Showing posts with label မောင်ညိုပြာ. Show all posts
Showing posts with label မောင်ညိုပြာ. Show all posts

Friday, January 2, 2026

မေ့မျက်ဝန်းများရဲ့ ကဗျာတစ်ပုဒ်



 

❝ မေ့မျက်ဝန်းများရဲ့ ကဗျာတစ်ပုဒ် ❞ 
          ( မောင်ညိုပြာ )

ဝတ္ထုတိုလေး၏ အချက်အချာကို အကျဉ်းမျှ ဖြစ်စေ ဖော်ပြမှသာ လိပ်ပတ်လည်နိုင်မည် ထင်ပါသည် ။

ကျွန်တော်သည် မီးရထားလမ်းနံဘေး နေထိုင်ကြသော လူ့ဘဝကို လွမ်းဆွတ်မိသည့်ခံစားချက်ကြောင့် ထိုဝတ္ထုတိုကို စတင်ရေးသားခဲ့သည် ။ မီးရထားလမ်းဘေးမှာ အသက်ထက်ဆုံး နေကြရသူများနှင့် မြစ်ကမ်းနံဘေးမှာ ဘိုးစဉ်ဘောင်ဆက်နေခဲ့ကြရသူများ၏ ခံစားချက်များ ၊ အတွေ့အမြင်များ ၊ ဗဟုသုတများ ၊ နိမိတ်ပုံ အလင်္ကာများ၏ တစ်မူထူးခြားသော တင်စားချက်များဖြင့် ဝတ္ထုကို ဖွင့်ခဲ့သည် ။

ကျွန်တော်သည် ပထမတစ်ကြိမ် မီးရထားလမ်းဘေးမှာ နေထိုင်ဖူးသည် ။ နောင်အနှစ်နှစ်ဆယ်နီးပါး ကြာမြင့်မှ ဒုတိယအကြိမ် မီးရထားလမ်းဘေးမှာ ပြန်လည်နေထိုင်ဖြစ်သည် ။ ကြားတွင် မီးရထားနှင့် အလှမ်း ဝေးလှသော ဒေသတွင် ကျင်လည်နေထိုင်ခဲ့ရသည် ။ အကြောင်းမဆုံသည့်နေ့များတွင် လေးငါးနှစ်တိုင်တိုင် မီးရထားကို မမြင်မိခဲ့ ။ ဒုတိယမ္ပိ မီးရထားလမ်းဘေးမှာ ငှားရမ်းနေထိုင်ရသော နေရာသည် ပထမအကြိမ် နေထိုင်ခဲ့ဖူးသော နေရာနှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် နီးနီးကပ်ကပ် ဖြစ်နေသည် ။ အဟောင်းသည် အသစ်ဖြစ်လာသည် ။ အောက်မေ့တမ်းတခြင်းများ ရင်ထဲအသည်းထဲ ပျံ့နှံ့လာသည် ။ အနံ့ဟောင်းတချို့ကို ပြန်လည်ရှူရှိုက်မိပြီး ထိုအနံ့အမျိုးအစားကို သိရှိဖော်နိုင်မည့်ဆဲဆဲ တစ်ဖန်ပြန်လည်ပျောက်ရှာသွားသည် ။

အနံ့ဟောင်း၏ ရုပ်လွှာကားချပ်များ ဖြတ်ပြေးနေသည် ။ ဆယ်ကျော်သက် ကျွန်တော့်ဘဝ၏ ရုပ်ပုံလွှာများမှာ ရေးရေးယောင်ယောင်မှ ထင်ထင်ရှားရှားဖြစ်လာသည် ။ အာရုံငြိမ်သက်ကြိုးစားဖော်ထုတ်ကြည့်မိလျှင် ကျွန်တော် အမောတကော ခံစားရပြီး အလယ်တန်း ကျောင်းသားဘ၀ ၊ ကျောင်းအုပ်ဆရာကြီး ၊ စာမေးပွဲရှုံးခြင်း ၊ မီးရထား လပေးလက်မှတ် မိထွေး ၊ ဖေဖေနှင့် အစ်မတို့၏ ရုပ်ပုံများသည် ဖုန်တက်နေသော ပန်းချီကားတစ်ချပ်ကို အဝတ်ဖြင့် သုတ်လိုက်သလို ထင်ရှားလာသည် ။ မကြာမီ အချစ်ဦးကို အာရုံနံရံပေါ်မှာ ရုတ်တရက် တွေ့ရှိလိုက်သဖြင့် ငူငိုင်ငိုင်ကြီးဖြစ်သွားရသည် ။ မှိုင်မှိုင်ကြီး လွမ်းသွားမိသည့်အကြောင်းကို ဝတ္ထု အလယ်တွင်ခြယ်ခဲ့သည် ။

ထိုအချစ်ဦးနာမည်မှာ ဝတ္ထုထဲတွင် ‘ ရင်ညွန့် ’ ဖြစ်သည် ။ ကိုယ့်ဘာသာကိုယ် နာမည်ပေးထားခြင်း ဖြစ်သည် ။ တကယ့်နာမည်မှာ အချိန်ကာလအားဖြင့် လေး ငါးနှစ်လုံးလုံး ဂါထာမန္တန်တစ်ခုကို တဖွဖွ ရွတ်ဆိုလာခဲ့ပြီးမှ အကွေ့အချိုးများစွာ ပြွမ်းတီးခက်ခဲသော ဘဝကြမ်း တစ်နေရာတွင် မေ့ကျန်ခဲ့လေပြီ ။ ထူးဆန်းသည်မှာ ချော မောလှပသော သူ့အဆင်းကို အားကောင်းပြောင်မြောက်စွာပင် ထင်းထင်းကြီးမှတ်မိနေခဲ့သည် ။ ထိုမိန်းကလေး နှင့် ပတ်သက်၍ ဝတ္ထုတိုထဲမှာ ကျွန်တော် ရေးသားခဲ့ သည့် စာပိုဒ်ကို ပြန်လည်ဖော်ပြပါမည် ။

ရင်ညွန့် မျက်နှာသည် ဆေးသားအခိုင်မာဆုံးပုံ တစ်ခုပမာ ရှိဆဲ ။ လွန်ခဲ့သော ဆယ်နှစ်နီးပါးဆိုပေမယ့် သူ့ကို အဒေါ်ကြီး တစ်ဦးပမာ မမြင်မိ ၊ အပျိုဖြန်းလေးလိုပဲ မြင်မိသည် ။ ငယ်စဉ်က သင်ခဲ့ရသည့် မြန်မာစာမှ ‘ မောင်ဘ ဈေးသို့ သွားသည် ’ ကို အမှတ်ရလာသည် ။ ရင်ညွန့် သည် မောင်ဘ လိုပဲဖြစ်သည် ။ ကျွန်တော်တို့အဖို့ မောင်ဘ သည် ကိုဘ နှင့် ဦးဘ ဖြစ်မလာသလို ရင်ညွန့် သည်လည်း ထိုအတိုင်းပါပဲလေ ။ တကယ်တော့ ရင်ညွန့်သည် ကျွန်တော့်ဘဝ တစ်လျှောက်လုံးမှာ လွမ်းတတ်အောင် သင်ကြားပေးသော ဆရာမလေး ဖြစ်သည် ။ အချစ်ကို မလိုချင်ခဲ့ ။ ရမ္မက်နှင့် ကာမကို မလိုချင်ခဲ့ ။ သူမ ဘဝကိုလည်း မလိုချင်ခဲ့ ။ ကျွန်တော် လိုချင်သည်မှာ ရင်ညွန့် ၏ ပဉ္စလက်အလှ ဖြစ်သည် ။ ကျွန်တော် အမြဲတမ်း မှတ်မိနေသည်မှာ အဖြူရောင်စက္ကူပေါ် နေရောင် ဖြာကျနေသည်နှင့်တူသော သူ့မျက်နှာ ဝင်းဝင်းလေး ဖြစ်သည် ။

ရင်ညွန့်သည် ဝတ္ထုထဲတွင် ကျွန်တော် တမ်းတမ်းတတ စွဲခဲ့ဖူးပြီး ခပ်ချိတ်ချိတ်စေ့ပိုက်ကာ ရည်းစားစကား ပြောဖူးသည် ။ တဲ့တိုးပြောဖို့ အချိန်ပင် မရလိုက် ။ ကံစီမံရာမုန်တိုင်း သို့မဟုတ် ကံကြမ္မာလေတစ်ချက်အဝှေ့တွင် ကျွန်တော်တို့ ဝေးခဲ့ကြသည် ။ ခုလို ပထမနေရာ ဝန်းကျင်တွင် ဒုတိယအကြိမ် နေထိုင်ရပြီဆိုတော့ ပထမအကြိမ် နေခဲ့ရစဉ် လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော် ကျော်ခန့်က အတွေ့အကြုံခံစားချက် ရင်နာစရာများ ရင်သာစရာများမှာ တကယ်ပင် ခိုးကြောင်မိုးဝှက် တိတ်တဆိတ်ဝင်ရောက်လာခဲ့ကြသည် ။ နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်နေသော ကျွန်တော့်ရှေ့မှောက်မှာ ငုတ်တုတ်ကလေး ထိုင်နေကြသလို မပီတပီဖြစ်နေကြသည် ။ အိပ်ချင်နေသော စိတ်ကို ဖိနှိပ်လျက် ကြိုးစားအားယူပြီး မိတ်ဟောင်းဆွေဟောင်း အဖြစ်ဟောင်း ခံစားချက်ဟောင်း များကို တစ်ခုစီ ဓာတ်ခွဲရွေးထုတ်နေရသည် ။ ပုံတစ်ပုံမှာ ပုသိမ်ထီးလေး ဆောင်းလျက် မြစ်ဘက်ကို သွားနေသည် ။ မိန်းမချောစာရင်းဝင် နှင့် ကိုယ်ကာယအချိုးအစား ပြေပြစ်သူတစ်ယောက် ။ ကျွန်တော် လုံးလုံးလန့်နိုးခဲ့ပြီ ။ သူ့ကို ကျွန်တော်သိပြီ ။ ရင်ညွန့် ။

ကျွန်တော် ထိုနေ့နံနက်က မီးရထားဖြင့် အလုပ် ဆင်းသည် ။ မီးရထားပေါ်တွင် ကျွန်တော်သိသူ တစ်ဦးတလေ တွေ့မည်လား ရှာဖွေကြည့်သည် ။ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ကျော်ခန့်က မီးရထားစီးခဲ့ရခြင်းနှင့် ယခု မီးရထားစီးခဲ့ရခြင်း၏ ရင်တွင်း ကပ်ငြိပါလာသည့် အတွေးအဆွေး အလွမ်းများသည် မတူတော့ပေ ။ ခုခါ ကျွန်တော်သည် ကလေးသုံးယောက် ဖေဖေ ဖြစ်ခဲ့ပြီ ။ တောင်တွေးမြောက်တွေး တွေးရင်း ရထား တလှုပ်လှုပ် စီးလာခဲ့ရာမှ အတွေးရေလျဉ်ကြောကို အရူးမသားအမိ နှစ်ယောက်က အလိုက်ကမ်းဆိုး မသိစွာပင် ဖြတ်တောက်ပစ်လိုက်သည် ။ အရူးမသားအမိ လက်မှတ်မပါသောကြောင့် လက်မှတ်စစ်တို့က ဖမ်းရန်လာကြသည် ။ သူတို့ မတောင်းပန်ကြသည့်အပြင်

“ တို့လည်း ဒုက္ခရောက်လွန်းလို့ တို့ကို သနားရင် တစ်သက်လုံး ခေါ်ထားပါလား ။ ဟိုကျတော့ ဝက်သားဟင်းနဲ့ ကျွေးနော် ”

ဆိုပြီး ပြောသည် ။ လက်မှတ်စစ် တစ်ချိုးတည်း ခုန်ဆင်းပြေးသွားကြသည် ။

“ ခေါ်မယ်ဆိုပြီး မခေါ်ဘဲ ပတ်သွားတယ်ပေါ့ ဟုတ်လား ။ ထမင်းမကျွေးတော့ဘူးလား ။ ဘယ်ရောက်ကုန်လဲ ။ ဟိုကောင်လေးတွေ ”

ဆိုပြီး အဒေါ်ကြီးက တဆူဆူတပူပူ အော်ဟစ်နေသည် ။ သမီးမှာ မုဆိုးမဖြစ်ကြောင်း ၊ ကလေးသုံးယောက်အမေ ဖြစ်ကြောင်း ၊ သူ့ယောက်ျားသည် လူဆိုး တစ်ဦး ဖြစ်ပြီး အသ,တ်ခံလိုက်ရကြောင်း ။ အဒေါ်ကြီး သားအမိမှာ အလွန်ဆင်းရဲမွဲတေလှကြောင်း ၊ ဘေးထိုင်ခုံမှ ခရီးသည်တစ်ဦး ပြောပြ၍ သိရသည် ။ ထိုအဒေါ်ကြီးသားအမိ ဘူတာတစ်ခုမှာ ဆင်းမည့်ဆဲဆဲ အဒေါ်ကြီးက သူ့သမီးကို လှမ်းပြောလိုက်သော စကားတစ်ခွန်းသည် ကျွန်တော့်ကို တုန်လှုပ် သွားစေခဲ့သည် ။

“ ရင်ညွန့် သမီးလာ ။ ဒီဘူတာမှာ ဆင်းမယ် ” ဆိုပြီး ခေါ်လိုက်သော အသံ ။ ဝတ္ထုထဲမှာ ကျွန်တော် ဒီလို အဆုံးသတ်ခဲ့သည် ။

ကျွန်တော် သေချာအောင် ကြည့်သည် ။ မှတ်မိပြီ ။ ကျွန်တော် တစ်ချိန်က တသသ စွဲလမ်းခဲ့သော ရင်ညွန့် ၊ ကျွန်တော် လှမ်းခေါ်သည် ။

“ ရင်ညွန့် ရင်ညွန့် ၊ ဟေး ရင်ညွန့် ”

ဝတ္ထုတိုလေးကတော့ ဒါပါပဲ ။

ထိုဝတ္ထုနှင့် ပတ်သက်ပြီး ကျွန်တော့် အပေါင်းအသင်းများက အမျိုးမျိုး မှတ်ချက်ချကြသည် ။ တစ်ယောက်က -

“ အဲဒီ ကောင်မလေး တော်တော်ချောသလား ။ သူ့ကို ခင်ဗျား တော်တော်ကြိုက်ခဲ့သလား ” တဲ့ ။

ထိုမေးခွန်းကို ကျွန်တော် ချက်ချင်းဖြေသည် ။

“ ကောင်မလေးဟာ ကျွန်တော်နဲ့ တစ်ခါမှ စကား မပြောဖူးဘူး ။ သူ ဖြတ်သွားဖြတ်လာတာနဲ့ ကြုံကြိုက်တဲ့ အခါ ကျွန်တော် ငေးမောကြည့်မိတာပါပဲ ။ သက်သက် စောင့်ပြီး ကြည့်တာမျိုး မရှိပါဘူး ။ ကြုံကြိုက်တဲ့အခါ ငေး မကြည့်ဘဲ ကျောခိုင်းတာမျိုးလည်း ဘယ်တော့မှ မရှိခဲ့ဘူး ။ ဘာလို့လဲဆို သူဟာ သိပ်လှတယ် ။ မရိုးနိုင်တဲ့ ရှုမျှော်ခင်းတစ်ချပ်ကို ကြည့်ရသလိုပဲလေ ။ ပြောင်းလဲနေတဲ့ ရာသီဥတုအလိုက် တစ်မျိုးစီ အစွမ်းပြဆွဲဆောင်နိုင်တဲ့ ပန်းချီကားတစ်ချပ်လို သူ့ကို သဘောထားခဲ့တာ ပါ ။ အဲဒီ အလှကို ခံစားပြီး ဝတ္ထုတိုလေး ရေးလိုက်တာပါ ။ အဲဒီတုန်းကတော့ သူ့နာမည်ကို ဘယ်တော့မှ မမေ့နိုင်တော့ဘူးလို့ ထင်ခဲ့ပေမယ့် ခုတော့ မေ့ခဲ့ပြီ ။ ကျွန်တော်ဟာ သူ့ရုပ်ရည်ကို ဘယ်လိုမှ မမေ့နိုင်ခဲ့ပေမယ့် သူ့နာမည်ကိုတော့ ဝမ်းနည်းစွာပဲမေ့ခဲ့ပြီ ။ ကျွန်တော် ကြိုးစားကြည့်တယ် ။ ဘယ်လိုမှ မမှတ်မိတော့ဘူးဗျ ”

အခြား သူငယ်ချင်းတစ်ဦးက ဘာပြောသလဲ ဆိုရင်

“ မင်း ဒီလို ရည်းစားဟောင်းတွေ အကြောင်းရေးတာ မင်းမိန်းမက ဘာမှ မပြောဘူးလား ”

တဲ့ စိုးရိမ်လျက် မေးရှာသည် ။ သူက မိန်းမ ကြောက်ရသူ ဖြစ်သည် ။

ထိုဝတ္ထုဂယက် များများစားစား မရိုက်ခတ်ပဲ ပြီးစီးခဲ့ပြီထားခဲ့သည် ။ တစ်နှစ်လောက် ရှိပြီ ။ ဒီနေ့ကျမှ ပြန်လည် သတိရဖွယ် ဆက်နွယ်မှုတစ်ခု ပေါ်ပေါက်ခဲ့သည် ။

••••• ••••• •••••

( ၂ )

အလယ်တန်းကျောင်းသား ဘဝတုန်းက စာတော်သော ကျောင်းသားတစ်ဦးအဖြစ် လူတိုင်းက သိခဲ့ကြသည် ။ ဆယ်တန်းကျောင်းသားတွေအထိပင် သိခဲ့ကြသည် ။ အသက်အရွယ် ကြီး၍ စီးပွားရေး ကျားကုတ်ကျားခဲ လုပ်ကိုင်နေရချိန်တွင် တစ်ခါတစ်ခါ အလယ်တန်း ကျောင်းသားတွေနှင့် ပြန်လည်တွေ့ဆုံစဉ် နှစ်မျိုးခံစားသည် ။ တချို့ကို ရုတ်တရက် တွေ့လိုက်စဉ် ပျော်၍ သွားသည် ။ တချို့က ကျွန်တော်နှင့် တစ်နှစ်တည်း တစ်ကျောင်းတည်း နေရခြင်း၌သာ တူသည် ။ အခန်းက မတူ ။ တစ်ယောက်နှင့် တစ်ယောက် နီးကပ်မှု မရှိ ။ သံ ယောဇဉ် မရှိ ။ တစ်ကျောင်းတည်း အတူတကွ စာသင်ခဲ့ရသည်ဆိုသော အကိုးအကားက လွဲလို့ ဘာမှ မရှိ ။ သူတို့လို လူမျိုးသည် ရန်ကုန်ဆေးရုံကြီးတွင် အလုပ်လုပ်သော ကျွန်တော့် ထံ မေးကာမြန်းကာ ရောက်လာကြခြင်းဖြစ်သည် ။

တစ်နေ့ ကျွန်တော့်ထက် နှစ်တန်း ကြီးသော ကျောင်းသားဟောင်းတစ်ဦးက လူစိမ်းတစ်ယောက်ကို ခေါ်လာခဲ့သည် ။ ကျွန်တော့်ထက် နှစ်တန်းကြီးသော ကျောင်းသားဟောင်း အမည်မှာ မြတ်ထွန်း ဖြစ်သည် ။ မြတ်ထွန်း သည် ထိုလူစိမ်းကို ကျွန်တော့်ထံ ခေါ်လာပြီး ဆေးပင်စင် လုပ်ပေးဖို့သာပြောသည် ။ အမှန်တကယ် ဘာမှမဖြစ်ပါ ။ ဘာရောဂါမှ မရှိပါ ။ အလုပ် လုပ်စရာ မလိုတော့အောင် ချမ်းသာနေ၍ ဆေးပင်စင် ခံစားလိုခြင်း ဖြစ်သည် ။ ကျွန်တော် သူတို့ကို နောက်တစ်နေ့ နေ့လယ် လာခဲ့ရန် မှာလိုက်သည် ။ လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရန်လည်း မှာလိုက်သည် ။

နေ့တစ်နေ့ နေ့လယ် လူစိမ်းရောက်လာသည် ။ မြတ်ထွန်း ပါမလာတော့ ။ လက်ဖက်ရည်ဆိုင် လာခဲ့ကြ သည် ။ မနေ့က ပြောပြီးသား သူ့နာမည်ကို သည်နေ့ ပြန်ပြောသည် ။

ကိုလွမ်းသက်လတ် ။ လက်ဖက်ရည် တစ်ကျိုက် နှစ်ကျိုက် သောက်ပြီး သူ့ဆေးပင်စင်ကိစ္စ ဆွေးနွေးရသည် ။ စကားပြောရင်း သူ့ကို လေ့လာရသည် ။ သူသည် အသားဖြူသည် ။ မျက်နှာဝိုင်းဝိုင်းလေး မုတ်ဆိတ်မွှေး ၊ နှုတ်ခမ်းမွှေး ရိတ်ထားသည်မှာ စိမ်းနေသည်ကို မြင်ရလျှင် သူ့အသားလှခြင်းမှာ ပို၍ထင်ရှားလာသည် ။ သူ့ ဆံပင်က ခပ်တိုတို ၊ ဆံပင်တို သော်လည်း သူ့ရုပ်ရှည်က ကြည့်ကောင်းဆဲ ။ ပါဝါမျက်မှန်တပ်လိုက်လျှင် ခန့်ချော ဖြစ်သွားသည် ။ သို့သော် အရပ်က အနည်းငယ် ပုနေပြီး ကြည့်ကောင်းရုံထက် ပိုဝနေသည် ။ သေချာခြင်းတစ်ခုမှာ သူသည် ကျွန်တော်တို့ထက် ဆယ်ဆမျှ ပိုချောသည် ။

“ ကျောင်းမှာတုန်းက မင်းက ငါတို့ထက် အတန်းငယ်တာပေါ့ကွာ ။ မင်း ကျောင်းမှာတုန်းက စာချည်း ဖိကြိုးစားနေချိန်မှာ ငါတို့က ရည်းစားထားလို့ ကောင်းတုန်းပေါ့ ။ ငါ့ရည်းစား မင်းတို့ သိပါလိမ့်မယ် ။ ငါ့အချစ်ဆုံးရည်းစား ခင်သိန်းရီ လေ ”

“ ဘာ ”

ကျွန်တော် အထိတ်တလန့် ဖြစ်သွားသည် ။

“ ခင်ဗျား တော်တော်ရက်စက်တဲ့ လူပဲဗျာ ။ ကျွန်တော့် ရင်တောင် လှုပ်ရှားသွားရတယ် ။ သူ့နာမည် မေ့နေတာ ဘယ်လိုမှ စဉ်းစားလို့မရဘူး ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲဗျာ ။ သူ့အကြောင်းတောင် ဝတ္ထုတစ်ပုဒ် ရေးဖူးသေးတယ် ။ ဝတ္ထုထဲမှာတော့ သူ့နာမည် ‘ ရင်ညွန့် ’ တဲ့ ။ ကျွန်တော် ပေးထားတဲ့ နာမည်ပေါ့ ။ သူ့နာမည်အရင်း ကိုတော့ နှစ်ပေါင်းများစွာ မေ့နေလိုက်တာဗျာ ။ အလယ်တန်းကျောင်းသားဘဝကို စဉ်းစားမိတိုင်း ဘာဖြစ်လို့လဲ မသိဘူး ။ ပုသိမ်ထီး ဆောင်းပြီး မြစ်ဆိပ်ဘက် လျှောက်သွားတဲ့ သူ့ကို မျက်လုံးထဲမှာ တစ်သက်လုံး သတိရနေတာ သူ့ကို ချစ်လို့ မဟုတ်ဘူး ။ သူ့ကို ကျေးဇူးတင်လို့ပါ ။ ဒီလိုလေ ကျွန်တော်တို့ ကျောင်းတက်တဲ့ ကာလတစ်လျှောက်လုံးမှာ သာယာအောင်စိုပြည်အောင် လုပ်ခဲ့တယ် လို့ပဲ ကျွန်တော် ထင်ခဲ့တယ် ။ အဆီအငေါ် မတည့်တဲ့ ဘဝရယ် ၊ ခက်ခဲရှုပ်ထွေးတဲ့ ကျောင်းစာတွေရယ် ၊ ကိုယ့် စိတ်ကူးထဲမှာ ရှိနေတဲ့ ကိုယ်ချစ်ရမယ့် မိန်းကလေးတစ် ယောက်ရဲ့ပုံစံကို ရှာနေတဲ့ အချိန်ရယ် ။ ဒါတွေဟာ သူနဲ့ တွေ့လိုက်ရင် အဆင်ပြေသွားသလိုပါပဲလေ ။ ရုပ်ရှင်တစ်ပွဲ အပျင်းပြေ အခမဲ့ ကြည့်ရသလို ကျေးဇူးတင်ရတယ်ဗျာ ”

“ မင်းကို ငါတို့ အကြောင်းတွေ ငါ ပြောပြမယ် ။ မင်းဝတ္ထု ရေးလိုက်ရင် အရမ်းနာမည်ကြီးသွားမယ် ”

“ ဒီလိုပါဗျာ ကျွန်တော် စိတ်မကောင်းတာ တစ်ခု ရှိတယ် ။ ဝတ္ထုကို ဇာတ်နာအောင် ဆိုပြီး ရင်ညွန့် တစ်ယောက် လင်သေခိုင်း ။ ကလေးသုံးယောက်နဲ့ တလည်လည်ဖြစ်ပြီး ရူးသွပ်မွဲတေသွားတဲ့အထိ ရေးချလိုက်မိ တယ် ။ အဲဒီတုန်းက ကျွန်တော်ဟာ ဇာတ်နာသွားအောင် ဆိုတဲ့ မူတစ်ခုကို အရင်းပြုပြီး ရေးချလိုက်တာပဲ ဖြစ် တယ် ။ သိပ်တော့ မတရားဘူးပေါ့ ။ ဇာတ်နာရင် ပြီးရော ဆိုတဲ့ မူဟာ ခင်ဗျား သိအောင် ပြောလိုက်တာပါ ။ တကယ်တော့ ဖန်တီးလိုက်ခြင်းပါပဲ ။ ရင်ညွန့် သို့မဟုတ် ခင်သိန်းရီ ဟာ အပြင်ဘက်မှာ သိန်းပေါင်းများစွာ ချမ်း သာနေရင်လည်း ကျွန်တော့်ဝတ္ထုကို မပြင်နိုင်ဘူး ။ ဘာလို့လဲ ဆိုတော့ ဒီလိုခေါင်းမာမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဇာတ်ဆောင်ကိုယ်စားပြုမှုနဲ့ ဆိုင်နေလို့ပဲ ။ အပြင် လောကမှာ သိန်းပေါင်းများစွာ ချမ်းသာတဲ့ ရင်ညွန့် သို့မဟုတ် မခင်သိန်းရီ အကြောင်း ကျွန်တော် ရေးမိရင် ကျွန်တော်ဟာ ရှားပါးတဲ့ အမျိုးအစား အနည်းစုကို ကိုယ် စားပြုလိုက်သလို ဖြစ်သွားလိမ့်မယ် ။ ထားပါတော့လေ ။ ကျွန်တော်ဟာ ‘ နာကျင်ခြင်းနဲ့ ကြင်နာခြင်း ’  ကို အဲဒီလို ဇာတ်သိမ်းခန်းအတုနဲ့ ရေးချလိုက်ပြီးပြီ ။ ဝတ္ထုအသွင် ဖန်တီးပြီးပြီ ၊ ဝတ္ထု မဟုတ်တဲ့ သူ့အတ္ထုပ္ပတ္တိစစ်စစ် သို့မဟုတ် ပြင်ပတကယ့်အဖြစ်အပျက် ပြန်ကြားလွှာထဲ မှာတော့ သူဟာ ဘယ်လို နေထိုင်စားသောက်လဲ ၊ ဘယ်သူနဲ့ လက်ထပ်လိုက်သလဲ ၊ တကယ့်ဇာတ်သိမ်းခန်းဟာ ဘာလဲ ။ သိချင်နေတယ်ဗျာ ။ ‘ နာကျင်ခြင်းနဲ့ ကြင်နာခြင်း ’ ဝတ္ထု ရေးသားပြီးစီးကတည်းက သိချင်စိတ်ဟာ ပိုပြီး မြင့်မားလာခဲ့တယ် ။ သိပ်သိချင်ပေမယ့် ဘာမှ အစရှာ မရဘူးဗျာ ။ နှစ်ပေါင်းနှစ်ဆယ် ကျော်နေပြီ ။ သူနဲ့ ကိုယ်နဲ့ကလည်း တကယ်တမ်း အကျွမ်းတဝင် မဖြစ်ခဲ့ဘူးဆိုတော့ ဘယ်လွယ်ပါ့မလဲ ။ ဒါပေမဲ့ သူဟာ ဝတ္ထုထဲက ဇာတ်သိမ်းထက် ပိုကောင်းနေသလား ၊ ပိုဆိုးနေသလား ။ သိချင်နေတဲ့ ဆန္ဒကတော့ အခိုင်အမာ ဖြစ်နေရာ ကနေ ခုလို ခင်ဗျားက သူ့နာမည်ကို ရုတ်တရက် အစဖော် ပေးလိုက်တော့ ခင်ဗျားဟာ ကျွန်တော့် အခက်အခဲ တစ်ခုကို ကူညီလိုက်သလိုပါပဲ ကျေးဇူးပဲဗျာ ”

“ မင်းကို ငါ ပြောပြရင် မင်းအမှန်အတိုင်း ရေးမလား ”

“ စိတ်ချ ဝတ္ထု မရေးတော့ဘူး ။ အစီရင်ခံစာပဲ ရေးမှာ ”

“ သူနဲ့ ငါနဲ့ တစ်တန်းတည်း တစ်ခန်းတည်းမှာ စာသင်ကြရတာ ။ တစ်ယောက်အကြောင်း တစ်ယောက် အတွင်းသိ အစင်းသိ ၊ သူဆင်းရဲတယ် ဆိုတာ ငါ သိသွားပြီလို့ သူ သိသွားတုန်းက သိပ်မထူးခြားပါဘူး ။ ငါချမ်း သာတယ် ဆိုတာ သူ သိသွားတော့ တစ်မျိုးဖြစ်လာတယ် ။ အဲဒါဟာ ငါ့မိဘတွေရဲ့ အစွမ်းအစ ဆိုပေမယ့် ငါ့ကိုယ်ပိုင် အရည်အချင်းလို့ပဲ အခန်းထဲက မိန်းကလေးတွေ သဘောထားလာကြတယ် ။ ခင်သိန်းရီ က ငါ့ကို အခွင့်အရေးပေးတယ် ဆိုတဲ့ အကြည့်နဲ့ လှမ်းလှမ်းကြည့်တယ် ။ နောက် တစ်ခုက ငါ့ရုပ်ရည် ၊ ငါ့ရုပ်ရည် ကိုတော့ မင်း တွေ့တဲ့ အတိုင်းပဲလေ ။ ဟိုတုန်းက ခပ်ငယ်ငယ် ဆို တော့ အသွေးအသားတွေ ဝင်းစိုနေချိန် ၊ ဒီလောက်လည်း မဝဘူး ။ အဲဒီတုန်းက ငါတို့တစ်တွေက ဆယ်တန်း ကျောင်းသားတွေ ၊ မင်းက ခုနစ်တန်းမှာ ထင်တယ် ။ တစ်နေ့တော့ ထွန်းမြတ် အပါအဝင် ငါ့သူငယ်ချင်းတွေက ခင်သိန်းရီ ကို ငါ စာပေးလိုက်တာကို ဟိုက လက်ခံရင် အဲဒီ ကောင်တွေက သုံးရက်ဆက်တိုက် တရုတ်ဆိုင်မှာ ခေါက်ဆွဲကျွေးမယ်လို့ ပြောတယ် ။ ငါ ဒီအလုပ်ကို လက်ခံလိုက်တယ် ။ လက်ခံလိုက်တာဟာ ခေါက်ဆွဲစားချင်လို့လည်း မဟုတ်ဘူး ။ ကောင်မလေးကို ချစ်လို့လည်း မဟုတ်ဘူး ။ လူငယ်ပီပီ စွန့်စားချင်လို့ သူငယ်ချင်းတွေ အထင်ကြီးတာ ခံချင်လို့ ”

သူသည် သူ့ဇာတ်လမ်းကို အကြိမ်ပေါင်း ရာနှင့် ချီပြီး လူတော်တော်များများကို ပြောပြဖူးသည်မှာ ထင်ရှားလာသည် ။ ကဗျာတစ်ပုဒ် အလွတ်ရွတ်ဆို နေသော ကျောင်းသားတစ်ယောက် ပုံစံ ပေါက်လာသည် ။

“ ငါ စာပေးလိုက်တယ် ။ သူငယ်ချင်းတွေ တစ်နေရာ ကနေ ချောင်းနေတယ် ။ လိမ်လို့ မရဘူး ။ ငါ့ စာကို သူ့လွယ်အိတ်ထဲ ထည့်လိုက်တယ် ။ သူ သိသွားပြီ ဆိုတာ ငါ တွေ့တော့ သူငယ်ချင်းတွေဆီ ငါ အပြေးကလေး လာခဲ့တယ် ။ ဝင့်ကြွားလို့ပေါ့ ။ သူငယ်ချင်းတွေက လက်မခံဘူး ။ သူတို့ တွေ့အောင် လွယ်အိတ်ထဲ လက်ကို အကြာကြီး ထည့်ထားရမယ်လို့ ပြောတယ် ။ နောက် တစ်နေ့ကျတော့ ခင်သိန်းရီ နောက် ငါလိုက်သွားပြီး စာကို လွယ်အိတ်ထဲ ထည့်လိုက်တယ် ။ ငါ့လက် သူ့ လွယ်အိတ်ထဲ အကြာကြီး ထည့်ထားတာကို ဘာမှ မပြော ဘူး ။ ဒါပေမဲ့ သူ မျက်ရည်ကျနေတယ် ”

“ မနေ့ကတော့ ကျွန်မကို တန်ဖိုးထားတယ်လို့ ထင်ခဲ့တယ် ။ ဒီနေ့ကျတော့ ကျွန်မထင်တာ မှားပြီ ။ ကျွန်မကို တော်တော် အထင်သေးသလားဟင် ” တဲ့ ။

“ ဟုတ်တာပေါ့ ။ လက်က လွယ်အိတ်ထဲ တန်းလန်းကြီးဆိုတော့ သူ့အသိတွေကလည်း ဝိုင်းကြည့်နေကြတာပေါ့ ။ ငါ အမှန်အတိုင်း ပြောရရင် အဲဒီအချိန်ကစ ပြီး သူ့ကို ချစ်မိခဲ့တယ် ။ ငါ့ သူငယ်ချင်းတွေ ရှိတဲ့ နေရာ ကို မသွားတော့ဘူး ။ အိမ်ကို တန်းပြန်သွားတယ် ။ အိပ်ရာထဲ တန်းဝင်သွားတယ် ။ စောင်ခေါင်းမြီးခြုံထားပေမယ့် မျက်ရည်ကျနေတဲ့ သူ့ရုပ်သွင်ကို အထင်အရှား တွေ့နေရတာပေါ့ကွာ ။ မိန်းကလေးနဲ့ပတ်သက်ပြီး ဒီလို ဝေဒနာကို ဒီတစ်ခါ ခံစားရတာဟာ ပထမဦးဆုံးပါပဲ ။ မင်းကော ဒီလိုမျိုး ဖြစ်ဖူးသလား မသိဘူး ။ နောက်တစ်နေ့ကျတော့ သူ့ကို အဖြစ်မှန်တွေ အကုန်လုံး ပြောပြလိုက် တယ် ။ ဒီလိုလေ ငါပြောခဲ့တဲ့ စကားက အမှန်အတိုင်း ပြောရရင် ဒုတိယနေ့မှာ ကိုယ့်လက် ထည့်ထားတဲ့အချိန်ထိ ကိုယ် မင်းကို ဘယ်လိုပြောရမလဲ မသိဘူး ။ ချစ်တော့ ချစ်တယ်ကွာ ။ ပီပီပြင်ပြင်တော့ မဟုတ်သေးဘူး ။ မင်းရဲ့ မျက်နှာလေးရယ် ၊ အသံလေးရယ် ၊ အသံလေးထဲက စာနာစရာကောင်းတဲ့ မင်းရဲ့ ကြေကွဲမှုတွေရယ်ကို မျက်မြင်တွေ့လိုက်ရတဲ့အခါ ကိုယ်ဟာ အချစ်စစ် အချစ်မှန်ကို ပက်ပင်းတွေ့ လိုက်သလို ခံစားရတယ် ။ တို့တစ်တွေဟာ အခန်းထဲမှာ မောင်နှမတွေလို နေခဲ့ကြတာတွေကို ငါ ချက်ချင်း သတိရလာမိတယ် ။ အဲဒီ ညက သိပ်စိတ်ထိ ခိုက်တယ် ။ တစ်ညလုံး အိပ်လို့ မရဘူး ။ မင်း ရင်ထဲမှာ ကိုယ်ဟာ မင်းကို စော်ကားခဲ့တယ်လို့ ခုထက်ထိ ခံစား နေရသေးရင် ကိုယ့် ပါးကို ရိုက်လိုက်စမ်းပါ ”

သူ ငိုနေတယ်ပေါ့ ။ အဲဒီတုန်းက သူ ဘာပြောသလဲဆိုရင်

“ ပိုက်ဆံ ချမ်းသာလို့ အချစ်ကို လက်ခံလိုက်တယ် ထင်သလား ။ နဖူးစာ ရှိလို့ လက်ခံလိုက်တာ ။ ဘာဖြစ်လို့လဲ မသိဘူး ။ ဟိုးနှစ်စကတည်းက တွေ့တွေ့ချင်း ခင်မင်မိပေမယ့် ”

( ၃ )

“ ငါတို့ နှစ်ယောက် ဒီလို အချစ်ထောင်ချောက်ထဲ ကျသွားတာ ငါတို့ နှစ်ယောက်ရဲ့ ပညာရေးကို မှုန်ဝါး ပျက်စီးသွားစေခဲ့တယ် ။ ဒီမှာ မင်းကို ငါ တစ်ခု ပြော မယ် ။ ခင်သိန်းရီ ဟာ ငါ့ဘဝမှာ ငါ့အချစ်ဦး ဆိုတာ မင်း ကို ပြောထားပါရစေ ။ ငါ သူ့ကို သိပ်စွဲလမ်းခဲ့တယ် ။ သူငယ်ချင်းတွေဆီ ငါ မရောက်တော့ဘူး ။ ခင်သိန်းရီတို့ အိမ်ကို ကျူရှင် တက်သလို မှန်မှန် ရောက်ခဲ့တယ် ။ ငါတို့ နှစ်ယောက် ကမ္ဘာအေးဘုရားကို မကြာမကြာ ရောက်ခဲ့တယ် ။ အဲဒီမှာ ချိန်းတွေ့ခဲ့တယ်ပဲ ဆိုပါတော့ ။ ခင်သိန်းရီတို့အဖေဟာ မန္တလေး မှာ ဆုံးသွားတယ် ဆိုပဲ ။ ခင်သိန်းရီတို့ မုဆိုးမ သားအမိဟာ ဆင်းဆင်းရဲရဲ နဲ့ နေထိုင်စားသောက်ကြရတယ် ။ ဆယ်တန်းစာမေးပွဲတွေ ဖြေကြတယ် ။ ငါတို့ နှစ်ယောက်စလုံး ကျတယ် ။ ဘယ် အောင်မလဲ ။ နှစ်ယောက်စလုံး မွှန်နေတာကိုး ။ ငါ ကျောင်းဆက်တက်ဖို့ ပြဿနာ မရှိပေမယ့် ခင်သိန်းရီ မှာတော့ အခက်အခဲ ဖြစ်လာတယ် ။ သူ့အမေက သူ့ကို ရုံး တစ်ရုံးက အထက်တန်းစာရေးတစ်ယောက်နဲ့ ပေးစားတော့မယ် ။ နက်နက်ရှိုင်းရှိုင်း မဟုတ်ဘူး ။ အခက်အခဲကို ဖြေရှင်းလိုက်တာပါပဲ ။ အဲဒီအကြောင်းတွေ နောက်မှ လွန်သွားမှ သိရတာတွေပါ ။ ငါ တိုက်ဖွိုက် ဖြစ်ပြီး အိပ်ရာက မထနိုင်တဲ့ အချိန်နဲ့ အချိန်ကိုက်ပါပဲကွာ ။ ငါ လည်း လူတိုင်းက မရတော့ဘူးလို့ ထင်ထားရလောက်အောင် အကြီးအကျယ် နေမကောင်းဖြစ်နေချိန်မှာ အဲဒီ ရုံးစာရေးကြီးနဲ့ အတင်းအကျပ် ပေးစားဖို့ စီစဉ်ကြတာပေါ့ ။

ဪ ... ပြောရဦးမယ် ။ ငါ တိုက်ဖွိုက် မဖြစ်ခင် ငါတို့ အိမ်ပြောင်းခဲ့ကြရတယ် ။ ပြောင်းပြီး ဆယ်ရက် အကြာမှာပေါ့ ။ ခင်သိန်းရီ ငါ့ဆီ ထွက်ပြေးလာတယ် ။ ငါ့အိမ်ကို လိုက်ရှာတယ် ငါတို့ လမ်းထဲ သူဖြတ်လျှောက် သွားပြီး တောင်မေးမြောက်မေးနဲ့ မေးစမ်းနေတယ် ။ ဒါပေမဲ့ ကံဆိုးချင်တော့ ငါ့အိမ်ကို မသိခဲ့ဘူး ။ ဒီ အကြောင်းတွေကိုလည်း နောက်မှ သိရတာပါ ။ တကယ်လို့ ငါ့ကို တွေ့တယ်ဆိုရင်တောင် ငါဘာတတ်နိုင်မှာလဲ ။ ငါ့ အခြေအနေက သတိရတစ်ချက် မရတစ်ချက် ဖြစ်နေချိန် ၊ သူ ငါ့ကို ဘယ်လို ထင်သွားလဲ မသိဘူး ။

ငါ့ ကျန်းမာရေး ထူထူထောင်ထောင် အနည်းအကျဉ်း ဖြစ်လာတယ် ဆိုရင်ပဲ သူ့ဆီ ငါ သွားခဲ့တယ် ။ အားနည်းလွန်းလို့ ယိုင်တိယိုင်တိုင်နဲ့ လျှောက်သွားရတာပေါ့ ။ သူတို့ ငှားနေတဲ့ အိမ်မှာ တခြား အိမ်ငှားတွေ ရောက်နေတယ် ။ ခင်သိန်းရီ တစ်ယောက် အိမ်ထောင်ကျသွားပြီ တဲ့ ။ ပြောင်းသွားပြီတဲ့ မျက်ရည်ကျခဲ့ပြီ သူငယ်ချင်း ။ ငါဟာ အူရောင်ငန်းဖျားရောဂါ နဲ့ အချစ်ငန်းဖျားရောဂါကို တစ်ချိန်တည်း ခံလိုက်ရတဲ့ လူပါ ။

တစ်နေ့ သူ့ကို ဟီးနိုးကားပေါ်မှာ တွေ့ရတော့ သူက နွမ်းနယ်တဲ့ အပြုံးနဲ့ နှုတ်ဆက်ရှာတယ် ။ သူ့ကလေးနဲ့ သူ့ယောက်ျားလည်း ပါတယ် ။ ဖြစ်ပျက်ခဲ့တဲ့ ကံကြမ္မာဆိုးတွေကိုတော့ သူငယ်ချင်းတစ်ဦးက တစ်ဆင့် သူ့ကို ရှင်းပြခဲ့ပြီးဖြစ်လို့မို့ သူ အခုလို ပြုံးပြနိုင်တာပေါ့ ။ အပြုံးဟာ နွမ်းနယ်နေတာကတော့ ငါတို့ နှစ်ယောက်ရဲ့ ရိုင်းလှတဲ့ ကံကြမ္မာကို သူ အသိအမှတ်ပြုတဲ့ သဘောပါပဲ ။ ရှင်းရှင်း ပြောရရင် ငါ့အပြစ်မဟုတ်ဘူးဆိုတာ လက်ခံ လိုက်တဲ့ အဓိပ္ပာယ်ပါပဲ ။ သူ့ယောက်ျား တီဘီရောဂါနဲ့ ဆုံးသွားတယ် ။ အဲဒီနောက်ပိုင်းတော့ သူတို့တစ်တွေ ဒုက္ခ ရောက်လိုက်ကြတာ မပြောပါနဲ့တော့ ။

ဪ ငါပြောဖို့ မေ့ကျန်ခဲ့တယ် ။ သူ့ယောက်ျား မဆုံးခင်လေးမှာ ငါလည်း အိမ်ထောင်ကျခဲ့တယ် ။ ငါ့မိန်းမဟာ သိပ်သဝန်ကြောင်တာ ။ ငါနဲ့ ခင်သိန်းရီတို့ အကြောင်းကိုလည်း သူ ဘယ်ကနေ ဘယ်လို သိထားလဲ မသိဘူး ”

သေချာပါသည် ။ သူသည် သူ့ဇာတ်လမ်းကို အကြိမ်ပေါင်း ရာနှင့်ချီပြီး မကြာခဏ ပြောလေ့ရှိခဲ့၍သာ ယခုလို ကျွမ်းကျွမ်းကျင်ကျင်နှင့် စိတ်ဝင်စားဖွယ် ပြောပြနိုင်ခြင်းဖြစ်လိမ့်မည် ။

“ ခင်သိန်းရီ သူ့အကြောင်း ငါ သတင်းမေးပါတယ် ။ သူ့အမေလည်း အသက်အရွယ် အိုမင်းပြီး ကွယ်လွန်သွားပြီတဲ့ ခင်သိန်းရီ ဟာ ကလေးနှစ်ယောက်နဲ့ ကျန်ခဲ့တော့ မလုပ်စားတတ် ၊ မကိုင်စားတတ်နဲ့ ဖြစ်သလို ရှာဖွေစားသောက်ရတဲ့အထိပဲ ။ ဒီနေရာမှာ ဖြစ်သလို ဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ကို မင်းသိမှာပါ ။ မင်းလည်း စာရေးဆရာ တစ်ယောက်ပဲ ။

နောက်တော့ သူ့ယောက်ျားဆီက တီဘီရောဂါကို ခင်သိန်းရီ အမွေရလိုက်တယ်လို့ ကြားရတယ် ။ သူ့ခမျာ ဆေးဝါးကောင်းကောင်းမွန်မွန် မကုရဘူး ။ ရောဂါက သည်းလာတယ် ။ အနည်းအကျဉ်း စားဖို့ သောက်ဖို့ ဆိုတာကိုတော့ သူ့သားနှစ်ယောက်က စီးကရက်တို့ ၊ စံပယ်ပန်းတို့ ရောင်းပြီး ဖြေရှင်းရတာပေါ့ ။ ရောဂါအခြေအနေ သိပ်ဆိုးပြီး သွေးဒရဟော အန်နေလို့ ပတ်ဝန်းကျင်က သူ့ကို အောင်ဆန်းအဆုတ်ရောဂါကုဆေးရုံကို ပို့လိုက်တယ်လို့ ကြားရတယ် ။ သူ့ရဲ့နောက်ဆုံးအချိန်ကို နှုတ်ဆက်ဖို့ ဒါမှမဟုတ် သူ့အတွက် နောက်ဆုံးအချိန် မဖြစ်အောင် ကူညီဖို့ ဆေးရုံကို ငါ့ကားကို ကိုယ်တိုင်မောင်းပြီး လိုက်ခဲ့တယ် ။

သူငယ်ချင်းရယ် ငါ နောက်ကျခဲ့ပြီ ။ ဆုံးပြီတဲ့ ။ ဒီလိုလေ ခုလောက်ဆို ဆုံးပြီတဲ့ ။ မရနိုင်တော့လို့ သူ့ကို တရုတ်အဘိုးကြီးတစ်ယောက်က အိမ်ပြန်ခေါ်သွားတာ တဲ့ ။ သူနာပြုဆရာမက ငါ့ကို ပြောပြတယ် ။ ငါ နဲ့ သူနဲ့ လည်း ဒီနောက်ပိုင်း မတွေ့တော့ဘူး ။ သူ့ကိုလည်း ဘယ်မှာမှ မတွေ့တော့ဘူး ။ ဆုံးသွားပြီ ထင်ပါရဲ့ ။ ဒါပေမဲ့ ငါစိတ်ထဲမှာ ပုစ္ဆာတစ်ခု ဖြစ်နေတာပေါ့ ။ သူ့ကို လာခေါ်သွားတဲ့ တရုတ်အဘိုးကြီးဟာ ဘယ်ကလဲ ။ ဘယ်သူလဲ ။ တစ်နေ့ ငါ ငါ့ကားလိုင်စင်လဲဖို့ လိုင်စင်ရုံးကို ရောက်သွားတယ် ။ လိုင်စင်ရုံးမှာ ပြင်သစ်လုပ် ပွေဂျိုကားပေါ်က အမျိုးသမီးတစ်ယောက်က ငါ့ကို ပြုံးပြနေတယ် ။ ငါ့အသိထဲမှာ ဒီလို သုံးလေးသိန်းတန်တဲ့ ပွေဂျိုကားမျိုး စီးနေတာမျိုး မရှိတော့ ငါ ပြန်မပြုံးပြလိုက်ဘူး ။ ငါ ကားနား ကပ်သွားတယ် ။ ‘ ခင်သိန်းရီ ’  ငါ တအား အော်လိုက်မိတယ် ။ သူ သိပ်ကို စိုပြည်လှပနေ
တယ် ။ တရုတ်အဘိုးကြီးဟာ သူ့အဖေတဲ့ ။ သူ့အမေနဲ့ ကွဲပြီး စီးပွားရေးလုပ်ရင်း မန္တလေး မှာပဲ နေခဲ့တာတဲ့ ။ သိန်းသုံးဆယ်လောက် ချမ်းသာတယ်တဲ့ ။ အဲဒီအဘိုးကြီးဟာ သူ့မိန်းမနဲ့ သူ့သမီးကို လိုက်ရှာနေတာ ကြာပြီ ဆိုပဲ ။ သူ့သမီးကို တွေ့တော့ သူ့စည်းစိမ်တွေ အားလုံးကို သူ့ရဲ့ အချစ်ဆုံး တစ်ဦးတည်းသော သမီးကို လွှဲလိုက်တယ် ဆိုပဲ ။

မင်း ဒီအကြောင်းတွေကို ရေးစမ်းပါကွာ ။ မင်း နေ့ချင်းညချင်း နာမည်ကြီးသွားနိုင်တယ် ။ မင်း စာရေး ဆရာပဲ ။ နည်းနည်း ပြင်ဆင်ပြီး လုပ်ထည့်လိုက်တော့ကွာ ”

“ နည်းနည်း ပြင်ဆင်ရမယ်ဆိုရင် ခင်ဗျား အိမ်ထောင် မကျသေးတဲ့ ဇာတ်ဆောင် ဖြစ်မှ ဇာတ်က လှမှာဗျ ”

“ မင်းဟာ မင်း ကြည့်စီစဉ်လေ ။ ငါ ပြောပြီးပြီးပဲ ။ ဒါပေမယ့် ခင်သန်းရီ ကို ရူးသွပ်မွဲတေသွားတယ်လို့ ရေးခဲ့တာတော့ လွန်တာပေါ့ ”

“ တကယ်လို့ တရုတ်အဘိုးကြီး ရောက်မလာခဲ့ရင်ကော ”

“ မင်းက သူ ရောက်လာတာ ဝမ်းမသာဘူးလား ”

“ ဝမ်းသာလိုက်တာမှ ရင်ထဲမှာ တစိမ့်စိမ့် ကြည်နူးသွားတာပဲ ။ ကမ္ဘာပေါ်မှာ ရှိရှိသမျှ ဒုက္ခိတ ခင်သိန်းရီ တွေ အားလုံးဆီ အမွေပေးမယ့် ဖခင်တွေ ရောက်လာမယ်ဆိုရင် သိပ်ကောင်းမှာပဲ ”

▢  မောင်ညိုပြာ
📖 စုံနံ့သာမဂ္ဂဇင်း
      ဖေဖော်ဝါရီလ ၊ ၂၀၁၅

Friday, January 10, 2025

ဝါရှင်တန်ဒီစီ

 

❝ ဝါရှင်တန်ဒီစီ ❞   
  ( မောင်ညိုပြာ )

“ ဖေဖေ သူ့ နာမည် မေကလျာ လို့ ခေါ်တယ် ။ သမီး သူငယ်ချင်း ပေါ့ ။ ဒီ အထက မှာ ပဲ ကျောင်းတက် တယ် ။ သူတို့ သားအမိ ကမာရွတ် မှာ နေကြတယ် ”

“ ဪ ... ဪ ... ဪ ”

ကျွန်တော့် သမီး အကြီးမ သည် အိမ် အလည်အပတ် ရောက်လာသော သူ့ သူငယ်ချင်းများ နှင့် မိတ် ဆက် ပေးတတ်သည် ။ မိတ်မဆက် ပေးသည့် အခါများလည်း ရှိပါသည် ။ မိတ်မဆက် ပေးသည့် အခါ များတွင် သူတို့တတွေ လွတ်လွတ်လပ်လပ် နေနိုင် ရန် မမြင်ချင်ယောင် ဆောင်ရသည် ။ ဒီ ကြားထဲ ပက် ပင်းတိုး မျက်နှာချင်း ဆိုင်မိလျှင် ပြုံး ပြ ရသည် ။ ခေါင်းညိတ် ပြ ရသည် ။ ဒီလို ခေါင်းညိတ် ပြသည့် အဓိပ္ပာယ် ကို ကျွန်တော် သေသေချာချာ မသိပါ ။ ရာထူး ကြီးသူ က ရာထူး ငယ်သူ ကို ၊ သူဌေး က ဆင်းရဲသား ကို ၊ ဆရာ က တပည့် ကို ၊ အုပ်ထိန်းသူ က အအုပ်ထိန်းခံ ၏ သူငယ်ချင်းများ ကို ဒီလိုပဲ ခေါင်းညိတ် ပြ နေသည်ကို ကျွန်တော် တွေ့တွေ့ နေရသောကြောင့် ကျွန်တော် အတုခိုးပြီး လိုက်လုပ်ပါသည် ။ အသိအမှတ် ပြုသည့် သဘောလား တော့ မသိပါ ။ သို့သော်လည်း ဆင်းရဲသား က သူဌေး ကို ဒီလို လုပ်၍ မရ သလို ၊ တပည့် က လည်း ဆရာ့ ကို ခေါင်းညိတ် ပြတာ မျိုး မတွေ့ဖူးပါ ။ အကယ်၍ အလုပ်သမလေး က သူဌေး ကို ခေါင်းညိတ် ပြပြီး မလေးမစား ဆက်ဆံ လျှင်တော့ သူတို့ ကြား မှာ ဝှက်ဖဲ တစ်ချပ် တော့ ရှိ လိမ့်မည် ။

သမီးအကြီးမ က တစ်ခါတလေ သူ့ သူငယ် ချင်းများ နှင့် မိတ်ဆက် မပေးသည့် အခါများတွင် ၊ သူတို့တွေ လွတ်လွတ်လပ်လပ် နေနိုင်ရန် မမြင်ချင် ယောင် ဆောင်ရသည် ။

ယခု မေကလျာ နှင့် မိတ်ဆက် ပေးနေသည် ။ မေကလျာ နှင့် မိတ်ဆက် မပေးမီ မှာပင် သမီး နှင့် တွဲ သွားတွဲလာ ၊ တစ်ခါနှစ်ခါ လောက်တော့ တွေ့ ဖူးပြီးသား လိုလို ထင်နေမိသည် ။ သို့သော် မသေချာ ။ ကျွန်တော်တို့ ခဝဲခြံ ရပ်ကွက် ထဲမှာ မေကလျာ တို့လို ပုံစံမျိုးတွေ အများကြီး ။ နောက်ပိုင်း ကျွန်တော် နှစ်ထပ်အိမ် ဆောက်လိုက် သဖြင့် ကျွန်တော် က အပေါ် ထပ် မှာ နေပါသည် ။ ဒီတော့ အကြောင်းအရာ တစ်ခု ခု သက်သေ ထူချင်လျှင် “ တစ်ထပ်အိမ် တဲကလေးတုန်း ကလေ ” လို့ ပြောသံ ကြားရသည် ။ ကျွန်တော် အပေါ်ထပ် မှာ နေသော နောက်ပိုင်းတွင် သမီး ၏ သူ ငယ်ချင်းများနှင့် အတွေ့ အဆုံ နည်းသွားတော့ သည် ။

“ စာ ကြိုးစားနော် မေကလျာ ”

ဒီလောက်ပဲ ပြောပြီး ကျွန်တော် ဖတ်လက်စ စာအုပ် ကို ဆက် ဖတ်နေမိသည် ။ မိမိတို့ သားသမီး ၏ သူငယ်ချင်းများ ကို လေးလေးစားစား နှင့် ပြုံးပြုံး ရွှင်ရွှင် လှိုက်လှိုက် လှဲလှဲ စကား ပြောသင့်သည် ။ သို့ဖြင့် သူတို့ကလေးတွေ ဦးနှောက်ကြည်လင် ရွှင်ပျ ရေးတွင် အထောက်အကူ ပြုနိုင်သည် ။ များပြားရှုပ် ထွေးသော ကျောင်းစာများ နှင့် ဘဝ အခက်အခဲများ ကြောင့် လေးလံနေသော ဦးနှောက်များ ကို စာနာ ကြောင်း ပြသရာ ရောက်ပေလိမ့်မည် ။ ကလေးတွေ ဦးနှောက် က နုနယ်သည် ။ ကြောက်စရာ ရှိလျှင် လည်း လူကြီးများ ထက် ပို ကြောက်တတ်သည် ။ မုန်း စရာ ရှိလျှင်လည်း ပို မုန်းတတ်သည် ။ တစ္ဆေ ၊ သရဲ ကို လည်း အရမ်း ယုံသည် ။

“ သူတို့ ဖေဖေ က ဘယ်လိုမှန်း မသိဘူး ။ ဟက်ဟက်ပက်ပက် မရှိဘူး ။ ဆက်ဆံရေး မကောင်း ဘူး ။ ဘယ်လို လူကြီး လည်း မသိဘူး ” ဟု အပြော ခံရမည် ။

ကလေးတွေ ဆိုတာ မျက်စိ နောက်တတ်သည် ။ သူတို့ စိတ်နှင့် မတွေ့လျှင် ဟန်ဆောင် နေကြမည် မဟုတ် ။ ပိုပြီး စိတ်ထဲ မတွေ့သည့် အခါများတွင် “ ဘဝင်ကြီး ” ဟု ကင်ပွန်းတပ် လိုက်လေမည် ။

“ ဟို ကောင်မလေး ရဲ့ ဖေဖေ က သိပ် စိတ်နေသဘောထား ပြည့်ဝတာ ။ ပုတီးသမား ၊ သူတော် ကောင်းကြီး ”  စသည်ဖြင့် ကျွန်တော့် သမီးတွေ ကိုယ်တိုင် ၊ သူတစ်ပါး ၏ ဖေဖေများ အကြောင်း ဖောက်သည် ချတတ်သေးသည် ။ များသောအားဖြင့် ကျောင်း သူ ကျောင်းသားကလေးများမှာ သူတို့ သူငယ်ချင်း များ ၏ မေမေများ နှင့်သာ ရင်းနှီးကြ၏ ။

“ ဦးလေး ပြန်လိုက်ပါဦးမယ် ”

“ အေးကွယ် ဦးလေး လည်း သမီးတို့ နဲ့ အေးအေးဆေးဆေး စကား မပြောလိုက်ရဘူး ” 

“ ရပါတယ် ဦးလေး ”

“ ရပါတယ် ဦးလေး ”  တစ်နေ့တစ်နေ့ “ ပြန်လိုက်ပါဦးမယ် ဦးလေး ” လို့ နှုတ်ဆက်သံများ မှာ နားယဉ် နေပေမယ့် ရောက်ရှိ နေသော အရွယ် ကို သတိပေး လိုက်သလို ခံစားရသည် ။ သားသမီးတွေ အထက်တန်း ကျောင်းသူ ၊ ကျောင်းသား အရွယ် မှာ ၊ သူတို့ သူငယ်ချင်းတွေ ပြန်လျှင် “ ပြန်လိုက်ပါဦး မယ် ဦးလေး ” လို့ နှုတ်ဆက်ကြမည် ။ မြေးများ အထက ရောက်၍ သူတို့ သူငယ်ချင်းတွေ က “ ပြန် လိုက်ပါဦးမယ် အဘ ”  “ ပြန်လိုက်ပါဦးမယ် အဘိုး ”  လို့ နှုတ်ဆက်ကြဦးမည် ။ တချို့များ ထိုသို့ မည်သည့် အခါမျှ အခေါ် မခံကြရ ။ ထို အရွယ် မတိုင်မီ သေဆုံး သွားခဲ့ကြသည် ။

မေကလျာ ပြန်သွားတော့ သမီး အကြီးမ ကျွန်တော့် နား လာ ရပ်သည် ။ သူ့ ကို ကြည့်ရသည် မှာ မေကလျာ နှင့် ပတ်သက်ပြီး ပြောစရာ ကျန်နေသေးပုံ ရ၏ ။

“ ကလျာလေး ဟာ သိပ် သနားစရာ ကောင်း တာ ။ သူ့ အဖေ ကို သူ မမြင်ဖူးဘူး ။ သူ့ အဖေ က လည်း သူ့ ကို မမြင်ဖူးဘူး ”

“ ဟေ့ သူ့ အဖေ ရှိသေးလား ”

“ ရှိတယ် ။ အမေရိကန် မှာ ။ ဝါရှင်တန်ဒီစီ မှာ ” 

“ အမေရိကန် မှာ ဟုတ်လား ”

“ ဟုတ်တယ် ။ သူ့ အဖေနဲ့ သူ့ အမေ အိမ်ထောင် ကျပြီး သိပ် မကြာဘူး ။ သူ့ အဖေ အမေရိကန် ကို သွားရတယ် ။ လူပျိုဘဝ ကတည်း က လျှောက်ထားတဲ့ အလုပ် တစ်ခု အတွက် အဲဒီအချိန် ကျမှ ဟိုက ခေါ်တာလေ ။ သူ့ အဖေ က သူ့ အမေ ကို ခေါ်တယ် ။ ဟိုတုန်းက ခေါ်တာကို ပြောတာ ” 

“ သူ့ အမေ မလိုက်ဘူးလား ”

“ ဟုတ်တယ် ။ သူ့ အမေ က သူ့ မိဘ နဲ့ မခွဲနိုင်ဘူး ဆိုပြီး လိုက် မသွားဘူး ”

“ ဟိုလူကြီး က ပြန်ကို မလာတော့တာလား ။ စာလေး ဘာလေးရော မထည့်ဘူးလား ”

“ စောစောပိုင်း ကတော့ တစ်စောင် နှစ်စောင် ထည့်သေးတယ် ။ နောက်ပိုင်း ကျတော့ အဆက်အ သွယ် ကို မလုပ်တော့တာ ။ သူ ပေးထားတဲ့ လိပ်စာ နဲ့ စာ ထည့်တော့ လည်း စာ မပြန်ဘူး ။ တခြား မြို့ကို ပြောင်းသွားပြီ လို့လည်း ကြားတယ် ။ သူ့ မိန်းမ မှာ ကိုယ်ဝန် ရှိနေပြီ ဆိုတာ အဲဒီ လူကြီး သိမသွားဘူး ”

မေကလျာ အကြောင်းမှာ စိတ်ဝင်စားစရာ ကောင်းလှသည် ။ သို့သော် စွဲမက်စရာ ထိုဇာတ် လမ်းမျိုး က လူတွေ ၏ ရှေ့နောက် မစဉ်းစားတတ် သော ၊ အကြင်နာ ကင်းမဲ့သော ၊ သီးခြားဆန်သည့် စရိုက်များ ကြောင့် ကမ္ဘာတစ်ဝန်း မှာ ငိုသံများ လွှမ်း နေခြင်းပဲ ဖြစ်သည် ။

သန်းပေါင်း များစွာသော လူတွေ ထဲမှာ ထို စရိုက်မျိုး သည် သန်း နှင့် ချီပြီး တည်ရှိတတ်ပြီး ဇာတ် လမ်းတွေ က သန်းနှင့် ချီပြီး တူ နေတတ်သည် ။ အခြေခံ ကျောရိုး တူနေတတ်သော်လည်း ဖြေရှင်းပုံ ဖြေရှင်းနည်း ၊ မြင်ပုံ မြင်နည်း ဒုတိယမျိုးဆက် ဇာတ်ကောင်များ ၊ ဥပဓိရုပ်များ ၊ သူတို့ ၏ စိတ်နေစိတ်ထား ၊ သူတို့ အကြောင်း ကို တာဝန်ယူ ပြောပြနေသူ၏ တာဝန် ကျေမှု ၊ တင်ပြပုံ အတတ်ပညာ စသည်တို့မှာ ကွဲပြား ခြားနားစွာ သရုပ်ဖော် နေကြသည် ။ ထို့ကြောင့် သူ ငယ်ချင်း စာရေးဆရာ တစ်ယောက် ပြောပြသော “ ဝတ္ထု တစ်ပုဒ် ရေးတော့မယ် ဆိုရင် အခက်အခဲ က တော့ မတူအောင် မထပ်အောင် ၊ ခိုးချတယ် လို့ အပြော မခံရအောင် ” ဆိုသော အဆိုအမိန့် မှာ မိမိ အတွက် ဘာမှ အသုံးမဝင် ၊ ပေါ့ဆသော လူ တစ်ယောက် ကြောင့် ဖြစ်ပေါ်ခဲ့ရသော မေကလျာ ၏ သနားစရာ ဇာတ်လမ်း ကို ကျွန်တော် စိတ်ဝင်စားသည့် အတွက် ဆက်လက် မေးမြန်း စုံစမ်းခဲ့သည် ။

မေကလျာလေး အူကြောင်ကြောင် နှင့် ကမ္ဘာ ပေါ် ရောက်လာခဲ့ပြီ ။ မေကလျာလေး အသက် ၂ နှစ်ခွဲ မှာ ပျောက်နေသော သူ့ ဖခင်ကို အရင်ဆုံး မေး မြန်းခဲ့သည် ။ ထို မေးခွန်း ကို မေကလျာ အမေ ပင် ဖြေစရာ မလိုဘဲ ပတ်ဝန်းကျင် က ဖြေပေးခဲ့သည် ။ ပတ်ဝန်းကျင် က မေကလျာ မိဘ နှစ်ယောက် ၏ ဇာတ် လမ်း ကို သိနေကြသဖြင့် မေကလျာတို့ သားအမိ မှာ အရှက် မကွဲခဲ့ ။ အိမ်နီးနားချင်းများ က သူတို့ ကို အသနား ပိုခဲ့ကြ၏ ။

မေကဗျာ့ အမေသည် မေကလျာလေး မျက်နှာ မငယ်အောင် အများနည်းတူ ဝတ်စားနိုင် ၊ ကျောင်း နေနိုင်အောင် နည်းမျိုးစုံဖြင့် ရုန်းကန် ကြိုးစားခဲ့သည် ။ လင်ကောင် မပေါ်သော မိန်းမ တစ်ယောက် အဖြစ်ထက် လင်ပစ်မ တစ်ယောက် အဖြစ် မေကဗျာ အမေ ကြိုးစားတီထွင် ယူရသည် ။ ထို အနေအထားမျိုး ကို သိရှိသူများ ကလည်း အခိုင်အမာ ထောက်ခံကြ သဖြင့် ပတ်ဝန်းကျင် ၏ မျက်စောင်း ထိုးခြင်း မှ ငါးပုံလေးပုံ မက သက်သာ သွားခဲ့သည် ။

မေကလျာလေး သည် အဖေ မပေါ်သည့် အဖြစ်မျိုး မေးငေါ့ မခံရသော်လည်း အဖေ သည် မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိထား သဖြင့် အဖေ့ ကို စိတ်နာမှုသည် မေးငေါ့ ခံရသလောက် ပမာဏနှင့် အညီအမျှ ခံစားရသည် ။

အမေရိကန် ဝါရှင်တန်ဒီစီ ကို ဓာတ်ပုံ ထဲ တွင် မြင်ဖူးသဖြင့် သူ့ အဖေ ကို တိုက်ကြီးတွေ ကြား ထဲ လျှောက်သွား နေသည် ကို ဖြည့်စွက် မြင်ယောင် လာသည် ။ အမေရိကန် ပြည်ထောင်စုအကြောင်း ပြောလျှင် အမေရိကန် လူမျိုး တစ်ယောက် ယောက် ကို တွေ့ လျှင် ၊ လော့စ်အိန်ဂျယ် ၊ ပင်ဆေဗေးနီးယား ၊ မစ္စစ္စပီမြစ် စသည့် ဝေါဟာရများ ကို တွေ့လျှင် ဖေဖေ့ ကို သတိရသည် ။

“ မေမေ သူ ဟာ ဘယ်လို လူလဲ ။ ရက်စက် တတ်တဲ့ လူလား ၊ သူ့ ရုပ် က ဘယ်သူ နှင့် တူသလဲ ။ သူ့ ဓာတ်ပုံ ကော ရှာ မတွေ့သေးဘူးလား ”

“ မျက်လုံးတို့ ၊ နှာတံတို့ ကတော့ သမီးနဲ့ တူတယ် ။ အသားအရေ က သမီး ထက်တောင် ဝင်းသေး တယ် ။ သူ ဟာ လူချော တစ်ယောက် ပဲ ။ ဓာတ်ပုံ မရှိ တော့ဘူး ”

“ သမီး ဖေဖေ့ ကို သိပ် တွေ့ချင်တယ် ။ သမီး ကို ပစ်ထားလို့ သမီး ခံစားနေရ သမျှတွေ တဝကြီး ရန်တွေ့ ပစ်လိုက်ချင်တယ် ။ ငိုချလိုက်ချင်တယ် ။ ဖေဖေ့ မှာ နှလုံးသားမှ ရှိရဲ့လားလို့ ငိုငိုပြီး အော် ပြောလိုက်ချင်တယ် ”

တစ်နေရာစီ ထိုင်နေသော သားအမိ နှစ်ယောက် အတူတကွ ညီတူညီမျှ ခံစားကြရသည် ။ လက်သည် တရားခံကြီး ၏ လက်ချက်ကြောင့် ကျခဲ့ ရသော မျက်ရည် အကြိမ်များစွာ ထဲတွင် တစ်ကြိမ် ထပ်တိုးခဲ့ရသည် ။

“ သူ့ မှာ သမီး တစ်ယောက် ရှိတယ် ဆိုတာ သူ မသိဘူးလေ ။ ဒီတော့ သမီး ကို ရက်စက်တယ်လို့ မပြောနိုင်ပါဘူး ။ ဘယ် မိဘ မဆို ရင်သွေး ဆိုရင် မရက်စက်နိုင်ကြဘူး ။ သူတို့ နဲ့ သွေးသား မတော်တဲ့ ၊ လင်ယောက်ျားတို့ ၊ ဇနီးမယားတို့ ကို သာ ရက်စက် နိုင်ကြတာ ။ မေမေ ဆိုရင် သမီး ၈ တန်း ရောက် အောင် ရရာ အလုပ် နည်းမျိုးစုံနဲ့ ရှာဖွေကျွေးမွေးပြီး ကျောင်းထား ခဲ့ရတာ ။ နောက်ပြီး ရှိသေးတယ် ။ သူ နဲ့ ၈ လ ပဲ ပေါင်းလိုက်ရတာ ။ ခုဆို ၁၉ နှစ် ကျော်ပြီ ။ ဘယ်သူ မပြု မိမိမှု တဲ့ ။ ကိုယ် နှစ်သက်လို့ ကိုယ် ယူ ခဲ့တာ ။ မေမေ့ ဘဝမှာ အရွယ် ကောင်းတုန်း အဖော် လာ စပ်ကြသေးတယ် ။ သူ တစ်နေ့ ပြန်လာမလားလို့ မျှော်ခဲ့ရတာပါ ။ ကိုယ့် ချစ်သူ နဲ့ ၈ လ ပဲ ပေါင်းသင်း ပြီးတော့ နောင် သေဆုံးတဲ့ အထိ မေမေ ဒီအတိုင်း နေသွားရတော့မှာပါ ။ အခု မေမေ အသက် ၅၀ ကျော်ပြီ ။ သမီး တစ်ယောက် အပေါ်မှာ မေမေ တာဝန် ကျေခဲ့တယ် လို့လည်း ပြောလို့ရတယ် ။ ဆင်းဆင်းရဲရဲ နေထိုင် စားသောက်ရလို့ မေမေ တာဝန်မကျေဘူး လို့လည်း ပြောလို့ရတယ် ။ မေမေ သမီး ကို ကတိ တစ်ခုတော့ ပေးနိုင်တယ် ။ အဲဒါကတော့ သမီး မှာ ဘယ်တော့မှ ပထွေး မရှိစေရဘူး ”

“ တစ်ခါတုန်းက မေမေ ပြောတော့ သူ သေသွားပြီ လို့ ကြားတယ် ဆို ”

“ အေး အဲဒီလို ကြားတာပဲ ။ ရုပ်ရှင်တွေ ထဲ မှာလို စိတ်နာပြီးပြောတာမျိုး မဟုတ်ဘူး ။ တကယ် ကြားလို့ ပြောတာပါ ”

မေကလျာ သည် သူ့ မေမေ နား သို့ အသား ချင်း ကပ်သည် အထိ တိုး ထိုင်လိုက်ပြီး “ တော်ပါ တော့ မေမေ ရယ် ၊ ဒါကတော့ သူ့ ဘက်က လွှင့်လိုက် တဲ့ သတင်း ကော မဖြစ်နိုင်ဘူးလား ” လို့ စိတ်ဆိုး မာန်ဆိုး နှင့် ပြောထည့်လိုက်သည် ။ မေကလျာ၏ နာမည် အပြည့်အစုံ မှာ မေကလျာမောင် ဖြစ်သည် ။

သူ့ ဖခင် နာမည် ဦးတင်မောင် မှ မောင် ကို ယူထား ခြင်း ဖြစ်သည် ။ မေကလျာ ၈ တန်း ရောက်စ နှစ်တွင် “ မောင် ” ကို ဖြုတ်ပစ်ခဲ့သည် ။

“ သမီး နာမည် ရဲ့နောက်မှာ ဖေဖေ့ နာမည် ကို မထည့်ချင်ဘူး ။ ထည့်ချင်စရာ လည်း မကောင်းဘူး ။ မေမေ့ ဘာသာ မေမေ လွမ်းရင် မေမေ့ နာမည် နောက် မှာ ထည့် ” ဆိုပြီး ဖြုတ်ပစ် ခဲ့သည် ။

“ သမီး ပြောမယ့်သာ ပြော နေတာပါ ။ အမှန် ဆိုရင် သမီး ဖေဖေ့ ကို ဘယ်တော့မှ မတွေ့လိုက်ဘဲ နဲ့ ဒီ ကမ္ဘာပေါ် ကနေ ပျောက်ဆုံး သွားချင်တယ် ။ ဒီ တော့မှ သူ ဘယ်တော့မှ မတွေ့ ဖူးလိုက်ဘဲ သေဆုံး သွားခဲ့တဲ့ သမီး အတွက် သူ ပြန် ခံစားရမှာပါ ” 

“ ဒီလိုမျိုး မပြောပါနဲ့လို့ အမေ ခဏခဏ ပြောထားရက်သားနဲ့ “

သူတို့ တစ်ကြိမ် မျက်ရည် ကျပြန်သည် ။

“ သမီး နဲ့ မေမေ မျက်ရည် ကျနေချိန်မှာ သူ ဟိုမှာ နောက် မိန်းမတွေ နဲ့ ပျော် ချင် ပျော် နေမှာပါ ” 

မေကလျာ က သူ့ အဖေ ကို စိတ်နာမှု မှာ အခံ ကောင်းသည် ထက် အားကောင်း လာသည် ။

“ ရုပ် က ချောတယ် ဆိုပေမယ့် မျက်လုံးတွေ က ရက်စက်နေကြမှာပါ မေမေ ”

မိခင် တစ်ယောက် အနေနှင့် ဖခင် တစ် ယောက် အပေါ်မှာ သားသမီး တစ်ယောက် က ခုလို မပြောရန် မေကလျာ ကို မတားမြစ်သည့် အခါလည်း ရှိသည် ။ သူ့ တွင် တားမြစ်ရန် ခွန်အား သိပ် မရှိပါ ။ လက်ပိုက် ကြည့်နေရန် ဟို တစ်ဖက်သား ၏ အခြေအနေ မှာ လည်း လုံလောက် နေပေပြီ ။

ထိုသို့ ဆန့်ကျင် ပြောဆို လာသောအခါများ ၌ မေကလျာ သည် မိခင် အပါအဝင် တစ်ကမ္ဘာလုံး ကို ပင် ဂရု မထားသည့် ပုံစံ ပေါက်နေသည် ။

မေကလျာ ဆယ်တန်း ရောက်သည့် နှစ်တွင် မေကလျာ ၏ မိခင် သည် အခက်အခဲ များစွာ ရင်ဆိုင် ရ၏ ။ တစ်ခါတစ်ရံ များပြားလှသော အခက်အခဲ များကို ရင်ဆိုင်ရ တိုင်း အမေရိကန် ရောက် ယောက်ျား ကို သတိရ ကာ ဒေါသ ထွက်မိ၏ ။ တာဝန် မဲ့လွန်းသည် ။ မတရား အနိုင်ကျင့်သည် ဟု နာကျည်း လွန်း လျက် မျက်ရည် ကျမိပြန်သည် ။ မန္တလေး လောက် မှာ နေသည် ဆိုလျှင် သွားရောက် ရန်တွေ့ ပစ်လိုက်မည် ။ ယခုတော့ အမေရိကန်နိုင်ငံ မှာ ရောက် နေသော ယောက်ျား ကို စာလေး တစ်စောင် ဖြင့် ပင် လှမ်း ရန်မတွေ့ နိုင်ခဲ့ ။ လိပ်စာ လည်း မသိ ၊ ဝါရှင်တန်ဒီစီ ဆိုတာပဲ သိသည် ။

ဒေါ်ပိုးမြ အသက် ၃၀ အရွယ် မှာ အိမ်ထောင် ကျခဲ့သည် ။

အကယ်၍ သမီး တစ်ယောက် မရှိခဲ့ လျှင် သူ အိမ်ထောင် ပြုမိကောင်း ပြုမိမည် ။ သူ့ တွင် ကလေး တစ်ယောက် မရှိသော အခြေအနေမျိုး ဆိုလျှင် သူ့ အား လက်ထပ်ရန် ကမ်းလှမ်း လာသူတွေ ပို များနိုင်ပြီး တစ်ယောက် မဟုတ် တစ်ယောက် နှင့် ငြိနိုင်သေး
သည် ။ ယခုတော့ သမီး သည် သူ့ အတွက် အဖော် ကောင်း ဆိုလည်း ဟုတ်သည် ။ အနှောင့်အယှက် ဆို လည်း ဟုတ်တယ် ။

၁၉၉၄ ခုနှစ် တွင် ဒေါ်ပိုးမြ မျှော်လင့်ချက် တချို့နှင့် ကြုံကြိုက်ခဲ့သည် ။ သူ့ ယောက်ျား အမေရိကန်နိုင်ငံ တွင် အသက်ထင်ရှား ရှိနေသေးကြောင်း သတင်း အတိအကျ ရလိုက်သည် ။ သမီး ဆယ်တန်း အောင် သည် ။ သမီး တစ်ယောက် ရှိခဲ့ ကြောင်း သတင်း ရသည့် အချိန်တွင် သမီး အသက် အနှစ်နှစ် ဆယ်ခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသဖြင့် အံ့သြ ဝမ်း သာမိပါကြောင်း ၊ ဒေါ်ပိုးမြ ကို သူ မမေ့ကြောင်း ၊ သူတို့ တတွေ ပျော်ပျော်ရွှင်ရွှင် ပြန်လည် တွေ့ဆုံရန် မဝေးတော့ကြောင်း စသည်ဖြင့် သူ့ ယောက်ျား ကိုတင်မောင် ထံမှ စာ တစ်စောင် ရောက် လာသည် ။

စာ ထဲက အတိုင်း အမှန် ဆိုပါက သူ့ ယောက်ျား ရသည့် လခမှာ တစ်လ တစ်လ နည်းနည်း နောနော မဟုတ်ပေ ။ စာ ကို ဖတ်ပြီး မေကလျာ နှင့် ဒေါ်ပိုးမြ တို့ နှစ်ယောက် တစ်ယောက် ကို တစ်ယောက် ဖက်ထား လိုက်ကြသည် ။ ည ၁၂ နာရီ ကျော်သည့် တိုင်အောင် မအိပ်ကြသေး ။ စာ ကို အလွတ် ရလုနီး ပါး ပြန် ဖတ်ကြသည် ။ ထို့နောက် မီးပိတ်ပြီး အိပ်ရာ ထဲမှာ အတွေး ကိုယ်စီ နှင့် ငြိမ် နေကြပြန်သည် ။ စိတ် လှုပ်ရှား နေကြ၏ ။ “ အမေ ” လို့ ခေါ်တိုင်း “ ဟင် ” လို့ ထူးသည် ။ နံနက် ၃ နာရီ ။

“ အမေ ” 

“ ဟင် ”

“ အမေ မအိပ်သေးဘူးလား ” 

“ နင် ကော ”

နောက် တစ်လ မရှိ တရှိ တွင် လူစိမ်း တစ်ယောက် ရောက်လာသည် ။ အမေရိကန်နိုင်ငံ မှ ဦးတင်မောင် က သူ့ သမီး မေကလျာ ကို ခေါ်ခိုင်း လိုက် သဖြင့် လာ ခေါ်ခြင်းဖြစ်၏ ။ ဒေါ်ပိုးမြ အတွက်လည်း အနွေးထည် နှင့် ငွေတွေ ပါလာသည် ။ ငွေ ဆယ်သိန်း တောင် ။

“ ဦးလေး အမေ ပါ တစ်ပါတည်း လိုက်လို့ မရသေးဘူးလား ”

“ နောက်တော့ ခေါ်မှာပေါ့ ။ နင့် ကို နင့် အဖေ က ဟိုမှာ ကျောင်းထား ပေးမှာ ။ ပြီးတော့ အလုပ် ရှာ ပေးမှာ ။ အဲဒီ အခါကျ နင့် အမေ ကို ခေါ်လိုက်ပေါ့ ။ ဦးလေး က သမီး အဖေ ရဲ့ အချစ်ဆုံး သူငယ်ချင်းပါ ။ အမေရိကန် ဝါရှင်တန်ဒီစီ ကပါ ။ သူ လည်း ကိုယ်တိုင် လာပြီး နင့် အမေ နဲ့ တွေ့ဦးမယ်လို့ ပြောတယ် ” 

ဟို ဦးလေး က ရန်ကုန် မှာ သုံးလ လောက် ကြာဦးမည် ဆိုသည် ။ အဖေ နှင့် အမေရိကန် မှာ အလုပ် အတူတူ လုပ်တယ်လို့ ဆိုသည် ။

“ အဖေ မတရားဘူး ၊ အမေ နဲ့ သမီးကို ကိုယ် တိုင် လာခေါ်ဖို့ ကောင်းတယ် ။ ဖေဖေ က လာပြီး မေမေ နဲ့ တွေ့ဦးမယ်တဲ့ ။ ခုတော့ ဟိုမှာ အိမ်ထောင် ကျနေရင် မယားကြီး က မယားငယ် လို ဖြစ်နေပြီ ပေါ့ ။ မမိုက်ဘူး ”

ဒေါ်ပိုးမြ ငြိမ် မနေနိုင်တော့ ။

“ သမီး ကိုယ့် အဖေ ကို ဒီလို မပြောရဘူး ။ သံယောဇဉ် ရှိလို့ တာဝန် သိလို့ အခေါ် ခိုင်းလိုက်တာပေါ့ ။ ပေးလိုက်တဲ့ ငွေ တွေလည်း နည်းတာ မဟုတ်ဘူး ”

သည်လိုနှင့် မေကလျာ အမေရိကန် ကို သွားရတော့မည် ။

လေယာဉ်ပေါ် တက်သည့် နေ့က ဒေါ်ပိုးမြ မျက်ရည် အကျဆုံး နေ့ တစ်နေ့ ။

“ သမီး ဟို ရောက်တာ နဲ့ အမေ့ ကို ခေါ်ဖို့ စီစဉ်မယ်  ။ အမေ မငိုပါနဲ့နော် ”

သူ့ ဘဝ မှာ အနှစ် နှစ်ဆယ် တိုင်တိုင် အဖော် ကောင်း ဖြစ်ခဲ့သော သမီး မရှိတော့ ။ ဇာတ်မျောတုန်း က မျောနိုင်လွန်းခဲ့ ။ မြန်ပြန်တော့ လည်း ဇာတ်လမ်း တွေက လိုက် မမီအောင် စူးရှ ခါးသီးလွန်းသည် ။ အကောင်းမြင်ဝါဒ ဖြင့် ကြည့်တော့လည်း ဒီလိုပဲ ဖြစ်ရမှာပေါ့ ဟု ဒေါ်ပိုးမြ ကျိတ် ဖြေပစ်ရသည် ။ သူ ကိုယ် တိုင် ကမ္ဘာ့ အချမ်းသာဆုံး ၊ အတိုးတက်ဆုံး ၊ အလှပ ဆုံး ဝါရှင်တန်ဒီစီ ကို ရောက်ချင် ရောက်ဦးမည် မဟုတ်လား ။ ရက်နှစ်ဆယ် လောက် ကြာသောအခါ မေကလျာ ထံ မှ သူ့ မေမေ ထံ စာ တစ်စောင် ရောက် လာသည် ။ စာမျက်နှာ ၉ မျက်နှာ ပါရှိသည် ။ ဇာတ်ဝင်ခန်း ပါသော အပိုဒ် ကို သာ ဖော်ပြ လိုက်ပါသည် ။

“ အမေ အဖေ ဒီမှာ အိမ်ထောင် ကျ နေပြီ ။ မောင်လေး က သမီး ထက် ၂ နှစ် ငယ်တယ် ။ သူ နဲ့ သမီး ကျောင်း အတူ တက်ရတယ် ။ ညီမလေး က တော့ ၄ နှစ် ငယ်တယ် ။ သူ့ မိန်းမ ဟာ သိပ် သဝန်ကြောင် တယ် ။ ဒါကြောင့် အမေ အမေရိကန် ကို ဘယ်တော့ မှ လာလို့ မဖြစ်တော့ဘူး ။ သမီး အလုပ် ရရင် ပိုက်ဆံ တွေ ရမယ် ။ ပိုက်ဆံတွေ အများကြီး ရရင် ပြန်လာခဲ့ မယ် ။ သမီး နဲ့ အမေ တစ်ခုခု လုပ်ကိုင် စားသောက်ကြ တာပေါ့ ။ အမေ့ ကို သမီး နေ့တိုင်း သတိရတယ် ။ အမေ လည်း သမီး ကို သတိရ မျက်ရည် ကျနေမယ် ဆိုတာ သမီး ယုံပါတယ် ။ အမေရိကန် ဝါရှင်တန်ဒီစီ ဆိုတာ အရမ်း ခမ်းနားထည်ဝါ ပေမယ့် အမေ နဲ့ မတွေ့ ရတဲ့ အရပ် မှာ သမီး အတွက် တစ်ခုခု လိုနေ သလိုပါ ပဲ ။ အမေ့ မေတ္တာ မရှိတဲ့ အရပ် ဟာ သမီး အတွက် တော့ ဇနပုဒ် ပါပဲ အမေ ။ အဖေ ရှိတဲ့ ဝါရှင်တန်ဒီစီ ကို အမေ ရှိတဲ့ ရန်ကုန် လောက် မချစ်ဘူး ။ အဲဒါ မေမေ ယုံနော် ”

⎕ မောင်ညိုပြာ

📖 ပေဖူးလွှာ မဂ္ဂဇင်း
      ဇန်နဝါရီလ ၊ ၂၀၁၁

.

Wednesday, April 24, 2024

ည ရဲ့သီချင်း ဟာ တိတ်ဆိတ်ခြင်းပဲ


 

❝ ည ရဲ့သီချင်း ဟာ တိတ်ဆိတ်ခြင်းပဲ ❞ 
    
သူ ငယ်ငယ် ကတည်း က သူ့ ဘဝ မှာ ကြောက်ရမည့် လူ တစ်ယောက် နှစ်ယောက် ၊ ချစ်ရမယ့် လူ တစ်ယောက် နှစ်ယောက် အမြဲတန်း ရှိနေတတ်ပါတယ် ။ သူ့ အသက် ၇ - နှစ် ၊ ၈ - နှစ် ၊ ၉ - နှစ် သုံးနှစ် လုံးလုံး ဘုန်းကြီးကျောင်းသား ဘဝ မှာ ကျင်လည် နေထိုင်ခဲ့ ရတယ် ။ ဒီတုန်းက ဘုန်းကြီးကျောင်းသား တစ်ယောက် ဟာ သူ့ ကို အမြဲတန်း အနိုင်ကျင့်လေ့ ရှိတယ် ။ ဆရာတော် က ခပ်သုတ်သုတ် ဆောင်ရွက်ဖို့ ခိုင်း လိုက်တဲ့ ကိစ္စ တစ်ခု အတွက် ၊ သူ ခပ်မြန်မြန် သွား နေတုန်း ၊ အဲဒီ ကောင် က ခြေထိုး ခံ လိုက်တော့ မှောက်လျက်လဲ သွား တာ ကို အဲဒီ ကောင် က ဟားတိုက် နေတယ် ။ မကြာမီ သူ နဲ့ မဟာမိတ် ဖွဲ့ထားတဲ့ တစ်ခြား ကျောင်းသား တစ်ယောက် ရောက် လာတယ် ။

“ ဆရာတော် ကို လျှောက်ရဲ ရင် လျှောက်ကြည့် ။ မင်း ကို အ သေသ,တ်မယ် ” တဲ့ သူ့ မဟာမိတ် က အသားလွတ် ဝင် ကြိမ်းမောင်း တာ လဲ ခံလိုက် ရတယ် ။

ဒီလို သူ့ ကို ကြည့် မရတဲ့ လူတွေ ရှိ သလို ကြည့်လို့ မဝ တဲ့ လူတွေ လည်း ရှိတယ် ။ သူ့ အဘိုး နဲ့ အဘွား ဟာ သူ့ ကို သိပ် ချစ်တယ် ။ အရိပ် တကြည့်ကြည့် လုပ်တယ် ။ မျက်နှာ ကောင်း မကောင်း ခိုး ကြည့် နေ တတ်တယ် ။ အထူးသဖြင့် အဖြစ်သည်း တာ အဘွား ပေါ့ ။

“ ဟင် ... ဒီ နှုတ်ခမ်း ဟာ ဘာလို့ ကွဲတာလဲ ။ မှန်မှန် ပြောစမ်း ။ ဒီမှာ ကိုပန်းခိုင် ။ ရှင့် မြေး ကို ဘယ်သူ ဘာလုပ် လွှတ်လိုက်လဲ မသိဘူး ”

ဆရာတော် ခိုင်း တာ ကို ခပ်မြန်မြန် ဆောင်ရွက်ဖို့ အပြေးကလေး သွား နေတုန်း ၊ ဘုန်းကြီးကျောင်းသားလေး တစ်ယောက် က ခြေထိုး ခံ လိုက်လို့ မှောက်လျက် လဲ သွားတဲ့ အကြောင်း အဘိုးအဘွား များ ကို ပြော ပြ လိုက်တော့ အဘိုး နဲ့ အဘွား ရဲ့ ဒေါသ ထွက် ပေါက်ကွဲ ပုံကို ယခု ထက်တိုင် သူ မြင်ယောင် နေပါသေးတယ် ။ စကား တောင် မဆုံးသေးဘူး ။ “ ဘုန်းကြီးကျောင်းသား တစ်ယောက် က ....” နေရာပဲ ရောက်သေးတယ် ၊ အဘိုး က သစ်သားတုံး နဲ့ ကြမ်းခင်း ကို ဒုံးခနဲ ထုတယ် ။ သူ့ လက် ကို အဘိုး က ဆွဲပြီး ၊ ဆရာတော်ကြီး ထံ ခေါ် သွားပြီး လျှောက် တော့ တာပဲ ။ အဘွား က ရွှဲ နေအောင် ငို နေ ရင်း က ဘုန်းကြီးကျောင်းသား အားလုံး ရဲ့ ဘဝ ကို ပြောပြတဲ့ အခါ အကောင်းဆုံး ကဗျာ တစ်ပုဒ် လို ထိခိုက် ခံစား သွားကြတယ် ။ ဆရာတော် ပါ ငိုင် သွားတယ် ။

“ စာသင်ကျောင်း မထားနိုင် လို့ ၊ သေစာရှင်စာ ရေးတတ် အောင် ဘုန်းကြီးကျောင်း မှာ ထား ရတဲ့ ဆင်းရဲသားချင်း အတူတူ ၊ နင် တို့ ငါ့ မြေး ကို မစော်ကားကြပါနဲ့ ”

အဘိုး က ကျောင်းသားလေး ကို ဆရာတော် က တဆင့် တောင် မဟုတ်ဘူး ၊ တိုက်ရိုက် ကြိမ်းမောင်းတယ် ။

“ စော်ကားတိုင်း ခံရမယ့် အစား မဟုတ်ဘူးကွ ။ ငါ က မင်း တင် မဟုတ်ဘူး ၊ မင်း မိဘတွေ ကို ပါ လိုက် သ,တ်ပစ်မှာ ”

အဘိုး က စွတ်ကြိမ်းမောင်း နေပေမဲ့ ၊ အဲဒီ ကောင်လေး မှာ မိဘ မရှိတော့ဘူး ဆိုတာ ကို အဘိုး မသိခဲ့ ။ အဘွား ပြော သလို ၊ ဘုန်း ကြီးကျောင်း ထား ရတဲ့ ရည်ရွယ်ချက် ဟာ စာသင်ကျောင်း မထား နိုင်လို့ ၊ သေစာရှင်စာ ဖတ်တတ် အောင် ဆိုတာ ပြည့်စုံတဲ့ အကြောင်း ပြချက် တစ်ခု တော့ မဟုတ်ပါ ။ တစ်ဝက်တစ်ပျက် သာ မှန်ပါတယ် ။ မိဘမဲ့ သွားသူများ နှင့် ဆင်းရဲလွန်း တဲ့ မိဘများ က ၊ အစစ အရာရာ တာဝန် မယူနိုင်တော့ တဲ့ အခြေအနေ မှာ ၊ ဘုန်းတော်ကြီးကျောင်း ကို အားကိုး အားထား ပြုကာ လာရောက် ထားခဲ့ကြခြင်း ပဲ ဖြစ်ပါတယ် ။ ဘုန်းတော်ကြီး ကျောင်း မှာ သင်အံ ကျက်မှတ် ရတဲ့ စာတွေ က လည်း ၊ လောကုတ္တရာ စာတွေ ချည်း ပဲ ဖြစ်တယ် ။ ဖြစ်သင့်တာ က တော့ ဒီ စာပေတွေ တတ်မြောက် ရင်းနှီး ပြီး ရင် ၊ ဘုန်းကြီး တစ်ခါ တည်း ဝတ် လိုက်တာ အကောင်း ဆုံး ပဲ ။ ကံကောင်း တာ တစ်ခု က တော့ ဦးဇင်း တစ်ပါး က အခြေခံ သင်္ချာနည်း တွေ သင်ပြ ပေးတယ် ။ နောင် သူ့ ဘဝ အလှည့်အပြောင်း တစ်ခု မှာ ၊ အဲဒီ သင်္ချာနည်းတွေ အသုံးကျလိမ့်မယ် လို့ သူ တွေး တောင် မတွေးမိခဲ့ဘူး ။ ဒီ ကာလ မှာ သူ ကြောက်ရတာ နှစ်ခု ရှိ သေးတယ် ။ ဘုန်းကြီးကျောင်း ဝင်း ထဲ က ည နဲ့ ဆာလောင် မွတ်သိပ်ခြင်း တို့ ကို ပါပဲ ။ ဘုန်းကြီးကျောင်း ဝင်း အစပ် မှာ ပျံလွန်တော်မူ သွားတဲ့ ဦးဇင်းတွေ ၊ ကိုရင်တွေ ရဲ့ အုတ်ဂူတွေ ရှိတယ် ။ ဒီ အုတ်ဂူတွေ ကို ကျော်လွန်ရင် ကုန်းသေးသေး တစ်ကုန်း ရှိ ပြီးတော့ ၊ အဲဒီ ကုန်း ကို ကျော် လိုက်တဲ့ အခါ ၊ မလှမ်းမကမ်း မှာ ဖံဖရွာ ရဲ့ သုဿာန် ရှိတယ် ။ ကျောင်းဝင်း ထဲ မှာ သိမ် တစ်လုံး ရှိတယ် ။ ထုံးစံ အတိုင်း သိမ် ရဲ့ အမိုး မှာ လင်းနို့ တွေ ရှိတယ် ။ ထန်းပင် အမြင့်ကြီး ပေါ် မှာလည်း လင်းနို့ တွေ ရှိတယ် ။ ထန်းပင် ခြေရင်း မှာ လင်းနို့ချေးတွေ ပုံ နေတာပဲ ။ ညည အိမ်သာ သွားရင် အုတ်ဂူတွေ ဘေးနား က ဖြတ် သွားရတယ် ။

စားသောက်ရေး နဲ့ ပတ်သက် လို့ က တော့ နံနက်စာ က ပို အဆင်ပြေ တယ် ။

ညစာ ကျ တော့ ကျောင်းသားကြီး တစ်ယောက် က မနက် က အဆီပြန်ဟင်း နည်းနည်း ချန် ပြီးတော့ ၊ ညနေ ကျရင် အရွက် တစ် ခုခု နဲ့ ရော ချက်လိုက်တဲ့ ဟင်း နဲ့ စားရတယ် ။ ရေလုံပြုတ် ပဲ ။ စား လို့ မကောင်းဘူး ။ သူတို့ ဘုန်းကြီး ကျောင်းသားတွေ ရဲ့ အမြင့်ဆုံး အိပ်မက် ဟာ အခါကြီး ရက်ကြီး ပဲ ။ အခါကြီး ရက်ကြီး မှာ အလှူ အတန်း လုပ်တဲ့ အခါ ၊ မြိန်မြိန်ရှက်ရှက် စားရတယ် ။ အလှူအတန်း နဲ့ ကင်းဝေး တဲ့ ရက်တွေ မှာ တော့ ၊ ရေလုံပြုတ် နဲ့ စားရ ပြီးတော့ ၊ အထဲ မှာ ပါတဲ့ အသားဖတ်တွေ ကို တော့ အသက်ကြီးကြီး ဘုန်းကြီးကျောင်းသား တွေ က အပိုင်စီး ထားလိုက်ကြတယ် ။ တစ်ခါတစ်ခါ ပြည်ပန်းညိုရွက် နဲ့ အသား နဲ့ ချက်တဲ့ ဟင်း မှာ ခူကောင် တွေ တောင် ပါတယ် ။ သူ က ရွံတတ်တယ် ။ သူ ထမင်း ဆက် မစားတော့ဘူး ။ သွန် ပစ်လိုက် တယ် ။ သွန် ပစ်ရင်း သူ အဘွား ကို မြင်ယောင် လာတယ် ။ သူ့ ဘဝ ရဲ့ အကြောက်တရား ကို ရင်ဆိုင် ပေးမယ့် ဂါထာ တစ်ခု လို သူ့ ရင်ခုန် သံ က တောင် “ အဘွား ... အဘွား ” လို့ ရွတ်ရင်း ၊ အဘွားအိမ် ကို သူ တစ်အား ပြေးတယ် ။ အဘွားအိမ် နဲ့ ဘုန်းကြီးကျောင်း နှစ်မိုင် လောက် ဝေးတယ် ။

အဘွား က အလတ်စား ဇလုံ တစ်လုံး ထဲ မှာ ထမင်းတွေ နဲ့ ဟင်းတွေ ပုံထည့် ပေးတယ် ။ ငါးဟင်း တွေ အများကြီး ထည့် ပေးတယ် ။ သူ အားရှိပါးရှိ စား လိုက်တာ လောကကြီး နဲ့ သူ့ အဘွား ကို တောင် ခေတ္တ မေ့သွား သလို လိုပဲ ။ အဘွား က တော့ အိမ် အလုပ်တွေ လုပ် နေရင်း သူ စားတာကို ခိုး ကြည့်နေတယ် ။ မြိန် မှ မြိန်ရဲ့လား ပေါ့ ။ အဘိုး က သူ့ ဗိုက် ကို လက် နဲ့ စမ်း ကြည့်ပြီး ၊ သူ့ ပါး ကို တစ်ချက် ဆွဲ လိမ် သေးတယ် ။ သူ ပြန်မယ် လုပ်တော့ အဘွား က သူ့ ပါး ကို တစ်ချက် နမ်းတယ် ။ သူ တစ်ခါ တစ်ခါ မှာ ဆရာတော် ရိုက် တာ ခံရ တတ်တယ် ။ သူ ခုလို ကျောင်း က နေ ရုတ်တရက် ပျောက်သွား တဲ့ အခါ ပေါ့ ။ အဘွား ဆီ သွား တတ်တဲ့ အခါတွေ ပေါ့ ။ အဲဒီ နေ့ မှာ လည်း ပဲ ဆရာတော် က ကြိမ်လုံး နဲ့ စောင့် နေတယ် ။ သူ ဆရာတော် ကို ကြောက်ကြောက် နဲ့ အဆက်မပြတ် ဦးချ နေ မိတယ် ။ စားသောက် လို့ ရလာတဲ့ ကျေနပ်မှုတွေ တောင် ဘယ် ရောက် ကုန်လဲ မသိဘူး ။ ဆရာတော် က မေးတယ် ။ စာအံချိန် ကို မေ့နေပြီ လား လို့ မေး နေတယ် ။

“ တပည့်တော် ရဲ့ အဘွား ဖျား နေပါတယ် ။ အဘွား တော်တော့ ကို ဖျား နေလို့ တပည့်တော် သတင်း သွား မေးတာပါ ဘုရာ့ ”

“ အိမ်း ... အခု မင်း ကို မရိုက်သေးဘူး ။ မင်း အဘွား မဖျားဘူး ဆိုတာ ငါ သိတဲ့ နေ့မှာ ငါ နှစ်ဆ ရိုက်မယ် ”

သူ့ ကို တစ်ခြား ဘုန်းကြီးကျောင်းသား တွေ က “ ဘုန်းကြီး အချစ်တော် ” လို့ ခေါ်ကြတယ် ။ သူ လက် မခံဘူး ။ မျက်ရည် တွေ ကြား ထဲ က သူ ခေါင်းခါ နေမိတယ် ။ အဘွား မဖျားဘူး ဆိုတာ ဆရာတော် က သိ သွားလို့ ၊ ထန်းလက်တုတ် နဲ့ ရိုက် တာပေါ့ ။ ဘုန်းကြီးကျောင်းသား တွေ ဟာ အရွယ်အစား အမျိုးမျိုး ရှိတယ် ။ အသက် ၈ နှစ် က နေ အသက်၂ဝ အထိ ရှိတယ် ။ အသက်၂ဝ လောက် ရှိလာ တဲ့ အခါ မှာ တော့ ၊ ဘုန်းကြီးကျောင်း က ကျွေးမွေး လိုက်တဲ့ အစားအသောက် တွေ ကြောင့် ၊ ခွန်အား တွေလည်း ပြည့် နေပြီ ။ လယ်ကူလီ ၊ စာရင်းငှါး ၊ စတဲ့ အလုပ်တွေ လုပ် စားဖို့ အရွယ် နဲ့ ခွန်အားတွေ အဆင်သင့် ဖြစ်နေပြီ မို့ ၊ ဆရာတော် က လည်း လက် မခံတော့ဘူး ။ ဆရာတော် ကို လာလာ ဖူး တတ်တဲ့ စာသင်ကျောင်း က ဆရာ တစ်ယောက် က ပြောတယ် ။

“ ဘုန်းတော်ကြီးကျောင်း တွေ ဟာ လူမှုရေး အခက်အခဲ တွေ ကို ဖြေရှင်း ပေးတဲ့ ၊ မွန်မြတ်တဲ့ ယဉ်ကျေးမှု ထွန်းကား တဲ့ နေရာ ပဲ ” တဲ့ ။

ဟုတ်ပါရဲ့ ။ ဘုန်းတော်ကြီးကျောင်း တွေ ဟာ ဆင်းရဲနွမ်းပါး တဲ့ လူတွေ ၊ တည်းခိုစရာ မရှိတဲ့ လူတွေ အတွက် အကူအညီ ပေး တတ်တဲ့ အစဉ်အလာ ကောင်းတွေ ထွန်းကား တဲ့ နေရာ ပဲ ။ လူတွေ တင် မဟုတ်သေးဘူး ။ ခွေးတွေ တောင် အကောင် သုံးဆယ် လောက် ရှိတယ် ။ စာအံသံ တွေ ၊ ကြေးစည်သံ တွေ ၊ အုန်းမောင်းခေါက်သံ တွေ ၊ ကျောင်းဝန်း ထဲ က စိုင်သရက်ပင် အောက် သရက်သီးမှည့် ကောက် စား ခဲ့ရတာတွေ ၊ ဆီးဖြူပင် အောက် ဆီးဖြူသီး ကောက် စား ခဲ့ရတာတွေ ၊ ဆရာတော် ရဲ့ ကြည်ညိုဖွယ် မျက်နှာ တွေ ၊ အဘိုး နဲ့ အဘွား တွေ ၊ ဒေါ်လေး ဒေါ်ကြီး တွေ ၊ ဦးလေး ဦးကြီး တွေ ၊ ဝမ်းကွဲညီ အစ်ကိုမောင်နှမ တွေ ၊ သူ ရှင်းရှင်းလင်းလင်းကြီး ထင်ထင်ရှားရှားကြီး တွေ့ နေရတယ် ။ ဒီလို တွေ့နေ မှတ်မိနေ တာ ဟာ တစ်ခြားကြောင့် မဟုတ်ဘူး ၊ သူ သိပ် လွမ်း နေလို့ပေါ့ ။ ဒီ အချိန် က စပြီး သူ ဘယ်တော့ မှ ဘုန်းကြီးကျောင်းသား ပြန်မ ဖြစ်တော့ဘူး ။ အခု သူ ရန်ကုန်မြို့တော် ကို ရောက် နေပြီလေ ။

ဘဝ တူ ကျောင်းသားတွေ ထဲ က သူ့ ကို အနိုင်ကျင့် တဲ့ ကျောင်းသား နှစ်ယောက် ကို မြင်ယောင်မိတဲ့ အခါ ၊ သူ လက်သီး ကို ကျစ်ကျစ်လျစ်လျစ် ဆုပ် ထား လိုက်မိတယ် ။ စာအံသံ တွေ နဲ့ ဆရာတော် ကို သတိရတဲ့ အခါ ၊ သူ ဆုပ်ထားတဲ့ လက်တွေ လျော့ရဲရဲ ဖြစ် သွားတယ် ။ အဘိုး နဲ့ အဘွား ကို သတိရတဲ့ အခါ မှာ တော့ ၊ သူ့ လက် နှစ်ဖက် ကို ဖြန့်ပြီး နဖူး ပေါ် မှာ အုပ် ထား လိုက်တယ် ။ သူ့ မျက်ဝန်း တွေ ထဲ က မျက်ရည် စီးကျ လာတယ် ။ ဒီလို မျက်ရည်တွေ စီး ကျ လာတာ ဟာ အတိတ် ကို လွမ်း လို့ ချည်း ပဲ မဟုတ်ဘူး ။ အနာဂတ် ကို ကြောက်တာ လည်း ပါတယ် ။ ည ည ကျရင် သူ ကြောက်ရ တာ တွေ ထဲ မှာ အဘွား ကို လွမ်းတဲ့ စိတ် လည်း ပါတယ် ။ သူ ရန်ကုန် ကို ရောက်ခဲ့ ရတဲ့ အကြောင်း ကို အတိုတကာ့ အတိုဆုံး ပြော ရရင် ၊ အမေ ဆုံးသွား တော့ နောက် အိမ်ထောင် ပြု သွားတဲ့ အဖေ က ကျောင်း ထား ပေးဖို့ လှမ်း ခေါ်လိုက်တာ ပဲ ဖြစ်ပါတယ် ။

ကမ္ဘာကြီး က မွေးထုတ် လိုက်တဲ့ လူသားတွေ ထဲ မှာ ရိတတ် ခနဲ့တတ် တဲ့ လူ တစ်မျိုး အမြဲတန်း ပါလာ တတ်တယ် ထင်တယ် ။

“ တောသား ဗိုက်ပူနံကား ”

စာသင်ကျောင်း ရောက် တော့ လည်း ၊ ၄ - တန်း ကျောင်းသား တစ်ယောက် က သူ့ ကို အနိုင်ကျင့် တာ ခံရပြန်တယ် ။

“ ငါ့ မြေး ... ဆယ်တန်း အောင် အောင်ကြိုးစား ။ ရန်မဖြစ် နဲ့ ”

အဘွား မှာ ထားလို့သာပေါ့ ။ ဒီလိုမှ မဟုတ်ရင် သူ ဆွဲထိုး လိုက်မိ မှာ အမှန်ပဲ ။ ဒါပေမယ့် ကျောင်းအုပ်ဆရာကြီး ဟာ သူ့ အပေါ် စာနာထောက်ထား သနားကြင်နာတယ် ။ ဒါဟာ သူ့ အတွက် မြို့တော် ရဲ့ အကောင်းဆုံး လက်ဆောင် ပါပဲ  ။ အကြောက် တရား ရဲ့ ဆန့်ကျင်ဘက် အချစ်တရား ပါ ပဲ ။ တကယ် ဆိုတော့ အကြောက်တရား ထဲ မှာ အမုန်းတရား ငြီးငွေ့ခြင်းများ နှင့် မယုံ ကြည်ခြင်းများ လည်း ပါဝင် နေကြောင်း နောင် သူ စာရေးဆရာ တစ်ယောက် ဖြစ်လာတဲ့ အခါ သူ ခွဲခြမ်းစိတ်ဖြာ သဘောပေါက် နေ မိတယ် ။ ရန်ကုန်မြို့တော် ကို ရောက်ပြီး နေရထိုင်ရတာ အသား ကျ လာတဲ့ အခါ ရွာ က ဘဝတူ ဘုန်းကြီးကျောင်းသားတွေ ကို သူ သတိရ ပေမယ့် သူ့ ကို မုန်းတဲ့ သူ ကြောက်ရတဲ့ ဟို ကျောင်းသား နှစ်ယောက် ကို သူ စိတ် မနာတော့ဘူး ။ ပြီး ပြီးတာ လည်း ပြီးပါစေ သဘောထားမျိုး သူ ထားနိုင်ခဲ့တာ ကို သူ တွေ့ ရတယ် ။ အတိတ် ပစ္စုပ္ပန် နဲ့ အနာဂတ် သုံးမျိုး ထဲ မှာ ပစ္စုပ္ပန် သာ အရေးကြီးဆုံး ဆို တာ သူ ခံစား လာရတယ် ။ အနာဂတ် ဆိုတာ တစ်ချိန်ကျ ရင် ပစ္စုပ္ပန် ဖြစ် မှာမို့ သိပ် အရေးကြီးတယ် လို့ ပြောလို့ မရဘူး ။ ပစ္စုပ္ပန် တည့်တည့် လူ ဖြစ်ရတဲ့ ဘဝ လှပဖို့သာ အဓိက လို့ သူ တွေးမိတယ် ။ သူများ ပစ္စုပ္ပန် ဟာ ကိုယ့် ပစ္စုပ္ပန် မဖြစ်ခင် ကိုယ် သေချင် သေသွား မှာ မဟုတ် လား ။ သူ ဟာ ငယ်ငယ် ကတည်း က လေးလေးနက်နက် တွေ လျှောက် စဉ်းစား တတ်တယ် ။ သူ့ မိထွေး ဟာ မိန်းမချော တစ်ယောက် ပါ ။ အသက် ၃၇ - နှစ် မှာ သူ မဆုံးသွားတယ် ။ အပျိုဘဝ နဲ့ မုဆိုးဖို ကို ယူ လိုက်ရပေမယ့် ဘာမှ မဝတ်မစားရ တဲ့ အပြင် ၊ ဒုတိယ မယား အခေါ် ခံ ရ သေးတယ် ။ ဒါတွေကို နောက်ပိုင်း ကျ မှ သူ ခွင့်လွှတ်စာနာ နားလည် လာတာပါ ။ ခပ်စောစောပိုင်း က ဆို သူ့ မိထွေး ကို သူ အလိုလို ကြောက် နေတယ် ။ မယားပါ သားသမီးများ နဲ့ မိထွေး ကြား နောက်ခံ သမိုင်းကြောင်းတွေ က မကောင်းခဲ့ဘူး မဟုတ်လား ။

“ ဗိုက်ပူနံကား တောသား ”  လို့ ခေါ်ပြီး ရန်စ တတ်တဲ့ ကောင်လေး တွေ သုံးယောက် လောက် တောင် စုဆောင်း မိတဲ့ အချိန် မှာ တော့ ကံကောင်းထောက်မ စွာပဲ သူ အလယ်တန်း ကျောင်းသား ဘဝ ရောက်သွား ပါ တော့တယ် ။ ကျောင်းပြောင်း ခဲ့ရတယ် ။ အလယ်တန်းကျောင်းသား ဘဝ မှာ သင်္ချာဆရာကြီး ဦးလှမောင် ဟာ သူ့ ကို သိပ် ချစ်တယ် ။ အိမ် ခေါ်ပြီး စာပြတယ် ။ ထမင်း ကျွေးတယ် ။ ဒါပေမယ့် ဘယ်လိုမျိုး ဆုတောင်း မသိဘူး ။ သူ ကြောက်ရမယ့် လူတွေ ဒါမှမဟုတ် အခြေအနေ တွေ အမြဲတန်း ရှိနေတတ် တာ အဘိုး ဆုံး သွားတယ် ။ အဖေ စီးပွားရေး မကောင်း ဘူး ။ ည ကျ ထမင်းဝိုင်း မှာ ဘာမှ အလုံအလောက် မရှိဘူး ။ အလျှံ ပယ် ရှိနေတာ က တော့ စိုးရိမ်ကြောက်လန့်မှု တွေ ။ စားဝတ်နေရေး အတွက် စိုးရိမ်သောက ဖိစီးမှု တွေ ဝိုင်းဝိုင်းလည် နေတယ် ။ အစ်မ တို့ အိမ် ကို ပြောင်းရွှေ့ ရတယ် ။ အလယ်တန်း ကျောင်းသား ဘဝ မှာ သူ တွေ့ ရတဲ့ တစ်ခြား အခက်အခဲ တစ်ခု က တော့ အဝတ်အစား လုံလုံလောက်လောက် မရှိဘူး ။ ရှိတဲ့ အဝတ်အစားတွေ က လည်း ဆွေးချင် စုတ်ပြဲချင် ။

“ အဖေ ... ကျွန်တော် ကို ပုဆိုး တစ်ထည် လောက် ဝယ်ပေးပါ ”

အစ်မ တို့ အိမ် က နေ ၊ အဖေ အလုပ် လုပ်တဲ့ နေရာ သွား ပြီး ပူဆာတယ် ။ လမ်းကြုံလို့ သွား ပြောတဲ့ ပုံစံမျိုး မဟုတ်ဘူး ။ နှစ်ည လောက် စဉ်းစား ဆုံးဖြတ် ပြီး မှ လာခဲ့တာပါ ။ အဖေ့ အလုပ် ကို မှ သူ လာခဲ့ တာ က တော့ သူ ပုဆိုး ဝယ်ပေးဖို့ ပူဆာတာ ကို သူ့ မိထွေး အပါအဝင် ဘယ်သူမှ မသိအောင် လို့ပေါ့ ။ ဒီလိုနဲ့ အဖေ့ ဆီ က တစ်လ လောက် ကြာတဲ့ တိုင်အောင် ဘာ သတင်း မှ မကြားရဘူး ။ သူ ညည တွေ မှာ အဖေ့ ဆီ သွားဖို့ အားတင်း စဉ်းစားရ ပြန်တယ် ။ သူ သူ့ အဖေ အလုပ် လုပ်တဲ့ နေရာ ကို သွား ပြန်တော့  သူလာနေ တာ ကို သူ့ အဖေ အဝေးကြီး ကတည်း က တွေ့တယ် ။ မျက်နှာ ပျက် နေတယ် ။

“ အဖေ ... ကျွန်တော် ကို ပုဆိုး တစ်ထည် လောက် ဝယ် ပေးပါ ။ ကျွန်တော့် ပုဆိုးတွေ က စုတ်ပြဲ နေလို့ပါ ”

အခု တစ်ခါ တော့ ဇာတ် နာအောင် နဲ့ ပိုပြီး စည်းရုံးရေး ကျ အောင် သူ ဝါကျ တစ်ကြောင်း ပို ပြောထည့် လိုက်ပါတယ် ။ အဖေ နဲ့ သား ဆက်ဆံရေး ဟာ ခြောက်ကပ်ကပ်ကြီး ဖြစ် နေတာ ၊ ငွေရေး ကြေးရေး အခက်အခဲ က ကြား က နေ ခံနေလို့ ဖြစ်တယ် ဆိုတဲ့ အကြောင်း နောင် သူ အသက်ကလေး ရ လာ တော့ မှ သဘောပေါက် သွားတယ် ။

အလယ်တန်း ကျောင်းသား ဘဝ မှာ ကမ္ဘာကြီး က မှားယွင်းစွာ မွေးထုတ် ပေး လိုက်တဲ့ အပြစ်အနာအဆာ နှစ်ကောင် နဲ့ တွေ့ရ ပြန်တယ် ။ သူ သည်းခံနိုင်ရည် မရှိတော့ဘူး ။ ဘုန်းကြီး ကျောင်းသား ဘဝ ၊ မူလတန်း ကျောင်းသား ဘဝ တစ်လျှောက်လုံး သည်း ခံလာခဲ့ရတယ် ဆိုတော့ သည်းခံနိုင်ခြင်း ကိုယ်ခံအားတွေ လက်ကျန် မရှိတော့ဘူး ။ ဒီ လောက မှာ ပု တဲ့ လူ ကို “ ဂျပု ”  လို့ ခေါ်တာ ကို အရူးငပေါ က လွဲလို့ ဘယ်သူမှ ကြိုက် မှာ မဟုတ်ဘူး ။ သူ့ လက်သီး ကို ကျွဲပခုံး ထ အောင် နံရံတွေ ကို ထိုးတယ် ။ သဲအိတ် တွေ ကို ထိုးတယ် ။ အဲဒီ ကောင် နှစ်ကောင် က သူ့ နောက် က ခုံ တန်းလျား မှာ ထိုင်တယ် ။ သူ့ နားရွက် ကို လက် နဲ့ တောက်တယ် ။ လှည့် ကြည့် လိုက် ရင် အိန္ဒြေရရ စာ ရေး နေကြတာ ကို တွေ့ရတယ် ။ သူ တို့ လက် နဲ့ တောက်တာ နာ ရီ ရှိတယ် ။ တစ်မိနစ် လောက် မှ တစ်ခါ တောက်တယ် ။ တောက် လောက်တဲ့ အချိ န်ကို ခန့်မှန်း ပြီး လှည့် ကြည့် လိုက်တဲ့ အခါ ၊ ဟို ကောင် တစ်ကောင် ရဲ့ လက် ကို လေထဲ မှာ မြှောက်လျက် သား တွေ့ရတယ် ။ တွေ့ ရတယ် ဆိုရင်ပဲ သူ အဲဒီ ကောင့် မျက်နှာ ကို လက်သီး နှစ်လုံး ကို တွန်းကန်အား အပြည့် နဲ့ သွင်း လိုက်တယ် ။ အဲဒီ ကောင့် မျက်ခုံးမွှေး စုတ်ပြတ် ထွက် သွားပြီး သွေးတွေ စီး ဆင်းလာတယ် ။ အတန်းပိုင် ဆရာမ အတော့် ကို စိတ်ဆိုး သွားတယ် ။

“ နင့် ကို လုပ်ရင် ငါ့ ကို တိုင်ပါလား ။ ငါ ရှိနေရက်သား နဲ့ နင် လုပ်ရက်တယ် ။ ဆရာကြီး သိရင် ပြသနာတွေ ရှုပ် ကုန်တော့ မယ် ။ လာစမ်း ၊ လက်ဖဝါး ဖြန့် ” ဆရာမဟာ သူ့ ကို ဒန်ပေတံ နဲ့ ၁၅ ချက် တအား လွှဲ ရိုက်တယ် ။ ဆရာမ မျက်ရည်တွေ ဝဲ နေတယ် ။ တစ်ချက် ရိုက် ပြီးတိုင်း “ နောက် လုပ်ဦးမှာလား ” လို့ မေးတယ် ။ ၁၄ ချက် မှာ “ ကြောက်ပါပြီ ဆရာမ ” လို့ သူ ပြော လိုက်တယ် ။ ၁၅ ချက် မြောက် မှာ တော့ သူ့ ပါးပြင် နှစ်ဖက် ပေါ် မှာ မျက်ရည် တွေ လှိမ့်ဆင်း လာတယ် ။ ဆရာမ ဟာ နောက်နောင် ကို တစ်ခြား ကျောင်းသားတွေ အတုမြင် အတတ်သင် ကြ မှာ စိုး လို့ စံပြ ရိုက်ပြ နေတာ လည်း ဖြစ်နိုင်တယ် ။ တော်ပါသေးတယ် ။ သူ့ လွယ်အိတ် ထဲ မှာ အုတ်ခဲကျိုး နှစ်လုံး ပါတာ ဆရာမ မသိသေးလို့ ။ ကျောင်း လွှတ် တော့ အုတ်ခဲကျိုးတွေ ကို သူ အပြီးအပိုင် လွှင့် ပစ် လိုက်တယ် ။ သူ ဘယ်တော့ မှ ရန် မဖြစ်တော့ဘူး ။ သည်းခံတော့ မယ် လို့ သူ ဆုံးဖြတ် လိုက်တယ် ။ သူ ကျောင်း ၃ - ရက် မတတ်ဘူး ။ ဆရာမ အိ မ်လိုက်လာ တယ် ။ သူ ဖျား နေတာ ကို ဆရာမ က တစ်မျိုး အဓိပ္ပာယ် ကောက် သွား တယ် ။ ဆရာမ ဟာ ဖူးဖူးယောင် နေတဲ့ သူ့ လက် ကို ကြည့်ပြီး စိတ် ထိခိုက် သွားပုံ ရတယ် ။ သူ ဆယ်တန်း ရောက် တော့လည်း ၊ ရန် စတဲ့ ကောင်တွေ ၊ နှိမ်တဲ့ ကောင်တွေ တစ်ယောက် နှစ်ယောက် တွေ့ ရပြန်တာပါပဲ ။

ဆယ်တန်း အောင် ပြီး တက္ကသိုလ် ရောက်သွားတဲ့ အခါ ၊ သူ ကြောက်ရတဲ့ အရာ နှစ်ခု ဟာ လူ မဟုတ်ဘူး ။ ရူပဗေဒဘာသာရပ် နဲ့ ပိုက်ဆံ ဆိုတဲ့ ဘာသာရပ် ပါပဲ ။ တစ်နေ့ မှ ၁ - ကျပ် ပဲ ရတယ် ။ သာကေတ က နေ စက်ဆန်း ကို သမ္ဗာန် နဲ့ ကူးတာ ငါးပြား ၊ စက်ဆန်း က နေ မြေနီကုန်း အထိ ကားခ ၃၅ - ပြား ။ မြေနီကုန်း က နေ လိပ်ခုံး တက္ကသိုလ် ကို ကားခ ၁၀ - ပြား ။ အသွားအပြန် တစ်ကျပ် တိတိ ။ မုန့် မစားရဘူး ။

အော် ... မေ့ နေလို့ ။ သူ ၈ - တန်း ကျောင်းသား ဘဝ မှာ အဘွား ဟာ အစ်မ တို့ နဲ့ လာ နေတယ် ။ အဘွား စု ထားတဲ့ ပိုက်ဆံ နဲ့ ပုဆိုး တစ်ထည် ဝယ် ပေးတယ် ။ ပုဆိုး ဟာ သိပ် လှတယ်လို့ သူ ယူဆပြီး ၊ နံနက် ၄ နာရီ ထိုး လောက်မှာ လည်း ထ ထ ကြည့်တယ် ။ တရေး နိုး တော့ လည်း ထ ကြည့်တယ် ။ တန်းပေါ် မှာ လွှား ထားပြီး ၊ လည်ပင်း စောင်း ပြီး တော့လည်း ကြည့်တယ် ။ အိပ် ပြီးတော့ လည်း ကြည့်တယ် ။

တက္ကသိုလ် တက် တုန်း က သူ့ သူငယ်ချင်း တစ်ယောက် က လက်ဆောင် ပေး လို့ သူ့ ဘဝမှာ ပထမဆုံး အကြိမ် နာရီ တစ်လုံး ပတ် ဖူးတယ် ။ နာရီ ဟာ စက် သိပ်မကောင်းဘူး ။ မကြာခဏ ရပ် နေ တတ်တယ် ။ လက် ကို ခပ်ပြင်းပြင်း လှုပ် လိုက်မှ ဆက် သွားတယ် ။ သူငယ်ချင်း တွေ နဲ့ စကား ပြောနေစဉ် ၊ နာရီ ရပ် နေရင် အုတ်နံရံ ကို ပုတ် ပြီးတော့ သူ စကား ဆက် ပြောတယ် ။ ဒီတော့မှ နာရီ လည်း ဆက် သွားတော့တယ် ။ သူ့ နာရီ ဟာ တကယ့် အစုတ်ကြီး ဆိုတာ ကို ချမ်းသာ တဲ့ ကျောင်းသား တစ်ယောက် က ရိပ်မိ သွားပြီး သူ့ ကို နှိမ် တယ် ။ ပထမနှစ် မှာ မဟုတ်ဘူး ။ နောက်နှစ် ကျမှ အဲဒီ ကောင် နဲ့ တွေ့တာပါ ။

“ ဟေ့ကောင် မင်း နာရီ စက် မှ ပါရဲ့လား ။ ဟေ့ .. ဒီမှာ ဒီကောင် နာရီ စက် မပါဘူး ။ နာရီအိမ် ချည်းပဲ ပတ် ထားတာ ” 

ကျောင်းသူ ချောချောတွေ ရှေ့ မှာ အော် ပြောတာ သိပ် ရှက်စရာ ကောင်းတာပဲပေါ့ ၊ မခံချင် လို့ သွားတော့ မတုန့်ပြန်လိုက် နဲ့ ။ သူ့ မာစီဒီးကား ပေါ် မှာ သူ့ သူငယ်ချင်းတွေ အပြည့်အနှက် ရှိတယ် ။ ဒီလိုနဲ့ ဆင်းရဲနွမ်းပါး ကျောင်းသားများ စတိုင်ပင် လျှောက်နိုင် တယ် တဲ့ ။ ကြော်ငြာသင်ပုန်း မှာ ကပ်ထား တာ တွေ့ တော့ သူ အား တက် လာတယ် ။ ရပ်ကွက် ထောက်ခံစာ နဲ့ တွဲပြီးလျှောက် ရတယ် ။ လူတွေ့ မေးမြန်းခန်း မှာ မာစီဒီး နဲ့ သူဌေးသား ဟာ ခုံဖိနပ် အစုပ် ၊ ပုဆိုး စုပ် ၊ အင်္ကျီ အစုပ် နဲ့ ဝင် အစစ် ခံတယ် ။ အဲဒီ ကောင် နဲ့ တစ်ခြား အလယ်အလတ်တန်းလွှာ ကျောင်းသား တွေ စတိုင်ပင် ရ သွားတယ် ။ သူ မရဘူး ။ တစ်လ ၇၅ - ကျပ်နှုန်း နဲ့ ၁၀ - လ အတွက်ငွေ ၇၅ဝကျပ် ရတယ် ။ အခု ငွေ တန်ဘိုး အနေအထား နဲ့ ဆို တစ်သိန်း လောက် တန်ဖိုး ရှိနေလိမ့်မယ် ထင်တယ် ။ မာစီဒီး နဲ့ ကျောင်း တတ်တဲ့ သဌေးသား ဟာ သူ့ သူငယ်ချင်းတွေ ကို ကား ပေါ် တင် ခေါ်ပြီးတော့ တစ်နေ့တည်း နဲ့ အကုန် သုံး ပစ်လိုက် တော့တယ် တဲ့ ။ စတိုင်ပင် မရ တဲ့ ကိစ္စ မှာ သူ အတော် ကို စိတ် ထိခိုက် သွားတယ် ။ ဒါပေမယ့် ဒီ စတိုင်ပင် မရတဲ့ ကြေကွဲမှု ဟာ ၊ သူ့ ထက် အဆပေါင်း များစွာ သိပ်သည်းတဲ့ ဝမ်းနည်း ရှိုက်ငိုသံများ အောက် မှာ နစ်မြုပ် ပျောက်ကွယ် သွား တော့တယ် ။ အဘွား ဆုံးသွားပြီ ။ အဘွား သေမယ့် အစား သူ သာ သေလိုက်ချင် ပါ တော့တယ် တဲ့ ။ တက္ကသိုလ် က ထွက် ပြီးတော့ ၊ ပိုးမွှားကာကွယ်ရေးဌာန မှာ အင်စပိတ်တော် လုပ်တယ် ။ အဲဒီမှာ ပျော်စရာ ကောင်းတဲ့ ရက်တွေ  ရှိသလို ၊ စိတ်ညစ်စရာ ကောင်းတဲ့ ရက်တွေ လည်း တစ်ပုံတစ်ပင် ပါ ပဲ ။ ကုန်းချော ကုန်းတိုက် တက်တဲ့ လူ တစ်မျိုးဟာ ကျောက်ခေတ် ကတည်း က ရှိနေလိမ့်မယ် ထင်တယ် ။ သူ ပထမဆုံး လခ ထုတ်တော့ အဘွား ကို သတိရလိုက် တာ ငိုရှိုက် မိတဲ့ အထိပဲ ။ လက်ဖဝါး ထဲ က ပိုက်ဆံ တွေ ကို ကြည့်ပြီး ၊ ရင် ထဲ မှာ ပြောနေ မိတဲ့ စကားတွေ က ရင်နာစရာ တွေ ပါ ။

“ သူ့ ဟာ သူ ရှာ စားလို့ရပြီ ဆိုပြီးတော့ စိတ်ချ လက်ချ အပြီးအပိုင် စွန့်ခွါ သွား တာလား အဘွား ရယ် ”

နောက်တော့ နယ်လှည့် စာရင်းစစ် ဘဝ ကို သူ ရောက် သွား တယ် ။ အဲဒီမှာ သူ သိပ် ကြောက်ရတဲ့ လူ တစ်ယောက် နဲ့ ပက်ပင်း တိုး တော့တာပါပဲ ။ အဲဒီ လူ ဟာ သူ့ ကို မခံချိမခံသာ သိပ် အနိုင်ကျင့် တယ် ။ သူ့ ကို မတော်တဆ ကြည့်မိရင်လဲ “ ဘာ ကြည့်တာလဲ ။ လူ ပါးမဝနဲ့ ” တဲ့ ။ သူ သစ်သား ထရံ နား မှာ ရပ် နေရင် ဓါး နဲ့ ကိုယ်လုံး နဲ့ မျက်နှာ ဘေး တွေ ကို ပေါက်တယ် ။ ဓါး ပေါက် လဲ အရမ်း ကျွမ်းကျင် တယ် ။ အဲဒီ လူ ကို သူ သိပ်မုန်းတယ် ။ သူ အသက်ကလေး ရ လာ လို့ နာမည်ကျော် စာရေးဆရာ တစ်ယောက် ဖြစ်လာတဲ့ အချိန် မှာ သူ့ သူငယ်ချင်း စာရေးဆရာတွေ ကို ဘယ်လို ပြန် ပြောပြသလဲ ဆိုရင် ...  ။

“ ကျွန်တော် ရပ်နေတာ ကို သူ ဖတ်ကနဲ ဓား တစ်စင်း နဲ့ ပေါက်တယ် ။ ကျွန်တော် နားရွက် နား မှာ ဓား စိုက် သွားတယ် ။ ဟေ့ ကောင် ငြိမ်ငြိမ်နေ မလှုပ်နဲ့ ဆိုပြီး ဒုတိယ ဓား တစ်စင်း ကို ကျန်တဲ့ နားရွက် တစ်ဖက်နား ကို ပေါက်တယ် ။ တတိယ ဓါး တစ်စင်း ကို ခေါင်း ပေါ် က နံရံ မှာ ပစ်ပေါက် စိုက် လိုက်တယ် ။ ကျွန်တော် အဲဒီ ကောင် ကို အဲဒီ အချိန်က အရမ်း ဒေါသ ထွက် စိတ်ဆိုး တာပဲ ။ အနုမြူဗုံး နဲ့ အဲဒီကောင် ကို ဖောက်ခွဲ လိုက်ချင်တယ် ။ ဟိုတလော တုန်း က အဲဒီ ကောင် နဲ့ လမ်း မှာ တွေ့တယ် ။ ပိန်ခြုံး နေတာပဲ ။ အလုပ် မရှိ လို့ ဒုက္ခ ရောက် နေပြီ တဲ့ ။ ကျွန်တော် ရေး တဲ့ စာတွေ ဝတ္ထုတွေ ဖတ်ရတယ် တဲ့ ၊ ဒီနေ့ ဒီအချိန် မှာ ဒီကောင် ကို အနိုင် မယူချင်တော့ဘူး ။ မြင်းသေ ကို ကြိုးချည် ရိုက် သလို ဖြစ်နေမှာ ပေါ့ ”

တစ်ချို့ လူတွေ ဟာ သူတို့ အပေါ် စီး ရတဲ့ အခြေအနေမျိုး ရောက် သွား ရင် ၊ အရင် က သူတို့ ကို အနိုင်ယူ ခဲ့တဲ့ လူတွေ ကို ရှာပြီး ဂလဲ့စား ချေတတ်တယ် ။ သူ က တော့ အဲဒီလို မဟုတ်ဘူး ။ သူ့ ကို အနိုင်ကျင့် ခဲ့တဲ့ လူတွေ ကို ၊ ဂလဲ့စား ချေလိုတဲ့ စိတ် မရှိတော့ဘူး ။ သနားမိတာ လည်း မဟုတ်ဘူး ။ ဒီ ဘဝ မှာ အပြီးအပိုင် မေ့ချန်ထား ခဲ့တဲ့ သဘောပါ ။ ဒါပေမယ့် သူ့ မှာ မိတ်ဆွေကောင်း တွေ လည်း တိုးပွါး နေပြီလေ ။ ဘာ လိုသေးလဲ ။

သူ့ အသက် ၃၅ - နှစ် မတိုင်မီ အလုပ်တွေ ခဏခဏ ပြောင်း ရလိမ့်မယ် လို့ သာ ဗေဒင်ဆရာ က ဟောခဲ့ရင် အလွန် မှန်တဲ့ ဗေဒင် ဆရာ ဖြစ်လိမ့်မယ် ။ သူ နယ်မြို့ က ဆေးရုံ တစ်ရုံ မှာ ဆေးရုံဝန်ထမ်း ဘဝ ရောက် သွား ပြန်တယ် ။ အချစ် ။

အချစ် ။ စာလုံး နှစ်လုံး တည်း ပေမဲ့ ၊ တစ်ကမ္ဘာလုံး ဝိုင်းပြီး ရေးတာ ခု ထက်ထိ မပြီးသေးဘူး ။ သူ လေ့လာဆည်းပူး ဖတ်ရှု ခဲ့ သမျှ တွေ ထဲ မှာတော့ အချစ်ဘာသာရပ် ဟာ အကျယ်ဝန်းဆုံး ။ အဆန်း ကျယ်ဆုံး ။ အလှဆုံး ။

ပန်းတွေ ပွင့်တာ ၊ မွှေးတာ ၊ ရယ်မောသံ တွေ ၊ အေးမြခြင်း တွေ ၊ အဆင်ပြေချောမွေ့ခြင်း တွေ ဟာ အချစ် ဖြစ်ပြီးတော့ ပန်းများ ကြွေခြင်း ၊ ပူလောင်ခြင်း ၊ အဆင်မပြေခြင်း ၊ မငြိမ်းချမ်းခြင်း စတဲ့ အခြေအနေ ပတ်ဝန်းကျင် က တော့ အမုန်း တွေ ပဲ ဖြစ်ပါလိမ့်မယ် ။ တကယ် ဆို တော့ နေ့စဉ် ဖြတ်သန်းမှု နဲ့ ဖြစ်စဉ်တွေ ကို အတိုချုံး လိုက်မယ် ဆိုရင် ပန်းများ ဝေခြင်း နဲ့ ပန်းများ ကြွေခြင်း နှစ်မျိုး ပဲ ရှိမယ် လို့ သူ ထင်တယ် ။ ဒီ အချိန်မှာ သူ့ အနေနဲ့ စာရေးဆရာ တစ်ယောက် ဖြစ်ဖို့ အလိုအပ်ဆုံး ဖြစ်တဲ့ စိတ် ထက်သန်ခြင်း ဗီဇတွေ နိုးကြား တက်ကြွ လာပြီ ။ ပထမဆုံး သူ လက်တွေ့ ရေးချဖို့ စိတ်ပိုင်းဖြတ် ထား တာ က အချစ်ဝတ္ထုလှလှလေး ဖြစ်တယ် ။ အိမ် တစ်အိမ် မှာ ကောင်မလေးချောချော တစ်ယောက် ရှိတယ် ။ ကောင်လေး နှစ်ယောက် ပြိုင်ပိုး ကြတယ် ။ တစ်ယောက် က သူ ။ နောက် တစ်ယောက် က ကောင်မလေး နဲ့ ကျောင်းနေဘက် ကောင်လေး ။ ကောင်မလေး က သူ့ ကျောင်းနေဘက် အပေါ်  ပိုပြီး တိမ်းညွတ်တယ် ။ ကောင်လေး မရှိ ရင် ၊ ခရီး ထွက် နေရင် စာရေးဆရာ ကောင်လေး သိပ် ပျော်တယ် ။ ဟို ကောင်လေး ရှိရင် သူ့ ကို အရောမဝင် အရေး မထားတော့ဘူး ။ တစ်နေ့ တော့ ကောင်လေး မွေးနေ့ ကျင်းပရက် နီးလာတယ် ။ ဖိတ်စာ ရောက်လာတယ် ။

ကောင်မလေး ခမျာ သနားစရာ ။ မွေးနေ့ လက်ဆောင် ပေးဖို့ ဘာမျှ မရှိဘူး ။ ဝယ်ဖို့ လည်း ပိုက်ဆံ မရှိဘူး ။ ကောင်လေး က ကောင်မလေး ကို မွေးနေ့ လက်ဆောင် ပေးရမယ် လို့ အကျပ်ကိုင် နေတာ သူ ကြား လိုက်ရတယ် ။ ကောင်မလေး က ဆင်းရဲတယ် ။ လက်ဆောင် လည်း ပေးချင် နေတယ် ။ ဒီတော့ စာရေးဆရာ ပေါက်စလေး ဟာ ၊ ကောင်မလေး ကို သူ့ ချစ်သူ မွေးနေ့ မလုပ် မီ တစ်ရက် ကြိုပြီး ၊ ထိုက်ထိုက်တန်တန် ပိုးကြေးပန်းကြေး လက်ဆောင် တစ်ခု ပေး လိုက်တယ် ။ ကိုယ် ချစ်တဲ့ ချစ်သူ က သူ့ ချစ်သူ ကို ပေးဖို့ လက်ဆောင် လို့ ပြောပြီး ပေး လိုက်တယ် ။

အဲဒီ မြို့နယ် က ဆရာဝန်ကြီး ဟာ ဗြူရိုကရက် စစ်စစ်ကြီး ။

“ မင်း တစ်နေ့ ကို လူနာ ဘယ်နှစ်ယောက် အတွက် ဆီးစစ် ပေးရလဲ ”

“ ၁၅ ယောက် အတွက် ဆီးစစ် ပေးရတယ် ”

“ အဲဒါဆို မင်း ဒီ အတိုင်း အဖြေ ကောက် ရေးထည့် မှရ မယ် ။ ရန်ကုန်ဆေးရုံကြီး မှာ ဆို တစ်နေကုန် စစ်တာတောင် urine sample ၅ - ခု မပြီးဘူး ”

urine sample ဆိုတာ ဆီးစမ်းသပ် ဓာတ်ခွဲ ဖို့ နမူနာ ပေး လိုက်တဲ့ ပုလင်းတွေ ပါ ။ ဆီးပုလင်း တွေ ပါ ပဲ ။ နောက် တစ်လ လောက် ကြာ တော့ အဲဒီ ဗြူရိုကရက် ဆရာဝန်ကြီး သူ့ ဆီ လာ စစ်ဆေး ပြန်တယ် ။ ဟို တစ်ခါ ဆီး ၁၅ လုံး ကို များတယ် ဆိုတော့ ဒီ တစ်ခါ မေး ရင် တော့ လျှော့ ပြောမှ ။

“ ဆီး ဘယ်နှစ်လုံး လာလဲဟေ့ ”

“ ၃ - လုံး ”

“ ဟင် နည်းလှချည်းလား ။ ရန်ကုန်ဆေးရုံ မှာ ဆို တစ်နေ့ တစ်နေ့ အလုံး ငါးဆယ် လောက် လာတယ် ။ မင်း အား နေတာပေါ့ ဟုတ်လား ။ မြောင်း သွား ပေါက်ရလိမ့်မယ် ”

ဗြူရိုကရက် ဆရာဝန်ကြီး ကို သူ သိပ် ကြောက်ခဲ့ရတယ် ။ မဟုတ်တာ အကုန် လုပ်တဲ့ ဆရာဝန်ကြီး ။ ယူနီဆက် က ထောက်ပံ့ ထား တဲ့ ဆေးရုံသုံး ကား ပေါ်မှာ ခွေးတွေတင် ထားပုံ ၊ ဆေးရုံ က ဆေး တွေ နဲ့ သူ့ ကိုယ်ပိုင်ဆေးခန်း မှာ ဆေး ကုပုံ ၊ မိန်းမတွေ ရှုပ်ပုံတွေ ကို ဓာတ်ပုံ နဲ့ တကွ ၊ ဆေးရုံ အမှုထမ်းတွေ ၊ သတင်းထောက်တွေ တိုင် လိုက်တယ် ။ ပြုတ် သွားတယ် ။

သူ အိမ်ထောင် ကျ ခဲ့တယ် ။ အဲဒီ မြို့ က ကောင်မလေး တစ်ယောက် နဲ့ ပါပဲ ။ သူ ကြောက်ရတဲ့ ပုဂ္ဂိုလ် တွေ ၊ ကြောက်ရတဲ့ ပုံရိပ် တွေ ကို ရှာဖွေစုဆောင်း တဲ့ ရသစာတမ်း ဆိုတော့ သူ့ ဇနီး အကြောင်း အကျယ်တဝင့် မရေးတော့ဘူး ။ သူ မှ သိပ်မကြောက်ရဘဲ ပဲ ။ အခု စာရင်း က သိပ် ကြောက်ခဲ့ရ တဲ့ စာရင်း တွေ ။

သူ ရန်ကုန်ဆေးရုံကြီး ကို ရောက်ခဲ့တယ် ။ ပြောင်းရွှေ့ အမှုထမ်း ခဲ့ရတယ် ။ အဲဒီမှာ လည်း သူ ကြောက်ရတဲ့ ဆရာဝန်ကြီး တစ်ယောက် နဲ့ ပက်ပင်း တိုးတယ် ။

လက်စသတ် တော့ နယ်မြို့ မှာ ပြုတ်သွားတဲ့ ဆရာဝန်ကြီး နဲ့ အခု ဒီ ဆရာဝန်ကြီး တို့ ဟာ သူငယ်ချင်း တွေ ပဲ ကိုး ။

“ မင်း နဲ့ငါ  တွေ့ကြသေး တာပေါ့ ကွာ ။ မင်း ငါ့ မိတ်ဆွေ ကို တိုင်တဲ့ ကောင် ”

“ ကျွန်တော် တိုင်တာ မဟုတ်ဘူး ။ သတင်းထောက် တွေ က တိုင်တာ ”

“ တိတ်စမ်း .. ဟေ့ကောင် ။ ငါ အကုန် သိပြီးပြီ ။ ခွေးမသား ... မင်း တိုင်တာ ”

ဆရာဝန်ကြီး ဟာ သူ့ ကို ရင်ခွဲရုံ ပို့ လိုက်တယ် ။

သူ့ ဘဝ မှာ စိတ် အညစ်ဆုံး နေ့ တွေ ပဲ ။ ရင်ခွဲရုံ မှာ လူသေကောင် တွေ ဆီ က ထုတ် ထားတဲ့ ဦးနှောက် တွေ ၊ ကလီစာတွေ ကို ဆေးရည်စိမ် ပေးရတယ် ။ အုပ်ဆက်ပြုတ် ပြီး လှန် ထားတဲ့ လူသေကောင် တွေ ကို တွေ့ရတာ သူရဲ အခြောက် ခံ နေရ သလိုပဲ ။ မိန်းမ တွေ ဆို ဆံပင်ဖါးလျား တွဲလောင်း ကျ လို့ ။ ဆံပင် နဲ့ ဆန့်ကျင်ဘက် အရောင် ဆိုတော့ ဦးနှောက်တွေ က ပိုပြီး ဖြူဖွေး နေတယ် ။ သူ တစ်လ လောက် ဝက်သား ၊ အမဲသားတွေ စား လို့မ ရဘူး ။ စိတ်ညစ်တယ် ။ ဆရာဝန်တွေ က တော့ ပဲပြုတ် နဲ့ နံပြား စားလိုက် ၊ လက်ဖေ့ရည် မော့ သောက် လိုက် နဲ့ ဘာမှ မဆန်း သလိုပဲလေ ။ အဲဒီလို လုပ်တာကို က POST - MORTEM ပို့စ်မော်တန် လုပ်တယ် လို့ ခေါ်တယ် ။ အတိုကောက် ပီ . အမ် ( P M ) လို့ ခေါ်တယ် ။ လူ တစ်ယောက် သေပြီး နောက် ဘာဖြစ်လို့ သေသွားတာလဲ ဆိုတာ ကို အဖြေ ရှာခြင်း လို့ အဓိပ္ပာယ် ရတယ် ။ သူ အကြောက် စာရင်း ထဲ မှာ အဲဒီ အုတ်ဆက် ဖြုတ် ထားတဲ့ လူသေကောင်မ လည်း ပါတယ် ။ သူ့ ရာထူး နဲ့ ဘာမှ မဆိုင်တဲ့ နေရာ ကို ဆရာဝန်ကြီး က သက်သက် ညစ်ပတ်ပြီး ၊ ဒဏ်ခတ် တဲ့ အနေနဲ့ ရင်ခွဲရုံ ကို ပို့လိုက်တာ ပဲ ဖြစ်တယ် ။ ဆရာဝန်ကြီး နှစ်ယောက် ဟာ အရပ်အမောင်း လည်း တူတယ် ။ ရုပ်ရည် လည်း တူတယ် ။ တဆင်ထဲ ပဲ ။ တကယ်လို့ ပိတ်စ သာ ဆိုရင် တစ်ယောက် ကို အင်္ကျီ ချုပ် ဝတ် လိုက်ပြီးတော့ တစ်ယောက် ကို ထဘီချုပ် ဝတ် လိုက်ရုံ ဘဲ ။ သူများ သားမယား တောင် မရှောင်ဘူး ။ သွေးသား ညစ်ပတ် ယုတ်မာ လိုက်ပုံ က ။ အဲဒီ ဆရာဝန်ကြီး က သူ့ ကို  RUBBISH အမှိုက် လို့ အင်္ဂလိပ် လို အမြဲတမ်း နှိမ်တယ် ။ “ ရပ်ဘစ်ရှ် ” အခု လို သူ စာရေးဆရာ တစ်ယောက် ဖြစ် လာတော့ သူ ထိုင် စဉ်းစား ကြည့်တယ် ။ RUBBISH ဟာ သူလား ။ ဆရာဝန်ကြီး လား ။ အဲဒီ ဆရာဝန်ကြီး ဟာ သူ တစ်ပါး မယား ကို ရှုပ်တဲ့ ပြဿနာ နဲ့ ပတ်သက် ပြီး အလုပ် ပြုတ် သွားတယ် ။ တစ်နှစ်ခွဲ လောက် ကြာတော့ သူ နဲ့ လမ်း တစ်နေရာ မှာ တွေ့တယ် ။

“ ဆရာကြီး အခု ဘယ်မှာလဲ ” 

“ မြောင်း ထဲ မှာ ” တဲ့ ။

သူ ဒီလို ကြားရပေမယ့် ပီတိ မဖြစ်ဘူး ။ သူ က အကြာကြီး စိတ် မနာတတ်ဘူး ။ တစ်ခု တော့ ရှိတယ် ။ နိမ့်ပါး သွားတဲ့ လူတွေ ကို ခွင့်လွှတ် နိုင်ပေမယ့် ၊ သူ့ ထက် မြင့်မား ဆဲ ၊ ယုတ်မာ ဆဲ ၊ လူတွေ ကို တော့ ခပ်မြန်မြန် နဲ့ လွယ်လွယ် ခွင့် မလွှတ်တတ်ဘူး ။ အခုတော့ ဆရာဝန်ကြီး နှစ်ယောက် လည်း ကွယ်လွန် သွားခဲ့ကြပါပြီ ။

သူ အခုလို ဝတ္ထုတို တွေ လေးငါးရာ လောက် ရေး ပြီးတဲ့ အခါ ကျ တော့ ရှည်ရှည်ဝေးဝေးတွေ တွေး တတ်လာတယ် ။ ဒီ အချိန် မှာ သူ ကြောက်ရမယ့် လူ မရှိတော့ဘူး လို့ သူ ကိုယ်သူ ထင်နေဆဲ မှာ ပဲ ၊ ဂျာနယ် တစ်စောင်မှာ သူ့ ကို သူခိုး တဲ့ ။ သူများ ဝတ္ထု ကို ခိုးချ တယ် တဲ့ ။ နောက်ပြီး အင်တာဗျူး တွေ ၊ မေးခွန်းတွေ က သိပ်ခက် တာပဲ ။ ဒါပေမယ့် သူ အတတ်နိုင်ဆုံး လှပအောင် ဖြေ ပေးခဲ့တာ ချည်း ပဲ ။ မော်ဒန်သမား တွေ က သူ ဟာ မော်ဒန်စာပေ အယူအဆ ကို ဆန့်ကျင်တဲ့ လူလား ။ ထောက်ခံတဲ့ လူလား လေ့လာ နေတယ် တဲ့ ။ သူ့ စာတွေ ဟာ တံစက်မြိတ် အောက် က မထွက်ဘူး တဲ့ ။ ဆေးရုံဆေးပေးခန်း အကြောင်းတွေ ရေး နေတာတွေ ဟာ ပြီးတယ်လို့ ကို မရှိဘူး တဲ့ ။ တစ်ချို့က စာပေ စကားဝိုင်း တွေ မှာ အင်္ဂလိပ်စကားလုံး တစ်လုံး ကျက်မှတ် လာပြီး ၊ အဲဒါ သိရဲ့လား လို့ ဖြုတ် တဲ့ စာရေးဆရာ တွေ က လည်း ရှိသေးတယ် ။

ဖြတ်သန်းမှု မရှိတဲ့ ဝေဖန်ရေး ဆရာတွေ ရဲ့ ကပ်သီးကပ်ဖဲ့ ဝေဖန်ရေးတွေ ဟာ သိပ် စိတ်နာဖို့ မကောင်းဘူးလား ။ ပြီးတော့ ကိုယ် ရေးချင် တိုင်း ရေးလို့ ရတာ မဟုတ်ဘူး ။ အယ်ဒီတာ က ပြင်ဆင် ဖြတ်တောက် လိုက် သေးတာ ။ တောင်း ရင် ထည့် ကို ထည့်ရမယ် ဆိုတာ က လည်း လက်တွေ့ ကျင့်သုံးမှု နဲ့ ကင်းကွာ နေတယ် ။

အင်တာဗျူးလုပ် တဲ့ လူ တစ်ယောက် က အနောက်တိုင်း စာပေတွေ ထဲ က ဘယ် စာအုပ်တွေ ကို သဘောကျလဲ မေးရမယ့် အစား ။ ဘယ် စာအုပ် ကို ဖတ်ဖူးလား လို့ မေးတယ် ။ ဖတ်ဖူး ရင် ဝေဖန်ပါဦး တဲ့ ။ ကက်ဆက် ဖွင့် ဖမ်း ထားတယ် ။ ကြောက်စရာကြီး ။ နှုတ် တစ်ရာ စာတစ်လုံး ဆိုပေမယ့် ဒီမှာ တော့ နှုတ် တစ်လုံး စာ တစ်ရာ လို့ ပြောင်းပြန် ယူဆရ လိမ့်မယ် ။ သူ က စာ နဲ့ ရေးတာ ကို ကိုယ် က ကျွန်တော် မပြောဘူးလို့ ဝင် ငြင်းလို့ ရချင် ရမယ် ။ အသံ နဲ့ ဘယ်လို ငြင်းမှာလဲ ။ တစ်နေ့ တော့ ဗျူး တဲ့ ဆရာ တစ်ယောက် ရောက် လာတယ် ။

“ ဗျူး မလို့ဗျို့ ”

“ မေးခွန်းတွေ ချရေး လိုက်လေ ”

“ မဟုတ်ဘူး ။ ဒီအတိုင်း မေးမှာ ။ ချက်ချင်း ဖြေပေးပါ ”

“ ကောင်းပြီ ။ ပြန် ရေးတဲ့အခါ စကားပြေ လှအောင် ရေးရမယ် နော် ။ ကျွန်တာ့် ဟန် ဖြစ်ရမယ် နော် ”

“ ဘယ် အချိန်မှာ စာ ဖတ်လဲ ”

“ ညဘက်မှာ ပေါ့ ။ လူတွေ အားလုံး အိပ်ချိန်ဟာ စာရေး စာဖတ် အကောင်းဆုံးပဲ လို့ ထင်တယ် ”

“ ဘာဖြစ်လို့ ညဘက် ကို နှစ်သက်တာလဲ ”

“ ည ရဲ့ သီချင်းဟာ တိတ်ဆိတ်မှု ပဲ လေ ။ ဒေါသမောဟ မာန်မာန ၊ ယုတ်မာမှုတွေ တစ်ဝက် လောက် လျော့ နေတဲ့ အချိန် ဟာ ဒီ အချိန်ပါပဲ ”

“ ဝတ္ထုတို သဘောတရားလေး ပြောပါဦး ”

“ ဝတ္ထုတို ဆိုတာ စာဖတ်သူ ကို ဆက် တွေးခွင့် ၊ ဆက် ရေးခွင့် ပေး ထားတယ် ။ ဝတ္ထုရှည် က တော့ စာရေးဆရာ က အဲဒီ အခွင့်အရေးတွေ ကို အကုန် ယူ ထားလိုက်တာပေါ့ ။ မီးရထား ထွက်ခွာခါ နီး ကျမှ လူ နှစ်ယောက် ရောက် လာတယ် ။ အပေါ် ထိုင်ခုံ မှာ လူ တစ်ယောက် ရှိတယ် ။ သူငယ်ချင်း သုံးယောက် ပေါ့ ။ အခုမှ ဆုံကြတာ ။ တစ်ယောက် က လိုက် ပို့တဲ့ လူ ။ တစ်ယောက် က အပေါ် မှာ ထိုင်နေ တဲ့ လူ နဲ့ လိုက် သွားမယ့် လူ ။ အဲဒီ လူ က ဘဝ အပြောင်းအလဲ တစ်ခု ကို ၊ လိုက် ပို့တဲ့ သူငယ်ချင်း ကို လိုရင်းတွေ ပဲ မြန်မြန် ပြောပြတယ် ။ မီးရထား က ထွက်ခါ နီးပြီ မဟုတ်လား ။ အဲဒါ ဝတ္ထုတို ပဲ ပေါ့ ။ ရထား ပေါ် မှာ ရထား နဲ့ လိုက်သွားတဲ့ သူငယ်ချင်း နှစ်ယောက် တစ်နေကုန် ထိုင် ပြောတာ ဝတ္ထုရှည် ပေါ့ ။ ဒါ ကျွန်တော့် အမြင် သက်သက်ပါ ”

“ ဂျိမ်းစ်ဂျွိုက် ရဲ့ ယူလီဆီး ဖတ်ဖူးလား ”

“ မဖတ်ဖူးဘူး ”

“ အော် .. ဆရာ က စာဖတ်အား ကောင်းတယ် လို့ တစ်နေရာ မှာ ဆရာ ကိုယ်တိုင် ပြောထားလို့ မေးတာပါ ။ ယူလီဆီး တောင် ဆရာ မဖတ်ဖူးဘူးနော် ”

လာ မေးတဲ့ ပုဂ္ဂိုလ် က သူ့ ကို အထင်သေး သွားပုံ ကို သူ သေသေချာချာ တွေ့ လိုက်ပါတယ် ။

နောက် နှစ်ရက် လောက် ကြာ တော့ မဂ္ဂဇင်းတိုက် တစ်တိုက် က စာအုပ်ဟောင်းတွေ ဘာကြောင့် ပြန် ထုတ် နေတာလဲ ။ အသစ် တွေ နဲ့ ဘယ်လို ကွာလဲ ။ ဟိုတုန်းက ဝတ္ထုတို နဲ့ အခုခေ တ် ဝတ္ထုတို ဝတ္ထုရှည် တွေ ရဲ့ အရည်အသွေးမှု တွေ ကို လာပြီး အင်တာဗျူး တယ် ။ စာရေးဆရာ ၄ - ၅ - ၆ ယောက် ကို ဗျူး တာ ။ အဲဒီ အထဲမှာ သူ့အယူအဆ က သတ်သတ် ဖြစ်နေတယ် တဲ့ ။ ကျန်တဲ့ လူတွေ နဲ့ ဆန့်ကျင်ဘက် အယူအဆ တဲ့ ။ အဲဒီတုန်း က သူ ပြောတဲ့ စကား တစ်ခွန်း ကို သူ သတိရ နေသေးတယ် ။ “ အသစ် ဆိုပေမယ့် အတု အသစ် ဆို တာမျိုး ရှိသလို အဟောင်း ဆိုပေမယ့် အစစ်အဟောင်း ဆိုတာ ရှိ တယ် ။ တစ်ခါတစ်ရံ ပေါ့ ။ အမြဲတန်း မဟုတ်ဘူး ”

တစ်ရက် မှာ အယ်ဒီတာ တစ်ယောက် ရောက်လာတယ် ။

အကြီးဆုံး အယ်ဒီတာချုပ် က ဆရာ့ ဝတ္ထု ဟာ ကောင်း ပင် ကောင်းငြား သော်လည်း ပဲ တဲ့ ။ နာမည်တွေ နေရပ်တွေ အတိအကျ ပါ နေလို့ ပြဿနာ တက်လိမ့်မယ် တဲ့ ။ နောက် တစ်ပုဒ် ပြန် ရေးပေးပါတဲ့ ။

“ နာမည်တွေ ဖြုတ်ပြီး နာမ်စားတွေ နဲ့ ပြင် ပေးလိုက်မယ် ”

“ မဟုတ်ဘူး ။ အသစ် သာ ရေးပေးပါ ။ ဆရာ အိမ်နီးချင်း တွေ က တိုက် ကို ခဲ နဲ့ လာ ထုလိမ့်မယ် ။ ဆရာ ကို လည်း တရား စွဲ လိမ့် မယ် ”

“ ခင်ဗျား တို့ ဒီမှာ ကျွန်တော် ပြောမယ် ။ ဒီလို အရိပ် တစ်ခု ခု ထိုး နေရင် ဘယ်လို လုပ်ပြီး အနုပညာ မြောက် နိုင်တော့ မှာလဲ ။ ရသစာပေ ဖန်တီးရာ မှာ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေရင် မကောင်းဘူး ။ စာပေတိုးတက် ထွန်းကားရေး ဆိုတာ နောက်ဆံ တင်းမှု ကင်းကင်း နဲ့ ရေး ရမှ ထွန်းကားတောက်ပ လာမှာပေါ့ ။ ကျွန်တော့် အိမ်နီးချင်း တွေ ကို ကျွန်တော် ပြ ပြီးပြီ ။ သူတို့ ခွင့်ပြုလို့ ရေးတာ ”

နောက် ၂ ပတ် လောက် ကြာ တော့ စာရေးဆရာ တစ်ယောက် ရောက်လာတယ် ။

“ မိုးဝေခေတ် ရှိလား ။ အဲဒါ တစ်ယောက်စီ ရဲ့ သဘောထား သိချင်လို့ လိုက်လံစုဆောင်း နေတာ ။ ပြီးရင် ဆောင်းပါး ရေး မယ် ”

“ ကျွန်တော် သိတဲ့ခေတ် ရဲ့ ဖွင့်ဆိုတာ က တော့ ၊ အဲဒီ အချိန် မှာ အပြောင်းအလဲ တစ်ခု ခု ရှိခဲ့ရမယ် ။ ကောင်းတာ ရော ၊ မကောင်းတာ ရော ။ ပြီးတော့ နှစ်ပေါင်းများစွာ လွမ်း နေရမယ် ။ စိတ်နာ နေရမယ် ။ တစ်ခု စီ ရော နှစ်ခု စလုံး ရော ခံစား နေရမယ် ။ ဒါပါပဲ ။ လူ တစ်ယောက် ယောက် ဂုဏ် တက် မှာ စိုးလို့ ခေတ် ကို ငြင်းပယ်တာ ရယ် ၊ လူ တစ်ယောက် ယောက် ဂုဏ် တက်အောင် ခေတ် ကို ထောက်ခံတာရယ် တို့ မရှိသင့်ဘူး ”

“ သိပ် ကောင်းတဲ့ အယူအဆ ဗျ ။ သိပ် ကောင်းတာပဲ ၊ သိပ် တော်တာပဲ ”

ဝေဖန်ရေးဆရာ က သူ့ ကို လေးလေးစားစား ချီးကျူးပြီး ကုန်းကုန်းကွကွ ရိုသေသမှု ပြပြီး ထွက်ခွာ သွား သည့် မြင်ကွင်း ကို သူ နှစ်လ လောက် ကျေနပ် ချမ်းမြေ့ ပြီး ။ တစ်မနက်ခင်း မှာ တော့ ငယ်ငယ် ကတည်း က သူ့ ဘဝ မှာ ကြောက်ရမယ့် လူ တစ်ယောက် နှစ်ယောက် ၊ ချစ်ရမယ့် ချစ်ကြတဲ့ လူ တစ်ယောက် ရှိ နေတတ်တယ် ဆိုတဲ့ သီအိုရီ က ပြန် မှန် လာပါတော့ တယ် ။ ဘယ် ဘဝ ရောက်ရောက် ရှိနေ တတ်ပါတယ် ။

ဝေဖန်ရေးဆရာ လက်သစ် တစ်ယောက် သူ့ ဆီ ကို ရောက် လာပြီး စာပေ နဲ့ ပတ်သက် တဲ့ မေးခွန်းတွေ ဖြေ ပေးဖို့ ၊ မေးခွန်း စာရွက် တစ်ရွက် လာ ပေး သွားတယ် ။ သူ လက် မအားသေးလို့ စားပွဲ ပေါ် တင်ခဲ့ ခိုင်း လိုက်တယ် ။ ဝေဖန်ရေးဆရာ ထွက်သွားပြီး လို့ သူ လက် အားသွားတဲ့ အခါ ၊ သူ ကောက် ဖတ်လိုက်တယ် ဆိုရင်ပဲ ၊ သွေးပေါင်ချိန် ဇီးရိုး ထိ မကျအောင် သူ မနည်းကြီး ထိန်းထား လိုက် ရပါတယ် ။

( ၁ ) ဆရာ က ရန်ကုန် မှာ နေရက်သား နဲ့ ဆရာ့ စာတွေ က ယခု မော်ဒန်ဝတ္ထုတွေ နဲ့ ဝေး နေတယ်နော် ။ ပုံသေများ ဆန်နေ သလားပဲ ။ ဆရာ့ ဝတ္ထုတွေ ဖတ်ရင် မကြိုက်တာတွေ ရှိတယ် ။
( ၂ ) နိုဘယ်ဆုရ ကမ္ဘာ့စာရေးဆရာကြီး တွေ ရဲ့ ဝတ္ထု တွေ ကို ဆ ရာဖတ်ရှု လေ့လာထားပုံ မရဘူး ။ ဖတ်သင့်တယ် ။
( ၃ ) ဆရာ့ ပုံသဏ္ဍာန် တွေ ပေါ် မှာ အတက်အဆင်း ရေး တာ နည်းတယ် ။ ဘဝ အကြောင်းလေး ကို ရိုးရိုး ရေးနေတာ ကျေနပ် ပြီလား ။ ရှေ့ ဆက်ပြီး မြန်မာဝတ္ထု ကို မြှင့်တင်ရင် ကောင်းမလား လို့ ။ ကဗျာ ဆိုရင် အတော့် ကို ရှေ့ ရောက်တယ် ။
( ၄ ) အခု ဆရာ ( ---- ) ဆိုရင် ခွက် တစ်ခု ထဲ ကို ဆန် ထည့် လိုက် ၊ ဆီ ထည့်လိုက် ပုံသေ ပေါ် မှာ အကြောင်းအရာ ပဲ ပြောင်း နေတယ် ။ ပုံသဏ္ဍာန် ဆိုတာ အများအပြား ရှိသင့်တယ် ။ ဆရာ နဲ့ အဲဒီ ဆရာ ( ---- ) နဲ့ ဘာများ ထူးဦးမှာလဲ ။

မေးခွန်းတွေ က ၂၀ - လောက် ရှိတယ် ။ တကယ်ဆိုတော့ မေးခွန်း တွေ မဟုတ် ။ အဖြေ တွေ သင်ကြားပို့ချချက် တွေ ။ ဆုံးမစာ တွေ ။ မိဘ က မလိမ္မာ တဲ့ သားသမီး ကို သွန်သင် နေတဲ့ လေသံမျိုး ကြောက်စရာ ကော င်းလိုက်တဲ့ နှိပ်ကွပ် နှိပ်စက် တဲ့ စာသား တွေ ၊ ဘဝင် မြင့်လွန်း တဲ့ မေးခွန်း တွေ ၊ ရိုင်းစိုင်း လိုက်တဲ့ မေးခွန်း တွေ ၊ မေးခွန်း ယောင် ဆောင်ထားတဲ့ မေးခွန်း အတု တွေ ။

သူ့ ရင်ခုန်သံ မှာ အဲဒီ ဝါကျ တွေ တောင် မြည် နေတယ် ။ အထူးသဖြင့် “ ရိုင်းစိုင်းလိုက်တဲ့ မေးခွန်း တွေ ၊ မေးခွန်း ယောင် ဆောင် ထားတဲ့ မေးခွန်း အတုတွေ ” ဆိုတဲ့ စကားလုံး တွေ က သူ့ ရင်ခုန်သံ မှာ အကြိမ်ကြိမ် အထပ်ထပ် ပြော နေတယ် ။ သူ အတော့် ကို စိတ် ထိခိုက် သွားတယ် ။ ညစာ စား လို့ တောင် မကောင်းတော့ဘူး ။ ခံတွင်း ပျက် သွားတယ် ။ အိပ် လို့ လည်း မရတော့ဘူး ။ စာပေဝေဖန်ရေး ဆရာ နဲ့ ပြန် တွေ့တဲ့အခါ ပြောရမယ့် စကားတွေ ကို သူ စီ နေမိ တယ် ။ ပန်းပွင့်တွေ ကို သီကုံး သလို စီကုံး နေတာ မဟုတ်ဘဲ ကျည်ဆံ တွေ ကို စီတန်း ထားသလို သူ ရွေး စီနေတယ် ။

ကျွန်တော် အခု ရေးနေတဲ့ စာပေ ပုံသဏ္ဍာန် နဲ့ အကြောင်းအရာ တွေ ဟာ မတော်တဆ လို့ ခင်ဗျား ထင် နေပြီလား ။ ကျွန်တော် အနှစ် ၃၀ - ကြာအောင် သေသေချာချာ ဆုံးဖြတ်ပြီး မှ ရွေးချယ် ထား တာပါ ။ အနုပညာ မြောက်တယ် မမြောက်ဘူး ဆိုတာ က တော့ ကျွန်တော် ရဲ့ မွေးရာပါ ပါရမီ နဲ့ ပဲဆိုင်တယ် ။ ခင်ဗျား ရေးပေး ထား တဲ့ စာတွေ ဟာ အဖြေ တွေ ပါ ။ မေးခွန်း တွေ မဟုတ်ဘူး ။  ဒီအဖြေ တွေ ရဲ့ နောက်မှာ သင့်တော်တဲ့ မေးခွန်း တွေ ဖော်ထုတ်ပြီး ၊ ကျွန်တော် မေးမယ် ။ ခင်ဗျား ဝတ္ထု ဘယ်နှစ်ပုဒ် ရေးဖူးလဲ ။ ဝတ္ထု ရေး နေတုန်း မျက်ရည် ကျဖူး သလား ။ အနုပညာ ဖန်တီးသူ တစ်ဦး အဓိက လိုအပ်ချက် ဟာ ဘာလဲ ။ ခင်ဗျား ကို စစ်မှန်တဲ့ ဝေဖန်ရေး ဆရာ တစ်ယောက် လို့ ကျွန်တော် အသိအမှတ် မပြုနိုင်ဘူး ။ ခင်ဗျား ထွက် သွားတော့ ။ နောင် လဲ လာ စရာ မလိုဘူး ။

အိပ်ယာ ထက် မှာ အိပ် မပျော်ဘဲ နဖူး ပေါ် လက် တင်ပြီး သူ စဉ်းစား နေတယ် ။ ကြည့်စမ်း ။ လူသိများ တဲ့ စာရေးဆရာ တစ်ယောက် ဖြစ်နေလည်း ပဲ ကြောက်ရမယ့် အရာ ရှိနေဆဲ ပဲ ။ သူ့ ရဲ့ ကြောက်ခဲ့ရတဲ့ စာရင်း ထဲ မှာ တစ်ချို့ ဝေဖန်ရေး ဆရာ တွေ ကို ထပ် ထည့် နေမိတယ် ။ ဒါဟာ ဘာဘဲ ဖြစ်ဖြစ် သူ့ အနေ နဲ့ တကယ် ပြည့်စုံ တတ်ကျွမ်း တဲ့ ၊ လေးနက် လေးစားထိုက် တဲ့ စာရေးဆရာ တစ်ယောက် မဟုတ်သေးလို့ ပဲ ။ ပြည့်စုံတတ်ကျွမ်း တဲ့ ပုဂ္ဂိုလ် တစ်ယောက် ဖြစ် လာတဲ့ အခါကျတော့ ရော ၊ ကြောက်ရမယ့် လူ မရှိတော့ဘူး တဲ့ လား ။ ရှိသေးတာပဲ ။ ဘယ်သူလဲ ဆိုတော့ ။ သေမင်း ။

သူ အိပ်ယာ ထဲ က ထ လာပြီး ၊ အိမ်ရှေ့ က ဒန်း ပေါ် မှာ သွား ထိုင်တယ် ။ ည ကို လှမ်း ကြည့် လိုက်တော့ ည ကိုယ်တိုင် အိပ် မပျော် သေးဘူး ။ ငြိမ်ငြိမ်သက်သက် မှေး နေ သလိုလို ။ တစ်ခါက သူ ပြော ခဲ့ဖူးတဲ့ “ ည ရဲ့သီချင်း ဟာ တိတ်ဆိတ်ခြင်း ပဲ ” ဆိုတာ ကို သူ သတိ ရ မိသေးတယ် ။ သီချင်းတွေ ဟာ ခါတိုင်း ည က လို မချိုဘူး ။ ည သီချင်း ဟာ တိတ်ဆိတ် နေ ပေမယ့် သီချင်းစာသားတွေ က သိပ် ညံ့တယ် ။ သံစဉ်တွေ အနုပညာ မမြောက်ဘူး ။ လေပြည် တစ်သုတ် ဝေါခနဲ တစ်ချက် ဝှေ့ လိုက်တဲ့အခါ  မှာတော့ ည စာရွက် ပေါ် ရေး ထားတဲ့ ခပ်ညံ့ညံ့ သီချင်း စာသားတွေ လေ နဲ့ အတူ လွင့်မျော သွားပါတော့ တယ် ။

◾မောင်ညိုပြာ

📖 ငါမသေဘူး ဆိုတဲ့ လူ နှင့် အခြားဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး

.

Saturday, April 29, 2023

မစိန်ရီ သရက်


 ❝ မစိန်ရီ သရက် ❞


“ ခုနက ပြော သလိုပေါ့ သရက်ပင် ဟာ သဘောထား သိပ် ကြီးတာ ။ စိတ်ကောင်း လည်း သိပ် ရှိတာ ။ သိပ် လည်း ရိုးသားတယ် ။ ကျွန်တော် က တော့ ဒီ သရက်ပင် ကို ခင် နေမိတာ လူ တစ်ယောက် ကို ထင်မြင်ချက် ပေးသလို ပေး လိုက်တာပဲ ”


လက်ထောက် ဓာတ်ခွဲမှူး ၊ ဓာတ်ခွဲမှူးများ နှင့် ရောဂါဗေဒ ဆရာဝန် များ သည် သရက်ပင်ဝိုင်းဝိုင်းလေး ကို မော့ ကြည့် လိုက်ကြသည် ။ သရက်ပင် ၏ သီးမှည့် ကို မစားဖူးကြ သဖြင့် ဘာ အမျိုးအစား သရက်ပင် မှန်း မသိကြ ။ မန္တလေးပန်းဆွဲ လား ၊ ရင်ကွဲ လား ၊ စိုင် လား ။ ထို သုံးမျိုး ထဲ က တစ်မျိုးမျိုး ဖြစ် နိုင်သည် ။ မချစ်စု ၊ တံစုမြိတ် ၊ ဘင်္ဂလား ၊ ပျားရည်ဆမ်း တို့တော့ မဟုတ်နိုင် ။ မြကျောက် တော့ လုံးဝ မဟုတ်နိုင် ။ ပုံပြင်နိပါတ် ထဲ က ဗန္ဓာရ လည်း မဖြစ်နိုင် ။


ဝတ္ထု တစ်ပုဒ် ၏ အဓိက ဇာတ်ကောင် ဖြစ် လာမည့် ထို သရက်ပင် သည် ရန်ကုန် ဆေးရုံကြီး ဝင်း ထဲ ရှိ အရန် ဆေးဘက်ပညာသည်ကျောင်း နှင့် လူနာအဆောင် ၁၉ - ၂၀ အကြား တွင် တည် ရှိသည် ။ သရက်ပင် သည် သိပ်ပြီး အသက် မကြီးသေး ။ သရက်ပင်အိုကြီး မဖြစ်သေး ။ လူ တစ်ယောက် အနေ ဖြင့် ပြောရ လျှင် အသက် ၄၀ လောက် ရှိမည် ။ လူသား တစ်ယောက် အနေ နှင့် ၄၀ မှာ ဘဝ စ သည် ဆိုရိုးစကား ကို လက်ခံ လျှင် သရက်ပင် သည် ယခု မှ ဘဝ စ သည် ဟု ဆိုရမည် ။ အသီး သီး သည့် အပင် တွေ ကို အမ ၊ အသီး မသီးသည့် အပင်တွေ ကို အဖို လို့ အကြမ်းဖျင်း ယူဆ လျှင် ထို သရက်ပင် သည် အမ ဖြစ်သည် ။  


အရန် ဆေးဘက် ပညာသည်ကျောင်း ၏ ဒုတိယ ထပ် တွင် ရှိသော ရောဂါရှာဖွေ လေ့လာရေးဌာန မှ ကြည့် လျှင် သရက်ပင် ကို အနီးကပ် တွေ့ ရသည် ။ သရက်ပင် ၏ အမြင့် သည် တိုက် တစ်တိုက် ၏ သုံးထပ် မျှ ရှိသည် ။ ဓာတ်ခွဲဘက် ဆိုင်ရာ ပညာရှင်များ သည် အလုပ်အကိုင် ပြီးစီး ချိန်တွင် ခဏ တစ်ဖြုတ် ဖြစ်ဖြစ် သရက်ပင် ကို မော့ ကြည့် မိတတ်၏ ။ သရက်ရွက်တွေ သိပ်သိပ်သည်းသည်း ရှိ လှပြီး ထို သိပ်သည် စိမ်းပျစ်တဲ့ သရက်ရွက် လတ်လတ်လန်းလန်းတွေ ကြား ထဲ မှာ အသီးကလေး တစ်လုံး တလေများ ရှိဦး မလား ရှာဖွေ မိ တတ်သည် ။ သူ့ အနေ နှင့် အသီးကလေးတွေ ဝေ နေ ရမည့် အချိန် မှာ တစ်လုံး မှ မတွေ့ရမှု အတွက် အနည်းအကျဉ်း စိတ် မသက်မသာ ဖြစ် မိ ရုံက လွဲ၍ တာရှည် မခံစားရ ။ မည်သူ့ ကို မျှလည်း ဖွင့် မပြောမိ ။ အမှန်စင်စစ် ဒီ သရက်ပင် ကို အသီးများ နှင့် တွဲလျက် မတွေ့ မမြင် ရသည် မှာ ကိုယ် ခံ နေရပြီ ဖြစ်သည် ။ မိုးရေစက်များ ကြားထဲ ရောက် သည် အထိ သရက်ပင် ပေါ် က သရက်သီးများ သက်ဆိုး မရှည်တတ် ။

ဆောင်းရာသီ ၏ နှင်းပွင့်နှင်းခဲများ နှင့်အတူ ကွယ်ပျောက် သွားတတ်ပြီး တစ်နှစ် ပြည့်လျှင် ဆောင်းရာသီ ၏ နှင်းပွင့်နှင်းစက်များ နှင့် အတူ လာ ရောက် နှုတ်ဆက် တတ် ကြသည် ။  


အပေါ့အပါး သွားသည့် လူတွေ က ဖူးတံဦးများ ကို ရေအိမ် ထဲ မှ စတင် မြင်တွေ့ တတ်သည် ။ 


“ သရက်ဖူးလေး တွေ ဖူး နေပြီ ဟေ့ ”


ပြောသည့် လူ သည် သူ့ စကား ဆုံးသွား ပြီး နောက် မိုးကောင်းကင် သို့ မော့ ကြည့် လိုက်သည် ။ ဒီလို မော့ ကြည့်ခြင်း မှာ သူ သည် အတွေး ဆက် တွင် ငိုင် သွားသော ကြောင့် ဖြစ်သည် ။ 


“ သီး လာတော့ လည်း လူ တွေ ရဲ့ အနိုင် ကျင့် တာ ကို ခံရမြဲပဲ မဟုတ်လား ” လို့ ဆက်လက် တွေးတောမိသော ကြောင့် ဖြစ်သည် ။ လူတွေ က လွန် လွန်းသည် ။ သရက်သီးကင်း တွေ လက်သန်းခေါင်း လောက် ရောက်ပြီ ဆိုသည် နှင့် ခဲ နှင့် ပစ် သူ ပစ် ၊ တံချူ နှင့် ချူ သူ ချူ ၊ အပင် ပေါ် တက် ချိုး သူ ချိုး ဖြင့် နောက် တစ်နေ့ ကျ ဘာ သီးကင်း တစ်လုံးမျှ မရှိတော့ ၊ သဘောထား ပြည့်သော သရက်ပင် မှာ သရက်သီးကင်း ဈေး ကောင်း ချိန် နှင့် အချိန် ကိုက် သီး တတ် သည် ။


ဒီလို ဖြစ်တာကို ဓာတ်ခွဲပညာရှင်တွေ အောက်ပါ အတိုင်း မှတ်ချက် ချကြသည် ။


“ သရက်ပင် ခုလို ခံစား နေရတဲ့ ဝေဒနာတွေ ဟာ လူတွေ ရဲ့ ဆင်းရဲ မွဲတေမှု ၊ စည်းကမ်းမဲ့မှု တွေ ကြောင့်ပဲ ပေါ့ ”


အသီး ကို တောင် စုံလင်အောင် မသီးရ သေး မီ ဇာတ်သိမ်း သွားတတ် သော သီးကင်းကလေးတွေ ကို ကြည့်လျက် ၊ လူတွေ အမျိုးမျိုး မှတ်ချက် ချ တတ်သည့် ကြားထဲ က ထင်ရှားသည့် မှတ်ချက် တစ်ခု ။


“ ဟေ့ ... ဟောဒီ သရက်ပင် ပေါ် က သရက်သီးမှည့် တစ်လုံး ရ ရင် ငွေငါးရာ ပေး မယ် ဟေ့ ”


ဓာတ်ခွဲမှူးများ သည် သရက်ပင် ပေါ် မော့ ကြည့် လိုက်ပြီး မကျေနပ် သလို ၊ စာနာသလို အရိပ်အရောင်များ သူတို့ ၏ မျက်လုံးနှင့် နှုတ်ခမ်း စပ် မှာ ဖြတ် ပြေး သွားသည် ။ ဘာပဲဖြစ်ဖြစ် သူတို့ သည် ထို သရက်ပင် ကို ဒုက္ခ ရောက် နေသော အသိအကျွမ်း မိန်းမသား တစ်ဦး လို သဘောထား စဉ်းစား မိရာတွင် အသား ကျ သလောက် ဖြစ်နေပြီ ။ လင်ယောက်ျား အရက် သမား ၏ နှိပ်စက်ခြင်း ခံရသော မိန်းမသား တစ်ဦး ပမာ စာနာ မိခဲ့ကြသည် ။


သို့သော် အနေအထား သည် လူတွေ ၏ စာနာ ထောက်ထားမှု များ နှင့် ထိုက်တန် လိုက်ဖက်အောင် နေထိုင်ခြင်းမျိုး မရှိ ။ တမြန် နှစ် ထက် မနှစ် က ပို ဆိုး လာသည် ။ ဓာတ်ခွဲမှူးတွေ ရုံး ပြန်ချိန် ညနေ ၄ နာရီ အထိ လက်သန်းခေါင်း လောက် ရှိသည့် သရက်ကင်းလေးများ တိုးလိုး တွဲလောင်း ပြွတ်ခဲ နေ သေးသည် ။ အကြီးဆုံး မှာ လက်မ လောက် ရှိမည့် သရက်သီး များ က အနည်းစု ၊ ဆယ်ဘက် ရာဘက် ။ တချို့ အပွင့်များ သည် ပင် ဘဝ မပြောင်းသေး ။ နောက် တစ်နေ့ နံနက် တွင် သီးကင်းများ ဘာမှ မရှိတော့ ။


“ ဟယ် ... သရက်သီးကင်း တွေ တစ်လုံး မှ မရှိတော့ဘူး ။ ရက်စက် လိုက်တာ ”


အမျိုးသမီး ဓာတ်ခွဲမှူး တစ်ဦး က အထိတ်တလန့် ပြော သောအခါ ကျန် ဓာတ်ခွဲမှူး ယောက်ျား ၊ မိန်းမ အားလုံး မော့ ကြည့်လိုက်ပြီး ခဏ အကြာ တွင် အောက်သို့ ငုံ့ ကြည့် လိုက်ကြသည် ။ သရက်ပင် အောက် တွင် သစ်စိမ်း အကျိုးအပဲ့များ ၊ ရွက်စိမ်း အကြွေများ ၊ ဖူးတံ အပိုင်းအစများ ၊ သရက်ပွင့် အစအနများ ပြန့်ကျဲ နေခြင်း နှင့် သရက်ပင် ပေါ် တွင် သရက် သီး တွေ အခိုး ခံ လိုက်ရခြင်း တို့ မှာ အကျိုး နှင့် အကြောင်းများ ဖြစ်လျက် ၊ သက်သေခံ ပစ္စည်းများ လိုပင် ယူဆ တွေးတော စရာပင် ။ သို့မဟုတ် လက်ပူးလက်ကြပ် ဖြစ်နေပြီပေါ့ လို့လည်း ပြောနိုင်သည် ။  


“ တောက် ... သရက်သီး မှည့် ဖို့ ကို မပြောနဲ့ ၊ အစေ့ရှက် ဖို့ ၊ အရင့် မှန် ဖို့ အထိ တောင် မလွယ်ပါဘူး ။ လူတွေ လည်း စည်းကမ်း မဲ့ လိုက်ကြ တာ ။ ဒီ အနားအပါး က တာဝန် ရှိ ၊ သြဇာ ရှိတဲ့ လူတွေ ကလည်း အစီအမံ ညံ့ဖျင်းလိုက်တာ ”


သွေး အဖြေ လာ တောင်းသည့် လူနာ တစ်ယောက် ၊ တက်ခေါက် လျက် မှတ်ချက် ချဖူးသည် ။ စာရေးခန်း မှ စာရေးကြီး ကတော့ ဒီ ရောဂါရှာဖွေ လေ့လာရေးဌာန တွင် လုပ်သက် အရင့်ဆုံး ဖြစ်သည် ။ သူ က သူ့ အတွေ့ အကြုံတွေ ကို ပြောပြသည် ။


“ လွန်ခဲ့တဲ့ ၁၀ နှစ် တုန်း က ရွက်ပုန်းသီး တစ်လုံး တိတ်တိတ်ပုန်း မှည့်ပြီး ကြွေ ကျဖူးတယ်လို့ ငါ့ တပည့် တစ်ယောက် က ပြောတယ် ”


စာရေးကြီး ကို ကျန်သည့် လူတွေ က သူတို့ နားထင် အထက် ကို လက်ညှိုး ဖြင့် ထောက်လျက် လက်ခါ ပြ နေသည် ။ စိတ် မမှန်သူ ကို လုပ် ပြသော သင်္ကေတ ။  


ဒီ သရက်ပင် အနိုင်ကျင့် ခံရပြီး တစ်ပတ် ၊ ရှစ်ရက် လောက် ကြာ လျှင် ထူးထူးဆန်းဆန်းပင် ရွက်နုများ အထောင်အသောင်း ချီ ကာ ဖူး သစ်ဝေ လာ ပြန်သည် ။ သို့သော် ဒီ တစ်ခါ ပွင့်ဖူး မဟုတ် ။ ရွက်ဖူးများ ၊ ဖက်ရွက်နုများ ၊ ပုရစ်ဖူးများ ။ မကြာမီ ထို ပုရစ်ဖူးလေးများ သည် အစိမ်းရောင်ကျကျ နှင့် ပြွတ်သိပ်ခဲကာ ရှည်မျောမျော မြသွေးသရက်ရွက်များ သည် မိုးယံဝ နှင့် နေမင်းဆီ အလုအယက် တက် နေကြသည့် ပုံသဏ္ဌာန် ။ အရွက်များ သည် တက်ကြွစွာ ပင် အပေါ် ကို ထောင် နေ ကြသည် ။ နောက် တစ်နှစ် အတွက် အားမလျှော့ ဘဲ ထပ်မံ မွေးဖွားရန် ပြင်ဆင် နေသော သရက်ပင် ။ စိတ်ကောင်း ရှိသော သရက်မ ... လို့ ပင် တင်စား ခေါ်ဖို့ ကောင်းသည် ။ သို့မဟုတ် သူတော်စင် သရက်မ ။


တစ်နေ့တော့ ဒီ သရက်ပင် ကို ရုပ်လုံး ပေါ်လာသည် အထိ တစ်ယောက် တစ်မျိုး ဝင် ဝင် ပြောနေချိန် တွင် ဧည့်သည် မိန်းမ တစ်ယောက် လည်း ရှိ နေသည် ။ သူမ ၏ ရှေ့မှောက် ၌ ဖြစ်နေသည် ။ စောစောက ကျွန်တော် တို့ ဌာန မှ ထို မိန်းမ ၏ မိတ်ဆွေ ဒေါ်မိမိခင် ( လက်ထောက်ဓာတ်ခွဲ မှူး ) က မိတ်ဆက် ပေး သဖြင့် သူမ နာမည် ဒေါ်စိန်ရီ ဖြစ်ကြောင်း သိရ သည် ။


ဒေါ်စိန်ရီ သည် သရက်ပင် အတ္ထုပ္ပတ္တိ ကို သရက်ပင် ယပ်လှဲတရား ပမာ သဘောထား သလား မသိ ။ သံဝေဂ မျက်နှာ အသွင်အပြင် အနေ အထား ဖြင့် သရက်ပင် ကို စာစာနာနာ ငေးကြည့် နေရာ မှ မျက်ရည်တစ် ပေါက် သည် သူမ ၏ သွယ်လျလျ ပါးပြင်ပေါ် မှ စီးဆင်း လိမ့်ကျ သွားသည် ကို ကျွန်တော် တွေ့လိုက် ရသည် ။ ကျွန်တော် တွေ့မြင် သိရှိသွား သည် ကို အမျိုးသမီး ရိပ် မိ သွားသောအခါ စိတ် ထဲ ကျဉ်းကျပ်သွားသည့် လက္ခဏာရေးများ ရိုးတိုးရိပ်တိပ် တွေ့ရသည် ။


“ ကိုယ် ပြန်မယ် မိမိခင် ”


ဒေါ်စိန်ရီ သည် ပလတ်စတစ် ခြင်းတောင်း ကို ဆွဲ ယူပြီး ထွက် သွား တော့ ဒေါ်မိမိခင် က ကားဂိတ် သို့ လိုက် ပို့သည် ။ 


“ နေဦး ၊ ငါ လိုက်ပို့မယ် ”


မိနစ်နှစ်ဆယ် ၊ နာရီဝက် မျှ အကြာ တွင် ဒေါ်မိမိခင် ပြန် ရောက် လာသည် ။


“ အဲဒီ အမျိုးသမီး နဲ့ ခင်ဗျား နဲ့ တော်တော် ခင်လား ” 


“ ကျောင်းနေဖက် သူငယ်ချင်း ပဲ ။ ဘာဖြစ်လို့လဲ ”


“ တော်တော့် ကို စိတ် ထိခိုက် လွယ်တာပဲ ။ သရက်ပင် ရဲ့ အတ္ထုပ္ပတ္တိ ကို ကြား တာ နဲ့ မျက်ရည် ကျတယ်လေ ”


“ သူ့ ဘဝ နဲ့ သရက်ပင် ဘဝ တို့ တူလွန်း လို့ ဆိုပြီး သူ စိတ် ထိခိုက် သွားတယ် ။ သူ့ မှာ သမီး နှစ်ယောက် ၊ သား နှစ်ယောက် ရှိတယ် ။ သူ့ ကလေးတွေ ရဲ့ အနာဂတ် ကို သူတို့ လင်မယား အတော့် ကို မျှော်လင့်ထား ခဲ့ကြတာ ။ သူ့ ယောက်ျား က ကား အပို ပစ္စည်းတွေ ရောင်းတယ် ။ တခြား ကြုံ တဲ့ စီးပွားရေး လည်း လုပ် တာပဲ ။ ပွဲစား လို ဟာမျိုးပေါ့ ။ ဒီလိုနဲ့ သူတို့ ချောင်ချောင်လည်လည် ဖြစ် လာတယ် ။ သူတို့ ကလေးတွေ ကို သူတို့ ပညာတတ်တွေ ဖြစ်စေချင်တာ လွန်ရော ။ တစ်နေ့ တစ်နေ့ သူတို့ အတွေး ထဲ မှာ သားသမီးတွေ ကို အရာရှိကြီးတွေ ဖြစ် လာ အောင် ၊ ဆရာဝန်ကြီး တွေ ဖြစ် လာအောင် ၊ တက္ကသိုလ် ပညာတတ်ကြီးတွေ ဖြစ် လာအောင် ဘယ်လို လုပ် ရမလဲ ဆိုတဲ့ အတွေးတွေ က လွှမ်းမိုး နေတာပဲ ။ သိတယ် မဟုတ်လား ။ ကျူရှင် ဆိုလည်း အကောင်းဆုံး ကျူရှင်တွေ ပေးတယ် ။ မုန့်ဖိုး ဆိုလည်း တောင်း သလောက် ပေး တာပဲ ။ ဒီ ကြားထဲ တစ်နေ့ တော့ ဘယ်လို မှ မျှော်မှန်း မထားတဲ့ အဖြစ်ဆိုး နဲ့ ကြုံ ရတယ် ”


“ ဘာလဲ သား တစ်ယောက် ယောက် နံပါတ်ဖိုး ချ တာလား ”


“ မဟုတ်ဘူး ။ အား အထားရဆုံး ၊ အားလုံး က ဆရာဝန် ဖြစ်မယ်လို့ တွက် ထားတဲ့ ၊ ရယ်သံ သဲ့သဲ့ တောင် မကြားရတဲ့ သမီး အကြီးမ ခိုးရာ လိုက် သွားတယ် ။ ဒီတုန်းက အဲဒီ ကလေးမ ဟာ အသက် ၁၆ နှစ် တောင် မပြည့် သေးဘူး ။ မစိန်ရီ ဟာ သူ့ ကလေး ကို နှမြောတာ က တစ်ဖက် ၊ ရပ်ကွက် ထဲ မှာ အရှက် ရတာ တစ်ဖက် နဲ့ အတော့် ကို ယူကျုံး မရ ဖြစ် ခဲ့ရတယ်ပေါ့ ။ သူတို့ လင်မယား နှစ်ယောက် ဟာ သုံးလေး ည မအိပ်ဘဲ ခြံတံခါး ဝ ကိုပဲ စိုက် ကြည့် နေ မိတယ်ပေါ့ ။ ဒီ ခြံတံခါး ဝ ကနေ သူ့ သမီး အကြီးမ ၊ အလိမ္မာဆုံးလေး ဝင် လာ မလား ဆိုတဲ့ ခံစားချက် နဲ့ မျက်ခြည် မပြတ် ကြည့် နေမိ တာ ရူး မတတ်ပါပဲ တဲ့ ။ ပထမဆုံး ည မှာ ည ၁၂ နာရီ ကျော် အထိ ခြံတံခါး ဝ ကို စိုက် ကြည့် ရတာ စိတ္တဇ သိပ် ဆန်တာပဲ တဲ့ ။ ခြံတံခါး ဟာ ကိုယ့် အိမ်ရဲ့ ခြံတံခါး မဟုတ်ဘူး ။ အိမ်ရှေ့ အိမ် ရဲ့ ခြံ တံခါး တဲ့ ။ ဒါပေမဲ့ အဲဒီ ခြံတံခါး ဟာ တစ်ခု တည်း သော အဝင်အထွက် လုပ်ရာ ခြံ တံခါး ။ လရောင်မှိန်မှိန် အောက် က အိမ် ထဲ ကနေ အတော်ကလေး လှမ်းတဲ့ ဒီ တံခါး ကိုပဲ စောင့်ကြည့် နေရတာ သိပ် ဝမ်းနည်းစရာ ကောင်းတာပဲ တဲ့ ။ သိပ် လွမ်းစရာ ကောင်း တာပဲ တဲ့ ။ တစ်ခါတလေ ခွေး တစ်ကောင် တံခါး ကို တိုးလို့ ပွင့်တဲ့အခါ အံ့သြလွန်း လို့ “ ဟာ ” ခနဲ ရင်ဖို သွားတတ်တယ် တဲ့ ။ တစ်ခါတလေ အမှန် တကယ် ဘာမှ မရှိဘဲ နဲ့ တံခါး နား မှာ လူ တစ်ယောက် ယောက် လာ ရပ် နေ သလို ခံစားရပြီး အသံတွေ ကို လည်း မမြည်ဘဲ နဲ့ ကို ကြား နေရ သလို လိုပေါ့  ။ ဒီလိုနဲ့ ည ၁၂ နာရီ ကျော် တော့ ငါ့ သမီး ဘဝ ပျက်ပြီ ဆိုပြီး ချုံးပွဲချ ငိုပြီး ရှိုက် လိုက် မှ ရင် ထဲ ပေါ့ သွားသလို လို ရှိပေမဲ့ ခဏ ပဲ တဲ့ ”


“ ကျွန်တော် ရိပ်မိပြီ ဒေါ်မိမိခင် ။ ဒီ မိန်းမ ရဲ့ ဘဝ ဟာ သရက်ပင် ရဲ့ ဘဝ လိုပဲ ၊ ကိုယ့် သားသမီးတွေ ကို ဝ အောင် တောင် မချစ်လိုက် ရ ဘဲ ဆုံးရှုံး လက်လွှတ် လိုက်ရတာ ချင်း တူ လို့ စောစောက မျက်ရည် ကျ သွားတာ

ဖြစ်မယ် ”


“ အဲဒီ တစ်ယောက် တည်း မဟုတ်ဘူး ။ ကျန်တဲ့ ကလေးတွေ နှစ် ယောက် ဒီလိုပဲ စောစောစီးစီး ဘဝ ပျက် သွားကြလို့ မစိန်ရီ ဟာ နောက်ဆုံး ကျန်တဲ့ သူ့ သားငယ် ကို “ သား .. မမိုက်နဲ့နော် ။ သား ဟာ တစ်သက်လုံး အရှက် ကွဲ ခဲ့တဲ့ မေမေ တို့ ဘဝ ကို ကယ်တင်မယ့် တစ်ဦးတည်း သော လူ ကလေး လို့ မေမေ ထင်တယ် ။ မေမေ တို့ မျိုးရိုး ဟာ ပရမ်းပတာ မဟုတ် ဘူး ဆိုတာ ဒီ ကမ္ဘာ ပေါ် မှာ သား က လွဲလို့ ဘယ်သူမှ သက်သေ မပြနိုင်တော့ဘူး ။ တကယ်လို့ သား ကပါ မမတွေ လုပ်တဲ့ အတိုင်း လုပ် သွားမယ် ဆိုရင် မေမေ ဒီ ရပ်ကွက် ထဲ မှာ မနေရဲတော့ဘူး ။ ဒါကြောင့်မို့ ကိုယ် မွေးတဲ့ သား ဆိုပေမဲ့ မေမေ တောင်းပန်စကား ပြော နေတာပေါ့ ” လို့ သားလေး ကို မစိန်ရီ က ချော့မော့ တောင်းပန် ထား ရတယ် ”  


“ အဲဒီ ကောင်လေး ကကော လိမ္မာတယ် မဟုတ်လား ” 


“ နံပါတ်ဖိုး ချလို့ ထောင် ကျသွားပြီ ” 


“ ဗျာ ..”


ကျွန်တော် သည် ဒေါ်စိန်ရီ မျက်ရည် ကျခြင်း မြင်ကွင်း ကို ယခုမှ ဆက်စပ် ခံစား၍ ပီပြင်လာသည် ။ မိဘ ချင်း စာနာ စွာ ပူဆွေးမိသည် ။


“ သူ့ ကလေးတွေ ကို ချစ်လို့ မဝသေးခင် မှာ ပဲ ကလေးအားလုံး က သူ့ နား မှာ တစ်ယောက် မှ မရှိတော့ဘူး ။ ဒီ သရက်ပင် လိုပေါ့ ”


သရက်ပင်ပေါ် ပြိုင်တူ မော့ ကြည့် လိုက်မိသည် ။ ယခုတလော မှာ ကျွန်တော် သည် ဒေါ်စိန်ရီ ဇာတ်လမ်း ကို စွဲ နေ မိသည် ။ အထူးသဖြင့် သရက်ပင် ကို တွေ့သော အခါများ၌ သတိ မရဘဲ မနေနိုင်ပေ ။ စိတ္တဇဆန် ဆန်ပင် တစ်ခါတစ်ရံ သရက်ပင် ကို ဒေါ်စိန်ရီ လို့ ပင် ထင်နေမိသည် ။ ဒီလိုနှင့် ရုံးပိတ်ပြီး ပြန် တက်ရသော တနင်္လာနေ့ တစ်နေ့ မှာ ဆေးရုံဝင်း ထဲ ကျွန်တော် လျှောက် လှမ်းလာစဉ် အဖြစ်အပျက်တစ်ခု ကို အသေအချာ တွေ့လိုက်ရာတွင် အံ့သြလွန်းသောကြောင့် ခြေလှမ်းများ ပင် ရပ်တန့် သွားသည် ။


သရက်ပင် မရှိတော့ ။ ရင်ထဲ မွန်းကျပ် သွားသည် ။ မှောင်ရိပ် ထိုး ပြီး အမြင် ရှုပ် နေသော ကြောင့် ခုတ် လိုက် သည် ဆို၏ ။ ခုနေအခါ လူနာအဆောင် ၁၉ - ၂ဝ နှင့် အရန် ဆေးဘက် ပညာသင်ကျောင်း ကြား မှ အထင်ကရ သရက်ပင် မရှိ တော့ ။ နောင် နှစ်တွင် စည်းကမ်းမဲ့ခြင်း ၊ ဆင်းရဲခြင်းတို့ ၏ ဒဏ် ကို ခံရ တော့မည် မဟုတ် ။ ကျွန်တော်တို့ သည် ပျင်း လျှင် သရက်ပင် ကို ကြည့် ရသည် ။ သရက်ပင် ပေါ် မှာ ခိုနား နေသည့် ဆက်ရက်ငှက် ၊ သပိတ်လွယ် ငှက်များ နှင့် လိပ်ပြာလေးများ ကို ငေးမော ကြည့်ရှုရသည် ။ နွေဦးရောက်

လျှင် ဥသြငှက်များ နားခို တွန်ကျူး တေး ဆို တတ်သည် ။ ယခုတော့ ဘာမှ မရှိတော့ပြီ ။ ပြောင်စပ်စပ်နှင့် အလင်းရောင်တွေ များနေပြီး ကဗျာမဆန် တော့ သလို ဖြစ် သွားသည် ။ ဒီလိုနှင့် တစ်နေ့ ကျတော့ ကျွန်တော်တို့ အခန်း ထဲ မှ လက်ထောက် ဓာတ်ခွဲခန်းမှူး မိမိခင် သည် ကျွန်တော် အလုပ် လုပ် သည့် ခုံတန်း ဘက် လျှောက် လာသည် ။ သူမ သည် ကျွန်တော့် အနား မှာ ရပ် နေသည် ။ သူ့ မျက်နှာ က ကျွန်တော့် ကို ကိစ္စ တစ်ခုခုအတွက် မှာ စရာ ၊ သတိပေး စရာ ရှိနေသည့် ပုံစံမျိုး ။ ကျွန်တော် သည် သူမ စကား ကြောင့် တုန်လှုပ် သွားမိသည် ။ 


“ တနင်္ဂနွေနေ့ က ဒေါ်စိန်ရီ ဆို တဲ့ အမျိုးသမီး ဆုံး သွားပြီ ”


◾မောင်ညိုပြာ


📖 ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း 

      စက်တင်ဘာ ၊ ၁၉၉၃ 


#ကိုအောင်နိုင်ဦး


.

Sunday, October 2, 2022

အလှဘုရင်မ ငြိမ်းမြ


 

❝ အလှဘုရင်မ ငြိမ်းမြ ❞

အသွား က မြ နေရုံ မက ဓားဦး က ချွန်ထက် ကော့လန် နေသည် ။ သံ အကောင်းစား ဖြင့် ဖန်တီးထားခြင်း ဖြစ်သည် ။ ထို ဓား ကို ပန်းပဲဖို ဆရာကြီး ဦးဘမောင် သည် အလေးချိန် အနံ အလျား တို့ ကို သတိထားပြီး လုပ်ခဲ့သည် ။ ဓားကလေး  ပုံသဏ္ဌာန် မှာ အလှအပ ဘက်သို့ မလိုက်ဘဲ မကွေးဓား ၊မကွေး ကတ်ကြေး စသည့် အစဉ်အလာ ကောင်း ခိုင်မာပြီ ဖြစ်သော ဂန္ထဝင် ဘက် လိုက် နေသည် ။ ပန်းပဲဖို ဆရာကြီး ဦးဘမောင် သည် ထို လုပ်ငန်း ဖြင့် အသက်မွေးဝမ်း ကျောင်း လာခဲ့သည် မှာ နှစ်ပေါင်း လေးဆယ် ကျော်ပြီ ။ အကြောင်းကြောင်း ကြောင့် ရပ်ဆိုင်း သွားရလျှင် လည်း ခေတ္တမျှသာ ။ သည် နေ့ တော့ လက်ရွေးစင် ဓားပါးလေး တစ်ချောင်း ကို သပ်သပ်ရပ်ရပ် ခိုင်ခိုင်ခံ့ခံ ဖြစ်အောင် တစ်ပေ လောက် ရှိသော သံချောင်း တစ်ချောင်း မီး ထဲ ရဲနေအောင် ဖုတ်ပြီး မှ သူကိုယ်တိုင် ထုရိုက် ပုံဖော်နေသည် ။ ရဲ နေသော သံချောင်း ၏ တစ်ဖက် ထိပ် ကို လက်ကိုင် တွင် အဝတ် ပတ်ထားသော ညှပ် ဖြင့် ကိုင်ပြီး အခြား တစ်ဖက် နှင့် အလယ်သား ကို ပေတုံး ပေါ် တွင် တူ ဖြင့် ဖြည်း ဖြည်းချင်း ထု လျက် ဒီဇိုင်း ဖော်နေသည် ။  

များမကြာမီ ဓားလေး သည် ပီပြင် လာသည် ။ ထို သံချောင်းကလေး ကို အစ ပထမ က ဦးဘမောင် ဘာ လုပ်ရမလဲ ဆိုသော စိတ်ကူး ၏ အဖြေ ကို ရရှိ လိုက်ပါပြီ ။ ဦးဘမောင် သည် ဓား ကို တံဆိပ် ရေး ရာတွင် “ အလှ ဘုရင်မ ” ဆိုပြီး ရေး လိုက်ရုံတင် အား မရသေးဘဲ “ ငြိမ်းမြ ” ဆိုသော အမည်လေး ကို ပါ ထည့် ရေးလိုက်လေသည် ။ သဘောကတော့ ဦးဘမောင် သည် ဓား ကို ကြည့် ရင်း ကြည့်ရင်း ချစ်ခင် စုံမက်သွားကာ ကြည်နူးခြင်း တံခါးများ ဟင်းလင်း ပွင့် သွားပြီး နောက် တစ်ချိန် က တစ်နေရာ မှာ သူ နှင့် ဖြစ် ခဲ့သည့် သူ့ ရည်းစားဟောင်း နာမည် ကို ကောက် ရေး လိုက်ခြင်း ဖြစ်သည် ။ ဦးဘမောင် သည် ဓား ကို အဖျား မှ ပက်လက်လှန် ကိုင်ကာ ဓားပေါက် ကျွမ်းကျင်သူ တစ်ယောက် လို လေ ထဲ မှာ ဆကာ  ဆကာ တညိတ်ညိတ် လှုပ်ရမ်းနေသည် ။

“ ဒီ ဓား ကို တစ်ခြား ဓားတွေထက် ဈေး ပို ရောင်း ရမှာပဲ ”

ထို့နောက် လက်ကိုင် ကို တပ်နေသည် ။ သူ့ တူ လည်း ဖြစ် ၊ တပည့် လည်း ဖြစ်သော ကောင်လေး တစ်ယောက် ကတော့ ဂေါ်ပြား တစ်ခု ကို လုပ်နေသည် ။

မကွေး မြသလွန်ဘုရားပွဲ တွင် ပန်းပဲဆရာကြီး ဦးဘမောင် နှင့် မိသားစု တို့ သည် ပန်းပဲ ဖို ထွက် ပစ္စည်းများ နှင့် အညာစောင် ၊ ဂွမ်းကပ် ၊ ပင်နီဖျင် များ ကို ပါ ဆိုင်ထောင့် တွင် တပ်ထားပြီး သွက်သွက်ကလေး ရောင်းကောင်း ရန် ဆုတောင်း နေကြသည် ။

“ ဟေ တပည့်တို့ ရေ ၊ ဟို “ အလှဘုရင်မ ” ဆို တဲ့ ဓားပါးလေး ကို ရှေ့ဆုံး မှာ မြင်သာ အောင် ထားကြ ။ လာ ဝယ်ရင် ငါးဆယ့်ငါးကျပ် လို့ ပြော ရောင်း ၊ ဓားတွေ ထဲ မှာ ဒီ “ အလှဘုရင်မ ငြိမ်းမြ ” ဆိုတဲ့ ဓား ဟာ အကောင်း ဆုံး ပဲ ကွ ။  တခြား သူ့ အရွယ် ဓားတွေ ကို အစိတ် နဲ့ ရောင်း ကြားလား ”

ဓားပုံ တွေ ထဲ မှာ ငြိမ်းမြ သည် တခြား ဓားတွေ က ဦးထိပ် ဝိုက်ယောင်ယောင် ရှိပြီး သူ က ဦးထိပ် ချွန်ယောင်ယောင် ရှိသည် ။  မကွေးဘုရားပွဲ တွင် ငြိမ်းမြ  ကို မရောင်းရပေ ။  “ နတ်မြင်း ” ၊ “ သတ္တိ ” တံဆိပ် ရေးထားသော ဓားပါးလေး တွေ ကို သာ ရောင်း ရသည် ။

“ ဒီ ဓားလေး ကို ကော မကြိုက်ဘူးလား ” ဆိုပြီး ငြိမ်းမြ သို့မဟုတ် အလှဘုရင်မ ကို ထုတ်ပြသည် ။ ထိုအခါမျိုး တွင် အလှဘုရင်မ ငြိမ်းမြ သည် အချိုဆိမ့်ဆုံး ပြုံးပြ နေတတ်သည် ။ ဈေး ဝယ် သူ ဘုရားဖူးများ ကလည်း အလှဘုရင်မ ငြိမ်းမြ ကို ကိုင် ကြည့်ရုံ ကိုင်ကြည့် လျက် “ အလှဘုရင်မ တဲ့လား ” ဟု ဆိုကာ ဈေး ကို လှမ်း မေးပါသည် ။  “ ငါးဆယ့်ငါးကျပ် ” ၊ “ ငါးဆယ့်ငါးကျပ်တောင် ....... ” ဆိုပြီး ရေရွတ်ကာ ချ သွားကြသည် ။  

အဓိပ္ပာယ်ကတော့ “ ငါးဆယ့်ငါးကျပ် တတ်နိုင်မှတော့ တော်ရေ .... တော့ ဓား ကို ဘယ် ဝယ်တော့မှာလဲ ။ စတီးဓား သွားဝယ်မှာပေါ့ ” ဆိုသော သဘော ။

မကွေးဘုရားပွဲ ပြီး တော့ ဆိုင်ခင်းများ ဖျက်ကြစဉ် ကုလားထိုင် တစ်လုံး ပေါ် တွင် ကွမ်းမြုံ့ နေသော ပန်းပဲဆရာကြီး ဦးဘမောင် ကို မကြာမီ တောင်းထဲ ရောက် သွားတော့မည့် ငြိမ်းမြ က အားနာစွာ လှမ်း ကြည့်နေသလို ထင် ရသည် ။

“ ဓားတွေ မကွေး မှာ သိပ် မရောင်းရလည်း ကိစ္စ မရှိဘူး ။ ရန်ကုန် သွား ရောင်းတော့ ထပ်လုပ်စရာ မလိုတော့ဘူးပေါ့ ”

စင်စစ် ဓားတွေ ရောင်း မကောင်းခြင်း မှာ သံမဏိဓားတွေ ခေတ်စား သော ကြောင့် ဖြစ်လျက် ထို နိုင်ငံခြားဖြစ် ဓားတွေ က ဈေး လည်း သိပ် မများသောကြောင့် ဖြစ် ၏ ။ မြန်မာပန်းပဲဖို မှာ သံကျွတ်ဓားတွေ လုံးဝ တိမ်ကော မသွားခြင်းကတော့ တချို့လူများ သည် မီးဖိုချောင် အတွက် မိရိုးဖလာ သံဓားတွေ ကို သာ စွဲစွဲလမ်းလမ်း သုံးစွဲ နေသောကြောင့် ဖြစ်၏ ။

ဦးဘမောင် ၏ စကား ကို ကြားတော့ အလှဘုရင်မ ငြိမ်းမြ အားတက် သွား သည် ။ ဦးဘမောင် သည် မော့ ကြည့် နေသော အလှဘုရင်မ ငြိမ်းမြ ကို အားပေးနေခြင်း မဟုတ် ။  သူ့ ကိုယ် သူ အားပေး နေခြင်း ဖြစ်သည် ။ သို့သော် သူမ ပါ ရောပြီး အားတက် မိသည် ။

မိုးကောင်း ဘုရားပွဲ ၊ ကမ္ဘာအေး ဘုရားပွဲ ၊ ကျိုက်ဝိုင်း ဘုရားပွဲများ သို့ ဦးဘမောင် တို့ မိသားစု ပန်းပဲဖို ထွက် ပစ္စည်းများ နှင့် အညာထည်များ ရောင်းချရန် လှည့်လည် ရောက်ရှိ လာခဲ့ကြသည် ။

တစ်နေ့တော့ ကျိုက်ဝိုင်းဘုရားပွဲ တော် မှာ ငြိမ်းမြ ၏ ဘဝ အလှည့် အပြောင်း တစ်ခု စတင် ခဲ့သည် ။ 

( ၂ )

“ အိမ် မှာ ဓား တစ်ချောင်း မှ မရှိဘူး ။  လှီးချင် ဖြတ်ချင် ရင် ဟိုဘက်အခန်း က သွား သွား ငှားရတယ် ။  တစ်ခါတလေ သူတို့ကို ကြည့် ရတာ ငှားချင် ပုံ မပေါ် ဘူး ။ တစ်ခါ တစ်ခါ သူတို့ လှီး နေတာနဲ့ ကြုံတော့ စောင့်နေရတယ် ”

စံပယ်ထွန်း က သူ့ ယောက်ျား ကိုကိုညိမ်း ကို ဓားပါးလေး တစ်ချောင်း ဝယ်ပေးရန် ပူဆာခြင်း ဖြစ်သည် ။ သည်လို ပူဆာနေသည် မှာ သုံးလ ကျော်ကျော် ရှိပြီ ။ ဓား ဆို၍ သူတို့ အိမ် မှာ ထင်းခွဲ သည့် ဓား တစ်ချောင်း ပဲ ရှိသည် ။  တစ်ဖက်ခန်း မှ ဓားပါးကလေး အလွယ်တကူ ငှားရမ်း ရရှိနေ၍ တစ်ကြောင်း ၊ ဓားမတိုကြီး ရှိနေ၍ တစ်ကြောင်း ဓားပါးလေးတစ်ချောင်း မဝယ်ဖြစ်ခဲ့ ။  တစ်ခါတလေ အဖိုးတန် ကိတ်မုန့် ကို ပုံဆိုးပန်းဆိုး ဓားမတို တုံးတုံး ဖြင့် လှီးဖြတ်နေသည် မှာ အရုပ် ဆိုးလှသည် ။  ကိတ်မုန့် မှာ လည်း လိမ်ကြေ အက်ကွဲလျက် အတုံး သေးသေးမွတွေ ဖြစ် ကုန်သည် ။ လူတွေ က “ နင် သံမဏိ တစ်ချောင်းလောက် ဝယ်ထားပါလား ” တဲ့ ။

“ ဒါကြောင့်မို့ ပြောတာပေါ့ ။ ဓားပါးလေး တစ်ချောင်း ဝယ်ပေးပါလို့ ”

စံပယ်ထွန်း က ခင်ပွန်း ကိုကိုညိမ်း ကို ကြုံလျှင် ပြောတတ်သည့် စကား ။ 

“ ဒီ ဓားပါး လို ကိစ္စမျိုး က မင်း ဟာ မင်း ဆောင်ရွက်လိုက်တာ ကောင်း ပါတယ် ။  မင်း ကြိုက်တဲ့ ဒီဇိုင်း ကို မင်း ရွေးနိုင်ပါတယ် ”

လူ ဆို တာ တစ်မျိုးပဲ ။  အစား ထိုး လို့ ရလျှင် ခပ်အေးအေး ခပ်ဖြည်း ဖြည်း ။ သို့မဟုတ် အစား မထိုးဘဲ နေလို့ ရလျှင်လည်း အစား မထိုးဘဲ နေကြ မည် ။ ကြာရှည်ခဲ့သော အချိန်ကို မနေ့ တစ်နေ့ က လိုပဲ သဘောထား နိုင်ကြ သည် ။ ရွှေ့လို့ ရလျှင် ရွှေ့ ထားလိုက်ချင်သော အကျင့် ကြောင့် တစ်နှစ်အတွင်း စံပယ်ထွန်း အိမ် မှာ ဓားပါး တစ်ချောင်း မရှိခဲ့ ။ ဟိုတုန်း က တော့ ကိုကိုညိမ်း တို့ စံပယ်ထွန်း တို့ အိမ် မှာ ဓားပါးလေး တစ်ချောင်း ရှိခဲ့ဖူး၏ ။

မင်္ဂလာ ဆောင်ပြီး နောက်နေ့ တွင် လမ်းဘေး ပလက်ဖောင်းမှ သုံး ကျပ် နှင့် ဝယ်လာသော အပေါ့စား ဓားမြှောင် အပေါစားဖြစ်ပြီး ပျော့ လွန်း သည် ။ နောက်တော့ ပျောက်သွားသည် ။

“ ထွန်း ... စတီးဓား မကြိုက်ဘူးလား ။ မြန်မာဆန်ဆန် မြန်မာ တွေ ပဲ ကောင်းပါတယ် ။ မြန်မာ့ဓား ၊ မြန်မာ့ဓား ဆိုပြီး ရေးကြတာ စာအုပ် တွေ ထဲမှာ မဖတ်မိဘူးလား ”

“ အဲဒါ မျိုးချစ်စိတ် နဲ့ သတ္တိ ကို ပြောတာပါ ။ ဓား အမျိုးအစား ကောင်း တာ ကို ပြောတာ မဟုတ်ပါဘူး ”

ထို လင်မယား ၏ ဆွေးနွေး ပြောဆိုနေခြင်းများ မှာ အလှဘုရင်မ ငြိမ်းမြ နှင့် တိုက်ရိုက် ပတ်သက် ဆက်နွယ် နေသည် ။ သမိုင်း ဘက် က ကျိုက်ဝိုင်းဘုရားပွဲတော် ၏ ည တစ်ည တွင် သူတို့ နှစ်ယောက် ဈေးတန်း ထဲ လျှောက် လည်ကြသည် ။ ဦးဘမောင် တို့ ဆိုင်ရှေ့မှာ ရပ် လိုက်ကြသည် ။ “ ဟော တွေ့ပြီ ” ဆိုသည့် မှတ်ချက် ကို ပြိုင်တူ ချ မိခြင်းနှင့် အတူ တစ်ယောက် နှင့် တစ်ယောက် မတိုင်ပင်ဘဲ နှင့် ဆိုင် ရှေ့ သို့ နီးနီးကပ်ကပ် ရောက် လာကြသည် ။ “ ဟော တွေ့ပြီ ” ဆိုသည့် မှတ်ချက် ကို အသံဖြင့် သရုပ်ဖော်ခြင်း မဟုတ် ။ အကြည့် ဖြင့် သရုပ်ဖော် လိုက်ခြင်း ဖြစ်ပြီး ထို အချိန်မျိုး မှာတော့ သူတို့ မျက်နှာများ သည် အချစ်ဆုံး မိတ်ဆွေ နှင့် တွေ့ရတော့မည့် ပုံစံမျိုး ဖြင့် ငြိမ်းမြ ကို တွေ့ လိုက် ကြသည် ။

“ ကိုကိုညိမ်း ..... ထွန်း ကြိုက်တာ ဒီ ဓားမျိုး ပေါ့  ။ ဓားကလေး က လှ လိုက်တာ ။ အရွယ် ကလည်း ထွန်း ကြိုက်တဲ့ အရွယ် ပဲ ”

ဆရာကြီးဦးဘမောင် က မသိချင်ယောင် ဆောင် နေလိုက်၏ ။ မျက်စိ ထောင့် ကပ်ပြီး မျက်မှန် ထဲ မှ ခိုး ကြည့်နေသည် ။  အလှဘုရင်မ ငြိမ်းမြ က တော့ သူ့သခင် ကို စာမေးပွဲ အောင် သော သား တစ်ယောက် က ဖခင် ကို ကြည့် သလို ကြည့် နေသည် ။ သို့သော် သူမ အနေ ဖြင့် ကိုကိုညိမ်း ၊ စံပယ်ထွန်း တို့ အိမ် သို့ အပြီး အပိုင် လိုက် သွားရတော့ မလိုလို ရှိ သော အခါ ဝမ်းနည်းလှိုက်မော လာ သလိုလို ခံစားလာရသည် ။ စံပယ်ထွန်း တို့ က ဈေး ပင် မဆစ်ကြ ။ စံပယ်ထွန်း က ဓားလေး ကို ကိုင်ပြီး ဦးဘမောင် ကို ပြုံးပြီး နှုတ်ဆက်နေသည် ။  သူမ က မပြုံးနိုင်ပေ ။ ဆရာကြီး နှင့် ခွဲခွာ ရတော့မည် မဟုတ်လား ။  ဝမ်းနည်း ဝမ်းသာ ကြည့်လျက် နောက်ဆုံး အနေအထား မှ နေ၍ ဦးဘမောင် ကို နှုတ်ဆက် နေသည် ။ ဦးဘမောင် သည် ငြိမ်းမြ ကို မျက်စိတဆုံး ငေး ကြည့် နေ၏ ။

အလှဘုရင်မ ငြိမ်းမြ သည် ဘုရားပွဲ တကာ စုံ ခဲ့ပြီ ။ ရန်ကုန်မြို့ ကို နှံ့သလောက် ရှိခဲ့၏ ။ ခုတော့ ဘုရားပွဲ တွေ မှာ ကျင်လည်စရာ မလိုတော့ ။  ခုတော့ ငြိမ်းမြ ကမာရွတ် ကို ရောက်ပြီ ။  မကွေးမြို့ ကို ပြန်စရာ မလိုတော့ ။ ကမာရွတ် မှာ ဘယ်ကာလ ထိ နေရဦးမည် မသိ ။ သည်လို မသိခြင်း သည် ပင် ဘဝ ၏ ဖွင့်ဆိုချက် နှင့် ကိုက်ညီသွားပြီ မဟုတ်လား ။

စံပယ်ထွန်း သည် ဓားပါးလေး ကို သိပ် ချစ်သည် ။  သူ့ ယောက်ျား ကို မသွေး ခိုင်းဘဲ သူ ကိုယ်တိုင် သွေးသည် ။  ဟိုဘက် အခန်း ကို လည်း ဓားကလေး အလှ ကို ပြသခဲ့သည် ။ “ အလွန် လှတဲ့ ဓားလေးပဲ ” အိမ်နီးချင်း မိန်းမ က လည်း ချီးကျူးသည် ။  နောက် နာမည်က လည်း မိုက်တယ် တဲ့ ။ ဓားကလေး ရ လာ ကာ မှ လှီးစရာ ဘာမှ မရှိဘူး ဟု ထွန်း က ညည်းညူ နေတတ်ပြီး ဈေး သို့ မကြာခဏ ပြေးလျက် ကန်စွန်းရွက်များ ဝယ် လာ တတ်၏  ။  ကန်စွန်းရွက် လှီးပြီး ကြော် သည် ။ စားချင် လှ လို့ မဟုတ် ။ ဓား ကို စမ်း ကြည့်ချင်၍ ဖြစ်သည် ။ ထွန်း တို့ မှာ သားသမီး တစ်ယောက် မှ မရှိ ။ တူမ တစ်ယောက် သာ ရှိသည် ။ တူမလေး က ဓား ကို ယူဆော့ ကစား တတ်သည် ။ ဓား ကို ယူသည့် နေရာ တွင် ပြန် မထား ။ ထိုအခါ အဒေါ် လုပ် သူ နှင့် တကျက် ကျက် ။ စံပယ်ထွန်း တို့ အိမ် ဝါးထရံ သည် ဟောင်းမြင်း နေပြီ ။ ဟောင်းမြင်း သော ဝါးထရံ ၏ ဘယ်ဘက်ဘောင် နှင့် တစ်ပေသာသာ အကွာအဝေး တွင် ဓား ကို စံပယ်ထွန်း ထား နေကျ ။  ထိုနေရာ တွင် အမြဲတမ်း တွေ့နေရသဖြင့် တခြား သွား ရှာစရာ မလို ။  ဘယ်သူ ဘယ်နေရာ မှာ ထားထား ၊ စံပယ်ထွန်း က နောက်ဆုံး ထို နေရာ မှာ ပဲ ပြောင်း ထားသည် ။  ထရံဟောင်း တွင် ဓားသစ် သည် ထင်း နေသည် ။ အာရုံ စိုက်စရာ မလိုဘဲ မျက်စိ ထဲ အလိုအလျောက် ဝင်သွား သည် ။ တူမလေး နှင့် ဓား ၊ တူမလေး နှင့် စံပယ်ထွန်း ။ ဓားကလေး ကို နေရာ တကျ မထားသဖြင့် တကျက်ကျက် ပါပဲ ။

“ မကွေးဓား ရှားတယ် ။  အလှဘုရင်မ ငြိမ်းမြ တဲ့ ”

တစ်နေ့ တော့ စံပယ်ထွန်း သည် ဓား ကို သေသေချာချာ သွေးရင်း ဓား ၏ ဂုဏ်ပုဒ် ကို အမွှန်းတင်နေသည် ။  သူ့ ဘဝ ၏ ဒုတိယ နောက်ဆုံး နေ့ ။ သူ သည် ဓား ကို ကော့ နေ အောင် သွေးရင်း ဘူးသီး ကို ဓားဦး နှင့် စိုက်ထိုး ပြီး ခွဲကြည့် နေပုံ ကို စိတ် ထဲ မြင်ယောင် လာသည် ။ တကယ့် အဖြစ်မှန် ဖြစ်သော လူသား တစ်ဦး ၏ ဗိုက်သားလေး ထဲ လေးလက်မ လောက် ထိုးသွင်းလျက် အထဲ မှ အသက် ကို ဆွဲထုတ် လိုက်မည် ဖြစ်ကြောင်း သူ မမြင်ယောင်မိခဲ့ ။  ထို ဗိုက် မှာ မိမိ ဗိုက် ဖြစ်ကြောင်း နှင့် သူ ချစ်သော ဓား သည် တစ်ချိန် ချိန် မှာ သူ့ ဇီဝိန် ကို ချုပ်စေပြီး သူ့ရင်ခေါင်း တစ်နေရာ သို့ စိုက်ဝင်လျက် မှောင် အတိ ကျသွားမည် ကို သူ သာ သိ ထားခဲ့လျှင်  ဓားကလေး ကို ချစ် ကော ချစ်နိုင်ဦး မလား မသိ ။

မိုးတွေ သည်းထန်လွန်း သော ညဦးနှောင်း ကာလ တစ်ခု မှာ ပေါ့ ။

သည်ကာလ မှ နောက် နာရီဝက် ကြာ လျှင် မိန်းမချောလေး စံပယ်ထွန်း သည် ကမ္ဘာ ပေါ် သို့ အလည် တစ်ခေါက် ပြန် ရောက်ရှိ လာနိုင်တော့မည် မဟုတ်ပေ ။  ဒါကို သူ မသိသေးသဖြင့် သူ့ ရင် သည် သာယာလှပ ကာ သူ့ အပြုံး သည် ချိုမွှေး နေဆဲပဲ ပေါ့ ။  ဘဝ ၏ ဖွင့်ဆိုချက်များ တွင် သေနေ့ ကို ကြိုတင် မသိနိုင်ခြင်းလည်း ဝမ်းနည်းစွာ ပါဝင် နေသည် မဟုတ်လား ။

မိုးတွေ သည်းမည်းလွန်း နေဆဲ ။ စံပယ်ထွန်း အပြင်ဘက် သို့ မသဲမကွဲ လှမ်း ကြည့်လိုက်၏ ။  အမှောင် ထဲ သို့ စူးစိုက် ကြည့်လိုက်သော ပုံစံမျိုး နှင့် မိုးတွေ ပက် နေသဖြင့် အလျင်စလို ကြည့်သော အကြည့် တို့ ပေါင်းစပ်ကာ ဒုတိယ ပုံစံအကြည့် ။ အမှောင် ထဲ တွင် ဘာမှ မတွေ့မိ ။ အမှောင် တစ်နေရာမှာ သူ့ ကို စောင့် ကြည့်နေသူ တစ်ယောက် ရှိလိမ့်မည် သူ မတွေးမိ ။  သို့သော် လိပ်ပြာ က သိရှိခွင့် ရှိ နေ သလိုလို ခံစားရ သည် ။ ကြက်သီးတွေ ထ လာသည် ။ ထို့နောက် သူ တံခါး ကို ပြေး ပိတ်လိုက်၏ ။ သို့သော် နောက်ကျ သွားခဲ့ပြီ ။ အကြံအစည် ယုတ်မာသော လူတစ်ဦး သည် အိမ် ထဲ တွင် နေရာ ယူ ပြီး နေပြီ ။

ထိုအချိန် တွင် တူမလေး ကို သူ့အမေ က အလည် ခေါ်သွား၏ ။ သူ့ ယောက်ျား က လည်း အပြင် သွား နေခိုက် ။  ဟိုဘက်ခန်း မှ လူများ က လည်း မွေးရပ်မြေ သို့ အလည် သွားခိုက် ။ အားလုံး ဆုံစည်းမှု တစ်ခု သည်  စုစည်းမှု ရှိခဲ့သော ပျော်ရွှင်မှုများ နှင့် သူ့ ကို ထာဝရ ခြားနား ဝေးကွာ သွားစေတော့ မည် ။ သန်မြန်သော ထို ပုဂ္ဂိုလ် လူယုတ်မာ မှာ တခြား လူ မဟုတ် ။ သူ အပျိုဘဝ တုန်း က သူ့ ကို အရူးအမူး ရည်းစားစကား လိုက် ပြော ၊ ကြမ်းကြမ်း တမ်းတမ်း ချဉ်းကပ် ၊ ကားတင်မည် ဟု ခြိမ်းခြောက် လို ခြိမ်းခြောက် လုပ်ခဲ့ သော လူ ။ ထွန်းအောင်သော် ။  မိုးခြိမ်းသံများ ၊လေတိုက်သံများ က ထွန်းအောင်သော် ၏ အကြံအစည်များ အတွက် နိမိတ်ပုံ လို ဖြစ်သွားခဲ့ပြီ ။  သင်္ကေတများ လည်း ဖြစ်ခဲ့ပြီ ။ ငိုကြွေးသံများ ပမာလည်း ဖြစ်ခဲ့ပြီ ။  

ပေါင်ချိန် ၂၀၀ ကျော် ရှိသော ယောက်ျားကြီး တစ်ယောက် ကို ပေါင် ချိန် ၉ဝ သာ ရှိသော  စံပယ်ထွန်း သည် အသောတကြည် ပင် အရှုံး ပေးလိုက် ရ၏ ။ အချိန်ကောင်း အချိန်ကိုက် တွင် ကိုကိုညိမ်း ရောက် လာသည် ။ အထင် လွဲစရာ အကောင်းဆုံး အနေအထား ကို တွေ့ သွားပြီး နောက် ကိုကိုညိမ်း သည် စံပယ်ထွန်း ကို အလှဘုရင်မ ငြိမ်းမြ ဓား ဖြင့် ထိုးမိပေပြီ ။  လက် လွန် သွား ပေပြီ ။ စံပယ်ထွန်း သည် ထာဝရ အိပ်မက် ချောက် ထဲ ရောက်ရှိ သွားပေပြီ ။

“ တစ်နေ့ တစ်နေ့ အထင်လွဲ အမြင်လွဲ လို့ ကမ္ဘာ ပေါ် မှာ လူတွေ ဘယ်လောက် တောင် သေနေကြလဲ မသိဘူး ။  တကယ်တော့ စံပယ်ထွန်း ဟာ စာရိတ္တ အကောင်းဆုံး မိန်းကလေး တစ်ယောက် ပဲ ”

လူတွေ ထဲ က လူတစ်ယောက် ၏ ထင်မြင်ချက် လွင့်ပါး လာသည် ။  ကြေကွဲစရာ အဖြစ်အပျက် မှာ ပျံ့နှံ့သွားသည် ။ မိုး က လည်း စဲ သွားပြီ ။

အဓိပ္ပာယ် မှာ လူသတ်မှု သည် ထင်ရှားပြီး ဆိုလိုသည် မှာ သက်ဆိုင်ရာ အမှုတွဲ တွင် ပါဝင်သော သက်ရှိ သက်မဲ့များ သည် ဥပဒေ ၏ စီမံရာ ကို ခံ ကြရတော့ မည် ။  သံဝေဂ အနေ နှင့် ရှုနိုင်ကြမည် ဆိုလျှင် အားလုံး ခွဲခွာ ရတော့မည့် သဘောတရား မှာ နေရာ ယူထားပြီ ။  အလှဘုရင်မ ငြိမ်းမြ သည် ငိုရလွန်း သောကြောင့် လား မသိ ။ မျက်ရည် ခန်း သွားပြီးနောက် မျက်လုံး ထဲ မှ သွေးစက်တွေ တတောက်တောက် ယိုစီး ကျနေသည် ။ သူ့ ဘဝ သည် မကွေး ကို လည်း ပြန်ရောက်တော့ မည် မဟုတ် ။ သက်သေခံ ပစ္စည်းအဖြစ် ရဲ က သူ့ ကို သိမ်းတော့ အသားညိုညို နှင့် အရပ်သား တစ်ယောက် က “ ဓားလေး လှလိုက် တာ ။ လက်ကိုင် မှာ ဆေးပြာလေး သုတ် လို့ ။ အလှဘုရင်မ ငြိမ်းမြ ဆိုပါလား ။  ရက်စက်တာ တော့ ကမ်းကုန်ရော ” တဲ့ ။ 

တခြား လူတစ် ယောက် က “ ကမ္ဘာပေါ်မှာ မုဒိန်းအကျင့် ခံရပြီး , အသတ် ခံရတဲ့ အဖြစ်အပျက် ဟာ ကြေကွဲစရာ အကောင်းဆုံးပဲ ” တဲ့ ။

ကျောင်းအုပ်ဆရာကြီး တစ်ယောက် က “ ဓား ဟာ သူ့ ဘာသာ သူ နေ တာပါ ။  ဘုရားဆွမ်းတော် တင်ဖို့ ပန်းသီး တစ်လုံး ကို လှီးမယ် ဆိုရင် ဓား ရဲ့ ရည်ရွယ်ချက် ဟာ တစ်မျိုးပေါ့ ။ မီး ကို ချက်ပြုတ် စားသောက်တဲ့ နေရာ မှာ သုံးမလား ။  ရွာ ကို မီးတိုက် မလား ဆိုတဲ့ သဘောပဲပေါ့ ။  အာလူး ခွါဖို့ သတ်မှတ်ထား တဲ့ ဓား ကို လူ ရဲ့ အသည်းနှလုံး ထဲ တည့်တည့် ထိုး သွင်းပြီး စည်းကမ်း ဖောက်ဖျက်တာ ဘယ်သူ လဲ ။ လူ ပဲ မဟုတ် လား ။  လူ ရဲ့ ယုတ်မာတဲ့ စိတ်ထားတွေ ၊ အထင်လွဲမှုတွေ ၊ ဒေါသတွေ နဲ့ မပေါင်း ဖက် မိရင် ဓား မပြော နဲ့ ၊ သေနတ် မပြော နဲ့ ၊ အနုမြူဗုံးတောင် ကြောက်စရာ မလိုဘူး ။ လူတွေ လည်း အတ္တ တဖြည်းဖြည်း ကြီး လာခဲ့ကြပြီ ။ ယနေ့ ယခု အချိန်အခါ မှာ လူတွေ ကို လူတွေ က ပြန်သတ်တာဟာ သဘာဝ ဘေးဒဏ် က သတ်တာ ထက် အဆပေါင်းများစွာ ပို လိမ့်မည်လို့ ထင်တယ် ။  နာဇီ တွေ ဂျူးလူမျိုး ခြောက်သန်း သတ်သလိုမျိုး သဘာဝ ဘေးဒဏ် မှာ အဲဒီလောက် များများစားစား မရှိဖူးဘူး ။ လူသား  ရဲ့ ယုတ်မာမှု ဟာ အနုမြူဗုံး အလုံး တစ်ရာ ထက် ပို ကြောက်စရာ ကောင်း တယ် ။ တကယ်တော့ လက်နက်တို့ ၊ ဗုံးတို့ ၊     တို့မှာ ဘာမှ အပြစ် မရှိဘူး ။ ကြောက်စရာ အကောင်းဆုံး က လူ ပဲ ။  ခွဲခွဲခြားခြား ပြောရရင် ယုတ်မာပြီး အတ္တ ကြီး တဲ့ လူတွေပဲ ”

အလှဘုရင်မ ငြိမ်းမြ သည် လူ နှင့် သူ ၏ ဒေါသ ကို ကြောက်ရွံ့ တုန် လှုပ်စွာဖြင့် အဝတ်ဖြူ တစ်စ အောက် မှာ ကြောက်ရွံ့စွာ ပုန်းအောင်း နေမိပါသည် ။

◾မောင်ညိုပြာ

📖 ပန်းဝေသီ မဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၁၉၉၆

#ကိုအောင်နိုင်ဦး