Thursday, June 27, 2024

ကိုပီတိ နှင့် ဆုတောင်းသစ်


 ❝ ကိုပီတိ နှင့် ဆုတောင်းသစ် ❞


“ နင် ဟိုတလော က ခံလိုက်ရသဆို ။ ငါ့ မယ် ကြားကြားချင်း ရယ် လိုက်ရတာ ။ ပီတိ နှယ်နော် ၊ ကိုယ် မကျွမ်းကျင်တဲ့ ခွင် ထဲ ကို မှ  မဆင် မခြင် ဝင် တိုး ရတယ်လို့ ဆိုပြီးတော့ လေ ... အဟက် ... ဟက် ” 


ပါးစုံ့ကြီးတွေ တုန်ပြီး နီရဲ လာ တဲ့ ထိ သွား တစ်ချောင်း မှ မရှိ တော့တဲ့ သွားဖုံး မည်းမည်းကြီးတွေ ပေါ် အောင် အားရပါးရ ရယ် နေတဲ့ အမေနန်း ရဲ့ မျက်နှာဝိုင်းဝိုင်းကြီး ဟာ စာကလေး မွေးခါစ ရေနစ် နေတဲ့ အတိုင်းပဲ ။ ကိုပီတိ ခါတိုင်း လို လိုက်ရယ်  ရမယ့် အစား အမေနန်း ကို ကုပ် က ဆွဲပြီး မီးကင် စားချင်စိတ်တွေ ပေါ် နေတယ် ။ စည်ပင်သာယာ ဝန်ထမ်းတွေ ကို ပွဲငှား မှတ်ပြီး ပွဲစား ဝင် လုပ်မိတဲ့ သူ့ အဖြစ် က လည်း သဘင်လောက ရဲ့ နောက်ဆုံး ပေါ် ဟာသ တစ်ခု လို ပြောစမှတ် ဖြစ် နေတာ့တာ ကိုး ။ ခွင့်ပြုချက် မယူပဲ ဆိုင်းဘုတ် တင် မိလို့ ဒဏ်ကြေး ဆောင်လိုက် ရ တဲ့ ဇာတ်ဆရာ ဆို တာ ခုချိန် ထိ သူ့ ကို စကား မပြောတော့ဘူး လေ ။ အမေနန်း အရယ် ရပ် ၊ မျက်နှာ ပိုး သတ်ပြီး ဆက် ပြောတယ် ။


“ ထီးဖြူ ၊ ဖိနပ်ပါး ဆိုပြီး စကားပုံ ရှိပေမယ့် ငါတို့ ပွဲစား လုပ်ငန်း ဟာ ဘယ်လောက် ပညာပါတယ် ဆိုတာ သိပြီ မဟုတ်လား ၊ တော်ရုံ ပညာ နဲ့ မရနိုင်ဘူးကွယ့် ”


“ သင်တန်းလေး ဘာလေး ပေးလိုက်ဦး အမေနန်း ရေ ၊ ခိုးချင် တာ လည်း ပျာ လို့ ၊ လက်နှေး တာ လည်း ချာလို့ ဆိုတာ ဒီ လူစားမျိုး ပေါ့ ”


လက်ဖက်သုတ် ပန်းကန် ကို ချရင်း မဒမ်ပီတိ က ဝင် ချွန် လိုက် တယ် ။ ဟဲ့ ... ကောင်မ ရဲ့ ၊ နင် ဘောလုံး လောင်းချင်လို့ ငါ့ မယ် ကြံမိကြံရာ ဝင် ရော လိုက်ရတာ ဘာ တတ်နိုင်မှာလဲ ဟဲ့ ။  ထွီ ... နင် ဟာ လင်ရတနာ ကို ထင်ရာ ခိုင်း နေတဲ့ အရိုင်းမ ဟဲ့ ... နင် ဟာ စီး တဲ့ ရေ ဆည် တဲ့ ကန်သင်း မဟုတ်ဘူး ။ စီး တဲ့ ရေ သွယ်တဲ့ မြောင်း ဟဲ့ ။ ငါ ရှေ့ က ကုန်းရုန်း ပြီး ရှာ သမျှ နင် နောက် က ပြုံးပြုံးကြီး ခဝါချ ဖြုန်းတီး နေတာ မဟုတ်လား ဟင် ။ နင် စွမ်းစွမ်းတမံ ဘာများ ရှာပေး ဖူးလို့လဲ ။ ပွဲ အက ခိုင်း ၊ စာ ပေါင်းစုံ အရေး ခိုင်း ၊ ငွေ ရမယ် ထင်တဲ့ နေရာ မှန်သမျှ ဇွတ် အသွား ခိုင်း ၊ ရ လာ ရင် တဟီဟီ ၊ မရခဲ့ ရင် တဂျီ ဂျီ လုပ်နေတဲ့ ဟာမ မဟုတ်လား ဟဲ့ ။ ကစားဝိုင်း ပေါင်းစုံ ကို သွား ကစား တော့ လည်း နိုင် လာ ရင် နင် ညွှန်ကြား လို့ ၊ ရှုံးသွားရင် နင် တားရက် နဲ့ ငါ နားမထောင် လို့ နဲ့ ။ နင် ဟာ မိန်းမညွန့် ၊ မိန်းမစီး ၊ မိန်းမလည် ဟဲ့ ၊ ထွမ် ... ။


ကိုပီတိ ရဲ့ မျက်လုံး အကြည့် ဟာ အဲဒီ အဓိပ္ပာယ် အပြည့် ဆောင် ပါတယ် ။ နှုတ် က တော့ တစ်ခွန်း မှ မထွက်ပါဘူး ။ အမေနန်း လက်ဖက်သုပ် တစ်ဇွန်း ကော် စားရင်း ...


“ ပွဲစား ဆိုတာ ပြောင် သုံးပြောင် နဲ့ ညီညွတ်ရတယ် ပီတိ ရဲ့ ” 


လွတ်လပ်ရေး ရပြီး ကတည်း က အငြိမ့်စုံ ၊ ဇာတ်စုံ ၊ အိမ်စုံ မြေကွက်စုံ ကို မျက်မှောက်ခေတ် အထိ လူငယ်တွေ နဲ့ အပြိုင် ပွဲစား လုပ် နေတဲ့ သံမဏိရှည် ဝါရင့်ပွဲစား ပီပီ အမေနန်း က အခြေခံ နဲ့ စ လိုက်တယ် ။ ကိုပီတိ ခပ်ယို့ယို့ လေပျော့လေး နဲ့ ... 


“ အမိန့်ရှိပါဦး အမေ ခင် ဗျ ၊ ပြောင် သုံးပြောင် ဆိုတာ ... ” 


“ အဝတ်အစား ပြောင်လက်ရမယ် ကွယ် ၊ ဒါမှ ကိုယ့် ကို အထင်ကြီး တော့ မှာ ပေါ့ ။ နောက် တစ်ခု က စကားလုံး ပြောင် ရတယ် ။ ဒါမှ ကိုယ့် စကား ကို လေးစားပြီး ကိုယ် ဆွဲရာ ပါမယ်လေ ။ အဲ .. အရေးအကြီးဆုံး အချက် က မျက်နှာ ပြောင် ဖို့ပဲ ၊ မဝံ့မရဲ မလုပ်ရဘူး ၊ အခုမှ တွေ့ဖူး ပေမယ့် ငယ်ပေါင်းတွေ လို အတင်း ဝင် ၊ အတင်း ပြော နိုင်ရမယ် ။ ဒါ ပွဲစား ပညာ ရဲ့ ပထမ ပဲ ” 


လက်ဖက်သုတ် ပန်းကန် ကို နှိုက်တယ် ။


“ ပြီးတော့ တစ်ဖက် လူ ကို အပိုင် အကဲခတ် တတ် ရတယ် ”


တစ်ဇွန်း ကော် စာရင်း ပါးစပ် ကို လက်ကိုင်ပုဝါ နဲ့ သုတ်တယ် ။ စကား ဆက် ပြောတယ် ။


“ ဒီ လူဟာ ပွဲငှား အစစ်လား ၊ အင် ပွဲငှားလား ” 


ပန်းကန် နှိုက် စကား ဆက် ။


“ အင် ပွဲငှား ဆိုတာ တကယ် ငှားမယ့်သူ က စုံစမ်း ဖို့ လွှတ်လိုက် တဲ့ ကောင်မျိုး ”


တစ်ဇွန်း ထပ် ကော် ၊ ဆက် ပြော ။


“ အဲဒီ ကောင် ရဲ့ စရိုက် က ပွဲရက် မေး ၊ ပွဲဈေး စုံစမ်းမယ် ” 


စား ၊ ပါးစပ် သုတ် ၊ ပန်းကန် ချ ။


“ အဲဒီ လူမျိုးကို ပွဲနလင် ” လို့ ခေါ်တယ် ၊ ခပ်လည်လည် ကောင် ဆိုရင် သူ့ အတွက် ပွဲကြေး ထဲ မှာ ထပ် သွင်း ထားတယ် ” 


နှိုက် ၊ ကော် ၊ စား ။


“ တချို့ ကတော့ ...”


ပါးစပ် သုတ် ၊ ပြန် နှိုက် ၊ ကော် ၊ 


“ အဖွဲ့ တကာ ကို စုံစမ်းပြီး သား ... ”


စား ၊ သုတ် ။


“ လွယ်အိတ် ထဲ မှာ ပိုစတာလိပ်တွေ တစ်ပုံကြီး ပါတတ်တယ် ၊ သိပ် အရော မဝင်နဲ့ ၊ ကိုယ့် ဆီ က လက်ဖက်ရည် ကပ် သောက်သွား မယ့် လူမျိုး ၊ အမလေး .. စပ်လိုက်တာ ။ ရေလေး တစ်ခွက် ပေး ကြဦးဟဲ့ ”


ရေသောက် ၊ ထပ် နှိုက် ၊ စား ၊ ပြော ။


“ အရေး အကြီးဆုံး က ထောင်မြင် ရာစွန့်ရဲတဲ့ သတ္တိ ရှိပစေ ၊ ရင်း မှ မြတ် ၊ သင့် မှ ကပ်သတော်ရေ ၊ ကိုင်း ... သွားမယ် အေ ၊ ဒါဆို လုပ်စားလို့ ရပါပြီ ”


လက်ဖက်သုတ် ပန်းကန် ထဲ မှာ ကြက်သွန် တစ်ဖတ် မှ မကျန်တဲ့ ထိ ပို့ချပြီး အမေနန်း ပြန်သွားတယ် ။ ထုံးစံ အတိုင်း မဒမ်ပီတိ က မျက်လုံးပြူးကြီး နဲ့ ကြည့်ပြီး ...


“ ကိုင်း ... ”


စကား အဆက် မခံပါဘူး ၊ ကျာပွတ်သံ ကြား လိုက်ရတဲ့ ဆပ်ကပ် ထဲ က ကျားများ လို ကိုပီတိ ခနဲ ထိုင်ရာ က ထပြီး ပွဲ ပါးခိုက် ပွဲစား တစ်သိုက် ရှိရာ ကို ခြေကုန်သုတ် လာခဲ့ပါတော့တယ် ။


   •••••   •••••   •••••


“ ရှမ်းပြည်နယ်ပွဲ နှစ်ပွဲ က တစ်သောင်း ၊ မြစ်ကြီးနားပွဲ က ငါးထောင် ဆိုတော့ ဒီလ အတွင်း အတော် ကိုက်တာပဲ ၊ ဒီလိုသာ ပုံမှန် ဝင်မယ် ဆိုရင် ညပိုင်း အငြိမ့် က နေ့ပိုင်း ပွဲစား လုပ် .. ဟီဟိ ညကြေး နဲ့ နေ ကြေး တစ်လ တစ်လ ငါးသောင်း က တော့ အနည်း ဆုံးပေါ့ တော် ”


ဘုရား ... ဘုရား ၊ ရက်စက်လှချည်လား သူငယ်မ ရယ် ။ ငါ့ အသက် ငါးဆယ် ရှိပါပြီ ။ တိုတိုလေး ကျန်တော့ တဲ့ ရှင်သန်ခွင့် လိုင်စင်ကလေး ကို အညှာတာ မဲ့ ခိုင်းပြီး သက်တမ်း လျှော့ မပစ်ပါနဲ့ လား ကွယ် ”


“ ကိုကို့ ကို သနား လည်း သနားပါတယ် ၊ အားလည်း ကိုးပါတယ် ” 


သကာ လူး ထားတဲ့ နဖားကြိုး တွေ ပါ လား ။


“ ရှေ့နှစ် ကျရင် အငြိမ့် ထဲ လိုက် မက နဲ့ နော် ၊ နယ်ဝေး တွေ သွား ရတာ ပင်ပန်းလှပါပြီ ”


ဪ ... ဒီလိုတော့ လည်း ကြင်နာတတ်ရှာသားပဲ ။ ကျုပ် မှားတယ် ခလေးမ ရယ် ။ သမီး အရွယ်လေး ကို ယူ ထားပြီး ကလေးတစ် ယောက် လို ပြောချင် ရာ ပြော ၊ နွဲ့ဆိုး ဆိုး နေတာတွေ ကို ဗွေယူ မိတာ ကျုပ် ကို ခွင့်လွှတ်ပါ ။ ကိုပီတိ ရင် ထဲ မှာ ဆို့ဆို့နစ်နစ်ကြီး ဖြစ် လာတယ် ။ ဇရာ ထောင်းစ ပြု နေတဲ့ လင်အိုကြီး ကို အရွယ် ကောင်း နေ သေးတဲ့ မင်းကလေး တစ်လှည့် အလုပ်အကြွေး ပြုဦးမယ် ဆိုပါ တော့ ။ လှိုက်ခနဲ ဝမ်းသာစိတ် အဟုန်ကြောင့် ကိုပီတိ အသံတုန်တုန် ကြီး နဲ့ ... 


“ ကိုကို ၊ အငြိမ့် ထဲ မှာ ရှေ့နှစ် ကျရင် လိုက် မကရတော့ဘူး ၊ ဟုတ်လား ”


“ အင်းပေါ့ ၊ ဆိုင်း ထဲ မှာ နောက်ထ လုပ်ဖို့ ကျွန်မ အလုပ် စပ် ထား ပြီးပြီ ”


“ ဟမ်း ... ”


ကိုပီတိ မျက်လုံး ထဲ မှာ မြက်ထုံးတွေ ၊ ကောက်ရိုးထုံး တွေ ကို စီကာ ရီကာ မြင်ယောင် လာပါတော့တယ် ။


   •••••   •••••   •••••


“ ဘုရားသခင် သည် လောက ကို စိုပြေစေခြင်း ငှာ သဘင်သည် အလွှာ ကို ဖန်ဆင်းအံ့ ဟု ကြံစည်တော် မူနေချိန်တွင် မာရ်နတ် သည် အငြိမ့်ဇာတ်ပွဲများ ကို မွေးဖွားပြီး လေပြီ ”


ဘယ်သူ့ အဆိုအမိန့် မှ မဟုတ်ပါဘူး ။ ကိုပီတိ ရဲ့ ကိုယ်ပိုင်အတွေး အခေါ် သာ ဖြစ်ပါတယ် ။ ဘယ်နှယ့်ဗျာ ... လမ်းပေါ် မှာ တဘက် ခေါင်းပေါင်း ပြီး ပေစောင်းစောင်း နဲ့ လျှောက် လာတဲ့ လူ သိုက်မြင် တာ နဲ့ အတင်း ချဉ်းကပ် ၊ သူတို့ ငှားချင်တဲ့ ဇာတ် ၊ အငြိမ့်တွေ ထက် ကိုယ့် ကို ပွဲခ ပို ပေးတဲ့ အဖွဲ့အစည်း ကို မငှား ငှားအောင် လီဆယ် ဖြားယောင်း နည်းပေါင်းစုံ နဲ့ စည်းရုံး ရတော့တာ ခမျာများ မှာလဲ ပြောဖန် များတော့ နားယောင် ၊ အောင်မြင်တဲ့ အဖွဲ့ ကို ဘေးချိတ် ၊ ဖြစ်ကတတ်ဆန်း ဖြတ်လမ်း က ခါးဖြတ်အဖွဲ့ ကို ငှား သွားကြ ၊ ပွဲ က တဲ့ အချိန်ကျ ရွာ က မကြိုက် ၊ သွား က တဲ့ သူ ကလည်း မျက်နှာ မလှ ၊ ငှားရသူ အတွက် လည်း သက်သာရာ မရ ။ ပွဲစား က တော့ ပွဲခ မတန်တဆ နဲ့ ဇိမ် ကို ကျလို့ ။ ဇာတ်သမားတွေ ရဲ့ ဘဝ ပြဿနာ ကို အရ အမြတ် ရှာ နေရတဲ့ ဘဝ ။


ဒီလိုနဲ့ လူရွှင်တော် ကိုပီတိ ပွဲစား ပင့်ကူမျှင် မှာ ငြိ နေလိုက် တာ မိုးကုန် က ဆောင်းကူး ၊ အောက်တိုဘာ နှင်းပွင့် တွေ မျက်နှာ ရူး တဲ့ ကာလ ကို ရောက်ပါလေ ရော ။ မန္တလေး ဝန်းကျင် က သဘင်သည် တို့ လည်း ရေခဲချောင်းတွန်းလှည်း စွန့် သူ စွန့် ၊ ဆိုက်ကား ကို အုံနာ ပြန် အပ် သူ က အပ် ၊ ကွမ်းယာဆိုင် ကို အငှားပေးသူ ပေး နဲ့ ပေါင် ထားတဲ့ တောင်ရှည်ပုဆိုး တွေ ၊ ဘော်ကြယ်ထိုးထဘီ တွေ ပြန် ရွေး လို့ ဘဝလေး တွေ လိပ်ပြာ လှုပ် လာ ပါရော ။


“ ဒီနှစ် ဆောင်းတွင်း အတော် အေး လိမ့်မယ် ၊ ကိုကို လည်း အသက် ကြီးပြီ ၊ ဂွမ်းကပ် တစ်ထည် တော့ ထပ် ဝယ် လိုက်ဦး ၊ ရှမ်းပြည်နယ်ပွဲ တွေ ဆိုရင် တအား ချမ်း မှာ ၊ လေးထောင်တန် ဆို အတော် နွေးပြီ ”


ငါ သိပါတယ် သာလိကာ ရယ် ။ ပေါင်း လာတဲ့ သက်တမ်း နည်း မှ မနည်းတော့ တာ ။ နင်ဘာ စကား ပြောရင် ဘယ် ရည်ရွယ်ချက် ဆိုတာ သိပြီးသား ။ ငါ့ ကို ဂွမ်းကပ် ဝယ်ဖို့ ပြောမှာ ပေါ့ ၊ နင့် အတွက် တစ်သောင်းကျော် တန် သိုးမွှေး အထည် ဝယ်ပြီး မှကိုး ။ ငါ့ အတွက် သုံးလေးထောင် ဘယ် နှမြောပါ့မလဲ ဟဲ့ ။


“ ရော့ .. ကိုကို ၊ ဈေး မတက်ခင် ကြို ဝယ်ထား လိုက် ၊ သွား ... သွား ”


ငွေ လေးထောင် ကို ယူပြီး ငိုက်စိုက်ငိုက်စိုက် နဲ့ ကိုပီတိ လမ်း ၈ဝ ပေါ် လည်း ရောက်ရော လေ ထဲ မှာ ဝေ့ခနဲ ပါလာတဲ့ အနံ့ တစ်ခု ရ လိုက်တယ် ။ လျင်ပါး နေတဲ့ အာရုံကြောတွေ က အနံ့ ကို ချက်ချင်း သတင်းပို့ ကြ ရော ။ 


“ ပွဲငှားနံ့ ”  


ပတ်ဝန်းကျင် ကို အကဲခတ် လိုက် တော့ ဇာတ်ဆိုင်းဘုတ်တွေ ကို ငေး နေကြတဲ့ လူနှစ်ယောက် ။ ထုံးစံ အတိုင်း ကိုပီတိ ဝင် ရောတယ် ။


“ အဲဒီ အဖွဲ့တွေ ကို ငှားမယ် ဆိုရင် စိတ်လျှော့ ပြီးတော့ ပြန်ကြ တော့ ခင်ဗျ ”


အဲဒီမှာ ခေါင်းတုံးဆံတောက် နဲ့ ခပ်ကြီးကြီး လူ က ... 


“ ဘာပြုလို့တုံး ဗျ ၊ ရွာ က သူ့ ဇာတ် အငှား ခိုင်း လိုက်တဲ့ ဥစ္စာ ”


ပွဲငှား တော့ သေချာသွားပြီ ။ ကိုယ် လိုရာ ဆွဲ ဖို့ပဲ ကျန်တော့တယ် ။ 


“ သူ က မန္တလေး မှာ နာမည်ကြီး ဗျ ၊ သုံးလေးလ ကြို ငှား မှ ရတာ ... ”


လူကြီး ငိုင် သွားတယ် ။ သက်ပြင်း ချတယ် ။ ကိုပီတိ အသာလေး အကဲ ခတ် ရင်း ...


“ နာမည် ကြီး ပေမယ့် အထင် မကြီးပါနဲ့ ဗျာ ၊ နာမည် အရှိန် ယူပြီး အလုပ် ကျ တော့ သိပ် မလုပ်တော့ဘူး ။ ခပ်ခိုခို လုပ်တော့တာ ။ တကယ် အလုပ် လုပ်တဲ့ အဖွဲ့လေးတွေ ကျန်ပါသေးတယ် ။ ကြေး လည်း သူ့ လောက် မများဘူး ။ ကပြီ ဆိုတော့ လည်း အနား ကို မပေးဘူး ။ နာမည် ယူနေတဲ့ အချိန် ဆိုတော့ ဆက်ဆံရေး က အစ ချိုချိုပေါ့ ခင်ဗျာ ” 


“ အင်း ..”


အံမယ် အင်းလေးကြီး ပါလား ။ ကိုပီတိ ညှို့ချက် မိ နေတဲ့ လူကြီး ကို တဖြည်းဖြည်းချင်း မျိုစ ပြုတယ် ။


“ ငှားသွား လို့ မမှားစေရဘူး ၊ ကပြ လို့ မကြိုက်ဘူး ဆိုရင် ကျန်ငွေ လုံးဝ မချေနဲ့ဦးလေ ၊ ကျွန်တော့် ကို အပ်ထားတဲ့ အဖွဲ့လေး ရှိတယ် ၊ လိုက်ပြီး ကြည့် စမ်းပါ ”


“ အင်း ... ထမင်း သွား စားလိုက်ဦးမယ် ဗျာ ၊ ပြီးမှ တစ်ပတ် ပြန် လာခဲ့မယ် ”


ဟား ... ဒီလို ဝေ့ ထွက် သွားလို့ ဘယ် ရမလဲ ဘိုးတော် ရာ ၊ ကျုပ် နဲ့ စကား ပြော နေ ကတည်း က အလစ် ဝင်ဆွဲမယ့် တခြား ပွဲစား တွေ က သားကောင် ချောင်း သလို ချောင်း နေကြတာ ။ လက်ဦးဆရာ အမေနန်း ရဲ့ အမှာစကား ကို ဖျတ်ခနဲ သတိရ လိုက်တယ် ။ “ ထောင်မြင် ရင် ရာစွန့် ရဲ ရတယ် ” တဲ့ ။


“ ကိုင်း ... ကျွန်တော် ထမင်း ကျွေးမယ် ၊ စား ပြီးတော့ စိတ်ကြိုက် လျှောက်ငှားပေါ့ ဗျာ ၊ လာပါ ... လာပါ ဦးလေး ရ အဟတ်ဟတ် ... ” 


လူကြီး နဲ့ သူ့ လူ တစ်ဦး ကို တစ်ဦး ကြည့်နေကြရင်း လူကြီး က စပ်ဖြီးဖြီး နဲ့  ...


“ အဟဲ ... ဟိုဒင်း ... နေပူခံလေး နည်းနည်း လုပ်ချင်လို့  ... အဟဲ ”


“ လာပါ ဦးလေး ရာ ၊ ကြိုက်တာ သုံးဆောင်ပါ ၊ လာစမ်းပါ ခင်ဗျ ” 


“ အင်း ... ”


   •••••   •••••   •••••


ငွေစက္ကူ အထပ်လိုက် ၊ အထပ်လိုက် တွေ ကို ကိုပီတိ အင်္ကျီအိတ် ထဲ မှာ ဖောင်းကားကျပ်သိပ် နေပြီ ။ ဇာတ်ပိုင်ရှင် မင်းသားလေး က လည်း ရွှင်လို့ ချိုလို့ ၊ သဒ္ဓါတရားတွေ ရေကာတာ ဖွင့်ချ လိုက် သလို ။ တော်ပါပြီ ဆိုတာ ကို ကလေး မုန့်ဖိုး ၊ အစ်မ ဖို့ အင်္ကျီစဖိုး နဲ့ ထပ် ပေး နေတုန်း ။ လူကြီး က လည်း ကူညီ ပေးတဲ့ အတွက် မုန့်ဖိုး ယူပါဦး ၊ ပွဲခ မဟုတ်ပါဘူး ၊ ရော့ပါ ။ တော်ပါပြီ ... ဦးလေး ရဲ့ ။ ဘာပြုလို့ တော်ရမလဲ ၊ ယူ ကို ယူရမယ် ။ အို .. မဟုတ်တာ ခင်ဗျာ ... ဟတ် ဟတ် စေတနာ ကို အသိအမှတ် ပြုရင် တော်ပါပြီ ... ဟတ်ဟတ် ။ ကျုပ် တို့ ရွာ က ကြိုက်ပြီ ဆိုရင် လေးငါးည ဆက် ငှားတာဗျ ။ အို ... ငှားရစေ့မယ် ... ဟတ်ဟတ် ။ အံမယ် ဦးလေး က အမြွှာညီအစ် ကို နှစ်ယောက် လာတာကိုး ၊ ဟ ... ဘယ် နှစ်ယောက် က မလဲ ၊ သုံးယောက် ... သုံးယောက် ။ ဟော ... ခင်ဗျား လူ ကလည်း နှစ်ကိုယ် ခွဲ လား ။ ဟာ ... ဦးလေး ခင်ဗျား ဘာလို့ အငွေ့တွေ ဖြစ် ပြီး မှုန်ဝါးဝါးကြီး ဖြစ် သွားရတာလဲ ။ မပြေးနဲ့ နော် ... ဟားဟား ။ ခင်ဗျားတို့ ကို ကျုပ် အပိုင် ကုပ် ထားတာ ။ အံမာ ... ကျုပ် ကို ဝိုင်းကြီး ပတ်ပတ် ကစား နေကြသပေါ့ ... ဟားဟား ။ လှည့် ... လှည့် ၊ မွှတ် နေ အောင် အမလေး တောဝက်ကြီးဗျ ။ တောဝက်ကြီး ။ ဟုတ် ပေါင် ... နှုတ်ခမ်း နှစ်ခု ကို ချွန်ကော့ နေအောင် စု ထားတဲ့ မဒမ် ပီတိ ၊ လုပ်ကြပါဦး ။ ပက် တော့မယ် ... ပက် တော့မယ် ။ နောက်ကျိ မူးရီ ဝေဒနာ ကို လွင့်ခါ ဖယ်ထုတ် လိုက်တဲ့ မုန်တိုင်းသံ ပေါ်လာတယ် ။ 


“ ဘယ်မှာလဲ စောင်ဖိုး လေးထောင် ၊ ကုန်ပြီလား ဟင် ”

.

“ ဟိုဒင်း ... ငါ ပွဲငှားတွေ ကို ဧည့်ခံ ... ဟ ... ဟို ပွဲငှားတွေ ရော ဘယ်မှာ ... ”


“ တော့ အဖေတွေ မရှိတော့ဘူး ။ တော် ဒေါင်ချာစိုင်းအောင် မူး နေတုန်း သာလောင် ဆိုတဲ့ အကောင်လေး က လှည့် ထုတ် ခေါ် သွားပြီး တခြား ဇာတ် နဲ့ စပ် ပေး လိုက်တာ ပွဲခ နှစ်သောင်း တောင် ရ သတဲ့ ။ ကျုပ် က ဝေစု  ခွဲပေးပါ ဆိုတော့ ကိုယ့် ကံ နဲ့ ကိုယ် ရတာ မပေးနိုင်ဘူး တဲ့ ။ ပြီးရော ၊ ရင်းနှီးရတော့ ကိုယ် ၊ အမြတ် ရ တော့ သူတို့ ။ အဲဒါ ခွေးသောက် နွားသောက် မျိုဦး ဆို့ဦး ၊ ကုန်ပြီ ဘာ စောင်ဖိုး မှ ထပ် ပေးစရာ မရှိတော့ဘူး ။ အိမ် က စောင် က လည်း ကလေးတွေ နဲ့ မျှ မပေးနိုင်ဘူး ။ ဒီ တစ်ဆောင်း တော့ ကိုယ့် ဟာ ကိုယ် ပုဆိုး ခြုံပြီး ရင်ဆိုင် တော့ ။ ခုလည်း အရက်ဆိုင် က ကလေးတွေ ဆိုက္ကား နဲ့ တင်ပို့ လို့ အိမ် ရောက် လာတာ ။ ကျုပ် အလို ဖြင့် လိုက် ခေါ်ဖို့ စိတ် ကို မကူးဘူး ”


ပြောပြီး ဘောက်စု ဘောက်စု နဲ့ အိမ်ပြင် ကို ထွက်သွား တဲ့ ဇနီး ရဲ့ကျောပြင် ကို ကြည့်ရင်း ကိုပီတိ ရင် ထဲ က ကြိတ် ဆုတောင်း လိုက် ရှာတယ် ။


“ တောင်ပေါ် က ပွဲ မှန်သမျှ မတည့်ပါစေ နဲ့ ဘုရား ”


◾ချစ်စရာ 


📖 ကိုပီတိ


#ကိုအောင်နိုင်ဦး


.

ကံဆောင် တဲ့ သားမောင်


 

❝ ကံဆောင် တဲ့ သားမောင် ❞
           ( ချစ်စရာ )

တစ်ခါတုန်း က တိဗက်ပြည် မှာ အဘွားအိုကြီး တစ်ယောက် ရှိသည် ။ ထို အဘွားအို တွင် ဆယ့်ငါးနှစ် ရွယ် သား လူပျိုပေါက်ကလေး တစ်ယောက် သာ ထွန်းကားသည် ။ ငယ်စဉ် က ပင် ထို သားငယ် သည် ဖတဆိုး ဖြစ်ခဲ့သည့် အတွက် အဘွားအို သည်ထို သား ကို အလွန် ချစ်သည် ။ အရွယ် ကြီး မှ အိုသီးကလေး ဖြစ်သည့် အတွက် လည်း ထို သားငယ် ကို အလွန် ယုယ ခဲ့သည် ။ အလို လိုက်ခဲ့သည် ။

သို့သော် တိဗက်လူမျိုး တို့ ၏ ထုံးစံ အတိုင်း လူပျိုလူရွယ် များ သည် အရွယ် ရောက်လာ လျှင် ကိုယ့်ဒူးကိုယ်ချွန် စီးပွားရှာ လုပ်ကိုင် စားသောက် ကြရမြဲ ဖြစ်သည့် အတွက် အဘွားအိုကြီး လည်း သားပျို ကို ရင်အုပ် မကွာ စောင့်ရှောက် မထားနိုင်ရှာဘဲ ရပ်ဝေး သို့ ခွဲခွာ လွှတ်လိုက် ရ ရှာ သည် ။ သားပျို သည် ဆယ့်ငါးနှစ် တင်းတင်း ပြည့် သည့် နှစ် မှာ ပင် မိခင်ကြီး အား ရိုသေစွာ ကန်တော့ ခဲ့ ပြီးလျှင် စီးပွား ရှာဖွေရန် အိမ် မှ ထွက်ခွာခဲ့ လေသည် ။

သားပျို လည်း ခြေဦး တည့်ရာ ထွက်ခွာ ခဲ့ရာ တောင်ကုန်း တွေ ကို တက် ၊ ကုန်းမြေမြင့် တွေ ပေါ်ဖြတ် ၊ ချောင်းတွေ ကျော် ဖြင့် ခရီး အတော် ပေါက်ခဲ့သည် ။ တစ်နေ့ တစ်နေ့ ဖြင့် မိမိ နေထိုင်ရာ ရွာ နှင့် အတော် ဝေးခဲ့သည် ။ ဘယ်ဆီ သို့ ရောက် ၍ ဘယ်ဆီ သို့ ဆက်ကာ ဘာ လုပ်ရ မှန်းပင် မသိဘဲ ခြေ သယ်ရာ သို့ သာ ကိုယ် ပါ ၍ သွား နေပေသည် ။ ခရီးလမ်းပန်း တွင် လည်း ဘေးအန္တရာယ် တစ်ခု မှ မတွေ့သည့် ပြင် စီးပွား ဖြစ်ထွန်းရာ လမ်း ကို လည်း တစ်ခု မျှ မမြင် သောကြောင့် သားပျို ပင် စိတ် ပျက်စ ပြုလာ၏ ။ ခရီး သွား ရသည် ပင် ပျင်းရိ ငြီးငွေ့ ခြောက် သွေ့စရာ ဖြစ်လာ၏ ။

တစ်နေ့ ၏ ညနေစောင်း သို့ ရောက်သော အခါ သားပျို သည် ပေါ်ပလာပင်ကြီး တစ်ပင် အောက် သို့ ရောက် လာ၏ ။ ထို သစ်ပင်ကြီး သည် ည အတွက် အိပ်ရန် သင့်တော်သော သစ်ပင် ဖြစ် သဖြင့် သားပျို သည် သစ်ပင် ပေါ် တက် ပြီး လျှင် ကိုင်း ကောင်းကောင်း တစ်ခု ခု ကို ရွေး ၍ အိပ် လေတော့ သည် ။ ထို ည အဖို့ သားပျို သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွား လေသည် ။ နံနက် အရုဏ် တက်ခါနီး အချိန် မှ အိပ်ရာ မှ နိုးလေသည် ။

အရှေ့ဘက် တလွှား ၌ ရောင်ဖြူများ သန်းလာလေပြီ ၊ ကျီးများ ပင် ဝေရီဝေလင်း ကြား ထဲ မှ နိုးစ အော်စ ပြုကြ လေပြီ ။

သားပျို အိပ် နေသော သစ်ကိုင်း အပေါ် ဆီ မှ ကျီးဖို နှင့် ကျီးမ တို့ လည်း အိပ်တန်း မှ ထကြ ပြီး သော် အသိုက် ထဲ ၌ ပင် စကားစမြည် ပြောသံ ကို သားပျို သည် သဲသဲကွဲကွဲ ကြား ရ၏ ။

ကျီးမကြီး က “ ကျီးအဖ ရယ် အိပ်ရာ က ထပါတော့လား ..  ။ ည က များ ဘာကြောင့် အိပ်တန်း တက် တာ နောက်ကျ မှန်း မသိပါဘူး ။ အိပ်ရာ က စောစော တောင် မထနိုင်တော့ဘူး ” ဟုပြော၏ ။

ကျီးဖို က “ ရှင်မ က လည်း ကွာ တလွဲ ထင်တတ်ပြီကော ။ ငါ မနေ့ က တစ်နေ့ လုံး ရှေ့ က ရွာ မှာ ရှိတဲ့ အိမ်ကြီး နား မှာ ကျက်စားခဲ့ တယ်ကွဲ့ ၊ အဲဒီ အိမ်ကြီး က အိမ်ရှင်မ ဟာ ဘယ်ဘက် နား တစ်ဖက် ကိုက်လွန်း အားကြီး လို့ အော် နေရ သကွဲ့ ။ သူ့ နား ရောဂါ ပျောက် အောင် သူတို့ ရွာ ထဲ က ဘယ်သူ မှ မကုနိုင်ဘူး ။ ဆရာ ပေါင်း လည်း စုံလှပြီ ။ အနီးအနား မှာ ရှိတဲ့ လားမားဘုန်းတော်ကြီး တွေ ကို ပင့်ပြီး မန်းလို့ မှုတ်လို့ လည်း မရဘူး ။ လူနာ ဟာ သေချင်စော် နံနေတာပေါ့ကွ ။ အိမ်သူအိမ်သား တွေ လည်း ပျာလောင်ခတ် နေကြတာပေါ့ ။ ခြေ မကိုင်မိ လက် မကိုင်မိ နဲ့ ဘာ လုပ်ရမှန်း မသိကြဘူး ။ သူတို့ အထင် က တော့ သမားကု ကုလို့ မရဘူး ။ ဘုရားကု ကု မှ ရမယ် ထင်ပြီး ဘုရား မှာ ဆွမ်းတော် တင် ၊ နတ် တွေ ကို တင် နဲ့ နေ့တိုင်း အစားအသောက် တွေ တင် တာ ကွာ ။ ဆိုင်ရာပိုင်ရာ တွေ ကို လည်း တစ်နေ့လုံး အစားအသောက် တွေ ပူဇော်ကြတာပေါ့ ကွာ ။ ဘုရား အကျန် နတ်ကျန် တွေ ကို အိမ် အပြင်ဘက် မှာ စွန့်ထားတာ မနည်းပါဘူးကွာ ။ ငါ ဆိုတာ တစ်နေ့လုံး စား ကောင်းကောင်း နဲ့ ပါးစပ် နဲ့ အစား နဲ့ မပြတ်အောင် စားတာပဲကွာ ... ဗိုက် ကို တောင့် ရော ... ” ဟု ပြော၏ ။

ကျီးမ က “ ကြားရတာ သနားစရာ ရှင် ... ရှင့် မှာ လူ တစ်ယောက် သေ မလောက် ဖြစ်နေတာတောင် ကိုယ့် အစာကလေး ဖောဖောသီသီ စားရတာ နဲ့ ဝမ်းသာ နေလိုက်တာ ရှင် ။ တစ်လုပ် စားဖူး သူ့ ကျေးဇူး တဲ့ ။ အဲဒီ အိမ်ရှင်မကြီး အသက် မသေပါစေနဲ့ နော် ။ ကျုပ် တော့ ဆု တောင်းပါတယ် ”

“ ရှင်မ နှယ် ကွာ ... ဒီလို ဆုတောင်း ရုံ နဲ့ လူနာ ရောဂါ ဟာ သက်သာ မတဲ့လား ။ ဒီ ရောဂါ ကို လူတွေ မကုနိုင်ပေမယ့် ငါ ကုနိုင်ပါတယ် ကွာ ။ သူတို့ တွေ က ရောဂါ မသိလို့ စမ်းတဝါးဝါး ဖြစ် နေတာ ။ စင်စစ်တော့ ဒီ လူနာ ဟာ မသေနိုင်ပါဘူး ။ နာတာရှည် ခံရမှာ ကွ ။ အမှန် က အိမ်ရှင်မ နား ရောဂါ ကို မရှိဘူး ကွယ့် ။ အိမ်ရှင်မ အိပ် နေတုန်း မှာ သူ့ အိမ် ထဲ က ပင့်ကူမကြီး နဲ့ သားသမီး တွေ ဝင်ပြီး အိပ် နေကြတာကွ ။ ဒီတော့ ဒီ ရောဂါ ကို ဘယ်လို ဆေး နဲ့ မှ ကုလို့ မရဘူး ။ ဉာဏ် ဆင် မှ ရမှာကွ ။ ရှင်မ လည်း သိသားပဲကွာ ။ ပင့်ကူ ဆိုတာမျိုး က အိပ် မိရင် မနိုးတော့ဘူး ကွ ။ မိုးသံ လေသံ ကြား လို့ မိုးဦးလေး ပေါက် မှ အိပ်ရာ က ထ တဲ့ အကောင်မျိုး ကွ ။ ဒီတော့ ဒီ ပင့်ကူတွေ ကို ပရိယာယ် နဲ့ တစ်ပတ်ရိုက် ရမယ် ကွဲ့ ။ သူ တို့စိတ် ထဲ မှာ မိုးဦး ပေါက် လာပြီ လို့ ယုံကြည်အောင် အသံ သွင်းရမယ်ကွ ။ ဒါမှ သူတို့ ထွက် လာကြမှာ ဒီလို မလုပ် သမျှတော့ ဝေးပါသေး ... ။ ပင့်ကူ တွေအိပ်ရေး တောင်  ပျက် မှာ မဟုတ်ဘူး ... ”

“ ရှင့် နှယ် ရှင် ... ဆန်းဆန်းပြားပြား တော့ တကယ် ပြောတတ်တာပဲ ။ ပင့်ကူ တွေ ကို မိုးဦး ပေါက်ပြီ ရယ် လို့ ယုံအောင် ဘယ်လို လုပ် ပြီးတော့ အယုံသွင်း နိုင်မလဲ ”

“ ရှင်မ က လည်း ကွာ ... တယ် ဉာဏ် ဝေး သကိုး ။ ဉာဏ်ကလေးများ လည်း ထုတ်ဦး မှ ပေါ့ ။ ဘာ ခက်တာလဲကွာ ။ ဒီလို ကုထုံးတွေ ဟာ ရှေးပဝေသဏီ ထဲ က သမားတော်ကြီး တွေ ကု ခဲ့တဲ့ ကုထုံး ကွဲ့ ၊ ကဲ ... မသိရင် လည်း သေသေချာချာ မှတ်ထားပေါ့ကွာ ။ လူနာ ကို သမားတော် ဟာ အဝတ်စိမ်းစိမ်း တစ်ခု ကို ရှာရမယ် ကွယ့် ။ အဲဒီ အဝတ် ကို စားပွဲ ပေါ်  မှာ ဖြန့်ခင်း ၊ အဝတ် ကို လည်း ရေ စိုရွှဲ နေ အောင် ဆွတ် ထားရမယ် ကွယ့် ။ အိမ်ရှင်မ ဟာ သူ့ ဘယ်ဘက် နား ကို အဲဒီ အဝတ် ပေါ် မှာ စောင်း နေရမယ်ကွယ့် ။ နား ထဲ က ပင့်ကူတွေ နိုးအောင် ပေါ့ကွာ ။ ဒါမှ ပင့်ကူ တွေ ဒီ အဝတ် ကို မြင်တဲ့ အခါ မှ လယ်ပြင်စိမ်းစိမ်း တွေ လို့ ထင် မှာပေါ့ ။ မိုးတွေ ဖြိုင်ဖြိုင် ရွာ လို့ ရေ တွေ တောင် အိုင် နေပြီ လို့ သိမှာပေါ့ကွာ ။ ဒီတော့ ပင့်ကူတွေ ဟာ သား တွေ ၊ မြေး တွေ ကို ခေါ်ပြီး တော့ မိုးကျပြီ ဟေ့ ။ ဒို့ အိမ် ထဲ က ထွက်ကြစို့ လို့ ပြောလိမ့်မယ် ။ သူတို့ တစ်တွေ မြူးကြလိမ့်မယ် ။ ဒါပေမယ့် ပင်ကူတွေ က ဉာဏ် အရှိသား ။ မိုးဦး ကျတာ မှ ဟုတ်ကဲ့လား ။ ဒို့များ အထင် မှား သလား လို့ တွေးပြီး နေကြလိမ့်ဦးမယ် ။ ဒီတော့ သမားတော် လုပ်မဲ့ သူ က ပင်ကူတွေ သံသယ ကင်းရ အောင် စည် တစ်လုံး လောက် အသင့် ဆောင် ထားပြီး ထု ရလိမ့်မယ် ။ ဒီတော့မှ စည်သံ ကြား ရင် ပင့်ကူတွေ ဟာ ဟုတ်ပြီဟေ့ ။ မိုးဦး ကျပကွဲ့  ... ထွက်ကြ ဆိုပြီး တော့ သူတို့ တစ်တွေ မနေတော့ဘဲ ထွက်လာ ကြလိမ့်မယ် ။ သူတို့ တစ်တွေ ထွက်လာကြ လို့ နား ထဲ မှာ ပင့်ကူ တစ်ကောင် မှ လည်း မကျန် ရော စားပွဲ ပေါ် မှာ ခင်း ထားတဲ့ အဝတ် နဲ့ သူတို့ တစ်တွေ ကို ချက်ခြင်း ထုတ် ယူရမယ် ။ လုံလုံခြုံခြုံ ထုတ် ယူရမယ် ။ နောက်ပြီးတော့ အဲဒီ အထုပ်ကြီး ကို ဝေးဝေး ယူ သွားပြီး ပင့်ကူ တစ်ကောင် မှ မကျန်အောင် သ,တ်ပစ်ရမယ် ။ ဘာဖြစ်လို့ ဒီလို လုပ်ရ မလဲ ဆိုတော့ ပင့်ကူ ဆိုတဲ့ အကောင်မျိုး က အမျှင်ကလေး တစ်တန်းတန်း ရယ် ။ သူတို့ ကို သာ အဝတ် နဲ့ မထုပ်ဘဲ နဲ့ ဝေးဝေး သွား မပစ်ဘူး ဆိုရင် သူတို့ အမျှင် အတိုင်း ပြန် လိုက် လာ ပြီးတော့ နား ထဲ ပြန် ဝင် မှာ အမှန်ပဲကွ ။ ဒီတော့ သူတို့ ကို ကိစ္စတုန်း စီရင်ပစ် မှ နောက် ကို နား ထဲ ပြန် မဝင် မှာ နို့မဟုတ် ရင် တစ်နေ့ နေ့ မှာ နား ထဲ ပြန် ဝင်ဦးမှာပဲ ”

ကျီးမကြီး က သူ ၏ ခင်ပွန်းသည် ၏ စကား ကို စူးစိုက်စွာ နားထောင် နေ၏ ။ အံ့ဩ ကြည်ညိုသော မျက်စေ့ အစုံ ဖြင့် သူ့ လင် ကို ငေးကြည့် နေ၏ ။ ကျီးဖို ပြောသော စကားများ သည် မှတ်သားစရာများ ပင် ဖြစ်၏ ။ ရောဂါရှင် အား ဤအတိုင်း သာ ကု လျှင် ရောဂါ ပျောက်ကင်းမည် ကို သူ ယုံကြည်၏ ။ သူ့ လင် ကို သူ ကြည့် ရင်းပင် ကျီးဖို ၏ မျက်နှာမှာ မသာမယာ ရှိနေသည် ကို ကျီးမ သည် အကဲခတ် မိ၏ ။

“ ရှင့် ကြည့် ရတာ မျက်စေ့မျက်နှာ မကောင်းပါလား ရှင် ... ဘာဖြစ်လို့လဲ ” ဟု စိုးရိမ် တကြီးမေး၏ ။

“ ရှင်မ ရာ မနေ့ က အစာတွေ ကို မဆံ့မပြဲ စားခဲ့မိလို့ပေါ့ ကွာ ။ တစ်ည လုံး မအီမလယ် ဖြစ်နေစတယ် ။ ငါ တော့ စားပိုးနင့် နေပြီပေါ့ကွာ ။ ငါတို့ အမျိုး ဟာ စောစော ထ နေကျ ငှက်မျိုး မဟုတ်လား ။ ငါ အိပ်ရာ က မထတာ ဟာ အကြောင်း ရှိလို့ပေါ့ကွာ ။ ငါ မနေ့ က အစားကြီးခဲ့ မိတာ ငါ့ အသက် ကို ရန်ရှာ လိမ့်မယ် ထင်တာပဲ ။ ငါ အသိုက် ထဲ က မထ ဘဲ မှိန်း နေတာ လည်း မသက် သာပါဘူး ။ တဖြည်းဖြည်း တဖြည်းဖြည်း နဲ့ ဗိုက် ထဲ က အောင့်အောင့် လာပြီကွယ် ။ ငါ တော့ သေ မှာ အမှန်ပဲ ။ ငါ မသေခင် ငါ့ ကို ကတိ တစ်ခု ပေးပါလား ။ ဒို့ တိဗက်လူမျိုးတွေ ရဲ့ထုံးစံ အတိုင်း သေပြီး တဲ့ နောက် သုံးနှစ် ၊ သုံးလ ၊ သုံးရက် တိုင်တိုင် ငါ့ ကို သစ္စာ ရှိရှိ နဲ့ ငိုကြွေး မြည်တမ်း နေပါ့ မယ်လို့ ”

ကျီးမကြီး က သူ့ လင် ၏ စကား ကို ကြားသော အခါ စိတ် အလွန် ထိခိုက် သွား လေ၏ ။ သေမည့် ဆဲဆဲ သူ တစ်ဦး ၏ တောင်းပန်သော စကား ဖြစ်သဖြင့် ဝမ်းနည်း ကြေကွဲ လှ၏ ။ ထိုကြောင့် လည်း ရက်ရက်ရောရောပင် ကတိ ပြုရှာ၏ ။

ကျီးဖို လည်း သူ့ မယား ၏ သစ္စာ တည်မြဲလှသော စကား ကို ကြားသော အခါ စိတ် ကျေနပ် သွား၏ ။ အသက် ထွက်ရန် ကို ပင် မနှောင့်မနှေး မကြောင့်ကြတော့ပေ ။ အသိုက် ထဲ ၌ ပင် တစ်ခဏ မျှ မှိန်း နေ လိုက်စဉ် ၌ အသက် ထွက်၍ သွားတော့၏ ။

သစ္စာ ရှိလှစွာသော ကျီးမ လည်း သူ့ လင် သေဆုံး သွားလျှင် သွားချင်း ဤသို့ စဉ်းစား ၏ ။ ငါ့ လင်မှာသော စကား မှာ ထုံးစံ နှင့် ညီညွတ်ပါ၏ ။ သို့သော် ဤ အသေကောင်ကြီး ကို အသိုက် ထဲ မှာ သုံးနှစ်သုံးမိုး ထား ရမည် မှာ ဝန်လေးလှ၏ ။ ငါ့ မှာ လည်း သားသမီး တွေ ကို အစာ ရှာ ကျွေးရန် တာဝန် က ရှိ သေးသည် ။ ထုံးစံ ကို လိုက်နာ၍ သုံးနှစ် ကျော်ကျော် ငိုကြွေး မြည်တမ်း နေရ လျှင် ငါ သာ ဒုက္ခ ရောက်တော့မည် ။ ဤ အသေကောင် ကို မြန်မြန် စွန့်ပစ် မှ ငါ့ မှာ ဆောင်ရွက်စရာ ကိစ္စ တွေ ကို ဆောင်ရွက်နိုင်မည် ဟု စဉ်းစားပြီး လျှင် အသေကောင်ကြီး ကို အသိုက် ထဲ မှ နှုတ်သီး ဖြင့် ထိုးထုတ် ၍ မြေ သို့ ကျစေလေ၏ ။ ပြီး မှ သားသမီး များ အတွက် အစာ ရှာရန် အသိုက် ထဲ မှ ပျံသန်း ထွက်ခွာ သွား လေသည် ။

ကျီးသိုက် အောက် မှ နားထောင် နေသာ သားပျိုကလေး လည်း ကျီးဖို နှင့် ကျီးမ တို့ ပြောဆိုသော စကား ကို အစအဆုံး သေသေချာချာ ကြားခဲ့ရ သောကြောင့် သစ်ပင် ပေါ် မှ ဆင်းသက် ပြီး နားရောဂါ ဝေဒနာရှင် ရှိရာ ရွာ ဆီ သို့ လျောက်လာခဲ့ လေ၏ ။ လမ်း တွင် လည်း ကံဆောင် ၍ ကြား ခဲ့သော ကျီး တို့ ၏ စကား အတိုင်း အခွင့်အရေး ယူ ကာ သူ့ အား လူအများ က ဝိဇ္ဇာ တစ်ယောက် ဟု အထင် ရောက်အောင် ကြံဖန်မည် ဟု ဆုံးဖြတ် သွား၏ ။ ကျီးဖို ပြောခဲ့သော အိမ် သို့ ရောက်သော အခါ အိမ်ရှင်သည် အမယ်လေး အဘလေး တ တုန်း ကို တွေ့ ရ၏ ။ အိမ်သူ အိမ်သား များ လည်း မျက်နှာ ညှိုးငယ်စွာ ဖြင့် ညည်းညူ နေသည် ကို တွေ့ရ၏ ။

သားပျို လည်း အိမ် ထဲ သို့ တန်းတန်းမတ်မတ် ဝင်သွား ကာ အဘယ်ကြောင့် ဤ အိမ် တွင် ဆူဆူညံညံ ဖြစ်နေသည် ကို မေး၏ ။ အိမ်သူအိမ်သားများ မျက်နှာ မသာမယာ အဘယ်ကြောင့် ဖြစ်နေသည် ကို စုံစမ်း၏ ။ အိမ်သူအိမ်သားများ က အကျိုးအကြောင်း ကို ပြန် ပြောပြ သော အခါ သားပျို လည်း ဟန် နှင့် မာန် နှင့် ဣန္ဒြေရရ ဖြင့် “ မပူကြပါနဲ့ ကျုပ် ဝိဇ္ဇာမယဣဒ္ဓိတန်ခိုး နဲ့ ဒီ ရောဂါ ကို ချက်ချင်း ပျောက်အောင် ကု ပေးပါ့မယ် ။ ကျုပ် ကို တစ်တောင် ပတ်လည် စတုရန်း ရှိတဲ့ အဝတ်စိမ်းစိမ်း တစ်ခု ၊ ရေသန့်သန့် တစ်ခွက် ၊ ဗုံကလေး နှစ်လုံး သာ ပေးကြပါ ” ဟု တောင်း ၏ ။ အိမ်သူအိမ်သားများ လည်း အလွန် အံ့ဩ သွားကြ ကာ ဘွားကနဲ ပေါ်လာသော သမားတော် ဝိဇ္ဇာဓိုရ် ကို အကဲခတ် ကြည့် နေကြ လေသည် ။ သမားတော်ကြီး များနှင့် လားမား ဆရာတော်ကြီး များ က လက်လျှော့ ထားရသော ရောဂါ ကို နုနုနယ်နယ် ပျိုပျိုရွယ်ရွယ် လုလင် တစ်ယောက် က အဝတ် တစ်ခု ၊ ရေ တစ်ခွက် ၊ ဗုံ နှစ်လုံး နှင့် ကုမည် ဆိုသည် ကို ပိုမို အံ့ဩ နေကြ၏ ။ သို့ရာတွင် သူ တောင်းသော အရာတို့ မှာ ဘာမျှ ဝန်မလေးသည် တစ်ကြောင်း ၊ ရောဂါ ကို လက်လွှတ်ရမည့်အတူတူ ပျောက်လို ပျောက်ငြား ကုစေချင်သည့် အတွက် ကြောင့် တစ်ကြောင်း သားပျိုကလေး တောင်းသည့် အတိုင်း ပင် ပေးလိုက်ကြ လေသည် ။

ဘွားကနဲ ပေါ် လာသော ဝိဇ္ဇာဓိုရ် လက်သစ် က လည်း သူ တောင်း သမျှသော ပစ္စည်း တို့ ကို ရသော အခါ လူနာ အား အလင်း သို့ ဆောင်ယူ လာ စေကာ ကုတင် ပေါ် တွင် လက်ဝဲ ဘက် သို့ စောင်း ၍ အိပ် စေ၏ ။ ထို့နောက် မှ နား အောက် တွင် အဝတ်စိမ်းစိမ်း ဖြန့် ခင်း၏ ။ ရေခွက် မှ ရေ ကို ယူ ၍ အဝတ် အောက် သို့ ရွှဲရွှဲ ဆွတ် လိုက်၏ ။ နား ထဲ မှ ပင့်ကူ တို့ လည်း နား အောက် တွင် စိမ်း နေသော ရှုခင်း နှင့် ရေစို နေသည် ကို မြင်သော အခါ မိုးဦး ပေါက်၍ လယ်ယာများ ရေတင် နေပြီ ဟု ထင် သောကြောင့် ပင်ကူမကြီး သည် စုံစမ်းရန် နား တွင်း မှာ ဆင်းသက် လာ၏ ။ သူ့ ချည်မျှင် တန်းလန်း ကို နားတွင်း ၌ ပင် ထား ၍ အဝတ် ပေါ် တွင် ထိုမှ ဤမှ လျှောက် ကြည့်၏ ။

အိမ်သူအိမ်သားများ လည်း အဝတ်စိမ်းကလေး ဖြန့် ခင်းရုံ နှင့် နား ထဲ မှ ပင့်ကူကြီး ထွက် လာသည် ကို မြင်ရသော အခါ အလွန် ထူးဆန်း အံ့ဩ သွားကြ ပြန်သည် ။ ဆရာကလေး ကို လည်း ဝိဇ္ဇာဓိုရ် အစစ် ပင် ယုံကြည် လာကြ၏ ။

သမားတော်ကလေး က မူ မည်သူမျှ ပင့်ကူ ကို လက် နှင့် မတို့ ရန် ဣန္ဒြေ ကြီးစွာဖြင့် အမိန့် ပေး၏ ။ တိတ်တိတ်ဆိတ်ဆိတ် နေကြရန် ကို လည်း လက်ဟန် ခြေဟန် ဖြင့် ပြ၍ တား မြစ်၏ ။

ပင့်ကူမကြီး လည်း အဝတ်စိမ်းစိမ်း ပေါ် တွင် တအောင့် လောက် ကြာ အောင် လှည့် ပတ် လျှောက် ကြည့် ပြီး မှ မိုးဦး ကျပြီ ဟု တကယ် ယုံကြည် သွားသော အခါ မှ နား ထဲ သို့ အမျှင်တန်း မှ  တက် သွား ကာ သားငယ် သမီးငယ်များ အား သတင်းကောင်း ပြောကြား၏ ။ ထိုအခါတွင် သမားတော်ကလေး သည် ဗုံ နှစ်လုံး ကို ပြင်းထန်စွာ တီး လေ၏ ။ နား ထဲ မှ ပင့်ကူမကြီး နှင့် သားသမီးများ လည်း မိုးသံလေသံ ကို ထပ်မံ ကြားရ ပြန်သော အခါ အမှန်တကယ် မိုးဦး ကျပြီ ဟု တစ်ထစ်ချ ယုံကြည် စိတ်ချရ သောကြောင့် တစ်ကောင် စီ တစ်ကောင် စီ နားဝ မှ ထွက် လာကာ အမျှင်တန်း မှ လျှောကနဲ လျှောကနဲ အဝတ် ပေါ် သို့ ခုန် ချကြ လေသည် ။ နောက်ဆုံး မှ ပင့်ကူကြီး သည် လျှော ဆင်းလာ၏ ။ သမားတော်ကလေး လည်း ပင့်ကူကလေးများ နှင့် ပင့်ကူမကြီး ပါ အောက် သို့ ရောက်သည် နှင့် တစ်ပြိုင်နက် အဝတ်စ ဖြင့် ပင့်ကူ အားလုံး ကို လျင်မြန်စွာ ထုပ် ၍ အပြင် သို့ ထုတ်ယူ သွားပြီးသော အခါ သ,တ်ပစ်လိုက်လေသည် ။

အိမ်ရှင်မကြီး ၏ ရောဂါ လည်း ယူပစ် လိုက် သကဲ့သို့ ချက်ချင်းပင် ပျောက်လေ၏ ။

စင်စစ် အားဖြင့် လည်း ရောဂါ ကို ယူပစ် လိုက်ခြင်း ပင် ဖြစ်သည် ။

အိမ်ရှင်မကြီး နှင့် အိမ်သူအိမ်သား အားလုံး လည်း သမားတော်ကလေး အား လွန်စွာ ကျေးဇူး တင် ကြ၏ ။ သူတို့ စိတ်ထဲ ၌ ဝိဇ္ဇာဓိုရ် ပင် တကယ် လာ၍ ကုသသည် ဟု ထင်ကြ၏ ။ အိမ်ရှင်မကြီး နှင့် တစ်ကွ တစ်ရပ်လုံး တစ်ရွာလုံး က ပါ သမားတော်ကလေး အား သူတို့ ရွာ ၌ အမြဲ နေရန် တောင်းပန်ကြသည် ။ သမားတော်ကလေး အား လက်ဆောင်ပဏ္ဏာ ပစ္စည်း များစွာ ကို လည်း ပေး ကြသည် ။ အိမ်ရှင်မကြီး က မူ သူ ၏ အသက်သခင် ကျေးဇူးရှင် ဖြစ်ပါပေသည် ဟု သမားတော်ကလေး အား ရှိသမျှ ပစ္စည်း ကို လိုချင်သမျှ ယူရန် ပေးအပ် လေသည် ။

သမားတော်ကလေး သည် ထို ရွာ ၌ အမြဲ နေရန် ခက်သည် ။ ယခု တစ်ကြိမ် တွင် ကျီးဖို ကျီးမ ပြောသည့် စကား ကြောင့် ရောဂါ ကို ပျောက် အောင် ကု နိုင် သော်လည်း နောက် ကို မည်သည့် ရောဂါ ကို မျှ ကုနိုင်မည် မဟုတ်သည့် အတွက် ထို ရွာ ၌ အမြဲ နေရန် ခက်ခြင်း ဖြစ်သည် ။

ထို့ကြောင့် ရက် အနည်းငယ်မျှ နေ ပြီးသော် ပစ္စည်းဥစ္စာများ ကို မြင်း တစ်စီး ပေါ် ၌ တင် ၍ မိခင် ရှိ ရာ ရွာ သို့ ပြန်လာခဲ့ လေသည် ။

သမားတော်ကလေး သည် ဝိဇ္ဇာဓိုရ် ဖြစ်ကြောင်း သတင်း ကား ရွာတန်းရွာစဉ် တစ်လျှောက် သို့ ပျံ့နှံ့ သွားခဲ့ လေသည် ။

သားပျိုကလေး သည် တစ်တော ဝင် တစ်တောင် တက် ဖြင့် သွားလမ်း အတိုင်း ပြန် လာ ခဲ့ရာ တောင်ဆင်း တစ်ခု ၏ အဆုံး အရောက် တွင် ချုံကွယ် မှ ကြောက်မက်ဖွယ် ကောင်း သော လူကြီး တစ်ယောက် သည် ဗြုန်းခနဲ ထွက် လာ ပြီး လျှင် လမ်း အလယ် ၌ မားမား ရပ် နေ လေ၏ ။ ထို သူ ၏ ညာဘက် လက် တွင် တင်းပုတ်ကြီး ကို ကိုင် လျက် လက်ဝဲ လက် ကို မူ လက်သီး ဆုပ် ၍ ထားလေသည် ။

“ ကဲ ... လူလိမ်ကလေး မင်း သေဖို့ ရာ ပြင် ပေတော့ ။ ဟို ရွာ မှာတုန်းက မင်း ကိုယ် မင်း ဝိဇ္ဇာမယဒ္ဓိ အတတ် တတ်တယ် လို့ လိမ်ခဲ့တယ် ။ အခု ငါ နဲ့ မင်း နဲ့ ရင်ဆိုင် တွေ့ပြီ ။ မင်း အတတ် ပညာ ဘယ်လောက် တတ်တယ် ဆိုတာ ငါ စမ်းမည် ။ ငါ မေးတာ ကို မင်းဖြေ နိုင်ရင် မင်း ကို ရွှေ ကိုးလှည်း ပေး လိုက်မယ် ။ မဖြေနိုင်ရင် ဟောဒီ တင်းပုတ် နဲ့ ထုသ,တ်မယ် ။ ငါ့ ဘယ်ဘက် လက် ထဲ မှာ ဘာကို ဆုပ်ထားသလဲ ... ဖြေစမ်း ”

သားပျိုကလေး ကား ရုတ်တရက် တွေ့ ရသော လူကြီး နှင့် ထို သူ ၏ စကား တို့ ကြောင့် အကြောက်ကြီး ကြောက်၏ ။ ဘာ ပြော၍ ဘာ ဆိုရမှန်း မသိ ။ ဘာ လုပ်၍ ဘယ်လို ထွက် ပြေးရန် ပင် မကြံတတ်အောင် ရှိ၏ ။

ထို့ကြောင့် လွတ်လို လွတ်ငြား တောင်းပန် ကြည့်မည် ဟု စိတ် မှ ကြံ ပြီး လျှင် “ ဦးကြီး သ,တ်မယ် ဆိုရင်လည်း သေရမှာပေါ့ဗျာ ... သ,တ်ချင် လည်း သတ်ပေါ့ ... ။ ကျွန်တော် က ခင်ဗျား လက် ထဲ ရောက် နေမှကိုး ... ခင်ဗျား လက် ထဲ မှာ ဆုပ်ထားတဲ့ ယင်ကောင်ကလေး ကို ခင်ဗျား သ,တ် ချင်သ,တ် ... လွှတ်ပစ် ချင် ပစ်နိုင်တာပေါ့ဗျာ ” ဟု ပါးစပ် မှ ကရားရေသွန် သလို ပြော သွား လေ၏ ။

သားပျိုကလေး ၏ စကား ဆုံး သွားသော အခါ ထို လူကြီး ၏ အမူအရာ မှာ သိသိသာသာ ကြီး ပြောင်း သွား လေသည် ။ သားပျိုကလေး အား ကြောက်ရွံ့ပုံ ၊ လေးစားပုံ တို့ မှာ သူ့ အမူအရာ တွင် ထင်ရှားစွာ ပေါ်လာလေသည် ။

“ မောင် ရယ် ... ကျုပ် ဘယ်ဘက် လက် ထဲ မှာ ယင်ကောင်ကလေး ဖမ်း ပြီး ဆုပ် ထားတာ အမှန်ပဲ မောင် ဟာ မမြင်နိုင်တဲ့ အရာ ကို မြင်နိုင်တာ ဟာ တကယ့် ဝိဇ္ဇာဒ္ဓိ အတတ် တတ်တာ အမှန်ပဲ ။ အကြားအမြင် ရတဲ့ ဝိဇ္ဇာဓိုရ် ဆိုတာ ကျုပ် ယုံပါတယ် ။ မောင့် ကို ကျုပ် ရှိခိုး ကန်တော့ ပူဇော် ပါတယ် ။ မောင့် ကို သံသယ ဖြစ်ခဲ့မိတာ ကို လည်း ခွင့်လွှတ်ပါ ။ ကျုပ် ကတိ အတိုင်း မောင် ရွာ တိုင်အောင် ကျုပ် ကိုယ်တိုင် ရွှေ ကိုးလှည်း ကို လိုက် ပို့ပေးပါ့မယ် ” ဟု တောင်းပန် လေသည် ။

သားပျိုကလေး ကား မိခင် အိမ် မှ ထွက်လာခဲ့ စဉ် က လက် ချည်းဗလာ သက်သက် ဖြစ်သော်လည်း ရွာ ကို ပြန် သွားသောအခါ ကံဆောင် သည့် အတွက် ရွှေသူဌေး ငွေသူဌေး ဖြစ်သွား လေ တော့သည် ။

◾ချစ်စရာ

📖 ရှုမဝ မဂ္ဂဇင်း
       ၁၉၅၈ ၊ ဇွန်

#ကိုအောင်နိုင်ဦး

.

Wednesday, June 26, 2024

တတိယမြောက် နည်းပရိယာယ်


 

❝ တတိယမြောက် နည်းပရိယာယ် ❞

“ ရိစ် ... ယား ”

ရှောင်လင်ကျောင်းတော် ဆီ က မဟုတ်ပါဘူး ။ ယုန် တို့ ရဲ့ ကိုယ်ခံပညာ လေ့ကျင့်ရေးကျောင်း ဆီ ကပါ ။ ယုန်သူငယ် အပေါင်း က အခုန်အပျံ လေ့ကျင့် နေကြတယ် ။ ဆရာ ယုန်အိုကြီး က ခေါင်း တညိတ်ညိတ် နဲ့ လိုက်လံ ကြည့် ရှုရင်း လိုအပ်တာတွေ ကို ပြင်ဆင် ပေးနေတယ် ။ သူတို့ ရဲ့ လေ့ကျင့်မှု အဆုံး မှာ ....

“ ကဲ .. မင်းတို့ရဲ့ လက်တွေ့ လေ့ကျင့်ခန်း ကတော့ ပြီးဆုံး သွားပြီ ။ ဒီကနေ့ ဒီလောက်ပဲ ။ စာတွေ့ လေ့ကျင့်ခန်း ကို ဆက်ကြမယ် ”

ယုန်ဆရာအိုကြီး က ကျောက်သင်ပုန်းကြီး ရှေ့ မှာ ယုန်ဘာသာ စကား နဲ့ စာ တချို့ ကို ရေး လိုက်ပြီး ....

“ ကဲ .. ဒီနေ့ မင်းတို့ ကို သင်ပေး မှာ ကတော့ တတိယမြောက် နည်းပရိယာယ် ပဲ ”

“ ဟုတ်ကဲ့ပါ ဆရာကြီး ” 

“ ခြင်္သေ့ နဲ့ တွေ့ရင် ရင်ဆိုင်နည်း ပဲ ”

ယုန်သူငယ်ကလေး တစ်ယောက် က အတွန့် တက် တယ် ။

“ ဆရာကြီး ၊ ခြင်္သေ့ လို တောအုပ်ဘုရင်ကြီး က သားကောင်ကြီး ကို ပဲ ဖမ်း စားမှာပေါ့ ၊ ကျွန်တော် တို့ လို ပိစိကွေးလေး သတ္တဝါတွေ ကို ဘယ် ဖမ်းစားပါ့မယ် ”

ယုန်ဆရာအိုကြီး စိတ် တို သွားတယ် ။

“ တော် .. တန် .. တိတ်  ၊ ဘဝ မှာ ဒါမျိုး လည်း ကြုံရ တတ်တာပဲ ၊ တတ်ထား ကျွမ်းကျင်ထား ရမယ် ။ ခြင်္သေ့ ကို တောင် ရင်ဆိုင် နိုင်ရင် တခြား ဘယ်သူ့ ကို မှု ရတော့ မှာလဲ ”

ယုန်သူငယ်တွေ အားလုံး ငြိမ်သက် သွားတယ် ။ ယုန်ဆရာအိုကြီး က သင်ခန်းစာ ကို ဆက် တယ် ။

“ တစ်နေ့ မှာ ယုန် တစ်ကောင် ဟာ ခြင်္သေ့ အစားခံ ရကိန်း နဲ့ ကြုံတယ် ။ အဲဒီ အခါ မှာ ယုန် က ပြောတယ် ။ ခုန ကပဲ ခြင်္သေ့မင်းကြီး ကျွန်တော့် ကို လွှတ်ပေး လိုက်ပြီ မဟုတ်လား ။ ခု ဘာလို့ ပြန် ဖမ်း ရတာလဲ တဲ့ ။ ခြင်္သေ့ကြီး က အံ့သြ သွားတယ် ။ မင်း ကို ငါ ဘယ်တုန်းက ဖမ်းပြီး ဘယ်တုန်း က လွှတ်ပေး ခဲ့ လို့တုန်း လို့ မေးတယ် ” 

ယုန်သူငယ်တွေ အားလုံး စိတ်ဝင်တစား နား ထောင် နေကြတယ် ။

“ အဲဒီမှာ ယုန်က ခုနတုန်း က ဟိုနေရာ မှာ လေ ဆိုပြီး ခြင်္သေ့ ကို ရေတွင်း တစ်ခု ဆီ ဖြားယောင်း ခေါ်ဆောင် သွားတယ် ။ ရေတွင်း ထဲ ကို ပြတယ် ။ ခြင်္သေ့ကြီး က ကြည့် တော့ ရေတွင်း ထဲ က သူ့ အရိပ် ကို မြင်တယ် ။ ဒေါသတွေ အရမ်း ထွက်တော့တာပေါ့ ။ သူ့ ပိုင်နက် ထဲကို ကျူးကျော် ဝင်ရောက် လာတဲ့ နောက်ထပ် ခြင်္သေ့ တစ်ကောင် ပဲ လို့ ထင်ပြီး ခုန် အုပ် လိုက်တယ် ။ ရေတွင်း ထဲ မှာ ရေနစ်‌ေ သ တော့တာပေါ့ ။ ယုန် က လွတ်မြောက် သွားတယ် ”

သူ့ စကား ကို နားထောင် နေတဲ့ ယုန်သူငယ် အပေါင်း က ဝမ်းသာအားရ ဖြစ် သွားတယ် ။ ယုန်ဆရာအို
ကြီး က အဲဒီလို အဖြစ်အပျက် ကို ရှုထောင့် အမျိုးမျိုး ကနေ သရုပ် ခွဲပြီး သီအိုရီ အမျိုးမျိုး နဲ့ ရှင်းလင်း သင်ကြားပေး တယ် ။ အချိန်စေ့ မှ ကျောင်း ဆင်းတယ် ။

ယုန်ဆရာအိုကြီး ဟာ ယုန်သူငယ် အပေါင်း ကို အဲဒီလို သင်ကြား ပေးခဲ့တာ ကာလ ကြာ ပါပြီ ။ ယုန်တို့ တတ်အပ်သော ပညာတွေ အတွက် ဆိုရင် သူ ဟာ ဂုရု တစ်ဆူ ပါပဲ ။ မနက်ခင်း ဆို တော ထဲ မှာ လမ်းလျှောက် ထွက်တတ် တယ် ။ မနက်ခင်း တစ်ခု မှာ ထုံးစံအတိုင်း သူ လမ်းလျှောက် ထွက် လာရင်း ...

“ ဪ ... မင်း က ငါ့ ရှေ့ တည့်တည့် ရောက် လာတာ ကိုး ”

ကြည့် လိုက်တော့ ခြင်္သေ့ကြီး တစ်ကောင် ။ ယုန် ဆရာအိုကြီး ရဲ့ ရင် ထဲ မှာ ဒိန်းခနဲ ဖြစ်သွားတယ် ။ သူများ ကို သင်မယ့် သာ သင် ပေးတာ ၊ သူ ကိုယ်တိုင် တွေ့တော့ လည်း ကြောက် တာပဲ ။ တုန် နေ တဲ့ ဒူး ကို အနိုင်နိုင် ထိန်း ရင်း ကဗျာကယာ ပြော လိုက်တယ် ။

“ ကျွန်တော့် ကို စားဖို့ မကြိုးစားပါနဲ့ တော့ ခြင်္သေ့ ကြီး ၊ ဟိုထောင့် နား က ခြင်္သေ့ကြီး တစ်ကောင် က ကျွန်တော့် ကို စားဖို့ စာရင်း တို့ ထားပြီးလို့ ပါ ”

“ ဘယ် ထောင့်နား က ခြင်္သေ့ကြီး လဲ ။ ငါ မသိပါ လား ၊ လိုက်ပြစမ်း ”

ယုန်ဆရာအိုကြီး ဟာ ခြင်္သေ့ ကို ရေတွင်း တစ်ခု ဆီ မျှား ခေါ်သွားတယ် ။

“ အဲဒီ ရေတွင်း ထဲ မှာ ရှိပါတယ် ”

ခြင်္သေ့ကြီး က ရေတွင်း ထဲ ငုံ့ ကြည့် လိုက်တယ် ။ ဒါပေမယ့် ယုန်ဆရာကြီး ရဲ့ ညွှန်ကြားချက် လို သူ့ အရိပ် ကို ခုန် မအုပ်ဘူး ၊ ဇဝေဇဝါ နဲ့ ကြည့်ရင်း

“ ဒီကောင့် ကို ငါ မြင်ဖူး သလိုလို ပဲ ”

ရေတွင်း ထဲ က ပဲ့တင်ထပ်သံ ပြန် လာ တာပေါ့ ။

“ ဒီကောင့် ကို ငါ မြင်ဖူး သလိုလို ပဲ ” 

“ ငါ့ မိတ်ဟောင်း ဆွေဟောင်း ထင်တယ် ” 

ရေ ထဲ ကခြင်္သေ့ အရိပ် က လည်း ပါးစပ် လှုပ်ပြီး

“ ငါ့ မိတ်ဟောင်း ဆွေဟောင်း ထင်တယ် ”

ပျော်မြူး သွားပြီး ရေတွင်း အပြင် က ခြင်္သေ့ က ရေတွင်း ထဲ က ခြင်္သေ့ ကို ပြုံး ပြတယ် ။ ရေတွင်း ထဲ က ခြင်္သေ့ က လည်း တစ်ပြိုင်တည်း ပြုံး ပြတယ် ။ ခြင်္သေ့ကြီး က ယုန်ဆရာအိုကြီး ဘက် ကို လှည့်ပြီး

“ ဟုတ်တယ်ကွ ၊ ငါ့ မိတ်ဆွေ ငါ့ ဆီ လာ လည်တာ ၊ သူ မင်း ကို စားမယ် ဆို စား ပါစေတော့ ”

ယုန်ဆရာအိုကြီး ကို ဂုတ် က ဆွဲပြီး ရေတွင်း ထဲ ပစ် ချ လိုက်သည် ။ ယုန်ဆရာအိုကြီး ရေတွင်း ထဲ ကို “ ဂွမ်း ” ခနဲ ကျ သွားပြီး ဂယက်တွေ ကြား မှာ ခြင်္သေ့ အရိပ် က လည်း ပျောက် သွားတယ် ။

“ တော်တော် မြန်တဲ့ ကောင်  ၊ ယုန် တစ်ကောင် ရ တာနဲ့ ပျောက် သွားရော ”

ခြင်္သေ့ကြီး ကြည်ကြည်နူးနူး ပြန် လှည့် ထွက်လာ ခဲ့တယ် ။ ပါးစပ် ကလည်း တတွတ်တွတ် ရေရွတ် သွားလေရဲ့ ။

“ ဪ ... ဧည်သည့် ကို ဧည့်ခံ ရတာ အိမ်ရှင် အတွက် မင်္ဂလာ တစ်ပါး ပါ လားနော် ”

◾တာရာမင်းဝေ

📖 ဘယ်ဘက် လက်ထဲမှာ ဝှက်ထားတဲ့ ပုံပြင် 

#ကိုအောင်နိုင်ဦး

.

ရွာ မြက် ရွာ နွား မစား


 ❝ ရွာ မြက် ရွာ နွား မစား ❞


မိချို နှင့် ဒီ လူ ကို ကျွန်မ မသင်္ကာ နေသည် မှာ ကြာပြီ ။ ဘာကိစ္စ နှင့် ဒီ လူ မိချို ဆိုင် သို့ ခဏခဏ လာ နေရ သနည်း ။ အရောင်းအဝယ် ကိစ္စ နှင့် ဝင်ထွက် သွားလာ နေ သည်တော့ မဟုတ်နိုင် ။ အရောင်းအဝယ် နှင့် လာသည် ဆိုလျှင် သိသာသည် ။ ဟန်ပန် အမူအရာ အပြောအဆို က အစ သူများ နှင့် ကွာခြားသည် ။ အချိန်ဖြုန်း မနေတတ် ၊ သုတ်သုတ် လာ သုတ်သုတ် သွား ၊ ကိစ္စ ပြတ် လျှင် သုတ်သုတ် ပြန် သွားကြသည် သာ ဖြစ်သည် ။ ယခုတော့ ထိုသို့ မဟုတ် ၊ လာ လျှင် ဆိုင် နောက်ပိုင်း ထင်းရှူးသေတ္တာကြီး ပေါ် ထိုင်ကာ တွတ်တွတ် တွတ်တွတ် နှင့် စကားတွေ ပြော နေတတ်သည် ။ တော်တော် နှင့် မပြန် ၊ ဘာတွေ ပြော နေကြမှန်း လည်း မသိရ ။ လာ လျှင် ပစ္စည်း တစ်ခု ခု ပါ တတ်သည် ။ ဘာ ပစ္စည်း မှန်း မသိ ။


တစ်ခါတလေ လည်း ခေါက်ဆွဲ ထုပ် လား ဒံပေါက် ထုပ် လား မသိ ၊ စားစရာ တွေ ဆွဲ ကာ ဝယ် လာ တတ်သည် ။ ကနေ့ လာ ပြန်ပြီ ။ ဒူးရင်းသီးကြီး နှစ်လုံး ဆွဲ လို့ ။ မိချိုဆိုင် နှင့် ကျွန်မ ဆိုင် မှာ ထရံ တစ်ချပ် သာ ခြားသည် ။ သည်တော့ သည်လို လူစိမ်း တစ်ယောက် ဝင်ထွက် နေသည် ကို မြင် နေရသည် ။


ဈေး ထဲ တွင် ကြီး၍ အရွယ် ရောက် ကတည်း က ဈေးသည် ဖြစ် လာသော ကျွန်မ သည် လူပေါင်းစုံ နှင့် ထိတွေ့ ဆက်ဆံ လာခဲ့ရသူ ဖြစ်သည့် အလျောက် လူကဲခတ် မညံ့ပေ ။ ထို လူ သည် ကျွန်မ တို့ ဈေးသည် လောက မှ မဟုတ် နိုင်သည် ကို သတိထား မိသည် ။


ထို လူ ကို မိချို က အစ်ကိုကြီး ဟု ခေါ်သည် ။ ထို လူ ကတော့ မိချို ဟု ခေါ်ဝေါ်သည် ။ သူ့ အသက် မှာ လေးဆယ် လောက် ဖြစ်သည် ။ လူရည် သန့်သည် ။ ရည်မွန်သည် ။ တည်ကြည် သော မျက်နှာထား ရှိသည် ။ ကြည့်ပျော် ရှုပျော် ရှိသော ယောက်ျား တစ်ယောက် ။ မိချို အသက် က သုံးဆယ် လောက် ၊ ကျွန်မ က သူ့ ထက် သုံးလေးနှစ် လောက် ပဲ ကြီးသည် ။ ရွယ်တူ လောက် ပဲ ဆိုကြပါစို့ ။


အသက် ရွယ်တူ လောက် ဖြစ် သလို ဘဝချင်း က လည်း တူသည် ။ ဈေးချို တွင် ရောင်းဝယ် နေသော ဈေးသည်ချင်း လည်း ဖြစ်သည် ။ ပြီးတော့ သူ ရော ကျွန်မ ပါ အိမ်ထောင်မဲ့ များ ဖြစ်ကြသည် ။ အားကိုး အားထား လင်သား မရှိ ၊ ကိုယ့်ထူး ကိုယ်ချွန် ရောင်းဝယ် ဖောက်ကား စားသောက် နေကြသော တစ်ကိုယ်တော် မင်းသမီးများ ဖြစ်ကြသည် ။ သူ က တစ်ခုလပ် ၊ ကျွန်မ က မုဆိုးမ ။ 


ထို့ကြောင့် ကျွန်မ တို့ အလွန် ခင်ကြသည် ။ သွား အတူ လာ အတူ ဖြစ်သည် ။ သက်တူ ရွယ်တူ လို ဖြစ် နေပြန် သောကြောင့် ညီအစ်မ လို ဖြစ်နေကြသည် ။ အဝတ်အစား ဆင်တူ ဝတ် ကြသည် ။ သူ့ ဟင်း ကိုယ့် ဟင်း မခွဲဘဲ ပေါင်း စားကြသည် ။


သည်လောက် ရင်း ကြ သော်လည်း ထို လူ အကြောင်း ကို ကျွန်မ ဖွင့် မေးရန် ရင်လေး နေမိသည် ။ မသင်္ကာစရာ တော့ မသင်္ကာစရာ အမှန်ဖြစ်သည် ။ ထို လူ ဝင်ထွက် နေ သည် မှာ နှစ်လ လောက် သာ ရှိ သေးသည် ။ သူ့ ဖောက် သည် သူ့ ကုန်သည် တွေ ကို ကျွန်မ သိ သလို ကျွန်မ ဖောက်သည် ကျွန်မ ကုန်သည် တွေ ကို လည်း မိချို သိပါ သည် ။ ရောထွေး ယှက်တင် သာ မနေကြပါ ။ သို့သော် ထို လူ သည် မိချို ဆိုင် သို့ ဝင် နေကျ ထွက် နေကျ မဟုတ်ပါ ။


ဈေး သို့ လာ သူသည် အရောင်းအဝယ် ကိစ္စ နှင့် လာ တတ်သူ သာ ဖြစ်သည် ။ အခြား ကိစ္စ နှင့် လာချင် လည်း လာမည် ။ သို့သော် ... ဆိုင် တစ်ဆိုင် သို့ စွဲစွဲမြဲမြဲ လာ၍ လာ၍ လာ ကာ ဆိုင် ထဲ ဝင် ထိုင်ပြီး ဆိုင်ရှင် နှင့် တိုးတိုး တိုးတိုး ပြောဆို တိုင်ပင် နေကြသည် က တော့ စဉ်းစားစရာ ဖြစ်သည် ။ ဆိုင်ရှင် က ယောက်ျားသား ဆို လျှင် ထား တော့ ။ လာ လည် သူ က ယောက်ျားသား ဆိုင်ရှင် က မိန်းမသား ဆိုတော့ သာ၍ အထင် မှားစရာ မသင်္ကာစရာ မဟုတ်ပါလား ။


ဟုတ် မဟုတ် နောက်ထား ၊ ကျွန်မ က တော့ မိချို ကို ဟို လူ လာ ချိတ်နေသည် ဟု ထင်သည် ။ ကျွန်မ က မိချို ကို နောက် အိမ်ထောင် မပြုစေလို ။ ကျွန်မ ကဲ့သို့ ပင် လွတ်လွတ်လပ်လပ် လုပ်ကိုင် ရှာဖွေ စားသောက် နေစေ့ ချင် သည် ။ ယောက်ျား မရှိ လည်း မိန်းမသား တစ်ယောက် တည်း ရှာဖွေ စားသောက် နေ နိုင်သည် ဟူသော မာန ထား စေ့ ချင်သည် ။ မိချို အပြော အားဖြင့် သိရသည် မှာ မိချို ယောက်ျား သည် အတော် ဆိုးခဲ့ပုံ ရသည် ။ အသုံးအစွဲ ကြီး သည် ။ အပျော်အပါး များသည် ။ အသောက်အစား ကျူး သည် ၊ လင့် ဝတ္တရား မကျေ ဟု ဆိုသည် ။ ထို့ကြောင့် ခွဲခဲ့ ရ သည် ဟု သိရသည် ။


ယခု မိချို စိတ် အတော် ချမ်းသာ နေသည် ။ ကိုယ်ပိုင် အိမ် နှင့် ယာ နှင့် ၊ လက်ဝတ်လက်စား တွေ အပြည့်အစုံ နှင့် ကိုယ်ပိုင် ဆိုင်ခန်း နှင့် ၊ ငွေစက္ကူ တွေ အထပ် လိုက် အလိပ် လိုက် နှင့် ၊ လှူလို့ တန်းလို့ ပူပင်သောက မရှိ ။ ကြောင့်ကြ စရာ မရှိ ၊ ပျော်ရွှင် နေသည် ။ ယခု အတိုင်း သူ ပျော်ပျော် နေ သွား စေချင်သည် ။ နောက် အိမ်ထောင် မပြုစေချင် ။


ဟို လူ ဝင်ထွက် နေသည် ကို ကျွန်မ မရှုဆိတ် သလို ၊ ဝန်တို သလို ဖြစ်နေမိသည် ။ ထို လူ လာ လျှင် မိချို က မုန့်တီ ဝယ် ကျွေးသည် ။ လက်ဖက်ရည် မှာ တိုက်သည် ။ အရေး ပေး လွန်းသည် ဟု ကျွန်မ ထင်မိသည် ။ ဟို လူ ကလည်း တော်တော် နှင့် မပြန် ။ တစ်ခါတလေ မိချို မသယ်နိုင် မချနိုင် သော ဝန်စည်များ ကို ကူ မ ချပေး တတ်သေးသည် ။ ဆိုင်ကြီးရှင် ကျ နေ တော့သည် ။


ကနေ့ ဒူးရင်းသီးကြီး နှစ်လုံး ဆွဲကာ ဝင် လာသည် ။ မကြာခင် ပင် ဒူးရင်းသီး အမွှေးနံ့ သည် ကျွန်မ အခန်း ဘက် သို့ စူး ဝင် လာသည် ။


“ မမထား ဒူးရင်းသီး ” ဟု မိချို အသံ ကြား လိုက် ရသည် ။


“ စားကွ စားကွ ”


“ အို မဟုတ်တာ ၊ ပေါ်ဦးပေါ်ဖျား စားပါဦး ” ဟု ပြော ကာ ပန်းကန်ပြား နှင့် ဒူးရင်းသီး အမြွှာ လေးငါးမြွှာ ကျွန်မ ဆိုင် ဘက် သို့ လာ ပေးသည် ။ အားနာပါးနာ နှင့် လက်ခံ ထားလိုက်ရ သော်လည်း ကျွန်မ စိတ် သည် မကြည် သလို ဖြစ် နေသည် ။ ဘာ့ကြောင့် ဟူ၍ လည်း မစဉ်းစား တတ်ပါ ။


မိချို ကို ကျွန်မ အလွန် သနားသည် ။ ဘဝတူ မို့ လည်း ပို၍ ခင်သည် ။ သံယောဇဉ် လည်း ကြီးသည် ။ ထို လူ ကို ကျွန်မ ဘယ်သူဘယ်ဝါ ဟူ၍ မသိဘဲ ထို လူ ကို မကျေမနပ် ဖြစ် နေမိသည် ။ ထို လူ ဝင်ထွက် နေသည် ကို အခြောက်တိုက် အလိုမကျ ဖြစ်နေသည် ။ မိချို ကို အပိုင်စီး မည့် အချောင်သမား များ လား ။ မိချို အရောင်းအဝယ် ကောင်းသည် ကို မြင်ပြီး အရ ချိုင်မည့် သူများလား ဟု ကျွန်မ စိုးရိမ် နေမိသည် ။ ဈေး သာ ရောင်း နေ ရသည် ။ ကျွန်မ စိတ် သည် တစ်ဖက်ခန်း မှ ထို လူ ကို ငြူစူ နေ မိ သည် ။


နောက်ဆုံး မိချို ကို ကျွန်မ ဖွင့် မေးတော့မည် ဟု ဆုံး ဖြတ် လိုက်တော့သည် ။ ဟုတ်သည် ၊ မိတ်ဆွေ တို့ ဝတ္တရား သတိ ပေးတန် ပေး ရမည် မဟုတ်ပါလား ။


“ မိချို ”


“ ရှင် ... မမထား ”


“ မနက်ဖြန် ရှမ်းထမင်းသုပ် လုပ် စား မလို့ လာမှာ လား ” ဟု လှမ်း ပြောလိုက်သည် ။


“ အစား နဲ့ သာခေါ် သေမင်းပြည် တောင် လိုက်တယ် ” ဟု မိချို က သူ့ ဝါသနာအ တိုင်း အရွှန်းကလေး ဖောက် ၍ ပြော လိုက်သည် ။


ကျွန်မ တွင် သမီး တစ်ယောက် ရှိသည် ။ ဈေး နား သည့် အခါ၌ သာ သားအမိ အချိန်များများ တွေ့ခွင့် ရကြ သည် ။ ထို့ကြောင့် ဈေး နား သည့် အခါ အိမ် တွင် တစ်စုံ တစ်ခု လုပ်၍ စား တတ်ကြသည် ။ မိချို ကို လည်း ဖိတ်ရ သည် ။ မဖိတ် လည်း သတင်းကြား နှင့် ပေါက် လာတတ် သည် ။ သူတို့ အိမ် တွင် တစ်စုံတစ်ခု မုန့်ပဲသရေစာ လုပ် ခဲ့ လျှင် လည်း ကျွန်မ တို့ သားအမိ ကို ဖိတ်သည် ။ မသွား လျှင် လာ ပို့ တတ်သည် ။


ကျွန်မ တို့ နှစ်ယောက် ကို ဈေး ထဲ က ရော အရပ် ထဲ က ပါ သဘောကျ ကြသည် ။ အားရ ကြသည် ။ အားကိုး အားထား လင်သား မရှိပေမင့် တည်တည်ကြည်ကြည် ရိုးရိုးသားသား လုပ်ကိုင် ရှာဖွေ စားသောက် ကြသည် ။ ကိုယ့်အား ကိုယ် ကိုး ကာ မိန်းမသား တစ်ယောက် တည်း ရွပ်ရွပ်ချွံချွံ ရှာဖွေ လုပ်ကိုင် နိုင်သည် ဟု ချီးမွမ်း ကြသည် ။ အိမ်ထောင် မပြုဘဲ အပျိုကလေးတွေ လို ဝတ်စား ဆင်ယင် နေကြသည် ကို ပဲ ချီးကျူး မပြီးနိုင်ကြ ။


နောက် တစ်နေ့ မိန်းမစီး စက်ဘီးကလေး နှင့် သူ ပေါက် လာသည် ။ အိမ်ရှေ့ ရောက် မှ သူ မှန်း ကျွန်မ သိ သည် ။ ဘယ်က ကျောင်းသူလေးများ ပါလိမ့် ဟုပ င် ကျွန်မ အထင် မှား နေမိသည် ။ အိမ် ထဲ ရောက် လာမှ မိချို မှန်း ကျွန်မ သိ တော့သည် ။ လှလိုက်သည့် မိချို ၊ ဈေး မှာ တော့ ဟုတ်တိပတ်တိ အလှ ပြင်ခြင်း မရှိ ။ သနပ်ခါး ဘဲကျားရိုက် နှင့် ဆံပင် ကို စုစည်းကာ နောက်စေ့ လှန် ကလစ် နှင့် တွယ် ထားသော ဆင်ယင်ထုံးဖွဲ့မှု ၊ ဈေးသည် ဆို တော့ အလှ ပြင်ချိန် မရ ။


ယနေ့ မိချို ကို မြင်ရသည် မှာ မယုံနိုင်စရာ ဖြစ်သည် ။


ဈေးပိတ်ရက် မို့ ခေါင်း လျှော်လာသည် ။ ကောင်း လိုက်သည့် ဆံပင် ၊ ဒူးကောက်ကွေး ထိ နေသည် ။ သနပ်ခါး ရေကျဲကလေး လိမ်း ထားပြီး မန်းသူ တို့ ထုံးစံ အတိုင်း ဘီးကလေး နှင့် ခြစ် ထားသည် ။ ဘီးခြစ်အရာကလေး တွေ ပေါ် နေသည် ။ အသေအချာ ကြည့် မှ အသေအချာ ချစ်စရာ ကောင်းသော ကောင်မလေး တစ်ယောက် ဟု ကျွန်မ မြင် မိသည် ။


အင်း ... နောက် အိမ်ထောင် ပြုမယ် ဆိုလည်း ရနိုင် သေးတဲ့ အရွယ် ပါ ကလား ဟု ကျွန်မ သက်ပြင်း ချ လိုက်မိ သည် ။


ဒါလောက် ချစ်စရာ ကောင်းသည့် ကလေးမလေး တစ်ယောက် ကို ဘာကြောင့်များ သူ့ လင် က ပစ်သွားပါ လိမ့် ဟု လည်း မခံချိမခံသာ ဖြစ်သွား မိပါသည် ။ အိမ် ထဲ ရောက်ရောက် ချင်း


“ စားရတော့မလား ဟင် လုပ်ပြီးကြပလား ” ဟု မေး လိုက်သည် ။


“ လုပ်ပြီးပါပြီ တော် ၊ ဖြည်းဖြည်း လုပ်စမ်းပါ ၊ သမီး လာ အောင် စောင့်ပါဦး ”


“ သီသီ က ဘယ် သွားလို့လဲ ”


“ သူ့ ဆရာမ ဆီ ထမင်းသုပ် သွား ပို့တယ် ” 


“ ဒါဖြင့် ဟန်ကျတာပဲ ”


“ ဘာ ဟန်ကျတာလဲ ”


“ အော် ... မမ နဲ့ နှစ်ယောက် တည်း ဆွေးနွေးစရာ ရှိလို့ ”


“ ဘာများလဲ တော် ”


မိချို သည် ကျွန်မ နား ကပ် ထိုင် လိုက်ကာ ကျွန်မ နား သို့ တိုး ၍ ...


“ အိမ်ထောင်ရေး အိမ်ထောင်ရေး ” ဟု ပြောင်သလို လှောင်သလို မျက်နှာမျိုး ဖြင့် ပြော လိုက်ပါသည် ။ 


ကျွန်မ အံ့အားသင့် သွားမိသည် ။ တစ်ခါ မှ အိမ်ထောင်ရေး ကိစ္စ ပြောဖူး ဆိုဖူးခြင်း မရှိခဲ့ သော ကြောင့် အံ့အားသင့် သွားမိခြင်း ဖြစ်ပါသည် ။


“ အံ့အားသင့် သွားသလား ”


ကျွန်မ က ခေါင်းညိတ် ပြ လိုက်သည် ။ 


“ ကျွန်မ ပြော မှာ ကြား ရရင် မမ ပိုပြီး အံ့အားသင့်ဦးမယ် ”


“ ဆိုစမ်းပါဦး ၊ ဘာတွေများတုံး ” 


“ စိတ်တော့ မဆိုးရဘူးနော် ” 


“ ဘာပြုလို့ ဆိုးရမှာတုံး ”


“ ကျွန်မ ကို အထင် လည်း မသေးရဘူး ” 


“ အမယ်လေးဟဲ့ ... ရှည်လိုက်တဲ့ လျှာ ”


“ ဒီလို ... ကျွန်မ ဆိုင် ကို လာ လာ နေတဲ့ ဟို လူ ကို သတိထား မိလား ”


“ ဘယ်သူလဲ ၊ အော် ... သိတယ် ၊ ဘယ်သူလဲ လို့ မေးတောင် မေး မလို့ ”


“ သဲတော က ရက်ကန်းရုံပိုင် ၊ ပိုက်ဆံ သိပ်ရှိတာပဲ ၊ ကျွန် မနဲ့ ငယ်သူငယ်ချင်း တစ်ရပ် တည်း နေ တစ်ရေ တည်း သောက် နာမည် က ကိုထွန်းလှိုင် တဲ့ ”


“ အော် ဟုတ်လား ၊ ဒါပေမဲ့ သူ့ ကြည့်ရတာ လူချမ်းသာ နဲ့ မတူပေါင် ”


“ ဟုတ်တယ် ၊ သူ က ဒီလိုပဲ ၊ ဝင့်ဝင့်ကြွားကြွား မနေ တတ် မပြောတတ်ဘူး ။ ရိုးတာ လည်း အလွန်ပဲ စေတနာ ရှိတာ လည်း အလွန်ပဲ ”


ကျွန်မ ထင်ထားသည့် ကိန်း အတိုင်း ဆိုက်ချေပြီ ဟု ကျွန်မ တွက်လိုက်မိ ပါသည် ။ ကျွန်မ စိတ် တွေ လှုပ်ရှား နေသည် ။ သူ့ ကို ကျွန်မ နှမြော နေမိသည် ။ သူ အိမ်ထောင်ပြု သွားမည်ကို စိုးရိမ် နေသည် ။ ယခု လို အပျို ကလေး လို ဝတ်စားသွားလာ နေသည် ကို ပဲ မြင်ချင် နေမိ သည် ။ အိမ်ထောင် ပြုပြီ ဆိုလျှင် တာဝန် တွေ ပိုလာ တော့ မည် ။ အိမ်ထောင့် ဒုက္ခတွေ အနည်း နှင့် အများ ခံစားရ တော့မည် ။ ချုပ်ချယ်မှုတွေ ရှိလာတော့မည် မဟုတ်လား ။


အိမ်ထောင် မပြုဖူးသည် မှ မဟုတ်ဘဲ ။ အိမ်ထောင် အကြောင်း အဆိုးအကောင်း ကို သိရ ပြီးပြီ မဟုတ်ပါ လား ။ ဘာကြောင့် ဒုက္ခများ သော အိမ်ထောင်သည် ဘဝ ကို ပြန် ရောက် ချင်ရသေး သနည်း ။ ကျွန်မ စဉ်းစား နေ ဆဲ မှာ ပင် သူ က ဆက် ပြောပြန်သည် ။


“ သူ လည်း ကျွန်မ တို့ လို အိမ်ထောင် မရှိဘူး ၊ မုဆိုးဖို ”


“ ဟုတ်လား ... ”


“ ကင်ဆာ ဖြစ်ပြီး ဆုံး သွားတာ ငါးနှစ် လောက်ရှိပြီ ” 


“ အော် ... ကျွတ် ... ကျွတ် ... ကျွတ် .. ”


“ သားသမီး လည်း မရှိဘူး ”


“ အင်း .. ”


“ သူ က ကျွန်မ ကို ပြောတယ် ”


ကျွန်မ အာရုံ ပို စိုက် လိုက်မိသည် ။


“ သူ့ မှာ သုံး မကုန်အောင် ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝ ပေမဲ့ မရှိ မဖြစ်တဲ့ ဘဝ အဖော် လိုနေတယ် တဲ့ ။ သူ့ အနေ နဲ့ လိုချင် ရင် ဘယ် မိန်းမ ဖြစ်ဖြစ် ခေါင်းခေါက် ယူ နိုင်တယ် တဲ့ ။ ဒါပေမဲ့ သူ စိတ်တိုင်းကျ တဲ့ မိန်းမ ရှာ မတွေ့ ဖြစ်နေတယ် တဲ့ ”


“ အံမယ် ... လူ ကြည့်တော့ ရိုးပုံရိုးလက် နဲ့ အပြော တော့ အကောင်းသား ”


“ ခေတ်ပညာတတ် ပဲ ၊ ဘယ် ခေလိမ့်မလဲ ”


သူ့ စကား အလာ ကို ကျွန်မ စိတ် ထဲ က ကြိတ် ၍ ရယ် ချင် နေသည် ။ ရှမ်း ကြိုက် တော့ နွား ချော ဆိုသလို ကိုယ့် ငါးချဉ် ကိုယ် ချဉ်ပြ နေသည် ဟု အောက်မေ့ လိုက် သည် ။


“ ကဲပါ .. လိုရင်း ပြောစမ်းပါ ၊ သိုင်းလိုက် ဝိုင်းလိုက် ရတာ ”


“ ပြောပါ့မယ် ဖြည်းဖြည်းပေါ့ ၊ သူ က ပြောတယ် .. ”


“ အင်း  ”


“ သူ ဟာ ခေတ်ပညာတတ် ဘွဲ့ ရပြီးတဲ့ လူ တစ်ယောက် ဖြစ်ပေမဲ့ စီးပွားရေးသမား တစ်ယောက် ဖြစ်တယ် တဲ့ ။ လွတ်လွတ်လပ်လပ် စီးပွား ရှာချင်တယ် တဲ့ ။ ဒီတော့ သူ့ မှာ ရှိတဲ့ စည်းစိမ်ဥစ္စာ တွေ မယိုမဖိတ် အောင် နောက်ပိုင်း က ထိန်းသိမ်း ပေးနိုင်မယ့် မိန်းမမျိုး စီးပွားဘက်မျိုး မှ လိုချင်တယ် တဲ့ ”


“ တယ် ဆိုတဲ့ စာပါလား ”


“ ဟုတ်တာပေါ့ မမ ရဲ့ ၊ ရည်ရွယ်ချက် ကြီးကြီး ထား ပြီး စဉ်းစားတတ်တယ် လို့ ဆိုရမှာပေါ့ ၊ မဟုတ်ဘူးလား ” 


“ ဟုတ်ပါသတဲ့ တော် ... ဟုတ်ပါသတဲ့ ” 


ကျွန်မ ခပ်ငေါ့ငေါ့ ပြန် ပြော လိုက်သည် ။ 


“ မမ က ငေါ့ပြီ ” ဟု မျက်စောင်းကလေး တစ်ချက် ထိုး ကာ ကျွန်မ လက်မောင်း ကို လှမ်း ဆိတ် လိုက်သည် ။ နားထောင် ရင်း ကျွန်မ ရင်တွေ ခုန် နေ ပါသည် ။ သူ ဆက် တော့မည့် စကား ကို ကျွန်မ ရိပ်မိပါသည် ။ ထို့ကြောင့် ရင်တွေ ခုန် လာခြင်း ဖြစ်ပါသည် ။ ငိုချင် သလို ရယ်ချင် သလိုကြီး လည်း ဖြစ် နေပါသည် ။ သို့သော် ကျွန်မ မျက်နှာ ကို ပြုံး၍ ထားပါသည် ။ 


သူ့ ကိုယ် မှ နံ့သာဖြူ သနပ်ခါးနံ့ တို့ သည် ကျွန်မ နှာခေါင်း သို့ ဝင် ရောက် နေသည် ။ မွှေးကြူ နေသည် ။ 


“ ဒီနောက် သူ က ဘယ်လို ပြောသလဲ ဆိုတော့ ... ” 


ကျွန်မ အားမလို အားမရ ဖြစ်လာ ပြန်သည် ။ 


“ ပြောမှာ ပြောစမ်းပါ အေ ရယ် ၊ ဟိမဝန္တာ ချီးကျူးခန်းတွေ လုပ် မနေစမ်းပါနဲ့ ”


ဤ တွင် သူ က ကျွန်မ ကို သွားတက်ကလေး ဖော် ကာ ပြုံး ကြည့် လိုက်သည် ။


“ မမ စိတ် မဆိုးနဲ့နော် ၊ ကျွန်မ နဲ့ မမ ဟာ ညီမ အရင်း လို နေလာကြတာ မဟုတ်လား ၊ ကျွန်မ ကောင်းစားတာ မြင်ချင် သလို မမ ကောင်းစားတာ လည်း မြင်ချင်မှာပဲ မဟုတ်လား ”


“ အေးပါ .. ဒါတွေ ပြောနေစရာ မလိုပါဘူး ” 


“ ဒီလို မမ ရဲ့ သူ ကျွန်မ ဆီ ကို လာ လာ နေတာ သိသလား ”


“ သိသားပဲ ၊ မြင်နေတဲ့ ဥစ္စာ ”


“ မဟုတ်ဘူး ၊ သူ ကျွန်မ ဆိုင် လာ လာ နေတဲ့ ရည်ရွယ်ချက် ကို ”


“ အကြောင်း တစ်ခု ခု ရှိလို့ နေမှာပေါ့ ”


ကျွန်မ က ပြုံးရင်း ဖြေ လိုက်သည် ။


“ ဟုတ်တယ် ... အကြောင်း ရှိတယ် ။ ဒီလို ... ”


ဤနေရာ တွင် မိချို သည် တစ်စုံတစ်ခု ပြောရန် နှုတ်လေး နေ သလို ငြိမ် နေ ပြန်သည် ။ ကျွန်မ က သူ့ အရိပ်အကဲ ကြည့် နေ မိသည် ။


“ သူ က မမ ကို လိုချင်တယ် တဲ့ ”


“ ဘာ ”


ကျွန်မ အံ့အားသင့် သွားကာ “ ဘာ ” ဟု လွှတ်ခနဲ ထွက် သွားခြင်း ဖြစ်ပါသည် ။


“ မမ စိတ်ဆိုး သွားသလား ”


ကျွန် မက ဘာမျှ ပြန် မဖြေဘဲ ငေးကြည့် နေမိသည် ။ သူ က ဆက် ပြောပြန်သည် ။


“ ... သူ လိုချင်တဲ့ မိန်းမမျိုး ဟာ မမ လို မိန်းမစား မျိုး တဲ့ ၊ အရောင်းအဝယ် တတ်ပြီး ချက်ချက်ချာချာ ၊ ခြယ်ခြယ်လှယ်လှယ် ရှိတယ်တဲ့ ။ အိမ်ထောင် ပြုဖူးတဲ့ အတွက် လည်း အိမ်ထောင့် တာဝန်ဝတ္တရား နားလည်ပြီး လည်း ဖြစ်တယ် တဲ့ ။ ဒါကြောင့် ဖြစ်နိုင်မယ် ဆိုရင် လက်ဆက် ပါရစေ တဲ့ ။ ကျွန်မ ကို ပြောခိုင်း နေတာ ကြာပြီ ၊ မမ ကို ကျွန်မ ပြောရမှာ အားနာ နေလို့ ... အဲဒါပဲ ”


ကျွန် မနား ကျွန်မ မယုံ သလို ဖြစ်နေ ပါသည် ။ ကျွန်မ အထင် နှင့် အမြင် တခြားစီ ဖြစ်နေ သဖြင့်လ ည်း အံ့အား သင့် နေပါသည် ။


“ မမ ကျွန်မ ကို စိတ်ဆိုးပြီ ပေါ့ ” 


ကျွန်မ ခေါင်းခါ ပြ လိုက်သည် ။


“ ဒါဖြင့် မမ သဘော ကို သိပါရစေ ” 


“ အို ... မမ နောက် အိမ်ထောင် ပြုဖို့ စိတ် မကူးတော့ပါဘူး ”


“ ဘယ် ဒီလို လည်း ဟုတ်ပါ့မလဲ မမ ရယ် ၊ မမ ကြီးသေးတာ မှ မဟုတ်ဘဲ ၊ ဘဝ အဖော် ဆိုတာ ရှိရမှာ ပေါ့ ” 


ကျွန် မက “ ညည်း ယူ လိုက်ပါလား ” ဟု ပြန် နှက် လိုက်ချင်သည် ။ သို့သော် ကျွန်မ နှုတ် မှ မထွက်ရက်ခဲ့ပါ ။ သို့သော် ....


“ မမ ကို သာ ပြော နေတယ် အမိ ကျတော့ ကော ” ဟု ပြန် မေးလိုက်သည် ။ သူ က ဟက်ဟက်ပက်ပက် ရယ် လိုက်သည် ။


“ ကြိုက်တာ တွေ့ ရင် ယူမှာ ပေါ့ ၊ ဘယ် တစ်သက် လုံး ဒီလို နေနိုင်ပါ့မလဲ မမ ရဲ့ ။ မိန်းမ တစ်ယောက် ဟာ လင် မရှိဘဲ မတင့်တယ်ဘူး တဲ့ ။ အားကိုးအားထား မရဘဲ မနေကောင်းဘူး တဲ့ ။ လင် ရှိ မှ တင့်တယ်တယ် တဲ့ ။ လင် မရှိ ရင် သူများ အထင်သေး ခံရတယ် တဲ့ ။ အစော်ကား ခံရတတ်တယ် တဲ့ ”


“ ဒါ ဘယ်သူ က ပြောတာတုံး ” 


“ မေမေ က ပြောတာ ”


“ ဒါကြောင့် လင် ယူရမယ်တဲ့ လား ” 


“ ဘယ်လောက် ဆိုး နေနေ ကိုသိန်းမောင် ကို ပြန် ပေါင်း တဲ့ ၊ နူမွဲ နေပေ့စေ ၊ ငါ့ မှာ လင် ရှိတယ် ဆိုတာ တအား ပဲ တဲ့ ၊ ဒါကတော့ မေမေ တို့ လူကြီး စကားပေါ့ လေ  ၊ တဖြည်းဖြည်း နားချ ရင် လူကောင်း ဖြစ်လာရမှာပေါ့ တဲ့ ” 


“ အဲတော့ ... ”


“ ပြောတတ်သေးဘူး လေ ၊ လင် မရှိ ရင် အားငယ် စရာ ကောင်းတာတော့ အမှန်ပဲ ” ဟု ပြော ကာ မိချို က ကျွန်မ ပေါင် ကို လှမ်း ဆိတ် လိုက် ပါသည် ။ နောက် တခိခိ ရယ် သေးသည် ။ နောက် ဆက် ပြန်သည် ။


“ ကဲပါ ကျွန်မ စိတ် ချမ်းသာတာ မြင်ချင် သလို မမ စိတ်ချမ်းသာ တာ လည်း မြင်ပါရစေ ” 


“ မမ ဟာ မမ အေးအေး နေစမ်းပါရစေ ၊ ဒုက္ခ မပေးချင်ပါ နဲ့ ”


“ ဘယ်ကလာ ဒုက္ခ ရမှာလဲ ၊ လက်ခံ လိုက်ပါ မမ ရယ် ၊ သနားပါတယ် ။ ကျွန်မ ကို ပူဆာ နေတာ ကြာလှပြီ ” 


“ အံမယ် သူ က ကလေး လား ”


“ ကလေး လို ပဲ ”


“ ဒါဖြင့် ညည်း ယူ လိုက်ပါလား ”


ဤ အကြိမ် တွင် စောစောက မထွက်ရက် သော စကား လည်း လွှတ်ခနဲ ထွက် သွားပါသည် ။ 


“ သူ က ကျွန်မ ကို ကြိုက်တာမှ မဟုတ်ဘဲ ၊ မမ ကို ကြိုက်နေတဲ့ ဥစ္စာ ”


မိချို က နှုတ်ခမ်းကလေး စူ ကာ ပြောလိုက်သည် ။ ကျွန်မ က ကျီစားသလို ပြောလိုက်ခြင်း ဖြစ်သည် ။ သူ က ဆက်၍ ..


“ ဒီ က သူ ကောင်းစားအောင် စေတနာ နဲ့ ပြောတာ ” ဟု ပြော ပြန်သည် ။


ကျွန်မ က သူ့ ကို ဆက်၍ ကလိ လိုက် ပြန်သည် ။ 


“ နေပါဦး အမိ ၊ အောင်သွယ်ခ ဘယ်လောက် ရသလဲ ”


ဤတွင် မိချို ဟန် မဆောင်နိုင် တော့ ၊ မျက်ရည် ပေါက် ပေါက် ကျလာသည် ။


“ ကျွန်မ ကို မမ ဒီလို မထင်ကောင်းပါဘူး မမရယ် ” ဟု ပြောကာ ကျွန်မ ကို ဖက်၍ ငို ပါလေတော့သည် ။


“ ကျီစား တာပါ ညီမ ရယ် ၊ မမ မှားပါတယ် ၊ ဟော သမီးလေး ပြန် လာပြီ စားကြသောက်ကြရအောင် ”


•••••   •••••   •••••


ကျွန်မ အဖြစ် ကို ကျွန်မ စဉ်းစားပြီး ရယ်ချင် နေမိ သည် ။ ယောက်ျား တွေ ၏ သဘော ကို မစဉ်းစား တတ် အောင် ဖြစ်မိသည် ။ ကျွန်မ လို အရောင်းအဝယ် လည်း  တတ် ၊ စီးပွားရေး အမြင် လည်း ရှိ ၊ ကျွန်မ ထက် ချက်ချက် ချာချာ ခြယ်ခြယ်လှယ်လှယ် လည်း ရှိ ၊ ပြီးတော့ ကျွန်မ ထက် လည်း ငယ် ၊ ကျွန်မ ထက် လည်း ချောပြီး ချစ်စရာ ကောင်း သော မိချို ကို ကျော် ကာ ကလေး တစ်ယောက် အမေ ကျွန်မ ကို မှ အဘယ်ကြောင့် ကြိုက်ရလေ သနည်း ။ ကိုထွန်းလှိုင် နှင့် ကျွန်မ ရကြသော အခါ ထို မေးခွန်း

ကို သူ့ အား ကျွန်မ မေး ကြည့်မိသည် ။


“ ဟာ .. ထား က လည်း ရွာမြက် ရွာနွား မစားဘူး ဆို တဲ့ စကား မကြားဖူးဘူးလား ” တဲ့ ။


◾နှင်းဦး 


📖 သွေးသောက် မဂ္ဂဇင်း 

      သြဂုတ် ၊ ၁၉၇၉


#ကိုအောင်နိုင်ဦး


.

Tuesday, June 25, 2024

မောင်ချမ်းသာ‌လေး ကို ချမ်းသာ‌ ပေးကြပါ


❝ မောင်ချမ်းသာ‌လေး ကို ချမ်းသာ‌ ပေးကြပါ ❞

“ ဟဲလို အမိန့်ရှိပါ ခင်ဗျာ ”

“ ‌အောင်လံ ဝ၆၉ -၂၁၆၁၃ က ပါလား ”

“ ဟုတ်ပါတယ် ”

“ ကျွန်မတို့ ရန်ကုန် ...... ထီဆိုင်ကြီး ရဲ့ အ‌ရောင်းဌာန က ပါ ”

“ ‌ပြောပါ ”

“ အန်ကယ် တို့ ထိုး ထားတဲ့ ထီလက်မှတ် က ဆုကြီး‌ ပေါက်မယ့် အုပ်စု ထဲ မှာ ပါတယ် ”

“ ဘယ်လိုလုပ် သိ‌နေတာလဲ ဟင် ”

“ ...... ဆရာ‌တော်ဘုရားကြီး ‌ရွေး‌ ပေးထားတဲ့ နံပါတ်‌ တွေ ထဲ မှာ ပါ‌ နေပါတယ် ”

“ အမယ် တယ် ဟုတ်ပါလား ”

“ အဲဒါ ”

“ ဟုတ်ကဲ့ ‌ပြောပါ ”

“ အဲဒါ အန်ကယ် တို့ ကို ဂုဏ်ပြုတဲ့ အ‌နေ နဲ့ ဒီက အ‌ရောင်းစာ‌ရေး‌ တွေ လွှတ် လိုက်မယ် ၊ ဂုဏ်ပြု လက်‌ဆောင်‌ တွေ ပါ ‌ပေးလိုက်မယ် ”

“ ‌အေး ‌ကောင်းတာ‌ပေါ့ ၊ အယ် မ‌ကောင်းဘူး ”

“ ဘာဖြစ်လို့လဲ ဟင် ၊ လက်‌ဆောင်‌တွေ နဲ့ လာမှာကြီး ကို ”

“ ဘာ‌ကြောင့်လဲ ဆို အန်ကယ် က ထီ တစ်‌စောင် မှ ထိုး မထားဘူးကွဲ့ ”

“ ဒါဆို အန်ကယ် မိသားစုထဲ က တစ်‌ယောက်‌ ယောက် ထိုးထားတာ ရှိမှာ‌ပေါ့ ”

“ ‌အေး အဲဒါ‌တော့ မသိဘူး ”

ကျွန်‌တော် ထီ ထိုး မထားတာ‌ တော့ အမှန်ပဲ ။ ဒါ‌ပေမယ့် မ‌ကွေး က သား က ထိုး သလား ။ သည်‌ ကောင် က လည်း ထီ ကို သိပ် ဝါသနာ မပါဘူး ။ သူ့ မိန်းမ က ပဲ ထိုး‌လေ‌ရော့ သလား ။ မိန်းမ က‌ တော့ မထိုးတန်ရာ ။ ပြည် မှာ‌ နေတဲ့ သား အငယ်‌ကောင် က ပဲ ထိုး ထား‌လေသလား ။ သည်‌ ကောင် က တစ်ခါတ‌လေ ထိုး တတ်တယ် ။ ဇွန်လ ၂၃ ရက်‌ နေ့ က ရန်ကုန် သွား ကြ‌တော့ ‌ရွှေတိဂုံ ဘုရား နား မှာ ထီ ထိုး တာ မြင်မိတယ် ။

“ အဲလိုဆို ဒီလို လုပ်ပါလား အန်ကယ် ”

“ ထိုးပြီးသား လား မထိုးရ‌သေးတာ လား ဇ‌ဝေဇဝါ ဖြစ်‌ နေရင် ပို‌ သေချာ သွား‌ အောင် ထီလက်မှတ်‌ တွေ ထည့်‌ ပေး လိုက်မယ် ”

“ ‌ပေါက်မှာ ‌သေချာရဲ့လား ဟယ် ”

“ အန်ကယ် ရယ် ၊ ဆရာ‌တော်ဘုရားကြီး က  သိဒ္ဓိတင် ‌သေချာ စီရင် ထားတဲ့ ထီအုပ်‌ တွေ ကို ပို့လိုက်မှာ ”

“ တွတ် လား ၊ ဒဲ့ လား ‌သေချာ‌အောင် လဲ ‌ပြောဦး ”

“ ဒဲ့ အန်ကယ် ဒဲ့ ၊ ဆရာ‌တော်ဘုရားကြီး စီရင် လိုက် ရင် တစ်ချက် မလွဲပါဘူး ။ အန်ကယ် က မယုံလို့လား ၊ ဆရာ‌တော်ဘုရားကြီး ကို ”

“ စဉ်းစား‌ နေတာပါ ”

“ အန်ကယ် က သာ မယုံမကြည်  ဖြစ်‌နေတာ ၊ စစ်‌တွေ က ဦးလှမြင့်တို့ မ‌ကွေး က ဆီစက်ပိုင်ရှင် တို့ သိန်းသုံးရာဆု‌ ပေါက် လို့ အပိုဆု‌ တွေ နဲ့ သိန်း ရှစ်ရာ‌ တောင် ရသွားတာ ”

“ ဟာ ဟန်တာ‌ပေါ့ ၊ ကျွန်‌တော် စိတ်ဝင်စား လာပြီ ”

“ ‌ကောင်းတယ် အန်ကယ် ”

“ ‌နေပါဦးကွယ် ၊ ဒီ‌လောက်‌ သေချာ‌နေတာ ကို ဘာလို့ ထုတ်‌ ရောင်း‌ နေတုန်း ၊ ကိုယ့် ဘာသာ ထိုးထား လိုက်ပါလား ”

“ ဟာ အန်ကယ် ကျွန်မ တို့ ထိုး လို့ မဖြစ်ဘူး‌လေ ၊ ကျွန်မ တို့ ဆုကြီး‌ ပေါက် လိုက်ရင် ယုန်ထင် ‌ကြောင်ထင် သင်္ကာ မကင်း‌ တွေ ဖြစ် ကုန်ကြမှာ‌ပေါ့ ”

“ ‌အေး ဒါလဲ ဟုတ်တယ်ဟဲ့ ”

“ အန်ကယ် အိမ် မှာ ရှိ‌နေမယ်လား ”

“ ‌အေး ခု ရက်‌ တွေ က‌ တော့ အိမ် မှာ ပဲ ရှိ‌နေမှာပါ ။ အန်ကယ် က ‌ဖေ‌ဖော်ဝါရီလ တစ်လ ပဲ ခရီး ထွက် တတ်တာ ”

“ ဒါဆို အ‌တော်ပဲ ထီ ဖွင့်ရက် က ကပ်‌ နေပြီ ၊ အမြန် လွှတ် လိုက်မယ် ၊ လက်‌ဆောင်‌ တွေ ပါဦးမှာ ”

“ ‌အေးကွယ် ‌ကောင်းပါ‌လေ့ ၊ အဲသလို မ, မယ့် လူ‌တွေ ကို ‌မျှော်‌နေတာ ”

“ အန်ကယ် ဆုကြီး ဝင် ရင် သမီးတို့ ကို လဲ လက်‌ဆောင်‌ ပေးရမယ်‌နော် ”

“ ဟာ ဖြစ်ရမှာ‌ပေါ့ ၊ ဒါထက် စစ်‌ တွေ က ဦးလှမြင့် နဲ့ မ‌ကွေး ဆီစက်ပိုင်ရှင် တို့ ဆုကြီး‌ တွေ ‌ပေါက်တယ် လို့ ခုန‌ ပြောတဲ့ အထဲ မှာ ပါတယ်‌နော ၊ လုပ်ငန်းရှင်‌ တွေ ‌ပေါက်တာ ”

“ ဟုတ်တယ်‌လေ အန်ကယ် ”

“ အဲဒါ‌လေးကွယ် တစ်ဆိတ်‌ လောက် ‌ကျေးဇူးပြုစမ်းပါ ၊ ဘယ်‌နေ့ က ‌ပေါက်တယ် ၊ ဘယ်ဆိုင် က ‌ပေါက်တယ် ၊ ထီလက်မှတ် နံပါတ် ဘယ်‌လောက် က ‌ပေါက်တယ် ဆိုတာ‌လေး ‌ပြောပြစမ်းပါ ”

“ ..... ပြီး‌တော့ အခု ဖုန်း‌ ပြော‌ နေတဲ့ သမီး ရဲ့ နာမည် အပြည့်အစုံ ၊ သမီး အခု‌ ပြော‌ နေတဲ့ တယ်လီဖုန်း နံပါတ် အတိအကျ ”

“ အို အန်ကယ် က လဲ ဘာ‌တွေများ ဒီ‌လောက် အ‌သေးစိတ်‌ တွေ သိချင်‌ နေပါလိမ့်‌နော် ”

“ သမီး‌လေး ရယ် လုပ်စမ်းပါ ၊ အတိအကျ ၊ ကဲပါ‌လေ သမီး မ‌ပြောလဲ ရပါတယ် ၊ သူတို့ ဆီ ဖုန်း လှမ်း ဆက်ပြီး ‌မေး ကြည့်လိုက်မယ် ”

“ ဘာလုပ်ဖို့ ”

“ အန်ကယ် က ဂျာနယ် ပင်တိုင်‌ဆောင်းပါးရှင် ‌မောင်ချမ်းသာ‌ လေ ၊ အဲဒါ သမီး တို့ ထီဆိုင် ကို ဂုဏ်ပြု တဲ့ အ‌နေ နဲ့ ‌ဆောင်းပါး‌လေး ‌ရေး ရ ‌ကောင်းမလား လို့ ”

‌ဂျောက် ‌ဒေါက် ဂွပ် .....

“ ဟလို ဟလို ဟလို ”

“ ဟာ ဘယ်လိုကြီးလဲ ဟ ”

( ဇွန်လ ၂၅ ရက်‌ နေ့ ည က တကယ် တယ်လီဖုန်း ဝင်လာတာပါ ခင်ဗျာ )

◾မောင်ချမ်းသာ

📖 ကုမုဒြာ ဂျာနယ်
      ၁၉ ဩဂုတ်လ ၂၀၀၅

#ကိုအောင်နိုင်ဦး

.

 

ပြာသော နားရွက် နှင့် လျှို့ဝှက်သော ဝက်


 ❝ ပြာသော နားရွက် နှင့် လျှို့ဝှက်သော ဝက် ❞

ဒေါ်ကျင်ကြီး နှင့် အိမ်အနီး ပတ်ဝန်းကျင် တို့ ၏ ပဋိပက္ခ ကား မငြိမ်းအေးသေး ။ ခြံဝင်း တိုး ပြီး သစ်ပင်တွေ ဖျက်ဆီးတာ တို့ ၊ တဲ အောက် က ထမင်း ချက်ပြီးသား ကို ဝင် စား တာ တို့  ၊ မြေကြီး တွေ ဖွတာ တို့ နဲ့ အမျိုးမျိုးသော ပြဿနာ ပေါင်းစုံ တို့ နှင့် ဒေါ်ကျင်ကြီး နေ့စဉ် ဖြေရှင်းနေကျ ပြဿနာ ။

“ ဝက် မွေးတယ် ဆိုတာ ခြံလေး ဘာလေး နဲ့ မွေးပေါ့  ...  ခုဟာ က ပေါက်လွှတ်ပဲစား လွှတ်ထား တာ .. နေ့တိုင်း ဒီ ဝက် တစ်ကောင် ပဲ စောင့် ကြည့် နေရတာ အလုပ်ပျက်တယ် ”

ဒါက ဒေါ်ကျင်ကြီး ၏ ပတ်ဝန်းကျင် က အသံ ။ ဒေါ် ကျင်ကြီး က လည်း ဒီ ဝက်ကလေး ရည်ရွယ်ချက် အပြည့် နှင့် မွေးထား တာ ။ စုဘူး အတွက် မဟုတ် “ နတ် စားဖို့ ” ။ နတ် က ကရင်နတ် ။ အစဉ်အဆက် စား လာ သော ကရင်နတ် ။ နတ် စားရန် အတွက် ရည်ရွယ်ပြီး မွေး လျှင် နတ် စားဖြစ် အောင် စား ရသည် ။ မစားဖြစ် လျှင် ခိုက်သည် ။ ဘာ ခိုက်မှန်း တော့ ဒေါ်ကျင်ကြီး မည်မည်ရရ မသိ ။ အစဉ်အဆက် ခြိမ်းခြောက် လာ သော ခိုက်သည် ဆိုသော စကားလုံး ။

ထမင်းကျန် ဟင်းကျန် ပတ်ဝန်းကျင် က မသဒ္ဓါ ရေစာ နှင့် ဆိုပါ လျှင် စား လောက် သောက် လောက် ဖြစ်လာခဲ့သည် ။ အချိန် ၂၀ ထွက် နီးပါး ပေါ့ ။

ကန်ပတ်ရိုးရွာ တွင် မုန်တိုင်း တစ်ခု ဝင်သည် ။ ဘင်္ဂလားပင်လယ်အော် ဘက် က မဟုတ် ။ တိတ်ဆိတ်ညင်သာ သော မုန်တိုင်း ။ ဝက်နားရွက်ပြာ ရောဂါ ။ တစ်ဆင့် စကား တစ်ဆင့် နား နှင့် ကန်ပတ်ရိုးရွာ ၏ လူတိုင်း နား ထဲ သို့ တိုးဝင် လာသည် ။

“ တွံတေး ဘက် မှာ ဝက်နားရွက်ပြာ ရောဂါ နဲ့ ပတ်သက်ပြီး ဟောပြောပွဲ တွေ လုပ်တယ် .. တီဗွီ မှာ လည်း ပါတယ် .. ရွာ ထဲ မှာ တစ်နိုင်တစ်ပိုင် ဝက် မွေးတဲ့ သူတွေ ဗဟုသုတ ရှိထားဖို့ တော့ လိုတယ် ... ဒါဟာ ဗိုင်းရပ်စ် ပဲ ... ကူးစက် မြန်တယ် ”

ရွှေမိုး ၏ အိမ်ပေါက်စေ့ ပြော နေသော ဒိုင်ယာလော့ ။ သား ဖြစ်သူ ရွှေမိုး ၏ စဉ်ဆက် မပြတ် ပြော နေသော ဝက်နားရွက်ပြာ အကြောင်း ကြောင့် ဒေါ်ကျင်ကြီး အသက်ကြီး မှ ရင်တုန်စ ပြုလာသည် ။

မတော်တဆ အဆိုပါ ရောဂါ ကြောင့် သေ သွား လျှင် ကရင်နတ် က ငါ့ ကို ဘာ ပြောမလဲ ။ ဒီနှစ် ပဲ က လည်း စိုက် ထား တာ ။ အင်း ... ဒုက္ခပါပဲ ။ မကြားဖူး တဲ့ ရောဂါ တွေ ။

ဒေါ်ကျင်ကြီး ၏ လက်သုံး စကား တစ်ခွန်း ရှိသည် ။

“ လိပ် ( ဟိုဟာ ) ကို ထိုး ရှာ သလိုများ လား ” ဟု ။

“ ဒီ အခွင့်အရေး ကို မှ အသုံး မချတတ်ဘူး ဆိုရင် ငါ တို့ တော်တော် ညံ့တာပဲ ”

ဟု ဒေါ်ကျင်ကြီး ၏ ပတ်ဝန်းကျင် ဝက်ဒဏ်ခံ တဲစု မှ လူများ က လည်း ဉာဏ် အမျိုးမျိုး ထုတ် နေ ကြသည် ။ ဒါဟာ ဒေါ်ကျင်ကြီး အခက် ၊ တို့ အချက် ပဲ ဟူသည့် မူ ။

မောင်မျိုး ၊ ကိုမြအေး နှင့် နောက်လိုက် လူငယ် နှစ်ဦး ခေါင်းချင်း ဆိုင် တိုင်ပင်ကြသည် ။ အဖြေ တစ်ခု ပီပီပြင်ပြင် ထွက် လာသည် ။

ဒေါ်ကျင်ကြီး အခု တလော သူ ၏ ဝက်ကလေး ကို အရင်လို သိပ် လွှတ် မထားတော့ မကြာခဏ အရိပ် တကြည့် ကြည့် တော့ ကြည့် လာသည် ။

“ ရို့ .. ရို့ ... ” အသံ ပေး၍ ထမင်းကျန် ဟင်းကျန် များ ကို ဂရုတစိုက် ကျွေး လာတတ်သည် ။ အပြာရောင် ရှိသော အရောင်များ ကို လည်း ဝက် ကိုယ် အနှံ့ ကြည့် ကြည့် လာ တတ်သည် ။

“ အမေ ရေ ... အမေ ... အမေ့ ဝက် က တစ်ကိုယ်လုံး ပြာ လာပြီ ”

သား ဖြစ်သူ ရွှေမိုး ၏ အထိတ်တလန့် အသံ ။ ဒေါ်ကျင်ကြီး မတ်တတ် က ပြိုလဲ မတတ် ဖြစ် သွားသည် ။ ဟုတ်သည် ။ ဝက် က နားရွက် တင် မဟုတ် ။ အမြီး တွေ ပါ ပြာ နေသည် ။ ဆုံးဖြတ်ချက် မြန်မြန် ချ မှ ဖြစ်တော့မည် ဟု တစ်ယောက် တည်း တွေး လိုက်သည် ။

နတ် စားဖို့ ဟု ရည်ရွယ် ထား လျှင် နတ် စား ဖြစ်အောင် စား ရသည် ။ မစားဖြစ် လျှင် တစ်ခု ခု ဖြစ် တတ်သည် ဟု အယူ ရှိကြသည် ။ တချို့ က ကြက် နှင့် အကျင့် လုပ် ထားသည် ။ ဝက် နှင့် အကျင့် လုပ်ထား သူများ က ဝက် နှင့် စားကြသည်  ။ ကြက် နှင့် စားသူများ က ခေါင်း ၊ ခြေထောက် ၊ အသည်းအမြစ် နှင့် ၊ အဆီဘူး ၊ အတောင် တို့ ကို ပြုတ် ၍ လင်ပန်း ထဲ ထည့် ၍ နံနက် ၄ နာရီ ၊ ၅ နာရီ ထ ၍ စားကြသည်  ။ ဝက် နှင့် နတ်စားသူများ ကတော့ နံပါတ်တစ် ဝက် ကို ပေါ် ( အိမ် ပေါ် ၌ တံခါး အလုံပိတ် ၊ ကိစ္စဝိစ္စ ပြီး အောင် လုပ်၍ ) ဝက် ၏ ခေါင်း ၊ လျှာ ၊ အမြီး ၊ ခြေထောက် ၊ လက် ၊ အသည်း ( ကျန်သော တခြား အူ တွေ တော့ မပါ ။ ကျန်သော တခြား အူများ ကို အိမ် အပေါက် မှ ချ ပစ် ရသည် ။ ဘယ်သူ ကောက်ကောက် ) ကျန်သော အသားများ ကို ရောင်းချ ကြသည် ။

ခေါင်း ၊ လျှာ ၊ အမြီး ၊ ခြေထောက် ၊ လက် ၊ အသည်း များ ကို ပြုတ် ၍ ဗျပ်ကြီး တစ်ခု ထဲ ထည့် ၍ ( သမက် ၊ ချွေးမ များ မပါ ) မိသားစု အလိုက် စား ကြသည် ။ ( ဒါက စာရေးသူ ၏ ကိုယ်တွေ့ ဗဟု သုတ )

ဒေါ်ကျင်ကြီး နတ် ကို အမြန် စား ဖို့ ရက် သတ်မှတ် လိုက်သည် ။

“ ရောဂါ ဖြစ် နေတဲ့ ဝက် ကို နတ် စားလို့ ဖြစ်ပါ့မလား ”

“ ဟာ ... အမေ က လည်း .. တောင်းပန် ထား လည်း ရတဲ့ ဥစ္စာ ... ပြာ နေတဲ့ ဝက် နဲ့ ဖြစ် ပါ့ မလား ”

သားသမီးများ ၏ အမျိုးမျိုး ဝေဖန်သံ ။ ဒေါ်ကျင်ကြီး အတွေ့အကြုံ အရ ရိုးရာနတ် ကို မတောင်းပန် ချင် တော့ ။ စား ဖြစ်အောင် စား ကြမည် ။

ကရင်နတ် တို့ ရိုး ရာအတိုင်း အိမ် ကို အလုံ ပိတ်၍ ဝက် သတ်ပွဲ ကျင်းပ ကြသည် ။ ရေနွေး ဖြော လိုက်သည် ။ ဓားသွား ထက်ထက် နှင့် အမွေးများ ကို ခြစ် လိုက်သည် ။ မည်သည့် အပြာရောင် မှ မတွေ့ ။ အချိန် ၂၀ ဝက်ပေါက်လေး မှာ ဝါဂွမ်း သဖွယ် ဖြူဖွေးဥ လျက် ။

ဒေါ်ကျင်ကြီး ၏ စိတ် ထဲ ၌ အမိုး နှင့် ဖထီး တို့ ၏ တန်ခိုး အစွမ်းကြောင့် သာ ဝါဂွမ်း သဖွယ် ဖြူဖွေး လျက် ဖြစ်ကြောင်း တွေး လိုက်သည် ။

ကရင်နတ် များ စား ပြီးသည့် အောင်ပွဲ အဖြစ် အနီး ပတ်ဝန်းကျင် မှ အသိများ ကို ဖိတ်ခေါ်  ကျွေးမွေးသည့် အခမ်းအနား တွင် မည်သူ တစ်ဦး တစ်ယောက် မျှ လာရောက် စားခြင်း မရှိကြ ။ နတ် စား ပြီး ပိုသော ဝက်အတွဲ များ ကို လည်း ဝယ်မည့် သူ မရှိ ။

“ ဒီလောက် ဝက် ကြိုက်တဲ့ သူတွေ လက် ဆွဲပြီး ခေါ်တာ တောင် စားမယ့် သူ မရှိဘူး ... ဝက် လည်း လာ ဝယ်မယ့် သူ မရှိဘူး ... ဘာဖြစ်တာလဲ ”

အမေ ဖြစ်သူ ၏ စကား ကို သား ဖြစ်သူ ရွှေမိုး မှ ..

“ ဒီလောက် နားရွက်ပြာ နေပါတယ် ဆိုတဲ့ အမေ့ ဝက် ကို ဘယ်သူ က လာ ဝယ်ပြီး စား မှာ လဲ ”

မောင်မျိုး တို့ ၊ ကိုမြအေး တို့ က ဒေါ်ကျင်ကြီး အိမ်ရှေ့ တွင် လမ်းသလား နေဆဲ ဖြစ်သည် ။

“ ဟဲ့ ... မောင်မျိုး တို့ ... မောင်မြအေး တို့ ... လာ စားကြပါ ဟ ”

“ ဗိုက် အောင့် နေလို့ ... အဒေါ် ရ ”

သို့သော် မောင်မျိုး နှင့် ကိုမြအေး က အိမ် ရှေ့ တွင် ရစ်သီ နေဆဲ ။ ဒေါ်ကျင်ကြီး က အချိန် ၁၇ ပိဿာ လောက် နှီး နှင့် ချည် ထားသော ဝက် အတွဲများ ကို ဝယ်မည့် သူ မရှိ ၍ စိတ်ပျက် နေသည်  ။ အရင် တုန်း က များ ဓား ချက် အောက် တွင် အလုအယက် ကုန်တာ ။ ကြွေးတောင်း မှ သာ ဆဲဆို ကြိမ်းမောင်း ရတာ ။ ခုများ တော့ တစ်ယောက် တလေ တောင် လာ မေးမယ့်သူ မရှိ ။ တစ်ရွာ လုံး ဝက် ဆန့်ကျင်ရေး လုပ် နေကြသည် ။

မောင်မျိုး နာရီ ကို လှမ်း ကြည့် လိုက်ပြီး ဒေါ်ကျင်ကြီး ဆီ သို့ သွားပြီး

“ အဒေါ် .. ဒီ အတိုင်း ကြည့် နေ လို့ က တော့ ဒီ ဝက်တွေ ပုပ် ကုန်ရုံပဲ ရှိမယ် ... နှစ်ထောင်ဈေး နဲ့ ကျွန်တော် ဖြတ် လိုက်မယ် ... ကျွန်တော် အနစ်နာ ခံ လိုက်ပါ့မယ် ”

မောင်မျိုး စကား ကို ဒေါ်ကျင်ကြီး ချက်ချင်း ထောက်ခံလိုက်သည် ။

“ ငါ့ တူ ... အချိန် ၁၅ ပဲ ထား ... ကျန်တာ နင် စား ပစ်လိုက် .. ယူယူ ”

ဟု ပြုံးရွှင်စွာ ပေး လိုက်သည် ။

မောင်မျိုး သည် ကား စက်ဘီး နောက်ထိုင် ၌ တောင်း တစ်လုံး ကို ခိုင်အောင် ချည် လျက် အောက် မှ ငှက်ပျောရွက် ခင်းလျက် အချိန် ၁၅ ကို ထည့် ။ တကလဲ့ ၊ တဝမ်းတော ၊ ရှမ်းသလင်းရွာ များ ဆီသို့ ဦးတည်လျက် ၊ နေ စောင်း တော့ မောင်မျိုး ပြန် လာသည်  ။ ၄၀၀ဝိ/- ဈေး နှင့် ပြိုက်ခနဲ ပြိုက်ခနဲ ကုန် လာသည် ။ ပြော ရောင်း ပုံ က လည်း ကြည့် ။

“ စိတ် သန့်သန့် သာ စား ... ဒီ ဝက် က ကျုပ်တို့ ကို ဒုက္ခ ပေး လွန်းလို့ ပိုင်ရှင် မသိအောင် သင်္ဘောဆေးပြာ တွေနဲ့  ပက် လိုက်တာ ... ပိုင်ရှင် က တစ်ကိုယ်လုံး ပြာတယ် ဆိုပြီး ပေါ် လိုက်တာ ... ဝက်ကလေး က လုံး နေတာပဲ ... စား ကောင်း တဲ့ အရွယ် ဗျ ... နှစ်ဆယ် ထွက်လေး ...  ဘာ နားရွက် မှ မပြာ ဘူး ... ဖြူ လိုက်တာ မှ ဖွေးလို့  ”

◾ဗေလုဝ

📖 8 days ဂျာနယ်
      ဇူလိုင် ၊ ၂၀၁၁

#ကိုအောင်နိုင်ဦး

.

အချိန်တန် အိမ်ပြန်ရောက်လို့ရယ်


 ❝ အချိန်တန် အိမ်ပြန်ရောက်လို့ရယ် ❞


ကိုထွန်းလွင် သည် ရုံး က ဆင်းဆင်းချင်း အိမ် သို့ ပြန် ရန် ဆန္ဒ မရှိသေးသည် နှင့် ဆူးလေဘုရားလမ်း ဘက် သို့ ခြေဦး လှည့်ညလိုက်၏ ။ 


ဘာ လုပ်မည် ၊ ဘယ် သွားမည် ဟု ရည်ရွယ်ချက် မည်မည်ရရ မရှိဘဲ လာခဲ့ပေရာ ဆူးလေဘုရားလမ်း ဘေး ပလက်ဖောင်း ပေါ် တွင် ယောင်ချာချာ ဖြစ်နေ သေးသည် ။


ရုပ်ရှင် ပဲ ကြည့် ရ ကောင်း နိုးနိုး နှင့် ရုပ်ရှင်ရုံများ ဘက် သို့ မျက်စိ ကစား လိုက်၏ ။ ရုံတိုင်း မိမိ ကြည့် ပြီးသား ကားများ ဖြစ်နေသည် ။


“ ရုပ်ရှင်တွေ က လည်း သိပ် ခက်တာပဲ ။ တစ်ပတ် ပြပြီး လဲတာ မဟုတ်ဘူး ။ နှစ်ပတ် သုံးပတ် ဆက် ပြ နေတယ် ”


သူ ကြည့်စရာ ကားသစ် မလဲသေး သဖြင့် မကျေမနပ် စိတ်တွင်း က ရေရွတ် လိုက် သေးသည် ။ သိုနှင့် ရည်ရွယ်ချက် ကင်းမဲ့ စွာ မှောင်ခိုဈေးတန်း ဘက် လျှောက် သွားရင်း မဝယ်နိုင် သော ပစ္စည်းများ ကို မျက်စိ အရသာ ခံ ရင်း လိုက် ကြည့် နေ လိုက်သည် ။


မှောင်ခိုဈေးတန်း ကို နှစ်ခေါက် လောက် ဖြတ် လိုက်ပြီး နောက် ဝင်းဘား ရှေ့ တွင် မယောင်မလည် လုပ် နေ လိုက်သေးသည် ။


“ တစ်ယောက် တည်း ဘီယာ သောက် ရတာ ပျင်းခြောက်ခြောက် နဲ့ ” ဟု မှတ်ချက် ချ ကာ ရောင်စိန် လက်ဖက်ရည်ဆိုင် ဘေး ရှိ စာအုပ်ဆိုင် တွင် စာအုပ် တစ်အုပ် ဆွဲ ယူပြီး မာတိကာစဉ် ကို လှန်လှော ကြည့် နေ ပြန်သည် ။


“ ဟေ့လူ ... ဘာ စာအုပ် ဝယ် မလို့ ကြည့် နေတာလဲ ဗျ ”

 

တစ်စုံတစ်ယောက် က နောက် မှ ပခုံး ကို ပုတ်ရင်း နှုတ်ဆက်သံ ကြား မှ လှည့် ကြည့် မိ၏ ။


“ ဟာ ... ကိုရင်မောင် ၊ ဝမ်းသာလိုက်တာဗျာ ။ တစ်ယောက် တည်း ပျင်း ပျင်း ရှိတာ နဲ့ ဒီဘက် နား လာ ပြီး ရစ်ဝဲဝဲ လုပ် နေတာ ။ ခင်ဗျား နဲ့ တွေ့ တာ အတော်ပဲ ”


ကိုရင်မောင် က လည်း ပြုံးပြီး ခေါင်းညိတ် လိုက်ရင်း ... 


“ ကျွန်တော် လည်း အဖော် လိုက် ရှာနေတာပဲဗျ ” ဟု စကားထောက် လိုက်၏ ။


“ ဒါဖြင့် လာဗျာ ၊ ဘီယာလေး မော့ရင်း စကား ပြော ရအောင် ” .. 


“ အင်း ကောင်းတယ် ၊ ကောင်းတယ် ။ ကျွန်တော့် အဖို့ တော့ အချို ရှာ သကာ တွေ့ နေပြီ ။ အိမ် မှာ ကလေးတွေ ဆူ နေတာ နဲ့ ကျောင်း က ပြန် ပြန်ချင်း အဝတ်အစား တောင် မလဲသေး ဘဲ ပြန် ထွက် လာခဲ့တယ် ”


နှစ်ယောက်သား ပြောပြောဆိုဆို ဝင်းဘား အတွင်း သို့ အူမြူး တက်ကြွ စွာ ဝင်သွားကြ လေသည် ။


ရေခဲတုံးကလေးများ ပေါလော မျော နေသော ဘီယာဖန်ခွက် ကို ကိုယ်စီ ကိုယ်ငှ တိတ်တိတ်ဆိတ်ဆိတ် မော့ နေကြရင်း မှ ကိုရင်မောင် သည် အမဲကြော် တစ်ဖတ် ကို မြုံ့ လိုက်ရင်း စကား စ ကြောင်း လိုက်၏ ။


“ ကဲ ... ခင်ဗျား က ရော ရုံး က အိမ်တန်း မပြန်ဘဲ ဘာဖြစ်လို့ ယောင် လည်လည် လျှောက်ပြီး သဝေထိုး နေရတာလဲ ” 


ကိုထွန်းလွင် က ဘီယာခွက် ကို မော့ လိုက်ပြီး လက်ဟန် ခြေဟန် ဖြင့် မကျေနပ်သော အမူအရာ ကို ပြ လိုက်ပြီး ...


“ အိမ် ရောက် ရင် အပြင် ပြန် ထွက်ဖို့ မလွယ်ဘူးဗျ ” 


“ အကြောင်း က ”


“ အကြောင်း က တော့ မိန်းမ ပေါ့ဗျာ ။ ရုံး က အိမ် ကို ပြန် ရောက် ပြီး အပြင် ပြန် ထွက်မယ် ကြံရင် မကျေနပ် ချင်ဘူး ။ ကိုယ့် အိမ် ကိုယ် မပျော်တာ အံ့ပါရဲ့ ၊ ကိုယ့် မိန်းမ နဲ့ များ စကားစမြည် ပြောပါဦး ၊ ဘာဦး နဲ့ ပေါ့ဗျာ ၊ ငြိုငြင်တယ် ။ အိမ် မှာ နေ ပြန် တော့လည်း နား ငြီးအောင် တွတ်တွတ် ထိုးတယ် ။ အပြင် မထွက်ဘဲ စာလေး ဘာလေး ပြန် ကြည့် ရင်လည်း အိပ်ပျက်တယ် ၊ ဘာတယ် နဲ့ နှောင့်ယှက်တယ် ဗျ ” 


“ အင်း .. အဲဒါလည်း တစ်ဒုက္ခပဲ ”


ကိုရင်မောင် က မှတ်ချက် ချကာ ကုန် သွားသော ဖန်ခွက် ကို ဘီယာ ဖြည့် ၍ ရေခဲတုံး စိမ် လိုက်၏ ။ ပြီးတော့ တစ်ချက် နှစ်ချက် ခလောက် ရင်း တစ်ကျိုက် မော့ လိုက်၏ ။


“ ဒီလိုဆို သူ့ ကို ပါ ခေါ်ပြီး အပြင် ထွက်ပေါ့ဗျ ။ သူ လည်း ခင်ဗျား မရှိရင် ပျင်းမှာပေါ့ ”


“ အဲ ... အဲဒါ ခက်တာပေါ့ ။ ကျွန်တော် က ခေါ်ပါတယ် ။ ရုပ်ရှင်လေး ကြည့် ရအောင် ၊ လမ်းကလေး လျှောက် ရအောင် ဆိုပြီး ခေါ် ရင် ပိုက်ဆံ ကုန်တယ် ၊ ငွေ ဖြုန်းတယ် ဆိုပြီး မလိုက်ဘူး ”


“ အင်း .. အဲဒါလည်း တစ်မှောင့်ပဲ ”


“ အို .. ဟန်မကျ တာတော့ ကမ်းကုန်ရောပဲ ကိုရင်မောင် ရေ ”


ကိုထွန်းလွင် သည် ညည်းညည်းညူညူ နှင့် ဘီယာ ကို မော့ လိုက် ပြန်သည် ။ အမဲသားကြော်လေး တစ်ဖတ် နှစ်ဖတ် ဝါးရင်း တွေတွေလေး ငေး နေ ပြန်သည် ။


“ အသွင် မတူ တော့ အိမ်သူ မဖြစ် ဆိုတာ ဒါမျိုးပဲ ထင်တယ်ဗျ ၊ ဒါတောင် ခင်ဗျားတို့ ရည်းစား ဘဝ နဲ့ အကြာကြီး နေ လာခဲ့ကြတာ ၊ ဒါတွေ မသိခဲ့ဘူးလား ”


ကိုထွန်းလွင် က ကိုရင်မောင် ၏ ဝေဖန်ချက် မေးခွန်းလေး ကို သဘော ကျစွာ အသံ ထွက် ၍ တစ်ချက် ရယ် လိုက်၏ ။


“ ဟိုတုန်းက တော့ ဒါတွေ ဘယ် စဉ်းစားမိ မလဲဗျ ။ ချစ်တာပဲ ၊ သူ့ မျက်နှာလေး မြင် နေရရင် ကျေနပ် နေတာပဲ ။ သူ က လည်း “ မောင့် အလိုကျ ဇနီးလောင်း ပါ ” ဆိုတာမျိုး ကို ဂါထာ ရွတ် သလို ရွတ်ခဲ့တာပဲ ။ သူ့ ကို မြတ်နိုးလွန်းလို့ အင်မတန် သဘော ကောင်း ပြီး ကိုယ့် အလို လိုက်မယ့် ပထမ အမျိုးသမီး ကို အမျိုးမျိုး အပြစ် ရှာ ပြီး ခွာခဲ့တာပဲ ။ အခုတော့ ဟင်း ”


“ ခင်ဗျား က လွတ်တဲ့ ငါး ကြီး နေပြန်ပြီ ”


“ လွတ်တဲ့ ငါး ကြီး တာ မဟုတ်ဘူး ။ ဒါတော့ အသေအချာပဲ ကိုရင်မောင် ၊ ကျွန်တော် တွေး မိရင် နောင်တ ရလို့ မဆုံးဘူး ”


“ ဟုတ်ပါ့မလားဗျ ”


ကိုရင်မောင် က ပြုံးပြုံးကြီး လုပ်ကာ စကား ထောက် လိုက်၏ ။ ကိုထွန်းလွင် သည် မခံနိုင်သော မျက်နှာ ဖြင့် ကု,လားထိုင် မှ ကုန်းထ ကာ လက်သီး လက်မောင်းတန်း ၍ ပင် အော် ပြောလိုက်သည် ။


“ အို ... ဆယ်ဆ ... ဆယ်ဆ သာတယ် ။ အခု မိန်းမ ထက် ဆယ်ဆ သာတယ် ”


“ ဟဲ ... ဟဲ ... တယ် ဆိုတဲ့ စာပါလား ” 


နှစ်ယောက်သား ပြန် ငြိမ် သွား ကြပြန်၏ ။


“ နောက် တစ်ပုလင်းဘစီ ဆွဲကြဦးစို့ ကိုရင်မောင် ” 


ကိုရင်မောင် သည် ခေါင်း ညိတ် လိုက်ပြီး ကောင်တာ သို့ ထ ကာ ဘီယာ နှစ်ပုလင်း ဝယ် ၍ ရေခဲ ထပ် မှာပြီး ပြန် ထိုင် လိုက်သည် ။ 


ဤသို့ဖြင့် နောက်ထပ် ရောက် လာသော ဘီယာ ကို ကိုယ်စီ တဝ မော့ သောက် လိုက်ကြ ပြန်ကာ ရီတီတီ အခြေအနေ ၌ စကားဝိုင်း ပြန်လည် အသက် ဝင် လာသည် ။


“ ကျွန်တော့် တော့ ပြောတယ် ၊ ခင်ဗျား က ရော ကလေးတွေ ဆူတာ နဲ့ ဒီလိုပဲ ထွက် နေတာပဲလား ”


ကိုရင်မောင် သည် ပခုံး ကို တွန့် ပြ လိုက်၏ ။ ကိုထွန်းလွင် ၏ မေးခွန်း ကို တော်တော် နှင့် စကား မပြန်သေးဘဲ ဘီယာ ကို သာ ထပ် မော့ နေပြန်သည် ။ 


“ ဆိုပါဗျ ကိုရင်မောင်ရဲ့ ” ဟု နောက် တစ်ခါ ထပ်ပြီး စကား ထောက် မှ 


“ ကျုပ် က ပထမ အကောင် မွေးပြီး တစ်လ လောက် ထဲ က ငရဲ ရောက်တာ ”


“ ဟင်း .. ဟင်း .. ဟိုတုန်းက ခင်ဗျား ပြောတာ မှတ်မိပါတယ် ။ ကျွန်တော် က အိမ်ထောင် ကျရင် တော်တော် နဲ့ ကလေး မလိုချင်သေးဘူး ဆိုတော့ ကလေး ဟာ အိမ် ရဲ့ ဆည်းလည်း ပဲ ဆို ၊ အိမ့် ကျက်သရေ ဆို ”


“ အဲဒါက သဘောတရား ဗျ ။ ကျုပ် လည်း ဒီလို ထင် ခဲ့တာပဲ ။ တကယ် လက်တွေ့ ကျ တော့ မှ ရူးချင်တယ် ဗျို့ ”


ကိုရင်မောင် က သူ ၏ သားသမီး ဒုက္ခတရား ကို မနားတမ်း ဆက် လိုက်၏ ။


“ ပထမ အကောင် တစ်လသား နဲ့ ဗိုက်နာရောဂါ လည်း ဝင် ရော ကျုပ် တို့ အိမ် ဖွတ် တက် တာပဲ ။ ကလေး က ဝါးကနဲ ငို လိုက်ရင်း လမ်းထိပ် က စေတနာ ဆေးတိုက် ကို ပြေးလိုက် ရ ရင်း ဆရာဝန် က လေဆေး တစ်လုံးထိုး လိုက် ရင်း ငွေ ငါးကျပ် ပူဇော် လိုက်ရ ရင်း ပဲ ”


“ အဲဒီလို ငွေ ကုန် တာက အရေး မကြီးဘူး ။ ည အိပ်ပျက် တာ က ပိုဆိုး တယ် ။ တစ်ခါတလေများ ညလုံး ပေါက် လင်မယား နှစ်ယောက် မအိပ်ရဘူး ။ မနက် ကျ လို့ ကျုပ် ကျောင်း သွားရင် စာသင်ခန်း ထဲ ငိုက် နေတာပဲ ”


ဘီယာ ကို ထပ် မော့ပြီး ကိုရင်မောင် က စကား ဆက် ပြန်သည် ။ 


“ တစ်ညများ ပြောရဦးမယ် ။ သားမောင်မောင် ဗိုက် လေထိုး လို့ ကျုပ် တို့ လင်မယား တစ်ယောက် တစ်လှည့် လမ်းလျှောက် နေ ရတာ ည တစ်ချက် တီး ရော ၊ တော်တော် စိတ်တို နေပြီ ။ အဲဒီလို ဒုက္ခ ရောက် နေတုန်း လမ်းပေါ် က ကာလသား တစ်သိုက် မယ်ဒိုလင်လေး နဲ့ “ ခင် နဲ့ မောင် နီးဖို့ ခက်ပါတယ် ” ဆိုတဲ့ ပြည်လှဖေ သီချင်း ကို ဆို သွားတာကိုး ဗျ ။ ကျုပ် က ဒေါသ ဖြစ်ဖြစ် နဲ့ ဒီ ကောင်တွေ တော်တော် မိုက်တဲ့ အကောင်တွေ ပဲ ။ ခင် နဲ့ မောင် ဝေး နေတာ ကောင်းတယ် ဟ ၊ မင်းတို့ ကလေး ဗိုက်နာတာ တစ်ခု တည်း နဲ့ ငရဲပြည် ကို တိုက်ရိုက် ရောက် သွားမယ် သိလား လို့ ထွက် အော်လိုက် မိတာ ကောင်လေးတွေ လည်း ကြောင်တောင်တောင် နဲ့ လှည့်ကြည့် လှည့်ကြည့် ထွက် သွားကြတယ် ”


ကိုထွန်းလွင် လည်း သဘောကျ လွန်း သဖြင့် ဘီယာ တောင် သီးအောင် ရယ် လိုက်ရပါသည် ။


“ ခင်ဗျား ဟာ က ငိုအား ထက် ရယ်အား သန်သလို ဖြစ်နေပြီ ”


“ ကလေး နှစ်ယောက် လည်း ရ ရော ဖွတ် ရော မိကျောင်း  ပါ ရောက် တာပဲ ။ နို့မှုန့် ဒုက္ခ ၊ ဆေး ရှာရတဲ့ ဒုက္ခ ၊ အနှီးပိတ် မလောက်တဲ့ ဒုက္ခ ၊ အိပ်ရာ သေးစော် နံတဲ့ ဒုက္ခ ။ ကလေးထိန်း ရှာရတဲ့ ဒုက္ခ ၊ အို ... ဒုက္ခ က တော့ မျိုးစုံပဲ ၊ ဘယ် အိမ်ထောင်သုခ ဆိုတာ ရှိတော့ မလဲ ။ မညား ခင် တုန်း က စိတ်ကူး ယဉ် ခဲ့တဲ့ အိပ်မက် တွေ ကုန်တာပဲ ။ ကျုပ်တို့ လင်မယား အေးအေးလူလူ တစ်ခါမှ ခရီး မထွက်ရ ဖူးဘူး ။ နှစ်ယောက် အတူတူ ရုပ်ရှင်လေး ဘာလေး ကြည့်မိ ရင် သေပြေးရှင်ပြေးဗျ ”


အားရပါးရ ညည်းညူ လိုက် သဖြင့် ရင် ထဲ ပေါ့ သွားကာ ကိုရင်မောင် သည် ဘီယာ လက်ကျန် ကို တမော့ တည်း ရှင်းရင်း စီးကရက် ကို မီးညှိ ပြီး ဖွာရှိုက် နေတော့ ၏ ။


ဝင်းဘား အတွင်း မီးခိုးများ ထောင်းထောင်းထ အောင် မွှန် နေသည် ကို လည်း သူတို့ မသိ ။ ဟိုဘက် ဝိုင်း က အတူတူ သောက်ဖက်ချင်း စကားများ ရန်ဖြစ် နေကြသည် ကို လည်း မကြားမိချေ ။ 


“ ကဲ ... အခု အကြီးကောင် ရော ၊ အငယ်မလေး ရော ကြီး လာကြပြီပဲ ။ အေး သွားပြီ မဟုတ်လား ”


ကိုထွန်းလွင် က အဆက်ပြတ် သွားသော စကားဝိုင်း ကို  ပြန် ဆက် လိုက်၏ ။


 “ ဒါက ပုလိပ် အမြင်ကိုး ကိုဘချစ် ရဲ့ ... လို့ ခင်မောင်ရင် ပြောတဲ့ စကား လို ဖြစ်နေပြီ ”


“ ဘာကြောင့်တုန်းဗျ ”


“ ဟော စကားလေး တွတ်တီးတွတ်တာ ပြောတတ် လာကြလို့ တစ်ခါတစ်လေ ကြည်နူးသာယာ မိပါရဲ့ ၊ ဒါပေမယ့် နှစ်ယောက်သား အရုပ် လု ပြီး ရန်ဖြစ် ကြ ၊ ငိုကြ ၊ အမေ က ရိုက် ၊ ကလေးတွေ က ငို ၊ ပူပြင်း ၊ တစ်ခါတရံ လိမ့် ကျပြီး ခေါင်းပေါက် နဖူးကွဲ ၊ အမျိုးမျိုး စိတ်ညစ်စရာ တွေ က လာသေးတယ် ။ အဖေ နဲ့ အမေ လမ်း ထွက် ရင် မလိုက်ရ လို့ အော် ငိုကြပေါ့ ဗျာ ”


“ ဒီလို ဆိုရင် ကျွန်တော် တော့ ကလေး မရပါစေနဲ့ဦး လို့ ဆုတောင်းရ မှာပဲ ” 


“ ဆုတောင်းပါ ရဲဘော် ရေ ၊ ဆုတောင်းပါ ။ ကျုပ် ပြော တာ ထက် လက်တွေ့ ခင်ဗျား ကြုံမှ သိမယ် ။ ကျောင်း က စာ သင်ပြီး မောမော နဲ့ ပြန် လာရော ၊ အိမ် ပေါက် ရောက်တာ နဲ့ ကလေး ငိုသံ ကြားရတာပဲ ။ အိမ်ခန်း က ကျဉ်းကျဉ်း ၊ လွတ်လွတ် ကျွတ်ကျွတ် အပန်းဖြေစရာ မရှိဘူး ။ တစ်ခန်းလုံး သူတို့ လက်ရာ တွေ ချည်းပဲ ။ စာအုပ်တွေ ဆုတ် ပစ်ထားတာ ကြည့် မလား ၊ စားပွဲ ပေါ် က ဆေးလိပ်ခွက် ကို ဆွဲချ ထား လို့ ကြမ်းပြင် မှာ ပြာတွေ ဖွေးနေတာ ကြည့် မလား ၊ ပန်းအိုး ခွဲထားတာ ရှု မလား ၊ စုံ နေတာပဲ ။ ဒီကြားထဲ မိန်းမ လုပ်သူ က ကလေးထိန်း ကို မကျေနပ်လို့ ဆူပူ ၊ တစ်ခါတစ်လေများ ထမင်း မျို မကျဘူး ၊ ညည ကျောင်း က အလုပ် လုပ်နေ ပြန် လည်း ကလေးတွေ က ပေါင် ပေါ် တက်လိုက် ၊ ဇက် ပေါ် ခွလိုက် ၊ ဖောင်တိန် ဆွဲလိုက် နဲ့ အေးအေးလူလူ အလုပ် မလုပ်ရဘူး ။ ကျုပ် က ကလေးတွေ လည်း ချစ်ပါတယ် ။ မိန်းမ လည်း သနားပါတယ် ၊ ဒါပေမယ့် မတတ်နိုင်ဘူးဗျာ ။ တစ်ခါတလေ တော့ အခုလို ကိုယ်လွတ် လက်လွတ် ထွက် ပစ်လိုက်တာပဲ ”


ကိုရင်မောင် တို့ စားပွဲ ပေါ် တွင် ဘီယာပုလင်း ပေါင်း ခြောက်ပုလင်း မြောက် ကုန် သွားသော အခါ ဒုက္ခသည် နှစ်ယောက် ခမျာ အာ လေး၍ လာကြပြီ ဖြစ်၏ ။ 


“ ကဲ ကဲ လေဟာပြင် ထမင်း သွား စားကြမယ် ” 


ဟု တစ်ယောက် က အဆို ပြု လိုက်ပြီး တစ်ဦး ကို တစ်ဦး ဖေးမရင်း ရိုးတိုးယိုင်တိုင် ဖြင့် ဘယ်ညာ နင်း ကာ ထွက် လာခဲ့ကြလေသည် ။


••••• ••••• •••••


လေဟာပြင် တရုတ် ထမင်းဆိုင် ထမင်း စားသောက် ကြပြီး ကိုထွန်းလွင် က ခရု ခေါက်ဆွဲ တစ်ထုပ် တစ်ဘက် ဆိုင် မှ လှမ်း ၍ မှာ လိုက်၏ ။


“ ဘာလုပ်ဖို့လဲဗျ ” ဟု ကိုရင်မောင် က အာလေးလေး နှင့် မေး လိုက်ရာ ကိုထွန်းလွင် က ပြုံးဖြီးဖြီး လုပ်၍ ...


“ ဇနီးချော ဖို့ လေဗျာ ၊ ဟဲ .. ဟဲ သူ က ခရုခေါက်ဆွဲ သိပ် ကြိုက်တာဗျ ။ မာလာဆောင် မှာ သူ နေတုန်း ကတည်း က ညည ကျွန်တော် ဝယ် ဝယ်ပြီး ပို့ရတာ ခင်ဗျား မမှတ်မိတော့ ဘူးလား ”


“ အင်း ... အင်း ... ဟုတ်တယ် ၊ ဟုတ်တယ် ” 


ဟု ကိုရင်မောင် က ထောက်ခံရင်း အပေါ် အင်္ကျီအိတ် အတွင်း ပိုက်ဆံ လှမ်းပြီး နှိုက် လိုက်ရာ ကလေး ကစားစရာ ပလတ်စတစ် မော်တော်ကားလေး နှစ်ခု ထွက်ကျ လာသည် ကြောင့် ကုန်း ၍ ပြန် ကောက် နေသည် ။


“ ဘာတွေလဲဗျ ” ကိုထွန်းလွင် က မြင်ရက် နှင့် မေး လိုက်ရာ ... 


“ ဪဗျာ ၊ သား နဲ့ သမီး အတွက် ဝယ် လာတာ အိမ် ရောက် လို့ မပေး ဖြစ်ဘူး ။ အိတ် ထဲ ပါလာတာ ” ဟု ပြော၍ အိတ် ထဲ ပြန် ထည့် လိုက်သည် ။ 

 

လေဟာပြင်ဈေး ဝ မှ ထွက်ပြီး သုံးဘီးကား ဖြင့် ပြန် လာ ကြရာ ကိုထွန်းလွင် က ဘုန်းကြီးလမ်း သူ့ တိုက်ခန်း ရှေ့ ၌ ဆင်း၏ ။ ကိုရင်မောင် က စမ်းချောင်း သို့ ဆက် ၍ လိုက်သွား လေသည် ။


ကိုထွန်းလွင် ကို ဇနီးချော က တံခါး ဖွင့် ပေး လိုက်ချိန် တွင် ဇနီးချော ၏ ပါး ကို တစ်ချက် လှမ်း မွှေးလိုက်ပြီး ခရုခေါက်ဆွဲထုပ် ကို ထောင်၍ ပြ လိုက်သည် ကို လည်းကောင်း ၊ ဇနီးချော က ချစ်မျက်စောင်းလေး ထိုးပြီး ခေါက်ဆွဲထုပ် ကို လှမ်း ယူ လိုက်သည် ကို လည်းကောင်း ကိုရင်မောင် မမြင် သကဲ့သို့ ...


ကိုရင်မောင် အိမ် ရောက်ပြီး အိပ် နေပြီ ဖြစ်သော သား နဲ့ သမီး ကို သာသာကလေး မွှေး ၍ ကလေးများ ခေါင်းရင်း တွင် ပလတ်စတစ် မော်တော်ကား ရုပ်ကလေး များ ကိုယ်စီ ချထား လိုက်သည် ကို လည်းကောင်း ကိုထွန်းလွင် မမြင်နိုင်တော့ ပါချေ ။


◾မောင်ကိုယု


📖 ငွေတာရီ မဂ္ဂဇင်း

      အမှတ် ( ၉၉ )

      ၁၉၆၈ ခုနှစ် ၊ စက်တင်ဘာလ 


#ကိုအောင်နိုင်ဦး


.

Sunday, June 23, 2024

သင်ခန်းစာ


 

❝ သင်ခန်းစာ ❞

ငံပြာရည်နံ့ မွှေးမွှေး နှင့် ငါး နဲ့ စပါးလင်နံ့ ရောပြွမ်း သော ဟင်းရည်နံ့ သည် ဆိုင် အဝ ရောက် တာ နှင့် ကျွန်မ ကို ဆီးကြို လိုက်ပါသည် ။ ဇလုံကြီး ထဲ က မုန့်ဖတ် ဖြူဖြူဖွေးဖွေး သေးသေးမျှင်မျှင်လေးများ သည် ပွက်ထ နေသော ဟင်းရည်ပူပူ နှင့် တွေ့ လျှင် ထွေးအိ ကာ လျှာ ပေါ် တင် လိုက်တာ နှင့် ပျော်ဆင်း ၍ သွားမည် ပင် ။ ဘူးသီးကြော် ဖောင်းဖောင်းကြွကြွလေးများ သည် လင်ပန်း ထဲ တွင် စီရီ လျက် ။ အနှစ် ကျ ၍ ပွက်ဆူ နေသော ဟင်းရည်အိုး ထဲ တွင် ငှက်ပျောအူ တစ်လှည့် ၊ ကြက်သွန် ဥနီလေး တွေ တစ်လှည့် ၊ ဟင်းရည် မျက်နှာပြင် ပေါ် ပေါ်  လာလိုက် ၊ ပြန် မြုပ် သွားလိုက် ၊ သူ့ အလှည့် နှင့် သူ ။

“ ဟော .. ဆရာမ တို့ လာတယ် ၊ ဆရာမ လာ ၊ အထဲ မှာ နေရာ ရှိတယ် ”

ယခု ဆရာမ မဟုတ်တော့ သော်လည်း ဆရာမ ဖြစ်ဖူးသော ကျွန်မ ကို ကလေးမလေးများ က ယခု လို ပင် ဆီးကြို ၍ နေရာ ပေးမြဲ ဖြစ်ပါသည် ။

ဆောင်းနံနက် သည် အေးမြလှပေသည် ။ ပါးတွေ အေး ကာ လက်တွေ ပါ ထုံကျဉ် နေ၏ ။ ကျွန်မ တို့ သည် သူတို့ ညွှန်ပြသော ဆိုင် အတွင်းဘက် သို့ မဝင်တော့ဘဲ နေရောင် ရ သော ဆိုင် အပြင် ဘက် က စားပွဲလွတ် မှာ ပဲ ဝင် ထိုင် လိုက်ပါသည် ။ ဟင်းရည်နံ့ သည် ပို၍ ပို၍ပင် မွှေးပျံ့ လာ ကာ ဆိုင်ရှင်ကလေးမလေးများ ကိုယ်စား လာပါ ၊ ဝင်ပါ ၊ သုံးဆောင်လှည့်ပါ ဟု ရောင်းအား မြှင့်တင်ရေး အတွက် ဖိတ်ခေါ်လျက် ရှိ လေသည် ။

“ ဒါက ဆရာမ အတွက် အပျစ် တစ်ပွဲ ၊ အစ်ကို က တော့ ဟင်းရည် များများ ”

မုန့်ဖတ် ဖွေးဖွေးသေးသေးလေးများ ပေါ်  တွင် ဟင်းရည် နည်းနည်း ဆမ်း လျက် အိုးဘဲဥ တစ်လုံး ၊ ဘူးသီးကြော် ၊ ပဲသီးများများ ၊ ဆီချက်များများ အပေါ် မှ နံနံပင်ကလေးများ ဖွဖွ ဖြူး ထားသော မုန့်ပန်းကန် သည် ကျွန်မ ရှေ့ သို့ စားချင့်စဖွယ် ရောက်ရှိ ၍ လာပါသည် ။ ခင်ပွန်း ဖြစ်သူ က တော့ ဟင်းရည် များများ အီကြာကွေး နှင့် ။

ဤ ကလေးမလေးများ သည် ကျွန်မ စာ သင်ခဲ့ဖူး သော ကျွန်မ ၏ တပည့်များ မဖြစ်ခဲ့ဖူးကြပေ ။ သို့ပေသည့် ကျွန်မ ဆရာမ ဆိုတာ သိသည် နှင့် တစ်ကြောင်း ၊ သူတို့ ဆိုင် ကို မကြာခဏ လာရောက် စားသောက်လေ့ ရှိသည် တစ်ကြောင်း တို့ ကြောင့် ကျွန်မ အကြိုက် ကို သိ၍ နေကြသည် ။

ကျွန်မ သည် မုန့်ဟင်းခါး ကို ဟင်းရည် ဘောင်ဘင် နှင့် မစားတတ်ပေ ။ ဟင်းရည် ထဲ တွင် ပတ်ချာလည် လျှောက် ပြေး နေသော မုန့်ဖတ်တွေ ကို ဆယ်ယူ စားရမှာ မနှစ်သက် ။ ဟင်းရည် နည်းနည်း နှင့် ခပ်ပျစ်ပျစ်ကလေး ရှိပါ မှ ညှပ် ထားသော အကြော်လေး တွေ နှင့် ရောထွေး ကာ အသုပ်မက အရည်မကျ စားရသည် ကို နှစ်သက် တတ်ပါသည် ။ ဒါကို ရန်ကုန်စား ဟု လည်း ခေါ်ကြ၏ ။ ငါးဖတ်ကလေးများ နှင့် ကြက်သွန်ဖြူ အနှစ်ဖတ် ကလေးများ သည် ဆီသပ် စဉ် ကတည်း က ရောသမ ကာ နူးညံ့ ပြီး မုန့်ဖတ်ကလေး တွေ ပေါ်  တင်၍ နေပုံမှာ ဆန် လှော်မုန့်များများ ထည့် ကြိုပြီး ငါးပိ တွေ ၊ ထန်းလျက် တွေ ထည့် ချက် တတ်သော ဟင်းရည်မျိုး နှင့် ခြားနားခြင်း ကို ဖော်ပြ၍ နေကြပေသည် ။

ကျွန်မ သည် မုန့်ဟင်းခါး ကို စားတော့မည် ပြုစဉ် ဂျာကင်အင်္ကျီ ဖားဖား ဝတ် ထားသော လူရွယ် တစ်ယောက် နှင့် သူ့ နောက် မှ ကလေး ကို ပွေ့ချီ ထား သော မိန်းမပျိုလေး တစ်ယောက် တို့ ဆိုင် ထဲ ဝင် အလာ ကို မျက်လုံးချင်း ဆုံ မိပါသည် ။ လူငယ် ၏ မျက်လုံး သည် ကျွန်မ ကို မှတ်မိသည့် သဘော ကို ပြလျက် ဪ ... ဆရာမ ဟု နှုတ် က လည်း အသံ ထွက် ကာ ခေါင်း တစ်ချက် ထိုးပြီး အသိအမှတ် ပြု လိုက်လေသည် ။ ကျွန်မ သည် မျက်နှာ ခပ်ပြဲပြဲ ၊ ကိုယ်ထည်ထွားထွား ၊ မျက်ရစ် မပါ ၊ အသား ခပ်လတ်လတ် ထို လူငယ် မှာ သူ ငါးတန်း မှ ရှစ်တန်း အထိ ကျွန်မ စာ သင်ခဲ့ ရသော ကျွန်မ တပည့် စံရွှေမောင် ဆိုတာ ချက်ချင်း ပင် မှတ်မိ ပါသည် ။ လူ က သာ ထွားကျိုင်းပြီး လူကြီး ဖြစ်လာ ပေမယ့် သူ့ ရုပ်ရည် သည် ငယ်စဉ် ကတည်း က လူကြီး လို ခပ်ရင့်ရင့် ရှိရာ ရုပ် ပြောင်းသည် ပင် မထင်ရပေ ။ သူ့ နောက် မှ ဖြူဖြူဖွေးဖွေး မိန်းကလေး သည် ကလေး ကို ပွေ့ချီ ရင်း က ချော့မြူ ၍ နေလေသည် ။ ကလေး သည် လျှာထိုး ဦးထုပ် ၊ ပင့်ကူလူသားပုံ ပါသော အနွေးထည်လေး နှင့် မို့ … “ သားလေး လား ” ဟု ကျွန်မ နှုတ်ဆက် စကား ဆို လိုက်ပါသည် ။

“ ဟုတ် ”

စံရွှေမောင် သည် လိုရင်း ကို တိုတိုတုတ်တုတ် ဖြေ ကာ ကျွန်မ နှင့် ဘေးချင်းကပ် စားပွဲ တွင် မိသားတစ်စု ဝင် ထိုင် လိုက်ကြ၏ ။

“ အီကြာကွေး တစ်ချောင်း လိုက်ပွဲ အတွက် ချန် ထားပါဦး ” 

ခင်ပွန်းသည် အတွက် အီကြာကွေး မကျန်မည် စိုး ၍ ကြိုတင် မှာ လိုက်စဉ် စံရွှေမောင် တို့ စားပွဲ ကို ကျွန်မ မျက်စိ က ရောက် သွားသည် ။

စံရွှေမောင် က လည်း ကျွန်မ လှမ်း ကြည့်လိုက်သည် ကို သိဟန် ဖြင့် ကျွန်မ တို့ စားပွဲ ဘက် သို့ ပြန်၍ မျက်လုံး တစ်ချက် ဝေ့ ကြည့် လာ၏ ။ ကျွန်မ က သူ တစ်ခု ခု နှုတ်ဆက်စကား ၊ နေကောင်းလား ၊ ဆရာမ ဒီမှာ ရှိနေလား စသည် ဖြင့် ပဋိသန္ဓာရ စကား ဆိုမည် ထင်၍ သူ့ စကား ကို ငံ့လင့်သည့် အလား ၊ သူ  တစ်ခု ခု ပြောမည် ထင်၍ တစ်ချက် ပြန် ကြည့် လိုက်ရာ စံရွှေမောင် သည် ချက်ချင်းပင် မျက်နှာ ကိုလွှဲ ၍ မျက်စိ ကို ဝဲ ပစ် လိုက်လေ သည် ။

သူ က မျက်လုံး အစုံ ကို ဝေ့ဝဲ ၍ ကျွန်မ အကြည့် မှ လွှဲဖယ် သွား သော်လည်း သူ့ မျက်လုံး ထဲ မှ အခိုးအငွေ့ ၊ အရောင်အသွေး တွေ ကို ကျွန်မ သေသေသပ်သပ် စေ့စေ့စပ်စပ် မြင်တွေ့ လိုက်ပါသည် ။ သူ သည် ကျွန်မ နှင့် တစ်စုံတစ်ရာ ပတ်သက်လို ၊ ရင်းနှီးမှု ပြလို ဟန် မတူပေ ။ ဘာသိဘာသာ နှင့် မသိကျိုးကျွံ ပြု လိုက်သော သူ့ မျက်လုံး တွေကို ကျွန်မ ကောင်းစွာ နားလည် လိုက်ပါသည် ။

••••• ••••• •••••

တကယ် တော့ လည်း စားသောက်ဆိုင်များ တွင် အသိမိတ်ဆွေများ ၊ တပည့်တပန်းများ နှင့် တွေ့ လျှင် သည် မျက်လုံးမျိုး ကို ကျွန်မ မြင်တွေ့ဖူး ဖတ်မှတ်နားလည် ဖူးပါသည် ။ ရင်းရင်းနှီးနှီး ခင်မင်သူများ ၊ တချို့လည်း သူ့ ကျေးဇူး ၊ ကိုယ့် ကျေးဇူး မကင်းသူများ ဖြစ်ပါလျှင် ဟိုတယ် လို ဆိုင်ကြီးများ မှ လွဲ၍ ယခုလို မုန့်ဆိုင် ၊ လက်ဖက်ရည်ဆိုင်မျိုး မှာတော့ ကျသင့်ငွေ ကို သူ့ ထက် သူ  ဦးအောင် ရှင်းကြ စမြဲ ။ အထူးသဖြင့် အရင် ရောက် နှင့်သူ က အရင် စားပြီး သွားပါ လျှင် နောက်ပိုင်း မှ ကိုယ့် မိတ်ဆွေ အတွက် ရှင်းသွား စမြဲ ၊ “ တို့ ရှင်းခဲ့ပြီနော် ”  ၊ “ ကျွန်တော် ရှင်းခဲ့ပြီ ဆရာ ”  “ အို .. ဘာလို့ ရှင်းခဲ့တာလဲ ”  “ ဟယ် ... အားနာစရာကြီး နေပါစေ ”  “ ဟာ .. ဘာ အားနာစရာရှိလဲ ၊ တစ်ခါတလေ ကြုံလို့ဥစ္စာ ” ဆိုသော ခင်မင်မှု ကို အခြေခံ သည့် လူမှုရေး အသံများ ဝေဆာ ညံစီ သွားမြဲ မှာ လည်း ဒီလိုပင် ။ တစ်ခါတစ်ရံ ကိုယ် က နောက် မှ ရောက်သည့်သူ ဖြစ်လျှင် တောင် ကိုယ့် အသိ ကို ဆိုင်ထဲ တွေ့ပါ လျှင် သူ မရှင်းခင် ကိုယ် က စားပွဲထိုး ကို တိတ်တိတ် ခေါ်ကာ သူ့ ဝိုင်း အတွက် ကြို ရှင်း ထားလိုက်ပါ သေးသည် ။

သိပ် မရင်းနှီးသော သိရုံကျွမ်းရုံ သက်သက်သူမျိုး ဆိုလျှင် တော့ နေကောင်းလား ၊ လက်ဖက်ရည် လာ သောက်သလား ဟု မကင်းရာ မကင်းကြောင်း နှုတ်ဆက်ကြပြီး ဆိုင် ထဲ မှ ပြန် ထွက် သွားလျှင် လည်း သွားဦးမယ်နော် ဆိုတာ လောက် ပြောဆို ကာ သူများ အတွက် ရှင်းပေးစရာ မလိုပေ ။ သို့သော်လည်း ကိုယ့် အတွက် သာ ကိုယ် ပေး သွားပြီး သူ့အတွက် မပေး ခဲ့ခြင်း ကို အားနာ သလိုလို ၊ ဘာလိုလို အမူအရာ တော့ မြင်ဖူး ၊ ဖြစ်ဖူးပါသည် ။

နွမ်းနွမ်းမှိန်မှိန် မိတ်ဆွေများ နှင့် ဆုံတွေ့ ရ လျှင် တော့ အဖြစ်အပျက် က တစ်မျိုး ဖြစ် ပြန်သည် ။ ထို မိတ်ဆွေမျိုး က တော့ ပါ လာသည့် ပိုက်ဆံ နှင့် သူ့ အတွက် တောင် သူ လောက်ရုံ ရှိပါလိမ့် ။ ထိုအခါ သူ့ မျက်နှာ မှာ စိုးရွံ့ခြင်း တစ်မျိုး နှင့် အနေရ ခက် သော မျက်လုံးမျိုး ကို တွေ့ ရ တတ်ပါသည် ။ ထိုအခါ ကိုယ် က အလိုက် သိ စွာ သူ့ အတွက် ပါ ရှင်း လျှင် ရှင်း ၊ မရှင်း လျှင် လည်း သူ က အရင် ဆိုင် ထဲ မှထွက်သွား လျှင် ကိုယ့် အတွက် ရှင်း မသွားတာ ကို နားလည်ကြောင်း ၊ အားနာစရာ မလိုကြောင်း ပြသသည့် သဘော ဖြင့် “ ဖြည်းဖြည်းနော် ”  ၊ “ နေကောင်းတယ် မဟုတ်လား ” ဆိုတာမျိုး နှင့် သူ အနေ မခက်အောင် ဖြေဆေး ကျွေး လိုက်ရပါ၏ ။

တစ်ခါတလေ ကျ တော့ လည်း သူ နှင့် ကိုယ် သည် အထိုက်အလျောက် လည်း ရင်းနှီးခဲ့ပါ၏ ။ အတော် အတန်လည်း ပတ်သက်ခဲ့ပါ၏ ။ သို့ပါသော် လည်း စားသောက်ဆိုင် အတွင်း ဆုံတွေ့ လိုက် လျှင် မျက်လုံး များ သည် အရောင် တစ်မျိုး မှ နောက် တစ်မျိုး သို့ ဖျတ်ခနဲ ဖျတ်ခနဲ ပြောင်းလွဲ ၍ သွားပါသည် ။ ပထမ အရောင် တစ်မျိုး က တော့ ဪ ... သူ ကိုး ဆိုသော မိမိတို့ သိကျွမ်းမှု ကို ဦးနှောက် မှ မက်ဆေ့ချ် ပို့ လိုက်သော မူလ သဘာဝ အရောင် တစ်မျိုး ဖြစ်ပါသည် ။ သူ က အော်ရယ်ဂျင်နယ် အတိုင်း ဖြစ်သည် ။ ပြီးမှ “ အင်းလေ သိသားပဲ ။ ဒါပေမဲ့ … ” ဆိုသည့် အော်ရယ်ဂျင်နယ် ကို ဆေးဆိုးလိုက်သော အစစ် မှ အတု ဖြစ် သွားသော မျက်လုံးများ ၊ သည့် နောက် မျက်နှာ ကို ခပ်လွှဲလွှဲ ၊ မျက်လုံး ကို လည်း ပြန် မဝဲ မိအောင် ကြိုးစားရင်း ရှောင်ဖယ်ဖယ် လုပ်ကာ စားသောက် ပြီးပါ လျှင် လည်း ခပ်သုတ်သုတ် ပြန် ကာ နှုတ် ပင် ဆက် မသွားကြချေ ။ သူတို့ ၏ မျက်လုံးများ သည် တစ်ချိန်တစ်ခါ က ပတ်သက်ခဲ့ ဖူးသော ပတ်သက်မှု ၊ သိကျွမ်းမှုများ ကို ပြတ်ပြတ်သားသား ခဝါချ ပစ်လိုက် ကြ၏ ။ တံတား ဖျက် ကာ ၊ စည်းခြား လိုက်ပြီး အုတ်တံတိုင်း ပါ ခတ် လိုက်လေသည် ။ မသိကျိုးကျွံ ၊ သူစိမ်း ဆန်ဆန် မျက်ဝန်းများ ။ တကယ့် အရှိ ကို ပြောင်းလဲ ၍ ဟန်ဆောင် လိုက်သော မျက်ဝန်း အတုများ ။ ခင်မင်မှု နှင့် ငွေကြေး ကို ကန့်သတ် ရှောင်တိမ်း လိုက်သော စိတ် အရောင်များ ။ ဒီတော့ လည်း အေးလေ ၊ လက်ဖက်ရည် တွေ ၊ မုန့် တွေ က လည်း ဈေးကြီး လာသည် ကိုး ဟု ကိုယ့် ဘာသာ ကိုယ် ဖြေဆေး ကျွေးရ ပြန်သည် ။

••••• ••••• •••••

တကယ်တော့ စံရွှေမောင် သည် ကျွန်မ ဆရာမ ဘဝ တွင် သူ့ အား ၅ တန်း မှ ၈ တန်း အထိ သင်္ချာ သင်ကြား ခဲ့ရသော တပည့် တစ်ဦး ဖြစ်ပါသည် ။ အဆော့ သန် ၍ စာ မကျက် သော ကလေး တစ်ယောက် ဖြစ် သလို ၊ တချို့ ကလေး တွေ မှာ ကျက်စာ သာ စိတ်မဝင်စား ပေမယ့် အတွက်အချက် တော့ စိတ်ဝင်စားတတ် သေးရာ စံရွှေမောင် သည် ထို ကလေးမျိုး လည်း မဟုတ်ပေ ။ ထို ကျောင်း တွင် ၅ တန်း နှင့် ၆ တန်း ကို သင်္ချာ ၁ သင် ပြီး ၇ တန်း နှင့် ၈ တန်း တွင် သင်္ချာ ၂ သင် ရ သဖြင့် တပည့် အတော်များများ သည် ကျွန်မ နှင့် လေးနှစ် လေးမိုး ရင်းနှီးခဲ့သူ ချည်း ခပ်များများ ဖြစ်ပေသည် ။ ခပ်ငယ်ငယ် အလယ်တန်းကျောင်း မို့ တပည့်များ ကို မြင် လျှင် ဘယ်သူ ဘယ်ဝါ ဆိုသည် သာ မက သူတို့ မိဘတွေ ကို ပါ နာမည် သာ မမှတ်မိ ပေမယ့် မိဘ တွေ ၏ နောက်ခံ အနေအထား ကို ပါ ထူးခြား လျှင် ထူးခြား သလို မှတ်မိသည် အထိ ရင်းနှီး လှပေသည် ။ တပည့် များနှင့် ပတ်သက် လျှင် သူတို့ ၏ အကျင့်စရိုက်များ ၊ သူတို့ ဘယ် ဘာသာ တွင် ညံ့ ကာ ဘယ် နေရာ တွင် ထူးချွန်သည် ဆိုရုံမက တချို့ဆို လျှင် သူတို့ လက်ရေး တွေ က အစ မှတ်မိ ၍ နေပါသည် ။

စံရွှေမောင် သည် ချို့ချို့ငဲ့ငဲ့ ကျောင်းသားမျိုး မဟုတ်ချေ ။ ကျောင်း ပိတ်ရက်များ တွင် ဈေးလယ်ကောင် က မွေ့ရာ ၊ ဂွမ်းပုံ နှင့် စောင်တွေ ရောင်းသော ဆိုင်တွင် စံရွှေမောင် ကို မွေ့ရာဖုံကြီးတွေ ကြား ဆော့ ကစား နေသည် ကို တွေ့ ရတတ် ပေသည် ။ အကြောင်း ကိစ္စ ရှိ၍ မိဘ ခေါ်လိုက်ပါ လျှင် သူ့ မိဘများ သည် ကျောင်း သို့ ရောက် မလာတတ်ပေ ။ မအားသည် က ခပ်များများ ။ တစ်ခါတလေ လေးငါးလတန် သည် ခရီး ထွက် သွားတတ်ပြန် လျှင် မိဘများ ကိုယ်စား အစ်ကို တွေ ၊ အစ်မ တွေ ကျောင်း သို့ ကိုယ်စား ရောက်လာ တတ်ပေသည် ။ ငွေကြေး ကောက်ခံတာမျိုး ရှိခဲ့လျှင် “ ဆိုင် က လည်း ရောင်း မကောင်းလို့ ၊ အမေ တို့ ပြန် လာတော့ ပေးပါ့မယ် ” ဆိုကာ ကျွန်မ က စိုက်ထား ရတာမျိုး လည်း ရှိခဲ့ပါ သေးသည် ။ သည်လို ထူးခြားချက်များ အပြင် သူ့ နာမည် စံရွှေမောင် ဆိုသည် မှာ ရုပ်ရှင်မင်းသားကြီး အောင်လွင် ၏ ဒါရိုက်တာ နာမည် မဟုတ်လား ၊ ဒီတော့ သူ့ ကို ပို၍ မှတ်မိ နေသည်ပေါ့ ။

တပည့် များစွာ ထဲ က တပည့် တစ်ဦး ပီပီ ၈ တန်း အောင် ၍ အထက်တန်းကျောင်း ပြောင်း သွား သော အခါ စံရွှေမောင် နှင့် မတွေ့ကြတော့ပေ ။ နောက် သုံးလေး နှစ် ကြာသော အခါ ဈေး ထဲ က မွေ့ရာဆိုင် ပေါ် တွင် စံရွှေမောင် အမြိုင့်သား တွေ့ လိုက်ရလေရာ ကျွန်မ အံ့သြ ဝမ်းသာ ဖြစ်မိပါသည် ။ သူ့ မိဘများ ၏ မွေ့ ရာဆိုင် သည် ယခင် လို သေးသေးတာတာ မဟုတ်တော့ပေ ။ ဘေးဆိုင် ကို ပါ ချဲ့ထွင် ကာ နှစ်ခန်းတွဲ ဆိုင်ခန်းကျယ်ကြီး ဖြစ်သွားပြီး နှစ်ယောက်အိပ် မွေ့ရာကြီး တွေ ကို လည်း လေးငါးခု ဆင့် ၍ ထပ်ထား နိုင်ပေပြီ ။ ဖုံတွေ ၊ စောင်တွေ မှာ လည်း အထပ်လိုက် ၊ အပုံလိုက် ။ ပန်းရောင် ၊ အဝါ ရောင် တို့ ကို ဈေးဝယ် လာလျှင် ဖြန့်ဖြန့် ပြနေသည် ကို လည်း တွေ့ရ၏ ။ ဆယ်တန်း အောင် သွားသည် ဟု မကြားမိ သော်လည်း စားပွဲခုံကြီး ဆိုင် ပေါ် တင်ကာ ဂဏန်းပေါင်းစက် တစ်လုံး နှင့် အလုပ်ရှုပ် နေတာ မြင် ရ လျှင် ကျွန်မ သည် ဝမ်းသာ ကျေနပ် မိပါသည် ။

သည်တော့ လည်း ဖိတ်ခြင်း ဖိတ် ကိုယ့် အိတ် ထဲ ဖိတ် ဆိုတာလို  အိမ် ၌ စောင် ၊ ခြင်ထောင် လို လာ လျှင် စံရွှေမောင်ဆိုင် ကို အားပေးရ၏ ။ မိတ်ဆွေ အသိတွေ ဝယ်ချင် လို့ သူ့ ဆိုင် သို့ လိုက် ပို့ရ၏ ။

သူ့ ဆိုင် သို့ ရောက် တိုင်း စံရွှေမောင် သည် ခရီးဦးကြို ပြု၏ ။ “ ဆရာမ နေကောင်းလား ”  ၊ “ အရင် အိမ်မှာပဲလား ” နှင့် ဖွယ်ဖွယ်ရာရာ နှုတ်ခွန်း ဆက်သ ရုံ မက “ လိုတာရှိ ရင် ပြောနော် ” ၊ “ ဝယ်ရတာ စိတ်တိုင်း ကျရဲ့လား ” ၊ “ အဆင်ပြေရဲ့လား ”  ၊ “ နောက်လည်း လာ အားပေးပါနော် ” ၊ “ ဒါ ကျွန်တော်တို့ ဆရာမလေ ” ၊ “ ခု ဆရာမ အလုပ် ထွက်လိုက်ပြီဆို ” ၊ “ ထွက်လိုက်တာပဲ ကောင်းပါတယ် ” စသည်ဖြင့်လည်း ပျူပျူငှာငှာ ဆို တတ်ပါ သေးသည် ။

ဒါ့ကြောင့် ကျောင်းပညာ တွင် မထူးချွန် သော်လည်း ဆယ်တန်း မအောင် ဘဲ အီကို ဘွဲ့ ရသည့် တပည့် တစ်ဦး ပေပဲ ဟု မှတ်ချက် ချ ကာ ဝမ်းမြောက် ရပါသည် ။ သည်တော့ လည်း မိတ်ဆွေ တစ်ဦး တည်းခိုခန်း ဖွင့်စဉ် က တစ်ခါ ၊ နှစ်စဉ် ရပ်ကွက်ကထိန် ၌ ပဒေသာပင် သီးသော အခါ ၊ မင်္ဂလာ အခမ်းအနားများ အတွက် လိုအပ် သည့် အခါ စသည် တွေ မှာ လည်း သူ့ ဆိုင် သို့ အားပေး ရင်း ရောက်ရ ပြန်ပါသည် ။ ထိုစဉ်က စံရွှေမောင် ၏ လှိုက်လှဲသော အပြုံးများ ၊ ရွှင်ပျသည့် ကျေးဇူး စကားများ ၊ နောက်လည်း လာ အားပေးပါဦးနော် ဆိုသည့် ဖိတ်မန္တက ပြုသံများ ၊ သူ တကယ် ကျေးဇူးတင်နေသည် ဆိုတာ ကို သူ့ မျက်လုံး တွေ ထဲ မှာ မြင် နေရပါသည် ။ လက်ကလေး နှစ်ဖက် ယှက်၍ ရှေ့ ကို ချကာ သူ့ ကိုယ် ပြားပြားကြီး ကို ကိုင်း ၍ စကား ပြောနေပုံမှာ ကျွန်မ မျက်စိ ထဲ က မထွက် လူယဉ်ကျေး တို့ ၏ အသွင် လက္ခဏာ သည် ပေါ် လွင် နေ၏ ။ ဈေးသည်ကောင်း တို့ ၏ လက္ခဏာ သည် အထင်အရှား ။ သူ့ မျက်ဝန်း တွေ ရော ၊ ကျွန်မ မျက်လုံး တွေ ပါ အပြုံး တွေ ဝေဆာကာ တဖျပ်ဖျပ် တလက်လက် ကူးလူး ပျံသန်း၍ ရှိခဲ့ကြပေသည် ။

••••• ••••• •••••

ခုတော့ ထို မျက်လုံးများ သည် ဘယ် ရောက် ကုန်ပြီ မသိပေ ။ စံရွှေမောင် သည် မုန့်ဟင်းခါးဆိုင် ကျဉ်းကျဉ်း လေး ထဲ မှာ ကျွန်မ ကို ပတ်ချာလည် ၍ ရှောင် ပြေး နေ လေသည် ။

ကျွန်မ သဘောပေါက် စွာ ပြုံး လိုက်မိ၏ ။ မုန့် ပန်းကန်တွေ လိုက် ချ ပေး နေသော ကလေးမလေး ကို ကျွန်မ မျက်ရိပ် ပြ၍ ခေါ် လိုက်ပါသည် ။ ကျွန်မ တို့ က သုံးပွဲ ၊ သူတို့ က လည်း နှစ်ပွဲ ၊ သုံးပွဲ တော့ ရှိမည်မို့ “ ဟို ဘက်ဝိုင်း အတွက် ပါ ယူထားပါ ။ ပြီးမှ လိုဟာ ပိုတာ ရှင်းမယ် ” ဆိုပြီး ၁၀၀၀ တန် သုံးရွက် ကို ကလေးမလေး လက် ထဲ ထည့် လိုက်ပါသည် ။

ခဏခ အကြာ တွင် စံရွှေမောင် သည် ကလေး ကို ပွေ့ချီ လျက် ဆိုင် ထဲ မှ ထွက်၍ လာလေသည် ။ သူ့ ဇနီးသည် နောက်မှ ကပ် လိုက် သွားစဉ် စံရွှေမောင် က တော့ ကျွန်မ တို့ ဘက် သို့ တစ်ချက် မျှ ပင် စောင်းငဲ့ ၍ မကြည့်ပေ ။ ဆိုင်ရှေ့ အရောက် တွင် ကလေး ကို သူ့ ဇနီး ထံ ပြန် ပေးပြီး ဂျာကင်အိတ် ထဲ မှ ပိုက်ဆံအိတ် ကို ထုတ် လိုက် လေသည် ။ ကျွန်မ နှင့် စံရွှေမောင် သည် မျက်နှာချင်းဆိုင် အနေအထား သို့ ရောက် သွားစဉ် ကျွန်မ သူ့ ကို စူးစူးစိုက်စိုက် လှမ်း ကြည့် နေလိုက်၏ ။ လူ့ သဘာဝ သည် မိမိ ကို တစ်စုံတစ်ယောက် က ကြည့် နေ ပါ လျှင် အလိုလို ပင် သိတောင် သိတတ်သေး သော်လည်း စံရွှေမောင် သည် ထို သဘာဝ ကို ဖုံးကွယ် လိုက်လေ သည် ။ သူ့ မျက်လုံးများ သည် တစ်ချက်မျှ ပင် ကျွန်မ ဘက် သို့ ဝေ့ဝဲ ၍ မလာပေ ။ အတိအကျ ဆိုရပါလျှင် ဝေ့ဝဲ ၍ မသွားရအောင် သူ့ ပင်ကို သိစိတ် ကို နောက် အသိစိတ် တစ်မျိုး နှင့် ထိန်းချုပ် လိုက်ပေသည် ။

တစ်ထောင်တန် နှစ်ရွက် ကို ထုတ်၍ သူ့ နှုတ် မှ …. “ ဘဲဥ ၊ ငါးဖယ် ၊ အကြော်စုံ နဲ့ နှစ်ပွဲ ” ဟု ဆို လိုက်ရာ မိန်းကလေး က ပိုက်ဆံ ကို လှမ်း မယူပေ ။

“ အစ်ကို တို့ က ၁၆ဝဝ ကျတယ် ၊ ဟိုမှာ ဆရာမ ပေးပြီး သွားပြီ ” ဆိုင်ရှင်ကလေးမလေး က ကျွန်မ ဘက် သို့ မေးလေး ဆတ် ကာ ပြောလိုက်၏ ။

စံရွှေမောင် ၏ မျက်နှာ သည် သိသိသာသာ ပျက် ၍ သွား လေသည် ။ အံ့ဩဟန် ပြုလျက် ကျွန်မတို့ ဘက် သို့ ခေါင်း ကို ငဲ့ကာ လှမ်း ကြည့် လိုက်၏ ။ ပြီးတော့ ချက်ချင်း ပင် မျက်နှာ ကိုပြင် ကာ ကျွန်မ ရှိရာ ဘက် သို့ သူ့ ကိုယ်ကြီး ကို လှည့် ၊ သွားတွေ ပေါ် အောင် ပြုံးရယ် ၊ ခေါင်း ကို ပွတ် ၊ ကိုယ် ကို နောက်ဆုတ် ၊ ရှေ့  ပြန်တိုး ၊ ခါး ကို ပြန်ကိုင်း နှင့် ရှုပ်ယှက်ခတ် အောင် လုပ်ကာ “ အို ... ဆရာမ က လည်း နေပါစေ ၊ ရပါတယ် ၊ ကျေးဇူး တင်ပါတယ် ၊ ဟို ... ” ဟု နှုတ် က လည်း ပြော ၊ ကိုယ် ကို ပြန် မတ် ၊ ခေါင်း ကို ညိတ် ၊ ထိပ် ကို ပွတ် နှင့် လုပ်ရင်း “ သွားပါဦးမယ် ခင်ဗျ ” ဆိုကာ သူ့ ကိုယ်ကြီး ကို ဟိုဘက် လှုပ် ၊ ဒီဘက် လှုပ် လုပ် ကာ ဆိုင် ထဲ မှ ထွက် ၍ သွားလေသည် ။

ကျွန်မ သည် ပျောက်ကွယ် သွားသော သူ့ ပုံရိပ် ကို မှန်းဆ ရင်း ပြုံး ၍ သာ နေရ လေသည် ။

သို့သော် သူ့ အပြုံး နှင့် ကျွန်မ အပြုံး သည် မတူကြ ပါပေ ။ သူ ကျွန်မ ရှေ့ မှ ထွက်ခွာ သွား သော်လည်း ကျွန်မ တွေ့ခဲ့ဖူးသော ဖိတ်လက်ရွှန်းစို နေသည့် သူ့ မျက်လုံးများ ၊ သူ့ အသံ ချိုချိုများ သည် ကျွန်မ နံဘေး တွင် ဖိတ်လျှံ အန်ကျ ၍ ကျန်ခဲ့လေသည် ။

ယခုအခါ ကျွန်မ သည် အဖိုးအခ ပေး၍ တစ်ခါ တုန်း က တပည့် ဖြစ်ခဲ့သူ အား သင်ခန်းစာ အသစ် တစ်ရပ် သင်ကြား ပေး လိုက်ပါသည် ။ ထို သင်ခန်းစာ ကို သူ နာယူ တတ်မြောက်သည် ရှိ ၊ မရှိ တော့ အတပ် မပြောနိုင်ပေ ။ ကျွန်မ သည် လည်း အဖိုးအခ ကျခံ၍ တပည့် ဖြစ်သူ ထံ မှ ပြန်လှန် သင်ကြား လိုက်ရပါသည် ။ မတော် လို့ ကျွန်မ က သူ့ ပိုက်ဆံ အရှင်း ကို ငံ့လင့် နေသည် ဟု ထင်ပါ လျှင် မခက်ပါပေလား ။ ကျောင်း တုန်း က သူ့ ကို သင်ကြား ပေး လိုက်သော သင်္ချာဘာသာ ထဲ တွင် ထို သင်ခန်းစာများ ပါ သွားအောင် ကျွန်မ သင် မပေးမိလိုက်တာပဲ ဖြစ်ပါလိမ့် မည် ဟု ကိုယ့် ဘာသာ ပဲ ဆန်းစစ် ကြည့် လိုက်ရပါသည် ။ ယနေ့ စား ရသော မုန့်ဟင်းခါး သည် ဘာ လို နေသည် မသိ ။ ကလေးမလေး တွေ ငါး ခို ပြီး ဟင်းချိုမုန့် တွေ နင်း ထည့် လေသလား ။  ။

◾မခင်လေး

📖 ပန်းအလင်္ကာ
      ၂၀၀၉ ၊ ဇူလိုင်လ

#ကိုအောင်နိုင်ဦး

.

တန်ဖိုးရှိတဲ့ အသက်ရှင်ခြင်း


 

❝ တန်ဖိုးရှိတဲ့ အသက်ရှင်ခြင်း ❞

[ သူ့ မျက်နှာ က ကြည်လင် ပြီး အစဉ်သဖြင့် ပြုံးယောင်သမ်း နေတယ် ။ သူ့ ဘဝ သူ ကျေနပ် နေပုံပါပဲ ။

သူ့ အသက် ရှင် နေခြင်း ဟာ သူများ အတွက် ဖြစ်ရမယ် ဆိုတဲ့ ဆန္ဒ နဲ့ ဦးမောင်မောင်လှ ( ၄၃ နှစ် ) ဟာ နယ် က ကလေး တွေ ကို ရန်ကုန် က သူ့ အိမ် မှာ လာ နေစေပြီး ပညာ သင်ယူ စေတယ် ။ မကျန်းမာသူ တွေ ကို သူ့ အိမ် က နေပြီး ဆေး ကု စေတယ် ။ ပညာရေး တစ်ပိုင်းတစ်စ ဖြစ် နေတဲ့ မိန်းကလေး သုံးရာ ကျော် ကို အသက်မွေး ဝမ်းကျောင်းမှု အတွက် ကြိမ်ထိုး သင် ပေးတယ် ။ ပညာ လိုလားသူ လူငယ် တွေ အတွက် အနယ်နယ် အရပ်ရပ် မှာ စာကျက်ဝိုင်း တွေ လုပ် ပေးတယ် ။ ဆာလောင် နေတဲ့ ဝမ်းဗိုက် တွေ ကို အစာ ဖြည့် ပေးတယ် ။

သူ့ စေတနာ ကို အသိအမှတ် ပြုတဲ့ အနေ နဲ့  ( Unicef ) က ကမ္ဘာ တစ်ဝှမ်းလုံး မှာ တာဝန် ထမ်းဆောင် နေသူ ပေါင်း ၈၄၀၀ ခန့် ထဲ က ၂၄ ဦး ကို ရွေးချယ်ပြီး “ သူ မတူအောင် စွမ်းဆောင်နိုင်သူ ” အဖြစ် ဦးမောင်မောင်လှ ကို ချီးမြှင့် ပါတယ် ။ ကမ္ဘာ တစ်ဝှမ်းလုံး ထဲ က ရွေးချယ်ရာ မှာ ပါဝင်တဲ့ မြန်မာ တစ်ဦး ပါ ။ သူ့ အသက် ကို မငဲ့ကွက်ဘဲ သူများ ကို ဦးစားပေး ခဲ့တဲ့ အဖြစ်အပျက် အချို့ ကို ကျွန်တော် က တောင်းဆို လို့ ဦးမောင်မောင်လှ က ပြောပြ ပါတယ် ။ သူများ အတွက် သူ ဆောင်ရွက် ပေးခဲ့ပုံ တွေ ကို ပြောပြ နေစဉ် မှာ သူ့ မျက်နှာ ပြည့် ပြည့်ဝိုင်းဝိုင်းကြီး က ချိုပြုံးရွှင် နေတယ် ။ ဆန်းစ လပြည့်ဝန်း ကို တွေ့မြင် ရ သလို သူ့ မျက်နှာ ကိုကြည့် ပြီး ရင် မှာ အေးမြပါတယ် ။ ]

••••• ••••• •••••

၁၉၈၉ ခုနှစ် တုန်း က ပေါ့ ။ ချင်းတောင် က ကျီခါး ဆိုတဲ့ ရွာ မှာ သောက်ရေ အခက်အခဲ ဖြစ် နေကြောင်း မြို့နယ် ကောင်စီလူကြီး တွေ က တစ်ဆင့် သတင်း ကြား ရတယ် ။

ကျီခါးရွာ က အိန္ဒိယနယ်စပ် ပေါ် မှာ ။ တွန်းဇံ က နေ ၅၇ မိုင် လောက် ဝေးတယ် ။ ဆာလ်ဖာ ထွက် တော့ ရေ က ခါး နေပြီး သောက် လို့ မရဘူး ။ အဲဒီ နား က ရွာ သုံးရွာ ဟာ သောက်ရေ ကောင်းကောင်း တစ်ခွက် သောက် ရဖို့ ဝါးကျည်တောက် ထမ်း ပြီး သုံးမိုင်ခွဲ လောက် ရေ သွား ခပ် ရတယ် ။ အဲဒီ နေရာ ကို အိတ်စပတ် ( expert ကျွမ်းကျင်သူ ပညာရှင် ) တွေ ရောက် အောင် ကျွန်တော် မပို့ ရင် ရေ ကောင်းကောင်း သောက် ရဖို့ မမြင်ဘူး ။ အဲဒီ ရွာ ရဲ့ အပေါ် က ငါးမိုင် နီးပါး ရှိတဲ့ နေရာ မှာ ရေ ထွက်တယ် ။ ကျွန်တော် မရောက် ရောက် အောင် ပို့မယ် ။ ဒါမှ အဲဒီ ရွာ သုံးရွာ ရေ သောက်ရမယ် ။

ကျွန်တော် က do or die ပဲ ။ ဘုရားသခင် လက် ထဲ ကျွန်တော့် အသက် အပ် ပြီးပြီ ။ ဒီ လူ တွေ အကျိုး ဖြစ်ဖို့ ဘုရားသခင် အလိုတော် ရှိရင် ကျွန်တော် တို့ ရောက်မှာပဲ ။

တွန်းဇံ က ထွက် တော့ ညနေ သုံးနာရီ ။ လမ်း က မကောင်းဘူး ၊ အန္တရာယ် များတယ် ။ တစ်နာရီ မှ ဆယ်မိုင် လောက် ပဲ ပေါက်တယ် ။ ပေ ၇၈ဝဝ မှာ ကျွန်တော် တို့ ရောက် နေတယ် ။ အောက် က ချောက် ထဲ ကို ကျွန်တော် တို့ မြင် နေ ရတယ် ။ ကားဘီး လိမ့် ရင် မြေကြီး က ပြို ကျတယ် ။ ကား တစ်ဘီး လိမ့် တိုင်း မြေပြို ကျ နေတာ ။ ည ရှစ်နာရီ ထိုး မှ ကျွန်တော် တို့ ရောက် တယ် ။

အခု သူတို့ ရေ ရ နေပြီ ။ သူတို့ လည်း ပျော် ၊ ကျွန်တော် လည်း ပျော် တာပေါ့ ။

နယ် က ကလေးတွေ ကို အိမ် မှာ လက်ခံ ကျောင်း ထား ပေးတာ ၁၉၈၅ ခု ၊ ကျွန်တော် အိမ်ထောင် ကျ ကတည်း က ပဲ ။ ကျွန်တော် တို့ လင်မယား ရဲ့ဝါသနာ က နယ် က ကလေး တွေ ကို ပညာ တတ် စေချင်တယ် ။ ကျွန်တော့် ဇနီး နော်မြသွေး က ကျွန်တော့် အလုပ် ကို အားပေးတယ် ။ ကျွန်တော် အမြဲ ပြောတဲ့ စကား က ကျွန်တော် ရှေ့ က လုပ်တာ ကို နောက် က သူ ပါ လိုက် လုပ် နိုင်လို့ အကျိုး ရှိတဲ့ အလုပ် တွေ လုပ် နိုင်တာပါ ။

ပညာ လိုလား တဲ့ ကလေး တွေ အတွက် စာကျက်ဝိုင်း လုပ် ပေး ထား တာ ခြောက်ဝိုင်း ရှိတယ် ။ အတန်း က အငယ်တန်း က ဆယ်တန်း အထိ ။ ဒေသ က လည်း နယ်စုံ ပဲ ၊ဖူးကြီး ၊ ငှက်အော်စမ်း ၊ မန်းကျီးကန် ၊ တလုပ်ထော် ။ ဘက်ထရီအိုး ၊ နှစ်ပေမီးချောင်း တွေ ဝယ် ပေးတယ် ။ ဆရာ ငှား ပေးတယ် ။ ကျွန်တော် တစ်ယောက် တည်း ငွေ မနိုင် ရင် ရုံး က အလှူ ခံတယ် ။ ဒီ နှစ်ကျောင်းသား ၁၈၄ ယောက် ရှိတယ် ။

လှိုင်သာယာ မှာ အစိုးရကျောင်းကြီး ဖွင့် တော့ ကလေး တွေ ကျောင်း အပ် နိုင်ဖို့ ကျောင်းဝင်ကြေး ၊ စာအုပ်ဖိုး တွေ ကျွန်တော် ကျခံ ပေးတယ် ။ ၁၉၉၂ ခုနှစ် မှာ တစ်ယောက် ၄၂ ကျပ် ပဲ ကျတယ် ။ ကလေး ၁၇ဝ ကျွန်တော် ကျောင်း အပ် ပေးခဲ့တယ် ။

ကျွန်တော် က လှိုင်သာယာ ကို မကြာခဏ သွားတယ် ။ ၁၉၉၀ ခုနှစ် က ပေါ့ ။ ၁၁ နှစ် ၁၂ နှစ် အရွယ် ကလေးမလေး တစ်ယောက် ဝါးတဲ အိမ် လှေကား တက် မှာ ထိုင် နေတယ် ။ သူ့ ပေါင် ပေါ် တစ်ဘက် တစ်ချက် မှာ မောင်လေး နဲ့ ညီမလေး က ထိုင် ပြီး ငို နေတယ် ။ ကလေးမလေး က တော့ မျက်ရည် တွေ စီးကျ နေ တယ် ။ ဘာဖြစ်လို့ လဲ လို့ မေး တော့ ကျွန်မ အမေ နဲ့ အဖေ က သံဈေး မှာ လမ်းဘေး ဈေး ရောင်းတာ တဲ့ ။ မနေ့ က ဂဠုန် ဖမ်း လို့ အရင်း ပြုတ် လာတယ် ။ မနေ့ ည ကတည်း က မောင်လေး နဲ့ ညီမလေး ကို ဘာမှ မကျွေးရသေးဘူး တဲ့ ။ ညနေ သုံးနာရီ ရှိပြီ ။ ဒါနဲ့ အိတ် ထဲ ပါတဲ့ ပိုက်ဆံ ကို ထုတ် ပြီး ပါ လာတဲ့ လူငယ် တစ်ယောက် ကို လှိုင်သာယာမီးခွက်ဈေး ထိပ် မှာ ရှိတဲ့ ဖြစ်ကတတ်ဆန်း ဆိုင်ကလေး ကို လွှတ်ပြီး ခေါက်ဆွဲကြော် ရ သလောက် ဝယ်ခဲ့ကွာ ဆိုပြီး သူတို့ ကို ကျွေး ခိုင်းတယ် ။

ကလေး တွေ အတွက် ရည်ရွယ်ပြီး လှိုင်သာယာ မှာ ၁၉၉၀ ခု ၊ ဇွန်လ ၂ ရက် က စပြီး ၁၉၉၁ ခု ၊ ဒီဇင်ဘာလ အထိ ၁၈ လ လောက် ဆန်ပြုတ် ကုသိုလ် လုပ်တယ် ။ တစ်လ ကို ဆန်အိတ် ခုနစ်အိတ် က ရှစ်အိတ် ကြား ကုန်တယ် ။ ရုံး က မိတ်ဆွေ တွေ က လည်း ဆန်အိတ် တွေ လှူကြတယ် ။ လူမျိုး မရွေး ဘာသာ မရွေး စားလို့ ရအောင် ဘာ သား မှ မထည့်ဘူး ။ အာလူး ထည့်တယ် ။ ကန်စွမ်းဥ ချိန် ဆို ကန်စွန်းဥ ထည့်တယ် ။ ပဲ ထည့်တယ် ။ ဂျုံမှုန့် လေး သကြား လေး ပဲငန်ပြာရည် လေး ထည့် ပြုတ်တယ် ။

အိမ် တစ်အိမ် က မိသားစု တစ်စုလုံး အနာ တွေ ပေါက် နေတာ ဖျားနေ တာ ကြောင့် ဆုတောင်း ပေးပါ တဲ့ ။ ကျွန်တော် က အိမ်ရှေ့ က ကပြင်ကလေး မှာ တင်ပါးလွဲ ထိုင်ပြီး ဆုတောင်း ပေးတယ် ။ ဆုတောင်း ပေးရင်း နဲ့ တဲအိမ် ပေါ် မှာ ခွေး ငါးကောင် မြင်တယ် ။ ခွေး တွေ က လည်း ဝဲစား ထားတာ ၊ ခွေးသန်း တွေ လည်း ရှိတယ် ။ ဦးလေး အဲဒီ ခွေးတွေ မောင်းချ လိုက်ပါ ၊ ကလေး တွေ နဲ့ ဦးလေး မှာ အနာ တွေ ပေါက် တာ ခွေးသန်း ကိုက် လို့ ဆိုတော့ ဆရာ မောင်းချ လို့ မဖြစ်ဘူး ၊ ကလေး တွေ က ခွေး နဲ့ အိပ် မှ နွေး တာ တဲ့ ။ လ က ဇန်နဝါရီလ ။ ကျွန်တော် အနာ ကို ဖန်ရေ ဆေး ပေးပြီး ဒီ ဆေး တွေ သောက် လို့ ဆေး ပေး ခဲ့တယ် ။

၁၉၉၉ ခုနှစ် ရောက် တော့ ခြောက်လ လောက် အတွင်း ကျွန်တော့် ကျန်းမာရေး က လုံးဝ ပြောင်းလဲ သွားတယ် ။ ရင်ဘတ် အောင့် လို့ ဆေး ကို ပဲလှော် စားသလို စား ရတယ် ။

ဆေးလိပ် သောက် ခဲ့ လို့ အကြော တွေ ‌ေ သပြီး နှလုံး ထဲ မှာ ပိတ် ကုန် တာ ။ ဆေးလိပ် ဖြတ်ပြီး ဆယ်နှစ် ကြာ မှ ဖြစ်တာ ။ ၁၉၈၉ ခု ၊ ဒီဇင်ဘာ ၁ ရက် က ဆေးလိပ် ဖြတ်တာ ။ ကျွန်တော် ဆေးလိပ် သောက် ရင် ကျွန်တော့် ပတ်ဝန်းကျင် က လူ တွေ ကို လည်း ဒုက္ခ ပေးတယ် လို့ စာအုပ် ထဲ မှာ တွေ့ လို့ ကျွန်တော် ဖြတ် လိုက်တာ ။

၂ဝဝဝ ပြည့်နှစ် ၊ အောက်တိုဘာလ မှာ ဘန်ကောက် ကို သွားပြီး လက်ဖျံ က အကြော ထုတ် ၊ ခြေထောက် မှာ လည်း ခြေမျက်စိ က နေ ဒကောက်ကွေး အထိ အကြော တွေ ထုတ်ပြီး နှလုံး ထဲ မှာ ပိတ် နေတဲ့ အကြော တွေ ကို လဲ တာ ။ နှလုံး ခွဲစိပ် တာ ။ ဒေါ်လာ ၁၆ဝဝဝ လောက် ကုန်ကျတာ ကို ယူနီဆက် က အကုန်အကျ ခံပြီး ကု ပေးတယ် ။

အဲဒီတုန်း က ဘုရား နဲ့ စကား ပြော တာ ရှိတယ် ။ Surgeon က လက် က အကြော ထုတ် ရင် ဆယ်ယောက် တစ်ယောက် ပြန် မကောင်းနိုင်ဘူး ။ ခြေထောက်  က အကြော ထုတ် ရင် ဆယ်ယောက် တစ်ယောက် လမ်း မလျှောက်နိုင်ဘူး ။ ခင်ဗျား နှလုံး နဲ့ အဆုပ် ကို အနည်းဆုံး ငါးနာရီ ရပ် ထားမယ် ။ ဦးနှောက် ကို တော့ မသေ အောင် ကွန်ပျူတာ နဲ့ run ပေး ထားမယ် တဲ့ ။ အသက် ရှင် ဖို့ ၂ဝ ရာခိုင်နှုန်း ပဲ အာမခံတယ် လို့ ဆရာဝန် က ပြောတယ် ။

ကျွန်တော် က အခြား သော သူ တွေ အတွက် အလုပ် လုပ်စရာတွေ အများကြီး ရှိသေးတယ် ။ ဘုရားသခင် ခွင့်ပေးတော် မူမယ် ဆိုရင် ထားပါ ။ ဒါမှမဟုတ် ငါ့ သား ပင်ပန်း နေပြီ ထင် ရင် ပြန် ခေါ်ပါ လို့ ။

ဘန်ကောက် မှာ ဆေးရုံ တင် ရင်း သူများ ကို ကျွန်တော် ထပ် ကူညီ ခွင့် ရခဲ့တယ် ။ ကျွန်တော် က နေ့လယ် တစ်နာရီ မှာ ခွဲ ရ မှာ ။ ဆရာဝန် တွေ က လာ ပြောတယ် ။ အရေးပေါ်  ခွဲ ရမယ့် လူ တစ်ယောက် ရှိ နေလို့ မင့် အချိန် ရွှေ့ပေး နိုင်မလား တဲ့ ။ သဘော တူပါတယ် ဆိုတော့ သူတို့ ဆီ မှာ အစွဲအလန်း တစ်ခု ရှိ တယ် ။ ကိုယ် ခွဲရမယ့် အချိန် ကို ရွှေ့ဆိုင်း ရင် အသက် မရှင်တတ်ဘူး တဲ့ ။ ကိစ္စ မရှိပါဘူး မပူပါနဲ့ ၊ ကျွန်တော် သူများ အတွက် ကူညီရလို့ ပျော်ပါတယ် လို့ ။

ညနေ လေးနာရီခွဲ ကျ တော့ အဖိုးကြီး ရဲ့ သမီး နဲ့ သား က ရောက် လာ ပြီး သူတို့ အဖေ အသက် ချမ်းသာ ရ လို့ ကျေးဇူးတင်ကြောင်း လာ ပြောတယ် ။ ကျွန်တော့် ကို ညနေ ငါးနာရီ က ခွဲ တာ ည ၁၁ နာရီ ကျ မှပြီးတယ် ။ ဆရာဝန် ၁၄ ယောက်ခွဲ ကြတာ ။

ကျွန်တော် က အသက် ရှင် နေစဉ် မှာ ကျွန်တော် နဲ့ ထိတွေ့ သမျှ လူ သားတိုင်း အတွက် အကောင်းဆုံး လုပ်ပေးခဲ့တာ မို့ ကျွန်တော် နေရ သမျှ တန်တယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.