Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Saturday, February 21, 2026

အသက်မကြီးသေးပေါင် ရှင်ရယ်


 

❝ အသက်မကြီးသေးပေါင် ရှင်ရယ် ❞
( ပုသိမ်ကြီးနယ် ရွှေစာရံဘုရားပွဲ )

အောင်ပင်လယ် ကန်ပေါင်တာရိုးပေါ်ကို ကားတက်လိုက်သည်နှင့် လတ်ဆတ်သော ကွင်းလေက သူ့ကို တိုးဝှေ့နေလေသည် ။ တာရိုးကြီးရဲ့ ဘယ်ဘက်မှာတော့ အောင်ပင်လယ် ကန်တော်စိမ်းမြ ။ အဝေးတစ်မျှော်တစ်ခေါ်အထိ စိမ်းသစ်သော အရောင်တွေ တောက်ပနေသည် ။ အနားသတ် မျဉ်းမှာတော့ ကောင်းကင်ပြာ ၊ တိမ်ဖြူ ဖွေးဖွေး အလိပ်အလိပ် ။ သိပ်လှတဲ့ အောင်ပင်လယ် ။ နန်းတော်ရှေ့ရဲ့ အောင်ပင်လယ် ။ သူကတော့ ဘာကို လွမ်းရမှန်းမသိပါ ။ လွမ်းတော့ လွမ်းနေလေသည် ။

ညာဘက် အနိမ့်မှာတော့ မြို့သစ် ရှိသည် ။ မြို့သစ် ဆိုသော်လည်း မြို့ပြ အရိပ်အယောင် မတွေ့ရပါ ။ အိမ်ကလေးတွေ စီကာရီကာ ဟိုတစ်ကွက် သည်တစ်ကွက် ။ တစ်ခါတုန်းကတော့ သည်မြို့သစ်ကို သူ ရောက်ဖူးသည် ။ အဲသည်တုန်းက မိုးသက်လေတွေ ကျနေကာ မြို့သစ်တစ်ခွင်လုံး မည်းမှောင်နေလေသည် ။ စိမ့်အေးနေသော လေကား မန္တလေးနှင့် မတူ ။ ကလော ၊ အောင်ပန်း ဘက်က လေနှင့် တူနေသည် ။

“ ဆီတို့ဟူးနဲ့ ထနောင်းဝိုင်ကလေးတော့ လုပ်သွားဦး ကိုယ့်လူရဲ့ ၊ အနွေးဓာတ် ကလေးပေါ့ ”

မိတ်ဆွေ ကဗျာဆရာ ကိုငြိမ်း က ဧည့်သည်ကို ဧည့်ခံချင်တာ နည်းနည်း ၊ သူ သောက်ချင်တာ များများဖြစ်သည် ။ ဘာပဲဖြစ်ဖြစ် ကဗျာတွေ ရွတ်ခဲ့ကြ ၊ သီချင်းတွေ ဆိုခဲ့ကြ ။ အောင်ပင်လယ်မြို့သစ် အစမှာပဲ မြတဘက်ကျစေတီကို ဖူးတွေ့ရသည် ။

“ စောမွန်လှ က ပြေးရင်းလွှားရင်း သည်နား ရောက်တော့ မြတဘက် ကျခဲ့တာတဲ့ဗျ ၊ နားတောင်းတွေ ကျလိုက် တဘက် ကျလိုက်နဲ့ ”

သူ့ဘေးက ခပ်ထွေထွေ ခရီးသည်က ပြောနေခြင်းဖြစ်သည် ။ ကားဒရိုင်ဘာ ကတော့ သည်လမ်းခရီးမှာ သည်လို ပြောနေတာကို ကြိုက်ဟန်မရှိပါ ။ လမ်းဘေးက လူတွေကိုလည်း ကားမောင်းရင်းက လိုက်မလားချည်း မေးနေလေသည် ။ နောက်က စပယ်ယာကလည်း “ ရွှေစာရံကို ... ရွှေစာရံကို ” အော်နေတာ မန္တလေး အထွက်ကတည်းက ဖြစ်၏ ။ လူတစ်ယောက် ကားပေါ်တက်တာနဲ့ ၃ဝ ရမှာကိုး ။ ကားခေါင်းထဲကတော့ ကားခ ၅ဝ ဖြစ်သည် ။ သူ မန္တလေး ရောက်စက ရွှေစာရံဘုရားပွဲ ရှိမှန်း မသိပါ ။ သည် ဘုရားပွဲက နှစ်စဉ် တပေါင်းလပြည့်ကျော် ၃ ရက်နေ့တွင် စ၍ တပေါင်းလပြည့်ကျော် ၈ ရက်နေ့တွင် သိမ်းသည်ဟု ဆိုသည် ။ မြန်မာရက်စွဲတွေကို သူ သိပ်မသိတာလည်း ပါပါသည် ။ ဖြတ်သွားဖြတ်လာ ဘတ်စ်ကားတွေ ဘေးမှာ ကပ်ထားသော ပွဲတော် ပိုစတာတွေကြောင့် သူ သတိထားမိသွားခြင်း ဖြစ်လေသည် ။

ရွှေစာရံဘုရားပွဲ ။ သူငယ်ငယ်က ကြည့်ခဲ့ဖူးသော မြို့တော် မောင်ယဉ်အောင် ရဲ့ စင်တင်ပြဇာတ် တစ်ပုဒ်ကို သူ သတိရနေလေသည် ။ ‘ နွားကြန်စုံ ခြေကုန်မောင်းတော့ မြေတုန်စောင်းပေါ့ ၊ လှည်းဘီးကလေးက ချာချာလည် ’ တဲ့ ။ ‘ အသက်မကြီးသေးပေါင် ရှင်ရယ် ၊ ထရွက် ( ထန်းရွက် ) ပုတီးကလေး ဆွဲလို့ ရွှေစာရံကို အရောက်သွားမယ် ’ ဆိုလား ။ တစ်ပိုင်းတစ်စ ရနေသည့် သီချင်းကလေး ။ သူ တည်းခိုရာ တည်းခိုခန်းကလေး ရှေ့က ခုံတန်းလျားမှာ ထိုင်ရင်း ရွှေစာရံ ကို သွားဖို့ ဆုံးဖြတ်လိုက်သည် ။ ဒါပေမဲ့ သူ ဘယ်လို သွားရမယ်ဆိုတာ မသိပါ ။ မေးကြည့်တော့ ၃၅ လမ်းအတိုင်း အရှေ့ဘက်ကို ဆင်း ၊ ၇၆ လမ်းထောင့်မှာ ရွှေစာရံဘုရားပွဲကားတွေ ပြည့်လို့ဟု ဆိုသူက ဆိုသည် ။ ‘ စက်ကျသီဟ ( သကျသီဟ ) ဘုရားမြောက်ပေါက်မှာ ရွှေစာရံကားတွေ ရှိပါ့ ။ နံပါတ် ၁၁ လိုင်းကားလဲ ရောက်တာပဲ ’ ဟု ပြောသူက ပြောသည် ။ ဒါနဲ့ပဲ သကျသီဟ ဘုရားကို ဆိုက်ကားနှင့် သူ သွားသည် ။ လမ်းမှာ ဆိုက်ကားဆရာကို ရွှေစာရံဘုရား သမိုင်းကို မေးတော့ သူ ရယ်ရသေးသည် ။

“ နေဦးဗျ ၊ စောမွန်လှ ညီမ ရှင်မွန်လှ ဆိုတာတောင် ရှိသေးသလားလို့ ၊ ကျုပ်လည်း မေ့တေ့တေ့ရယ် ”

“ စောမွန်လှ နဲ့ ရှင်မွန်လှ ဆိုတာ တစ်ယောက်တည်း မဟုတ်ဘူးလား ”

“ မဟုတ်လောက်ဘူး ထင်တာပဲ ဆရာရဲ့ ”

ဆိုက်ကားဆရာက မဟုတ်လောက်ဘူးနဲ့ မေ့တေ့တေ့တွေက များနေသည် ။ သကျသီဟ ဘုရားပေါက်မှာ တကယ်လည်း ရွှေစာရံဘုရားကားတွေ အများကြီး ။ လိုင်းကားလည်း ရှိသည် ။ ကြားကားလည်း ရှိသည် ။ ကြားကား ခေါင်းခန်းကို သူဝင် လိုက်သည် ။

“ ရွှေစာရံကို ... ရွှေစာရံကို ”

ကြားကား စပယ်ယာက တကြော်ကြော် အော်နေသော်လည်း လူတွေက ခရီးသည်တွေ ပြည့်ကျပ်နေသော လိုင်းကားပေါ်ကိုပဲ တက်ကြသည် ။ လိုင်းကားပေါ်မှာ မိန်းမတွေ ၊ ကလေးတွေ ၊ ယောက်ျားတွေကတော့ နောက်မှာ မတ်တတ် ။ ထမင်းချိုင့်တွေ ၊ ဆွဲခြင်းတွေ မနိုင်မနင်း ။

“ လိုင်းကားတွေက ဈေးသက်သာလို့လား ”

“ ဈေးတော့ သက်သာပါတယ် ။ ဒါပေမဲ့ လမ်းမှာ ဟိုရပ် သည်ရပ်ပါဗျာ ၊ ဆရာသမား စိတ်ရှည်မှာ မဟုတ်ပါဘူး ”

ကြားကား ဒရိုင်ဘာက လိုင်းကားကို စိတ်ပျက်လက်ပျက် ကြည့်ရင်းက ပြောနေခြင်းဖြစ်သည် ။ ခဏကြာတော့ ကားပြည့်သွားသည် ။ နောက် ခဏကလေးမှာတော့ ကားက ပြင်ဦးလွင် ကားလမ်းပေါ် ရောက်သွားလေသည် ။ မြတဘက်ကျ ဘုရားကို ကျော်တော့ ပုသိမ်ကြီးမြို့နယ်ထဲ ရောက်ပြီ ။ ပုသိမ်ကြီးကား အေးချမ်းသလောက် စိမ်းလန်းလှပနေလေသည် ။ ပုသိမ်ကြီးကို သူ ဟောပြောပွဲ ရောက်ဖူးသည်ကော ။ သည်မြို့ကလေးကို ဘာကြောင့်မှန်းမသိ သူ ချစ်ခင်နေမိလေသည် ။

“ ကျွန်တော်တို့မြို့နယ်က အဘယဂီရိ လို့ ဘွဲ့မည်ရတဲ့ ရန်ကင်းတောင်ရှိတယ် ။ ရေတံခွန်တောင် ရှိတယ် ။ မရွှေဥတောင်တော် ရှိတယ် ။ နောက် တန်ခိုးကြီးဘုရား ရွှေစာရံ ရှိတယ် ။ အောင်ပင်လယ် နဲ့ နန္ဒာကန်လည်း ရှိတယ်ဗျ ”

သူ့မိတ်ဆွေ ပုသိမ်ကြီးသား ကဗျာဆရာ မောင်ဖူလုံက ပြောဖူးသည် ။ မန္တလေးက သွေ့ခြောက်သလောက် ပုသိမ်ကြီးက စိမ်းသစ်စိုမြနေလေသည် ။ အရင်ကတော့ သည်နား ရွာတွေက ရွှေစာရံဘုရားကို လှည်းတွေနှင့် သွားဖူးကြတာတဲ့ ။ လှည်းတန်းက တအီအီ စည်ပါပေသည်ပွဲ ပေလား ။ အငြိမ့်သီချင်း တစ်ပုဒ်မှာတော့ ‘ ရွှေစာရံကို သွားဖို့ စီစဉ် ဘိုကေ မဟာလင် လိုက်ပို့မလားရှင် လှည်းပြင် ’ တဲ့ ။

“ ကျွန်တော်တို့ ငယ်ငယ်က ရွှေစာရံဘုရားဖူး သွားရင် လှည်းတွေနဲ့ သွားရတာဗျ ၊ ပျော်ဖို့ သိပ်ကောင်းတာ ၊ သည်နား ဝန်းကျင် ရွာတွေကလည်း လှည်းတပ်ကြီးတွေနဲ့ ဘုရားသွားဖူးကြတာ ၊ ဘုရားဝင်းကြီးထဲမှာ လှည်းတွေ ဆိုတာ နည်းမှတ်လို့ ”

ကျေးလက်ဘုရားပွဲနဲ့ လှည်းဝိုင်း ။ သူ့ငယ်ဘဝတွေထဲမှာလည်း သည်မြင်ကွင်းတွေ ရှိသည် ။ ဘုရားပွဲကို လာရင်း တစ်နှစ်စာ လိုသမျှ ဝယ်ကြခြမ်းကြ ၊ သိုကြလှောင်ကြ ။ ရွာမှာ ကျန်ရစ်သူတွေဖို့ ဘုရားပြန် လက်ဆောင်တွေ ဝယ်ကြ ။ ပွဲလည်း ကြည့် ၊ ဘုရားလည်း ဖူး ၊ ဈေးလည်း ဝယ် ။ ဤသို့ဖြင့် ဘုရားပွဲဈေးသည် ကျေးလက်၏ Super Market ၊ ကျေးလက်၏ Shopping Centre ဖြစ်လေသည် ။

“ ကျောက်ဆည်နယ် ရဲရမန်းရွာက ထရွက် ( ထန်းရွက် ) ပုတီးကလေးတွေ ထွက်တယ် ၊ ထန်းရွက် ငါးရုပ်ကြီးတွေလဲ လုပ်တယ် ၊ ဘုရားပွဲကို လာရောင်းကြတယ် ၊ ထန်းရွက် ပုတီးက ရွှေစာရံဘုရားပွဲရဲ့ သင်္ကေတပေါ့ ၊ သည်ပွဲတော်မှာ ဝယ်စရာ ခြမ်းစရာက စုံလွန်းလို့ ကျေးလက်အိတ်စပို ( Expo ) ကုန်စည်ပြပွဲလို့တောင် ခေါ်နိုင်တယ် ”

“ လှည်းတွေက ဘာဖြစ်လို့ ပျောက်သွားတာလဲ ”

“ ကျောက်လမ်းပေါ် နွားလှည်း မမောင်းရ ဆိုတာက စတာဗျ ၊ သည်ဆိုင်းဘုတ်တွေ လမ်းဘေးရောက်လာတော့ လှည်းတွေက သွားဖို့ခက်လာရော ၊ အုန်းချော လောက်မှာ လှည်းတွေ ထားပြီး ဘုရားပွဲကို ခြေလျင်သွားကြရတယ် ။ နောက်တော့လဲ လူတခြား လှည်းတခြား ဖြစ်လာတော့ လှည်းတွေ ပျောက်ကုန်တာပါပဲ ”

အခုတော့ ပွဲတော်လာ နွားလှည်းတွေ နည်းပါးသွားခဲ့ပြီ ။ ဘုရားဖူးကားတွေ ကတော့ ဘုရားမုခ်ပေါက်ဘေးက ကွင်းကျယ်ကြီးထဲမှာ နားနိုင်ကြပြီ ။ တချို့လိုင်းကားတွေကတော့ ဘုရားဝင်းထဲက သစ်ရိပ်တွေမှာ ။ အခုတော့လည်း အဖော်တွေ ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ လည်နိုင်ကြပြီကော ။ သူ စီးလာသော ကားကလည်း ဘုရားရှေ့ မှာပဲ ရပ်သည် ။ ကားမျိုးစုံကတော့ နေရာတိုင်းမှာ ပြည့်ကျပ်နေလေသည် ။ ဘုရားမုခ်ဦးသို့ ဝင်ရာ လမ်းဘေးတစ်ချက်မှာတော့ ဈေးဆိုင်တန်းတွေ ရှိသည် ။ ကက်ဆက်သံတွေ ဆူညံနေကာ လမ်းပေါ်မှာလည်း လူတွေက အော်ကြဟစ်ကြ ။

ကားပေါ်က ဆင်းကာ ဘုရားဝင်းထဲ သူ ဝင်လိုက်သည် ။ ရွှေစာရံစေတီတော်ကို မော့ဖူးသည် ။ မြင်နေကျ စေတီတွေလို ခုံးခုံးဝန်းဝန်း ပြေပြေလျောလျော မဟုတ် ၊ မာတောင့်တောင့် မြင့်မြင့်မားမား ။ လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝဝ က လွမ်းမော ဆွတ်ပျံ့ဖွယ် အတိတ်သမိုင်း၏ အမှတ်သင်္ကေတအဖြစ် သပ္ပာယ် နေလေသည် ။ အချစ်နှင့် အမျက်စောင်မာန်တို့၏ အားပြိုင်ပွဲ၏ နိမိတ်ပုံ စေတီတော် ။ စေတီတော် နှင့် မလှမ်းမကမ်းက ဂန္ဓကုဋီတိုက်သို့ ဝင်ကာ ဘုရားဖူးသည် ။ မှန်စီ အုတ်နံရံတွေက တဖျပ်ဖျပ် လက်လို့ ။ မှန်စီ တိုင်လုံးကြီးတွေကို မှီရင်း သူခဏ နားသည် ။

ဘုရားပွဲဈေးတန်း မှာတော့ လူသံတွေ ၊ ကက်ဆက်သံတွေ ၊ အသံချဲ့စက်သံတွေ ၊ ဆူညံနေသည် ။ ခပ်လှမ်းလှမ်း လှေဆိပ်မှာတော့ မိန်းကလေး တော်တော်များများ ဓာတ်ပုံရိုက်နေကြဟန်တူ၏ ။ flash gun မီးပွင့်တွေက ဒုဋ္ဌဝတီမြစ်ရေကို တဖြန်းဖြန်း ထိစဉ်နေသည်လား ။ သူကတော့ နီးရာ လက်ဖက်ရည်ဆိုင်ကလေး ကို ဝင်ကာ လက်ဖက်ရည်တစ်ခွက်မှာသည် ။ ဈေးတန်း လက်ဖက်ရည်ဆိုင်ကလေးက မြစ်လေကြောင့် အမိုးတွေ လန်နေသည် ။ သူကတော့ လက်ဖက်ရည်ဆိုင်ကလေး ရှေ့က ဆိုင်းဘုတ်တွေကို လိုက်ဖတ်သည် ။ မာဃစမုံနက်လေဆေး ၊ ရန်ကုန်မုန့်တီခေါက်ဆွဲ ၊ မိုးဦးပန်းရောင်စုံ ဓာတ်ပုံ ၊ ဆိုင်းဘုတ် မပါသော ဦးထုပ်ဆိုင်ကလေးလည်း ရှိသည် ။ ဆိုင်တန်းကလေး ရဲ့ နောက်မှာတော့ ဒုဋ္ဌဝတီ ၊ သို့မဟုတ် မြစ်ငယ်မြစ် ။

သူ့ရှေ့ ရောက်လာသော လက်ဖက်ရည်ရောင်က ညစ်ထေးနေသည် ။ သူ တစ်ငုံ သောက်လိုက်တော့ ဖန်တွတ်နေသည် ။

“ နားတောင်းကျကို ... နားတောင်းကျကို ... ”

“ နဂါးရုံကို ... နဂါးရုံကို ... ”

ဝါးခမောက် ဆောင်းထားသော ပုဆိုးတိုတို ၊ အသားညိုညို အဘိုးအိုက ငှက်လှေ စီးဖို့ အော်ခေါ်နေခြင်း ဖြစ်သည် ။

“ နားတောင်းကျကို ဘယ်လောက်လဲခင်ဗျ ”

“ အသွားအပြန် တစ်ရာပါ ၊ ဘယ်သူ့မှ မတင်တော့ဘူး ”

“ နဂါးရုံကကော ”

“ နဂါးရုံက ဝေးသယ် ”

သူ ငှက်လှေထဲ ဆင်းလိုက်သည် ။ လှေကန့်ပေါ် ထိုင်ရင်းက မြစ်ရေကို လက်နှင့် စမ်းကြည့်တော့ အေးစက်နေလေသည် ။ အို ... ဒုဋ္ဌဝတီ ... ။ ရေက စိမ်းနေသည် ။ ငှက်ခတ်သံ တကျွိကျွိနှင့်အတူ လှေက ဆတ်ခနဲ ဆတ်ခနဲ ရှေ့တိုးနေ၏ ။

“ အဘ ဘယ်က လာခတ်တာလဲ ”

“ ဟိုး စစ်ကိုင်းနယ်ထဲက ၊ ဝေးသယ် ”

“ ပွဲတော်ရက်မှ လာတာလား ”

“ ဟုတ်ပါ့ ၊ ပွဲတော်ကို ကြိုလာတာနဲ့ နောက်ကျမှ ပြန်တာနဲ့ ဆယ်ရက်တော့ နေရသာပါပဲ ”

“ နေတော့ကော ”

“ သန်းခေါင်စာရင်း တိုင်ပြီး နေရသာ ၊ ဆွေမျိုးရှိသူတွေကတော့ တည်းအိမ် ရသာပေါ့ ”

“ စစ်ကိုင်းက ငှက်တွေချည်းပဲလား ”

“ စစ်ကိုင်းက အစီး ၂ဝ လောက် ပါဆို ထင်ပါရဲ့ ၊ တခြားကလည်း ပါသယ် ၊ အစီး ၇ဝ လောက်တော့မှန်းသာပဲ ”

မြစ်ထဲမှာ ဘုရားဖူးလှေတွေ ဥဒဟို ။ တချို့က နောက်ကြ ၊ ပြောင်ကြ ၊ တဟေးဟေး တဟားဟား ပျော်စရာ ။

“ ပွဲတော်ပြီးတော့ ဘယ်လောက် စုမိသလဲ ”

“ ပွဲတော် ပြီးရင်လား ၊ ရသားပဲ ၃ဝဝဝ ပျော့ပျော့တော့ ”

“ လာတုန်းကလည်း လှော်ပြီး လာတာလား ”

“ ဟုတ်ပါ့ ၊ အင်းဝက လာရသာ အလာတော့ နှစ်ညအိပ် သုံးရက်ကြာတယ် ။ အပြန်တော့ တစ်ညပဲ ကြာသယ် ။ ရေစုန်ကိုး ”

နားတောင်းကျ ကို ရောက်တော့ ငှက်ဆရာက ထိုးရပ်သည် ။ ကမ်းပါးမြင့်မြင့်ကို တက်လာတော့ ဘီယာတဲကလေးတွေ ။

“ ကိုင်း ဘီယာတွေ ရမယ်နော ၊ ရေခဲစိမ် အေးအေးကလေးခင်ဗျ ၊ ဖော်စတာ ၊ အမ်စတဲ ၊ တိုက်ဂါး ၊ အားလုံးရပါတယ် ”

နားတောင်းကျ က beer pub  ။ ပြီးတော့ အမြည်းဆိုင်ကလေးတွေလည်း ရှိသည် ။ ထန်းရည်ဆိုင်ကလေးတွေလည်း ရှိသည် ။ ဒါတင် မကပါ ၊ မရှိမဖြစ် အရက်ဆိုင်ကလေးတွေကကော ။

“ ကိုင်းဗျာ ၊ တစ်သက်ပျော်ဖို့ ကြက်ကြော် ”

“ တစ်သက်စုံဖို့ ကြက်သွန်ကြော် ရွရွကလေးနော ”

“ လင်စားရင် မယားပါ ပျော်မယ့် ငါးကြော်ကလေး မြည်းပါဦး ”

ဈေးသည် ယောက်ျားတွေက အလုအယက် အော်နေသည် ။ ဒုဋ္ဌဝတီမြစ်ကမ်းမှာ တိုင်းခြားဖြစ် ဘီယာဘူးခွံတွေ ပြန့်ကျဲနေပါပကော ။ သူကတော့ ယမကာဆိုင်ကလေးတွေ ကျော်ကာ ရွယ်တူ စေတီကလေး သုံးဆူ ရှိရာကို လျှောက်လာခဲ့သည် ။ အာရုံခံ သစ်သားတန်ဆောင်းရိပ်မှာ ခိုဖို့ ဖြစ်၏ ။ နေက ပူခြစ်ခြစ်တောက်လောင်နေသည်လေ ။ တန်ဆောင်းရိပ်မှာ ဈေးသည် အညာသူတွေ ရှိသည် ။ စလူမုန့် ၊ မုန့်ခေါင်းအုံး ဖောင်းဖောင်းကလေးတွေ ၊ နောက်ပြီး သရက်သီးစိမ်း သီးကင်းကလေးတွေ ။

"သရက်သီးက မလျှော့ဘူးလား ”

“ တစ်ဆင့်ယူ ရောင်းရတာပါ ၊ ဇီးသီးခြောက်က တစ်ထုပ် ၁၀ ၊ ငါးထုပ် ယူပါလား ၄၅ ကျပ် ”

တန်ဆောင်းကလေးနဲ့ စေတီကြားမှာ သင်္ကန်းဟောင်းတစ်ထည် မိုးထားသေးသည် ။ သင်္ကန်းထောင့်တစ်ဖက်က ဆိုင်းကြိုးက ချည်စရာ မရှိတော့ ခြင်္သေ့ပါးစပ် ပြဲပြဲမှာ သိုင်းချည်ထားတာကို သူ သဘောကျနေသည် ။ ခြင်္သေ့က ပါးချပ်ကြိုး တပ်ထားသော မြင်းနှင့် တူနေလို့ ဖြစ်သည် ။ တန်ဆောင်းရိပ် တောင်ကုန်း ကမ်းပါးစွန်း အောက်မှာ နားတောင်းကျချောင်းကလေး ရှိသည် ။ ခံ့ခံ့ညားညား မဟုတ် ။ ရိုးချောင်းခြောက်ကလေးလို ကွေ့ကွေ့ကောက်ကောက် ။ သမိုင်းနောက်ခံ နားတောင်းကျချောင်း ဒဏ္ဍာရီနဲ့တောင် မလိုက်ဖက်လှပါကလား ။

သည်နေရာကလေးက ဒုဋ္ဌဝတီမြစ်ထဲကို နောက်ဆုံး စီးဝင်ရာ ချောင်းဆုံးဖြစ်လေသည် ။ သည်နေရာက လှမ်းကြည့်လျှင် မြင်ကွင်းက ဝေးလျားလွန်းသည် ။ အဝေး နောက်ခံ တောင်တန်းမှိုင်းညို့ ။ အစိမ်းမျိုးစုံ ၊ အနီရင့် ၊ အနီနု ၊ ပန်းဖျော့ ၊ သံလွင်ရောင် နှင့် ရေညှိခြောက်ရောင်ဖျော့ဖျော့ ။ သူနဲ့ မနီးမဝေးမှာ ပန်းချီဆရာမကလေး တစ်ယောက် ရှိသည် ။ နိုင်ငံခြားသူ ဖြစ်ဟန် ရှိ၍ မေးကြည့်တော့ စင်ကာပူ ကလို့ ဆိုသည် ။ စင်ကာပူ နှင့် မလေးကပြားမကလေး ။ ပန်းချီသင်တန်းကျောင်းသူတဲ့ ။ clipboard တစ်ချပ်နှင့် sketch တွေ ကောက်နေခြင်းဖြစ်သည် ။ သူ့ပန်းချီကားထဲမှာ ရွှေစာရံသည် သစ်ပင်တွေ ကြားက ထီးတော်အဖျားကလေးပဲ ပါသည် ။ နောက်ခံ တောင်တန်းမှိုင်းမှိုင်း ၊ ငှက်ပျောတော ၊ သရက်ပင်ပျိုအုပ်အုပ် ၊ လူသွားလမ်းကလေး ၊ အနားကပ်လျက်က နားတောင်းကျ ချောင်းဟောင်းကလေး ၊ သစ်တောလမ်းဖွေးဖွေးနဲ့ တံတားဟောင်း ၊ အဝေးမှာ ဘုရားဖူးတွေ ၊ ရောင်စုံ ။

“ ဓာတ်ပုံ မရိုက်ဘူးလား ”

“ မရိုက်ဘူး ၊ ကျွန်မ sketch ပဲ ကောက်တယ် ၊ တော်တော် ရနေပြီ ။ မန္တလေးတောင် ၊ ကျုံးနဲ့ နန်းတော် ၊ တောင်ကြီး ၊ အင်းလေး ၊ ပင်းတယက ရှုခင်းတွေလေ ”

ဇီးပင်ကလေး ဘေးမှာတော့ စက်ဘီးအပ်ဆိုင်ကလေး ရှိသည် ။ ‘ စက်ဘီးအပ် ’ က စာတစ်ကြောင်း ၊ ‘ ရန်ဋ္ဌါ ’ က စာတစ်ကြောင်း ၊ ‘ န ငါးကျပ် ’ က စာတစ်ကြောင်း ရေးထားသော ဆိုင်းဘုတ်က ခပ်တင်းတင်း ၊ ရေခဲချောင်းသည်ကလေးကတော့ ကွပ်ပျစ်စွန်းမှာ ထိုင်ရင်းက အဝယ်မျှော်လေ၏ ။ စက်ဘီးဟောင်း ကယ်ရီယာပေါ်မှာ နို့အေးချောင်းပုံး ရှိသည် ။ ရှေ့က ခြင်းထဲမှာ ထမင်းချိုင့်ဟောင်းကလေး ရှိသည် ။

“ စစ်ကိုင်းဘက်က လာရောင်းတာ ဦးရဲ့ ၊ ကျောက်လမ်းအတိုင်း မနက်ခြောက်နာရီ က နင်းလာရင် သည်ကို မနက် ကိုးနာရီ ရောက်တယ် ။ အချောင်း ၃၅၀ ထည့်လာတာ ကုန်ရင် ၃ဝဝ မြတ်တယ် ”

သူ ပြန်အဆင်းမှာတော့ ငှက်ဆရာက နဂါးရုံဘက် သွားဦးမလား မေးနေသေးသည် ။

“ နဂါးရုံက ဝေးတော့ ဝေးသယ် ၊ သွားချင်ရင် ပြောပါသယ် ”

အပြန်မှာတော့ မြစ်ရေထဲမှာ တခြား ဘုရားဖူးလှေတွေ ပိုများနေပြီ ။ အစုန်အဆန် နောက်ကြပြောင်ကြ ။ ငှက်လှေက ရှေ့ကို တိုးတယ် ဆိုရုံ ရွေ့နေသည် ။

