❝ ငယ်နှစ်ခါ ❞
( သျှီ - အင်ကြင်း )
ခင်မ သည် အမေ ၏ သမီးဦးဖြစ်သလို အဘွား ၏ မြေးဦးလည်း ဖြစ်လေသည် ။ အမေ့မှာ နောက်ထပ် ကလေးတွေ ရချိန်တွင် ခင်မ သည် သမီးအကြီးဆုံး ပီပီ အမေ့ ရင်ခွင်နှင့် တဖြည်းဖြည်း ဝေးလာကာ အဘွား ရင်ခွင် မှာသာ ပျော်ပိုက်တတ်ရင်း အဘွား၏ ကရမက်နံ့ သင်းသော ရင်ခွင် နှင့် မှ အိပ်ပျော်တတ်သော အကျင့်ဖြစ်နေ၏ ။ အဘွား နှင့် အတူ အိပ်ရင်း အဘွား ပြောသောပုံပြင်တွေကို နားထောင်ရတာလည်း ပျော်စရာ တစ်မျိုးပင် ။ ရွှေယုန်နှင့်ရွှေကျား ပုံပြင်မှာ အပါးဝလှသော ရွှေ ကျားကို အစက အမြင်ကတ်သော်လည်း နောက်ပိုင်း ရွှေယုန်ပြော သမျှ ယုံစားကာ တစ်မျိုးပြီး တစ်မျိုး ဒုက္ခ ရောက်ရရှာသော ရွှေကျားကို သနားမိသည် ။ မထွေးလေးပုံပြင် နားထောင်တိုင်း ငိုတတ်သော်လည်း ထပ်ကာတလဲလဲပြောခိုင်းကာ နားထောင်၍မဝ ဖြစ်ခဲ့သည် ။
ခင်မ အရွယ် ရောက်လာတော့ အဘွား က ရွှေယုန်ရွှေကျားလို ပုံပြင် မျိုး မပြောတော့ချေ ။ သူမ၏ ငယ်ဘဝတွေ ကို ပုံပြင်သဖွယ် စီကာ ပတ်ကုံး ပြောပြတတ်သည် ။ ခင်မကလည်း မထွေးလေးပုံပြင် ထက် မသိမီလိုက်သော အတိတ်ခေတ် အကြောင်းကို နားထောင်ရတာ ပို၍ နှစ်သက်လာသည် ။ သို့သော် အဘွား အများဆုံး ပြောတတ်တာက အဘိုး အကြောင်းများသာ ဖြစ်၏ ။ အသက်ရှစ်ဆယ်ကျော် ဆံဖြူသွား ကျိုး ပါးရေတွန့် နေသော အဘွားသည် အဘိုးအကြောင်း ပြောပြနေ စဉ်မှာ ထူးဆန်းသောရောင်ခြည်တစ်မျိုးဖြင့် နုပျိုနေသည် ။ လန်းဆန်း နေသည် ။ ဆန်းသစ်နေလေ၏ ။
“ အဘွားတို့ ရွာက ကိုလူလှတို့ ရွာ လို ပေတစ်ရာ နဲ့ မနီးဘူး ။ အတွင်းပိုင်း ကို လှည်းနဲ့ တစ်ရက်ခရီး သွားရသေးတယ် ။ အဘွား မျက်စိ က ငယ်ငယ်ကတည်းက သွေးကြီးခဲ့တာ ။ ရွာထဲက ကာလသားတွေ ကို ကြည့်တာ မဟုတ်ဘူး ။ ရွာထဲက ယောက်ျားလေးတွေ က တောင်သူ လယ်လုပ် စစ်စစ်တွေ ဆိုတော့ ဖျင်လုံချည်နှစ်နံစပ် တိုတိုဝတ် ၊ ကျောဗလာနဲ့ ဓားမတိုကြီး ခါးကြားထိုးပြီး ရွာရိုး လျှောက်ရင်း အဘွား မျက်စိ ထဲမှာ ရုပ်ဆိုးလွန်းလို့လေ ”
“ အဘိုးနဲ့ အဘွား က တစ်ရွာတည်း မဟုတ်ဘဲ ဘယ်လို ဆုံကြ တာလဲဟင် ”
“ ကိုလူလှက အောင်သာရွာသူကြီး သားလေ ၊ အဘွား က ရွာ အချောအလှ ။ နာမည်ကြီး ၊ ကွမ်းတောင်ကိုင် ဆိုတော့ ကိုလူလှ နား ပေါက်သွားပြီး အဘွားကို လာကြည့်တာ ”
“ အဘွား ကို မြင်တော့ သဘောကျ သွားမှာပေါ့နော် ”
“ အစစ်ပေါ့ မြေးရဲ့ ၊ ဒါပေမယ့် အဘွားတို့ ခေတ်က ခုခေတ်လို မမြန်ဘူး ၊ အောင်သွယ်ရှာတာ ၊ ပြောတာ ၊ တစ်ဦးကို တစ်ဦး အကဲခတ်တာနဲ့ သုံးနှစ်သုံးမိုး ကြာခဲ့တာ ။ သူ့ ခမျာလည်း အဘွား ကို တွေ့ဖို့ ရွာကို ချောင်းပေါက်မတတ် လာရတာပေါ့ ။ ကိုလူလှများ လယ်ကန်သင်းရိုး တစ်လျှောက် စက်ဘီးလေး စီးလာရင် ပိုးပဝါခေါင်းပေါင်းစ အဝါရောင်လေးက လေမှာ တလွင့်လွင့်နဲ့ သိပ်ကြည့်ကောင်းတာပဲ ၊ အဝတ်အစား ဆိုလည်း ပိုးအင်္ကျီနဲ့ ဘန်ကောက်လုံချည် အရောင်နုနု လေးတွေ မှ ဝတ်တာ ။ လူက ဖြူချောချောဆိုတော့ သိပ် ကြည့်ကောင်း တာပဲ ။ အဲဒီခေတ် က လူတိုင်း စက်ဘီး မစီးနိုင်ဘူး ၊ ကိုလူလှ သာ သူကြီးသား ၊ မြို့ကျောင်းသား မို့ စီးနိုင်တာ ”
“ အဘိုး က ဒီလိုဒီလို မိုက်တော့ အဘွား က ကြိုက်သွားတာပေါ့နော် ”
“ ဟယ် .. အဲဒီတုန်းက မမိုက်ပါဘူး ၊ တော်လို့ လိမ္မာလို့ အဘွား က ကြိုက်တာပါ ”
ခင်မ စကား အဓိပ္ပာယ် ကို နားမလည်သော အဘွားက ပျာပျာသလဲ ငြင်းသည် ။ အဘွား သည် ရုတ်တရက် စကားပြော ရပ်သွားကာ ဝေသီ သော မျက်လုံးများဖြင့် အဝေးသို့ ငေးနေသည် ။ ရေစက်နည်း၍ ကွဲ ကွဲခဲ့ရသော အဘိုး ကို သတိရနေသည်လား ၊ သူမ ၏ လှပနုနယ် သော အတိတ်ကာလ ကို လွမ်းမောတသနေသည်လား မသိနိုင်ပါချေ ။
“ အဘွား ”
“ ဟေ ... ”
“ အဘိုး က သိပ်ချောတာပဲ ဆို ၊ ဟုတ်လား ”
“ ဟုတ်ပါ့တော် ၊ ချောချက်ကတော့ ပြောမနေနဲ့ ၊ ညည်းအမေ လှတာ သူ့အဖေ ကိုလူလှ ကို တူလို့ပေါ့ ခင် မရဲ့ ၊ အဘိုး က ဗီဒီယို မင်းသား ဘယ်သူ .. ဟို ဝမ်းတွင်းသားလေးလေ ”
“ ကိုကိုလင်းမောင် လား အဘွား ”
“ အေး .. ဟုတ်တယ် ၊ အဲဒီ ကောင်လေး နဲ့ တစ်ထေရာတည်းပဲ ”
ဒါ့ကြောင့် ကိုကိုလင်းမောင် သရုပ်ဆောင်သော ဇာတ်လမ်းတိုင်း အဘွားက ကြည့်တာကိုး ၊ ခုမှ ခင်မ သဘောပေါက်တော့၏ ။
