Friday, June 23, 2023

ထွက်ပေါက် ပျောက် နေတဲ့ ပိုးဟပ် နဲ့ ဆရာညို


 

❝ ထွက်ပေါက် ပျောက် နေတဲ့ ပိုးဟပ် နဲ့ ဆရာညို ❞
        
ကျွန်တော် လေ တိရစ္ဆာန် ဆရာဝန် သာ ဖြစ်လာရော ကျောင်းသား ဘဝ တုန်း က ဘိုင်အို ဆိုရင် လွှတ် လန့်မိ ကြောက်မိ တာ ။ ဘယ်လို လန့်နည်းမျိုး နဲ့ လန့်မိမှန်း ကြောက်မိမှန်း ကို မသိဘူး ။

ရေလည်အောင် အစက ပြော ရရင်ကျွန်တော် မှာအစ်မ တယောက် ရှိတယ် ... ထုံးစံ အတိုင်း ပေါ့ ၊ သူ က ဆရာဝန် သိပ် ဖြစ်ချင်တာ ။ ဘယ်လောက် အထိ ဖြစ်ချင်သလဲ ဆိုရင် ၊ ငယ်ငယ် ကတည်း က ကျွန်တော်တို့ မောင်နှမတတွေ ကစား ကြရင် သူ က ဆရာဝန် လုပ်တယ် ၊ ကျန်တဲ့ ညီမတွေ မောင်တွေ က ဘာ ဖြစ်ဖြစ် ၊ ဈေးသည် လုပ်ရင် ဈေးသည်လူနာ ၊ ဂတ်ဗိုလ်ကြီး လုပ်ရင် ဂတ်ဗိုလ်လူနာ ပဲ ။ သူ့ ရည်မှန်းချက် က ဆရာဝန် ဖြစ်ချင်တာ ။ ဒါကြောင့် စား လည်း ဆရာဝန် ၊ ကစား လည်း ဆရာဝန် ပဲ ၊ ကုန်ကုန် ပြောမယ်ဗျာ ၊ ဆရာဝန် စာရေးဆရာ ရေး တဲ့ စာ ဆိုရင် အကုန် ကောင်း ထဲကပဲ ။ ဆရာဝန် ရေး တဲ့ စာ ဆိုရင် အကုန် ဖတ်တဲ့ ကျွန်တော့် အစ်မ သူ့ ကို ဆရာဝန် ရူး ရူးသွား မှာတောင် စိုးရိမ် မိတယ် ။ အဲဒီ ကျွန်တော့် အစ်မ ဆယ်တန်း ဖြေ တဲ့ ၁၉၆၉ ခုနှစ် က ခင်ဗျား တို့ ကြား လိုက်ကြ မှာပေါ့ ။ အောင်စာရင်း ထွက်တဲ့ ရက် မှာ “ ဖုန်း ... ဝုန်း ... ဟုန်း ...” ဆိုတဲ့ အသံကြီး ။ အဲဒါ ဆရာဝန် ဖြစ်ချင်တဲ့ အစ်မ ဘိုင်အို နဲ့ ထိ တဲ့ ပြီး ဒလိမ့် ကောက်ကွေး ကျ သွားတဲ့ အသံ ပေါ့ ။

နို့ပေမယ့် သူ က ဇွဲ မလျှော့ဘူး ။ ဆရာဝန် က တပြားသား မှ မလျှော့ဘူး ။ ဆယ်တန်း ဒုတိယနှစ် ဖြေဖို့ ဘိုင်အို ကို ချည်း ဖိ ကျက်တာ မြို့တော် က ကောင်းပေ့ ဆိုတဲ့ ဘိုင်အိုမှတ်စု တွေ ဝယ် ကျက် ၊ ခန့်မှန်း စာအုပ်တွေ လည်း ပါတာပေါ့ ၊ တော်တော့် ကို ကြိုးစား လိုက်တာ ။ ကြိုးစားရကျိုး မနပ်တနပ် ဖြစ် သွားတယ် ။ အဲဒီနှစ် က သူ ဆယ်တန်း အောင်တယ် ။ ရိုးရိုး အောင် တာ မဟုတ်ဘူး ။ ဂုဏ်ထူး နဲ့ ။ ဂုဏ်ထူး က လည်း သူ သိပ် မျှော်လင့် မထားတဲ့ သင်္ချာဘာသာ က ဂုဏ်ထူး ထွက်တာ ။ ထင်တိုင်း မပေါက်တဲ့ ဆယ်တန်း စာမေးပွဲ အကြောင်း လည်း ခင်ဗျား သိပြီး သားပါ ။ အညာ တက္ကသိုလ်ကြီး ဆက် တက် ၊ နားကြပ် ကိုင် ဖို့ ဝေးသွား ရှာတယ် ။ ဓာတုဗေဒ အဓိကကြီး နဲ့ ညား သွား ပါရော လား ။ သွားရော ၊ သွားရော အညာတက္ကသိုလ် ကို ။

နောက် နှစ် ကျတော့ ကျွန်တော့် အစ်မ လို မှတ်ဉာဏ် ကောင်း ကျက်အား ကောင်း တဲ့ သူတွေ မနည်း ကြိုးစားရတဲ့ ဘိုင်အို နဲ့ ကျွန်တော် တွေ့ကြပြီ ပေါ့ ။

