❝ တုတ်စကြာ ❞
ရှေးသရော အခါ လယ်သမားကြီး တစ်ယောက် ၌ မောင်ဘ ၊ မောင်မြ ၊ မောင်လှ ဟူသော သား သုံးယောက် ရှိလေ၏ ။ လယ်သမားကြီး သည် သူ မွေး ထားသော နို့စားဆိတ်မ တစ်ကောင် ကို သား သုံးယောက် အား အလှည့်ကျ ကျောင်းခိုင်း ထား၏ ။ တစ်နေ့သ၌ သား အကြီး မောင်ဘ သည် ဆိတ်မ ကို ခေါ်ကာ မြက် ပေါ သော လယ်တော တစ်ခု ဆီ သို့ ထွက် လာခဲ့ပြီး လျှင် တစ်နေ့လုံး လွှတ်ထား လေ၏ ။ ညနေ စောင်း ၍ ပြန်ခါ နီး သော အခါ မောင်ဘ သည် ဆိတ်မ အား ခေါ်ပြီးလျှင် အိမ်သို့ ပြန်မည် ပြင်၏ ။ မပြန်ခင် ၌ မောင်ဘ သည် ဆိတ်မ ၏ ကျော ကို ပွတ်ပြီး လျှင် ဤသို့ မေး လေ၏ ။
“ ဆိတ်မ ... ဆိတ်မ
မြက်ချိုမြ
စားလို့ဝရဲ့လား … ဝရဲ့လား ”
သခင် ၏ စကား ကို နားလည်သော ဆိတ်မ သည် ဤသို့ ပြန် ပြော လေသည် ။
“ သခင် ... သခင်
ရွှေနားဆင်
မြက်ပင်ချိုမြလွန်ပေါလှ
စားဝပါရဲ့ .. ဝပါရဲ့ ”
ဆိတ်မ က ဤသို့ ပြန် ပြော သဖြင့် မောင်ဘ လည်း ဆိတ်မ ကို အိမ် သို့ ပြန် ကျောင်း လာခဲ့လေ၏ ။ အိမ် တွင် ဖခင် လယ်သမားကြီး အား ဆိတ်မ ကို ပြန် အပ်သောအခါ ဖခင် က “ လူကလေး မောင်ဘ ၊ ဆိတ်မ အစာ ဝခဲ့ပါရဲ့လားကွယ် ” ဟု မေး လေ၏ ။ မောင်ဘ လည်း ဟုတ်မှန်သည့် အတိုင်း ဖြေဆို လိုက်၏ ။ လယ်သမားကြီး သည် ဆိတ်မ ကို ချည်တိုင် မှာ ချည်ရင်း မေးပြန်လေ၏ ။
“ ဆိတ်မ ... ဆိတ်မ
မြက်ချိုမြ
စားဝရဲ့လား ဝရဲ့လား ”
ထိုအခါ၌ ဆိတ်မ သည် လယ်သမားကြီး ကို ဤသို့ ပြန် ဖြေ၏ ။
“ သခင် ... သခင်
ရွှေနားဆင်
မြက်တစ်ပင်မျှ မစားရ
ထို့ကြောင့် ငါ မဝ ”
ဆိတ်မ က ဤသို့ ဖြေလိုက်သော ကြောင့် လယ်သမားကြီး လည်း စိတ်ဆိုး ကာ မောင်ဘ ကို အိမ် မှ ရိုက်၍ နှင်လိုက်လေ၏ ။ နောက်တစ်နေ့ မနက်၌ သား အလတ် မောင်မြ ကို ဆိတ်ကျောင်း ခိုင်း လေ၏ ။ မောင်မြ သည် ဆိတ်မ ကို ခေါ်ကာ မြက် ပေါသော တောစပ် တစ်နေရာ သို့ သွား၍ တစ်နေ့လုံး လွှတ်ထားလေ၏ ။ ညနေ ပြန်ခါနီး တွင် မောင်မြ က ဆိတ်မ ကို ယခင်က ကဲ့သို့ မေး ၏ ။
“ ဆိတ်မ ... ဆိတ်မ
မြက်ချိုမြ
စားလို့ဝရဲ့လား … ဝရဲ့လား ”
ဆိတ်မ က လည်း တစ်ဖန် ပြန်၍ ...
“ သခင် ... သခင်
ရွှေနားဆင်
မြက်ပင်ချိုမြလွန်ပေါလှ
စားဝပါရဲ့ ... ဝပါရဲ့ ” ဟုဖြေ၏ ။
မောင်မြ သည် အိမ် သို့ ရောက်၍ ဆိတ်မ ကို ဖခင် အား အပ်သော အခါ ဖခင် က “ လူကလေး မောင်မြ ဆိတ်မ အစာ ဝခဲ့ရဲ့လားကွယ် ” ဟု မေး၏ ။
မောင်မြ လည်း ဟုတ်မှန်သည့် အတိုင်း ဖြေ၏ ။ လယ်သမားကြီး သည် ဆိတ်မ ကို ချည်တိုင် တွင် ချည်သော အခါ မေးပြန် လေ၏ ။
“ ဆိတ်မ ... ဆိတ်မ
မြက်ချိုမြ
စားဝရဲ့လား ဝရဲ့လား ”
ထိုအခါ၌ ဆိတ်မ လည်း ပြန် ဖြေ၏ ။
“ သခင် .. သခင်
ရွှေနားဆင်
မြက်တစ်ပင်မျှ မစားရ
ထို့ကြောင့် ငါ မဝ ”
ဆိတ်မ က ဤသို့ ဖြေသော ကြောင့် လယ်သမား က မောင်မြ အား စိတ်ဆိုး ကာ အိမ် မှ နှင်ထုတ် လိုက် ပြန်သည် ။ နောက်နေ့ မနက် ၌ သားငယ် မောင်လှ ကို ဆိတ်ကျောင်း ခိုင်းလေ၏ ။ မောင်လှ လည်း ဆိတ်မ ကို ကျောင်း ၍ ညနေ ပြန်ခါနီးသော အခါ၌ မနေ့က ကဲ့သို့ပင် မေး လေ၏ ။ ဆိတ်မ က လည်း မနေ့က ဖြေခဲ့ သလိုပင် ဖြေ၏ ။အိမ် သို့ရောက် ၍ ဖခင် အား ဆိတ်မ ကို အပ်သော အခါ ဖခင် က “ လူကလေး မောင်လှ ဆိတ်မ အစာ ဝခဲ့ရဲ့လားကွယ် ” ဟု မေး၏ ။ မောင်လှ က လည်း ဟုတ်မှန်သည့် အတိုင်း ဖြေ၏ ။ လယ်သမားကြီး သည် ဆိတ်မ ကို ချည်တိုင် တွင် ချည်သော အခါ မနေ့ က လိုပင် မေး လေ၏ ။ ဆိတ်မ က လည်း မနေ့ က လိုပင် ပြန် ဖြေလေ၏ ။
“ သခင်.. သခင် ”
ရွှေနားဆင်
မြက်တစ်ပင်မျှ မစားရ
ထို့ကြောင့် ငါ မဝ ”
ဆိတ်မ ပြောသည့်အတိုင်း ယုံကြည် နေသော လယ်သမားကြီး သည် သားအငယ် မောင်လှ အား အိမ် မှ နှင်ထုတ် လိုက် ပြန်လေ၏ ။ နောက်နေ့ မနက်၌ လယ်သမားကြီး သည် ဆိတ်မ ကို သူ ကိုယ်တိုင် ကျောင်း လေသည် ။ မြက် ပေါသော နေရာ၌ တစ်နေ့လုံး လွှတ် ထားပြီး နောက် ညနေ ပြန်ခါနီး ၌ မေးသောအခါ ဆိတ်မ လည်း ယခင် က လိုပင် ...
“ သခင် .. သခင်
ရွှေနားဆင်
မြက်ပင်ချိုမြလွန်ပေါလှ
စားဝပါရဲ့ .. ဝပါရဲ့ ”
လယ်သမားကြီး သည် အိမ် သို့ ရောက်၍ ဆိတ်မ ကို ချည်တိုင်၌ ချည်သော အခါ ယခင် က လိုပင် မေး ပြန်၏ ။ ဆိတ်မ က လည်း လယ်သမားကြီး အား ယခင် က လိုပင် ပြန်ဖြေ၏ ။
“ သခင် ... သခင်
ရွှေနားဆင်
မြက်တစ်ပင်မျှ မစားရ
ထို့ကြောင့် ငါမဝ ”
ဆိတ်မ က ဤသို့ ဖြေ လိုက်သဖြင့် လယ်သမားကြီး လည်း ဆိတ်မ ညာ ပြောသည် ကို သိရှိ၍ စိတ်ဆိုး လာပြီး နောက် ဆိတ်မ ကို နှင် ထုတ်လိုက်လေ၏ ။
သား သုံးယောက် ကို စိတ်ဆိုးပြီး နှင် ထုတ်လိုက် မိသော လယ်သမားကြီး သည် ဆိတ်မ မရှိသည့် နောက် သားများ ကို လိုက်၍ ရှာ လေ၏ ။ သို့ရာတွင် သား သုံးယောက် ကို ရှာ၍ မတွေ့တော့ဘဲ အိမ်ကလေး တွင် တစ်ယောက် တည်း သာ နေထိုင် ရ လေ၏ ။ သူ သည် သား သုံးယောက် အား ပြန် ခေါ်ရန် မကြာမကြာ စုံစမ်းပါ သော်လည်း ဘယ်မှာမျှ မရပေ ။
သား အကြီး မောင်ဘ သည် ဖခင် အိမ် မှ ထွက်ခွာလာခဲ့ပြီး နောက် လက်သမား ဆရာကြီး တစ်ဦး ထံ တွင် တပည့် ခံ နေ လေ၏ ။ လက်သမား ဆရာကြီး သည် လိမ္မာရေးခြား ရှိသော မောင်ဘ ကို သူ့ ပညာများ တစ်ခု မကျန် သင်ပေး လေ သဖြင့် လက်သမား အတတ် ဖြင့် အသက်မွေး နေထိုင်လျက် ရှိလေသည် ။ တစ်နေ့သ၌ မောင်ဘ သည် သူ့ ဖခင် ထံ ပြန် လို၍ ဆရာကြီး ထံ ခွင့် တောင်းရာ ဆရာကြီး က မောင်ဘ အား စားပွဲငယ် တစ်ခု ကို လက်ဆောင် ပေး လိုက်လေ၏ ။ စားပွဲငယ် ၏ အကြောင်း ကား မိမိ လိုချင်သော အစားအစာ တို့ကို နှုတ် မှ တောင့်တ လိုက်ပါက ထို စားပွဲငယ် ပေါ် တွင် ပြင်လျက်သား ရရှိနိုင်ပေသည် ။
မောင်ဘ သည် ခရီး ထွက် ခဲ့ရာ ညနေစောင်း ၌ တစ်ညတာ မျှ တည်းခိုရန် အိမ် လိုက်၍ ရှာ လေ၏ ။ သူ သည် အိမ် ကို မတွေ့ ၊ ထမင်းဆိုင် တစ်ဆိုင် ကို သာ တွေ့ သဖြင့် စားပွဲကလေး ကို ထမ်း ကာ ဝင်လာ ခဲ့လေ၏ ။ ထမင်းဆိုင်ရှင် လည်း ထမင်း ဝယ်စားမည့် သူ ထင်၍ မောင်ဘ အား “ လာပါ ခင်ဗျာ ... ထိုင်ပါ ။ ဘာများ စားလိုပါသလဲ ” ဟု ဆီး၍ ခေါ် လေ၏ ။မောင်ဘ က ကျွန်တော် ထမင်း စားဖို့ လာတာ မဟုတ်ပါဘူး ခင်ဗျာ ။ တစ်ည လောက် ဒီဆိုင် မှာ တည်းခိုပါရစေ ။ ခွင့်ပြုပါ ” ဟု ပြောဆို သဖြင့် ဆိုင်ရှင် က ခွင့်ပြု၏ ။ မောင်ဘ သည် ထမင်း ဆာလာသော အခါ သူ တကာ ကဲ့သို့ ဆိုင်ရှင် ထံ မမှာဘဲ စားပွဲငယ် ကို သူ့ ရှေ့ တွင် ချပြီး လျှင် စားလိုသော အစာများ ကို နှုတ် မှ တောင်းဆို လိုက် လေ၏ ။ မောင်ဘ ရှေ့ ရှိ စားပွဲငယ် ပေါ်တွင် စားစရာများ ပေါ်လာသောအခါ ဆိုင်ရှင် သည် အံ့ဩစွာ ကြည့်နေ လေ၏ ။ ဆိုင်ရှင် စိတ် ထဲ ၌ လိုတရ သော ထို စားပွဲငယ် ကို ခိုးယူ ရန် ကြံစည် နေ လေ၏ ။ ည အိပ်ရာ ဝင်ကြ သော အခါ ဆိုင်ရှင် သည် မအိပ်သေးဘဲ အခြား စားပွဲငယ် တစ်ခု ကို ရှာ ယူပြီး လျှင် မောင်ဘ ၏ စားပွဲငယ် နှင့် လဲ၍ ထား လိုက်လေ၏ ။
မောင်ဘ လည်း မနက် အိပ်ရာ မှ ထ သော အခါ သူ့ ဘေး ရှိ စားပွဲငယ် ကို ယူကာ ခရီး ဆက် ခဲ့၏ ။ ညနေစောင်း သော် လယ်သမားကြီး သည် သူ့ ထံ ပြန် လာသော သား မောင်ဘ အား ဝမ်းသာအားရ ဆီးကြိုလေ၏ ။ လယ်သမားကြီး က မောင်ဘ ကို ကြည့်ပြီး လျှင် “ ငါ့ သား ဘာ အလုပ်များ လုပ် နေပါသလဲကွယ် ။ အဖေ့ ထံ ပြန်လာတာ ဘာ လက်ဆောင်များ ပါခဲ့သေးသလဲ ” ဟု မေး သဖြင့် မောင်ဘ က သူ့ ဆရာ ပေး လိုက်သော စားပွဲငယ် ကို ဖခင် အား လက်ဆောင် ပေး၏ ။ “ အဲဒီ စားပွဲလေး အဖေ့ ဖို့ ယူခဲ့ပါတယ် ။ အဖေ စား ချင်တာ ကို သာ တောင်း လိုက်ပါ ။ စားစရာတွေ ပေါ်လာပါလိမ့်မယ် ။ ပြီးတော့ အဖေ ကျွန်တော့် သူငယ်ချင်းတွေ ကို လည်း တစ်ခါ ထဲ ခေါ်ပါ ။ သူတို့ စားချင်တာ ကို လည်း တောင်းပေးပါမည် ” ဟု မောင်ဘ က ပြော သဖြင့် သူငယ်ချင်းများ ကို အိမ် သို့ ဖိတ်ခေါ်လေ၏ ။ သူငယ်ချင်းများ စုံသော အခါ မောင်ဘ သည် ထမင်းဆိုင် မှာ ကဲ့သို့ စားစရာများ ကို နှုတ် မှ တောင်းဆို လိုက်လေ၏ ။ စားပွဲငယ် မှာ သူ့ ဆရာ ပေး လိုက်သည့် စားပွဲ မဟုတ်တော့ သဖြင့် စားစရာများ ပေါ်မလာတော့ပေ ။
မောင်ဘ လည်း ဖခင် နှင့် သူငယ်ချင်းများ ကို ရှက်လှ သဖြင့် အိမ် မှာ မနေတော့ဘဲ တစ်ရွာ သို့ ထွက်သွားလေ သတည်း ။
သား အလတ် မောင်မြ သည် ဖခင် ထံ မှ ထွက်ခွာလာခဲ့ပြီး သော် ရွှေပန်းထိမ်ဆရာ တစ်ဦး ထံ တွင် တပည့် ခံ နေလေ၏ ။ ရွှေပန်းထိမ်ဆရာ သည် ပညာ တော်လှသော မောင်မြ အား ပညာ စုံအောင် သင်ပေး၍ သူ့ ထံ မှာပင် အလုပ် လုပ် စေ၏ ။ တစ်နေ့သ၌ မောင်မြ သည် ဖခင် ထံ သို့ ပြန် လို၍ ဆရာ့ ထံ ခွင့် တောင်းရာ ပန်းထိမ်ဆရာ က မောင်မြ အား မြည်းကလေး တစ်ကောင် လက်ဆောင် ပေး လိုက်၏ ။ မြည်းကလေး ၏ အကြောင်း ကား မိမိ လိုချင်သော ရတနာ ဟူသမျှ ကို တောင်းဆို လိုက် ပါက မြည်းကလေး ၏ ပါးစပ် မှ အန် ၍ ပေး နိုင်လေသည် ။ မောင်မြ သည် ခရီး ထွက် ခဲ့ရာ ညနေစောင်း ၌ မောင်ဘ တည်းခို သော ထမင်းဆိုင် ၌ ပင် ဝင်၍ ထမင်း စား လေ၏ ။ ထမင်းဆိုင်ရှင် လည်း မောင်မြ အနီး သို့ ရောက်လာ ပြီး လျှင် မြည်းကလေး ကို အစာ ကျွေးပါမည်လား ဟု မေး၏ ။ မောင်မြ က မြည်းကလေး ကို မိမိ ကိုယ်တိုင် ပင် ကျွေးပါမည် ဟု ပြော သဖြင့် ဆိုင်ရှင် က စောင့်ကြည့် နေလေ၏ ။ မောင်မြ ထမင်း စား ပြီးသော အခါ ထမင်းဖိုး ပေးရန် ငွေစ မရှိ သဖြင့် မြည်းကလေး ကို ခေါ်ပြီး လျှင် ..
“ မြည်းကလေး ... မြည်းကလေး
ရွှေစ ၊ ငွေစပေးပါလေး ။
မြည်းကလေးအလိမ္မာ
ပေးပါမြန်မကြာ ” ဟု ဆိုလိုက်လေ၏ ။ ထိုအခါ မြည်း ၏ ပါးစပ် မှ ငွေစရွှေစများ အန်ကျ လာလေ၏ ။ ဆိုင်ရှင် သည် ညအချိန် ၌ မြည်းကလေး ကို ခိုးယူမည် ဟု စိတ်ကူး နေလေ၏ ။ ည အိပ်ရာ ဝင် ကြသော အခါ ဆိုင်ရှင် တစ်ယောက် လည်း မအိပ်သေးပဲ ရွာ ထဲ မှ မြည်း တစ်ကောင် ကို ဆွဲလာ ပြီးလျှင် မောင်မြ ၏ မြည်းလေး နှင့် လဲ ယူ ထားလိုက်၏ ။
မနက် မိုး လင်းသော် မောင်မြ သည် သူ့ အနီး မှ မြည်းကလေး ကို ဆွဲယူ ကာ ခရီး ထွက်ခဲ့လေ၏ ။ ညနေစောင်း ၌ လယ်သမားကြီး သည် မြည်းကလေး ဆွဲ ကာ ပြန် လာသော သား မောင်မြ အား ဝမ်းသာအားရစွာ ဆီးကြို လေ၏ ။ လယ်သမားကြီး က မောင်မြ အား “ လူကလေး မောင်မြ ဘာအလုပ်များ လုပ် နေပါသလဲကွယ် ။ အဖေ့ ဖို့ ကော ဘာ လက်ဆောင်များ ယူလာခဲ့ပါသလဲ ” ဟု မေး လေ၏ ။ မောင်မြ က “ ကျွန်တော် ပန်းထိမ်ဆရာ လုပ်နေပါတယ် အဖေ ။ အခု အဖေ့ ဆီ ပြန် လာတော့ ကျွန်တော့် ဆရာ က မြည်းကလေး တစ်ကောင် လက်ဆောင် ပေးလိုက်ပါတယ် ။ ဒီ မြည်းကလေး လှည်းဆွဲ ဖို့ လည်း မဟုတ်ပါဘူး ။ လူ စီး ဖို့ လည်း မဟုတ်ပါဘူး ။ ကျွန်တော်တို့ ကို သူဌေး ဖြစ်အောင် လုပ်ပေး နိုင် တဲ့ မြည်းကလေး ပါ ။ ဟော ကြည့်ပါ အဖေ ကျွန်တော် ပြပါမယ် ” ဟု ဆိုကာ မောင်မြ က မြည်းကလေး ၏ ကျော ကို ပုတ်ပြီး လျှင် ...
“ မြည်းကလေး ... မြည်းကလေး
ရွှေစငွေစပေးပါလေး
မြည်းကလေးအလိမ္မာ
ပေးပါ မြန်မကြာ ” ဟု တောင်းဆို လိုက် လေ၏ ။ မြည်းကလေး ကား ပန်းထိမ်ဆရာ ပေး လိုက်သည့် မြည်းကလေး မဟုတ်တော့ သဖြင့် ပါးစပ် မှ ရွှေစ ၊ ငွေစများ အန် မကျလာပေ ။ ထို့ကြောင့် မောင်မြ လည်း သူ့ အဖေ ကို ရှက် သဖြင့် အိမ် မှာ မနေဝံ့တော့ ဘဲ ထွက်သွားလေ သတည်း ။
သား အငယ် မောင်လှ သည် ဖခင် ထံ မှ ထွက်လာခဲ့ပြီး ရက်ကန်းသည်ကြီး ထံ တွင် တပည့် ခံ နေရာ ပညာ တော်လှ သဖြင့် ရက်ကန်းသည်ကြီး က မောင်မြ အား သူ့ ထံ မှာ ပင် အလုပ် လုပ်နေ စေ၏ ။ တစ်နေ့သ၌ မောင်လှ သည် ဖခင် ထံ ပြန်လို၍ ရက်ကန်းသည်ကြီး ထံ ခွင့် တောင်းရာ မောင်မြ အား ရက်ကန်းသည်ကြီး က တုတ်စကြာ တစ်ချောင်း ကို လက်ဆောင် ပေး လိုက်လေ၏ ။ တုတ်စကြာ ၏အကြောင်း ကား မိမိ မှာ ရန်သူ နှင့် တွေ့ပါက တုတ်စကြာ က ထို ရန်သူ အား လိုက်၍ ရိုက်နှက်တတ် ပေသည် ။ တုတ်စကြာ ကို ဆောင်သူ က တောင်းပန် တော့ မှ ရပ်နားလေတော့သည် ။
မောင်လှ သည် ရက်ကန်းသည် ထံ မှ တုတ်စကြာ ကိုညယူကာ ပြန်လာခဲ့ရာ လမ်းခရီး တွင် သူ ၏ အစ်ကို နှစ်ယောက် ဝင် နား သွားသော ထမင်းဆိုင် ၌ ပင် ဝင် ၍ နား နေ လေ၏ ။ မောင်လှ သည် တုတ်စကြာ ထည့် ထားသော လွယ်အိတ် ကို ခေါင်းရင်း တွင် ထားကာ အိပ်နေ လေ၏ ။ ညအချိန် ၌ ထမင်းဆိုင်ရှင် သည် အခါတိုင်း ကဲ့သို့ ရောက် လာပြီး လျှင် မောင်လှ ၏ အိတ် ကို နှိုက်မည် ပြုသောအခါ တုတ်စကြာ လည်း အိတ် ထဲ မှ ခုန်ထွက် ပြီးလျှင် ဆိုင်ရှင် ၏ ခေါင်း ကို အကြိမ်ကြိမ် ရိုက်လေတော့၏ ။
ဆိုင်ရှင် သည် နာလွန်းလှ ၍ “ ကယ်ကြပါ ... ကယ်ကြပါ ” ဟု အော် လိုက် သဖြင့် မောင်လှ သည် အိပ် နေရာ မှ လန့် နိုး လာတော့သည် ။ ထိုအခါ မောင်လှ သည် ဆိုင်ရှင် အား သနား လာ သဖြင့် တုတ်စကြာ အား တောင်းပန်တော့ မှ တုတ်စကြာ သည် သူ နေသော လွယ်အိတ် တွင်း သို့ ပြန် ဝင် သွားသည် ။
မောင်လှ သည် ဤ ဆိုင် သို့ မရောက်ခင် လမ်းခရီး ၌ အိမ်နီးချင်း မိတ်ဆွေ တစ်ယောက် နှင့် တွေ့၍ သူ့ အစ်ကို နှစ်ယောက် ၏ စားပွဲ နှင့် မြည်း ကို ဆိုင်ရှင် က မတရား ခိုးယူ ထားလိုက် ကြောင်း ကို သိခဲ့ရ သဖြင့် ဆိုင်ရှင် အား ဆုံးမ ရန် ရောက်လာခြင်း ဖြစ်ရကား ဆိုင်ရှင် အနီး သို့ သွား ပြီးလျှင် “ ကဲ ... ခင်ဗျား ဘာများ ပြောချင်သေးသလဲ ။ ခင်ဗျား ဟာ ကျုပ် အစ်ကို နှစ်ယောက် ရဲ့ စားပွဲ နှင့် မြည်း ကို မတရား ခိုးယူ ထားခဲ့လို့ အခု တုတ်စကြာ က ခင်ဗျား ကို လိုက် ရိုက်နေပြီ ။ ဘယ်မှာလဲ ။ ကျုပ် အစ်ကို ရဲ့စားပွဲ နှင့် မြည်း ကို အခု ထုတ် ပေးပါ ။ ကျုပ် ခရီး ဆက်ရပါဦးမယ် ” ဟု ပြောလိုက်လေ၏ ။ ထိုအခါ ဆိုင်ရှင် သည် သူ ခိုး ထားလိုက်သော စားပွဲ နှင့် မြည်း ကို ထုတ်ပေး သဖြင့် မောင်လှ သည် မြည်းကလေး ၏ ကျော ပေါ် တွင် စားပွဲငယ် ကို တင် ကာ ဖခင် ထံ ပြန်လာခဲ့ လေ၏ ။
လယ်သမားကြီး သည် ပြန် ရောက် လာသော မောင်လှ အား ဆီးကြို ကာ “ ငါ့ သား အငယ် က ကော ဘာ အလုပ်များ လုပ် နေပါသလဲကွယ် ။ အဖေ့ ဖို့ လက်ဆောင်များ ပါခဲ့ပါရဲ့လား ” ဟု မေးလေ၏ ။ မောင်လှ က လည်း ဖခင်ကြီး အား ကျွန်တော် ရက်ကန်းဆရာ ဖြစ်နေပါတယ် အဖေ ။ ကျွန်တော့် ဆရာ က အဖေ့ ဆီ ပြန်မယ် ဆို လို့ ဟောဒီ တုတ် တစ်ချောင်း လက်ဆောင် ပေး လိုက်ပါတယ် ဟု ပြောလေရာ လယ်သမားကြီး သည် တုတ်တိုကလေး အား ကြည့် ကာ ပြုံး နေ လေ၏ ။
ထိုအခါ မောင်လှ က ဆက် ၍ “ တုတ်ကလေး ကို ကြည့်ပြီး အံ့ဩ နေသလား အဖေ ။ ဒီ တုတ် ဟာ သာမည တုတ်ကလေး မဟုတ်ပါဘူး ။ တုတ်စကြာ ပါ ။ သူ့ ကြောင့် အစ်ကိုတို့ ပျောက်ဆုံး ခဲ့ ရတဲ့ စားပွဲကလေး နှင့် မြည်းကလေး ကို ပြန် ရခဲ့ပါတယ် ။ ကဲ ... ဒီနေ့ က စပြီး ကျွန်တော်တို့ ပျော်ပျော် နေကြဖို့ပဲ ရှိပါတော့တယ် ။ အစ်ကိုတို့ ကို ရှာပြီး ခေါ်ပါတော့ အဖေ ” ဟု ဆို သဖြင့် ထွက် သွားသော သား နှစ်ယောက် အား လိုက်ရှာ ခေါ်ပြီးလျှင် သားအဖ လေးဦး သည် ပျော်ပျော်ပါးပါး နေထိုင်ကြလေသတည်း ။
◾နုယဉ်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၆ ၊ဇွန်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment