Showing posts with label တင်မိုး. Show all posts
Showing posts with label တင်မိုး. Show all posts

Saturday, November 25, 2023

ပန်းဖြူ တစ်ပွင့်


 ❝  ပန်းဖြူ တစ်ပွင့်  ❞


၁ ။


ရင် ထဲ ၌ ပန်းချီကား တစ်ချပ် ရေးဆွဲပြီး သင့် ရှိနေပြီ ဟု မိမိ ကိုယ် မိမိ ရိပ်မိ လိုက်သည် ။ သို့ရာတွင် ထို ပန်းချီကား မှာ ဘယ်ပုံ ဘယ်ပန်း ရှိသည် ဟု ကား တိတိကျကျ မပြောနိုင်ဘဲ ရှိ သည်  ။ ပန်းချီကား ကို ကျွန်ုပ် မြင် နေမိ သည် ။ သို့ရာတွင် ရိုးတိုးရိပ်တိပ် မျှ သာ ။ ဆေးရောင် ဘယ်ပုံ သွင်း ရမှန်း ကို မပြောနိုင် ။ အစိမ်း လည်း ပီသည် မထင် ။ အနီ လည်း ပီသည် မထ င် ။ အဝါ လည်း ပီသည် မထင် ။ ဘယ် အရောင် ကို မှ ကျွန်ုပ် သည် ပီပီ မမြင်သေး ။


ဝိုးတဝါး ထွေးယှက် လျက် ရှိသည် ။ ဤ ဝိုးတဝါး အရသာ ကို ကျွန်ုပ် သည် မြိန်ရှက်လျက် ရှိသည်  ။ သို့သော် တစ်ခု တော့ သေသေချာချာ ပြော နိုင်ပါသည် ။ ရင် ထဲ မှာ ပန်းချီကား တစ်ချပ် ရေးဆွဲပြီး အသင့် ရှိနေပြီ ဟူ၍ ။


၂ ။


နွေဦးကာလ ၌ ကျွန်ုပ် အချိန် အတော်ကြာ ငေး မိသည် ။ မြူကလေးများ သည် ရစ်ဆိုင်းစ ပြုပြီ ။ လေပွေ ကလေးများ လည်း ခရုပတ် လှည့်စ ပြုပြီ ။ ထိုအချိန် တွင် ပွင့်သစ် လာ ကြသော ပန်းကလေးများ ကို မြင်သည် ။ ကျွန်ုပ် မည်မျှ အကြည်ဆိုက် နေမိသည် ကို ပင် သတိ မပြုမိ ။


မြူခြေဆိုင်းဆိုင်း သည် နောက်ခံ အရောင် ဖြစ်သည် ။


ရီမှုန်မှုန် ၊ ဝေပြာပြာ လေပွေကလေး ဆော့ မြူး လှည့်ပတ် နေဟန် သည် နွေလောက ကို အသက်သွင်းလိုက် သကဲ့သို့ ပင် ။


သစ်ပင်များ မျက်စိမှိတ် နေကြသည် ထင် သည် ။ ဖုန်များ ၊ စက္ကူ အစအနများ ၊ သစ်ရွက် အစအနများ ၊ အိမ်မိုး ပေါ် ၊ သစ်ကိုင်း ပေါ် ၊ စပါး ကျီ ပေါ် ငြိလျက် ၊ ကပ်လျက် ၊ ချိတ်လျက် ။ ထို မှုန်ဝါးဝါး ရှုခင်းထဲ တွင် တစ်ခု ကို ပီပီ မြင် နိုင်သည် ။ နွေဦး ပန်းဖြူ တစ်ပွင့် တစ်ပွင့် ကား လေပွေ နှင့် မြူခြေ ကို ကျောခံ ၍ ရဲရဲ ပွင့်လိုက်ပုံ  ၊ ဟုတ်ကဲ့ ။ ရဲရဲ ပွင့်လိုက်ပုံ ပါ ပဲ ။


ကျွန်ုပ် မှာ အတောမသတ် နှစ်သက်မိသည် ။ ဤ ပန်းကလေး သည် မည်သူ့ ကို အားကိုး ၍ ရဲတင်းစွာ ပွင့်လိုက်ပါ သနည်း ။ ပန်းဖြူကလေး သည် မည်သူ့ ကို မျှ အားမကိုး ။ သူ့ အင်အား သူ့ ဘဝ ကို အားကိုး ၍ ပွင့် လိုက်ခြင်း ဖြစ်လေဟန် ကျွန်ုပ် သည် စိတ်ကူး ဖြင့် မှန်းဆ၍ အဓိပ္ပာယ် ကောက် ကြည့်ရာ ပန်းကလေး ၏ အဖြူဓာတ် မှာ ပိုမို တောက်ပ ထွန်းလင်း သွား လေသည် ။


၃ ။


စင်စစ် အားဖြင့် ကျွန်ုပ် ပန်းချီ မဆွဲ ဖြစ်သည် မှာ အချိန် ညောင်းခဲ့ဟန် တူသည် ။ ပန်းချီသွေး သည် ကျွန်ုပ် ထံ မှ ထွက်ပြေးခဲ့ပုံ ရ သည် ။ ပန်းချီ အနုပညာ ကို စောင့်သော နတ်သည် ကျွန်ုပ် ထံ မှ ခွာခဲ့သည် မှာ ကြာခဲ့ပြီ ထင်၏ ။ ပန်းချီ ဆွဲစရာ အကြောင်းအရာ တို့ သည် ကျွန်ုပ် ၏ သတိမေ့လျော့ ခြင်း ကို ပြက်ရယ် ပြု နေကောင်း ပြု နေ ပေလိမ့်မည် ။ သို့မဟုတ် ကျွန်ပ် ၏ အနီးသို့ သီလာ ကောင်း မှ သီလာ ပေ လိမ့်မည် ။ ကျွန်ုပ် လည်း အမှတ်တမဲ့ သာ ဖြစ် ချေသည် ။


ကျွန်ုပ်သည် ပန်းချီကားများ ကို တစ်ကား ပြီး တစ်ကား ရေးဆွဲ ခဲ့သည် ။ ကျွန်ုပ် သည် နာမည်ကျော် ပန်းချီ ဆရာ ဖြစ်ခဲ့သည် ။ ပြပွဲတွေ မှာ ပြခဲ့သည် ။ ကားများ ကို လက်မလည် အောင် ရောင်းခဲ့သည် ။ ပန်းချီဈေးသည် ဖြစ် ပေလိမ့်မည် ။ သို့သော် ကျွန်ုပ် သည် ကျွန်ုပ် ၏ နာမည်ကျော် ပန်းချီဈေးသည် ဘဝ ကို မေ့ စ ပြု ပြီ ။ ထို ပန်းချီကားများ အကြောင်း ကို ပင် သတိ မရ တစ်ချက် ၊ ရ တစ်ချက် ။ မည်သည့် ပန်းချီ ကားများ ကို ရေးဆွဲခဲ့ မိမှန်း ကောင်းကောင်း မသိတော့ချေ ။ ကြာလှပြီ ဖြစ်မည် ။ ကျွန်ပ် ခေတ် ကောင်းချိန် သည် ခပ်လှမ်းလှမ်း မှာ ကျန်ရစ်ခဲ့ပြီ ဖြစ်သည် ။ 


ကျွန်ုပ် ကို ‘ ပန်းချီဆရာကြီး ’ ဟု အများက ခေါ်ကြသော အခါ ကျွန်ုပ် သည် အမှတ်မဲ့ အံ့အားသင့်မိ လျက်သား ဖြစ်သွားသေးသည် ။ “ ငါ ဘယ်တုန်းက ဘာ ပန်းချီ ဆွဲခဲ့မိဖူးပါလိမ့် ” ဟု

တွေးမိ လျက်သား ရှိသည် ။


သို့သော် ကျွန်ုပ် ၏ သတိ ကား အလွန် မဆိုး လှ သေးပါ ။ ဟုတ်မှာပဲ ၊ ငါ့ အိမ် မှာ စုတ်တံ တွေ ၊ ဆေးခွက်တွေ ၊ ပန်းချီကား အစအန တွေ ရှိ သားပဲ ။ ငါ ပန်းချီဆရာ ပဲ ဖြစ်ခဲ့ မှာ ပါပဲ ။ မလွဲနိုင်ပါဘူး ။ ဟုတ်မှာ ပေါ့ ။ မေ့လျော့တတ် ခြင်း ကြောင့် အများက ကျွန်ုပ် ကို မသနား မီ ကျွန်ုပ် ကိုယ် ကျွန်ပ် ပန်းချီဆရာ ပါ ဟု ဝန်ခံ လိုက် နိုင်ခဲ့ပါသည်  ။


၄ ။


အမှန်ပင် ။ ကျွန်ုပ် သည် နိုင်ငံကျော် ပန်းချီ ဆရာ ဖြစ်ခဲ့သည် ။ လက်ဖျား ၌ ငွေ သီးခဲ့သည် ။

နိုင်ငံ ၏ မျက်နှာဖုံး ပန်းချီကျော် အဖြစ် စာနယ်ဇင်းများ က အကြိမ်ကြိမ် ချီးကျူး ကြသည် ကို ခံခဲ့ရသည် ။ သံရုံးများ က ဧည့်သည်တော်များ သည် ကျွန်ုပ် ၏ ပန်းချီကား ကို အလုအယက် လာရောက် ဝယ်ခဲ့ကြသည် ။ ကြေးရတတ် မျက်နှာကြီး ပုဂ္ဂိုလ်များ ၏ အိမ်တိုင်း တွင် ကျွန်ုပ် ၏ ပန်းချီကား မချိတ်သည့် အိမ် ဟူ၍ မရှိသလောက်ပင် ။ ကျွန်ုပ် ပန်းချီကား သည် အိမ် ၏ ဂုဏ်သရေ အထိမ်းအမှတ် တစ်ခု ဖြစ်ခဲ့ လေပြီ ။


ကျွန်ုပ် သည် တော်ဝင် အနုပညာ တံခွန်အသင်းကြီး က ချီးမြှင့်သော ဆုတံဆိပ်များ အကြိမ်ကြိမ် ရခဲ့ရုံမျှ မက ထို အသင်းကြီး ၏ ဂုဏ်ထူးဆောင် အဖွဲ့ဝင် လည်း ဖြစ်ချေသည် ။ သံရုံးတကာ ဧည့်ခံပွဲများ တွင် လည်းကောင်း ၊ တော်ဝင် အနုပညာ အသင်းကြီး ၏ ဆုနှင်းသဘင် အခမ်းအနားများ တွင် လည်းကောင်း ကျွန်ုပ် အမည် သည် လူတိုင်း ၏ နှုတ်ဖျား ပေါ် က ပျံသန်း နေသော လိပ်ပြာကလေး ဖြစ်ခဲ့ သည် ။ ကျွန်ုပ် ၌ ဘာ လိုတော့သနည်း ။ နာမည် မလို ။ ဂုဏ် မလို ။ ငွေလည်း မလိုတော့ ပြီ ။ လို သည် မှာ အနုပညာ ပင် ဖြစ်သည် ။ မှန်သည် ။ ဤ အချက် ကို မြို့တော် ၏ အစွန်အဖျားများ က ထုတ်ဝေသော သတင်းစာကလေး တစ်စောင် တွင် အညတရ ပန်းချီဝေဖန်ရေး သမား တစ်ယောက် က ထောက်ပြခဲ့သည် ။


ကျွန်ုပ် သည် အကြီးအကျယ်  စိတ်ဆိုး ခဲ့သည် ။ ဆင် ကို ပုရွက်ဆိတ် အကိုက် ခံရ သကဲ့သို့ ဆတ်ဆတ်ခါ နာခဲ့သည် ။ ကျွန်ုပ် အတ္တ မာန ဟုန်းဟုန်း ထခဲ့သည် ။ မိမိ ဂုဏ် ကို ငဲ့၍ ထို ဝေဖန်ရေး သမားလေး ကို လူသိရှင်ကြား မချေပခဲ့ သော်လည်း စိတ် ထဲ တွင် အနာ တစ်ခု ကဲ့သို့ ခံစားခဲ့ရ လေသည် ။


ယင်းသို့ ခံစား ရ တိုင်း မိမိ ကိုယ် ကို မေးခွန်း ထုတ်ခဲ့ သည်  ။ သူက ....  ‘ ဤ ပန်းချီဆရာ ၌ ကျော်ကြားမှု က လွဲ၍ ဘာမျှ မရှိ ။ သူ သည် ပန်းချီကား အရောင်းအဝယ် ပြုနေသော ကုန်သည် တစ်ဦး မျှ သာ ဖြစ်၏ ။ သူ့ ၌ ခံစားမှု အစစ် အမှန် မရှိ ။ ယုံကြည်မှု အစစ်အမှန် မရှိ ’ ဟူ၍ ရက်ရက်စက်စက် ဝေဖန် ခဲ့သည် မှာ မှန်သလော ။


အချိန် အတန်ကြာသော အခါ ကျွန်ုပ် သည် အမှန် ကို သိလာခဲ့သည် ။ ကျွန်ုပ် သည် အနုပညာ ကို ကုန်ထုတ်လုပ်ငန်း တစ်ခု ကဲ့သို့ ထုတ်လုပ်နေသူ တစ်ဦး သာ ဖြစ်ကြောင်း သဘောပေါက် ခဲ့သည်  ။ ဒေါသ ပြေ၍ မာန် လျှော့ လိုက် သော အခါတွင် အညတရ ဝေဖန်ရေးသမား က လေး တစ်ဦး ၏ စကား သည် အမှန်ပင် ဖြစ်ကြောင်း သိနားလည် ခဲ့ ရလေသည် ။


ထိုသို့ နားလည်သည် နှင့် တစ်ပြိုင်နက် ကျွန်ုပ် သည် ပန်းချီလောက မှ တစ်စ တစ်စ ဖဲ ခွာ ခဲ့လေပြီ ။ ဧည့်ခံပွဲများ ကို ကျွန်ပ် ရှောင် လေ ပြီ ။ သတင်းစာ မျက်နှာဖုံး တွင် ပါ တတ်သော အ နုပညာ ပွဲလမ်းသဘင် တို့ တွင် ကျွန်ုပ် ၏ အမည် ပျောက် စ ပြုလေပြီ ။


ကျွန်ုပ် သည် ပန်းချီလောက ကို စွန့်ခဲ့၏ ။


၅ ။


ကျွန်ုပ် ၏ ကလေးငယ် သည် အလွန် အဆော့ သန်သည် ။ ကျွန်ုပ် ၏ ပစ္စည်းပစ္စယ တို့ မှာ သူ ဆော့သည် နှင့် ပင် မကျန်သလောက် ပျ က်စီး ကုန်ခဲ့သည် ။ သို့သော် ကလေးငယ် ၏ လွတ်လပ်ခြင်းသည် ပစ္စည်းပစ္စယ တို့ ထက် အဖိုး ထိုက်သည် မဟုတ်လော ။ ဆော့ပါစေ ၊ ကစား ပါစေ ။ ပစ္စည်း များ ကို လွှင့်ပစ်ပါစေ ။ လွတ်လပ်မှု ၊ ဖွံ့ဖြိုးမှု နှင့် ကြည်နူးမှု အတွက် ကျွန်ုပ် ၏ ပစ္စည်းများ ကို စိတ် ကျေနပ်လောက် အောင် လွှင့်ပစ်ပါစေ ။ ကျွန်ုပ် ကား ကျေနပ်လှ သည် ။ ပီတိ ဖြစ်လှ သည် ။ ထို့ကြောင့် ကျွန်ပ် သည် လွတ်လွတ်လပ်လပ် ခုန်ပေါက် လွှင့်ပစ် ကစား နေသော ကလေးငယ် ကို အပြုံးကြီး ပြုံး ကာ ကြည့် နေ မိသည် ။ ကလေးငယ် သည် ပစ္စည်းတကာ တို့ ထက် အဖိုးတန်သော သက်ရှိ ပစ္စည်း ပေ တကား ။ ကျွန်ုပ် သည် ပီတိ ၌ ကြာကြာ နစ်ခွင့်မရပါ ။


“ ဟဲ့ ကလေး ဘယ့်နှယ် မင့် အဖေ ရဲ့ ပစ္စည်း တွေ ဖျက်ဆီး နေသလဲ လူကလေး ရဲ့ ၊ လာလာ ... ဒီကို ၊ အမေ့ ဆီ ကို ” 


သူ့ အမေသည် ကလေး ကို ပွေ့ ခေါ်၍ မုန့်ကျွေး ချော့မော့ နေ လေသည် ။


အခုမှ ပင် သတိ ရသည် ။ သူ့ အမေ အလုပ် က ဆင်း လာ ခဲ့ပြီ ။ ကလေး အမေ သည် ရုံး တစ် ရုံးတွင် စာရေးမ ဝင် လုပ်နေသည် မှာ နှစ် နှင့် ချီ ခဲ့ လေပြီ ။ ကျွန်ုပ် ပန်းချီ မဆွဲဖြစ် ကတည်း က အိမ် မှာ ဝင်ငွေ နည်းခဲ့သည် ။ တစ်စ ထက် တစ်စ စားရေးသောက်တာ ကျပ်တည်း လာ ခဲ့သည် ။


ကျွန်ပ် ဝင်ငွေ မရှိတော့သည့် နောက် အိမ် က မိန်းမ သည် ပစ္စည်း နှင့် ပရိဘောဂ အချို့ ကို ထုခွဲ ရောင်းချ စားသောက် ခဲ့ရသည် ။ ထုခွဲ ရောင်းချစရာ မရှိတော့သည့် နောက် အိမ် စရိတ် ရ အောင် ရုံးစာရေးမ ဝင် လုပ်ခဲ့သည် ။ အတော် ကြာပြီ ။ မိန်းမ ငွေ ကို မှီ၍ ချို့ချို့တဲ့တဲ့ စားသောက် နေထိုင် ရသည် မှာ အတော် ကြာလောက်ပြီ ။ ထို အခက်အခဲ ကို ပင် အမှုမဲ့ အမှတ်မဲ့ ဖြစ်ခဲ့ သည် ။ မိန်းမ ဖြစ်သူ သည် သူ့ လခ ထဲ က ဖဲ့၍ ပန်းချီပစ္စည်း များ ကို ဆင်းဆင်းရဲရဲ ဝယ်ပေးခဲ့ ရှာပေသည် ။ သို့ရာတွင် ကျွန်ုပ် ကား ပန်းချီ ဆွဲ ဖို့ ဝေးစွ ။ မိမိ ကိုယ် ကို ပန်းချီဆရာ ဟု ပင် အမှ တ်မ ရတော့ပါ ။ ပန်းချီ ။ မိမိ ကိုယ် ကို ပန်းချီဆရာ ဖြစ်ခဲ့သည် ဟု ပင် အတော် စဉ်းစား ယူ နေ ရ ပေတော့သည် ။


၆ ။


အိမ်ရှေ့ မြောင်းငယ် ထဲ တွင် ပန်းချီဆေးခွက် ရောက် နေသည် ။ စုတ်တံ ကို လည်း ကလေးငယ် ရိုက်ချိုး ပစ်ခဲ့လေပြီ ။


မိန်းမ ဖြစ်သူ သည် အလွန် နှမြော နေပုံ ရ သည် ။ ကလေးငယ် ကို တတွတ်တွတ် ဆိုမြည် နေသည် ဟု ကျွန်ုပ် ထင်၏ ။


ကျွန်ုပ် ၏ ကလေးငယ် မှာ ကစားစရာ ဟူ၍ မည်မည်ရရ ရှိရှာသည် မဟုတ်ပါ ။ ဝယ်လည်း ပေးနိုင်သည် မဟုတ်ပါ ။ သူ့ ပတ်ဝန်းကျင်တွင် ကစားစရာ ဟူ၍ စုတ်တံ နှင့် ဆေးခွက်များ သာ ဖြစ်ပေလိမ့်မည် ။


ထိုအချိန် ၌ ကျွန်ုပ် သည် အိမ်ရှေ့ သို့ ငေးမျှော် လိုက်မိ ပါသည် ။ ထွန်းတောက်သည့် အရောင် တစ်ခု သည် ကျွန်ုပ် ၏ မျက်စိ ကို ဟပ်လိုက် သကဲ့သို့ ရှိသည် ။ ဟုတ်သည် ။ ပန်းဖြူ တစ်ပွင့် ။ စင်ကြယ်သော ပန်းဖြူ တစ်ပွင့် ။


ကျွန်ုပ် ၏ စိတ် တွင် လေပွေရိုင်း တစ်ခု ဝင် မွှေ့ လိုက် သကဲ့သို့ ရှိသည် ။ သားနားခြင်း ၊ နှစ်သက်ခြင်း ဟူသော ရသ သည် ကျွန်ုပ် ၏ စိတ်နှလုံး ကို ဦးခေါင်း ဖြင့် တိုးဝှေ့ကစား လာ ဘိ သကဲ့ သို့ ဖြစ်သည် ။


ရုတ်တရက် ကျွန်ုပ် ဘာကို မျှ မမြင် ၊ ဘာကိုမျှ သတိ မရ ။ ပီတိ စဲ သွားသော အခါ မျက်စိ ရှေ့ တွင် ပန်းချီကား တစ်ချပ် ပေါ်နေသည် ကို မြင် လိုက်ရသည် ။


နွေဦး က ပန်း သည် ကျွန်ုပ် ၏ ကလေးငယ် ကို ဝင်ရောက် ပူးကပ် လိုက် လေပြီ ။ ပန်းဖြူ နှင့် ကလေးငယ် သည် တစ်ထပ်တည်း ကျ လာ သကဲ့ သို့ ဖြစ်သည် ။ ပွင့်ချပ်ပွင့်ဖတ် ကလေးတို့ သည် ကလေးငယ် ၏ လှုပ်ရှားခြင်းမျိုး ဖြင့် လှုပ်ရှား လာသည် ။ ထို မေတ္တာစိတ် သည် အနုပညာ ကို အစစ်အမှန် ဖန်တီး လေပြီ ။


ကျွန်ုပ် သည် ယနေ့ ပန်းချီကား တစ်ချပ် ကို စတင် ရေးဆွဲ မိသည် ။ ကျွန်ုပ်မှာ စုတ်တံ လည်း မရှိ ။ ဆေးခွက် လည်း မှောက် ခဲ့ပြီ ။ သို့သော် ကိစ္စ မရှိ ။ ကျွန်ုပ် တွင် ပန်းချီကား တစ်ကား ရပြီ ။ ရုပ်ပုံ သည် ကျွန်ုပ် ၏ နှလုံးသား အိမ် ၌ အရိပ် ပေါ်ပြီ ။


ကျွန်ုပ် သည် ပန်းချီ ဆရာ ဘဝ သို့ ပြန်လည် ဝင်ရောက် နိုင်ခဲ့၏ ။


◾တင်မိုး


📖 ငွေတာရီ မဂ္ဂဇင်း

      အမှတ် - ၉၂ 

      ဖေဖော်ဝါရီလ ၊ ၁၉၆၈ ခုနှစ်


📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း 

     အမှတ် ၂၉ဝ 

     ဇန်နဝါရီလ ၊ ၂ဝ၁၄ ခုနှစ် 


#ကိုအောင်နိုင်ဦး


.

Monday, May 22, 2023

ဆရာသော် ရဲ့ ဘဝ တစ်ကွက်


 

❝ ဆရာသော် ရဲ့ ဘဝ တစ်ကွက် ❞

ဆရာသော်တာဆွေ ကို ကျွန်တော် တို့ က “ ဆရာသော် ” လို့ ပဲ ခေါ် ကြပါတယ် ။

ဆရာသော် က ကျွန်တော့် ထက် တစ်နှစ် လောက် စောပြီး အင်းစိန် ကို ရောက်တယ် ။ မဂ္ဂင်ကျောင်းလမ်း မှာ နေ လေတော့ ကျွန်တော် တို့ နဲ့ မဝေးလှဘူး ပေါ့ ။ ကျွန်တော် က မင်းကြီးလမ်း မညကကုန်း မှာ လေ ။ ကျွန်တော့် အိမ် က ဆက် လျှောက် လိုက်ရင် ပထမဆုံး ဟိုက်ပတ်လမ်း ကို တွေ့  ။ ဟိုက်ပတ်လမ်း ထိပ် မှာ ဆရာသော် ရဲ့ လက်စွဲတော် တပည့်ကျော် ကိုပိုက် ။ ပြီးတော့ တရားသူကြီး ဦးခင်ဦး ၊ သူ က စစ်ကိုင်းသား ၊ ဆရာသော် ရဲ့ မိတ်ဆွေကြီး ။ အဲ ... ဆက် သွားတော့ ဘိုကုန်းဈေး ၊ နည်းနည်း ဆက် လျှောက် လိုက်တော့ ပျဉ်းမငုတ်တို မှတ်တိုင် ခင်ဗျ ။

အဲ ... ပျဉ်းမငုတ်တို မှတ်တိုင် ဟာ မဂ္ဂင်ကျောင်းလမ်း ပါ ပဲ ။ အဲဒီ လမ်း မှာ ဆရာသော် နေပါတယ် ။

ဆရာသော် ရယ် ၊ အန်တီမေ ရယ် ၊ ကိုငယ် ရယ် ၊ ကိုငယ် ရဲ့ သမီး အက်ဖီ ရယ် စသ ဖြင့် ပေါ့လေ ။ လူ သိပ် မများ လှ ပါဘူး ။ အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ် နေ ကြတယ် ။

ကျွန်တော် တို့ က နေ့တိုင်း လောက် ဆုံ ဖြစ် ပါတယ် ။ ဆရာသော် က ဈေးဝယ် ထွက် လာ ၊ ကိုပိုက် ကို ခေါ် ၊ တောင်သူကုန်း ထဲ က ယိုးဒယား ဈေး လို့ ခေါ်တဲ့ ကရင်ဈေး မှာ ဈေးဝယ် ၊ ဈေးဝယ် ပြီး ရင် ကိုပိုက် အိမ် မှာ ဖွင့် ထားတဲ့ နံ့သာရိပ်ကဖီး မှာ ထိုင် ကြတာကိုး ။

ဆရာသော် ဆိုတာ က ကျွန်တော် တို့ ကာလသား ကတည်း က စွဲစွဲ လမ်းလမ်း တမ်းတမ်း တတ ဖတ်ခဲ့ ရတဲ့ စာရေးဆရာကြီး မဟုတ်လား ။ သူ့ ရဲ့ ဟာသဝတ္ထုတွေ ဆိုရင် မလွတ်တမ်း ပေါ့ ဗျာ ။

လစဉ် ရှုမဝမဂ္ဂဇင်း ရောက် လာပြီ ဆိုရင် သော်တာဆွေ ရဲ့ ဝတ္ထု ကို လက်ဦးဆုံး ဖတ် ရတယ် ။ “ ကျွန်တော် ရုပ်ရှင်မင်းသား ” ၊ “ ကျွန်တော် ပန်းချီဆရာ ” ၊ “ ကျွန်တော် ပြဇာတ်မင်းသား ” “ ဂေါ်တက္ကသိုလ် ” “ ဖိုးသော်တာ စန္ဒာလကိုကွယ် ” စတဲ့ ဝတ္ထုတွေ နဲ့ လျှမ်းလျှမ်း တောက် နေ တဲ့ ကာလ က ပေါ့ဗျာ ။ ကျွန်တော့် သူငယ်ချင်း သုဝဏ္ဏ မှာ နေ တဲ့ ဖိုးကံရွှေ ဆိုရင် အလွတ် နီးနီး လောက် ရသဗျ ။ သော်တာဆွေ ရဲ့ ဇာတ်ကောင် တွေ ဆိုရင် သူ နဲ့ ဆွေမျိုးရင်းချာ လောက် ရင်းနှီး ပြီး ဆရာသော် နဲ့ တွေ့ တော့ “ ဘယ်သူ ကော နေကောင်းရဲ့လား ” ၊ “ အခု ဘယ်သူ ဘာဖြစ်သွားသေးလဲ ” စသဖြင့် နှိုက်နှိုက်ချွတ်ချွတ် မေးလိုက်တာ ဆရာသော်တာဆွေ တောင် တအံ့တသြ လက်ဖျား ခါ ယူ ရတယ် ။ ဆရာသော် ကိုယ်တိုင် သော် မှ သူ့ ဇာတ်ကောင် တွေ ကို မနည်း ပြန် စဉ်းစား ယူ နေ ရတာ ကိုး ။ အဲသလောက် ဆရာသော်တာဆွေ ရဲ့ စာတွေ က ပရိသတ် အပေါ် မှာ လွှမ်းမိုး ခဲ့ လေတော့ ဆရာသော် နဲ့ ကျွန်တော် တို့ တွေ့ကြတဲ့ အခါ ဘယ်သူ မှ မိတ်ဆက် ပေးစရာ မလို ၊ အတွင်းသိ အဆင်းသိ ၊ ဆရာသော် နဲ့ ဆွေမျိုးရင်း ပေါ့ ။ ဘာ မိတ်ဆက် ဖို့ လိုတော့မလဲ ဗျာ ။

အင်းစိန် မှာ ဆရာသော် နဲ့ ဆုံရတဲ့ အခိုက် မှာ အန်တီမေ လှေကား ပေါ် က လိမ့် ကျလို့ ခြေ ကျိုးပြီး ပက်လက် နေရရှာ တဲ့ အခိုက်အတန့် ပေါ့ ။ ဆရာသော် အတော် ဒုက္ခ ရောက်ရ ရှာတယ် ။ အစစ အရာရာ သူ သာ လုပ်ရ ရှာတယ် ။ အန်တီမေ စားရေးသောက်ရေး ၊ ဆေးကုသရေး ၊ ချက် ပြုတ်ရေး စသည် ဖြင့် ပေါ့လေ ။ အိမ် အရေး မှန်သမျှ ဆရာသော် ချည်း ပဲ လုပ် ရ ရှာတယ် ။ ဒီတော့ ဆရာသော် ရဲ့ အရွယ် က လည်း ၇ဝ ကျော်စ ပြု ပြီလေ ။

ဒီမှာ ဆရာသော် ရဲ့ ကြံ့ခိုင်ပြီး ယောက်ျား ကောင်း ပီသတဲ့ အမူ အရာ ကို တွေ့ ရတာပဲ ။ လောကဓံ ဟာ ဆရာသော် ရဲ့စိတ်ဓာတ် ကို စမ်း ကြည့် ပုံ ရတယ် ။ ဘာရမလဲ ၊ ဆရာသော် ရဲ့စိတ်ဓာတ် က အာဂ စိတ်ဓာတ် ။

ဆရာသော် နဲ့ တွေ့ ရတိုင်း စိတ်ညစ် တဲ့ အမူအရာ မတွေ့ရဘူး ။ စိတ်ဓာတ် ကျတဲ့ လက္ခဏာ မတွေ့ ရဘူး ။ ဆရာသော် ဆီ က ညည်းညူသံ တစ်ချက် မှ ထွက် မလာဘူး ။ ဆရာသော် ဟာ အိပ်ရာ က မထနိုင် ရှာတဲ့ သူ့ ဇနီးသည် “ မေ  ” ရဲ့ နံဘေး မှာ အမြဲ ရှိတယ် ။ အမြဲ အားပေးတယ် ။ တောရှောက်ခါးရည်ကလေးတွေ လိမ်း ပေးရင်း ကြင်ကြင်နာနာ စကား တွေ နဲ့ ဖြေသိမ့်တယ် ။ သူ့ ဇနီးသည် မေ ရဲ့ အညစ်အကြေး ကအစ သိမ်းဆည်း ပေးတယ် ။ ဆရာသော် ကို မြင့်မြတ်တဲ့ လင်သားကောင်း တစ်ဦး အဖြစ် တွေ့မြင် လိုက် ရပါတယ် ။

ကျွန်တော်တို့ အင်းစိန် က စာပေသမားတွေ တိုင်ပင်ပြီး “ သော်တာ ဆွေ ကန်တော့ပွဲ ” လုပ် ကြတယ် ။ ဆရာသော် ရဲ့ အိမ် နဲ့ နီး တဲ့ “ ဟံသာဝတီ ကမ္မဋ္ဌာန်းကျောင်း ” မှာ ကျင်းပတယ် ။ မောင်လင်းယုန် ( ရှမ်းပြည် ) ၊ မောင်ခိုင်မာ ၊ ကိုကြည်နိုင် ၊ ကိုဖေမြင့် ၊ စိုးမြင့်လတ် ၊ ယဉ်မင်းပိုက် ၊ ကိုပိုက် စသဖြင့် စာပေသမား အစုံအလင် ဝိုင်းဝန်း ဆောင်ရွက် ကြတယ် ။ အလွန် စည် ပါတယ် ။

တစ်ခါက ဆရာသော် ရဲ့သား ကျော်ကျော် ဆုံးတယ် ။ ဒေါ်နော်မာ နဲ့ ရတဲ့ သား ပါ ။ ကြည့်မြင်တိုင် မှာ နေပါတယ် ။ ဆရာသော် ၊ ဦးခင်ဦး ၊ ကိုပိုက် နဲ့ ကျွန်တော် တို့ တစ်တွေ ဈာပန ကို သွား ကြတယ် ။ အသုဘ မဏ္ဍပ် မှာ ထိုင် နေကြတုန်း ဆရာသော် က သူ့ အင်္ကျီအိတ်ထောင် ထဲ က ဓာတ်ပုံကလေး တစ်ခု ထုတ် ပြတယ် ။ ဓာတ်ပုံ က ဟောင်း လှပါပြီ ။ သူ့ သားကလေးတွေ ငယ်ငယ် တုန်း က ဓာတ်ပုံ ။ ရှင်ပြု တုန်း က ရိုက်ထား တဲ့ ဓာတ်ပုံ ။ ဆရာသော် ရဲ့ အဖေ က ပေါင်းတည် မှာ သူ့ မြေးတွေ ကို ရှင်ပြု ပေးခဲ့တာ တဲ့ ။ ဓာတ်ပုံကလေး ထုတ် ကြည့် ပြီး အလွမ်း ဖြေ ရှာတဲ့ ဆရာသော် ရဲ့အမူအရာ ကို ကျွန်တော်တို့ မမေ့နိုင်ပါဘူး ။

နောက်တစ်ခါ တောင်ဥက္ကလာပ ကို ဆရာသော် နဲ့ အတူ နာရေး ကိစ္စ တစ်ခု အတွက် သွားခဲ့ရ သေးတယ် ။ အဲဒါကတော့ သူ အလွန် ချစ် တဲ့ သူငယ်ချင်း ပညာ့တန်ဆောင် ဦးသန်းတင့် ရဲ့ နာရေး ပါ ။ ပခုက္ကူသား ဦးသန်းတင့် ရဲ့ သဘော ကောင်းပုံ ၊ ကူညီတတ်ပုံ ၊ စိတ်နေ သဘောထား ပြည့်ဝပုံတွေ ကို တဖွဖွ ပြော ခဲ့ ပါတယ် ။ တောင်ဥက္ကလာ ၁၆ ရပ်ကွက် က အပြန် လမ်းတွေ ရေလျှံ နေအောင် မိုးသည်း လို့ ဆရာသော် ၊ ဆရာမြသန်းတင့် ၊ ဆရာကျော်အောင် တို့ နဲ့ အတူ ပုဆိုး မ ပြီး ရေ ထဲ ဖြတ် ပြန်ခဲ့ရတာကို သတိရ မိ ပါသေးတယ် ။

နောက်တစ်ခါ ဆရာသော် ရယ် ၊ ကိုပိုက် ရယ် ၊ ကိုနွယ်မြင့် စတဲ့ လူ အနည်းငယ် ရွာမဘူတာ က နေပြီး မြို့ပတ် ရထား စီး ၊ ရန်ကုန်ဘူတာကြီး ရောက် ၊ ကုန်တိုက် ( ၁ ) မှာ ဆီချက်ခေါက်ဆွဲ ဝင် စားပြီး မြို့ပတ် ရထား စီး ပြီး အင်းစိန် ပြန် လာ လမ်းခရီး တစ်လျှောက် လုံး စိတ်ဝင်စားစရာ စာပေ အတွေ့အကြုံ ၊ ဘဝအတွေ့ အကြုံတွေ ကို ရယ်စရာ ၊ မှတ်သားစရာ တွေ ပြော ခဲ့ တာတွေ ကို လည်း ကျွန်တော် တို့ မမေ့နိုင်ခဲ့ပါဘူး ။

နောက် ... ကိုငယ် ဆုံးတယ် လို့ သိ ရတယ် ။ နောက် ... အန်တီမေ ဆုံးသွားရှာပြီ လို့ သတင်း ရ တယ် ။ ကျွန်တော် လည်း စိတ်မကောင်းခြင်း များစွာ ဖြစ်မိတယ် ။ ဆရာသော် ရဲ့ ကြုံတွေ့ ရမယ့် ဘဝ လောကဓံတွေ ကို ကိုယ်ချင်း စာ မိတယ် ။ နောက် ဆရာသော် ပြည်ထောင်စုရိပ်သာ ကို ရောက် သွားပြီ လို့  ကြား ရတယ် ။

ဆရာသော် နေ မကောင်းဘူး လို့ ကြား ရတယ် ။ ကျွန်တော် လည်း မအားလပ်တော့ ဆေးရုံ ကို မရောက်ဖြစ် လိုက်ဘူး ။ ဆရာသော် ဆုံး တော့ မှ ဆရာ့ ဈာပန ကို လိုက် ပို့ ဖြစ် ပါတော့တယ် ။

ဆရာသော် နဲ့ ဆုံခဲ့ ရတဲ့ ရက်တွေ က မများလှပါဘူး ။ ဒါပေမဲ့ ဆရာသော် ရဲ့ ရုပ်ပုံလွှာ နဲ့ စိတ်ဓာတ် ကို တော့ မေ့နိုင် မှာ မဟုတ်ပါဘူး ။

အမြဲ သတိရ နေမှာပါ ။

◾တင်မိုး

📖 သော်တာဆွေ ရာပြည့်အမှတ်တရ လွမ်းတသသ

#ကိုအောင်နိုင်ဦး

.

Thursday, September 17, 2020

ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများ


 ❝ ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများ ❞


( ၁ )


ဒီလူကြီးတွေ.... ဒီလူကြီးတွေ... 

သွားရေတွေ တများများ 

လူသားစား ကျားပါးစပ်နဲ့ 

အရပ်မှာ " ဗျိုး " ဟစ်ပြီး 

" ကွန်မြူနစ်ဆန့်ကျင်ရေး " တဲ့ 

အရေးပါတဲ့ ဒီဆောင်ပုဒ်နဲ့ 

လုပ်စားပေါင်းများခဲ့ပြီ ။


( ၂ )


ကွန်မြူနစ်တွေဆိုတာ 

ဘုရားမရှိ တရားမသိ 

အမှားအတိနဲ့ 

အလကားငတိတွေ ထင်အောင် 

တွင်တွင်ကြီး ဝါဒဖြန့် 

ကွန်မြူနစ်တစ္ဆေနဲ့လှန့်

ရွာအနှံ့ ရပ်အနှံ့ မောင်းထု

ပြည်သူကိုတော့ ထောင်းထုပြီး 

မကောင်းမှုမှာ သရဖူဆောင်း 

သူရဲကောင်းကြီး ဟန်ပန်လုပ် 

အာဏာကို အချောင်အုပ်ကြတယ် ၊ 

ပုပ်လိုက်တဲ့ သမိုင်း

ယုတ်ပတ်တဲ့ အကြံရိုင်းပေပ ။


( ၃ )


ကွန်မြူနစ်ကို လက်ညှိုးထိုး 

ကိုယ်ကျိုးကို အရနှိုက်

ဓါးပြတိုက် ခါးပိုက်ဆောင်တပ်တွေနဲ့ပါလား ။


လဲဗီးတဲ့.... ပြူစောထီးတဲ့... 

လက်နက် မဲ့ ပြည်သူတွေကို 

ကူညီမလို အကြောင်းပြပြီး

ထောင်းလမောင်းထအောင် နှိပ်စက်ခဲ့တာ 

မပျက်နိုင်တဲ့ သမိုင်းတကွက်ပါ ။


ကွန်မြူနစ် ရန်စွယ်ဟာ

ဓမ္မန္တရာယ် အစစ်ပါပဲလို့

ကလိမ်ကညစ် နည်းထုံးတွေနဲ့ 

ဖြီးလုံးတွေလွှင့်ထုတ်

စာအုပ် စာတမ်း ရေဒီယို 

ထိုထိုသော သတင်းစာတွေနဲ့ 

အတင်းညာကာ ဝါဒဖြန့် 

ရွာလန့်အောင်လုပ်ကြတယ် ။


ရိုးသားတဲ့ ဗုဒ္ဓဘာသာ 

တို့မြန်မာလူထုရဲ့ စိတ်ထဲ 

ကွန်မြူနစ် သရဲပုံပြင်တွေနဲ့ 

ယုံထင်ကြောင်ထင် ဖြစ်အောင် 

သံကြောင်တွေ ဟစ်ကြတယ်

တကယ်ညစ်တာက သူတို့ .. သူတို့ ။


မသိဘူးလို့များ မထင်နဲ့


ပြည်သူတွေက " မြင် " ပါတယ် ။


ပြည်သူတွေက " လျင် " ပါတယ် ။ 


( ၄ )


မှန်တဲ့စကားတခွန်း 

တစွန်းတစ မဟလိုက်လေနဲ့ 

ကွန်မြူနစ် တံဆိပ်ကပ် 

အရပ်နဲ့ လှည့်တိုက် မယ် ။


အခွင့်အရေး ဆိုစကား

တပြားဘိုးမျှ မတောင်းလိုက်လေနဲ့

ကွန်မြူနစ်တွေ သွေးထိုး

သူပုန်မျိုး အဖျက်သမားတွေလို့ 

မတရားစွပ်စွဲပြီး

နည်းမျိုးစုံ ဖြိုခွဲပစ်မယ် ။


အမှန်ကိုချစ်တာနဲ့

ကွန်မြူနစ် ဖြစ်ရရောလား ။


လူကြီးမင်းများ ခင်ဗျား...

စဉ်းစဉ်းစားစားလဲ လုပ်ကြပါအုံး ။


( ၅ )


ကျောင်းသားတွေ မခံနိုင်လို့ 

သံပြိုင်ဟစ် အုံကြွတော့လဲ 

သူပုန်ထမယ့် ဗကပ တဲ့ 

ဗကပ လှုံ့ဆော်လို့

ကြွေးကြော်သံ အနန္တနဲ့ 

အလျှံထမတတ် 

ဆန္ဒပြကြတာတဲ့ ။


ဒီလိုပုတ်ခတ် လုပ်ဇာတ်ခင်းပြီး

ပြဿနာရဲ့ အတ္ထုပ္ပတ် အရင်းအမြစ်ကို 

မစိစစ် မဖွေရှာ

အာဏာပြ ပါဝါပြပြီး

အဓမ္မနှိမ်နင်း

အပြစ်ကင်းတဲ့ ကလေးငယ်တွေကို 

ပစ်ကွင်းအဖြစ် ရွယ်ကြပြန်တယ် ။


ကျောင်းသားတွေရဲ့ ခွပ်ဒေါင်းအလံဟာ 

အတန်တန် သွေးစွန်းခဲ့ရတယ် ။


လွတ်လပ်ရေးရပြီးကတည်းက 

တကသ ဗကသ

ကျောင်းသားသမဂ္ဂ တွေကို 

ဗကပရဲ့ သူပုန်ဌာနချုပ်ရယ်လို့ 

ယုတ်မာကောက်ကျစ် ညစ်ညစ်ပတ်ပတ်နဲ့ 

ပစ်ခတ် သတ်ဖြတ်ခဲ့တာ 

မှတ်တိုင်ကြီးတတိုင်

ဇူလိုင် ရ ရက် သက်သေပါ ။


တခါလာ ဗကပနဲ့ တခါလာ ဗကပနဲ့ 

ဟာသ ရသတောင် မြောက်ကုန်ပြီ 

ဗကပတစ္ဆေ ခြောက်တုန်းပါလား ။


( ၆ )


အမှန်တကယ်အဖြစ်က

ပြည်တွင်းစစ်နဲ့ စားသာနေတာ 

အာဏာလက်ရှိ လူတစုပါ ။


ပြည်တွင်းစစ်ကို လက်ညှိုးညွှန်

ကွန်မြူနစ်ကို အပြစ်ပုံချ

ရသမျှအခွင့်အရေး အိပ်ထဲပိုက်


နှိုက်ချင်တိုင်း နှိုက် 


ပိုက်ချင်တိုင်း ပိုက် 


မိုက်ချင်တိုင်း မိုက် 


ရိုက်ချင်တိုင်း ရိုက်


ရွှေစိတ်တော် အကြိုက်ပ ၊ 


မြို့ရွာတွေ မီးတိုက်လိုတိုက် 

ငမိုက်သားတွေ တန်ခိုးကြီးသထက်ကြီး 

အမျိုးသမီးတွေ ယူလိုယူ

ဇမ္ဗူပေါ်မှာ ဇိမ်တွေကျ 

အိမ်တွေရ တံဆိပ်တွေရ 

ဧရာမ သူရဲကောင်းလို့

အကြောင်းပြလို့လဲ ကောင်းသေး


ကွန်မြူနစ်ဆန့်ကျင်ရေး ဆိုင်းဘုတ်နဲ့

ဝိုင်းအုပ် ဝိုင်းတုတ်လိုက်ကြတာ 

အလုပ်ကို ဖြစ်လို့ ၊ 


တကယ့်မျိုးချစ်တွေပါလားနော် ။


( ၇ )


ဒီလူတွေနဲ့ ငြိမ်းချမ်းရေး 

ဘယ်နှယ်လုပ် ဆွေးနွေးကြမလဲ 

ငြိမ်းချမ်းရေးအသံကြားရင် 

နားဝမှာ ခါးနေတဲ့ လူတွေ


စစ်ရှိမှ ကြီးပွါး

စစ်နဲ့ဘဲ လုပ်စားနေကြတာ


စစ်အား မကောင်းရင်

ဂျစ်ကားတောင် မောင်းနိုင်မှာ မဟုတ်ဘူး 


စစ်အလုပ် ကင်းဝေးမဲ့

ငြိမ်းချမ်းရေး ကိစ္စကိုများ 

တရားသဘောနဲ့ 

အလကား ဟောမနေနဲ့

မောရုံသာ အဖတ်တင်မယ် 

" ဝတ္ထုနိပါတ်ပိဋကတ် " ကို 

လျှာပြတ်အောင် ဟောသော်လဲ

ဟောရင်းသာ ပျံတော်မူရမယ်

" ဆံဖြူဖြူ တခွက်မျှ ထွက်နိုင်ပုံမရ "  ဆိုတဲ့ ၊ 


ဦးပုညဖွဲ့တဲ့ လူစားမျိုးပါတကား ။


( ၈ )


ဒီလိုနဲ့ပဲ 

တို့လူထုမှာတော့ ပူမှုတွေဖုံး

အပူလုံးတွေကြွ ယူကြုံးမရ

ပြည်တွင်းစစ်ဒုက္ခနဲ့

ပြေးရလွှားရ ပုန်းရအောင်းရ 

ဘဝတွေ ပျက်ခဲ့ပြီ ။ 


လက်နက်တွေ တလကြမ်းနဲ့မို့

အမျိုးသားပန်းမှ  ပွင့်နိုင်ပါအုန်းမလား ။ 


စစ်မီးတွေ တလောင်တည်းလောင် 

ပစ္စည်းတွေလဲ ပြောင်ခဲ့ပြီလေ

ပြောင်ခဲ့ပြီ ။


( ၉ )


ဒီလို ဒီလိုနဲ့ 

ဒီမိုကရေစီ ပြုတ်ကျ 

စစ်ဗိုလ်ကြီးတွေ တန်ခိုးထတဲ့ 

မဆလတွေ မင်းမူခဲ့

တိုင်းပြည်ရဲ့ ရန်သူဟာ ဗကပလို့ 

တဖွဖွ စွပ်စွဲရင်း

ဖွတ်မွဲစာရင်း တို့တတွေရောက်ကုန်ပြီ ၊ 


မှိုလိုပေါက်လာတဲ့ မဆလ ဗဟိုကော်မတီ 

ဘာကောင်စီ ညာကောင်စီ

အလံနီ အလံဖြူ လက်နက်ချနဲ့

မဆလ စစ်ဗိုလ်ကြီးတွေဟာ

တသီးတသန့် အခန့်စံစားရာ 

ပါရမီ ငွေကြာရံ

ရန်ကင်း ကမ္ဘောဇ ဗိုလ်ချုပ်ရွာတွေမှာ 

တိုက်တာကြီးတွေ ဟိန်းထ ၊ 

ပစ္စည်းတွေက သိန်းမက ၊ 

ဘိန်းချသလား အောက် မေ့လောက်အောင် 

ဆိုရှယ်လစ်နိဗ္ဗာန် အရောက်ချီတက်ခဲ့ကြတယ် ။


ကွန်မြူနစ် ဆိုရှယ်လစ် ကျေးဇူးတွေနဲ့ 

စားဦးစားဖျားတွေ ဝေစားခဲ့ကြတယ် ။ 


မဆလက မွေးဖွားတဲ့လူတန်းစားတရပ် 

မားမားမတ်မတ် ပေါ်ပေါက်ခဲ့တယ်


အခွင့်အရေးမှန်သမျှ လက်ကုန်နှိုက် 

အရက်တငံ ကျိုက်ပြီးလွှတ်တော်ဝင် 


မဆလလမ်းစဉ်အောင်ရမယ်လို့ 


မယုံကြည်ပဲ ကြွေးကြော်ပြီး 

အရေးပေါ် ဆိုရှယ်လစ်တွေက 

စခန်းသစ် ဖွင့်ခဲ့ကြတယ် ။


မြန်မာ့ဆိုရှယ်လစ်တခေတ် ထူထောင်ပုံတွေလေ ။


( ၁၀ )


ခုအခါ လူထုကနာပြီမို့

တပါတီစနစ် ဖြုတ်ချ ၊ ဒီမိုကရေစီ အများဆန္ဒနဲ့ 

အစိုးရဖွဲ့ရေး လူထုက ဟစ်ကြွေးတော့ 

ဆူပူရေးသမား ဗကပများတဲ့ ။


လုပ်စားနေတဲ့ လူကြီးများက

ရှေးနည်းအတိုင်း တံဆိပ်တပ်ပြီး 

လူထုလုပ်ရပ် သေးသိမ်အောင် 

ကလိန်စေ့ငြမ်းဆင် နေပြန်ပြီ ။


ပြည်ထောင်စု ပြိုကွဲပြီး 

ဖရိုဖရဲ မဖြစ်အောင်တဲ့ ။ 


မျိုးချစ်စိတ်ဓါတ် တခွဲသားနဲ့ 

စကားကို တရားလုပ်

လွှင့်ထုတ်နေကျ ဓါတ်ပြားဟောင်းအတိုင်း 

အပ်သွားကြောင်းထပ်ပြီး

အဓမ္မ ပါးစပ်နဲ့

ကျားကျား မီးယပ် လုပ်ကြပြန်ပြီ ။


ကျောင်းသားနဲ့ ပြည်သူ 

ဆူပူအောင်လုပ်တာ ဗကပလို့တမျိုး

အမျိုးသားဒီမိုကရေစီ အဖွဲ့အတွင်း 

ကွန်မြူနစ်တွေ စီးနင်းလေဟန် 

သတင်းတွေ ချဲ့ကား 

အတင်းလိမ်လည် လှည့်စားလို့တမျိုး 

မဟားဒယား ကြံစည်ပြီး 

ဒီမိုကရေစီကို ဟန့်တားနေပြန်ပြီ ။


( ၁၁ )


ခုတော့

သမိုင်းကသိ လူကမိပြီ 

လူကြီးမင်းတို့ လက်ရာ 

ညာလို့ မရတော့ဘူး

နိုးကြားတဲ့ ပြည်သူတွေမို့

အထူအပိန်း မထင်ကြနဲ့တော့ 

ပါးစပ်ဟလိုက်တိုင်း

အူမကို အတိုင်းသားပါပဲ ။ 


လူကြီးမင်းတို့ ဖော်နည်းကားတွေ

ခေတ်မစားတော့ဘူး

ခေတ်နောက်ကျသွားပါပြီ ။


" ပြည်သူတွေဟာ ဗကပ မဟုတ် " 


ဗကပနဲ့ လှန့်တိုင်း 

လန့်လိမ့်မည်မဟုတ် ။


နိုင်ငံရေး အခြေအနေ


ရေ - မြေ - လေ - မီး ဓါတ်ကြီးလေးပါးကို 


ပိုင်းခြားလို့ သိနေပြီ ။ 


ကွန်မြူနစ်ဆန့်ကျင်ရေး လက်သုံးဓါးနဲ့

တသက်လုံး လုပ်စားဖို့ကြံရင် 

ပန်လန်လက်

ပက်လက်လန် မည်သာမှတ်ပေရော့ ။ 


ပါးစပ်က ဘုရား ဘုရား

လက်က ကားယား ကားယားနဲ့

စားဖား လူကြီးမင်းများ ခင်ဗျာ.......။      ။


                      ◾  တင်မိုး