Saturday, January 31, 2026

အိမ်ဦးနတ်


 

❝ အိမ်ဦးနတ် ❞
      ( မခ )

“ ဟိုမှာ အဖေကြီး ထင်တယ် ”

စိုပြေမက လမ်းဘေး တစ်နေရာတွင် လဲနေသော အရက်သမားကြီးအား လက်ညှိုးထိုး ပြသောအခါ မိတုတ်မ၏ ဒေါသဟူသမျှ စိုပြေမ အပေါ် ပုံကျသွားတော့လေ၏ ။

“ ဟဲ့ မသာမရဲ့ ၊ နင့် အဖေကာလနာကြီးက အိမ်မှာတင် ကာလနာ တိုက်နေခဲ့တာ နင် မမြင်ခဲ့ဘူးလား ဟဲ့ ” ဟု ဆိုကာ စိုပြေမ ခေါင်းကို လေး,ငါးချက် ဆင့်ခေါက်လိုက်လေသည် ။

စိုပြေမမှာ နာသော်လည်း မအော်ရဲ ။ သူ့အသံ ထွက်လျှင် ပိုနာရမည် ဆိုတာ ပုဗ္ဗာစရိယ မိနှင့်ဖတို့က လက်ပူတိုက် သင်ကြားပေးထားခဲ့သည် မဟုတ်လား ။

မိတုတ်မ အနေနှင့် ကလည်း ကြာကြာ ဒေါသ မထွက်နိုင်အား ။ ယခု သူမ တွက်ချက် နေရသည်မှာ နေ့ဖို့ညစာ ။ ဟုတ်သည် နေ့ဖို့ညစာသာ ဖြစ်သည် ။ တစ်နေ့လုံး အိမ်တကာ လှည့်ပြီး သူများ ခိုင်းသမျှ ကျိုးကျိုးနွံနွံ လုပ်ခဲ့ရပေမဲ့ ညနေစောင်းတော့ သူ့ထဘီကြား ကျစ်ကျစ်ပါအောင် လိပ်ထားသော ငွေစကြေးစမှာ သုံးထောင်ကျပ် တိတိမျှသာ ။

ညနေ အိမ်ရောက်တာနှင့် ဖောသွပ်ရောင်အန်းနေသော လင်တော်မောင် အိမ်ဦးနတ်ကြီး၏ မျက်နှာတော်အား စက်ဆုပ်ရွံရှာဖွယ်ရာ ဖူးမြော်ရ၏ ။

ကြည်ညိုတာ မကြည် ညိုတာ အသာထားလို့ လင်တော်မောင်အား တစ်ထောင်ကျပ်တိတိ ပူဇေမိခဲ့ရပေသည် ။ တစ်ညတာ နားအေးပါးအေး နားနေ အိပ်စက်ခွင့်အတွက် ဘီအီးတစ်ဘူးဖိုး ရှိခိုးကော်ရော်ခဲ့ရလေပြီ ။ အခု မိတုတ်မ လက်ထဲမှာ ငွေနှစ်ထောင် ကျပ်ကြီးများတောင် ကျန်နေသေး၏ ။ မိတုတ်မသည် တစ် နှင့် တစ် ပေါင်း နှစ် လောက်သာ သိရှာသည့် အသိဉာဏ်ပညာ မဟာနှင့် စီမံခန့်ခွဲနိုင်ဖို့ ကြိုးစားနေရှာ၏ ။

ဆန်တစ်ပြည်တော့ ဝယ်ထားမှရမည် ။

“ ဆန်တစ်ပြည်ပေးပါ ”

မိတုတ်မ အသံ ကြားပါလျက်နှင့် ဆိုင်ရှင်အဒေါ်ကြီးဟာ ဆွံ့သယောင်ယောင် ၊ အ,သယောင်ယောင် လုပ်နေ၏ ။ မိတုတ်မက ဘဝပေး အသိအရ ထဘီကြားမှာ ကျစ်ကျစ်ပါအောင် လိပ်ထားသော ငွေအကြွေ အချို့ကို လက်ထဲ ကိုင်ပြလိုက်မှ -

“ ညည်း အရင်က ဈေးဖိုးတွေ ကျန်သေးတယ်နော် ” ဟု ဆိုင်ရှင်အဒေါ်ကြီးက ဆူဆူဆောင့်ဆောင့် ပြော၏ ။ ဒီလို နေရာမျိုးတွင် မိတုတ်မတို့က ခေသူ မဟုတ်ပေ ။

“ အဆင်ပြေတော့ ပေးမှာပေါ့တော် ၊ တော့်အကြွေး သေရာ ယူမသွားပါဘူး ” ဟု ပက်ခနဲ ခံရန်တွေ့လိုက်သည် ။

“ ဒီလို ပြောတာပါပဲ အေ ” ဟု ပြောကာ အဒေါ်ကြီးက ဆန်တစ်ပြည်ကို မဲ့ကာ ရွဲ့ကာ ခြင်ပေး၏ ။

မိတုတ်မက “ ရော့ တစ်ထောင့်ငါးရာ ” ဟု ဆိုကာ ဖယောင်းတိုင် တစ်ရာဖိုးနှင့် တစ်ရာတန်ပေါင်မုန့် တစ်ထုပ်ဖြုတ်လေသည် ။ ပေါင်မုန့်မှာ အိမ်ရှေ့စံ သားတော်မောင် ဖိုးလပြည့် အတွက် ဖြစ်ပေ၏ ။ မိတုတ်မ ယခုအချိန်အထိ အသက်နှင့် ကိုယ် မြဲနေခြင်းမှာ ဖိုးလပြည့် ဟူသော နှောင်တည်းထားသော ကြိုးတစ်ချောင်းကြောင့် သာ ။ ဖိုးလပြည့်သည် မိတုတ်မ၏ အသက် ဖြစ်၏ ။ ဖိုးလပြည့်သည် မိတုတ်မ၏ ဘဝဖြစ်၏ ။ ထိုမျှမက ဖိုးလပြည့်သာ မိတုတ်မ၏ အရာရာ ဖြစ်ပေတော့သည် ။

••••• ••••• •••••

၁ ။

စိုပြေမမှာ ဆန်တစ်ပြည် အိတ်လေးကို ကျကျနန ချည်နှောင်ကာ ကိုင်ဆွဲထား၏ ။ မိတုတ်မမှာ ဆန်ဆိုင်နှင့် မျက်စောင်းထိုးက ချက်ဟင်း ရောင်းသော ဆိုင်သို့ ရောက်နေလေပြီ ။ မိတုတ်မ လက်ထဲက နှစ်ရာတန်နှစ်ရွက် ၊ တစ်ရာတန်တစ်ရွက် ဆိုသော ငွေကြေးက မိတုတ်မ၏ ထိထိမိမိ စီမံခန့်ခွဲနိုင်စွမ်းအားကို စောင့်ကြည့်နေပေသည် ။ မိတုတ်မက တံတွေးကို ဂွပ်ခနဲ မျိုချကာ စီမံခန့်ခွဲတော့၏ ။ မိတုတ်မ၏ အကြည့်မှာ ဝက်သားကို ကျော်၏ ။ ကြက်သားကို ကျော်၏ ။ ငါးဟင်းခွက်နားမှာ ခလုတ်တိုက် သွားပေမဲ့ အောင်မြင်စွာ ကျော်လွှားနိုင်သေး၏ ။ ကြက်ဥပန်းကန်မှာ ရပ်တန့်သွား၏ ။ ကြက်ဥကို ပြုတ်၍ ထက်ခြမ်းခွဲကာ ခရမ်းချဉ်သီးအနှစ်နှင့် ချက်ထားသော ထို ကြက်ဥဟင်းလျာမှာ သားတော်မောင် ဖိုးလပြည့် ခံတွင်း တွေ့တော်မူ၏ မဟုတ်လား ။ မိတုတ်မ ယတိပြတ် ဆုံးဖြတ်လိုက်၏ ။ “ ကြက်ဥနှစ်ခြမ်း ထည့်ပေးပါ ” ။ တစ်ခြမ်း တစ်ရာ ဆိုတော့ ထိုတွင် နှစ်ရာ ကုန်ပေသည် ။

ထိုနောက် မိတုတ်မ မျက်လုံးတွေဟာ ကမ္ဘာမြေပေါ်က သားကောင်ကို သိမ်းစွန်ငှက် ဖြန့်ကြက် ကြည့်သကဲ့သို့ ဟင်းခွက်များ အပေါ် စုန်ချည်ဆန်ချည် ဖြန့်ကြက် ပျံဝဲနေလေသည် ။ သူ့အကြည့်ကို ငါးပိရည်ကျိုခွက်က မိ၏ ။ သို့သော် မိတုတ်မက ရုန်းထွက်လာပြန်၏ ။ တစ်ဖန် သူ့အကြည့်ကို ကြက်ဟင်းခါးသီးကြော်ခွက်က မိ၏ ။ စိုပြေမ မှ ကြက်ဟင်းခါးသီး မကြိုက်ဘဲလေ ။ မိတုတ်မ ရုန်းထွက် လာပြန်၏ ။ ဒီလိုနှင့်ပဲ နောက်ဆုံး ချဉ်ပေါင်ကြော်ခွက်မှာ မိတုတ်မ ကျရှုံးရလေသည် ။

“ ချဉ်ပေါင်ကြော် နှစ်ရာ ဖိုး ထည့်ပေးပါ ”

တော်ပြီလေ ။ “ ကြက်ဥ နှစ်ခြမ်းက ဖိုးလပြည့် အတွက် ၊ ငါနဲ့ စိုပြေမက ချဉ်ပေါင်ကြော်နဲ့ စားလို့ရတာပဲ ” ။ အိမ်ဦးနတ်ကြီးကတော့ ဘုဉ်းပေးတော်မူမည် မဟုတ်ပေ ။

••••• ••••• •••••

၂ ။

“ ဟဲ့ ကောင်မ ဒီဘက် ကူးခဲ့လေ ”

ဆန်ထုပ် ကိုင်ကာ ငေးချင်ရာ ငေးလို့ တွေးချင်ရာ တွေးနေသော သူ့ချစ်သမီးကြီး စိုပြည်မကို မိတုတ်မက ပီယဝါစာ ခုနစ်သံချီကာ ခေါ် လေသည် ။

“ တကတဲတော် တစ်ခါတည်း လိုက်လာမယ် မှတ်နေတာ ၊ အဲဒီ ဆန်ဆိုင်က နင့်လင် ရှိလို့ နင်က နေခဲ့ရတာလား ”

“ အွန်း အမေကလည်း သမီးက ဟင်းဆိုင် မလိုက်ချင်လို့ပါ ။ အဲဒီဆိုင်က ကြက်သား ဝက်သားတွေ မြင်ရင် သမီး ငိုချင်တယ် ”

စိုပြေမက အဲဒီလို ရိုးရိုးကြီး ပြောချလိုက်တော့လည်း မိတုတ်မ ရင်ထဲမှာ မကောင်းရှာ ။ မိတုတ်မက သူ့သမီး မျက်နှာကို တစ်ခါမှ မမြင်ဖူးသလို ငေးလို့ ။ ဪ သူတောင် အပျိုကြီးဖားဖား ဖြစ်လာပါပေါ့လား ။ မိတုတ်မ ရင်ထဲ ဒီနေ့မှ ထူးထူးခြားခြား ကရုဏာစိတ်တွေ ဝင်လာသည် ။ သို့သော် လျှပ်စစ်ရုံးမှ ဓာတ်ကြိုးနှင့် မလွတ်၍ ခုတ်ချထားသည့် တမာကိုင်းခြောက်တွေ မမြင်ခင်သာ ။ တမာကိုင်းခြောက်တွေ မြင်တော့လည်း -

“ ကဲ ကောင်မ ထင်းခြောက် ဆွဲခဲ့ဦး ၊ ပေးပေး ငါ့ ဆန်ထုပ် ပေးလိုက် ”

••••• ••••• •••••

၃ ။

အိမ်ရောက်တယ် ဆိုလျှင်ပဲ မိတုတ်မ ဟာ သားတော်မောင်ကို ပေါင်မုန့်ထုပ်လေး ပေးပြီး ထမင်းအိုး အပြေးအလွှား တည်ရသည် ။ လင်တော်မောင် အိမ်ဦးနတ်ကြီး ကိုလည်း မသိမသာ အကဲခတ် ကြည့်ရသေး၏ ။ ကာလနာကြီးက ဒီတစ်ဘူးနှင့် မလောက်၍ ဂျစ်တိုက်လာ ရင်ပေးဖို့ ဟင်းဝယ်တုန်းက ချန်လာသည့် တစ်ရာတန် အနွမ်းလေးကို ဖွဖွစမ်းကြည့်မိသေးသည် ။

တစ်အောင့် နေရင်ပဲ စိုပြေမ ထင်း တစ်ပွေ့တစ်ပိုက်နှင့် ပြန်ရောက်လာသည် ။ မိတုတ်မက ထမင်းအိုးကို စိုပြေမ လက် အပ်ကာ ရေအပြေးအလွှား သွားချိုး၏ ။ ပြန်လာတော့ ထမင်းစားပွဲလေး ပေါ်မှာ အငွေ့တထောင်းထောင်းထ, နေသော ထမင်းဖြူပန်းကန်လေး သုံးချပ်ကို တွေ့ရသည် ။ အိမ်ဦးနတ်ကြီးလည်း ကပ်ကြမ်းပေါ်မှ လိမ့်ဆင်းကာ မြေကြီးပေါ်မှာ ပက်လက်ကြီး အိပ်ပျော်နေသည် ။ ပုဆိုးမှာ လည်ပင်း ရောက်နေသဖြင့် မိတုတ်မမှာ ဆွဲယူ ဖုံးဖိပေးနေရသေး၏ ။ ပြီးမှ အိမ်ဦးနတ်ကြီးကို ကျော်ခွကာ တစ်ခန်းတည်းသော ဘုရားစူးအခန်းလေး အတွင်းမှာ အင်္ကျီအဝတ်အစား ဝင်လဲ၏ ။

“ အမေ ဖယောင်းတိုင် ထွန်းလိုက်ရတော့မလား ”

စိုပြေမ အသံကို ကြားတော့ မိတုတ်မမှာ အခန်းထဲမှ တယ်လီနောကြော်ငြာ ဗွီနိုင်းကို မ,ကာ အပြင်သို့ လှမ်းကြည့်သည် ။ ဦးချစ်ရီတိုက်ကြီးမှ မီးလင်းနေတာ မြင်သဖြင့် စိုပြေမကို ဖယောင်းတိုင် မထွန်းတော့ရန် ပြောရလေ၏ ။

“ မထွန်းတော့နဲ့ ဟဲ့ထမင်းစားပွဲကို အိမ်ရှေ့ဘက် ရွှေ့လိုက် ၊ ဦးချစ်ရီတိုက်က မီးရောင်နဲ့ အလင်းခံ စားမယ် ”

ထမင်းစားပွဲမှာ သားအမိ သုံးယောက် စုံတော့ မိတုတ်မက အိမ်တိုင်သံငုတ်မှာ ချိတ်ထားသော ဟင်းထုပ် သွားဖြုတ်သည် ။ တစ်စုံတစ်ခုသော လွဲမှားမှုကြောင့် မိတုတ်မမှာ ငယ်ထိပ် မိုးကြိုးပစ်လိုက်သလို ခံစားလိုက်ရ၏ ။

“ စိုပြေမ ၊ နင် ဟင်းထုပ်တွေ ကိုင်သေးလား ”

မိတုတ်မ အသံက မိုးခြိမ်းသံ အလားပင် ။

“ သမီး မကိုင်ဘူးလေ ” ဆို စိုပြေမ စကားအဆုံးမှာ မိတုတ်မ တရားခံကို တွေ့ လေပြီ ။ အိမ်ဦးနတ်ကြီး စံပယ်တော်မူသော ကပ် ကြမ်းကြားမှာ ညှပ်နေသည့် ကြွပ်ကြွပ်အိပ်လေး ။

“ ဪ လက်စသတ်တော့ သေခြင်းဆိုးကြီးက မျိုဆို့ပစ်လိုက်တာကို ”

မိတုတ်မ ဒေါသကြောင့် အသားတွေ တဆတ်ဆတ် တုန်လာ၏ ။ နာကျင်ခံခက်မှုကြောင့် မျက်ရည်ပေါက်ကြီးငယ်တို့ သိမှတ်မဲ့စွာ ဒလဟော စီးဆင်းလာတော့သည် ။ မိတုတ်မ ထင်းခုတ်ဓားမဆီ ကြည့်မိသည် ။ “ ငါ လုပ်လိုက်ရင် ငါ့ကလေး တွေ သောင်ပြင်လွှတ်တဲ့ ခွေးကလေးတွေလို ဖြစ်တော့မယ် ” ။ မိတုတ်မ စိတ်ကို အံကြိတ် ဖြေလျှော့နေရ၏ ။ အရေးထဲ စိုပြေမ က ဘာပြောလိုက်သည်မသိ ၊ ဖိုးလပြည့် မှာ ကင်းတုပ်သလို စီခနဲ ထ,ငိုတော့လေသည် ။

ထိုအချိန်တွင်ပင် လမ်းပေါ်မှ -

“ ထမင်းစား နေကြတာလားဟ ၊ ကလေးကလည်း ငိုလှပါလား ၊ စိုပြေမရေ ဟင်း လာယူလှည့် ဟ ” ဆိုသော ဦးချစ်ရီ အသံကို ကြားရသည် ။ စိုပြေမ က သူ့အမေဆီ အမိန့်ခံသလို မော့ကြည့်နေ၍ မိတုတ်မက အသာ ခေါင်းယမ်း ပြရသေးသည် ။ စိုပြေမ အရွယ် ရောက်ပါပြီ ဆိုကတည်းက အရှေ့ဘက်က ဦးချစ်ရီတိုက်ကို မသွားဖို့ မိတုတ်မ ပြင်းထန်စွာ တားမြစ်ခဲ့သည် ။ တိုက်ကြီးတစ်ခုလုံး ဦးချစ်ရီ တစ်ယောက်တည်းသာ ရှိ၏ ။ ထိုအိမ်ကြီးမှာ စနေ ၊ တနင်္ဂနွေနှင့် လကုန် ရက်များမှ တစ်ပါး လူသူ ကင်းမဲ့လွန်းလှသည် ။ တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး ဒိုင်ခံသည်ဟု သိရသည် ။ လူပျိုကြီးဟု သိရသည် ။ ပိုက်ဆံချမ်းသာတာတော့ သေချာသည် ။ သူ့ ဆီ စကိုဖီးလေးနှင့် ညမနက် ထမင်းချိုင့် လာပို့ပေးသော လူငယ်မှာ သူ့မြေး ဟုလည်း သိရသည် ။ အားလုံးထက် သေချာတာကတော့ မိန်းမတို့၏ မွေးရာပါ အတတ်အရ သိရသော အဲဒီလူကြီး၏ ကြည့်ပုံရှုပုံ ပြောပုံဆိုပုံ ဖြစ်သည် ။ တဏှာရူးကြီးမှန်း သိသာလှသည် ။ စက်ဆုပ်ရွံရှာဖွယ်ရာပင် ဖြစ်သည် ။ ဝါးကားတောင် ရှောင်ပါ့မလားဟု မိတုတ်မ တွေးနေမိသည် ။

သို့သော် ... ။

••••• ••••• •••••

၄ ။

သို့သော် ဖိုးလပြည့်၏ ငိုသံက မိတုတ်မ၏ ခံနိုင်ရည်စည်းကို လွန်လာသည် ။ မိတုတ်မ ဆက်လက် တောင့်ခံနိုင်သော အင်အား မရှိတော့ပါ ။ မိတုတ်မ နှုတ်ခမ်းကို ပြတ်လုတဲတဲ ဖိကိုက်လိုက်၏ ။ ထဘီကြားထဲက တစ်ရာတန် အနွမ်းလေးကို ထုတ်ကာ စိုပြေမကို လှမ်းခေါ်လိုက်သည် ။

“ ရော့ ညည်းမောင်ကို မုန့်တစ်ရာဖိုး သွားဝယ်ကျွေးချေ ”

စိုပြေမမှာ ဖိုးလပြည့်ကို လက်ဆွဲကာ ထွက်ခွာသွား၏ ။ မိတုတ်မက သားနှင့် သမီးကို မျက်စိတစ်ဆုံး ငေးနေရာမှ ပင့်သက်တစ်ချက် ရှိုက်ကာ ဦးချစ်ရီ တိုက်ကြီးဘက် ကူးသွားလေတော့သည် ။

••••• ••••• •••••

၅ ။

“ ရော့ စိုပြည်မ တစ်တုံး ၊ လပြည့်က အမေ့နား လာ ၊ အမေ ဖဲ့ပေးမယ် ”

မိမိရှေ့မှ အမဲပြုတ်ကြော်တုံးကြီးကြောင့် စိုပြေမ မှာ တံတွေးတွေ ကျိတ်ကာ မျိုချလိုက်မိ၏ ။ နတ်ပူးသလို ကတုန်ကယင် ဖြစ်လာသည် ။

“ အမေ ဘယ်က ရခဲ့တာလဲ ” ဟု အရဲစွန့် မေးသော်လည်း “ စားစမ်းပါအေ ” ဟု ဆိုသော တုံ့ပြန်စကားသာ ရ၏ ။

စိုပြေမ အနေနှင့်လည်း အမဲသားတုံး၏ ဇာစ်မြစ်ကို ရေရှည် စိတ်မဝင်စားနိုင်တော့ပေ ။ သူ့အမေ မိတုတ်မ ထမင်းတစ်စေ့မှ မတို့ မထိတာ ၊ သူ့အတွက် ဝေစု အမဲသားတုံးကို အိတ်ထဲက မထုတ်ဘဲထားတာ ဒါတွေ စိုပြေမ မသိတော့ပေ ။

စားသောက် သိမ်းဆည်းပြီး ၊ “ ကဲ သမီး မောင်လေးနဲ့ အိပ်နှင့်တော့ ၊ အမေ နောက်ဖေး သွားဦးမယ် ” ဆိုတော့လည်း ဖိုးလပြည့်ကို ခေါ်ကာ အသာ အိပ်ရာ ဝင်ခဲ့ကြသည် ။

ညတစ်နာရီ မထိုးခင်အထိ စိုပြေမ အိပ်လို့ကောင်း နေခဲ့ပါသည် ။

••••• ••••• •••••

၆ ။

“ အား လုပ်ကြပါဦးဗျာ ကျွန်တော့်ငယ်ပါ ခွေးကိုက်ဖြတ်သွားလို့ပါ ”

ည သန်းခေါင်ယံထဲ အသံဆိုးကြီး တစ်ခုက ထိုးခွဲ ဖောက်ထွက်လာခဲ့သည် ။ မိတုတ်မ က အသင့် စောင့်ဆိုင်းနေသူပမာ ဖယောင်းတိုင်မီး ထ ထွန်းကာ အခန်းထဲက ထွက်လာခဲ့၏ ။ သူ့ ရှေ့ မြေပြင်ပေါ်မှာ ခြင်းခြင်းနီစွေးနေသည့် သွေးတွေကြား သူ့အိမ်ဦးနတ်ကြီး လူးလှိမ့်နေတာ မမြင်သယောင် ၊ သူ့ အိမ်ဦးနတ်ကြီး အော်ဟစ်နေတာ မကြားသယောင် ။ မကြာခင် ပတ်ဝန်းကျင် အိမ်များမှ လူတွေ ရောက်ရှိလာကြကာ လူနာတင်ယာဉ် ခေါ် ဖို့ ၊ ဆေးရုံပို့ဖို့ ပျာယာခတ် နေအောင် အလုပ်ရှုပ် သွားကြသည် ။

သို့တိုင်အောင် မိတုတ်မ ကတော့ ဖယောင်းတိုင် တင်ထွန်းသည့် ကျောက်ရုပ်ကြီးလို မားမားကြီးရ ပ်နေသည် ။ ဘာစကားမှလည်း မေးမရ ။ ဘာစကားမှလည်း မပြော ။ ပတ်ဝန်းကျင်က လူတွေကတော့ သွေးတွေ မြင်ပြီး မိတုတ်မ ကြောင်သွားပြီဟု ထင်ကြသည် ။ မိတုတ်မ ကတော့ မတုန်မလှုပ် ကျောက်ရုပ်ပင် ။ သူ့ အိမ်ဦးနတ်ကြီးကို လာတင်သည့် လူနာတင်ကား ထွက်ခွာသွားမှ မိတုတ်မ အိပ်ရာထဲသို့ ဝင်ခဲ့၏ ။ စိုပြေမ ကတော့ သူ့အဖေနောက် လူနာစောင့်ရန် လိုက်ပါသွားခဲ့လေသည် ။

မိတုတ်မက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့် ဖိုးလပြည့် မျက်နှာကို တစိမ့်စိမ့် ငုံ့ကြည့်ပြီး - “ သားရဲ့ ဒီရပ်ကွက်က လူတွေတင် မကဘူး ခွေးတွေပါ ငတ်ကြီးကျနေတာ ၊ ဒါတွေ အမေ သိတာပေါ့လေ ။ အဲဒါကြောင့် ညက အမဲကြော်တုံး အမေ မစားဘူးလေ ၊ ကြွပ်ကြွပ်အိတ်နဲ့ မင်းအဖေ ငယ်ပါမှာ တွဲချည်ပေးထားလိုက်တယ် ။ အမေတို့ ရပ်ကွက်က လူတွေတင် မကဘူး ခွေးတွေပါ ငတ်ကြီးကျနေတာ ။ ဒီလိုဖြစ်မယ်ဆိုတာ အမေ သိတာပေါ့ ။ လူတချို့က ယောက်ျားအင်္ဂါ နဲ့ မထိုက်တန်လို့ပါ ”

မိတုတ်မက ပါးစပ်က တဖွဖွ ပြောရင်း မျက်ဝန်းအိမ်မှ မျက်ရည်စက်များ အဆက်မပြတ် စိမ့်သက် ယိုစီးကျလာတော့လေ၏ ။ အမှတ်တမဲ့ပင် သူမ မျက်ရည်တစ်စက်ဟာ ဖိုးလပြည့်လေး ပါးပေါ် ကျသွားသောအခါ ဘာရယ်ကြောင့် မသိ ဖိုးလပြည့်လေးမှာ အိပ်ပျော်နေလျက်ကပင် ခိုးခိုးခစ်ခစ် အသံများ ထွက်လာအောင် ရယ်မောနေလေတော့သည် ။

▢  မခ
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဧပြီ ၊ ၂၀၁၉

Friday, January 30, 2026

နေရောင်ခြည်အချစ်


 

❝ နေရောင်ခြည်အချစ် ❞
( ကောလ်ထန်မောရီယယ် )

( ၁ )

        အချစ်ဟူသည်မှာ လေနှင့်တူ၏ ။

        လေသည် ဘယ်အချိန် ၊ ဘယ်ကာလ ၊ ဘယ်အရပ်က ၊ ဘယ်အကြောင်းကြောင့် ထ၍ တိုက်ခိုက်လာသည် ဆိုခြင်းကို မည်သူမှ မသိ
                 ( ပတ်တမာ )

( ၂ )

ဟုတ်ပါတယ် ။

အချစ်ဆိုတာ လေတိုက်နေတာနဲ့ အတူတူပါပဲ ။ တကယ်ပါပဲ ။ အိုး ... ဒီလူကြီးရဲ့ မျက်လုံးစူးစူးညိုညိုကြီးနဲ့ အကြည့်ခံရတာ လူးလူ တစ်ကိုယ်လုံး လေတိုက်တာ ခံနေရသလိုပါပဲ ။ လူးလူရဲ့ ကိုယ်ခန္ဓာပေါ်က မွေးညင်းစလေးတွေ လှုပ်ခတ်သွားတယ် ။ ကြက်သီးဖုလေးတွေ ထသွားရတယ် ။ ဒီလူကြီးက လူးလူတို့ မြို့လေးက ဆေးရုံကို လက်ထောက်ဆရာဝန် အဖြစ်နဲ့ ပြောင်းလာတာ ဘာကြာသေးလို့လဲ ။ အလွန်ဆုံး ရှိလှမှ ခြောက်လလောက်ပဲ ရှိဦးမယ် ။

ဒါပေမဲ့ ဒီလူကြီးရဲ့ သတင်းက ဖြူနု လူးလူတို့ မြို့ က မိန်းမတွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားနေတာကဖြင့် တကယ့်ကို ရာစုနှစ်တစ်ခုက သမိုင်းဝင် ဂန္ထဝင်မြောက် ပုဂ္ဂိုလ်ကြီးတစ်ပါးလိုပါပဲ ။

လူတိုင်းရဲ့ ပါးစပ်ဖျားမှာ စိန်ခဲ ၊ ကျောက်ခဲ ၊ မြခဲ ၊ ပတ္တမြားခဲ ၊ ဆရာဝန် ကိုခဲတဲ့ ။

ဆက်ဆံရေး ပြေပြစ်တယ် ။

ခွဲစိတ်ကုသမှု ကျွမ်းကျင်တယ် ။ ထားပါလေ ၊ ဆရာဝန်ကောင်းတစ်ယောက်ရဲ့ ဘာဘာညာညာ အရည်အချင်းတွေ ပြည့်ဝပြည့်စုံနေတာထက် ဒီလူကြီး က လူပျိုကြီး ဖြစ်နေတာရယ် ၊ ရုပ်လက္ခဏာက ရှေးဂရိ ကျောက်ဆစ်ရုပ်တုတစ်ခုလို နုပျိုရှင်းလင်းပြတ်သား ဆွဲဆောင်အား ရှိနေတာရယ် ၊ အင်မတန် စည်ကားသိုက်မြိုက်တဲ့ သူ့ရဲ့ အဝေရာဆေးခန်းက လူနာအင်အားနဲ့ ဝင်ငွေတွေရယ် ၊ မိန်းမတွေကဖြင့် သံလိုက်တုံးကြီး အနား ကို ပြေးကပ်နေကြတဲ့ သံတိုသံစ သံမှုန့်သံမွှားလေးတွေ အတိုင်းပါပဲ ။

အဲဒီသံတိုသံစ သံမှုန့် သံမွှားတွေလို မိန်းမတွေထဲ မှာ လူးလူတော့ မပါတာ အမှန်ပဲ ။ လူးလူ ကတော့ဖြင့် ဘုရင်ကတော် အဖြစ်ထက် ကိုယ်တိုင် ဘုရင်မဖြစ်ချင်တဲ့ မိန်းမမျိုးစားလေ ။

လူးလူမှာ ရည်ရွယ်ချက်ရှိတယ် ။ လူးလူ ဝါသနာ သိပ်ပါတဲ့ ဆရာဝန်မကြီးဖြစ်အောင် ကြိုးစားနေချိန်မှာ ဆရာဝန်ကတော် ဖြစ်ရဖို့ ကြိုးစားနေချိန် မရှိပါဘူး ။

ဒါပေမဲ့ ခက်တယ်ရှင် ။ လူးလူ ရင်တွေ ခုန်နေတယ် ။ လေတိုက်တာကို မမြင်ရပေမဲ့ သိတယ် ။ သူ ကြည့်ကြည့်နေတာကိုလည်း လူးလူ မမြင်ရပေမဲ့ သိနေတယ် ။ လူးလူက မနက်လေးနာရီမှာ ပုံမှန်ထတယ် ။ လူးလူ အကျင့်ကလည်း ကျောင်းစာတွေကို အော်ဟစ်ပြီး အသံထွက်ဖတ်ရမှ အားရတယ် ။ လူးလူ အိပ်တဲ့ အခန်း ပြတင်းပေါက်နဲ့ သူအိပ်တဲ့ အခန်း ပြတင်းပေါက် ကိုလည်း တန်းလျက် ကပ်လျက် ။ လူးလူရဲ့ အသံ စူးစူး စွာစွာ ကျယ်ကျယ်လောင်လောင်ကို သူ ကြားသိလိုက်တာနဲ့ သူ့အကြည့်စူးစူးစိုက်စိုက်ကလည်း မြားနဲ့ ပစ်နေ သလိုပါပဲ ။

ဒါပေမဲ့ လူးလူက သူ့ကို ဂရုစိုက်မနေပါဘူး ။ အလေးအနက်မထားပါဘူး ။ ထည့်တွက်မနေပါဘူး ။ အဟုတ်ပြောတာပါ ။ လူးလူက ငယ်သေးတယ်လေ ။ အချစ်ဆိုတဲ့ ပန်းသီးရဲ့ အရသာကို မြည်းစမ်းမကြည့်ချင်သေးပါဘူး ။

ဒါပေမဲ့ ... ဒါပေမဲ့ လူးလူရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ ကြားမှာတော့ လူးလူ စိတ်ပျက်လက်ပျက် ပုံစံအပြည့်နဲ့ ပြောရတယ် ။

“ နေရောင်ခြည်က အချစ်နဲ့တူတယ် ဆရာ ”

“ ဘာ .. နေရောင်ခြည်က အချစ်နဲ့တူတယ်ဟုတ်လား ။ ဟေး တုတ်တုတ်တို့ ၊ မိဖြိုးတို့ ဒီမှာ လာကြစမ်း ၊ လူးလူက စကားအဆန်း ပြောနေတယ် ”

လူးလူရဲ့ အချစ်ဆုံးသူငယ်ချင်း ဇွန်ပန်းက သူငယ်ချင်းအားလုံးကို အော်ခေါ်တယ် ။ သူငယ်ချင်းတွေ အားလုံး ခုန်ဆွခုန်ဆွနဲ့ လူးလူတို့ အနား ဝိုင်းအုံလာ ကြပြီး ဇွန်ပန်းရဲ့ လက်ထဲက ‘ အချစ်ဆုံး ’ မရန်းပြားကို လုစားကြတယ် ။ ချဉ်ချဉ်ငန်ငန်စပ်စပ် အရသာကို ခံရင်း လျှာကလေးတွေ တစ်လစ်ထုတ်လိုက်ကြ ၊ နှုတ်ခမ်းကလေးတွေ သပ်လိုက်ကြနဲ့ အစားသောင်းကျန်းပြီးမှ

“ ဘာလဲ ... ဟ င်... ဘာလဲ ”

“ လူးလူက ဘာစကားအဆန်းပြောတာလဲ ” လို့ ဝိုင်းမေးကြတယ် ။

“ အချစ်နဲ့ နေရောင်ခြည်က အတူတူပဲလို့ ငါက ပြောလို့ဟ ”

လူးလူက တကယ့်ဓမ္မကထိကလေသံမျိုးနဲ့ ထည်ထည်ဝါဝါပဲ ပြောလိုက်တယ် ။ သူတို့အားလုံး ငြိမ်သက်သွားတယ် ။ လူးလူ ဆီက သိပ်ထူးဆန်းတဲ့ စကားကို သူတို့ သိပ်မျှော်လင့်နေကြပြီလေ ။

“ နေရောင်ခြည်ဆိုတာ သေးငယ်တဲ့ အပေါက်ကလေးက နေပြီး ထိုးဖောက်မြင်ရသလို လူတစ်ယောက်ရဲ့ အချစ်စိတ်ကို သူ့ရဲ့ သေးငယ်တဲ့ အပြုအမူတွေကနေ ထိုးဖောက်ပြီး မြင်နိုင်တယ်ကွ ”

လူးလူက ခြေထောက်နှစ်ချောင်းကို တင်ပျဉ်ချိတ် ထိုင်ပြီး စကတ်ကို ဒူးခေါင်းပေါ် ဆွဲမတင်ရင်း အလေးအနက် ပြောလိုက်တယ် ။

လူးလူရဲ့ သူငယ်ချင်းအားလုံးက ငြိမ်နေကြတယ် ။ ဟယ် ၊ ဟင် ၊ ဟုတ်လား ၊ ဘာဖြစ်လို့လဲ ၊ ဘာလဲ ၊ ညာလဲ လုံးဝဆို လုံးဝ မမေးကြပါဘူး ။ ဇွန်ပန်းကပဲ ပြောတယ် ။

“ အချစ်ဆိုတာ ကောင်လေးတစ်ကောင်နဲ့ ငါတို့နဲ့ မျက်လုံးချင်းဆုံရင် မျက်စိမှိတ် ပြတာလား ၊ စာလိုက်ပေးတာလား ၊ စကားလိုက်ပြောတာလား ၊ ဂစ်တာတီးပြီး သီချင်းဆိုပြတာလား ၊ ဒါမှမဟုတ် ပန်းလက်ဆောင် ပေးတာလား ”

“ မဟုတ်ဘူးကွ ၊ ငါတို့အိမ်ဘေးက ဆရာဝန် လူချောကြီး ရှိပါရော့လား ”

“ အေးလေ ၊ အဲဒီလူ သိပ်ကြည့်ကောင်းတာပဲ ။လူချောကြီး ဘာဖြစ်လဲ ”

“ အဲဒီလူချောကြီးက ငါ့အပေါ်မှာ သိပ်ထူးခြားနေတယ်လေ ”

“ ဟ ... တကယ် ”

သူငယ်ချင်းအားလုံးက လူးလူကို သိပ်အထင်ကြီးတဲ့ မျက်လုံးတွေနဲ့ ဝိုင်းအုံကြည့်ကြတယ် ။ လူးလူ ကလည်း ခေါင်းလေးနည်းနည်းမော့ပြီး ပြောရတယ် ။

“ အဲဒီလူကြီးရဲ့ အကြည့်တွေက ငါ့ကို ဘယ်လောက် စိတ်ဝင်စားတယ်ဆိုတာ သိပ်သိတာတာပဲဟာ ။ နေရောင်ခြည်ဟာ သိပ်သေးငယ်တဲ့အပေါက်ကလေးကနေ တိုးဝင်လာသလိုမျိုးပါပဲ ။ ငါ့ကို အချိန်ပြည့် စူးစူးစားစားကြီး စိုက်စိုက်ကြည့်ကြည့်နေတာကိုက ငါ့ကို ဘယ်လောက်ချစ်နေတယ်ဆိုတာ သိပ်သိသာတာပဲဟာ ”

လူးလူရဲ့ စကားကို သူငယ်ချင်းတွေက မျက်လုံးလေးတွေ ဝိုင်းဝိုင်းလည်အောင် အံ့သြစိတ်ဝင်စားနေကြတယ် ။ လူးလူကလည်း သည်လူကြီးက အချိန်ပြည့် လူးလူကို ဘယ်လို ကြည့်ကြည့်နေတယ်ဆိုတဲ့ အကြောင်း စီကာပတ်ကုံး ပြောပြရတယ် ။ ပြောပြီးတော့မှ ...

“ ခုလာမယ့် တနင်္ဂနွေမှာ ငါ့မွေးနေ့ပွဲ ရှိတယ်လေ ။ အဲဒီလူကြီးကို ငါ ဖိတ်လိုက်တယ် ။ ငါကိုယ်တိုင် သွားဖိတ်တော့ အဲဒီလူကြီး ဟန်မဆောင်နိုင်အောင် ဝမ်းသာသွားတဲ့ပုံပဲ ဆရာ ။ ငါ့ကိုလည်း စကားတွေ အများကြီး ပြောချင်နေပုံပဲ ။ ငါကတော့ ခပ်တည်တည် နှုတ်ဆက်ပြီး မွေးနေ့ပွဲမှာ လာဖြစ်အောင် လာခဲ့ပါလို့ ပြောတော့ သူက ငါ့ကိုပြောတယ်သိလား ။ လူးလူရဲ့ မွေးနေ့ပွဲမှာ သူ ထူးခြားတဲ့ မွေးနေ့လက်ဆောင် ပေးမယ်တဲ့ ။ အချိန်တစ် နာရီလောက် သူ့ကို စကားပြောခွင့် ပေးမလားတဲ့ ”

“ ဟိုက် .. ”

သူငယ်ချင်းတွေက ဝိုင်းအုံပြီး အော်ကြတယ် ။ လူးလူလည်း ကျေကျေနပ်နပ် ပြုံးလိုက်မိတယ် ။

“ နင် ဘယ်လို အဖြေပေးလိုက်သလဲ ”

“ ငါလား အူကြောင်ကြောင်နဲ့ ရစ်ထည့်လိုက်တာပေါ့ ။ ဦး စကားပြောချင်တာ လူးလူ တစ်ယောက်တည်းလား ။ လူးလူ သူငယ်ချင်းတွေ အနားမှာ ရှိရင်ရော ပြောလို့ ရမလားလို့ မေးလိုက်တယ်လေ ”

“ ဟာ နင်ကလည်း ဂျစ်ပဲ ”

“ အဲဒီတော့ လူကြီး မူလီပြုတ်ပြီး ကျွတ်စကီးမှာ ပြသွားရော့လား ”

လူးလူ ခေါင်းကို ခါယမ်းလိုက်တယ် ။

“ အထူးအဆန်းဟဲ့ ။ ငါ ရစ်တာ ၊ ဂျစ်တာ သတိထားမိပုံ မရဘူး ။ လူးလူသူငယ်ချင်းတွေ ပါရင် ဦး ပြောချင်တဲ့ စကားတွေ ပြောရဖို့ ပိုတောင်ကောင်းပါသေးတယ် ၊ ဘာဖြစ်လဲတဲ့ ကဲ ”

“ ဟာ .. နင့် မွေးနေ့ကတော့ ကမ္ဘာ့အံ့ဖွယ်တွေ တွေ့ကြုံရတော့မှာပဲ ”

သူငယ်ချင်းတွေက တစ်ယောက်တစ်ပေါက် စုပြုံပြီး ထောမနာပြုကြတယ် ။

လူးလူကလည်း ဝမ်းတွေသာ ၊ ရင်တွေ ခုန်နေတယ် ။

လူးလူရဲ့ မွေးနေ့ကို အမြန်ဆုံး ရောက်စေချင်ပါတယ် ။

( ၃ )

အသက် ဆယ့်ခြောက်နှစ် ပြည့်မြောက်တဲ့ လူးလူရဲ့ မွေးနေ့ပွဲမှာ အဖြူရောင်ဆွတ်ဆွတ် ဇာဝမ်းဆက်ကို ဝတ်ဆင်ထားတဲ့ လူးလူကို သူငယ်ချင်းတွေက ပုံပြင်ထဲက စနိုးဝှိုက်လို့ ဝိုင်းစကြတယ် ။

မွေးနေ့လက်ဆောင်တွေ ဝိုင်းဝိုင်းလည်အောင် ပေးကြတယ် ။ လာသမျှ ဧည့်ပရိသတ်တွေကို ပါပါနဲ့ မာမာ က အုန်းနို့ခေါက်ဆွဲ ၊ အရီးတောင်းလက်ဖက်သုတ် ၊ လိုင်ချီးစ်ဖျော်ရည်တွေနဲ့ ဧည့်ခံတယ် ။

လူတွေ ကြဲပါးသွားတဲ့ မွေးနေ့ပွဲရဲ့ နောက်ဆုံး အချိန်မှာမူ လူးလူရဲ့ အထူးဧည့်သည် ဆရာဝန်လူချောကြီး ရောက်လာတယ်လေ ။

သူငယ်ချင်းတွေက ကြိုတင် အချိတ်အဆက်လုပ်ထားတဲ့အတိုင်း လူးလူတို့ နှစ်ယောက် အနားမှာ ဝိုင်းအုံနေကြတယ် ။

ဒီလူချောကြီးရဲ့မျက်နှာကတော့ သိပ်တည်ငြိမ်လွန်း နေတဲ့ ကြားက လူးလူကို အပြုံးနဲ့ ကြည့်တယ် ။ လှိုက်လှိုက်လှဲလှဲပြောတယ် ။

“ ဒီနေ့တော့ ဦးက လူးလူကို အထူးခြားဆုံး မွေးနေ့လက်ဆောင် ပေးရမှာပဲ ”

လူးလူက သူငယ်ချင်းတွေကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်တယ် ။

ငါ မပြောဘူးလား ဆိုတဲ့ သဘောပေါ့ ။

ပြောပြောဆိုဆိုနဲ့ ဦးက လူးလူတို့ သူငယ်ချင်းအုပ်စု တွေရဲ့ ကြားမှာ အေးအေးဆေးဆေး ရင်းရင်းနှီးနှီးပဲ ဝင်ထိုင်တယ် ။

လူးလူရဲ့ မွေးနေ့ပွဲကို ရောက်လာတဲ့ မာမာတို့ရဲ့ မိတ်ဆွေမြို့ပေါ်က ရှိရှိသမျှ ဂုဏ်သရေရှိ မိတ်ဆွေကြီးငယ်တွေ ဆိုတာကလည်း ဦး ကိုပဲ ဝိုင်းဝိုင်းလည် နှုတ်ဆက်ကြပြီး သူတို့ရှိရာ စားပွဲတွေကို ခေါ်ကြတယ် ။ ဦးက လက်ကာပြီး ပြတယ် ။

“ လူးလူကို မွေးနေ့လက်ဆောင် ပေးပြီးမှပဲ လာခဲ့ပါ့မယ်ခင်ဗျာ ”

ဦးက ယဉ်ယဉ်ကျေးကျေးပဲ ပြောပြီး လူးလူတို့အုပ်စု ကြားမှာပဲ ပြုံးပြုံးရွှင်ရွှင် ဝင်လိုက်တယ် ။

လူးလူ ကတော့ ထူးခြားတဲ့ မွေးနေ့လက်ဆောင်ပေးမယ် ဆိုတဲ့ ဦးရဲ့ လက်ကို ကြည့်လိုက်တယ် ။ ဦးရဲ့ လက်ထဲမှာ ဘာအထုပ်အပိုးမှ မပါပါဘူး ။ လက်ဗလာ ချည်းပါပဲ ။ လက်ဆောင်ပစ္စည်း ဆိုတာက တန်ဖိုးဖြတ်လို့ ရပါတယ် ။

( လူးလူ ကို ဦး သိပ်ချစ်နေပါတယ်ကွယ် ... ) ဆိုတဲ့ တန်ဖိုး မဖြတ်နိုင်တဲ့စကားကို သူငယ်ချင်းတွေ သက်သေ ထားပြီး ပြောတော့မှာ ထင်ပါရဲ့ ။

ရင်ခုန်စရာ ကောင်းလိုက်တာ ဦးရယ် ။

“ လူးလူကလေး မင်း ဆရာဝန်သိပ်ဖြစ်ချင်သလားဟင် ”

ဦးရဲ့ နှုတ်ဖျားက ပထမဆုံး ထွက်လာတဲ့ အမေး စကားကြောင့် လူးလူ ကြောင်သွားရတယ် ။ ဒါပေမဲ့ ဦးရဲ့ အမေးကို လူးလူ ချက်ချင်းခေါင်းညိတ်ပြပြီး အဖြေပေး လိုက်ပါတယ် ။

“ လူးလူကို ဦးရဲ့ ဘဝအကြောင်း နည်းနည်း ပြောပြ မယ်နော် ။ ဦးက လူးလူတို့ အရွယ်တုန်းက သိပ်ဆင်းရဲ တာ ၊ ဘာကျူရှင်မှလည်း မယူခဲ့ဘူး ။ ဦးကို ဒီနေ့ လူးလူ တို့ မြင်တွေ့ နေရတဲ့ ဒီလို အခြေအနေမျိုး ရောက်အောင် ပညာကို ဘယ်လို ကြိုးစားခဲ့ရတယ်ထင်သလဲ ”

လူးလူ ခေါင်းကို ခါယမ်းပြမိတယ် ။

လူးလူ စိတ်ရှုပ်လာတယ် ။ ဦး ဘာတွေ ပြောချင်နေတာလဲ ၊ ဘာတွေပြောနေတာလဲ ။

“ ဒီနေ့ လူးလူတို့ လူငယ်တွေ ရည်ရွယ်ချက်အပြည့် နဲ့ ပညာသင်နေကြတာ ။ မတ်စောက်တဲ့ တောင်တက်ခရီးကြမ်းကို တက်နေကြရတာနဲ့ သိပ်တူတယ် ။ ပြီးတော့ တစ်နှစ်ဆိုတဲ့ အချိန်ကာလ သတ်မှတ်ချက်ကလည်း ရှိနေတော့ မာရသွန်နှုန်းနဲ့ အောင်မြင်မှု ရကြဖို့ ကြိုးစား နေကြရတယ် ။ မင်းတို့ရဲ့ အဖိုးတန်တဲ့ အချိန်တွေကို ပညာသင်ယူကြိုးစားတဲ့နေရာမှာ လွဲမှားတဲ့ နည်းလမ်းတွေနဲ့ မကြိုးစားစေချင်ဘူး ”

“ ရှင် ... ”

ဦးရဲ့ စကားတွေက လူးလူရဲ့ ဦးနှောက်ကို မိုးကြိုး ပစ်ထည့်လိုက်သလိုပါပဲ ။

“ ဟုတ်တယ် လူးလူ ၊ မင်း ဆယ်တန်းအောင်ဖို့ ၊ ဆရာဝန်ဖြစ်ဖို့ ကြိုးစားနေတာတွေကို ငါ ကြည့်မြင်နေရတာ သိပ်မတ်စောက်တဲ့ တောင်တက်လမ်းကို ကင်းမြီးကောက် ထောင်ပြီး ဇောက်ထိုးမိုးမျှော်တက်နေတာနဲ့ သိပ်တူတာပဲ ”

လူးလူလေ ဦးကို မျက်လုံးပြူးပြီး စိုက်ကြည့်လိုက်မိတယ် ။ လူးလူရဲ့ သူငယ်ချင်းတွေ ဆိုတာလည်း ပါးစပ်ကလေးတွေ ဟဖြဲပြီး မျက်လုံးလေးတွေ ဝိုင်းဝိုင်းလည် သွားကြတယ် ။

“ လူးလူ မင်းရဲ့မွေးနေ့မှာ ဦး အထူးခြားဆုံး မွေးနေ့ လက်ဆောင်ပေးမယ် ။ အဲဒါ ဘာလဲဆိုတော့ မင်းဘဝ အောင်မြင်မှုရဖို့ ပညာသင်ယူကြိုးစားတဲ့နေရာမှာ အမှန်ကန်ဆုံး အကောင်းဆုံးနည်းလမ်းကို ဦးပေးမယ် ။ သေ သေချာချာ မှတ်ထားနော် ။

ပညာသင်ယူလေ့လာတဲ့ နေရာမှာ အလိုအပ်ဆုံး အချက် ငါးချက်ရှိတယ် ။

ကျောင်းမှန်မှန်တက်ရမယ် ။

အချိန်ဇယားထားရမယ် ။

ပညာပြည့်စုံတဲ့ ဆရာ့ထံက မှတ်စုလိုက်ရမယ် ။

မှတ်စုထုတ်ရမယ် ။

မှန်ကန်တဲ့ စာကျက်နည်း ရှိရမယ် ။

နည်းစနစ်ကျနစွာ စာမေးပွဲ ဖြေဆိုရမယ် ”

ဦးက ဖြည်းဖြည်းအေးအေးနဲ့ အလေးအနက် ပြောနေတယ် ။ လူးလူလည်း မင်သက်မိသလို ငြိမ်ပြီး နားထောင်မိတယ် ။

“ အဲဒီ အချက် ငါးချက်ထဲမှာ ကျောင်းမှန်မှန်တက် စာမခက် ဆိုတဲ့ နံပါတ်တစ် အချက်ကတော့ ဆယ်တန်း ကျောင်းသူကြီးတွေတောင် ဖြစ်နေကြပြီပဲကွာ ။ ကျောင်း မှန်မှန် တက်တဲ့ အကျိုးကျေးဇူးကို ဦး အထူးတလည် ရှင်းပြစရာ မလိုပါဘူး ။ ဟုတ်တယ် မဟုတ်လား ”

ဦးက လူးလူရဲ့ ပခုံးသားလေးကို ညင်ညင်သာသာလေး ပုတ်ခတ်ပြီး ပြောလိုက်တယ် ။

အိုး ... လူးလူ လန့်သွားတယ် ။ အယောင်ယောင် အမှားမှား ခေါင်းညိတ်ပြမိတယ် ။

“ ဦး ... အချိန်ဇယား ထားရမယ် ဆိုတာကရော ဘယ်လိုလဲဟင် ”

ကြည့်စမ်း ၊ မိဇွန်ပန်းက နှုတ်သွက်အာသွက် ပြောဆိုမေးမြန်း စပ်စုနေလိုက်တာ ။

“ အေး ... အချိန်ဇယားနဲ့ ပတ်သက်ပြီး ဘေကွန် ဆိုတဲ့ အတတ်ပညာရှင်ကြီး တစ်ဦးက ပြောခဲ့တယ် ။ ပညာ လေ့လာဆည်းပူးရာတွင် လုပ်ဆောင်ရမည့် ကိစ္စတိုင်း အတွက် အချိန်ဇယား သတ်မှတ်ပါတဲ့ ။ အဲဒီတော့ ပညာသင်နှစ် တစ်ခုအတွက် တစ်နှစ် စီမံကိန်းရှိမယ် ”

“ တစ်နှစ်စာ စီမံကိန်း ”

တုတ်တုတ်ကလည်း သံယောင် ( အက်ကိုး ) လိုက်နေတယ် ။ မုန်းစရာ ။ မိဖြိုး ၊ ဝေမွန် ၊ ချောအိဇာ ၊ အိုး ... လူးလူရဲ့ သူငယ်ချင်းအားလုံးကလည်း မျက်လုံးလေးတွေ ဝိုင်းဝိုင်းလည်ပြီး ဦးရဲ့ စကားကို စိတ်ဝင်တစား နားထောင်နေလိုက်ကြတာ ။

“ ဟုတ်တယ် ၊ သမီးတို့ရဲ့ တစ်နှစ်စာ အတွက် မင်းတို့ လုပ်ဆောင်ရမယ့် ၊ သင်ကြားလေ့လာရမယ့် ဘာသာရပ် အားလုံးအတွက် ပွဲမဝင်ခင် အပြင်က ကျင်းပဆိုတဲ့ စကားလို အချိန်ဇယား ထားရမယ် ။ ဒါမှ မင်းတို့ သင် ကြားလေ့လာကျက်မှတ်ရမယ့် စာပမာဏ အားလုံးကို ခြုံပြီး သိမြင်နိုင်မယ် ။ အချိန်ကို ကောင်းကောင်း အသုံးချနိုင်မယ် ။ အားကစားကိစ္စ ၊ မိသားစုကိစ္စ ၊ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ဆက်ဆံရေးကိစ္စ ၊ အပန်းဖြေနားနေရေးကိစ္စ အားလုံးကို အကွက်စေ့စေ့ မင်းတို့ရဲ့ အသိပညာနဲ့ လိမ္မာရေးခြားရှိတဲ့ အပေါ် မူတည်ပြီး စီစဉ်ဆောင်ရွက်နိုင်တာပေါ့ ”

“ ဒါဖြင့် ဦးရယ် .. သမီး မရှင်းလို့ မေးရဦးမယ် ။ ဦး ပြောသလို တစ်နှစ်စာ စီမံကိန်းအချိန်ဇယားအတိုင်း အတိအကျတစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ရမယ်ပေါ့ ”

“ ဟုတ်တယ် ၊ သမီး မေးတဲ့မေးခွန်းက သိပ်ပြီး မေးသင့်တဲ့ မေးခွန်းပဲ ။ တစ်နှစ်စာအပြတ် အချိန်ဇယား မူသေဆွဲပြီး တစ်သဝေမတိမ်း အတိအကျကြီး လိုက်နာ ရဖို့တော့ မဟုတ်ဘူးလေ ။ ဖြစ်ရမှာက တစ်နှစ်တာလုပ် ငန်း အကျုံးဝင်တဲ့ ရေရှည်စီမံကိန်း ရေးဆွဲပြီး တစ်ပတ် တစ်ကြိမ် အသစ်ရေးဆွဲတဲ့ အပတ်စဉ် အချိန်ဇယားထားရမယ် ”

“ အပတ်စဉ် အချိန်ဇယား ”

မိဇွန်ပန်းကတော့ အပြတ်အသတ် အပြန်အလှန်ကိုပဲ ဦးနဲ့ မေးမြန်းပြောဆိုနေတော့တာပါပဲ ။

“ ဟုတ်တယ်သမီး ၊ ရက်သတ္တပတ် အစမှာ အချိန်ဇယားကို တစ်ပတ်စာ တစ်ပတ်စာ ပြန်ပြီး ရေးဆွဲထားသင့်တယ် ။ ဒါမှ ပြောင်းလဲနေတဲ့ လိုအပ်ချက်တွေရယ် ၊ နေ့စဉ် သင်ကြားနေကြရတဲ့ အတွေ့အကြုံနဲ့ ကိုက်ညီ တဲ့အချိန်ဇယား ဖြစ်ရမယ် ။ နာရီအတိအကျ အချိန်ဇယား ထားပြီး လှေနံဓားထစ် လုပ်ချင်လို့တော့ လက်တွေ့မှာ မဖြစ်ဘူး သမီးရဲ့ ”

“ ဟုတ်ကဲ့ ၊ အချိန်ဇယားနဲ့ ပတ်သက်ပြီးတော့ သမီးတို့ ရှင်းပါပြီ ။ မှတ်စုလိုက်တာနဲ့ မှတ်စုထုတ်တာကရော ဦး ”

“ ကျောင်းသား ကျောင်းသူတွေရဲ့ အောင်မြင်မှုဟာ သင်ကြားတဲ့ ဆရာရဲ့ အပေါ်မှာပဲ အများကြီးမူတည်တယ် ။ သင်ကြားတဲ့ဆရာရဲ့ ဘာသာရပ်ဆိုင်ရာ ပညာ ပြည့်ဝမှုနဲ့ အသင်အပြကောင်းမှု ၊ ပညာပေးတတ်မှုတွေပေါ်မှာ အဓိကပဲ ”

“ သဘောပေါက်ပါတယ် ဦး ”

“ သဘောပေါက်တယ် ဆိုရင် ဦး ဆက်ရှင်းပြမယ်နော် ။ မင်းတို့ရဲ့ဆရာက ဘာသာရပ်ဆိုင်ရာပညာကို လက်ချာပေးနေတဲ့ အချိန်မှာ မှတ်စုလိုက်ပြီး ကူးရမယ် ။ တချို့ဆရာတွေက မှတ်စုမပေးဘဲ ရှင်းလင်းသင်ကြား တတ်တယ် ”

“ ဟုတ်တယ် ဦး ”

“ အဲဒီတော့ ဆရာ ရှင်းလင်းသင်ပြတဲ့အချိန်မှာ မှတ်စု လိုက်မှတ်ရမယ် ။ မှတ်စုလိုက်မှတ်တယ် ဆိုတာလည်း စက္ခုအာရုံ ၊ သောတအာရုံနဲ့ ကြွက်သားလှုပ်ရှားမှုတွေ တစ်ပြိုင်တည်း အသုံးပြုပြီး မှတ်စုအကြမ်းလိုက် ရတာ မဟုတ်လား ။ ဆရာ လက်ချာပေးနေတုန်းမှာ အကြမ်းလိုက်ကူး ၊ နောက် အချောပြန်ကူး ၊ မှတ်စုလိုက်တဲ့ လူတွေဟာ ဦးနှောက်ထဲမှာလည်း စွဲတယ် ၊ လက်ကလည်း မြဲတယ် ။ မှတ်စု မလိုက်တဲ့ လူတွေထက် မှတ်စု လိုက်တဲ့ လူတွေက စာမေးပွဲ ပိုပြီး ဖြေနိုင်ကြတယ် ။ အဲဒီတော့ ကျောင်းစာအုပ်တွေထဲမှာ မှတ်စု ထုတ်တတ်တာရယ် ၊ အကျဉ်းချုပ်ပြီး ရေးမှတ်တာရယ် ၊ အရေးကြီးတဲ့ နေရာတွေမှာ မျဉ်းမင်နီနဲ့ တားတာရယ် ၊ သမီးတို့ရဲ့ ပညာရေးအောင်မြင်တိုးတက်မှုကို ခိုင်ခိုင်မာမာ အထောက်အကူပြုတဲ့ အလေ့အထတွေပဲကွယ့် ”

“ ဟုတ်ကဲ့ ဦး ”

ဦးက စိတ်ပါလက်ပါ ရှင်းလင်းပြောပြနေသလို လူးလူနဲ့ သူငယ်ချင်းအုပ်စုတွေကလည်း စိတ်ပါလက်ပါပဲ နားထောင်မှတ်ထားနေကြတယ် ။

လူးလူကရော ။

လူးလူကတော့ နှလုံးခုန်သံ မြန်နေတဲ့ ကြားက ဦး စကားတွေကို မှတ်သားနေမိတယ် ။

“ မှတ်စုထုတ်တယ် ဆိုတဲ့ နေရာမှာလည်း စာပိုဒ်တိုင်း ၊ အခန်းတိုင်းကို တစ်ခုလုံးအနေနဲ့ ကျေကျေလည်လည် ဖတ်မပြီးမချင်း မှတ်စု မထုတ်ရဘူး ။ ပြီးတော့ စာအုပ်ထဲက စကားလုံးတွေ အတိုင်းလည်း မကူးရဘူး ။ ကိုယ့်စကားလုံးနဲ့ ဝါကျတွေ ဖြစ်ရမယ် ။ ဒါပေမဲ့ မူရင်း အဓိပ္ပာယ် မပျက်စေဖို့တော့ သိပ်အရေးကြီးတယ် ”

ဦးက တော့ သူ့စကားတွေကို အရှိန်မပျက် ဆက်ပြောနေတယ် ။

“ ကျောင်းစာ သင်ယူတဲ့နေရာမှာ အတန်းထဲမှာ နေရာယူတတ်မှုလည်း ရှိရမယ် ။ အတန်းရဲ့ရှေ့ ၊ ဒါမှ မဟုတ် အလယ်လောက် ဆရာ သင်သမျှ ကောင်းကောင်း မြင်နိုင် ကြားနိုင်တဲ့ နေရာမျိုး ဖြစ်ရမယ် ”

အားလုံးက ဦးစကားကို သဘောကျသလို ပြုံးနေတတ်တယ် ။ စာသင်ခန်းရဲ့ နောက်ဆုံးခုံမှာ အမြဲနေပြီး ဆီးပေါင်းထုပ်တွေ ခိုးခိုးစားတတ်တဲ့ တုတ်တုတ် က လျှာကလေးတစ်လစ် ထုတ်ပြီး မလုံမလဲ ပြုံးနေတယ် ။

“ ကိုင်း ... အဲဒီတော့ ကျောင်းမှန်မှန်တက်ထားပြီး အချိန်ဇယားနဲ့ နေ့စဉ်လုပ်ငန်းတာဝန် ခွဲဝေပြီးပြီ ။ မှတ်စုတွေလိုက် ၊ မှတ်စုတွေ ထုတ်ပြီးပြီ ။ အဲဒီ စာတွေကို ဘယ်လို ကျက်မှာလဲ ။ ကျောင်းသားကျောင်းသူတစ်ယောက်ဟာ မှန်ကန်တဲ့ စာကျက်နည်း ရှိဖို့ ၊ သိဖို့ သိပ်အရေးကြီးတယ် ”

ဦးကလေ မှန်ကန်တဲ့ စာကျက်နည်းလို့ ပြောရင်း လူးလူရဲ့ မျက်နှာကို တည့်တည့် စူးခနဲ စိုက်ခနဲ ကြည့်ပြီး မှ ပြောတယ် ။

“ မှန်ကန်တဲ့ စာကျက်နည်း ... အဲ ... စနစ်တကျ စာကျက်နည်း ဆိုတာ လူးလူ သေသေချာချာ မှတ်နော် ။ ပထမအဆင့် Survey လို့ ခေါ်တယ် ။ အဓိပ္ပာယ်ကတော့ ခေါင်းစဉ်တစ်ခုလုံးကို ‘ ခြုံ၍ ကြည့်ခြင်းပဲ ’ တဲ့ ။ စာတစ်ကြောင်းချင်း ၊ တစ်ပုဒ်ချင်း မကြည့်ရ ၊ မဖတ်ရဘူး ။ အကြောင်းအရာ တစ်ခုလုံးကို ခြုံငုံပြီး ကြည့်တတ်ရမယ် ”

“ ဟုတ်ကဲ့ ”

“ ဒုတိယအဆင့် Question ဆိုတာကတော့ မင်းတို့ သိတဲ့အတိုင်း မေးခွန်းထုတ်ခြင်းပေါ့ ။ ခေါင်းစဉ်တစ်ခုရဲ့အောက်မှာ ရှိတဲ့ အကြောင်းအရာ အချက်အလက်တွေကို ခြုံငုံပြီး ၊ မှတ်ပြီး ၊ ဖတ်ပြီး ၊ သိပြီးရင် မေးခွန်းထုတ် ခြင်း ရှိရမယ် ။ ဘယ်အကြောင်းအရာက ဘာကို ဆိုလိုတာလဲ ၊ ဘယ်အချက်အလက်က ဘယ်လို ဖြစ်တာလဲ ၊ ဘယ်လို အရေးကြီးတာလဲ ၊ အကြောင်းအရာတိုင်း အတွက် မေးခွန်းတွေရှိမယ် ၊ အဖြေတွေ ရှိရမယ် ၊ ဟုတ်ပြီလား ”

“ ဟုတ်ကဲ့ ”

“ အဲ ... တတိယအဆင့် Read ဆိုတာကတော့ ဖြည်းဖြည်းအေးအေးလေး စာကို ကျက်မှတ်ရမယ် ။ ပူပူလောင်လောင် ပျာပျာခတ်ခတ် သံကုန်အော်ဟစ်နေလို့ကတော့ ဘာမှ မထူးခြားဘူး ။ ဦးနှောက်ထဲလည်း ရောက်မှာ မဟုတ်ဘူး ။ ဘာမှလည်း အဓိပ္ပာယ်ရှိမှာလည်း မဟုတ်ဘူး ”

လူးလူလေ ခေါင်းကို ဖျတ်ခနဲ ငုံ့လိုက်မိတယ် ။ ဦး ကတော့ သူ့စကားကို ဆက်နေတယ် ။

“ နောက်.. စတုတ္ထဆင့် Recitation ကတော့ မှတ်မိအောင် ရွတ်ဆိုခြင်းပဲ ။ ပတ်ဝန်းကျင် ဘာအာရုံမှ မထားဘဲ စာတစ်မျက်နှာချင်း တစ်မျက်နှာချင်း ဖြည်းဖြည်းအေးအေးလေးပဲ ဖတ်ရ မှတ်ရမယ် ။ ကိုယ် ဖတ်ထား မှတ်ထားတဲ့ စာကြောင်းတွေကို မျက်စိမှိတ်ပြီး မှတ်မိအောင် ရွတ်ဆိုကြည့်ရမယ် ။ ပြီးရင် နောက်ဆုံး အဆင့် Revise ခေါ်တဲ့ ပြန်နွှေးခြင်း အမြဲရှိရမယ် ။ ကိုယ် ကျက်မှတ်ထားတဲ့ ဘာသာရပ်တိုင်းကို မမေ့မလျော့ရအောင် အမြဲ သတိနဲ့ မြန်နွှေးနေရမယ် ။ ဟုတ်ပြီလား လူးလူ ”

ဦးကတော့ လူးလူ ကိုပဲ အဓိကထားပြီး ပြောပြနေပါတယ် ။

“ ကိုင်း .. စနစ်တကျ စာကျက်နည်းကို သိပြီ ၊ နား လည်ပြီ ၊ သဘောပေါက်ပြီဆိုရင် သမီးတို့ရဲ့ စာမေးပွဲကြီးကို ပိုင်ပိုင်နိုင်နိုင် ဖြေဆိုနိုင်ပြီပေါ့ ။ ကော့ဘတ်စ် ဆိုတဲ့ ပညာရှင်ကြီးက ပြောခဲ့တယ်ကွ ။ သင် ကောင်းစွာ နားမလည်သည့် အကြောင်းကို မည်သည့်အခါမှ မရေးပါနှင့် တဲ့ ။ အဲဒီတော့ မင်းတို့ ကောင်းစွာ နားလည်သဘောပေါက်ထားတဲ့ အကြောင်းအရာ ဘာသာရပ်တွေကိုတော့ ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် ရေးသားနိုင်ပြီဆိုရင် စာမေးပွဲဆိုတာ ဘာကြောက်စရာရှိသလဲ ၊ ဘာမအောင်မြင်စရာရှိသလဲ ”

လူးလူ လေ ခေါင်းငုံ့ထားရင်းက တွေးနေမိတယ် ။ လူးလူ ကြက်တူရွေးတစ်ကောင်လို ဟစ်အော်ပြီး စာကြည့်နေတဲ့အချိန်တိုင်း မျက်လုံးညိုညိုစူးစူးကြီးနဲ့ လှမ်းလှမ်းကြည့်နေတတ်တဲ့ ဦး မျက်လုံးတွေရဲ့ အဓိပ္ပာယ်ကို လူးလူး သိလိုက်ပါပြီ ။

ဦးရဲ့ နှလုံးသား စေတနာကိုလည်း လူးလူ နားလည်သဘောပေါက်သွားပါပြီ ။

ဦးရဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ မွေးနေ့လက်ဆောင်ကိုလည်း လူးလူ ရလိုက်ပါပြီ ။

လူးလူ လေ ဦးရဲ့ မျက်လုံးညိုညိုစူးစူးကြီးကို ရဲရဲတည့်တည့် ကြည့်ပြီး အလေးအနက် ပြောမိတယ် ။

“ လူးလူ သဘောပေါက်ပါပြီ ဦး ၊ ဦးကို သိပ်ကျေးဇူးတင်ပါတယ် ”

ဒါပေမဲ့ ... ဒါပေမဲ့ ...

လူးလူရဲ့ နှလုံးသားတွေ ဆတ်ဆတ်တုန်ပြီး အသွေးအသားတွေ ဆူပွက်နေတယ် ။

လူးလူရဲ့ မျက်နှာတစ်ခုလုံးလည်း ပျားတုပ်ခံထားရသလို ပူလောင်ထူအမ်းပြီး သိနေတာတစ်ခုတော့ ရှိတယ် ။

နေရောင်ခြည်ကို မြင်လိုက်တိုင်း ...

လေတိုက်နေတယ်လို့ ခံစားသိရှိလိုက်တိုင်း ...

လူးလူ သူငယ်ချင်းတွေရဲ့ ပြုံးစေ့စေ့ မျက်နှာကို မြင်တိုင်း ...

လူးလူ ရှက်လိုက်တာ ဦးရယ် ။

  ▢ ကောလ်ထန်မောရီယယ်
📖 ရင်ခုန်ပွင့် မဂ္ဂဇင်း
      ဇွန် ၊ ၁၉၉၁

လန်ချား နှင့် အဝတ်

 

❝ လန်ချား နှင့် အဝတ် ❞
          ( ပီမိုးနင်း )

‘ လူအဝတ် ၊ တောင်းအကွပ် ’ ဆိုသော စကားသည် အလကား စကား ဖြစ်သည် ။ ဤစကားသည် ငါလို ပုဂ္ဂိုလ်မျိုးအတွက် မဟုတ် ။ များလှစွာသော လူသာမန်တို့ အတွက်သာ ဖြစ်သည် ။ ဟန်နဲ့ အသက်မွေးသူတွေ လောကမှာ များကြ၏ ။ ငါကား ဟန်နှင့် အသက်မွေးသူ မဟုတ် ။ အမှန်တကယ့် အစွမ်းသတ္တိ အရည်အချင်းနှင့် လူလုပ်သူ ဖြစ်၏ ။ အဘယ်အတွက် သင်းတို့ လူသာမန် နည်းစနစ်တွေကို ငါ အသုံးပြုရမှာလဲ ဟူ၍ မိမိဘာသာ ပြတင်းပေါက်မှာ ငေးနေရင်း မိမိကိုယ်ကို ပြောပြီး ဝတ်၍ ထားသော မိမိ၏ ကိုယ်ဝတ်ကို ကြည့်လေ၏ ။

အဝတ်မှာ ပလေကပ်လုံချည် အနက်အဖြူကွက် တစ်ပတ်နွမ်း ၊ ပိန်းတန်းဖိနပ် အနီ တစ်ပတ်ရစ် ၊ လည်ပင်း မှာ ဇာတပ်သလို နေ၍ ချွေးစနှင့် ညိုသော ရှပ်အင်္ကျီ ၊ အပေါ်အင်္ကျီရင်ဖုံး ၊ စိမ်းရာမှ ညိုပုပ်လျက် ကြယ်သီး များမှာ နဂိုရောင် ပျောက် ၊ ညစ်ဖြူခြောက်လျက် ၊ ပတ္တာ ပြုတ်သည့် တံခါးမင်းတုပ်လို ဖြစ်၍ နေသော ဖျင် သက္ကလတ် လေး ၊ ငါး ၊ ခြောက်ပတ်ရစ် နဂိုပန်းရောင် ဘဝမှ မြန်မာပင်းမင်း၏ လက်စွမ်းကြောင့် သစ်ရွက်ခြောက် ရောင် ဖြစ်ကာ အရောင် ကင်းမဲ့ အဆင်း မလဲ့သော ခေါင်းပေါင်း ၊ နှစ်ချောင်း သုံးချောင်း ဖြူသော ရိုးပြတ် နှုတ်ခမ်းမွေး ၊ အသားအရောင်ကလေး ညစ်ထပ်ထပ် ၊ ပညာတတ် အားကြီးသဖြင့် ခြောက်ကပ်လျက် ၊ ပြတ်ပြတ်ပြားပြား ဟောလီးဒေး အားလပ်ခွင့် ယူ၍ လာသော ဆီသည် အလား မသားနားသော မိမိ၏ အသွင်ကို သတိထားမိလေ၏ ။

မောင်သာညှင်း မှာ အိုင်အေ အောင်ပြီးနောက် ဘီအေ မှာ သုံးနှစ် ရှုံးခဲ့၏ ။ အိုင်အေ မှာလည်း လေးနှစ် ကြာခဲ့ပြီ ။ သို့ဖြစ်သောကြောင့်တစ်ကြောင်း ၊ ကျောင်းနေစဉ်က အပျော်အပါးကလေးများ မတော်တဆ ၊ အဖော် အလှော်များ လမ်းပြ၍ တစ်ခါနှစ်ခါ အလိုက်မှားမိ၍ အခန့်မသင့် ဖြစ်ကာ တစ်ခါခိုး တစ်ခါမိ ဆိုတဲ့ စကားကဲ့သို့ ရောဂါသည် ဖြစ်၍ သွားသည့်အတွက် နာတာရှည် ဖြစ်ကာ သုံးလေးငါးနှစ် အိမ်၌ မခုတ်တတ်သည့် ကြောင်ကလေးပမာ ကုပ်ချောင်းချောင်း ဖြစ်၍ နေရာမှ တွေ့သမျှ အင်္ဂလိပ်စာ ၊ မြန်မာစာတွေကို အကုန်နင်း၍ ဖတ်ခြင်းဖြင့် ငြီးငွေ့ဖွယ်သော ဂီလာန ဟောလီးဒေးမှာ စိတ်၏ မွေ့လျော်ဖျော်ဖြေခြင်းကို ရအောင်ရှာခဲ့ရသည့် အတွက် တစ်ကြောင်း ၊ ပစ်တမင်း လက်ရေးတိုစာအုပ် အမျိုးမျိုးကိုလည်း ဒိုးလိုမွှေလျက် များလှစွာသော သူငယ်ချင်းတို့အား လည်းကောင်း ၊ သတင်းစာများသို့ လည်းကောင်း ၊ တိုက်ပရိုက်တာ တစ်လုံးနှင့် စာတွေကိုသာ ကုန်း၍ နှိပ်ခဲ့ရသည့် အတွက် တစ်ကြောင်း ၊ အသိ မိတ်ဆွေ ကောလိပ်ကျောင်းသားဟောင်း များစွာတို့ ကပင် ၎င်းအား စာရေးသားခြင်း၌ တော်ပါပေတယ်ဟု အသိအမှတ် ပြု၍ ချီးမွမ်းကြရလေ၏ ။ အချို့ကလည်း “ ကိုသာညှင်း ခင်ဗျား ပညာတတ်ကျိုး မနပ်ဘဲ နေမယ်နော် ၊ ပညာဆိုတာ လူလုပ်ဖို့ သင်ရတာ ၊ ပညာသင်ဖို့ လူလုပ်ရတာ မဟုတ်ဘူး ။ ခင်ဗျား အခု အသက် သုံးဆယ်ကျော်ကလေးမှာ အဘိုးကြီး ဖြစ်နေပြီ ” ဟု ပြောကြရလေ၏ ။

အမှန်မှာလည်း ကိုသာညှင်း မှာ ရရှိသော ဝေဒနာ အဘယ်အခါကမှ လုံးလုံးကြီး မစင်၍ ရုပ်အိုခြင်းကြောင့် တစ်ကြောင်း ၊ ဗဟုသုတ အကြားအမြင် ပညာတွေ ပြည့်နှက်သဖြင့် လေးနက်၍ လူကြီးစိတ် ပေါက်နေသောကြောင့် တစ်ကြောင်း အဘိုးကြီးအို ပညာရှိကလေး တစ်ယောက် ဖြစ်၍ နေလေ၏ ။

သူငယ်ချင်းများနှင့် တွေ့လျှင် အဘိုးကြီးလို ရယ်၍ အဘိုးကြီးလို ပြောလေ၏ ။ အကြောင်းကိစ္စ ရှိလျှင် မိမိထက် ကြီးသော သူငယ်ချင်းများကိုပင် မိမိက အရာရာ၌ အကြံပေး ဉာဏ်ပေးပြုလေ့ရှိရာ ၎င်း၏ အမူအရာမှာ တက်ကြွခြင်း ၊ ဘဝင်မြင့်ခြင်း မဟုတ် ။ ပြောပိုင်သူ တစ်ယောက်၏ အနေမျိုးနှင့် ပြောခြင်းသာ ဖြစ်လေရာ မည်သူကမျှ ၎င်းအား ကဲ့ရဲ့ခြင်း မပြုနိုင် ။ ပြုလည်း မပြု ၊ အများ ခင်မင်သူ တစ်ယောက်လည်း ဖြစ်လေ၏ ။

အရာရာ၌ အတွေးအခေါ် အထင်အမြင်မှာ အခြား လူများနှင့် မတူပေ ။ သို့မတူကြောင်းကိုလည်း မိမိကိုယ်တိုင် သိလေ၏ ။ တစ်စိတ်တစ်ဒေသ ပုဂ္ဂိုလ်တို့မှာ ရေးရာ၌ ဖြစ်စေ ၊ ပြောရာ၌ ဖြစ်စေ အာဘော်ရဲရင့်ခြင်းသည် ထိုအသိကြောင့် ဖြစ်၏ ။ ကိုသာညှင်း မှာ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်လေ၏ ။

၎င်း၏ အလုပ်မှာ သတင်းစာတိုက်များကို မှီ၍ အသက်မွေးရသော အလုပ်ဖြစ်ရာ အဘယ်တိုက်မှာမျှ အယ်ဒီတာ ရာဇပလ္လင်ထက်၌ ထိုင်သော်လည်း သတင်းစာအလုပ်နှင့် ကိုသာညှင်း မှာ မကင်းရာ မကင်းကြောင်း ဖြစ်သည်မှာ ၎င်းအတွက် ဓမ္မတာ ဖြစ်၍ နေလေ၏ ။ အစိုးရ အလုပ်၌ လခကြီးသော နေရာများကို ကျန်းမာလျှင် ရနိုင်သော်လည်း မကျန်းမာခြင်း ၊ အရွယ်လွန်ခြင်းကြောင့် ရသမျှနှင့် ရောင့်ရဲကာ ရှေးရှေးက မျှော်လင့်ခြင်းနှင့် သမီးကို နှင်းခဲ့သော ယောက္ခမကြီး၏ ထောက်ပံ့ခြင်းနှင့် သတင်းစာတိုက်များမှ အကူအညီကို မှီ၍ နေရလေ၏ ။

ထိုနေ့၌ကား ဘာသာပြန် အလုပ်ကြီး တစ်ခုကို ရဖို့ရန် အချက်ကောင်း ရှိ၍ မိတ်ဆွေ တစ်ယောက်က အကြောင်းပြုသဖြင့် တစ်လလျှင် သုံးရာလောက် သက်သက်သာသာနှင့် ရဖို့ အခါအခွင့် ကြုံကြိုက်၍ လာသော နေ့ဖြစ်လေရာ ထိုနေရာ၌ စာတတ်ရုံမက “ ရှော့တ်ဟင်း ” အတတ်ပါ လိုသဖြင့် မိမိထက် တော်သူကို ရဖို့ရန် အတော် ခက်ဖို့ ရှိလေရာ ၊ မိမိ ထိုအလုပ်အတွက် ကျိန်းသေ၍ နေလေ၏ ။ ထိုနေရာမှ နောင် အကြောင်းဆက်ကာ သက်သက်သာသာနှင့် ကြီးမြင့်ဖို့ လမ်းတွေကို မြင်ရလေ၏ ။ သွားတွေ့မည့် သူမှာ အငြိမ်းစား မြန်မာအရာရှိကြီး တစ်ယောက် ဖြစ်ရာ ထိုအရာရှိကြီး ကလည်း စိတ်သဘော ကောင်းသော လူရိုးလူအေးများ လိုလားတတ်ကြောင်း ၊ လူမော်လူကြွားများကို မုန်းကြောင်း သိရသဖြင့် ကိုသာညှင်းသည် မှန်ရှေ့၌ ရပ်ကာ ကိုင်း .. ဒီ ဆီသည် ကိုမှ သဘောမကျလျှင် သုဘရာဇာကို ငှားမှ ရမှာပဲ ။ ပညာလည်း တတ် ၊ ဆီသည်ရုပ်လည်း ရှိရမည် ။ ဤကဲ့သို့သော အရည်အချင်း စွယ်စုံပြည့်ဝခြင်းသည် ယခုခေတ်အခါ၌ အလွန်တရာ ရခဲလေရာ ၊ ငါကား လူထူးလူမြတ် ဖြစ်ပေသည်တကား ဟု ဆင်ခြင်ကာ ပီတိ သောမနဿ ဖြစ်လျက် မျက်နှာကို သမင်ချို ပေါ်၌ တင်၍ထားသော အစွန်းကလေးနှင့် ပွတ်တိုက်ပြီးနောက် သွားခါနီး လာခါနီး မိမိ ရပ်ကြည့်နေကျဖြစ်သော ၊ အောင်မြင်ကြီးပွားရေးဂါထာဟု မိမိ စွဲမှတ်၍ ထားသော မေတ္တသုတ် ပါဠိအစကလေးကို ပုတီးစိပ်သလို ရွတ်ရင်း အမည်းရောင်ပျောက် အဖြူရောက်သော ဖဲထီးကို နံရံမှ ယူ၍ သေသေချာချာ လိပ်ကာ ကြယ်သီးကို တပ်၍ လက်မောင်းအောက်၌ ညှပ်လျက် ရန်ကုန်ဂေဇက် သတင်းစာ အဟောင်း တစ်ခုကို လိပ်ခေါက် ဖျစ်ညှစ်ကာ ကိုင်လျက် လှေကား ဘယ်နှထစ် ရှိသည်ကို ရေတွက်သလို နင်းဆင်း၍ သွားပြီး အိမ်ဝင်းမှ ထွက်ခါနီးသောအခါ အိမ်ပြတင်းပေါက်ကို ပြန်ကြည့်ပြီး ဟေ့ ... မိကြီးရေ ဟိုစားပွဲပေါ်က စာအုပ်နီနီဟာ ဗီရိုထဲ ထည့်ထားလိုက်ပါကွယ် ။ တိုက်က တစ်ယောက်ယောက် လာရင် ခေါင်းကြီးပိုင်းကို သူကိုယ်တိုင်ပဲ ယူသွားပြီလို့ ပြောလိုက်ပါကွယ် ၊ အဟမ်း .. ဟု ပြောပြီး တောင်မြောက်လေးပါးကို ကြည့်ရင်း နေမပူ သဖြင့် ထီးကို မဖွင့်ဘဲ လက်မောင်းအောက်မှာ ညှပ်လျက်ပင် သွားလေ၏ ။ သားရေကြိုးနှင့် နာရီကို ထုတ်၍ ကြည့်သောအခါ ဟင် ... သုံးနာရီ ထိုးခါနီးနေပါကလား ၊ သုံးနာရီခွဲ ချိန်းထားတယ် ၊ လန်ချားနဲ့ သွားမှပဲဟု အောက်မေ့ပြီး လန်ချားကို စောင့်လေရာ လန်ချားတစ်စီး ရောက်၍ လာသဖြင့် ခေါ်လေ၏ ။ မိမိနှင့် မျက်စောင်းထိုး လမ်းတစ်ဖက်၌လည်း သားနားသော လူတစ်ယောက် လန်ချား စောင့်၍ နေသည်ကို မြင်ရလေ၏ ။

လန်ချားကို ကိုသာညှင်းက ခေါ်သောအခါ ကု,လားက ကိုသာညှင်းကို နဖူးမှ ခြေဖျားတိုင် အကဲခတ်သလို ကြည့်ပြီး ဦးခေါင်းကို ခါ၍ သွားလေရာ သားနားသော လူက လက်ကို ဆောင့်လိုက်ရုံမျှနှင့် တန်ခိုးကြီးသော လက်၏ အရှိန်ဖြင့် တစ်ဟုန်ထိုး အဆွဲခံရသလို ထိုလူ ရှိရာသို့ ရောက်၍ သွားလေ၏ ။ ကိုသာညှင်းက “ ဒီ ခွေ းကု,လား ၊ ငါ့ကို သူ ဘာမှတ်လို့ပါလိမ့် ။ လူကောင်းမှန်းလည်း မသိ ။ ဒါကြောင့် ဒီအကောင်တွေ ဘေးအကန်ခံရ ၊ အထိုးခံရ ၊ အဘား အဘားနဲ့ အော်ပြေးရတာ ” ဟု ဒေါသနှင့် ပြောလေ၏ ။ ထို့နောက် သတိရပြီး ဆင်ခြင်ကာ “ အေး လေ ... မသိရှာဘဲကိုး ” ဟု ပြောကာ ရုတ်တရက် ပေါ်ထွက်သော ပုထုဇဉ်စိတ်မျိုးကို ဖျောက်ဖျက်ကာ မခံချင်သောစိတ်ကို ဖြေလိုက်လေ၏ ။

သို့ဖြစ်၍ ကိုသာညှင်း မှာ ခြေကျင်ဆက်၍ သွားရာ အခြား လန်ချားတစ်စီးကို တွေ့ရပြန်လေ၏ ။ ထိုလန်ချား ကု,လားကလည်း ပထမ လန်ချားနည်းတူ ကိုသာညှင်း အား နှစ်ခါသုံးခါ ဝီစိကိစ္စာ ဖြစ်သော အမူအရာနှင့် ခြေဖျားမှ ဦးခေါင်းသို့ တိုင် နှစ်ကြိမ် ကြည့်ပြီး ဦးခေါင်းကို ခါ၍ ထွက်သွားလေ၏ ။

“ ဟေ့ ... လန်ချား ၊ အောက်နားဟေး ... အောက်နား ” ဟုခေါ်ကာ ခပ်သုတ်သုတ် လိုက်လေ၏ ။ ကိုသာညှင်း မှာ လွန်စွာ ရိုးသူ ဖြစ်လေရာ စာပေ လွန်စွာတတ်သော်လည်း အင်္ဂလိပ်စကားကို လေးလုံးကွဲအောင် မပြော တတ်ပေ ။ ပီသခြင်းလည်း မရှိ ။ ကု,လားစကားကိုမူ လုံးလုံးကြီး ဂရုမစိုက်သဖြင့် ဘိလပ်က ရောက်ခါစ အင်္ဂလိပ်ကဲ့သို့ အင်္ဂလိပ်စာသာ တတ်သူ ဖြစ်လေ၏ ။

လန်ချားကု,လားသည်ကား ကိုသာညှင်းအား လှည့်၍မျှ မကြည့်ပေ ။ နေကလည်းပူ လူကလည်း ချူချာသဖြင့် မကြာမီ မော၍ လာပြီး သရက်ပင်ရိပ် တစ်ခု၌ ထီးကို ထောက်မှီ လျက်ထိုင်ကာ အမောဖြေလျက် ကု,လားကို စိတ်ဆိုးသော စိတ်ညှောင့်ကလေးကိုသာ ဖြေဖျော်၍ နေလေ၏ ။

အတန်ငယ်ကြာ၍ အမောပြေသဖြင့် ထီးကို ဖွင့်မှ တော်ချေမည်ဟု ဆုံးဖြတ်ချက်ချပြီး ခရီးကို ဆက်၍ သွားပြန်ရာ ငှက်ပျောခြောက် ခေါင်းပေါင်းထုမှာ ဘီအေပေါင်းမှ ခွေစောင်း၍ ပွပြီး ချွေးတွေသံတွေနှင့် ဖြစ်၍ လာလေလျှင် လက်ကိုင်ပဝါနှင့် သုတ်ရန် ထုတ်လိုက်ရာ လက်ကိုင်ပဝါမှာ ညစ်၍ နေသဖြင့် မသုတ်ရဲဘဲ လက်၌ ကိုင်ကာ ဪ ... မမိကြီး ၊ မမိကြီး ၊ တယ်ပေါ့တဲ့ မိန်းမကိုးဟု တွေးတော စိတ်ဆိုးပြီး ၊ အဲလေ ... ငါကလည်း ယနေ့ သွားစရာရှိတာကို ပြောမှ မပြောမိဘဲကိုး ။ သူ့ခမျာလည်း အလုပ်ကများ ၊ ရှေးက အရာရှိသမီး ဖြစ်ပြီး ငါနဲ့ ညားလို့ ကလေး သုံးယောက်အမေ ဖြစ်ခါမှ ကသီလင်တ ဖြစ်ရလေတော့ အလေ့အထက မရှိသည့် အတွက် အိမ်ထောင်ကို မသယ်နိုင် ။ သူ့ခမျာလည်း ခွေးမတို့ ၊ အပါတို့ အလုပ်နဲ့ ပြီးနေတော့တာပဲလေဟု အောက်မေ့ကာ စိတ်ကို ဖြေရှာလေ၏ ။

ထိုသို့ သွားရင်း အခြား လန်ချားတစ်စီးကို တွေ့ပြန်ရာ မိမိကိုယ်မှာ သာ၍ပင် ရုပ်မလှ ဖြစ်၍ နေတော့သည်ကို သိရသဖြင့် မရဲတရဲ ခေါ်ပြန်လေ၏ ။ ကု,လားက အရင်ကု,လားများ နည်းတူ ကြည့်ပြန်လေရာ ကိုသာညှင်းသည် မျက်နှာကို တည်တည်ထား ၊ စတိုင်ကို တင်း၍ပေးလျက် “ ဟေ့ ... လန်ချားဝါလား ၊ တွန်မလို ကား ကျားဟေး ၊ ဟမ်မကိုး ကျားအပ်မီဒတွန်မလို့ကား ။ အင်း ... အင်း ... ကျားထင်သလား ... ဟေး ... ” ဟု ဒေါပါပါ ပြောလိုက်လေရာ ကု,လားက စဉ်းစားနေလေ၏ ။ ကိုသာညှင်းက ...

“ ဟမ်ပိုက်ဆပ်ဒေးယကာ ၊ ဝါးလားဟေး ၊ ယေးမိုင်းနား ၊ ယေးမိုင်းနား ၊ အိုး ... ဆတို့ပိုက်ဆပ်မီလတား ။ ကရာနီအားမီး ... မင် ၊ အောင်းဂျားယေးကား ” ဟု ပြောကာ အင်္ကျီအိတ်ကို လှုပ်၍ ပြရာ ပိုက်ဆံသံ မထွက်သဖြင့် ရှပ်အင်္ကျီအိတ်ထဲမှ ငွေတစ်ကျပ်ကို ထုတ်၍ ပြရလေ၏ ။ ထိုအခါကျမှ ကု,လားက “ အခြားဆပ် ” ဟု ပြောကာ ပြေး၍ လာလေရာ ..ကိုသာညှင်းက “ အေး .. အေး .. တွန် အခြား အပ်ဒမီး ” ဟု ပြောပြီး စတိုင်ပါပါ လန်ချားပေါ်ကို တက်၍ တင်ပလ္လင်ချိတ်လျက် ပါသွားရင်း နာရီကို ကြည့်ရာ သုံးနာရီခွဲ ကျော်၍ သွားသည်ကို သိရလေ၏ ။

ကိစ္စမရှိပါဘူးလေ ။ နောက်ကျပေမဲ့ ဒီနေရာ အတွက် ငါလိုလူ ပေါ်လာဖို့ အခက်သားပဲ ။ စိတ်ချ ငါ ရမှာပဲ ။ ရရင် တစ်နှစ်လောက် လုပ် ၊ ငွေကလေး စု ၊ နောက် အလုပ် မထွက်ဘဲ ဂျာနယ်တစ်ခု ထောင် ၊ ငါ မသေမီ ရေးချင်တာတွေကို ရေးရတော့မှာပဲ ဟု စဉ်းစား၍ သွားလေ၏ ။

ချိန်းသော အလုပ်တိုက်သို့ ရောက်၍ သွားသောအခါ ချိန်းသော အချိန်ထက် နာရီဝက်ကျော်ကျော် တစ်နာရီနီးနီး နောက်ကျ၍ သွားလေ၏ ။

အငြိမ်းစားအရာရှိကြီး၏ အခန်းထဲသို့ ရောက်ဖို့ရန် မနည်းကြီး ကြိုးစားရလေ၏ ။ အကြောင်းမူကား အစေခံများက ဘယ်က ဆီသည် ၊ ဘာကိစ္စနှင့် လာသလဲဟု မှတ်ထင်ကြလေ၏ ။ ထိုနေရာ၌ တစ်ဖန် နာရီဝက်လောက် အကျိုးအကြောင်းကို ပြော၍ နေရလေ၏ ။ ထိုအခိုက် မိမိ ပထမ ခေါ်သော လန်ချားကို ရ၍ သွားသော သားနားသူ တစ်ယောက် အခန်းထဲမှ ထွက်လာပြီး အံ့အားသင့်လျက် ကြည့်၍ နေသော ကိုသာညှင်း ကို သတိမထားဘဲ အနားမှ ပွတ်၍ ထွက်သွားသည်ကို မြင်ရလျှင် ကိုသာညှင်းသည် စက္ကန့် အနည်းငယ် စဉ်းစား၍ နေမိလေ၏ ။

ထိုအခိုက် အငြိမ်းစားအရာရှိကြီး ထွက်၍ လာသဖြင့် ဆီး၍ နှုတ်ဆက်စကား အနည်းငယ် ပြောသောအခါ အရာရှိကြီးက “ ဪ .... ဪ ... သတိရပြီ ။ ကိုသာဆိုင် ကျုပ်ကို ပြောတယ် ။ မေ့နေတယ်ခင်ဗျာ ၊ ဝင်ပါဦး ” ဟု ပြောသဖြင့် တစ်ဖန် အလုပ်ခန်းထဲကို ဝင်ပြီး စကားပြောကြရာ ကိုသာညှင်း မှာ မိမိ နိုင်သော ပွဲကို ကရသူ ကဲ့သို့ဖြစ်ကာ သမုဒ္ဒရာ၌ ဝေလငါး မြူးသလို စာပေကျမ်းဂန် အကြောင်းအရာများ ၊ အင်္ဂလိပ်သတင်းစာ ၊ မြန်မာ သတင်းစာများ၌ မိမိ ရေးသားသော စာများ အကြောင်း ပြော၍ ပြလေ၏ ။

“ လက်မတင်ကလေး လွဲသွားတယ် ခင်ဗျာ ။ ခုတင်ပဲ စကား လွန်သွားတယ် ။ ကျုပ် အင်မတန်ကြီးတော့ အားမရဘူး ။ အခု လုပ်ရမယ့် အလုပ်ကလည်း ကမ္ဘာပေါ်ရှိ ဘာသာအမျိုးမျိုး ၊ ပညာရှိအမျိုးမျိုး ရေးသမျှ စာတွေကို တစ်အုပ်ပြီး တစ်အုပ် ဆက်ပြီး ပြန်ဖို့ အလုပ် ဖြစ်လေတော့ အတော်ကြီးသည့်အတွက် ခုတင်က လူကိုမှ အခန့်သင့် ခိုက်မှာ မယူလိုက်ရင် တခြား သူလောက် တော်တဲ့ လူကို ရဖို့ရန် အင်မတန် ခဲခဲယဉ်းယဉ်း ရှာနေရာမှာကို စိုးပြီး ယူလိုက်ရတယ် ။ အခု ပထမနှစ်မှာ ပြန်ဖို့ ခြောက်အုပ်ကို သေသေချာချာ သူနဲ့ အခိုင်အမာ စာချုပ်ပြီးသွားပါပြီ ။ နာရီဝက်လောက်ကလေး နောက်ကျသွားတာပဲ ။ သို့သော်လည်း ရှေ့နှစ်ခါလောက် ကျရင် နေရာကျကောင်း ကျသွားပါလိမ့်မယ် ။ ကျုပ်ကလည်း ဆရာတို့လို ရိုးရိုးသားသား နေတတ်တဲ့ ပညာတတ်မှ လိုချင်တာကိုး ။ ကိုဘဆိုင် ကတော့ ပြောတာပဲ ။ ပြောပေမဲ့ ခုတင်က လူထက်တော့ သာမယ် မထင်ပါဘူးလေလို့ အောက်မေ့ပြီး ပေါ့ပေါ့ဆဆ နေမိလို့ မေ့တာပါပဲ ။ ဟိုလူကို ကျုပ် စမ်းသပ်တာ တနင်္ဂနွေတစ်ပတ်လောက် ကြာပါပြီ ။ အများကြီး ဝမ်းနည်းပါတယ်ဆရာ ” ဟု ပြောလေရာ ကိုသာညှင်း လန်ချားကု,လားနှစ်ယောက်ကို ပြန်၍ တွေးမိလျက် စဉ်းစား၍ နေပြီး နောက်ကျပုံ အကြောင်း ပြော၍ ပြလေ၏ ။

ထိုအခါ အငြိမ်းစား အရာရှိကြီးက လက်ခုပ် လက်ဝါးတီးကာ ရယ်မောလျက် “ လူအဖိုးတန်ပါက ထိုင်ပြီး စကားပြော ကြည့်မှ သိရတာကိုး ။ အဝတ်အစား ကတော့ မျက်မြင် အဖိုးတန် ဖြစ်တာပဲ ။ ဆရာ ပညာရှိတာ မှန်ပါတယ် ။ သို့သော်လည်း ဒီအချက်တော့ နောင် သတိထားဦးမှ တော်မယ် ။ ကျုပ်လို လူမျိုးနဲ့ တွေ့တော့ အရေးမကြီးပါဘူး ။ လောကမှာ လန်ချားကု,လား မျက်စိမျိုးနဲ့ ကြည့်သူတွေက များနေလေတော့ မဝတ်လည်း မဖြစ်သေးဘူး ။ ထိုက်သင့်အားလျော်စွာ ဝတ်ဆင်ဦးမှာပဲ ။ ရောမကို ရောက်ရင် ရောမလူမျိုး လုပ်သလို လုပ်ရမယ်ဆိုတဲ့ အင်္ဂလိပ်စကားပုံ တစ်ခုကို ဆရာလည်း သိမှာပေါ့ ။ ဟိုလူက ဆရာ့ထက် တောင်ရှည်ပုဆိုး သာတာကိုး ။ ဒါကြောင့် နေရာကျသွားတာပဲ ” ဟု ပြောလေ၏ ။

ထိုနေ့မှစ၍ ကိုသာညှင်း သည် တောင်ရှည်ပုဆိုးကို မချွတ်ဘဲ နေလေတော့သတည်း ။

▢ ပီမိုးနင်း
📖ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )

မေ့ကျန်ရစ်ခဲ့တဲ့ ဒုတိယရုပ်ပုံလွှာ


 

❝ မေ့ကျန်ရစ်ခဲ့တဲ့ ဒုတိယရုပ်ပုံလွှာ ❞
        ( မောင်ခင်သာမြင့် )

ကဖေးဆိုင် မှန်လုံခန်းထဲတွင် စားပွဲဝိုင်းတစ်ခုနှင့် ထိုင်ခုံ လေးခုံ ရှိပြီး နံရံ၌ လေအေးစက် တပ်ထားလေသည် ။ လေအေးစက်တပ်ထားသော အခန်းထဲက ရနံ့ သင်းပျံ့ပျံ့အေးအေးကို ရနေသဖြင့် ကြည်လင်သော အာရုံကို ဖြစ်စေသည် ။ ပြတင်းပေါက်နှင့် အနီးဆုံး ထောင့် မှာတော့ ခြေတံရှည်ခုံပေါ်၌ တစ်ပေကျော်ကျော် မြင့်သည့် ပန်းအိုးတစ်လုံး တင်ထားသည် ။ ပန်းအိုးထဲ၌ ဘွန်ဆိုင်း လုပ်ထားသည့် စိန်ပန်းပင်ပုပုလေး တစ်ပင် ထီးထီး ရှိနေသည် ။ ဘွန်ဆိုင်း လုပ်ထားသည့် တစ်ပေကျော်ကျော် စိန်ပန်းပင်ပုပုလေးက စိန်ပန်းတွေ ရဲရဲပွင့်နေလေသည် ။ လူတို့သည် သဘာဝကို အန်တု၍ အနုပညာစိတ် နဲ့ ခံစားချင်တဲ့ ဆန္ဒတွေ ဘယ်မှာ ဆုံးမှာလဲ ဆိုတဲ့ မေးခွန်းက စိတ်ထဲ ရောက်လာချိန်မှာ အခန်း၏ ဝင်ပေါက် လျာထိုးတံခါးကို ဖွင့်၍ စားပွဲထိုးက အအေးခွက်နှစ်ခွက်ကို လာချသဖြင့် အတွေးက ပြတ်သွားခဲ့၏ ။ ကျွန်တော့်ကို လာခဲ့ဖို့ တခုတ်တရ ဖိတ်၍ လာခဲ့ရပြီး အခန်းထဲမှာ ကြိုတင် ထိုင်နှင့်နေသော သူမက ခုထိ ကျွန်တော့်ကို စကား တစ်ခွန်းမျှပင် မစသေး ။ တိတ်ဆိတ်လွန်းသဖြင့် စိန်ပန်းနီနီတွေ ရှိရာ အခန်းထောင့်ကို ထလျက် အပွင့်နီနီ သေးသေးလေးတွေကို တို့ကြည့်ရန် ကြိုးစားလိုက်သည် ။

“ ဘယ်လိုလုပ်မလဲ အောင် ၊ အပွင့်လေးတွေ ကြွေသွားမှဖြင့် ”

ပွင့်ထွက်လာသော ဟန့်သံသည် ကျွန်တော့် လက်ကို တွန့်သွားစေသည် ။ “ အောင် ” တဲ့လား ။ ချစ်သူ အဖြစ်မှ စွန့်ခွာသွားခဲ့သူက ငါးနှစ် ခြားနားပြီး ခေတ္တ လာတွေ့ ပါ ဆိုသော ဖိတ်ကြားမှုကြောင့် ယခုလို ပြန်ဆုံချိန် တွင် “ အောင် ” ဟု ခေါ်လိုက်လေသည် ။ ကျွန်တော် ရင်မခုန်တော့ပါ ။ နာကျင်ကြေကွဲခဲ့ ပြီးပြီလေ ။ ပွက်ပွက်ဆူမျှ ဖြစ်ရမှုများ ကြေမွ ငြိမ်သက်သွားခဲ့ပြီးပါပြီ ။

“ သူ့အတိုင်း အပင်မှာ ရှိပါစေလား ။ အပွင့်တွေ အဖြစ် ထားလိုက်ပါတော့ ”

ကျွန်တော့် ရင်ထဲရှိ အချစ်ပွင့်ကို ခြွေချပစ်ခဲ့တာ ဘယ်သူလဲ ။ သူ့အတိုင်း မထားခဲ့တာ ဘယ်သူလဲ ။ အသက် သုံးဆယ် ကျော်ခဲ့ပြီးပြီမို့ နှုတ်က ထွက်၍ မမေး ဖြစ်တော့ပါ ။ စိတ်ထဲ မှာတော့ တချို့ ကိစ္စတွေဟာ သူ့ အတိုင်းထားတာ ကောင်းတာ ရှိသလို တချို့ကိစ္စတွေက ပြီးမသွားနိုင်တာမျိုးလည်း ရှိသေးတယ် ညို လို့ ကျွန်တော့်နှုတ်ဖျားမှ မထွက်မိအောင် ကြိုးစားလိုက်ရပါ၏ ။ သူ့ကို ကြည့်လိုက်တော့ ဘယ်လို အဓိပ္ပာယ်ကိုမျှ ထွက်ဆိုလိုခြင်း မဟုတ်သည့် မျက်နှာ ကြည်ကြည်လေးကို တွေ့ရပါသည် ။ ကျွန်တော် သူ့ကို ပေးခဲ့ဖူးသည့် ကဗျာ တစ်ပုဒ်၏ အပိုင်းအစလေးကို ဖျတ်ခနဲ အမှတ်ရလိုက် ရသည် ။

မြောင်းထဲထိ ကျသွားပြီ လိမ့်ကျသွားတဲ့ ကျောက်ဒိုးလေး
သူ့ကို ဘယ်သူလှိမ့်လိုက်သလဲ
အဲဒီလက်ကလေး တစ်ဖက်ကို
မပြောရက်ဘူး .. ပြောမထွက်ဘူး ။

အပြစ် မမြင်နိုင်တော့ပါဘူး ညို ။ ကျွန်တော့် လက်ကို အချိန်မီပင် ရုပ်၍ နေရာ၌ ပြန်လည် ထိုင်ဖြစ်လိုက်သည် ။ သူမက လိုရင်း ရောက်အောင် ပြောမှာပါ ဟူသော အမူအရာဖြင့် စကားကို ဆက်ပြောလေသည် ။

“ ကျွန်မ အိမ်ထောင် ပြုတော့မယ် အောင် ။ အဲဒါ ဖွင့်ပြောဖို့ စိတ်စောနေတာ ကြာပြီ ။ ဆက်သွယ်ဖို့ ခက်နေတာ ။ တစ်လောက အခြေအနေ ပေးလို့ မဖြစ်မနေ မှာလိုက်တာကို ခုလို လာပေးတာ ကျေးဇူးတင်ပါတယ် အောင် ”

ကျွန်တော် အသာအယာပင် နားထောင်ပေးလိုက်ပါသည် ။ သူမ၏ စိတ်စောနေမှု အတိုင်း နေပေးလိုက်ပါသည် ။

“ အောင့်ကို ကြိုပြောခဲ့တယ် မဟုတ်လား ။ အောင့်ရဲ့ လက်ရှိ အခြေအနေ ကိုလည်း ပြောပြပါ ။ ကျွန်မ အပေါ်မှာ အခုလို အိမ်ထောင်ပြုမယ့် ကိစ္စအပေါ်မှာ ဘယ်လို သဘောထားသလဲ ဆိုတာလည်း ပြောပြပါလို့လေ ”

အမှတ်မထင် သူမကို ဖျတ်ခနဲ ကြည့်လိုက်မိသည် ။ ဘယ်လို ရည်ရွယ်ချက်မျှ မပါရှိဘဲ အမှတ်တမဲ့ ကြည့်မိခြင်း ။ မေးခွန်း မပေါ်ပေါက်ခဲ့ပါလျက် မေးလိုက်ခြင်းကို နားမလည်မှုများတော့ ပါနိုင်လိမ့်မည် ။

“ ကိုယ် ဘယ်လို ပြောစေချင်သလဲ ညို ”

“ အောင်လို့ ခေါ်နေတဲ့ ကိစ္စက တခြား အဓိပ္ပာယ် မရှိရင်တော့ စိတ်ထဲ ရှိတဲ့ အတိုင်းကို ပြောနိုင်ပါတယ် ”

“ ချစ်သူ မဖြစ်ခဲ့တုန်း ကလည်း အောင်မော်ကို “ အောင် ” လို့ ခေါ်ခဲ့တာပဲ ။ တခြား အဓိပ္ပာယ် မရှိပါဘူး အောင် ။ ညို့ ကိုလည်း ညို လို့ပဲ ခေါ်ပါ ။ ကျွန်မတို့ သူငယ်ချင်းတွေလည်း ဖြစ်ခဲ့ကြတာ မဟုတ်လား ”

တစ်ခုခု မှားနေသည် ထင်သည် ။ ကိစ္စက နှစ်ဦးသား၏ ကိစ္စ ၊ ပြောစကားတွေက တခြားသူ တစ်ဦးဦး အကြောင်းကို ပြောနေသလို ၊ မေးနေသလိုမျိုး ဖြစ်နေသည် ။ မဖြစ်နိုင်တော့ဟု ဆိုလျက် စတင်ခွဲခွာဖို့ ဆိုသွား သူ ။ ငါးနှစ်ကြာ ကွာဝေးခဲ့ပြီးသော ကာလ၌ တစ်စုံတစ်ရာ ပတ်သက်တာလည်း မရှိခဲ့ပါလျက် သူမ၏ အိမ်ထောင်ပြုတော့မည့် ကိစ္စအား အရေးတကြီး တွေ့ဆုံ၍ ခွင့်တောင်း နေသကဲ့သို့ မေးနေသည် ။ မဟုတ်သေး ဟု ထင်သည် ။ ကိုယ့် ခွင့်ပြုချက် လိုလို့လား ။ သူ အိမ်ထောင်ပြုသည့် အခါ ကိုယ့်ဘက်က နှောင့်ယှက်မည် စိုးလို့လား ။ ငါ့ရည်းစား ဖြစ်ခဲ့တဲ့ မိန်းမလို့ သူ ယူမည့် ယောက်ျားကို ပြောလိုက်မှာ စိုးရိမ်နေလို့လား ။ မေးခွန်းတွေက ခေါင်းထဲ၌ ဆူဝေနေသည် ။ ကိုယ်က အဲသလောက် အောက်တန်းကျမယ့် အပြုအမူ ၊ အပြောအဆို များ သူမနဲ့ ပတ်သက်ခဲ့စဉ်က ပြုမူခဲ့တာမျိုး ရှိလို့လား ။ သေချာသည် ။ ကိုယ်သည် သူမကို အလွန် မြတ်နိုးချစ်ခင်ခဲ့သူ ဖြစ်သည် ။ သူမ၏ တင့်တယ်သိုက်ဝန်းဖြစ်ထွန်းမှုများကို မနာလိုစရာ စိုးစဉ်းမျှ မရှိ ။ အဝေးက ကြည့်ရင်း ကျေနပ်နေနိုင်သော စိတ်မျိုး အသင့် ရှိနေခဲ့ပြီးပြီ ။ အင်းလေ ၊ သူမ အနေနဲ့ သူမ ဝန်းကျင်ရဲ့ အကျယ်အဝန်းကြောင့် စိုးရိမ်မည် ဆိုလည်း စိုးရိမ်နိုင်သည်ဟုပင် ကျွန်တော် ဆင်ခြင်လိုက်ပါသည် ။

သို့သော် ကျွန်တော် ဝန်ခံရပါမည် ။ သွေးကျဲခဲ့ပြီးပြီဟု ယုံမှတ်နေခဲ့သည့်တိုင် အခုလို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်လိုက်ရသောအခါ ရယူလိုစိတ် မရှိတော့သော်လည်း မြတ်နိုးချစ်ခင်စိတ်က ပျက်ပြယ် မသွားသေးမှန်း ကျွန်တော် သိလိုက်ရသည် ။ အချစ် ဆိုတာ ကြာသွားသော အခါ အသိက သတ်သတ် ၊ ခံစားချက်က သတ်သတ် ၊ သူ့သဘော သူဆောင်၍ ရှင်သန်တတ်တာမျိုးပါလားဟု အံ့သြစွာ တွေ့ရှိလိုက်ရပြန်သည် ။ ပြောကြည့်ပါ ညို ။ မင်း စိတ်ထဲရှိတာ မခြွင်းမချန် ပြောကြည့်ပါဟု စိတ်ထဲ သဘောထားရင်း သူမ မျက်လုံးရှိရာကို တည့်တည့် စိုက်ကြည့်လိုက်ဖြစ်သည် ။ သူမ မျက်လုံးထဲမှာ အေးစက်မှု တစ်စွန်းတစ်စကို ကျွန်တော် အမှတ်မထင် မြင်လိုက်သည် ။ ဒီလိုမျိုး ဘယ်တုန်းက ခံစားခဲ့ဖူးပါ လိမ့်ဟု ကျွန်တော့်ကို ကျွန်တော် ပြန်မေးလိုက်မိသည် ။

မှတ်မိပြီ ။ အင်းလျားကန်ပေါင် ပေါ်ရှိ သစ်သားခုံလေးမှာ နောက်ဆုံး တွေ့ ခဲ့ရတုန်းက အချိန်ကို မှတ်မိလိုက်သည် ။ သူမက လမ်းခွဲတော့မည် ဖြစ်ကြောင်း ပြောစဉ်က ဒီမျက်လုံးထဲရှိ မျက်ဝန်းရိပ်၌ ဒီလို အေးစက်မှုမျိုးကို တွေ့ခဲ့ရဖူးသည် ။

“ နင် တစ်နေ့ ဒီလို ပြောမယ် ဆိုတာ ငါ မျှော်လင့်ပြီးသားပါ အောင် ။ အေး ၊ ဟုတ်တယ် နင်ပြောတာ မှန်တယ် ။ ဒယ်ဒီက ငါ့ကို မြင့်မြင့်ပျံနိုင်သမျှ ပျံပါ ။ သန်မာတဲ့ အတောင်ပံတွေ ဖြစ်အောင် ပံ့ပိုးဖန်တီးပေးနိုင် တယ်တဲ့လေ ။ ဒယ်ဒီမှာ အပြစ်ရှိသွားသလား အောင် ။ ငါ ဒီလို ပြောလိုက်လို့ Cold Blooded မျက်ရည်မကျ တတ်တဲ့ မိန်းမလို့တော့ မယူဆလိုက်ပါနဲ့ အောင် ။ ငါ့ကို နင်ချစ်တယ် ဆိုတာ ငါသိတယ် ။ ငါ နင့်ကို ဘယ်လောက် ချစ်တယ်ဆိုတာ နင် မသိဘူး မဟုတ်လား ။ ဒီစကားကို ငါ စပြောနိုင်တယ်နော်လို့ နင် ခုနက ပြောလိုက်တော့ ငါ့ ရင်ထဲမှာ ဘာတွေ ဖြစ်သွားတယ် ဆိုတာ နင် မသိဘူးမဟုတ်လား ... အောင် ”

အဲသလို မျက်လုံးအစိမ်းဟု ကျွန်တော် အမှတ် ပြန်ရလိုက်သည် ။ ငါးနှစ်ကာလ ခြားပြီး ဖြစ်၍ နင်တွေ ငါတွေ မပြောတော့ သော်လည်း မျက်လုံးအစိမ်းတွေက အရင်အတိုင်းပဲ ဖြစ်သည် ။

အမှန်က သူမ ပြောစကားကို ဒီအတိုင်း သေသေချာချာ နားထောင် နေသင့်သည် ။ စိတ်ကို အတိတ်ဆီ ရွက်မလွှင့်သင့် ။ စွန့်လွှတ်ခဲ့ရ၍ ကိုယ်က စွန့်လွှတ်စိတ်ကို အသားကျအောင် မွေးမြူခဲ့ပြီးပြီမို့ ကိုယ် ဘယ်လိုမှ မအောက်မေ့ပါဘူး ညို ၊ ညို စိတ်ချမ်းသာသလို နေပါ ၊ ထိုင်ပါ ၊ ပြုမူနိုင်ပါတယ် ဆိုတာကို ကျွန်တော် အချိန်မရွေး အဖြေပေးနိုင်နေပြီ ဖြစ်၍ သူမ ပြောစကားများကို နားက ထောင်ရင်း ဟိုးအရင်က အချိန်တွေဆီ သွား ကြည့်နေမိခြင်းလည်း ဖြစ်နိုင်ပါသည် ။ အဲသလို ဖြေလိုက်ရင် ညို ကျေနပ်နိုင်မှာလား ဆိုတာတော့ ကျွန်တော် မသိပါ ။

“ ကျွန်မ ထပ်ပြောပါရစေ အောင် ၊ နောက် ခြေလှမ်း အသစ် မစမီ အရင်က ရပ်ခဲ့တဲ့ နေရာမှာ ပြောခဲ့သမျှတွေဟာ အတည်ဖြစ်ရဲ့လားလို့ ။ ရှင့်ရဲ့ အခု ရှိတဲ့ စိတ်က အပြောင်းအလဲ မဖြစ်တော့ပါဘူး ဆိုတာမျိုးက ကျွန်မ အတွက် အရေးကြီးတယ် အောင် ”

“ ညို့ကို ကိုယ် ရှင်းအောင် ပြောနိုင်ပါတယ် ။ နောက် ကြောင်းပြန်ဖို့ ၊ ကိုယ် ထပ်နှောင့်ယှက်ဖို့ ဖြစ်နိုင်လို့လား ။ ကိုယ်က အဲသလို လူမျိုးလား ။ ဒီလောက် ကျယ်ပြန့် ကြီးမားတဲ ညိုတို့ အသိုင်းအဝိုင်း နေရာနဲ့ ကိုယ် ရပ်နေတဲ့ နေရာနဲ့ အကွာအဝေးကို ကိုယ် ရှင်းရှင်းလင်းလင်း သိပါတယ် ညို ”

“ ရှင့်ကို ကျွန်မ အထင်ကြီးမိသွားသလား မသိဘူး အောင် ၊ ရှင့်မှာ အနှောင်အဖွဲ့သာ မရှိနဲ့ ၊ ဒီလောက် နှစ်တွေ ခြားပြီး ရှင် ရရှိနေခဲ့ပြီ ဖြစ်တဲ့ နေရာနဲ့ဆိုရင် ကျွန်မ ကို ပြန်လက်တွဲဖြစ်ဖို့ အထိ ရှင် တောင်းဆိုလိမ့်မယ် ဆိုတဲ့ တစ်ကြောင်းစွဲ စိတ်မျိုး ရှိနေမှာပဲလို့ ကျွန်မ အထင် မှားခဲ့မိတယ်ပဲ ထားပါတော့ ”

ကျွန်တော်တို့ လမ်းခွဲခဲ့ရပြီး နောက်ပိုင်း ကျွန်တော်တို့၏ မိသားစုတွေ၏ ဒုက္ခလှိုင်းက ကြမ်းခဲ့ရသည် ။ တွေ့နေ မြင်နေကျမျိုး မဟုတ် ။ ချစ်သူအသစ် ထားဖို့ နေနေသာသာ ဖေဖေ၏ ကျန်းမာရေးမှာ ညံ့ဖျင်းလိုက်လာခဲ့ရ၍ စီးပွားရေး ကျဆင်းလာသည့် လက်တွေ့ ဖြတ်သန်းရမူများ ၊ မိသားစု ပညာရေး မပြည့်စုံသေးသူများကို ကျွန်တော် ကျားကန် ပေးခဲ့ရသော ရင်ဆိုင်မှုများ ၊ မေမေ တစ်ယောက် စိတ်ဓာတ် ကျဆင်းလာသကဲ့သို့ ကျန်းမာရေးကို ဖေဖေ့နောက် ပါမသွားအောင် မနည်း တားခဲ့ရသော ဒုက္ခများ ။ ကျွန်တော့် နှလုံးသားများသည် အလိုလိုပင် မာကျော ကုန်ခဲ့ရသည် ။ ပြီးခဲ့သော တစ်နှစ်ကျော် ကာလ ကစပြီး မုန်တိုင်း ငြိမ်သက်၍ မိသားစု၏ ညင်းညံ့ဖွယ် နွေဦးကို ရောက်ဖို့ နီးနီး အချိန် ၊ သူမနှင့် အခုလို ဆုံတွေ့ ချိန်မှာတော့ ကျွန်တော့် နှလုံးသား၌ ဘာတစ်ခုမျှ အဆင်သင့် မရှိသေး ။ ဒါ လက်တွေ့ ဘဝ ဖြစ်နေခြင်းဟု ဆိုနိုင်သည် ။ ကျွန်တော် ဘယ်လိုမျှ မအောက်မေ့ပါ ။ သူမ အနေဖြင့် မိန်းကလေး တစ်ဦး အနေဖြင့် ချစ်ခြင်း၏ တစ်ဖက်စွန်းသို့ ဒီလို လျှောက်လှမ်းပြီး လက်ကမ်းစကား ပြောခြင်းကိုပင် ကျွန်တော် အားနာ နေမိပါသည် ။ ကျွန်တော်တို့၏ ဘယ်လိုမှ မဆိုင်သော သဘောသဘာဝများကို အချိန်နှင့်အမျှ ကျွန်တော် လက်ခံနားလည်ခဲ့ရပါ၏ ။

စားပွဲပေါ်ရှိ ကော်ဖီအအေးခွက် ထဲ၌ အညှေးတွေ တက်နေပြီ ။ ကျွန်တော့် ရင်ထဲက ပွက်ပွက်ဆူနေပုံကို တင် စားရလျှင် ဘွန်ဆိုင်း အလုပ်ခံထားသော ကျွန်တော့်နှလုံးသား၏ အချစ်ပွင့်တို့မှာ စိန်ပန်းပင်သေးသေး ပေါ်ရှိ ရဲရဲနီနေသော အပွင့်လေးတွေနဲ့ တူနေလိမ့်မည် ထင်သည် ။ အချိန်မရွေး ကြွေကျနိုင်တဲ့ အပွင့်တွေပါ ညိုရယ် ဟု သူမ နားလည်အောင် ကျွန်တော် ပြောရခက်ခဲလှပါ၏ ။ အများကြားလျှင် ရယ်စရာ ကောင်းနေမည်လား မသိ ။ ကိုယ့်နှလုံးကို ပြန်မကုနိုင်သော နှလုံးအထူးကုဆရာဝန် ဟု ဆိုလျှင် ပို၍ပင် ရယ်စရာ ကောင်းနေပေလိမ့်မည် ။

“ ရှင် အံ့သြနေတယ် မဟုတ်လား အောင် ။ ငါးနှစ် ကြာမြင့်ခဲ့ပြီးမှ ရန်ကုန်အထိ လာပြီး မဖြစ်မနေ တွေ့ကြဖို့ တောင်းဆိုတာကိုလေ ။ ခွဲခွာဖို့ လုပ်တုန်းကလည်း ဘာမှ မမေးပါနဲ့တော့ တို့တတွေရဲ့ ရေစက်ကို ဒီလောက်နဲ့ အဆုံးသတ်လိုက်ပါလို့ ညို တစ်ဖက်သတ် ပြောခဲ့ပြီး ဒယ်ဒီတို့ ရှိရာ ညို လိုက်သွားခဲ့မိတယ် ။ ညို့ဘက်က နည်းနည်း လွန်တယ်မဟုတ်လား အောင် ”

“ မအံ့သြဘူးဆိုရင် ကိုယ် ညာရာကျမယ် ညို ။ အံ့သြတယ် ဆိုတာထက် ထူးဆန်းတယ်လို့ ပိုပြီး ထင်မိနေတယ် ။ သဘာဝအတိုင်း ဆိုရင် ပြီးပြီ ။ ဝေးခဲ့ပြီးပြီ ။ ဝေးလေ ကောင်းလေ နေကြရမှာမဟုတ်လား ညို ။ ဒီအထိ လိုက်လာပြီး မေးတဲ့ မေးခွန်းက ကိုယ့်အတွက် ထူးဆန်းနေမိတယ် ”

မျက်နှာကို ငုံ့ နေလေသည် ။ မျက်လုံးတွေက အအေးခွက်များ ရှိရာကို မခွာစတမ်း ကြည့်နေလေသည် ။ အရာရာ တိတ်ဆိတ်မှုက ပိုပြီး သက်ရောက်လာသည်ဟု ထင်မိသည် ။ အခန်း၏ လေအေးစက်အသံ ညှင်းညှင်း ကိုသာ အရာရာထက် ထွင်းဖောက်ပြီး ကြားနေရသည် ။ ကျွန်တော် ထင်ထားသည့် အတိုင်းပါပဲ ။ မျက်နှာ မော့၍ ကျွန်တော့်ဆီ ကြည့်သောအခါတွင် ညို့ မျက်လုံးတွေက ရဲပြီး မျက်ရည်တွေ ကျနေသည် ။ ညို့ မျက်ရည်တွေ ဘယ်က လာတာပါလိမ့် ။

“ ဒယ်ဒီနဲ့ မာမီတို့ ရှိရာ ၊ မိသားစု ရှိရာ ညို လိုက်သွားခဲ့တာ အောင် သိပြီးသား မဟုတ်လား ”

ခေါင်းညိတ်လိုက်သည် ။ သြစတြေးလျနိုင်ငံတွင် အခြေစိုက် နေထိုင်ရာ မိဘများ ဆီကို ကျွန်တော့်အား ထားခဲ့ပြီး အပြီး ထွက်ခွာသွားခဲ့သည်ကို ခွဲခွာပြီး မကြာမီပင် ကျွန်တော် သိရှိခဲ့ရသည် ။

“ ညို ရွေးချယ်ခဲ့ရတာပါ အောင် ။ ဟိုမှာ အောင့် ရင်သွေးကို လွယ်ပြီး ညို လိုက်သွားခဲ့ရတာပါ ”

ကျွန်တော့်၏ စိတ်ကို တစ်ခုခု ထိမှန် သွားခဲ့ပါသည် ။ အံ့ဩ ဆွံ့အစွာ ကျွန်တော် ငေးလျက် နားထောင်နေမိသည် ။ ဘာတွေဖြစ်ခဲ့တာလဲ ။

“ အောင် ညိုနဲ့ လက်ထပ်ဖို့ အဆင်သင့် မဖြစ်သေးခဲ့တာ ညို သိထားပါတယ် ။ အောင့်မိသားစုကို ညို နားလည်နိုင်ခဲ့ပါတယ် ။ ညို ထပ်ပြီး အပူ မကပ်ချင်ခဲ့ဘူး ။ ဒယ်ဒီတို့ကလည်း သမီးချည်းပဲ လာခဲ့ ၊ အားလုံးကို ခွင့်လွှတ် ရင်ဆိုင်ပေးမယ် ။ ဒီမှာ နေတော့မယ် ဆိုရင်လည်း တစ်သက်ပြတ် တစ်ချက်လွှတ် စကားနဲ့ ညို့ကို ရွေးချယ်ခိုင်းတယ် ။ ညို ဘယ်သူ့ကို ဦးစားပေးရမလဲ ၊ အောင် တွေးယူလို့ ရနိုင်ပါတယ် ”

“ ညို့ကို ညို့မိဘများ စိတ်တိုင်းကျ မောင်းနှင်တာကို သဘောတူနိုင်ရင် လိုက်လာခဲ့ဆိုပြီး ခေါ်တဲ့သဘောလား ”

ညို ခေါင်းညိတ်သည် ။ ကျွန်တော့် ဆွံ့အမှုသည် ဒေါသဘက်သို့ ကူးနေပြီ ဖြစ်ကြောင်း ကျွန်တော် သိသည် ။ သူမ၏ မိဘများ၏ အထင်သေးမှုများပါ တကား ။ တစိမ့်စိမ့် ရှက်ခြင်းက မခြောက်နိုင်တော့ ။ ဒေါသလှိုင်းက ထိပ်သို့ တက်လာသည် ။ ကျွန်တော် ပေါက်ကွဲ မပစ်ရက်ပါ ။ ညိုသည် သာမန် အမျိုးသမီးမျိုး မဟုတ်တာ ကျွန်တော် သိသည် ။ ပြီးတော့ ကျွန်တော် တန်ဖိုးထားရသော အမျိုးသမီးလည်း ဖြစ်သည် ။ ခြေခြေ မြစ်မြစ် ပြောစရာ မရှိလျှင် ခုလို တွေ့ဆုံရန် ချိန်းဆိုမည့်သူ မဟုတ်မှန်း ၊ သူမ ဘက်က ဘယ်လောက်များ ပြင်ဆင်ခဲ့ရပါသလဲ ။ ကျွန်တော် တွေးမိ၍ ဒေါသကို မြိုသိပ်နိုင်လိုက်ပါသည် ။

“ ဒေါသတွေ စိတ်တွေ မဆိုးပါနဲ့တော့ အောင် ။ သူ့အတိုင်း အမှန်ကိုပဲ သိစေချင်ရုံ သက်သက်ပါ ။ အောင့် ကို စော်ကားလိုစိတ် မရှိခဲ့ပါဘူး ”

ဆောက်တည်ရာ ရှာနေသော စိတ်ဖြင့် ကျွန်တော် ခေါင်းညိတ်မိလိုက်သည်ထင်သည် ။

“ ကံမကောင်းဘူး အောင် ။ ကလေးက အဖတ် မတင်လိုက်ဘူး ။ ဆေးရုံ တက်တုန်းက အပျိုလုပ်ရဦးမှာ ဆိုတော့ ဗိုက်ခွဲပြီး မမွေးဖြစ်ဘူး ။ ညို ရှော့ရသွားခဲ့တယ် ။ သတိလစ် သွားပြီးတော့ နေ့တစ်ဝက်လောက် သတိ မရတစ်ချက် ရတစ်ချက်ပဲ ။ သတိရှင်းရှင်း ရမှ ညို့ မိဘများအသိ မြန်မာဆရာဝန်က အကျိုးအကြောင်း ရှင်းပြလို့ ကလေးက အသက်ငွေ့ငွေ့ ပဲ ပါလာတာတဲ့လေ ”

“ ညို ကျောင်း ဆက်တက်ခဲ့တယ် ။ မာစတာဘွဲ့ ရသည်အထိ စိတ်ကို နှစ်ပြီး နေခဲ့တယ် အောင် ။ အစ်မအကြီးဆုံးက အမေရိကမှာ အခြေချ နေတော့ ညိုလည်း လိုက်သွားဖြစ်တယ် ။ အလုပ် ဝင်လုပ်ဖြစ်တယ် ။ ခု ညို ခွင့်နဲ့ ပြန်လာခဲ့တာ ။ ပြောသင့်တာကိုလည်း ပြောပြချင်တယ် အောင် ။ အောင့် အပေါ်မှာ ညို မတရားဘူးလို့ ထင်မိနေတာလည်း ပါတယ် ထင်တယ် ။ အဲဒါကို ရင်ထဲ ရှင်းသွားအောင် ဖွင့်ဟ ပြောပြလိုက်ချင်ခဲ့တယ်အောင် ”

သိစရာများနှင့် တွေးစရာများကို တစ်စုတစ်ဝေး တည်း ပြောခြင်းခံရသူကို ညို နားလည်နိုင်ပါ့မလား ။ နားမလည်နိုင်လောက်ဘူးဟု ထင်သည် ။ သူ့ဘက်က လိပ်ပြာသန့်ချင်စိတ်တွေ များနေလို့လည်း ဖြစ်နိုင်ပါသည် ။ နောက်တစ်ခေါက် ပြန်မေးရန် မသင့်သည်များကို ပြောပြနေတာပါလားဟု စိတ်ကို အေးနိုင်သမျှ အေးအေးထားလိုက်ကာ ဆက်၍ နားထောင် နေလိုက်ပါသည် ။ ဖြစ်ခြင်းပျက်ခြင်း သိရချက်ကို ကြုံရသူအား ယုံရခက်အောင် နာကျင်နေရသည် ကတော့ အမှန်ပင် ဖြစ်ပါသည် ။ ကလေး အဖတ်မတင်ခဲ့ဘူးဟု ပိုးမွေးသလို ဂရုစိုက်နေသော ဝန်းကျင်ထဲရှိ အနှီ အမျိုးသမီး၏ ဖြစ်စဉ်ကို ကျွန်တော် ယုံလိုက်ချင်သည် ။ နှလုံးသားထဲကမူ ယုံရန် ငြင်းဆန်နေလေသည် ။

“ ကလေးက အဖတ်မတင်ခဲ့ဘူး ဆိုတာ သေချာရဲ့လား ညို ”

သူမ ခေါင်းမော့၍ မလာပါ ။ ဖြေလည်း မဖြေပါ ။ မော့၍မျှပင် မကြည့်ပါ ။ ကိုယ် ကိုယ်တိုင်လည်း ဒီမေးခွန်းကို မေးလိုက်မိခြင်းကို အံ့အားသင့် နေမိသည် ။ လွှတ်ခနဲ ထွက်သွားသော မေးခွန်းက သူ့ကို ထိမှန်သွားတာလား ။

“ ကျွန်မကလည်း အစက မယုံခဲ့ပါဘူး အောင် ။ နောက်ပိုင်း အိမ်က မသိအောင် ဆေးရုံမှာ ရှိတဲ့ မှတ်တမ်းတွေကို ပြန်လိုက်စစ်ခဲ့ပါသေးတယ် ။ မွေးစာရင်းမှာ ဘာ အမှတ်အသားမှ မရှိတော့ ကျွန်မ အတွေးကို ပြန်ရုပ်သိမ်းပြီး ယုံခဲ့ရတယ် အောင် ”

မျက်ရည်များ ပြည့်နေသော မျက်လုံးအစုံကို တည့်တည့်ကြည့်လျက် ပြောနေခြင်းကို မြင်ရသော်လည်း တစ်ခုခုကို မြင်တွေ့ပုံရသည့် မျက်လုံးမျိုးမဟုတ် ။ အဝေးသို့ ရွက်လွှင့် နေသော စိတ်မျက်လုံးကို ဖတ်၍ရနေသည် ။ စိတ်ဆိုးရမှာလား ၊ ဝမ်းနည်းရမှာလား မသိနိုင်အောင်ပင် ကျွန်တော် နာကျင် နေရပါသည် ။ ရဲယိုသီးကို အစိမ်းလိုက် ခွဲကျွေးခြင်းခံရသူ၏ မအီမသာမှုမျိုးလား ကျွန်တော် မသိပါ ။

“ ဒီတော့ ညို့ ရည်ရွယ်ချက်က ဘာလဲ ။ ခုချိန်ကျမှ ဘာလို့ ဒီစကား ပြောရတာလဲ ညိုရယ် ”

စိမ်းနေသော မျက်လုံးများ အသက်ဝင်လာလေသည် ။ အသံတိုးတိုးဖြင့် ဖြေသည် ။

“ ညိုတို့ အိမ်ထောင်သည်တွေ ဖြစ်ခဲ့ကြတာ ၊ အောင် သိစေချင်တယ် ။ အမှန် သိပြီးမှလည်း ညို ဆက်လျှောက် ချင်တယ် ။ ညိုတို့ နောက်ဆုံး လမ်းခွဲကြတယ်ဆိုတဲ့ အဖြစ်ကို ရှင်းရှင်းလင်းလင်း သိပြီး ရှေ့မှာ ဆက်ပြီး ရပ်တည်ကြရမယ့်အခါ မားမားမတ်မတ် ရပ်တည်ချင်တယ် အောင် ”

“ ရှင်းရှင်းပြောပါ ညိုရယ် ။ ညို့ကို အပျိုစင် အဖြစ်နဲ့ ကိုယ်တို့ လမ်းခွဲခဲ့ကြတယ် ။ ကိုယ်တို့ စိတ်တွေ အငြိုး အတေး မရှိတဲ့ ဇာတ်လမ်းလို့ ကိုယ့်ဘက်က အပြတ် ပြောစေချင်တယ် ။ အပြတ် ရပ်ပြီးနေပါ ။ ဒီလို မဟုတ်လား ညို ”

ခေါင်းညိတ်လေသည် ။ အကြောင်းတွေက ရှိပေ လိမ့်မည် ။ ခုရှုပ်မှ နောင်ရှင်းဆိုသလို နှစ်ကိုယ်ကြား ပွင့်လင်းသော အသိဖြင့် စိတ်ရှင်းရှင်းဖြင့် လမ်းခွဲခဲ့ရမှုကို ပိုနေမြဲကျားနေမြဲ ဖြစ်လိုက်ချင်ပုံရသည် ။ ကိုယ့်လမ်း ကို လိပ်ပြာသန့်စွာ လျှောက်ချင်သည်ဟု အဓိပ္ပာယ်ရသည် ။

“ ဒီလိုပါ အောင် ၊ ပြောဖို့ ပြောဖြစ်ဖို့ သင့်လား မသင့်ဘူးလား ညို စဉ်းစားခဲ့ပါတယ် ။ ပြောလိုက်တာက မပြောဘဲ တစ်ဖက်က တစ်ခုခုနဲ့ သိသွားတဲ့အခါ ခွင့်မလွှတ်နိုင်လောက်အောင် ဖြစ်သွားနိုင်တယ် ဆိုတဲ့ အတွေးကို ကျော်ပြီး ပြောဖြစ်အောင် ပြောမှ ဖြစ်မယ် ဆိုပြီး အရိုးတိုက်ပါ အောင် ။ သိစေချင်ရုံသက်သက်ပါ ”

“ ဒီ့အပြင် တွေးမိတာ မရှိတော့ဘူးလား ညို ”

“ ကျွန်မတို့ လမ်းခွဲခဲ့ကြတာ မှန်ခဲ့ရဲ့လား အောင် ”

မှန်ရဲ့လား ဆိုသော မေးခွန်းကို ကျွန်တော်လည်း မကြာခဏပင် မေးဖြစ်ခဲ့သည် ။ သူမက လမ်းခွဲစကား ပြောခဲ့လို့ ကျန်ရစ်ခဲ့ရတာ မှန်ရဲ့လား ။ ငြိမ်သက်စွာ ခွန်းတုံ့ မပြန်ဘဲ လက်ခံခဲ့တာ မှန်ရဲ့လား ။ ငါးနှစ်လုံးလုံး တိမ်ဖုံးသလို ထောင့်ကွေးလေး တစ်ခုမှာ ဝပ်နေခဲ့တာ မှန်ရဲ့လား ။ ဘယ်မှာနေ ဘယ်လို ဖြေနေကြသလဲလို့ပင် မစဉ်းမစား အချိန်ကာလများ စီးမျောခံခဲ့တာ မှန်ရဲ့လား ။ မေးခွန်းများအား ကိုယ့်ဘာသာကိုယ် မေးဖြစ်ခဲ့ပြီး ဖြစ်ပါသည် ။ အိမ်ထောင်ပြုဖို့ ၊ ချစ်သူထားဖို့ သတိ မရနိုင်လောက်အောင် ကျွန်တော် ကြောက်ရွံ့ခဲ့ခြင်းမျိုးတော့ မဟုတ်တာ သေချာပါသည် ။ လက်မထပ်မီ ချစ်သူ မိန်းကလေးနှင့် တစ်ဖက်စွန်း အထိ ရောက်အောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်မိသော ကိုယ့်ကိုယ်ကိုယ် ကြောက်ရွံ့နေခြင်းတော့ ဖြစ်နိုင်ပါသည် ။ ကိုယ် ဒီလို လူစားမျိုး မဟုတ်ပါဘဲလျက်နှင့် ဒီလို လူသား ဖြစ်ခဲ့ရသည် ။

ညို၏ ကိုယ်ပိုင်ကားနှင့် တိုက်ကြီးဥတို ဘက်ရှိ ရေပေါ်ဟိုတယ်မှ ညနေပိုင်း အပြန် မှော်ဘီနားတွင် ကားပျက်ခဲ့သည်က စခဲ့သည် ။ မှော်ဘီရှိ မိတ်ဆွေကြီး ၊ အင်ဂျင်နီယာမှူး ဦးထွန်း၏ side အတွင်းရှိ တဲအိမ်လေး ဆီ ဦးထွန်း၏ ကားနှင့် လာခေါ်ခဲ့သည် ။ အတူ ပါလာခဲ့သော မိန်းကလေး အဖော် နှစ်ဦးက မှော်ဘီဈေး အတွင်းရှိ အသိဆိုင်သို့ သွားတွေ့မည် ။ ကားပြင်ပြီးပါက ဝင်ခေါ် ပါ ဆို၍ ထားခဲ့ရသည် ။ အဲဒီတုန်းကကော မှန်ခဲ့ရဲ့လား လို့ပါ မေးသည် ထင်သည် ။ ဖြစ်ချင်တော့ ( EE ) အင်ဂျင် နီယာမှူး ဦးထွန်း၏ ဆိုက်စတိုမှာ ရှေ့ဘက်ရှိ ဧည့်ခန်း ဆိုဖာဆက်တီနှင့် တီဗွီ ၊ အောက်စက်များ ရှိပြီး အတွင်းဘက်၌ အိပ်ခန်းရှိပြီး အိပ်ခန်းဘေးဘက် ကပ်လျက် ကပ်မြှောင်လမ်းမှ နောက်ဘက် မီးဖိုဆောင် ( ထမင်းစားခန်း ) အိမ်သာဘက်သို့ ရောက်လျှင် ဆုံးသည် ။ နောက်ဖက် ထွက်ရန် ထွက်ပေါက် မရှိ ။ EE ၏ အထက်လူကြီး မိသားစုသည် ဖြုန်းခနဲ လမ်းကြုံလို့ ဝင်လာကြသည် ။ ၁၅ မိနစ်ခန့် ကြိုသိလျှင် ရှောင်နိုင်သည် ။ ဆိုက်စတို ဝင်းထဲ ကားဝင်တာ မြင်ရချိန်တွင် မမီတော့ ။ ခေတ္တပဲ ဆိုပြီး အိပ်ခန်းထဲ နှစ်ယောက်သား ဝင်ပြီး အတွင်းမှ ဂျက်ချပြီး ခြင်ထောင်ကိုပါ ချလျက် နှစ်ယောက်သား ယှဉ်ပြီး အိပ်ရင်း ငြိမ်နေ လိုက်ကြသည် ။ တစ်ကြိမ်တစ်ခါမျှ ခုတင် တစ်ခုပေါ်သို့ ခုလို ယှဉ်ပြီး မအိပ်ဖူး ၊ မလှဲဖူးပါဘဲလျက် အဖြစ်အပျက်က ဖြစ်ပျက်သွားခဲ့သည် ။

ကြိုတင်ကြံစည်ခြင်း အလျဉ်း မရှိ ။ ခဏပဲလေ ဆိုပြီး ခဏ လှဲလိုက်ကြခြင်းဖြစ်သည် ။ အမှန်ဆိုလျှင် သူမကို တစ်ဦးတည်း ထားခဲ့ပြီး ကျွန်တော် တစ်ယောက်တည်း အပြင်ထွက်ဖို့ လုပ်ခဲ့သေးသည် ။ ထိုအချိန်တွင် ဧည့်သည်များ၏ အသံများကို ကြားနေရပြီ ။ ကျွန်တော့် လက်ကို ဆွဲထားသဖြင့် တံခါးကို အသာစေ့၍ ပိတ်လိုက်ဖြစ်ခဲ့ခြင်းဖြစ်သည် ။ ညိုက တစ်ဖက်သို့ စောင်းသွားသဖြင့် နှစ်ယောက်အိပ်ခုတင်ရှိ ပိတ်ခြင်ထောင်ကို ကျွန်တော်က ဆွဲချပြီး အသာပဲ နေလိုက်သည် ။ လက်ကို ပိုက်၍ ပက်လက်တည့်တည့် အိပ်ရင်း မျက်စိကို မှိတ်နေခဲ့ပါသည် ။ ညို့ကို သိပ်ချစ်တာပဲလား အောင် ။ ညို့ကို သိပ်ချစ်တာပဲလား အောင် ။ ညို့ကို သိပ်ချစ်တာပဲလား အောင် ။ ညို၏ တိုးတိုးလေး မေးသံ တစ်ခုက ရင်ထဲ၌ ပဲ့တင်ထပ် နေခဲ့သည် ။

ကျွန်တော့် အဖို့ ပြဿနာက မကြီးကျယ်ပါ ။ ကျွန်တော် ဘယ်လိုပင် ဖြစ်စေ တာဝန်ယူဖို့ စိတ်ရော လူရော အသင့် အနေအထား ရှိခဲ့ပြီးဖြစ်ပါသည် ။ ညို၏ သဘောတူညီမှု တစ်ခုသာ လိုအပ်နေခဲ့ခြင်း ဖြစ်ပါ၏ ။ ကျွန်တော်တို့ သဘောတူစွာ မှားယွင်းမိလိုက်ကြသည် ။ ပြန်လည်ပြုပြင်၍ မရတော့ပါ ။ မဟုတ်ဘူးဟူ၍ ငြင်းပယ်၍ မရတော့ပါ ။ ကျွန်တော်တို့ မှန်ခဲ့တယ် ထင်သလားဟု မေးခွန်း မပေါ်ပေါက်ပါ ။ မှားယွင်းခဲ့ခြင်း စစ်စစ် ဖြစ်ခဲ့ပါ၏ ။ သို့သော် ဤသို့သော်လည်း ကျွန်တော့် အတွက် ကွက်လပ် ဖြစ်ပါသည် ။ ပြန်လည်ပြုပြင်၍ မရတော့သော နောင်တလည်း ဖြစ်ခဲ့ပါသည် ။ ထိုသို့သော်မှာ ထိုအချိန်၏ နောက်ပိုင်း ၆ လ အကြာတွင် ဖြစ်ခဲ့ပါသည် ။ ဘယ်လိုနည်းနှင့်မျှ မဖြစ်နိုင်တော့ဘူး ဆိုပြီးတော့သာ နေခဲ့ပါတော့ အောင်တဲ့ ။ ရာဇသံနှင့်တကွ စီရင်ချက်ချခဲ့သည် ။ ကျွန်တော့်အား မည်သည့် စောဒက တက်ခွင့်မျှ မပြု ။ မေးခွန်း မေးခွင့် မပြု ။ ထို့ကြောင့် ချစ်ခြင်းမေတ္တာ ဆိုသည် ပျော်ရွှင်စရာ ကောင်းသလို နာကျင်ကြေကွဲရချိန်မှာလည်း အဆုံးအဆ နှိုင်းရန် မလွယ်ကူကြောင်း ကျွန်တော် သိခဲ့ရသည် ။ မိသားစု လောကဓံ အသံမပြုဘဲ ဝင်ရောက်တိုက် ခိုက်ခြင်းကိုပါ ကြံ့ကြံ့ခံနေချိန် ကာလများတွင် ကျွန်တော်၏ နှလုံးသားများက ဘယ်အချိန်က မာကြောသွားခဲ့သည်ကို ကျွန်တော် ကိုယ်တိုင်ပင် သတိ မထားမိခဲ့တာ အမှန်ပင် ဖြစ်ပါ၏ ။ အခုလို အချိန်ကာလ ခြားပြီး ရင်နာစရာကို ကြားရပြန်တော့လည်း အဟောင်းတွေက ချက်ချင်း အသစ်ဖြစ်ပြီး နာကျင်ရပြန်သည် ။ ခုပင် တွေးမိပြီ ။ ခုပင် နာကျင်ကြေကွဲရသည် ။ ညို လည်း ထပ်တူထပ်မျှ ပင် ဖြစ်ပါလိမ့်မည် ။

“ ကိုယ်တို့ ဒီအကြောင်းတွေက ပြောဖို့ လိုလို့လား ညို ။ ပြီးခဲ့ပြီလေ ”

“ ညိုတို့ ရှေ့ဘဝခရီးမှာ ညို့ဘက်က ဖြစ်ဖြစ် အောင့် ဘက်က ဖြစ်ဖြစ် ဒီကိစ္စမျိုး မရှိခဲ့သလို နေဖို့အထိ လိပ်ပြာသန်ဖို့ မလိုဘူးလား အောင် ”

ညို့အဖို့ အမြဲ စိတ်ဆင်းရဲခဲ့ရတဲ့ ဖိစီးနေခဲ့တဲ့ အတွေးတွေ ဖြစ်နိုင်ပါတယ် ။ ကာယကံရှင် ဖြစ်ခဲ့သော ညို့အနေဖြင့် ကျွန်တော့်အား သစ်စိမ်းချိုး ချိုးခဲ့ရသည်က တစ်ကိစ္စ ။ ဒီနောက်ပိုင်းမှာ သူမ အနေဖြင့် ဆက်လက် ရှင်သန်ရန်ရှိသော ဘဝအချိန်များအတွက် ကျွန်တော်က အမြဲတမ်း သဘောကောင်းနိုင်ပါ့မလားဆိုတာ သူမ အတွက် အဖြေ မရှိသော ပဟေဠိ ဖြစ်နိုင်ခဲ့ပါသည် ။ ဒါ ကြောင့်ပင် ခုလို ရင်ဆိုင်လိုက်ခြင်းဖြစ်ပါလိမ့်မည် ။

ကျွန်တော် ကတော့ တစ်ဖက်သတ် အရှုံးပေးခဲ့ရသူ အဖြစ်ဖြင့် တစ်လျှောက်လုံး မှတ်ယူခဲ့မည့်သူ ဖြစ်သွားပါတော့သည် ။ ညို၏ အဖြစ်အပျက်များကို ကျွန်တော် လုံးဝ မသိရှိခဲ့ ။ တစ်ဖက်သတ် အတွေးနှင့်ပင် လွန်ခဲ့သော လပိုင်းများက မရေးဖြစ်တာ ကြာပြီ ဖြစ်သော ကဗျာတစ်ပုဒ်ကို မှတ်မှတ်ရရ ရေးဖြစ်ခဲ့ပါသေးသည် ။ ညိုနှင့် တွေ့ လိုက် ပြောလိုက်ရတော့ ခံစားမှုပြင်းထန်ပြီး ကဗျာအပိုင်း အစများကို စိတ်ထဲတွင် ဖြုန်းခနဲ သတိရလာလေသည် ။

ညဉ့်နက်နက်ထဲမှာ
မေ့သွားတဲ့အချိန် ခရီးထဲမှာ
အဲဒါ နေရာတစ်ခု ဖြစ်ခဲ့သလား
မြင်ပြီးပျောက်သွားတဲ့ ရုပ်ပုံတစ်ခုသက်သက်လား
သိမှုနဲ့ မသိမှုကြားမှာ
သေသေချာချာရှိနေခဲ့တာ သေသေချာချာပါ
ဘာပဲဖြစ်ဖြစ်
စွန်ကြိုးချည်းပဲ ကျန်ခဲ့ရတဲ့ရစ်ဘီးတစ်ခုလိုဖြစ်ဖြစ်
ဒီလို အိပ်မက်မျိုးကို
မက်လို့ မဖြစ်တော့ပါဘူးဆိုပြီး ဖြစ်ဖြစ်
ရေစက်က ဒီလောက်ပဲထင်ပါရဲ့နဲ့ဖြစ်ဖြစ်
တစ်ခုတည်းပါပဲ ၊ ဒါကို သေချာချင်တယ်လေ
အရှုံးပဲဆိုတာ သိသိကြီးနဲ့ ရှုံးချင်တာမျိုးပါ ...

ကိုယ့်ကိုယ်ကိုယ် သတိပေးရတော့သည် ။ ကောင်ကလေး မောင်အောင် ၊ မင်းကိစ္စက ရှုံးပြီးရင်း ထပ်ရှုံးရတဲ့ အရှုံးပါ ညီလေးရာ ။ အခုဆို ပိုသေချာသွားအောင် မင်း ချစ်ခဲ့ရပါတယ် ဆိုတဲ့ ချစ်သူဟောင်းက ကိုယ်တိုင် လာပြီး အတည်ပြု နေပြီလေ ညီလေးရာ ။ မင်း ဘာလုပ်နိုင်လို့လဲ ။ ကျွန်တော်၏ နားအနီးသို့ ကပ်ပြီး ဒုတိယ ခန္ဓာကိုယ်၏ မသိစိတ်က အစ်ကိုတစ်ယောက်ကဲ့သို့ ကျွန်တော့်အား တတွတ်တွတ် ပြောနေလေသည် ။ ခက်ခက်ခဲခဲ ကျရန် မလွယ်သော မျက်ရည်တို့ ကျလာခဲ့ရပြီ ။

“ ဒါပဲ မဟုတ်လား ညို ။ ကိုယ် ကတိပေးပါတယ် ။ ညို ပြောသလိုမျိုး သေသေချာချာ ဖြစ်စေရပါမယ် ညို ရယ် ၊ ဖြစ်စေရပါမယ် ။ ဟုတ်ပြီလား ၊ ကိုယ် ပြန်တော့မယ် ”

ရုတ်တရက် မတ်တတ်ရပ်ပြီး ပြောလိုက်သော ကျွန်တော်၏ ပုံသဏ္ဌာန်ကို ပါးစပ် အဟောင်းသားဖြင့် ငေးရင်း ညို ဆွံ့အနေလေသည် ။ ဒီလိုမျိုး ရုတ်တရက်ကြီး နှုတ်ဆက်ထွက်ခွာဖို့ ပြောလာလိမ့်မည်ဟု ကြိုတင် တွေးမထားတာလည်း ပါလိမ့်မည် ထင်သည် ။

“ ကိုယ့်ကို နောက်ထပ် တွေ့ ဖို့ မခေါ်ပါနဲ့တော့ ညို ။ ဒါလေး တစ်ခုတော့ ညို သဘောတူနိုင်မှာပါ ။ ညိုနဲ့ အလှမ်းဝေးရာမှာပဲ ရှိနေအောင် ကိုယ် နေနေမယ် ဆိုတာကိုလည်း ညို ယုံလိုက်ပါ ”

ပြောပြီးချိန်တွင် အခန်းမှ ထွက်မည့် အခုတော့ ထွက် ပေါက် လျှောတံခါးကို ဘေးကို ရွှေ့၍ ထွက်လာခဲ့သည် ။ စိန်ပန်းပင်နီနီရဲရဲ တို့လည်း ခုတော့ ညိုနှင့် အတူ ကျန်ရစ်ခဲ့ပြီဖြစ်သည် ။ အတွင်းကြေ ဖြစ်ခဲ့ရတယ် ဆိုတာ စာသင်ခန်းများ၏ ပြင်ပ၌ ကျွန်တော် ရင့်ကျက်စွာ သိရှိနားလည်နိုင်ခဲ့ပြီ ထင်ပါသည် ။ အတွင်းကြေ ဒဏ်ရာများနဲ့ ရှုံးနိမ့်ခဲ့ရသူ အနေနဲ့ ဒီအရှုံးကို ပြန်မဆပ်တော့ဘူး ဆိုတာ ယုံပါ ညိုရယ် ဟု စိတ်ထဲက အထပ်ထပ် ပြောနေမိသည် ။ ချစ်ခဲ့ရတဲ့ စိတ်တစ်ခုတည်း နဲ့ပဲ ကိုယ် ခွင့်လွှတ်ခဲ့ပါတယ် ။

ဆိုင်၏ ပင်မ ထွက်ပေါက်မှ ပြင်ပသို့ ကျွန်တော် ဘယ်လို ရောက်လာခဲ့သည် မသိတော့ပါ ။ အပြင်ဘက် လေပူနှင့် နေပူတို့ကို ကျွန်တော် ထိတွေ့ လိုက်ရတော့မှ ကျွန်တော် အပြင်သို့ ရောက်ခဲ့ပြီဟု သိလိုက်ရခြင်း ဖြစ်ပါသည် ။

⎕ မောင်ခင်သာမြင့်
📖ရုပ်ရှင်တေးကဗျာ
     ၂၀၁၂  ၊ နိုဝင်ဘာလ

Thursday, January 29, 2026

ရောယိမ်းလိုက် ကု,လားသိမ်းလိုက်

 

❝ ရောယိမ်းလိုက် ကု,လားသိမ်းလိုက် ❞
             ( ပီမိုးနင်း )

မောင်းကွဲသံကြီးသည် ဗြဲရှပ်ရှပ် ဗြဲရှပ်ရှပ် မြည်လျက်နေသည်ကို ခရီးသည် ယောက်ျားပျိုကလေး ကြားရသောအခါ မန်ကျည်းပင်အောက်၌ ရှိသော ရေအိုးစင်၌ ရေသောက်ရာမှ လှမ်းကြည့်လိုက်လေ၏ ။ ခြံတစ်ခုနှင့် အိမ်ကလေးတစ်အိမ် ရှေ့မှာ လူစုလူဝေးကို မြင်သဖြင့် ပြေး၍ကြည့်လေ၏ ။

မိန်းမပျိုကလေး တစ်ယောက်နှင့် မိန်းမကြီးတစ်ယောက်သည် အထုပ်အပိုး အနည်းငယ်ကို ပြင်ကာ အိမ်နောက်ဖေးဘက်မှ ကွေ့၍ ထွက်လာပြီး လူစုလူဝေးကို ရှက်ကြောက်သော အမူအရာနှင့် ရှောင်ရှား၍ သွားကြ ရာတွင် မျက်ရည်ကို သုတ်ကြသည်ကိုလည်း မြင်ရလေ၏ ။ ၎င်းသားအမိနှစ်ယောက်သည် ခြံစည်းရိုး၌ ရှိသော အပေါက်ဖြင့် နံဘေးအိမ်ကို ကူး၍သွားကြပြီးနောက် ထိုအိမ် ခွေးကတက်၌ မိမိတို့၏ ပစ္စည်းများကို တင်ကာ အိမ်နှင့် ခြံကို ဝမ်းနည်းသော မျက်နှာနှင့် ရှုမျှော်၍နေကြလေ၏ ။ ၎င်းအိမ်ပေါ်ရှိ မိန်းမ ၊ ယောက်ျား အနည်းငယ် တို့ကလည်း ကြင်နာသနားသော အမူအရာနှင့် သားအမိ နှစ်ယောက်ကို ကြည့်ကာ အိမ်ပေါ်သို့ တက်ကြဖို့ရန် ခေါ် ကြလေ၏ ။

ယောက်ျားပျို၏ လျင်မြန်သော မျက်လုံးများသည် ဖြစ်ပျက်ပုံ အကြောင်းအရာကို တစ်မိနစ်အတွင်း မြင်လျက် နဂိုက သနားကြင်နာတတ်သူဖြစ်သောကြောင့် ရင်ထဲမှာ ဆို့သလို ဖြစ်၍လာလေ၏ ။ သို့ဖြစ်၍ မောင်းသမားကို ကောင်လုံးစားချင်သော မျက်နှာထားနှင့် ကြည့်၍နေကြသောသူများအား အကြောင်းကို မေး၍ ကြည့်ရာ “ တစ်ယောက်က မတန့်အတန်ပါ ခင်ဗျာ ။ ဒီကု,လားကြီးဟာ အင်မတန် ဆိုးရွားရက်စက်ပါတယ် ။ ငွေကလေး တစ်ရာ အတွက် ကြွေးသိမ်းတာပေါ့ခင်ဗျာ ။ အိမ်ကလေးတင် တစ်ရာကျော် တန်ပါတယ် ။ ပျဉ်ထောင် ၊ သွပ်မိုး ၊ ပျဉ်းကတိုးတွေ ကျွန်တော်တို့ ကိုယ်တိုင် တိုက်ချတာပါ ။ ခြံကတော့ ခင်ဗျား မြင်တဲ့အတိုင်း အသီးအပင်တွေနဲ့ ကြသောင်းဝါးပင်တွေလည်း ပါပါသေးတယ် ။ စင်စစ်မှာ တော့ သမီးကလေး ချောလို့ အခုလို ဖြစ်တာ ။ မိန်းမကြီး က “ မင်းဘဏ္ဍာ ကိုယ့်ဟာ မှတ်လို့ ဖြုံး ” ဆိုတာလို ကု,လားကြီးက အစိတ်ပေးလိုက် ၊ နှစ်ဆယ်ပေးလိုက်ကိုးဗျ ။ ကောင်မကလေးကို ရမလားလို့ မြှူတာ ၊ နောက်ဆုံး မရတော့ ဒီလိုဖြစ်တာပေါ့ ”

“ နွားမွေး နို့ရောင်း ။ တစ်ရာ နှစ်ဆယ်တိုး ချေး ၊ ဈေးလည်း သူ့ဈေးနေရာကောင်း အကွက်ကောင်း မှန်သမျှ သူ့နေရာ ၊ တော်တော်ကြာရင် မြို့ကလေး တစ်မြို့လုံး သူ့လက်ထဲ ရောက်မှာတောင် စိုးနေရတာပဲ ”

“ ဒါတော့ဗျာ ... ခင်ဗျားတို့ အရပ်သားတွေ နေရာမကျလို့ ဖြစ်တာပေါ့ ။ အခုလို အမျိုးသားတစ်ယောက် ဒုက္ခဖြစ်နေတာ မြင်ရင် ဝိုင်းဝန်းကူညီကြပါလား ။ မကူညီကြလို့ အခုလို ဖြစ်ကြရတာပေါ့ ”

“ ပြောတော့ အလွယ်သားလားခင်ဗျာ ။ လော်မာလို့ ဒုက္ခ တွေ့သမျှ လူတွေကို လိုက်ပြီး ကူညီရမယ် ဆိုတာ အခက်သားလား ။ ဒီမိန်းမကြီးကိုယ်တိုင်က လော်မာပြီး လှော်လှယ်လို့ ဖြစ်တာဗျာ့ ။ သည့်ပြင်လည်း ငွေတစ်ရာ ၊ ကိုးဆယ် ရဖို့ အခက်သားပဲ ”

“ လူဆိုတာ တစ်ခါတစ်ရံတော့ မှားကြ မိုက်မိကြတာပေါ့ဗျာ ။ အပြစ်ပြောစရာ လုံးလုံး ကင်းသူရယ်လို့ ဘယ်ရှိမလဲ ။ တစ်ရွာလုံး စုကြရင် ငွေတစ်ရာတော့ ရမှာပေါ့ဗျာ ။ သူတို့ ပစ္စည်းဆုံးတာက အရေးမကြီးဘူး ။ ဒီ ပစ္စည်း ကု,လားလက် ရောက်တာက အရေးကြီးတာ ။ ဒီလိုသာ ကြည့်နေကြရင် အကုန် ကု,လားပစ္စည်းတွေ ဖြစ်ကုန်တော့မှာပဲ ။ ငွေနဲ့ ပတ်သက်ရာမှာ ကု,လားများဟာ အဆိုးဆုံးပဲ ။ ငွေနဲ့ ပတ်သက်ရင် စပါးကြီးမြွေ ပတ်သလို ပတ်ပြီး မရမက ဖျစ်ညှစ်ယူတာပဲ ။ ငွေကြေးနဲ့ ပတ်သက်ပြီး ကု,လားများ ကျယ်လောင်ကျယ်လောင် အာသံ လျှာသံနဲ့ပြောတာ ခံရတာလောက် နားကြားပြင်းကပ်တာ ဘယ်ဟာမှ မရှိဘူး ။ ဒီအကောင်တွေနဲ့ စာရင် မဆူလမန်က အပုံကြီး တော်သေးတယ် ”

မောင်ဆွေသည် ထိုစကားများကို ပြောရင်း ဒေါသ ထွက်၍ လာလေ၏ ။ မိမိ၏ အိတ်ထဲ၌လည်း ငွေတစ်ရာ့ ငါးဆယ်တိတိ ပါရှိလေ၏ ။ ထိုငွေ တစ်ရာ့ငါးဆယ်မှာ နွားဝယ်ရန် ငွေ ဖြစ်ရာ ဦးကြီး ဖြစ်သူ၏ ငွေ ဖြစ်လေ၏ ။ ငါ ဒီငွေနဲ့ ဝင်ကယ်လိုက်ရရင် ဒီနေရာ ကု,လားလက်မှ လွတ်ပြီး ဒီသားအမိနှစ်ယောက်မှာလည်း အတိုင်းမသိ ဝမ်းသာကြမှာပဲ ။ ငါ့ ကိုတော့ ဦးကြီးက သေခန်းပြတ် ၊ အိမ်က မောင်းချ ၊ နောင် ပြန်ကပ်ရတော့မှာ မဟုတ်ဘူး ။ ဦးကြီး က အင်မတန် စိတ်ခက်ထန်တာမို့ အင်မတန်မှ ခက်ပါကလား စသည်ဖြင့် တွေးတော၍ နေလေ၏ ။

ထိုအတွင်း ဂန္ဓီဖျင် ၊ ဂန္ဒီဦးထုပ်နှင့် ကု,လားကြီးသည် အခြားကု,လားတစ်ယောက်နှင့် ကျယ်လောင်ကျယ်လောင် ၊ နှုတ်လျှာသွက်လက် ၊ ထက်မြက်ပြင်းထန် ၊ ဆရာစိန့် တီးလုံးသံလို မြည်အောင် ရူပြားရူပြား ဟူသော စကားကို များများကြီး သုံးလျက် ပြောလုံးသန်လှသည်ကို ကြားရသောအခါ အတိုင်းမသိ မခံချိမခံသာ ဖြစ်လျက် ဒေါသမီး တောက်၍ နေလေ၏ ။

ပထမ လက်ဦး ပြောသူ၏ စကားများကို ဆိတ်ငြိမ်စွာ နားထောင်၍ နေသော မိန်းမကြီး တစ်ယောက်သည်ကား ထိုကု,လားကြီးနှင့် ဆက်သွယ်လျက် ကု,လားကြီးကို လိုလားသော ငါးစိမ်းသည်ကြီး ဖြစ်ရာ ယောက်ျားပျိုအား “ မောင်ရင်က ဘယ်ကလဲ ” ဟု မေးလေ၏ ။

ယောက်ျားပျိုက ကျွန်တော် ဘုရားကလေးရွာကပါ ။

“ မောင်က ဒါကို မြင်တာ အဆန်း ထင်နေသလား ။ ကိုလန်ဘားဟာ အင်မတန် ရိုးဖြောင့်တဲ့လူ ။ သူ့အပေါ် မှာ ကောက်ကျစ်ရင် ဒီလို လုပ်တာပဲ ။ မင်းတို့ မြန်မာ လူမျိုးတွေက သူများ ငွေကို ယူကတည်းက ပြန်ပေးချင် တဲ့ စိတ်နဲ့ ယူတာ မဟုတ်ဘူး ။ ဒီလိုနည်းနဲ့ သိမ်းထားတဲ့ လယ်တွေ ၊ အိမ်တွေ ၊ ခြံတွေ မြန်မာ့လက်ထဲမှာ ကုန်လုဘနန်း ဖြစ်နေပြီ ။ ဒါ ဘာဟုတ်သေးသလဲ ။ ဒီကု,လားကြီး အင်မတန်လည်း လာဘ်မြင်တာ ။ ဒီမြို့ကလေး နောင် မကြာမီ ဘယ်လို ဖြစ်လာမယ် ဆိုတာ အကုန် ကြိုတင် သိမြင်ပြီး မင်းတို့ ငါတို့ မြန်မာတွေသာ ကိုယ့် အရပ်ဒေသ အကြောင်းကို နမော်နမဲ့ ဘာမသိ ညာမသိ နေတာ ၊ သူ့ လက်ထဲ ရောက်သမျှ မြေမှန်သမျှ အဖိုးအဆ နှစ်ဆယ် သုံးဆယ် ပိုတန်မှာချည်းပဲ ။ အဒေါ့်ကို သူပြောပြလို့ သိပါတယ် ။ ဒီနေရာ တစ်ဝိုက်ဟာ ဘားမား .. ဘာ ဆိုလား ကုမ္ပဏီက လက်ဝါးကြီးအုပ် လာမယ်တဲ့ ။ သည့်အတွက် ကု,လားကြီးက မြေတွေကို အရ သိမ်းနေတာ ။ သူတစ်ထူးကို အပြစ် မဆိုနဲ့ဦး မောင်ရင် ၊ မောင်ရင်တို့ ကျုပ်တို့ လူမျိုးက အင်မတန် ညံ့တာ ၊ ကု,လားကြီးက ဗုဒ္ဓဘာသာနဲ့ ဆိုင်တဲ့ အရေးကိစ္စတွေမှာ အင်မတန် ကူညီရှာပါတယ် ။ ဘုန်းကြီးပျံ ၊ ကထိန်ပွဲများမှာ သူကိုယ်တိုင် မြန်မာတွေနဲ့ ပေါင်းပြီး ငွေကြေးအလှူခံတယ် မောင်ရဲ့ ။ ဆော်သြတယ် မောင်ရဲ့ ။ ရှင်ပြုဖို့ ၊ မသာချဖို့ ငွေကြေး လိုရင် ထုတ်ချေးတယ် ။ သည့်အတွက် ဘယ်သူမဆို သူ့ဘက်ကချည်း ဖြစ်နေတာပေါ့ ။ တို့မြန်မာတွေက သူ့ဉာဏ်ကို မသိကြဘူး ။ ကိုလန်ဘားက အင်မတန် ဉာဏ်သွားတဲ့ ကု,လားကြီး ။ မြန်မာတွေ မရှိမဲ့ ရှိမဲ့ လှူကြလေလေ ၊ ငွေကုန်လေလေ ။ သူ မောင်းထုရလေလေ ဆိုတာ တစ်ခါတည်း စကင်းချပြီးသား ။ မြန်မာက ကုသိုလ်ရေးကို ဂရုစိုက်နေရာမှာ သူ့ အတွက် ဘယ်ပုံဘယ်နည်း အကျိုးရှိမယ် ဆိုတာ အမြဲ ကြံနေတဲ့ ကု,လားကြီး ။ ရက်စက်ရမယ့် နေရာမှာ ရက်စက်တာပဲ ။ အရေးကြီးတဲ့ အခါကျမှ သူ ကူနိုင်တာပဲ ”

“ သူ ကူညီတာက ငါးမျှားချိတ်မှာ တပ်တဲ့ ငါးစာလို ကူညီတာမျိုးပဲ အဒေါ်ရဲ့ ”

“ မောင်ရင် ပြောတာ မှန်တာပဲ ။ ကျုပ်တို့ လူမျိုးက မိမိ ကိုယ်ကို ငါးဖြစ်အောင် လုပ်တာပဲ ။ ဘာကြာသေးသလဲ ၊ ဦးကောသလ္လ ဆိုတဲ့ ဘုန်းကြီးကို ပင့်ပြီး တရား နာ လိုက်ကြတာ သင်္ဘောစပါယ်ရှယ် ငှားကြရသတဲ့ ။ တရားသုံးည နာရဖို့ အတွက် ကုန်ကျလိုက်တာ ရွာမှာ ဖွတ်ဖွတ်ကြေလုခမန်းပါပဲ ။ တရားနာပြီး နိဗ္ဗာန်ကို ရောက်မယ် မရောက်မယ်တော့ မပြောတတ်ပါဘူး ။ လူတွေကတော့ အရင်က လိုပါပဲ ။ တစ်ယောက်ကို တစ်ယောက် မနာလို ၊ မကောင်းကြံ ။ တစ်ယောက်မှာ အခက် ကြုံနေရင် ကူညီဖို့ မဆိုထားနဲ့ မြန်မြန် မောင်းထုဖို့ ကိုလန်ဘားကို လာပြီး လက်တို့ကြတာပဲ ။ သူတို့ ပြောတော့ နိဗ္ဗာန်တရား ၊ ကမ္မဋ္ဌာန်းတရားတွေ သွားနာတယ် ကြားတာပါပဲ မောင်ရဲ့ ။ ည တရားနာ ၊ မနက် ကျတော့ ဈေးထဲ ဆဲလိုက်ကြတာ ဆူလို့ ။ တရားနာတဲ့ ကောင်မတွေပေါ့ ”

“ အဲဒါမှာလည်း ကိုလန်ဘား စားချက်ပဲ ။ ဒီဘုန်းကြီးကိုလည်း ကိုလန်ဘားက ဆွယ်လာတာ ။ ဘုန်းကြီးက အသံတော့ ကောင်းပါရဲ့ ၊ တိုတိုပြောမယ် မောင်ရဲ့ ၊ ဒီရွာသားတွေ ငွေကုန်ဖို့ ၊ ငွေကုန်ရင် သူက ထုတ်ချေးရဖို့ နည်းလမ်းမှန်သမျှ လောကီရေးနဲ့လည်း ထွင်တာပဲ ။ လောကုတ္တရာ ဘာသာရေး နဲ့ထွင်မှ သာပြီး အရလွယ်သတဲ့ ။ တော်တော်ကြာရင် ရမှန်း သိပြီး ဆရာတော်ကြီး ဦးမာလာ ကို အဆိပ်ကျွေးသ,တ်မှာတောင် ကြောက်နေရတာကလား မောင်ရဲ့ ”

“ ဒီဆရာတော်ကြီး ပျံတော်မူရင် ဘယ်နည်းနဲ့မဆို ကျောင်းဒကာဟာ သူ့ဆီမှာ ငွေတစ်သောင်းထက်မနည်း ယူရလိမ့်မတဲ့ ။ ကျောင်းဒကာမှာလည်း အခုတော့ ဟန်နဲ့ ဣန္ဒြေ မပျက်အောင် ရဲရဲကလေး နေရတာကလား မောင်ရဲ့ ။ အရင်တလော အညာက ဘုန်းကြီးတစ်ပါး ပေါ်တော်မူဇာတ် လာခင်းသွားတယ် ။ သည်တုန်းကလည်း ရွာမှာ ဖွတ်ဖွတ်ကြေ သွားတာပဲ ။ ဒါတောင် အဒေါ်က ကိုလန်ဘား လက်ချက် မကင်းဘူးထင်တာပဲ ” စသည် ဖြင့် မရပ်မနား ပြောပြီး ထွက်၍ သွားလေရာ ယောက်ျားပျို မှာ အံ့သြလျက် ကျန်ရစ်လေ၏ ။

ယောက်ျားပျိုသည် စဉ်းစားလျက် ငါတို့ ရပ်ရွာများမှာ ရဟန်းတော်များကလည်း ရပ်သူရွာသားများ ချမ်းသာဖို့ နည်းလမ်းဟူသရွေ့ တစ်စုံတစ်ရာမှ မကြံမစည် ၊ မသင်မပြ ။ ကုန်ကျတဲ့ အလုပ်တွေကိုသာ လမ်းထွင်ကြ တာပဲဟု တွေးပြီး ကိုလန်ဘား ခေါ် ကု,လားကြီးကို မြင်တိုင်း ဒေါသဖြစ်လေ၏ ။

ကု,လားကြီးမှာကား မည်သူမျှ ထိုခြံကို ရမည် မဟုတ် ၊ မိမိသာ ရမည်ကိုသိလျက် ရွှင်ပျစွာ လူစုလူဝေး ထဲတွင် မားမားကြီးရပ်လျက် ကု,လားတစ်ယောက်အား တစ်စုံတစ်ရာကို ပြောပြ၍ နေလေ၏ ။ ထိုကု,လားမှာ သိရသည်အရ ကိုလန်ဘားက အိမ်နှင့် ခြံကို မိမိအတွက် တစ်ဖက်လှည့်နှင့် ဆွဲရန် လွှဲ၍ထားသော ကု,လားဖြစ် လေ၏ ။ ယောက်ျားပျိုမှာ မခံချင်သော စိတ်နှင့် ကု,လားကြီးကို ထင်သလို လုပ်၍ပစ်ချင်သော ဒေါသသည် လွှမ်းမိုး၍ လာလေရာ စိတ်ကို မနည်းကြီး ချုပ်ထားရလေ၏ ။

မကြာမီ သားအမိနှစ်ယောက်ထံသို့ ပြေးပြီး မိန်းမကြီးအား “ အဒေါ် ဒီကု,လားကြီးကို ဘယ်လောက်ပေးစရာ ရှိသလဲ ”

“ တစ်ရာကလေးပါ ဆိုတာ တောင်းပန်လို့ မရဘူး ”

“ နို့ ... အခု ပေးရင် အဒေါ်အိမ်နဲ့ခြံ ပြန်ရပါ့မလား ”

“ ပေးရင်တော့ ရပါသေးတယ် ။ မပေးဘဲ ဘာနေနိုင်မလဲ ”

“ ဒီလိုဖြင့် ရော့ ၊ အဒေါ် သွားပေးချေ ။ လာ ၊ လာ ဒီပစ္စည်းတွေပဲလား ” ဟု ပြောပြီး မိမိကိုယ်တိုင် အထုပ်အပိုးများကို သယ်၍ မိန်းမပျိုကလေးနှင့် ခြံထဲသို့ ဝင်လာကြလေ၏ ။ လူအားလုံးတို့သည် အံ့အားသင့်၍ နေကြ လေ၏ ။ ကု,လားကြီးလည်း ယောက်ျားပျိုကို ထူးခြားသောနည်းမျိုးဖြင့် ကြည့်လေ၏ ။ လူစုလူဝေး ကွဲ၍သွားသောအခါ သားအမိနှစ်ယောက်သည် ယောက်ျားပျိုအား အတိုင်းမသိ အံ့သြချီးမွမ်းကြလျက် ကျေးဇူးတင်၍မဆုံး ဖြစ်ကြလေ၏ ။

ယောက်ျားပျိုမှာ မိမိ ပြုလုပ်မိသောအရာကို ပြန်လှန် တွေးတောပြီး များစွာ မျက်နှာပျက်လျက် မိန်းမကြီးအား မိမိ အိမ်ကို ပြန်လျှင် ဦးကြီးက အသေလုပ်လိမ့်မည် ဖြစ်ကြောင်း ၊ သို့အတွက် အခက်ကြုံ၍နေကြောင်း ပြောလေရာ သားအမိနှစ်ယောက်က အားပေးကြပြီး မိမိတို့နှင့် အတူ ခဏ နေပြီး စိတ်ပြေလောက်သောအခါကျမှ ပြန်သွားဖို့ရန် အကြံပေးကြလေ၏ ။

သို့ဖြစ်လေရာ ယောက်ျားပျိုသည် မိမိမှာ ကျန်ရှိသော ငွေ ၅ဝိ ကို သားအမိနှစ်ယောက်အား ရင်းနှီးရန် ထုတ်၍ပေးပြီး တစ်စုံတစ်ရာမျှ မလုပ်ဘဲနှင့်သာ နေလေ၏ ။

ထိုအတွင်း ဦးကြီး ဖြစ်သူက အဖြစ်အပျက်ကို ကြားရသဖြင့် ဒေါသအမျက်ခြောင်းခြောင်းထွက်လျက် နေကြောင်း ကြားသိရလေရာ ယောက်ျားပျိုမှာ ကြံရာ မရ ၊ ငါ့ကို ဒီသားအမိနှစ်ယောက် ကြာကြာ ကျွေးနေနိုင်မှာ မဟုတ် ၊ ဒုက္ခ ၊ ဒုက္ခ ။ အဘယ်ပုံ ကြံရပါမည်နည်း ဟု စဉ်းစားလျက် ဘုရားကိုသာ အမြဲ ရှိခိုး၍ နေလေ၏ ။ ၎င်း၏ ဆုတောင်းမှာ ဘုရားတပည့်တော်သည် ရိုးသား ဖြူစင်သောစိတ်နှင့် ဆင်းရဲသူများကို ကူညီသည့်အတွက် ယခု ဆင်းရဲဒုက္ခနှင့် ကြုံတွေ့နေရပါသည် ဘုရား ၊ ဤအတိုင်းမှန်က ချမ်းသာရာ ချမ်းသာကြောင်း နည်းလမ်းများ ပေါ်ပေါက်၍ လာပါစေသား ဟူသော ဆုတောင်းဖြစ်လေ၏ ။

သို့နေရာ သုံးလလောက် ကြာလေ၏ ။ သားအမိ နှစ်ယောက်သည်လည်း ၎င်းကို မငြိုမငြင် ကျွေးမွေး၍ နေကြလေ၏ ။ သားအမိနှစ်ယောက် ရှိရာ ယခုမှ သားအမိ သုံးယောက် ဖြစ်၍ နေလေသတည်း ။

ဟင်္သာတ - ကြံခင်း မီးရထားလမ်း ဖောက်တော့မည်ဟု သတင်းကြားရလေ၏ ။ မြို့ကလေးမှာ လှုပ်လှုပ်ရွရွ ဖြစ်၍လာလေ၏ ။ တောမြို့ကလေးမှာ တကယ့် မြို့ဖြစ်တော့မည့် အခြေအနေသည် မြို့ကလေးကို အသက်ဓာတ် အသစ်သွင်းသလို ဖြစ်၍လာလေ၏ ။ တစ်နေ့သ၌ အင်္ဂလိပ်သုံးယောက်သည် နောက်ပါ ကု,လား ၊ မြန်မာအချို့နှင့် ရောက်လာပြီး ထိုခြံ တစ်ခုလုံးမှာ မီးရထားရုံးဆောက်လုပ်ရန် နေရာအကောင်းဆုံး ဖြစ်၍နေသဖြင့် လိုချင်သော တန်ဖိုးကိုသာ ဆိုဖို့ အကြောင်း ပြောကြလေ၏ ။

တစ်ရွာလုံးမှာ အုန်းအုန်းကျွက်ကျွက် ဖြစ်ကြလေ၏ ။ ဒေါ်ဆယ်တို့ သားအမိ ထီပေါက်တာပဲ ။ သူဌေး ဖြစ်ကြပြီ စသည်ဖြင့် ပြောကြလေ၏ ။ အကြောင်းမူကား ၎င်းတို့ ခြံမြေကို မီးရထားကုမ္ပဏီက သုံးသောင်း ပေး၍ ယူလိုက်ကြလေ၏ ။

ယောက်ျားပျို မောင်ဆွေ ၊ ယောက္ခမကြီး ဒေါ်ဆယ် နှင့် ဇနီးသည် မယ်တင့်တို့ ဦးကြီးထံ လှည်းယဉ်ကလေး နှင့်သွားကြရာ နွားတစ်ရှဉ်းမှာ ဦးကြီး၏ ကြိုက်နွားများ ဖြစ်လေ၏ ။ ဦးကြီးက ဒေါ်ဆယ်အား “ ကျုပ်တူကို နွား အဝယ်ခိုင်းလိုက်တာဟာ ခင်ဗျားတို့ သားအမိရော ၊ ကျုပ်တူရော ချမ်းသာအောင် နတ်များ နှိုးဆော်၍ လွှတ်လိုက်ဟန်ရှိကြောင်း ” နှင့် ပြော၍ပြလေ၏ ။

▢  ပီမိုးနင်း
📖ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )

ဆန်ရင်းဖွပ် လက်များ


 

❝ ဆန်ရင်းဖွပ် လက်များ ❞
   ▢  လဲ့ဝင်းကြည် ( ချို )

ဝင်ငွေ အနည်းဆုံး အလုပ်တွင် ရိုးသားစွာဖြင့် နှစ်ကာလ ရှည်ကြာစွာ တာဝန် ထမ်းဆောင်နေသော အဖေ၏ ဝင်ငွေသည် အမေ့ မီးဖိုချောင်စရိတ် အောက်၌ လှိုင်းပိ လှေ ပမာသာ ရှိသည်ကို သိထား၍ မောင်နှမ ငါးဦးတွင် အကြီးဆုံး ဖြစ်သော သူမ ကွင်းလယ်ကစားသမား ဖြစ်လာခဲ့၏ ။ အခြား ကျောင်းသားများလို ငွေကုန်ကြေးကျ များစွာ သင်တန်းကျောင်း မတက်ရဘဲ ကျောင်းမှ ဆရာ၏ သင်ပြမှု တစ်ခုတည်း အောက်၌ပင် သင်္ချာဘာသာရပ်ကို သူမ ၉၈ မှတ်နှင့် ထူးချွန်စွာ အောင်မြင်ခဲ့သည် ။ အခြား ဘာသာရပ်များထက် သင်္ချာဘာသာရပ်ကို အတန်းတိုင်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သလို သူငယ်ချင်းများ နားမလည်သည့် ပုစ္ဆာတို့ကိုလည်း ရှင်းပြနေကျ ဖြစ်၍ အခြေခံပညာ အထက်တန်း အောင်စာရင်း ထွက်ပြီး နောက်နေ့မှာပင် သင်္ချာ Guide အဖြစ်ဖြင့် သူငယ်ချင်းများကို အကူအညီ ပေးရင်း ပေးရင်း စာပြဆရာမလေး တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည် ။

ဆတိုး ပွားများလာသော စရိတ်တို့ကို ခံစစ်တစ်ခု အနေဖြင့် သူမ အတန်းစုံကို ပြသော စာပြဆရာမလေး အဖြစ်နှင့် ‘ ညအခါ ’ ကို စာလုံးပေါင်း သင်ပေးရသည့် ကလေးအိမ်က ထွက်လာ၍ အက္ခရာ ကိန်းတန်းများ ရှင်းပေးရမည့် ကလေးအိမ်ကို ခြေဦးလှည့် အပြီး သင်္ချာသီအိုရီများ အဖြေ ကူ ထုတ်ပေးရသော အိမ်အရောက်တွင် နာရီလက်တံက ညနေခြောက်နာရီကို ပြနေပြီ ။

အတန်းပိုင်ဆရာ ၊ ဆရာမတို့ ထံမှ အခြေအနေ အရပ်ရပ်ကြောင့် ပဲ့ထွက်လာသူများ ၊ ဆရာမနားတွင် ထိုင်နေမှ စာတော်သည် ထင်သည့် အချို့ ... အချို့ .. မိဘတို့ကြောင့်လည်း သူမ ။ တိုးတက်နေသော နည်းပညာခေတ်ကြီးထဲတွင် အခြေခံပညာ အထက်တန်း အောင်လက်မှတ် ကတ်ထူချပ်လေး တစ်ခုနှင့် သူမ၏ စာပြဆရာမလေး အဖြစ်သည် ... ။

အလုပ်ရှင် လေဟန် အပြည့်နှင့် အချိန် အတိအကျ မှတ်တတ်သော မိဘများ ၊ စာသင်ရက် တစ်ရက် ပျက်ကွက်လျှင်ပဲ ‘ ဘာဖြစ်လို့လဲ’  ၊ ‘ ဘယ်လို အကြောင်းများကြောင့်လဲ ’ ဟု လူမှုရေးမေးခွန်း တစ်ချက် မပြောဘဲ ‘ မနေ့က ဆရာမ လာရမယ့်နေ့ မလာလို့ ကလေး စာသင် ပျက်သွားတယ် ’ အထက်စီး လေသံနှင့် ဆီးကြိုတတ်သည့် မိဘတို့ကြောင့်လည်း သူမ၏ စာပြဆရာမလေး ဘဝသည် ... ။

တစ်ခါတစ်ခါ ကိုယ့်ဘက်က ဘယ်လောက်ပင် စေတနာထား သင်သင် ခံယူသူတို့၏ ပေါ့လျော့မှုများကြောင့် စာမေးပွဲတွင် အမှတ် နည်းသွားလျှင် လစာပေးရင်း ‘ ဆရာမ ဒီလ ကလေး အဆင့် ကျသွားတယ် ။ ကြည့်လုပ်ပါဦး ’ ဆိုကာ မညီမညာ ချလာပေးသော တစ်ထောင်တန်ရွက်များကြောင့် ရင်ထဲ ကိန်းဝပ်အောင်းထားသော မာနများ နိုးကြွကာ ‘ ဒီအိမ်ကို စာသင်ဖျက်မယ် ’ အတွေးနှင့် သူမ အိမ်လှေကားဝ အရောက် ‘ မမကြီး ကျောင်းမှာ စာအုပ်ဖိုး တောင်းနေပြီ ’ 

‘ မမကြီး သားလည်း စာအုပ် ကုန်ပြီ ၊ ဝယ်ပေးဦး ’

အသံများက မသိတတ်တာ မဟုတ်ဘဲ မသိသေးသည့် အရွယ်လေးများ၏ အပြစ်ကင်းစင် တောင်းဆိုဟန်များကြောင့် တင်းလာသော မာနများ အိမ်တံခါးဝတွင် ဝုန်းခနဲ မြည်အောင် ပြုတ်ကျကုန်၏  ။

‘ သမီးကြီး ဒီလကုန်က စပြီး အိမ်လခ နှစ်ထောင် ပိုပေးရမယ် ’ တဲ့ ။ အမေ့ စကားလုံး အချို့က ဝုန်းခနဲ ပြုတ်ကျသွားသော မာနအပိုင်းအစများကို ပြန်ကောက်ရန် ရှာမတွေ့တော့ ။

ဝင်ငွေနှင့် ဈေးနှုန်း အမြဲ ခံစစ်ထိုးစစ်များဖြင့် ဆင်နွှဲနေရသော သူမတို့ အတွက် .. ။

အစောတည်းက ညိုသွယ်သွယ် ခန္ဓာကိုယ်က အခုချိန်တွင် စာကြည့်မျက်မှန်အနက်ပိုင်းလေး အောက်၌ ပါးလျစွာ ဖျော့ဆင်းနေပြီ ။

‘ ဆရာမ ဒီနေ့ စာမြန်မြန် သင်ပေး သားတို့ ပန်ဒါမှာ ညစာ သွားစားမလို့ ’

စာဆိုရင်း အသံသာသာလေးနှင့် ဖြတ်ပြောလိုက်သော ကလေး စကားကြောင့် သူမ ပြန်လာမှ ညစာအတူ စားဖို့ ခူးခပ်ပြီး စောင့်နေတတ်သော အမေ၏ ရာသီပေါ် သီးနှံဟင်း ထမင်းဝိုင်း ၊ လမ်းထိပ်ဓာတ်မီးတိုင် မှိန်ဖျော့ဖျော့ အောက်တွင် သမီး ပြန်အလာကို စောင့်ကြိုနေသော အဖေ၏ ပုံရိပ် ၊ တစ်လစာ လခ တစ်ထောင်တန် လေးရွက် ၊ ညစာ ထမင်းဝိုင်း ... ။

ဘယ်လိုပဲ ဖြစ်ဖြစ် သိပ်သည်းဆ မတူသည့် အရာဝတ္ထုတို့၏ အကျိုး သက်ရောက်မှုကို သိရှိထားသည့် သူမ အတွက်က ‘ တို့အလံ ’ ဖတ်စာကို စည်းချက် ညီညီဖြင့် သင်ပေးနိုင်ခဲ့သည် ။

သင်္ချာသီအိုရီများကို ရှင်းပြနေသော သူမ အသံကို ဖောက်ပြီး ‘ Teacher မမ ငရမန်ကန်းက ဘယ်ဘက်မျက်စိ ကန်းတာလဲဟင် ’ ဆိုသည့် အထက်တန်း ကျောင်းသားလေး အမေးကြောင့် သူမ မျက်လုံးနှစ်ဖက်စလုံး ကန်းသွားချင်လောက်အောင် ဖြစ်သွား၏ ။ သူမ ဘာမှ ပြန်မဖြေရသေးခင်မှာပဲ ဆက်ပြီး -

‘ Teacher မမ သားတစ်ခု စဉ်းစားမိတာ ရှိသေးတယ် ’

‘ ပြောစမ်းပါဦး ၊ တွေးခေါ်ရှင်ကြီးရဲ့ ’  

သူမ စကား ထောက်ပေးလိုက်တော့ -

‘ သားတို့ မြန်မာစာ စကားပြေ ဖတ်စာအုပ်ထဲက အကြောင်း ဦးပေါင်းကြား နှင့် မြင်းညိုရှင် စကားပြေ ဖတ်ပြီး တွေးမိတာ မမ Teacher ရဲ့ ။ ညီလာခံမှာ အလောင်းစည်သူမင်းကြီး တူးရွင်းတောင်ခြေက လူဆိုးဓားပြကြီး ဖမ်းခိုင်းပုံကို ဖတ်ပြီး ညီလာခံမှာ ဘုရင်ကြီး ပြောတဲ့စကားကို နန်းတော်ထဲ ရှိတဲ့ ပညာရှိ မှူးမတ်ရဲမက် အတိုင်ပင်ခံ မင်းဆရာကြီးတွေ မရိပ်မိဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား ။ Teacher မမ သေသေချာချာ စဉ်းစားကြည့် ၊ ဘုရင်ကြီးက လူဆိုးဓားပြကို ဖမ်းခိုင်းပုံ သား စဉ်းစားမိတာက ပညာရှိမှူးမတ် ... ’

‘ တော်ပြီ ... တော်ပြီ နောက် ကြီးလာမှ ဆက်စဉ်းစား ’ ဟု ဆိုရင်း စကားကို ဆက်ခွင့် မရအောင် သင်္ချာသီအိုရီများ ရှင်းရန်သာ ပြင်လိုက်ရ၏  ။ ကလေး ကတော့ သူတို့ သဘာဝအတိုင်း အတွေးများကို ဆွဲဖြုတ်ကာ သင်္ချာပုစ္ဆာများ တွက်နေပြီ ။ သူမမှာသာ .. ။ ဆရာမကြီး ဒေါက်တာမတင်ဝင်း ကို ပြေးခေါ်ရမည်လား ။ ဆရာ ချစ်ဦးညို ကို အကူအညီ တောင်းရမည်လား မသိ ။

ထိုကလေး အိမ်မှ စာသင်ပြီး ထွက်အလာ အထိ ကတ်တီးကတ်ဖဲ့ လုပ်တွေး စဉ်းစားသော ကလေးစိတ်ကူးကို သဘောကျစွာ ပြုံးမိ၏ ။ သူမတို့ တုန်းကလည်း .. ။

‘ တစ်နှစ်မှာ တစ်လ ၊ တစ်လမှာ တစ်ရက်တဲ့ မကပါဘူး ။ အမှန် ဖြစ်သင့်တာ တစ်နှစ်မှာ ရက်အနည်းဆုံး ပွင့်တဲ့ပန်းဆို တော်လောက်ပြီ ’ ဆိုရင်း သူငယ်ချင်း နှစ်ဦး သူ့အလှ သူ့ရသ တုနှိင်းချက်များဖြင့် လှပသက်ဝင် ခန့်ညားနေသည့် ပိတောက်ပန်း ကိုပင် ဘာမဆိုင် ညာမဆိုင် ထည့်တွေး စဉ်းစား၏ ။

သူမတို့ကို စာသင်ချိန် ၄၅ မိနစ် အတွင်း သတ်မှတ်ပြဋ္ဌာန်းများ သင်ပေးသော သမိုင်းဆရာက လွတ်လပ်ရေး ဆုံးရှုံးရပုံများ သင်ကြားရှင်းပြရင်း သီပေါမင်း စုဖုရားလတ်တို့ အကြောင်းနှင့် ဆက်စပ်ပြီး နန်းမတော်ရှင် မယ်နု မိဖုရားခေါင်ကြီး ဖြစ်လာရပုံကို အကျဉ်းချုံး၍ ပြောပြသည် ။

ဆရာ၏ စာသင်ချိန် ပြီးတော့ သူငယ်ချင်းမ နှင့် သူမ နန်းမတော်မယ်နု မိဖုရားကြီး ဖြစ်လာရပုံကို မပြည့်မစုံ အသိလေးများဖြင့် ပြန်ပြောကြရင်း ‘ ဘုရင်ကြီး မနှစ်သက် မစုံမက်အောင် ရှင်မယ်နုက ရုပ်ဆိုးနေရင် ဘုရင်ကြီးရဲ့ စီရင်ပုံ အဲဒီ နေရာမှာ တစ်မျိုး ဖြစ်သွားနိုင်တယ်နော် ’

ဘာရယ်မဟုတ် တွေးမိတွေးရာ ပြောပြီး ရွက်ဝါရွက်များ ကြွေကျလာသည် ကို လိုက်ဖမ်းကာ ရိုးသားပျော်မွေ့စွာ အတွေးပို စိတ်ကူးယိုခဲ့ကြသည် ။ ခုချိန်များမှာတော့ ... ။

ဆန်ကြမ်းတစ်ပြည် နှစ်ရာ့သုံးဆယ် ဖြစ်သည့် ကိစ္စ ၊ ဆန်ဆီ တိုးစားနေရ သည့် အဖြစ် ၊ ကြက်ဥ ဘဲဥ တန်းစီ ဝယ်နေရသည့် အဖြစ်များ ၊ အပျက်များကိုပင် မစဉ်းစား မိအောင် စိတ်အတွေးများကို ချုံ့ပစ်နေရ၏ ။ တကယ်တော့ မျက်မြင် အခြေကို ဗဟိုပြု၍ အင်အားပြင်း ငလျင်ရပ်ဝန်း ဖြစ်နေသော သူမ အတွေးများသည် ခုချိန်ခါတွင် အရာအားလုံး မစဉ်းစားချင်ဘဲ စဉ်းစားစရာများ ဖြစ်နေကြပြီဖြစ်သည် ။

ဘဝကို ဆန်ရင်း စုန်မျှော နေကြသည့် သူမလို မိသားစုများစွာတို့၏ အတွေးများသည် နံနက်စာ နှင့် ညစာ နှစ်နပ်ကြားတွင် ကျင်လည်၍ စရိတ်တို့ကို ခုခံနိုင်ရန်အတွက် မရှိသည့် အားကို ရှာကြံ မွေးနေကြသူများဖြစ်၏ ။

သဘာဝ အတိုင်း ရှိနေသော လေကိုပင် တစ်ခါတစ်ရံ ခဲရာခဲဆစ် ရှူသွင်း နေရသည်မို့ သူမလည်း ယခုအချိန်တွင် အတွေးပိုများ တွေးရန် အတွေးအားချိန် မရှိ ။ စာပြအိမ် တစ်အိမ်ပြီး တစ်အိမ်သို့သာ ... ။

‘ သမီးကြီး အလတ်ကောင် လပတ်ကျတယ် ’

ထမင်းစားရင်း အမေ ပြောလိုက်သော စကားစုကြောင့် သူမ၏ တင်းမာသော မျက်ဝန်းအစုံ အတူ ထိုင်စားနေသော မောင်ငယ် ထံ ရောက်သွား၏ ။ သူမ၏ အကြည့်ကို မောင်ငယ် ကောင်းစွာ ဘာသာပြန် တတ်၍ ထမင်းစားခြင်း ကိစ္စများ ပြီးသော် ...

‘ မမကြီး သင်္ချာကျတာ ရေဆန်ရေစုန် ပုစ္ဆာတွေနဲ့ ဆေးထပ် ရာခိုင်နှုန်း ပုစ္ဆာတွေ နားမလည် မတွက်တတ်လို့ ’

မောင်ငယ်၏ မျက်ရည်ဝဲ တုန်လှိုက်သံစကားကို နားထောင် အပြီး မောင်ငယ်မျက်နှာကို သူမ အထိတ်တလန့်ဖြင့် သေသေချာချာ စူးစိုက်ကြည့်ရင်း သက်ပြင်းမော တစ်ချက်ကို ကျိတ်ချမိသည် ။ မောင်ငယ် စာမေးပွဲ ကျတာ သူမ မှာရော အပြစ် ကင်းပါရဲ့လား ။ နံနက်မိုးလင်းမှ တစ်နေ့တာလုံး အချိန်ရလျှင် ရသလို စာသင်အိမ်တွေ တစ်အိမ်ပြီး တစ်အိမ် လှည့်သင် ။

‘ စာအုပ်အဖုံးချုပ်သည် ’  ဆိုင်းဘုတ် အောက်၌ အဖေကလည်း ရုံးမတက် မီနှင့် ရုံးဆင်းချိန်များ ၊ ရုံးအားချိန် နေ့ရက်များတွင် ကတ်ကြေး ၊ ဆူး ၊ ကြိုး ၊ ကတ်ထူ စက္ကူ ၊ ဖလင်ချပ်များနှင့် စရိတ် စရိတ်တို့ကို တွန်းလှန်ရင်း ပိနေခဲ့ ။

စာအုပ်အဖုံး ချုပ်သလို ဘဝကို တိကျစွာ ကိုက်ညှိ ဖြတ်တောက်၍ မရသဖြင့် အပိုအလို များစွာဖြင့် ပုံသေ မဟုတ်ဘဲ ပုံသေ ဆန်နေကြရသည့် ဘဝတွေ ။

‘ မကြီး ၊ ညီမထွေး ... ’ 

ပြောလက်စ စကားကို ရပ်ပြီး အနားတိုး ကပ်ပြသော ညီမထွေး၏ လစဉ်ပညာရေး တိုးတက်မှုကတ်ပြားလေးက ညီမထွေး၏ မျက်နှာအသံတို့လိုပင် စိုးရွံ့သိမ်ငယ်မှုများနှင့် ပြည့်လျှံနေ၏ ။

‘ ညီမရယ် သင်္ချာချိန် ပြီးရင် ခဏနားပြီး ရှစ်နာရီ ကနေ ကိုးနာရီ အထိ တစ်နာရီလောက် ကျက်စာ ကြည့်ပေးပါဦး ၊ ညီမတပည့်က ညီမ ရှိမှ စာကျက် စာလုပ်တာ လခ တစ်ချိန်စာ ထပ်ပိုယူပါ ’ ဟု ပြောလာသော စကားကို သူမ ကလည်း ကျေနပ်စွာ လက်ခံခဲ့သည့် အဖြစ်ကို ပြန်တွေးဆရင်း သူမ၏ နှုတ်ခမ်းများ လှုပ်ရှား မရနိုင်အောင် ဆွံ့အသွားတော့သည် ။

▢  လဲ့ဝင်းကြည် ( ချို )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      အောက်တိုဘာလ ၊ ၂၀၀၂

Wednesday, January 28, 2026

လောလောဆယ်

 

❝ လောလောဆယ် ❞
       ( ပီမိုးနင်း )

ထွန်းရင်သည် မိမိ၏ ရှေ့၌ ရှိသော ခြံကလေးနှင့် အိမ်ကလေးကို မက်မောသော မျက်နှာနှင့် ကြည့်၍ နေလေ၏ ။

ငါ ဒီတစ်သက်မှာ ဒီလို အိမ်ကလေးနဲ့ ဒီလို ခြံကို ရပါဦးမလားဟု တွေးတောကာ မိမိ၏ လက်၌ ရှိသော သားရေအိတ်ကို ကြည့်လေ၏ ။

သားရေအိတ်မှာ များစွာ ဟောင်းနွမ်းလျက် ပွန်းကွက်ဖြူရော်၍ နေသော နေရာများမှာ ဝဲစားသော ခွေးသားရေနှင့် တူ၍ နေလေ၏ ။ ထိုအိတ်၌ကား ကုန်တိုက်ကြီး တစ်ခုမှ နမူနာ ရေမွှေးပုလင်းများ ၊ ခေါင်းလိမ်းဆီများ ၊ ပေါင်ဒါများ ၊ ဂျာမန်တော်နစ် အားဆေးပုလင်းများ ဖြစ်ကြလေ၏ ။

၎င်း၏ အလုပ်မှာ ထိုပစ္စည်းများကို အရပ်ရပ်၌ လှည့်လည်စပ်ဟပ် ရောင်းချရသော အလုပ် ဖြစ်လေ၏ ။

ဒီအလုပ်ကလေးနဲ့ ငါ ဒီအိမ်မျိုးကို အဘယ်သော အခါ ရပါမည်နည်းဟု ဟီးချကာ ညည်းလိုက်လေ၏ ။

အိမ်မှာ ရောင်းရန် ၊ သို့မဟုတ် ငှားရန်ဟု စာကြီး ကပ်၍ ထားလေ၏ ။ ဘဏ်တိုက်၌ အပ်ထားသောငွေ ၎င်းမှာ ခြောက်ရာကျော်ကျော်ကလေးမျှ ရှိ၏ ။ ဤအိမ် ဤခြံမှာ သုံးလေးထောင်ထက် နည်းမည် မဟုတ်ပေ ။ ခြံစည်းရိုးမှာ ဆေးများ သုတ်၍ထားသော သစ်သားဝင်းထရံ ဖြစ်လေရာ နေရောင်တွင် သစ်လွင်သော ဆေးနက်ရောင်မှာ တောက်ပြောင်၍ နေလေ၏ ။ အိမ်ကလေးမှာ တစ်ထပ်အိမ် ၊ ဆေးသုတ်၍ပြီးစ အသစ်လို ဖြစ်၍ နေလေ၏ ။ အိမ်အောက်၌ လူတစ်ရပ် မရှိတရှိ သွေ့ခြောက်စင်ကြယ်လျက် ကောင်းစွာ လှည်းသို သုတ်သင်၍ ထားဟန်ရှိ၏ ။ ရွက်လှပန်းပင်များ ၊ ပန်းအိုးများ ၊ ဂမုန်း ၊ ကမြင်း ၊ မျောက်မထားပန်း ၊ နှင်းဆီ ၊ စံပယ် စသည်တို့နှင့် ဆင်ဝင်ကို တက်၍နေသော တိုက်ပန်းများမှာ ပန်းပြာကလေးတွေ ပွင့်၍နေလေ၏ ။ နောက်ဖေး ခပ်ကျကျမှာ အိမ်ကို တစ်ပိုင်းမိုးကာ၍ နေသော မန်ကျည်းပင်ကြီး တစ်ပင် ရှိလေ၏ ။ ထို့နောက် သင်္ဘောပင် ၊ ဒန့်သလွန်ပင် ။ အိမ်ရှေ့၌ ဝက်မလွတ် အုန်းပင်ကလေး သုံးလေးပင် ၊ ဘင်္ဂလားသရက်ပင် လေးငါးပင် ၊ ခြံထောင့်၌ မာလကာပင် ၊ အိမ်ရှေ့လှေကား အနီး၌ လက်ပြောင်သော ကြေးဝါနှုတ်သီးနှင့် ရေဘုံဘိုင်တစ်ခု ရှိလေ၏ ။

သို့ဖြစ်လေရာ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တွင် ဗိုလ်စွဲသော အိမ်ကလေး ဖြစ်သဖြင့် တစ်ကိုယ်တည်း သားမရှိ ၊ မယားမရှိ ၊ ဘက်ချလာ တစ်ယောက်မှာ ဤလို အိမ်ပိုင်ကလေးနှင့် စတိုင်ကျကျ နေလိုက်ရလျှင် ထင်တိုင်းပေါက် ၊ ကြံတိုင်းမြောက် ၊ ဒိစတြိတ်မြို့နယ်မှာ တွေ့ခဲ့ရသော စပါးကုန်သည်ကြီး ဦးဘိုးရွက်၏ သမီး တစ်ကိုယ်တည်းပိုင် အမွေ သုံးသိန်းကျော် ရှိသော မယ်ခို တို့လို ဟာတော့ လက်ဖျောက်တီးပြီး ခေါ်၍တင်ဖို့သာ လိုချေမည် ။ ထိုနေရာ ရပ်ကွက်ပတ်ဝန်းကျင်မှာလည်း အိမ်ကုပ် ၊ ကု,လားအိမ်တန်းလျား ၊ တရုတ်အိမ် မတ်စောက် အနည်းငယ်နှင့် မသားနားသော အခြား အိမ်များသာ ရှိလေရာ ထိုနေရာမှာ အစေမ တစ်ယောက် နှစ်ယောက်နှင့် မောက်လိုက်ရလျှင် စတိုင် လွန်စွာကျမှာပဲဟု စိတ်၌ အကျိတ်အခဲ ဖြစ်၍နေလေ၏ ။

ငွေမရှိတာ အတွက် ခက်၍ နေလေ၏ ။ အခုအနေ ငွေ သုံးလေးထောင်ကို အဘယ်မှာများ အချောင်ရပါ့ ရမလဲလို့ စိတ်ထဲ၌ ကြံစည်၍ နေလေ၏ ။ နေရာမှာ လူသူပြတ်လပ်လျက် တစ်ခါတစ်ခါ မြို့သို့ သွားသော မော်တော်ကား အနည်းငယ်သာ ရှိလေ၏ ။

သားရေအိတ်ထဲ၌ တောသူဌေးများ မှာသဖြင့် ရောင်းရန် အသင့် ဝယ်၍ ထားသော ခြောက်လုံးပြူးအတု တစ်လက် ရှိလေ၏ ။ ထိုခြောက်လုံးပြူးမှာ တကယ့် ခြောက်လုံးပြူးနှင့် လွန်စွာတူလေရာ ကိုင်၍ သေသေချာချာ ကြည့်မှသာ ကစားစရာ ဖြစ်ကြောင်း သိနိုင်လေ၏ ။ စီးကရက်ကို ညှိ၍ သောက်ပြီး ထွန်းရင်သည် ထို ခြောက်လုံးပြူးကို သားရေအိတ်ထဲက ထုတ်ကာ ကိုင်၍ ကြည့်လေ၏ ။ အခုအနေ လူပြတ်ခိုက်မှာ ငွေထုပ်ကို ပိုက်လာသူ တစ်ယောက်ယောက် ပေါ်လာလျှင် ကောင်းမှာပဲဟု တွေးမိလေ၏ ။

သို့တွေးရင်း ခြောက်လုံးပြူးနှင့် မိမိရှေ့ လမ်းပေါ်၌ မြင်ရသော အရာဝတ္ထုတစ်ခုကို ချိန်၍ နေလေ၏ ။

ထိုအခိုက် ယောက်ျားကြီး တစ်ယောက်နှင့် မိန်းမကြီး တစ်ယောက် ပါ၍လာသော ကားတစ်စီးသည် မြို့သို့သွားရန် ဖြတ်၍ လာရာ မိမိ ချိန်သော အရာဝတ္ထု ရှိနေသော နေရာအနီးတွင် ဖောင်းခနဲ မြည်လျက် ဘီးပေါက်၍ ရပ်လေရာ ထွန်းရင်သည် မိမိ၏ ခြောက်လုံးပြူးနှင့် တာယာကို ပစ်၍ ဖောက်လိုက်သလို စိတ်၌ ထင်မြင် အောက်မေ့ကာ ကစားလိုသော စိတ်တစ်မျိုး ပေါ်ပေါက်လျက် ခြောက်လုံးပြူး ပြောင်းဝထဲသို့ စီးကရက် မီးခိုးများကို ကပျာကယာ မှုတ်၍ ထည့်လိုက်ပြီး ခြောက်လုံးပြူးအတုကို ကားပေါ်က လူများ မြင်သာအောင် ကိုင်လျက် ထိုင်ရာမှ ထပြီး ပြုံးရွှင်သော မျက်နှာထားနှင့် ကားနားသို့ ကပ်၍ သွားလေ၏ ။

သွားရင်းမှာ ကစားရန် ဖြစ်လေ၏ ။ ထိုကဲ့သို့ ကစားခြင်းဖြင့် မိမိမှာ အန္တရာယ် မဖြစ်နိုင်ကြောင်း သိလေ၏ ။ အကြောင်းမူကား တကယ် စွပ်စွဲလျှင် ခြောက်လုံးပြူးကို ပြရုံသာ ရှိလေ၏ ။ ကစားခြင်းမှာလည်း တမင် မဟုတ် ။ ၎င်းတို့ ခြောက်လုံးပြူးကို မြင်ပြီး ထင်ချင်ရာ ထင်ပါစေဟု သဘောထားကာ တာယာပေါက်ကို ကြည့်လိုသောကြောင့်သာ သွားခြင်း ဖြစ်လေရာ ကစားခြင်းမှာ ခရီးသွားဟန်လွဲ ဖြစ်၍ နေလေ၏ ။

မိန်းမကြီးနှင့် ယောက်ျားကြီးသည် ၎င်းကို မြင်လျှင် မြင်ချင်း မျက်နှာမှာလည်း ခပ်ပြုံးပြုံးနှင့် မချိုမချဉ်မို့ တကယ် ရဲတင်းတဲ့ လူဆိုးပဲ ။ လက်က ခြောက်လုံးပြူး ကလည်း မီးခိုးတွေ ထွက်တုန်း ။ မျက်နှာကလည်း အပြုံး မပျက်ဘူး စသည်ဖြင့် တွေးကာ လွန်စွာ ကြောက်ရွံ့ကြလျက် “ မောင်ရင် အသက်ကိုတော့ ချမ်းသာပေးပါ မောင် ၊ မောင့်ကိုလည်း ရန်မရှာပါဘူး ။ ဘယ်သူမှလည်း မသိစေရပါဘူး ” ဟု ယောက်ျားကြီးက တောင်းပန်လေ၏ ။ မိန်းမကြီးက ပု၍ နေလေ၏ ။ ဒရိုင်ဘာက ဒေါပွသော အမူအရာနှင့် ထွန်းရင်ကို ကြည့်လေရာ ထွန်းရင်က ၎င်းအား ခြောက်လုံးပြူးကို ပြပြီး “ မင်း ငြိမ်ငြိမ်နေ ” ဟု ကြိမ်းလိုက်ပြီး အဘိုးကြီး လက်မှ ငွေစက္ကူထုပ်ကို ယူလေ၏ ။ ထိုအခိုက် ဖြတ်၍လာသော ဘတ်စ်ကား တစ်စီးပေါ် ကို တက်၍ လိုက်ပါသွားလေ၏ ။

နောက် လေးငါးရက် ကြာသောအခါ ထွန်းရင် သည် လှပသော အိမ်ကလေးကို ရသဖြင့် ခြံစည်းရိုး၌ ပြုပြင်ပြောင်းလဲစရာ ရှိသမျှတို့ကို လက်သမား တစ်ယောက်နှင့် ပြုပြင်၍နေရာ အိမ်နီးပါးချင်းများကလည်း ကြည်ဖြူစွာ ကူညီကြလေ၏ ။ အကြောင်းမူကား ထွန်းရင် မှာ များစွာ သဘောကောင်းလျက် ဆင်းရဲသား အိမ်နီးချင်းများ အတွက် မှီခိုအားထားလောက်သူ တစ်ယောက် ဖြစ်သည်ဟု ယုံကြည်ကြလေ၏ ။ အကြောင်းမူကား ထွန်းရင်သည် အိမ်ကို ရလျှင်ရချင်း သံဃာတော်မြတ်များအား ဆွမ်းလုပ်ကျွေးရာ အိမ်နီးပါးချင်းများ လှိုင်ဘောလည်အောင် စားကြ ၊ သောက်ကြရ၏ ။ တစ်စုံတစ်ရာ လုပ်စရာ ရှိ၍ ခိုင်းစေသည့်အခါ ပေးပုံကမ်းပုံ အထူး ရက်ရောခဲ့သဖြင့် ခင်မင်သူ များကြလေ၏ ။

သို့ အလုပ် လုပ်နေခိုက်တွင် ထမင်းစားချိန်မို့ ကူညီသူများ အသီးသီး မိမိတို့ အိမ်များသို့ ပြန်၍ သွားခိုက်မှာ လက်သမား တစ်ယောက်တည်းသာ မိမိနှင့်အတူ ရှိနေရာတွင် ထွန်းရင်၏ လက်မောင်းပေါ်သို့ သွပ်စကြီး တစ်ခု အိမ်ခေါင်မှ ပြုတ်ကျပြီး အနာကြီး ဟက်ပက် သွေးရှင်တွေ အဟုန်ပြင်းစွာ ပန်း၍ ထွက်လေ၏ ။ လက်သမားမှာ ဘာလုပ်ရမည် မသိပေ ။ ထိုသွေးကို လျင်မြန်စွာ ရပ်အောင် မလုပ်နိုင်လျှင် ထွန်းရင်မှာ သေဖွယ်ရာဖြစ် လောက်အောင် သွေးရှိန်သည် ပြင်းထန်လေ၏ ။ လက်သမားမှာ အိမ်နီးပါးချင်းများကို ပြေး၍ ခေါ်မည်ပြုရာ ထွန်းရင်က “ အိမ်နီးပါးချင်းတွေကို ပြေး၍ ခေါ်နေလျှင် အချိန်ကုန်ဖို့သာ ရှိတာပေါ့ခင်ဗျာ ။ ဒီလူတွေ ဘာ နားလည်မှာလဲ ။ ကျုပ်ကို ဆေးရုံအမြန် ရောက်အောင်သာ လုပ်စမ်းပါ ” ဟု ပြောလေ၏ ။

ဆေးရုံသို့ အမြန်သွားဖို့ရန် အနီးအပါး၌ တက္ကစီ မော်တော်ကား မရှိ ။ မြင်းရထား ၊ လန်ချားလည်း မတွေ့ရ ။ အကယ်၍ လန်ချားမြင်းရထားပင် ရစေကာမူ နှေးကွေးသဖြင့် ဆေးရုံ မရောက်မီ သွေးကုန်၍ သေဖို့ ရှိလေ၏ ။ သို့ဖြစ်လေရာ မကြာမကြာ မြို့ကို ဖြတ်၍ သွားသော ကားတစ်စီးစီးနှင့် လိုက်ရလျှင် လိုက်ရ ၊ မလိုက်ရလျှင် ဒုက္ခတွေ့ဖို့ ရှိလေသည် ။

သို့ဖြစ်လေရာ ထွန်းရင်က လက်သမားကြီးအား ဖြတ်လာတဲ့ ကားများအနက် တစ်စီးတလေကို ရပ်ဖို့ ပြောပါဟု တောင်းပန်သဖြင့် လက်သမားဆရာကြီးသည် ကားများကို လမ်းပေါ်သို့ ထွက်၍ စောင့်လေ၏ ။ အတန်ငယ် ကြာလျှင် ကားတစ်စီး လာသည်ကို မြင်ရသဖြင့် အားရဝမ်းသာနှင့် ကားတစ်စီး လာကြောင်း ထွန်းရင် အား အော်၍ ပြောလေ၏ ။

“ မြန်မြန်လုပ်ပါခင်ဗျာ ။ ဒီကားကို တဆိတ်ကလေး ရပ်ပါလို့ တောင်းပန်စမ်းပါ ။ ဒီကားနဲ့မှ မလိုက်ရရင် ကျွန်တော် သေရပါလိမ့်မယ် ။ သွေးတွေကလည်း မရပ်ဘူး ။ တဆိတ် ကားရပ်အောင် လုပ်စမ်းပါ ။ ကျွန်တော် ကျေးဇူးမမေ့ပါဘူး ” ဟု ပြောလေ၏ ။

ထိုအတွင်း ကားတစ်စီး ဖြတ်လာလေရာ လက်သမားရော ၊ ထွန်းရင်ရော ရပ်ဖို့ အော်၍ ပြောကြလေ၏ ။ ထိုအခါ ကားပေါ်က မိန်းမကြီးနှင့် ယောက်ျားကြီးက ဒရိုင်ဘာအား “ မြန်မြန် မောင်းပါကွယ့် ၊ ဟေ့ ... မြန်မြန် ၊ အရင်တစ်ခါလို ဖြစ်တာ မင်းက မြင်ချင်လို့လား ။ အရင် တစ်ခါ နှေးလို့ တာယာကို ပစ်ဖောက်လိုက်တာ ၊ ဒီ နေရာဟာ ဓားပြတွေ နေတဲ့ နေရာ ”  စသည်ဖြင့် ပြောဆိုကာ ထိတ်လန့်တကြား အတွင်သား မောင်းခိုင်းလေ၏ ။

နောက် ကားတစ်စီး ဖြတ်၍ လာပြန်သော အခါလည်း ထိုနေရာမှာ ကားများ လာရင် တာယာကို သေနတ်နှင့် ပစ်ဖောက်ပြီး လုတတ်သည် ဟူသော သတင်းကြောင့် ထိတ်လန့်တကြား တွင်တွင်ကြီး မောင်း၍ ပြေးလေ၏ ။ နောက် ထိုနည်းအတိုင်း ကားသုံးလေးစီး လွန်၍ သွားလေရာ တစ်ကိုယ်လုံး သွေးမရှိသဖြင့် ဖြူ၍ လာပြီး လက်သမားဆရာကြီးကို မှီလျက် “ ကျုပ်တော့ မရတော့ဘူး ။ အိမ်ပေါ်ကိုသာ ပို့ပါတော့ ။ ဒါ ကျုပ် အတတ်ပဲ ။ ကျုပ်ကိုယ်တိုင် စီမံတဲ့ ကံကြမ္မာပါပဲ ” ဟု ပြောရင်း မြောမေ့၍ သွားလေရာ အိမ်ပေါ်သို့ ရောက်သောအခါ တစ်ခါတည်း အသက်ပျောက်ရှာလေတော့ သတည်း ။

▢  ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )

အပျံသင်တို့ရဲ့ မိုးကောင်းကင်


 ❝ အပျံသင်တို့ရဲ့ မိုးကောင်းကင် ❞ 

        ( ခိုင်ထူးသစ် )


ဧည့်ခန်းထဲရှိ ဆိုဖာခုံပေါ်တွင် ထိုင်နေသော ဒေါ်ခင်ထား တစ်ယောက် လှေကားထစ်တွေကို ငေးစိုက်ကြည့်ရင်း အိမ်ပေါ်မှ ဆင်းလာမည့် သမီးဖြစ်သူ အေမီ၏ ခြေသံကို နားစွင့်နေမိသည် ။


အေမီက ဟော့ဒီ လှေကားထစ်တွေပေါ်ကို ကြောင်မလေးတစ်ကောင်လို ယိမ်းနွဲ့ပေါ့ပါးစွာ လွှားခနဲ ... လွှားခနဲ ပြေးတက်သွားတတ်သည် ။ ပြေးဆင်းလာတတ်သည် ။ တရိပ်ရိပ် အရွယ်ရောက်၍ အပျိုဖော် ဝင်လာသော သမီးလေး အေမီ၏ ခြေသံ လေသံနှင့် အမူအရာ အားလုံး တစ်စတစ်စ ပြောင်းလဲလာသည်ကို ဒေါ်ခင်ထား အသေးစိတ် သတိပြုမိသည် ။ အေမီပုံစံတွေက အရင်ကလို မဟုတ်တော့ပေ ။ မှန်ရှေ့မှာ အကြာကြီး ထိုင်ပြီး သီချင်းတွေ ဆိုညည်းနေတတ်သည် ။ တစ်ခါတစ်ရံ အခန်းတံခါး ပိတ်၍ မှန်ရှေ့တွင် ခါးထောက်ကာ ပြုံးလိုက် ၊ မဲ့လိုက် ၊ နှုတ်ခမ်းလေး စူလိုက် ၊ ခေါင်းလေးခါလိုက်နှင့် ဟန်အမူအရာ အမျိုးမျိုးလုပ်ရင်း သဘောကျနေတတ်သည် ။ သူ့ရုပ် သူ့ကိုယ်ကို အကြိမ်ကြိမ် ငုံ့ကြည့်လျက် အားမလို အားမရလည်း ဖြစ်တတ်သေးသည် ။ ခါးလေးကို နွဲ့ယမ်းတတ်သော လမ်းလျှောက်ဟန်ကလည်း ဒေါ်ခင်ထား ကို တွေဝေသွားစေသည် ။ အပြင် သွားခါနီးတိုင်း သူ့ကို စောင့်ရသည်က အလုပ်တစ်ခုလို ဖြစ်နေသည် ။


မအေမီကလည်း ပြင်လို့ဆင်လို့ မပြီးနိုင် ။ နှုတ်ခမ်းနီ ၊ မိတ်ကပ် ၊ လိုင်နာတို့နှင့် မျက်နှာအလှ ပြင်ရသည်ကလည်း အားရသည် မရှိ ။ ဝတ်ထားသည့် အဝတ်အစား အနေအထား ပိပြားသေသပ်အောင် လုပ်ရသည်ကိုလည်း စိတ်တိုင်း မကျနိုင် ။


ဒေါ်ခင်ထားမှာတော့ လှေကားထစ်တွေကို စိုက်ကြည့်ရင်း အပေါ်မှ ဆင်း လာမည့် သမီးချောလေးကို တမျှော်မျှော် ဖြစ်နေရှာသည် ။


သည်လှေကားထစ်တွေကို ကြည့်မိတိုင်း ဒေါ်ခင်ထား နားထဲတွင် ‘ လှေကားသုံးထစ် ဆင်းရင် အပျို ပြန်ဖြစ်တယ်ဆိုတာ ဘာသဘောလဲ အန်တီထား ’ ဆိုတဲ့ မေရီ၏ စကားကို ကြားယောင်ကာ မျက်လုံးပြူးသွားတတ်သည် ။ မေရီမှာ အေမီ၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်ပြီး ရဲတင်းပွင့်လင်းသော မိန်းကလေးတစ်ယောက်ဖြစ်သည် ။ အကြောက်အလန့် မရှိသွက်လက်လွန်းသည် ။ လူကြီးတွေ ရှေ့မှာလည်း ပြောချင်ရာ ပြော၍ လုပ်ချင်ရာ လုပ်တတ်သည် ။ အိမ်ကို လာလျှင်လည်း အေမီနှင့်အတူ တီဗီရှေ့ တွင် ထိုင်လိုက် ၊ မဂ္ဂဇင်းစာအုပ်တွေ လှန်ကြည့်လိုက်နှင့် အော်ကြီးဟစ်ကျယ် လုပ်နေတတ်သည် ။ တစ်ခါတစ်ရံ ဝရန်တာပေါ်တွင် ထွက်ထိုင်ကာ လမ်းမပေါ်မှ ဖြတ်သွား ဖြတ်လာများကို လှမ်းကြည့်ရင်း စုံတွဲများကို တွေ့လျှင် တဟားဟား တဝါးဝါး လုပ်တတ်သည်မို့ မေရီ လာသည့်အခါတိုင်း ဒေါ်ခင်ထား စိတ်ညစ်ရသည် ။


ဖြစ်နိုင်လျှင် ဒေါ်ခင်ထားသည် သမီးလေး အေမီကို မေရီနှင့် မပေါင်းစေချင် ။ မပေါင်းဖို့ တားကြည့်သော်လည်း မရ ။ အေမီက မေရီကို ငယ်ငယ်ကလေး ကတည်းက ပေါင်းလာသည် ။ တစ်တန်းတည်း တစ်ကျောင်းတည်းတွင် အတူ တက်၍ တစ်လမ်းတည်းတွင် အတူနေသော အိမ်နီချင်းများ ဖြစ်ကြသော အေမီနှင့် မေရီမှာ ညီအစ်မ မက ခင်ကြသည် ။ ပြီးတော့ အေမီတွင် မောင်နှမရင်းချာ မရှိ ။ အဖော်မဲ့ နေ၍ သူငယ်ချင်းမေရီ ကို မရှိမဖြစ် လိုအပ်နေရှာသည် ။ ဒေါ်ခင်ထား မှာလည်း တစ်ဦးတည်းသော သမီးလေး အေမီ၏ စိတ်ချမ်းသာမှုကိုသာ ဦးစားပေးနေရသည် ။ ခင်ပွန်းဖြစ်သူ ဦးသန်းဆွေ ဆုံးပါးသွားပြီး နောက်ပိုင်းတွင်မူ သမီးလေးအေမီ အားမငယ်ရအောင် ဂရုစိုက်၍ ကိုယ်ဖိရင်ဖိ ပြုစုပျိုးထောင်နေမိသည် ။ ထို့ကြောင့်လည်း အေမီ ဖြစ်ချင်သမျှ အရာအားလုံးကို ဒေါ်ခင်ထား လိုက်လျောနေရသည် ။ စရိုက် မတူသော မေရီနှင့် မပေါင်းစေချင် သော်လည်း အေမီ၏ သံယောဇဉ်ကို မဖြတ်ရက်နိုင်ပေ ။ သမီးအေမီ နှင့်အတူ မျက်စိ အောက်တွင် ကြီးပြင်းလာသော မေရီလေး ကိုလည်း မိမိကိုယ်တိုင်ပင် ကိုယ့်သမီးလေးလို သံယောဇဉ် တွယ်မိပြန်သည် ။ ထို့ကြောင့် မေရီလေး၏ စရိုက်ကို ပြုပြင် ၊ သမီးအေမီလေးကို ထိန်းသိမ်းပြီး သမီးပျိုလေး နှစ်ယောက်အား တည့်မတ်စွာ ပဲ့ကိုင်နေရသည် ။ သူတို့နှစ်ယောက် အရွယ်ရောက်လာလေ ဒေါ်ခင်ထား ရင်လေးမိလေ ဖြစ်လာသည်မှာ ကောင်းကင်တစ်ထုထက် ကြီးကျယ်ပေလိမ့်မည် ။


သည်နှစ်တော့ သူတို့ နှစ်ယောက် ကိုးတန်းကို တက်လို့ အထက်တန်း ကျောင်းသူကြီးတွေ ဖြစ်လာကြလေပြီ ။ အတန်းတွေ တက်လို့ အရွယ်တွေ ရောက်လာသော သူတို့နှစ်ယောက် တစ်စတစ်စ လှသွေးဖြာလာသည် ။ ပေါ်လွင်သော မျက်နှာထား ၊ နွဲ့နှောင်းသော ကိုယ်ဟန် ၊ ထင်ရှားသော အလှကိုယ်စီနှင့် အပျိုဘဝကို စတင် ပိုင်ဆိုင်ကာ သိသိသာသာ ပြောင်းလဲလာကြသည် ။ အေမီနှင့် မေရီတို့ နှစ်ယောက်စလုံး အသားဖြူသော်လည်း အေမီက အဝါရောင်ဘက်ကို လု၍ မေရီက ပန်းရောင်သန်းနေသည် ။ သွယ်စင်းသော အေမီ၏ နှာတံအလှက ပေါ်လွင်သလို ကော့ညွှတ်သော မေရီ၏ မျက်တောင်အလှက ထင်ရှားသည် ။ နီရဲပါးလွှာသော နှုတ်ခမ်းအလှကိုမူ နှစ်ဦးစလုံး ပိုင်ဆိုင်ကြသည် ။ အေမီက နက်မှောင်သွယ်တန်းနေသော သူ့ဆံပင်များကို အရှည်ထားသော်လည်း မေရီက ကုပ်ဝဲစတိုင်နှင့် ကျေနပ်နေသည် ။


မေရီဒီဇိုင်းက သွက်သည် ။ အေမီဒီဇိုင်းက ယဉ်သည် ။ နှစ်ဦးစလုံး ကိုယ်ကျပ်အင်္ကျီတွေကို သဘောတွေ့ ဝတ်ဆင်သည်ကတော့ ခေတ်မီမှု တစ်ခုပင် ဖြစ်သည် ။


အေမီက သူ့လည်တိုင်ပေါ်တွင် ရွှေဆွဲကြိုးအပြားလေး ဆွဲထား၍ မေရီက ပလက်တီနမ် ဆွဲကြိုးမျှင်မျှင်လေးကို ဆွဲလေ့ရှိသည် ။ ဒေါ်ခင်ထားကလည်း သူ့သမီး အေမီကို မေရီနှင့် အပြိုင် ဆင်သည် ။ အေမီ ကလည်း အလှနှင့် ပတ်သက်လျှင် ဘာမှ မပျင်း ။


ဟိုတစ်လောက မေရီ ခြေထောက်တွင် ဖုချိန်း ဝတ်ချင်ကြောင်း သူ့အမေကို ပူဆာသည် ။


“ ရွှေဆိုတာ ခြေထောက်မှာ မဆွဲကောင်းပါဘူး ငါ့သမီးရယ် ။ မေမေက ညည်းကို ဝယ်ပေးနိုင်ပါတယ် ။ ဒါပေမဲ့ မစပ်ဟပ်တာကိုတော့ မလုပ်ပါနဲ့ ”  


“ အို ၊ မေမေကလည်း ဒီခေတ်မှာ မိန်းကလေးတွေ ခြေမှာ ဖုချိန်းပတ်နေကြတာပဲ ။ ရွှေကို နေရာတိုင်း သုံးလို့ ရပါတယ် ။ အခုဆိုရင် တစ်ခန်းလုံးက မေရီ ခြေထောက်ကိုပဲ ငုံ့ကြည့်နေကြတယ် ။ သမီးလည်း ဖုချိန်းပတ်ချင်တယ် ” 


“ မပတ်ရဘူး ၊ မပတ်ရဘူး ။ ငါ့သမီး လက်မှာ ဟန်းချိန်း နောက်ထပ် ပတ်ချင်သေးရင် ဘယ်ရော ညာရော ထပ်ဆင်ပေးမယ် ။ ဒါပေမဲ့ ခြေမှာတော့ မပတ်ရဘူး ” 


ဒေါ်ခင်ထား ခွင့်မပြုသောကြောင့် အေမီ စိတ်ဆိုးသွားသည် ။ ထို့ကြောင့် အေမီတစ်ယောက် သူ့အမေကို ဆန္ဒပြလေတော့သည် ။


ထိုနေ့က အခန်းတံခါး ပိတ်၍ တစ်နေ့လုံး အိပ်ရာပေါ် မှောက်အိပ်နေသည် ။ ထမင်းလည်း မစား ။ အပြင်ကိုလည်း မသွား ။ တံခါးခေါက်တော့လည်း ဖွင့်မပေးသောကြောင့် ဒေါ်ခင်ထား စိတ်ညစ်သွားသည် ။


မေရီ ရောက်လာတော့မှ မေရီကို အကူအညီ တောင်း၍ အေမီ့ ကို ချော့ခိုင်းရသည် ။ သို့သော်လည်း မိမေရီက သူ့သူငယ်ချင်းဘက်မှ ဆန္ဒပြုနေသည် ။ 


“ ဝယ်ပေးလိုက်ပါ အန်တီရယ် ။ ကိုယ်က မတတ်နိုင်တဲ့သူလည်း မဟုတ်ဘူး ။ ငယ်တုန်း ဝတ်ရတာပဲ ” 


အားပေးနေသော မေရီစကားကို ကြားတော့ ဒေါ်ခင်ထား စိတ်လျှော့လိုက် ရသည် ။ ထို့နေက မေရီနှင့် ဒေါ်ခင်ထား နှစ်ဦးသား လှေကားထစ်များပေါ်တွင် တက်လိုက် ၊ ဆင်းလိုက် လုပ်နေမိသည် ။ လှေကားထစ်များပေါ်မှ ဆင်းလာရင်း မထင်မှတ်ဘဲ မေရီ က “ လှေကားသုံးထစ်ဆင်းရင် အပျိုပြန်ဖြစ်တယ် ဆိုတာ ဘာသဘောလဲ အန်တီထား ” လို့ မေးလိုက်တော့ ဒေါ်ခင်ထား တုန်လှုပ်သွားသည် ။


ဖြူဖွေးနုရွသော မေရီခြေထောက်မှ ရွှေဖုချိန်းကြိုးလေးကို ငုံ့ကြည့်ရင်း ဒေါ်ခင်ထား တစ်ယောက် “ လှေကားသုံးထစ် ဆင်းခဲ့ပြီလားလို့ ”   ရုတ်တရက် အတွေးဝင်ကာ အပေါ်ကို ပြန်လှည့်ကြည့်မိသည် ။


••••• ••••• ••••• 


အစားမတော် တစ်လုတ် ...


အသွားမတော် တစ်လှမ်း ဆိုသည့် လောက လမ်းမပေါ်မှ မိန်းမသားတို့၏ ဘဝရပ်တည်မှုကို အတွေ့အကြုံများစွာနှင့် နားလည်နေသော ဒေါ်ခင်ထားသည် တစ်ဦးတည်းသော သမီးလေး အေမီ အတွက် အစိုးရိမ်ကြီး စိုးရိမ်နေမိသည် ။ အလှမက်လာသော အေမီ၏ ဆန္ဒကို အပြည့်ဝဆုံးဖြစ်အောင် ကြံဆောင်ပေးသလို ကျောင်းစာဘက်တွင် ထူးချွန်စွာ အောင်မြင်ရန်လည်း အသေးစိတ်ကြပ်မတ်ပေးရသည် ။


စိတ်ကစားတတ်သော အရွယ်ကာလမို့ ခြေချော်လက်ချော် ဖြစ်မသွားဖို့ အရေးကြီးသည် ။ ရည်းစားထားလို့ လမ်းမှားသွားမှာကို ဒေါ်ခင်ထား အထူးစိုးရိမ်မိသည် ။


သည်နှစ်မှာတော့ အေမီကို အပြင်ကျူရှင်တွေမှာ မထားတော့ဘဲ ဆရာများကို အိမ်မှာ ခေါ်ပြီး မေရီနှင့် တွဲကာ ဝိုင်းကျူရှင် သင်စေသည် ။ ငွေပိုကုန်သည်က ကိစ္စမရှိ ။ အပြင်သွားလို့ လမ်းများလာကာ မဖြစ်သင့်တာတွေ ဖြစ်လာလျှင် ရင်ကျိုးရမည် ။ သည်ခေတ် လူငယ်တွေက သွက်လွန်း မြန်လွန်းသည် ။ ကြိုတင်ထိန်းသိမ်းမှ တော်ကာကျမည် ။ ဘာပဲဖြစ်ဖြစ် သည်အချိန်မှာ အေမီနှင့် မေရီတို့ ကျောင်းစာကိုသာ စိတ်ဝင်စားသင့်သည် ။ ထို့ကြောင့်လည်း အဖြစ်သည်းနေသော ဒေါ်ခင်ထား မှာ အိမ်ကို စာလာသင်ပေးကြသော ဆရာများအား ကလေးနှစ်ယောက် အပေါ် ဝိုင်းဝန်းကြပ်မတ် ပေးဖို့ အကူအညီအမျိုးမျိုး တောင်းနေမိသည် ။


“ ကလေးတွေက လိမ္မာပါတယ် ဒေါ်ခင်ထားရယ် ၊ စိတ်မပူပါနဲ့ ”   


ဆရာတိုင်းက ဒီလိုမျိုးပြောကြသော်လည်း ဒေါ်ခင်ထား အားရမှု မရှိ ။ သမီးတို့ အပေါ် ကြပ်ကြပ်မတ်မတ် လုပ်ပေးဖို့ တိုက်တွန်းနေမိသည် ။


အိမ်ကို စာလာသင်ပေးသော ဆရာများထဲမှာတော့ ဆရာဦးအောင်ထွန်း ကို ဒေါ်ခင်ထား အလွန်အမင်း အားရကျေနပ်မိသည် ။ ဆရာဦးအောင်ထွန်း မှာ ဟိုအရင်ကတည်းက သိကျွမ်းခဲ့သူဖြစ်ပြီး ဒေါ်ခင်ထား အတွင်းရေးများကို အခြား ဆရာများထက် ပိုသိနေသောကြောင့် အစစအရာရာ အားကိုးရသည် ။


သင်္ချာသင်သော ဆရာဦးအောင်ထွန်း မှာ အသင်အပြ ကောင်းသလို ဟာသ ဉာဏ်လည်း ရွှင်သည် ။ စာသင်သည့် အခါတိုင်း တပည့်များ မပျင်းရလေအောင် ဟာသလေးတွေ ပြောပြတတ်သည် ။ အေမီနှင့် မေရီကလည်း ဆရာဦးအောင်ထွန်း သင်သည့်အချိန်တိုင်းတွင် ပျော်ရွှင်တက်ကြွနေကြသည် ။ တစ်ခါတစ်ရံ စာသင်ရင်း ထွက်ပေါ်လာသော ဆရာဦးအောင်ထွန်း၏ ဟာသစကားများကြောင့် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ဒေါ်ခင်ထား တစ်ယောက် တခစ်ခစ် ရယ်မိသည် ။


လူပျိုကြီး ဖြစ်သော ဆရာဦးအောင်ထွန်းသည် တစ်ကိုယ်ရေသမားမို့ တပည့်များအပေါ် သံယောဇဉ်ကြီးသည် ။ အထူးသဖြင့် ဖခင်မဲ့သော အေမီလေး အပေါ်တွင် ဂရုတစိုက် ရှိလှသည် ။ ဖတဆိုးသမီးလေး အပေါ် အားပေးစကားတွေ တဖွဲဖွဲ ရွာချတတ်သော ဦးအောင်ထွန်း၏ ပါးစပ်ထဲကိုလည်း ဒေါ်ခင်ထား က စေတနာများ လောင်းချပေးခဲ့သည် ။


ဆရာဦးအောင်ထွန်း စာသင်ပြီးတိုင်း ထမင်းစားပြီးမှ ပြန်စေသည် ။ အေမီနှင့် မေရီကလည်း သူတို့ ဆရာကို စေတနာပိုကြသည် ။ ဒေါ်ခင်ထား ၊ အေမီ ၊ မေရီ နှင့် ဆရာဦးအောင်ထွန်းတို့ ထမင်းဝိုင်းတွင် ဆုံမိလေတိုင်း စကားလက်ဆုံ ကျမိသည် ။ အထူးသဖြင့် ဒေါ်ခင်ထား၏ စကားများကို အများဆုံး ကြားရသည် ။


“ သားသမီး ဆိုတာ လိမ္မာရင် ရတနာ ။ မလိမ္မာရင်တော့ ရတာ နာပဲ ။ ဒီသမီးလေး လိမ္မာမှ ကျွန်မဘဝလှမှာပါ ဆရာရယ် ။ ဆရာကတော့ ကိုယ့်မိသားစုလိုပါပဲ ။ ဆရာ့တပည့်ကို စိတ်တိုင်းကျ ဆုံးမပါ ။ ဒီအရွယ်က အပျံသင်တဲ့ အရွယ် ၊ သစ်ရွက် လှုပ်တိုင်း ရယ်ချင်တဲ့ အရွယ် ဆိုတော့ အပြောရခက်တယ် ဆရာရေ ” 


“ အေမီက လိမ္မာပြီးသားပါ ဒေါ်ခင်ထားရယ် ။ ပြောစရာတောင် မလိုတော့ပါဘူး ”   


ဆရာဦးအောင်ထွန်း၏ စကားအဆုံးတွင်မူ သူ့ထမင်းပန်းကန်ထဲတွင် အေမီ ထည့်ပေးသော ဟင်းများနှင့် ပြည့်လျှံသွားလေတော့သည် ။


••••• ••••• ••••• 


ဒေါ်ခင်ထားက ဒရိုင်ဘာ ဦးသိန်းအောင်အား မောင်းနေကျ ဆလွန်းကားလေးကို ဆင်ဝင်အောက်တွင် ရပ်ထားစေသည် ။


ဘုရားခန်းထဲတွင်လည်း ကန်တော့ပွဲ ၊ အုန်းပွဲများနှင့် ဒေါ်ခင်ထား အလုပ်ရှုပ် နေသည် ။ အမွှေးတိုင် ၊ ဖယောင်းတိုင်များ ထွန်းပြီး ပါးစပ်က တတွတ်တွတ် ရွတ်နေသည် ။ ဧည့်ခန်းထဲ ပြေးဆင်းလာလိုက် ၊ ဘုရားခန်းဆီ ပြေးတက်သွားလိုက်နှင့် ပျာယာခတ်နေသည် ။


ဧည့်ခန်းထဲမှာတော့ လွတ်အိတ်ကိုယ်စီနှင့် ရင်ခုန်နေကြသော အေမီနှင့် မေရီကို ဆရာဦးအောင်ထွန်းက အမှာစကားတွေ ပြောပြီး ရဲဆေးတင်ပေးနေသည် ။ 


“ စိတ်အေးအေးထား တစ်မှတ်တန်ကို အရင်ဖြေ ။ မသေချာရင် အကြမ်းစာရွက်ပေါ် ချတွက် ။ မေးခွန်းအားလုံးကို သမီးတို့ ဖြေနိုင်မှာပါ ”  


ဆရာဦးအောင်ထွန်း စကားအဆုံးတွင် ဒေါ်ခင်ထား ပြေးဆင်းလာသည် ။


“ ဟဲ့ ဟဲ့ ဘုရားရှိခိုးပြီးပြီလား ။ ဘုရားရှိခိုးကြဦးလေ ”  


“ ရှိခိုးပြီးပါပြီ မေမေရာ ၊ ဘယ်နှခါတောင် ရှိခိုးရမှာလဲ ”   


“ ရှိခိုးပြီးရင်လည်း ပြီးတာပဲ ။ ကဲ ... ကဲ ရှစ်နာရီတောင် ခွဲနေပြီ ။ သွားကြတော့ ။ ဒီနေ့ ငါ လိုက်မပို့တော့ဘူးနော် ။ ဒီနေ့ နင်တို့ ဆရာရဲ့ ဘာသာဆိုတော့ ငါ စိတ်ချတယ် ”


လွယ်အိတ်ကိုယ်စီနှင့် ထွက်ခွာလာသော အေမီနှင့် မေရီတို့ နောက်ကို ဒေါ်ခင်ထားနှင့် ဆရာဦးအောင်ထွန်းတို့ တကောက်ကောက် လိုက်ပါလာပြီး အိမ်ရှေ့ရှိ ကားရှေ့ကို ရောက်မှ ရပ်လိုက်ကြသည် ။


“ ကဲ မှာစရာတွေလည်း ကုန်သွားပါပြီ ။ ဆရာလည်း လိုက်မပို့တော့ဘူး ။ ကောင်းကောင်း ဖြေခဲ့နော် ” 


ဆရာဦးအောင်ထွန်းက ထိုသို့ပြောပြီး ကားတံခါးကို စောင့်ပိတ်လိုက်သည် ။ အဆင်သင့် စောင့်နေသော ဦးသိန်းအောင် ကမူ ရပ်ထားသော ကားကို ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းထွက်သွားသည် ။


ကားတစ်စီးလုံး အိမ်အပြင် ရောက်၍ မှုန်ဝါးပျောက်ကွယ်မှ မတ်တတ်ရပ်လျက် လက်ပြနေသော ဆရာဦးအောင်ထွန်း နှင့် ဒေါ်ခင်ထား တို့ နောက်ပြန်လှည့်ပြီး အိမ်ထဲ ဝင်လာကြသည် ။


ဧည့်ခန်းထဲ ရောက်မှ ဒေါ်ခင်ထားက ရင်ဘတ်ကို လက်နှင့် ဖိရင်း ဆိုဖာခုံပေါ် ထိုင်ချလိုက်ပြီး -


“ ဟူး အခုမှပဲ စိတ်အေးရတော့မယ်တယ် ။ ဖြေနိုင်ကြမှာပါ ” လို့ ပြောရင်း သက်ပြင်းချလိုက်သည် ။


ဒေါ်ခင်ထား၏ စကားအဆုံးတွင်မူ ဆရာဦးအောင်ထွန်း၏ အေးစက်နေသော လက်များက ဆိုဖာခုံပေါ်ရှိ ဒေါ်ခင်ထား၏ ကိုယ်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည် ။


“ ထား ... ”


“ ဟင် ... ” 


ဒေါ်ခင်ထား အံ့သြတုန်လှုပ်သွားသော်လည်း သတိတစ်ချက် ဝင်လာပြီး အံ့သြမှုတစ်ခုလုံး ငြိမ်သက်သွားသည် ။


“ ဖယ်စမ်းပါ ကိုအောင်ရယ် ။ သူငယ်ပြန် မနေပါနဲ့တော့ ” 


ဦးအောင်ထွန်း၏ ရင်ခွင်ထဲတွင် ရင်ခုန်လျက်ရှိသော ဒေါ်ခင်ထားသည် တွန်းဖယ်ရန် ကြိုးစားနေမိသည် ။


“ အချစ်မှာ အရွယ် မရှိဘူး ထား ။ ထားကို အရင်ကလည်း ချစ်တယ် ။ အခုလည်း ချစ်တယ် ။ ကိုအောင် ထားကို နောက်တစ်ကြိမ် ထပ်မခွဲနိုင်ဘူး ။ ကိုသန်းဆွေ နဲ့ ထားတို့ လက်ထပ်လိုက်တဲ့သတင်း ကြားတုန်းက ကိုအောင် အရူး တစ်ပိုင်း ဖြစ်ခဲ့ရတယ် ။ အချစ်ဦးနဲ့ တည့်တည့်ကြီး လွဲခဲ့တဲ့ ကိုအောင့် ဒဏ်ရာတွေကို ကုသပေးပါ ထားရယ် ။ ကိုအောင့် အချစ်တွေက ဟိုအနှစ် နှစ်ဆယ်တုန်းက အတိုင်းပဲ ” 


“ ထားမှာ သမီးလေး ရှိတယ် ကိုအောင် ”  


အေမီထက် အဆများစွာ လှပနေသော ဒေါ်ခင်ထား၏ နှုတ်ခမ်းလေး ပွင့်ဟသွားသည် ။


“ အေမီ ကလည်း ကိုယ့်သမီးလေးပါပဲ ထားရယ် ။ ကိုယ်တို့ အမြန်ဆုံး ... ”   


စကားပင် မဆုံးသေး ။ ဒေါ်ခင်ထား ရုန်းထွက်လိုက်သည် ။


“ မဖြစ်သေးဘူး ကိုအောင် ။ သမီးလေးက အခုမှ အပျံသင်စပဲ ရှိသေးတယ် ။ ဒီအချိန်မှာ ထားတို့ ဆန္ဒကို အကောင်အထည် ဖော်လိုက်ရင် သမီးလေး မုန်တိုင်းမိသွားမယ် ။ သမီးလေး တက္ကသိုလ် ကျော်ပြီး အတောင်အလက်စုံလို့ ဖြောင့်ဖြောင့်တန်းတန်း ပျံသန်းနိုင်မှ ထားတို့ရဲ့ အိပ်မက်တွေကို အသက်သွင်းရမယ် ”   


 ▢  ခိုင်ထူးသစ်

📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း 

     မတ် ၊ ၂၀၀၃ ခုနှစ်