Saturday, April 27, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၄ )


 

“ ဂျိမ်း ”

“ ရွှီး ... ဖတ် ”

“ ဟာ ... ဟေ့ ... ဟေ့ ကားခ .. ကားခ ”

ဟိုတယ်ရှေ့ ကား ထိုး ရပ်လိုက်သည် နှင့် ကျွန်တော် လည်း ကမန်းကတန်း ဟိုတယ် ထဲ ပြေး ဝင် လိုက်သည် ။

“ ဟေ့ဟေ့ ... ဘယ်က လူလဲ ၊ ဘယ် သွားဖို့လဲ ”

အစောင့် တစ်ယောက် က ပြောရင်း တား သည် ။ ခြေလှမ်း ကို တုန့်ရင်း ...

“ မင်း .. မင်း မင်္ဂလာပွဲ ၊ အဲ စေ့စပ်ပွဲ ၊ သွား စေ့စပ်ဖို့ ”

ကျွန်တော့် စကား ကြားတော့ ဟိုတယ်စောင့် မှာ စိတ်ညစ် သွားဟန် ဖြင့်  ...

“ အာ .. အရူး က မင်္ဂလာဆောင်မလေး ဘာလေး နဲ့ နားရင်း အုပ် ထည့်လိုက်ရ မကောင်း ရှိရော့မယ် ၊ သွား သွား ”

ဟု ဆိုကာ တွန်း လွှတ်နေ၏ ။

ထိုစဉ်မှာ ပင် ...

“ ဟေ့ ... ဟေ့ ဘာဖြစ် နေတာလဲ ”

မန်နေဂျာ ဖြစ်ပေလိမ့်မည် ။ ရုပ်ရည် ခပ်သန့်သန့် လူ တစ်ဦး က လှမ်း အော်သည် ။

“ ဒီမှာ ဆရာ ၊ ဟိုတယ် ထဲ အရူး ဝင်လို့ ”

“ အာ ... မင်းတို့ က လည်း ဒီအတိုင်း နှင် လွှတ်လို့ မရရင် လည်း ပိုက်ဆံလေး ဘာလေး ပေးပြီး နှင် လွှတ်လေကွာ ၊ ရော့ ရော့ ဒီမှာ တစ်ထောင် ”

မန်နေဂျာ က အိတ်ကပ် ထဲ မှ တစ်ထောင်တန် တစ်ရွက် ထုတ် ပေးသည် ။ ကျွန်တော် လည်း အလကား ရ မနည်းဘူး စိတ် ပိုင်းဖြတ် ကာ လှမ်း ယူ လိုက်သည် ။ အပြင် ရောက်သည် နှင့် ရပ် နေသေးသော တက္ကစီ သို့ ...

“ ရော့ ... ဒီမှာ ကား ခယူ ”

ဆို ကာ ခုန တစ်ထောင်တန် လှမ်း ပေး လိုက်သည် ။ ပြီးနောက် ဟိုတယ် အနောက်ပေါက် သို့ ပြေး သွားမိ၏ ။ အရှေ့ က မှ ဝင် မရဘဲကိုး ။

“ ဟ ... ဟ ဘာကြီးလဲ ၊ ဘာကြီးလဲ ၊ လုပ်ကြပါဦး ”

“ ဟင် ... ကြွက် ... ကြွက် အဲ ဘာ ... ဘာ ”

ကျွန်တော် ဝင်လာသည် နှင့် စားဖိုဆောင် မှ လူ အားလုံး အလန့်တကြား ဖြစ်သွားကြ၏ ။

“ ဟ ... ဟ လုပ်ကြပါဦး ၊ သေပြီးသား အိုးမဲကြီး ပြန် ခုန်ထ လာတာလား ”

ကျွန်တော် လည်း သူတို့ အားလုံး ကို တွန်းဖယ် ရင်း ဓာတ်လှေကား ဆီ ပြေး သွားလိုက်သည် ။

ဓာတ်လှေကား ကို ဖွင့်လိုက်သည် နှင့် .. 

“ ဟဲ့ ... ပလုတ်တုတ် ၊ ဘာကြီးလဲ ဟ ”

ဓာတ်လှေကားစောင့် ၏ အော်သံ ။

ကျွန်တော် က လည်း

“ သတို့သား ဗျ ၊ သတို့သား ၊ အမြန် ဖွင့်စမ်းပါ ”

“ အာ .. အရူး က များ ၊ သတို့သား တဲ့ ၊ မဖွင့်ဘူး ၊ မဖွင့်ဘူး ၊ အင်း ဟာ ပိတ်တယ် ဟာ ”

ဆိုကာ တံခါး ကို ပြန် ပိတ် လိုက်သည် ၊ ကျွန်တော် က လည်း အားကျ မခံ ...

“ တင်းတောင် ”

“ တင်းကောင် ”

ဓာတ်လှေကားတံခါး က သူ နှိပ် ကိုယ် နှိပ် မို့ ဖွင့်လိုက် ၊ ပိတ် လိုက် ဖြစ်နေသည် ။ မတတ်သာသည့် အဆုံး ဓာတ်လှေကား အပွင့် ဟိုက ပြန် မပိတ်မီ တံခါး ကို ခြေထိုး ခံ ထား လိုက်သည် ။

“ အင်းဟာ ... ဘာ တတ် နိုင်သေးလဲ ၊ ဟား ဟား ”

“ ဪ ... ဒီလိုလား ဒါဆို ဒီလိုလေး ပဲ လုပ်လိုက်မယ် ၊ ကိုင်း အင်းဟာ ”

ဓာတ်လှေကားစောင့်ကြီး က ထိုးခံ ထားသော ခြေထောက် ကို ဆောင့် နင်းချ လိုက် သောကြောင့်  ... 

“ အား ”

နာလွန်း ၍ ကိုယ့် ခြေ ကိုယ် ပြန် မလိုက်ချိန် တွင် မနေ့က မှ ဒီနေ့ အတွက် ဝယ်လာ သော ဖိနပ် တစ်ဘက် မရှိတော့ ။ ဓာတ်လှေကား ကား နံပါတ် ပြောင်း ၍ တက်သွား လေပြီ ။

မတတ်သာသည့် အဆုံး နာ နေသည့် ခြေတစ်ဘက် ကို မ ၍ လှေကားများ အတိုင်း သာ ခုန်တက် လိုက် ရသည် ။

“ အား .. အား ... အု ... အု... အု ... အု ”

ပါးစပ် က သံစုံ မြည်အောင် အော်ရင်း လှေကား အတိုင်း ခုန်ဆွ ခုန်ဆွ နှင့် တက် နေ ရလေသည် ။ တက်ရသည့် အထပ် က လည်း နှစ်ထပ် မို့ ပေါင် ကို ကွ နေအောင် ခုန် ရ၏ ။ သည် ကြား ထဲ နာ နေသည့် ခြေမ ကို ကုန်း မှုတ်ရသေး ။

“ အု ... အု .. အား ... အား ”

◾ အကြည်တော်

📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ

#ကိုအောင်နိုင်ဦး

.

အမည်တပ် ဓားစာခံ


 

❝ အမည်တပ် ဓားစာခံ ❞

တစ်နေ့တာ အတွက် နေ ဝင် သွားပြီ ဖြစ်သည် ။

သို့သော် ....

တစ်နေ့တာ အတွက် ငွေ မဝင်သေး ။ ကျွန်တော် စိတ်ညစ် ၊ စိတ်ပျက်စွာ ကားစက်နှိုး လိုက်သည် ။ ကျွန်တော့် ကား အိတ်ဇောပြောင်း မှ မီးခိုး အပူငွေ့ သည် ကျွန်တော့် သက်ပြင်း အပူငွေ့ လောက် ပူမည် မထင် ။ ကား ကို ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး အတိုင်း မောင်း တက် လာ ရင်း ကျွန်တော် ငွေ အကြောင်း မတွေးစဖူး တွေးမိ သွားသည် ။

ငွေ သည် လူ ကို စိတ် ချမ်းသာစေနိုင် သလို စိတ် လည်း ဆင်းရဲ စေနိုင်သည် ။ ငွေ ကို သိကြားမင်း က ပေးတာ မဟုတ် သော်လည်း ငွေ သည် အရိန္ဒမာလှံ ထက် စွမ်း သည် ။ ငွေ သည် အာဠာဝက ဘီလူးမင်း ကိုင်ဆောင် သည် ဆိုသော ဘွဲ့ဖြူလက်နက် ထက် လည်း စွမ်းသည် ။ အလောင်းစည်သူမင်းကြီး ကိုင် ခဲ့သော ကြိမ်စကြာ ထက် လည်း သာလွန် ထိရောက်သည် ။

ကျွန်တော် လူငယ် ဘဝ က ငွေ ကို အသည်း ခိုက် အောင် နာကြည်းဖူးသည် ။ ထိုစဉ်က ကျွန်တော် နှင့် ခိုင်သဇင် ( ဆိုပါစို့ ) က ချစ်သူ ရည်းစား ။ သိပ် ချစ်ခဲ့ကြ သည် ။ ကြားလေသွေး လို့ ဝေးမှာ စိုး ဟူသော အဘိုး တို့ ၊ အဖေ တို့ ခေတ် က ဆိုရိုး အညွှန်း သည် ပင် ကျွန်တော်တို့ အတွက် ထင် ခဲ့သည် ။ ငယ်ရွယ်တုန်း မို့ လည်း နှလုံးသား တွင် အချစ်ဆိပ် တက် နေစဉ် ဖြစ်သည် ။

ထိုသို့ ချစ်လာကြ ရာ က ရည်းစား သက်တမ်း တစ်နှစ် ခွဲ လောက် ၌ ခိုင်သဇင် တက္ကသိုလ် ဒုတိယနှစ် တက် စ တွင် အခြေအနေ က တစ်မျိုး ပြောင်း သွားသည် ။ ပြောခဲ့သည့် အတိုင်း ငွေ ကြောင့် ပဲ ဖြစ်ပါ၏ ။

ငွေ သည် လူတို့ ၏ အတွေးအခေါ် ကို ကန်းစေနိုင် သည် ဟု ကျွန်တော် ကြားဖူးသည် ။ ငွေ ကြောင့် အတွေး အခေါ် ကန်း သွား တာတွေ လည်း ကျွန်တော် မြင်ဖူးသည် ။ ကျွန်တော့် ချစ်သူ က တော့ ငွေ ကြောင့် အတွေးအခေါ် သာ မက နှလုံးသား ပါ ကန်းသွား လေတော့သည် ။ မကြာမီ ပိုးပုဆိုး ဝတ်လေ့ ရှိပြီး ဥပဓိရုပ် ကောင်းသော လူကြီး နှင့် ပကာသနတွေ ဖောဖောသီသီကြီး လမ်းခင်း ကာ ( သူတို့ က တော့ ရွှေလမ်း ၊ ငွေလမ်း ဖောက်သည် ဟု ဆို၏ ) မင်္ဂလာပွဲ ဆင်နွှဲ ကြ လေ၏ ။

ကျွန်တော့် ကြင်သူ အနေအထား မှ ကျွန်တော့် ကို ကြဉ် သွားသော ခိုင်သဇင် သည် ဘာကြောင့်မှန်း မသိ ပြုံး တစ်ဝက် ၊ မဲ့ တစ်ဝက် မျက်နှာ နှင့် ကျွန်တော့် ကို မင်္ဂလာပွဲ ဖိတ် သည် ။ ဖက်ဖူးရောင် ဖိတ်စာ ကို ကျွန်တော် ဖွင့် လိုက် သော်လည်း မင်္ဂလာအချိန် နှင့် မင်္ဂလာနေရာ ကို သာ ကျွန်တော် ဖတ်ဖြစ်သည် ။

ကျွန်တော် တို့ မြို့ကလေး ၏ အဆင့်မြင့်ဆုံး ၊ အခမ်းနားဆုံး ဟိုတယ် တစ်ခု ၏ မင်္ဂလာခန်းမ တွင် ကျွန်တော် ဧည့်သည် အဖြစ် ရောက် သွားတော့ ဥပဓိရုပ် ကောင်းသော လူကြီး သတို့သား နှင့် ခိုင်သဇင် က လက်ချင်း ချိတ် ၍ ပြုံး ရွှင်ပျော်မြူးစွာ လာရောက် ဧည့်ခံ ကြသည် ။ လက်ထပ် မင်္ဂလာပွဲ က ခြိမ့်ခြိမ့်သဲ စည်ကား လှသည် ။

ထိုနေ့ ည က ကျွန်တော် ကဗျာတိုလေး တစ်ပုဒ် ရေးစပ် ဖြစ်သည် ။ ကဗျာ ဟု ပြောရမည် တော့ ခပ်ခက်ခက် ပင် ။ ကဗျာရေးစပ်နည်း ဥပဒေသများ ကို ကျွန်တော် မသိ ပါ ။ နား မလည်ပါ ။ သို့သော် ကျွန်တော့် ရင် မှ ဖြစ်သော ရတနာ အမြုတေ ( တစ်နည်းအားဖြင့် ) ရင် နှင့် ရင်း ထား ရသော ကဗျာအမြုတေလေး မို့ ကဗျာ တစ်ပုဒ် အဖြစ် မြတ်နိုး တန်ဖိုးထား ခဲ့ သလို ယနေ့ အထိ လည်း မှတ်မိ နေ သေးသည် ။ ရိုးရိုးလေး ၊ တိုတိုလေး သော ကဗျာ ခေါင်းစီး က “ လိုစာရင်း ပြ ငိုချင်းချ ” ။

လိုစာရင်းပြ ငိုချင်းချ
ချစ်သူရဲ့လက်ထပ်ပွဲ
ဝက်ဝက်ကွဲစည် ။
ငါ့အသည်း အက်အက်လည်း
ဟက်တက်ကွဲပြီ ။

ထိုစဉ် က ကဗျာလေး ကို သားရေအဖုံး နီညိုရောင် ဒိုင်ယာရီ စာအုပ်လေး ထဲ ရေး ခဲ့ပြီး နောက် သူ့ ကို ( ခိုင်သဇင် ) သတိရ တိုင်း ပြန်ပြန် ဖတ် ကာ ကိုယ့် ဒဏ်ရာ ကို ကိုယ် ပြန် ဆွ ခဲ့သည် ။ ကိုယ့် အရှုံး ကို ကိုယ် ပြန် တူးဖော် ခဲ့သည် ။

နောက်ပိုင်း စိတ် လည်း နည်းနည်း ငြိမ် လာတော့ အကြောင်းဇာတ်မြစ် ကို လှန် ပြီး တရားခံ ရှာ ကြည့်ရာ အဓိက တရားခံ က ငွေ ဖြစ် နေသည် ။ ငွေ ကို လိုတရ မှော် ချပ်ကလေးများ အဖြစ် မြင်တတ် သွားသည် ။ နောက် တော့ လည်း နှလုံးသား က သူ့ အလုပ် သူ လုပ်ပြီး ပြီ မို့ ဦးနှောက် က လည်း သူ့ အလုပ် သူ လုပ်ဖို့ အချိန် ရောက်ပြီ ဖြစ်သောကြောင့် ကိုယ့် ကိုယ် ကိုယ် တည့်မတ် ပြုပြင်ပြီး စိတ်ဒဏ်ရာ ကို အလုပ် နှင့် ကုစား ခဲ့သည် ။

ချစ်သူ ကို စိတ် မနာတော့ ။ ငွေ ကို လည်း စိတ် မနာ တော့ လောက ရဲ့ ဖြစ်စဉ် ကိုလည်း ဒေါ သနဲ့ အပြစ် မတင် ဖြစ်တော့ ။ ကိုယ့် စားဝတ်နေရေး ကို လိပ်ပတ်လည် အောင် ရှာဖွေရင်း ၊ ကြိုးစားရုန်းကန် လူမှုနေရာ မှန်အောင် အားထုတ်ရ တော့သည် ။ ယခု တော့ ကားအုံနာ တစ်ယောက် ဆီ မှ ဗင်ကားလေး ယူကာ တက္ကစီ ဆွဲစား နေရ သည် ။

ကား ကို ညောင်ပင်ဂိတ် မှာ တစ်နေကုန် ထိုး ထား တာ အခု ညနေ ခြောက်နာရီ ထိုးသည် အထိ ဈေးဦး မပေါက်သေး သော ကြောင့် ညပိုင်း ကား ထိုး ခွင့်ရသော မြို့မဈေးကြီး ၏ အရှေ့တောင် ထောင့် ရှိ တက္ကစီဂိတ် တွင် ထိုး ထား လိုက်သည် ။ ကျွန်တော်တို့ မြို့ကလေး ၏ တစ်ခု တည်း သော ညဈေးတန်း ၏ ထိပ် တွင် ဖြစ်၏ ။ မြို့လယ် လောက် လည်း ဖြစ်သော နာရီစင် ၏ အရှေ့ ဘက် နေရာကျယ်ကြီး တွင် ညဈေးတန်း စားသောက်ဆိုင် များ က မီး တထိန်ထိန် ဖြင့် စည်ကားစ ပြုနေပြီ ဖြစ်သည် ။

ကျွန်တော် ကား ပေါ် မှ ပင် မဆင်းဘဲ ဗိုလ်ချုပ် အောင်ဆန်းလမ်းမကြီး တွင် ဥဒဟိုဖြတ်သွား နေသော ကားများ ၊ ဆိုင်ကယ်များ ၊ ခြေကျင်လျှောက် သွားသူများ ကို ငေးရင်း ခရီးသည် မျှော် နေမိသည် ။ ညဈေးတန်း ထဲ က စားသောက်ဆိုင်များ ဆီ မှ ကြော်လှော်ချက်ပြုတ် နံ့ များ နှာခေါင်းဝ မှာ လာ တိုးဝှေ့ တော့ ဗိုက် က တကျုတ် ကျုတ် မြည် လာသည် ။ အုံနာကြေး တောင် မရသေး သည် မို့ တံတွေး ကို မကြာခဏ မျိုချ နေရသည် ။ ကား သိမ်း ပြီး အိမ်ပြန် ရောက်မှပဲ အမေ ချက် ထားသော ထမင်းဟင်း ကို အတိုးချ စား ရမည် ။

အခုတစ်လော ကျွန်တော် ကား သိပ် ဆွဲ မကောင်း ၍ အမေ့ ကို သိပ် မပေးနိုင် ။ ဟင်းကောင်း မစားရတာ လည်း ကြာပြီ ။ လ ကုန် လျှင် အိမ်လခ ၊ လမ်း ထဲ က ကုန်စုံ ဆိုင် ကို ဆန်ကြွေး ၊ ဆီကြွေး ၊ မီးသွေးကြွေး တွေ လည်း ပေးရ ဦးမည် ။ အမေ့ ရဲ့ မင်္ဂလာဦး နီလာနားကပ်လေး ပြန် မရွေးနိုင်တာ လေးလ ရှိပြီ ။ ရွှေဆိုင်ပိုင်ရှင် က ခြောက်လ အထိ လာ မရွေး လျှင် အပေါင်ဆုံး ဟု သတိ ပေး ထား တာ သတိရ မိသည် ။ လိုစာရင်းတွေ တွက်ဆ မိတော့ ငိုချင်း ချ ချင် စိတ်တွေ ပေါက် သွားပြန်သည် ။

“ ကား အားလား ... ညီလေး ”

ကားပြတင်း နား မျက်နှာ တစ်ခု ပေါ် လာပြီး မေး လိုက်သံ ကြောင့် ကျွန်တော် အားရဝမ်းသာ ခေါင်းညိတ် ပြ လိုက်ပြီး ကြည့် လိုက်ရာ မေး နှစ်ထပ်နှ င့် ခပ်ဝဝ အန်ကယ်ကြီး တစ်ယောက် ။ ချိုင်းကြား တွင် သားရေ ပိုက်ဆံအိတ်မည်းမည်းကြီး ညှပ် လျက် ကား နောက်ခန်း ထဲ ဝင် ထိုင်သည် ။ အန်ကယ်ကြီး နောက် က မိန်းကလေး က လည်း အန်ကယ်ကြီး ဘေး ဝင် ထိုင်သည် ။ ကျွန်တော် ကား နောက်ခန်းမီး ဖွင့်ပြီး ကား စက်နှိုး လိုက်ရာ အန်ကယ် ကြီး က ..

“ ညီလေး × × × ရပ် ထဲ ကို မောင်းကွာ ၊ ပြီးရင် အစ်ကို့ ကို စပ်စံထွန်းရပ် ထဲ ပြန်ပို့ ”

ကျွန်တော် ကား စ ထွက်ရင်း စိတ် သက်သာစွာ ပြုံး လိုက် မိသည် ။ သည်နေ့ တစ်နေကုန် မရချင်တော့ လည်း ဈေးဦး ပင် မပေါက် ။ ဟော အခု ရမယ့် ရ တော့လည်း အုံနာကြေး အပြင် နေ့ထွက် ကိုက်မည့် ခရီးသည်မျိုး ရ လေပြီ ။ ကျွန်တော် ကား မောင်းရင်း က ကား ကက်ဆက် ထဲ ခပ်ဆူဆူ သီချင်းခွေ တစ်ခွေ အလိုက်သိစွာ ထည့် ဖွင့် လိုက်သည် ။ သီချင်းသံများ ကြား မှာ ပင် ‘ အသည်းလေး ’ ၊ ‘ အစ်ကိုကြီး ’ ဆိုတာတွေ ခပ်သဲ့သဲ့ ကြားရသည် ။ သူတို့ ဘာတွေလဲ ။ ဝေးဝေး တွေးစရာ မလို ။ ပြီးတော့ အန်ကယ်ကြီး နှင့် သည် မိန်းကလေး တို့ ၏ ပေါင်းကူးတံတား မှာ ကျွန်တော် အပါအဝင် လူ တို့ သည်းခြေ ကြိုက်သော လိုတရမှော် စက္ကူချပ်တွေ ပဲ ဖြစ်ပါမည် ။

အန်ကယ်ကြီး ပြောသော ရပ်ကွက် ၏ လမ်းဆုံ ရောက် တော့ အန်ကယ်ကြီး က နောက် က နေ ဘယ်ကွေ့  ၊ ညာချိုး ၊ တောင်ဘက် ဝင် စသည် စသည် ဖြင့် လမ်းညွှန် လုပ် လာသည် ။ နောက်ဆုံး လမ်းလေး တစ်လမ်း ထဲ မောင်း နေရာက အရှေ့ က အိမ် ပဲ ဟု အန်ကယ်ကြီး ပြော လိုက် တော့ ကျွန်တော့် အံ့သြမှု က အထွဋ်အထိပ် ရောက် သွားသည် ။ သည် အိမ် သည် တစ်ချိန် က ကျွန်တော် ဝင် ထွက် ခဲ့ဖူသည့် ခိုင်သဇင် တို့ အိမ် ဖြစ်သည် ။

အိမ် ရှေ့ တွင် ကား ရပ်ပြီး ကျွန်တော် ကား ရှေ့မီး ကို ထွန်း ထားလိုက်သည် ။ ကား နောက်ခန်း က မိန်းကလေး က “ အစ်ကိုကြီး ၊ သန်ဘက်ခါ မှ တွေ့မယ် နော် ၊ ဘိုင့်ဘိုင် ” ဟု ပြော ရင်း ကား ပေါ် က ဆင်း သည် ။ မိန်းကလေး ၏ စကားသံ ချိုချို က တစ်ချိန်က ကျွန်တော် နားစွဲပျော်ဝင် နှစ်သက်ခဲ့သည့် ခိုင်သဇင် ၏ အသံ နှင့် တစ်ထပ်တည်း ။ ခိုင်သဇင် မဟုတ်ပါစေ နဲ့ ဟု ဆုတောင်းရင်း ကားရှေ့ က ပတ် ၍ အိမ်ခြံ ထဲ ဝင် သွားသော မိန်းကလေး ကို သေသေ ချာချာ ကြည့် လိုက်တော့ ...

“ ဖြစ်ရလေ ခိုင် ရယ် ”

ကျွန်တော့် စိတ် ထဲ ညည်းရင်း သက်ပြင်း ချ လိုက်စဉ် အန်ကယ်ကြီး က နောက်ခန်း မှ ရှေ့ခန်း သို့ လာ ထိုင် သည် ။ သည်တော့မှ ကျွန်တော် သတိ ဝင်ပြီး ကား စ ထွက် လိုက်သည် ။ သည် ရပ်ကွက် မှ အန်ကယ်ကြီး ကို ပို့ ရမည့် စဝ်စံထွန်း ကို လမ်း သင့်သည့် အနောက်မြို့ပတ်လမ်း သို့ ကား ကို ဦးတည် လိုက်သည် ။ ကား မောင်းရင်း ခိုင်သဇင် အကြောင်း သိ ချင်၍ အန်ကယ်ကြီး ကို စကားရော လိုက်သည် ။

“ ဟဲဟဲ .. အစ်ကိုကြီး ၊ အဲဒါ အစ်ကိုကြီး ရဲ့ စမောလေးလား ဗျ ။ စိတ် မရှိပါနဲ့ နော် ”

အန်ကယ်ကြီး က သူ့ ကို အစ်ကိုကြီး ဟု ခေါ်တာ သဘောကျ သွားပုံ ရသည် ။ ပြုံးပြုံးရွှင်ရွှင် နှင့် ...

“ အေးကွ ၊ ဟဲဟဲ ... ဘယ်လိုလဲ ၊ ရှယ်တယ် မဟုတ်လား ညီလေး ”

“ ဟုတ်ကဲ့ ၊ ဒါနဲ့ အစ်ကိုကြီး တို့ တွေ့တာ ကြာပြီလား ”

“ အေး ကြာပြီ ဆိုပါတော့ကွာ ၊ တစ်နှစ် ကျော်ပြီ ကွ တစ်ခုလပ်မလေး ပါ ကွာ ။ သူ က အရင်က ကော့သောင်း က သူဌေး တစ်ယောက် နဲ့ အိမ်ထောင် ကျ ခဲ့တာ ။ ကောင်မလေးမိဘ က လည်း ငွေမက် ၊ ဟို သူဌေး က လည်း လူပျို အယောင် ဆောင် ပြီး ကြီးကြီးကျယ်ကျယ် မင်္ဂလာ ဆောင် တယ် ။ ခြောက်လ တောင် မပြည့်သေးဘူး ၊ ကော့သောင်း က မယားကြီး ပေါ် လာပြီး ပြဿနာ တွေ တက် ၊ ကွဲကြ ၊ ပြဲကြပေါ့ ကွာ ။ အဲဒီ ကတည်း က ကောင်မလေး အိမ် ထဲ က အိမ်ပြင် မထွက်တော့ဘူး ။ ဒါတွေက နောက်မှ သိရတာ ပေါ့လေ ။ အစ်ကို နဲ့ စ တွေ့တာ က သူတို့ မိဘတွေ စီးပွား လည်း မပျက် ၊ အမှုတွေ ဘာတွေ ဖြစ်လို့ အစ်ကို့ ဆီ မှာ အိမ် ပေါင် တုန်းက ။ သူတို့ နှစ်နှစ် လောက် ဟန် မပျက် နေ နိုင်ကြသေးတယ် ကွ ။ နောက်ဆုံး အိမ် ရောင်းရမယ့် အခြေအနေ ရောက် တော့ ကောင်မလေး နဲ့ အစ်ကို ဇာတ်လမ်း စ တာပဲ ။ အဘိုးကြီး က အမှု အားလုံး ပြီးဖို့ ၊ တင် နေတဲ့ အကြွေးတွေ ဆပ်ဖို့ အိမ် ရောင်း လိုက်တော့ တစ်လ အတွင်း သူတို့ အိမ် ကို အစ်ကို ပဲ ပြန် ဝယ်ပေး လိုက်တယ် ။ အစ်ကို့ မှာ လည်း မယားကြီး ရှိ နေတော့ နားလည်မှုပေါ့ ကွာ ၊ မြို့ ထဲ က တိုက်ခန်း တစ်ခု မှာ တစ်ပတ် ကို သုံးရက် အစ်ကို တို့ တွေ့ ကြတယ် ”

“ အင်း ... အစ်ကိုကြီး တို့ လို ပိုက်ဆံ ချမ်းသာသူတွေ အတွက် အစစအရာရာ ပျော်စရာပဲဗျ နော် ”

“ ဒီလိုပါပဲကွာ .. ဒါပေမဲ့ ညီလေး စဉ်းစားကြည့် ဒီ ပျော်စရာတွေ က အလကား မရပါဘူးကွာ ။ စကားပုံ တောင် ရှိသေးတာပဲ ။ ‘ ဆီ ပေး မှ ဆန် ရ ’ တဲ့ ။ ပြီးတော့ တစ်ခု ခု ကို လိုချင် ရင် တစ်ခု ခု ကို ပေးဆပ်ရမယ် တဲ့ ။ အဲဒီလိုပဲ ပေါ့ ။ အခု ကောင်မလေး က ငွေ လိုတယ် ။ အဲဒါ ကို အစ်ကို က ပေးတယ် ။ အစ်ကို လိုချင်တဲ့ အချစ် ကို သူ က ပေးတယ် ။ ဒါပါပဲ ။ အဲ .. သစ္စာတွေ ၊ ဘာတွေ ကျ တော့ အစ်ကို တို့ လို ဆက်ဆံမှုမျိုး မှာ သိပ် မရှိပါဘူး ။ အင်း ... ကရုဏာ တော့ အနည်းအကျဉ်း ပါမယ် ထင် တယ်ကွ ဟဲ ဟဲ ဟဲ ”

“ ဘာကြောင့်လဲ အစ်ကိုကြီး ရဲ့ ”

“ ညီလေး စဉ်းစား ကြည့် လေ .. သူ မိန်းမပျက် ဖြစ် သွားမှာ နဲ့ စာရင် အခု လို အစ်ကို့ ရဲ့ အငယ်အနှောင်း ဘဝ က ပို မကောင်းဘူးလား ။ သူ့ ရဲ့ အခက်အခဲ ကို အစ်ကို လည်း ကူညီပြီးသား ရောက်တယ် ။ အစ်ကို တို့ လို ငါးဆယ်ကျော် တွေ အနေ နဲ့ လည်း နိုက်ကလပ် တက် ၊ အနှိပ်ခန်း ဝင် ၊ မိန်းမ ခေါ် တာတွေ နဲ့ စာ ရင် အခုလို စမောလေး နဲ့ ခြေငြိမ် တာ ပို မကောင်းဘူး လား ။ သူ လည်း ဣန္ဒြေ ရ ၊ ကိုယ် လည်း ဣန္ဒြေ ရ ပေါ့ ၊ မဟုတ်ဘူးလား ကွ ”

ဆိုတော့ ကျွန်တော် က “ ဪ .... ” ဟု မြည်သံ ရှည် ညည်း၍ ခေါင်း တဆတ်ဆတ် ညိတ် လိုက်သည် ။ သူ ပြောတာ ကို ထောက်ခံ ၍ မဟုတ် ။ ဘာ ပြ န်ပြောရမှန်း လည်း မသိသော ကြောင့် ရောယော င်၍ ဪ .. လိုက် ခြင်း ဖြစ်ပါသည် ။ ထို့နောက် အန်ကယ်ကြီး က အခြား အာလာပသလ္လာပ တွေ ပြော ရင်း သူတို့ အိမ် ကို လမ်းညွှန် သည် ။

သူ့ အိမ်ရှေ့ ရောက်တော့ ခြံကျယ်ကြီး ထဲ ခန့်ညား ထည်ဝါသော အိမ်ကြီး နှင့် နောက်ဆုံး ပေါ် ဇိမ်ခံကား သုံး ၊ လေးစီး လည်း တွေ့ ပါ၏ ။ ဘာကြောင့် တက္ကစီ ငှားစီးပါလိမ့် ဟု ကျွန်တော် လျှာရှည်တွေး တွေး နေစဉ် ခြံတံခါးကြီး လျှောထိုး ဖွင့်ကာ ခန့်ညားထည်ဝါသော အန်တီကြီး တစ်ယောက် ထွက် လာ၍ ...

“ ဟော မောင် ပြန်လာပြီ ။ မောင် .. .နေ့လယ် က သမီး ဖုန်း ဆက်တယ် ။ စင်ကာပူ ကို ငွေ ပို့ ပေးဦးတဲ့ ။ ပြီးတော့ .. ”

အန်တီကြီး စကား မဆုံးခင် ကား ပေါ် က ဆင်းခါ စ အန်ကယ်ကြီး က စိတ် ရှုပ်ဟန် ဖြင့် ...

“ နေပါဦးကွာ .. ဒီမှာ အလုပ် က ပင်ပန်း လာရတဲ့ ကြား ထဲ ။ ဪ .... ညီလေး ၊ ကားခ ဘယ်လောက်လဲ ကွ ”

ကျွန်တော် ပိုပိုသာသာ တောင်း ပစ် လိုက်သည် ။ အန်ကယ်ကြီး က သူ့ ဘီယာဖိုး လောက် သဘော ထား ကာ ကားခ ပေးပြီး ကျွန်တော့် ကို မျက်စိ တစ်ဖက် မှိတ် ပြ ရင်း လက် ပြကာ အိမ် ထဲ ဝင် သွားသည် ။ ကျွန်တော် ကား ကို လမ်းမ ဘက် မျိုးကွေ့ လိုက်ရင်း ကား ဒက်ရှ်ဘုတ် ပေါ် မှ နာရီ ကို ကြည့် လိုက်တော့ ည ရှစ်နာရီ ထိုးပြီးစ ။ စော တော့ စော နေသေးသည် ။ ကျွန်တော် က ညတိုင်း လိုလို ဆယ်နာရီ လောက် မှ ကား သိမ်းနေကျ ။ ထို့ကြောင့် ကား ကို ညဈေးတန်း ထိပ် တွင် ပြန်ထိုး ထားပြီး ခရီးသည် ဆက် စောင့် နေလိုက်သည် ။

အင်း ... သည် အချိန် ဆို စောစောက အန်ကယ်ကြီး မိန်းမ က သူ နှင့် သူ့ သားသမီးတို့ ၏ လိုစာရင်း ကို ပြ နေ ပေလိမ့်မည် ။ သို့သော် လိုတရ မှော်စက္ကူတွေ ပြည့်စုံကုံ လုံ သည့် အန်ကယ်ကြီး က တော့ ငိုချင်း ချ လိမ့်မည် မဟုတ် ။ တွေးရင်း တောရင်း ၊ ငေးရင်း မောရင်း ဗိုက် က ဆာ လာ ပြန်သဖြင့် ဂိတ် နှင့် ခပ်လှမ်းလှမ်း က လက်ဖက် ရည်ဆိုင် သို့ သွား ထိုင် လိုက်သည် ။ လက်ဖက်ရည် တစ်ခွက် နှင့် မုန့် တစ်ခု ဝါးရင်း ကား ဘက် သို့ လှမ်းလှမ်း ကြည့် နေရသည် ။

တော်တော်လေး ကြာတော့ အသက် လေးဆယ် ကျော် အရွယ်ခန့် အသားဖြူဖြူ ၊ ခန့်ခန့်ချောချော အမျိုးသမီး တစ်ယောက် ကား နား လာ ရပ်၍ ဟိုဟိုသည်သည် ကြည့်သည် ။ အမျိုးသမီး ၏ လည်ပင်း နှင့် လက် တို့ မှ စိန်ထည်များ က ခပ်လှမ်းလှမ်း က နီယွန်မီးရောင် ဖြင့် ပင် တလက်လက် တောက်ပ နေသည် ။ ရတနာ စိန်ကျောက် ဇယ်တောက်တမ်း ကစား နိုင်မည့် ပုံ ။ ကိုယ်ပိုင်ကား စီးနိုင် သည့် အနေအထားမျိုး ။ ကျွန်တော် တွေး ရင်း ကား နား သွား လိုက်ပြီး ...

“ မမ ကား ငှားမလို့လား ခင်ဗျ ”

“ အေး မင်း က ဒီ ကား က လား ”

“ ဟုတ်ကဲ့ ၊ ဘယ် သွားမလဲ ခင်ဗျ ”

အမျိုးသမီး က ကား ရှေ့ခန်း ထဲ ဝင် ထိုင်ပြီးမှ “ တောင်ကျောင်းလမ်း ထဲ အရင် မောင်းကွာ ” ဟု ပြော သည် ။ ကျွန်တော် ဗိုလ်ချုပ်ဆောင်ဆန်း လမ်း ပေါ် မှ တောင်ဘက် အတိုင်း မောင်း လိုက်သည် ။ အမျိုးသမီး က စလင်းဘက် ထဲ မှ လက်ကိုင်ဖုန်း ကို ယူ ၍ ဖွင့်သည် ။

ခဏ အကြာ တွင် ...

“ ဟဲလို ... မိညှက်လား .... အေး ... ငါ အခု လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ရော ၊ ညစာ စားပွဲ ပါ ရှိလို့ ဒီ ည ဆယ်နာရီခွဲ ၊ ဆယ့်တစ်နာရီ လောက် မှ အိမ် ပြန်ရောက် မယ် လို့ နင့် ဦးလေး ကို ပြောလိုက် ၊ ကြားလား ။ အေး .. ပြီးတော့ သူ မအိပ်ခင် ဆေး တိုက်ဖို့လည်း မမေ့နဲ့ဦး ။ အေး ... ဒါပဲ ”

လက်ကိုင်ဖုန်း ကို ပိတ် ရင်း သက်ပြင်းရှည်ကြီး ကို ဟူးခနဲ ချသည် ။

“ ဪ .... မ မအမျိုးသား က နေမကောင်းဘူးလား ခင်ဗျ ”

ကျွန်တော့် ပါးစပ် က လွှတ်ခနဲ မေး မိ သွားသည် ။ ကြိုက်မှန်း မသိ ၊ မကြိုက်မှန်း မသိ ၊ မေးမိ ပြီး မှ အမျိုးသမီး ၏ မျက်နှာ ကို အကဲခတ် ကြည့် ရသည် ။ အမျိုးသမီး မျက်နှာ က စိတ်ဆိုး ဟန် မပြ ၊ ပေါ့ပေါ့ပါးပါး ပင် ပြုံး ၍ ပြန် ဖြေ သည် ။

“ ဟုတ်တယ် မောင်လေး ၊ သူ လေဖြတ် သွားတာ ခြောက်နှစ် ကျော်ပြီ ။ ဒီလိုပါပဲကွာ ၊ အိပ်ရာ ထဲ လဲနေတာ ”

ထို့နောက် အမျိုးသမီး က လတ်တလော ပေါ်ပြူလာ ဖြစ် နေသော ရုပ်ရှင် ၊ ဂီတ တို့ အကြောင်း စကားစမြည် ပြောသည် ။ ကျွန်တော် က ဂျာနယ် ဖတ်ထားတာလေး ထဲ က သိတာလေး ပြန် ပြောရသည် ။ တောင်ကျောင်းလမ်း ထဲ ရောက် တော့ လမ်း ညာဘက် ရှိ စိန်ပန်းနီပင်ကြီး အောက် တွင် ကား ရပ်ခိုင်းသည် ။ ဟိုး အရှေ့ ခပ်လှမ်းလှမ်း ရှိ လမ်းမီးဓာတ်တိုင် အောက် တွင် ဆိုင်ကယ် တစ်စီး ရပ်၍ လူ နှစ်ယောက် စကား ရပ် ပြောနေတာ တွေ့ ရသည် ။ အမျိုးသမီး က ကား ပေါ် မှ ဆင်း လိုက်ရုံရှိသေးသည် ၊ ရပ် စကား ပြောနေသော လူ နှစ်ယောက် အနက် မှ တစ်ယောက် က အမျိုးသမီး ကို မြင် သွားပြီး ကား ဆီ သို့ လျှောက် လာသည် ။

လမ်းလျှောက် လာ ပုံ မှာ စတိုင်လ်ကျ လှ သလို ဝတ် စား ထား တာ လည်း သပ်သပ်ရပ်ရပ် ခန့်ညား လှသည် ။ အမျိုးသမီး က ခပ်ပြုံးပြုံး ဖြင့် ရပ် စောင့်ရင်း ကြည့်သည် ။ ထို လူ ကား နား ရောက်တော့ ရုပ်ရည်ကို  သဲသဲကွဲကွဲ မြင်ရ ၍ ကျွန်တော် အံ့ဩ သွားသည် ။ လူရွယ် တစ်ယောက် မဟုတ် ၊ လူငယ် တစ်ယောက် သာ ဖြစ်သည် ။ အသက် က နှစ်ဆယ့်လေး ၊ နှစ်ဆယ့်ငါး လောက် ပဲ ရှိပါဦးမည် ။ ရုပ် ချောချော သန့်သန့် ပင် ၊ အားကစားသမား တွေ လို ထောင်ထောင်မောင်းမောင်း တုတ်တုတ်ခိုင်ခိုင်ကြီး ။ အမျိုးသမီး နှင့် ကောင်လေး က ကား နောက်ခန်း ထဲ ဝင် ထိုင်သည် ။ အမျိုးသမီး က ..

“ ကဲ ကားဆရာ သစ်တောရပ်ကွက် ထဲ က x x x လမ်း ထဲ ကို မောင်းပါ ”

သစ်တောရပ်ကွက် သည် ကျွန်တော်တို့ မြို့ကလေး ၏ အရှေ့ဘက် တောင်တံတိုင်းကြီး ၏ ခြေရင်း တွင်ရှိ သည် ။ အရာရှိများ ၊ သူဌေးသူကြွယ်များ အများစု နေ သော အေးချမ်းဆိတ်ငြိမ် သာယာသည့် ရပ်ကွက် ဖြစ်သည် ။ ကျွန်တော် ကား ကို စာတိုက်ဘက် မှ သစ်တော ရပ်ကွက် ဘက် သို့ ချိုးကွေ့ လိုက်သည် ။

“ မမ ကား ဘယ်မှာ ထားခဲ့လဲ ”

“ ယမုံ့ အိမ် မှာ လေ ၊ ဆယ်နာရီ လေးဆယ့် ငါးမိနစ် လောက် မှာ သူ့ ကို လာ ကြိုခိုင်း ထားတယ် ။ မောင် က ဆယ်နာရီခွဲ လောက် ပြန် လိုက်ပေါ့ ၊ ဟုတ်လား ။ ဪ .. ဒါနဲ့ ဒီနေ့ ချယ်ရီဦးနာရီဆိုင် ရောက် လို့ မောင့် အတွက် နာရီ ဝယ်လာတယ် ။ ရော့ .... ဒီ စလင်းဘက် ထဲ မှာ ယူလိုက် ။ ပြီးတော့ မနက်ဖြန် မောင့် အတွက် ဆိုင်ကယ် ဝယ် ဖို့ စီစဉ် ထားတယ် ”

“ ဟင် တကယ်လား မမ ”

“ အင်းပေါ့ ၊ အဲဒါ မနက်ဖြန် ညနေ နှစ်နာရီ လောက် တွေ့ နေကျ လက်ဖက်ရည်ဆိုင် မှာ စောင့်နေ ”

“ ဟား ... ဒါကြောင့် မမ ကို ... ”

“ မောင် နော် ... ကား ပေါ် မှာ ဟင်း ”

မောင် ဆိုသော ကောင်လေး ၏ တဟဲဟဲ ရယ်သံ ကြား ရသည် ။ အမျိုးသမီး နှင့် ကောင်လေး က ကျွန်တော် ရှိသည် ဟု ထင်ပုံ မရ ။ ထိုသို့ဖြင့် များမကြာမီ အမျိုးသမီး ၏ လမ်းညွှန်မှု ဖြင့် တောင်ခြေ ရှိ တစ်ထပ်တိုက်လေး ရှေ့ မှာ ခရီး ဆုံး သွားသည် ။

အမျိုးသမီး က စလင်းဘက် အိတ် ကို ဖွင့် ၍ တစ်ထောင်တန် ငွေစက္ကူအုပ် နှင့် သော့တွဲ တစ်တွဲ ကို ထုတ် ပြီး ကောင်လေး ကို သော့တွဲ ပေးလိုက်သည် ။ ကောင်လေး က ခြံတံခါးသော့ ကို သွား ဖွင့်သည် ။ အမျိုးသမီး က ကျွန်တော် တောင်း သော ကားခ ( ဒီ တစ်ခါ လည်း ကျွန်တော် မြိုးမြိုးမြက်မြက် တောင်း ပစ်တာ ) ကို ပေး ရင်း ည ဆယ်နာရီခွဲ တွင် ပြန်လာ ကြိုပေးဖို့ နှင့် ကားခ ပို ပေးမည် ဖြစ်ကြောင်း ပြောသည် ။ ကျွန်တော် ကတိ ပေး လိုက်သည် ။ ကျွန်တော် ကား စက်နှိုးရင်း ကြည့် လိုက်တော့ အမျိုးသမီး နှင့် ကောင်လေး ခါးချင်း ဖက်ကာ တိုက်အိမ်လေး ထဲ ဝင် သွား တာ တွေ့လိုက်ရသည် ။

•••••   •••••   •••••

ကား ကို လာလမ်း အတိုင်း မောင်း လာရင်း စောစော က အန်ကယ်ကြီး ပြောသည့် စကားတွေ ကို ပြန် တွေး မိပြီး ကျွန်တော် ပြုံးမိသည် ။

“ အင်း ... ဒီ အမျိုးသမီးကြီး နဲ့ ကောင်ကလေး လည်း အခုလောက် ဆို ဆီ နဲ့ ဆန် လဲ နေရောပေါ့ ။ အို ... ဒါ ငါ့ အလုပ် မဟုတ်ပါဘူးလေ ။ ငါ့ အလုပ် က ဆယ်နာရီခွဲ အရောက် အဲဒီ ကောင်လေး ကို သွား ပြန် ကြိုပေးရမယ် ။ ဒါမှ မနက်ဖြန် အတွက် ဆီဖိုး ရမယ် ။ ဒီနေ့ အတွက် အုံနာကြေး လည်း ရမယ် ။ အခုတော့ အိမ် ခဏ ပြန် ၊ အမေ့ ကို ပိုက်ဆံ ပေး ၊ ထမင်း စား ၊ အော်ဒါ လက်ခံခဲ့တာ ပြောပြ ၊ အုံနာ ကို ဒီနေ့ ကား အပ် နည်းနည်း နောက်ကျမယ့် အကြောင်း ပြော .. ဒါ ငါ့ အလုပ် ပဲ ”

သည် တစ်ည တာ အတွက် စိတ်ကူး စီစဉ်တွေး နှင့် တွေး လိုက် ပြီးနောက် ကျွန်တော့် ကားလေး က လိုစာရင်း ပြ ငိုချင်းချ နေသည့် ကျွန်တော့် အစာအိမ် ကို ဖြည့်တင်း ရန် အမေ နှင့် ကျွန်တော် ၏ နားခိုရာ တဲအိုပျက် ဆီ သို့ ဦးတည် နေ လေ၏ ။

လူဆင်းရဲများ စုဝေး နေထိုင်ရာ ရပ်ကွက်ကလေး ၏ အစွန်အဖျား မှောင် နဲ့ မည်းမည်း လမ်းကြားကလေး ထဲ ရှိ ကျွန်တော်တို့  တဲ ရှေ့ ကား ရပ် ပြီး အိမ် ပေါ် တက် တော့ အမေ က လေးထစ် သာ ရှိသော ဝါးလှေကားလေး ထိပ် မှ ဖယောင်းတိုင်မီးလေး မြှောက် ပြကာ ကျွန်တော့် ကို ကြို သည် ။ ဘုရားခန်း လည်း ဟုတ် ၊ ဧည့်ခန်း လည်း ဟုတ် သော အိမ်ရှေ့ခန်းလယ် တွင် ထမင်းစားပွဲ အသင့် ပြင်ထား သဖြင့် ယာယီ ထမင်းစားခန်း ဖြစ်သွားသည် ။ ကျွန်တော် ထမင်းစားပွဲ တွင် ဝင် ထိုင်ပြီး အမေ့ ကို ပိုက်ဆံတွေ အကုန် ပေး လိုက်သည် ။ အမေ က ပိုက်ဆံများ ကို ရေတွက် ရင်း က မေးသည် ။

“ သား .. ဒီနေ့ ကားဆွဲ ကောင်းခဲ့တယ် ထင်တယ် ။ တော်တော် ရခဲ့သားပဲ ။ ဒါနဲ့ ကား တစ်ခါ တည်း မအပ်ခဲ့ ဘူးလား သား ”

“ ဟုတ်ကဲ့ ၊ မအပ်ခဲ့ဘူး အမေ ။ အော်ဒါ လက်ခံခဲ့ တာ တစ်ခု ရှိလို့လေ ။ ဆယ်နာရီ ကျော်ကျော် လောက် တစ်ခေါက် သွား ကြိုရဦးမှာ ။ အဲဒီ က ရတဲ့ ပိုက်ဆံ ကို အုံနာကြေး ပေးခဲ့လိုက်မယ် လေ ”

ပြောပြီး ကျွန်တော် အားရပါးရ ထမင်းစား နေလိုက် သည် ။ ကျွန်တော့် စိတ် ထဲ သည်နေ့ ကြုံခဲ့ရသည့် စုံတွဲ နှစ်တွဲ က လွှမ်းမိုး သလိုလို ရှိနေသော ကြောင့် ထမင်းစား ရင်း ပင် ထို စုံတွဲ နှစ်တွဲ အကြောင်း အမေ့ ကို ခရေစေ့တွင်း ကျ ပြော ပြလိုက်သည် ။ သို့သော် ပထမ စုံတွဲ မှ မိန်းကလေး သည် ခိုင်သဇင် ဖြစ်ကြောင်း ကို ကျွန်တော် ချန်လှပ် ထား ခဲ့သည် ။ ကျွန်တော် နှင့် ပတ်သက်ခဲ့ပြီး အိမ် သို့ တစ်ပတ် လျှင် သုံးရက် လောက် လာလေ့ ရှိသော ခိုင်သဇင် ကို အမေ သည် သမီး ရင်း တစ်ယောက် လို သံယောဇဉ် ရှိခဲ့ သည် ။ ကျွန်တော် နှင့် ခိုင်သဇင် ၏ မိသားစု ဘဝ တစ်ခု ကို အမေ မျှော်လင့်ခဲ့ သော ကြောင့် စိတ် မကောင်း မဖြစ်ရန် ကျွန်တော် ချန်လှပ် ခဲ့လိုက်သည် ။

ကျွန်တော် ပြော ပြသော စုံတွဲ နှစ်တွဲ ၏ ဇာတ်လမ်း ကို စိတ်ဝင်တစား နှင့် ဂရုတစိုက် နားထောင်ရင်း အမေ သည် ကျွန်တော့် ကို ကြည့်လိုက် ၊ သူ့ လက် ထဲ က ပိုက်ဆံ ထပ်ကြီး ကို ကြည့် လိုက် ဖြစ်နေသည် ။ စုံတွဲ နှစ်တွဲ အကြောင်း ကျွန်တော် ပြောပြီးသော အခါ အမေ က သက်ပြင်းရှည်ကြီး ချသည် ။ အမေ့ မျက်နှာ က အရင် နှင့် မတူ ။ ကျွန်တော် ထမင်း စားရင်း အမေ့ ကို အကဲ ခတ် ကာ အမေ ဘာ ပြောမလဲ နားစွင့် နေ လိုက်သည် ။

အငြိမ်းစား မူလတန်းကျောင်းအုပ် ဆရာမကြီး အမေ ခေါင်း တညိတ်ညိတ် လုပ်ပြီး ...

“ သား ရယ် ... တကယ်တော့ သူတို့ အားလုံးဟာ လူ့ ကျင့်ဝတ် စည်းအပြင် က ကြိုက် မရှက် ၊ ငတ် မရှက် တွေ ပေါ့ ။ လူတိုင်း လူတိုင်း မှာ အတ္ထုပ္ပတ္တိ တွေ ရှိကြတယ် ၊ ရှိကြရတယ် သား ။ ဒါပေမဲ့ သူတို့ ရဲ့ အတ္ထုပ္ပတ္တိ က ရေး နေတုန်း လည်း လှ မှာ မဟုတ်ပါဘူး ။ ရေး ပြီး ရင် လည်း ဘယ်သူ ဖတ်ဖတ် ... ဖတ်လို့ ကောင်း မှာ မဟုတ်ပါဘူး ။ ဒီလို အတ္ထုပ္ပတ္တိမျိုး သား ကိုယ်တိုင် လည်း မရေးမိစေနဲ့ ။ အဲဒီလို အတ္ထုပ္ပတ္တိစာမျက်နှာတွေ ရော .. ဟောဒီ ပိုက်ဆံ တွေ ရယ် က .. ယောက်ျား တစ်ယောက် ရဲ့ အတ္တ နဲ့ မိန်းမ တစ်ယောက် ရဲ့ အတ္တ ကို ဖြည့်ဆည်း ကြတဲ့ နေရာ မှာ အမည်တပ် ခံရတဲ့ ဓားစားခံတွေ ပဲ သား ”

လေးနက်တဲ့ အမေ့ ရဲ့ ဆုံးမ စကား ၊ သတိပေး စကား ကို နားထောင် ပြီး အမေ့ လက် ထဲ က ( အမေ ပြော သလို )  ဓားစာခံ တစ်ထပ်ကြီး ကို ကျွန်တော် ဖျတ်ခနဲ လှမ်း ကြည့် လိုက် တော့ စားလက်စ ထမင်း တောင် နင် သလိုလို ဖြစ် သွားသည် ။

◾သဓာ

📖 ရွှေအမြုတေ မဂ္ဂဇင်း
      ဇွန်လ ၊ ၂၀၁၃

#ကိုအောင်နိုင်ဦး

.

Friday, April 26, 2024

တွတ်တွတ်


 

❝ တွတ်တွတ် ❞

သူ က ကျွန်တော့် ထက် စောပြီး စာပေလောက ကို ရောက်နှင့် သူပါ ။ မန္တလေးမြို့ မှာ ထုတ်ဝေတဲ့ ဟံသာဝတီ သတင်းစာ မှာ “ တွတ်တွတ် ” ဆိုတဲ့ နာမည် နဲ့ သူ ရေးဆွဲ ခဲ့တဲ့ ကာတွန်းတွေ ကို ကျွန်တော် တို့ က လေးလေးစားစား စောင့် ဖတ် ခဲ့ရတာ ။

ဟံသာဝတီသတင်းစာ ဟာ အစိုးရထုတ် သတင်းစာတွေ အားလုံး ထဲ မှာ ပြည်သူလူထု ရဲ့ နှစ်သက်လက်ခံမှု ကို အရရှိဆုံး နေ့စဉ်ထုတ် သတင်းစာ ဖြစ်ပါ တယ် ။ ပထမဆုံး ထုတ်တဲ့ အမှတ် ၁ ကတည်း က ကာတွန်းတွတ်တွတ် ရဲ့ ကာတွန်း ကို ဟံသာဝတီ က ဖော်ပြခဲ့တယ် ။

ကိုတွတ်တွတ် ကို ရုပ်ရှင်သရုပ်ဆောင် “ ကဲသာ ” အဖြစ်နဲ့ ပါ ရုပ်ရှင်ကားတွေ မှာ ကြည့် လာရတာပါ ။

သူ နေထိုင်တာ က မန္တလေးမြို့ အရှေ့ဘက် က နန်းဦးလွင် မှာ ။ နန်းဦးလွင် က ရန်ကင်းတောင် အရိပ် ကို ခိုပြီး အေးချမ်းတယ် ။

သူ့ အိမ် ဧည့်ခန်း မှာ ကျွန်တော် တို့ ထိုင်ပြီး ရှေးဟောင်း နှောင်းဖြစ် တွေ ပြောကြတယ် ။

“ ကျွန်တော် က မန္တလေးသား ၊ Nineteen Fourty - seven ( ၁၉၄၇ ) မှာ မွေးတာ ၊ အမေ က ပခုက္ကူ သူ ၊ အဖေ က မန္တလေး ဒေးဝန်းသား စစ်စစ် ၊ ကျွန်တော့်အဖေ က ယခု အခေါ် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ မှာ ဒုတိယ မင်းကြီး အဆင့် အထိ အလုပ် လုပ်ခဲ့တယ် ။ သင်္ဘောဆိပ် နဲ့ နီးတဲ့ စိန်ပန်းရပ်က ပန်းချီဆရာကြီး ဦးလှိုင် ရဲ့အိမ် မှာ အိမ် ငှားပြီး နေတာ ၊ အိမ်ကြီး က အကြီးကြီး ပဲ ၊ ရှေးအိမ်ကြီး ၊ အဲဒီမှာ ပန်းချီပိုး စ ဝင်တာပဲ ”

ဆရာတွတ်တွတ် ရဲ့ သမီး တစ်ယောက် က လိမ္မော်ရည် ၊ သောက်ရေသန့် တွေ စားပွဲပေါ် လာ ချတယ် ။ ဆရာ က တော့ ပြောလက်စ စကား ကို ဆက် ပြောတယ် ။

“ လေးတန်း လောက် မှာ ပန်းချီ ဆွဲ နေပြီပေါ့ ၊ နောက်တော့ ကျွန်တော် တို့ ရန်ကုန် ကို ပြောင်း သွားတယ် ”

သူ့ ဖခင် ရဲ့ လုပ်ငန်း တာဝန် အရ ပြောင်းရတာလား မေးတော့ အဲဒီ အချိန် က အသက် ၅၅ နှစ် မှာ ပင်စင် ယူရတယ် ။ ကုမ္ပဏီ က အငြိမ်းစား ယူ ပြီးနောက် ရန်ကုန်က စီကေကေ အင်န်ဆန်း ကုမ္ပဏီ မှာ အလုပ် ပြောင်း လုပ်တဲ့ အကြောင်း သူ က ပြောပြတယ် ။

“ ရန်ကုန် က ဆက် နေရမယ့် ကျောင်း က ကျောင်း အစုတ်လေး ၊ ကျောင်း အိုလေး ၊ ကျောင်း ယိုင်လေး ။ မန္တလေး မှာတုန်း က အေတီအမ် မစ်ရှင်ကျောင်းကြီး မှာ နေခဲ့တာ ဆိုတော့ ကျောင်းစုတ်လေး မှာ မနေချင်ဘူး ဆိုပြီး ငိုတာ ။ အဖေ က ချော့တာပေါ့ ။ မင်း ဒီ ကျောင်း မှာ ဗိုလ် လုပ်လို့ ရတယ် ။ မင်း က ကျောင်းကောင်း မှာ နေခဲ့ရတော့ အခြေခံ ကောင်းတယ် တဲ့ ။ ဟိုမှာ စာသင်သား ၊ ဒီမှာ ကျောင်းထိုင် ဖြစ်မယ် ၊ ကြိုးစားပေါ့ကွာ တဲ့ ”

ကျွန်တော် တို့ ရယ်မိကြတယ် ။

“ လေးတန်း မှာ ကျွန်တော် စကောလားရှစ် ရတယ် ။ ရန်ကုန်တိုင်း တစ်တိုင်းလုံး မှာ ကျွန်တော် က အဆင့် ၁၇ ရတယ် ။ ခုနစ်တန်း အထိ ခံစားခွင့် ရတယ် ။ ရန်ကုန် မှာ ငါးတန်းနှစ်တစ်ဝက် နေပြီး အဖေ က မိတ္ထီလာ ပြောင်း တော့ ကျွန်တော် တို့ လည်း ပါသွား ပြန်ရော ”

“ မိတ္ထီလာ မှာ ကျောင်း ဆက် နေသလား ”

“ အထက ၁ မှာ ဆက် တက်တယ် ။ ကျွန်တော် ငယ်ငယ် က စာဖတ်တဲ့ အခါ ကျားဘညိန်း စာလေးတွေ ဖတ် ရတော့ အင်္ဂလိပ်လက်ဝှေ့ ( boxing ) ကို စိတ်ဝင်စား တယ် ။ ကမ္ဘာကျော် လက်ဝှေ့သမားတွေ အကြောင်း ဖတ်ပြီး အားကျ တယ် ။ လူ က လည်း စက ပေါ့ ။ လူပျို က လည်း မဖြစ်သေးဘူး ။ တစ်ဖက် က လည်း ပန်းချီ ဆွဲ ၊ တစ်ဖက် ကလည်း လက်ဝှေ့ ထိုး ”

“ ကလေးပေါက်စ ငါးတန်း ကတည်း က ထိုး တာလား ”

“ Pin Weight တန်း ပေါ့ ။ ပင်အပ်ကလေး လို အပေါ့စား အငယ်စား အတန်း ပေါ့ ။ အတန်း သုံးတန်းထိုးခဲ့တာပေါ့ ။ အမေ က လက်ဝှေ့ ထိုးသတ်တာ ကို မကြိုက်ဘူး ပြောတယ် ။ နောက်ပိုင်း မှာ အလေးမ အားကစား ကို ကူးပြောင်း ခဲ့တယ် ။ တစ်ဦးတည်း ကစားရတဲ့ အားကစား ကို လိုက်စားခဲ့တဲ့ အတွက် ဘဝ မှာ တစ်ဦးတည်း လုပ်ရတဲ့ အလုပ် ၊ ကိုယ်ပိုင် အလုပ်တွေ ကို ယုံကြည်မှု ပို ရှိခဲ့တယ် ”

“ မိတ္ထီလာ မှာ နေတာ ကြာ သလား ”

“ အဖေ က လားရှိုး ပြောင်း သွား ပြန်တယ် ။ ကျွန်တော် က လားရှိုး ပြောင်း လိုက် မသွားတော့ဘဲ မန္တလေး က ဦးလေး အိမ် မှာ ပဲ နေပြီး မန္တလေး အမှတ် ၁ အထက မှာ ခြောက်တန်း ဆက်တက်တယ် ”

“ ဟို တစ်ခါက ခုနစ်တန်း အထိ စကောလားရှစ် တွေ ရတယ် ဆိုတာ ဆက် ရသေးလား ”

“ မန္တလေး မှာ ခြောက်တန်းနှစ် တစ်နှစ်လုံး မရတော့ဘူး ဗျာ ။ ခြောက်တန်း စာမေးပွဲ အပြီး ကျောင်း ပိတ်တော့ တိုင်းပညာဝန် နဲ့ ကို ကျွန်တော် ခြောက်တန်း ကျောင်းသား က သွား တွေ့တာ ”

ကိုတွတ်တွတ် က ရယ်သည် ။

“ ကျွန်တော် မှတ်မိတယ် ။ တိုင်းပညာဝန် က ဦးစိန်လှိုင် ၊ ကျောင်း စာရေးကြီး က သူ့ စက်ဘီး ကယ်ရီယာ ပေါ် တင်ပြီး တိုင်းပညာရေးမှူးရုံး လိုက် ပို့ တယ် ။ တိုင်းပညာဝန် က အပေါ်ထပ် မှာ ရုံး ထိုင်တာ ။ ကျွန်တော် တက်သွားတော့ peon မင်းစေ ပေါ့ ဗျာ ။ သူ က နေ ကျွန်တော့် မောင်းချတယ် ။

တိုင်းပညာဝန် က ဆင်နားရွက် တံခါး နဲ့ အခန်း ထဲ ထိုင် နေတာ ၊ ခြေထောက် မြင် ရတယ် ၊ မီး ဖွင့် ထားတယ် ၊ ပန်ကာ လည် နေတယ် ။ ဒါကို မင်းစေ က မရှိဘူး ၊ အစည်းအဝေး သွားတယ် ပြောပြီး မောင်း ထုတ်တယ် ။ ပညာဝန် က သူ နဲ့ ကျွန်တော် ပြောဆို နေတာ ကြား ရတော့ ဘဲလ် တီးပြီး မင်းစေ ကို လှမ်း ခေါ်တယ် ”

သူ့ အတွေ့အကြုံ က ရင်ခုန်စရာ ။

“ ကျောင်းသား ကို ဝင်ပါစေ တဲ့ ။ ကျွန်တော့် အကြောင်း ကို မေးပြီး ဖိုင်တွေ ယူ ကြည့်တော့ ချော် နေတာတွေ အကုန် တွေ့တာပေါ့ဗျာ ။ အကုန် ဆူတယ် ။ နောက်ရက် မှာ ဒီ ကျောင်းသား လက်ထဲ ရသင့်ရထိုက်တာ တွေ ရအောင် လုပ်ပေး တဲ့ ၊ ပြီးတော့ ဘဲလ် ထပ် တီးတယ် ။ မင်းစေ ဝင်လာတော့ လက်ဖက်ရည် နှစ်ခွက် တဲ့ ၊ တိုင်းပညာဝန် နဲ့ ကျွန်တော် နှစ်ယောက်သား လက်ဖက်ရည် အတူတူ သောက် ခဲ့ရတယ် ”

သူ က အားရပါးရ ပြုံးတယ် ။

“ ကျောင်း က တော့ ပိတ် ထားပြီ ၊ ကျွန်တော့် ကို ကျောင်းအုပ် ဆရာမကြီး ဒေါ်ကြင်မြိုင် က ခေါ်ပြီး စတိုင်ပင် တစ်နှစ် စာ ပေးတယ် ။ ပြီးတော့ ဆရာမကြီး ပိုက်ဆံ ထဲ က မုန်ဖိုး တဲ့ နှစ်ဆယ် ( ကျပ် ၂၀ ) ပေးတယ် ။ ကျောင်းစာရေး မစ္စတာ ပေါလ် က တစ်ဆယ် ( ကျပ် ၁ဝ ) ပေးကြတယ် ။ ပြီးတော့ ဆရာမကြီး က မျက်ရည် ကျတယ် ။ မင်း လို ကျောင်းသား ဆုံးရှုံးတာ နှမြောတယ် တဲ့ ”

“ ကျောင်း က ထွက်မှာလား ”

“ အဖေ ရှိရာ လားရှိုး ကို ပြောင်း လိုက်ရတော့ မှာ ။ အဲဒီမှာ ကျွန်တော် စဉ်းစားမိတာ တစ်ခု ရှိလာတယ် ။ ခြောက်တန်း ကျောင်းသား တစ်ယောက် ကို နေရာထိုင်ခင်း ပေး ၊ လက်ဖက်ရည် အတူတူ သောက်ခွင့် ပေးတဲ့ တိုင်းပညာဝန် ဦးစိန်လှိုင် ၊ ကျောင်းသား တစ်ယောက် ရဲ့ ကိစ္စ ကို အလေးအနက် ထားပြီး ချက်ချင်း ပြီးအောင် ဆောင်ရွက် ပေးတယ် ။ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြင်မြိုင် က ကျောင်းသားတွေ ကို ချစ်တယ် ၊ ကျောင်းသား အတွက် မျက်ရည် ကျတယ် ။ ကျောင်း စာရေးကြီး မစ္စတာပေါလ် က ကျောင်းသားလေး ကို သူ ကိုယ်တိုင် စက်ဘီး ကယ်ရီယာ ပေါ် တင်ပြီး သူ့ အထက် က တိုင်းပညာဝန် ဆီ လိုက် ပို့ပေးရဲတယ် ။ အဲဒီလို လူကြီး လူကောင်း တွေ ကို ကျွန်တော် က တော့ တစ်သက် မမေ့ဘဲ ကျေးဇူး တင် နေတယ် ”

“ လားရှိုး မှာ ကော ကြာ သလား ”

မပြောသေး ခင် ကိုတွတ်တွတ် က အရင် ရယ်ပါတယ် ။

“ ခုနစ်တန်း အောင်တဲ့ နှစ် မှာ ဝန်ထမ်း ဝင် လုပ်နေတဲ့ အစ်ကို အကြီးဆုံး က ရန်ကုန် ပြောင်း ရတော့ ရန်ကုန် ခေါ်တယ်ဗျ ။ ရှစ်တန်း ကျ တော့ ရန်ကုန် စင်ထရယ် ကျောင်း တက် ပြန်တယ် ။ ၁၉၆၆ မှာ ကျွန်တော် ပညာရေး ကို စွန့် လိုက် ပြီး မန္တလေး ပန်းချီကျောင်း တက် လိုက်တယ် ”

“ နေတော့ကော ”

“ အဆောင် ပေးတယ် ၊ စတိုင်ပင် တစ်လ ငါးဆယ် ( ကျပ် ၅၀ ) ပေးတယ် ၊ ကျောင်းအုပ်ကြီး က မန္တလေးဦးဘသိန်း ။ ဆရာကြီးဦးဘသိန်း ပင်စင် သွားတော့ ဆရာဦးကံညွန့် က ယာယီကျောင်းအုပ် ။ ကျွန်တော် ပထမနှစ် ပြီးလို့ ဒုတိယနှစ် တက်ခါစ မှာ ကျောင်းအုပ် က ဆရာဦးဝင်းဖေ ”

ပန်းချီဆရာ ၊ စာရေးဆရာ ၊ ကာတွန်းဆရာ ၊ ရုပ်ရှင်ဒါရိုက်တာ ဦးဝင်းဖေ လို ပုဂ္ဂိုလ် နဲ့ ပညာ သင်ယူခွင့် ရတာ ကိုတွတ်တွတ် အတွက် ကံကောင်းတာပဲ လို့ ကျွန်တော် တွေး လိုက်မိတယ် ။

“ ကျောင်းဆင်းခေါင်းလောင်း ထိုး တာနဲ့ ဆရာဦးဝင်းဖေ အိမ် ကို ကျွန်တော် ရောက် တော့ တာပဲ ။ ဆရာ က ပန်းချီ ဆွဲလိုက် ၊ ပတ္တလား တီးလိုက် ၊ စန္ဒရား တီးလိုက် နဲ့ နေတာ ။ ကျောင်းချိန်ပြင်ပ မှာ ဆရာ့ အိမ် မှာ ကျွန်တော် ပျော်မွေ့ တော့ တာပဲ ။ မော်ဒန်ပန်းချီ ကို လည်း ကြိုက်လာတယ် ။ ဆရာ ဦးဝင်းဖေ နဲ့ နွှယ်ပြီး ဆရာပေါ်  ( ပေါ်ဦးသက် ) ဆီ လည်း ရောက်တယ် ” ”

“ ပန်းချီကျောင်း ပြီးတော့ …. ”

“ ဒုတိယနှစ် နှစ်ဝက် လောက် မှာ ဆရာဦးဝင်းဖေ က ကျွန်တော့် ကို လူထုတိုက် ပို့ လိုက်တယ် ။ ကျွန်တော် က illustration ( သရုပ်ဖော်ပုံ ) တွေ လည်း ဝါသနာ ပါတော့ တွတ်တွတ် ၊ မင်း က လူကြီးတွေ နဲ့ နေတတ်တယ် ဆိုပြီး ဒေါ်ဒေါ် ( လူထု ဒေါ်အမာ ) ၊ ဦးလေး ( လူထုဦးလှ ) တို့ ဆီ စာ ရေးပြီး လွှတ်လိုက်တယ် ”

“ ဘာတွေ လုပ်နေလဲ ”

“ ဦးဆုံး အစတော့ ခေါင်း ကနေ ခြေထောက် အထိ ကြည့်တော့တာပဲ ”

ကျွန်တော် ရယ်လိုက်မိတယ် ။

“ ဆရာ ဦးဝင်းဖေ လို လူ က စာ ရေး ပေးလိုက်တာ ဆိုတော့ လက်ခံတယ် ။ ပထမဆုံး စ လုပ်ရတာ က တော့ စာ ဖတ် ခိုင်းတာပဲ ။ လူထု မှာ စာအုပ်ဗီရိုတွေ က အများကြီး ၊ နောက်တော့ ပုံပြင်စာအုပ် ကြော်ငြာလေးတွေ စ ရေး ခိုင်းတယ် ။ လူထု ဦးလှ ၊ မွန်ပုံပြင်များ ထွက်ပြီ ဆိုတာမျိုး ၊ မုန့်ဖိုးပဲဖိုး လည်း ပေးတယ် ၊ ပန်းချီ စာအုပ်တွေ လေ့လာ ခိုင်းတယ် ”

“ ကျောင်း ပြီးသွားတော့ ...”

“ လူထု ကို ပဲ မှီ နေရတာ ။ နေတော့ ပန်တျာကျောင်းဝင်း ထဲ မှာပဲ ၊ ဆရာ ဦးဝင်းဖေ နဲ့ ဝါးတစ်ရိုက် လောက် မှာ နေတာ ၊ ပန်းချီ တွေ ဆွဲတယ် ။ လူထု က ထွက် တဲ့ စာအုပ် တွေ မှာ မျက်နှာဖုံး ၊ အတွင်းပုံ တွေ ဆွဲရတယ် ။ ဆရာကြီးဦးအုန်းလွင် နဲ့ တွဲပြီး ယောနယ်ရှေးတင်းများ စာအုပ် ဆွဲ ရတာ ဘဝ မှာ အမှတ်တရ ပဲ ၊ မောင်မဲ ရဲ့ ခရီးသွား မှတ်တမ်း ၊ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းရဲ့ စာပေအင်အား ၊ စာအုပ် တွေ ၊ သရုပ်ဖော်ပုံ တွေ ရေးခဲ့ရတာ ”

ကျွန်တော့် မျက်စိ ထဲ မှာ အသွင် ထူးခြား ခေတ်မီ တဲ့ လူထုတိုက်ထုတ် စာအုပ်တွေ ကို မြင်ယောင်လာတယ် ။ ကိုတွတ်တွတ် က တော့ သူ့ ဘဝ အကြောင်း ကို ဆက်လက် ပြော ပြ နေပါတယ် ။

“ ၁၉၇ဝ မှာ ခြေချော်လက်ချော် နဲ့ ကျွန်တော် မိန်းမ ရတယ် ”

သူ က ပြောပြီး ရယ်တယ် ။

“ ဘယ့်နှယ် ခြေချော်လက်ချော် ရမှာလဲ ”

လို့ ကျွန်တော် က ပြောတော့

“ ရည်ရွယ်ချက် မရှိဘူး ၊ မထင်မှတ်ဘဲ မန္တလေး နန်းရှေ့သူ နဲ့ အိမ်ထောင် ကျ သွားတာ"

သူ ကာတွန်း ဆွဲဖြစ်ပုံ ကို ကျွန်တော် မေးတယ် ။

“ ၁၉၆၉ ခုနှစ် လောက် မှာ ဦးလေး က ကျွန်တော့် ကို စာ တစ်စောင် ပေး ဖတ်တယ် ။ ဟံသာဝတီဦးဝင်းတင် ရေး လိုက်တဲ့ စာ ၊ ကျွန်တော် နဲ့ ဆိုင်တာ သုံး - လေးကြောင်း ပါတယ် ။ မန္တလေး မှာ ဟံသာဝတီသတင်းစာ ထုတ်ဖို့ ပြင်ဆင် နေတယ် ၊ ဦးလေးစာအုပ်တွေ မှာ သရုပ်ဖော်ပုံ ဆွဲ နေတဲ့ တွတ်တွတ် ရဲ့ လက်ရာ တွေ ကို ကျွန်တော် ကြိုက်တယ် ။ ဟံသာဝတီသတင်းစာ ထွက် ရင် သူ့ ကို ကာတွန်း ဆွဲစေချင်တယ် ။ သူ့ ကို ကာတွန်း နဲ့ ပတ်သက်ပြီး လေ့ကျင့်ပေးပါ တဲ့ ”

“ ကိုယ်တိုင် က ဝါသနာ ပါ လား ”

“ ကျွန်တော် က ဒေါ်ဒေါ် ရေး နေတဲ့ ကာတွန်းရွှေရိုး ၊ ဗကလေး စာအုပ် ကို ကိုင်ပေး နေရတာ ။ ဦးဗကလေး ကာတွန်းတွေ နဲ့ ထိတွေ့ နေရတာ ၊ သတင်းကာတွန်း ကို စိတ်ဝင်စား နေပြီ ။ ဦးလေး က လည်း ချကွာ ဆိုပြီး နိုင်ငံခြား က ကာတွန်း စာအုပ်တွေ ၊ လူထု မှာ ဦးဝင်းဖေ တို့ ၊ ကိုပေါ်ဦး ( သက် ) တို့ ဆွဲခဲ့တဲ့ ကာတွန်း တွေ လေ့လာရတော့တာ ပေါ့ ”

“ ဟံသာဝတီ ထွက် တော့ ...”

“ ၁၉၆၉ ခု ၊ အောက်တိုဘာ ၁ ရက် ၊ First Issue ( ပထမဆုံး ထုတ် ) မှာ ကာတွန်း ပါ လာတယ် ၊ ကာတွန်း ခုနစ်ပုံ ပါတယ် ”

သူ့ အတွက် ဂုဏ်ယူစရာ အမှတ်တရ တစ်ခု ပါပဲ ။

“ ကျွန်တော် မှတ်မိ သလောက် တော့ မန္တလေး က လူငယ်ကာတွန်း ဆရာတွေ အများကြီး ပေါ်ထွန်း လာတယ် ။ သတင်းစာ လွတ်လပ်ခွင့် လည်း တော်တော် ရခဲ့တယ် ။ ရန်ကုန် က ကာတွန်းဆရာတွေ တောင် မှ မန္တလေးဟံသာဝတီ သတင်းစာ ကို ကာတွန်း  လှမ်း ပို့ခဲ့ရတယ် ”

“ ဟံသာဝတီသတင်းစာ ကို ပိတ်ပစ်လိုက်တဲ့ အထိ ရေး နေတာပဲလား ”

“ ဟံသာဝတီသတင်းစာ ပိတ်သိမ်း တဲ့ ၁၉၇၈ မှာ ကျွန်တော် က ရန်ကုန် ကို တစ်ကျော့ပြန် ခြေချဖို့ ကြိုးစား နေချိန် ဖြစ်တယ် ။ ကျွန်တော့် ဘဝ ကို ဟိုပြောင်း ဒီပြောင်း တော်တော် များခဲ့တာ ၊ အဲဒီတော့ ကျွန်တော် က ဒီဇိုင်နာ ဖြစ် နေတာ ”

“ ဘာ ဒီဇိုင်းလဲ ”

“ ဆရာဦးဝင်းဖေ က လည်း ကျောင်းအုပ်ကြီး ဘဝ နဲ့ မပျော်တော့ဘူး ၊ ထွက်တယ် ။ ရုပ်ရှင် ဘက် ကူး သွားတယ် ။ ကျွန်တော် လည်း လိုက်မလား ခေါ်တော့ လိုက် သွားတယ် ။ ယောက္ခမ ဆီ မှာ ဇနီး နဲ့ သမီး ကို ထားခဲ့ပြီး ရန်ကုန် ဆင်းချ သွား တယ် ။ ဦးဝင်းဖေ က မပြိုသည့်မိုး ၊ မောင်တင်ဦး က နေထွက်သောည ရိုက်တာ ၊ ကျွန်တော် က နှစ်ကားလုံး မှာ ဒီဇိုင်းဆရာ ပေါ့ ။ အဲဒီမှာ ရုပ်ရှင်ဒီဇိုင်းဆရာ အဖြစ် ချတော့တာပေါ့ ”

“ နာမည်ကြီး ဒါရိုက်တာတွေ ရဲ့ ပထမဆုံး ကားတွေ ကို ဒီဇိုင်း ဆွဲခွင့် ရတာပဲ ”

“ ကျွန်တော် တို့ က အိုင်ဒီယာ နဲ့ သွားတာ ။ တစ်ခါတလေ မင်းသား ၊ မင်းသမီး ပုံ တောင် မထည့်ဘူး ။ စာလုံး လောက် နဲ့ ဆော် လိုက်တော့ ဒီဇိုင်းလောက လှုပ် သွား တာပေါ့ ။ ဒါပေမဲ့ ရန်ကုန် မှာ အခြေ မချဘဲ မန္တလေး ပြန်လာတယ် ”

“ အဲဒါ မှန်သလား ၊ မှားသလား ”

“ မှားတာပေါ့ ၊ ဘဝ မှာ အထွန်းတောက်ဆုံး အချိန် ကို ကောင်းကောင်း အသုံး မချဘူးလေ ”

◾ကျော်ရင်မြင့်

📖 အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၃ )


 

မိုး သည် အဆက်မပြတ် ရွာသွန်း နေခဲ့ပြီး ထိုနေ့ က မှ နေ က လှလှပပ သာ နေသည် ။ ထို နေ သာ သော နေ့ သည် ကျွန်တော် နှင့် မြင့်စန်းရီ စေ့စပ်ပွဲ ကျင်းပသော နေ့ ပင် ဖြစ်တော့၏ ။

တောင်ရှည် ဟု ခေါ်သော အိပ်ရာခင်း သဏ္ဌာန် ရွှေရောင် ဟာ ကြီး ဖုံးလိုက်သည် နှင့် ကျွန်တော့် ပုံ မှာ အလှူခံ တွင် ပါလေ့ ရှိသော ရုပ်ကြီးရုပ် ကို ဒုတ် စွပ် လိုက် သလို ဖြစ်သွားရ တော့၏ ။

လူ က အစ ကတည်း က ပိန်ချောင်ချောင် မို့ ထို အရာကြီး မှာ ပတ် ၍ မဆုံးနိုင် ပင် ဖြစ်နေတော့၏ ။

“ တော် ... တော်ကြပါတော့ ကွာ ၊ ဒီလောက် ပတ်ရ တော်ရောပေါ့ ”

ကျွန်တော့် စကား ကို မျိုးထွန်းဝင်း က မျက်မှောင် ကျုံ့ ပြီး ...

“ အေး ... သူများ ဆိုရင်တော့ တစ်ပတ် သာသာ ပတ် ရတာ ၊ မင်း ကျ မှ ဘုရားရှင် တော မထွက်ခင် တွေ့ခဲ့တဲ့ သူနာ ကျနေတာပဲ ၊ တကတည်း ပိန်ချောင် နေလိုက်တာ ၊ ဒါနဲ့ မှန်းစမ်းပါဦး ခြေသလုံး က ”

အရေးထဲ ငတိ က တောင်ရှည် အောက် ခြေသလုံး ဝင် စမ်း နေသေး၏ ။

“ ဟ ... ဘာကြီးလဲ ဟ ၊ ဒါကြီးကျ ထည်ထည်ကြီး ”

မျိုးထွန်းဝင်း က သူ့ ဘာသာ သူ ဝင် စမ်းပြီး အံ့အားသ နေသည် ။

“ ဟာ ... လှုပ် ... လှုပ် နေတယ် ၊ အဲ ဒါက အစေ့ကြီး ၊ နည်းတာကြီး မဟုတ်ဘူး ၊ ဟေ့ကောင် ငါ စမ်းမိတာ ဘာကြီးလဲ ”

“ အာ ... ဒူးခေါင်းကြီး ပါ ကွာ ၊ မင်း က လည်း ”

“ အဲ ... ဒါဆို ဒီ အစေ့ကြီး က ရော ဘာကြီးလဲ ၊ မရိုးဘူးလား ပဲ ၊ ဟယ် သူ့ ဟာ သူ လည်း လှုပ်တယ် ”

“ ဂုံညင်းစေ့ ပါ ကွာ ”

“ ဪ ... ဟုတ်လား ၊ ထင် တော့ ထင်သား ၊ ဒါနဲ့ ခြေသလုံး နဲ့ ပေါင် က သေးပြီး ဒီ ဒူးခေါင်းကြီး က ဘာလို့ အယ်ထွက် နေတာလဲ ၊ နောက် အချွန်ကြီး ”

“ ကံတရားပါ ကွာ ၊ မင်း က လည်း စကားရှည်လိုက်တာ ၊  တောင်ရှည် ပတ်မဲ့ ဟာ ဆက် ပတ်ပေးပါ ”

“ အေးပါကွာ ... မင်း ဟာကြီး က စမ်း ကောင်းလွန်းလို့ ၊ မှန်း ညှစ် ကြည့်ဦးမယ် ”

ဆိုကာ စိတ်လိုလက်ရ ညှစ် နေသေး၏ ။

“ ဟေ့ ... မင်းတို့ ဘာလုပ် ... ဟယ် ”

ထိုစဉ်မှာ ပင် အခန်း ထဲ ကမန်းကတန်း ဝင် လာသော အိုင်လက်ဖြူ ခေါ် ထွန်းအိုင် က ကျွန်တော်တို့ နှစ်ယောက် အဖြစ် ကို မြင်တော့ အံ့အားသင့် သွားသည် ။ ဖြစ်လည်း ဖြစ်ချင်စရာ ဟိုကောင် မျိုးထွန်းဝင်း က ကျွန်တော့် ရှေ့ ဆောင့်ကြောင့် ထိုင်ပြီး လက် က ကျွန်တော့် တောင်ရှည် ထဲ မှာ ကိုး ။ ဒါကိုတောင် မျက်နှာရူး မျိုးထွန်းဝင်း က ...

“ ဟာ ... အိုင်လက်ဖြူ ၊ ငါ အလုံး စမ်းနေတာကွ ၊ ဟိုဘက်မှာ တစ်လုံး ကျန်သေးတယ် ၊ မင်း ဝင် စမ်းပါလား ”

သူ က ဒူးခေါင်း က ဂုံညင်းစေ့ ကို ရည်ညွှန်း သော်လည်း ဟိုကောင် က ဘာကို သဘောပေါက်သည် မသိ မျက်နှာ ကို ရှုံ့မဲ့ပြီး ..

“ ထွီ ... ရွံစရာ ကောင်းလိုက်တာ ၊ မိန်းမ က အခုပဲ ယူတော့ မယ် ၊ ဒါကိုတောင် ဆတ်ဆော့ နေသေး ။ မြန်မြန်လုပ် မင်္ဂလာအချိန် က ကျနေပြီ ”

အိုင်လက်ဖြူ ၏ လောဆော်မှု ကြောင့် နာရီ ကြည့်လိုက်တော့

“ ဟာ ... ကိုးနာရီ တောင် ထိုးတော့မှာ ပဲ ၊ ဒုက္ခပါ ပဲ ”

မင်္ဂလာ အချိန် က ကိုးနာရီ မှ ဆယ့်တစ်နာရီ ။ ယခု က မင်္ဂလာ အချိန် ကျရောက်ရန် မိနစ်ပိုင်း အလို ...

“ ဟ ... မြန်မြန် လုပ်ပါဟ ၊ မြန်မြန် ၊ ဟေ့ကောင် ကား ရော အဆင်သင့် ပဲ လား ”

ကျွန်တော့် အမေး ကို အိုင်လက်ဖြူ က ..

“ အဆင်သင့်ပါကွာ ... အခုပဲ ဝပ်ရှော့ က ရော အပေါင်ဆိုင် က ပါ ရွေး ခဲ့တာ ”

“ ဒါဆို ဟေ့ကောင် မျိုးထွန်းဝင်း တောင်ရှည် က ရပြီလား ”

ကျွန်တော် ၏ လောဆော်မှု ကြားတော့ မှ မျိုးထွန်းဝင်း မှာ ဖီး ( လ် ) တက် အောင် ညှစ် နေသည့် ဂုံညင်း ကို လွှတ်ပြီး ...

“ မရဘူးကွ ... မင်း တောင်ရှည် က ဘယ်လိုမှ ပတ်လို့မရဘူး ၊ မံမီရုပ် လို ကျပ်ထုပ်စည်း ထား ရင်တော့ မပြောတက်ဘူး ”

“ ဘယ်လို ဖြစ်ဖြစ်ကွာ ... ကပ်ပါ နေရင် ပြီးရော ၊ ကြုံသလို သာ လုပ် ၊ ဟိုမှာ နောက်ကျ နေပြီ ”

“ ဒါဖြင့် ဒီလိုလုပ် ”

ကျွန်တော့် ရဲ့ စကား ကြားသည် နှင့် မျိုးထွန်းဝင်း က ဝတ်ထား ပေး သော တောင်ရှည် ကို  ဖျတ်ခနဲ ဆွဲဖြုတ် လိုက်သည် ။ ယောင်ယောင်ကမ်းကမ်း နှင့် အုပ်မိအုပ်ရာ အုပ် ကာ ...

“ ဟာ ... ဘာ... ဟေ့ကောင် ဘာ ... ဘာလုပ်တာလဲ ”

မျိုးထွန်းဝင်း က အဖြေ မပေးဘဲ တောင်ရှည် ကို ကြမ်းပြင် ပေါ် ဖြန့် ခင်း လိုက်သည် ။

နောက် တောင်ရှည် ကိုပုတ် ပြပြီး ...

“ ဒီမှာ လှဲ အိပ်လိုက် ”

“ လှဲ အိပ် ပြီးရင် ”

“ တော ထဲ က မသာများ ဖျာလိပ် နဲ့ ပတ်သလို မင်း ကို ပတ်သွား မယ်လေ ”

“ ဟာကွာ ... မင်း က လည်း အရေး ထဲ ”

ကျွန်တော် လည်း စိတ်ပျက်လက်ပျက် နှင့် တောင်ရှည် ပြန် ကောက်ယူ ပြီး ကြုံသလို ဆွဲ ပတ် လိုက်သည် ။

မှန်ပေ၏ ။ တောင်ရှည် ကား ဘယ်လို ပတ်ပတ် သေးလှီ သော ခန္ဓာကိုယ် ထက် ကို ပို နေတုန်းပင် ။ မတတ်သာ သည့် အဆုံး ပို နေ သော အစ ကို ယူပြီး ခေါင်းပေါင်း အောက် ဆွဲ ထည့် လိုက်ရတော့၏ ။

“ ဟီဟိ ”

မျိုးထွန်းဝင်း က ခိုး ရယ်သည် ။

“ ဘာလဲ ဟေ့ကောင် ၊ ရယ်စရာ ကောင်းနေလို့လား ”

ဟိုကောင် က အပိုး မသေ သော မျက်ခွက် ဖြင့် ...

“ စူ ... ဟီဟိ ... စူ ... စူပါဂဲ ( လ် ) နဲ့ တူနေလို့ ”

သူ့ စကား ကြောင့် ကျွန်တော် ရှိုးတိုးရှန်းတန်း ဖြစ် သွားရ သည် ။ တောင်ရှည် က ခေါင်း ပေါ် တင် ထားရ၍ ဝတ်ရုံကြီး လို ဖြစ်နေ ၍ ပြောတာ ဖြစ်မည် ။ ဒါကို ကျွန်တော် က ခပ်တည်တည် နှင့် ..

“ စူပါမန်း တော့ ထားပါကွာ ၊ ကဲ နောက်ကျ နေပြီ သွားရအောင် ”

ဟု ဆိုကာ ကျွန်တော် မှ ပင် ဦးဆောင် ၍ အိမ်ရှေ့ ထွက်လာရတော့၏ ။

“ ဟင် ”

အိမ်ရှေ့ တွင် ငှား ထားသော ရှေးဖြစ် ဘောက် ( စ် ) ဝက်ဂွန်ကား ရှေ့တွင် ကုန်းကုန်းကွကွ နှင့် ထွန်းအိုင် ခေါ် အိုင်လက်ဖြူ ကို တွေ့ရ၏ ။

“ ဟေ့ကောင် ... ကုန်းကုန်းကွကွ နဲ့ ဘာလုပ် နေတာလဲ ”

ကျွန်တော် ၏ အမေး ကို ဟိုကောင် မှ လှည့် မကြည့်ဘဲ ...

“ ဒီမှာကွ ... ကားဘီး က မူလီ တစ်လုံး ဘယ်ရောက် သွားလဲ မသိဘူး ”

ကျွန်တော်လ ည်း စိတ်ပျက် သွားပြီး ...

“ ဟာကွာ ... ထားလိုက်စမ်းပါ ၊ အခုဟာ က အချိန် မမီတော့ဘူး ”

“ ထားလို့ ရမလားကွ .. ကျန်တဲ့ မူလီတွေ က အရမ်း ပြုန်းနေပြီ ၊ ဒီမှာ ကြည့်ပါလား ”

မူလီများ က လက် ဖြင့် လှည့် လျှင် ပင် လည် နေပြီ ။ ကား ရေဆေး ၍ သစ် လာ သော်လည်း ဘယ်ဟာ မှ မသစ်တော့ တာ သေချာ၏ ။ ဘိုးတော်ဘုရား ကိုယ်ဝန် ဆောင် စဉ် ထဲ က ဖွား လာသည့် ကား မို့ ဘယ် အရာမှ ကောင်းဖွယ် မမြင် ။

“ မှန်း ... ဒါကြီးက ဩော် အိပ်ဇောကြီး ပြုတ်ကျ နေတာပဲ ၊ ဟာ လက်တွေ ပေကျံပြီ ၊ ဟေ့ကောင် ခဏ လာဦး ”

ဟု ဆိုကာ ကျွန်တော့် တောင်ရှည်ကြီး ကို ဆွဲသုတ် လိုက်သည် ။

“ ဟာ ... ဟေ့ကောင် ဘာလုပ်တာလဲ ၊ ဒါ သတို့သား ဝတ်စုံ ကွ ”

ကျွန်တော့် စကား ကို အိုင်လက်ဖြူ က ပြန် မော့ ကြည့်ပြီး ...

“ ဪ ... ဒါ တောင်ရှည်လား ၊ သိပါဘူး ကွာ ငါ့ မှာ အလှူ အိမ် က လက်သုတ်ပဝါကြီး မှတ်လို့ ကြည့်ပါဦး စုတ်ပြတ်သတ် နေတာ ၊ ဒီမှာလည်း အမဲကျားကြီး ”

“ ဒါနဲ့ ဟေ့ကောင် ... ခေါင်းပေါင်း ခဏ ငှားစမ်း ”

“ ဘာ ... ဘာလုပ်ဖို့လဲ ”

“ ကာပရိုက်တာ အုပ်တဲ့ သံပြား ပျောက်နေလို့ကွ ၊ အဲဒါ မင်း ခေါင်းပေါင်း နဲ့ အုပ်ရမှာ ၊ ကွက်တိပဲ ၊ ဟီဟိ ”

အရေးထဲ ငတိ က အူမြူး နေသေး၏ ။

“ ဖြစ်မလား ကွ ၊ ဒါက မင်္ဂလာခန်းမ ထဲ ဝင်ရင် ”

“ ဖြစ်ပါတယ်ကွာ ... မင်္ဂလာခန်းမ ထဲ ဝင်ရင် ပြန် ပေးမှာ ပေါ့ ၊ အခုဟာ က ဒါ မပါရင် လမ်း တစ်ဝက် မှာ တင် အမှိုက်တွေ ဝင်ပြီး ကား က ထိုး ရပ်သွားမှာ ၊ မြန်မြန် ပေးစမ်းပါကွာ ”

ဟု ဆိုကာ ကျွန်တော့် ခေါင်းပေါင်း ကို လု ၍ သူ့ ကားစုတ်ကြီး က ကာပရိုက်တာ ပေါ် အုပ်ချ လိုက်သည် ။

“ ဟ ... ဟေ့ကောင် ”

“ တွေ့လား ... ကွက်တိပါ ဆို ၊ ကဲ ကား ပေါ် တက်ကြ ၊ သွားရအောင် ”

ကားဘောနက်ဖုံး ကို ဂျိမ်းခနဲ ပိတ်ချ လိုက်သည် ။ ကျွန်တော် လည်း ဘာမှမပြောတော့ ။ မင်္ဂလာချိန် က တအား ကပ် နေပြီမို့ တောင်ရှည်စလေး ခေါင်းပေါ် တင် ၍ သာ ကား ပေါ် ပြေး တက်လိုက်သည် ။

“ ဂီး ... ဂီး ... ဂီး ”

ကား က ငှက်ဆိုးထိုးသံ လို သာ အော်မြည် နေသည် ။ စက်နိုး သံ ကား မကြား ။

“ ဂီး ... ဂီး ... ဂီး ”

စက် က မလည် ။

“ ဘက်ထရီ ဒေါင်း သွားပြီ ထင်တယ် ၊ တွန်း နှိုးမှ ရမယ် ”

“ ဟာကွာ ... မင်း ဟာ က လည်း ”

စိတ် ပျက်ရသည် မှာ ပြောဖွယ် မရှိတော့ ။

“ လုပ်ပါကွာ ၊ အရင် လိုတယ် မဟုတ်လား ၊ တစ်ဘီး နှစ်ဘီး လှိမ့် ရင် ဖြစ်ပါတယ် ”

“ ဂျိမ်း ”

ဘာမှ ကို ပြန် မပြောတော့ ကား ပေါ် မှ ဆင်းရင်း ကားတံခါး ကို ဆောင့် ပိတ် လိုက်သည် ။ မျိုးထွန်းဝင်း လည်း မျက်နှာ က မကြည်မသာ နှင့်  ...

“ ကား ငှားပါ ဆို ၊ သေပြီးသား ဟာကြီး အသက် သွင်းပြီး ပြန်ယူလာ လား မသိဘူး ”

ဆိုကာ ပွစိပွစိ လုပ် နေ၍ အိုင်လက်ဖြူ က သာ ကား ပေါ် မှ ပြီတိတီ မျက်နှာလေး နှင့် ...

“ ကဲ ... တစ်နှစ်သုံး ဆို တွန်း နော် ”

ခေါင်း ပေါ် က တောင်ရှည် ကို လည်ပင်း ပတ် လိုက်သည် ။

“ တစ် နှစ် သုံး ၊ တွန်း ”

“ ယစ် ”

နှစ်ယောက် တည်း မို့ ကား ကို အားစိုက် တွန်း လိုက်သည် ။ ငပိန် နှစ်ကောင် မို့ ကား က ရွေ့ ရုံ သာ ။

“ ဟာ ... ဟေ့ကောင်တွေ အားထည့်ပါ ကွ ”

“ ထည့် နေတာပဲကွာ ၊ မင်း ကား ကို က လေး နေလိုက်တာ ”

“ ဪ ... ဆောရီး ... ဆောရီး ၊ ငါ ဘရိတ် နဲ့ ကလပ် မှား နင်းထားမိလို့ ”

“ တောက် ”

အလွန်တရာ စိတ်တိုဖွယ်သာ ကောင်း တော့၏ ။ ဒီထက် ပိုပြီး သည်းခံ နိုင် လျှင် တော ထွက်စရာ မလိုဘဲ သောတာပန် ဖြစ်နိုင်သည့် အနေအထား ။

“ ဒုတ် ... ဂီး ဂီး ဂီး ”

စက် က မနိုး ။ နှစ်ဘီး သုံးဘီး လှိမ့်ရုံ မက ဓာတ်တိုင် နှစ်တိုင် ကျော်ပြီ ။ ကားစက် က မနိုး ။ ခေါင်း ပေါ် က တောင်ရှည်စ မှာ လည်း မြေ ခ ၍ ကိုယ့် တောင်ရှည် ကိုယ် ပြန် နင်းရင်း ကတ္တီပါ စ ပေါ် လမ်း လျှောက် နေရလေပြီ ၊ နဖူး မှ ချွေးများ ပင် ခါးပုံခ လေပြီ ။ ( ခါးပုံစ ခြေမ ဖုံး နေ၍ ဖြစ်သည် ။ )

“ ဂီး ... ဖုတ် ... ဖုတ် ... ဝူး ”

ကား စက်နိုးသံ ကြား တော့ မည်မျှ ပျော်သည် ကို မပြောပြ တတ်တော့ ။ သို့သော် ...

“ ခလွမ် ... ချလွင် ”

ကား အနောက် ဘန်ဘာကြီး လွင့်စင် လာ၍ ခုန် ရှောင်ရ သေး၏ ။

“ ဟ ... ဟ ..ဘန်ဘာကြီး ပြုတ် ထွက်လာပဟ ”

“ အေး ... ပြုတ်ထွက် သွား ရင်လည်း စောကြည်ဖြူ မင်း ပဲ ပြန် ကောက်လာတော့ ”

“ ပြန် ကောက်တာတော့ ဟုတ်ပြီ ၊ မင်း ကား က ရပ်နေ လေကွာ ”

“ ရပ်လို့ မရတော့ဘူး ကွ ၊ ကလပ် က ပေါက် သွားပြီ ၊ ရပ် လိုက်ရင် ကားစက် သေ သွားလိမ့်မယ် ”

“ ဟင် ”

ဘယ်က ဘယ်လို ပြောရမှန်း ပင် မသိတော့ ။ ဘန်ဘာကြီး ပြန် ကောက် လိုက်တော့ ...

“ ဟာ ... သွားပြီ ”

ဘယ်နှခုနှစ် ထဲ က လိပ်ကျန် နေမှန်း မသိသော ဆီချေးများ ဝတ်ထားသော တိုက်ပုံ နှင့် အင်္ကျီအဖြူ ပေါ် ပေကျံ ကုန်၏ ။

“ ဟေ့ကောင် တွေ မြန်မြန် လာလေ ကွာ ၊ ကား က ရပ်လို့ မရတဲ့ ကြား ထဲ ”

အိုင်လက်ဖြူ က ကား ထဲ က လှမ်း အော်သည် ။ စိတ် က လည်း လော နေပြီမို့ အားယူ ညှစ် ပြေးလိုက်ရာ ကိုယ့် တောင်ရှည်စ ကို ကိုယ် ပြန် နင်း မိပြီး ဖလွတ် ခနဲ ကျွတ်ကျ လာသည် ။

“ ဟ ... ဟ ... လုပ်ကြပါဦး ဟ ”

တောင်ရှည် တစ်ဘက် ၊ ဘန်ကာ တစ်ဘက် နှင့် လူ က လမ်းမ အလယ် ကိုးရိုးကားရား ဖြစ်နေ၏ ။

“ ဟေ့ကောင် ... ပြေးလာပါ ၊ အမြန် ”

မတတ်သာသည့် အဆုံး တောင်ရှည် ကို ဒီ အတိုင်း လက် တစ်ဘက် က မ ဆွဲပြီး ကား ဆီ အားကုန် ပြေး လိုက်သည် ။

“ ဟေ့ကောင် ... ကား ပေါ် ဘယ်လို တက်ရမှာလဲ ”

“ တံခါးဖွင့် ပြီး ခုန် ဝင် လိုက်လေကွာ ”

“ ဟင် ... အဲလိုလား ”

သူ ပြောတော့ အလွယ်သား ။

“ နောက် ... ဒီ ဘန်ဘာကြီး က ရော ”

“ အား ... မင်း က လည်း အတော် တုံးတာပဲ ၊ ဘန်ဘာ ကို အနောက်ခန်း ထဲ အရင် ပစ် သွင်းလိုက် ”

သူ ပြောသည့် အတိုင်း ဘန်ဘာ ကို အနောက်ခန်း ထဲ အရင် ပစ်သွင်း လိုက်သည် ။

“ ခလွမ်း ”

ပြီးနောက် ...

“ ယာ့စ် ”

လူ တစ်ကိုယ်လုံး ကား ထဲ ဘယ်လို ရောက်သွားမှန်း ပင်မသိ ။ ကား ပေါ် ရောက် တော့ စကား ပင် မပြောနိုင် တော့ ။ အသက် ကို ပင် အသည်းအသန် ရှူ ယူ နေရသည် ။ မထူးတော့ သည့် အဆုံး ထွက်လာသည့် ချွေးများ ကို တောင်ရှည် နှင့် သာ ပင့် သုတ် လိုက်သည် ။ မျိုးထွန်းဝင်း ကြည့် တော့ လည်း ကား နောက်ဖုံး မှာ ကားယားကြီး ခွ လို့ ...  ။ 

“  ဟီ ဟိ ”

ဘာတွေ သဘောကျ နေသည် မသိ အိုင်လက်ဖြူ မှ ခိုးရယ်သည် ။ ကျွန်တော် လည်း စိတ် မလုံစွာ ဖြင့်  ...

“ ဘာ ခိုးရယ်တာလဲ ဟေ့ကောင် ”

ကျွန်တော့် အမေး ကို အိုင်လက်ဖြူ မှ အသံ မထွက်အောင် ကြိတ် ရယ်ရင်း ...

“ ဟီး ... ဟီး မင်းမျက်နှာကြီး .. ဟား ... ဟား ... အင်္ကျီ ... အင်္ကျီ ... တောင် ... တောင်ရှည် .. ဟား.. ဟား ..ဟား ”

မြင်မြင်သမျှ ရယ်စရာကြီး ဖြစ်နေရော့ ထင် ။ ငတိ က တစ်ခု စီ ကို လက်ညှိုး ထိုးရင်း ရယ် နေသည် ။ ဟုတ်ပေလိမ့်မည် ။ မျက်နှာ အပါအဝင် တစ်ကိုယ်လုံး ပေပွ နေပြီပဲ ။ ဒါကို ဂရု မစိုက်နိုင် ။ မင်္ဂလာပွဲ မီဖို့ ပို အရေးကြီးပြီ မဟုတ်လား ။

ကား က လည်း ဘန်ဘာ ပိုက် ၍ ပြေးလိုက် လျှင် တောင် မှီ သည့် အရှိန်နှုန်း ။ ထို့ထက် ကို မပို ။

“ ဟေ့ကောင် ... မင်း ကား က ဒီထက် အရှိန် မြင့် လို့ မရတော့ဘူးလား ”

“ အာ .. ကလပ် ပေါက်နေလို့ နံပါက်ဝမ်း နဲ့ တင် ထိန်း မောင်း နေရတာ ၊ ဒီထက် ဘယ်လို မြန်လို့ ရမှာလဲ ”

“ ခလွမ် ”

စကား မဆုံးခင် ကား ထဲ က ဘာ ပြုတ်ကျသည် မသိ ။ ဒါကို အိုင်လက်ဖြူ က ...

“ ဟေ့ကောင် ... ကားဘီး ချိုင့် ထဲ ကျ လား မသိဘူး ၊ နိမ့်သွား သလိုပဲ ၊ ငုံ့ ကြည့်စမ်း ”

သူ့ စကား ကြား၍ ငုံ့ ကြည့် လိုက်ရာ ...

“ ဟေ့ကောင် ... ချိုင့် ထဲ ကျတာ မဟုတ်ဘူးကွ ၊ ကားဘီး ကျွတ်ထွက် သွားတာ ”

“ ဟာ ... ဒါ ... ဒါဆို .. လိုက် ဖမ်းလေ ဟေ့ကောင် ၊ လိုက်ဖမ်းလေ ”

သူ့ ရဲ့ လော့ဆော်မှု ကြောင့် ကျွန်တော် လည်း ကြောင် ပြီး ကားတံခါး ကို ဝုန်းခနဲ ဖွင့် ကာ ကားဘီး လိုက် ဖမ်းမိသည် ။ ဖြစ်ချင်တော့ ကားဘီး က တစ်လုံး ထဲ မီးနီကြီး ဖြတ်ချ သွားတော့၏ ။

“ ဟိုက် ... မီး က နီပဟ ”

သိသိချင်း အရှိန် က လျှော့ လိုက်သေးသည် ။

“ ကျွီ ”

သို့သော် ...

“ ရွှီး ”

ခရာသံ ကြား ၍ လှည့် ကြည့် လိုက်တော့ ယာဉ်ထိန်းရဲ တစ်ယောက် ဖြည်းဖြည်းချင်း လျှောက် လာ၏ ။ အနား ရောက် တော့

“ ကိုယ့် လူ ကား မီးနီ ဖြတ် လာတယ် ”

ကျွန်တော် လည်း လုပ်မိ လုပ်ရာ ဘီးလေး ဖက် ပြီး ...

“ ဟာဗျာ ... ကားဘီးလေး ဖြတ် လာတာပဲ ”

ယာဉ်ထိန်းရဲကြီး က စာရွက် တစ်ရွက် ပေါ် ခပ်တည်တည် ရေးမှတ် ပြီး ...

“ ကားဘီး ဖြတ်တာ နဲ့ ကား ပါပြီလေ ၊ လိုင်စင်ပြ ”

“ ဟင် ... လိုင်စင် ၊ လိုင်စင် က အဲ ကား က ဟိုမှာ ဗျ ”

ရှေးဟောင်းနှောင်းဖြစ်ကြီး က ဘီးသုံးဘီး နှင့် တဖြည်းဖြည်း လိမ့် လာသည် မှာ မီးပွိုင့် ပင် မကျော်သေး ။ ကျွတ် လာသည့် ဘီး က သူ နှင့် မျက်ကွယ်ဖက် ဖို့ မမြင်သေး ။ ထို့ကြောင့် ယာဉ်ထိန်းရဲကြီး က မျက်မှောင် ကျုံ့ ကြည့်ပြီး ...

“ ဒါဆို ဒီ ဘီးကြီး က ”

“ အဟဲ ... ကျွန်တော် ပျင်းလို့ ခွေလှိမ့် တမ်း ဆော့နေတာ ”

ကျွန်တော့် အဖြေ စကား ကြားတော့ ယာဉ်ထိန်းရဲကြီး ကြောင် သွားသည် ။ အတန်ကြာ မှ သက်ပြင်း ချပြီး ...

“ ခင်ဗျား ဗျာ ... မကြီးမငယ် နဲ့ လမ်းပေါ် တက်ပြီး ခွေလှိမ့်တန်း ဆော့ရတယ် လို့ ၊ သွား သွား အိမ်ပြန် ဆော့ ”

“ ဟုတ်ကဲ့ ခင်ဗျာ ... ဟုတ်ကဲ့ ၊ သားသား ပြန်ပြီ ၊ ဟဲ့ နွား တစ်ကလုပ် ... တစ်ကလုပ် ”

ဟု ဆိုကာ ရူးချင်ယောင် ဆောင်ရင်း တဟေးဟေး တဟားဟား နှင့် ကလေးများ ကစားသည် နှင့် တူအောင် ခုန်ဆွန် ခုန်ဆွ လုပ်ရင်း ကားဘီး ကို ပြန် လှိမ့် လာရ လေသည် ။ ပျော်နေတယ် ထင် အောင် က လည်း ကပြရ သေး၏ ။

“ တောက် ... ဘောင်ရှည် နဲ့ ကားဘီး ဘယ်လိုမှ သဟဇာတ မဖြစ်ပါဘူး ”

ရေရွတ်သံ ။

ကားနား ရောက်တော့ ဟောဟဲ လိုက် နေပြီ ။ ထို့ကြောင့် ကားဘီး ကို ပစ်ချပြီး ...

“ ဟေ့ကောင် ... မင်း ကားဘီး က ပြန် တပ်ရဦးမှာ လား ”

“ ပြန် တပ်ပြီး ပြန် တွန်းနှိုး ”

အိုင်လက်ဖြူ စကား ကြား တော့ ကျွန်တော် လည်း စိတ် တိုပြီး

“ တော်ပြီကွာ ... ပြန်တပ် ၊ ပြန်တွန်း ၊ ပြန်သွား နဲ့ ကား က ငါ မင်္ဂလာဆောင် တဲ့ ဆီ ရောက်တော့ မှာ မဟုတ်ဘူး ၊ တော်ပြီ ငါ့ ဘာသာ ငါ ကားငှား သွားတော့မယ် ”

ဆိုကာ ဆောင့်ကြီးအောင့်ကြီး နှင့် ထွက် လာတော့သည် ။ ဒါကို အနောက်က  ကောင်က ... 

“  ဟေ့ ... ဟေ့ ”

ကျွန်တော် လှည့် မကြည့်တော့ ။

“ ဟေ့ကောင် ... စောကြည်ဖြူ ငါ အကောင်း ပြောမလို့ကွ ”

ခြေလှမ်း သာ ကျဲ လိုက်သည် ။

“ ခေါင်းပေါင်း ... ခေါင်းပေါင်း ”

ထို အသံ ကြား မှ ခြေလှမ်း က တုန့် သွား၏ ၊ နောက် ခေါင်း ပေါ် စမ်း ကြည့်တယ် ။ ခေါင်း ပေါ် ဆံပင် သာ ရှိ၏ ။

ဟုတ်သား ။ မင်္ဂလာခန်းမ ထဲ ဝင်လျှင် သတို့သား မှန်း သိ အောင် ခေါင်းပေါင်း တော့ ထောင် ရမည် ။ ထို့ကြောင့် ကား ဆီ ကမန်း ကတန်း ပြန် ပြေးဆင်း သွားပြီး ဘောနက်ဖုံး ဖွင့်ကာ ခေါင်းပေါင်း ယူ ၍ ခေါင်းပေါ် ဆောင်း ချလိုက်သည် ။

“ ဟာ ”

ခေါင်းပေါင်း က ခေါင်း ပေါ် ရောက်သည် နှင့် ပျစ်ချွဲသော အရည်များ စီးကျ လာ၏ ။

“ ဟင် ... ဟင် ဒါ ဒါက ဟာ အင်ဂျင်ဝိုင် တွေ ”

ယောင်ယောင်ကမ်းကမ်း နှင့် သုတ် ကြည့်လိုက်ရာ ...

“ ဟာ ”

ခုန ကာပရိုက်တာ အုပ်ထား သဖြင့် အင်ဂျင်အစုတ်ကြီး မှ တက်လာသော အင်ဂျင်ဝိုင် အခိုးအဝေ့ များ က ခေါင်းပေါင်း တွင် သန္ဓေသဖွယ် စု နေပြီး ခေါင်း ပေါ်  ဆောင်းချ လိုက်မှ ရေကာတာ တံခါး ဖွင့် ချ လိုက် သလို ပွင့်ကျ လာခြင်းဖြစ်၏ ။

“ ဟာ ... သွား ... သွားပါပြီ ၊ သွားပြီ ”

ခေါင်း ပေါ် မှ တရစပ် ကျလာသော အင်ဂျင်ဝိုင်ရည်များ မြင် တော့ ဘာ လုပ်ရမှန်းမသိတော့ ။ နောက်မှ လုပ်မိလုပ်ရာ မျက်နှာ နှင့် အင်္ကျီများ ဆီ ပွတ် သုတ် လိုက်မိသည် ။

“ ဟာ ... သွားပြီ ၊ သေပြီ ”

တစ်ကိုယ်လုံး ဖုန်များ အင်ဂျင်ဝိုင်များ ပေပွ ကုန် လေပြီ ။ လူ က လူ စင်စစ် က လူရုပ် မထွက်တော့ ။ အိမ် ပြန် ပြီး အဝတ်အစား လဲ ရမှာလား ၊ မင်္ဂလာပွဲ ပဲ အမီ သွားရမည်လား မသိ ။

“ မဖြစ်ဘူး ... မင်္ဂလာပွဲ တော့ မမီ လို့ မဖြစ်ဘူး ၊ မလှရင် နေပါစေ မင်္ဂလာ တော့ ရအောင် ဆောင်မှပဲ ”

စိတ် က ရာဂ ဖက် သာ ဦးဆောင် နေသည် ။ ထို့ကြောင့် တမန်းကတန်း ဖြတ်သွားဖြတ်လာ ကားများ အမြန် တား လိုက်သည် ။

“ ကျွီ ”

ကားများ က သူ့ ကို ကွေ့ရှောင် ပြီး မောင်း ပြေးကြ သည် ။

“ ကျွီ ”

“ အရူး က ကားငှား နေရတယ်လို့ ၊ တောက် ”

ကား တစ်စီး က ရပ် မလိုနှင့် မကျေမနပ် ဆဲရေး သွား သေး၏ ။

“ မထူးဘူး ၊ မီးပွိုင့်နား ပြန် သွားပြီး ရပ်တဲ့ ကား တက် စီးမယ် ”

စိတ် ပိုင်းဖြတ် ကာ မီးပွိုင့် နား ပြန် သွားပြီး ဓာတ်တိုင် ကွယ် ထား လိုက်သည် ။

မီးပွိုင့် မှ မော်တော်ပီကယ် မှ လည်း ကျွန်တော့် အား ခွေလှိမ့်တမ်း ဆော့ ၊ အခု တိုင်ကွယ် နေတာ မြင်တော့ တူတူပုန်းတမ်းများ လာ ပြန် ဆော့သလား ဟု ထင်၍ ကြောင်ငေး နေသည် ။ ကျွန်တော် နှုတ်ခမ်း ပေါ် လက် တင်၍ ရှူးခနဲ မှုတ်ပြ လိုက်သည် ။ ဘာမှ မပြောနှင့် ဆိုသည့် သဘော ။ သူ လည်း သဘောပေါက် သွားသည် လား ၊ ကြောင် သွားတာ လား မသိ ခေါင်း ပြန် ညိတ်ပြသည် ။

အခြေအနေ ငြိမ်သက်တော့ မှ ကျွန်တော့် မှာ ဝါရင့် သူခိုးကြီး လို ကား ပြန် ချောင်း ရသေး၏ ။

အခန့်သင့် ပင် မီးနီ မိ ၍ အငှားကား တစ်စီး လာ ထိုးရပ် သည် ။ ရရှိသော အခွင့်အရေး ကို လက်လွှက် မခံဘဲ ကား ပေါ် ပြေး တက် လိုက်သည် ။

“ ဂျိမ်း ”

“ ဟဲ့ ... ပလုတ်တုတ် ၊ ဘာ ဘာကြီးလဲ ”

ကားဆရာ က မဲညစ်ပေပွ နေသော ကျွန်တော့် ကို မြင် တော့ လန့် အော်သည် ။

“ ဘာမှ မဟုတ်ဘူး ၊ ဒီ တည့်တည့် သာ မောင်း ”

“ ဟင် ... တည့်တည့်မောင်း ၊ မင်း မင်း က ဘာကောင် ”

“ မီးပွိုင့် စိမ်းပြီ ၊ မြန်မြန် မောင်း ”

“ ဟင် ... ဟင် ... ဪ ”

ကားဆရာ က ယောင်ယောင်ကမ်းကမ်း နှင့် ကားဘီး ကို လှိမ့်သည် ။

ထိုသို့ဖြင့် ...

◾ အကြည်တော်

📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ

#ကိုအောင်နိုင်ဦး

.

မေတ္တာ ပရဝဏ်

❝ မေတ္တာ ပရဝဏ် ❞

သည် တစ်နှစ် နွေ က တော်တော့် ကို ပူသည် ။ လှုပ် လိုက် တိုင်း ချွေး ထွက်ချင်သည် ။ ချွေးထွက် များလွန်း သော ကြောင့် ရေဓာတ် ခန်းခြောက်ကာ ခန္ဓာကိုယ် တစ်ခု လုံး မလှုပ်ချင် ၊ မသယ်ချင် ဖြစ်နေသည် ။ တစ်ခါတစ်ခါ ခေါင်း ဆီ က ရိပ်ခနဲ မူးသည် ။ ခပ်ဝေးဝေး သို့ လှမ်း ကြည့် လိုက် လျှင် တံလျှပ် တို့ တရိပ်ရိပ် ထ နေပြီး အမြင်အာရုံ တွေ မှုန်မှုန်မှိုင်းမှိုင်း ဖြစ် နေသည် ။ ထုံးစံ အတိုင်း မကြာ ခဏ ရေငတ် နေ သဖြင့် ခဏခဏ သောက် နေရသည် ။ ထို့ကြောင့် ဗိုက် က ကယ် လာပြီး ထမင်း စားချိန် တန် လျှင် မစားနိုင်တော့ ။ စား ပြန် လျှင် လည်း ရေ ကို သာ သောက် နေရ ပြန် သဖြင့် အစာအိမ် ထဲ တွင် ရေတွေ ဘောင်ဘင် ခတ် နေသံ ကို ပင် တစ်ခါ တစ်ခါ ကြား နေရသေးသည် ။

လမ်းမ သို့ မျှော် ကြည့်လိုက်လျှင် ဟိုဟိုဒီဒီ သွား လာ သူတွေ နည်းလွန်းလှ ပြီး မဖြစ်မနေ သွားလာ နေရသူ တွေက နေပူဒဏ် ကို ကာကွယ်နိုင်ရန် ထီး ၊ ဦးထုပ် တွေ ကိုယ်စီ ဆောင်းကာ စိတ်မပါ လက်မပါ ရွေ့လျား နေကြသည် ။ ကျွန်တော် သည် လည်း ထို လူတွေ နည်းတူ လမ်း ပေါ် ထွက်ရမှာ အလွန် ဝန်လေး နေမိသည် ။ သားငယ် နှင့် သမီးငယ် က တော့ အိမ်ရှေ့ သစ်ပင်ရိပ် အောက် တွင် ငြိမ်ငြိမ်သက်သက် ကစား နေကြသည် ။ ဇနီးသည် က တော့ နေပူ ထဲ မထွက်စေရန် ကလေးတွေ ကို သတိ ပေး နေရင်း ကျွန်တော့် အနား တွင် လာ ထိုင်သည် ။ သူ့ လက် ထဲ မှ ယပ်တောင် တဖျပ်ဖျပ် ကြောင့် အေးမြမြ ဖြစ်သွား သော်လည်း ယပ်တောင် ရပ် သွားလျှင် သိသိသာသာ ပြန် အိုက်လာ တာပဲ ဖြစ်သည် ။ ကျွန်တော့် အနေ နှင့် ပန်ကာလေ ကြာ ကြာ ခံ မိလျှင် တစ်ကိုယ်လုံး ကိုက်ခဲ လာ တတ်ပြီး ဖျားချင် သလိုလို ၊ နာချင် သလိုလို ဖြစ်တတ် သဖြင့် ပန်ကာ ကို လည်း မဖွင့်ရဲ ။

“ မိုး က လည်း မရွာနိုင်သေးဘူး နော် ”

ဇနီးသည် က ကျွန်တော့် ကို ပြော သလိုလို ၊ သူ တစ်ယောက် တည်း ရေရွတ် သလို ဆိုလိုက် သဖြင့် ကျွန်တော် ငယ်စဉ် က အဘိုး ပြောခဲ့ဖူးသော စကား တချို့ ကို သတိ ရမိလိုက်သည် ။ ထို့ကြောင့် ...

“ တို့ ငယ်ငယ် က တော့ အဘိုး ပြောဖူးတယ် ၊ သင်္ကြန် ကျ ပြီး လေးဆယ့်ငါးရက်ကြာ မှ မိုး ရွာတာတဲ့ ”

ကျွန်တော့် စကား ကြောင့် ဇနီးသည် က ..

“ အခုမှ မေလဆန်း ပဲ ရှိသေးတော့ လိုသေးတာပေါ့ နော် ”

ဆိုသော စကား ကို ခေါင်းညိတ် ထောက်ခံ လိုက်မိ သည် ။ ဇနီးသည် က ကျွန်တော့် ကို တစ်ခု ခု ပြောချင်နေ ပုံ ရ သဖြင့် သူ့ မျက်နှာ ကို လှမ်း ကြည့်လိုက်တော့ သူ က သက်ပြ င်းကို ခပ်သာသာ ချ ရင်း ...

“ နေပူလွန်းလို့လား မသိဘူး ၊ ကလေးတွေ ထမင်း သိပ် မစားနိုင်ကြဘူး ”

သူ့ စကား အဆုံး တွင် ကျွန်တော် က လှစ်ခနဲ ပြုံး လိုက် မိ၍ သူ က အိုးတိုးအမ်းတမ်းဖြ စ်သွားပြီး ကျွန်တော့် ကို ..

“ ဘာ ပြုံးတာလဲ ” ဟု မေး လာသည် ။

“ ဘာမှ မဟုတ်ပါဘူးကွာ ။ မင်း ချက်တဲ့ ဟင်းတွေ ကို ခံတွင်း မတွေ့ကြလို့ လည်း ဖြစ်ချင်ဖြစ်မှာပေါ့ ”

ကျွန်တော့် စကား အဆုံးတွင် ဇနီးသည်က နှုတ်ခမ်း ကို မဲ့ကာ ရေးတေးတေး ပြုံးရင်း တစ်ဖက် လှည့် သွားသည် ။ အားမနာတမ်း ဆိုရလျှင် ကျွန်တော့် ဇနီးသည် က ဟင်းချက် သိပ် မကောင်း ။ ဟင်း အတွဲအစပ် က ပို၍ ညံ့သည် ။ ကျွန်တော် ကြားဖူးသည် က “ ဟင်း ချက်တာ က အတတ်ပညာ ၊ ဟင်း စပ် တာက အနုပညာ ” ဟူ၍ ဖြစ်သည် ။ ထိုသို့ ဆို လျှင် သူ က နှစ်မျိုးစလုံး ပြိုင်ဘက် ရှားသူ ဟု ဆိုရပါ လိမ့်မည် ။ ငါးကြော် နှင့် ကြက်သားကြော် ၊ ခရမ်းချဉ်သီးသုပ် နှင့် ချဉ်ပေါင်ဟင်း ၊ ပဲဟင်း နှင့် အချဉ်ရည်ဟင်း လို ဟင်းမျိုး တွေ ကို မကြာခဏ တွဲစပ် ၍ ကျွေး ဖူးသည် ။ ကျွန်တော် သည် လည်း မြိန်ရာ ဟင်းကောင်း ဟု သဘောထား ကာ ကျေနပ်အောင် စား ပြခဲ့ရသည် ။

တစ်ခါတစ်ရံ မီး မလာ၍ ဖြစ်စေ ၊ ချက်ပြုတ်ချိန် နောက်ကျ သွား၍ ဖြစ်စေ လမ်းထိပ် ဟင်းဆိုင် က ပြေး ၍ ဝယ်ကျွေး တတ်တာမျိုး လည်း ကြုံဖူးသည် ။ ထိုအခါ ကျွန်တော် က “ အမောပြေ ” ဟူသော သီချင်း ကို ဖျက် ၍ ဆိုပြဖြစ်သည် ။

“ မောင် ပြန်လာရင် ... အဆင်သင့် စားဖို့ရယ် .. ပြေး ဝယ်ရတာ ကပျာကယာ ... မောလှပါတယ် ”

သည်လို အခါမျိုး တွင် သူ က နှုတ်ခမ်း ကို စူကာ စိတ် ကောက် သွားတတ်သည် ။

သည်လို အခါမျိုးတွင် ကျွန်တော် က တော့ အမေ ချက် ကျွေးသော ငါး နိုင်းချင်း နှင့်ချက် ထားသည့် ချဉ်ပေါင် ဟင်းပျစ်ပျစ် ကို ငရုတ်သီးမှုန့် ဖြူးကာ အားရပါးရ လွေးလိုက် ချင်သည် ။ ယခုလို ပူပြင်း လွန်း သည့် နွေလများ တွင် အမေ ချက် ကျွေးသည့် ထို ဟင်းတွေ က ခံတွင်း မြိန်ခဲ့ ဖူးသည် မှာ အမှန် ဖြစ်သည် ။ အခုတော့ အမေ့အိမ် ကို နေ့တိုင်း မရောက်ဖြစ်တော့ ။ သို့သော် နှစ်ရက်ခြား တစ်ခေါက် ၊ သုံးရက်ခြား တစ်ခေါက်တော့ မရောက် ရောက် အောင် သွားဖြစ်သည် ။ အမေ က လည်း ကျွန်တော် မလာ လျှင် မျှော် နေတတ်သည် ။

“ အဲဒါ တိုက်ရရင် ကောင်းမလား ဟင် ” 

ကျွန်တော့် လက်မောင်း ကို ကိုင်ကာ ရုတ်တရက် ပြော လာသော ဇနီးသည် ကို လည်ပြန် ကြည့်ရင်း “ ဘာ ပြောတာလဲ ” ဟူသော သဘော နှင့် မေး ဆတ်၍ မေး လိုက်ရသည် ။ ထိုအခါ ဇနီးသည် က ..

“ ကလေးတွေ ထမင်း မစားတာ အားဆေး တိုက်ရင် ကောင်း မလားလို့ မေး နေတာလေ ”

သည်တော့ မှ အတွေး လွန်သွားသော ကျွန်တော် အတွေးစ ကို ပြန်လည် စုစည်းကာ သူ့ ကို ခေါင်းညိတ်ပြ  လိုက်ရသည် ။

•••••   •••••   •••••

“ ကဲ ... မထူးတော့ဘူးကွာ ၊ မနက်ဖြန် ညနေစာ ကို ဆိုင် မှာ သွားစားကြမယ် ”

ကျွန်တော့် စကားကြောင့် ဇနီးသည် ၏ မျက်နှာ တစ်ချက် လင်းလက် သွားပြီး ကလေးတွေ ကို ချက်ချင်း အကြောင်းကြား လိုက်သည် ။ ကလေးတွေ က လည်း ပျော် မဆုံး ၊ မော်မဆုံး ။ ဝင်ငွေ နှင့် ထွက်ငွေ မျှအောင် သုံးနေ ရချိန် တွင် အပို ထွက်ငွေ ကို ဂရုစိုက် သုံးနေရ သော် လည်း ကလေးတွေ ထမင်း မစားနိုင် သဖြင့် အပြောင်းအလဲတစ်ခု ဖြစ်လို ဖြစ်ငြား စွန့်စား လိုက်ရခြင်း ဖြစ်သည် ။ သို့သော် ကျွန်တော့် အသုံးစရိတ် ကို ချွေတာ လိုက်လျှင် မိသားစု စရိတ် အတွက် ပြဿနာ သိပ် မရှိလှ ။

ဆိုင် မှာ ထမင်း သွားစားဖို့ အရေး ပျော်ပျော်ရွှင်ရွှင် ဖြစ် နေသော ကလေးတွေ ကို ကြည့်ပြီး ကျွန်တော် ရော ဇနီးသည် ပါ ပြုံးမိသည် ။ ထို့နောက် ဇနီးသည် က အိမ်ရှင်မ ပီပီ ထိုနေ့ ညနေစာ ကို လုံးဝ မချက်တော့ ။ အဓိပ္ပာယ် က ကျွန်တော့် ကို ကတိ မဖျက် နဲ့ ဟူသော သဘော ။ ကျွန်တော် ကတိ ဖျက် လျှင် ကလေးတွေ ငတ်ကုန်မည်ဟု ပညာသား ပါပါ သတိပေး လိုက်ခြင်းဖြစ်သည် ။ ထို့နောက် သား နှင့် သမီး ကို ခေါ်ကာ ကျွန်တော်တို့ လင်မယား မညားခင် က မကြာခဏ စားလေ့ ရှိသော ထမင်းဆိုင် သို့ မိသားစု အလိုက် ချီတက် လာကြသည် ။

ဆိုင် နေရာ က ကျွန်တော်တို့ ရပ်ကွက် နှင့် အနည်းငယ် အလှမ်း ဝေး သဖြင့် ကား ငှားမှ သင့်တော် နိုင်သဖြင့် ကားငှားခ က အပို ထပ် ထွက်ရပြန်သည် ။ သို့သော် တစ်ခါ တလေ မှ သာ ရသော သားသမီး တို့ ၏ အခွင့်အရေး အတွက် ကျွန်တော့် အတွေး ကို ခပ်မြန်မြန် ဖျောက် ပစ်ရသည် ။ ကလေးတွေ က တော့ မျှော်လင့် မထားဘဲ အပြင်ထွက်ရ ပြန် သဖြင့် ပျော်ရွှင် နေကြသည် ။ သမီးငယ် က စကားတွေ ဖောင် ဖွဲ့အောင် ပြော လာသည် ။ သားကြီး က တော့ သီချင်း တအေးအေး ဖြင့် လိုက်ပါ လာသည် ။

ဆိုင် ကို ရောက်တော့ ထမင်း လေးပွဲ ၊ ကုန်းဘောင်ကြီးကြော် ၊ ကြက်ချိုချဉ် နှင့် တုန့်ယမ်းဟင်းချို တို့ ကို အရင် မှာ လိုက်သည် ။ ထို့နောက် အမျိုးသမီး ၏ တောင်း ဆိုမှုကြောင့် မှိုကန်စွန်း တစ်ပွဲ ပါ ထပ် မှာလိုက်သည် ။ ဟင်းပွဲတွေ ရောက် မလာခင် ကတည်း က ပါးစပ် တပြင်ပြင် ဖြစ်နေသော သား နှင့် သမီး က စိတ်မရှည် သလိုနှင့် ကျွန်တော့် ကို လှမ်း လှမ်း ကြည့်နေကြသည် ။ မကြာမီ မှာ ပင် ဟင်းပွဲတွေ ရောက် လာသဖြင့် မိသားတစ်စုလုံး ခေါင်း မဖော်တမ်း အားရပါးရ လွေးကြတော့သည် ။
အပြောင်းအလဲ ဖြစ်သွားသောကြောင့်လား မသိ ၊ စား ရသည် မှာ အတော် အရသာ ရှိပြီး ထမင်းစား အတော် ဝင် ကြသည် ။ ကျွန်တော် သည် ပင် လျှင် ဝမ်းဗိုက် တစ်ခု လုံး ပြည့်ကျပ် နေပြီး တနင့်တပိုး ဖြစ် နေခဲ့သည် ။ စားသောက် ၍ ပြီးစီးသွား သောအခါ ကျသင့်ငွေ ကို ရှင်းပြီး ပြန်မည် ပြင် တော့ ဇနီးသည် က “ အိမ်မှာ ဆိုရင် နှစ်ရက် စာ ဈေးဖိုး လောက် ရှိတယ်နော် ” ဟု နှမြောတသ စွာ ဆိုသည် ။ ကျွန်တော် က သူ့ ကို ဆက် မပြောစေချင် ၍ ခေါင်းခါ ပြ လိုက်ပြီး အပြန်အတွက် ကား ငှားရန် ပြင်ဆင် ရပြန်သည် ။

အပြန် တွင် တော့ ကျွန်တော့် ကလေးတွေ အလာတုန်း ကလို မသွက်လက်တော့ ၊ ငြိမ် ၍ လိုက်ပါ လာကြသည် ။ တဖြည်းဖြည်း နှင့် အမေ့ အိမ်နား နီး လာတော့ ဇနီးသည် နှင့် မိသားစု အား ဆက် သွားစေပြီး ကျွန်တော် က ဆင်း နေခဲ့လိုက်သည် ။ သမီးငယ် က ပါ လိုက်မည် ဆို သဖြင့် အပြန်တွင် လမ်း အဝေးကြီး လျှောက်ရမည် စိုး သဖြင့် သူ့ အမေ နှင့် ဆက် လိုက်သွားစေရသည် ။

လမ်းထိပ် ဆီ မှ အမေ့ အိမ် ကို မျှော် ကြည့်တော့ အရင် လိုပဲ တိတ်ဆိတ်ငြိမ်သက်နေသည် ။ အေးချမ်းနေသည် ။ ထိုအိမ်ကလေးသည် ကျွန်တော်၏ ချက်မြှုပ်ရာဒေသ ဖြစ်သောကြောင့် အချိန်တိုင်း လွမ်းနေ ၊ သတိရနေသော အိမ်ကလေးလည်း ဖြစ်နေပါသေးသည် ။

ကျွန်တော် ခြံဝ ရောက်တော့ ‘ ထင်သားပဲ ’ ဟူသော အမေ့ အသံ ကို ဦးစွာ ကြားလိုက်ရသည် ။ အိမ် ထဲ ရောက် တော့ ခေါင်းရင်း တွင် ကုလားထိုင် တစ်လုံး နှင့် ထိုင်နေ သော အမေ က နောက်ဖေး သို့ လှမ်း မျှော်ကာ ...

“ သမီး ရေ ၊ ဒီမှာ နင့် အစ်ကိုကြီး ရောက်လာပြီဟေ့ ”

ဟု လှမ်း အော်လိုက်သည် ။ သိပ်မကြာခင် မှာ ပင် ကျွန်တော့် ညီမ အလတ်မ က ...

“ မနက် ကတည်း က ကိုကြီး လာမှာပဲ ဆိုပြီး ဟင်း တွေ ကို အမေ က ကိုယ်တိုင် ဝင်ချက် နေတာ ”

ဆိုရင်း အိမ် နောက်ဖေး မှ ထွက် လာခဲ့သည် ။ လက် ထဲ တွင် လည်း ထမင်းပန်းကန်နှင့် ဟင်းပန်းကန် တို့ ကို ယူ လာသည် ။

ကျွန်တော့် ရင် ထဲ တွင် လှပ်ခနဲ ဖြစ် သွားသည် ။ အမေ့ ကို လှမ်း ကြည့် လိုက်တော့ အမေ က ပုတီး တစ်ကုံး နှင့် တရားမှတ် နေသည် ။ ကျွန်တော် သည် ညီမလေး ကို ကြည့်လိုက် ၊ သူ ပြင်ပေး ထားသော ထမင်းပွဲ ကို ကြည့် လိုက် နှင့် ရုတ်တရက် ဘာ ပြောရမှန်း မသိ ဖြစ်နေသည် ။ ထို့နောက် အ မေက ပုတီးတန်းလန်း နှင့် ...

“ သွား သား ၊ ထမင်း သွား စားလိုက် ။ နင် လာမယ် ထင်လို့ နင့် အကြိုက် ချဉ်ပေါင်ဟင်း ချက်ထားတယ် ။ ရာသီဥတု က သိပ် ပူတော့ နင်တို့ အိမ် မှာ ထမင်း စား ကောင်း မှာ မဟုတ်ဘူး ၊ သွား စားချေ ”

အမေ့ ကို ကျွန်တော် ကြောင်ငေး ကြည့် နေမိသည် ။ ပြောရမည့် စကားတွေ က လည်ချောင်းဝတွ င် တစ်ဆို့ နေသည် ။ “ ကျွန်တော် ထမင်း စားပြီးပြီ အမေ ” ဟု  မည် သို့ ဆိုရမည် မသိ ။ သားသမီး အတွက် အစစအရာရာ သိ နေသော အမေ ။ အသက်အရွယ် ကြီးရင့် နေ သော် လည်း ကျွန်တော် လာမည် အထင်နှင့် ကျွန်တော့် အကြိုက်
ကို ချွေးတလုံးလုံး နှင့် ချက် ခဲ့သည့် အမေ ။ အလွယ်ကလေး လက်ဆေး စားရမည့် ကျွန်တော် က မစားနိုင် လောက် အောင် ဗိုက်ပြည့် နေသည် ။

အမေ့ စေတနာ အတွက် ကျွန်တော် ဝမ်းနည်း နေမိ သည် ။ ရင် ထဲ တွင် တင်းကျပ်လာသည် ။ ရုတ်တရက် အပြောရ ခက် နေသော ကျွန်တော့် ကို အမေ က တစ်ချက် အကဲခတ် ၍ ...

“ အင်း ... မျိုမကျဘူး ထင်ပါရဲ့ ။ သမီး ရေ ၊ နင့် ကိုကြီး အတွက် ဟင်း ကို ချိုင့်လေးတစ်ခု နဲ့ ထည့် ပေး လိုက် ။ အိမ်မှာ ကလေးတွေ ပါ စားရတာပေါ့ ”

ညီမလေး က တော့ အမေ့ အမိန့် အတိုင်း ကျွန်တော့် မိသားစု စားရန် အတွက် ချိုင့် တစ်လုံး ထဲ သို့ ပြောင်း ထည့် နေသည် ။ ပြီးနောက် ကျွန်တော့် ရှေ့ စားပွဲ ပေါ် တွင် လာ တင်ပေး ထားသည် ။ အမေ က တော့ ကျွန်တော့် အလုပ်အကိုင် ၊ စားဝတ်နေရေး ၊ ကလေး တွေ ၏ ကျန်းမာရေး ၊ ပညာရေး တစ်ခု မကျန်အောင် မေးသည် ။ အမေ နှင့် ကျွန်တော် မတွေ့ရသည် မှာ သုံးရက် မျှ သာ ရှိသေး သည် ။ သို့သော် အမေ မေးမြန်း နေပုံက နှစ်ရှည်လများ ဝေးကွာ နေသော သားသမီး ကို မေးပုံမျိုး ဖြစ်နေသည် ။ ကျွန်တော် လည်း အမေ မေးသမျှ ကို သတိထား ဖြေ နေရင်း အိမ် ပြန်ဖို့ ကို ပဲ စဉ်းစား နေမိသည် ။

ဤသည် ကို ရိပ်မိပုံ ရသော အမေ က .. “ ကဲ .. ကဲ .. ပြန် ။ ချိုင့်ယူသွား ” ဟု ဆိုနေပြန်သည် ။

ကျွန်တော် လည်း အိပ်မက် နေသူ တစ်ယောက် လို အမေ ပေးသော ချိုင့်ကလေး ကို ဆွဲ ကာ အပြန်လမ်း ကို စတင် မိသည် ။ အပြန်လမ်း တွင် လက် ထဲ တွင် ဆွဲ ထား သော ချိုင့်ကလေး မှာ ကျွန်တော် နှင့် မိသားစု အတွက် အဓိပ္ပာယ်လုံးလုံး မရှိမှန်း ကျွန်တော် သိပါသည် ။ သို့ သော် ကျွန်တော် မယူလာ မိလျှ င် အမေ စိတ်ကောင်းမည် မဟုတ် ။ ယူ လာမိသည့် ကျွန်တော် လည်း လုံးလုံး စိတ် မချမ်းသာနိုင် ။

•••••   •••••   •••••

လက် ထဲ က ချိုင့်ကလေး ကို ကျွန်တော် ငုံ့ ကြည့်မိ သည် ။ ကျွန်တော့် မျက်နှာ တစ်ပြင်လုံး ရှက်စိတ် ကြောင့် နီမြန်း နေလိမ့်မည် ထင်သည် ။ သို့သော် ထို ချိုင့်ကလေး ထဲ တွင် အမေ ၏ မေတ္တာ ၊ ကရုဏာတွေ တော့  ပြည့်ပြည့်သိပ်သိပ် ပါဝင် နေမည် ဟု ယုံမှားစရာ မရှိပါ ။

အာရုံ တစ်ခုလုံး က ကျွန်တော် တို့ မိသားစု တစ်စုလုံး အားပါးတရ စားသောက် ခဲ့သော စားသောက်ဆိုင် မှ ထမင်းဝိုင်း ကို ပြက်ပြက်ထင်ထင် ပြန်လည်မြင်ယောင် နေခဲ့သည် ။ ကျွန်တော် သည် အလွန် ညံ့ဖျင်းခဲ့သူ ဖြစ် သည် ။ အတ္တကြီးခဲ့သူ ဖြစ်သည် ။ ကိုယ်ချင်းစာ တရား ခေါင်းပါးခဲ့သူ ဖြစ်သည် ။ ထိုသို့ မိသားတစ်စုလုံး အားပါး တရ စားသောက် ခဲ့ကြစဉ် က အမေ့ ကို ရိုးတိုးရိပ်တိပ်မျှ သတိ မရခဲ့ပါ ဟု ဝန်ခံရပါလိမ့်မည် ။ ထိုသို့ စားသောက် နေ ကြချိန် တွင် အမေ က ကျွန်တော့် ကို မျှော် နေပေလိမ့်မည် ။
သည် တစ်နှစ် နွေ က တော်တော့် ကို ပူသည် ။

ရင် ထဲ တွင်တော့ ရှက်စိတ် ကြောင့် ပို၍ ပူနေခဲ့သည် ထင်သည် ။

◾မောင်နှင်းပန်း

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇွန် ၊ ၂၀၁၇ 

#ကိုအောင်နိုင်ဦး

.

 

သူခိုးလိမ္မာ


 

❝ သူခိုးလိမ္မာ ❞
   ( ရန်အောင်မောင်မောင် )
  
ကလေးတို့ ရေ .. လာကြကွယ် ။ လေးလေး ပုံ ပြောပြမယ် ။ ပုံ ဆိုပေမယ့် လေးလေး ပြော မှာ တကယ့် အဖြစ်အပျက် တစ်ခု ပဲ ကွဲ့ ။ ဒါပေမယ့် ခရစ်တော် မပေါ်မီ နှစ်ပေါင်း တစ်ထောင် ကျော်က ဆိုတော့ ပုံကလေး လို့ ပဲ ပြောစမှတ် ပြုကြတာ ပေါ့ကွယ် ။ ကဲ ... ငြိမ်ငြိမ် နားထောင်ကြ ။ ညွန့်ဝေကြီး က မဆော့ နဲ့ ပုံ စပြီ ။

အဲဒီ ရှေးရှေးတုန်း က ဆိုကြပါစို့ ကွယ် ။ အီဂျစ်ပြည် မှာ အလွန်တရာ ချမ်းသာ ကြွယ်ဝ တဲ့ ရှင်ဘုရင်ကြီး တစ်ပါး ရှိတယ် တဲ့ ။ ရွှေတွေငွေတွေ ကျောက်သံပတ္တမြားတွေ ဆိုတာ တောင်ပုံရာပုံ ပေါ့ကွယ် ။ ရှင်ဘုရင်ကြီး က လက်ရှိ ဘဏ္ဍာတိုက် ထဲ မှာ ထားရတာ စိတ်မချဘူး တဲ့ ။

ဒါနဲ့ ရှင်ဘုရင်ကြီး က ကျောက်တုံး အကြီးကြီး တွေ နဲ့ ဘဏ္ဍာတော် တိုက်သစ်ကြီး တစ်လုံး ဆောက်ဖို့ စီစဉ် သတဲ့ ။ အဲဒီ တိုက်သစ်ကြီး ဆောက်ဖို့ သူ့ စိတ်တိုင်းကျ ၊ ပန်းရံဆရာကြီး ကောင်းကောင်း တစ်ယောက် ကို ငှား တာပေါ့ ။ အဲဒီ ပန်းရံဆရာကြီး နဲ့ ရှင်ဘုရင်ကြီး ကိုယ်တိုင် ကြပ်မတ်ပြီး အခိုင်အခန့် ဆောက်လုပ်စေ သတဲ့ ။ ဘဏ္ဍာတော်တိုက်ကြီး ဆောက် ပြီးတဲ့ အခါ တိုက် ဟောင်း ထဲ က ဘဏ္ဍာငွေတွေ ကို ပြောင်း ထား တာပေါ့ ။ ဘဏ္ဍာတော်တွေ ကို တော့ ဇလားအကြီး ကြီးတွေ နဲ့ ထည့်ထားစေ သတဲ့ ။

အဲဒီလိုနဲ့ နေလာတာ ကြာတော့ ပန်းရံဆရာကြီး ဟာ ရောဂါ ဖိစီးပြီး သေလုမြောပါး ဖြစ်နေ သတဲ့ ။ ဒါနဲ့ ပန်းရံဆရာကြီး က အရွယ် ရောက်ပြီး သူ့ သား နှစ်ယောက် ကိုခေါ်ပြီး “ ငါ တော့ ဖြင့် သေရတော့မယ် ။ ငါ မရှိတဲ့ နောက် မင်းတို့ ညီအစ်ကို နှစ်ယောက် နဲ့ မင်းတို့ အမေ အတွက် နေရေးထိုင်ရေး ကို ငါ စိတ်မချဘူး ။ အဲဒီတော့ ငါ တစ်ခါတုန်း က လိုရမယ်ရ ကြိုတင် ကြံစည် ထား တဲ့ အကြံအစည်ကလေး ကို မင်းတို့ ညီအစ်ကို နှစ်ယောက် ကို ပြောခဲ့မယ် ။ မင်း တို့ လည်း နှုတ် လုံလုံ နဲ့ လောဘမကြီးဘဲ တော်ရုံ တန်ရုံ နေထိုင် စားသောက် ဖြစ်ရုံ သာ ယူကြ ”

“ တခြားတော့ မဟုတ်ဘူး ။ ရှင်ဘုရင်ကြီး ရဲ့ ဘဏ္ဍာတော်တိုက်ကြီး ကို အဖေ ဆောက် လုပ်စဉ် က ဘဏ္ဍာတိုက်ကြီး ရဲ့ နောက်ဖေး ဘက် အလယ် တည့်တည့် မြေကြီး က သုံးတောင် အကွာ မှာ ကျောက်တုံးကြီး တစ်တုံး ရှိတယ် ။ အဲဒီ ကျောက်တုံးကြီး ပေါ် မှာ သူ့ သဘာဝ အတိုင်း ဖြစ်ပေါ် နေတဲ့ မြွေရုပ်ကလေး တစ်ရုပ် ရှိတယ် ။ ည အမှောင် ထဲ မှာ စမ်း ကြည့် ရင် တောင် တွေ့နိုင် တယ် ။ အဲဒီ မြွေရုပ် ရဲ့ ခေါင်းပိုင်း က လူရွယ် နှစ်ယောက် အား နဲ့ တွန်း ခဲ့ရင် အတွင်း ဝင် သွားပြီး ဒလက် နဲ့ တံခါး လိုပဲ ပွင့် သွား နိုင်တယ် ။ ပြန် ထွက်တဲ့ အခါကျတော့ လည်း မြွေရုပ် ရဲ့ အမြီးပိုင်း က လူရွယ် နှစ်ယောက် အား နဲ့ ပြန် တွန်းခဲ့ရင် အကောင်း ပကတိ ဖြစ်သွား လိမ့်မယ် ။ အဲဒါ ငါ့ သား တို့ လိမ္မာ သလို သာ ကြည့် သုံးကြ ပေတော့ ။ ဒါပေမယ့် လောဘ တော့ သိပ် မကြီးကြနဲ့ ကွဲ့ ”

အဲဒီလို ပြောပြီးတဲ့ နောက် ပန်းရံဆရာကြီး လည်း သေဆုံး သွားရှာတယ် ။ ညီအစ်ကို နှစ်ယောက် က လည်း မနှေးကြဘူး ပေါ့ကွယ် ။ ည အခါ မှာ သူတို့ အဖေ ပြောခဲ့တဲ့ နည်း နဲ့ ဘုရင်ကြီး ရဲ့ ဘဏ္ဍာတော်တိုက် ထဲ ဝင် ဝင်ပြီး ရွှေတွေငွေတွေ လိုသလောက် ယူ ကြတာပေါ့ ။ ဒီလိုနဲ့ တတိ တတိ ယူ လာလိုက်ကြတာ ခိုးပုံခိုးနည်း က ပိရိ သေသပ် လေ တော့ ဘယ်သူမှ မရိပ်မိကြဘူး ပေါ့ကွယ် ။

ဒါနဲ့ တစ်နေ့ ကျ တော့ ရှင်ဘုရင်ကြီး သူ့ ဘဏ္ဍာတိုက်ကြီး ထဲ ကို ဝင်ပြီး စစ်ဆေးတာ ကိုး ... ။ ဘဏ္ဍာတွေ ဟာ ယူဖန် များတော့ သိသိသာသာကြီး လျော့ နေတာကို တွေ့ရတာ ပေါ့ ။ ဘဏ္ဍာတိုက်ကြီး ကို လှည့်ပတ် စစ်ဆေး ပြန်တော့ လည်း ခြေရာလက်ရာ က မပျက် ၊ ခတ် ထားတဲ့ သော့ကြီး ကလည်း ပကတိ အကောင်း ရှိနေတော့ ရှင်ဘုရင်ကြီး သိပ် အစဉ်းစား ရ ကြပ် သွား တာပေါ့ ။ ဒါနဲ့ ရှင်ဘုရင်ကြီး က သော့တူ နဲ့ များ ဖွင့်သလား လေ ဆိုပြီး နောက်ထပ် သော့ခလောက်ကြီး တစ်လုံး ကို အကောင်းဆုံး လုပ်စေပြီး ခတ်ထား ခဲ့ သတဲ့ ။

ဒါပေမယ့် ... နောက် တစ်ပတ် လောက် ကြာ လို့ ရှင်ဘုရင်ကြီး က ထပ် စစ်ဆေးတဲ့ အခါ ရွှေတွေ ၊ ငွေတွေ ဟာ လျော့မြဲ လျော့ နေ တာ ကို သာ တွေ့ရ သတဲ့ ။ ဒါနဲ့ ရှင်ဘုရင်ကြီး ဟာ နောက်ဆုံးကျ တော့ ထောင်ခြောက် တစ်ခု လုပ်ပြီး ဒီ သူခိုးလိမ္မာ ကို ဖမ်းဖို့ ဆုံးဖြတ်ရတော့တာ ပေါ့ ။ ရွှေတွေ ၊ ငွေတွေ ထားတဲ့ ဇလားကြီးတွေ အနီး မှာ တက် နင်းမိရင် မလှုပ်နိုင် အောင် ထောင် ခြောက်ကြီးတွေ ဆင်ထား လိုက်ပါရော တဲ့ ။

ကိုရွေသူခိုး ညီနောင် က တော့ လာမြဲ လာတာပဲ လေ ။ ရလေ လိုလေ အိုတစ္ဆေ ဆိုတာ လို လောဘ ကို မသတ်နိုင်ကြဘူးပေါ့ကွယ် ။ အဲဒီလို ဝင်နေကျ အပေါက် က နေ ပြီး အစ်ကို လုပ်သူ က အထဲ ဝင် လာခဲ့ပြီး ရွှေတွေ ၊ ငွေတွေ ထားတဲ့ ဇလားတွေ ရှိရာ ကို လည်း လာရော ၊ ထောင်ခြောက် ပေါ် တက် နင်းမိပြီး မလှုပ်နိုင် မရှားနိုင် ဖြစ် သွားတာပေါ့ ။ အဲဒီ အခါမှာ အစ်ကို လုပ်သူ က စဉ်းစားတယ် တဲ့ ။

“ ငါ့ ကို သာ ရှင်ဘုရင်ကြီး က မိသွား ရင် တော့ ရှင်ဘုရင်ကြီးက သ,တ်တော့ မှာ အမှန်ပဲ ။ သ,တ်ရုံသာ မကဘူး ။ ဒို့ အဖေ ရဲ့ဂုဏ် ကို လည်း ထိခိုက်မယ် ။ အမေ နဲ့ ညီငယ်တို့ လည်း ရွှေတွေ ငွေတွေ ရတော့မှာ မဟုတ်ဘူး ။ အဲဒီတော့ ငါ့ အဖို့ သေမယ့် အတူတူ မထူးတော့ဘူး ။ ငါ  ဘယ်သူ မှန်း မသိအောင် လုပ်မယ် ” ဆိုပြီး ညီငယ် ကို သူ့ခေါင်း ဖြတ်ပြီး ယူသွား ခိုင်း သတဲ့ ။ ညီငယ် က လည်း သူ ပြောတဲ့ အတိုင်း အစ်ကို ရဲ့ ခေါင်း ကို ဖြတ် ရွှေတွေ ငွေတွေ ထည့်ဖို့ ယူ လာတဲ့ အိတ်ကြီး ထဲ မှာ ခေါင်းပြတ်ကြီး ကို ထည့်ပြီး အိမ်ပြန် သွားတာပေါ့ ။

နောက် တစ်နေ့ နံနက် ကျ တော့ ရှင်ဘုရင် ဘဏ္ဍာတိုက် ထဲ လာတဲ့ အခါ သူခိုး ကို တော့ မိပါရဲ့ ခေါင်း မပါတဲ့ ကိုယ် အလောင်းကြီး ကို တွေ့ရ တော့ သူခိုး ဟာ ဘယ်သူ ဘယ်ဝါ မှန်း မသိတော့ဘူးပေါ့ ။ အဲဒီ အခါမှာ ရှင်ဘုရင်ကြီး က ဒီ ခေါင်း မပါတဲ့ အလောင်းကောင်ကြီး ကို လူသူလေးပါး စုံရာ အရပ် မှာ တန်းလန်း ဆွဲ ထားဖို့ အမိန့် ပေး သတဲ့ ။ ပြီးတော့လည်း အဲဒီ အလောင်းကြီး နား အစောင့်အရှောက်တွေ ချ ထားပြီး လာ ကြည့်တဲ့ လူတွေ ထဲ က ဒီ အလောင်း ကို ကြည့်ပြီး ငိုယိုတဲ့ သူများ တွေ့ခဲ့ ရင် တစ်ခါတည်း ဖမ်း လိုက်ရမယ် လို့ လည်း အမိန့် ပေးထား သတဲ့ ။

ပန်းရံဆရာကြီး ရဲ့ မိန်းမ ဟာ သူ့ သားကြီး သေတဲ့ အကြောင်း သိတော့ တငိုငို တရီရီ ဖြစ်နေရှာ တာပေါ့ ။ သူ့ သားငယ် ကို လည်း သားကြီး ရဲ့ အလောင်း ကို မရ ရအောင် ယူပေးဖို့ တစာစာ ပူစာ နေ သတဲ့ ။ သားငယ် က လည်း သွား ယူလို့ မဖြစ်နိုင်တဲ့ အကြောင်း အစောင့်အရှောက် တွေ ချထားတဲ့ အကြောင်း အတန်တန် ဖျောင်းဖျ ပေမယ့် ဘယ်လို ပြောလို့မှ မရဘူး တဲ့ ။ ဒါနဲ့ နောက်ဆုံး ကျ တော့ သားငယ် ဟာ သွားဖို့ အစီအစဉ် တစ်ခု လုပ်ရတော့တာပေါ့ ။

သားငယ် ဟာ သားရေ နဲ့ ချုပ် ထားတဲ့ အိတ်ကြီး နှစ်လုံး ထဲ မှာ ဝိုင်အရက်တွေ အပြည့် ထည့် ။ အိတ် နှစ်လုံး ကို မြင်း တစ်ကောင် ရဲ့ ကျောကုန်း ပေါ် မှာ တစ်ဖက် တစ်ချက် တင်ပြီး သူ့ အစ်ကို ရဲ့ အလောင်း ရှိရာ နေဝင်ရီတရော အချိန် မှာ ဆွဲသွား သတဲ့ ။ အလောင်းကောင်ကြီး နား ရောက်ခါ လည်း နီးရော အရက် ထည့် တဲ့ အိတ် နှစ်လုံး ကို ပါ လာတဲ့ ဓားကလေး နဲ့ အသာ ထိုးဖောက် လိုက် သတဲ့ ။ ဒီတော့ အရက်တွေ ဟာ အိတ်ပေါက် ထဲ က တဝေါဝေါ စီးကျ နေတာပေါ့ ။

အစောင့်အရှောက်တွေ က လည်း အရက် မှန်း သိတော့ ခွက်ကလေးတွေ ကိုယ်စီ ကိုင်ပြီး အိတ်ပေါက် ထဲ က ကျ နေတဲ့ ဝိုင်အရက်တွေ ကို လုယက်ပြီး ခံကြသတဲ့ ။ ဒီအခါ လူရွယ် က “ ခင်ဗျားတို့ သောက်ချင် ရင် ကျွန်တော် နဲ့ အေးအေးဆေးဆေး သောက်ကြတာပေါ့ ” ဆိုပြီး အစောင့်အရှောက်တွေ နဲ့ သူ ပါ ရော သောက်ချင် ယောင် ဆောင် ရတာပေါ့ ။ ဒါပေမယ့် သူ က တော့ သိပ် မသောက်ဘဲ အစောင့်တွေ ကို သာ နင်းဖိ တိုက် သတဲ့ ။ ဒါနဲ့ အစောင့်တွေ လည်း အရက် မူးပြီး မလှုပ်နိုင်တော့ တဲ့ အချိန် မှာ သူ့ အစ်ကို ရဲ့ အလောင်းကြီး ကို စိန်ပြေနပြေ ဖြုတ် ၊ မြင်း ပေါ် တင် ပြီး သူ့ အမေ ထံ ပြန်ခဲ့ သတဲ့ ။

ဒီ အကြောင်း ကို လည်း ဘုရင်ကြီး ရွှေနားတော် ပေါက်ကြား ရော ရှင်ဘုရင်ကြီး ဟာ သိပ် ဒေါပွ သွားတာပေါ့ ။ ဒါနဲ့ နောက်ထပ် အကြံသစ် တစ်ခု ကို ထွင်ပြန် သတဲ့ ။ အကြံသစ် က တော့ သူ့ ရဲ့ သမီးတော် ကို မြို့လည်ခေါင် မှာ လိုက်ကာကလေး နဲ့ အခန်းကလေး ဖွဲ့ ပြီး နေစေ သတဲ့ ။ အဲဒီ အခန်းကလေး ထဲ ကို ဘယ်သူ မဆို တစ်ယောက် ပြီး တစ်ယောက် ဝင် နိုင်တယ် ။ ဒါပေမယ့် အဲဒီလို ဝင်တဲ့ လူတိုင်း ဟာ ဘုရင့် သမီးတော် ကို မိမိ တို့ ဘဝ တစ်လျှောက် အရဲရင့်ဆုံး နဲ့ အလိမ္မာ ဆုံး လုပ်ခဲ့ဖူးတဲ့ စွန့်စားမှု တစ်ခု ခုအကြောင်း ကို ပြောပြနိုင်ရမယ် လို့ လည်း အမိန့် ထုတ် ထား သတဲ့ ။

ဒါပေမယ့် သူ့ သမီးတော် ကို တော့ ဘဏ္ဍာတိုက်ကြီး က ရွှေငွေတွေ ခိုးတဲ့ အကြောင်း နဲ့ အလောင်းကောင် ကို ရအောင် ယူတဲ့ အကြောင်း သာ ပြောတဲ့ လူ ရှိ ခဲ့ရင် တစ်ခါ ထဲ မလွတ် တမ်း ဖမ်းထား လိုက်ရမယ် လို့ တိတ်တဆိတ် မှာထား တာ ပေါ့လေ ။ ဒါနဲ့ ကြားကြား သမျှ လူတွေ ဟာ ဘုရင့်သမီးတော် ရှိတဲ့ အခန်းကလေး ထဲ ကို ဝင်ပြီး သူတို့ ဘဝ မှာ အရဲရင့်ဆုံး စွန့်စားမှုတွေ ကို ကိုယ်စီ ပြောကြတာပေါ့ ”

ဒီ သတင်း ကို ပန်းရံဆရာကြီး ရဲ့ သားငယ် က ကြား တော့ ဒါ ဧကန္တ ဘုရင်ကြီး ရဲ့ အကြံ ပဲ ဆိုတာ ရိပ်မိပြီး အကြံသစ် တစ်ခု ထုတ်ပြန်သတဲ့ ။ သူ ကြံ ပုံ က လောလောလတ်လတ် သေဆုံး ပြီးကာစ လူသေ အလောင်း တစ်လောင်း ကို လက်မောင်းရင်း က ဖြတ်ပြီး လူသေ ရဲ့ လက်မောင်း နှစ်ဖက် ကို သူ ဝတ်တဲ့ အင်္ကျီလက် အတွင်း က တစ်ဖက် တစ်ချက် စီ ခံလာ ခဲ့ သတဲ့ ။ နောက်ပြီး ရှင်ဘုရင့် သမီးတော် ရှိတဲ့ အခန်း ထဲ ကို ဝင် သွား တာပေါ့ ။ အထဲ ရောက်တော့ ရှင်ဘုရင့် သမီးတော် က “ ကဲ ... ရှင့် ဘဝ မှာ အလိမ္မာဆုံး နဲ့ အရဲရင့်ဆုံး စွန့်စားမှု တစ်ခု အကြောင်း ကို ပြောပြစမ်းပါ ရှင် ” လို့ ပြောသတဲ့ ။

ဒီအခါ လူရွယ် က ကျွန်တော့် ဘဝ မှာ အလိမ္မာဆုံး နဲ့ အရဲရင့်ဆုံး စွန့်စားမှု က တော့ တခြား မဟုတ်ဘူး ။ ဘုရင့် ဘဏ္ဍာတော်တိုက် ထဲ က ရွှေငွေတွေ ကို ရအောင် ခိုးနိုင်တယ် ။ နောက်ပြီး အဲဒီလို ခိုး နေစဉ် ထောင်ခြောက် ထဲ မိ နေတဲ့ ကျွန်တော့် အစ်ကိုရင်း ခေါင်း ကို ဖြတ်ခဲ့ တယ် ။ တစ်ခါ အစ်ကို ရဲ့ အလောင်း ကို အစောင့်တွေ ကြား ထဲ က အရက် မူးအောင် တိုက် ပြီး အလောင်း ကို ရအောင် ခိုးခဲ့နိုင်တယ် လို့ ပြော သတဲ့ ။

ဘုရင့် သမီးတော် က လည်း ခမည်းတော် မှာထားတဲ့ အတိုင်း လူရွယ် လက် ကို ဖမ်း ဆုပ်ပြီး မပြေးနဲ့ လို့ အော် လိုက်တာပေါ့ ။ ဒါပေမယ့် ဘုရင့် သမီးတော် ဖမ်းဆုပ်တဲ့ လက် နှစ်ဖက် ဟာ လူသေ အလောင်း က လက် နှစ်ဖက် ဆိုတော့ လူရွယ် ဟာ ရုန်းပြီး ထွက်ပြေး လွတ်မြောက် သွားနိုင်ပြန်တာပေါ့ ။ သမီးတော် လည်း လူသေ လက်ပြတ်ကြီးတွေ မှန်း လည်း သိရော နေရာမှာ တင် မေ့မြော သွားရှာ သတဲ့ ။

အဲဒီအခါ ကျ မှ ရှင်ဘုရင်ကြီး က လည်း ဒီ သူခိုး ဟာ အလွန်ပဲ ပိရိလိမ္မာ တဲ့ အပြင် လူစွမ်းကောင်း တစ်ယောက် လည်း ဖြစ်တယ် ဆိုပြီး ဒီ လူရွယ် ကို ရှင်ဘုရင်ကြီး ထံ လာ တွေ့ဖို့ အကြောင်း ၊ အသက်ဘေး ချမ်းသာပေးမယ့် အပြင် ဆုတော် ၊ လာဘ်တော်များ ပါ ပေးဦးမယ့် အကြောင်း အရပ် လေးမျက်နှာ မှာ ကြေညာစေ သတဲ့ ။ ပန်းရံဆရာကြီး ရဲ့ သားငယ် ဟာ လည်း ရဲရဲရင့်ရင့် ပဲ ဘုရင့် ရှေ့တော် မှောက် သွားရောက် ဖူးမျှော်တဲ့ အခါ ဘုရင်ကြီး က ချောမွေ့ လှပတဲ့  သူ့ သမီးတော်ကလေး နဲ့ လက်ထပ် ထိမ်းမြား လိုက်ပါရော တဲ့ ကွယ့် ။

“ ကဲ ... ပြီးပါပြီ ကွယ် ... ဟင် ... မိသိန်းရွှေ က အိပ်တောင် ပျော်နေပြီလား ”

◾ရန်အောင်မောင်မောင်

📖 ရှုမဝ မဂ္ဂဇင်း
       ၁၉၅၇ ၊ ဧပြီ

#ကိုအောင်နိုင်ဦး

.

Thursday, April 25, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၂ )


 

မြင့်စန်းရီ နဲ့ ပတ်သက်ရင် ကျွန်တော့် ကို တစ်ဘက်သတ် ကောက်ချက် ဆွဲတတ်သူ တဲ့ ။ ဟုတ်ပါ့မလား မြင့်စန်းရီ ။ အကယ်၍ တစ်ဘက်သတ် ကောက်ချက်ချတတ်သူ မှန်ခဲ့ရင် တောင် မြင့်စန်းရီ ဘက် ကို တစ်ဘက်သတ်ကြီး လိုက်နေတတ် သူ သာ ဖြစ်ပေလိမ့်မယ် ထင်တယ် ။

အမှန်တော့ ကျွန်တော် ဟာ မြင့်စန်းရီ မှ ပြောရင် သေဆို အခွေလိုက် ရှင်ဆို ဒေါက်ခနဲ ကောင် ပါ ။

တကယ် ပြောတာပါ မြင့်စန်းရီ ။ ကျွန်တော့် ရဲ့ အသက်ရှင် ရပ်တည်မှု ဟာ မြင့်စန်းရီ ကြောင့် ပါ ။ ကျွန်တော့် ရဲ့ မျှော်လင့်ချက် ဟာ လည်း မြင့်စန်းရီ နဲ့ သာယာစိုပြည်စွာ ပေါင်းဖက်ပြီး ကလေး သုံးယောက် ယူဖို့ပါပဲ ။ ကဲ ဘယ်သူက များ ဒီ အကြံအစည် ကို ဖျက်နိုင်ကြ မှာလဲ ။ ဒီလောက် လက်တွေ့ ဆန် ပြီး ရဲတင်းတဲ့ အတွေးမျိုး ရော ဘယ်သူ တွေးမိကြမှာလဲ ။

ဒါပေမဲ့ မြင့်စန်းရီ လူတွေ ရဲ့ သံသယ ဖြစ်မှုတွေ နဲ့ သာ ရင်းနှီး နေရတဲ့ ကျွန်တော့် အတွက်တော့ ကလေး သုံးယောက် ဆိုတာ အဝေး ကြီးပါ ။ ပေါင်း ဖို့ မပြောနဲ့ ဖက် ဖို့ ဆိုတာ တောင် အဆင် မပြေခဲ့သူ ။

မှတ်မိသေးလား မြင့်စန်းရီ ။ မြင့်စန်းရီ နဲ့ ကျွန်တော် နှစ်ယောက် တည်း ကန်စောင်း မှာ ရှေ့ရေးတွေ တိုင်ပင်စဉ် က ပေါ့ ။ နှစ်ယောက်သား ကြည်နူးရင်း ရင် တထိတ်ထိတ် နဲ့ မနေနိုင် မထိုင်နိုင် မြင့်စန်းရီ ရဲ့ ပခုံး ဖက်မိစဉ် ...

“ အို .. ဒေဝစ္စရာ ×××× ဒေဝစ္စရာ လှပညာ တို့ ပေါင်းကာ စုဝေး ×× ပေါင်းကာဝေးလို့ လှရေးခြယ်ကာ ××××  ဆင်းဟန်မူ ”

ကျွန်တော့် နှုတ် က အသံကျယ်ကျယ် ထွက် သွားတဲ့ သီချင်းသံ ကြောင့် မြင့်စန်းရီ လန့် ပြီး ...

“ ဟင် ... ဘာဖြစ်လို့ သီချင်း အကျယ်ကြီး ဆိုရတာလဲ ၊ ဘာဖြစ်လို့လဲ ”

မြင့်စန်းရီ အမေးကြောင့် ကျွန်တော် လည်း အောင့်သက်သက် နဲ့ ပေါင်ကြား လက်ဖွက် ၊ သွား ကို အစွန်းကုန် ဖြဲ ပြီး ...

“ အဟီး ... ပျော်လွန်းလို့ မြင့်စန်းရီ ၊ ပျော်သွားလို့ ”

အမှန်တော့ မဟုတ်ပါဘူး မြင့်စန်းရီ ။ မိုးလင်းပေါက် ကာရာအိုကေဆိုင်တွေ အသွား များပြီး ကောင်မလေး ဖက်မိတာ နဲ့ အလိုလို သီချင်းသံ က ထွက်မိနေတာပါ ။ ဆိုချင်လွန်း လို့ တော့ မဟုတ်ပါဘူး ။ အကျင့် ပါ နေတာပါ ။ အဲသည်လို မှားယွင်းမှုတွေ နဲ့ သာ ရင်းနှီး နေတဲ့ ကျွန်တော့် အတွက် မြင့်စန်းရီ နဲ့ စေ့စပ်ပွဲ ပျက်ခဲ့ဟာ အထူးအဆန်း မဟုတ်တော့ပါဘူး ။

မြင့်စန်းရီ ရဲ့ မိဘများ သဘော တူ ပြီး မြင့်စန်းရီ နဲ့ ကျွန်တော့် ကို စေ့စပ်ပွဲ ကျင်းပ ပေး ခဲ့တာလေ ။ ဘယ်လောက် ကြာလို့လဲ မြင့်စန်းရီ ။ ကျွန်တော် အခန်း ထဲ ရောက်တာ နဲ့ အဲဒီ ပွဲလေး ပျက်ခဲ့တာပေါ့ ။ အားလုံး ကျွန်တော့် ကြောင့် လို့ ပြောကြရဲ့ ။ အမှန်တော့ ...

အဖြစ် က ဒီလိုပါ မြင့်စန်းရီ ။

◾ အကြည်တော်

📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ

#ကိုအောင်နိုင်ဦး

.

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၁ )


 ဤသို့သာပေါ့ မြင့်စန်းရီ  ...


လောက မှာ လူတိုင်း မဖြေနိုင်တဲ့ မေးခွန်း က အနာဂတ် ဆိုတာပေါ့ ။


လွယ်ကူလှစွာပါပဲ ။ မနေ့က တိုင်း ကို ကျော်ဖြတ်ခဲ့ ပေမဲ့ မနက်ဖြန် တိုင်း ကို တော့ ဖြတ်သန်းဖို့ ရှာဖွေ ခက်ခဲ နေကြဆဲပါ ။ 


မနက်ဖြန် ဆိုတာ တောင် ခက်ခဲ နေ မှ တော့ အနာဂတ် ဆိုတာ ဘယ်လို အဖြေ ရှာမှာလဲ ။


ဟော ... ကြည့်စမ်း နေဝန်းကြီး ထွက် လာတာ ဒီနေ့ အတွက် ပါ မြင့်စန်းရီ ။ မနက်ဖြန် အတွက် သူ ကြို ထွက်ခဲ့တာ မှ မဟုတ်တာ ။ သဘာဝတရား မှာ ရီဟာဇယ် မရှိဘူး မြင့်စန်းရီ ။ ထိုနည်းတူစွာ ပဲ လူ့ ဘဝ မှာ ရီဟာဇယ် ဆိုတာ ဘယ်တော့မှ မရှိပါဘူး ။ မှားပြီ ဆိုတာ နဲ့ ကိုယ့် ဘဝကြီး ပြီးဆုံး သွားတတ်တာချည်း ကလား ။


အမှား ဆိုတာမျိုး က လည်း လမ်း သွား ရင်း လည်း မှားတတ် တာပဲ ။ ထိုင် နေရင်း လည်း မှားတတ် တာပဲ မြင့်စန်းရီ ၊ ကျွန်တော် တို့ လို ပုထုဇဉ် တွေ က အမှား နဲ့ ဘယ် ကင်းနိုင်ပါ့မလဲ ။ လူ ဆိုတာ အမှား များစွာ နဲ့ နေထိုင်ဝံ့သူ လေ ။


လက်ညှိုး ညွှန် ထောက်ပြ နေရုံ နဲ့ အမှားတွေ ကင်းပါ့ မလား ။ မေတ္တာတရား ၊ အချစ် ၊ သံသယ ကင်းသော အကြည့်များ နဲ့ ခြယ်မှုန်း မှ လူ့ ဘဝကြီး ဟာ သာယာ လာမှာပါ ။ သာယာလာနိုင်မှာ ပါ မြင့်စန်းရီ ။ ဒါကို ယုံလိုက်စမ်းပါ ။


ကမ္ဘာ မှာ အင်မတန် ကြီးကျယ်တဲ့ မေးခွန်း တစ်ခု ပေါ်ခဲ့ဖူးပါတယ် ။


“ လူတွေ ဘာနဲ့နေ ” တဲ့ ။


ရှင်းရှင်းလေး ပါ ပဲ မြင့်စန်းရီ ။


“ မေတ္တာတရား နဲ့ နေထိုင်ကြပါ သတဲ့ ”


တစ်ဦး ကို တစ်ဦး မေတ္တာ ရှိ မှ လူတွေ သံသယ ကင်းကြမှာပါ ။


ကဲ ဒါဆို ကျွန်တော့် မှာ အချစ် ရှိတယ် ။ မြင့်စန်းရီ မှာ ကျွန်တော့် ကို တုံ့ပြန်ဖို့ မေတ္တာ ရှိတယ် ။ ဒီ နှစ်ခု က ပေါင်းစပ်လို့ မရဘူးလား မြင့်စန်းရီ ။


အချစ် + မေတ္တာ ညီမျှခြင်း က ဘာဖြစ်နိုင်မလဲ ဟင် ။


ထိုနည်းတူစွာ စောကြည်ဖြူ + မြင့်စန်းရီ ညီမျှခြင်း က ဘာဖြစ်နိုင်မှာလဲ ။


ကျွန်တော့် သူငယ်ချင်း အတော်များများ ကို လည်း မေးကြည့်ပါရဲ့ ။ တချို့က ဒီ အဖြေ ကို ဒီလို ဖြေကြတယ် ။ 


“ သံယောဇဉ် ” တဲ့ ။

 

တချို့ က တော့ ချစ်ခြင်းမေတ္တာ တဲ့ ။ တချို့ ကလည်း သာယာစိုပြည်ခြင်း ပါ တဲ့ ။


ဘယ်အရာ က များ တိကျပါ သလဲ ။ ဘယ်အရာ က အဖြေမှန် လဲ ။ ကျွန်တော့် အတွက် တော့ ပြည့်စုံတဲ့ အဖြေ မဟုတ်ပါဘူး ။


ကျွန်တော် နှစ်ပေါင်းများစွာ ဒီ မေးခွန်း နဲ့ ပျော်မွေ့ခဲ့ သူ ပါ ။ ဟော အခုတော့ ဒီ မေးခွန်း ရဲ့ အဖြေ ကို အတိအကျ ရပြီ ။ ဒီထက် ပို ပြည့်စုံတဲ့ အဖြေမျိုး ဘယ်သူ က မှ စဉ်းစားမိ မှာ မဟုတ်ပါဘူး ။ လေးနက်စွာ ဖတ် ကြည့်ပါ ။


စောကြည်ဖြူ + မြင့်စန်းရီ = ကလေး


ကျွန်တော့် ရဲ့ ကလေး ရ မှ ကို ဖြစ်တော့မယ် မြင့်စန်းရီ ။


ကလေး ရ မှ ကို ဖြစ်တော့မှာ ။


◾ အကြည်တော် 


📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ 


#ကိုအောင်နိုင်ဦး


.

ဘိုးကျန်ရစ်


 

❝ ဘိုးကျန်ရစ် ❞

သာအေး သည် ရွာနံဘေး ၌ နွားပြာကလေး ကို အစာ ကျွေး ၍ နေလေရာ ၊ သာလှ သည် ရွာဝ မှ ဖျာစ ကို ကိုင်ကာ ရွာ ထဲ သို့ ဝင်လာလေ၏ ။ သို့ဖြင့် ရုတ်ခြည်း သာအေး ၏ မျက်နှာ သည် သာလှ ကို မြင်သည်နှင့် တစ်ပြိုင်နက် တာနော ဘီလူးကြီး သွားဖြီး လိုက် သလို ရုတ်ခြည်း ၎င်း ၏ မျက်နှာ မှာ လည်း ပြောင်းလဲ သွားလေတော့၏ ။ သာလှ မှာ ငှက်ပျောသီး နှစ်လုံးစာ လောက် ကျွေးရင် ဝင်နိုင် လောက် သည့် ပါးစပ်ကြီး ကို ဖြဲ လိုက်ပြီး ၊ ဇီးကွက် မျက်စိလောက် မျက်လုံးကြီး ပြူး သွားလေ၏ ။ သာအေး ကား နွားပြာကလေး ကို အစာ ကျွေး ၍ နေရာ မှ သာလှ ရွာ မှ ဝင်လာသည် နှင့် တစ်ပြိုင်နက် မိမိ လုပ်ရမည့် အလုပ် မှာ ခေတ္တမျှ ပျက်စီး သွားရသည် ဟု ထင်မှတ် မိလိုက်လေ၏ ။

သာလှ သည် သာအေး ၏ ရှေ့ သို့ ရောက်လာလေ၏ ။ သာအေး ၏ မျက်စိ သည် မခံချင်သည့် ဒေါသတွေ မောဟတွေ စုပေါင်း ကာ ဌာပနာ ထားသော အသွင်ဖြင့် သာလှ ကို စူးစိုက်ကြည့် လိုက်လေ၏ ။ သာလှ က လည်း သာအေး ကို မျက်လုံးကြီး ကျွတ်ကျ မလောက် ပြန်၍ ကြည့် လိုက် ပြန်လေ၏ ။ သာအေး က မျက်နှာ တစ်ခုလုံး မဲ့ရွဲ့ လိုက်ပြီး မှ “ ထွီ ” ဟု မသတီစရာ ကောင်း သော တံတွေး ကို ထွေးလိုက် သဖြင့် ၊ သာလှ က လည်း အသာ မပေး လိုသော မျက်နှာ ဖြင့် “ ထွမ် ” ဟု ပြန် ထွေး လိုက် ပြန်လေ၏ ။ သာအေး မျက်နှာ မှာ သာ၍ မအေးဘဲ “ လာဟေ့ ... ချမဟေ့ ” ဟုသော အသွင် ပေါ်လာလေ၏ ။ သို့ဖြင့် ရှေ့ သို့ တစ်လှမ်း တိုး သွားပြီး “ ဟေ့ကောင် ” ဟု လွန် သွားသော သာလှ ကို အာဏာသံ ခပ်ပါပါ နှင့် ခေါ် လိုက်လေ၏ ။ “ ဘာလဲ ” ဟု သာလှ က လည်း အရေး မစိုက်သော မျက်နှာ ဖြင့် ခါးထောက် ရင်း ပြန် ပြော လိုက်လေ၏ ။ သာအေး က သာလှ နား တိုးလာ၏ ။ မျက်နှာချင်း ရင်ဆိုင် မိကြလေ၏ ။ သာအေး က သာလှ ကို ခြေဆုံး ၊ ခေါင်းဆုံး ကြည့် လိုက်ပြီး မှ “ မင်း .. ဘာဖြစ် လို့ ငါ့ ကို အူကြောင်ကြောင် လုပ်ရတာလဲ ” ဟု ခပ်တည်တည် မေး လိုက်လေ၏ ။

“ ငါ ... ဘာကြောင်ခဲ့သလဲ ၊ မင်း ကြောင်တာ ၊ မင်း ... ငါ့ ကို ဘာကြောင့် အပေါက်ဆိုး မှုတ်ရတာလဲ ” ဟု မထီ သလို ပြန် မေးလိုက်ရလေ၏ ။

“ ငါ ဘာလုပ်သလဲ မင်း သိရဲ့လား ”

“ ဘာကြောင့် မသိရမှာလဲ ၊ မင်း .. ငါ့ ကို “ ထွီ ” ဆိုပြီး တံတွေး နှင့် ထွေးလိုက်တာပဲ ”

“ တံတွေး ထွေး တာ နဲ့ မင်း ကို အပေါက်ဆိုး မှုတ်တယ် ဆိုတာပေါ့ ၊ ဒါဖြင့် မင်း “ ထွမ် ” ဆိုပြီး လုပ်တာကော ”

“ ဒါတော့ မင်း “ ထွီ ” လုပ်လို့ ၊ ငါ က “ ထွမ် ” ရတာပဲ ၊ ငါ့ အပြစ် မှ မဟုတ်ပဲ ”

“ စကား ပြောတာ ကြည့် ပြော ၊ ငါ ဘုန်းကြီး လူထွက် ဆိုပြီး အရမ်း မကြဲနဲ့ ”

“ မင်း လည်း စကား ပြောတာ ဆင်ခြင် ပြောပါ ။ ငါ သူတောင်းစား ထမင်းဝတယ် ဆိုပြီး ထင်ရာ မရမ်းနဲ့ ”

“ အမယ်.... မင်း က ငါ့ ကို သူတောင်းစား လို့ ခေါ်တာ .. ”

“ နို့ ... မဟုတ်ဖူးလား ၊ မင်းတို့ စားစရာ မရှိရင် လိုက်ပြီး ချေးငှား တောင်းစားရတယ် မဟုတ်လား ”

“ တော် ... တော် မင်း နဲ့ စကား ကြာကြာ ပြောနေရင် မကြာခင်ပဲ “ ဆော် ” ပွဲကြီး ကျင်းပရလိမ့်မယ် ။ မင်း နဲ့ ငါဟာ မတည့်ကြတဲ့ ကမ္ဘာရန် ဆို တာ မင်း အသိပဲ မဟုတ်လား ”

“ သိသားပဲ ၊ သိလို့ မတည့်ကြတဲ့ စကားတွေ ပြော နေရတာပဲ ကို ၊ အကြံ တူ တော့ မိတ်ဆွေ မဟုတ်ဘူးပေါ့ ။ နို့ပေမဲ့ စွံ တဲ့ လူ ယူတမ်းပေါ့ ”

“ ကုသ ထက် မသာ တဲ့ ရုပ်လား ခင်ကြီး ကို ရမှာ ”

“ အမယ် မာတင်္ဂ နဲ့ ညီအစ်ကို တော်တဲ့ မင်း က ကော ၊ ခင်ကြီး ကို ရမှာလား ”

“ ဟေ့ .. မာတင်္ဂ ဟာ အမျိုးညံ့ ပေမယ့် ဘုရားလောင်း ကွယ့် ”

“ ကုသ က တော့ ဘုရားလောင်း မဟုတ်လို့ ဘာလောင်းပဲ ၊ ကြိုက်တယ် ဆိုတဲ့ ဓာတ် ကို ခွဲကြည့်စမ်း ၊ ရူပ ဆိုတဲ့ အဆင်း ကို တွေ့ ရ မလားလို့ ”

“ တော်ကွာ ... မင်း ငါ့ ကို ဘု မတော နဲ့ သွားမယ်သာ သွား ” 

“ မင်း သွားခိုင်းတိုင်း ငါ သွားမှာလား ။ မင်း က ဘာမို့လို့လဲ သူကြီးသား လား ”

“ နောက်တော့ ဖြစ်ရမှာပဲ ၊ ကြည့်နေလေ မကြာခင်တော့ မင်း တို့ သိရလိမ့်မပေါ့ ”

"ဟား .. ဟား သူကြီးသား ဖြစ်မယ့် အုတ်ခဲ ၊ ဟီ .. ဟီ ခင်ကြီး က မင်း ကို ထဘီ တောင် မလျှော် ခိုင်းဘူးတဲ့ ”

“ ဒါဖြင့် မင်း ကို တော့ လျှော်ခိုင်းမှာ ပေါ့ ”

“ ဘာ ... ဘာပြောတယ် ”

“ ဘာ ပြောရမလဲ ၊ မင်း က ချ ချင်သလား ၊ ငါ့ အကြောင်း လည်း မင်း သိမှာပေါ့ ၊ မနှစ်က လက်ဝှေ့ပွဲ မှာ ကိုလားပြန် ကို အသေနှံ လွှတ်လိုက်တယ် ဆိုတာ မင်း ကြားရဲ့ ၊ သိရဲ့ မဟုတ်လား ”

“ မင်း လက်သီး လောက်တော့ ရီ တာပေါ့ ၊ ငါ့ ရည်းစားဟောင်း အခု လင် ယူ သွားပြီ ၊ သူ နဲ့ ရည်းစား စကား သွား ပြောတန်း က သူ့ အဖေ ကလည်း သဘော မတူ ၊ ငါ လာတာ လည်း သိရလို့ တံခါး ကို အစောကြီး ပိတ်ထားတာ ကိုး ၊ အိမ်ဘေး က ဘုတ်ဆုံ အိပ်တဲ့ ပြတင်းတံခါး ကို လက်သီး နှင့် အတင်း ပစ်ထိုး လိုက်တာ ပြတင်းတံခါး ကျိုးသွားရအောင် ပြင်းတဲ့ လက်သီး ဆိုကာ မင်း သိရဲ့ မဟုတ်လား ။ ရိုးရိုး လက်သီး မဟုတ်ဘူးကွဲ့ သံလက်သီး ကွ ... သံလက်သီး ”

ထိုအတွင်း မိန်းမကြီး တစ်ယောက် ဈေးတောင်း ရွက် ကာ ၎င်းတို့ အနား ရောက် လာလေ၏ ။ သာလှ က လှည့် ကြည့်လိုက်ရာ ၊ ဘုတ်ဆုံ အမေ မတော်မတည့် ယောက္ခမကြီး ဖြစ် နေမှန်း သိရ၍ ဆီးတဲ့ ကာ “ ဒွေးလေးရုံ ဘယ်က လာသလဲ ” ဟု မေး လိုက်လေ၏ ။ မိန်းမကြီး က သာလှ ကို မော် ကြည့်ပြီး “ ဪ မောင်သာလှ ကိုး ၊ မင်း အဖေ က ရွာဝ မှာ တွေ့ ရင် ခေါ်နေတယ် လို့ ပြောလိုက်ပါ တဲ့ ။ အဲဒါ သွားပေတော့ ၊ ဒွေး သွားဦးမယ် ” ဟု ပြောပြောဆိုဆို ထွက်သွား မှ သာလှ က “ ကဲ ... မတည့်ကြတဲ့ မိတ်ဆွေ ။ စွံတဲ့ လူ တော့ ခင်ကြီး ကို ရမှာပဲ ။ ဒါပဲလေ ” ဟုပြောပြောဆိုဆို နှုတ်ဆက် ကာ ချာကနဲ လှည့်ထွက် သွားသည် ကို သာအေး မှာ ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေ၏ ။

သာအေး နှင့် သာလှ မှာ ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်လျက် ၊ တစ်ရွာတည်း နေ ၊ သူကြီးသမီး ခင်ကြီး ကို ပိုးပန်း နေကြသော အကြံတူ ၊ ရန်သူများ ဖြစ်ကြလေ၏ ။ သို့ဖြင့် မိမိ အား သာအေး နှင့် သာလှ တို့ ဝိုင်းကာ ပိုးပန်း နေသည် ကို ခင်ကြီး မှာ ချစ်ဖို့ ကြိုက်ဖို့ နေနေသာသာ ၊ ထူးဆန်းစွာ ရှိသည့် စိတ် ကို တစ်ခါဖူး မှ ယောင်၍ မကူးမိခဲ့ပေ ။ သို့မှလည်း မလျှော့သော လုံ့လ နှင့် ဇွဲသန် နေသူ နှစ်ဦး မှာ ကား ခင်ကြီး ကို မရမက ပိုးပန်းမြဲ ရှိနေ တော့၏ ။

တစ်နေ့သော နံနက်ခင်း ဖြစ်လေ၏ ။ အချိန် မှာ ၉ နာရီခန့် ရှိ၍ နေ မှာ ထန်း တစ်ဖျား စာလောက် မြင့်တက် ၍ နေလေ၏ ။ သာအေး သည် ချောင်းဘေး ရှိ ကောက်ရိုးပုံကြီး ပေါ် ဝမ်းရားထိုး မှောက်ကာ ၊ ညစ်ထေးသော ကော်ပီ စာရွက် အညံ့စား တစ်ရွက် ပေါ်တွင် တစ်ပြားတန် ခဲတံ ဖြင့် တံတွေး ဆွတ်ကာ ဆွတ်ကာ ခင်ကြီး အား ပေးဖို့ရန် ၊ ရည်းစားစာ ရေးနေလေ၏ ။ ထိုခဏ၌ တစ်ဖက် ဆီ မှ ဆူညံလှသည့် အသံတွေ ကို ကြားရ လေ၏ ။ ထိုအသံများ သည် နီးသည် ထက် နီး၍ လာလေရာ နောက်ဆုံး တွင် ချောင်းစပ် နား မှ ဖြစ်ပေါ်လာ သော အသံ ဖြစ်ကြောင်း သာအေး သိရလေ၏ ။ သို့သော် အရေး မစိုက်ပေ ။ ရေးလက်စ ရှိသော ရည်းစားစာ ကို ဆက်ကာ ရေး နေပြန်၏ ။ အသံများ ကား သာယာစွာ ရှိလှ၏ ။ ယောက်ျား အသံ မဟုတ်သည့် ထို အသံများ သည် လေထဲ တွင် ဝှေ့ လာကာ သာအေး ၏ နားနှစ် ဖက် ထဲ သို့ ( လောင်းဒိုင်ပင် ) ထိုးဝင် သွား လေ၏ ။ ထို အသံတွေ ထဲ မှာ ထူးခြားသော အသံ တစ်သံ ကို ပါ သာအေး ကြားရ ပြန်၏ ။ သာအေး စာ ရေး၍ မရနိုင်တော့ ခေါင်းထောင် ၍ ချောင်းဖက် သို့ ကြည့်လိုက် ရာ အပါ့ ၊ သာအေး မျက်လုံး ပြူး သွားတော့၏ ။ ကပျာကသီ ခွေး လိုက်ခြင်း ခံရသည့် ကလေး လို ၊ အတင်းကာရော ကောက်ရိုးပုံ ပေါ် မှ ခုန်ဆင်း လိုက်ပြီး မှ ခါးထောက် ကာ စိုက်ကြည့် နေပြန်၏ ။ မြင်သည့် အရာကား သာလှ နှင့် တစ်ကွ ခင်ကြီး တို့ အဖော် တစ်စု ရေခပ် လာသည် ကို တွေ့ ရလေ၏ ။ သာလှ က နွား ကို ရေတိုက် ရာ မှ မုန့်ရသော မျောက်မျက်နှာ ၏ ပြုံးခြင်း ဖြင့် ပြုံးကာ ခဏခဏ ခင်ကြီး ဘက် လှည့်၍ စကား ပြော နေလေ၏ ။ ထိုအဖြစ် ကို သာအေး မြင် မိ၏ ။ မချိတော့ တကား ၊ ရည်းစား လူ လုပြီ ။ ရွှေဥ ကြမ်းညှပ် ပြီး ခံချင်စိတ် ရှိဦးမည်လော ။ “ ဟာ ... ကြည့် ကောင်းသားပဲ ” ဆိုပြီး အသာတကြည် သဘောနဲ့ ပဲ ထိုင် ကြည့်လိုက်ပါဘိ ။ သို့သော် မရမက တွေး ကြည့်စမ်း ။ တွေးလေ တွေးတော့ တွေးမိလို့ ထွက်လား ။ ဉာဏ်နီ တို့ ထုတ် ... ထုတ် .. ထွက်ပြီ မဟုတ်လား ဟင် ။ မထွက်သေးဘူး ဟုတ်စ ၊ ကဲ .. ကြည့် နော် ... ဗြုန်းဆို သာအေး မှာ ဘာပြော ကောင်းမလဲ ၊ အနီးအနား က ကြုံရာ ခဲ တစ်ခဲ ကို ကောက်ယူပြီး သာလှ တို့ ဆီ ပစ်လိုက်လေ၏ ။ မုန်းစရာ ကို ဖန်တီး စေသော ခဲ သည် စွေ့ကနဲ ဝှေ့ကာ သာလှ နှင့် ခင်ကြီး ရှေ့ဝယ် “ ဗြုံး ” ခနဲ မြည်ဟီးပြီး ၊ ဒိုင်ဗင် ထိုး သွားလေ၏  ၊ ခင်ကြီး မှာ “ အလို ဘုရားရေ ” ဟု ဆိုကာ နောက် ရွံ့ကာ လန့် သွားလေ၏ ။ ဘာ မှ မပြောနဲ့တော့ သာလှ မှာ ကမ်းတစ် ဖက် ကုန်းမြင့် ပေါ် မှ ဆူးလေနတ်ကြီး လို လက်ညှိုး ထိုး ကာ ၊ မိမိ တို့ အား ပြုံးပြီးကြီး စိုက်ကြည့် သော “ သာအေး ” ကို တွေ့ရလေ၏ ၊ သာလှ မှာ ဒေါသအိုး ဟုန်းခနဲ ပေါက်ကွဲ သွား လေ၏ ။ ထို့အတွက် ...

“ ဟေ့ .. လူ မမြင်ဖူးလားကွ ” ဟု ခန့်ခန့်ကြီး မေး လိုက်လေ၏ ။

“ လူ တော့ မြင်သားပဲ ၊ သို့ပေမဲ့ ငါ့ ဖိနပ် ချီသွားတဲ့ ခွေး တစ်ကောင် ငါ့ ရှေ့ က ဖြတ် သွားလို့ ခဲနဲ့ ပစ် လိုက်တာပဲ ”

“ မင်း ပဲ တတ် နိုင်တယ် ။ ခွေး က ရေ ထဲ ဆင်းပြေးမလား ”

“ ဒါတော့ ငါ ဘာသိမလဲ ။ ရေ ထဲ ကူး သွားပြီး မင်းတို့ ရပ် နေတဲ့ နေရာမှာ ပျောက် သွားတာပဲ ။ နောက် ငါ့ မျက်စိ အကြည့် မှားပြီး မင်း ကို ခွေး မှတ်လို့ ပစ် လိုက်တာပဲ ၊ မနာလို လို့ ပစ်တာမှ မဟုတ်ပဲ ။ မတော်လို့ တမင်တကာ ဖြစ်ရတာပဲ ။ မင်း က လည်း ကွာ .. အရေး လုပ်လို့ ”

ခင်ကြီး နှင့် တကွ အပျို တစ်သိုက် မှာ မိုးပြို ၊ မြေပြိုတော့မည့် အလား ကြောက်စိတ်များ မိုးမွန်၍ နေကာ ၊ စုပြီး ကုတ်တို ၍ နေကြ လေ၏ ။

“ မင်း မှ စကား ပြောတာ ကြည့်ပြော ၊ မင်းလို အကောင်မျိုး တော့ ငါ က ... တယ်ကွာ ပြောလိုက်ရ ရင် ရိုင်းတော့မယ် ” ဟု ပြော လိုက်ရာ ၊ သာအေး က “ အောင်မယ် မင်း က လား ၊ ငါ့ ကို အကောင် လို့ ခေါ်တာ ”

“ အကောင် မခေါ်လို့ ၊ ဘာ ခေါ်ရဦးမှာလဲ ၊ သိကြား လို့ များ ခေါ်ရဦး မှာလား ”

“ ငါ သိကြား မဟုတ်ပေမယ့် မင်း လို ကြက်မကြီး ၊ ကြက်မ နား က မခွာရက်နိုင် သေးလို့ ”

“ မင်း ... စကားရှည် မနေနဲ့ကွာ ၊ ရဲရင် လာခဲ့ ” ဟု သာလှ က တစ်ဖက်ကမ်း မှ ခေါ်လိုက် သဖြင့် ၊ “ မင်း သတ္တိ ရှိရင် ဒီဘက် ကို လာ ကြည့်ပါလား ၊ အဖေ ထွက်သွားမယ် ” ဟု သာအေး က တစ်ဖက်ကမ်း မှ ခေါ်ပြန် လေ၏ ၊

“ ကိုသာလှ ရဲ့ တော်ကြပါတော့ ။ တော်တော်ကြာ ဒုက္ခ များနေပါမယ် ” ဟု ခင်ကြီး က သာလှ ကို ဆွဲခေါ် လေ၏ ။

“ မဆွဲနဲ့ မခင်ကြီး မဆွဲနဲ့ လေ ၊ သာလှ အကြောင်း သာအေး သိရ အောင် ၊ ဒီကနေ့ အကြောင်း ပြ လိုက်မယ် ” ဟု ငမိုး ကြိမ်း ကြိမ်းကာ “ ဟေ့ကောင် လာခဲ့လေ ။ ဒီဘက် ကို ကြောက်လို့ ရပ်နေ သလား ။ အလောင်းဘုရား နဲ့ ရင်ဆိုင် တွေ့ လို့ ငေးပြီး ရပ်နေတဲ့ ငချစ်ညို လို လုပ် မနေပါ နဲ့ ။ လာခဲ့လေ အောင်မယ် ... ”

ထိုအတွင်း သာအေး အဖေ ကောက်ရိုးပုံ ပေါ် ရောက် လာလေ၏ ။ သား ကို လာ ရှာသော်လည်း သား ကို ကား မတွေ့ရ ၊ သား လက်ရာ ရည်းစား စာ တစ်ပိုင်းတစ်စ ကို တွေ့ရ သဖြင့် ကောက်ယူ ဖတ်ရှု ကြည့်ရာတွင် ...

နမောတဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ ဟုသော ပဏာမ ကို အစ နိဒါန်း ချီ ပြီးလျှင် အောက် တွင် ဆက်လက် ရေးခဲ့သည် မှာ စာ အားဖြင့် ရိုသေစွာ စာရေး အစီရင် ခံလိုက်ပါသည် ။ မခင်ကြီး ခင်ဗျား ။

အကြောင်း အထူး မှာ တော့ ၊ ကျွန်တော် ငသာအေး မှာ မခင်ကြီး တို့ ပို့သသော မေတ္တာ ဟုန်ကြောင့် ဗျာပါဟုန် မကြွပဲ ။ ကျန်းမာ ပကတိ ချမ်းသာ စွာ ရှိပါ၏ ။ ထိုနည်းတူစွာ ကျွန်တော် က လည်း မခင်ကြီး နှင့် တကွ ယောက္ခမကြီး သူကြီး သူကြီးကတော် အားလုံး တို့ ကို ပါ ကျန်းမာ ချမ်းသာ စေရန် နေ့စဉ် နှင့် အမျှ ပန်းသပြေ ညောင်ရေ သွန်းပြီး ဆုတောင်းခြင်း ပြုလျက် ရှိပါသည် ။

အထူးမှာ ကျွန်တော် သည် မခင်ကြီး ကို တွေ့မြင်ရသည့် စက္ကန့် အချိန် မိနစ် ၊ နာရီ ၊ နေ့ မှ စ၍ ကျွန်တော် မှာ ပရံ ပရ ရှေးဘဝ ကံဟောင်း ကြောင့်လား မသိ ၊ မခင်ကြီး မဒီပျိုကညာ အား ဤဤလီလီ အပိုအညာတွေ မရောပဲ မေးရပါ လျှင် ၊ မြင်ရင် မြင်မိမိ ချင်း ချစ်ခင်နှစ်သက်ခြင်း ဖြစ်မိပါသည် ။ ကျွန်တော် မှာ မခင်ကြီး ကို ချစ်မိသည့် နေ့ က စ၍ အိပ် လို့ လည်း မပျော် စားလို့လည်း မဝင် ၊ ဆင်အော် လို့ လည်း မနိုး နိုင်အောင် အမျိုးမျိုး အချစ် ဝေဒနာများ ခံစား နေခဲ့ရပါသည် ။ မသနားဘူးလား ၊ မခင်ကြီး ရဲ့ များများကြီး ချစ်စမ်းပါ ဗျာ ၊ ကျွန်တော့် မှာ မခင်ကြီး ကို မှ မရရင် ဖြင့် မရဏသေပွဲ ကို ဝင်ရ ပါတော့မည် ။ ဇီဝိတ ဒါန ကို မကယ်ဆယ် ချင်ဖူးလား မခင်ကြီး ရဲ့ ၊ သို့ပါ၍ တစ်ဦး မေတ္တာ တစ်ဦး မှာ ဆို သကဲ့ သို့ မခင်ကြီး က ကျွန်တော် အား မေတ္တာ ရှိခဲ့ ပါသော် နှစ်ဦးနှစ်ဝ မိဘများ ကို ပြောဆို၍ တောင်းရမ်း ယူပါမည် ။ အကယ်၍ သဘော မတူကြပါ က ယခုပဲ သီတင်းကျွတ် ပြီ မို့ ကျွန်တော် ခေါ်ရာ လိုက်လို ကြောင်း နေ့ရက် ကို သေချာအောင် ပြန်ကြားစေရန် နှင့် ....

ယင်းသို့ဖြင့် သား လက်ရာ ရည်းစားစာ တစ်ပိုင်း ကို တွေ့ ပြီး သား ကို ရှာရန် ကောက်ရိုးပုံ ပေါ်  မှ အောက် သို့ ငုံ့ ကြည့် လိုက်ရာဝယ် ၊ လားလား မိန်းမ အတွက် မာန်ဆောင် ကာ နေသော သား ကို တွေ့ ရ မှ “ သာအေး ဟဲ့ကောင် .... လာခဲ့ ” ဟု ခေါ်လိုက် သဖြင့် “ ဘာလဲ  ... ဘ ရဲ့ အရေးထဲ ဘ , ကလဲဗျာ ” ဟု စိတ်ပျက် သလို ပြန်ပြော သည့် အတွက် “ စကားများ မနေနဲ့ လာခဲ့ ဆိုရင် လာခဲ့ ” ဟု ဖခင် က ထပ်မံ ၍ ခေါ်တော့ မှ မနေသာသည့် အတွက် ခွပ် ရာတွင် အရှုံးပေး ခဲ့ရသော ကြက်ဖကြီး ကဲ့သို့ ခေါင်းကြီး ငိုက်စိုက် ကျ ကာ လာ ရာတွင် အဘ ရှေ့ သို့ ရောက် သကာလ အဘ က သား ကို သေသေချာချာ ကြည့်လိုက်ပြီး မှ “ ဟေ့ ... ဒီ စာ ကို မင်း ရေးသလား ” ဟု မေးလိုက်သည် နှင့် တစ်ပြိုင်နက် မျက်လုံးကြီး ပြူးသွားကာ ဟန်မပျက် စေဘဲ “ ဟုတ်တယ် ... ကျွန်တော် ရေးတဲ့ ရည်းစားစာ ပဲ ” ဟု မကွယ်ပဲ မှန်ရာ အစစ် ခံလိုက်သဖြင့် ၊ ဖခင် က “ လမင်း ခွေးဟောင် ဆိုသလို မတူတဲ့ ပန်း တုံး ခု ပြီးလှမ်း ပေမယ့် မောရရုံပဲ ရှိတော့ မပေါ့ ။ သူကြီးသမီး ခင်ကြီး နဲ့ မင်း နဲ့ ရရရောက်ရောက် မတူမတန်လှလေကွာ ”

“ ဘ ရာ ... သား ၊ သမီး ဇာတိမာန် ကို မချိုးပါနဲ့ ၊ မိန်းမ ဟာ ၊ ယောက်ျား အဖို့ မဟုတ်လား ”

“ ယောက်ျား အဖို့ ဆိုပေမယ့် မင်း လို ယောက်ျားမျိုး အဖို့ တော့ မဟုတ်ဖူး ၊ သွား သွား အဖ ထက် သား တစ်လ မကြီးနဲ့ ။ မင်း လုပ်ရမယ့် ကိစ္စ ကို သာ ပြီးအောင် သွား လုပ်ပါ ” ဟု ပြော သဖြင့် မချိမဆန့် မပြီးမပြတ် နှင့် စကား ဖြတ် လိုက်ရသည် ကို မကျေမချမ်း ဖြစ်ကာ အသာ ထွက် ခဲ့ရလေ၏ ။

နောက်များ မကြာမီ ည တစ်ည သို့ ရောက်လာ ခဲ့လေ၏ ။ လ သည် အစွမ်း ရှိ သလောက် သာ ၍ နေလေ၏ ။ ထိုအချိန် တွင် သာအေး နှင့် သာလှ မှာ တစ်ဖက် ဆီ အိမ်ဘေး က နေလျက် အတွင်း သို့ စူးစိုက်ကာ ချောင်းမြောင်း ပြီး ကြည့်နေ ကြ လေ၏ ။ ခင်ကြီး မှာ ကား ရန်ကုန်သား တစ်ယောက် နှင့် အတွင်း မိဖများ ခွင့်ပေး တူညီချက် အရ ( အချစ်ဒိုင်ဗင်ပွဲ ) ကြီး ကျင်းပလျက် ရှိလေတော့ ၏ ။ ထို အဖြစ်အပျက်များ ကို အပြင် က တစ်ဦး ကို တစ်ဦး မသိဘဲ ချောင်းကြည့် နေကြသူ တို့ မှာ အကွင်းသား ၊ အကွက်သား မြင် ကြရ တော့၏ ။ သွားပြီ ... သွားပြီ ဟု ရေရွတ်ကြရင်း ရှေ့ ကို ဆက်လက် သွားကာ ကြည့်နေ ပါ က သာ၍ ဆိုးရွားစွာ တွေ့ရမည် ကို စိုးရကား နှစ်ဦး စလုံး အိမ်ဘေး မှ အသာ ခွာပြီး နောက် ဆုတ်ကာ ခွာခဲ့ ရာ တွင် သာအေး က လည်း အလာ ၊ သာလှ က လည်း အလာ နှင့် နောက်ဖေး တွင် ရင်ဆိုင် တိုးမိကြ လျှင် လူမှား ကြ ပြီး ၊ အမယ်လေး သရဲကြီးဗျ ဟု မအော်ရုံ တမည် ဖြစ်ကြကာ ၊ အကြံတူ လူခြင်းမှန်း သိရတော့ မှ လန့်ဖြန့် တုန်လှုပ်ချောက်ချား သွားသော စိတ်များ ပျောက်ကာ “ ကဲ ... မင်း လည်း အကုန် မြင် အကုန်တွေ့ ငါ လည်း ထိုနည်း၄င်း အဲဒီတော့ ဒီနေ့ က စပြီး မင်း နဲ့ ငါ ရန်သူ ဟု သဘော မထားကြဘဲ နောက်ထပ် အသစ် နယူးဝမ်း ကို ရှာကြစို့ ”  ဟု သာအေး က ပြောဆိုကာ ၊ ယခင် က ရင်းနှီးခဲ့ကြသည့် အလျောက် တစ်ယောက် ပခုံး ကို တစ်ယောက် ဖက် ကာ ၊ ခင်ကြီး အိမ် နောက်ဖေး မှ ပျောက်ကွယ်၍ သွားကြ လေ၏ ။ သို့ဖြင့် ဤ ဝတ္ထု သည် ဆုံးခန်းတိုင် ရောက်ပြီ ဖြစ်ရ ကား ၊ ကျွန်ုပ် သည် ဝတ္ထု ဇာတ်လိုက် နှစ်ဦး ဖြစ်သော သာအေး နှင့် သာလှ တို့ အား တိုးတိုးကလေး ကပ်ပြီး ( ဘိုးကျန်ရစ် ) တွေ ဟု ယောင်ရမ်းကာ ခေါ် လိုက်မိပါတော့ သတည်း ။

◾ရေးသူ ?

📖 ခေတ်ဟောင်း ဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး

.