အဘွား က အသက်ရှစ်ဆယ်ကျော် သော်လည်း အပ်နဖားပေါက် ထိုးနိုင်တုန်း ဖြစ်သည် ။ ဗီဒီယိုကြည့်ရတာ သဘောကျသည် ။ ကိုကိုလင်းမောင် ပါဝင်သော ဇာတ်ကားတွေ ဆိုလျှင် မြေးတွေနှင့် ငွေစပ်ကာ အခွေငှားကြည့်တတ်သည် ။ သို့သော် သူမ မင်းသားနာမည်ကို မမှတ်မိချေ ။ မင်းသား၏ ဇာတိမြို့ဖြစ်သော ဝမ်းတွင်းမြို့ကို အစွဲပြု၍ ဝမ်းတွင်းမင်းသားလေး ဟုသာ ခေါ်တတ်၏ ။ သူမ ၏ အမြင် ကိုကိုလင်းမောင် နေရာမှာ အစားထိုး၍ အဘိုးဦးလူလှ ဟု ထင်မှတ်နေသည်လား မသိနိုင်ပါ ။ သူမ ခေါ်တာကို လိုက်ခေါ်ရင်း ခင်မတို့ တစ်အိမ်သားလုံး က သူ့ မင်းသား ကို “ ဝမ်းတွင်းသား ” ဟု ခေါ်တတ်နေပြီ ။ တစ်ရက် ခင်မ ၏ ဖခင် က ကိုကိုလင်းမောင် ကားသစ် ထွက်တာ တွေ့၍ အခွေငှားလာသည် ။ ညနေ ရုံးဆင်းတော့ အဘွား ကို မှတ်မှတ်ရရ မေးသည် ။
“ အမေ့ ၊ ဗီဒီယို ကြည့်ပြီးပြီလား ”
“ အေးဟဲ့ ကြည့်ပြီးပြီ ”
“ ဝမ်းတွင်းသားလေး ဘယ့်နှယ်လဲ ကောင်းရဲ့လား ”
“ ဆွဲမရ ၊ ဖဲ့မရပါဟယ် ၊ နူးမှ မနူးတာ ဆား ကလည်း ငန်သေးတယ် ”
“ ဗျာ ... ”
အဖေ အံ့သြသွားသည် ။ အဘွား ပြောတာ သူ နားမလည်နိုင်တော့ ပါ ။ နောက်မှ အဘွားက သဘောပေါက် သွားသလို
“ ဪ .... ဗီဒီယို ထဲက ဝမ်းတွင်းသားလေးက ကောင်းပါတယ် ၊ ငါက မနက်ကစားရတဲ့ အမဲဝမ်းတွင်းသား ကောင်း,မကောင်း မေး တယ်ထင်လို့ ” တဲ့ ။
တစ်အိမ်သားလုံး အမဲသား မစားသော်လည်း အဘွားက ကြိုက် တတ်၍ သူမအတွက် အမဲနှပ်နှင့် ဝမ်းတွင်းသားချက်ကို မကြာခဏ ချက်ပေးရသည် ။ အမဲသား စား၍ အဘွား သည်လောက် ကျန်းမာနေတာလား ဟု ခင်မ တွေးမိသည် ။
အဘွား သည် ဂျပန်ခေတ်အကြောင်း ပြောတတ်သလို ဆီ တစ်ပိဿာ သုံးကျပ်ခေတ်က ကုန်ဈေးနှုန်းတွေ ကို ရွတ်ပြတတ်သည် ။ ရွှေမန်းတင်မောင် ၏ ရွဲကုန်သည်သီချင်း ကို သံနေသံထားနှင့် ဆိုပြ တတ်သလို လောဘကြီး လျှင် ဆုံးရှုံးတတ်ကြောင်း လမ်းညွှန်သွန်သင် ပေးတတ်၏ ။ သူမ နှင့် အတူနေ မြေးငါးယောက် ရှိသော်လည်း အငယ်တွေက အဘွားနား သိပ်မကပ်ချေ ။ ခင်မ သာ အဘွားနှင့် အနေများသည် ။ အဘွား ပြောတာတွေ က ဓာတ်ပြားအပ်သွားထပ်သလို ခဏ ကြားနေရ၍ ရိုးအီနေပြီ ဖြစ်သော်လည်း သူ၏ အနီးမှာ ခင်မ အမြဲ သည်းခံ နားထောင်ပေးလေ၏ ။
“ ကိုလူလှ က စိတ်ရင်း သိပ်ကောင်းတာ ၊ ဒါပေမယ့် ငယ်ငယ် ကတည်းက အလိုလိုက် ခံထားရတဲ့ သူကြီးသား ဆိုတော့ အလုပ်,လုပ် တာ လက်ကြောမတင်းဘူး ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စား ဉာဉ်က မပျောက် ဘူး ။ တစ်ခါတလေ ရွာပြင်ခဏဟေ့ ဆိုပြီး ရွာတကာလည် ဖဲရိုက် သွားကြသတဲ့လေ ”
