❝ အရွယ် သုံးပါး ❞
ပထမအရွယ်
မီမီတင် သည် ယဉ်စစလေး နှင့် လှသည် ။
တမူးမြို့ အထက်တန်း ကျောင်း တွင် မီမီတင် ထက် လှသူ တွေ ရှိကောင်း ရှိနိုင် ပါသည် ။
သို့ရာတွင် အိမ်ဝတ် အိမ်စား နှင့် ကပိုကရိုဟန်လေး က အစ ၊ ကျောင်းစိမ်းလုံချည် အင်္ကျီဖြူလေး နှင့် သိမ်မွေ့ ယဉ်ကျေးဟန်လေး က အလယ် ၊ ပွဲသွားလမ်းသွား အဝတ်အစား နှင့် သားနား တင့်တယ် ဟန်လေး က အဆုံး ဘယ်အချိန် ကြည့်ကြည့် ၊ ဘယ်အခါ မြင်မြင် မီမီတင် ၏ ယဉ်စစ အလှကလေး မှာ ရိုး သွားသည် ဟူ၍ မရှိ ။ ထို့ကြောင့် လည်း မီမီတင် ကို သတ်သတ်မှတ်မှတ် ရွေးချယ် မထားပေမဲ့ တမူးမြို့ အထက်တန်း ကျောင်း ၏ Queen အဖြစ် ကျောင်းသား တိုင်း ၏ ရင် ထဲ မှာ သတ်မှတ် ရွေးချယ် ထားကြသည် ။
“ မီမီ ဆယ်တန်း အောင်ရင် တက္ကသိုလ် ဆက် တက်မယ် မဟုတ်လား ”
မီမီတင် က ငေးငေးလေး ငိုင် နေသည် ။
မိခင် မုဆိုးမ ၏ တစ်ဦးတည်း သော သမီး ဖြစ်သူ မို့ တက္ကသိုလ် အဆင့် ကို တက်လှမ်း နိုင်ဖို့ ဆိုတာ မလွယ်လှပါ ။
ထိုစဉ် က တက္ကသိုလ် ဆို ၍ မန္တလေး နှင့် ရန်ကုန် တွင် သာ ရှိပြီး ကောလိပ်ကျောင်း က လည်း မြစ်ကြီးနား ၊ တောင်ကြီး ၊ မကွေး ၊ ပုသိမ် နှင့် မော်လမြိုင် တွင် သာ ရှိသည် ။ မီမီတင် အတွက် လက်လှမ်း မမီနိုင်သော နေရာ ဒေသများ သာ ဖြစ် နေသည် ။
“ တက်ဖြစ်မယ် မထင်ပါဘူး ၊ ကိုအောင် တို့ လို စိတ် သွားတိုင်း ကိုယ် ပါနိုင်တဲ့ ဘဝမျိုး မဟုတ်လေတော့ ”
စိတ်အားငယ်သူလေး ကို သနားစိတ်တွေ ယိုဖိတ်ကာ ကိုယ်ဖိ ရင်ဖိ အားပေး ချင် နေမိသည် ။ ကျွန်တော် ၏ ကရုဏာတရား သည် ရိုးသားပါရဲ့ လား ဟု တွေး မိသည် ။ “ မင်း သနားတာ ငါ သိပါတယ် ” ဟု တစ်ဦး ဦးက ရယ်ရွှန်းဖတ်ရွှန်း ပြောခဲ့သော် ရှက်စနိုး ဖြင့် ခေါင်းငုံ့ ၍ သာ နေရပါလိမ့်မည် ။
“ တကယ်လို့ များ ကိုယ် တက္ကသိုလ် က ဘွဲ့ ရတဲ့ အချိန် ထိ စောင့်နိုင်မယ် ဆိုရင် ကိုယ့် ရဲ့ အမွန်မြတ်ဆုံး စကား တစ် ခွန်း ကို ညွှန်းဖွဲ့ပါရစေလား ”
စာရေးဆရာ အောင်လင်း ၏ ချစ်ဦးသူ သို့ ပေးစာများ စာအုပ် တွင် ဖတ်နေကျ ဆိုတော့ ရည်းစားစကား ကို စောင်းပါးရိပ်ခြည် ပြောတတ်နေသည် ။
“ ကိုအောင့် လို ကဗျာတွေ ၊ စာတွေ မရေးတတ် တော့ ကိုအောင့် စကား ကို ဘယ်လို နားလည်ရမှာတဲ့လဲ ”
မျက်နက်ဝန်းလေး ထောင့် ကပ်ကာ ပြုံးစစ ပြော လာ သူ ကို ဘယ်လို မျက်နှာ ချင်းဆိုင် ၍ ရင်တွင်း ဖြစ် စကား တစ်ခွန်း ကို ဘယ်လို ညွှန်းဆိုရမည် ဟု မသိသား ဆိုးဝါးလှစွာ ရှက်ရွံ့ တွန့်ဆုတ်
၍သာ နေမိပါတော့သည် ။
••••• ••••• •••••
ဒုတိယအရွယ်
တက္ကသိုလ် ကျောင်း ပိတ်ရက် ပြန် လာတိုင်း မီမီတင် ကို တွေ့ရသည် တော့ မဟုတ်ပါ ။ တောရပ်ကျေး တွင် တောကျောင်းဆရာမလေး ဘဝ နှင့် ကျင်လည် နေ၍ ဖြစ်သည် ။ ကံစီမံရာ ကံကြမ္မာ ၏ အလိုအရ ကြုံရ သလို ဘဝ မှာ ကျသလို ကျင်လည်ခဲ့ကြ ရ သည် ။ ဘွဲ့ ရပြီး မြို့ကြီး ပြကြီး တွင်သာ ပျော်ရာ မှာ မနေ တော်ရာမှာ နေ ရသော ကျွန်တော့် အဖို့ မီမီတင် သာ မက ဇာတိမြို့ကလေး နှင့် ပါ ကင်းကွာ ၍ နေပါသည် ။ ကျွန်တော် သည် မြို့ကလေး အတွက် တစ်ခေါက် တစ်ခါ ရောက် ရောက် လာသော ဧည့်သည် ပမာ စိမ်းဆတ် ၍ နေပါလိမ့်မည် ။
ကျွန်တော် ၏ မိခင်ကြီး ဘဝတစ်ပါး သို့ ပြောင်းသွား ကွယ်လွန် သဖြင့် ဇာတိမြို့လေး သို့ ရောက်တုန်းရောက် ခိုက် ပထမဆုံး အကြိမ် ကျင်းပသော တမူးမြို့ အထက်တန်း ကျောင်း ၏ အာစရိယ
ပူဇော်ပွဲ ကို နွှဲခွင့် ကြုံ ခဲ့ရပါသည် ။ ကျောင်း နေဖက် သူငယ်ချင်းများ နှင့် ငယ်ကျိုးငယ်နာ တွေ ပြောရင်း တသောသော ရယ် ကြ ရသည် ။ ဟိုးတစ်ခါ က အလွမ်း ၊ ဟိုတုန်းခါ က ကျမျက်ရည် တို့ သည် အခုအခါ ရယ်သွမ်းသွေး စရာများ အဖြစ်သို့ ပေါ့ပြက်ပြက် နိုင်လှစွာ ပြောင်းလဲသွားတော့သည် ။
“ ကိုအောင် ဝ,လာတယ်နော် ”
အထက်တန်းပြ ဆရာမ ဖြစ် နေသော ဒေါ်မီမီတင် သည် ယဉ်လက်စ နှင့် ယဉ် ၍ မဆုံး ။ ဟိုအခါတုန်း က ဖူးငုံ ပန်းပွင့် သည် အခုတော့ မူ လန်းဆန်းပွင့်ဝေ လျက် ဖြင့် တွေ့ ရသည် ။
“ လေးဆယ် နား နီးလာ တော့ အလှတွေ ပျက်ပြီး ဘဝ တွေ ဘက် ရောက်လာကြ ပြီ ပေါ့ ၊ မီမီတင် တစ်ယောက် တော့ ဟိုတုန်းက လို လှတုန်း နုတုန်း ”
“ မီမီ့ သူငယ်ချင်း ကို မုန့်ကျွေး မှာပါ ၊ မြှောက်ပင့် ပြောစရာ မလိုပါဘူးကွယ် ”
“ တကယ် ပြောတာပါ ၊ မီမီ ကို တွေ့ချင်လွန်း လို့ အသည်းအသန် ရှာဖွေခဲ့ဖူးပါတယ် ”
စကား လမ်းကြောင်း လွှဲ ကာ မပြော ဖြစ် ခဲ့သော စကား တစ်ခွန်း ကို ညွှန်းဖွဲ့ ၍ ဆို မိသည် ။ အသက်ကလေး ရ လာ ပေမဲ့ အရှက် သွေး ကြွကာ ပါးပြင်လေးတွေ နီမြန်းလာ သော ပန်းကလေး လို လှသည့် မီမီတင် ကို မချင့်မရဲ မြင်တွေ့ လာရသည် ။ ကျွန်တော် ပြော မည့် စကား တစ်ခွန်း ကို မီမီတင် အချိန်ကာလ တစ်ခု အထိ စောင့်စား ကာ နေခဲ့လိမ့်မည် ဟု ကိုယ့် ဘက် ကိုယ် ယက် ကာ တွေး မိသည် ။
ဘွဲ့ ရပြီး အလုပ် မဝင်ရ သေး ခင် က ဇာတိရပ်မြေ တွင် မီမီတင် ၏ သတင်း ကို နားစွင့် ခဲ့ ဖူးသည် ။ မီမီတင် တို့ သား အမိ ရှမ်းပြည်နယ် ဘက် မှာ လိုလို ၊ ကချင်ပြည်နယ် ဘက် မှာ လိုလိုနှင့် စေလိုရာ စေ ဝန်ထမ်းဘဝ ဖြင့် ရွက်လွှင့်ချင် တိုင်း လွှင့် ကာ သာ နေ လေသည် ။
“ ကိုအောင့် အကြောင်း ကို တော့ ကိုအောင် ရေးတဲ့ ဝတ္ထုတွေ ဖတ် ရ လို့ ဘယ် ရောက် နေတယ် ၊ ဘာလုပ်နေ တယ် ၊ အိမ်ထောင်ရက်သား ကျသွားတာ က အစ သိရပါ တယ် ၊ ကလေး ဘယ်နှယောက် ရပြီလဲ ”
ငယ်ဘဝ တွင် လွင့်မျော ချင်တိုင်း လွင့်မျော နေသော စိတ် ကို လက်ရှိ ဘဝသို့ ရောက်ရှိ အောင် မီမီတင် က ဆွဲ ငင် ခေါ်ယူ လိုက်သည် ။ မီး ဝေး ၍ ချိတ် မာ သည် ဟု ပြောချင် ပြောကြပါစေ ၊ တက္ကသိုလ် အတူ တက် ရင်း ဘဝ ချင်း နီးစပ် ခဲ့သော ရပ်ဝေး က ချစ်သူ နှင့် ဖူးစာကံ ကြုံ ၍ ဆုံ ခဲ့ ကြ သည် ။ အချစ် ဆိုတာ အတိတ် က ခံစားမှု ကို ပစ္စုပ္ပန် တွင် ခံယူ နိုင်ပြီး အနာဂတ် သိ ခံစားမှု ထပ်တူ ပြုနိုင် ၊ မပြုနိုင် အကျယ် ဆပွား စဉ်းစား ၍ သာ မနေပါခဲ့ ။ မီမီတင် သည် ငယ်ဘဝ ပုံရိပ်များ နှင့် အတူ မှေးမှိန် ပြယ်လွင့် ၍ ပျောက် ဆုံး နေခဲ့သည် မှာ ကြာခဲ့ပါပ ကော လား ။ ကွယ် လျှင် မေ့ ၍ တွေ့ သေအောင်လွမ်း သူ ဟု ဆိုချင် ဆိုကြပါစေ ။
အထက်တန်းပြ ဆရာမ ဒေါ်မီမီတင် ကို မြင်တွေ့ ရ၍ ငယ် ဘဝ ကို ပြေး မြင်ပြီး ငယ်စဉ် က မပြောဖြစ် ခဲ့သော စကား တစ်ခွန်း ကို ကိုယ့် ဘဝ ပေး အခြေအနေ အရ မပြော လက်စ နှင့် မပြောဘဲ နေရပါ တော့သည် ။ ပြောခွင့် မကြုံ၍ ဆုံစည်းခွင့် မရနိုင်သော အဖြစ် အပျက် ကို သာ တအုံနွေးနွေး လွမ်း၍ ဆွေး လျက်သာ ရှိပါတော့သည် ။
••••• ••••• •••••
တတိယ အရွယ်
တမူးမြို့ ၊ မြို့မပရိယတ္တိ သာသနာ့ရိပ်သာ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တမာနိတသိရီ သည် ဘာသာရေး ၊ သာသနာရေး ၊ ပညာရေး ၊ လူမှုရေး စသည့် ကိစ္စ အဝဝ ကို မနေမနား အားသွန်ခွန်စိုက် ကြိုးပမ်းတော် မူ၍ နိုင်ငံတော် က အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့ထူးဂုဏ်ထူး ကို ဆက်ကပ် လှူဒါန်းခဲ့သည် ။ ဘွဲ့ရ ဆရာတော် ပူဇော်ပွဲ ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရွှေစည်းခုံဘုရားဝန်း အတွင်း ရှိ တင်ဝင်းထွန်း ဓမ္မာရုံတော်ကြီး တွင် ဝှဲချီး ဆင်ယင် ကျင်းပခဲ့သည် ။
“ ဒကာကြီး လည်း ကိုယ့် မြို့ ၊ ကိုယ့်ဒေသ မရောက်တာ ကြာ လှပြီ ။ ဘုရားဂေါပက ဥက္ကဋ္ဌ ဒကာကြီး အစ်ကို ဦးတင်အေး က လည်း လိုက် နိုင်ရင် ခေါ်ခဲ့ဖို့ ပြောတယ် ၊ ဘုန်းကြီး ကား နဲ့ ကြုံတုန်း ကြုံခိုက် လိုက်ခဲ့ပါလား ”
ဆရာတော် က ဖိတ်ခေါ် သဖြင့် ရေငတ် တုန်း ရေတွင်း ထဲ ကျ သလို ပျော်ရွှင် ဝမ်းမြောက် မိသည် ။ ကျွန်တော် သည် မခေါ် ခင် က လိုက် ချင် နေ မိ၍ မသွားခင် က ရောက်ချင် နေမိ သည် ။ ဆရာတော် ၏ မြို့မ ကျောင်း ဗိမာန် သည် အင်မတန် ခံ့ညား ထည်ဝါလှပေ သည် ။ တစ်ခါက သစ်သား ကျောင်းအို သည် ထိုကျောင်း ဝန်း တစ်နေရာ တွင် ရှိခဲ့ဖူး သည် ဟု ပြောလျှင် သိမီလိုက်သူ မှ အပ ယုံချင် သူ ရှိမည် မထင် ။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း က လည်း ကောင်းစွာ အောင်မြင်နေသည် ။ သာသနိက အဆောက်အဦတွေ ကတော့ ကျောင်းတွင်း ရော ကျောင်းပြင် မှာ ပါ တင့်တယ်ခြင်း မက တင့်တယ်လှ ပေသည် ။ သာသနာရောင် ဝါလင်းလျက် ပင် ရှိပါတော့သည် ။
“ ဆရာတော် နဲ့ အတူ ကိုအောင် ပါ လာ တာ လား ”
တစ်ခါက မီမီတင် ဟူ သော ယဉ်စစ ကောင်မလေး ဟူ ၍ ပြော မှ သိ ကြည့် မှ မြင်ရ လောက် အောင် ငယ်ရွယ်ပျို မျစ်ခြင်း တွေ တစ်စ မကျန် ပျောက်ဆုံးသွားသည် တော့ မဟုတ်ပါ ။ အရေးအကြောင်းတွေ အထင်းသား ပေါ်လာသော မျက်နှာ နှင့် ဆံဖြူကျိုးကျဲ အသားအရေ လျော့တွဲ လာ သော်လည်း အရွယ်အို ပေ မဲ့ ပျိုသေးသည် ဟု ထင် မြင် နေ မိသည် ။
“ ကိုယ့် မြို့ ၊ ကိုယ့် ဒေသ မရောက်တာ ကြာလို့ ဆရာတော် နဲ့ လိုက်လာတာပါ ။ အလုပ် က အငြိမ်းစား ယူ လိုက် တာ လည်း တစ်နှစ် ကျော် လောက် ရှိ သွားပြီ ။ သားကြီး နဲ့ သားလတ် က အိမ်ထောင် ခွဲတွေ လေ ၊ အငယ်မလေး နဲ့ ပဲ အေးအေးလူလူ နေပါတယ် ”
“ ကိုအောင့် ဇနီး ဆုံး သွားတာ အတော် တောင် ကြာ သွား ပြီ နော် ၊ သတင်းတွေ တော့ ကြား နေရပါတယ် ”
“ ဟုတ်ပါတယ် ၊ အခုတော့ ပင်စင်စား အဘိုးအို မုဆိုးဖို ဘဝ ရောက် နေရပါပြီ ”
သွက်လက် ခဲ့ သော အရွယ် ၊ ထက်မြက်ခဲ့သော အရွယ် တို့ ကို မရကောင်းသော အရာ မို့ ပြန်လည် မတမ်းတ လို တော့ပါ ။ အချစ် တို့ ဖြင့် သစ်ခဲ့သော မျက်နှာ ၊ အချစ် တို့ ဖြင့် ညစ်ခဲ့သော မျက်နှာ ၊ အချစ် တို့ ဖြင့် ပစ်ခဲ့သော မျက်နှာ စသည် ဖြင့် အရွယ် သုံး ပါးမှာ မျက်နှာ သုံးစား ရှိခဲ့ပါ သည် ။ အရွယ် သုံးပါး တွင် မျက်နှာ သုံးစား မရှိဘဲ မပြောင်းမလဲ မျက်နှာ ဖြင့် ရပ်တည် ခဲ့၍ ထင်သည် ၊ အရွယ်တင် နုပျိုစွာ အိုချိန် တန်လျက် ပျိုဟန် မပျောက်သော အပျိုကြီး တစ်ကိုယ် တည်း ဒေါ်မီမီတင် သည် ဘုရားဝေယျာဝစ္စ ၊ ကျောင်းဝေယျာဝစ္စ တို့ ကို အမြဲ မပြတ် နိစ္စပတ် ဆောင်ရွက် လျက် ရှိသော ယောဂီ စင်စစ် ဖြစ်၍ နေလေသည် ။
“ ငယ်ငယ် က စွန်းထင်းညစ်ထေး ခဲ့တဲ့ အညစ်အကြေး တွေ ကို ဘာဝနာ ကမ္မဋ္ဌာန်း
အစွန်းချွတ်ဆေး နဲ့ လျှော်ဖွပ် သန့်စင်ဖို့ အချိန်အခါ ရောက် နေပြီလေ ၊ နောင်ဘဝ အတွက် ရိက္ခာထုပ် ကို ထုပ်ပိုး ဖို့ တောင် အချိန် နောက်ကျ နေပြီလား မပြောတတ်ပါဘူး ”
ဒေါ်မီမီတင် ၏ ဘဝ နှင့် အလှ ကို မြင် တွေ့ ရ၍ တတိယ အရွယ် ပြတင်းပေါက် မှ ဒုတိယ အရွယ် သို့ ပြေးပေါက် မှား သည့် စိတ် ကို သိ နေ၍ လား မပြောတတ်ပါ ။ ဒေါ်မီမီတင် ၏ စောင်းပါးရိပ်ခြည်
အပြော က ကျွန်တော် ၏ မစင်ကြယ်သော စိတ် အညစ်အကြေး ကို မြင်တွေ့ နေရ သောကြောင့် ဖြစ်မည် ထင်ပါသည် ။
“ ဒီ အချိန် မှာ လာ တွေ့တာ ဘာလုပ်ရမလဲ ” ဟု အဆိုတော် ကိုင်ဇာ လို သီချင်း အော် ဟစ် သီဆိုရမည်လား ။ ယခု ဘဝ တွင် ရွှေဖူးစာ မင်ရည် ကျဲ ၍ လွဲ ခဲ့ကြ သော်လည်း ဘဝ ဆက်ကာ သံသရာဝယ် ချစ် ကြမ္မာကံ ပြန်ဆုံပွဲ ကို နွှဲလိုက် ချင် သေးသည် ။
ဪ - တရား မရတဲ့ များလှ သတ္တဝါ စာရင်းတွင် ကျွန်တော် သည် ထိပ်ဆုံး က ပါဝင် နေပြီ ထင် မိသည် ။
◾ ခြိမ့်သဲ
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၃ ၊ ဒီဇင်ဘာလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment