Monday, June 26, 2023

အလှကိုယ်စီ


 

❝ အလှကိုယ်စီ ❞

[ မိုးကုတ်ပေါက်ပေါက် က မိန်းမချော ချောသူ ဖြစ် ပါတယ် ။ ဝတ်ဆင် ရာ မှာ လည်း ပန်းပွင့် ၊ ဇာပွင့်တွေ ပါတဲ့ အင်္ကျီ ကို ဝတ်ဆင် လေ့ ရှိတယ် ။

မန္တလေးမြို့ မှာ မိုးကုတ်ပေါက်ပေါက် က လူသိ များပြီး ထင်ရှား သူ တစ်ယောက် ပါ ။ သူ နဲ့ ကျွန်တော် ခင်မင် ရင်းနှီးမှု မရှိဘူး ။ ကျွန်တော့် မိတ်ဆွေ အပေါင်းအသင်းတွေ ထဲ မှာ မိန်းမလျာ မရှိဖူး သေး တော့ မိုးကုတ်ပေါက်ပေါက် နဲ့ အနေ
စိမ်း ခဲ့တယ် ။

MICT Park က စီးပွားရေး လုပ်ငန်းရှင် တစ်စု ရဲ့ စကားဝိုင်း မှာ မိုးကုတ်ပေါက်ပေါက် ကို စတင် ဆုံတွေ့  ပြီး ကျွန်တော် အထင်ကြီး လေးစား သွား ပါတယ် ။ မိုးကုတ်ပေါက်ပေါက် ဟာ ဘဝ ကို ပေါ့ပေါ့တန်တန် သဘော ထား နေထိုင် သူ မဟုတ်ဘူး ။ သူ့ စီးပွားရေး အမြင်တွေ က လက်တွေ့ ကျတယ် ။ စီးပွားရေး လုပ်ငန်းရှင် အချို့က သူတို့ တွေ့ကြုံ ရင်ဆိုင် နေရတဲ့ လုပ်ငန်းခွင် ပြဿနာ ကို တိုင်ပင် တဲ့ အခါ မိုးကုတ်ပေါက်ပေါက် ပေးတဲ့ အကြံဉာဏ် တွေ က အဆင့်အတန်း ရှိ ပြီး ငြင်းပယ်စရာ မရှိဘူး ။ သူ ကိုယ်တိုင် လည်း ယခု တော့ အောင်မြင်တဲ့ လုပ်ငန်းရှင် ဖြစ် နေ ပါပြီ ။

သူ့ ကိုယ် သူ ဆယ်တန်း မအောင်ပါဘူး လို့ နှိမ့်ချ ပြောတတ် ပေမယ့် သူ ပြော တဲ့ အင်္ဂလိပ်စကား အသံ ထွက် တွေ က သိပ် ကောင်းတယ် ။ စာတွေ အများ ကြီး ဖတ် ထားတာ သိသာတယ် ။

သူ ပညာ ဆည်းပူးခဲ့ပုံ ၊ မိန်းမလျာ နဲ့ သူ့ အမြင် ၊ လူငယ်တွေ အတွက် အနာဂတ် ရည်မှန်းချက်တွေ ကို ပွင့်ပွင့်လင်းလင်း ပြောဖြစ် ခဲ့ ကြတယ် ။ ]

•••••   •••••   •••••

မိန်းမလျာ ဖြစ် လာတဲ့ အတွက် ငယ်ငယ်တုန်း က ကျောင်း မှာ သော် လည်းကောင်း ၊ ကိုယ့် ပတ်ဝန်းကျင် မှာ သော် လည်းကောင်း ကိုယ့် အသိုင်းအဝိုင်း အားလုံး သိက္ခာ ကျ ကြ ရတယ် ။ ဂုဏ်သိက္ခာ ဘယ်လို ပြန် ဆည် ပေးနိုင်မှာ လဲ ဆို တာ စဉ်းစားပြီး ကြိုးစားတယ် ။ အစွမ်းကုန် ကြိုးစားပါတယ် ။ ကိုယ့် ကြောင့် ကိုယ့် မိဘ အသိုင်းအဝိုင်း ဂုဏ်သိက္ခာ ညှိုးနွမ်းရတယ် ဆိုတာ အခု တော့ မရှိတော့ ပါဘူး ။ ကိုယ့် ကြောင့် ဂုဏ်သိက္ခာ ပြန် တက် ရတယ် ။

လူ့ ဘဝ ရဲ့ တစ်ချိန် တစ်ခါ မှာ လူတွေ ရဲ့ အနှိမ်ခံ ဖြစ်ခဲ့ဖူးရင် တစ်နေရာ မှာ လူတွေ ရဲ့ အားကိုးရတဲ့ သူ ၊ ယုံကြည် စိတ်ချရတဲ့ သူ ဖြစ်အောင် ကြိုးစားရမယ် ဆိုတာ အသက် ငယ်ငယ်လေး ၊ ၁၄ - ၅ နှစ် ကတည်း က ခံယူချက် ပါ ။ ဆယ်ကျော်သက် အရွယ်လေး နဲ့ ဒါလောက် ကြီး တဲ့ ဆုံးဖြတ်ချက်မျိုး ကို စဉ်းစားရတယ် ၊ ဆုံးဖြတ်ရတယ် ဆိုတာ တော်တော်လေး ခေါင်း ခြောက် ပါတယ် ။ ကျွန်တော် ချမ်းသာ ချင် တာ ၊ အောင်မြင် ချင် တာ နာမည်ကြီး ချင် တာ မဟုတ်ဘူး ။ လူ ကို လူ လို့ လက်ခံ လာ အောင် ကျွန်တော် ကြိုးစားခဲ့ရတယ် ။

ဒါတွေ ဘာကြောင့် ပြောရ သလဲ ဆိုရင် ကျွန်တော် တို့ လို လူတွေ ၊ တစ်ခု ခု ချွတ်ယွင်းတဲ့ ဒုက္ခိတတွေ အားလုံး မှာ ဒီ ခံစားချက်မျိုး ရှိကြပါတယ် ။ အဲဒီလို လူမျိုး တွေ အနေ နဲ့ လောကဒဏ် ကို ကြံ့ကြံ့ ခံ ပြီး မဖြစ်မနေ ကြိုးစားမယ် ဆိုရင် သူ့ အသိုင်းအဝိုင်း က လက်ခံ လာရမယ် ၊ လူတော မတိုးတဲ့ ဘဝ ၊ အနှိမ်ခံ ဘဝ က ကင်း လွတ်မယ် ၊ အဲဒီလို ပြော လို တာပါ ။

ဖြစ်လာတဲ့ ဘဝ က ရွေးချယ်သွားတဲ့ အခြေအနေ မျိုး မှာ ဒီလိုပဲ ကြိုးစား ရ မှာပဲ ။ ကိုယ် က ရွေးချယ်တာ ဆိုရင်တော့ ကိုယ့် အမှား ပေါ့ ။ သဘာဝ ရွေးချယ်တာ ခံရတဲ့ အပိုင်း မှာ တော့ ငြင်းဆန် နေလို့ မရဘူး ။ ငြင်းဆန် ရင် ကိုယ့် ကိုယ် ကို ညာ တာ ပဲ ဖြစ်မယ် ။ ကိုယ့် ကိုယ် ကို ညာ တာ အဆိုးဆုံး ပါပဲ ။ နောက်ပိုင်း မှာ စိတ်ရောဂါ တွေ ဖြစ်မယ် ၊ စိတ် ဖိစီးမှုတွေ ခံရပြီး လုပ်ငန်းတွေ လည်း အဆင် မပြေဘူး ။ ပတ်ဝန်းကျင် ကို မကျေနပ်ဘဲ နောက်ဆုံး မှာ စိတ် ရောဂါသည် ဖြစ် သွားမယ် ။

ယောက်ျား ၊ မိန်းမ ၊ ယောက်ျားလျာ ၊ မိန်းမလျာ ၊ ဒုက္ခိတ ဘယ်လို အခြေအနေမျိုး ဖြစ်ပါစေ ။ နောက်ဆုံး လူတွေ လက်မခံ ချင် တဲ့ ရောဂါသည်ကြီး ဖြစ် နေပါစေ ။ ရောက်တဲ့ ဘဝ မှာ ကိုယ့် အကျိုး အတွက် မကဘဲ အများ အကျိုး အတွက် ကြိုးစား လုပ်မယ် ဆိုရင် လူတွေ က လက်ခံ လာမှာပါပဲ ။

လူတွေ ရဲ့ သဘာဝ အရ မိန်းမလျာ ကို လူတွေ က အထင် သေး ပါ တယ် ။ ဒီလို လူမျိုးတွေ က ကိုယ့် ကိုယ် ကို ထိန်းသိမ်းမှု မရှိလို့ အထင် သေး ခံရတာ လည်း ပါတယ် ။ ကိုယ် ရွေးချယ်ခွင့် မရှိဘဲ ဖြစ်လာရတဲ့ ဘဝ အခြေအနေမျိုး မှာ ဒီလို လူတွေ အတွက် ကျွန်တော် ကြိုးစား နေတယ် ။ သူတို့ ကို ငယ်ငယ်ရွယ်ရွယ် မှာ ထိန်းသိမ်း ပြုပြင် ပေးတယ် ။ ခံယူချက် မှန်အောင် ၊ စည်းကမ်းတကျ နဲ့ လူမှုပတ်ဝန်း ကျင် မှာ ဝင်ဆံ့ အောင် သင်ပြ ပေးတယ် ။ အခမဲ့ပညာ သင်ပေးတယ် ။ အသက်မွေးဝမ်းကျောင်း ပညာ သင်ပေးတယ် ။

ကျွန်တော့် ဘဝ မှာ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲ တွေ ဒုက္ခ တွေ က တော့ အများကြီး ပါ ပဲ ။

ကျွန်တော့် ကို မိုးကုတ် မှာ မွေးတယ် ။ မိုးကုတ်မြို့ ပေါ် မှာ နေပေမယ့် ဖခင် က ကျေးလက်ဘဝ ကို သဘော ကျ တယ် ။ နွားတွေ မွေးတယ် ။ စပါးကြိတ် စက် ဂျုံကြိတ်စက် တွေ ထောင်ပြီး ရွာတွေ ကို လှည့် ကြိတ်တယ် ။ အဖေ က ဦးကံစိန် ၊ အမေက ဒေါ်ခင်ခင် ။ အမေ က မိုးကုတ် မှာ အလှပြင်ဆိုင် လုပ်တယ် ။ အမေ့ ဆိုင်နာမည် က ‘ ခင့် ’ လှရိပ်မြုံ ပါ ။ ကျွန်တော် ၄ - ၅ နှစ်သား လောက် ကတည်း က အမေ့ အလုပ် ကို အောက်ခြေသိမ်း ကူ လုပ် ရတယ် ။ ခုနစ်တန်း ၁၃ နှစ်သား လောက် မှာ အလှပြင်ဆိုင် အလုပ် ကို တကယ် လုပ်ဖြစ် သွားတယ် ။ အမေ က လက်ဦး ဆရာ ပေါ့ ။ ဆယ်တန်း ဖြေ ပြီးတော့ ရန်ကုန် သွား ပြီး မိတ်ကပ်ဆန်နီ ဆီ မှာ သင်တန်း ဆက် တက်တယ် ။

၁၉၈၉ - ၉၀ က နေ ၁၉၉၆ အထိ ရန်ကုန် မှာ နေလိုက် မိုးကုတ် ပြန် နေ လိုက် နဲ့ ပေါ့ ။ ဆရာ့ ဆီ မှာ ပညာ သင်ရင်း အလုပ် ကူ ရင်း နဲ့ ဆရာ က ရုပ်ရှင် အဖွဲ့ ထဲ ထည့် ပေး လိုက်တယ် ။ ရုပ်ရှင်လောက ဆိုတဲ့ အသိုင်းအဝိုင်းကြီး ထဲ ကို နယ် က အသက် ၁၆ နှစ် ၁၇ နှစ် ကလေး တစ်ယောက် ရောက် သွားတာ ။ အားလုံး ဟာ အသစ် အဆန်း တွေ ၊ စိန်ခေါ်မှု တွေ ဖြစ်နေတယ် ။ ထင်မှတ် မထား လောက်တဲ့ အတွေ့ အကြုံ တွေ ပညာတွေ ရ ခဲ့တယ် ။ လိုက်လျောညီထွေ ဆက်ဆံမှု ၊ သည်းခံမှု ၊ စိတ်ရှည်မှု တွေ နဲ့ရင်ဆိုင် ခဲ့ ရတယ် ။

၁၉၉၆ ခုနှစ် ကုန် မှာ မိုးကုတ်ပေါက်ပေါက် ဗျူတီစင်တာ ကို မန္တလေး မှာ စ ဖွင့်တယ် ။ ဖွင့်ဖွင့်ချင်း ပဲ ရုပ်ရှင်လောက အသိုင်းအဝိုင်းတွေ က ဝိုင်းဝန်း ကူညီ ကြတယ် ။ ကျွန်တော့် ဆီ ဝင်ကြတယ် ထွက်ကြတယ် ၊ အနုပညာသမား ချစ်တော့ နာမည် ရတယ် ။

၁၉၉၅ ခုနှစ် မှာ Carrie Asian Model Search ပွဲ လုပ်တာ သွား ကြည့်တယ် ။ မော်ဒယ် အလုပ် ကို စိတ်ဝင်စား သွားတယ် ။ ကိုယ့် မြန်မာနိုင်ငံ မှာ ကုန် ကြမ်းပစ္စည်းတွေ အများကြီး ၊ ဒါတွေ ဝတ်ဆင် ကြ ရင် သိပ်ကောင်းမှာပဲ လို့ တွေး မိတယ် ။ Talents & Models ကို မစ္စတာဘရိုင်ယန် နဲ့ မတင်မိုးလွင် တို့ ဖွင့်တော့ ပထမဆုံး သင်တန်း မှာ ကျွန်တော် တက်ခွင့် ရတယ် ။ အဲဒီ သင်တန်း ပြီးတော့ မန္တလေးမြို့ ရဲ့ ပထမဆုံး ဖက်ရှင်ပြပွဲ ကို နိုဗိုတယ် ဟိုတယ် မှာ ကျွန်တော် လုပ် တယ် ။ အတွေ့ အကြုံ မရှိ တော့ ဆုံးရှုံးမှုတွေ များ တာပေါ့ ။

ကျွန်တော် က ချည်ထည် ၊ ပိုးထည် ကို ပွဲထုတ်တယ် ။ FMI Centre Myanmar Fashion Week - 2004 မှာ ပြည်တွင်းဖြစ် လက် နဲ့ ရက်ထားတဲ့ ပိုးထည် ကို ဒီဇိုင်း ထွင် ပြီး ပြတယ် ။ ခေတ်မီ ဒီဇိုင်း နဲ့ မြန်မာပိုးထည် ကို နိုင်ငံတကာ ရော ပြည်တွင်း က ပါ မြင်နိုင်အောင် လို့ လုပ်တာပါ ။

ကျွန်တော် က ကိုယ်ပိုင် နာမည် နဲ့ အဝတ်အစား ဒီဇိုင်းသစ် တွေ ထုတ် ချင်တာ ။ အဲဒီလို ဒီဇိုင်နာမျိုး ဖြစ်ချင်တဲ့ အတွက် နာမည် တစ်ခု ကို တည်ဆောက် နေတယ် ။

နိုင်ငံခြား က အဝတ်အထည် အမျိုးစုံ ချုပ်ပြီးသား ဝင် လာတယ် ။ ဝယ် ဝတ်လို့ ရတယ် ။ နေ့တိုင်း အတွက် ပွဲလမ်းသဘင် တက် ရတော့ မယ် ဆိုရင် အဝတ်အစား ဝတ်ဖို့ မရှိဘူး ။ ချုပ် ရတယ် ။ ရက်ချိန်း မမီတာ တို့ လိုချင်တဲ့ ဒီဇိုင်း မရှိတာ တို့ ၊ ချည်အစ မရတာ တို့ ဖြစ်တယ် ။ အဆင် မပြေဘူး ။

မြန်မာလူမျိုး တော်တော်များများ ဟာ ကိုယ် နဲ့ လိုက်တဲ့ အရောင် ၊ အဆင်ဒီဇိုင်း ၊ ကာလာတွေ မှန်အောင် ၊ ပွဲလမ်းသဘင် နဲ့ ကိုက်ညီအောင် မဝတ် တတ် ကြသေးဘူး ။ ကျွန်တော် က မြန်မာပြည် က လူတွေ လှစေ ချင်တယ် ။ ပြည်တွင်းဖြစ် တွေကို တကယ့် နိုင်ငံတကာ အဆင့်မီ ဒီဇိုင်းတွေ နဲ့ ဖန်တီးပြီး ဝတ်စေ ချင်တယ် ။

နိုင်ငံခြား မှာ တော့ Hute Couture လို့ ခေါ်တယ် ။ ပြင်သစ် စကား ပါ ။ ပွဲ တက်မယ့် သူတွေ ကို သူ့ တစ်ယောက် တည်းအတွက် ဒီဇိုင်း ဖန်တီးပေးတဲ့ နေရာ ပေါ့ ။ မန္တလေး မှာ ကျွန်တော် လည်း လုပ်ပေး နေ ပါပြီ ။ အပ်တဲ့ လူတွေ လည်း စိတ်ဝင်စား ကြတယ် ။

ညနေခင်း အခမ်းအနား တစ်ခု ကို တက်ဖို့ ရှိတယ် ဆိုပါတော့ ။ သူ လာ တာ နဲ့ သူ့ Personality ( ပင်ကိုယ် အရည်အသွေး ) ကို အရင်ဆုံး ကြည့်ပြီး သင့် လျော်မယ့် ဒီဇိုင်း ရွေး ရတယ် ။ ခပ်ရိုးရိုး အမျိုးသမီးကြီး တစ်ယောက် ကို ခေတ်ဆန်ဆန် ကိုးရိုးကားယား ဒီဇိုင်း လုပ် ပေး လို့ မရဘူး ။ ဘီးဆံပတ်ကြီး နဲ့ လာ တဲ့ လူ ကို ဆံပင် ဖြတ်ပြီး ဟော့ရှော့ ဆင် ပေးတာမျိုး ဆိုရင် မဖြစ်ဘူး ။ သူတို့ ရဲ့ Individual Style ( သီးခြား ဟန်ပန် ) ကို ကြည့် ပြီး လိုက်ဘက်တာ ကို ရွေး ပေးတယ် ။ သူတို့ တက် မယ့် ပွဲလမ်းသဘင် ၊ အခြေအနေ အားလုံး နဲ့ ကိုက်ညီတာ ကို ဖန်တီး ပေးတယ် ။

ဒီနေရာ မှာ သူတို့ က ဘတ်ဂျက် ကို လည်း မေး ပါတယ် ။ ဘတ်ဂျက် နဲ့ အညီ အဆင်ပြေအောင် လုပ်ပေး ရ တာပဲ ။ အချို့ကတော့ အကုန်အကျ များ မှာ လား လို့ ကြောက်ပြီး မလာကြဘူး ။ တကယ်တော့ ဆွေးနွေး ကြည့် ရင် အဆင် ပြေ သွားပါတယ် ။

ဖက်ရှင်ရှိုးတွေ ကျွန်တော် လုပ် နေတာ က ဒီဇိုင်းတွေ နဲ့ ယဉ်ပါး သွား အောင် လမ်းဖောက် ရ တာပါ ။ ယဉ်ပါး စ ပြုပါပြီ ။ ဖက်ရှင်ရှိုး မှာ မော်ဒယ် ဆိုတာ စကပ်တို ဝတ် ပြီး စင်ပေါ် မှာ ဟီးဟီးဟားဟား လုပ်တာ မဟုတ်ဘူး ။ မော်ဒယ် ဆိုတာ စံပြ ဖြစ်ရမယ် လို့ မော်ဒယ် လုပ်ချင်တဲ့ သူတွေ ကို လည်း ကျွန်တော် အမြဲ ရှင်း ပြတယ် ။

မြန်မာပြည် ရဲ့ ဖက်ရှင်လောက ဟာ ရှေ့ ငါးနှစ် လောက် ဆိုရင် အလားအလာ ကောင်းမယ် လို့ မျှော်လင့်ပါတယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

မေ့ချစ်သူ


 

❝ မေ့ချစ်သူ ❞

သူ သွားတော့မယ်လေ ...

တင်မေ့ ကို တောင် တင်မေ မှန်း မသိဘဲ သူ သွားပါ တော့မယ် ။ ဒါဟာ တင်မေ ပါ ။ တစ်ခါတုန်းက မိုက်မိုက်ရူးရူးကလေး တင်မေ ရယ် လေ ။ သူ က တော့ ဘာမှ  မသိတဲ့ မိုက်ကမ်းခြင်း နဲ့ သွားတော့မယ် ။ ကြည့်စမ်း တိုက်ပုံအင်္ကျီ တောင် ဝတ်ပြီးပြီ ။ အဲ ... အဲ ... ဘိုကေလေးများ အဲဒီလို အရင် က စတိုင် မပျက် သပ် လိုက်ပါဦး ဇော် ရယ် ... ဪ ခုတင် ပေါ် ပြန် ထိုင် ပြီး စီးကရက် သောက် ရ ပြန်ပါပြီ ။

တင်မေ သည် စားပွဲ ပေါ် လက်ဖဝါး နှစ်ခု ကို ထပ်၍ ချကာ လက်ဖမိုး ပေါ် မေး တင် ပြီး ရီဝေသော မျက်လုံးများ နှင့် ငေး နေ မိလေသည် ။ ဘယ်သူ မှ မကြားနိုင်သော စိတ်တွင်း က စကား ပြော နေ မိလေသည် ။ ရှေး က ကိုဇော်ဖေ ကို တစ်ခါတုန်း က ကျွမ်းခဲ့ဖူးသည့် မျက်လုံး ၊ မျက်ခုံး ၊ နှာတံ ၊ ပါးစပ် က အစ အသေးစိတ်ပြီး မှတ်မိ ၏ ။ သူ ဘာ မှ သိပ်ပြီး မပြောင်းလဲ ။ နားထင် ဆံစကလေးများ ဖြူနေတာ နှင့် မကောင်းမှု ကို မွေ့ လျော်တာ ကြာ ရှည်ခဲ့၍ ဘာကို မှ မမှု မထီ သည့် ပြက်ရယ် အပြုံး က မျက်နှာ ပေါ် ထင်ပေါ် နေတာပဲ ပို လာ ပါ၏ ။ မဖမ်းမိ နိုင် လောက် အောင် ပြောင်းပါစေဦး တင်မေ တစ်ယောက် က ဖြင့် နောက်ထပ် နှစ်ပေါင်း နှစ်ဆယ် အကြာ မှာ လည်း မှတ်မိနေပါ ဦးမည် ။

ကိုဇော်ဖေ ကမူ စီးကရက် ကို သာ ဂရုထားပြီး သောက် နေရာ က တင်မေ ငေးကြည့် နေသည် ကို သတိပြု မိ သွားပြီး ဆတ်ကနဲ ကိုယ် ကို တွန့် လိုက် လေ၏ ။ မဝေခွဲနိုင် သလို ၊ အံ့ဩ အလို အမူအရာ ပေါ်လာပြီး “ ဟုတ်ပြီ ၊ မင်း သည်လို နေ တော့ ဘယ်သူနဲ့ တူ သလိုလို ရှိပါ လိမ့် ” ဟု ကမန်းကတန်း စိတ် ထက်သန်စွာ ပြော လိုက် လေရာ တင်မေ သည် အကြီး အကျယ် လန့်ဖျပ် သွားပြီး ကိုယ် ကို မတ် ကာ အနေအထား ပြောင်း လိုက် မိလေ၏ ။

“ အို ... ဘာဖြစ်လို့ လှုပ် လိုက်ရတာလဲ ” ဟု စိတ်ရှုပ် သွား ကာ

“ မင်း နဲ့ ငါ နဲ့ တွေ့ ဖူးသလား ဟင် .. တစ်ခါတုန်း က တွေ့ ခဲ့ဖူးတယ်ထင်တယ် ”

တင်မေ သည် မျက်နှာ တစ်ဖက် လှည့်ပြီး “ တွေ့ခဲ့ဖူးသားပဲ ၊ မမှတ်မိဘူးလား ” ဟု လေသံကလေး နှင့် ခပ်သဲ့သဲ့ ပြော လိုက်လေသည် ။

“ ဟုတ်ပါတယ် ... တွေ့ဖူး ပါတယ် ။ ဘယ်မှာပါလိမ့် ၊ ပြောပြစမ်းပါဦးကွယ် ”

တင်မေ သည် ဟား တိုက်ပြီး ရယ် လိုက်ရ ကောင်းမလား ၊ ပေါက်ကွဲပြီး ငို လိုက်ရ ကောင်းမလား ဟု ခဏ မျှ တန့်နေ မိ လေသည် ။ တတ်နိုင် လျှင် တော့ နှစ်ခု စလုံး မလုပ်မိ အောင် ချုပ်တည်းမည် ဖြစ် လေ၏ ။ ကိုယ့် ကို မမှတ်မိ သည့် ချစ်သူ မျက်နှာ ကို လည်း စစ်ဆေး သည့် အပြုံး ဖြင့် စိုက်ကြည့် လိုက်ဖို့ စိတ် မရှိ ။ ကိုဇော်ဖေ ၏ ဘယ် မိန်းမ ကို မှ မလေးစားသည့် ပြက်ရယ်ပြုံး ကို လည်း ဒေါသ ထွက်ဖို့ စိတ် မကူး ။

တစ်မိနစ် ပဲ ရရ ၊ ရသမျှ အချိန်ကလေး တွင် စားပွဲ ပေါ် လက်ဖဝါး နှစ်ခု ထပ် ၍ ချကာ လက်ဖမိုး ပေါ် မေး တင် ပြီး ငေး နေ ချင် စိတ် သာ ရှိလေသည် ။

“ ပြောစမ်းပါကွ ၊ သိရအောင် ” ဟု သူ က မေး ပြန်၏ ။ တင်မေ က ရုတ်တရက် ရှိုက် ၍ ခြေ ကို သာ ဆောင့် လိုက် မိလေ၏ ။ ကိုဇော်ဖေ က မခံချိ မခံသာ ဖြစ်သလို စီးကရက် ကို လွှင့် ပစ်ကာ ဗြုန်းခနဲ ထ လာ ပြီး တင်မေ ကို ကျုံးမ ပွေ့ယူ လိုက်၏ ။ မေးဖျား ကို ပင့် ၍ မော့ စေပြီး စူးစိုက်ကြည့် ကာ .... “ မပြောဘူးလား ပြောမလား ” ဟု ညှစ်ပြီး မေး၏ ။

“ အို ... အို ... လွှတ်ပါ ဇော် ”

“ ဇော် ... ဟုတ်လား ။ ငါ့ မယား တောင် ဇော် လို့ တစ်ခါ မှ မခေါ်ဖူးဘူး ။ မင်း နဲ့ ငါ နဲ့ တွေ့ ခဲ့ဖူးတာ အမှန်ပဲ ။ ကဲ - ဆိုစမ်း ၊ ဘယ်မှာ လဲ ”

တင်မေ သည် ကြမ်းတမ်းသည့် လက်မောင်းများ ကြား တွင် ငြိမ် ၍ သွားကာ သူ့ ရှပ်အင်္ကျီ ကြယ်သီးကြိုး မှ ရွှေစကြာကလေး ကို လှုပ်ကစား ကာ နေ လေ၏ ။ ရှည်ဝေးလှ သည့် အရပ်ဟောင်း ကို ပြန် ရောက် နေ၏ ။ စိတ်ဟောင်းများ ပြန် လည် လာ လေ၏ ။ ကိုဇော်ဖေ က အဖြေ ကို စောင့် နေရာ သက်ပြင်း ချ ပြီး တင်မေ ကိုယ်ကလေး ကို သတိပေး သလို လှုပ် လိုက်ရာ ...

“ အဝီစိ မှာ ”

ကိုဇော်ဖေ ပွေ့ ထား သည် ကို မြန်ဆန် စွာ လွှတ်ချ လိုက် လေသည် ။

ရုတ်တရက် မို့ လည်း တစ်ကြောင်း ... ငယ်ငယ် က လို အင်အား မရှိတော့သည် က လည်း တစ်ကြောင်း နှင့် မို့ တင်မေ မှာ နောက်ပြန် ယိမ်းယိုင် သွား၏ ။ တံတောင်ဆစ် နှင့် စားပွဲ ကို ပြင်းထန်စွာ ခိုက်မိ သွား၏ ။ ကိုယ် ကို မနည်း ဟန် ပြီး ကု,လားထိုင် ပေါ် ပြန် ထိုင် ရ သည် ။ ကျဉ်၍ သွားသော တံတောင်ဆစ်ရိုး ကို လက် နှင့် ဆုပ်ပြီး မောပန်းစွာ မော့ ကြည့် မိ ပြန်သည် ။ အရင်တုန်းက ဇော် ပဲ နော် ... ရက်စက်တုန်း ပဲ ။

ကိုဇော်ဖေ ကား အော် ၍ ရယ်လျက် ရှိ လေသည် ။

“ ဒါဖြင့် တို့ သေပြီး ရင် အဝီစီ မှာ ပြန် တွေ့ကြဦးစို့လား ဟင် ” 

“ အို .. ဒီဘဝ မှာ ရှင် ပြန် မလာတော့ဘူးလား ”

ဟု လွမ်း ဟန် ပြု ကာ သရော် လိုက်မိလေသည် ။

“ ခက်တာက ကိုယ့် ချစ်သူ က ပိန် လည်း ပိန် ၊ အို လည်း အို နေပြီ ကွ ။ ဒါပေမဲ့ ခွဲ မသွား ဘူး လို့ တော့ မပြောနိုင် ပါဘူးလေ ။ ပြီးတော့ ပြန်တွေ့ ဦးမယ် ဆိုလည်း အချိန်တွေ အများ ကြီး ကျန်ပါသေးတယ် ။ တော်တော်နဲ့ မသေသေးပါဘူး နော် ။ ဪ ... မင်း အသက် ဘယ်လောက် ရှိပြီလဲ ဟင် ။ ၁၆ နှစ် လား ၊ ၁၈ နှစ် လား ”

လှောင်သေးတယ် ဇော် ရယ် ။ သို့ပေမဲ့ တင်မေ ကတော့ သူ လှောင် တာ ရက်စက် တာ ၊ ကြမ်းတမ်း တာ တွေ ကို တေပေပြီး တွေ့ခဲ့ရဖူးပြီ ဖြစ် ၍ ရင်တွင်း မှာ ဘာမှ မဖြစ်တော့ ပါ  ။ တင်မေ သည် အင်မတန် လည်သည့် ဟန်မျိုး ကို အခု ရ နေပြီး ဖြစ်ရာ သူ့ ကိုယ် သူ မသိဘဲ ကိုယ် အထက်ပိုင်း ကို တွန့် ခနဲ လှုပ်ကာ ခေါင်း တစ်ချက် ညိတ် ၍ မျက်စိ တစ်ဖက် မှိတ် လိုက် ပြီး ပြုံး တစ်ဝက် မဲ့တစ်ဝက် နှုတ်ခမ်း နှင့် ...

“ အို ... ရှင် နဲ့ တွေ့ တဲ့ အခါတိုင်း ဟာ ၁၅ နှစ် ပဲ ”

တင်မေ သည် မိမိ အမူအရာ ကို ပြန် သတိရ ပြီး ထိတ်လန့် သွား မိလေသည် ။ ဒါဟာ အပေါစား မဆန်ဘူးလား ။ စင်စစ်တော့ လည်း ငွေ နှင့် လာ သည့် ယောက်ျား ဟူသမျှ ကို သည် လို အမူအရာမျိုး ၊ သည်လို အပြောမျိုး နှင့် ဧည့်ခံရမည့် သူ အဖို့ အပေါစား ဆန်ရ မှာ က ဓမ္မတာ ပင် ဖြစ်သည် ။ သို့သော် ကိုဇော်ဖေ တစ်ယောက် ကို မူ  ဘယ် ဘဝ က နေ ပြီးပဲ ဖြစ်ဖြစ် တင်မေ သည် သစ္စာ ရှိသော ချစ်သူကောင်း တစ်ယောက် အဖြစ် နှင့် လက်ခံ ချင် လေ၏ ။ ထူးတော့ လည်း မထူးပါဘူး လေ ။ ခု ရွှေ ပေး မရသည့် ဣန္ဒြေကလေး နှင့် ချိုချိုကလေး ပြုံး ပြီး ကြို မယ် ဆိုလျှင် လည်း ဒါဟာ တင်မေ လို့ သိ မှာ မဟုတ်ဘဲ ဟု တင်မေ သက်ပြင်း ချ လေ၏ ။

ကိုဇော်ဖေ က မူ တင်မေ ဖြေပုံ ကို သဘော ကျ ကာ အော်ရယ် လျက် ရှိပြန်၏ ။

ကြည့်လေ ... ရယ် နေ လိုက်တာ ... ခေါင်း ကို နောက် ပစ်ပြီး ပေါ့ဆဆ ရယ်ပစ် လိုက်လို့ပါ ကော ။ ဟိုတုန်းက ... ဟိုတုန်းက ဟန်ကလေးတွေ ၊ နီရဲနောက်ကျိ နေသော မျက်လုံးများ တွင်း က မျက်ရည်များ ပင် ကျလာ ပါပြီ ။ အသား က လည်း ပွစိစိ နှင့် အဆီ ပြန် လို့  ။ သို့ပေမဲ့ စက်ဆုပ်စရာကြီး လို့ လည်း ခုတောင် မထင်နိုင်ပါလား ကွယ် ။

“ ဪ ... ၁၅ နှစ် ဆိုတာ ကို သဘောကျ နေ သကိုး ”

တင်မေ သည် မျက်တောင် တွန့် ပြီး သူ ရယ်နေသည် ကို သာ ကြည့် နေ မိ လေ၏ ။ မိမိ ပြောလိုက်တုန်း ကတော့ ခု သူ ကောက်ယူ သည့် အဓိပ္ပာယ်မျိုး နှင့် မဟုတ်ချေ ။ တိုက်ဆိုင် ချင် ၍ သာ တိုက်ဆိုင် သွား ပေသည် ။ လွန်ခဲ့သည့် အနှစ် နှစ်ဆယ် ခန့် တင်မေ ၁၅ နှစ် သမီး က တွေ့ခဲ့သည်များ ကို သူ တကယ်ပင် မေ့ လေပြီ ။

တင်မေ ပြော လိုက်သည် မှာ မှန်ကန်သော သစ္စာစကား ပေ တည်း ။ တင်မေ့ ဇာတ်လမ်း မှာ စင်စစ် ၁၅ နှစ် သမီး က စ လေသည် ။ ဒီတော့ ၁၅ နှစ် ဆိုသည့် အရွယ် ကို ဘယ်မှာ မေ့နိုင်ပါ့ မလဲ ။ ကိုဇော်ဖေ ကို ယခု ၃၅ နှစ် အရွယ် မှာ တွေ့ပြန် လည်း ၁၅ နှစ်သမီး အရွယ် က စိတ်များ နှင့် တွေ့ ရသည် ။ သူ့ ကို အစွဲကြီး စွဲ နေသည့် မိုက်မဲသော စိတ်များ သည် ခုလည်း မိုက်မဲ လျက် ပင် ရှိကာ နောင်လည်း ဆက်၍ မိုက်မဲဖို့ အသင့် ရှိ လေသည်  ။ ခုနေများ ကိုဇော်ဖေ တင်မေ ကို ပြန် မှတ်မိပြီး  ...

တင်မေ သည် ဇရာ ဖိစီး ၍ အမယ်အို ဖြစ်သည့် တိုင်အောင် ပင် မိုက်မဲ ချင် လှပါသည် ။

သည်တော့ ဘယ်ခါမှာ မဆို ကိုဇော်ဖေ တစ်ယောက် အပေါ် မှာ ဖြင့် တင်မေ သည် အမြဲတမ်း ၁၅ နှစ် ပဲ ရှိပေမည် ။

ကိုဇော်ဖေ သည် ရုတ်တရက် တင်မေ ကို ရော ၊ ထို အခန်းကျဉ်းကလေး ကို ပါ ငြီးငွေ့ သွားသလို အပြင်းအထန် သမ်း လိုက်ပြီး အိတ် ထဲ က တစ်ဆယ်တန် ငွေစက္ကူ လေးရွက် ကို ထုတ် ၍ စားပွဲ ပေါ် ပစ် တင် လိုက်လေ၏ ။ တင်မေ လည်း ရင် ထဲ တွင် လှိုက်လှဲ ဝမ်းနည်း သွား ပြီး မျက်လုံးများ ရီဝေ လာ ပြန်၏ ။ မသိလိုက် မသိဘာသာ လက်ဖဝါး နှစ်ခု ကို ယှက်၍ စားပွဲ ပေါ် ချကာ လက်ဖမိုး ပေါ် မေး တင်ပြီး ငေး နေမိ ပြန်၏ ။

“ ဟော ” ဟု ကိုဇော်ဖေ က ဆိုလေ၏ ။

“ အဟုတ် ပါ ... မင်း ကို တစ်ခါတုန်း က သိဖူးပါ တယ် ။ အဝီစိ မှာတော့ မဟုတ်ပါ ဘူး ကွယ် ။ နတ်ပြည် မှာ လို့ ထင်တယ် ”

ကိုဇော်ဖေ သည် တင်မေ နဖူးလေး ကို မထိတထိ နမ်း ကာ ပေါ့ပါးစွာ ထွက်သွား လေသည် ။

သူ ည က လာပြီး မနက်ကျ သွား ပြီလေ ။ လှေကား က ပြေးဆင်းသွားသည့် ခြေသံများ သည် ဆူညံရာ က အဝေး ရောက် တော့ ပျောက် သွား၏ ။ တခြား ယောက်ျား တွေ နှင့် ဘာမှ မကွာခြား ။ တင်မေ သည် အပြေး ထပြီး ပြတင်း က မျှော်ကြည့် လို စိတ် လည်း မပေါ်တော့ ။ သည့်ထက် မက အနောက် က အတင်း လိုက် ပြီး ဖမ်း တောင် မှ ကိုဇော်ဖေ သည် သူ့ စိတ် က မလိုတော့ဘူး ဆိုသည့် အခါ မှာ လှည့် ကြည့် ဖို့ စိတ်ကူး တော့ မည် မဟုတ်ချေ ။ တင်မေ ကတော့ သိခဲ့လှပါပြီ ။

ထို့ပြင် လာပြီး ပြန် သွားသည့် အဖြစ်မျိုး က တင်မေ့ အဖို့ ရိုးလှပေပြီ ။

ယခုလိုတော့ ဘယ်တုန်း က တွေငိုင်ပြီး ကျန်ရစ်ခဲ့ဖူးပါ သလဲ ။ အမှန်မှာ တွေငိုင်ရုံ တင် မကဘဲ ဇော် ... ဇော် ... အို ... ဇော် ဟု တမောတပန်းကြီး ပင် တသပြီး နေရစ်ပါသေး ၏ ။ လက်ဖမိုး ပေါ် မှာ ပူနွေး သော အရည်များ ရွှဲ နေ၏ ။ စားပွဲခုံ ပေါ် သို့ ပင် ကျရောက် စိုစွတ် နေပါသည် ကော ။ မထင် ဘဲ နှင့် ကိုယ့် ကိုယ် ကိုယ် ငို နေမှန်း သိရ၍ လန့်ဖျပ်မိ သေး၏ ။

စင်စစ်သော် လည်း တင်မေ လို အသားအရေ ခြောက်ခန်း ပြီး အသက် ကြီးရင့် သည့် ပြည့်တန်ဆာမကြီး တစ်ယောက် ငို နေသည် ကို မြင် လျှင် ဘယ်သူ သည် ချစ်သူ စွန့်ပစ်၍ ၁၅ နှစ် ရွယ် အပျိုပေါက်စကလေး တစ်ယောက် ငိုနေသည် ဟု ထင်ပါလိမ့် မလဲ ။ ဤသို့ တင်မေ သည် အမြီးအမောက် မတည့် တွေး  ကာ ရှိသည် ။ ဒီဟာမကြီး ဝါရင့်လွန်း လို့ ဧည့် မရွှင်တော့ တာ နဲ့ ငို နေတယ် လို့ ထင်မှာပေါ့ .... ။

သို့သော်လည်း ကိုဇော်ဖေ နှင့် ပတ်သက်ပြီ ဆိုလျှင် တင်မေ သည် သူ့ ကိုယ်သူ အရာရာ ပစား ပေးထားသည် ဖြစ်ရကား မျက်ရည် ကို သုတ်ပစ်ဖို့ ပင် မကြိုးစား ။

“ ဇော်ရယ်  ၊ ဇော်ရယ် ” ဟုပင် တ , တ ပြီး ငိုရှိုက် လိုက်ချေ သေး၏ ။

ကဲ ... သူ သွားပြီလေ ။ တင်မေ ကို မူ တင်မေ မှန်း မသိဘဲ တစ်ခါတည်း ထွက်သွားပြီး မသိသား ဆိုးဝါးလှချေ လား ဇော် ရယ် ။ တင်မေ ကို မှ မှတ်မိနိုင် လောက်အောင် ဦးနှောက် ထဲ မှာ အရက်ခိုး အရက်ငွေ့ တွေ ဆို့ပိတ် နေပြီလား ကွယ် ။ တွေ့ ရတဲ့ မိန်းမတွေ ထောင်သောင်း မက များ လွန်း လို့ တင်မေ တစ်ယောက် ကို ကောက်ပြီး မမှတ်မိနိုင်တာလေ လားကွယ် ။

အမှန် ဆိုရလျှင် မူ ည တုန်း က ဖြင့် သူ များ မှတ်မိသွားတော့ မှာ လား ။ မှတ်မိသွား တော့ မှာလား ဟု တထိတ်ထိတ် ပူကာ ဣန္ဒြေချည်း ပျက် နေ မိလေသည် ။ တင်မေ မှာ ဘာမှ မချုပ်တည်းနိုင်ချေ ။ သတိထား နေလျက် က လည်း ယောင်ကာ ဇော် ... ဇော် နှင့် တစ် ဇော် တည်း ဇော် မိ၏ ။ ဦးလေးဇော် လို့များ တစ်ခွန်း ထွက် သွားလိုက် လျှင်တော့ လုံးလုံး ပေါ်ရ ချေရဲ့ ။ ဘုရားသိကြား မ လို့ တင်မေ ကို တွေ့ ခဲ့တာ အဝီစိ မှာ လား နတ်ပြည် မှာ လား တောင် သိ မသွားချေ ... ဟာ ... ဟာ ... ။

ကိုဇော်ဖေ သည် တစ်ညလုံး “ မင်း ဘာဖြစ်နေတာလဲ ” ဟု မေးကာ နေ၏ ။ သူ့ စိတ် ထဲတွင် ထူးပါတယ် ဟု တော့လည်း ထင်ချင် ထင် ပေမည် ။ တင်မေ ကတော့ သူ့ မှာ ပါလာ သည့် ပုလင်း ကို သာ ဖွင့်ပြီး တစ်ခွက် ပြီး တစ်ခွက် သာ ချော့ပြီး တိုက် နေ ရ၏ ။ ကိုဇော်ဖေ သည် ဟို အရင်တုန်းက လို ပင် သောင်းကျန်းမူးရူး ပြီး ပစ်စလက်ခတ် အိပ်ပျော် သွားသည့် အခါ မူ ကား တင်မေ သည် အခန်းထောင့် စားပွဲ ပေါ် လက်ဝါး နှစ်ဖက် ထပ် ပြီး တင်ကာ လက်ဖမိုး ပေါ် မေး တင်ပြီး သူ့ ကို သာ ငေး နေမိသည် မှာ မိုးလင်း လု မှ စားပွဲပေါ် ခေါင်းချ ပြီး မှေးခနဲ ငိုက် ရသည် ။ သိပ် မကြာပါဘူး ။ ဇော် လာပြီး နှိုးတာပဲ မဟုတ်လား ။

နောက်ဆုံး မှာ မှ ကိုဇော်ဖေ သည် မိမိ ကို သည် အသက် အရွယ် အထိ သည် ဘဝ ထဲ ကနေ ပြီး အစွဲကြီး စွဲနေ သေးသည့် ချစ်သူ ထံ က လား ။ ငွေ လေးဆယ် ပေး လျှင် တစ်ည ပျော် ရသည့် ပြည့်တန်ဆာ ထံ က လား ဟူ၍ မှ ခွဲခြား မသိသည့် မိုက်ကန်းခြင်း နှင့် ထွက်သွား ချေ ပြီ ။ တကယ်တော့ ဤသို့ လျှင် တင်မေ ကို တင်မေ မှန်း မသိဘဲ လာ ပြီး ပြန်သွားရုံ သာ ရှိ သည့် ကိစ္စ မှ အင်မတန် ဝမ်းသာစရာ ... အို ၊ ဆို့တက် အသက်ပျောက် သွား လောက်အောင် ကို ဝမ်းသာ ပစ်ချင်စရာပဲ ဖြစ်တော့ လေသည် ။

တစ်ခါတုန်း က လည်း ( တင်မေ ပြန်ပြီး မှတ်မိပါသေး၏ ) ခုလိုပင် တင်မေ သည် လက်ဖဝါးများ ကို ယှက်၍ စားပွဲ ပေါ် ချကာ မေးတင်ပြီး ငေး နေခဲ့ မိ ဖူးလေသည် ။

အင်း ... နည်းနည်းပဲ ကွာသည် ကတော့ ထိုအခါ က တင်မေ သည် ၁၅ နှစ် အရွယ် မြူမတင် သည့် အပျိုပေါက်ကလေး သာ ရှိသေး ခြင်း ဖြစ်တော့လေ၏ ။

စားပွဲ ပေါ် တွင် အရက်ပုလင်း နှင့် ဖန်ခွက် ရှိသည် ထင်ပါ ရဲ့ ။

စားပွဲ တစ်ဖက် တင်မေ နှင့် မျက်နှာချင်းဆိုင် တွင် ကိုဇော်ဖေ ထိုင် လျက် ရှိလေ သည် ။ သူ့ ဆံပင်များသည် အမြဲ ထိုးထိုးထောင်ထောင် ရှိကာ မျက်လုံးများ လည်း ရီဝေ နောက်ကျိ လျက် ရှိ၏ ။ ကော်လာလည်ပင်း သည် လည်း ပွင့်ဟ နေ၏ ။ အတော် ကို ဝင် သွား ပြီ ဖြစ်၍ ခြေပစ်လက်ပစ် ဖြစ်နေ ပေ၏ ။ လက်ဖျား မှာ တုန်တုန်ရီရီ နှင့် ပုလင်း နှင့် ဖန်ခွက် ကို ဘယ်ဟာ မှ မြဲအောင် မကိုင်နိုင်ချေ ။ အရက် ငှဲ့ ထည့်သည့် အခါ ဖန်ခွက် ထဲ ဖြောင့်ဖြောင့် တန်းတန်း မကျဘဲ စားပွဲ ပေါ် သို့ ဖိတ်ဖိတ် နေ၏ ။ ဖန်ခွက် ကို ယူ ပြီး သောက်ပြန် တော့ လည်း ရှေ့သွား နှင့် ဖန်ခွက်နှုတ်ခမ်း က ဆောင့်မိ သေး၏ ။ အင်္ကျီရင်ဘတ် က ပေပေရေရေ ။ ဒါကတော့ တင်မ အစွဲကြီး စွဲသည့် ကိုဇော်ဖေ့ စတိုင် ။

တင်မေ သည် သူ သောက်နိုင် သမျှ သောက်နေစဉ် မှာ စကား တစ်လုံး မျှ မပြောဘဲ ငေးပြီး မျက်တောင် မခတ်ဘဲ ကြည့်နေ မြဲ ဖြစ်လေ ၏ ။ တင်မေ့ မျက်စိ ထဲတွင် မူ သူ့ အမူအရာများ သည် အင်းမတန် ဟန် ပါ၏ ။ ဘာကို မှ ဂရုမစိုက်ပုံကလေး က လည်း သူရဲကောင်း ဆန် သလိုလို ၊ နောက်ဆုံး ၌ ကိုဇော်ဖေ သည် စားပွဲ ပေါ် ထိုးပြီး ကျသွား တတ်သည် ။ တင်မေ့ ခေါင်း ကို လည်း လက် ကိုးရိုးကားများ ဖြင့် လာ ရိုက် မိ တတ်သည် ။ သူ့ မယား မခင်သန်း က နောက်ဖေး မီးဖိုချောင် က နေပြီး ဆဲဆို ကာ နေ တတ်သည် ။ တင်မေ သည် သူ့ ကိုယ်ကြီး ကို မနိုင်တနိုင် နှင့် ထူမ ကာ တွဲပြီး အိပ်ရာ ပေါ် အရောက် ပို့ ရမြဲ ဖြစ်လေသည် ။ တစ်ခါတလေ သူ့ ခေါင်းကြီး ကို ခေါင်းအုံး ပေါ် ချ ၍ မရဘဲ တင်မေ့ ရင်ခွင် ပေါ် မှာ မှိန်းပြီး ကြာ လျှင် အိပ်ပျော် သွား တတ်၏ ။ သည်တော့ မှ တင်မေ ထ လာ နိုင် တော့သည် ။

တင်မေ အင်္ကျီများ သည် မကြာခဏ အရက်များ ပေရေ ကုန်၏ ။ အရက် အနံ့အသက်များ လည်း ကိုယ် မှာ ကပ် လာ၏ ။ တင်မေ ကတော့  ချိုချဉ်မွှေးမြသည့် ရနံ့တစ်မျိုး ကလေး ဟု ယူဆ၏ ။ တင်မေ မှာ ရင်တနွေးနွေး နှင့် ငို ချင် သလို ခံစားပြီး ကျန်ရစ် တတ် လေသည် ။

သည်လို ဖြစ်ရသည် မှာ ကိုဇော်ဖေ တို့ ပြောင်း လာပြီး ခင်မင် လာ ကြသည့် အချိန် ကတည်း က ပင် ဖြစ်လေ၏ ။ တစ်နှစ် ကျော် သွားပေပြီ ။ တင်မေ သည် ကိုဇော်ဖေ အိမ် ကို ချည်း ကူးကာ နေလေသည် ။ နှုတ်ခမ်း မှာ “ ဦးလေးဇော် ... ဦးလေးဇော် ” နှင့် ခေါ် ၍ မပြတ် ၊ တင်မေ မှာ ရင်ထဲ တွင် တနွေးနွေး နှင့် နှာခေါင်း တွင် ချိုချဉ် မွှေးမြသည့် ရနံ့ကလေး တစ်ရစ် ဝဲဝဲ ဖြစ် နေခြင်း မှာ တဖြည်းဖြည်း ပြင်းထန် လာ၏ ။

ကိုဇော်ဖေ က တော့ တင်မေ ကို ကလေး လေး ထင် နေ၏ ။ တင်မေ ထွားကျိုင်း ဖွံ့ဖြိုး လာတာ ကို လည်း သတိ မထား ၊ တင်မေ့ မျက်လုံး ငေးငေးများ ကို လည်း အဓိပ္ပာယ် မရှာ ။ အရက် သောက်တာ ၊ မိန်းမ  လိုက်တာ ကို အမြဲ ဆူပူ ဆဲဆို သည့် မယား အစား ပြုစု အလို လိုက်သည့် တူမကလေး လို ချစ်ခင်သည် ။ ကိုဇော်ဖေ ၏ လောက တွင် တင်မေ တစ်ယောက် သာ သူ့ ဘက်သား ရှိ၏ ။ ထို့ကြောင့် တင်မေ ကို ဖြူစင်စွာ ချစ်၏ ။ ဒါကို သိသည့် လူ တစ်ယောက် ကတော့ တင်မေ ကံကောင်း နေ သေးသည် ဟု ဆိုမည် ဖြစ်လေ၏ ။

တင်မေ က တော့ မိမိ ကံ ကို မိမိ ဖန်တီး ချင်ပြီ ။

သောက် တာ က ကိုဇော်ဖေ ဖြစ်သော်လည်း စင်စစ် ရူးမူး တာ က တင်မေ ပင် ဖြစ်တော့ လေ၏ ။ ရင်တွင်းမှာ မချိ မဆံ့ ဖြစ်လွန်းတော့ နည်းလမ်း ကို ရှာ ၏ ။

ဥပမာ ဆိုပါတော့ ...

တစ်ညနေ တွင် ကိုဇော်ဖေ နှင့် တင်မေ တို့ မှာ မြို့ပြင် လမ်းလျှောက်ခင်း ၏ နံဘေး မြက်ခင်း မှာ ရောက် နေ ကြ လေ၏ ။ သူ က မြက်ခင်း ပေါ် ဝယ် မှောက် ကာ မြက်ပင်ကလေး များ ကို နှုတ်လျက် ရှိ၏ ။ မူးပြီး ထိုးမလဲသည့် တိုင်အောင် အမြဲတမ်း တော့ ခပ်ထွေထွေ ရှိရ ကား တင်မေ စွဲသည့် သင်းရနံ့ကလေး က တော့ တပျံ့ပျံ့ နေ လေ၏ ။ ထွေထွေလေး ဆိုပြန်တော့ လည်း သူ့ ဟန်ပန်က တစ်မျိုး ချစ်စရာ ။ တင်မေ မှာ မူ လက်ဖမိုး ပေါ် မေး တင် ၍ ငေး သည့် မျက်နှာထား မျိုး ဖြင့် သူ့ ကို သာ တစိုက်မတ်မတ် ငေး ကြည့် ကာ နေ လေ၏ ။ ကြက်သီး ထ နေ၏ ။ ချမ်းစိမ့် ပြီး နေ လေ၏ ။ ပြီးတော့ ငိုချင် လာ၏ ။

တင်မေ က သူ့ နဖူး ပေါ် ကျ နေသော ဆံပင် ကို တင်ပေး ရင်း က နဖူး ကို နောက် သို့ လန်ကျ သွားအောင် နှိပ် လိုက်ပြီး မျက်နှာ ကို မော့ စေ လေ၏ ။ ထို့နောက် မရိုးသား သဖြင့် တုန်လှုပ် နေသော အသံ ဖြင့် ...

“ ဦးလေးဇော် ”

“ ဘာလဲ ”

“ ဦးလေးဇော် ”

“ ဘာလဲ ဟ ”

“ ဦးလေးဇော် ”

သည်အခါ မှာ တော့ တင်မေ သည် ငိုသံ ပါ လာပြီး တင်မေ့ မျက်နှာ သည် လည်း သူ့ မျက်နှာပေါ် ကျတော့ မလို နီးကပ် လာ လေရာ ကိုဇော်ဖေ သည် “ ဪ ... ကျပ်လိုက်ပါဘိ ” ဟု ညည်းရင်း လူးလဲ ထ လေသည် ။

“ ဘာဖြစ်နေလဲ တင်မေ ”

တင်မေ သည် ခေါင်း ကို သာ ခါ နိုင်၏ ။ သူ က ရိပ်မိပုံ လည်း မရ ။ တင်မေ သည် သူ့ ကို မကြည့်တော့ ဘဲ မျက်နှာ လွှဲ နေ လေ၏ ။ တင်မေ မျက်နှာ က လည်း သွေးလျှမ်း ပြီး နီ ရဲ နေ၏ ။ သူမသိ အောင် လည်း တိတ်တဆိတ် ရှိုက် လျက် ရှိလေ၏  ။ ကိုဇော်ဖေ က မူ ကောင်မလေး  အရူးထ တာပါ ဟူသော အနေဖြင့် ဂရု မစိုက်ဘဲ ရှိလေသည် ။

“ ဦးလေးဇော် ”

“ လာပြန်ပြီ ”

“ ဦးလေးဇော် လို့  မခေါ်ချင်ဘူး ”

“ ဦးလေးပေ လို့ ခေါ် ဟာ ” ဟု သူ က စိတ်ပေါက်ပေါက် နှင့် ပြော၏ ။

သူတို့ နှစ်ယောက် သည် တိတ်ဆိတ် နေ ပြန်လေ၏ ။

“ ဦးလေးဇော် ”

ကိုဇော်ဖေ သက်ပြင်း ချ လေ၏ ။

“ မခင်သန်း ကို တင်မေ မုန်းတယ် ”

“ ဟား ဟာ ... ဘာဖြစ်လို့လဲ ဟင် ”

“ သူ က အားအား ရှိ ဆူပူ နေတာပဲ ။ သူ ဆူတာ ဘာဖြစ်လို့ ခံနေရတာလဲ ဟင် ။ ပြီး တော့ ဦးလေးဇော် ကို ပျော်အောင် မထားဘူး ။ ဘာမှ လည်း ဂရု မစိုက်ဘူး ။ တင်မေ သာ မရှိရင် ဦးလေးဇော် သိပ် မူး တဲ့ အခါ ဘယ့်နှယ် လုပ် မလဲ ”

တင်မေ သည် မြန်ဆန်စွာ ပြော လေ၏ ။ ကိုဇော်ဖေ က ဘာမျှ မပြော ။ တွေးနေ ဟန် ရှိ လေ၏ ။ တင်မေ က တော့ မိမိ စိတ်များ လေနေသည် ထင်၏ ။ အမှန်ပင် လေ နေ၏ ။ ထို့ ကြောင့် မှောင် ၍ အိမ် ပြန်ရန် ထ ကြသည့် အခါတွင် တင်မေ သည် “ ဇော် ရယ် ” ဟု မကြား တကြား သက်ပြင်းကလေး မှုတ်ထုတ် လိုက် မိလေ၏ ။ ကိုဇော်ဖေ က အံ့ဩ သလို ဖြစ် သွားပြီး သူ့ နား သူ မယုံနိုင် သလို ဘာမျှ မပြောဘဲ နေလေ၏ ။

“ ဇော် ” ဟု လမ်း ယှဉ် လျှောက် ရာ က ရဲတင်း မိုက်မဲစွာ ခေါ် လိုက်မိ၏ ။

“ ဇော် ... ဟုတ်လား ”

တင်မေ သည် မျက်နှာ ကို တစ်ဖက် လှည့် ပစ်ပြီး

“ ဟောဒီ လမ်း ဟာ ဘယ်တော့မှ မဆုံး ရင် ကောင်းမှာပဲ ဇော် ”

ဟု လွမ်းလွမ်းဆွေးဆွေး ညည်းညူ လိုက်လေ ရာ

“ ဘာဖြစ်လို့လဲ ကွယ် ”

“ အိမ်ပြန် မရောက်အောင် လို့ ပေါ့ ”

သည်အခါ မှာ မူ သူ သည် မျက်နှာ အနည်းငယ် နီ လာပြီ ထင်၏ ။ တင်မေ က ဝမ်း သာ၏ ။ ရှက်စိတ် ဆို၍ နည်းနည်း မှ လည်း မရှိပါ ။ မိုက် ချင်နေ၏ ။ ဘေးအန္တရာယ် ကို တောင့်တ နေ၏ ။ တင်မေ သည် သူ့ အနား တိုး ကာ ခါး ကို သိုင်းဖက် လိုက် လေ၏ ။ အရော ဝင် နေကျမို့ မထူးဆန်းသည့် အပြုအမူ ၊ သို့ပေမဲ့ ။

ကိုဇော်ဖေ ချောက်ချား နေသော အသံ ဖြင့်

“ တင်မေ  ... နင် မငယ်တော့ဘူး ”

“ သိသားပဲ ” ဟု ပေါ့ဆစွာ ခေါင်း ကို မော့ပြီး ပြောလိုက် မိ သေး၏ ။

ခဏ ကြာသော် ကိုဇော်ဖေ ၏ လက်မောင်း သည် တင်မေ့ ပခုံး ပေါ် လာ တင် လေ၏ ။ သူတို့ နှစ်ယောက် သည် တင်းကျပ်စွာ ဖက် ရင်း မှောင် ထဲ တွင် ဖြည်းလေးစွာ လျှောက် ကာ နောက်ဆုံး တွင် အိမ်ပြန် ရောက်ကြ လေ၏ ။ သူ့ စိတ် ထဲ ဘာ ရှိမည် ဟု ခုထိ တင်မေ မသိ ။ တင်မေ က တော့ ပျော်သည် ။

တင်မေ သည် ခု က စပြီး ပျော်ရတော့မည် ထင် လေသည် ။ သို့သော် နောက် တစ်နေ့ တွင် ကိုဇော်ဖေ သည် ဘာကို မှ မမှတ်မိတော့ သလို နေ လေ၏ ။ ည က အဖြစ် ကို မူး ပြီး မက် သည့် ကတောက်ကတက် အိပ်မက် ဟု ပင် ထင် နေသလား မသိ ။

တင်မေ သည် သူ သောက် သမျှ ကို သာ စားပွဲ ပေါ် လက်ဖဝါး နှစ်ခု ယှက် ချပြီး မေး တင် ကာ ကြည့် ရုံသာ တတ်နိုင်လေ တော့သည် ။

တင်မေ့ အသည်း ထဲ က ဇော် သည် ငါးရက် မျှ ပျောက်သွား လိုက် သေးသည် ။ ကိုယ့် ဇော် ကို ဖြင့် တင်မေ အတွင်း သိ အစင်းသိ ဖြစ်လေရာ  ငါးရက် လုံး ပင် စိတ်တို နေရ ပေသည် ။ ဇော် ကား လူပေလူတေ တစ်ယောက် ဖြစ်လေရာ သည်လိုပဲ ပျောက်သွား တတ်သည် ။ အရက်သမား တစ်စု နှင့် မလင်းအောင် သောက်လိုက် ။ ရီတီတီ ကြားဖြတ် ကာလကလေးများ တွင် ဟိုတယ်မယ် တွေ နှင့် တစ်ဖက် ငါးရာ လူးလှိမ့် နေ တတ်၏ ။ ဒါကို တင်မေ အတတ် သိ ၏ ။

တင်မေ က မူကား ဇော် ပြန် မလာ မချင်း စိတ် ထဲ က ဘာ ဖြစ်မှန်း မသိ ဒေါသ ဖြစ် သလို ၊ စိတ်ညစ် သလို နှင့် လှုပ်ရှား ထကြွသော ဝေဒနာ ကို ခံစား နေရလေ၏ ။

ဇော် ၏ မိန်းမ မခင်သန်း က မူ လာလျှင် ဆူပူလိုက်မည် ၊ ကြိမ်းမောင်းလိုက်မည် ဟု ဟန်ပြင် ထား၏ ။ အဆူအပူများ ကို ကြောက်၍ လည်း ဇော် က ထွက်ပြေး တတ်၏ ။

တင်မေ က မူ ကား ဆူးတောင်များ ရှိသော လိပ်ပြာ ကို လိုက်လာ ဖမ်းချင် နေ၏ ။ တင်မေ ၏ စိတ်ကူး တိုင်းပြည် ထဲ တွင် ကား ပန်းလိပ်ပြာကလေး မှာ ဆူးကလေးတွေ နှင့် ၊ ဖယ်လိုက် လျှင် လက် ကို လာ ၍ ရှ တတ်၏ ။ စူးတတ်၏ ။ ဒါပေမဲ့ စူးတာ ရှတာကလေး ကို ပဲ လိုချင် သလား ၊ မလိုချင် သလား မခွဲတတ် ၊ စိတ် ထဲ က မူ လာ၍ စူးလျှင် “ အမယ်လေး ” ဟု အော် ပစ်လိုက်ချင်၏ ။ အော်လိုက် မှ စိတ် က ပြေ သွား၏ ။

တစ်နေ့လုံး ပြတင်း မှာ မှီ ကာ ဇော့် ကို စောင့်နေ၏ ။

မခင်သန်း မှာ မီးဖိုချောင် မှ ကျိန်ဆဲ ရေရွတ် လျက် ရှိ၏ ။ သို့သော် အရိပ်အယောင် မှ ပေါ် မလာ ။ လေ က တိုက်ဝှေ့ တိုင်း ရွေ့လျား ၍ နေသော သစ်ပင်ရိပ်များ ကို တင်မေ က ကျိန်ဆဲ နေ၏ ။ ပြာသော ကောင်းကင် မှာ ကြေးမုံ လို ဝင်းလက် နေသည် ။ သစ်ကိုင်းသစ်ခက် တို့ မှာ အောက် သို့ သာ ငိုက်ယွန်း နေကြသည် ။ မြေပြင် ပေါ် တွင် လာ၍ ထင်ကြသော အကွက် တို့ မှာ လေ က သုတ်ဝှေ့ လိုက် တိုင်း ပြား၍ ပြား၍ သွားကြလေ၏ ။ ပုံသဏ္ဌာန် တို့ သည် တွန့်ယှက် ကာ ဝါးသွားကြ၏ ။ နောက် ပြန် ၍ ငြိမ်လာ၏ ။ နောက် ပြန်၍ ဝါးသွား ပြန်၏ ။

တင်မေ မှာ စိတ်မှန်း လို့ မတည် ။ ဇော် ... ဇော် ... ပြန်လာပါတော့ ကွယ် ။ သို့သော် လေ တစ်ချက် အဝှေ့ တွင် မြေပြင် မှ အရိပ်ကွက် အရိပ် ပြောက် တို့သည် လွင့်ပါး ၍ လှုပ်ရှား သွားကြ ပြန်၏ ။ ပုံသစ် တစ်ခု သို့ ကူးပြောင်း သွားကြပြန်၏ ။ သည်လို နှင့် ဒေါသ ထွက်ရ ပြန်ပါ၏ ။

ကနေ့ က လည်း ဇော် အိမ်ပြန် မလာ ။ တင်မေ သည် အစောကြီး အိပ်ရာ ဝင်သည် ။ တစ်ရေးနိုးသော အခါ တစ်ဖက်ခန်း မှ ဇော် ၏ အသံ ကြား ရ၏ ။ အရက်သံ မှာ ပြတ်သားစွာ ပေါ် လာ၏ ။ မိန်းမ က ဆူ၏ ။ တစ်ခါတစ်ခါ ကျယ်လောင် လာ၏ ။ ဇော်  ကမူ တိတ်ချက် ကောင်း နေ၏ ။

နောက် တစ်နေ့ တွင် ကား ဇော် ကို ယခင် က လမ်းလျှောက် လေ့ ရှိသော မြို့ အပြင် မြက်ခင်းကလေး တွင် တွေ့ကြ ပြန် လေ၏ ။

ခါတိုင်း ကဲ့သို့ ပင် တင်မေ က သူ့ ကို ကြည့် ကာ မခိုးမခန့် ရယ်၏ ။

“ ဘာလဲ ... ဒီ ကောင်မလေး ” ဟု ဆိုကာ ခေါင်း ကို ပုတ်လိုက်၏ ။ တင်မေ က ကျင်လည် ဖျတ်  လတ်စွာ ကွေ့ရှောင်လိုက် သဖြင့် လွတ် သွား၏ ။ နောက် တစ်ကြိမ်မူ အဖျား ခတ် ၍ ထိပွတ် မိလေရာ ဆံပင်တွေ မှာ ဖွာရရာ ကြဲသွား၏ ။

တင်မေ စွဲ သည့် သင်းရနံ့ကလေး က မွေးအပျံ့ပျံ့ ထွက် လာ၏ ။ မျက်လုံး မှာ ရီဝေ နေ၏ ။ ခါတိုင်းလည်း ရီဝေနေကျ ၊ မှုန်ဝေဝေ ဖြစ်နေကျ ။ သို့သော် ဒီတစ်ကြိမ်  မှု တင်မေ က ပို၍ မူးယစ် နေ၏ ။ မျက်တောင် မှာ စင်းကျ နေ၏ ။ အကြည့် မှာ ရီဝေ နေ၏ ။

နှုတ် က မူ “ ဇော် ... ဇော် ” ဟု တေးကာရန် ယူ သလို ရွတ် နေလေ၏ ။

“ ဘာလဲ ... ဒီ ကောင်မလေး ဘာဖြစ်နေလဲ ”

ဒါပဲ ကိုဇော်ဖေ က ပြောသည် ။

နှစ်ယောက်သား ဆက်၍ သာ လျှောက်သွား ကြ၏ ။ အရိပ်များ သည် ရှည်သည် ထက် ရှည်လျား လာ ကြသည် ။ နောက် အမှောင်ရိပ်များ သည် တစ်ခု နှင့်တစ်ခု ကူးဆက် ကာ ဆက် သွားကြလေသည် ။ ကျေးငှက်ကလေးများ တွတ်တွတ် ထိုးသံ သည် ဆူညံ၍ လာ၏ ။ ခေါင်းပေါ်မှ အရွက်များ ပြွတ်ကာ မိုးလာ ကြ၏ ။

“ မှောင်လာပြီ ကွ ” ဟု ကိုဇော်ဖေ က ဆို၏ ။

“ မှောင် မှောင် ...”

ကိုဇော်ဖေ က ဘာမျှ မပြောနိုင် ။ ငေးကြောင်ကြောင် နှင့် သာ တင်မေ့ ကို စိုက်ကြည့် နေရ၏ ။ တင်မေ က တော့ နည်းနည်း မျှ မဖြုံ ၊ ဘယ်သူ့ကို မှ မကြောက် ၊ အံ့သြသည့် အကြည့် ကို တင်း၍ နေနိုင်၏ ။

“ မှောင် ... မှောင် လေ ”

ထပ်၍ ပင် ပြောလိုက်သေး၏ ။

ပန်းရနံ့ကလေးတွေ မှာ မှောင်သော သစ်ရိပ် အကြား မှ ဖြတ်သန်း ကာ ဝင် လာ၏ ။ ဘာပန်းတွေ ၊ ဘာရွက်တွေ ၊ ဘာပင်တွေ ဟု မခွဲခြား နိုင်တော့ ။ မြင်မြင် သမျှ စိမ်းမှောင်မှောင် သာ ဖြစ်နေ၏ ။ ဟိုက တွဲလွဲ ၊ ဒီက တွဲလွဲ ဆိုင်းနေတာ ၊ ညွှတ်ကိုင်းကာ ကျနေတာတွေ ၊ ပိန်း ပိန်းတွေ အပြောက်အပြောက်သာ ၊ စိတ် ထဲ က သိနေ၏ ။ ဘာမျှ မထင်ရှားတော့ ။

သို့သော် တင်မေ အဖို့ ထင်ရှားနေတာ မှာ သင်းတပျံ့ပျံ့ရနံ့ကလေး ။ အရက်ငွေ့ ။

တင်မေ ကသာ စကားတွေ ပြော နေ၏ ။ သူ က အင်း လိုက်၏ ။ တင်မေ က ပြောရင်း စိတ်ပါလာ၏ ။ ငယ်ငယ် က တစ်ယောက် တည်း နေခဲ့ရတာတွေ ၊ အမေ တစ်ည လုံး ပြန် မလာ ၍ မှောင်ကြီးမည်းကြီး ထဲ စောင့် နေရတာ ။

“ အဲဒီတုန်းက လေ သိပ် ကြောက်တာပဲ သိလား ၊ သိပ်ကို ကြောက် တာပဲ ။ မီး က လည်း မရှိဘူး ၊ ဘာမှ မမြင်ရဘူး ။ ကြယ်ရောင်ကလေး သာ ရှိတယ် ။ ဒါပေမဲ့ မလင်းသလို ပဲ ။ တစ်ယောက် တည်း ဆိုတော့ တစ်မျိုးပဲလေ ၊ သိပ်ကို ကြောက်တာပဲ ။ ဘာမှ မမြင်ရပြန်တော့ သရဲ တို့ ၊ တစ္ဆေ တို့ ကို စိတ်ကူး ကြောက် ရတယ် ။ တစ်ယောက်တည်း နေ ရတာ စိတ်ကူး ဖြစ်တယ် နော် ဇော် ရေ ”

ကိုဇော်ဖေ ကား အင်း လိုက်၍ သာ နေ၏ ။ တင်မေ က ဆက် ပြော၏ ။

“ သိပ် စိတ်ကူး လို့ ကောင်း တာပဲ ။ ထင်ရာ မြင်ရာ လျှောက် တွေး တော့တာပဲ ။ နောက် စိတ်ကူးရင်း နဲ့ ကြောက်တယ် ဆိုတာ ဘာမှန်း မသိတော့ဘူး ။ သိပ်လည်း ရယ်စရာကောင်း တယ် ။ စိတ်ကူး ထဲမှာ ကြယ်ကလေးတွေ ဟာ စံပယ်ပွင့်ကလေးတွေ ဖြစ် နေကြတယ် ။ နောက် စကြာ လို လည် ပြီး လကြီး ဖြစ်သွား ပြန်ရော ။ လကြီး က ကြီး လာပြီး မျက်နှာ ပေါ် မိုး လာတော့တာပဲ ။ ငွေရောင် က လည်း တလက်လက် နဲ့ မျက်နှာ ကတော့ ကြောက်စရာ မကောင်း ဘူးရှင့် ။ ပြုံးနေတပဲ ။ အဲဒီ ကတည်း က စပြီး တစ်ယောက် တည်း နေရတာ မကြောက်တော့ဘူး ။ ဇော် ကော ဘယ့်နှယ်လဲ ”

ဇော် ကား ခေါင်း ကို သာ တွင်တွင် ခါ နေ လေ၏ ။

“ နင့် ဟာ ကလည်း ဟာ အရက်မူး တဲ့ လူ လျှောက် ပြေး တာ ကျတာပဲ ။ ပေါက်ကရ ရောက်တတ်ရာရာ ပဲ ကိုး ”

မြို့ အပြင် ချောင်းကလေး တစ်ခု နား သို့ ရောက် သွား၏ ။ တစ်ခါ မှ သည် ချောင်းလေးမျိုး ရှိသည်ဟု မကြားဖူး ။ ရေ မှာ ရေညှိတို့ ဖြင့် သာ ပြွမ်း လေ၏ ။ မှော်ပင် ပိန်းပင် တို့ ကား တရစပ် ပေါက် နေကြ၏ ။ အပေါ် မှာ ဇလပ်ပင်များ က အုပ် ၍ နေကြ၏ ။။အကိုင်းများ ညွှတ်ကွေး ကာ ရေသို့ ထိလုဘနန်း ဖြစ် နေလေ၏ ။ အချို့ ပျော့ပျောင်းသော နွယ်ချောင်း တို့ သည် ရေ ထဲ တွင် တစ်ဝက် နစ်မြုပ် လျက် ရှိ၏ ၊ ငှက်ကလေးများ ၏ တကျီကျီ  အော်သံ မှာ စူးရှ ၍ လာ၏ ။ မြူငွေ့ တို့ က လည်း သမ်း လာလေသည် ။

“ နင် မငယ်တော့ဘူး ” ဟု ကိုဇော်ဖေ က တစ်ချက် ဆို လိုက်၏ ။

တင်မေ ကား ကြားလိုက်သည် ဟု ပင် မထင်သည့် အလား “ ရေစပ်ကလေး သွားရအောင် ” ဟု ဆို ကာ ကိုဇော်ဖေ လက် ကို အတင်း ဆွဲ ခေါ် နေလေ၏ ။

“ ရေ ထဲ ကျ သွားလိမ့်မယ် ”

“ မကျပါဘူး ဇော် ရယ် ”

ကိုဇော်ဖေ က လက်လျှော့ လိုက်၏ ။ တင်မေ သည် ရေစပ် နား သို့ အရောက် သွား၏ ၊ ဇလပ် ကိုင်းများ ကို လက် နှင့် ဖယ်ရှား ပစ်ရ၏ ။ တင်မေ က သမင်မကလေး လို မြူးထူးဖျတ်လတ် စွာ ခုန်ပျံ ၍ သွား၏ ။ တစ်နေရာ တွင် ခြေတစ်ဖက် ရေထဲ နစ် သွား၏ ။

“ အမယ်လေး ” ဟု ငယ်သံ ပါ အောင် အော် လိုက်သည် ။

ကိုဇော်ဖေ သည် ပြေး ကာ သွား ၍ ပွေ့ရ၏ ။

“ ဘာဖြစ်တာလဲကွ ”

“ ဇော် ရယ် ” ဟု ဆိုကာ တင်မေ က ကိုဇော်ဖေ့ ကို ဖက် ထား၏ ။ ကိုဇော်ဖေ  ကလည်း ပြန် ဖက် ထား၏ ။

“ အိမ်ပြန်မယ် ” ဟု တင်မေ က အထူးအဆန်း ဆို၏ ။

သည်တစ်ခါမူ ဇော် က မပြန်ချင် ။ တင်မေ က မူ အမူး ပြေလေပြီ ။

“ ဒီ ကောင်မလေး သိပ် ခက် တာပဲ ”

ဟု ဆိုကာ တင်မေ ကို တိုး၍ ဖက် ထား၏ ။

“ လိမ္မာစမ်းပါကွယ် ”

“ ဘာ လိမ္မာရမှာလဲ ပြောစမ်းပါဦး ”

“ မင်း ကို မင်း ကလေး လို့ ထင်နေသလား ”

“ ကလေး မဟုတ်တော့ ဘာဖြစ်သေးလဲ ”

ကိုဇော်ဖေ က ရယ်မော ကာ နေ လေ၏ ။

သူတို့ သည် သစ်ပင်အောက် မြက်ခင်းသို့ လျှောက်သွား ကြ၏ ။ တင်မေ့ စိတ် မှာ မခံ ရပ် နိုင်အောင် ဖြစ်လာ၏ ။ တင်မေ က စိတ် ထဲ က အလိုမကျ တိုင်း မြက်များ ကို သာ ဆွဲ နှုတ် လေ၏ ။ ကိုဇော်ဖေ က မူ သူ့   ဖက် ထား၏ ။ သို့သော် တင်မေ ၏ အဖက် က ပို၍ တင်းကျပ်၏ ။

“ ဖက်ပါဦး ဇော် ရယ် ”

တင်မေ အစွဲကြီး စွဲ ခဲ့သော ဇော် ၏ သင်းပျံ့ပျံ့ရနံ့ကလေး မှာ သင်းမြ ၍ လာ၏ ။ အဝေး မှ ချောင်းရိုးတစ်လျှောက် ဝေ့ လာ သော စိမ်းဆတ်ဆတ် ရနံ့များ ထက် လှပ၏ ။ ချစ်စရာ လည်း ကောင်းလှ၏ ။

ဇော် ၏ ပါးစပ် က မူ “ ခက်တာပဲ ” ဟု ညည်းတွား နေ၏ ။

“ ဘာ ခက်တာလဲ ပြောစမ်းပါဦး ၊ ပြောလေ ပြောလေ ”

ကိုဇော်ဖေ ကား ဘာမျှ မပြောနိုင် ။ တင်မေ မှာ ကိုဇော်ဖေ ၏ မျက်နှာ နား သို့ ကပ် ကပ် လာ၏ ။ နောက် မျက်လုံး နှစ်လုံး ထိ သွား ကြ၏ ။ တင်မေ က နည်းနည်း မှ မျက်စိ ကို မပိတ်လိုက်ဘဲ ကြည့် နေ ၏ ။ မြင်သမျှ ကို ငေး ကာ ကြည့် နေ လေ၏ ။ ကြည့်ရင်း  မျက်တောင် စင်း လာ၏ ။ ငေး လာ၏ ။

တင်မေ က “ ဟင့်အင်း ... ဟင့်အင်း ” နှင့် ညည်းညူ နေ ၏ ။

ကိုဇော်ဖေ က မူ ကလေးလေး ဟု အောက်မေ့ ကာ မူးယစ်ယစ် နှင့် ဖက်၍ ထား၏ ။ တင်မေ က လူးလှိမ့် ၍ နေ လေ၏ ။ ကိုဇော်ဖေ က ငြိမ်သက် ကာ တွေး နေ၏ ။ ကျေးငှက် ကလေးများ သည် တကျီကျီ အော်မြည် ကာ သူတို့ ကိုယ် ပေါ် မှ ဖြတ်သန်း ပြေး သွား ကြ၏ ။

နောက်ဆုံး ၌ တင်မေ က ကိုဇော်ဖေ့ ကို တွန်းပစ် ကာ “ ပြန်မယ် ” ဟု ပြောပြီး ထွက် သွား၏ ။ ကိုဇော်ဖေ မှာ အံ့သြ ကာ ကျန်ရစ်၏ ။ ခေါ်၍ လည်း လှည့် မကြည့် ။ သည်တော့မှ နောင်တ ရ    ကာ လိုက်၏ ။ မမီတော့ ။ တင်မေ အား အနားကပ် ပင် မခံ ။ ယခင် လမ်းလျှောက် နေကျ မြက်ခင်းလေး သို့ ရောက်လာ သော အခါ မီလုမီခင် ရှိလာ၏ ။

“ ကောင်မလေး နေဦး ”

ဘာမျှ ပြန် မပြော ။

“ ကောင်မလေး နေဦး ဟ ၊ ငါ ပြောပါဦးမယ် ”

လှည့်၍ ပင် မကြည့် ။

ကိုဇော်ဖေ က ပြေး လိုက်သော အခါ တင်မေ က ထွက်ပြေး ၏ ။ ဒါနှင့် မြို့ ထဲ ဝင် လာ ၍ မမီ တော့ ။

သည် ကတည်း က တင်မေ နှင့် ကွဲကြတော့သည် ။ တင်မေ မှာ အိမ် ထဲ က အိမ်ပြင် မထွက်ဘဲ နေ၏ ။ နေနိုင် အောင် လည်း နေ၏ ။ ကိုဇော်ဖေ မှာ အစက တော့ သည်လို နေလိမ့် မည်ဟု မယုံကြည်ချင်ဘဲ စိတ်ကောက် တာ ပဲ ဟု အောက်မေ့ ၏ ။ သို့သော် သည် ကတည်း က တစ်ယောက် နှင့် တစ်ယောက် မဆုံကြတော့ပေ ။ ခါတိုင်း ကဲ့သို့ ပင် ကိုဇော်ဖေ သည် အိမ် မှ ၄ - ၅ ရက် ပျောက်သွား ပြန် လေ၏ ။ အရက် နှင့် ဟိုတယ်မယ် ကြား တွင် အိပ်ပျော် ကာ နေပြီး ပြန် ရောက် လာ၏ ။ တင်မေ ကို အစအန  မှ မတွေ့တော့ပေ ။

နှစ်တွေ ၊ နှစ်တွေ ကြာခဲ့ပေပြီ ။

ယခုမူ တင်မေ မှန်း မသိဘဲ တွေ့ ရပြီ ။ သူ ပြန် သွားပြီ ၊ သူ ပြန် သွားပြီလေ ။ ဘာတတ် နိုင်သေးသလဲ ။ ဟိုတုန်းက တွေ့ တုန်း က လည်း ဘာမှ မတတ်နိုင် ။ အခုလည်း မတတ်နိုင် ။ ဘာများ ထူးသလဲ ။

သူ ကတော့ သူ့ ဘဝ အလိုကျ အတိုင်း ပျော်ပါး သွား ပြီလေ ။ အရက် ချိမြမြလေး မြည်း ကာ အနမ်းကလေး နှင့် တို့ကစား ကာ နေ၏ ။ တစ်ခါတလေ ပါးချင်း အပ် ကာ စကား တတွတ်တွတ် ပြော၏ ။ အရက် ကို အနမ်း နှင့် မြည်းလိုက်ပါသေး၏ ။

တစ်ညလုံး ချစ်သူ နှင့် တစ်အိပ်ရာ တည်း အိပ် ရ၏ ။ သို့သော် သူ က မသိ ။ ချစ်သူ ဟူ၍ ဝေးစွ ။ တစ်ည သုံးလေးဆယ် ပေး ရသည့် မိန်းမတွေ ထောင်သောင်း ထဲ က အစက် ကလေး တစ်စက် မျှ ပင် ထင်ချင် မှ ထင်မည် ။ သိပ် မျှော်လင့် မနေပါနဲ့လေ ။ သေချာပါတယ် ။ တစ်စက် မှ မထင်ပါဘူး ။

ပိုက်ဆံ ပစ်ပေး ပြီး အခန်း ထဲ က မှ ဆင်း သွားသော ခြေသံများ ကို ကြားယောင်ယောင် ဖြစ်လာ ပြန်ပါ၏ ။ ခြေသံ တို့ ကား နှစ်ကာလ ကို ရေတွက် နေ၏ ။ နှစ် တွေ ကုန်လွန် ခဲ့ပြီ ။ အဖြစ်အပျက် မျိုးစုံ နှင့် ကြုံတွေ့ ကာ နောက်ဆုံး သည် ဘဝ သို့ ရောက်လာ ရ၏ ။ သူ့ကို ဘယ်တော့ မှ တွေ့ရလိမ့်မည် ဟုလည်း မမျှော်လင့် ခဲ့ ။ တွေ့ လည်း မတွေ့ချင် ။ တွေ့မယ့် တွေ့ တော့လည်း တစ်အိပ်ရာ တည်း မှာ တွေ့ကြရ၏ ။ တွေ့ပေမဲ့ အတိတ် မရှိ ။ သူ က ကိုယ့် ကို မသိ ။ ကိုယ် က သာ သိကာ မချိတရိ ဖြစ်နေရ၏ ။

ပြတင်းပေါက် မှ လေကလေး သုတ်ဖြူး ကာ ဝင် လာ၏ ။

ကိုဇော်ဖေ တင်ထားခဲ့ သော ငွေစက္ကူများ သည် စားပွဲ ပေါ် မှ လွင့် ကျ သွား၏ ။ တင်မေ သည် ချက်ချင်း လိုက် ကာ ကောက်၏ ။ လေ တစ်ချက် ဝှေ့ တိုက် လိုက် ပြန်ရာ အနား သို့ ရောက်ကာ မှ ဝေးသွား သဖြင့် တစ်ဖန် လိုက် ကောက်ရ ပြန်၏ ။ ရပြီ ။

နောက်ဆုံးတော့ ရပေပြီ ။

ငွေစက္ကူ မှာ အရက် စွန်း ထား သဖြင့်လား မသိ ။ ဝါ ကာ တွန့် နေ၏ ။ ယခင် က သင်း
ပျံ့ပျံ့ ရနံ့ကလေး မှာ ထွက်လာ ပြန်လေသည် ။

“ ဇော် ” ဟု ပါးစပ် က အလိုအလျောက် ထွက် လာသည် ။

သင်းပျံ့ပျံ့ရနံ့ကလေး မှာ လှိုင်၍ လာ ပြန်၏ ။ တင်မေ အစွဲကြီး စွဲ ခဲ့တဲ့ ရနံ့ ကလေးများ ။ ရနံ့ကလေး သာ လျှင် ကျန်ရစ် နေလေ၏ ။ ။

◾ကြည်အေး

📖 တာရာ မဂ္ဂဇင်း
      အတွဲ ၄ ၊ အမှတ် ၂၈
      မေ ၊ ၁၉၅၀

#ကိုအောင်နိုင်ဦး

.

Sunday, June 25, 2023

ပုဂံသူရဲကောင်းများ မှ ခင်မျိုးချစ် ၏ အမှာစကား


 

❝ ပုဂံသူရဲကောင်းများ မှ ခင်မျိုးချစ် ၏ အမှာစကား ❞

မောင်ရွှေ ရေ ..

အစ်မကြီးတို့ ဇနီးမောင်နှံ ကို မင်း ကလောင် နှင့် နှိပ်စက်ခဲ့တာ တွေ များပြီကော ၊ ဒုံးပျံကြီး နှင့် လ ကို သွား ဆိုလည်း သွား လိုက်ရ ၊ ငိုချင်း ချခိုင်းလည်း အဟဲအရှိုက်တွေ နှင့် ဆွဲလိုက် ငင်လိုက် ရတာတွေ အခုတော့ မင်း ကို ကလဲ့စား ချေရတော့မယ် ။ ဘယ်လို ချေမလဲ ဆိုတော့ အစ်မကြီး ကျူးလွန်တဲ့ ပြစ်မှုကြီး တစ်ခု ထဲ မှာ မင်းလည်း အလိုတူ အလိုပါ ပါဝင် ကူညီဖို့ ဆွဲထည့် မလို့ …

အခု ကျူးလွန်မယ့် အမှု က တော့ ရှေးရှေး ကတည်း က တုတ်ထမ်း ပြောရမယ် ဆိုတဲ့ ပုဂံရာဇဝင် ကို ပုံပြင် သဘော နဲ့ ပြန် ရေး မလို့ဘဲ ။ ကျားရဲ ရာ ကြမ္မာ မရိုးသာ ဆိုသလို အလွန်အငြင်း ပွား တဲ့ တုတ်တပြက် ဓား တပြက်ထဲ လက် ဝင်လျှို ရာမှာ အစ်မကြီး လက် တစ်ချောင်း မကဘူး ၊ မင်း ရဲ့လက် တော့ အဖော် ခေါ်ရတော့မှာဘဲ ...

အခု အစ်မကြီး ၊ ရှေးခေတ် မြန်မာသူရဲကောင်းများ ဆိုတဲ့ ခေါင်းစဉ် ဖြင့် ပုဂံရာဇဝင် နောက်ခံ ထား တဲ့ ဝတ္ထု ရေးပြီး လုပ်သားအင်္ဂလိပ် သတင်းစာ မှာ တနင်္ဂနွေ နေ့ တိုင်း ပါ နေပြီ ၊ အဲဒါကို မြန်မာ လို ဖတ်ကြရ အောင် လုပ်ဦးစို့လား ...

အစ်မကြီး ရဲ့ “ ရှေးခေတ် မြန်မာသူရဲကောင်း ” များဟာ ရာဇဝင် သမိုင်း မဟုတ်ဘူး ။ ရာဇဝင်ဝတ္ထုသမိုင်း ဒဏ္ဍာရီ သာ ဖြစ်တယ် ။ အင်္ဂလိပ် စာပေ မှာ ရှိတ်စပီးယား တို့ ဆာဝါလတာ စကော့ တို့ ရေး သလိုပေါ့ကွာ ၊ သမိုင်းဝင် ပုဂ္ဂိုလ်တွေကို ဇာတ်ကောင် ထားပြီး ဇာတ်အိမ် ဖွဲ့တာပဲ ၊ အဖြစ် အပျက် အချက်အလက် အားလုံးဟာ တကယ် အမှန်တော့ မဟုတ်ဘူး ၊ ဒါကြောင့် ဒီ ဝတ္ထု ထဲ က အချက်အလက်တွေ ဟာ ဘယ် ကျောက်စာ မင်စာ မှာ ပါ လို့ ရေးနိုင်တာလဲ ဆိုတဲ့ မေးခွန်းမျိုး မေးဖို့ မလိုဘူး …

သမိုင်း ထဲ က အချက်အလက်တွေ လည်း ဇာတ်လမ်း ထဲ ဝင် သ၍ သုံး တာပဲ ၊ တချို့လည်း ဇာတ်အိမ် နှင့် သင့်လျော်အောင် ပြင်ဆင် ချင် ပြင် သွားမှာပဲ ၊ အဲတာ က ဝတ္ထုရေးဆရာ ရရှိထားတဲ့ လိုင်စင် ၊ လွတ်လပ် မှု ပဲ သမိုင်း အချက်အလက် အတိအကျ မှန်မှန်ကန်ကန် လို ချင်ရင် သမိုင်း စာအုပ်တွေ ဖတ်ကြဖို့ပဲ ၊ သမိုင်းဝတ္ထု က တော့ မှန်ကန် တိကျတဲ့ အချက် မပေးနိုင် ပေဘူး ။ ရှိတ်စပီးယား ရေးတဲ့ သမိုင်းပြဇာတ်တွေ ကို ဖတ်ကြည့် လျှင် ယမ်းမှုန့် မပေါ်သေးတဲ့ ခေတ် မှာ စစ်ပွဲ ထဲ အမြောက်တွေ များ တောင် ပစ် လိုက် သေးတယ် ၊ ပြဇာတ် ရဲ့ အဓိက ယမ်းမှုန့် နှင့် အမြောက်အကြောင်း ရေးတာ မဟုတ်ဘူး ၊ ဖတ်တဲ့ လူတွေ က လည်း အဲဒီ ခေတ် က ဒါတွေ မရှိမှန်း သိပြီးသားပဲ ၊ ဖတ်လို့ ကောင်းဖို့ လူ့ စိတ် ထဲ မှာ စွဲပြီး အဲဒီ တုန်း က ဘုရင် က ဘယ်လို သဘော ရှိတယ် တိုင်းသူပြည်သား က ဘယ်လို နေတယ် ဆိုတာ တွေ အချင်းချင်း ပဋိပက္ခမှုတွေ ရဲ့ သဘောတရား ကို စာဖတ်သူ သဘော ပေါက်ဖို့ က သာလျှင် အဓိကပဲ ...

အင်္ဂလိပ် စာဆိုကျော် ‘ ဂျွန်းကိ  ’ ( John Keats ) ရေး တဲ့ စာပေ အရသာ ပီတိ အကြောင်း ကို ဖွဲ့တဲ့ ကဗျာစာ တစ်ပုဒ် ထဲ မှာ ဟိုးမား ရေး တဲ့ ဣလိယပျို့ကို ဖတ်တဲ့ အခါ မှာ သူ့ စိတ် ထဲ မှာ “ ကော်တေး ” ( Cortez ) ( ကမ္ဘာကျော် ခရီးသည်ကြီး ) ပစိဖိတ် သမုဒ္ဒရာကြီး ကို ပထမ အကြိမ် မြင်ရ တဲ့ အခါ မှာ ငေးပြီး … အံ့သြ သလိုပဲ လို့ ရေးခဲ့တယ် ၊ ဂျွန်းကိ ရေး လို တာ က မတွေ့ မကြုံစဖူး ထူးဆန်းတဲ့ အရာ ကို ပထမဆုံး အကြိမ် မြင်ရတဲ့ အခါ မှာ ခံစားရတဲ့ ပီတိ ကို ရည်ညွှန်းခြင်း သာ ဖြစ်တယ် ။ ပစိဖိတ် သမုဒ္ဒရာကြီး ကို ဘယ်သူ ပဲ ပထမ အကြိမ် တွေ့ သည်ဖြစ်စေ အရေး မကြီး ဘူး ၊ အဲဒါကြောင့် တချို့ ဝေဖန်ရေးသမားတွေ က ပစိဖိတ်သမုဒ္ဒရာ ကို ( Cortez ) ကော်တေး တွေ့တာ မဟုတ်ဘူး ၊ အချက်အလက် မှားတယ် လို့ ပြောကြ ရေးကြ တယ် ...

ဒီတော့ တခြား စာဆိုသူ တွေ က “ ပစိဖိတ်သမုဒ္ဒရာကြီး ဘယ်သူ ပထမ တွေ့တာလဲ ဆိုတာ သိချင်ရင် သမိုင်း စာအုပ်တွေ ဖတ် ဂျွန်းကိ ရေး တဲ့ ကဗျာ မဖတ်နှင့် ” လို့ ပြောကြ သတဲ့ ...

အစ်မကြီး လည်း အခု ရေးတာ က ဝတ္ထုပုံပြင် ရေးတာ ၊ ဒီတော့ ကျန်စစ်သား ဟာ အနော်ရထာ ရဲ့ သား ဟုတ် မဟုတ် ကို ဆွေးနွေး ငြင်းခုံ ဖို့ မလိုပါဘူး ၊ သား အဖ တော်သည် ဖြစ်စေ ၊ မတော်သည် ဖြစ်စေ ၊ မြန်မာ ပြည်ကြီး ကို တစ်စုတစ်စည်း တည်း စုရုံးရာ မှာ အနော်ရထာ နှင့် ကျန်စစ်သား ဟာ အတူတကွ လုပ်ကိုင် ခဲ့ကြတယ် ဆိုတဲ့ အချက် ကို သာ ဦးတည် ပြီး ရေးခဲ့တယ် ...

အစ်မကြီး ဘာလို့ ဒီ ... ပုဂံရာဇဝင် နောက်ခံ ထားတဲ့ ဝတ္ထု ရေးရ သလဲ ဆိုတာ တော့ ပြောပြ ချင်တယ် ၊ အစ်မကြီး ဟာ ပုဂံ ၊ ညောင်ဦးဘုရား တွေ ကို ငယ်ငယ် ကတည်း က ရောက်ဖူးခဲ့တယ် ၊ အစ်မကြီး ရဲ့ အဘိုး မန္တလေး - မြန်မာပညာရှိ ဦးဘေ က ကျောက်စာဌာန မှာ မစ္စတာ တော်စိန်ခို တို့ နှင့် အမှုထမ်း နေသူ ဖြစ်တယ် ၊ မကြာမကြာ ပုဂံ ၊ ညောင်ဦး ကို ကျောက်စာ ကူးဖို့ သွားရမယ် ၊ အစ်မကြီး က လည်း ၁၁ နှစ် အရွယ် လောက် လိုက် သွားလေ့ ရှိတယ် ...

အဲဒီ ကတည်း က အစ်မကြီး ပုဂံမြို့ နှင့် အုပ်စိုးခဲ့သူ နေထိုင်ခဲ့ သူတွေ ကို ချစ်ခင် စိတ်ဝင်စားခဲ့တယ် ၊ နေပူပူ ခြောက်သွေ့ သွေ့ ထဲ မှာ ပလိပ်ဆူး တွေ ကလည်း စူးပါဘိသနဲ့ ဘဘကြီး နောက် က လိုက် သွားရင်း ဘဘ ကြီး ပြောတာတွေ နားထောင် ရတာ က နေပူ တာတွေ ဆူး စူး တာတွေ မေ့ တာပဲ ၊ ခုလို အုတ်ကျိုးအုတ်ပဲ့တွေ ချုံပိတ်ပေါင်းတွေ နှင့် နေတဲ့ နေရာတွေ ဟာ ရှေး က ဆင်မြင်းရထား မင်း ၊ သူဌေး ၊ သူကြွယ် ၊ အမှုထမ်းတွေ နှင့် ကြက်ပျံ မကျ စည်ကားခဲ့တာ ပါလား ဆိုတာ တွေ ပဲ မျက်စိ ထဲ မြင်ယောင် လာတယ် ၊ အနော်ရထာ ကျန်စစ်သား ဆိုတာတွေ ဟာ စာမေးပွဲ နား နီး ရင် ဖြဲချောက်တဲ့ ပုံနှိပ်စာလုံးတွေ မဟုတ်ဘူး ၊ တကယ့် လူတွေ လို အသက်ရှင် လာတယ် ၊ တစ်ခါက ဘဘကြီး ပြောတာ မှတ်မိသေးတယ် ၊ “ အနော်ရထာ က ကာလသား ရှင်ဘုရင် ကွဲ့ မနားမနေ လျှောက် သွား နေတာ ဒီတော့ တိုင်းပြည် ချောင်ကြို ချောင်ကြား ဘာဖြစ်ဖြစ် သူ သိတယ် ... တဲ့ ”

ဒီလို ပြော လိုက်တော့ အစ်မကြီး ရဲ့ စိတ် ထဲ မှာ အနော်ရထာ ဟာ ကိုယ် နှင့် သိတဲ့ လူ တစ်ယောက် ဖြစ် သွားတာပေါ့ ပြီးတော့ သူ့ လက်ရာ ခြေရာတွေ ကို လည်း မျက်စိ နှင့် တပ်အပ် မြင် ရတော့ ပိုပြီး သဘောကျ လာ တယ် ……

ငယ်ငယ် က ဘဘကြီး နှင့် ပုဂံ ၊ ညောင်ဦး ကို လှည့်လည်ရင်း အစ်မကြီး ရဲ့ မျိုးချစ်စိတ် ကို ထူထောင် ခဲ့ရတယ် ၊ ဥပမာ အာနန္ဒာဘုရား ပြင် ဘက် ၅၅ဝ နိပါတ်တော်တွေ ထု ထားတဲ့ ကျောက်ခွက်ရုပ်တွေ ပေါ် မှာ ကိုင် ထားတဲ့ စဉ့် ကို ဘဘကြီး က ပြ ပြီး “ ကြည့်စမ်း - ငါ့မြေး - ဒီ စဉ့်မျိုး ဘယ်မှာ တွေ့ဖူးသလဲ ” လို့ မေးတယ် ၊ အစ်မကြီး ကလည်း သေသေ ချာချာ ကြည့်ပြီး အံ့သြတကြီး ပဲ “ ဟင် ... အိမ် က ကျွန်မတို့ လက်ဖက်ရည် အိုး က စဉ့်မျိုးပါလား - ရိုးတိုက် က ဝယ် တဲ့ အိုးလေ ... အဲဒါမျိုး ဈေး ထဲ မှာ တောင် မရောင်းဘူး ။ အဖိုး လည်း အများကြီး ပေး ရတယ် ...” လို့ ပြော လိုက်တယ် ၊ ဒီတော့ ဘဘကြီး က “ ဒါပေါ့ ငါ့မြေး ရဲ့ စဉ့် အကောင်းစား ပေါ့ ၊ အခု နိုင်ငံခြား က လုပ်တဲ့ လက်ဖက်ရည်အိုး အဖိုးတန်တွေ ပေါ် မှာ တွေ့ ရတဲ့ အစားမျိုး ... ဟိုတုန်းက တို့ လူမျိုးတွေ လုပ်တတ်တယ် ကွဲ့  ….”

အဲသလို ရှေးဟောင်း မြန်မာ့ လက်ရာ ယဉ်ကျေးမှုတွေ ကို ဂုဏ်ယူ တတ်အောင် ဘဘကြီး က သင်ပေး ခဲ့တယ် ကွဲ့ ။ အစ်မကြီး လည်း အဲဒီ ကတည်း က ပုဂံ ၊ ညောင်ဦး ၊ ပုပ္ပါး အရပ်တွေ ကို စွဲလမ်းခဲ့တယ် ၊ အဲ့ဒီမှာ နေခဲ့ အုပ်စိုးခဲ့ တိုက်ခိုက်ခဲ့ တဲ့ လူတွေ ကို အမြဲ အောက်မေ့ သတိ ရ တယ် ။ ဒါကြောင့် အခါအခွင့် ရတိုင်းပဲ အဲဒီ အရပ်တွေ ကို ပြန် သွား ခဲ့တယ် ၊ အဲဒီ ဒေသ မှာ နေခဲ့ဖူးတဲ့ လူတွေ လွန်လေပြီး သော်လည်း သူတို့ နာမည်တွေ ဟာ အသက် ရှင်လျက်ပဲ အဲဒီ လူတွေ ကို ဇာတ်ကွက် ဇာတ် အိမ် နှင့် ပြန် စုရုံး ချင်တယ် ၊ အဲဒီ စိတ်ကူး ဟာ အစ်မကြီး ရဲ့ အသည်း နှလုံး ထဲ မှာ ခိုအောင်း လာ ခဲ့တာ အခု ဆိုရင် နှစ်ပေါင်း ၄ဝ ရှိ ခဲ့ပြီ ။ အခုမှ အဲဒီ စိတ်ကူး ကို အကောင်အထည် ဖော် နိုင်ပြီ လေ ။ အဲသလို အကောင်အထည် ဖော်ရာ မှာ အစ်မကြီး သရုပ်ဆောင် မည့် အချက်တွေ က တော့ ...

၁ ။ ၁ဝ၄၄ နှစ် ၊ အနော်ရထာ နန်း တက်သည့် နှစ်မှ စ၍ နတ်ရွာစံ ၊ ၁ဝ၇၇ အထိ ၃၃ နှစ် အချိန်ကာလ သည် ၊ ခေတ်ပြောင်း တော်လှန်ရေး ကာလ ဖြစ်သည် ။ နတ် − နဂါး ကိုးကွယ်ခြင်း ၊ ဂါထာမန္တန်များ ကို အသား ပေးသည် ။ တန်တရစ် ဗုဒ္ဓဘာသာ အယူ ယူ ကြခြင်း အစ ရှိသည့် အကွဲကွဲ အပြားပြား ဝါဒများ ကို ၊ ထေရ်ရဝါဒ ဗုဒ္ဓဘာသာ တစ်ခု တည်း အောက် တွင် စုရုံး သည့် ခေတ် ဖြစ်သည် ။

၂ ။ နိုင်ငံတော် နယ်နိမိတ် သတ်မှတ်ခြင်း ၊ လူမျိုးစုများ စည်းရုံး ခြင်း ၊ အဲဒီ အချက်တွေ သရုပ်ဖော် ရာ မှာ ပါးစပ်ရာဇဝင် ဆိုတဲ့ ပုံ ဒဏ္ဍာရီတွေ ကို အသုံးချတယ် ။ တကယ် ဆိုတော့ ညောင်ဦးဖီး ၊ ငလုံးလက်ဖယ် ၊ ငထွေရူး ဆိုတဲ့ လူတွေ ဘယ် ကျောက်စာ မင်စာ မှာ ပါ လိမ့် မလဲ ။ ဗျတ်ဝိ ၊ ဗျတ္တ ၊ ရွှေဖျင်းညီနောင် ၊ မယ်ရွှေဥ ၊ မောင်ရင်မောင် ၊ စောမွန်လှ ၊ ဒီ လူတွေ ဟာ လည်း ဒဏ္ဍာရီ ထဲ က ဇာတ်ကောင် တွေ ပဲ ။ သမိုင်း စကား သန့်သန့် ပြောကြစို့ ဆိုရင် သူတို့ ဘယ်ထဲ မှ မဝင်ဘူး ။ အစ်မကြီး ယူဆ တာ ကတော့ သမိုင်း ထဲ ဝင် ချင် ဝင် မဝင်ချင် နေ ၊ လူတွေ ရဲ့ အသည်းနှလုံး ထဲ မှာ တော့ ဝင် နေ လို့ပဲ ။ ပါးစပ်ပုံပြင်တွေ ဇာတ်တွေ သီချင်းတွေ မှာ ဆိုရင် ဒီ နာမည် တွေ ချည်းပဲ မဟုတ်လား ။ ဒီ နာမည်တွေ အကြောင်း ပြုပြီး လူတွေ ပုဂံရာဇဝင် ကို သိ နေ ကြ တာပဲ ။

အစ်မကြီး အဲဒီ လူတွေ ကို ပြန် အသက် သွင်းမယ် ။ ဗျတ်ဝိ ၊ ဗျတ္တ ၊ ရွှေဖျင်းညီနောင် တို့ရဲ့ ဇာတ်လမ်း ကို ပြန် ဖော်မယ် ။ မဖြစ်နိုင်တဲ့ အယူ သီးမှု ၊ နတ်ကိုးကွယ်မှုတွေ ပါ နေတာ ကို ဘယ်လို လုပ်မလဲ ။ အခု ခေတ် နှင့် ညီ ပါ့မလား မေးစရာ ရှိတယ် ။ အဲဒီ ခေတ် က ကာယသိဒ္ဓိ အစ ရှိတာတွေ ကို ယုံကြည် ကြတယ် ။ လူ သေရင် နတ် ဖြစ်မယ် ဆိုပြီး ကိုးကွယ် ကြတယ် ။ အဲဒီ အချက် ကို ‘ နေမြဲ ’ ထား ရ မှာပေါ့ ။ ဒီ အယူအဆတွေ ရှိခဲ့တယ် ဆိုတာ ကို ဖုံးလို့ လည်း မရ ကွယ်ဖို့ လည်းမလို “ သူ့ အတိုင်း ထားရမှာပဲ ” နတ် ကိုးကွယ်မှု ၊ အယူသီးမှု နှင့် ပတ်သက်ပြီး တစ်ခု သတိ ပြု ရ မှာက လူ့ သဘာဝ ရဲ့ တောင့်တ လိုလားမှု ထဲ မှာ ကိုးကွယ် အားထားချင် တာရယ် ၊ အဲ ကိုယ့် စိတ် ကို အဆောင်အယောင် အခမ်းအနား တစ်ခု ခု နှင့် ဖြေသိမ့် ချင် တာရယ် ရှိတယ် ။ အဲဒီ လိုလားမှု ဟာ လူ့ သဘာဝပဲ ။ ဘယ် ခေတ် ဘယ် အခါ မဆို ရှိတာပဲ ။

နေရေး ထိုင်ရေး အကာအကွယ် မရှိ မယဉ်ကျေး သေး တဲ့ ခေတ် မှာ မိုးနတ် တိမ်နတ် အစ ရှိတဲ့ နတ်တွေ ကို အားကိုး ၊ ကိုးကွယ် ကြတာ ဓမ္မတာ ပဲ ။ အခု ခေတ် ကျ မှ ပြန် နှာခေါင်း ရှုံ့ စရာ မလိုဘူး ။ ကိုယ် လည်း အဲဒီ အထဲ က တက် လာတာ ပဲဆိုတာ သတိ ပြု ရမယ် ။

ကိုယ် ရင် ကတ္တရာစေး လမ်း ပေါ် လျှောက် အုတ်တိုက် ထဲ နေ ခလုတ် နှိပ် မီး ပွင့် တဲ့ ပတ်ဝန်းကျင် မှာ နေ ပြီး လယ် ထဲ ဝင်ခါနီး နတ် တင် တာ တို့ မိုး ထဲ လေ ထဲ လှေ ထွက် ခါနီး နတ် ပသ တာ ကို မကဲ့ရဲ့ကြ နှင့်ဦး ပေါ့ ။ မှောင်မှောင်မည်းမည်း ကန်သင်းရိုး မြက်တော ထဲ ဝင် ရမယ့် လူ ကို လည်း ကိုယ်ချင်း စာ ကြဦး ။ ကိုယ် က ဖြင့် ရေ ခြေမျက်စိ မြုပ်အောင် မဆင်းဘဲ ရေ ထဲ လှိုင်း ထဲ သွား ရမယ့် လှေသမား အဖြစ် ကို လည်း နားလည် ဖို့ လိုတယ် ။ ကိုယ် အထက် စီး နှင့် “ အလကား အယူသီးတဲ့ လူတွေပဲ …” လို့ မဲ့ရွဲ့ နေတာ နှင့် အကျိုး မပြီးဘူး ။ ဒီ လူတွေ က အယူသီး မှုတွေ စွန့် မှာ မဟုတ်ဘူး ၊ ကိုယ် အမြင် ကျဉ်း မျှသာပဲ ဖြစ်တယ် ။

အစ်မကြီး ရေးတဲ့ ဝတ္ထု မှာ အနော်ရထာ နှင့် ကျန်စစ်သား တို့ အဲဒီ အယူအဆတွေ ဘယ်လို “ ကိုင် ” တယ် ဆိုတာ သရုပ်ဖော် ထားတယ် ။ ပြီးတော့ ရှိသေးတယ် လူ ဆိုတာ က ကိုယ့် စိတ်ကို အဆောင်အယောင် အခမ်းအနား နှင့် ဖြေသိမ့် ရ မှ ကျေနပ်တယ် ။ နတ်ပွဲ ဆိုတာ လည်း အဲဒီ လိုလားချက် ကို ဖြည့်စွမ်း တဲ့ အလုပ် တစ်ခု ပဲ ။ ဆိုင်း နှင့် ဝိုင်း နှင့် အဆိုအက အစားအသောက် နှင့် စည်စည်ကားကား လုပ်ချင် ကြတယ် ။ ( ဥပမာ ) ပန်းပဲမောင်တင့်တယ် နတ် ဆိုပါတော့ ၊ လူတွေ ဟာ သူရဲကောင်း ကို အမှတ်တရ လုပ်ကြတာပေါ့ကွာ ။ နောင် နှစ်ပေါင်း ၉ဝဝ - ၁ဝဝဝ လောက် ကြာ ရင်တောင် လူတွေ က နှစ်ဆယ် ရာစုနှစ် လောက် က လူတွေ တော်တော် အူ တာပဲ ။ အလံ တစ်ဝက် ထူ ကျဆုံးလေပြီးသော ခေါင်းဆောင် ကြီးတွေ အလေးပြု ဆိုပြီး ( LastPost. ) ဘင်ခရာတွေ တီး သတဲ့ ။ အတော် အယူ သီး တဲ့ လူတွေ ပဲလို့ ပြောကြလေဦး မှာ ပေါ့ ။ ပြီးတော့ ဗမာပြည် လွတ်လပ်ရေး ရ တာလဲ ၊ အလံ လွှင့် ကမ္ဘာမကျေ တီး လူတွေ က အလေးပြု ဒါ လုပ်မှ ပဲ အချုပ်အခြာ အာဏာပိုင် နိုင်ငံ ဖြစ်တော့ မှာလား ။ “ ဒါတွေ လိုသလား ” အဲသလို ပြန် စဉ်းစား မှ ရှေးခေတ် က အယူအဆ နတ်ကိုးကွယ် တယ် ဆိုတာတွေ လည်း သူ့ ခေတ် နှင့် သူ့ အခါ လုပ်ကြတဲ့ ထုံးစံတွေ ပဲ လို့ မြင်လာ နိုင်မယ် ။ အဲသလို မြင် လာပြီး မှ ဝေဖန်ဖို့ ၊ ပယ်တန် တာ ပယ်ဖို့ ၊ ပြင်တန် တာ ပြင် ကြဖို့ ပေါ့ ။

အစ်မကြီး ရဲ့ ဝတ္ထု ထဲ မှာ တိုင်းပြည် ထူထောင် ရာ မှာ ဘုရင် နှင့် အရပ်သား ၊ ခေါင်းဆောင် နှင့် နောက်လိုက် ၊ ကိုယ့် တာဝန် နှင့် ကိုယ် ၊ ထောင့်စေ့ အောင် လုပ်ကိုင်ပုံ ကို သရုပ်ဖော် ထားတယ် ။ အနော်ရထာမင်း ဘုန်း ကြီး လို့ သိကြားမင်း က နတ်မြင်းပျံဆက် တာ အရိန္ဒမာလှံ ဆက် တယ် ဆိုပြီး ဘုန်းတန်ခိုး အသား ပေးတဲ့ အရေးအသား လည်း သူ့ ခေတ် နှင့် သူ ရှိခဲ့တာပေါ့ ။ စောမွန်လှ နှင့် အနော်ရထာ ဇာတ်လမ်း ဟာ လည်း ဘယ် ကျောက်စာ မင်စာ အထောက်အထား မှ အခု ထိ မတွေ့ ရ သေးဘူး ။ ဒါပေမဲ့ လူတွေ ရဲ့ နှလုံးသည်းပွတ် ထဲ မှာတော့ စွဲ နေတာပဲ ။ အဲဒီ ဇာတ် လမ်း ကို လည်း ပြန် အသက် သွင်း တဲ့ အခါ မှာ လူမျိုးစု စိတ်ဓာတ် ခိုင်မာမှု ဆိုတဲ့ ဘောင် ခတ်ပြီး လူမျိုးစု စိတ်ဝမ်း ကွဲ စေတဲ့ စကား အသုံးအနှုန်း နှင့် အကွက်များ ကို ပယ်ရှား ရလိမ့်မယ် ။

စောမွန်လှ ကို ဇာတ် ထဲ ကပြ ကြ သလို လွမ်း ရင် ပြီးရော ဆိုပြီး တစ်ဖက်သတ် နှိပ်စက်ခံ ဇာတ်ကောင် မဟုတ်ဘူး ။ အနော်ရထာ ရဲ့ ဘဝ လုပ်ငန်းစဉ်မှာ တစ်တပ် တစ်အား ပါဝင်ရတဲ့ ပါရမီ ဖြည့်ဘက် တစ်ဦး အဖြစ် သရုပ်ဖော် ရ လိမ့်မယ် ။

အနော်ရထာ တိုင်းပြည် နှင့် လူမျိုး ကို သံယောဇဉ် ကြီး သလို စောမွန်လှ ရဲ့ မေတ္တာ ကလည်း အနော်ရထာ ကို နှောင်ဖွဲ့ပြီး သာမန် တဏှာပေမ အချစ် မျိုး မဟုတ်ဘဲ မြင့်မြတ်တဲ့ မေတ္တာမျိုး ဖြစ်ရမယ် ။

အစ်မကြီး လည်း အခု မျက်မှောက် ခေတ် အမြင် နှင့် ပြန် ရေးမှာပဲ ။ အရေး ကြီး တဲ့ သမိုင်းအချက်တွေ ဘောင်ခတ် ထားတယ် ။ အဲဒီ ဘောင် ကို မကျော် ဘဲ အတွင်းသား ကို အစ်မကြီး စိတ်ကူး နှင့် ခြယ်လှယ် သွား တာပဲ သမိုင်း အချက် က အရိုး ပဲ အစ်မကြီး က အသား ထည့် ပေးတာပဲ ။

သမိုင်း အချက်အလက်တွေ နှင့် ပတ်သက် လို့ တော့ ဒေါက်တာ သန်းထွန်း ရေး တဲ့ ( The Story of Burma. ) အင်္ဂလိပ်လုပ်သား သတင်း စာ တနင်္ဂနွေ နေ့ တိုင်း ပါခဲ့တဲ့ အထဲ က အများကြီး အထောက်အထား ရ တယ် ။ ပြီးတော့လည်း သမိုင်းကော်မရှင် ဗိုလ်မှူးဘရှင် ဆီ ကို လည်း သွားပြီး ကိုယ် လိုချင်တဲ့ အချက်တွေ သွား မေးရတယ် ။ အမေး နွားကျောင်း ၊ အဖြေ ဘုရားလောင်း ဆို သလို အစ်မကြီး မေး တာက တစ်ခွန်း သူတို့ မှာ တော့ စာအုပ်ကြီးငယ် အကိုးအကား နှင့် ရှာ ပြော ရ တာပေါ့ ။

အစ်မကြီး ဒီ ဝတ္ထု ရေး ကတည်း က လူကြီးတွေ လည်း အကောင်း မနေရ ရှာပါဘူး ။ ဖိုင်တွဲတွေ ကို အရူးလွယ်အိတ် ထဲ ထည့် လွယ်ပြီး သူတို့ ဆီ သွား မေးမြန်း စကားများ ပေါ့ ၊ ဆရာ ဇော်ဂျီ တို့ ၊ ဆရာမင်းသုဝဏ် ၊ ဆရာဦးခင်ဇော် တို့ တစ်တွေ တော့ အစ်မကြီး မေးမြန်း နှိပ်စက် တာတွေ ခံနေကြ ရတာပဲ ။ အစ်မကြီး လုပ်ပုံက ဆရာကြီးတွေ အမြတ်တနိုး ထား တဲ့ ပုဂံရာဇဝင် စာအုပ်ကြီး ကို စင်ပေါ်  က ချပြီး လက်ဆော့ ဆေးရောင်စုံ ဆိုး နေတဲ့ ကလေး လိုပေါ့ ။ လူကြီးတွေ က လည်း ရင်တမမ နှင့် ပဲ အလို လိုက် ကြည့် နေရှာကြပုံရတာပဲ ။

◾ခင်မျိုးချစ်

📖 သော်တာဆွေ ရာပြည့် အမှတ်တရ လွမ်းတသသ

#ကိုအောင်နိုင်ဦး

.

လင်ယူရန်ပဲ ကျန်တော့သည်


 ❝ လင်ယူရန်ပဲ ကျန်တော့သည် ❞


ကျောင်းရှေ့ တွင် အငြိမ့်သား ထိုး ရပ်လိုက်သော ကားကြီး ကို ဒေါ် ခင်မှုန် လှမ်း ကြည့်လိုက်သည် ။ ယနေ့လည်း ကျောင်းသားသစ် များ တဖွဲဖွဲ ရောက်လျက် ရှိသည် ။ ကျောင်းသားသစ် တွေ ရောက် လာတိုင်း ဒေါ်ခင်မှုန် ဝမ်းမြောက်ရသည်  ။ ဒီ ကျောင်း ကြီး ကို စတင် တည်ထောင်ခဲ့သည် မှာ နှစ်များ စွာ မကြာသေး သော်လည်း ကျောင်းသက်တမ်း နှင့် မမျှအောင် အောင်မြင်လှသည် ။ အခြေခံမှ စ၍ တက္ကသိုလ်ဝင် တန်း ထိ ကျောင်းသားများ ၅၀၀ နီးပါး ရှိခဲ့ပြီ ။ မနှစ်က တက္ကသိုလ် ဝင်တန်းသားများ ၄ဝ ဖြေသည့် အနက် ၃၃ ယောက် အောင်မြင်ခဲ့ သည် ။


ယခု နှစ် တွင် ကား တက္ကသိုလ် ဝင်တန်း မှာ ပင် ကျောင်းသားများ ၆၀ ကျော် လာတော့သည် ။ တစ်နေ့တစ်နေ့ ကျောင်းသားများ နှင့် ပင် ဒေါ်ခင်မှုန် ပျော် ရသည် ။ တစ်နေ့ တစ်နေ့ ကျောင်း သင်ခန်းစာ များ နှင့် ပင် ဒေါ်ခင် မှုန် ပျော် ရသည် ။ ဒေါ်ခင်မှုန် သည် မိမိ ကိုယ်တိုင် က ပညာ အရည်အချင်း ကောင်း သည် သာမက ကျောင်းသူ ၊ ကျောင်းသား များ သဘော ပေါက်လွယ် ၊ နားလည်လွယ်အောင် သင်ပြနိုင် စွမ်း ရှိသူ တစ်ယောက် ဖြစ်သည် ။ အသင်အပြ ၊ အအုပ်အချုပ် ကောင်းသော ဒေါ်ခင်မှုန် ကို ကျောင်းသူ ၊ ကျောင်းသား တိုင်း က ချစ်ခင် လေးစားကြသည် ။ သူငယ်တန်း ကလေးများ သည် တပြုံးပြုံး နေ တတ်သော ဆရာမ ကြီး ဒေါ်ခင်မှုန် ကို ကျောင်းတက် လာ လျှင်လည်း တစ်ပြုံတစ်မကြီး ဆီးကြို တတ်ကြသည် ။ ကျောင်း ဆင်းလျှင် လည်း တစ်ပြုံတစ်မကြီး ဝိုင်း၍ ကား ပေါ် တက်သည် အထိ ပို့ တတ်ကြသည် ။ ကျောင်းသူကြီးများ ကမူ ဒေါ်ခင်မှုန် ၏ အော်စတင်ကားနက်လေး ဆိုက် သည် နှင့် တစ်ပြိုင်နက် ကား တံခါး ကို ပြေး ဖွင့်ပေး တတ်သည် ။ ဆရာမကြီး ၏ အစဉ် ပြုံး နေတတ်သော မျက်နှာ ကို မြင် လိုက်သော ကျောင်းသားများ သည် ရင်တွင်း ၌ အေးချမ်း သွား တတ်သည် ။ ဆရာမကြီး ကိုယ်တိုင် ကလည်း တပည့်များ ပျော်ပျော်ရွှင်ရွှင် လန်းလန်းဆန်းဆန်း နေကြထိုင်ကြသည် ကို စိတ် ချမ်းမြေ့ ရွှင်လန်းခြင်း ဖြစ်ရသည် ။


ဆရာ နှင့် တပည့်တို့ ၏ အပြန်အလှန် မေတ္တာ တရားများ ကြောင့် လည်း ကျောင်းကြီး မှာ ပို၍ သိုက်မြိုက် စည်ကားခြင်း ဖြစ်ခဲ့ရသည် ။


ဒေါ်ခင်မှုန် ၏ ဂုဏ်သတင်း ကြောင့် တစ်နှစ် ထက် တစ်နှစ် ကျောင်းသားဦးရေများ တိုးတက် လာခဲ့သည် ။ ယခု နှစ် တွင် မူ ကျောင်းသားများ ၅ဝဝ နီးပါး မျှ ဖြစ် လာခဲ့သည် ။


ယခုရက် အတွင်း မှာ လည်း နေ့စဉ် လိုလို ကျောင်းသားသစ် များ တိုးနေ ဆဲ ဖြစ်သည် ။


ဒေါ်ခင်မှုန် သည် ကျောင်း ရှေ့ တွင် အငြိမ့်သား ရပ် လိုက်သော ကားသစ်ကြီး ကို မြင်လိုက်သည် နှ င့် ပင် ကျောင်းသားသစ် ရောက်လာပြန်ပြီ ဖြစ်ကြောင်း ကို သိ လိုက်သည် ။


သို့သော် ဒေါ်ခင်မှုန် သည် တစ် ချက်မျှ ကြည့်လိုက် ပြီးနောက် ဣန္ဒြေရရ ပင် သင်ခန်းစာများ ကို ကြည့်လျက် ရှိသည် ။ 


ခဏ အတွင်း မှာ ပင် ဒေါ်ခင်မှုန် ခေါင်း မော့ လိုက် သော အခါ မျက်လုံးများ ဝိုင်းဝိုင်း လည် သွားရ တော့သည် ။


ဒေါ်ခင်မှုန် မျက်နှာချင်း ဆိုင် လိုက်ရသူများ မှာ ဘယ်အခါ က မျှ ဒေါ်ခင်မှုန် မမျှော်လင့်ခဲ့သော သူများ ဖြစ်ကြသည်  ။


ဦးထွန်းရွှေ နှင့် ဒေါ်ဖြူ သည် သား ကို လက် ဆွဲကာ ဒေါ်ခင်မှုန် ရှေ့ ၌ ရပ်လျက် ရှိကြသည်  ။ 


ဒေါ်ခင်မှုန် သည် အံ့သြတကြီး ကြည့် မိရာမှ တဖြည်းဖြည်း ပြုံး လာတော့သည် ။ 


“ ဟဲ့ ... ထွန်းရွှေ ၊ မိဖြူ ၊ အံမလေး နင် တို့ နှစ်ယောက် နှယ်ဟယ် ။ ကဲ ... ထိုင်ကြစမ်း ၊ ထိုင်ကြစမ်း ” 


ဒေါ်ခင်မှုန် ၏ အသံ သည် တုန်တုန်ယင်ယင် ဖြစ် လာသည် ။ အံ့သြခြင်း မှ ခဏနှင့် ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ် လာရ သည် ။


ဝမ်းသာခြင်း ၏ ရိုက်ခတ် မှု သည် ရင်တွင်း က ပင် လှုပ်ရှား လာခဲ့သည် ။


ဦးထွန်းရွှေ နှင့် ဒေါ်ဖြူ သည် ဒေါ်ခင်မှုန် ကို ကြည့်ရာ မှ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့် ကာ ပြုံး လိုက်သည် ။


ဦးထွန်းရွှေ ၏ အပြုံး က မူ ဆွေး မြည့်လွမ်းဆွတ် ခြင်း ကြား မှ တိုး ထွက်လာ ရသော အပြုံး နှင့် ပင် တူ လှသည် ။ 


“ ကဲ ... ထိုင် သား ”  


ဒေါ်ဖြူ က သားငယ် ကို ကု,လားထိုင် ဘက် လက် ဆွဲ ၍ နေရာ ပေး လိုက်သည် ။ ဦးထွန်းရွှေ နှင့် ဒေါ်ဖြူ တို့ က ဘေးနှစ်ဖက် တွင် ထိုင်၍ သားငယ် က အလယ် တွင် ဝင် ထိုင်လိုက်သည် ။ 


“ အမလေး .. သားတောင် လူပျို ဖြစ်တော့မှာ ပါလား မိဖြူ ၊ ထွန်းရွှေ ရုပ်နဲ့ တစ်ပုံတည်းပဲ ဟဲ့ ။ အားလုံး ဘယ်နှယောက် ရနေပြီလဲ ” 


“ နှစ်ယောက် လေ ၊ အိမ် မှာ အငယ် မိန်းကလေး ကျန်ခဲ့တယ် ”  


ဦးထွန်းရွှေ က ဖြေ ရင်း ဒေါ်ခင်မှုန် ကို မျက်တောင် မခတ် ကြည့် လိုက်သည် ။ ဒေါ်ခင်မှုန် ၏ မျက်နှာ သည် ပြူး၍ သာ ပြုံးနေရသော်လည်း ရင်တွင်း က ထိခိုက် မှု သည် အပြုံး ရိပ်များ ကြား မှ တရေးရေး ပေါ်လွင်လာ သလို ရှိ လှသည် ။


ပြောနေသော စကားများ က လူကြီးစကားများ ပြောနေကြရသော်လည်း ရင်တွင်း က ခံစား ချက်များ က မူ လွန်ခဲ့သော ၁၀ နှစ် ကျော် ဆီသို့ ရောက်နေကြသည် ။


အတွင်းစိတ် ကို မျိုသိပ်ရသော ဒုက္ခ သည် ကြီးမား လှပါတကား ။ 


“ ဒေါ်ခင်မှုန် ... အဲလေ ... မခင်မှုန် နဲ့ သာ မတွေ့ရတာ မခင်မှုန် ရဲ့ သတင်း ၊ မခင်မှုန် ကျောင်း ရဲ့ သတင်း တွေ တော့ အမြဲ ကြားနေရ ပါတယ် ။ ဒါနဲ့ မိဖြူ နဲ့ နှစ်ယောက် တိုင်ပင်ပြီး သားလေး လည်း ဒီမှာ ပဲ ထားမယ်လို့ ဆုံးဖြတ်ခဲ့ကြ တယ် ”  


“ ဟုတ်တယ် အမှုန် ၊ အမှုန့် ကျောင်း က သိပ် နာမည် ကြီးတာ ပဲ ။ အေးလေ ... အမှုန် က ခုမှ နာမည် ကြီးတာ မဟုတ်ပါဘူး ။ ငယ်ငယ် ကတည်း က အမြဲ နာမည် ကြီးခဲ့တာ ၊ ဟင် ...  ကိုထွန်းရွှေ ”  


ဦးထွန်းရွှေ နှင့် ဒေါ်ဖြူ တို့ စကားများ သည် ဒေါ်ခင်မှုန် ၏ ရင်တွင်း၌ နင့်ခနဲ ဖြစ် သွားရသည် ။ သို့သော် ဒေါ်ခင်မှုန် က မျက်စလေး ချီ ၍ ပြုံး လိုက်သည် ။ 


“ အေးပါကွာ ၊ ကိုယ် ကတော့ အမြဲတမ်း နာမည် ကြီးတဲ့ ဘက်က ချည်း နေခဲ့တာပါ ”  


သုံးယောက်သား ရယ်လိုက်ကြ ရာ ကလေးငယ် သည် ပင် ရောယောင်၍ ပြုံး လိုက်သည် ။ 


“ သား နာမည် ဘယ်သူလဲ ကွ ”  


“ မောင်မောင်ဦး ”   


“ ဟာ .. လူ ကလည်း လှ ၊ နာမည် က လည်း လှပဲ ။ အသက်ကော ဘယ်နှနှစ် ရှိပြီလဲ ” 


“ ၅ နှစ် ” 


မေးလိုက် တိုင်း မဆိုင်းမတွ ခပ်သွက်သွက် ဖြေ တတ်သော မောင်မောင်ဦး ကို ဒေါ်ခင်မှုန် က သဘော ကျ လှသည်  ။ 


“ အေးကွ ... ယောက်ျား ဆိုတာ ဒီ လို သွက်မှ ပေါ့ ။ သား ကျောင်းမှန် မှန် တက် ရမယ် ။ ဆရာမကြီးတို့ နဲ့ ပျော်ပျော်ပါးပါး နေရမယ် နော် ဟုတ်ပြီလား ”  


“ ဟုတ်ကဲ့ ”  


“ ဟောဟို ဆရာမ လှလှလေး တွေ့ လား ။ အဲဒီ ဆရာမလေး အတန်း မှာ နေရမယ် ဟုတ်ပြီ လား ”  


“ ဟုတ်ကဲ့ ” 


“ မမြကြည် ရေ ၊ ဟောဒီ မောင် မောင်ဦး ကို စာရင်း သွင်းပါ ” 


ဒေါ်ခင်မှုန် သည် အတန်း ဆရာမ လက် သို့ မောင်မောင်ဦး ကို အပ်လိုက်သည် ။ 


ဒေါ်ခင်မှုန် နှင့် ဦးထွန်းရွှေ တို့ ခဏကြာမျှ စကား ပြောကြပြီး နောက် ဦးထွန်းရွှေ နှင့် ဒေါ်ဖြူ တို့ ပြန်ကြသည် ။ 


“ အမှုန်ရေ .. သိပ် ကြိုးစား ၊ သိပ် အလုပ် လုပ်ပြီး ပစ္စည်းတွေ ချည်း သိပ် စု မနေနဲ့ ကွယ် ၊ အမှုန့်ဘဝ မှာ ကြိုးစားဖို့ တစ်ခု ပဲ ကျန်တော့ တယ် ” 


ပြန် ခါနီး ပြောသွားသော ဒေါ် ဖြူ ၏ စကားများ သည် ဒေါ်ခင်မှုန့် နား တွင်း က မထွက်နိုင်အောင် ဖြစ်ရသည် ။ 

ဦးထွန်းရွှေ နှင့် ဒေါ်ဖြူ တို့ ကား ထွက်သွားသော အခါ ဒေါ်ခင်မှုန် သည် ကျောင်းမျက်နှာစာ ဝ က ပင် အသာ ရပ် ကြည့်လိုက် မိသည် ။


ဒေါ်ဖြူ တို့ ကား မျက်လုံးတွင်း မှ ပျောက်ကွယ်သွား မှ စားပွဲ ဆီသို့ ပြန် လာခဲ့သည် ။


စားပွဲ ၌ ထိုင် လိုက်သောအခါ ဒေါ်ခင်မှုန် ၏ မျက်လုံး များ သည် ပြာဝေသွားတော့သည် ။

ကျောင်းသားများ ရှေ့ တွင် အစဉ် ပြုံး နေတတ်သော ဒေါ်ခင်မှုန် ၏  မျက်နှာသည် အားနည်း ညှိုးငယ် လာခဲ့သည်  ။


ရင်တွင်း ၌ တလှိုက်လှိုက် တက် လာသော ဝေဒနာ ကို ခံ လိုက်ရစဉ် ပင် ဒေါ်ခင်မှုန် သည် ကျောင်းအုပ် ဆရာမကြီး ဘဝ ကို ခဏ မေ့၍ သွားလေသည် ။ ကျောင်းသူ ကလေး မခင်မှုန် ၏ ဘဝ ကား တရေးရေး ပင် ။


ထွန်းရွှေ ပြန် ပေးသော စာအိတ် ကို ဖွင့်လိုက်သည် နှင့် မခင်မှုန် မျက်လုံး ပြူး သွားရတော့သည် ။


ထွန်းရွှေ သည် မခင်မှုန် နှင့် တစ် တန်းတည်း သား ဖြစ်သည်  ။ မခင်မှုန် ထံ မှ စာအုပ်များ ကို မကြာခဏ ငှား တတ် သည် ။ 


ထွန်းရွှေ စာအုပ် ခဏခဏ ငှား ကတည်း က မခင်မှုန် အကဲခတ် ခဲ့ မိသည် ။ ထွန်းရွှေ သည် စာအုပ်များ ရှိ ပါလျက်နှင့် ငှားခဲ့သည် မှာ မရိုးသားသော အပြုအမူ ဖြစ်လိမ့် မည် ဟု ထင်ခဲ့သည် ။ မခင်မှုန် ထင်သည့် အတိုင်းလည်း ဟုတ် လေသည် ။  


ထွန်းရွှေ သည် တစ်နေ့က အက္ခရာ သင်္ချာစာအုပ် ငှား သွား သည် ။ ယနေ့ စာအုပ် ပြန်ပေးသော အခါ စာအုပ် ကြား ၌ စာရွက် ပြာပြာ အခေါက်လေး ကို တွေ့ရ တော့သည် ။


စာရွက်ခေါက်လေး ကို မြင်သည် နှင့် မခင်မှုန် ရင် တွင် ထိတ်ခနဲ ဖြစ်သွားသည် ။ ချက်ချင်းပင် စာအုပ် ကို ပြန်ပိတ် လိုက်ရသည် ။ 


လူ လစ်တော့လည်း စာအုပ် ကို ချက်ချင်း ဖွင့်ကာ စာရွက်ခေါက် ကို ဆွဲ ယူလိုက်သည် ။ စာရွက် ကို ခါး ကြား လိမ် ကာ အိမ်သာ တွင်း သို့ ပြေး ရသည် ။ အိမ်သာ တံခါး ချက် ကို ချပြီး မှ စာရွက် ကို ထုတ်၍ ဖတ်ရသည် ။ 


စာရွက် ကို ဖြန့် ကိုင်လိုက်လျှင် ပင် လက်များ က တဆတ်ဆတ် တုန် လာသည်  ။ တံခါး ပိတ် ထား သည် ကိုပင် စိတ် မလုံနိုင်ဘဲ တံခါး ကို ကိုင်၍ လှုပ် ကြည့်ရသေး သည် ။


စာ ကို ဖတ် လိုက်ရသောအခါ ကား ရင်တွင်း က လှုပ်ရှားမှု ဝေဒနာ သည် တစ်ကိုယ်လုံး ခိုက်ခိုက် တုန်လာ ရတော့သည် ။ 


အမှုန် ...

      ကျောင်းသူတွေ အားလုံး ထဲ မှာ အမှုန့် ကို အခင်ဆုံးပဲ ။ အမှုန့် ကို ခင်တွယ်ရတဲ့ စိတ်တွေ ဟာ တစ်နေ့ထက် တစ်နေ့ စွဲလမ်း လာ ရတယ် ။ ဒီတော့ ရိုးရိုးတန်းတန်း ခင်တွယ်တဲ့ စိတ် ဟာ ချစ်တဲ့ စိတ် တွေ ဖြစ်ရတော့တာပေါ့ ။ 

      အမှုန့် ကို ချစ်တယ် ၊ အမှုန် က ချစ် တယ် ဆိုတဲ့ စကား ကိုယ် ကြားပါရ စေ ။ 


ခုချက်ချင်း မဟုတ်တောင်မှ တစ်နေ့ မှာ အမှုန့် ရဲ့ မေတ္တာရိပ် ကို ခိုလှုံခွင့် ရချင်ပါရဲ့ အမှုန် ။ 

                ထွန်းရွှေ


စာ ဖတ်၍ ဆုံးသော အခါ မခင်မှုန် သည် အရုပ်ကြီး လို ငြိမ်သက် နေတော့သည် ။ ဝေဒနာ ရှိန် သည် တဖြည်းဖြည်း ပို၍ တက် လာ၏ ။ ထို ဝေဒနာမျိုး ကို တစ် ကြိမ် တစ်ခါမျှ မခံစားရဖူးချေ ။ ခု လို ခံစားရတော့လည်း ဝေဒနာ ၏ အရသာ ကပင် အရသာ ရှိ သလိုလို ထင် မိခဲ့သည် ။


ထွန်းရွှေ သည် မိဖြူ နှင့် အိမ်နီးချင်း ဖြစ်သည် ။ ကျောင်း တက်လျှင်လည်း အတူတူ တက်သည်  ။ ကျောင်း ပြန်လျှင် လည်း အတူတူ ပြန်သည် ။ ဖြစ် ချင်း ဖြစ်လျှင် မိဖြူ နှင့် ဖြစ်သင့် သည် ။ သို့သော် မိဖြူ ကို ကျော်၍ ကိုယ့် ကိုယ် မှ ရွေးချယ်၍ ချစ်သော ထွန်းရွှေ ကို မခင်မှုန် က အံ့သြ မိသည်  ။ ကိုယ့် ကိုယ် ကို လည်း အထင် ကြီး သလိုလို ဖြစ် မိသည် ။


သို့တိုင်အောင် မခင်မှုန် သည် အချစ် ကို ကြောက် ခဲ့သည် ။ ချစ် တယ် ဆိုတာ စကား ကိုပင် နား ကြားရှက်လှ သူကလေး တစ်ယောက် ဖြစ်ခဲ့သည် ။


ထွန်းရွှေ ၏ စာ ကို ရပြီးသော နေ့ မှ စ၍ ထွန်းရွှေ ၏ မျက်နှာ ကို ပင် မကြည့်ရဲအောင် ဖြစ်ခဲ့သည် ။ ထွန်းရွှေ အနား သို့ တရစ်ရစ် လာ လုပ် နေလျှင် ခေါင်း မဖော်ဘဲ မျက်နှာကြီး အောက်စိုက် နေခဲ့ သည် ။


တစ်နေ့ ကျောင်းမုန့်စား လွှတ် ချိန်တွင် မခင်မှုန် သည် အပြင် မထွက်ဘဲ ဂျီသြမေတြီ တစ်ပုဒ် ကို တစ်ယောက် တည်း တွက် ကျန်ခဲ့သည် ။


ကျောင်းထဲ တွင် တစ်ယောက် မျှ မရှိ ဟု ထင်သော်လည်း မခင်မှုန် ထင်သလို မဟုတ် ။ အမြဲ ချောင်းနေ သော ထွန်းရွှေ သည် မခင်မှုန် အနား သို့ ရောက်လာတော့သည် ။


 “ အမှုန် ...” 


မခင်မှုန့် လက် ထဲ မှ ဖောင်တိန် သည် လွတ် ကျ သွားတော့သည် ။ မခင်မှုန် သည် မျက်တောင် ကို တ ဖျပ်ဖျပ် ခတ် လိုက်သည် ။ မျက်ရည်ကြည်များ သည် မျက်တောင် တစ်ချက် ခတ် လိုက် တိုင်း မျက်တောင်ဖျား ၌ ခို ၍ စဉ် ထွက် သွား ကြသည် ။ 


အရှက် ကြီးလှသော မခင်မှုန် သည် မျက်ရည် ဝဲသော မျက်လုံး ကို ပင် အောက် ငုံ့ထား လိုက်သည် ။ 


“ သိပ် နေနိုင်ရက်တာပဲ အမှုန် ရယ် ၊ ဒီက ဖြင့် မျှော် လိုက်ရတာ ၊ စောင့် လိုက်ရတာ ။ အမှုန် က ကိုယ့် ကို တွေ့တိုင်း ရှောင်ရှောင် သွား တယ် ။ မလွှဲသာလို့ မျက်နှာချင်းဆိုင် မိရင်တောင် ချက်ချင်း မျက်နှာ လွှဲ သွားတာပဲ ” 


မခင်မှုန် က ခေါင်း မဖော် ၊ စကား မပြော ။ 


“ ကိုယ့် ကို ဒီလောက်တောင် ပဲ မုန်း သွားသလား ဟင် ၊ ကိုယ့် အပေါ် အပြစ် တစ်ခု ရယ် လို့ ယူဆ မယ် ဆိုရင် ခွင့်လွှတ်ပါ လို့ တောင်းပန်ပါရစေ ။ ခွင့် မလွှတ်နိုင် လောက်အောင် သိပ် ကြီးတဲ့ အပြစ် တစ်ခု လို့ ယူဆရင်လည်း အမှုန့် အပေါ် ချစ်မိတဲ့ အချစ် က သိပ် ကြီး မိလို့ ပါ ဆိုတာ ပြောပါရ စေ ”  


“ ထွန်းရွှေ ဒါတွေ ငါ နားမလည် ပါဘူး ။ အရေးကြီးတာက စာမေးပွဲ အောင်ဖို့ ပဲ ” 


မခင်မှုန် သည် မျက်နှာ မဖော်ဘဲ တိုပြတ်ပြတ် ပြော လိုက်သည် ။  


“ ဟုတ်ပါတယ် အမှုန် ၊ အမှုန့် ကို နားမလည် ကောင်းလားလို့ လည်း မပြောပါဘူး ။ နားလည် ရ မယ် လို့ လည်း မဆိုလိုပါဘူး ။ ဒါပေမဲ့ ချစ်တယ် ဆိုတာ ခု နားမ လည်လည်း တစ်နေ့ အမှုန် နားလည် လာမှာ ပါ ။ အမှုန် နားလည်လာတဲ့ အချိန် ထိ ကိုယ် စောင့် နေပါရစေ လို့ တောင်းပန်ပါ ရစေ အမှုန် ” 


မခင်မှုန် သည် အသက်ရှူ မြန်၍ ရင်တွင်း က ကျပ် လာ၏ ။ ထွန်းရွှေ ကို ပြန် ပြောရန် စကားလုံးများ လည်း ရှာ မရအောင် ဖြစ် ရ တော့သည် ။


တော်သေးသည်  ။ ကျောင်းရှေ့ ဘက် မှ ထုပ်ဆီး တိုးတမ်း ကစားနေကြသော ကျောင်းသားအုပ် သည် ကျောင်းပေါ် သို့ ပြေး တက် လာကြသည် ။


ထွန်းရွှေ သည် မယောင်မလည် လှည့် ထွက် သွား၏ ။ မခင်မှုန် သည် ခေါင်း ကို ငုံ့၍ စာရွက်များ ကို လှန် လိုက်သည် ။


မျက်တောင် ပေါ် မှ မျက်ရည်စ များ ကို လက်ကိုင် ပဝါ ဖြင့် အသာ လေး တို့ လိုက်သည် ။ 


“ ဟေ့ - အမှုန် ၊ ကိုယ် က သိပ် ကြိုးစားနေတယ် အောက်မေ့တာ ၊ လက်စသတ်တော့ မင်း တို့ က အကြံ နဲ့ ကိုး ကွ ”  


စိတ်ဆိုးသော မျက်နှာ ဖြင့် မော့ ကြည့်လိုက်သော အခါ မိဖြူ က မခိုးမခန့် ရယ် နေ၏ ။ မခင်မှုန် ၏ မျက်နှာ သည် ပန်းနုသွေးရောင် တက်ကြွ သွားတော့သည် ။ 


“ မင်း ငါ့ ကို မဟုတ်တာတွေ လာ မပြောနဲ့  ၊ ငါ ယောက်ျားတွေ ကို ရိုးရိုးပဲ ဆက်ဆံတတ်တယ် ” 


မခင်မှုန် ၏ မျက်နှာ က တင်းလွန်း သဖြင့် မိဖြူ သည် အလျှော့ ပေးလိုက်သည်  ။ ပါးစပ် ကို လက်ဝါးလေး နှင့် အုပ် ကာ လိုက် သည် ။ 


“ ဟုတ်ပါတယ် အမှုန် ရဲ့ ၊ ရိုးရိုး မဟုတ်ဘူး လို့ လည်း ဒီက မစွပ်စွဲ သေးပါဘူး ” 


မိဖြူ သည် တိုးတိုးလေး ပြော ကာ ချာခနဲ လှည့် ထွက်သွား၏ ။


မခင်မှုန် က သက်ပြင်း ကို ချ လိုက်ရသည်  ။ ရင်တွင်း ၌ ရှုပ်ရှုပ် ထွေးထွေး ဖြစ်ရသည် ။


သည် နေ့မှ စ၍ မခင်မှုန် သည် စာ ကို ပင် ကောင်းကောင်း မကျက် နိုင်အောင် ဖြစ်ရသည် ။ ထွန်းရွှေ ပြော သွားသော စကားသံများ ကို သာ ကြားယောင် ဖြစ်နေသည် ။


စာမေးပွဲ ဖြေရန် အချိန်မှာ နီးကပ်လာခဲ့သည် ။ ကျောင်းသူ ၊ ကျောင်းသား တိုင်း စာ ကို ကြိုးစား နေကြသည် ။ သည် အချိန်မှာ ပင် မိဖြူ သည် မခင်မှုန် နှင့် ထွန်းရွှေ တို့ နှစ်ဦးကြား သို့ ရောက် လာ သည် ။ 


“ ကိုယ့် ကို ရှက် မနေနဲ့ အမှုန် ၊ ထွန်းရွှေ က ကိုယ့် ကို အကုန်လုံး ဖွင့် ပြောပြီးပြီ ။  စာအုပ် ကြား ထဲ မှာ စာ ညှပ်ပေးတယ် မဟုတ်လား ။ ကျောင်း ထဲ မှာ တစ်ယောက် မှ မရှိတုန်း စကား လာ ပြောတယ် မဟုတ်လား ” 


ဖုံးထား၍ မရနိုင်သောအခါ မ ခင်မှုန် သည် မိဖြူ ကို ပင် ဖက်ထားလိုက်မိသည် ။ 


“ အေးကွာ ၊ ဟုတ်တယ် မိဖြူ ရေ ၊ ကိုယ် သိပ် စိတ် ညစ်ရတယ် ၊ သိပ် ပြီး အနှောင့်အယှက် ဖြစ်ရတယ် ”  


“ ရှင်းပါတယ် အမှန်ရယ် ၊ ဒါဟာ ထွန်းရွှေ ကို အမှုန် ပြန် ချစ်နေတာ ပေါ့ ။ ချစ် ရင်လည်း ချစ်တာပေါ့ အမှုန် ၊ ယောက်ျား နဲ့ မိန်းမ ချစ် တယ် ဆိုတာ အဆန်း မဟုတ်ပါ ဘူး ၊ ရှက်စရာ မဟုတ်ပါဘူး ”  


မိဖြူ သည် ပြောပြောဆိုဆို ချွေးခံ အင်္ကျီအိတ် ထဲမှ စာရွက် အခေါက် တစ်ခု ကို ထုတ်၍ ပေးလိုက်သည် ။ 


“ မိဖြူ ဒါ ဘာလဲ ၊ ဒါ က ဘာလည်း ”  


“ ဘာကမလဲ အမှုန် ၊ ထွန်းရွှေ ပေး လိုက်တာ ။ ကိုယ့် ကို လည်း ရှက် မနေနဲ့  ၊ အမှုန့် လူ ကတော့ နေ မထိ ထိုင်မသာ ဖြစ်နေပြီ ”  


မခင်မှုန် သည် အသက် ရှူ မှား မတတ် ဖြစ်ရသည် ။ မိဖြူ ကို အံ့ သြတကြီး ကြည့်ရသည် ။ 


“ သိပ် ဆိုးတယ်ကွာ ၊ သိပ် ဆိုး တယ် ...  ။ မိဖြူ သိပ်ဆိုးတာပဲ ”  


“ မဆိုးပါဘူး အမှုန် ရယ် ၊ ကိုယ် က မင်းတို့ နှစ်ယောက် ကြား က မေတ္တာ ပေါင်ကူး တံတားပါ ”  


“ ဒါပေမဲ့ မင်း တံတား ကို ကိုယ် မလျှောက်ရဲဘူး မိဖြူ ၊ လျှောက်ရဲ တဲ့ သတ္တိမျိုး လည်း မရှိဘူး ”  


“ မညာ နဲ့ အမှုန် ၊ ကိုယ့် ကိုယ် ကို ညာတဲ့ လူ ဟာ တစ်နေ့ ကိုယ့် ကိုယ် ကို နှိပ်စက်သလို ဖြစ်တတ် တယ် ။ ဒါ တကယ် စေတနာ ရှိလို့ ကိုယ် သတိ ပေးတာပဲ ” 


မိဖြူ သည် ထွန်းရွှေ နှင့် မခင်မှုန် တို့ ၏ အောင်သွယ်တော် ဖြစ်လာခဲ့သည် ။ 


မိဖြူသည် တတွတ်တွတ် နားပူ ခဲ့သည် ။ ဖျောင်းဖျ ခဲ့သည် ။ သို့သော် မခင်မှုန် က မူ ယိမ်းယိုင်တော့ မယောင် ယောင် ဖြင့် ငြင်းဆန်ခြင်း ဖြင့်သာ အဆုံး သတ် တော့သည် ။


စာမေးပွဲ ပြီး၍ ကျောင်းများ ပိတ်လိုက်သည် ။ ကျောင်းများ ပြန် ဖွင့်သောအခါ စာမေးပွဲ အောင် သော မခင်မှုန် တစ်ယောက် ကောလိပ်ကျောင်း သို့ ရောက်လာ ခဲ့သည် ။


မခင်မှုန် ကောလိပ်ကျောင်း ရောက် လာသော သတင်း ကား ထူးခြားခြင်း မရှိ ။


ပို၍ ထူးခြားသော သတင်း ကား ထွန်းရွှေ နှင့် မိဖြူ တို့ နှစ်ယောက် စေ့စပ် ကြောင်းလမ်းခြင်း သတင်းပင် ဖြစ်တော့သည် ။ 


ဆရာမကြီး ဒေါ်ခင်မှုန် သည် ကိုယ့် ဘဝ ကို ကိုယ် ပြန်လည် ၍ လွမ်းဆွတ်လိုက်သည် ။


မေတ္တာ ပေါင်းကူးတံတား ဆိုသည် ကား မိမိ လျှောက် လို တိုင်း အရန်သင့် ရှိတတ်သည် မဟုတ် ၊ မိမိ လျှောက် လိုသော အချိန် တွင် မေတ္တာ တံတား ခိုင် ၊ မ ခိုင် ကြောက် ၍ မလျှောက်ရဲဘဲ နေ လျှင် မေတ္တာလမ်းစ ပျောက်ကွယ် ခြင်းဖြင့် အရှုံးသမား ဖြစ် ကျန်ခဲ့ တတ်သည် ။ 


ခု အခါတွင် ဒေါ်ခင်မှုန် အဖို့ ဘာ မှ လိုလေသေး မရှိ ။ ပညာ က လည်း ကောင်းသည်  ။ ပစ္စည်း ဥစ္စာ ကလည်း ပေါ သည်  ။ ဂုဏ် အရှိန်အဝါ ကလည်း ထည်ဝါ ခံ့ညားပြီး ဖြစ်သည် ။


သို့သော် ထွန်းရွှေ ၊ မိဖြူ နှင့် သား တို့ ကို တွေ့လိုက် ရသောအခါ ကိုယ့် ဘဝ ကို ကိုယ် နာကြည်း သလို ဖြစ်လာမိသည် ။


ထွန်းရွှေ နှင့် မိဖြူ တို့ သည် ကိုယ့် လောက် ပညာ အရည်အချင်း မကောင်းကြသော်လည်း စီးပွားရေး ဖြောင့်ဖြူးကြသည် ။ ထွန်းရွှေ စီး သော ကားကြီး သည် ပင် နှစ်သောင်း ကျော် တန် ကား ကြီး ဖြစ်ကြောင်း ကို မခင်မှုန် သတိ ပြု မိသည် ။


သူတို့ တစ်တွေ မှာ ပစ္စည်းနှင့် ၊ အိမ်ထောင်နှင့် သံယောဇဉ် အတွယ်အတာ ကလေးတွေ နှင့် ပါ တကား ။


“ အမှုန်ရေ ...  သိပ်ကြိုးစား ၊ သိပ် အလုပ် လုပ်ပြီး ပစ္စည်းတွေ ချည်း သိပ် စုမနေနဲ့ ဦး ၊ အမှုန့် ဘဝ မှာ ကြိုးစားဖို့ တစ်ခု ပဲ ကျန ်တော့ တယ် ” 


မိဖြူ ပြော သွားသော စကားများ သည် ဒေါ်ခင်မှုန့် နားက မထွက်အောင် ဖြစ်တော့သည် ။ မိဖြူ ၏ ဆိုလိုရင်း စကား ကို လည်း ဒေါ်ခင်မှုန် နားလည်လိုက်သည် ။


မိဖြူ သည် မေတ္တာတံတား ကို ရဲရဲတင်းတင်း ဖြတ်ကျော်ခဲ့ သူ တစ်ယောက် ဖြစ်သည် ။ 


ဒေါ်ခင်မှုန် သည် ကလေး ဆန်သော အတွေး တို့ ကို ဇွတ် မှိတ်၍ မေ့ပျောက်ကာ ကျောင်း ဆင်းခဲ့သည် ။ အိမ်သို့ ရောက်တော့ လည်း ခါတိုင်း ကဲ့သို့ ရွှင်ရွှင်ပျပျ မရှိ ။


ကိုယ့် ဘဝ မှာ လည်း ဘာမှ လိုလေသေး မရှိ ။ စားသောက်ဖွယ် တို့ သည် အရန်သင့် ဖြစ်သည်  ။ အဝတ်အစားဆို သည် မှာ လည်း ဝတ် မကုန်နိုင်အောင် ပေါများ လှသည်  ။ ပစ္စည်း ဥစ္စာခြွေရံ သင်းပင်း တို့ သည် ဒေါ်ခင်မှုန် ၌ ပြ ည့်စုံပြီး ဖြစ်သည် ။


ဒေါ်ခင်မှုန် သည် ဧည့်ခန်း တွင် ငြိမ်သက်စွာ ထိုင် နေမိသည် ။ ထိုအခိုက် မိန်းမဖော်ကြီး ဒေါ်သူဇာ

က ဒေါ်ခင်မှုန် စိတ်ချမ်းသာမှု အတွက် ရေဒီယို ကို ဖွင့် ပေးလိုက် သည် ။   


“ ခင်တွယ်ဟန် အပလီဆန်း တဲ့ ဉာဏ်စွမ်းရည် ၊ လင်ဝယ်ရန် ရည်မှန်းလို့ ကံစမ်းမည် ၊ မိဘများ  ၊ သောတရှင်များ နား နဲ့ မနာ ဖဝါး နဲ့ သာ နာစေချင်ပါသည် ။ ကျွန်မ တစ် ကိုယ်တည်း အပျိုကြီး မဖြစ်အောင် သိန်းထီ ကို သာ ပေါက်စေ ချင်သည် ။ လင် တစ်ယောက် တော့ ခေါင်းခေါက် လို့ ဝယ်မည် ”  


 စိန်ပါတီ ၏ လင်ဝယ်ရန် သီချင်းသံ သည် ရေဒီယို မှ ငြိမ့်ငြိမ့်ကလေး ထွက်ပေါ်လာ၏ ။


ဒေါ်ခင်မှုန် သည် ဒေါ်သူဇာ ကို မျက်စောင်း ခဲ၍ ကြည့် လိုက်သည် ။ ဒေါ်သူဇာ က ရေဒီယိုသံ တိုး ၍ ဟု ထင်ကာ အသံ ကို မြှင့်တင် လိုက် သည် ။ သီချင်း သံ က ပို၍ ကျယ် လာသည် ။ 


ဒေါ်ခင်မှုန် ၏ မျက်နှာ သည် ဘယ်အခါကမျှ တစ်အိမ်သားလုံး မမြင်ဖူးသော မျက်နှာ ဖြစ်လာ၏ ။ အကြောင်းမဲ့ ဒေါသရိပ် လွှမ်း တတ်လာသော ဒေါ်ခင်မှုန် ကို အံ့ဩစွာ ကြည့်ရင်း ဒေါ်သူဇာ သည် ရေဒီယို နား မှ ခွာ လိုက်၏ ။


ဒေါ်ခင်မှုန် သည် ကြမ်းတမ်း သော ခြေလှမ်းကျဲ ကြီးများ ဖြင့် ရေဒီယို နားသို့ လှမ်း သွားကာ မီးခလုတ် ကို ချောက်ခနဲ ပိတ် လိုက်တော့သည် ။


ရေဒီယိုသံ ပိတ်သွားသော အခါ အပ်ကျသံ ကြား ရ လောက်အောင် တိတ်ဆိတ်သွားသော အိမ်ကြီး သည် ခြောက်သွေ့ လှပါတကား ။


ဒေါ်ဖြူ ပြောသလိုပင် ဒေါ်ခင်မှုန့် ဘဝ အတွက် နောက်ထပ် ကြိုးစားရန် ဘာများ ကျန်သေး သနည်း ။ ဤ သည် ကို ကား ဒေါ်ခင်မှုန် သည် တစ်သက် နှင့် တစ်ကိုယ် စဉ်းစားရဲတော့မည် မဟုတ် တော့ချေ ။


◾အောင်လင်း


📖 မြဝတီမဂ္ဂဇင်း ။

      အမှတ် - ၉ ၊ အတွဲ - ၁၁ 

       ဇူလိုင်လ ၊ ၁၉၆၃ ခုနှစ် 


📖  ရွှေအမြူတေရုပ်စုံမဂ္ဂဇင်း

       အမှတ် ၁၆၃ 

       ဇွန်လ ၊ ၂၀၀၃ ခုနှစ် 


#ကိုအောင်နိုင်ဦး


.

Saturday, June 24, 2023

ရှင်ဘုရင် မောင်အ


 

❝ ရှင်ဘုရင် မောင်အ ❞

ရှေးသရော အခါ တောရွာကလေး တစ်ရွာ ၌  “ မောင်အ ” ဆိုသော လူဆင်းရဲ တစ် ယောက် ရှိ လေ၏ ။ သူ သည် ငယ်စဉ် က အတတ်ပညာ မသင်ခဲ့ရ လေ သဖြင့် ကြီးပြင်း လာသော အခါ၌ ကူလီ အလုပ် ဖြင့် အသက်မွေး နေထိုင်ရ လေသည် ။ မောင်အ မှာ နာမည် နှင့် လိုက်အောင် အလွန် န လွန်းသော သူ တစ်ယောက် ဖြစ်ရကား ကူလီ အလုပ်ကလေး ကို ပင် ကြာရှည် မလုပ် နိုင်တော့ဘဲ သူ တစ်ပါး ထံ တွင် တောင်းရမ်း စားသောက် ရ လေတော့သည် ။

ပညာ မတတ်သော မောင်အ သည် လူကောင်း ပကတိ မှ တောင်း စား ရသော သူတောင်း စား ဘဝ သို့ ရောက်ရှိ သွားလေရာ အရပ်ရပ် သို့ လှည့်လည် တောင်းခံ ရင်း တစ်နေ့သ၌ တစ်တိုင်း တစ်ပြည် သို့ ရောက်ရှိ သွား လေသည် ။ သူ သည် ထို တိုင်းပြည် ရှိ မြို့ကလေး တစ်မြို့ ဝယ် လှည့် လည် တောင်းခံ နေစဉ် တစ်နေ့ သော မနက် ၌ မြို့ကလေး ၏ ဈေး ထဲ တွင် မြင်း အရောင်းအဝယ် စကား ပြောဆို နေကြသော လူ တစ်စု ကို တွေ့ရှိ လေ၏ ။

မောင်အ သည် မြင်း အရောင်းအဝယ် စကား ပြောဆို နေကြသော လူ တစ်စု အနီး သို့ သွား၍ စားစရာ တောင်းခံ ရာ မြင်း အကြောင်း ကို ကြားသိ ခဲ့ ရ လေ၏ ။ သူ သည် မြင်း ကို တစ်ခါမျှ မြင်ဖူးသူ မဟုတ်ရ ကား မြင်း ကို တွေ့မြင် လို စိတ် ဖြစ်ပေါ် လာ လေ၏ ။ မြင်း ဆို သည် မှာ စီး ၍ ရသော သတ္တဝါ တစ်မျိုး ဖြစ်ပေသည် ဟု တွေး နေသော မောင်အ သည် မြင်းကုန်သည် ၏ တပည့် တစ်ယောက် နှင့် သွား တွေ့ လေ၏ ။

မောင်အ က ထို သူ အား “ ဗျို့ ... ဆရာကြီး ။ ဒီမှာ ကျုပ် မသိတာကလေး တစ်ခု မေးစမ်း ပါရစေ ဗျာ ။ မြင်း ဆိုတာ ဘယ်လို နေပါသလဲ ။ မတွေ့နိုင်ဘူးလား ခင်ဗျာ ” ဟု စ၍ မေးလိုက်လေ သည် ။ မြင်းကုန်သည် ၏ တပည့် က လည်း မောင်အ အား ကြည့်ကာ ပြုံးပြီးလျှင် “ ဟာ ... မြင်း ဆို တာ သိပ် လှတဲ့ အကောင်မျိုး ပဲ ။ သူ့ မှာ ခြေထောက် လေးချောင်း ပါတယ် ။ အမြီး နဲ့ ဘာနဲ့ ပေါ့ ။ ပြီးတော့ နားရွက် က လည်း ထောင်လို့ပဲ ။ ဪ ... ခင်ဗျား မြင်း မမြင်ဖူးပဲ ကိုး ။ စီး လို့ သိပ် ကောင်း တဲ့ အကောင်မျိုး ဗျ ” ဟု အားရပါးရ ပြန် ပြော လေ၏ ။

ထိုအခါ မောင်အ က “ ဒါဖြင့်ဗျာ ... ကျွန်တော် လည်း တစ်ကောင် လောက် လိုချင် လိုက် တာ ။ ဘယ်လောက် ပေးရပါသလဲ ။ ကျွန်တော့် ကို တစ်ကောင် လောက် ဝယ်ပေးစမ်းပါ ဗျာ ” ဟု ပြောလေရာ မြင်းကုန်သည် ၏ တပည့် က လည်း မောင်အ ကို သူတောင်းစား ဟု မထင်ဘဲ အရူး တစ်ယောက် ဟု မှတ်ထင် ပြီး လျှင် “ ဟာ ... ကျုပ်တို့ မှာ မြင်း ရောင်းစရာ မရှိတော့ဘူး ဗျ ။ ပြီးတော့ မြင်း ဆိုတာမျိုး ဟာ မြင်း အကောင် အတိုင်း ဝယ်လို့ လည်း မရဘူး ။ မြင်း ဟာ ဥ က ပေါက် လာတဲ့ အကောင် ပဲ ။ အဲဒီတော့ ခင်ဗျား မြင်း လိုချင်ရင် တော့ ဟောဟို ဆိုင် မှာ ရောင်းတဲ့ ဥဖြူဖြူကြီး ကို ဝယ် သွား ။ နောက် ခင်ဗျား အဲဒီ ဥ ကို တစ်ခု ခု နဲ့ ဖုံး ထား လိုက်ရင် မြင်း ဖြစ်လာ လိမ့်မယ် ။ တစ်ဥ ကို တစ်ပြား ပဲ ပေးရပါတယ် ဗျာ ” ဟု ပြောကာ ဘဲဥ ရောင်းသော ဆိုင် သို့ ညွှန်ပြ လိုက်လေ၏ ။

မောင်အ လည်း ထို သူ ညွန်ပြ လိုက်သော ဆိုင် သို့ သွားပြီး လျှင် ဘဲဥ လေးလုံး ကို ဝယ်ယူ ကာ အခါတိုင်း ကဲ့သို့ ထမင်း ချက် စားရန် ဆန်များ တောင်းခံ ပြီး လျှင် မြို့ပြင် သို့ ထွက်သွား လေ ၏ ။ မြို့ပြင် တောစပ် တစ်နေရာ ၌ မောင်အ သည် ဘဲဥ လေးလုံး ကို ဝါးရုံ တစ်ရုံ ၏ ခြေရင်း ၌ ချ ကာ သစ်ရွက်ခြောက်များ ဖြင့် ဖုံးပြီး လျှင်  “ ကဲ ... ငါ့ မြင်း လေးကောင် နေခဲ့ပေဦးတော့ ... ငါ မီးမွှေး လိုက်ဦးမယ် ” ဟု ပြောပြီး လျှင် ထင်းစများ ကို ကောက်ကာ မီးမွှေး နေ လေ၏ ။ ထို့နောက် သူ သည် ဘဲဥများ အနီး တွင် ချထားခဲ့သော လွယ်အိတ် တွင်း မှ ထမင်း ချက်ရန် အိုး ယူမည် ဟု သွားစဉ် ဘဲဥ တစ်လုံး ပျောက် နေသည် ကို တွေ့ရ လေ၏ ။

မောင်အ လည်း ကျန် ဘဲဥ သုံးလုံး ကို ကြည့်ကာ အံ့ဩစွာဖြင့်  “ ဟာ ... ငါ ထားခဲ့တဲ့ ဥ တစ်လုံး တော့ ဧကန် မြင်း ဖြစ် သွားပြီး ထွက်သွားပြီ ထင်တယ် ။ ဖြစ်မှ ဖြစ်ရပလေ ငါ့ မြင်း ရယ် ” 

ဟု ညည်းညူကာ အိုး ကို ယူ ပြီးလျှင် ဆန် ဆေး နေလေ၏ ။ ဆန် ဆေးပြီးသော အခါ သူ သည် အိုး ကို မီးဖို ပေါ် သို့ တင် ပြီးလျှင် စလောင်း ယူရန် လွယ်အိတ် ရှိရာ သို့ ထ သွား လေ၏ ။

ထိုအခါ ဘဲဥ သုံးလုံး အနက် တစ်လုံး ပျောက် ကာ နှစ်လုံး သာ ကျန်ရှိသည် ကို တွေ့ရ လေ၏ ။ မောင်အ သည် ဘဲဥ နှစ်လုံး သာ ရှိသည် ကို မြင်ရလေ၏ ။ မောင်အ သည် ဘဲဥ နှစ်လုံး သာ ရှိသည် ကို မြင်ရသော အခါအံ့ဩစွာ ဖြင့် “ ဟိုက် ... မြင်း တစ်ကောင် ဖြစ်ပြီး ထွက်ပြေး သွားပြန်ပြီ ။ အခုလောက် ရှိရင် ငါ့ မြင်း နှစ်ကောင် ဘယ်ဆီ မှာ များ ရှိနေပါလိမ့်မလဲကွယ် ” ဟု ညည်းညူ ကာ ထမင်း ချက်မြဲ ချက် နေ လေ၏ ။

ထမင်း ကျက် ၍ ထမင်း ခူးမည် ဟု ပန်းကန်ပြား သွား ယူသောအခါ မောင်အ သည် သူ ထားခဲ့သော ဥ နှစ်လုံး အနက် မှ တစ်လုံး တည်း သာ ကျန်ရှိတော့သည် ကို တွေ့ရလေ၏ ။ ထိုအခါ မောင်အ အဖို့ အထူးအဆန်း မဟုတ်တော့ပေ ။ မြင်း တစ်ကောင် နောက်ထပ် ထွက် သွားပြန်ပြီ ဟု သာ တွေးထင် ပြီး ထမင်း ကို အေးဆေးစွာ စားနေ လေ၏ ။

ထမင်း စား ပြီးသော အခါ အိုးခွက်များ ဆေးကြော ပြီး လျှင် လွယ်အိတ် တွင် ထည့်မည် ဟု သွား လေရာ ကျန်ရှိသော ဥ တစ်လုံး မှာ လည်း ပျောက်ခြင်း မလှ ပျောက်သွားပြီ ဖြစ်သည် ကို မောင်အ တွေ့ရှိ ရ လေသည် ။ သူ သည်  မသွားသေးဘဲ ထိုင်၍ စဉ်းစား နေ လေ၏ ။ ပျောက်သွားသော သူ ၏ မြင်း လေးကောင် မှာ အဘယ်သို့ ရောက်လိမ့်မည် ဟု မတွေးတတ် သဖြင့် မှိုင်နေ လေ၏ ။ ထိုအခိုက် ဥများ ချ ထားသော ဝါးရုံ နောက် တွင် နက်မှောင် နေ သော တွင်းကြီး တစ်တွင်း ကို တွေ့မြင်ရ လေ၏ ။ သူ သည် ထို တွင်းကြီး ကို ကြည့် ပြီးလျှင် ဝမ်းသာ အားရ ဖြစ်သွား လေ၏ ။

“ အမယ်လေး ... ခုမှပဲ စဉ်းစားမိတော့တယ် ။ ငါ့ မြင်း လေးကောင် ဟာ ဒီ တွင်းကြီး ထဲ ဝင်ကြမှာပဲကို ” ဟု ဆိုပြီးလျှင် မောင်အ သည် တွင်းကြီး အဝ နား သို့ တိုး သွား ပြီးလျှင်  “ ဟေ့ ... တွင်း ထဲ က မြင်းတွေ ထွက်ခဲ့ကြတော့ လေ ။ ဒီမှာ မင်းတို့ ကို စောင့် နေရတယ် ” ဟု အော် ခေါ် လေ၏ ။ တွင်းနက်ကြီး ထဲ မှ ဘာသံမျှ မကြားရပေ ။ မောင်အ လည်း ထိုသို့ မကြားရသောအခါ ထပ်ကာ ထပ်ကာ အော်ခေါ် ပြီးလျှင် ဝါး တစ်ချောင်း ကို ယူ၍ တွင်းကြီး ထဲသို့ ချကာ မွှေ လိုက်လေ၏ ။

ထိုအခါ တွင်းနက်ကြီး ထဲ မှ ကျားကြီး တစ်ကောင် ကုန်း ပေါ် သို့ ခုန် တက် လာလေ၏ ။

မောင်အ သည် ကျားကြီး ကို မြင်ရသော အခါ မြင်း ဟု ထင်မှတ် ပြီး လျှင် ကျားကြီး ၏ ကျော ပေါ် သို့ လှမ်း တက် ကာ ခွစီး ထားလေ၏ ။  “ အမယ်လေး ... ခုမှပဲ စိတ်အေး ရတော့တယ် ငါ့ မြင်း ရယ် ။ ဟေ့ ... ကျန်တဲ့ မြင်း သုံးကောင် လည်း လိုက်ခဲ့ဟေ့ ” အော်ပြော နေစဉ် ကျားကြီး သည် မောင်အ ကို တင်ကာ တော ထဲ သို့ ပြေးဝင် သွား လေ၏ ။

ကျား ဟူသည် မှာ လူ ကို သာ စားရိုး ရှိသည် ။ လူ ကို ကျော ပေါ် သို့ တင်ရိုး မရှိရကား ယခု ကျားကြီး မှာ လည်း မောင်အ ကို ကျော ပေါ် မှာ မတင်လို ၍ လိမ့် ကျ စေရန် ပြေးရင်း မှ ခါ ၍ ချ နေလေ ၏ ။ မောင်အ ကား ကျား ၏ ကျော ပေါ် မှ လိမ့် မကျ စေရန် ဖက်၍ နေချေ သေးသည် ။

ထိုသို့ဖြင့် ကျားကြီး နှင့် မောင်အ တို့ ဆက်လက်၍ သွားကြလေရာ သစ်ပင် တစ်ပင် ပေါ်  မှ ဝက်ဝံ တစ်ကောင် နှင့် တွေ့ လေ၏ ။ ဝက်ဝံ က ကျားကြီး အား  “ အလို ... မိတ်ဆွေ ကျား ။ ကျော ပေါ် မှာ ဘာများ တင် လာ သလဲ ။ ခင်ဗျား ဟာ ကျား မှ ဟုတ်ပါလေစ ။ မြင်း များ ဖြစ်နေ မလားဗျာ ” ဟု ရယ် ၍ မေး လိုက်လေ၏ ။ ထိုအခါ ကျားကြီး က လည်း အနည်းငယ် ရှက် လာ ပြီးလျှင် မည်သို့မျှ မဖြေတတ် သဖြင့် ပြောမိ ပြောရာ ပြောဆို လိုက်လေ၏ ။ “ အမယ် မိတ်ဆွေ ဝက်ဝံ ကျုပ် ကို မေးလို့ ရှိမှ ကျုပ် က လည်း ဖြေရတာပေါ့ ။ ကျုပ် ဟာ ဘယ်ကလာ မြင်း ဟုတ်ရမှာ လဲ ဗျာ ။ ကျုပ် ဟာ ကျား ပဲ ပေါ့ ... ။ ကျုပ် ကျော ပေါ်  မှာ စီး လာတာ က တော့ ကျုပ်တို့ ရဲ့ ရှင်ဘုရင် လေ ။ ခင်ဗျား မသိဘူးလား ။ ဒါကြောင့် ကျုပ် ကျော ပေါ် မှာ တင်ပြီး ခေါ်လာခဲ့ရတာပေါ့ ”

ကျားကြီး က ဤသို့ ခပ်တည်တည် ပြန် ပြော လိုက်သော အခါ ဝက်ဝံ လည်း တကယ် ပင် သူ ၏ မိတ်ဆွေ တိရစ္ဆာန်များ ကို သွား ခေါ် ပြီးလျှင် မောင်အ ကို သူတို့ အားလုံး ၏ ရှင်ဘုရင် အဖြစ် တင်မြှောက်ကြလေ၏ ။

မောင်အ သည် ထိုနေ့မှ စ၍ တောတွင်း နေ တိရစ္ဆာန် အပေါင်း ကို အုပ်ချုပ် ရ သော ရှင်ဘုရင် ဖြစ်သွား လေတော့ သတည်း ။

◾နုယဉ်

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၆ ၊ စက်တင်ဘာ

#ကိုအောင်နိုင်ဦး

.

အရွယ် သုံးပါး


 ❝  အရွယ် သုံးပါး ❞


ပထမအရွယ် 


မီမီတင် သည် ယဉ်စစလေး နှင့် လှသည် ။


တမူးမြို့ အထက်တန်း ကျောင်း တွင် မီမီတင် ထက် လှသူ တွေ ရှိကောင်း ရှိနိုင် ပါသည် ။ 


သို့ရာတွင် အိမ်ဝတ် အိမ်စား နှင့် ကပိုကရိုဟန်လေး က အစ ၊ ကျောင်းစိမ်းလုံချည် အင်္ကျီဖြူလေး နှင့် သိမ်မွေ့ ယဉ်ကျေးဟန်လေး က အလယ် ၊ ပွဲသွားလမ်းသွား အဝတ်အစား နှင့် သားနား တင့်တယ် ဟန်လေး က အဆုံး ဘယ်အချိန် ကြည့်ကြည့် ၊ ဘယ်အခါ မြင်မြင် မီမီတင် ၏ ယဉ်စစ အလှကလေး မှာ ရိုး သွားသည် ဟူ၍ မရှိ ။ ထို့ကြောင့် လည်း မီမီတင် ကို သတ်သတ်မှတ်မှတ် ရွေးချယ် မထားပေမဲ့ တမူးမြို့ အထက်တန်း ကျောင်း ၏ Queen အဖြစ် ကျောင်းသား တိုင်း ၏ ရင် ထဲ မှာ သတ်မှတ် ရွေးချယ် ထားကြသည် ။ 


“ မီမီ ဆယ်တန်း အောင်ရင် တက္ကသိုလ် ဆက် တက်မယ် မဟုတ်လား ” 


မီမီတင် က ငေးငေးလေး ငိုင် နေသည် ။


မိခင် မုဆိုးမ ၏ တစ်ဦးတည်း သော သမီး ဖြစ်သူ မို့ တက္ကသိုလ် အဆင့် ကို တက်လှမ်း နိုင်ဖို့ ဆိုတာ မလွယ်လှပါ ။


ထိုစဉ် က တက္ကသိုလ် ဆို ၍ မန္တလေး နှင့် ရန်ကုန် တွင် သာ ရှိပြီး ကောလိပ်ကျောင်း က လည်း မြစ်ကြီးနား ၊ တောင်ကြီး ၊ မကွေး ၊ ပုသိမ် နှင့် မော်လမြိုင် တွင် သာ ရှိသည် ။ မီမီတင် အတွက် လက်လှမ်း မမီနိုင်သော နေရာ ဒေသများ သာ ဖြစ် နေသည် ။ 


“ တက်ဖြစ်မယ် မထင်ပါဘူး ၊ ကိုအောင် တို့ လို စိတ် သွားတိုင်း ကိုယ် ပါနိုင်တဲ့ ဘဝမျိုး မဟုတ်လေတော့ ”  


စိတ်အားငယ်သူလေး ကို သနားစိတ်တွေ ယိုဖိတ်ကာ ကိုယ်ဖိ ရင်ဖိ အားပေး ချင် နေမိသည် ။ ကျွန်တော် ၏ ကရုဏာတရား သည် ရိုးသားပါရဲ့ လား ဟု တွေး မိသည် ။ “ မင်း သနားတာ ငါ သိပါတယ် ” ဟု တစ်ဦး ဦးက ရယ်ရွှန်းဖတ်ရွှန်း ပြောခဲ့သော် ရှက်စနိုး ဖြင့် ခေါင်းငုံ့ ၍ သာ နေရပါလိမ့်မည် ။


“ တကယ်လို့ များ ကိုယ် တက္ကသိုလ် က ဘွဲ့ ရတဲ့ အချိန် ထိ စောင့်နိုင်မယ် ဆိုရင် ကိုယ့် ရဲ့ အမွန်မြတ်ဆုံး စကား တစ် ခွန်း ကို ညွှန်းဖွဲ့ပါရစေလား ” 


စာရေးဆရာ အောင်လင်း ၏ ချစ်ဦးသူ သို့ ပေးစာများ စာအုပ် တွင် ဖတ်နေကျ ဆိုတော့ ရည်းစားစကား ကို စောင်းပါးရိပ်ခြည် ပြောတတ်နေသည် ။


“ ကိုအောင့် လို ကဗျာတွေ ၊ စာတွေ မရေးတတ် တော့ ကိုအောင့် စကား ကို ဘယ်လို နားလည်ရမှာတဲ့လဲ ” 


မျက်နက်ဝန်းလေး ထောင့် ကပ်ကာ ပြုံးစစ ပြော လာ သူ ကို ဘယ်လို မျက်နှာ ချင်းဆိုင် ၍ ရင်တွင်း ဖြစ် စကား တစ်ခွန်း ကို ဘယ်လို ညွှန်းဆိုရမည် ဟု မသိသား ဆိုးဝါးလှစွာ ရှက်ရွံ့ တွန့်ဆုတ်

၍သာ နေမိပါတော့သည် ။


   •••••   •••••   •••••


ဒုတိယအရွယ် 


တက္ကသိုလ် ကျောင်း ပိတ်ရက် ပြန် လာတိုင်း မီမီတင် ကို တွေ့ရသည် တော့ မဟုတ်ပါ ။ တောရပ်ကျေး တွင် တောကျောင်းဆရာမလေး ဘဝ နှင့် ကျင်လည် နေ၍ ဖြစ်သည် ။ ကံစီမံရာ ကံကြမ္မာ ၏ အလိုအရ ကြုံရ သလို ဘဝ မှာ ကျသလို ကျင်လည်ခဲ့ကြ ရ သည် ။ ဘွဲ့ ရပြီး မြို့ကြီး ပြကြီး တွင်သာ ပျော်ရာ မှာ မနေ တော်ရာမှာ နေ ရသော ကျွန်တော့် အဖို့ မီမီတင် သာ မက ဇာတိမြို့ကလေး နှင့် ပါ ကင်းကွာ ၍ နေပါသည် ။ ကျွန်တော် သည် မြို့ကလေး အတွက် တစ်ခေါက် တစ်ခါ ရောက် ရောက် လာသော ဧည့်သည် ပမာ စိမ်းဆတ် ၍ နေပါလိမ့်မည် ။


ကျွန်တော် ၏ မိခင်ကြီး ဘဝတစ်ပါး သို့ ပြောင်းသွား ကွယ်လွန် သဖြင့် ဇာတိမြို့လေး သို့ ရောက်တုန်းရောက် ခိုက် ပထမဆုံး အကြိမ် ကျင်းပသော တမူးမြို့ အထက်တန်း ကျောင်း ၏ အာစရိယ

ပူဇော်ပွဲ ကို နွှဲခွင့် ကြုံ ခဲ့ရပါသည် ။ ကျောင်း နေဖက် သူငယ်ချင်းများ နှင့် ငယ်ကျိုးငယ်နာ တွေ ပြောရင်း တသောသော ရယ် ကြ ရသည် ။ ဟိုးတစ်ခါ က အလွမ်း ၊ ဟိုတုန်းခါ က ကျမျက်ရည် တို့ သည် အခုအခါ ရယ်သွမ်းသွေး စရာများ အဖြစ်သို့ ပေါ့ပြက်ပြက် နိုင်လှစွာ ပြောင်းလဲသွားတော့သည် ။


“ ကိုအောင် ဝ,လာတယ်နော် ”


အထက်တန်းပြ ဆရာမ ဖြစ် နေသော ဒေါ်မီမီတင် သည် ယဉ်လက်စ နှင့် ယဉ် ၍ မဆုံး ။ ဟိုအခါတုန်း က ဖူးငုံ ပန်းပွင့် သည် အခုတော့ မူ လန်းဆန်းပွင့်ဝေ လျက် ဖြင့် တွေ့ ရသည် ။


“ လေးဆယ် နား နီးလာ တော့ အလှတွေ ပျက်ပြီး ဘဝ တွေ ဘက် ရောက်လာကြ ပြီ ပေါ့ ၊ မီမီတင် တစ်ယောက် တော့ ဟိုတုန်းက လို လှတုန်း နုတုန်း ”


“ မီမီ့ သူငယ်ချင်း ကို မုန့်ကျွေး မှာပါ ၊ မြှောက်ပင့် ပြောစရာ မလိုပါဘူးကွယ် ” 


“ တကယ် ပြောတာပါ ၊ မီမီ ကို တွေ့ချင်လွန်း လို့ အသည်းအသန် ရှာဖွေခဲ့ဖူးပါတယ် ” 


စကား လမ်းကြောင်း လွှဲ ကာ မပြော ဖြစ် ခဲ့သော စကား တစ်ခွန်း ကို ညွှန်းဖွဲ့ ၍ ဆို မိသည် ။ အသက်ကလေး ရ လာ ပေမဲ့ အရှက် သွေး ကြွကာ ပါးပြင်လေးတွေ နီမြန်းလာ သော ပန်းကလေး လို လှသည့် မီမီတင် ကို မချင့်မရဲ မြင်တွေ့ လာရသည် ။ ကျွန်တော် ပြော မည့် စကား တစ်ခွန်း ကို မီမီတင် အချိန်ကာလ တစ်ခု အထိ စောင့်စား ကာ နေခဲ့လိမ့်မည် ဟု ကိုယ့် ဘက် ကိုယ် ယက် ကာ တွေး မိသည် ။ 


ဘွဲ့ ရပြီး အလုပ် မဝင်ရ သေး ခင် က ဇာတိရပ်မြေ တွင် မီမီတင် ၏ သတင်း ကို နားစွင့် ခဲ့ ဖူးသည် ။ မီမီတင် တို့ သား အမိ ရှမ်းပြည်နယ် ဘက် မှာ လိုလို ၊ ကချင်ပြည်နယ် ဘက် မှာ လိုလိုနှင့် စေလိုရာ စေ ဝန်ထမ်းဘဝ ဖြင့် ရွက်လွှင့်ချင် တိုင်း လွှင့် ကာ သာ နေ လေသည် ။


“ ကိုအောင့် အကြောင်း ကို တော့ ကိုအောင် ရေးတဲ့ ဝတ္ထုတွေ ဖတ် ရ လို့ ဘယ် ရောက် နေတယ် ၊ ဘာလုပ်နေ တယ် ၊ အိမ်ထောင်ရက်သား ကျသွားတာ က အစ သိရပါ တယ် ၊ ကလေး ဘယ်နှယောက် ရပြီလဲ ”


ငယ်ဘဝ တွင် လွင့်မျော ချင်တိုင်း လွင့်မျော နေသော စိတ် ကို လက်ရှိ ဘဝသို့ ရောက်ရှိ အောင် မီမီတင် က ဆွဲ ငင် ခေါ်ယူ လိုက်သည် ။ မီး ဝေး ၍ ချိတ် မာ သည် ဟု ပြောချင် ပြောကြပါစေ ၊ တက္ကသိုလ် အတူ တက် ရင်း ဘဝ ချင်း နီးစပ် ခဲ့သော ရပ်ဝေး က ချစ်သူ နှင့် ဖူးစာကံ ကြုံ ၍ ဆုံ ခဲ့ ကြ သည် ။ အချစ် ဆိုတာ အတိတ် က ခံစားမှု ကို ပစ္စုပ္ပန် တွင် ခံယူ နိုင်ပြီး အနာဂတ် သိ ခံစားမှု ထပ်တူ ပြုနိုင် ၊ မပြုနိုင် အကျယ် ဆပွား စဉ်းစား ၍ သာ မနေပါခဲ့ ။ မီမီတင် သည် ငယ်ဘဝ ပုံရိပ်များ နှင့် အတူ မှေးမှိန် ပြယ်လွင့် ၍ ပျောက် ဆုံး နေခဲ့သည် မှာ ကြာခဲ့ပါပ ကော လား ။ ကွယ် လျှင် မေ့ ၍ တွေ့ သေအောင်လွမ်း သူ ဟု ဆိုချင် ဆိုကြပါစေ ။ 


အထက်တန်းပြ ဆရာမ ဒေါ်မီမီတင် ကို မြင်တွေ့ ရ၍ ငယ် ဘဝ ကို ပြေး မြင်ပြီး ငယ်စဉ် က မပြောဖြစ် ခဲ့သော စကား တစ်ခွန်း ကို ကိုယ့် ဘဝ ပေး အခြေအနေ အရ မပြော လက်စ နှင့် မပြောဘဲ နေရပါ တော့သည် ။ ပြောခွင့် မကြုံ၍ ဆုံစည်းခွင့် မရနိုင်သော အဖြစ် အပျက် ကို သာ တအုံနွေးနွေး လွမ်း၍ ဆွေး လျက်သာ ရှိပါတော့သည် ။


   •••••   •••••   •••••


တတိယ အရွယ်


တမူးမြို့ ၊ မြို့မပရိယတ္တိ သာသနာ့ရိပ်သာ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တမာနိတသိရီ သည် ဘာသာရေး ၊ သာသနာရေး ၊ ပညာရေး ၊ လူမှုရေး စသည့် ကိစ္စ အဝဝ ကို မနေမနား အားသွန်ခွန်စိုက် ကြိုးပမ်းတော် မူ၍ နိုင်ငံတော် က အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့ထူးဂုဏ်ထူး ကို ဆက်ကပ် လှူဒါန်းခဲ့သည် ။ ဘွဲ့ရ ဆရာတော် ပူဇော်ပွဲ ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရွှေစည်းခုံဘုရားဝန်း အတွင်း ရှိ တင်ဝင်းထွန်း ဓမ္မာရုံတော်ကြီး တွင် ဝှဲချီး ဆင်ယင် ကျင်းပခဲ့သည် ။ 


“ ဒကာကြီး လည်း ကိုယ့် မြို့ ၊ ကိုယ့်ဒေသ မရောက်တာ  ကြာ လှပြီ ။ ဘုရားဂေါပက ဥက္ကဋ္ဌ ဒကာကြီး အစ်ကို ဦးတင်အေး က လည်း လိုက် နိုင်ရင် ခေါ်ခဲ့ဖို့ ပြောတယ် ၊ ဘုန်းကြီး ကား နဲ့ ကြုံတုန်း ကြုံခိုက် လိုက်ခဲ့ပါလား ” 


ဆရာတော် က ဖိတ်ခေါ် သဖြင့် ရေငတ် တုန်း ရေတွင်း ထဲ ကျ သလို ပျော်ရွှင် ဝမ်းမြောက် မိသည် ။ ကျွန်တော် သည် မခေါ် ခင် က လိုက် ချင် နေ မိ၍ မသွားခင် က ရောက်ချင် နေမိ သည် ။ ဆရာတော် ၏ မြို့မ ကျောင်း ဗိမာန် သည် အင်မတန် ခံ့ညား ထည်ဝါလှပေ သည် ။ တစ်ခါက သစ်သား ကျောင်းအို သည် ထိုကျောင်း ဝန်း တစ်နေရာ တွင် ရှိခဲ့ဖူး သည် ဟု ပြောလျှင် သိမီလိုက်သူ မှ အပ ယုံချင် သူ ရှိမည် မထင် ။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း က လည်း ကောင်းစွာ အောင်မြင်နေသည် ။ သာသနိက အဆောက်အဦတွေ ကတော့ ကျောင်းတွင်း ရော ကျောင်းပြင် မှာ ပါ တင့်တယ်ခြင်း မက တင့်တယ်လှ ပေသည် ။ သာသနာရောင် ဝါလင်းလျက် ပင် ရှိပါတော့သည် ။


“ ဆရာတော် နဲ့ အတူ ကိုအောင် ပါ လာ တာ လား ” 


တစ်ခါက မီမီတင် ဟူ သော ယဉ်စစ ကောင်မလေး ဟူ ၍ ပြော မှ သိ ကြည့် မှ မြင်ရ လောက် အောင် ငယ်ရွယ်ပျို မျစ်ခြင်း တွေ တစ်စ မကျန် ပျောက်ဆုံးသွားသည် တော့ မဟုတ်ပါ ။ အရေးအကြောင်းတွေ အထင်းသား ပေါ်လာသော မျက်နှာ နှင့် ဆံဖြူကျိုးကျဲ အသားအရေ လျော့တွဲ လာ သော်လည်း အရွယ်အို ပေ မဲ့ ပျိုသေးသည် ဟု ထင် မြင် နေ မိသည် ။ 


“ ကိုယ့် မြို့ ၊ ကိုယ့် ဒေသ မရောက်တာ ကြာလို့ ဆရာတော် နဲ့ လိုက်လာတာပါ ။ အလုပ် က အငြိမ်းစား ယူ လိုက် တာ လည်း တစ်နှစ် ကျော် လောက် ရှိ သွားပြီ ။ သားကြီး နဲ့ သားလတ် က အိမ်ထောင် ခွဲတွေ လေ ၊ အငယ်မလေး နဲ့ ပဲ အေးအေးလူလူ နေပါတယ် ” 


“ ကိုအောင့် ဇနီး ဆုံး သွားတာ အတော် တောင် ကြာ သွား ပြီ နော် ၊ သတင်းတွေ တော့ ကြား နေရပါတယ် ” 


“ ဟုတ်ပါတယ် ၊ အခုတော့ ပင်စင်စား အဘိုးအို မုဆိုးဖို ဘဝ ရောက် နေရပါပြီ ”


သွက်လက် ခဲ့ သော အရွယ် ၊ ထက်မြက်ခဲ့သော အရွယ် တို့ ကို မရကောင်းသော အရာ မို့ ပြန်လည် မတမ်းတ လို တော့ပါ ။ အချစ် တို့ ဖြင့် သစ်ခဲ့သော မျက်နှာ ၊ အချစ် တို့ ဖြင့် ညစ်ခဲ့သော မျက်နှာ ၊ အချစ် တို့ ဖြင့် ပစ်ခဲ့သော မျက်နှာ စသည် ဖြင့် အရွယ် သုံး ပါးမှာ မျက်နှာ သုံးစား ရှိခဲ့ပါ သည် ။ အရွယ် သုံးပါး တွင် မျက်နှာ သုံးစား မရှိဘဲ မပြောင်းမလဲ မျက်နှာ ဖြင့် ရပ်တည် ခဲ့၍ ထင်သည် ၊ အရွယ်တင် နုပျိုစွာ အိုချိန် တန်လျက် ပျိုဟန် မပျောက်သော အပျိုကြီး တစ်ကိုယ် တည်း ဒေါ်မီမီတင် သည် ဘုရားဝေယျာဝစ္စ ၊ ကျောင်းဝေယျာဝစ္စ တို့ ကို အမြဲ မပြတ် နိစ္စပတ် ဆောင်ရွက် လျက် ရှိသော ယောဂီ စင်စစ် ဖြစ်၍ နေလေသည် ။ 


“ ငယ်ငယ် က စွန်းထင်းညစ်ထေး ခဲ့တဲ့ အညစ်အကြေး တွေ ကို ဘာဝနာ ကမ္မဋ္ဌာန်း

အစွန်းချွတ်ဆေး နဲ့ လျှော်ဖွပ် သန့်စင်ဖို့ အချိန်အခါ ရောက် နေပြီလေ ၊ နောင်ဘဝ အတွက် ရိက္ခာထုပ် ကို ထုပ်ပိုး ဖို့ တောင် အချိန် နောက်ကျ နေပြီလား မပြောတတ်ပါဘူး ” 


ဒေါ်မီမီတင် ၏ ဘဝ နှင့် အလှ ကို မြင် တွေ့ ရ၍ တတိယ အရွယ် ပြတင်းပေါက် မှ ဒုတိယ အရွယ် သို့ ပြေးပေါက် မှား သည့် စိတ် ကို သိ နေ၍ လား မပြောတတ်ပါ ။ ဒေါ်မီမီတင် ၏ စောင်းပါးရိပ်ခြည်

အပြော က ကျွန်တော် ၏ မစင်ကြယ်သော စိတ် အညစ်အကြေး ကို မြင်တွေ့ နေရ သောကြောင့် ဖြစ်မည် ထင်ပါသည် ။


“ ဒီ အချိန် မှာ လာ တွေ့တာ ဘာလုပ်ရမလဲ ” ဟု အဆိုတော် ကိုင်ဇာ လို သီချင်း အော် ဟစ် သီဆိုရမည်လား ။ ယခု ဘဝ တွင် ရွှေဖူးစာ မင်ရည် ကျဲ ၍ လွဲ ခဲ့ကြ သော်လည်း ဘဝ ဆက်ကာ သံသရာဝယ် ချစ် ကြမ္မာကံ ပြန်ဆုံပွဲ ကို နွှဲလိုက် ချင် သေးသည် ။ 


ဪ - တရား မရတဲ့ များလှ သတ္တဝါ စာရင်းတွင် ကျွန်တော် သည် ထိပ်ဆုံး က ပါဝင် နေပြီ ထင် မိသည် ။


◾ ခြိမ့်သဲ


📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

     ၂၀၁၃  ၊ ဒီဇင်ဘာလ


#ကိုအောင်နိုင်ဦး


.

Friday, June 23, 2023

ထွက်ပေါက် ပျောက် နေတဲ့ ပိုးဟပ် နဲ့ ဆရာညို


 

❝ ထွက်ပေါက် ပျောက် နေတဲ့ ပိုးဟပ် နဲ့ ဆရာညို ❞
        
ကျွန်တော် လေ တိရစ္ဆာန် ဆရာဝန် သာ ဖြစ်လာရော ကျောင်းသား ဘဝ တုန်း က ဘိုင်အို ဆိုရင် လွှတ် လန့်မိ ကြောက်မိ တာ ။ ဘယ်လို လန့်နည်းမျိုး နဲ့ လန့်မိမှန်း ကြောက်မိမှန်း ကို မသိဘူး ။

ရေလည်အောင် အစက ပြော ရရင်ကျွန်တော် မှာအစ်မ တယောက် ရှိတယ် ... ထုံးစံ အတိုင်း ပေါ့ ၊ သူ က ဆရာဝန် သိပ် ဖြစ်ချင်တာ ။ ဘယ်လောက် အထိ ဖြစ်ချင်သလဲ ဆိုရင် ၊ ငယ်ငယ် ကတည်း က ကျွန်တော်တို့ မောင်နှမတတွေ ကစား ကြရင် သူ က ဆရာဝန် လုပ်တယ် ၊ ကျန်တဲ့ ညီမတွေ မောင်တွေ က ဘာ ဖြစ်ဖြစ် ၊ ဈေးသည် လုပ်ရင် ဈေးသည်လူနာ ၊ ဂတ်ဗိုလ်ကြီး လုပ်ရင် ဂတ်ဗိုလ်လူနာ ပဲ ။ သူ့ ရည်မှန်းချက် က ဆရာဝန် ဖြစ်ချင်တာ ။ ဒါကြောင့် စား လည်း ဆရာဝန် ၊ ကစား လည်း ဆရာဝန် ပဲ ၊ ကုန်ကုန် ပြောမယ်ဗျာ ၊ ဆရာဝန် စာရေးဆရာ ရေး တဲ့ စာ ဆိုရင် အကုန် ကောင်း ထဲကပဲ ။ ဆရာဝန် ရေး တဲ့ စာ ဆိုရင် အကုန် ဖတ်တဲ့ ကျွန်တော့် အစ်မ သူ့ ကို ဆရာဝန် ရူး ရူးသွား မှာတောင် စိုးရိမ် မိတယ် ။ အဲဒီ ကျွန်တော့် အစ်မ ဆယ်တန်း ဖြေ တဲ့ ၁၉၆၉ ခုနှစ် က ခင်ဗျား တို့ ကြား လိုက်ကြ မှာပေါ့ ။ အောင်စာရင်း ထွက်တဲ့ ရက် မှာ “ ဖုန်း ... ဝုန်း ... ဟုန်း ...” ဆိုတဲ့ အသံကြီး ။ အဲဒါ ဆရာဝန် ဖြစ်ချင်တဲ့ အစ်မ ဘိုင်အို နဲ့ ထိ တဲ့ ပြီး ဒလိမ့် ကောက်ကွေး ကျ သွားတဲ့ အသံ ပေါ့ ။

နို့ပေမယ့် သူ က ဇွဲ မလျှော့ဘူး ။ ဆရာဝန် က တပြားသား မှ မလျှော့ဘူး ။ ဆယ်တန်း ဒုတိယနှစ် ဖြေဖို့ ဘိုင်အို ကို ချည်း ဖိ ကျက်တာ မြို့တော် က ကောင်းပေ့ ဆိုတဲ့ ဘိုင်အိုမှတ်စု တွေ ဝယ် ကျက် ၊ ခန့်မှန်း စာအုပ်တွေ လည်း ပါတာပေါ့ ၊ တော်တော့် ကို ကြိုးစား လိုက်တာ ။ ကြိုးစားရကျိုး မနပ်တနပ် ဖြစ် သွားတယ် ။ အဲဒီနှစ် က သူ ဆယ်တန်း အောင်တယ် ။ ရိုးရိုး အောင် တာ မဟုတ်ဘူး ။ ဂုဏ်ထူး နဲ့ ။ ဂုဏ်ထူး က လည်း သူ သိပ် မျှော်လင့် မထားတဲ့ သင်္ချာဘာသာ က ဂုဏ်ထူး ထွက်တာ ။ ထင်တိုင်း မပေါက်တဲ့ ဆယ်တန်း စာမေးပွဲ အကြောင်း လည်း ခင်ဗျား သိပြီး သားပါ ။ အညာ တက္ကသိုလ်ကြီး ဆက် တက် ၊ နားကြပ် ကိုင် ဖို့ ဝေးသွား ရှာတယ် ။ ဓာတုဗေဒ အဓိကကြီး နဲ့ ညား သွား ပါရော လား ။ သွားရော ၊ သွားရော အညာတက္ကသိုလ် ကို ။

နောက် နှစ် ကျတော့ ကျွန်တော့် အစ်မ လို မှတ်ဉာဏ် ကောင်း ကျက်အား ကောင်း တဲ့ သူတွေ မနည်း ကြိုးစားရတဲ့ ဘိုင်အို နဲ့ ကျွန်တော် တွေ့ကြပြီ ပေါ့ ။

ပလပ်စမာဂျဲလ် တဲ့ ၊ ဆီလရီရှုံ့ကြွက်သားရစ် တဲ့ ။ ဧဩတ တဲ့ ၊ အင်ဒေါ့စပမ်း တဲ့ ၊ ဟီမိုဂလိုဗင် ရောင်ချယ်ဆဲလ် တဲ့ ၊ အဲဒီလို ဘို စကားလုံး တွေ နဲ့ ကျွန်တော် နဲ့ တော့ နပန်း သတ်ရ တော့မယ် ။ “ ဘိုင်အို ထိုင်ငို ” ဆိုတဲ့ ဆိုရိုး စကား က လည်း ရှိသေးတယ် မို့လား ။ ကျွန်တော် က ငိုတော့ မငိုပါဘူး ။ နို့ပေမယ့် နည်းနည်း တော့ လန့်တယ် ။

ကျွန်တော့် ကံ လို့ ဆိုရ မှာပဲ ။ အစ်မ က တက္ကသိုလ် တက် တဲ့ နှစ် ၊ ကျွန်တော် ကိုးတန်း ရောက်တဲ့ နှစ်မှာ ဘိုင်အို ဆရာ အသစ် တယောက် ကျွန်တော် တို့အ - ထ - က ( ၁ ) ကို ရောက် လာတယ် ။ ဘယ်သူ ရှိ ရ မှာတုန်း ။ ဆရာ ဦးအောင်ညို ၊  ဘိုင်အိုဦးအောင်ညို ပေါ့ ။ အရပ် ရှည်ရှည် အသား လတ်လတ် ဆရာ ။ ပုဆိုး တိုတို နဲ့ မျက်မှတ် ထူထူကြီး တပ် ထားတဲ့ ဆရာ ဗျာ ။ ကိုးတန်း နဲ့ ဆယ်တန်း ဆရာ့ တပည့် နှစ်နှစ် ဖြစ်ဖူး ပါတယ် ။ ဒီ ဆရာ လည်း တိုက်ပုံလေး နှစ်ထည် ပဲ ဝတ်တာ တွေ့ဖူးရဲ့ ။ ဒီတော့ ဒီနေ့ ဆရာ ဘယ် တိုက်ပုံ ဝတ်မယ် ဆိုတာ လောင်း ကြရင် လွဲ ခဲတယ် ။ ငါးဆယ်ရာခိုင်နှုန်း က မှန်ဖို့ ရှိတယ် မဟုတ်လား ။
မျက်နှာပေါက် ကတော့ တော နည်းနည်း ကျတယ် ။ ဒါလည်း ပြဿနာ တော့ မဟုတ်ပါဘူး ။ ကျွန်တော်တို့ မြို့ ကို က တောရွာကြီး တရွာ အဆင့် ပဲ မဟုတ်လား ။ ဆရာ့ လို ဥပဓိရုပ် နဲ့ ပုဂ္ဂိုလ်တွေ မြင်နေ တွေ့နေ ကြ ရတာ ပါပဲ ။ ဆန်းတာ က ဒီလို လူကြီး ဆီ က ထွက်တဲ့ အင်္ဂလိပ် အသံထွက် ပဲ ။ အသံထွက် သိပ် ကောင်းတာ ။ ဆရာ ပြောတာ ဆိုတာ ကြားရ မြင်ရတာ နဲ့ အတုခိုးမိ ၊ အားကျမိ ရဲ့ ။ တချို့ စကားလုံးတွေ များ အခုထိ နားထဲ ကြား နေတုန်း ။

အခု ကျွန်တော် က တိရစ္ဆာန် ဆရာဝန် နော် ။ ဟီမိုကလိုဗင်န် ဆိုတဲ့ စာလုံး ဗျာ ။  အခု ကျွန်တော် အသံ ထွက်ပြီး ရွတ်ပြတာ တောင် ဆရာ့ မမီပါဘူး ။ ဒီလောက် ဆိုရင် ဆရာညို့ လျှာ နဲ့ ဌာန် သိလောက် ပြီ ။ ဆရာ က အဲဒီ ဇီဝဗေဒ လို့ ခေါ်တဲ့ ဘိုင်အို ကို သင် သွားလိုက်တာများ ဆေးတက္ကသိုလ် က ဆရာ တယောက်များ လား လို့ ထင်ရ တယ် ။ ပုံဆွဲ က လည်း ကောင်းလိုက်ပ ။ နောက်တော့ စာ သင်ရင်း ကျောင်းသူ ကျောင်းသား တွေ ကို ဆရာ့ အကြောင်း အငြီးပြေ ပြောပြ မှ သိရတယ် ။ ဆရာ က စိုက်ပျိုးရေး နဲ့ ဘွဲ့ ရ တာတဲ့ လေ ။

ကျွန်တော့် အစ်မ လို ပဲ သူ့ ရည်မှန်းချက် က ဆရာဝန် ဖြစ်ချင်တာ တဲ့ ။ ကိုယ့် ဆရာ မို့ အမွှမ်း တင် ပြောတာ မဟုတ်ပါဘူး ။ ဒိပြင် ဆရာ
ဆရာမတွေ ကို လည်း မိဘ နဲ့ တဂိုဏ်းတည်း လို့ အောက်မေ့ ပါတယ် ။  ဆရာ ဦးအောင်ညို လောက် အသင်အပြ ကောင်းတဲ့ ဆရာ အထက်တန်း မှာ ရော ၊  တက္ကသိုလ် မှာ ပါ မတွေ့ခဲ့ဖူးဘူး ။

မကွယ်မဝှက် ပြောရရင် ကျွန်တော် ကိုးတန်း ပထမအစမ်း မှာ ဘိုင်အို ကျ တယ်ဗျာ ။ လူ ကို ထူပူ သွားတာပဲ ။ ဆရာ က တော့ အသင်အပြ ကောင်း ပါ ရဲ့ ။ ကျွန်တော် ကို က ဘိုင်အို ဆိုရင် အရှိန် နဲ့ ကြောက်နေလို့ ဒေါင်း တာ ။ အဲဒီ နှစ် က ကျွန်တော် လို ဘိုင်အို ကျတဲ့ လူ “ အေ ” တန်း ရော “ ဘီ ” တန်း ပါ အားလုံး ဆယ့်ကိုးယောက် အယောက် နှစ်ဆယ် လောက် ရှိမယ် ။  ဒီ ကျောင်းသူ ကျောင်းသားတွေ ကို ဆရာ က ဂရု စိုက်ပြီး အပင်ပန်းခံ သင်တော့တာပဲ ။

ဆရာ က စေတနာ နဲ့ ဖိဖိစီးစီး သင်ပြတာ နဲ့ ကျွန်တော် တို့ လည်း နင်လား ငါလား ကျက်ရတော့ တာပေါ့ ။ ဘိုင်အို ဝေါဟာရ တွေ တတွတ်တွတ် နဲ့ ရွတ်ရတာများ နွားများ စားမြုံ့ ပြန် သလိုပဲ ။ ဒီလို ကြိုးစား ကြတော့ ဘိုင်အို ကို မကြောက်ကြတော့ တဲ့ ပြင် ရင်းနှီး လာလိုက်ကြတာ လှိုင်ဝေ တို့ အောင်ခန့် တို့ ဆိုရင် ဆရာဝန် ဖြစ် သွားတယ် ။ ကျွန်တော့် လို ခွေးဆရာဝန် မဟုတ်ပါဘူး ။ လူ ဆရာဝန် ပါ ။ အဲဒီ ခွေးဆရာဝန် ဆိုတဲ့ ဘွဲ့ ရလာတာ က လည်း ဆန်းတော့ မဆန်းပါဘူး ။

ကျွန်တော် စာမေးပွဲ အောင် တော့ ကျွန်တော် တို့ မြို့မှာကျွန်တော် လို ဆရာဝန် က သိပ် မရှိသေးဘူး ။ ကျွန်တော်တို့ မြို့သား ဒိပြင် တိရစ္ဆာန်ဆရာဝန် တွေ ကလည်း ဆံထုံး နောက် ပါတဲ့သူ က ပါ ။ ဒိပြင် မြို့မှာ အမှုထမ်း တဲ့ လူ က အမှုထမ်း နဲ့ ။ ကျွန်တော် သာ အလုပ် လျှောက်တာ မကျသေးလို့ ယောင်ပေပေ ဖြစ်နေတာ ။ အဖေ က လည်း သား ကို တကယ်အားကိုး လောက်တဲ့ ဆရာဝန် လို့ ထင်တာ ။ အမေ က ပို ဆိုးတာပေါ့ ။ တော က အမျိုးတွေ ကို ဆိုရင် လူဆရာဝန် လိုလို ဘာလိုလို နဲ့ ရောကြိတ် ကြွား လိုက်တာပဲ ။ တော က အမျိုးတွေ က လည်း ကျွန်တော် ဆရာဝန် ဖြစ်မှပဲ သူတို့ ဘာရောဂါ မှ မဖြစ်ဘဲ နေထိုင်ကောင်း နေလို့ မချင့်မရဲ ဖြစ်နေကြတယ် တဲ့ ။ ငါ့နှယ် ကွာ ... ဆိုတဲ့ အသံတွေ ကြားယောင် မိတယ် ။

ကျွန်တော်တို့ မြို့ က လူချမ်းသာ တချို့က အိမ်မွေးခွေး ခြံစောင့်ခွေး တွေ မွေးထား ကြတော့ တမြို့တည်းသား ရဲ့ အရည်အချင်း ကို စမ်းချင် ကြတယ် ။ အရင်က သူတို့ ကြားဖူးနားဝ ကုထုံး နဲ့ ကျွန်တော် သိတာနဲ့ စပ်ဟပ် ရဲ့ လားလို့ လာ ဆွေးနွေးတဲ့ သူ လည်း ရှိရဲ့ ။ ဈေးဦးပေါက် အနေနဲ့ ခွေး ချည်းပဲ သုံးကောင် ဆက် ကုပေး လိုက် ရတယ် ။ တနေ့တည်း သုံးကောင် ကုရတာ မဟုတ်ဘူး နော် ၊ ရက်ခြား ပါ ။ နောက် မှ နွား ၊ ကြက် နဲ့ ကျွဲ တွေ ကုရပါ ရဲ့ ။ ခွေး နဲ့ ဈေးဦးပေါက် တာမို့ သူငယ်ချင်းတွေ က ခွေးဆရာဝန် လို့ ချစ်စနိုး
ခေါ်ကြတာ လေ ။ ဒါလည်း အမေ့ ကွယ်ရာ မှာ ခေါ်ကြ ရတာ ။

ဆရာဦးအောင်ညို မွေးထုတ် လိုက်တဲ့ ဆရာဝန်တွေ ၊ သွားဆရာဝန်တွေ ၊ ကျွန်တော်တို့ လို ဆရာဝန်တွေ မနည်းပါဘူး ။ အဲဒီ ဆရာဝန်တွေ လည်း ဆရာ့ ကို ကျွန်တော် သတိရ သလို သတိရ နေကြမှာပါ ။ ဆရာ က အသင်အပြ ကောင်းတယ် ၊ မကောင်းတယ် အဲဒီတုန်း က ဘိုင်အိုစာတွေ အခု ထက် ထိ ကျွန်တော် မှတ်မိ နေတုန်း ။ ဖား အကြောင်း ပိုးဟပ် အကြောင်းတွေ ပြန် စဉ်းစားရင် ဒေါက် ... ဒေါက် ... ဒေါက် ... ဒေါက် ... နဲ့ ချ ရေး နိုင်သေးတယ် ။ “ လူတို့ ကို အကျိုးပြုသော အင်းဆက်ပိုးများ လူတို့ ကို အကျိုးမဲ့ စေသော
အင်းဆက်ပိုးများ ” အကြောင်း ဆိုရင် ကျောင်းသား တိုင်း စိတ်ဝင်စား ကြ တာပေါ့ ။

ဆရာ က လည်း စာကို ထောင်းလမောင်း ကျေနေအောင် သင် စာမေးပွဲ က လည်း နှစ်တိုင်း ဒီ မေးခွန်း မေးနေကျ ပဲ ။ ကျွန်တော် တို့ ရဲ့ မိတ်ဆွေအင်းဆက် နှင့် ရန်သူအင်းဆက် ဆိုရင် လည်း မမှားဘူး ။ ဝတ်မှုန်ကူးခြင်း ၊ အသီး နှင့် အစေ့ ပြန့်လွင့်ခြင်း သင်ခန်းစာတွေ ကိုများ တပည့်တွေ မှတ်ရ လွယ်အောင် လင်္ကာလေးတွေ ၊ ကဗျာလေးတွေ ပါ စပ်လို့ ။ တခါတလေများ သံချပ် ထိုး ရတာ ပျော်စရာကြီး ။ ကျောင်းသူတွေ က တိုင် ၊ ကျောင်းသားတွေ က ဖောက် ၊ ကျောင်းသားတွေ က တိုင် ၊ ကျောင်းသူတွေ က ဖောက် ၊ ဒီ အကြောင်းတွေ အခုလို
ပြောရတာ ကို ပျော်မိတယ် ။

    •••••   •••••   •••••

ဒီအရပ် မှာ တာဝန်ကျ ကတည်း က ကျွန်တော်တို့ ဇာတိ ကို ပြန် မရောက်တာ တော်တော် ကြာ နေပြီ ။ အိမ် နဲ့ တော့ အဆက်အသွယ် မပြတ်ဘူး ။ အဖေ နဲ့ အမေ့ဆီ စာ ရေးပါတယ် ။ စာ ရေးတိုင်း လိုလိုပါပဲ ဆရာဦးအောင်ညို ကို သတိ ရတဲ့အကြောင်း အမြဲ ထည့်ရေးနေကျ ။ အဖေ ကလည်း ဒီ စာတွေ ဆရာ ဝမ်းသာ ရအောင် သွား ပြလေ့ ရှိတယ် ။ ဒါကြောင့် အခုလို မြို့ကို ခဏ ပြန်လာမယ့် အကြောင်း ဆရာ က ကြို သိ နေတာပေါ့ ။ အိမ် မှာ ပစ္စည်းတွေ ချပြီး ဆရာ့ ကို ကန်တော့ ရအောင် လက်ဆောင်ကလေး တွေ ယူ ပြီး ထွက် လာတော့ ဆရာ့ အိမ် ဟာ အရင်က ထက် ပို ဟောင်း နေတာ တွေ့ရတယ် ။ အရင် က လို တပည့်တပန်း တွေ ဝင်ထွက် နေတာလည်း မတွေ့ရ တော့ဘူး ။
ပင်စင်စား ကျောင်းဆရာ ရဲ့ အိမ် မှန်း မမေးဘဲ နဲ့ အဝေး က သိ နို င်တယ် ။

တံစက်မြိတ် အောက် ရောက်ခါ ရှိသေးတယ် “ ဟို ဆရာဝန် မဟုတ်လားဟေ့ ” လို့ ရင်းနှီးတဲ့ အသံကြီး ပေါ် လာ တာပေါ့ ။ ဆရာ့ အသံ ဟာ အရင် အတိုင်း ပါ ပဲလား ။ ဆရာ့ အသံ ကြောင့် ကျွန်တော် ဟာ ဆရာဝန် မဟုတ်တော့ ဘဲ ကျောင်းသားကလေး တယောက် ပြန် ဖြစ် သွားတယ် ။ ဆရာ နေကောင်းရဲ့လား လို့ သိချင်စိတ် အပြည့်နဲ့ ပြန်မေး မိတော့ အေးကွာ ကောင်းပါတယ် ။ သက်တော်ရှည် စံကင်း ဆရာတော် ဘုရားကြီး
အမိန့် ရှိ သလိုပေါ့ ။ လူကြီး ကောင်း ကောင်း နေရတာ ပေါ့တဲ့ ။ ဆရာ မပြောပေမယ့် ဆရာ့ ကျန်းမာရေး ကို ကျွန်တော် ခန့်မှန်းမိ လိုက်ပါပြီ ။ ပင်စင်စားတွေ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အတိုင်း ဆရာ့ ရုပ် က နည်းနည်း ကျ သွားတယ် ။ ရေနံဆီ ပုလင်းဖင် ကို သွေး ထားတယ် လို့ ထင်ရ လောက် အောင် ထူ ထဲတဲ့ မျက်မှန် ဘီလူးကြီး ရဲ့နောက်က မျက်လုံး အစုံ ဟာ လည်း သိပ် အရည် မရွှမ်းတော့ပါဘူး ။ မြေဖြူမှုန့် တွေ နှိပ်စက် ထားလို့ ကျောင်း တုန်း ကတည်း က ခပ်အက်အက် အသံ ဟာ ခုထိ အက် နေ တုန်းပါပဲ ။ မျက်မှန်ကိုင်း ကလည်း အစင်းအခြစ်တွေ များတဲ့ ဟိုတုန်း က ကိုင်း အနက်ကြီး ပါ ။ ညာဘက် ကိုင်း မှာ ကြိုး အမည်းလေး နဲ့ ပိုးပြီး တုပ်နှောင် ထားတာပဲ ထူးခြား လာတယ် ။ ဆရာ့ ကို ကြည့်ယင်း ခါးချိ နေတဲ့ ဓားသွေးကျောက် ပါးပါးလေး ကို မြင်ယောင် နေတယ် ။ ဝတ်နေကျ တိုက်ပုံ နက်ပြာကလေး က လည်း အရောင် လွင့်လှ ပြီ လေ ။

ဆရာ ထိုင်ပြီး စာဖတ် နေတဲ့ သင်ဖြူးအဟောင်း ပေါ် မှာ ထိုင် ကြပြီး စကားစမြည် ပြော ကြတော့ ဆရာ ဟာ သူ့ တပည့်တွေ ကို မှတ်မိပြီး သံယောဇဉ် တွယ် နေသေးမှန်း သိလိုက် ရတယ် ။ ဝင်းတင့် ဘာ လုပ်နေသလဲ ။ ကိုကိုထွေး  ဘယ် ရောက်နေသလဲ ဆိုတာမျိုး က အစ ဇင်မော် အိမ်ထောင် ကျပြီလား ၊ စိုးမြင့်မောင် နဲ့ ဝင်းသော် လာ ကန်တော့ သွားသေးတယ် နဲ့ စုံလို့ပါပဲ ။

ကျွန်တော့် ကိုယ်ရေး ကိုယ်တာ တွေ လည်း ဆရာတပည့် ပုံစံမျိုး မဟုတ်ဘဲ မိသားစု အရင်း လို ရင်းရင်းနှီးနှီး မေးမြန်း ပြောဆို နေပြန်တော့ ပို လေးစားမိ တာပေါ့ ။ လစာ ဘယ်လောက် ရသလဲ ၊ လောက်ငရဲ့လား ၊ ရပ်ရွာ နဲ့ အဆင်ပြေ ရဲ့လား စတာတွေ မေးမြန်း နေလိုက်တာ ဆရာမိဘ ဆိုတဲ့ စကား အတိုင်း မိဘ တယောက် လို ပါပဲ ။ ဆရာ နဲ့ တပည့် ဒီလောက် သံယောဇဉ် ကြီးတဲ့ ဆရာ လောက မှာ ရှိမှန်း အခုမှ သိ ရပြီး ကျွန်တော့် လစာ ထဲ က ဆရာ့ ကို ကန်တော့ဖို့ ဝယ် လာတဲ့ လက်ဆောင်ကလေး ဟာ ဆရာ့ စေတနာ ၊ ဆရာ့ သံယောဇဉ် ၊ ဆရာ့ နွေးထွေးမှု နဲ့ နှိုင်းစာရင် သိမ်ငယ် သွား တာပေါ့ ။ စက်ရုံ ထွက် မျက်နှာသုတ်ပဝါ တထည် နဲ့ နံကထိုင်မုန့် တထုပ် ဟာ ဆရာညို့ ရှေ့မှာ ရှက်ရှက် နဲ့ ငုတ်တုတ်ကလေး ထိုင်နေကြ ရှာတယ် ။

စကား တွေ ပြော ကြရင်း ဆရာ့ အိမ် ကို အကဲခတ် ကြည့် တော့ ခေါင် က ကပ်တွေ ဟာ ကျဲတဲ့ နေရာက ကျဲ နေတာမို့ ကြက် မကောက် နိုင်တဲ့ နတ်သမီး တံတွေးပြောက်ကလေး တွေဟာ တအိမ်လုံး နှံ့ နေပြီပေါ့ ။ ဆရာ့ အိပ်ယာ လည်း ဘုရားစင် အောက် က မိုးလွတ် ၊ နေလွတ် မယ့် ရာဟုထောင့် ကို ရွှေ့ထား ရတယ် ။ ခေါင်းအုံး မှာ ခေါင်းအုံးစွပ် ဗလာ ။ ဆရာ့ ကို ကြည့်ပြီး သနား လိုက်တာ စိတ်မကောင်း ဖြစ် လိုက်တာ ။

ရွာရိုး ကိုးပေါက် လှည့်ပြီး ဒိပြင် သူငယ်ချင်းတွေ ကို နှုတ်ဆက်ရ ဦးမှာမို့ ဖွယ်ဖွယ်ရာရာ မဟုတ်တဲ့ လက်ဆောင် စတိ ကို ရှေ့ ချပြီး ထိခြင်း ငါးဖြာ နဲ့ ထိပြီး ကန်တော့ ခဲ့တယ် ။ ဆရာ က ဆုတွေ အများကြီး မပေးပါဘူး ။ ဘုန်းကြီးပါစေ ၊ သက်ရှည်ပါစေ လို့ လည်း မပါဘူး ။ မြေကြီး ကိုင် ရွှေ ဖြစ်ပါစေ ၊ စိတ်သွား တိုင်း ကိုယ်ပါလို့ လိုရာဆန္ဒ ပြည့်ပါစေ လည်း မပါဘူး ၊ ရိုးရိုး ပါ ပဲ အများအကျိုး ဆတက် ထမ်းပိုး တိုးလို့ ရွက်ဆောင်နိုင်တဲ့ လူ ဖြစ်ပါစေ တဲ့ ။ နောက်ထပ် ဘာများ ဆု ပေးဦးမလဲလို့ ကျွန်တော် နားစွင့် နေပေမယ့် ဘာ ဆုမှ ထပ် မပေးပါဘူး ။ ဆရာ ပေးတဲ့ ဆု ကို သေသေချာချာ စဉ်းစား ကြည့်ပြီး ကျွန်တော့် ခန္ဓာကိုယ် ဘယ်ဘက် တခြမ်း “ ဖျန်း ” ကနဲ ကြက်သီး ထ သွားတယ် ။

ဆရာ ဟာ ဆရာ ပါပဲ ၊ အခုထိ ကျွန်တော့် အပေါ် မှာ လွှမ်းမိုးတုန်း ပါလား ။  ပြန်ခါနီး တော့ တခေါက် လာခဲ့ပါဦးမယ် လို့ နှုတ်ဆက် တော့ ပြန်ခါနီး မှ မဟုတ်ပါဘူး ၊ အားတဲ့ အခါ ၊ ပျင်းတဲ့ အခါ ကြုံတဲ့ အခါတိုင်း ဝင်ခဲ့ဖို့ ပြော ပြန်တယ် ။ အရင် တုန်း ကတည်း က တပည့်တွေ အတွက် အမြဲ ဖွင့်ထားတဲ့ ဆရာ့ တံခါး ဟာ အခု ထက် ထိ ဖွင့်ထား တုန်းပဲ ။ ဆရာ့ နံဘေး က မဂ္ဂဇင်းပုံကြီး ဟာ လည်း ပိုပို မြင့်လာတာ ကို သတိ ထား မိပြီး နောက် တခေါက် လာ ကန်တော့ရင် ဆရာ့ အတွက် ဆရာ ကြိုက်တတ် တဲ့ နိုင်ငံခြား မဂ္ဂဇင်းတွေ စာစောင်တွေ ယူ လာဖို့ မှတ်ထား မိတယ် ။

ဒီကြားထဲ လည်း ဆရာ ဖိတ်ထားပေမယ့် မရောက် ဖြစ်ဘူး ။ မနက်ဖြန် လို ပြန်တော့မယ် ဆို မှ ဒီနေ့ လို ညနေ မှာ ဆရာ့ ကို သွား နှုတ်ဆက် လိုက်တယ် ။  ဆရာ က သင်ဖြူးဟောင်းကလေး ပေါ် ထိုင်ရင်း နိုင်ငံခြား က ဆေးဆောင်းပါး တစောင် ကို ဖတ် နေ ပါတယ် ။ ကျွန်တော် ကန်တော့ တဲ့ နံကထိုင်မုန့်ထုပ် ထဲ ကို လက် တဘက် က နှိုက်လို့ စာဖတ် မပျက်ဘူး ။

ဒီ မြင်ကွင်း မြင် ရတော့ ကျွန်တော် ကြည်နူး မိ တာပေါ့ ။ ကျွန်တော် ကန်တော့တဲ့ နံကထိုင် ကို လည်း ဆရာ ကြိုက်ပုံ ရတယ် ။ ပလပ်စတစ်အိတ် ထဲ မှာ နံကထိုင် တခု နဲ့ အကြေကလေး တွေ ပဲ ကျန် တော့တယ် ။ ကြည့်ပါအုံး ၊  ကျွန်တော် ကန်တော့တဲ့ မျက်နှာသုတ်ပဝါ က ခေါင်းအုံးဖုံးကလေး ဖြစ်နေ ရှာ တယ် ။ ဆေးပညာ ဆောင်းပါးတွေ ကို လေ့လာရင်း အချိန် ကို အဓိပ္ပါယ် ရှိရှိ အသုံးချ တတ်တဲ့ ဆရာ့ ကို ပို လေးစား ချစ်ကြည်ညို မိတာပေါ့ ။ နောက် တခါ ခွင့် ရရင်လည်း ကိုယ့် ဇာတိ ကို လာဖို့ ကောင်းတဲ့ အကြောင်း မိဘတွေ ကို တတ်နိုင်သမျှ အနီးကပ် ပြုစု သင့်တဲ့ အကြောင်း ပြောနေပါ သေးတယ် ။ ကျွန်တော် သိပ် လာချင်ပေမယ့် အလုပ် က မအားလို့ မလာနိုင်သေးတဲ့ အကြောင်း ပြောပြ မိတယ် ။ ဒါပေမယ့် အခု တခေါက် က မြို့ကလေး ကို ပြန်ရတဲ့ အရသာ ကို ကောင်းကောင်း သိသွားပြီ မဟုတ်လား ။ လာ နိုင်အောင် ကြိုးစားပါ့မယ် လို့ ဆရာ့ ကို ကတိ ပေးမိတယ် လေ ။

ဆရာ စား နေတဲ့ နံကထိုင် အိတ် ထဲ မှာ လက် တဆစ် လောက် ရှိတဲ့ ပိုးဟပ်ကလေး နှစ်ကောင် ကို ကျွန်တော် လှမ်း မြင် လိုက်မိတယ် ။ ဒီကောင် တွေ ဘယ် အချိန် ကတည်းက ဆရာ့ မုန့်တွေ ဝင် စား နေကြပါလိမ့် ။ သူတို့ အရင် ဘယ် နှစ်ကောင် စားပြီး သွားပြီ လို့လဲ မသိ နိုင်ဘူး ။

ဆရာ က လက်ကျန် နံကထိုင် အကြေလေးတွေ ကို ယူမလို့ လှမ်း တော့ ဒီ နှစ်ကောင် လန့်ပြီး ပလပ်စတစ် တအိတ်လုံး နှံ့ နေအောင် လျှောက် ပြေး ကြတာပေါ့ ။ ဒါကို ကြည့်ပြီး စိတ် မကောင်း လိုက်တာ ၊ ဒီကောင် တွေ ဒီလို ဝင်စား နေတာကို ဆရာ က မသိရှာ လို့ စားနေတာ နေမှာ လို့ ထင်ပြီး နံကထိုင်အိတ် ကို ကောက် လွှင့်ပစ်ချင်စိတ် ပေါက် ပေမယ့် ဆရာ က လည်း မက်မက်စက်စက် စား နေတာမို့ မုန့်ထုပ် ကို မပစ်ရက်ဘူး ။ အဲဒီ အချိန်မှာ ကျွန်တော် ဖြင့် ဘာ လုပ်လို့ ဘာ ကိုင်ရမှန်း ကို မသိတော့ ဘူး ။ သွားတွေ ကို ပဲ တအား ကြိတ် ထားမိတယ် ။ ဆရာ က နောက် လူကြုံ ကောင်းရင် နံကထိုင်ကလေး တွေ ဝယ်ပို့ ပေးစမ်းပါဦး ဆရာ ကြိုက်လွန်းလို့ တဲ့ ။ ရင် ထဲ ကို ကျင်ခနဲ ဖြစ် သွားတယ် ။ ဆရာ ဒီ မုန့် ကို ဒီလောက် ကြိုက်မှန်း မသိလို့ နို့မို့ရင် လေးငါးဆယ်ထုပ် ဝယ် ကန်တော့ပါရဲ့ ။ ကျွန်တော်တို့ မြို့ လို့ ပြောနေတဲ့ ဟောဒီ တောရွာကြီး မှာ ကလည်း ဒီ မုန့်မျိုး က ဝယ် မရဘူး မဟုတ်လား ။

အခုမှ ဆရာ ဒီ ပိုးဟပ် နှစ်ကောင် ကို မြင်သွားပုံ ရတယ် ။ နံကထိုင်အိတ် ကို ယူပြီး မျက်မှန်ထူကြီး နား ကပ်ကြည့် လိုက်တယ် ။ ပြီး ပိုးဟပ် မှန်း သိတော့ သူတို့ မြန်မြန် ထွက် သွားအောင် ပလပ်စတစ် အိတ် အပြင် ကနေ ခြောက် ထုတ် သေးတယ် ။ ပိုးဟပ်တွေ က ပို လန့်ပြီး လျှောက် ပြေး ကြပြ န်တာပေါ့ ။ မုန့်အိတ် အပေါက် က လည်း လေသလပ် မှာ စိုးလို့ လက် နှစ်ချောင်း ဝင်သာရုံကလေး ဆိုတော့ ဒီ နှစ်ကောင် မထွက်နိုင်ကြဘူး ။  မကောင်းဆိုးဝါး နှစ်ကောင် က ထွက်ပေါက် တွေ့လို တွေ့ငြား လျှောက် ပြေး နေကြလေ ကျွန်တော် က စိတ် ပင်ပန်း ဆင်းရဲ လေပါပဲ ။

ပိုးဟပ်ကလေး တွေ မထွက်နိုင်မှန်း သိတော့ ဆရာ က အိတ် အပေါက် ကို အကျယ်ဆုံး ဖွင့် ပေး ပေမယ့် လည်း ဒီ နှစ်ကောင် ကြောက်အား လွန်ပြီး မထွက်တတ် တော့ဘူး ။ နောက်တော့ ဆရာ ပဲ သူ့ လက်ညှိုး နဲ့ လက်မ နဲ့ လိုက် ဖမ်းတာ တကောင် ကို ပလပ်စတစ်အိတ် ထောင့် ကနံကထိုင်
အကြေကလေးတွေ အပေါ် မှာ သွား မိတယ် ။ နောက် တကောင် က တော့ ပြေးရလွန်း လို့ မောနေတာ လား ၊ လှည့်ပတ် ပြေးပြီး မူးနောက် နေတာလား မသိနိုင် ဘူး ။ အသာကလေး နဲ့ ဖမ်း မိ လိုက်တယ် ။ ဆရာ ပဲ ပိုးဟပ် ဆိုတာ သိပ် ညစ်ပတ်တဲ့ အကြောင်း ၊ အနံ့အသက် ဆိုးဝါးကြတဲ့ အကြောင်း ၊ မတော်တရော် အညစ်အကြေးတွေ ကို စား ကြတဲ့ အကြောင်း ၊ အသည်းရောဂါ ဖြစ်စေတတ်တဲ့ အကြောင်း သင်ခဲ့သေးတယ် လေ ။

ဆရာဦးအောင်ညို က ဒီ ပိုးဟပ် နှစ်ကောင် ကိစ္စ ဟာ ဘာမှ မဟုတ်သလို ပါဘဲ ။ ကျန်တဲ့ နံကထိုင် တဖဲ့ ကို ယူ စားပြီး အိမ် ကို မင်း ငွေ ထောက် နိုင်ရဲ့လားတဲ့ ။  ကျွန်တော် အံဩ ဝမ်းနည်း နေပေမယ့် ဆရာ က တော့ စကား ပြော မပျက်ဘူး ။  ကျွန်တော် လည်း ဆရာ့ မေးခွန်း ကို ပြန်ပြီး မနည်း စဉ်းစားရတဲ့ အထိ သတိ လက်လွတ် ဖြစ် သွားတယ် ။ မှန်မှန်တော့ မထောက်နိုင်တဲ့ အကြောင်း ထစ်ထစ် ငေါ့ငေါ့ ပြန် ဖြေမိတယ် ။

ကျွန်တော် သွား အမှုထမ်း ရတဲ့ အရပ်က ရာသီဥတု ကြမ်း သလို နေထိုင် စားသောက် စရိတ်လှိုင်း က လည်း အလွန် ကြီးတဲ့ အကြောင်း ပြောပြ မိတယ် ။ ဒီ လှိုင်းကြမ်းကြီးတွေ ရဲ့ အကြား မှာ ကိုယ့် ကိုယ် ကို မနည်း ရပ် နေရတာ ကို တော့ မပြောလိုက် ပါ ဘူး ။

ဒါပေမယ့် ဆရာ ဟာ ဆရာ ပါပဲ ။ ကျွန်တော့် ထက် ပို သိတာပေါ့ ။ အေးကွာ လူကြုံတွေ ဘာတွေ ရှာ မနေပါနဲ့တော့ နံကထိုင် က လည်း ဒီ ကာလ ဈေး သေး မှာ မဟုတ်ပါဘူး တွေ ဘာ တွေ ဖြစ်လာတယ် ။ ကျွန်တော့် ရင် ထဲ က စစ်ကနဲ ဖြစ် သွားတယ် ထင် တာပဲ ။

ဆရာ က ပြောပြောဆိုဆို နဲ့ ပလပ်စတစ်အိတ် ထဲ က လက်ကျန် နံကထိုင် အမှုန့်ကလေးတွေ ကို အိတ်စောင်း အတိုင်း ကောက် မော့ ပစ်လိုက်တယ် ။ နံကထိုင် အကြေကလေးတွေ က လည်း ဒလဟော ခုန်ပေါက် ပြေးဆင်း လာ ကြတာပေါ့ ။ ပြီးတော့ အိတ် ထဲ မှာ မုန့်မှုန့် အကပ်အသတ် မကျန် အောင် လက် နဲ့ အသာ တောက် ချနေတယ် ။

ဒီတခါတော့ ကျွန်တော့် ရင် ထဲ က တကယ်ပဲ စစ်ကနဲ မြည် သွားပါတော့တယ် ။

ဆရာ့ ကို မကြည့်ရက် လို့ တဘက် လှည့် နေ လိုက်တယ် ။ ဆရာ့ ဘက် မျက်နှာ ပြန် မူ လိုက်တော့ ခုန က ပိုးဟပ်တွေ ကို ဖမ်းတဲ့ လက် နှစ်ချောင်း နဲ့ နံကထိုင်အမှုန့်ကလေးတွေ ကို ဆရာ က အသာ လျက် လို့ ...

◾ညီပုလေး

📖 မိုးဝေမဂ္ဂဇင်း
       ၁၉၈၈ ၊ မေ
      
#ကိုအောင်နိုင်ဦး

.