“ ကြားဖူးသာတော့ ဉာဏ်တော်က ငါးတောင် စေတီကလေးပါ ။ နောက်မင်းများ ဆက်ပြုပြင်ကြလို့ မြင့်လာသာတဲ့ ။ အလောင်းစည်သူမင်းကြီး လက်ထက်ကျတော့ သမ္ဘာချောင်း ၊ မြစ်ငယ်မြစ် ၊ ပန်းချောင်း တစ်ဖက်ကမ်း ယင်းမာပင် နက်ချောင်း နဲ့ နကဲတောင်တွေကို သင်ပုတ်မြေ သတ်မှတ် လှူဒါန်းခဲ့သေးသတဲ့ဗျ ”

“ ဘကြီးက တော်တော် သိတာပဲ ”

“ ဪ ... ကိုယ့်မြေက ကိုယ့်ဘုရား ၊ ဒါနဲ့ လုပ်စားရသာကိုး ”

ဘုရားပွဲ လှေဆိပ် မရောက်ခင် ကမ်းစပ်ကလေး တစ်နေရာမှာ သူ ဆင်းသည် ။ ဗီဒီယိုပြသရေးရုံလို့ ရေးထားသော ရုံကလေး ဘေးက ဖြတ်လာတော့ ရုံရှေ့မှာ လူတွေ ။ နောက်ပွဲကို စောင့်နေကြတာ ဖြစ်မည် ။

ဇာတ်ကားနာမည် ဖတ်ကြည့်တော့ Game of Death  ။ ဗီဒီယိုရုံကလေးက ကျော်တော့ စလူမုန့်ဈေးတန်း ။ မုန့်ခေါင်းအုံး ၊ အနုဆုပ် ၊ ကရေကရာ ၊ မျှစ်ချဉ်သည်တွေ စီတန်းနေသည် ။ ထန်းရွက်ပုတီးဆိုင်မှာတော့ အမှတ်တရ ထန်းရွက်ပုတီးကလေး နှစ်ကုံး ဝယ်လိုက်သည် ။

“ ဪ မနှစ်က ဆိုလို့ရှိရင်နော်ဗျာ ၊ ဩော် ကျွန်တော့် ညီတော် နောင်တော်များ မှတ်မိပါတယ် ။ ပရိသတ်ကြီးနဲ့ ကျွန်တော်တို့နဲ့ ပြောစရာ မလိုတော့ပါဘူးလို့နော်ဗျာ ။ မေတ္တာလက်ဆောင် ပေးတဲ့ လက်မှတ်ကတောင် စက်ဘီးတစ်စီး ထပေါက်မှတော့ ပိုက်ဆံနဲ့ ရောင်းတဲ့ လက်မှတ်က ပေါက်မဲ မပါလို့ မရပါဘူး ။ တစ်နပ်စား မကြံပါဘူးလို့ ”

အသံချဲ့စက်က ကြားနေရသော အသံဖြစ်သည် ။ မဲဖောက်တဲ့ ရုံကလေးဆီက ဖြစ်သည် ။ တစ်နပ်စား မကြံပါဘူး ဆိုတာကိုပဲ လူတွေက ယုံကြည်ကြပုံ မရပါ ။ မုန့်ဈေးတန်းနဲ့ တစ်ဆက်တည်းမှာတော့ ဈေးသည်တွေ ဈေးဝယ်တွေ ကြိတ်ကြိတ်တိုးနေသည် ။ ပိတ်စပေါ်မှာ ‘ တန်ပိုလာ ’ လို့ ရေးထားသော ဆိုင်ခန်းကလေး ရှေ့မှာတော့ လူတွေ သဲကြီးမဲကြီး ။ တန်ပိုလာ ဆိုတာကို သူ မသိပါ ။ အသံချဲ့စက်နဲ့ အော်နေသော သူ့အသံကတော့ ရွှေစာရံဘုရား တစ်ကွင်းလုံး ဟိန်းနေလေသည် ။

“ ညီနောင်လေးလား တစ်ညီနောင် ဆယ့်တစ် ၊ ဆယ့်တစ်ပါနော် ။ လာပြန်ပြီ နောက် တစ်လုံး ၊ တစ်လုံးတည်းသော နံပါတ်မှာ တစ် ။ လာပြန်ပါပြီ နောက်တစ်လုံး ၊ တစ်သုည ဘူပါ ။ လာပြန်ပါပြီ နောက်တစ်လုံး တစ်ရှစ် ၊ ဆယ့်ရှစ် ၊ မှတ်ထားပါ ”

ဈေးတန်းကလေးမှာတော့ ကြွေပန်းကန်တွေ ရွေးနေသူတွေ ရှိသည် ။ ပလတ်စတစ် အရုပ်ကလေးတွေကို တိုးဝှေ့နေသူတွေ ရှိသည် ။ ပြန့်ကျဲနေသော ပြက္ခဒိန်တွေမှာတော့ ထက်ထက်မိုးဦး နဲ့ ခိုင်သင်းကြည် အများဆုံး ။ ဗန်းကြီးတွေထဲ ထည့်ရောင်းသော တရုတ်နေကာမျက်မှန်တွေကတော့ ၆၅ ကျပ် ဆိုတော့ လူငယ်တွေ စိတ်ဝင်တစားတပ် ကြည့်နေကြသည် ။ ချုပ်ပြီးသား အင်္ကျီတွေ ၊ ပလတ်စတစ် ရောင်စုံစတွေ ၊ အသင့်သွင်း ပြီးသား ကက်ဆက်ခွေတွေ ... ။ အားလုံးကို ကျော်ဖြတ်ကာ သူ ထွက်လာခဲ့သည် ။ မှန်စီတန်ဆောင်းကြီးထဲလည်း သူ မသွားချင်သေး ။ တန်ဆောင်းကြီးထဲမှာ ထမင်းစားနေသူတွေ ၊ ယပ်ခတ်နေသူတွေ ၊ ပုတီးစိတ်နေသူတွေ ၊ တစ်ရေးတစ်မော အိပ်နေသူတွေ အပြည့် ။ ခပ်လှမ်းလှမ်းမှာ သူ မရောက်ရသေးသော ဈေးတန်းကလေး ရှိသည် ။ ဇာတာခြင်းကလေးတွေ ၊ ဖာတောင်းလေးတွေ ၊ ထန်းဖူးရှမ်းဦးထုပ်တွေ ရောင်းတဲ့ ဆိုင်ကလေး မှာ ခဏနားရင်း ရှမ်းဦးထုပ်တစ်လုံး ဝယ်သည် ။ ပွဲခင်းတစ်ခွင်လုံး လူတွေ လှိမ့်သွင်း လိုက်သလို ကျပ်ညပ်နေသည် ။ နေက ပူ ၊ လေက ပူ ၊ ဖုန် တထောင်းထောင်း ၊ လူတွေက အတောက်ပဆုံး အရောင်တွေကို မဝတ်မနေရ အမိန့်ထုတ်ထားသလို ဝတ်ဆင်ကြလို့ ။ အဝါ ၊ အနီ ၊ ခရမ်းတွေက နေရာတိုင်းမှာ ပြိုးပြက်နေသည် ။

“ နနွင်းတက်က တစ်ပိဿာ ၃၀ ၊ ချင်းက အစိတ်သားကို ၁ဝ ၊ ကင်ပွန်းသီးက တစ်ပိဿာကို ၅ဝ ၊ ဝယ်ပါဦး ”

“ မေးကြည့်တာပါ ၊ ဝါးလက်ခုပ်ကလေးတွေကကော ”

“ တစ်ဆယ်တည်း ၊ ဝယ်မှ ခြမ်းပေးတယ် ၊ နို့မို့ရင် တီးလွန်းလို့ ”

ရှမ်းသံဝဲဝဲဖြင့် ပါးကလေးတွေ ရဲနေသော ကလေးမက ပြောနေခြင်း ဖြစ်သည် ။

ကပ်လျက်မှာတော့ စီးကရက်တွေ တောင်ပုံရာပုံ ဖြန့်ခင်းထားသည် ။

“ ရွေးလိုက် ၊ ရွေးလိုက် ၊ တစ်ဘူး ၁၅ ကျပ် ”

တံဆိပ်နှစ်မျိုး ရောမွှေထားသော စီးကရက်တွေမှာ မှိုတက်တွေ ဖြစ်လိမ့်မည် ။ လူငယ်နှစ်ယောက်ကတော့ စီးကရက်တစ်ဘူးကို ဖောက်ကာ ဟန်ပါပါ နှုတ်ခမ်းမှာ ချိတ်ထားလိုက်သေးသည် ။ စီးကရက်တံဆိပ်တွေကတော့ ဈေးကွက်ထဲမှာ မကြားဖူးတာတွေ ။ Red Star , General .

သည်ဈေးတန်းကလေးမှာတော့ ရှမ်းအမျိုးသမီးကြီးတွေ တန်းစီထိုင်လို့ ။ ဘူးသီးခြောက် ရေဘူး ၊ ဝါးကျည်တောက် ရေဘူး ၊ ဆင်တုံးမနွယ်ခွေ ၊ လက်ဖက်ခြောက် ၊ ဆေးမြစ်စုံ ၊ ကြက်သွန်ဖြူ ၊ ပိတောက်မှို ၊ ကင်ပွန်းခါး ၊ ကရဝေးရွက်များ ။ အပွင့် မပါသော သစ်ခွတွေက ခွေလျက်သား ။

“ ဆေးမြစ်စုံ ဝယ်ပါဦး ။ ပေါက်နက်လဲ ပါတယ် ၊ သရင်းကြီး ၊ နလိန်ကြော် ၊ တောရှောက်မြစ် အကုန်ပါတယ် ။ တစ်စည်း ၃၀ ၊ ပဲပုပ်က တစ်ဆယ်သား ၂ဝ ။ သစ်ခွလား ပွင့်ရင် သိပ်လှတာပဲ ။ တစ်ခွေ ၃၅ ကျပ် ”

စဉ့်ပစ္စည်းတွေကတော့ နေရာ တော်တော်ကျယ်ကျယ်မှာ ပြန့်ကျဲနေသည် ။ အဘွားအို တစ်ဦးက စဉ့်ပစ္စည်းလေးတွေ နေပူထဲမှာ ရွေးနေသည် ။

“ စဉ့်စိမ်းက အေးလိုက်သာရယ် ၊ စဉ့်ဝါက မအေးဘူးရယ် ”

အဘွားအိုက လက်ထဲမှာ စဉ့်ရေနွေးခွက်ကလေးတွေ ကိုင်ရင်းက ပြောနေခြင်း ဖြစ်သည် ။

“ ကိုယ့်တန်ရာတန်ရာ ဧည့်သည်လာတော့ သူများဆီ ငှားရမစိုးလို့ ဝယ်သာရယ် ၊ အမေက ဟို စနေထောင့်တဲက မိုမင် ကရယ် ၊ ငရုတ်ခင်း စောင့်ရသယ် ၊ ဇီးခင်း စောင့်ရသယ် ၊ သနပ်ခါးခင်း စောင့်ရသယ် ”

ရုပ်ပျက်ဆင်းပျက် မူးရူးနေသော လူငယ်အုပ်စုတစ်စုကတော့ သစ်သားဓားကြီးတွေ ထမ်းကာ ပွဲတော်ဈေးထဲ ဟန်ရေးပြလို့ ။ ဧရာမ သစ်သားဓားကြီးတွေမှာလည်း စာတန်းတွေ ရေးထားလို့ ။

“ ရှေ့မတိုးနဲ့ ကိုကံချွန် ”

“ ချစ်ရင် ချစ် ၊ မချစ်ရင် ခုတ်သတ်မယ် ”

“ မိုက်တယ်ဆိုတာ လွယ်ပါတယ် ”

ကြောက်စရာကောင်းလိုက်တာ ။ ဈေးတန်းကလေး အပြင်ဘက်မှာတော့ အများသုံး ရေအိမ်ရှိသည် ။ အပေါ့အပါး သွားနိုင်သည် ။ ရေအိမ်ဝက စာတန်းမှာ သုံးကျပ် ဆိုတော့ တချို့က ဟိုးခပ်ဝေးဝေး လူရှင်းရာကို သွားသည် ။

“ လူတွေက သုံးကျပ်ဆိုတော့ များတယ် ထင်တာပါဗျာ ။ ၁ဝ ရက်ကို လေလံခက တစ်သောင်းခွဲတောင် ပေးထားရတာ ။ ဒါက ဘုရားဂေါပကနဲ့ မဆိုင်ဘူး ”

ရေအိမ်ဝက လူငယ်က လာသမျှလူကို မေတ္တာရိ ရှင်းပြနေလေသည် ။ ပွဲတော်ကွင်းထဲက ခွာခဲ့ကာ ဇာတ်ရုံ ရှိရာကို သွားဖို့ စိတ်ကူးလိုက်သည် ။ ဒါပေမဲ့ အချိန် မရှိတော့ပါ ။ အခုပဲ ညနေ နှစ်နာရီကျော်ပြီ ။ နေကတော့ တညီးညီး တောက်လောင်နေဆဲ ။

နေရောင်ပြင်းပြင်းထဲမှာ ဝါးပစ္စည်းတွေ ရောင်းနေသော ကလေးငယ်က တစ်ခုခု အားပေးပါဦး ဆိုနေသည် ။ နေပူထဲက ဝါးတောင်းကြီး တစ်လုံးထဲမှာ ထိုင်နေသူကလေး ဖြစ်သည် ။ နာရီဘယ်လောက်ကြာကြာ ထိုင်နေခဲ့တာလဲ ။

“ အရိပ်ထဲ ဝင်ရောင်းပါလားကွ ”

“ နေရာ မရှိတော့ဘူး ဦးရဲ့ ၊ သည်နေရာက ပိုက်ဆံမပေးရဘူး ”

ဘုရားဝင်း အဝက ကားဝင်းထဲကို သူ ထွက်လာခဲ့သည် ။ သူ့မှာ ကုသိုလ် တချို့တစ်ဝက်နဲ့ ထန်းရွက်ပုတီးကလေး နှစ်ကုံးပဲ ပါခဲ့ပါပကော ။ လူတွေကတော့ ဘုရားဝင်းနဲ့ မမျှအောင် ပိုမို ကျပ်ခဲနေလေသည် ။ မန္တလေး ပြန်မယ့် ကားတွေကလည်း လူခေါ်နေကြပြီ ။

“ မန်းလေးကို ... မန်းလေးကို ”

သူက ကားတွေဆီကို မသွားသေးဘဲ မန်ကျည်းပင်ရိပ်မှာ ခဏနားသည် ။ သူ့ တစ်ကိုယ်လုံးမှာ ချွေးတွေ ။ အိုက်စပ်ပူလောင်နေသည် ။ လမ်းမပေါ်မှာတော့ အစွမ်းကုန် အလှခြယ်သထားသော လုံမပျိုတွေ အထွေးလိုက် အထွေးလိုက် ။ ယောက်ျားလေးတွေ ကတော့ ဘောင်းဘီရှည်တွေနဲ့ပါလား ။ ပါးပေါ်မှာ သနပ်ခါး ပါးကွက်မျိုးစုံ ။ တူညီတာ တစ်ခုကတော့ ယောက်ျားလေး တော်တော်များများ အရက်မူးနေခြင်းဖြစ်သည် ။

“ အဲသာ ပွဲလာကြည့်ကြသာ ။ သည်နား ရှိသမျှရွာက အကုန်လာသာပဲ ။ မန္တလေး ကလဲ လာသာပဲ ။ ကနေ့ည သိန်းသန်းဝင်းဇာတ်ဝင်သယ်လေ ။ ရုံပွဲက သုံးည ကပြီးရင် ပြီးပြီ ။ အရင်ညတွေက တခြားဇာတ် ကသာလဲ လူပြည့်သာပဲ ”

မန်ကျည်းပင်ရိပ် အိမ်ကလေးက အမယ်အိုက သူ့ကို ရယ်လို့ မဟုတ်ဘဲ ပြောနေခြင်းဖြစ်သည် ။ စကားတွေ တတွတ်တွတ် ။ သူ မမေးရဘဲ data တွေ တော်တော် ရနေသည် ။

“ ကားတွေက ရပ်ခ ပေးရသာတော့် ။ အလကားရ မှတ်လို့ ၊ ဘယ်ရလိမ့်တုံး ၊ အကြီးတွေက ၅ဝတဲ့ ၊ ၃၀ တဲ့တော့ ။ ဆိုင်ကယ်က အစိတ်တဲ့တော့် ။ စက်ဘီးက ငါးကျပ်တဲ့ တော့် ၊ ကားသမားတွေက တော်ကြာ ရေတစ်ပုံး ပေးပါဦး လုပ်နေလို့ ပြောပစ်ရသယ် ။ ဟဲ့ ဒါက ဝယ်ထားရသာလို့ ၊ ရေတစ်စည် က ၃၀ ပေးရသာ အလကား ရမှတ်လို့ ။ မြစ်ဆိပ်ဆင်း ခပ်ရသာ လွယ်မှတ်လို့ ”

သူကတော့ ခေါင်းခန်း လွတ်နေသော ကားလေးတွေကို ရှာသည် ။ လိုင်းကားတွေ ပေါ်ကို သူ မတက်နိုင်ပါ ။ လူတွေက အပြည့်တိုးလိုးတွဲလောင်း ။

“ နောက်ဆုံးနေ့မှ ပစ္စည်းဝယ်ရသာ ၊ ပုဏ္ဏားသိမ်း ရောင်းကြဝယ်ကြသာ ။ ရှိသမျှ ကုန် ဈေးချရောင်းတော့ ဈေးပေါချက်တော့ ၊ ဝယ်သူတွေက ပုဏ္ဏားသိမ်း စောင့်နေသာ ”

ခဏကြာတော့ သူ ကားခေါင်းထဲ ရောက်ပြီ ။ လူ မရှိသေး ၊ ခေါ်တုန်း ။ စပယ်ယာရော ဒရိုင်ဘာပါ ပုဆိုးခေါင်းမြီးခြုံကာ တအား ကျုံးခေါ်နေသည် ။

“ နည်းနည်းတော့ ကြာမယ်နော် အစ်ကို ၊ လူပြည့်မှ ထွက်မှာ ”

“ ရပါတယ် ”

ရာပေါင်းများစွာသော လူတွေထဲမှာ ကားရှာနေသော စင်ကာပူ ပန်းချီဆရာမ ကို တွေ့တော့ ကားပေါ်မှ ဆင်းကာ သူ သွားခေါ်လိုက်သည် ။

“ ကျေးဇူးတင်လိုက်တာ ၊ ဟိုတယ်က ကျွန်မကို ကားစီစဉ်ပေးတယ် ။ ကျွန်မ လိုင်းကားပဲ စီးချင်လို့ ၊ ရှင် ကျွန်မကို မှတ်မိတာ အံ့သြတယ် ”

“ ခင်ဗျား ကင်မရာ မပါတာ နာတာပဲ ။ သည်လို ကျေးလက်ဘုရားပွဲကို ဓာတ်ပုံ ရိုက်သွားရမှာ ”

“ ဟုတ်ပါရဲ့ရှင် ၊ Sketch တော့ တော်တော်ရလိုက်ပါတယ် ”

နောက် တစ်နာရီလောက်မှ ကားထွက်ဖြစ်သည် ။ သူမ ကတော့ နီရဲအောင် ဆေးဆိုးထားသော သရက်သီးနှင့် အချဉ်ပေါင်းတွေကို လူတွေ အားပါးတရ ဝယ်စားနေတာကိုပဲ အံ့သြသတဲ့ ။ ဖုန် တထောင်းထောင်း ထနေတဲ့ ကြားက မုန့်တွေ အကြောင်းလည်းပါရဲ့ ။

“ မြန်မာ ကျေးလက်ဘုရားပွဲကို ဘယ်လိုမြင်သလဲ ”

“ ကျွန်မ သိပ်စိတ်ဝင်စားတယ် ၊ ပျော်စရာလဲ ကောင်းတယ် ”

“ သည်ဘုရားရဲ့ သမိုင်းက ပိုတောင် စိတ်ဝင်စားဖို့ကောင်းတယ် ”

“ ကျွန်မ စိတ်ဝင်စားလိုက်တာ ”

သူက စောမွန်လှရာဇဝင်ကို ငှက်လှေဘကြီး ပြောသမျှ စီကာစဉ်ကာ ပြောပြလိုက်သည် ။ ကားသံကို ကျော်ကာ အော်ပြောရခြင်းဖြစ်၏ ။

ဘုရားဖူးကားတွေ ကားလမ်းပေါ်မှာ လာကြတုန်း ၊ သွားကြတုန်း ။ ကားဒရိုင်ဘာ ကတော့ မျက်လုံးကြီး ပြူးရင်းက တက်တခေါက်ခေါက် လုပ်နေသည် ။

“ လိုင်းကားတွေ ရှေ့ကဖြတ်ထွက်လို့တဲ့ဗျာ ၊ ကားနံပါတ် မှတ်ထားလိုက်တယ်လေ ၊ ကုန်ဦးမယ် ပက်စပ် ”

ပက်စပ် ဆိုတာ ပိုက်ဆံရဲ့ အသံထွက်ဖြစ်သည် ။ သူကတော့ စောမွန်လှ ကို သနားရမှာလား ၊ ဒရိုင်ဘာကို သနားရမှာလား မဝေခွဲနိုင် ။ သူ့ဘေးက ပန်းချီဆရာမ ကတော့ လှောင်အိုက်နေသော ကားခေါင်းခန်းထဲမှာ ငိုက်မျဉ်းနေပြီ ။ သူကတော့ ဘုရားပွဲ အလာ ဆိုက်ကားဆရာ ပြောသော စကားတွေကိုသာ သတိရနေလေသည် ။

“ စောမွန်လှက သည်ဘုရားပွဲ ကျရင် လူယောင် ဖန်ဆင်းပြီး ဘုရားပွဲကို လာတတ်တာ ဆရာရဲ့ ” တဲ့ ။ သည်စကားသာ မှန်လျှင် သူ စောမွန်လှ နှင့် ဘုရားပွဲမှာပဲ တွေ့ချင်ပါသေးသည် ။ သူ့မှာ မေးချင်တာတွေ ရှိသည် ။

▢  နေဝင်းမြင့်
📖 မြို့ပြပိုးမွှားများ

Friday, February 13, 2026

တောင်ထိပ်ပေါ်က နတ်သျှင်နောင်၏ မော်တော်ဆိုင်ကယ်


 

❝ တောင်ထိပ်ပေါ်က နတ်သျှင်နောင်၏ မော်တော်ဆိုင်ကယ် ❞
        ( ဇော်ဇော်အောင် )

အပျက်အစီးများ တစ်မျှော်တစ်ခေါ် ကြဲပြန့်ရှုပ်ပွနေသည့် လွင်ပြင်၏ အဆုံး ၊ မိုးကုတ်စက်ဝိုင်းနှင့် ထိကပ်လျက် ၊ တဖိတ်ဖိတ်လက်နေသော အရာတစ်ခု ရှိနေ၏ ။ ထိုအရာသည် တောင်တစ်လုံး ဖြစ်သည် ။ ထိုတောင်သည် ကျွန်တော်၏ ချစ်လှစွာသော မနှင်းဆီ ကဲ့သို့ပင် ။ ကျွန်တော် ရှိရာ သူ မလာ၍ ၊ သူ ရှိရာသို့ ကျွန်တော် သွားရ၏ ။ တောင်ဝန်းကျင်သည် ညို မှောင်ရီဝေနေသည် ။ တောင်ခိုးနှင့်တိမ် ရောယှက်လိမ်၍ ၊ တိမ်နှင့် တောင်ခိုး တောင်ကိုမိုးသည် ။ မိုးမမြင် ... ခေတ်စမ်းကဗျာကဝိကြီး ကျန်းမာပါစေ ။ မြူခိုးများ ဝေ့ဝဲနေသည် ။ ညိုမှောင်ဝေရီ ဖိတ်ဖိတ်လက် ။ တောင်ခြေမှာ ကျွန်တော်ရှိသည် ။ ဇော်ဇော်အောင် ရှိသည် ။ သူလည်း ရှိနေသည် ။ တောင်ခါးပန်း အဆင့်ဆင့်မှာ ကွေ့ဝိုက်ဝန်းပတ် ဖောက်လုပ်ထားသော လှေကားရှိ၏ ။ လှေကားထစ်များကို ကျောက်ဖြူသားဖြင့် လုပ်ထား၏ ။ လှေကားလက်ရန်းတို့ကို အင်္ဂတေခြူးပန်းခြူးနွယ် အဆန်းတကြယ်လုပ်ထား၏ ။ ရတနာကိုးပါး မြှုပ်သွင်းစီခြယ်ထားသည် ။ ဘယ်သူ ခိုးယူသွားလည်း မသိပါ ။ အနီရောင်နှင့် အစိမ်းရောင်ကျောက် မြှုပ်ထားသော နှစ်နေရာတွင် အင်္ဂတေသား ဟောက်ပက်ဖြစ်နေသည် ။ ပြဿနာက လှေကား ဆိုသော အရာသည် တက်ရသော အရာလား ၊ ဆင်းရသော အရာလား မကွဲပြားခြင်း ဖြစ်၏ ။ ဤလောကတွင် အမြင့်သို့ တက်သော လှေကား အနိမ့်သို့ဆင်းသော လှေကားဟု ကွဲကွဲပြားပြား ဖြစ်အောင် ဆိုင်းဘုတ် ချိတ်ထားသင့်ပါသည် ။ ယခု သူက တက်ချင်သည် ။ ဇော်ဇော်အောင်က ဆင်းချင်သည် ။ ကျွန်တော်က ဝေခွဲမရ ။ ဟိုအဝေးမှ မိုးချုန်းသံ သဲ့သဲ့ ။

ထို့နောက် ကျွန်တော်တို့ တက်ခဲ့ကြသည် ။ တောင်ခါးပန်းက မြူခိုးတွေ ကြားမှာ ဇော်ဇော်အောင် ပထမဆုံး ပျောက်သွား၏ ။ ကျွန်တော် ရှာကြည့်သောအခါ သူ့ကိုသာ တွေ့ရ၍ ကျွန်တော့် ခေါ်သံသာ ကျွန်တော် ပြန်ကြားနေရသည် ။ မှိုင်းများ သိပ်သည်းလွန်းလှ၏ ။ တောင်ထိပ်မှာ အိမ်တစ်လုံးကို သူ ဝမ်းသာအားရ တွေ့လိုက်သည် ။ ထိုအိမ် လေးဘက်လေးတန် နံရံများ အပိတ် ။ အိမ်ခေါင်မိုးမှာ ထူးဆန်းစွာ ဝင်ပေါက်တံခါး တပ်၍ ထား၏ ။ အိမ်ထဲမှာ သူ ထိုင်နေသည် ။ သူ့နောက်က နံရံပေါ်မှာ နှစ်ဆယ့်သုံးသိန်းတန် ဟာလေးဒေးဗစ်ဆင် မော်တော်ဆိုင်ကယ်ကြီးတစ်စင်း ချိတ်ဆွဲထားသည် ။ ထို ဆိုင်ကယ်သည် တောင်ငူဘုရင် နတ်သျှင်နောင် စီးခဲ့သော မော်တော်ဆိုင်ကယ်ကြီး ဖြစ်နေကြောင်း စာရေး မကပ်ထားသော်လည်း ကျွန်တော် အလိုလို သိနေသည် ။ အပြင်ဘက်မှာ မြူတွေပြာ ၊ ကျွန်တော် တောင်ခြေမှာ ရှိနေ၏ ။ ဘယ်တုန်းကလည်း ကျွန်တော် မမှတ်မိ ။ မမှတ်မိခြင်းသည် မေ့နေခြင်းနှင့် အတူတူပဲလား ။ ကျွန်တော် မမှတ်မိ ၊ မေ့နေ၏ ။ လှေကားသည် လှေကားသာ ဖြစ်ကြောင်း ကျွန်တော် မမေ့ ။ တက်သော လှေကား ၊ ဆင်းသော လှေကား ဟူ၍ ဤလောကမှာ မရှိပါ ။ တက်သူနှင့် ဆင်းသူတို့ ပြုမူ ဆောင်ရွက်ချက်များသာ ကွဲပြားပါသည် ။ ခုနေခါ ရွှေမင်းဝံတောင်ပေါ် ရိုးမှာ မြူခိုးတွေ ဝေ့နေရော့မည် ။ ဈေးချိုဟောင်းက လွဲခဲ့ရသော ချစ်သူဟောင်းကို သတိရသည် ။ အမှန်စင်စစ် အချိန်ကသာ ဟောင်းသွားခြင်း ဖြစ်ပါသည် ။ တောင်ပေါ်သို့ တက်သော လှေကားကို အင်္ဂတေပန်းခြူးနွယ်တို့ ဖြင့် တန်ဆာဆင်ထား၏ ။ တန်ဆာဆင်ခြင်းကို အချို့က အလင်္ကာ ဟု ခေါ်ကြသည် ။ အရှေ့အရပ်က မေးရိုးလှ၍ မျက်နက်ဝန်းရွှန်းလဲ့သော ငွေလမင်းကို သီချင်းဆို၍ ကြိုကြပါ ။

••••• ••••• •••••

စိန်မြရံခြယ် အောင်ပင်လယ် တာအနီးက ကြာပင်အိုင်ကြီးကို ကျွန်တော် ချစ်သည် ။ ခင်မောင်ရင် ထံ ပန်းချီကား တစ်ချပ် အပ်နှံရေးဆွဲစေပြီးမှ သူ့ကို မွေးနေ့လက်ဆောင် ပေးမည် ။ သန့်စင်ကြည်လဲ့မှုများ ပျောက်ဆုံးသွားသည်မှာ အတော်ကြာပြီ ။ လီယိုနာဒိုဒါဗင်ချီ ဆီမှာ ဘိုင်စကယ်အစုတ် တစ်စီး ရှိသည်ကို ယုံ ။ မိုနာလီဇာ၏ အပြုံးသည် အသက်မပါ ။ ဂမ္ဘီရ၏ အဓိပ္ပာယ်ကို လူအချို့ နားမလည်ကြ ။ အစ်မရယ် ... ရောင်းကာသာ ဆပ်လိုက်ပါတော့ ရွာရှေ့က ယာတစ်ခင်း ။

မှတ်ချက် ။  ။ ဤ၀တ္ထုမှာ သင်္ကေတနှင့် နိမိတ်ပုံများ လုံးဝ မပါ ။ အဘယ်ကြောင့်ဆိုသော် ဝတ္ထုတိုရေးသူသည် သင်္ကေတ နှင့် နိမိတ်ပုံကို အလွန်မုန်းသောကြောင့် ဖြစ်ပါသည် ။

▢  ဇော်ဇော်အောင်
📖 သရဖူ မဂ္ဂဇင်း
      အမှတ် ၁၈
      ၁၉၉၆ ခုနှစ်

Tuesday, January 20, 2026

သိင်္ဂါရ ရသ


 ❝ သိင်္ဂါရ ရသ ❞ 

( ဇော်ဇော်အောင် )


ဘတ်စ်ကားသည် ဗြုန်းခနဲ ထိုးရပ်လိုက်၏ ။ ကားပေါ်က လူအားလုံး ရှေ့သို့ ငိုက်ခနဲ ယိုင်သွားကြသည် ။ ဘိုကလေးဈေး မှတ်တိုင်သို့ ရောက်ပေပြီ ။ ဆင်းသူက ဆင်း၏ ။ တက်သူက တက်၏ ။ အားလုံး ရှုပ်ယှက်ခတ် နေပေသည် ။ နွားနို့ပုန်းကြီး နှစ်လုံးကို မနိုင့်တနိုင် ဆွဲကာ တက်လာသော ကု,လားကြီးကို လက်မှတ်ရောင်းက ငေါက်၏ ။ ကု,လားကြီးကလည်း ရှူးရှူးရှားရှား ပြန်ပြော၏ ။ တရုတ်မဝဝကြီး နှစ်ယောက်ကလည်း နောက်ဆုံးခုံတွင် တကွိကွိ တကွကွ စကားလက်ဆုံ ကျနေကြ၏ ။ အမျိုးသမီး လှလှလေးများ တက်လာ၍ နေရာ ထပေးသူက ပေး၏ ။ လက်မှတ်ရောင်းကလည်း ကားခ တွင်တွင် တောင်းလျက် ငါးကျပ်တန် ပေးထားရာ အအမ်း မရသေး၍ နားပူသူက ပူ၏ ။ မက်မန်းပေါင်းနှင့် ယနေ့ထုတ် ဘားမားစတား ရောင်းသော လူငယ်ကလေးများကလည်း ကားပေါ် တက်ကာ ကျွတ်ကျွတ်ညီအောင် အော်နေကြ၏ ။ ဘက်စ်ကား တစ်စီးလုံး ဆူလျက် ၊ ညံလျက် ၊ ရှုပ်လျက် ၊ ပွေလျက် အုတ်အုတ်ကျက်ကျက် ဖြစ်နေပေသည် ။


ဘတ်စ်ကားသည် ဤမှတ်တိုင်တွင် အကြာကြီး ရပ်လေ့ရှိ၏ ။ အခုမှပင် ကားဘေးသို့ လှည့်စောင်းကြည့်မိသည် ။ ကဇော်ဆိုင်ကြီး ပါကား ။ ထိုဆိုင်ကြီး၏ ပတ်ဝန်းကျင်သည် ဒိုဘီဝတ် အမျိုးကောင်းသားဂေါ်ရီဂျီများ ဖြင့် ပြည့်နှက်စုပြုံ ပြွတ်သိပ် ရှုပ်ထွေးနေပေသည် ။ နားကွင်းကျယ်ကျယ်နှင့် အမျိုးကောင်းသမီး ဂေါ်ရင်ဂျီမများလည်း ရှိပေသည် ။ သူတို့ အားလုံး၏ အဝတ်အစားများသည် စုတ်ပြတ်ညစ်ပေနေပေသည် ။ ကဇော်ဆိုင် အတွင်းသို့ သောက်ရန် ဝင်သူက ဝင်၏ ။ ကဇော်ဆိုင် အပြင်သို့ သောက်ပြီး၍ ထွက်သူက ထွက်၏ ။ ပလက်ဖောင်းဘေး ၊ ပလက်ဖောင်းပေါ် ၊ သစ်ပင်အောက်တို့ တွင်လည်း နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ ဝိုင်းဖွဲ့ကာ ခွက်လှည့်ကျ သောက်နေကြ၏ ။ သူတို့ ရှေ့တွင် ဆန်ဆေးရေပုလင်းနှင့် တူသော အဖြူနှစ်ရောင် ကဇော်ပုလင်းကလေးများ ထောင်လျက် တွေ့ရ၏ ။ ပြောလိုက်သည့် စကား ၊ ဆိုလိုက်သည့် သီချင်း ၊ ဖြစ်လိုက်သည့် ရန် အုန်းအုန်းကျွက်ကျွက် ညံပါလေရော ။ သစ်ပင်အောက် တစ်နေရာတွင် ဂေါ်ရင်ဂျီ တစ်ယောက် ပက်လက်လန် လဲကျကာ မျက်ဖြူဆိုက်နေသည် ။ သူ့မိတ်ဆွေ ဖြစ်ဟန်တူသော အခြား ဂေါ်ရင်ဂျီတစ်ယောက်က ကဇော်ကို လက်ခုပ်ထဲတွင် ထည့်၍ ယူလာ၏ ။ မျက်ဖြူဆိုက် လဲနေသော ဂေါ်ရင်ဂျီ၏ ပါးစပ်ကို အခြား တစ်ယောက်က အတင်း ဖြဲပေး၏ ။ ထို့နောက် လက်ခုပ်ဖြင့် ( ကစော် ) ကဇော် ယူလာသော ဂေါ်ရင်ဂျီက လဲနေသော ဂေါ်ရင်ဂျီ၏ ပါးစပ်ထဲသို့ ကဇော်ကို လောင်းထည့်ပေး၏ ။ ထိုပုဂ္ဂိုလ်၏ လက်ခုပ်ကလည်း အံ့ဖွယ်တစ်ပါးပင် ။ ခြေလှမ်း ဆယ်လှမ်းလောက် အကွာမှ ယူလာရာတွင် လက်ခုပ်ထဲက ကဇော်သည် တစ်စက်ကလေးမှ မယိုမဖိတ် ။ ကိုယ့်အချင်းချင်း တယ်ချစ်ကြပါကလား တယ်စေတနာရှိကြပါလား ။ တစ်ယောက်တည်း မျိုလို့ မကျနိုင်ပါ ကလားဟု ကျွန်တော် စဉ်းစားမိပါသည်  ။


တစ်ယောက်သော ဂေါ်ရီဂျီသည် လက်တစ်ဖက်တွင် အာတာပုလင်းကို ဆွဲ၍ လက်တစ်ဖက်က ဂျလေဗီ မုန့်အကွင်းကလေး တစ်ခုကို ကိုင်လျက် ကနေသည် ။ ဂျလေဗီကို တစ်ကိုက် ကိုက်လိုက် ၊ ကဇော် တစ်ကျိုက် ကျိုက်လိုက် ၊ ဂျလေဗီ တစ်ကိုက် ကဇော် တစ်ကျိုက် အလှည့်ကျ စခန်းသွားရင်း ဘာအကမှန်း ခန့်မှန်း၍ မရသော အကကို ကနေပေသည် ။ အရက်နှင့် အချို မတည့်ဟု ကျွန်တော် ကြားဖူးပါသည် ။ ယခု ကျွန်တော့်တွင် ဗဟုသုတ တိုးပေပြီ ။ ထို့ကြောင့်လည်း ကျွန်တော့်သူငယ်ချင်း ဘသန်းတင် သည် ဟင်နက်ဆီဘရန်ဒီနှင့် သစ်သီးကိတ် အလွန် လိုက်ကြောင်း ခဏခဏ ပြောခြင်း ဖြစ်ပေလိမ့်မည် ။ ထိုဂေါ်ရင်ဂျီသည် သောက်ရုံစားရုံ ကခုန်ရုံ မက သီချင်းကလေးများပင် ဆိုလိုက်သေး၏ ။ သူ့သီချင်းနှင့် သူ့အသံကလည်း အံ့ဖွယ်ရာပင် ။ အဘယ့်ကြောင့်ဆိုသော် သူ့သီချင်းသည် " အပျိုကြီး မမရယ် " ဟူသော သီချင်း ဖြစ်၍ သူ့အသံသည် ပီသ ကြည်မြလှသော မြန်မာစစ်စစ်ကြီး ဖြစ်သောကြောင့်တည်း ။


ကျွန်တော်သည် ရှုပ်ထွေးဆူညံသော ၊ ညစ်ပတ်ပေရေသော ၊ စုတ်ပြတ်နုံချာသော ဤပတ်ဝန်းကျင်ကို ကြည့်ရင်း စိတ်ရှုပ်သလို ဖြစ်မိ၏ ။ သို့ရာတွင် အကြောင့်အကြ ကင်းမဲ့စွာ သောက်စားပျော်ပါးနေကြသော သူတို့၏ ဘဝ ၊ ပျော်ရွှင်မှု ၊ လွတ်လပ်မှု ၊ အပူအပင်ကင်းမှုတို့ကိုလည်း အားကျသလိုလို ၊ သူတို့ကို ကြည့်ရင်း ပျော်သလိုလို ဖြစ်မိသည်  ။ တစ်ချိန်တည်းတွင် အာရုံနှစ်ခု ဖြစ်ပေါ်နေသော ကျွန်တော့် စိတ်သည် လျှာသွက်သော ချိန်ခွင်ပမာ ဟိုဘက် သည်ဘက် တက်လိုက် ကျလိုက် ဖြစ်နေပါသည် ။


ရုတ်တရက် စူးစူးဝါးဝါး အော်လိုက်သော အသံ တစ်သံကို ကြားလိုက်ရ၏ ။ ကျွန်တော့် မျက်လုံးများသည် ပြူးကျယ်၍ သွား၏ ။ ကျွန်တော့် နားရွက် နှစ်ဖက်သည် ခွေးနား ကြောင်းနား ပမာ ဆက်ခနဲ တွန့်သွားသည်ဟု ထင်လိုက်မိပါသည် ။ အသံလာရာဘက်သို့ ငဲ့စောင်း၍ ကြည့်လိုက်မိ၏ ။ ကဇော် မူးနေသော ဂေါ်ရီဂျီကု,လားမ တစ်ယောက်သည် ပလက်ဖောင်းပေါ်တွင် လဲနေရာမှ ကုန်း၍ ကုန်း၍ ထနေသည် ။ နီကြန်တွန့်လိမ်လျက်ရှိသော ဆံပင်တို့သည် ကု,လားမ၏ မျက်နှာ တစ်ခုလုံးကို ဖုံး၍ နေ၏ ။ ကု,လားမ၏ မည်းနက်ခြောက်သွေ့ ပိန်ကပ်နေသော ကိုယ်တွင် အကွက် မပေါ်အောင် ညစ်ပတ်ပေရေနေသော ဆာရီအနီတစ်ထည် မြင်မကောင်း ရှုမကောင်း ရစ်ပတ်၍ နေ၏ ။ တဝေါ့ဝေါ့ အန်နေသောကြောင့် သူ့ဆာရီနှင့် သူ့တစ်ကိုယ်လုံးသည် အန်ဖတ်များဖြင့် ရွှဲရွှဲစိုကာ ပေပွနေ၏ ။ ငေါ်တူးချဉ်စူးသော ကဇော်နံ့ ၊ အန်ဖတ်နံ့များကို ကားပေါ် ကပင် ရပါသည် ။ ကု,လားမသည် လဲနေရာက ကုန်းထလိုက် ပြန်လဲသွားလိုက် ဖြစ်နေသည် ။ ပါးစပ်ကလည်း ပွက်ပွက်ရိုက်အောင် အော်ဟစ်ဆူညံနေပေသည် ။ ကု,လားမ၏ ဘေးတွင် သူ့ယောက်ျားဖြစ်ဟန်တူသော ဂေါ်ရင်ဂျီတစ်ဦးသည် ကု,လားမကို ဖျောင်းဖျ ထိန်းသိမ်းရန် ကြိုးစားနေ၏ ။ ထိုကု,လား၏ ကိုယ်တွင် အင်္ကျီမရှိ ၊ တံဆိပ်စာလုံးများ ပြက်ပြယ်မှေးမှိန်စပြုနေသော ဂျုံမှုန့်အိတ်ပိုင်း အတစ်ခုကို အရှက် လုံလောက်သာ အောက်ပိုးကျိုက်၍ ထားသည် ။ သူ့အသားအရေသည် မည်းနက်ခြောက်သွေ့ကာ သူ့ကိုယ်လုံးသည် ကြုံလှီပိန်ကပ်၍ နေ၏ ။ ကြိုးနှင့် သီတွယ်ထားသော ငါးကလေးသုံးကောင်ကို ပလက်ဖောင်းပေါ် တွင် ချ၍ ကု,လားမကလည်း အော်လိုက် ဟစ်လိုက် ရုန်းလိုက်ကန်လိုက်နှင့်ပင် ။ ကု,လားသည် ကု,လားမကို အသာအယာ ချော့မော့ဖေးမ၍ ထူရန် လှမ်း၍ ကိုင်လိုက်သည်တွင် ကု,လားမသည် ထိုင်ရာက ကု,လား၏ ရင်ဝကို ဆောင့်၍ ကန်လိုက်ရာ ကု,လားခမျာ နောက်သို့ ဝုန်းခနဲ ပတ်လက်လန် လဲကျသွားရှာသည် ။ ပြန်ထကာ ကု,လားမကို ချော့မော့ရန် ထပ်၍ ကြိုးစား၏ ။ ကု,လားမသည် အော်ဟစ်ရင်း ကု,လား၏ တွန့်လိမ်နေသော ဆံပင်အုပ်လုံးကို ဆွဲကာ ပါးကို ရိုက်ပြန်တော့၏ ။ ဘေးမှ ဂေါ်ရင်ဂျီများ ကလည်း အော်သူအော် ၊ လက်ခုပ်လက်ဝါး တီး၍ ဩဘာပေးသူက ပေးနှင့် ဝိုင်းလာကြ၏ ။ ကု,လားမသည် ကု,လား၏ ပါးကို ဆက်ကာဆက်ကာ ရိုက်၏ ။ ဆံပင်ကို ဆွဲ၏ ။ လက်မောင်းကို ကိုက်၏ ။ ရင်ဘက်ကို ထု၏ ။ ကု,လားသည် ကုလားမ၏ လက်တွင်းဝယ် ယက်ကန်ယက်ကန် ဖြစ် နေရှာ၏ ။ သို့သော် ကု,လားမ လုပ်သမျှကို ငုံ့ခံကာ ပါးစပ်ကသာ တတွတ်တွတ် ချော့မော့နေရှာသည် ။ ကု,လားမသည် အားယူ ထပြီးနောက် ကုန်းကုန်းကလေး ဒူးထောက်လျက်သား ဖြစ်နေရှာသော ကု,လား၏ ခေါင်းကို ခြေထောက်နှင့် ကျုံး၍ ကန်လိုက်ပြန်၏ ။ ကု,လားမသည် သူ့ကိုယ်သူ မနိုင်ဘဲ တစ်ပတ်လည် ထွက်သွားကာ ကု,လားအပေါ်သို့ ကျသွားတော့သည် ။ သူတို့ နှစ်ယောက်လုံးသည် ပလက်ဖောင်းပေါ်တွင် အိုင်ထွန်းနေသော ကဇော်အန်ဖတ် ထဲ၌ လုံးထွေး၍ နေတော့သည် ။


ထိုအခိုက်တွင် ဂီယာသံ ကြားရ၍ ကားဘီးများ လိမ့်ကြလေပြီ ။ ကဇော်ဆိုင်ကြီးသည် လည်းကောင်း ၊ ကဇော်သောက် ပရိတ်သတ်သည် လည်းကောင်း ၊ ကဇော်မူးနေသော ဂေါ်ရင်ဂျီ ကု,လားမသည် လည်းကောင်း ၊ ထိုကု,လားမကို ချော့မော့နေသော သူ့ယောက်ျား ဂေါ်ရင်ဂျီကု,လားသည် လည်းကောင်း နောက်တွင် ကျန်ရစ်ခဲ့ပေပြီ ။ ရှုပ်ထွေးဆူညံသော ၊ ညစ်ပတ်ပေရေသော ၊ စုတ်ပြတ်နုံချာသော ၊ အရုပ်ဆိုးအကျည်းတန်သော ပတ်ဝန်းကျင်သည် ကျန်ရစ်ခဲ့ပေပြီ ။ ထိုပတ်ဝန်းကျင်ကို ကြည့်ရှုခဲ့ မြင်ခဲ့ တွေ့ခဲ့ရသောကြောင့် ကျွန်တော့်ရင်သည် တလှပ်လှပ် ဖြစ်၍လာသည် ။ အသည်းနှလုံးတွင်ဝယ် သိမ်မွေ့ နူးညံ့လှသော လှုပ်ရှားမှု စိတ်လှိုင်းကလေးတစ်ခု ဖြစ်၍လာပါသည် ။


အထူးသဖြင့်ကား ထိုကု,လားမနှင့် ထိုကု,လားတို့ မြင်ကွင်းသည် ယောက်ျားနှင့် မိန်းမတို့ မေတ္တာသဘောသရုပ်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် ဖွင့်လှစ်ပြသသော မြင်ကွင်း ဖြစ်ပေသည် ကျွန်တော် ယူဆမိပါသည်  ။ ပါးကို ရိုက်လိုက် ၊ ခြေနှင့် ကန်လိုက် ၊ ဆဲလိုက် ဆိုလိုက် ၊ ကုတ်လိုက်ဖဲ့လိုက် လုပ်ချင်တိုင်း လုပ်နေသည့် ကြားက မျက်နှာသေကလေးဖြင့် ငုံ့ခံကာ တတွက်တွတ် ချော့နေရှာသော ကု,လား၏ စကားများသည် မေတ္တာစကားများ ဖြစ်၏ ။ ကု,လားမ၏ အန်ဖက်များပေါ်သို့ တစ်ပေါက်စ နှစ်ပေါက်စ ကျသွားသော ကု,လား၏ မျက်ရည်ပေါက်များသည် မေတ္တာသက်သေများ ဖြစ်၏ ။ ကု,လားမ၏ အော်ဟစ်ဆဲဆိုသံများသည် ကု,လား၏ အင်အားကြီးမားသော ခိုင်ခံ့မြဲစွဲသော သည်းခံသော မေတ္တာကို အန်တုဖက်ပြိုင်ရာတွင် မနိုင်ဘဲ အချည်းအနှီး ဖြစ်ရသောကြောင့် ထွက်ပေါ်လာသည့် ရှုံးနိမ့်သံများ ဖြစ်ပါသည် ။ ကျွန်တော်တို့ အဖို့ ထိုမြင်ကွင်းကို မြင်ရသည်မှာ မေတ္တာသရုပ်ဖော် ရုပ်ရှင်ကား တစ်ကား ၊ မေတ္တာသရုပ်ဖော် ဝတ္ထုတစ်ပုဒ် ၊ မေတ္တာသရုပ်ဖော် ကဗျာတစ်ပုဒ်ကို တွေ့မြင်ဖတ်ရှုလိုက်ရသည်နှင့် မခြားပါ ။ 


ကျွန်တော့်စိတ် အရှိတိုင်းသာ ဆိုခွင့်ရှိရပါမူ ထိုဂေါ်ရင်ဂျီ ကု,လားမ နှင့် ဂေါ်ရင်ဂျီကု,လားတို့၏ မြင်ကွင်းသည် သိင်္ဂါရ ရသကို ပြည့်ဝစွာ ပေးစွမ်းနိုင်သော မေတ္တာသရုပ်ဖော် မြင်ကွင်းတစ်ခု ဖြစ်ပါပေသည်ဟု ဆိုရပါမည် ။ သင့်မသင့် ၊ လျော်မလျော်ကို မျှော်ခေါ် စဉ်းစား၍ ပေးတော် မူကြပါဘိ ။


 ▢  ဇော်ဇော်အောင်

 ▢  ကံ့ကော်မြိုင်စာတန်း ၊ ၁၉၆၄