Wednesday, December 31, 2025

ဖူးစာတမန်


 ❝ ဖူးစာတမန် ❞

( ကြပ်ကလေး )


တောရွာကလေး တစ်ရွာတွင်နေထိုင်ကြသော မချောလှ နှင့် ရုပ်ဆိုးမ ဟု အမည်ရှိသော မိန်းကလေး နှစ်ဦးသည် တစ်ယောက်ကို တစ်ယောက် အလွန်ချစ်ကြသည် ။

 

ကျောင်းသွား အတူတူ ၊ မုန့်စား အတူတူဖြစ်ကြ၏ ။


တစ်နေ့သ၌ မချောလှသည် လမ်းဘေးမြောင်းစပ်မှ ငွေလက်ကောက်အဟောင်းကလေး တစ်ဖက်ကို ကောက် ရ၏ ။ ရေဖြင့် စင်ကြယ်အောင် ဆေးကြောကာ လက်တွင် ဝတ်ဆင်လာသည် ။


ရုပ်ဆိုးမသည် ထိုလက်ကောက်ကလေးကို မြင်သောအခါ သူ ဝတ်ဆင်လိုကြောင်းနှင့် ပူဆာသည် ။ မချောလှသည် လက်ကောက်ကလေးကို ရုပ်ဆိုးမ အား ပေးရန် ချွတ်၏ ။ သို့သော် ဝတ်လိုက်စဉ်အခါက ရေများ ဆပ်ပြာများကြောင့် ချောမောစွာ ဝတ်၍ ရခဲ့၏ ။ ယခု ချွတ် သောအခါတွင်ကား ချွတ်၍ မရချေ ။


မချောလှသည် တံစဉ်းတစ်ခု ယူ၍ လက်ကောက်၏ တစ်နေရာ၌ ရုပ်ဆိုးမကို တိုက်ခိုင်း၏ ။ တံစဉ်းဖြင့် တိုက်သဖြင့် လက်ကောက်ကွင်းမှာ ပြတ်သွား၏ ။ သို့သော် မချောလှ၏ လက်ကို ပွတ်တိုက်မိသွားရာ သွေးများ ထွက်လာသည် ။


“ နာသွားသလား မချောလှ ”


ရုပ်ဆိုးမက ကြင်နာစွာ မေးလိုက်၏ ။ 


“ ကိစ္စမရှိပါဘူး ရုပ်ဆိုးမရယ် ၊ သွေးဆေး သိပ်လိုက်ပါ့မယ်လေ ”


သူတို့နှစ်ယောက်သည် ဤမျှပင် ချစ်ခင်ကြလေသည် ။


သို့ဖြင့် တဖြည်းဖြည်း သူတို့သည် ကြီးပြင်းလာကြလေ၏ ။ မချောလှသည် ကြီးလာလေလေ လှပလာလေ လေဖြစ်သည် ။ တစ်ရွာလုံးတွင် နာမည်နှင့် လိုက်အောင် အချောဆုံး အလှဆုံးဖြစ်လာ၏ ။


ရုပ်ဆိုးမကား ကြီးလာလေလေ အရုပ်ဆိုးလာလေလေဖြစ်၏ ။ တစ်ရွာလုံးတွင် အရုပ်အဆိုးဆုံး ဖြစ်လာလေသည် ။


ထိုသို့ဖြစ်လာသောအခါ ရုပ်ဆိုးမသည် မချောလှကို ငယ်စဉ်က ကဲ့သို့ မချစ်တော့ ။ စိတ်ထဲတွင် ကျိတ်၍ မနာလို ဝန်တို လာလေတော့သည် ။ ငယ်စဉ်က သူငယ်ချင်းစိတ်တွေ ပျောက်ကုန်၏ ။ အပြင်ပန်းက မသိသာသော်လည်း ဝမ်းထဲကမူ ရန်သူသဖွယ် သဘောထားလာလေတော့သည် ။


မချောလှ ကတော့ ဘာမျှမသိ ။ ရုပ်ဆိုးမကို ငယ်စဉ်က ကဲ့သို့ပင် ချစ်ခင်မြဲ ချစ်ခင်နေသည် ။


မချောလှသည် အားလပ်သည့်အချိန်များတွင် ရွာထိပ် လှည်းလမ်းဘေးရှိ ညောင်ပင်ကြီး အောက်တွင် တံမြက်စည်းလှဲခြင်း ၊ မြက်အမှိုက်များ ရှင်းလင်းခြင်းကို ပြုလုပ်၏ ။ ပင်ပန်းလာသူ ခရီးသည်များ အဖို့ ညောင်ပင်ရိပ်တွင် သန့်သန့်ရှင်းရှင်း ခိုနားနေနိုင်ရန် ရှင်းလင်း သုတ်သင်ပေးတတ်လေသည် ။


တစ်နေ့သောအခါတွင် ညနေစောင်း တစ်ခု၌ မချောလှသည် ခါတိုင်းကဲ့သို့ပင် ညောင်ပင်ရင်း တစ်ဝိုက် အမှိုက် သုတ်သင် ရှင်းလင်းရန် ရောက်လာခဲ့သည် ။


သို့သော် ... ယနေ့အဖို့ကား ထူးခြားပါပေသည် ။ 


ညောင်ပင်ရင်း မရောက်မီ ခပ်လှမ်းလှမ်းကပင် မြင်ရ၏ ။


လူတစ်ယောက်သည် တောင်ရှည်ပုဆိုးကို ခါးတွင် လုံခြုံစွာ ပတ်ထားပြီး ရှည်လျားသော အစ တစ်ဖက်ကို ညောင်ကိုင်း တစ်ခုတွင် ချည်နှောင်ထား၏ ။ ထို့နောက် ညောင်ကိုင်းက တွဲလွဲကြီး လုပ်ကာ ဟိုလွှဲ သည်လွှဲနှင့် တိုးလို့တွဲလောင်းကြီး ဒန်းစီးသလို လုပ်နေသည် ။


မချောလှသည် အံ့သြစွာနှင့်ပင် ချဉ်းကပ်လာ၏ ။


တွဲလောင်းကြီး လွှဲနေသော လူသည် ခြေသံ ကြားသဖြင့် လှည့်ကြည့်ရာ မချောလှကို မြင်သဖြင့် ကပျာကယာ သစ်ကိုင်းမှ လုံချည်စကို ဖြေ၍ မြေကြီးပေါ်သို့ ခုန်ချလိုက်လေသည် ။


ကလေးလိုလို မျောက်လွှဲကျော်လိုလိုနှင့် ဆော့နေသော လူမှာ အသက် မငယ်လှချေ ။ နှုတ်ခမ်းမွေး ကားကား ၊ ဗိုက်ရွှဲရွှဲနှင့် ဖြစ်၏ ။


“ အို ဦးကြီးကလည်း ကလေးမဟုတ် သူငယ် မဟုတ်နဲ့ တယ်ဆော့တာကိုး ”


လူကြီးသည် မချောလှ၏ စကားကို ကြားသောအခါ ရှက်ရှက်နှင့် ပြုံးဖြီးဖြီးကြီး လုပ်ရင်း ...


“ ဟဲ့ .. ငါလည်း ပျင်းတာကိုးဟဲ့ ၊ ငါ့အသက်ကို မှန်းကြည့်ပါဦး ၊ ငါ မဆော့ရတာ ဘယ်လောက် ကြာပြီလဲ ၊ အခု လူမမြင်ဘူး မှတ်လို့ ငါ ဆော့ချင်လာတာနဲ့ ပြန် ဆော့ကြည့်တာ ”


“ ဦးကြီးက ဘယ်ကတုံး ”


“ အို ငါဟာ ဒီညောင်ပင်ကို စောင့်တဲ့ ရုက္ခစိုးလေ ” 


လူကြီးက သူ့ကိုယ်သူ ညောင်ပင်စောင့်နတ် ဟု ပြောသည် ။ မချောလှက မယုံနိုင်ပါ ။


“ ဟာ .. ကြံကြံဖန်ဖန် ၊ ဟုတ်ပဲနဲ့ ”


“ ဟဲ့ .. ဟုတ်ပါတယ် ဟဲ့ .. ငါရုက္ခစိုးပါ ” 


“ ယုံပါဘူး … ဦးကြီးရယ် ”


“ ဪ .. ခက်တော့တာပဲ ၊ ရုက္ခစိုးမှ ရုက္ခစိုးအစစ် ၊ ဘာနဲ့မှ ရောမထားဘူး ”


“ ရုက္ခစိုး ဆိုရင် ကိုယ်ရောင်ကိုယ်ဝါ ပြောင်လက် နေရမှာပေါ့ ၊ အခုတော့ ဦးကြီးက အမှိုက်ကျုံးတဲ့ လူကြီး လိုပဲ ”


ရုက္ခစိုးမှာ သူ့ကို အမှိုက်ကျုံးသည့် လူကြီးနှင့် တူသည်ဟု ပြောသဖြင့် မျက်နှာကြီး မဲ့လိုက်၏ ။


“ ငါ ရုက္ခစိုးအစစ်ပါဟဲ့ ၊ ကိုယ်ရောင်ကိုယ်ဝါတွေကို ဝှက်ပြီး သိမ်းထားလို့ပါ ”


“ ဘာဖြစ်လို့ ကိုယ်ရောင်ကိုယ်ဝါကို သိမ်းထားရတာလဲ ”


“ ဟာ .. ပိုးစုန်းကြူးနဲ့ တူလွန်းလို့ပါ ၊ နင်ပဲ စဉ်းစား ကြည့်စမ်း ၊ ငါ မှောင်ထဲမှာ လမ်းလျှောက်ရင် လက်လက် လက်လက်နဲ့ ၊ အဝေးက ကြည့်ရင် ဘယ်လောက် ပိုးစုန်းကြူးနဲ့ တူသလဲ ၊ ကဲ နင်မယုံလည်း ပြရသေးတာပေါ့ ၊ လာလေ့ … ”


ရုက္ခစိုးနတ်ကြီးသည် ပြောပြောဆိုဆိုနှင့် မြေပြင်ကို ဖနောင့်နှင့် တစ်ချက်ပေါက်လိုက်ရာ သစ်ငုတ်တစ်ခုကို ပေါက်မိ၍ “ အလယ်လယ် နာသွားပြီ ” ဟု အော်ကာ ခြေ တစ်ဖက် မြှောက်ကိုင်ပြီး ခုန်ဆွခုန်ဆွ ဖြစ်သွားလေသည် ။ 


နာသွားသည့် နေရာကို သူ့လက်ကလေးနှင့် သူ နှိပ်နယ်ပြီး သက်သာသွားမှ နေရာရွှေ့ပြီး “ ကိုင်း .. လာလေ့ ” ဟု ဖနောင့်နှင့် တစ်ချက်ထပ်ပေါက်ပြန်၏ ။ ဤတစ်ကြိမ်တွင်ကား သက်သက်သာသာပင် ဖနောင့် ပေါက်သည် ။


အံ့သြဖွယ် ကောင်းပါသည် ။


ရုက္ခစိုးအစစ် တစ်ခါတည်း ဖြစ်သွား၏ ။ ကိုယ်ရောင် ကိုယ်ဝါများလည်း တပြောင်ပြောင် တလက်လက် ဖြစ်လာ၏ ။


မချောလှသည် ရုက္ခစိုးကြီးကို ထိုင် ရှိခိုး၏ ။


“ ထ,ပါ ကလေးမရယ် ၊ ရှိခိုးမနေပါနဲ့ ၊ ငါက လူမိုက် နဲ့ လူပျင်းတွေ ရှိခိုးတာသာကြိုက်တာ ၊ မင်းတို့လို လိမ္မာပြီး အလုပ်ကြိုးစားတဲ့ လူတွေ ဆိုရင် လေးစားတယ် ၊ ဒီအပင်အောက်မှာ လာပြီး လှဲကျင်းတဲ့ အတွက် ငါဆုပေးချင်တာ ကြာပြီ ၊ ဘာဆု ပေးရမလဲ ”


မချောလှလည်း မတ်တတ်ရပ်လိုက်၏ ။


“ ဦးကြီး ကြိုက်တဲ့ဆု ပေးပါရှင် ”


“ ကိုင်း ကောင်းပြီ ၊ ကောင်းကောင်း နားထောင် ၊ ရှင် ဘုရင်ဖြစ်မယ့် မင်းသားလေး တစ်ယောက်နဲ့ မင်း တွေ့ပြီး မိဖုရားလောင်း အဖြစ်အကောက်ခံရမယ် ။ ဒါပေမဲ့ နန်းတော် ရောက်လို့ သုံးရက်မြောက်တဲ့ နေ့မှာ ငါ့ဆီ လာပြီး ပန်းပွင့်နဲ့ ပူဇော်ရမယ် ၊ မပူဇော်ရင် မင်းသားလေးဟာ မင်းကို မမှတ်မိတော့ဘဲ မေ့နေလိမ့်မယ် ဒါပဲ ”


မချောလှသည်လည်း ဝမ်းသာလွန်း၍ ရွာသို့ ပြန်ပြေးလာလေတော့သည် ။ ရုက္ခစိုးကြီးလည်း “ ပလို့ဂျိ ” ဟု ပါးစပ်ဆိုင်းတီး၍ ကခုန်ရင်း ပျောက်ကွယ်သွားလေသည် ။


ရွာသို့ မချောလှ ပြန်ရောက်သောအခါ ဤအကြောင်းများကို သူ့အချစ်ဆုံး ဖြစ်သော ရုပ်ဆိုးမ ကို ပြောပြ၏ ။ ရုပ်ဆိုးမသည် မချောလှ ကို မနာလို ဖြစ်သဖြင့် တစ်ညလုံး အိပ်မပျော်ပေ ။


နောက်တစ်နေ့ လူလစ်သော အချိန်တွင် ရုပ်ဆိုးမ သည် စောစောစီးစီပင် ထ၍ ညောင်ပင်၌ တံမြက်စည်း လှဲ၏ ။


ရုက္ခစိုးနှင့်ကား မတွေ့  ။


တစ်ရက် .. နှစ်ရက် .. သုံးရက်လေးရက် … ငါးရက် ။


ရုပ်ဆိုးမသည် စိတ်မရှည်တော့သဖြင့် ခြောက်ရက် မြောက်သောနေ့ တံမြက်စည်း လှဲပြီးသောအခါ ...


“ ရုက္ခစိုးနတ်မင်း ရုက္ခစိုးနတ်မင်း ” ဟု အော်ခေါ်ပြီးလျှင် သစ်ပင်ကို ဝိုင်းပတ်၍ ရှာဖွေ၏ ။


ရုက္ခစိုးကြီးလည်း အူယားဖားယားနှင့် “ ဟေ … ဘာတုန်းဟေ့ ” ဟု ထူးကာ ပေါ်လာ၏ ။ သို့သော် ရုက္ခစိုး နတ်ဟာ သစ်ပင်အရှေ့ဘက်တွင် ပေါ်လာခြင်း ဖြစ်ပြီး ရုပ်ဆိုးမက သစ်ပင် အနောက်ဘက်တွင် ရောက်နေခိုက် ဖြစ်သဖြင့် တစ်ယောက်ကို တစ်ယောက် မတွေ့ ကြချေ ။


“ ရုက္ခစိုးနတ်မင်း ... ”


“ ဟေ ဘာတုံး ၊ ခေါ်လှချည်လားဟ ”


ရုက္ခစိုးနတ်က ရုပ်ဆိုးမ၏ အသံလာရာဘက်ကို လိုက်လျှောက်သွား၏ ။ ရုပ်ဆိုးမကလည်း ရုက္ခစိုးကြီး၏ အသံလာရာဘက်သို့ တစ်ဖက်က ပတ်၍ လျှောက်လာ၏ ။


ဤသို့ဖြင့် သူတို့ နှစ်ယောက်သည် အော်ခေါ်ရင်း ထူးရင်းနှင့်ပင် သစ်ပင်၏ ပင်စည်ကို ချာလပတ် လှည့်နေလေကြရာ ကြာတော့ ရုက္ခစိုးနတ်ကြီးမှာ “ ဟယ် မူးလိုက်တာဟယ် ” ဟု ပြောပြီး သစ်ပင်ရင်းတွင် ထိုင်ချလိုက်လေ၏ ။


ထိုအခါမှ တစ်ပတ်လည်၍ ရောက်လာသော ရုပ်ဆိုးမ နှင့် တွေ့ရတော့၏ ။ ဤတွင် ရုက္ခစိုးကြီးက အပြစ်တင်သည် ။


“ နင့်ဥစ္စာက ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ကစားတာ ကျနေတာပဲ ။ နောက်နှစ်ပတ်လောက်ပတ် မိရင် ငါတော့ အန်မိတော့မှာ ။ ကဲ ဘာကိစ္စ ငါ့ကို တကြော်ကြော် ခေါ်တာလဲ ”


“ ကျွန်မ ဒီမှာ တံမြက်စည်း လာလာလှဲတာ ခြောက်ရက် ရှိပြီ ။ ဆုလေး ဘာလေးပေးပါဦး ”


“ ဪ … ဒါအတွက် ငါ့ကို ခေါ်တာလား ၊ နင်က မလှဘူး ”


“ မလှရင် ဆုမပေးဘူးလား ”


“ ရုပ်လှတာ မလှတာ အရေး မကြီးပါဘူး ၊ စိတ်လှတာ မလှတာက အရေးကြီးတယ် ။ စိတ်လှတယ် ဆိုတာက သဘောကောင်းပြီး သူတစ်ပါးအကျိုးကို ဆောင်ရွက်တတ်တဲ့ လူကို စိတ်လှတဲ့လူလို့ ခေါ်တယ် ၊ နင်က စိတ်မလှတော့ ငါ့ကို ရှိခိုး ၊ ဒါမှ ဆုပေးနိုင်မယ် ”


ရုပ်ဆိုးမသည် ထိုင်၍ ကန်တော့ရသည် ။ ထိုအခါ တွင်မှ ရုက္ခစိုးကြီးလည်း မချောလှ ကို ပေးသည့် ဆု အတိုင်း ပေးလိုက်လေသည် ။


ရုပ်ဆိုးမလည်း ဝမ်းသာရွှင်မြူးစွာ ရွာသို့ ပြန်ပြေးလာခဲ့လေ၏ ။


သို့သော် ဤအကြောင်းကို ဘယ်သူ့ကိုမှ ပြန်မပြောပြချေ ။


ဤသို့ နေကြ၍ တစ်နေ့သော အခါတွင် သူတို့ နေသော ရွာကလေးသို့ မြင်းစီး ခရီးသည် တစ်ဦး ရောက်ရှိလာလေသည် ။


ခရီးသည်နှင့် ပထမဆုံး တွေ့ရသူကား ညောင်ပင် အောက်တွင် တံမြက်စည်း လှဲလျက်ရှိသော မချောလှပင် ဖြစ်ပေ၏ ။


ခရီးသည် ယောက်ျားပျိုသည် နေပူဒဏ်မှ အကာအကွယ် ရရန် ညောင်ပင်၏ အရိပ်သို့ ဝင်ရောက် လာလေသည် ။ ထို့နောက် ညောင်ပင်အောက်တွင် တွေ့ရသော မချောလှနှင့် စကားလက်ဆုံကျသည် ။


ခရီးသည်က သူသည် တိုင်းပြည်တစ်ပြည်မှ မင်း သားလေး ဖြစ်ကြောင်း ၊ ခမည်းတော် နတ်ရွာစံ၍ နန်း တက်ရတော့မည် ဖြစ်ကြောင်း ၊ ယခု ကြင်ရာတော် ရှာဖွေရန်လာကြောင်းနှင့် ပြောပြသည် ။


ထိုသို့ ပြောပြပြီးလျှင် မချောလှ၏ လက်ကလေးကို ကိုင်၍ မိမိ၏ မေတ္တာကို လက်ခံပြီး နေပြည်တော်သို့ လိုက်ခဲ့ရန် ပြောလေသည် ။


မချောလှသည်လည်း မင်းသားလေးကို မေတ္တာရှိ သဖြင့် မိဘများထံ ခွင့်ပန်ကာ မင်းသားလေးနှင့် လိုက်သွားလေတော့သည် ။


နန်းတော်သို့ ရောက်၍ နှစ်ရက်မြောက်သောနေ့ နံနက်တွင် ရုပ်ဆိုးမသည် မချောလှ ရှိသော နန်းတော်သို့ ရောက်လာလေ၏ ။ မချောလှသည်လည်း သူငယ်ချင်း ချစ်ကို တွေ့ရသဖြင့် အလွန်ပျော်ရွှင်လျက်ရှိသည် ။ နောက် ငါးရက်မြောက်သောနေ့၌ လက်ထပ်ပွဲကြီး ကျင်းပမည့် အကြောင်းကိုလည်း ပြောပြ၏ ။ ရုပ်ဆိုးမနှင့် မင်းသားလေး ကိုလည်း အသိဖွဲ့ပေးလေသည် ။


ရုပ်ဆိုးမသည် မချောလှ အပေါ်တွင် မနာလိုနေသည် ဖြစ်သဖြင့် မင်းသားလေး နှင့် မချောလှတို့ ကွဲကွာရေးကို တွေးနေသည် ။ တစ်ချိန်တွင် မချောလှ လက်ထပ်မည့်နေ့တွင် ဝတ်မည့် အဝတ်များကို ပြရန်သွားယူ၏ ။ ထိုအခါတွင် နှစ်ယောက်ထဲ ရှိသဖြင့် ရုပ်ဆိုးမကား နက်ဖြန်တွင် လက်ထပ်ပွဲအကြို ပျော်ပွဲကြီး ဆင်ယင်သင့်ကြောင်း ၊ မချောလှ၏ မိဘများကိုပါ ခေါ်သင့်ကြောင်း အကြံပေးရာ မင်းသားလေးက လက်ခံလိုက်မိလေသည် ။ ရုပ်ဆိုးမလည်း မချောလှ၏ မိဘများကို အကြောင်းကြားပေးမည်ဟု ပြောကာ ရွာသို့ ပြန်သွားလေ၏ ။


နောက်နေ့သည်ကား မချောလှ နန်းတော် ရောက်၍ သုံးရက်မြောက်သော နေ့ပင် ဖြစ်သည် ။


သို့သော် နန်းတော်ကြီး တစ်ခုလုံးတွင် ပျော်ပွဲရွှင်ပွဲကြီး ဖြစ်၍ ဆူညံသံတို့ဖြင့် ဖုံးလွှမ်းနေ၏ ။ မချောလှ သည်လည်း ရုက္ခစိုးကြီးထံ သွားရန် မေ့လျော့သွားရှာလေ တော့သည် ။


ညနေ စောစောပိုင်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရုတ်တရက်ပင် မင်းသားလေးသည် မချောလှကို လုံးဝ မမှတ်မိတော့ချေ ။ သူစိမ်းတစ်ယောက်ဟု ထင်မှတ်ရုံမျှ မက မေတ္တာလည်း မရှိတော့ချေ ။


မည်သူ ပြော၍မှ မရ ။ ဦးခေါင်းကိုသာ တွင်တွင် ခါရမ်း၍ မချောလှ ကို သူ မသိဖူးကြောင်းနှင့် ငြင်းဆန်လျက်ရှိလေသည် ။ မင်းသားလေးက မမှတ်မိသဖြင့် မချောလှကို နန်းတော်မှ ထွက်ခွာသွားရန် နှင်ထုတ်လိုက်လေသည် ။


သနားဖွယ်ကောင်းသော မချောလှလေး ခမျာမှာ မသွားတတ် မလာတတ်နှင့် ခြေဦးတည့်ရာ လျှောက်ခဲ့လေရာ တောနက်ကြီး ထဲသို့ ရောက်လာလေတော့သည် ။ 


တောကြီး၏ တစ်နေရာတွင် ကွက်လပ်ကြီး၌ မြက်ကလေးများ ပေါက်၍ စိမ်းလန်းသော မြက်ခင်းပြင်ကို တွေ့ရလေသည် ။ မြက်ခင်းပြင်၏ ဘေးပတ်လည် နှုတ်ခမ်းစပ်နေရာများတွင် ပေါက်နေသော ပန်းပင်များ၌ လှပရောင်စုံပန်းပွင့်ကလေးများကို နေရာအနှံ့အပြား တွေ့မြင်ရသည် ။ ပန်းမျိုးစုံတို့မှ မွှေးကြိုင်သော ပန်းရနံ့ကလေး များကို ရှူရှိုက်ရသည်မှာ အမောပြေရတော့၏ ။


မြက်ခင်းပြင်၏ အလယ်ကောင်လောက်တွင် ဝင်ခါနီးနေရောင် ကျရောက်နေ၏ ။


ထိုနေရောင်ခြည်နွေးနွေးကလေးတွင် များပြားလှစွာ သော ပန်းဝတ်မှုန် နတ်သမီးနတ်သားလေးများသည် လက်ချင်းဆက်ကာ ဝိုင်းဖွဲ့၍ ပျော်ရွှင်စွာ ကခုန်နေကြသည် ။ အကဝိုင်းများမှာ လေးဝိုင်း ငါးဝိုင်းခန့်ရှိ၏ ။ သေးငယ်သာယာသော အသံကလေးများနှင့် တေးသီချင်းများကို ဟစ်ကြွေးသီဆိုရင်း ပတ်ချာလည် ဝိုင်း၍ ကခုန်ကြသည် ။


ပန်းဝတ်မှုန်နတ်ကလေးများသည် မချောလှ ကို မြင် သောအခါ ကခုန်ခြင်းကို ရပ်လိုက်ကြပြီး မချောလှ နားသို့ ဝိုင်းဝန်းလာကြလေ၏ ။ သူတို့၏ အရပ်ကလေးများသည် တံတောင်လောက်သာ ရှိကြသည် ။


“ အို .. မိန်းကလေး ဘာကြောင့် မျက်နှာမသာယာ ပါသလဲ ”


“ ပန်းဝတ်မှုန် နတ်ကလေးတွေလားကွယ် ၊ မချောလှ ထမင်းဆာလာပါပြီ ”


ဤတွင် ပန်းဝတ်မှုန် နတ်ဘုရင်မက …


“ သနားစရာ ကောင်းပါတယ် ၊ ဒါပေမဲ့ ကျွန်မတို့မှာ ကျွေးစရာ မရှိဘူး ၊ ကျွန်မတို့က ပန်းဝတ်ရည် ပန်းဝတ်မှုန်တွေကိုသာ စားသောက်ကြတာမို့ ကျွေးစရာ မရှိပါဘူး ၊ ဒါပေမဲ့ ရှေ့ကို ဆက်သွားရင် တောင်ပို့ကြီးတစ်ခု တွေ့ပါလိမ့်မယ် ။ အဲဒါ အမှန်က မြေဘုတ်ဘီလူးကြီးပဲ ၊ သူက သဘောကောင်းပါတယ် ။ သူက အသားလည်း စားတယ် ၊ ထမင်းလည်း စားတယ် ။ ဒီတော့ မချောလှ အတွက် စားစရာ ပေးနိုင်ပါလိမ့်မယ် ”


“ ကျေးဇူးတင်ပါတယ် ပန်းဝတ်မှုန် နတ်သမီးလေးရယ် ”


မချောလှသည် ရှေ့သို့ဆက်လက်၍ ခရီးထွက်လာခဲ့၏ ။


မှောင်လု မှောင်ခင် အချိန်တွင် တောင်ပို့ကြီးကို မြင်ရတော့၏ ။


“ မြေဘုတ်ဘီလူးကြီး မြေဘုတ်ဘီလူးကြီး ”


မချောလှက ခပ်ကျယ်ကျယ်လေး ခေါ်လိုက်သည် ။ မြေဖုတ်ဘီလူးကြီးသည် ကိုယ်ကို ခါလိုက်ရာ မြေကြီးမြေမှုန့်များ ကြွေကျကုန်ပြီး ဘီလူးကြီး ကိုယ်ခန္ဓာမှာ ပေါ်ပေါက်လာလေ၏ ။


မြေဖုတ်ဘီလူးကြီးသည် မချောလှကို မြင်သောအခါ ထိတ်လန့် တုန်လှုပ်သွားသည် ။


“ မင်း .. မင်း ဘာသတ္တဝါလဲ ”


“ ကျွန်မ လူပါ ”


“ ဟင် လူတွေဟာ အရုပ်ဆိုးလှချည်လား ကရို့ ၊ ကဲ .. ဆိုပါဦး ၊ ဘာကိစ္စ ”


မချောလှသည် မြေဖုတ်ဘီလူးကြီးကို အကျိုးအကြောင်း အကုန်ပြောပြ၏ ။ မချောလှ၏ အကြောင်းကို ကြားရသောအခါ မြေဖုတ်ဘီလူးကြီးမှာ မချောလှကို သနားသွားလေသည် ။


“ ဖြစ်မှဖြစ်ရလေ မချောလှရယ် ၊ ကဲ ကောင်းပြီလေ ၊ ကျုပ်ကလည်း မြေဖုတ်ဘီးလူး ရှင်ဘုရင် ဆိုပေမယ့် လူပျိုကြီး ဆိုတော့ ထမင်းကောင်းကောင်းချက်တာ မစားရပါဘူး ။ ဒီတော့ မင်းက ကျုပ်ဆီမှာ ထမင်းဟင်း ချက်ပေါ့ ၊ ကျုပ် ကြိုက်အောင် ချက်ပြုတ်ကျွေးနိုင်ရင် ပျော် သလောက်နေပါ ။ ကဲ .. အခုလည်း ထမင်းစားပါဦး ”


မြေဖုတ်ဘီလူးကြီးသည် မြေကြီးကို ဖနောင့်နှင့် ပေါက်လိုက်ရာ မြေကြီးထဲမှ နန်းတော်ကြီးသည် မြေပေါ်သို့ ပေါ်ထွက်လာလေတော့သည် ။


ကျောက်မျက်ရတနာ မျိုးစုံဖြင့် အရောင်စုံ တလက်လက်ထွက်ကာ လှပသည် ။ ကျောက်မျက်ရတနာတို့၏ အရောင်ကြောင့် လင်းထိန်နေ၏ ။ နန်းတော်ကြီး ထဲတွင် သွားလာလုပ်ကိုင်နေကြသူများကား လိပ်ပြာနတ်ကလေးများ ဖြစ်ကြသည် ။


သူတို့သည် ခြောက်လက်မခန့် ရှိသော လူငယ်လေးများ ပုံသဏ္ဌာန် ရှိကြ၏ ။ အသားအရေ အလွန်နူးညံ့ သည် ။ သူတို့၏ ကျောတွင် နူးညံ့ပါးလွှာပြီး လှပသော အဆင်အသွေး အမျိုးမျိုးရှိသည့် တောင်ပံကလေးများ ပါရှိလေသည် ။ ထို့ကြောင့် သူတို့သည် မြေပေါ်တွင်လည်း လမ်းလျှောက်နိုင်ကြ၏ ။ လေထဲတွင်လည်း လူးလာပျံသန်းနိုင်ကြလေသည် ။


မချောလှသည် မြေဖုတ်ဘီလူးကြီး၏ နန်းတော်တွင် နေထိုင်ရသည့် အတွက် ကျေးဇူးတင်လှ၏ ။ သို့သော် ရက်စက်စိမ်းကားသော မင်းသားလေးကြောင့် စိတ်မပျော်ရွှင်ချေ ။


မြေဖုတ်ဘီးလူးကြီးသည်လည်း မချောလှ၏ အချက်အပြုတ် ကောင်းမွန်မှုကြောင့် ကျေးဇူးတင်၏ ။ သို့သော် မှိုင်တွေနေတတ်သော မချောလှ အတွက် စိတ်မကောင်းချေ ။


“ မချောလှ ၊ မလှတဲ့ အထဲ မဲ့ပြသလို ဖြစ်နေပါပြီ ။ မင်းမျက်နှာကို အဲဒီလို မှိုင်နေရင် ငါကြောက်ကြောက်လာတယ် ၊ ငါ ဘာလုပ်ပေးရမလဲ ပြောပါ ” 


“ မင်းသားလေး သတိရအောင် လုပ်ပေးနိုင်ရင် လုပ်ပေးပါ ”


“ ကောင်းပြီ ၊ ငါကြံစည်ဦးမယ် ”


မြေဖုတ်ဘီလူးကြီးသည် တစ်ယောက်တည်း ထိုင် စဉ်းစား၏ ။ စဉ်စား၍ မရချေ ။ ထို့ကြောင့် မြေဖုတ် အမတ်ကြီး တစ်ယောက်ကို ခေါ်၍ တိုင်ပင်သည် ။


“ အမတ်ကြီး ၊ မေ့တဲ့ လူကို သတိရအောင် ဘယ်လို လုပ်ရသလဲ ”


“ နှာနှပ် ပေးရပါတယ် ဘုရား ”


“ အင်း … ကောင်းလေစွ ၊ ဒါကြောင့်လည်း ပညာရှိ အမတ်ကြီး ဖြစ်ပေတာပဲ ”


မြေဖုတ်ဘီလူးမင်းကြီးသည် နှာဘူးကလေး ယူကာ မြေလျှိုး၍ သွားလေတော့သည် ။


မင်းသားလေးသည် နန်းတော်ထဲရှိ သလွန်ပေါ်၌ ထိုင်နေရာမှ ကြေးမုံပြင်ဟု ခေါ်သည့် မှန်ကို ကြည့်ရန် ထသွားလေ၏ ။ ထိုခဏတွင် သူ၏ နောက်ကျောဘက်မှ မြေဖုတ်ဘီလူးကြီးသည် မြေထဲမှ ထွက်ပေါ်လာလေ၏ ။ သို့သော် မင်းသားလေး၏ ကျောဘက်က ဖြစ်နေသဖြင့် မင်းသားလေးက မမြင်ဘဲ ဆက်၍ လျှောက်သွား၏ ။


“ ဟာ .. မဖြစ်သေးပါဘူး ။ သူ့ရှေ့က ပေါ်မှ ဖြစ်မယ် ” 


ဤသို့ပြော၍ မြေဖုတ်ဘီလူးကြီးသည် မြေကြီးထဲသို့ ပြန်ဝင်သွားပြန်လေ၏ ။


မင်းသားလေးသည် ဘောင်နှင့်တကွ ထောင်ထားသော ကြေးမုံပြင်ကြီး ရှေ့တွင် ရပ်၍ အလှပြင်လိုက်သည် ။


ထိုအချိန်တွင် မြေဖုတ်ဘီလူးကြီးသည် မင်းသားလေး၏ အရှေ့ဘက်ဆီမှ ဘွားခနဲ ထိုးထွက်လာလေ၏ ။ သို့သော် သူနှင့် မင်းသားလေး အကြားတွင် ထောင်နေသော ကြေးမုံပြင်ကြီး ခံနေသဖြင့် မင်းသားလေးက သူ့ကို မတွေ့မြင်ရပြန်ချေ ။


“ ဟယ် .. ဒုက္ခပါပဲနော် ”


မြေဖုတ်ဘီလူးကြီးသည် မြေထဲ ပြန်ဝင်သွားရပြန်လေ၏ ။ ထို့နောက်တွင်မှ မင်းသားလေး၏ ကျောဘက် နားဆီမှ ပြန်ပေါ်လာလေသည် ။ မင်းသားလေးသည် ကြေးမုံပြင်ထဲတွင် မြင်သဖြင့် ချာခနဲနောက်သို့ လှည့်ကြည့်လိုက်လေ၏ ။


“ အသင်က ဘယ်တုန်းက နောက်က လာပြီး ထိုင်နေတာလဲ ၊ အခု မတ်တတ်ရပ်လိုက်မှ ကျွန်တော် မြင်တယ် ”


“ ဟာ .. လာထိုင်နေတာ မဟုတ်ဘူး ၊ မြေကြီးထဲက ထွက်လာတာ ”


“ မြေကြီးထဲက ထွက်လာတာ ဆိုရင်လည်း တစ်ကိုယ်လုံး ဖုန်တွေ ပေနေရမှာပေါ့ ၊ မယုံပါဘူးဗျာ ”


“ ဟာ .. ဒုက္ခပါပဲ ၊ ယုံချင်ယုံ မယုံချင်နေ ၊ စကား မများနဲ့ ၊ ဒါကိုရှူ … ဒါကိုရှူ ”


ပြောပြောဆိုဆိုနှင့် မြေဖုတ်ဘီလူးကြီးသည် နှာဘူးကို ဖွင့်၍ မင်းသားလေး၏ နှာခေါင်းနားသို့ အတင်း ကပ်ပေး၏ ။ မင်းသားလေးက ကိုယ်ကို နောက်သို့ ယို့သည် ။ ဘီလူးကြီးက အတင်းပင် ဘူးကို နှာခေါင်းဝ နားသို့ နင်းကန်လိုက်ကပ်၏ ။


“ ဘာလဲဗျ ...ဘယ်လိုလဲဗျ .. ဘယ့်နှယ်ဟာ ... ဘာ ဟတ် .. ချိုး ... ဟတ်ချိုး ၊ အို ဒုက္ခ .. ဟတ် .. ဟတ်ချိုး .. ဟာ .. ဗျာ ... ဟတ်ချူး ...”


မင်းသားလေး တချေထဲ ချေနေမှ မြေဖုတ်ဘီလူးကြီးသည် လက်ကို ပြန်ရုပ် လိုက်သည် ။


နှာချေ ရပ်သွားမှ မင်းသားလေးသည် နှာရည်များ ၊ ချွေးများကို သုတ်ပစ်ရလေသည် ။ မြေဖုတ်ဘီလူးကြီး ရွှင်ပြုံးစွာ မေးလိုက်၏ ။


“ ဘယ့်နှယ် … တော်တော် ပေါ့သွားသလား ”


“ ဘယ်သူက ဇက်ကြောတက်တယ် ပြောလို့တုန်းဗျ ”


“ အို … ယောင်လို့ပါ ၊ သတိရပြီလား ” 


“ ကျွန်တော် သတိမေ့နေတာမှ မဟုတ်တာ ” 


“ မဟုတ်ပါဘူးလေ ၊ မချောလှ မချောလှ ” 


“ ဘယ်က မချောလှလဲ ”


“ မင်းရဲ့ချစ်သူ မချောလှလေ ”


“ ဘယ်သူက ချစ်တာလဲ .. ၊ ဘာကို ခြစ်သလဲ ၊ အုန်းသီးကို ခြစ်သလား ”


“ ဟာ .. ဘယ်က အုန်းသီးခြစ်ရမှာလဲ ၊ တယ် မင်းမျက်နှာကြီးကို ငါ လက်နဲ့ ကုတ်ခြစ်လိုက်ပြန်တော့ မယ် ”


ဘီလူးကြီးက စိတ်မရှည်တော့ ။ မင်းသားလေး ကလည်း သတိမရ ။ နောက်ဆုံးတွင် ဘီလူးကြီးသည် လက်လျှော့ကာ မြေထဲသို့ ပြန်၍ လျှိုးဝင်ခဲ့ရလေတော့သည် ။


“ မချောလှရေ … မရဘူး ၊ နှာနှပ်တာတောင် သတိမရဘူး ” 


မြေဖုတ်ဘီလူးကြီးက မချောလှဆီ ပြန်ရောက်သောအခါ ပြောပြလိုက်လေ၏ ။


“ အို .. သတိလစ်ပြီး မေ့မျောနေတာမှ မဟုတ်တာ ၊ နှာနှပ်လို့ ရပါ့မလား ”


“ ဒါနဲ့များ ဟိုအမတ်စုတ်က ငါ့ကို အရူးလုပ်တယ် ” 


“ ထားပါဦးလေ ၊ ဒီပုလဲပုတီးလေးကို ပြကြည့်ပါဦး ၊ သူ သတိရချင် ရလာမှာပါ ”


မချောလှက သူ့ လည်တိုင်တွင် ဆွဲထားသော မင်းသားလေး ပေးထားသည့် ပုလဲပုတီးကို ဖြုတ်၍ ပေးလိုက်သည် ။


“ ကောင်းပြီ ၊ ငါ သွားကြည့်ဦးမယ် ”


မြေဖုတ်ဘီလူးကြီးသည် မြေလျှိုးသွားပြီးလျှင် မင်း သားလေး၏ အရှေ့နားသို့ ရည်မှန်းပြီး ထွက်လိုက်လေ၏ ။


မင်းသားလေးမှာ လေသာဆောင်သို့ အသွားတွင် သူ့ရှေ့နားက ကပ်၍ မြေဖုတ်ဘီလူးကြီး ထွက်လာရာ ဘီလူးကြီး၏ ဦးခေါင်းကို ခြေထောက်ဖြင့် ခလုတ်တိုက်၍ မင်းသားလေး လဲကျလေသည် ။


မြေဖုတ်ဘီလူးကြီးလည်း ကမန်းကတန်း မတ်တတ်ရပ်၍ နောက်စေ့ကို လက်နှင့် ပွတ်နေသည် ။ မင်း သားလေးလည်း လဲကျရာက ပြန်ထလိုက်လေသည် ။


“ လာပြန်ပြီလား ၊ ခင်ဗျား ခဏခဏ ဒုက္ခလာပေးတာပဲ ”


ဘီလူးကြီးသည် မင်းသားလေး၏ မျက်နှာရှေ့တွင် ပုလဲပုတီးလေးကို တွဲလောင်းကိုင်၍ လှုပ်ပြလိုက်၏ ။


“ မင်း .. ဒါလေးကို မှတ်မိသလား ” 


“ ဒါကို ခင်ဗျား ဘယ်က ကောက်ရသလဲ ” 


“ ဖွတ် .. ဒါ ကောက်ရတာ မဟုတ်ဘူး ”


“ ဒါဖြင့် ခင်ဗျား ခိုးလာတာ ”


“ အလယ်လယ် မလုပ်ပါနဲ့လေ ၊ ဒါကို ဘယ်သူ ဆွဲထားသလဲ စဉ်းစားစမ်းပါ ”


မင်းသားလေးလည်း စဉ်းစားနေပြီးမှ ဝမ်းသာအားရ ပြန်ပြောလေသည် ။


“ ဟာ သတိရပြီ ၊ ဒါကို ပန်းသည်ကြီး ဒေါ်ဘုမ ဆွဲထားတာပဲ ဟုတ်တာပေါ့ ”


“ ဟုတ်မယ် ဟုတ်မယ် အားကြီးဟုတ်မယ် ၊ တော် ကွာ ၊ ငါ ပြန်လိုက်ဦးမယ် ၊ မင်း သတိမရသေးဘူး ”


မြေဖုတ်ဘီလူးကြီးသည် ပြန်သွားပြီးလျှင် နောက်ထပ် နည်းလမ်းတစ်ခု ရှာရန် မချောလှကို တိုက်တွန်းလေ၏ ။


မင်းသားလေးမှာလည်း ကြင်ရာတော်ရှာရန် အရေးက ရှိသေးသဖြင့် ခရီးထွက်ရာ ရုပ်ဆိုးမနှင့် တွေ့သွားလေ၏ ။ မင်းသားလေးသည် ရုပ်ဆိုးမကို ယခင်က မြင်ခဲ့ဖူးကြောင်း မမှတ်မိချေ ။ ရုပ်ဆိုးမကို မြင်လျှင် မြင်ချင်း သဘောကျသွားသဖြင့် မိဘများထံ ခွင့်ပန်ကာ နန်းတော်သို့ ခေါ်ဆောင်ခဲ့လေ၏ ။


ရုပ်ဆိုးမသည် သူ့အလှည့်တွင် သုံးရက်မြောက်နေ့ကို သတိမမေ့အောင် အထူးဂရုစိုက်၏ ။


မချောလှမှာ နေ့စဉ်ပင် မင်းသားလေးကို အောက်မေ့လွမ်းဆွတ်နေသည် ။ တစ်နေ့တွင် အကြံတစ်ခု ရသဖြင့် မြေဖုတ်ဘီလူးမင်းသားထံ ဝင်ရောက်တွေ့ဆုံ၏ ။


မြေဖုတ်ဘီလူးမင်းသားကြီးသည် လိပ်ပြာနတ်သမီးကလေးများ ယိမ်းထွက် နေသည်ကို ကြည့်ရှုနေ၏ ။ 


“ ဆိုစမ်း မချောလှ ၊ ဘာကိစ္စလဲ ”


“ ကျွန်မရဲ့ ဟောဒီ လက်ကလေးကို ဖြတ်ယူသွားပြီး မင်းသားလေးကို ပြပါ ။ ဒီလက်ဟာ သူနဲ့ တွေ့တဲ့ နေ့က သူ ဆွဲကိုင်ခဲ့တာမို့ သတိရကောင်းရပါလိမ့်မယ် ”


ပထမသော် ဘီလူးကြီး သဘောမတူချေ ။ သို့သော် မင်းသားလေး သတိရကောင်းရမည်ဟု ယုံကြည်သဖြင့် မချောလှ၏ လက်ကလေးကို လက်ကောက်ဝက် အောက်ဘက် လက်တစ်ဝါးခန့် ဆီမှ ဖြတ်ယူလိုက်၏ ။ သူ့တန်ခိုးဖြင့် ဖြတ်သဖြင့် နာကျင်လှခြင်းတော့ မရှိချေ ။


ဘီလူးမင်းသားကြီးခမျာ စေတမန် အလုပ်ဖြင့် မြေလျှိုးရပြန်လေတော့သည် ။


ရုပ်ဆိုးမသည် တတိယမြောက်နေ့ ဖြစ်၍ မင်းသားလေးထံ အခစားဝင်သည် ။ လက်ထပ်ပွဲ မလုပ်ရသေး သဖြင့် မင်းသားလေးက သလွန်ပေါ်၌ ထိုင်၏ ။ ရုပ်ဆိုးမက ကြမ်းပြင်ပေါ်တွင် ထိုင်ရသည် ။ ရုက္ခစိုးထံ သွားလိုကြောင်း ခွင့်ပန်ရန် ခစားခြင်းဖြစ်၏ ။


ထိုခဏတွင် မြေဖုတ်ဘီလူးကြီးသည် မြေထဲမှ ထွက်လိုက်၏ ။ ခါတိုင်းကဲ့သို့ပင် အေးအေးသက်သာပင် ထွက်၏ ။


သို့သော် ... အပေါ်မှ ရုပ်ဆိုးမဝဝကြီးက ထိုင်နေသဖြင့် သူ့ဦးခေါင်းမှာ ရုပ်ဆိုးမ၏ တင်ပါးကြီးနှင့် ဒုန်ခနဲ တိုက်ပြီး ပြန်နစ်သွား၏ ။ နောက်တစ်ချီတွင် ခပ်ပြင်းပြင်းကလေး ထွက်လိုက်၏ ။


မရပါ ။ ဒုန်ခနဲ မြည်၍ ပြန်နစ်သွားပြန်၏ ။ စိတ်တိုချင်လာပေပြီ ။ မြေအောက်နက်နက်သို့ ဆင်း၍ အရှိန်ယူ၏ ။ ထို့နောက် အားရပါးရ အရှိန်နှင့် ပစ်ထွက်လိုက်လေရာ ရုပ်ဆိုးမမှာ သူ့ကုပ်ပေါ်မှ ခွလျက်ကြီးပါသွားလေ၏ ။


ရုပ်ဆိုးမက လိမ့်ကျမှာ ကြောက်၍ သူ့ဆံပင်တွေကို ဆုပ်ဆွဲ၏ ။


“ အာ .. နာတယ်လေ ၊ နာတယ်ဟ .. ”


“ နာရင် ပြန်ချပေး ”


မြေဖုတ်ဘီလူးကြီးက ထိုင်ပေးလိုက်မှ ရုပ်ဆိုးမ လည်း မြေပေါ် ပြန်ဆင်းနိုင်လေသည် ။ ဘီလူးကြီးသည် ဒေါပွပွနှင့် ရန်တွေ့ ရန် လှည့်ကြည့်လိုက်၏ ။ ရုပ်ဆိုးမကို မြင်သောအခါ အံ့အားသင့်သွားတော့သည် ။


“ အလို .. မင်း ဘာသတ္တဝါလဲ ”


“ လူပေါ့ရှင့် ”


“ အောင်မယ်လေး .. လူထဲမှာလည်း လှတာတွေ ရှိပါလား ”


ဘီလူးကြီးမှာ သူ့လို အရုပ်ဆိုးသူကို တွေ့သော် လှပသည်ဟု ထင်မိလေသည် ။


ဤတွင် မင်းသားလေးက မေးလိုက်၏ ။


“ ခင်ဗျား ဘာလာရှုပ်ပြန်သလဲ ”


“ ဪ … ဒါလေး ကြည့်ပါဦး ၊ ဘယ်သူ့ လက်လဲ ” 


မင်းသားလေးက မမှတ်မိချေ ။


သို့သော် ရုပ်ဆိုးမသည် လက်ကောက်ဝတ်ဆီမှ အနာရွတ်ကလေးကို မြင်သောအခါ ချက်ချင်းမှတ်မိ၏ ။ မိမိ အပေါ် စေတနာ အပြည့်အဝနှင့် လက်ကို အနာခံ၍ လက်ကောက် ဖြတ်ပေးခဲ့သော မချောလှ ။ မိမိက ယုတ်မာစွာနှင့် ဒုက္ခဖြစ်အောင် အလုပ်ခံရသော မချောလှ ။


မချောလှ၏ လက်ကလေးသည် သူ့ကို သနားစဖွယ် ကြည့်နေသည်ဟု ထင်မိသည် ။


ရုပ်ဆိုးမသည် လက်ကလေးကို ဆွဲယူ၍ ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားလိုက်လေ၏ ။ ထို့နောက် ငိုကြွေးလိုက်လေ တော့သည် ။


မိမိ၏ အမှားကို သတိရသည် ဖြစ်သောကြောင့် အားလုံးကို ဖွင့်၍ ပြောလိုက်၏ ။ မင်းသားလေးကမူ မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေသည် ။


နောက်ဆုံးတွင် မြေဖုတ်ဘီလူးကြီးက မချောလှကို ပြန်ခေါ်ခဲ့ပြီး သူ့တန်ခိုးနှင့် လက်ကို ပြန်ဆက်ပေးပြီးလျှင် သူတို့ လေးယောက်သားသည် ရုက္ခစိုးရှိရာ ညောင်ပင်သို့ ထွက်လာခဲ့ကြလေ၏ ။


“ ရုက္ခစိုးကြီး .. ရုက္ခစိုးကြီး ”


ညောင်ပင်အောက် ရောက်သောအခါ မြေဖုတ်ဘီလူးကြီးက အော်ခေါ်လိုက်၏ ။


ဘာသံမှ ပြန်မကြားရချေ ။


“ တယ်လေ .. ဒီရုက္ခစိုးကလည်း ဘယ်သွားသေနေမှန်း မသိဘူး ”


မြေဖုတ်ဘီလူးကြီးက စိတ်တိုတိုနှင့် ပြောလိုက်၏ ။ 


“ မင့်အဖေက ဒီမှာလေကွာ ”


အားလုံးမှာ နောက်သို့ လှည့်ကြည့်ကြရ၏ ။


ရုက္ခစိုးကြီးသည် သူတို့ နောက်က ကမူလေးပေါ် တွင် ထိုင်နေသည် ။ ထို့ကြောင့် အားလုံး ပြန်လှည့်လိုက်ကြရသည် ။


“ ခင်ဗျားကို ဒီဘက်က ခေါ်တာ ၊ ဘာဖြစ်လို့ နောက်က ပေါ်လာရတာလဲဗျ ”


“ ဟ ငါ့ဘာသာ ငါ ဘယ်ကပေါ်ပေါ် မင့် အလုပ်လားကွ ၊ လိုရင်းကိစ္စကိုသာ ပြောကွာ ၊ ပြောပြီး မြန်မြန် ပြန်ကြ ၊ ငါ ဒန်းစီးရဦးမယ် ၊ မင်းတို့ ရှိရင် ရှက်တယ်ကွ ”


မြေဖုတ်ဘီလူးမင်းသားက အကျိုးအကြောင်း အားလုံး ပြောပြလိုက်လေသည် ။ ဤတွင် ရုက္ခစိုးနတ်က ပြန်၍ လက်ဝါးနှင့် သပ်ပြီး ဖြေလိုက်သဖြင့် မင်းသားလေးသည် သတိပြန်ရလာတော့၏ ။


မချောလှ နှင့် ရုပ်ဆိုးမတို့သည် အနီးအနားမှ ပန်းများဖြင့် ရုက္ခစိုးနတ်ကို ပူဇော်ကြသည် ။ ထို့နောက် မချောလှသည် လူမင်းသားကလေးနှင့် လိုက်ပါသွား၏ ။ ရုပ်ဆိုးမသည် ဘီလူးမင်းသားနှင့် လိုက်ပါသွားသည် ။


ရုက္ခစိုးကြီးကား အားရပါးရ ဒန်းစီး ၏နေလေတော့သတည်း ။


〇 ကြပ်ကလေး

📖 ပျော်ရွှင်ဖွယ် ဟာသပုံပြင်များပေါင်းချုပ် ( ပထမတွဲ ) 

No comments:

Post a Comment