ပလပ်စမာဂျဲလ် တဲ့ ၊ ဆီလရီရှုံ့ကြွက်သားရစ် တဲ့ ။ ဧဩတ တဲ့ ၊ အင်ဒေါ့စပမ်း တဲ့ ၊ ဟီမိုဂလိုဗင် ရောင်ချယ်ဆဲလ် တဲ့ ၊ အဲဒီလို ဘို စကားလုံး တွေ နဲ့ ကျွန်တော် နဲ့ တော့ နပန်း သတ်ရ တော့မယ် ။ “ ဘိုင်အို ထိုင်ငို ” ဆိုတဲ့ ဆိုရိုး စကား က လည်း ရှိသေးတယ် မို့လား ။ ကျွန်တော် က ငိုတော့ မငိုပါဘူး ။ နို့ပေမယ့် နည်းနည်း တော့ လန့်တယ် ။

ကျွန်တော့် ကံ လို့ ဆိုရ မှာပဲ ။ အစ်မ က တက္ကသိုလ် တက် တဲ့ နှစ် ၊ ကျွန်တော် ကိုးတန်း ရောက်တဲ့ နှစ်မှာ ဘိုင်အို ဆရာ အသစ် တယောက် ကျွန်တော် တို့အ - ထ - က ( ၁ ) ကို ရောက် လာတယ် ။ ဘယ်သူ ရှိ ရ မှာတုန်း ။ ဆရာ ဦးအောင်ညို ၊  ဘိုင်အိုဦးအောင်ညို ပေါ့ ။ အရပ် ရှည်ရှည် အသား လတ်လတ် ဆရာ ။ ပုဆိုး တိုတို နဲ့ မျက်မှတ် ထူထူကြီး တပ် ထားတဲ့ ဆရာ ဗျာ ။ ကိုးတန်း နဲ့ ဆယ်တန်း ဆရာ့ တပည့် နှစ်နှစ် ဖြစ်ဖူး ပါတယ် ။ ဒီ ဆရာ လည်း တိုက်ပုံလေး နှစ်ထည် ပဲ ဝတ်တာ တွေ့ဖူးရဲ့ ။ ဒီတော့ ဒီနေ့ ဆရာ ဘယ် တိုက်ပုံ ဝတ်မယ် ဆိုတာ လောင်း ကြရင် လွဲ ခဲတယ် ။ ငါးဆယ်ရာခိုင်နှုန်း က မှန်ဖို့ ရှိတယ် မဟုတ်လား ။
မျက်နှာပေါက် ကတော့ တော နည်းနည်း ကျတယ် ။ ဒါလည်း ပြဿနာ တော့ မဟုတ်ပါဘူး ။ ကျွန်တော်တို့ မြို့ ကို က တောရွာကြီး တရွာ အဆင့် ပဲ မဟုတ်လား ။ ဆရာ့ လို ဥပဓိရုပ် နဲ့ ပုဂ္ဂိုလ်တွေ မြင်နေ တွေ့နေ ကြ ရတာ ပါပဲ ။ ဆန်းတာ က ဒီလို လူကြီး ဆီ က ထွက်တဲ့ အင်္ဂလိပ် အသံထွက် ပဲ ။ အသံထွက် သိပ် ကောင်းတာ ။ ဆရာ ပြောတာ ဆိုတာ ကြားရ မြင်ရတာ နဲ့ အတုခိုးမိ ၊ အားကျမိ ရဲ့ ။ တချို့ စကားလုံးတွေ များ အခုထိ နားထဲ ကြား နေတုန်း ။

အခု ကျွန်တော် က တိရစ္ဆာန် ဆရာဝန် နော် ။ ဟီမိုကလိုဗင်န် ဆိုတဲ့ စာလုံး ဗျာ ။  အခု ကျွန်တော် အသံ ထွက်ပြီး ရွတ်ပြတာ တောင် ဆရာ့ မမီပါဘူး ။ ဒီလောက် ဆိုရင် ဆရာညို့ လျှာ နဲ့ ဌာန် သိလောက် ပြီ ။ ဆရာ က အဲဒီ ဇီဝဗေဒ လို့ ခေါ်တဲ့ ဘိုင်အို ကို သင် သွားလိုက်တာများ ဆေးတက္ကသိုလ် က ဆရာ တယောက်များ လား လို့ ထင်ရ တယ် ။ ပုံဆွဲ က လည်း ကောင်းလိုက်ပ ။ နောက်တော့ စာ သင်ရင်း ကျောင်းသူ ကျောင်းသား တွေ ကို ဆရာ့ အကြောင်း အငြီးပြေ ပြောပြ မှ သိရတယ် ။ ဆရာ က စိုက်ပျိုးရေး နဲ့ ဘွဲ့ ရ တာတဲ့ လေ ။

ကျွန်တော့် အစ်မ လို ပဲ သူ့ ရည်မှန်းချက် က ဆရာဝန် ဖြစ်ချင်တာ တဲ့ ။ ကိုယ့် ဆရာ မို့ အမွှမ်း တင် ပြောတာ မဟုတ်ပါဘူး ။ ဒိပြင် ဆရာ
ဆရာမတွေ ကို လည်း မိဘ နဲ့ တဂိုဏ်းတည်း လို့ အောက်မေ့ ပါတယ် ။  ဆရာ ဦးအောင်ညို လောက် အသင်အပြ ကောင်းတဲ့ ဆရာ အထက်တန်း မှာ ရော ၊  တက္ကသိုလ် မှာ ပါ မတွေ့ခဲ့ဖူးဘူး ။

မကွယ်မဝှက် ပြောရရင် ကျွန်တော် ကိုးတန်း ပထမအစမ်း မှာ ဘိုင်အို ကျ တယ်ဗျာ ။ လူ ကို ထူပူ သွားတာပဲ ။ ဆရာ က တော့ အသင်အပြ ကောင်း ပါ ရဲ့ ။ ကျွန်တော် ကို က ဘိုင်အို ဆိုရင် အရှိန် နဲ့ ကြောက်နေလို့ ဒေါင်း တာ ။ အဲဒီ နှစ် က ကျွန်တော် လို ဘိုင်အို ကျတဲ့ လူ “ အေ ” တန်း ရော “ ဘီ ” တန်း ပါ အားလုံး ဆယ့်ကိုးယောက် အယောက် နှစ်ဆယ် လောက် ရှိမယ် ။  ဒီ ကျောင်းသူ ကျောင်းသားတွေ ကို ဆရာ က ဂရု စိုက်ပြီး အပင်ပန်းခံ သင်တော့တာပဲ ။

ဆရာ က စေတနာ နဲ့ ဖိဖိစီးစီး သင်ပြတာ နဲ့ ကျွန်တော် တို့ လည်း နင်လား ငါလား ကျက်ရတော့ တာပေါ့ ။ ဘိုင်အို ဝေါဟာရ တွေ တတွတ်တွတ် နဲ့ ရွတ်ရတာများ နွားများ စားမြုံ့ ပြန် သလိုပဲ ။ ဒီလို ကြိုးစား ကြတော့ ဘိုင်အို ကို မကြောက်ကြတော့ တဲ့ ပြင် ရင်းနှီး လာလိုက်ကြတာ လှိုင်ဝေ တို့ အောင်ခန့် တို့ ဆိုရင် ဆရာဝန် ဖြစ် သွားတယ် ။ ကျွန်တော့် လို ခွေးဆရာဝန် မဟုတ်ပါဘူး ။ လူ ဆရာဝန် ပါ ။ အဲဒီ ခွေးဆရာဝန် ဆိုတဲ့ ဘွဲ့ ရလာတာ က လည်း ဆန်းတော့ မဆန်းပါဘူး ။

ကျွန်တော် စာမေးပွဲ အောင် တော့ ကျွန်တော် တို့ မြို့မှာကျွန်တော် လို ဆရာဝန် က သိပ် မရှိသေးဘူး ။ ကျွန်တော်တို့ မြို့သား ဒိပြင် တိရစ္ဆာန်ဆရာဝန် တွေ ကလည်း ဆံထုံး နောက် ပါတဲ့သူ က ပါ ။ ဒိပြင် မြို့မှာ အမှုထမ်း တဲ့ လူ က အမှုထမ်း နဲ့ ။ ကျွန်တော် သာ အလုပ် လျှောက်တာ မကျသေးလို့ ယောင်ပေပေ ဖြစ်နေတာ ။ အဖေ က လည်း သား ကို တကယ်အားကိုး လောက်တဲ့ ဆရာဝန် လို့ ထင်တာ ။ အမေ က ပို ဆိုးတာပေါ့ ။ တော က အမျိုးတွေ ကို ဆိုရင် လူဆရာဝန် လိုလို ဘာလိုလို နဲ့ ရောကြိတ် ကြွား လိုက်တာပဲ ။ တော က အမျိုးတွေ က လည်း ကျွန်တော် ဆရာဝန် ဖြစ်မှပဲ သူတို့ ဘာရောဂါ မှ မဖြစ်ဘဲ နေထိုင်ကောင်း နေလို့ မချင့်မရဲ ဖြစ်နေကြတယ် တဲ့ ။ ငါ့နှယ် ကွာ ... ဆိုတဲ့ အသံတွေ ကြားယောင် မိတယ် ။

ကျွန်တော်တို့ မြို့ က လူချမ်းသာ တချို့က အိမ်မွေးခွေး ခြံစောင့်ခွေး တွေ မွေးထား ကြတော့ တမြို့တည်းသား ရဲ့ အရည်အချင်း ကို စမ်းချင် ကြတယ် ။ အရင်က သူတို့ ကြားဖူးနားဝ ကုထုံး နဲ့ ကျွန်တော် သိတာနဲ့ စပ်ဟပ် ရဲ့ လားလို့ လာ ဆွေးနွေးတဲ့ သူ လည်း ရှိရဲ့ ။ ဈေးဦးပေါက် အနေနဲ့ ခွေး ချည်းပဲ သုံးကောင် ဆက် ကုပေး လိုက် ရတယ် ။ တနေ့တည်း သုံးကောင် ကုရတာ မဟုတ်ဘူး နော် ၊ ရက်ခြား ပါ ။ နောက် မှ နွား ၊ ကြက် နဲ့ ကျွဲ တွေ ကုရပါ ရဲ့ ။ ခွေး နဲ့ ဈေးဦးပေါက် တာမို့ သူငယ်ချင်းတွေ က ခွေးဆရာဝန် လို့ ချစ်စနိုး
ခေါ်ကြတာ လေ ။ ဒါလည်း အမေ့ ကွယ်ရာ မှာ ခေါ်ကြ ရတာ ။

ဆရာဦးအောင်ညို မွေးထုတ် လိုက်တဲ့ ဆရာဝန်တွေ ၊ သွားဆရာဝန်တွေ ၊ ကျွန်တော်တို့ လို ဆရာဝန်တွေ မနည်းပါဘူး ။ အဲဒီ ဆရာဝန်တွေ လည်း ဆရာ့ ကို ကျွန်တော် သတိရ သလို သတိရ နေကြမှာပါ ။ ဆရာ က အသင်အပြ ကောင်းတယ် ၊ မကောင်းတယ် အဲဒီတုန်း က ဘိုင်အိုစာတွေ အခု ထက် ထိ ကျွန်တော် မှတ်မိ နေတုန်း ။ ဖား အကြောင်း ပိုးဟပ် အကြောင်းတွေ ပြန် စဉ်းစားရင် ဒေါက် ... ဒေါက် ... ဒေါက် ... ဒေါက် ... နဲ့ ချ ရေး နိုင်သေးတယ် ။ “ လူတို့ ကို အကျိုးပြုသော အင်းဆက်ပိုးများ လူတို့ ကို အကျိုးမဲ့ စေသော
အင်းဆက်ပိုးများ ” အကြောင်း ဆိုရင် ကျောင်းသား တိုင်း စိတ်ဝင်စား ကြ တာပေါ့ ။

ဆရာ က လည်း စာကို ထောင်းလမောင်း ကျေနေအောင် သင် စာမေးပွဲ က လည်း နှစ်တိုင်း ဒီ မေးခွန်း မေးနေကျ ပဲ ။ ကျွန်တော် တို့ ရဲ့ မိတ်ဆွေအင်းဆက် နှင့် ရန်သူအင်းဆက် ဆိုရင် လည်း မမှားဘူး ။ ဝတ်မှုန်ကူးခြင်း ၊ အသီး နှင့် အစေ့ ပြန့်လွင့်ခြင်း သင်ခန်းစာတွေ ကိုများ တပည့်တွေ မှတ်ရ လွယ်အောင် လင်္ကာလေးတွေ ၊ ကဗျာလေးတွေ ပါ စပ်လို့ ။ တခါတလေများ သံချပ် ထိုး ရတာ ပျော်စရာကြီး ။ ကျောင်းသူတွေ က တိုင် ၊ ကျောင်းသားတွေ က ဖောက် ၊ ကျောင်းသားတွေ က တိုင် ၊ ကျောင်းသူတွေ က ဖောက် ၊ ဒီ အကြောင်းတွေ အခုလို
ပြောရတာ ကို ပျော်မိတယ် ။

    •••••   •••••   •••••

ဒီအရပ် မှာ တာဝန်ကျ ကတည်း က ကျွန်တော်တို့ ဇာတိ ကို ပြန် မရောက်တာ တော်တော် ကြာ နေပြီ ။ အိမ် နဲ့ တော့ အဆက်အသွယ် မပြတ်ဘူး ။ အဖေ နဲ့ အမေ့ဆီ စာ ရေးပါတယ် ။ စာ ရေးတိုင်း လိုလိုပါပဲ ဆရာဦးအောင်ညို ကို သတိ ရတဲ့အကြောင်း အမြဲ ထည့်ရေးနေကျ ။ အဖေ ကလည်း ဒီ စာတွေ ဆရာ ဝမ်းသာ ရအောင် သွား ပြလေ့ ရှိတယ် ။ ဒါကြောင့် အခုလို မြို့ကို ခဏ ပြန်လာမယ့် အကြောင်း ဆရာ က ကြို သိ နေတာပေါ့ ။ အိမ် မှာ ပစ္စည်းတွေ ချပြီး ဆရာ့ ကို ကန်တော့ ရအောင် လက်ဆောင်ကလေး တွေ ယူ ပြီး ထွက် လာတော့ ဆရာ့ အိမ် ဟာ အရင်က ထက် ပို ဟောင်း နေတာ တွေ့ရတယ် ။ အရင် က လို တပည့်တပန်း တွေ ဝင်ထွက် နေတာလည်း မတွေ့ရ တော့ဘူး ။
ပင်စင်စား ကျောင်းဆရာ ရဲ့ အိမ် မှန်း မမေးဘဲ နဲ့ အဝေး က သိ နို င်တယ် ။

တံစက်မြိတ် အောက် ရောက်ခါ ရှိသေးတယ် “ ဟို ဆရာဝန် မဟုတ်လားဟေ့ ” လို့ ရင်းနှီးတဲ့ အသံကြီး ပေါ် လာ တာပေါ့ ။ ဆရာ့ အသံ ဟာ အရင် အတိုင်း ပါ ပဲလား ။ ဆရာ့ အသံ ကြောင့် ကျွန်တော် ဟာ ဆရာဝန် မဟုတ်တော့ ဘဲ ကျောင်းသားကလေး တယောက် ပြန် ဖြစ် သွားတယ် ။ ဆရာ နေကောင်းရဲ့လား လို့ သိချင်စိတ် အပြည့်နဲ့ ပြန်မေး မိတော့ အေးကွာ ကောင်းပါတယ် ။ သက်တော်ရှည် စံကင်း ဆရာတော် ဘုရားကြီး
အမိန့် ရှိ သလိုပေါ့ ။ လူကြီး ကောင်း ကောင်း နေရတာ ပေါ့တဲ့ ။ ဆရာ မပြောပေမယ့် ဆရာ့ ကျန်းမာရေး ကို ကျွန်တော် ခန့်မှန်းမိ လိုက်ပါပြီ ။ ပင်စင်စားတွေ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အတိုင်း ဆရာ့ ရုပ် က နည်းနည်း ကျ သွားတယ် ။ ရေနံဆီ ပုလင်းဖင် ကို သွေး ထားတယ် လို့ ထင်ရ လောက် အောင် ထူ ထဲတဲ့ မျက်မှန် ဘီလူးကြီး ရဲ့နောက်က မျက်လုံး အစုံ ဟာ လည်း သိပ် အရည် မရွှမ်းတော့ပါဘူး ။ မြေဖြူမှုန့် တွေ နှိပ်စက် ထားလို့ ကျောင်း တုန်း ကတည်း က ခပ်အက်အက် အသံ ဟာ ခုထိ အက် နေ တုန်းပါပဲ ။ မျက်မှန်ကိုင်း ကလည်း အစင်းအခြစ်တွေ များတဲ့ ဟိုတုန်း က ကိုင်း အနက်ကြီး ပါ ။ ညာဘက် ကိုင်း မှာ ကြိုး အမည်းလေး နဲ့ ပိုးပြီး တုပ်နှောင် ထားတာပဲ ထူးခြား လာတယ် ။ ဆရာ့ ကို ကြည့်ယင်း ခါးချိ နေတဲ့ ဓားသွေးကျောက် ပါးပါးလေး ကို မြင်ယောင် နေတယ် ။ ဝတ်နေကျ တိုက်ပုံ နက်ပြာကလေး က လည်း အရောင် လွင့်လှ ပြီ လေ ။

ဆရာ ထိုင်ပြီး စာဖတ် နေတဲ့ သင်ဖြူးအဟောင်း ပေါ် မှာ ထိုင် ကြပြီး စကားစမြည် ပြော ကြတော့ ဆရာ ဟာ သူ့ တပည့်တွေ ကို မှတ်မိပြီး သံယောဇဉ် တွယ် နေသေးမှန်း သိလိုက် ရတယ် ။ ဝင်းတင့် ဘာ လုပ်နေသလဲ ။ ကိုကိုထွေး  ဘယ် ရောက်နေသလဲ ဆိုတာမျိုး က အစ ဇင်မော် အိမ်ထောင် ကျပြီလား ၊ စိုးမြင့်မောင် နဲ့ ဝင်းသော် လာ ကန်တော့ သွားသေးတယ် နဲ့ စုံလို့ပါပဲ ။

ကျွန်တော့် ကိုယ်ရေး ကိုယ်တာ တွေ လည်း ဆရာတပည့် ပုံစံမျိုး မဟုတ်ဘဲ မိသားစု အရင်း လို ရင်းရင်းနှီးနှီး မေးမြန်း ပြောဆို နေပြန်တော့ ပို လေးစားမိ တာပေါ့ ။ လစာ ဘယ်လောက် ရသလဲ ၊ လောက်ငရဲ့လား ၊ ရပ်ရွာ နဲ့ အဆင်ပြေ ရဲ့လား စတာတွေ မေးမြန်း နေလိုက်တာ ဆရာမိဘ ဆိုတဲ့ စကား အတိုင်း မိဘ တယောက် လို ပါပဲ ။ ဆရာ နဲ့ တပည့် ဒီလောက် သံယောဇဉ် ကြီးတဲ့ ဆရာ လောက မှာ ရှိမှန်း အခုမှ သိ ရပြီး ကျွန်တော့် လစာ ထဲ က ဆရာ့ ကို ကန်တော့ဖို့ ဝယ် လာတဲ့ လက်ဆောင်ကလေး ဟာ ဆရာ့ စေတနာ ၊ ဆရာ့ သံယောဇဉ် ၊ ဆရာ့ နွေးထွေးမှု နဲ့ နှိုင်းစာရင် သိမ်ငယ် သွား တာပေါ့ ။ စက်ရုံ ထွက် မျက်နှာသုတ်ပဝါ တထည် နဲ့ နံကထိုင်မုန့် တထုပ် ဟာ ဆရာညို့ ရှေ့မှာ ရှက်ရှက် နဲ့ ငုတ်တုတ်ကလေး ထိုင်နေကြ ရှာတယ် ။

စကား တွေ ပြော ကြရင်း ဆရာ့ အိမ် ကို အကဲခတ် ကြည့် တော့ ခေါင် က ကပ်တွေ ဟာ ကျဲတဲ့ နေရာက ကျဲ နေတာမို့ ကြက် မကောက် နိုင်တဲ့ နတ်သမီး တံတွေးပြောက်ကလေး တွေဟာ တအိမ်လုံး နှံ့ နေပြီပေါ့ ။ ဆရာ့ အိပ်ယာ လည်း ဘုရားစင် အောက် က မိုးလွတ် ၊ နေလွတ် မယ့် ရာဟုထောင့် ကို ရွှေ့ထား ရတယ် ။ ခေါင်းအုံး မှာ ခေါင်းအုံးစွပ် ဗလာ ။ ဆရာ့ ကို ကြည့်ပြီး သနား လိုက်တာ စိတ်မကောင်း ဖြစ် လိုက်တာ ။

ရွာရိုး ကိုးပေါက် လှည့်ပြီး ဒိပြင် သူငယ်ချင်းတွေ ကို နှုတ်ဆက်ရ ဦးမှာမို့ ဖွယ်ဖွယ်ရာရာ မဟုတ်တဲ့ လက်ဆောင် စတိ ကို ရှေ့ ချပြီး ထိခြင်း ငါးဖြာ နဲ့ ထိပြီး ကန်တော့ ခဲ့တယ် ။ ဆရာ က ဆုတွေ အများကြီး မပေးပါဘူး ။ ဘုန်းကြီးပါစေ ၊ သက်ရှည်ပါစေ လို့ လည်း မပါဘူး ။ မြေကြီး ကိုင် ရွှေ ဖြစ်ပါစေ ၊ စိတ်သွား တိုင်း ကိုယ်ပါလို့ လိုရာဆန္ဒ ပြည့်ပါစေ လည်း မပါဘူး ၊ ရိုးရိုး ပါ ပဲ အများအကျိုး ဆတက် ထမ်းပိုး တိုးလို့ ရွက်ဆောင်နိုင်တဲ့ လူ ဖြစ်ပါစေ တဲ့ ။ နောက်ထပ် ဘာများ ဆု ပေးဦးမလဲလို့ ကျွန်တော် နားစွင့် နေပေမယ့် ဘာ ဆုမှ ထပ် မပေးပါဘူး ။ ဆရာ ပေးတဲ့ ဆု ကို သေသေချာချာ စဉ်းစား ကြည့်ပြီး ကျွန်တော့် ခန္ဓာကိုယ် ဘယ်ဘက် တခြမ်း “ ဖျန်း ” ကနဲ ကြက်သီး ထ သွားတယ် ။

ဆရာ ဟာ ဆရာ ပါပဲ ၊ အခုထိ ကျွန်တော့် အပေါ် မှာ လွှမ်းမိုးတုန်း ပါလား ။  ပြန်ခါနီး တော့ တခေါက် လာခဲ့ပါဦးမယ် လို့ နှုတ်ဆက် တော့ ပြန်ခါနီး မှ မဟုတ်ပါဘူး ၊ အားတဲ့ အခါ ၊ ပျင်းတဲ့ အခါ ကြုံတဲ့ အခါတိုင်း ဝင်ခဲ့ဖို့ ပြော ပြန်တယ် ။ အရင် တုန်း ကတည်း က တပည့်တွေ အတွက် အမြဲ ဖွင့်ထားတဲ့ ဆရာ့ တံခါး ဟာ အခု ထက် ထိ ဖွင့်ထား တုန်းပဲ ။ ဆရာ့ နံဘေး က မဂ္ဂဇင်းပုံကြီး ဟာ လည်း ပိုပို မြင့်လာတာ ကို သတိ ထား မိပြီး နောက် တခေါက် လာ ကန်တော့ရင် ဆရာ့ အတွက် ဆရာ ကြိုက်တတ် တဲ့ နိုင်ငံခြား မဂ္ဂဇင်းတွေ စာစောင်တွေ ယူ လာဖို့ မှတ်ထား မိတယ် ။

ဒီကြားထဲ လည်း ဆရာ ဖိတ်ထားပေမယ့် မရောက် ဖြစ်ဘူး ။ မနက်ဖြန် လို ပြန်တော့မယ် ဆို မှ ဒီနေ့ လို ညနေ မှာ ဆရာ့ ကို သွား နှုတ်ဆက် လိုက်တယ် ။  ဆရာ က သင်ဖြူးဟောင်းကလေး ပေါ် ထိုင်ရင်း နိုင်ငံခြား က ဆေးဆောင်းပါး တစောင် ကို ဖတ် နေ ပါတယ် ။ ကျွန်တော် ကန်တော့ တဲ့ နံကထိုင်မုန့်ထုပ် ထဲ ကို လက် တဘက် က နှိုက်လို့ စာဖတ် မပျက်ဘူး ။

ဒီ မြင်ကွင်း မြင် ရတော့ ကျွန်တော် ကြည်နူး မိ တာပေါ့ ။ ကျွန်တော် ကန်တော့တဲ့ နံကထိုင် ကို လည်း ဆရာ ကြိုက်ပုံ ရတယ် ။ ပလပ်စတစ်အိတ် ထဲ မှာ နံကထိုင် တခု နဲ့ အကြေကလေး တွေ ပဲ ကျန် တော့တယ် ။ ကြည့်ပါအုံး ၊  ကျွန်တော် ကန်တော့တဲ့ မျက်နှာသုတ်ပဝါ က ခေါင်းအုံးဖုံးကလေး ဖြစ်နေ ရှာ တယ် ။ ဆေးပညာ ဆောင်းပါးတွေ ကို လေ့လာရင်း အချိန် ကို အဓိပ္ပါယ် ရှိရှိ အသုံးချ တတ်တဲ့ ဆရာ့ ကို ပို လေးစား ချစ်ကြည်ညို မိတာပေါ့ ။ နောက် တခါ ခွင့် ရရင်လည်း ကိုယ့် ဇာတိ ကို လာဖို့ ကောင်းတဲ့ အကြောင်း မိဘတွေ ကို တတ်နိုင်သမျှ အနီးကပ် ပြုစု သင့်တဲ့ အကြောင်း ပြောနေပါ သေးတယ် ။ ကျွန်တော် သိပ် လာချင်ပေမယ့် အလုပ် က မအားလို့ မလာနိုင်သေးတဲ့ အကြောင်း ပြောပြ မိတယ် ။ ဒါပေမယ့် အခု တခေါက် က မြို့ကလေး ကို ပြန်ရတဲ့ အရသာ ကို ကောင်းကောင်း သိသွားပြီ မဟုတ်လား ။ လာ နိုင်အောင် ကြိုးစားပါ့မယ် လို့ ဆရာ့ ကို ကတိ ပေးမိတယ် လေ ။

ဆရာ စား နေတဲ့ နံကထိုင် အိတ် ထဲ မှာ လက် တဆစ် လောက် ရှိတဲ့ ပိုးဟပ်ကလေး နှစ်ကောင် ကို ကျွန်တော် လှမ်း မြင် လိုက်မိတယ် ။ ဒီကောင် တွေ ဘယ် အချိန် ကတည်းက ဆရာ့ မုန့်တွေ ဝင် စား နေကြပါလိမ့် ။ သူတို့ အရင် ဘယ် နှစ်ကောင် စားပြီး သွားပြီ လို့လဲ မသိ နိုင်ဘူး ။

ဆရာ က လက်ကျန် နံကထိုင် အကြေလေးတွေ ကို ယူမလို့ လှမ်း တော့ ဒီ နှစ်ကောင် လန့်ပြီး ပလပ်စတစ် တအိတ်လုံး နှံ့ နေအောင် လျှောက် ပြေး ကြတာပေါ့ ။ ဒါကို ကြည့်ပြီး စိတ် မကောင်း လိုက်တာ ၊ ဒီကောင် တွေ ဒီလို ဝင်စား နေတာကို ဆရာ က မသိရှာ လို့ စားနေတာ နေမှာ လို့ ထင်ပြီး နံကထိုင်အိတ် ကို ကောက် လွှင့်ပစ်ချင်စိတ် ပေါက် ပေမယ့် ဆရာ က လည်း မက်မက်စက်စက် စား နေတာမို့ မုန့်ထုပ် ကို မပစ်ရက်ဘူး ။ အဲဒီ အချိန်မှာ ကျွန်တော် ဖြင့် ဘာ လုပ်လို့ ဘာ ကိုင်ရမှန်း ကို မသိတော့ ဘူး ။ သွားတွေ ကို ပဲ တအား ကြိတ် ထားမိတယ် ။ ဆရာ က နောက် လူကြုံ ကောင်းရင် နံကထိုင်ကလေး တွေ ဝယ်ပို့ ပေးစမ်းပါဦး ဆရာ ကြိုက်လွန်းလို့ တဲ့ ။ ရင် ထဲ ကို ကျင်ခနဲ ဖြစ် သွားတယ် ။ ဆရာ ဒီ မုန့် ကို ဒီလောက် ကြိုက်မှန်း မသိလို့ နို့မို့ရင် လေးငါးဆယ်ထုပ် ဝယ် ကန်တော့ပါရဲ့ ။ ကျွန်တော်တို့ မြို့ လို့ ပြောနေတဲ့ ဟောဒီ တောရွာကြီး မှာ ကလည်း ဒီ မုန့်မျိုး က ဝယ် မရဘူး မဟုတ်လား ။

အခုမှ ဆရာ ဒီ ပိုးဟပ် နှစ်ကောင် ကို မြင်သွားပုံ ရတယ် ။ နံကထိုင်အိတ် ကို ယူပြီး မျက်မှန်ထူကြီး နား ကပ်ကြည့် လိုက်တယ် ။ ပြီး ပိုးဟပ် မှန်း သိတော့ သူတို့ မြန်မြန် ထွက် သွားအောင် ပလပ်စတစ် အိတ် အပြင် ကနေ ခြောက် ထုတ် သေးတယ် ။ ပိုးဟပ်တွေ က ပို လန့်ပြီး လျှောက် ပြေး ကြပြ န်တာပေါ့ ။ မုန့်အိတ် အပေါက် က လည်း လေသလပ် မှာ စိုးလို့ လက် နှစ်ချောင်း ဝင်သာရုံကလေး ဆိုတော့ ဒီ နှစ်ကောင် မထွက်နိုင်ကြဘူး ။  မကောင်းဆိုးဝါး နှစ်ကောင် က ထွက်ပေါက် တွေ့လို တွေ့ငြား လျှောက် ပြေး နေကြလေ ကျွန်တော် က စိတ် ပင်ပန်း ဆင်းရဲ လေပါပဲ ။

ပိုးဟပ်ကလေး တွေ မထွက်နိုင်မှန်း သိတော့ ဆရာ က အိတ် အပေါက် ကို အကျယ်ဆုံး ဖွင့် ပေး ပေမယ့် လည်း ဒီ နှစ်ကောင် ကြောက်အား လွန်ပြီး မထွက်တတ် တော့ဘူး ။ နောက်တော့ ဆရာ ပဲ သူ့ လက်ညှိုး နဲ့ လက်မ နဲ့ လိုက် ဖမ်းတာ တကောင် ကို ပလပ်စတစ်အိတ် ထောင့် ကနံကထိုင်
အကြေကလေးတွေ အပေါ် မှာ သွား မိတယ် ။ နောက် တကောင် က တော့ ပြေးရလွန်း လို့ မောနေတာ လား ၊ လှည့်ပတ် ပြေးပြီး မူးနောက် နေတာလား မသိနိုင် ဘူး ။ အသာကလေး နဲ့ ဖမ်း မိ လိုက်တယ် ။ ဆရာ ပဲ ပိုးဟပ် ဆိုတာ သိပ် ညစ်ပတ်တဲ့ အကြောင်း ၊ အနံ့အသက် ဆိုးဝါးကြတဲ့ အကြောင်း ၊ မတော်တရော် အညစ်အကြေးတွေ ကို စား ကြတဲ့ အကြောင်း ၊ အသည်းရောဂါ ဖြစ်စေတတ်တဲ့ အကြောင်း သင်ခဲ့သေးတယ် လေ ။

ဆရာဦးအောင်ညို က ဒီ ပိုးဟပ် နှစ်ကောင် ကိစ္စ ဟာ ဘာမှ မဟုတ်သလို ပါဘဲ ။ ကျန်တဲ့ နံကထိုင် တဖဲ့ ကို ယူ စားပြီး အိမ် ကို မင်း ငွေ ထောက် နိုင်ရဲ့လားတဲ့ ။  ကျွန်တော် အံဩ ဝမ်းနည်း နေပေမယ့် ဆရာ က တော့ စကား ပြော မပျက်ဘူး ။  ကျွန်တော် လည်း ဆရာ့ မေးခွန်း ကို ပြန်ပြီး မနည်း စဉ်းစားရတဲ့ အထိ သတိ လက်လွတ် ဖြစ် သွားတယ် ။ မှန်မှန်တော့ မထောက်နိုင်တဲ့ အကြောင်း ထစ်ထစ် ငေါ့ငေါ့ ပြန် ဖြေမိတယ် ။

ကျွန်တော် သွား အမှုထမ်း ရတဲ့ အရပ်က ရာသီဥတု ကြမ်း သလို နေထိုင် စားသောက် စရိတ်လှိုင်း က လည်း အလွန် ကြီးတဲ့ အကြောင်း ပြောပြ မိတယ် ။ ဒီ လှိုင်းကြမ်းကြီးတွေ ရဲ့ အကြား မှာ ကိုယ့် ကိုယ် ကို မနည်း ရပ် နေရတာ ကို တော့ မပြောလိုက် ပါ ဘူး ။

ဒါပေမယ့် ဆရာ ဟာ ဆရာ ပါပဲ ။ ကျွန်တော့် ထက် ပို သိတာပေါ့ ။ အေးကွာ လူကြုံတွေ ဘာတွေ ရှာ မနေပါနဲ့တော့ နံကထိုင် က လည်း ဒီ ကာလ ဈေး သေး မှာ မဟုတ်ပါဘူး တွေ ဘာ တွေ ဖြစ်လာတယ် ။ ကျွန်တော့် ရင် ထဲ က စစ်ကနဲ ဖြစ် သွားတယ် ထင် တာပဲ ။

ဆရာ က ပြောပြောဆိုဆို နဲ့ ပလပ်စတစ်အိတ် ထဲ က လက်ကျန် နံကထိုင် အမှုန့်ကလေးတွေ ကို အိတ်စောင်း အတိုင်း ကောက် မော့ ပစ်လိုက်တယ် ။ နံကထိုင် အကြေကလေးတွေ က လည်း ဒလဟော ခုန်ပေါက် ပြေးဆင်း လာ ကြတာပေါ့ ။ ပြီးတော့ အိတ် ထဲ မှာ မုန့်မှုန့် အကပ်အသတ် မကျန် အောင် လက် နဲ့ အသာ တောက် ချနေတယ် ။

ဒီတခါတော့ ကျွန်တော့် ရင် ထဲ က တကယ်ပဲ စစ်ကနဲ မြည် သွားပါတော့တယ် ။

ဆရာ့ ကို မကြည့်ရက် လို့ တဘက် လှည့် နေ လိုက်တယ် ။ ဆရာ့ ဘက် မျက်နှာ ပြန် မူ လိုက်တော့ ခုန က ပိုးဟပ်တွေ ကို ဖမ်းတဲ့ လက် နှစ်ချောင်း နဲ့ နံကထိုင်အမှုန့်ကလေးတွေ ကို ဆရာ က အသာ လျက် လို့ ...

◾ညီပုလေး

📖 မိုးဝေမဂ္ဂဇင်း
       ၁၉၈၈ ၊ မေ
      
#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment