ကျွန်ုပ်တို့ အရပ်သူ အရပ်သားများ သည် ပစ္စည်းများ ကို အိမ် ထဲသို့ တဖန် သယ်ယူ သွတ်သွင်းခြင်း မပြုတော့ပဲ တံတားဦး ၌ ပင် သူ့ အစု ကိုယ့် အစု ဖွဲ့စည်းကာ နှစ်ရက်သုံးရက် နေကြသေးသည် ။ တိုက်ပိ သေဆုံးသူများ ၊ အိမ် ကို မီးလောင်သူများသည် ကိုယ့် အပူ နှင့်ကိုယ် ဒုက္ခ ရောက်ကြ သော်လည်း ကျွန်ုပ်တို့ လူစုမူ ကား တံတားဦး တွင် ချက်ပြုတ် စားသောက်ကြရသည် မှာ ဘုရားပွဲ ကဲ့သို့ ရှိ၍ ပျော်သည် ဟူ၍ပင် မှတ်ထင်မိသည် ။ အချို့ လူများသည် ဒုက္ခ တခု တွေ့ရသည် မှာ အအိပ်အနေ အစားအသောက် ဆင်းရဲသည် ဆို၍ စိတ်ညစ်ညူးတတ်ကြပေရာ ကျွန်ုပ် ၏ ဝါသနာ တခု ကား အပြောင်းအလဲ ဆိုလျှင် ( အဆိုး ဘက် သို့ ပြောင်းလဲရခြင်း ပင် ဖြစ်စေကာမူ ) ပျော်သလို ရှိတော့သည် ။ ထို့ကြောင့် လည်း စစ်ကြီး အတွင်း ၌ အချို့ လူများ ညည်းတွားကြ သလောက် ကျွန်ုပ် အဖို့မှာ မဆင်းရဲလှချေ ။

◾ရွှေဥဒေါင်း
📖 တစ်သက်တာမှတ်တမ်း နှင့် အတွေးအခေါ်များ - မှ

Wednesday, May 4, 2022

သော်တာဆွေ


 

   ❝  သော်တာဆွေ  ❞

၁၉၄၆ ခုနှစ် တွင် ဝက်လက် မှ မန္တလေး သို့ ပြောင်းလာခဲ့ ၍ ဓားတန်းရပ် တူ ဝင်းမောင် ၏ အိမ် ၌ မှီခို နေထိုင်လျက် ရှိစဉ် တစ်နေ့သော နံနက် ၌ လူငယ်တစ်ယောက် ရောက် လာ၏ ။ ကျွန်ုပ် သည် သူ့ ကို တစ်ကြိမ် မျှ မတွေ့ဖူးသည့် ပြင် သူ ၏ ကိစ္စ ကို လည်း မခန့်မှန်းတတ်သည် နှင့် အမ်းတန်းတန်းဖြစ်ကာ နေရာထိုင်ခင်း ပေးလေရာ သူ ကလည်း ရဲတင်း သော အမူအရာ မရှိဘဲ ခပ်တွန့်တွန့် နှင့် ပင် ဝင်၍ ထိုင်၏ ။ ကျွန်ုပ် က ကိစ္စ ကို မေး သောအခါ သူ က ဝတ္ထု တစ်ပုဒ် ရေးထားကြောင်း ၊ ၎င်း ကို ကျွန်ုပ် ကြည့်ရှု ပြင်ဆင်ပေးစေလိုကြောင်း ပြော လေသည် ။

ကျွန်ုပ် သည် ဤ ကိစ္စမျိုး နှင့် လာသော ရှင်လူရဟန်းများ ကို မကြာ မဏ တွေ့ရဖူး၍ ၎င်းတို့ ၏ စာမူများ ကို ဖတ်ကြည့်သောအခါများ တွင် ပုံနှိပ်လောက်အောင် ကောင်းလှသည် မဟုတ်ခြင်း ကို ကြုံရဖန် များခဲ့လှပြီ ဖြစ်သောကြောင့် အင်တင်တင် ဖြစ် သွားမိသည် ။ ( နောက်ပိုင်း၌ သော်တာဆွေ က ဤ အကြောင်း ကို စကား စပ်မိ၍ ပြောရာတွင် “ ဦးကြီး ကို ပထမ အကြိမ် ကျွန်တော် တွေ့ လိုက်ရတုန်း က သိပ်ပြီး အထင်မကြီးဘူးဗျ ။ နောက်တော့မှ တဖြည်းဖြည်း ကြာလေ ကြာလေ သဘောကျလာတယ် ” ဟု ပြောဖူးလေသည် ။ )

အလုပ်အကိုင် ၊ နေရပ် ၊ အသက်အရွယ် စသည်တို့ကို မေးမြန်းကာ စကား အနည်းငယ် ပြောကြပြီးနောက် ကျွန်ုပ် က သူ ၏ စာမူ ကို ယူခိုင်း လိုက်၏ ။ နောက်တစ်ခေါက် လာသောအခါ ဖိုးကျင်မောင် သည် စာမူ ကလေး နှင့်အတူ ဆန် တစ်အိတ် လည်း ယူ လာ၏ ။ အချိန် အတန် ကုန် သော အလုပ် တစ်ခု ကို လုပ် ပေးရလျှင် လုပ်ခ ရ ချင်တတ်သော ကျွန်ုပ် ၏ ဝါသနာ ကို ဝန်ခံ၍ ဆန်အိတ် ကို မြင် ရခြင်းကြောင့် ရုတ်တရက် ဝမ်းသာ သလို ဖြစ် မိသော်လည်း ဤ ဆန်အိတ် အတွက်ကြောင့် ညံ့ဖျင်းသော စာမူ တစ်ခု ကို ကောင်း သည် ဟု မပြောမိဖို့ လိုအပ်ခြင်း ကို လည်း သတိ ရသည် နှင့် ဆန်အိတ် ကို ရိုးသားစွာ ငြင်းပယ် မိပါသေးသည် ။ သို့ရာတွင် ဖိုးကျင်မောင် က “ ဦးကြီး စားရအောင် စေတနာ နှင့် ပေးခြင်း ဖြစ်ပါသည် ” ဟု အတင်း ပေးသည် နှင့် လက်ခံလိုက်ရ၏ ။ ကျွန်ုပ် သည် သူ ၏ စာမူ ကို ချက်ချင်း ဖတ်ကြည့်ဖို့ အချိန် မရသေးသော်လည်း ဖိုးကျင်မောင် က ခဏ ခဏ လာ၍ စကား ပြောသည် နှင့် စာမူ အကြောင်း မသိရသေးစေကာမူ လူ ကို မူကား တိုး၍ တိုး၍ သဘော ကျလာလေပြီ ။ ကျွန်ုပ် က တစ်ခု သတိပြုမိသည် ကား ဖိုးကျင်မောင် သည် အထင်ကြီး ခံချင်၍ ဝင့်ကာ ဟိတ်ဟန် ထုတ်တတ်သော လူငယ် တစ်ယောက် မဟုတ် ၊ ရိုးရိုးကလေး တင်ပြတတ်သူ တစ်ယောက် ဖြစ်သည် ဟု ကျွန်ုပ် အကဲ ခတ်မိသည် ။ ဤ တစ်ချက် သည် သူ နှင့် ကျွန်ုပ် ရှေ့အဖို့ တွင် ကြာရှည်လေးမြင့် ဆက်ဆံ၍ ဖြစ်နိုင်မည့် လူငယ် တစ်ယောက် ဖြစ်ကြောင်း ညွှန်ပြ၏ ။ ကျွန်ုပ် ၏ ဝါသနာ တစ်ခု မှာ လူများ ကို အမိ ဖမ်း၍ ဖော်ထုတ်ချင်တတ်ပေရာ ( ကောင်းလှသော ဝါသနာ တော့ မဟုတ်ပါ ။ ) ဖမ်း၍ မိသည် ဆိုလျှင် သူတို့ သည် ကျွန်ုပ်အား သောက်မြင်ကတ်သွားသည် က များ လေသည် ။

◾အပြန်အလှန် နားလည်ခွင့် ရခြင်း

ဖိုးကျင်မောင် နှင့် ကျွန်ုပ် သည် တူသော ဝါသနာကလေး အချို့ ရှိ၍ ( သုရာ ကို ရည်ရွယ်ခြင်း မဟုတ် ) တစ်ကြိမ် ထက် တစ်ကြိမ် ခင်မင်ရင်းနှီး ခြင်း ရှိလာကြရာ တစ်နေ့သ၌ ဝင်းမောင် တို့နှင့် အတူ စစ်ကိုင်းတောင်ရိုး သို့ ကျွန်ုပ် တို့ နှစ်ယောက် လိုက်သွားကြသည် ။ ကျွန်ုပ် သည် ဖိုးကျင်မောင် ၏ စာမူ ကိုလည်း ယူခဲ့၏ ။ ပထမ ၌ ကျွန်ုပ် သည် သူ့ စာမူ ကို ဖတ်လျှင် ဖတ်ချင်း စုံထောက်ဝတ္ထု ဖြစ်ခြင်း ကို ရိပ်မိ၍ အတော် စိုးရိမ် မိ၏ ။ စိုးရိမ်ခြင်းကား ကျွန်ုပ် ၏ မောင်စံရှားဝတ္ထုများ မှာ ကမ္ဘာကျော် ရှားလော့ဟုမ်း ကို မှီး၍ ရေးခြင်း ဖြစ်ရာ သူ က ၎င်း ကို အားကျပြီး စုံထောက်ဝတ္ထု ရေးမည်ဆိုလျှင် ဖတ်ပျော်သော ဝတ္ထု တစ်ခု ဖြစ်လာနိုင်ဖို့ ခဲယဉ်းသည် ဟု ကျွန်ုပ် ယူထားသောကြောင့် ဖြစ်၏ ။ သို့သော် ဆက်လက်၍ ဖတ်ကြည့်ရာတွင် ဖတ်ပျော်သော စုံထောက်ဝတ္ထု တစ်ခု ဖြစ်နေခြင်း ကို တွေ့ရ၍ ဝမ်းသာမိသည် ။ ဤ အကြောင်းကို ဖိုးကျင်မောင် အား ပြောပြ၍ သူ လည်း ဝမ်းသာသည် ။ ဤ ညဉ့် ၌ ဖိုးကျင်မောင် နှင့် ကျွန်ုပ် သည် တွေ့ကရာရှစ်သောင်း စကားများ ကို ပြောပြကြရာ တစ်ညတည်း နှင့် အတော်ကြီး ရင်းနှီးပြီး တစ်ယောက် ကို တစ်ယောက် နားလည်သော အဖြစ် သို့ ရောက်သွားကြ၏ ။ တစ်ညလောက် အတူ အိပ် ၍ ပြောချင် ရာတွေ ပြော ကြခြင်း ကဲ့သို့ လူတစ်ယောက် နှင့် တစ်ယောက် နားလည်မှု ရစေနိုင်သော အခြင်းအရာ တစ်ခု ကို ကျွန်ုပ် မကြုံဖူးပါ ။ နားလည်စေနိုင် သည် ဟု ဆိုပါသည် ။ သဘော ကျစေနိုင်သည် ဟု မဆိုလိုပါ ။ အချို့မှာ တစ်ယောက် ကို တစ်ယောက် ဓာတ်သိ ရုံသာ သိပြီး သဘောမကျသော အဖြစ်သို့ ရောက်သွားခြင်းများလည်း  ကြုံရဖူးပါသည် ။ ဖိုးကျင်မောင်  သည် ကျွန်ုပ် အား ထို ည မှ စ၍ ဆရာသမား အနေဖြင့် အသိအမှတ် ပြုသွား ဟန် တူ ပေရာ သူ သည် ကျွန်ုပ် အား ဘာ ကို ဆရာ တင်သည် မဆိုနိုင် ။ ( ဝတ္ထု ရေးရာ ၌ လည်း တစ်ဂိုဏ်း စီ ဖြစ်သည် ။ ) သို့ သော် ကျွန်ုပ် ၏ စာ အရေးအသား နှင့် ပတ်သက်၍ သဘောကျသော အချက်များ ရှိသည် ဟူ၍ ကား ပြော ဖူးပါသည် ။ ကျွန်ုပ် သည် ဘာသာပြန်သမား တစ်ယောက် အနေဖြင့် ထင်ရှားသူ တစ်ယောက် ဖြစ်သည် မှန်သော်လည်း ကျွန်ုပ် ၏ တပည့် နှစ်ယောက် ဟု ဝန်ခံကြသော ဖိုးကျင်မောင် နှင့် ဖိုးကြီးမောင် တို့ က ကျွန်ုပ် ၏ ဘာသာပြန် တပည့်များ ဖြစ်လိုကြသည့် ရည်ရွယ်ချက်များ ရှိကြပါမူ ခပ်စောစော က လက် လျှော့ကြဖို့ ကျွန်ုပ် အကြံ ပေး လိုက်ပါသည် ။ ကျွန်ုပ် သည် ဖိုးကျင်မောင် ၏ စုံထောက်ဝတ္ထု တွင် နိဒါန်း ရေးပေး ၍ ရှုမဝ က ရိုက်နှိပ်ထုတ်ဝေရာ တွင် အောင်မြင်သည် ဟု ကြား ရ၍ ဝမ်းသာလှသည် ။

◾ ခုတစ်မျိုး ခုတစ်မျိုး

တစ်နေ့သ၌ ဖိုးကျင်မောင် သည် ကျွန်ုပ် ၏ အိမ် သို့ လာ၍ အထက် မြစ်ညာ ၌ ဆန်ရောင်းရန် သူ ၏ အရပ် ( ပေါင်းတည် ) မှ ဆန်အိတ် အမြောက်အမြား ယူလာခဲ့ကြောင်း ၊ မော်တော်ဘုတ် တစ်စင်း ငှား ၍ ကသာ သို့ ဆန်တက်မည် ဖြစ်ကြောင်း ပြော၏ ။ ဤမျှလောက် ငွေ အရင်းအနှီး ကောင်းသူ တစ်ယောက် က စာရေးဆရာ ဖြစ်ဖို့ ရည်ရွယ်ချက် ရှိရ လေသလော ဟု ကျွန်ုပ် ပင် အံ့သြမိပါသေးသည် ။ မည်သို့ပင် ဖြစ်စေ သူ ထွက်မည့် နေ့ ၌ ကျွန်ုပ် သည် မြစ်ဆိပ် သို့ ဆင်း၍ သူ့ ကို နှုတ်ဆက်ရင်း သူဌေးသားကလေးပေလော ဟု မုဒိတာ ဖြစ် မိပါသေးသည် ။ ထို့နောက် ကျွန်ုပ် သည် ဖိုးကျင်မောင် မပေါ်လာသည် နှင့် သူ့ တည်းအိမ်သို့ သွား၍ စုံစမ်းရာ ရှစ်လတိုင်တိုင် ဘာ သတင်း မှ မကြားရသည် တွင် စစ် ပြီးခါစ ဖြစ်၍ ခပ်ရှုပ်ရှုပ် ရှိနေသေးသည့် အညာတစ်ခို အကြောင်း ကို သိရသည် နှင့် သူဌေးသား တစ်ယောက် တစ်စခန်း သိမ်းသွားချေပြီလော ဟု စိုးရိမ် ပူပန်မိပါသည် ။ ထိုအတောအတွင်း ကျွန်ုပ် သည် ဓားတန်းရပ် မှ ဂုံတန်ရပ် သို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိရာ တစ်နေ့သ၌ ဖိုးကျင်မောင် ပေါ် လာ၍ သူ ၏ ဆန်ကုန်သည် ဇာတ်ရှုပ်ကြီးအကြောင်း ကို အလုံးစုံ ရှင်း လင်း ပြောပြသည်တွင် မှ သူ ၏ သူဌေးသား အဖြစ် မှာ ကျွန်ုပ် ၏ စိတ်ကူး ယဉ်သက်သက် ဖြစ်ကြောင်း သိရပါသည် ။ တစ်ညနေ ၌ ကျွန်ုပ်သည် ထမင်း စားတော့မည် ပြုဆဲ တွင် ဖိုးကျင်မောင် အား ရုံတော်ကြီး သို့ ဘိုင်စကယ် ဖြင့် အစိမ်းကြော် အဝယ် ခိုင်း ရာ နှစ်နာရီ ကျော် မှ ပြန် လာ၍ ကသာ သို့ ဆန် ရောင်း သွားစဉ်က မိန်းမတစ်ယောက် နှင့် ဇာတ်ရှုပ်ခဲ့ပုံ အကြောင်း နှင့် ထို မိန်းမ နှင့် ယခု တွေ့ ရပုံများ ကို ပြော ပြလေသည် ။ ကျွန်ုပ် တို့ကား တမျှော်မျှော် နှင့် စောင့် နေကြပြီး မှ ဆာလွန်းလှသည် နှင့် ညစာ စားလိုက် ကြပြီ ဖြစ်ရာ သူ ဝယ်ခဲ့သော အစိမ်းကြော် ကို ညလယ်စာ အဖြစ် နှင့် စားကြ ရပါတော့သည် ။ ဖိုးကျင်မောင် သည် ၎င်း မိန်းမ အကြောင်း ကို ကျွန်ုပ် အား အမျိုးမျိုး ပြောပြ၍ မဂ္ဂဇင်းများ ၌ လည်း အမျိုးမျိုး ရေးခြင်းများ ကို ဖတ်ရ သည် တွင် ကျွန်ုပ် က “ မင့် ဟာ ဘယ့်နှာလဲ ကွ ၊ ခုတစ်မျိုး ခုတစ်မျိုး ပြောလိုက် ရေးလိုက် ဖြစ်နေပါပြီ ကော ၊ ဘယ်ဒင်း က အမှန်လဲ ကွ ” ဟု မေးရာ သူ က “ အခု နောက်ဆုံး ပြောတာ အမှန်ပါပဲ ဦးကြီး ” ဟု ပြော၏ ။ နောက် တစ်ဖန် တစ်မျိုး ပြောင်း ၍ ပြောပြန်သည်တွင် ကျွန်ုပ် က “ဟေ့ ဖိုးကျင်မောင် တစ်မျိုး လုပ်လာပြန်ပြီ ၊ ဘယ်ဒင်း ကို အတည် ယူရမှာလဲကွ ” ဟု မေး၍ “ ခုဟာ မှ အမှန်ပါ ဦးကြီး ” ဟု ပြောပြန်၏ ။ နောက်ဆုံး၌ ကျွန်ုပ် က “ ဒီ ကိစ္စ မှာတော့ မင်း က ဘာပြောပြော ဘယ်ဒင်း မှ မယုံတော့ ဘူး ကွာ ” ဟု ပြောလိုက်ရသည် ။ ဖိုးကျင်မောင် တော်သော အချက် မှာ ဤ မိန်းကလေး အကြောင်း ကို ရေးရာ၌ တစ်ခု နှင့် တစ်ခု နှိုင်းယှဉ် ကြည့် မိသောကြောင့်သာ အမှား ဖမ်း ၍ ရသည် ။ တစ်ခုတည်း ဖတ် ကြည့်ပါမူ မည်သည့် အတ္ထုပ္ပတ္တိ ကို ဖတ်ကြည့်သည် ဖြစ်စေ ၊ အဟုတ်တကယ် ထင် ရလောက်အောင် ယုတ္တိယုတ္တာ ဆင် ၍ ရေးထားသည်ချည်း တွေ့ ရလေသည် ။ ကျွန်ုပ် မကျေနပ်သော အချက်မှာ ဤသို့ ဖြစ်၏ ။ အတ္ထုပ္ပတ္တိ တစ်ခု ၌ မီးရထား ပေါ် တွင် ဖိုးကျင်မောင် အား လူဆိုး ကြမ်းပိုးများ က ဝိုင်း၍ ရိုက်ကြသောအခါ မိန်းကလေး သည် ဖိုးကျင်မောင် အား ကိုယ်လုံး နှင့် ဖုံးအုပ်၍ အကာအကွယ် ပေးသည် ဟု ပြော သောကြောင့် ကျွန်ုပ် သည် မိန်းကလေး ကို မြင်တွေ့ရသော အခါ ၌ ဟီးရိုးဝင်း တစ်ယောက် သဖွယ် အထင် ကြီးခဲ့မိဖူးသည် ။ နောက်တစ်ဖန် ဤအကြောင်း ကို ပြောပြန်ရာတွင် ဟီးရိုးဝင်း အပြုအမူ သည် နောက် ဇာတ်လမ်း နှင့် မကိုက်ညီ မဆီလျော် တော့သည် ဖြစ်၍ ကိုယ်လုံး ဖြင့် ဖုံးဖိထားသည် ဆိုခြင်း မှာ မဟုတ်ပါ ဟု ပြော ပြန်လေသည် ။ စာဖတ်သမား တစ်ယောက် အနေဖြင့် အထင် ကြီးအောင် လုပ်ထားပြီး မှ ဖျက်ပစ်ခြင်း ကို မကြိုက်နိုင်သည် နှင့် “ငါ့လခွေး တဲ့ ၊ တော်ပါတော့ ကွာ ၊ မင်း ဥစ္စာတွေ ငါ ဘယ်ဒင်း မှ မယုံတော့ပါဘူး ” ဟု ပြောလိုက်ရလေသည် ။

◾ရွှေဥဒေါင်း

📖 တစ်သက်တာ မှတ်တမ်း နှင့် အတွေးအခေါ်များ

www.facebook.com/aung.naingoo.3726613

.