“ စိတ်ညစ်စရာကြီးပါလား ” ဟု ခင်မ စိတ်ထဲ ထင်မှတ်မိသော် လည်း နှုတ်က ဖွင့် မပြောဖြစ်ပါ ။ အဘွားချစ်သော အဘိုးကို မဝေဖန် ချင်သောကြောင့် ဖြစ်ပါ၏ ။
“ သူ့ အဖေဆုံးလို့ သူကြီး တက် လုပ်ရတော့လည်း အနေအထိုင် မပြင်ဘူးလေ ။ ရွာ မှာ ကိစ္စရှိရင် သူကြီး ကို ထန်းတော မှာ ၊ ရွာတကာ ဖဲဝိုင်း မှာ လည်ရှာရတာ ။ ကြာတော့ ရွာက လူတွေက မဖြစ်ချေဘူး ဆိုပြီး ကိုလူလှ အစ်ကို မြေတိုင်းစာရေးကြီး ကိုလူမြ ကို အလုပ်က ထွက်ခိုင်းပြီး သူကြီး လုပ်ခိုင်းကြတယ် ။ အဲဒီခေတ်က သူကြီးသား မှ သူကြီး ဖြစ်တဲ့ခေတ်ကိုး ”
“ ရာထူးပြုတ်သွားတော့ အဘိုး နောင်တ ရသွားမှာပေါ့နော် ”
“ အမယ်လေး အေ နောင်တ ရဖို့ နေနေသာသာ ၊ ခုမှ တာဝန်ပေါ့ သွားပြီ ဆိုပြီး ထန်းတောမှာ ပျော်ပွဲကျင်းပလိုက်သေးတယ်လေ ”
အဘွားသည် အဘိုး ဆိုးတောတွေ ကို မိခင် တစ်ယောက် က သားဆိုး အကြောင်း ချစ်စနိုး ပြောသလို ပြောပြနေခြင်းဖြစ်သည် ။အဘိုး ပေတေ နေ၍ အဘွား ကပင် ကလေး ခုနှစ်ယောက် ၏ စားဝတ်နေရေး အတွက် အိမ်ထောင်ကို ဦးစီးခဲ့ရတာ ၊ ထွန်တုံး ကို ကိုယ်တိုင် စီးပြီး လယ်ယာ လုပ်ခဲ့ရတာတွေကို ဂုဏ်ယူဝင့်ကြွားစွာ ပြောပြတတ်သည် ။ သူမ ၏ သားသမီး အားလုံးကလည်း အဘွား ဂုဏ်ယူဖွယ်ရာ တင့်တယ် အောင် မြင်သော ဘဝတွေ ကို ပိုင်ဆိုင်ကြလေပြီ ။
“ လှတာမက်လို့ ညစာခက်တယ် ဆိုတာ ဟုတ်တယ်နော် အဘွား ၊ ဒီလောက်ဆိုးတဲ့ အဘိုး ကို ယူမိတာ မှားလေးခြင်းလို့ အဘွား နောင်တရ မှာပဲနော် ”
ခင်မ က တွေးဆစွာပြောတော့ အဘွား ကိုယ်ခန္ဓာသေးသေးသည် တောင့်မတ်သွားသည် ။ ခင်မ ကို စိုက်ကြည့်နေသော သူမ၏ မျက်လုံး အစုံမှာ မယုံကြည်နိုင်ဖွယ် ၊ အံ့သြဖွယ်ရာတွေ ပြည့်လျှံနေသည် ။ အကြာကြီး စိုက်ကြည့်ရာမှ သက်ပြင်းချသံနှင့် အတူ မတ်နေသောခါး ကလည်း ပုံမှန် ဖြစ်သွားသည် ။
“ ပေါက်ပေါက်ရှာရှာအေ ၊ ကိုလူလှ ကို လက်ထပ်ခဲ့လို့ ဘာကိစ္စ နောင်တ ရ,ရမှာလဲ ၊ ဒီအတွေးမျိုး ဒီ အသက်အရွယ် ထိ တစ်ခါမှ မပေါ် ဖူးပါဘူးတော် ၊ သူနဲ့ ရလို့ သားသမီး ခုနှစ်ယောက် ရခဲ့တယ် ၊ အဲဒီ သားသမီးတွေ လိမ္မာလို့ ခုလို အိုကြီးအိုမ မှာ အေးအေးဆေးဆေး နေနိုင် တယ် ။ အဲဒါ သူ့ ကျေးဇူးတွေပေါ့ဟဲ့ ”
အဘွား ၏ အကြောင်းပြချက်က ရယ်စရာ ကောင်းသော်လည်း ခင်မ မလှောင်ရက်ပါ ၊ မရယ်ရက်ပါ အဘွား က ဆက်ပြောသည် ။
“ ဒါပေမယ့် လူ ဆိုတာ အကောင်းချည်း မရှိသလို အဆိုးချည်း လည်း မရှိနိုင်ဘူး ။ ကိုလူလှ ခမျာ ဖဲမရိုက် ၊ အရက်မသောက်ဘဲ လိမ္မာကာစ မှာမှ သေသွားတာကို အဘွား စိတ်မကောင်း ဖြစ်မိတာပါ ။ သူ သေတော့ အဘွားက သုံးဆယ့်ငါးနှစ် ၊ သူက သုံးဆယ့်ရှစ်နှစ် လေ ”
အဘွား သည် သူမ ၏ ချစ်လင် ကို ဆယ့်ငါးနှစ်ခန့် သာ ပေါင်း သင်းခဲ့ရတာပါလား ။ အသက်ငယ်ငယ် မုဆိုးမ ဘဝတွင် အဘိုး နေရာ မှာ မည်သူ့ ကို မှ အစားမထိုး ၊ အားကိုးမရှာဘဲ ရုန်းကန်နိုင်သော အာဂ မိန်းမ တစ်ယောက် ဖြစ်၏ ။
ခင်မ ကတော့ အဘွား ၏ ဇွဲသတ္တိနှင့် ဘယ်သူပြိုင်၍ မနိုင်,နိုင် သော အဘွား ၏ မေတ္တာတရားကိုသာ အံ့သြနေမိလေ၏ ။
••••• ••••• •••••
ခင်မ ၏ အဖေက သုံးနှစ်အရွယ် မောင်လေးအောင်အောင် အတွက် မြင်းစီးရုပ်လေး ဝယ်လာသည် ။ သစ်သားဖြင့် ပြုလုပ်ထားပြီး အောက်ခြေမှာ လခြမ်းသဏ္ဌာန် ပြုလုပ်ထားကာ ရှေ့နောက် လှုပ်ရှားစီးနိုင် သော မြင်းရုပ်ဖြစ်သည် ။ အောင်အောင် က မြင်းစီးရမှာ ကြောက်နေ သည် ။ မြင်းကျောပေါ်ကို လုံးဝအတင် မခံချေ ။ အဘွား က သူ့မြေး ကို စီးစေချင်ဇောဖြင့် ချော့မော့ကာ ပြော၍မရသည့်အဆုံး အဘွားကိုယ်တိုင် မြင်းကို ခွစီးပြလေ၏ ။
“ မြေးလေး အဘွား မြင်းစီးတာ ကြည့်စမ်း ၊ တက်ကလောက် .. တက်ကလောက် ... တွေ့လား ၊ စီးကြမယ်နော် ”
သူမ ကိုယ်လုံး ညှက်ညှက်လေးဖြင့် လှုပ်စီးသည် ။ ခင်မ ၏ အမေ က မီးဖိုဆောင် မှ အပြေး ထွက်လာကာ
“ အမေရယ် လိမ့်ကျမှ ကျော်မကောင်း ၊ ကြားမကောင်း ဖြစ်ပါ့မယ် ၊ ဆင်းပါ ”
“ ဘာဖြစ်လဲ ၊ ငါ့ မြေး ကို မြင်းစီး သင်ပေးတာပဲ ”
“ အဘွားတော့ သူငယ်ပြန်ပြီ ထင်တယ် ”
ညီမ ဖြစ်သူ တင်တင်မ က ခင်မ ကို တိုးတိုးလေး ပြောသည် ။
“ ဟုတ်မယ်မထင်ပါဘူးကွယ် ”
ခင်မက မရေမရာ ပြန်ပြောရင်း အဘွား ကို အငေးသား ကြည့် နေလေတော့၏ ။
••••• ••••• •••••
“ အဘွား ဆံပင်ဖြူတွေ ပြန် မည်းကုန်ပြီတော့ ”
ခင်မ က အဘွား ကို ခေါင်းဖြီး ပေးရင်း အံ့သြစွာ အော်လိုက်သည် ။ တစ်အိမ်သားလုံး အဘွား ၏ ဆံပင်ဖြူတွေ နက်မှောင်လာခြင်း အတွက် ထင်ကြေးအမျိုးမျိုး ပေးကြသည် ။ အဘွား နေ့စဉ် စားသုံးနေသော ဆေးဝါးတွေ ထဲမှ တစ်ခုခုကြောင့် ဖြစ်နိုင်သည် ဟု ထင်ကြေး ပေးရင်း ငြင်းခုံကြသည် ။ အဘွား ကား ခံစားမှု မရှိသော အပြုံး ဖြင့်သာ ပြုံးနေသည် ။
“ အမေ အဘွားဆံပင်တွေ ပြန် မည်းသွားတာ ဆန်းလိုက်တာ နော် ”
မီးဖိုဆောင်မှာ ချက်ပြုတ်နေသော အမေ့ ကို ကူညီရင်း ခင်မ က မေးသည် ။ အမေ က
“ ကြီးတစ်ခါ ၊ ငယ်နှစ်ခါ ဆိုတာလိုပေါ့ သမီးရယ် ၊ အသက် ကိုးဆယ်နားနီးတော့ သွေးသစ် လောင်းပြီး ရုပ် နဲ့ စိတ်တွေ ပြောင်းလဲ သွားတယ် ထင်ပါရဲ့ ”
“ ငယ်မူ ပြန်တယ် ဆိုတာ စိတ်ပြောင်းလဲခြင်း တစ်မျိုးပေါ့နော် အမေ ”
“ လူအိုတွေ ကလေးလို နေရင်း ငယ်ဘ ဝကို တမ်းတလာရင် ငယ်မူ ပြန်တယ် ၊ သူငယ်ပြန်တယ် လို့ အမျိုးမျိုး ပြောကြတာပါပဲ သမီး ရယ် ။ ကိုယ် အိုမှ တိတိကျကျ သိရမယ့်ကိစ္စပဲလေ ။ တစ်နေ့က အမေ မြေး ထိန်းရင်း မြင်းစီးပြတာ ကြည့်ပါလား ။ သူငယ်ပြန်တာ လို့ ပြောလို့ ရသလို မြေး ကို မြင်းစီးစေချင်တဲ့ ချစ်ဇော နဲ့ စီးပြတာလည်း ဖြစ်နိုင် တာပဲ ။ တစ်ခါတလေတော့ လည်း အနာဂတ် ငြိမ်သက်သွားတဲ့ သူတို့ ဘဝ မှာ အတိတ် က စွဲလမ်းခဲ့ဖူးတာတွေ သတိရပြီး တသသ ပြောတတ် တယ် ။ နားထောင်မယ့် လူရှိရင် ထပ်ကာထပ်ကာ ပြောတတ်တယ် ။ အဘိုး အကြောင်း အဘွား ခဏခဏ ပြောသလိုပေါ့ ။ အင်း .. တချို့ကျ တော့လည်း ငယ်စဉ်က ထိန်းချုပ်မျိုသိပ်မှုတွေ သိပ် တင်းကျပ်ခဲ့ပြီး အိုမင်း လာမှ စိတ်ကို လွှတ်ချလိုက် သလို ဖြစ်ပြီး ကယောင်ကတမ်းတွေ ဖြစ်ကုန်တယ် ။ ဒါ အမေ တွေးမိသလို ပြောတာနော် ၊ အကြောင်းရင်း ကိုတော့ ကာယကံရှင် မှ သိနိုင်မယ်လေ ။ ဒါ့ကြောင့် လူ့ဘဝ မှာ မွေးစ က တစ်ခါ ငယ်တယ် ၊ အရွယ် အိုမင်းတဲ့ အခါ ငယ်မူပြန်ပြီး တစ်ခါ ငယ်တာကို ကြီး တစ်ခါ ၊ ငယ် နှစ်ခါ လို့ ဆိုကြတာပေါ့ ”
အမေ က သူမ ၏ အယူအဆ ကို ရှင်းပြ၏ ။
ကိုယ်တိုင် သေဖူးမှ သေခြင်းတရား ကို နားလည်မှာ ဖြစ်သလို ကိုယ်တိုင် အိုမင်း မှသာ အရွယ်ရင့်အိုခြင်း နှင့် ငယ်မူပြန်ခြင်း တို့၏ ဆက်သွယ်မှု ကို သိနိုင်လိမ့်မည်ဟု ထင်ပါ၏ ။
▢ သျှီ - အင်ကြင်း
📖 ငွေတာရီမဂ္ဂဇင်း
၂၀ဝ၀ ၊ သြဂုတ်လ
No comments:
Post a Comment