Showing posts with label ခင်နှင်းယု. Show all posts
Showing posts with label ခင်နှင်းယု. Show all posts

Tuesday, January 13, 2026

ဘယ်သူ့များ ထိမလဲ


 ❝ ဘယ်သူ့များ ထိမလဲ ❞

        ( ခင်နှင်းယု )


ဖေဖေ၏ အကြောင်းကို ၁၉၆၈ ခုနှစ်ဆီလောက်က စာအုပ်တစ်အုပ် ကျွန်မ ရေးခဲ့သည် ။ ယခု ၁၉၈၉ ၊ ဇွန်လတွင် လုံမလေးမဂ္ဂဇင်း၌ အကျဉ်းချုပ်၍ ပြန်လည်ဖော်ပြသည် ။


ဖေဖေ၏ အကြောင်းမှာ ပြီးပြည့်စုံခြင်း မရှိသေးပါ ။ သမီးကြီးမိ သားဦး မွေးသည့် ၁၉၆၈ အထိပင် ရှိပါသည် ။ ဖေဖေသည် အသက် ၈၆ နှစ် အထိပင် နေရ၍ ၁၉၇၃ ခုနှစ်တွင် ကွယ်လွန်ခဲ့ပါသည် ။ ဖေဖေ နောက်ဆက်တွဲကို ကျွန်မ ရေးမည် စိတ်ကူးသော်လည်း မရေးဖြစ်ခဲ့ပါ ။


အမှန်မှာ ဖေဖေ့ အကြောင်းထက် မေမေ့ အကြောင်းကို ကျွန်မ ပို၍ ရေးဖို့ကောင်းသည် ။ ရေးမည် ဟုလည်း ကျွန်မ ခဏခဏ ကြိုးစားမိသည် ။ ဖေဖေ ဇာတ်လမ်းမှာ ရောဂါဝေဒနာ ခံစားနေရသော်လည်း အလွန် အလုပ်လုပ်၍ စိတ်ဓာတ်ပြင်းထန်သော လူတစ်ယောက် အကြောင်း ဖြစ်သည် ။ ဤ လူတစ်ယောက် နှင့် နေရသော ကျွန်မ အတွက် ခံစားရသော သုခ ဒုက္ခတို့နှင့်တကွ တစ်ခါတစ်ရံ စိတ်ညစ်စရာ ထဲမှ ရယ်စရာ ကောင်းသော အဖြစ်များကို ကျွန်မ ဖော်ပြခဲ့ပါသည် ။


ဝေဖန်ရေးသမား နွယ်သစ် ကမူ မိအိုဖအိုကို လုပ်ကျွေးပြုစုရာတွင် ကုသိုလ် ရသလို တစ်ဖက်က စိတ်ထား မတတ်လျှင် အကုသိုလ် ဖြစ်တတ်ကြောင်းကို ခင်နှင်းယု က ဖော်ပြသည်ဟု ဆိုပါသည် ။


ဖေဖေအကြောင်း ရေးစဉ်က ဖေဖေ သက်ရှိထင်ရှား ရှိချိန် ဖြစ်ပါသည် ။ ရေးပြီး၍ ဖေဖေဆီ စာအုပ် ပို့လိုက်သောအခါ “ သမီးအစု ကို ကျေးဇူးတင်ကြောင်း ၊ လူကိုယ်တိုင် ပြုစုရုံမက သူ့အတွက် ဆေးဖိုးဝါးခ ကုန်ကျသမျှကို အစု တစ်ယောက်တည်း တာဝန်ယူကြောင်း ၊ ယခု စာအုပ် ဖတ်ရမှ အမှန်ကို သိရ၍ သာဓု ခေါ်ကြောင်း ” ကျွန်မကို စာရေးပေးပါသည် ။


အမှန်တော့ ဒီစာအုပ် ရေးခြင်းအတွက် ကျွန်မနှင့် ဖေဖေ မပြေလည်ခဲ့သမျှ ပြေလည် ရှင်းလင်းသွား၍ ကျွန်မ အတွက် အမြတ်ထွက်သည်ဟု ဆိုရပါမည် ။ နားမကြား၍ အကျိုးအကြောင်း တစ်ခုခုကို ပါးစပ်နှင့် ရှင်းလင်းပြ၍ မရ ။ စာရွက်ပေါ်မှာ ချရေး၍လည်း မဖတ်သော ဖေဖေ့ကို သဘောပေါက်နားလည်အောင် ဖေဖေဝတ္ထု နှင့် ကျွန်မ တင်ပြခဲ့ရပါသည် ။ စာအုပ် ထွက်ပြီး နောက်ပိုင်း ကျွန်မတို့ သားအဖ ပြေလည်သွားကြရုံမက “ အစုနဲ့ပဲ တူတူနေမယ် ၊ အစုဆီ ပြန်မယ် ” နှင့် ဆန္ဒပြ၍ နုနု က မနည်း ချော့မော့ထားရသည် ။ ထိုအချိန်တွင် ကျွန်မ ကျန်းမာရေး အလွန် ဆိုးဝါးနေ၍ ဖေဖေ့ကို ပြန်လည် မခေါ်နိုင်ပါ ။ ညီမလေး နုနုဆွေ နှင့်သာ အတူ ထားရပါသည် ။ တစ်နေ့မှာတော့ နုနု က အကြောင်းကြားပါသည် ။


“ ဖေဖေက အစုဆီ မပြန်ရရင် အင်္ကျီမလဲ ၊ ရေမချိုး ၊ အိပ်ရာခြင်ထောင် လည်း မလဲ ဆိုပြီး ဆန္ဒပြနေတယ် ၊ မမစု အမြန်လာပါ ” ဟု ဖြစ်သည် ။


ကျွန်မမှာ တစ်ကိုယ်လုံး ဖော၍ အသက်ပင် ရှူမရ ။ ဗိုလ်မှူးကြီးကျော်သောင်း ကလည်း ဆုံးပြီးစ ။ တစ်ယောက်တည်း နေရချိန် ဖြစ်ပါသည် ၊ ချက်ချင်းပင် ဗန္ဓုလဂွမ်းစောင် ဖဲနားသတ် အသစ် ၊ ဇာခြင်ထောင် အသစ် ၊ အိပ်ရာခင်း အသစ် တို့ကို ယူ၍ ဖေဖေ့ဆီ သွားရပါသည် ။ ကျွန်မ ရောက်သွားတော့ အိပ်ရာလိပ် ထုပ်ပိုး၍ အဝတ်သေတ္တာ အဆင်သင့်နှင့် ကျွန်မထံ လာရန် ပြင်နေသော ဖေဖေ့ကို တွေ့ရပါသည် ။ ကျွန်မကို မြင်တော့ ကျွန်မ လက်များကို ဆုပ်ကိုင်ရင်း ... 


“ အစု ဘာဖြစ်လဲ ၊ အသားအရေတွေလည်း မကောင်းဘူး ၊ ဝါဖျော့နေတယ် ။ အစု နေမကောင်းဘူးလား ” မေးပါသည် ။


ကျွန်မက ခေါင်းညိတ်၍ အဖြေပေးကာ စာရေးပြရပြန်သည် ။


“ ဖေဖေ သမီးရဲ့ရောဂါကို ပျောက်ချင်သလား ၊ အခု သမီး ဗေဒင် မေးလာခဲ့တယ် ။ ဗေဒင်ဆရာက ဟောတယ် ၊ သမီးမှာ ခံစားနေရတဲ့ ရောဂါပျောက်ချင်ရင် တနင်္လာသမီးက ( ကျွန်မ တနင်္လာသမီး ဖြစ်ပါသည် ) အိပ်ရာခင်း ၊ ခြင်ထောင် ၊ စောင်အသစ်ကို စနေသား ( ဖေဖေက စနေသား ဖြစ်သည် ) ကို ခင်းပေးရမယ် ၊ အဲဒီ အိပ်ရာပေါ်မှာ စနေသားက ရေချိုး ၊ အဝတ်သစ်အစားသစ် လဲပြီး တစ်လတိတိ အိပ်ပါစေ ။ အဲဒီလို အိပ်ရင်းက တနင်္လာသားသမီး အတွက် ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့ရင် သမီးရောဂါ ပျောက်မယ်တဲ့ ”


ကျွန်မ က လုပ်ကြံဇာတ်ထုပ် တစ်ခု ခင်းလိုက်ပါသည် ။ စာကို ဖတ်ကြည့် ပြီးသည်နှင့် တစ်ပြိုင်နက် ...


“ မောင်ကြည်ဆွေ ၊ နုနုရေ ၊ ရဲဘော်တွေ ခေါ်ဟေ့ ၊ ဖေဖေ ရေချိုးမယ် ” 


ကုန်း၍ အော်ပါတော့သည် ။ ဖေဖေက ဝ၍ ရဲဘော်နှစ်ယောက် တွဲထူမှ ရေချိုးနိုင်ပါသည် ။ ရေမိုးချိုး ၊ အဝတ်အစား လဲကာ အိပ်ရာ ခြင်ထောင်သစ်တွေ ခင်းကျင်းထားသည့်အပေါ်မှာ နှစ်ခြိုက်စွာ အိပ်ပါတော့သည် ။ ဤလိုနှင့် အဝတ်မလဲ ရေမချိုးသော ပြဿနာ ပြေလည်သွားရပါသည် ။ နောက်ဆက်တွဲ ရေးစရာတွေမှာ အရှည်ကြီး ကျန်ရစ်ပါသေးသည် ။


သို့သော် အခန်းတစ်ခန်းကို ကျွန်မ ချန်ရစ်ပါသည် ။ ဖေဖေ မေမေ့ကို လက်ထပ်သောအခန်း ဖြစ်ပါသည် ။ ဝတ္ထုတစ်ပုဒ် အနေနှင့် ဤနေရာမှာ အရေးကြီး သော ကဏ္ဍတစ်ခု ဖြစ်ပါသည် ။ ရေးမည်ဟု စိတ်ကူးပြီး ညီမလေး နုနုဆွေကို ကျွန်မ တိုင်ပင်ပါသည် ။


ကျွန်မတို့ မိသားစုကြီး၏ ဝတ္ထုဆန်သော ဇာတ်လမ်းများကို မေမေ့ ပါးစပ်မှာ ကျွန်မတို့ကို ထုတ်ဖော် ပြောမပြပေ ။ ကျွန်မတို့ကို ထိန်းသော မေမေ့၏ ဝမ်းကွဲ ညီမများဖြစ်သည့် သန်းသန်း ၊ ယုံယုံ တို့ ထံမှ ကျွန်မတို့သည် မေမေတို့၏ ရွှေရောင်ရက်များကို သိရှိရပါသည် ။ သန်းသန်း၏ အဆိုအရ ...


“ တင်တင်ဟာ တစ်ဦးတည်း သမီး ၊ ပိုက်ဆံကလည်း အဲဒီအချိန်မှာ သိပ်ချမ်းသာတာ ။ အမေကြီး ( မေမေ ၏ အမေ ) ရဲ့ စကားကိုလည်း သိပ်နားထောင်တယ် ။ တစ်ဦးတည်းသမီး ဖြစ်ပေမဲ့ အမေကြီးက အလို မလိုက်ဘူး ။ အမေကြီးရဲ့ စနစ်ကို လိုက်နာနိုင်တာ တင်တင်ပဲ ရှိတယ် ။ အမေကြီးက သိပ်စနစ်ကြီးတာ ၊ အစစ အိမ်ထောင်ထိန်းသိမ်းရေး ၊ အချုပ်အလုပ် ၊ အချက်အပြုတ် သင်ထားလိုက်တာ ။ တင်တင် အားလုံး တတ်တယ် ။ ဒါပေမဲ့ ဦးလေး ( ဖေဖေ့ ကို သူတို့က ဦးနု ခေါ်သည့်အတိုင်း ဦးလေး ဟု ခေါ်ပါသည် ) ကို ယူရမယ့် အချိန်မှာတော့ တင်တင် ဟာ မလိုချင်လို့ အမေကြီးရဲ့ မောင် အိမ်ကို ဆင်းသွားတယ် ။ အမေကြီးက ငိုယိုပြီး သွားခေါ်တော့မှ ပြန်လိုက်လာတယ် ။ ဒါပေမဲ့ ဦးလေးကို လက်ထပ်ပါတယ် ။ မိဘဆန္ဒ အတိုင်း လက်ထပ်ရပေမဲ့ လက်ထပ်ပြီးတော့ တင်တင် ဟာ ဦးလေးကို ကောင်းကောင်း ပြုစုပါတယ် ”


ကျွန်မသည် ဒီနေရာတွင် ဖေဖေ နှင့် မေမေကို သနားသွားသည် ။ မေမေ သူ့ကို မချစ်သည်ကို မသိရှာသော ဖေဖေသည် သားသမီး ခုနစ်ယောက် ရသည် အထိ မေမေ သူ့ကို ချစ်သည် အထင်နှင့် လေးစားစွာ ပေါင်းသင်းသွားသလို မချစ်မနှစ်သက်သောသူကို မိဘ ဆန္ဒအရ လက်ထပ်ရပါသော်လည်း ရိုသေကျိုးနွံစွာ ပြုစုသွားသော မေမေ ။


ဒီကဏ္ဍလေးကိုသာ စာရေးဆရာ အတတ်ပညာနှင့် ကျွန်မ ခြယ်မှုန်းလိုက်ရပါလျှင် ဖေဖေ ဝတ္ထုထဲမှာ စိတ်ဝင်စားဖွယ် ( Love scene ) အလှ တစ်ကွက်ကို ဖန်တီးနိုင်မည်ဖြစ်သည် ။


ကျွန်မဆန္ဒကို နုနု နှင့် တိုင်ပင်သောအခါ ညီမငယ်က ဖြည်းညင်းစွာ ခေါင်းခါပါသည် ။


“ မမစု စဉ်းစားကြည့် ၊ ဘဝအကျိုးပေးကြောင့် ဖေဖေ ဟာ နားမကြား ၊ ခြေထောက်မသန်စွမ်းတာက လွဲလို့ အိမ်ထောင်ရေးကံ ၊ သားသမီးကံ ကောင်းတယ် ။ လိုလေသေးမရှိ ပြုစုခံရတယ် ။ မေမေနဲ့ ဆိုရင်လည်း ဖေဖေဟာ မေမေ ဆုံးတုန်းက ငိုတာကို ကြည့်ပါလား ။ ဖေဖေ့ အပေါ် မိခင်လို အနွံအတာခံ ၊ ဖေဖေ ဆိုးသမျှ သည်းခံပြီး ပေါင်းခဲ့တဲ့ မေမေလို့ ဆိုပြီး တင်တင် လို့တောင် မခေါ်ဘူး ။ မေမေရေ ၊ မေမေရေနဲ့ ကလေးလေး လိုပဲ ငိုတယ် ။ ခုချိန်ထိ မေမေ ဟာ သူကို မြတ်မြတ်နိုးနိုးနဲ့ ချစ်ခင်သွားတယ်လို့ ဖေဖေဟာ ယူဆထားတယ် ။ ဒီယူဆချက် အတွေးလေးနဲ့ ဖေဖေ သေတဲ့ အထိ နေသွားပါစေ ။ သူ့ နှလုံးသားကို မနာကျင်ပါစေနဲ့တော့ ။ မမစု က ဒီအကြောင်းကို ထည့်ရေးပြီး ဒီစာအုပ်ကို ဖေဖေ ပေးဖတ်မှာ ။ ဒီအကြောင်း ဖေဖေ သိတဲ့ တစ်ပြိုင်နက် ဖေဖေ ဘယ်လောက် ဆွေးမလဲ ။ အကြောင်းအရာ မှန်ကန်တယ် ၊ ရေးကွက်ကောင်းတစ်ကွက် ရတယ် ဆိုတာနဲ့ ရေးချင်တာကို ရေးဖို့ မသင့်ဘူးလေ ”


ဘုရား ... ဘုရား ၊ ကျွန်မ ညီမလေး နုနုဆွေ သတိပေးချက်ကြောင့် ကျွန်မ ထိုအခန်းကို မရေးဖြစ်ပါ ။ ထို့ကြောင့် ဖေဖေသည် ကျွန်မ ရေးသော ဖေဖေ စာအုပ်ကို ဖတ်ရင်း ကြည်နူးချမ်းမြေ့စွာ သူ၏ တတိယအချိန်ပိုင်းကို ကုန်လွန်သွားခဲ့ပါသည် ။


ကျွန်မ ဒီနေရာမှာ သင်ခန်းစာ ရသွားပါသည် ။ အကြောင်းအရာ အမှန် ဖြစ်တိုင်း ၊ ရေးကွင်းရေးကွက် ကောင်းတိုင်း မရေးသင့်ပါတကား ။ ချမ်းမြေ့ဆရာတော် ဆုံးမသလို ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ပြု ၊ ပြော ၊ အတွေး ၊ အရေး တို့တွင် မပြောခင် ၊ မပြုခင် ၊ မရေးခင် စဉ်းစားပါ ။


“ ငါ သူတစ်ပါး နှစ်ဦးသား ဘယ်သူများ ထိမလဲ ” စဉ်းစားပြီးမှ ထိခိုက်မည် ဆိုလျှင် မှန်သော အကြောင်းပင် ဖြစ်သော်လည်း မရေး မပြော မလုပ်ပါနှင့်ဟု ဆုံးမဖူးပါသည် ။


ယခုလည်း မေမေ့ အကြောင်းကို ကျွန်မ သိပ်ရေးချင်သည်မှာ လက်ယား နေသည် ။ ဖေဖေလည်း မရှိတော့ပြီ ။ မေမေ့ အကြောင်းက ဝတ္ထုတစ်ပုဒ်ထက် ဆန်းကျယ်သည် ။ အတက်အဆင်း ၊ အနိမ့်အမြင့်တွေနှင့် ဖြစ်သည် ။ ကျွန်မ ကိုယ်တိုင်လည်း လေ့လာသည် ။ ကျွန်မတို့ အိမ်၏ ပုံပြောဆရာ သန်းသန်းတို့ ထံမှလည်း ကျွန်မ အချက်အလက်တွေ စုဆောင်းရသည် ။ သို့သော် ချ၍ မရေးဖြစ်သေး ။ သန်းသန်းက မေမေ၏ ရွှေရောင်ဝင်းလက်သော နေ့များကို တစ်ဝက်တစ်ပျက် ပြောပြတတ်သည် ။


“ တင်တင် ငယ်ငယ်က သူ့အဘိုးက အင်မတန် ချစ်တာ ၊ တင်တင် မွေးမှ အိုင်ယာလန်ထီ ငါးသောင်းပေါက်တယ် ။ ဟိုတုန်းက ရွှေဒင်္ဂါးတစ်ပြားကို ၁၃ ကျပ် ဆိုတော့ ငါးသောင်းတန်ဖိုးကို တွက်ကြည့်ပေတော့ ။ ပြီးတော့ မြင်းပြေးတာ မှာလည်း တင်တင် ထိုးတဲ့ နံပါတ်က နိုင်တော့ ငွေနှစ်ထောင် အပိုဆု ရသေးတယ် ။ အဲဒီ အပိုဆုရတဲ့ ငွေထဲက တစ်ထောင်နဲ့ သမီးကို မွေးတဲ့ ဒီအိမ်ကြီးကို ဝယ်တာ ။ တင်တင် အေဘီအမ်ကျောင်းမှာ လေးတန်း ရောက်တော့ ကြိုးခုန်တမ်း ကစားချင်လို့ ရွှေခြေကျင်းချွတ် လွယ်အိတ်ထဲ ထည့်ထားခဲ့ပြီး သွားကစားတာ ပြန်လာတော့ မရှိတော့ဘူး ၊ အိမ်ရောက်တော့ အမေကြီးက တင်တင့် ကို ရိုက်တယ်လေ ။ အဲဒါ အဘိုးက သူ့မြေးကို ရိုက်ရမလား ဆိုပြီး တင့်တင့်ကို ပခုံးပေါ် ပိုးပြီး အိမ်ပေါ်က ဆင်းသွားတယ် ။ ဒီအိမ်ကြီးရှေ့ ခြထဲက ဘူးစင်အောက်မှာ မြေးအဘိုးနှစ်ယောက် ထမင်းချက်စားကြတယ် ။ ဘဘ ( မေမေ ၏ အဖေ ) နဲ့ အမေကြီးက မနည်းတောင်းပန်မှ အဘိုး နဲ့ တင်တင် အိမ်ပေါ် ပြန်တက်တယ် ။ တင်တင်တို့ ခေတ်က စိန်ဆို နှစ်တန်းသွား နှစ်ဖက်လုံး ဝတ်တာ ” ဟု သန်းသန်း က ပြောပြသည် ။


မေမေ့ကို ကျောင်းထုတ်လိုက်ပြီး အိမ်မှာ သင်းအုပ်ဆရာ ခေါ်၍ စာဆက် သင်သည်ဟု ဆိုသည် ။ မေမေ၏ ရွှေရောင်ရက်များကို မမနှင့် ကျွန်မ အထိ မီလိုက်သေးသည် ။ ကျွန်မတို့ ညီအစ်မကို အဘွားက ရွှေခြေချင်း ဝတ်မလား ၊ အပြင်ထွက် ကစားမလားဟု မေးပါသည် ။ အမေတူ ကျွန်မသည် ခြေချင်းကို မမက် ။ အဘွားကို ပေးခဲ့ကာ လမ်းမမှာ ထွက်၍ ကစားခဲ့ပါသည် ။


ကျွန်မသည် မေမေတို့ ရွှေထီးဆောင်းခဲ့သော အချိန်များကို လေ့လာတိုင်း မေမေက “ ငယ်ငယ်က ရွှေထီးဆောင်းခဲ့ရတာတွေကို ပြန်လည်တမ်းတစရာ မလိုဘူး ၊ လက်ရှိ အခြေအနေနဲ့ လိုက်လျောအောင်သာ နေရမယ် ” ဟု ဆိုခဲ့ပါ သည် ။ သို့သော် ကျွန်မက လေ့လာရေးသမား ၊ မနေနိုင် ။ မေမေ၏ ရွှေရွက်တွေ ဝေနေသော ရွှေပင်ကြီးသည် ဘာဖြစ်၍ ရုတ်တရက် ခါးလယ်မှ ပိုင်းဖြတ် ခံရပါသလဲ ။


ဖေဖေ ရုတ်တရက် နားမကြား၍ အလုပ်မှ ထွက်ရသောကြောင့်ဟူသော အကြောင်းနှင့်လည်း မလုံလောက် ။


မေမေ၏ လယ်ယာများ ရေလွှမ်းမိုးခံရသည် ဆိုသည့် အကြောင်း တစ်ကြောင်းကိုလည်း ကျွန်မ လက်မခံနိုင် ။


သော်ကရွာ ဘက်တွင် မေမေ စပါးများ ဝယ်၍ လှောင်သော စပါးကျီတွေ ရှိသည် ။ စပါးပေါ်ချိန် ဝယ်၍ ရသော စပါးများရော ၊ စပါးပေး ပေးထားသော စပါးများရော ရေစိုမိ၍ အညှောက်ပေါက်ကာ ရှုံးရသည် ဆိုသည်ကိုလည်း ကျွန်မ မကျေနပ် ။ စပါးဝယ်ဖို့ ခန့်ထားသော အဝယ်တော်ဦးလှ သေဆုံးသွား၍ စီးပွား လျှောရသည် ဆိုသည်မှာလည်း ယုတ္တိမတန် ။


ကျွန်မ ငယ်ငယ်က မျက်မြင် ၊ မီးခံသေတ္တာကြီး ထဲတွင် အလှူအတန်း သွားတိုင်း ဘွားဘွား လက်ဝတ်လက်စားများကို ထုတ်ဆင်သော အခါတွင် ကျွန်မတို့ တွေ့မြင်ရသော ရွှေများ ၊ စိန်များ ချက်ချင်း ဘယ်လို ပျောက်သွားပါသလဲ ။


သန်းသန်း ကမူ “ တင်တင်က သန်းသန်း တို့ကို ပြောတယ် ၊ ဆွေစုမျိုးစု ဆိုတာ ချစ်ချင်ခင်ခင် စည်းလုံးညီညွတ်ဖို့ လိုတယ် ။ ကလေးတွေဟာ ဒီနေရာမှာ အမှန်ကို သိရင် သွေးကွဲစရာ ဖြစ်မယ် ။ နာကြည်းခံခက်စရာတွေ ဖြစ်လာပြီး အမုန်း ပွားကုန်ကြလိမ့်မယ် ။ ဒီတော့ မသန်းတို့ သိတာတွေ ကလေးတွေကို မပြောကြနဲ့တဲ့ ။ တင်တင်က ပြောထားလို့ သန်းသန်းတို့ မပြောလိုဘူး ” သန်းသန်း ကလည်း စီးပွားကဏ္ဍပိုင်းကို မပြောပြတော့ပါ ။ သို့သော် သန်းသန်းတို့ မေမေ တို့က မပြောသော်လည်း ကျွန်မက လေ့လာမြဲ လေ့လာပါသည် ။ လေ့လာချက်များ ပြည့်စုံသလောက် ပြည့်စုံလာပါသော်လည်း ကျွန်မ မေမေ့ အကြောင်းကို မရေးဖြစ်သေး ။


ဆွေစုမျိုးစု ဥမကွဲသိုက်မပျက် ငြိမ်းချမ်းစွာ နေရေးကို ရှေးရှုသောကြောင့်သာ မေမေ့ အိမ်ကြီးတွင် ကျွန်မတို့ ဆွေစုမျိုးစုတွေ တစ်ပြုံကြီး ပျော်ပျော်ပါးပါး နေလာနိုင်ခဲ့ကြသည် ။ အိုးခွဲချက်စားသည် ဟူသော ဓလေ့ မရှိခဲ့ ။ တစ်အိုးတည်း စားခဲ့သည် ။ မေမေ၏ သည်းခံခြင်းတရားသည် သူစည်းစိမ်ကို ဆုံးရှုံးအောင် လုပ်သူကို သော်မှ ခွင့်လွှတ်နိုင်သည် ။


ကျွန်မ ရေးတော့မည်ဟု အစီအစဉ် ချသောအခါ မေမေ ဆိုသူ အမျိုးသမီးက ငယ်ငယ် ကတည်းက ကံကောင်းပါသည် ။ စိန်လက်ကောက်တွေ အဆင့်ဆင့်နှင့် လျှမ်းလျှမ်းတောက်ခဲ့ပါသည် ။ မချစ်သော်လည်း မိဘဆန္ဒ အလို လိုက်လျော၍ လက်ထပ်ခဲ့သူကို ကျွန်နှင့် တူသော မယား ၊ မိခင်နှင့် တူသော မယား အဖြစ် ပြုစုခဲ့သည် ။ ကျွန်မတို့ အရွယ်ရောက်သည့်တိုင် မှီခို နေထိုင်သော ဆွေမျိုးစုကို ဥမကွဲသိုက်မပျက်အောင် ထိန်းသိမ်းလာခဲ့သည် ။ ဆွေမျိုးစု အလယ်မှာလည်း စည်းရုံးကောင်းသူတစ်ယောက် ။


ကျွန်မတို့ မောင်နှမတွေသည် ဖေဖေ့ထက် မေမေ့ကို ပိုကြောက်ကြသည် ။ ဖေဖေက အလိုလိုက်သလောက် မေမေက စည်းကမ်းကို ထိန်းသိမ်းရာ၌ ပိုမို ကျပ်တည်းသောကြောင့် မေမေ့ကို ပိုကြောက်ခြင်းဖြစ်သည် ။


သို့သော် ညဉ့်ဦးယံ၏ ဖန်မီးအိမ် စာဖတ်ဝိုင်းတွင်မူ မေမေနှင့် အတူ စာဖတ်၍ ဆွေးနွေးရသည်ကို ပျော်ပါသည် ။ မေမေသည် စာပေလေ့လာရာ၌ သား သမီးတွေကို မိတ်ဆွေသူငယ်ချင်း အခွင့်အရေး ပေးထားသည် ။


ကျွန်မတို့ အရွယ်ရောက်လာသောအခါ လဲပြိုသွားသော မေမေ၏ ရွှေပင်ကြီးကို ကျွန်မတို့ မောင်နှမတစ်တွေ ပြန်လည် ထူထောင်ပါသော်လည်း မေမေ့လက်ထက်လို အခက်အလက်တွေ မဝေဆာတော့ပါ ။ သို့သော် မေမေသည် တတိယအရွယ် ဘဝနောက်ဆုံးပိုင်းကို အေးချမ်းစွာ ဖြတ်သန်းသွားရ၍ ကျွန်မ စိတ် ကျေနပ်မိပါသည် ။


ဘယ်လိုပင်ဖြစ်စေ ၊ မေမေက မေမေ့ဇာတ်လမ်းတွင် ရွှေမင်းသမီးကလေးပေါ့ ။ ဆွေမျိုးတို့ကို သည်းခံစိတ်နှင့် သွေးစည်းခဲ့သူ ။ ပြီးတော့ ဇနီးကောင်း တစ်ယောက် ။ မိခင်ကောင်း တစ်ယောက် ။ အကယ်၍ မေမေ့ အကြောင်းကို ကျွန်မ လေ့လာထားရှိရသမျှ ရေးပြီ ဆိုပါတော့ ၊ မေမေ၏ ရွှန်းလက်တောက်ပသော ရွှေပင်ကို အမြစ်က လဲအောင် ဖြတ်ပိုင်းသူ၏ ကဏ္ဍက ပါရပေတော့မည် ။ သူတို့ အကြောင်းတွေကို ပြီးပြည့်စုံအောင် ရေးခြယ်ရပေဦးမည် ။ သူတို့က အဖျက်သမားကဏ္ဍက ပါရပေမည် ။ မေမေ၏ စရိုက်ကို ပီပြင်အောင် သရုပ်ဖော်လေလေ သူတို့ သိက္ခာကျလေ ဖြစ်တော့မည် ။


ထိုသောအခါ ညီမလေးနုနုဆွေ ၏ အဆိုအမိန့် ဖြစ်သည့် “ အကြောင်းအရာ အချက်အလက် မှန်ကန်ပေမဲ့ သူတစ်ပါးကို ထိခိုက်မယ် ဆိုရင် ရေးဖို့မသင့်ဘူးပေါ့ ” ဆိုသော စကားကို ကြားယောင်လာသည် ။


မိမိ စည်းစိမ် ပြိုလဲသွားသည့်တိုင် ဆွေစုမျိုးစု သွေးစည်းညီညွတ်ရေးကို ထိခိုက်မည် စိုး၍ အကြောင်းမှန်ကို မျိုသိပ် စောင့်စည်းနိုင်ခဲ့သော မေမေ၏ သည်းခံစိတ်ကို ကျွန်မ လေးစားရမည် ။


ဒီမိခင်က မွေးသော သမီးသည် မေမေ့ခြေရာကို ထပ်တူ မနင်းနိုင်စေဦးတော့ ၊ မေမေ့လမ်းစဉ်ကိုတော့ အတတ်နိုင်ဆုံး ထိန်းသိမ်းရတော့မည် ။


ပြီးတော့ ချမ်းမြေ့ ဆရာတော်ဘုရား၏ “ ငါ သူတစ်ပါး နှစ်ဦးသားတွင် ဘယ်သူ့များ ထိမလဲ ” ဆိုသည်ကို မရေးမပြောခင် နှလုံးသွင်း ဆင်ခြင်ပြီး တစ်စုံ တစ်ယောက်အား ထိခိုက်မည် ဆိုလျှင် မရေးပါနှင့် ဆိုသော ဆုံးမစကားများသည် ကျွန်မ ကလောင်အား စာရွက်များ ပေါ်မှ အဝေးသို့ လွင့်ခွာသွားစေပါတော့သည် ။ 


ကျွန်မ မေမေ၏ အကြောင်းကို မရေးဖြစ်သေးပါ ။


 ▢  ခင်နှင်းယု

📖 စာပေဂျာနယ် 

      သြဂုတ်လ ၊ ၁၉၈၉ခုနှစ်

Friday, June 28, 2024

မတူလေခြင်း


 

❝ မတူလေခြင်း ❞

အေးခင် ရောက် စ က တူးတူး သည် နှစ်ခါလည် သမီး လောက် ပင် ရှိ သေးသည် ။ အေးခင် က သုံးခါလည် ဖြစ်၍ အမေ က နို့ ဖြတ် လိုက်၏ ။ အေးခင် ကို ထမင်း ဆီ နှင့် ဆား နှင့် ကျွေး လျှင် အေးခင် စားတတ် ၍ နေ ပေပြီ ။ 

တူးတူး ကို မူ မာမီ က နို့ဘူး စို့ ခိုင်းတုန်း ပင် ရှိ သေးသည် ။ အမေ သည် ကလေးထိန်း သက်သက် မဟုတ် ၊ တူးတူး ကို ကြည့် ရင်း မာမီ ၏ အိမ် ဝေယျာဝစ္စများ ကို ကူ၍ လုပ် ရ၏ ။ ထမင်း လည်း ချက် ရ၏ ။ တူးတူး ငယ်ငယ် က အချိန်မှန် နို့ တိုက်ဖို့ အတွက် နို့ဘူးများ ပြုတ်သော ကိစ္စ ၊ နို့ဖျော် ရေချိုး နို့တိုက်ခြင်း များ ကို မူ မာမီ က သူ ကိုယ်တိုင် လုပ်သည် ။

ထို့ကြောင့်ပင် မာမီ က တူးတူး နှင့် အချိန် ကုန် ရသော ကြောင့် အမေ သည် မီးဖို တွင် ကူရန် ရောက် လာရခြင်း ဖြစ်လေသည် ။ 

မာမီ သည် ဝန်ထောက် ကတော် ပင် ဖြစ် သော်လည်း အတန်းအစား ခွဲခြားသော စိတ် သူ့ တွင် နည်းပါး လေသည် ။ မာမီ စကား ပြော လျှင် ဖြည်းဖြည်း နှင့် တိုးတိုး ပြော၏ ။ တူးတူး ဖို့ မုန့် တစ်ခု ထုတ် ပေး လျှင် အေးခင် ကို လည်း တစ်ခု ထုတ် ပေးသည် ။ တူးတူး ဖို့ ဂါဝန် အသစ် တစ်ခု ဝယ် လျှင် အေးခင် ဖို့ လည်း ဂါဝန် တစ်ခု ဝယ် ပေးသည် ။ သို့သော် အေးခင် ၏ ဂါဝန် သည် တူးတူး ဂါဝန် လောက် အဖိုး မတန်ပေ ။

ဘယ်လိုပင် ဖြစ်စေ ၊ ထိုမျှ သူ့ သမီးလေး အပေါ် တွင် ငဲ့ညှာ လျှင် ပဲ အမေ က စိတ်ချမ်းသာ လှပေပြီ ။ အမေ့ လခ သည် မများလှ ၊ သားအမိ နှစ်ယောက် လုံး ကို တူးတူး တို့ မာမီ က ထမင်း ကျွေး ၊ အဝတ် ပေး ၏ ။ လခ မှာ တစ်လ ကို နှစ်ဆယ့်ငါးကျပ် သာ အမေ ရ ပေသည် ။ အမေ့ အတွက် အရေးကြီးသည် က လခ ထက် အေးခင် စိတ်လက် ချမ်းသာစွာ နေရသည် ကို ကျေးဇူး တင်၏ ။ ပြီးတော့ လည်း ထမင်း နှင့် အဝတ် ဖူလုံ နေသည့် နောက် အမေ တို့ သားအမိ နှစ်ယောက် သည် လခ နှစ်ဆယ့်ငါးကျပ် ကို တစ်လလုံး အတွက် ချစ်ချစ်ချုပ်ချုပ် သုံး နိုင် လေသည် ။ 

ညနေစောင်း လျှင် တူးတူး တို့ ဒက်ဒီ အား မာမီ က သိုးမွေးစောင်လေး ထိုးရင်း ဖြစ်ဖြစ် ၊ လုံချည် ပေါ် တွင် ပန်းပွင့်လေး များ ထိုးရင်း ဖြစ်ဖြစ် ၊ မျှော်တတ်သည် ။ မျှော်သည့် နေရာ က လည်း တူးတူး ဘောလုံး ဆော့ တတ် သော မြက်ခင်း နေရာ ဘေး တွင် ဖြစ်၏ ။ ထို နေရာ မှာ ထိုင် နေလျှင် အလုပ် လည်း ပြီးသည် ။ ဒက်ဒီ ကို လည်း ကြို ရသည် ။ သမီးလေး တူးတူး ကစား သည်ကို လည်း မျက်စိ နှင့် မြင် နေရသည် ။ 

ငယ်စဉ် က ကျောင်းစာ ထဲ တွင် “ ကြေးမုံ ကဲ့သို့ အမြဲ ရှုအပ်သော သားမောင် ” ဟူသော စကားပိုဒ်ကို မာဘောဝါဒ တွင် ကျက်ခဲ့ရသည် မှာ ခပ်ပေါ့ပေါ့ ပင် ဖြစ်၏ ။ ခုမှ မာမီ သည် တူးတူး ကို ကြေးမုံ လို နေ ရ၏ ။ အမှန် တော့ မျက်မှန် လို တပ် နေရသည် ဆိုလျှင် ပို မှန် ပေလိမ့်မည် ။ မာမီ နှင့် တူးတူး သည် တစ်ယောက် ကို တစ်ယောက် ကမ္ဘာ လုပ် ကာ နေ ကြသည် ။

တူးတူး သည် သာ မာမီ ၏ ကမ္ဘာ ဖြစ် သလို မာမီ သာ လျှင် လည်း တူးတူး ၏ ကမ္ဘာ ဖြစ် နေလေသည် ။ 

တူးတူး ကို ကျောင်း ပို့ချိန် တွင် မာမီ အတွက် အားလပ်ချိန်များ ပို၍ လာ ခဲ့သည် ။ ရန်ကုန် ထဲ ရှိ သာသနာပြုကျောင်း သို့ ကျောင်းပို့ ကျောင်းပြန် လုပ်ရသည် က လွဲ ၍ မာမီ သည် နေ့လယ်ပိုင်း တွင် အားလပ် နေ၏ ။ အေးခင် ကို မူ မာမီ က သူတို့ အနားရှိ မြူနီစီပယ်ကျောင်း တစ်ကျောင်း  တွင် ထား ပေးသည် ။

“ အေးခင် ၊ ငါ့ သမီး စာ ကြိုးစား သင် နော် ၊ တူးတူး တို့ မာမီ မို့ လို့ သမီး ကို ကျောင်း ရယ် ဘာ ရယ် ထား ပေးတာ ၊ တချို့ အိမ် တွေ ဆို အိမ်စေ ရဲ့ စာ တတ် ဖို့ဟာ တွေ ဘာ တွေ ဂရုစိုက်တာ မဟုတ်ဘူး ”

အေးခင် သည် မှန် ရှေ့ တွင် သူ့ ဆံပင်လေး ကို လိမ်၍ လိမ်၍ ကျစ် နေစဉ် အမေ က ခဏခဏဆုံးမ၏ ။

“ ကိုးတန်း အောင်တယ် ဆိုရင် ဆရာဖြစ် သင်တန်း တက်နိုင်တယ် ” တဲ့ ။ ခုနစ်တန်း နဲ့ လည်း နှစ်လ ဆရာဖြစ် သင်တန်း ဆိုလား တက်လို့ ရတယ် လို့ တူးတူး တို့ မာမီ က အမေ့ ကို မနေ့ က ပြော နေတယ် ” 

အမေ သည် ခေတ် ပညာရေးစနစ် ကို သိရှာ သူ မဟုတ်ပေ ။

“ အမေ ရယ် ၊ ကိုးတန်း နဲ့ ဆရာဖြစ် ပဲ ဝင် ချင်တယ် ။ ဆရာ ဖြစ်တော့ လည်း ကိုးတန်း ဆရာဖြစ် က လခ ပို ကောင်းတာပေါ့ ”

“ အေးပါ အေရယ် ၊ တူးတူး မာမီ ကို လည်း ငါ က အားနာ သေးတယ် ။ ကျောင်းလခ က တော့ မပေးရပါဘူး ။ ညည်းတို့ အရွယ်လေး တွေ က လည်း မငယ် တော့ ၊ အမေ စိတ်ပူ လို့ ပြောတာ အေးခင် ”

အမေ စိတ် ပူမည် ဆိုလည်း ပူစရာပင်တည်း ။ အသက် က သာ အေးခင် က ဆယ့်လေးနှစ် ဆိုသည် ။ ထွား လိုက်သည့် လူကောင်ကြီး မှာ အပျိုကြီးဖားဖား ဟန် ပေါက် နေတော့သည် ။ တူးတူး က မှ ဆယ့်သုံးနှစ် လည်း ဖြစ်ပြန် ၊ ဂါဝန်ဝတ် ကျောင်း ဖြစ်၍ ဂါဝန် နှင့် ဆိုလျှင် ကလေးရုပ် မပျောက် သေးပေ ။

“ တူးတူး ဘာဖြစ်ဖြစ် အရေးမကြီးဘူး အေးခင် ၊ ညည်း မဖြစ် စေနဲ့နော် ”

အေးခင် က မှန် ကို ကြည့် ကာ အမေ့ ကို လျှာ ထုတ် ပြ၏ ။ ဤ အရွယ် သည် သစ်ရွက် ကြွေသည် ကို ပင် ရယ်မြူး တတ်သည် ဆိုသည် မှာ မှန်၏ ။ ရွှင်တုန်း မြူးတုန်း တက်ကြွတုန်း သာတည်း ။

••••• ••••• •••••

“ အချိန်တန် အရွယ်ရောက် ကာ လူလားမြောက်ရင် ချစ်သူ နဲ့ တွဲချင် ၊ ဘုရားသွား ကျောင်းတက် နေ့စဉ် မောင် နဲ့ ခင် ”

တူးတူး သီချင်းသံ မှာ မာမီ စိတ် ကို အထူး ပင် လှုပ်ရှား သွားစေလေ သည် ။ တူးတူး သည် ဘာရယ် မဟုတ် ၊ ပြေးကာ ခုန်ကာ အခန်း ထဲ ဝင် လာ ရင်း သီချင်း ဆို လာခြင်း ဖြစ်၏ ။ အေးခင် မှာ ကြမ်းပေါ် တွင် ထိုင် ကာ မာမီ ရွေးချ ပေးသော လုံချည်များ ကို ခေါက် နေရ လေသည် ။

“ မရွှေတူး မှန်တင်ခုံ ရှင်းစမ်း ... ”

“ မာမီ က တော့ လူ ကို မတွေ့လိုက် နဲ့ တွေ့ရင် ခိုင်းဖို့ပဲ ”

“ ဪ ... အေးခင် ကို သမီး ပဲ သနားတယ် ဆိုပြီး တူးတူး လုပ် လိုက် ရင် အေးခင် အတွက် အလုပ် တစ်ခု လျော့တာပေါ့ ”

တူးတူး သည် မှန်တင်ခုံ ရှေ့ တွင် ထိုင် ကာ မှန်သုတ် ၊ ငွေပေါင်ဒါ ဘူးများ ကို တိုက် နှင့် လုပ်နေ၏ ။ ပါးစပ် က လည်း ... 

“ မေတ္တာတွေ သက်ဝင် ၊ ကရုဏာတွေသက်ဝင် ၊ ချစ်သူမောင်နဲ့ ဆုပန်ဆင်ဖို့ပင် ၊ ငယ်ငယ်တုန်းက ချစ်ရေစင် အသည်းထဲမှာ ဝင်စွဲမိပြီပေါ့ ပျိုမေရှင်မောင်ယုံစေချင် ... ”

မေရှင်ကြီး ၏ သီချင်း ကို အသံကုန် ဟစ် နေ တော့သည် ။ မာမီ မှာ တော့ ဘာရယ် မဟုတ် ၊ ဤ မြီးကောင်ပေါက် နှစ်ကောင် ကျောင်းပိတ် ရက် တွင် စိတ် ကို တစ်ခု မဟုတ် တစ်ခု အလုပ် ပေးနေရခြင်း ဖြစ်၏ ။ သူ လည်း တတ်လှ တော်လှ သော အိမ်ရှင်မကြီး တစ်ယောက် တော့ မဟုတ် ၊ မိန်းကလေးများ အရွယ် ရောက်စ တွင် စိတ် နှင့် အလုပ် နှင့် မပြတ်အောင် ခိုင်းထားရမည် ဟူ၍ စာ တစ်အုပ် တွင် ဖတ်ဖူး သောကြောင့် ဖြစ်၏ ။

“ မာမီ ခိုင်းရတာ က တစ်နေ့ သမီး တို့ ကြီး လာတော့ အခိုင်းအစေ နဲ့ နေ နိုင်လည်း ကိုယ် က တတ် နေတော့ ခိုင်းတဲ့လူ ကို စနစ်တကျ ခိုင်း နိုင် တာပေါ့ ။ ကို က မခိုင်းတတ် ရင် ခိုင်း တဲ့ လူ က ကိုယ့် ပြန် ခိုင်း သွား တတ် တယ် ၊ သမီး တို့ မှာ ကုသိုလ်ကံ အကြောင်း မကောင်းလို့ အစေခံ မထား နိုင်ဘူးပဲ ထား ၊ ခုလို ကိုယ့် အိမ် မှာ ငယ်ငယ် က စပြီး လုပ်ကိုင် နေရတော့ အသားကျ နေပြီး နောက် တော့လည်း လုပ်တတ် သွားတာပေါ့ ၊ မိန်းကလေး ဆို တာ အောက်သက် ကျေဖို့ အရေးကြီးတာ ”

တူးတူး ကား မှန် ထဲ ကို ကြည့် ရင်း မာမီ ကို လျှာထုတ် ပြလိုက် ၏ ။ မာမီ မမြင်လိုက်သော် လည်း ... အေးခင် က မြင်လိုက် သောကြောင့် ခစ်ခနဲ ကျိတ်ကာ ရယ် လိုက် လေသည် ။ 

“ သမီး တော့ လင် ယူရင် ထမင်းချက် ၊ ဒရိုင်ဘာ ထား နိုင်တဲ့ လူ ကို မှ ယူမယ် ”

“ အမလေး ”

မာမီ ရင် ထဲ တွင် ဒိန်းခနဲ ဖြစ် သွား၏ ။ ဤ ဆယ့်ငါးနှစ် ကျော် ဆယ့်ခြောက်နှစ် အရွယ် က “ သမီး တော့ လင် ယူရင် ...” ဟူသော စကား ကို ထည့် ပြောလိုက်သည် မှာ မာမီ နား ထဲ တွင် ရင့်သည်း လှချေသည် တကား ။

သို့သော် ... မာမီ သည် သူ့ မျက်နှာထား ကို မပျက် အောင် ဟန် လုပ် ထား လိုက်၏ ။

သူ က တော့ လင် အကြောင်း သား အကြောင်း နှင့် ပတ်သက်ပြီး စကားလုံး ကို တိုက်ရိုက် သုံးကာ ဆုံးမ လျှင် အရွယ် ရောက်စ သမီးလေး စိတ် ကို နှိုးဆွ သတိ ပေး သလို ဖြစ်မှာ စိုး၍ စကားလုံး ကို ရှောင် ရသည် ။ ရွေးရသည့် ဖြစ်ခြင်း ။ တူးတူး က တော့ ဒီ စိတ်ကူး နှင့် ဒီ လင် ဆိုသော စကားလုံး ကို သုံးတတ် ၍ နေပေပြီ ။ မာမီ သည် သိမ်မွေ့သူ ပီပီ သိမ်သိမ်မွေ့မွေ့ ပင် ပြုံး လိုက်၏ ။

“ ဟုတ်တာပေါ့ သမီး ၊ မာမီ လည်း ငယ်ငယ်တုန်း က ဒီလိုပဲ စိတ်ကူး တာ ပဲ ။ မာမီ လင် ယူ ရင် ထမင်းချက် လည်း ပါ ရမယ် ။ ဒရိုင်ဘာ လည်း ပါရမယ် ။ ကလေးထိန်း လည်း ရှိရမယ် ၊ စိတ်ကူး ထဲ တော့ ရှိတာပေါ့ သမီး ။ ဒါပေမယ့် ကံတရား ဆိုတာ ဘာ ပြောနိုင်မလဲ ၊ ဆင်းရဲချင် လည်း ဆင်းရဲတာ ပဲ ၊ ချမ်းသာ ချင် လည်း ချမ်းသာ တာပဲ ။ သမီး တို့ ဒက်ဒီ နဲ့ ယူစ က ဒက်ဒီ နောက် မာမီ လိုက် သွား ရတယ် ။ နယ်ပြောင်း သွား ရတယ် ”

မာမီ အဖို့ မတတ်နိုင်တော့ပြီ ။ သူ့ သမီး က ပင် ‘ လင် ... ’ ဟူသော စကားလုံး ကို သုံးတတ် လာ တော့လည်း သူ လင် ယူသော ဇာတ်လမ်း ကို ရဲရဲပင် ပြန် လှန်ရ၏ ။

“ အိမ် က ထည့် လိုက်တဲ့ ထမင်းချက် က အညာ မှာ မပျော်ဘူး ဆို ပြီး ပြန် သွားရော ... မာမီ ကိုယ်တိုင် ထမင်း ချက် ရ အဝတ် လျှော် ရ တာပေါ့ ။ မာမီ သာ အိမ် မှာ အစ က လုပ်နေကျ မဟုတ်ရင် အိုးနင်းခွက်နင်း ဖြစ် နေ မှာပေါ့ ”

“ အို - အဲဒီတော့ ယောက်ျား က ဝင် လုပ်ပေးပေါ့ ။ တူးတူး တို့ တော့ လုပ်နိုင်ပေါင် ”

တူးတူး သည် မှန် ထဲ တွင် မျက်နှာဟန် ကို အမျိုးမျိုး ထားကာ နှုတ် ခမ်း ကို “ ပေါင် ...” ဟူသော စကားလုံး တွင် အသံ ကျယ် အောင် အော် ပြီး မှ ပိတ် လိုက်၏ ။ မာမီ့ ရင် ထဲ တွင် အနား ရှိသည့် တံမြက်စည်း နှင့်သာ ထ,၍ ချ လိုက် ချင်သည် ။ ဒေါသ အတော် ဖြစ် သွား လေသည် ။

“ အေး ... အဲဒီလို လုပ်နိုင်ပေါင် မိန်းမ တွေ ပေါ့ ၊ နှာခေါင်းကျည်ပွေ့ တွေ့ ကြတာ ”

အေးခင် က မှန် ထဲ ရှိ တူးတူးမျက်နှာထား ဟန် နှင့် မာမီ မျက်နှာ ကို တစ်လှည့် စီ ကြည့် နေ၏ ။ မာမီ သည် မျက်နှာများ နီ နေ သော်လည်း အသံ အေးအေး နှင့် ပင် ဆက် ပြော၏ ။

“ ယောက်ျား ဆိုတာ လေ ရ စ ဆိုရင် ထဘီ တောင် လျှော်ပေး မတတ် အလို လိုက်ကြ ၊ ချစ်ကြ ၊ မြတ်နိုးကြ တာ ချည်းပဲ ။ အချိန်ကာလ ကြာ လာ ရင် မိန်းမ လုပ် တဲ့ လူ က အိမ် ကို ပိုင်ပိုင်နိုင်နိုင် ဦးစီးနိုင်တာ တောင် သူတို့ စိတ် က အချစ် ပေါ့ လာ ရင် ခင် ဟာ အသုံး ကြီးတယ် ။ ခင် ဟာ မီးဖိုချောင် မနိုင် ဘူး နဲ့ အပြစ် ရှာလာ တတ်ကြရော ။ ဒီတော့ ကိုယ့် ဘက် က လုံ မှ တော်ရုံ ကျတာ သမီးတို့ ။ ကဲ ... အေးခင် ဒီ ဘက် က လုံချည် တွေ ကို ဗီရို ထဲ ပြန် ပြီး စီထည့် ။ ဟို ဘက် က ဟာတွေ တော့ မီးပူ တိုက် တော့ ”

မာမီ သည် ရှေ့ဆက် စကား မပြောတော့ ဘဲ သူ့ အိပ်ခန်း ဘက် သို့ ကူး သွား တော့သည် ။ အိပ်ရာ ပေါ် လှဲရင်း စိတ် မှာ အတော် မချမ်းသာပေ ။ တူးတူး သည် ဘာ စကားတွေ များ ပြောလာပါသနည်း ။ စိတ် ပူ လွန်း ၍ မိန်းကလေး ကျောင်း က လည်း ဒီလို စိတ်မျိုး နိုးကြား လွယ်ပါ တကား ။ အိုး ... ဘယ် ကျောင်း ထား ထား ကိုယ့် သမီး က ကမြင်း လျှင် ဘယ်လို မှ ထိန်း မရ ဟူ၍ သူ့ စိတ် သူ ဖြေ လိုက်၏ ။ ရှေ့ ဆက်၍ သမီး အရိပ်အကဲ ကို ကြည့် ထိန်း ရပေမည် ။

ဒက်ဒီ ကို များ တူးတူး ကိစ္စ ဖွင့်တိုင်ပင် ရ ကောင်းလေမည်လား ၊ ဖွင့် တိုင်ပင် ရ အောင် အထုပ်အထည် နှင့် တူးတူး ဘာဖြစ်နေသည် ဟု လည်း သူ့ မှာ စွပ်စွဲစရာ အကြောင်း မရှိပေ ။ ကျောင်းသွား ကျောင်းပြန် က အစ ဒရိုင်ဘာ နှင့် နှစ်ယောက် တည်း မလွှတ် တူးတူး နှင့် အတူ သူ ကျောင်း သို့ လိုက် သွား၏ ။ ကျောင်း ဆင်းချိန် တွင် တူးတူး ကို သွား ကြို ရ၏ ။

အေးခင် မှာ ထို အချိန် တွင် တစ်ယောက်တည်း ပင် လွယ်အိတ်ကလေး လွယ် ကာ မြူနီစီပယ်ကျောင်း သို့ သွားရ၏ ။

••••• ••••• •••••

မိုးများ တဖြိုင်ဖြိုင် ရွာသွန်းသော တစ်ညနေ တွင် အမေ သည် မာမီ ဆီ သို့ ပြေး လာသည် ။ အမေ့ ကို မြင်သော အခါ မှာ မာမီ ရင် ထဲ တွင် ထိတ်ထိတ်ပျာပျာ ဖြစ် သွားသည် ။ အမေ သည် မျက်ရည်လည်ရွဲ နှင့် လက်များ မှာ ဆတ်ဆတ် တုန် နေသည် ။ သူ့  ကိုယ် တွင် မိုးရေများ ရွှဲ ၍ နေ လေသည် ။

“ တင်တင်ကြီး အေးခင် မရှိတော့ဘူး ၊ လင် နောက် လိုက် သွားပြီ ။ ဒီနေ့ ကျောင်း သွား တာ ထီး မပါသွား လို့ ကျောင်းဆင်း ကို ကျွန်မ သွား ကြို တာ အေးခင် ကို မတွေ့တော့ဘူး ၊ သူ့ သူငယ်ချင်း တစ်ယောက် က ဒီ စာ ကို ပေးသွားတယ် ၊ ဖတ် ကြည့်ပါဦး တင်တင် ရယ် ” 

အမေ စိတ် ကျေနပ်အောင် သာ စာခေါက် ကို ယူ လိုက် ရသည် ။ မာမီ က ထို စာ ကို မဖတ်ချင်တော့ ၊ လင် ယူ သွားသည် ဆိုသည့် နောက် ဘာ လုပ်တော့ မည်နည်း ။ သူ လည်း သမီးရှင် တစ်ယောက် ပင် တည်း ။ အမေ ခံစားရမှု ဝေဒနာ ဘယ်လောက် ပြင်းထန်သည် ကို သူ ကိုယ်ချင်းစာ တတ် ပါ၏ ။ အမေ သည် မိုးရေများ အောက် တွင် ထီးဆောင်း ရမည် ကို ပင် သတိ မရ ၊ ကျောင်း မှ ပြန် လာခဲ့ဟန် တူသည် ။ ဇေယျတု သဗ္ဗမင်္ဂလံ တို့ နှင့် ငွေခရု မှ ရေ သွန်းကာ ကိုယ် ကြိုက် သော သူ ကို ခေါင်း ခေါက် ၍ ပင် ပေးစား ခဲ့စေ ဦးတော့ သမီးရှင် မိခင် မှာ ရင် ထဲ မှ နှမြောတသ စိတ် မှာ ဖြစ်ရစမြဲ ပင်တည်း ။ 

“ ဒေါ်ပု သိပ်လည်း မငိုနဲ့တော့ လေ ၊ ဘာလုပ်ချင်လဲ ၊ လုပ်ချင်တာ ရှိရင် ကျွန်မ ကို ပြော ကျွန်မ လုပ်ပေးမယ် ”

အမေ က ရှိုက်၍ ရှိုက်၍ ဆက်ငို၏ ။

“ ခု ဘဝ ကျ တော့ မှ မထူးတော့ပါဘူး တင်တင်ကြီး ရယ် ၊ ဒါလောက် မိုက်တဲ့ သူ ကို ကျွန်မ ပြန် မကြည့်ချင် တော့ဘူး ။ တင်တင်ကြီး တို့ က ကျောင်းတွေ ဘာတွေ ထား ပေးတဲ့ ကျေးဇူး ကို သူ မထောက်ဘဲ လုပ်ရက် တာ ကို အသည်း လည်း နာတယ် ။ မျက်နှာ လည်း ပူတယ် ” 

“ ရှိပါစေတော့ ၊ ဒေါ်ပု အေးအေးဆေးဆေး ပဲ ပြန် သွား လုပ်စရာ ရှိ တာတွေ လုပ် ”

အမေ့ ကို လေချို နှင့် သွေး လိုက်ရ သော်လည်း မာမီ က အမေ့ထက် ဆယ်ဆ ပို၍ ပူ၏ ။ သူ့အိပ်ခန်း ကို သူ ပြန် ပြေးကာ အမေ့ လို ပင် ရှိုက်ကာ ငင်ကာ ငိုမိသည် ။ စင်စစ် အမေ့ အတွက် စိတ် မချမ်းသာ သည် ထက် တူး တူး တစ်ယောက် ပညာ တစ်ပိုင်းတလက်စ နှင့် အေးခင် လို သာ လုပ်သွား ပါ လျှင် သူ ရူးရချည် ရဲ့ ၊ တူးတူး သည် အေးခင် လို မဖြစ်ပါစေနှင့် ။

သို့သော် သူ့ ဆုတောင်း ကား မပြည့်ပါလေ ။ 

နှင်းကြွင်းများ စဲ၍ သစ်ရွက်များ ကြွေ သော နွေဦး တွင် သူ သည် အမေ့ လို ငို ရသည် ။ အမေ့ ထက် ပို၍ ငိုသည် ။ အိပ်ရာ ပေါ်တွင် ဗုန်းဗုန်း လဲ နေသောကြောင့် အမေ က အနား မှ နေ၍ ပြုစု ရသည် ။

တူးတူး က အေးခင် လမ်းစဉ် သို့ လိုက်၍ သွား လေသည် ။ ဒက်ဒီ သည် မာမီ အတွက် ဆရာဝန် ပင့်ခေါ် ပေး ရသည် ။ တူးတူး လင်နောက် လိုက် သွား ခါ စ က မူ “ မာမီ မင်း အအုပ်အထိန်း မတတ်လို့ ဖြစ်ရတာ ၊ မင်း အသုံးမကျ လို့ ဖြစ်ရတာ ” ဟု မာမီ ကို သူ ဆူခဲ့၏ ။ ဤကား ယောက်ျား တို့ ဓမ္မတာ တည်း ။ မိဘ နှစ်ဦး အတူ စောင့်ထိန်းကြသည် ပင် ဖြစ်သော် လည်း သားသမီး တစ်ယောက် လမ်းလွဲ သို့ ဖောက်ပြန် လာ လျှင် မိခင် ကို လက်ညှိုး ထိုး ၍ အမေ လုပ်သူ ကို “ အသုံးမှ မကျဘဲကို ” ဟူသော စကားလုံး ကို သုံးမြဲပင်တည်း ။

တူးတူး ကား အိပ်မက် မှ နိုး လေပြီ ။ တူးတူး သည် တကယ့် ကမ္ဘာ ကို ရင်ဆိုင်ရ ပေပြီ ။

တူးတူး ၏ အိပ်မက် ထဲ တွင် အေးခင် အမေ က လည်း ရှိ နေသည် ။ အိပ်ရာ မှ နိုး လျှင် အဆင်သင့် အမေ ပြင် ထားသော ကော်ဖီစားပွဲ တွင် မောင့် ဘေးနား မှာ ထိုင် ၍ အမေ ကင် ထားသော ပေါင်မုန့်မီးကင်လေး အား ထောပတ်သုတ် ကာ မောင့် ကို ကျွေးမည် ။ ကော်ဖီ ကို ကိုယ်တိုင် ငှဲ့ ၍ ပေး မည် ။ မာမီ လို ပင် အမေ့ လို ဟင်း စီမံ ကာ မောင့် ထံ ကို ပြန် သွားရမည် ။ မောင် ရုံး တက် လျှင် ဝတ်ဖို့ အဝတ်အစား အသင့် ပြင်ကာ မောင် ရေချိုး ချိန် တွင် မျက်နှာသုတ်ပဝါလေး ကိုင် ကာ စောင့် နေမည် ။

အိပ်မက် မှ လန့် နိုးရသော အခါ အမေ လည်း မရှိ ၊ ဒက်ဒီ နှင့် မာမီ လည်း မရှိ ၊ သူတို့ အိမ်လေး လို အိမ်သား က လည်း သုံးယောက် တည်း မဟုတ် ။ မောင့် အိမ် မှာ ကုန်သည်ပွဲစား အိမ် ဖြစ်၍ လူ က လည်း ရှုပ် ၊ သားချင်း က လည်း များ လှသည် ။

သူ့ အိပ်မက် ထဲ တွင် မပါသော မျက်နှာထား ဆိုးဆိုးကြီး နှင့်  ယောက္ခမကြီး ကို လည်း ယခု တွေ့ ရပေပြီ ။

ကော်ဖီ တွေ ကို လည်း ခရားကြီး နှင့် သုံးလေးလုံး ဖျော် ထားရမည် ။ ဟင်းအိုးကြီး က လည်း အကြီးကြီး ၊ လာသမျှ လူ ကို သင့် သလို ကျွေးချိန် တွင် တူးတူး သည် လုံးလုံး လုံးလုံး နှင့် ပါ နေသည် ။

မောင် အလုပ် သွား ချိန် က ဒက်ဒီ လို ကိုးနာရီခွဲ အချိန် မှန် မဟုတ် ၊ သွား ချင်သည့် အချိန် မောင် က တိုက် သို့ လည်းကောင်း ၊ ပွဲရုံ သို့ လည်းကောင်း ၊ လိုင်စင် ကိစ္စ အတွက် လည်းကောင်း ထွက် ၍ သွား တတ်၏ ။ မောင့် ကို လည်း ပြေး ၍ အဝတ်အစား ဆင် ပေးရ သေးသည် ။ 

ကုန်သည်ပွဲစား ဆိုသည် မှာ ချမ်းသာသည် ပင် ထားဦး ၊ ဒက်ဒီ နှင့် မာမီ တို့ လို လခစား အိမ် ကဲ့သို့ သပ်သပ်ရပ်ရပ် အေးအေးဆေးဆေး မဟုတ် သည် ကို တူးတူး ခုမှ ဂရုပြုမိ လေပြီ ။

အိမ် မှာ တုန်း က စန္ဒရာဒီး ဖြစ်ဖြစ် ၊ ပက်ဘွန်း ဖြစ်ဖြစ် ၊ ရုပ်ရှင်ကား သစ် တစ်ခု ခု ထဲ တွင် ပါလာလျှင် ...

‘ ဒက်ဒီ ၊ စနေနေ့ စန္ဒရာဒီးနော် ’ ဟု သူ က ဆို လိုက် လျှင် ဒက်ဒီ သည် ရုံး အပြန် လက်မှတ် ဝယ် လာခဲ့သည် ။ ဒီမှာ က တော့ မောင့် ကို ဒီလို မှာလို့ မရ ၊ ဝယ်ပြီး လက်မှတ်များ ကို ပင် ဖျက် ပစ်ရ၏ ။

“ တူးတူး ၊ မမ တို့ နဲ့ သွားနိုင် ရင်သွား ၊ မောင် တော့ မလိုက်တော့ ဘူး ” မောင့် မှာ အလုပ် တွေ က များလှ၏ ။ အိမ် က စိတ် က မပျောက်သေး တော့ တူးတူး သည် အိပ်ရာ ထဲ တွင် ခွေ ၍ ငို လိုက်ရသေးသည် ။

“ တူးတူး ကလည်း ကွယ် ၊ ကလေး မဟုတ် သူငယ် မဟုတ် ”

မောင် က သူ့ ကို ဆူ၏ ။

“ လင်နေ သားမွေး အရွယ် ရောက် နေပြီ ၊ ဘိုင်စကုပ် မကြည့်ရတာ နဲ့ ငိုသတဲ့ တော် ”

ယောက္ခမကြီး က လည်း သူ ငိုသည် ကို မိ သွား လျှင် အသံကြီး နှင့် အော်၏ ။ မာမီ က ဆူစရာ ရှိသည် ကို တောင် အသံအေးလေး နှင့် ပြောပြ တတ်၏ ။

ယခုမှ မာမီ ကို လွမ်း နေ၍ လည်း အကြောင်း မထူးတော့သည် ကို တူးတူး သိ၏ ။ ထို့ကြောင့် တူးတူး သည် ယောက္ခမ အိမ် တွင် ကြိုးစား နေ ကြည့်သည် ။ 

တစ်ခါတစ်ရံ သူ့ ကိုယ် သူ မှန် ထဲ တွင် ကြည့် ရင်း မာမီ ကို မှန် ထဲ မှ ကြည့် ကာ ပြောင်ခဲ့ လျှာထုတ် ပြခဲ့သည် များ ကို ပြန် ၍ သတိ ရ နေသည် ။ သူ လျှာ ထုတ် စဉ် က ခစ်ခနဲ ရယ် လိုက်သော အေးခင် တစ်ယောက် ကော ဘယ်လိုများ နေပါလိမ့် ၊ အေးခင် လင်ယူသည် က ရော ပျော်စရာများ ကောင်း လေမလား ။

“ မာမီ က လင် မယူ နဲ့ လို့ သမီး တို့ ကို မတားဘူး ၊ လင် ဟာ ယူ ရ မှာပဲ ၊ ဒီဂရီလေး ဘာလေး ရ ပြီးတော့ ယူ ကြတာပေါ့ ။ အခြေအနေ က မဖြစ်နိုင်လွန်း လို့ ဆို တောင် ဆယ်တန်း အောင် ပြီးတဲ့ အထိ တော့ စာသင် ပြီး မှ ယူကြတာပေါ့ ”

တစ်ခါ က မာမီ က ဤသို့ ပြောခဲ့၏ ။ စင်စစ် မာမီ သည် တစ်နေ့ သော အခါ လောက ထဲ တွင် သူ့ ကို တစ်ယောက် တည်း ထားခဲ့ရမည် ။ သူ့ သမီး သည် အဝေး သို့ လွှင့်ကာ ပျံထွက် သွားမည် ကို ကြိုတင် သိပြီး ဖြစ် သည် ။ သို့သော် အပြောကျယ် သော လောက ကို အတောင် အလက် စုံခါ မှ မာမီ က ပျံစေ ချင်၏ ။

သို့သော် “ မာမီ တို့ ကော ဘာလို့ လင် ယူသေးလဲ ” ဟူသော အတွေး က တူးတူး ရင် ထဲ တွင် ခံ ၍ နေ တတ် ပေသည် ။ ခုမှ မာမီ သည် ခံနိုင်ရည် ရှိမည့် အချိန် ကို တွက်ပြ နေခြင်း ဖြစ်သည် ကို တူးတူး သဘော ပေါက်၏ ။

မာမီ သည် ချစ်တုန်း က ချစ် သလောက် ၊ ခုတော့ မောင် တို့ ပြန် အပ်သည် ကို မှ လက်မခံ ။ သူ့ ကို အစိမ်းကြီး စိမ်း လေပြီ ။ သူ သည် မှန် ကို ကြည့် ရင်း ရှိုက်ကာ ရှိုက်ကာ ငို၏ ။

အိပ်မက် ထဲ တွင် မာမီ နှင့် ဒက်ဒီ ညား သော အခါ သမီးလေး တစ် ယောက် မွေးလာသည် ။ အေးအေးဆေးဆေး ပင် ဒီ တစ်ယောက် စု ချစ်ကြ၏ ။ ယခု တော့ အပြင် မှာ ပထမ ကလေး သုံးလ ရှိသေး ၊ တူးတူး ဗိုက် ထဲ တွင် နောက် တစ်ယောက် ရှိ လာပြန်သည် ။ ကြိုတင်၍ တူးတူး တွေး မထား သော အကြောင်းများ သည် သည် လောက တွင် တစ်ပုံကြီး ရှိ ပါသေးသည် တကား ။ 

ယောက္ခမကြီး က နို့ မတိုက်ရ ၊ ကလေးထိန်း မငှားရ ဆိုသော အခါ တူးတူး ဟစ် ငိုချင်၏ ။ ကလေး နေ မကောင်း ၍ ဆေးတိုက် သွားရန် ကား လိုချင်သည် ကို မှ အား မှ ရ၏ ။ မအား လျှင် သုံးဘီး နှင့် ဆေးတိုက် ကို ပြေးရ၏ ။

မောင် သည် သား မမာသည် ကို မှ တယုတယ လုပ်ချိန် မရပေ ။ ပထမ ကလေး မှာ မိန်းကလေး ဖြစ်၍ ဒုတိယ ကလေး မှာ သားလေး ဖြစ် သည် ။ သူ သည် သားလေး ကို ပုခက် တွင်း ထည့် ကာ မာမီ လို ပင် အနား မှ ကလေး စွယ်တာလေး ထိုး ၍ ကလေး ကို စောင့် သိပ် ချင်သည် ။ 

သားလေး နေမကောင်း သည့် နေ့က သူ့ အနား မှ မခွာ ခုတင် ပေါ် တွင် သိပ် ကာ စောင့် နေ၏ ။

“ တူးတူး ”

ယောက္ခမကြီး ၏ အော်သံ မှာ မိုးချုန်း သလို အောက်ထပ် မှ ဟစ် ၍ ထွက် လာ၏ ။ တူးတူး သည် အောက် သို့ ပြေးဆင်း သွားရ၏ ။

”ကလေး ကို မှန် လို ကြည့် မနေနဲ့ ၊ မုံရွာ က အထည် တွေ ရောက် လာတယ် ၊ စာရင်း မှတ်ပြီး လက်ခံ လိုက်စမ်း ”

တူးတူး သည် သားလေး ဆီ စိတ် တစ်ဝက် ၊ လုံချည်များ စာရင်း ကို စိတ် တစ်ဝက် နှင့် ရေး နေရသည် ။

“ တူးတူး ”

မောင့် အသံ ပါ တကား ၊ မောင် ဘယ်တုန်း က များ အိမ် ပြန် ရောက် နေ ပါလိမ့် ။ စာရင်းများ ကို ပစ်ချ လိုက်ကာ အသံ လာရာ အိမ် ပေါ် သို့ ပြေး တက် သွား တော့သည် ။ မောင် သည် ခုတင်ဘေး တွင် မတ်တတ် ရပ် ကာ သူ့ ကို မျက်နှာကြီး နီ ၍ ကြည့် နေ၏ ။ သား ကား တဆတ်ဆတ် တုန်ကာ တက် နေ တော့သည် ။

“ သောက်သုံးမကျ ကလေး ကို ကြည့်ဖော် မရဘူး ၊ ဒီမှာ ကလေးတက် နေပြီ ”

မောင့် အော်သံ က လည်း ခုနစ်သံချီ ၊ တူးတူး သည် အကျိုးအကြောင်း ကို ဘာမျှ မရှင်းပြတော့ ။ သား ကို ပြေး၍ ပွေ့ချီ ကာ အသံကုန် ဟစ်၍ ၊ သူ ချစ်သော စန္ဒရာဒီး ငို သလို ငိုချ လိုက်တော့သည် ။

••••• ••••• •••••

“ မာမီ ရေ ထ ကြည့်ပါဦး ၊ တို့များ သမီးလေး ပြန်လာပြီ ”

“ ဒက်ဒီ ... သူ တကယ် ပြန် လာပြီလား ”

မာမီ သည် အဟုတ်ပင် ခုတင် ပေါ် တွင် ထ ထိုင်ကာ မယုံ တစ်ဝက် ယုံ တစ်ဝက် နှင့် မေး လိုက်၏ ။ တကယ်မှ တကယ်ပင် မတ်တတ် သွား တတ်ခါစ သမီးလေး ကို လက်တွဲ ကာ သားကလေး ကို ပွေ့၍ အခန်း တွင် ရပ် နေသော တူးတူး ကို မာမီ မြင်ရ၏ ။

ကလေး ကို အမေ က ဆီး ယူ ကာ ချီ လိုက်၏ ။ တူးတူး သည် ငယ် ငယ် က ဟန် အတိုင်း ပင် မာမီ ရှိရာ သို့ ပြေး သွား ကာ ဖက် ငို လိုက်တော့သည် ။

“ မာမီ ... တူးတူး ပြန် မသွားတော့ဘူး ၊ တူးတူး ကို ပြန် မလွှတ်ပါ နဲ့နော် ၊ တူးတူး သူတို့ နဲ့ နေရမှာ ကြောက်တယ် ၊ မာမီ သမီး ကို ချစ်သေး ရဲ့လား ”

တူးတူး ကား ရှိုက်ကာ ငင်ကာ ငိုရင်း အမေ ကို လှုပ် ၍ မေး၏ ။ မေး ပဲ မေးရက်လေခြင်း တူးတူး ရယ် ၊ ကလေး နှစ်ယောက် ရသည် ပင် “ မိခင်  ” တစ်ယောက် ၏ မေတ္တာသဘော ကို တူးတူး မသိသေးသည် တကား ။

မာမီ ကား တူးတူး ခေါင်း ကို သူ့ရင်ခွင် တွင် ပွေ့ယူ ထား ကာ နဖူး စဆံနု ထဲ မှ ချွေးများ ကို သုတ် ပေး၏ ။ တူးတူး ငိုသံစဲ မှ မာမီ က စကား ပြော၏ ။ ဒက်ဒီ မှာ မြေးဦး မိန်းကလေး ကို ပွေ့ချီ ကာ သူတို့ အနား တွင် လာ ထိုင်သည် ။

“ မေးရက်လိုက်တာ တူးတူး ရယ် ၊ မာမီ ဟာ သမီးလေး ကို အစဉ် ချစ် နေတာပေါ့ ။ ဘယ်တော့မှ မာမီ မမုန်းဘူး ။ မာမီ က လောက ကို ရင်ဆိုင်နိုင်လောက်တဲ့ အချိန်ကျ မှ အေးအေးဆေးဆေး လင် ယူ စေချင် လို့ အုပ်ထိန်း လာခဲ့တဲ့ ကြား က မှ ခုလို ဖြစ်ရတာ ရင် နာလွန်း လို့ သမီး ကို ပစ် ထားတာပဲ ။ မာမီ ဟာ သူများ အမေ လို နင်ပဲငဆ ကြမ်းကြမ်းတန်းတန်းကြီး လည်း မဆုံးမ တတ်ဘူး ။ ခု ကိစ္စ မှာ လည်း သမီး သေသေချာချာ စဉ်းစား ။ ဒက်ဒီ တို့ မာမီ တို့ ဝင် မပါချင်ဘူး ။ သမီး လေး စိတ်ဆိုး ပြန် လာတာမျိုး တော့ မလုပ်နဲ့ ။ သမီး ဇာတ် ကို သမီး နိုင် အောင် ဆက် က ရမှာ ”

တူးတူး က မာမီ ၏ ညင်သာသော အသံ မှာ မည်မျှ တန်ဖိုးရှိသည် ကို ခုမှ နားလည်ပေပြီ ။ 

“ ဒက်ဒီ ... မာမီ ကို ရအောင် ပြောပေးပါ ဒက်ဒီ ရယ် ။ ဒက်ဒီ မှာရှိတဲ့  ၊ အာဏာ တွေ ကို လည်း အားလုံး သုံး ပေးပါ ။ တူးတူး ပြန် လာ တာ မောင် နဲ့ သဘောချင်း မတိုက်ဆိုင်တာ တင် မဟုတ်ဘူး ။ တူးတူး သူတို့ အသိုင်းအဝိုင်းကြီး တစ်ခုလုံး ကို ကြောက်တယ် ။ တူးတူး နေလို့ မဖြစ်တော့ဘူး ”

ဒက်ဒီ သည် သူ့ သမီး က “ ရှိသမျှ အာဏာ အားလုံး သုံးပေးပါ ” ဟူ၍ ပင် စကားလုံး သုံး လာသည် ကို အံ့သြ မဆုံးတော့ပေ ။ ဒက်ဒီ မှာ အရာရှိကြီး တစ်ယောက် ပင် ဖြစ်၏ ။ သို့သော် ဒက်ဒီ နှင့် မာမီ သည် သမီး စိတ် ကို မယုံပေ ။ စောင့် ကြည့်ကြ၏ ။

တကယ်ပင် တူးတူး သည် စိတ် ပြတ် ခဲ့လေသည် ။ မောင် က လူကြီး စုံရာ နှင့် လာ ခေါ် သော် လည်း တူးတူး ပြန် မလိုက်တော့ ။ မောင် ကား လက် လျှော့ ၍ ပြန်ရ တော့သည် ။

ဆယ့်ရှစ်နှစ် တွင် တူးတူး ကလေး နှစ်ယောက် အမေ ဖြစ်ရသည် ။

“ တူးတူး စာ ဆက် သင်မယ် ၊ ပြီးတော့ ဒီဂရီ ရပြီး ဒီ ကလေး တွေ ကို တူးတူး ရှာကျွေးပါ့မယ် ဒက်ဒီ ရာ ”

ခုမှ ဒက်ဒီ နှင့် မာမီ က ဘာ ပြောနိုင်ပါမည်နည်း ။ မြေးများ ကို ဆက် ထိန်းထားကြရ ပေတော့မည် ။ တူးတူး ကား ထိုနှစ် တွင် မက်ထရစ် ချောချောမောမော အောင် သွားတော့သည် ။ သူတို့ သည် တူးတူး ကို  ၊ တက္ကသိုလ် သို့ ဆက် ပို့ကြ၏ ။ တူးတူး တက္ကသိုလ် သို့ ရောက်သော နှစ် ၊ အေးခင် သည် လည်း အိမ် သို့ ပြန် လာသည် ။ အမေ သည် ထုံးစံအတိုင်း အူလျားဖားလျား မာမီ ဆီ သို့ ပြေးလာ၏ ။

“ တင်တင်ကြီး ၊ အေးခင် ... အေးခင် ရယ် ပြန် လာပြီ ”

အမေ့ အသံ သည် ဝမ်းနည်းသံလား ၊ ဝမ်းသာသံလား ဝေခွဲ၍ မတတ်အောင် တုန်ယင် လှ၏ ။ မာမီ က အစေခံ တန်းလျားလေး သို့ အမေ နှင့် အတူ ပြေး လိုက် လာသည် ။

အေးခင် ကို ယောက်ျားလေး သုံးယောက် နှင့် အတူ တွေ့ရ၏ ။

“ အေးခင်...ဒါ နင့် သားတွေ လား ၊ ကလေး တွေ အဖေ က ဘာ လုပ်လဲ ”

“ ဟုတ်ကဲ့ ”

“ ဒီ သူငယ် ကော ဘယ်မှာလဲ ”

အေးခင် ကား ငိုချင်း ချ ပြန် လေပြီ ။ အမေ က လည်း ခုမှ ငို တော့၏ ။

“ တင်တင်ကြီး ရဲ့ သရဲသမိန် မှာ လယ်စာရင်းငှား လုပ် သတဲ့ ၊ သူ့ကို မပေါင်းနိုင်တော့ဘူး လို့ နှင်ချလိုက်တာတဲ့ ”

“ ဟင်း ”

မာမီ ကား သက်ပြင်း ချ လိုက်၏ ။ သက်ပြင်း ချ ၍ မာမီ က ဘာပြန် ပြောရမှန်း မသိတော့ ။

“ ကဲ ... အမေ စိတ်ရှုပ် မနေနဲ့ ၊ သူ ထွက် သွားတုန်း က နှစ်ယောက် မို့ လား ။ ခု ပြန် လာတော့ အားလုံး ခုနှစ်ယောက် ပေါ့ ၊ အဲဒါပဲ မှတ်ပေါ့ ”

မာမီ က ဒါပဲ ပြောကာ ထွက် သွားတော့သည် ။ မာမီ က တော့ ဒါ ထက် ပို၍ လည်း ဘာ ပြောရဦး မည်နည်း ။ အမေ့ ရင် ထဲ တွင် မူ မီးစကြီး ထိုး သလို ပူ လှသည် ။ ယခင် က မှ သားအမိ နှစ်ယောက် အတွက် ငွေ အစိတ် နှင့် နေ ရသည် ။ ယခု တိုး လာသော ပါးစပ် သုံးပေါက် ကို ဘယ်လို ကျွေးရ  ၊ အေးခင် အလုပ် လုပ် ဆိုရအောင် ခုနစ်တန်း မှ မအောင် လျှင် ဘာ အလုပ် လုပ် ရပါမည်နည်း ။ တူးတူး လို အေးခင် အား ကျောင်း ဆက် နေ ဆိုရအောင် ဒီ ကလေး သုံးယောက် ကို ဘယ်လို မွေးရပါ့ ။

“ ဟဲ့ ... မိအေးခင် ရဲ့ ၊ သစ်ပင် လဲတာချင်း တူ ပေမယ့် တူးတူး ကို အောက် က သဲ ခံ ပေးမဲ့ လူ ရှိတယ် ဟဲ့ ၊ နင့် မှာ ဘယ်သူ ရှိသတုံး ”

အမေ ကား စာ မတတ်၍ ဖွဲ့ဖွဲ့နွဲ့နွဲ့ မငိုတတ် ၊ သူ့ ဝမ်း ထဲ ရှိ အသိဉာဏ် ကို သူ တတ်သမျှ စကားလုံး နှင့် ဖော်ထုတ်ခြင်း ဖြစ်၏ ။

စင်စစ်မတော့ မုန်တိုင်း ထန်သောအခါ လဲပြိုကျသည် ချည်း ပင် ဖြစ်၏ ။ တူးတူး က အထက် က နေသူ ဖြစ်၍ ပို နာ မည် ဟု ရုတ်တရက် ထင်ဖွယ် ရှိ သော်လည်း အမေ ပြော သလို သဲ တွင် မက ပိုက် ရော ၊ လဲမွေ့ရာ ထူထူ ရော အောက် မှ ခံပေးမည့်သူ ရှိ၍ ကျ ပင် ကျ သော်လည်း မနာလှ ။

အေးခင် မှာ တော့ အမေ ပြောသလို ဘယ်သူ မှ မရှိသောကြောင့် အနိမ့်ဆုံး အကိုင်း မှ ကျရ သော်လည်း အေးခင် ဒဏ်ရာ မှာ ကြီးလှသည် တကား ။

မှန်တိုင်း တစ်ခု ထန် လာ လျှင် သစ်ပင် အမြင့် ကိုင်း ပေါ် တွင် ရှိနေ သူ မှာ အောက်ဆုံး အကိုင်း တွင် နေသော သူ ထက် အကျ နာသည် ဟု ဆိုသူ ၏ ဤ စကား သည် အခါခပ်သိမ်း မှန်လေ သလော ။

◾ခင်နှင်းယု

📖 ကြာတော၌ ရွာသောမိုး

#ကိုအောင်နိုင်ဦး

.

Thursday, February 29, 2024

မိန်းမတို့ အကြောင်း


 

❝ မိန်းမတို့ အကြောင်း ❞

မမြစိန် ကွယ်လွန် အနိစ္စ ရောက်ရခြင်း တွင် ကျွန်တော့် ပယောဂ မကင်းပါပေ ။ ကွယ်လွန် စ က ကိုယ် ချစ်မြတ်နိုးသော ဇနီး တစ်ယောက် နှင့် ကွေကွင်းရခြင်းဒုက္ခ တစ်ခု သာ ဖြစ်ခဲ့၏ ။ သို့သော် သူ ၏ ရိုးရိုးသားသား ရေးသား ထားခဲ့သော စာတန်းရှည် ကို ဖတ်ရချိန် တွင် မူ ကျွန်တော့် စိတ် များသည် ဘယ်သော အခါ မှ မတည်ငြိမ်ခဲ့ပါပေ ။ မသေခင် က ပစ် ထား၍ သေပြီး မှ လွမ်းဆွတ် တသ ငိုချင်သော နောင်တ တရားများ ဖြင့် ပြွမ်းသည့် ပူပန်ခြင်းမျိုး လည်း မဟုတ်ပါ ။ သို့သော် ကာလ ကြာလေလေ ကျွန်တော့် ကိုယ် ကျွန်တော် ပြန်လည် ဆန်းစစ် ကြည့်သော အခါ ကျွန်တော် သည် အများ သဘော ကို ချောချောကြီး ကျ အောင် ရေးသား နိုင်သော နာမည်ကျော် “ မောင်စန္ဒာ ... ” ဟူသော စာရေးဆရာ တစ်ယောက် ဖြစ်ပါလျက် နှင့် ပြဿနာ တစ်ခု ကား မိန်းမ နှစ်ယောက် ၏  စိတ် ကို ပြေလည် ရှင်းလင်း အောင် ပြောပြ ဆွေးနွေးနိုင်သော သူ တစ်ယောက် မဟုတ်နိုင် ကြောင်း ကိုယ့် ကိုယ် ကို သိလာ၏ ။

ထို့ကြောင့်ပင် ကျွန်တော့် ချစ်ဇနီး သည် ခွဲသင့် ခွဲထိုက် သော အချိန် ထက် စော၍ ကျွန်တော့် အား ခွဲခွာ သွားခြင်း ပင် ဖြစ်၏ ။

မမြစိန် သည် ကျွန်တော် ၏ တစ်ဦးတည်း သော လက်ထပ် မယား ဖြစ်ခဲ့ သော် လည်း ကျွန်တော် ၏ ချစ်ဦးသူ မဟုတ်ခဲ့ ။ ကျွန်တော့် ချစ်ဦးသူ မှာ မနှင်းအေး ဖြစ်သည် ကို မမြစိန် သည် လက် မထပ်ခင် က ပင် သိခဲ့ ၏ ။

မနှင်းအေး သည် စာ တတ်သည် ၊ ပိုက်ဆံ ရှိသည် ။ ဒီဂရီ မှာ ဘီအေ ဘီအီးဒီဘွဲ့ ကို လည်း ယူ ထားသည် ။ ဘီအယ်လ် လည်း အောင်ပြီး ပေပြီ ။ ကျောင်း နေစဉ် မေတ္တာ မျှခဲ့ သူ မို့ မနှင်းအေး အကြောင်း ကို ကျွန်တော် အားလုံးပင် သိရှိပြီး ဖြစ်ပါသည် ။ ကျွန်တော့် အမည် မှာ ကလောင် နာမည် က သာ မောင်စန္ဒာ ဖြစ် သော်လည်း နာမည်ရင်း မှာ မိုးဟိန်း ဖြစ်ပါသည် ။

မနှင်းအေး သည် ကျွန်တော့် ကို “ မိုး ”ဟူ၍ တစ်လုံး တည်း ပင် ခေါ် ပေသည် ။ သူ ဘီအေဘီအီးဒီ အောင် စ က သူ့ ဖေဖေ နှင့် မေမေ မှာ ရှေ့ဆင့် နောက်ဆင့် ကွယ်လွန် ခဲ့သည် ။ အဒေါ် သားချင်း ဆွေမျိုးများ နှင့် လည်း သူ မနေ ၊ သူ့ အိမ် တွင် ပင် ငယ်ငယ် က သူ့ ကို ထိန်း လာသော ဒေါ်ရှင် နှင့် အတူ နေကြပေသည် ။

“ မိုး ... ယူ ဘာ စားချင်တယ် ဆိုတာ ပြောနော် ၊ ဒေါ်ရှင် အားလုံး ချက်တတ်တယ် ကွယ် ”

တစ်ခါတစ်ခါ ကျွန်တော် သူ့ အိမ် ထမင်း သွား စား လျှင် သူ သည် ကျွန်တော် အပါး တွင် ထမင်း စား ရင်း ပြောပြ၏ ။

“ မိုး ... ကျွန်မ နဲ့ တူတူ ထမင်း လာ စားတဲ့ အခါ စိတ် ပျော်တာပေါ့ လေ ၊ အရင် က တော့ ဒီ ထမင်းဝိုင်း မှာ သားအမိ သားအဖ သုံးယောက် ၊ ဒေါ်ရှင် နဲ့ ဆိုတော့ ပေါင်း လေးယောက် ပေါ့ ။ အခု တော့ ဒေါ်ရှင် ၊ ကျွန်မ
ရယ် ၊ နှစ်ယောက် တည်း ရယ် ၊ မိုး ... လာတဲ့ အခါ ထမင်းဝိုင်း ဟာ စို သွား တာပေါ့ ”

သူ သည် ပြုံးပြုံးရွှင်ရွှင် အေးအေးချမ်းချမ်း နှင့် ပင် ဧည့်ခံ၏ ။ သူ့ မျက်နှာ သည် ရှင်း၏ ။ မနှင်းအေး သည် သူ့ စိတ် ထဲ တွင် ခံစားရ သမျှ မျက်နှာ တွင် ထင်းခနဲ ပေါ်လွင် လွယ်သော သူ မျိုးဖြစ်၏ ။ တောက်ပသော သူ့ မျက်လုံး ကျယ်ကျယ်ဝန်းဝန်း မှာ သူ့ နှလုံးသား ကို ထိုးဖောက် မြင်နိုင် လောက် အောင် ကြည်လင် နေသည် ဟု ကျွန်တော် ထင် ပေသည် ။ အသား ဖြူ ၍ သေးသေးနွဲ့နွဲ့ နှင့် ပေါင်တံ သွယ် သော ကြောင့် သူ ကြိုက်သော အရောင်ရင့် ပြောင် လုံချည်များ ကို ဝတ် သော အခါ ထိုင် နေစဉ် ထက် မနှင်းအေး  သည် လမ်း လျှောက် သော အခါ ပို၍ လှ လေသည် ။ 

“ ဒေါ်ရှင် ရေ ...  နက်ဖြန် ကျ ရင် တော့ ကျွန်မ ငါးရံ့အူ စားချင် တယ် ”

“ စားရပါတယ် ၊ ကြည့်မြင်တိုင် ဈေး သွားဝယ် ၊ ပြီးတော့ မရမ်းသီး ထောင်း တမာချဉ် တို့မယ် ”

“ အဲ ... အဲ  ... ဟုတ်ပြီ ၊ မိုး နက်ဖြန် လည်း လာစားပါဦး  ။ ဒေါ်ရှင် ဟင်းစပ်ပုံ က ကောင်းတယ် ”

သူ သည် လက် ဆေး ၍ ကျွန်တော့် အပါး မှ ထ ရင်း ပြော၏ ။

“ မိုး စန္ဒရား တီးတာ နားထောင် မလား ၊ ခြံ ထဲ ပဲ လျှောက်မလား ”

“ ခြံ ထဲ လျှောက်ရအောင် ကွယ် ”

ခြံ ထဲ တွင် ပန်းပင်များ ပွင့် နေကြ၏ ။

“ ကိုယ်တို့ လက်ထပ် ရအောင်လား မနှင်းအေး ...  ”

ဟု ကျွန်တော် က စကား ဆိုလျှင် မူ  ...

“ ဖြည်းဖြည်းပေါ့ ... မိုး ရယ် ၊ စောစောစီးစီး ငရုတ်သီး ကြက်သွန်တွေ အကြောင်း မစဉ်းစားပါရစေနဲ့ဦးကွယ် ...  ”

ဟု သူ ဆိုပါသည် ။

သို့သော် သူ ကျွန်တော့် ကို ချစ်သည် ကို တော့ ကျွန်တော် သိ၏ ။ အဘယ်ကြောင့် ဆိုသော် မေမေ ပေးစားသော မမြစိန် ကို ယူမည် ဟု သူ့ အား ဖွင့်ဟ ပြောစဉ် ရွှန်းပဝင်းလက် သော သူ့ မျက်လုံး ထဲ ဝယ် မျက်ရည် ဖြင့် ပြည့်ဝန်း ၍ နေပေသည် ။ ထို နေ့ မှာ လှပသော ည ဖြစ်၍ ပန်းရောင်စုံလေးများ ပေါ်  တွင် ဝါဖျော့သော နေခြည် တို့ နား နေသော အချိန် ဖြစ်၏ ။ သူ နှင့် ကျွန်တော် သည် လည်း ခြေပစ်လက်ပစ် မြက်ခင်း ပေါ် တွင် နားနား နေနေ စကား ကို ပြောနေကြခြင်း ဖြစ်၏ ။ သူ သည် လက်ထပ်ရေး ကို ရော ၊ မမြစိန် အကြောင်း ကို ဘာမှ မပြော ၊သူ ပြောချင်တာ ကို သူ ပြောနေသည် ဟု ကျွန်တော် ထင်ပေသည် ။ 

“ ဟို တစ်ပတ် က ပဲ ဒေလီတွေ ပွင့် လာတယ် မိုး ရယ် ၊ ဆောင်းဦး ပေါက် လာ ရင် ကျွန်မ စိုက် တဲ့ ပန်းတွေ ပွင့်လာတော့ မှာ ပဲ လို့ သိပ် ဝမ်းသာ တာပဲ ၊ သူတို့ ကို ပဲ ကြိုရတော့ မလိုလို ၊ ခု သူတို့ ပွင့် လာတော့ လည်း နေ ရောင် အောက် မှာ သိပ် လှတာပဲ နော် ၊ ညဉ့် လ သာ ရင် သူတို့ အနား လျှောက် ရတာ တယ် ပျော်စရာ ကောင်းတယ် ၊ ဆောင်း ကုန် လို့ နွေ ဘက် နီးလာလေလေ သူတို့ ပန်းတွေ ကျ ကြတော့မယ် ဆိုတဲ့ အသိက ကျွန်မ ကို သိပ် ဒုက္ခပေး တာပဲ ၊ နွေ ပေါက် ရင် သူတို့ အားလုံး မရှိကြတော့ ဘူး ဆိုတာ ကျွန်မ သိတယ် ၊ ကျောင်း လည်း ပိတ်ရော မို့လား ၊ အဲဒီ အချိန်ကြီး မှာ ကျွန်မ ... ကျွန်မ တစ်ယောက် တည်း အထီးကျန် နေရစ်ခဲ့ မှာ ကို ကျွန်မ သိပ် ကြောက်တာပဲ ။ ဒါပေမယ့် လေ အဲဒီလို နွေရာသီ တွေ ကျွန်မ တစ်ယောက် တည်း တွေ့ လာခဲ့တာ နှစ် ကြာတော့ လည်း ကြောက်ကြောက် နဲ့ နေတတ်လာသား မိုး ရယ် ”

သူ သည် ဒါပဲ ပြောပြ၏ ။ သူ ဒီလို ပြောသည့် ဟန် ကို ကျွန်တော် နားထောင် ချိန် တွင် စာရေးဆရာ ပီပီ အလွန် ကျေနပ်၏ ။

မမြစိန် ကို လက်ထက် ပြီး တော့ လည်း ပင်ပန်း နွမ်းနယ် လာ လျှင် သူ့ ထံ သို့ ကျွန်တော် ရောက်ခဲ့၏ ။ သူ ပြော သော ဤကဲ့သို့  အထီးကျန် ဘ၀ ၊ ပန်း ကိုချစ် ၍ နွေရာသီ ကို ကြောက်သော အကြောင်းများ ကို နားထောင် ရ သည် မှာ စိတ် သက်သောင့် သက်သာ ရှိလှပါသည် ။ တစ်ခါတစ်ရံ သူ တီးတတ် သမျှ စန္ဒရား တီးပြ သော အခါ ကျွန်တော် သူ့ ဘေး တွင် သီချင်း ကို စိတ်ပါ လက်ပါ လိုက် ၍ ဆို တတ် ပါသည် ။ 

“ ခင်ရယ် နေ့တိုင်းများ ဖြင့် ခင့်မျက်နှာ ကို ကွယ် ၊ မောင်ထင်တရေး နဲ့ မြင်ယောင်မိသေးတယ် ”

ခင်မောင်ရင် ဆိုသော ထို သီချင်း ကို ဆိုသော အခါတိုင်း သူ သည် သွက်လက်စွာ တီး ရင်း သူ့ နှုတ်ခမ်းများ က အားရစွာ ပြုံး ၍ နေ တတ်ပါသည် ။ ကျွန်တော် သည် ထို ခဏ တွင် စာရေးဆရာ ဘဝ ၏ ဦးနှောက် ခဲတတ် ခြင်း ၊ တစ်ခါတစ်ရံ ငြီးငွေ့ခြင်း များ ကို ပြေပျောက် သွား ပါတော့သည် ။

မမြစိန် သားဦးလေး မွေး စဉ် က ဆွယ်တာ တစ်ထည် ၊ ဦးထုပ် တစ်လုံး ၊ ခြေအိတ် တစ်စုံ ၊ သူ ကိုယ်တိုင် ထိုး၍ ကလေး အတွက် ပေးလာ ပေသည် ။

မမြစိန် သည် ယခု အခါ တွင် ပျော်ရွှင် လာပုံ ရ၏ ။ ကျွန်တော် စာ ရေးချိန် တွင် သူ သည် ယခင် က လို တစ်ယောက် တည်း မနေ ရတော့ ၊ သားလေး နှင့် စကား ပြော ဖော် ရလာသည် ။

“ ကိုဟိန်း ရေ ဘာ စားချင်လဲ ”

ကျွန်တော် စား ချင်သော ဟင်းစပ် ကို ဈေး သွားခါ နီးတိုင်း မေး တတ်သည် ။ ထမင်း စား စဉ် တွင် လည်း အနား မှ မခွာပေ ။ ကျွန်တော် သည် ငဖယ် ကို လည်း စား ချင်သည် ။ အရိုး ကို လည်း ကြောက်သည် ။ အရိုး မပါ အောင် ငဖယ် ကို ခြစ် ၍ ငါးဆုပ် လုပ် ပေး ပြန် တော့ လည်း ကျွန်တော် က ပေါ့ သည် ထင်၍ မစား ။ သူ့ ခမျာ ငါးဖယ် ကို ထုရိုက် တုံးတစ် ၍ ရေချို ချက်သော နေ့များ တွင် ကျွန်တော့် အပါး တွင် ထိုင် ကာ ငါးရိုး ထွင် ပေးရသည် မှာ ပင်ပန်း လှသည် ။ သူ့ မျက်နှာ ပြုံးပြုံး က လည်း ရိုးရိုး နှင့် ရှင်းရှင်း ပင် တည်း ။ မျက်နှာ ဝိုင်း ၍ ပါးစုံ့ မှာ ဖောင်းအိအိ ရှိသည် ။ ကိုယ်လုံး က လည်း ခပ်အိုင့်အိုင် ဝတုတ်တုတ် နေသော ကြောင့် ပု သလို ထင် ရပေမည် ။ ကျွန်တော် များ ထမင်း မြိန် လျှင် သူ့ ခမျာ ဝမ်းသာ ၍ မဆုံးသည် ကို မျက်နှာ ဟန်ပန် ကိုယ် အမူအရာ တို့ နှင့် ပြ၏ ။

“ ကိုတူးလေး ကို ကျောင်း ပို့ချင်ပြီ ”

ထမင်းပွဲ သိမ်း စ တွင် သူ သည် အိမ် အကြောင်း ကို ဖြစ်ဖြစ် ၊ သူ့ သား အကြောင်း ၊ ငွေကြေး အကြောင်း ၊ သူ ပြော ချင် သော အကြောင်း တစ်ခု ခု ကို ပြောတတ်ပါသည် ။ 

ကိုတူး အတွက် ငွေကြေး လို လျှင် လည်း ထမင်း စားချိန် တွင် ပင် ပြောပြ တတ်သည် ။ ကိုတူး အား ကျွန်တော် သည် ရပ်ကွက် မြူနီစပယ်ကျောင်း တွင် ပင် ထားသည် ။ ကျွန်တော့် ဝင်ငွေ နှင့် အသင့်တော်ဆုံး သာ ဤလို ကျောင်းမျိုးတွင် ထားသည့် အတွက် သူ သည် ဘာမျှ ကန့်ကွက်ခြင်း ၊ ဝေဖန်ခြင်း မဟုတ်ပါပေ ။

စာရေးဆရာ ချင်း တူ သော်လည်း ဝင်ငွေ ကောင်း သော ကိုဘခန့် ဇနီး က စိန်ပေါလ်ကျောင်း တွင် သူ့ သားများကို ထားရှိ ရသော စရိတ် နှင့် ကျောင်း ဘတ်စ်ကားခ ကုန်ကျပုံ ၊ ယခု သူ့ သားများ အင်္ဂလိပ်စကား ကို ရေရေမွန်မွန် ပြောတတ် လာပုံများ ကို အလည်အပတ် ရောက် လာ တိုင်း လိုလို ပြောတတ် သော် လည်း မမြစိန် သည် စူးစိုက် နားထောင် နေရုံ မှ လွဲ၍ ဘာမျှ ထွေထွေရာရာ မပြောပါပေ ။ အကယ်၍ သာ ကိုဘခန့် ဇနီး ပြန် သွားချိန် တွင် မမြစိန် က “ ကိုဟိန်း ၊ ကိုတူး ကို လည်း စိန်ပေါလ် ထားရအောင် ” ဟု တောင်းဆို လာခဲ့ ပါ လျှင် အနည်း နှင့် အများ ကျွန်တော့် တွင် ခေါင်း ခဲ ရမည် သာ ဖြစ်ပေသည် ။

တစ်ခါတစ်ရံ သူ့ ကို သနားသည် က ...

“ ကျွန်မ နောက် ကလေး ရှိ ပြန်ပြီ ”

ဟု ပြောသော အချိန် ဖြစ်၏ ။ ကလေး လေးယောက် ကို သူ သည် ကိုယ်ဝန် ရှိကြောင်း ပြောပြသည့် အခါ  တိုင်း မျက်လုံးကလေး ပေကလပ် ပေကလပ် နှင့် ပြော၏ ။ သားဦး ကိုတူး တုန်း က မိတ်ဆွေ ဒေါက်တာ ဖွင့် ထား သော ဆေးခန်း တွင် သွားရောက် ပြ သည် က လွဲ၍ ကျန် ကလေးများ ကို အရပ် ထဲ ရှိ သားဖွားဆရာမ နှင့် ပင် သူ  ၊ ပြီးအောင် မွေးဖွား ခဲ့ လေသည် ။

ကိုတူး နောက် ကလေးများ ကို ကျောင်း ပို့ ရ လွယ်ကူသည် ဆိုသော်  လည်း မနက် တွင် ကျောင်းပို့ အပြန် တွင် ဈေးခြင်းလေး နှင့် သူ ဈေး ဝင်  ဝယ်သည် ။ မီးဖို တွင် ချက်ပြုတ် ပြီး ကျွန်တော့် ဖို့ ပြင်ဆင် ထားခဲ့ကာ ထမင်းချိုင့် တစ်လုံး နှင့် သူ့ သားများ ထံ သွားရသည် မှာ မမြစိန် ၏ နေ့စဉ် အလုပ် ဖြစ်လေသည် ။

ပြန် လာ ပြန် လျှင် လည်း သား တို့ က သာ ကျွက်ကျွက်ညံ နေသည် ။  မမြစိန် က မူ သူ့ လုပ်ငန်း ရှိ ရာ မီးဖိုချောင် သို့ ဝင် ပါ တော့သည် ။

ကျွန်တော့် အဖို့ တစ်ခါတစ်ရံ မဂ္ဂဇင်းဝတ္ထုရှည် အတွက် ငွေ သုံးရာ လောက် ရ လာ တတ်၏ ။ တစ်ခါတစ်ရံ လုံးချင်းဝတ္ထုများ အုပ်ရေများများ ထွက် သော အခါ ရာခိုင်နှုန်း နှင့် ယူ သောကြောင့် တစ်ထောင် ထောင့်ငါးရာ လောက် ရ ပါသည် ။ သို့သော် တစ်နှစ်လုံး မှ ကျွန်တော့် ခေါင်း က လုံးချင်း တစ်ပုဒ် လောက် သာ ထွက် ပါသည် ။ မရ သော ကာလများ တွင် လည်း ဝင်ငွေ လုံးဝ မရှိပေ ။ ကျိုးတိုးကျဲတဲ ဝတ္ထု အတိုများ မှ တစ်ရာ ငါးဆယ် လောက် ရသည့် အခါ လည်း ရ ပေသည် ။

“ ရော့ ... မမြစိန် ”

ကျွန်တော် ရ သမျှ သူ့ ပေး လျှင် သူ ဘာမျှ မပြော ၊ နည်းသည် ကို လည်း မညည်း ၊ များသည့် အတွက် လည်း တိုး ထူး ၍ ဘာမျှ မပြော ၊ ထမင်းဝိုင်း တွင် အနည်းဆုံး ငါးခူ ငါးပိကောင်ချက် ကောင်းကောင်း နှင့် ကန်စွန်းရွက် တို့စရာ ကို တော့ ကျွန်တော် စားရပေ သေးသည် ။ စင်စစ် မ တော့ ကျွန်တော် သည် ကျွန်တော့် ဘဝ နှင့် အလွန် လိုက်ဖက် သော ဇနီး တစ်ယောက် ရရှိထားခြင်း ပင် ဖြစ်၏ ။ ကျွန်တော် အပြင် ထွက် လည်ပတ် ၍ အချိန် ကြာမြင့် မှ ပြန် လာ လျှင် လည်း ဘာကို မျှ မမေးပေ ။

“ ကိုဟိန်း ... ရေနွေးကြမ်း သောက်ချင်သေးလား ၊ ကော်ဖီ ယူဦး မလား ”

ဒါလောက်ပင် မေး ၍ ကျွန်တော့် အပါး တွင် ရေနွေးကြမ်း ခရား ကို
ဖြစ်ဖြစ် ၊ ကော်ဖီ တစ်ခွက် ကို ဖြစ်ဖြစ် ချ ကာ သူ့ သားများ ရှိရာ သို့ သွား အိပ် နေ တတ်ပါသည် ။ 

ကျွန်တော့် စားပွဲ သည် စာအုပ် စာရွက် စာတမ်းများ နှင့် အစဉ် ရှုပ်ပွေ နေ၏ ။ မမြစိန်ရှင်း သလောက် သား ကိုတူး နှင့် ကိုပြူး တို့ က ရှုပ်၏ ။ ကျွန်တော် က သားများ ကို မအော် တစ်ခါတစ်ရံ သာ

“ မြမြ ရေ ... ဒီက ဆွန်မားဆက်မောန် ရဲ့ စာအုပ်ကြီး ဘယ် ပျောက် ပြန်ပလဲ ”

အော် ၍ မေးမိ၏ ။ ထိုအခါ တွင် သူ ၏ ပိပြားပြား နေသော နှာခေါင်းလေး ကို ရှုံ့ချီပွချီ လုပ်ကာ အပြစ်မဲ့ သော ကလေးလေး တစ်ယောက် လို ကျွန်တော့် အပါး တွင် ရပ် နေ တတ်သည် ။

“ ကျွန်မ .. မသိဘူး ကိုဟိန်း “

“ မိထုံကြီး တယ်ပြီး ထုံ တာ ကို ကွယ် ”

ကျွန်တော် သည် သူ့ နဖူး ကို လက် နှင့် မနာ အောင် ထု လိုက်၏ ။

“ စာ လည်း ပဲ မဖတ်ဘူး ၊ အဖုံးနီနီ နဲ့ ည က ဟာ ဒီ စားပွဲ ပေါ်  ကိုယ် ထားခဲ့တာ ”

“ ကျွန်မ အိပ်ခန်း ထဲ ရှာ လိုက်ဦးမယ် ”

စင်စစ် စာ လည်း မဖတ်ဘူး ဟူ၍ မမြစိန် ကို ကရုဏာ ဒေါသော နှင့် ပြော သာ ပြော လိုက်ရသည် ။ မြန်မာ လို ငါးတန်း မျှ အောင်သော မမြစိန် သည် ဆွန်မားဆက်မောန် ကို ဘယ်လို လုပ်၍ ဖတ်တတ်ပါ မည်နည်း ။

“ ဒါလားဟင် ... ကိုဟိန်း ”

သူ ရှာ လာသော စာအုပ် မှာ ဆွန်မားဆက်မောန် ၏ စာအုပ် ဖြစ်၏ ။

“ အေး ... ဟုတ်တယ် ” 

သူ သည် အဖုံး နီနီ နှင့် စာအုပ် ကို ကျွန်တော့် လက် ထဲ ထည့် ၍

“ ကိုဟိန်း ဝတ္ထုတွေ ကို တော့ ကျွန်မ ဖတ်ပါတယ် ... ”

ဟု မျက်လုံးလေး ပေကလပ် ပေကလပ် နှင့် ပြောတတ် ပေသည် ။ 

ကျွန်တော် သည် တနင်္ဂနွေ ဆို လျှင် ကျွန်တော် လိုချင် သော စာအုပ်များ ကို မနှင်းအေး ဆီ လာ၍ ရှာ၏ ။ မနှင်းအေး စာကြည့်ခန်း တွင် အနောက် ရော ၊ အရှေ့ ရော စာရေးဆရာ အတော် စုံစုံ ၏ စာအုပ်များ ရှိ၏ ။ မြန်မာ ပညာရှိများ ၏ သုတေသန စာတမ်းများ လည်း ရှိ၏ ။ မြန်မာ ဝတ္ထုတိုရှည် များ လည်း  ရှိပေသည် ။ မနှင်းအေး သည် အစိုးရကျောင်း တစ်ကျောင်း တွင်
ကျောင်းအုပ် ဆရာမကြီး လုပ် နေသော ကြောင့် တနင်္ဂနွေနေ့ မှ သူ နှင့် ကျွန်တော် ဆုံ နိုင်ပေသည် ။

လူပျို အပျိုတုန်း က လို ပင် တွေ့ဆုံ ကြ လျှင် စန္ဒရား တီး သည့် အခါ လည်း တီးသည် ၊ စာဖတ်ခန်း ထဲ စာအကြောင်း ပေအကြောင်း ပြောသည့် အခါ လည်း ပြော ပေသည် ။

မနှစ် က နွေဦးပေါက် တွင် မမြစိန် အစား ပျက် လာ၏ ။ ကိုယ် အလေးချိန် လည်း လျော့ လာသည် ။ မနှင်းအေး က ထို အကြောင်း ကြား ကြားခြင်း ဆေးရုံ တင် ဖို့ အကြံဉာဏ် ပေးပါသည် ။ ကု ပေးသည့် ဆေးရုံကြီး က ရှိ သော်လည်း အိမ် တွင် ကလေးများ နှင့် ကျွန်တော့် အတွက် ကိုယ်ခွဲ မရှိ ခြင်း ၊ ငွေရေးကြေးရေး က လည်း အဆင်မပြေ တတ် သေး ၍ အချိန် အတော် နှောင်း မှ ပင် မမြစိန် ဆေးရုံ သို့ ရောက် ရသည် ။ 

မိုးနှောင်း ရာသီ ဖြစ်သော သီတင်းကျွတ်လ တွင် မမြစိန် ကွယ်လွန် ခဲ့ လေသည် ။ ကျွန်တော့် မိတ်ဆွေ ဒေါက်တာ တစ်ယောက် မူ မမြစိန် တွင် စိတ် ထိခိုက်စရာ တစ်ခု ရှိသည် ဟု ဆိုပါသည် ။ မနှင်းအေး သည် အသုဘ ချ သော နေ့ က ဆွတ်ဆွတ်ဖြူ သော ပန်းခွေ တစ်ခွေ ပို့ လာသည် ။

ကျွန်တော် အတွက် မှာ မူ ကိုတူး တို့ လေးယောက် နှင့် နေရေးထိုင်ရေး မှာ ငွေရေးကြေးရေး ထက် ပင် ခက်ခဲ၏ ။ ကျွန်တော့် အဖို့ အချစ် သက်သက် တစ်ခု တည်း သာ မဟုတ် ၊ ဘဝ အတွက် အလွန် အဆင်ပြေ သော ဇနီးကောင်း တစ်ယောက် ဆုံးရှုံးရခြင်း ပေတည်း ။ 

စာရေးဆရာ တကယ် လွမ်း သော အခါ စာ ရေး၍ မရတော့ပြီ ။ နှာခေါင်း ပိပြားပြားနှင့် ငြိမ်သက် အေးချမ်းသော မိန်းမငယ် တစ်ယောက် ကျွန်တော့် အပါး မှာ မရှိသော အခါ ခြောက်သွေ့ပုံများ သည် ကျောင်းသင်္ခမ်း ၏ ညဉ့် သန်းကောင်ယံ နှင့် လည်း မတူ ။ မိုး သဲ သော ညဉ့် ၏ သင်္ချိုင်းစရပ် ခြောက်သွေ့ ပုံမျိုး လည်း မဟုတ် ။ အားလုံး သည် လေးတွဲ ငြိမ်အီ နေသည် မှာ ထုတ်ဖော် မပြောတတ် လောက် အောင်ပင် ချောက်ချားစရာ ကောင်းနေ ပေသည် ။ 

ကျွန်တော့် ဝတ္ထုများ ထဲ တွင် ဇာတ်လိုက် အမျိုးသမီး သည် ဖျတ်လတ် သွက်လက် ပုံ မ က သူ့ အစွမ်း သတ္တိ ကြောင့် ချစ်သူ ယောက်ျား မှာ ကွေကွင်း ချိန် တွင် သူ့လှုပ်ရှားမှုများ သည် အသက် ဝင် လာ သယောင်ယောင် ရေးသား ဖွဲ့နွဲ့ခဲ့၏ ။ ခုတော့ ကျွန်တော့် အဖို့ တွင် ဤ အေးစက်စက် ဇနီးလေး စွန့် ခွာ သွား ကတည်း က ဘာမျှ လှုပ်ရှား မလာ သလို ဖြစ်နေ တော့သည် ။ လေ တိုက် ၍ သစ်ပင်များ လှုပ်ရှား သည် ကပင် နှေးကွေး လေးပင် ကာ ငှက်မြည်သံများ က လည်း အီတီတီ ၊ လေးတွဲတွဲ ဖြစ် နေပေသည် ။

သားများ ကို ကျောင်း ပို့ပြီး စာဖတ်ခန်း တွင် တစ်ယောက် တည်း ထိုင် ကာ ငို မိသည် ။ ယခု တစ်လ လောက် တင်တော့ မမြစိန် အဒေါ်  က စားရေးသောက်ရေး လာ လုပ် ပေး ပေသည် ။ နောက်လ များ တွင် ကျွန်တော် ဘယ်လို စီစဉ်ရပါမည်နည်း ။ စိတ် ညစ်ညစ် နှင့် ပက်လက်ကု,လားထိုင် မှ အထ တွင် ကု,လားထိုင် သည် ခွေရက် ပြုတ်ကျ သွား၏ ။ ကု,လားထိုင် နောက် မှ ကျွန်တော့် စာအုပ်ပုံများ လည်း ပြိုကျ လာသည် ။ 

တစ်ခါက ကျွန်တော် မမြစိန် ကို ရှာ ခိုင်းသော ဆွန်မားဆက်မောန် ၏ စာအုပ်လေး သည် လည်း ကြမ်း ပေါ် သို့ စဉ်ကျ လာ၏ ။ ကျွန်တော် သည် စာအုပ်လေး ကို အသာအယာ ကောက် ကိုင် မိသည် ။ ထို စာအုပ် ကို ကျွန်တော့် အား လှမ်း ပေးစဉ် က မျက်စိလေး ပေကလပ် ပေကလပ် နှင့် သူ့ မျက်နှာ ထားဟန် ကို ကျွန်တော် ပြန် ၍ မြင်ယောင် လာပါသည် ။

“ မိထုံ ”  ...  ကျွန်တော် သည် ပါးစပ် မှ ထွက် အောင် ပြန် ခေါ် မိသည် ။ “ မင်း ကို မိထုံ လို့ ခေါ်တဲ့ အတွက် ခွင့်လွှတ်ပါ မြမြ ရယ် ” ကျွန်တော် စိတ် ထဲ မှ တောင်းပန်မိ၏ ။ စာအုပ် ကြား ထဲ မှ စာရွက်ခေါက်လေး တစ်ခု တစ်ဝက် ခန့် ထွက် နေ ပါသည် ။ 

ကျွန်တော် သည် ထို စာရွက် ကို ဖွင့် ဖတ်ချိန် တွင် စိတ်ဝေဒနာ ခံစားရမှု မှာ ခုချိန် တိုင် မပြေသေးပါပေ ။

ကိုဟိန်း  ...

       ဒီ စာ ကို အချိန်ကာလ ဘယ်လောက် ကြာ မှ ကိုဟိန်း ဖတ်ရမယ် မသိဘူး ။ ကျွန်မ ရေး ပြီး ပြီး ချင်း တော့ ကိုဟိန်း လက် ထဲ ကို ထည့် ချင်ပေမယ့် စိတ် ထဲ က မရဲဘူး ...  ၊ ကိုဟိန်း ကျွန်မ ကို လက်ထပ်ရတာ ပျော်ပုံ မရပါဘူး ။ တကယ်တော့ ကိုဟိန်း လက်ထပ် သင့် သူ ဟာ မနှင်းအေး ပါ ။ 

       တလောက ဧည့်သည် က လိုက် ခေါ်ခိုင်း လို့ မနှင်းအေး တို့ အိမ် မှာ ကိုဟိန်း ကို ကျွန်မ လိုက် ခေါ်တယ် ။ ကိုဟိန်း နဲ့ မနှင်းအေး စာ အကြောင်း ၊ ပေအကြောင်း တွေ ပြော နေလိုက်တာ အားရစရာကြီး ။ ကျွန်မ မနှောင့်ယှက်ချင် တာ နဲ့  အိမ် ကို တိတ်တိတ်ဆိတ်ဆိတ် ပဲ ပြန် လာခဲ့တယ် ။ ဧည့်သည် ကို လည်း နောက် နေ့ မှ လာဖို့ ပြောလိုက်တယ် ။

       ကျွန်မ က လေ ကိုဟိန်း ရေး တဲ့ မြန်မာဝတ္ထုတွေ ကို တောင် တစ်ခါတစ်ခါ ဖတ်ရတာ သဘော မပေါက်ဘူး ၊ မနည်း ဖတ်ရ တယ် ။ ကိုဟိန်း ကျွန်မ ကို “ မိထုံ ... ” လို့  ... ခေါ်သင့် ပါတယ် ။ ကျွန်မ ဟာ မြန်မာစာ တောင် မနည်း ဖတ် နေရတာပဲ ။

       မနှင်းအေး နဲ့ သာ ညား ရင် လေ ၊ ကိုဟိန်း ဘဝ ပို သာယာ မှာ လို့ ကျွန်မ နေ့စဉ် တွေးမိတယ် ။ အဲဒီ အတွေး ဟာ နေ့တိုင်း ပဲ ပေါ် လာတယ် ။ ပေါ် လာ တိုင်း လည်း ကျွန်မ မပျော်ဘူး ။ 

                           မမြစိန်

ကျွန်တော် သည် စာ ဖတ်ပြီး ကြီးစွာသော သက်ပြင်း ကို ချမိ၏ ။ ရက်စွဲ မပါ ဘယ်တုန်း က ရေးခဲ့မှန်း မသိသော စာ ကို အခေါက် ခေါက် ဖတ် ရင်း မမြစိန် ဝေဒနာ ကို ကျွန်တော် နားလည် လာပါသည် ။

တကယ်တော့ ကျွန်တော် သည် ရှင်းလင်း ပြောပြ ခဲ့ သင့်သည် များ ကို မမြစိန် အား မပြောမိ ခဲ့ ၊ ကျွန်တော် ၏ အမှတ်မထင် အပြုအမူများ ကြောင့် မမြစိန် သူ့ စာ ထဲတွင် ပါသည့် အတိုင်း ထင်မြင်ခြင်း မှာ လည်း မမှားပေ ။

စင်စစ် ကျွန်တော် လက်ထပ် သင့် သူ မှာ မမြစိန် သာ တည်း ။ မမြစိန် သည် ကျွန်တော် ရှာပေး သမျှ နှင့် တင်းတိမ်သည် ။ သူ တတ် သလောက် အစွမ်း နှင့် မီးဖို ကို ရော ၊ အိမ်မ ကို ရော ၊ သူ့ သားများ ကို ရော ၊ ငြိမ်းချမ်းစွာ အုပ်ချုပ်သည် ။ ထိုကြောင့် ကျွန်တော် သည် ကြောင့်ကြမှု ကင်းစွာ နှင့် ဦးနှောက် အေးချမ်း ကာ စာ ကောင်းကောင်း ရေး နိုင်ခြင်း ဖြစ်ပေသည် ။ မမြစိန် သည် အသည်း နှလုံး ရော ၊ ခန္ဓာကိုယ် ပါ ပုံ၍ ချစ်တတ်သော မယား တည်း ။

မနှင်းအေး မှာ တော်ရှာ ပါသည် ။ သို့သော် ... ဦးနှောက် ပန်း သော  အခါ အပန်းပြေ ဆွေးနွေး ဖလှယ် ဦးနှောက် ကို အားသစ် လောင်း ပေးသော မိတ်ဆွေ လို ပေါင်းအပ်သည့် မိန်းမ သာ တည်း ။ 

ထို အကြောင်း ကို စောစီးစွာ တွေးခေါ် မိသောကြောင့် ပင် ချစ်လှစွာသော ချစ်ဦးသူ မနှင်းအေး ကို ထားရစ် ခဲ့ ၍ မမြစိန် ကို ပင် ကျွန်တော့် မယား အဖြစ် ရွေးချယ် ခဲ့ခြင်း မဟုတ်ပါလော ။

မနှင်းအေး နှင့် လက်ထပ် ခဲ့ပါ လျှင် သူ ဖွင့်ဟ ဆို သည့် အတိုင်း ငရုတ်သီး ၊ ကြက်သွန် အကြောင်း များ ကို သူ စောစီးစွာ မတွေးလို ပါပေ ။ သူ့ ဒေါ်ရှင် ကို အိမ်တော်ပါ အဖြစ် မီးဖိုဆောင် ကို အပ်ရမည် မှာ သေချာ သည် ။ မနှင်းအေး မှာ ပစ္စည်း ဘယ်လို ပင် ပါပါ ၊ ကျွန်တော် သည် ယောက်ျား မာန် ရှိ သူ တည်း ။ မနှင်းအေး ၏ အဆင့်အတန်း ကို ကျွန်တော် ကိုယ်ပိုင်  ဝင်ငွေ နှင့် သာ ကျွန်တော် ထမ်း ရ ပေမည် ။

မနှင်းအေးသည် ကလေး ကိုယ်ဝန် ရှိ လာ လျှင် ကိုယ်ပိုင် ဆရာဝန်
နှင့် စောင့်ရှောက် ထိန်းသိမ်း ၍ တစ်နေ့ တစ်ဆယ် ပေး ရ သော ဒပ်ဖရင် ဆေးရုံခန်း တွင် မွေးဖွား လို ပေလိမ့်မည် ။ မမြစိန် လို အရပ် ဝမ်းဆွဲ နှင့် သူ မပြီးနိုင်ပါပေ ။ အစောင့် လိုသည် ဆို လျှင် နေ့ ဆရာမ နှစ်ဆယ် ၊ ညဉ့် ဆရာမ အစိတ် တာဝန် ကို ကျွန်တော် ယူ ရပါမည် ။ သားတို့ကြီးပြင်း လာ လျှင် လည်း ကိုတူး တို့ ကို ပို့ သော မြူနီစပယ်ကျောင်း ကို သူ လက်ခံ လိမ့်မည် မဟုတ် ။ သူ့ သား ကို စိန်ပေါလ် သော် လည်းကောင်း ၊ ဒိုင်အို သော် လည်းကောင်း ပို့ လိုသည် ဆို လျှင် ကျွန်တော် က အလိုအလျှောက် အလိုက် သိ စွာ တာဝန် ယူရမည်သာ တည်း ။

ဒီလို ဖြစ် ၍ ကော မနှင်းအေး အပြစ် လား ဆိုလျှင် မဟုတ်ပါပေ ။ မနှင်းအေး သည် သူ့ ကိုယ် ကို လျှော့ချ နိုင်၍ သာ ကျွန်တော် လက်ထပ်မည်
တောင်းဆို စဉ် က မျက်ရည် ရစ်ဝိုင်း ကာ လိမ္မာ ပါးနပ်စွာ ငြင်းဆို ခဲ့ခြင်း ဖြစ်၏ ။ ယခု လည်း သူ့ ဘဝ ကို သူ ရပ်တည် နိုင်အောင် သူ့ ဘာသာ ကြိုးပမ်း နေရစ် ရှာသည် ။ 

သို့သော် ကျွန်တော့် အတွက် မှာ မူ ဦးနှောက် နွမ်းလျ သော အခါ မနှင်းအေး ထံ သွားရောက် လည်ပတ်၍ အပန်းဖြေ ရ၏ ။ ထို အပန်းဖြေခြင်း ကို မမြစိန် အထင် လွဲသည် ။ အထင် လွဲမှားမှု သည် မမြစိန် ၏ အပြစ် မဟုတ် ၊ ကျွန်တော် သာ စောစီး က ကျွန်တော် “ မယား ” ရွေးချယ်ပုံ ကို မမြစိန် သဘောပေါက် အောင် သာ ရှင်းလင်း ပြောပြ ခဲ့ ပါ လျှင် မမြစိန် သည် သူ့ ကိုယ် သူ အထင်ကြီး လာမည် ။ ပိုမို၍ အားကိုး ယုံကြည် လာပေမည် ။ သူ သည် ကျွန်တော် ၏ တကယ် စင်စစ် အားကိုးရာ ၊ မှီခိုရာ ၊ လဲလျောင်းရာ မယားကောင်းကြီး ဖြစ်ကြောင်း ကို သဘောပေါက် လာမည် ။

စိတ်ဝေဒနာ သည် လည်း နှိပ်စက်တော့မည် မဟုတ်ပေ ။ ယခု လို အချိန် စောစီးစွာ နှင့် ကျွန်တော့် ကို ခွဲခွာ သွားဖို့ ရောဂါ ရလာမည် လည်း မဟုတ်ပါပေ ။

ကျွန်တော် သည် စာ တစ်ရွက် ကို အထပ်ထပ် ဖတ်ရင်း ငို၍ လည်း မရ ၊ စောစီး က ကျ လာသော မျက်ရည်ပေါက်များ လည်း ခမ်းခြောက် သွား၏ ။ ရင် ထဲ တွင် သာ ပို၍ ပူလောင် လာသည် ။ နေ၍ ထိုင်၍ မရသော အခါ မနှင်းအေး တို့ အိမ် ဘက် သို့ ထွက်လာ ခဲ့သည် ။

မနှင်းအေး ဆီ ရောက် လျှင် သူ့ ကို မတွေ့ရ ၊ ဒေါ်ရှင် တစ်ယောက် တည်း သာ ရှိပေသည် ။ 

“ မနှင်းအေး ခရီး ထွက် သွားတယ် ” ဆိုကာ ဒေါ်ရှင် စာ တစ်စောင် သာ ကျွန်တော့် ကို ပေးလာ၏ ။

မိုး ရေ ...

       မမြစိန် ရှိ တုန်း က မိုး နဲ့ ကျွန်မ ဆက်ဆံ နေထိုင်ပုံ ဟာ သင့်တော်တယ် ၊ အပြစ်ကင်းတယ် လို့ ထင်တယ် ။

မမြစိန် မရှိတဲ့ နောက် မိုး နဲ့ မနှင်းအေး တို့ နှစ်ယောက် ထဲ တွေ့ကြ ၊ စကားပြောကြ ၊ ဆွေးနွေးကြတာ ဟာ အချိန် ကြာ လာ ရင် မကောင်းဘူး လို့ ကျွန်မ ထင် လို့ နယ် ပြောင်းဖို့ အမိန့် ကို လက်ခံ လိုက်တယ် ။

       ဒေါ်ရှင် တော့ ပစ္စည်းတွေ နဲ့ အတူ နောက် မှ လိုက်လာလိမ့်မယ် ။

       ချမ်းမြေ့ရွှင်လန်းပါစေ ။

                      မနှင်းအေး

စာ ဖတ်ပြီး တခဏ အတွင်း တော့ ကျွန်တော် လှုပ်ရှား၍ မရပါ ။ အများသဘော ကို ချောချောကျ အောင် စာ ရေး နိုင်သော စာရေးဆရာကြီး ၊ ယခု မူ ကျွန်တော့် အယူအဆ အား မိန်းမ နှစ်ယောက် စိတ် တွင် လိပ်ပတ်လည် အောင် မဖြေရှင်း ခဲ့ ၍ အထီးကျန် ရပေမည် ။

မနှင်းအေး တစ်ခါ က ပြောသော “ အထီးကျန် ခဲ့ရမှာ ကို ကျွန်မ သိပ် ကြောက်တာပဲ ။ ဒါပေမယ့် အဲဒီ ကြောက်ရတဲ့ အချိန်တွေ များ လာတော့ လည်း တဖြည်းဖြည်း ကြောက်ကြောက် နဲ့ နေတတ်လာခဲ့ရတယ် ... ” ဆို သည့် စကား ကို ကျွန်တော် ပြန် သတိရ ၏ ။

ဧည့်ခန်းဆိုဖာ ပေါ် တွင် ပစ် ထိုင်ရင်း အသက် မှန် အောင် ပြန် ရှူရ၏ ။ ကြောက်မက်ဖွယ် ကောင်းသော တစ်ယောက် တည်း နေရသည့် ဘဝ ကို ရင်ဆိုင်ရပေဦးတော့မည် ။

သို့သော် ... ဖျတ်ခနဲ ကျွန်တော် တစ်စုံ တစ်ခု ကို စဉ်းစားမိ၏ ။ မမြစိန်  အသက် ရှင် စဉ် က ကျွန်တော် ဦးနှောက် ပန်း ၍  နွမ်းလျ လာ လျှင် မနှင်းအေး ဆီ မသွား ၊ အရက်ဆိုင် တစ်ခု ခု ကို ဦးလှည့် ၍ ကျွန်တော့် ဦးနှောက် ကို အရက် နှင့် ဖျန်းဆွတ် ပါ လျှင် မမြစိန် သည် မနှင်းအေး ထံ လာ သလောက် စိတ် ထိခိုက်ခြင်း ပြင်းထန်ချင် မှ ပြင်းထန် ပေလိမ့်မည် ။

ကျွန်တော့် အတွေး ဘယ်လောက် အထိ မှန်ပါမည်နည်း ။

ဖြေဆိုမည့် မိန်းမ နှစ်ဦး ကား ကျွန်တော့် အပါး တွင် မရှိတော့ပါပေ ။

◾ခင်နှင်းယု

📖 ကြာတော ၌ ရွာသော မိုး

#ကိုအောင်နိုင်ဦး

.

Friday, November 25, 2022

ရွှေတမာ


 

❝ ရွှေတမာ ❞

အကယ်၍ သာ သမီးလေး ခင်မာလာ မွေးဖွား၍ မလာပါလျှင် လည်း ဦးထွန်းအေး တို့ အဖို့ ထိုမျှ စိတ်ပူပန်မည် မဟုတ်ပေ ။

ယခုမူ သမီးလေး ကို မွေးသည့် နေ့မှ စ၍ သူ သည် အစဉ် ပူပန် ခဲ့ရသည် ။

ယခု ည လို အခါမျိုး တွင် အိပ် လို့ ပင် မရ လောက်အောင် စိတ် မှာ  လှုပ်ရှား၍ နေပေသည် ။ သူ့ သမီးလေး သည် အသက် ( ၂၀ ) ပင် ပြည့်တော့ မည် ။ ထို အနှစ် ( ၂၀ ) ကာလပတ်လုံး သူ သည် စိတ် ပင်ပန်းမှု ဝေဒနာ ကို အစဉ် ခံစားလာခဲ့ရပေသည် ။

အိပ်ခန်း မှ ထ ၍ ဘေးတံခါးမကြီး မှ သူ သည် ခြံတွင်း သို့ ဆင်း လာခဲ့သည် ။

မိုးဦး ဖြစ်၍ လေ ထဲ တွင် မိုးသက်နံ့ သည် ပါလာခဲ့လေ သည် ။ အိမ် ထဲ တွင် ပူအိုက် သလို ဖြစ်နေပေသည် ။ သူ သည် စံပယ်ရုံများ ဘေး ရှိ ခုံတန်း ပေါ်တွင် ထိုင်၍ လေ ကို မှန်မှန် ရှူ ၍ နေသည် ။

မိုးသားများ မရှိသေးခင် လ သည် ဝင်းပစွာ သာနေသည် ။ သူ့ မျက်လုံးများ သည် စံပယ်များ ပေါ် သို့ ရောက် သွားသည် ။ လရောင် ဖြင့် ပွင့်အာ လာကြပြီ ဖြစ်သော စံပယ် ၏ ငွေဝတ်လွှာများ မှာ ရက်ရက်စက်စက် ပင် လှပ နေပေသည် ။ ချိုအေးသော ရနံ့ သည် သူ့ ဝန်းကျင် ဝယ် သင်းပျံ့နေ၏ ။ သစ်ရွက်များ လည်း ငွေရောင် တောက် ၍ ဖြည်းညှင်းစွာ လှုပ်ရှား ၍ နေပေသည် ။

ထိုကဲ့သို့ လှပသော ညများ တွင် သူ သည် မခင်သူ နှင့် တွေ့ခဲ့ သည် မဟုတ်ပါလော ။ နူးညံ့ ပြေပြစ်သော ယဉ်ယဉ်လေး နှင့် ချောမွေ့သော မခင်သူ ၏ မျက်နှာ ကို လရောင် အောက် တွင် တွေ့ ခဲ့ရလေသည် ။ တီးတိုးစွာ နှင့် နှီးနှော နေကြသည့် ချစ်သူ စကားသံ တို့ မှာ ထိုစဉ် က နှစ်သက် ၍ မဆုံးခဲ့ပေ ။

ယခုလို စံပယ်ရုံ နား မှာတော့ မဟုတ်ပေ ။ သူတို့ နှစ်ဦး တွေ့ စဉ်က မခင်သူ တို့ ခြံ ထဲ ရှိ ယုဇနပင် အောက် မှာ ဖြစ်ခဲ့သည် ။ လရောင် မှာ ယုဇနရွက်များ ကြား မှ လက် ၍ ထင် နေသည် ။ ညဉ့် ၏ လေတွင် ယုဇန ပွင့် ရနံ့များ သည် သင်းပျံ့ လှသည် ။ များသောအားဖြင့် သူ က ချစ်စိတ် မွှန် တတ်သည် ။ မခင်သူလေး ၏ လိမ္မာမှု ကြောင့် သူ တို့ ကျူးကျူးလွန်လွန် မဖြစ်ကြ ။ ထိန်းသိမ်း နိုင်ခဲ့ကြသည် ။ ငယ်ရွယ်သူ ချစ်သူချင်း ယခုလို တိတ်ဆိတ်သော ည တွင် တွေ့ ရသည် မှာ ချမ်းမြေ့ ရွှင်လန်းဖွယ် ကောင်း သလောက် ၊ ကြောက် စရာ အခြေအနေဆိုး ကို လည်း ဖန်တီး ပေးနိုင်သည် ။

မခင်သူ က ဓမ္မ ဆန်ပေသည် ။ များသောအားဖြင့် လည်း ဓမ္မ ကြောင်း ကို ယှဉ် ၍ ပြော တတ်၏ ။

သူ သည် မခင်သူ ပါးနုနုလေး ကို သူ့ ပါး နှင့် အပ်၍ ချစ်စိတ် မွန်တိုင်း ပြောချင်ရာ ပြောခဲ့သည် ။

“ မေမေတို့ က သဘော မတူလဲ ခင့် ကို မောင် က ရအောင် ယူမှာ ပဲ ။ ခုတောင် နောက် ကောလိပ် မှာ ၃ - နှစ် ပဲ နေရတော့မယ် ”

သူ သည် ဒါတွင်မက ဘယ်လောက် ချစ်ကြောင်း ကို လည်း ဋီကာ ချဲ့ တတ် သေးသည် ။

သို့သော် မခင်သူ က မူ သူ့ ရင်ခွင် ထဲ တွင် လမင်း ကို မော့ ကြည့် ယင်း ပင် ဓမ္မဆန်ဆန် ပြော တတ်သည် ။

“ လူတွေ တောင် မှ မမြဲကြပါဘူး မောင် အချစ် ဆိုတာလဲ သင်္ခါရ ပါပဲ ။ တစ်ကြိမ်တစ်ခါ မှာ မုန်းချင် လဲ မုန်း ပေမပေါ့ ။ ဘယ့်နှယ့် လုပ် ပြီး မောင် ဟာ ခင့် ကို တစ်သက်လုံး ချစ်ရမယ်လို့ ခင် က ပြော နိုင်မလဲ ။ ပြီးတော့လဲ ခင် နဲ့ မောင် က ခုမှ တွေ့ကြတာ ၊ မိဘ ဆိုတာ တစ်သက်လုံး ပြုစုကျွေးမွေးပြီး စောင့်ရှောက် လာခဲ့တာ မိဘ စကား ကို တော့ ဘယ် တော့မှ မလွန်ဆန်နဲ့ပေါ့ ”

မခင်သူ က ထိုသို့များ ပြော လိုက်လျှင် သူ သည် ဆတ်ဆတ် ခါ နာတတ်သည် ။ သူ ယောက်ျား ပီသကြောင်း ၊ သစ္စာ မဖောက်ကြောင်း ကို တသီကြီး ပြောတတ်သည် ။

ဒီလို ပြော လျှင် လည်း မခင်သူ က ပြုံးပြုံးလေး ပင် နေတတ် သည် ။

ဒါပေမယ့် နောက်ပိုင်းတွင် သူ သည် မခင်သူ အား သစ္စာ ဖောက် ခဲ့သည် ။ မလိမ့်တစ်ပတ် လုပ်၍ စွန့်ပစ်ခဲ့ပြီး နွဲ့နွဲ့ရီ ကို ယူ လိုက်သည် ။

အတိတ်များ သည် တစ်ခု ပြီး တစ်ခု ပေါ်လာတိုင်း သူ့ စိတ် လှုပ်ရှားမှု သည် ပြင်းပြ လာသည် ။

သူ ပင် ယခု ဦးထွန်းအေး ဖြစ်၍ မခင်သူ လည်း ဒေါ်ခင်သူ ဘဝ ကို ရောက်၍ နေပေသည် ။

ပထမ တော့ သူ သည် မခင်သူ အချစ် ကို ဖောက်ဖျက်လိုက် စဉ် က သစ်ရွက် တစ်ရွက် ခြွေ ပစ် သလောက်ပင် စိတ် ထဲ တွင် အမှတ် မထားခဲ့ ။

သို့သော် ခင်မာလာ မွေး လာသည့် နေ့ တွင် “ သမီးလေး ” ဆို လိုက် ကတည်း က ရင် ထဲ တွင် ထိန်းခနဲ ဝင် ဆောင့် လိုက်သည်  ။

“ ဘုရား ... ဘုရား ” သူ သည် ဘုရားပင် တမိသည် ။ မခင်သူ အပေါ် တွင် သစ္စာ ဖောက် ခဲ့သလို ၊ မခင်သူ စိတ် ဆင်းရဲအောင် သူ လုပ်ခဲ့သလို သူ့ သမီးလေး အပေါ် တစ်စုံတစ်ယောက် က စော်ကား မှာ ကို သူ အင်မတန် မှ စိုးရိမ် လာသည် ။ 

သူ့ မှာ သမီး နှင့် ဖြစ်လာပေပြီ ၊ သူ သည် ယခုတော့ တွေးခေါ် တတ် လာရပေမည် ။ အခြေအနေ က သူ မတွေး ရင်လည်း မဖြစ်တော့ပေ ။

ခင်မာလာ မှာ ပန်း လေး လို လှသည် ။ သည်လို လှလေလေ သူ က စိတ် ပူလွန်းလေ ဖြစ်သည် ။

တစ်ခါတစ်ခါ တွင် ဒေါ်နွဲ့နွဲ့ရီ အား သမီး အတွက် စိုးရိမ်ကြောင်း ကို ပြောပြတတ်သည် ။

“ ဪ ...ဒက်ဒီ လဲ ကွယ် သမီးလေး က လိမ္မာပါတယ် ”

သူ့ ဇနီး မှာ ခေတ်ဆန်သူ ပီပီ သူ့ ကို ဒက်ဒီ ဟု ခေါ်သည် ။ သူ့ ရင် ထဲ တွင် ပို ဆိုးသွားသည် ။ မခင်သူ သည် လည်း လိမ်လိမ်မာမာ နှင့် ရိုးရိုးသားသား ပင် ဖြစ်သည် ။

လရောင် မှာ အနည်းငယ် မှိန်သွား၍ သူ့ အတွေး ကို ရပ်နား လိုက်ကာ ကောင်းကင် ကို မော့ ကြည့်လိုက်သည် ။ မိုးသားများ တက်လာ ၍ မိုးဖွဲလေးများပင် တစ်ပေါက် နှစ်ပေါက် ကျလာသည် ။ ထိုင် နေရာမှ ထ ရင်းပင် သူ မချစ်တော့ပြီ ဖြစ်သော မခင်သူ ကို သတိရ နေပြန်သည် ။ သူ သည် မိုး စိုမှာ စိုး၍ မခင်သူ ကို ယုဇနပင် အောက် မှာ ထွေး နေ တတ် သေးသည် မဟုတ်ပါလော ။

သူ သည် တဖြည်းဖြည်း သူ ဝင်ခဲ့သော ဘေးတံခါးမကြီး မှာ ရပ်၍ မှေးမှိန်နေသော လရောင် နှင့် ပြင်ပ ကို လှမ်း၍ ကြည့် နေမိပြန်သည် ။

“ ဟင် ”  သူ့ အသံများ ပင် ထွက် သွားသည် ။ သူ မြင်ရသည်မှာ တကယ်မှ ပင် ဟုတ်ပါလေစ ၊ တကယ်တော့ တကယ် ပဲ ဖြစ်သည် ။

ပိတောက်ပင် အောက် တွင် ယောက်ျားလေး နှင့် မိန်းမလေး နှစ်ယောက် မတ်တတ် ရပ်၍ ဖက် ထားသည် ။ တစ်ဘက် မှ ဝင်နေသော လရောင် ဖြင့် မိန်းကလေး ကို သူ ကောင်းစွာ မြင် ရသည် ။ မိန်းကလေး မှာ သူ့ သမီး ခင်မာလာ ပင် ဖြစ်သည် ။ ယောက်ျားပျို သည် သူ့ သမီး ကို ယုယစွာ နမ်း ၍ အပြင် သို့ ထွက် သွားသည် ။ မကြာခင်ပင် သမီးလေး ခင်မာလာ မှာ မှောင်ရိပ် တွင် ပျောက်ကွယ် သွားတော့သည် ။

သူ သည် ကြိုးစား၍ အိပ်ရာခန်း သို့ ရောက်အောင် လာရသည် ။ ပြီးလျှင် အိပ်ပျော်အောင် မနည်း လုပ်နေရသည် ။ သူရဲ ချောက် ခံနေ ရသလို ဖြစ် နေတော့သည် ။

သူ့ ကိုယ် သူ ဝဋ်လည်ပြီ ဟု ထင် နေသည် ။

“ ဘုရား သိကြား မ လို့ မခင်သူ အပေါ် ငါ စော်ကား မိတာ တွေဟာ သမီးလေး အပေါ် မကျရောက်ပါစေနဲ့ ”

သူ သည် ကတုန်ကယင် ပင် ဆုတောင်း နေမိသည် ။

      •••   •••   •••   ••• 

ဒေါ်ခင်သူ ၏ ခင်ပွန်း မှာ ဦးအောင်ကျော် ဖြစ်သည် ။ Collective Farming ကို ပုံဖော်နိုင်ရန် အတွက် ဦးအောင်ကျော် မှာ သူငယ်ချင်းများ နှင့် စုပေါင်း၍ လုပ်ငန်း တစ်ခု ကို တည်ထောင်ထားသူ ဖြစ်သည် ။ ပြည်သူ့ကောက်ပဲသီးနှံ ရောင်းဝယ်ရေးလီမိတက် တွင် မန်နေဂျာ ဖြစ်ပေသည် ။ သူတို့ သည် ဆန်စပါးတွင် မက ကြက်ငှက်မွေးမြူရေး နှင့် ရှမ်းပြည်နယ် တွင် စည်သွတ်ဗူး လုပ်ငန်းများလုပ်ကိုင်ရာ တွင် အတော် တိုးတက် လာပေသည် ။ သူ သည် လယ်သမားတွေ နှင့် လည်း ရောနှော နေသည် ။ ကျွဲနွားတွေ နှင့် လည်း နေ တတ်သည် ။

ယနေ့ နံနက် မှာ တနင်္ဂနွေနေ့ ဖြစ်သော် လည်း ဦးအောင်ကျော် သည် အစည်းအဝေး တစ်ခု အတွက် မနက် အစောကြီး ပင် သွားစရာ ရှိ လေသည် ။

သူ အဝတ်အစား လဲနေစဉ်ပင် ဒေါ်ခင်သူ သည် အနီး သို့ ရောက် လာလေသည် ။ ဒေါ်ခင်သူ မျက်နှာ ကြည့် ရသည် မှာ နွမ်း နေပုံ ရသည် ။

“ ခင် ည တုန်း က အိပ်လို့ မရဘူးလား ” 

ဒေါ်ခင်သူ မှာ ည က တကယ်ပင် အိပ်၍ မရပေ ။

“ ဟုတ်တယ် အစ်ကိုကြီး သား အကြောင်း စဉ်းစားမိလို့ပါ ”

“ ခင် ကလဲကွာ သား က မငယ်တော့ပါဘူး ။ သူ့ သူငယ်ချင်း အိမ် မှာ အိပ်မယ် ဆိုရင် အိပ်မယ့် အကောင်ပါ ။ ည က လယ် မှာ မဟုတ် ပါဘူး ။ သူ ပြန်လာလို့ အိပ်ချင် နေသေး ရင် လည်း နေပါစေ့ ၊ မအိပ် ရင်တော့ ၉ နာရီ လောက် ကျရင် ကား နဲ့ အစ်ကိုကြီး ဆီ လွှတ် လိုက်နော် ။ အစ်ကိုကြီး ခုတော့ လမ်းလျှောက် သွားမယ် ”

ဦးအောင်ကျော် သည် အဝတ်အစား လဲပြီး ထွက်သွား တော့သည် ။ ဒေါ်ခင်သူ မှာ ခြံ အတွင်း လမ်း လျှောက်ရင်းပင် သား အကြောင်း ကို စဉ်းစား နေမိသည် ။ အထူးသဖြင့် ည က ဦးထွန်းအေး ကို တစ်ည လုံး သတိရ နေသည် ဆိုလျှင် ပိုမို ၍ မှန်ပေလိမ့်မည် ။

“ ခင် ရာ တစ်ခါတော့ အတွေ့ ခံစမ်းပါ ။ မောင့် သူငယ်ချင်း အိမ် မှာ ဘုန်းကြီး ဆွမ်းကျွေး ရှိတယ် ဆိုပြီး မောင် ညဘက် သူငယ်ချင်း အိမ် မှာ အိပ်ရင်း ခင် နဲ့ လာ တွေ့မယ် ”

ဦးထွန်းအေး သည် သူ့ ကို ဒီလိုပဲ ပြောခဲ့သည် ။ မိဘများ ကို လည်း ဆွမ်းကျွေး ကို အကြောင်းပြ၍ အိမ် မှ ထွက် လာတတ်သည် ။ သူ့ သားလေး ရော ည က များ သူ့ ချစ်သူ ဆီ သွားနေမည်လား ။

ဦးထွန်းအေး ၏ သစ္စာ ဖောက် မှု ကြောင့် ဦးထွန်းအေး အား ကြိုးစား၍ မေ့ဖျောက် ပစ်ပေမယ့် ဒေါ်ခင်သူ အဖို့ မှာ တသက်သက် ပင် ဖြစ် နေလေသည် ။

သားဦးလေး ပင် အသက် ၂၄ - နှစ် ကျော် ခဲ့ ၍ ယခုနှစ် ဆိုလျှင် B.Sc အောင် တော့မည် ။ သူ ကတော့ ဦးထွန်းအေး ကို မမေ့နိုင်ပေ ။ ဒေါ်ခင်သူ မှာ တစ်နည်းအားဖြင့် ကံ ကောင်းသူ ဟု ဆိုရပေမည် ။

ဦးအောင်ကျော် က သူ့ အား ငုံထား မတတ် ချစ်ရှာသည် ။ မခင်သူ အပေါ် မှာ သစ္စာ ရှိပေသည် ။ တကယ် ယောက်ျား ပီသပေသည် ။

“ ခင် ရယ် ကိုယ့် ကို မှ သူ က မချစ်တော့ ပဲ ဟာ သိပ် စိတ်ဆင်းရဲ မခံပါနဲ့ကွ ”

ဒေါ်ခင်သူ က တစ်ခါတလေ ငိုင်၍ နေလျှင် ဒီလိုပဲ ဦးအောင်ကျော် က ပြော တတ်သည် ။ ဦးအောင်ကျော် သည် ဒေါ်ခင်သူ ဖြစ်ပျက်ခဲ့သမျှ ကို အားလုံး သိသူ ဖြစ်သည် ။

“ မေမေ ”

သား ခေါ်သံ ကြား၍ အတွေး ရပ်ကာ ဒေါ်ခင်သူ မှာ ခြံဝ သို့ လှမ်းကြည့်လိုက်၏ ။

“ ဟော ... သား ပြန်လာပြီလား ”

ဒေါ်ခင်သူ သည် ရှေ့သို့ တိုး၍ သား ကို ဖက်လိုက်သည် ။

“ ဖေဖေ ရော မေမေ ၊ ကိုအေးဖေ တို့ သား ကို လိုက်ပို့တယ် ။ ခြံဝ က ပဲ ပြန်လွှတ်လိုက်တယ် ။ သူတို့ ဧည့်သည်တွေ ပြန် ပို့ရဦးမယ် ”

စကား ပြော နေသော သား မျက်နှာ ကို ဒေါ်ခင်သူ က အကဲခတ် သလို ကြည့်၏ ။

“ ဖေဖေ အစည်းအဝေး သွားတယ် ။ ဒီနေ့ မေမေ နို့ထမင်း ကျို ထားတယ် ။ ကဲ ... ကဲ ... လာ ”

ဒေါ်ခင်သူ သည် သား ကို ထမင်းစားခန်း သို့ ခေါ် သွားသည် ။ နို့ထမင်း နှင့် ကော်ဖီ ပြင်ခိုင်း ၍ သူ့ သား အနီး မှာ ထိုင် နေသည် ။

နံနက်ခင်း ၏ နေရောင်ခြည် မှာ ပြတင်း မှ ဝင်၍ အခန်း ထဲ တွင် လင်းနေသည် ။

နံနက် ၏ နေရောင်ခြည်သစ် လို သူ့ သား မျက်နှာ သည် တောက်ပနေသည် ဟု ထင်သည် ။

စားပွဲ ပေါ် မှ နှင်းဆီဖြူ ကဲ့ သို့ သူ့ သားမျက်နှာ သည် နုပျို လတ်ဆတ်နေသည် ဟု သူ က ထင်သည် ။ ကျော်သူ သည် နို့ထမင်း သောက်ရင်း တစ်ချက် မျှ သန်း လိုက်သည် ။

“ သား ည က ကောင်းကောင်း မအိပ်ရဘူး ထင်တယ် ”

ဒေါ်ခင်သူ မေး လျှင် ကျော်သူ သည် ရုတ်တရက် မျက်နှာ ပျက်သွားရာမှ ဣန္ဒြေ ဆည်ကာ ပြန်ပြော၏ ။

“ အိပ်ရပါတယ် မေမေ မနက် က ၄ နာရီ လောက် ထရလို့ပါ ”

ဒေါ်ခင်သူ့ စိတ် ထဲ ထင့် သွားတော့သည် ။ ဟုတ်ပါသည် ည က သူ့ သား အိပ်ရမည် မဟုတ်ပေ ။

“ ခင် နဲ့ တွေ့တဲ့ ည ဆို နောက်နေ့ မနက် ကျ သိပ် အိပ်ချင်တာပဲ ။ ဒါမေယ့် မောင့် မှာ တစ်နေ့လုံး ဟန်ဆောင် နေရတယ် ။ နေ့ခင်း အိပ် ရင် မေမေ တို့ က ည က အိပ်ပျက်လား ဘာလား စစ်မှာ စိုးလို့ ”

ဦးထွန်းအေး နှင့် သူ တုန်းက ဒီလိုပဲ ဖြစ်ခဲ့သည် ။ ခေတ်များ ပြောင်းလဲသည် နှင့် အမျှ ဝတ်စားတန်ဆာ အနုပညာဂီတများပြောင်းလဲ သွားကြမည် ဖြစ်ပေသည် ။

ချစ်ခြင်း ဆိုသည် မှာ ပြောင်းလဲ ပေလိမ့်မည် မဟုတ် ။ ဦးထွန်းအေး နှင့် ဒေါ်ခင်သူ ငယ်စဉ် က ချစ်ခဲ့ကြ သလိုပင် ကျော်သူ သည် လည်း သူ့ ချစ်သူ နှင့် ချစ်ပေလိမ့်မည်  ။

“ ကဲပါလေ သား ခဏ မှိန်း လိုက်ရင် ကောင်းမယ် ။ မေမေ တော့ မင့် ဖေဖေ ဆီ ကား နဲ့ သွား ကြိုဖို့ ဝင်းမောင် ကို ပြော လိုက်အုံးမယ် ”

ဒေါ်ခင်သူ သည် နောက်ဘက် လှေကား မှ ခြံထဲ သို့ ဆင်းသွား သည် ။

“ ည က သိပ်လှတာ ။ လ ကလည်း ဝင်း နေတာ ။ သား မှာ တော့ ချစ်သူ ရှိနေပြီလေ ”

ဒေါ်ခင်သူ တစ်ယောက် တည်း တွေး နေတော့သည် ။ ကား လွှတ်ပြီး အိမ် ထဲ သို့ ပြန်လာ၏ ။

သူ့ သား အိပ် နေသာ အခန်း သို့ ဝင် သွားမိသည် ။ ကျော်သူ သည် မအိပ်သေးပဲ စောင် ခြုံ၍ ပက်လက် လှန်နေသည် ။ ပြတင်း မှ လေအေးများ သည် အထဲ သို့ ဝင်လာနေသည် ။ 

ည က ခင်မာလာ နှင့် တွေ့ခဲ့သော အချိန်များ သည် နှလုံးသား ကို ရိုက်ခတ် နေသည် ။ မျက်စိ မှိတ် လိုက်တိုင်း ခင်မာလာ ပါးပြင်နု လေး ကို မွှေးခဲ့ရသည် ကို ထင်ထင်ရှားရှား ပေါ်လာသည် ။ သူ သည် စောင် ကို လှစ်၍ မျက်လုံး ဖွင့် လိုက်သည် ။

“ မေမေ ”

သူ လန့် သွား သလို အော် လိုက်၏ ။ ဒေါ်ခင်သူ မှာ သူ့ ဘေး တွင် မားမားကြီး ရပ်နေသည် ။

“ သား တော့ အိပ်နိုင်မှာ မဟုတ်ပါဘူးကွယ် ”

ဒေါ်ခင်သူ က ပြုံး ၍ ပြော လိုက်၏ ။

ကျော်သူ မလုံတော့ပေ ။ မျက်နှာ လည်း မထားတတ်သလို ဖြစ် လာတော့၏ ။ မော့ ကြည့် လိုက်တိုင်း မေမေ ၏ ပြုံးပြုံးကြီး ဖြစ် နေသော မျက်နှာ မှာ “ သား ည က ဘာ လုပ်သလဲ ဆိုတာ မေမေ သိ ပါတယ် ” ဟု ပြော သလို ဖြစ် နေတော့သည် ။ သူ သည် ငုတ်တုတ် ထိုင် လိုက်၏ ။

“ မေမေ ”

သူ့ ဘေး တွင် ဒေါ်ခင်သူ မှာ ထိုင် နေသည် ။

“ သား မှာ ချစ် သူရှိနေပြီ ”

ဒေါ်ခင်သူ မတုန်လှုပ်ပါ ။ နဂို က ပင် ရိပ်မိပြီးဖြစ်သည် ။

“ အေးပေါ့ ဘယ်သူလဲ  ။ ရှေ့နှစ် ဆို သား လည်း ကျောင်း ထွက် ရမှာပဲ ”

“ သား ယူမယ့် မိန်းမ က ခင်မာလာ တဲ့ ။ လယ်ဝန်ဦးထွန်းအေး သမီး ပဲ ”

“ ကိုထွန်းအေး သမီး ဟုတ်လား ”

ဒေါ်ခင်သူ မှာ ဒီ တစ်ခါတော့ အတော် တုန်လှုပ် သွားသည် ။ ယခု ဘဝ တွင် တဖန် ပြန်၍ မျက်နှာချင်းဆိုင် သော် မှ မဆိုင် လို တော့ ပြီ ဖြစ်သော ကိုထွန်းအေး သမီး ကို မှ သူ့ သား က သွား ၍ ချစ်မိပေသည် ။

“ သား ဖေဖေ လာ တော့ တိုင်ပင်သေးတာပေါ့ ”

ဒေါ်ခင်သူ သည် အခန်း တွင်း မှ ထွက် လာသည် ။

ဦးအောင်ကျော် ပြန်လာ၍ ထမင်း ကျွေး နေသော်လည်း သူ စိတ် မပါလှပေ ။ ထမင်း စား ပြီးပြီးချင်း သူ့ အိပ်ခန်း ကို တက် လာ တော့သည် ။

ဦးအောင်ကျော် မှာ နောက် မှ ဝင် လာ၍ ဒေါ်ခင်သူ နှင့် အတူ ခုတင် ပေါ် မှာ ထိုင် နေသည် ။

“ ခင် နေမကောင်းပြန်ဘူးလား ”

“ ကောင်းပါတယ် ။ အိပ်ချင်လို့ ”

“ ခင် က သား ကို စိုးရိမ် လွန်တာကိုး ။ သား အိပ်ပြီလား ”

“ ဟုတ်တယ် ”

ဒေါ်ခင်သူ စောင် တစ်ထည် ကို ခြုံကာ လှဲအိပ်ရင်း ပြတင်း ဘက် ကို ငေးနေသည် ။

“ သား မှာ ချစ်သူ ရှိပြီ အစ်ကိုကြီး ရဲ့ ၊ သူ ရှေ့နှစ်ဆန်း မှာ လက်ထပ် ချင်တယ် ထင်ပါရဲ့ ။ ည က ခင် ပြောတာ မမှန်ဘူးလား ။ သူ မအိပ်ဘူး ”

“ ဘာကွဲ့ သား က မအိပ်ဘူး ”

ဦးအောင်ကျော် သည် ဒေါ်ခင်သူ ပခုံး ကို ဆွဲ၍ မေးလိုက်သည် ။

“ ဟုတ်တယ် ။ ဒီလောက် လှတဲ့ ည မှာ သား ဟာ ခင်မာလာ ကို သွား တွေ့တာပေါ့ ။ ခင်မာလာ က ကိုထွန်းအေး သမီး တဲ့ ၊ ခင် တော့ ဖြင့် ကလေးတွေ ကို လည်း သနားတယ် ။ ကိုထွန်းအေး ကို တော့ မျက်နှာ ချင်း မဆိုင်ချင်တော့ဘူး ”

ဦးအောင်ကျော် သည် အတန် ကြာ အောင် ငြိမ်သက် နေရာ မှ သူ့ ဇနီး ကို ဆွဲယူ ပွေ့ယင်း ...

“ ခင်မာလာ ကို အစ်ကိုကြီး မြင် ဖူးပါတယ် ။ ပညာ လည်း တော် သားပဲ ။ လိမ္မာပါတယ် တဲ့ သတင်းတော့ ကြားဖူးပါတယ် ။ သား က မေတ္တာ ရှိနေပြီပဲ ကွယ် ။ ခင် ရယ် တစ်ခု စဉ်းစားစမ်းပါ ။ ကိုထွန်းအေး က ခင့် ကို သစ္စာ ဖောက်ပြီး နွဲ့နွဲ့ရီ ကို ယူ သွားတုန်းက ခင် ဘယ်လောက် စိတ် ဆင်းရဲရသလဲ ။ သူ့ မိဘတွေ ဘက် လိုက် သွားတာပဲ မဟုတ်လား ၊ ခုလည်း သား က များ မယူရင် ခင်မာလာ ဘယ်လောက် စိတ် ဆင်းရဲ ရ မလဲ ။ စဉ်းစားလေ ။ တို့များ တရားမျှ တဲ့ မိဘ ဖြစ်အောင် ကြိုးစားရမှာပဲ ခင် ”

ဒေါ်ခင်သူ သည် ငြိမ်သက်၍ ပင် နေ၏ ။

      •••   •••   •••   •••

ဦးထွန်းအေး ၏ ဂနာမငြိမ် ရောဂါ မှာ အိပ်ရာ ထဲ က ပင် ထ ၍ မရပေ ။ နေ့ခင်း ၁၂ - နာရီ ထိုး လေပြီ ၊ သူ့ အမိန့်အတိုင်း ဒေါ်နွဲ့နွဲ့ရီ မှာ သမီး ကို စစ်ဆေး နေသည် ။ မကြာခင် ပင် သူ့ ဇနီး သည် အခန်း ထဲ သို့ ဓာတ်ပုံ တစ်ခု ကိုင် ရင်း ဝင် လာသည် ။

“ ကဲ ဒက်ဒီ ရယ် ၊ စိတ် သိပ် ပူမနေပါ နဲ့ ထ စမ်းပါဦး ”

ဦးထွန်းအေး ကို အိပ်ရာ မှ အသာ ဆွဲ ထူ လိုက်သည် ။

“ ဒီမှာ ဒက်ဒီ သမက်လောင်း ကို ကြည့်စမ်း ၊ မာမီ အကုန် စုံစမ်းပြီးပြီ ။ မန်နေဂျာ သူဌေးလေး ဦးအောင်ကျော် ၊ ဒေါ်ခင်သူ ရဲ့ သား ပေါ့ ”

ဦးထွန်းအေး သည် ဓာတ်ပုံ ကို ကိုင်ရင်း တုန် သွားသည် ။ မေး ကားကား နားရွက် ကြီးကြီး နှင့် မျက်လုံးမျက်ဖန် ကောင်းသည် ။ အမေ တူ သား ပင် ဖြစ်သည် ။

“ ကောင်လေး က သူ့ မိဘတွေ ကို ရှေ့နှစ်ဆန်း မှာ လက်ထပ်ဖို့ ပြောမယ် တဲ့ ။ ဒက်ဒီ မပူနဲ့တော့ ။ ဒီ ကောင်လေး ရိုးတာ ၊ တော်တာ ၊ ပိုက်ဆံ ရှိတာတွေ ဟာ အန်တီမြင့် စာရင်း ထဲ မှာ ရှိပြီးသားပါ ”

အန်တီမြင့် ဆိုသော အဒေါ်ကြီး မှာ လူကုံထံ မုဆိုးမကြီး ဖြစ် သည် ။ အထက်တန်းလွှာ သားသမီးများ ကို စာရင်း လုပ်၍ ဖလှယ် နေ သော မိန်းမကြီး ဖြစ်သည် ။ B.C.S Class ( 1 ) , Class ( 2 ) များ ကို လည်း သူ့ စာရင်း ထဲ တွင် တွေ့ နိုင်လေသည် ။

ဦးထွန်းအေး သည် အခုထိ လှုပ် မရ ။ သို့သော် စိတ် အနည်း ငယ်တော့ အေး သွားလေသည် ။ သူ့ ကို စော်ကားမည့် သူ မဟုတ်သည် ကို ပင် ဝမ်း ထဲ မှာ ကျိတ်၍ ဝမ်းသာ မိသည် ။

“ အေးလေ ဦးအောင်ကျော် နဲ့ လည်း ဒက်ဒီ နဲ့ ခင်သားပဲ စုံစမ်း သေးတာပေါ့ မာမီ ”

“ အံမယ် ဒက်ဒီ ရယ် အန်တီမြင့် လက် လွဲလိုက်ရင် ပြီးတဲ့ ကိစ္စပါ ”

“ မခင်သူ နဲ့ တူလိုက်လေကွယ် ”

သူ သည် သူ့ ဇနီး ကို ပင် ပြော နေလေသည် ။

     •••   •••   •••   •••  ဂ

ဒေါ်ခင်သူ တို့ က ဆင်းရဲသူများ မဟုတ်ပေ ။ ခင်မာလာ နှင့် မောင်ကျော်သူ လက်ထပ်ရေး မှာ ချောမော၍ လာလေသည် ။

ယနေ့ စေ့စပ်သည့် နေ့ ဖြစ် လေသည် ။ ပရိသတ်များ အသီးသီး ထ ပြန် သွားကြလေပြီ ။ ဦးအောင်ကျော် မှာ လည်း ဒေါ်နွဲ့နွဲ့ရီ နှင့် စကား လက်ဆုံ ကျနေလေသည် ။

ဒေါ်ခင်သူ သည် ယွန်းသေတ္တာငယ် တစ်ခု နှင့် စာ တစ်အိတ် ကို ဦးထွန်းအေး အား ပေးခဲ့၍ နှုတ်ဆက် ကာ ထွက်လာခဲ့သည် ။

“ ကဲ အစ်ကိုကြီး ရေ ခင်တို့ ပြန်ကြဦးစို့ ။ ခွင့်ပြုပါဦး ဒေါ်နွဲ့နွဲ့ရီ ”

ဒေါ်နွဲ့နွဲ့ရီ မှာ ပြုံး၍ ကျန်ရစ်သည် ။ ဦးထွန်းအေး  သည် ကားပေါ် သို့ တက် သွားသော ဒေါ်ခင်သူ ဇနီးမောင်နှံ ကို ငေး နေသည် ။ ဦးအောင်ကျော် ၏ မေတ္တာစစ် ကို ခိုလှုံရသော ဒေါ်ခင်သူ မှာ လန်းဆတ်နုပျိုလျက် ရှိသေးသည် ။ ရိုးသားသော အလှ သည် ဘယ်တော့မှ မရိုး ဆိုသလို ပင် ဒေါ်ခင်သူ သည် မရိုးသော အလှဖြင့် လှ နေ ပေသေးသည် ။ ဦးထွန်းအေး သည် အိပ်ခန်း ထဲ သို့ ဝင် လာ၍ သေတ္တာလေး ကို ဖွင့် လိုက်သည် ။ အထဲ တွင် စာများ ဖိုင်တွဲလျက် တွေ့ ရသည် ။ ငယ်စဉ် က ရေးခဲ့သော “ ချစ်သမျှကို ” စာများ ဖြစ်လေသည် ။ တော်ပေသည် ။ သူ ကတော့ မခင်သူ စာ များ ကို မီးမြိုက် ပစ် ခဲ့လေသည် ။ စာများ အောက် မှ သူ လူပျိုတုန်း က ဓာတ်ပုံ ဖြစ်သည် ။

သူ သည် နောက်ဆုံး လက်ထဲ ရှိ စာအိတ် ကို ဖောက်၍ ဖတ် လိုက်သည် ။ စာရွက် ပေါ် တွင် ကား ဒေါ်ခင်သူ လက်ရေး ဖြင့်

မဲဇလီပင်ပျိုအောက်
ပေါက်လာတဲ့ ရွှေတမာ
ခါးချက်ကနာ
ရေစီးရယ်တစ်ခါ
ရေသာရယ်တစ်လှည့်
သူများလို တို့မရိုင်းတယ်
တိုင်းသိပါရဲ့ ။

ထို ကဗျာကလေးပဲ ပါ လာ လေသည် ။

“ ရေး တော့ မခင်သူ ရေး တော့ ။ ရေး နိုင်ပါတယ် မောင် က ခါး ခဲ့ မိပေတာကိုး ”

သူ သည် ကြေကွဲစွာပင် ပြော လိုက်ပါသည် ။ 

◾ခင်နှင်းယု
     ၁၉၅၃ ၊ ဧပြီ
    
📖 ကြေးမုံရိပ်သွင်

#ကိုအောင်နိုင်ဦး

.

Sunday, September 25, 2022

စိန်ကြည် နော် စိန်ကြည်


 ❝ စိန်ကြည် နော် စိန်ကြည် ❞


“ စိန်ကြည် နော် ... စိန်ကြည် ၊ လင် ယူ ပက်စက်သည် ” 


ဂျပန်ခေတ် က ကျွန်မတို့ မြို့တွင် ယခု ခေတ် လမ်းသူရဲ ခပ်ဆန်ဆန် သူငယ်ကလေးများ အတော်များများ ရှိသည် ။ သူတို့ သည် ကျွန်မတို့ လမ်း ထဲ ရောက် လျှင် ထို သီချင်း ကို ဟစ် ၍ ဆို တတ်ကြသည် ။ ညဉ့် ၈ နာရီ လောက် လူပျိုပေါက်လေးများ လမ်းသလား ချိန် ဖြစ်၍ ထို သီချင်းသံ ကို ကျယ် လောင်စွာ ကြားရသည် ။  


နှိုင်းသာ နှိုင်း ရသော်လည်း ယခု ခေတ် လမ်းသူရဲလေးများ နှင့် လုံးဝ တူသည် ဟု မဆိုသာပါ ။ လမ်းသူရဲလေးများ သည် ဘောင်းဘီဖင်ကျပ် ဝတ် ပရက်စလေ လို လှုပ်၍ အမောက် တစ်တောင် လောက် နှင့် မကောင်းတာ ဟူသမျှ အားလုံး လုပ် ကြသည် ။


ဂျပန်ခေတ် ကျွန်မ တို့ မြို့ က သူငယ်လေးများ မှာ သူတို့ မျက်စိ စပါးမွေး စူးသော မိန်းမပျိုလေးများ နေသော လမ်းများ တွင် စောင်းမြောင်း သီချင်း ဆို သည်က လွဲ၍ နံနက် တွင် မူ သူတို့ သည် ဣန္ဒြေ ရစွာ နေ၍ အများ နှင့် သက်ဆိုင်ရာ လုပ် ကြသော လူငယ်လေးများ လုပ်ငန်း တွင် ဝင်ရောက် ပါဝင် သည် ကို တွေ့ရ၏ ။ ထို့ကြောင့် မြို့ က သူတို့ အော်သည် ကို ခွင့်လွှတ် ထားကြခြင်း ဖြစ်သည် ဟု ထင်ပေသည် ။


တစ်ခါက လည်း စာ သာ နှစ်တန်း လောက် တတ်သည် ၊  ဖောင်တိန် တကားကား စတိုင် ခပ်များများ နှင့် မိန်းကလေး အိမ် ရှေ့ တွင် ...


“ ရုပ်ရည် လှပတဲ့သူ ခင်ပျိုဖြူရယ် ၊  ဖောင်တိန်ကြီး လက်ကိုင်ထား လို့ အတန်းမြင့် တဲ့ ဂုဏ်ကြီးရှင် ရယ် ၊  အောက်က လူ တစ်ဖက်သား ကို သနားစိတ် နဲ့ ချစ်စမ်း စေချင်တယ် ” 


ဥပမာ ရှုစရာ ၊  ယခုအခါ ပြရမှာဖြင့် မိုင်တာကွင်း က မြင်းကျား ကြီးနဲ့ ပုံသဏ္ဍာန် တူတယ် ဟူ၍ ဟစ်အော် ဆို တတ်ကြသည် ။ ကျွန်မတို့ မှာ အပျိုဖော် အချင်းချင်း ထို သီချင်း အကြောင်း ပြော မိကြသော အခါ ကြိတ်၍ ရယ် ရ ပေသေးသည် ။


ယခု ဆိုသော သီချင်း မှာ မူ ကျွန်မတို့ လမ်း ထဲ တွင် ဆိုသော သီချင်း ဖြစ်၍ ကျွန်မ တို့ လမ်း ထဲမှ အပျို တစ်ယောက် ယောက် ကို တော့ ထိ လေပြီ ၊ သူ့ ကို လော ၊  ကိုယ့် ကို လော နှင့် အပျို အချင်းချင်း အတော် ဂယက် ရိုက် သွားသည် ။ ကျွန်မတို့ ညီအစ်မတွေ ကလည်း အပျိုပေါက်စ များ ဖြစ်သည် ။


မျက်စောင်းထိုး အိမ် မှ မငွေ ရင် က လည်း ဖြူဖြူလုံးလုံး နှင့် ပျိုပျိုမျစ်မျစ် ချစ်စရာ ပင် တည်း ။ သူ့ အသက် က ထိုစဉ်က နှစ်ဆယ် လောက် ရှိပြီ ။ ဒါပေမယ့် အစ်မကြီးများ အုပ်ထိန်း ထား၍ မငွေရင် သည် အပြင် ကို မှ မထွက်ရ ။ တစ်အိမ် ကျော် မှ အပျိုကြီး မမစန်း ကတော့ တရား လွန် လွန်း သည် ။ ဇီးကွက် ဝင်စားသလား မသိ ၊  ညဉ့် မှ ပင် သူ လမ်း လျှောက်သည် ကို မြင် ရတော့သည် ။ ထိုမျှ အိမ်တွင်းပုန်း သူ တည်း ။  


ကျွန်မတို့ အိမ် တွင် လည်း ကျွန်မ တို့ မှာ အပျိုပေါက်စ သာ ဆိုသည် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် ဖြစ်၍ လင် ယူ ဖို့ ခက်သော အရွယ် များ ဖြစ်၏ ။ မမ တစ်ယောက် သာ အပျို ဖြစ်ဖြစ်မြောက်မြောက် ရှိသည် ။ သူ့ ကို ဆို ရအောင်ကလည်း အိမ် က စပ်ဟပ် ပေးစား သည် ကို ပင် ယောက်ျား ကို စကား ပြော ရသည် မှာ ပျင်းသည် ဆို ၍ သေသည် အထိ အပျိုကြီး ဘဝ နှင့် အရိုး ထုတ် တော့သည် ။


တစ်လမ်း တည်း ဖြစ် သော်လည်း ခုံးတံတား ခြားနေသော မြင့်မြင့် နှင့် မြိုင်မြိုင် တို့ ကလည်း ခေတ်သာ ဆန်သည် ။ ရှုပ်ရှုပ်ပွေပွေ မကြားမိသေး ။


" ကျွန်မတို့ အပျိုအုပ်စု မှာ နောက် နေ့ မမစန်း အိမ် တွင် ဆုံ မိကြ လျှင်တော့ ထို သီချင်းသံ အတွက် အတော် ကသိကအောင့် ဖြစ် ကြရသည် ။


“ နာမည် ဖွင့် ဆိုတာတောင် နင်တို့ က ကျွက်စီကျွက်စီ ဖြစ်ကြ ရသေးတဲ့ ၊  အ လိုက်တဲ့ သူငယ်မတွေ ၊  ဒါကြောင့် ဝါးခယ်မ တစ်မြို့လုံး အပျိုတွေ လင် ရတာတောင် ဘုရားကြီးလမ်း က ဟာတွေ ပုပ်သိုး ကုန် မှာ လို့ ကောင်လေးတွေ က ပြောတာ ” 


အပျိုကြီးဒေါ်ကျေး က ခုနစ်သံ နှင့် ပြော ပါတော့သည် ။ ဒေါ်ကျေး မှာ လေးဆယ် နီး ပေပြီ ။ ဖြူဖြူချောချော နှင့် ငါးပိ ငါးခြောက် ဈေးထဲ တွင် ရောင်း သော အပျိုကြီး ဖြစ်သည် ။ သူ သည် စိတ်သဘော ကောင်း ၍ သွက်လက်၏ ။ ကျွန်မ တို့ ပွဲ သွားလျှင် သူ က အပျိုအုပ် ပေ တည်း ။


“ ဟင်  ...  စိန်ကြည် ဆိုတဲ့ နာမည် ဘုရားကြီး မှာ မရှိပါဘူး ” 


ကျွန်မ က အိမ်တွင်းပုန်း မဟုတ် “ မလည်ရောက် ”  ဖြစ်၍ သွက်လက်စွာ ပြော၏ ။


“ နောက် ပြောင်း လာတဲ့ ယစ်မျိုး ဝန်ထောက် သမီးလေး နာမည် က စိန်ကြည် တဲ့ ” 


ဒေါ်ကျေး က ပြော ၏ ။


“ ကျွန်မ တို့ သိရတော့ မချော ပဲ ” 


မငွေရင် က ပြန် ပြောပြန်သည် ။


“ အမယ်လေး အာရှလူငယ်အသင်း မှာ နာမည် ပေးထားတာ ၊  ခင်စိန်ကြည် တဲ့ ၊  ကဲ .. သိပလား ၊  မချောစာ တို့ ” 


ယခုမှပင် ကျွန်မ တို့ ရှင်း ကြတော့သည် ။ သို့သော်လည်း ဤကဲ့သို့ နာမည် ဖွင့်၍ ဟစ် သီချင်း ဆိုချင်း မှာမူ ရိုင်းပြသည် ဟူ၍ ကျွန်မ တို့ အပျို တစ်စု က မှတ်ချက် ချမိသည် ။ ခင်စိန်ကြည် သည် အတော် လှပသည် ။ ကျွန်မတို့ ညီအစ်မ တစ်သိုက် နှင့် လည်း အတော် အကျွမ်းတဝင် ဖြစ် လာ သည် ။ သူ့ ကိုယ် မှ ပေါင်ဒါနံ့ မှာ ကျွန်မတို့ အပျို အုပ်စု သုံး တတ်သော သမာရိုးကျ ပွန်ပီယာ နှင့် အီးဗနင်းအင်ပဲရစ် ရနံ့များ မဟုတ် ၊  အတော် ဆန်း သော ပန်းရနံ့ တစ်မျိုး ဖြစ်သည် ။ ဂျပန်ခေတ် က နိုင်ငံခြားပေါင်ဒါ ရှား ၍ ဆန်းနစ်ခဲ ၊  ဆင်းသိဂီ နှင့် မှိုင်းဝေဝေ ပေါင်ဒါများ ကို နေ့စဉ် သုံး၍ တစ်ခါတစ်ရံ မှ သိမ်းထားသော ပွန်ပီယာ ကို ကျွန်မ တို့ ထုတ် သုံးကြ၏ ။


အာရှလူငယ်ပွဲများ တွင် ခင်စိန်ကြည် သည် ကျွန်မ တို့ မသုံးနိုင်သော ပန်းနုရောင် ပါးဆိုးဆေးများ ကို ပင် သုံး လာသည် ။


တစ်ခါတစ်ရံ ဂျော်ဂျက်လုံချည် နှင့် အင်္ကျီ ကို တစ်ဆင်တည်း ဝတ်၍ လာသောအခါ သူ ၏ တင် လုံးလုံးလေး မှာ ညက်ညက်ညောသော ရွေ့လျား သွားသည် ကို အတိုင်း သား မြင် နေရသည် ။


တခြားလမ်း က ဟယ်လင် နှင့် ဆင်နီ တို့ မှာ ယခင် က အလှသရဖူ ဆောင်း ကြသူတို့ တည်း ။ ယခုတော့ ကျွန်မတို့ လမ်း က ခင်စိန်ကြည် ကို သူတို့ လက် မြောက်ကြပြီ ။


ညဉ့်ဦး ရောက်လျှင်တော့ -


“ စိန်ကြည် နော် စိန်ကြည် .. လင်ယူ ပက်စက်သည် ”  


ဟူသော သီချင်း ကို ပိုမို ကျယ်လောင်စွာ ကြားရ၏ ။ ကျွန်မ တို့ မှာ တို့ နှင့် မဆိုင် ဟူ၍ သိပ် တုန်လှုပ်ခြင်း မရှိတော့ပေ ။ သို့သော် ... အလကားနေ အလကား ကျွန်မ သည် သောက များ တတ်သူ ပီပီ ခင်စိန်ကြည် အတွက် စိတ် မကောင်း တတ်ပေ ။


အပျိုကြီး ဒေါ်ကျေး သတင်း အရ ၊  နောက် ပြောင်းလာသော ဂုံအိတ် ကုန်သည် ရာမာရှီတား မှာ ကီတဂဝါး အိမ်တွင် နေသော်လည်း ညဉ့်စာ ကို ခင်စိန်ကြည် တို့ အိမ် မှာ လိုလိုကြီး စား ကြောင်း သိ ရသောအခါ ကျွန်မ စိတ် မကောင်း ဖြစ် ရပြန်သည် ။  


ကျွန်မ သည် အာရှလူငယ်အသင်း တွင် ဉာဏဗလမှူး ဖြစ်၍ ဂျပန် စာ သင်တန်း ကို ဖွင့်လှစ် ပေးရသော်လည်း ဂျပန်စာ ကို အအိအုအဲအော် မှ လွဲ၍ မတတ်ပေ ။ အင်္ဂလိပ်စာ မသင်ရ ဆိုတော့မှ ကျွန်မ သည် ပုန်းလျှိုး ကွယ်လျှိုး ဆရာမ မာဂရက် နှင့် အင်္ဂလိပ်စာ သင်ပါသည် ။  


စိန်ကြည် ကတော့ ဂျပန်စကား ကို အတော် ပင် ပြော တတ်နေ၏ ။ ကျွန်မတို့ ညီအစ်မ တစ်သိုက် ထဲ တွင် သူ သည် ကျွန်မ ကို ပို ခင်ပေသည် ။  


သူ့ အလှ ကို မြင် ရသောအခါ ဂျပန် နှင့် သူ ငြားမည် ကို ကျွန်မ ပို စိုး ရိမ်မိ၏ ။ ထိုအထဲ ညဉ့်တိုင် ကျ ၍ ...  


“ စိန်ကြည်နော် ... စိန်ကြည် လင်ယူပက်စက်သည် ” 


ဟူသော တဘောင် ကို သူငယ်လေးများ ရွတ် သောအခါ ကျွန်မ ပို၍ ရင်လေး၏ ။ 


သူ နှင့် တစ်နေ့ တွေ့ချိန် တွင် မူ


“ ဂျပန်တွေ ဟာ သိပ် ပါး ရိုက်တာပဲနော် ” 


ဟု ကျွန်မ ပြောမိ၏ ။ သူ သည် ပြုံး ၍ပဲ နားထောင် နေလေသည် ။ 


“ သူတို့ ရဲ့ ဒိုင်းတို့ဝကျိုအေးကင် ကလည်း စိတ်ညစ်စရာကြီး ”  


ဟူ၍ ပြော လျှင်လည်း သူ ရယ်မော နေတတ်ပါသည် ။  


သခင်ဝတင်ကြီး ဝါးခယ်မ ဘက် ဆင်း လာ၍ လူပေါင်း မှားပြီ ဟူသော တရား လာ ဟောချိန် တွင် မူ .. ခင်စိန်ကြည် တို့ ရန်ကုန် ကို ပြောင်း ကြရသည် ။


ကျွန်မ သည် ဂျပန်တော်လှန်ရေး အတွက် ငွေ လှူဖို့ ဆော်သြချိန် တွင် ကျွန်မ မိတ်ဆွေများ ထဲ မှ မခင်ဝေ ဆရာမ တို့ သည် ဂျပန်တော်လှန်ရေး အတွက် ငွေများ ထည့်ဝင် လှူဒါန်း လိုက်ကြ၏ ။ ကျွန်မ သည် ဂျပန် တော်လှန်ရေး တွင် ကိုယ်ထိလက်ရောက် ပါဝင်သူ မဟုတ်ပါ ။ ဟိုမှာဘက် တွင် မူ ခင်စိန်ကြည် သည် ရန်ကုန် ၌ ရာမာရှိတာ နှင့် လက်ထပ်လိုက်သည် ဟု သတင်း ကြား လိုက်ရပါသည် ။  


     •••••   •••••   •••••   •••••


စစ်ပြီး၍ ကျွန်မ ရန်ကုန် ရောက်ချိန်တွင် ခင်စိန်ကြည် သတင်း ကို ကြား ရပြန်သည် ။ ခင်စိန်ကြည် သည် တခြား ဂျပန်ကတော်များ လို မစားသာ လိုက် ၊ မြန်မာစစ်ဗိုလ် တစ်ယောက် ကို ကြိုက်မိ၍ ၊ သူ ၏ ရာမာရှီတား က သူ့ အား ပါး နာနာ ရိုက်သွားသည် ဟု ကြား ရသောအခါ ကျွန်မ အတော် စိတ် မချမ်းမသာ ဖြစ်ရပြန်သည် ။


နှင်းဆီရောင် ပြေးသော သူ့ ပါးလုံးလုံး မို့မို့လေး ကို မျက်စိ ထဲ တွင် မြင်ယောင် မိပါသည် ။  


ယခုအချိန် တွင် တော့ ကျွန်မ သည် ပင် အိုးအိမ် အတည်တကျ နှင့် လူကြီးဆန်ဆန် နေရသော အချိန် ဖြစ်၏ ။ တစ်ခါတစ်ရံ တွင် ဂျပန်ခေတ် အကြောင်း တွေး မိသောအခါ ခင်စိန်ကြည် ကို သတိရ၏ ။ ပြီးတော့ ဂျပန် က ရိုက်သွားသည် ဆိုသော ပန်းနုရောင်သွေး ၊ သူ့ပါးလေးများ ကို လည်း သတိ ရ၏ ။


သူ့ သတင်း ကို ဆက်၍ မကြားမိ ၊ သူ ကြိုက်သော မြန်မာစစ်ဗိုလ် နှင့် ပင် ယူ နေလေသလား ။


တစ်နေ့တွင်မူ ခြံဝ တွင် မာစီဒီကားနက်ကြီး တစ်စင်း ဆိုက် လာ သည် ။


“ မကြေးမှုံ ကို ခင်စိန်ကြည် က တွေ့ချင်လို့ တဲ့ ”  


မာလီအဘိုးကြီး က ပြောလာ၏ ။


“ ခင်စိန်ကြည် ”   


ကျွန်မ သည် သူ့ နာမည် ကို ရေရွတ်ရင်း အလန့် တကြား ပင် ဖြစ် သွားမိ၏ ။  


“ ဖွင့်ပေးလိုက်ပါ ဘကြီး ရယ် ” 


ကား ပေါ် က ဆင်းလာသူ မှာ ခင်စိန်ကြည် မှ ခင်စိန်ကြည် စစ်စစ် ပင်တည်း ။ ယခု စစ်ပြီးခေတ် တွင် အလှပြင်ကရိယာများ မှာ ဂျပန်ခေတ် က ထက် စုံ နေသော အခါဖြစ်၍ ခင်စိန်ကြည် သည် ပို၍ လှ ပို၍ နုပျို နေသည် ။


“ မှုံ ကြည့် ကို သတိ မရဘူးလားကွယ် ”  


သူ့ အသံ က ခပ်ချွဲချွဲအေးအေး လေး ဖြစ်၏ ။ သူ့ ရင် သည် ချွန် ၏ ။ တင် သည် မို့ ၍ ပေါင်တံ သည် သွယ် ၏ ။ စီး ထားသော ပန်းနုရောင်ခုံမြင့် က ချွန် လွန်း၍ မညီညာသော ကျွန်မ ၏ ခြံလမ်း ပေါ် တွင် သူ ချော်လဲ မှာ ကျွန်မ စိုးရိမ်၏ ။


သူ့ မျက်လုံး ပတ်ဝန်းကျင်တွင် ဘာရောင်တွေ မှန်းမသိ ဖြိုးပြိုးပြက် ပြက် အရောင် ထွက်နေသည် ထင်၍ ၊  ကျွန်မ ရဲရဲ မကြည့်ရဲ ၊  ပြီးမှ စူး စိုက် ကြည့်လိုက်သောအခါ မျက်ခွံ သည် ငွေမှုံရောင် ရောသော ပြာလဲ့လဲ့ အရောင် တစ်မျိုး ထွက်နေသည် ။  


နှုတ်ခမ်း မှာ နုပြေသော နှင်းဆီပန်းရောင်သွေး ဖြစ်၏ ။ ဂျပန် ရိုက် သွား သော သူ့ ပါးလေးများ သည် အသွေးအရောင် မလျှော့ ၊ ပဒုမ္မာကြာ ချပ် လို အဖြူတွင် နီရောင် သန်းနေလေသည် ။


“ မှုံ ဘာကို ငေး နေတာလဲ ဟင် ... ”  


သူ သည် ဧည့်ခန်းအတွင်းသို့ ဝင် ထိုင်၏ ။ 


“ ကြည်ကြည် သိပ် လှနေလို့ပေါ့ ၊  ခုလို နှစ်ယောက် ယှဉ် ရပ်နေလိုက်တော့ ကျွန်မ ပြင်ဆင်ပုံ က ၁၉ ရာစု နှစ် လောက်က ဟန်ပန် ဖြစ်နေတယ် ၊  ကြည် ကတော့ ၂၁ ရာစု ကို တောင် ခြေ ပြင်နေသလိုပဲ ” 


“ ဟား ... ဟား ... ဟား ... ဟား ” 


သူ သည် ပက်ပက်စက်စက် ရယ်၏ ။


“ ဒီ အပြောတွေ ကြောင့် ထင်တယ် ၊  မှုံ့ ကို ကိုယ် မေ့လို့ မရတာ ၊  တစ်ခါတစ်ခါ ဂျပန်ခေတ် မှာ ဝါးခယ်မ နေခဲ့ရတဲ့ အကြောင်းတွေ တွေး ရင်း ၊  အထူးပဲ မင်း ကို သတိရပါတယ်ကွယ် ၊  မင်း ကို ကြည့်ရတာ ၊  ဘာမှ မပြောင်းလဲဘူးနော် ” 


ကျွန်မ သည် သူ့ ကို ပြုံး၍ ကြည့်နေ၏ ။ 


“ ခေတ်မီ တယ် ဆိုတာ ဟာ အပြင်အဆင် ကို မဆိုလိုပါဘူးကွယ် ... သူ့ အတွေးအခေါ် အယူအဆ ထင်မြင်ပုံ ဟာ ခေတ် မီသလား ... မမီ ဘူးလား ဒါ ကို ကြည့် ရမှာပါ ” 


ဘုရား ... ဘုရား သူ လို မိန်းမ ပါးစပ် က ပေမယ့် ဤ စကားလုံး မျိုး ထွက် လာပါတကား ။ ကျွန်မ သူ့ ကို စောစောက ကိုယ် အလှ မှ လွဲ၍ ဘာ ကိုမှ ဂရု စိုက်မည့် မိန်းကလေး တစ်ယောက် မဟုတ် ဟု ထင်ခဲ့မိသည် ။


“ အပြော က လည်း ဆိုးဘူး ဆရာ ” 


ဟု ကျွန်မ က ဆိုလိုက်၏ ။ 


“ မဆိုး ဆို စစ်ဗိုလ် က သင် ခဲ့တာလေ ”  


“ ရာရှီတာ က သင်ခဲ့တာလား ”  


“ မဟုတ်ဘူး ၊ မြန်မာစစ်ဗိုလ် ” 


သူ သည် စီးကရက် တစ်လိပ် ဆွဲညှိသောက်လိုက် ကာ မီးခိုးများ ကို လှပစွာ ကြည့်ရင်း သူ သည် စကား ဆက်ပြော၏ ။


“ မှုံ့ ကို သတိ ရစေ တာက ရာမာရှီတာ က ကြည့် ကို ပါး ရိုက်တိုင်း ၊  မှုံ တစ်ယောက် ငါ့ ကို  သတိ ပေးခဲ့ပါကလား ဆိုတာ အမြဲ သတိရနေတယ်ကွယ် ” 


“ အခု ကြည်ကြည် ဘယ်မှာ နေလဲ ၊ ကြည်ကြည် ယောက်ျား တပ် က ဘာ တပ်လဲ ” 


သူ သည် မျက်လုံးများ ကို ပြူးတူးပြဲတဲလေး လုပ်ကာ 


“ ဘာ တပ်လဲ ဟုတ်လား ၊  မင်း စစ်ဗိုလ်လား ၊ ကိုယ့် ကို မာစီဒီ ဝယ် ပေးနိုင် မှာ ” 


“ ဟင် ဒါဖြင့် အဲဒီ စစ်ဗိုလ် နဲ့ မညားဖြစ်လိုက်ဘူးပေါ့ ” 


သူ သည် ဖြည်းညှင်းစွာ ခေါင်း ခါလိုက်၏ ။


“ ဒါတွေလည်း ဘာမှ မမေးနဲ့ မှုံ ရေ ၊ အဟောင်းတွေ အားလုံး မေ့ လိုက် ၊  ကိုယ် ကတော့ အမြဲ အသစ် အသစ် ပဲ ”  


သူ သည် အတည်ပေါက် ပြော နေရာ မှ ခပ်သောသော ရယ်ရင်း ... 


“ လောကကြီး သည် အမြဲ သစ်နေရမည့် ကြောင်လိမ်လှေကား သဖွယ် ကွေ့ကွေ့ပြီး အပေါ် ကို သာ မြင့် တက်သွားရမယ် ” 


ဟု ဆိုတော့၏ ။


“ အတည် စကား ပြော စမ်းပါ ကြည်ကြည် ရာ အရွှတ်ဘလွတ်တွေ ဖောက် လိုက်တာ ”  


ကျွန်မ က သူ့ ပခုံး ကို ပုတ် လိုက်လျှင် သူ သည် တခစ်ခစ် ရယ်တော့သည် ။


“ သိဘူး လေကွယ် ၊  ဂျပန် က သင် ခဲ့တာကော မြန်မာစစ်ဗိုလ် က သင် ခဲ့တာကော ၊  ကိုယ် က အစုံ ရွတ်တတ် ဖတ်တတ် နေတာ ” 


“ အခု ဘယ်မှာ နေလဲ မေးတာတော့ မဖြေဘူး ” 


“ မာတင် ၊ အဲဗင်းနယူး မှာ လေကွယ် ၊ မင်း ကလည်း ကိုယ့် အဆက် ကို မသိဘူးလား ” 


“  ဘယ့်နဲ့ လုပ် သိရမှာလဲ ”  


“ ကိုကြည်လင် လေ ... ကိုကြည်လင် ကို မသိဘူးလား ... ” 


“ ဘယ်က ကိုကြည်လင် လဲ ”  


“ မင်း တို့ ဝါးခယ်မ နား က ကျုံမငေး က စက်ပိုင်ရှင် တရုတ်သူဌေး ဦးစစ်ကူး သား လေ ...” 


“ ကိုကြည်လင် က ပက်ပက်စက်စက် ကို စီးပွား ဖြစ်တာ ဆရာ ၊ ဆန်စက်အမတော်ကြေးတွေ လည်း သူ သိပ်ရ ၊  ဒီ ရန်ကုန် မှာ ဓာတ်ဆီဆိုင် ဆိုတာ သုံးခု တောင် ရှိတယ် ။ ပြီးတော့ အင်ပို့လိုင်စင် လည်း လုပ်တယ် ။ သူ့ ကုမ္ပဏီ က ကမ်းနားလမ်း မှာ ” 


“ ဪ ... ကိုယ် သတင်း ကြားမိတယ် ”  


“ ဒါကြောင့် မရွှေကြည် မာစီဒီ နဲ့ ဘာနဲ့ ဖြောင့် နေတာပေါ့ ” 


သူ ပြော လိုက်သည်မှာ ပေါ့ပါးသွက်လက် လိုက် သည့် ဖြစ်ခြင်း ၊ သူ က သွက်လက်ပေါ့ပါးစွာ ပြော သလောက် ကျွန်မ က ရင်လေး ၏ ။ ကိုကြည်လင် ကို ကျွန်မ သိ၏ ။ ကိုကြည်လင် ၏ လက်ထပ် မယားကြီး မီမီ မှာ ရန်ကုန်သူ ဖြစ်၏ ။ ကိုကြည်လင် တွင် အငယ် ကျွန်မ သိရ သလောက် သုံးယောက် ရှိသည် ။ သူတို့ တွင် အထည်ဆိုင်များ နှင့် အင်ပို့လိုင်စင် ဆိုင်းဘုတ် ရှိသည် ။ ကိုကြည်လင် သည် ငွေ ပစ် ပေးသည် နှင့် အမျှ သူ့ မိန်းမများ ဖောက်ပြန်လျှင် ပါး နာနာ ရိုတ်သည် ဟု ကျွန်မ သတင်း ကြားရ၏ ။


ဇာတိမြို့နားနီးချင်း ပင် ဖြစ်သော်လည်း အသွင်ချင်း မတူကြ၍ ၊ ကျွန်မ နှင့် ကိုကြည်လင် သည် မေးထူးခေါ်ပြော တွေ့သော အခါ နှုတ်ဆက် သည် က လွဲ၍ မရင်းနှီးကြပေ ။


“ ဒီ မနက် ... ဒီမှာ ထမင်း စားနော် ” 


“ မစားတော့ဘူး ၊  မင်း ဆီ လာ ချင်နေတာ ကြာပြီ ၊  မင်း စာတွေ ရေး နေတယ် ဆိုလို့ ကိုယ် က စာရေးဆရာတွေ ကို ချစ်တယ် ကွဲ့ ၊ ဟိုလေ ... ” 


သူ သည် စာရေးဆရာ တစ်ယောက် ၏ နာမည် ကို ကျွန်မ နား နား ကပ်၍ ဖွင့် ပြောလိုက်၏ ။


“ အေး ... သူ နဲ့ ကိုယ် ပျင်းတဲ့ အခါ တွဲ တယ် ၊  အရက်တစ်ခွက် တိုက် ရင် သူ ပြောတဲ့ စကားတွေ ဟာ တယ် လှတယ် ၊ ကိုယ် ကလည်း နားထောင် ချင်တယ် ၊ သူ နဲ့  ကိုယ် နဲ့ ဘက်ကျနေတာပေါ့ ” 


ခက်ကပြီ ၊  သူ က စာရေးဆရာ ကို သူ ၏ ပျော်တော်ဆက် ဟူ၍ သဘော ထားလေပြီ ။ ကျွန်မ စိတ် ထဲ တွင် ခင်စိန်ကြည် ၏ ပင်ကိုယ် အကျင့် မကောင်း သော်လည်း မိတ်ဆွေ လို တော့ ခင်သည် ။ ရာမာရှီတ က သူ့ ကို ပါး ရိုက်သွားသလို ၊ ခု တစ်ကြိမ် ကိုကြည်လင် က သူ့ ကို ပါး ထပ် ရိုက်မှာ စိုးသည် ။ ကျွန်မ သည် မိတ်ဆွေ ဝတ္တရား အတိုင်း ကြိုတင် သတိ ပေးရ ကောင်း မည်လား ။ အရိုက် ဖြင့် မခံရသေးဘဲ နှင့် ကျွန်မ က ဗေဒင် တွက် သလို ကြိုတင် ထား လျှင် မမဘုရား က ကျွန်မ ကို စိတ် ကောက်ချင် ကောက်မည် ။ ကျွန်မ တို့ မိန်းမများ မှာ ခပ်ရူးရူး သာ တည်း ၊  သူတို့ လင်သား အကြောင်း ကို သူတို့ နှင့် အဆင်မပြေ ဖြစ်စဉ် တွင် အရပ် ကူပါ လူ ထပ်ပါ အကူအညီ တောင်းကြသော်လည်း သူတို့ လင် နှင့် အဆင် ပြေသော တစ်နေ့ တွင် ကူညီခဲ့သူ ၊ ကြားဝင်၍ သနားခဲ့ သူ ကို ပင် ပြန် ရန်ထောင် တတ်သေး သည် ။


ယခု ကိစ္စမှာ သူ နှင့် ကိုကြည်လင် တို့ အဆင်ပြေဆဲ အခါ ဆိုတော့ ပို၍ ဆိုးသည် ။ ဖြစ်ခဲ့ပြီးသော သာဓက တွေ ထောက်ထား ၍ ဒီလို နေပုံ နှင့် ဆို လျှင် တစ်နေ့ ကိုကြည်လင် က ပါး ရိုက်လိမ့်မည် ဟု ကျွန်မ ကြို ပြော ရမှာ မခက်ပါလား ။


သို့သော် မိတ်ဆွေချင်း ချစ်လျှင် ဖြစ် လာမည့် အန္တရာယ် ကို ကြိုတင် ပြောရမည် မှာ ကျွန်မ တွင် ဝတ္တရား ရှိသည် ဟု လည်း ကျွန်မ တွက် မိသည် ။ ခုချိန်တွင် တော့ မာစီဒီ နှင့် စိန်ကြည် နှင့် ပဏာ စားနေ၏ ။ တော်ကြာ ကျ ခါ မှ “ စိန်ကြည် နှစ်ကြိမ်မြောက် ပါးရိုက် ခံရခြင်း ” အဖြစ် ရောက်လျှင် မသက်သာလှ ။


ဂျပန်ခေတ် တုန်း က ကျွန်မ တို့ လမ်း တွင် သီချင်း ဆိုသော သူငယ်လေးများ ကို ခေါ် လိုက်ချင်သည် ။  


“ စိန်ကြည် နော် ... စိန်ကြည် ၊ လင် ယူ ပက်စက်သည် ” 


ယခုတော့ ကျွန်မ စိတ် ထဲ မှ ထို သီချင်းကို ရွတ်ဆို မိ၏ ။ ခင်စိန်ကြည် သည် လောလော လတ်လတ် ဒီ မျက်မြင် လောက် ကိုသာ ကြည့် နေလျှင်တော့ ကြာလျှင် လမ်းပေါ် က စိန်ကြည် ဖြစ်တော့မည် ။  


“ ကြည်ကြည့် စိတ် ထဲမှာ အဲဒီ စာရေးဆရာ ကို တကယ် သာယာတယ် ဆိုရင် အတည် ယူကြပါလားကွာ ၊  .. မှုံ တော့ ဒီလို စခန်း သွားနေတော့ မကြိုက်ဘူး ၊  ကိုကြည်လင် မသိရင်တော့ ကောင်းသား ...” 


“ မင်း စာရေးဆရာ ကတော့ လည်း တခြား ကိုယ် ကြိုက်တာတွေ ကျ တော့ မပေးနိုင်ပြန်ဘူး ”

  

ကျွန်မ သည် သက်ပြင်း ချလိုက်၏ ။


“ အေးလေ ... ကိုယ့် မှာ တော့ ဝတ္တရား ရှိတယ် ကြည်ကြည် ၊ ဗေဒင် အတွက် စော လေခြင်းလို့ အပြစ် တင် ချင် တင် ၊  မင်း ကိုကြည်လင် သတင်း ကြား ဖူးမှာပေါ့ ၊  နာမည်တော့ အလွန် လှပဲ ၊ ပါး ရိုက်တဲ့ နေရာ မှာတော့ သူ လည်း ရာမာရှိတ နဲ့ သူ မသာ ငါ မသာ ပဲ ။ ကိုယ် က တော့ ပွင့်ပွင့်လင်းလင်း ပြော ပြရတာပဲ ၊  ကိုယ်တို့ မြို့က ခေါက်ဆွဲသည် သမီး မချွန်ကြည် လေ ။ မင်း သိ ချင်မှ သိမယ် ၊ သူ လည်း အရင်းအနှီးလေး ဘာလေး ထုတ်ပေးပြီး ယူ ထားတာပဲ ။ သူ က ရန်ကုန် က အပြန် နည်း လေတော့ အဲဒီ ကောင်မလေး က သူ နဲ့ ရွယ်တူလေး နဲ့ တွဲ တာပေါ့ ၊ ရိုက် လိုက်တာ မှ ပက်ပက်စက်စက် ပဲ ” 


ခင်စိန်ကြည် သည် ကျွန်မ မျက်နှာ ကို စူးစိုက် ၍ လေးလေးနက်နက် ကြည့် ၏ ။ သူ့ ပါးလေး ကို ဖြည်းညှင်းစွာ ပွတ်၏ ။ သို့သော်လည်း ဝေခွဲ မရနိုင်သလို ကျွန်မ ကို ကြည့် ပြန်သည် ။  


“ ကဲ ပါလေ ... ကိုယ် ပြောတဲ့ စာရေးဆရာ အိမ် ကို မသိဘူးလား ၊ ကြည် ချိန်းထား တဲ့ နေရာ ကို သူ မလာတာ နှစ်ခါ ရှိပြီ ” 


“ ဘယ် သိမလဲကွ ၊ တို့များ စာရေးဆရာတွေ က တစ်ယောက် နဲ့ တစ်ယောက် သာ သိတာ ၊  အိမ်ပေါက်စီ တော့ ဘယ် သိမလဲ ” 


“ ဘယ်သူတွေ က ဘာ ပြောပြော ၊ မွဲတယ် ပြော ပြော ၊ စာရေးဆရာ ပေါင် ဟာ ခေါင်းအုံး အိပ် လို့တော့ ကောင်းသား ” 


“ ဟယ် ... ”  


သူ့ စကားလုံး မှာ ကြမ်းလွန်း၍ ကျွန်မ လန့် သွားသည် ။


“ ပြီးတော့ နှင်းမှုန်အောက်မှာ ပန်းပွင့်လွှာတွေ ခြုံပြီး ဘာ ဖြစ်ရတာ ညာ ဖြစ်ရတာ ၊ သူ ပြောတာတွေ ကိုယ် လည်း ခပ်ထွေထွေ နဲ့ နား ထောင် ရတာ ကောင်းသား ၊ ကဲ  ... သွားမယ် မှုံ ... ၊ ကိုကြည်လင် ပါး ရိုက်တော့ မှပဲ ကိုယ် မင်း ဆီ ပြေး လာခဲ့ဦးမယ် မှုံ ”   


ပြောပြောဆိုဆို နှင့် သူ သည် သွက်လက်စွာ ထ , ပြေး ၍ မာစီဒီ ပေါ် တက် သွားတော့သည် ။  


ကျွန်မ အဖို့တော့ ကား ကို ကြည့်ရင်း  ... 


“ စိန်ကြည် နှစ်ကြိမ် မြောက် ပါး ရိုက် ခံရခြင်း ဘဝ မရောက်ပါစေနှင့် ” 


ဟု ဆုတောင်း ရပါ သတည်း ။ 


______________________


ခင်နှင်းယု


ကြာတော၌ ရွာသောမိုး


#ကိုအောင်နိုင်ဦး


.

Monday, August 29, 2022

လူ့ပြည် ဆိုသည် မှာ


 

❝  လူ့ပြည် ဆိုသည် မှာ ❞

လင်မယား ဆိုသော်လည်း ... တစ်ယောက် အကြောင်း တစ်ယောက် နှစ်ပေါင်း လေးဆယ် ကျော် ပေါင်းသင်း လာပြီး မှ သိ ရသည် ဆိုသည် မှာ အံ့သြစရာ ကောင်းသည် ဟု အများ က ထင် ကြပေလိမ့်မည် ။ 

သို့သော် ကျွန်တော့် အဖို့ အသက် နှစ်ဆယ် က လက်ထပ် ခဲ့သော ကျွန်တော့် ချစ်ဇနီး အကြောင်း ကို ကျွန်တော် ခုမှပင် သိရတော့သည် ။

သူ သည် ချစ်ဖို့ ကောင်းသော မိန်းကလေး ဖြစ်သောကြောင့်ပေလား မသိ ၊ သူ့ အမည် မှာ “ မချစ်ဖို့ ”  ဖြစ်လေသည် ။ ကိုယ် မှာ ခပ်လုံးလုံး နှင့် ဖြူဖြူဖွံ့ဖွံ့ ကိုယ်လုံး မျိုး ဖြစ်ပေသည် ။ မျက်ခုံး မှာ မထူလှသော်လည်း အသား ဖြူ သောကြောင့် သူ့ မျက်ခုံးနက်များ သည် ထင်ရှားနေ၏ ။ 

မချစ်ဖို့ အပျိုခေတ် က အပျို လုပ်ရသည် မှာ ငွေကုန်ကြေးကျ သက်သာသည် ဟု ဆိုရပေမည် ။ ပဒုမ္မာအင်္ကျီ ကို အလွန်အကျွံ အလှပြင် ပါ မှ ဇာနား တတ် ခြင်း ၊ စက်ပန်း နှင့် လက်ဖျား ရော ရင်စင်း ပါ ဇာထိုး ဝတ် ကြသည် က လွဲ ၍ လုပ်စရာ မရှိပါပေ ။ အလွန်ဆုံး  ပါး နိုင် မှ “ မယ်ညို ” ပဒုမ္မာ သည် အပါးဆုံး ခေတ် အဆန်းဆုံး ဖြစ်သည် ။

မယ်ညို ပဒုမ္မာခေတ် က လည်း မချစ်ဖို့ သည် မယ်ညို ကို မဝတ် ၊ ပတ္တလား သို့မဟုတ်  ရွှေခေါင်းလောင်း တံဆိပ် တစ်အုပ် ကို လေးကျပ်ခွဲ ငါးကျပ် တန် လောက် ကို သာ သူ ချုပ် ဝတ်ပေသည် ။ ချုပ်ပါလျှင်လည်း တစ်အုပ် လုံး မချုပ် ၊ တစ်နှစ် ကို မှ ပဒုမ္မာအုပ်ဝက် ဘော်လီငါးထည် ဆို လျှင် မချစ်ဖို့ အတွက် လုံလောက်ပေပြီ ။

သရက်ထည် လုံချည် ဆယ်ထည် ကို ဖောက်သည်ဈေး ငါးကျပ်တန် များ ကို အိမ် နေရင်း ဝတ်ဖို့ အတွက် ဆယ်ထည် သူ ဝယ်ထားလျှင် တစ်နှစ် ၊ နှစ်နှစ် လောက် မချစ်ဖို့ သည် အသစ် မဝယ်တော့ ။ ထသွား လာသွား အတွက် သာ တိုဘရယ်ကိုး လုံချည် သုံးလေး ထည် ဝယ်၍ ထားပေသည် ။

ကျွန်တော် နှင့် ရပြီး ကျွန်တော် သည် သူ့ ကို စောင့် ကြည့်၏ ။ အင်္ဂလိပ်ခေတ် တစ်လ တစ်ရာ ခန့် ရသော ကျွန်တော့် လို အင်္ဂလိပ်ကျောင်း  ၊ ဆရာ တစ်ယောက် အတွက် မချစ်ဖို့ ကို ကောင်းကောင်း ထား နိုင်ပါသည် ။

“ မချစ်ဖို့ ကို ဝယ်လာတာတွေလေ ”

ကျွန်တော် သည် ရိုး မှ ပိုးတွန့်လုံချည် ဆန်းဆန်း တစ်ထည် နှစ်ထည် ပိုးတွန့်အင်္ကျီများ ဝယ် လာလျှင် မချစ်ဖို့ သည် မျက်စိမျက်နှာ ပျက် နေလေသည် ။

“ ကို ရယ် ... ချစ်ချစ် ဝတ်ဖို့ ဘာတွေလဲ ဆိုတာ ချစ်ချစ် ဘာသာ နားလည်ပါတယ် ။ ကို ဘာမှ မဝယ်ပါနဲ့ ... ကို့ အတွက်သာ ကိုယ် ဝယ်ချင် စိတ် ရှိရင် ဝယ် ”

ကျွန်တော် က လည်း .. မချစ်ဖို့ ဝယ် ပေးမှသာ ဝတ် တတ်တော့သည် ။

ထမင်းစားချိန် ကို ကျွန်တော် သတိထား ကြည့်၏ ။ ကျွန်တော့် အတွက် အသားဟင်း ကောင်းကောင်း တစ်ခွက် ချက်သည် မှ လွဲ၍ သူ သည် ပုစွန်ဆိတ် နှင့် ဘူးသီးကြော်ချက် ၊ မျိုးကောင်း တစ်ရာ ပါ သော ငါး ဆိုသည့် ငါးဘဲဖြူ ၊ ငါးသံချိတ် စသော ငါးလေးဆီပြန်မျိုး နှင့် အိမ် တွင် သူ ကိုယ်တိုင် ထည့်သော  သရက်သီး ဆားစိမ်လောက် နှင့် ပင် စား တော့သည် ။ ကျွန်တော့် ရင်ထဲ တွင် ချစ်ချစ် သည် ထိုမျှ ခြစ်ခြစ် ခြုတ်ခြုတ် လုပ်ဖို့ မလို ဟူ၍ ...  ထင်ပါသည် ။ 

ကျွန်တော်တို့ လို မြစ်ဝကျွန်းပေါ် တွင် အင်္ဂလိပ်ခေတ် ပုစွန်သား ငါးဈေး မှာ အလွန် ပေါသည် ။ တော်သလင်း လောက် များ ဆိုလျှင် ပုစွန် တစ်ပိသာ တစ်မူး ဆယ်ပြား အထိ ဈေး ကျ သွားတတ်၏ ။

“ ချစ်ချစ်  ... ကိုတို့မှာ သားသမီး လည်း မရှိဘူး ၊ ချစ်ချစ် နေတာ ၊ စားတာ ၊ သောက်တာ ဟာ မလွန်လွန်း ဘူးလား ... ချစ်ချစ် ဘယ်သူ့ အတွက် ဒါလောက် ငွေ စုနေတာလဲ ” 

ချစ်ချစ် ကား ပြုံး ၍ နေပါသည် ။

' ချစ်ချစ် ငွေ စုတာ ဘယ်သူ့ မှ မထိခိုက်ရင် ပြီးတာပဲ မို့လား ကိုရယ် ...  ။ မလှူရက် မတန်းရက် မပေးကမ်း ဘဲ စု တာမျိုးမှ မဟုတ်ဘဲ ... ' ဟု သူ က ဆိုပါသည် ။ မှန်ပါသည် ။ ကျွန်တော်တို့ ရပ်ရွာထုံးစံ အတိုင်း သာရေး နာရေး ဖြစ်ဖြစ် ရပ်ရွာ အတွက် စာ ကြည့်တိုက် ၊ လမ်းပြင် ၊ ကျောင်းပြင်ရန် ကိစ္စများ တွင် လည်း ချစ်ချစ် သည် ကျွန်တော် မျက်နှာ မငယ်ရအောင် ငွေ ကို သူများနည်းတူ ထည့်ဝင် ကူညီ တတ်ပါသည် ။

သို့သော်လည်း သူ ကိုယ်တိုင် တော့ ငါးသေးငါးမွှားလေးများ စား ကာ လုံချည်အင်္ကျီ အပေါစား များ ဝတ်၍ ငွေ စုနေသည် ကို ကျွန်တော် မကြည့်ရက်ပါပေ ။ ဖေဖေ တို့ မေမေ တို့ ကမူ သူ တို့ ရှာပေးသော ချွေးမ ၏ စနစ်ကျပုံ ၊ ငွေစုပုံ ကို ကျွန်တော် နှင့် တွေ့တိုင်း ဂုဏ်ယူ ချီးကျူးပါသည် ။ စင်စစ်မတော့ သူတို့ ဂုဏ်ယူမည် ဆိုလျှင်လည်း ဂုဏ်ယူ ထိုက်ပါ သည် ။ ကျွန်တော့် အနေနှင့် လည်း ချစ်ချစ် ကို မကျေနပ်၍ သာ မကျေနပ် ဘူး ပြော ရသည် ။ အပြစ် က လည်း ရှာ၍ မရပါပေ ။ သူတစ်ပါး ကို မထိ ခိုက်သော ငွေစုနည်း ကို ကျွန်တော် ဘယ်လို လုပ်၍ အပြစ် ပြောရပါမည်နည်း ။ သို့သော် ရင်ထဲ မှာမူ မကျေနပ်ပေ ။

နှစ်ဖက်မိဘများ သည် ကျွန်တော် တို့ ကို အားကိုးကြဖို့ မလိုပေ ။ သူတို့ ဘာသာ အေးအေး  နေထိုင် နိုင်ကြသူများ ဖြစ်၏ ။ သီတင်းကျွတ် လျှင် “ ကို - ကို့ မိဘတွေ ကို ကြိုက်တာ နဲ့ ကန်တော့ နော် ... ကိုယ် ကြိုက်တာ ဝယ် ၊ ဖေဖေ တို့ မေမေ တို့ ဖို့ပါ တစ်ခုစီ ပို ဝယ်ခဲ့ ”

ကျွန်တော့် မိဘ နှင့် တန်းတူ သူ့ မိဘ ကိုလည်း သူ ကန်တော့ပါသည် ။

တစ်နှစ်ပြည့်သော အခါတွင်မူ သူ သည် ကျွန်တော့် ကို လက်ဝါး ဖြန့် ခိုင်းပါသည် ။ ကျွန်တော် လက်ဝါး ဖြန့် လိုက်သော အခါတွင်မူ သူ သည် အိတ်ဖြူလေး တစ်လုံး ကို ကျွန်တော့် လက် ပေါ် သွန် ချပါသည် ။ အိတ် ထဲ မှ ရွှေဒင်္ဂါး တစ်ဆယ့်ငါးပြား ကျ ၍ လာပါသည် ။ ဟိုခေတ်က ရွှေဒင်္ဂါး တစ် ပြား ကို တစ်ဆယ့်ငါးကျပ် ဈေး ရှိ၏ ။

“ ဒါတွေ ဘာလုပ်ဖို့လဲ ချစ်ချစ် ရယ် ”

“ ချစ်ချစ်တို့ အိမ် ဆောက်ရမယ်လေ ... ခု နေရတာ သူများ အိမ် ငှား နေရတာ မို့ လား ”

“ ဪ ... ဖေဖေ တို့ သေရင် တို့များ အဲဒီ အိမ်တွေ အမွေ ရမှာပဲ ဟာ ချစ်ချစ် ရာ ၊ မစားရက်  မသောက်ရက် မစုစမ်းပါနဲ့ ”

“ ကိုယ် ဟာ အတော် ခက်တာပဲ ” 

သူ က ညည်းပါ၏ ။

“ မခက်နဲ့ လေ ... တော်ကြာ ခင်ဗျား တော့ သေရင် အဲဒီ ရွှေဒင်္ဂါး တွေ စွဲ ပြီး ဥစ္စာစောင့်မကြီး ဖြစ် တော့မယ် ”

ကျွန်တော် က ပြောင်သလိုလို ပြော လိုက်လျှင် သူ သည် ချစ်ဖွယ် ကောင်းအောင် ပင် ရယ်မော တတ်ပါသည် ။

ကျွန်တော် က သာ သူ့ ကို ဥစ္စာစောင့်မကြီး ဖြစ်မည် ။ ဘာညာ ပြောရ သော်လည်း ကျွန်တော် တို့ လက်ထပ်ပွဲ ဆယ်နှစ် မြောက်သော နေ့ တွင် မူ ကျွန်းပျဉ်ထောင် ကာ သော လေးပင်သုံးခန်း နှစ်ထပ်အိမ်ကြီး ပေါ် သို့ ပြောင်းရွှေ့ ရသောအခါ ကျွန်တော် အလွန် ပျော်ပါသည် ။ ကျွန်တော် သည် သူ့ ကို ပွေ့ယူကာ လက်ထပ်သော ညဉ့်ဦး က လို ပင် လှိုက်လှိုက်လှဲလှဲ နမ်း ရှုံ့လိုက်ပါသည် ။ သို့သော် ယခင်က အနမ်း က ချစ် ၍ သက်သက် နမ်း  ခြင်းတည်း ။ ယခု အနမ်းကား ကျေးဇူး တင်ခြင်းပါ စွက်ဖက်ရောနှော ၍ နမ်း ခြင်း ဖြစ်ပါ၏ ။ 

မချစ်ဖို့ သည် နှစ် ကြာလာသောအခါ ပို၍ပင် ချစ်ဖို့ ကောင်းလာ ပါသည် ။ သို့သော် မချစ်ဖို့ ပုံစံက မပြောင်းပေ ။ အရင်လိုပင် ပဒုမ္မာထူထူ သို့မဟုတ် ပင်နီချောများ ကို ဝတ်မြဲပင် ဖြစ်၏ ။ သူ ၏ သရက်ထည် ဆယ်ထည် ငါးကျပ်တန် က လည်း  ဝတ်မြဲ ပင် ဖြစ်ပေသည် ။ အိမ်သစ် ကို ရောက် ရပြန်တော့ လည်း သူ့ မှာ ကြမ်း တိုက်ရသည့် အလုပ် ပို လာပါသည် ။ အိမ် ကျယ်ဝန်းသည် နှင့် အမျှ အိမ်ထောင် ပရိဘောဂများ ၊များပြား လာသည် ။ အလှ ပြင်ရသော အလုပ် ၊ ဖုံ သုတ်ရသော အလုပ် မှာ လည်း ချစ်ချစ် အတွက် ပို လာတော့သည် ။ သူ့ ကိုယ် ဝတ်စား ဖို့ ကိုသာ ချွေတာ သည် ။ အိမ် အလှ ပြင်ရန် အတွက် ဇာခန်းဆီး အပြာနုများ ၊ ငွေပန်းအိုးနှင့် ဖန်ပန်းအိုးများ ကို မူ ချစ်ချစ် သည် ဝယ်ယူရန် မနှမြောပေ ။ လူ တွင် ကိုယ် ကြိုက်သော ဝါသနာလေးများ တစ်ခု စီ ပါ ကြစမြဲ ပင် ဖြစ်၏ ။

“ ကို တော့ မသိဘူး ၊ ချစ်ချစ် တော့ အလုပ်ပင်ပန်းပြီး နားချိန် ရောက်ရင် ရေမိုးချိုး အဲဒီ ကြမ်းပြောင်ပြောင် အိမ်လေး မှာ လေ ... ခန်းဆီးလေး က လေ ထဲ တလွင့်လွင့် နေပြီး ၊ ငွေပန်းအိုး ထဲ က ပန်းတွေက များ မွှေး နေတာ မြင် ရ ၊ ရှူ ရရင် သိပ်ပြီး စိတ် ချမ်းသာတာပဲ ... ”

မရွှေချစ် စိတ်ချမ်းသာ လျှင် ကျေနပ်ပါပြီ ။ ဒီလိုမှ သူ့ မှာ စိတ် ချမ်းသာ ကွက်ကလေး ၊ အရသာခံ ကွက်ကလေး တစ်ကွက် မရှိဘူး ဆိုလျှင် သူ လူ ဖြစ်ရသည့် ဘဝ ကို ကျွန်တော် ကြား ထဲက အတော် နှမြောမိပေသည် ။ အဘယ်ကြောင့်ဆိုသော် ချစ်ချစ် သည် သူ့ အတွက် “ ဇိမ် ”  ကွက်ကလေး တစ်ကွက် ရအောင် လူ့ ပြည် တွင် မနေတတ်သောကြောင့်တည်း ။ 

သို့သော် ကျွန်တော် ကတော့ အပြော မလျော့ပါပေ ။

“ ကဲ ... ဒေါ်ရွှေချစ် ခင်ဗျား နေချင်တဲ့ အိမ်လည်း ရပါပြီ ၊ ခုထိ ငါးသေးငါးမွှားစား ၊ အင်္ကျီ ထူလဗျစ်ကြီး ဝတ် နေဦးမှာလား ”

သူ က ကျွန်တော့် ကို ပြန်လည်၍ မချေပ ၊ ရယ်၍ ပင် နေပါသည် ။

ကျွန်တော်တို့ လက်ထပ်ပွဲ အနှစ် နှစ်ဆယ်မြောက် ၊ အသက် အား ဖြင့် လေးဆယ် လောက် တွင် ဂျပန်ခေတ် ကို ကြုံ ကြရပါသည် ။ သို့သော် ဂျပန်ခေတ် ၅ နှစ် သည် ကျွန်တော်တို့ အတွက် ဒုက္ခ မဖြစ်ပါပေ ။ မရွှေချစ် ၏ ပင်နီများ သည် ဂျပန်ခေတ် တစ်ခေတ်လုံး ဝတ် မကုန်ပါပေ ။ သူ တကာများ မှာ သန်းကြီးမ တို့ ပေါက်ဖွား ရာ ချည်အလုံးကြီး နှင့် ယက်ရ သော ဖျင်ကြမ်းလုံချည်များ ၊ ဖျင်ကြမ်းအင်္ကျီများ ကို ဝတ် ရချိန်တွင် ကျွန်တော် သည် ပလေကပ်လုံချည်များ ကို အိမ် နေရင်း အေးအေးလူလူ ဝတ် နေနိုင်၏ ။

ထိုအခါ ကျ မှ ကျွန်တော် သည် ဖျင်ကြမ်းလုံချည် ကို ပင် မဝတ်နိုင် သော လူ နု တစ်ယောက် မှန်း ကိုယ့် ကိုယ် ကို သတိထား မိပါသည် ။ ဂျပန် ခေတ် ၏ အနိဋ္ဌာရုံ များ တွင် သန်းကြီးမ ကိုင်းထ နေသော ဝဲနာများ သည် ကျွန်တော့် အတွက် မမြင်မရှု နိုင်သော မြင်ကွင်း များ ဖြစ်၏  ။ ဗုံးကျ ၍ သေလိုက်ချင်သေးသည် ။ ကျွန်တော် သည် သန်းကြီးမ အကိုက် ခံ၍ ဝဲ မပေါက် ချင်ပါ ။

ထို တစ်ကြိမ် တွင် လည်း ကျွန်တော် သည် ကျွန်တော် ၏ မချစ်ဖို့ ကို ချစ် မိပြန်သည် ။ 

“ ဒီတစ်ခါတော့ သိပ် ကို ကျေးဇူးတင်တာ ပဲ ချစ်ချစ် ရယ် ၊ နို့မို့ရင် ကိုယ် တော့ လား ဒီ သန်းကြီးမ အိမ် ဖွဲ့ ကောင်း တဲ့ ဖျင်ကြမ်းလုံချည်တွေ ဝတ် ရမှာ ”

မချစ်ဖို့ က ပလေကပ်လုံချည် အသစ် တစ်ထည် ချုပ် ပေးတိုင်း ကျွန်တော် က သူ့ ကို ကျေးဇူးတင် စကား ဆိုရပါ၏ ။ သူ သည် အင်္ဂလိပ် ခေတ် က လိုလိုမယ်မယ် စုဆောင်း သိုသိပ်ထားသော တယောစွပ်ကျယ် များ ၊ ပလေကပ်လုံချည်များ သေတ္တာ တစ်လုံး ပြည့်လုလု ကို ကျွန်တော့် အား ထုတ် ပြပါသည် ။

ယခင် က လိုတော့ တစ်နှစ် ကုန်တိုင်း ရွှေဒင်္ဂါးများ ထုတ်၍ ထုတ် ၍ ကျွန်တော့် ကို မပြတော့ပါ ။

သို့သော် ဂျပန်ခေတ် ကုန်ခါနီး တွင် မူ သူ ကျွန်တော့် ကို တိုင်ပင်၏ ။

“ မြို့ပြင် နား က တိုက်ခံအိမ်ကလေး ဝယ် ရအောင် ကို ရယ် ၊ မြေ က တစ်ဧက နီးနီး ရှိတယ် ”

ကျွန်တော် သည် မချစ်ဖို့ မျက်နှာ ကို စူးစိုက် ကြည့်၏ ။

“ ကိုယ် က ချစ်ချစ် မှာ ငွေ မရှိဘူး ထင်လို့လား ၊ ချစ်ချစ် ရွှေဒင်္ဂါး တချို့ ကို ဂျပန်ငွေ နဲ့ ရောင်းပြီး စပါး ဝယ်တယ် ၊ ဖေဖေ့ တပည့် ကိုလှ က ဆန်ခွဲ ပြီး အညာ သွားရောင်းပေးတယ် ။ သူ့ အတွက်လည်း ပေးပြီး သား ၊ ချစ်ချစ် ငွေ ပြန်ရပြီ ၊ ကို့ ကို တိုင်ပင် လုပ်ရင် ချစ်ချစ် ရယ် ဘယ်သူ့ အတွက် အပင်ပန်း ခံ ရတာလည်း နဲ့  ကို က ဆို ဦးမှာ ”

ကျွန်တော် သည် ဂျပန်ခေတ် တွင် လည်း ပရိုက်ဗိတ် ကျောင်းဆရာ လုပ် ကာ ... ဂျပန်ခေတ် ဝင်ငွေ နှင့် ချစ်ချစ် ကို ရှာ ကျွေးလာခဲ့သူ ဖြစ်၏ ။ ယခုလို ချစ်ချစ် တစ်ဖက်မှ နေ၍ သူ့ အဖေ နှင့် ပေါင်းကာ ငွေ ရှာနေသည် ကို ကျွန်တော် မသိပါ ။ သူ လိုချင်သော တိုက်ခံအိမ် မှာ ဂျပန်ခေတ် ငွေ နှင့် ခေတ်နှောင်းပိုင်း တွင် နှစ်သောင်း ကျော် သုံးသောင်း နီးနီး ခန့် ကျ ပေ မည် ။

“ ဒီ အိမ် ရှိပြီပဲ ချစ်ချစ် ရယ် ... ချစ်ချစ် တိုက် နဲ့ နေချင်လို့လား ...  ၊ ချစ်ချစ် မှာ လိုချင်တဲ့ ဒုက္ခ ကြောင့် အစား ချွေရတာ ၊ အဝတ် ချွေ ရတာ နဲ့ ကိုယ် က ချစ်ချစ် ကို မြင် ရတာ စိတ် မချမ်းသာလို့ပါ ”

“ ကိုယ် ကလဲ နော် ၊ ဒါပဲ ပြောတာပဲ ၊ ချစ်ချစ် ငယ်ငယ် က အကျင့်  ပဲ ဟာ ၊ တိုး ထူးပြီး ချွေတာ နေ ရတာ မှ မဟုတ်ဘဲ ။ ချစ်ချစ် က ခြံလေး နဲ့ နေ ချင်လို့ ၊ ဒီ အိမ် က မြို့ထဲ မှာ ဆိုတော့ မြေပို သိပ်မကျန်ဘူး ကိုယ် ရဲ့ ၊ သစ်ပင်ပန်းပင်လေးတွေ စိုက် ချင် ချင်သေးတယ် ”

ကျွန်တော် သည် သူ့ ဆန္ဒကို လိုက်လျော လိုက်၏ ။ မလိုက်လျော နိုင်စရာ အကြောင်း က လည်း မရှိပါပေ ။ ကျွန်တော် ရှာဖွေကျွေးသည် ဆို ပေမယ့် သူ့ ဘာညာ ငွေစု ၊ ထို ငွေ ကို တိုးပွားအောင် လုပ်ကာ သူ ဝယ်ချင် ခြမ်းချင် သည် ကို ကျွန်တော် ကန့်ကွက် ဖို့ မလိုပါပေ ။

စောစောက ကျွန်တော် ပြောခဲ့ သလိုပင် သူ စစ်ကုတ် ချွေတာ အနစ်နာ ခံခြင်း အတွက် သူ့ သာယာမှု တစ်ကွက် အတွက် ကျွန်တော် ကလည်း လိုက်လျောသင့်သည် ဟု ကျွန်တော် ထင်ပါသည် ။ 

ကျွန်တော့် အသက် လေးဆယ့်ငါးနှစ် တွင် စစ် ပြီး သွားပါသည် ။

စစ်ပြီးချိန် တွင် ကျွန်တော်တို့ လင်မယား နှစ်ယောက် သည် နှစ်ထပ် တိုက်ခံ အိမ်လေး တွင် အေးအေးချမ်းချမ်း နေ ကြရပေသည် ။

ထိုတိုက်ခံအိမ် ရောက်မှ မာလီတစ်ယောက် နှင့် အိမ်ဖော်မိန်းကလေး တစ်ယောက် ကို ချစ်ချစ် ငှားတော့သည် ။

ဆောင်းဦး ရောက်လျှင် ချစ်ချစ် စိုက်သော ပန်းပွင့်လေးများ သည် အစွမ်းကုန် ပွင့် ကြသည် ။ ကျွန်တော် သည် ကျောင်းဆရာ လုပ်မြဲ ပင် လုပ် ၏ ။ ညနေတိုင်း ရောက်လျှင် ကျွန်တော် ထိုင်နေသော ကုလားထိုင်ဘေး တွင် ပန်းရောင်စုံလေးများ ပွင့် ကြသည်ကို ကျွန်တော် မြင်ရသော အခါ အလွန် စိတ်ချမ်းမြေ့ ၍ သွား ပါသည် ။ 

ချစ်ချစ် သည် အရွယ်အားဖြင့် ယခင် ချစ်ချစ် မဟုတ်တော့ ဒေါ်ချစ်ဖို့ ဖြစ် နေပေသည် ။ အသက် လေးဆယ် ကျော် သွား ၍ ကိုယ်ရေ စစ် သွားသော်လည်း ဖျတ်လတ်ပုံ မှာ ငယ်ငယ်တုန်း က လိုပင် ဖြစ်၏ ။ လှပသော ပန်းခိုင်လေးများ ကို ဖြတ်တောက် ၍ ခြင်းတောင်း ထဲ တွင် ထည့် နေသည် ။ သူ ညနေ စောင်း လျှင် ဘုရားပန်းအိုး လဲ မည် ဖြစ်သည် ။ ဘီး ကျော်ပတ် ဆံပင် ကို ပတ်၍ အိန္ဒိယ ဖြစ် ရှန်သားတစ်ကိုက် နှစ်ကျပ်ခွဲ သုံးကျပ်တန် နှင့် ဟန် ကလည်း ခုထိ မပျောက်သေးပေ ။ တရုတ် နှင့် ဂျပန် က လာသော ထဘီ တစ်ကိုက် နှစ်ကျပ် နှစ်ကျပ်ခွဲ တန် က လည်း သူ့ ခါး တွင် ရှိမြဲ ဖြစ်၏ ။ ကျွန်တော် သည် တစ်ခါတစ်ရံ သူ့ ကို နောက်  ၍ နှစ်ကျပ်ခွဲတန် မချစ်ဖို့ ဟူ၍ နောက်ပြောင် ခေါ်ပါသည် ။ သို့သော် သူ့ မျက်နှာ သည် ယခင် လို ပင် အေးချမ်း၍ ယခု လို ပင် ချစ်ဖွယ် ကောင်းနေသေး သည် ။

တစ်ညနေတွင် မူ ... ကျွန်တော် နှင့် ရန်ကုန် တွင် ကျောင်း နေဘက် မိတ်ဆွေ တစ်ယောက် ကျောင်း ကို ပေါက် လာသည် ။ သူ သည် ရန်ကုန် တွင် စားရိတ် ကြီးလွန်း ၍ ကျွန်တော်တို့ မြို့သို့ ပြောင်း လာကြောင်း ။ ယခု အရှေ့ ပိုင်း တွင် အိမ်ငှား နေကြောင်း ပြောပြ၏ ။ ကျွန်တော့် အိမ် ကို မသိ၍ ကျောင်း လိုက် လာကြောင်း ပြောပါသည် ။ သူ့ အမည် ကိုကျော်မြင့် ဖြစ် ပါသည် ။ 

“ ကိုဖေအောင် ရှိတယ် ဆိုတာ သာ သိ တာ ။ အိမ် တော့ ကျွန်တော် က မစုံစမ်းမိဘူး ၊ ဒါနဲ့ ကျောင်း လိုက်လာတာ ”

ကျွန်တော့် မှာ သူငယ်ချင်း ကို တွေ့၍ အလွန် ဝမ်းသာပါသည် ။

“ ဒီလိုလုပ် ကိုကျော်မြင့် ရေ ... ခင်ဗျား အိမ် ကျွန်တော် ကျောင်း ဆင်း လိုက် လည်မယ် ၊ ပြီးတော့ ကျွန်တော့် အိမ် ကို တနင်္ဂနွေ တစ်နေ့ လာ လည် ပေါ့  ။ ခင်ဗျား မိန်းမ ရော ကလေးတွေ ရော ထမင်းပါ စားတာပေါ့ ” 

ကျွန်တော် သည် သူငယ်ချင်း ကို ထမင်းစား ဖိတ်လိုက်၏ ။ ညနေ တွင် မူ ကိုကျော်မြင့် ပြောင်း လာသည် ဆိုသော အိမ် ကို လိုက် သွားပါသည် ။ ရန်ကုန် တွင် သာ ဥက္ကလာပ ၊ သာကေတ တို့ ရှိသည် မဟုတ်ပေ ။ ကျွန်တော်တို့ မြို့ အရှေ့ပိုင်း တွင် လည်း တော မှာ ရွာ ပျက် ၍ ပြေး လာသော သူ များ အတွက် တာကြီးပိုင်း တွင် နေရာ ချထားသော ရပ်ကွက် ရှိပေသည် ။ ကိုကျော်မြင့် ရသော အိမ် မှာ ထို ရပ်ကွက် ထဲ မှ အိမ် တစ်လုံး ဖြစ် လေသည် ။

ကျောင်းများ ပိတ် ကာ နီး၍ ဆောင်းရာသီ နှောင်း လာသောကြောင့် အပူရှိန် မှာ ပြင်း လာချိန် ဖြစ်၏ ။ ကိုကျော်မြင့် အိမ် မှာ သွပ်မိုး ၊ ကြမ်းခင်း ၊ ထရံ ကာ အိမ် ဖြစ်သည် ။ အိမ် မှာ တစ်ထပ် အိမ် ဖြစ်၍ ပူ လိုက်သည်မှာ လွန် ပါ ရော ၊ ကလေးများ ကလည်း ပုစုခရု နှင့် ဆူ လိုက် ဆော့ လိုက် ကြသည်မှာ  ၊ သူ့ အိမ်လေး သိမ့်သိမ့် တုန် သွားမတတ် ဖြစ်ပါသည် ။ မိန်းမ ဖြစ်သူ မှာ မချစ်ဖို့ လောက် ပင် အသက် မကြီးသေးသော်လည်း နို့ပျဉ်းကျကျ နှင့် အတော် အိုစာ နေပါသည် ။ သူ သည် စေတနာ တော့ အတော် ကောင်းသော မိန်းမ တစ်ယောက် ဖြစ်ဟန် တူပါသည် ။ ကျွန်တော် ရောက်လျှင်ပင် ကော်ဖီ နှင့်   လက်ဖက်ပန်းကန် လာ ၍ တည်ပါသည် ။ 

“ ကိုဖေအောင် နဲ့ တွေ့ရတော့ မှ အား ရှိတော့တယ် ။ ရန်ကုန် မှာ တစ်ခါ တွေ့ပြီး ကတည်း က မတွေ့ရတော့ဘူး နော် ”

သူ့ခမျာ အာလ္လာပသလ္လာပ စကား ဆိုရင်း ရစ်ဝဲ လာသော ယင်ကောင် များ ကို ယပ်တောင် တစ်လက် ဖြင့် ခတ် ပေးရှာ၏ ။ ယင်ကောင်များ ပေါ ရ သည့် အထဲ ထမင်းလုံး နှင့် ကြက်သွန်ပုပ်များ ရော၍ နေသော မြောင်းပုပ်နံ့ က တစ်ချက် တစ်ချက် ဝှေ့၍ လာသောအခါ ကျွန်တော်သည် မူးညှီညှီ ဖြစ် လာပါသည် ။ လက်ဖက် ကိုလည်း မစားချင် ၊ ချွေးစီးများ လည်း ပြန် လာပါတော့သည် ။

နောက် တနင်္ဂနွေ တွင် ကျွန်တော် တို့ အိမ် သို့ ထမင်း လာ စားဖို့ ကျွန်တော် ကိုယ်တိုင် လာ ခေါ်မည့် အကြောင်း လင်မယား နှစ်ယောက်စလုံး ကို ဖိတ်ခေါ် ကာ ပြန် လာခဲ့ရပါသည် ။ အိမ် ရောက်လျှင် နှစ်ကျပ်ခွဲတန် ရှန်သား နှင့် ပင် သနပ်ခါးရေကျဲ လူး ကာ ကျွန်တော့် မချစ်ဖို့ သည် ကျွန်တော့် ကို ကြို ပါသည် ။

ကျွန်တော် သည် တိုက် ထဲ ရောက်လျှင် မချစ်ဖို့ ကို အိပ်ခန်း ထဲ သို့  ဆွဲ ခေါ် သွားပါသည် ။ မချစ်ဖို့ သည် မျက်လုံးလေး ကလယ်ကလယ် နှင့် ကျွန်တော့် အပြုအမူ ကို နား မလည်ဘဲ အိပ်ခန်း ထဲ သို့ လိုက် လာပါသည် ။

ကျွန်တော် သည် သူ့ ကို ဆွဲယူ ပွေ့ကာ သနပ်ခါးရနံ့ သင်း နေ သာ ပါးပြင် အား လက်ထပ်သော ညဉ့်ဦး က လို ပြင်းပြစွာ နမ်းရှုံ့ လိုက် သည် ။

“ ဟော့တော့ ... အဲဒါက ဘယ်လို ဖြစ်တာလဲ ” 

မချစ်ဖို့ က ရယ်ရတော့ မလို ပြုံးရတော့ မလို မျက်နှာထား နှင့် ကျွန်တော့် ကို မေးတော့သည် ။ မှန်၏ ။ အသက်များ ပင် ၅၀ ကျော် ကာ မှ ငယ်မူ ပြန်သော လူပျိုပေါက်စ လို ကျွန်တော် ၏ အပြုအမူ ကို မချစ်ဖို့ သည် အံ့ဩ နေပေတော့မည် ။

“ ကျေးဇူး တင်လွန်းလို့ပါ ချစ်ချစ် ရယ် ... ချစ်ချစ် သာ တကယ်လို့ မစီစစ်ရင် ကိုယ် တို့ လေ ခုလို အရွယ်မှာ ဒီလို အေးအေးချမ်းချမ်း နေနိုင် ၊ မှာ မဟုတ်ဘူး ။ ဒီနေ့ ကိုယ့် ရဲ့ သူငယ်ချင်း ကိုကျော်မြင့် ပြောင်းလာလို့ တာကြီးပိုင်း သွား လည်တယ် ၊ တက တည်း ကွာ ယင် က ပေါ ၊ ကလေး က ဆူ ၊ မြောင်းပုပ်နံ့ က နံ နဲ့ ကိုယ် ဖြင့် စကား ပြောရင်း အံချင် သလို ၊ ခေါင်းခဲ သလိုလို ချွေးစီးတွေ က လည်း ပြန် လာတာပဲ ခုမှပဲ လမ်း လျှောက် စဉ်း စားရင်း ချစ်ချစ် လုပ်သမျှတွေ ဟာ ငါ့ ဘို့ ပါလား တွေး ပြီး ကျေးဇူးတင် လာ လို့ ”

“ ဪ ...  ဖြစ်မှ ဖြစ်ရလေ ကို ရယ် ”

မချစ်ဖို့ ကား သူ့ ဟန် ရိုးရိုးလေး နှင့်ပင် ရယ်ပြီး ၍ နေတော့သည် ။ စင်စစ် မတော့ ရွှေဒင်္ဂါးများ ကို စောင့်သော ဥစ္စာစောင့် ဖြစ်မည် ။ ချစ်ချစ် သေလျှင် အိမ်စောင့်သူရဲကြီး ဖြစ်မည် ဟူ၍ သာ ပြောရသည် ။ ချစ်ချစ် ဖန်တီးပေးသော လှပသော အိမ်လေး ၊ သာယာသော ခြံဝင်းလေး ၏ အရသာ ကို တကယ် ခံစားလို သူ မှာ ကျွန်တော် သာ တည်း ။ ယခု တစ်ခဏလေး ပင် အနိဋ္ဌာရုံ ကို တွေ့ရသည့် အတွက် ကျွန်တော့် မှာ အတော် မခံမရပ်နိုင် ဖြစ် ခဲ့ရပါသည် ။ ရေချိုး ပြီးလျှင် ခြံပြင် သို့ ကမန်းကတန်း ထွက်ကာ ဆောင်း လို မလှတော့ ဟူ၍ ပင် ဆို ဦးတော့ ကိုကျော်မြင့် အိမ် ထက် ဆယ်ဆ လောက် သာ ပါသည် ။

ယခုမှပင် တဖြူးဖြူး တိုက်ခတ်သော လေတွင် အသက် ကို ဝဝ ရှူ ရပါသည် ။

ကျွန်တော် ငါးဆယ့်ငါးနှစ် ပြည့် ၍ ပင်စင် ယူသော အချိန်တွင် မချစ်ဖို့ သည် ညနေ တိုင် ရောက် လျှင် အိမ် တွင် မရှိတတ်ပေ ။

တစ်ခါတစ်ရံ ခြံ ထဲတွင် ပန်းပင်များ စိုက် ၊ ပန်း ပွင့်များ ခူး နေ သော်လည်း သူ့ မျက်နှာ သည် ယခင်လို မရွှင်လှပေ ။ အိုမင်း လာကြ ပြီ ဖြစ်၍ မျက်နှာ သွင်ပြင်များ ပြောင်း လာကြသည် ဟု သာ ကျွန်တော် က ထင် ပါသည် ။ အသက်ခြောက်ဆယ် ပြည့် သော နေ့တွင် မူ ချစ်ချစ် သည် သူ ၏ ငွေစုစာအုပ်လေး ကို ကျွန်တော့် လက် သို့ လာ ပေးပါသည် ။

“ ဒါ ဘာလုပ်ဖို့လဲ ချစ်ချစ် ” 

ကျွန်တော် က မေးရင်း စာအုပ် ကို ဖွင့် ကြည့်လိုက်၏ ။

သူ့ ငွေ မှာ တစ်သောင်း မပြည့်တတ်ပေ ။

“ ကို ... ယူထားလေ ”

သူ့ မျက်နှာ က လည်း မကြည်လင်လှပေ ။ ကျွန်တော် သည် ခါတိုင်း စကား ပြောနေကျ အတိုင်းပင် ရယ်သလို မောသလို သူ့ ကို ကြည့်၍ ပြော၏ ။

“ ကဲ ... ဆိုစမ်းပါဦး ၊ ဒေါ်ရွှေချစ် ရဲ့ အိမ် ရ ပြန်တော့ တိုက် နဲ့ ခြံ နဲ့ ဝင်း နဲ့ မှ နေချင်တယ် ဆိုပြီး စု လိုက်ရတဲ့ ပိုက်ဆံ ၊ စား လိုက်ရတဲ့ ငါးသေးငါး မွှား ၊ ဝတ်လိုက်ရတဲ့ နှစ်ကျပ်ခွဲတန် ၊ ခုရော  ဒီ ငွေတစ်သောင်း နဲ့ ဘာ လုပ် ချင်ပြန်ပလဲ ”

သူ့ မျက်နှာ ထား ကား တည်တည်ငြိမ်ငြိမ်ပင်တည်း ။

“ ကို  ... မလဲနော် အသက် လည်း ခြောက်ဆယ် ပြည့် ပြီ ၊ ညား လာ တာ လည်း အနှစ် လေးဆယ် ၊ ကိုယ့် မိန်းမ အကြောင်း ကို ခုထိ မသိသေး ဘဲကိုး ” 

သူ က ဆိုပါ၏ ။

“ ဆိုပါဦး ၊ ခင်ဗျား ရဲ့ နောက်ဆုံး ဆန္ဒ က ”

“ ဆိုပါဦး မနေ နဲ့ အဲဒါတွေ အဲ့ဒါတွေ ရအောင် စုခဲ့ ပြီးပြီ မို့လား ၊ ပျဉ်ထောင်အိမ် လခ နဲ့ပဲ ချစ်ချစ် တို့ လင်မယား စား လောက်တယ် လေ ”

“ ဟုတ်ပါတယ် ၊ ဒီ တိုက် လည်း ရှိ ၊ ငွေ လည်း တစ်သောင်း ရှိပြီ ၊ အဲဒီတော့  ...  ”

“ အဲဒီတော့ မနေနဲ့လေ အဲဒါတွေ ကို ဖြတ်နိုင်အောင် ကြိုးစားရဦး မယ် ၊ အဲဒါဟာ ချစ်ချစ် ရဲ့ နောက်ဆုံး ဆန္ဒ ပဲ ”

“ ဘုရားရေ ...”

ကျွန်တော် သည် ကျွန်တော့် ချစ်ဇနီး မချစ်ဖို့ ၏ အဘိဓမ္မာ ကို နား မလည်နိုင်ပေ ။

“ ဪ ... ချစ်ချစ် ရယ် ပင်ပန်းလိုက်တာ ကွယ် ”  

“ ဟုတ်တယ် ၊ ရဖို့ အတွက် ပင်ပန်း သလို ပဲ ဖြတ်ဖို့ အတွက်လည်း ချစ်ချစ် ညနေတိုင်း လိုလို ရိပ်သာ သွား ပြီး ကြိုးစား နေတာ ”

“ ဟင် ဒီလို ဆိုရင်လည်း အစ ကတည်း က မရှာ ရင် အခု လည်း ဖြတ်ဖို့ အတွက် မကြိုးစား ရတော့ဘူးပေါ့ ချစ်ချစ် ရယ် ”  

“ ဒီလို ဘယ် ဟုတ်မလဲ ကိုရယ် ၊ ကို ဟာ အတော် ခက်တာပဲ ၊ လူ့ ပြည် ဆိုတာ ငယ်တုန်း ရွယ်တုန်း ရအောင် ရှာကြဖွေကြ ၊ ကြီး လာ တော့ ရှာပြီးသား တွေ စွန့် နိုင်အောင် တစ်ခါ ခါ ကြိုးစားရ ၊ ပြတ်ရာ ပြတ်ကြောင်း တရား ရှာ ရပြန်ရော ၊ အဲဒါ လူ့ပြည် ပဲ ”

“ အစ ကတည်း က မရှာရင် အဲဒီ ပစ္စည်းတွေ လည်း မရှိဘူး ၊ မရှိတော့ ပြတ်အောင် လုပ်စရာ မလိုတော့ဘူး ”

“ အဲဒီအခါ ကျတော့ လည်း ခုလို အတွေးအဆ  ခေါင်း ထဲ မှာ ပေါ် လာ ဖို့ အချိန် မပေးတော့ဘူး ။ နှစ်ဆယ့်လေးနာရီ လုံးလုံး ကိုကျော်မြင့် လို သားသမီး တရုံးရုံး ရေမြောင်းပုပ်နံ့ ခံပြီး အို သေ တဲ့ အထိ ဇော ပြန် နေရပြန် ရော ၊ အလုပ် လုပ် ရတာနဲ့ သေချင်စော် နံပြီး အဲဒီ ဇောနဲ့ပဲ သေရော လူ့ ပြည် ဆိုတာက လိုအပ်သလောက် လည်း စွမ်းအား ထုတ်ရမှာ ပဲ ၊ လျောက် ပတ်ရုံ လောက် လည်း ခြိုးခြံ ရမှာပဲ ၊ ပြီးတော့ လည်း စိတ်နှလုံး ချမ်းငြိမ်းမှု လည်း ရအောင် နေ သွားရမှာပဲ ၊ ပြီးတော့လည်း စိတ်နှလုံး အေးအေးချမ်းချမ်း နေနိုင်အောင် သင့်တော်တဲ့ ခြိုးခြံမှု ကို မလုပ်ရင် ကိုယ် ရဲ့ အိုမင်း ချိန် မှာ ဘယ်လို အနား ယူ မလဲ ၊ အလုပ် လုပ်ပြီး သေဖို့ လူတွေ မွေးလာတာ မဟုတ်ဘူး ။ အလုပ် လည်း လုပ် ကြရမယ် ၊ သူတို့ ရဲ့ စိတ်နှလုံး ဟာ လောကီ မှာ ရော တမလွန် မှာ ရော ချမ်းငြိမ်းစွာ နားဖို့ တရား အသိလေး ဝင်စား ဖို့ မွေး လာ ကြတာ ၊ စိက် မနား ရ ရင်လေ ... ဘယ် သူဌေး ဖြစ်ဖြစ် မနား ရဘူး မှတ် ပေတော့ ...” 

“ လူ့ပြည် ဆိုသည်မှာ ”  ဆို၍ အကျယ် ချဲ့ပြသော သူ့ အဘိဓမ္မာ မှာ မည်မျှ မှား ၍ မည်မျှ မှန် သည် ကိုတော့ ကျွန်တော် အဆုံးအဖြတ် မပေး ပါ ။ မချစ်ဖို့ ကတော့ သူ ၏ အဘိဓမ္မာ သဘော အယူအဆ အတိုင်း ပင် သူ ရအောင် စုဆောင်းခဲ့သော ပစ္စည်းများ ကို သူ ပြတ်အောင် တရား ရှာ နေ သည် ။

ကျွန်တော် လည်း သူ ဖန်တီးပေးသော တိုက် နှင့် ခြံဝန်းကလေး ထဲ တွင် ကျွန်တော် ၏ အိုမင်း ချိန် ကို ချမ်းငြိမ်းစွာ နှင့် ပင် ကုန်လွန် ခဲ့ ပါ၏ ။

သီတင်းနေ့ သို့ ရောက် ၍ ကျွန်တော် ကိုကျော်မြင့် ကို ရိပ်သာ သွား ရန် သွား ခေါ်တိုင်း “ သူငယ်ချင်း ရဲ့ ကိုယ့် မှာ စိတ် မအေးတော့ တရား ကို နှလုံး မသွင်းနိုင်သေးဘူး ကွဲ့ ” ဟု ဆိုမြဲ ဆို ပါသည် ။ 

ကျွန်တော့် မှာ မူ ပေါင်းသင်း လာ သော နှစ် အနှစ် လေးဆယ် ကျော် မှ ပင် ကျွန်တော့် ဇနီး မချစ်ဖို့ အကြောင်း ကို သိ ရပါတော့သည် ။

◾  ခင်နှင်းယု

📖  ကြာတော၌ ရွာသောမိုး

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.