Sunday, March 2, 2025

ကျွန်ုပ် နှင့် လုံးပျော့ ကျပ်လျော့များ


 

❝ ကျွန်ုပ် နှင့် လုံးပျော့ ကျပ်လျော့များ ❞
      ( အကြည်တော် )
   
“ ဘလယ်ဒီဖူး ဘယ့်နှယ် လုပ်မှာ လဲ အိုင်အိုဒင်းကိုကိုကြီး ။ သေဆုံးသူ တရုတ်မကြီးဒေါ်နု ဟာ သင်္ချိုင်း မှာ အရိုး တောင် ဆွေး နေ လောက်ပြီ ။ တရားခံ ကို မိ ဖို့ မပြောနဲ့ ။ ဘယ်သူ သ,တ်တယ် ဆိုတာ တောင် မသိသေးပါလား ။ ဒီ ကြား ထဲ လူသ,တ်တရားခံ အဖြစ် တရားရုံး တင် ထားတဲ့ ဘိုကြည် ကို အမှု စစ် နေတုန်း ဟို ဖီလိုဆိုဖီ မောင်ပါစီ ဆိုတဲ့ လူ က ဝင်ရောက် နှောင့်ယှက် နေသေး ။ ဘယ့်နှယ် လုပ်ရမလဲ မစ္စတာ အိုင်အိုဒင်းကိုကိုကြီး ”

အင်္ဂလိပ်အင်စပက်တော် မစ္စတာကလင့်ရစ်ချ် စကား ကြောင့် ကျွန်ုပ် မိန့်မိန့်ကြီး ပြုံး မိသည် ။ ကျွန်ုပ် ပြုံး နေသည် ကို ကြည့်ပြီး မစ္စတာကလင့်ရစ်ချ် မှ ..

“ ဘာတွေ သဘောကြပြီး ပြုံးနေတာလဲ မစ္စတာကိုကိုကြီး ။ ဒီမှာ လူသ,တ်တရားခံ မမိရလို့ စိတ်ညစ်နေရတဲ့ အထဲ ”

အင်စပက်တော် ၏ စကား ကြောင့် ကျွန်ုပ် ပို၍ ပြုံးချင် သွား၏ ။ ပြီးမှ သူ့ ကို စိုက် ကြည့်ကာ

“ လူသ,တ်တရားခံ ဟာ ခင်ဗျားတို့ ရှေ့ မှာ အကြာကြီး ရှိခဲ့ပြီး မှ ဖမ်း မမိတာ ကို တွေးမိ လို့ ပြုံးမိတာပါ ”

“ ဘယ်လို ”

ကျွန်ုပ် ၏ စကား ကို အင်စပက်တော် မှ အံ့ဩတကြီး ဖြစ်သွား၏ ။

“ ဟုတ်တယ်လေ လူသ,တ်တရားခံ ဟာ ခင်ဗျားတို့ ရဲ့ မျက်စိ ရှေ့ မှာ တင် မျက်စိ မှောက် အောင် လုပ်သွားတာ ”

အင်စပက်တော် မှာ ပို၍ အံ့အား သင့် သွားသည် ။

“ ဒါဆို လူသ,တ်တရားခံ ဟာ ကျုပ်တို့ မျက်စိရှေ့ က ဘယ်သူလဲ ”

သူ ၏ အမေး ကို ကျွန်ုပ် မိန့်မိန့်ကြီး ပြုံးပြီး ...

“ သေသူ ကို သိတယ် ။ သ,တ်တဲ့ အချိန် မှာ ရှိတယ် ။ ဘာကြောင့် သ,တ်လဲ သိတယ် ။ လူသ,တ်တရားခံ ကို သိတယ် ။ ဒါပေမယ့် သူ မပြော နိုင်ဘူး ဆို ကတည်း က လူသ,တ်တရားခံ ဟာ ဘယ်သူ ဖြစ်မလဲ ....”

အင်စပက်တော် မှာ ယောင်နန ဖြင့် ...

“ သူ ပဲ ဖြစ်မှာပေါ့ ”

ကျွန်ုပ် မှာ လည်း မှင်မောင်း အပြည့်နှင့် မိန့်မိန့်ကြီး ပြုံး၍ ၊ ခေါင်း ကို တဆတ်ဆတ် ညိတ် ရင်း ...

“ ဟုတ်ပဗျာ ။ ဖီလိုဆိုဖီမောင်ပါစီ ဟာ ဖီလိုဆိုဖီ နည်း နဲ့ ခင်ဗျား တို့ လို လုံးပျော့ကျပ်လျော့တွေ ကို တစ်ဖက် လှည့် နဲ့ လိမ် သွားတာ ”

ကျွန်ုပ် ၏ စကား ကို အင်္ဂလိပ်အင်စပက်တော် မှ ...

“ ဟင် ဒါဆို ဖီလိုဆိုဖီမောင်ပါစီ ဟာ လူသ,တ်တရားခံ ပေါ့ ”

ကျွန်ုပ် ၏ ခေါင်း ညိတ်ပြ လိုက်သည် ။ ပြီးမှ ...

“ မောင်ရင်တို့ လို လုံးလျော့ကျပ်လျော့တွေ သာ ခံ ရတာ ။ ကျွန်ုပ် လိုလုံးပြည့်ကျပ်ပြည့် နဲ့ တွေ့လို့ ကတော့ ”

ကျွန်ုပ် ၏ စကား ကို အင်္ဂလိပ်အင်စပက်တော် မှ ရှုံ့မဲ့ပြီး

“ လုံးပျော့ကျပ်လျော့တွေ လုံးပြည့်ကျပ်ပြည့်တွေ အင်း အဲဒါ အသာ ထား ပါဦး အိုင်အိုဒင်းကိုကိုကြီး ဖီလိုဆိုဖီမောင်ပါစီ ကို ဘယ်လို ဖမ်းမှာတုံး ”

ကျွန်ုပ် လည်း ရုတ်တရက် မဖြေသေးဘဲ မိန့်မိန့်ကြီး ပြုံးနေ လိုက်သေး၏ ။ အတန်ကြာ မှ ...

“ အိမ်း ။ သူ က ဖီလိုဆိုဖီနည်း နဲ့ တစ်ပတ် လှိမ့် သွားတယ် ဆိုတော့ ကျွန်ုပ်တို့ က လည်း သူ့ ကို ဖီလိုဆိုဖီ နည်း နဲ့ ပဲ ပြန် အနိုင် ယူ ရပေမပေါ့ ”

ကျွန်ုပ် ၏ စကား ကို အင်္ဂလိပ်အင်စပက်တော် မှ အားကိုးတကြီး ဖြင့် ...

“ ဘယ်လို လုပ်မှာလဲ ”

ကျွန်ုပ် က လည်း အသေအချာ စဉ်းစားပြီး ...

“ ဒီလို လုပ် ။ သူ့ ကို သတင်းစာ က နေ အလို မရှိပါ ဆိုပြီး ကြော်ငြာ လိုက် ။ ဒီတော့မှ သူ့ ကို အလို မရှိ မှန်း သိသွားပြီး သူ လူတော ထဲ ပြန် ထွက်လာ ။ ဒီတော့မှ ကျွန်ုပ်တို့ အသာလေး ဖမ်း လိုက် ကြတာပေါ့ ”

ကျွန်ုပ် ၏ စကား ကြောင့် အင်္ဂလိပ်အင်စပက်တော် ၏ မျက်နှာ မှာ ဝင်းလက် သွားပြီး ...

“ ဂွတ် အိုင်ဒီယာ ။ အလို မရှိပါ လို့ ကြော်ငြာပြီး သူ အေးအေးဆေးဆေး နေတော့ မှ ကြက်ကလေး ငှက်ကလေး ဖမ်းသလို အသာလေး ဝင်ဖမ်း ၊ သိပ် ကောင်းတဲ့ ဖီလိုဆိုဖီ နည်း ။ ဒါကြောင့် အိုင်အိုဒင်းကိုကိုကြီး ဆိုပြီး နာမည် ကြီး နေတာ ”

ဟု ဆို၍ ဟိမဝန္တာ ချီးမွမ်းခန်း ဖွင့် နေသဖြင့် ကျွန်ုပ် လည်း ကျေကျေနပ်နပ် ပြုံးမိချေတော့သည် တမုံ့ ။

     •••••   •••••   •••••   •••••

နောက် တစ်နေ့ ခရော်နီကယ် သတင်းစာ တွင် ခေါင်းကြီးပိုင်း မှ ကြော်ငြာ ထားသည် မှာ ...

    အလိုမရှိပါ ။ ဆုငွေ လည်း မပေးပါ ။

     ဖီလိုဆိုဖီ မောင်ပါစီ သည် တရုတ်မဒေါ်နု အသ,တ် ခံရသည့် အမှု နှင့် လားလားမျှ မသက်ဆိုင် ၍ သူ့ အား လုံးဝ အလို မရှိပါ ။ အကယ်၍ ဖီလိုဆိုဖီ မောင်ပါစီ ကို ဖမ်းဆီးသူ အား ဆုငွေ လည်း မပေးပါ ။ သူ ဘယ်မှာ ရှိသလဲ ဟု သတင်း ပေးလျှင် လည်း ဂရု မစိုက်ပါ ။ ထို့အပြင် လမ်း မှာ တွေ့လျှင် ပင် လှည့် မကြည့်ပါ ။
                 အမိန့်အရ

ထိုသို့ ကြော်ငြာ လိုက်ပြီး နောက် တစ်နေ့ မှာ ပင် ကျွန်ုပ်တို့ ရုံး သို့ ပစ်စာ တစ်စောင် ရောက်ရှိ လာ လေသည် ။ ထို စာ တွင် ရေးထားသည် မှာ ...

လူကြီးမင်း ခင်ဗျား ။

     အခုလို သတင်းစာ မှာ အကျယ်တဝင့် ကြော်ငြာ ပေးသည့် အတွက် အထူးတလည် ကျေးဇူး တင် မိပါတယ် ။ နောင် ပြစ်မှုများ တွင် လည်း ဤကဲ့သို့ ကြော်ငြာ ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါ
တယ် ။
      အခုတော့ ကျွန်တော် ပြေးပြီ ။ တာ့တာ ။
       လေးစားစွာဖြင့် ဖီလိုဆိုဖီမောင်ပါစီ ။

“ ဘလယ်ဒီဖူး ။ ဘယ့်နှယ် လုပ်မလဲ မစ္စတာကိုကိုကြီး ။ ခင်ဗျား ပြောတဲ့ အတိုင်း သတင်းစာ က နေ ကြော်ငြာ လိုက်လို့ တရားခံ ဖီလိုဆိုဖီမောင်ပါစီ ပြေးပြီ ။ ဘယ့်နှယ် လုပ်မတုံး ။ သူများတွေ ကို ကျတော့ ခင်ဗျား က လုံးပျော့ကျပ်လျော့ တွေ တဲ့ ။ အခု ခင်ဗျား ကျ တော့ ရော ”

အင်စပက်တော် မှာ မကျေမနပ် ဖြစ်လွန်းလှ ပြီး အံကြိတ် ကာ မျက်နှာကြီး နီရဲ လာ သဖြင့် ...

“ ဒါကတော့ မပွားသော ပွဆေး ၊ မပေသော ရွှံ့ဗွက် ဆိုသလို ပေါ့ ... ”

“ မမှားသော ရှေ့နေ ၊ မသေသော ဆေးသမား လုပ်ပါ ”

ကျွန်ုပ် လည်း မိန့်မိန့်ကြီး ပြုံးပြီး ...

“ အတူတူပဲလေ ။ ဒါပေမယ့် လူသ,တ်တရားခံ ဖီလိုဆိုဖီမောင်ပါစီ ကို မိဖို့ နည်းလမ်း တစ်ခု ကျွန်ုပ် မှာ ရှိတယ် ”

“ ရှိပြန်ပြီ ရှိပြန်ပြီ ဘယ်လို လုပ်မှာလဲ ”

အင်စပက်တော် ၏ အလောတကြီး အမေး ကို ကျွန်ုပ် အဖြေ မပေးသေးဘဲ အတန်ကြာ မှ ...

“ မကြာခင် သိရပါလိမ့်မယ် ”

     •••••   •••••   •••••   •••••

ဖီလိုဆိုဖာ မောင်မြယာ ကို ဖမ်းလိုက်ပြီ ...

“ ကိုင်း ... မောင်နှင်း ရေ ၊ တရားခံ ဖမ်းဖို့ ပြင်ဆင်ထား ကွယ့် ”

ကျွန်ုပ် ၏ စကား ကို အရှင်လတ်လတ် ကြားရသော တပည့်ကျော် မောင်နှင်းလေး မှာ မျက်လုံးလေး ကလယ်ကလယ် နှင့်

“ ဘယ်သူ့ ကို ဖမ်းမှာလဲ ။ တောင်ဘက်ပိုင်း မှာ ထဘီတွေ လိုက် ခိုး နေတဲ့ သူခိုး ငပိန် အောင်စိန် ကို လား ”

“ တယ်လေ ။ ထဘီသူခိုး ဖမ်းတဲ့ ခပ်ညံ့ညံ့ စုံထောက် များ မှတ် နေလား ။ လူသတ်တရားခံ ကို ဖမ်းရမှာ ကွ ။ လူသ,တ်တရားခံ ကို ဖမ်း ရမှာ ... ”

ကျွန်ုပ် ၏ စကား ကြောင့် မောင်နှင်းလေး မှာ ရုတ်ခြည်း ကြောက်ရွံ့တုန် လှုပ် ဟန် ပြောင်း သွားပြီး

“ ကျွန်တော်  ... ကျွန်တော် နေ မကောင်းလို့ မလိုက် ”

“ တိတ် ”

“ ခင်ဗျာ ”

ကျွန်ုပ် ၏ တစ်ခွန်းတည်း သော ငေါက်ငမ်းသံ ကြောင့် နဂို ကြောက်ရွံ့ ရိုသေသော မောင်နှင်းကလေး မှာ ဘာမှ မပြောနိုင် အောင် ကြက်သေ သေ သွား၏ ။ ကျွန်ုပ် လည်း ဤမျှ အကြောက်တရား ကြီး သော တပည့်ကလေး နောင် တစ်ချိန် အရေး ရင်လေး မိ၍

“ လူသ,တ်တရားခံ ကို ငါ့ အဘ ကိုယ်တိုင် ဖမ်းရမယ် ။ ဘာ ကြောင့်လဲ ဆို တော့ လူသ,တ်တရားခံ ဟာ နှယ်နှယ်ရရ လူ မဟုတ်ဘူး ”

ကျွန်ုပ် ၏ စကား ကြောင့် မောင်နှင်းလေး မှာ တုန်ရင်သော အသံ ဖြင့်

“ ဘယ်  ... ဘယ်သူလဲ အဘ ”

သူ ၏ တုန်ရင်သော အမေး ကို ကျွန်ုပ် တစ်လုံး ချင်း ပြန် ဖြေလိုက်သည် မှာ ...

“ ဖီလိုဆိုဖီမောင်ပါစီ ”

“ ဖီလိုဆိုဖီမောင်ပါစီ ”

“ အိမ်း  ... ဟုတ်သကွယ့် ။ ဒီကောင့် ကို ဖမ်း နိုင်ဖို့ ငါတို့ ရုပ် ဖျက် သွား ရမယ် ”

“ ရုပ်ဖျက် သွားရမယ် ။ ဟုတ်လား အဘ ”

“ အိမ်း ... ဟုတ်တယ်ကွယ့် ။ ဘာကြောင့်လဲ ဆိုတော့ ဖီလိုဆိုဖီမောင်ပါစီ ဟာ ငါတို့တွေ ကို တွေ့တာ နဲ့ ငါတို့ ရဲ့ကျော်စောတိက္ကမ ကြီးမားပုံ ကို သိပြီး သူ မုချမသွေ အဖမ်း ခံရမှာကို ကြောက်ရွံ့လို့ ထွက် ပြေး တိမ်းရှောင် သွားနိုင်တယ် ”

ကျွန်ုပ် ၏ ကြွားလုံး အနည်းငယ် ပါသော စကား ကို မောင်နှင်း မှ အသေအချာ စဉ်းစားပြီး ...

“ ကျွန်တော် အကြံ ရပြီ အဘ ”

ကျွန်ုပ် လည်း မောင်နှင်း ၏ စကား ကို စိတ်ဝင်စား သွားပြီး

“ ဘယ်လို အကြံမျိုးလဲ ”

ကျွန်ုပ် ၏ အမေး ကို မောင်နှင်းလေး မှာ နောင် တစ်ချိန် တွင် သူ တုပမည့် ကျွန်ုပ် ဟန် အတိုင်း မိန့်မိန့်ကြီး ပြုံးပြီး ...

“ ကျွန်ုပ်တို့ ရုပ်ဖျက် သွား ရင်တောင် အလှ ပျက် နေဦးမယ် ။ အလှ လည်း မပျက် ၊ တရားခံ လည်း မျက်စိ လည် သွားအောင် လုပ် ရမယ် ... ”

“ ဘယ်လို လုပ်ရမလဲ ”

ကျွန်ုပ် ၏ အမေး ကိုမောင်နှင်း မှ အိုင်တင် အပြည့် နှင့် ...

“ နာမည် ပြောင်း လိုက်ရုံပေါ့ အဘ ရယ် ။ အဘ က လည်း အိုင်အိုဒင်း ကိုကိုကြီး ကနေ အိုးအိုင်တင် မောင်မောင်လေး လို့ နာမည် ပြောင်း လိုက် ၊ ကျွန်တော် က လည်း မောင်နှင်း က နေ မောင်နွေ လို့ ပြောင်း လိုက် ရင် သူတို့ မျက်စိ လည် ကုန်ပြီး မှတ်မိတော့မယ် မဟုတ်ဘူး ”

“ ဟေ့ကောင် ”

“ ခင်ဗျာ ”

ကျွန်ုပ် ၏ ငေါက်ငမ်းသံ ကြောင့် မောင်နှင်း မှာ တုန်ရင် သွားလေသည် ။

“ နာမည် ပြောင်း လိုက်ရုံ နဲ့ မင်း ကြီးတော် ယောက်ျား က ဒီ မျက်ခွက်ကြီးတွေ ကို မမှတ်မိဘဲ နေမလား ”

“ ကျွန်တော့် ကြီးတော် ယောက်ျား နဲ့ ငယ်ငယ်လေး ကတည်း က ကွဲသွားတာ ဆိုတော့ မှတ်မိမယ် မထင်ဘူး အဘ ”

“ အား ... ဒီကောင် တိတ်စမ်းကွာ ... ”

“ ခင်ဗျာ ”

ကျွန်ုပ် ၏ ဒေါသသံ ကြောင့် မောင်နှင်း မှာ တုန်ရင်စွာ ငြိမ် ကုတ် သွား၏ ။ ကျွန်ုပ် လည်း တပည့်ကလေး ကို ကြည့်ပြီး ကရုဏာ သက်မိ သော်လည်း နောင် တစ်ချိန် အရေး ကို မျှော်တွေး ၍

“ မင်း ရုပ်ဖျက် သွားရမယ် ။ ကဲ .. လူတွေ မင်းကို မမှတ်မိအောင် ဘယ်လို ဖျက် သွားမလဲ ”

မောင်နှင်း သည် ကျွန်ုပ် ၏ စကား ကို မှားသွားမည် စိုး၍ ထင့် အတန်ကြာ စဉ်းစားပြီး ...

“ ကျွန်တော် ဒုံးပျံ လို ရုပ်ဖျက် သွားမယ် အဘ ”

“ ဒုံးပျံ လို ”

ကျွန်ုပ် ၏ အံ့ဩတကြီး အမေး ကို မောင်နှင်း မှ အားတက်သရော ဖြင့် ...

“ ဟုတ်တယ်လေ အဘ ၊ အင်္ဂလိပ်တွေ သုံးတဲ့ ဒုံးပျံ လို ”

“ ဘယ်လို လုပ်မှာလဲ ”

ကျွန်ုပ် ၏ အံ့ဩတကြီး အမေး ကို မောင်နှင်း မှ ဟန်ပါပါ ဖြင့်

“ ဒါများ လွယ်ပါတယ် အဘ ”

ဟု ဆိုပြီး ခေါင်း ပေါ် လက်နှစ်ဖက် ယှက်တင်ပြီး ...

“ ဒါက ဒုံးပျံထိပ်ဖူး ”

ပြီးနောက် ဆောင့်ကြောင့် ထိုင် လိုက်ပြီး ...

“ ဒါက ဒုံးပျံခြေထောက် ”

ဟု ဆိုပြီး

“ ဒုံးပျံဖင် မီးခိုး ထွက်တာ ကြည့်ဦးမလား အဘ ”

ဟု ဆိုလိုက်ရာ ကျွန်ုပ် လည်း ဒေါသ ထွက် သွားပြီး ...

“ ဟေ့ကောင် မင်း ဘာ လုပ်တာလဲ ”

ကျွန်ုပ် ၏ ဒေါသတကြီး အမေး ကို မောင်နှင်း မှ ယောင်နန ဖြင့်

“ ဒုံးပျံပုံ လုပ်ပြတာလေ အဘ ။ ဖင် မီးခိုး မထွက်သေးလို့ မယုံသေးဘူး မှတ်တယ် ”

ဟု ဆိုလိုက်ရာ ကျွန်ုပ် လည်း ဆက်လက် သည်းမခံနိုင် တော့ဘဲ

“ အာ ... ဒီကောင် ... ကဲကွာ  ... ကဲကွာ ”

“ ဖုန်း  ... ဖုန်း ”

“ အောင်မလေး ... အဘရဲ့ ။ ကြောက်ပါပြီ ”

ကျွန်ုပ် လည်း လွန်စွာ ဒေါသ ထွက်သွားရပြီ မို့ ချစ်လှစွာသော တပည့်လေး ၏ တင်ပါးဆုံ ကို နှစ်ချက်မျှ ဆင့် ကန် ထည့် လိုက် ရချေတော့သည် တမုံ့ ။ ကြည့်လေ သူ လုပ်ပြသည့် ပုံ ။

( နောင်လာ နောင်သားများ မှတ်သားနိုင် ရန် အလို့ငှာ မောင်နှင်း ကျွန်ုပ် အား သရုပ်ပြခဲ့သည့် ဒုံးပျံပုံ )




“ ကိုင်း နားထောင် မင်း က မင်း ရုပ် နဲ့ လိုက်တဲ့ သူဖုန်းစား လို ရုပ် ဖျက် ၊ ငါ က လည်း ငါ့ ရုပ် နဲ့လိုက် တဲ့ ကုဋေကြွယ် သူဌေးကြီး လို ရုပ် ဖျက် မယ် ။ ကြားလား ”

မောင်နှင်း မှာ ကျွန်ုပ် ၏ စကား ကို အလို မကျ သော်လည်း နဂို ကြောက်ရွံ့ရိုသေ သူ မို့ ဘာမှ မပြောတော့ဘဲ ခေါင်း သာ တဆတ်ဆတ် ညိတ် နေချေတော့သည် ။

     •••••   •••••   •••••   •••••

◾  ဘဘ အကုန် သိတယ်

“ ဒုန်း  ... ဒုန်း ... ဒုန်း ”

“ ယခု အမှု တွင် သေဆုံးသူ တရုတ်မကြီးဒေါ်နု နှင့် လူသ,တ်တရားခံ အဖြစ် စွဲချက် အတင်ခံ ထားရသော ( ဘ ) ဦးဖောင်ဖောင် ၏ သား မောင်မြယာ သည် လူသ,တ်မှု ကျူးလွန်ရန် အလိုတူ အလိုပါ အဖြစ် လည်းကောင်း ၊ ကိုယ်တိုင် ပါဝင် ပတ်သက်နေသည် ဟု လည်းကောင်း စစ် ဆေး တွေ့ရှိရပါသည် ။ ထို့ကြောင့် ( ဘ ) ဦးဖောင်ဖောင် ၏ သား မောင်မြယာ အား ရာဇသတ်ကြီးပုဒ်မ ( ၃၀၂ ) အရ လူသတ်မှု ကျူးလွန်ကြောင်း ထင်ရှား သဖြင့် ဤ ရုံးတော် မှ အမိန့် ချမှတ် ရ ပေမည် ။ ထို့ကြောင့် ဤ အမှုတွင် မောင်မြယာ အနေ နဲ့ ငြင်းချက် ထုတ်ချင်သေးပါ သလား ”

“ တရားသူကြီးမင်း ခင်ဗျား ။ ဒီ အမှု ကိုကျွန်တော် လုံးဝ မကျူးလွန်ခဲ့ကြောင်း ကျွန်တော် ငြင်းချင်ပါတယ် ”

မြယာ ၏ စကား ကြောင့် တရားသူကြီး မျက်မှောင် ကြုတ် သွား၏ ။

“ ဒါဆို မောင်မြရာ ဘက်က ငြင်းချက် ထုတ်နိုင် လောက်အောင် သက်သေသက်ကန်များ ရှိပါ သလား ”

တရားသူကြီး ၏ အမေး ကို မြရာ အဖြေ မပေးမီ ...

“ သိတယ် ။ ဘဘ အကုန် သိတယ် ”

တုန်ရင်ချည့်နဲ့ သော အသံ ။

တရားရုံး တစ်ခု လုံး လှုပ်လှုပ်ရွရွ ဖြစ် သွား၏ ။

“ ကဲ သိတယ် ဆို ၊ အစစ် ခံ ရအောင် ရှေ့သို့ ကြွခဲ့ပါ ”

အသက် ( ၆ဝ ) ကျော် ခန့် အဘိုးအို တစ်ဦး တုန်ရင်ချည့်နဲ့ စွာ ရုံး ရှေ့သို့ တစ်လှမ်းချင်း လှမ်း ထွက်လာ၏ ။ တရားသူကြီး မှ ထို လူကြီး ကို မျက်မှောင်ကြုတ် ကြည့်ပြီး ...

“ အသတ်ခံရတဲ့ တရုတ်မဒေါ်နု ကို သိလား ”

ထို လူကြီး မှာ မဆိုင်းမတွေ ပင်..

“ သိတယ် ။ ဘဘ အကုန် သိတယ် ”

“ သူ အသတ်ခံ ရတဲ့ အချိန် မှာ ခင်ဗျား ရှိတယ် ပေါ့ ”

“ ရှိတယ် ။ ဘဘ အကုန် သိတယ် ”

“ တရုတ်မဒေါ်နု အသတ် ခံရတာ ရော ခင်ဗျား မြင်တယ်ပေါ့ ”

“ မြင်တယ် ။ ဘဘ အကုန် သိတယ် ”

ထို လူကြီး ၏ စကားကြောင့် တရားသူကြီး မှ အားတက်သရော ဖြင့်

“ ဒါဆို တရားခံ ဟာ ဘယ်သူလဲ ”

တရားသူကြီး ၏ စကား ကို လူကြီး မှ ...

“ သိတယ် ။ ဒါပေမယ့် အခု မပြောနိုင်ဘူး ”

“ ဟာ ”

“ ဟင် ”

“ ဘယ်လို လူပါလိမ့် ”

ထို လူကြီး ၏ စကားကြောင့် တစ်ရုံး လုံး အာမေဋိတ်သံများ ဆူညံ သွားလေတော့၏ ။ ထိုစဉ် ထို လူကြီး နား သို့ စုတ်စုတ်ပြတ်ပြတ် သူတောင်းစား တစ်ဦး ထ လာပြီး လက်ထိတ် ဆွဲ ခတ် လိုက်လေသည် ။ စုတ်စုတ်ပြတ်ပြတ် လူ မှာ စီအိုင်ဒီ မှ ပုလိပ်လက်သစ်ကလေး မောင်နှင်း ဖြစ် လေသည် ။ မောင်နှင်း မှ မိန့်မိန့်ကြီး ပြုံးရင်း ...

“ ကိုင်း ဖီလိုဆိုဖီမောင်ပါစီ ဒီ တစ်ခါ တော့ ပြေးလို့ လွတ်ဦးမလား ”

ဟု ဆိုလိုက်ရာ လူကြီး မှ ...

“ ဟေ့ကောင် မင်း ဘယ်လို လုပ်တာလဲ ။ ငါ ဖီလိုဆိုဖီမောင်ပါစီ မဟုတ်ဘူး ”

ဟု ဆိုလိုက်ရာ မောင်နှင်း မှ လူကြီး ၏ နားရင်း ကို ဖြန်းခနဲ နေ အောင် အုပ်ချ လိုက်ပြီး ...

“ အခုချိန် ထိ လိမ်ချင် နေ တုန်းပဲ လား ။ ခင်ဗျား ဘယ်လောက် ရုပ် ဖျက်ဖျက် ကျုပ် မှတ်မိတယ် ... ”

ဟု ဆိုလိုက်ရာ လူကြီး မှ နားရင်း အအုပ် ခံရ၍ အသား တဆတ် ဆတ် တုန် အောင် ဒေါသ ထွက် သွားပြီး

“ ဟေ့ကောင် မင်း ... မင်း လွန်လာပြီ နော် ”

ဟု ဒေါသတကြီး အော်ဟစ် လိုက်သော်လည်း မောင်နှင်း မှာ အပြုံး မပျက်ဘဲ နောက် တစ်ချက် နားရင်း ကို ‘ ဖြန်း ’ ခနဲ အုပ်ကာ ...

“ ကိုင်း  ... မှတ်ပလား ။ ထပ် လိမ်ရင် ထပ် နာမယ် ”

“ ခင်ဗျား ရဲ့မုတ်ဆိတ်မွေး အတု ၊ နှုတ်ခမ်းမွေး အတု ဆွဲ ချွတ်လိုက်စမ်း ”

ဟု ဆိုလိုက်ရာ လူကြီး မှ အသား တဆတ်ဆတ် တုန် လောက် အောင် ဒေါသ တကြီး ဖြင့် ...

“ ဘာ အတုလဲ ကွ ။ မင်း  ... မင်း နော် ”

လူကြီး ၏ ဒေါသတကြီး စကား ကို မောင်နှင်း မှ ဂရုမစိုက် ဘဲ ‘ ဖြန်း ’ ခနဲ နားရင်း တစ်ချက် ထပ် အုပ်ပြီး

“ ကိုင်း ... ဒီလောက် လိမ်ချင်တဲ့ လူကြီး ”

ဟု ဆို၍ မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေးများ ကို အတင်း ဆွဲ နုတ် ရာ

“ ဟာ ဟေ့ကောင် ။ နာတယ်ဟ ။ ဟေ့ကောင် ... မလုပ်နဲ့လေ ။ အား ... အောင်မာလေးဗျ ”

ဟု အော် ၍ မောင်နှင်း ၏ လက် ထဲ တွင် မုတ်ဆိတ်မွေး ဆွဲ နုတ် ခံရ၍ ကြိုး ပြတ်တုန်း စွန်ကြိုး ကို ဆောင့် ဆွဲ ခံရ သလို  ဝေ့လည် လည် နေတော့၏ ။ မောင်နှင်း မှာ မုတ်ဆိတ်မွေး ကို ဆွဲနုတ် မရ၍ ထို လူကြီး ၏ မျက်နှာ ကို ဆွဲ ခွာ လိုက်ရာ ...

“ ဟာ ”

“ ဟင် ”

“ အို ”

“ ဘယ်လို ဖြစ်တာပါလိမ့် ”

ပရိသတ် အားလုံး ၏ အာမေဋိတ်သံ ။ မောင်နှင်း မှာ လူကြီး ကို လှည့် မကြည့်သေးဘဲ သူ ၏ လက် ထဲ ပါ လာသော မျက်နှာ အတု ကို ဟန် ပါပါ ကိုင်ကာ ပရိသတ်များ ကို မိန့်မိန့်ကြီး ပြုံး ကြည့်ပြီး

“ ကိုင်း  ... ခင်ဗျား အခုတော့ ဘာ လိမ် ... ”

ဟု ဆိုပြီး စကား မဆုံးမီ လူကြီး ဘက် သို့ လှည့် လိုက်ရာ ...

“ ဟင် ... အဘ ဆရာ ”

လက်ထိတ် အခပ် ခံရ၍ အသား တဆတ်ဆတ် တုန်လောက် အောင် ဒေါသ ထွက် နေသော ကျွန်ုပ် ကို မြင်သည် နှင့် မောင်နှင်း မှာ ကြက်သေ သေသွား၏ ။ အမှန်မှာ ခုနက နားရင်း အုပ်လိုက် ၊ မုတ်ဆိတ် မွေး ဆွဲ နုတ်လိုက် လုပ် နေသူမှာ တရားခံ ဖမ်းရန် အတွက် ရုပ်ဖျက် လာ သော ကျွန်ုပ် ပင် ဖြစ်ချေတော့၏ ။ ကျွန်ုပ် လည်း လူကြား ထဲ ဤကဲ့ သို့ တပည့် မှ မတော်တရော် လုပ်နေသည် ကို လွန်စွာ လည်း ရှက် ၊ ဒေါ သလည်း ထွက် ရသည် မို့ ချစ်လှစွာသော တပည့် ထံ ပြေးဝင် သွားပြီး

“ ကိုင်း ... ဒီလောက်တောင် အသုံးမကျတဲ့ ကောင် ။ ကဲကွာ ကဲကွာ ”

ဟု ဆို၍ မောင်နှင်း ၏ တင်ပါးဆုံရိုး ကို တဖုန်းဖုန်း နှင့် နှစ်ချက် မျှ ဆင့် ကန် လိုက်ရာ မောင်နှင်း မှ ...

“ အောင်မလေးဗျ ... ကြောက်ပါပြီ အဘရဲ့ ”

ဟု ဆိုပြီး ကျွန်ုပ် ၏ ခြေချက် ထပ် မထိစေရန် တရားရုံး အတွင်း ပတ်ပြေး နေသည် ။ တရားရုံး တစ်ရုံးလုံး ကျွန်ုပ်တို့ အဖြစ် ကို ကြည့်ပြီး တဝါးဝါး နှင့် ပွဲကျ နေကြလေ၏ ။

ထို သူများ ရယ်သံ ကြောင့် ကျွန်ုပ် ၏ ရှက် ဒေါသ မှာ အထွတ် အထိပ် ရောက် သွားရပြီ မို့ နှစ်ချက်မျှ ဆင့်ကန်ရုံ မျှ နှင့် မကျေနပ်နိုင် တော့ ဘဲ မောင်နှင်းကလေး နောက် ဒေါသတကြီး ပြေး လိုက်မိလေတော့ သည် ။ ကျွန်ုပ် ပြေးလိုက်သည် ကို မြင်သည် နှင့် မောင်နှင်းကလေး ကြောက်ကြောက်လန့်လန့် နှင့် အရှေ့ က ပြေး သည် ။ ကျွန်ုပ် လည်း ဒေါသ လွန်စွာ ထွက်နေသည် မို့ နောက် က အတင်း လိုက်၏ ။

လူကြား ထဲ ပတ် ပြေးသည် ။ ကျွန်ုပ် နောက် မှ လိုက်သည် ။

ပရိသတ် က တော့ ကျွန်ုပ်တို့ နှစ်ယောက် ကို ကြည့် ကာ တဝါးဝါး ။

မောင်နှင်း ရှေ့နေ ခုံပေါ် သို့ တက် ပြေးသည် ။ ကျွန်ုပ် က ထက် ကြပ် မကွာ ... ဟင်း .. ဘယ်ရမလဲ ဒင်း ထက် လည်လို့ ဒင်း ဆရာ လုပ် နေတာ ... ။

တရားခံ ဝက်ခြံ ထဲ ဝင် ပြေးသည် ။ ကျွန်ုပ် က လည်း ကပ်လျက် ။

နောက်ဆုံး တရားသူကြီး စားပွဲခုံ ပေါ် သို့ တက် အပြေး ။ ကျွန်ုပ် လည်း ဒေါသတကြီး မီရာ လှမ်း အဆွဲ မောင်နှင်း မှာ လည်း ကျွန်ုပ် လက် ထဲ မပါစေရန် ကြောက်ကြောက်လန့်လန့် နှင့် မီရာ လှမ်း အဆွဲ ...

“ ဟာ ”

“ ဟင် ”

“ အို ”

ပရိသတ်များ ၏ အာမေဋိတ် အသံများ ။

ကျွန်ုပ် လက် ထဲ တွင် ကား မောင်နှင်း ၏ လုံကွင်း ။ တရားသူကြီး ခုံ တွင် တမင် ကြော်ငြာ ထား သလို မှောက်လျက်သား နှင့် မောင်နှင်း ။ သူ ၏ လက် ထဲ တွင် တရားသူကြီး ၏ နှုတ်ခမ်းမွေး တစ်ဆုပ် ။ အားလုံး ကြက်သေ သေလျက် ။ နှုတ်ခမ်းမွေး မရှိတော့သော တရားသူကြီး ကို ကြည့် လိုက် ရာ ...

“ ဖီလိုဆိုဖီ မောင်ပါစီ ”

“ ဖီလိုဆိုဖီ မောင်ပါစီ ”

သူ ၏ တပည့် မြယာ ကို အမှု မှ လွတ်အောင် အမိန့်ချ တရားစီ ရင် ရန် တရားသူကြီး ဟန်ဆောင် ၍ ရုပ်ဖျက် နေရာ ဝင် ယူထားသူ မှာ ဖီလိုဆိုဖီမောင်ပါစီ ။

အားလုံး ကြောင်ငေး နေစဉ် ဖီလိုဆိုဖီမောင်ပါစီ မှ လျင်မြန်စွာ ခုန် ထပြီး ထွက်ပြေး ရန် စားပွဲ ပေါ် မှ ခုန်ချ လိုက်ရာ ကြက်သေသေ ၍ ငေး ကြောင်ကြည့် သော ကျွန်ုပ် ၏ လက်ထဲ မှ မောင်နှင်း ၏ လုံကွင်း ထဲ စွပ်ခနဲ ကျ လာလေသည် ။ ကျွန်ုပ် လည်း ရုတ်တရက် မို့ ကြောက်လန့် ပြီး အနောက် သို့ ခုန် ဆုတ်ရာ ဖီလိုဆိုဖီမောင်ပါစီ ၏ ခြေထောက် ကို ချိတ်ဆွဲ သလို ဖြစ် သွားပြီး ‘ ဝုန်း ’ ခနဲ ပြုတ်ကျ သွားလေတော့သည် ။ ကျွန်ုပ် လည်း ရရှိသည့် အခွင့်အရေး ကို လက်လွတ် မခံဘဲ ဖီလိုဆိုဖီမောင်ပါစီ ၏ မျက်နှာ ကို မောင်နှင်း ၏ လုံချည်ဖြင့် ပတ် ထား လိုက် ပြီး ...

“ ဟေ့ကောင် မောင်နှင်း ။ လက်ထိတ် ခတ်လိုက် ”

ဟု ဆို လိုက်ရာ မောင်နှင်း မှာ ကျွန်ုပ် ၏ အဖြစ် ကို ငေးကြောင် ကြည့်နေရာမှ ကြောက်ကြောက် လန့်လန့် နှင့်

“ လက်ထိတ် အဘ ကို ခတ် ထားတယ် ။ မရှိတော့ဘူး အဘ ”

ဟု ဆိုလိုက်ရာ ကျွန်ုပ် လည်း သတိ ရပြီး မည်သို့ လုပ်ရမည် မသိ ဖြစ် နေစဉ် ဖီလိုဆိုဖီမောင်ပါစီ မှ လှစ်ခနဲ ကျွန်ုပ် ဘက် ပြန်လှည့်ပြီး မြင်း ကန် သလို ကန် လိုက်ရာ သေးကွေးကြုံလှီ လှသော ကျွန်ုပ် ကို မထိမိဘဲ ကျွန်ုပ် နှင့် ကြည့် မကောင်း လောက်အောင် အဆမတန် ကြီးမား နေသော ကျွန်ုပ် ၏ တိုက်ပုံအင်္ကျီ လက် ထဲ သူ ၏ ခြေနှစ်ဖက် စွပ်ခနဲ ဝင် သွားလေသည် ။

“ မိပြီ ”

ဖီလိုဆိုဖီမောင်ပါစီ မည်သို့မျှ မလှုပ်နိုင်တော့ ။

သူ့ ကို မိ ချိန်ဝယ် ကျွန်ုပ် သည် လည်း အင်္ကျီကျွတ် နှင့် ။ မောင်နှင်းကလေး မှာ လည်း လုံချည်ကျွတ် နှင့် ။ ဖီလိုဆိုဖီမောင်ပါစီ မှာ အပေါ်ပိုင်း တွင် လုံချည် နှင့် ဖြစ်နေပြီး ခြေ နှစ်ဖက် မှာ လက် နှင့် စွပ်မိ နေပြီး ပြေး လို့ လည်း မရ ။ လှုပ် လို့ လည်း မရ နှင့် လွန်စွာ ကိုးရိုးကားရား နိုင်လှပေသည် ။ ပရိသတ်များ က သာ ကျွန်ုပ်တို့ ဤကဲ့သို့ သက်စွန့်ဆံဖျား တရားခံ ဖမ်း နေသည် ကို မငဲ့ညှာဘဲ အငြိမ့်လူရွှင်တော် ပြက်လုံး ကြား နေ ရ သလို တဝါးဝါး တဟားဟား နှင့် ပွဲကျ လို့ မဆုံး ။

မည်သို့ပင် ဖြစ်စေ ဤမျှ ဉာဏ် များ လှသော လူသတ်တရားခံ ဖီလိုဆိုဖီမောင်ပါစီ ကို လက်ရ ဖမ်းဆီးနိုင်သည့် အတွက် ချီးကျူး ထောမနာ ပြု၍ မဆုံးတော့ ။

◾အကြည်တော်

📖 အိုင်အိုဒင်းကိုကိုကြီး နှင့် ...





ကိုးဆယ့်ခွန်


 

❝ ကိုးဆယ့်ခွန် ❞
  ( ညိုထွန်းလူ )

( ၁ )

နေက ထန်းတစ်ပင်ဖျား သို့ ရောက်လာလု နီးပြီ ။ မကြာခင် မှာ ရုပ်စုံ ကျောင်း ဆီ က ဆွမ်းစား တုံးမောင်း ခေါက်သံ လည်း ကြားရတော့မည် ။ အမေနု သည် စွန်တာနီ ပဲပြုတ်အိုး ကို ကြည့်ရင်း အလိုလို စိတ်တိုလာခဲ့သည် ။ ထင်းမီး မကောင်းတော့ ပဲပြုတ်အိုး က တော်တော်နှင့် မနပ်နိုင် ၊ ပဲပြုတ်အိုး ပြီးလျှင် ဆူးပုပ်ရွက် ဟင်းချို တည်ရပေဦးမည် ။ ပြီးတော့ ငါးပိကောင် လည်း ချက်လိုက်ချင် သေးသည် ။ သန်းမြ တို့ ညီအစ်မ ၂ ယောက် ဈေးရောင်း ပြန်ချိန် အမှီ ဟင်းတွေ ကျက်ပါ့မလား မသိ ။ တွေး ရင်း နဲ့ အမေနု  စိတ်ပူရ ပြန်၏ ။

ပဲပြုတ်အိုး အဖုံး ကို ကြည့်ရင်း အမေနု သက်ပြင်း ချမိသည် ။ မှုန်သီနေသည့် မျက်လုံးအိမ် မှာ ရွာ ကို အမောတကော ပြန်လာကြမည့် သမီး နှစ်ယောက် ကို မြင်ယောင် သွားခဲ့သည် ။ သူတို့ ခမျာများ ပင်ပန်းလှသည် ။ မနက် ဝေလီဝေလင်း ကတည်းက အနီးအနား ပတ်ဝန်းကျင်ရှိ ရွာတွေ ဆီ သို့ ဈေးရောင်း ထွက်သွား ရသည် ။ နေမွန်းတည့်ခါ နီးမှ ရွာသို့ ပြန်လာ နိုင်သည် ။ တစ်မနက်ခင်းလုံး ခြေ တောင့်အောင် သွားခဲ့ရတာမို့ သူတို့ ဆာကြပြီပေါ့ ။ အိမ် ရောက်တာနဲ့ အမော မဖြေနိုင် ၊ ဈေးတောင်း ကို ချပြီး မီးဖိုချောင် သို့ ရောက်လာကာ ရှိသည့် ထမင်း နှင့် ဟင်း ကို ခူးခပ် လူးနယ် ပြီး စားကြ တော့သည် ။ စားနိုင်သည့် အရွယ်တွေ မို့လည်း ထမင်းတစ်အိုး ဆို ပြိုက်ခနဲ ကုန်သွားသည် ။ အငယ်မ လှရင် က အစားအသောက် ပို၍ လောဘကြီးသည် ။ စားနိုင်သလောက် လူကောင် က အထွား မြန်သည် ။ သန်စွမ်းသည် ။ အချိန် ၃၀ လောက် ရှိမည့် ခံတောင်း တစ်တောင်းကို ရွက်ပြီး လေးငါးမိုင်ခရီး ကို ဟန်မပျက် သွားနိုင် ၊ လာနိုင်သည် ။ ဒါပေမယ့် အငယ်မ က လူကောင် ကြီးသလောက် ကလေးစိတ် မကုန်ချင်သေးပေ ။ အချိန် အားလျှင် အမေ့ ရင်ခွင်ထဲ နေချင်သေး၏ ။ အမေ့ ကို ပွတ်သီးပွတ်သပ် လုပ်တတ်သေး၏ ။ စိတ်မထင်လို့ အမေ က ဆူငေါက်မိ လျှင်လည်း ဟီးချပြီး ငိုလေ့ရှိသည် ။ အမေနု ခမျာ မရူးမကောင်း သမီး ငယ် ကို ကြည့်ရင်း တစ်ခါတစ်ရံ သူ့ အတွက် စိတ်လေး သွားခဲ့မိသည် ။ မိဘတိုင်း မိဘတိုင်း ကိုယ့် သားသမီး အတွက် စိတ်လေး သွားခဲ့မိသည် ။ မိဘတိုင်း မိဘတိုင်း ကိုယ့် သားသမီး အတွက် ပူပန်ကြရသည်ပဲ မဟုတ်ပါလား ။ သည် အပူတွေကြောင့်လည်း အသက်အရွယ် ကြီးရင့်ပြီး ရောဂါ စုံ နေသော်လည်း အမေနု သေနိုင်မည် မဟုတ် ။ သေခဲ့ရင် တောင် အသေ ဖြောင့် မှာ မဟုတ် ။
ဘာပဲဖြစ်ဖြစ် သည် သမီး နှစ်ယောက်ပဲ ရှိခဲ့သည် ။ သူတို့ ကို အားထား နေရသည် ။ အရင်တုန်း ကတော့ ရွာ အနီး တစ်ဝိုက်မှာ အမေနု ကိုယ်တိုင် ဈေးရောင်း ထွက်ခဲ့သည် ။ ခင်ပွန်းလင် ကိုသာမောင် ဆုံးပြီး ကတည်းက ဈေးတောင်း ရွက်ခဲ့တာ နှစ်ပေါင်း ဆယ်ချီ ရှိနေပြီး ယခုမှသာ အသက်အရွယ် ကလည်း ထောက်လာသဖြင့် ထို အမွေ ကို သမီး နှစ်ယောက် ကို လက်ဆင့်ကမ်း ခဲ့ရသည် ။ ရွာမှာ နေ ၊ ရွာဓလေ့ ဝန်းကျင် မှာ အထိုက်အသင့် တစ်ဝမ်းတစ်ခါး လှခဲ့ပါသည် ။ တကယ်တော့ ဈေးသည် ဆိုတာ ဘယ်မှာ နေနေ ချိန်ခွင် နဲ့ အလေး သာ ရှိခဲ့လျှင် ထမင်း တစ်လုတ် တော့ ရှာစားနိုင်သည်ပဲ ။

အရောင်းအဝယ် မှာတော့ သန်းမြ က အမေ့ ထက်ပင် စွမ်းသည် ။ လာဘ် မြင်သည် ။ အမေနု တုန်းကတော့ တစ်ပတ် မှာ ၂ ခါလောက် မြို့ကို တက်ပြီး ကုန်စိမ်း သွား ဝယ်ရသည် ။ ပြီးမှ ရွာစဉ် အနှံ့ လှည့်လည် ရောင်းချ ရသည် ။ ယခုတော့ သန်းမြ က ကုန်စိမ်း တင် မဟုတ်တော့ ၊ ဈေး ချိုပြီး အရောင်းသွက်နိုင်သည့် တရုတ်ပိတ်စလေးတွေ လို အထည်တွေ ကိုပါ ယူပြီး ရောင်းသည် ။ အမေနု ခမျာ သမီး ဖြစ်သူက တွက်ပြသည့် အမြတ်ငွေ စာရင်း ကို ကြည့်ရင်း အင်မတန် အံ့သြသွားသည် ။ သူ ဈေး ရောင်းခဲ့သည့် အချိန်က အဲသလောက် အထိ အမြတ် ငွေမျိုး မရခဲ့တာ အမှန်ပင် ။ နို့ပေမယ့် ဘယ်လို ဖြစ်သည် မပြောတတ် ။ အမြတ်ငွေ လည်း အရင်က ထက် များတာ မှန်ပေမယ့် စီးပွားရေးက အရင်က ထက် တိုးတက် ကြီးပွားလာတာ မဟုတ် ။ အရင်က လိုပဲ နေ့စဉ် ဈေးရောင်း ထွက်ရစမြဲ ၊ စားရသောက်ရတာ ကလည်း အရင်က ထက် ထူးမခြားနား စမြဲ ၊ ကုန်ဈေးနှုန်း က အမေတို့ တုန်းက လို မှ မဟုတ်ဘဲ အမေ ရဲ့ လို့ အဖြေ ရှာမ ရသည့် အမေ့ ကို သမီး က ရှင်းပြသည် ။ အဲဒီလို ကျတော့လည်း ဟုတ် တုတ်တုတ်ပါပဲလား ။ သန်းမြ ပြောတာ ဖြစ်နိုင်သည် ။ သူတို့ ခေတ် တုန်း ကတော့ ဈေး ကလည်း သက်သာသည် ။ ပစ္စည်းပစ္စယတွေ ကလည်း ပေါ သည် ။ ခရမ်းချဉ်သီး ၊ ပင်စိမ်း တို့လို အသီးအနှံ ဆိုတာ ဘယ်မှာ တောင်း တောင်း အလကား ရသည် ။ စားချင်သည့် အချိန်မှာ ရွာပြင် ထွက်ပြီး ဘယ် အခင်းမှာ ပဲ ခူးခူး အခင်းရှင် က မငြူစူ ၊ မယူမှာပင် စိုးရိမ်သည် ။ ယခုတော့ အဲသလို မဟုတ်တော့ ဘယ်အရာ မှ အလကား မရတော့ ၊ ခရမ်းချဉ်သီး တစ်ပိဿာ ဆိုလျှင် ၇ ကျပ် တဲ့ ။ တစ်ကျပ်ဖိုး ဆိုလျှင် ငရုတ်သီး ၂ တောင့် လောက်ပဲ ရနိုင်သည် ။ ကဲ ... ဘယ့်နှယ့်လုပ်ကြမ တုန်း တော်ရေ ၊ တစ်ဘက်က ပိုက်ဆံအ များကြီး ရတယ်လို့သာ ပြောရ တာ ကုန်စရာ ရှိတော့လည်း ဟောခနဲ ကုန်သွားတာ မဟုတ်ပါလား ။ များများကုန်မှ ကောင်းကောင်း စားရတော့တာကိုး ။ အမေနု သည် သန်းမြ  ရှင်းပြတာတွေ ကို နားထောင်ရင်း ဦးနှောက် ခြောက်သွားသည် ။ ရောက်တတ်ရာရာ ကို စဉ်းစား နေစဉ်မှာပင် အိမ်ရှေ့ ဆီ မှ လူရိပ် လိုလို တွေ့မြင်လိုက်ရသည် ။

“ဟဲ့ ဘယ်သူတုံး ၊ သန်းမြ တို့ ပြန်လာကြပြီလား ”

အမေနု က မီးဖိုချောင် ထဲမှ နေ၍ လှမ်းအော် မေး လိုက်သည် ။ သန်းမြ တို့ ဟုတ်ဟုတ် မဟုတ်ဟုတ် သည်လိုပဲ အိမ် မှာ လူရှိတဲ့ အကြောင်း အသံပြုကာ အသံ ပေးနိုင်မှ ဖြစ်သည် ။ လူတွေ က ကိုယ်က လွဲရင် ဘယ်သူ့ဘယ်သူ ကိုမှ မယုံနိုင်ရဲပြီ ။ သူတို့တုန်း ကတော့ ဈေးရောင်း သွားလျှင် အိမ်တံခါး ဖွင့်ထားခဲ့လည်း အရေးကိစ္စ မဟုတ် ၊ နဘေးနဘီက ဝိုင်းဝန်း စောင့်ရှောက်ကြသည် ။ သူခိုးသူဝှက် ဆိုတာ ကလည်း မကြားခဲ့စဖူး ။ အခုတော့ ဘယ် ဟုတ်တော့မလဲ ဘယ်ရွာက ဘယ်သူ့ ရဲ့ နွား ပါသွားလို့ ည တုန်းက မီးဖိုချောင် ထဲက ဒန်အိုးဒန်ခွက်တွေ အခိုးခံရတယ် စသဖြင့် အသံတွေ အသံတွေ ခဏခဏ ကြားရ တတ်သည် ။ ညည အိပ်ရတာကို ပင် စိတ်ဖြောင့်ဖြောင့် မအိပ်နိုင် တစ်ရေးနိုးလျှင် အဟွန်း အဟဲ့ ချောင်း သံ ပေးရသည် ။ ခွေးဟောင်သံ ကြား လျှင် လည်း ခေါင်းထောင် ကြည့် ဖြစ်သည် ။ အဲဒါကိုပင် တောင်ဘက် အိမ် က စိန်မိုး ရဲ့ ကြက်နှစ်ကောင် ပါသွားသည် ဆိုလား ကြားရပြန်သည် ။ လူတွေ က လည်း ငရဲတောင် မကြောက်တော့ဘူး ထင်ပါရဲ့ ဟု တွေးရင်း မီးဖို ပေါ်က ပဲပြုတ်အိုး ကို ကြည့်လိုက်မိသည် ။ ပဲပြုတ်အိုး ကတော့ တော်တော်နှင့် မပွက်နိုင်သေး ။

ရွက်ထားသည့် ခံတောင်း ကို အောက်သို့ ချလိုက် ပြီးနောက် ခုတင် တိုင်ကို ကျောမှီကာ ခြေပစ်လက်ပစ် နဲ့ သန်းမြ  ထိုင်ချလိုက်ပါသည် ။ အိမ် ကို ဒုတ်ဒုတ်ထိ ရောက်လာတော့မှပဲ တင်းထားသည့် စိတ် ကို လျှော့ချလိုက်သည် ။ ရောက်သည့် နေရာမှာပဲ ပစ်လှဲပြီး အိပ်ချင်စိတ်တွေ က လွန်ကဲနေသည် ။ ခါတိုင်းလို “ အမေရေ ထမင်း ကျက်ပြီလား ဆာလှ ပြီတော့ ” လို့ အသံစာစာနဲ့ အော် မမေးနိုင် ။ လူ တစ်ကိုယ်လုံး ကိုင်ရိုက် ထားသလို နာကျင်လျက် ရှိသည် ။ လှရင် က သူ့ မျက်နှာလေး ကို တဘက်လေးဖြင့် သုတ်ပေးရင်း “ အစ်မ အမောပြေ ရေသောက်လိုက်ပါလား ” လို့ မေးသည် ။ လှရင် ရဲ့အမေး ကို နှုတ်မှ မဖြေနိုင် ၊ အသာအယာ ခေါင်းခါ ပြလိုက်ရသည် ။ တစ်ကိုယ်လုံး ပူကျက် နေပြီး ခေါင်း ကလည်း အရမ်း ကို ကိုက်သည် ။ ရင်ထဲ မှာလည်း မီးကျီးခဲကြီး မျိုထား သလို ပူလောင်လျက်ရှိ သည် ။

ဇရစ်ရွာ က ဈေးရောင်းပြီး ပြန်လာတော့ အရင်ကလို သွက်သွက် လက်လက် မရှိမှန်း သတိထားမိသည် ။ ခေါင်းထဲ မှာ အုံခဲ နေပြီး မျက်လုံး တွေ ကလည်း ကျိန်းစပ် နေခဲ့သည် ။ အစတော့ နေရှိန် ပြင်းလို့ ထင်ပါရဲ့ လို့ အောက်မေ့ ခဲ့သည် ။ ဒါပေမယ့် နောက်တစ်ရွာ ရောက်တော့ သန်းမြ မဟန်နိုင်တော့ ။ နေပူ ထဲမှာ သွားနေရင်းနဲ့ တစ်ကိုယ်လုံး စိမ့်ချမ်း လာခဲ့ သည် ။ သို့ဖြင့် ရှေ့ရွာ ကိုပင် ဆက် မကူးနိုင်တော့ဘဲ ရွာ ဆီသို့ အမြန် ပြန်လာခဲ့ ရလေသည် ။

“ ညည်း ဥစ္စာ တုပ်ကွေးများလားအေ ” 

အမေနု က သန်းမြ ကို မေးရင်း အဖြေ ကို မစောင့်တော့ဘဲ လှရင်ကို  ဘကြီးသိန်း တို့ အိမ်သို့ ကွမ်းရွက် တောင်းခိုင်း လိုက်သည် ။ အိမ် မှာတော့ ဇာတိဝင်္ကဆေး လက်ကျန် အနည်းငယ် ရှိသည် ။ သည် ဆေး နှင့် ချင်း ၊ ထန်းလျက် ၊ ကွမ်းရွက်ပြုတ်ရည် ကို ရောသောက်ပါက တုပ်ကွေးအဖျား ဆိုလျှင် အဟုတ် မနှေးဘဲ ပျောက်သွား နိုင်ပေသည် ။

တုပ်ကွေး ဆိုတော့ သန်းမြ  လန့်သွားသည် ။ ရောဂါ ကို ကြောက်လို့တော့ မဟုတ် ကြောက်စရာလည်း မလို ဒီလို ရောဂါလောက်တော့ မြန်မာဆေး ၂ ခွက် လောက် သောက် လိုက်တာနဲ့ ပျောက်သွား မှာ သေချာသည် ။ ဒါပေမယ့် တုပ်ကွေး ထွက်သွားလျှင် လူက မလှုပ်ချင်အောင် နုံးချည့်ပြီး ကျန်ရစ် သွားတတ်သည် ။ အားပြည့်ပြီး ထူထူထောင်ထောင် ဖြစ်အောင် သုံးလေးရက် လောက် အနားယူရသည် ။ ဖျားတာ က ၂ ရက် နားမှာ က ၃ ရက် ဆိုလျှင် စုစုပေါင်း ၅ ရက် အင်း အဲဒီလောက် ရက်ကြာ အချိန်ကုန် လို့ မဖြစ်ပေ ။ တစ်ရက် ဆို တစ်ရက် ကြာတာနှင့်အမျှ ဈေးရောင်းရတာ ထိခိုက်သည် ။ မြေနက် က မတင်မိ ဆီမှာ ငါးပိကောင်ဖိုး အကြွေး ၃ ကျပ် ရစရာ ရှိသေးသည် ။ မနက်ဖြန် ပေးမယ် လို့ ပြောသည် ။ ငွေတွင်းရွာ က အုန်းကြွယ် တို့ ကလည်း တရုတ်ပိတ်စဖိုး ၁၆ ကျပ် ကျန်သေးသည် ။ ပြီးတော့ ကျောက်ပျောက် နဲ့ သက်ကယ်ကွင်းရွာ မှာ လည်း အကြွေး ရစရာ တွေရှိသည် ။ ရွာစဉ် အနှံ့ သွားပြီး အကြွေးတွေ တောင်းလိုက်လျှင် ၆ဝိ/- လောက်တော့ ကျော်မည် ။ ရစရာတွေ ကို တွေးမိ ပြန်တော့ အဖျားရောဂါသည် ခန္ဓာကိုယ် မှ လွင့်ထွက် သွားသည် လို့ ထင်ရသည် ။ ဒီ ငွေတွေ ကို သူ ကိုယ်တိုင် တောင်းမှ ဖြစ်မည် ။ လှရင် က လည်း ငယ်သေး၏ ။ သူ့ ကို တစ်ယောက် ထဲ မလွှတ်ရဲ ၊ ကိုယ့်ရွာ ၊ ကိုယ့်ဝန်းကျင် မှန်ပေမယ့် မိန်းကလေး မို့ အဖော်မပါဘဲ သွားသွားလာလာ မလုပ်ခိုင်းတာပဲ ကောင်းသည် ။ ဖလန်ထည် အင်္ကျီကလေး ကို ဝတ်လိုက်ရင်း တစ်ရေးလောက် အိပ်လိုက် ရင် နေကောင်းသွားမှာပါ ဟု ဖြေသိမ့်လိုက်သည် ။ သို့ပေမယ့် အမေ က ကွမ်းရွက်ပြုတ်ရည် ယူလာတော့ သန်းမြ ခမျာ ခေါင်းပင် မထောင်နိုင်တော့ချေ ။

( ၂ )

“ ငါ့ ကို စောစောက ဘာလို့ မပြောတာလဲ သန်းမြ ရယ် ”

ကျင်ဆောင် က ချောင်ကျ သွားသည့် သန်းမြ ရဲ့ မျက်နှာ ကို ကရုဏာ သက်စွာ ကြည့်ရင်း မေးလိုက်သည် ။ ထို့နောက် စောင် ကို လှပ်ကာ သန်းမြ ရဲ့ လက်ကောက်ဝတ် ကို ပိုင်ပိုင်နိုင်နိုင်ကြီး ဆုပ်ကိုင် လိုက်လေသည် ။

“အင်း အဖျားသွေး ရှိသေးတယ် ”

ဘယ်ဘက် လက်က လက်ပတ်နာရီ ကို ကြည့်ရင်း ကျင်ဆောင် က မှတ်ချက် ချလိုက်သည် ။ သန်းမြ က မည်သို့မျှ ပြန် မပြောနိုင်ဘဲ ကျင်ဆောင် ကို ငေးကြည့်နေမိသည် ။ နေမကောင်းတာ မှန်ပေမယ့် ကျင်ဆောင် က သူ့ လက် ကို ဆုပ်ကိုင်လိုက်တော့ ရှက်နေ မိသည် ။ ကျင်ဆောင် ရဲ့ လက်ဖဝါးတွေ က နူးညံ့၍ ပူနွေးလျက် ရှိနေတာ ကို သတိထားမိသည် ။

“ အမေရေ ရေနွေး နည်းနည်းလောက် ရမလား ”

ကျင်ဆောင် က မီးဖိုချောင် ဆီသို့ လှမ်းအော် မေးလိုက်ရင်း အနား မှာ အဆင်သင့် ချထားသည့် ဆေးအိတ် ကို ဖွင့် လိုက်သည် ။ လှရင် က သူတို့ ကို လာပြီး မကူညီနိုင် ။ အိမ်ရှေ့ က ရပ်ထားသည့် ကျင်ဆောင် ရဲ့ ရွှေရောင် ဆူပါကပ် ဆိုင်ကယ် အနားသို့ ဝိုင်းအုံကြည့်နေသည့် ကလေးတွေ ကို မကိုင်မတွယ် မထိမတို့ ရအောင် ဆူပူမာန်မဲရင်း နဲ့ အလုပ် များလျက်ရှိ သည် ။ ရွာ က ကလေးတွေ ကလည်း အတော် ကမြင်းသည် ။ မတော် ကလေးတွေ ကြောင့် ဆိုင်ကယ် တစ်ခုခု ဖြစ်သွားလျှင် ဘယ့်နှယ့် လုပ်ပါ့မ လဲ ။ ဖြစ်သွားရင် အားနာစရာ ကောင်းသည် ။ သူတို့ မှာ လည်း အလျော် ပေးစရာ ရှိတာ မဟုတ် ။

ကျင်ဆောင် က ဆေးအိတ် ထဲမှ ပလတ်စတစ် အိတ်တွေ ကို ထုတ်ယူ ကာ ခုတင်ကြမ်း ပေါ်သို့ ချလိုက်သည် ။ ပလတ်စတစ်အိတ် နှင့် ထုတ်ထား သည့် ဆေးတွေ က အမယ်စုံလှသည် ။ တချို့က အနီ နှင့် အဝါကြား ၊ တချို့ ကတော့ အစိမ်း နှင့် အဖြူ တချို့က သပြေသီးရောင် ပြီးတော့ အဝါ ရောင် ၊ အပြာနုရောင် ဆေးပြားတွေ လည်း ပါလိုက်သေးသည် ။ လှပ၍ ချစ်စဖွယ် ၊ စားချင်စဖွယ် ကောင်းသည် ။ ဆေးတွေ ကို ငေးကြည့်ရင်း သန်းမြ ခမျာ ကိုယ့် ရောဂါ ကိုပင် မေ့သွားခဲ့သည် ။

“ ဘာမှ မပူနဲ့ ဆေး ၂ လုံးလောက် ထိုး ပြီးရင် တစ်ရက် နှစ်ရက် ဆို နင့် ရောဂါ ပျောက်သွားမယ် သိလား သန်းမြ ”

အမေနု လာပို့ထားသည့် ရေနွေးဇလုံ ထဲသို့ ဆေးထိုးအပ် နဲ့ ဆေးထိုးပိုက် ကို နှစ်လိုက်ရင်း ကျင်ဆောင် က ပြုံးပြုံးကြီး ပြောလိုက်သည် ။ ကိုယ့် ချစ်သူကို ကိုယ်တိုင် ဆေးကုရမှာ မို့လည်း ကျင်ဆောင် ရဲ့ ရင်ထဲမှာ ပျော်နေသည် ။ သန်းမြ ရဲ့ ရောဂါသည် တုပ်ကွေး လို့ သူ ထင်သည် ။ သည်လိုပဲ အခုလို အချိန်မှာ တုပ်ကွေးတွေ ဖြစ်ကြတာပဲ မဟုတ်လား ။ တုပ်ကွေး ဆိုလျှင်တော့ တရုတ်အနာဂျင် ထိုးပေးမည် ။ ပြီးတော့ သောက်ဆေး အနေ နဲ့ တရုတ်ပါရာစီတမော့ ပွိုင့်ဖိုက်ဆေးပြား နဲ့ ဘင်္ဂလားဒက် ( ရှ် ) က လာသည့် နိုဗယ်ဂျင် ဆေးပြား ပေးမည် ။ ထို့နောက် လူနာ ကို စောင်ခြုံ အိပ်ခိုင်းလိုက် လျှင် ၂ နာရီလောက် အကြာမှာ ချွေးတွေ တအားလွန် ထွက်ပြီး လူနာ အဖျား ကျသွားမှာ သေချာပေါက် ဧက ဧကန်ပါပဲ ။

နက်ဖြန်တော့ တစ်ခေါက် လာပြီး လိုအပ်လျှင် ပင်နယ်စလင် တစ်လုံး ထိုးပေးရဦးမည် ။ ပင်နယ်စလင် သည် ရောဂါပေါင်းစုံ ပျောက်သည် ဟု ကျင်ဆောင် ရဲ့ ဆရာ့ ဆရာကြီးတွေ က အဆို ရှိခဲ့သည် ။ ဟုတ်ပေမည် ။ ဘာ ရောဂါ ဖြစ်ဖြစ် ပင်နယ်စလင် ကို အရင် ထိုးထည့်လေ့ ရှိသည် ။ ပုံမတော် ရှော့ ဖြစ်သွားရင်ကော အဲဒါအတွက် သိပ် စိတ်ပူစရာ မရှိပါ ။ ဘာမီတုံ နှင့် ကာဒါမိုက် ဆေး ကို အဆင်သင့် ဆောင် ထားသည် ။ ထို ဆေး နှစ်မျိုးသည် ဖြေဆေးများပင် ဖြစ်သည် ။ ဆေးကုသရာ တွင် အနာ လည်း သိ ၊ ဆေး လည်း ရှိမှ ဖြစ်မည် ။ သို့သော်လည်း ကျင်ဆောင် အတွက် တော့ ထို ဥပဒေ သည် အကျုံး မဝင် ။ အနာ မသိလည်း ဆေး ရှိရမည် ။ နိုင်ငံခြားဆေးများ သည် ၉၆ ပါး ရောဂါ ကို အကုန်လုံး မဟုတ်တောင် သုံးပုံနှစ်ပုံ လောက်တော့ ပျောက်နိုင်သည် ။ ထို့ကြောင့် လူနာ ကို တွေ့ ရလျှင် နည်းနည်းပါးပါး မေးမြန်းပြီး ကောင်းနိုးရာရာ ကို ရွေးပြီး ထိုး ပေးလိုက်သည် ။ သောက်ဆေး ကိုလည်း အများကြီး ပေးလိုက်သည် ။ ဒါ မှလည်း ဆေးဖိုး ပိုက်ဆံ တောင်းရတာ ကောင်းသည် ။ ဤသို့ဖြင့် ကျင်ဆောင် သိသမျှ ကု၏ ။ ဖိတ်စင်တာ လည်း ရှိ၏ ။ ပြန်ကောင်းသွားတာ လည်း ရှိ၏ ။ ဖိတ်စင်သွား လည်း မည်သူက မျှ ကျင်ဆောင် ကို အပြစ် မဆို ကုသိုလ်ကံ အကြောင်းတရား ပေါ့ ဟု ဖြေသိမ့်ကြတာများသည် ။

သန်းမြ သည် ကျင်ဆောင် ကို ငေးကြည့်ရင်း အလိုလို အထင်ကြီး သွားသည် ။ လုပ်တာ ကိုင်တာက တကယ့် ဆရာဝန်ကြီး အလား ထင်မှတ်ရသည် ။ တလောက ရွာထိပ် က မအေးကျင် နေ မကောင်းလို့ ဆေးထိုးပေး သည့် ကျန်းမာရေးမှူး တောင် ကျင်ဆောင် လောက် သိပ် တတ်ပုံမရ ။ ပြီးတော့ ကျင်ဆောင် ဆီ မှာ သောက်ဆေးတွေ က အများကြီး ရှိသည် ။ ဒါ့ကြောင့်လည်း အနားတစ်ဝိုက် မှာ ဆရာလေးကျင်ဆောင် ဆရာလေးကျင်ဆောင် နဲ့ ဂုဏ်သတင်း မွှေး ကာ ကျော်ကြား နေတာကိုး ။

တကယ်တော့ ကျင်ဆောင် သည် သူ နဲ့ ငယ်ငယ် ကတည်း က ကျောင်းနေဖက် ဖြစ်ခဲ့သည် ။ တစ်ဦး နဲ့ တစ်ဦး နင် ငါ နဲ့ ပြောခဲ့ကြသည် ။ ၄ တန်း အောင်တော့ သန်းမြ က ကျောင်းထွက် လိုက်ရပြီး ကျင်ဆောင် က မြို့ကျောင်း သို့ ပြောင်း သွားသည် ။ မြို့ကျောင်း မှာ ၇ တန်း ကို အခါခါ ကျ ပြီးမှ ရွာ သို့ ကျင်ဆောင် ပြန်ရောက်လာခဲ့သည် ။ ရွာ မှာ ဆိုလျှင် ကျင်ဆောင် မိဘတွေ က ထိပ်တန်း အနွယ်ဝင်တွေ ထဲ က ဖြစ်သည် ။ ယာ ဧက များစွာ ပိုင်သည် ။ ကျောင်းပညာ မတတ် လို့လည်း ကျင်ဆောင် အတွက် မပူရ ။ တစ်ဦးတည်း သားမို့ ဖူးဖူးမှုတ် ထားသည် ။ စာမေးပွဲ ကျပြီး ရွာ မှာ တစ်နှစ်လောက် လပ်လျားလပ်လျား နေပြီး ကျင်ဆောင် ပျောက်သွား ပြန်သည် ။ မြို့က ပွဲရုံ မှာ ကုန်အရောင်းအဝယ် သွား သင်တယ် ဆိုလား သိုးသိုးသန့်သန့် ကြားရ ပြန်သည် ။ ယခု ပြန်လာတော့ မှ မြို့ကို တက်ပြီး ဆေးပညာ သွား သင်တယ်လို့ သိရသည် ။ တစ်ရွာတည်းသား ပေမယ့် ကျင်ဆောင် က အရင်က ကျင်ဆောင် မဟုတ်တော့ ။ ဒေါက်တာကျင်ဆောင် သို့မဟုတ် ဆရာလေးကိုကျင်ဆောင် ။

ကျင်ဆောင် က သူ့ကို စိတ်ဝင်စား နေမှန်း သန်းမြ သိပါသည် ။ ရင် လည်း ခုန်မိပါသည် ။ မိန်းကလေး မို့ ဟန်မပျက် နေရ သော်လည်း ညွှတ် ချင် သလို ဖြစ်မိပါသည် ။ ကျင်ဆောင် နဲ့ ဖူးစာ ဆုံခဲ့လျှင် စီးပွားရေး အတွက်လည်း ပူစရာ မလိုတော့ ၊ ပြီးတော့ ဆရာကတော် လို့လည်း အခေါ် ခံရဦးမည် ။ ဒါပေမယ့် အနေအထားတွေ ကို နှိုင်းယှဉ် မိပြန်တော့ စောစောက သန်းမြ  ရဲ့ စိတ်ကူးလေးတွေ သန်းမြ ရင် ထဲ က ကြက် ပျောက် ၊ ငှက်ပျောက် ဖြစ်သွားရ လေသည် ။ ထို့ကြောင့် ကျင်ဆောင် နှင့် မဆုံမိအောင် သန်းမြ  ရှောင်ခဲ့သည် ။ ကျင်ဆောင် ကလည်း သန်းမြ ကို ချဉ်းကပ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသည် ။ သူ့ ညီမ လှရင် ရဲ့ ပါးစပ် ကို ကြောက်လို့သာ ကျင်ဆောင် လက်ရဲဇက်ရဲ မလုပ်ရဲ ။ ယခုတော့ ကျင်ဆောင် နှင့် ဆုံဖြစ်အောင် ဆုံခဲ့လေပြီ ။

“ ကဲ .... ဆေး ထိုးရအောင်နော် ”

ပုလင်းထဲ က ဆေးရည်ကို ပိုက်ဖြင့် စုပ်ယူလိုက်ပြီး ကျင်ဆောင် က ပြောလိုက်သည် ။ သန်းမြ  အရမ်း ရှက် သွားသည် ။ ဘယ်နှယ့်တော် ယောက်ျား တစ်ယောက် ရှေ့မှာ တင်ပါး လှန် ပြရမယ် ဆိုတာ ဖြစ်ကို မဖြစ်နိုင် ၊ ရှက်ကိုးရှက်ကန်း နဲ့ ကျင်ဆောင် ရဲ့ မျက်နှာ ကို ကွက်ခနဲ ကြည့်လိုက်သည် ။ ကျင်ဆောင် ရဲ့ မျက်နှာ က ပကတိ နူးညံ့ တည်ငြိမ်လျက် ရှိသည် ။

မကြာခင်မှာ နေကောင်း သွားမှာ ဖြစ်တဲ့ အကြောင်း ယခု ပေးလိုက်သည့် သောက်ဆေးတွေ ကို လည်း မှန်မှန် သောက်စေလိုကြောင်း နှင့် နက်ဖြန် လည်း ဆေး လာ ထိုးပေးမည့် အကြောင်း စသဖြင့် လေသံအေးအေး နဲ့ ရှင်းပြနေသည့် ကျင်ဆောင် အား သန်းမြ  မကြည့်ရဲအောင် ဖြစ်နေသည် ။ တစ်ကိုယ်လုံး ပူထူ နေပြီး ရှက်လိုက်တာလည်း လွန်ပါရော ၊ ကျင်ဆောင် ကတော့ သူ့ အဖြစ်က မသိကျိုးကျွံဟန် ပြုရင်း ငါးသုံးလုံး စီးကရက် ကို မီးညှိ ရှိုက်ဖွာလိုက်သည် ။

“ မောင်ကျင်ဆောင် ရေ ဆေးဖိုး ဘယ်လောက် ကန်တော့ရမှာတုံးကွယ် ”

အမေ ရဲ့ စကား မဆုံးသေးခင် မှာပင် ကျင်ဆောင် က ကပျာကယာ လက်ကာ ပြလိုက်သည် ။ ဘယ်ဘက် လက်သူကြွယ် မှာ ဝတ်ထားသည့် ရွှေလက်စွပ် တစ်ကွင်း က လက်အမြောက် တွင် ဝင်းခနဲ လက်သွားသည် ။

“ မဟုတ်တာ အမေနု ရယ် ၊ ဆေးဖိုး ပေးစရာ မလိုပါဘူး ။ ကျွန်တော် က ဒါန ပြုတဲ့ သဘောပါ ။ သန်းမြ နဲ့ ကျွန်တော် က လည်း အဲ ”

ကျင်ဆောင် က ပြောရင်းနဲ့ သူ့ ပါးစပ် ကို အချိန်မီ အရှိန်သတ်လိုက် သည် ။ ခဏကြာတော့ ကျင်ဆောင် ပြန်သွားသည် ။ သန်းမြ ရေ ငါ ပြန် တော့မယ်ဟေ့ လို့ နှုတ်ဆက်နေတဲ့ ကျင်ဆောင် ကို ဟုတ်ကဲ့ လို့ ပြော လိုက်မိသလား အင်းလို့ ပြောလိုက်မိသလား ဆိုတာ ဘာ ပြောလိုက်မိမှန်း မသိတော့ ၊ တဖြည်းဖြည်း ဝေး၍ သွားသည့် ဆိုင်ကယ်စက်သံလေး ကို နားထောင်ရင်း သန်းမြ  ရင်အခုန် မပျောက်ချင်သေးပေ ။ ကျင်ဆောင့် ဆေး က စွမ်းလေသလား ၊ ဒါမှမဟုတ် ရှက်စိတ် မွှန်ပြီး စိတ်လှုပ်ရှားနေ တာကြောင့်လား မပြောတတ် ချွေးတွေ ပြန်ပြီး နေရထိုင်ရတာ သက်သာ သလို ရှိသွားသည် ။

“ ဆေးတွေ က အများကြီးပဲကွယ် ပိုက်ဆံ ပေးရရင် နည်းမှာ မဟုတ်ဘူး ”

အမေ က သူ့ လက်ထဲက ဆေးထုပ်တွေ ကို ကြည့်ရင်း ပြောလိုက်သည် ။ အမေ့ စကား ကြောင့် သန်းမြ ရင် မောသွားသည် ။ အမေ ပြောသလို ဆေးတစ်ခါ ထိုးလျှင် ငွေလေးငါးဆယ် အသာလေး ကုန်နိုင်သည် ။ သန်းမြအတွက် ထိုမျှ လောက်သော ငွေ ဆိုတာ နည်းနည်းနောနော မဟုတ် ပေ ။ ကျင်ဆောင် က အမှန်တကယ် စေတနာနဲ့ ပဲ ဖြစ်ဖြစ် ပိုက်ဆံ မယူတာ တော့ အများ အမြင်မှာ မသင့်တော် ။ သူ နဲ့ ကျင်ဆောင် ဟာ ဘာမှ သက်ဆိုင်တာ မဟုတ်ဘဲ ၊ ပတ်ဝန်းကျင် က ကြားလျှင် ကဲ့ရဲ့စရာ ဖြစ်တော့မည် ။ အဲဒီလို အများ အပြောမျိုး သန်းမြ အဖြစ် မခံရဲပါ ။ သည်တော့ ကျင်ဆောင် ကို ဆေးဖိုးငွေ ပေး ကို ပေးရမည် ။ နက်ဖြန် ဈေး ရောင်း ထွက်ပြီး ရစရာ အကြွေးတွေ ကို တောင်း လိုက်လျှင် ဆေးဖိုး ပေးစရာ ငွေ ပြည့် လောက်သည် ။ ဒါပေမယ့် စုစုဆောင်းဆောင်း ရှာဖွေပြီး တစ်ခါတည်း နဲ့ ငါးဆယ် တစ်ရာမျိုး ပက်ခနဲ ကုန်သွားမှာ ကို တော့ သန်းမြ နှမြော သွားမိ၏ ။

( ၃ )

ရွာလယ် ဆီ က ဆိုင်ကယ်စက်သံလေး ကြားရပြန်ပြီ ။ ဆိုင်ကယ်လေး က သခင့် အလိုကို သိဟန်ဖြင့် သန်းမြ တို့ တဲရှေ့ဆီ သို့ ညင်သာစွာ ထိုး ရပ်လိုက်သည် ။

သန်းမြ  ဈေးရောင်း ထွက်သွားသည် ဆိုတော့ ကျင်ဆောင် အံ့အားသင့် သွားသည် ။

“ ဟာ အမေနု ကလည်း တစ်ရက် နှစ်ရက် လောက် အနားယူလို့ ကျွန်တော် ပြောထားတာပဲဗျာ ၊ အခုမှ နာလန်ထစ ရှိသေးတယ် ။ အိပ်ရာ ထဲ ပြန်လဲသွားရင် ခက်မယ် အမေ ”

ကျင်ဆောင် က တဖျစ်တောက်တောက် ပြောလိုက်သည် ။

“ နေကောင်းသွားပြီ လို့ ပြောတာပဲ မောင်ကျင်ဆောင် ရယ် ”  

အမေနု ခမျာလည်း သည့်ထက် ပို မပြောတတ်ပါ ။ တခဏမျှ ဆိုင်ကယ် ပေါ်မှာ ကျင်ဆောင် ငူငူကြီး ထိုင် နေမိသည် ။ ပြီးမှ ခေါင်း တစ်ချက် ခါရမ်းလိုက် ရင်း ဆိုင်ကယ် ကို စက်နှိုး ကာ လာလမ်းအတိုင်း မောင်းထွက်သွားလေ ည် ။

နေ့ခင်း ဈေးရောင်း ပြန်လာတော့ ကျင်ဆောင် လာသည့် အကြောင်း အမေ က တဲပေါက်ဝ မှ ဆီးကြို ပြောလိုက်သည် ။ ဈေးတောင်း ကို အောက် ကို ချလိုက်ရင်း သန်းမြ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည် ။ အဖျား ပျောက်ကာစမို့ သူ့ မျက်နှာလေးက ဖြူဖျော့လျက် ရှိသည် ။

“ သူ့ခမျာ ညည်း ကို မတွေ့တော့ မျက်စိမျက်နှာ ကို ပျက်သွားတာပါ အေရယ် ၊ ငါ့ ကို တောင် အပြစ် တင်သေးတယ် ”

အမေနု က ကျပ်ဆောင် ကို အားနာပြီးရင်း အားနာရင်း ကျင်ဆောင် ဘက်မှ ရှေ့နေ လိုက်ကာ ပြောလိုက်သည် ။

“ သူ့ ကို ဆေးဖိုး ပေးချင်တာနဲ့ ဈေးရောင်း သွားလိုက်တာ အမေ ”

စိတ်မောမော နဲ့ ပြောလိုက်သည့် သန်းမြ ကို ကြည့်ရင်း အမေနု အံ့ အားသင့်သွားသည် ။

“ဟဲ့ သူ က ဆေးဖိုး မပေးနဲ့လို့ ပြောတဲ့ ဥစ္စာ ”

“ပြောတော့ ပြောတာပေါ့ အမေ ရဲ့ ၊ ဒါပေမယ့် ဘယ် ကောင်းပါ့မလဲ ကျွန်မတို့ နဲ့လည်း ဘာမှ ပတ်သက်တာ မှ မဟုတ်ဘဲ ”

သန်းမြ ရှင်းပြလိုက်တော့ မှ အမေ က သဘောပေါက် သွားဟန် ဖြင့် “ အင်း အင်း ” ဆိုကာ ခေါင်းညိတ် လိုက်သည် ။

“ အမ ရေ ထမင်း စားကြစို့ ”

မီးဖိုချောင် မှ လှရင် က သန်းမြ ကို လှမ်း အော်ခေါ်လိုက်သည် ။

“ မစားတော့ဘူးဟယ် ၊ ရင်ထဲ မောပြီး ဘာမှ စားချင်စိတ် မရှိတော့ ဘူး ” ဟု သန်းမြ က ပြန် ဖြေလိုက်သည် ။

“ဟဲ့ သန်းမြ  ထမင်း မစားချင်လည်း ကျင်ဆောင် ပေးထားတဲ့ ဆေး တွေ သောက်လိုက်ဦးလေ ”

“ ဟင့်အင်း မသောက်ချင်ဘူး အမေရာ ၊ ကျွန်မ နေကောင်းသွားပြီ ”

“ ဟယ် ဆေးတွေ က အများကြီးအေ နှမြောစရာကြီး ” ဟု အမေ က ပြန်ပြောသည် ။ အမေ ပြောတာ လည်း ဟုတ်တယ် ။ ဆေးလုံးတွေ က နိုင်ငံခြား က လာတာ ဆိုတော့ တန်ဖိုးငွေ နည်းမှာ မဟုတ်ပေ ။ ကိုကြီးခင် အခိုးထုတ်ဆေး တောင် ၁၅ ကျပ် လောက် ကုန်သည် ။ သန်းမြ က ဆေး ကို မသောက်တာကြောင့် အလကား ဖြစ်သွားမည့် ဆေးလုံးတွေ ကို ကြည့် ရင်း အလွန်ပင် နှမြော မိသည် ။ ကျင်ဆောင် ကို ဆေးတွေ ပြန်ပေးရင် လည်း မကောင်း ။ သူ့ စေတနာ ကို စော်ကားသလို ဖြစ်ပြန်ရော့မည် ။ အမေနု သည် လက် ထဲက ဆေးလုံးတွေ ကို တစ်ခဏမျှ ငေးစိုက် ကြည့် နေသည် ။

ပြီးတော့မှ တစ်စုံတစ်ရာ ကို စဉ်းစားမိဟန်ဖြင့် ယတိပြတ် ဆုံးဖြတ် လိုက်သည် ။

“ ညည်း မသောက်ချင် လည်း ငါ သောက်လိုက်ပါ့မယ်အေ ဒီအတိုင်း ပစ်ထားပြီး အလကား အပျက်အစီး မခံနိုင်ပါဘူးတော် ”

“ အမေ့ သဘောပဲလေ ”  

သန်းမြ က စိတ်ရှုပ်ရှုပ် နဲ့ အမေ့ ကို ပြောလိုက်သည် ။

ထိုနေ့ ည က အမေ သည် ဆေးတွေ အလကား မဖြစ်ရလေအောင် ဆေးတစ်ထုပ် ကို ရေ နဲ့ မျှော ၍ အားပါးတရ သောက်ချလိုက်သည် ။ အဲဒီ အခါမှပဲ အမေနု ရင် ပေါ့သွားသည် ။

ဒါပေမယ့် ခုတင် တစ်ဘက်စွန်း မှာ တော့ ကျင်ဆောင် ကို ဆေးဖိုးငွေ ပေးဖို့အရေး တွေးရင်း နဲ့ စိတ်မောကာ သန်းမြ တစ်ယောက် အိပ် မပျော်ဘဲ ဖြစ်နေရှာ၏ ။

▣  ညိုထွန်းလူ
📖 ဟန်သစ် မဂ္ဂဇင်း
      ဇူလိုင် ၊ ၁၉၉၄

Saturday, March 1, 2025

ပန်းပျိုးလက်


 

❝ ပန်းပျိုးလက် ❞
( ဒေါ်ဖြူဖြူဝင်း ၊ မန္တလေး )

[  မန္တလေးမြို့ မှာ နိုင်ငံခြား နှင့် တွဲဖက်ပြီး မူလတန်းကြိုကျောင်း တစ်ကျောင်း ဖွင့်သည် ဟု စာရေးဆရာ ကိုညီပုလေး က ပြောသည် ။ ကလေး တွေ အခြေခံကောင်း ရ အောင် ရည်ရွယ်ပြီး ဖွင့်လှစ်သည် ဆို၍ စိတ်ဝင်စား သဖြင့် AIT Early Learning Centre တည်ရှိရာ ၇၁ လမ်း ၊ ဗထူး အားကစားပြိုင်ကွင်း အနီး ကို သွားရောက် ပြီး တည်ထောင်သူ ဆရာမ ဒေါ်ဖြူဖြူဝင်း နှင့် တွေ့ ပါသည် ။ ]

••••• ••••• •••••

ကျွန်မ ရဲ့ တူမလေး နဲ့ သား ရဲ့ အတွေ့အကြုံ ကြောင့် AIT က စင်ကာပူ မှာ အခြေစိုက် ထားတဲ့ preschool system ဖြစ်ပြီး ဩစတြေးလျား က မဲလ်ဘုန်းတက္ကသိုလ် နဲ့ ပူးပေါင်း ဆောင်ရွက် ပါတယ် ။ သင်ရိုးညွှန်းတမ်း က လည်း နိုင်ငံတကာ မှာ ရှိတဲ့ AIT တွေ နဲ့ တစ်ပြေးညီ ပါပဲ ။ ကလေး ကို ကစား ရင်း နဲ့ တီထွင်ဉာဏ် စိတ်ကူးစိတ်သန်း တွေ ၊ ရဲဝံ့ပြီး ကိုယ့် ကိုယ် ကို ယုံကြည်တဲ့ စိတ်တွေ ရှိ လာအောင် ပျိုးထောင် ပေးချင်တာပါ ။ မူလတန်း အကြို ကျူရှင် သဘော မဟုတ် ဘဲ ကလေး ကို ဘက်စုံ ဖွံ့ဖြိုး တိုးတက် အောင် ပြုစုပျိုးထောင် ပေးမှာ မို့ Early Learning Centre လို့ နာမည် မှည့် တာ ။

ကျွန်မ အိမ်ထောင် မကျခင် တုန်း က တူမလေး နဲ့ အတူ နီးနီးကပ်ကပ် နေခဲ့ရတယ် ။ တူမလေး ကို မူကြိုကျောင်း တစ်ခု မှာ စ ထားတော့ ကလေး က ငိုတယ် ။ ငို တော့ ဆရာမ က စားပွဲ ကို ကြိမ်လုံး နဲ့ တဖျန်းဖျန်း ရိုက်ပြီး မငို အောင် ခြောက်တယ် ။ ကလေး က ကြောက် တော့ ပို ငို ရော ။ စာသင်ခန်း အတွက် အနှောင့်အယှက် ဖြစ်တယ် ဆိုပြီး တူမလေး ကို အခြား အခန်း တစ်ခု ထဲ မှာ တစ်ယောက် တည်း သွား ပို့ထားတယ် ။ ကလေး က ကျောင်း သွားရ မှာ ကြောက် သွားရော ။ ဒါ ကျွန်မ ကိုယ်တွေ့ ပါ ။

ကျွန်မ သား ကျ တော့ သူ က ကျောင်း နဲ့ သဟဇာတ ဖြစ်တယ် ။ ကျောင်း သွားရတာ ပျော်တယ် ။ ကျွန်မ က သား ကို အိမ် မှာ ဆော့ရင်း ၊ ကစား ရင်း စာ တတ်မှန်း မသိ တတ်သွား အောင် လုပ် ပေးတယ် ။ သူ စာ မလုပ်ခင် မှာ စိတ်ဝင်စားစရာ ဆော့စရာလေး တွေ နဲ့ ကစား ခိုင်းတယ် ။ သူ စိတ်ဝင်စား တာ လုပ် ရတော့ ကလေး က စာကြည့်ခန်း ထိုင် ရ မှာ ပျော်တယ် ။ ကျွန်မ နဲ့ အတူ သင်္ချာ တွက် ရ တာ စာလုပ်ရ တာ ကို သား က လိုလိုလားလား ရှိတယ် ။ သည် အတွေ့ အကြုံ ကို ယူပြီး ကျွန်မ သည် စင်တာ ကို ဖွင့်ဖြစ်တာပါ ။

ဂလိုဘယ်လိုက်ဇေးရှင်း ခေတ် မှာ မြန်မာလူငယ် တွေ က အခြား နိုင်ငံ က လူတွေ နဲ့ မလွဲမသွေ တွေ့ကြုံ ဆက်ဆံကြရမှာပဲ ။ အဲသည် အချိန် မှာ ကျွန်မ တို့ ကလေး တွေ ကို ရှက်စရာ ကောင်း မနေအောင် ကျွန်မ လုပ်ပေး ချင်တယ် ။ လုပ်ပေး ဖို့ ဆိုရင် ငယ်ငယ် ကတည်း က လုပ်ပေး ရမယ် ။ နည်းစနစ် မှန်မှန် လုပ်ပေး ဖို့ လိုမယ် ။

အချို့က preschool ကို International standard ( နိုင်ငံတကာ စံချိန်စံညွှန်း ) မလိုဘူး ပြောတယ် ။ ကျွန်မ က တော့ မြန်မာကလေး တွေ ကို internatonal standard နဲ့ ကြီးပြင်းစေချင်တာပဲ ။

သည်နေ့ ကမ္ဘာ မှာ IT နည်းပညာ ကြောင့် knowledge ( အသိ ပညာ ) ဟာ တစ်ယောက် နဲ့ တစ်ယောက် သိပ် မကွာခြားလှတော့ဘူး ။ သူများ သိတာ ကို သိဖို့ ထက် သူများ မသိမြင် မလုပ်ကိုင်နိုင် တာ ကို လုပ်ကိုင်နိုင်တဲ့ creativity ( ဖန်တီးနိုင်စွမ်း ) က ကမ္ဘာ့ စာမျက်နှာ တိုင်း မှာ သိပ် အရေးပါ လာပါပြီ ။ ကျွန်မ ဆီ က ကလေးတွေ ကို creativity စွမ်းရည် တက် လာအောင် အဓိက ထားတယ် ။ ကလေး တွေ ကို ကစား ရာ မှာ သဲ တွေ ၊ ကာလာ နဲ့ ရယ်ဒီမိတ် ရွှံ့ တွေ နဲ့ ဆော့ ခိုင်းမယ် ။

ကလေး တွေ ကို နိုင်ငံတကာ နဲ့ ရင်ပေါင်တန်း ရာ မှာ နောက်ကျ မကျန်ရစ် အောင် အင်္ဂလိပ်ဘာသာ စကား ကို အခြေခံ ကောင်းကောင်း နဲ့ သင်မယ် ။ ကျွန်မ ဆီ က ဆရာ တစ်ယောက် က အိုင်းရစ် လူမျိုး ပါ ။ သူ က ကလေး တွေ နဲ့ စကား များများ ပြောမယ် ။ ကလေး တွေ ကို ပုံပြင် တွေ ပြောမယ် ။

ကလေး နဲ့ ဆက်ဆံရာ မှာ အင်္ဂလိပ် လို ချည်း ပြောရင် ကလေး က နား မလည်တော့ စိတ်ဓာတ် ကျ တတ်တယ် ။ ကျွန်မ ဆီ က ဆရာ က မြန်မာ လို လည်း တတ်တယ် ။ ကလေး တွေ ရဲ့ ကိုယ့်ကျင့်တရား ၊ ပြုမူနေထိုင် ပြောဆိုမှု ၊ ယဉ်ကျေးမှု ၊ လူလူချင်း စာနာစိတ် ချစ်မေတ္တာစိတ် ထား ဖို့ ပုံပြင်ကလေး တွေ ကျွန်မ တို့ ရှာဖွေ စုဆောင်း ထားတယ် ။

ကျွန်မ တို့ သင်ရိုးညွှန်းတမ်း ထဲ မှာ စားသောက်ခြင်း ဆိုတာ တစ်ခု ပါတယ် ။ ကလေးတွေ အစားအစာ စား ရာ မှာ သင့်တင့် မျှတ အောင် စားသောက်နည်း ကို အသိပညာပေး မှာပါ ။ ယခုအခါ ကလေးတွေ က ဂျယ်လီ တွေ ၊ အချို တွေ သိပ် စားတယ် ။ မိဘ တွေ က လည်း ကလေး တွေ ဝဖြိုး လာ တဲ့ ပြဿနာ ရှိ လာတယ် ။ ကျွန်မ တို့ က ကလေး တွေ ကို အာဟာရ ဖြစ်အောင် စားနည်း ၊ ကျန်းမာရေး နဲ့ ညီညွတ်အောင် ၊ သန့်ရှင်းအောင် စားသောက်နည်း လေး တွေ သွန်သင် ပြသ ပေး မှာပါ ။

ကျွန်မ တို့ က စင်ကာပူ မှာ အခြေစိုက် တဲ့ AIT နဲ့ ပူးပေါင်းဆောင်ရွက် တာ ဆိုတော့ AIT ရဲ့ Academic Board ( ဦးဆောင် ပညာရှင်အဖွဲ့ ) ရဲ့ အကြံဉာဏ် ကို အင်တာနက် က တစ်ဆင့် အချိန်မရွေး ရယူနိုင်ပါတယ် ။ သင်ကြားရေး ပိုင်း တိုင်ပင် လို့ ရတယ် ။

နိုင်ငံခြား သွား တဲ့ မြန်မာ တွေ ထဲ မှာ စုတ်ပြတ်သတ် ပြီး မနေနိုင် လို့ ပြန်ပြေး လာတဲ့ လူ နည်း ပါတယ် ။ မြန်မာ တွေ က ကြိုးစားတယ် ။ ကျွန်မ တို့ ကလေး တွေ ကို နည်းစနစ် မှန်မှန်နဲ့ ပျိုးထောင် ပေးရင် နိုင်ငံတကာ အဆင့် မီမယ် လို့ ကျွန်မ ယုံကြည်တယ် ။ ကျွန်မ မှာ ရှိခဲ့တဲ့ ကလေး တွေ နဲ့ နေတဲ့ အတွေ့အကြုံ ရယ် ၊ AIT က နည်းစနစ် တွေ ရယ် ၊ စေတနာမှန် ရယ် ပေါင်းစပ် ရင် သူတို့ ကို ကျွန်မ မြှင့်တင် ပေးနိုင်မှာ သေချာတယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

ဂြိုလ်ဆိုး


 

❝ ဂြိုလ်ဆိုး ❞  
( ညီမင်းညို )

မဂ္ဂဇင်း မှာ ပါလာတဲ့ ကျွန်တော့် ရဲ့ ကဗျာ ကို ဖတ်ပြီး မျက်ရည် ကျရသတဲ့လား အမေ ရယ် ။ အမေ ဝမ်းနည်း ကြေကွဲရတယ် ဆိုရင် ကျွန်တော် ကကော ပျော်နိုင်ပါ့လား အမေ ။

“ အလွမ်းတွေ နဲ့ ပြည့်နေတဲ့ ကောင်ဆွေးလေး တစ်ယောက် ဟာ ကျွန်တော် ပါ မေမေ ”

“ တစ်ယောက်နဲ့ တစ်ယောက် ဘာသာပြန်မှု လွဲမှားရာ က ကောင်ဆိုးလေး ဖြစ်ခဲ့ရတဲ့ ကျွန်တော့် ကို မေမေ နားလည်နိုင်ပါရဲ့လား ”

အမေ .. ။ အမေ့ ဘဝ ရဲ့ ဂြိုလ်ဆိုး ဟာ ကျွန်တော် တဲ့ လား ။ ကျွန်တော် တောင်းပန်ပါတယ် အမေ ။ မမျော်လင့်ဘဲ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ခဲ့ရတဲ့ ကိစ္စတွေ ပါလို့ အမေ သဘောထား မပေးနိုင်သေးသရွေ့ပေါ့ ။ လူ့လောက ထဲ ကို ကျွန်တော် စတင် ဝင်ရောက်လာတဲ့ အချိန် မှာပဲ အဖေ က အဝေး တစ်နေရာမှာ မတော်တဆ ဖြစ်ရပ် တစ်ခုကြောင့် ကွယ်လွန် သွားခဲ့ရတယ်တဲ့ ။ အဖေ ဆုံးတဲ့ ရက်က ကျွန်တော် မွေးတဲ့ ရက် ။ အဖေ ဆုံးတဲ့ အချိန် နဲ့ ကျွန်တော် မွေးတဲ့ အချိန် က ထပ်တူထပ်မျှ ဖြစ်ရလောက်အောင် ကံကြမ္မာ က တိကျလှချည်လား အမေ ။ နှလုံးသား တစ်ခု ကို နှလုံးသား တစ်ခုနဲ့ အစားထိုး ပေးလိုက်တယ် လို့ အမေ ဘာကြောင့် မဖြေသိမ့်နိုင်ရ တာလဲ ။ ချိန်ကိုက်ဗုံး တစ်လုံးလို အမေ့ ဘဝထဲ ကို ရုတ်တရတ် ဝင်ရောက် ဖောက်ခွဲ လိုက်တဲ့ စနက်တံ တပ် ထားတဲ့ “ ဂြိုလ်ဆိုး ” ဟာ ကျွန်တော် ပဲ ဆိုတာ သေချာရဲ့လား အမေရယ် ။ အဖေ မရှိတော့တဲ့ နောက် ဘဝကို ခက်ခက်ခဲခဲ ရုန်းကန် လှုပ်ရှားခဲ့ရတဲ့ အမေ့ ကို ကျွန်တော် စာနာနိုင်ပါတယ် အမေ ။ အဖေ့ ကို သိပ်ချစ်တဲ့ အမေ ဟာ အဖေ နဲ့ ခပ်ဆင်ဆင် တူတဲ့ ကျွန်တော့် ကို တခါတခါ ခပ်ကြာကြာလေး ငေးကြည့်ရုံ က လွဲလို့ အများအားဖြင့်တော့ အမေ့ ရဲ့ မျက်လုံးတွေ ဟာ နာကျင်မှု အရောင်တွေ နဲ့ စိုလက် တောက်ပ နေခဲ့တာပဲ မဟုတ်လား ။ အမေ့ ရဲ့ အကြော်တဲကလေး မှာ အကြော် လာ စားနေကျ ဖောက်သည်တွေ ကိုလည်း မကြာခဏ ပြောပြတတ် လွန်းလို့ ကျွန်တော် နားရည်ဝ ခဲ့ရပါပြီ အမေ ။

“ ဒီကောင်လေး ဟာ ကျွန်မ ဘဝ ရဲ့ ဂြိုလ်ဆိုးပါပဲရှင် ၊ မွေးတာကလည်း စနေ ၊ သူ မွေးပြီးတာနဲ့ သူ့ အဖေ လည်း သေရရှာတာပါပဲ ၊ စနေဂြိုလ်ဆိုး တစ်ယောက် ဝင် တစ်ယောက် ထွက် ဆိုတာ ဒါပဲ နေမှာပါ ၊ ကြည့်ပါလား ၊ ကလေး က ကလေး နဲ့ မတူဘူး ၊ မျက်နှာ က ရှုတည်တည် နဲ့ ၊ ကျွန်မ ဘယ်လောက် ရိုက်ရိုက် ဘယ်တော့မှ မငိုတဲ့ ဂြိုလ်ဆိုးလေးလေ ” တဲ့ ။

ဪ .. အစွဲအလန်း ကြီးလှချည်လား အမေ ရယ် ။

•••••   •••••   •••••

ကျွန်တော် စကား ပြောတတ်စ လမ်းလျှောက်တတ်စ အရွယ် ရောက်တော့ ကျွန်တော့် ကို မြှူချင်တဲ့ ချော့ချင်တဲ့ ကလေး ချစ်တတ်တဲ့ အိမ်နီးနားချင်း အချို့ တောင် အမေ့ ရှေ့မှာ ကျွန်တော့် ကို မမြှူ ၊ မချော့ရဲခဲ့ကြပါဘူး ။ အမေ မရှိတဲ့ အခါမျိုးတွေ မှ သာ ကျွန်တော့် ကို ချော့မြှူ ကျီစယ်လေ့ ရှိကြပါတယ် ။ ကျွန်တော် ကလည်း ကျွန်တော် ပါပဲ ငယ်ငယ် ကတည်းက အပြောအဆို မတတ်ခဲ့တော့ ပို မုန်းစရာ ဖြစ်ခဲ့ရတာပေါ့ ။ ကျွန်တော့် အပေါ် သံယောဇဉ် ကြီးတဲ့ ဦးလေးထွန်း နဲ့ ကြီးကြီးတို့ လင်မယား က ကျွန်တော့် ကို မုန့်ကလေး ပဲကလေး က အစ ဝတ်စရာ အဝတ်စား အဆုံး အမြဲတမ်း ပေးကမ်း နေကျလေ ။ ဦးလေးထွန်း ပြောပြလို့ ကျွန်တော် ပြန်သိရတာ ။ ခုနေခါ ရယ်စရာတော့ ကောင်းသား အမေ ရဲ့ ။

ကျွန်တော် ငယ်ငယ် က “ ဟေ့ကောင်လေး မင်း နာမည် ဘယ်သူလဲ ” လို့ မေးရင် စကား မပီတပီ နဲ့ “ ဂျိုဂျိုး ” လို့ ပြန် ဖြေ တတ်တယ်တဲ့ ။ အဲဒါကို အမေ က

“ ကြည့်ပါလား လူ က ခုမှ လက်တောက်လောက် ရှိသေးတယ် ၊ ရွဲ့ချင် စောင်းချင် နေပြီ ၊ တကယ်ပါရှင် ၊ ကျွန်မ ဘဝ အတွက်တော့ ဒီကလေး ဟာ တကယ့် ဂြိုလ်ဆိုးလေးပါပဲ ” တဲ့ ။

ကျွန်တော် ဟာ အမေ့ ဘဝ အတွက် တကယ်ပဲ ဂြိုလ်ဆိုးလေး ဖြစ်ခဲ့ ဦးတော့ ရှင်သန်ခွင့်တော့ ရှိရဲ့ မဟုတ်လား အမေ ။ ကျွန်တော့် ကို ဘယ်လောက် မုန်းမုန်း ကျွန်တော် ကတော့ အမေ့ ကို ချစ်တယ် အမေ ။ ကျွန်တော့် ကို အမေ မုန်းတယ် ဆိုတာ တကယ်ကော သေချာပါရဲ့လား ။ ကျွန်တော် ကတော့ မယုံဘူး အမေ ။ ကျွန်တော် အဖျားတွေ ကြီးတုန်းက အကြော် မထွက်နိုင်လို့ အမေ့ ပါးစပ် က တဗျစ် တောက်တောက် ရေရွတ် နေပေမယ့် အဲဒီနေ့ တစ်နေ့လုံး အစိုးရိမ် ကြီးစွာနဲ့ ကျွန်တော့် အပါး မှာ အမေ ရှိနေခဲ့တာပဲ မဟုတ်လား ။ ကျွန်တော် နေကောင်းလို့ အမေ ဆိုင် ပြန်ထွက်တော့ သတင်း မေးတဲ့ သူတွေ ကို အမေ ပြန် ပြောနေတာလေ ။

“ ကျွန်မ ကို မွေး ကတည်းက ဒုက္ခပေးတဲ့ ကောင် နေမကောင်းလို့ ဆက်ပြီး ဆက်ပြီး ဒုက္ခပေး နိုင်အောင် ပြုစု နေရတယ် တော်ရေ ” တဲ့ ။

ဒီလိုနဲ့ ကျောင်း နေရမယ့် အရွယ် ရောက်တော့ ရပ်ကွပ် ထဲက မူလတန်း ကျောင်းလေး မှာ ကျွန်တော့ ကို အမေ ကျောင်းစ ထားပေးတယ် ။ အမေ့ ပါးစပ်က ဘာတွေ ပြောပြော ကျွန်တော့် အတွက် လိုအပ်တာ မှန်သမျှတော့ အမေ လုပ်ပေး နေတာပဲ မဟုတ်လား ။ အဲ့ဒါ ကျွန်တော့် အပေါ် ထားရှိတဲ့ အမေ ရဲ့ မေတ္တာတွေ ပဲပေါ့ ။ ကျွန်တော် သိပါတယ် အမေရယ် ။ အမေ တလျှောက်လုံး ခေါ်ခဲ့တဲ့ နာမည် ဂြိုလ်ဆိုး လေ ။ ဒါကို ဦးလေးထွန်း နဲ့ ကြီးကြီးတို့ က မကြိုက်လို့တဲ့ ၊ မခင်လှ ရဲ့ ကလေး အပေါ် ဒီလောက်လည်း အစွဲအလန်း မကြီးပါနဲ့အေ ၊ ကလေး မှာ ဘာ အပြစ်မှ မရှိဘူး ၊ ဟိုလူ ပြော ဒီလူ ပြောတွေ ကို ခေါင်းထဲ ထည့် မနေစမ်းနဲ့ ” ဆိုပြီး “ နင့်ကလေး က စနေသား ဆိုတော့ သူ့ရဲ့ ပဉ္စပွတ် က ဗုဒ္ဓဟူး ၊ ဆပွတ် က ကြသပတေး ၊ အညွန့် က တနင်္ဂနွေ ၊ ဒီတော့ကာ ရဲမင်းအောင် လို့ပေး ၊ ဟုတ်ပြီလား နာမည်ပေးခ ကတော့ အကြော် တစ်ပွဲ ပဲဟေ့ ” ဆိုပြီး ကျွန်တော့် နာမည် ကို ရဲမင်းအောင် လို့ ဦးလေးထွန်း က ပေးခဲ့တယ် မဟုတ်လား အမေ ။

ကျွန်တော် က လည်း နည်းနည်း ခေါင်းမာ တတ်တယ် အမေရဲ့ ။ ကျွန်တော့် ကို နာမည် မေးရင် ရဲမင်းအောင် လို့ ဘယ်တော့မှ မပြောမိဘူး အမေ ။ အမေ ပေးတဲ့ ကျွန်တော့် ရဲ့ ငယ်နာမည် ဂြိုလ်ဆိုး လို့ပဲ ပြောလေ့ ရှိတယ် ။ ကျောင်း စ အပ်တုန်းက ဆရာမ က ကျွန်တော့် ရဲ့ နာမည် မေးတော့ ကျွန်တော် က ထုံးစံအတိုင်း ဂြိုလ်ဆိုး လို့ပဲ ဖြေလိုက်တာပေါ့ အမေ ။ အမေ က ကျွန်တော့် ကို မျက်လုံးပြူး မျက်ဆံပြူးနဲ့ “ ဟဲ့ .... ဒီကလေး ဟာလေ ရွဲ့စောင်းစောင်း နဲ့ ၊ အဲဒါသာ ကြည့်တော့ ဆရာမ ရေ ၊ကောင်လေးက ငယ်ငယ် ကတည်းက ဇလေးနဲ့ ” ဆိုပြီး ကျွန်တော့် နာမည် ကို ရဲမင်းအောင် လို့ ဆရာမ ကို ပြန်ဖြေပါတယ် ။ ဒါပေမယ့် ကျွန်တော် က အမေ့သား ပဲ အမေရာ ။ ကျောင်း လည်း နှစ်ပတ်လည် လောက် တက်ပြီးရော ကျွန်တော့် နာမည် ဂြိုလ်ဆိုး ဆိုတာ တစ်ကျောင်းလုံး သိသွားတာပဲ မဟုတ်လား ။

•••••   •••••   •••••

“ ဘယ်တော့မှ မချိုမြိန် နိုင်တဲ့ သစ်သီး တစ်လုံးဟာ ကျွန်တော် ဖြစ်ဦးတော့ ရင့်မှည့်ခွင့် တော့ ရှိရဲ့ မဟုတ်လား အမေ ”

အမေ့ ရဲ့ ဂြိုလ်ဆိုးလေး က ကျောင်း မှာ နာမည် ကျော်တယ် မဟုတ်လား အမေ ။ အမေ့ သား က စာတော်တယ် ဆိုတော့ သူငယ်တန်း ကနေ စတုတ္ထတန်း အထိ ဆုမရတဲ့ နှစ် ရှိခဲ့ဖူးလား အမေ ။ ကျွန်တော့် ဘဝရဲ့ အရေးအကြီးဆုံး လူတွေ ထဲမှာ အမေ ကတော့ ဂြိုလ်ဆိုးလေး ရဲ့ ထာဝရ နံပါတ်တစ် ပေါ့ အမေ ။ ပြီးရင် ကျွန်တော့် ကို ငယ်ငယ် ကတည်းက ပြုစု စောင့်ရှောက်ပေးခဲ့တဲ့ ၊ အခုချိန် အထိလည်း ကျွန်တော် လိုအပ်တာ မှန်သမျှ ကို တတ်နိုင်သမျှ ဖြည့်ဆီးပေးခဲ့တဲ့ ဦးလေးထွန်း နဲ့ ကြီးကြီး တို့ မိသားစု ပဲပေါ့ ။ ကျွန်တော် စာရေးစာဖတ် ဝါသနာ ပါတာ ကို သိလို့ ဟိုးငယ်ငယ် ကတည်း က ရွှေသွေး တို့ ၊ တေဇ တို့ ကို ကျွန်တော့် အတွက် ဦးလေးထွန်း က အမြဲ ဝယ်ပေးနေ ကျလေ ။ အခုဆို ကျွန်တော် က ဦးလေးထွန်း ရဲ့ စာအုပ်စင် က ကတ်ထူဖုံးနဲ့ စာအုပ် တွေတောင် ကိုင်ခွင့် ရနေပြီ အမေ ။

ဆုနှင်းသဘင် အခမ်းအနား ကို အမေရယ် ဦးလေးထွန်း နဲ့ ကြီးကြီး တို့ လင်မယားရယ် နှစ်စဉ် အမြဲ တက် နေကျလေ ။ အဲ့ဒီလို ကျွန်တော့် ရဲ့ အောင်မြင်မှု တွေ ကိုတော့ အမေ ကျေနပ်တယ် မဟုတ်လား အမေ ။ ကြည်နူး နေတဲ့ အမေ့ ရဲ့ မျက်နှာ မှာ ဝေ့ဝေ့ဝဲဝဲ နဲ့ မျက်ရည်စတွေ က နေရာ ယူလို့ပေါ့ ။ ပြီးတော့ အမေ က ပြောသေးတယ် ။

“ သူ့ သား ဂြိုလ်ဆိုး နဲ့ ယှဉ်ပြိုင်ရတဲ့သူတွေ အားလုံး ခုတော့ တကယ့် ဂြိုလ်ဆိုး နဲ့ တွေ့ ရသလို ဖြစ်သွားပြီပေါ့ ” တဲ့ ။ ကျွန်တော့် အတွက် ဂုဏ်ယူနေတယ် မဟုတ်လား အမေ ။ ရပ်ကွက် ထဲ က မူလတန်းကျောင်းသားလေး ကနေ ဘဝ ရဲ့ ပညာရေး ခရီး ကို ဇွဲ ၊ လုံ့လ အပြည့် နဲ့ မရပ်မနား ဆက်လာခဲ့တဲ့ ကျွန်တော် ဟာ ခုတော့ ဆေးကျောင်းသားကြီး တစ်ယောက် ဖြစ်လို့ နေပြီလေ ။ ကျွန်တော် ဆယ်တန်း ကို ဘာသာစုံ ဂုဏ်ထူး နဲ့ အောင်တော့ အဲ့ဒီနေ့ က အမေ့ ရဲ့ အပျော် ကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး အမေ ။ ကျွန်တော် ဟာ အမေ့သား ဆိုပေမယ့် အမေ့ ရဲ့ အကြင်နာ နဲ့ နွေးထွေးမှု ကို မရတစ်ချက် ရတစ်ချက်မို့ ဓာတ်ခဲ အားနည်း နေတဲ့ နာရီတစ်လုံး လို မေတ္တာတရား နဲ့ ပတ်သတ်တဲ့ အချိန်ကာလလေးတွေ ကို နှေးကွေးလေးလံစွာ ဖြတ်သန်း နေခဲ့ရသူ မဟုတ်လား အမေ ။

•••••   •••••   •••••

“ မေတ္တာတရား ဟာ အလျားအနံ မရှိပေမယ့် အသွားအပြန် တကယ်ရှိ ကြေး ဆို ကျွန်တော် ဟာ မေမေ့ သားပါ ”

ကျွန်တော် ဆယ်တန်း အောင်စာရင်း ကြည့်ပြီး ပြန်လာတော့ အမေ့ ရဲ့ အကြော်ဆိုင် ကို တန်း မဝင်ဘဲ သူငယ်ချင်း မြင့်နိုင် ကို အမေ့ ဆီ အရင် လွှတ်လိုက်တယ် ။ အမေ မေးရင် ကျတယ်လို့ ဖြေဖို့ လည်း တစ်ခါတည်း မှာလိုက်တယ် ။ ကျွန်တော် က တော့ အမေ့ ရဲ့ အကြော်တဲလေး ဘေးနား က ညောင်ပင်ကြီး ကို ကွယ်လို့ပေါ့ ။ အမေ က အကြော် ကြော် နေရာ က နေ မြင့်နိုင် ကို လှမ်း ကြည့်ပြီး “ ဘယ်လိုလဲဟေ့ ” ဆိုပြီး လှမ်းမေးတယ် ။ မြင့်နိုင်ကလည်း ကျွန်တော် မှာထားတဲ့ အတိုင်း မျက်နှာ သေးသေးလေး နဲ့ “ ဂြိုလ်ဆိုး ကျတယ် အဒေါ် ” လို့ လည်း ပြောလို့ရော အမေ က မျက်နှာ ကို ဆတ်ကနဲ မော့လို့တယ် ။

“ ဘာ .. ကျတယ် ၊ ဟုတ်လား မောင်မြင့်နိုင် ၊ နင် ဘာတွေ ပြောတောလဲ ၊ ငါ့ သား ဂြိုလ်ဆိုး ရဲ့ ရာဇဝင် မှာ ကျတယ် ဆိုတာ မရှိဘူး ၊ ပညာရေး မှာ ငါ့သား တလျှောက်လုံး ထူးချွန်ခဲ့တာကို မင်း လည်း အသိပဲ ၊ အေး ဆယ်တန်း က နတ်ကြီး လွန်းလို့ ကျသွားတယ် ဆိုရင်တောင် ငါ့ ရင် ထဲမှာတော့ ငါ့သား ဂြိုလ်ဆိုး ဟာ အမြဲ အောင်မြင်ထူးချွန်နေမယ့် သူပဲ ဆိုတာ မင်း မှတ်ထားလိုက် ” ဆိုပြီး မြင့်နိုင် ကို မဆီမဆိုင် ကြိမ်းမောင်းတော့တာပဲ ။ တကယ်ပါ အမေ ။ ကျွန်တော် လေ အမေ့ ရဲ့ ကျွန်တော့် အပေါ် ယုံကြည်စိတ် ကို မျက်ဝါးထင်ထင် အဲ့သလို တွေ့ မြင်လိုက်ရတော့ ကျွန်တော် ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ဘူးအမေ ။ တစ်သက်လုံး ထူပေတာပေ ခံပြီး မျက်ရည်တစ်စက် မကျခဲ့တဲ့ကောင် ၊ ခုတော့ ကျွန်တော် ငိုမိပြီ အမေ ၊ ညောင်ပင် အကွယ်ကနေ ပြေးထွက်လာတဲ့ ကျွန်တော့် ရဲ့ မျက်ဝန်းအိမ် မှာ မျက်ရည် တွေ နဲ့ ။

အမေ က ကျွန်တော့် ပုခုံး ကို ဖက်ပြီး “ ဒီနှစ် မအောင်လည်း နောက်နှစ်ပေါ့ သားရယ် ၊ စိတ်ဓာတ် မကျစမ်းပါနဲ့ ၊ မင်း မှာ အမေ တစ်ယောက်လုံး ရှိပါသေးတယ်ဟဲ့ ” ဆိုပြီး ကျွန်တော့် ကို နှစ်သိမ့် နေပါရောလား ။ ကျွန်တော် ဘယ်လိုမှ တင်း မထားနိုင် တော့လို့ ဒီတစ်သက် ဒီအရွယ် အထိ ကျွန်တော် တစ်ခါမှ မပြုခဲ့ဖူးတဲ့ အပြုအမူ ကို ကျွန်တော် လုပ်မိပြီ အမေ ။ ကျွန်တော် အမေ့ ရင်ခွင်ထဲ ခေါင်းတိုး ဝင်ပြီး အားပါးတရ ငိုချလိုက် ချိန်မှာ အမေ ကတော့ ကျွန်တော့် ဆံပင်တွေ ကို ပွတ်သပ်လို့ပေါ့ ။

“ မဟုတ်ဘူး အမေ ၊ မဟုတ်ဘူး ၊ ကျွန်တော် စာမေးပွဲ ကျလို့ ငိုတာ မဟုတ် ဘူး ၊ ကျွန်တော် စာမေးပွဲ မကျပါဘူး ။ အမေ့သား ဂြိုလ်ဆိုး ပါ အမေရဲ့ ၊ ကျွန်တော် လေ ... ကျွန်တော် ဘာသာစုံ ဂုဏ်ထူးနဲ့ ကို အောင်တာပါဗျ ” လို့ ငိုသံပါကြီး နဲ့ ပြောလိုက်ရော အမေ လေ ... ကြင်နာနူးညံ့တဲ့ အကြည့်တွေ နဲ့ ကျွန်တော့် ကို ခပ်တင်း တင်း ပြန် ဖက်ထားရင်းက မျက်ရည်တွေ ကျလာတော့တာပဲ မဟုတ်လား ။ မြင့်နိုင် ကတော့ ကျွန်တော်တို့ သားအမိ ကို ကြည့်ပြီး နားလည်ရ ခက် နေတော့မှာပဲ ။ အမေ က ငိုလို့ လည်း အားရရော “ မောင်မြင့်နိုင် မင်း ကို အဒေါ် ပြောတယ် မဟုတ်လား ၊ အဒေါ့် သား ဂြိုလ်ဆိုး က အမြဲ အောင်မြင်ထူးခွန်မယ့် သူပါလို့ ” ဆိုပြီး ကျွန်တော့် ကို ပြုံးပြုံးကြည့် နေတော့တာပဲ ။ အဲဒီ နေ့ဟာ ကျွန်တော့် ဘဝမှာ အမေ့ ရင်ခွင် ထဲကို ဝင်ပြီး အတိအလင်း ငိုခွင့် ရခဲ့တဲ့ နေ့ တနေ့ပေါ့ အမေ ။ ကျွန်တော့် အပေါ် ထားရှိတဲ့ အမေ့ ရဲ့ မေတ္တာထုထည် အတိုင်းအဆ ပမာဏ ကို မြင်ခွင့်ရလိုက်တဲ့ နေ့ ဆိုရင်လည်း မမှားဘူးပေါ့ အမေ ။

“ မျိုးစေ့တစ်ခြား ဗီဇတစ်ခြား နဲ့ သား ၊ စိုက်ပျိုးသမျှ ရိပ်သိမ်းရ ခက်နေပြီ တဲ့လား ၊ အဆိပ် ကို အဆိပ်ချင်း ၊ လက်နက် ကို လက်နက်ချင်း ဘယ်တုန်းကမှ သား မတုံ့နှင်းခဲ့ဘူး မေမေ ”

“ မေမေ ”

•••••   •••••   •••••

“ တကယ်ဆို ကျွန်တော် ဟာ အလွမ်းတွေ နဲ့ ပြည့်နေတဲ့ ကောင်ဆွေးလေး တစ်ယောက်ပါ မေမေရယ် ”

အမေ့ ရဲ့ မေတ္တာ ၊ ဦးလေးထွန်း နဲ့ ကြီးကြီး တို့ရဲ့ ဝိုင်းဝန်း ကူညီမှုတွေ နဲ့ ကျွန်တော် ဆေးကျောင်း တက်နိုင်ခဲ့ပြီ အမေ ။ တစ်ဖက်က လည်း ဆယ်တန်းကျောင်း သားတွေ ကို Guide လုပ်လို့ရတဲ့ ဝင်ငွေလေး နဲ့ ဆိုတော့ အခက်အခဲ သိပ် မရှိဘူးပေါ့ အမေ ။ ဒါပေမယ့် ကျွန်တော် အများကြီး ကြိုးစားရဦးမယ် ။ အခုလို အမေ အကြော် ကြော်နေစရာ မလိုတော့တဲ့ အထိလေ ။

ဦးလေးထွန်း ရဲ့ မြေတောင်မြှောက် ပြုစုပျိုးထောင် ပေးမှုတွေ ကြောင့် ကျွန်တော် စာရေးစာဖတ် ဝါသနာ ပါတာ အမေ လည်း သိသားပဲ ။ ကျွန်တော့် ရဲ့ စာမူလေးတွေ မဂ္ဂဇင်း မှာ သုံးလ တစ်ခါ ၊ လေးလ တစ်ခါ ဆိုသလို မကြာခဏ ပါလာတတ်တယ် အမေ ။ ကျွန်တော့် ရဲ့ ပထမဆုံး ဖော်ပြခံရတဲ့ ကဗျာ ကို ဖတ်ပြီးတော့ အမေ ငိုပါရောလား ။ ကျွန်တော့် ကို ခွင့်လွှတ်ပါ အမေ ။ အမေ ကြေကွဲ ဝမ်းနည်းအောင် ကျွန်တော် ရေးတာ မဟုတ်ပါဘူး ။ အနုပညာတရပ် က ခံစားချက် ပါမှ သာ အောင်မြင် နိုင်တယ် မဟုတ်လား အမေ ။ ကျွန်တော့် ရဲ့ ကဗျာ ကို အဆုံးထိ လည်း ဖတ် ပြီးရော အမေ လေ ကျွန်တော့် ကို မျက်ရည်စတွေ နဲ့ ခပ်ငေးငေး ကြည့်ရင်းက ကျွန်တော့် နဖူး ဆံစ ကို အသာအယာ နမ်း လိုက်ပါတယ် ။

ကျွန်တော့် ရဲ့ နှာဖူး ထက် က အမေ့ ရဲ့ အနမ်း ဟာ ကျွန်တော့် ရဲ့ နှလုံးသား ထဲ အထိ ကျွံကျ သွားခဲ့ပြီ အမေ ။ ကျွန်တော့် တစ်သက်လုံး နွေးထွေးစွာ လောင်ကျွမ်း တောက်ပ သွားတော့မယ် ဆိုတာ အမေ ယုံပါရဲ့လား ။

ဒီလိုနဲ့ နောင် တစ်နှစ် နှစ်နှစ် မှာ အမေ့သား က ဒေါက်တာ ဂြိုလ်ဆိုး ဆိုပြီး ဖြစ်လာဦးတော့မယ် ။ အဲဒီ အခါမှာ တစ်သက်လုံး ပင်ပမ်းဆင်းရဲခဲ့ရတဲ့ အမေ့ အပေါ် ဖိစီးနှိပ်စက်ကြမယ့် အနာရောဂါ ဂြိုလ်ဆိုးတွေ ကို ခုခံကာကွယ်ဖို့ အမေ့ သား ဒေါက်တာ ဂြိုလ်ဆိုး က တာဝန် ယူနိုင်ပြီ မဟုတ်လား အမေ ။

ဘာပဲဖြစ်ဖြစ် ကျွန်တော် ဟာ အမေ့ ရဲ့ သား ဂြိုလ်ဆိုးလေး ပဲ ပေါ့ အမေ ရယ် ။

▣ ညီမင်းညို

📖 တစ်ယောက်တစ်ဘဝ ( ၂ )

ဗျဂ္ဃ ( ချစ်ဦးညို )


 ❝ ဗျဂ္ဃ ❞

( ချစ်ဦးညို )


နေလုံးကြီး ဟာ ဟိုး အနောက်ဘက် တောင်တန်းအစွယ် ပေါ် မှာ မေးတင် ထားရာ က နေ ပြုတ်ကျသွားတယ် ။ ရှည်လျားတဲ့ နေရောင်ခြည်တန်း အလင်းမျှင်တွေ လည်း ချက်ချင်း ဆိုသလိုပဲ ဖြုတ်ခနဲ ပျောက်သွားတယ် ။


လက် ထဲ က ဓားရိုး ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း တံခါးနီမှူးကြီး ကို ကျုပ် တစ်ချက် လှမ်း ကြည့်လိုက်တယ် ။ တံခါးနီမှူးကြီး က ခေါင်း တစ်ချက် ညိတ် အပြမှာပဲ ... ။ 


ကျုပ် လက် ထဲ က ဓား အပေါ်  ကို မြောက်ကြွ သွားတယ် ။


ပြီးတော့ အောက်ပြန်အကျ ... ။


တစ်ချက်ကလေးတောင် မအော်နိုင်ပါဘူး ။ ဘာ ဝေဒနာ ကို မှ လည်း ခံစား မသွားရပါဘူး ။ ငမိုက်သား ရဲ့ ဦးခေါင်း ဟာ သူ့ ကိုယ် ကနေ လွင့်စင် သွားတယ် ။ ငေါက်ခနဲ ပန်းထွက် လာတဲ့ သွေးတွေ ကို တပည့်ကျော် “ ငဆွံ့ ” က အင်တုံနဲ့ ခံပြီးတော့ ထုံးစံ အတိုင်း သူသ,တ်ကုန်း မြေပေါ်ကို ဖျန်းပက် လိုက်တယ် ။


ခွေးကြီး ဗျဂ္ဂ က လည်း ရှည်ရှည်လျားလျား အူတယ် ။


အမှောင် သန်းပြီ ။


အင်း ... ရာဇဝတ်သား တစ်ယောက် လည်း သူ့ လမ်း သူ သွားခဲ့ပြီပေါ့ ။


တစ်နေ့တာ အတွက် တာဝန် ပြီးပြန်ပြီ ။ 


သူသ,တ်ကုန်း ထောင့် က တဲ ဆီ ကို ကျုပ် ပြန်လာခဲ့ ရတယ် ။ ကိုယ်တိုင် ချက်ထားတဲ့ မီးတောက်အရက် ကို သောက်မယ် ။ ထမင်း စားမယ် ။ ပြီးတော့ အိပ်မယ် ။


••••• ••••• •••••


အမောင်တို့ အမိတို့ သိချင်သာ ဆိုလည်း ပြောရတာပ ။ 


ကျုပ် နာမည် က ဗျဂ္ဃ တဲ့ ။ နေပြည်တော်သူ နေပြည် တော်သား တွေ ကတော့ မကောင်းဆိုးရွားကောင်ကြီး ဗျဂ္ဃ လို့ ခေါ်ကြလေရဲ့ ။ ဒါကလည်း သူတို့ ဘာသာ သူတို့ အချင်းချင်း စကားပြောရင်း ကျုပ် ကို အမည် တပ်ကြတာပါ ။ တကယ်တော့ ကျုပ် ကို စေ့စေ့တောင် မှ ကြည့်ရဲကြတာ မဟုတ်ပါဘူး ။


ကျုပ် နဲ့ မတွေ့ချင် ၊ မဆုံချင် ၊ အသိအကျွမ်း မဖြစ်ချင်ကြဘူး ။


ကျုပ် ရှိရာ အရပ် ကို လည်း မလာချင်ကြဘူး ။ ဘယ် လို အကြောင်းကြောင့် နဲ့ မှ ကျုပ် နဲ့ မပတ်သက်ချင်ကြ ဘူးလေ ။


ဟား ... ဟား ... ဒီလိုပဲ ဖြစ်ရမှာပေါ့ ။ 


အမောင်တို့ အမိတို့ ကော ကျုပ် နဲ့ ပတ်သက်ချင် ကြသလား ။ မပတ်သက်ချင်ကြနဲ့ ။ ကိုယ်ကျိုး နည်း သွားမယ်နော် ။


အေးလေ ... သူသ,တ်ကုန်းက အာဏာပါးကွက်သားကြီး ဗျဂ္ဃ ဆိုတာ လူတွေ အတွက် ခင်မင်နှစ်လိုဖွယ် မှ မဟုတ်တာကလား ။ ကျုပ် ဆီ ရောက်လာတဲ့ သူ တွေ ဟာ မြို့ဝန်မင်း ရဲ့ အမိန့်တော် အရ ရာဇဝတ် သင့် လာ သူတွေချည်းပဲ ။ တောပုန်းဓားပြတွေ ၊ မုဒိမ်းတန္တတွေ ၊ ဘုရင်မင်းမြတ် ကို ပုန်းစားခြားနားသူတွေ ။


ဓား တန် ဓား ၊ ပုဆိန် တန်ပုဆိန် ၊ ဝါးရင်းတုတ် တန် ဝါးရင်းတုတ် အပြစ် ကြီးငယ် လိုက်ပြီး ကျုပ် က သင်းတို့ ကို စီရင် ပေးရတယ် ။ အင်း ... စီရင် ပေးရတယ် ဆိုတဲ့ စကား လုံး ကျုပ် ဟာကျုပ် တယ်ကြိုက် ။ ဟုတ်သပ ။ နေပြည်တော် က လူတွေ ကတော့ ကျုပ် ကို လက်မရွံ့ ပါးကွက်သားကြီး တဲ့ ။ လူ့ဘီလူးကြီး တဲ့ ။ လူ့ခန္ဓာကိုယ် ရှိတဲ့ တိရိစ္ဆာန်ကြီး တဲ့ ။ ငရဲသားကြီး တဲ့ ။ စုံလို့ပါပဲ ။ အမည်နာမ ပေါင်း များစွာ နဲ့ သိဒ္ဓိ တင်ပေး နေကြတာ ။ အင်း ... ဇနပုဒ်သားတွေ ကတော့ သူသ,တ်သမားကြီး တဲ့ လေ ။


ဒီ “ သ,တ် ” ဆိုတဲ့ စကားအသုံး ကျုပ် တယ် မကြိုက်ချင်ဘူး ။


ကျုပ် အလုပ် နဲ့ သိပ် မအပ်စပ်ဘူး ။ ဒီ စကားလုံးဟာ ။ 


အမှန်က စီရင် ပေးရတာ ။ စီရင် ရတာ ။


ကြည့်လေ ။ ဓား နဲ့ လား ၊ ပုဆိန် နဲ့ လား ၊ ဝါးရင်းတုတ်  နဲ့ လား ။ ဘာနဲ့ပဲ အလှည့် သင့်သင့် ။ ရာဇဝတ်သား ဝေဒနာ မခံစားရအောင် ကျုပ် က တစ်ချက် နဲ့ အပြီး လုပ် ပေးရတာ ။ သွေးရူးသွေးတန်း ထ ပြေးတာ ၊ အော်ဟစ် နေတာ မျိုး မရှိစေရ ။ တစ်ချက် မှ တစ်ချက်တည်း ။ ဒီလို ဗျဂ္ဃမျိုးပါ ။ ဟေး ... ဟေး ... ဟေး  ။


တစ်ခုတော့ ရှိသပေါ့လေ ။ ရာဇဝတ်သားတွေ ဟာ ကျုပ် ဆီ ရောက်လာပြီး တုံးပေါ် လည်စင်း ပေးတဲ့ အချိန် ထိတော့ ကယောင်ကတမ်း ဖြစ်နေကြတာပါပဲ ။ တချို့ဆို ကြောက်လွန်း အားကြီးပြီး ကျုပ် ဘာမှ မလုပ်ခင် မှာပဲ ရူး တဲ့ လူ ရူး ၊ မေ့ တဲ့ လူ မေ့ ၊ နှလုံးသွေး ရပ်တဲ့ လူ ရပ် နဲ့ ။


အမှန်က ကျုပ် လက် ကြောင့် မို့တော့ ဘာမှ အနာတရ မခံစားစေရဘူး ။ ဘယ်နဲ့ ဗျဂ္ဃတို့ ပါးကွက်သား လုပ် လာတာ ကြာပြီပဲဟာ ။


ကျုပ် က ကျုပ် အလုပ် သိပ် ဂုဏ်ယူတာ ။ လောက မှာ ဘယ်သူမှ မလုပ်ရဲ ၊ မလုပ်ချင် ၊ မလုပ်တတ်တဲ့ အလုပ်မျိုး ရှားရှားပါးပါး ကျုပ် တစ်ယောက်တည်း ရှိတာ ။ ဪ ... ကျုပ် တစ်ယောက်တည်း ဆိုရင် စကား မုသား ပါ နေဦးမယ် ။


ခွေး တစ်ကောင် ရှိတယ် ။ မထူးပါဘူး ။ လူ နဲ့ ခွေး ဆိုပေမယ့် အမှန်က ကျုပ် လက်အောက် မှာ လူ တစ်ယောက် နဲ့ သတ္တဝါ နှစ်ကောင် ပဲ ဆိုကြပါစို့ ။ ဟုတ်တယ်လေ ၊ ငဆွံ့ ဆို တဲ့ အကောင် က လူ ဖြစ်နေလို့သာ လူ လို့ ခေါ်ရတာ ။ တိရစ္ဆာန် တစ်ကောင် နဲ့ ဘာမှ မခြားဘူး ။ နာမည် နဲ့ လည်း ကိုက်ပါ့ ။ စကား မပြောတတ် ၊ နား မကြား ။ အဲ ... အထင် တော့ မသေးလေနဲ့ဗျာ ။ ငဆွံ့ ကလည်း သူ့ အလုပ်တော့ သူ အင်မတန် ကျွမ်းကျင်တာ ။ သူ့ အလုပ် က ဒီလိုလေ ၊ ကျုပ် စီစဉ်လိုက်တဲ့ ရာဇဝတ်သား ရဲ့ အလောင်း ကို ရှင်းလင်းတဲ့ အလုပ် ။


နောက် တစ်ကောင် ရှိပါသေးကော ။ ကျုပ် ရဲ့ ခွေးကြီး လေ ။ ဟဲ .. ဟဲ သူ့ နာမည် ကို ကော သိချင် ကြသေးလား ။ လွယ်ပါတယ် ။ တခြား နာမည် မပေးတတ် တာနဲ့ ကျုပ် လည်း ကျုပ် ခွေး ကို ကျုပ် နာမည် ပဲ မှည့်လိုက် တယ် ။ ဗျဂ္ဃ တဲ့ ။ အံမာ ၊ ခွေး ဆိုပြီး အထင် မသေးလိုက်နဲ့ နော် ။ ဗျဂ္ဃ ဟာ ခွေး လို ခွေး မဟုတ်ဘူး ။ ကျား လို ခွေး ။ သူသ,တ်ကုန်း မှာ မြှုပ်ထားသမျှ အလောင်းတွေ ကို ဒီ အကောင် ဖော် ဖော်ပြီး စားရင်း နဲ့ ဝဖီး နေတာ ။ ရာဇဝတ်သား ရဲ့ သွေးများဆို ဒီကောင် တယ် ကြိုက်သကိုး ။ အင်း ... ဗျဂ္ဃ က ကျုပ် လိုပဲ ။ မီးတောက်အရက် လည်း ကြိုက်တယ် ။ သခင် ဗျဂ္ဃ ၊ ခွေး ဗျဂ္ဃ ။ တယ် ဟုတ်သကိုး ။ 


အဲ ... ကျုပ် ရယ် ၊ ငဆွံ့ ရယ် ၊ ဗျဂ္ဃ ရယ် ။ ဒီ သုံးယောက် ပဲ သူသ,တ်ကုန်း မှာ နေကြတာ ။ ကျုပ် အဖို့လည်း ဘယ်မှ သွားစရာ မလိုဘူး ။ ဘယ်သူနဲ့ မှ တွေ့စရာ လည်း မလိုဘူး ။ ကိုယ့် အလုပ် ကိုယ် လုပ် ။ သေသောက် ၊ ထမင်းစား ၊ အိပ် ၊ ဒါပဲ ။


ဘယ်သူမှ လည်း ကျုပ်တို့ ဆီ တခုတ်တရ မလာ ကြပါဘူး ။


ဟဲ ... ဟဲ ... လာမိတယ် ဆိုရင်လည်း ပြန် ထွက်သွားစရာ အကြောင်း မှ မရှိတော့တာကိုး ။ 


ကဲ ... အမောင်တို့ အမိတို့ ကော ၊ ခုလို အကြောင်း အစုံအလင် သိကြရပြီးတဲ့ နောက် ၊ ဘယ်လိုရှိစ ။ လာချင်ကြသလား ။ ဟေး ... ဟေး ။


••••• ••••• •••••


ခုတလော ရွှေနန်းတော် တစ်ဝိုက် မှာ အရေးတော်ပုံများ ရှုပ်ရှုပ်ထွေးထွေး ရှိလှတယ် လို့ တံခါးနီမှူးကြီး က ဟိုတစ်နေ့ က ရာဇဝတ်သား တစ်ယောက် လာ ပို့ရင်း ပြောသွားတယ် ။ ကျုပ် တော့ ဒါတွေကို နားမလည်ပါဘူး ။ စိတ်ဝင်တစား လည်း မရှိလှပါဘူး ။ ကျုပ်တို့ မြို့ဝန်မင်း ကလည်း အတော် အလုပ်များ နေသတဲ့ ။ ရွှေနန်းတော် အခစား ဝင်လိုက် ၊ ဇနပုဒ် တွေ ဆင်းလိုက် နဲ့ မအားရဘူးတဲ့ ။


ထူးခြားတာ တစ်ခု တော့ ပြောသွားတဲ့ စကား ထဲက မှတ်မိလိုက်ရဲ့ ။


မြို့ဝန်မင်း က ဘုရင်မင်းမြတ် ရဲ့ သစ္စာတော် ကို လျှို့လျှို့ဝှက်ဝှက် ဖီဆန် နေတယ်ဆိုပဲ ။ ဘဏ္ဍာတော်တွေ ကို ဖြတ်ယူ သတဲ့ ။ ခိုးသားဓားပြတွေ တိတ်တဆိတ် မွေး သတဲ့ ။ ဇနပုဒ်သားတွေ အပေါ် လည်း တယ် ဖိနှိပ် သတဲ့ ။ အခွန်အတုတ်တွေ ဖိကောက် ၊ ပစ္စည်းတွေ မတရားသိမ်း ၊ ရွှေနန်းတော် ကို ဝင်တဲ့ အခါကျတော့ တစ်မျိုး တဲ့ ။ သူ့ နယ် က ပြည်သားလူထုတွေ ကပဲ ဆိုးသယောင် သူ က ရွှေနားတော် သွင်း သတဲ့ ။


တံခါးနီမှူးကြီး က ပြော သွားသေးတယ် ။


“ မြို့ဝန်မင်း အကောက် ကြံပြီး ဆိုရွားရက်စက်ပုံ ကို နေပြည်တော်သူ နေပြည်တော်သားတွေ က ဘုရင်မင်းမြတ် ရွှေနားတော် ပေါက်ကြားအောင် လုပ်ဖို့ ကြိုးစား နေတယ် ။ ဒါကို မြို့ဝန်မင်း က လဲ သိတော့ အဖိအနှိပ် အကွပ်အညှပ်တွေ ပို များ လာတယ် ”


“ ဒီအတိုင်း မှန်ရင်တော့ မြို့ဝန်မင်း တစ်ဆိတ်ရိုင်း သကိုး ” လို့ ကျုပ် က ပြန် ပြောမိတယ် ။ ဒါပေမဲ့ ဒီ အကြောင်း က ဒီလောက် နဲ့ ပဲ ပြီး သွားတယ် ။ ကျုပ် က စိတ်ဝင်းစားတာ မဟုတ်ဘူးလေ ။ ကျုပ် နဲ့ မှ မဆိုင်တာလား ။ ကျုပ် အလုပ် က အမိန့်တော် တစ်ခုခု နဲ့ သူသ,တ်ကုန်း ထဲ ရောက်လာမယ့် ရာဇဝတ်သား ကို အမိန့်တော် အတိုင်း စီရင်ပေးဖို့ပဲ ။


“ ဟေ့ ... ဗျဂ္ဃကြီး ၊ ငါ အခု ပြောသွားတာတွေ ကို ဘယ်သူ မှ မကြားပါစေနဲ့ ၊ နှုတ်လုံပါနော် ” တဲ့ ။ 


တံခါးနီမှူးကြီး က ပြန်ခါနီး ပြောသွားတယ် ။ 


ကျုပ် က လည်း ပြန် ပြောလိုက်ပါတယ် ။

 

“ ကျုပ် ကို ငဆွံ့ လို့ပဲ အောက်မေ့ လိုက်စမ်းပါဗျာ ”


••••• ••••• •••••


တောင်စွယ် မှာ နေကွယ် သွားပြီ ။ ဘယ် ရာဇဝတ်သား မှ ရောက်မလာဘူး ။ ဒီနေ့ တော့ဖြင့် အနား ရပဟဲ့လို့ မီး တောက်အရက်အိုး ကို ဖွင့်ပြီး ထမင်းစားမယ် ပြင်ခါမှ သူ သ,တ်ကုန်း အဝ ဆီ က အသံတွေ ကြားလိုက်ရတယ် ။ ဗျဂ္ဂ က ဝေါခနဲ ထိုး ဟောင်တော့တာပဲ ။


“ ဗျဂ္ဃကြီး ၊ ဟေ့ ...ဗျဂ္ဃကြီး ၊ ငါ ပါဟ ၊ မီးတိုင်လေး ဘာလေး ပြပါဦး ” 


တံခါးနီမှူးကြီး ရဲ့ အသံပဲ ။


ဘယ်နှယ့် ။ ညဉ့် အချိန် မတော် ကျကာ မှ ဘာ အရေးအရာ ပေါ်ပြန်ပလဲ လို့ စဉ်းစားရင်း တဲ အပြင် ထွက်လိုက်တယ် ။ လ ကလည်း ခပ်သာသာ ကိုး ။ သူသ,တ်ကုန်း ပေါ် တက်လာတဲ့ လူတစ်သိုက် တွေ့လိုက်ရတယ် ။


“ ဗျဂ္ဃကြီး ရာဇဝတ်သား ပါလာသဟေ့ ” 


“ အား ... နေကွယ်ပြီပါပကော ”


“ နေ ကွယ်ကွယ် ၊ လ ထွက်ထွက် ၊ အမိန့်တော် နဲ့ ပဲ  ” 


“ ပြစမ်းပါဦး ”


အမိန့်တော်စာ ကို ယူပြီး မီးတိုင် မှာ ကပ်ကြည့် လိုက်တယ် ။ စာ ဖတ်တာ မဟုတ်ပါဘူး ။ ကျုပ် မှ စာမတတ် တာ ။ ကျုပ် ကြည့်တာက အမိန့်တော်စာ ထဲ က ရုပ်ပုံပါ ။ ဓား ပုံ လား ၊ ပုဆိန် ပုံ လား ။ စီရင်ရမယ့် လက်နက် အမျိုးအစား ။


“ အား ... ဝါးရင်းတုတ် ပါလား ”


“ ဟုတ်တယ် ၊ ကဲ ... ဒီမှာ ရာဇဝတ်သား တွေ ထားခဲ့မယ် ”


 ‘“ ရာဇဝတ်သားတွေ ဟုတ်လား ၊ တစ်ယောက် မဟုတ်ဘူးလား ”


“ နှစ်ယောက် ၊ နှစ်ယောက် ဒီမှာ ထားခဲ့ပြီ ၊ ငါတို့ ပြန်တော့မယ် ”


တံခါးနီမှူးကြီး ရဲ့ ရဲမက် နှစ်ယောက် ခြေလှမ်း ပြင်နေကြတယ် ။


“ နေပါဦးလား ၊ တဲ ထဲ ဝင်ပြီး မီးတောက်လေး ဘာလေးချ ”


“ တန်ပါ ကောင်ကြီးရာ ၊ ဒီလို အချိန် မတော်ကြီး မင့် နေရာ လာရတာ ကို က စိတ်မသန့်ပါဘူး ၊ အမိန့်တော် ကြောင့် သာ ”


“ အောင်မာ ၊ တံခါးမှူးကြီး နှယ့် ၊ မီးတောက်လေး ကောင်းလွန်းလို့ပါ ”


အင်း ဒီ ည အနား ရပြီ အောက်မေ့တာ ။ အလုပ် က ပေါ်လာပြန်ပြီကိုး ။ ဘာတဲ့ ။ ဝါးရင်းတုတ် တဲ့ ။ အလို မသေးပါလား ။ စဉ့်နီတုံး ပေါ် ခေါင်း ကို လှန် ၊ မျက်နှာ ကိုမော့ ထား ၊ လည်မြို ကို ဝါးရင်းတုတ် နဲ့ ရိုက် ။ ဒီ စီရင်နည်းမျိုး ဟာ အင်မတန် ကို အပြစ်ကြီး မှ စီရင်တဲ့ နည်းမျိုး ။ တော်တော်တန်တန် တွေ ဆိုရင် ခေါင်းဖြတ်တာ လောက် ၊ ပုဆိန် နဲ့ ခုတ်တာ လောက်ပဲ ။ ခုဟာ က နေပါဦး ။ ရာဇဝတ်သား က လည်း တစ်ယောက် တည်း မဟုတ် ။ နှစ်ယောက် ။


မီးတိုင် ကို ကိုင်မြှောက်ပြီး ရာဇဝတ်သားတွေ ရဲ့ မျက်နှာ နား ကပ် ကြည့်လိုက်တော့ ...


အလိုလေး ...


မျက်စိများ မှောက်လေ သလား ။ မီးတောက် အရက် လည်း ဒီလောက် သောက်ရသေးတာ မဟုတ်ပါဘူး ။ ဟုတ် မှ ဟုတ်ပါလေစ ။


မီးရောင် နဲ့ ထပ် ကြည့် လိုက်တယ် ။


ရာဇဝတ်သား နှစ်ယောက် ။ တစ်ယောက် က အမျိုးသား ၊ တစ်ယောက် က အမျိုးသမီး ။ ငယ်ငယ်ရွယ် ရွယ် နုနုနယ်နယ်လေးတွေ ။ လူပုံလေးတွေ က နဖူးရေ ဒူးရေ သန့်သန့်ပြန့်ပြန့် ။ ဘယ့်နှယ် ရာဇဝတ်သား ပုံပန်း မဟုတ်ပါကလား ။ ပြီးတော့ လည်း ဝါးရင်းတုတ် နဲ့ ရိုက် သ,တ်ရမှာ ဆိုတော့ အပြစ် က မြို့ဝန်မင်း လောက် ထိ ကို ပုန်စား ပုန်ကန် လုပ်တဲ့ အပြစ်မျိုး ။


သိချင်စိတ် မမြိုသိပ်နိုင်တော့တာမို့ ကျုပ် ဖွင့်မေး လိုက်တယ် ။


“ အမောင် နဲ့ အမိ က ဘယ်လို အပြစ်မျိုး သင့်လာ ကြတာတုံး ”


မဖြေဘူး ။ မျက်လွှာ တစ်ချက်ပဲ ပင့် ကြည့်ကြတယ်


“ အမောင် နဲ့ အမိ က ဘာ တော်သတုံး ၊ မောင်နှမ တော့ မဖြစ်တန်ဘူး ”


ဒါလည်း မဖြေကြဘူး ။


“ ရော ... ဘာမှ မပြောကြပါလား ၊ အကြောက် လွန်ပြီး နှုတ်ဆွံ့ သွားပြီလား ”


ဒီတစ်ခါတော့ ယောက်ျားပျို က တစ်ချက် ပြုံးပြီး မိန်းမပျို ရဲ့ လက် ကို ဆုပ်ကိုင်လိုက်တာ တွေ့ရတယ် ။ 


ငဆွံ့ ရောက်လာတယ် ။ လက်ဟန်ခြေဟန် ပြတယ် ။ သူသ,တ်ကုန်း ထိပ် ကို ညွှန်ပြတယ် ။ အဓိပ္ပာယ် ကတော့ ရာဇဝတ်ကောင်တွေ ကို စီရင်ဖို့ အတွက် အသင့် ပြင်ပြီးကြောင်း လာပြောတာ ။ ငဆွံ့ ဒါတွေ တော်တာ ။


သိုင်းထားတဲ့ လက်ပြန်ကြိုးစ ကို ငဆွံ့ က စု ဆွဲပြီး ရာဇဝတ်ကောင်တွေ ကို ခေါ်လာခဲ့တယ် ။ ကျုပ် က တော့ ဝါးရင်းတုတ် ကို ထမ်းလို့ပေါ့ ။ သူသ,တ်ကုန်း ထိပ် ရောက်ခဲ့ ပြီ ။ လ က လည်း ခပ် သာသာ ။ သူသ,တ်ကုန်း တစ်ပြင်လုံး က မြေကမူမို့မို့ တွေ ၊ တွင်းချိုင့်ချိုင့် တွေ ၊ ကားစင် တွေ ၊ ပြီးတော့ ကားစင်ထိပ် မှာ ချိတ်ဆွဲ ထားတဲ့ အရာတွေ ကို လရောင် အောက် မှာ အထင်အရှား တွေ့နေရတယ် ။


ဗျဂ္ဃကြီး က လည်း တအင်အင် နဲ့ ၊ အမြီး တနန့်နန့် နဲ့ ၊ သွေးအသစ် သောက်မြိုဖို့ အသင့် ရှိနေပြီလေ ။


ရာဇဝတ်သား နှစ်ယောက် တုံး ရှေ့မှာ ထိုင်လိုက်ကြ တယ် ။ ပြီးတော့ တုံး ပေါ် ကို ဇက်တင်ပြီး လည်ပင်း ကို မော့ လိုက်ကြတယ် ။ အားလုံး ငဆွံ့  ရဲ့ အကူအညီ နဲ့ ပေါ့ ။ သက်သောင့်သက်သာ အဖြစ်ဆုံး အနေအထား ရအောင် လေ ။


လရောင် အောက် မှာ ဝင်းနေတဲ့ လည်တိုင် နှစ်ခု ကို ကြည့်ပြီး ကျုပ် လက် ထဲ က ဝါးရင်းတုတ် ဟာ အလိုလို လှုပ်ရှား လာသလိုပဲ ။ ဒါပေမဲ့ ငယ်ရွယ် နုနယ်ပျိုမျစ်တဲ့ ရာဇဝတ်သား နှစ်ယောက် ကို ကြည့်ပြီး ဝါးရင်းတုတ် ကိုင် ထားတဲ့ လက်တွေ က မလှုပ်မရွ ဖြစ်နေကြတယ် ။ 


ကျုပ် ရင်ထဲ မတင်မကျကြီး ။


သူတို့ ဘာ တော်သလဲ ၊ သူတို့ ဘာ အပြစ် ကျူးလွန် ထားသလဲ ၊ သူတို့ ဘယ်ကလဲ ၊ ပြီးတော့ သူတို့ နှစ်ယောက် ဟာ သူသ,တ်ကုန်းထိပ် ကို ရောက်နေပြီး ဗျဂ္ဃကြီး ရှေ့မှာ လည်မျို ဝါးရင်းတုတ် နဲ့ အရိုက်ခံဖို့ အသင့် ရှိနေချိန် 

ထိ ကြောက်ရွံ့တုန်လှုပ်ဟန် တစ်ချက် မပြဘူး ။


ပကတိ တည်ငြိမ်တဲ့ အမူအရာတွေ။ နဲ့ ။ 


ကျုပ် ဆီ ရောက်လာတဲ့ ရာဇဝတ်သား တိုင်း ဟာ သူ့နည်း နဲ့ သူ တော့ တုန်လှုပ်ချောက်ချား သွားကြတာချည်း ။ အော် လို အော် ၊ ငို လို ငို ၊ တချို့ မေ့သွား ၊ တချို့က ရူးသွား နဲ့ ။ အခု သင်းတို့ နှစ်ယောက် ကျခါမှ ကျုပ် ရဲ့ ပါးကွက်သား သက်တမ်း အတွင်း မှာ ပထမဆုံးအကြိမ် တည်ငြိမ် သော ရာဇဝတ်သား ကို တွေ့ရခြင်း ။


ကျုပ် မအောင့်နိုင်တော့ဘူးလေ ။


“ ဟေ့ဟေ့ ၊ အခုဟာ က နင်တို့ ရဲ့ လည်တိုင်လှလှကလေးတွေ ကို ဝါးရင်းတုတ် နဲ့ ရိုက်သ,တ်မယ့်ကိစ္စ ၊ နား လည်ရဲ့လား ”


စကား မပြောဘူး ။


“ ဟေ့ ... ဟေ့ ၊ ဒါ လူသ,တ်ကုန်းနော် ” 


မတုန်မလှုပ် ။


ကျုပ် စိတ်ရှုပ် လာတယ် ။ သင်းတို့ လည်တိုင် ကို ဝါးရင်းတုတ် နဲ့ မရိုက်ခင် အဲဒီ အထဲ က စကားပြောသံ တစ်သံတလေ ထွက်လာဖို့ ကိုပဲ ကျုပ် အလိုရှိ နေတယ် ။ ခက်တာ က နှစ်ယောက်စလုံး တုံဏှိဘာဝေ ။


ကျုပ် ဝါးရင်းတုတ် ကို ဒီအတိုင်း ကိုင်လျက်သား ။ ဘာ လုပ်ရမှန်း မသိ ဖြစ်နေချိန် မှာ သူတို့ ဆီ က သူတို့ချင်း ပြောတဲ့ အသံ ထွက်လာတယ် ။


“ နှမလေး ”


“ မောင်ကြီး ”


“ ကြောက်သလား ”


“ ဟင့်အင်း ၊ မောင်ကြီး နဲ့ အတူ ရှိနေတာပဲ ”


“ တကယ်နော် ”


“ တကယ်ပါ မောင်ကြီး ”


“ စောင်း မရှိတာတော့ ဆိုးသကွယ် ၊ ဒါပေမဲ့ ဒီအတိုင်းပဲ တေး ဆိုကြရအောင် ၊ မောင်ကြီး ပါ ရောဆိုမယ် လေ ”


“ အို ... အင်မတန် အဓိပ္ပာယ် ပြည့်ဝတဲ့ အချိန် အခါပေါ့ မောင်ကြီး ”


“ သေခြင်းတရား ကို မောင်ကြီးတို့ နှစ်ယောက် ရဲ့ တေး နဲ့ ရင်ဆိုင်ရအောင် ”


“ တေးဆိုကြစို့ မောင်ကြီးရယ် ”


အလိုလေး ... ။ တေးသံ တစ်စ သူတို့ နှုတ် က ထွက်လာပါပကော ။ ကျုပ် နား ထဲ မှာ အဝေး ဆီက သဲ့သဲ့ လွင့်လာ သလို အနီးကပ်ပြီး မြည်ဟည်း ထစ်ချုန်းလာ သလို ။ တေးသံ ဟာ နား က တစ်ဆင့် ၊ တစ်ကိုယ်လုံး အနှံ့အပြား စီးဆင်း လာတယ် ။ 


“ × × × လှပသော အနာဂတ် ၏ နံနက်ခင်းအခါ × × × ငြိမ်းချမ်းသော ငှက်ငယ်လေးများ တေးသံသာ လွတ်လပ်သော ပန်းပွင့်လေးများ ဖူးပွင့်ဝေဆာ × × × × မွှေးပျံ့ရနံ့ ထုံယစ်ကြိုင်လှိုင်စွာ × × × အို ... လင်းအရုဏ် ၏ ချိုမြသော အလင်းရောင် 

× × × မဟာကမ္ဘာ လောက သည်မြေ အနှံ့ စီးပျံ့တော့မည်သာ ” 


အလိုလေး အလိုလေး ၊ ဒီတေး တစ်ပိုဒ် ကို ကျုပ် စိတ်ထဲ က လိုက် ဆိုနေမိပါပကောလား ။


ဟုတ်သလေ ။ နေပြည်တော် မှာ အလွန် လူကြိုက် များ လူတိုင်း ပါးစပ်ဖျား မှာ သီးနေတဲ့ တေး ။ ကျုပ် လို ကောင် မျိုး တောင် မှ နားစွန်နားဖျား ကြား ၊ တစ်ပိုင်းတစ်စ ရပြီး ၊ သိပ် ကြိုက်နေတဲ့ တေး ။ ဒါ ... ဒါ ... ဆိုရင် ... သူတို့ ဟာ ... ။


“ ဟေ့ ... ဟေ့ ...မင်းတို့ ဟာ ဂီတမောင်နှံ ဝေဠု နဲ့ ဟေမာ ဆိုတာလား ” 


ကျုပ် အသံတွေ ထူးထူးခြားခြား တုန် နေတယ် ။ တေးသံ ရပ် သွားတယ် ။ ယောက်ျားပျို က မျက်လုံး ပင့်ကြည့်တယ် ။


“ မှန်ပါတယ် ဗျဂ္ဃကြီး ၊ ကိုင်း ကိုယ် လုပ်စရာ ရှိတာ လုပ်ပေတော့ ၊ ကျုပ်တို့ တေး ဆိုလို့ ပြီး သွားပါပြီ ”


“ နေ ... နေပါဦး ... ဆရာလေး ၊ ဒီလောက် ကျွမ်းကျင်ပြောင်မြောက်ပြီး လူချစ်လူခင် ပေါတဲ့ ဂီတမောင်နှံ နေပြည်တော် တစ်ဝန်းလုံး မှာ တေးအလှတွေ ကို ဖုံးလွှမ်း စေခဲ့တဲ့ ဂီတမောင်နှံ ဟာ ဘယ်လို အပြစ်မျိုးနဲ့များ ကျုပ် ဆီ ရောက်လာကြတာတုံး ၊ ပြောကြစမ်းပါ ၊ ပြောကြစမ်းပါ ” 


“ ဟင် ... ဗျဂူကြီး တကယ် မသိဘူးလား ”


“ တကယ် မသိပါဘူး ဆရာလေး ”


“ မြို့ဝန်မင်း ရဲ့ ရက်စက်ယုတ်မာ ကောက်ကျစ်ပုံ တွေ ကို ကျုပ် က တေးဖွဲ့တယ်လေ ၊ ပြီးတော့ ဟောဒီ 

ချစ်ဇနီး ဟေမာ က တေးဆိုတယ် ၊ ဈေးရုံတော် အ၀ မှာ ကျုပ် က စောင်းတီး ၊ သူ က တေးဆို ၊ ဒီ တေး ချက်ချင်း ပျံ့နှံ့ သွားတယ် ။ ရွှေနန်းတော် ပွဲကြည့်ဆောင် ကို ရောက် သွားတယ် ။ မြို့ဝန်မင်း က ဒါကို သိပြီး ... ကျုပ်တို့ နှစ်ယောက် ကို ...  ”


ကျုပ် တစ်ကိုယ်လုံး သွေးရပ် သွား သလိုလို လက် မောင်း ထဲ မှာ စစ်ခနဲ ကျင်သွားတယ် ။ အဆင်သင့် ရှိနေတဲ့ လက် က အပေါ် ကို မြောက် သွားတယ် ။ ပြန် ကျလာတယ် ။ သူတို့ နှစ်ယောက် ရဲ့ ခေါင်း နောက် က မြေစိုင်ခဲတွေ ဖွာ ထွက်သွားတယ် ။ ဝါးရင်းတုတ် လည်း အဝေး ကို လွင့် သွားတယ် ။


သူတို့ အနား မှာ ကျုပ် ဒူးတုပ် ထိုင်ချ လိုက်တယ် ။ ပြီးတော့ ကြိုးတွေ ကို ဖြည်ပေးရင်း


“ အလိုလေး ၊ အချိန်မီ သိရလို့ပါလား ဆရာလေး ၊ ကဲ ... ကဲ ... အချိန် မရှိဘူး ၊ သူသ,တ်ကုန်း ရဲ့ ဟောဟို ဆင်ခြေလျှော အတိုင်း ဆင်းသွား ၊ ခင်တန်းတောစပ် ကိုလွန် ရင် ချောင်းကလေး တစ်ချောင်း တွေ့ရလိမ့်မယ် ။ ချောင်းရိုး အတိုင်းသာ ဆင်းသွား ရွှေနန်းတော် သွားတဲ့ လမ်းမကြီး ရောက် ကရော ၊ ကိုင်း ... နံနက် မလင်းခင် ရွှေနန်းတော် အရောက် ဝင်ကြပေတော့ ”


သူတို့ အတိုင်းမသိ အံ့သြတဲ့ မျက်လုံးတွေ နဲ့ ကြည့်နေကြတယ် ။


“ ကျုပ် ပြောတဲ့ အတိုင်း လုပ်ပါ ။ ဒါဟာ ကျုပ် ကို ကူညီရာ ရောက်ပါတယ် ။ ပါးကွက်သားကြီး ဗျဂ္ဃ ရဲ့ တစ်သက် မှာ ကောင်းသော အလုပ် တစ်ခု ကို လုပ်ခွင့် ရစေဖို့ ကျုပ် ကို ကူညီပါ ”


အလို ။ သူတို့ သူတို့ ကျုပ် ကို လက်အုပ်ချီ ကန်တော့ နေကြလေရဲ့ ။ ကျုပ် သဲသဲကွဲကွဲ မမြင်ရတော့ဘူး ။ ထူးဆန်းပါလား ။ ကျုပ် မျက်လုံး ထဲ မျက်ရည်တွေ စို့ နေ ပါလား ။


သူတို့ ဆင်း သွားကြပြီ ။ အမှောင်ထု ထဲ တိုးဝင် သွားကြပြီ ။ အမှောင် ဟာ တဖြည်းဖြည်း ထူထပ် လာမယ် ။ ပြီးတော့ တစ်စတစ်စ ပြန်ပြီး ပါးလျား သွားမယ် ။ သည်လိုနဲ့ ပဲ တစ်ညဉ့် ကုန်ပြီး နောက် တစ်နေ့ အလင်း ရောက်တော့မယ် ။ အဲဒီ အချိန်ဆို သူတို့ လည်း ရွှေနန်းတော် ရောက် လောက်ပြီ ။ တရား မှန်ကန်တဲ့ အတိုင်း ဖြစ်သွားကြမယ် လို့ ကျုပ် ယုံကြည်တယ် ။ ကောင်းလေခြင်း ဗျဂ္ဃ ။ ကောင်းလေခြင်း ။


အင်း ... ကျုပ် ရယ် ၊ ငဆွံ့ ရယ် ၊ ခွေးဗျဂ္ဃ ရယ် ကတော့ ရှင်းရှင်းလေး ။ ရာဇဝတ်သား ကို အမိန့် နဲ့ အညီ မစီရင်ဘဲ အသက်ချမ်းသာ ပေးရုံ မက နှောင်ကြိုး က လွှတ် ပေးလိုက်တဲ့ အပြစ် ဆိုတာဟာ ပါးကွက်သား တစ်ယောက် အဖို့ နည်းနည်းနောနော အပြစ်လား ။


မြို့ဝန်မင်း က ဘယ် ညှာလိမ့်မတုံး ။


အေးလေ .. ကျုပ် ကလည်း အားလုံးကို ကြို တွက် ပြီးသားပါ ။


နောက်နေ့ တောင်စွယ် နေကွယ်ချိန် က စပြီး ကျုပ် ၊ ငဆွံ့  နဲ့ ခွေးဗျဂ္ဃ တို့ ရဲ့ ခေါင်းပြတ် ကို သူသ,တ်ကုန်း ကားစင် ထိပ် မှာ အားလုံး တွေ့ကြရတော့မယ်လေ ။


⎕ ချစ်ဦးညို


📚 ပန် မဂ္ဂဇင်း

      ဇွန် ၊ ၁၉၈၄


အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို ( ဗျဂ္ဃ )


 ◾အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို


❝ ဗျဂ္ဃ ❞


ချစ်ဦးညို ၏ “ ဗျဂ္ဃ ” ကို ဖတ်ပြီးသော အခါ ဝတ္ထုတို ဆရာကြီး ဖရင့်အိုကွန်နား Frank o' Conner ၏ အဆိုအမိန့် တစ်ခု ကို သွားပြီး သတိရမိပါသည် ။ ဆရာကြီး က သူ ၏ နာမည် ကျော် ဝတ္ထုတို စာတမ်း The Lonely Voice တွင် အောက်ပါ အတိုင်း ညည်းခဲ့ဖူးပါသည် ။


ဝတ္ထုတို အကြောင်း ဆိုက်လာပြီး ကစ်ပလင်း Rudyard Kipling ကို ချက်ကော့ဗ် ၊ မိုးပါးဆွန်း တို့ နှင့် ယှဉ်ကြည့် လိုက်မိတိုင်း ကျွန်ုပ်မှာ ကသိကအောင့် ဖြစ်ရသည် ။ အပြောရ လည်း အတော် ခက်ပါသည် ။ ကျွန်ုပ် က ကစ်ပလင်း ကို မကြိုက်လျှင် တော့ ပြဿနာ မဟုတ် ။


သို့သော် ကစ်ပလင်း ကို ကြိုက် နေမိသည် ။ အကြိမ်ကြိမ် ပြန်ဖတ်တိုင်း လည်း ကြိုက်နေမိ ပြန်သည် ။ သို့သော် ခက်ပုံ က ချက်ကော့ဗ် နှင့် မိုးပါးဆွန်း တို့ သည် ဝတ္ထုတို ဆရာများ ဖြစ်သည် ဟု ဆိုလျှင် ကစ်ပလင်း သည် ဝတ္ထုတို ဆရာ မဟုတ် ။ ကစ်ပလင်း မှ ဝတ္ထုတိုဆရာ ဟု ဆိုပြန်လျှင် လည်း ဟို ဆရာ နှစ်ပါး တလွဲတချော် ဖြစ်နေကြသည် မှာ သေချာပြီ ။


ဤသို့ ဖရင့်အိုကွန်နား က ပြောခဲ့ဖူးပါသည် ။ ယခု လည်း ကျွန်တော့် မှာ ဤသို့သော ပြဿနာမျိုး ကြုံနေ ရပါပြီ ။ ကျွန်တော် ရွေးချယ် တင်ပြခဲ့သော ထင်လင်း ၏ “ စိန် ” ( ပန်မဂ္ဂဇင်း ၊ မေလ ) ဝတ္ထုမျိုး ကို မှ ဝတ္ထုတို ခေါ် မည် ဆိုလျှင် ချစ်ဦးညို ၏ ဗျဂ္ဃ သည် ပုံပြင် အဆင့် သို့ ထိုးဆင်း သွားပေလိမ့်မည် ။ ချစ်ဦးညို ၏ “ ဗျဂ္ဃ ” ကို ဝတ္ထုတို ဟု ခေါ်မည် ဆိုလျှင်လည်း ထင်လင်း ၏ “ စိန် ” ဝတ္ထု ကို ဘာကြီးလဲဟ ဟု ပြောရမည့် ကိန်း ဆိုက် နေပေလိမ့်မည် ။ ကျွန်တော့် အဖို့တော့ နှစ်ပုဒ်လုံး ကိုပင် ကြိုက်နေမိပါသည် ။ ဤအချက်များ နောက်ပိုင်းတွင် ရှင်းလင်းလာပါလိမ့်မည် ။ ယခုမူ ကား ဗျဂ္ဃ အကြောင်းကို ကျွန်တော် တင်ပြလို ပါသည် ။


••••• ••••• •••••


ဗျဂ္ဃ ဝတ္ထုတို ၏ ဇာတ်လမ်း အကျဉ်းချုပ် မှာ ဗျဂ္ဃ ဆိုသော သူသ,တ်ပါးကွက်သားကြီး သည် မြို့ဝန် ၏ လက်အောက် အမှုထမ်းအဖြစ် ရာဇဝတ်သားများ ကို ကွပ်မျက်ပေးရသည် ။ မြို့ဝန် သည် ဘုရင့် အမိန့်တော် ကို တိတ်တဆိတ် ဖီဆန် လျက် မတော်လောဘ မတရားမှုများ ကို ပြုလုပ်နေသည် ။ ဤအချက် ကို ဘုရင် သိစေရန် ဝေဠု နှင့် ဟေမာ ဆိုသော ဂီတမောင်နှံ နှစ်ဦး က သီချင်းဖွဲ့ပြီး သီဆိုကြ သဖြင့် နန်းတော် သို့ ပင် တေးသံ ရောက်လာခဲ့သည် ။ ထို့ကြောင့် မြို့ဝန် က သူတို့ နှစ်ဦး အား ကွပ်မျက်ရန် အမိန့် ချမှတ်လိုက်သဖြင့် တံခါးနီမှူး က သူသ,တ်ကုန်း ဗျဂ္ဃ ထံ လာရောက် ပို့ရသည် ။ ဗျဂ္ဃကြီး က သူ ကွပ်မျက်ရမည့် သူများ မှာ ဂီတမောင်နှံမှန်း သိလာသော အခါ သူတို့ ၏ သတ္တိနှင့် စွမ်းရည် ကို ရိုသေလေး စားသဖြင့် မိမိ ကိုယ်တိုင် မြို့ဝန်မင်း ၏ အမိန့် ကို ဖီဆန်လျှင် ကွပ်မျက်ခံရမည် ကို သိလျက် သူတို့ နှစ်ဦး အား နှောင်ကြိုး ဖြေလွှတ်ပြီး ဘုရင့်နားတော်ပေါက် သံတော်ဦး တင်ရန် လမ်းညွှန် လိုက်သည် ။ ဗျဂ္ဃ က မိမိ သေရတော့မည် ကို သိသည် ။


ဤသည်မှာ ဇာတ်လမ်း အကျဉ်းချုပ် ဖြစ်သည် ။ 


ချစ်ဦးညို သည် သဘင်မဂ္ဂဇင်း အယ်ဒီတာ ဖြစ်သော ကြောင့် သာ မဟုတ် ။ ပင်ကို အားဖြင့် ဇာတ်သဘင် ကို စိတ်ဝင်စားသူ ဖြစ်သည် ။ ထိုမျှမက ဇာတ်သဘင်လောက ၌ လည်း ကျင်လည် ကျက်စားခဲ့ဖူးသူ လည်း ဖြစ်သည် ။ ထို့ ကြောင့် လွမ်းမော တုန်လှုပ်ဖွယ်ရာ ဇာတ်ကွက်ဆန်း Melodrama များကို စိတ်ဝင်စားတတ်သည် ။ ထိုသို့ ဇာတ်ကွက်ဖန်တီးမှု ကို လည်း နှစ်ခြိုက်သည် ဟု ဆိုနိုင်သည် ။


ယခု ဗျဂ္ဃ မှာ ဤသို့သော ဇာတ်ကွက် ဖန်တီးထား သည့် ဝတ္ထုမျိုး ဖြစ်သည် ။ သို့သော် ကိုင်တွယ်ပုံ ကောင်း ခြင်း ၊ အာဘော် ထက်မြက်လာအောင် စုစည်းမှု ကောင်းခြင်း စသည်တို့ကြောင့် သာမန် ဇာတ်ကွက်ကောင်း ဝတ္ထုတို့ ၏ အဆင့် ကို ကျော်လွန်လာရသည် ဟု ဆိုချင်ပါသည် ။


ဝတ္ထု ကို ပြောသူ နာမ်စား ရှုထောင့် ဖြင့် ရေးဖွဲ့ သည် ။ ပြောပြသူ မှာ ပါးကွက်ကြီး ဗျဂ္ဃ ကိုယ်တိုင် ပင် ဖြစ်သည် ။ ယခင် က ဖြစ်ခဲ့သည့် အတိတ်ဇာတ်ကြောင်း ကို ပြန်ပြောခြင်းမျိုး မဟုတ် ။ မျက်မှောက် ဖြစ်ပျက် သမျှကို ( ဘောလုံးပွဲ ကြေညာ သကဲ့သို့ ) ဖြစ်စဉ် အတိုင်း ပြောသွား သည်မျိုး ဖြစ်သည် ဟု ဆိုသင့်သည် ။ ပြောသည် မှာ မည်သူ့ ကို ပြောနေ သနည်း ။ စာဖတ်သူ ကို ပြောနေသလား ၊ Dramatic Monologue ခေါ် တစ်ကိုယ်တည်း မြည်တမ်း နေခြင်းမျိုး ဟု လည်း မဆိုသာ ။ စာဖတ်သူ ကို ပြောပြ နေခြင်းမျိုး က ပိုမို လွှမ်းမိုး နေသည် ။ သို့သော် တစ်ကိုယ်ချင်း မြည်တမ်းနေမှု လည်း ပါဝင်သည် ။


ဤသို့ မြည်တမ်း ရေရွတ် နေရင်း က ပင် ဇာတ်ရေ လည်ပြီး လိုအပ်သမျှသော ဇာတ်ဆောင်တို့ ၏ စရိုက် ကို ပေါ်လွင်စေသည် ကို ချီးကျူးရမည် ဖြစ်သည် ။


ချစ်ဦးညို အထူးသဖြင့် သတိပြု အားထုတ်ထား သည် မှာ ဗျဂ္ဃကြီး ၏ စကားသုံး နှင့် ပြောဟန်လေသံ ပင် ဖြစ်သည် ။ ထို ပြောဟန်လေသံ ကြောင့် ပင် ဇာတ်ဆောင် ဗျဂ္ဃ ကြီး ၏ လုပ်ငန်းသဘာဝ နှင့် စရိုက်မှာ ပိုမို ပေါ်လွင် လာသည် ။ 


ဗျဂ္ဃကြီး ၏ တစ်ကိုယ်တော် ပြောဆို နေပုံ လေသံ ဟန်ပန်ကို ဂရုစိုက် လေ့လာ လျှင် မြန်မာ့ဇာတ်သဘင်ငွေ့ လွှမ်းနေသည် ကို တွေ့နိုင်သည် ။ တစ်နည်းအားဖြင့် မြန်မာ့ ရိုးရာ ပြဇာတ် အငွေ့ ကို ထုံမွှမ်း နေသည် ကို ခံစားမိသည် ။ 


ဤနေရာတွင် အတန်အသင့် အကျယ် အားဖြင့် ရှင်းလင်းခွင့် ပေးစေလိုပါသည် ။


ယခုခေတ် လူငယ်များ မသိမီ လိုက်သော ပြဇာတ် တစ်မျိုး မြန်မာ့ဇာတ်သဘင် လောက တွင် ပေါ်ပေါက်ခဲ့ဖူး ပါသည် ။ ယခုခေတ် ဇာတ်သဘင် တွင် ရှေ့ပိုင်းပြဇာတ် ဟု ခေါ်သော ပြဇာတ်မျိုး မှာ ဂျပန်ခေတ် ရောက်မှ ထင်ထင်ရှားရှား ပေါ်လာခဲ့ကြောင်း အများ သိကြပါသည် ။ စစ် မဖြစ်မီ က ရှေ့ပိုင်းပြဇာတ် ဟူ၍ မရှိခဲ့ပါ ။ သို့သော် ယခု ပြဇာတ် နှင့် ခပ်ဆင်ဆင် တူသော “ လူဘိုင်စကုပ် ” ခေါ် ဇာတ်ကွက် ဇာတ်လမ်းများ ကို ကပြလေ့ ရှိကြပါသည် ။ စစ်ပြီးစ နှစ်နှစ် သုံးနှစ် လောက် တိုင်အောင် အချို့နေရာများတွင် ခေတ်စား နေခဲ့ပါသေးသည် ။


လူဘိုင်စကုပ် နှင့် ယခုခေတ် ပြဇာတ်တို့ တွင် ထင်ရှား သော ခြားနားမှု တစ်ခု မှာ လူဘိုင်စကုပ် တွင် ဇာတ်ကောင် က ပရိသတ် ကို လှမ်းပြီး စကား ပြော၍ ယခုခေတ် ပြဇာတ် တွင် ဇာတ်ကောင်များ က ပရိသတ် ကို စကား မပြောဘဲ မိမိတို့ အချင်းချင်း စကား ပြောရင်း အခြေအနေ အချင်းအရာ ပေါ်လွင်စေခြင်း ဖြစ်ပါသည် ။


ထို့ကြောင့် လူဘိုင်စကုပ် တွင် ( ရှေးခေတ် မြန်မာ့ ရိုးရာ ပြဇာတ်ကြီးများ ထဲ က ကဲ့သို့ပင် ) ဇာတ်ရုပ် တစ်ရုပ် ထွက် လာလျှင် သူ့ ကိုယ်သူ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ပရိသတ် နှင့် မိတ်ဆက် ပြီး ဇာတ်လမ်း အဖြစ်အပျက် တို့၏ နောက်ခံ အကြောင်းအရာများ ၊ စိတ် အကြံအစည်များကို ပရိသတ် အား ပြောပြလေ့ ရှိပါသည် ။ ဥပမာ - “ အဟမ်း ... အဟမ်း ၊ ကျုပ်မှာကား ဆိုတော့ နေပြည်တော် မှာ တောင် ပြင်သူဌေး ဖိုးသာဘေး ၊ တောင်ပြင်သူဌေး ဖိုးသာဘေး ရယ် နဲ့ ဟော်လေး တကျိုးကျိုး ၊ ဟိုးလေး တကျော်ကျော် ပါပဲ ။ အဲ ... ကျုပ် မှာလဲ သမီးလေး နှစ်ယောက် က ရှိထား ။ သမီးကြီး ကတော့ အရူး ဆိုရ ခက် ၊ အကောင်း ဆိုရ ခက် ရူးနှမ်းနှမ်းပဲ ။ သို့သော်လဲ သမီးငယ်လေး ကတော့ဖြင့် တယ်ပြီး လိမ္မာရေးခြား ရှိပါပေတယ် ၊ သင်းကလေး တို့ အမေ ကလဲ ငယ်စဉ် ကပဲ ကွယ်လွန် သွားတော့ ဟို ငယ် စဉ်တောင်ကျေး ကလေး ဘဝ ကတည်းကပဲ ၊ ဖအေ ဆိုလဲ ကျုပ် ပဲ ၊ အမေ ဆိုလဲ ကျုပ် ပဲ ဖြစ်ခဲ့ရသကိုး ။ ကျုပ် ကလဲ အယ် ၊ သင်းတို့ခမျာ ဆံထုံးအုပ် လို့ ကြီးခဲ့ရတာ မဟုတ် ၊ သျှောင်အုပ် လို့ ကြီးခဲ့တာ ဆိုပြီး အလိုလဲ လိုက်ထား ခဲ့ပါတယ် ၊ သို့သော် ဘာလဲတဲ့ ၊ သမီးကညာ ၊ ရွယ်ရောက် လာ ၊ အခါမလင့်စကောင်း ဆိုပေသကိုးသဗျ ၊ အဲဒါကြောင့် ” 


ဤသို့လျှင် မိမိ ကိုယ် ကို မိတ်ဆက်ခြင်း ၊ ဇာတ်လမ်း မတိုင်မီ ရှေ့ပိုင်း အဖြစ်အပျက် များကို ပန္နက်ရိုက်ခြင်း ပြုတတ်ကြပါသည် ။


ချစ်ဦးညို ၏ ဗျဂ္ဃ ကို နှစ်ကြိမ် သုံးကြိမ် လောက်ပြန် ပြီး ဖတ်မိသော အခါ ထိုကဲ့သို့ သော ပြောနည်းဆိုဟန်များ ကို သွားပြီး သတိရမိ လာပါသည် ။


ထိုသို့သော ပြောဟန် လေသံများ ကို ချစ်ဦးညို ၏ ဗျဂ္ဂ တွင် ကြားရနိုင်ပါသည် ။ ထိုသို့သော ရှေးဆန်သည့် ဇာတ်လမ်းဆင်ပုံ ၊ သဘင်ဆန်သည့် ပြောဟန်လေသံတွေ ထုံမွှမ်း နေပါလျက် ခေတ်နောက်ကျသော ၊ ရိုးတာသော ၊ ဟောင်းနွမ်းသော ဝတ္ထု တစ်ပုဒ် ဖြစ်မလာဘဲ နှစ်သက်ဖွယ် ကောင်းသော ခေတ်ဝတ္ထုတစ်ပုဒ် ဖြစ်လာရသည် မှာ ရှေး ဟန် နှင့် ခေတ် ပုံစံ ကို သမ နေအောင် ကျွမ်းကျင်စွာ ရောစပ် တတ်သည့် ချစ်ဦးညို ၏ အနုပညာ စွမ်းရည် ဟု ဆိုသင့်ပါ သည် ။


တစ်နည်းအားဖြင့် ရှေးခေတ် ပဒေသရာဇ် ကာလ နောက်ခံ ဖြစ်သည့် ပြင် ဇာတ်ကြောင်း ပြောသူ ဗျဂ္ဃ ၏ စရိုက် နှင့် လိုက်လျော နေသောကြောင့် ပြောဟန် လေသံ သဘင် ဆန်နေခြင်း က ပင် မြန်မာ့နား တွင် အံဝင်ခွင်ကျ ဖြစ်နေ သည် ဟုလည်း ဆိုနိုင်သည် ။


ဝတ္ထု ကို လေးခန်း ခွဲထားသည် ။ ပထမ နှင့် ဒုတိယ အခန်း မှာ ဗျဂ္ဃ လုပ်ငန်း ၊ ဗျဂ္ဂ အကြောင်း ကို မိတ်ဆက်ခြင်း ဖြစ်၍ ဇာတ်ပျိုး ဟု ဆိုသင့်သည် ။ တတိယ အခန်း မှာ မြို့ဝန် ၏ အပြုအမူများ ကို တံခါးနီမှူး က ပြောပြသွားသော ကြောင့် ဇာတ်နှိုး ဟု ဆိုသင့်သည် ။ စတုတ္ထ အခန်း မှာ မူကား ဂီတမောင်နှံ ရောက်လာခြင်း မှ စ၍ ဆုံးခန်းတိုင် အထိ ဖြစ် သောကြောင့် ဇာတ်တက် ၊ ဇာတ်ထွတ် ၊ ဇာတ်ဆင်း ၊ ဇာတ်သိမ်း အားလုံး စုပြုံပြီး ဝင်လာသည် ဟု ဆိုသင့်ပါ သည် ။


••••• ••••• •••••


ပထမ အခန်း မှာ ရာဇဝတ်သား တစ်ဦး အား ကွပ်မျက်သည့် ရှုခင်း ကို ဗျဂ္ဃ ၏ အပြော ဖြင့် သရုပ်ဖော်ခြင်း ဖြစ်သည် ။ ပြောနေသူ ဘယ်သူဘယ်ဝါ မှန်း မသိရသေး ။ သို့သော် ထို အခန်း ဆုံးသော အခါတွင် ကား သူသ,တ်ပါးကွက်သား တစ်ယောက် က ပြောနေခြင်း ဖြစ်ကြောင်း သိလာရသည် ။


ပြောသူ မည်သူမည်ဝါ ဖြစ်ကြောင်း ( ဗျဂ္ဃကြီး အကြောင်း ) ကို ဒုတိယ အခန်း ရောက် မှ သိရသည် ။ 


သာမန် ဝတ္ထုဇာတ်ကြောင်း အစဉ်အတိုင်း ရေးဖွဲ့ မည် ဆိုပါလျှင် ဒုတိယ အခန်း က စရမည် ။ ဗျဂ္ဃကြီး က သူ့အကြောင်း သူ မိတ်ဆက် ပြောပြခြင်းဖြင့် ဖွင့်ရမည် ဖြစ်သည် ။ ဝတ္ထုအဖြစ်အပျက် အကြောင်းရာ ချည်း သက်သက် စဉ်းစားမည် ဆိုလျှင် ပထမ အခန်း မှာ လုံးဝ အပို သက်သက် ဖြစ်နေသည် ။ ထို အခန်း ကို ဖြုတ်ထားခဲ့ လျှင် လည်း ဘာမျှ အကြောင်း မထူး ။ ထည့်ထား၍ လည်း ဘာမျှ အကြောင်း မထူး ။


သို့သော် ဝတ္ထု ဆိုသည်မှာ အနုပညာပစ္စည်း တစ်ခု ဖြစ်သည် ။ စာဖတ်သူ ပရိသတ် ကို ညှို့ငင် ဖမ်းစားနိုင်စွမ်း ရှိရမည် ။ ချစ်ဦးညို က သူ ၏ ဝတ္ထု ကို ရုတ်တရက် ဖမ်းစားခြင်း ဖြင့် ( Surprise catch ) ဖွင့်လိုသည် ။ ထို့ကြောင့် ကွပ်မျက်ခန်း ကို စပြီး တင်ပြလိုက်သည် ။ ရှေးခေတ် က ရာဇဝတ်သား ကို “ တောင်စွယ် နေကွယ်ချိန် ” တွင် သုတ်သင်လေ့ ရှိသည် ။


      နေလုံးကြီး ဟာ ဟိုး အနောက်ဘက် တောင်တန်း အစွယ် ပေါ်မှာ မေးတင် ထားရာ ကနေ ပြုတ်ကျသွားတယ် ။ ရှည်လျားတဲ့ နေရောင်ခြည်တန်း အလင်းမျှင် တွေ ကလည်း ချက်ချင်း ဆိုသလို ဖြုတ်ခနဲ ပျောက်သွားတယ် ။


      လက် ထဲ က ဓားရိုး ကို ကျစ်ကျစ် ပါအောင် ဆုပ်ရင်း တံခါးနီမှူးကြီး ကို ကျူပ် တစ်ချက် လှမ်း ကြည့်လိုက်တယ် ။ တံခါးနီမှူးကြီး က ခေါင်း တစ်ချက် ညိတ် အပြ မှာပဲ .... ။


      ကျုပ် လက် ထဲက ဓား အပေါ် ကို မြောက်ကြွ သွားတယ် ။ ပြီးတော့ အောက် ပြန် အကျ


      တစ်ချက်ကလေး တောင် မအော် နိုင်ပါဘူး ။ ဘာ ဝေဒနာ ကို မှ လည်း ခံစား မသွားရပါဘူး ။ ငမိုက်သား ရဲ့ ဦးခေါင်း ဟာ သူ့ ကိုယ် ကနေ လွင့်စင်သွားတယ် ။ ငေါက် ခနဲ ပန်းထွက်လာတဲ့ သွေးတွေ ကို တပည့် ကျော် “ ငဆွံ့ ” က အင်တုံ နဲ့ ခံပြီး တော့ ထုံးစံအတိုင်း သူသ,တ်ကုန်း မြေပေါ်ကို ဖျန်းလိုက်တယ် ။


      ခွေးဗျဂ္ဃကြီး ကလည်း ရှည်ရှည်လျားလျား အူတယ် ။


      အမှောင် သန်းပြီ ။


      အင်း ... ရာဇဝတ်သား

တစ်ယောက် လည်း သူ့ လမ်းသူ သွားခဲ့ပြီ ပေါ့ ။


      တစ်နေ့တာ အတွက် တာဝန် ပြီးပြန်ပြီ ။


      သူသ,တ်ကုန်းထောင့် က တဲ ဆီ ကို ကျုပ် ပြန်လာခဲ့ရတယ် ။ ကိုယ်တိုင် ချက် ထားတဲ့ မီးတောက်အရက်ကို သောက်မယ် ။ ထမင်း စားမယ် ။ ပြီးတော့ အိပ်မယ် ။


အထက်ပါ ကောက်နုတ်ချက် မှာ ပထမ အခန်း တစ်ခုလုံး ဖြစ်ပါတယ် ။ တစ်ခန်းလုံး ကို ထုတ်ပြလိုက်ခြင်း မှာ ကျွန်တော် ပြောလိုသော အကြောင်းအရာ တော်တော် များများ ပါနေသောကြောင့် ဖြစ်ပါသည် ။


“ စာရေးနည်းပညာ ကို လေ့လာဆည်းပူးကြရာ တွင် နောက်ဆုံးကျ မှ တတ်သောပညာမှာ ‘ စ , နည်း

’ ပင် ဖြစ် သည် ” ဟု ဆိုကြပါသည် ။ ချစ်ဦးညို သည် ဤအချက်ကို အမှတ်မထင် ဖြစ်စေ ၊ နိုးနိုးကြားကြား ဖြစ်စေ သတိပြုသည် ဟု ဆိုချင်ပါသည် ။


ဝတ္ထု တစ်ပုဒ် ( အထူးသဖြင့် ဝတ္ထု တစ်ပုဒ် ) ၏ အစ သည် အရေးကြီးသော ဇာတ်ကောင် သို့မဟုတ် အရေးကြီးသော အခြေအနေ သို့မဟုတ် ဝတ္ထု အာဘော် အတွက် အရေးကြီးသော အချက် တစ်ခု ခု ကို မိတ်ဆက် ဖော်ပြပြီး ဖြစ်စေသင့်ပါသည် ။ ထိုအချက်များ ကို ဖော်ပြရုံ နှင့် မလုံ လောက်သေးပါ ။ စာဖတ်သူ ကို ရှေ့ ဆက်ပြီး ဖတ်ချင် အောင် သိမ်းသွင်းနိုင်ရပါမည် ။ ရုတ်တရက် ဖမ်းစားမှု ပြုနိုင် လျှင် ပို ကောင်းပါသည် ။ ( အချို့ဝတ္ထုတိုဆရာများ သည် ရုတ်တရက် ဖမ်းစားရန် အလန့်တကြား ဇာတ်ကွက် တို့ဖြင့် ဖွင့် သော်လည်း ဆက်ပြီး ဖတ်သော အခါတွင် ကား ထို ဇာတ်ကွက် မှာ ဇာတ်လမ်း ၊ အာဘော် စသည်တို့ နှင့် ဘာမျှ မပတ်သက်ဘဲ ဖြစ်နေလျှင် မျက်လှည့် ပြပြီး ဆေးရောင်းခြင်း နှင့် တူနေတတ်ပါသည် ။ )


ချစ်ဦးညို ၏ ဝတ္ထု ဖွင့်ပုံကို သတိထားပြီး လေ့လာ ကြည့်မိပါသည် ။ အရေးကြီးသော အခြေခံ ဇာတ်ဆောင် များ ဖြစ်သည့် ဇာတ်ကြောင်း ပြောသူ ဗျဂ္ဃ ၊ တပည့်ကျော် ငဆွံ့ ၊ ခွေးကြီးဗျဂ္ဃ စသည် တို့ကို တွေ့လိုက်ရပါပြီ ။ တံခါးနီမှူး ကို လည်း ရိပ်ခနဲ မြင်လိုက်ရပါပြီ ။ သူသ,တ်ကြီး ၏ လုပ်ငန်း ၊ ငဆွံ့ ၏ လုပ်ငန်းတို့ ကို လည်း တွေ့လိုက်ရပါပြီ ။ ပါးကွက်သားကြီး အဖို့ လူသ,တ်ခြင်း အလုပ် ကို ထမင်းစား ရေသောက် မျှသာ သဘောထားကြောင်း ပေါ်လွင်လှ၍ လိုအပ်သမျှ စရိုက် ကိုလည်း သိခွင့် ရလိုက်ပါပြီ ။ ရာဇဝတ်သား တစ်ယောက် သေခြင်း မှာ သူ့အဖို့ ဘာမျှ မထူးခြား ။ အရက်သောက် မပျက် ၊ ထမင်းစား မပျက် ၊ အအိပ် မပျက် ။ 


( ဤအချက်ကို အဖွင့်တွင် ထည့်ထားခြင်း မှာ အလွန် အရေးကြီးပါသည် ။ နောက်ပိုင်း ဂီတမောင်နှံ တို့ အပေါ် ရိုသေကြင်နာ မိလာခြင်း ကို ပိုမို လေးနက်စေ ပါသည် ။ )


ထိုမျှမက တောင်စွယ် နေကွယ်ခြင်း ၊ ဦးခေါင်းဖြတ် ခြင်း ၊ သွေးများ ကို ခံယူ၍ သူသ,တ်ကုန်းမြေ၌ ဖျန်းခြင်း ၊ ခွေးကြီး ရှည်လျားစွာ အူခြင်း တို့သည် ချောက်ချားမှု ရသ ကို ပေါ်လွင်စေသည် ။ ကြမ်းတမ်းခြင်း ၊ ချောက်ချားခြင်း တို့သည် ပရိသတ် ကို လျင်မြန်စွာ ဖမ်းစားနိုင်သည် မဟုတ် ပါလား ။


ဗျဂ္ဂ ဝတ္ထုတို ၏ အဖွင့် မှာ တာဝန်ကျေသည် ဟု ဆို သင့်ပါသည် ။


 ••••• ••••• •••••


ဒုတိယ အခန်း ကို ဆက်ကြပါမည် ။


ဒုတိယ တစ်ခန်းလုံး မှာ အလင်္ကာစကား နှင့် ပြောရ လျှင် ရုဒ္ဒ ၊ ဝိဘစ္ဆ ၊ ဘယာနက ( ကြမ်းတမ်းခြင်း ၊ စက်ဆုပ် ခြင်း ၊ ကြောက်ရွံ့ခြင်း ) တို့နှင့် ပြည့်နေသော အခန်း ဟု ဆိုရပါမည် ။ ပါးကွက်သားကြီး ဗျဂ္ဃ က သူ့ ကိုယ် သူ မိတ်ဆက်ပြီး သူ့ လုပ်ငန်း အကြောင်း မြိန်မြိန်ရှက်ရှက်ကြီး ပြောသွားပုံ ကို ကြည့်ပါ ။ ( ဤသို့ မြိန်မြိန်ရှက်ရှက်ကြီး ပြောခြင်းသည် ပင် လျှင် ဗျဂ္ဃ ၏ စရိုက် ကို ပေါ်လွင်စေပါသည် ။ )


      အမောင်တို့ အမိတို့ သိချင်သာ ဆို လည်း ပြောရတာပ ။


      ကျုပ် နာမည် က ဗျဂ္ဃတဲ့ ။ နေပြည်တော်သူ နေပြည်တော်သား တွေ ကတော့ မကောင်းဆိုးရွားကောင်ကြီး ဗျဂ္ဃ လို့ ခေါ်ကြလေရဲ့ ။ ဒါကလည်း သူတို့ ဘာသာ သူတို့ အချင်းချင်း စကား ပြောရင်း ကျုပ် ကို နာမည် တပ်ကြတာပါ ။ တကယ်တော့ ကျုပ် ကို စေ့စေ့တောင် မှ ကြည့်ရဲ ကြတာ မဟုတ်ပါဘူး ။


      ကျုပ် နဲ့ မတွေ့ချင် ၊ မဆုံချင် ၊ အသိအကျွမ်း မဖြစ်ချင်ကြဘူး ။ ကျုပ် ရှိရာ အရပ် ကို လည်း မလာချင်ကြဘူး ။ ဘယ်လို အကြောင်းကြောင့် နဲ့ မှ ကျုပ် နဲ့ မပတ်သက် ချင်ကြဘူးလေ ။


      ဟား ... ဟား ... ဒီလိုပဲ ဖြစ်ရမှာပေါ့ ။


     အမောင်တို့ အမိတို့ ကော ကျုပ် နဲ့ ပတ်သက်ချင်ကြသလား ။ မပတ်သက်ချင် ကြနဲ့ ။ ကိုယ်ကျိုး နည်း သွားမယ်နော် ။


အထက်ပါ ဗျဂ္ဃ ၏ စကား ကို ကြည့်ပါ ။ ဗျဂ္ဃ သည် သူ့ ဘဝ ကို သူ ကျေနပ်သည် ။ လူအများ က သူ့ ကို ကြောက် ရွံ့စက်ဆုပ်ကြသည် ကို ပင် ဝမ်းမြောက်ဂုဏ်ယူ နေသည် ။ ထိုမျှ မက ကြားနာသူ ( စာဖတ်သူ ) ကို ပင် ( လောက အားလုံး ကို ပင် ) လှမ်းပြီး ခြိမ်းခြောက် သတိ ပေးလိုက်ရ သေးသည် ။


ဗျဂ္ဃ က သ,တ်ရသည် ဟူသော စကား ကို မကြိုက် ။ စီရင် ပေးရသည် ဟူသော စကား ကို သာ ကြိုက်သည် ။


      အမှန် က စီရင် ပေးရတာ ။ စီရင်တာ ။


      ကြည့်လေ ။ ဓား နဲ့ လား ၊ ပုဆိန် နဲ့ လား ၊ ဝါးရင်းတုတ် နဲ့ လား ။ ဘာနဲ့ပဲ အလှည့် သင့်သင့် ။ ရာဇဝတ်သား ဝေဒနာ မခံစားရအောင် ကျုပ် က တစ်ချက် နဲ့ အပြီး လုပ်ပေးရတာ ။ သွေးရူးသွေးတန်း ထပြေး တာ ၊ အော်ဟစ် နေတာမျိုး မရှိစေရ ။ တစ်ချက် မှ တစ်ချက် တည်း ။ ဒီလို ဗျဂ္ဃမျိုး ပါ ။ ဟေး ... ဟေး ... ဟေး ... ။ 


      တစ်ခုတော့ ရှိသပေါ့လေ ။ ရာဇဝတ်သားတွေ ဟာ ကျုပ် ဆီ ရောက် လာပြီး တုံးပေါ် လည်စင်း ပေးနေတဲ့ အချိန် ထိတော့ ကယောင်ကတမ်း ဖြစ်နေကြ တာပါပဲ ။ တချို့ဆို ကြောက်လွန်း အားကြီးပြီး ကျုပ် ဘာမှ မလုပ်ခင် မှာ ပဲ ရူးတဲ့ လူ ရူး ၊ မေ့တဲ့ လူ မေ့ ၊ နှလုံးသွေး ရပ်တဲ့ လူ ရပ်နဲ့ ။


     အမှန်က ကျုပ် လက် ကြောင့်မို့ တော့ ဘာမှ အနာတရ မခံစားစေရဘူး ။ ဘယ်နဲ့ ဗျဂ္ဃ တို့ ပါးကွက်သား လုပ်လာတာ ကြာပြီပဲဟာ ။


ပထမအဆင့် ထက် ပိုမြင့်လာသော ဗျဂ္ဂ ၏ လူကြမ်း စရိုက်ဖော်မှု ဖြစ်သည် ။ သူ ၏ လေသံ ၌ပင် သူ့ အလုပ် ကို သူ မည်မျှ ဂုဏ်ယူကြောင်း ပေါ်လွင်နေပါသည် ။ နောက် တစ်ဆင့် ကြည့်ပါဦး ။


      အဲ ... ကျုပ် ရယ် ၊ ငဆွံ့ ရယ် ၊ ခွေးဗျဂ္ဃ ရယ် ၊ ဒီ သုံးယောက် ပဲ သူသ,တ်ကုန်း မှာ နေကြတာ ။ ကျုပ် အဖို့လည်း ဘယ်မှ သွားစရာ မလိုဘူး ။ ဘယ်သူနဲ့ မှ တွေ့စရာ လည်း မလိုဘူး ။ ကိုယ့် အလုပ် ကိုယ် လုပ် ။ သေသောက် ၊ ထမင်းစား ၊ အိပ် ။ ဒါပဲ ။


      ဘယ်သူမှ လည်း ကျုပ်တို့ ဆီ တခုတ်တရ မလာကြပါဘူး ။


      ဟဲ ... ဟဲ ... လာမိတယ် ဆိုရင်လည်း ပြန် ထွက်သွားစရာ အကြောင်းမှ မရှိတော့တာကိုး ။


      ကဲ ... အမောင်တို့ အမိတို့ ကော ၊ ခုလို အကြောင်း အစုံအလင် သိကြ ရပြီးတဲ့ နောက် ၊ ဘယ်လိုရှိစ ။ လာချင်ကြ သေးသလား ။ ဟေး ... ဟေး ... ။


တတိယ အဆင့် တွင် မူကား ဗျဂ္ဃ သည် လူ့ လောကကြီး နှင့် အဆက်ပြတ် နေကြောင်း ၊ လူတွေသူတွေ တိုင်းရေးပြည်ရေးတွေ နှင့် ပတ်သက်၍ ဘာမျှ စိတ်ဝင်စားမှု မရှိကြောင်း သေသေချာချာ ပေါ်လွင်လာပါပြီ ။ ဟေး ... ဟေး ... ဟူသော သူ ၏ ရယ်သံ က ပင် ဘယ်သူ့ ကို မျှ တန်ဖိုးမထားကြောင်း မထီတရီ ရှိတတ် ကြောင်း ထင်ရှားနေပါပြီ ။


ဤသို့သော လူ့အန္ဓ ဖြစ်မှု ၊ စရိုက်ကြမ်းမှု ပေါ်လွင် ခြင်းသည် နောင်အခါ ဂီတမောင်နှံ ကို ကြင်နာရိုသေခြင်း ကို ဆန့်ကျင်သော ခွန်အား ဖြင့် ကြီးစွာသော အထောက်အပံ့ ကို ဖြစ်စေပါသည် ။ ရက်စက်ကြမ်းကြုတ်ခြင်း အနက် ရောင် ပေါ်တွင် ရိုသေကြင်နာခြင်း အဖြူရောင် သည် ပိုမို ထင်ရှားလာပါသည် ။ အနက်ရောင် ပေါ်က အဖြူစက် သည် အဖြူ ထက် ပို၍ ဖြူသည် မဟုတ်ပါလား ။


ချစ်ဦးညို သည် ဗျဂ္ဃကြီး ၏ အဖြူရောင် စေတနာ ကို ပေါ်လွင် စေလိုသောကြောင့် နောက်ခံ နှလုံးသား ကို အနက်ရောင် ခြယ်ပေးလိုက်သည် ဟု ဆိုသင့်ပါသည် ။


••••• ••••• •••••


တတိယ အခန်း ကို ဇာတ်နှိုး ဟု ခေါ်နိုင်ပါသည် ။ စာဖတ်သူ မျက်လုံး ကျယ်လာသော အခန်း ဖြစ်ပါသည် ။


      ခုတလော ရွှေနန်းတော် တစ်ဝိုက် မှာ အရေးတော်ပုံများ ရှုပ်ရှုပ်ထွေးထွေး ရှိလှတယ်လို့ ၊ တံခါးနီမှူးကြီး က ဟို တစ်နေ့ က ရာဇဝတ်သား တစ်ယောက် လာ ပို့ရင်း ပြောသွားတယ် ။ ကျုပ်တော့ ဒါတွေကို နားမလည်ပါဘူး ။ စိတ်ဝင်တစား လည်း မရှိလှပါဘူး ။


      ထူးခြားတာ တစ်ခုတော့ ပြောသွား တဲ့ စကား ထဲ က မှတ်မိလိုက်ရဲ့ ။


      မြို့ဝန်မင်း က ဘုရင်မင်းမြတ် ရဲ့ သစ္စာတော် ကို လျှို့လျှို့ဝှက်ဝှက် ဖီဆန် နေတယ် ဆိုပဲ ။ ဘဏ္ဍာတော်တွေ ကို ဖြတ်ယူ သတဲ့ ။ ခိုးသား ၊ ဓားပြတွေ တိတ်တိတ် မွေးသတဲ့ ။ နေပြည်တော်သားတွေ က ဘုရင်းမင်းမြတ် ရွှေနားတော် ပေါက်ကြားအောင် လုပ်ဖို့ ကြိုးစားနေတယ် ။ ဒါကို မြို့ဝန်မင်း က လည်း သိတော့ အဖိအနှိပ် အကွပ်အညှပ် တွေ ပိုများလာတယ် ။


      “ ဒီအတိုင်း မှန်ရင်တော့ မြို့ဝန်မင်း တဆိတ် ရိုင်းသကိုး ” လို့ ကျုပ် က ပြန် ပြော မိတယ် ။ ဒါပေမဲ့ ဒီအကြောင်း ဒီလောက် နဲ့ပဲ ပြီး သွားတယ် ။ ကျုပ် က စိတ်ဝင်စားတာ မဟုတ်ဘူးလေ ။ ကျုပ် နဲ့ မှ မဆိုင်တာ ကလား ။


ဤအခန်း မှာ ဇာတ်နှိုး ဖြစ်ရုံမျှ မက ဇာတ်လမ်း ၏ ရှေ့ပြေးနိမိတ် တို့ကို တွေ့ရစ ပြုပါပြီ ။ မြို့ဝန်မင်း မတရားပြုခြင်း ၊ နေပြည်တော်သားများ က ရွှေနား ပေါက်အောင် ကြိုးစားခြင်းတို့ မှာ ဂီတမောင်နှံ တို့ ကြိုးပမ်းမှု ၏ ဇာတ်နိမိတ် ပျိုးခြင်း ဖြစ်သည် ။ မြို့ဝန်မင်း ရိုင်းသည် ဟု ဗျဂ္ဃကြီး က မှတ်ချက် ချခြင်းသည် တစ်သက်လုံး လူအများ နှင့် ကင်းကွာ နေခဲ့ သော ဗျဂူကြီး ပထမဆုံး အကြိမ် လူအများ ၏ အတွက် ကို စိတ်ဝင်စားမိခြင်း ဖြစ်သည် ဟု ဆိုရပါလိမ့်မည် ။ ထိုအချက် သည် လည်း ဇာတ်နိမိတ် ပင် ဖြစ်သည် ဟု ဆိုသင့်သည် ။


••••• ••••• •••••


စတုတ္ထ အခန်း တွင် ကား ဇာတ်တက် ၊ ဇာတ်ထွတ် ၊ ဇာတ်ဆင်း ၊ ဇာတ်သိမ်း တစ်ဆက်တည်း ဝင်လာပါတော့သည် ။ 


အခန်း စ ဖွင့်လျှင် ဖွင့်ခြင်း တောင်စွယ် နေကွယ်ပြီ ဖြစ်၍ ဗျဂ္ဃကြီး သည် ယနေ့ အနားရပြီ ဟု အရက်သောက် ၊ ထမင်း စားပြီး အိပ်မည် ဟု ပြင်ဆင်သည် ။ ထိုအခိုက် တွင် တံခါးနီမှူးကြီး က ရာဇဝတ်သား နှစ်ဦး ကွပ်မျက်ရန် လာ ပို့သည် ။


      “ အား ... နေကွယ်ပြီပါပကော ”


      “ နေကွယ်ကွယ် ၊ လထွက်ထွက် ၊ အမိန့်တော်နဲ့ပဲ ”


      “ ပြစမ်းပါဦး ”


      အမိန့်တော်စာ ကို ယူပြီး မီးတိုင် မှာ ကပ် ကြည့်လိုက်တယ် ။ စာဖတ်တာ မဟုတ်ပါဘူး ။ ကျုပ် မှ စာမတတ်တာ ။ ကျုပ် ကြည့်တာ က အမိန့်တော်စာ ထဲ က ရုပ်ပုံပါ ။ ဓား ပုံ လား ၊ ပုဆိန် ပုံ လား ။ စီရင် ရမယ့် လက်နက် အမျိုးအစား ။


      “ အား ဝါးရင်းတုတ် ပါလား ” 


      အင်း ဒီည အနား ရပြီ အောက်မေ့ တာ ။ အလုပ် က ပေါ်လာပြန်ပြီကိုး ။ ဘာတဲ့ ၊ ဝါးရင်းတုတ် တဲ့ ၊ အလို မသေး ပါလား ။


      ဗျဂ္ဃကြီး က ဝါးရင်းတုတ် နှင့် စီရင်လောက် အောင် ပြစ်မှုကြီးလှသော ရာဇဝတ်သား နှစ်ဦးအား မီးတိုင်ကိုင် မြှောက်ပြီး ကြည့်လိုက်သည် ။


      အလိုလေး ... မျက်စိများ မှောက်လေသလား ။ မီးတောက်အရက် လည်း ဒီလောက် သောက်ရသေးတာ မဟုတ်ပါဘူး ။


      ဗျဂ္ဃကြီး က နုနယ် သန့်ပြန့်လှသော လုလင် နှင့် လုံမငယ် ကို တွေ့ရသောကြောင့် အံ့အားသင့် သွားသည် ။ ထို့ကြောင့် သူတို့ သင့် လာခဲ့သော ပြစ်မှု ကို မေးသည် ။ မဖြေ ။ ဘာစကား မှ မေးလို့ မရ ။ ဝါးရင်းတုတ် နှင့် ရိုက်သ,တ်ရန် အသင့် ဖြစ်ပြီ ။ ဘာစကားမျှ မပြော ။


      ကျုပ် ဆီ ရောက်လာတဲ့ ရာဇဝတ်သားတိုင်း ဟာ သူ့နည်းနဲ့ သူတော့ တုန်လှုပ် ချောက်ချား သွားကြတာချည်း ။ အော် လို့ အော် ၊ ငို လို့ ငို ၊ တချို့ မေ့သွား ၊ တချို့က ရူးသွား နဲ့ ။


      အခု သင်းတို့ နှစ်ယောက်ကျခါမှ ကျုပ် ရဲ့ ပါးကွက်သား သက်တမ်း အတွင်း မှာ ပထမဆုံး အကြိမ် တည်ငြိမ်သော ရာဇဝတ်သား ကို တွေ့ရခြင်း ။


ဗျဂ္ဃကြီး စိတ်ရှုပ် လာသည် ။ သူတို့ ၏ စကားသံ ကို ကြားချင်လာသည် ။ ထို့ကြောင့် ခြောက်လှန့် မေးသည် ။ ဘာစကားမျှ မပြောကြ ။ နောက်ဆုံးတွင် မှ သူတို့အချင်း ချင်း စကား ပြောကြသည် ။ ထို့နောက် ဂီတမောင်နှံ က သေခါနီး ၌ပင် တေးဆို ကြသည် ။ ဤသည်တွင် ဇာတ်လမ်း တက် ရာမှ ဇာတ်ထွတ် ဆီသို့ ချဉ်းနင်းစ ပြုလာသည် ။ ဗျဂ္ဃကြီး မြည်တမ်း ပြောဆို သွားပုံ ကို ကြည့်ပါ ။


      အလိုလေး ... တေးသံ တစ်စ သူတို့ နှုတ် က ထွက်လာပါပကော ။ ကျုပ် နား ထဲ မှာ အဝေး ဆီ က သဲ့သဲ့ လွင့်လာ သလို ၊ အနီးကပ်ပြီး မြည်ဟည်း ထစ်ချုန်း လာသလို ။ တေးသံ ဟာ နားက တစ်ဆင့် ၊ တစ်ကိုယ်လုံး အနှံ့အပြား စီးဆင်းလာ တယ် ။ အလိုလေး အလိုလေး ၊ ဒီ တေး တစ်ပုဒ် ကို ကျုပ် စိတ် ထဲက လိုက် ဆို နေမိပါပကောလား ။


ဤသည်တွင် ဇာတ်လမ်း ဆင်း လာပါပြီ ။ 


တစ်ရှိန်ထိုး ဆင်း လာပြီးသည့် နောက် သိမ်းလိုက်ပုံ ကို ကလည်း ကောင်းပါသည် ။ 


      မြို့ဝန်မင်း က ဘယ် ညှာလိမ့်မတုံး ။     


      အေးလေ ၊ ကျုပ် က လည်း အားလုံးကို ကြို တွက်ပြီးသားပါ ။


      နောက်နေ့ တောင်စွယ် နေကွယ်ချိန် က စပြီး ကျုပ် ၊ ငဆွံ့ နဲ့ ခွေးတို့ ရဲ့ ခေါင်းပြတ် ကို သူသ,တ်ကုန်း ကားစင်ထိပ် မှာ အားလုံး တွေ့ကြရတော့မယ်လေ ။ 


သူသ,တ်ပါးကွက်သားကြီး ဗျဂ္ဃ သည် တစ်မုဟုတ်ချင်း သူရဲကောင်းကြီး ဗျဂ္ဃ အဖြစ်သို့ ပြောင်းပြီး ဇာတ်သိမ်း လိုက်သည် ။


••••• ••••• •••••


ချစ်ဦးညို ဗျဂ္ဃ ဝတ္ထု ကို ဖန်တီးပုံ ကို သေချာစွာ စူးစမ်း ကြည့် လျှင် ရှေးရိုး ပိရမစ် ပုံစံ ပင် ဖြစ်နေကြောင်း တွေ့နိုင်ပါသည် ။ ၁၈၆၃ ခု တွင် ဂူစတပ်ဖရေးတပ် Gustav Freytag က ပြဇာတ်ကောင်း ၊ ဇာတ်လမ်းကောင်း တို့ကို သုံးသပ်ပုံ စတင် ဖော်ထုတ် ပြခဲ့သောကြောင့် ဖရေးတက် ပိရမစ် ( Freytag' s Pyramid ) ဟု ခေါ်ကြပါသည် ။ သူ ၏ ပုံစံ နှင့် ဗျဂ္ဃ ကို ယှဉ်တွဲ ပြလိုက်ပါသည် ။


🚩( ကွန်မင့် တွင် ပုံ ကို တင်ပေးထားပါသည် )


ဗျဂ္ဃ  တွင် ပထမ နှင့် ဒုတိယ နှစ်ခန်းလုံး မှာ ဇာတ်ပျိုး အဆင့် ၌ သာ ရှိနေပြီး တတိယ အခန်း မြို့ဝန်မင်း ၏ အကြောင်း ၊ နေပြည်တော်သားတို့ အကြောင်း ကို ကြားရမှ ဇာတ်နှိုး အဆင့် သို့ ရောက်လာပါသည် ။ သို့သော်လည်း သူသ,တ်ကုန်း ကွပ်မျက်ပုံ နှင့် စပြီး ဖွင့်လိုက်သောကြောင့် ဇာတ်ပျိုး ၌ပင် ဇာတ်နှိုးအငွေ့ ပါလာပါသည် ။ တစ်နည်း အားဖြင့် ဇာတ်နှိုး တစ်ဝက် ကို ရှေ့ဆုံးသို့ ခွဲယူလိုက်သည် ဟု ဆိုသင့်ပါသည် ။


အချိန်မတော် ရာဇဝတ်သား ရောက်လာခြင်း မှ စ၍ ဇာတ်တက် သို့ ရောက်လာသည် ။ ဇာတ်ရှိန် ကောင်းလာပြီး နောက် ဗျဂ္ဃကြီးသ,တ်ခါနီး အချိန် ဝါးရင်းတုတ် နှင့် ရိုက်ချ လိုက်ချိန် ကို ( ကျွန်တော့် အနေနှင့် ) ဇာတ်ထွတ် ဟု ယူချင် ပါသည် ။ ( ‘ ကျွန်တော့် အနေနှင့်

’ ဟု သုံးစွဲ လိုက်သည်မှာ စာဖတ်သူ နှင့် အယူအဆ ကွဲလွဲနိုင်သေးသောကြောင့် ဖြစ်ပါသည် ။ ) ထို့နောက် ကြိုးဖြေလွှတ်ခြင်း ၊ လမ်းညွှန်ခြင်း စသည်တို့ မှာ ဇာတ်ဆင်း ဖြစ်ပါသည် ။ ဗျဂ္ဃကြီး ၏ နိဂုံးချုပ် စကား မှာ ဗျဂ္ဃကြီး ၏ ဘဝဇာတ်သိမ်း လည်း ဖြစ်ပါသည် ။ ဝတ္ထု ၏ ဇာတ်သိမ်း လည်း ဖြစ်ပါသည် ။


ဤမျှ ဆိုရလျှင် ချစ်ဦးညို သည် ရှေးရိုးကျလှသော ဇာတ်လမ်းထုံးဖွဲ့နည်း ကို သုံးစွဲထားကြောင်း ထင်ရှားပါပြီ ။ 


ကျွန်တော့် မှာ ပြောစရာ တွေ ရှိပါသေးသည် ။


••••• ••••• •••••


သေချာ ဖတ်ပြီး အေးအေးဆေးဆေး စဉ်းစား ကြည့် လျှင် ချစ်ဦးညို ၏ ဗျဂ္ဃ မှာ ‘ လုပ်ဇာတ် ’ ကြီး ဖြစ်ကြောင်း သေသေ ချာချာကြီး ထင်ရှား နေပါသည် ။ ကျွန်တော် လည်း သိပါသည် ။ ဗျဂ္ဃ ဝတ္ထု ကို ကျွန်တော် လုံးဝ မယုံကြည်ပါ ။ သို့သော် ကျွန်တော် ၏ ဆောင်းပါး အစတွင် တင်ပြခဲ့သော ဖရင့်အိုကွန်းနား ၏ ဝန်ခံချက်လေး တစ်ခု ကို တင်ပြလိုက်ပါ သေးသည် ။


ဖရင့်အိုကွန်းနား က ကစ်ပလင်း ၏ The Gardener ဝတ္ထု ကို ‘ လုပ်ဇာတ် ’ ဟု အပြတ် ပြောသည် ။ ထိုမျှမက တစ်လုံးတစ်ပါဒ မျှ မယုံကြည် ဟု လည်း ပြော သေးသည် ။ သို့သော် ဖတ်မိတိုင်း မျက်ရည် လည်ချင် သည် ။ “ I have never read it without wanting to weep ” ဟု ရေးခဲ့ပါသည် ။


ထို့အတူပင် ကျွန်တော် သည် ချစ်ဦးညို ၏ ဗျဂ္ဃ ကို တစ်ပုဒ်လုံး အနေ နှင့် တစ်စက် မျှ မယုံကြည်ပါ ။ သို့သော် ကျွန်တော် ပထမဆုံး အခေါက် ဖတ်စဉ် က တမက်မက် တသက်သက် ဖတ်ပြီး ဝတ္ထု ဆုံးသော အခါ “ ကောင်းလိုက် တဲ့ ဝတ္ထု ကွာ ” ဟု ပါးစပ် မှ လွှတ်ခနဲ ထွက်သွားခဲ့သည် မှာ အမှန်ဖြစ်ပါသည် ။


ဤနေရာတွင် အသင့် ယုတ္တိရှိခြင်း သို့မဟုတ် အတွင်း ယုတ္တိရှိခြင်း ( Verisimilitude ) နှင့် တကယ် ဖြစ်နိုင်ခြင်း ( Probability ) တို့၏ ခြားနားမှု ကို ဆင်ခြင်မိ ပါသည် ။ ဗျဂ္ဃ ဝတ္ထု တွင် အသင့် ယုတ္တိရှိမှု ( အတွင်းယုတ္တိ ) ခွန်အား မသေးလှပါ ။ ဗျဂ္ဃ  ၏ စရိုက် ၊ ခွေး ကို ဗျဂ္ဃ ဟုပင် အမည် မှည့်ပုံ ၊ သူသ,တ်ကုန်း အသွင်အပြင် ၊ ဗျဂ္ဃ စာ မတတ် ပုံ စသည် စသည် တို့မှာ ဝတ္ထု ၏ ယုတ္တိ ခိုင်မာမှုများ ဖြစ်ပါသည် ။ 


သို့သော် တကယ့် လောက တွင် ဖြစ်နိုင်ပါသလား ။ ဖြစ်တန်ရာပါသလား ။ ဘယ်တော့မှ မဖြစ်နိုင်ပါ ။ ထို့ကြောင့် လုပ်ကြံဖန်တီး ထားသော ၊ အကွက် ဖန်ထားသော ဝတ္ထု ဟု ကျွန်တော် ဆိုခဲ့ခြင်း ဖြစ်ပါသည် ။


သို့သော် အမှန်တရား ( Reality ) မှ ကွာလှမ်းလှ သည် ဟုကား ပြောရန် ခက်နေပါသည် ။ အကြောင်းမှာ ဝတ္ထု ၊ ကဗျာ စသော အနုပညာ တို့တွင် ပါဝင်သော အမှန်တရား သည် လှည့်စား တတ်ပါသည် ။ ဝေဝါး တတ်ပါသည် ။ တစ်ခါတစ်ရံ လည်း ဝေဝါးယောင် နှင့် အမှန်တရား ကို ထွန်းပြတတ်ပါသည် ။


ဥပမာ တစ်ခု ပြပါရစေ ။ အကျည်းတန်သော ဘဲကလေး ( The Ugly Darkling ) ပုံပြင် ကို လူတိုင်း ဖတ်ဖူးကြပါသည် ။ ဝမ်းဘဲတွေ ကြားထဲ တွင် ငန်းဥ တစ်လုံး ရောက် နေသည် ။ ပေါက်လာသော အခါ ငန်းကလေး ကို အကောင်ကြီးလွန်းခြင်း ၊ နှုတ်သီးကြီးခြင်း ၊ ခြေဖျားကျယ်ခြင်း စသည့် အသွင် မတူမှုကြောင့် ပတ်ဝန်းကျင် ဝမ်းဘဲ အားလုံး က အကျည်းတန်သည် ဟု ကဲ့ရဲ့ကြသည် ။ ငန်းဘဲလေး မှာ လောက ကို စိတ်နာ အားငယ်၍ သေရသည် က ပင် ကောင်း၏ ဟုတွေးကာ ရောက်လိုရာ ရောက်စေ ဟု ပျံသန်း ထွက်ပြေးခဲ့သည် ။ ငန်းဘဲများ အုပ်စုသို့ အမှတ်မထင် ရောက်သွားသော အခါတွင် အလှဆုံးငန်းဘဲလေးပါပဲ ဟု ချီးကျူးခြင်း ခံရတော့သည် ။ ထို ဝတ္ထုလေး ကို သေချာ ဖတ်ကြည့် လျှင် ဘဲတို့ ၏ သဘာဝ ၊ ဘဲတို့ ၏ လောက ကို ရေးခြယ် ထားသည် မှာ တကယ် ဟု ထင်ရအောင် သဘာဝကျ ယုတ္တိ ရှိပါပေသည် ။ သို့သော် တကယ် ဖြစ်နိုင်သလား ဟု မေးလျှင် တကယ် မဖြစ်နိုင်ကြောင်း သိသာပါသည် ။ သို့သော် တစ်ဖန် အမှန်တရား နှင့် ဝေးကွာပါသလား ဟု မေးလာပြန် လျှင် မူ ပတ်ဝန်းကျင် အရပ် အနေ မမှန်လျှင် ဂုဏ်သတင်း ညှိုးငယ်တတ်သည် ဟူသောအချက် မှာ အမှန်တရား မဟုတ်လား ဟု ပြန် မေးရတော့မည် ဖြစ်ပါသည် ။ Dirt is not dirt , only something in a wrong place . ( အညစ်အကြေး ဆိုသည် မှာ အညစ်အကြေး မဟုတ် ၊ နေရာ မှားသော ပစ္စည်း သာလျှင် ဖြစ်သည် ဟူသော စကား ကဲ့သို့ပင် ဖြစ်ပါသည် ။ ) ခေါင်းလိမ်းဆီ သည် ခေါင်း ပေါ်မှာ မနေဘဲ ပါးပြင် ပေါ် ကျသောအခါ အညစ်အကြေး ဖြစ် လာပါသည် ။ ပါး ပေါ်တွင် လိမ်းသော ပေါင်ဒါမှုန့် သည် မှန်ပြင် ပေါ်တွင် ကျသောအခါ အညစ်အကြေး ဖြစ်လာပြန်ပါသည် ။ အကျည်းတန်သော ဘဲကလေး ပုံပြင် က ပြောသည့် ထို အမှန်တရား ကို ငြင်းနိုင်ဖွယ် မရှိပါ ။ ထိုကဲ့သို့ ပင် ပုံပြင် ၊ ဝတ္ထု ၊ ကဗျာများ ကို သုံးသပ်ရာ၌ အသင့်ယုတ္တိရှိမှု ၊ တကယ် ဖြစ်နိုင်ခြေရှိမှု ၊ အမှန်တရား ကို ဖော်ကျူးနိုင်မှု စသည်ဖြင့် အလွှာအလွှာ သုံးသပ်ကြရ သဖြင့် တစ်ခါတစ်ရံ ခဲကတ် လှသည် ဟု ကျွန်တော် ဆိုချင်ပါသည် ။


ချစ်ဦးညို ၏ ‘ ဗျဂ္ဃ ’ ဝတ္ထုတို နှင့် ပတ်သက်၍ ကျွန်တော် တင်ပြလိုသော အချက်များမှာ -


၁ ။ အရိုးစင်းဆုံးသော နည်း ကိုပင် သုံးစွဲစေကာမူ အနုပညာ စွမ်းရည်ကောင်း နှင့် ဖန်တီးပေးနိုင်လျှင် ရသ ထက်မြက်သော အနုပညာပစ္စည်း တစ်ရပ် ဖြစ်လာနိုင်သည် ။ 


၂ ။ မိမိတို့ ၏ ရိုးစွဲသားစွဲ ယဉ်ကျေးမှုများ ကို မည်မျှ ပင် ဟောင်းနွမ်း နေစေကာမူ အသုံး တည့်အောင် ထည့် သွင်း တတ်လျှင် လတ်ဆတ်သော ရသ ကို ဖြစ်စေနိုင်သည် ဟူသော အချက်များ ဖြစ်ပါသည် ။


⎕ အောင်သင်း


📖 သဘင် မဂ္ဂဇင်း 

      ဇူလိုင် ၊ ၁၉၈၄