Sunday, June 25, 2023

ပုဂံသူရဲကောင်းများ မှ ခင်မျိုးချစ် ၏ အမှာစကား


 

❝ ပုဂံသူရဲကောင်းများ မှ ခင်မျိုးချစ် ၏ အမှာစကား ❞

မောင်ရွှေ ရေ ..

အစ်မကြီးတို့ ဇနီးမောင်နှံ ကို မင်း ကလောင် နှင့် နှိပ်စက်ခဲ့တာ တွေ များပြီကော ၊ ဒုံးပျံကြီး နှင့် လ ကို သွား ဆိုလည်း သွား လိုက်ရ ၊ ငိုချင်း ချခိုင်းလည်း အဟဲအရှိုက်တွေ နှင့် ဆွဲလိုက် ငင်လိုက် ရတာတွေ အခုတော့ မင်း ကို ကလဲ့စား ချေရတော့မယ် ။ ဘယ်လို ချေမလဲ ဆိုတော့ အစ်မကြီး ကျူးလွန်တဲ့ ပြစ်မှုကြီး တစ်ခု ထဲ မှာ မင်းလည်း အလိုတူ အလိုပါ ပါဝင် ကူညီဖို့ ဆွဲထည့် မလို့ …

အခု ကျူးလွန်မယ့် အမှု က တော့ ရှေးရှေး ကတည်း က တုတ်ထမ်း ပြောရမယ် ဆိုတဲ့ ပုဂံရာဇဝင် ကို ပုံပြင် သဘော နဲ့ ပြန် ရေး မလို့ဘဲ ။ ကျားရဲ ရာ ကြမ္မာ မရိုးသာ ဆိုသလို အလွန်အငြင်း ပွား တဲ့ တုတ်တပြက် ဓား တပြက်ထဲ လက် ဝင်လျှို ရာမှာ အစ်မကြီး လက် တစ်ချောင်း မကဘူး ၊ မင်း ရဲ့လက် တော့ အဖော် ခေါ်ရတော့မှာဘဲ ...

အခု အစ်မကြီး ၊ ရှေးခေတ် မြန်မာသူရဲကောင်းများ ဆိုတဲ့ ခေါင်းစဉ် ဖြင့် ပုဂံရာဇဝင် နောက်ခံ ထား တဲ့ ဝတ္ထု ရေးပြီး လုပ်သားအင်္ဂလိပ် သတင်းစာ မှာ တနင်္ဂနွေ နေ့ တိုင်း ပါ နေပြီ ၊ အဲဒါကို မြန်မာ လို ဖတ်ကြရ အောင် လုပ်ဦးစို့လား ...

အစ်မကြီး ရဲ့ “ ရှေးခေတ် မြန်မာသူရဲကောင်း ” များဟာ ရာဇဝင် သမိုင်း မဟုတ်ဘူး ။ ရာဇဝင်ဝတ္ထုသမိုင်း ဒဏ္ဍာရီ သာ ဖြစ်တယ် ။ အင်္ဂလိပ် စာပေ မှာ ရှိတ်စပီးယား တို့ ဆာဝါလတာ စကော့ တို့ ရေး သလိုပေါ့ကွာ ၊ သမိုင်းဝင် ပုဂ္ဂိုလ်တွေကို ဇာတ်ကောင် ထားပြီး ဇာတ်အိမ် ဖွဲ့တာပဲ ၊ အဖြစ် အပျက် အချက်အလက် အားလုံးဟာ တကယ် အမှန်တော့ မဟုတ်ဘူး ၊ ဒါကြောင့် ဒီ ဝတ္ထု ထဲ က အချက်အလက်တွေ ဟာ ဘယ် ကျောက်စာ မင်စာ မှာ ပါ လို့ ရေးနိုင်တာလဲ ဆိုတဲ့ မေးခွန်းမျိုး မေးဖို့ မလိုဘူး …

သမိုင်း ထဲ က အချက်အလက်တွေ လည်း ဇာတ်လမ်း ထဲ ဝင် သ၍ သုံး တာပဲ ၊ တချို့လည်း ဇာတ်အိမ် နှင့် သင့်လျော်အောင် ပြင်ဆင် ချင် ပြင် သွားမှာပဲ ၊ အဲတာ က ဝတ္ထုရေးဆရာ ရရှိထားတဲ့ လိုင်စင် ၊ လွတ်လပ် မှု ပဲ သမိုင်း အချက်အလက် အတိအကျ မှန်မှန်ကန်ကန် လို ချင်ရင် သမိုင်း စာအုပ်တွေ ဖတ်ကြဖို့ပဲ ၊ သမိုင်းဝတ္ထု က တော့ မှန်ကန် တိကျတဲ့ အချက် မပေးနိုင် ပေဘူး ။ ရှိတ်စပီးယား ရေးတဲ့ သမိုင်းပြဇာတ်တွေ ကို ဖတ်ကြည့် လျှင် ယမ်းမှုန့် မပေါ်သေးတဲ့ ခေတ် မှာ စစ်ပွဲ ထဲ အမြောက်တွေ များ တောင် ပစ် လိုက် သေးတယ် ၊ ပြဇာတ် ရဲ့ အဓိက ယမ်းမှုန့် နှင့် အမြောက်အကြောင်း ရေးတာ မဟုတ်ဘူး ၊ ဖတ်တဲ့ လူတွေ က လည်း အဲဒီ ခေတ် က ဒါတွေ မရှိမှန်း သိပြီးသားပဲ ၊ ဖတ်လို့ ကောင်းဖို့ လူ့ စိတ် ထဲ မှာ စွဲပြီး အဲဒီ တုန်း က ဘုရင် က ဘယ်လို သဘော ရှိတယ် တိုင်းသူပြည်သား က ဘယ်လို နေတယ် ဆိုတာ တွေ အချင်းချင်း ပဋိပက္ခမှုတွေ ရဲ့ သဘောတရား ကို စာဖတ်သူ သဘော ပေါက်ဖို့ က သာလျှင် အဓိကပဲ ...

အင်္ဂလိပ် စာဆိုကျော် ‘ ဂျွန်းကိ  ’ ( John Keats ) ရေး တဲ့ စာပေ အရသာ ပီတိ အကြောင်း ကို ဖွဲ့တဲ့ ကဗျာစာ တစ်ပုဒ် ထဲ မှာ ဟိုးမား ရေး တဲ့ ဣလိယပျို့ကို ဖတ်တဲ့ အခါ မှာ သူ့ စိတ် ထဲ မှာ “ ကော်တေး ” ( Cortez ) ( ကမ္ဘာကျော် ခရီးသည်ကြီး ) ပစိဖိတ် သမုဒ္ဒရာကြီး ကို ပထမ အကြိမ် မြင်ရ တဲ့ အခါ မှာ ငေးပြီး … အံ့သြ သလိုပဲ လို့ ရေးခဲ့တယ် ၊ ဂျွန်းကိ ရေး လို တာ က မတွေ့ မကြုံစဖူး ထူးဆန်းတဲ့ အရာ ကို ပထမဆုံး အကြိမ် မြင်ရတဲ့ အခါ မှာ ခံစားရတဲ့ ပီတိ ကို ရည်ညွှန်းခြင်း သာ ဖြစ်တယ် ။ ပစိဖိတ် သမုဒ္ဒရာကြီး ကို ဘယ်သူ ပဲ ပထမ အကြိမ် တွေ့ သည်ဖြစ်စေ အရေး မကြီး ဘူး ၊ အဲဒါကြောင့် တချို့ ဝေဖန်ရေးသမားတွေ က ပစိဖိတ်သမုဒ္ဒရာ ကို ( Cortez ) ကော်တေး တွေ့တာ မဟုတ်ဘူး ၊ အချက်အလက် မှားတယ် လို့ ပြောကြ ရေးကြ တယ် ...

ဒီတော့ တခြား စာဆိုသူ တွေ က “ ပစိဖိတ်သမုဒ္ဒရာကြီး ဘယ်သူ ပထမ တွေ့တာလဲ ဆိုတာ သိချင်ရင် သမိုင်း စာအုပ်တွေ ဖတ် ဂျွန်းကိ ရေး တဲ့ ကဗျာ မဖတ်နှင့် ” လို့ ပြောကြ သတဲ့ ...

အစ်မကြီး လည်း အခု ရေးတာ က ဝတ္ထုပုံပြင် ရေးတာ ၊ ဒီတော့ ကျန်စစ်သား ဟာ အနော်ရထာ ရဲ့ သား ဟုတ် မဟုတ် ကို ဆွေးနွေး ငြင်းခုံ ဖို့ မလိုပါဘူး ၊ သား အဖ တော်သည် ဖြစ်စေ ၊ မတော်သည် ဖြစ်စေ ၊ မြန်မာ ပြည်ကြီး ကို တစ်စုတစ်စည်း တည်း စုရုံးရာ မှာ အနော်ရထာ နှင့် ကျန်စစ်သား ဟာ အတူတကွ လုပ်ကိုင် ခဲ့ကြတယ် ဆိုတဲ့ အချက် ကို သာ ဦးတည် ပြီး ရေးခဲ့တယ် ...

အစ်မကြီး ဘာလို့ ဒီ ... ပုဂံရာဇဝင် နောက်ခံ ထားတဲ့ ဝတ္ထု ရေးရ သလဲ ဆိုတာ တော့ ပြောပြ ချင်တယ် ၊ အစ်မကြီး ဟာ ပုဂံ ၊ ညောင်ဦးဘုရား တွေ ကို ငယ်ငယ် ကတည်း က ရောက်ဖူးခဲ့တယ် ၊ အစ်မကြီး ရဲ့ အဘိုး မန္တလေး - မြန်မာပညာရှိ ဦးဘေ က ကျောက်စာဌာန မှာ မစ္စတာ တော်စိန်ခို တို့ နှင့် အမှုထမ်း နေသူ ဖြစ်တယ် ၊ မကြာမကြာ ပုဂံ ၊ ညောင်ဦး ကို ကျောက်စာ ကူးဖို့ သွားရမယ် ၊ အစ်မကြီး က လည်း ၁၁ နှစ် အရွယ် လောက် လိုက် သွားလေ့ ရှိတယ် ...

အဲဒီ ကတည်း က အစ်မကြီး ပုဂံမြို့ နှင့် အုပ်စိုးခဲ့သူ နေထိုင်ခဲ့ သူတွေ ကို ချစ်ခင် စိတ်ဝင်စားခဲ့တယ် ၊ နေပူပူ ခြောက်သွေ့ သွေ့ ထဲ မှာ ပလိပ်ဆူး တွေ ကလည်း စူးပါဘိသနဲ့ ဘဘကြီး နောက် က လိုက် သွားရင်း ဘဘ ကြီး ပြောတာတွေ နားထောင် ရတာ က နေပူ တာတွေ ဆူး စူး တာတွေ မေ့ တာပဲ ၊ ခုလို အုတ်ကျိုးအုတ်ပဲ့တွေ ချုံပိတ်ပေါင်းတွေ နှင့် နေတဲ့ နေရာတွေ ဟာ ရှေး က ဆင်မြင်းရထား မင်း ၊ သူဌေး ၊ သူကြွယ် ၊ အမှုထမ်းတွေ နှင့် ကြက်ပျံ မကျ စည်ကားခဲ့တာ ပါလား ဆိုတာ တွေ ပဲ မျက်စိ ထဲ မြင်ယောင် လာတယ် ၊ အနော်ရထာ ကျန်စစ်သား ဆိုတာတွေ ဟာ စာမေးပွဲ နား နီး ရင် ဖြဲချောက်တဲ့ ပုံနှိပ်စာလုံးတွေ မဟုတ်ဘူး ၊ တကယ့် လူတွေ လို အသက်ရှင် လာတယ် ၊ တစ်ခါက ဘဘကြီး ပြောတာ မှတ်မိသေးတယ် ၊ “ အနော်ရထာ က ကာလသား ရှင်ဘုရင် ကွဲ့ မနားမနေ လျှောက် သွား နေတာ ဒီတော့ တိုင်းပြည် ချောင်ကြို ချောင်ကြား ဘာဖြစ်ဖြစ် သူ သိတယ် ... တဲ့ ”

ဒီလို ပြော လိုက်တော့ အစ်မကြီး ရဲ့ စိတ် ထဲ မှာ အနော်ရထာ ဟာ ကိုယ် နှင့် သိတဲ့ လူ တစ်ယောက် ဖြစ် သွားတာပေါ့ ပြီးတော့ သူ့ လက်ရာ ခြေရာတွေ ကို လည်း မျက်စိ နှင့် တပ်အပ် မြင် ရတော့ ပိုပြီး သဘောကျ လာ တယ် ……

ငယ်ငယ် က ဘဘကြီး နှင့် ပုဂံ ၊ ညောင်ဦး ကို လှည့်လည်ရင်း အစ်မကြီး ရဲ့ မျိုးချစ်စိတ် ကို ထူထောင် ခဲ့ရတယ် ၊ ဥပမာ အာနန္ဒာဘုရား ပြင် ဘက် ၅၅ဝ နိပါတ်တော်တွေ ထု ထားတဲ့ ကျောက်ခွက်ရုပ်တွေ ပေါ် မှာ ကိုင် ထားတဲ့ စဉ့် ကို ဘဘကြီး က ပြ ပြီး “ ကြည့်စမ်း - ငါ့မြေး - ဒီ စဉ့်မျိုး ဘယ်မှာ တွေ့ဖူးသလဲ ” လို့ မေးတယ် ၊ အစ်မကြီး ကလည်း သေသေ ချာချာ ကြည့်ပြီး အံ့သြတကြီး ပဲ “ ဟင် ... အိမ် က ကျွန်မတို့ လက်ဖက်ရည် အိုး က စဉ့်မျိုးပါလား - ရိုးတိုက် က ဝယ် တဲ့ အိုးလေ ... အဲဒါမျိုး ဈေး ထဲ မှာ တောင် မရောင်းဘူး ။ အဖိုး လည်း အများကြီး ပေး ရတယ် ...” လို့ ပြော လိုက်တယ် ၊ ဒီတော့ ဘဘကြီး က “ ဒါပေါ့ ငါ့မြေး ရဲ့ စဉ့် အကောင်းစား ပေါ့ ၊ အခု နိုင်ငံခြား က လုပ်တဲ့ လက်ဖက်ရည်အိုး အဖိုးတန်တွေ ပေါ် မှာ တွေ့ ရတဲ့ အစားမျိုး ... ဟိုတုန်းက တို့ လူမျိုးတွေ လုပ်တတ်တယ် ကွဲ့  ….”

အဲသလို ရှေးဟောင်း မြန်မာ့ လက်ရာ ယဉ်ကျေးမှုတွေ ကို ဂုဏ်ယူ တတ်အောင် ဘဘကြီး က သင်ပေး ခဲ့တယ် ကွဲ့ ။ အစ်မကြီး လည်း အဲဒီ ကတည်း က ပုဂံ ၊ ညောင်ဦး ၊ ပုပ္ပါး အရပ်တွေ ကို စွဲလမ်းခဲ့တယ် ၊ အဲ့ဒီမှာ နေခဲ့ အုပ်စိုးခဲ့ တိုက်ခိုက်ခဲ့ တဲ့ လူတွေ ကို အမြဲ အောက်မေ့ သတိ ရ တယ် ။ ဒါကြောင့် အခါအခွင့် ရတိုင်းပဲ အဲဒီ အရပ်တွေ ကို ပြန် သွား ခဲ့တယ် ၊ အဲဒီ ဒေသ မှာ နေခဲ့ဖူးတဲ့ လူတွေ လွန်လေပြီး သော်လည်း သူတို့ နာမည်တွေ ဟာ အသက် ရှင်လျက်ပဲ အဲဒီ လူတွေ ကို ဇာတ်ကွက် ဇာတ် အိမ် နှင့် ပြန် စုရုံး ချင်တယ် ၊ အဲဒီ စိတ်ကူး ဟာ အစ်မကြီး ရဲ့ အသည်း နှလုံး ထဲ မှာ ခိုအောင်း လာ ခဲ့တာ အခု ဆိုရင် နှစ်ပေါင်း ၄ဝ ရှိ ခဲ့ပြီ ။ အခုမှ အဲဒီ စိတ်ကူး ကို အကောင်အထည် ဖော် နိုင်ပြီ လေ ။ အဲသလို အကောင်အထည် ဖော်ရာ မှာ အစ်မကြီး သရုပ်ဆောင် မည့် အချက်တွေ က တော့ ...

၁ ။ ၁ဝ၄၄ နှစ် ၊ အနော်ရထာ နန်း တက်သည့် နှစ်မှ စ၍ နတ်ရွာစံ ၊ ၁ဝ၇၇ အထိ ၃၃ နှစ် အချိန်ကာလ သည် ၊ ခေတ်ပြောင်း တော်လှန်ရေး ကာလ ဖြစ်သည် ။ နတ် − နဂါး ကိုးကွယ်ခြင်း ၊ ဂါထာမန္တန်များ ကို အသား ပေးသည် ။ တန်တရစ် ဗုဒ္ဓဘာသာ အယူ ယူ ကြခြင်း အစ ရှိသည့် အကွဲကွဲ အပြားပြား ဝါဒများ ကို ၊ ထေရ်ရဝါဒ ဗုဒ္ဓဘာသာ တစ်ခု တည်း အောက် တွင် စုရုံး သည့် ခေတ် ဖြစ်သည် ။

၂ ။ နိုင်ငံတော် နယ်နိမိတ် သတ်မှတ်ခြင်း ၊ လူမျိုးစုများ စည်းရုံး ခြင်း ၊ အဲဒီ အချက်တွေ သရုပ်ဖော် ရာ မှာ ပါးစပ်ရာဇဝင် ဆိုတဲ့ ပုံ ဒဏ္ဍာရီတွေ ကို အသုံးချတယ် ။ တကယ် ဆိုတော့ ညောင်ဦးဖီး ၊ ငလုံးလက်ဖယ် ၊ ငထွေရူး ဆိုတဲ့ လူတွေ ဘယ် ကျောက်စာ မင်စာ မှာ ပါ လိမ့် မလဲ ။ ဗျတ်ဝိ ၊ ဗျတ္တ ၊ ရွှေဖျင်းညီနောင် ၊ မယ်ရွှေဥ ၊ မောင်ရင်မောင် ၊ စောမွန်လှ ၊ ဒီ လူတွေ ဟာ လည်း ဒဏ္ဍာရီ ထဲ က ဇာတ်ကောင် တွေ ပဲ ။ သမိုင်း စကား သန့်သန့် ပြောကြစို့ ဆိုရင် သူတို့ ဘယ်ထဲ မှ မဝင်ဘူး ။ အစ်မကြီး ယူဆ တာ ကတော့ သမိုင်း ထဲ ဝင် ချင် ဝင် မဝင်ချင် နေ ၊ လူတွေ ရဲ့ အသည်းနှလုံး ထဲ မှာ တော့ ဝင် နေ လို့ပဲ ။ ပါးစပ်ပုံပြင်တွေ ဇာတ်တွေ သီချင်းတွေ မှာ ဆိုရင် ဒီ နာမည် တွေ ချည်းပဲ မဟုတ်လား ။ ဒီ နာမည်တွေ အကြောင်း ပြုပြီး လူတွေ ပုဂံရာဇဝင် ကို သိ နေ ကြ တာပဲ ။

အစ်မကြီး အဲဒီ လူတွေ ကို ပြန် အသက် သွင်းမယ် ။ ဗျတ်ဝိ ၊ ဗျတ္တ ၊ ရွှေဖျင်းညီနောင် တို့ရဲ့ ဇာတ်လမ်း ကို ပြန် ဖော်မယ် ။ မဖြစ်နိုင်တဲ့ အယူ သီးမှု ၊ နတ်ကိုးကွယ်မှုတွေ ပါ နေတာ ကို ဘယ်လို လုပ်မလဲ ။ အခု ခေတ် နှင့် ညီ ပါ့မလား မေးစရာ ရှိတယ် ။ အဲဒီ ခေတ် က ကာယသိဒ္ဓိ အစ ရှိတာတွေ ကို ယုံကြည် ကြတယ် ။ လူ သေရင် နတ် ဖြစ်မယ် ဆိုပြီး ကိုးကွယ် ကြတယ် ။ အဲဒီ အချက် ကို ‘ နေမြဲ ’ ထား ရ မှာပေါ့ ။ ဒီ အယူအဆတွေ ရှိခဲ့တယ် ဆိုတာ ကို ဖုံးလို့ လည်း မရ ကွယ်ဖို့ လည်းမလို “ သူ့ အတိုင်း ထားရမှာပဲ ” နတ် ကိုးကွယ်မှု ၊ အယူသီးမှု နှင့် ပတ်သက်ပြီး တစ်ခု သတိ ပြု ရ မှာက လူ့ သဘာဝ ရဲ့ တောင့်တ လိုလားမှု ထဲ မှာ ကိုးကွယ် အားထားချင် တာရယ် ၊ အဲ ကိုယ့် စိတ် ကို အဆောင်အယောင် အခမ်းအနား တစ်ခု ခု နှင့် ဖြေသိမ့် ချင် တာရယ် ရှိတယ် ။ အဲဒီ လိုလားမှု ဟာ လူ့ သဘာဝပဲ ။ ဘယ် ခေတ် ဘယ် အခါ မဆို ရှိတာပဲ ။

နေရေး ထိုင်ရေး အကာအကွယ် မရှိ မယဉ်ကျေး သေး တဲ့ ခေတ် မှာ မိုးနတ် တိမ်နတ် အစ ရှိတဲ့ နတ်တွေ ကို အားကိုး ၊ ကိုးကွယ် ကြတာ ဓမ္မတာ ပဲ ။ အခု ခေတ် ကျ မှ ပြန် နှာခေါင်း ရှုံ့ စရာ မလိုဘူး ။ ကိုယ် လည်း အဲဒီ အထဲ က တက် လာတာ ပဲဆိုတာ သတိ ပြု ရမယ် ။

ကိုယ် ရင် ကတ္တရာစေး လမ်း ပေါ် လျှောက် အုတ်တိုက် ထဲ နေ ခလုတ် နှိပ် မီး ပွင့် တဲ့ ပတ်ဝန်းကျင် မှာ နေ ပြီး လယ် ထဲ ဝင်ခါနီး နတ် တင် တာ တို့ မိုး ထဲ လေ ထဲ လှေ ထွက် ခါနီး နတ် ပသ တာ ကို မကဲ့ရဲ့ကြ နှင့်ဦး ပေါ့ ။ မှောင်မှောင်မည်းမည်း ကန်သင်းရိုး မြက်တော ထဲ ဝင် ရမယ့် လူ ကို လည်း ကိုယ်ချင်း စာ ကြဦး ။ ကိုယ် က ဖြင့် ရေ ခြေမျက်စိ မြုပ်အောင် မဆင်းဘဲ ရေ ထဲ လှိုင်း ထဲ သွား ရမယ့် လှေသမား အဖြစ် ကို လည်း နားလည် ဖို့ လိုတယ် ။ ကိုယ် အထက် စီး နှင့် “ အလကား အယူသီးတဲ့ လူတွေပဲ …” လို့ မဲ့ရွဲ့ နေတာ နှင့် အကျိုး မပြီးဘူး ။ ဒီ လူတွေ က အယူသီး မှုတွေ စွန့် မှာ မဟုတ်ဘူး ၊ ကိုယ် အမြင် ကျဉ်း မျှသာပဲ ဖြစ်တယ် ။

အစ်မကြီး ရေးတဲ့ ဝတ္ထု မှာ အနော်ရထာ နှင့် ကျန်စစ်သား တို့ အဲဒီ အယူအဆတွေ ဘယ်လို “ ကိုင် ” တယ် ဆိုတာ သရုပ်ဖော် ထားတယ် ။ ပြီးတော့ ရှိသေးတယ် လူ ဆိုတာ က ကိုယ့် စိတ်ကို အဆောင်အယောင် အခမ်းအနား နှင့် ဖြေသိမ့် ရ မှ ကျေနပ်တယ် ။ နတ်ပွဲ ဆိုတာ လည်း အဲဒီ လိုလားချက် ကို ဖြည့်စွမ်း တဲ့ အလုပ် တစ်ခု ပဲ ။ ဆိုင်း နှင့် ဝိုင်း နှင့် အဆိုအက အစားအသောက် နှင့် စည်စည်ကားကား လုပ်ချင် ကြတယ် ။ ( ဥပမာ ) ပန်းပဲမောင်တင့်တယ် နတ် ဆိုပါတော့ ၊ လူတွေ ဟာ သူရဲကောင်း ကို အမှတ်တရ လုပ်ကြတာပေါ့ကွာ ။ နောင် နှစ်ပေါင်း ၉ဝဝ - ၁ဝဝဝ လောက် ကြာ ရင်တောင် လူတွေ က နှစ်ဆယ် ရာစုနှစ် လောက် က လူတွေ တော်တော် အူ တာပဲ ။ အလံ တစ်ဝက် ထူ ကျဆုံးလေပြီးသော ခေါင်းဆောင် ကြီးတွေ အလေးပြု ဆိုပြီး ( LastPost. ) ဘင်ခရာတွေ တီး သတဲ့ ။ အတော် အယူ သီး တဲ့ လူတွေ ပဲလို့ ပြောကြလေဦး မှာ ပေါ့ ။ ပြီးတော့ ဗမာပြည် လွတ်လပ်ရေး ရ တာလဲ ၊ အလံ လွှင့် ကမ္ဘာမကျေ တီး လူတွေ က အလေးပြု ဒါ လုပ်မှ ပဲ အချုပ်အခြာ အာဏာပိုင် နိုင်ငံ ဖြစ်တော့ မှာလား ။ “ ဒါတွေ လိုသလား ” အဲသလို ပြန် စဉ်းစား မှ ရှေးခေတ် က အယူအဆ နတ်ကိုးကွယ် တယ် ဆိုတာတွေ လည်း သူ့ ခေတ် နှင့် သူ့ အခါ လုပ်ကြတဲ့ ထုံးစံတွေ ပဲ လို့ မြင်လာ နိုင်မယ် ။ အဲသလို မြင် လာပြီး မှ ဝေဖန်ဖို့ ၊ ပယ်တန် တာ ပယ်ဖို့ ၊ ပြင်တန် တာ ပြင် ကြဖို့ ပေါ့ ။

အစ်မကြီး ရဲ့ ဝတ္ထု ထဲ မှာ တိုင်းပြည် ထူထောင် ရာ မှာ ဘုရင် နှင့် အရပ်သား ၊ ခေါင်းဆောင် နှင့် နောက်လိုက် ၊ ကိုယ့် တာဝန် နှင့် ကိုယ် ၊ ထောင့်စေ့ အောင် လုပ်ကိုင်ပုံ ကို သရုပ်ဖော် ထားတယ် ။ အနော်ရထာမင်း ဘုန်း ကြီး လို့ သိကြားမင်း က နတ်မြင်းပျံဆက် တာ အရိန္ဒမာလှံ ဆက် တယ် ဆိုပြီး ဘုန်းတန်ခိုး အသား ပေးတဲ့ အရေးအသား လည်း သူ့ ခေတ် နှင့် သူ ရှိခဲ့တာပေါ့ ။ စောမွန်လှ နှင့် အနော်ရထာ ဇာတ်လမ်း ဟာ လည်း ဘယ် ကျောက်စာ မင်စာ အထောက်အထား မှ အခု ထိ မတွေ့ ရ သေးဘူး ။ ဒါပေမဲ့ လူတွေ ရဲ့ နှလုံးသည်းပွတ် ထဲ မှာတော့ စွဲ နေတာပဲ ။ အဲဒီ ဇာတ် လမ်း ကို လည်း ပြန် အသက် သွင်း တဲ့ အခါ မှာ လူမျိုးစု စိတ်ဓာတ် ခိုင်မာမှု ဆိုတဲ့ ဘောင် ခတ်ပြီး လူမျိုးစု စိတ်ဝမ်း ကွဲ စေတဲ့ စကား အသုံးအနှုန်း နှင့် အကွက်များ ကို ပယ်ရှား ရလိမ့်မယ် ။

စောမွန်လှ ကို ဇာတ် ထဲ ကပြ ကြ သလို လွမ်း ရင် ပြီးရော ဆိုပြီး တစ်ဖက်သတ် နှိပ်စက်ခံ ဇာတ်ကောင် မဟုတ်ဘူး ။ အနော်ရထာ ရဲ့ ဘဝ လုပ်ငန်းစဉ်မှာ တစ်တပ် တစ်အား ပါဝင်ရတဲ့ ပါရမီ ဖြည့်ဘက် တစ်ဦး အဖြစ် သရုပ်ဖော် ရ လိမ့်မယ် ။

အနော်ရထာ တိုင်းပြည် နှင့် လူမျိုး ကို သံယောဇဉ် ကြီး သလို စောမွန်လှ ရဲ့ မေတ္တာ ကလည်း အနော်ရထာ ကို နှောင်ဖွဲ့ပြီး သာမန် တဏှာပေမ အချစ် မျိုး မဟုတ်ဘဲ မြင့်မြတ်တဲ့ မေတ္တာမျိုး ဖြစ်ရမယ် ။

အစ်မကြီး လည်း အခု မျက်မှောက် ခေတ် အမြင် နှင့် ပြန် ရေးမှာပဲ ။ အရေး ကြီး တဲ့ သမိုင်းအချက်တွေ ဘောင်ခတ် ထားတယ် ။ အဲဒီ ဘောင် ကို မကျော် ဘဲ အတွင်းသား ကို အစ်မကြီး စိတ်ကူး နှင့် ခြယ်လှယ် သွား တာပဲ သမိုင်း အချက် က အရိုး ပဲ အစ်မကြီး က အသား ထည့် ပေးတာပဲ ။

သမိုင်း အချက်အလက်တွေ နှင့် ပတ်သက် လို့ တော့ ဒေါက်တာ သန်းထွန်း ရေး တဲ့ ( The Story of Burma. ) အင်္ဂလိပ်လုပ်သား သတင်း စာ တနင်္ဂနွေ နေ့ တိုင်း ပါခဲ့တဲ့ အထဲ က အများကြီး အထောက်အထား ရ တယ် ။ ပြီးတော့လည်း သမိုင်းကော်မရှင် ဗိုလ်မှူးဘရှင် ဆီ ကို လည်း သွားပြီး ကိုယ် လိုချင်တဲ့ အချက်တွေ သွား မေးရတယ် ။ အမေး နွားကျောင်း ၊ အဖြေ ဘုရားလောင်း ဆို သလို အစ်မကြီး မေး တာက တစ်ခွန်း သူတို့ မှာ တော့ စာအုပ်ကြီးငယ် အကိုးအကား နှင့် ရှာ ပြော ရ တာပေါ့ ။

အစ်မကြီး ဒီ ဝတ္ထု ရေး ကတည်း က လူကြီးတွေ လည်း အကောင်း မနေရ ရှာပါဘူး ။ ဖိုင်တွဲတွေ ကို အရူးလွယ်အိတ် ထဲ ထည့် လွယ်ပြီး သူတို့ ဆီ သွား မေးမြန်း စကားများ ပေါ့ ၊ ဆရာ ဇော်ဂျီ တို့ ၊ ဆရာမင်းသုဝဏ် ၊ ဆရာဦးခင်ဇော် တို့ တစ်တွေ တော့ အစ်မကြီး မေးမြန်း နှိပ်စက် တာတွေ ခံနေကြ ရတာပဲ ။ အစ်မကြီး လုပ်ပုံက ဆရာကြီးတွေ အမြတ်တနိုး ထား တဲ့ ပုဂံရာဇဝင် စာအုပ်ကြီး ကို စင်ပေါ်  က ချပြီး လက်ဆော့ ဆေးရောင်စုံ ဆိုး နေတဲ့ ကလေး လိုပေါ့ ။ လူကြီးတွေ က လည်း ရင်တမမ နှင့် ပဲ အလို လိုက် ကြည့် နေရှာကြပုံရတာပဲ ။

◾ခင်မျိုးချစ်

📖 သော်တာဆွေ ရာပြည့် အမှတ်တရ လွမ်းတသသ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment