Thursday, October 29, 2020

ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံ အမှတ် ( ၂ )


 “ ကြပ်ပြေး နန်းတွင်းအရှုပ်တော်ပုံ  အမှတ် ( ၂ ) ”


    မဆလ စစ်အာဏာရှင်ဟောင်း  ဗိုလ်ချုပ်ကြီးနေဝင်း  လက်ထက်က “ ဒို့လူတွေ  ရှိသေးလား ”  ဆိုပြီး မကြာခဏမေး လေ့ရှိပါတယ် ။  “ ဒို့လူတွေ ” ဆိုတာက  သူတပ်ရင်းမှူး လုပ်ခဲ့တဲ့  အမှတ် ( ၄ ) ဗမာ့သေနပ်ကိုင်တပ်ရင်းမှာ သူနဲ့ အတူတာဝန်ထမ်း ခဲ့ကြတဲ့  သူ့တပည့်ရင်း အရာရှိ ၊ အရာခံ ၊ အကြပ်တပ်သားတွေကို ရည်ညွှန်းတာဖြစ်ပါတယ် ။ ဗိုလ်ချုပ်ကြီး နေဝင်း ကာကွယ်ရေး ဦးချုပ်ဖြစ်လာခဲ့တဲ့ ၁၉၄၉ ခုနှစ် ၊ ဖေဖေါ်ဝါရီလကစပြီး သူနဲ့သဘောထားချင်း မတိုက်ဆိုင်တဲ့  ဗမာ့တပ်မတော်ရဲ့  ထိပ်ပိုင်း တပ်မှူးကြီးတွေ  ( ဗိုလ်မှူးချုပ်ကျော်ဇော အပါအဝင်) ကို  တဦးချင်းဖြစ်စေ ၊ အစုလိုက်အပြုံလိုက်ဖြစ်စေ တဖြေးဖြေး ဖယ်ရှားပစ် ခဲ့ပြီး “ ဒို့လူတွေ  ” နဲ့   အစားထိုးခဲ့ပါတယ် ။


    အခု နအဖစစ်အာဏာရှင်  ဗိုလ်ချုပ်မှူးကြီးသန်​းရွှေ လက်ထက် မှာလည်း  သူ  ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့တဲ့ ၁၉၉၂ ခုနှစ် ၊  ဧပြီလက စပြီး မြန်မာ့တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူးတွေမှာ “ သူ့လူတွေ ” နဲ့  အစားထိုးနိုင်ဖို့  စတင်ကြိုးပမ်းလာခဲ့ တာ  တွေ့ရှိရပါတယ် ။  အခုလက်ရှိ သူ့ဘေးမှာ ဝန်းရံထားသူအများစုဟာ  သူ တပ်ရင်းမှူး ၊  ဗျူဟာမှူး ၊ တပ်မမှူး ၊  တိုင်းမှူးနဲ့

ဒုတိယကာကွယ်ရေးဦးစီးချုပ်  စတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့စဉ်က သူ့တပည့်ရင်း ဖြစ်ခဲ့ဘူးသူတွေ ၊ သူကိုယ်တိုင်  ယုံကြည် စိတ်ချ အားကိုးရသူတွေ ဖြစ်နေတာကိုတွေ့နိုင်ပါတယ် ။


     OTS အပတ်စဉ် ( ၉ ) သင်တန်းဆင်း အရာရှိတဦးဖြစ်တဲ့  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ  ဟာ ခလရ ( ၁ ) ၊  ခမရ ( ၁ဝ၁ ) ၊ တပ်မ

(၈၈) ၊  အနောက်တောင်တိုင်း စစ်ဌာနချုပ် ( နတခ ) စတဲ့  တိုက်ခိုက်ရေးတပ်တွေမှာ  တာဝန်အဆင့်ဆင့်ကို  ထမ်းဆောင်ခဲ့ဘူးပေမဲ့ တိုက်ခိုက်ရေးဘက် မှာ ထူးချွန်အောင်မြင်တဲ့ တပ်မှူးတဦးတော့ မဖြစ်ခဲ့ပါဘူး ။ ၁၉၈ဝ ခုနှစ်လောက်က တပ်မ ( ၈၈ ) တပ်မမှူးဘဝနဲ့ ကျိုင်းတုံဒေသမှာ စစ်ဆင်ရေးတာဝန်တွေကို  ထမ်းဆောင်နေစဉ်  တပ်မ ( ၈၈ )ကို ဗကပ ( ၈၁၅ ) စစ်ဒေသ ( ယခု ဦးစိုင်းလင်း ၏ မိုင်းလား  အပစ်ရပ်အထူးဒေသ ) လက်အောက်ခံ တပ်တွေကပြင်းပြင်းထန်ထန် ပိတ်ဆို့ တိုက်ခိုက်ချေမှုန်းခဲ့တဲ့အတွက်  တပ်မ ( ၈၈ ) လက်အောက်ခံ  အမှတ် ( ၃ ) ကချင်သေနတ်ကိုင်တပ်ရင်း ဌာနချုပ်ပါကျဆုံးခဲ့ရပြီး စစ်သည်တွေနဲ့ မိသားစုအများအပြားသေဆုံးခဲ့ရဘူးပါတယ်  ။


     ဒါပေမဲ့  ဗိုလ်ချုပ်သန်းရွှေဟာ အဲဒီအချိန်က ဦးနေဝင်းရဲ့ အထူးယုံကြည်စိတ်ချရတဲ့  စစ်ခေါင်းဆောင်တဦး ဖြစ်နေတဲ့ အတွက် အရေးယူမခံရတဲ့အပြင် အဲဒီနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့  မဆလပါတီရဲ့ စတုတ္ထအကြိမ်ပါတီညီလာခံမှာ ဗဟိုကော်

မတီဝင်အဖြစ်တောင်  ချီးမြှင့်မြှောက်စားတာကို  ခံခဲ့ရပါတယ် ။ ၁၉၈၃  ခုနှစ်မှာ   နတခ တိုင်းမှူးနဲ့  ဧရာဝတီတိုင်းရဲ့ ဒေသပါတီ ကော်မတီဥက္ကဌ  ရာထူးတွေကိုပါ ချီးမြှင့်ခံခဲ့ရပြီး  ၁၉၈၅ ခုနှစ်မှာတော့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ် ။ အဲဒီအချိန်က အသက် ( ၅၂ ) နှစ် အရွယ်သာရှိသေးတဲ့ ဗိုလ်ချုပ်သန်းရွှေ ဟာ ရာထူး   အဆင့် ( ၂ ) ဆင့်ကို ခုန်ပျံကျော်တက်ပြီး ဒုတိယ ကာကွယ်ရေးဦးစီးချုပ်   ဖြစ်လာတဲ့အပေါ် မဆလတပ်မတော်  ထိပ်ပိုင်းတပ်မှူးတွေအတွင်းမှာ   မကျေနပ်မှုတွေ အများအပြား ရှိခဲ့ကြပါတယ် ။ ဒါပေမဲ့ စစ်အာဏာရှင်ကြီး ဦးနေဝင်း ရှေ့မှာတော့  အားလုံး ရေငုံနှုတ်ပိတ် နေခဲ့ကြရတယ်လို့ ဆိုပါတယ် ။


ဗိုလ်ချုပ်ကြီး သန်းရွှေ ဟာ စစ်မတိုက်တတ်ပေမဲ့ “ လက်ဘက်တော့ ကောင်းကောင်း ထုပ်တတ်တယ် ” ဆိုတဲ့  လူစားထဲမှာ ပါပုံရပါတယ် ။  သူက  အရာရှိပေါက်စဘဝနဲ့  ကက /  ပြည် ၊ မပခ နဲ့ တပ်မဟာ ( ၁ ) တို့မှာ နယ်လှည့်  စိတ်ဓါတ်စစ်ဆင်ရေးမှူး တာဝန်တွေကို ထမ်းဆောင်ခဲ့ဘူးတဲ့အပြင် ဗဟိုနိုင်ငံရေးတက္ကသိုလ်မှာလည်း    နည်းပြတာဝန်တွေကို ထမ်းဆောင်ခဲ့ဘူးတဲ့ အတွေ့အကြုံတွေေကြောင့် လူတွေရဲ့  စိတ်ဓာတ်သဘောသဘာဝနဲ့ နိုင်ငံရေး အလားအလာတချို့ကို ကြိုတင်တွက်ချက်  ခန့်မှန်းနိုင်ပြီး  လူကြီးတွေ နှစ်သက်သဘောကျအောင် နေထိုင်ပြတတ်တဲ့ အရည်အချင်းရှိကြောင်း သိရှိရပါတယ် ။


     ဒါပေမဲ့ ၁၉၈၈ ခုနှစ် ၊ ရှစ်လေးလုံး အရေးအခင်းကာလမှာတော့  စစ်အာဏာရှင်ကြီး  ဦးနေဝင်းနဲ့ သမီးကြီး  ဗိုလ်မှူး စန္ဒာဝင်းတို့က  ဗိုလ်ချုပ်သန်းရွှေ ကို ခေါက်ထားပြီး စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးချုပ်ခင်ညွန့် ကို  ရှေ့တန်းတင် ပွဲ ထုတ်လာတဲ့အတွက် ဗိုလ်ချုပ်သန်းရွှေ ရဲ့ စိတ်ထဲမှာ ဦးနေဝင်းမိသားစုနဲ့ ဗိုလ်မှူးချုပ်ခင်ညွန့် တို့အပေါ်   အငြိုးအတေးတွေ စတင် ဖြစ်ပေါ်ခဲ့တယ်လို့ ယူဆရပါတယ် ။  ၁၉၈၈ ခုနှစ် ၊ စက်တင်္ဘာလအတွင်း  စစ်အာဏာရှင်ကြီး ဦးနေဝင်းက  ဗိုလ်ချုပ်ကြီး  စောမောင်နဲ့  ဗိုလ်ချုပ်ခင်ညွန့်တို့ကို    သူ့ရဲ့အိမ်တော်မှာ  ခေါ်ယူတွေ့ဆုံပြီး  စစ်တပ်နဲ့အာဏာသိမ်းဖို့ ၊  စစ်အာဏာသိမ်းကောင်စီမှာ ဗိုလ်ချုပ်ကြီးစောမောင်က   ဥက္ကဌလုပ်ပြီး ဗိုလ်ချုပ်ခင်ညွန့် နဲ့ ဗိုလ်မှူးချုပ်တင်ဦး  တို့ကိုအတွင်းရေးမှူး ( ၁ ) နဲ့ ( ၂ ) လုပ်ခိုင်းဖို့ ညွှန်ကြားခဲ့ပါတယ် ။ ဗိုလ်ချုပ်မှူးကြီး စောမောင်ကလည်း ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေကို အာဏာသိမ်းစစ်ကောင်စီမှာ သာမန်အဖွဲ့ဝင် တဦးအဖြစ်နဲ့သာ  ထည့်သွင်းခဲ့ပြီး အရေးပါတဲ့  စစ်ရေး ၊ နိုင်ငံရေး ၊ စီးပွားရေးဆိုင်ရာ ပေါ်လစီတွေကို  ကိုင်တွယ်ခိုင်းခြင်းမရှိပဲ လမ်းဖေါက် ၊ တံတားဆောက် စတဲ့လုပ်ငန်းတချို့ကိုသာ  ကြီးကြပ်စေခဲ့တာကြောင့်  ဗိုလ်ချုပ်ကြီးသန်းရွှေ က ဗိုလ်ချုပ်မှူးကြီးစောမောင် နဲ့ ဦးနေဝင်းတို့ အပေါ် အငြိုးအတေးထားခဲ့ကြောင်း သိရှိရပါတယ် ။


     ဗိုလ်ချုပ်ကြီးသန်းရွှေ ရဲ့ မကျေနပ်မှုတွေကို  ရိပ်မိလာတဲ့ ဗိုလ်ချုပ်ခင်ညွန့်က   နဝတအတွင်း စည်းလုံးညီညွတ်ရေးကို ရှေ့ရှုပြီး  ဗိုလ်ချုပ်ကြီးသန်းရွှေ ကို နဝတစစ်ကောင်စီရဲ့  ဒုတိယဥက္ကဌအဖြစ်  ခန့်အပ်တာဝန်ပေးဖို့  ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုအကြိမ်ကြိမ် နားချစည်းရုံးခဲ့တာကြောင့်  ဗိုလ်ချုပ်မှူးကြီးစောမောင်က ၁၉၉ဝ ပြည့်နှစ်  အစောပိုင်းရောက် မှ ဗိုလ်ချုပ်ကြီး သန်း

ရွှေကို နဝတ ဒုတိယဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ် ။ ဒါပေမယ့် အ ငြိုးအတေးကြီးတဲ့ ဗိုလ်ချုပ်သန်းရွှေ ဟာ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ ခြေလှမ်းအမှားကို  စောင့်ဆိုင်းရင်း ဆင်ကြံကြံ  နေခဲ့ပါတယ် ။  ဗိုလ်ချုပ်ကြီး သန်းရွှေ ဟာ နေရာတကာ သူ့လက် သူ့ခြေ ဖြစ်နေတဲ့  ဗိုလ်ချုပ်ခင်ညွန့်ကိုလည်း သိပ်ကြည့်မရပေမဲ့   စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ဟာ ရှစ်လေးလုံး အရေးအခင်းကာလအတွင်း အဖျက်အမှောင့်လုပ်ငန်းတွေကို လျို့ဝှက်လုပ်ကိုင်ပြီး စစ်အာသိမ်းဖို့  အခြေအနေတွေပေါ်ပေါက်လာအောင် ဖန်တီးလုပ်ဆောင်ပေးခဲ့သူ  ဖြစ်နေတာကြောင့် တချိန်ချိန်မှာ သူ့အတွက်လည်း အသုံးဝင်လာနိုင်တယ် ဆိုတဲ့ အတွေးနဲ့ အချိုသတ် ဆက်ဆံထားဖို့  ဆုံးဖြတ်ခဲ့ပုံရပါတယ် ။


     ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ  ၁၉၉ဝ အထွေထွေရွေးကောက်ပွဲမှာ  တစညပါတီ    အနိုင်ရမယ်ထင်ပြီး ရွေးကောက်ပွဲပြီးရင် တပ်မတော်က စစ်တပ်လျားကို ပြန်မယ်လို့  အာချောင်မိခဲ့ပါတယ် ။  ဒါပေမဲ့ စီစဉ်ထားသလိုဖြစ်မလာဘဲ  NLD ပါတီက အပြတ်အသတ် အနိုင်ရရှိသွားတဲ့အခါ   ဗိုလ်ချုပ်ကြီး သန်းရွှေ ဦးဆောင်တဲ့   သဘောထားတင်းမာသူ နဝတ ဗိုလ်ချုပ်တွေက လွှတ်တော်ခေါ်ပေးဖို့ ကိစ္စနဲ့ NLD ပါတီကို  အာဏာလွှဲပေးဖို့ ကိစ္စတွေအပေါ်အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ် ။ NLD ပါတီက သူတို့ အာဏာရခဲ့ရင် မြန်မာ့တပ်မတော်ကို ပြုပြင်ပြောင်းလဲရေး ပြုလုပ်ဖို့ ၊  ဗိုလ်မှူးကြီးနဲ့အထက်တပ်မတော် အရာရှိကြီးတွေကို  ဖယ်ရှားသန့်စင်ပစ်ဖို့  စီစဉ်နေကြောင်း တစိတ်ကိုတအိပ်လုပ်ပြီး တပ်မတော်အတွင်းမှာ သွေးထိုးလှုံ့ဆော်မှုတွေ ကိုလည်းပြုလုပ်ခဲ့ကြပါတယ် ။


     ဘေးကျတ်နံကျတ် အခြေအနေတွေနဲ့  ရင်ဆိုင်လာရတဲ့  အာဏာသိမ်း စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး စောမောင် ဟာ စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ အရက်ကို နေ့ရောညပါ  သောက်လာခဲ့ရာက နောက်ဆုံးမှာ  စိတ်ဝေဒနာပါ စွဲကပ်လာပြီး မိန့်ခွန်းချွေရာမှာ အမှားအယွင်းတွေ  ဖြစ်ပေါ်လာခဲ့ပါတယ် ။ အကွက်ကောင်းကိုချောင်းနေတဲ့  ဗိုလ်ချုပ်ကြီးသန်းရွှေဟာ  ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ မိန့်ခွန်းတွေကို  တလုံးမှ  ပြင်ဆင်တည်းဖြတ်ခြင်းမပြုဘဲ ရေဒီယိုနဲ့  ရုပ်မြင်သံကြားကနေ  ထုတ်လွှင့်ခိုင်းခဲ့ပြီး   ဗိုလ်ချုပ်မှူးကြီးစောမောင်ကို  ပြည်သူလူထုနဲ့ တပ်မတော်သားတွေအကြားမှာ ပညာသားပါပါနဲ့ သိက္ခာချဖို့ ကြိုးစားခဲ့ပါ တယ် ။ နောက်ဆုံးမှာ တပ်မတော်ဆေးညွှန်ကြားရေးမှူး  ဗိုလ်မှူးချုပ်ကျော်ဝင်း  (နောင်  အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်

ကြီး ) ဦးဆောင်တဲ့  သမားတော်ကြီးတွေကို စစ်ဆေးခိုင်းပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့  ကျန်းမာရေးအခြေအနေ မကောင်းတော့ကြောင်း ဆေးထောက်ခံစာ   ရေးခိုင်းခဲ့ပါတယ် ။  ဗိုလ်ချုပ်ကြီး သန်းသန်းရွှေဟာ နဝတ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့  စစ်အစိုးရအဖွဲ့ဝင် တွေကို ဒီဆေးစာပြပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်ကို   အနားပေးဖို့ စည်းရုံးခဲ့တဲ့အပြင်  စစ်တိုင်းမှူးတဦးချင်းစီရဲ့  သဘောထားကိုလည်း ခေါ်ယူမေးမြန်းတာတွေ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ် ။


    အစစအရာရာ အကွက်စေ့အောင် ဖန်တီးနိုင်ခဲ့တဲ့   ဗိုလ်ချုပ်ကြီးသန်းရွှေဟာ  သူကိုယ်တိုင် လက် မှတ်ရေးထိုးထားတဲ့ နဝတ ကြေ ငြာချက်အမှတ်  ၈ / ၉၂ ကို  ၁၉၉၂ ခုနှစ် ၊ ဧပြီလ ( ၂၃ ) ရက်နေ့ ရက်စွဲနဲ့  ထုတ်ပြန်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး စောမောင် ကို တာဝန်အရပ်ရပ်က အနားပေးကြောင်း  ကြေ ငြာခဲ့ပါတယ် ။  “ နိုင်ငံတော်၏  မြားမြောင်ကြီးလေးလှသော  အလုပ်တာဝန်များ၏

ဒဏ်ကြောင့်  ဗိုလ်ချုပ်မှူးကြီးစောမောင်၏  ကျန်းမာရေးသည် အနားမယူလျှင် မဖြစ်တော့သည့် အခြေအနေအထိ ချို့ယွင်းလာ သဖြင့် တာဝန်များ ပြန်လည်ထမ်းဆောင်နိုင်သော ကျန်းမာရေးအခြေအနေသို့ ရောက်ရှိသည်အထိ အနားယူနေရန် ကျွမ်းကျင်သော ဆရာဝန်ကြီးများက အကြံပြု ထောက်ခံ တင်ပြလာပါသည် ။ အထက်ပါ ဆရာဝန်ကြီးများ၏ အကြံပြုထောက်ခံချက်ကို

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစည်းအဝေးတွင်တင်ပြပြီး  ဗိုလ်ချုပ်မှူးကြီး စောမောင်အား အနားယူစေရန် ဆုံးဖြတ်လိုက်ကြောင်း ကြေ ငြာအပ်ပါသည် ။ ” ဆို ပြီး  ဗိုလ်ချုပ်ကြီးသန်း‌ရွှေ က ဗိုလ်ချုပ်မှူးကြီးစောမောင်  ကို   ပညာသားပါပါ ဖယ်ရှားပစ်ပြီး အာဏာသိမ်းခဲ့ပါတယ် ။  နဝတ အတွင်းရေးမှူး ( ၁ )  ဗိုလ်ချုပ်ခင်ညွန့် ကလည်း  အဲဒီနေ့ ရက်စွဲနဲ့   နဝတ ကြေ ငြာချက် အမှတ် ၉ / ၉၂ ကို  ထုတ်ပြန်ခဲ့ပြီး နဝတဥက္ကဌနေရာကို ယခုအချိန်ကစပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဆက်လက် တာဝန်ယူ သွားမှာဖြစ်ကြောင်း ကြေ ငြာခဲ့ပါတယ် ။ ( တကယ်တော့ ဗိုလ်ချုပ်ကြီး သန်းရွှေ ဟာ  ဧပြီလ ( ၂၂ ) ရက်နေ့ ကတည်းက ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို စတင်ထမ်းဆောင်နေပြီ ဖြစ်ပါတယ် ။ )


       ဒီဖြုတ်ထုတ်အာဏာသိမ်းပွဲကို ဗိုလ်ချုပ်ကြီး သန်းရွှေ နဲ့ ဗိုလ်ချုပ်ခင်ညွန့် တို့ ပူးပေါင်း လုပ်ကိုင်ခဲ့ကြတာ ဖြစ်နိုင်ပါတယ် ။ သူ့ အထက်ကဗိုလ်ချုပ်တွေကို ရှင်းထုတ်ပစ်ပြီး တဖြေးဖြေးနေရာယူဖို့ ကြံစည်နေတဲ့ မျှော်မှန်းချက်ကြီးမားသူ စစ်ထောက်လှမ်း ရေးအကြီးအကဲ  ဗိုလ်ချုပ်ခင်ညွန့် နဲ့   ဗိုလ်ချုပ်ကြီး သန်းရွှေ တို့ ဟာ   ကိုယ့်အကြံအစီနဲ့ကိုယ် ပူးပေါင်းလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ ဗိုလ်ချုပ်မှူးကြီး စောမောင်အပေါ် သစ္စာဖောက်ပြီး နောက်ကျောကိုဓားနဲ့ထိုးခဲ့ကြတဲ့  ဗိုလ်ချုပ်ကြီး သန်းရွှေ နဲ့  ဗိုလ်ချုပ်ခင်ညွန့် တို့ကို  ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ ဇနီး   ဒေါ်အေးအေးရီ က ခံပြင်းဒေါသထွက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးပေါ်အထိ တက်ဆဲ ခဲ့တာကိုလည်း အဲဒီအချိန်က ရန်ကုန်စစ်ရုံးချုပ်မှာ တာဝန်ကျနေသူတိုင်း သိရှိခဲ့ကြတယ်လို့ ဆိုပါတယ် ။


     ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟာ ကာကွယ်ဦးရေးဦးစီးချုပ်ဖြစ်လာတာနဲ့  တပြိုင်နက် သူ့ရဲ့ အနေအထားကို ခိုင်မာအောင် စတင်တည်ဆောက်ခဲ့ပါတယ် ။ သူ ပထမဆုံး လုပ်ခဲ့တဲ့ အလုပ်ကတော့ စစ်ရုံးချုပ်နဲ့   ဗိုလ်ချုပ်ခင်ညွန့် ရဲ့  စစ်ထောက်လှမ်းရေးဌာန တွေမှာ  “ သူ့လူတွေ ”  ကို နေရာချထားလာခြင်း  ဖြစ်ပါတယ် ။ သူ တပ်မ ( ၈၈ ) တပ်မှူးအဖြစ် ထမ်းဆောင်ခဲ့စဉ်က စစ်ဦးစီးမှူး ( ဒုတိယတန်း ) အဖြစ်နဲ့ သူ့လက်အောက် မှာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့  ဒုဗိုလ်မှူးကြီး ကျော်ဝင်း  ( မန္တလေး  အမှတ် ( ၁ ) စစ်ထောက်လှမ်းရေးတပ်မှူး ) ကို   မေလအတွင်းမှာ ရန်ကုန်စစ်ရုံးချုပ်ကိုခေါ်ယူခဲ့ပြီး တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှာ  ဒုတိယညွှန်ကြားရေးမှူးအဖြစ်နဲ့ ခန့်အပ်ကာ  ဗိုလ်ချုပ်ခင်ညွန့် ကို  ထိမ်းချုပ်နိုင်ဖို့  စတင်ကြိုးပမ်းခဲ့ပါတယ် ။


ဒါ့အပြင်  မိန်းမကိစ္စရှုတ်ထွေးမှုတွေကြောင့်  ဗိုလ်ချုပ်မှူးကြီး စောမောင်က  အပြစ်ပေးတဲ့အနေနဲ့  စစ်ရုံးချုပ်ကနေ  ယာယီ  နှင်ထုတ်ထားတဲ့ သူ့တပည့်ရင်း ဗိုလ်ချုပ်တင်ဦး ( အတွင်းရေးမှူး ၂ ) နဲ့  ဗိုလ်မှူးကြီး ခင်မောင်သန်း ( စစ်ဦးစီးမှူး  ပထမတန်း ) တို့ကိုလည်း စစ်ရုံးချုပ်ကို ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်ခဲ့ပါတယ် ။  ဗိုလ်မှူးကြီး ခင်မောင်သန်းကို တပ်မ ( ၁၁ ) တပ်မမှူးအနေ နဲ့    ခန့်အပ်တာဝန်ပေးခဲ့တာဖြစ်ပေမဲ့  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က  သူ့ အနီးမှာ ခေါ်ယူထားပြီး  စစ်ရုံးချုပ်ကနေ တပ်မ ( ၁၁ )ကို ကွပ်ကဲစေခဲ့ပါတယ် ။ သူ့ရဲ့ လုံခြုံရေးအတွက် အကာအကွယ်ရအောင် တပ်မ ( ၁၁ ) မှူးကို အနားမှာ ခေါ်ယူထားခဲ့ခြင်း ဖြစ်နိုင်ပါတယ် ။ နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးစောမောင် ရဲ့    လူတွေအားလုံးကို စစ်ရုံးချုပ်ကဖယ်ရှားပစ်ခဲ့ပြီး သူ့လူတွေနဲ့ အစားထိုးခဲ့ပါတယ် ။


     ယုတ်စွအဆုံး ဗိုလ်ချုပ်သန်းရွှေ  နတခ တိုင်းမှူးဘဝနဲ့ ပုသိမ်မြို့ မှာ  တာဝန်ထမ်းဆောင်ခဲ့စဉ်က တိုင်းမှူးကတော် ဒေါ်မကြိုင် ရဲ့ စကားကို မြေဝယ်မကျ နားထောင်ခဲ့ကြတဲ့ ဗိုလ်မှူးနေဝင်းက နိုင်ငံတော်သမ္မတရဲ့ စစ်ဘက်လက်ထောက် ဗိုလ်ချုပ် နေဝင်း ဖြစ်လာပြီး ။  ဗိုလ်မှူးဆန်းဆင့်  က စစ်ရာထူးခန့်ချုပ်   ဗိုလ်ချုပ်ဆန်းဆင့် ။ တိုင်းမှူးရဲ့ အိမ်တော်စောင့် လုံခြုံရေးအရာရှိ ဗိုလ်ကြီး လှအောင်သိန်း  က ခြေလျင်လည်းမဆင်း ။ စစ်လည်းမတိုက်ရဘဲ  သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခံရပြီး စစ်ရုံးချုပ်စခန်းမှူး ဗိုလ်ချုပ်လှအောင်သိန်း ဖြစ်လာကြကြောင်း တင်ပြလိုက်ရပါတယ် ။



ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု                                           

သုတေသန နှင့် မှတ်တမ်းတင်ဌာန

Wednesday, October 28, 2020

ချစ်တိုင်းမညား ညားတိုင်းချစ်


 ချစ်တိုင်းမညား ညားတိုင်းချစ်

ချစ်သူနဲ့ ကွေကွင်းရတဲ့ဒုက္ခထက် မချစ်တဲ့သူနဲ့ အတူနေရတဲ့ ဒုက္ခက ပိုကြီးတယ်လို့ လေးလေးတော့ ထင်တာပဲ ။ ဒါကြောင့် ချစ်တိုင်းမညားထက် ညားတိုင်းမချစ်က ပိုဆိုးတယ်ကွဲ့။ 


တစ်ခါတလေမှာ မညားခင်က ချစ်ပြီး ညားပြီးတော့မှ မချစ်ပေမယ့် ကွဲကြသလား

ဆိုတော့လည်း မကွဲဘူး ၊ မချစ်ကြတော့တဲ့ အချိန်မှာ သံယောဇဉ် ဖြစ်စရာကလေးတွေက ရနေပြီကိုး ။ ငါ့တူမများ ကြားဖူးမှာပေါ့ ။

မိန်းမကြီးတွေ တစ်ခါ တစ်ခါ ပြောတတ်တဲ့စကားလေ ။


“ တော့်ယူမိတာ ခုမှ မှားမှန်းသိတယ် ”

ဆိုတာလေ ။ အဲသလို မှားမှန်းသိတယ်ဆိုတဲ့ အချိန်မှာ ကလေးက ရှစ်ယောက်လောက် ရနေပြီ ။ ကဲ.. ဒီတော့ အဲသလို ပြောလေ့ရှိတဲ့ စကားကို ခြေရာကောက်ပြီး ယောက်ျားလေးတစ်ယောက်ကို လက်ထပ်ဖို့ မိန်းကလေးတစ်ယောက် ဆုံးဖြတ်လိုက်တဲ့အချိန်ကို ပြန်ပြီး မှန်းဆကြည့်ရအောင် ။ 


တော့် ယူမိတာ ခုမှ မှားမှန်းသိတယ်ဆိုတဲ့

အတွက် လက်ထပ်ဖို့ ဆုံးဖြတ်မိစဉ်က မှားသလား မှန်သလားဆိုတာ မသိသေးဘူးလို့ အဓိပ္ပါယ်ရတာပေါ့ ။ မိန်းကလေးများဟာ အမှားကို အမှန်ထင် ၊ အမှန်ကို အမှားထင်ဖြစ်တဲ့ အချိန်မှာ အိမ်ထောင်ကျတတ်တာပါလားဆိုတာ သတိထားကြပေရေ ာ့။ လက်ထပ်ဖို့ မဆုံးဖြတ်ခင်မှာ အလေးအနက်စဉ်းစား ။


ရပြီးခါမှ တစ်ယောက်ကိုတစ်ယောက် အချစ်ပေါ့ သွားပြီဆိုရင် " မကွဲမပျော်” ဖြစ်တတ်တယ်ကွဲ့ ။ အိမ်ထောင်ကွဲတာလည်း မဟုတ်ဘူး ။ ပေါင်းနေရတာလည်း မပျော်ဘူးဆိုတဲ့ အဖြစ်မျိုးပေါ့ ။


အဲသလိုအခါမျိုးမှာ ယောက်ျားလုပ်သူဟာ အိမ်မကပ်တော့ဘူ း။ အတတ်နိုင်ဆုံး အပြင်ဘဲ ထွက်နေတော့တယ် ။ အဲသလို ဖြစ်တတ်တာနဲ့ ပတ်သက်ပြီး ပုံပြင်လေးတစ်ခု ပြောချင်တယ် ။


တစ်ခါက အသက်ကိုးဆယ်ကျော် အဘိုးကြီးတစ်ယောက်ဟာ ကျန်းကျန်းမာမာ ပျော်ရွှင်ရွှင်နေတာ တွေ့ရတာနဲ့ ဆရာဝန်တစ်ယောက်က စိတ်ဝင်စားသွားတယ် ။ ဒါလောက်ကျန်းမာရေးကောင်းနေရတာဟာ ဘာဆေးများစားလို့လဲပေါ့ ။ ပျော်ရွှင်နေတဲ့ အဘိုးကြီ းတစ်ယောက်ကို ကြည့်ရတာကိုက စိတ်ချမ်းသာစရာ ကောင်းနေတာကို း။ ဒါနဲ့ ဆရာဝန်က အဘိုးကြီးကို ခေါ်ပြီးမေးသတဲ့ ။


ဘ , အသက်ဘယ်လောက်ရှိပြီလဲ ”


“ ကိုးဆယ် ”


“ ဟား ကိုးဆယ်သာဆိုတယ် ခြောက်ဆယ်လောက်ပဲ ထင်ရတယ် ၊ ဘ ကြည့်ရတာ သိပ်နုပျိုတာပဲ ။ ဘာဆေးတွေစားသလဲဟင် ”


ဘာဆေးမှ မစားပါဘူးကွာ ”


“ စားရင် စားတယ်ပြောပါ ဘရယ် ။ ကျွန်တော်က ဆရာဝန်ပါ ။ အဲဒီဆေးကို တခြားလူတွေပေးရအောင်လို့ ”


ဘာဆေးမှ မစားပါဘူးကွာ တကယ်ပြောတာပါ ”


ဒါဖြင့် ဘာလို့ ခုလိုနုပျို ၊ ကျန်းမာနေရတယ် ဆိုတာ နည်းလေးများရှိရင် ပေးစပ်ပါ ဘရယ် ၊ ကျွန်တော်လဲ ကျင့်သုံးချင်လို့

သူများကိုလဲ ကုသိုလ်ဖြစ် ပေးချင်လို့ ”


“ ဘာလို့ နုပျိုနေရတယ်ဆိုတာသေသေချာချာတော့ မသိပါဘူးကွ ာ၊ မင်းက ဇွတ်မေးနေရတော့ ဘရဲ့ အဖြစ်ကိုတော့

ပြောပြမယ် ။ ဘရဲ့ အသက် နှစ်ဆယ့်ငါးနှစ်မှာ ဘအိမ်ထောင်ပြုခဲ့တယ် ၊ အဲဒီအိမ်ထောင်ပြုတဲ့ နေ့ကစပြီး ဘရဲ့မိန်းမနဲ့ နှစ်ဦးသဘောတူ ဆုံးဖြတ်ခဲ့ကြတယ် ။ နှစ်ယောက်စလုံး စိတ်မဆင်းရဲရအောင်ဆိုပါစို့ ”


ဘယ်လိုများ ဆုံးဖြတ်ခဲ့တာလဲ ”


“ ဘ စိတ်ဆိုးရင် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူက ဘာမှ မပြောဘူး ၊ ငြိမ်နေရမယ် ၊ အဲ သူက စိတ်တိုင်းမကျလို့

ဆူဆူပူပူလုပ်ရင်လဲ ဘက ဘာမှပြန်မပြောရဘူ း၊ မရိုက်ရဘူး ၊ အိမ်ပြင်ထွက်နေရမယ် ၊ ရှောင်နေရမယ် ၊ အဲသလို ဆုံးဖြတ်ခဲ့ကြတယ် ။ သဘောတူခဲ့ကြတယ် ။ ရကတည်းက ဒီနေ့အထိ အဲဒီသဘော

တူညီမှုကို လိုက်နာကြတယ် ”


" ဘယ်သူက ဘယ်နှစ်ခါလောက် စိတ်ဆိုးပြီးပြီလဲ ”


“ ဟား ရကတည်းက သူကချည်း စိတ်ဆိုးနေလို့ ဘမှာ အပြင်ချည်း ထွက်နေရတာ ခြောက်ဆယ့်ငါးနှစ်လုံးလုံးပါပဲကွ ာ၊

စားခါနီးမှ တစ်ခါတစ်လေ အိမ်ပြန်လိုက်တာပဲ ၊ ဟီး ဟီး ”


လို့ရှင်းပြလိုက်သတဲ့ ။


ယောက်ျားများ ကိုယ်လိုချင်တဲ့ မိန်းမရပြီးတာနဲ့ မိန်းမနားကပ်ချင်တဲ့လူက တယ်နည်းသကို း။ မိန်းမနဲ့ဝေးလေ ပျော်လေပဲ ။

ခုလိုတွေရေးပြနေတော့ ယောက်ျားတွေဟာ အိမ်ထောင်ကျပြီးတာနဲ့ မိန်းမတွေကို ပစ်ထားကြတာပဲ ။ တာဝန်မဲ့ နေချင်တဲ့ လူတွေပဲလို့ ယောက်ျားအားလုံးကိုတော့ တစ်သမတ်တည်း မထင်လိုက်နဲ့ ။ ယုယ

ကြင်နာတတ်တဲ့ တာဝန်ကျေတဲ့ ယောက်ျားတွေလည်း ရှိပါတယ် ။


ခုဟာက ချစ်တိုင်းမညား ညားတိုင်းမချစ်နိုင်ဘူးဆိုတာ သိအောင်လို့ ရေးပြတာပါ ။ ကဲ မယားကြောက်တဲ့ ယောက်ျားတွေ

အကြောင်းကို တစ်လှည့်ရေးပြဦးမယ် ။


◾ ကံချွန်


📖 အပျိုစင်တို့သိဖို့ယောကျာ်းတို့အ​ ကြောင်း ( ၁ )

Tuesday, October 20, 2020

ဘယ်သူတွေ ရူးသလဲ


  ❝  ဘယ်သူတွေ ရူးသလဲ  ❞


တေးရေး   ဂီတစာဆိုစိန်မောင်မြင့်


       တစ်ပင်မှ တစ်ပင်ကူး မြူးတူးပျော်ပါးတတ်တဲ့ငှက်ကလေးပေလား

       ကိုင်းဖျားကို ကန် ပျံသွားတဲ့ ငှက်ကျေးတမာရဲ့ အဖြစ်သနစ်အညီ အချစ်စစ်မတည် ထိန်ညီမြလျှမ်း စိန်စီဘဝလမ်းဆီ သစ္စာဝတိံဖျား မေတ္တာအိမ်တံခါး ဖွင့်သွားသူက စိမ်းရက်လေပြီ သစ်စိမ်းချိုး ချိုးခဲ့ပေမယ့် အညှိုးခက်တော့သည် မိုးလျှပ်နွယ် အိပ်မ က် ပမာညီ လန့်နိုးကွယ်ပျောက် တစ်ယောက်အချစ်မတည် စိတ္တဇအသည်း အိပ်မရဘဲ အတိတ်ဘဝထဲ ဝဲချာချာလည်

      (  လှိုက်လှိုက်ကယ် ဖိုအသည်းနဲ့ ရှိုက်ရှိုက်သာ ငိုလိုက်ချင်ရဲ့ ယောက်ျားအသည်းမို့ ဆင်ခြင်ရာသည် အချစ်ဦး သခင်ရဲ့ မပြစ်ဘူးအထင်နဲ့ ကြင်ခဲ့ မင်ခဲ့ ချစ်ခဲ့ပါသည် ယုံခဲ့ ပုံခဲ့ အပြုံးနဲ့ ကမ္ဘာတည် အမုန်းဆိုတာ ဝေလာဝေး တို့နှစ်ကိုယ် ကြင်သည့်အရေး ကြားလေသွေးမှာ စိုးမိသည် ချစ်ပင်ချစ်မိုး ချစ်စပျိုးခဲ့သည်  ခုတော့ တစ်ပြည်ဆီ သွေဖီရှောင်ပုန်း အမုန်းပင်လေးများ စိုက်သွားလေတဲ့ သူ့ကိုမှ ရှာမိပြန်သည် မြင်မြင်သမျှ တွေ့သမျှ လူကို မေးမြန်းမိပြီ ကျနော့်ကိုလေ အရူးလို့ ပြောကြ ကျနော့်ကိုလေ အရူးလို့ဆိုကြ ဟားတိုက်လို့ ရယ်လိုက်ချင်သည် မခံစားဘူးတော့ ကိုယ်ချင်းမစာပြီ ပုစ္ဆာတစ်ပုဒ် လို အဖြေထုတ်ချင်သည် ပြေးသူနဲ့ ကျန်ရစ်သူ မြင်သူနဲ့ ပြောကြသူ ဘယ်သူတွေရူးသလဲ ခွဲခြားသိပါရစေ )


•••••   •••••••   •••••••   ••••••


တီးလုံးသီးသန့် 


https://yadi.sk/d/m8_bqQl8dIV24w


မာမာအေး သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ


https://yadi.sk/d/dYllWtIITgLdZA


စိန်မောင်မြင့် သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/Dccn-CAZr8iflQ


လွှမ်းမိုး သီဆိုထားတဲ့ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/WhSWUMHR8ml48w


ကိုင်ဇာ သီဆိုထားတဲ့ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/h7QkipaLEbVCjA


နီနီဝင်းရွှေ သီဆိုထားတဲ့ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/_j3TQoWWN6menA


အောင်သူ သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/uZncKJ7VGuDfSw


ရာဇာဝင်းတင့်သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/llfpVGMW-GcRMw


စိုးစန္ဒာထွန်း သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 

 https://yadi.sk/d/FmpCDtfIUTOaew

           

အိအိချွန် သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/mzB4t-eeYO7ATw


Sunday, October 18, 2020

စျေးကွက် မေတ္တာရေး


 

❝  စျေးကွက် မေတ္တာရေး  ❞

အချစ်နဲ့ပတ်သက်ပြီး ခံစားမှုကို ရှေ့တန်းတင်တတ်တဲ့ မိန်းကလေးတွေဟာ အမှားနဲ့တွေ့တတ်တယ်ကွဲ့။ အချစ်ကပေးမယ့် ဆိုးကျိုးတွေကို ကင်းဝေးချင်ရင်တော့  ခံစားမှုကို ဦးစားမပေးလေနဲ့။ အသိဉာဏ်နဲ့ စဉ်းစားဆုံးဖြတ် ။ မှတ်ထား ။ ဘဝအတွက် ရည်ရွယ်ချက်ကြီးကြီးမားမား ရှိတဲ့သူဟာ အသိဉာဏ်ကို ဦးစားပေးလေ့ရှိပြီး ဘဝအတွက်ရည်ရွယ်ချက် ကြီးကြီးမားမား မရှိတဲ့သူများကတော့ ခံစားမှုကို ဦးစားပေးလေ့
ရှိကြတယ်ကွဲ့ ။ ခံစားမှုကို ဦးစားပေးသူနဲ့ အသိဉာဏ်ကို ဦးစားပေးသူ ခွဲခြားတတ်ရမယ် ။ ဘဝရှေ့ရေးအတွက် ကြိုတင် တိုင်ပင်ပြင်ဆင်ခြင်း မရှိဘဲ လက်ထပ်ဖို့သာ တွင်တွင် ပူဆာနေပြီဆိုရင်တော့ အဲဒီငတိဟာ ခံစားမှုကို ဦးစားပေးတဲ့သူပဲ ။ သူ့မှာ ဘာရည်ရွယ်ချက် မှ မရှိဘူး ဆိုတာ သိထားပေရော့ ။

အချစ်ဟာ ဘဝအတွက် မရှိမဖြစ်လိုအပ်သလို ဘဝတစ်ခု ထူထောင်မယ့်လူ အတွက်လည်း ရည်ရွယ်ချက်ဟာ မရှိမဖြစ် လိုအပ်တယ် ။

ရည်ရွယ်ချက်ဆိုတာယောက်ျားလေးမှ မဟုတ်ဘူး ။ မိန်းကလေးမှာလည်း ရှိရမယ် ။ ဘာရည်ရွယ်ချက် မျှ မထားဘဲ ဖြစ်ချင်ရာဖြစ် ခပ်ပေါ့ပေါ့နေ ၊ ကြုံသလိုဖြေရှင်းမယ်ဆိုရင် အဲဒီမိန်းကလေးရဲ့သက်တမ်းဟာ တစ်လျှောက်လုံးမှာ ဒုက္ခတွေနဲ့တွေ့ဖို့ ၊ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရဖို့ ကိုးဆယ်ရာခိုင်နှုန်း သေချာသွားပြီ ။

အိမ်ထောင်တစ်ခု သာယာရေးမှာ အချစ်ဟာ လိုအပ်သလို အဲဒီ အချစ်တည်တံ့ခိုင်မြဲရေးအတွက်ကတော့ စီးပွားရေး ပြေလည်ဖို့ဟာ အရေးကြီးတဲ့ကဏ္ဍတစ်ခု ဖြစ်တယ် ။ တူနှစ်ကိုယ် တဲအိုပျက် မှာ နေရ နေရ ဆိုတာ သမီးရည်းစားကာလ မညားခင်မှာ ခံစားမှုက ရှေ့တန်းရောက်နေလို့ " ထင် ” နေကြတာပါ ။

ဒီနေ့ခေတ်ကာလဝန်းကျင်ဟာ ပြောင်းလဲနေသလို ၊ ဒီနေ့ခေတ်ကာလထဲမှာ ကြီးပြင်းရတဲ့ ယောက်ျားလေးတွေရဲ့ ပြောင်းလဲမှုကိုလည်း ငါ့တူမများ သိထားသင့်တယ် ။ ယောက်ျားလေးတွေဟာ စီးပွားရေး ၊ကြီးပွားရေး ရှေ့တန်းတင်ဦးစားပေး စဉ်းစားနေကြပြီ ။ တူနှစ်ကိုယ် တဲအိုပျက် မှာနေရနေရဆိုတဲ့ ခံယူချက် မျိုး ယောက်ျားလေးတွေဆီမှာ မရှိသလောက် ရှားနေပြီ ။ ယောက်ျားလေးတွေဟာ အိမ်ထောင်ရေးမှာကိုပဲ စီးပွားရေးနဲ့ ယှဉ် စဉ်းစားနေကြပြီ ။ ဒီနေ့သူဌေးဖြစ်နည်းထဲမှာ ချမ်းသာတဲ့ သူဌေးသမီးကို ရအောင်ယူခြင်းဟာလည်း နည်းတစ်နည်းလို့ဆိုထားတာကိုး ။ လိုတိုရှင်း ပြောရရင်တော့ ဒီနေ့ယောက်ျားလေးတွေ ကျင့်သုံးနေတာက “ ဈေးကွက် မေတ္တာရေး ” ကွဲ့ ။

     ◾  ကံချွန်

     📖  အပျိုစင်တို့သိဖို့ယောကျာ်းတို့အကြောင်း ( ၁  )

.

Wednesday, October 14, 2020

တပေါင်းတန်ခူးအကြောင်းထူး


 

  ❝  တပေါင်းတန်ခူးအကြောင်းထူး  ❞


     မတ်လနှင့်ဧပြီလ နှစ်လလုံးလုံးတော်တော် ပူသလို တော်တော် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သည် ။ ကျွန်တော်တို့ အထူးဝင်းတစ်ဝင်းလုံး ဝင်လိုက် ထွက်လိုက်နှင့် ဂနာမငြိမ်လှ ။ တစ်ယောက်ရောက်လာလိုက် ချက်ချင်း ပြန်ထွက်သွားလိုက် ဖြစ်နေသဖြင့် ဘယ်သူဘယ်ဝါမှန်းတောင် မမေးလိုက်ရပါချေ ။


     စစ်ကြောရေးစခန်းမှာလည်း နေရောညပါ စည်ကားနေပါရော ။ ရန်ကုန်မြို့သာ လျှပ်စစ်မီး မလာချင်နေပါ့မယ် ၊ အင်းစိန်ထောင် အထူးဝင်းထဲက စစ်ကြောရေး စခန်းမှာတော့ ထိန်ထိန်ကိုသာလို့ ။မှတ်မှတ်ရရ မတ်လနောက်ဆုံး အပတ် ၂၅ ရက်နေ့ ညနေဘက် မှာ ကျွန်တော်တို့

အခန်းရှေ့က သစ်သားတံခါးတွေ တဂျိမ်းဂျိမ်းနဲ့ လာပိတ်ပါလေရော ။ ကိုင်း တစ်ယောက်ဖြင့် တိုးပါပေါ့ ။ ဘယ်သူများပါလိမ့် ။ ကျွန်တော်တို့ တိုက်တန်းလျားမှာ လွတ်နေသောအခန်း နှစ်ခန်းရှိလေသည် ။ ဦးတင်စိုး နှင့် မိုးဝင်း လွတ်သွားပြီး နောက်အခန်းတွေ အပြောင်းအရွှေ့ လုပ်လိုက်သေးသည် ။ ဗိုလ်ကြီးအောင်ဝင်းက အခန်း ( ၁ ) ၊ အခန်း ( ၂ ) က လွတ်နေသည် ။ အခန်း ( သုံး ) မှာက ဘိုမြ ၊

အခန်း ( လေး ) မှာက ကိုဌေး ၊ ကျွန်တော်က အခန်းငါး ။ ဦးစိုးက အခန်းခြောက် ၊ အခန်း ( ၇ ) မှာ ဦးတင်ညွန့် ၊ အခန်းရှစ်နှင့် အခန်းကိုးမှာက ကိုချိန် နှင့် ကိုတင်အောင် ။ သည်တော့ အခန်းနံပါတ် တစ်ဆယ်နှင့် အခန်းနံပါတ်နှစ် အားနေသည် ။ အခန်းတစ်ဆယ်မှာ လူသစ်ထည့်လျှင် ကျွန်တော်တို့ သစ်သားတံခါးကို လာပိတ်နေဖို့ လိုမည်မထင် ။ ဒါဆို အခန်းနံပါတ်နှစ်မှာ လူသစ်ထည့်မှာ သေချာလေပြီ ။ သို့ဖြင့် စကားပြောသံ ခြေသံ သော့တွဲသံများ စပြီး ကြားလိုက်ရတော့ရာ လာပြီ လာပြီ လာချေပြီဟု ရေရွတ်မိတော့သည် ။


     ထောင်ထဲသို့ လူရောက်လာတာ ဝမ်းသာစရာ မဟုတ်သော်လည်းကျွန်တော်တို့ အဖို့ သတင်းထူးလေးတွေ ပါလာမည့်အတွက်တော့ ဝမ်းမြောက်စရာပေ ။


     ထုံးစံအတိုင်း သစ်သားတံခါးတွေ လာဖွင့်တော့မှ နံရံခေါက်အချက်ပေးစနစ်ဖြင့်

ဆက်သွယ်လိုက်တော့မှလား …. ပေါ်ဦးထွန်း ( ခေါ် ) မင်းကိုနိုင် ပါကလား ။ သူ့ကို

အင်းလျားကန်အနီး အနောက်ရန်ကင်းထိပ်မှာ ဖမ်းလာခဲ့သည်ဟု သိရသည် ။ သို့ဆိုလျှင် လူဖမ်းပွဲကတော့ စလေပြီ ။ အထူးဝင်းတစ်ဝင်းလုံး ပျားပန်းခတ်နေသည်မှာလည်း တစ်ယောက်ပြီး တစ်ယောက် ဖမ်းလာခြင်းပင် ။ မင်းကိုနိုင် အပြောအရ ကျောင်းသားများရော ၊ တက်ကြွလှုပ်ရှားသူ အရပ်သားများရော အဖမ်းခံရတာ တစ်ရာကျော်ပြီဟု သိရလေသည် ။ ဥက္ကဋ္ဌကြီးရော ကိုဌေး ပါ စိတ်တော်တော်ပျက်သွားသည် ။ ဒီလိုပုံ ဒီလိုအချိုးနှင့် မိုးကြီး ချုပ်တော့မလားရယ်ပေါ့ ။


xxx    xxxx    xxxx


     တကယ်တော့ မိုးမချုပ်ပါ ၊ ရောင်နီပျိုးလာခဲ့လေသည် ။ သင်္ကြန်မတိုင်ခင် နှစ်ရက်အလို ဧပြီလ ၁၁ ရက်နေ့မှာ ကျွန်တော်နှင့် ကိုဌေးကို ထောက်လှမ်းရေး ၆ မှ ဗိုလ်မှူးစန်းပွင့်က လာတွေ့လေသည် ။ သူအဆိုအရတော့ အထက်လူကြီး

များက တာဝန်ပေးလိုက်ကြောင်း ၊ ကျွန်တော်တို့နှစ်ယောက်၏ ကျန်းမာရေး ( အမှန်ကတော့ စိတ်ပိုင်းဆိုင်ရာအခြေ အနေ ) ကိုလာရောက် စုံစမ်းခြင်းဖြစ်သည်ဟု ဆိုသည် ။ ထိုသည်၏နောက် ထောင်ဆေးရုံကို ခေါ်ပြီး ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်များဖြင့် ဆေးစစ်ပါ​ေလ တော့သည် ။တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ ဆေးစစ်မခံရဖူးဘဲ ခုမှ တော်တော် ဂရုစိုက်ခံနေရသဖြင့် ဘဝင်တောင် မြင့်ချင်ချင် ။ ဆေးစစ်ပြီးသွားသည့်အခါ ကျွန်တော်တို့ ခေတ္တတည်းခိုရာ အထူးဝင်းသို့ ပြန်မပို့ဘဲ တီနှစ်ထောင်ကားကြီးပေါ် တင်ခေါ်သွားလေရာ ကျွန်တော်တို့နှစ်ယောက်လုံး ရင်တွေကို တဒိတ် ဒိတ်ခုန်လို့ ။ လွတ်ပြီလား ၊ လွှတ်ပြီလားရယ်ပေါ့ ။ တကယ်တော့ မဟုတ်ပါချေ ။ ထောင်ဘူးဝကနေ ကားစထွက်သည်နှင့် ထောင်အုတ်ရိုး နံဘေးအတိုင်း ကားကိုကွေ့ပြီး မောင်းသွားရာ ​ေဩာ် ထောင်ပြောင်းတာပေါ့လို့ မှတ်ချက် ပြုလိုက်ရပါတော့သည် ။ အင်းစိန်ထောင်မကြီးနှင့် ကပ်လျက် ပေ ၅၀ ခန့်ခြားပြီး သီးသန့်ထောင် ( ခေါ် ) တွဲဘက်ထောင် တစ်ခုရှိ နေသေး၏ ။ ကျွန်တော် ဆယ်တန်းကျောင်းသားကတည်းက တော်တော် ရင်းနှီးခဲ့သော နေရာဖြစ်သည် ။ ကျွန်တော်၏ အစ်ကိုအကြီးဆုံး နိုင်ငံရေးကိစ္စဖြင့် ပုဒ်မ ၅ ည တပ်ခံရပြီး ထောင် ၃ နှစ် ချခံခဲ့ရသောကြောင့် သူ့ကို ထောင်

ဝင်စာ လာတွေ့ရင်း မကြာမကြာ ရောက်ခဲ့ရခြင်းဖြစ်သည် ။ သူတို့တုန်းက တော်တော် လွတ်လပ်သည် ။ ထောင်ထဲသို့ ဂစ်တာရော ၊ ကတ်ဆက်ပါ သွင်းလို့ရသည် ။ သူနှင့်အတူ ရုပ်ရှင်မင်းသား ဇော်ဝမ်း တေးရေးဆရာ ကိုဇေယျ ( ခေါ် ) တိုနီတင် ၊ ပန်းချီဆရာ ကိုကျော်မင်းမောင်တို့ ပါရှိကြသည် ။ ကျွန်တော်က ချာတိတ်ဆိုတော့ သူတို့ခိုင်းသမျှ စာအုပ် ၊ ခဲတံ ၊ မင် ၊ ကက်ဆက် ၊ ကက်ဆက်အခွေ ၊ ဂစ်တာကြိုး တို့ကို ခဏခဏ ဝယ်ပြီးပို့ခဲ့ရဖူး၏ ။ သည်တော့လည်း တွဲဖက်ထောင်နှင့်ကျွန်တော် ရင်းနှီးတာ ဘာမှမဆန်း ။ ကိုင်း ခုတော့ဖြင့် ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လာရသလို တွဲဖက်ထောင်ကြီးထဲသို့ ရောက်ရပြန်ပြီပေါ့ ။


     သို့သော်လည်း ဒီတစ်ခါထပ်လို့သာ လွဲပြန်ပါတော့သည် ။ ကျွန်တော်နှင့် ကိုဇင်ဝိုင်းကိုထောက်လှမ်းရေး အရာရှိ နှစ်ယောက်က အမှုဖြစ်စဉ် အစအဆုံး ပြန်လှန်မေးမြန်းပြီး ထမင်းခေါ်ကျွေးခြင်းသာ ဖြစ်လေသည် ။ ထောင်ထမင်း ထောင်ဟင်းသာ ကောင်းကောင်းကန်းကန်း စားခဲ့ရသော ကျွန်တော်တို့နှစ်ယောက် မှာ ဗိုက်အောင့်မတတ် စားခဲ့ကြရတော့၏ ။ စားသောက်ပြီးသည်နှင့် ကျွန်တော်တို့နှစ်ယောက်ကို အင်းစိန်ထောင်မကြီးဆီသို့

ပြန်ပို့လိုက်ပြန်ပါတော့သည် ။


     ရောက်ပြီဆိုသည်နှင့် သတင်းစာရှင်းလင်းပွဲက လုပ်ရ၏ ။ အခန်းနီးနားချင်းတွေရော ထောင်ဝန်ထမ်းတွေကပါ သိချင်ကြသည် ။ အကျဉ်းသားအချင်းချင်း သိချင်တာ ဘာမှ မဆန်းသော်လည်း ထောင်ဝန်ထမ်းတွေ သိချင်တာကတော့ ထူးသည် ။ သူတို့တစ်သက် ဒီလိုအဖြစ်အပျက် မျိုး တစ်ခါမှ မကြုံဖူးဘူးဟုဆိုသည် ။ အားလုံး၏ တူညီ

သော သုံးသပ်ချက်ကတော့ ကျွန်တော်တို့နှစ်ယောက် သင်္ကြန်မတိုင်မီ လွတ်တော့

မည်ဟု .….။ 


xxxxx   xxxxx   xxxxx


     ထောင်မှာ ကြောင် သုံးကြောင်ရှိသည် ။ ပုန်းကြောင် ၊ ဒိုင်ကြောင် ၊ လွတ်ကြောင် ဟူသော ကြောင် သုံးကြောင် ပင် ။ ပုန်းကြောင်ဆိုသည်က စားစရာ မရှိလို့ အခက်အခဲတွေ ဖြစ်ပြီးကြောင်တောင်တောင် ဖြစ်ရခြင်းကို ဆိုလိုသည်။ လွတ်ကြောင်ကတော့ နက်ဖြန်သန်ဖက်ခါ လွတ်တော့မည်ဆိုပြီး ကြောင်တောင်တောင် ဖြစ်နေခြင်းပင် ။ ဒိုင်ကြောင်ကတော့ ဆရာကြီးလိုလို ၊ ဖီလိုဆိုဖာလိုလို ၊ အဓိပတိ တော်လှန်ရေး သမားကြီးလိုလို ၊ သူ့လောက် ဘယ်သူမှမတတ်ဟုထင်ပြီး စကားလုံးတွေနှင့် လိုက်လိုက် ပေါက်တတ်သည့် သူမျိုးကို ဆိုလိုပါသည် ။ သေချာတာကတော့ ကျွန်တော်ရော ကိုဌေးပါ လွတ်ကြောင် ကြောင်နေကြလေပြီ ။ သင်္ကြန်မှာ ပျော်ရမည် ။ ချစ်သူနှင့် လည်ပတ်ရတော့မည် ။ သူငယ်ချင်းတွေနှင့် သောက်ရတော့မည် ။ ထောင်ဆိုသော ရွံ့ရှာစရာ အရပ်ကြီးနှင့် ဝေးရတော့မည် ။ သို့တစေ စွတ်မပျော်ရဲ ။ လွတ်မအော်ရဲ ။ ဘဝတူချင်း မစာနာရာကျပေမည် ။ သို့သော်လည်း သူတို့တွေကတော့ မှာချင်တာတွေ တစာစာ ပြောသည် ။ အဆိုးဆုံးက ဦးတင်ညွန့် ။ သူက မိန်းမ အများကြီးရှိသည် ။

ထို့ကြောင့် သူ့မိန်းမတွေဆီကို တစ်ယောက် တစ်မျိုး မှာလေသည် ။ မင်းကိုနိုင်ကလည်း သူ့ သူငယ်ချင်းတွေဆီသို့ မှာသည် ။ အထူးသဖြင့် သူနှင့် ကျွန်တော်က မိဖချင်း ရင်းနှီးသလို လူချင်းလည်း ခင်မင်ရင်းစွဲရှိရကား သူ့သူငယ်ချင်းများသည် ကျွန်တော့် သူငယ်ချင်းတွေပင်

ဖြစ်လေသည် ။ ကိုကိုကြီး ၊ အောင်ဒင် ၊ ဇော်ဇော်အောင် တို့ထံသို့ သူမှာချင်သည်များကို စာစီစာကုံးတစ်ပုဒ်လို သေသေချာချာ မှာသည်။ ဗိုလ်မြကလည်း သူ့မိန်းမကို နောက် ယောက်ျားယူရန် မှာ၏ ။ ဦးစိုးနှင့် ဗိုလ်ကြီးအောင်ဝင်းကတော့ ထွေထွေထူးထူး မမှာ ။ သူတို့ မိသားစုတွေကို သွားတွေ့ပြီး အားပေးဖို့ သူတို့ဒီနေရာမှာ ကျန်းမာစွာရှိနေကြောင်း မစိုးရိမ်ဖို့ မှာကြားသည် ။ ကျွန်တော်ရော ကိုဌေးပါ တစ်ခုမှ မကျန်ရအောင် မှတ်ရသည် ။ ဦးနှောက်ထဲ အလွတ်ကျက် မှတ်ထားရသော ယခုမှတ်တမ်း ၊ ကဗျာ ၊ သီချင်းများကိုလည်း ပြန်လှန် လေ့ကျင့်ခန်းလုပ်ရသည် ။ ထမင်းတောင် ဖြောင့်ဖြောင့် မစားနိုင်တော့ချေ ။

ေဩာ် .… လွတ်ကြောင်ဘဝ မသက်သာလှပါကလား ။


xxx   xxxx   xxxx


     သို့ဖြင့် ပိတောက်တွေ ခိုင်လုံးကြိုင် လှိုင်လှိုင်ပွင့် သင်္ကြန်သီချင်းတွေ အပြိုင်

ဖွင့်ကြလေပြီ ။ ကျွန်တော်တို့ကား အချုပ်ခန်းတွင်းမှ တစ်လက် မမှ မရွေ့။ ကိုဌေးကား အသံမှပင် မထွက်တော့ ။ ကျွန်တော်လည်း ဟန်ကိုယ့်ဖို့ တင်းသာ ထားရသည် ။ မခိုင်လှ ။ ဥက္ကဋ္ဌကြီးက သင်္ကြန်သီချင်းလေး လုပ်ပါဦးဆိုပေမယ့် အသံက မရွှင် ။ မင်းကိုနိုင်က ကိုပီကြီး မမကိုယ်တိုင်က ဆိုပါဗျ ဆိုတော့လည်း မမက မကနိုင် ၊ မောင်မောင်လည်း မဆိုနိုင်တော့ ။ ( မင်းကိုနိုင်က ကျွန်တော့်ကို ကိုပီလို့ ခေါ်တာ နောက်ခံဇာတ်လမ်းရှိသည် ။ ပီဆိုတာ ပီတာ ( ပါတီ ) အတိုကောက်ပင် ။ ကျွန်တော့် ပြက်လုံးပီတာ ၊ ကီစောင်ကို အခြေပြုပြီး ကျွန်တော့်အား ကိုပီတာ ( ဝါ ) ကိုပီဟု ခေါ်ဆိုခြင်းဖြစ်၏ ) ခုတော့ဖြင့် ကိုလည်း မပီနိုင်တော့ချေ ။ ထောင်အပြင်မှာ ရေပက်နေကြပါပြီကော ။ ထောင်အပြင်မှာ သင်္ကြန်သီချင်းတွေ မြိုင်နေသော်လည်း ကျွန်တော်တို့အားလုံး ငိုင်လေပြီ ။ အင်းစိန်ထောင်၏ အထူးဝင်း တစ်ဝင်းလုံး ငြိမ်ဆိတ်ခြင်းသာ လွှမ်းမိုးထားတော့၏ ။ အကြိမ်ကြိမ် ပြန်လှန်စဉ်းစား ကြည့်မိပြန်တော့ ကိုယ့်ရောဂါ ကိုယ်ရှာနေခြင်းပင် ။ လွတ်မည်ဆိုခြင်းက ကိုယ့်သဘောနှင့်ကိုယ် ။ ကိုယ့်ကိုယ်ကိုယ် လွှတ်နေခြင်းသာဖြစ်ပြီး တိကျရေရာသော ဘာအခြေခံ အကြောင်းအရာမှ မရှိချေ ။ ထမင်းလေးခေါ်ကျွေး ၊ ဆေးလေး စစ်ပေးတာနှင့်

လွတ်ပြီလို့ မည်သို့မျှ တစ်ထစ်ချ မပြောနိုင်ကြပါချေ ။


     ထို့အတွက်ကြောင့် ကျွန်တော် ဒုံးခနဲဆုံးဖြတ်ချက် ချလိုက်သည် ။ လွှတ်ချင်တဲ့အချိန် လွှတ် ၊ ထောင်အပြင် ရောက်တဲ့နေ့ အိမ်ပြန်ရောက်တဲ့နေ့မှ လွတ်တယ်လို့ပြောမယ် ။ ခု ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးနေတာ သက်သက်ပဲဖြစ် တယ်လို့ အားလုံးကို ပြောပြလိုက်တော့ အခန်းနီးနားချင်းတွေက စိတ်မသက် မသာဖြင့် ကောင်းပါတယ်လေဟု ဆိုကြသည် ။ ကိုဌေးကတော့ တဖွဖွပြော၏။ နှင် ပါလာလို့ပေါ့လေ ။ ငါတစ်ယောက်တည်းသာဆို ခုချိန် သတ်သေပြီးလောက်ပြီတဲ့ ။


     သို့ဖြင့် သင်္ကြန်အကြတ်နေ့ညနေမှ စတင်ပြီး ကျွန်တော်တို့၏ အထူးဝင်း

အတွင်းမှာ သင်္ကြန်သီချင်းသံများ မြိုင်လာတော့၏ ။ သံချပ်များလည်း ကြားရသည် ။ ရေဇလုံကို ဗုံလုပ်တီးသံလည်း ကြားရ၏ ။ မင်းကိုနိုင်ကလည်း ဆိတ်ပါးစပ် နတ်မျက်စိအဖွဲ့မှဖြစ်လေရာ သူ့သံချပ်ကလည်း ပျော်စရာကောင်းလေသည် ။ တူးပေပေါင် တူးပေါင် တူပေါင် တူးပေပေါင် တူးပေါင် တူပေါင် သမဝါယမဥက္ကဋ္ဌကတော် နေ့စေ့လစေ့ ကိုယ်ဝန်ရှိသနော် ဆေးရုံပေါ်မှာတက်ကာမွေး ဆပ်ပြာတောင့်လေး မွေး ဟေ့ သူများအကြောင်းမပြောကောင်း သူများအကြောင်း မပြောကောင်း။


   ◾ ဇာဂနာ


   📖 ပထမ

Friday, October 9, 2020

ချစ်တောင်ပြုံး


 ❝  ချစ်တောင်ပြုံး  ❞ 

တေးရေး...  ဂီတစာဆို ကိုခင်မောင်ဝင်း

       ရက်ကန်းသမလေးရဲ့ ချစ်သူ သစ်ဖောင်သမားလေးရဲ့ ချစ်သူ ( အချစ်ကြီးသူ နှစ်ဦးရဲ့ ချစ်ခဲ့ဖူးတဲ့ တောင်ပြုံးနယ်မြေ ရင်ခတ်ပန်းတွေလည်း သက်သေပြချင်ပါရဲ့ သစ်ဖောင်သမားလေး ကိုရင်မောင်နဲ့ ရက်ကန်းသမလေး မရွှေဥ အဖြစ်တွေ )  ဘဝအမှောင် ကျပြန်တော့လည်း သစ်ဖောင်ချသွားမယ့် ချစ်လင် ကိုရင်မောင်အတွက် မျက်နှာငယ်မလေး စိတ်မချနိုင်ရှာပေ ဖြေမရွှင် ကြိတ်ကာနွမ်း အသည်းနင့် ရင်နာမျက်ရည် အချစ်ကြီးသူ နှစ်ဦးရဲ့ ဘဝမုန်တိုင်းစခဲ့ပြီလေ

       ( အကွက်ဆန်းကလေးတွေ မထွင်နိုင်ဘူးအစဉ် ရက်ကန်းသမလေး ငိုပွဲဆင် ချစ်သူမောင် အပြန်နှောင်းတော့ ခေါင်းတမော့မော့ လည်တမော့မော့ပင် )  ကိုရင်မောင် ဘေးမသီရအောင် ဆုတောင်းပေးခဲ့ပေမယ့် ဖောင်စီးယောက်ျားအန္တရာယ်များ အသည်းနင့် ရင်နာမျက်ရည် အချစ်ကြီးသူ နှစ်ဦးရဲ့ ဘဝမုန်တိုင်းစခဲ့ပြီလေ

       အချစ်ကြီးသူ နှစ်ဦးရဲ့ ချစ်ခဲ့ဖူးတဲ့ တောင်ပြုံးနယ်မြေ ရင်ခတ်ပန်းတွေလည်း သက်သေပြချင်ပါရဲ့ သစ်ဖောင်သမားလေး ကိုရင်မောင်နဲ့ ရက်ကန်းသမလေး မရွှေဥ အဖြစ်တွေ  ဘဝအမှောင် ကျပြန်တော့လည်း သစ်ဖောင်ချသွားမယ့် ချစ်လင် ကိုရင်မောင်အတွက် မျက်နှာငယ်မလေး စိတ်မချနိုင်ရှာပေ ဖြေမရွှင် ကြိတ်ကာနွမ်း အသည်းနင့် ရင်နာမျက်ရည် အချစ်ကြီးသူ နှစ်ဦးရဲ့ ဘဝမုန်တိုင်းစခဲ့ပြီလေ

       ( အကွက်ဆန်းကလေးတွေ မထွင်နိုင်ဘူးအစဉ် ရက်ကန်းသမလေး ငိုပွဲဆင် ချစ်သူမောင် အပြန်နှောင်းတော့ ခေါင်းတမော့မော့ လည်တမော့မော့ပင် )  ကိုရင်မောင် ဘေးမသီရအောင် ဆုတောင်းပေးခဲ့ပေမယ့် ဖောင်စီးယောက်ျားအန္တရာယ်များ အသည်းနင့် ရင်နာမျက်ရည် အချစ်ကြီးသူ နှစ်ဦးရဲ့ ဘဝမုန်တိုင်းစခဲ့ပြီလေ


🌿  🌿  🌿  🌿  🌿  


ဟင်္သာတ ထွန်းရင် ရဲ့  ချစ်တောင်ပြုံး 


https://yadi.sk/d/WaJrvrZBJGMB1Q


မေရွက်ဝါ ရဲ့  ချစ်တောင်ပြုံး 


https://yadi.sk/d/qyztPpUlEjB6qg


အောင်သူ ရဲ့ ချစ်တောင်ပြုံး 


https://yadi.sk/d/-NSXF-uJxMfSIQ


ဟင်္သာတထွန်းရင် သီဆိုထားတဲ့  ချစ်တောင်ပြုံး သီချင်း ရဲ့ တီးလုံးသီးသန့်


https://yadi.sk/d/rkm2M2UaX7mTKQ


Wednesday, September 30, 2020

အိမ်ထောင်ရေးရဲ့အသက်


 

❝  အိမ်ထောင်ရေးရဲ့အသက်  ❞

အချစ်ဟာ အိမ်ထောင်ရေးရဲ့ အသက်ပဲ ။

အိမ်ထောင်ပြုလိုက်ပြီဆိုတာနဲ့ ကိုယ်ထူထောင်လိုက်တဲ့ အိမ်ထောင်ရေးဟာ အချစ်နဲ့ အစပျိုးထူထောင်တာလား ၊ ဒါမှမဟုတ် စီးပွားရေးအရ ၊ လူမှုရေးအရ လုပ်ငန်းသဘော ပတ်သက်ယှက်နွယ်
နေလို့ ထူထောင်လိုက်တဲ့ အိမ်ထောင်လား ၊ အဲသလိုမှ မဟုတ်ဘူးဆိုရင် မိဘတို့စောင့်ရှောက်အပ်သော ဝတ္တရားရှိသည်နှင့်အညီ ဆိုပြီး ထူထောင်ပေးလိုက်တဲ့ အိမ်ထောင်လား ။

အဲသလို အခြေအနေအကြောင်းအမျိုးမျိုးကို အကြောင်းပြုပြီး ထူထောင်လိုက်တဲ့ အိမ်ထောင်ရေးမျိုးနဲ့ ရင်ဆိုင်ရပြီဆိုရင်တော့ ငါ့တူမများအနေနဲ့ မချစ်ဘဲယူခဲ့ရသော်ငြားလည်း ယူပြီးရင်တော့ ချစ်နိုင်အောင် ကြိုးစားကြပေရော့ ။ နှစ်ဦးနှစ်ဘက် အပြန်အလှန် နားလည်မှုနှင့် အချစ်ကို ထူထောင်ယူကြရမယ် ။ အိမ်ထောင်ရေးမှာ အချစ်မပါလို့ကတော့ အဲဒီအိမ်ထောင်ရေးဟာအချိန်မရွေး ပြိုကွဲနိုင်တယ် ။ အချစ်ဟာ အိမ်ထောင်ရေးရဲ့ အသက်ပဲ ။

အချစ်နဲ့ပတ်သက်ပြီး လေးလေးငယ်ငယ်က ကူးရေးထားတဲ့ စာစုလေးတစ်ခုကို အမှတ်ရမိတယ် ။

အချစ်ဆိုသည်မှာ

တစ်ခါတစ်ရံ၌ သက်ပြင်းချခြင်း
တစ်ခါတစ်ရံ၌ မျက်ရည်ကျခြင်း
တစ်ခါတစ်ရံ၌ အိပ်ရာပေါ်လှဲနေခြင်း
အများဆုံးလိမ်ညာနေရခြင်းများ ပေါင်းစပ်ရှိနေတတ်ပေသည်

ဆိုတဲ့စာစုပဲ ။

အဲဒီအဆိုအမိန့်ဟာ ဘယ်သူ့အဆိုအမိန့်မှန်းတော့ မသိဘူး ။

အချစ်ဆိုတာ ကောင်းကျိုးတွေကိုချည်းဖြစ်စေတာ မဟုတ်ဘူး ။ ဆိုးကျိုးတွေကိုလည်း ဖြစ်စေတယ်နော့ ။ အချစ်နဲ့ ပတ်သတ်ပြီးအပြန်အလှန် အပေးအယူစိတ်သုခနဲ့အတူ စိတ်ဒုက္ခဆိုတာ အဆစ်ပါလာတတ်တယ် ။

ကိုယ်ကသာ ချစ်နေရပြီး ကိုယ့်ကို ပြန်မချစ်ရင် ၊ ကိုယ့်အချစ်ကို အသိအမှတ် မပြုရင် ၊ ကိုယ်ချစ်မိတဲ့အချစ်ကြောင့် ပြန်ရလာမှာတွေက သက်ပြင်းတွေ ၊ မျက်ရည်တွေပဲပေါ့ ။

ချစ်လို့ယူခဲ့ကြပေမယ့် ယူပြီးခါမှ အချစ်ခန်းလာပြီ ဆိုရင် အချစ်ဟာ မီးပဲ ။ မီးဟာအရာဝတ္ထုတွေကိုလောင်ကျွမ်းစေနိုင်သလို အချစ်ဟာ စိတ် ၊ ခံစားမှု ၊ အတွေးအခေါ်တွေကို လောင်ကျွမ်းစေနိုင်တယ်ဆိုတာ သိထား ။

   ◾  ကံချွန်
   📖   အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၁  )

Tuesday, September 29, 2020

သာမညတောင်ဆရာတော်ကြီး နှင့် ဒေါ်အောင်ဆန်းစုကြည်


 

❝  သာမညတောင်ဆရာတော်ကြီး နှင့် ဒေါ်အောင်ဆန်းစုကြည်  ❞

မေတ္တာဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် အလေးအထာဆုံး ခံယူချက်သဘောထား ဖြစ်သည် ။ သူ့အနေဖြင့် နေအိမ်အကျယ်ချုပ်ဘ၀နှင့် နေရစဉ်ကလည်း ထိုအကြောင်းများကို ရေးသားခဲ့ဖူးသည် ။ သူမအတွက် မေတ္တာတရားဖြင့် အောင်မြင်ခဲ့ပုံများကို Letters from Burma ဆိုသည့်စာအုပ်၏ ပထမဆုံးအခန်းလေးခန်းတွင်ဖော်ထုတ် ရေးသားခဲ့သည် ။

ထိုအကြောင်းနှင့် ပတ်သက်ပြီး ၁၉၉၅ ခုနှစ် ၊အောက်တိုဘာ ၄ ရက်နေ့တွင် သာမညတောင်ဆရာတော်ဘုရားကြီးထံသွားရောက်ဖူးမြော်ခဲ့ပုံတွင် ဖော်ပြထားသည် ။ဆရာတော်သည် ဖားအံတောင်တွင် ၂၀၀၃ ခုနှစ် ပျံလွန်တော်မူချိန်အထိ နေထိုင်သွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၅ ခုနှစ်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်နှင့် သာမညဆရာတော်ကြီးထံ သွားရောက်ဖူးမြော်ခဲ့သည် ။ ဒုတိယအကြိမ်မြောက် နေအိမ်အကျယ်ချုပ်ဖြင့် လွတ်စဉ်ကလည်း ခေတ္တ သွားရောက်ခဲ့သေးသည် ။ မမျှော်လင့်ဘဲ ဆရာတော်ကြီးထံ သွားရောက်ဖူးမြော်ခဲ့ခြင်းသည် စစ်အာဏာရှင်နှင့် NLD တို့ကြားတွင် စိတ်ဓာတ်  ရေးရာ တိုက်ပွဲကြီးတစ်ခုကဲ့သို့ ဖြစ်သွားခဲ့ရကြောင်း တွေ့ရသည်။ ဆရာတော်ကြီးက ဝမ်းမြောက်ကျေနပ်စွာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံပြလိုက်ခြင်းမှာ စစ်အာဏာရှင်များအဖို့အနည်းငယ် အောင့်သီးအောင့်သက် ဖြစ်ခဲ့ရသည် ။

ဆရာတော်ကြီး နေထိုင်သည့် တောင်ကြောတစ်ဝိုက်တွင် ကရင်ဒုက္ခသည်ပေါင်း ၄၀၀၀ ကျော်ခန့် ရှိသည် ။ ထိုဒေသသည် ၁၉၄၈ ခုနှစ် ခန့်ကတည်းက အစိုးရထိန်းချုပ်ထားနိုင်သည့် နယ်မြေတစ်ခုဟု အပြည့်အဝ မပြောနိုင်သည့် နေရာတစ်နေရာလည်း ဖြစ်သည် ။ သာမညတောင်
တစ်ဝိုက်သည် ကရင်စစ်ပြေးဒုက္ခသည်များ ခိုနားရာ နေရာတစ်နေရာ ဖြစ်လာသည် ။ ဆရာတော်နေထိုင်သည့် ဒေသတစ်ဝိုက်တွင် နှစ်ဘက်စစ်တပ်များ ဝင်ရောက်နှောက်ယှက်ခြင်း မ​ပြု ကြသောကြောင့် ငြိမ်းချမ်းသည့်ဒေသ ဖြစ်နေသည် ။

သာမညဆရာတော်ကြီးသည် ပအိုဝ်းတိုင်းရင်းသားဖြစ်ပြီး မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ အလွန်အလေးအမြတ်ထား ကိုးကွယ်ခြင်းခံရသော ဆရာတော်ကြီးလည်းဖြစ်သည် ။ ၁၉၉၃ ခုနှစ်ခန့်တွင် ယခင် ဦးဝိနယဆိုသည့် ဘွဲ့အမည်မှ သာမညတောင်ဆရာတော်အဖြစ် တန်ခိုးကြီးလာခဲ့သည် ။ ဖားအံသို့ရောက်လျှင် ဆရာတော်ကြီး နေထိုင်သည့် တောင်ကြောဆီသို့ရောက်ရန် ဘတ်စ်ကားကို နောက်ထပ်တစ်နာရီခန့် စီးရသေးသည်။ ဆရာတော် နေထိုင်သည့်တောင်ကြောတစ်ဝိုက်တွင် မိသားစု ၇၀၀၀ ခန့်ရှိပြီး သူတို့အားလုံးကို ဆရာတော်က ထမင်းကျွေးထားသည်ဟု ဆိုရမည် ။ ဆရာတော် ကျောင်းတွင်ယာဉ်ပေါင်း ၂၂ စီးခန့်ရှိသည် ။ အများစုမှာ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်သည့်ကားကြီးများ ဖြစ်သည် ။ ထိုဒေသတစ်ဝိုက်တွင် လမ်းပြင်ရန်နှင့် အခြားဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန် ဖြစ်သည် ။

သာမညဆရာတော်ကြီး၏ အဓိကထူးခြားထင်ရှားသော ဝိသေသမှာ မေတ္တာတရားပင် ဖြစ်သည် ။ မြန်မာနိုင်ငံဒေသ အသီးသီးမှ လာရောက်  ကြသူများကလည်းဆရာတော်၏ မေတ္တာကို ခံယူကြရန်သာဖြစ်သည် ။ ဆရာတော်ထံ လာရောက်နေကြသည့် လူများစုမှာ ဆင်းရဲမွဲတေသည့် ပြဿနာများကို ရင်ဆိုင်နေကြရသောကြောင့် ( သို့ ) စစ်ဘေးကြောင့် လွတ်မြောက်ရာလွတ်မြောက်ကြောင်းအတွက် လာနေကြခြင်းလည်း ဖြစ်နိုင်သည် ။ဆရာတော်၏ မေတ္တာရိပ်တွင် ခိုလှုံလိုက်ခြင်းဖြင့် ငြိမ်းချမ်းသည်ဟု ယူဆသောကြောင့်လည်း ဖြစ်နိုင်ပါသည် ။

ဆရာတော်ထံ လာရောက်နေထိုင်ကြသည့် မိဘမဲ့ကလေးပေါင်းများစွာလည်း ရှိသည် ။ သူတို့သည် မိဘများက စွန့်ပစ်ထားခြင်း ခံရသူများ ဖြစ်နိုင်သလို စားရမဲ့သောက်ရမဲ့ဘဝ ရောက်နေကြသောကြောင့်လည်း ဆရာတော်၏ အရိပ်အာဝါသတွင် ခိုလှုံပြီး နေထိုင်ကြခြင်းလည်း ဖြစ်နိုင်သည် ။ ဆရာတော်မေတ္တာကြောင့် သူတို့ ဤနေရာတွင် ထမင်းမငတ်နိုင်ပေ ။စီးပွားရေး အလွန်ကြပ်တည်းနေသည့် ကာလတွင် ဤတောင်ကြားတစ်ဝိုက်တွင် လှူဒါန်းသူများ ကျွေးမွေးသူများနှင့် စည်ကားနေခြင်းမှာ ထူးခြားလှသည်ဟုတော့ ဆိုရမည် ။

စစ်အာဏာရှင်များသည် သူတို့ အာဏာရပြီးနောက် ဆရာတော်ကြီးအပါး ၂၀ ခန့်ကို ရန်ကုန်မြို့တော်သို့မကြာခဏ ပင့်ဖိတ်ပြီး သူတို့ အာဏာတည်မြဲရေးအတွက် စည်းရုံးရေးအသွင်လုပ်ဆောင်လေ့ ရှိကြသည် ။ သူတို့သည် သာမညဆရာတော်ကြီးကိုလည်း ရန်ကုန်သို့ပင့်ပြီး သူတို့ဩဇာတက်ရန် ကြံဖန်​ကြသော်  လည်း ဆရာတော်ကြီးသည် စစ်ခေါင်းဆောင်များ၏ ပင့်ဖိတ်မှုကို လက် မခံရုံမျှမက ရန်ကုန်သို့လည်း မကြွခဲ့ပေ ။ လူအများက ဆရာတော်ကြီးကို ရဟန္တာဟု သမုတ်ကြသည် ။ ရှေးမင်းဆက်ခေတ်က ရှင်အရဟံနှင့်လည်း နှိုင်းလေ့ရှိကြသည် ။ စစ်အာဏာရှင်တို့ ဆရာတော်ကို ရန်ကုန်သို့ ကြွစေလိုခြင်းမှာ သာသနာပြု မင်းကောင်းမင်းမြတ်ထံ ရှင်အရဟံ ကြွလာပြီးနောက် တိုင်းပြည်ကြီးလည်းသာယာဝပြော ၊ မင်းဆက် နန်းစံသက်လည်း တိုးမြင့်လာစေရန် ဖြစ်သည် ။ ဆရာတော်သည် သာမန် ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးအသွင်ဖြင့် အရိုးသားဆုံး နေထိုင်သော်လည်း  သာမညတောင်သို့ ရောက်လာသူတိုင်းကမူ ဝိဇ္ဇာတစ်ပါးဟု မှတ်ယူကာ ကြည်ညိုကိုးကွယ်သူများလည်း ရှိကြသည် ။

ဗုဒ္ဓဘာသာဝင်ရဟန်းများတွင် သမထ အားကောင်းစေရန်ဟု ဆိုကာသက်သတ်လွတ်စားသူများ ရှိကြသည် ။ သာမညဆရာတော်ကြီးသည်သက်သတ်လွတ်သမား ဖြစ်သည် ။ အလားတူ သာမညတောင်တွင်
နေထိုင်ကြသူများလည်း သက်သတ်လွတ်စားသူများ ဖြစ်ကြသည် ။ သာမည တောင်​ေကြာတစ်ဝိုက်တွင် အသားများ ရောင်းချခြင်းမပြုကြဘဲ ဟင်းသီး
ဟင်းရွက် များသာ ရောင်းချလေ့ရှိသည် ။ ဘုရားဖူး လာရောက်ကြသူများလည်း ဤတောင်ကြောတစ်ဝိုက်တွင်သက်သတ်လွတ်သာ စားကြသည် ။ ဆရာတော်ကြီး ကျောင်းတွင်လည်း လာသမျှ ဘုရားဖူးအားလုံးကို သက်သတ်လွတ် ထမင်းဟင်းများသာ ချက်ကျွေးလေ့ရှိသည် ။ မေတ္တာကို အခြေခံကာ သတ္တဝါများအပေါ် သနားသဖြင့် အသက် မသတ် ၊ အသားမစားသည့် ဆရာတော်၏ မေတ္တာသည် အားလုံးအပေါ် လွှမ်းခြုံပြီး အေးချမ်းသည့် နေရာတစ်နေရာဟု ဆိုရမည် ။ နေ့စဉ် သာမညတောင်သို့ နိုင်ငံအနှံမှ ဖူးမြော်ရန် ရောက်လာသူများကို ဆန်တင်း ၁၀၀ ခန့်ချက်ကာ သက်သတ်လွတ်ဟင်းများဖြင့် ကျွေးထားနိုင်သည့် ဆရာတော်၏ စွမ်းအားမှာ ထူးခြားလှသည် ။ ထို့ပြင် ဆရာတော်ကြီးသည် ဖားအံ မှ ကော့ကရိတ်အထိ ၉၇ မိုင်ရှည်သော လမ်းကို ကတ္တရာခင်းပေးခြင်း ၊ လမ်းတံတားအစင်းပေါင်း ၉၀ ခန့်ကို မိမိတစ်ဦးတည်းက ဆောက်လုပ်ပေးခြင်းများကိုလည်း ပြုလုပ်ပေးခဲ့သည် ။

ဆရာတော်ကြီးထံ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖူးတွေ့သလို ထိုစဉ်က နဝတအဖွဲ့မှ စစ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ခင်ညွန့် လည်း လာရောက်ဖူးတွေ့သည် ။ ဆရာတော်၏ သဘောထားနှင့် ပတ်သက်ပြီး စစ်ခေါင်းဆောင်များ အလွန်အရှက်ရခဲ့ကြသည်ချည်း ဖြစ်သည် ။ ဘွဲ့ထူးဂုဏ်ထူးများဖြင့် ချီးမြှောက်သော်လည်း မခံယူ ၊ အားလုံးကို လျစ်လျူရှုခဲ့သည် ။ ဆရာတော်ကြီးသည် စစ်ဗိုလ်ချုပ်များက ရန်ကုန်သို့ ပင့်ဖိတ်သော်  လည်း မလာခဲ့ပေ ။ နောက်ဆုံး နာမကျန်းဖြစ်သဖြင့် ရန်ကုန်သို့ဆင်းပြီးဆေးကုသမှု ခံယူခဲ့ရသည် ။ ထိုသို့ ဆေးကုသမှု ခံယူရာတွင်လည်း ဗိုလ်ချုပ်ခင်ညွန့်က အတင်းအဓမ္မဆေးဖိုးများ ကျခံသည်ဆိုကာ နာမည်ကောင်း ဝင်ယူခဲ့သည် ။ ဆရာတော်ကြီးသည် ကျန်းမာလာသောအခါ ဗိုလ်ချုပ်များ ပင့်သည်ကို မကြွဘဲ ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ ကြွရောက်ခဲ့သောကြောင့်လည်း စစ်ခေါင်းဆောင်များ အရှက်ရခဲ့ကြရသည် ။

ဗိုလ်ချုပ်ခင်ညွန့်သည်သာမညတောင်သို့ လာရောက်ခဲ့သည် ။ သူသည် တောင်ပေါ်သို့ တက်လာပြီး ဆရာတော်ကြီးကို ဖူးတွေ့ခဲ့ရသည် ။ ဆရာတော်ကြီးက သူ့ကို ခရီးဦးကြိုခြင်းလည်း မပြု ၊ ဖိတ်ခေါ်ခြင်းလည်း မပြုခဲ့ပေ ။ ဒေါ်အောင်ဆန်းစုကြည် သည် ဆရာတော်ကြီးကို လာရောက်ဖူးတွေ့စဉ်က ဆရာတော်ကြီးကိုယ်တိုင် တောင်အောက်သို့ ကြွလာပြီး တွေ့ဆုံခဲ့သည့်အပြင် နောက်လည်းလာရန် မိန့်ကြားတော်မူခဲ့သည် ။ ဗိုလ်ချုပ်ခင်ညွှန့်က ဆရာတော်ကြီးကို ဗင်ကားတစ်စီးလှူသည် ။ ဆရာတော်ကြီးက ရဟန်းများသည် ကားမလိုဟုဆိုကာ ပြန်ယူသွားခိုင်းခဲ့သည် ။

ဆရာတော်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်က ပြုံးရွှင်ရယ်မောကာ ပွင့်ပွင့်လင်းလင်း စကား​ေတွ ပြောသည် ။ ဗိုလ်ချုပ်ခင်ညွန့် ကိုမူ ဆုံးမစကားသာ ပြောကြားတော်မူခဲ့သည် ။ ဆရာတော်ကြီးက ဗိုလ်ချုပ်ခင်ညွှန့် ကို ဦးပဉ္စင်းမရှိရင် မင်းလည်း မရှိတော့ပါဘူးဟု ဆုံးမလိုက်ကြောင်း ၊ အနီးရှိသူများက ပြောကြားကြသည် ။ ဆရာတော် ပျံလွန်တော်မူပြီး တစ်နှစ်မပြည့်မီ အချိန်တွင် ဗိုလ်ချုပ်ခင်ညွန့် ရာထူးမှ အဖယ်ခံလိုက်ရကာ နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့ရသည်။

ဗိုလ်ချုပ်ခင်ညွန့် ဆရာတော်ထံလာစဉ်က ဆရာတော်ကြီးသည်သူနှင့်အတူ ဓာတ်ပုံရိုက်ခွင့် မပေးခဲ့ပေ ။ ဒေါ်အောင်ဆန်းစုကြည်ကိုမူ အတူဓာတ်ပုံရိုက်ခွင့် ပေးခဲ့ကြောင်း တွေ့ရသည် ။

ဗိုလ်ချုပ်ခင်ညွန့်ကို ဆရာတော်ကြီး ပေးတွေ့ချိန်မှာ သူလိုငါလို ဖူးတွေ့ချိန်အတိုင်းသာ ခေတ္တမျှဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည် နှင့် ဆရာတော်ကြီး တွေ့ချိန်မှာ တစ်နာရီခန့် ကြာမြင့်ခဲ့သည် ။

ဗိုလ်ချုပ်ခင်ညွန့်သည် ဆရာတော်ကြီးကို ဖူးတွေ့ပြီး ပြန်ရန် ကားပေါ်တက်လိုက်သည့်အခါတွင်ကားသည် စက်နှိုးမရ ဖြစ်နေသည် ။ သူကကားပေါ်မှ ဆင်းလာပြီး ဆရာတော်ကြီးထံ ပြန်လာကာ ဦးခိုက်ပြီး ထိုအကြောင်းကို ပြောပြသည် ။ ဆရာတော်ကြီးက ဒေါသကိုထိန်းရင် အလိုလို ပြန်ကောင်းသွားမည်ဟု ပြောလိုက်သည် ။ နောက်တစ်ကြိမ် ကားပေါ်
တက်ပြီး စက်နှိုးမှရသွားသည် ။

၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ဆရာတော်ကြီးက ရှေ့လည်းမတိုးနဲ့ ၊ နောက်လည်းမဆုတ်နဲ့ဟု မိန့်မှာတော်မူခဲ့သည် ။ ဒီပဲယင်း သို့ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ခရီးထွက်သည့်အခါတွင် လုပ်ကြံ  တိုက်ခိုက်ခြင်း ခံလိုက်ရသည် ။ ဆရာတော်ကြီး ပျံလွန်တော်မူသည့်အခါတွင် ရုပ်အလောင်းကို အဓမ္မလာပြီး ယူဆောင်သွားခြင်း ခံလိုက်ရသည် ။ မည်သည့်အဖွဲ့အစည်း ၊ မည်သူတို့လာရောက် ယူဆောင်သွားခြင်း ဖြစ်ကြောင်း ယနေ့တိုင် လက်သည်မပေါ်ခဲ့ပေ ။ ၂၀၀၃ ခုနှစ်တွင် ပျံလွန်တော် မူခဲ့သော ဆရာတော်ကြီးရုပ်အလောင်းကို သာမညကျောင်းတွင်ထားစဉ်လက်နက်ကိုင် လူတစ်စုသည် တိုယိုတာကားဖြင့် ရောက်လာပြီး အဓမ္မလုယက် ယူဆောင်သွားကြခြင်း ဖြစ်သည် ။

အလောင်းတော်ကို ယူဆောင်သွားပြီး လေးရက်ကြာမှ ဆရာတော် ရုပ်အလောင်းကို မီးသဂြိုဟ်ပြီးကြောင်း ၊ အရိုးပြာများကို ကော့ကဒါကျေးရွာတွင် ထားခဲ့ကြောင်း အကြောင်းကြားသဖြင့် သွားကြည့်ကြရာ ကျောင်းမှ ယူဆောင်သွားသည့် ခေါင်းတလားနှင့် ပြာပုံလေးကို တွေ့ကြရသည် ။ဆရာတော်၏ အရိုးပြာဟုတ်မဟုတ် မသိရသော်လည်း ရသမျှကိုသာ ဒကာ ဒကာမများက ပြန်သိမ်းလာခဲ့ကြရသည် ။

မည်သို့ဆိုစေ ဆရာတော်ရုပ်အလောင်း ပျောက်ဆုံးခြင်းသည် ​ေဗဒင်ယတြာကို အလွန်အမင်း ယုံကြည်တတ်သည့် စစ်ခေါင်းဆောင်များနှင့် ပတ်သက်နေလိမ့်မည်ဟုလည်း ယူဆကြသည် ။ အချို့ကလည်း ရဟန္တာ ပုဂ္ဂိုလ်များ၏ ရုပ်ကြွင်းများဖြင့်နေပြည်တော်ရှိ ဥပါဒသန္တိစေတီတော်ကိုတည်ဆောက်ကာယတြာချေနေခြင်းဖြစ်ကြောင်း စွပ်စွဲကြသည် ။ မည်သို့ဆိုစေ မေတ္တာတရားဖြင့် နေထိုင်လေ့ရှိသော ဆရာတော်ကြီးသည် မေတ္တာ​ ပေးသင့်သူကို ပေးခဲ့ပြီး ၊ မေတ္တာ မပေးသင့်ဟု ယူဆသူများကို မေတ္တာ မပေးခဲ့ရုံမက ၊ တိုင်းပြည်၏ မင်းဆိုးမင်းညစ်များအဖြစ် ပြည်သူ မချစ်သော အုပ်စိုးသူအပေါ် မျက်နှာသာ မပေးခဲ့ဆိုခြင်းမှာ ဆရာတော်ကြီး၏ ထူးခြားသော ပြည်သူ့အပေါ်ထားသည့် မေတ္တာဟုသာ ဆိုရမည် ဖြစ်ပါသည်။

Ref: Sacralizing or Demonizing Democracy?
Gustaaf Houtman

      ◾  တင်ညွန့်
     📖   ဦးသန်းရွှေ ၏ ယတြာများ

.

Monday, September 28, 2020

လှစေချင်လို့


 

❝  လှစေချင်လို့  ❞

သမီး

ဒီစာဟာ သမီးအတွက် ရေးလိုက်တာပါ ။

ဘယ်သမီးလဲလို့ ဘေးဘယ်ညာ လှည့်ကြည့်မနေပါနဲ့ ။ အခု ဒီစာကို ဖတ်မိနေတဲ့ သမီးအတွက်ပဲ ရေးလိုက်တာပါ ။

ကျောင်းဆရာတစ်ယောက် မို့ ကိုယ့်ကိုယ်ကိုယ် ဆရာလို့ပဲ သုံးပါရစေ ။ ဆရာကိုယ်ဆရာ မိတ်ဆက်ပါ့မယ် ။ ဆရာက အသက် ၂၀ ကျော်အရွယ် သမီးတစ်ယောက်နဲ့ အသက် ၂၀ ကျော်အရွယ် သားတစ်ယောက်ရဲ့ဖခင်တစ်ဦး ။ ပြီးတော့ အသက် ၂၀ကျော် အရွယ် တပည့်တွေ ရာနဲ့ ထောင်နဲ့ချီပြီး စာသင်နေတဲ့ တက္ကသိုလ် ဆရာတစ်ဦး ။ ပြီးတော့ အသက် ၂၀ ကျော် လူငယ်တွေဖတ်ဖို့ အဓိကဖြစ်တဲ့ စာမျိုးတွေ ရေးနေတဲ့ စာရေးဆရာတစ်ဦးဆိုရင် လုံလောက်ပြီ ထင်ပါရဲ့ နော် ။

ဒီပထမဦးဆုံးစာမှာ ဆရာပြောချင်တာကတော့ မိန်းကလေးတွေ  လှချင်ကြတဲ့ကိစ္စ ဖြစ်တယ်ကွယ့် ။

မိန်းကလေး လှချင်တာများအပြစ်လားလို့ စောဒက မတက်လေနဲ့ ။ ဆရာကသဘောတူပြီးသား ။ မိန်းကလေးတွေမှ မလှချင်ရင် ဆရာတို့ နေနေရတဲ့ လောကကြီး ယဉ်ကျေးမှု တော်လှန်ရေးခေတ်က တရုတ်ပြည်ကြီးနဲ့ တူသွားမှာများ မတွေးရဲပါဘူး ။

ဟော ခုကျတော့ ယောက်ျားလေးတွေကပါ လှချင်လာတာ တော်တော် တွေ့နေရပြန်သကွယ့် ။ ယောက်ျားကလေးလည်း မိန်းကလေးတွေ က ရုပ်ချောတယ်လို့ အပြောခံချင်ကြတာသဘာဝကျပေမယ့် ယောက်ျားလေးတန်မဲ့နဲ့ ကိုယ့်ရုပ်အသွင်အပြင်အတွက် အချိန်တွေ ၊ ငွေတွေ အာရုံစိုက် မှုတွေ အများကြီး ထည့်နေကြတာမျိုး ကျတော့လည်း ဒီလိုသာ လူငယ်တိုင်း ဖြစ်နေကြရင် ဒီနိုင်ငံကြီး နေပျော်စရာမရှိတော့ဘူး ထင်မိတာ အမှန်ပဲကွယ့် ။ သမီး  မိန်းကလေးတစ်ယောက် အမြင်နဲ့ ကြည့်ပါဦး ။ သမီးတို့ အိမ်ထောင်ကျတဲ့အခါကျရင် သမီးရဲ့အိမ်ထောင်ဦးစီးဖြစ်လာမယ့် သမီးချစ်သူဟာ မှန်ရှေ့မှာ သူဝင်နေလို့ သမီးတောင် ထိုင်စောင့်နေရတဲ့ လူမျိုးဖြစ်ရင် သမီး အထင်ကြီး အားကိုးပါ့မလားလို့ ။ ထားတော့ ။

ဒါက ဒီစာရဲ့ အဓိကအကြောင်းရင်း မဟုတ်လေတော့ သမီးတို့ မိန်းကလေးတွေ လှချင်ကြတဲ့ ကိစ္စပဲ ဆရာ ဆက်ရေးပါဦးမယ် ။

➡ မိန်းကလေးတွေ လှချင်တာ အမှန်ကွယ့်

ယောက်ျားကလေးတွေလည်း မိန်းကလေးတွေကို လှစေချင်ကြတာ အမှန်ပါပဲ ။

အံ့ဩဖို့ကောင်းတာက မိန်းကလေးတစ်ယောက် လှဖို့ဆိုတာ အင်မတန်လွယ်တဲ့ကိစ္စ ဖြစ်လျက်နဲ့ မိန်းကလေး အများစု ဘယ်လိုလုပ်ရမယ် မသိ ဖြစ်နေကြတာပါပဲ ။

ဆရာ့ အသက်အရွယ်နဲ့ ဒီကိစ္စတွေ ဘယ်လိုလုပ်သိပါ့မလဲလို့ သံသယ မဖြစ်နဲ့နော် ။ ဆရာက အခုအသက် ၅၀ ကျော်ပေမယ့်ဆယ်ကျော်သက် ဘဝရော ၊ နှစ်ဆယ်ကျော် ဘဝရော ၊ သုံးဆယ်ကျော် ဘဝရော ၊ လေးဆယ်ကျော် ဘဝပါ ဖြတ်သန်းပြီးခဲ့ဖူးသား ဖြစ်တဲ့အပြင် နေ့ရှိသရွေ့နှစ်ဆယ်ကျော်ကလေးတွေနဲ့ နေနေရတာဆိုတာ မမေ့ပါနဲ့ဦး ။

➡  လှဖို့အတွက် ငွေနဲ့ အချိန် ဘယ်လောက်လိုသလဲ

ဒီမေးခွန်းကို ဖြေကြည့်ပါ သမီး ။

ဒီခေတ် ဒီအခါမှာ ယောက်ျားကလေးတွေက အလုပ်လုပ်ပြီး မိန်းကလေးတွေက အိမ်ထဲမှာ နေရတဲ့ အယူအဆမျိုးတွေ ခေတ်နောက်ကျနေပြီဆိုတာ သမီးတို့အသိ ။ ယှဉ်ပြောကြကြေးဆိုရင် အရည်အချင်းတူရင်  မိန်းကလေးတွေကတောင် ယောက်ျားကလေးတွေထက်ပိုပြီး အလုပ်တစ်ခုရဖို့ လွယ်နေတဲ့ ခေတ်မျိုးပါ ။

သည်ခေတ် မိန်းကလေးတွေအတွက် အချိန်ဆိုတာ ငွေပါပဲ ။ ငွေသုံးရင် အလုပ်ချိန် ပိုလုပ်ပြီး အချိန်သုံးရင် ဝင်ငွေနည်းသွားမှာပါ ။

သည်ခေတ် မိန်းကလေးတွေထဲမှာ အလှဆိုတာအတွက် အချိန်ရော ၊ ငွေရော အများကြီး သုံးနေတဲ့ မိန်းကလေးတွေ ရှိနေတာ အမှန်ပဲ သမီး ၊ ဥပမာ - ဆံပင်အရောင် တစ်ခါဆိုးရင် နှစ်နာရီ ကနေ သုံးနာရီ ကြာတယ် ။ ငွေနှစ်သောင်း ၊ သုံးသောင်း ကုန်တယ် ။ ဟုတ်တယ် မဟုတ်လား ။ ဘာအလုပ်မှ လုပ်စရာမလိုဘဲ မုန့်ဖိုး သိန်းချီရနေတဲ့ သူဌေးသမီးတစ်ယောက် အတွက်တော့ ဒါငွေနဲ့ အချိန်ဖြုန်းတီးတာ သက်သက်လောက်ပဲ ဖြစ်ပေမယ့် တစ်လ ခုနစ်သောင်းနဲ့ တစ်သိန်းကြားထဲ လစာရတဲ့ ဘွဲ့ရ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးကလေးတစ်ယောက်အတွက်တော့ တခြားဘက်ကနေ ချွေတာလိုက်ရတဲ့ အချိန်နဲ့ငွေ မများလွန်းဘူးလားလို့ တွေးကြည့်မိစရာပါ ။

ဒီထက်ပိုတစ်ဆင့်တက် တွေးမိရင် ရှာနိုင်တာထက် သုံးချင်တာကများ ၊ ရှာဖို့ကလည်း အချိန်မလောက်လာရင် အချိန်တိုတိုနဲ့ ငွေတွေအများကြီးရဖို့ လိုလာရော ။ အဲဒီအခါကျရင် အလှနဲ့ လှချင်စိတ်ဟာ စာရိတ္တရဲ့ ရန်သူအထိတောင် ဖြစ်တတ်တယ် သမီး ။

ယောက်ျားကြီးတစ်ယောက်အနေနဲ့ ဆရာ့အမြင်ကို ပြောရရင်တော့ မြန်မာလူမျိုးရဲ့ အသွင်အပြင် ဆံပင်အနက်ရောင်ကလေးကို သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်ထားတဲ့ သမီးတစ်ယောက်ဟာ မြန်မာလူမျိုးမှာ လုံးဝမရှိတဲ့ ( ဆေးဆိုးထားတယ် ဆိုတာ လူတိုင်းသိတဲ့ ) ၊ သဘာဝမကျတဲ့ ဆံပင်အရောင် ၊ ပုံစံဆန်းဆန်း လုပ်ထားတဲ့ မိန်းကလေးတစ်ယောက်ထက်တော့ အများကြီး ပိုကျက်သရေရှိတာ အမှန်ပဲ ။

LV အိတ်ပဲ ကိုင်တယ်ပြောတဲ့ မော်ဒယ်လ်မကလေးတစ်ယောက် အကြောင်းကို လွန်ခဲ့တဲ့ နှစ်နှစ် ၊ သုံးနှစ်လောက်က ဂျာနယ်တစ်စောင်မှာ ဖတ်ရဖူးသေးတယ် သမီး ၊ ပါရီမြို့ကို ဆရာရောက်တုန်းက အဲဒီ LV ဆိုင်ကို သွားကြည့်ခဲ့တာပေါ့ ။ တန်းစီပြီးမှ လူဦးရေ ကန့်သတ်ချက်နဲ့ ဝင်ဝယ်ရတဲ့ ဆိုင်များ ၊ အိတ်တစ်လုံးကို မော်တော်ကားတစ်စီးစာလောက် တန်ချင် တန် သွားတတ်တဲ့ ဆိုင်မျိုး ။ တိုင်းပြည်မှာရှိတဲ့ ကလေးတွေရဲ့ ၄၀ ရာခိုင်နှုန်း အာဟာရချို့တဲ့နေတဲ့ နိုင်ငံမှာ ကိုယ်ဝယ်ကိုင်နိုင်ရင်တောင် လူကြားထဲ ထုတ်ပြရမှာ အားနာစရာမဟုတ်လား သမီး ။ အဲသလို ဈေးကြီးနေတဲ့ အကြောင်းကလည်း တကယ့်သားရဲတိရစ္ဆာန်ကလေးတွေ
အများကြီး သေပေးမှ ဖြစ်လာရတဲ့ အိတ်မို့လို့ မဟုတ်လားသမီး ။

ဆရာ့မျက်စိထဲတော့ ရုံးသွားမယ့် အိတ်ရိုးရိုးလေးတစ်လုံး ပခုံးလွယ်ထားတဲ့ မိန်းကလေး တစ်ယောက်ကို ကြည့်ရတာ ပိုမျက်စိအေးပါတယ် ။ နုပျိုလန်းဆန်းမှုကို ပိုထင်ဟပ်နိုင်ပါတယ် ။ တန်ဖိုးကြီး အဝတ်အစားတွေလည်း ဒီသဘောပါပဲကွယ် ။

➡  လှတာနဲ့ တပ်မ က်ဖွယ်ရာကို ခွဲသိဖို့

လှတာဟာ ဂုဏ်ယူစရာပါ သမီး ။

တပ်မ က်ဖွယ်ရာကောင်းအောင် လုပ်ဖို့ကတော့ ဘယ်သူမဆို လုပ်လို့ရပါတယ် ။ ခေတ်နဲ့အညီ ရေစီးကြောင်းတွေက ပြောင်းနေတာတော့အမှန်ပဲ ။ ဒီခေတ်မှာ ရင်ဖုံးအကျီပွပွကြီးတွေ ဘယ်ဝတ်နေတော့မှာလဲ ။ မိန်းကလေးတစ်ယောက် ဘောင်းဘီရှည်ဝတ်တာလည်း နှာခေါင်းရှုံ့ ရမယ့်ကိစ္စတော့ မဟုတ်တော့ဘူး ။

ဒါပေမဲ့ မြင်တဲ့သူကို တပ်မ က်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ခန္ဓာကိုယ်အသားအရေကို လှစ်ပြီးပဲဖြစ်ဖြစ် ၊ ကိုယ်နေဟန်ထားကို ပဲဖြစ်ဖြစ်ဖော်ပြပြီး ဝတ်စားထားတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ် ယောက်ျားကလေးမှ လှတယ်လို့ မထင်ကြဘူး ဆိုတာကိုတော့ ယုံကြည်စေချင်တယ် ။

တပ်မ က်တာက တပ်မ က်တာ သက်သက် ။ ချစ်စရာလို့ မြင်တာမှအလှကို ခံစားတာ မတူပါဘူး သမီး ။

အဝေးကနေမြင်ပြီး အသက်ရှူမြန်ချင် မြန်တတ်ပေမယ့် အနီးကပ်ပြီး လူကြားထဲ ခေါ်သွားရမှာကိုတော့ ကိုယ့်ချစ်သူကိုယ်တိုင်ကတောင် မလုံမလဲ ခံစားကြရတတ်ပါတယ် ။

အန္တရာယ်ကိုလည်း ဖိတ်ခေါ် ၊ ကိုယ့်ကိုလည်း သူများ တန်ဖိုးမထားစေတတ်တဲ့ အဆင်အပြင်နဲ့ အလှကိုတော့ ခွဲမြင်ကြစေချင်တယ် ။

➡  လူတိုင်းလှတဲ့ အရွယ်ပါ

မိုးရေဆမ်းထားတဲ့ ပန်းကလေးတစ်ပွင့်ကို ကြည့်ရတာ မလှဘူးလားလို့မေးရင် ဘာပန်းလဲ ၊ ဘာအရောင်လဲ ဘယ်သူမှ မေးနေမှာ မဟုတ်ပါဘူး ။ လှတယ်လို့ တညီတညွတ်တည်း သဘောတူကြမှာပါ ။

သမီးတို့ အရွယ်ဆိုတာ အဲဒီ မိုးဆမ်းထားတဲ့ ပန်းကလေးတွေလိုပါပဲ ။ နှင်းဆီလည်း လှတာပါပဲ စံပယ်လည်း လှတာပါပဲ ၊ ကံ့ကော်လည်း လှတာပါပဲ ။

သန့်ရှင်းကြည်လင်မှုက အလှတရားပါး ဆံပင်ထဲမှာလည်း အဖြူ ၊ အညို မစွက်သေးဘူး ။ မျက်နှာမှာလည်း အရေးကြောင်း တွဲမကျသေးဘူး ။ နှလုံးသွေးကြောလည်း အဆီပြင် မဖုံးသေးဘူး ။

အရေးအကြီးဆုံးကတော့ မျက်လုံးကလေးတွေလည်း ကြည်လင်နေကြတုန်းပဲ ။ သမီးတို့အရွယ်ကလေးတွေ ဘယ်လောက်လှတယ်ဆိုတာ ဆရာတို့အရွယ်ရောက်ပြီး ပြန်လှည့်ကြည့်တော့မှ သဘောပေါက် မှာ ။

လူတိုင်း လှတဲ့ အရွယ်ပါ သမီး ။

ကြည်လင်တဲ့ မျက်လုံးကလေးတွေ အရောင်အစွန်းအထင်း ကင်း
ဖို့ကိုတော့ ပညာနဲ့ဆင်ခြင်တုံတရား လိုသေးတယ်နော် ။

➡  အဝတ်အစားတွေ အများကြီး လိုသလား

စနိုးဝှိုက်နဲ့ လူပုလေး ခုနစ်ယောက် ပုံပြင်ထဲက စနိုးဝှိုက်ကလေး ကိုတော့ သမီးတို့ သိမှာပါနော် ။

စနိုးဝှိုက်ကလေးဟာ ကာတွန်းဖြစ်လိုက် ၊ ရုပ်ရှင် ဖြစ်လိုက်နဲ့ အများ မျက်စိထဲမှာ လှနေတာ ရာစုနှစ် တစ်နှစ်တောင် ပြည့်တော့မယ် သမီး ။ အဝတ်အစား တစ်မျိုးတည်းပဲ ဝတ်သွားခဲ့တာ သတိထားမိသလား ။

အဲသည် အဝတ်အစား တစ်မျိုးတည်းနဲ့ပဲ လူမျိုးပေါင်းစုံ ၊ ခေတ်ပေါင်းစုံ ၊ အရွယ်ပေါင်းစုံရဲ့ မျက်စိထဲမှာ လှနေခဲ့တာ ဘာကြောင့်လို့ထင်လဲ သမီး ။

ပထမဦးဆုံးတစ်ခုကလိုက်လျောညီထွေရှိမှုပါ ။ စနိုးဝှိုက်ကလေးရဲ့အဝတ်အစားဟာ သူ့ပတ်ဝန်းကျင်ထက်ကို စူးစူးရဲရဲကြီး ထူးခြားမနေဘူး ။ သင့်တင့်လျောက်ပတ်နေတယ် ။ အမြင်မရိုင်းဘူး ဆိုပါတော့ကွယ် ။ သူ့ကိုယ်ဟန် အမူအရာနဲ့လည်း လိုက်ဖက်နေပြန်တယ် ။ ဒါကတော့ ရွေးချယ်တတ်မှုပေါ့ ။

ဆရာ ဆိုလိုတာက မိန်းကလေးတစ်ယောက် မှာ အဝတ်အစား အလဲအလှယ် များများရှိဖို့ မလိုဘူးကွယ့် ။ ဝတ်ထားစားထားတဲ့ ပုံစံက ကိုယ်ကိုယ်တိုင်နဲ့ရော ၊ ပတ်ဝန်းကျင်နဲ့ရော ( ပတ်ဝန်းကျင်ဆိုတာ ယဉ်ကျေးမှု အရရော ၊ ရာသီဥတုအရရော ကိုယ်ဝတ်စား သွားရမယ့်နေရာ ၊ ကာလံ ဒေသံပေါ့ကွယ် ) အဆင်ပြေပြေ ညီညီညွတ်ညွတ်ရှိဖို့က အဓိကလို့ ဆိုလိုချင်တာပါပဲ ။

ဆရာ တစ်ခါမတွေ့ဖူးတယ် ။ အဆိုတော်မလေး တစ်ယောက်။ ရုပ်ကလေးကလည်း ချောပါရဲ့။ အသံကလေးကလည်း ကောင်း ၊ မင်္ဂလာဆောင်မှာ ဘိသိက်သီချင်း ဆိုတာ ။ မြန်မာဝတ်စုံဝတ်ပြီး ပဝါလည်း စုံချထားပါရဲ့ အင်္ကျီလက်က လက်တို ဖြစ်နေတယ် ။ အရေးတကြီးကြီး မဟုတ်ပေမယ့် ကြည့်ရတာ မျက်စိထဲမှာ တစ်ခုခုလွဲနေသလို ဖြစ်တာပေါ့ကွယ် ။

ဆရာ ဆိုလိုတဲ့ ကာလံဒေသံ ဆိုတာ အဲဒါမျိုးကို ပြောတာပါ ။ အဲဒီထက် ဆိုးတာလည်း ရှိတာပေါ့ ။

ဥပမာ အဲဒီ မင်္ဂလာဆောင်မှာတောင် တိုလွန်းတဲ့ စကတ်နဲ့လာတဲ့ မိန်းကလေးတွေ ရှိနေတာပဲ ။

ဒုတိယ အရေးအကြီးဆုံး အချက်က သန့်ရှင်းသပ်ရပ်မှုပါ ။ အခု ပုဂ္ဂလိက ဘဏ်တွေပေါ်လာတော့ ဆရာသတိထားမိတာ ရှိတယ် ။ ဘဏ်ဝန်ထမ်း မိန်းကလေးတွေရဲ့ ဝတ်စုံကများသောအားဖြင့် ခေတ်မမီလွန်း ရှေးမကျလွန်းတဲ့ မြန်မာဝတ်စုံမျိုးပဲ ။ အရောင်ရော ၊ ပုံစံရော အတူတူ ဝတ်ထားကြပေမယ့်များသောအားဖြင့် သူတို့ကြည့်ရတာ လှတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သန့်ရှင်းပြီး သပ်ရပ်နေတာကိုး ။

တတိယအချက်ကတော့ အရေးကြီးဆုံးအချက်ပါ သမီး ။

ကြည်လင်နေဖို့ပါ ။

ကြည်လင်နေမှ လှတာပါ ။

စနိုးဝှိုက်ကလေးကို ကြည့်လိုက်ရင် အမြဲ ကြည်လင်နေတာပဲ ။ ဒါကြောင့် လှတာပေါ့ ။ စုန်းမကြီးက ဘုရင်မကြီးလို လှလှပပ ဝတ်စားထားတုန်းကလည်း မလှပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ မကြည်လင်လို့ပါပဲ ။

ကြည်လင်တယ်ဆိုတဲ့ မျက်နှာမျိုးကလေးက မေတ္တာနဲ့ နေမှ ရှိတတ်တာပါ ။ ဘယ်သူ့အပေါ်မှာမဆို ချမ်းသာမှုပဲ ဖြစ်စေချင်ပြီး ဒုက္ခတွေ ကင်းဝေးစေချင်နေတဲ့ မျက်နှာကလေးမျိုးပေါ့ ။

ခက်သလား သမီး ။

စနိုးဝှိုက်ကလေးက ပုံပြင်ထဲမှာပဲ ရှိတယ်လို့ တွေးနေတာလား ။

➡  မေတ္တာရဲ့ အလှ

လွန်ခဲ့တဲ့ လေးနှစ်လောက်က ဆရာ ဝတ္ထုတိုကလေး တစ်ပုဒ် ရေးခဲ့ဖူးတယ် ။

အိပ်မ က်ထဲက နတ်သမီးတဲ့ ။

လှတာကို သိပ်မ က်တဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့ ။ သူ့မှာ သူငယ်ချင်းမလေး သုံးယောက်ရှိတယ် ။ နှစ်ယောက်က လှတယ် ။ တစ်ယောက်က ရွက်ကြမ်းရေကျို ပေါ့လေ ။ သူက လှတဲ့ နှစ်ယောက်စလုံး နဲ့ တစ်လှည့်စီ ရည်းစားဖြစ်တယ် ။ နောက်ကွဲသွားတယ် ။ နှစ်ပေါင်းများစွာကြာလို့ ပြန်တွေ့ကြတော့ အဲဒီနှစ်ယောက်စလုံးက မလှတော့ဘူး ။ သူ မချစ်ခဲ့မိတဲ့ တစ်ယောက်က လှနေလို့ သူ အံ့ဩရတယ် ။ အိပ်မ က်ထဲက နတ်သမီး ပေါ့ ။ အကြောင်းရင်းကတော့ အဲဒီ သူငယ်ချင်းမလေးက မိဘမဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့ အလုပ်ပဲ တစ်သက်လုံး လုပ်နေခဲ့တော့ မေတ္တာနဲ့ နေနေတော့ မျက်နှာကလေးက ကြည်လင်နေတာတဲ့ ။

ဆရာ့ဘဝ အတွေ့အကြုံတွေထဲက တွေ့ကြုံဖူးတာကလေးတွေကို ပြန်ပေါင်းစပ်ပြီး ရေးခဲ့တဲ့ ဇာတ်လမ်းမျိုးပါ ။

မေတ္တာနဲ့နေရင် လှတယ်ဆိုတာ ယုံပြီလား သမီး ။

မယုံမရှိပါနဲ့ကွယ် ။

အခုလည်း သမီး သတိထား ကြည့်မယ်ဆိုရင် သမီးတို့အရွယ် မိန်းကလေးတွေထဲမှာ စနိုးဝှိုက်ကလေးတွေ ရှိနေတာ သတိထားမိမှာပဲ ။

အလှပြင်ဖို့ ပိုက်ဆံတွေလည်း အများကြီးရှိစရာ မလိုဘူး ။ အချိန်တွေလည်း အများကြီးပေးစရာ မလိုဘူး ။

သူများစွဲမ က်အောင် ဆွဲဆောင်နေဖို့ မလိုဘူး ။

အဝတ်အစား ဖက်ရှင်အမျိုးမျိုး လဲလှယ်ဝတ်နိုင်ဖို့လည်း မလိုဘူး ။ သန့်ရှင်းကြည်လင်တဲ့ မေတ္တာနဲ့ လှနေလို့ ရပါတယ် ။

အဲသလို လှနေတဲ့ မိန်းကလေးတွေကမှသာ ကိုယ်တိုင်လှရုံသာမက ပတ်ဝန်းကျင်ကိုပါ အလှဆင်နိုင်ကြပါတယ် သမီး ။

နည်းနည်းလေး သတိထားပြီး လေ့လာကြည့်လိုက်ပါ ။ တွေ့မှာပါ ။

သမီးလေး သန့်ရှင်းကြည်လင်စွာ လှနိုင်ပါစေကွယ် ။

             ◾ လင်္ကာရည်ကျော်

Thursday, September 17, 2020

ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများ


 ❝ ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများ ❞


( ၁ )


ဒီလူကြီးတွေ.... ဒီလူကြီးတွေ... 

သွားရေတွေ တများများ 

လူသားစား ကျားပါးစပ်နဲ့ 

အရပ်မှာ " ဗျိုး " ဟစ်ပြီး 

" ကွန်မြူနစ်ဆန့်ကျင်ရေး " တဲ့ 

အရေးပါတဲ့ ဒီဆောင်ပုဒ်နဲ့ 

လုပ်စားပေါင်းများခဲ့ပြီ ။


( ၂ )


ကွန်မြူနစ်တွေဆိုတာ 

ဘုရားမရှိ တရားမသိ 

အမှားအတိနဲ့ 

အလကားငတိတွေ ထင်အောင် 

တွင်တွင်ကြီး ဝါဒဖြန့် 

ကွန်မြူနစ်တစ္ဆေနဲ့လှန့်

ရွာအနှံ့ ရပ်အနှံ့ မောင်းထု

ပြည်သူကိုတော့ ထောင်းထုပြီး 

မကောင်းမှုမှာ သရဖူဆောင်း 

သူရဲကောင်းကြီး ဟန်ပန်လုပ် 

အာဏာကို အချောင်အုပ်ကြတယ် ၊ 

ပုပ်လိုက်တဲ့ သမိုင်း

ယုတ်ပတ်တဲ့ အကြံရိုင်းပေပ ။


( ၃ )


ကွန်မြူနစ်ကို လက်ညှိုးထိုး 

ကိုယ်ကျိုးကို အရနှိုက်

ဓါးပြတိုက် ခါးပိုက်ဆောင်တပ်တွေနဲ့ပါလား ။


လဲဗီးတဲ့.... ပြူစောထီးတဲ့... 

လက်နက် မဲ့ ပြည်သူတွေကို 

ကူညီမလို အကြောင်းပြပြီး

ထောင်းလမောင်းထအောင် နှိပ်စက်ခဲ့တာ 

မပျက်နိုင်တဲ့ သမိုင်းတကွက်ပါ ။


ကွန်မြူနစ် ရန်စွယ်ဟာ

ဓမ္မန္တရာယ် အစစ်ပါပဲလို့

ကလိမ်ကညစ် နည်းထုံးတွေနဲ့ 

ဖြီးလုံးတွေလွှင့်ထုတ်

စာအုပ် စာတမ်း ရေဒီယို 

ထိုထိုသော သတင်းစာတွေနဲ့ 

အတင်းညာကာ ဝါဒဖြန့် 

ရွာလန့်အောင်လုပ်ကြတယ် ။


ရိုးသားတဲ့ ဗုဒ္ဓဘာသာ 

တို့မြန်မာလူထုရဲ့ စိတ်ထဲ 

ကွန်မြူနစ် သရဲပုံပြင်တွေနဲ့ 

ယုံထင်ကြောင်ထင် ဖြစ်အောင် 

သံကြောင်တွေ ဟစ်ကြတယ်

တကယ်ညစ်တာက သူတို့ .. သူတို့ ။


မသိဘူးလို့များ မထင်နဲ့


ပြည်သူတွေက " မြင် " ပါတယ် ။


ပြည်သူတွေက " လျင် " ပါတယ် ။ 


( ၄ )


မှန်တဲ့စကားတခွန်း 

တစွန်းတစ မဟလိုက်လေနဲ့ 

ကွန်မြူနစ် တံဆိပ်ကပ် 

အရပ်နဲ့ လှည့်တိုက် မယ် ။


အခွင့်အရေး ဆိုစကား

တပြားဘိုးမျှ မတောင်းလိုက်လေနဲ့

ကွန်မြူနစ်တွေ သွေးထိုး

သူပုန်မျိုး အဖျက်သမားတွေလို့ 

မတရားစွပ်စွဲပြီး

နည်းမျိုးစုံ ဖြိုခွဲပစ်မယ် ။


အမှန်ကိုချစ်တာနဲ့

ကွန်မြူနစ် ဖြစ်ရရောလား ။


လူကြီးမင်းများ ခင်ဗျား...

စဉ်းစဉ်းစားစားလဲ လုပ်ကြပါအုံး ။


( ၅ )


ကျောင်းသားတွေ မခံနိုင်လို့ 

သံပြိုင်ဟစ် အုံကြွတော့လဲ 

သူပုန်ထမယ့် ဗကပ တဲ့ 

ဗကပ လှုံ့ဆော်လို့

ကြွေးကြော်သံ အနန္တနဲ့ 

အလျှံထမတတ် 

ဆန္ဒပြကြတာတဲ့ ။


ဒီလိုပုတ်ခတ် လုပ်ဇာတ်ခင်းပြီး

ပြဿနာရဲ့ အတ္ထုပ္ပတ် အရင်းအမြစ်ကို 

မစိစစ် မဖွေရှာ

အာဏာပြ ပါဝါပြပြီး

အဓမ္မနှိမ်နင်း

အပြစ်ကင်းတဲ့ ကလေးငယ်တွေကို 

ပစ်ကွင်းအဖြစ် ရွယ်ကြပြန်တယ် ။


ကျောင်းသားတွေရဲ့ ခွပ်ဒေါင်းအလံဟာ 

အတန်တန် သွေးစွန်းခဲ့ရတယ် ။


လွတ်လပ်ရေးရပြီးကတည်းက 

တကသ ဗကသ

ကျောင်းသားသမဂ္ဂ တွေကို 

ဗကပရဲ့ သူပုန်ဌာနချုပ်ရယ်လို့ 

ယုတ်မာကောက်ကျစ် ညစ်ညစ်ပတ်ပတ်နဲ့ 

ပစ်ခတ် သတ်ဖြတ်ခဲ့တာ 

မှတ်တိုင်ကြီးတတိုင်

ဇူလိုင် ရ ရက် သက်သေပါ ။


တခါလာ ဗကပနဲ့ တခါလာ ဗကပနဲ့ 

ဟာသ ရသတောင် မြောက်ကုန်ပြီ 

ဗကပတစ္ဆေ ခြောက်တုန်းပါလား ။


( ၆ )


အမှန်တကယ်အဖြစ်က

ပြည်တွင်းစစ်နဲ့ စားသာနေတာ 

အာဏာလက်ရှိ လူတစုပါ ။


ပြည်တွင်းစစ်ကို လက်ညှိုးညွှန်

ကွန်မြူနစ်ကို အပြစ်ပုံချ

ရသမျှအခွင့်အရေး အိပ်ထဲပိုက်


နှိုက်ချင်တိုင်း နှိုက် 


ပိုက်ချင်တိုင်း ပိုက် 


မိုက်ချင်တိုင်း မိုက် 


ရိုက်ချင်တိုင်း ရိုက်


ရွှေစိတ်တော် အကြိုက်ပ ၊ 


မြို့ရွာတွေ မီးတိုက်လိုတိုက် 

ငမိုက်သားတွေ တန်ခိုးကြီးသထက်ကြီး 

အမျိုးသမီးတွေ ယူလိုယူ

ဇမ္ဗူပေါ်မှာ ဇိမ်တွေကျ 

အိမ်တွေရ တံဆိပ်တွေရ 

ဧရာမ သူရဲကောင်းလို့

အကြောင်းပြလို့လဲ ကောင်းသေး


ကွန်မြူနစ်ဆန့်ကျင်ရေး ဆိုင်းဘုတ်နဲ့

ဝိုင်းအုပ် ဝိုင်းတုတ်လိုက်ကြတာ 

အလုပ်ကို ဖြစ်လို့ ၊ 


တကယ့်မျိုးချစ်တွေပါလားနော် ။


( ၇ )


ဒီလူတွေနဲ့ ငြိမ်းချမ်းရေး 

ဘယ်နှယ်လုပ် ဆွေးနွေးကြမလဲ 

ငြိမ်းချမ်းရေးအသံကြားရင် 

နားဝမှာ ခါးနေတဲ့ လူတွေ


စစ်ရှိမှ ကြီးပွါး

စစ်နဲ့ဘဲ လုပ်စားနေကြတာ


စစ်အား မကောင်းရင်

ဂျစ်ကားတောင် မောင်းနိုင်မှာ မဟုတ်ဘူး 


စစ်အလုပ် ကင်းဝေးမဲ့

ငြိမ်းချမ်းရေး ကိစ္စကိုများ 

တရားသဘောနဲ့ 

အလကား ဟောမနေနဲ့

မောရုံသာ အဖတ်တင်မယ် 

" ဝတ္ထုနိပါတ်ပိဋကတ် " ကို 

လျှာပြတ်အောင် ဟောသော်လဲ

ဟောရင်းသာ ပျံတော်မူရမယ်

" ဆံဖြူဖြူ တခွက်မျှ ထွက်နိုင်ပုံမရ "  ဆိုတဲ့ ၊ 


ဦးပုညဖွဲ့တဲ့ လူစားမျိုးပါတကား ။


( ၈ )


ဒီလိုနဲ့ပဲ 

တို့လူထုမှာတော့ ပူမှုတွေဖုံး

အပူလုံးတွေကြွ ယူကြုံးမရ

ပြည်တွင်းစစ်ဒုက္ခနဲ့

ပြေးရလွှားရ ပုန်းရအောင်းရ 

ဘဝတွေ ပျက်ခဲ့ပြီ ။ 


လက်နက်တွေ တလကြမ်းနဲ့မို့

အမျိုးသားပန်းမှ  ပွင့်နိုင်ပါအုန်းမလား ။ 


စစ်မီးတွေ တလောင်တည်းလောင် 

ပစ္စည်းတွေလဲ ပြောင်ခဲ့ပြီလေ

ပြောင်ခဲ့ပြီ ။


( ၉ )


ဒီလို ဒီလိုနဲ့ 

ဒီမိုကရေစီ ပြုတ်ကျ 

စစ်ဗိုလ်ကြီးတွေ တန်ခိုးထတဲ့ 

မဆလတွေ မင်းမူခဲ့

တိုင်းပြည်ရဲ့ ရန်သူဟာ ဗကပလို့ 

တဖွဖွ စွပ်စွဲရင်း

ဖွတ်မွဲစာရင်း တို့တတွေရောက်ကုန်ပြီ ၊ 


မှိုလိုပေါက်လာတဲ့ မဆလ ဗဟိုကော်မတီ 

ဘာကောင်စီ ညာကောင်စီ

အလံနီ အလံဖြူ လက်နက်ချနဲ့

မဆလ စစ်ဗိုလ်ကြီးတွေဟာ

တသီးတသန့် အခန့်စံစားရာ 

ပါရမီ ငွေကြာရံ

ရန်ကင်း ကမ္ဘောဇ ဗိုလ်ချုပ်ရွာတွေမှာ 

တိုက်တာကြီးတွေ ဟိန်းထ ၊ 

ပစ္စည်းတွေက သိန်းမက ၊ 

ဘိန်းချသလား အောက် မေ့လောက်အောင် 

ဆိုရှယ်လစ်နိဗ္ဗာန် အရောက်ချီတက်ခဲ့ကြတယ် ။


ကွန်မြူနစ် ဆိုရှယ်လစ် ကျေးဇူးတွေနဲ့ 

စားဦးစားဖျားတွေ ဝေစားခဲ့ကြတယ် ။ 


မဆလက မွေးဖွားတဲ့လူတန်းစားတရပ် 

မားမားမတ်မတ် ပေါ်ပေါက်ခဲ့တယ်


အခွင့်အရေးမှန်သမျှ လက်ကုန်နှိုက် 

အရက်တငံ ကျိုက်ပြီးလွှတ်တော်ဝင် 


မဆလလမ်းစဉ်အောင်ရမယ်လို့ 


မယုံကြည်ပဲ ကြွေးကြော်ပြီး 

အရေးပေါ် ဆိုရှယ်လစ်တွေက 

စခန်းသစ် ဖွင့်ခဲ့ကြတယ် ။


မြန်မာ့ဆိုရှယ်လစ်တခေတ် ထူထောင်ပုံတွေလေ ။


( ၁၀ )


ခုအခါ လူထုကနာပြီမို့

တပါတီစနစ် ဖြုတ်ချ ၊ ဒီမိုကရေစီ အများဆန္ဒနဲ့ 

အစိုးရဖွဲ့ရေး လူထုက ဟစ်ကြွေးတော့ 

ဆူပူရေးသမား ဗကပများတဲ့ ။


လုပ်စားနေတဲ့ လူကြီးများက

ရှေးနည်းအတိုင်း တံဆိပ်တပ်ပြီး 

လူထုလုပ်ရပ် သေးသိမ်အောင် 

ကလိန်စေ့ငြမ်းဆင် နေပြန်ပြီ ။


ပြည်ထောင်စု ပြိုကွဲပြီး 

ဖရိုဖရဲ မဖြစ်အောင်တဲ့ ။ 


မျိုးချစ်စိတ်ဓါတ် တခွဲသားနဲ့ 

စကားကို တရားလုပ်

လွှင့်ထုတ်နေကျ ဓါတ်ပြားဟောင်းအတိုင်း 

အပ်သွားကြောင်းထပ်ပြီး

အဓမ္မ ပါးစပ်နဲ့

ကျားကျား မီးယပ် လုပ်ကြပြန်ပြီ ။


ကျောင်းသားနဲ့ ပြည်သူ 

ဆူပူအောင်လုပ်တာ ဗကပလို့တမျိုး

အမျိုးသားဒီမိုကရေစီ အဖွဲ့အတွင်း 

ကွန်မြူနစ်တွေ စီးနင်းလေဟန် 

သတင်းတွေ ချဲ့ကား 

အတင်းလိမ်လည် လှည့်စားလို့တမျိုး 

မဟားဒယား ကြံစည်ပြီး 

ဒီမိုကရေစီကို ဟန့်တားနေပြန်ပြီ ။


( ၁၁ )


ခုတော့

သမိုင်းကသိ လူကမိပြီ 

လူကြီးမင်းတို့ လက်ရာ 

ညာလို့ မရတော့ဘူး

နိုးကြားတဲ့ ပြည်သူတွေမို့

အထူအပိန်း မထင်ကြနဲ့တော့ 

ပါးစပ်ဟလိုက်တိုင်း

အူမကို အတိုင်းသားပါပဲ ။ 


လူကြီးမင်းတို့ ဖော်နည်းကားတွေ

ခေတ်မစားတော့ဘူး

ခေတ်နောက်ကျသွားပါပြီ ။


" ပြည်သူတွေဟာ ဗကပ မဟုတ် " 


ဗကပနဲ့ လှန့်တိုင်း 

လန့်လိမ့်မည်မဟုတ် ။


နိုင်ငံရေး အခြေအနေ


ရေ - မြေ - လေ - မီး ဓါတ်ကြီးလေးပါးကို 


ပိုင်းခြားလို့ သိနေပြီ ။ 


ကွန်မြူနစ်ဆန့်ကျင်ရေး လက်သုံးဓါးနဲ့

တသက်လုံး လုပ်စားဖို့ကြံရင် 

ပန်လန်လက်

ပက်လက်လန် မည်သာမှတ်ပေရော့ ။ 


ပါးစပ်က ဘုရား ဘုရား

လက်က ကားယား ကားယားနဲ့

စားဖား လူကြီးမင်းများ ခင်ဗျာ.......။      ။


                      ◾  တင်မိုး

Wednesday, September 9, 2020

ချစ်မယ်ဆို ပန်းပန်ပါ

 


  ❝ ချစ်မယ်ဆို ပန်းပန်ပါ ❞

     တေးရေး ...  ကိုတင်ကိုး

     ပန်ချင်ရင် ဟန်မပြင်လိုက်ပါနဲ့ ပန်လိုက်ပါမနှေး မပန်ချင်ရင် မာန်မဝင်လိုက်ပါနဲ့ ခင်မကိုဋ်ရယ်လေး လှရာရာပန်းတွေနဲ့ မောင်ကြံရွယ်သူကိုပေး  မောင်ကြံရွယ်သူကိုပေး

    [ ချစ်မယ်ဆို ပန်းပန်လေ ပန်းကြိုက်သူရေ မချစ်ရင်လေ မပန်ဘဲနေ ကိုယ်သာချစ်စိတ် ဖြေပါ့မလေ ချစ်လျက်နဲ့ မူပါနဲ့လေ ကျန်ရစ်ဖြစ်မယ် ပျိုဖြူရေ ချစ်ရင်ပန်ကွဲ့ မချစ်ရင် မပန်နဲ့ အဲဒါဟာ ကိုယ့်အတွက်အဖြေ စောင့်မယ်မသွေ

    ( ပန်းပန်တော့ နန်းဆန်မယ်လေ နန်းဆန်တော့ သန်းတန်တယ်မေ )  ( ပန်ချင်ရင် သက်ထားပျိုရဲ့ ရှက်အားမပိုနဲ့ ပန်လိုက်ပါမေရေ မပန်ချင်ရင် အမျက်စကား မဆိုနဲ့ မျက်ထားမညိုနဲ့ အလှပျက် မယ်မေ ) ကိုယ့် အကြိုက်တစ်ခု ပြောရင်လေ ပန်လိုက်ပါမေ ချစ်ရင်ပန်ကွဲ့ မချစ်ရင် မပန်နဲ့ အဲဒါဟာ ကိုယ့်အတွက် အဖြေ စောင့်မယ်မသွေ ]

•••••  ••••••  ••••••  ••••••

     ဒီ သီချင်း ရေးသူ ကိုတင်ကိုး ကိုယ်တိုင် သီဆိုထားတဲ့ ... ချစ်မယ်ဆို ပန်းပန်ပါ

https://yadi.sk/d/ldqOlMqTFJTCXQ

     ကိုမြကြီး သီဆိုထားတဲ့ ချစ်မယ်ဆို ပန်းပန်ပါ

https://yadi.sk/d/PYWe10Y8ryRUwQ

     မောင်မောင်ကြီး သီဆိုထားတဲ့ ချစ်မယ်ဆို ပန်းပန်ပါ

https://yadi.sk/d/tbxc0tYIGIJeyw

     ရာဇာဝင်းတင့် သီဆိုထားတဲ့ ချစ်မယ်ဆို ပန်းပန်ပါ  ( video version ) 

https://yadi.sk/d/2chD_bXEs33l_g


     ရာဇာဝင်းတင့် သီဆိုထားတဲ့ ချစ်မယ်ဆို ပန်းပန်ပါ  ( tape version ) 

https://yadi.sk/d/SwRbpyGDr1U8eA

     အထွန်း သီဆိုထားတဲ့ ချစ်မယ်ဆို ပန်းပန်ပါ 

https://yadi.sk/d/UzCeOK5E66IaIw

ရာဇာဝင်းတင့် သီဆိုထားတဲ့ ချစ်မယ်ဆို ပန်းပန်ပါ  ( တီးလုံး သီးသန့်  ) 

https://yadi.sk/d/mmcPIPuNp1b_hw


.

Saturday, September 5, 2020

နအဖ ရှိခိုး ပုဆိန်ရိုး

 ❝ နအဖရှိခိုး ပုဆိန်ရိုး ❞

    အခွင့်အရေးရရင် ရသလို သမိုင်းကို ကြွေးတင်ခံပြီး နအဖရှိခိုးပုဆိန်ရိုးတွေကို ဒီနေရာကနေ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ် ။ ကျွန်တော်တို့ဟာ စစ်အာဏာရှင် အဆက်ဆက် နိုင်ငံတော်အကြမ်းဖက်သမား ၊အမျိုးသား သစ္စာဖောက်တွေရဲ့ ရိုင်းပျယုတ်မာ ၊ ကြမ်းကြုတ်ရက်စက်တဲ့ နည်းမျိုးစုံဖိနှိပ်မှုအောက်ကနေ တိုင်းပြည်ကိုပြန်လည်ထူထောင်ဖို့ ၊ လူထုဘဝတွေ လွတ်လပ်မျှတတဲ့ အခွင့်အရေးပြည့်ဝတဲ့ ရှင်သန်ရပ်တည်မှုတွေ ပွင့်လင်းလာဖို့ ၊ ကမ္ဘာကြီးထဲမှာ နိုင်ငံနဲ့ မျိုးဆက်သစ်ကို ဖြစ်ချင်ရာဖြစ်ဆိုပြီး မထားပစ်နိုင်ကြလို့ စစ်အာဏာရှင်စနစ် ကျဆုံးရေးကို ဆတက်ထမ်းပိုးတိုးပြီး ဆောင်ရွက်နေကြတာပါ ။ အခုတော့ တပ်မတော်ထဲက ထွက်လာတဲ့ လောက်တွေရဲ့ အမျိုးသားသစ္စာဖောက်လုပ်ငန်းတွေမှာ အခွင့်အရေးရရင်ပြီးရော ပေါင်းပြီး ထောက်ခံနေကြ ။ နိုင်ငံတော်အကြမ်းဖက်သမားတွေရဲ့ ဒီပဲယင်းလုပ်ကြံမှုကြီးကို ဖုံးဖိအာရုံလွှဲရေးမှာ ပူးပေါင်းပါဝင်ပြီး နအဖ ယူနီဖောင်းကို ဖုန်ခါပေးနေကြ ။ အမျိုးသားညီလာခံကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားတဲ့အခါ နအဖအလိုကျ ခေါင်းပေါင်းစ တလူလူလွင့်ဖို့ အသင့်ပြင်နေသူတွေက ပြင်ကြနဲ့ ။နိုင်ငံတော်ရဲ့ ကျေးဇူးတရားကို မေ့ပစ်ရဲနေကြပါတယ် ။ဒီမြေ ဒီရေပေါ်မှာ မွေးပြီဆိုရင် ဒီနိုင်ငံတော်ရဲ့ကျေးဇူးကို သိတတ် မြင်တတ်သလို လူသားရဲ့ သမိုင်းဆိုင်ရာတာဝန်ကို ရတဲ့နေရာ ၊ နိုင်တဲ့အလုပ် ၊ စွမ်းနိုင်တဲ့ အားအင်နဲ့ ကျေပွန်ကြရပါမယ် ။ သို့သော် အသည်းကြားက မဲပြားတွေကိုထုတ်ပေးပြီးမှ ပြည်သူတွေရင်ဘတ်နာပြီး ကျန်ရစ်ခဲ့ရတဲ့ ၊ ပါတီက ထုတ်ပစ်ခံရသူ ၊ လွှတ်တော်ကိုယ်စားလှယ် သမိုင်းအမှိုက်ထုပ်တွေလည်း ရှိသလို စာကလေး တစ်လုံး ၊ နှစ်လုံးရေးတတ်ရင် နအဖ မစင်ကိုတောင် စာဖွဲ့ချင်ကြတဲ့သူတွေကလည်း ရှိနေကြပြန်ပါတယ် ။ ဒီမိုကရေစီစနစ်ထွန်းကားဖို့ ကြာလေလေ တိုင်းပြည်နာလေလေပဲ ။ စီးပွားရေး တစ်နေ့ထက်တစ်နေ့ ကျနေတယ်ဆိုတာ  ကျွန်မတို့ပြည်သူတွေအားလုံးသိတယ် ။ ဒီလိုအခြေအနေမှာ တိုင်းပြည်တစ်ပြည်ဟာ ထပ်ပြီးတော့ ကြာကြာနေလို့ရှိရင်ပြည်သူလူထုအများကြီး ဒုက္ခရောက် မှာပဲ ။ စီးပွားရေးနဲ့ နိုင်ငံရေးဟာ ခွဲခြားလို့မရဘူး ။ ဒီနိုင်ငံရဲ့ စီးပွားရေးစနစ် ညံ့ဖျင်းနေတာဟာ နိုင်ငံရေးစနစ်ညံ့ဖျင်းလို့ပဲဖြစ်တယ် ။ ဒါ ဒီပဲယင်းလုပ်ကြံမှုကြီးမဖြစ်ခင် မေလ ၂၉ ရက်နေ့ည မုံရွာမြို့ဆိုင်းဘုတ်တင်ပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားတဲ့ မိန့်ခွန်းထဲကနေ ကောက်နုတ်ဖော်ပြတာပါ ။ ဒီတော့စီးပွားရေးစနစ် ညံ့ဖျင်းနေတာဟာ နိုင်ငံရေးစနစ် ညံ့ဖျင်းလို့ ။ အဲ…. ဒါပေမဲ့ ဒီအညံ့အဖျင်း နိုင်ငံရေးစနစ်ကြီးကအရည်အချင်းမဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေ အတွက်တော့ မျိုးမျိုးမြက် မြက်အချောင်ရလိုက်တဲ့ အထုပ်ကြီးဖြစ်နေပါတယ် ။ အဲ... ဒီမိုကရေစီကို ပုံတူကူးချလို့မရဘူး ။ ပါးစပ်က ပြောပြောနေတဲ့ ဗိုလ်ချုပ်ကြီး အကြမ်းဖက်သမားတို့ဟာ စစ်အာဏာရှင်စနစ်ကိုတော့ ဗိုလ်နေ ဝင်း ဆီကနေ အထုပ်လိုက် ခိုးယူလာတာပါ  ။ ဒါကြောင့်လည်း မုသာဝါဒလမ်းညွှန်ချက်နဲ့ စစ်အာဏာရှင်စနစ်ကို အသက်ဆက်နေတာဖြစ်ပါတယ် ။


    ဒါတွေကို မသိမမြင်ဘဲ ကိုယ့်သားစဉ်မြေးဆက်နဲ့ ကိုယ့်နိုင်ငံတော်အနာဂတ် ဘယ်လောက်အထိ နာကျင်နေရဦးမယ်ဆိုတာကို မတွေးတောဘဲ နအဖ ပြောသမျှ အဟောဝတ အဟောဝတလုပ်နေသူများကိုပြင်းပြင်းထန်ထန် ကန့်ကွက်

ရှုတ်ချပါတယ် ။ ကဲ… ရက်စက်ကြမ်းကြုတ်ပြီး အရည်အချင်းမဲ့တဲ့အမျိုးသားသစ္စာဖောက် ဗိုလ်ချုပ်ကြီးတို့ ဖန်တီးတဲ့ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှု ၊

ဒါဟာ လူထုခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို အပြီးသတ်ချေမှုန်းတာပါ ။ ပြောရရင် ဒီမိုကရေစီစနစ်ကို အမြစ်ဖြတ်ဖို့ တိတိကျကျ ပြင်ဆင်လုပ်ကြံတာပါ ။ ဗိုလ်ချုပ်ကြီးတို့ သတ်မှတ်ထားတဲ့အတိုင်း မအောင်မြင်ခဲ့ပေမဲ့ နိုင်ငံမျိုးဆက်သစ်တွေအတော်များများ သွေးမြေကျခဲ့ရပါတယ် ။ ကျွန်တော်ကတော့ ကိုယ့်ထက်ပိုပြီးစွမ်းဆောင်နိုင်သူတွေ လူရမ်းကားလက်ချက်ကြောင့် ကိုယ့်ထက်စောပြီး အသက်ပေးသွားကြတာကို နာကျင်ကြေကွဲလို့ မဆုံးပါဘူး ။ စဉ်းစားကြည့်ပါ ။ လူဟာ ကိုယ်စီကိုယ်င ပါလာကြတဲ့ သမိုင်းတာဝန်ကို ကောက်ရိုးတစ်မျှင်လောက်တောင် မစွမ်းဆောင်နိုင်ရင် အဲဒါ သမိုင်းမှာ အကြွေးတင်ခံရတော့တာပါပဲ ။ အဲဒီအကြွေးဟာ ကြီးကျယ်ရင် ကြီးကျယ်သလောက် ၊ အမှားများရင် များသလောက် မျိုးဆက်တွေ ထိုးကျွေးပြီး ဆပ်ရပါတယ် ။ လူသားအဖြစ် ကိုယ်တစ်ယောက်တည်း မွေးလာတာမဟုတ်သလို ပြန်ထွက်သွားတော့လည်းတစ်ယောက်တည်းမဟုတ်ပါဘူး ။ ဒါကြောင့် ကိုယ့်မိသားစု တစ်နိုင်တစ်ပိုင်အရေးကနေ ဆက်စပ်နေတဲ့ နိုင်ငံတော် ၊ လူထုနဲ့ မျိုးဆက်သစ်အရေးကို မျက်ကွယ်ပြုပြီး အခွင့်အရေးရရင် ရသလို သမိုင်းကို ကြွေးတင်ခံနေကြတဲ့ နအဖရှိခိုး ပုဆိန်ရိုးတွေကို ဒီနေရာကနေပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်ခင်ဗျာ။


  ◾ နေဇော်နိုင် 


  📖 ပြောပြရင် ဒေါပွမှာလား

Saturday, August 29, 2020

သူကြီးကတော် ထွက်ရှာသော်


 

❝ သူကြီးကတော် ထွက်ရှာသော် ❞

    အထက်တွင် ဖော်ပြခဲ့သည့် မယားကံဆိုးရှာ ၊ သနားစရာ သူငယ်အကြောင်းကို စကားစပ်မိတိုင်း ကျွန်ုပ်က ပြောပြတတ်ပေရာ ကျွန်ုပ်၏စကားကို ကြားရသော ကျွန်ုပ်၏ မိတ်ဆွေတစ်ယောက်က အောက်ပါအတိုင်း သူ့ကိုယ်တွေ့ဖြစ်စဉ်တစ်ရပ်ကို ပြောပြပေ၏ ။

    “ ပဂိုးနယ်က ဘန္ဒာဆိုတဲ့ ရွာမှာ သမ္ဗန်ခတ်တဲ့ လူတစ်ယောက်ရှိတယ်ဆရာရဲ့၊ အဲဒီလူဟာ သမ္ဗန်သမားဘဝနဲ့ မိန်းမရရော ၊ သမ္ဗန်သမားဘဝက ရတဲ့ မိန်းမဆိုတော့ သမ္ဗန်သမား အဆင့်အတန်းမျိုးထဲကပဲပေါ့လေ ။

    အဲ... နောက်တော့ အဲဒီလူက ထထကြွကြွ ၊ လုံ့လဝီရိယကလဲ ရှိတယ် ၊အရည်အချင်းကလေးကလဲ အသင့်အတင့်ရှိတယ် ၊ ကံကလဲလိုက်လာတယ်ဆိုပါတော့ ၊ သူတို့ရွာမှာ သူကြီးဖြစ်ပါလေရော...။

    အဲဒီလိုသူကြီးဖြစ်တဲ့အခါကျတော့ သမ္ဗန်သမားဘဝကရခဲ့တဲ့ မိန်းမကအရည်အချင်းမရှိ ၊ သူကြီးကတော် ဂုဏ်ဒြပ်နဲ့ မတန် အင်မတန်အောက်ကျနောက်ကျ ဖြစ်နေတော့ အဲဒီမိန်းမကို စိတ်ညစ် စိတ်ပျက်ပြီး သူကြီးကတော်လောင်း အရှာထွက်ပါလေရောဆရာ ။

    အင်း... အခုတော့ သူကြိုက်တဲ့ သူကြီးကတော်လောင်းလျာတော့တွေ့ထားပြီ ၊ သူတို့ချင်းနေရာ ကျ  , မကျတော့မသိဘူး ၊ သူကြီးကတော်ရာထူးနဲ့ ထိုက်တန်တဲ့ မိန်းမနဲ့သာ အကြောင်းသင့်မြတ်ရင်တော့ သမ္ဗန်သမားဘဝက မယားဟာ ရာထူးလျှောကျပြီး လင်ပစ်မ, ဖြစ်ရတော့မှာပဲ ”

    ထိုကိစ္စမျိုးကား မကြာခဏ ကြုံတွေ့ တွေ့တတ်၏ ။ ဤကဲ့သို့ဖြစ်ရခြင်းကား အရည်အချင်းညံ့ဖျင်းသောမိန်းမ၏ အပြစ်ချည်းမဟုတ် ၊အမြော်အမြင်နည်းပါး ၊ မယားရွေးနည်းနေရာမကျသည့် ယောက်ျားဘက် က ညံ့ဖျင်းမှုလည်း ပါပေသည် ။

    တစ်နည်းအားဖြင့်ပြန်ဆိုလျှင် သမ္ဗန်သမားဘဝက မိန်းမယူလျှင် သမ္ဗန်သမားမယား အဆင့်အတန်းရှိသည့် မိန်းမမျိုးကိုသာ ရမည်ဖြစ်၏ ။ သူကြီးဘဝရောက် မှ မိန်းမယူလျှင် သူကြီးကတော်ဖြစ်ထိုက်သည့် မိန်းမမျိုး ရမည်ဖြစ်ပေသည် ။ သို့ဖြစ်ပါလျက် မအောင့်နိုင် ၊ မချုပ်တည်းနိုင် ၊ ကိလေသာညံွ့အိုင်တွင် လှိုင်လှိုင်ကြီး အမြုပ်စောသဖြင့်ဘသားချောခမျာ ဒုက္ခတွေ့ ရခြင်းသာလျှင်ဖြစ်၏ ။

    ၄င်းပြင်တစ်နည်း ဤသို့လည်းဆိုနိုင်ပါသေး၏ ။ လူ၏အရည်အချင်းဟူသည် ဆင်းရဲခြင်း ၊ ချမ်းသာခြင်း ၊ ပစ္စည်းရှိခြင်း ၊ ပစ္စည်းမဲ့ခြင်း တွင်မတည် ။ အသိအလိမ္မာဉာဏ်ပေါ်တွင်သာ တည်ခြင်းဖြစ်ရာ အသိအလိမ္မာရှိလျှင်ကား ဆင်းရဲသားဘဝက ယူသည့်မယားကို မင်းဖျား ရာဇာဘုရင်မင်းမြတ် ဖြစ်လာသော်လည်း စွန့်ပစ်ခြင်းငှါ မသင့်ပါပေ ။

    ကျန်စစ်သားသည် ကျောက်ဖြူရွာတွင် ရသေ့တူမ သမ္ဘူလနှင့် မေတ္တာဖွဲ့နှောင် ချစ်ကြိုးဆောင်၍ အိမ်ထောင်ကျခဲ့လေရာ ကျန်စစ်သားမင်း လူ့သနင်းသည် ရာစင်းထီးဖြူ စိုးအုပ်တော်မူသည့်အခါ အနှာ သမ္ဘူလ တောတွင်းက အမျိုးသမီးကိုပင်လျှင် အချစ်ကြီးချစ် ၊ မစွန့်ပစ်ဘဲ ၊ နာမသစ်အမည် ၊ “ ဦးဆောင်ပန်း ” ဟူသော ဘွဲ့ ချည်လျက် ဒေဝီမိဖုရားတင်မြှောက်စား ထင်ရှားထုံးဟောင်းရှိသည် မဟုတ်ပါလော ။

    တောင်ငူဘုရင် တပင်ရွှေထီး ၊ စောထီးရာဇ ၊ မင်းမြတ်စွာ့၏ ၊ မွေးဖပီတာ ၊ မင်းကြီးညိုရာဇာသည် ၊ ဆင်းလျောချောမွေ့၊ ဣန္ဒြေ ့ရှင် ၊ လှထွတ်တင်ဟု မြော်မြင်ဉာဏ်ကြီး ၊ ငနွယ်ကုန်း သူကြီးသမီးကို မိဖုရားကြီး မြှောက်စားလျက် မင်းတရားရွှေထီးကိုပင် ဖွားမြင်ခဲ့သည် မဟုတ်တုံလော ။

    သာယာဝတီမင်း ၊ လူ့သနင်းသည် ၊ အဆင်းပြင်လျာ ၊ ပညာပြည့်စုံ ၊ စွယ်စုံထင်ရှား ၊ လှိုင်ထိပ်ထားကို မိဖုရားမြှောက်ခဲ့တုံချေသေး၏ ။

    ဤအချက်တွေကို ထောက်ထားလျှင် ဆင်းရဲခြင်း ၊ ချမ်းသာခြင်းကား အရင်းမူလ မဟုတ်လှပါ ။ ပညာမြော်မြင် ၊ ဆင်ခြင်တိုင်းထွာ ၊ ဗဟုသုတအဖြာဖြာ ပြည့်ဝသည့် ကလျာဏ မိန်းမမြတ်ဟူလျှင် ငယ်စဉ်ဘဝ ၊ ဆင်းရဲစဉ်ကအကြောင်းမျှသော်လည်း ဘယ်တော့မျှ စွန့်ပစ်ခြင်း မပြုထိုက်ချေ ။

    သို့သော် အမိုက်ခေါင်သီး ၊ နှုတ်သီးကစွာ ၊ အသုံးဖွာလျက် ၊ ပညာတုံးတိ ၊ ဝီစိအစာ ဆိုးခေါင်ချာတို့ကိုကား မယားဖြစ်စေ ၊ လင်ဖြစ်စေ သားသမီးတွေ တစ်ကျိပ်ပင်မွေးသော်ငြားလည်း လားလားမျှ မပေါင်းသင်း မဖင့်မနှေး ၊ ပစ်၍ သာပြေးရမည်ဟု ရှေးပဝေဏီ ၊ ပညာမြတ်နှစ်အဆီ ၊ လောကနီတိ ကျမ်းသိင်္ဂီတွင် ဤသို့ပင် ရေးသားခဲ့သည်မဟုတ်ပါလော ။

 ◾ ရန်အောင် 

  📖 အိမ်ထောင်ရေး အဘိဓမ္မာ

.