Monday, June 26, 2023

မေ့ချစ်သူ


 

❝ မေ့ချစ်သူ ❞

သူ သွားတော့မယ်လေ ...

တင်မေ့ ကို တောင် တင်မေ မှန်း မသိဘဲ သူ သွားပါ တော့မယ် ။ ဒါဟာ တင်မေ ပါ ။ တစ်ခါတုန်းက မိုက်မိုက်ရူးရူးကလေး တင်မေ ရယ် လေ ။ သူ က တော့ ဘာမှ  မသိတဲ့ မိုက်ကမ်းခြင်း နဲ့ သွားတော့မယ် ။ ကြည့်စမ်း တိုက်ပုံအင်္ကျီ တောင် ဝတ်ပြီးပြီ ။ အဲ ... အဲ ... ဘိုကေလေးများ အဲဒီလို အရင် က စတိုင် မပျက် သပ် လိုက်ပါဦး ဇော် ရယ် ... ဪ ခုတင် ပေါ် ပြန် ထိုင် ပြီး စီးကရက် သောက် ရ ပြန်ပါပြီ ။

တင်မေ သည် စားပွဲ ပေါ် လက်ဖဝါး နှစ်ခု ကို ထပ်၍ ချကာ လက်ဖမိုး ပေါ် မေး တင် ပြီး ရီဝေသော မျက်လုံးများ နှင့် ငေး နေ မိလေသည် ။ ဘယ်သူ မှ မကြားနိုင်သော စိတ်တွင်း က စကား ပြော နေ မိလေသည် ။ ရှေး က ကိုဇော်ဖေ ကို တစ်ခါတုန်း က ကျွမ်းခဲ့ဖူးသည့် မျက်လုံး ၊ မျက်ခုံး ၊ နှာတံ ၊ ပါးစပ် က အစ အသေးစိတ်ပြီး မှတ်မိ ၏ ။ သူ ဘာ မှ သိပ်ပြီး မပြောင်းလဲ ။ နားထင် ဆံစကလေးများ ဖြူနေတာ နှင့် မကောင်းမှု ကို မွေ့ လျော်တာ ကြာ ရှည်ခဲ့၍ ဘာကို မှ မမှု မထီ သည့် ပြက်ရယ် အပြုံး က မျက်နှာ ပေါ် ထင်ပေါ် နေတာပဲ ပို လာ ပါ၏ ။ မဖမ်းမိ နိုင် လောက် အောင် ပြောင်းပါစေဦး တင်မေ တစ်ယောက် က ဖြင့် နောက်ထပ် နှစ်ပေါင်း နှစ်ဆယ် အကြာ မှာ လည်း မှတ်မိနေပါ ဦးမည် ။

ကိုဇော်ဖေ ကမူ စီးကရက် ကို သာ ဂရုထားပြီး သောက် နေရာ က တင်မေ ငေးကြည့် နေသည် ကို သတိပြု မိ သွားပြီး ဆတ်ကနဲ ကိုယ် ကို တွန့် လိုက် လေ၏ ။ မဝေခွဲနိုင် သလို ၊ အံ့ဩ အလို အမူအရာ ပေါ်လာပြီး “ ဟုတ်ပြီ ၊ မင်း သည်လို နေ တော့ ဘယ်သူနဲ့ တူ သလိုလို ရှိပါ လိမ့် ” ဟု ကမန်းကတန်း စိတ် ထက်သန်စွာ ပြော လိုက် လေရာ တင်မေ သည် အကြီး အကျယ် လန့်ဖျပ် သွားပြီး ကိုယ် ကို မတ် ကာ အနေအထား ပြောင်း လိုက် မိလေ၏ ။

“ အို ... ဘာဖြစ်လို့ လှုပ် လိုက်ရတာလဲ ” ဟု စိတ်ရှုပ် သွား ကာ

“ မင်း နဲ့ ငါ နဲ့ တွေ့ ဖူးသလား ဟင် .. တစ်ခါတုန်း က တွေ့ ခဲ့ဖူးတယ်ထင်တယ် ”

တင်မေ သည် မျက်နှာ တစ်ဖက် လှည့်ပြီး “ တွေ့ခဲ့ဖူးသားပဲ ၊ မမှတ်မိဘူးလား ” ဟု လေသံကလေး နှင့် ခပ်သဲ့သဲ့ ပြော လိုက်လေသည် ။

“ ဟုတ်ပါတယ် ... တွေ့ဖူး ပါတယ် ။ ဘယ်မှာပါလိမ့် ၊ ပြောပြစမ်းပါဦးကွယ် ”

တင်မေ သည် ဟား တိုက်ပြီး ရယ် လိုက်ရ ကောင်းမလား ၊ ပေါက်ကွဲပြီး ငို လိုက်ရ ကောင်းမလား ဟု ခဏ မျှ တန့်နေ မိ လေသည် ။ တတ်နိုင် လျှင် တော့ နှစ်ခု စလုံး မလုပ်မိ အောင် ချုပ်တည်းမည် ဖြစ် လေ၏ ။ ကိုယ့် ကို မမှတ်မိ သည့် ချစ်သူ မျက်နှာ ကို လည်း စစ်ဆေး သည့် အပြုံး ဖြင့် စိုက်ကြည့် လိုက်ဖို့ စိတ် မရှိ ။ ကိုဇော်ဖေ ၏ ဘယ် မိန်းမ ကို မှ မလေးစားသည့် ပြက်ရယ်ပြုံး ကို လည်း ဒေါသ ထွက်ဖို့ စိတ် မကူး ။

တစ်မိနစ် ပဲ ရရ ၊ ရသမျှ အချိန်ကလေး တွင် စားပွဲ ပေါ် လက်ဖဝါး နှစ်ခု ထပ် ၍ ချကာ လက်ဖမိုး ပေါ် မေး တင် ပြီး ငေး နေ ချင် စိတ် သာ ရှိလေသည် ။

“ ပြောစမ်းပါကွ ၊ သိရအောင် ” ဟု သူ က မေး ပြန်၏ ။ တင်မေ က ရုတ်တရက် ရှိုက် ၍ ခြေ ကို သာ ဆောင့် လိုက် မိလေ၏ ။ ကိုဇော်ဖေ က မခံချိ မခံသာ ဖြစ်သလို စီးကရက် ကို လွှင့် ပစ်ကာ ဗြုန်းခနဲ ထ လာ ပြီး တင်မေ ကို ကျုံးမ ပွေ့ယူ လိုက်၏ ။ မေးဖျား ကို ပင့် ၍ မော့ စေပြီး စူးစိုက်ကြည့် ကာ .... “ မပြောဘူးလား ပြောမလား ” ဟု ညှစ်ပြီး မေး၏ ။

“ အို ... အို ... လွှတ်ပါ ဇော် ”

“ ဇော် ... ဟုတ်လား ။ ငါ့ မယား တောင် ဇော် လို့ တစ်ခါ မှ မခေါ်ဖူးဘူး ။ မင်း နဲ့ ငါ နဲ့ တွေ့ ခဲ့ဖူးတာ အမှန်ပဲ ။ ကဲ - ဆိုစမ်း ၊ ဘယ်မှာ လဲ ”

တင်မေ သည် ကြမ်းတမ်းသည့် လက်မောင်းများ ကြား တွင် ငြိမ် ၍ သွားကာ သူ့ ရှပ်အင်္ကျီ ကြယ်သီးကြိုး မှ ရွှေစကြာကလေး ကို လှုပ်ကစား ကာ နေ လေ၏ ။ ရှည်ဝေးလှ သည့် အရပ်ဟောင်း ကို ပြန် ရောက် နေ၏ ။ စိတ်ဟောင်းများ ပြန် လည် လာ လေ၏ ။ ကိုဇော်ဖေ က အဖြေ ကို စောင့် နေရာ သက်ပြင်း ချ ပြီး တင်မေ ကိုယ်ကလေး ကို သတိပေး သလို လှုပ် လိုက်ရာ ...

“ အဝီစိ မှာ ”

ကိုဇော်ဖေ ပွေ့ ထား သည် ကို မြန်ဆန် စွာ လွှတ်ချ လိုက် လေသည် ။

ရုတ်တရက် မို့ လည်း တစ်ကြောင်း ... ငယ်ငယ် က လို အင်အား မရှိတော့သည် က လည်း တစ်ကြောင်း နှင့် မို့ တင်မေ မှာ နောက်ပြန် ယိမ်းယိုင် သွား၏ ။ တံတောင်ဆစ် နှင့် စားပွဲ ကို ပြင်းထန်စွာ ခိုက်မိ သွား၏ ။ ကိုယ် ကို မနည်း ဟန် ပြီး ကု,လားထိုင် ပေါ် ပြန် ထိုင် ရ သည် ။ ကျဉ်၍ သွားသော တံတောင်ဆစ်ရိုး ကို လက် နှင့် ဆုပ်ပြီး မောပန်းစွာ မော့ ကြည့် မိ ပြန်သည် ။ အရင်တုန်းက ဇော် ပဲ နော် ... ရက်စက်တုန်း ပဲ ။

ကိုဇော်ဖေ ကား အော် ၍ ရယ်လျက် ရှိ လေသည် ။

“ ဒါဖြင့် တို့ သေပြီး ရင် အဝီစီ မှာ ပြန် တွေ့ကြဦးစို့လား ဟင် ” 

“ အို .. ဒီဘဝ မှာ ရှင် ပြန် မလာတော့ဘူးလား ”

ဟု လွမ်း ဟန် ပြု ကာ သရော် လိုက်မိလေသည် ။

“ ခက်တာက ကိုယ့် ချစ်သူ က ပိန် လည်း ပိန် ၊ အို လည်း အို နေပြီ ကွ ။ ဒါပေမဲ့ ခွဲ မသွား ဘူး လို့ တော့ မပြောနိုင် ပါဘူးလေ ။ ပြီးတော့ ပြန်တွေ့ ဦးမယ် ဆိုလည်း အချိန်တွေ အများ ကြီး ကျန်ပါသေးတယ် ။ တော်တော်နဲ့ မသေသေးပါဘူး နော် ။ ဪ ... မင်း အသက် ဘယ်လောက် ရှိပြီလဲ ဟင် ။ ၁၆ နှစ် လား ၊ ၁၈ နှစ် လား ”

လှောင်သေးတယ် ဇော် ရယ် ။ သို့ပေမဲ့ တင်မေ ကတော့ သူ လှောင် တာ ရက်စက် တာ ၊ ကြမ်းတမ်း တာ တွေ ကို တေပေပြီး တွေ့ခဲ့ရဖူးပြီ ဖြစ် ၍ ရင်တွင်း မှာ ဘာမှ မဖြစ်တော့ ပါ  ။ တင်မေ သည် အင်မတန် လည်သည့် ဟန်မျိုး ကို အခု ရ နေပြီး ဖြစ်ရာ သူ့ ကိုယ် သူ မသိဘဲ ကိုယ် အထက်ပိုင်း ကို တွန့် ခနဲ လှုပ်ကာ ခေါင်း တစ်ချက် ညိတ် ၍ မျက်စိ တစ်ဖက် မှိတ် လိုက် ပြီး ပြုံး တစ်ဝက် မဲ့တစ်ဝက် နှုတ်ခမ်း နှင့် ...

“ အို ... ရှင် နဲ့ တွေ့ တဲ့ အခါတိုင်း ဟာ ၁၅ နှစ် ပဲ ”

တင်မေ သည် မိမိ အမူအရာ ကို ပြန် သတိရ ပြီး ထိတ်လန့် သွား မိလေသည် ။ ဒါဟာ အပေါစား မဆန်ဘူးလား ။ စင်စစ်တော့ လည်း ငွေ နှင့် လာ သည့် ယောက်ျား ဟူသမျှ ကို သည် လို အမူအရာမျိုး ၊ သည်လို အပြောမျိုး နှင့် ဧည့်ခံရမည့် သူ အဖို့ အပေါစား ဆန်ရ မှာ က ဓမ္မတာ ပင် ဖြစ်သည် ။ သို့သော် ကိုဇော်ဖေ တစ်ယောက် ကို မူ  ဘယ် ဘဝ က နေ ပြီးပဲ ဖြစ်ဖြစ် တင်မေ သည် သစ္စာ ရှိသော ချစ်သူကောင်း တစ်ယောက် အဖြစ် နှင့် လက်ခံ ချင် လေ၏ ။ ထူးတော့ လည်း မထူးပါဘူး လေ ။ ခု ရွှေ ပေး မရသည့် ဣန္ဒြေကလေး နှင့် ချိုချိုကလေး ပြုံး ပြီး ကြို မယ် ဆိုလျှင် လည်း ဒါဟာ တင်မေ လို့ သိ မှာ မဟုတ်ဘဲ ဟု တင်မေ သက်ပြင်း ချ လေ၏ ။

ကိုဇော်ဖေ က မူ တင်မေ ဖြေပုံ ကို သဘော ကျ ကာ အော်ရယ် လျက် ရှိပြန်၏ ။

ကြည့်လေ ... ရယ် နေ လိုက်တာ ... ခေါင်း ကို နောက် ပစ်ပြီး ပေါ့ဆဆ ရယ်ပစ် လိုက်လို့ပါ ကော ။ ဟိုတုန်းက ... ဟိုတုန်းက ဟန်ကလေးတွေ ၊ နီရဲနောက်ကျိ နေသော မျက်လုံးများ တွင်း က မျက်ရည်များ ပင် ကျလာ ပါပြီ ။ အသား က လည်း ပွစိစိ နှင့် အဆီ ပြန် လို့  ။ သို့ပေမဲ့ စက်ဆုပ်စရာကြီး လို့ လည်း ခုတောင် မထင်နိုင်ပါလား ကွယ် ။

“ ဪ ... ၁၅ နှစ် ဆိုတာ ကို သဘောကျ နေ သကိုး ”

တင်မေ သည် မျက်တောင် တွန့် ပြီး သူ ရယ်နေသည် ကို သာ ကြည့် နေ မိ လေ၏ ။ မိမိ ပြောလိုက်တုန်း ကတော့ ခု သူ ကောက်ယူ သည့် အဓိပ္ပာယ်မျိုး နှင့် မဟုတ်ချေ ။ တိုက်ဆိုင် ချင် ၍ သာ တိုက်ဆိုင် သွား ပေသည် ။ လွန်ခဲ့သည့် အနှစ် နှစ်ဆယ် ခန့် တင်မေ ၁၅ နှစ် သမီး က တွေ့ခဲ့သည်များ ကို သူ တကယ်ပင် မေ့ လေပြီ ။

တင်မေ ပြော လိုက်သည် မှာ မှန်ကန်သော သစ္စာစကား ပေ တည်း ။ တင်မေ့ ဇာတ်လမ်း မှာ စင်စစ် ၁၅ နှစ် သမီး က စ လေသည် ။ ဒီတော့ ၁၅ နှစ် ဆိုသည့် အရွယ် ကို ဘယ်မှာ မေ့နိုင်ပါ့ မလဲ ။ ကိုဇော်ဖေ ကို ယခု ၃၅ နှစ် အရွယ် မှာ တွေ့ပြန် လည်း ၁၅ နှစ်သမီး အရွယ် က စိတ်များ နှင့် တွေ့ ရသည် ။ သူ့ ကို အစွဲကြီး စွဲ နေသည့် မိုက်မဲသော စိတ်များ သည် ခုလည်း မိုက်မဲ လျက် ပင် ရှိကာ နောင်လည်း ဆက်၍ မိုက်မဲဖို့ အသင့် ရှိ လေသည်  ။ ခုနေများ ကိုဇော်ဖေ တင်မေ ကို ပြန် မှတ်မိပြီး  ...

တင်မေ သည် ဇရာ ဖိစီး ၍ အမယ်အို ဖြစ်သည့် တိုင်အောင် ပင် မိုက်မဲ ချင် လှပါသည် ။

သည်တော့ ဘယ်ခါမှာ မဆို ကိုဇော်ဖေ တစ်ယောက် အပေါ် မှာ ဖြင့် တင်မေ သည် အမြဲတမ်း ၁၅ နှစ် ပဲ ရှိပေမည် ။

ကိုဇော်ဖေ သည် ရုတ်တရက် တင်မေ ကို ရော ၊ ထို အခန်းကျဉ်းကလေး ကို ပါ ငြီးငွေ့ သွားသလို အပြင်းအထန် သမ်း လိုက်ပြီး အိတ် ထဲ က တစ်ဆယ်တန် ငွေစက္ကူ လေးရွက် ကို ထုတ် ၍ စားပွဲ ပေါ် ပစ် တင် လိုက်လေ၏ ။ တင်မေ လည်း ရင် ထဲ တွင် လှိုက်လှဲ ဝမ်းနည်း သွား ပြီး မျက်လုံးများ ရီဝေ လာ ပြန်၏ ။ မသိလိုက် မသိဘာသာ လက်ဖဝါး နှစ်ခု ကို ယှက်၍ စားပွဲ ပေါ် ချကာ လက်ဖမိုး ပေါ် မေး တင်ပြီး ငေး နေမိ ပြန်၏ ။

“ ဟော ” ဟု ကိုဇော်ဖေ က ဆိုလေ၏ ။

“ အဟုတ် ပါ ... မင်း ကို တစ်ခါတုန်း က သိဖူးပါ တယ် ။ အဝီစိ မှာတော့ မဟုတ်ပါ ဘူး ကွယ် ။ နတ်ပြည် မှာ လို့ ထင်တယ် ”

ကိုဇော်ဖေ သည် တင်မေ နဖူးလေး ကို မထိတထိ နမ်း ကာ ပေါ့ပါးစွာ ထွက်သွား လေသည် ။

သူ ည က လာပြီး မနက်ကျ သွား ပြီလေ ။ လှေကား က ပြေးဆင်းသွားသည့် ခြေသံများ သည် ဆူညံရာ က အဝေး ရောက် တော့ ပျောက် သွား၏ ။ တခြား ယောက်ျား တွေ နှင့် ဘာမှ မကွာခြား ။ တင်မေ သည် အပြေး ထပြီး ပြတင်း က မျှော်ကြည့် လို စိတ် လည်း မပေါ်တော့ ။ သည့်ထက် မက အနောက် က အတင်း လိုက် ပြီး ဖမ်း တောင် မှ ကိုဇော်ဖေ သည် သူ့ စိတ် က မလိုတော့ဘူး ဆိုသည့် အခါ မှာ လှည့် ကြည့် ဖို့ စိတ်ကူး တော့ မည် မဟုတ်ချေ ။ တင်မေ ကတော့ သိခဲ့လှပါပြီ ။

ထို့ပြင် လာပြီး ပြန် သွားသည့် အဖြစ်မျိုး က တင်မေ့ အဖို့ ရိုးလှပေပြီ ။

ယခုလိုတော့ ဘယ်တုန်း က တွေငိုင်ပြီး ကျန်ရစ်ခဲ့ဖူးပါ သလဲ ။ အမှန်မှာ တွေငိုင်ရုံ တင် မကဘဲ ဇော် ... ဇော် ... အို ... ဇော် ဟု တမောတပန်းကြီး ပင် တသပြီး နေရစ်ပါသေး ၏ ။ လက်ဖမိုး ပေါ် မှာ ပူနွေး သော အရည်များ ရွှဲ နေ၏ ။ စားပွဲခုံ ပေါ် သို့ ပင် ကျရောက် စိုစွတ် နေပါသည် ကော ။ မထင် ဘဲ နှင့် ကိုယ့် ကိုယ် ကိုယ် ငို နေမှန်း သိရ၍ လန့်ဖျပ်မိ သေး၏ ။

စင်စစ်သော် လည်း တင်မေ လို အသားအရေ ခြောက်ခန်း ပြီး အသက် ကြီးရင့် သည့် ပြည့်တန်ဆာမကြီး တစ်ယောက် ငို နေသည် ကို မြင် လျှင် ဘယ်သူ သည် ချစ်သူ စွန့်ပစ်၍ ၁၅ နှစ် ရွယ် အပျိုပေါက်စကလေး တစ်ယောက် ငိုနေသည် ဟု ထင်ပါလိမ့် မလဲ ။ ဤသို့ တင်မေ သည် အမြီးအမောက် မတည့် တွေး  ကာ ရှိသည် ။ ဒီဟာမကြီး ဝါရင့်လွန်း လို့ ဧည့် မရွှင်တော့ တာ နဲ့ ငို နေတယ် လို့ ထင်မှာပေါ့ .... ။

သို့သော်လည်း ကိုဇော်ဖေ နှင့် ပတ်သက်ပြီ ဆိုလျှင် တင်မေ သည် သူ့ ကိုယ်သူ အရာရာ ပစား ပေးထားသည် ဖြစ်ရကား မျက်ရည် ကို သုတ်ပစ်ဖို့ ပင် မကြိုးစား ။

“ ဇော်ရယ်  ၊ ဇော်ရယ် ” ဟုပင် တ , တ ပြီး ငိုရှိုက် လိုက်ချေ သေး၏ ။

ကဲ ... သူ သွားပြီလေ ။ တင်မေ ကို မူ တင်မေ မှန်း မသိဘဲ တစ်ခါတည်း ထွက်သွားပြီး မသိသား ဆိုးဝါးလှချေ လား ဇော် ရယ် ။ တင်မေ ကို မှ မှတ်မိနိုင် လောက်အောင် ဦးနှောက် ထဲ မှာ အရက်ခိုး အရက်ငွေ့ တွေ ဆို့ပိတ် နေပြီလား ကွယ် ။ တွေ့ ရတဲ့ မိန်းမတွေ ထောင်သောင်း မက များ လွန်း လို့ တင်မေ တစ်ယောက် ကို ကောက်ပြီး မမှတ်မိနိုင်တာလေ လားကွယ် ။

အမှန် ဆိုရလျှင် မူ ည တုန်း က ဖြင့် သူ များ မှတ်မိသွားတော့ မှာ လား ။ မှတ်မိသွား တော့ မှာလား ဟု တထိတ်ထိတ် ပူကာ ဣန္ဒြေချည်း ပျက် နေ မိလေသည် ။ တင်မေ မှာ ဘာမှ မချုပ်တည်းနိုင်ချေ ။ သတိထား နေလျက် က လည်း ယောင်ကာ ဇော် ... ဇော် နှင့် တစ် ဇော် တည်း ဇော် မိ၏ ။ ဦးလေးဇော် လို့များ တစ်ခွန်း ထွက် သွားလိုက် လျှင်တော့ လုံးလုံး ပေါ်ရ ချေရဲ့ ။ ဘုရားသိကြား မ လို့ တင်မေ ကို တွေ့ ခဲ့တာ အဝီစိ မှာ လား နတ်ပြည် မှာ လား တောင် သိ မသွားချေ ... ဟာ ... ဟာ ... ။

ကိုဇော်ဖေ သည် တစ်ညလုံး “ မင်း ဘာဖြစ်နေတာလဲ ” ဟု မေးကာ နေ၏ ။ သူ့ စိတ် ထဲတွင် ထူးပါတယ် ဟု တော့လည်း ထင်ချင် ထင် ပေမည် ။ တင်မေ ကတော့ သူ့ မှာ ပါလာ သည့် ပုလင်း ကို သာ ဖွင့်ပြီး တစ်ခွက် ပြီး တစ်ခွက် သာ ချော့ပြီး တိုက် နေ ရ၏ ။ ကိုဇော်ဖေ သည် ဟို အရင်တုန်းက လို ပင် သောင်းကျန်းမူးရူး ပြီး ပစ်စလက်ခတ် အိပ်ပျော် သွားသည့် အခါ မူ ကား တင်မေ သည် အခန်းထောင့် စားပွဲ ပေါ် လက်ဝါး နှစ်ဖက် ထပ် ပြီး တင်ကာ လက်ဖမိုး ပေါ် မေး တင်ပြီး သူ့ ကို သာ ငေး နေမိသည် မှာ မိုးလင်း လု မှ စားပွဲပေါ် ခေါင်းချ ပြီး မှေးခနဲ ငိုက် ရသည် ။ သိပ် မကြာပါဘူး ။ ဇော် လာပြီး နှိုးတာပဲ မဟုတ်လား ။

နောက်ဆုံး မှာ မှ ကိုဇော်ဖေ သည် မိမိ ကို သည် အသက် အရွယ် အထိ သည် ဘဝ ထဲ ကနေ ပြီး အစွဲကြီး စွဲနေ သေးသည့် ချစ်သူ ထံ က လား ။ ငွေ လေးဆယ် ပေး လျှင် တစ်ည ပျော် ရသည့် ပြည့်တန်ဆာ ထံ က လား ဟူ၍ မှ ခွဲခြား မသိသည့် မိုက်ကန်းခြင်း နှင့် ထွက်သွား ချေ ပြီ ။ တကယ်တော့ ဤသို့ လျှင် တင်မေ ကို တင်မေ မှန်း မသိဘဲ လာ ပြီး ပြန်သွားရုံ သာ ရှိ သည့် ကိစ္စ မှ အင်မတန် ဝမ်းသာစရာ ... အို ၊ ဆို့တက် အသက်ပျောက် သွား လောက်အောင် ကို ဝမ်းသာ ပစ်ချင်စရာပဲ ဖြစ်တော့ လေသည် ။

တစ်ခါတုန်း က လည်း ( တင်မေ ပြန်ပြီး မှတ်မိပါသေး၏ ) ခုလိုပင် တင်မေ သည် လက်ဖဝါးများ ကို ယှက်၍ စားပွဲ ပေါ် ချကာ မေးတင်ပြီး ငေး နေခဲ့ မိ ဖူးလေသည် ။

အင်း ... နည်းနည်းပဲ ကွာသည် ကတော့ ထိုအခါ က တင်မေ သည် ၁၅ နှစ် အရွယ် မြူမတင် သည့် အပျိုပေါက်ကလေး သာ ရှိသေး ခြင်း ဖြစ်တော့လေ၏ ။

စားပွဲ ပေါ် တွင် အရက်ပုလင်း နှင့် ဖန်ခွက် ရှိသည် ထင်ပါ ရဲ့ ။

စားပွဲ တစ်ဖက် တင်မေ နှင့် မျက်နှာချင်းဆိုင် တွင် ကိုဇော်ဖေ ထိုင် လျက် ရှိလေ သည် ။ သူ့ ဆံပင်များသည် အမြဲ ထိုးထိုးထောင်ထောင် ရှိကာ မျက်လုံးများ လည်း ရီဝေ နောက်ကျိ လျက် ရှိ၏ ။ ကော်လာလည်ပင်း သည် လည်း ပွင့်ဟ နေ၏ ။ အတော် ကို ဝင် သွား ပြီ ဖြစ်၍ ခြေပစ်လက်ပစ် ဖြစ်နေ ပေ၏ ။ လက်ဖျား မှာ တုန်တုန်ရီရီ နှင့် ပုလင်း နှင့် ဖန်ခွက် ကို ဘယ်ဟာ မှ မြဲအောင် မကိုင်နိုင်ချေ ။ အရက် ငှဲ့ ထည့်သည့် အခါ ဖန်ခွက် ထဲ ဖြောင့်ဖြောင့် တန်းတန်း မကျဘဲ စားပွဲ ပေါ် သို့ ဖိတ်ဖိတ် နေ၏ ။ ဖန်ခွက် ကို ယူ ပြီး သောက်ပြန် တော့ လည်း ရှေ့သွား နှင့် ဖန်ခွက်နှုတ်ခမ်း က ဆောင့်မိ သေး၏ ။ အင်္ကျီရင်ဘတ် က ပေပေရေရေ ။ ဒါကတော့ တင်မ အစွဲကြီး စွဲသည့် ကိုဇော်ဖေ့ စတိုင် ။

တင်မေ သည် သူ သောက်နိုင် သမျှ သောက်နေစဉ် မှာ စကား တစ်လုံး မျှ မပြောဘဲ ငေးပြီး မျက်တောင် မခတ်ဘဲ ကြည့်နေ မြဲ ဖြစ်လေ ၏ ။ တင်မေ့ မျက်စိ ထဲတွင် မူ သူ့ အမူအရာများ သည် အင်းမတန် ဟန် ပါ၏ ။ ဘာကို မှ ဂရုမစိုက်ပုံကလေး က လည်း သူရဲကောင်း ဆန် သလိုလို ၊ နောက်ဆုံး ၌ ကိုဇော်ဖေ သည် စားပွဲ ပေါ် ထိုးပြီး ကျသွား တတ်သည် ။ တင်မေ့ ခေါင်း ကို လည်း လက် ကိုးရိုးကားများ ဖြင့် လာ ရိုက် မိ တတ်သည် ။ သူ့ မယား မခင်သန်း က နောက်ဖေး မီးဖိုချောင် က နေပြီး ဆဲဆို ကာ နေ တတ်သည် ။ တင်မေ သည် သူ့ ကိုယ်ကြီး ကို မနိုင်တနိုင် နှင့် ထူမ ကာ တွဲပြီး အိပ်ရာ ပေါ် အရောက် ပို့ ရမြဲ ဖြစ်လေသည် ။ တစ်ခါတလေ သူ့ ခေါင်းကြီး ကို ခေါင်းအုံး ပေါ် ချ ၍ မရဘဲ တင်မေ့ ရင်ခွင် ပေါ် မှာ မှိန်းပြီး ကြာ လျှင် အိပ်ပျော် သွား တတ်၏ ။ သည်တော့ မှ တင်မေ ထ လာ နိုင် တော့သည် ။

တင်မေ အင်္ကျီများ သည် မကြာခဏ အရက်များ ပေရေ ကုန်၏ ။ အရက် အနံ့အသက်များ လည်း ကိုယ် မှာ ကပ် လာ၏ ။ တင်မေ ကတော့  ချိုချဉ်မွှေးမြသည့် ရနံ့တစ်မျိုး ကလေး ဟု ယူဆ၏ ။ တင်မေ မှာ ရင်တနွေးနွေး နှင့် ငို ချင် သလို ခံစားပြီး ကျန်ရစ် တတ် လေသည် ။

သည်လို ဖြစ်ရသည် မှာ ကိုဇော်ဖေ တို့ ပြောင်း လာပြီး ခင်မင် လာ ကြသည့် အချိန် ကတည်း က ပင် ဖြစ်လေ၏ ။ တစ်နှစ် ကျော် သွားပေပြီ ။ တင်မေ သည် ကိုဇော်ဖေ အိမ် ကို ချည်း ကူးကာ နေလေသည် ။ နှုတ်ခမ်း မှာ “ ဦးလေးဇော် ... ဦးလေးဇော် ” နှင့် ခေါ် ၍ မပြတ် ၊ တင်မေ မှာ ရင်ထဲ တွင် တနွေးနွေး နှင့် နှာခေါင်း တွင် ချိုချဉ် မွှေးမြသည့် ရနံ့ကလေး တစ်ရစ် ဝဲဝဲ ဖြစ် နေခြင်း မှာ တဖြည်းဖြည်း ပြင်းထန် လာ၏ ။

ကိုဇော်ဖေ က တော့ တင်မေ ကို ကလေး လေး ထင် နေ၏ ။ တင်မေ ထွားကျိုင်း ဖွံ့ဖြိုး လာတာ ကို လည်း သတိ မထား ၊ တင်မေ့ မျက်လုံး ငေးငေးများ ကို လည်း အဓိပ္ပာယ် မရှာ ။ အရက် သောက်တာ ၊ မိန်းမ  လိုက်တာ ကို အမြဲ ဆူပူ ဆဲဆို သည့် မယား အစား ပြုစု အလို လိုက်သည့် တူမကလေး လို ချစ်ခင်သည် ။ ကိုဇော်ဖေ ၏ လောက တွင် တင်မေ တစ်ယောက် သာ သူ့ ဘက်သား ရှိ၏ ။ ထို့ကြောင့် တင်မေ ကို ဖြူစင်စွာ ချစ်၏ ။ ဒါကို သိသည့် လူ တစ်ယောက် ကတော့ တင်မေ ကံကောင်း နေ သေးသည် ဟု ဆိုမည် ဖြစ်လေ၏ ။

တင်မေ က တော့ မိမိ ကံ ကို မိမိ ဖန်တီး ချင်ပြီ ။

သောက် တာ က ကိုဇော်ဖေ ဖြစ်သော်လည်း စင်စစ် ရူးမူး တာ က တင်မေ ပင် ဖြစ်တော့ လေ၏ ။ ရင်တွင်းမှာ မချိ မဆံ့ ဖြစ်လွန်းတော့ နည်းလမ်း ကို ရှာ ၏ ။

ဥပမာ ဆိုပါတော့ ...

တစ်ညနေ တွင် ကိုဇော်ဖေ နှင့် တင်မေ တို့ မှာ မြို့ပြင် လမ်းလျှောက်ခင်း ၏ နံဘေး မြက်ခင်း မှာ ရောက် နေ ကြ လေ၏ ။ သူ က မြက်ခင်း ပေါ် ဝယ် မှောက် ကာ မြက်ပင်ကလေး များ ကို နှုတ်လျက် ရှိ၏ ။ မူးပြီး ထိုးမလဲသည့် တိုင်အောင် အမြဲတမ်း တော့ ခပ်ထွေထွေ ရှိရ ကား တင်မေ စွဲသည့် သင်းရနံ့ကလေး က တော့ တပျံ့ပျံ့ နေ လေ၏ ။ ထွေထွေလေး ဆိုပြန်တော့ လည်း သူ့ ဟန်ပန်က တစ်မျိုး ချစ်စရာ ။ တင်မေ မှာ မူ လက်ဖမိုး ပေါ် မေး တင် ၍ ငေး သည့် မျက်နှာထား မျိုး ဖြင့် သူ့ ကို သာ တစိုက်မတ်မတ် ငေး ကြည့် ကာ နေ လေ၏ ။ ကြက်သီး ထ နေ၏ ။ ချမ်းစိမ့် ပြီး နေ လေ၏ ။ ပြီးတော့ ငိုချင် လာ၏ ။

တင်မေ က သူ့ နဖူး ပေါ် ကျ နေသော ဆံပင် ကို တင်ပေး ရင်း က နဖူး ကို နောက် သို့ လန်ကျ သွားအောင် နှိပ် လိုက်ပြီး မျက်နှာ ကို မော့ စေ လေ၏ ။ ထို့နောက် မရိုးသား သဖြင့် တုန်လှုပ် နေသော အသံ ဖြင့် ...

“ ဦးလေးဇော် ”

“ ဘာလဲ ”

“ ဦးလေးဇော် ”

“ ဘာလဲ ဟ ”

“ ဦးလေးဇော် ”

သည်အခါ မှာ တော့ တင်မေ သည် ငိုသံ ပါ လာပြီး တင်မေ့ မျက်နှာ သည် လည်း သူ့ မျက်နှာပေါ် ကျတော့ မလို နီးကပ် လာ လေရာ ကိုဇော်ဖေ သည် “ ဪ ... ကျပ်လိုက်ပါဘိ ” ဟု ညည်းရင်း လူးလဲ ထ လေသည် ။

“ ဘာဖြစ်နေလဲ တင်မေ ”

တင်မေ သည် ခေါင်း ကို သာ ခါ နိုင်၏ ။ သူ က ရိပ်မိပုံ လည်း မရ ။ တင်မေ သည် သူ့ ကို မကြည့်တော့ ဘဲ မျက်နှာ လွှဲ နေ လေ၏ ။ တင်မေ မျက်နှာ က လည်း သွေးလျှမ်း ပြီး နီ ရဲ နေ၏ ။ သူမသိ အောင် လည်း တိတ်တဆိတ် ရှိုက် လျက် ရှိလေ၏  ။ ကိုဇော်ဖေ က မူ ကောင်မလေး  အရူးထ တာပါ ဟူသော အနေဖြင့် ဂရု မစိုက်ဘဲ ရှိလေသည် ။

“ ဦးလေးဇော် ”

“ လာပြန်ပြီ ”

“ ဦးလေးဇော် လို့  မခေါ်ချင်ဘူး ”

“ ဦးလေးပေ လို့ ခေါ် ဟာ ” ဟု သူ က စိတ်ပေါက်ပေါက် နှင့် ပြော၏ ။

သူတို့ နှစ်ယောက် သည် တိတ်ဆိတ် နေ ပြန်လေ၏ ။

“ ဦးလေးဇော် ”

ကိုဇော်ဖေ သက်ပြင်း ချ လေ၏ ။

“ မခင်သန်း ကို တင်မေ မုန်းတယ် ”

“ ဟား ဟာ ... ဘာဖြစ်လို့လဲ ဟင် ”

“ သူ က အားအား ရှိ ဆူပူ နေတာပဲ ။ သူ ဆူတာ ဘာဖြစ်လို့ ခံနေရတာလဲ ဟင် ။ ပြီး တော့ ဦးလေးဇော် ကို ပျော်အောင် မထားဘူး ။ ဘာမှ လည်း ဂရု မစိုက်ဘူး ။ တင်မေ သာ မရှိရင် ဦးလေးဇော် သိပ် မူး တဲ့ အခါ ဘယ့်နှယ် လုပ် မလဲ ”

တင်မေ သည် မြန်ဆန်စွာ ပြော လေ၏ ။ ကိုဇော်ဖေ က ဘာမျှ မပြော ။ တွေးနေ ဟန် ရှိ လေ၏ ။ တင်မေ က တော့ မိမိ စိတ်များ လေနေသည် ထင်၏ ။ အမှန်ပင် လေ နေ၏ ။ ထို့ ကြောင့် မှောင် ၍ အိမ် ပြန်ရန် ထ ကြသည့် အခါတွင် တင်မေ သည် “ ဇော် ရယ် ” ဟု မကြား တကြား သက်ပြင်းကလေး မှုတ်ထုတ် လိုက် မိလေ၏ ။ ကိုဇော်ဖေ က အံ့ဩ သလို ဖြစ် သွားပြီး သူ့ နား သူ မယုံနိုင် သလို ဘာမျှ မပြောဘဲ နေလေ၏ ။

“ ဇော် ” ဟု လမ်း ယှဉ် လျှောက် ရာ က ရဲတင်း မိုက်မဲစွာ ခေါ် လိုက်မိ၏ ။

“ ဇော် ... ဟုတ်လား ”

တင်မေ သည် မျက်နှာ ကို တစ်ဖက် လှည့် ပစ်ပြီး

“ ဟောဒီ လမ်း ဟာ ဘယ်တော့မှ မဆုံး ရင် ကောင်းမှာပဲ ဇော် ”

ဟု လွမ်းလွမ်းဆွေးဆွေး ညည်းညူ လိုက်လေ ရာ

“ ဘာဖြစ်လို့လဲ ကွယ် ”

“ အိမ်ပြန် မရောက်အောင် လို့ ပေါ့ ”

သည်အခါ မှာ မူ သူ သည် မျက်နှာ အနည်းငယ် နီ လာပြီ ထင်၏ ။ တင်မေ က ဝမ်း သာ၏ ။ ရှက်စိတ် ဆို၍ နည်းနည်း မှ လည်း မရှိပါ ။ မိုက် ချင်နေ၏ ။ ဘေးအန္တရာယ် ကို တောင့်တ နေ၏ ။ တင်မေ သည် သူ့ အနား တိုး ကာ ခါး ကို သိုင်းဖက် လိုက် လေ၏ ။ အရော ဝင် နေကျမို့ မထူးဆန်းသည့် အပြုအမူ ၊ သို့ပေမဲ့ ။

ကိုဇော်ဖေ ချောက်ချား နေသော အသံ ဖြင့်

“ တင်မေ  ... နင် မငယ်တော့ဘူး ”

“ သိသားပဲ ” ဟု ပေါ့ဆစွာ ခေါင်း ကို မော့ပြီး ပြောလိုက် မိ သေး၏ ။

ခဏ ကြာသော် ကိုဇော်ဖေ ၏ လက်မောင်း သည် တင်မေ့ ပခုံး ပေါ် လာ တင် လေ၏ ။ သူတို့ နှစ်ယောက် သည် တင်းကျပ်စွာ ဖက် ရင်း မှောင် ထဲ တွင် ဖြည်းလေးစွာ လျှောက် ကာ နောက်ဆုံး တွင် အိမ်ပြန် ရောက်ကြ လေ၏ ။ သူ့ စိတ် ထဲ ဘာ ရှိမည် ဟု ခုထိ တင်မေ မသိ ။ တင်မေ က တော့ ပျော်သည် ။

တင်မေ သည် ခု က စပြီး ပျော်ရတော့မည် ထင် လေသည် ။ သို့သော် နောက် တစ်နေ့ တွင် ကိုဇော်ဖေ သည် ဘာကို မှ မမှတ်မိတော့ သလို နေ လေ၏ ။ ည က အဖြစ် ကို မူး ပြီး မက် သည့် ကတောက်ကတက် အိပ်မက် ဟု ပင် ထင် နေသလား မသိ ။

တင်မေ သည် သူ သောက် သမျှ ကို သာ စားပွဲ ပေါ် လက်ဖဝါး နှစ်ခု ယှက် ချပြီး မေး တင် ကာ ကြည့် ရုံသာ တတ်နိုင်လေ တော့သည် ။

တင်မေ့ အသည်း ထဲ က ဇော် သည် ငါးရက် မျှ ပျောက်သွား လိုက် သေးသည် ။ ကိုယ့် ဇော် ကို ဖြင့် တင်မေ အတွင်း သိ အစင်းသိ ဖြစ်လေရာ  ငါးရက် လုံး ပင် စိတ်တို နေရ ပေသည် ။ ဇော် ကား လူပေလူတေ တစ်ယောက် ဖြစ်လေရာ သည်လိုပဲ ပျောက်သွား တတ်သည် ။ အရက်သမား တစ်စု နှင့် မလင်းအောင် သောက်လိုက် ။ ရီတီတီ ကြားဖြတ် ကာလကလေးများ တွင် ဟိုတယ်မယ် တွေ နှင့် တစ်ဖက် ငါးရာ လူးလှိမ့် နေ တတ်၏ ။ ဒါကို တင်မေ အတတ် သိ ၏ ။

တင်မေ က မူကား ဇော် ပြန် မလာ မချင်း စိတ် ထဲ က ဘာ ဖြစ်မှန်း မသိ ဒေါသ ဖြစ် သလို ၊ စိတ်ညစ် သလို နှင့် လှုပ်ရှား ထကြွသော ဝေဒနာ ကို ခံစား နေရလေ၏ ။

ဇော် ၏ မိန်းမ မခင်သန်း က မူ လာလျှင် ဆူပူလိုက်မည် ၊ ကြိမ်းမောင်းလိုက်မည် ဟု ဟန်ပြင် ထား၏ ။ အဆူအပူများ ကို ကြောက်၍ လည်း ဇော် က ထွက်ပြေး တတ်၏ ။

တင်မေ က မူ ကား ဆူးတောင်များ ရှိသော လိပ်ပြာ ကို လိုက်လာ ဖမ်းချင် နေ၏ ။ တင်မေ ၏ စိတ်ကူး တိုင်းပြည် ထဲ တွင် ကား ပန်းလိပ်ပြာကလေး မှာ ဆူးကလေးတွေ နှင့် ၊ ဖယ်လိုက် လျှင် လက် ကို လာ ၍ ရှ တတ်၏ ။ စူးတတ်၏ ။ ဒါပေမဲ့ စူးတာ ရှတာကလေး ကို ပဲ လိုချင် သလား ၊ မလိုချင် သလား မခွဲတတ် ၊ စိတ် ထဲ က မူ လာ၍ စူးလျှင် “ အမယ်လေး ” ဟု အော် ပစ်လိုက်ချင်၏ ။ အော်လိုက် မှ စိတ် က ပြေ သွား၏ ။

တစ်နေ့လုံး ပြတင်း မှာ မှီ ကာ ဇော့် ကို စောင့်နေ၏ ။

မခင်သန်း မှာ မီးဖိုချောင် မှ ကျိန်ဆဲ ရေရွတ် လျက် ရှိ၏ ။ သို့သော် အရိပ်အယောင် မှ ပေါ် မလာ ။ လေ က တိုက်ဝှေ့ တိုင်း ရွေ့လျား ၍ နေသော သစ်ပင်ရိပ်များ ကို တင်မေ က ကျိန်ဆဲ နေ၏ ။ ပြာသော ကောင်းကင် မှာ ကြေးမုံ လို ဝင်းလက် နေသည် ။ သစ်ကိုင်းသစ်ခက် တို့ မှာ အောက် သို့ သာ ငိုက်ယွန်း နေကြသည် ။ မြေပြင် ပေါ် တွင် လာ၍ ထင်ကြသော အကွက် တို့ မှာ လေ က သုတ်ဝှေ့ လိုက် တိုင်း ပြား၍ ပြား၍ သွားကြလေ၏ ။ ပုံသဏ္ဌာန် တို့ သည် တွန့်ယှက် ကာ ဝါးသွားကြ၏ ။ နောက် ပြန် ၍ ငြိမ်လာ၏ ။ နောက် ပြန်၍ ဝါးသွား ပြန်၏ ။

တင်မေ မှာ စိတ်မှန်း လို့ မတည် ။ ဇော် ... ဇော် ... ပြန်လာပါတော့ ကွယ် ။ သို့သော် လေ တစ်ချက် အဝှေ့ တွင် မြေပြင် မှ အရိပ်ကွက် အရိပ် ပြောက် တို့သည် လွင့်ပါး ၍ လှုပ်ရှား သွားကြ ပြန်၏ ။ ပုံသစ် တစ်ခု သို့ ကူးပြောင်း သွားကြပြန်၏ ။ သည်လို နှင့် ဒေါသ ထွက်ရ ပြန်ပါ၏ ။

ကနေ့ က လည်း ဇော် အိမ်ပြန် မလာ ။ တင်မေ သည် အစောကြီး အိပ်ရာ ဝင်သည် ။ တစ်ရေးနိုးသော အခါ တစ်ဖက်ခန်း မှ ဇော် ၏ အသံ ကြား ရ၏ ။ အရက်သံ မှာ ပြတ်သားစွာ ပေါ် လာ၏ ။ မိန်းမ က ဆူ၏ ။ တစ်ခါတစ်ခါ ကျယ်လောင် လာ၏ ။ ဇော်  ကမူ တိတ်ချက် ကောင်း နေ၏ ။

နောက် တစ်နေ့ တွင် ကား ဇော် ကို ယခင် က လမ်းလျှောက် လေ့ ရှိသော မြို့ အပြင် မြက်ခင်းကလေး တွင် တွေ့ကြ ပြန် လေ၏ ။

ခါတိုင်း ကဲ့သို့ ပင် တင်မေ က သူ့ ကို ကြည့် ကာ မခိုးမခန့် ရယ်၏ ။

“ ဘာလဲ ... ဒီ ကောင်မလေး ” ဟု ဆိုကာ ခေါင်း ကို ပုတ်လိုက်၏ ။ တင်မေ က ကျင်လည် ဖျတ်  လတ်စွာ ကွေ့ရှောင်လိုက် သဖြင့် လွတ် သွား၏ ။ နောက် တစ်ကြိမ်မူ အဖျား ခတ် ၍ ထိပွတ် မိလေရာ ဆံပင်တွေ မှာ ဖွာရရာ ကြဲသွား၏ ။

တင်မေ စွဲ သည့် သင်းရနံ့ကလေး က မွေးအပျံ့ပျံ့ ထွက် လာ၏ ။ မျက်လုံး မှာ ရီဝေ နေ၏ ။ ခါတိုင်းလည်း ရီဝေနေကျ ၊ မှုန်ဝေဝေ ဖြစ်နေကျ ။ သို့သော် ဒီတစ်ကြိမ်  မှု တင်မေ က ပို၍ မူးယစ် နေ၏ ။ မျက်တောင် မှာ စင်းကျ နေ၏ ။ အကြည့် မှာ ရီဝေ နေ၏ ။

နှုတ် က မူ “ ဇော် ... ဇော် ” ဟု တေးကာရန် ယူ သလို ရွတ် နေလေ၏ ။

“ ဘာလဲ ... ဒီ ကောင်မလေး ဘာဖြစ်နေလဲ ”

ဒါပဲ ကိုဇော်ဖေ က ပြောသည် ။

နှစ်ယောက်သား ဆက်၍ သာ လျှောက်သွား ကြ၏ ။ အရိပ်များ သည် ရှည်သည် ထက် ရှည်လျား လာ ကြသည် ။ နောက် အမှောင်ရိပ်များ သည် တစ်ခု နှင့်တစ်ခု ကူးဆက် ကာ ဆက် သွားကြလေသည် ။ ကျေးငှက်ကလေးများ တွတ်တွတ် ထိုးသံ သည် ဆူညံ၍ လာ၏ ။ ခေါင်းပေါ်မှ အရွက်များ ပြွတ်ကာ မိုးလာ ကြ၏ ။

“ မှောင်လာပြီ ကွ ” ဟု ကိုဇော်ဖေ က ဆို၏ ။

“ မှောင် မှောင် ...”

ကိုဇော်ဖေ က ဘာမျှ မပြောနိုင် ။ ငေးကြောင်ကြောင် နှင့် သာ တင်မေ့ ကို စိုက်ကြည့် နေရ၏ ။ တင်မေ က တော့ နည်းနည်း မျှ မဖြုံ ၊ ဘယ်သူ့ကို မှ မကြောက် ၊ အံ့သြသည့် အကြည့် ကို တင်း၍ နေနိုင်၏ ။

“ မှောင် ... မှောင် လေ ”

ထပ်၍ ပင် ပြောလိုက်သေး၏ ။

ပန်းရနံ့ကလေးတွေ မှာ မှောင်သော သစ်ရိပ် အကြား မှ ဖြတ်သန်း ကာ ဝင် လာ၏ ။ ဘာပန်းတွေ ၊ ဘာရွက်တွေ ၊ ဘာပင်တွေ ဟု မခွဲခြား နိုင်တော့ ။ မြင်မြင် သမျှ စိမ်းမှောင်မှောင် သာ ဖြစ်နေ၏ ။ ဟိုက တွဲလွဲ ၊ ဒီက တွဲလွဲ ဆိုင်းနေတာ ၊ ညွှတ်ကိုင်းကာ ကျနေတာတွေ ၊ ပိန်း ပိန်းတွေ အပြောက်အပြောက်သာ ၊ စိတ် ထဲ က သိနေ၏ ။ ဘာမျှ မထင်ရှားတော့ ။

သို့သော် တင်မေ အဖို့ ထင်ရှားနေတာ မှာ သင်းတပျံ့ပျံ့ရနံ့ကလေး ။ အရက်ငွေ့ ။

တင်မေ ကသာ စကားတွေ ပြော နေ၏ ။ သူ က အင်း လိုက်၏ ။ တင်မေ က ပြောရင်း စိတ်ပါလာ၏ ။ ငယ်ငယ် က တစ်ယောက် တည်း နေခဲ့ရတာတွေ ၊ အမေ တစ်ည လုံး ပြန် မလာ ၍ မှောင်ကြီးမည်းကြီး ထဲ စောင့် နေရတာ ။

“ အဲဒီတုန်းက လေ သိပ် ကြောက်တာပဲ သိလား ၊ သိပ်ကို ကြောက် တာပဲ ။ မီး က လည်း မရှိဘူး ၊ ဘာမှ မမြင်ရဘူး ။ ကြယ်ရောင်ကလေး သာ ရှိတယ် ။ ဒါပေမဲ့ မလင်းသလို ပဲ ။ တစ်ယောက် တည်း ဆိုတော့ တစ်မျိုးပဲလေ ၊ သိပ်ကို ကြောက်တာပဲ ။ ဘာမှ မမြင်ရပြန်တော့ သရဲ တို့ ၊ တစ္ဆေ တို့ ကို စိတ်ကူး ကြောက် ရတယ် ။ တစ်ယောက်တည်း နေ ရတာ စိတ်ကူး ဖြစ်တယ် နော် ဇော် ရေ ”

ကိုဇော်ဖေ ကား အင်း လိုက်၍ သာ နေ၏ ။ တင်မေ က ဆက် ပြော၏ ။

“ သိပ် စိတ်ကူး လို့ ကောင်း တာပဲ ။ ထင်ရာ မြင်ရာ လျှောက် တွေး တော့တာပဲ ။ နောက် စိတ်ကူးရင်း နဲ့ ကြောက်တယ် ဆိုတာ ဘာမှန်း မသိတော့ဘူး ။ သိပ်လည်း ရယ်စရာကောင်း တယ် ။ စိတ်ကူး ထဲမှာ ကြယ်ကလေးတွေ ဟာ စံပယ်ပွင့်ကလေးတွေ ဖြစ် နေကြတယ် ။ နောက် စကြာ လို လည် ပြီး လကြီး ဖြစ်သွား ပြန်ရော ။ လကြီး က ကြီး လာပြီး မျက်နှာ ပေါ် မိုး လာတော့တာပဲ ။ ငွေရောင် က လည်း တလက်လက် နဲ့ မျက်နှာ ကတော့ ကြောက်စရာ မကောင်း ဘူးရှင့် ။ ပြုံးနေတပဲ ။ အဲဒီ ကတည်း က စပြီး တစ်ယောက် တည်း နေရတာ မကြောက်တော့ဘူး ။ ဇော် ကော ဘယ့်နှယ်လဲ ”

ဇော် ကား ခေါင်း ကို သာ တွင်တွင် ခါ နေ လေ၏ ။

“ နင့် ဟာ ကလည်း ဟာ အရက်မူး တဲ့ လူ လျှောက် ပြေး တာ ကျတာပဲ ။ ပေါက်ကရ ရောက်တတ်ရာရာ ပဲ ကိုး ”

မြို့ အပြင် ချောင်းကလေး တစ်ခု နား သို့ ရောက် သွား၏ ။ တစ်ခါ မှ သည် ချောင်းလေးမျိုး ရှိသည်ဟု မကြားဖူး ။ ရေ မှာ ရေညှိတို့ ဖြင့် သာ ပြွမ်း လေ၏ ။ မှော်ပင် ပိန်းပင် တို့ ကား တရစပ် ပေါက် နေကြ၏ ။ အပေါ် မှာ ဇလပ်ပင်များ က အုပ် ၍ နေကြ၏ ။။အကိုင်းများ ညွှတ်ကွေး ကာ ရေသို့ ထိလုဘနန်း ဖြစ် နေလေ၏ ။ အချို့ ပျော့ပျောင်းသော နွယ်ချောင်း တို့ သည် ရေ ထဲ တွင် တစ်ဝက် နစ်မြုပ် လျက် ရှိ၏ ၊ ငှက်ကလေးများ ၏ တကျီကျီ  အော်သံ မှာ စူးရှ ၍ လာ၏ ။ မြူငွေ့ တို့ က လည်း သမ်း လာလေသည် ။

“ နင် မငယ်တော့ဘူး ” ဟု ကိုဇော်ဖေ က တစ်ချက် ဆို လိုက်၏ ။

တင်မေ ကား ကြားလိုက်သည် ဟု ပင် မထင်သည့် အလား “ ရေစပ်ကလေး သွားရအောင် ” ဟု ဆို ကာ ကိုဇော်ဖေ လက် ကို အတင်း ဆွဲ ခေါ် နေလေ၏ ။

“ ရေ ထဲ ကျ သွားလိမ့်မယ် ”

“ မကျပါဘူး ဇော် ရယ် ”

ကိုဇော်ဖေ က လက်လျှော့ လိုက်၏ ။ တင်မေ သည် ရေစပ် နား သို့ အရောက် သွား၏ ၊ ဇလပ် ကိုင်းများ ကို လက် နှင့် ဖယ်ရှား ပစ်ရ၏ ။ တင်မေ က သမင်မကလေး လို မြူးထူးဖျတ်လတ် စွာ ခုန်ပျံ ၍ သွား၏ ။ တစ်နေရာ တွင် ခြေတစ်ဖက် ရေထဲ နစ် သွား၏ ။

“ အမယ်လေး ” ဟု ငယ်သံ ပါ အောင် အော် လိုက်သည် ။

ကိုဇော်ဖေ သည် ပြေး ကာ သွား ၍ ပွေ့ရ၏ ။

“ ဘာဖြစ်တာလဲကွ ”

“ ဇော် ရယ် ” ဟု ဆိုကာ တင်မေ က ကိုဇော်ဖေ့ ကို ဖက် ထား၏ ။ ကိုဇော်ဖေ  ကလည်း ပြန် ဖက် ထား၏ ။

“ အိမ်ပြန်မယ် ” ဟု တင်မေ က အထူးအဆန်း ဆို၏ ။

သည်တစ်ခါမူ ဇော် က မပြန်ချင် ။ တင်မေ က မူ အမူး ပြေလေပြီ ။

“ ဒီ ကောင်မလေး သိပ် ခက် တာပဲ ”

ဟု ဆိုကာ တင်မေ ကို တိုး၍ ဖက် ထား၏ ။

“ လိမ္မာစမ်းပါကွယ် ”

“ ဘာ လိမ္မာရမှာလဲ ပြောစမ်းပါဦး ”

“ မင်း ကို မင်း ကလေး လို့ ထင်နေသလား ”

“ ကလေး မဟုတ်တော့ ဘာဖြစ်သေးလဲ ”

ကိုဇော်ဖေ က ရယ်မော ကာ နေ လေ၏ ။

သူတို့ သည် သစ်ပင်အောက် မြက်ခင်းသို့ လျှောက်သွား ကြ၏ ။ တင်မေ့ စိတ် မှာ မခံ ရပ် နိုင်အောင် ဖြစ်လာ၏ ။ တင်မေ က စိတ် ထဲ က အလိုမကျ တိုင်း မြက်များ ကို သာ ဆွဲ နှုတ် လေ၏ ။ ကိုဇော်ဖေ က မူ သူ့   ဖက် ထား၏ ။ သို့သော် တင်မေ ၏ အဖက် က ပို၍ တင်းကျပ်၏ ။

“ ဖက်ပါဦး ဇော် ရယ် ”

တင်မေ အစွဲကြီး စွဲ ခဲ့သော ဇော် ၏ သင်းပျံ့ပျံ့ရနံ့ကလေး မှာ သင်းမြ ၍ လာ၏ ။ အဝေး မှ ချောင်းရိုးတစ်လျှောက် ဝေ့ လာ သော စိမ်းဆတ်ဆတ် ရနံ့များ ထက် လှပ၏ ။ ချစ်စရာ လည်း ကောင်းလှ၏ ။

ဇော် ၏ ပါးစပ် က မူ “ ခက်တာပဲ ” ဟု ညည်းတွား နေ၏ ။

“ ဘာ ခက်တာလဲ ပြောစမ်းပါဦး ၊ ပြောလေ ပြောလေ ”

ကိုဇော်ဖေ ကား ဘာမျှ မပြောနိုင် ။ တင်မေ မှာ ကိုဇော်ဖေ ၏ မျက်နှာ နား သို့ ကပ် ကပ် လာ၏ ။ နောက် မျက်လုံး နှစ်လုံး ထိ သွား ကြ၏ ။ တင်မေ က နည်းနည်း မှ မျက်စိ ကို မပိတ်လိုက်ဘဲ ကြည့် နေ ၏ ။ မြင်သမျှ ကို ငေး ကာ ကြည့် နေ လေ၏ ။ ကြည့်ရင်း  မျက်တောင် စင်း လာ၏ ။ ငေး လာ၏ ။

တင်မေ က “ ဟင့်အင်း ... ဟင့်အင်း ” နှင့် ညည်းညူ နေ ၏ ။

ကိုဇော်ဖေ က မူ ကလေးလေး ဟု အောက်မေ့ ကာ မူးယစ်ယစ် နှင့် ဖက်၍ ထား၏ ။ တင်မေ က လူးလှိမ့် ၍ နေ လေ၏ ။ ကိုဇော်ဖေ က ငြိမ်သက် ကာ တွေး နေ၏ ။ ကျေးငှက် ကလေးများ သည် တကျီကျီ အော်မြည် ကာ သူတို့ ကိုယ် ပေါ် မှ ဖြတ်သန်း ပြေး သွား ကြ၏ ။

နောက်ဆုံး ၌ တင်မေ က ကိုဇော်ဖေ့ ကို တွန်းပစ် ကာ “ ပြန်မယ် ” ဟု ပြောပြီး ထွက် သွား၏ ။ ကိုဇော်ဖေ မှာ အံ့သြ ကာ ကျန်ရစ်၏ ။ ခေါ်၍ လည်း လှည့် မကြည့် ။ သည်တော့မှ နောင်တ ရ    ကာ လိုက်၏ ။ မမီတော့ ။ တင်မေ အား အနားကပ် ပင် မခံ ။ ယခင် လမ်းလျှောက် နေကျ မြက်ခင်းလေး သို့ ရောက်လာ သော အခါ မီလုမီခင် ရှိလာ၏ ။

“ ကောင်မလေး နေဦး ”

ဘာမျှ ပြန် မပြော ။

“ ကောင်မလေး နေဦး ဟ ၊ ငါ ပြောပါဦးမယ် ”

လှည့်၍ ပင် မကြည့် ။

ကိုဇော်ဖေ က ပြေး လိုက်သော အခါ တင်မေ က ထွက်ပြေး ၏ ။ ဒါနှင့် မြို့ ထဲ ဝင် လာ ၍ မမီ တော့ ။

သည် ကတည်း က တင်မေ နှင့် ကွဲကြတော့သည် ။ တင်မေ မှာ အိမ် ထဲ က အိမ်ပြင် မထွက်ဘဲ နေ၏ ။ နေနိုင် အောင် လည်း နေ၏ ။ ကိုဇော်ဖေ မှာ အစက တော့ သည်လို နေလိမ့် မည်ဟု မယုံကြည်ချင်ဘဲ စိတ်ကောက် တာ ပဲ ဟု အောက်မေ့ ၏ ။ သို့သော် သည် ကတည်း က တစ်ယောက် နှင့် တစ်ယောက် မဆုံကြတော့ပေ ။ ခါတိုင်း ကဲ့သို့ ပင် ကိုဇော်ဖေ သည် အိမ် မှ ၄ - ၅ ရက် ပျောက်သွား ပြန် လေ၏ ။ အရက် နှင့် ဟိုတယ်မယ် ကြား တွင် အိပ်ပျော် ကာ နေပြီး ပြန် ရောက် လာ၏ ။ တင်မေ ကို အစအန  မှ မတွေ့တော့ပေ ။

နှစ်တွေ ၊ နှစ်တွေ ကြာခဲ့ပေပြီ ။

ယခုမူ တင်မေ မှန်း မသိဘဲ တွေ့ ရပြီ ။ သူ ပြန် သွားပြီ ၊ သူ ပြန် သွားပြီလေ ။ ဘာတတ် နိုင်သေးသလဲ ။ ဟိုတုန်းက တွေ့ တုန်း က လည်း ဘာမှ မတတ်နိုင် ။ အခုလည်း မတတ်နိုင် ။ ဘာများ ထူးသလဲ ။

သူ ကတော့ သူ့ ဘဝ အလိုကျ အတိုင်း ပျော်ပါး သွား ပြီလေ ။ အရက် ချိမြမြလေး မြည်း ကာ အနမ်းကလေး နှင့် တို့ကစား ကာ နေ၏ ။ တစ်ခါတလေ ပါးချင်း အပ် ကာ စကား တတွတ်တွတ် ပြော၏ ။ အရက် ကို အနမ်း နှင့် မြည်းလိုက်ပါသေး၏ ။

တစ်ညလုံး ချစ်သူ နှင့် တစ်အိပ်ရာ တည်း အိပ် ရ၏ ။ သို့သော် သူ က မသိ ။ ချစ်သူ ဟူ၍ ဝေးစွ ။ တစ်ည သုံးလေးဆယ် ပေး ရသည့် မိန်းမတွေ ထောင်သောင်း ထဲ က အစက် ကလေး တစ်စက် မျှ ပင် ထင်ချင် မှ ထင်မည် ။ သိပ် မျှော်လင့် မနေပါနဲ့လေ ။ သေချာပါတယ် ။ တစ်စက် မှ မထင်ပါဘူး ။

ပိုက်ဆံ ပစ်ပေး ပြီး အခန်း ထဲ က မှ ဆင်း သွားသော ခြေသံများ ကို ကြားယောင်ယောင် ဖြစ်လာ ပြန်ပါ၏ ။ ခြေသံ တို့ ကား နှစ်ကာလ ကို ရေတွက် နေ၏ ။ နှစ် တွေ ကုန်လွန် ခဲ့ပြီ ။ အဖြစ်အပျက် မျိုးစုံ နှင့် ကြုံတွေ့ ကာ နောက်ဆုံး သည် ဘဝ သို့ ရောက်လာ ရ၏ ။ သူ့ကို ဘယ်တော့ မှ တွေ့ရလိမ့်မည် ဟုလည်း မမျှော်လင့် ခဲ့ ။ တွေ့ လည်း မတွေ့ချင် ။ တွေ့မယ့် တွေ့ တော့လည်း တစ်အိပ်ရာ တည်း မှာ တွေ့ကြရ၏ ။ တွေ့ပေမဲ့ အတိတ် မရှိ ။ သူ က ကိုယ့် ကို မသိ ။ ကိုယ် က သာ သိကာ မချိတရိ ဖြစ်နေရ၏ ။

ပြတင်းပေါက် မှ လေကလေး သုတ်ဖြူး ကာ ဝင် လာ၏ ။

ကိုဇော်ဖေ တင်ထားခဲ့ သော ငွေစက္ကူများ သည် စားပွဲ ပေါ် မှ လွင့် ကျ သွား၏ ။ တင်မေ သည် ချက်ချင်း လိုက် ကာ ကောက်၏ ။ လေ တစ်ချက် ဝှေ့ တိုက် လိုက် ပြန်ရာ အနား သို့ ရောက်ကာ မှ ဝေးသွား သဖြင့် တစ်ဖန် လိုက် ကောက်ရ ပြန်၏ ။ ရပြီ ။

နောက်ဆုံးတော့ ရပေပြီ ။

ငွေစက္ကူ မှာ အရက် စွန်း ထား သဖြင့်လား မသိ ။ ဝါ ကာ တွန့် နေ၏ ။ ယခင် က သင်း
ပျံ့ပျံ့ ရနံ့ကလေး မှာ ထွက်လာ ပြန်လေသည် ။

“ ဇော် ” ဟု ပါးစပ် က အလိုအလျောက် ထွက် လာသည် ။

သင်းပျံ့ပျံ့ရနံ့ကလေး မှာ လှိုင်၍ လာ ပြန်၏ ။ တင်မေ အစွဲကြီး စွဲ ခဲ့တဲ့ ရနံ့ ကလေးများ ။ ရနံ့ကလေး သာ လျှင် ကျန်ရစ် နေလေ၏ ။ ။

◾ကြည်အေး

📖 တာရာ မဂ္ဂဇင်း
      အတွဲ ၄ ၊ အမှတ် ၂၈
      မေ ၊ ၁၉၅၀

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment