Showing posts with label ဝေ ( စီးပွါးရေးတက္ကသိုလ် ). Show all posts
Showing posts with label ဝေ ( စီးပွါးရေးတက္ကသိုလ် ). Show all posts

Tuesday, November 19, 2024

အိပ်မက်စရန်


 

❝ အိပ်မက်စရန် ❞ 

အလွန်ပင် ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းလှ၏ ။

မိန်းမသား တစ်ယောက် ၏ မာန နှင့် ဆန္ဒ တို့ ပြင်းထန်စွာ လွန်ဆွဲ အားပြိုင်ရာ မှ ရင်တွင်း ပေါက်ကွဲမှု တစ်ခု စတင်ခဲ့ခြင်း ဖြစ်လေသည် ။

နေရာတိုင်း တွင် ဆန္ဒများ လွန်ကဲ လွန်း လျှင် လောဘစိတ် နှင့် ပူလောင်ရ သကဲ့သို့ မာနကြီး လွန်း လျှင် လည်း ဒေါသစိတ် တို့ က လောင်မြိုက်နိုင်တတ်ကြောင်း သူမ ကောင်းကောင်းကြီး သိခဲ့ရပါပြီ ။

ရှားရှားပါးပါး လူသိရှင်ကြား အောင်မြင်မှု တစ်ခု ကို ပွေ့ဖက် ထားလိုသော အပြင်းစား ဆန္ဒ နှင့် လူမသိ သူမသိ အစော်ကား ခံရခြင်း အတွက် တစ်စစီ လွင့်စင် သွားတော့သည် ။

•••••   •••••   •••••

“ ကိုယ့် လက် ထဲ မှာ ဆုပ်ကိုင် မိ ပြီးသား အခွင့်အရေး တစ်ခုကို  လွယ်လွယ် နဲ့ လွှတ်မချ နိုင်တော့တာ အပြစ်လား ချိုရယ် ၊ တို့ ဘဝတွေ က အပြစ် တင်ချင် သပ ဆိုရင် လည်း ဖြစ်ချင်ရာ ဖြစ် ဇွတ် နှစ် ရမယ့် အခြေအနေ လေ ”

“ ငါ က နင့် လို မာနကြီး တစ်ခွဲသား နဲ့ နောက်ပြန် လှည့်ဖို့ ဆိုတာ က လည်း လမ်း မရှိတော့ဘူး မိချို ရဲ့ ။ ငါ က ဖောင်ဖျက်ခဲ့ ပြီးသား ။ ငါ့ ကို ခွင့်မလွှတ်ပါနဲ့တော့ ဟာ ”

သူမ ရင် က တစစ်စစ် နာကျင် ရ လွန်းသော အခါ နှုတ်ခမ်းသားတွေ အေးခဲ စေးကပ်လာ တော့၏ ။ သူငယ်ချင်း ကို ပြောချင် နေသော စကားလုံးများ က စိတ် ထဲ မှာ ပလုံစီ နေ သော်လည်း နှုတ်ခမ်းများ က ဆွံ့အပိတ်ဆို့ နေသည် ။

နှမြောလိုက်တာ နှမြောလိုက်တာ စိမ်း ရယ် ။ လက်လွှတ်လိုက်ရမယ့် ငါးစာ အကြီးကြီး ထက် ငါးမျှား ချိတ် မှာ တန်းလန်း ပါ သွားတော့မယ့် နင့် ရဲ့ စိတ်တွေ ကို နှမြောတယ် ။

အဆိပ်ရည် လူး ထားတဲ့ အခွင့်အရေး တစ်ခု ကို လွယ်လွယ် နဲ့ လွှတ်မချ နိုင်ရင်လည်း ခက်ခက်ခဲခဲ အားတင်းပြီး ကျောခိုင်း ရမှာပဲ ။ ဖဲမွေ့ရာ ပေါ် မှာ အဆိပ်သင့် နေမယ့် အစား မီးပင်လယ် ကို ခြေဗလာ နဲ့ ဖြတ်ချင် ဖြတ် ရစေဦး .... ။ ဇွဲနပဲ နဲ့ ကူးခပ်သင့်တာပဲ မဟုတ်လား ။

သတိ ဝင်စမ်းပါ ။ အသိ ရှိစမ်းပါ သူငယ်ချင်း ရယ် ။

သူမ စိတ်ထဲ မှ အပြင်းအထန် အော်ဟစ် နေမိ၏ ။ အသံ မထွက်သော ပေါက်ကွဲမှု မျိုးနှင့် ။

ရွှေရောင် တဝင်းဝင်း လက် နေသော အနာဂတ်အိပ်မက် ကို အစာ လုပ်ပြီး ဖုံးအုပ် ထားသည့် အတွင်းပိုင်း က အေးစက်စက်ချွန်မြမြ မြားချိတ် ထိပ်ဖျား မှာ ဝိညာဉ်နုတ် မည့် အဆိပ်တွေ လူး ထားသည် ဆိုတာ သူငယ်ချင်း မက မသိလေရော့ သလား ။ သိသိလျက် နှင့် ပင် “ ငါ့ ဝမ်း ပူဆာ မနေသာ ” လေပြီ လား ။

အမှန်တော့ သူမ စိတ် ထဲ မှ စကားများ ကို အစောပိုင်း ကတည်း က စိမ်း ကို အထပ်ထပ် ပြောခဲ့ပြီး ဖြစ်ပါသည် ။ သို့ပေမဲ့ စိမ်း က နောက် မဆုတ်နိုင် ။ ရှေ့ သာ ဆက် တိုး တော့မည် တဲ့ ။

အခန်းဖော်လေး ၏ အကြောင်းပြချက် မျိုးစုံ ကို သူမ က တော့ စာနာ သော်လည်း လက် မခံနိုင်ခဲ့ပါ ။ နွံ ထဲ ကျွံ ဝင်တော့မည့် ခြေလှမ်းတွေ ကို လက်ပိုက် ကြည့်နေနိုင် လောက် သည့် ဥပက္ခော နှလုံးသား က သူမ လို သူငယ်ချင်းကောင်း ပီသချင်သူ ထံ မှာ မရှိသင့်ဘူး မဟုတ်လား ။

တကယ်ဆို နွံ ထဲ ကျွံ မည့် ခြေ တစ်လှမ်း ကို လှမ်း ဖို့ ရွယ်ခဲ့မိတာ က တော့ သူမ တို့ သူငယ်ချင်း နှစ်ယောက် အတူတူ ရယ်ပါ ။ အဲသည်တုန်း က နွံ့ မှန်း မသိသေး ။ ရွှေရောင် တဝင်းဝင်း လက်နေသည့် ပွင့်အာရန် အားယူဆဲ ဖူးငုံ နှစ်ပွင့် သည် လည်း အပြင်းသား ဆန္ဒတစ်စုံ ကို ပွေ့ ပိုက် ကာ တန်းစီ နေခဲ့မိသည်ပေါ့ ။

အပြင်းစား ဆန္ဒ တစ်စုံ ။

ဟုတ်သည် ။ ထို အပြင်းစား ဆန္ဒ တစ်စုံ သည် ခုတော့ လောဘမီး အဖြစ် ပြောင်းလဲ ကာ စိမ်း ကို အလျှံညီးညီး ဝါးမျို ပေတော့မည် ။

•••••   •••••   •••••

ထိုစဉ်က ချွေးစေးများ ဖြင့် စေးထန်း နေခဲ့သော စိမ်း လက်ကလေး တွေ သည် သူမ ၏ လက် ကို မလွှတ်ချင် လွှတ်ချင် နှင့် ဆန့်တငင်ငင် ထားရစ် ကာ စင်မြင့် ထက် မှ မိုက္ကရိုဖုန်း ဆီ ကို ခပ်တင်းတင်း ပြောင်း ဆုပ် ခဲ့လေ၏ ။

စိမ်း အသံလေး က နွဲ့နွဲ့ကလေး နှင့် ချစ်စရာ ကောင်းသည် ။

စိတ် လှုပ်ရှားနေမှန်း သိသာစွာ မိုက္ကရိုဖုန်း ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင် ထားသော လက်ကလေး တွေ က အကြောတင်းတင်းလေး ပင် ပေါ် နေ သော်လည်း အသံ က တော့ ညင်းညင်းညံ့ညံ့ နှင့် တည်ငြိမ် လှ၏ ။

ဒါဟာ သူ လျှောက်ချင် လှသည့် လမ်း ဆိုတာ ကို သေချာ ပိုင်နိုင် နေသည့် ယုံကြည်မှုမျိုး နှင့် ။

စိမ်း အလှည့် ပြီးတော့ သူမ အလှည့် ။ သူမ က စိမ်း လောက် တုန်လှုပ်တတ်သူ မဟုတ်လေ တော့ ဇောချွေး လည်း မပြန် ။ လက်ကြော လည်း မတင်း ၊ ပေါ့ပေါ့ပါးပါး ၊ သွက်သွက်လက်လက် ခြေလှမ်းများ နှင့် ခပ်မြူးမြူး အနှစ်ပြည့်ပြည့် အသံ အကြား မှာ အားလုံး၏ အာရုံများ က ငြိမ်သက်ကာ စူးစိုက်ကျ လာ၏ ။

မှင်တက်သည် ပဲ ပြောရမည်လား ၊ ဝင်စားသည် ပဲ ပြောရမည်လား .. နောက်တော့ မှ လက်ခုပ်သံများ ကျယ်လောင်စွာ ထွက်ကျလာတော့သည် ။

သူမ ရင် ထဲ မှာ တော့ ပီတိ လှိုင်းဂယက်များ ။

နဂိုက တည်ငြိမ် နေသော ရင် သည် ယခု မှ ပင် လှုပ်ရှားချင် လာ သလိုလို ။

သည်လောက် ချီးမြှောက်မှုလေး ကပင် ဒီလောက် မက်မောစရာ ကောင်းလှပါ လျှင် ..

သူမ တို့ အနာဂတ် သည် သူမတို့ မျှော်လင့်အိပ်မက် နေ သလိုများ ဖြစ်ခဲ့ပါ လျှင် ...

အောင်မြင် ကျော်ကြားမှု သည် ငွေကြေး ချမ်းသာမှု ထက် ပင် သူမ တို့ လို ဝါသနာရှင်များ အတွက် မက်မော ဖွယ် ဆွဲဆောင် နိုင်လှ၏ ။

နောက်ဆုံးတွင် တော့ လက်ရွေးစင် ငါးယောက် စာရင်း ၌ စိမ်း ရော သူမ ပါ ထိပ်ဆုံး မှ ပါဝင်ခွင့် ရခဲ့ပါ သည် ။ လွယ်လွယ်ကူကူ တော့ မဟုတ်ခဲ့ပါ ။ ဝါသနာရှင် အယောက် ငါးဆယ် ကျော် မှ သည် ဆန်ခါတင် နှစ်ဆယ် ။ ထိုမှ ဆန်ခါ့ ဆန်ခါတင် တစ်ဆယ် ။ နောက်ဆုံး မှ လက်ရွေးစင် ငါးယောက် ။ ဤသို့ အဆင့်ဆင့် ရင်တဖိုဖို အကြိတ်အနယ် ဖြတ်ကျော် ခဲ့ရပါ၏ ။

တစ်ဆင့် ထက် တစ်ဆင့် ပြိုင်ပွဲ က အကြိတ်အနယ် ကြည့် ကောင်း လာလေ လာအားပေးသည့် ပရိသတ် က ပို များလာလေ ။ တဖြည်းဖြည်း တစ်ဆင့် စကား တစ်ဆင့် နား ဖြင့် သတင်း ပျံ့ သွားလေရာ နောက်ဆုံး အဆင့် တွင် ခန်းလုံး ပြည့်လျှံ လက်ခုပ်သံများ သောသောညံ နေ ရတော့ သည် ။

•••••   •••••   •••••

ခုတော့ဖြင့် လောကဓံ ရှစ်ပါး တွင် တစ်ပါး အပါ အဝင် ဖြစ်သော ချီးမွမ်း ခံရခြင်းသည် လည်း ကြံ့ကြံ့မခံ နိုင် ပါ က ဖြူစင်သော စိတ်ဓာတ်များ ကို ပျက်စီး ဆုံးရှုံး စေတတ်ကြောင်း သူမ မျက်ဝါးဝါး ထင်ထင် ကြုံရလေပြီ ။

ထိုနေ့က သက်တံရောင် တောက်ပနေသော ကောင်းကင် သည် သူမ ခြေရင်း သို့ ရုတ်တရက် ကြေမွ ကာ လွင့်ကျ လာခဲ့၏ ။

“ ကယ်တင်ရှင် ” ဟု ကိုးကွယ်ချင် ခဲ့ မိသော အမျိုးသမီးကြီး သည် သူမ ၏ ရှေ့ မှ သံပရာရည်ခွက် ထဲသို့ ဘယ်အချိန် ကတည်း က ခုန်ဆင်း သွားမှန်း မသိခဲ့ လိုက် ။
အအေးဆိုင် အတွင်း မှ နံရံများ သည် ရုပ်ရှင် ထဲ မှ အနှေးပြကွက် လို သံဆူးချွန်များ တပ်ဆ င်ထားကာ သူမ ဆီ သို့ တရွေ့ရွေ့ တိုးလာ နေသလား ဟု ပင် ကယောင်ကတမ်း စိတ် တို့ က အတိမ်းတိမ်း အပွေပွေ ။

“ အန်တီ ပြောတာ သမီး နားမရှင်းဘူး ထင်တယ် ။ ပွင့်ပွင့်လင်းလင်း ပြော ရရင် စပွန်ဆာ ... ”

“ ဟိုး .. ဟိုး .... ”

သူမ က ဖျတ်ခနဲ အမြန် လက်ကာယမ်း လျက် အမျိုးသမီးကြီး ၏ နတ်ဆိုးကျိန်စာ ကို နောက် တစ်ခေါက် မမန်းမှုတ် နိုင်ရန် ဟန့်တား လိုက်ရ၏ ။

ဘယ်လောက်များ ယုတ်ညံ့ လိုက်သည့် စကားမျိုးပါလိမ့် ။

သည်လို စော်ကားမှုမျိုး သည် တစ်ခေါက်လောက် မျှ နှင့်ပင် သိပ် ကို အကျည်းတန် လွန်းလှပြီ မဟုတ်လား ။

“ ကျွန်မ အတွက် စပွန်ဆာ မလိုပါဘူး ။ နောင် လည်း ဘယ်တော့မှ လိုမှာ မဟုတ်ပါဘူး ။ အန်တီ့ မှာ သမီး မွေး ထားရင် တော့ ကျွန်မတို့ ထက် မငယ်လောက်ဘူး ထင်ပါ တယ် ။ မိန်းမပျိုလေး တစ်ယောက် အတွက် ဘယ်လို အကူအညီမျိုး ဟာ ဝေဒနာ ဖြစ်နိုင်မယ် ဆို တာ အန်တီ သိသင့်တယ်လို့ ထင် တာပဲ ”

သူမ ရင် ထဲ မှ အမှန်တကယ် ပေါက်ကွဲမှု နှုန်း အောက် စိတ် ကို လျှော့ချ ကာ ပြောခဲ့သည် ဆိုသော်လည်း သိပ်တော့ ဖြင့် ယဉ်ကျေးဖွယ်ရာ အသံမျိုး ထွက် နိုင်ခဲ့ မည် မထင်ပါ ။

အမှန် လည်း ယဉ်ကျေးမှု ရှိ သယောင် ဆောင်ကာ ရွှေမှုန်ကြဲ ထားသော နောက်ချေးပုံ ထဲ က နောက်ချေးပိုး တစ်ကောင် ၏ ရှေ့ တွင် သူမ က ရော အဘယ်မျှ လောက် မွန်ရည်နိုင်ပါမည်နည်း ။

အလစ်အငိုက် မိကာ ပြုတ်ကျ သွားသော မင်းသမီး မျက်နှာဖုံးစွပ် ကို ကမန်းကတန်း ကောက် စွပ်ကာ ဘီလူးမကြီး က တော့ ဘယ်လို ဆိုင်းမျိုး နှင့် တပ် ပြန် ခေါက်သွား မှန်း ပင် မသိလိုက်ပါ ။

သူမ ရင်တွင်း မှာ တော့ တစ်လောကလုံး အမှောင်တိုက် တွင်း သို့ ပြိုဆင်း နေခဲ့သည်မှာ အချိန်ကာလ မဲ့ မတတ် ။

မှာယူ ထားသော စားသောက်ဖွယ်ရာများ ကို တစ်စက်မျှ မတို့ထိ ခဲ့ ရ သော်လည်း ပြည့်ကျပ် တစ်ဆို့ နေသော ရင်ခွင် ကို ပိုက် ကာ သူမ အဆောင် ကို ပြန် ရောက်လာ တော့ အခန်းလေး ထဲ ၌ အမှောင်ထု ပင် ကြီးစိုး နေခဲ့ပြီ ။

ရောက်ရောက်ချင်း စကားတစ်ခွန်း မှ မဆိုနိုင်ဘဲ မျက်နှာထား ခက်ထန်စွာ နှင့် အိပ်ရာ ပေါ်တွင် ထောင် ထားသော ဂစ်တာ ကို ကောက် ကိုင်ကာ ဂစ်တာကြိုးများ ပေါ် သို့ သာ အငြိုးတကြီး ပြေးလွှား ပေါက်ကွဲ နေသော သူမ ၏ လက်ချောင်းများ ကို စိမ်း က အကဲခတ် သလို ကြည့် နေခဲ့လေသည် ။

“ အနုပညာ တစ်ခု အပေါ်  ငါတို့ ရဲ့ ရူးသွပ် ခုံမင်ခြင်း အတွက် ရလဒ် က အစော်ကားခံရဖို့တဲ့ လား ။ ရက်စက် လိုက်ကြတဲ့ လူတွေ ကွာ .... အသည်းနှလုံး မှ ရှိကြသေးရဲ့လား ”

ဂစ်တာ ၏ ပေါက်ကွဲသံ ထက် မလျော့သော သူမ ၏ ရင်ကွဲသံ က အဆောင်ခန်းကျဉ်းလေး ထဲ မှ ဖိတ်အန် ကျ ကာ ကော်ရစ်ဒါ တစ်လျှောက် ပျံ့နှံ့ သွားပုံ ရ၏ ။ ဘေးခန်း မှ ထွက် ကြည့် သူ ကြည့် ၊ အဆောင်ဘေး လမ်း ကြား မှ လှည့် ကြည့်သူ ကြည့် နှင့် တီးတိုး ဝေဖန် ကုန်ကြ သည် ။

“ စိတ် လျှော့ပါ ချို ရယ် ... မြေနိမ့်ရာ ကို မှ လှံ စိုက်ချင် ကြတဲ့ ဒီ လောကကြီး ထဲ မှာ စိုက် လာတဲ့ လှံ ကို သာ အမိ အရ ဆွဲပြီး ပြန် ထ နိုင်အောင် အမြင့် ကို တက်ဖို့ ကြိုးစား ရအောင်ပါ ။ ဒါဟာ တို့ အတွက် စိန်ခေါ်မှု တစ်ခု ပါ ။ စိမ်း က တော့ စိန်ခေါ်ရင် ဘွာမခတ် စတမ်းဘဲ ”

ဘုရား ရေ ... စိမ်း ပြောလိုက်သည့် စကား က တစ်မျိုးကြီး ပါလား ။

စိမ်း မျက်နှာ ကို ထိတ်လန့်တကြား ကြည့် လိုက်တော့ စိမ်း ၏ မျက်လုံး ထဲ တွင် အန္တရာယ် အငွေ့အသက် တစ်စုံတရာ ကို သူမ က ခဏချင်း မှာ ပင် ရှာ တွေ့ သွားခဲ့၏ ။ ရင် ထဲ မှာ ဒဏ်ရာ ကို လက် နှင့် လည်ချောင်း ပေါင်း ကာ ဖောက်ခွဲ နေမိသော သူမ ၏ လက်မောင်း ကို စိမ်း က ခပ်ဖွဖွ လာ ဆုပ်ကိုင်တော့ စိတ် ထဲ မှာ ကျဉ်ခနဲ ဖြစ်သွား ရလေသည် ။

ပြိုင်ပွဲ စသည့် နေ့ က သူမ ကို အားကိုးတကြီး တင်းတင်း ဆုပ်ကိုင် ထားခဲ့သော စိမ်း ၏ လက်ကလေး တွေ သည် ခုတော့ ချွေးစေးတွေ က ခြောက်သွေ့ သွားခဲ့ပြီလား ။

“ အို ဒါဖြင့် ... နင့် ကို လည်း သူတို့ မျှား ခဲ့ ပြီးပြီပေါ့ ”

သူမ ၏ ကယောင်ကတမ်း အမေး ။ စိမ်း ၏ ခပ်လေးလေး ခေါင်း အညိတ် ။

သူမ ရင် ကို ထက်ခြမ်းခွဲ ကာ စိတ်ဓာတ်အင်အား များ အားလုံး မတ်မတ် ရပ်တည်မနေနိုင် လောက်အောင် နောက်ပြန် လဲကျ သွားစေတော့သည် ။ ရင်ကွဲပက်လက် မှ ချေမွ ခံ လိုက်ရသော အိပ်မက် တစ်စုံပင် အဆစ် ပါလိုက်သေး၏ ။

•••••   •••••   •••••

“ နင့် အတွေး တွေ မှား နေပြီ စိမ်း ။ မြေနိမ့်ရာ ကို မှ လှံ စိုက်တာမျိုး ကို နောက် တစ်ခါ အစိုက် မခံရအောင် နိမ့် နေ တဲ့ မြေ ကို သာ ဖို့ပြီး မြှင့် ပေးရမှာလေ ။ စိုက် လာတဲ့ လှံ ကို အမိအရ ဆွဲ ဖမ်းပြီး အားယူ ထ လိုက်မယ် ဆိုရင် လှံသွား က နင့် ရင်ဝ ထဲ ကို ပို စိုက် ဝင်ပြီး သွေးချင်းချင်း ရဲသွားမှာပေါ့ စိမ်း ရဲ့ .. ”

သူမ က ဘယ်လိုပင် ကြိုးစား၍ နားလည်အောင် ပြောပြော ... စိမ်း ပုံစံ က နောက်ဆုတ်တော့မည့် ဟန် မပေါ်ပါ ။

သူမ ဘယ်တုန်း က မှ တွေးထင် မထားခဲ့သော ပျော့ညံ့ညံ့ မိန်းကလေး တစ်ယောက် ၏ တလွဲ မာန သည် အင်မတန် မှ ခေါင်းမာ နေခဲ့လေသည် ။

အမှန်တော့ မာန ဆိုသည် ထက် ရုန်း မထွက်နိုင် သည့် အမှန် ဘဝ ၏ ဆန္ဒများ က ပို ဆိုး နေခဲ့ခြင်း ဖြစ်လိမ့် မည်ထင်သည် ။

“ ချို ရယ် .. ရပြီးသား အခွင့်အရေး ကို ငါ မှ အဆုံးအရှုံး မခံနိုင်တော့ဘဲ ။ ငါ့ အဖြစ် က ရှေ့ တိုး လည်း တံပိုး ၊ နောက် ဆုတ်လည်း လှည်းရိုး ပါဟယ် ။ သူတို့ ပေးထား တဲ့ စရန်ငွေ ငါးသောင်း ကို လည်း ရွာ က အမေ့ ဆီ မောင် နဲ့ ညီမ အတွက် ကျောင်းစရိတ် ဆိုပြီး ပို့ ပြီးခဲ့ပြီ ။ ပွဲနေ့ ကျရင် ထပ် ပေးမယ့် တစ်သိန်းခွဲ ကို လည်း ပို့ ပေးဦးမယ်လို့ အမေ့ ကို ပြော လိုက်တော့ အကြွေးတွေ ဆပ်နိုင်ပြီ လို့ ပြောရှာ တဲ့ မုဆိုးမကြီး ရဲ့ ဝမ်းသာဝမ်းနည်းသံကြီး ကို ငါ ဘယ်လို ဥပေက္ခာ ပြုရက်နိုင်မလဲ ”

“ တို့တွေ အဆင့် နဲ့ ရော လေးည ဖျော်ဖြေရုံ နဲ့ နှစ်သိန်း ဆိုတဲ့ ငွေ ကို ဘယ်လို သွား ရှာရမလဲ ။ နင့် ဆုံးဖြတ်ချက် ကို တော့ ငါ လည်း အားကျပါရဲ့  ။ နင့် ကို လည်း ငါ့ လမ်း အတိုင်း လျှောက်ဖို့ ငါ ဘယ်တော့မှ တိုက်တွန်း မှာ မဟုတ်ဘူး ချို ”

“ ဆင်းရဲကြတာ ချင်း တူပေမဲ့ နင် က မိစုံဖစုံ ၊ ဒီ နွံ က ရုန်းနိုင် လောက်တဲ့ ခွန်အားရှိသေးတယ် ။ ငါ့ မှာ က .. ”

ပြော နေရင်း တိမ်ဝင် တိုးသက် သွားသော စိမ်း အသံ က သူမ ရင် ကို ထုတ်ချင်းခတ် စိုက်ဝင် သွား၏ ။

“ ငါ ဆုံးဖြတ်ချက် ချ ပြီးပြီ ချို ... ငါ့ မောင်တွေ ညီမ တွေ အတွက်  ငါ့ ဘဝ ကို စတေးတော့မယ် လို့ ... ၊ ရွှံ့ဗွက် ဗရပွ လမ်း မှာ ငါ့ ခန္ဓာ နဲ့ တံတားခင်း ပေးလိုက်မှ သူတို့ ကလေးတွေ မျက်စိ ပိတ် နား ပိတ် နေတဲ့ ဘဝ က နေ ကမ္ဘာကြီး နဲ့ ဆက်သွယ် နိုင်မယ့် ကတ္တရာလမ်း ပေါ် ကို ရောက် လာနိုင်မှာ ။ ငါ့ ကိုယ် ငါ စတေး လိုက်ရင် ငါ့ တစ်ဘဝ ပေါ့ ချို ရယ် .... ငါ့ တံတား ပေါ် က နေ မောင်ညီမ သုံးယောက် နဲ့ ငါ့ အမေ ။ အဲဒီက တစ်ဆင့် သူတို့ မျိုးဆက် တွေ ... ငါတို့ ရွာသား တွေ ... ”

စိမ်း ၏ သူရဲကောင်းပုံပြင် ကို သူမ က ဆက် နားထောင်ရန် ခွန်အား မရှိတော့ပါ ။ စိမ်း ၏ ဘဝ အခြေအနေ ကို အတွင်း ကျကျ အသိဆုံး က လည်း သူမ ပေပဲမို့ အလွန် အားငယ် ကြောက်ရွံ့ တတ်သော သူငယ်ချင်းမလေး က သည်လို ဆုံးဖြတ်ချက် မျိုး ချရန် ဘယ်လောက် အားတင်း ခဲ့ရမလဲ ဆိုတာ သူမ စာနာ နိုင်ပါလေ၏ ။

သွေးမတော် သားမစပ် တစ်နယ်စီ ဆို သော်လည်း ဘဝ ကို သမားရိုးကျ အခြေနေ တစ်ခု မှ ရုန်းထွက် လိုသည့် ဆန္ဒချင်း တူ ခဲ့သော သူမ တို့ နှစ်ယောက် သည် ဤ အဆောင် အမိုး အောက် တွင် ရေစက်ဆုံ ကတည်း က ညီအစ်မ အရင်း တမျှ ချစ်ခင်တွယ်တာ ခဲ့ကြသည် ။

ကြုံရာကျရာ အလုပ်ကလေးတွေ မှာ စရိတ် ကာ မိရုံ ၊ ဝမ်းမီးကလေး ငြိမ်း နိုင်ရုံ ရုန်းကန် လှုပ်ရှား နေကြရင်း တူညီသော ဝါသနာလေး ကြောင့် ဖက်ရှင်ရှိုး တစ်ခု အတွက် အဆို ပြိုင်ပွဲ ကို အတူတူ ဝင် ပြိုင်ခဲ့ကြ၏ ။

လူ ကြောက်တတ်သော စိမ်း ကို စင် ပေါ် တက်ရန် အား အမျိုးမျိုး ပေးခဲ့ရသော သူမ က ခုတော့ သူငယ်ချင်း ကို စင် ပေါ် မှ ဆင်း လာရန် ဘယ်လို ဖျောင်းဖျရမည် မသိ တော့ ။

သည်လို ၊ စင် မျိုး ပေါ် ကို တော့ စိမ်း ကို မတက်စေချင် ပါ ။ စိမ်း မှ သာ မဟုတ် ၊ ဘယ် မိန်းကလေး ကို မှ လည်း မတက်စေချင်ပါ ။

•••••   •••••   •••••

မျှော်လင့် ထားပြီးသား ကိစ္စ ဆိုသော်လည်း ထို အရာ က မိမိ အတွက် အရှုံး ဖြစ်နေသော အခါ မည်သူ က များ ပြုံးပျော် နိုင်ပါမည်နည်း ။

“ အခု လုပ်မယ့် ဖက်ရှင်ရှိုး က တော်တော်လေး ခမ်းနားကြီးကျယ်တာမို့ နာမည်ကျော် အဆိုတော်တွေ ကို ပဲ သုံးဖို့ ကုမ္ပဏီ က စီစဉ်လိုက်လို့ တဲ့ ။ ပြိုင်ပွဲ မှာ ရွေး ထားတဲ့ လူ စုံအောင် အလှည့် မပေးနိုင်တော့ဘူး တဲ့ ”

“ ဒါနဲ့ နေပါဦး .... အရွေး ခံထားရတဲ့ ငါးယောက် စလုံး ကို ပေး မဆိုတော့တာလား ။ ကျွန်မ တစ်ယောက် တည်း ကို ပယ် တာလား ”

“ အဲဒါတော့ ကျွန်တော် လည်း မသိဘူး ခင်ဗျ ။ အန်တီလှိုင် ပြောခိုင်းတာ ကို လာပြောရတာပါ ”

“ လောလောဆယ် ဒီ အဆောင် မှာ လာ ပြောရမှာ ကျွန်မ တစ်ယောက်တည်း လား ”

“ ဟုတ်တယ်ဗျ ... ဒီ အဆောင် မှာ အစ်မ တစ်ယောက် ကို ပဲ ပြော ခိုင်းတာ ”

ဒီလောက် အရိပ် ပြ ရင်တော့ သူမ က လည်း အကောင် မြင် တတ်ပါပြီ ။

စိမ်း ရော သူမ ပါ ရှိသည့် ဒီ အဆောင် မှာ အမျိုးသမီးကြီး ၏ စပွန်ဆာ ဆက်သွယ်ပေးမှု ကို ငြင်းဆန် လိုက် သည် က သူမ တစ်ယောက် သာ ပဲ ရှိသည် ကိုး ။

ဒါဖြင့် သူတို့ အစီအစဉ် ကို ငြင်းပယ်သူ အား သူတို့ က လည်း ဖယ် ထုတ် ပြီပေါ့ ။

မဖြစ်နိုင်မှန်း သိ သော်လည်း အားလုံး ကို ဖယ်ထုတ် ရ လေ မိန်းကလေးများ ၏ အနာဂတ် အတွက် ပို ကောင်းလေ ဟု သူမ တွေး နေဖြစ်၏ ။

သို့ပေမဲ့ သူမ လို ကျော်ကြားမှု ကို စွန့်လွှတ်နိုင် မည့် သူ ၊ မက်လုံးပေးမှု များစွာ ကို ကျောခိုင်း နိုင်မည့်သူ မိန်းကလေး ထဲ က ဘယ်နှယောက်များ ရှိမှာ ပါလိမ့် ။

စပွန်ဆာ ပေးမည့် သူ သည် အသက်ကြီးကြီး ၊ အရုပ်ဆိုးဆိုး ၊ ဖြစ်ကောင်း ဖြစ်နိုင် သော်လည်း သူ နှင့် အတူ နေရမည့် တိုက်ခန်း ၊ သူ နှင့် ဆက်သွယ်ရန် ဖုန်း ၊ သူ့ ဆီ က သဘော ကျရင် ကျ သလို ပေးကမ်း လာမည့် လက်ဆောင်ပစ္စည်းများ ၊ စီးတော်ယာဉ် မော်တော်ကား များ ကို ပါ အရုပ်ဆိုး အကျည်းတန်သည် ဟု သိမြင်နိုင် လာ ဖို့ မိန်းကလေး အားလုံး ကို အသိဉာဏ် ပြည့်စုံစေချင် လှသည် ။

“ စရန် ငါးသောင်း ကို အခု ပြန် ပေးလိုက်ရမှာလား ”

“ အော် .. ဒါကိုတော့ ဘာမှ မပြောလိုက်ဘူးဗျ ။ စရန် ဆိုတာ အလုပ် မဖြစ်တော့ရင် သူတို့ ဘက် က စ ဖျက် တာမို့ ထုံးစံ အတိုင်း ဆို ရင်တော့ ပြန် ပေးစရာ မလိုတော့ ပါဘူး ”

ထို သူ ပြော ကာမှ စရန် ပြန်ပေးစရာ ငွေ မကျန်တော့ သည်ကို အကြောင်းပြချက်ပေး ခဲ့သော စိမ်းမျက်နှာလေး ကို ဖျတ်ခနဲ မြင်ယောင် သွားရ၏ ။

စိမ်း က အဆိုပြိုင်ပွဲ တွင် အရွေး ခံရ၍ စရန်ငါးသောင်း ရလာ ကတည်းက အဆင် မပြေလှသည့် လုပ်လက်စ အလုပ် ကို ချက်ချင်း ထွက် ပစ်ခဲ့သူ ။ ဒါကြောင့်လည်း ဖောင် ဖျက်ခဲ့ပြီ ဟု နောက်ကြောင်းပြ န်မလှည့်ချင်ခဲ့ ။

စီးရီး ထုတ် ပေးမည် ဆိုသော အပြော မှာ လည်း အမျောကြီး မျောနေသူ ။ အန်တီကြီး ၏ ကယ်တင်ရှင် ယောင် ယောင် ဟန်ဆောင် အပြုံး အောက် မှာ အမှန် မမြင်နိုင် လောက် အောင် လောဘ အမှောင် ဖုံး နေသူ ။

အမှန်တကယ် လည်း သည်လိုမျိုး လမ်းကြောင်း မှ တက်သွားသူတွေ က ရှိခဲ့သည် ပဲ ကိုး ။ ခုလို အကြံအဖန် ငခုံးမ တစ်ကောင် ကြောင့် သူမ တို့ ချစ်သော အနုပညာ လောက မှာ အပုပ်နံ့ ထွက်ရသည် မှာ အသည်း နာစရာ ကောင်းလှသည် ။

တကယ်တော့ မောင်လေး ညီမလေး တို့ အတွက် အနာဂတ် မျှော်လင့်ချက် သည် စိမ်း ၏ အပြင်းစား ဆန္ဒ အဖြစ် မှ လောဘ အသွင် ပြောင်းသွားခြင်း ဖြစ်လိမ့်မည် ထင်၏ ။

သူမ က တော့ သေတ္တာ ထဲ တွင် တစ်ရွက် မလျော့ သိမ်းထားဆဲ ဖြစ်သော မသုံးဖြစ်သေးသည့် စရန်ငွေလေး တွေ က စပွန်ဆာ ကမ်းလှမ်းမှု ကို ငြင်းချက်ထုတ်ဖို့ ခွန်အားများ ဖြစ်ခဲ့သည်လား မသိ ။

ဒါဖြင့် စရန် ပြန် ပေးစရာ မလိုတော့ လျှင် စိမ်း အနေ ဖြင့် ငြင်းလို့ ရသွားပြီပေါ့ ။

ရုတ်တရက် သူမ လှိုက်ခနဲ ဝမ်းသာ သွား သော် လည်း ပျော်ရွှင်မှု က ကြာကြာ မခံပါ ။ စိမ်း ကို အချည် နှောင် ခံနေရသည့် စရန် က တစ်ခု တည်း မှ မဟုတ်ဘဲ ။

စရန် ဆိုသည် က လက်ခံသူ ဘက် က ပျက်ကွက်ခြင်း မဟုတ်လျှင် လျော်စရာ မလိုသော်လည်း လက်ခံ ယူထား သူ က စတင် ငြင်းဆို ပျက်ကွက် ပါ က စရံ ၏ နှစ်ဆ ပြန် လျော်ပေးရသည် ဟု သူမ ကြားဖူးခဲ့လေသည် ။

သူမ က အန်တီကြီး ၏ စပွန်ဆာ လက်ဆောင်ကို  သာ ငြင်းဆိုခဲ့ သော်လည်း သီချင်း ဆိုမည့် အစီအစဉ် ကို စ ဖျက်ခဲ့သူ မဟုတ် ။ သည်တော့ စရန် ပြန် ပေးရန် မလို ။ သို့သော် သူမ ၏ စိတ်ကူးအိပ်မက် ထဲ တွင် နှလုံး သား နှင့် စရန်သတ် ထား ပြီးသော ရွှေရောင်အနာဂတ် ကို သူမ က မငြင်းဆန်ပါဘဲ နှင့် သူတို့ က စတင် ဖျက်ပစ်ခဲ့ သည်လေ ။ ဒါဖြင့် စရန် နှစ်ဆ အလျော် ရရန် သူမ မည်သူ့ ဆီ က တောင်းရမည်နည်း ။

ခုနက နတ်ဆိုးမကြီး ၏ တမန်တော်နတ် ကို ဖျက်ခနဲ သတိ ရ သွားသည့် အခိုက်မှာ တော့ သေတ္တာ ထဲ မှ စရန်ငွေ ကို ကိုင် ကြည့်ရင်း မသတီလှ သော သည်လို ငွေမျိုး ကို မာနကြီးကြီး ဖြင့် ပြန် ပေးလိုက်ရင် ကောင်းမလား ဟု ချီတုံ ချတုံ ဖြစ်နေသော သူမ သည် တစ်ဟုန်ထိုး ထ ပြေးမိ တော့၏ ။

တောင်းရဦးမည် မဟုတ်လား ... ရွှေရောင်တောက် နေခဲ့သော အနာဂတ် အိပ်မက်စရန် အတွက် လျော်ကြေးနှစ်ဆ ။

မလိမ့်တပတ် နှင့် လူလည် ကျ သွားသော ဟို လူ သည် ခပ်ဝေးဝေး ရောက်နိုင်ဦးမည် မထင် ။

မိန်းကလေးတွေ ၏ အနာဂတ်အိပ်မက် ကို စရန် ယူ ထားပြီး ကတိ ပျက်သည့် သူတွေ လက်လွတ်ခံလို့ မဖြစ် ။

ပြေး .. ပြေး မီ အောင်လိုက် ။

လမ်းမ ပေါ် သူမ ရောက် လာတော့ အေးစက်စက် မိုးရေများက ဖြန်းခနဲ သူမ ကို ရွှဲစို သွားစေသည် ။

ဟင့်အင်း.. မဟုတ်ဘူး ... ဒါ မိုးရေစက်တွေ မဟုတ်ဘူး ။

အနာဂတ်အိပ်မက် ကို ကတိ မတည် အဖျက်သိမ်း ခံရသူတွေ ရဲ့ မျက်ရည် တွေ .... ။

ထိုအခိုက် တစ်ကိုယ်လုံး မိုးရေ တွေ ထဲ နစ်ဝင် တုန် ခိုက်နေသော သူမ ကိုယ်လုံးလေး နှင့် ဆန့်ကျင်စွာ ပါးပြင် တစ်လျှောက် မှ ပူနွေးသော အထိအတွေ့ က ချော်ရည် စီးကြောင်း လို ... ။

မိုး က လည်း သဲသဲမဲမဲ ရွာ နေဆဲ ။

သူမ က လည်း စရန်လျော်ကြေး တစ်ခု တောင်းဆိုရန် လမ်းမ ပေါ် မှာ ပြေး နေဆဲ ။

◾ဝေ ( စီးပွါးရေးတက္ကသိုလ် )

📖 ပေဖူးလွှာ မဂ္ဂဇင်း
      ဖေဖော်ဝါရီလ ၊ ၂၀၁၃

2024/11/19 16:27
.

Sunday, May 5, 2024

တိမ်တောက်သည့် ဆည်းဆာ


 

❝ တိမ်တောက်သည့် ဆည်းဆာ ❞

လက် ထဲ ရောက် လာသည့် နှစ်ရာတန်လေး ကို ကြည့်ပြီး ဘွားဆုံ ရုတ်တရက် နားမလည်နိုင် ။ အခြေအနေ ကို အံ့အားသင့် ပြီး တွေဝေ ငေးငိုင် နေမိ၏ ။ သူမ ပုံစံ က ဘာကို ကိုယ်စားပြု နေပြီနည်း ။ “ အမေကြီး ၊ နေ အရမ်း ပူတယ် ။ လမ်းလျှောက် မနေနဲ့ဦး နော် ။ ကား စီးသွား ”

ပေးတဲ့ သူ က တော့ စေတနာ အပြည့် နှင့် အဘွားအို အတွက် ရာသီဥတုဒဏ် က ကင်းလွတ်ပြီး လိုရာ ခရီး အမြန် ရောက်စေဖို့ ကူညီ လိုက်တာ ဖြစ်သည် ။ ဘွားဆုံ က တော့ သူများ အထင် လွဲ လောက်အောင် သူမ ပုံစံ က ညစ်ထေးနွမ်းဖတ် နေပြီလား ဟု သုံးသပ် နေမိဆဲ ။ လမ်းသွားလမ်းလာ တချို့ က နွမ်းယဲ့ယဲ့ အဘွားအို နှင့် လက် ထဲ မှ ပေးကမ်း ထားသော နှစ်ရာတန် ငွေစက္ကူ တစ်ရွက် ။ ထို ပုံရိပ်တို့ မှ တစ်ဆင့် စီးကျ လာသော လျှပ်တစ်ပြက် သဒ္ဓါတရား တို့ ဖြင့် ဘွားဆုံ လက်ထဲ သို့ ငွေစက္ကူလေးများ တစ်ရွက် ပြီး တစ်ရွက် ထပ် ရောက် လာရ၏ ။ ငါးဆယ်တန်များ ၊ တစ်ရာတန် အချို့ ၊ နှစ်ရာတန် လည်း ပါ ။ ယောင်နန နှင့် ငွေစက္ကူ လက်တစ်ဆုပ် ကိုင် ပြီး အချိန် အတန်ကြာ ရပ် နေမိတော့ နောက်ထပ် တဖွဲဖွဲ ရောက်လာသည့် ငွေများ က လက် နှစ်ဖက်ဖြင့် ဆုပ်ကိုင် လို့ ပင် မဆံ့တော့ ။ ခေါင်း ပေါ် က တဘက်ဟောင်းလေး ချွတ်ပြီး ထည့် လိုက် ရင်း သက်ပြင်း ရှိုက် မိသည် ။

“ လာ လာ မြို့သစ် ကို တစ်ရာတည်း ရယ် လိုက်မလား ”

ထိုးရပ် လာ သော လိုင်းကားလေး ပေါ် တုန်ချည့် ချည့် နှင့် ပိုက်ဆံ တစ်ရာ ပေးရင်း တုတ်ကောက် လေး အားပြု တက် လိုက်တော့ စပယ်ယာ က ဖေးမ ပြီး ဆွဲတင် ပေး၏ ။ ခုန က စပယ်ယာ လို “ ပိုက်ဆံ မပါရင် လမ်းလျှောက် တော့ အမေကြီး ” လို့ ရက်ရက်စက်စက် မစိမ်းကားပါ ။

သည်လို မစိမ်းကား အောင် ကူညီ ပေးသွားသည့် စေတနာရှင် ကို သတိရ သွားတော့ လက် ထဲ မှ တဘက်ဟောင်းလေး ကို ခပ်တင်းတင်း ဆုပ်ကိုင် မိသည် ။ တဘက် ထဲ မှာ စုထုပ် ထားသည့် ငွေစက္ကူတွေ က ဘယ်လောက်များ ရှိမည် မသိ ။ နည်းတော့ မနည်း လှ ။ တစ်ခါမှ စိတ် မကူးဘူး သည့် အခြေအနေ တစ်ခု ကို မမျှော်လင့် ဘဲ ရောက်ခဲ့ရသည် မို့ ဘွားဆုံ ရင် က တော့ ကတုန်ကယင် ဖြစ်နေတုန်း ။

အိမ်ပေါက်ဝ မှာ ဆီးကြို နေသည့် မြေးမလေး က ထွေးလုံး နေသည့် တဘက်ဟောင်း ထဲ က ငွေစက္ကူ တွေ ကို မြင်တော့ အံ့သြ သွားပုံ ရ၏ ။

“ အဘွား ၊ ပိုက်ဆံတွေ လည်း ပွစာကျဲ လို့ ။ ချော် လဲ လာတာလား ”

“ ဟုတ်ပါဘူး မြေးရယ် ။ မြေးဖေဖေ ပို့ တဲ့ ပိုက်ဆံ က ဒီ မြို့က ဘဏ် ကို မရောက်သေးလို့ တဲ့ ။ ထုတ် မရခဲ့ သေးဘူး ။ ဒါတွေ က ”

ဘွားဆုံ စကား ကို ဖြတ်ပြီး ရေ တစ်ခွက် အရင် သောက် လိုက်သည် ။ မြေးမလေး ကို ပြောသင့် ၊ မပြောသင့် မဝေခွဲ နိုင်သေး ။ ကိုယ့် ကိုယ် ကိုယ် ပင် ဘာ ဖြစ်ခဲ့မှန်း ရေရေရာရာ ပြန် မတွေးဝံ့သေး ။ ငွေ စက္ကူတွေ ကို ထိုင် စီ နေသော မြေးမလေး မျက်နှာ ကတော့ ဝင်းလက် နေပြီ ။ မနက်ဖြန် ဗလာစာအုပ် ဝယ်ပြီး ကျောင်း တက်နိုင်ပြီ လို့ ပျော်နေလေသည် လား မပြောတတ် ။ သူ့ ခမျာ ရေးစရာ ဗလာစာအုပ် ကုန် နေ တာ ကို ဝယ် ပေးဖို့ ပိုက်ဆံ မရှိသေးသည် နှင့် ကျောင်း မသွားဝံ့ တာ သုံးလေးရက်တောင် ရှိရှာပြီ ။

“ ဖိုးကဲ ကော ”

“ မောင်လေး က အဖျား ပြန် တက်လာလို့ အိပ် နေ တယ် အဘွား ”

ရေ တစ်ခွက် သောက် လိုက် ရလို့ အေး သလို ရှိ သွားသည့် ဘွားဆုံ ရင် ထဲ အပူလုံးကြီး ချက်ချင်း ပြန် ဆို့ လာပြန်သည် ။ နုံးချည့် နေပေမယ့် ရုန်း ထပြီး မြေးငယ်လေးရှိရာ အတွင်းခန်း ကို ပြေး သွား လိုက်၏ ။ စိတ် က သာ ပြေးသည် ဆိုသော်လည်း ချည့်နဲ့နဲ့ အဘွားအို မို့ တစ်လှမ်း ချင်း သာ ရွေ့ နိုင်၏ ။ ကြမ်းခင်း ကလည်း ခနော်နီခနော်ခနဲ့ ဆိုတော့ လိုရာ ကို တော်တော် နှင့် မရောက်နိုင် ။

အသက် ကြီး လာတော့ ဘာမှ မကောင်းတော့ပါ ဘူး ။ ဒူး လည်း မကောင်း ၊ ခါး လည်း မကောင်း ၊ မျက်စိ လည်း မကောင်း ၊ နား တောင်မှ လေတွေ ထွက်ပြီး အူ နေလို့ သိပ် ကောင်းကောင်း မကြားချင်တော့ဘူး ။ ငယ်ငယ်တုန်း က လို စိတ် သွားတိုင်း သာ ကိုယ် ပါလို့ ကတော့ ဈေးတောင်း ခေါင်းရွက်ပြီး မြေးတွေ ကို ဒေါင်းတင် မောင်းတင် ရှာ ကျွေး လိုက်ချင်သေးသည် ။ ခုတော့ သမက် ဖြစ်သူ ၏ လုပ်စာ ကို မျှော်ကိုး ပြီး စောင့် နေရတာ ။ မြေးအဘွား တစ်တွေ ငတ် တာလည်း အကြိမ်ကြိမ် ၊ ပြတ် တာလည်း အခါခါ ၊ ချေး ရတာ လည်း အတိုး နဲ့ ဆိုပေမယ့် ကြာ တော့ ထပ် ချေးချင်တဲ့ သူ တောင် မရှိတော့ ။ အိမ်လခက  လည်း သုံးလေးလ မပေးနိုင် လို့ အိမ်ရှင် က နှင်ချ နေပြီ ။

ရေနံမှော် လိုက် သွားသည့် သမက် က ငွေ့ ပို့ မမှန် တော့ သူ ပို့ လိုက်သည့် ငွေ က ရောက် တာ နဲ့ အတိုး တွေ ၊ အကြွေး တွေ ၊ အိမ်လခ တွေ ထိုး ဆပ် လိုက်တာ နှင့် ပင် ဘာမှ မကျန်တော့ ။ ဒီတော့ လိုအပ်သမျှ ထပ် ချေးရင်း နဲ့ ပဲ လုံးလည် လိုက် နေရသည် ။

ဘွားဆုံ သက်ပြင်းမော ကို ရှိုက်ရင်း မြေးငယ် နဖူး ကို စမ်း လိုက်တော့ လက်ဖဝါး မှအပူ က နှလုံး အိမ် အထိ မြိုက်ခနဲ ကူးစက် ပူလောင် သွား၏ ။

“ ဘုရား ဘုရား ပူချစ် နေတာပါလား ။ သားရေ ဖိုးကဲ ဖိုးကဲ ”

ကလေး က တော်တော် နှင့် ပြန် မထူးတော့ ဘွားအေ ရင်ထဲ မီးခဲ မျိုမိ သလို ဖြစ်လေပြီ ။

“ မိစု ၊ မိစု ၊ အမြန် လာ ကြည့်စမ်း ။ ညည်း မောင် လေး သတိများ လစ် နေသလားဟယ် ။ ငါ လည်း ဘာမှ ကောင်းကောင်း မမြင်ရဘူး ”

အစ်မ လုပ်သူ က လှုပ် လှုပ်နှိုး မှ ကလေးငယ် က ‘ အင်း ’ ခနဲ သံရှည်ဆွဲ ညည်း ရှာ၏ ။ သတိပဲ လစ် နေ သည်လား ။ အိပ် ပဲ ပျော်နေသည်လား တော့ မသိ ။ ဘာပဲဖြစ်ဖြစ် ဆေးခန်း သွား ပြမှ ဖြစ်တော့မည် ။

ဖျား နေတာ နှစ်ရက် ရှိပေမယ့် ပိုက်ဆံ လည်း မရှိ သည် မို့ ကွမ်းယာဆိုင်မှ  အုပ်ဆေးလေး ဝယ် လူး လိုက် ၊ အဖျား ကျဆေးလေး ဝယ် တိုက်လိုက် နှင့် နေ ခဲ့ရသည် ။ ခုတော့ မိမိ ရ လာသည့် ပိုက်ဆံလေး နှင့် ဆေးခန်း သွား ပြလိုက်မည် ။ လောက်ပါ့မလား တော့ မသိ ။

“ သမီး ခုနက ပိုက်ဆံ ရေ တာ ဘယ်လောက် ရလဲ ”

“ နှစ်ထောင့်သုံးရာ နဲ့ ငါးဆယ် ”

“ ဟယ် ” ခနဲ ဘွားဆုံ ရင်ထဲ လှိုက်ခုန် သွားရ၏ ။ ရ လာတာ မနည်းပါလား ။ ဈေးထွက် ရောင်း ရင် တောင် အမြတ် နှစ်ထောင်ကျော် ရဖို့ ဆိုတာ တစ်နေ ကုန်တာ
တောင် မသေချာ ။ ဒီ ကြားထဲ ရှုံးချင် ရှုံးနိုင်သေးသည် မဟုတ်လား ။

ဒါကြောင့်လည်း မြို့ ထဲ က လူ စည်ကားရာ တစ်ဝိုက် မှာ တောင်းရမ်း စားသောက်နေသူတွေ ပို ပိုများ လာတာ ဖြစ်မည်ပေါ့ ။

သက်ကြီးရွယ်အို ဒုက္ခိတတွေ က တော့ ထား ပါ တော့ ။ တချို့ဆို ခြေလက် အပြည့်အစုံ နှင့် အရွယ် ကောင်း တွေ က လည်း တောင်းရမ်း နေတာ မြင်ဖူး၏ ။ တစ်ခါတလေ အကောင်း က ဒုက္ခိတ ယောင် ပင် ဆောင် လိုက်သေး၏ ။ လုပ်ကိုင် စားရတာ ထက် တောင်းစားရသည် က ပို တွက်ခြေ ကိုက် နေသည်လား မှ မသိတာ ။ ဒီလို ရေသာခို အချောင်လိုက် ချင် စိတ် က လူ ကို အညွန့်ကျိုး စေသည် ဟု ဘွားဆုံ ကတော့ နှမြောမိသည် ။

“ အဘွား ဘာတွေ တွေး နေတာလဲ ။ ဆေးခန်း သွား မယ် ဆို ”

သူ့ မောင်လေး ကို မနိုင်မနင်း ချီ ထားသော မြေးမလေး က သတိပေး မှ ဘွားဆုံ စိတ် နှင့် လူ ပြန် ကပ် တော့၏ ။ သုံးနှစ်သားလေး ကို ရှစ်နှစ်သမီး က ချီ ထားသည့် မောင်နှမ နှစ်ယောက် မြင်ကွင်း က ဘွားဆုံ ရင် ကို ဆို့နင့် စေသည် ။ အဘွားအို က ယိုင်နဲ့နဲ့ မို့ မြေး ကို ချီပိုး ဖို့ နေနေသာသာ ကိုယ့် အရိုး ကို ပင် အနိုင်နိုင် သယ် နေရသည့် အခြေအနေ ။

အသေ စော ရှာသည့် သမီး ကို သတိရ မိတော့ ရေနံမှော် မှာ ပင်ပန်း နေရှာမည့် သမက် က လည်း အတွေး အာရုံ မှာ နောက်ဆက်တွဲ တွယ်ငြိ လာပြန် သည် ။ အရင်ကတော့ သမက် က ဆိုက်ကား နင်း ၊ သမီး က ဈေးရောင်း ၊ အမေ က ချက်ပြုတ် ကလေး ထိန်း နှင့် မိသားစုလေး ဟန်ချက်ညီ နေခဲ့ သေးသည် ။ လင်မယား နှစ်ယောက် က ဒိုင်ခံ ရှာဖွေ၍ တစ်သက် လုံး ဈေးတောင်း ခေါင်းရွက် ကျွေးလာခဲ့သည့် အမေ ကို သမီး ရော ၊ သမက် က ရော အိမ်မှုကိစ္စ လောက် နှင့် သာ အနား ပေး ထားခဲ့၏ ။

“ အမေ ဈေးရောင်း နိုင်သေးတယ် ။ ငွေ ရှာ ချင်သေး တယ် ။ သုံးယောက် လုံး တက်ညီလက်ညီ ကြိုးစားပြီး စု လိုက်ရင် တို့ ဘိုးဘွားပိုင်အိမ်လေး သပ်သပ်ရပ်ရပ် ပြင် ဆောက်နိုင်တာပေါ့ ” လို့ ပြော လည်း သမီး နှင့် သမက် က လက် မခံခဲ့ပါ ။

ခုတော့ သမီးလေး ဆုံးတာ ပင် သုံးနှစ် ပြည့်တော့ မည် ။ မြေး အငယ်ကောင် မွေးပြီး ကတည်းက နှလုံး အားနည်း သော သမီး ခမျာ အိပ်ရာ ထက် မှ မထနိုင် ခဲ့ ။ သမီး အသက် ကို ကယ်တင်နိုင် ဖို့ ဘိုးဘွားပိုင် အိမ်လေး ကို လက်လွှတ်ခံ လိုက်သော်လည်း ကံကြမ္မာ က သမီး ကို လွတ်ငြိမ်းခွင့် မပေးခဲ့ပါ ။ သားကလေး မှ လူမှန်း မသိတတ် သေး ခင် ဘွားအေ လက် ထဲ မှာ စိတ်ချ လက်ချ ထား သွားခဲ့လေသည် ။

မိသားစုလေး တစ်ခု ခိုင်ခိုင်မတ်မတ် ရပ်တည် နိုင်ဖို့ ဟန်ချက်ညီ ထမ်းပိုး ထားသည့် ဒေါက် တစ်ချောင်း ပြုတ်ထွက် သွားပြီးသည့် နောက် မှာတော့ ဘွားဆုံ တို့ တစ်တွေ အယိုင်ယိုင် အလဲလဲ ဖြစ် ခဲ့ရ သည် ။ ဘွားဆုံ လည်း စိတ် ထောင်း ၍ ကိုယ် ကြေ ဆို သလို အသက် ထက် ပို အိုစာ နေပြီ ။

အသောက်အစား ကင်းသည့် သမက်ကလေး က နှစ်ဆ တိုးပြီး ကြိုးစား ရှာ ပေမယ့် ယိမ်း သထက် ယိမ်း လာသည့် အသိုက်အမြုံလေး အတွက် ကျားကန် နိုင် ဖို့ အဖော် ကောင်း သဖြင့် ရေနံမှော် ကို လိုက် သွားခဲ့ သည် ။ “ ပိုက်ဆံ ရပေမယ့် ပင်ပန်းဆင်းရဲ ရှာတယ် ” လို့ ပတ်ဝန်းကျင် က ရော လူကြုံများ ဆီ ကပါ သတင်း ကြား ရတော့ ဘွားဆုံ စိတ် မကောင်း ။

လူကြုံ နှင့် သမက်ကလေး ပို့ ပေးသည့် ငွေစလေး များ ကို ကျစ်ကျစ်လျစ်လျစ် ခြိုးခြံ သုံးစွဲ၏ ။ ကျောင်းနေရွယ် ရောက်လာသည့် မြေးအကြီးမ ကို ကျောင်း ထား၏ ။ ပိုလျှံငွေလေးများ ကို ချွေတာ စုဆောင်း ပြီး ဈေးရင်း လေး  ရရင် ဘွားဆုံ လည်း တစ်ဖက် တစ်လမ်း က ဝင်ငွေ ရအောင် တစ်ခု ခု လုပ်ရကောင်းမလား ဟု အမြဲ ကြံဆ နေတတ်၏ ။ ဈေး ကို လျှောက် မရောင်း နိုင် တော့ လည်း ထိုင် ရောင်းရမည့် တစ်ခု ခုပေါ့ ။ လမ်း ဆုံ မှာ မုန့်ပျားသလက်ဆိုင်လေး ပဲ ဖြစ်ဖြစ် ဖွင့်ချင် သည်လေ ။

တဖြည်းဖြည်း နှင့် သမက်လေး ဆီ က လူကြုံ အလာ က လည်း ကျဲ လာသည် ။ အမေအို စုငွေ က လည်း လျှော သွား ရုံ မက ချေးငွေ တွေ ပင် ပတ်လည် ဝိုင်း နေရပြီ ။ သုံးလေးလ မှ တစ်ခါ လူကြုံ လာ တတ် သလို နောက်ဆုံး တစ်ခေါက် က တော့ လူကြုံ မရှိ၍ ဆို ကာ ဘဏ် မှ ငွေ လွှဲ လိုက်၏ ။

လူကြုံ တချို့ က တော့ အမေအို သမက်ကလေး နောက် အိမ်ထောင် ပဲ ကျနေ သလိုလို ။ သောက်တတ် စားတတ် လာပြီး ပျက်စီး နေ သလိုလို ။ မရေမရာ သတင်း ပေး ကြ၏ ။ အရွယ်ကောင်း ရှာသေးသည့် သမက် ကို အပြစ် မပြောချင်ပေမယ့် မြေးကလေး နှစ်ယောက် လူလားမြောက် ဖို့ အတွက် တော့ ဘွားဆုံ ရင်လေး လှသည် ။ လမ်းဘေး လက်ဖက်ရည်ဆိုင်များ မှ စားပွဲထိုးလေး တွေ နေရာမှာ မြေးကလေး ကို မြင် ယောင်ကြည့်မိ တိုင်း ရင် ထဲ မှာ နာကျင်ဝမ်းနည်း မိ၏ ။

သို့ပေမယ့် မယ်ဆုံ ငယ်ငယ်တုန်း က မုဆိုးမဘွဲ့ ကို ခါးစည်း အံကြိတ်ရင်း တစ်ကိုယ်တည်း ရုန်းကန် ပြီး သမီး ကို ပညာ သင်ပေးခဲ့သေးသည် မဟုတ်လား ။ မပြည့်စုံသည့် ကြား က အလယ်တန်း အထိ တော့ သမီး က ပညာ သင်ခဲ့ရသည် ။

သက်ဆိုး မရှည်ရှာသည့် သမီးလေး ။ ခုလို သူ့ ရင်သွေးလေးတွေ ဘွားအေကြီး တစ်ယောက် လုံး ရှိ ပါသေးရက် နှင့် ပညာ မသင်နိုင် ။ ငယ်ငယ်ရွယ်ရွယ် နှင့် ခိုင်းစား နေတာများ သိရင် ရောက်ရာ ဘဝ မှာ ရ တက် အေးရှာမည် မဟုတ် ။

ဘွားဆုံ မလုပ်ရက်ပါ ။ မြေးလေးတွေ ကို ဘယ်တော့မှ ခိုင်းမစားပါ ။ ဘွားဆုံ အသက် ရှင် နေ သရွေ့ သည် မြေးလေး နှစ်ယောက် ငတ် မသေစေရ ။ အလင်း မကွယ် စေရ ။ ရသည့် နည်းဖြင့် ရှာ ကျွေးမည် ။ ဖြစ်အောင် ကျောင်း ထားမည် ။

အမေအို့ ရင် ထဲ မှာ တီးတိုးကျူးရင့် နေပြီး အရိုး ထဲမှ  ခွန်အားတွေ ညှစ်ထုတ် စုစည်း မိလေပြီ ။ အဘွားအို အတွက် မြေးလေးတွေ က နှလုံးသား ရဲ့ အနှစ်တွေ ပဲ မဟုတ်လား ။

“ ဒေါ်မယ်ဆုံ နာမည် နဲ့ ငွေလွှဲ ဒီနေ့ လည်း ရောက် မလာသေးဘူး အမေကြီး ။ ဘဏ်များ လွဲ နေလား ။ သတင်းများ မှား နေလား ”

လေအေးပေးစက် ကြောင့် အေးစိမ့် နေသော ဘဏ် ထဲ မှာ ဘွားဆုံ တစ်ယောက် ဇောချွေး ပြန် နေရ၏ ။ သမက်ကလေး က ငွေ လွှဲမယ် လို့ ဖုန်းဆက် ကြောင်း
လမ်းထိပ်လက်ဖက်ရည်ဆိုင် က လာ ပြောသွားတာ သည် ဘဏ် ပါပဲ ။ ဘွားဆုံ တို့ မြို့လေး မှာ ဘဏ် က လေးငါးခု ရှိတာမို့ သေချာအောင် စာရွက် ထဲ ရေးမှတ်
ထားခဲ့သည် ပဲ ။

ပို့မယ် အကြောင်း ကြား ပြီး ခါမှ ကိစ္စ တစ်ခု ခု ပဲ ပေါ်လေ သလား ။ သတင်း ပဲ မှားပို့ မိတာလား ။ ဘွားဆုံ မနေ့ က လာ တော့လည်း ငွေလွှဲ မရောက်သေး ဆို၍ ဒုက္ခများ ခဲ့ရသေးသည် ။ လမ်းထိပ် မှ ဆိုက်ကား ငှား စီးလာခဲ့ရာ ဘဏ်ရှေ့ ရောက်တော့ ဆိုက်ကားခ က ငါးရာ တဲ့ ။ ဘွားဆုံ မှာ က ကွမ်းယာဆိုင် မှ ချေး လာခဲ့သော ငွေနှစ်ရာ သာ လက် ထဲ ပါခဲ့၏ ။ ဆိုက်ကားသမား ကို “ ဘဏ် က ငွေ ထုတ် ပြီးရင် လိုတဲ့ငွေ လည်း ပေးပါ့မယ် ။ အပြန် လည်း ဆိုက်ကား ထပ် ငှားစီးမယ် ” ဆိုပြီး တောင်းတောင်းပန်ပန် နှင့် ဘဏ် ရှေ့ မှာ စောင့်ခိုင်း ခဲ့သည် ။

သို့ပေမယ့် ငွေလွှဲ က မရောက်သေး ဆိုတော့ ဘွားဆုံ အကျပ်ရိုက် ရပြီ ။ ဆိုက်ကားသမား ကို “ နောက် နေ့ ငွေ လာ ထုတ် မှ ပေါင်း ပေးပါ့မယ် ။ အိမ်ပြန် ပို့ပေး ပါ ။ မနက်ဖြန် လည်း အကြိုအပို့ လုပ်ပေးပါ ” လို့ ရလိုရငြား ထပ် ပြော ကြည့်ပေမယ့် ဆိုက်ကားဆရာ က ယုံကြည်ပုံ မပေါ်တော့ ။ မရေရာသည့် ငွေ အတွက် ခရီး လှမ်း သော အိမ် ကို လည်း လိုက် ပို့ချင်ပုံ မရ ။

“ မြို့သစ် ဘက် သွားတဲ့ လိုင်းကား သာ စီးသွား တော့ အမေကြီး ရေ ။ လိုင်းကားခ ကတော့ သက်သာလိမ့်မယ် ” တဲ့ ။

အသက် ကြီးလာသည့် နောက်ပိုင်း မြို့ ထဲ ကို အသွားအလာ နည်းပြီး မြို့စွန်ရပ်ကွက်လေး အတွင်း သာ အနေ များတော့ ဆိုက်ကားခတွေ ဒီလောက် ဈေး ကြီးတာ လည်း မသိ ။ လိုင်းကားတွေ လမ်းကြောင်း လည်း နားမလည် ၊ မြို့ ထဲ မှာ မျက်စိ ပင် လည်ချင်ချင် ။

သို့နှင့် ချွေးခံအိတ် ထဲ စမ်းသပ် ရှာဖွေ ပြန်တော့ ပိုက်ဆံ က အကြွေလေး ပင် တစ်ရွက် မှ မကျန်တော့ ။ ကားသမား က လည်း ဟိုစမ်းဒီစမ်း နှင့် ယောင်လည် လည် ဖြစ်နေသော အဘွားအို ကို စိတ် မရှည် ။ မြို့လယ်ကောင် နေပူပူ ထဲ မှာ အသည်းမာမာ နှင့် ထားခဲ့ ပြန်သည် ။

ဒီအချိန် မှာ ပဲ တုတ်ကောက် တစ်ချောင်း ကို အား ပြုကာ ခါးက ကိုင်းကိုင်း ၊ ခေါင်းဆောင်း တဘက် က ညစ်နွမ်းနွမ်း ၊ အင်္ကျီလုံချည် က မွဲကြေကြေ နှင့် အရောင်အဆင်း မှုန်မှိုင်း နေသော အမေအို ကို နေပူ ထဲ တရွေ့ရွေ့ လှမ်းနေရတာ မကြည့်ရက်သည့် သူတော်ကောင်းလေး တစ်ယောက်က ‘ ကားစီးသွားပါ ’ ဆိုပြီး ငွေနှစ်ရာ လှူလေသည် ။ သူငယ် က အမေအို အဖြစ် အပျက် ကို အစအဆုံး မြင်သွားပုံလည်း ရ၏ ။

သူငယ် လှူသည့် ငွေ ကို ကြောင်အမ်းအမ်း ကိုင် ရင်း တွေဝေ နေမိသော အဘွားအို ကို လမ်းသွားလမ်းလာများ က လည်း တစ်မျိုး မြင် သွားပြီး ငွေတွေ ဆက် တိုက် ထည့်ဝင် လှူဒါန်းကြ ပြန်တော့ မနေ့ က အိမ် အပြန် မှာ ဘွားဆုံ ငွေထုပ်ကလေး ပိုက်ပြီး ပြန် သွား ခဲ့ရသည် လေ ။

စိတ် ထဲ မသိုးမသန့် ဖြစ်မိသော် လည်း ကြာကြာ အတွေး မပွားနိုင် ။ မြေး အငယ်ကောင် တက်မတတ် ချက်မတတ် အဖျား ကြီး နေတာကို ဆေးခန်း သွားပြ ရသေး၏ ။ အမေ တို့ ကို ပေးကမ်းကြသည့် ငွေလေး တွေ  ကပဲ မြေးကလေး အတွက် ဆေးတစ်ပေါက် ဖြစ် ခဲ့ရပြီ ။

သာဓု ၊ သာဓု ၊ သာဓု ။ ကိုယ့် ကို တောင်းရမ်းသူ လို့ အထင် ခံရခြင်း ကို တစိမ့်စိမ့် ဝမ်းနည်း ဖို့ ထက် မြေးလေး အသက် ကို ကယ်ဖို့ က အရေးကြီးသည် မဟုတ်လား ။

ဒီနေ့ လည်း ဘဏ် ကို မျှော်လင့်ခြင်းကြီးစွာ နှင့် ရောက် လာပေမယ့် ငွေလွှဲ က မရောက် ဆိုတော့ ဘွားဆုံ နေပူကျဲကျဲ လမ်းမ ပေါ် မှာ ယောင်လည်လည် ဖြစ် ရ ပြန်၏ ။ သို့ပေမယ့် ဒီနေ့ တော့ ဘွားဆုံ ပါးသွားပြီ ။ ဆိုက်ကားစီး မလာဘဲ လိုင်းကား စီးလာခဲ့သည် ။ အပြန် စရိတ် လည်း ချန်ထားခဲ့လို့ ပူစရာ မလို ။

ခက်သည် က မြေးငယ်လေး အတွက် ဆေးခန်း ပြစရာ ငွေ မရှိတော့ ။ မနေ့ က ရသည့် ပိုက်ဆံ က လည်း ဆေးတစ်ပေါက် ထိုးပြီး သောက်ဆေးလေး ဝယ် ၊ မြေးအဘွား တစ်တွေ ညစာလေး စီမံချက်ပြုတ် လိုက်တာ ကုန် လေပြီ ။ မြေးငယ် က အဖျား ချို သွား ပေမယ့် ရှင်းရှင်းတော့ မကျသေး ။ ဆရာဝန်က ဆေး ကို သုံးရက် လောက် တော့ ဆက် ထိုးရမည် တဲ့ ။ အကြီးမလေး က လည်း စာအုပ် ဝယ်စရာ ငွေ မကျန်တော့၍ မျက်နှာလေး ညှိုး နေသော်လည်း ဘာမှတော့ မပြော ရှာပါ ။

ဒီနေ့ မနက်တော့ ည က ကျန်သည့် ထမင်းခဲလေး ကို မြေးအဘွား သုံးယောက် ဝေမျှ စားခဲ့ပြီးပြီ ။ ဝေမျှ တယ် သာ ဆိုတာပါ ။ မြေးတွေ ကို ငဲ့ပြီး ဘွားဆုံ က တစ်လုတ်တစ်ဆုပ် သာ မြို့ ထဲ ထွက်မည်မို့ အား ရှိ အောင် လည်ချောင်း နင်နင် နှင့် ရေ ဖြင့် မျှောချ ခဲ့ရသည် ။ ဒီလိုသာ ဆိုရင် ဖြင့် ညစာ  ကတော့ ထုံးစံ အတိုင်း ကုန်စုံဆိုင် က ဘုမ ကို အသနား ခံပြီး ဆန် ထပ် ချေးဖို့ အောက်ကျို့ရ ဦးမည့်ပုံ ။

အတွေး ဖြင့် စိတ် မောစွာ သက်ပြင်း အချ လူ က နိမ့်ခနဲ ချော်ကျ သွားကာ နဂိုက ကိုင်းညွတ် နေသည့် ခါး က ဘယ်လိုမှ ပြန် မတ်၍ မရတော့ ။ တောင်ဝှေး တခြား လူ တခြား လဲကျ သွားသော အမေအို ကို လမ်းသွား လမ်းလာ တစ်ယောက် က ထူမ ပေး ဖို့ လက် ကမ်း စဉ် မှာ မနေ့က သူတော်ကောင်းလေးများ လား လို့ သတိရ မိ၏ ။ အမေအို ကို ကူညီဖို့ ရောက် လာ ပြန်လေပြီ ။

မနေ့ က အဖြစ်အပျက် ကို သတိရ မိတော့ ဘွားဆုံ မျက်ရည်တွေ လည်ပြီး ရင်တွေ ခုန် လာပြန်၏ ။ ခေတ်တွေ ဘယ်လို ပြောင်းပြောင်း ၊ ဘယ်လောက်ပဲ ရှားပါးတယ်ပြောပြော ၊ တို့ မြန်မာတွေ ရဲ့ ချစ်စရာ ကူညီလိုစိတ် နဲ့ သဒ္ဓါတရား ကတော့ ကျန်နေသေး ပါလား လို့ ဝမ်းသာပြီး မျက်ရည် လည် မိတာပါ ။

သို့ပေမယ့် လွယ်လွယ်ကူကူ ရလာမည့် ငွေစ တွေ ကို ဒီလိုသာ ခဏခဏ လက်ခံ နေရင် ဒီ ဘဝကို သာ ယာမိ လာမှာ မဟုတ်လား ။ ဒီလို အလွယ်လမ်း ကို ရေစုန် မျောပြီး မိန်းမော နေခဲ့လို့ လူညွန့်တုံး သွားရသည့် သူတွေ ဘယ်နှယောက် ရှိနေပြီလဲ ။

မျက်ရည်စများ နှင့် ဝေသီ နေသော အမေအို မျက်လုံး ထဲ တွင် ငွေစ အချို့ လှမ်းပေး နေသည့် လက် များ ၊ ထူမ ရန် ကမ်းပေး နေသည့် လက် တစ်စုံ ၊ အဖျား တက်နေမည့် မြေးငယ်လေး မျက်နှာ ၊ ကျောင်း သွားဖို့ ညှိုးငယ် နေရှာသည့် မြေးမလေး ၊ အားလုံး ကို မှုန်ဝါးဝါး မြင်နေရလေသည် ။ ထို့ပြင် မျိုးရိုး မညံ့ခဲ့သည့် မိဘ ၊ ဘိုးဘွားများ မျက်နှာ က လည်း တရေးရေး ပေါ် လာပြန်သေး၏ ။

ထို့နောက် မှိုင်းရီ မွဲဖျော့ နေသော မျက်လုံးများ တဖြည်းဖြည်း ကြည်လင် လာသည့် အမေအို က လက်ကျန် ခွန်အား များ ကို စုစည်း ကာ ဘေး မှ ကျ နေသော တောင်ဝှေးလေး ကို ကောက်ယူ အားပြု ပြီး မိမိ ကိုယ်တိုင် ကြိုးစား ၍ ထ ရပ်လိုက်၏ ။

တရွေ့ရွေ့ လှမ်း သွားသော အမေအို ကို လက်ကမ်းပေးသူ က နားလည်နိုင်ပါ့မလား မသိပေမယ့် အမေအို ကတော့ အရင် က ထက် သွက်လက်သော ခြေလှမ်းများ ဖြင့် အဝေး သို့ ရောက် သွားလေပြီ ။ ကိုင်း နေသော ခါး ပင် အနည်းငယ် ပိုမတ် လာ သယောင် ။

ကမ်း ထားသော လက် ကို ငြင်းပယ် ရသည့် အတွက် အားတော့ နာပါသည် ။ သို့ပေမယ့် အမေအို မှာ က သူ့ မျိုးဆက်တွေ ကို လက်ဆင့်ကမ်း စရာ အမွေ ဆိုလို့ စိတ်ဓာတ်ခွန်အား တစ်ခု သာ ရှိတော့သည့် မဟုတ်လား ။

◾ ဝေ ( စီးပွါးရေးတက္ကသိုလ် )

📖 ရွှေအမြုတေ မဂ္ဂဇင်း
      ဇန်နဝါရီ လ  ၊ ၂၀၁၂

#ကိုအောင်နိုင်ဦး

.