Showing posts with label ရွှေထိုက်. Show all posts
Showing posts with label ရွှေထိုက်. Show all posts

Thursday, September 14, 2023

ဘဝ ဆိုတာ တို လွန်းလို့ပါ

❝ ဘဝ ဆိုတာ တို လွန်းလို့ပါ ❞  


အနှစ်ချုပ် လိုက်ရင် ကာလ အပိုင်းအခြားလေး တစ်ခု အတွင်း မှာ စိတ် ကို နေရာတကျ ထားနိုင်ဖို့ပဲ အရေးကြီး တာပါ ။ စိတ် ချမ်းသာဖို့ ၊ စိတ် လွတ်မြောက်ဖို့ အတွက် နေတတ်အောင် ကြိုးစားသင့် တယ်လေ ။ 


ဘဝ ဆိုတာ တိုလွန်းလို့ပါ ။


ကိုယ် သူ့ ကို ချစ်တာ က ချစ်တာပဲ ။ ဒါကို သူ လည်း သိတယ် ။ သိတဲ့ လူတွေ လည်း တော်တော် များတယ် ။ ထို့ထက် သိအောင် ဘာလို့ သက်သေပြချင် နေသေးလဲ ! သူ့ စိတ် ကို ကိုယ့် စိတ် နဲ့ ချည်နှောင်ဖို့ ဘာလို့ စိတ်ကူးယဉ် ချင် နေသေးလဲ !


ဘဝ ဆိုတာ တို လွန်းလို့ပါ ။


သူ့ စိတ်ကလေး လွတ်လပ်စွာ တည်ရှိပါစေ ။


သူ့ ဆန္ဒကလေး ကို လွတ်မြောက်စွာ ရှင်သန်ပါစေလေ ။


" Don't Blame the Dark ,

Please light it up " တဲ့ ။ အမှောင် ကို အပြစ် မတင်ချင်စမ်း ပါနဲ့ ။ အလင်း စ ကို သာ ကူရှာ ပေးလိုက်ပါ ဆိုသလိုပဲလေ ။


ဘဝ ဆိုတာ တို လွန်းလို့ပါ ။


သူ ဟာ ကိုယ့် ချစ်သူ ပဲ ။ သူ့ ရဲ့ မသိတတ်မှုတွေ အပေါ် အပြစ်ပုံ မချ ချင် ပါဘူး ။ တတ်နိုင်သလောက် ခွင့်လွှတ် နားလည်ဖို့ ကြိုးစား ကြည့် ပေးပါတယ် ။


ဘဝ ဆိုတာ တို လွန်းလို့ပါ ။


ချစ်သူ ... ငဲ့ညှာစွာ အသိပေး ခဲ့တဲ့ မင်း က မှန်တယ် ။ မနိုင်မနင်း ခွင့်ပြုခဲ့တဲ့ ကိုယ် က အမှား ကို လက်ယပ် ခေါ်ခဲ့မိ သလို ဖြစ်နေတယ် ။ အဲဒီတော့ ဖြစ်လာ သမျှ ဆိုးရွားမှု ဒဏ်ရာ ဒဏ်ချက်တွေ က ကိုယ် နဲ့ ပဲ ဆိုင်မယ် ။


ချစ်သူ ...


ဘဝ ဆိုတာ တို လွန်းလို့ပါ ။


စိတ် ထင်ရာ လုပ်ပါ ။ မှားယွင်းမှု ဆိုတာတွေ ကို သိမ်းဆည်းပေး ဖို့ မင်း ဘေး မှာ ကိုယ် တစ်ယောက်လုံး ရှိ နေပါတယ် ။ အပြစ် အားလုံး ကို ဝန်ခံပေးဖို့ မင်း ရဲ့ ကိုယ်စား ကိုယ် က အသင့် ရှိနေတယ် ။ မလိုဘူး လို့ ပြောရင် ကိုယ် ထွက် သွားမယ် ။ မလာနဲ့ လို့ ပြောရင် ကိုယ် ဝေးဝေး နေ ပေးပါ့မယ် ။ ဒါပေမယ့် လိုအပ်ရင်တော့ ကိုယ် က မင်း အတွက် ပဲ ဖြစ်ရမယ် ။


ဘဝ ဆိုတာ တို လွန်းလို့ပါ ။


တကယ်တော့ အချစ် တစ်ခု ကို ခံစား နားလည်ဖို့ လေ့လာရတဲ့ အချိန်တွေ အင်မတန် ကို နည်းတယ် ။ မင်း က တော့ အချစ်တွေ အများကြီး ထင်ယောင် မှားပြီး အချိန်တွေ ကို ဖြုန်းတယ် ။ ဒါပေမယ့် မင်း ပျော်ဖို့ က အဓိက ပါ ။ အယူအဆ တွေ ၊ ရည်ရွယ်ချက် တွေ မတူပေ မယ့် မင်း အနေ နဲ့ ကြားဖူးနားဝ ရှိအောင် ပြောပြခွင့် ရ ချင်ပါတယ် ။ 


ချစ်သူ ဆိုတာ ကိုယ့် အတွက် တော့ ဖတ် မကုန်တဲ့ သင်ခန်းစာ ပါ ကွာ ။


ဘဝ ဆိုတာ တို လွန်းလို့ပါ ။


ချစ်သူ တစ်ယောက် ရဲ့ စိတ် ကို ဖြည့်ဆည်း မြတ်နိုးခွင့် ရ တဲ့ အခွင့်အရေးလေး က ကိုယ့် အတွက် မလောက်ငှ ဘူး ။


ဘဝ ဆိုတာ တို လွန်းလို့ပါ ။


ချစ်သူ ကို ချစ်ရတဲ့ ခံစားမှုတွေ ရေတွက် ရင်း ... ချစ်ရတာ မဝဘူး ။


ဘဝ ဆို တာ တိုလွန်းလို့ပါ ။


ချစ်သူ ကို ရှာတွေ့ပြီး အခုချိန် ထိ ... အချစ်တွေ က လတ်ဆတ်တုန်း ။


ဘဝ ဆိုတာ တို လွန်းလို့ပါ ။


အချိန်တန် တော့ လူ ဆိုတာ ကိုယ့် ဆုံးဖြတ်ချက် နဲ့ ကိုယ် ရှင် သန်နေကြတာပါပဲ ။


သူ့ စိတ် ကို ကိုယ့် စိတ် နဲ့ ချည်နှောင် ထားပြီး တခြား တစ်ယောက် ရဲ့ စိတ် ကို ထပ်မံ ချည်နှောင်ဖို့ ကြိုးစားတဲ့ အခါ သူ့ စိတ် ကို ချည် နှောင်ထားတဲ့ ကြိုးကလေး က တော့ မခိုင်မခံ့ လျော့ရဲ သွားမှာပဲ ။ 


ဒါကို ကြို တွေးထား တတ် ရမယ် ။ ခံနိုင်ရည် ရှိရမယ် ။ အခန့် မသင့် ရင် စွန့်လွှတ်ပစ် ဖို့ လည်း အဆင်သင့် ရှိနေရဦးမယ် ။ 


ဘဝ ဆိုတာ တို လွန်းလို့ပါ ။


တည်ငြိမ်မှု ဆိုတာ နဲ့ နေသားတကျ ရင့်ကျက်ဖို့ ကြိုးစားသင့် ပါ လျက် ဘာလို့များ အပြောင်းအလဲ ကို လူတွေ က စိတ်ဝင်စား ကြရတာ လဲ ။ လူ ဆိုတာ ... ကိုယ့် ဆီ မှာ သေချာမှု တစ်ခု ရှိနေပါ လျက် နဲ့ မသေချာမှု ကို မှ ရင်ခုန် တတ်ကြတယ် ။


ဘဝ ဆိုတာ တို လွန်းလို့ပါ ။


လူတွေ ဟာ ... အစားထိုး စရာ တစ်ခု ရှိ လာရင် ကိုယ် ပိုင်ဆိုင် ထားတဲ့ တစ်စုံတစ်ရာ ကို စွန့်ပစ်ချင် တတ်ကြတယ် ။


ချစ်သူ က .. အဲဒီလိုမျိုး တွေးတော နေပါသလား !  


ဘဝ ဆိုတာ တို လွန်းလို့ပါ ။


လုပ်စရာ အလုပ်တွေ ကို တပုံတပင် ရှေ့ ချပြီး စောင့်စားခြင်း ၊ တွေဝေငေးမောခြင်း ၊ တွေးတောအားငယ်ခြင်း စတဲ့ စိတ်ပင်ပန်းစရာ ခံစားမှုတွေ နဲ့ စိတ်ကူးယဉ် အစားထိုး ပြီး အချိန်တွေ ကို ဖြတ်သန်းနေ ခဲ့ရပြီလေ ။


ဘဝ ဆိုတာ တို လွန်းလို့ပါ ။


အတုံ့အလှည့် ဆိုတာ မြန် လွန်းတယ်


အနိုင် လိုချင်တဲ့ သူ ကို အနိုင် ပေးပါတယ် ။ လူတိုင်း က တော့ အနိုင် က လွဲရင် တခြား ဘာကို လိုချင်ပါ့မလဲ !


အရှုံးတွေချည်းပဲ ကိုယ် က လက်ခံ ထားတဲ့ အခါ တစ်နေ့ နေ့ ၊ တစ်ချိန် ချိန် တော့ အနိုင်ချည်း ပဲ ကိုယ့် ဆီ ပြန် ရောက်လာမယ် လို့ ထင် ရတာပါပဲ ၊


ဘဝ ဆိုတာ တို လွန်းလို့ပါ ။


မျှော်လင့်ရတာ ဟာ ဝဋ်ကြွေး တစ်မျိုးပါပဲ ။ ချစ်သူ နဲ့ ပတ်သက် လာရင် ကိုယ် က ယုံကြည်ချက် လည်း အကြီးကြီး ထား မိတယ် ။ အများကြီး လည်း မျှော်လင့်ထား မိတယ် ။


ဒါတွေဟာ သူ့ အလိုအလျောက် ဖြစ် လာတာ ။


ဒါဟာ ... ကြိုတင် စီစဉ်ထားမှု မပါတဲ့ အငိုက်မိခြင်း သက်သက်ပါပဲ ။


ဘဝ ဆိုတာ တို လွန်းလို့ပါ ။


ချစ်သူ ကို လွမ်း ရတာ အချိန် မလောက်ဘူး ။ ဘဝ ဆိုတာ တို လွန်းလို့ပါ ။


◾ရွှေထိုက်


📖 ကြယ်ကိုးစင်းနဲ့ လင်းတဲ့ကောင်းကင်


#ကိုအောင်နိုင်ဦး


.

 

Monday, May 29, 2023

ကျွန်တော့် သမီး


 ❝ ကျွန်တော့် သမီး ❞


ကျွန်တော့် သမီးလေး တွင် သာယာ သော အသံ ရှိသည် ။ လှပ သော အဆင်း လည်း ရှိသည် ။ နက်နဲသော အသိဉာဏ်ပညာ လည်း ရှိသည် ။ ယဉ်ကျေးသော အလိမ္မာ လည်း ရှိသည် ။


ထို့အတူ ...


ထိရောက်သော ဘဝ အဓိပ္ပာယ် လည်း ရှိစေချင် မိ ပါသည် ။


   •••••   •••••   •••••


“ ဖေဖေ ... ‘  မန်းကေသီ ’ ဆိုပြ ”


ထို သီချင်း အား သမီး အလွန် စွဲလမ်းပါသည် ။ ငယ်စဉ် က သမီး အိပ်ရာ ဝင် တိုင်း ကျွန်တော် ချော့မြူ ဆို သိပ် ရသော တေးသီချင်း များစွာ တို့ အနက် ထို သီချင်း အား သမီး မှတ်မှတ်ရရ ရှိ နေသည် ။ 


“ မန်းကေသီ ... ကြည်လဲ့လဲ့ အပြုံးလေးများ နဲ့ ကျွန်တော့် ကို အတည် ... ဖိတ်ခေါ်သည် ...  ”


ကျွန်တော် က ကြည်ကြည်နူးနူး ဆို ပြတော့ သမီး က လည်း မှတ် မိ သလောက် နောက် က လိုက် ဆို ၏ ။ အနိမ့် အမြင့် အသံများ နှင့် တော်တော်လေး ခက်ခက်ခဲခဲ သူ လိုက် မှတ်၏ ။


“ ဖေဖေ စာသားတွေ မေ့ ကုန်ပြီ အဆုံး ထိ ဆို ပြပါ ” 


“ အမယ် မေ့ပြီလား ဟုတ်လား မန်းမြို့ မှာ ဘာတွေ ရှိသလဲ ” 


ကျွန်တော်က ချာခနဲ ငေါက် လိုက် တော့ သမီး က ပြုံးစိစိ ဖြင့် စဉ်းစဉ်းစားစား ဖြေ၏ ။


သူ့ လက်ချောင်းကလေးများ ကို ချိုးရင်း 


“ အိမ်တော်ရာစေတီ ... 

ဦးခန္တီ ... တောင်ပေါ်စေတီ ...

နန်းတော် ကျုံရွာလေး ... 

မင်းကွန်းခေါင်းလောင်းကြီး နဲ့ 

မြသိန်းတန်စေတီ ...”


မျက်လုံးတောက်တောက်ကလေးများ ကို ပေကလပ် ပေကလပ် လုပ် ကာ သမီး က ရေတွက် ၏ ။ ချစ်စရာ ကောင်းသော သမီး ။


ကလေး ဘဝ ကတည်း က စိတ်မှန်း ဖြင့် သမီး စွဲလမ်းခဲ့ ဖူးသော အရာများ ။ မမမန်းကေသီ ကိုလည်း တကယ် ရှိ မရှိ သမီး မသိ ။ သို့ပေမဲ့ ... သူမ ကို သမီး ချစ် နေသည် ။ သူမ ၏ အပြုံး ကို သမီး မြင်ယောင် နေဟန် ရှိသည် ။ 


သမီး မေ့မရသော အရာ ... 


ထိုအရာ မှာ ... ဟို မန်းမြို့ က မမကေသီ ။


    •••••   •••••   •••••


သမီး မမေ့သော သီချင်းလေး တစ်ပုဒ် လည်း ရှိ သေးသည် ။ သီချင်း ကြိုက်သော သီချင်းသံ ကြား မှ အိပ် ပျော်သော သမီး ကို ကျွန်တော် က ညစဉ်တိုင်း သီချင်းများ နှင့် ချော့ သိပ် ၏ ။ သူ ကြိုက်သော သီချင်း ဆို လျှင် သမီး က တစ်ပုဒ် ထဲ ကို ပဲ မအိပ်ပျော် မချင်း ထပ်တလဲလဲ ဆိုပြ ခိုင်း တတ်၏ ။ သီချင်း ထဲ တွင် နစ်မျောရင်း အိပ် တတ်သော သမီး ကို ကျွန်တော် က စိတ်ရှည် လက်ရှည် အသံနေ အသံထား နှင့် မမောတမ်း ဆို ပြ ရ ပါသည် ။ ကျွန်တော် က သီချင်း အရွေးကောင်း အောင်လည်း ကြိုးစား ရ သေးသည် ။ သီချင်း ဟု ယူဆ ပြီး သမီး အာရုံထဲ စွဲ နေသော သီချင်း တစ်ပုဒ် ရှိခဲ့ပါသေးသည် ။


“ လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့

ကင်းအောင်နေ ၊ ပညာရှိကို အရှည်တွဲလို့

မှီဝဲဆည်းကပ်နည်းယူစေ ၊ သုံးပါးရတနာ

မိဘများနှင့် ဆရာသမားကို ပူဇော်သလေ ...” 


ငယ်ငယ် ကတည်း က ကျွန်တော် နှလုံး သွင်း ပေးခဲ့သော ထို သုံးဆယ့်ရှစ်ဖြာမင်္ဂလာ သီချင်း ကို သမီး က သူ့ ဘဝ အတွက် နေထိုင် နည်း အဖြစ် အသုံးပြုသော အခါ ကျွန်တော် ကျေနပ် ရ၏ ။


သမီး သုံးတန်း တွင် လမ်းထိပ် က ဓမ္မာရုံ ၌ ဗုဒ္ဓဘာသာ သင်တန်း တက် ခိုင်းတော့ သမီး က လိုလိုချင်ချင် ပင် တက်၏ ။ တခြား ကလေးတွေ လမ်း ထဲ မှာ ဆော့ နေချိန်တွင် သမီး က သူ့ အိတ်ကလေး ပိုက် ကာ သင်တန်း သို့ သွား၏ ။ ကျွန်တော့် မှာ မိဘ တစ်ယောက် အနေ ဖြင့် ဘယ်လောက် ဝမ်းသာ ပီတိ ဖြစ်သလဲ မပြောပြ နိုင်လောက် အောင် ပင် ။


သမီး တွင် မေမေ မရှိ ။ သမီး မွေးမွေး ချင်း မီးတွင်း ထဲ မှာ ပင် ဆုံးပါး သွားခဲ့သည် ။ သို့သော် သမီး ငယ်ငယ် ကတည်း က မေမေ ဟူ သည်ကို  သိပ် မတောင့်တ တတ်ပါ ။ ထိုသို့ ဖြစ်ရ အောင် လည်း ကျွန်တော့် မှာ အပင်ပန်း ခံ၍ ကွက်လပ်များစွာ ကို ဖြည့်ဆည်း ပေးခဲ့ ရသည် ။ အလုပ်ချိန် များ ကို အတတ်နိုင်ဆုံး အားလပ်ချိန် များ အောင် ကြိုးစားပြီး သမီး ကို ယုယ ဖို့ အချိန် ပေးရ၏ ။


သမီးလေး ကို ဖျော် တိုက်သော နို့ရည်များ ထဲ တွင် ကျွန်တော့် မေတ္တာများ ပြည့်ပြည့်ဝဝ ပါဝင်အောင် ကျွန်တော် သစ္စာ ဆိုခဲ့ ဖူး သည် ။ သမီးလေး အား ဝါး ကျွေးသော ထမင်းလုတ် တိုင်း ကို ကျွန်တော် ကိုယ်တိုင် ဝါး ပေးခဲ့ဖူးသည် ။ သမီးလေး ပါးစပ် ထဲ သနပ်ခါးများ ကို ကျွန်တော် ကိုယ်တိုင် ခွံ့ ခဲ့ ဖူးသည် ။ သမီးလေး စည်း သော ကြက်တောင်စည်းလေး များ အတွက် ကျွန်တော်ကိုယ်တိုင် ကြိုးကလေးများ ဝယ်ပေး ခဲ့ ဖူး သည် ။


သမီး ကျောင်း တက်တော့ သမီး ဘေး တွင် တခြား ကလေးများ နည်းတူ မိန်းမကြီး တစ်ယောက် အစား ယောက်ျားကြီး တစ်ယောက် ဖြစ်နေသည် ကို သမီး က တော့ ထူးထူးခြားခြား အနေ ဖြင့် အမြင် ဆန်း ချင် ဆန်း နေလိမ့်မည် ။ သို့သော် မိဘများ ဆီ မှ တခြားကလေးများ ရ သည့် အကြင်နာများ ထက်တော့ ကျွန်တော့် ဆီ မှ သမီး ရသော အကြင်နာ များ သည် နည်းနည်း မှ လျော့လိမ့်မည် မဟုတ် ။ အခု ဆို ... 


“ အသေဝနာစ ဗာလာနံ

ပဏ္ဍိတနဉ္စ သေဝနာ 

ပူဇာစ ပူဇနေယျာနံ ... ” 


ဟူသော ပါဠိ လို သင် ရသည်များ ကို သမီး က ကျက် ဖို့ မပျင်း တော့ ။ အလွယ်တကူ နားလည်တတ်ခဲ့ လေပြီ ။ ထို အတိုင်း လည်း စွဲစွဲမြဲမြဲ သမီး လိုက်နာ ခဲ့ ပါသည် ။


ပညာရှိ ကို မှ လူတွေ က ပေါင်းသင်းကြ မှာ ဟု ဖွဖွ ရွတ် ကာ ပညာ တတ် အောင် သမီး က စာကြိုးစား လေသည် ။ ဆရာ / ဆရာမ များ ကို လည်း တပည့်ဝတ် ကျေပွန်စွာ သမီး ရိုရိုသေသေ ဆက်ဆံ ကြောင်း ဆရာ / ဆရာမများ နှင့် တွေ့လျှင် ချီးမွမ်း စကား ကြား ရ၏ ။ 


လိမ္မာယဉ်ကျေးသော သမီး ကို ဆရာ / ဆရာများ က အလွန် ချစ်၏ ။ သို့သော် သမီး က ရုပ် တည်သည် ။ စကား ဆို လျှင် အပို မပြော ။ ချစ်အောင် လည်း မပြော ။ မုန်းအောင် လည်း မပြော ။ လိုအပ် မှ သာ အထိရောက်ဆုံး စကား ကို ဆိုလေ့ရှိသည် ။ သူ စကား များများ ပြော သည်မှာ ကျွန်တော် တစ်ယောက် တည်း ပဲ ရှိသည် ။ သူ ကျောင်း က ပြန်ရောက် လျှင် ဘာတွေ ဖြစ်ခဲ့သည် ။ ဘယ် ဆရာမ က သူ့ ကို ဘယ် လို ပြောပြီး ဘယ် သူငယ်ချင်း က ဘယ်လို ပြောသည် ဟု ပြန် ပြော၏ ။ သူ လုပ် သမျှ ဖြစ်ပျက် သမျှ ကို ကျွန်တော့် အား မလျှို့မဝှက် အသိ ပေး တတ်သော အကျင့်ကောင်း တစ်ခု တော့ သမီး က စွဲမြဲစွာ ကျင့်သုံး သည် ။


သမီး ငယ်စဉ်က အဖြစ်အပျက်လေး တစ်ခု ကို ကျွန်တော် အခု ထိ မှတ်မိ နေ ပါသည် ။ သမီး တွင် သူငယ်တန်း ကတည်း က ပေါင်းသော သူငယ်ချင်း ဟူ ၍ ရှားရှားပါးပါး တစ်ယောက် တည်း သာသည် ။ ထို ကောင်မလေး က သမီး  အား အလွန် ချစ်သည် ။ သမီး မှ လွဲ၍ ဘယ်သူ့ မှ သူ့ သူငယ်ချင်း က အထင် မကြီး ။ သမီး က စာ တော်သည် ။ လိမ္မာသည် ၊ သူ့ သူငယ်ချင်း မှ လွဲ၍ ဘယ်သူ နှင့် မှ မပေါင်း ။ ထိုအချက် ကို သူ့ သူငယ်ချင်း က သဘော ကျ ၏ ။ လေးတန်း ရောက် တော့ သမီး ကို ခင် ချင်သော အတန်းဖော် ကောင်မလေးများ က သမီး ကို သိသိသာသာ ရော လာသည် ။ မုန့်စား ဆင်း လျှင် ထမင်း အတူ လာ စား တာ ၊ ကစား ဖို့ အဖော် ညှိတာတွေ လုပ်လာသည် ဟု သမီး က ပြန် ပြော၏ ။


ထိုအခါ ထို ကောင်မလေး က မကြည်လင် တော့ ။ သမီး ကို သူ့ တစ်ယောက်တည်း နှင့် ပဲ ခင်စေချင်သည် လေ ။ တခြား သူ တွေ ကို သူ့ ထက် ပို ခင်သွား မှာ စိုးရိမ် ဟန် ရှိ၏ ။ သမီး နှင့် အတန်းဖော်များ ကြား တွင် သမီး သူငယ်ချင်း က ကလေးဉာဏ် ဖြင့် စကား ရှုပ်သည် ဆို၏ ။ ဘယ်လို့လဲ ဆို သူတို့ က ကျွန်တော့် သမီး ကို ကွယ်ရာ မှာ ဘယ် လို ပြောတယ် ပေါ့ ။ သမီး က လည်း သူတို့ ကို ဘယ်လို ပြန် ပြောတယ်ပေါ့ ။ နောက်ဆုံး သမီး က မဟုတ်မခံ မို့ ထိပ်တိုက် သွား ရှင်းတော့ အလိမ် ပေါ် သွားရော ဗျာ ။


“ သူ ရှုပ်တာ ၊ သူ ဗလောင်းဗလဲ လုပ်တာ ” ဟု သမီး က သူ့ သူငယ်ချင်း ကို စိတ် ဆိုး၏ ။ “ သူ ငါ့ ကို ခင်လို့လေ ” ဟု မတွေးတတ် ။ “ လူမိုက် ဆိုလျှင် ရှောင်သွေလွဲလို့ ” ဆိုတာ ကို ပဲ သမီး ခေါင်း ထဲ စွဲနေ၏ ။ သူ မဟုတ်တာ လုပ်ကြံ ပြော တတ်တယ် ။ သူ အကျင့် မကောင်းဘူး ၊ သူ လူဆိုးလူမိုက် ဟု သမီး က မှတ်၏ ။ သူ့ ကို မပေါင်းသင့်ဘူး ၊ သူ့ ကို ရှောင်ရမယ် ဟု သမီး စိတ် ထဲ တွေး ကာ “ နင် က အကျင့် မကောင်းဘူး ၊ နင့် ကို ငါ မပေါင်းဘူး ” ဟု ပြော လိုက်သည် ဆို၏ ။ ထို ကောင်မလေး စိတ် ထိခိုက်သွားလား ဘာလား လဲ သမီး က မသိ ။ သမီး က တော့ ထို ကောင်မလေး ကို လုံးဝ လှည့် မကြည့်တော့ ။


သမီးတို့ ကျောင်း သည် မူလတန်း ကတည်း က ပင် ကျောင်းတက် ခေါင်းလောင်း သံ ကြားတာ နှင့် ဘုရားရှိခိုး စာ ရွတ်ရ၏ ။ ကဗျာလေး လို ရွတ် ရသော ဘုရားရှိခိုး မျိုး ကို သမီး က ပို၍ သဘောကျ ပါသည် ။ 


“ သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊ 

သောင်းခွင်စကြဝဠာ ၊ နတ်ဗြဟ္မာတို့ ၊

ညီညာရုံးစု ၊ တောင်းပန်မှုကြောင့် ...”


ထို ရှစ်နေ့ ဘုရားရှိခိုး ရွတ် ရ လျှင် သမီး က အားရပါးရ ပူဇော်တာ ပေါ့ ဟု ပြန် ပြော၏ ။ ဗုဒ္ဓ ၏ ဖြစ်စဉ် ၊ ဗုဒ္ဓ ၏ အဆုံးအမ နှင့် နိပါတ်တော် ကြီးများ ကို စာအုပ် အထူကြီးများ လှန် ကာ အချိန် ရတိုင်း သမီး ဖတ် နေတာ တွေ့ရသည် ။


ထိုသို့ ဗုဒ္ဓ ၏ အဆုံးအမများ ကို အမြဲမပြတ် ဖတ်ရှု နာကြား နေ ပေမယ့် တကယ် တကယ် သမီး လုပ် လာသော အလုပ် က တော့ “ အနု ပညာ ” ။


ကျွန်တော် က သမီး ကို ဘာလုပ် ဘာလုပ် ဟု အမိန့် ဆန်သော ညွှန်ကြားမှုမျိုး ကို ဘယ်တော့မှ မပြော ။


ဘယ်ဟာ က အမှန် ၊ ဘယ်ဟာ က အမှား ဟု ဝေဖန် အကြံ ပြု သော အလုပ် ကို သာ လုပ် လေသည် ။ သမီး ကို ဆုံးဖြတ်ချက် ချတတ် အောင် မှန်တယ် ထင်ရာ ရွေးချယ်တတ်အောင် ၊ ကိုယ့် ဆုံးဖြတ်ချက် ကို ကိုယ် တာဝန်ယူရဲ သည့် အသိ ရှိအောင် သာ လေ့ကျင့် ပေး ထားသည် ။ ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ် ၊ မကောင်းတာ လုပ်ရင် မကောင်းတာ ဖြစ်မယ် ဟု စိတ် ကို နေရာတကျ ထား တတ်သော နည်း မျိုး ကို သမီး အနေ ဖြင့် လက်တွေ့ အသုံးချ နေတတ်ပြီ ဖြစ်ကြောင်း ကျွန်တော် ယုံကြည်၏ ။


ကျွန်တော့် သမီး သည် ပညာရေး တွင် သာ မက ငယ်စဉ် ကတည်း က ဘက်စုံ ထူးချွန်ခဲ့သော ကလေး ဖြစ်သည် ။ ကဗျာရွတ် ပြိုင်ပွဲ ၊ စာစီစာကုံး ပြိုင်ပွဲ တိုင်း တွင် အမြဲ ဆု ရသည် ။ ကျောင်းကပွဲ တိုင်း တွင် လည်း သမီး က မပါ မနေရ ပါ ရသည် ။ ကျွန်တော် က လည်း ပညာရေး ဘက် တွင် တာဝန်ကျေ နေသော သမီး ၏ အခြား အခွင့်အရေးများ ကို မပိတ်ပင်ပါ ။


ယခု တော့ တက္ကသိုလ်ကျောင်းသူကြီး ဖြစ် နေသော သမီး သည် အနုပညာပိုး တစ်စခန်း ထ လာပြန်သည် ။


တစ်နေ့ တော့ သမီး က ကျွန်တော့် ကို ‘ ဖွင့်ကြည့် ’ ဟု ခပ်ကြွားကြွား လေသံလေး နှင့် ပြော ကာ ကက်ဆက်ခွေ တစ်ခွေ ကျွန်တော့် လက် ထဲ လာ ထည့်၏ ။ သမီးတို့ မေဂျာ မှ ကျောင်း အမှတ်တရ လုပ် သော စီးရီး တွင် သမီး က နှစ်ပုဒ် ဝင် ဆိုပေး ထားသည် တဲ့ ။ ကျွန်တော် ပထမ တော့ အနည်းငယ် ပီတိ ဖြစ် မိ၏ ။ ဘယ်နေရာ ရောက်ရောက် ထူးချွန် နေ သော သမီး ၏ ထူးခြားသော အရည်အချင်း များ ကို  မြင်ရ တိုင်း ဖခင် ဖြစ်သော ကျွန်တော် မှာ ကျေနပ် ကြည်နူး မိသည် မှာ အမှန် ပင် ။ သို့သော် နောက်ဆက်တွဲ ပြော လာသော သမီး ၏ စကားများ ကို ကြား ရချိန် မှာ တော့ ကျွန်တော် အလွန် အံ့ဩ သွား၏ ။


“ သမီး အဆိုတော် လုပ်ချင်တယ် ဖေဖေ ၊ အမေ အမွေ ပေး ခဲ့တဲ့ သမီး ရဲ့ ကိုယ်ပိုင်ငွေ နဲ့ သမီး ကို စီးရီး လုပ် ခွင့် ပေးပါ ။ သမီး ရဲ့ အရည်အချင်း ကို ပြ ခွင့် ပေးပါ နော် ”


ကျွန်တော့် ရှေ့ က သမီး မှာ ကျွန်တော် ဖြစ်စေချင် မြင်နေချင် သော သမီး မဟုတ်တော့ သလို ခံစား လိုက် ရသည် ။ ပညာတတ် သမီး အလိမ္မာ တစ်ယောက် အဖြစ် သမီး ကို ဂုဏ်ရှိရှိ ဝင့်ကြွားစေ ချင်သော ကျွန်တော် မှာ အနုပညာသည် တစ်ယောက် အဖြစ် ဘဝင်မြင့် စိတ်ကြီး ဝင် နေချင်ဟန် ရှိသော သမီး ဘဝ အတွက် စိုးရိမ် သွား မိ၏ ။ 


“ ခွင့် မပြုနိုင်ဘူး သမီး ”


ကျွန်တော် ဘာကို ဆိုလိုမှန်း သမီး သိပါသည် ။ အိမ်ရှေ့ခန်း မှ ကာရာအိုကေစက်များ ကို ဘယ်နား သွား ထား၍ ဘာ လုပ် ပစ်ရမည် မှန်း မသိသော စိတ်များ ဖြင့် ကျွန်တော့် မျက်စိ တို့ ယောက်ယက်ခတ် သွားပြီး မျက်နှာ ပျက် မိ၏ ။


“ သမီး က ကိုယ့် အရည်အချင်း ကို ကိုယ် ယုံကြည်မှု ရှိ သလို ဖေဖေ က များ သမီး ကို အားပေးမလား လို့ ”


သမီး က ခေါင်းလေး ငုံ့ကာ အသံတိမ်လေး နှင့် ပြောပြီး လှည့် ထွက် သွား၏ ။ ကျွန်တော် ၏ ကန့်ကွက်မှု ကို သူ စောဒက တော့ မတက်ပါ ။


နောက်နေ့ တွေ မှာ တော့ သမီး ကို မသိမသာ စောင့်ကြည့် မိ သော အလုပ် တစ်ခု ပို လာ၏ ။ စာရွက်တွေ နှင့် တကုပ်ကုပ် ရေး နေ လိုက် ၊ စာအုပ် အထူကြီးတွေ ဖတ် နေလိုက် နှင့် တစ်ခါတစ်ရံ တော့ သမီး က သူ ချစ်သော သူများ ၏ ပုံတူ ကို ခဲပန်းချီ ဖြင့် အပျင်းပြေ ထိုင် ဆွဲ နေတတ်သေးသည်ကို တွေ့ ရ သေးသည် ။ “ သမီး က ဘာ ဖြစ်ချင်နေ တာလဲ ” ။ ကျွန်တော့် အာရုံ မှာ အချိန် အားတိုင်း ထို မေးခွန်း က ဝင်လာ၏ ။


တစ်နေ့ တော့ “ သမီး ဝတ္ထု ရေးနေတာ ” ဟု ပြောလာ၏ ။ ကျွန်တော် က တော့ စိတ်ပူစွာ ဖြင့် သမီးများ ရည်းစား ရှိနေပြီလား ၊ အချစ်အကြောင်းတွေ ရေးတတ် နေပြီလား ဟု အတွေး လွန် မိပါသည် ။ ညဘက် တွေ ဆို တော်တော် နှင့် မအိပ်ဘဲ ဖုန်း ပြောလိုက် ၊ စာ ရေးလိုက် နှင့် အလုပ် ရှုပ် ကာ သမီး က ကျွန်တော့် နှင့် တောင် စကား များများ မပြောဖြစ်တော့ ။ ဘုရားစာအုပ်တွေ လောကနီတိတွေ ဖတ် ကာ ကြီး ပြင်း လာ သော ကျွန်တော် ၏ သမီးလေး ဘယ်လို ရည်ရွယ်ချက်တွေ ကြောင့် ဘာတွေ လုပ် နေသလဲ ကျွန်တော် တွေး မရသေးပါ ။


တစ်ည တော့ သမီး ဖုန်း အချ ကို စောင့် ကာ ကျွန်တော် သမီး ကို ဆူ မိ၏ ။ စိတ်ကူးယဉ် ဇာတ်လမ်းတွေ နှင့် အချိန် ဖြုန်း တာ ကို ကျွန်တော် အထင် မကြီးနိုင်ကြောင်း ၊ စိတ် လေလွင့် စိတ် ကစားတာ မလိုအပ်ဘဲ ဖုန်း အကြာကြီး ပြောသည် ကို ကျွန်တော် သဘော မကျကြောင်း ။ ကျွန်တော် က တော့ အစိုးရိမ် လွန်ကာ ပြောမိတာ ဝန်ခံပါသည် ။ သမီး က ထို ည က ကျွန်တော့် ကို ဘာမှ ပြန် မပြော ။ ပြီးတော့ သူ ခိုးကာ ငို ပါသည် ။ 


နောက် တစ်ပတ် ကြာ တော့ မဂ္ဂဇင်း စာအုပ်လေး တစ်အုပ် ကျွန်တော့် ကို လာ ပေး၏ ။ သမီး နာမည်လေး ဖြင့် အယ်ဒီတာ မှ လက်မှတ် ထိုး ကာ မေတ္တာ လက်ဆောင် ပေး ထား တာ မြင်တော့ ကျွန်တော် အံ့ဩ ရ ပြန်သည် ။


မာတိကာ ကို လှန် ကြည့် မိ တော့ သမီး ရေး ထားတဲ့ ဝတ္ထုတို ကလေး ပါ ကြောင်း သိ ရ၏ ။ ထို ဝတ္ထုလေး ကို ဖတ်ပြီး မှ သမီး ကို ကျွန်တော် နားလည် သွားပါသည် ။ သူ့ ကြီးကြီး ဆီ ဖုန်း ဆက် ကာ သူ့ ငယ်ဘဝ အကြောင်းလေး တွေ မေးမြန်း ပြီး အဖေ တစ်ခု သမီး တစ်ခု ဘဝလေး ကို သူ့ ကိုယ်တွေ့ ၊ သူ့ ခံစားချက် ဖြင့် ရေး ထားသော အကြောင်းလေး ကို ဖတ် ရ၏ ။


ပြီးတော့ သမီး က သူ့ အိပ်ခန်း ထဲ မှ စာအုပ်စင်ကလေး အား လိုက် ပြ ပါသည် ။ ဒဂုန်တာရာ ၊ ဖေမြင့် ၊ ဂျာနယ်ကျော် မမလေး ၊ ခင်နှင်းယု ၊ ဂျူး ၊ ဦးသုခ မှ စ၍ ဂေါ်ကီ ၊ ဂျွန်စတိန်းဘတ် ၊ ဂျက်လန်ဒန် ၊ ချက်ကော့ တို့ အပြင် New York Times Bestseller! စ တဲ့ စာကြီး ပေကြီးတွေ အထိ အင်္ဂလိပ် ၊ မြန်မာ စာအုပ်ပေါင်းစုံ ကို တွေ့ ရ၏ ။ သီချင်း မဆိုတော့ပါ ဟု ကတိ ပေး လာသော သမီး ကို စာ ဆက် ရေး ခွင့် တော့ ကျွန်တော် ပေး ခဲ့ ရ ပါသည် ။ စာအုပ်တိုက် က သမီး ၏ စာအုပ် အဖုံး ကို သမီး ဓာတ်ပုံ သုံးခွင့် တောင်း တော့ ကျွန်တော် အကြီး အကျယ် ကန့်ကွက် ရ သေး၏ ။


ဘာပဲပြောပြော သမီး ကို ကျွန်တော် လေးစား သွား မိပါသည် ။ ဘာလုပ်ပါ ဟု မပြောဘဲ ဘာလုပ်သင့်သည် ဟု သာ အကြံ ပေးခဲ့ဖူးသော ကျွန်တော့် ၏ အဆုံးအမ ကို သမီး က စနစ်တကျ လိုက်နာ နိုင်ခဲ့သည် ။ စိတ်ဓာတ်ရေးရာ မှာ ခိုင်မာ တည်ကြည် လွန်း သော သမီး ကို ကျွန်တော် အထင် မသေးဝံ့ပါ ။


သမီး ကို ပြည့်ပြည့်ဝဝ ကျွန်တော် ယုံကြည်ပါသည် ။ ယနေ့ မှ စ၍ ကျွန်တော့် သမီး ကို ကျွန်တော် မျက်စိ မှိတ် ၍ စိတ်ချ နိုင်ပါသည် ။


◾ရွှေထိုက်


📖 ကြယ်ကိုးစင်း နဲ့ လင်းတဲ့ကောင်းကင်


#ကိုအောင်နိုင်ဦး


.