❝ လင်ယူရန်ပဲ ကျန်တော့သည် ❞
ကျောင်းရှေ့ တွင် အငြိမ့်သား ထိုး ရပ်လိုက်သော ကားကြီး ကို ဒေါ် ခင်မှုန် လှမ်း ကြည့်လိုက်သည် ။ ယနေ့လည်း ကျောင်းသားသစ် များ တဖွဲဖွဲ ရောက်လျက် ရှိသည် ။ ကျောင်းသားသစ် တွေ ရောက် လာတိုင်း ဒေါ်ခင်မှုန် ဝမ်းမြောက်ရသည် ။ ဒီ ကျောင်း ကြီး ကို စတင် တည်ထောင်ခဲ့သည် မှာ နှစ်များ စွာ မကြာသေး သော်လည်း ကျောင်းသက်တမ်း နှင့် မမျှအောင် အောင်မြင်လှသည် ။ အခြေခံမှ စ၍ တက္ကသိုလ်ဝင် တန်း ထိ ကျောင်းသားများ ၅၀၀ နီးပါး ရှိခဲ့ပြီ ။ မနှစ်က တက္ကသိုလ် ဝင်တန်းသားများ ၄ဝ ဖြေသည့် အနက် ၃၃ ယောက် အောင်မြင်ခဲ့ သည် ။
ယခု နှစ် တွင် ကား တက္ကသိုလ် ဝင်တန်း မှာ ပင် ကျောင်းသားများ ၆၀ ကျော် လာတော့သည် ။ တစ်နေ့တစ်နေ့ ကျောင်းသားများ နှင့် ပင် ဒေါ်ခင်မှုန် ပျော် ရသည် ။ တစ်နေ့ တစ်နေ့ ကျောင်း သင်ခန်းစာ များ နှင့် ပင် ဒေါ်ခင် မှုန် ပျော် ရသည် ။ ဒေါ်ခင်မှုန် သည် မိမိ ကိုယ်တိုင် က ပညာ အရည်အချင်း ကောင်း သည် သာမက ကျောင်းသူ ၊ ကျောင်းသား များ သဘော ပေါက်လွယ် ၊ နားလည်လွယ်အောင် သင်ပြနိုင် စွမ်း ရှိသူ တစ်ယောက် ဖြစ်သည် ။ အသင်အပြ ၊ အအုပ်အချုပ် ကောင်းသော ဒေါ်ခင်မှုန် ကို ကျောင်းသူ ၊ ကျောင်းသား တိုင်း က ချစ်ခင် လေးစားကြသည် ။ သူငယ်တန်း ကလေးများ သည် တပြုံးပြုံး နေ တတ်သော ဆရာမ ကြီး ဒေါ်ခင်မှုန် ကို ကျောင်းတက် လာ လျှင်လည်း တစ်ပြုံတစ်မကြီး ဆီးကြို တတ်ကြသည် ။ ကျောင်း ဆင်းလျှင် လည်း တစ်ပြုံတစ်မကြီး ဝိုင်း၍ ကား ပေါ် တက်သည် အထိ ပို့ တတ်ကြသည် ။ ကျောင်းသူကြီးများ ကမူ ဒေါ်ခင်မှုန် ၏ အော်စတင်ကားနက်လေး ဆိုက် သည် နှင့် တစ်ပြိုင်နက် ကား တံခါး ကို ပြေး ဖွင့်ပေး တတ်သည် ။ ဆရာမကြီး ၏ အစဉ် ပြုံး နေတတ်သော မျက်နှာ ကို မြင် လိုက်သော ကျောင်းသားများ သည် ရင်တွင်း ၌ အေးချမ်း သွား တတ်သည် ။ ဆရာမကြီး ကိုယ်တိုင် ကလည်း တပည့်များ ပျော်ပျော်ရွှင်ရွှင် လန်းလန်းဆန်းဆန်း နေကြထိုင်ကြသည် ကို စိတ် ချမ်းမြေ့ ရွှင်လန်းခြင်း ဖြစ်ရသည် ။
ဆရာ နှင့် တပည့်တို့ ၏ အပြန်အလှန် မေတ္တာ တရားများ ကြောင့် လည်း ကျောင်းကြီး မှာ ပို၍ သိုက်မြိုက် စည်ကားခြင်း ဖြစ်ခဲ့ရသည် ။
ဒေါ်ခင်မှုန် ၏ ဂုဏ်သတင်း ကြောင့် တစ်နှစ် ထက် တစ်နှစ် ကျောင်းသားဦးရေများ တိုးတက် လာခဲ့သည် ။ ယခု နှစ် တွင် မူ ကျောင်းသားများ ၅ဝဝ နီးပါး မျှ ဖြစ် လာခဲ့သည် ။
ယခုရက် အတွင်း မှာ လည်း နေ့စဉ် လိုလို ကျောင်းသားသစ် များ တိုးနေ ဆဲ ဖြစ်သည် ။
ဒေါ်ခင်မှုန် သည် ကျောင်း ရှေ့ တွင် အငြိမ့်သား ရပ် လိုက်သော ကားသစ်ကြီး ကို မြင်လိုက်သည် နှ င့် ပင် ကျောင်းသားသစ် ရောက်လာပြန်ပြီ ဖြစ်ကြောင်း ကို သိ လိုက်သည် ။
သို့သော် ဒေါ်ခင်မှုန် သည် တစ် ချက်မျှ ကြည့်လိုက် ပြီးနောက် ဣန္ဒြေရရ ပင် သင်ခန်းစာများ ကို ကြည့်လျက် ရှိသည် ။
ခဏ အတွင်း မှာ ပင် ဒေါ်ခင်မှုန် ခေါင်း မော့ လိုက် သော အခါ မျက်လုံးများ ဝိုင်းဝိုင်း လည် သွားရ တော့သည် ။
ဒေါ်ခင်မှုန် မျက်နှာချင်း ဆိုင် လိုက်ရသူများ မှာ ဘယ်အခါ က မျှ ဒေါ်ခင်မှုန် မမျှော်လင့်ခဲ့သော သူများ ဖြစ်ကြသည် ။
ဦးထွန်းရွှေ နှင့် ဒေါ်ဖြူ သည် သား ကို လက် ဆွဲကာ ဒေါ်ခင်မှုန် ရှေ့ ၌ ရပ်လျက် ရှိကြသည် ။
ဒေါ်ခင်မှုန် သည် အံ့သြတကြီး ကြည့် မိရာမှ တဖြည်းဖြည်း ပြုံး လာတော့သည် ။
“ ဟဲ့ ... ထွန်းရွှေ ၊ မိဖြူ ၊ အံမလေး နင် တို့ နှစ်ယောက် နှယ်ဟယ် ။ ကဲ ... ထိုင်ကြစမ်း ၊ ထိုင်ကြစမ်း ”
ဒေါ်ခင်မှုန် ၏ အသံ သည် တုန်တုန်ယင်ယင် ဖြစ် လာသည် ။ အံ့သြခြင်း မှ ခဏနှင့် ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ် လာရ သည် ။
ဝမ်းသာခြင်း ၏ ရိုက်ခတ် မှု သည် ရင်တွင်း က ပင် လှုပ်ရှား လာခဲ့သည် ။
ဦးထွန်းရွှေ နှင့် ဒေါ်ဖြူ သည် ဒေါ်ခင်မှုန် ကို ကြည့်ရာ မှ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့် ကာ ပြုံး လိုက်သည် ။
ဦးထွန်းရွှေ ၏ အပြုံး က မူ ဆွေး မြည့်လွမ်းဆွတ် ခြင်း ကြား မှ တိုး ထွက်လာ ရသော အပြုံး နှင့် ပင် တူ လှသည် ။
“ ကဲ ... ထိုင် သား ”
ဒေါ်ဖြူ က သားငယ် ကို ကု,လားထိုင် ဘက် လက် ဆွဲ ၍ နေရာ ပေး လိုက်သည် ။ ဦးထွန်းရွှေ နှင့် ဒေါ်ဖြူ တို့ က ဘေးနှစ်ဖက် တွင် ထိုင်၍ သားငယ် က အလယ် တွင် ဝင် ထိုင်လိုက်သည် ။
“ အမလေး .. သားတောင် လူပျို ဖြစ်တော့မှာ ပါလား မိဖြူ ၊ ထွန်းရွှေ ရုပ်နဲ့ တစ်ပုံတည်းပဲ ဟဲ့ ။ အားလုံး ဘယ်နှယောက် ရနေပြီလဲ ”
“ နှစ်ယောက် လေ ၊ အိမ် မှာ အငယ် မိန်းကလေး ကျန်ခဲ့တယ် ”
ဦးထွန်းရွှေ က ဖြေ ရင်း ဒေါ်ခင်မှုန် ကို မျက်တောင် မခတ် ကြည့် လိုက်သည် ။ ဒေါ်ခင်မှုန် ၏ မျက်နှာ သည် ပြူး၍ သာ ပြုံးနေရသော်လည်း ရင်တွင်း က ထိခိုက် မှု သည် အပြုံး ရိပ်များ ကြား မှ တရေးရေး ပေါ်လွင်လာ သလို ရှိ လှသည် ။
ပြောနေသော စကားများ က လူကြီးစကားများ ပြောနေကြရသော်လည်း ရင်တွင်း က ခံစား ချက်များ က မူ လွန်ခဲ့သော ၁၀ နှစ် ကျော် ဆီသို့ ရောက်နေကြသည် ။
အတွင်းစိတ် ကို မျိုသိပ်ရသော ဒုက္ခ သည် ကြီးမား လှပါတကား ။
“ ဒေါ်ခင်မှုန် ... အဲလေ ... မခင်မှုန် နဲ့ သာ မတွေ့ရတာ မခင်မှုန် ရဲ့ သတင်း ၊ မခင်မှုန် ကျောင်း ရဲ့ သတင်း တွေ တော့ အမြဲ ကြားနေရ ပါတယ် ။ ဒါနဲ့ မိဖြူ နဲ့ နှစ်ယောက် တိုင်ပင်ပြီး သားလေး လည်း ဒီမှာ ပဲ ထားမယ်လို့ ဆုံးဖြတ်ခဲ့ကြ တယ် ”
“ ဟုတ်တယ် အမှုန် ၊ အမှုန့် ကျောင်း က သိပ် နာမည် ကြီးတာ ပဲ ။ အေးလေ ... အမှုန် က ခုမှ နာမည် ကြီးတာ မဟုတ်ပါဘူး ။ ငယ်ငယ် ကတည်း က အမြဲ နာမည် ကြီးခဲ့တာ ၊ ဟင် ... ကိုထွန်းရွှေ ”
ဦးထွန်းရွှေ နှင့် ဒေါ်ဖြူ တို့ စကားများ သည် ဒေါ်ခင်မှုန် ၏ ရင်တွင်း၌ နင့်ခနဲ ဖြစ် သွားရသည် ။ သို့သော် ဒေါ်ခင်မှုန် က မျက်စလေး ချီ ၍ ပြုံး လိုက်သည် ။
“ အေးပါကွာ ၊ ကိုယ် ကတော့ အမြဲတမ်း နာမည် ကြီးတဲ့ ဘက်က ချည်း နေခဲ့တာပါ ”
သုံးယောက်သား ရယ်လိုက်ကြ ရာ ကလေးငယ် သည် ပင် ရောယောင်၍ ပြုံး လိုက်သည် ။
“ သား နာမည် ဘယ်သူလဲ ကွ ”
“ မောင်မောင်ဦး ”
“ ဟာ .. လူ ကလည်း လှ ၊ နာမည် က လည်း လှပဲ ။ အသက်ကော ဘယ်နှနှစ် ရှိပြီလဲ ”
“ ၅ နှစ် ”
မေးလိုက် တိုင်း မဆိုင်းမတွ ခပ်သွက်သွက် ဖြေ တတ်သော မောင်မောင်ဦး ကို ဒေါ်ခင်မှုန် က သဘော ကျ လှသည် ။
“ အေးကွ ... ယောက်ျား ဆိုတာ ဒီ လို သွက်မှ ပေါ့ ။ သား ကျောင်းမှန် မှန် တက် ရမယ် ။ ဆရာမကြီးတို့ နဲ့ ပျော်ပျော်ပါးပါး နေရမယ် နော် ဟုတ်ပြီလား ”
“ ဟုတ်ကဲ့ ”
“ ဟောဟို ဆရာမ လှလှလေး တွေ့ လား ။ အဲဒီ ဆရာမလေး အတန်း မှာ နေရမယ် ဟုတ်ပြီ လား ”
“ ဟုတ်ကဲ့ ”
“ မမြကြည် ရေ ၊ ဟောဒီ မောင် မောင်ဦး ကို စာရင်း သွင်းပါ ”
ဒေါ်ခင်မှုန် သည် အတန်း ဆရာမ လက် သို့ မောင်မောင်ဦး ကို အပ်လိုက်သည် ။
ဒေါ်ခင်မှုန် နှင့် ဦးထွန်းရွှေ တို့ ခဏကြာမျှ စကား ပြောကြပြီး နောက် ဦးထွန်းရွှေ နှင့် ဒေါ်ဖြူ တို့ ပြန်ကြသည် ။
“ အမှုန်ရေ .. သိပ် ကြိုးစား ၊ သိပ် အလုပ် လုပ်ပြီး ပစ္စည်းတွေ ချည်း သိပ် စု မနေနဲ့ ကွယ် ၊ အမှုန့်ဘဝ မှာ ကြိုးစားဖို့ တစ်ခု ပဲ ကျန်တော့ တယ် ”
ပြန် ခါနီး ပြောသွားသော ဒေါ် ဖြူ ၏ စကားများ သည် ဒေါ်ခင်မှုန့် နား တွင်း က မထွက်နိုင်အောင် ဖြစ်ရသည် ။
ဦးထွန်းရွှေ နှင့် ဒေါ်ဖြူ တို့ ကား ထွက်သွားသော အခါ ဒေါ်ခင်မှုန် သည် ကျောင်းမျက်နှာစာ ဝ က ပင် အသာ ရပ် ကြည့်လိုက် မိသည် ။
ဒေါ်ဖြူ တို့ ကား မျက်လုံးတွင်း မှ ပျောက်ကွယ်သွား မှ စားပွဲ ဆီသို့ ပြန် လာခဲ့သည် ။
စားပွဲ ၌ ထိုင် လိုက်သောအခါ ဒေါ်ခင်မှုန် ၏ မျက်လုံး များ သည် ပြာဝေသွားတော့သည် ။
ကျောင်းသားများ ရှေ့ တွင် အစဉ် ပြုံး နေတတ်သော ဒေါ်ခင်မှုန် ၏ မျက်နှာသည် အားနည်း ညှိုးငယ် လာခဲ့သည် ။
ရင်တွင်း ၌ တလှိုက်လှိုက် တက် လာသော ဝေဒနာ ကို ခံ လိုက်ရစဉ် ပင် ဒေါ်ခင်မှုန် သည် ကျောင်းအုပ် ဆရာမကြီး ဘဝ ကို ခဏ မေ့၍ သွားလေသည် ။ ကျောင်းသူ ကလေး မခင်မှုန် ၏ ဘဝ ကား တရေးရေး ပင် ။
ထွန်းရွှေ ပြန် ပေးသော စာအိတ် ကို ဖွင့်လိုက်သည် နှင့် မခင်မှုန် မျက်လုံး ပြူး သွားရတော့သည် ။
ထွန်းရွှေ သည် မခင်မှုန် နှင့် တစ် တန်းတည်း သား ဖြစ်သည် ။ မခင်မှုန် ထံ မှ စာအုပ်များ ကို မကြာခဏ ငှား တတ် သည် ။
ထွန်းရွှေ စာအုပ် ခဏခဏ ငှား ကတည်း က မခင်မှုန် အကဲခတ် ခဲ့ မိသည် ။ ထွန်းရွှေ သည် စာအုပ်များ ရှိ ပါလျက်နှင့် ငှားခဲ့သည် မှာ မရိုးသားသော အပြုအမူ ဖြစ်လိမ့် မည် ဟု ထင်ခဲ့သည် ။ မခင်မှုန် ထင်သည့် အတိုင်းလည်း ဟုတ် လေသည် ။
ထွန်းရွှေ သည် တစ်နေ့က အက္ခရာ သင်္ချာစာအုပ် ငှား သွား သည် ။ ယနေ့ စာအုပ် ပြန်ပေးသော အခါ စာအုပ် ကြား ၌ စာရွက် ပြာပြာ အခေါက်လေး ကို တွေ့ရ တော့သည် ။
စာရွက်ခေါက်လေး ကို မြင်သည် နှင့် မခင်မှုန် ရင် တွင် ထိတ်ခနဲ ဖြစ်သွားသည် ။ ချက်ချင်းပင် စာအုပ် ကို ပြန်ပိတ် လိုက်ရသည် ။
လူ လစ်တော့လည်း စာအုပ် ကို ချက်ချင်း ဖွင့်ကာ စာရွက်ခေါက် ကို ဆွဲ ယူလိုက်သည် ။ စာရွက် ကို ခါး ကြား လိမ် ကာ အိမ်သာ တွင်း သို့ ပြေး ရသည် ။ အိမ်သာ တံခါး ချက် ကို ချပြီး မှ စာရွက် ကို ထုတ်၍ ဖတ်ရသည် ။
စာရွက် ကို ဖြန့် ကိုင်လိုက်လျှင် ပင် လက်များ က တဆတ်ဆတ် တုန် လာသည် ။ တံခါး ပိတ် ထား သည် ကိုပင် စိတ် မလုံနိုင်ဘဲ တံခါး ကို ကိုင်၍ လှုပ် ကြည့်ရသေး သည် ။
စာ ကို ဖတ် လိုက်ရသောအခါ ကား ရင်တွင်း က လှုပ်ရှားမှု ဝေဒနာ သည် တစ်ကိုယ်လုံး ခိုက်ခိုက် တုန်လာ ရတော့သည် ။
အမှုန် ...
ကျောင်းသူတွေ အားလုံး ထဲ မှာ အမှုန့် ကို အခင်ဆုံးပဲ ။ အမှုန့် ကို ခင်တွယ်ရတဲ့ စိတ်တွေ ဟာ တစ်နေ့ထက် တစ်နေ့ စွဲလမ်း လာ ရတယ် ။ ဒီတော့ ရိုးရိုးတန်းတန်း ခင်တွယ်တဲ့ စိတ် ဟာ ချစ်တဲ့ စိတ် တွေ ဖြစ်ရတော့တာပေါ့ ။
အမှုန့် ကို ချစ်တယ် ၊ အမှုန် က ချစ် တယ် ဆိုတဲ့ စကား ကိုယ် ကြားပါရ စေ ။
ခုချက်ချင်း မဟုတ်တောင်မှ တစ်နေ့ မှာ အမှုန့် ရဲ့ မေတ္တာရိပ် ကို ခိုလှုံခွင့် ရချင်ပါရဲ့ အမှုန် ။
ထွန်းရွှေ
စာ ဖတ်၍ ဆုံးသော အခါ မခင်မှုန် သည် အရုပ်ကြီး လို ငြိမ်သက် နေတော့သည် ။ ဝေဒနာ ရှိန် သည် တဖြည်းဖြည်း ပို၍ တက် လာ၏ ။ ထို ဝေဒနာမျိုး ကို တစ် ကြိမ် တစ်ခါမျှ မခံစားရဖူးချေ ။ ခု လို ခံစားရတော့လည်း ဝေဒနာ ၏ အရသာ ကပင် အရသာ ရှိ သလိုလို ထင် မိခဲ့သည် ။
ထွန်းရွှေ သည် မိဖြူ နှင့် အိမ်နီးချင်း ဖြစ်သည် ။ ကျောင်း တက်လျှင်လည်း အတူတူ တက်သည် ။ ကျောင်း ပြန်လျှင် လည်း အတူတူ ပြန်သည် ။ ဖြစ် ချင်း ဖြစ်လျှင် မိဖြူ နှင့် ဖြစ်သင့် သည် ။ သို့သော် မိဖြူ ကို ကျော်၍ ကိုယ့် ကိုယ် မှ ရွေးချယ်၍ ချစ်သော ထွန်းရွှေ ကို မခင်မှုန် က အံ့သြ မိသည် ။ ကိုယ့် ကိုယ် ကို လည်း အထင် ကြီး သလိုလို ဖြစ် မိသည် ။
သို့တိုင်အောင် မခင်မှုန် သည် အချစ် ကို ကြောက် ခဲ့သည် ။ ချစ် တယ် ဆိုတာ စကား ကိုပင် နား ကြားရှက်လှ သူကလေး တစ်ယောက် ဖြစ်ခဲ့သည် ။
ထွန်းရွှေ ၏ စာ ကို ရပြီးသော နေ့ မှ စ၍ ထွန်းရွှေ ၏ မျက်နှာ ကို ပင် မကြည့်ရဲအောင် ဖြစ်ခဲ့သည် ။ ထွန်းရွှေ အနား သို့ တရစ်ရစ် လာ လုပ် နေလျှင် ခေါင်း မဖော်ဘဲ မျက်နှာကြီး အောက်စိုက် နေခဲ့ သည် ။
တစ်နေ့ ကျောင်းမုန့်စား လွှတ် ချိန်တွင် မခင်မှုန် သည် အပြင် မထွက်ဘဲ ဂျီသြမေတြီ တစ်ပုဒ် ကို တစ်ယောက် တည်း တွက် ကျန်ခဲ့သည် ။
ကျောင်းထဲ တွင် တစ်ယောက် မျှ မရှိ ဟု ထင်သော်လည်း မခင်မှုန် ထင်သလို မဟုတ် ။ အမြဲ ချောင်းနေ သော ထွန်းရွှေ သည် မခင်မှုန် အနား သို့ ရောက်လာတော့သည် ။
“ အမှုန် ...”
မခင်မှုန့် လက် ထဲ မှ ဖောင်တိန် သည် လွတ် ကျ သွားတော့သည် ။ မခင်မှုန် သည် မျက်တောင် ကို တ ဖျပ်ဖျပ် ခတ် လိုက်သည် ။ မျက်ရည်ကြည်များ သည် မျက်တောင် တစ်ချက် ခတ် လိုက် တိုင်း မျက်တောင်ဖျား ၌ ခို ၍ စဉ် ထွက် သွား ကြသည် ။
အရှက် ကြီးလှသော မခင်မှုန် သည် မျက်ရည် ဝဲသော မျက်လုံး ကို ပင် အောက် ငုံ့ထား လိုက်သည် ။
“ သိပ် နေနိုင်ရက်တာပဲ အမှုန် ရယ် ၊ ဒီက ဖြင့် မျှော် လိုက်ရတာ ၊ စောင့် လိုက်ရတာ ။ အမှုန် က ကိုယ့် ကို တွေ့တိုင်း ရှောင်ရှောင် သွား တယ် ။ မလွှဲသာလို့ မျက်နှာချင်းဆိုင် မိရင်တောင် ချက်ချင်း မျက်နှာ လွှဲ သွားတာပဲ ”
မခင်မှုန် က ခေါင်း မဖော် ၊ စကား မပြော ။
“ ကိုယ့် ကို ဒီလောက်တောင် ပဲ မုန်း သွားသလား ဟင် ၊ ကိုယ့် အပေါ် အပြစ် တစ်ခု ရယ် လို့ ယူဆ မယ် ဆိုရင် ခွင့်လွှတ်ပါ လို့ တောင်းပန်ပါရစေ ။ ခွင့် မလွှတ်နိုင် လောက်အောင် သိပ် ကြီးတဲ့ အပြစ် တစ်ခု လို့ ယူဆရင်လည်း အမှုန့် အပေါ် ချစ်မိတဲ့ အချစ် က သိပ် ကြီး မိလို့ ပါ ဆိုတာ ပြောပါရ စေ ”
“ ထွန်းရွှေ ဒါတွေ ငါ နားမလည် ပါဘူး ။ အရေးကြီးတာက စာမေးပွဲ အောင်ဖို့ ပဲ ”
မခင်မှုန် သည် မျက်နှာ မဖော်ဘဲ တိုပြတ်ပြတ် ပြော လိုက်သည် ။
“ ဟုတ်ပါတယ် အမှုန် ၊ အမှုန့် ကို နားမလည် ကောင်းလားလို့ လည်း မပြောပါဘူး ။ နားလည် ရ မယ် လို့ လည်း မဆိုလိုပါဘူး ။ ဒါပေမဲ့ ချစ်တယ် ဆိုတာ ခု နားမ လည်လည်း တစ်နေ့ အမှုန် နားလည် လာမှာ ပါ ။ အမှုန် နားလည်လာတဲ့ အချိန် ထိ ကိုယ် စောင့် နေပါရစေ လို့ တောင်းပန်ပါ ရစေ အမှုန် ”
မခင်မှုန် သည် အသက်ရှူ မြန်၍ ရင်တွင်း က ကျပ် လာ၏ ။ ထွန်းရွှေ ကို ပြန် ပြောရန် စကားလုံးများ လည်း ရှာ မရအောင် ဖြစ် ရ တော့သည် ။
တော်သေးသည် ။ ကျောင်းရှေ့ ဘက် မှ ထုပ်ဆီး တိုးတမ်း ကစားနေကြသော ကျောင်းသားအုပ် သည် ကျောင်းပေါ် သို့ ပြေး တက် လာကြသည် ။
ထွန်းရွှေ သည် မယောင်မလည် လှည့် ထွက် သွား၏ ။ မခင်မှုန် သည် ခေါင်း ကို ငုံ့၍ စာရွက်များ ကို လှန် လိုက်သည် ။
မျက်တောင် ပေါ် မှ မျက်ရည်စ များ ကို လက်ကိုင် ပဝါ ဖြင့် အသာ လေး တို့ လိုက်သည် ။
“ ဟေ့ - အမှုန် ၊ ကိုယ် က သိပ် ကြိုးစားနေတယ် အောက်မေ့တာ ၊ လက်စသတ်တော့ မင်း တို့ က အကြံ နဲ့ ကိုး ကွ ”
စိတ်ဆိုးသော မျက်နှာ ဖြင့် မော့ ကြည့်လိုက်သော အခါ မိဖြူ က မခိုးမခန့် ရယ် နေ၏ ။ မခင်မှုန် ၏ မျက်နှာ သည် ပန်းနုသွေးရောင် တက်ကြွ သွားတော့သည် ။
“ မင်း ငါ့ ကို မဟုတ်တာတွေ လာ မပြောနဲ့ ၊ ငါ ယောက်ျားတွေ ကို ရိုးရိုးပဲ ဆက်ဆံတတ်တယ် ”
မခင်မှုန် ၏ မျက်နှာ က တင်းလွန်း သဖြင့် မိဖြူ သည် အလျှော့ ပေးလိုက်သည် ။ ပါးစပ် ကို လက်ဝါးလေး နှင့် အုပ် ကာ လိုက် သည် ။
“ ဟုတ်ပါတယ် အမှုန် ရဲ့ ၊ ရိုးရိုး မဟုတ်ဘူး လို့ လည်း ဒီက မစွပ်စွဲ သေးပါဘူး ”
မိဖြူ သည် တိုးတိုးလေး ပြော ကာ ချာခနဲ လှည့် ထွက်သွား၏ ။
မခင်မှုန် က သက်ပြင်း ကို ချ လိုက်ရသည် ။ ရင်တွင်း ၌ ရှုပ်ရှုပ် ထွေးထွေး ဖြစ်ရသည် ။
သည် နေ့မှ စ၍ မခင်မှုန် သည် စာ ကို ပင် ကောင်းကောင်း မကျက် နိုင်အောင် ဖြစ်ရသည် ။ ထွန်းရွှေ ပြော သွားသော စကားသံများ ကို သာ ကြားယောင် ဖြစ်နေသည် ။
စာမေးပွဲ ဖြေရန် အချိန်မှာ နီးကပ်လာခဲ့သည် ။ ကျောင်းသူ ၊ ကျောင်းသား တိုင်း စာ ကို ကြိုးစား နေကြသည် ။ သည် အချိန်မှာ ပင် မိဖြူ သည် မခင်မှုန် နှင့် ထွန်းရွှေ တို့ နှစ်ဦးကြား သို့ ရောက် လာ သည် ။
“ ကိုယ့် ကို ရှက် မနေနဲ့ အမှုန် ၊ ထွန်းရွှေ က ကိုယ့် ကို အကုန်လုံး ဖွင့် ပြောပြီးပြီ ။ စာအုပ် ကြား ထဲ မှာ စာ ညှပ်ပေးတယ် မဟုတ်လား ။ ကျောင်း ထဲ မှာ တစ်ယောက် မှ မရှိတုန်း စကား လာ ပြောတယ် မဟုတ်လား ”
ဖုံးထား၍ မရနိုင်သောအခါ မ ခင်မှုန် သည် မိဖြူ ကို ပင် ဖက်ထားလိုက်မိသည် ။
“ အေးကွာ ၊ ဟုတ်တယ် မိဖြူ ရေ ၊ ကိုယ် သိပ် စိတ် ညစ်ရတယ် ၊ သိပ် ပြီး အနှောင့်အယှက် ဖြစ်ရတယ် ”
“ ရှင်းပါတယ် အမှန်ရယ် ၊ ဒါဟာ ထွန်းရွှေ ကို အမှုန် ပြန် ချစ်နေတာ ပေါ့ ။ ချစ် ရင်လည်း ချစ်တာပေါ့ အမှုန် ၊ ယောက်ျား နဲ့ မိန်းမ ချစ် တယ် ဆိုတာ အဆန်း မဟုတ်ပါ ဘူး ၊ ရှက်စရာ မဟုတ်ပါဘူး ”
မိဖြူ သည် ပြောပြောဆိုဆို ချွေးခံ အင်္ကျီအိတ် ထဲမှ စာရွက် အခေါက် တစ်ခု ကို ထုတ်၍ ပေးလိုက်သည် ။
“ မိဖြူ ဒါ ဘာလဲ ၊ ဒါ က ဘာလည်း ”
“ ဘာကမလဲ အမှုန် ၊ ထွန်းရွှေ ပေး လိုက်တာ ။ ကိုယ့် ကို လည်း ရှက် မနေနဲ့ ၊ အမှုန့် လူ ကတော့ နေ မထိ ထိုင်မသာ ဖြစ်နေပြီ ”
မခင်မှုန် သည် အသက် ရှူ မှား မတတ် ဖြစ်ရသည် ။ မိဖြူ ကို အံ့ သြတကြီး ကြည့်ရသည် ။
“ သိပ် ဆိုးတယ်ကွာ ၊ သိပ် ဆိုး တယ် ... ။ မိဖြူ သိပ်ဆိုးတာပဲ ”
“ မဆိုးပါဘူး အမှုန် ရယ် ၊ ကိုယ် က မင်းတို့ နှစ်ယောက် ကြား က မေတ္တာ ပေါင်ကူး တံတားပါ ”
“ ဒါပေမဲ့ မင်း တံတား ကို ကိုယ် မလျှောက်ရဲဘူး မိဖြူ ၊ လျှောက်ရဲ တဲ့ သတ္တိမျိုး လည်း မရှိဘူး ”
“ မညာ နဲ့ အမှုန် ၊ ကိုယ့် ကိုယ် ကို ညာတဲ့ လူ ဟာ တစ်နေ့ ကိုယ့် ကိုယ် ကို နှိပ်စက်သလို ဖြစ်တတ် တယ် ။ ဒါ တကယ် စေတနာ ရှိလို့ ကိုယ် သတိ ပေးတာပဲ ”
မိဖြူ သည် ထွန်းရွှေ နှင့် မခင်မှုန် တို့ ၏ အောင်သွယ်တော် ဖြစ်လာခဲ့သည် ။
မိဖြူသည် တတွတ်တွတ် နားပူ ခဲ့သည် ။ ဖျောင်းဖျ ခဲ့သည် ။ သို့သော် မခင်မှုန် က မူ ယိမ်းယိုင်တော့ မယောင် ယောင် ဖြင့် ငြင်းဆန်ခြင်း ဖြင့်သာ အဆုံး သတ် တော့သည် ။
စာမေးပွဲ ပြီး၍ ကျောင်းများ ပိတ်လိုက်သည် ။ ကျောင်းများ ပြန် ဖွင့်သောအခါ စာမေးပွဲ အောင် သော မခင်မှုန် တစ်ယောက် ကောလိပ်ကျောင်း သို့ ရောက်လာ ခဲ့သည် ။
မခင်မှုန် ကောလိပ်ကျောင်း ရောက် လာသော သတင်း ကား ထူးခြားခြင်း မရှိ ။
ပို၍ ထူးခြားသော သတင်း ကား ထွန်းရွှေ နှင့် မိဖြူ တို့ နှစ်ယောက် စေ့စပ် ကြောင်းလမ်းခြင်း သတင်းပင် ဖြစ်တော့သည် ။
ဆရာမကြီး ဒေါ်ခင်မှုန် သည် ကိုယ့် ဘဝ ကို ကိုယ် ပြန်လည် ၍ လွမ်းဆွတ်လိုက်သည် ။
မေတ္တာ ပေါင်းကူးတံတား ဆိုသည် ကား မိမိ လျှောက် လို တိုင်း အရန်သင့် ရှိတတ်သည် မဟုတ် ၊ မိမိ လျှောက် လိုသော အချိန် တွင် မေတ္တာ တံတား ခိုင် ၊ မ ခိုင် ကြောက် ၍ မလျှောက်ရဲဘဲ နေ လျှင် မေတ္တာလမ်းစ ပျောက်ကွယ် ခြင်းဖြင့် အရှုံးသမား ဖြစ် ကျန်ခဲ့ တတ်သည် ။
ခု အခါတွင် ဒေါ်ခင်မှုန် အဖို့ ဘာ မှ လိုလေသေး မရှိ ။ ပညာ က လည်း ကောင်းသည် ။ ပစ္စည်း ဥစ္စာ ကလည်း ပေါ သည် ။ ဂုဏ် အရှိန်အဝါ ကလည်း ထည်ဝါ ခံ့ညားပြီး ဖြစ်သည် ။
သို့သော် ထွန်းရွှေ ၊ မိဖြူ နှင့် သား တို့ ကို တွေ့လိုက် ရသောအခါ ကိုယ့် ဘဝ ကို ကိုယ် နာကြည်း သလို ဖြစ်လာမိသည် ။
ထွန်းရွှေ နှင့် မိဖြူ တို့ သည် ကိုယ့် လောက် ပညာ အရည်အချင်း မကောင်းကြသော်လည်း စီးပွားရေး ဖြောင့်ဖြူးကြသည် ။ ထွန်းရွှေ စီး သော ကားကြီး သည် ပင် နှစ်သောင်း ကျော် တန် ကား ကြီး ဖြစ်ကြောင်း ကို မခင်မှုန် သတိ ပြု မိသည် ။
သူတို့ တစ်တွေ မှာ ပစ္စည်းနှင့် ၊ အိမ်ထောင်နှင့် သံယောဇဉ် အတွယ်အတာ ကလေးတွေ နှင့် ပါ တကား ။
“ အမှုန်ရေ ... သိပ်ကြိုးစား ၊ သိပ် အလုပ် လုပ်ပြီး ပစ္စည်းတွေ ချည်း သိပ် စုမနေနဲ့ ဦး ၊ အမှုန့် ဘဝ မှာ ကြိုးစားဖို့ တစ်ခု ပဲ ကျန ်တော့ တယ် ”
မိဖြူ ပြော သွားသော စကားများ သည် ဒေါ်ခင်မှုန့် နားက မထွက်အောင် ဖြစ်တော့သည် ။ မိဖြူ ၏ ဆိုလိုရင်း စကား ကို လည်း ဒေါ်ခင်မှုန် နားလည်လိုက်သည် ။
မိဖြူ သည် မေတ္တာတံတား ကို ရဲရဲတင်းတင်း ဖြတ်ကျော်ခဲ့ သူ တစ်ယောက် ဖြစ်သည် ။
ဒေါ်ခင်မှုန် သည် ကလေး ဆန်သော အတွေး တို့ ကို ဇွတ် မှိတ်၍ မေ့ပျောက်ကာ ကျောင်း ဆင်းခဲ့သည် ။ အိမ်သို့ ရောက်တော့ လည်း ခါတိုင်း ကဲ့သို့ ရွှင်ရွှင်ပျပျ မရှိ ။
ကိုယ့် ဘဝ မှာ လည်း ဘာမှ လိုလေသေး မရှိ ။ စားသောက်ဖွယ် တို့ သည် အရန်သင့် ဖြစ်သည် ။ အဝတ်အစားဆို သည် မှာ လည်း ဝတ် မကုန်နိုင်အောင် ပေါများ လှသည် ။ ပစ္စည်း ဥစ္စာခြွေရံ သင်းပင်း တို့ သည် ဒေါ်ခင်မှုန် ၌ ပြ ည့်စုံပြီး ဖြစ်သည် ။
ဒေါ်ခင်မှုန် သည် ဧည့်ခန်း တွင် ငြိမ်သက်စွာ ထိုင် နေမိသည် ။ ထိုအခိုက် မိန်းမဖော်ကြီး ဒေါ်သူဇာ
က ဒေါ်ခင်မှုန် စိတ်ချမ်းသာမှု အတွက် ရေဒီယို ကို ဖွင့် ပေးလိုက် သည် ။
“ ခင်တွယ်ဟန် အပလီဆန်း တဲ့ ဉာဏ်စွမ်းရည် ၊ လင်ဝယ်ရန် ရည်မှန်းလို့ ကံစမ်းမည် ၊ မိဘများ ၊ သောတရှင်များ နား နဲ့ မနာ ဖဝါး နဲ့ သာ နာစေချင်ပါသည် ။ ကျွန်မ တစ် ကိုယ်တည်း အပျိုကြီး မဖြစ်အောင် သိန်းထီ ကို သာ ပေါက်စေ ချင်သည် ။ လင် တစ်ယောက် တော့ ခေါင်းခေါက် လို့ ဝယ်မည် ”
စိန်ပါတီ ၏ လင်ဝယ်ရန် သီချင်းသံ သည် ရေဒီယို မှ ငြိမ့်ငြိမ့်ကလေး ထွက်ပေါ်လာ၏ ။
ဒေါ်ခင်မှုန် သည် ဒေါ်သူဇာ ကို မျက်စောင်း ခဲ၍ ကြည့် လိုက်သည် ။ ဒေါ်သူဇာ က ရေဒီယိုသံ တိုး ၍ ဟု ထင်ကာ အသံ ကို မြှင့်တင် လိုက် သည် ။ သီချင်း သံ က ပို၍ ကျယ် လာသည် ။
ဒေါ်ခင်မှုန် ၏ မျက်နှာ သည် ဘယ်အခါကမျှ တစ်အိမ်သားလုံး မမြင်ဖူးသော မျက်နှာ ဖြစ်လာ၏ ။ အကြောင်းမဲ့ ဒေါသရိပ် လွှမ်း တတ်လာသော ဒေါ်ခင်မှုန် ကို အံ့ဩစွာ ကြည့်ရင်း ဒေါ်သူဇာ သည် ရေဒီယို နား မှ ခွာ လိုက်၏ ။
ဒေါ်ခင်မှုန် သည် ကြမ်းတမ်း သော ခြေလှမ်းကျဲ ကြီးများ ဖြင့် ရေဒီယို နားသို့ လှမ်း သွားကာ မီးခလုတ် ကို ချောက်ခနဲ ပိတ် လိုက်တော့သည် ။
ရေဒီယိုသံ ပိတ်သွားသော အခါ အပ်ကျသံ ကြား ရ လောက်အောင် တိတ်ဆိတ်သွားသော အိမ်ကြီး သည် ခြောက်သွေ့ လှပါတကား ။
ဒေါ်ဖြူ ပြောသလိုပင် ဒေါ်ခင်မှုန့် ဘဝ အတွက် နောက်ထပ် ကြိုးစားရန် ဘာများ ကျန်သေး သနည်း ။ ဤ သည် ကို ကား ဒေါ်ခင်မှုန် သည် တစ်သက် နှင့် တစ်ကိုယ် စဉ်းစားရဲတော့မည် မဟုတ် တော့ချေ ။
◾အောင်လင်း
📖 မြဝတီမဂ္ဂဇင်း ။
အမှတ် - ၉ ၊ အတွဲ - ၁၁
ဇူလိုင်လ ၊ ၁၉၆၃ ခုနှစ်
📖 ရွှေအမြူတေရုပ်စုံမဂ္ဂဇင်း
အမှတ် ၁၆၃
ဇွန်လ ၊ ၂၀၀၃ ခုနှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment