Showing posts with label ပေါ်ဦးသစ်. Show all posts
Showing posts with label ပေါ်ဦးသစ်. Show all posts

Sunday, January 7, 2024

ကျွန်တော် မှားခဲ့တာတွေ ရှိမှာပါ


 ❝ ကျွန်တော် မှားခဲ့တာတွေ ရှိမှာပါ ❞ 


ကျွန်တော် မှားခဲ့တာတွေ ရှိမှာပါ ... ။


အမေ့ အိမ် မှာ ကျွန်တော် မပျော်ခဲ့ဘူး ။ ကျွန်တော် ရဲ့ မှားယွင်း ခဲ့ တဲ့ စိတ် ခံစားမှုတွေ ပေါ့ ။ မိဘတွေ က ကျွန်တော့် အပေါ် သိပ် ချုပ်ချယ်တာပဲ ။ ကျွန်တော် ဘာ လုပ်လုပ် လုပ် ပြန်ပြီ ။ ဘယ် သွားရင် သွား ပြန်ပြီ ။ စောစော အိပ် ရင် ၊ အိပ်ရာ ထ နောက်ကျ ရင် ၊ စာ မကျက်ရင် မကျက်ပြန်ပြီ နဲ့ ကျွန်တော့် အပေါ် မှာ အမြဲတမ်း စောင့် ကြည့်ပြီး မပြတ်တမ်း ပြောဆို နေလေ့ ရှိတယ် ။ သိပ် နားပူတာပဲ ။ အိမ် မှာ နေရတာ သိပ် စိတ် ကျဉ်းကျပ်ခဲ့တယ် ။


ကျွန်တော် က ညဘက် စာ ဖတ်လို့ အာရုံ ညောင်း ရင် ရွာလယ် လမ်းမ ပေါ် တစ်ယောက် တည်း လမ်းလျှောက် ထွက်တယ် ။ မှောင်မိုက် နေ တဲ့ ည မှာ ပဲ ဖြစ်ဖြစ် ၊ လ သာ တဲ့ ည မှာပဲ ဖြစ်ဖြစ် ကျွန်တော် က လမ်းမ ပေါ် မှာ လမ်းလျှောက် ထွက် ပြီး ကျွန်တော် ချစ်တဲ့ ကောင်မလေး ရဲ့ အိမ် ရှေ့ က အထပ်ထပ် အကြိမ်ကြိမ် ဖြတ် လျှောက်တယ် ။ တစ်ခါတစ်ရံ မှာ တိမ်တိုက်တွေ က ဝိုင်းစက် ပြည့်ဝန်း နေတဲ့ လမင်းကြီး ရဲ့ မျက်နှာ ပေါ် မှာ ပွတ်တိုက်ဖြတ်သန်းရင်း ကျွန်တော့် ဦးခေါင်း ပေါ် က ရွေ့လျား သွားကြတယ် ။ ကျွန်တော့် စိတ်တွေ က လည်း မိုးရာသီ ရဲ့ တိမ်မည်းညိုတွေ လိုပဲ မကြည်မလင် မတည်မငြိမ် ဖြစ်ခဲ့ရတယ် ။ ကျွန်တော် မှားခဲ့တာတွေ ရှိမှာပါ ။ 


ဒီလိုနဲ့ ကျွန်တော် က ကျွန်တော် ကို ဟောင်တဲ့ ခွေး ကို ပြန် ဟောင်ခဲ့ဖူးတယ် ။ ကျွန်တော့် ဘဝ ပေါ် ကျရောက်ခဲ့တဲ့ မိုးရေစက်တွေ က အစ ချစ်သူ့ ရဲ့ မသေချာတဲ့ အပြုံး အထိ ကျွန်တော် မကျေမနပ် ဖြစ်ခဲ့ရတယ် ။ ကျွန်တော် ပစ်လိုက်တဲ့ ခဲလုံး က ကျွန်တော့် ကို ဟောင်တဲ့ ခွေးတွေ ကို မထိဘဲ ကောင်မလေး ရဲ့ အိမ်ခြံတံခါး ကို ကျယ်ကျယ်လောင်လောင် သွား မှန်တယ် ။ ဘာ တစ်ခု မှ အဆင်မပြေခဲ့ပါဘူး ။ အဲဒီ အိမ် မှာ ကောင်မလေး က လွဲရင် ကျန်တဲ့ လူတွေ ၊ ခွေးတွေ ၊ ကြောင်တွေ တစ်ကောင် မှ ကျွန်တော် မချစ်ဘူး ။ ကျွန်တော် မှားချင် မှားမှာပေါ့ ။


အဖေ နဲ့ အမေ ကို လည်း ကျွန်တော် မကျေနပ်ခဲ့ဘူး ။ သူတို့ စကား ကတောက်ကဆ ဖြစ်တိုင်း ကျွန်တော် စိတ် မချမ်းမမြေ့ ဖြစ်ရတယ် ။ အဖေ နဲ့ အမေ စကား ပြောရင် ကျွန်တော် အိမ် မှာ မနေဘူး ။ ကျွန်တော် က ကြောင်သတ္တဝါ တွေ လို ပဲ စိတ် မချမ်းမမြေ့ ဖြစ်ရင် ဖြစ်တဲ့ နေရာ ကျွန်တော် မနေချင်ဘူး ။ စိတ် လွတ်လပ်မယ့် တစ်နေရာ ကို ထွက်သွား တာပဲ ။ ရွာပြင် မှာ ရှိတဲ့ သူငယ်ချင်း ရဲ့ မြေပဲခင်း ထဲ က ကောက်ရိုးပုံ မှာ ကျွန်တော် စာ သွား ဖတ်တယ် ။ ဆောင်း မီးဖိုဘေး မှာ ထိုင်ရင်း မကျေနပ်သူ မှန်သမျှ မီးပုံ ထဲ ထည့်ပြီး မီးရှို့ ပစ်တယ် ။ ဆောင်းမီးဖို မှာ ဆိုင် ထားတဲ့ သစ်မြစ်ဆုံ ထင်းတုံးကြီး ရဲ့ မီးကျီး ရဲရဲ ပေါ် မှာ ကောက်ရိုးအမှိုက်တွေ ၊ မြေပဲပင်ခြောက်တွေ ဟာ ကျွန်တော့် ရဲ့ မကျေနပ် ဖြစ်မှု လောင်စာတွေပဲ ။ နောက်ဆုံးတော့ ကျွန်တော် က မြစ်ပြင် ဘက် ဆီ လှည့် ပြီး ကျယ်ကျယ်လောင်လောင် ‘ အော် ’ ဆဲမိ တယ် ။


၁၀ တန်းစာမေးပွဲ မှာ အမှတ် ဘယ်လောက်ရ ရင် ဆေးပညာ ဝင်ခွင့် ရ မလဲ ။ အင်ဂျင်နီယာပညာ သင်ခွင့် ရ မလဲ ၊ တစ်နေ့ ကို ဘယ်နှစ်နာရီ စာ ကျက်မှတ်ရ မလဲ ။ ကျွန်တော့် ရဲ့ ကျော င်းက ပထဝီဘာသာ သင်တဲ့ ဆရာ က တက္ကသိုလ် တုန်း က ရူပဗေဒဘာသာရပ် အထူးပြု ယူ ခဲ့တာ ။ ကျွန်တော် က လည်း နေ ဝင်တာ နဲ့ မီးအိမ် က မှန်ပြောင်း တိုက် ရတာ ကို အလေ့အကျင့် ဖြစ်ခဲ့တယ် ။ လူ့ ဘဝ ရဲ့ အဓိပ္ပာယ် ဆိုတာ ဘာလဲ ဆိုတာ ကို သိပ် သိချင်ခဲ့ပြီ ။ ဘယ် ဟာ မှား သလဲ ၊ မှန် သလဲ ဆိုတာ ကို လဲ သိပ် ပြောချင်ခဲ့တယ် ။


ကျွန်တော့် ခန္ဓာကိုယ် မှာ မီးစုန်းဓာတ် ဘယ်လောက် ပါ သလဲ ။ ကျွန်တော် က တချို့ ညတွေ မှာ ရွာစွန် က လမ်း ကျဉ်းကလေး ကို ဖြတ်ပြီး လွတ်မြောက်မှု ရှိရာ ကို သွား နေ ကြ ။ အဲဒီ လမ်းကျဉ်းကလေး ရဲ့ ဘေး မှာ ရှိတဲ့ ညောင်ချဉ်ပင် မှာ မှင်စာ လို့ ခေါ်တဲ့ မကောင်းဆိုးဝါးကောင်ကလေး ရှိ သတဲ့ ။ သူ့ ပုံစံ က ကြောင်ပေါက်စကလေး နဲ့ တူပြီး အဲဒီ သတ္တဝါကလေး က လူ နဲ့ တွေ့ လို့ လူ ကို ၇ ပတ် ပတ် မိရင် အဲဒီ လူ က နေရာ မှာ ပဲ သေ ရော .. တဲ့ ။ အဲဒီ လမ်းကျဉ်းကလေး ကို ဖြတ်ပြီး သွားခဲ့တဲ့ နှစ်တွေ မနည်းခဲ့ပါဘူး ။ ဖြတ်သွား ဖြတ်လာ လုပ်တိုင်း ချောက်ချောက်ချားချား ဖြစ်ခဲ့ပေ မဲ့ မှင်စာကလေး နဲ့ တော့ တစ်ကြိမ် မှ မဆုံဖြစ်ခဲ့ဘူး ။ ‘ သတိ ရ လိုက်တာ မှင်စာကလေး ရယ် ၊ ငါ့ ဘဝ မှာ ထိတ်လန့်စရာ ကို သတိတရ ဖြစ်မိတာ ဆို လို့ မင်း လို မကောင်း ဆိုးဝါးကောင်လေး တစ်ခု ပဲ ရှိပါတယ် ။ ငါ မင်းကို  မမြင်ဖူး ခဲ့ ပေမဲ့ သတိရမိတယ် ’ ကျွန်တော် မှားသွားပြီလား ။


ကျွန်တော် က သမားရိုးကျ လူနေမှု ကို ညည်းငွေ့ တတ် ပေမဲ့ အစဉ်အလာတွေ ကို လည်း စွဲလမ်းတတ် သူ ပါ ။ ကျွန်တော် က သင်္ချိုင်းကုန်း တွေ ဆီ ကို ည အချိန်တွေ မှာ သွားခဲ့ဖူးတယ် ။ အင်္ကျီ ဆို ရင် ပုံစံ ရိုးရိုး ချုပ်ထားတဲ့ ရှပ်အင်္ကျီ ကို ပဲ အဝတ် များခဲ့တယ် ။ ကျွန်တော့် ဘဝမှာ ခိုးစားခဲ့ ဖူးတဲ့ သစ်သီးတွေ မနည်းခဲ့ဘူး ။ ကျွန်တော် က ငါး မပေါ် တဲ့ ရေကန် မှာ ငါး မျှားရတာ ကို စိတ် မရှည်ဘူး ။ ဒါပေမဲ့ ငါးမမျှားရ လို့ တားမြစ် ထားတဲ့ ရေကန် မှာ ငါး မျှားရတာ ကို အခု အချိန် အထိ သတိရ နေ မိတယ် ။


မပျော်ရွှင်မှု ကြောင့် ကျွန်တော် အိမ် က ထွက်ခဲ့ဖူး တယ် ။ ရေနံ တူးဖော်ရေး အလုပ်သမား လုပ်ဖို့ပါ ။ မိဘတွေ က သဘော မတူပေမဲ့ လေ ထဲ ဝဲချင်နေတဲ့ လေတံခွန် က ခေါင်ကြိုး တုပ် တာ နေရာ မှန်ခဲ့တယ် ။ အခက်အခဲ တွေ သာ မရှိဘူး ဆိုရင် ကျွန်တော့် ဘဝ တစ်မျိုး တစ်ဖုံ ဖြစ်သွား နိုင် တယ် ။ မိဘတွေ က ကျွန်တော့် ကို လက်လျှော့ ထား တဲ့ အချိန် မှာ နာမည် ခပ်ပျက်ပျက် တည်းခိုခန်း တစ်ခု မှာ ကျွန်တော် အလုပ် ဝင် လုပ်ခဲ့တယ် ။ လူပေါ် လူကြော့ တစ်ယောက် အရသာ ဆို တာ ကို ကျွန်တော့် လို လက်ကြော မတင်း တဲ့ ကောင် က တော်တော် နောက်ကျ မှ သိခဲ့ရတယ် ။ ဒီ အဖြစ်အပျက်တွေ အပေါ် မှာ ကျွန်တော် မမှားဘူး လို့ အာမခံချက် မပေးနိုင်ခဲ့ဘူး ။ ထမင်း နှစ်နပ် ဆိုတာ သိပ် လွယ်ခဲ့ဖူးတယ် ။ နေရောင်တွေ ကို စိမ်းစိမ်း စိုက် ကြည့်ရင်း အချိန်တွေ ကို ဖြုန်းတီး ခဲ့ ဖူးတယ် ။ ဘဝ မှာ မလိုင် ကျကျ နေရတဲ့ အချိန် တွေ မှာ ကျွန်တော့် ခံစားမှု က တော်တော်ကလေး နေရာ မကျခဲ့ဘူး ။ ပြန် တွေး တော့ အတော့် ကို လွဲ ခဲ့ တာပါ ။


လူ့ အဖြစ် ကို နှစ်ပေါင်း ၃ဝ ကျော် လောက် ဖြတ်သန်း ပြီး နောက်မှာ ချစ်ခြင်းမေတ္တာ ဆိုတာ မဆုံဆည်း ခဲ့ တဲ့ ချစ်သူ တွေ အတွက် ကုလို့ မပျောက်တဲ့ ဒဏ်ရာတွေ သာ ဖြစ်ခဲ့တယ် ။ ကျွန်တော့် ဘက် က ဘယ် ချစ်သူ ကို မှ မစွန့်ပစ် ဖူး ဘူး ။ ဘယ် ချစ်သူတွေ ကို မှ စိတ် ဆင်းရဲအောင် မပြုမူခဲ့ဖူးဘူး ။ ချစ်သူတွေ အပေါ် အရှိန်အဟုန် ပြင်းပြင်း ချစ်တတ်ခဲ့ တာ က လွဲလို့ ချစ်ခြင်း ရသ ကို မခါးသက် စေခဲ့ဖူးဘူး ။ ချစ်ခြင်းမေတ္တာ ဆီ ကို သာ ကျွန်တော် ချဉ်းကပ်ခဲ့တယ် ။ ချစ်ခြင်း မေတ္တာ နဲ့ ဝေးကွာတဲ့ နေရာ မှာ ကျွန်တော် တော့ နေလို့ ပျော်ခဲ့ တာ မရှိပါဘူး ။ ကျွန်တော် ရဲ့ ချစ်ခြင်းမေတ္တာ မှာ နူးညံ့ တဲ့ အလှတရား က လွဲလို့ ဦးနှောက် မပါခဲ့ပါဘူး ။ လူတန်းစား မရှိခဲ့ဘူး ။ ရုပ်ဝတ္ထု မရှိခဲ့ဘူး ။ စိတ်ခံစားမှု နဲ့ သာ စိတ္တဇနာမ် တွေ ကို ပွေ့ဖက် ခဲ့တယ် ။ ကျွန်တော် နဲ့ ပတ်သက်ခဲ့ သမျှ ချစ်သူ အားလုံး ကို ကျွန်တော် တကယ် ချစ်ခဲ့တယ် ဆိုတာ ဒီ နေရာ က အတိအလင်း ပြော လိုက်ပါတယ် ။ ကျွန်တော် သံသယ ဖြစ်မိတာ တစ်ခု ပဲ ရှိတယ် ။ ချစ်သူတွေ က ကျွန်တော့် အပေါ် မှာ ရွေးချယ်ခဲ့တဲ့ အတွက် ကျွန်တော် ရွေးချယ် ခဲ့ တဲ့ ချစ်သူတွေ က ကျွန်တော့် ကို စွန့်ခွာ သွားခဲ့တာ ပဲ ဖြစ်မယ် ။


လွတ်လပ်မှု ၊ ခရီးသွားခြင်း ၊ အခက်အခဲ ၊ စာအုပ် နှင့် ချစ်ခြင်းမေတ္တာ တို့ သာ မရှိခဲ့ဘူး ဆိုရင် ကျွန်တော် က အခု လို သီချင်းတွေ ကို ပျော်ပျော်ရွှင်ရွှင် သီဆို နိုင်ခဲ့မှာ မဟုတ် ပါဘူး ။ ဒီလိုနဲ့ ကျွန်တော် ရဲ့ လွတ်လပ်မှုတွေ က အိမ်ထောင် တစ်ခု ဖြစ် ခဲ့တယ် ။ အိမ်ထောင် ကျ ပြီး စ ဘဝ မှာ တော့ သီချင်းတွေ အားလုံး မချိုခဲ့ဘူး ။ သီချင်းတွေ အားလုံး နာကြည်းခြင်း ၊ အလို မပြည် ခြင်း တွေ နဲ့ ပေါက်ကွဲခဲ့တယ် ။ 


ကျွန်တော့် ရဲ့ ကောင်မလေး အတွက် ရိုးရာဆန် တဲ့ မင်္ဂလာပွဲကလေး တောင် မပြုလုပ်နိုင်ခဲ့ဘူး ။ အင်္ကျီ တစ်ထည် ချုပ် မပေးနိုင်ခဲ့ဘူး ။ အိမ် တစ်ဆောင် ၊ မီး တစ်ပြောင် မပြော နဲ့ ကောင်မလေး ရဲ့ ရပ်ကွက် ထဲ တောင် ရဲရဲဝံ့ဝံ့ ဖြတ် မသွားရဲ ခဲ့ဘူး ။


မနက် မိုး လင်းတာ နဲ့ ယောက္ခမ အိမ် က ထွက် ခဲ့ပြီး လက်ဖက်ရည်ဆိုင် မှာ ကျောက် ချတယ် ။ သူငယ်ချင်း တစ်ယောက် အိမ် မှာ နံနက်စာ ထမင်း ကို လိုက် စားတယ် ။ တစ်နေ ကုန် အဆင်ပြေမယ့် နေရာတွေ မှာ လေလွင့် နေခဲ့ပြီး နေ့ အလင်းရောင် ကုန် ချိန် ညဉ့် ဘက်ရောက် မှ ယောက္ခမ အိမ် ပြန်ရဲတယ် ။ ကျွန်တော် က ယူထားတဲ့ မိန်းမ အတွက် ဆန် တစ်စေ့ ၊ ဆီ တစ်စက် ရှာဖွေ မကျွေးမွေးနိုင်ခဲ့ဘူး ။ ဒီလိုနဲ့ တရားဝင် လက်ထပ် အပြီး မကြာခင် မှာ သမီးဦးကလေး ကို မွေးဖွားခဲ့တယ် ။


သမီးဦးကလေး ကို မွေးချိန် မှာ ကျွန်တော် က ဇနီးသည် အနား မှာ ရှိ မနေနိုင်ခဲ့ဘူး ။ အဲဒီအချိန် မှာ ကျွန်တော် က မိသားစု ရှေ့ရေး အတွက် ဆိုတဲ့ အကြောင်းပြချက် နဲ့ ပတ်ဝန်းကျင် အသစ် တစ်ခု ဆီကို  ထွက်ပြေး ခဲ့တယ် ။ ကျွန်တော် ထွက်ပြေးရတဲ့ ပတ်ဝန်းကျင် က လည်း ကျွန်တော် ခန့်မှန်း မသိရှိ နိုင်ခဲ့တဲ့ အကျပ်အတည်း ဒုက္ခ များစွာ နဲ့ ဖွဲ့စည်း ထားတဲ့ ပတ်ဝန်းကျင် ပါ ။ ဒီလောက် ကြမ်းတမ်းခက်ထန် လိမ့်မယ်လို့ မထင်မှတ် ခဲ့ တဲ့ ပတ်ဝန်းကျင် မှာ ကျွန်တော် ဟာ နွေရာသီ ရဲ့ ရေနည်း ငါး တစ်ကောင် လို ပဲ အသက် ရှူ မဝခဲ့ဘူး ။


ကျွန်တော် နေခဲ့ဖူး တဲ့ လွတ်လပ်မှုတွေ နဲ့ ပြောင်းပြန် အချိုးကျ စွာ ဘဝ ကို ဖြတ်သန်း ခဲ့ရချိန် မှာ မိသားစုကလေး ရဲ့ အကျပ်အတည်း က လည်း ခန်းခြောက် သွားတဲ့ ရေကန် တစ်ကန်လိုပဲ အကျည်းတန် ခဲ့တယ် ။ ဇနီးသည် ရဲ့ အားပေး တဲ့ စကားလုံး တွေ ထဲ မှာ ကျွန်တော့် ရဲ့ သွေးအား နည်း နေ တဲ့ မျက်လုံးတွေ ကို နှစ် ပစ် လိုက်ရတယ် ။


လွန်ခဲ့တဲ့ ကျွန်တော် ရဲ့ အပြုအမူတွေ ကို ဆွေမျိုး အသိုင်းအဝိုင်း က ကန့်ကွက် ခဲ့ကြတယ် ။ အကျပ်အတည်း နဲ့ ရင်ဆိုင် နေရတဲ့ အချိန် မှာ ကျွန်တော် က လည်း အဝိဇ္ဇာ တရား ခပ်များများ နဲ့ ပဲ ကျွန်တော့် အပြုအမှု ကို မထောက်ခံ ခဲ့ တဲ့ အသိုင်းအဝိုင်း ဆီ လှမ်းပြီး အကူအညီ တောင်း မိတယ် ။ ကောင်းသည် ဆိုးသည် တစ်စုံတစ်ရာ ဘာကို မှ ပဲ့တင် ပြန် မကြားခဲ့ ရဘူး ။ အဲဒီ အချိ န် တုန်း က ဆွေမျိုးအသိုင်းအဝိုင်း ရဲ့ ဥပေက္ခာတရား ဟာ ကျွန်တော် တစ်ခါ မှ မကြုံဖူး တဲ့ တစ် ဘဝ စာ ခါးသီးမှုတွေ ဖြစ်ခဲ့တယ် ။ ဘဝ မှာ ချစ်ခြင်းမေတ္တာ တွေ နဲ့ ဝေးခဲ့ရတဲ့ အချိန်တွေ ဟာ ကြမ်းတမ်းရက်စက်မှုတွေ နဲ့ သီချုပ် ခံ ခဲ့ရတယ် ။


အဖွဲ့အစည်း တစ်ခု မှာ ကျွန်တော့် ရဲ့ ပါဝင်မှု ဟာ ဘယ်တုန်းက မှ နောက်ဆုံးတန်း မှာ မရှိခဲ့ဖူးပေမဲ့ ၊ အဲဒီ ကာလတွေ တုန်း က ကျွန်တော် ဟာ နောက်ဆုံးတန်း အထိ လျှောကျခဲ့ရတယ် ။ အဲဒီ ကြမ်းတမ်းခါးသီးမှု တွေ နဲ့ ပဲ ဘဝ ရဲ့ တာဝေး ခရီး ကို စ ပြေး စေခဲ့တာပေါ့ ။


ကျွန်တော် က အသက်အန္တရာယ် များ တဲ့ တောင်တန်း တွေ ပေါ် မှာ ပြေးလွှား လှုပ်ရှား ရှင်းလင်း ရင်း ၊ ကြမ်းတမ်း ရိုင်းစိုင်း တဲ့ တောင်ကျချောင်းတွေ ကို ဖြတ်ကူး ရင်း ၊ ကျီး လန့်စာ စား ကွင်းပြင်တွေ ကို ကွေ့ဝိုက် ရင်း မိုး သည်းထန် တဲ့ ညတွေ မှာ ကျောပြင် အောက် က မိုးရေတွေ စီးဆင်း သွား တာ တောင် မသိလိုက် ရ အောင် ပင်ပန်းနွမ်းနယ်စွာ အိပ်ပျော်သည် အထိ လုပ်ကိုင် အသက်မွေး ခဲ့ရတယ် ။ ဆီးနှင်းတွေ မိုးသီးမိုးပေါက် လို ကျ နေတဲ့ တောင်ကုန်းထိပ် မှာ ဆောင်းညတွေ ကို မအိပ်မငိုက် ထိုင် ကြည့် ခဲ့ရတယ် ။ ရေဘူး ထဲ မှာ ရေ မရှိတော့ ပေမဲ့ ချောင်းခြောက် နဲ့ ကွင်းပြင် တွေ ကို ဖြတ်ပြီး ခရီး ဆုံး ကို ရောက်အောင် ချီတက် နိုင်ခဲ့ တယ် ။


မိသားစုကလေး က တော့ ကျွန်တော် နဲ့ ခွဲခွာလျက် နဲ့ ပဲ လောက အသစ် မှာ အတွေ့အကြုံသစ်တွေ နဲ့ ရင်ဆိုင် ဖြတ်သန်း ကြရတယ် ။ ဓလေ့ထုံးစံ အသစ်တွေ ၊ စိတ်ဓာတ် အသစ်တွေ ကို တစ်ဖက် က ရင်ဆိုင် ရင်း အိမ်ပတ်လည် မြေကွက် မှာ ကျွန်တော် ရှိစဉ် စိုက်ပျိုးထား တဲ့ ပဲသီးပင် ၊ ရုံးပတီပင် ၊ ချဉ်ပေါင်ပင် ၊ ငရုပ်ပင် ၊ ခဝဲပင် ၊ ဘူးပင် ၊ ဒန့် ဒလွန်ပင် ၊ ကင်ပွန်းချဉ်ပင် စတဲ့ မီးဖိုချောင် ကို အထောက်အကူ ပြုမယ့် သင်္ဘောပင်တွေ ၊ ဥကန်စွန်းပင်တွေ ကို အများအပြား စိုက်ပျိုး ရောင်းချပြီး ဘ ဝရဲ့ ခရီး တစ်ဆစ် ကို ချီတက် ခဲ့ကြတာ ပေါ့ ။ “ လောက ရေ .. ငါ က တစ်သက်စာ အမှား အယွင်းတွေ ကို ပခုံး ပေါ် ထမ်းပြီး ရှေ့ လမ်းခရီး တစ်လျှောက် အမော မဖောက် ဘဲ ချီတက်ရတော့ မှာ ပါ ” .. ကျွန်တော့် ရဲ့ အသက်မွေးဝမ်းကျောင်း ပထမ စာမျက်နှာ မှာ အဲဒီလို ဥဒါန်း ကျူး ခဲ့တယ် ။ ရေလှိုင်းတွေ ၊ နေခြည်တွေ ၊ ဝေနှင်းတွေ နဲ့ လေညှင်းတွေ က အစ ကျွန်တော့် နှလုံးသား အပေါ် ကြမ်းတမ်း ခဲ့တဲ့ အချိန် မှာ ချစ်သူ တွေ  ၊ ဆွေမျိုးအသိုင်းအဝိုင်း တွေ ဟာ ကျွန်တော် နဲ့ ဝေးကွာ ခဲ့ တာပေါ့  ။ ကျွန်တော် က လည်း ကိုယ့် နှလုံးသား ထဲ မှာ ပဲ ကိုယ် အိပ်ခဲ့ပါတယ် ။ နှလုံးသား နဲ့ ဖြေရှင်း မရတဲ့ အဆုံး မှ လက်ရုံး အား ကို သုံး ခဲ့ တယ် ။ ကိုယ် ကိုယ် တိုင် အကြိမ်ကြိမ် လဲကျ ခဲ့ ပေမဲ့ အကြိမ်ကြိမ် လူးထ နိုင် ခဲ့တယ် ။ ဒဏ်ရာတွေ ဘဝ နဲ့ မမျှ ရ ခဲ့ပေမဲ့ ကျွန်တော် က မကျဆုံးခဲ့ဘူး ။


အခုတော့ ကျွန်တော့် ရဲ့ ဘဝ ကမ်းပါး က ဘယ်လို ရေစီးမျိုး ကို မှ မမှုတော့ဘူး ။ ကျွန်တော့် ဘဝ မှာ ပြိုကျစရာ ဆို လို့ ပျော့ညံ့တဲ့ မြေသား ကမ်းပါး တစ်မှုန်တစ်စေ့ မှ မရှိ တော့ဘူး ။ ကျွန်တော် က အမှားအယွင်း ၊ အသင်္ချေ ၊ သင်ခန်းစာ အနန္တ နဲ့ ကျောက်ဆောင်ကမ်းပါး ။


ဟောဒီလို အားနာတတ်တဲ့ နှလုံးသား ကျောက်ဆောင်ကမ်းပါး ပေါ် ကို မှ ပြန်လည် ဆိုက်ကပ် လာကြတဲ့ တစ်ကြိမ် တစ်ခါ က အမှတ်သညာ မဲ့ ဥပေက္ခာ လှေ အစင်း စင်း က လည်း မျက်နှာ ပြောင် လှကြတယ် ။ ကျွန်တော် ရဲ့ ကျောက်ဆောင်ကမ်းပါး ရိပ် မှာ မိသားစုတွေ တိုးပွား ခဲ့ပြီ ။ သက်တမ်းတွေ လည်း တစ်စုံတစ်ရာ ရှည်ကြာ ခဲ့ပြီ ။ လူမှု တ်ဝန်းကျင် အသစ်တွေ နဲ့ ဓလေ့စရိုက် အသစ်တွေ ရှိခဲ့ပြီ ။ ကျွန်တော့် မှာ မရှိသေးတာ က မိသားစု အပေါ် တာဝန် မကျေပွန်မှု ပဲ ။


အိမ်ထောင်သက် ရှစ်နှစ် ရှိပေမဲ့ ကျွန်တော် မင်္ဂလာ မဆောင်ရ သေးဘူး ။ တစ်ကြိမ် တစ်ခါ မှ အလှူအတန်း မပေးရ သေးဘူး ။ ကျွန်တော် ကိုယ်တိုင် မှားခဲ့တာ က ပြဿနာ မရှိပေမဲ့ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း အပေါ် မှားခဲ့တဲ့ ကျွန်တော် ရဲ့ အမှားတွေ အတွက် လျော်ကြေးမပေးနိုင်သေး ဘူး ။ ဘဝ တစ်လျှောက်လုံး အမှားတွေ နဲ့ ချည်း ပြည့်နှက် နေတယ်လို့ မပြောနိုင်ပေမဲ့ အမှား ပါဝင်မှု များ တဲ့ ဘဝ တစ်ခု ဆိုတာ က တော့ သေချာခဲ့ပြီ ။ ကျွန်တော် က အဲဒီ အမှားအယွင်းတွေ နဲ့ ပဲ လူလားမြောက် ခဲ့ တော့တာပေါ့ ။


ကျွန်တော် က အဲဒီ အမှားတွေ ကို အမှား မှန်း သေချာရဲ့လား လို့ ပဲ ဆန်းစစ် ကြည့်ခဲ့တယ် ။ လူတွေ က အမှန်တရား ကို ရှာဖွေချိန် မှာ ကျွန်တော် က အမှားတရား ကို ပဲ ရှာဖွေ ဆန်းစစ်ခဲ့တယ် ။ ဘယ် အကြောင်းအရာ က အမှန်တရား ပါလို့ ပြောဖို့ အခက်အခဲ ရှိချိန် မှာ အမှားတွေ က တော့ လူသား တစ်ယောက် ရဲ့ဘဝ ထဲ မှာ အချိန် နဲ့ အမျှ ရှိနေနိုင်တဲ့ အကြောင်းတရားတွေ ပါ ။ ကျွန်တော် က ကျွန်တော် ရဲ့ မှန်မှန်ကန်ကန် ရှိခဲ့တာ ကို မပြောလိုပါဘူး ။ မှားခဲ့တာတွေ ကို ပြောပြခြင်း ၊ ဆန်းစစ်ခြင်း က အမှန်တရား ကို ဟစ်ကြွေး သက်သေ ထူ နေတာ ထက် ပိုမို အကျိုး များ နိုင်ကြောင်း ယုံကြည်မိပါတယ် ။


လူ့ စရိုက် ၊ လူ့ သဘော မှာ လူ ဆိုတာ အမှား မကင်း တတ်ကြဘူး လို့ သိပေမဲ့ ကိုယ့် အပြုအမူ ကိုယ် ကျ တော့ ပစ္စုပ္ပန် မှာ အမြဲ မှန်တယ် လို့ လည်း ယူဆ တတ်ကြတဲ့ အခါ ပတ်ဝန်းကျင် နဲ့ အဆင်မပြေ ဖြစ်ကြရတယ် ။ ဒီတော့ ကိုယ် ကိုယ် တိုင် ဘာတွေ မှားနေသလဲဆိုတာ သိ မှ ဘယ်သူတွေ ဘာတွေ မှားနေတယ် ဆိုတာ သိဖို့ လွယ်ကူမယ့် နောက်ဆုံး အရေးကြီးတဲ့ အချက် က တော့ အမှားတွေ ကို သိတဲ့ အချိန် ဟာ သိပ် နောက် မကျ ဖို့ လိုတယ် ဆိုတဲ့ အချက် ပါ ပဲ ။


◾ပေါ်ဦးသစ်


📖 မိုးဂျာနယ်

     ၂၀၀၀ ၊ ဧပြီ 


#ကိုအောင်နိုင်ဦး


.

Monday, September 25, 2023

ခေါင်းလောင်း ထိုးသံ ၊ ရင်မှာ လျှံ ကျ


 ❝ ခေါင်းလောင်း ထိုးသံ ၊ ရင်မှာ လျှံ ကျ ၊ ဒဏ်ရာ ညများ ၊ ထွင်းထား ကျောက်ဆစ် ၊ ကမ္ပည်း ဖြစ်စေ .... ❞ 


ခေါင်းလောင်း ထိုးသံများကို ကြားနေရသည် ။ အသံများ သည် ကြေကွဲစရာ ကောင်းနေ၏ ။ ချောက်ချားမှု က ရင် ကို လှိုက်ခုန် ပျို့တက် စေခဲ့သည် ။ အသံ များအားလုံး တစ်နေရာ ဆီ မှ အကြောင်းအရာ ခြားနားစွာ ပျံသန်း လာခဲ့ကြ ပြီး အသံ တစ်သံ နှင့် တစ်သံ သည် နည်းနည်းကလေး မျှ တိုက်ဆိုင်မှု ၊ ညီညွတ်မှု ရှိ မနေခဲ့ပါ ။


မနိုင်ဝန် ကို ထမ်း ရသည့် ကျောရိုး သည် ကျိုးပျက်ခဲ့ရ သကဲ့သို့ ကျွန်တော် တို့ ၏ ဦးနှောက်များ သည် လည်း မနိုင်ဝန် များ ကြောင့် ပျက်စီးခဲ့ ရသည် ။


ကျွန်တော် ၏ မိတ်ဆွေ က အဆောင် မှ သူ့ အခန်းတွင်း မှာ ပင် စာမေး ပွဲ ဖြေတော့မည် တဲ့ ။ မေးခွန်း အားလုံးသည် သူ့ အတွက် အလွယ်တကူ ကျော်လွှား သွားနိုင်မှာပါ .... တဲ့ ။ သူ့ ရဲ့ဦးနှောက် ဘယ်လို ဖြစ်သွားပြီ ဆိုတာ ကျွန်တော် ဝမ်းနည်းစွာ နားလည် လိုက်သည် ။


သို့သော် .... “ မဟုတ်ဘူးလေ ။စာမေးပွဲ ဆိုတာ သတ်မှတ်ပေးထားတဲ့

အခန်း ထဲ မှာ သတ်မှတ် ထားတဲ့ စည်းကမ်း အတိုင်း ဖြေရမှာ ပေါ့ ။ခင်ဗျား ဖြေ ချင်တဲ့ နေရာ မှာ ဖြေ လို့ ဘယ်ဖြစ်မှာလဲ ။ အခု ခင်ဗျား ဖြေရမှာ က အင်းဝ ဆောင် မှာ လေ ... ။ ခင်ဗျား က လည်း နောက် နေပြန်ပြီ ။ လာ ၊ သွားမယ် ။ ဆယ့် နှစ်နာရီ ပဲ ခွဲ တော့မယ် ”


နေ့လယ် ( ၁ ) နာရီ တွင် စာမေးပွဲ စ မည် ဖြစ်သည် ။


“ ခင်ဗျား ကို ကျွန်တော် ရှင်းရှင်းလေး ပြော နေတာ ။ ကျုပ် အခန်း ထဲ မှာ ကျုပ် ဖြေမယ် ။ နောက်ထပ် ဘာမှ မပြောနဲ့ ။ သွားဗျာ ။ ခင်ဗျား ဒီ အခန်း ထဲ က ထွက်သွား ။ ဒီမှာ လာရှုပ် မနေနဲ့ ။ ကျုပ် စာမေးပွဲ အတွက် ပြင်ရဦးမယ် ” 


ကျွန်တော် ဘာ ဆက် လုပ်ရမည် ကို စဉ်းစား ရတော့သည် ။ သို့သော် လတ်တလော အခြေအနေ ကောင်း လာရန် လမ်း မမြင်တော့ ။ အခန်းဖော် ရဲ့ အခြေအနေ ၊ အဖြစ်အပျက် ကို သက်ဆိုင်ရာ အဆောင်နည်းပြ နှင့် အဆောင်မှူး ကို တင်ပြ လိုက်ရသည် ။


ရတနာပုံဆောင် မှာ ကတည်း က ကျွန်တော် နှင့် တစ်ခန်းတည်း နေခဲ့ သူ ၊ ဒီ လူ့ အကြောင်း ကို ကျွန်တော် သိသည် ။ အလွန် ရိုး ။ အလွန် အေးပြီး အလွန် စာ ကြိုးစားတဲ့ လူတစ်ယောက် ။ ဆေးလိပ် ၊ ကွမ်းယာ ၊ အရက် လုံးဝ မသုံး ။ ကျောင်းသားများ ၏ ရိုးရာ အလေ့ဖြစ် နေသော လက်ဖက်ရည်ဆိုင် လည်း ထိုင်လေ့ မရှိ ။ မိန်းကလေး အပေါင်းအသင်း လည်း မရှိ ။ ကျောင်း စာ မှ လွဲ၍ ကျန်တာ အားလုံး အရေးတယူ စိတ် မဝင်စား ။ ရှားပါး ကျောင်းသား တစ်ယောက် ဖြစ်သည် ။ အပြင်စာ ဆို၍ နိုင်ငံခေါင်းဆောင်များ ၏ အတ္ထုပ္ပတ္တိ နှင့် အီလက်ထရွန်းနစ်ပညာ ဆိုင်ရာ စာအုပ် အချို့ ကို သာ ဖတ်လေ့ ရှိသည် ။ ဒါကလည်း တစ်ခါတစ်ရံ သာ ဖြစ်သည် ။သူ့ အတွက် ကျောင်းစာ သည် အဓိက ။ တတိယနှစ် တုန်း က မေဂျာဘာသာ အားလုံး ဂုဏ်ထူး ထွက် ခဲ့သည် ။ လူတော် တစ်ယောက် ယခု ကဲ့သို့ လွဲမှား သွားခြင်း အတွက် နှမြော နေမိသည် ။


စာမေးပွဲ မတိုင်မီ တုန်း ကတော့ သူ ( ၁ဝ ) ရက် လောက် ဖျားသေး သည် ။ စာမေးပွဲ ဖြေခါနီး ( ၃ ) ရက် မျှ အလို တွင် ပြန် ကောင်း သွားခဲ့သည် ။ သို့သော် နဂို ခန္ဓာကိုယ်သေး သော သူသည် လုံးဝ ပိန်ကျ သွားသည် ။ အလုပ် လုပ်နိုင်သည့် စွမ်းအင် နည်းသွား သော်လည်း သူ ဇွဲမလျှော့ခဲ့ ။ သူ ရည်ရွယ်ချက် အတွက် ကျောင်းဖွင့်စ ကတည်း က စာ ကြည့်ခဲ့သည် ။ စာမေးပွဲ နီး မှ ဖျား တော့ သူ့ စိတ် ထဲ ဘယ်လို ခံစားရမလဲ ဆိုတာ မသိနိုင် ။ ပြီးတော့ သူ့ မှာ ကျောင်း စာ ကြည့်ရုံ က လွဲပြီး တခြား စိတ် ဖြေစရာ ထွက်ပေါက် လည်း မရှိခဲ့ ။


“ စာ မကြည့်နိုင်သည့် ဖျားနာ နေချိန်များ တွင် သူ့ အာရုံတွေ ဘာ လုပ်နေ မည်လဲ ။နေသားတကျ မဖြစ်သော နေ့ရက်များ ထဲ တွင် ဦးနှောက် တစ်ခုသ ည် ကစဉ့်ကလျား ဖြစ်ရန် အစပျိုး ခဲ့ပုံ ရသည် ။ ” .... စာမေးပွဲ သာ ဖြေ နေရသည် ။ ကျွန်တော့် စိတ် က တောင်စဉ် ရေမရ တွေးနေ ဖြစ်သည် ။


စာမေးပွဲ ပထမဆုံး နေ့ မှာ မဖြေ လိုက် ရတော့ ဘာပဲ ဖြစ်ဖြစ် တစ်နှစ် ကျ သွားပြီ ။ တစ်နှစ်တာ အချိန် သည် လူ တစ်ယောက် ၏ ဘ၀ ဖြစ်စဉ် ကို အများကြီး ပြောင်းလဲ သွားစေနိုင်သည် ။ ကျွန်တော် အားကျ တန်ဖိုးထားခဲ့ သော အခန်းဖော် ၏ ဖျားနာ သွားသော ဦးနှောက် တစ်ခု ၏ ဖြစ်စဉ် ကို ဆွေး မြည့်စွာ .... ။


•••••   •••••   •••••


ကွဲကြေ နေသော လရောင် အောက် မှ ခွေးအူသံများ မျောလွင့် လာသည် ။ စည်းရိုး ကာထားသော ကွင်းပြင် သည် အကွက်ကျကျ လွင့်ပါး ကြုံ့ ဝင် နေ တော့သည် ။


သူ့ မြို့က အိမ် ကို ပြန် မရောက်လိုက်ရဘူး .... တဲ့  ။ လမ်း မှာ ပဲ ဆုံးသွား ခဲ့တာ ။ သူ့ ယောက်ျား က ရွှေပြည်အေး ... က ပဲ ။ မြန်မာစာ ဒုတိယနှစ် ဂုဏ်ထူးတန်း ။


ဒီလို ၊ အမျိုးသမီး က ကျောင်း လာ တက်တော့ ကိုယ်ဝန်ဆောင် နဲ့ ။ ကျောင်း မှာ အသားဝါရောဂါ ဖြစ်တယ် ။ အခု စာမေးပွဲ ဖြေနေတုန်း ဆုံးသွား တာ ။ ဘာမှ မတတ်နိုင်ခဲ့ဘူး ။


လင်မယား နှစ်ယောက် အခန်း တစ်ခန်း ငှားပြီး ကျောင်း တက်ဖို့ သင့် ပါတယ် ။ ဒါပေမယ့် ငွေကြေး အခြေအနေ မှ မပေးခဲ့တာ ။ ဒီတော့ ယောက်ျား နဲ့ မိန်းမ အနီးကပ် ဖေးမ ကူညီမှု လို သလောက် မရခဲ့ဘူး ။ အမျိုးသမီး က အပြင်ဆောင် နေရတယ် ။ အပြင်ဆောင် ကျောင်းသူကျောင်းသား တွေ အတွက် အစစ အရာရာ စရိတ် က ကြီး နေပြီ ။ လင်မယား နှစ်ယောက် ကျောင်း တက်တဲ့ စရိတ် ကို ပြည့်စုံအောင် ထောက်ပံ့ ဖို့ ဆိုတာ မလွယ်တော့ ဘူး ။ တတ်နိုင် သမျှ ချွေတာ ကြရတယ် ။ ကျောင်း ပတ်ဝန်းကျင် မှာ ရောင်း တဲ့ အစားအစာတွေ က လည်း သပ်သပ်ရပ်ရပ် မရှိ သလောက်ဘဲ ။ ရောင်း ရ ချိန် ခဏ အတွင်း မြိုးမြိုးမြက်မြက် အမြတ် ရ ဖို့ပဲ သိကြတာ နေမှာပေါ့ ။


အသားဝါရောဂါ ဖြစ်တဲ့ လူ က စားသောက်ဆိုင်တန်း မှာ လာ စား ကြ ။ ဒီ အထဲ မှာ စားသောက်ဆိုင်တန်း က ပန်းကန် ၊ ခွက် ၊ စားစရာတွေ က သပ်သပ်ရပ်ရပ် ။ သန့်သန့်ရှင်းရှင်း မထားတဲ့ အခါ အသားဝါ ဖြစ်တဲ့လူ စား သွားတဲ့ ပန်းကန် ကို ဆက် စား မိတဲ့ သူ က ရောဂါကူး ၊ ကင်န်တင်း မှာ က စား စရာတွေ ဈေး ပေါ တော့ စားတဲ့ လူ များတယ် ။ ဒီမှာ ရောဂါတွေ ကူး တော့တာပဲ ။


“ ဘာ တတ်နိုင်မှာလဲ ။ အခု ဆိုရင် မိန်းမ ဆုံးပြီ ဆိုတော့ ယောက်ျား က စာမေးပွဲ ဖြေလျက် နဲ့ လိုက် သွားရတာ ။ စာမေးပွဲ ကျ ပြီပေါ့ ။ စာမေးပွဲ ရှုံး ၊ ဂုဏ်ထူးတန်း ပညာသင် ခွင့် ရှုံး ၊ မိန်းမ ရှုံး ၊ သန္ဓေသား ရှံး နဲ့ ဒီ အကြောင်းအရာ တွေ ရဲ့ နောက် က ဘယ်လို ဆုံးရှုံးမှုတွေ ဆက် လာဦးမယ် ဆိုတာ ကာယကံရှင် ကိုယ်တိုင် သိနိုင်ပါ့မလား ”


ကျွန်တော် သည် ဆုံးရှုံးမှု တစ်ခု ၏ မိုးကုပ်စက်ဝိုင်း ကို ငေးမော နေ မိသည် ။


   •••••   •••••   •••••


လ ပြည့်ခါ နီး မို့ လရောင်တွေ က ကွင်းပြင် ထဲ သို့ ကျ လာ ချင်သည် ။ သို့သော် မိုးရာသီ ၏ တိမ်ညိုတွေ က တောင်ဘက် အရပ် က တပ်ချီ လာ၏ ။ ထိုနေ့ က အဓိက ဘာသာ လေးခု ၏ နောက်ဆုံးဘာသာရပ် ကို ဖြေပြီးသည့် နေ့ ဖြစ် သည် ။ မေးခွန်း ( ၄ ) သည် နောက်ဆုံးနှစ်ကျောင်းသား တို့ ၏ မြင့်မိုရ်တောင် ဖြစ်သည် ။ ရှေ့ဆက် မဖြေခင် ကြား ထဲ မှာ တစ်ရက် နား ဦးမည် ။ ရိုးရိုးတန်း ကျောင်းသား အားလုံး အေးအေးဆေးဆေး ဦးနှောက် အနား ပေးနေကြသည် ။ အဓိက ဘာသာရပ် လေးခု ကို ဖြေ ပြီးပြီ ဖြစ်၍ တချို့ က စာမေးပွဲ ဖြေပြီး သလောက် ဖြစ်သွားပြီ ဟု ပြောခဲ့ကြသည် ။


ကျွန်တော် နှင့် သူငယ်ချင်း သည် အဆောင် ၏ လေးထောင့်စပ်စပ် မြက်ခင်း အလယ် မှာ ထိုင်ရင်း မပွင့်တပွင့် သာ နေသည့် လမင်း ကို ငေးမော နေ ကြသည် ။ မိုးဥတု ကောင်းကင် မှ လမင်း ၏ သင်္ခါရတရား နှင့် နိမိတ်ပုံ ကို ဖတ်ရှု နေမိသည် ။


“ ဒီနေ့ အကယ်ဒမီဆောင် မှာ တစ်ယောက် လျှော ( ရှော ) သွား ဘယ် .... တဲ့ ။ ကြား ရတာ တုန်လှုပ်ဖို့ ကောင်းတယ် ။ နောက်ထပ် တစ်ပတ် လောက်သာ စာမေးပွဲ ဆက် ဖြေရရင် ကျွန်တော်တို့ ပါ ရူးမယ် ထင်တယ် ” 


“ ဘယ်လို ဖြစ်ရတာလဲ ။ အနုစိတ် ဖြစ်စဉ် က ....”


“ ပြောစရာက သိပ် ထွေထွေထူးထူး မရှိပါဘူး ။ စာမေးပွဲ ဖြေနေတုန်း “ မူးတယ် ၊ မူးတယ် ” လို့ ပြောရင်း လဲကျ သွားတာ ။ ဆေးရုံ ရောက်ပြီး တစ်နာရီ လောက် ကြာတော့ နှလုံးခုန် ရပ် သွားတာ ။ ကြား ထဲ မှာ သတိ မရ တစ်ချက် ရ တစ်ချက် နဲ့ ဘာမှ မကြာလိုက်ဘူး ဆိုဘဲ ”


“ အေးဗျာ ။ ကျွန်တော်တော့ ဒီလို အဖြစ်မျိုးတွေ ဘယ်တုန်းက မှ မကြားဖူးခဲ့ဘူး ”


“ အသက် တွေ က လည်း ကြီး ၊ ဒီ တစ်ခါ ကျောင်း အဖွင့် မှာ စရိတ်တွေ ကလည်း သုံးဆ လောက် မြင့်တက် ။ အခြား ပုဂ္ဂိုလ်ရေးတွေ ကြောင့် စာမေးပွဲ ကျ မှာ က လည်း ကြောက်လာ ။ ဒီတော့ ကြောက်အား လန့်အား နဲ့ ကြိုးစား ကြတာ ။ ပြီးတော့ စတုတ္ထနှစ် ကျောင်းသူကျောင်းသား တော်တော်များများ ဟာ အဓိက ဘာသာ လေးခု ကို ဆက်တိုက် ဖြေလိုက် ရ တာ သုံးရက် ဆက် တိုက် အပြီး လေးရက်မြောက် နေ့ မှာ စွမ်းအင် အားလုံး ကုန်သလောက် ဖြစ် သွားပြီ ။ ဦးနှောက်တွေ က သိပ်ပြီး အလုပ် မလုပ်တော့ဘူး ။ ပင်ပန်း နေပြီး ဦးနှောက် ရဲ့ ဝန်ဆောင်နိုင်မှု နဲ့ မမျှ အောင် ဖိသိပ် ရ တော့ နောက်ဆုံး မှာ မဆန့်မပြဲ ဖြစ်ကုန်တာ နေမှာ ။ကျောင်းသူ ကျောင်းသား အားလုံး ကျောင်းကြီး ကို ဘယ်လောက် ခင်တွယ် ၊ ဘယ်လောက် ခင်တွယ် ၊ ဘယ်လောက် မြတ်နိုးတယ် ပြောပြော ဟောဒီ လို သွေးပျက် ဖွယ် အခြေအနေတွေ နဲ့ တော့ နောက်ထပ် ပြန် မလိုချင်တော့ပါဘူး ”


ရည်ရွယ်ချက်တွေ ပန်းတိုင် ရောက်ခါ နီး မို့ နှုတ်ဆက် အနမ်းများ နမ်းစုပ်ရန် နှုတ်ခမ်းများ ကို အလှဆုံး ပြင်ဆင် နေကြပြီ ။ သွေးပျက်ခဲ့ သူ တို့ အနမ်းများ မဝေမျှ နိုင်ခဲ့ ။


   •••••   •••••   •••••


“ စာတွေ မေ့ကုန်ပြီ ”ဆိုသည့် ငိုရှိုက်သံ နှင့် အတူ ပေါက်ကွဲ ထွက်လာသည့် စာဖြေခန်း ထဲ မှာ မျက်ရည်များ ။


“ အိပ်ရေး ပျက်တော့ စာမေးပွဲခန်း ထဲ မှာ ရပြီးသား စာတွေ အားလုံး ရောထွေး ကုန်တယ် ။ တစ်လုံး မှ မရဘူး ။ အချိန် ကုန်ခါနီး မှ ခေါင်း ကြည် လာပြီး နှစ်ပုဒ် ဖြေ လိုက်ရလို့ တော်သေးတယ် ”


ရန်သူ့ လက်မှ သီသီကလေး လွတ်ထွက် လာသော တပ်သားတစ်ယောက် ကဲ့သို့ ညည်းတွားသံများ ။


“ ဒီအတိုင်း ရင် မဆိုင်နိုင်ဘူး ။ နေ့ လည်း နေ့ ၊ ညလည်း ည ၊ မနက် လည်း မနက် ။ ပုတီးစိပ် ၊ ဘုရား အာရုံပြု ၊ ဂုဏ်တော်ရွတ် နဲ့ စိတ် ကို တည်ငြိမ် အောင် အဖက်ဖက် က ကျားကန် ထားရတယ် ”


ကိုယ့် ကိုယ် ကို ဘုရား ကု ကု၍ ဂရုစိုက်သူများ ။


“ အောင်ပွဲ ရှိရာ ဆီ ကို သေချာမှုတွေ သယ်ဆောင်လို့ ငါ ပျံသန်းလာပြီ ”


“ အောင်ပွဲ ... ၊ ဘာ အောင်ပွဲ လဲ ။ မရှိတော့ဘူး ။ အခုတော့ လျှောသွားပြီ ”


“ အခုအချိန် မှာ “ ရိုးသားမောင် ” လုပ်နေရင် မိဘတွေ လည်ပင်း တက် ခုန်ရာ ကျ လိမ့်မယ် ။ ဘယ်နည်းနဲ့ ဖြစ်ဖြစ် စာမေးပွဲ အောင် ရမယ် ။ အောင် မှ ဖြစ်မယ် ။ မနေ့ ည က မေဂျာ ( ၄ ) ကို အသည်းအသန် လုပ် လိုက်ရတာ ။ ဝီရိယ အကျိုးကလေး ခံစားရလို့ တော်ပါသေးရဲ့ ”


“ ဖြေနိုင်တယ် မဟုတ်လား ”


“  အောင်မှတ် က တော့ အေးအေးဆေးဆေးပါ ”


သွင်းကုန် ၊ ထုတ်ကုန် လုပ် နေသော ကျောင်းသား တစ်ယောက် ၏ အားရဝမ်းသာ စကားများ ။ သူ လည်း ပိုက်ဆံ ချမ်းသာပေမယ့် ကျောင်း ပြီးချင် နေ မှာ တော့ သေချာသည် ။


   •••••   •••••   •••••


ကျွန်တော် နှင့် သူငယ်ချင်း သည် သန်းခေါင်ကျော် သည် အထိ စကား ကောင်း မြဲ ။ အဆောင်နည်းပြ ဆရာ ဦးမောင်မောင်သန်း သည် သစ်သားတို တစ်ချောင်း ကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး ကျွန်တော်တို့ ဘေးမှ ခပ်သုတ်သုတ် ဖြတ် လျှောက်ရင်း 


“ ဟေ့ ကျောင်းသားတွေ လိုက်ခဲ့ကြပါဦး ”


“ ဘယ်လဲ ဆရာ ”


“ လာ ငါ့ နောက် က သာ လိုက်ခဲ့ ”


ကျွန်တော် တို့ က ဘာမှ မသိဘဲ နှင့် ထ လိုက် သွားကြသည် ။အဆောင် အောက်ထပ် ရှိ အနောက်ဘက် ရေချိုးခန်း ထဲ ရောက်တော့ ကျောင်းသား ခြောက်ယောက် ၊ ခုနစ်ယောက် ရောက်နှင့် နေသည် ။ အိမ်သာ တံခါး ကို တဝုန်း ဝုန်း ဆွဲ ဖွင့်လိုက် ၊ အိမ်သာ တံခါးပေါက် ကို ကျော်ပြီး ရေ နှင့် လှမ်း ပက်လိုက် နှင့် တစ်လှည့် စီ လုပ်နေကြသည် ။ 


“ ဘာပြုလို့လဲ ”


“ အထဲ မှာ လူ မရှိဘဲနှင့် ချက် ( ဂျက် ) ချ ထားတယ် ။ ချက် ( ဂျက် ) က အထက်အောက် တပ် ထားတာ မဟုတ်ဘူး ၊ ကန့်လန့် တပ် ထားတာ ။ ဒီ တံခါး ကို မသင်္ကာ လို့ စောင့်ကြည့် နေတာ ကြာပြီ ။ ည ၁၂ နာရီ လောက် တုန်းက ကျွန်တော် အသေအချာ ဖွင့် ထား ခဲ့တာ ။အခု တွေ့ တဲ့ အတိုင်းပဲ ” 


မေးခွန်း နောက် မှ အဖြေ သည် ထက်ကြပ် လိုက် လာသည် ။ တံခါး နား မှာ ရပ် နေသည့် ကျောင်းသားများ ၏ ဖြူရော် နေသော မျက်နှာ ကို မီးရောင် အောက် မှာ မြင် နေရသည် ။


အိမ်သာ တံခါး ထက် မှ အုတ်ရိုး ကို ကျော် ၍ ရေ နှင့် ဖြန်းခနဲ လှမ်း ပက် ပြန်သည် ။ ပြီးတော့ အိမ်သာ တံခါး ကို ခပ်ကြမ်းကြမ်း ဆွဲဖွင့် ပြန်သည် ။ ကျောင်းသား တစ်ယောက် ၏ ပါးစပ် က လှုပ်ရွလှုပ်ရွ နှင့် တစ်စုံတစ်ရာ ကို ရွတ်ဆို နေသည် ။ ကျောင်းသား အများ စု က အိမ်သာတံခါး ကို မမှိတ်မသုန် စူးစိုက် ကြည့် နေကြသည် ။ ပတ်ဝန်းကျင်သည် ည၏ အရှိန် ကြောင့် တိတ် ဆိတ်လျက် ။


ရှ .... ရှ .... ရှ .... ရှီ .... အီ ...


လေချွန်သံ ကဲ့သို့ အသံ ညင်ညင်သာသာကလေး သည် အိမ်သာ ကြမ်းပြင် ဆီ မှ အထက်ဖက် ဆီ သို့ ရှည်လျားစွာ ရွေ့လျား သွားသည် ။ အိမ်သာ ၏ ကျောဘက် နံရံမှာ တပ်ဆင်ထားသည့် တရုတ်ကပ်မှန်ချပ် တစ်လျှောက် အောက် မှ အထက် သို့ ဇာပဝါပါး ကဲ့သို့ အရိပ်ဖြူလေး တစ်ခု သည် အသံမျှင်း လေး နဲ့ အတူ အသွား အဆောင် ၏ နောက်ကျောဖက် ဘောလီဘောကွင်း နှင့် ရွှေပြည်အေးလမ်း ပေါ် မှာ ရှိနေသည့် ခွေးများ ၏ ဆွဲဆွဲငင်ငင် အူ လိုက်သည့် အူသံရှည် သည် ကျွန်တော် ၏ ကျော တစ်ပြင်လုံး အေးခနဲ ဖြစ်သွားစေသည် ။


ထိုအချိန် နှင့် တစ်ပြိုင်နက် ကျောင်းသား တစ်ယောက် သည် အိမ်သာ တံခါး ကို ရုတ်တရက် ဆွဲဖွင့် လိုက်သည် ။ အိမ်သာတံခါး သည် အလိုက်တသင့် ပွင့် လာသည် ။ အိမ်သာ ထဲ မှာ ဘာ တစ်ခုမှ မတွေ့ ရ ။ ထူးခြားသည့် ခြေရာ လက်ရာ ပျက်နေခြင်း လည်း မရှိ ။


“ ဘုရား ... ဘုရား ... ဒါ သဘာဝတရား တစ်ခု ပဲ လား ။ ဒီနေရာ အပေါ် မှာမှ ဘယ်လို စွဲလမ်းစိတ် ဝင်ခဲ့ရသလဲ ။ ဘယ်လို အကြောင်းတွေ ကြောင့် ဒီလို ကြုံကြိုက်ခဲ့ရတာလဲ ။ ကျွန်တော်တို့ သည် အဆက်အသွယ် မလုပ်သော် လည်း သိချင်နေမိသည် ”


“ ခင်တွယ်ခြင်း ၌ နစ်မွန်းမှု တို့ လွတ်မြောက် ၍ ဘဝသစ် တစ်ဖန် ထမြောက်ပါစေ ။ သင်တို့ ခင်တွယ်စွဲလမ်းသော ပတ်ဝန်းကျင် သို့ ပကတိ ရုပ်သွင် အတိုင်း ဝင်ရောက် နိုင်ဖို့ ဆုတောင်းပါရဲ့ ။မေတ္တာ ပို့ပါရဲ့ ”


ထူးဆန်းသော အဖြစ်အပျက်များ သည် အတွေးအာရုံ ကို ရိုက်ခတ် ၍ စိတ် ကြေကွဲမှု တို့သ ည် အမှတ်ထင်ထင် ဖြစ်ခဲ့ရသည် ။


သေတ္တာ ၊ အိပ်ရာလိပ် ၊ စာအုပ်ကြိမ်ခြင်း တို့ ကို ဆွဲထုတ် လာကြသည် ။ ဆိုက်ကားတွေ ၊ မြင်းလှည်းတွေ ၊ သုံးဘီးတွေ ပေါ် တင်ပြီး ပြန်ကြတော့မည် ။ အရင် ပြန်နှင့် သူ ကို နောက်မှ ပြန်မည့် သူ က လိုက်ပို့ ကြသည် ။လိုက်ပို့ သူ လည်း တစ်နေ့ တော့ ပြန်ရ လိမ့်မည် ။


နှုတ်ဆက် အပြုံးများ ကို အားတင်း ပြီး ပြုံး စဉ် မှာ အရောင်မဲ့ နှုတ်ခမ်း အကွေး မှာ မျက်ရည်တွေ နဲ့ ပွေ့ဖက်ကြ ။ ဘယ်သူ မှ လက်ခုပ် မတီး ဖြစ်တဲ့ ဝမ်းနည်းဖွယ် နေ့စွဲများ ပေါ် မှာ ကျွန်တော်တို့ ရဲ့ နှလုံးသားတွေ ဟာ အရည် ပျော် ကျ ခဲ့ရသည် ။ အခုအချိန် မှာ အသံ ထွက် စကား ပြောဖို့ ထက် မျက်လုံး များ နှင့် သာ စကား ပြောဖို့ စွမ်းနိုင်ကြတော့သည် ။ 


စာ ... ရေး .. ကြ ... ပါ ... ဟာ ...


နှလုံးသား ရဲ့ အနူးညံ့ဆုံး တစ်နေရာ မှ ရိုးသား ပူနွေးစွာ စီးဆင်း ခဲ့သော စကားလုံးများ ကို မျက်ရည်တွေ ကြား မှာ ကြား လိုက်ရသည် ။ မျက်ရည်များ ပါးပြင် ပေါ်သို့ လိမ့်ဆင်း အလာ ၊ သူငယ်ချင်း တစ်ယောက် နှင့် တစ်ယောက် ၏ နှောင်ဖွဲ့မှု ပန်းပွင့်လေး သည် ပွင့်ဖတ် တစ်ဖတ်စီ ဆွဲဖဲ့ ချေမွ ခံလိုက်ရ သလို လွင့်ပါး သွားရတော့မည် ။


အရောင် တူသည့် ပန်းရုံကလေး ၊ ချည်နှောင်ခဲ့သည့် ရာသီများ ၊ မြဲခိုင်ခဲ့ သည့် အိပ်မက်များ ၊ ပြန့်ကျဲသွားမည့် မျိုးဆက်များ ၊ ဘယ်တော့မှ ပြန် မရနိုင် တော့မည့် နှလုံးသား အားလုံး ကို သဘာဝတရား နှင့် ကံကြမ္မာ ၏ လက် ကို ပုံအပ်၍  .... ။


သေတ္တာ ၊ အိပ်ရာလိပ် နှင့် စာအုပ်ခြင်းတောင်းများ သယ်ဆောင်လာ သော ဆိုက်ကား တစ်စင်းသည် မင်္ဂလာလမ်း ( ၇၃ ) လမ်း ပေါ် တွင် ခွဲခွာခြင်း တေး တစ်ပုဒ် ကို နာခံရင်း ကျောင်း နှင့် ဝေးရာဆီ သို့ တစ်ရွေ့ရွေ့ .. 


အသံများ အားလုံး သူ့ အတောင်ပံ သူ ဖြန့်ကာ တစ်နေရာ ဆီသို့ ပျံ သန်း သွားကြသည် ။ ကျွန်တော့် နား ထဲ တွင် ကြေကွဲဖွယ် ခေါင်းလောင်း ထိုးသံ များ ကို ကြားနေ ရ သလို .... 


◾ပေါ်ဦးသစ်


📖 သရဖူမဂ္ဂဇင်း

      ဇွန် ၊ ၁၉၉၆ 


#ကိုအောင်နိုင်ဦး


.