Showing posts with label ငွေကြယ်စင်. Show all posts
Showing posts with label ငွေကြယ်စင်. Show all posts

Friday, January 16, 2026

နှလုံးသား ခြေအစုံ


 

❝ နှလုံးသား ခြေအစုံ ❞
      ( ငွေကြယ်စင် )

စမ်းချောင်းလေး နံဘေးက ကျောက်တုံးလေး ပေါ်မှာ ထိုင်လိုက်ရင်း သူ့ခြေထောက်နှစ်ချောင်းကို ရေထဲသို့ တွဲလောင်းချထားလိုက်သည် ။ အေးမြတဲ့ အထိအတွေ့ ကြောင့်ပဲ သူ့ခြေထောက်များ အလိုအလျောက် လှုပ်ယမ်းဆော့ကစားနေမိသည် ။ ဟိုအဝေး မှာတော့ နေရောင်ခြည် အောက်မှာ ဖွေးလက်နေသည့် ဆီးနှင်းဖုံးလွှမ်းနေသော တောင်တန်းကြီးကို လှမ်းမြင်နေရသည် ။ ရေခဲတောင်ကြီး ရှိနေသရွေ့တော့ သူတို့ မိသားစု အပါအဝင် သူတို့ရွာသားတွေရဲ့ စားဝတ်နေရေး ပြေလည်စေနိုင်ပါသည် ။

ဟုတ်သည် ။ သူက ဒီရွာမှာ အငယ်ဆုံး လမ်းပြတစ်ဦးမ ဟုတ်လား ။ သူ့အဖေသည် ဒီရွာမှာတော့ အတွေ့အကြုံ အများဆုံး ။ ဂုဏ်သိက္ခာ အရှိဆုံးနှင့် အကျွမ်းကျင်ဆုံး လမ်းပြတစ်ယောက်ဖြစ်သည် ။ သူ့ အဖေနောက် လိုက်ရင်း သူ့အသက် ၁၄ နှစ်လောက် မှာတော့ သူတစ်ဦးတည်း၏ ဦးဆောင်မှုဖြင့် ဧည့်သည်တွေကို လမ်းပြပေးနိုင်ခဲ့သည် ။ ၁၄ နှစ်သား ထက်မက ထွားကြိုင်းသန်မာသော သူ့ကိုယ်ခန္ဓာ ဖွဲ့စည်းပုံကို ယုံကြည်တာလား ။ သူ့အဖေရဲ့ စိတ်ချရသော ရိုးသားတည်ကြည်မှုကို ယုံကြည်ခဲ့တာလား တော့ မသိ ။ ဧည့်သည်တွေက သူ့ကို လက်ခံသွားရာက စပြီး သူ လမ်းပြအလုပ်ကိုပဲ ဆက်လုပ်နေဖြစ်ခဲ့ပါသည် ။ ခုဆိုရင် သူ့အသက် ၁၆ နှစ်ကျော်ပြီ ။ ဒီတောင်ကြီးပေါ်သို့လည်း အခေါက်ပေါင်းများစွာ ရောက်ခဲ့ဖူးပြီ ။ သူတို့ ရွာသားတချို့ကျပြန်တော့ အထမ်းသမားအဖြစ် အသက်မွေးကြသည် ။ ဒါကြောင့် ရေခဲတောင်ကြီးကတော့ ဒီရွာလေး၏ ထမင်းအိုး ဆိုလျှင် မှားမည် မထင်ပေ ။

ခပ်ဝေးဝေးက မြင်နေရသော ရေခဲတောင်ကြီးကို ကြည့်လိုက် ရေထဲကို တွဲလောင်းချထားသည့် သူ့ခြေထောက်နှစ်ချောင်းကို ကြည့်လိုက်နှင့် သူ့အတွေးများက ကြုံခဲ့ရသည့် အဖြစ်အပျက်ဆီသို့ ရောက်နေသည် ။ ဒီအဖြစ်ကို တွေးမိတိုင်း သူသည် အလို မကျခြင်းလား ၊ ဝမ်းနည်းခြင်းလား ၊ မခံချင်တာလား ၊ ဝေခွဲမရစွာနဲ့ ရင်လှိုင်းခတ်စမြဲ ။

အရင်တုန်းကတော့ ဒီလို အဖြစ်မျိုး တစ်ခါမှ မကြုံခဲ့ဖူးပါ ။ သူ့ရဲ့ လမ်းပြတာဝန် ပြီးဆုံးချိန်မှာ ရသင့်တဲ့ အခကြေးငွေယူ ။ တောင်တက်အဖွဲ့ကလည်း သူ့နေရာ သူပြန် ။ အားလုံး ပုံမှန်ပဲဖြစ်သည် ။ ဘာမှ ထွေထွေထူးထူး တွေးစရာမလိုဘဲ နောက်ထပ် ဧည့်သည်လာငှားလျှင် လိုက်သွားရုံသာ ။

••••• ••••• •••••

အဖြစ်အပျက်၏ အစမှာတော့ ဘာမှ ထူးထူးခြားခြားမဟုတ်ဘဲ လမ်းပြအလုပ်ကို လက်ခံခဲ့ခြင်းသာ ဖြစ်သည် ။ ဒီတစ်ခေါက် လိုက်ပို့ရမည့်သူက တစ်ဦးတည်းတက်မည့်သူဖြစ်ပြီး သူ့အဖေနဲ့ သိကျွမ်းခဲ့ဖူးသူများ၏ မိတ်ဆက်စာဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သည် ။ တောင်တက်မည့်သူမှာ အငြိမ်းစား ပါမောက္ခ တစ်ဦး ဖြစ်သည် ။ ကျန်းမာရေးလိုက်စားသူတစ်ဦး၏ တက်ကြွနုပျိုမှုနှင့် ပညာတတ်တစ်ဦး၏ သိသာထင် ရှားသော အရှိန်အဝါက တစ်မျိုး အထင်းသား ပေါ်လွင်နေပါသည် ။

အဖေက သူ့ကို လမ်းပြအဖြစ် လိုက်သွားဖို့ ပြောတော့ ပါမောက္ခကြီးက သူ့ကို တစ်ချက်မျှသာ လှမ်းကြည့်ပြီး သဘောတူလိုက်သည် ( သူသည် လူငယ်တစ်ယောက်ဖြစ်နေသောကြောင့် ပို၍သဘောကျသည့်အကြောင်းကို ပါမောက္ခကြီးက လမ်းရောက် သောအခါ သူ့ကို ပြောပြခဲ့သည် ) ။

ပါမောက္ခကြီး၏ တောင်တက်ခရီးစဉ်တွင် လမ်းပြအဖြစ် သူ့ကို ငှားရမ်းပြီး နောက်ထပ် အထမ်းသမားနှစ်ယောက်ပါ ခေါ်ယူခဲ့ရသေးသည် ။ အားလုံး အဆင်သင့်ဖြစ်သောအခါ သူတို့ လေးဦး အဝေးက လှမ်းမြင်နေရသော ရေခဲတောင်ပေါ်သို့ စတင် တက်ခဲ့ကြပါတော့သည် ။

လမ်းတစ်လျှောက် မြင်ကွင်းတွေက သူ့အတွက် ဘာမှ မထူးခြားပေမဲ့ ပါမောက္ခကြီးအဖို့တော့ အံ့ဩစရာ မှတ်တမ်းတင်စရာတွေချည်းသာ ဖြစ်သည် ။ တစ်ခါတလေကျတော့ ပါမောက္ခကြီးက သူ့ကို ဗွီဒီယိုကင်မရာလေး ပေးပြီး ရိုက်ခိုင်းသည် ။ ဗွီဒီယိုကင်မရာကတော့ သူ့အတွက် အဆန်း မဟုတ်ပါ ။ ဘာကြောင့်လဲ ဆိုတော့ သူ လမ်းပြပေးရသည့် တောင်တက်ခရီးစဉ်အားလုံးတွင် ဗွီဒီယိုကင်မရာ ပါကြသည်ချည်းသာ ဖြစ်သည် ။ ဘယ်ခလုတ် ကို ဘယ်လိုနှိပ်လို့ တစ်ကြိမ်ပြရုံနှင့် သူ လုပ်တတ်ခြင်းသည် သူ့ရဲ့ဉာဏ်ရည် မြင့်မားမှုကြောင့် မဟုတ် ။ နည်းပညာ၏ တိုးတက်မှုကြောင့်သာ ဖြစ်သည် ။ ဝန်ခံရလျှင်တော့ ဒီပစ္စည်းကို ခုမှ ပထမဆုံး သူ လက်နဲ့ ကိုင်ဖူးခြင်း ဖြစ်သည် ။

လမ်းခရီးသည် ညအိပ်ခရီးဖြစ်သဖြင့် ပါမောက္ခကြီးနှင့် သူသည် တဖြည်းဖြည်းရင်းနှီးလာသည် ။ စခန်းချသည် ။ ညဖက်ရောက်လို့ စားသောက်ပြီးသွားလျှင် ပါမောက္ခကြီးနှင့် သူ စကားတွေ ပြောဖြစ်သည် ။ သူက ပင်ကိုစကားနည်းသူ ဖြစ်သည့်အပြင် မြန်မာစကားကိုလည်း မနည်းပြောယူရသောကြောင့် နားထောင်တာက ပိုများပါတယ် ။ သူ့ဘက်က ပြောရရင်လည်း စတင်ပြောဆိုသော စကားများ မဟုတ်ဘဲ မေးခွန်းများ ဖြေနေခြင်းသာ ဖြစ်သည် ။

သူ့ရဲ့ ပညာအရည်အချင်း ၊ သူတို့ရွာကလေး ၏ စီးပွားရေးအခြေအနေတို့ကို မေးတဲ့အခါ သူက မူလတန်းအထိသာ ကျောင်းတက်ဖူးပြီး ဆက်မတက်တော့ဘဲ လမ်းပြအလုပ်ကို လုပ်နေခြင်းဖြစ်ကြောင်း ပြောတော့ ပါမောက္ခကြီး မျက်နှာအမူအရာတချို့ ပြောင်းလဲသွားသည် ။ သူ့ကို အထင်သေးခြင်း မဟုတ်သော ကရုဏာမျက်ဝန်းများကို သူ နားလည်ခံစားလို့ ရပါသည် ။ ဒါကြောင့်လည်း သူ့အတွက်တော့ ဒါဟာ အဆန်းမဟုတ်ကြောင်း သူတို့ တစ်ရွာလုံး ဒီလိုပဲလို့ ပြောမိတော့ ပါမောက္ခကြီးက ဘာမှမပြောဘဲ အဝေးတစ်နေရာသို့ လှမ်းပြီး ငေးနေတာ တွေ့ရသည် ။ ဘာကြောင့် ဒီလိုဖြစ်သွားမှန်းတော့ သူလည်း နားမလည်ခဲ့ပါ ။

••••• ••••• •••••

တောင်ပေါ်သို့ ရောက်ခါနီးလေ အန္တရာယ်က ပိုပြီး ရှိလာလေ ။ ပတ်ဝန်းကျင်ရှုခင်းများကလည်း ပိုပြီး စိတ်ဝင်စားစရာကောင်းလာပြီဖြစ်သည် ။ အန္တရာယ် ရှိနိုင်သော နေရာမျိုး ရောက်လျှင် ပါမောက္ခကြီးကို သူ့ ခြေရာအတိုင်း နင်းတက်ဖို့ ပြောရသည် ။ ဒီနေရာမှာတော့ မူလတန်းကျောင်းသားလေးသည် ပါမောက္ခကြီး၏ ဆရာဖြစ်သွားသည် ။ အဲဒီလောက် ဂရုစိုက်သည့် ကြားထဲကပဲ သစ်ပင်ထိပ်ဖျားက သစ်ခွပန်းကို ဓာတ်ပုံလှမ်းရိုက်ရင်း ဟန်ချက်ပျက်သွားသည့် ပါမောက္ခကြီးကို သူ အမြန်ဖမ်းဆွဲထားခဲ့ရသည် ။ သူ သာ သတိချွတ်ယွင်းခဲ့ပါက ဝမ်းနည်းစရာ အဖြစ်ဆိုး နှင့် ကြုံကောင်းကြုံရနိုင်ပါသည် ။ ဒီတစ်ကြိမ်က လွဲလို့ ပြဿနာကြီးကြီးမားမား မရှိဘဲ တောင်ထိပ်ပေါ်သို့ သူတို့အဖွဲ့ ရောက်ရှိခဲ့ပါသည် ။

••••• ••••• •••••

တောင်ထိပ်ပေါ် ရောက်ကြပြီ ။

မြန်မာနိုင်ငံ၏ ထင်ရှားသော ရေခဲတောင် ဖုန်ကန်ရာဇီ ။ ခြေထောက်အောက်မှာ နှင်းဖွေးဖွေးတွေ က နှလုံးသားကို ကြည်နူးစိတ်နှင့် နွေးထွေးစေပါသည် ။ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးသော်လည်း ရောက်တိုင်းမှာတော့ ပျော်ရွှင်ရစမြဲပါပဲ ။ ဒါပေမဲ့ သူ့ရဲ့ ပျော်ရွှင်မှုက အဆန်းတကြယ် မဟုတ်ဘဲ သူ့အလုပ် တာဝန် တစ်ဝက် ကျေသွားလို့ စိတ်ပေါ့ပါးရုံမျှသာ ဖြစ်သည် ။

ပါမောက္ခကြီး၏ ပျော်ရွှင်ကြည်နူးမှုတွေ သူ့ထံ ကူးစက်လာသလိုပင် ။ ပါလာသည့် မြန်မာနိုင်ငံ အလံကို တောင်ထိပ်ပေါ်မှာ စိုက်လိုက်ပြီး သူတို့ ဓာတ်ပုံရိုက်ကြသည် ။ ခုတစ်ခါတော့ သူသည် လမ်းပြ မဟုတ်တော့ဘဲ ပါမောက္ခကြီး၏ ဓာတ်ပုံဆရာ ဖြစ်သွားပြန်သည် ။

တောင်ထိပ်ပေါ်မှာ ပါမောက္ခကြီး၏ ပျော်ရွှင်ကြည်နူးမှုက သူ့ကို အံ့ဩစေပါသည် ။ ပါမောက္ခကြီးတင် မဟုတ်ပါ ။ သူ လိုက်ပို့သော အခြားတောင်တက်သူများသည်လည်း ဒီနေရာ ရောက်လျှင် အစွမ်းကုန် ပျော်ရွှင်ခဲ့ကြတာချည်း ဖြစ်သည် ။ ပြီးတော့ သူတို့တွေ ဒီနေရာကို ဘာကြောင့် လာနေကြမှန်းလည်း သူ နားမလည်နိုင်ပါ ။

သူ အံ့သြသည်က ဒီတောင်ပေါ်မှာ ရွှေလည်း မရှိပါ ။ ငွေလည်း မရှိပါ ။ ရတနာသိုက်လည်း မရှိပါ ။ ပြီးတော့ အကြာကြီး နေတာလည်း မဟုတ်ပါ ။ ဒီနေရာကနေ သူတို့ ဘာမှ ရယူသွားကြတာလည်း မရှိတာ သူ အသိဆုံးပင် ။ ဘာကြောင့်များ ဒီလောက် ပျော်နေကြပါသလဲ ။ ပင်ပန်းဆင်းရဲမှုနဲ့ ထိုက်တန်တဲ့ ဘာ အဖိုးတန်ပစ္စည်းများ ရကြလို့လဲ ။ ယုတ်စွအဆုံး နှင်းခဲတွေ ဆုပ်လာဦး ၊ တအောင့်ကြာလျှင် လက်ထဲ ဘာမှ ကျန်ခဲ့မှာလည်း မဟုတ် ။ ယူချင်လျှင် သစ်ခွပန်းတွေ ခူးသွားလို့ရသည် ။ ဒါပေမဲ့ သူ့ဧည့်သည်များသည် ဓာတ်ပုံရိုက်ရ ၊ ခေါင်းမှာ ပန်ဖို့ တစ်ပွင့်နှစ်ပွင့် ခူးရုံက လွဲပြီး ခူးသွားတာမျိုးလည်း တစ်ခါမှ မရှိခဲ့ပါ ။

ဒီနေရာကို လာဖို့ သူတို့ ပင်ပန်းမည် ၊ ပိုက်ဆံ ကုန်မည် ။ ဘာမှ မတွေးတာပဲ ကောင်းမည်ထင်ပါသည် ။ ဘာကြောင့်လဲဆို ဒီလို ဘာမှ မရလို့ လူတွေ မလာလျှင် သူတို့ ထမင်းအိုး ကွဲသွားနိုင်သည်လေ ။

••••• ••••• •••••

တောင်ပေါ် အဆင်းမှာတော့ အားအင်တွေ ပြည့်ပြီး ခြေလှမ်းတွေကလည်း ပိုသွက်လာသည် ။ အပြန်လမ်း စခန်းချသည့် နေရာ ရောက်တော့ ပါမောက္ခကြီးနှင့် သူ စကားတွေ ပြောဖြစ်ပြန်ပါသည် ။ ပါမောက္ခ ကြီးက သူ့ကို “ မင်း ကျောင်းဆက်မတက်ချင်ဘူးလား ” လို့ မေးတော့ သူလည်း ရိုးရိုးသားသားပဲ “ ဟင့်အင်း ” လို့ ဖြေလိုက်သည် ။ “ မင်း မြို့ကို ရောက်ဖူးလား ” လို့ မေးတော့ ။ နောက်တစ်ခါ ထပ်ပြီး “ ဟင့်အင်း ” လို့ ဖြေရပြန်သည် ။ သူ့ရဲ့ သုံးခါ မြောက် ဟင့်အင်း အပြီး မှာတော့ ပါမောက္ခကြီးက ဘာမှ ထပ်မမေးတော့ဘဲ ပြောပဲ ပြောပြပါတော့တယ် ။

သူတို့ရွာ မဟုတ်သော တခြားနေရာတွေမှာ လူတွေ ဘယ်လို သွားလာနေထိုင်ကြကြောင်း စီကာ စဉ်ကာ ပြောပြသည် ။ ပြီးတော့ သုံးစွဲနေသည့် ခေတ်ပေါ်ပစ္စည်း အသုံးအဆောင်များ အကြောင်းလည်း ပြောပြသည် ။ လက်တွေ့ အနေနှင့် လမ်းမှာ ရိုက်ထားသော ကင်မရာထဲက ပုံတွေကို ကင်မရာထဲမှာပဲ သူ့ကို ပြန်ဖွင့်ပြခဲ့တော့ သူ့ပုံပါလာတဲ့အခါ ရင်ထဲမှာ ရှက်သလိုလို ဖြစ်မိသေးသည် ။ ပါမောက္ခကြီးရဲ့ ပြော စကားများကြောင့် သူတို့ရွာ မဟုတ်သည့် တခြားနေရာတွေအကြောင်း သူ စိတ်ဝင်စားလာခဲ့ပါသည် ။

အဲဒါကြောင့် “ မြို့ကို အလည်လိုက်ချင်လား ” လို့ ပါမောက္ခကြီးက မေးတော့ ခါတိုင်းလို “ ဟင့်အင်း ” လို့ မဖြေဘဲ ခေါင်းညိတ်ပြမိသည် ။ တောင်ပေါ်မှာတုန်းက ကြုံခဲ့ရသော အန္တရာယ်တွင် သူ၏ ကယ်တင်မှုကို ကျေးဇူးတင်သောကြောင့်လည်း မိသားစုနှင့် တွေ့ဆုံစေချင်သည်ဟု ပြောသေးသည် ။ သူ့အတွက်တော့ ဒါဟာ လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်သည် ။ သူ ယူထားသော အခကြေးငွေနှင့် ထိုက်တန်သော ဝန် ဆောင်မှုပေးခြင်းသာ ဖြစ်သည် ။ ဒါပေမဲ့ သူသည် ပါမောက္ခကြီးလို စကားကို လိပ်ပတ်လည်အောင် ပြောတတ်သူ မဟုတ်သောကြောင့် ဘာမှ ပြောမနေတော့ပါ ။

••••• ••••• •••••

“ ဖုန်ကန်ရာဇီရေခဲတောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သော ပါမောက္ခဒေါက်တာမျိုးသန့် အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုပါ၏ ”

အနီရောင်အောက်ခံမှာ ရွှေရောင်စာလုံးများဖြင့် ရေးသားထားသည့် ထိုစာတန်းကို မူလတန်း အဆင့်အထိ စာသင်ဖူးသောကြောင့် သူ ဖတ်လို့ရပါသည် ။ ဝတ်စုံဆင်တူ ဝတ်ထားကြသူများ ၊ သစ်လွင် တောက်ပစွာ ဝတ်စားထားသော ရာပေါင်းများစွာသော သူများသည် ပါမောက္ခကြီး ပြန်လာရာ လမ်းတစ်လျှောက်တွင် သောင်းသောင်းဖျဖျ ကြိုဆိုနေကြသည် ။ သူ့အတွက် ပထမဆုံး မြို့ပြ၏ မြင်ကွင်းက ဆန်းကြယ်ပေစွ ။ ခက်ခဲကြမ်းတမ်းသော ရေခဲတောင်ပေါ် သို့ ကျွမ်းကျင်စွာ တက်နိုင်ခဲ့သည့် သူ့ခြေထောက်များသည် ချောမွေ့နေသည့် ကတ္တရာလမ်းပေါ် လျှောက်လှမ်းရာတွင် ခက်ခဲပင်ပန်းလွန်းလှပါသည် ။

ထိုအချိန်မှာပင် ပုခုံးတွင် ကြိုးသေးသေးနှစ် ချောင်းသာပါပြီး အရှည်က ဒူးအထက်နားလောက်သာ ရှိသည့် ဝတ်စုံကို ဝတ်ဆင်ထားသော ဖြူဖြူသေးသေး မိန်းကလေးတစ်ယောက်သည် ပါမောက္ခကြီးဆီသို့ အပြေးလှမ်းလာပြီး လည်ပင်းကို သိုင်းဖက်လိုက်သည် ။ ပါမောက္ခကြီးကလည်း အလိုက်သင့် ပြန်လည်ပွေ့ဖက်ကာ ကြည်နူးနေကြသည် ။ သူ လိုက်လာ မိတာ မှားပြီထင်သည် ။ သူ မမြင်ဖူးသော နောက်ထပ် မြင်ကွင်းများ နောက်ထပ် ဘယ်လောက် ကြုံတွေ့ရဦးမလဲ ဆိုတာ တွေးရင်း ခေါင်းများပင် နောက်ကျိလာရသည် ။

ထိုမိန်းကလေးမှာ ပါမောက္ခကြီး၏ သမီး ဖြစ်မည်ထင်သည် ။ ရေခဲတောင်ပေါ်မှာ စကားပြောကြတုန်းက သူနဲ့ရွယ်တူ သမီးတစ်ယောက် ရှိကြောင်း ပါမောက္ခကြီးက ပြောဖူးတာ သူ မှတ်မိသွားသည် ။ သူနှင့် အသက်တူလို့သာ ဆိုရမည် ။ အရပ်က သူ့ပခုံး လောက်တောင် မရှိသေး ။ ကိုယ်လုံးကလည်း သေးသေးလေးနှင့် လေကြမ်းကြမ်းတိုက်လျှင်တောင် လွင့်ပါသွားနိုင်သည် ။ ဒီလိုဝတ်စားဆင်ယင်မှုမျိုးနှင့် သူတို့ ရွာမှာဆို သွေးခဲပြီး သေသွားနိုင်သည်ဟု မဆီမဆိုင် တွေးမိသေးသည် ။ ဒါလည်း ဖြစ်နိုင်ခြေ အလွန်နည်း ပါသည် ။ ဘာကြောင့်လည်းဆို ထိုမိန်းကလေးသည် သူတို့ရွာကို လာမှာ မဟုတ်တာ သေချာသောကြောင့်ပင် ။ သူသာ မှားယွင်းပြီ ။

လာရောက် ကြိုဆိုကြသူများသည် နောက်ဆုံးတွင် ကြီးကျယ်ခမ်းနားသော အခန်းတစ်ခုထဲသို့ ဦး ဆောင်၍ ခေါ်သွားပါသည် ။ ပါမောက္ခကြီးနှင့်အတူ ပါလာသူတို့တော့ လိုက်လာရပြန်သေးသည် ။ ခန်းမ တစ်ခုလုံးကို သူ မမြင်ဖူးသော လှပဆန်းကြယ်သည့် အရာများဖြင့် မွမ်းမံပြင်ဆင်ထားပြီး ပန်းများဖြင့်လည်း အလှဆင်ထားသေးသည် ။ ဒီအခန်းထဲက ပစ္စည်းတွေ အားလုံးကို သူ ကြည့်လိုက်တော့ သူနှင့် အကျွမ်းဝင်သည့် ပစ္စည်းမှာ ပန်းများသာ ဖြစ်သည် ။ ဒီလောက် လှပသော ပန်းတွေကို သူ့တစ်သက်မှာ တစ်ခါမှ မမြင်ဖူးခဲ့ပါ ။ ဒါကြောင့်လည်း ပါမောက္ခကြီး ရေခဲတောင် တက်တုန်းက သစ်ပင်ထိပ်က သစ်ခွပန်းတွေ ဘာကြောင့်များ ခဲရာခဲဆစ် ဓာတ်ပုံလိုက်ရိုက်နေသလဲလို့ သူ အံ့ဩမိပြန်ပါသည် ။ မြို့မှာ ရှိသော ပန်းတွေသည် သူ၏ တောထဲကရှိသော ပန်းတွေထက် အဆပေါင်း များစွာ ပိုမိုလှပသည်ဟု သူ မြင်ပါသည် ။

စားပွဲဝိုင်းတွေကို ခန်းမအပြည့် ခင်းကျင်းထားပြီး ပါမောက္ခကြီး ကိုတော့ ပိုးစင်မြင့်ရှေ့က ထိပ်ဆုံး စားပွဲဝိုင်းဆီသို့ ခေါ်ဆောင်သွားကြသည် ။ သူလည်း ဘယ်နေရာထိုင်ရင် ကောင်းမလဲလို့ ဝေခွဲမရ ဖြစ်နေချိန်တွင် ပါမောက္ခကြီးက တစ်ခုခု ပြောလိုက်ပုံရသဖြင့် သူ့အတွက် ထိုင်စရာနေရာ တစ်ခု စီစဉ်ပေးကြသည် ။ နေရာမှာ ထိုင်ချမိတော့မှပဲ သူ့စိတ်တွေ အနည်းငယ် ပေါ့ပါးသွားတော့သည် ။ သက်ပြင်းရှည်ကြီးချလိုက် ပြီး တင်းထားသောစိတ်များ ဖြေလျော့လိုက်ပါသည် ။ သူ ထိုင်သည့်စားပွဲပေါ်တွင်တော့ ပန်းအိုးတစ်လုံးရှိသည် ။ ပန်းအိုးထဲတွင် အလှဆင်ထားသော ပန်းများသည် သူ့ မျက်စိထဲတွင် လှပနေပါသည် ။ သူ့စိတ်တွေ ပေါ့ပါးသွားသောကြောင့် ပန်းအိုးထဲက ပန်းတစ်ပွင့် ယူပြီး နမ်းရှိုက်မိလိုက်သည် ။

ဘာရနံ့မှ မရှိပါလား ။ သူ သေချာအောင် နောက်တစ်ကြိမ် ထပ်ပြီးနမ်းလိုက်သည် ။ အမှန်ပါပဲ ။ ဘာရနံ့မှ မရှိတာ အမှန်ပါပဲ ။ သူ အံ့အားသင့်စွာ ပွင့်ဖတ်တွေကို ကိုင်ကြည့်လိုက်တော့ ပွင့်ဖတ်များသည် မာကျောတောင့်တင်းကာ ပုံမပျက် တည်ရှိနေသည် ။ တစ်ခုခုတော့ မှားနေပြီထင်သည် ။ မြို့ပြဆိုတာ ဒါပဲလားလို့ သူ အထိတ်တလန့်ဖြစ်ရသည် ။ မြို့မှာ ရှိသော ပန်းပွင့်များသည် အစွမ်းကုန် လှပနေကြပြီး ရနံ့ကျ ဘာကြောင့် မမွှေးရသလဲလို့ သူ အဖြေရှာနေမိသည် ။ သူ ရူးချင်သလိုလိုတောင် ဖြစ်လာသည် ။

သူ ထိုင်နေစဉ်မှာပဲ ရှေ့ဆုံးက စင်မြင့်ထက် သို့ တစ်ဦးပြီး တစ်ဦးတက်ကာ စကားတွေပြောကြသည် ။ သူတို့ ပြောကြသည့်စကားများကတော့ ပါမောက္ခကြီး၏ စွမ်းရည်ကို ချီးကျူးကြသည့် စကားများသာ ဖြစ်သည် ။ ပါမောက္ခကြီးသည် သူတို့ မြို့မှာ ပထမဆုံး ရေခဲတောင်ပေါ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ၊ ပါမောက္ခကြီး၏ ဇွဲ ၊ သတ္တိ ၊ လုံ့လတို့မှာ ပြိုင်ဘက်ကင်းကြောင်း ၊ ပါမောက္ခကြီးကို အတုယူ၍ နောက် ထပ် စွန့်စားမည့်သူများ ပေါ်ထွန်းလာရန် မျှော်လင့်မိကြောင်း ချီးကျူးစကား ဆိုကြပါသည် ။ သူတို့ ပြောဆို သွားကြသော အကြောင်းအရာများထဲတွင် သူ့စိတ်ကို ဖမ်းစားထားသော စကားတစ်ခွန်း ရှိသည် ။ ရေခဲတောင်ပေါ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် ပါမောက္ခကြီး၏ ခြေထောက်များကို ရွှေခြေထောက်များဟု ဂုဏ်ပြုထိုက်ကြောင်း ဆိုသည့်စကားပင် ဖြစ်သည် ။

အားလုံး ပြောဆိုပြီးသွားတော့ ပါမောက္ခကြီး ရဲ့ အလှည့် ဖြစ်သည် ။ သူ၏ ခရီးစဉ်အကြောင်း ၊ လမ်းတွင် တွေ့ ရသည့် အခက်အခဲများနှင့် ရှားပါးအဖိုးတန်လှသည် ပန်းများ ၊ လိပ်ပြာများအကြောင်း ပြောပြပြီး လမ်းတုန်းက ရိုက်လာခဲ့သည့် ဗွီဒီယိုမှတ်တမ်းကို အဖြူရောင်ပိတ်စကြီးပေါ်တွင် ပြသထားရာ တစ်ခါတစ်ရံ သူ့ရုပ်ပုံပါလာတော့ သူ ခေါင်းကို ယောင်ယမ်းပြီး ငုံ့ချမိသည် ။ တချို့ကလည်း သူ့ကို မှတ်မိပုံရ သဖြင့် လှမ်းလှမ်းပြီး အကဲခတ်နေတာကို ခံရတာကလည်း အသက်ရှူမဝသလို မွန်းကျပ်လှပါသည် ။

စားသောက်စရာများနှင့် တည်ခင်းဧည့်ခံချိန် ရောက်တော့ အမျိုးအမည်များပြားစုံလင်လှသော စားသောက်ဖွယ်ရာများ စားပွဲပေါ်သို့ ရောက်လာသည် ။ ဘာတွေလဲဆိုတာ သူမသိပေမဲ့ ပြင်ဆင်ထား ပုံက စားသောက်ချင်စိတ်ကို နှိုးဆွပေးနေသည် ။ ဗိုက် ကလည်း ဆာလာတာမို့ သူ အားရပါးရ စားမည်ဟုလည်း တွေးထားသည် ။ မြို့ကို ရောက်ဖူးပြီး ဒီလို အကောင်းဆုံး အစားအစာများ စားရတာတော့ သူ ဝမ်းသာရပါသည် ။ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး သူ စတင် စားသောက်လိုက်သည် ။ ဒီတစ်ခါလည်း သူ မှားသွားပြန်ပါသည် ။ သူ့ရှေ့တွင် ရှိနေသော စားသောက်ဖွယ်ရာအားလုံးသည် လုံးဝကို အရသာကင်း မဲ့လှချေသည် ။ သူ့ပါးစပ်က ဘယ်လိုမှ အရသာခံလို့ မရနိုင်ခဲ့တာ ၊ တခြားသူများကို ကြည့်တော့ အားရပါး ရ စားသောက်နေကြသည်မှာ အားကျစရာ ။ မြို့ပြသည် သူနှင့် ဘယ်လိုမှ အံဝင်ခွင်ကျ မဖြစ်တော့တာ ကို သူ ထိတ်လန့်သွားမိသည် ။ သူ စားဖူးသမျှ ထဲတွင် အကောင်းဆုံး အစားအစာဖြစ်ပြီး စားဖူးသမျှထဲတွင် အရသာ မရှိဆုံး အစားအစာ ဖြစ်နေခြင်းက အံ့သြစရာ ပါပဲလား ။ သူ ရွာကို အမြန်ဆုံး ပြန်ချင်လှပါပြီ ။

••••• ••••• •••••

ရေထဲသို့ နှစ်ချထားသော ခြေထောက်ကို ကမန်းကတမ်း ငုံ့ကြည့်မိသည် ။ သူ့ခြေထောက်က ပုံမှန်ခြေထောက်ပဲ ဖြစ်သည် ။ ရွှေခြေထောက် မဟုတ်ပါလား ။ သူလည်း ပါမောက္ခကြီးလိုပဲ တောင်ပေါ် ရောက်ခဲ့တာပဲလေ ။ ပြီးတော့ ပါမောက္ခကြီးကို လမ်းပြသည့်သူလေ ။

မြို့ကပြန်လာပြီးကတည်းက သူ့စိတ်တွေ ပုံမှန်မဟုတ်တော့တာ သူ့ဘာသာ သူ သိနေပါသည် ။ သူ့ အတွေ့အကြုံကို ပြန်ပြောပြန်ရင်လည်း ဘယ်သူမှ ယုံမှာမဟုတ်သည့်အပြင် ရူးသွားပြီ ထင်ကာ ပယောဂဆရာ လက်ထဲ အပ်လိုက်မှ အချောင်အရိုက်ခံရဦးမည် ။ ရေခဲတောင်ပေါ်သို့ သူ့အကူအညီဖြင့် တစ်ကြိမ်သာ တက်ရောက်နိုင်ခဲ့သော ပါမောက္ခကြီးကို ဘာကြောင့်များ ကြီးကျယ်ခမ်းနားစွာ ဂုဏ်ပြုနေကြသလဲ ဆိုတာ သူ အဖြေ မရသေးပါ ။ ဒါဆိုရင် ရေခဲတောင် ပေါ်သို့ နည်းမျိုးစုံဖြင့် ရောက်ခဲ့သော သူတို့ ရွာသားတွေက ဘာကြောင့်များ အခေါက်ပေါင်းများစွာ တက်ရောက်ခဲ့သော သူတို့ ရွာသားတွေက ဘာကြောင့်များ အသိအမှတ်ပြု မခံရတာလဲ ။

တကယ်ဆို ဒီရေခဲတောင်ပေါ်ကို တက်နိုင်ဖို့ လမ်းကို ရှာဖွေခဲ့သူများက သူတို့ရွာသားတွေပဲ မဟုတ်လား ။

ပါမောက္ခကြီး၏ ခြေထောက်များကို ရွှေခြေထောက်များ တင်စားလျှင် သူတို့ရွာသားတွေ၏ ခြေထောက်များက ရွှေထက် တန်ဖိုးကြီးသော ခြေထောက်များ ဖြစ်ရလိမ့်မည် ။ ဒါပေမဲ့ သူတို့ ရွာသားများကတော့ ဒီအကြောင်း ဘယ်တော့မှ သိမည် မဟုတ်ပါ ။ သူ ပြောလည်း မပြောပြချင်တော့ ။ ကြုံခဲ့ရသော အဖြစ်အပျက်ကို သူ မယုံချင်ပါ ။ ရွာသားတွေ ကိုယ်စား သူ ဝမ်းနည်းရပါသည် ။ ကြေကွဲရပါသည် ။ မည်သူတစ်ဦး၏ အသိအမှတ်ပြု ၊ ချီးကျူးဂုဏ်ပြုမှု ကို ခံရသည်ဖြ စ်စေ ၊ မခံရသည် ဖြစ်စေ ၊ သူတို့ ရွာသား များကတော့ ဒီရေခဲတောင်ကို အကြောင်းအမျိုးမျိုးနဲ့ တက်နေကြရဦးမည်သာ ဖြစ်ပါသည် ။

▢  ငွေကြယ်စင်
📖 ပိတောက်ပွင့်သစ် မဂ္ဂဇင်း
      စက်တင်ဘာလ ၊ ၂ဝ၁ဝ

Friday, February 9, 2024

ကျွန်တော့် ရည်မှန်းချက် တွေးလျက် နဲ့ ပျော်သည် ... ပျော်သည်


 

❝ ကျွန်တော့် ရည်မှန်းချက် တွေးလျက် နဲ့ ပျော်သည် ... ပျော်သည် ❞

အဓိပ္ပာယ် ရှိသော လူသား တစ်ယောက် ၏ အသက် ရှင်သန်မှု တွင် အလုပ် လုပ်ခြင်း သည် အရေးကြီးသော ကဏ္ဍ တစ်ခု ပင် ဖြစ်သည် ။ လူတိုင်း အလုပ် လုပ်ကြသည့် အတွက် လုပ်ငန်း အမျိုးအစား သည် လည်း မရေတွက် နိုင်အောင် များပြားပါသည် ။ ဝင်ငွေ ရသော အလုပ် နှင့် ဝင်ငွေ မရသော အလုပ် ကွာခြား သလို ဂုဏ်သိက္ခာ ရှိသော အလုပ် နှင့် ဂုဏ်သိက္ခာ ကင်းမဲ့သော အလုပ် ဟူ၍ လည်း ကွဲပြား ပြန်သည် ။

သူ လည်း လူ ထဲ က လူ တစ်ယောက် ဖြစ်နေ သောကြောင့် အလုပ် လုပ်ရသည် ။ သူ သည် ဆိုက်ကားဆရာ တစ်ယောက် ဖြစ်သည် ။ ကျောင်းပညာ ကို ဆယ်တန်း အထိ သင်ယူခဲ့ဖူး သော်လည်း သူ သည် ဆိုက်ကား ပဲ နင်း ပါသည် ။ ထို့ကြောင့် ဆိုက်ကား နင်း သည့် အလုပ် မှာ ပညာ နှင့် အသက်မွေးသည့် အလုပ် လား ၊ ခွန်အား နှင့် အသက်မွေးသည့် အလုပ် လား လို့ တောင် မျှ ဇဝေဇဝါ ဖြစ်မိ ပါ သေးသည် ။ သေချာတာ က ပရိယေသန အလုပ်မျိုးစုံ လုပ်ကိုင် နေကြသော လူဦးရေ သန်းပေါင်း များစွာ ထဲ က သူ သည် ဆိုက်ကား နင်း သည့် အလုပ် ကို လုပ် ပါသည် ။

ငယ်စဉ်တောင်ကျေး ကလေး ဘဝ တုန်း က လူကြီး အတော်များများ သည် ကလေး တစ်ယောက် ကို တွေ့ပြီး စကား ပြောပြီ ဆိုလျှင် “ ကြီးလာ ရင် ဘာ လုပ်မှာလဲ ” ဆိုသည့် မေးခွန်း ကို မေးတတ် ကြသည် ။ သူ လည်း ကလေး ဘဝ တုန်း က ထို မေးခွန်းမျိုး ကို အကြိမ် များစွာ ဖြေဆိုခဲ့ဖူးသည် ဖြစ်ရာ “ ကြီး လာ လျှင် ဆိုက်ကား နင်းမယ် ” လို့ တစ်ခါ မှ မဖြေဖူးတာ သေချာပါ သည် ။ သူ့ အထ င် တော့ လက်ရှိ အရေအတွက် များစွာသော ဆိုက်ကားဆရာ တို့ သည် လည်း ငယ်ငယ်တုန်း က ထို မေးခွန်းမျိုး ကို “ ဆိုက်ကား နင်းမယ် ” ဟု တစ်ဦး မှ ဖြေကြလိမ့်မည် မဟုတ်ပါ ။

ဘာမျှ မသိ နားမလည်သေး သည့် စကား ပြော တတ်စ အရွယ် မှာ ပင် ဆိုက်ကား နင်းသည့် အလုပ် ကို မလုပ်ချင်တာ လား ၊ သိတတ်သည့် ကျောင်းသား အရွယ် မှာ ရော လုပ်ချင်သေးလား ပြန် တွေးတော ကြည့် တော့ ကျွန်တော့် ရည်မှန်းချက် လို့ ခေါင်းစဉ် ပေးထား သည့် စာစီစာကုံးမျိုး ရေးရသည့် အခါတိုင်း တွင် လည်း ဆိုက်ကားနင်းမယ် ဟု ယောင် လို့ တောင် မရေးခဲ့ ဖူးတာ သေချာပါသည် ။

ဘာကြောင့်လဲ ဆိုတာ ခုနေ တွေး ကြည့် တော့ လည်း အဖြေ မပေါ်ပါ ။ ဆိုက်ကားဆရာ သည် ဝင်ငွေ မကောင်းသော ကြောင့် လား ။ မထင်ပါ နှင့် ဆိုက်ကား ဆရာ တစ်ယောက် ၏ တစ်လ ဝင်ငွေ သည် အရာရှိ တစ်ဦး ၏ ပုံမှန် လစာ ထက် ပို များပါသည် ။ ပင်ပန်းလို့ လား ... ၊ မထင်ပါ နှင့် အရိပ် အောက် မှာ နေပြီး ပင်ပန်း ဆင်းရဲသူများ ကို သူ တွေ့ဖူးပေါင်း များပြီ ။ မည်သည့် အလုပ်ရှင် ၏ သြဇာ လွှမ်းမိုးမှု ကို မခံရဘဲ လွတ်လပ် သည့် လုပ်ငန်း တစ်ခု ဖြစ်တာနှင့် ပင် ဆိုက်ကားဆရာ ၏ ဘဝ သည် ကျေနပ်စရာ ပဲ မဟုတ်လား .. ။

ဒါဖြင့် ဂုဏ်သိက္ခာ .. ၊ သူ့ အလုပ် သည် ဂုဏ် သိက္ခာ ကင်းမဲ့သည့် အလုပ် လို့ တစ်ခါ မှ မထင်မိပါ ။ သူ့ လုပ်ငန်း သည် သူ တစ်ပါး အပေါ် ကောက်ကျစ် စဉ်းလဲ သည့် အလုပ် ၊ ကံ ငါးပါး ချိုးဖောက်စရာ လို သည့် အလုပ်မျိုး မဟုတ်တာ လည်း သေချာပါသည် ။ သူ ကျောင်းသားဘဝ တုန်း က တချို့သော ဆရာ ၊ ဆရာမတွေ ဆီ မှ “ မင်းတို့ စာ မကြိုးစားရင် ဆိုက်ကားသမား ဖြစ် လိမ့်မယ် ” ဟူသော ဆုံးမစကား မျိုး ကြားရ တတ်သည် ။ ဒါဖြင့် စာ ကြိုးစားရင် ဆိုက်ကားသမား မဖြစ်ဘူး လို့ ပြောတာ နဲ့ အတူတူ ပေါ့ ။ အခု အချိန် မှာ ပညာတတ် ဆိုက်ကားသမားတွေ ကို ပြ ပြီး ‘ ဆရာမ မှားသွားပြီ ’ ဟု ပြောလိုက်ရမည် လား ။

ဒါနဲ့ နေပါဦး.. ၊ သူ ငယ်ငယ်တုန်း က ကြီး လာ ရင် ဘာ လုပ်မယ်လို့ ပြောခဲ့ဖူးသလား ။ “ ဆရာဝန် ” ဟုတ်ပါသည် ။ အကြိမ် အတော်တော်များ မှာ တော့ ဆရာဝန်ကြီး လုပ်မယ် လို့ သူ ပြောဖူးသည် ။ ဘာကြောင့် ဒီလို ဖြေရတာလဲ ဆိုတာတော့ သူ မသိတော့ပါ ။ လူကြီးတွေ သင် ထားလို့များ လား .. ။ ဒါမှမဟုတ် ဘာ ကောင်းကွက်တွေ ကြောင့် ဖြစ်ချင်ခဲ့တာလဲ ။ သိပ် မမှတ်မိ ပေမယ့် သူ မှတ်မိတဲ့ အဖြစ်အပျက်ကလေး တစ်ခု တော့ ရှိသည် ။

သူတို့ ဆယ်တန်း ဖြေသည့် နေ့ က ဖြစ်သည် ။ ပထမဆုံး ဖြေဆိုရမည့် နေ့ လည်း ဖြစ်သည် ။ သူငယ်ချင်း လေးငါးယောက် တက်ကြွ နေတဲ့ ပုံစံ ကို အခုချိန် မြင်ယောင် ကြည့်လို့ ရသေးသည် ။ သူတို့ အုပ်စု သည် စက်ဘီး ကို ကိုယ်တိုင် နင်း ပြီး စာစစ်ဌာန ရှိသည့် အထက ( ၆ ) ကျောင်းဝင်း ထဲ ကို ဝင် တော့ သီချင်း တစ်ပုဒ် ကို ပြိုင်တူ အော် ဆို လိုက်ကြတာ သူ မမေ့သေးပါ ။ အဲဒီ အချိန်တုန်း က အင်မတန် နာမည်ကြီးသည့် အဆိုတော် သန်းထွန်းလေး ၏ ‘ ကျွန်တော့် ရည်မှန်းချက် ’ သီချင်း ဖြစ်သည် ။ “ ဆရာဝန် ဖြစ်ဖို့ ကျွန်တော် ကြိုးစားမည် ” ဆိုတဲ့ အပိုဒ် ကို သံပြိုင် အော် ဆိုပြီး ကျောင်းဝင်း ထဲ ဝင် သွားကြ သည့် မြင်ကွင်း က အနှေး ပြကွက် တစ်ခု လို ... ။ စာမေးပွဲ လည်း ဖြေ ပြီး လို့ အတန်း ထဲ က ထွက် လာပြီး ကျောင်းတံခါးဝ ရောက် တော့ သူတို့ အားလုံး မတိုင်ပင်ဘဲ သီချင်း သံပြိုင် ဆို မိတာက ‘ ဆရာဝန် ဖြစ် ဖို့ ကျွန်တော် ဝေးသွားပြီ ’ တဲ့ ။

  •••••   •••••   •••••

ဆိုက်ကားဂိတ် တွင် ခရီးသည် စောင့်ရင်း အတိတ် ကို ပြန် တွေး နေသော သူ သည် အသံ တစ်သံ ကြောင့် အတွေးစ ပြတ် သွားသည် ။

“ ဦးလေး ဆိုက်ကား အား လား ”

ရုံးဝတ်စုံ ဝတ်ထားသော သူ့ သမီး အရွယ် ကလေးမလေး တစ်ယောက် ဆိုက်ကား လာ ခေါ် ခြင်း ဖြစ်သည် ။

“ ရုံး သွားချင်လို့ ဦးလေး ”

“ အေး ထက် သမီး တက် တက် ”

ဆိုက်ကား ဆိုဖာ နှစ်ခု ကို နေရာချ ပေးရင်း သူ ပြန် ဖြေ လိုက်သည် ။ ကလေးမလေး က ခေတ် ၏ သမီးပျို ပီသစွာ ပဲ ကိုယ် အလေးချိန် နည်းပါး ပါသည် ။ သူ ဖတ် နေကျ ဝတ္ထု ထဲ က  ကိုယ့် ဆရာ အကြိုက် ဆိုသည့် စကားလုံး ကို တောင် ဖျတ်ခနဲ ခေါင်း ထဲ ဝင် လာ လိုက်သေး သည် ။ ဒီမှာ တော့ ဆိုက်ကားဆရာ အကြိုက် ဟု ဆို လျှင် ပို မှန်သည် ။ တစ်ယောက် တ ည်း စီးသူ လည်း ဖြစ်တာ မို့ ပေါ့ပေါ့ပါးပါးပဲ နင်း ထွက် ခဲ့သည် ။

“ စိတ်ညစ်ပါတယ် ဦးလေး ရယ် ... ။ ရုံး လာ ခါနီး ကျ မှ ပဲ အိမ် က မောင်လေး ရယ် စက်ဘီး ယူ သွား တာ အချိန်မီ ပြန် မလာဘူးလေ ။ ရုံးသွားချိန် အမီ ရောက် အောင် ပြန်ခဲ့လို့ သေသေချာချာ မှာလိုက်ရဲ့သား နဲ့ ... ။ လမ်းလျှောက် သွား ရင်တော့ ဖြစ်တာပေါ့ ။ ဒါပေမဲ့ အချိန် က မရတော့ဘူးလေ သိတယ် မဟုတ် လား ။ ရုံး ရောက် လို့ နောက်ကျ နေရင် လက်မှတ် ထိုး ရ သေးတာ .. ။ အဲဒါကြောင့် ဆိုက်ကား စီး ရတာပေါ့ ။ ဒီလို ချည်း အမြဲတမ်း ဆို ဘယ် လွယ်မလဲ ဦးလေး ရဲ့ ။ မနက် သုံးရာ ညနေ သုံးရာ နဲ့ လ လည်း ကုန်ရော ဆိုက်ကားခ နဲ့ တင် သမီး လစာ ပြုတ် မှာပေါ့ ”

ကလေးမလေး စကား ကြောင့် သူ ရယ် လိုက် မိ သေးသည် ။ ဒါ အမှန်တရား တစ်ခု မဟုတ်လား .. ။ အတွက်အချက် ကောင်းသည့် မိန်းကလေး အဖြစ် သူ သဘောကျ မိပါသည် ။ လခစား ဝန်ထမ်း ဘဝတွေ ကို ဆက်စပ်ပြီး တွေး လိုက် ပြန်တော့ လည်း သူ စိတ် မသက်သာ ပြန် ။ ရုံး ရှေ့ မှာ ရပ် လိုက်တော့ ပိုက်ဆံအိတ်အပြားလေး ထဲ က နှစ်ရာတန် တစ်ရွက် နဲ့ ရာတန်လေး တစ်ရွက် ကို ထုတ်ပေးရင်း ‘ ကျေးဇူး တင်ပါတယ် ’ လို့ ပြော သွားသည် ။ ဒီနေရာ မှာ ဘာကြောင့် ကျေးဇူး တင်ရမှာ လဲ တို့ ၊ ဘာတို့ မစဉ်းစားပါ နှင့် ။ အခု ခေတ် မှာ ကျေးဇူးတင် စကား ဆိုတာ ကြားရဖို့ သိပ် ခက်ခဲတဲ့ စကား မဟုတ်တော့ပါ ။ သူ့ လို ဆိုက်ကားသမား တစ်ယောက် က တောင် တစ်နေ့ အနည်းဆုံး လေးငါးခါ တော့ အလိုလို ကျေးဇူးတင် ခံရသည် ။ ညနေ ဘက် တီဗီတွေ ဘာတွေ ဖွင့် ကြည့်ဦးမလား ကျေးဇူး အတင် ခံရလိမ့်ဦးမည် ။

အပြန် လမ်း မှာ တော့ ခရီးသည် ရလို ရငြား တွေးပြီး ဈေးဘက် ကို လှည့် နင်း လိုက်သည် ။ သူ တွေး တာ တကယ် မှန်သည် ။ ဈေး မှာ မိန်း မတစ်ယောက် ဆိုက်ကား လှမ်း ငှားသည် ။ အသွားအပြန် ဆိုတော့ သူ့ အတွက် ခိုင် သွားပြီ ။

“ ဒီမှာ ခဏစောင့်နော် ကျွန်မ ပစ္စည်းတွေ သွားသယ်မလို့ ”

ပြောပြီး ဈေး ထဲ ပြန် ဝင် သွားသည် ။ ခုန ကလေးမ ရဲ့ သုံးကိုယ်စာ လောက် ရှိတာမို့ သူ နည်းနည်း တော့ ညစ် သွားသည် ။ ကိစ္စ တော့ မရှိ ၊ တစ်ယောက် တည်း စီး မှာ ဆိုတော့ ဘယ်လောက်များ လေးမှာမို့ လဲ .. ။ သူ က လည်း သန်တုန်း မြန်တုန်း ။

“ နည်းနည်း ကူပေးပါဦး ”

ဟင်းသီးဟင်းရွက်တောင်း က နှစ်တောင်း ဆို တော့ ရှေ့ မှာ တစ်တောင်း ၊ နောက် မှာ တစ်တောင်း တင် လိုက်သည် ။ ခြေနင်းခုံ မှာ က အထုပ် တစ်ထုပ် တင်ပြီး သွားတော့ လူ ထိုင်စရာ မကျန်တော့ ။ ဒီ မိန်းမ ဘာ ဆက် လုပ်မလဲ ကြည့် နေတုန်း အလယ်ကျောမှီ နေရာ ကို စွေ့ခနဲ တက် ထိုင် လိုက်တာ တွေ့ ရသည် ။ သူ ထိုင်ပုံ က နင်းသူ ကို ကျော ခိုင်းပြီး စပယ်ယာဘီး ဘက် ကို ခြေတွဲ လောင်း ချ ပြီး ထိုင် နေခြင်း ဖြစ်သည် ။ စီး နေကျမို့ ဒီ ပုံစံ နဲ့ အသားကျ နေပုံ လည်း ရသည် ။ သူ တစ်ချက် ပြုံး လိုက်ပြီး ဆိုက်ကား ကို နင်း ထွက် လိုက်သည် ။ ဘုရား ဘုရား အမေ့သား တော့ လူပေါင်း မှားပြီ ထင်ပါရဲ့ ... ။

“ ဈေး ရောင်းရတာ လည်း မကိုက်ပါဘူး ရှင် ။ လုပ်လက်စ မို့သာ ဆက် လုပ်နေရတာ ။ ရောင်းတာ က ကုန်စိမ်း ဆိုတော့ တစ်ရက် လောက် ကျန် သွားရင် လွှင့် ပစ် ရရော .. ။ အဲဒီတော့ အရင်း ထဲ က ပါ သွား ပြန်ရော ။ အရင်း မရှိလို့ ဆိုပြီး ဆက် မရောင်း လို့ မှ မဖြစ်တာလေ ... ဘာ လုပ်ရမလဲ ၊ နေ့သွင်း ပေးတဲ့ မိန်းမ ဆီ အောက်ကျ ခံရပြန်တာပေါ့ ”

ဆိုက်ကား ပေါ် ထိုင် လိုက် လာ တာ ကို ဇိမ်ခံ ကား ပေါ် မှာ ထိုင် နေရတယ် လို့ ထင်လား မသိ ။ စကား တောင် အေးအေးဆေးဆေး ပြော နေ လိုက်သေးသည် ။

“ ကျွန်မ လည်း တစ်ခါ တစ်ခါ တော့ တွေးမိ တယ် သိလား ။ ငွေတိုးပေးစား တဲ့ သူတွေ ဟာ ဘာကြောင့် ဒီလောက် တောင် မောက်မာ ရတာလဲလို့ လေ ။ ကျွန်မတို့ ဆိုရင် ကိုယ့် ဆီ ဈေးလာ ဝယ်တဲ့ သူတွေ ဆို ချို နေအောင် ပြောရတာ ... ကိုယ့် ထမင်းရှင်တွေ မဟုတ်လား ... ။ သူတို့ လည်း ဒီလိုပဲ ပေါ့ .. ၊ ကျွန်မတို့ နဲ့ ဘာ ကွာလို့လဲ .. ၊ ကျွန်မတို့ က ပစ္စည်း ရောင်းတာ ၊ သူတို့ က ပိုက်ဆံ ရောင်းတာ ၊ အလကား ပေးနေတာ မှ မဟုတ်ဘဲ ... ။ ဘာ မောက်မာစရာရှိလဲ ။ ရောင်းတာ ချင်း အတူတူပါပဲ တော် .. ။ ကျွန်မတို့ လို လူမျိုးတွေ မရှိရင် သူတို့ ဘယ်လို အလုပ် ဖြစ်မလဲ ဒါတောင်မှ .. ။ အေးလေ ကိုယ် က လည်း မကင်းနိုင် ။ ဒီလိုပဲ အောက်ကျ ခံရမှာပေါ့ ... ။ အဲအဲ ရောက်ပြီ ပစ္စည်းတွေ အောက် ချ ပေးပါဦး ကျေးဇူးရှင်ရယ် ... ”

ပြော လည်း ပြော အောက် ကို လည်း ခုန်ချ လိုက်သည် ။

“ ဘယ်လောက် ကျသလဲ ”

“ ရှစ်ရာ ပါ အစ်မ ”

“ ကဲကဲ ရှစ်ရာ လုပ် မနေနဲ့ တစ်ထောင် သာ ယူသွား ၊ တခြားသူ နဲ့ ဆို နှစ်စီး ခွဲ တင်ရမှာ ၊ နင်း ရတာ လည်း သက်သာတာ မဟုတ်ဘူး ။ ကျွန်မ ကိုယ်ချင်း စာ တတ်ပါတယ် ရှင် ။ ရှင် လည်း ဆင်းရဲတယ် ၊ ကျွန်မ လည်း ဆင်းရဲတယ် ဘဝ သမားတွေ မဟုတ်လား ။ ဒီနေ့ ကျ မှ ကျွန် မစီးနေကျ အကောင် က လာ မကြိုဘူး လေ ... ”

ကြာကြာ ဆက် နေရင် စကား ပြတ် မှာ မဟုတ်တာ နဲ့ ထွက်လာ ခဲ့သည် ။ ဒါတောင် နောက် မှာ ပွစိ ပွစိ နဲ့ တစ်ယောက် တည်း ပြော နေသေးသည် ။ ဒီ မနက် တော့ တွက်ချေ ကိုက် ပြီမို့ ထမင်းစား ပြန်တော့မည် ။ နေ့ခင်းဘက် တွေ ဆို နေပူလွန်း လို့ အိမ် မှာ ပဲ နေတာ များသည် ။ ညနေစောင်းတော့ မှ ညဆိုင်း ပေါ့ ။ အဲ ... ညနေ ဆို လို့ ညနေ ကျ ရင် လမ်း ထဲ က အသိ အိမ် တစ်အိမ် က ဧည့်သည် ဆေးခန်း ပြဖို့ ချိန်း ထားတာ ရှိသည် ။ စိတ် ပူစရာ မလိုတော့ ညနေ ဘက် အတွက် က အော်ဒါ ရှိပြီးသား ။

•••••   •••••   •••••

ကလင် ကလင် .....

စက်ဘီးဘဲလ်သံ ကြား လိုက် လို့ သူငယ်ချင်း ရဲ့ သားလေး က အထဲ ကို အော် ပြော လိုက်သည် ။

“ အန်တီ ရေ ဆိုက်ကား ရောက်ပြီ ”

“ အေး အေး လာပြီဟေ့ ”

အသံ နဲ့ အတူ ပဲ ခပ်ပိန်ပိန် အမျိုးသား တစ်ဦး ကို ဇနီးသည် ဖြစ်ဟန် တူသော အမျိုးသမီး က တွဲကာ အိမ်ရှေ့ ကို ထွက် လာသည် ။ သူ လည်း အကျင့်ပါ နေသည့် အတိုင်း ကိုယ်တိုင် တွဲ ခေါ် လာကာ ခပ်မှန်မှန် လေး နင်းထွက် လာခဲ့ ပါသည် ။

ဧည့်သည်များ ပြသ ချင်သည့် အထူးကုဆေးခန်း မှာ အိမ် နှင့် သိပ် မဝေးလှပါ ။ အိမ် က အထွက် မှာ သူငယ်ချင်း ဖြစ်သူ က “ မင်း အစအဆုံး ကူညီလိုက်ပါ ကွာ ” လို့ မှာ လိုက် သေးသည် ။ ဒီလိုမျိုး မမှာ လည်း သူ က ကူညီမှာ ပဲ ဖြစ်ပါသည် ။

အမျိုးသမီး ဖြစ်သူ ၏ ဝတ်စားဆင်ယင်မှု က နယ် က တက်လာသည့် သူဌေးမှန်း အရမ်း ကို သိသာပါသည် ။ လက် နှစ်ဖက် က ရွှေလက်ကောက်တွေ က တချွင်ချွင် မြည် နေသည် ။ လည်ပင်း က ဆွဲကြိုးကြီး က လည်း နွား ချည်တဲ့ ကြိုး နဲ့ မှားပြီး ဆွဲ လာ သလားလို့ တောင် ထင်ရသည် ။ မျက်နှာ မှာ လည်း မိတ်ကပ် က အဖွေးသား ပေမယ့် လည်ပင်း နဲ့ လက် မှာ ကတော့ မူလ အသားအရောင် အတိုင်း ဆိုတော့ ငွေကြေး အတွက် မခက်ခဲပေမယ့် အခြား အခက်အခဲ များစွာ တွေ့ နိုင်ပါသည် ။

ဆေးခန်း ရှေ့ ကို ရောက်တော့ လူနာ ကို သူ ပဲ တွဲ ပါသည် ။ အဝင်အဝ မှာ လူနာမှတ်တမ်း စာအုပ် စ လုပ်ရသည် ။ ပိုက်ဆံ စ ပေး ရပြီး နောက်တော့ သမားတော်ကြီး နဲ့ ၁ဝ မိနစ် လောက် ဝင် တွေ့ပြီး စမ်းသပ် ခံရ ပါသည် ။ စစ်ဆေးစရာ ရှိတာ စစ်ဆေး ၊ ရိုက်စရာ ရှိ တာရိုက် တစ်နေရာတည်း မှာ ပဲ ဆိုတော့ အဆင်ပြေ ပါသည် ။ အချိန် က တော့ ည ၈ နာရီ လောက် ဖြစ်သွားသည် ။ အဲဒီ ဆေးခန်း ကို သူ လည်း ခုမှ ထဲထဲဝင်ဝင် ရောက် ဖူးသည် ။

သူ့ လူ မှာ အမျိုးသား ဖြစ်တာ မို့ ဆီးတို့ သွေးတို့ ယူသည့် အခါ သူပဲ တောက်လျှောက် လိုက် ရသည် ။ သူ့ အမျိုးသမီး က ပိုက်ဆံ လိုက် ရှင်းရုံ သာ ။ တစ်နေရာ ပြီး တစ်နေရာ ဝင်လိုက် ထွက်လိုက် ၊ အလုပ် က တော့ မနည်း ရှုပ် ပါသည် ။ ပေးရသည့် ပိုက်ဆံ က လည်း သူတို့ လို လူမျိုး သာ ဆို ခက်ရချည် ရဲ့လို့ လည်း ကပျာကယာ တွေးမိလိုက် သေးသည် ။ အကြွေ မရှိသည့် ပြဿနာ က လည်း ခဏခဏ ကြုံရ သေးသည် ။ ဒါပေမယ့် ဒီ ပြဿနာ က လည်း တစ်ဖက် ဖက် က လျှော့ ပေးလိုက် လျှင် ဖြစ်ပါသည် ။

ဘယ်သူ က လျှော့မည် ထင်ပါသလဲ ။ သူ့ ဧည့်သည် အမျိုးသမီး က ပဲ ပြုံးရွှင် ချိုသာသော အသံဖြင့် “ အကြွေ နှစ်ရာ မရှိရင် မအမ်းနဲ့ တော့ သမီး ” သူ က တော့ နှမြော ပါသည် ။ နှစ်ရာ ဆိုတာ လည်း ပိုက်ဆံ ပဲ မဟုတ် လား ။ ဒါပေမဲ့ သူ ဘာမှ ဝင် မပြောဖြစ်ခဲ့ပါ ။ သူ့ ဧည့် သည် တင် မဟုတ်ဘဲ တခြား လူနာရှင်တွေ အားလုံး ဟာ လည်း နေရာပေါင်းစုံ က တောင်း သည့် ပိုက်ဆံတွေ ကို ဆစ်ခြင်း ပြုခြင်း မရှိဘဲ ဟောခနဲ ဟောခနဲ ပေးလိုက် ကြတာချည်း သာ ဖြစ်သည် ။ ခု ဆိုလျှင် သူ့ ဧည့်သည် တစ်ညနေ ထဲ မှာ ပင် တစ်သိန်း ကျော် ခန့် ကုန်သွား လောက်ပြီ ဟု သူ ခန့်မှန်း မိသည် ။ ဒါပေမဲ့ သူ့ ဧည့်သည် လူနာရှင် အမျိုးသမီး မှာ နှမြောသည့် အမူအရာ မျိုး လုံးဝ မတွေ့ ရဘဲ သူ့ ယောက်ျား ၏ ဝေဒနာ ပျောက် ကင်းမည့် အတွက် အားရဝမ်းသာ ဖြစ်နေပုံ ပဲ ရပါသည် ။ အိတ် ထဲ က ပိုက်ဆံ တစ်ခါ ထုတ်ရတိုင်း လည်း အော်ရာမင်း F အားဆေး ကြော်ငြာ ထဲ က မင်းသမီး လို မျိုး အိတ် ထဲ ရှိသမျှ ပိုက်ဆံ အားလုံး ကို အရင် ထုတ် လိုက် ပြီးမှ လိုသလောက် ယူပြီး ပြန် ထည့် တာ တွေ့ ရသည် ။

ကိစ္စဝိစ္စ အားလုံး ပြီး သွားတော့ သူတို့ အိမ် ပြန် ကြသည် ။ ဆိုက်ကား ပေါ် ရောက် တော့ လူနာ အစ်ကိုကြီး က “ ခုလို အစအဆုံး ကူညီတာ ကျေးဇူးတင်ပါတယ် ကွာ ” လို့ မပွင့်တပွင့်လေး ပြောသည် ။ သူ့ ဇနီးသည် ကလည်း “ ဟုတ်ပါတယ် ကွယ် ၊ တို့တွေ သူတော် ကောင်းနဲ့ တွေ့တာ ” လို့ သကာ ဆင့် လိုက်ပါသည် ။ ဒီနေ့ အဖို့ သူ အတင် ခံရသည့် နောက်ဆုံး ကျေးဇူးတင် စကား ဖြစ်လိမ့်မည် ။ ဒါပြီးရင် သူ အိမ် ပြန်တော့မည်လေ ။

တည်း သည့် အိမ် ရောက်တော့ လည်း အိမ်ခန်း ထဲ သူ ပဲ တွဲ ပို့ပေးပါသည် ။ အချိန် မနည်း လင့် နေတာ သူ သိပါသည် ။ သူ့ ဘက် က ဒီလောက်လေး နဲ့ ပြောစရာ မဖြစ်ချင်တော့ ကူးတို့ အထိ ပို့လိုက်တာ ပဲ ဖြစ်သည် ။

“ ကျေးဇူးပဲ မောင်လေး ရေ ၊ ဆိုက်ကားခ ဘယ်လောက် ပေးရမလဲ .... ”

ခုန က ကျေးဇူး နောက်ဆုံး မဟုတ်သေးပါလား ။

“ အသွားအပြန် ရှစ်ရာ ပါ အစ်မ ”

“ ဘာ ... များလှချည်လား ကွယ် ၊ ဒီနား ဟိုနား ကို ”

သူ လည်း ပုထုဇဉ် လူသား ပီပီ ဖျင်းခနဲ ဖြစ်သွားသည် ။ အသက် ကို ဝအောင် ရှူသွင်း ပြီး မှ ..

“ မများပါဘူး အစ်မရယ် ဒါ ပုံမှန်ပါ ပဲ ”

“ ဘယ်မှာ ပုံမှန် ဟုတ်လို့လဲ ၊ ငါတို့ ကို တော က တက် လာတာ ဆိုပြီး အချဉ် ဖမ်းတာ တော့ မလုပ်နဲ့ နော် ။ မနက်တုန်း က အဲဒီ ဆေးခန်း ကို ပဲ တိုကင် ယူ ရအောင် သွားတာ အသွားအပြန် မှ ခြောက်ရာ ပဲ ယူတယ် ။ ဟေ့ အောင်ခင် ရေ နင် ငှား ပေးတဲ့ နင့် သူငယ်ချင်း ဆိုက်ကား က ဘယ်လိုလဲ အချင်းချင်း တွေ ဆို .. ”

ပြဿနာ တော့ စပြီ ထင်ပါရဲ့ ၊ အိပ်ပျော် နေတဲ့ အိမ်ရှင် က ဘုမသိ ဘမသိ ထပြီး ‘ ဘာဖြစ်တာလဲ ’ ဆိုပြီး ထွက် လာသည် ။

“ ကဲကဲ ပြော မနေနဲ့တော့ တစ်ထောင်တန် ပဲ ရှိတယ် ၊ နှစ်ရာ ပြန် အမ်း .... ”

သူ့ အိတ် ထဲ မှာ နှစ်ရာတန် က မရှိ ပြန် ။ သူ အားလုံး ထားခဲ့ပြီး ပြန် လာဖို့ စိတ်ကူး လိုက်ပေမယ့် ရှစ်ရာ ဆိုတာ က လည်း သူတို့ မိသားစု အတွက် က မနည်း သုံးရ တာ မို့ အကြွေ ဖျက် ဖို့ ကွမ်းယာဆိုင် လိုက် ရှာတော့ သည် ။ မနည်း မှောင် နေပြီ ဆိုတော့ အနား က ဆိုင်တွေ က အကုန် ပိတ် ကုန်ပြီ ။ ဟို ခပ်လှမ်းလှမ်း က မီးရောင် လက်လက် မြင် နေရသော ဆိုင်ကလေး တွေ့ တာ နဲ့ သူ သွားဖို့ ဆိုက်ကား နင်း ထွက် လာတော့ .....

“ ဆိုက်ကား ထားခဲ့လေ ၊ လမ်းလျှောက် ပြီး သွား ဖျက်ပါလား ။ နင်တို့ မြို့ က ဆိုက်ကားတွေ ရဲ့ အထာ ကို သိပြီး သား ၊ အကြွေ မရှိ သလို လုပ်ပြီး ပြန် တော့ မှာ မဟုတ်လား... ”

သူ ဘယ်လို မှ ဆက် သည်း မခံ နိုင်တော့တာ မို့ လက် ထဲ မှာ ကိုင် ထားတဲ့ တစ်ထောင်တန် နဲ့ အမျိုးသမီး ရဲ့ မျက်နှာ ကို ပစ်ပေါက် လိုက်ပြီး သူ ပြန်လာ ခဲ့ သည် ။ ဒေါသ ကြောင့် သူ့သွေး တို့ က ဆူပွက် နေသည် ။ နှလုံးခုန်သံ ကို အတိုင်းသား ကြား ရသည် ။ လူ တွေ ဘာ့ကြောင့် ဆရာဝန် ဖြစ်ချင် ပြီး ဆိုက်ကားသမား မဖြစ်ချင်တာလဲ ဆိုတာ သိခွင့် ရရုံလေး အတွက် ဒီ လောက် ထိ ခံစားရတာ တော့ မထိုက်တန်ဘူး လို့ ထင်ပါသည် ။

◾ငွေကြယ်စင်

📖 ရနံ့သစ် မဂ္ဂဇင်း
     ၂၀၁၁ ခုနှစ် ၊ ဖေဖော်ဝါရီလ

#ကိုအောင်နိုင်ဦး

.